အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသို့ ရောက်လုနီးပြီ ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေသူများအားလုံးအတွက် နိုင်ငံတော်၏ တံခါးသည်လည်း ဖွင့်ထားပြီးဖြစ်သည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ သင်တို့ မည်သည့်အရာကို စောင့်မျှော်နေကြသနည်း။ မည်သည့်အရာကို ရှာဖွေနေကြသနည်း။ ဘုရားသခင် ပေါ်ထွန်းခြင်းကို သင်တို့စောင့်မျှော်နေသလော။ ဘုရားသခင်၏ ခြေရာများကို သင်တို့ရှာဖွေနေကြသလော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်တွေ့နိုင်ရန် လူများ အလွန်ပင်တောင့်တကြသည်တကား။ ထို့ပြင် ဘုရားသခင်၏ ခြေရာများကို တွေ့ရန်မှာလည်း အလွန်ပင် ခက်ခဲလှသည်တကား။ ဤကဲ့သို့သောခေတ် ဤကဲ့သို့သောအချိန်၊ ဤကဲ့သို့သောလောကမှာ ဘုရားသခင် ပေါ်ထွန်းသည့်နေ့ကို တွေ့ကြုံနိုင်ဖို့အတွက် မည်သည့်အရာကို ငါတို့လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၏ ခြေလှမ်းများကို အမီလိုက်ရန် ငါတို့အနေဖြင့် မည်သို့လုပ်ဆောင်ရမည်နည်း။ ဘုရားသခင် ပေါ်ထွန်းရန် စောင့်မျှော်နေသည့် သူများအားလုံး ဤမေးခွန်းများနှင့် ရင်ဆိုင်ကြရသည်။ သင်တို့အားလုံးလည်း ဤမေးခွန်းများကို တစ်ခါထက်မက စဉ်းစားဖူးကြသည်။ သို့သော် မည်သည့်ရလဒ်ကို ရရှိကြသနည်း။ ဘုရားသခင်သည် မည်သည့်အရပ်၌ ပေါ်ထွန်းသနည်း။ ဘုရားသခင်၏ခြေရာများ မည်သည့်နေရာ၌ ရှိသနည်း။ သင်တို့၌ အဖြေရှိပြီလော။ လူတော်တော်များများက “ဘုရားသခင်က သူ့နောက်လိုက်သောသူ အားလုံးအကြား၌ ပေါ်ထွန်းပြီး ကိုယ်တော်၏ ခြေရာများသည်လည်း ကျွန်ုပ်တို့အကြား၌ ရှိသည်၊ ထိုမျှပင် ရိုးစင်းလှသည်” ဟု ဖြေကြမည် ဖြစ်သည်။ မည်သူမဆို ပုံသေနည်းထဲထည့်ပြီး ထွက်လာသည့် အဖြေမျိုးကို ပေးနိုင်ပါသည်။ သို့သော် ဘုရားသခင်၏ ပေါ်ထွန်းခြင်း သို့မဟုတ် သူ၏ခြေရာများဟုဆိုရာ၌ အဘယ်အရာအား ဆိုလိုသည်ကို သင်တို့နားလည်ကြသလော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းဟူသည်မှာ ဘုရားသခင်က သူ၏အလုပ်ကို လူကိုယ်တိုင်လုပ်ရန်အတွက် လောကသို့ ဆိုက်ရောက်လာခြင်းကို ရည်ညွှန်းသည်။ ခေတ်တစ်ခေတ်ကို အစပြုသည့်အမှုနှင့် ခေတ်တစ်ခေတ်ကို အဆုံးသတ်သည့်အမှုတို့ကို လုပ်ဆောင်ရန် သူ၏ကိုယ်ပိုင်လက္ခဏာနှင့် စိတ်သဘောထား၊ ထို့ပြင် သူ့နည်းသူ့ဟန်နှင့် လူသားများထဲသို့ သူဆင်းကြွလာသည်။ ဤပေါ်ထွန်းခြင်းမျိုးသည် အခမ်းအနားအသွင်တစ်ခု မဟုတ်ပါ။ ယင်းမှာ သင်္ကေတတစ်ခုလည်းမဟုတ်၊ ပုံဆောင်မှုတစ်ခု၊ အံ့သြဖွယ်တစ်ခု၊ သို့မဟုတ် ခမ်းနားသည့် မြင်ကွင်းတစ်ခုလည်း မဟုတ်ပေ။ ထို့အပြင် ဘာသာရေးဖြစ်စဉ်မျိုး သာ၍ပင် မဟုတ်ပေ။ ၎င်းသည် စစ်မှန်သည့် အချက်အလက်တစ်ခုဖြစ်ပြီး ကိုင်တွယ်တို့ထိနိုင်သော၊ မည်သူမဆို မြင်နိုင်သောအရာဖြစ်သည်။ ဤပေါ်ထွန်းခြင်းမျိုးသည် ဟန်ဆောင်လုပ်ပြခြင်းအလို့ငှာ မဟုတ်ပေ၊ သို့မဟုတ် ရေတိုလုပ်ဆောင်မှုအလို့ငှာ မဟုတ်ပေ၊ စင်စစ်အားဖြင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်အတွင်းရှိ အလုပ်အဆင့်တစ်ဆင့်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် အမြဲအဓိပ္ပာယ်ရှိသည့်အပြင် သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့်လည်း ဆက်စပ်မှုအချို့ အမြဲရှိသည်။ ဤနေရာ၌ပြောသည့် “ပေါ်ထွန်းခြင်း” ဆိုသည်မှာ လူသားကို ဘုရားသခင် လမ်းပြ၊ ဦးဆောင်ပြီး ဉာဏ်အလင်းပေးသည့် “ပေါ်ထွန်းခြင်း” နှင့် လုံးဝမတူပါ။ ဘုရားသခင်သည် မိမိကိုယ်မိမိ ထုတ်ဖော်ပြသည့် အကြိမ်တိုင်း၌ ကြီးမြတ်သော သူ့အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်လေ့ရှိသည်။ ထိုအလုပ်သည် အခြားမည်သည့်ခေတ်၏ အလုပ်နှင့်မဆို ကွဲပြားခြားနားသည်။ လူသားအနေဖြင့် မစဉ်းစားတတ်သည့်အလုပ်၊ မည်သည့်အခါကမျှ မကြုံတွေ့ဖူးသော အလုပ်ဖြစ်သည်။ ၎င်းသည် ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခေတ်ကို အစပြုသော အလုပ်ဖြစ်သည်။ လူတို့ ကယ်တင်ခြင်းရဖို့အတွက် အသစ်သော အလုပ်ပုံစံတစ်ခု၊ သာ၍ကောင်းသော အလုပ်ပုံစံတစ်ခု ဖြစ်သည်။ ထို့အပြင် လူသားများကို အသစ်သောခေတ်ထဲသို့ ပို့ဆောင်ပေးသည့် အလုပ်လည်း ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းမှာ ထိုသဘောကိုဆောင်သည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းမှာ အဘယ်အရာအား ဆိုလိုသည်ကို သင်တို့နားလည်သွားသောအခါ ဘုရားသခင်၏ ခြေရာများကို သင်တို့မည်သို့ရှာဖွေသင့်သနည်း။ ဤမေးခွန်းမှာ ဖြေရှင်းရန် မခက်ပါ။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်း၌ ဘုရားသခင်၏ ခြေလှမ်းများကို တွေ့ရမည်ဖြစ်သည်။ ထိုသို့သောအဖြေက ရိုးစင်းသည်ဟု ထင်ရသည်၊ သို့သော် လက်တွေ့လုပ်ဆောင်ဖို့ရန် လွယ်လှသည်ကား မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် များစွာသော လူတို့သည် ဘုရားသခင်က သူ့ကိုယ်သူ မည်သည့်အရပ်၌ ထုတ်ဖော်လိုကြောင်း၊ သို့မဟုတ် မည်သည့်အရပ်၌ သူထုတ်ဖော်သင့်ကြောင်းကို သိရန်မဆိုထားနှင့် ဘုရားသခင်သည် သူ့ကိုယ်သူ မည်သည့်အရပ်၌ ထုတ်ဖော်သည်ကိုပင် မသိကြသောကြောင့်ဖြစ်သည်။ အချို့ကလည်း သန့်ရှင်းသောဝိညာဉ်တော် အမှုပြုသော နေရာတိုင်း၌ ဘုရားသခင် ပေါ်ထွန်းသည်ဟု စိတ်ကူးပေါက်ရာ ယုံကြည်ကြသည်။ သို့မဟုတ်ပါက ဝိညာဉ်ရေးရာ၌ ထင်ရှားသောပုဂ္ဂိုလ်များ ရှိသည့်နေရာတိုင်း၌ ဘုရားသခင် ပေါ်ထွန်းသည်ဟု ယုံကြည်ကြသည်။ သို့မဟုတ်ပါက လူသိများသော လူများရှိသည့်နေရာတိုင်း၌ ဘုရားသခင် ပေါ်ထွန်းသည်ဟု ယုံကြည်ကြသည်။ လတ်တလောတွင်မူ ထိုသို့သော ယုံကြည်မှုများသည် မှန်သလော သို့မဟုတ် မှားသလော ဟူသည့် အချက်ကို အသာထားကြဦးစို့။ ထိုသို့သောမေးခွန်းကို ဖြေရှင်းရန်အတွက် ပထမဦးဆုံးအနေနှင့် ငါတို့၌ ရှင်းလင်းသော ရည်ရွယ်ချက် ရှိရပေမည်၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ ထင်ရှားသော ပုဂ္ဂိုလ်များကို ငါတို့ရှာဖွေနေခြင်း မဟုတ်၊ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏နောက်သို့ လိုက်နေကြခြင်း သာ၍ပင် မဟုတ်ပါ၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်နေကြခြင်းဖြစ်သည်။ ဤအကြောင်းကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည်နှင့်အညီ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့်နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသောနေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် လူတို့၏ အယူအဆများနှင့် ဆက်စပ်ညီညွတ်မှု မရှိနိုင်ပါ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင်နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်တို့၏ ကိုယ်ပိုင်အယူအဆများကို ရှောင်ခွာရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ကိုယ်ပိုင်အကန့်အသတ်ထဲတွင် ဘောင်ခတ်ထားရန်နှင့် သင်၏ကိုယ်ပိုင်အယူအဆများအတွင်း ကန့်သတ်ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေသင့်ပုံ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့လက်ခံသင့်ပုံ၊ ထို့ပြင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့နာခံသင့်ပုံတို့ကို မေးသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။

သင်သည် အမေရိကန်လူမျိုး ဖြစ်သည်ဖြစ်စေ၊ ဗြိတိသျှလူမျိုး ဖြစ်သည်ဖြစ်စေ သို့မဟုတ် အခြားမည်သည့်လူမျိုးပင် ဖြစ်နေပါစေ သင်၏ကိုယ်ပိုင်လူမျိုး အကန့်အသတ်ဘောင်ထဲက ထွက်လာသင့်သည်၊ သင်၏အတ္တကိုယ်ကို ကျော်လွန်လျက် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှနေ၍ ဘုရားသခင်၏ အလုပ်ကို ရှုမြင်သင့်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ခြေရာများအပေါ် ကန့်သတ်ချက်များ မထားလိမ့်မည်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ယနေ့ခေတ်၌ ဘုရားသခင်သည် တစ်စုံတစ်ရာသော နိုင်ငံတစ်နိုင်ငံ သို့မဟုတ် တစ်စုံတစ်ရာသော လူမျိုးအကြား၌ ပေါ်ထွန်းလာမည်ကို များစွာသောလူတို့က မဖြစ်နိုင်ဟု ထင်မြင်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် အလွန်ပင် လေးနက်လှသည်တကား၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည်လည်း အလွန်ပင် အရေးပါလှသည်တကား။ လူ၏ အယူအဆများနှင့် အတွေးအခေါ်တို့ဖြင့် ၎င်းတို့ကို မည်သို့လျှင် ချင့်တွက်နိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေရန်အလို့ငှာ သင့်အနေဖြင့် မိမိ၏လူမျိုး သို့မဟုတ် မိမိလူမျိုးစု၏ အယူအဆများမှ ထိုးဖောက်ထွက်သင့်သည်ဟု ငါပြောသည်။ ထိုသို့အားဖြင့်သာ သင်သည် သင့်အယူအဆများ၏ ဘောင်ခတ်ခြင်းကို မခံရဘဲ ရှိလိမ့်မည်၊ ထိုသို့အားဖြင့်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုဖို့ရန် သင်သည် အရည်အချင်းပြည့်မီလိမ့်မည်။ သို့မဟုတ်ပါက သင်သည် ထာဝရအမှောင်ထုထဲ၌ ကျန်ရစ်နေမည်ဖြစ်ပြီး ဘုရားသခင်၏ ထောက်ခံခြင်းကို ဘယ်သောအခါမျှ ရရှိမည် မဟုတ်ပေ။

ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုရားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကသာ သီးသန့်ပိုင်သည့် ဘုရားအဖြစ် ဘုရားသခင်က သူ့ကိုယ်သူ မသတ်မှတ်ထားဘဲ၊ မည်သည့်ပုံစံ၊ မည်သည့်တိုင်းနိုင်ငံ၊ သို့မဟုတ် မည်သည့်လူမျိုးမျှ၏ ဘောင်ခတ်ခြင်းကို မခံဘဲ သူကြံစည်ထားသည့်အတိုင်း အလုပ်ကို လုပ်နေသည်။ သင့်အနေဖြင့် ထိုပုံစံကို တစ်ခါမျှ စိတ်မကူးမိခဲ့ဖူးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ထိုပုံစံနှင့်ပတ်သက်သော သင့်သဘောထားသည် ငြင်းဆန်သောသဘောထား ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ဘုရားသခင်အနေဖြင့် မိမိကိုယ်မိမိ ဖော်ထုတ်ပြသည့် အရပ်ဖြစ်သော တိုင်းနိုင်ငံနှင့် လူမျိုးတို့သည် တိုက်တိုက်ဆိုင်ဆိုင်ပင် လူအားလုံးတို့၏ ခွဲခြားဆက်ဆံမှု ခံနေရပြီး ကမ္ဘာပေါ်၌ ခေတ်နောက်အကျန်ဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်၌ သူ၏ဉာဏ်ပညာရှိသည်။ သူ၏ ကြီးမြတ်သောတန်ခိုး၊ သူ၏ သမ္မာတရားနှင့် သူ၏စိတ်သဘောထားအားဖြင့် ဘုရားသခင်သည် သူနှင့် စိတ်တဝမ်းတည်းဖြစ်သည့် လူတစ်စုကို အမှန်ရရှိခဲ့သည်။ အမျိုးမျိုးသော စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများ၊ အမျိုးမျိုးသော နှိပ်စက်မှုများကို ကြံ့ကြံ့ခံပြီး သူ့နောက်သို့ အဆုံးတိုင် လိုက်နိုင်သည့် သူသိမ်းပိုက်ထားသော လူစုဖြစ်သည့် စုံလင်အောင် သူပြုလိုသော လူတစ်စုကို အမှန်ပင် သူရရှိခဲ့သည်။ မည်သည့်ပုံစံ၊ သို့မဟုတ် တိုင်းနိုင်ငံ၏ ကန့်သတ်ခြင်းများ မရှိသည့် ဘုရားသခင့်ပေါ်ထွန်းခြင်း၏ ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့်အတိုင်း အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဖြစ်သည်။ ဤသည်မှာ ယုဒပြည်၌ ဘုရားသခင် လူ့ဇာတိခံယူခဲ့သောအခါကကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါက သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ရန်အတွက် ကားတိုင်၌ အသေခံဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင်အနေဖြင့် ထိုသို့ပြုရန်မှာ မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ပြင် ဘုရားသခင်က လူ့ဇာတိခံယူပြီး သခင်ယေရှု၏အသွင်ကို ဆောင်ယူရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်မှာ သူတို့အနေဖြင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခြင်းသို့ ဦးတည်သွားစေခဲ့သည်။ ယနေ့ခေတ်၌လည်း များစွာသောလူတို့သည် အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်က သူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့သွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသော လူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ ထို့ထက်မက သင်တို့၏သဘောထားမှာလည်း သမ္မာတရားကို တောင့်တသည့် သဘောထားမျိုး သာ၍ပင် မဟုတ်ပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲ လေ့လာရုံသက်သက် လေ့လာကြပြီး အပူအပင်အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိခြင်း ဖြစ်မည်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။ သင်၏ အယူအဆများကို ဘေးဖယ်ထားလော့။ တိတ်တိတ်နေကာ ဤနှုတ်ကပတ်တော်များကို သေသေချာချာ ဖတ်လော့။ သင့်အနေဖြင့် သမ္မာတရားကို တောင့်တလျှင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်ဖြစ်ပြီး သူ၏အလိုနှင့် သူ၏နှုတ်ကပတ်တော်များကို သင်နားလည်လိမ့်မည်။ “မဖြစ်နိုင်” ဟူသည့် သင့်အမြင်များကို ဘေးဖယ်ထားလော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆနှင့် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သော အရာဖြစ်လေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုဆန္ဒ သာ၍ပါလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာ၌ ဘုရားသခင်က သူ့ကိုယ်သူ ထုတ်ဖော်သည်ဖြစ်စေ ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။ ထို့ပြင် ဘုရားသခင်ပေါ်ထွန်းသည့်နည်းဟန်နှင့် တည်နေရာကြောင့် သူ၏အနှစ်သာရမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားက ပြောင်းလဲခြင်း မရှိပါ။ ထို့ပြင် ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်သည် လူသားအားလုံး၏ ဘုရားသခင်ဖြစ်သည်။ ယင်းအချက်မှာ သခင်ယေရှုသည် ဣသရေလလူမျိုးတို့၏ ဘုရားသာမဟုတ်ဘဲ အာရှ၊ ဥရောပနှင့် အမေရိကတိုက်ရှိ လူအားလုံး၏ ဘုရားဖြစ်သည်သာမက စကြဝဠာတစ်ခုလုံး၌ တစ်ဆူတည်းသော ဘုရားဖြစ်သကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုကို ငါတို့ ရှာဖွေကြပါစို့။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သူ၏မိန့်မြွက်ခြင်းများထဲတွင် ရှာဖွေကြပါစို့။ ထို့ပြင် သူ၏ခြေလှမ်းများကို အမီလိုက်ကြပါစို့။ ဘုရားသခင်သည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ပေါ်ထွန်းခြင်းတို့သည် တစ်ပြိုင်တည်း တည်ရှိကြသည်။ သူ၏ စိတ်သဘောထားနှင့် ခြေရာများသည်လည်း လူသားများအဖို့ အစဉ် လမ်းဖွင့်ပေးထားသည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ ဤနှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်နိုင်မည်ဟု ငါမျှော်လင့်သည်။ ခေတ်သစ်တစ်ခေတ်ထဲသို့ သင်တို့ရှေ့တိုးလျက် လှမ်းသွားသည်နှင့် ဘုရားသခင်၏ခြေလှမ်းများနောက်သို့ စတင်လျှောက်လှမ်းပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စောင့်မျှော်နေကြသူများအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် လှပသော ကောင်းကင်သစ်နှင့် မြေကြီးသစ်ဆီသို့ ဝင်ရောက်ကြလိမ့်မည်ဟု ငါမျှော်လင့်သည်။

ယခင်က:အခန်း ၂၉

နောက်တစ်ခုသို့:လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

  • အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၂

    ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ယခု သင်တို့ ဘုရားသခင်၏ သြဇာအာဏာနှင့်ပတ်သက်သည့် ရှေ့ပိုင်းမှ မိတ်သဟာယပြုမှုကို နားထောင်ပြီးပြီဖြစ်သောကြောင့် ဤအကြ…

  • ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း

    ယနေ့ခေတ်၌ ဘုရားသခင်၏အမှုကို သိဖို့ဆိုသည်မှာ အဓိကအားဖြင့် နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ အဓိကအမှုတော်ကို သိခြင်းနှင့် ဘုရားသခင်သည် မည်သည့…

  • နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

    နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏နှုတ်…

  • အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၁၀

    ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၄) ယနေ့ အထူးအကြောင်းအရာတစ်ခုအပေါ် ငါတို့ ပြောဆိုကြမည်။ ယုံကြည်သူအယောက်ချင်းစီတိုင်းအတွက် သိသင့်၊…

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ