အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၃)

နောက်ဆုံးအကြိမ် ငါတို့ မိတ်သဟာယ ပြုခဲ့ကြသည့် ခေါင်းစဉ်မှာ ဘုရားသခင်၏ သန့်ရှင်းခြင်း ဖြစ်သည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် ဘုရားသခင်ကိုယ်တိုင်၏ မည်သည့်လက္ခဏာသွင်ပြင်နှင့် သက်ဆိုင်သနည်း။ ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်ပါ၏လော။ (သက်ဆိုင်ပါသည်။) ဤသို့ဆိုလျှင် ငါတို့၏ မိတ်သဟာယပြုမှုတွင် ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သည်က မည်သည့်အကြောင်းအရာဖြစ်သနည်း။ ဘုရားသခင်၏ သန့်ရှင်းခြင်းလော။ ဘုရားသခင်၏ သန့်ရှင်းခြင်းဟူသည်- ဘုရားသခင်၏ အတုမရှိသော အနှစ်သာရဖြစ်၏။ ယခင်တစ်ခေါက်တွင် မိတ်သဟာယပြုခဲ့သော အဓိကအကြောင်းအရာသည် မည်သည့်အရာနည်း။ (စာတန်၏ ဆိုးယုတ်မအပေါ် ခွဲခြားသိမြင်ခြင်း ဖြစ်သည်။) (ဤသည်မှာ စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးပုံအကြောင်း ဖြစ်ပါသည်။ ၎င်းသည် လူကို ဖျက်ဆီးရန်အတွက် အသိပညာ၊ သိပ္ပံ၊ ရိုးရာယဉ်ကျေးမှု၊ အယူသီးမှုနှင့် လူမှုလားရာများကို အသုံးပြုပါသည်။) ဤသည်မှာ ယခင်တစ်ခေါက်တွင် ငါတို့ ဆွေးနွေးခဲ့သည့် အဓိကခေါင်းစဉ်ဖြစ်သည်။ စာတန်သည် လူသားကိုဖျက်ဆီးရန် အသိပညာ၊ သိပ္ပံ၊ အယူသီးမှု၊ ရိုးရာယဉ်ကျေးမှုနှင့် လူမှုလားရာတို့ကို အသုံးပြု၏။ ဤသည်တို့သည် စာတန်က လူသားကို ဖျက်ဆီးသော နည်းလမ်းတို့ဖြစ်၏။ အားလုံးပေါင်းသော် ဤသည်မှာ နည်းလမ်း ငါးခု ဖြစ်သည်။ လူသားကို ဖျက်ဆီးရန် စာတန်သည် မည်သည့်နည်းလမ်းကို အများဆုံးသုံးသည်ဟု သင်တို့ ထင်သနည်း၊ လူသားတို့အား အနက်ရှိုင်းဆုံး ဖျက်ဆီးသည့်အရာကို ဆိုလိုသည်။ (ရိုးရာယဉ်ကျေးမှု ဖြစ်ပါသည်။) (ဤသည်မှာ ကွန်ဖြူးရှပ် နှင့် မင်းစီးယပ်တို့၏ အယူဝါဒများစသည့် စာတန်ဆန်သော အတွေးအခေါ်များသည် ငါတို့၏ စိတ်များထဲ၌ အရိုးစွဲနေသောကြောင့်ဖြစ်သည်) အချို့သော ညီအစ်ကို မောင်နှမများက ယင်းသည် ရိုးရာယဉ်ကျေးမှုဖြစ်သည်ဟု ထင်ကြသည်။ အခြားသူတို့ကော မည်သို့ ထင်သနည်း။ (အသိပညာဖြစ်သည်၊ အသိပညာသည် ကျွန်ုပ်တို့ကို ဘုရားသခင်အား ကိုးကွယ်ရန် ဘယ်သောအခါမှ ခွင့်မပြုပါ။ အသိပညာသည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းဆန်သကဲ့သို့၊ ဘုရားသခင်၏ အုပ်စိုးမှုကိုလည်း ငြင်းဆန်ပါသည်။ ဆိုလိုသည်မှာ စာတန်က ကျွန်ုပ်တို့ကို ငယ်စဉ်ကတည်းက လေ့လာသင်ယူရန်ပြောဆိုသည်။ လေ့လာသင်ယူခြင်းအားဖြင့် အသိပညာကိုရရှိခြင်းကသာ ကျွန်ုပ်တို့၏ အနာဂတ်နှင့် ကံကြမ္မာကို ခိုင်မာစေသည်ဟု ပြောပါသည်။) စာတန်က သင်၏ အနာဂတ်နှင့်ကံကြမ္မာကို ထိန်းချုပ်ရန် အသိပညာကို အသုံးပြုသည်ဆိုလျှင်၊ ၎င်းသည် သင့်အား အလုံးစုံ ထိန်းချုပ်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ စာတန်က လူသားကို အနက်ရှိုင်းဆုံး ဖျက်ဆီးခြင်းဖြစ်သည်ဟု သင်၏ထင်ပုံထင်နည်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်တို့အများစုက စာတန်သည် လူသားတို့ကို အနက်ရှိုင်းဆုံးဖျက်ဆီးရန် အသိပညာကိုအသုံးပြုသည်ဟု ထင်ကြသည်။ တခြားအရာများကော ရှိသေးသလော။ ဥပမာအားဖြင့် သိပ္ပံ သို့မဟုတ် လူမှုလားရာများသည်ကော အဘယ်သို့နည်း။ ဤအရာတို့ကိုကော သဘောတူကြသလော။ (သဘောတူပါသည်။) စာတန်က လူသားကို ဖျက်ဆီးသည့် လက္ခဏာငါးခုနှင့်ပတ်သက်၍ ငါသည် ယနေ့တွင် နောက်တစ်ကြိမ် မိတ်သဟာယပြုမည်။ ပြီးသည့်အခါတွင် စာတန်က လူသားကို မည်သည့်လက္ခဏာဖြင့် အနက်ရှိုင်းဆုံးဖျက်ဆီးသည် ကို တိတိကျကျ သိစေရန်အလို့ငှာ သင်တို့ကို မေးခွန်းအချို့ မေးဦးမည်။

စာတန်က လူသားကို ဖျက်ဆီးသောလက္ခဏာငါးခုသည် လူသားကိုဖျက်ဆီးသော နည်းလမ်းငါးခုပင်ဖြစ်၏။ ငါတို့ပြောခဲ့သည့် ဤနည်းလမ်းငါးခု၏ ပထမဆုံးတစ်ခုမှာ အသိပညာဖြစ်သည်။ ထို့ကြောင့် မိတ်သဟာယခေါင်းစဉ်အဖြစ် အသိပညာကို ဦးဆုံး ကြည့်ကြစို့။ စာတန်သည် အသိပညာကို ငါးစာအဖြစ် အသုံးပြု၏။ သေချာနားထောင်လော့။ ၎င်းအရာသည် ငါးစာတစ်ခုသက်သက်သာ ဖြစ်သည်။ လူတို့သည် အသိပညာကို ၎င်းတို့အတွက် လက်နက်တစ်ခုအဖြစ် တပ်ဆင်ရန်နှင့် ယင်းနောက် သိပ္ပံတခါးပေါက်ကို ဖွင့်ရာတွင် အသုံးပြုရန်အလို့ငှာ၊ "ကြိုးစားလေ့လာ၍ နေ့စဉ်တိုးတက်စေရေး" ဆိုသည်ဖြင့် ဖြားယောင်းခံကြရ၏။ တစ်နည်းပြောရလျှင် သင်သည် အသိပညာရလေလေ၊ သင့်အနေဖြင့် ပို၍ နားလည်လာလေလေဖြစ်သည်။ စာတန်သည် ဤအရာအားလုံးကို လူတွေအား ပြောပြ၏။ လူတွေသည် အသိပညာကို လေ့လာသင်ယူနေချိန်မှာပင်၊ စာတန်က ၎င်းတို့အား ရည်မှန်းချက်များ၊ စံနမူနာများ ထားကြရန်ပြောပြခြင်းဖြင့်၊ မြင့်မားသောစံအယူအဆများကိုလည်း အားပေးမြှင့်တင်စေ၏။ စာတန်သည် ဤသို့သောသတင်းစကားအများအပြားကို လူတွေပင်မသိလိုက်ဘဲ ပေးပို့တတ်သည့်အတွက်၊လူတို့သည် ဤအရာတို့ကို မှန်ကန်သလိုလို အကျိုးရှိသလိုလိုဖြင့် မသိစိတ်၌ ခံစားလာကြရ၏။ လူတို့သည် ဤလမ်းမျိုးကို အမှုမဲ့အမှတ်မဲ့ လျှောက်မိကြကာ၊ ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများ၊ ရည်မှန်းချက်များ၏ ဦးဆောင်ခြင်းကိုလည်း အမှုမဲ့အမှတ်မဲ့ဖြင့်ပင် ခံကြရ၏။ တစ်ဆင့်ပြီးတစ်ဆင့်ဖြင့်၊ လူတို့သည် စာတန် ပေးထားသော အသိပညာဖြစ်သည့် ကျော်ကြားသောပုဂ္ဂိုလ်ကြီးများ၏တွေးခေါ်ပုံကို သတိလက်လွတ် သင်ယူကြပြန်သည်။ သူရဲကောင်းများအဖြစ် မှတ်ယူခံရသော လူအချို့၏ လုပ်ဆောင်မှုများမှလည်း ၎င်းတို့က တစ်ခုပြီးတစ်ခု လေ့လာသင်ယူကြပြန်သည်။ ဤသူရဲကောင်းတို့၏လုပ်ဆောင်မှုများထဲတွင် စာတန်က လူတို့အား မည်သည်ကို အားပေးထောက်ခံနေသနည်း။ သို့မဟုတ် စာတန်က လူတို့ထဲတွင် မည်သည်ကို သွတ်သွင်းချင်သနည်း။ လူသားသည် မျိုးချစ်စိတ်ရှိရမည်၊ အမျိုးသားဂုဏ်သိက္ခာရှိကာ ရဲစွမ်းသတ္တိရှိရမည်။ သမိုင်းဇာတ်လမ်းအချို့ သို့မဟုတ် သူရဲကောင်းဆန်ဆန် ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိအချို့မှတစ်ဆင့် လူသားသည် မည်သည်ကို သင်ယူလေ့လာသနည်း။ ပုဂ္ဂိုလ်ရေးဆိုင်ရာ သစ္စာရှိခြင်းအသိ ရှိရန်၊ သို့မဟုတ် မိမိမိတ်ဆွေ၊ သူငယ်ချင်းတစ်ယောက်အတွက် ဘာမဆိုလုပ်ရန်ဖြစ်သလော။ စာတန်၏ ဤသို့သောအသိပညာအတွင်းတွင် လူသားသည် သေချာရေရာခြင်းမရှိသော အကြောင်းအရာအများအပြားကို အမှုမဲ့အမှတ်မဲ့ သင်ယူမိ၏။ သတိမမူမိခြင်းအလယ်တွင်၊ စာတန် ပြင်ဆင်ပေးထားသော မျိုးစေ့တို့သည် ၎င်းတို့၏ မရင့်ကျက်သောစိတ်များထဲ၌ စိုက်ပျိုးခံရ၏။ ဤမျိုးစေ့တို့ကြောင့် လူတို့သည် ၎င်းတို့အနေဖြင့် ကြီးမြတ်သောသူများ ဖြစ်သင့်သည်၊ ကျော်ကြားသင့်သည်၊ သူရဲကောင်းများ ဖြစ်သင့်သည်၊ မျိုးချစ်စိတ် ရှိသင့်သည်၊ မိသားစုကို ချစ်သောသူများ ဖြစ်သင့်သည် သို့မဟုတ် မိတ်ဆွေအတွက် ဘာမဆိုလုပ်ပေးကာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သစ္စာရှိမှု အသိ ရှိသင့်သည် စသဖြင့် ခံစားမိကြ၏။ စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းခံရသော ၎င်းတို့သည် အမှုမဲ့အမှတ်မဲ့ဖြင့် စာတန် ပြင်ဆင်ပေးထားသည့်လမ်းကို လျှောက်လှမ်းကြ၏။ ၎င်းတို့သည် ဤလမ်းကို လျှောက်သောကြောင့်၊ စာတန်၏ ရှင်သန်နေထိုင်မှုစည်းမျဉ်းများကို အတင်းအကျပ် လက်ခံကြရသည်။ ဤအရာတို့သည် စာတန်က ၎င်းတို့ထံ၌ အဓမ္မသွတ်သွင်းခဲ့သည့် စည်းမျဉ်းများသာ ဖြစ်သော်လည်း၊ လူတို့သည် ကိုယ့်ကိုယ်ကိုယ်သတိမမူမိဘဲ အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့ကိုယ်ပိုင်ရှင်သန်မှုစည်းမျဉ်းများကို ချဲ့ထွင်ကြ၏။ သင်ယူခြင်းဖြစ်စဉ်အတွင်း၌၊ စာတန်သည် ၎င်းတို့ကို ကိုယ်ပိုင်ပန်းတိုင်များ ထားစေသကဲ့သို့၊ ကိုယ်ပိုင်ဘဝပန်းတိုင်များ၊ ရှင်သန်မှုစည်းမျဉ်းများနှင့် အသက်တာဦးတည်ချက်တို့ကို ထားစေသည်။ တစ်ချိန်တည်းမှာပင် ဇာတ်လမ်းများ၊ အတ္ထုပ္ပတ္တိများနှင့် လူတို့အနေဖြင့် ငါးစာကို ဖြည်းဖြည်းချင်း ဟပ်လာနိုင်မည့် နည်းလမ်းများအားလုံးကို သုံးလျက်၊ စာတန်၏အရာများကို ၎င်းတို့ထံ၌ သွတ်သွင်းလေသည်။ ဤနည်းလမ်းကြောင့် ၎င်းတို့၏သင်ယူခြင်းဖြစ်စဉ်အတွင်း၌ လူအချို့သည် စာပေကို ကြိုက်နှစ်သက်လာကြ၏၊ အချို့က စီးပွားရေးပညာ၊ အချို့က နက္ခတ္တဗေဒ သို့မဟုတ် ပထဝီပညာရပ်ကို ကြိုက်နှစ်သက်လာ၏။ ထို့အပြင် နိုင်ငံရေးကို ကြိုက်နှစ်သက်လာသူအချို့၊ ရူပဗေဒကို ကြိုက်သူအချို့၊ ဓါတုဗေဒကို ကြိုက်သူအချို့နှင့် သီအိုလော်ဂျီကို ကြိုက်နှစ်သက်သူအချို့တောင် ရှိလာကြသည်။ ဤအရာအားလုံးသည် အသိပညာ၏ အစိတ်အပိုင်းတစ်ခုဖြစ်၏။ သင်တို့နှလုံးသားများထဲ၌၊ ဤအရာတို့မှာ မည်သို့သဘောသဘာဝရှိသည်ကို သင်တို့တစ်ဦးချင်းစီတိုင်း သိကြသည်။ တစ်ဦးချင်းစီသည် ၎င်းအရာတို့နှင့် ယခင်က ထိတွေ့ခဲ့ပြီးသားဖြစ်သည်။ ဤသို့သော အသိပညာတို့နှင့်ပတ်သက်လျှင် လူတိုင်းသည် ယင်းတို့ထဲမှ အကြောင်းအရာတစ်ခုခုကို အဆုံးမရှိအောင် ပြောဆိုနိုင်ကြသည်။ ထို့ကြောင့် ဤအသိပညာသည် လူသား၏စိတ်ထဲ၌ မည်မျှ နက်နက်ရှိုင်းရှိုင်းဝင်ရောက်နေပြီဆိုသည်မှာ သိသာလှသည်။ လူသား၏စိတ်ထဲတွင် ဤအသိပညာက ဝင်ရောက်နေရာယူထားသည့် အခြေအနေနှင့် လူသားအပေါ်တွင် မည်မျှ နက်နက်နဲနဲ သက်ရောက်မှုရှိသည်ကိုလည်း ပြသည်။ လူတစ်ယောက်သည် အသိပညာ၏ ရှုထောင့်တစ်ခုကို ကြိုက်နှစ်သက်ပြီဆိုသည်နှင့် လူတစ်ယောက်၏နှလုံးသားထဲတွင် တစ်စုံတစ်ခုအား နက်နက်ရှိုင်းရှိုင်း ချစ်မိသွားသောအခါ၊ ၎င်းတို့သည် စံများကို အမှုမဲ့အမှတ်မဲ့ ထားမိကြ၏။ လူအချို့က စာရေးဆရာ၊ ဝတ္ထုရေးဆရာ ဖြစ်ချင်ကြသည်။ အချို့က နိုင်ငံရေးဖြင့် အသက်မွေးချင်ကြပြီး၊ အချို့သည် စီးပွားရေးလောကသို့ဝင်ကာ စီးပွားရေးသမားများ ဖြစ်ချင်လာကြသည်။ ထို့အပြင်သူရဲကောင်း ဖြစ်ချင်သော၊ ကြီးကျယ်မြင့်မြတ်ချင်သော သို့မဟုတ် ကျော်ကြားချင်သော လူတစ်စုလည်း ရှိ၏။ လူတစ်ယောက်သည် မည်သို့သောလူမျိုး ဖြစ်ချင်သည်ဖြစ်စေ၊ ၎င်းတို့၏ပန်းတိုင်သည်ကား အသိပညာကို သင်ယူခြင်းဖြစ်သော ဤနည်းလမ်းကိုယူ၍ ကိုယ်ပိုင်ရည်ရွယ်ချက်များအတွက် အသုံးချရန်၊ ၎င်းတို့၏ကိုယ်ပိုင်ဆန္ဒများ၊ ကိုယ်ပိုင်စံအယူအဆများကို အကောင်အထည်ဖော်ရန်တို့ပင် ဖြစ်သည်။ မည်မျှပင် ကောင်းမွန်သည့်သဘောရှိစေ၊ ၎င်းတို့သည်—ဤအသက်တာကို အချည်းနှီး မရှင်သန်လိုဘဲ၊ ၎င်းတို့၏အိပ်မက်များကို ရယူချင်ကြခြင်းသာ ဖြစ်သည်၊ သို့မဟုတ် အသက်မွေးဝမ်းကျောင်းတစ်ခုကို ပါဝင်လုပ်ကိုင်ချင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဤသို့ မြင့်မားသော စံအယူအဆများနှင့် ရည်မှန်းချက်များကို ထားကြသော်လည်း၊ အဓိကအားဖြင့် ၎င်းအရာအားလုံးသည် မည်သည့်အတွက်ဖြစ်သနည်း။ သင်တို့သည် ဤသည်ကို ယခင်က စဉ်းစားဖူးသလော။ စာတန်သည် အဘယ်ကြောင့် ဤအရာကို လုပ်ချင်သနည်း။ လူသား၏အထဲတွင် ဤအရာတို့ကို သွတ်သွင်းသည့် စာတန်၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ သင်တို့၏နှလုံးသားများသည် ဤမေးခွန်းအပေါ်တွင် ရှင်းလင်းပြတ်သားနေရမည်။

စာတန်သည် လူသားကို ဖျက်ဆီးရန် အသိပညာကို မည်သို့အသုံးပြုသနည်းဆိုသည်ကို ယခု ငါတို့ ဆွေးနွေးကြစို့။ ယခုအထိ ငါတို့ ဆွေးနွေးပြီးသော အရာမှ စာတန်၏ ဆိုးဝါးသော ရည်ရွယ်ချက်များကို သင် စတင် သတိပြုမိပြီလော။ (အနည်းငယ် သတိပြုမိပါသည်) စာတန်သည် လူသားကို ဖျက်ဆီးရန် အဘယ်ကြောင့် အသိပညာကို အသုံးပြုသနည်း။ ၎င်းသည် အသိပညာကိုအသုံးပြု၍ လူသားသို့ မည်သို့ပြုလုပ်လိုသနည်း။ မည်သို့သောလမ်းကို လိုက်လျှောက်ရန် လူသားကို လမ်းပြသနည်း။ (ဘုရားသခင်ကို ဆန့်ကျင်စေရန်ဖြစ်ပါသည်။) ဘုရားသခင်ကို ဆန့်ကျင်စေရန်ဆိုသည်မှာ ဧကန်ပင်ဖြစ်သည်။ ဤသည်မှာ အသိပညာ ရရှိသော လူတို့ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမှ သင်မြင်နိုင်သည့် အကျိုးဆက်ဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်၏ အန္တရာယ်ပြုတတ်သော စေ့ဆော်မှုတို့သည် အဘယ်နည်း။ သင် မရှင်းမလင်းဖြစ်သည် မဟုတ်လော။ လူသား၏ အသိပညာသင်ယူခြင်းဖြစ်စဉ်အတွင်း၌ စာတန်သည် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုလိမ့်မည်။ ဇာတ်လမ်းများကို ရှင်းပြခြင်းဖြစ်စေ၊ အသိပညာတစ်စိတ်တစ်ပိုင်းကို ပေးလိုက်ခြင်းဖြစ်စေ၊ လူတို့၏ ဆန္ဒများ သို့မဟုတ် ၎င်းတို့၏ စံအယူအဆများကို ဖြည့်ဆည်း ပေးသည်ဖြစ်စေ ရှိလိမ့်မည်။ စာတန်သည် သင့်ကို မည်သည့်လမ်းဖြင့် ခေါ်ဆောင်ချင်ပါ သနည်း။ အသိပညာကို သင်ယူလေ့လာခြင်းသည် မည်သို့မျှ မှားယွင်းစရာမရှိဘဲ၊ ယင်းသည် သဘာဝဖြစ်စဉ်သာ ဖြစ်သည်ဟု လူတို့က ထင်ကြ၏။ လျှော့၍ပြောရလျှင်၊ မြင့်မားသော စံအယူအဆများ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များထားခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်းဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာပြုနိုင်သည်ဆိုလျှင်၊ ထိုနည်းလမ်းဖြင့်အသက်ရှင်နေထိုင်ခြင်းသည် ပို၍ မကောင်းမွန်ပေသလော။ ထိုနည်းလမ်းဖြင့်ဆိုလျှင်၊ မိမိ၏ ဘိုးဘေးများကို ဂုဏ်တက်စေရုံမကဘဲ၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်နိုင်မည်ဆိုသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေ၏။ သို့ရာတွင် မကောင်းသောစေ့ဆော်မှုများရှိသော စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ပြီးဆုံးပြီဟု သတ်မှတ်လိုက်သလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှလက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့်အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာအားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက်နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှသည့်အပြင်၊ ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများဖြစ်သည်။ ဤစကားလုံးနှစ်လုံးသည် မည်သည်တို့ဖြစ်မည်နည်း။ ၎င်းတို့သည် "ကျော်ကြားမှု" "အမြတ်အစွန်း"တို့ ဖြစ်၏။ စာတန်သည် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ လူတို့၏အယူအဆများနှင့် ကြီးမားစွာပူးပေါင်းထားသော နည်းလမ်းဖြစ်သည်။ အစွန်းရောက်သော နည်းလမ်းမျိုး မဟုတ်။ သတိမမူမိခြင်းများအလယ်တွင် လူတို့သည် ဘဝပန်းတိုင်များ၊အသက်တာအတွက် ဦးတည်ချက်များကို ထူထောင်ရင်းဖြင့်၊ စာတန်၏ ရှင်သန်နေထိုင်ခြင်းနည်းလမ်း၊ ၎င်း၏ အသက်ရှင်နေထိုင်ခြင်းစည်းမျဉ်းများကို လက်ခံလာကြ၏။ ယင်းသို့ပြုကြရင်းဖြင့် ၎င်းတို့သည် အသက်တာအတွက် စံအယူအဆများကိုလည်း အမှုမဲ့အမှတ်မဲ့ ထားလာကြ၏။ အသက်တာအတွက် ဤသို့သော စံအယူအဆတို့သည် မည်မျှပင် အထင်ကြီးလောက်စရာဖြစ်နေပါစေ၊ ဤအရာတို့သည် ကျော်ကြားမှု၊ အမြတ်အစွန်းတို့ဖြင့် ခွဲမရအောင် ချိတ်ဆက်ထားသော ဆင်ခြေဆင်လက်တစ်ခုသာ ဖြစ်သည်။ အမှန်တကယ်၌ မည်သို့ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ်မဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့လိုက်သမျှအရာတိုင်းသည်- "ကျော်ကြားမှု"နှင့် "အမြတ်အစွန်း" ဟူသော စကားလုံးနှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ရကြလျှင်၊ မြင့်မားသောအဆင့်အတန်းနှင့် အလွန်အမင်း ကြွယ်ဝခြင်းတို့ကို ခံစားရန်၊ အသက်တာကို ခံစားရန်အတွက် ဤအရာများကို အရင်းအနှီးပြုနိုင်မည်ဟု ထင်ကြ၏။ ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ရကြလျှင်၊ ၎င်းတို့အနေဖြင့် ကာမဂုဏ်ရှာဖွေခြင်းနှင့် လူ့ခန္ဓာ၏ မရိုးဖြောင့်သော သာယာမှုများတွင် ဤအရာတို့ကို အရင်းအနှီးပြုနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အလိုရှိသော ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ရရန်အလို့ငှာ၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များအားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ဖြင့်သော်လည်း စိတ်ထက်သန်စွာဖြင့် စာတန်ထံသို့ ပေးအပ်ကြလေ၏။ လူတို့သည် ဤအမှုကို တုံ့ဆိုင်းခြင်းအလျှင်းမရှိသည့်အပြင်၊ ယင်းအရာတို့ကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း နည်းနည်းမျှ မသိနားမလည်ဘဲ ပြုကြ၏။ ဤသို့ဖြင့် လူတို့သည် စာတန်ထံတွင် ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိသွားကြလျှင်၊ ၎င်းတို့သည် မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်ဦးမည်လော။ လုံးဝ မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို အလုံးစုံထိန်းချုပ်ခြင်းဖြစ်သည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ အလုံးစုံ နစ်မြုပ်သွားခြင်းလည်းဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် အောင်မြင်မှုနှင့် အမြတ်အစွန်းတွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ ဖြောင့်မတ်သောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်းမရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အပေါ်တွင်ရှိသော အောင်မြင်မှုနှင့် အမြတ်အစွန်းတို့၏ သွေးဆောင်မှုအင်အားသည် ကြီးမားလွန်းနေပြီး၊ ၎င်းအရာတို့သည် လူတို့အတွက် ဘဝတစ်လျှောက်လုံး လိုက်ရှာရသည့်အရာများ၊ အဆုံးမရှိ ထာဝရလိုက်ရှာရသည့်အရာများပင် ဖြစ်လာကြ၏။ ဤသည်မှာ အမှန်မဟုတ်သလော။ လူအချို့က အသိပညာသင်ယူခြင်းဟူသည်မှာ ခေတ်နောက်ကျမကျန်ခဲ့စေရန် သို့မဟုတ် ကမ္ဘာကြီးတွင် နောက်ကောက်ကျမကျန်စေရန်အတွက်၊ စာအုပ်များဖတ်ခြင်း သို့မဟုတ် ၎င်းတို့ မသိသေးသောအရာအချို့ကို လေ့လာသင်ယူခြင်းထက် မပိုပေ။ ၎င်းတို့၏ကိုယ်ပိုင်အနာဂတ်အတွက် သို့မဟုတ် အခြေခံလိုအပ်ချက်များအတွက်၊ ၎င်းတို့ ထမင်းစားပွဲတွင် စားစရာရှိနေရန်အတွက်သာအသိပညာကို သင်ယူခြင်းဖြစ်သည်" ဟု ပြောကြလိမ့်မည်။ ထိုသို့ဆိုလျှင် အခြေခံလိုအပ်ချက်များသက်သက်အတွက်၊ အစားအစာကိစ္စကို ဖြေရှင်းရန်သက်သက်အတွက်ဖြင့် ဆယ်စုနှစ်တစ်ခုစာပင်ပင်ပန်းပန်း လေ့လာသင်ယူမည်ဟူသောလူမျိုးရှိပါသလော။ ဤကဲ့သို့သောလူများကား မရှိပေ။ သို့ဆိုလျှင် သူသည် ဤသို့သော အခက်အခဲများကို ဤသို့ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံခြင်းသည် ဘယ်အတွက်နည်း။ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်ဖြစ်သည်။ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့သည် သူ့ကို လှမ်းခေါ်လျက်၊ ရှေ့တွင် စောင့်ကြိုနေကြ၏။ သူ့အနေဖြင့် ကိုယ်ပိုင်လုံ့လဝီရိယ၊ အခက်အခဲများ၊ ရုန်းကန်မှုများအားဖြင့်သာ ထိုလမ်းကို လိုက်နိုင်ပြီး၊ ယင်းသို့ဖြင့် အောင်မြင်မှုနှင့် အမြတ်စွန်းကို ရရှိမည်ဟု သူက ယုံကြည်ခြင်းဖြစ်သည်။ သူ၏ကိုယ်ပိုင် အနာဂတ်လမ်းအတွက်၊ အနာဂတ် ပျော်ရွှင်မှုအတွက်၊ ပို၍ကောင်းမွန်သောဘဝတစ်ခုအတွက်၊ ဤသို့သောအခက်အခဲများကို သူသည် ခံရမည်။ ဤသည်မှာ မည်သို့သော အသိပညာဖြစ်သနည်း၊ သင်တို့ ငါ့အား ပြောပြနိုင်သလော။ ၎င်းအရာသည် လူတို့၏ အသိပညာသင်ယူခြင်းဖြစ်စဉ်တွင် စာတန်က ၎င်းတို့ထံ သွတ်သွင်းပေးလိုက်သည့်၊ စာတန်က ၎င်းတို့ကို သင်ကြားပေးလိုက်သည့် ရှင်သန်နေထိုင်နည်း စည်းမျဉ်းများ မဟုတ်သလော။ ၎င်းအရာသည် စာတန်က လူသားထံတွင် သွတ်သွင်းပေးလိုက်သည့် ဘဝအတွက် မြင့်မားသော စံအယူအဆများ မဟုတ်သလော။ ဥပမာဆိုရသော် ကြီးမြတ်သောလူတို့၏စိတ်ကူးများ၊ နာမည်ကျော်ကြားသူတို့၏ တည်ကြည်မှု သို့မဟုတ် လူစွမ်းကောင်းတို့၏ ရဲရင့်သောစိတ်ဝိညာဉ်တို့ကို ကြည့်လော့။ သို့တည်းမဟုတ် သိုင်းဝတ္ထုများထဲမှ ဇာတ်လိုက်များ၊ ဓါးသမားများ၏ သူရဲကောင်းစိတ်ဓါတ်နှင့် ကြင်နာတတ်မှုတို့ကို ကြည့်လော့ (ဟုတ်ပါသည်။) ဤအယူအဆတို့သည် မျိုးဆက်များတစ်ခုပြီးတစ်ခုအပေါ် လွှမ်းမိုးလျက်ရှိနေသကဲ့သို့၊ မျိုးဆက်တစ်ခုစီ၏ လူတို့သည် ဤအယူအဆတို့အား လက်ခံရန်၊ ဤအယူအဆတို့ဖြင့် အသက်ရှင်နေထိုင်ရန်နှင့် ဤအရာတို့နောက် အဆုံးမရှိ လိုက်ကြရန် ကြီးပြင်းလာကြ၏။ ဤသည်မှာ စာတန်က လူသားကို ဖျက်ဆီးရန် အသိပညာကိုအသုံးပြုသည့် နည်းလမ်း သို့မဟုတ် လမ်းကြောင်းပင်ဖြစ်သည်။ သို့ဆိုလျှင် စာတန်က လူတို့အား ဤလမ်းသို့ ခေါ်ဆောင်ပြီးနောက်တွင်၊ ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ရန် ဖြစ်နိုင်ပါသေးသလော။ စာတန်က လူသားထံ၌ သွတ်သွင်းထားသော အသိပညာနှင့် အတွေးအခေါ်တို့တွင် ဘုရားသခင်ကို ကိုးကွယ်ခြင်းအကြောင်းအရာတို့ ပါဝင်သလော။ ၎င်းတို့တွင် သမ္မာတရားနှင့်သက်ဆိုင်သော အကြောင်းအရာတို့ ပါဝင်သလော။ ၎င်းအရာတို့တွင် ဘုရားသခင်အားကြောက်ရွံ့ခြင်း၊ မကောင်းမှုအား ရှောင်ကြဉ်ခြင်း အကြောင်းအရာတို့ ပါဝင်သလော (မပါဝင်ပါ။) သင်တို့သည် အနည်းငယ်မျှ မသေချာစွာဖြင့် ပြောသလိုရှိသည်၊ သို့ရာတွင် အရေးမကြီးပေ။ "ကျော်ကြားမှု"နှင့် "အမြတ်အစွန်း" ဆိုသည်မှာ လူတို့ကို မကောင်းသည့်လမ်းသို့ ရောက်ရှိရန် ဖြားယောင်းရာတွင် စာတန်က အသုံးပြုသည့် အဓိက စကားလုံးနှစ်ခုဖြစ်ကြောင်းကို သင် သိမြင်သရွေ့၊ လုံလောက်ပြီဖြစ်သည်။

အကျဉ်းချုံး ပြန်ကောက်ကြည့်ကြစို့- လူသားအား လှောင်ပိတ်၍ ထိန်းချုပ်ထားရန် စာတန်သည် မည်သည်ကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) ဤသို့ဆိုလျှင် လူတို့အား ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည်အထိဖြစ်အောင်၊ ၎င်းတို့၏အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှားကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အရှက်ရခြင်းများကို သည်းညည်းခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ၎င်းတို့တွင်ရှိသည့်အရာတိုင်းကို ပေးဆပ်ကြသကဲ့သို့၊ ယင်းအရာတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤသို့သောနည်းလမ်းဖြင့် စာတန်သည် လူသားအား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်လေသည်။ ဤအချုပ်အနှောင်တို့သည် လူတို့အပေါ် လွှမ်းမိုးလျက်ရှိကာ၊ လူတို့သည် ဤအရာတို့ကို လွှင့်ပစ်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ထို့ကြောင့် လူတို့သည် ဤအချုပ်အနှောင်တို့အားအမှုမဲ့အမှတ်မဲ့စွာ သယ်ဆောင်ကြလျက်၊ ကြီးစွာသောအခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကန် ကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်သကဲ့သို့၊ ၎င်းတို့သည် ပို၍ ပို၍ပင် ကောက်ကျစ်လာကြသည်။ ထို့ကြောင့် ဤနည်းလမ်းဖြင့် မျိုးဆက်တို့တစ်ခုပြီးတစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်းအောက်တွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခုတွင် ကြည့်သည့်အခါ၊ ၎င်း၏ မကောင်းသောစေ့ဆော်မှုတို့သည် စက်ဆုပ်စရာမကောင်းပေသလော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် ဘဝဟူသည် မရှိဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ မကောင်းသောစေ့ဆော်မှုတို့ကို သင်တို့သည် ယနေ့တွင် မြင်နိုင်ကြဦးမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်းဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ်ကောင်းသော အချုပ်အနှောင်များဖြစ်သည်ဆိုသည်ကို သင်တို့အားလုံးသည် တဖြည်းဖြည်းဖြင့် တစ်နေ့တွင် သိမြင်လာကြလိမ့်မည်။ သင်သည် ဤအရာကို သိမြင်လာသည့်နေ့အထိ သင်သည် စာတန်၏ ထိန်းချုပ်မှုကို အလုံးစုံ ခုခံရမည်ဖြစ်သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ထားသော အချုပ်အနှောင်များကိုလည်း အလုံးစုံ ခုခံရလိမ့်မည်။ စာတန်က သင့်ထံတွင် သွတ်သွင်းထားသော အရာအားလုံးကို သင့်အနေဖြင့် လွှင့်ပစ်ချင်သည့်အချိန် ရောက်လာသောအခါ၌၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ပို့ဆောင်ထားသောအရာအားလုံးကိုလည်း အမှန်တကယ် ရွံရှာမုန်းတီးလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အတွက် စစ်မှန်သည့်ချစ်ခြင်းနှင့် တောင့်တခြင်း ရှိလာလိမ့်မည်။

စာတန်သည် လူသားကို ဖျက်ဆီးရာတွင် အသိပညာကို မည်သို့အသုံးပြုသည်ဆိုသည့်အကြောင်းကို ယခုပင် ငါတို့ ပြောခဲ့ပြီးလေပြီ။ ထို့ကြောင့် စာတန်သည် လူသားကို ဖျက်ဆီးရန်အတွက် သိပ္ပံကို မည်သို့အသုံးပြုသည်ဆိုသည့်အကြောင်းကို ဆက်၍ ပြောကြပါစို့။ ဦးစွာအားဖြင့် စာတန်သည် လူသား၏ သိမြင်လိုစိတ်ကို ဖြည့်ဆည်းပေးရန် သိပ္ပံ၏နာမည်ကို အသုံးပြုကာ၊ သိပ္ပံကို လေ့လာချင်သော၊ လျှို့ဝှက်ဆန်းကြယ်မှုများကို စူးစမ်းချင်သော လူသား၏ဆန္ဒကို[က] ဖြည့်ဆည်းပေးလျက်ရှိနေသည်။ စာတန်သည် သိပ္ပံကို နာမည်ခံကာပင်၊ လူသား၏ ရုပ်ဝတ္ထုလိုအပ်ချက်များနှင့် ၎င်းတို့၏ဘဝအရည်အသွေးကို မပြတ်တမ်းမြှင့်တင်ရန် လူသား၏ တောင်းဆိုချက်ကိုလည်း ဖြည့်ဆည်းပေး၏။ ထို့ကြောင့် စာတန်သည် လူသားကို ဖျက်ဆီးရန်အတွက် ဤသို့နာမည်ခံကာ သိပ္ပံနည်းလမ်းကို အသုံးပြုလေသည်။ စာတန်က ဤသိပ္ပံနည်းလမ်းကို အသုံးပြု၍ ဖျက်ဆီးသည်မှာ လူသား၏ တွေးခေါ်ပုံ သို့မဟုတ် လူသား၏ စိတ်တို့ချည်းသာလော။ ငါတို့အနေဖြင့် မြင်နိုင်သော ငါတို့အနေဖြင့် ထိတွေ့လာရသော ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အကြောင်းအရာများထဲတွင် စာတန်သည် သိပ္ပံကို အသုံးပြု၍ မည်သည်ကို ဖျက်ဆီးသေးသနည်း (သဘာဝပတ်ဝန်းကျင် ဖြစ်ပါသည်။) သင်တို့ မှန်သည်။ သင်တို့သည် ဤအရာကြောင့် ပြင်းပြင်းထန်ထန် ဒုက္ခရောက်ထားသည့်အပြင်၊ ဤအရာကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်နေပုံလည်း ရသည်။ လူသားကို လှည့်စားရန်အတွက် အမျိုးမျိုးသော ရှာဖွေတွေ့ရှိချက်များ၊ သိပ္ပံဆိုင်ရာကောက်ချက်များအားလုံးကို အသုံးပြုခြင်းတို့အပြင်၊ စာတန်သည် ဘုရားသခင်အားဖြင့် လူသားတို့ကို အပ်နှင်းခဲ့သည့် ရှင်သန်နေသောပတ်ဝန်းကျင်အား အကြောင်းမဲ့ဖျက်ဆီးခြင်းနှင့် အကျိုးအမြတ်ထုတ်ခြင်းတို့ ပြုလုပ်ရန်အတွက်လည်း သိပ္ပံကို နည်းလမ်းတစ်ခုအနေနှင့် အသုံးပြု၏။ လူသားသည် သိပ္ပံဆိုင်ရာသုတေသနကို ပြုမည်ဆိုလျှင်၊ လူသား၏ ရှင်သန်နေသောပတ်ဝန်းကျင်မှာ ပို၍ပို၍ ကောင်းမွန်လာမည် ဖြစ်သကဲ့သို့၊ လူသား၏ နေထိုင်မှုအဆင့်အတန်းများသည်လည်း အဆက်မပြတ် တိုးတက်လာလိမ့်မည်။ ထို့ထက်ပို၍ သိပ္ပံတိုးတက်မှုဟူသည် လူသား၏ နေ့စဉ်တိုးလာနေသော ရုပ်ဝတ္ထုလိုအပ်ချက်များနှင့် ၎င်းတို့၏ ဘဝအရည်အသွေးအား မပြတ်မြှင့်တင်ရန် လိုအပ်ချက်တို့ကို ဖြည့်တင်းပေးရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်ဆိုသော ဆင်ခြေဆင်လက်အောက်တွင် စာတန်က ဤအရာကို လုပ်ဆောင်သည်။ ဤအကြောင်းပြချက်တို့ကြောင့် မဟုတ်လျှင်၊ သိပ္ပံကို အဘယ်ကြောင့် တိုးတက်အောင်ပြုလုပ်မည်နည်း။ ဤသည်မှာ စာတန်၏ သိပ္ပံတိုးတက်မှုဆိုင်ရာ အယူအဆပိုင်း အခြေခံအကြောင်းရင်းဖြစ်သည်။ သို့ရာတွင် သိပ္ပံက လူသားမျိုးနွယ်အတွက် မည်သည်ကို သယ်ဆောင်လာသနည်း။ ငါတို့၏ လက်ရှိပတ်ဝန်းကျင်တွင် မည်သည်တို့ပါဝင်သနည်း။ လူသားမျိုးနွယ်တို့ ရှူသွင်းသောလေသည် ညစ်ညမ်းနေပြီ မဟုတ်သလော။ ငါတို့သောက်သုံးသောရေသည် အမှန်တကယ် သန့်စင် သေးသလော (မသန့်စင်တော့ပါ။) ငါတို့ စားသုံးနေသောအစားအစာများသည်ကော သဘာဝအတိုင်း ဟုတ်ပါ၏လော။ အများစုသည် ဓာတ်မြေသြဇာနှင့် မျိုးဗီဇ ပြုပြင်မှုကို အသုံးပြုကာ စိုက်ပျိုးကြ၏။ ထို့အပြင် သိပ္ပံနည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ထုတ်လုပ်သည့် သန္ဓေပြောင်းလဲခြင်း တို့သည်လည်း ရှကြသည်။ ငါတို့စားသုံးသည့် ဟင်းသီးဟင်းရွက်တို့နှင့် အသီးအနှံသည်ပင် သဘာဝအတိုင်း မဟုတ်တော့ပေ။ ယခုအချိန်တွင် လူတို့အတွက် သဘာဝအတိုင်းဖြစ်သော ကြက်ဥတစ်လုံး စားရန် လိုက်ရှာဖို့သည် မလွယ်တော့ပေ။ ကြက်ဥတို့သည်ပင် စာတန်၏ သိပ္ပံဟူသောအရာဖြင့် ပြုပြင်ခံထားရပြီဖြစ်သောကြောင့်၊ ယခင် ရှိခဲ့ဖူးသောအရသာမျိုး မဟုတ်တော့ပေ။ အားလုံးကိုခြုံ၍ကြည့်လျှင်၊ ကမ္ဘာ့လေထုတစ်ခုလုံးသည် ဖျက်ဆီးခံထားရပြီး၊ ညစ်ညမ်းနေပေပြီ။ တောင်တန်းများ၊ ရေကန်များ၊ သစ်တောများ၊ မြစ်များ၊ သမုဒ္ဒရာများနှင့် မြေထုအထက်အောက်ရှိ အရာအားလုံးတို့မှာ သိပ္ပံဆိုင်ရာအောင်မြင်မှုဟူသည်တို့ကြောင့် ပျက်စီးနေပြီဖြစ်သည်။ တစ်နည်းဆိုရသော် ဘုရားသခင်က လူသားမျိုးနွယ်ကို အပ်နှင်းခဲ့သည့် ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုလုံး၊ ရှင်သန်နေသောပတ်ဝန်းကျင်သည်၊ သိပ္ပံဟူသောအရာကြောင့် ပျက်စီးထိခိုက်နေပြီဖြစ်သည်။ လူအများအပြားတို့သည် ၎င်းတို့ရှာဖွေသော ဘဝအရည်အသွေးနှင့်အညီ မျှော်လင့်ခဲ့သည်အတိုင်း ရရှိကြကာ၊ ၎င်းတို့၏စိတ်နှင့် ခန္ဓာနှစ်ခုလုံး ကျေနပ်လျက်ရှိကြသော်လည်း၊ လူသားနေထိုင်သည့် ပတ်ဝန်းကျင်မှာမူ သိပ္ပံက ဖြစ်ပေါ်စေခဲ့သည့် "အောင်မြင်မှု" အမျိုးမျိုးတို့ကြောင့် အခြေခံအားဖြင့် ပျက်စီးထိခိုက်နေပြီဖြစ်၏။ ယခုအချိန်၌ သန့်ရှင်းသည့်လေတစ်ရှိုက်ကိုပင် အိမ်အပြင်ဘက်တွင် ရှူခွင့် မရှိကြတော့ပေ။ ဤသည်မှာ လူသားမျိုးနွယ်၏ သောကရောက်စရာလော။ ဤရှင်သန်နေသောနေရာတွင် လူသားနေထိုင်ရန် ပြောပြစရာဆို၍ မည်သည့်ပျော်ရွှင်မှု ကျန်သေးသလော။ လူသားသည် ဤ ရှင်သန်နေသောနေရာတွင် နေထိုင်ပြီး၊ အစအဦး၌ပင် ဤရှင်သန်နေသော ပတ်ဝန်းကျင်ကို ဘုရားသခင်အားဖြင့် လူသားအတွက် ဖန်ဆင်းခဲ့ခြင်းဖြစ်၏။ လူတို့ သောက်သုံးသော ရေ၊ လူတို့ရှူရှိုက်သော လေ၊ လူတို့စားသုံးသော အစားအစာ၊ သစ်ပင်ပန်းပင်များနှင့် သမုဒ္ဒရာများ စသဖြင့်၊ ဤ ရှင်သန်နေသောပတ်ဝန်းကျင်ကို ဘုရားသခင်က လူသားအတွက် အလုံးစုံအပ်နှင်းခဲ့ခြင်းဖြစ်သည်။ ၎င်းအရာသည် ဘုရားသခင် ချမှတ်ပေးခဲ့သည့် သဘာဝနိယာမနှင့်အညီ လည်ပတ်လျက်၊ သဘာဝကျကျရှိ၏။ သိပ္ပံဟူသည်သာ မရှိခဲ့လျှင်၊ လူတို့သည် ၎င်းတို့ခံစားနိုင်ရန် ဘုရားသခင် အပ်နှင်းခဲ့သောအရာတို့နှင့်အညီ၊ ဘုရားသခင်၏လမ်းခရီးနှင့်အညီ၊ အရာရာတိုင်းကို ယင်းတို့၏ နဂိုမူလအတိုင်း ခံစားနိုင်ကာပျော်ရွှင်နေကြလိမ့်မည်ဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ ဤအရာအားလုံးကို စာတန်သည် ဖျက်ဆီးထား၍ ပျက်စီးခဲ့လေပြီ။ လူသား၏ အဓိက အသက်ရှင်နေထိုင်ရာနေရာသည် နဂိုအတိုင်း မရှိတော့ပေ။ သို့သော် ဤကဲ့သို့သောအကျိုးဆက်ကို မည်သည်က ဖြစ်စေခဲ့သည် သို့မဟုတ် မည်သို့ဖြစ်လာသနည်းဆိုသည်ကို အဘယ်သူကမျှ သိရှိလက်ခံခြင်းမပြုကြ။ ထို့အပြင် ပို၍ပင်များပြားသောလူတို့သည် ၎င်းတို့ထံတွင် စာတန် သွတ်သွင်းထားသော အယူအဆတို့ကို အသုံးပြုခြင်းအားဖြင့်၊ သိပ္ပံကို နားလည်ချဉ်းကပ်လာကြသည်။ ဤသည်မှာ အလွန်မနှစ်သက်ဖွယ်ကောင်းပြီး၊ သနားစရာမကောင်းပေသလော။ ယခုအချိန်တွင် စာတန်သည် လူသားမျိုးနွယ် တည်ရှိရာနေရာနှင့် ၎င်းတို့၏ရှင်သန်နေသောပတ်ဝန်းကျင်ကို သိမ်းပိုက်ထားကာ၊ ယင်းတို့အားလုံးကို ပျက်စီးနေစေသကဲ့သို့၊ လူသားမျိုးနွယ်သည်လည်း ဤနည်းအတိုင်း ဆက်၍တိုးတက်ပြောင်းလဲနေသောကြောင့်၊ ကမ္ဘာပေါ်ရှိ ဤလူသားမျိုးနွယ်ကို ဖျက်ဆီးရန်ဘုရားသခင်၏အကူအညီသည် လိုအပ်ပါ၏လော။ လူသားမျိုးနွယ်သည် ဤနည်းအတိုင်း ဆက်၍ တိုးတက်မည်ဆိုလျှင်၊ မည်သည့်လားရာသို့ ဦးတည်မည်နည်း။ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် လူသား၏ လောဘတကြီးရှာဖွေမှုအပြင်၊ "၎င်းတို့သည် သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေခြင်းများနှင့် နက်နဲသောသုတေသနကို အဆက်မပြတ်ပြုလုပ်ကြကာ၊ ၎င်းတို့၏ ကိုယ်ပိုင် ရုပ်ဝတ္ထုလိုအပ်ချက်များ၊ တပ်မက်မှုများကို အဆုံးမရှိဖြည့်ဆည်းကြ၏။ ထိုသို့ဆိုလျှင် လူသားအတွက် အကျိုးဆက်တို့သည် မည်သို့နည်း။ ဦးဆုံးအနေဖြင့် ဂေဟစနစ်ဆိုင်ရာ မည်သည့် ဟန်ချက်ညီမှုမျှ မရှိတော့ချေ။ ထို့ပြင် ဤအရာနှင့်တွဲလျက်အဖြစ် လူသားမျိုးနွယ်၏ ကိုယ်ခန္ဓာတို့သည် ဤသို့သော ပတ်ဝန်းကျင်ကြောင့် အားလုံးစွန်းထင်းကာ ထိခိုက်နေကြပြီး၊ ကူးစက်တတ်သော ရောဂါအမျိုးမျိုးနှင့် ကပ်ဆိုးတို့သည်လည်း နေရာအနှံ့ ပျံ့နှံ့ကြ၏။ ဤသည်မှာ လူသားအနေဖြင့် ယခုအချိန်တွင် ထိန်းချုပ်၍မရသော အခြေအနေတစ်ခုဖြစ်သည်၊ ယင်းသို့ မဟုတ်ပေသလော သင်တို့သည် ယခုအချိန်၌ ဤသည်ကို နားလည်လော့။ လူသားမျိုးနွယ်သည် ၎င်းတို့ကိုယ်၎င်းတို့ အဆက်မပြတ် ကြွယ်၀စေရန် အသိပညာကို အသုံးပြုရင်း၊ လူသားဘ၀၏ အနာဂတ်ကို မရပ်မနား စူးစမ်းရန် သိပ္ပံပညာကို အသုံးပြုရင်း၊ ဆက်လက် ရှင်သန်ရန်အတွက် ဤသို့သော နည်းလမ်းကို အသုံးပြုရင်းဖြင့်၊ ဘုရားသခင်၏နောက်ကို မလိုက်ဘဲ၊ စာတန်နောက်ကိုသာ ဤနည်းအတိုင်း အမြဲလိုက်မည်ဆိုလျှင်၊ လူသား၏ သဘာဝအတိုင်းဖြစ်လာမည့်အဆုံးသတ်သည် မည်သို့ဖြစ်မည်ဆိုသည်ကို သင် သိမြင်နိုင်မည်လော။ (ပျက်စီးခြင်း ဖြစ်ပါသည်။) ပျက်စီးခြင်းပင် ဖြစ်လိမ့်မည်၊ တစ်ကြိမ်လျှင် တစ်လှမ်းနှုန်းဖြင့် ချဉ်းကပ်လာသော ပျက်စီးခြင်းဖြစ်သည်။ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော ပျက်စီးခြင်းဖြစ်၏။ ယခုအချိန်၌ သိပ္ပံဟူသည် စာတန်က လူသားအတွက် ပြင်ဆင်ထားသော မှော်ဆေးတစ်ခွက်ကဲ့သို့ ထင်ရသောကြောင့်၊ သင်တို့သည် အကြောင်းအရာတို့ကို ခွဲခြားသိမြင်ရန် ကြိုးစားသည့်အခါ၊ ဇဝေဇဝါဖြင့်သာ လုပ်မိကြသည်။ မည်မျှပင် ကြိုးစား၍ ကြည့်သည်ဖြစ်စေ၊ သင်တို့သည် ရှင်းလင်းစွာ မမြင်နိုင်သကဲ့သို့၊ မည်မျှပင် ကြိုးစားသည်ဖြစ်စေ ယင်းအရာတို့ကို အဖြေမရှာနိုင်ကြပေ။ သို့ရာတွင် စာတန်သည်ကား သင်၏တပ်မက်မှုကို ပြင်းပြလာစေရန်နှင့် သင့်အား အလုံးစုံထိန်းချုပ်ကာ အသူရာချောက်နက်ဆီ၊ သေမင်းဆီသို့ ဆက်လျှောက်စေရန်အလို့ငှာ၊ သိပ္ပံ၏နာမည်ကို အသုံးပြုဆဲဖြစ်သည်။ ဤသို့ မဟုတ်သလော (ဟုတ်ပါသည်။) ဤသည်မှာ ဒုတိယနည်းလမ်းဖြစ်၏။

တတိယနည်းလမ်းမှာ စာတန်က လူသားကို ဖျက်ဆီးရန်အတွက် ရိုးရာယဉ်ကျေးမှုကို အသုံးချပုံပင် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတွင် ဆင်တူသောအရာတို့ အများအပြားရှိသော်ငြားလည်း၊ ရိုးရာယဉ်ကျေးမှု၌သာ အချို့သော ဇာတ်လမ်းပုံပြင်များ၊ အရိပ်အမြွက်ပြောဆိုချက်များနှင့် မူရင်းဇာတိတို့ရှိကြ၏။ စာတန်သည် များပြားလှသော ရိုးရာပုံပြင်များ သို့မဟုတ် သမိုင်းစာအုပ်များထဲမှ ဇာတ်လမ်းများကို လုပ်ကြံ ဖန်တီးထားပြီး၊ လူတွေကို ရိုးရာယဉ်ကျေးမှု သို့မဟုတ် တစ်ဖက်စွန်းရောက်ဇာတ်ရုပ်များဖြင့် နက်နက်ရှိုင်းရှိုင်း စွဲကျန်ရစ်စေသည်။ ပမာဆိုရသော် တရုတ်ပြည်တွင်ရှိသော ဇာတ်လမ်းများဖြစ်သည့် "ပင်လယ်ကိုဖြတ်သော မသေမျိုးရှစ်ဦး"၊ "အနောက်ဘက်သို့ ခရီး"၊ "ကျောက်စိမ်းဧကရာဇ်"၊ "နယ်ကျားက နဂါးဘုရင်ကို အောင်နိုင်၏" အပြင်၊ "နတ်ဘုရားတို့၏ အာဏာအပ်နှင်းပွဲ"တို့ကို ကြည့်လော့။ ဤအရာတို့သည် လူ၏ စိတ်တို့ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီ မဟုတ်လော။ သင်တို့ထဲမှ တချို့သည် အသေးစိတ်အားလုံးကို မသိပင်သော်ငြား၊ ယေဘုလျအဖြစ်အပျက်တို့ကို သိကြသေး၏။ ဤယေဘုလျအကြောင်းအရာသည်ပင် သင်၏နှလုံးသားနှင့် သင်၏စိတ်ထဲတွင် ကပ်ငြိနေခြင်းဖြစ်ကာ၊ သင်သည် ယင်းတို့ကို မေ့၍မရပေ။ ဤအရာတို့သည် စာတန်က လူသားအတွက် ဟိုးပဝေသဏီကပင် ပြင်ဆင်ထားသည်များဖြစ်ပြီး၊ ၎င်း၏အမျိုးမျိုးသောအယူအဆများနှင့် ဒဏ္ဍာရီများကို မတူသောအချိန်များတွင် ဖြန့်ဖြူးထားလိုက်ခြင်းဖြစ်သည်။ ဤအကြောင်းအရာတို့သည် လူတို့၏ စိတ်ဝိညာဉ်များကို တိုက်ရိုက် ထိခိုက်စေကာ၊ တိုက်စားပစ်သကဲ့သို့၊ လူတို့အား ဖမ်းစားခြင်းတစ်ခုပြီးတစ်ခုအောက်တွင် ထားလေ၏။ ဆိုလိုသည်မှာ ရိုးရာယဉ်ကျေးမှု၊ ပုံပြင်များ သို့မဟုတ် အယူသီးမှုကို အရင်းခံကာ ထွက်ပေါ်လာသည့် ဤအရာတို့ကို သင်သည် လက်ခံထားသောအခါ၊ ဤအရာတို့သည် သင်၏ စိတ်ထဲတွင် အခြေခိုင်သွားသောအခါ၊ ဤအရာတို့သည် သင်၏နှလုံးသားထဲတွင် ကပ်ငြိသောအခါ၊ ယင်းမှာ သင်သည် မန္တာန်တစ်ခုအောက် ကျရောက်ကဲ့သို့ပင်ဖြစ်၏။ သင်သည် ဤယဉ်ကျေးမှုများ၊ ဤအယူအဆများနှင့် ရိုးရာဇာတ်လမ်းပုံပြင်တို့အားဖြင့် ရုန်းထွက်မရအောင်ဖြစ်လာကာ၊ လွှမ်းမိုးမှုကို ခံရခြင်းဖြစ်သည်။ ၎င်းတို့သည် သင်၏အသက်တာ၊ သင်၏အသက်တာပေါ် အမြင်ကို လွှမ်းမိုးသကဲ့သို့၊ အကြောင်းအရာတို့အပေါ် သင်၏ ဝေဖန်ပိုင်းခြားမှုကိုလည်း လွှမ်းမိုး၏။ ထို့ထက်ပို၍ အသက်တာ၏ စစ်မှန်သောလမ်းအတွက် သင်၏ ကြိုးစားအားထုတ်မှုကိုလည်း ၎င်းတို့က လွှမ်းမိုးသည်။ ဤသည်မှာ တကယ်ပင် မန္တာန်တစ်ခုဖြစ်၏။ သင်သည် ကြိုးစားသော်ငြား၊ ၎င်းတို့ကို ခါချမရအောင်ရှိ၏၊ သင်သည် ခုတ်ဖြတ်ပစ်သော်ငြား၊ ၎င်းတို့ကို ခုတ်လှဲမရနိုင်အောင်ရှိ၏၊ သင်သည် ၎င်းတို့ကို ရိုက်နှက်သော်ငြား၊ ၎င်းတို့ကို အနိုင်မရနိုင်အောင်ရှိ၏။ ထို့အပြင် လူသားသည် ဤသို့သော မန္တာန်အောက်တွင် အမှုမဲ့အမှတ်မဲ့ဖြင့် ကျရောက်ပြီးနောက်၊ ၎င်းတို့သည် စာတန်အား အမှုမဲ့အမှတ်မဲ့ဖြင့်ပင် စ၍ကိုးကွယ်လာကာ၊ ၎င်းတို့၏နှလုံးသားများထဲတွင် စာတန်၏ပုံရိပ်ကို မွေးမြူလာကြ၏။ တစ်နည်းဆိုရသော် ၎င်းတို့သည် စာတန်အား ၎င်းတို့အတွက် ကိုးကွယ်ရန်၊ ကြည်ညိုလေးစားရန် အရာတစ်ခု၊ ၎င်းတို့၏ရုပ်တုအဖြစ် တည်ထောင်ကာ၊ ဘုရားသခင်အဖြစ် ယူဆသည်အထိပင် ရှိကြသည်။ ဤအရာတို့သည် လူတို့၏ ပြောစကားများနှင့် လုပ်ဆောင်ချက်များကို ထိန်းချုပ်လျက်၊ ၎င်းတို့၏နှလုံးသားများထဲတွင် အမှုမဲ့အမှတ်မဲ့စွာ ရှိနေကြ၏။ ထို့အပြင်၊ သင်သည် ဤပုံပြင်များနှင့် ဒဏ္ဍာရီများကို မှားယွင်းသည်ဟု ကနဦးတွင် မှတ်ယူပြီးနောက်၊ သင်သည် ဤဇာတ်လမ်းပုံပြင်များ၏တည်ရှိမှုကို အမှုမဲ့အမှတ်မဲ့ဖြင့် အသိအမှတ်ပြုကာ၊ ၎င်းတို့ကို အမှန်တကယ်ရှိသော လူပုဂ္ဂိုလ်များ၊ အမှန်တကယ်တည်ရှိသောအရာများအဖြစ် ပြောင်းလဲဖြစ်ပေါ်လာစေ၏။ သတိမမူမိခြင်းအလယ်တွင် သင်သည် ဤအယူအဆများနှင့် ဤအရာများ၏ တည်ရှိမှုကို မသိစိတ်အားဖြင့် လက်ခံလေသည်။ သင်သည် နတ်ဆိုးများ၊ စာတန်နှင့် ရုပ်တုများကိုလည်း သင်၏ အိမ်ထဲ သင်၏ နှလုံးသားထဲသို့ မသိစိတ်အားဖြင့် လက်ခံလေသည်။ ဤသည်မှာ တကယ်ပင် မန္တာန်တစ်ခုဖြစ်၏။ သင်တို့သည် ဤသို့ ခံစားရသလော (ခံစားရပါသည်။) သင်တို့ထဲတွင် ဗုဒ္ဓအား အမွှေးတိုင်ထွန်းကာ၊ ကိုးကွယ်ကြသူတို့ ရှိသလော (ရှိပါသည်။) ဤသို့ဆိုလျှင် ဗုဒ္ဓအား အမွှေးတိုင်ထွန်းကာ၊ ကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း (ငြိမ်းချမ်းမှုအတွက် ဆုတောင်းခြင်းဖြစ်ပါသည်။) ထိုအကြောင်းကို ယခု စဉ်းစားကြည့်လျှင်၊ ငြိမ်းချမ်းမှုအတွက် စာတန်အား ဆုတောင်းရန်ဆိုသည်မှာ ရယ်ဖွယ်မဟုတ်သလော။ စာတန်သည် ငြိမ်းချမ်းမှုကို သယ်ဆောင်ပါ၏လော။ (မသယ်ဆောင်ပါ။) သင်တို့သည် ထိုအချိန်က မသိနားမလည်ခဲ့ခြင်း မဟုတ်သလော။ ထိုသို့သော အပြုအမူမျိုးသည် ရယ်ဖွယ်ရာ၊ ပညာမဲ့ရာ၊ နုံအရာ မရောက်သလော။ စာတန်သည် သင့်ကို မည်သို့ဖျက်ဆီးရမည်ကိုသာ တွေးတော၍၊ သင့်အား ငြိမ်းချမ်းမှုကို မပေးနိုင်ပေ။ ၎င်းသည် သင့်ကို ယာယီသက်သာရာသာ ပေးနိုင်၏။ သို့ရာတွင် သင်သည် ကတိသစ္စာပြုရမည်ဖြစ်ပြီး၊ သင်ပြုထားသော သင်၏ကတိသစ္စာကို သင်က ဖောက်ဖျက်ခဲ့လျှင်၊ စာတန်သည် သင့်အား မည်သို့နှိပ်စက်မည်ဆိုသည်ကို သင် မြင်ရလိမ့်မည်။ သင့်ကို ကတိသစ္စာ ပြုစေခြင်းသည် အကယ်စင်စစ် ၎င်းက သင့်အား ထိန်းချုပ်ချင်၍ဖြစ်သည်။ သင်တို့က ငြိမ်းချမ်းမှုအတွက် ဆုတောင်းခဲ့သည့်အခါ၌၊ သင်တို့သည် ငြိမ်းချမ်းမှုကို ရရှိခဲ့ကြသလော (မရခဲ့ပါ။) သင်တို့သည် ငြိမ်းချမ်းမှုကို မရခဲ့ကြ၊ အမှန်တကယ်တမ်းတွင် စာတန်သည် ကံဆိုးခြင်းများ၊ အဆုံးမရှိသော ဘေးဒုက္ခများကိုသာ သယ်ဆောင်လာခဲ့၏။ အမှန်တကယ်ပင် အတိုင်းမသိသော ခါးသီးခြင်းသမုဒ္ဒရာကြီးတစ်ခု ဖြစ်၏။ စာတန်၏ အုပ်စိုးမှုတွင် ငြိမ်းချမ်းမှုဟူသည် မရှိ၊ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤသည်မှာ ပဒေသရာဇ်ခေတ်အယူသီးမှု၊ ရိုးရာယဉ်ကျေးမှုတို့ဖြင့် ပြည့်နှက်နေသော လူသားမျိုးနွယ်အတွက် အကျိုးဆက်ဖြစ်၏။

နောက်ဆုံးအကြောင်းအရာသည်ကား စာတန်သည် လူသားကို ဖျက်ဆီးရန်အတွက် လူမှုလားရာများကို အသုံးချပုံပင်ဖြစ်သည်။ ဤလူမှုလားရာများတွင် အကြောင်းအရာများစွာ ပါဝင်၏။ "လူမှုလားရာများဆိုသည်မှာ ငါတို့ဝတ်သော အဝတ်အစားများ အကြောင်းလော။ နောက်ဆုံးပေါ်ဖက်ရှင်များ၊ အလှအပပစ္စည်းများ၊ ဆံပင်ပုံစံများနှင့် အစားကောင်းအသောက်ကောင်းများ အကြောင်းလော" ဟူ၍ လူအချို့က ပြောကြမည်ဖြစ်သည်။ ဤအရာတို့၏ အကြောင်းပေလော။ ဤသည်တို့သည် လူမှုလားရာ မှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း၊ ငါတို့သည် ယင်းတို့အကြောင်းကို ဤနေရာတွင် မပြောချင်ပေ။ လှုမှုလားရာများကြောင့် လူတို့အတွက် ပေါ်ပေါက်လာသော အယူအဆများ၊ ကမ္ဘာပေါ်တွင် ယင်းတို့ကြောင့် လူတို့၏ မိမိအလိုကျပြုမူနေထိုင်ပုံ၊ လူတို့တွင် ယင်းတို့ကြောင့် ဖြစ်ပေါ်သည့် ဘဝပန်းတိုင်များနှင့် အမြင်များအကြောင်းကိုသာ ဆွေးနွေးချင်သည်။ ဤသည်တို့သည် လွန်စွာအရေးကြီး၏၊ ၎င်းတို့သည် လူသား၏ စိတ်အခြေအနေကို ထိန်းချုပ်ကာ၊ လွှမ်းမိုးနိုင်၏။ ဤလူမှုလားရာများအားလုံးသည် တစ်ခုပြီးတစ်ခုဆင့်ကာဖြင့် မကောင်းသောလွှမ်းမိုးမှုကို သယ်ဆောင်သောကြောင့်၊ လူသားအား အဆက်မပြတ် ဆုတ်ယုတ်စေကာ၊ ၎င်းတို့ထံတွင် အသိတရား၊ လူ့သဘာဝနှင့် ဆင်ခြင်မှုတို့ကို ထပ်တလဲလဲ ဆုံးရှုံးစေလေသည်။ ထို့အတူ ၎င်းတို့၏ ကိုယ်ကျင့်တရား၊ ၎င်းတို့၏ စရိုက်လက္ခဏာအရည်အသွေးကိုလည်း ပို၍ပို၍ နိမ့်ကျစေကာ၊ ယနေ့ လူအများစုတွင် ဂုဏ်သိက္ခာ၊ စာနာမှု၊ အသိတရားနှင့် ဆင်ခြင်မှုဟူသည် မရှိကြတော့ဟု ပြောနိုင်လောက်သော အတိုင်းအတာဖြစ်သည်။ ထိုသို့ဆိုလျှင် ဤလူမှုလားရာများသည် အဘယ်သို့နည်း။ သင်သည် ဤလူမှုလားရာများကို ပကတိမျက်စိဖြင့် မမြင်နိုင်ပေ။ ရေပန်းစားမှုတစ်ခုသည် လေကဲ့သို့ ဖြတ်သန်းတိုက်ခတ်သည့်အခါ၊ အရေအတွက်အနည်းငယ်သော လူတို့သာ ခေတ်ရေစီးကို ဦးဆောင်သူများ ဖြစ်ကောင်းဖြစ်လာလိမ့်မည်။ ၎င်းတို့သည် ဤအရာတစ်ခုကို စတင်၍ လုပ်ဆောင်ခြင်းဖြစ်ကာ၊ ဤအယူအဆတစ်ခု သို့မဟုတ် ဤရှုထောင့်တစ်ခုကို လက်ခံကြခြင်းဖြစ်သည်။ သို့ရာတွင် လူအများစုမှာကား ၎င်းတို့၏ သတိမမူမိခြင်းအလယ်တွင်၊ ဤခေတ်စားမှုမျိုးကို အမှုမဲ့အမှတ်မဲ့ဖြင့် ဆန္ဒအလျောက်မဟုတ်ဘဲ လက်ခံကာ၊ ယင်းခေတ်စားမှုတွင် နစ်မြုပ်ထိန်းချုပ် ခံရသည်အထိ ဖြစ်အောင်၊ ယင်းခေတ်စားမှု၏ ကူးစက်ခြင်း၊ စုပ်ယူခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကို ထပ်တလဲလဲ ခံကြရဦးမည်ဖြစ်သည်။ ကောင်းမွန်သော ကိုယ်နှင့် စိတ် မရှိသော၊ သမ္မာတရားဆိုသည်ကို လုံးဝမသိသော၊ အပြုသဘောနှင့် အပျက်သဘောဆောင်သောအရာတို့ကို မခွဲခြားတတ်သော လူသားအဖို့၊ ဤလူမှုလားရာများသည် တစ်ခုပြီးတစ်ခုဆင့်ကာဖြင့် ၎င်းတို့အားလုံးအား စာတန်ထံမှလာသော ဘဝအမြင်နှင့် တန်ဖိုးများဖြစ်သည့် ဤလားရာများကို စိတ်အားထက်သန်စွာ လက်ခံစေခြင်းဖြစ်သည်။ ၎င်းတို့သည် ဘဝအား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်ကို စာတန် ပြောသည့်အတိုင်း လက်ခံသကဲ့သို့၊ စာတန်က ၎င်းတို့ကို "ပေးအပ်"သော ရှင်သန်နေထိုင်နည်းကိုလည်း လက်ခံကြ၏။ ၎င်းတို့သည် ခွန်အား မရှိကြ၊ စွမ်းပကားလည်း မရှိကြသည့်အပြင်၊ ခုခံရန် အသိစိတ်ဆိုသည်မှာကား ပို၍ပင် မရှိကြပေ။ ထိုသို့ဆိုလျှင် ဤလူမှုလားရာ များသည် အဘယ်သို့သောအရာတွေ ဖြစ်သနည်း။ သင်တို့ နားလည်လာနိုင်မည့် ရိုးရှင်းသော ဥပမာတစ်ခုကို ငါ ရွေးချယ်ထား၏။ ဥပမာဆိုရသော် ဟိုယခင်က လူတို့သည် စီးပွားလုပ်ကိုင်ရာတွင် ကြီးသူငယ်သူမရွေး မည်သူကိုမျှ လိမ်လည်ခြင်းမရှိဘဲ၊ ကုန်ပစ္စည်းများကိုလည်း ဝယ်ယူသူမရွေး တူညီသောစျေးနှုန်းဖြင့် ရောင်းချသော နည်းလမ်းဖြင့်သာ ရောင်းဝယ်ဖောက်ကားကြ၏။ ဤနေရာတွင် အသိစိတ်နှင့် လူ့သဘာဝ၏ အရိပ်အမြွက်တစ်ခုကို မဖော်ပြနေသလော။ လူတို့သည် စီးပွားလုပ်ကိုင်ရာတွင် ဤသို့သော ခံယူချက်ကို သုံးခဲ့သည့်အချိန်၌၊ ၎င်းတို့တွင် အသိစိတ်အချို့၊ လူ့သဘာဝအချို့ ရှိနေခဲ့ကြသေးသည်ကို ပြ၏။ သို့ရာတွင် သာ၍ ကြီးမားလာသော ငွေကြေးပမာဏ လိုအပ်ချက် နှင့်ယှဉ်ကာ၊ လူတို့သည် အမှုမဲ့အမှတ်မဲ့ဖြင့် ငွေကြေးကို ချစ်လာခဲ့ကြသည်၊ အမြတ်အစွန်းနှင့် သာယာမှုကို ပို၍ပင် ချစ်လာခဲ့ကြလေသည်။ ဤသို့ဆိုလျှင် လူတို့သည် ငွေကြေးကို ပို၍အရေးကြီးသောအရာအဖြစ် မြင်လာခဲ့ကြခြင်းလော။ လူတို့သည် ငွေကြေးကို ပို၍ အရေးကြီးသောအရာအဖြစ် မြင်ကြသောအခါ ၎င်းတို့၏ ဂုဏ်သတင်း၊ ကျော်ကြားမှု၊ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုတို့ကို အမှုမဲ့အမှတ်မဲ့ လျစ်လျူရှုမိကြ၏။ သင်သည် စီးပွားရေးတွင် ဝင်ရောက်လုပ်ကိုင်သည့်အခါ၊ အခြားသူများသည် လူတို့အား လိမ်လည်၍ ချမ်းသာရန်အလို့ငှာ၊ အမျိုးမျိုးသော နည်းလမ်းများအား သုံးလျက်ရှိသည်ကို သင် တွေ့ရမည်။ ရရှိလာသော ငွေကြေးသည် မရိုးသားစွာရရှိသော အမြတ်အစွန်းများ ဖြစ်သော်ငြားလည်း၊ ၎င်းတို့သည် ချမ်းသာသည်ထက် ချမ်းသာလာကြ၏။ ၎င်းတို့သည် သင်ကဲ့သို့ပင် စီးပွားလုပ်ကိုင်သော်လည်း၊ ၎င်းတို့၏မိသားစုတစ်ခုလုံးသည် သင့်ထက်ပို၍ ဘဝတွင် ပျော်ရွှင်ကြပြီး၊ သင့်အဖို့မှာမူ "ငါသည် အဘယ်ကြောင့် ထိုသို့ မလုပ်နိုင်သနည်း။ ငါသည် အဘယ်ကြောင့် သူတို့ရှာဖွေသကဲ့သို့ မရှာဖွေနိုင်သနည်း။ ငါ၏လုပ်ငန်း အောင်မြင်စေရန်၊ ငွေကြေး ပို၍ရရှိစေရန် နည်းလမ်းတစ်ခုကို ငါ စဉ်းစားရမည်" ဟုဆိုရင်းသာ ဝမ်းနည်းနေရ၏။ ထို့နောက်တွင် သင်သည် ဤအရာကို စဉ်းစားတွေးတောသည်။ မည်သူကိုမျှ မလိမ်ညာဘဲ၊ အားလုံးသောသူတို့ကို တူညီသောစျေးနှုန်းဖြင့် ရောင်းချခြင်းဟူသော၊ ပုံမှန်ငွေကြေးရှာဖွေမှု နည်းလမ်းအားဖြင့်၊ သင် ရရှိသောငွေကြေးသည် လိပ်ပြာသန့်သန့်ဖြင့် ဖြစ်သော်လည်း၊ ၎င်းသည် သင့်ကို အလျင်အမြန် မချမ်းသာစေနိုင်ပေ။ သို့ရာတွင် အကျိုးအမြတ် ရလိုသည့် ပြင်းပြသောဆန္ဒအောက်၌ သင်၏စဉ်းစားပုံသည် ညင်သာသော ပြောင်းလဲခြင်းကို ကြုံရ၏။ ဤပြောင်းလဲမှုအတွင်း၌ သင်၏ ပြုမူနေထိုင်မှု စည်းမျဉ်းများသည်လည်း စတင်ပြောင်းလဲလာ၏။ သင်သည် တစ်စုံတစ်ယောက်အား ပထမဆုံးအကြိမ် လိမ်ညာသည့်အခါ၊ သင့်ထံတွင် သံသယများရှိသည်။ "ဤသည်မှာ ငါသည် လူတစ်ယောက်အား နောက်ဆုံးအကြိမ် လိမ်ခြင်းဖြစ်သည်။ ငါသည် နောက်တစ်ကြိမ် ထပ်မလုပ်တော့။ ငါသည် လူတို့အပေါ် မလိမ်တတ်။ လူတို့အပေါ် လိမ်ခြင်းသည် ဝဋ်လည်ခြင်း ခံရမည်ဖြစ်သလို၊ ငါ့အပေါ် ဘေးဒုက္ခသာ ကျရောက်လိမ့်မည်" ဟု ပြောတတ်လေသည်။ တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် လိမ်လည်သောအခါ၊ သင်၏နှလုံးသားတွင် စောင့်စည်းမှုအချို့ရှိ၏။ ဤသည်မှာ လူသား၏အသိစိတ် လုပ်ဆောင်ပုံဖြစ်သည်။ စောင့်စည်းမှုများရှိခြင်း၊ သင့်ကိုယ်သင် ပြစ်တင်ဝေဖန်ခြင်းကြောင့်၊ သင်သည် တစ်စုံတစ်ယောက်ကို လိမ်လည်သည့်အခါ သဘာဝမကျသလိုခံစားရစေသည်။ သို့ရာတွင် သင်သည် တစ်စုံတစ်ယောက်ကို အောင်မြင်စွာ လိမ်လည်ပြီးသည့်အခါ၊ သင့်ထံတွင် ယခင်ကထက် ငွေကြေးပိုမိုရှိလာသည်ကို သင် တွေ့ရသည်။ ထို့ပြင် ဤနည်းလမ်းသည် သင့်အတွက် များစွာ အကျိုးအမြတ်ရှိနိုင်သည်ဟုလည်း သင် ထင်သည်။ သင်၏နှလုံးသားတွင် နာကျင်မှုရှိနေသော်ငြား၊ သင်သည် သင်၏ "အောင်မြင်မှု" အပေါ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူချင်သည့်အလား ဖြစ်နေသေးလျက်၊ သင့်ကိုယ်သင်လည်း အနည်းငယ် ကျေနပ်မိ၏။ သင်၏ အပြုအမူနှင့် သင်၏ လိမ်လည်မှုကို သင်သည် ပထမဆုံးအကြိမ် လက်ခံမိလေသည်။ ယင်းနောက်တွင်မူ လူသားသည် ဤလိမ်လည်ခြင်းဖြင့် စွန်းထင်းသွားသည့်အတွက်၊ လောင်းကစားမှု ပြုသောကြောင့် လောင်းကစားသမား ဖြစ်သွားသူနှင့် အတူတူပင်ဖြစ်သည်။ သတိမမူမိခြင်းကြောင့်၊ သူသည် သူ၏ လိမ်ညာသောအပြုအမူကို သဘောကျကာ၊ လက်ခံလိုက်၏။ သတိမမူမိခြင်းကြောင့်၊ သူသည် လိမ်ညာခြင်းကို စီးပွားလုပ်ကိုင်ရာ တရားဝင်အပြုအမူအဖြစ် မှတ်ယူပြီး၊ လိမ်ညာခြင်းကိုပင် သူ၏ဘဝနှင့် အသက်ရှင်ရပ်တည်ရေးအတွက် အသုံးဝင်ဆုံး နည်းလမ်းအဖြစ် မှတ်ယူလေသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် သူသည် အလျင်အမြန် ချမ်းသာနိုင်မည်ဟု ထင်သည်။ ဤဖြစ်စဉ်၏ အစအဦး၌ လူတို့သည် ဤကဲ့သို့သောအပြုအမူကို လက်မခံနိုင်ကြသကဲ့သို့၊ ဤအပြုအမူနှင့် ဤသို့သော ဖြေရှင်းနည်းကို အထင်အမြင်သေးကြ၏။ ထို့နောက် ၎င်းတို့ကိုယ်တိုင် ဤအပြုအမူကို တွေ့ကြုံမိ၍၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စမ်းသပ်ကြည့်ရာမှ၊ ၎င်းတို့၏နှလုံးသားများသည်လည်း တဖြည်းဖြည်း စတင်ပြောင်းလဲလာ၏။ သို့ဆိုလျှင် ဤပြောင်းလဲခြင်းသည် အဘယ်သို့နည်း။ ဤခေတ်ရေစီး အပေါ် အတည်ပြုခြင်းနှင့် ခွင့်ပြုခြင်းပင်ဖြစ်သည်၊ လူမှုလားရာကြောင့် သင့်ထံတွင် ဝင်ရောက်နေသည့် ဤအယူအဆအပေါ် ခွင့်ပြုခြင်းနှင့် အတည်ပြုခြင်းဖြစ်သည်။ သင်သည် စီးပွားလုပ်ကိုင်ရာ၌ လိမ်ညာမှုမပြုလျှင်၊ ဆုံးရှုံးမှုများ တွေ့ကြုံရမည်၊ လိမ်ညာမှု မပြုလျှင်၊ သင်သည် တစ်စုံတစ်ခုကို ဆုံးရှုံးရလိမ့်မည်ဟု သင်သည် သတိမမူမိစွာဖြင့် ခံစားရ၏။ ဤလိမ်ညာခြင်းသည် အမှုမဲ့အမှတ်မဲ့ဖြင့် သင်၏စိတ်ဝိညာဉ်၊ သင်၏ အဓိကအစိတ်အပိုင်း ဖြစ်လာသည့်အပြင်၊ သင်၏ဘဝအတွက် မရှိမဖြစ်စည်းမျဉ်းတစ်ခုဖြစ်သော အပြုအမူမျိုးလည်း ဖြစ်လာသည်။ လူသားသည် ဤအပြုအမူနှင့် ဤတွေးခေါ်ပုံကို လက်ခံပြီးသည့်နောက်တွင် လူသား၏နှလုံးသားသည် ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံရသလော။ သင်၏နှလုံးသားသည် ပြောင်းလဲသွား၏၊ ထို့ကြောင့် သင်၏ တည်ကြည်မှု သည်ကော ပြောင်းလဲသွားသလော။ သင်၏ အသိတရားသည်ကော ပြောင်းလဲသွားသလော (ပြောင်းလဲပါသည်။) ၎င်းတို့၏နှလုံးသားမှသည် ၎င်းတို့၏ အတွေးများအထိ လူသား၏ အရာအားလုံးသည် အရည်အသွေးဆိုင်ရာပြောင်းလဲမှုတစ်ခုကို တွေ့ကြုံရကာ၊ ၎င်းတို့အနေဖြင့် ပြောင်းပြန်ပြောင်းလဲသွားသည်အထိပင် ဖြစ်သည်။ ဤပြောင်းလဲမှုသည် သင့်ကို ဘုရားသခင်ထံမှ ပို၍ပို၍ ဝေးကွာစေပြီး၊ သင်သည် စာတန်နှင့် ပို၍ပို၍ ညီညွတ်လာကာ၊ ၎င်းနှင့် ပို၍ ဆင်တူလာ၏။

ဤလူမှုလားရာတို့သည် ယခုတွင် သင်တို့အတွက် နားလည်ရန် မလွယ်ကူသလော။ လူတို့နှင့် အကျွမ်းတဝင်ရှိမည့် ယေဘုလျမြင်နိုင်သော ဥပမာတစ်ခု၊ ရိုးရှင်းသောဥပမာတစ်ခုကိုသာ ငါသည် ရွေးချယ်လိုက်ခြင်းဖြစ်၏။ ဤလူမှုလားရာတို့သည် လူတို့အပေါ်တွင် ကြီးမားသောလွှမ်းမိုးမှု ရှိပါသလော ၎င်းတို့သည် လူတို့အပေါ် ပြင်းထန်စွာထိခိုက်စေသော သက်ရောက်မှု ရှိသလော။ (ရှိပါသည်။) လူတို့အပေါ် အလွန်ပြင်းထန်စွာ ထိခိုက်စေသော သက်ရောက်မှုဖြစ်၏။ စာတန်သည် ဤလူမှုလားရာများ တစ်ခုပြီးတစ်ခုကို အသုံးပြုကာ လူသား၏ဘယ်အရာကို ဖျက်ဆီးသနည်း (အသိစိတ်၊ ဆင်ခြင်မှု၊ လူ့သဘာဝနှင့် ကိုယ်ကျင့်တရားနှင့်ဘဝအပေါ် အမြင်တို့ ဖြစ်ပါသည်။) ၎င်းအရာတို့သည် လူတို့အား တဖြည်းဖြည်းဆုတ်ယုတ်ခြင်းကို ဖြစ်စေသလော။ စာတန်သည် လူတို့အား နတ်ဆိုးတို့၏ အသိုက်ဆီသို့ ဖြည်းဖြည်းချင်း သွေးဆောင်ရန်အလို့ငှာ၊ ဤလူမှုလားရာတို့ကို အသုံးပြုခြင်းကြောင့်၊ လူတို့သည် လူမှုလားရာများထဲတွင် အမှုမဲ့အမှတ်မဲ့ ပိတ်မိသွားကြပြီး၊ ငွေကြေးနှင့် ရုပ်ဝတ္ထုဆန္ဒများကို အရေးပေးကြသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲမှုနှင့် အကြမ်းဖက်မှုကိုလည်း အားပေးကြသည်။ ဤအရာတို့သည် လူသား၏နှလုံးသားသို့ ဝင်ရောက်သွားသည်နှင့်၊ လူသားသည် မည်သို့ဖြစ်လာသနည်း။ လူသားသည် စာတန်နတ်ဆိုးဖြစ်လာ၏။ ဤသည်မှာ လူသား၏နှလုံးသားထဲမှ မည်သည့် စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုကြောင့် ဖြစ်သနည်း။ လူသားသည် မည်သည်ကို အားပေးသနည်း။ လူသားသည် ကောက်ကျစ်စဉ်းလဲမှုနှင့် အကြမ်းဖက်မှုကို စတင်နှစ်သက်လာသည်။ ၎င်းတို့သည် အလှအပ သို့မဟုတ် ကောင်းမွန်ခြင်းကို မနှစ်သက်ဘဲ၊ ငြိမ်းချမ်းမှုကို ပို၍ပင် မနှစ်သက်ကြပေ။ လူတို့သည် သာမန်လူ့သဘာဝ၏ ရိုးရှင်းသောဘဝကို နေထိုင်ချင်စိတ်မရှိကြဘဲ၊ ယင်းအစား အကန့်အသတ်မဲ့စွာ အထိန်းအချုပ်မဲ့စွာဖြင့် ၎င်းတို့၏ခန္ဓာအား ဖြည့်ဆည်းရန် အပြင်းအထန်ကြိုးစားလျက်၊ တစ်နည်းဆိုရလျှင် လုပ်ချင်ရာကို လုပ်လျက်နှင့်ပင်၊ မြင့်မားသောအဆင့်အတန်းနှင့် ကြီးစွာသောကြွယ်ဝမှုကို ခံစားချင်ကြပြီး၊ ကာမဂုဏ်အရသာတို့ကိုလည်း ပျော်မွေ့ချင်ကြ၏။ ထို့ကြောင့် လူသားသည် ဤသို့သော ခေတ်ရေစီးများ၌ နစ်မြုပ်သွားသည့်အခါ သင် သင်ယူထားသော အသိပညာသည် သင့်အား လွတ်မြောက်အောင် ကူညီပေးနိုင်သလော။ သင် သိသော ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတို့သည် ဤကြောက်မက်ဖွယ်ပြဿနာကို သင့်အား ကူညီဖယ်ထုတ်ပေးနိုင်သလော။ လူသားအနေဖြင့် နားလည်သဘောပေါက်သော ရိုးရာကိုယ်ကျင့်တရားနှင့် ရိုးရာထုံးတမ်းစဉ်လာတို့သည် ၎င်းတို့အား ချုပ်တည်းတတ်စေရန် ကူညီပေးနိုင်သလော။ ဥပမာဆိုသော် တရုတ်ပြည်၏ အက္ခရာသုံးလုံးဂန္တဝင်စာအုပ်ကို ကြည့်လော့။ ၎င်းသည် လူတို့ကို ဤခေတ်ရေစီးတို့၏ အခြေအနေဆိုးထဲမှ ရုန်းထွက်နိုင်အောင်[ခ] ကူညီပေးနိုင်သလော (မကူညီပေးနိုင်ပါ။) ဤသို့ဖြင့် လူသားသည် ပို၍ပင် ဆိုးယုတ်လာ၏၊ မောက်မာလာ၏၊ အထက်စီးဆန်လာ၏၊ တစ်ကိုယ်ကောင်းဆန်ကာ အန္တရာယ်ပြုတတ်လာ၏။ လူတို့ကြားတွင် ချစ်ခင်မှုဟူသည် မရှိတော့၊ မိသားစုဝင်တို့ကြားတွင် ချစ်ခြင်းမေတ္တာသည် မရှိတော့၊ ဆွေမျိုးအပေါင်းအဖော်တို့ကြားတွင် နားလည်မှုဟူသည် မရှိတော့ပေ။ လူသားချင်းဆက်ဆံရေးတို့သည် အကြမ်းဖက်မှုတို့နှင့် ပြည့်လာခဲ့လေပြီ။ လူတိုင်းလူတိုင်းသည် ၎င်းတို့၏ ဘဝတူလူသားတို့ကြား ရှင်သန်နေထိုင်ဖို့ရန် အကြမ်းဖက်သော နည်းလမ်းတို့ကို အသုံးပြုချင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အသက်မွေးမှုကို အကြမ်းဖက်မှုသုံးကာ အရယူကြသည်။ အကြမ်းဖက်မှုကို သုံးကာ ၎င်းတို့၏ ရာထူးနေရာများကို ရယူပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များကို ရရှိကြသကဲ့သို့၊ အကြမ်းဖက်မှုနှင့် မကောင်းသော နည်းလမ်းများကို သုံးကာ ၎င်းတို့လုပ်ချင်ရာကို လုပ်ကြ၏။ ဤလူ့သဘာဝသည် လွန်စွာ ထိတ်လန့်စရာမကောင်းသလော (ဟုတ်ပါသည်။) ယခု ငါက ပြောဆိုသည့် ဤအရာများအားလုံးကို ကြားပြီးသည့်နောက်တွင်၊ သင်တို့အနေဖြင့် ဤကမ္ဘာလောက၊ ဤပတ်ဝန်းကျင်နှင့် စာတန် ဖျက်ဆီးထားသည်များဖြစ်သော ဤသို့သောလူတို့ကြားတွင် အသက်ရှင်နေထိုင်ရန်မှာ ထိတ်လန့်စရာကောင်းသည်ဟု ထင်ကြသည် မဟုတ်လော (ထင်ပါသည်။) ဤသို့ဆိုလျှင် သင်တို့ကိုယ်သင်တို့ သနားစရာကောင်းသည်ဟု ခံစားဖူးသလော။ ယခုအချိန်တွင် အနည်းငယ်မျှ ခံစားရမည်မဟုတ်လော (ဟုတ်ပါသည်။) သင်တို့၏ လေသံကို ကြားရသည်မှာ "စာတန်သည် လူသားကို ဖျက်ဆီးရန် အမျိုးမျိုးသောနည်းလမ်းအများအပြားကို အသုံးပြု၏။ ၎င်းသည် အခွင့်အရေးဟူသမျှကို သိမ်းယူကာ၊ ငါတို့ဦးလှည့်သမျှ နေရာတိုင်းတွင် ရှိနေသည်။ လူသားကို ကယ်တင်နိုင်ပါဦးမည်လော" ဟူ၍ သင်တို့က စဉ်းစားနေဟန်ရှိ၏။ လူသားကို ကယ်တင်၍ ရနိုင်ပါသေးလော။ လူသားသည် ၎င်းတို့ကိုယ်၎င်းတို့ ကယ်တင်နိုင်မည်လော (မကယ်တင်နိုင်ပါ။) ကျောက်စိမ်းဧကရာဇ်သည် လူသားကို ကယ်တင်နိုင်သလော။ ကွန်ဖြူးရှပ်သည် လူသားကို ကယ်တင်နိုင်သလော။ ကွမ်ရင်ဗောဓိသတ္တသည် လူသားကို ကယ်တင်နိုင်သလော (မကယ်တင်နိုင်ပါ။) ဤသို့ဆိုလျှင် မည်သူက လူသားကို ကယ်တင်နိုင်သနည်း (ဘုရားသခင် ဖြစ်ပါသည်။) သို့ရာတွင် အချို့သောလူတို့သည် ၎င်းတို့၏နှလုံးသားများထဲတွင် ဤသို့သောမေးခွန်းများ ဖြစ်ပေါ်ကြလိမ့်မည်- "စာတန်သည် ငါတို့အား အလွန် ကြမ်းတမ်းစွာ အလွန်ရူးသွပ်စွာဖြင့် ထိခိုက်စေသောကြောင့်၊ ငါတို့တွင် အသက်ရှင်နေထိုင်ရန် မျှော်လင့်ချက်မရှိသလို၊ အသက်ရှင်နေထိုင်ရာတွင်လည်း ယုံကြည်မှုမရှိတော့ပေ။ ငါတို့အားလုံးသည် ပျက်စီးခြင်းအလယ်တွင် နေထိုင်ပြီး၊ လူတိုင်းလူတိုင်းသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ထို့ကြောင့် ယခုအခါ ငါတို့၏နှလုံးသားများသည် အနိမ့်ဆုံးသို့ ရောက်ရှိနေလေပြီ။ ဤသို့ဆိုလျှင် စာတန်သည် ငါတို့ကို ဖျက်ဆီးနေချိန်၌ ဘုရားသခင်သည် အဘယ်မှာနည်း။ ဘုရားသခင်သည် မည်သည်ကိုလုပ်နေသနည်း။ ဘုရားသခင်သည် ငါတို့အတွက် မည်သည်ကို လုပ်နေသည်ဖြစ်စေ၊ ငါတို့သည် လုံးဝ မခံစားမိကြ"။ အချို့သောလူတို့သည် စိတ်ဓါတ်ကျ၍၊ စိတ်ပျက်အားလျော့ကြမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ဟုတ်ပါသလော။ ဤခံစားမှုသည် သင်တို့အတွက် လွန်စွာ နက်ရှိုင်း၏၊ အဘယ်ကြောင့်ဆိုသော် ငါ ပြောနေခဲ့သည်များအားလုံးသည် လူတို့အနေဖြင့် တဖြည်းဖြည်း နားလည်လာကြစေရန်ဖြစ်သကဲ့သို့၊ ၎င်းတို့သည် မျှော်လင့်ချက်မဲ့ခြင်း မဟုတ် ဟူသည်ကို ပို၍ ခံစားမိကြစေရန်၊ ၎င်းတို့အား ဘုရားသခင်က ပစ်ပယ်ထားခြင်းကိုလည်း ပို၍ ခံစားမိကြစေရန်ဖြစ်သည်။ သို့ရာတွင် မစိုးရိမ်လေနှင့်။ ဒီကနေ့အတွက် ငါတို့၏ မိတ်သဟာယခေါင်းစဉ်ဖြစ်သော "စာတန်၏ ဆိုးယုတ်မှု" ဟူသည် အဓိကအကြောင်းအရာ မဟုတ်ပေ။ သို့ရာတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းအနှစ်သာရကို ဆွေးနွေးရန်အတွက်မူ၊ ငါတို့အနေဖြင့် လူသားအပေါ် စာတန်၏ ဖျက်ဆီးပုံအကြောင်းနှင့် စာတန်၏ဆိုးယုတ်မှုအကြောင်းကို ဦးစွာ ပြောဆိုရမည်သာဖြစ်သည်။ လူသားသည် ယခုအချိန်၌ မည်သည့်အခြေအနေ ရောက်ရှိနေသည်ကို လူတို့အနေဖြင့် ပို၍ ရှင်းလင်းလာစေရန်ဖြစ်၏။ ဤအကြောင်းကို ပြောဆိုရခြင်း ရည်ရွယ်ချက်တစ်ခုမှာ လူတို့အနေဖြင့် စာတန်၏ဆိုးယုတ်မှုကို သိစေရန်ဖြစ်ပြီး၊ တခြားသောရည်ရွယ်ချက်မှာမူ စစ်မှန်သောသန့်ရှင်းခြင်းဟူသည်ကို လူတို့အနေဖြင့် ပို၍ နက်ရှိုင်းစွာ နားလည်စေရန်ဖြစ်သည်။

ယခုတင် ငါ ပြောဆိုခဲ့သော ဤအကြောင်းအရာတို့သည် ယခင်တစ်ခေါက်နှင့်စာလျှင် ပို၍ များစွာအသေးစိတ်ကျသည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင်တို့၏ နားလည်မှုသည် ယခုအခါ အနည်းငယ် ပို၍ နက်ရှိုင်းလာပြီမဟုတ်လော။ (ဟုတ်ပါသည်။) ယခုအချိန်တွင် လူအများအပြားက ဘုရားသခင်၏ သန့်ရှင်းခြင်းဟူသည် မည်သည်ကို အတိအကျ ဆိုသနည်းဟု ငါ့အနေဖြင့် ပြောဆိုပြရန် မျှော်လင့်နေကြသည်ကို သိ၏၊ သို့ရာတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်းကို ပြောဆိုသည့်အခါ၊ ဘုရားသခင် ပြုလုပ်သော လုပ်ဆောင်မှုတို့ကို ငါသည် ဦးစွာ ပြောရလိမ့်မည်။ သင်တို့အားလုံးက အာရုံတစိုက်ဖြင့် နားထောင်သင့်၏၊ သင်တို့အား ဘုရားသခင်၏သန့်ရှင်းခြင်းဟူသည် မည်သည်ကို အတိအကျဆိုသနည်းဟု ငါက နောက်ပိုင်းတွင် မေးဦးမည်ဖြစ်သည်။ ငါသည် သင်တို့ကို တိုက်ရိုက်ပြောပြမည်မဟုတ်၊ သင်တို့ကို အဖြေရှာကြည့်ခိုင်းမည်ဖြစ်သည်။ သင်တို့ကို အဖြေရှာရန် အခွင့်အရေးပေးမည် ဖြစ်သည်။ ဤနည်းလမ်းအား မည်သို့ထင်သနည်း။ (ကောင်းမွန်ပါသည်။) ဤသို့ဆိုလျှင် သေချာစွာ နားထောင်လော့။

စာတန်က လူသားကို ဖျက်ဆီးသည့်အခါတိုင်း သို့မဟုတ် အဆုံးစွန်အထိ ထိခိုက်စေရန်လုပ်ဆောင်သည့်အခါတိုင်းတွင်၊ ဘုရားသခင်သည် အကြောင်းမဲ့သက်သက် လက်ပိုက်ကြည့်နေသည်မဟုတ်သလို၊ သူရွေးချယ်ထားသော လူတို့ကို ဘေးဖယ်ထားခြင်း သို့မဟုတ် မျက်နှာလွှဲခြင်းလည်း မရှိပေ။ စာတန် လုပ်ဆောင်သမျှအားလုံးကို ဘုရားသခင်သည် အပြည့်အဝ ရှင်းလင်းစွာ နားလည်၏။ စာတန်က မည်သည်ကို ပြုလုပ်သည်ဖြစ်စေ၊ စာတန်ကြောင့် ဖြစ်ပေါ်သော မည်သည့်ခေတ်ရေစီးဖြစ်စေ၊ ဘုရားသခင်သည် စာတန် လုပ်ဆောင်ရန် ကြိုးစားနေသည်များအားလုံးကို သိသကဲ့သို့၊ ဘုရားသခင်သည် သူ ရွေးချယ်ထားသောလူတို့အပေါ် လက်လျော့ခြင်းလည်း မရှိပေ။ ယင်းအစား သတိပြုမိခြင်း မခံရစေဘဲ၊ လျှို့ဝှက်စွာ တိတ်ဆိတ်စွာဖြင့် လိုအပ်သောအရာမှန်သမျှကို ဘုရားသခင်သည် ပြုလုပ်၏။ ဘုရားသခင်သည် တစ်စုံတစ်ယောက်အပေါ်၌ အမှုကိုစတင်သည့်အခါ၊ တစ်စုံတစ်ယောက်အား ရွေးချယ်ပြီးသည့်အခါ၊ သူသည် မည်သူကိုမျှ ထုတ်ဖော်ပြောဆိုမှု မပြုသလို၊ စာတန်ကိုလည်း ထုတ်ဖော်ပြောဆိုမှု မရှိဘဲ၊ ဟိတ်ဟန်ထုတ်ပြမှုဟူသည်ကား ပို၍ပင် ကင်း၏။ ဘုရားသခင်သည် အလွန်တိတ်ဆိတ်စွာ၊ သဘာဝကျစွာဖြင့်ပင် လိုအပ်သောအရာကို လုပ်ဆောင်သည်။ ဦးစွာပထမ သူသည် သင့်အတွက် မိသားစုတစ်စုကို ရွေးချယ်သည်။ ဤမိသားစုတွင် မည်သို့သောနောက်ခံအကြောင်းရှိသည်၊ သင့်မိဘတို့က ဘယ်သူတွေဖြစ်သည်၊ သင့်ဘိုးဘေးများက ဘယ်သူတွေဖြစ်သည် စသဖြင့်—ဤအရာအားလုံးကို ဘုရားသခင်က သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။ တစ်နည်းဆိုရသော် ဤအရာတို့သည် ဘုရားသခင်က ရုတ်တရက်စိတ်ကူးရ၍ ဆုံးဖြတ်ခြင်းများမဟုတ်ဘဲ၊ ရှေးကတည်းက စတင်ခဲ့သော အမှုတစ်ခုသာဖြစ်သည်။ ဘုရားသခင်က သင့်အတွက် မိသားစုတစ်စုကို ရွေးချယ်ပြီးသည်နှင့်၊ သူသည် သင်မွေးဖွားလာမည့် နေ့စွဲကိုလည်း ရွေးချယ်၏။ များမကြာမီတွင် သင်က လောကကြီးထဲသို့ ငိုကြွေးလျက် မွေးဖွားလာသည်ကို ဘုရားသခင်က ကြည့်ရှု၏။ သင်၏မွေးဖွားခြင်းကို ကြည့်ရှု၏၊ သင်က စတင်၍ စကားပြောသည်ကို ကြည့်ရှု၏၊ သင်က လမ်းလျှောက်တတ်ရန်သင်ယူရင်း ပထမဆုံးခြေလှမ်းတို့ဖြင့် ဒယိမ်းဒယိုင်ဖြစ်သည်ကို ကြည့်ရှု၏။ အစပထမ၌ သင်သည် ခြေတစ်လှမ်းကို လှမ်းကာ နောက်တစ်လှမ်းကို ပြင်၏… ယခုသော် သင်သည် ပြေးနိုင်သည်၊ ယခုသော် သင်သည် ခုန်နိုင်သည်။ ယခုသော် သင်သည် စကားပြောနိုင်သည်။ ယခုသော် သင်၏ခံစားချက်တို့ကို သင်သည် ဖော်ပြနိုင်သည်။ လူသားက ကြီးပြင်းလာသည့်အခါ၊ စာတန်၏စူးစိုက်သောအကြည့်သည် ကျားတစ်ကောင်က သားကောင်ကို ချောင်းမြောင်းသကဲ့သို့ လူတိုင်းအပေါ်တွင် ကျရောက်၏။ သို့ရာတွင် သူ၏အမှုကို လုပ်ဆောင်ရာ၌ ဘုရားသခင်သည် လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အကြောင်းအရာများအပေါ်တွင်ဖြစ်စေ၊ အချိန်နှင့် နေရာတို့အပေါ်တွင်ဖြစ်စေ၊ အားနည်းချက်များဟူသည် လုံးဝမရှိခဲ့ဖူးပေ။ သူ ပြုသင့်သည်ကို ပြုကာ၊ သူ ပြုရမည့်အရာကို ပြုခြင်းဖြစ်သည်။ ကြီးပြင်းခြင်းဖြစ်စဉ်တွင် သင်သည် မကြိုက်နှစ်သက်သည့် အရာအများအပြားကို တွေ့ကြုံနိုင်သကဲ့သို့၊ နာမကျန်းဖြစ်ခြင်းနှင့် စိတ်ပျက်ရခြင်းများကိုလည်း တွေ့ကြုံရနိုင်သည်။ သို့သော် ဤလမ်းကို လျှောက်သည့်အတွက်၊ သင်၏အသက်တာနှင့် သင်၏အနာဂတ်သည် ဘုရားသခင်၏ ဂရုစိုက်မှုအောက်၌ လုံးလုံးလျားလျား တည်ရှိ၏။ ဘုရားသခင်သည် သင့်ကို ကာကွယ်လျက်၊ စောင့်ရှောက်လျက်၊ သင်၏ဘေးတွင် ရှိနေသောကြောင့်၊ သူသည် သင်၏အသက်တာတစ်ခုလုံးအတွက် လုံလောက်သော စစ်မှန်သည့်အာမခံချက်ကို ပေးသည်။ သင်သည် ဤအရာကို သတိမမူမိဘဲ ကြီးပြင်းရ၏။ သင်သည် အကြောင်းအရာအသစ်တို့နှင့် စတင်၍ ထိတွေ့လာသကဲ့သို့၊ ဤကမ္ဘာလောကနှင့် ဤလူသားမျိုးနွယ်ကို စတင်၍ သိလာရ၏။ အရာရာတိုင်းသည် သင့်အတွက် လတ်ဆတ်ကာ၊ အသစ်ဖြစ်နေသည်။ သင် နှစ်သက်ရာပြုလုပ်ရသည်ကိုလည်း နှစ်သက်သည်။ သင်သည် သင်၏ ကိုယ်ပိုင် လူ့သဘာဝအတွင်း၌ နေထိုင်၏၊ သင်သည် သင်၏ ကိုယ်ပိုင်ရှင်သန်မှုနေရာအတွင်း၌ နေထိုင်ကာ၊ ဘုရားသခင်၏ တည်ရှိမှုကို သင့်အနေဖြင့် အနည်းငယ်မျှပင် သိမြင်နားလည်မှု မရှိပေ။ သို့ရာတွင် သင် ကြီးပြင်းလာသည်နှင့်အမျှ၊ သင်၏ ခြေလှမ်းတိုင်းကို ဘုရားသခင်သည် စောင့်ကြည့်သကဲ့သို့၊ သင်၏ရှေ့ဆက်သောခြေလှမ်းတိုင်းကိုလည်း စောင့်ကြည့်၏။ သင်သည် အသိပညာကို သင်ယူနေသည့်အခါမျိုး၊ သိပ္ပံကို လေ့လာနေသည့်အခါမျိုး၌ပင်၊ ဘုရားသခင်သည် သင့်အနားမှ တစ်ခါမျှ မခွာခဲ့ဖူးပေ။ ကမ္ဘာလောကကို သိလာရခြင်း၊ ထိတွေ့လာရခြင်းဖြစ်စဉ်တွင် သင်သည် တခြားသောလူတို့နှင့် အတူတူပင်ဖြစ်၏။ သင်သည် သင်၏ကိုယ်ပိုင် စံသတ်မှတ်ချက်တို့ကို ထူထောင်ထားပြီဖြစ်သည်၊ သင့်ထံ၌ ကိုယ်ပိုင်ဝါသနာများ၊ သင်၏ ကိုယ်ပိုင် စိတ်ဝင်စားမှုများ ရှိသကဲ့သို့၊ မြင့်မားသော ရည်မှန်းချက်များကိုလည်း သင်သည် မွေးမြူထားသည်။ သင်သည် သင်၏အနာဂတ်မှာ မည်သို့ဖြစ်သင့်သည်ဟူ၍ မကြာခဏဆိုသလို ပုံကြမ်းချကာ၊ ကိုယ်ပိုင်အနာဂတ်ကို တွေးဆတတ်၏။ သို့ရာတွင် လမ်းခရီးတစ်လျှောက်၌ မည်သို့ဖြစ်ပျက်သည် ဖြစ်စေ၊ ဘုရားသခင်သည် အားလုံးကို ကြည်လင်သောမျက်လုံးတို့ဖြင့် မြင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင်အတိတ်ကို သင်ကိုယ်တိုင် မေ့ကောင်းမေ့နေပြီဖြစ်သော်လည်း၊ ဘုရားသခင်အတွက်မူ သူ့ထက်ပို၍ သင့်ကို နားလည်နိုင်သောသူ မရှိတော့ပေ။ သင်သည် ဘုရားသခင်၏ မျက်စိအောက်တွင် ကြီးပြင်း၍ အရွယ်ရောက်ကာ ရှင်သန်နေထိုင်၏။ ဤအချိန်ကာလအတွင်း ဘုရားသခင်၏ အရေးကြီးဆုံးအလုပ်သည်ကား မည်သူမျှ သတိမမူမိသောအရာတစ်ခု၊ မည်သူမျှ မသိသောအရာတစ်ခုပင် ဖြစ်သည်။ ဘုရားသခင်သည် ၎င်းအရာအကြောင်းကို လုံးလုံး ပြောမည်မဟုတ်ပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကယ်တင်မည်ဆိုသည်မှာ အာမခံချက်တစ်ခုဖြစ်သည်ဟု ဆိုနိုင်၏။ ဘုရားသခင်သည် ဤလူတစ်ယောက်ကို ကယ်တင်ချင်သောကြောင့်၊ သူသည် ဤအလုပ်ကို လုပ်ရမည်ဖြစ်ပြီး၊ ဤသည်မှာ လူသားနှင့် ဘုရားသခင်တို့ နှစ်ဦးနှစ်ဖက်စလုံးအတွက် မဖြစ်မနေ အရေးကြီးသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤအရေးကြီးဆုံးသောအရာမှာ အဘယ်နည်း။ ဤသည်ကို သင်တို့ သိပါ၏လော။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ ခံစားချက်သော်လည်းကောင်း၊ အယူအဆသော်လည်းကောင်း ရှိကြပုံမရချေ။ ထို့ကြောင့် ငါသည် သင်တို့ကို ပြောပြမည်။ သင့်အား မွေးဖွားသောအချိန်မှသည် ယခုအချိန်အထိ၊ ဘုရားသခင်သည် သင့်အပေါ်တွင် အမှုများစွာ လုပ်ဆောင်ထားသော်လည်း၊ သူ လုပ်ဆောင်ထားသော အရာရာတိုင်း၏ အသေးစိတ်တို့ကိုမူ သင့်အား မပြောပေ။ ဘုရားသခင်သည် သင့်အား သိခွင့်မပေးခဲ့သလို၊ သင့်အား ပြောပြခဲ့ခြင်းလည်း မရှိပါ။ သို့ရာတွင် လူသားအတွက်မူ၊ ဘုရားသခင် ပြုသမျှ အရာရာတိုင်းသည် အရေးကြီး၏။ ဘုရားသခင်အတွက်မူ သူလုပ်ရမည့်အရာသာဖြစ်သည်။ ဘုရားသခင်၏နှလုံးသားထဲ၌၊ သူ လုပ်ရန်လိုအပ်သည့် အရေးကြီးသောအရာတစ်ခုသည် ရှိနေလျက်၊ ယင်းသည် ဤအရာများအားလုံးထက် သာ၍ ကြီးမား၏။ ဆိုလိုသည်မှာ လူသား မွေးဖွားသော အချိန်မှသည် ယခုအထိတိုင်အောင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးရ၏။ ဤစကားတို့ကို ကြားပြီးသော်၊ သင်တို့သည် အပြည့်အဝ နားမလည်သကဲ့သို့ ခံစားရနိုင်ပြီး၊ "ဤဘေးကင်းရေးသည် အလွန်အရေးကြီးသလော" ဟူ၍ ပြောကြပေမည်။ ဤသို့ဆိုလျှင် "ဘေးကင်းရေး" ၏ တိုက်ရိုက်အဓိပ္ပါယ်သည် အဘယ်နည်း။ ယင်းသည် ငြိမ်းချမ်းမှုကို ဆိုလိုသည်ဟု သင်တို့က နားလည်ကောင်းနားလည်နိုင်သကဲ့သို့၊ ယင်းသည် သာမန်အသက်တာကို ရှင်သန်နေထိုင်ရန်၊ ကောင်းစွာနေထိုင်ရန်အလို့ငှာ၊ မည်သည့် ဘေးဒုက္ခကပ်ဘေးတို့ကိုမျှ မတွေ့ကြုံရခြင်းကို ဆိုလိုသည်ဟုလည်း သင်တို့က နားလည်ကောင်းနားလည်လိမ့်မည်။ သို့ရာတွင် ယင်းအရာသည် ထိုမျှလောက် မရိုးရှင်းသည်ကို သင်တို့၏နှလုံးသားများထဲ၌ သိရမည်။ ဤသို့ဆိုလျှင် ဘုရားသခင် ပြုရမည့်အရာဟူသော ငါ ပြောဆိုနေသည့်အကြောင်းအရာသည် မည်သို့နည်း။ ဘေးကင်းရေးဆိုသည်မှာ ဘုရားသခင်အတွက် မည်သို့အဓိပ္ပါယ်ရှိသနည်း။ သင်တို့၏ ဘေးကင်းရေးအတွက် အမှန်တကယ် အာမခံချက်ဖြစ်သလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင် ပြုသည်ဆိုသည်မှာ အဘယ်အရာနည်း။ ဤဘေးကင်းရေးဟူသည် သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို မခံရခြင်းဟု ဆိုလိုသည်။ ဤသည်မှာ အရေးကြီးပါ၏လော။ သင်သည် စာတန်၏ ဝါးမျိုခြင်းကို မခံရပေ၊ သို့ဆိုလျှင် ဤသည်မှာ သင်၏ဘေးကင်းရေးနှင့် သက်ဆိုင်သလော မသက်ဆိုင်သလော။ ဤသည်မှာ သင်ကိုယ်တိုင်၏ ဘေးကင်းရေးနှင့် သက်ဆိုင်သကဲ့သို့၊ ယင်းထက် ပို၍အရေးကြီးသည်မှာ မရှိနိုင်တော့ပေ။ သင်သည် စာတန်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည့်အခါ၊ သင်၏ စိတ်ဝိညာဉ်သည်လည်းကောင်း၊ သင်၏ ခန္ဓာသည်လည်းကောင်း ဘုရားသခင်နှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်သည် သင့်အား ကယ်တင်တော့မည်မဟုတ်ချေ။ ဘုရားသခင်သည် ထိုသို့သော စိတ်ဝိညာဉ်တို့ကို စွန့်ပစ်သကဲ့သို့၊ ထိုသို့သောလူတို့ကိုလည်း စွန့်ပစ်၏။ ထို့ကြောင့် ဘုရားသခင် ပြုရမည့် အရေးကြီးဆုံးအရာသည် သင်၏ဘေးကင်းရေးကို အာမခံချက်ပေးရန်၊ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟူသော အာမခံချက်ပေးရန် ဖြစ်သည်ဟု ငါ ပြောမည်။ ဤသည်မှာ လွန်စွာ အရေးကြီးသည် မဟုတ်ပါ၏လော။ ဤသို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် မဖြေနိုင်သနည်း။ သင်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော ကြင်နာမှုကို မခံစားနိုင်ကြသည့်သဘောပင် ဖြစ်၏။

ဘုရားသခင်သည် လူတို့၏ ဘေးကင်းရေးကို အာမခံချက်ပေးခြင်း၊ ၎င်းတို့အနေဖြင့် စာတန်၏ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟူသော အာမခံချက်ပေးခြင်းတို့အပြင်၊ ပို၍များပြားစွာ လုပ်ဆောင်သေး၏။ တစ်စုံတစ်ယောက်ကို ရွေးချယ်ခြင်းအတွက်၊ ၎င်းတို့ကို ကယ်တင်ခြင်းအတွက် ပြင်ဆင်ရာတွင် များပြားသောအမှုတို့ကိုလည်း သူသည် လုပ်ဆောင်၏။ ဦးစွာအနေဖြင့် သင်သည် မည်သို့စရိုက်လက္ခဏာရှိသည်၊ မည်သို့သောမိသားစုတွင် မွေးဖွားလာသည်၊ သင်၏မိဘတို့ကား မည်သူတို့ဖြစ်သည်၊ သင့်ထံတွင် ညီအစ်ကိုမောင်နှမ ဘယ်နှယောက်ရှိသည်၊နှင့် စီးပွားရေးအဆင့်အတန်း အခြေအနေ မည်သို့ရှိမည်၊ သင်မွေးဖွားသည့် မိသားစု၏ အခြေအနေအရပ်ရပ်သည် မည်သို့ရှိသည် စသဖြင့်—ဤအရာများအားလုံးကို ဘုရားသခင်သည် သင့်အတွက်စေ့စပ်သေချာစွာ စီစဉ်ပေး၏။ လူအများစုတို့နှင့် ဆက်စပ်၍ပြောရလျှင်၊ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် မည်သည့် မိသားစုမျိုး၌ အများအားဖြင့် မွေးဖွားသည်ကို သင်တို့သိပါ၏လော။ ထင်ရှားသော မိသားစုများတွင်လော။ တချို့တလေတော့ ရှိနိုင်မည်။ လုံးဝမရှိဟု သေချာပေါက်မပြောနိုင်ပါ၊ အချို့ ရှိကောင်း ရှိနိုင်သည်၊ သို့သော် အလွန်နည်းကျဉ်းစွာ ရှိ၏။ ဘီလျံနာ သို့မဟုတ် မီလျံနာများကဲ့သို့ လွန်စွာချမ်းသာကြွယ်ဝသော မိသားစုများတွင်ကော မွေးဖွားသလော။ ဤမိသားစုမျိုးမှာတော့ မဖြစ်နိုင်သလောက်နီးပါးဖြစ်၏။ ဤသို့ဆိုလျှင် ဘုရားသခင်သည် ဤလူတို့အတွက် မည်သို့သောမိသားစုမျိုးကို အများဆုံး စီစဉ်ပေးသနည်း (သာမန်မိသားစုများ ဖြစ်ပါသည်။) ဤသို့ဆိုလျှင် သာမန်မိသားစုများဟူသည် မည်သို့သော မိသားစုများဖြစ်သနည်း။ အလုပ်သမား မိသားစုများရှိကြသည်။ ၎င်းတို့သည် အသက်ရှင်နေထိုင်ရန်အတွက် ၎င်းတို့၏လစာငွေကို အမှီပြုကာ၊ အခြေခံလိုအပ်ချက်များကို ဝယ်ယူနိုင်သည်။ ၎င်းမိသားစုမျိုးသည် သင့်ကို မည်သည့်နည်းနှင့်မျှ ငတ်မွတ်စေမည်မဟုတ်သော်လည်း၊ သင်၏ ရုပ်ဝတ္ထုလိုအပ်ချက်များအားလုံး ဖြည့်ဆည်းပေးခြင်းနှင့် ပတ်သက်လာသောအခါ သင့်အနေဖြင့် များစွာမျှော်လင့်၍မရပေ။ ထို့ပြင် လယ်သမား မိသားစုများရှိ၏။ လယ်သမားတို့သည် ၎င်းတို့၏စားနပ်ရိက္ခာအတွက် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းကို အမှီပြုကာ၊ စားသောက်ရန်အတွက် ဂျုံ၊ စပါး စသည်တို့ရှိ၏။ မည်သို့ပင်ဖြစ်စေ သင်သည် ငတ်မွတ်မည်မဟုတ်သော်လည်း၊ လွန်စွာကောင်းမွန်သော အဝတ်အထည်များကို ရနိုင်မည်မဟုတ်ချေ။ ထို့ပြင် အသေးစား စီးပွားရေးလုပ်ကိုင်သော မိသားစုအချို့ ရှိသကဲ့သို့၊ ပညာတတ်မိဘတို့ဦးစီးသောမိသားစုအချို့ ရှိကြကာ၊ ၎င်းတို့ကိုလည်း သာမန်မိသားစုများအဖြစ် မှတ်ယူနိုင်၏။ ရုံးလုပ်သားများ သို့မဟုတ် အစွမ်းကုန်အားဖြင့် အငယ်တန်း အစိုးရအရာရှိများသာဖြစ်သည့် မိဘအချို့သည်လည်း ရှိကာ၊ ၎င်းတို့ကိုလည်း ထင်ရှားသောမိသားစုများအဖြစ် မမှတ်ယူနိုင်ပေ။ ပို၍များပြားသောလူတို့သည် သာမန်မိသားစုများတွင် မွေးဖွားကြပြီး၊ ဤသည်များအားလုံးကို ဘုရားသခင်က စီစဉ်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဦးဆုံးအနေဖြင့် သင် နေထိုင်သော ဤပတ်ဝန်းကျင်သည် သင် ထင်မှတ်သည့် ကြွယ်ဝချမ်းသာသော မိသားစုမဟုတ်ဘဲ၊ ဤသည်မှာ ဘုရားသခင်က သင့်အတွက် ရွေးချယ်ပေးသည့် မိသားစုတစ်ခုသာ ဖြစ်သည်။ ထို့ပြင် လူအများစုတို့သည် ဤသို့သောမိသားစုမျိုး၏ အကန့်အသတ်များအတွင်း၌ နေထိုင်ကြရလိမ့်မည်။ ဤနေရာတွင် ငါတို့သည် ခြွင်းချက်များကို မဆွေးနွေးတော့ပေ။ ဤသို့ဆိုလျှင် လူမှုအဆင့်အတန်းကိစ္စသည်ကော မည်သို့နည်း။ မိဘတို့အများစု၏ စီးပွားရေးအခြေအနေများသည် သာမန်ဖြစ်ပြီး၊ ၎င်းတို့တွင် မြင့်မားသော လူမှုအဆင့်အတန်း မရှိကြချေ—၎င်းတို့အတွက် အလုပ်တစ်ခုရှိနေရုံမျှဖြင့် အဆင်ပြေနေပြီဖြစ်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးဆိုသူတို့ကော ရှိသလော။ သမ္မတဆိုသူတို့ကော ရှိပါ၏လော (မရှိပါ။) အများဆုံးအနေဖြင့် ၎င်းတို့သည် လုပ်ငန်းငယ် မန်နေဂျာများ သို့မဟုတ် အရေးမပါသောအထက်လူကြီးများသာ ဖြစ်ကြသည်။ ၎င်းတို့၏လူမှုအဆင့်အတန်းသည် အလယ်အလတ်ဖြစ်သကဲ့သို့၊ ၎င်းတို့၏ စီးပွားရေးအခြေအနေများသည်လည်း သာမန်သာဖြစ်သည်။ နောက်ထပ်အချက်တစ်ခုမှာ မိသားစု၏ ရှင်သန်နေထိုင်နေသော ပတ်ဝန်းကျင်ဖြစ်၏။ ဦးစွာပထမပြောရသော်၊ ၎င်းတို့၏သားသမီးများအား ဂမ္ဘီရပညာနှင့် ဗေဒင်ပညာလမ်းကြောင်းကို သေချာပေါက် လျှောက်စေမည့် မိဘတို့ဟူသည် မရှိချေ၊ ဤအဖြစ်မျိုးတို့သည်လည်း လွန်စွာပင် နည်းကျဉ်း၏။ မိဘတို့အများစုသည် သာမန်ပင်ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား ရွေးချယ်သည့်အချိန်၌ပင်၊ ၎င်းတို့အတွက် ဤသို့သော ပတ်ဝန်းကျင်မျိုးကို ပြင်ဆင်ပေးခြင်းဖြစ်ကာ၊ ယင်းသည် လူတို့ကို ကယ်တင်သည့် သူ၏အမှုအတွက်လည်း လွန်စွာ အကျိုးပြုလေသည်။ အပြင်ပန်းအားဖြင့် ကြည့်သော် ဘုရားသခင်သည် လူသားအတွက် မည်သည့် ကြီးကျယ်လှသောအရာကိုမျှ လုပ်ဆောင်မထားသလိုပင် ထင်ရ၏။ သူသည် အရာအားလုံးကို လျှို့ဝှက်စွာ၊ နှိမ့်ချစွာနှင့် တိတ်ဆိတ်စွာ ဆောင်ရွက်ခြင်းသာဖြစ်သည်။ သို့သော် အမှန်တကယ်တမ်း၌ ဘုရားသခင် ပြုသောအရာအားလုံးသည် သင်၏ကယ်တင်ခြင်းအတွက် အခြေခံအုတ်မြစ်ချရန်၊ ရှေ့တွင်လာမည့်လမ်းအတွက် ပြင်ဆင်ပေးရန်၊ သင်၏ ကယ်တင်ခြင်းအတွက် လိုအပ်သော အခြေအနေအားလုံးကို ပြင်ဆင်ပေးရန် လုပ်ဆောင်ခြင်းသာဖြစ်သည်။ လူတစ်ဦးချင်းစီအတွက် သီးခြားသတ်မှတ်ထားသောအချိန် ရောက်သည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်သည် ၎င်းတို့အား သူ၏ရှေ့မှောက်သို့ ခေါ်ဆောင်၏—သင့်အနေဖြင့် ဘုရားသခင်၏အသံကို ကြားရသော အချိန်သည်၊ သူ၏ရှေ့မှောက်သို့ သင် ရောက်ရှိရမည့်အချိန်ပင်ဖြစ်သည်။ ဤသို့ဖြစ်ပျက်သောအချိန်၌ အချို့သောလူတို့သည် ၎င်းတို့ကိုယ်တိုင် မိဘနေရာ ရောက်နေပြီဖြစ်သော်လည်း၊ တခြားလူတို့ကမူ တစ်စုံတစ်ယောက်၏ သားသမီးသာ ဖြစ်နေပေမည်။ တစ်နည်းဆိုရသော် အချို့သောလူတို့သည် အိမ်ထောင်ရက်သားကျ၍၊ သားသမီးများ ရနေကြပြီဖြစ်သော်ငြား၊ အချို့သည် တစ်ကိုယ်တည်းသာဆက်ရှိပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်မိသားစုများကို စတင် ထူထောင်ခြင်း မပြုကြသေးပေ။ သို့သော် လူတို့၏အခြေအနေတို့ အမျိုးမျိုးရှိလင့်ကစား၊ သင်သည် မည်သည့်အချိန်၌ ရွေးချယ်ခံရမည်၊ ကိုယ်တော်၏ဧဝံဂေလိတရားနှင့် နှုတ်ကပတ်တော်တို့သည် မည်သည့်အချိန်တွင် သင့်ထံသို့ ရောက်မည်ဆိုသည်တို့ကို ဘုရားသခင်က သတ်မှတ်ထားပြီးဖြစ်သည်။ သင့်အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ကြားနိုင်စေရန်အလို့ငှာ၊ သင့်ထံသို့ ဧဝံဂေလိတရား ရောက်ရှိလာမည့် ဆက်စပ်အခြေအနေတစ်ခုပေါ်တွင်လည်းကောင်း၊ လူတစ်ဦးတစ်ယောက်ပေါ်တွင်လည်းကောင်း အခြေခံကာ ရွေးချယ်ထားသည့် အခြေအနေတို့ကို ဘုရားသခင်သည် သတ်မှတ်ထား၏။ သင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် ဘုရားသခင်ရှေ့မှောက် ရောက်ရှိပြီး၊ ဘုရားသခင်၏ မိသားစုထံ ပြန်၍ရောက်ရှိစေရန်အလို့ငှာ၊ ဘုရားသခင်သည် သင့်အတွက် လိုအပ်သော အခြေအနေအားလုံးကို ပြင်ဆင်ထားပြီးဖြစ်သည်။ သင်သည်လည်း သင့်အတွက် ပြင်ဆင်ပေးထားသည့် ဘုရားသခင်၏ အမှုတော်လမ်းကြောင်းထဲသို့ ဝင်ရောက်လာကာ၊ အမှုမဲ့အမှတ်မဲ့ဖြင့်ပင် ဘုရားသခင်၏နောက်ကို လိုက်၍၊ သူ၏ တစ်ဆင့်ချင်းလုပ်ဆောင်သော အမှုတော်ထဲသို့ ဝင်ရောက်လေသည်။ ဤအချိန်၌ ဘုရားသခင်သည် လူသားအတွက် လုပ်ဆောင်သည့်အခါ၊ မည်သို့သော နည်းလမ်းတို့ကို အသုံးပြုခြင်းဖြစ်သနည်း။ ဦးဆုံးဆိုရသော် အခြေခံအကျဆုံးနည်းလမ်းမှာ လူသားတို့ နှစ်သက်သည့် ဂရုစိုက်မှုနှင့် ကာကွယ်ပေးမှုဖြစ်၏။ ထို့အပြင် လူသားအနေဖြင့် ဘုရားသခင်၏ တည်ရှိမှုနှင့် ၎င်းတို့ကြားမှ သူ၏လုပ်ဆောင်မှုတို့ကို မြင်နိုင်စေရန်အလို့ငှာ၊ ဘုရားသခင်သည် အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များနှင့် အကြောင်းအရာများကို ပြင်ဆင်လေသည်။ ဥပမာဆိုရသော် ၎င်းတို့၏မိသားစုထဲတွင် နာမကျန်းဖြစ်သူတစ်ယောက် ရှိနေသောကြောင့်၊ ဘုရားသခင်ကို ယုံကြည်သောသူ အချို့ရှိသည်။ အခြားသူများက ၎င်းတို့ထံ ဧဝံဂေလိတရားဟောပြောသောအခါတွင် ၎င်းတို့သည် ဘုရားသခင်ကို စတင် ယုံကြည်လာခြင်းဖြစ်ကာ၊ ဘုရားသခင်အပေါ် ဤသို့ယုံကြည်မှုမျိုးသည် အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအခြေအနေကို မည်သူက စီစဉ်ခဲ့သနည်း (ဘုရားသခင် ဖြစ်ပါသည်။) ဤသို့ နာမကျန်းဖြစ်ခြင်းနည်းလမ်းအားဖြင့်၊ ကြီးသူငယ်သူမရွေး အားလုံးသည် ယုံကြည်သူများဖြစ်နေသည့် မိသားစုအချို့ရှိသကဲ့သို့၊ တစ်ဦးချင်းအလိုက် ယုံကြည်မှုရှိသည့် မိသားစုအချို့လည်းရှိသည်။ သင်သည် နာမကျန်းခြင်းကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သည်မှာ သိသာထင်ရှားသော်လည်း၊ အမှန်တကယ်တမ်း၌ သင့်အနေဖြင့် ဘုရားသခင်ရှေ့မှောက် ရောက်လာစေရန် အလို့ငှာ—သင့်အပေါ် အပ်နှင်းလိုက်သော အခြေအနေတစ်ခုသာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြင်နာခြင်းဖြစ်၏။ အချို့သောလူတို့၏ မိသားစုဘဝသည် ကြမ်းတမ်းကာ၊ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းခြင်းကို ရှာမတွေ့နိုင်သောကြောင့်၊ အခွင့်အလမ်းတစ်ခုသည် ရောက်လာမည်ဖြစ်သည်။ ယင်းအချိန်တွင် တစ်စုံတစ်ယောက်သောသူသည် ဧဝံဂေလိတရားကို လက်ဆင့်ကမ်းလျက် "သခင်ယေရှုကိုယုံကြည်လျှင်၊ ငြိမ်းချမ်းခြင်း ရလိမ့်မည်" ဟူ၍ ပြောပေလိမ့်မည်။ ထိုအခါ ထိုသူတို့သည် မရည်ရွယ်စွာဖြင့်ပင် လွန်စွာသဘာဝကျသော အခြေအနေများအောက်၌ ဘုရားသခင်ကို ယုံကြည်လာလေသည်၊ ထို့ပြင် ၎င်း၏မိသားစုသည် ငြိမ်းချမ်းခြင်း၌ ရှိ၍မနေသည်မှာ အခြေအနေမျိုးတစ်ခုလော။ ယင်းသည် ဘုရားသခင် ပေးအပ်သည့် ကျေးဇူးတော် မဟုတ်လော။ ထို့အပြင် တခြားသောအကြောင်းရင်းများဖြင့် ဘုရားသခင်ကို ယုံကြည်လာသူအချို့လည်း ရှိ၏။ မတူညီသော အကြောင်းရင်းများနှင့် မတူညီသော ယုံကြည်ခြင်းနည်းလမ်းများ ရှိကြသော်လည်း၊ သင်သည် ကိုယ်တော်အား မည်သို့သော အကြောင်းရင်းကြောင့် ယုံကြည်လာသည်ဖြစ်စေ၊ အမှန်တကယ်၌ ၎င်းတို့အားလုံးကို ဘုရားသခင်က စီစဉ်ကာ လမ်းပြခဲ့ခြင်းဖြစ်သည်။ ဦးဆုံးအနေဖြင့် ဘုရားသခင်သည် သင့်အား ရွေးချယ်ရန်နှင့် သင့်အား သူ၏မိသားစုအတွင်းသို့ ယူဆောင်ရန်အတွက်၊ အမျိုးမျိုးသောနည်းလမ်းတို့ကို အသုံးပြုလေသည်။ ဤသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ်တွင် ဘုရားသခင်က ချပေးသနားသည့် ကျေးဇူးတော်ဖြစ်၏။

ယခုအချိန်၌ နောက်ဆုံးသောကာလ အမှုတော်နှင့်အတူ၊ ဘုရားသခင်သည် အစအဦးတွင် လုပ်ဆောင်ခဲ့သည့်အတိုင်း လူသားအပေါ် ကျေးဇူးတော်နှင့် ကောင်းချီးများကို ချပေးသနားခြင်း မပြုတော့သကဲ့သို့၊ လူတို့အား ရှေ့ဆက်၍ စည်းရုံးခြင်းလည်း မပြုတော့ပေ။ အမှုတော်၏ ဤအဆင့်အတောအတွင်းတွင် လူသားသည် ၎င်းတို့ကြုံတွေ့လိုက်ရသော ဘုရားသခင်အမှုတော်၏ သွင်ပြင်လက္ခဏာများအားလုံးမှ မည်သည်တို့ကို မြင်ခဲ့ကြပြီနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်ခဲ့ကြပြီဖြစ်သည်။ လူသားအနေဖြင့်ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို တဖြည်းဖြည်းသိလာစေရန်၊ ဘုရားသခင် မိန့်ဆိုသော နှုတ်ကပတ်တော်များနှင့် လူသားအပေါ် အပ်နှင်းသော သမ္မာတရားကိုလည်း တဖြည်းဖြည်းသိလာစေရန်အလို့ငှာ၊ ဘုရားသခင်သည် ဤအချိန်၌ လူသားကို ထပ်မံ၍ ထောက်ပံ့၏၊ ပံ့ပိုး၏၊ အလင်းပြကာ လမ်းညွှန်ပေး၏။ လူသားသည် အားနည်းသောအခါမျိုး၊ စိတ်ဓါတ်ကျသောအခါမျိုး၊ အဘယ်ကိုမျှ ဦးလှည့်စရာ မရှိသောအခါမျိုးတို့၌၊ ဘုရားသခင်သည် ၎င်းတို့အား နှစ်သိမ့်ရန်၊ အကြံပေးရန်၊ အားပေးရန်အလို့ငှာ သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုလိမ့်မည်။ သေးငယ်သော ဝိညာဉ်အသက်တာရှိသည့် လူသားအနေဖြင့် ၎င်းတို့၏ခွန်အားကို တဖြည်းဖြည်း ရှာတွေ့နိုင်စေရန်၊ အပြုသဘောဆောင်ကာ နိုးထလာပြီး၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်လာချင်စေရန် ဖြစ်၏။ သို့ရာတွင် လူသားသည် ဘုရားသခင်ကို မနာခံသည့်အခါတွင်လည်းကောင်း၊ သူ့ကို ဆန့်ကျင်သည့်အခါတွင်လည်းကောင်း၊ သို့မဟုတ် ၎င်းတို့၏ ပျက်စီးခြင်းကို ထုတ်ဖော်ပြသည့်အခါတွင်လည်းကောင်း၊ ဘုရားသခင်သည် ၎င်းတို့အား ပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်းတို့၌ မည်သို့မျှ သက်ညှာလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် လူသား၏ မိုက်မဲမှု၊ မသိနားမလည်မှု၊ အားနည်းမှုနှင့် မရင့်ကျက်မှုတို့အတွက်မူ၊ ဘုရားသခင်သည် သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့ကို ပြသလိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့် လူသားအတွက် ဘုရားသခင် လုပ်ဆောင်သော အမှုအားလုံးမှတစ်ဆင့်၊ လူသားသည် ဖြည်းညင်းစွာ ရင့်ကျက်လာ၏၊ ကြီးပြင်းလာ၏၊ ထို့ပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားအချို့ကို သိလာ၏၊ အပြုသဘောဆောင်သောအရာတို့နှင့် အပျက်သဘောဆောင်သော အရာတို့ကို သိလာ၏၊ မကောင်းမှုနှင့် မှောင်မိုက်ခြင်းဟူသည်ကိုလည်း သိလာ၏။ ဘုရားသခင်သည် လူသားကို ပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်းအား အမြဲတမ်း မပြုလုပ်သကဲ့သို့၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်းတို့ကိုလည်း အမြဲတမ်း မပြချေ။ ယင်းအစား လူတို့၏ မတူညီသောအဆင့်များတွင်လည်းကောင်း၊ ၎င်းတို့၏ မတူညီသောဝိညာဉ်အသက်တာများ၊ အရည်အချင်းများနှင့်အညီသော်လည်းကောင်း၊ ဘုရားသခင်သည် လူတစ်ဦးချင်းစီအတွက် မတူညီသောနည်းလမ်းများဖြင့် ထောက်ပံ့ပေး၏။ သူသည် လူသားအတွက် များစွာလုပ်ဆောင်ပေးခြင်းဖြစ်ကာ၊ တန်ဖိုးလည်း ကြီးမားလှ၏။ လူသားသည် ဤတန်ဖိုးကိုလည်းကောင်း၊ ဘုရားသခင် လုပ်ဆောင်သော ဤအရာများကိုလည်းကောင်း လုံးလုံး မသိမြင်သော်လည်း၊ လက်တွေ့၌မူ သူ လုပ်ဆောင်သမျှအားလုံးသည် လူတစ်ဦးချင်းစီတိုင်းအပေါ်တွင် ဖော်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းသည် စစ်မှန်၏- လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ဘေးအန္တရာယ် တစ်ခုပြီးတစ်ခုကို ရှောင်ရှားနေစဉ်အတွင်း၌၊ ဘုရားသခင်သည် လူသား၏အားနည်းချက်အပေါ် သူ၏ သည်းခံခြင်းကိုလည်း အကြိမ်ကြိမ် ပြသ၏။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် လူတို့အား လူသားမျိုးနွယ်၏ ပျက်စီးခြင်းနှင့် ၎င်းတို့၏ ဆိုးယုတ်သော အနှစ်သာရကို တဖြည်းဖြည်းသိလာစေသည်။ လူသားအပေါ် ဘုရားသခင် ထောက်ပံ့ပေးသော သူ၏ အလင်းပြမှုနှင့် သူ၏လမ်းပြမှုအားလုံးသည် လူသားမျိုးနွယ်အား သမ္မာတရား၏အနှစ်သာရကို ပို၍ပို၍ သိလာစေ၏၊ ထို့ပြင် လူတို့ လိုအပ်သောအရာ၊ ၎င်းတို့ လျှောက်သင့်သောလမ်း၊ မည်သည်အတွက် ရှင်သန်နေထိုင်သင့်ပုံ၊ ၎င်းတို့အသက်တာများ၏ တန်ဖိုးနှင့် အဓိပ္ပါယ်အပြင်၊ ရှေ့တွင်ရှိသော လမ်းအား မည်သို့လျှောက်ရမည်ဆိုသည်တို့ကိုလည်း တဖြည်းဖြည်း သိလာစေ၏။ ဘုရားသခင် ပြုသော ဤအရာများအားလုံးသည် သူ၏တစ်ခုသော မူလရည်ရွယ်ချက်မှ ခွဲထုတ်၍မရချေ။ သို့ဆိုလျှင် ဤရည်ရွယ်ချက်သည် အဘယ်နည်း။ ဘုရားသခင်သည် လူသားအပေါ် သူ၏အမှုကို ဖော်ဆောင်ရန်၊ မည်သည့်အတွက်ကြောင့် ဤနည်းလမ်းတို့ကို အသုံးပြုသနည်း။ သူသည် မည်သည့်ရလဒ်ကို ရရှိချင်သနည်း။ တစ်နည်းဆိုရသော် သူသည် လူသားထံတွင် မည်သည်ကို မြင်ချင်၍၊ ၎င်းတို့ထံမှ မည်သည်ကို ရရှိချင်သနည်း။ ဘုရားသခင် မြင်ချင်သောအရာမှာ လူသား၏နှလုံးသား ပြန်လည် အားပြည့်နိုင်ခြင်းပင် ဖြစ်သည်။ လူသားအပေါ် အမှုတော်ပြုရန် အသုံးပြုသည့် ဤနည်းလမ်းများသည် လူသား၏ နှလုံးသားနှင့် လူသား၏ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် နိုးထစေရန်ဖြစ်ကာ၊ ၎င်းတို့အနေဖြင့် မည်သည်က လာခဲ့သည်၊ ၎င်းတို့ကို မည်သူက လမ်းပြနေသည်၊ ထောက်ပံ့နေသည်၊ ပံ့ပိုးနေသည်ဆိုသည်တို့အပြင်၊ လူသားကို မည်သူက ယခုထိတိုင်အောင် ရှင်သန်ခွင့်ပြုထားသနည်းဆိုသည်ကိုလည်း သိစေခြင်းဖြစ်သည်။ မည်သူက ဖန်ဆင်းရှင်ဖြစ်သည်၊ မည်သူကို ၎င်းတို့ ကိုးကွယ်သင့်သည်၊ မည်သို့သောလမ်းကို လျှောက်သင့်သည်နှင့် လူသားသည် ဘုရားသခင်ရှေ့မှောက်သို့ မည်သည့်နည်းလမ်းဖြင့် ရောက်ရှိသင့်သည်ဆိုသည်တို့ကို ယင်းနည်းလမ်းတို့ဖြင့် လူသားအား သိစေခြင်းဖြစ်သည်။ လူသားအား ဘုရားသခင်၏စိတ်နှလုံးကို သိစေရန်၊ နားလည်စေရန်၊ လူသားကို ကယ်တင်မည့်အမှုတော်၏ နောက်ကွယ်မှ ကြီးစွာသောဂရုစိုက်မှုနှင့် အတွေးကို သဘောပေါက်စေရန်အလို့ငှာ၊ လူသား၏နှလုံးသား တဖြည်းဖြည်း ပြန်၍အားပြည့်လာစေရန်အတွက် ယင်းနည်းလမ်းတို့ကို အသုံးပြုခြင်းဖြစ်၏၊ လူသား၏နှလုံးသားသည် ပြန်လည်အားပြည့်လာသည့်အခါ၊ ဆုတ်ယုတ်သော ပျက်စီးသော စိတ်သဘောထားအတိပြီးသည့် အသက်တာကို နေထိုင်ရန် ဆန္ဒမရှိတော့ပဲ၊ ယင်းအစား ဘုရားသခင်၏ စိတ်ကျေနပ်စေခြင်းငှာ၊ သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိလာကြသည်။ လူသား၏နှလုံးသားသည် နိုးထလာသည့်အခါ၊ ၎င်းတို့သည် စာတန်နှင့် ပြတ်သားစွာ လမ်းခွဲခြင်းကို ပြုလုပ်နိုင်လာပြီး၊ စာတန်၏ အန္တရာယ်ပြုခြင်း၊ စာတန်၏ ထိန်းချုပ်ခြင်း သို့မဟုတ် အရူးလုပ်ခြင်းကို မခံရတော့ပေ။ ယင်းအစား ဘုရားသခင်၏စိတ်နှလုံးကို အပြုသဘော ကျေနပ်စေသည့် နည်းလမ်းမျိုးဖြင့်၊ လူသားသည် ဘုရားသခင်၏အမှုနှင့် သူ၏နှုတ်ကပတ်တော်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ကာ၊ ဘုရားသခင်ကို ကြောက်ရွံခြင်းနှင့် မကောင်းမှုအား ရှောင်ကြဉ်ခြင်းတို့ကို ရရှိလာလေသည်။ ဤသည်မှာ ဘုရားသခင် အမှုတော်၏ မူလရည်ရွယ်ချက်ပင်ဖြစ်သည်။

စာတန်၏ဆိုးယုတ်မှုအကြောင်းကို ယခုနက ပြောဆိုလိုက်ခြင်းကြောင့်၊ လူတို့သည် အလွန်မပျော်ရွှင်စွာဖြင့် ရှင်သန်နေထိုင်နေသကဲ့သို့ဖြစ်ကာ၊ လူသား၏အသက်တာသည်လည်း ကံဆိုးမှုများဖြင့် ပတ်ချာဝိုင်းနေသကဲ့သို့ လူတိုင်းလူတိုင်း ခံစားသွားရပေမည်။ သို့ရာတွင် ငါ ပြောဆိုလိုက်သော ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် လူသားအပေါ် လုပ်ဆောင်သော အမှုတော်အကြောင်းကို သင်တို့ ယခုအခါ မည်သို့ခံစားရသနည်း (အလွန်ပျော်ပါသည်။) ဘုရားသခင် လုပ်ဆောင်သောအရာအားလုံး၊ လူသားအတွက် ပင်ပန်းကြီးစွာ စီစဉ်ရသည်များအားလုံးသည် အပြစ်ဆိုစရာမရှိအောင် ဖြစ်သည်ကို ငါတို့ အခု မြင်နိုင်ကြလေပြီ။ ဘုရားသခင် ပြုလုပ်သော အရာရာတိုင်းသည် အမှားအယွင်းကင်းကာ၊ အပြစ်အနာအဆာလည်း ကင်းသည့်သဘောဖြစ်ပြီး၊ တစ်စုံတစ်ယောက်သောသူက ပြုပြင်ပေးရန်၊ အကြံဉာဏ်ပေးရန် သို့မဟုတ် ပြောင်းလဲပေးရန်လည်း မလိုအပ်ပေ။ လူတစ်ဦးချင်းစီတိုင်းအတွက် ဘုရားသခင် လုပ်ဆောင်သည်များအားလုံးသည် သံသယရှိစရာမလိုအပ်ပေ။ သူသည် လူတိုင်းလူတိုင်းကို လက်ဆွဲခေါ်ကာ လမ်းပြပြီး၊ သင့်အား အချိန်တိုင်းတွင် စောင့်ရှောက်သကဲ့သို့၊ သင့်အနားမှလည်း တစ်ခါမျှ မခွာခဲ့ချေ။ လူတို့သည် ဤကဲ့သို့သောပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်း၍၊ ဤကဲ့သို့သောနောက်ခံမျိုးတွင် ကြီးပြင်းသည့်အတွက်၊ လူတို့သည် အမှန်တကယ်၌ ဘုရားသခင်၏လက်ဖဝါးပေါ်တွင် ကြီးပြင်းသည်ဟု ဆိုနိုင်မည်လော (ဆိုနိုင်ပါသည်။) ဤသို့ဆိုလျှင် သင်တို့သည် ဆုံးရှုံးခြင်းအသိစိတ်တစ်ခုကို ယခုတွင် ခံစားနေကြရသေးသလော။ စိတ်ပျက်အားငယ်မိသောသူတို့ ရှိသေးသလော ဘုရားသခင်သည် လူသားမျိုးနွယ်ကို စွန့်ပစ်သွားပြီဟူ၍ ခံစားကြရပါ၏လော (မခံစားရပါ။) ဤသို့ဆိုလျှင် ဘုရားသခင်သည် မည်သည်ကို လုပ်ဆောင်ထားသနည်း။ (လူသားမျိုးနွယ်ကို ဆက်၍ထိန်းသိမ်းပါသည်။) ဘုရားသခင် လုပ်ဆောင်သော အရာရာတိုင်း၏ နောက်ကွယ်မှ ကြီးစွာသော အတွေးနှင့် ဂရုစိုက်မှုသည် မေးခွန်းထုတ်စရာပင် မလိုအပ်ချေ။ ထို့အပြင် ဘုရားသခင်သည် ဤအမှုကို လုပ်ဆောင်နေစဉ်အတွင်း၌၊ သင့်အတွက် သူ ပေးဆပ်ခဲ့သော အဖိုးအခကိုသိ၍၊ သင့်အနေဖြင့် သူ့အား နက်နက်နဲနဲ ကျေးဇူးတင်မိစေရန်အလို့ငှာ မည်သူ့အပေါ်တွင်မျှ သတ်မှတ်ချက်တစ်ခုခု သို့မဟုတ် လိုအပ်ချက်တစ်ခုခုကို ချမှတ်ခဲ့ဖူးခြင်း မရှိပေ။ ဘုရားသခင်သည် ဤသို့သောအရာတစ်ခုခုကို ယခင်က လုပ်ဆောင်ခဲ့ဖူးသလော (မလုပ်ခဲ့ဖူးပါ။) သင်တို့၏ ရှည်လျားသောဘဝများတစ်လျှောက်တွင် အခြေခံအားဖြင့် လူတစ်ဦးချင်းစီတိုင်းသည် အန္တရာယ်ရှိသော အခြေအနေအများအပြားကို ကြုံတွေ့ရပြီး၊ ဖြားယောင်းသွေးဆောင်မှုအများအပြားကိုလည်း ကြုံခဲ့ရပြီးဖြစ်သည်။ ဤသည်မှာ စာတန်သည် သင်၏အနားတွင် ရှိနေလျက်၊ ၎င်း၏မျက်လုံးတို့သည် သင့်အပေါ်တွင် အချိန်ပြည့် ကျရောက်နေသောကြောင့်ဖြစ်၏။ သင့်အပေါ် ဘေးဒုက္ခကျရောက်သည့်အခါ၊ သင့်အပေါ် ကပ်ဘေးများကျရောက်သည့်အခါ၊ သင့်အတွက် မည်သည့်အရာမျှ အဆင်မပြေသည့်အခါ၊ စာတန်သည် ကျေနပ်သကဲ့သို့၊ သူ၏ ပိုက်ကွန်တွင် သင် ဖမ်းမိခံရသည့်အခါတွင်လည်း၊ ၎င်းက ကျေနပ်လေသည်။ ဘုရားသခင်အတွက်မူ၊ သူသည် သင့်အား အမြဲမပြတ် ကာကွယ်ပေးလျက်ရှိကာ၊ ကံဆိုးခြင်းတစ်ခုပြီးတစ်ခုမှလည်းကောင်း၊ ဘေးဒုက္ခတစ်ခုပြီးတစ်ခုမှလည်းကောင်း သင့်ကို စောင့်ရှောက်ပေးနေ၏။ ထို့ကြောင့်ပင် လူသားတွင်ရှိသောအရာအားလုံးဖြစ်သည့်—ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု၊ ကောင်းချီးများနှင့် တစ်ကိုယ်ရေဘေးကင်းရေးတို့သည်—အမှန်တကယ်၌ ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိကြသည်ဟု ငါက ပြောခြင်းဖြစ်ကာ၊ သူသည် လူတစ်ဦးစီတိုင်း၏ ကံကြမ္မာကို လမ်းပြဆုံးဖြတ်ပေးခြင်း ဖြစ်၏။ သို့ရာတွင် ဘုရားသခင်သည် အချို့သောလူတို့ ပြောသကဲ့သို့ သူ၏အနေအထားအပေါ် ကြီးကျယ်သော အယူအဆတစ်ခု ရှိနေသလော။ "ငါသည် အရာအားလုံး၏ အကြီးမြတ်ဆုံးဖြစ်သည်။ သင်တို့ကို ဦးဆောင်သည်က ငါပင်ဖြစ်သည်။ သင်တို့အားလုံးသည် သနားကရုဏာရရန် ငါ့ကို တောင်းခံကြရမည်ဖြစ်ပြီး၊ မနာခံမှုအား သေခြင်းဖြင့် ပြစ်ဒဏ်ပေးမည်"ဟူ၍ သင့်အား ပြောဆိုခြင်းမျိုးဖြစ်၏။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဤနည်းလမ်းမျိုးဖြင့် ခြိမ်းခြောက်ဖူးပါသလော (မခြိမ်းခြောက်ဖူးပါ။) "လူသားမျိုးနွယ်သည် ပျက်စီးနေသောကြောင့်၊ ငါက ၎င်းတို့ကို မည်သို့ဆက်ဆံသည်ဖြစ်စေ အရေးမကြီးတော့။ တစ်ဖက်သတ်ဆက်ဆံခြင်းတို့သည်လည်း အဆင်ပြေလိမ့်မည်။ ငါသည် ၎င်းတို့အတွက် အကြောင်းကိစ္စများကို ကောင်းမွန်စွာ စီစဉ်ရန် မလိုတော့" ဟူ၍ သူသည် ပြောဖူးပါသလော။ ဘုရားသခင်သည် ဤသို့စဉ်းစားပါသလော။ ဘုရားသခင်သည် ဤသဘောဖြင့် ပြုမူဖူးပါသလော (မပြုမူဖူးပါ။) အမှန်တကယ်၌မူ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် ဘုရားသခင်၏ ဆက်ဆံမှုသည် လေးနက်၍ တာဝန်ယူမှုရှိကာ၊ သင့်ကိုယ်သင် တာဝန်ယူမှုထက်ပင် ပိုလေသည်။ ဤသို့မဟုတ်ပေသလော။ ဘုရားသခင်သည် အကြောင်းမဲ့သက်သက် ပြောဆိုခြင်းမရှိသလို၊ မြင့်သောနေရာတွင် ဟန်ထုတ်၍ ရပ်နေခြင်းလည်း မဟုတ်သကဲ့သို့၊ လူတို့ကို အရူးလုပ်ခြင်းလည်း မရှိချေ။ ယင်းအစား သူကိုယ်တိုင် ပြုရန် လိုအပ်သောအရာတို့ကို ရိုးသားစွာ၊ တိတ်ဆိတ်စွာ ပြုလုပ်နေခြင်းဖြစ်သည်။ ဤအရာတို့သည် လူသားဆီသို့ ကောင်းချီးများ၊ ငြိမ်းချမ်းမှုနှင့် ဝမ်းမြောက်မှုတို့ကို သယ်ဆောင်ပေး၏၊ ဤအရာတို့သည် လူသားကို ဘုရားသခင်၏ မျက်မှောက်နှင့် သူ၏မိသားစုထဲသို့ ငြိမ်းချမ်းစွာ၊ ပျော်ရွှင်စွာဖြင့် ပို့ဆောင်ပေး၏၊ ထို့နောက် လူတို့အနေဖြင့် ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်ပြီး မှန်ကန်သောဆင်ခြင်မှု၊ မှန်ကန်သောတွေးခေါ်မှုတို့နှင့်အတူ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံကြလေသည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် သူ၏အမှုတွင် လူသားအပေါ် လှည့်စားဖူးပါသလော။ သူသည် လူသားအား စကားအနည်းဖြင့် အရူးလုပ်ကာ၊ အတုအယောင် ကြင်နာမှုကို ပြကာ၊ လူသားကို ကျောခိုင်းခဲ့ဖူးသလော (မလုပ်ခဲ့ဖူးပါ။) ဘုရားသခင်သည် တစ်ခုသောအရာကို ပြောပြီးနောက်၊ တခြားသောအရာကို လုပ်ဆောင်ခြင်းမျိုး ရှိဖူးသလော။ ဘုရားသခင်သည် အနှစ်မရှိသော ကတိတို့ကို ပေးကာ၊ သူသည် သင့်အတွက် ဤအရာအား လုပ်ပေးနိုင်သည် သို့မဟုတ် ထိုအရာအား သင့်အတွက် ကူညီပေးနိုင်သည်ဟု ကြွားဝါလျက်၊ ယင်းနောက်တွင် ပျောက်ကွယ်သွားခြင်းမျိုး ရှိခဲ့ဖူးသလော (မရှိခဲ့ဖူးပါ။) ဘုရားသခင်ထံ၌ မည်သည့်လှည့်စားမှု၊ မည်သည့် မမှန်ကန်မှုမျှ မရှိချေ။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသကဲ့သို့၊ သူ ပြုသောအရာတိုင်းသည် စစ်မှန်၏။ သူသည် လူတို့ အားထားနိုင်သည့် တစ်ဦး တည်းသောသူဖြစ်ပြီး၊ လူတို့အနေဖြင့် ၎င်းတို့၏အသက်တာများနှင့် ၎င်းတို့၏အရာအားလုံးကို အပ်နှံနိုင်သည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။ ဘုရားသခင်ထံ၌ မည်သည့်လှည့်စားမှုမျှ မရှိသည့်အတွက်၊ ဘုရားသခင်သည် အစစ်မှန်ဆုံးဖြစ်သည်ဟု ငါတို့ ဆိုနိုင်မည်လော (ဆိုနိုင်ပါသည်။) ငါတို့ဆိုနိုင်သည် မဟုတ်လော။ ဤစကားလုံးကို ယခုမှ ပြောခြင်းဖြစ်သော်ငြား၊ ဘုရားသခင်အား ဖော်ကျူးရန် သုံးသည့်အခါတွင် လွန်စွာအားနည်းကာ လူသားဆန်လွန်းနေ၏၊ လူသားဘာသာစကားသည် အကန့်အသတ်များ ရှိနေသောကြောင့်၊ ငါတို့သည် ဤအရာအား မည်သို့မျှမတတ်နိုင်ပေ။ ဤနေရာ၌ ဘုရားသခင်ကို စစ်မှန်သည်ဟု ခေါ်ဆိုခြင်းသည် အနည်းငယ်မျှ မသင့်လျော်သော်လည်း၊ လောလောဆယ်တွင်မူ ဤစကားလုံးကို အသုံးပြုသွားမည်။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူကာ၊ စစ်မှန်၏။ သို့ဆိုလျှင် ငါတို့သည် ဤသွင်ပြင်လက္ခဏာတို့ကို ပြောဆိုခြင်းမှာ မည်သည့်အဓိပ္ပာယ်နည်း။ ဘုရားသခင်နှင့် လူသားကြား၊ ဘုရားသခင်နှင့် စာတန်ကြားမှ ခြားနားမှုများကို ဆိုလိုသလော။ ငါတို့သည် ဤသို့ဆိုနိုင်၏။ ဤသည်မှာ လူသားအနေဖြင့် ဘုရားသခင်ထံ၌ စာတန်၏ အကျင့်ပျက်စိတ်သဘောထားမျိုးကို တစ်စွန်းတစ်စမျှ မမြင်ရသောကြောင့် ဖြစ်လေသည်။ ငါသည် ဤသို့ ပြောရာ၌ မှန်ကန်ပါ၏လော။ ဤအတွက် မှန်ကန်ကြောင်း ပြောပေးနိုင်ကြသလော (အာမင်။) ငါတို့သည် ဘုရားသခင်ထံ၌ စာတန်၏ ဆိုးယုတ်မှုအား ထုတ်ဖော်ပြသည်ကို မမြင်ရပေ။ ဘုရားသခင် လုပ်ဆောင်သော အရာအားလုံးနှင့် ထုတ်ဖော်ပြသည်များအားလုံးသည် လူသားအတွက် လုံးလုံး အကျိုးပြုကာ အသုံးကျသည်များဖြစ်၏၊ လူသားအတွက် ထောက်ပံ့ပေးရန် ပြုလုပ်သည်များဖြစ်၏၊ ယင်းအရာအားလုံးသည် အသက်တာဖြင့် ပြည့်ဝကာ၊ လူသားအတွက် လိုက်လျှောက်ရန် လမ်းတစ်ခုနှင့် ဦးတည်ချက်တစ်ခုကိုလည်း ပေး၏။ ဘုရားသခင်သည် ပျက်စီးခြင်းမရှိသည့်အပြင်၊ ဘုရားသခင် လုပ်ဆောင်သောအရာရာတိုင်းကို ယခု ကြည့်သောအခါ၊ ဘုရားသခင်သည် သန့်ရှင်းသည်ဟု ဆိုနိုင်မည်လော (ဆိုနိုင်ပါသည်။) ဘုရားသခင်ထံတွင် လူသားမျိုးနွယ်၏ ပျက်စီးခြင်းမျိုး မရှိသကဲ့သို့၊ လူသားမျိုးနွယ်၏ အကျင့်ပျက်စိတ်သဘောထား သို့မဟုတ် စာတန်၏အနှစ်သာရနှင့် ဆင်တူသောအရာ၊ တစ်ထပ်တည်းကျ သောအရာဟူသည်လည်းမရှိသောကြောင့်၊ ဤရှုထောင့်ဖြင့် ဘုရားသခင်သည် သန့်ရှင်းသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်သည် မည်သည့်အကျင့်ပျက်ခြင်းကိုမျှ ထုတ်ဖော်မပြသကဲ့သို့၊ သူ၏အမှုတော်၌ သူ၏ကိုယ်ပိုင်အနှစ်သာရကို ထုတ်ဖော်ခြင်းသည်ကား ဘုရားသခင်ကိုယ်တော်တိုင်သည် သန့်ရှင်း၏ ဆိုသည်ကို အတည်ပြုခြင်းပင်ဖြစ်သည်။ ဤသည်ကို သင်တို့ မြင်ကြသလော။ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရကို သိရန်အတွက် လောလောဆယ်၌ ဤလက္ခဏာနှစ်ရပ်ကို ကြည့်ကြပါစို့- ဘုရားသခင်ထံ၌ အကျင့်ပျက်သော စိတ်သဘောထားမရှိ လူသားအပေါ် ပြုသော ဘုရားသခင် အမှုတော်၏ အနှစ်သာရသည် လူသားအား ဘုရားသခင်၏ကိုယ်ပိုင်အနှစ်သာရကို မြင်စေပြီး၊ ဤအနှစ်သာရသည် လုံးဝ အပြုသဘောဆောင်၏။ ဘုရားသခင် အမှုတော်၏ပုံစံအသီးသီးမှ လူသားထံ သယ်ဆောင်ပေးသော အကြောင်းအရာတို့သည်လည်း အပြုသဘောဆောင်ကြသည်သာဖြစ်သည်။ ဦးဆုံးအနေဖြင့် ဘုရားသခင်သည် လူသားကို ရိုးသားစေလိုသည်၊ ဤသည်မှာ အပြုသဘောမဆောင်သလော။ ဘုရားသခင်သည် လူသားကို အသိဉာဏ်ပညာပေး၏၊ ဤသည်မှာ အပြုသဘောမဆောင်သလော။ ဘုရားသခင်သည် လူသားအား အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်တတ်စေသည်၊ ဤသည်မှာအပြုသဘောမဆောင်သလော။ သူသည် လူသားအား လူသားဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးကို နားလည်စေသည်၊ ဤသည်မှာ အပြုသဘောမဆောင်သလော။ သူသည် လူသားအား လူတို့၏အနှစ်သာရ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများကို သမ္မာတရားနှင့်အညီ ထွင်းဖောက်သိစေ၏—ဤသည်မှာ အပြုသဘောမဆောင်သလော (အပြုသဘောဆောင်ပါသည်။) ထို့ပြင် ဤအရာများအားလုံး၏ အကျိုးရလဒ်မှာ လူသားအနေဖြင့် စာတန်၏ လှည့်စားခြင်းကို မခံရတော့သည့်အပြင်၊ စာတန်၏ အန္တရာယ်ပြုခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကိုလည်း ဆက်၍ မခံရတော့ခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ ဤအရာတို့သည် လူတို့ကို စာတန်၏ ဖျက်ဆီးခြင်းဆီမှ ၎င်းတို့ဘာသာ လုံးလုံး လွတ်မြောက်စေ၏၊ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုအား ရှောင်ကြဉ်ခြင်းလမ်းကို တဖြည်းဖြည်း လျှောက်လှမ်းကြ၏။ ယခုအချိန်၌ သင်တို့သည် ဤလမ်းကို မည်မျှ လျှောက်ပြီးကြပြီနည်း။ ပြောရန် ခက်ခဲလှသည် မဟုတ်လော။ သို့ရာတွင် အနည်းဆုံးအားဖြင့် စာတန်သည် လူသားကို မည်သို့ဖျက်ဆီးသည်၊ မည်သည်တို့သည် ဆိုးယုတ်၍၊ မည်သည်တို့သည် အပျက်သဘောဖြစ်၏ ဆိုသည်တို့ကို ယခုတွင် သင်တို့အနေဖြင့် ကနဦး နားလည်ကြပြီမဟုတ်လော သင်တို့သည် မည်သို့ဆိုစေ မှန်ကန်သောလမ်းကို လျှောက်လှမ်းနေကြပြီဖြစ်သည်။ ထိုသို့ ဆိုနိုင်ပါသလော (ဆိုနိုင်ပါသည်။)

ငါတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်း ဆွေးနွေးမှုကို ယခုတွင် အဆုံးသတ်တော့မည်။ ထို့ကြောင့် သင်တို့ ကြားလိုက်ရသော၊ ရရှိလိုက်သော အရာအားလုံးမှ ဘုရားသခင်၏ သန့်ရှင်းခြင်းဟူသည် မည်သို့နည်းဟု သင်တို့ထဲတွင် မည်သူပြောနိုင်သနည်း။ ငါ ပြောဆိုသော ဘုရားသခင်၏ သန့်ရှင်းခြင်းဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ခဏမျှ စဉ်းစားကြည့်လော့။ ဘုရားသခင်၏ ဖြောင့်မတ်မှန်ကန်ခြင်းသည် သူ၏ သန့်ရှင်းခြင်းလော။ ဘုရားသခင်၏ သစ္စာနှင့်ပြည့်စုံတော်မူခြင်းသည် သူ၏ သန့်ရှင်းခြင်းလော။ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့ခြင်းသည် သူ၏ သန့်ရှင်းခြင်းလော။ ဘုရားသခင်၏ နှိမ့်ချခြင်းသည် သူ၏ သန့်ရှင်းခြင်းလော။ လူသားအပေါ် ဘုရားသခင်၏ ချစ်ခြင်းသည် သူ၏ သန့်ရှင်းခြင်းလော။ ဘုရားသခင်သည် လူသားအပေါ် သမ္မာတရားနှင့် အသက်တာကို အကန့်အသတ်မရှိ ပေးသနား၏၊ ဤသည်မှာ သူ၏ သန့်ရှင်းခြင်းလော (ဟုတ်ပါသည်။) ဘုရားသခင် ထုတ်ဖော်ပြသည့် ဤအရာအလုံးစုံသည် အတုမရှိပေ။ ယင်းသည် အကျင့်ပျက် လူ့သဘာဝအတွင်း၌ မတည်ရှိသကဲ့သို့၊ မြင်နိုင်မည်လည်း မဟုတ်ချေ။ လူသားအပေါ် စာတန်၏ ဖျက်ဆီးခြင်း ဖြစ်စဉ်အတွင်း၌ ယင်းအရာ၏အနည်းငယ်မျှကိုပင် မြင်နိုင်မည်မဟုတ်သကဲ့သို့၊ စာတန်၏အကျင့်ပျက် စိတ်သဘောထားတွင်လည်းကောင်း၊ စာတန်၏ အနှစ်သာရ သို့မဟုတ် သဘောသဘာဝတွင်လည်းကောင်း မြင်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် အတုမရှိဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင်သာလျှင် ဤသို့သော အနှစ်သာရမျိုးရှိ၏၊ ဘုရားသခင်ကိုယ်တိုင်သာလျှင် ဤသို့သောအနှစ်သာရမျိုးကို ပိုင်ဆိုင်၏။ ဤမျှအထိ ဆွေးနွေးပြီးပြီဖြစ်သောကြောင့်၊ သင်တို့အနေဖြင့် ဤမျှသန့်ရှင်းသောသူမျိုးကို လူသားမျိုးနွယ်အတွင်း၌ တွေ့မြင်ဖူးခဲ့ကြသလော (မတွေ့မြင်ဖူးပါ။) သို့ဆိုလျှင် လူသားမျိုးနွယ်အတွင်း၌ သင်တို့လေးစားကြည်ညိုသော အထင်ကရများ၊ ကြီးမြတ်သောလူများ၊ နာမည်ကျော်များကြားတွင် ဤမျှ သန့်ရှင်းသောသူမျိုး ရှိပါ၏လော (မရှိပါ။) ထို့ကြောင့် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အတုမရှိဖြစ်သည်ဟု ငါတို့သည် ယခုပြောမည်၊ သူသည် ဤအရာအား နာမတော်၌ဖြစ်စေ၊ သမ္မာတရား၌ဖြစ်စေ သရုပ်ထင်စေသည်မဟုတ်သလော (ဟုတ်ပါသည်။) သူသည် သရုပ်ထင်စေ၏။ ထို့အပြင် ယင်းအရာ၏ လက်တွေ့ကျသောအပိုင်းသည်လည်း ရှိ၏။ ယခု ငါ ပြောသော သန့်ရှင်း ခြင်းနှင့် သင်တို့ ယခင်က ထင်ခဲ့သော၊ စိတ်ကူးခဲ့သော သန့်ရှင်းခြင်းကြားတွင် မည်သည့်ကွာဟချက်ရှိသနည်း (ရှိပါသည်။) သို့ဆိုလျှင် ဤကွာဟချက်သည် မည်မျှကြီးသနည်း (အလွန်ကြီးပါသည်။) လူတို့သည် သန့်ရှင်းခြင်းအကြောင်းကို ပြောဆိုသည့်အခါ၊ ယေဘုလျအားဖြင့် မည်သည်ကို ဆိုလိုကြသနည်း (အချို့သော အပြင်ပန်းအပြုအမူများကို ဆိုလိုပါသည်။) အပြုအမူ သို့မဟုတ် တစ်စုံတစ်ခုကို ဖော်ပြသည့် နည်းလမ်းတစ်ခုကို ၎င်းတို့က သန့်ရှင်းခြင်းဖြစ်သည်ဟု ဆိုကြသည်။ ယင်းသည် ရှင်းလင်း၍ လှပသလိုရှိသောအရာတစ်ခုသာဖြစ်၏၊ လူတို့အတွက် ကောင်းမွန်သလို ထင်ရမြင်ရသော အရာတစ်ခုသာဖြစ်၏၊ သန့်ရှင်းခြင်း၏ စစ်မှန်သောအနှစ်သာရ မည်သို့မျှ မရှိသောအရာသာ ဖြစ်၏။ ဤသည်မှာ အယူအဆဖြစ်သည်။ ယင်းအပြင် လူတို့ထင်ကြသည့် သန့်ရှင်းခြင်း၏ လက်တွေ့ကျသော လက္ခဏာရပ်ဟူသည် မည်သည်ကို ရည်ညွှန်းသနည်း။ ယင်းသည် ၎င်းတို့က များသောအားဖြင့် စိတ်ကူးကြသော သို့မဟုတ် ဖြစ်သည်ဟု အကဲဖြတ်ကြသော အရာလော။ ဥပမာဆိုသော် အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ကျင့်ကြံနေစဉ်အတွင်း ကွယ်လွန်သွားကြ၏၊ ယင်းနေရာတွင် အိပ်ပျော်လျက် ထိုင်နေရင်းဖြင့် ထွက်ခွာသွားကြ၏။ ၎င်းတို့သည် သန့်ရှင်းခြင်းဖြစ်ကာ၊ ကောင်းကင်ဆီသို့ တက်သွားခြင်း ဖြစ်သည်ဟူ၍ အချို့သောလူတို့က ပြောကြ၏။ ဤသည်မှာလည်း စိတ်ကူးထင်မြင်ခြင်းတစ်မျိုးသာ ဖြစ်သည်။ ထို့ပြင် ကောင်းကင်ဘုံမှ လွင့်မျောလာသော နတ်သမီးတစ်ပါးကို သန့်ရှင်းသည်ဟု ထင်ကြသည့် လူအချို့လည်း ရှိ၏။ အမှန်တကယ်တမ်း၌ "သန့်ရှင်းခြင်း" စကားလုံးအပေါ် လူတွေ၏ အယူအဆမှာ အခြေခံအားဖြင့် မည်သည့်စစ်မှန်သောအနှစ်သာရမျှ မပါဝင်သည့် ဗလာစိတ်ကူးနှင့် အယူအဆတစ်ခုမျှသာ အမြဲဖြစ်နေခဲ့သည်။ ထို့အပြင် သန့်ရှင်းခြင်း၏ အနှစ်သာရနှင့်လည်း မည်သို့မျှမသက်ဆိုင်ချေ။ သန့်ရှင်းခြင်း၏ အနှစ်သာရသည် စစ်မှန်သော ချစ်ခြင်းဖြစ်သော်လည်း၊ ယင်းထက်ပိုသည်မှာ သမ္မာတရား၊ ဖြောင့်မတ်ခြင်းနှင့် အလင်း၏ အနှစ်သာရဖြစ်သည်။ "သန့်ရှင်းခြင်း" ဟူသော စကားလုံးသည် ဘုရားသခင်အတွက် အသုံးပြုသောအခါမှသာ သင့်လျော်၏။ ဖန်ဆင်းထားသည်များအားလုံးတွင် သန့်ရှင်းသည်ဟု ခေါ်ဆိုထိုက်သောအရာ မရှိချေ။ လူသားသည် ထိုအရာကို နားလည်ရမည်။ ယခုမှစ၍ ငါတို့သည် "သန့်ရှင်းခြင်း" စကားလုံးအား ဘုရားသခင်အတွက်သာ အသုံးပြုမည်။ ဤသည်မှာ သင့်လျော်ပါသလော (သင့်လျော်ပါသည်။)

စာတန်သည် လူသားကို ဖျက်ဆီးရန် မည်သည့်နည်းလမ်းတို့အား အသုံးချသည်ဆိုသည့်အကြောင်းကို ပြန်၍ ဆွေးနွေးကြပါစို့။ လူသားအပေါ် ဘုရားသခင်က အမှုတော်ပြုသော နည်းလမ်းအမျိုးမျိုးတို့အကြောင်းနှင့် သင်တို့အားလုံးသည်လည်း မည်သို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံနိုင်သည်တို့ကို ငါတို့ ပြောဆိုခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အသေးစိတ်တို့ကို ငါသည် များစွာ ပြောတော့မည်မဟုတ်။ သို့ရာတွင် သင်တို့၏နှလုံးသားများထဲ၌၊ လူသားကို ဖျက်ဆီးရန် စာတန် အသုံးပြုသော နည်းလမ်းများအကြောင်းကို ဇဝေဇဝါဖြစ်ကောင်းဖြစ်မည် သို့မဟုတ် အသေးစိတ်တို့ ကင်းမဲ့နေပေမည်။ ငါသည် ဤအကြောင်းကို ထပ်မံ၍ ပြောရမည်ဆိုလျှင် သင်တို့အတွက် အကျိုးရှိမည်လော (ရှိပါသည်။) သင်တို့သည် ယင်းအရာကို နားလည်ချင်ကြသလော။ သင်တို့ထဲမှ အချို့က "စာတန်အကြောင်းကို အဘယ်ကြောင့် ထပ်ပြောမည်နည်း။ စာတန်အကြောင်းကို ပြောသည်နှင့် ငါတို့သည် ဒေါသဖြစ်ကြ၏၊ ၎င်း၏ နာမည်ကို ကြားသည့်အခါ ငါတို့သည် အလုံးစုံ စိတ်မသက်မသာ ဖြစ်ရသည်" ဟူ၍ ပြောကောင်းပြောနိုင်၏။ ယင်းအရာကြောင့် မည်မျှ စိတ်မသက်မသာဖြစ်စေကာမူ၊ သင်သည် အမှန်တရားတို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ပြင် ဤအကြောင်းအရာတို့အား ရှင်းလင်းစွာ ပြောကြားရမည် ဖြစ်သကဲ့သို့၊ သင်၏နားလည်ခြင်း အကျိုးငှာ ရှင်းလင်းရပေမည်။ ယင်းသို့မဟုတ်လျှင် သင်သည် စာတန်၏လွှမ်းမိုးခြင်းမှ အမှန်တကယ် လွတ်မြောက်နိုင်မည်မဟုတ်ပေ။

လူသားကို ဖျက်ဆီးသော စာတန်၏နည်းလမ်းငါးခုကို ငါတို့သည် ရှေ့တွင် ဆွေးနွေးပြီးခဲ့၏။ ၎င်းသည် ဤနည်းလမ်းငါးခုဖြင့်ပင် အသုံးချ၏။ လူသားကို ဖျက်ဆီးသော စာတန်၏နည်းလမ်းတို့သည် အကာအကွယ် တစ်မျိုးမျှသာဖြစ်သည်။ အန္တရာယ်အပြုဆုံး အရာတို့သည်ကား ဤအပြင်ပန်း၏နောက်တွင် ပုန်းကွယ်နေသော နည်းလမ်းများ ဖြစ်ကာ၊ စာတန်သည် ၎င်း၏ပန်းတိုင်များ အောင်မြင်စေရန် ဤနည်းလမ်းများကို အသုံးပြုချင်၏။ ဤနည်းလမ်းတို့သည် အဘယ်သို့နည်း။ ယင်းတို့ကို ငါ့အား အတိုချုံး ပြောပြကြလော့ (၎င်းသည် လှည့်စားသည်၊ ဖြားယောင်းသည်၊ ခြိမ်းခြောက်ပါသည်။) ပို၍ စာရင်းပြုကြည့်လေလေ၊ ပို၍ နီးစပ်စွာ ရလေလေဖြစ်သည်။ သင်တို့သည် ၎င်းကြောင့် နက်နက်ရှိုင်းရှိုင်း ထိခိုက်ထားသည့်အပြင်၊ ဤအကြောင်းအရာအပေါ်၌ ခံစားချက်ပြင်းထန်ကြသလိုရှိသည် (စာတန်သည် ချိုသာသောအပြောကို သုံးပြီး သူသည် လွှမ်းမိုးချုပ်ကိုင်ကာ၊ အဓမ္မ သိမ်းပိုက်ပါသည်။) အဓမ္မသိမ်းပိုက်သည်ဆိုသည်ကား လွန်စွာပြင်းထန်သော ခံစားချက်ကို ပြခြင်းဖြစ်၏။ လူတို့သည် စာတန်၏ အဓမ္မသိမ်းပိုက်ခြင်းကို ကြောက်ရွံ့ကြခြင်းဖြစ်သည်၊ မှန်ပါသလော။ တခြားကော မည်သည်တို့ရှိဦးမည်နည်း (၎င်းသည် လူတို့ကို ကြမ်းတမ်းစွာ အန္တရာယ်ပြုပါသည်။ ခြိမ်းခြောက်ခြင်းများ၊ မက်လုံးများ နှစ်မျိုးလုံးကို အသုံးပြုကာ လိမ်ညာပါသည်။) လိမ်ညာမှုတို့သည် ၎င်း၏လုပ်ရပ်များတွင် အနှစ်သာရဖြစ်သကဲ့သို့၊ သင့်ကို လှည့်စားရန်အလို့ငှာ ၎င်းသည် လိမ်ညာ၏။ လိမ်ညာခြင်း၏ သဘောသဘာဝသည် မည်သို့နည်း။ လိမ်ညာခြင်းသည် လှည့်စားခြင်းနှင့် တူညီသည်မဟုတ်သလော။ လိမ်ညာမှုများ ဆိုခြင်း၏ ဦးတည်ချက်သည် အမှန်တကယ်၌ သင့်ကို လှည့်စားရန်ဖြစ်သည်။ တခြား မည်သည်တို့ရှိသေးသနည်း။ ပြောကြလော့။ သင်တို့ သိသည့်အရာအားလုံးကို ပြောကြလော့ (၎င်းသည် ဆွဲဆောင်သည်၊ ဒုက္ခပေးသည်၊ အမြင်တို့ကို ကန်းစေပြီး၊ လှည့်စားပါသည်။) ဤလှည့်ဖြားခြင်းအကြောင်းကို သင်တို့အများစုသည် တူညီစွာခံစားရသည် မဟုတ်လော (၎င်းသည် ဖော်လံဖား မြှောက်ပင့်ခြင်းများကို အသုံးပြုပါသည်၊ လူသားကို ထိန်းချုပ်ပါသည်၊ လူသားကို အပိုင်သိမ်းပါသည်၊ လူသားကို အကြမ်းဖက် ခြိမ်းခြောက်ကာ၊ ဘုရားသခင်ကို ယုံကြည်ခြင်းသို့ မရောက်စေရန် တားဆီးပါသည်။) သင်တို့ ဆိုလိုသည်များကို ငါသည် ကောင်းစွာသိပြီး၊ ယင်းတို့အားလုံးသည် မှန်ကန်ကြ၏။ သင်တို့အားလုံးသည် ဤအကြောင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု သိကြသည့်အတွက်၊ ငါတို့သည် ယင်းတို့ကို ယခုတွင် အနှစ်ချုပ်ကြည့်ကြစို့။

လူသားကို ဖျက်ဆီးရန်အတွက် စာတန် အသုံးချသော အဓိကနည်းလမ်း ခြောက်ခုရှိ၏။

ပထမတစ်ခုသည်ကား ထိန်းချုပ်ခြင်းနှင့် အကျပ်ကိုင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ စာတန်သည် သင်၏နှလုံးသားကို ထိန်းချုပ်ရန်အတွက် ဖြစ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်လိမ့်မည်။ "အကျပ်ကိုင်ခြင်း" ဆိုသည်မှာ မည်သည်ကိုဆိုလိုသနည်း (ယင်းမှာ သင် နာခံဖို့ ခြိမ်းခြောက်မှုနှင့် အတင်းအဓမ္မ နည်းလမ်းများကို အသုံးပြုခြင်းဟု ဆိုလိုသည်၊ မနာခံလျှင် ခံစားရမည့် အကျိုးဆက်များကို သင့်အား တွေးတောစေ၏။ သင်သည် ကြောက်ရွံ့လျက်၊ ၎င်းကို အာမခံရဲပေ၊ ထို့ကြောင့် သင်သည် ၎င်းအား အညံ့ခံရလေသည်။

ဒုတိယနည်းလမ်းမှာကား လိမ်ညာခြင်းနှင့် လှည့်စားခြင်းဖြစ်သည်။ "လိမ်ညာခြင်းနှင့် လှည့်စားခြင်း" တွင် မည်သည်တို့ လိုအပ်သနည်း။ စာတန်သည် ဇာတ်လမ်းပုံပြင်များနှင့် မုသားအချို့ကို ဖန်တီးကာ၊ သင့်အား ယင်းတို့ကို ယုံကြည်လာစေရန် လှည့်စားခြင်းဖြစ်၏။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟူ၍ ၎င်းသည် သင့်အား လုံးဝမပြောသကဲ့သို့၊ သင့်အား ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းမဟုတ်ဟူ၍လည်း တိုက်ရိုက်ပြောဆိုခြင်း မရှိပေ။ ၎င်းသည် "ဘုရားသခင်" ဟူသော စကားလုံးကို လုံးလုံး အသုံးမပြုပေ။ ယင်းအစား အစားထိုးမှုတစ်ခုကို အသုံးပြုကာ၊ ၎င်းအရာကိုပင် သင့်အား လှည့်စားရန် အသုံးပြုခြင်းကြောင့်၊ သင်သည် ဘုရားသခင်၏ တည်ရှိမှုကို အရင်းခံအားဖြင့် မည်သို့မျှ မသိတော့ချေ။ ဤလှည့်စားမှုတွင် သွင်ပြင်အများအပြား ပါဝင်၏၊ ဆိုခဲ့သည့်တစ်ခုတည်းသာ မဟုတ်ချေ။

တတိယနည်းလမ်းမှာ အယူဝါဒ အဓမ္မ သွတ်သွင်းခြင်းပင်ဖြစ်သည်။ မည်သည့် အယူဝါဒကို သွတ်သွင်းသနည်း။ အယူဝါဒ အဓမ္မသွတ်သွင်းခြင်းကို လူသား၏ ကိုယ်ပိုင် ရွေးချယ်မှုဖြင့် ပြုလုပ်သလော။ လူသား၏ သဘောတူညီမှုဖြင့် ပြုလုပ်ခြင်းလော။ (မဟုတ်ပါ။) သင်သည် ယင်းအရာအား သဘောမတူလျှင် အရေးမကြီးချေ။ သင်၏ သတိမမူမိခြင်းကြောင့်၊ ၎င်းအရာသည် သင်၏အတွင်းသို့ စီးဝင်ကာ၊ စာတန်၏ တွေးခေါ်ပုံ၊ ၎င်း၏ ဘဝစည်းမျဉ်းများ နှင့် ၎င်း၏ အနှစ်သာရကို သင့်ထံသို့ သွတ်သွင်းခြင်းပင် ဖြစ်သည်။

စတုတ္ထတစ်ခုသည်ကား ခြိမ်းခြောက်မှုများနှင့် မက်လုံးများဖြစ်သည်။ ဆိုလိုသည်မှာ သင့်အနေဖြင့် ၎င်းကို လက်ခံရန်၊ လိုက်နာရန်၊ ၎င်းအတွက် အမှုထမ်းစေရန်အလို့ငှာ၊ စာတန်သည် အမျိုးမျိုးသောနည်းလမ်းတို့ကို အသုံးချခြင်းဖြစ်၏။ ၎င်းသည် ၎င်း၏ပန်းတိုင်တို့ အောင်မြင်စေရန် လိုအပ်သမျှသောနည်းလမ်းတို့ဖြင့် ကြိုးစား၏။ တစ်ခါတစ်ရံ၌ ၎င်းသည် သင့်အပေါ် မျက်နှာသာပေးမှုအနည်းငယ် ရှိသော်လည်း၊ သင့်ကို အပြစ်ကျူးလွန်မိစေရန် သွေးဆောင်ဆဲပင်ဖြစ်သည်။ သင်သည် ၎င်းကို မလိုက်နာလျှင်၊ သင့်ကို ဒုက္ခခံစားစေကာ၊ သင့်ကို ဒဏ်ခတ်မည်ဖြစ်၏။ ထို့ပြင် ၎င်းသည် သင့်အား တိုက်ခိုက်ရန်၊ ဖမ်းမိရန်အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုလိမ့်မည်။

ပဉ္စမနည်းလမ်းမှာ လှည့်ဖြားခြင်းနှင့် တုံ့ဆိုင်းစေခြင်းဖြစ်သည်။ "လှည့်ဖြားခြင်းနှင့် တုံ့ဆိုင်းစေခြင်း" ဆိုသည်မှာ စာတန်သည် အမှန်တကယ်၌ သင့်ကို လှည့်စားရန်ဖြစ်သော်လည်း၊ လူတို့၏ ဇာတိစိတ်ကို ထည့်သွင်းစဉ်းစားသယောင်ပြုကာ သို့မဟုတ် ၎င်းတို့၏ ဘဝများနှင့်အနာဂတ်များအတွက် စဉ်းစားပေးသယောင်ပြုကာ၊ လူတို့၏ အယူအဆများနှင့် ကိုက်ညီသည့် စိတ်ကူးများနှင့် နားဝင်ချိုလှသော ပြောဆိုမှုတို့ကို လုပ်ကြံဖန်တီးခြင်းဖြစ်သည်။ ထို့နောက် ၎င်းသည် သင့်အား တုံ့ဆိုင်းစေသောကြောင့်၊ သင်သည် မည်သည်က မှန်သည်မှားသည်ကို မသိတော့သကဲ့သို့၊ သင်သည် အမှတ်တမဲ့ဖြင့် လှည့်စားခံရကာ၊ ယင်းသို့ဖြင့် ၎င်း၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလေသည်။

ဆဌမနည်းလမ်းမှာ ကိုယ်နှင့်စိတ်ကို ဖျက်ဆီးခြင်းဖြစ်သည်။ စာတန်သည် လူသား၏ မည်သည်ကို ဖျက်ဆီးသနည်း (လူတို့၏စိတ်၊ လူတို့၏ဖြစ်တည်မှုတစ်ခုလုံး ဖြစ်ပါသည်။) စာတန်သည် သင်၏စိတ်ကို ဖျက်ဆီးကာ၊ သင့်အနေဖြင့် ခုခံရန် အစွမ်းမရှိအောင် ပြုလုပ်လေ၏၊ သင်၏နှလုံးသားသည် စာတန်ဆီသို့ အလွန်ဖြည်းညင်းစွာဖြင့် အလိုလို ဦးလှည့်မိခြင်းသဘော ဖြစ်လေသည်။ ၎င်းသည် သင့်ထံသို့ ဤအရာများအား နေ့စဉ် သွတ်သွင်း၏၊ သင့်အား လွှမ်းမိုး၍ မွေးမြူရန်အလို့ငှာ ဤစိတ်ကူးများနှင့် ယဉ်ကျေးမှုများကို နေ့စဉ် အသုံးပြုခြင်း၊ သင်၏စိတ်အင်အားကို တဖြည်းဖြည်း ဖျက်ဆီးခြင်း၊ သင့်ကို ကောင်းမွန်သော လူတစ်ယောက် မဖြစ်ချင်တော့စေရန် ပြုလုပ်ခြင်း၊ သင့်အနေဖြင့် ဖြောင့်မတ်ခြင်းဟု ခေါ်ဆိုသောအရာအတွက် ရပ်တည်ချင်စိတ် မရှိတော့စေရန် ပြုလုပ်ခြင်းများ ဖြစ်၏။ အမှုမဲ့အမှတ်မဲ့ဖြင့်ပင် သင်သည် ရေစီးကြောင်းကို ဆန်တက်ကူးခတ်ရန် စိတ်ဓါတ်အင်အား မရှိတော့ဘဲ၊ ယင်းအစား ရေစီးကြောင်းနှင့် အလိုက်သင့် မျောပါသွားလေသည်။ "ဖျက်ဆီးခြင်း" ဆိုသည်မှာ စာတန်သည် လူတို့ကို လွန်စွာ ညှဉ်းပန်းနှိပ်စက်သောကြောင့်၊ ၎င်းတို့သည် လူမဟုတ် သရဲတစ္ဆေ မဟုတ်သူများ ဖြစ်လာကာ၊ ယင်းနောက်တွင် ၎င်းတို့အား ဝါးမျိုရန် အခွင့်အရေးကို စာတန်က မလွတ်တမ်းဆုပ်ကိုင်ခြင်း ဖြစ်လေသည်။

လူသားကို ဖျက်ဆီးရန် စာတန် အသုံးချသော ဤနည်းလမ်းတစ်ခုစီသည် လူသားအား ခုခံနိုင်စွမ်း မဲ့စေနိုင်၏။ ယင်းတို့တစ်ခုစီတိုင်းသည် လူတို့အတွက် ဆိုးရွားသောသက်ရောက်မှု ဖြစ်စေနိုင်သည်။ တစ်နည်းဆိုရသော် စာတန် လုပ်ဆောင်သော အရာရာတိုင်းနှင့် ၎င်းက အသုံးချသော နည်းလမ်းဟူသမျှသည် သင့်ကို ဆုတ်ယုတ်စေနိုင်သည်၊ သင့်အား စာတန်၏ထိန်းချုပ်မှုအောက်သို့ ရောက်စေနိုင်ကာ၊ သင့်အား မကောင်းမှုနွံထဲ၌ နစ်မြုပ်စေနိုင်၏။ ဤသည်တို့မှာ လူသားကို ဖျက်ဆီးရန်အတွက် စာတန် အသုံးချသော နည်းလမ်းများပင် ဖြစ်သည်။

ငါတို့သည် စာတန်အား ဆိုးယုတ်သည်ဟု ဆိုနိုင်၏။ သို့ရာတွင် ယင်းကို အတည်ပြုရန်အလို့ငှာ၊ လူသားအပေါ် စာတန်၏ဖျက်ဆီးခြင်း အကျိုးဆက်တို့သည် မည်သို့ဖြစ်သည်ဆိုသည်နှင့် ၎င်းသည် လူသားထံသို့ မည်သည့် စိတ်သဘောထားများ နှင့် အနှစ်သာရများကို သယ်ဆောင်လာသနည်းဆိုသည်တို့ကို ဆင်ခြင်ကြည့်ရဦးမည်ဖြစ်၏။ သင်တို့အားလုံးသည် ဤအကြောင်းအရာအချို့ကို သိသောကြောင့် ပြောကြလော့။ စာတန်သည် လူသားကို ဖျက်ဆီးလိုက်သည့်အခါ၊ ၎င်းတို့သည် မည်သို့သောစိတ်သဘောထားတို့ကို ထုတ်ဖော်ပြကြသနည်း (မာနထောင်လွှားကာ မောက်မာပါသည်၊ တစ်ကိုယ်ကောင်းဆန်၍ စက်ဆုပ်ဖွယ်ကောင်းပါသည်၊ ကောက်ကျစ်၍ လှည့်စားတတ်ပါသည်၊ အန္တရာယ်ပြုတတ်ကာ အငြိုးထားတတ်သကဲ့သို့၊ မည်သည့် စာနာမှုမျှ မရှိတတ်ပါ။) အားလုံးကိုခြုံကြည့်သော် ၎င်းတို့တွင် မည်သည့် စာနာမှုမျှ မရှိဟု ပြောနိုင်သည် မဟုတ်လော။ တခြားသော ညီအစ်ကိုမောင်နှမတို့ ပြောကြပါစေဦး (လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသောအခါ၊ သူတို့သည် ယေဘုလျအားဖြင့် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်ကာ၊ စိတ်ကြီးဝင်ပါသည်။ လောဘကြီး၍ တစ်ကိုယ်ကောင်းဆန်ပါသည်။ ဤသည်တို့သည် အဆိုးဝါးဆုံးပင်ဖြစ်ပါသည်။) (လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင်၊ သူတို့သည် ရုပ်ဝတ္ထုပစ္စည်းများနှင့် ချမ်းသာကြွယ်ဝမှုတို့ကို ရရှိရန် လုံးဝ မရပ်တန့်ကြပါ။ ထို့နောက် သူတို့သည် ဘုရားသခင်ကို ရန်လိုလာသည်၊ ဘုရားသခင်ကို ဆန့်ကျင်သည်၊ ဘုရားသခင်ကို မနာခံကြတော့ပေ၊ ထို့ပြင် သူတို့သည် လူသားတွင် ရှိသင့်သော အသိတရားနှင့် ဆင်ခြင်မှုလည်း ပျောက်ဆုံးသွားပါသည်။) သင်တို့ ပြောသွားသည်များအားလုံးသည် အသေးအဖွဲ ခြားနားမှုများနှင့် အချို့က အရေးမပါသော အသေးစိတ်တို့ကို ပို၍ ပူပန်သည်မျိုးမှလွဲလျှင်၊ အခြေခံအားဖြင့် တူညီကြ၏။ အနှစ်ချုပ်ရသော်၊ မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ အငြိုးထားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း စသည်တို့တွင် "မာနထောင်လွှားခြင်း"သည် ယေဘုလျအားဖြင့် အများဆုံး ထုတ်ဖော်ပြောဆိုခံရသည့် စကားလုံးဖြစ်သည်။ သို့ရာတွင် သင်တို့အားလုံးသည် တူညီသောအရာတစ်ခုကို သတိမပြုမိကြသေးပေ။ ဆင်ခြင်မှု ပျောက်ဆုံးသွားကာ၊ မည်သည့် စာနာမှုမျှ မရှိတော့သော လူတို့၊ အသိတရားမရှိသောလူတို့ကဲ့သို့ပင် အရေးကြီးလှသောအရာတစ်ခုမှာ သင်တို့ ပြောသွားသည်များထဲ၌ မပါသေးချေ။ ဤသည်မှာ "သစ္စာဖောက်ခြင်း" ဖြစ်သည်။ လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသောအခါ၊ ၎င်းတို့တွင် ဖြစ်တည်လာသည့် ဤစိတ်သဘောထားတို့၏ နောက်ဆုံးသော အကျိုးဆက်မှာ ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်း ဖြစ်သည်။ ဘုရားသခင်က လူသားကို မည်သည့်အရာ ပြောသည်ဖြစ်စေ၊ လူသားအပေါ်တွင် မည်သည့်အမှုကို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရားဟူ၍ ၎င်းတို့သိထားသောအရာကို အရေးမစိုက်ကြချေ။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြုတော့ဘဲ၊ သူ့ကို သစ္စာဖောက်ကြခြင်းဖြစ်သည်။ ဤသည်မှာ လူသားအပေါ် စာတန်၏ ဖျက်ဆီးခြင်းအကျိုးဆက်ပင် ဖြစ်၏။ လူသား၏ အကျင့်ပျက် စိတ်သဘောထားအားလုံးသည်လည်း ထိုသို့ပင်ဖြစ်သည်။ လူသားကို ဖျက်ဆီးရန် စာတန် အသုံးပြု သော နည်းလမ်းများဖြစ်သည့်၊ လူသား သင်ယူသော အသိပညာ၊ ၎င်းတို့သိသော သိပ္ပံ၊ အယူသီးမှုများ၊ ရိုးရာယဉ်ကျေးမှုများနှင့် ၎င်းတို့နားလည်သဘောပေါက်သော လူမှုလားရာများ စသည်တို့ထဲ၌၊ လူသားအနေဖြင့် ဖြောင့်မတ်သောအရာ၊ မဖြောင့်မတ်သောအရာကို ခွဲခြားဖို့ရန် အသုံးပြုနိုင်သော နည်းလမ်းမျိုးရှိပါသလော။ မည်သည်က သန့်ရှင်း၍၊ မည်သည်က ဆိုးယုတ်သည်ဆိုသည်ကို သိစေရန် လူသားအား ကူညီနိုင်သော နည်းလမ်းမျိုး ပါပါ၏လော စံသတ်မှတ်ချက်တစ်ခုခု ရှိသလော။ (မရှိပါ။) လူသားကို ကူညီပေးနိုင်သည့် စံသတ်မှတ်ချက်များနှင့် အခြေခံအုတ်မြစ်ဟူသည် ရှိမနေပေ။ လူတို့သည် "သန့်ရှင်းခြင်း" ဆိုသည့် စကားလုံးကို သိသည်ဆိုလျှင်ပင်၊ သန့်ရှင်းခြင်းဟူသည်ကို အမှန်တကယ်သိသူ မရှိပေ။ ထို့ကြောင့် လူသားထံ စာတန် ယူဆောင်ပေးသော ဤအရာတို့သည် ၎င်းတို့အား သမ္မာတရားကို မြင်စေနိုင်သလော။ ယင်းအရာတို့သည် လူသားအား စာနာခြင်းတိုးပွားမှုနှင့်အတူ ရှင်သန်စေနိုင်သလော။ ယင်းအရာတို့သည် လူသားအား ဘုရားသခင်ကို ပို၍ပို၍ ကိုးကွယ်နိုင်စွမ်းသော အသက်တာတို့တွင် နေထိုင်စေနိုင်သလော (မနေထိုင်စေနိုင်ပါ။) ယင်းအရာတို့သည် လူသားအား ဘုရားသခင်ကို ကိုးကွယ်ခွင့် မပြုနိုင်ခြင်း၊ သမ္မာတရားကို နားလည်ခွင့် မပြုနိုင်ခြင်း၊ သန့်ရှင်းခြင်းနှင့် ဆိုးယုတ်ခြင်းကို ခွဲခြားသိခွင့် မပြုနိုင်ခြင်းတို့မှာ သိသာလှ၏။ အပြန်အလှန်အားဖြင့် လူသားသည် ပိုမို၍ ဆုတ်ယုတ်လာကာ၊ ဘုရားသခင်နှင့် ပို၍ ဝေးကွာလာ၏။ စာတန်သည် ဆိုးယုတ်သည်ဟု ငါတို့က ပြောရခြင်းမှာ ဤအကြောင်းရင်း ကြောင့်ဖြစ်သည်။ စာတန်၏ ဆိုးယုတ်သော အရည်အသွေးအများအပြားကို ခွဲခြားလေ့လာပြီးသည့်အတွက်၊ ၎င်း၏ အရည်အသွေးများတွင်လည်းကောင်း၊ ၎င်း၏အနှစ်သာရအပေါ် သင်၏နားလည်မှုတွင်လည်းကောင်း၊ သန့်ရှင်းခြင်း၏ လက္ခဏာရပ် တစ်ခုခု ရှိသည်ကို သင်တို့ မြင်မိပါသလော (မမြင်မိပါ။) ယင်းသည် အသေအချာပင်ဖြစ်၏။ ဤသို့ဆိုလျှင် စာတန်၏ အနှစ်သာရတစ်ခုခုသည် ဘုရားသခင်နှင့် တူညီမှုရှိသည်ကို သင် မြင်မိပါသလော (မမြင်မိပါ။) စာတန်၏ ဖော်ပြချက်တစ်ခုခုသည် ဘုရားသခင်နှင့် တူညီမှုရှိပါသလော (မတူညီပါ။) ယင်းသို့ဆိုလျှင် ယခုအချိန်၌ ငါသည် သင်တို့၏စကားလုံးများကို သုံးကာ၊ သင်တို့အား မေးချင်သည်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အတိအကျဆိုသော် မည်သို့နည်း။ ဦးဆုံးအနေဖြင့် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် မည်သည်နှင့်ဆက်စပ်နေသည်ဟု ဆိုသနည်း။ ဘုရားသခင်၏ အနှစ်သာရနှင့် ဆက်စပ်နေသည်ဟု ဆိုသလော။ သို့မဟုတ် သူ၏စိတ်နေသဘောထား သွင်ပြင်အချို့နှင့် ဆက်စပ်နေသည်ဟု ဆိုသလော (ဘုရားသခင်၏ အနှစ်သာရနှင့် ဆက်စပ်နေသည်ဟု ဆိုပါသည်။) ငါတို့ သိချင်သော အကြောင်းအရာ၌ ပြတ်သားသော ခြေကုပ်တစ်ခု ယူထားရပေမည်။ ဘုရားသခင်၏ အနှစ်သာရနှင့် ဆက်စပ်နေသည်ဟု ဆို၏။ ဦးဆုံးအနေဖြင့် ငါတို့သည် ဘုရားသခင်၏ အနှစ်သာရကို ပေါ်လွင်စေရန်အလို့ငှာ၊ စာတန်၏ ဆိုးယုတ်မှုကို အသုံးပြုခဲ့၏၊ ဤသို့ဆိုလျှင် ဘုရားသခင်ထံ၌ စာတန်၏အနှစ်သာရတစ်ခုခုကို သင် မြင်မိသလော။ လူသားမျိုးနွယ်၏ အနှစ်သာရတစ်ခုခုကိုလည်း မြင်မိသလော။ ဘုရားသခင်က မာနထောင်လွှားခြင်းမရှိ၊ တစ်ကိုယ်ကောင်းမဆန်သည့်အပြင်၊ သစ္စာ ဖောက်ခြင်းလည်း မရှိပေ။ ဤလက္ခဏာ၌ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရအား ထုတ်ဖော်ပြသည်ကိုလည်း မြင်ရသည်။ ထပ်မံ၍ ဖြည့်စွက်ချင်သူများ ရှိသေးသလော (စာတန်၏ အကျင့်ပျက် စိတ်သဘောထားသည် ဘုရားသခင်ထံတွင် နည်းနည်းမျှမရှိပေ။ စာတန်တွင် ရှိသောအရာသည် အပျက်သဘောလုံးလုံးဖြစ်သော်လည်း၊ ဘုရားသခင်တွင် ရှိသောအရာမှာ အပြုသဘောသာ ဖြစ်ပါသည်။ ကျွန်ပ်တို့ ငယ်ရွယ်ချိန်မှစ၍ ယခုအထိတိုင်အောင်၊ အထူးသဖြင့် ကျွန်ပ်တို့ လမ်းပျောက်ခဲ့သောအချိန်များတွင် ဘုရားသခင်သည် ကျွန်ုပ်တို့ဘက်တွင် အမြဲရှိကာ ကျွန်ပ်တို့ကို စောင့်ရှောက်လျက် ဘေးကင်းစေရန် ကာကွယ်ပေးသည်ကို မြင်နိုင်ပါသည်။ ဘုရားသခင်ထံတွင် လှည့်စားခြင်း၊ လှည့်ဖြားခြင်း အလျှင်းမရှိပေ။ သူသည် ရှင်းလင်း ပြတ်သားစွာ ပြောဆိုပြီး၊ ဤသည်မှာလည်း ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရဖြစ်ပါသည်။) အလွန်ကောင်းမွန်ပေ၏ (ကျွန်ပ်တို့သည် ဘုရားသခင၌ စာတန်၏ အကျင့်ပျက် စိတ်သဘောထားမျိုးကို တစ်ခုမျှ မမြင်ရပေ။ တမင်လိမ်လည်ခြင်း မရှိ၊ ကြွားဝါခြင်း မရှိ၊ အနှစ်မပါသော ကတိများ မရှိ၊ လှည့်စားခြင်းလည်း မရှိပေ။ လူသားအနေဖြင့် ယုံကြည်နိုင်သည့် တစ်ဦးတည်းသောအရာမှာ ဘုရားသခင်ဖြစ်ပြီး၊ ဘုရားသခင် သစ္စာနှင့်ပြည့်စုံတော်မူကာ၊ စစ်မှန်ပါသည်။ သူ၏အမှုတော်မှတစ်ဆင့်၊ ဘုရားသခင်သည် လူတို့ကို ရိုးသားရန်၊ အသိဉာဏ်ပညာ ရှိရန်၊ အဆိုးနှင့်အကောင်းကို ခွဲခြားနိုင်ရန်နှင့် အမျိုးမျိုးသောလူများ၊ အဖြစ်အပျက်များနှင့် အကြောင်းအရာများအပေါ် ချင့်ချိန်နိုင်စွမ်း ရှိရန် ပြောဆိုနေသည်ကို ကျွန်ပ်တို့မြင်နိုင်ပါသည်။ ဤနေရာ၌ ဘုရားသခင်၏ သန့်ရှင်းခြင်းကို မြင်နိုင်ပါသည်။) သင်တို့ပြောလိုသည်များ ပြီးစီးပြီလော။ သင်တို့ ပြောခဲ့သည်များကို ကျေနပ်ပါ၏လော။ သင်တို့၏နှလုံးသားများထဲ၌ ဘုရားသခင်အပေါ် သိနားလည်မှုသည် အမှန်တကယ် မည်မျှ ရှိသနည်း။ ထို့ပြင် ဘုရားသခင်၏ သန့်ရှင်းခြင်း ကို မည်မျှ နားလည်သဘောပေါက်သနည်း။ သင်တို့တစ်ဦးတစ်ယောက်စီတိုင်းသည် နှလုံးသားထဲ၌ ထိုးထွင်းနားလည်မှုပမာဏအချို့ ရှိကြသည်ကို ငါသည် သိ၏။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးတစ်ယောက်စီတိုင်းသည် ၎င်းတို့အပေါ် ကျရောက်သော ဘုရားသခင်၏ အမှုကို အမျိုးမျိုးသောအတိုင်းအတာတို့ဖြင့် ခံစားမိကြ၏။ ၎င်းတို့သည် ဘုရားသခင်ထံမှ အကြောင်းအရာအများအပြားကို ရရှိကြ၏။ ကျေးဇူးတော်နှင့် ကောင်းချီးများကို ရရှိကြ၏။ ၎င်းတို့သည် အသိဉာဏ်ပွင့်ကာ၊ အလင်းပေးခြင်း ခံကြရ၏။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ရရှိခြင်းကြောင့်၊ လူသားသည် ဘုရားသခင်၏အနှစ်သာရအပေါ် ရိုးရှင်းသော နားလည်ခြင်းအချို့ ရှိလာနိုင်လေသည်။

ငါတို့ ဒီနေ့ ဆွေးနွေးနေသည့် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် လူအများစုအတွက် ဆန်းပြားသည်ဟု ထင်ရနိုင်သော်လည်း၊ မည်သို့ပင် ထင်ရသည်ဖြစ်စေ၊ ငါတို့သည် ဤအကြောင်းအရာကို အစပြုလိုက်ပြီဖြစ်ပြီး၊ သင်တို့သည် ရှေ့ဆီမှလမ်းကို လျှောက်လှမ်းသည့်အခါ ပို၍နက်နဲသော နားလည်မှုကို ရကြလိမ့်မည်။ ယင်းသည် သင်၏ ကိုယ်ပိုင်အတွေ့အကြုံအတွင်းမှ တဖြည်းဖြည်း ခံစား၊ နားလည်လာရန် လိုအပ်သည်။ ယခု ဘုရားသခင်၏ အနှစ်သာရအပေါ် သင်တို့၏ ထိုးထွင်းနားလည်ခြင်းသည် ယင်းအရာအား သင်ယူလေ့လာရန်၊ အတည်ပြုရန်၊ ခံစားရန်၊ ကြုံတွေ့ရန်အတွက် ကြာရှည်သောအချိန်ကာလတစ်ခု လိုအပ်နေသေး၏။ ယင်းကာလ၏ အဆုံးတစ်နေ့တွင်မူ သင်တို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းဆိုသည်မှာ ဘုရားသခင်၏အပြစ်အနာအဆာကင်းသော အနှစ်သာရဖြစ်ကြောင်း၊ ဘုရားသခင်၏ ကိုယ်ကျိုးမငဲ့သော ချစ်ခြင်းဖြစ်ကြောင်း၊ လူသားထံ ဘုရားသခင် ပေးသောအရာအားလုံးသည် အတ္တကင်းကြောင်းဆိုသည်တို့ကို သင်တို့၏နှလုံးသားဗဟိုချက်မှ သိလာလိမ့်မည်။ ထို့ပြင် ဘုရားသခင်၏ သန့်ရှင်းခြင်းမှာ စင်းလုံးချော အပြစ်ကင်းစင်သည်ကိုလည်း သိလာကြလိမ့်မည်။ ဘုရားသခင်၏ ဤအနှစ်သာရတို့သည် သူ၏ ဝိသေသလက္ခဏာကို ကြွားဝါဖို့ရန် အသုံးပြုသော စကားလုံးများသက်သက်မဟုတ်သည့်အပြင်၊ ဘုရားသခင်သည် လူတစ်ဦးတစ်ယောက်စီတိုင်းအား တိတ်ဆိတ်စွာ စစ်မှန်စွာ ကိုင်တွယ်ရန်အတွက် သူ၏အနှစ်သာရကို အသုံးပြု၏။ တစ်နည်းဆိုရလျှင် ဘုရားသခင်၏ အနှစ်သာရသည် တန်ဖိုးမမဲ့သကဲ့သို့၊ အယူအဆရေးရာ သို့မဟုတ် အယူဝါဒဆိုင်ရာလည်း မဟုတ်သည့်အပြင်၊ အသိပညာတစ်မျိုး မဟုတ်သည်မှာလည်း အသေအချာပင်ဖြစ်၏။ ယင်းသည် လူသားအတွက် ပညာရေးတစ်မျိုးမဟုတ်ဘဲ၊ ဘုရားသခင်၏ ကိုယ်ပိုင်အပြုအမူများကို စစ်မှန်သော ထုတ်ဖော်ပြခြင်းသာဖြစ်ပြီး၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ထုတ်ဖော်ထားသော အနှစ်သာရလည်းဖြစ်သည်။ ဘုရားသခင်ပြုသောအရာတိုင်းနှင့် ပြောဆိုသော နှုတ်ကပတ်တော်တိုင်းသည် လူတစ်ဦးတစ်ယောက်ချင်းစီအတွက် ကြီးစွာသောတန်ဖိုးနှင့် ကြီးစွာသောအရေးပါမှု ဖြစ်ခြင်းကြောင့်၊ လူသားသည် ဤအနှစ်သာရကို သိသင့်ကာ၊ နားလည်သဘောပေါက်သင့်၏။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်သဘောပေါက်လာသည့်အခါ၊ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နိုင်လာသည်။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်သဘောပေါက်လာသည့်အခါ၊ "အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်" ဟူသော စကားလုံးတို့၏ အဓိပ္ပါယ်အစစ်အမှန်ကို သင်သည် အမှန်တကယ် နားလည်နိုင်လာသည်။ သင့်အနေဖြင့် တခြားသောလမ်းတို့ကို လျှောက်လှမ်းရန် ရွေးချယ်နိုင်သည်ဟူ၍ သင်သည် စိတ်ကူးတော့မည် မဟုတ်သလို၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသော အရာရာတိုင်းကို သစ္စာဖောက်ရန်လည်း ဆန္ဒရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသောကြောင့်၊ ယင်းသည် သင့်အနေဖြင့် အသက်တာတစ်လျှောက် တောက်ပ မှန်ကန်သောလမ်းကို ဘုရားသခင်အားဖြင့်သာ လျှောက်လှမ်းနိုင်သည်ဟု အဓိပ္ပာယ်ရ၏။ သင်သည် ဘုရားသခင်အားဖြင့်သာ အသက်တာ၏ အဓိပ္ပာယ်ကို သိနိုင်၏။ သင်သည် ဘုရားသခင်အားဖြင့်သာ စစ်မှန်သောအသက်တာတစ်ခုကို အသက်ရှင်နေထိုင်နိုင်သည်၊ သမ္မာတရားကို ပိုင်ဆိုင်နိုင်သည်၊ သမ္မာတရားကို သိနိုင်သည်။ ထို့ပြင် ဘုရားသခင်အားဖြင့်သာ သင်သည် သမ္မာတရားမှတစ်ဆင့် အသက်တာကို ရရှိနိုင်လေသည်။ ဘုရားသခင်ကိုယ်တိုင်သည်သာ သင့်အား မကောင်းမှုမှ ရှောင်ကြဉ်ရန် ကူညီပေးနိုင်ပြီး၊ စာတန်၏ အန္တရာယ်နှင့် ထိန်းချုပ်မှုမှ ကယ်တင်ပေးနိုင်၏။ ဆင်းရဲဒုက္ခ မခံစားရတော့စေရန်အလို့ငှာ၊ သင့်အား ဒုက္ခပင်လယ်အတွင်းမှ ကယ်တင်ပေးနိုင်သည်မှာ ဘုရားသခင်မှအပ မည်သို့သောသူ၊ မည်သို့သောအရာမျှ မရှိချေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရအားဖြင့် သတ်မှတ်ခြင်းဖြစ်၏။ ဘုရားသခင် ကိုယ်တိုင်သည်သာ သင့်ကို ကိုယ်ကျိုးမငဲ့စွာဖြင့် ကယ်တင်၏၊ ဘုရားသခင်သည်သာ သင်၏အနာဂတ်၊ သင်၏ ကံကြမ္မာနှင့် သင်၏အသက်တာအတွက် မူလအခြေခံအားဖြင့် တာဝန်ရှိ၏။ ထို့ပြင် သူသည် သင့်အတွက် အရာအားလုံးကို စီစဉ်ပေး၏။ ဤသည်မှာ ဖန်ဆင်းခံဖြစ်စေ၊ ဖန်ဆင်းခံမဟုတ်သည်ဖြစ်စေ မည်သူမျှ မစွမ်းနိုင်သော အရာတစ်ခု ဖြစ်သည်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ် သည်တို့တွင် ဘုရားသခင်၏ ဤသို့သော အနှစ်သာရမျိုးကို မပိုင်ဆိုင်သည့်အတွက်၊ အဘယ်ပုဂ္ဂိုလ်၊ အဘယ်အရာကမျှ သင့်အား ကယ်တင်ရန်လည်းကောင်း၊ သင့်အား ဦးဆောင်ရန် လည်းကောင်း မတတ်စွမ်းကြပေ။ ဤသည်မှာ လူသားအတွက် ဘုရားသခင်၏ အနှစ်သာရမှ အရေးပါမှု ဖြစ်သည်။ ငါ ပြောခဲ့သော ဤစကားများသည် အခြေခံသဘောအရ အနည်းငယ်မျှသာ အထောက်အကူဖြစ်နိုင်သည်ဟူ၍၊ သင်တို့သည် ခံစားရကောင်း ခံစားရမည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လက်ကိုင်ပြုသည်ဆိုလျှင်၊ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသည်ဆိုလျှင်၊ အနာဂတ်၌ သင်၏အတွေ့အကြုံမှတစ်ဆင့် ဤနှုတ်ကပတ်တော်တို့သည် သင်၏ကံကြမ္မာကို ပြောင်းလဲပေးမည်သာမက၊ သင့်အား အသက်တာ၏ မှန်ကန်သောလမ်းဆီသို့ ပို့ဆောင်ပေးလိမ့်မည်။ ဤအရာကို နားလည်သည် မဟုတ်လော။ ဤသို့ဆိုလျှင် ယခု သင်တို့သည် ဘုရားသခင်၏ အနှစ်သာရကို သိချင်စိတ် အနည်းငယ်ရှိသွားသည်မဟုတ်လော (ဟုတ်ပါသည်။) စိတ်ဝင်စားခြင်းသည် ကောင်း၏။ ငါတို့သည် ယနေ့၌ ဘုရားသခင်၏ သန့်ရှင်းခြင်းအား သိရှိခြင်းအကြောင်း ဆွေးနွေးခြင်းကို ဤနေရာတွင် အဆုံးသတ်မည်။

ယနေ့ ဆုံတွေ့ပွဲ၏အစ၌ ငါ့အား အံ့အားသင့်စေခဲ့သည့် သင်တို့ပြုလုပ်ခဲ့သော အရာတစ်ခုအကြောင်းကို သင်တို့နှင့် ပြောချင်သေးသည်။ သင်တို့ထဲမှ အချို့သည် ကျေးဇူးတရားအသိစိတ်တစ်ခုကို မွေးမြူထားခြင်းသော်လည်းကောင်း၊ ကျေးဇူးတော်ကို ချီးမွမ်းမိနေခြင်းသော်လည်းကောင်း ရှိကောင်းရှိခဲ့မည်။ ထို့ကြောင့် သင်တို့၏စိတ်ထဲ၌ ရှိသောအရာကို သင်တို့သည် ခန္ဓာကိုယ်အားဖြင့် ဖော်ပြချင်မိ၏။ ဤသည်မှာ အပြစ်ဆို၍ မရသကဲ့သို့၊ မှန်သည် မှားသည်လည်း မဟုတ်ချေ။ သို့ရာတွင် သင်တို့ကို ငါသည် တစ်စုံတစ်ခုအား နားလည်စေချင်သည်။ မည်သည့်အရာ ဖြစ်မည်နည်း။ ဦးစွာအနေဖြင့် သင်တို့ ယခုတင် လုပ်ခဲ့သောအရာနှင့်ပတ်သက်ပြီး သင်တို့ကို မေးချင်သည်။ ဝတ်ပြုရန်အတွက် ဝပ်စင်းရခြင်းလော၊ ဒူးထောက်ရခြင်းလော။ ငါ့အား ပြောပြနိုင်ကြသလော (ဝပ်စင်းရခြင်းဟု ယုံကြည်ပါသည်။) ဝပ်စင်းရခြင်းဟု သင်တို့က ယုံကြည်သည်၊ ဤသို့ဆိုလျှင် ဝပ်စင်း ခြင်း၏ အဓိပ္ပါယ်သည် မည်သို့နည်း (ဝတ်ပြုခြင်း ဖြစ်ပါသည်။) ဤသို့ဆိုလျှင် ဝတ်ပြုရန်အတွက် ဒူးထောက်ခြင်းသည် အဘယ်နည်း။ ဤအကြောင်းကို သင်တို့အား ယခင်က မိတ်သဟာယမပြုရသေးသော်လည်း၊ ယနေ့ ဤအကြောင်းအရာကို သင်တို့နှင့် မိတ်သဟာယပြုရန်လိုအပ်သည်ဟု ငါ ခံစားမိသည်။ သင်တို့၏ ပုံမှန်ဆုံတွေ့ပွဲများတွင် သင်တို့သည် ဝပ်စင်းကြသလော (မလုပ်ကြပါ။) သင်တို့ဆုတောင်းသည့်အခါများတွင် ဝပ်စင်းကြသလော။ (ပြုလုပ်ပါသည်။) ဆုတောင်းသည့်အခါတိုင်း၌ အခြေအနေပေးသည်ဆိုလျှင် ဝပ်စင်းကြသလော (ဝပ်စင်းပါသည်။) ချီးကျူးဖွယ်ကောင်းလေစွ။ သို့ရာတွင် ယနေ့၌ ငါသည် သင်တို့အား နားလည်စေချင်သည်မှာ လူနှစ်မျိုး၏ ဒူးထောက်ဝတ်ပြုခြင်းကိုသာ ဘုရားသခင်က လက်ခံသည့် အကြောင်းဖြစ်၏။ ငါတို့သည် သမ္မာကျမ်းနှင့်သော်လည်းကောင်း၊ ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်တို့၏ အပြုအမူများနှင့်လည်းကောင်း ကိုက်ညှိနေရန် မလိုအပ်ပေ။ ငါသည် သင်တို့အား မှန်ကန်သောအရာတစ်ခုကို အခုပင် ပြောတော့မည်။ ဦးဆုံးအနေဖြင့် ဝတ်ပြုရန်အတွက် ဝပ်စင်းခြင်းနှင့် ဒူးထောက်ခြင်းတို့သည် မတူညီကြချေ။ ၎င်းတို့ဘာသာ ဝပ်စင်းသောသူတို့၏ ဒူးထောက်ဝတ်ပြုခြင်းကို ဘုရားသခင်သည် အဘယ်ကြောင့်လက်ခံသနည်း။ ဤသည်မှာ ဘုရားသခင်သည် တစ်စုံတစ်ယောက်အား သူ၏ထံသို့ ခေါ်ဆို၍၊ ဤလူပုဂ္ဂိုလ်အား သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံစေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် ဝပ်စင်းလေသည်။ ဤသည်မှာ ပထမလူအမျိုးအစားဖြစ်၏။ ဒုတိယအမျိုးအစားသည်ကား ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သော လူတစ်ယောက်ကို ဝတ်ပြုရန် ဒူးထောက်ခြင်းဖြစ်သည်။ ဤသို့သော လူနှစ်မျိုးသာရှိ၏။ ဤသို့ဆိုလျှင် မည်သည့်အမျိုးအစား၌ သင်တို့ ပါဝင်သနည်း။ သင်တို့ပြောနိုင်ပါ၏လော။ သင်တို့၏ခံစားချက်များကို အနည်းငယ်မျှ နာကျင်စေနိုင်သော်လည်း၊ ဤသည်မှာ စစ်မှန်သောအမှန်တရားဖြစ်၏။ ဆုတောင်းစဉ်အတွင်း၌ လူတို့၏ဒူးထောက်ဝတ်ပြုခြင်း အကြောင်းကို မည်သို့မျှ ပြောစရာမရှိချေ။ ဤသည်မှာ သင့်လျော်သည့်အပြင်၊ ဖြစ်လည်း ဖြစ်သင့်၏။ အဘယ်ကြောင့်ဆိုသော် လူတို့ ဆုတောင်းသည့်အခါ၊ အများအားဖြင့် တစ်စုံတစ်ခုအတွက် ဆုတောင်းခြင်းဖြစ်ပြီး၊ ၎င်းတို့၏နှလုံးသားများကို ဘုရားသခင်ထံ ဖွင့်လှစ်ပြခြင်းဖြစ်ကာ၊ သူနှင့် မျက်နှာချင်းဆိုင်ဆုံတွေ့ခြင်းပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် နှလုံးသားချင်း ဆက်သွယ်ကာ၊ ဖလှယ်ကြခြင်းဖြစ်သည်။ သင်သည် ဝတ်ပြုမှုအား လုပ်ရိုးလုပ်စဉ်အရသာ ပြုခြင်းဖြစ်လျှင်မူ၊ ယင်းသည် မဖြစ်သင့်တော့ချေ။ ငါသည် ယနေ့ သင်တို့လုပ်လိုက်သောအရာအပေါ် အပြစ်ဆိုရန် ရည်ရွယ်ခြင်းမဟုတ်။ ဤအခြေခံသဘောကို နားလည်စေရန်အလို့ငှာ၊ သင်တို့အား ရှင်းလင်းပြချင်ခြင်းသာ ဖြစ်သည်ကို သင်တို့သိ၏ မဟုတ်လော (သိပါသည်။) ဤအရာကို ဆက်၍ မလုပ်ကြစေရန် ဖြစ်၏။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်၏ မျက်မှောက်၌ ဝပ်စင်း၊ ဒူးထောက်ရန် အခွင့်အရေး ရှိပါ၏လော။ အခွင့်အရေးသည် အမြဲတမ်း ရှိနေမှာဖြစ်၏။ အနှေးနှင့်အမြန်ဆိုသလို တစ်ခုသောနေ့ရက်သည် ရောက်လာမှာဖြစ်သည်၊ သို့ရာတွင် ယခုသည် အချိန်အခါ မဟုတ်သေးပေ။ သင်တို့မြင်ကြသလော။ ဤသည်မှာ သင်တို့ကို ဝမ်းနည်းစေသလော။ (ဝမ်းမနည်းပါ။) ကောင်းလေစွ။ ဘုရားသခင်နှင့်လူသားကြားမှ လက်ရှိ အကျပ်အတည်းနှင့် ၎င်းတို့ကြား၌ မည်သည့် ဆက်ဆံရေးမျိုး တည်ရှိသည်ဆိုသည်ကို သင်တို့၏နှလုံးသားများထဲတွင် သိနိုင်စေရန်အတွက်၊ ဤစကားတို့သည် သင်တို့အား တွန်းအားပေးခြင်းသော်လည်းကောင်း၊ လှုံ့ဆော်ပေးခြင်းသော်လည်းကောင်း ဖြစ်စေနိုင်လိမ့်သည်။ ငါတို့သည် များမကြာမီကပင် အများအပြား ဆွေးနွေးဖလှယ်ထားကြသော်လည်း၊ ဘုရားသခင်အပေါ် လူသား၏နားလည်မှုမှာ လုံလောက်ရန် အလှမ်းဝေးနေဆဲဖြစ်၏။ လူသားသည် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းသည့် ဤလမ်း၌ ဆက်လျှောက်ဖို့ရန် ဝေးစွာကျန်နေသေးသည်။ သင်တို့အား ဤအရာကို အရေးတကြီး ပြုလုပ်စေရန်သော်လည်းကောင်း၊ ဤသို့သော ရည်မှန်းချက်များ သို့မဟုတ် ခံစားချက်များကို အလျင်အမြန်ဖော်ပြစေရန်လည်းကောင်း၊ ငါသည် ရည်ရွယ်ခြင်း မဟုတ်။ ယနေ့ သင်တို့လုပ်ခဲ့သောအရာသည် သင်တို့၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ပြကောင်းပြနိုင်ပြီး၊ ငါသည် ယင်းကို သိမြင်၏။ ထို့ကြောင့် သင်တို့က ယင်းအရာအား ပြုလုပ်နေစဉ်တွင်၊ ငါသည် ထတော်မူလျက်၊ သင်တို့အား ငါ၏ ဆုမွန်ကောင်းများကို ပေးချင်ခဲ့မိ၏။ သင်တို့အားလုံးကို ကောင်းမွန်စေချင်သောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ငါ၏ နှုတ်ကပတ်တော်တိုင်းနှင့် အပြုအမူတိုင်းတွင် သင်တို့ကို ကူညီရန်၊ လမ်းပြရန် အတွက် ငါသည် အစွမ်းကုန်ကြိုးပမ်း၏။ သင်တို့အနေဖြင့် အရာအားလုံးအပေါ် မှန်ကန်သောနားလည်မှုနှင့် မှန်ကန်သောအမြင် ရှိနိုင်စေရန်ဖြစ်သည်။ သင်တို့သည် ဤသည်ကို နားလည်နိုင်သည် မဟုတ်လော (နားလည်ပါသည်။) အလွန်ကောင်းလေစွ။ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသောစိတ်နေသဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း လက္ခဏာရပ်များနှင့် ဘုရားသခင် ပြုသော အမှုအပေါ် နားလည်မှုအချို့ ရှိကြသော်လည်း၊ ဤနားလည်မှု၏ အများစုမှာ စာမျက်နှာတစ်ခုပေါ်မှ စကားလုံးများကို ဖတ်ကြည့်ခြင်းမျိုး သို့မဟုတ် ယင်းတို့ကို ယေဘုလျအားဖြင့် နားလည်ခြင်းမျိုး သို့မဟုတ် ယင်းတို့ကို စဉ်းစားကြည့်ခြင်းမျိုးတို့ထက် မပိုချေ။ လူတို့တွင် အများဆုံးချို့တဲ့နေသောအရာမှာ အတွေ့အကြုံစစ်စစ်မှလာသည့် စစ်မှန်သောနားလည်ခြင်းနှင့် အမြင်တို့ပင် ဖြစ်သည်။ ဘုရားသခင်သည် လူသား၏နှလုံးသားတို့ကို နိုးထစေရန်အတွက် အမျိုးမျိုးသောနည်းလမ်းတို့ကို သုံးပင်သော်ငြား၊ လူသား၏နှလုံးသားတို့ အဆုံးသတ်နိုးထမလာခင်အထိ လျှောက်လှမ်းရမည့် ခရီးရှည်တစ်ခုမှာ ရှိနေဆဲဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အား ချန်လှပ်ထားခဲ့ပြီဟူ၍လည်းကောင်း၊ ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်ထားခဲ့ပြီဟူ၍ လည်းကောင်း၊ ၎င်းတို့အား ကျောခိုင်းသွားပြီဟူ၍လည်းကောင်း၊ ခံစားကြမည်ကို ငါသည် မမြင်ချင်ပေ။ လူတိုင်းသည် သမ္မာတရားကိုရှာဖွေသော၊ ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းသော လမ်းထက်တွင် တွေဝေခြင်းများ ဝန်ထုပ်ဝန်ပိုးများ ကင်းစွာဖြင့်၊ မယိမ်းယိုင်သော စိတ်ဓါတ်ဖြင့်၊ ရဲဝံ့စွာ ရှေ့ခရီးဆက်သည်ကိုသာ ငါသည် မြင်ချင်လှ၏။ သင်သည် မည်သို့သော အမှားများကို ကျူးလွန်ထားသည်ဖြစ်စေ၊ သင်သည် မည်မျှ လမ်းလွဲနေသည်ဖြစ်စေ၊ သို့မဟုတ် သင်သည် မည်မျှ ချိုးဖောက်ထားသည်ဖြစ်စေ၊ ဤအရာတို့သည် ဘုရားသခင်ကို နားလည်ရန် သင်၏ရှာဖွေမှု၌ သင်နှင့်အတူ သယ်ဆောင်သွားရမည့် ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အပို ဝန်စည်စလယ်များဖြစ်မလာပါစေနှင့်- ရှေ့သို့သာ ဆက်၍ ချီတက်လော့။ မည်သည့်အချိန်၌ ပေါ်ပေါက်သည်ဖြစ်စေ၊ လူသား၏ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၏ နှလုံးသားသည် ဘယ်သောအခါမျှ မပြောင်းလဲချေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရတွင် အဖိုးတန်ဆုံး အစိတ်အပိုင်းဖြစ်၏။ သင်တို့သည် ယခုတွင် အနည်းငယ်မျှ ပို၍စိတ်သက်သာရာရလာသလော (ရလာပါသည်။) သင်တို့သည် ငါ ပြောခဲ့သည့် စကားများနှင့် အကြောင်းအရာများအားလုံးကို မှန်ကန်စွာချဉ်းကပ်နိုင်ရန် ငါ မျှော်လင့်၏။ သို့ဆိုလျှင် ဤမိတ်သဟာယကို ဤနေရာ၌ အဆုံးသတ်လိုက်ကြပါစို့။ အားလုံးကို နှုတ်ဆက်ပါ၏ (နှုတ်ဆက်ပါသည်။)

၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

အောက်ခြေမှတ်စုများ-

က။ မူရင်းစာသားတွင် "လူသား၏ သိပ္ပံကို လေ့လာဖော်ထုတ်ခြင်းနှင့် လျှို့ဝှက်ဆန်းကြယ်မှုများကိုစူးစမ်းခြင်းအား ဖြည့်ဆည်းပေးခြင်း" ဟု ဖော်ပြသည်။

ခ။ မူရင်းစာသားတွင် "…၏ သဲရှင်" ဟူသော စကားရပ် မပါဝင်ပါ။

ယခင်က:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

နောက်တစ်ခုသို့:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ