အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏အလုပ်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင် ၃

ဒီမိတ်သဟာယဖွဲ့ခြင်းတွေဟာ တစ်ယောက်ချင်းစီတိုင်းအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိပါတယ်။ အခု နောက်ဆုံးမှာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ တည်ရှိမှုကို လူတွေ တကယ်ကိုခံစားနိုင်ပြီ။ ဘုရားသခင်ဟာ သူတို့နဲ့ တကယ်ကို နီးနီးကပ်ကပ်ရှိနေတယ်ဆိုတာကို အမှန်တကယ် ခံစားနိုင်ပြီ။ လူတွေက ဘုရားသခင်အပေါ် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပေမဲ့ သူ့ရဲ့ အတွေးတွေနဲ့ စိတ်ကူးတွေကို အခုအချိန်လို အမှန်တကယ်နားလည်ခဲ့ခြင်း လုံးဝမရှိပါဘူး။ သူ့ရဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကိုလည်း အခုအချိန်လိုမျိုး အမှန်တကယ် တွေ့ကြုံခြင်း မရှိခဲ့ကြပါဘူး။ အသိပညာဖြစ်စေ၊ အမှန်တကယ်လက်တွေ့လုပ်ဆောင်ခြင်းဖြစ်စေ လူအများစုက အသစ်တစ်ချို့ကို သင်ယူခဲ့ရပြီး နားလည်မှုတွေ ပိုမိုရရှိခဲ့ကြတယ်။ သူတို့ရဲ့ အရင်က ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုတွေမှာ အမှားကို သိမြင်လာကြတယ်။ သူတို့ရဲ့ ကြုံတွေ့မှုရဲ့ ပေါ့ပြက်ခြင်းကို သိမြင်လာကြပြီး များပြားလှတဲ့ ဒီအရာတွေဟာ ဘုရားသခင်ရဲ့ အလိုတော်နဲ့ ကိုက်ညီမှုမရှိဘူးဆိုတာ သိမြင်လာကြတယ်။ လူသားမှာ အနည်းပါးဆုံးအရာက ဘုရားသခင်ရဲ့ စိတ်သဘောထားကို သိမြင်ခြင်းဆိုတာကိုလည်း သိမြင်လာကြတယ်။ လူတွေရဲ့ ဒီအသိပညာဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာ အသိပညာအမျိုးအစားဖြစ်ပါတယ်။ ကျိုးကြောင်းဆင်ခြင်တဲ့ အသိပညာအဆင့်ကို မြှင့်တင်ဖို့ သူတို့ရဲ့ အတွေ့အကြုံတွေကနေတစ်ဆင့် တဖြည်းဖြည်း နက်နဲလာမှုနဲ့ ခိုင်မာလာမှုတို့ လိုအပ်ပါတယ်။ လူသားက ဘုရားသခင်ကို အမှန်တကယ် နားမလည်ခင်မှာ တစ်ဖက်သတ်အမြင်အရ သူတို့နှလုံးသားထဲမှာ ဘုရားသခင်ရဲ့ တည်ရှိမှုကို တကယ်ယုံကြည်ကြပါတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ အမှန်တကယ်မှာ ဘယ်လိုဘုရားသခင်မျိုးလဲ၊ သူ့ရဲ့အလိုတော်က ဘာလဲ၊ သူ့ရဲ့စိတ်သဘောထားကဘာလဲ၊ လူသားမျိုးနွယ်အပေါ်မှာ သူ့ရဲ့ တကယ့်သဘောထားက ဘာလဲဆိုတဲ့ သီးသန့်မေးခွန်းတွေအပေါ်မှာ သူတို့ အမှန်တကယ် နားလည်ခြင်း မရှိပါဘူး။ ဒီအချက်က ဘုရားသခင်အပေါ် လူတွေရဲ့ ယုံကြည်ချက်ကို အကြီးအကျယ် အထိအခိုက်ဖြစ်စေတယ်။ သူတို့ရဲ့ ယုံကြည်ခြင်းက သန့်စင်ခြင်း သို့မဟုတ် စုံလင်ခြင်းကို အလွယ်တကူ မရရှိနိုင်ဘူး။ သင်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ မျက်နှာချင်းဆိုင်ရရင်တောင် သို့မဟုတ် သင့်အတွေ့အကြုံတွေကနေတစ်ဆင့် ဘုရားသခင်ကို ကြုံတွေ့ရပြီလို့ ခံစားရရင်တောင် သူ့ကို သင်အပြည့်အဝ နားလည်ပြီလို့ မဆိုနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့ အတွေးတွေကို သင်မသိဘူး။ သို့မဟုတ် သူဘာကို ချစ်တယ်၊ သူဘာကို မုန်းတယ်၊ သူ့ကို ဘယ်အရာက ဒေါသထွက်စေတယ်၊ သူ့ကို ဘယ်အရာက ပျော်ရွှင်စေတယ် ဆိုတာကို သင်မသိတဲ့အတွက်ကြောင့်ဖြစ်ပြီး သူ့ကို သင်အမှန်တကယ် နားလည်မှုမရှိတာကြောင့်ပါ။ သင့်ရဲ့ယုံကြည်မှုက မရေရာမှုတွေနဲ့ စိတ်ကူးထင်မြင်မှုတွေရဲ့ အခြေခံအုတ်မြစ်မှာ တည်ဆောက်ထားပြီး သင့်ရဲ့ တစ်ဖက်သတ် ဆန္ဒပေါ်မှာ အခြေခံထားတယ်။ ဒါဟာ စစ်မှန်တဲ့ ယုံကြည်မှုကနေ ဝေးကွာဆဲဖြစ်ပြီး စစ်မှန်တဲ့ နောက်လိုက်တစ်ယောက်ဖြစ်ဖို့ အဝေးကြီးလိုပါသေးတယ်။ ဒီသမ္မာကျမ်းစာ အဖြစ်အပျက်တွေဆီက ဥပမာတွေကို ရှင်းပြခြင်းက ဘုရားသခင်ရဲ့ နှလုံးသား၊ သူ့ရဲ့လုပ်ဆောင်မှုအဆင့်တိုင်းမှာ သူဘာကိုစဉ်းစားတယ်၊ ဘာကြောင့် ဒီအလုပ်ကိုလုပ်ခဲ့တယ်၊ သူလုပ်ဆောင်တဲ့အခါမှာ သူ့ရဲ့နဂိုရည်ရွယ်ချက်နဲ့ သူ့ရဲ့အစီအစဉ်က ဘာဆိုတာ၊ သူ့ရဲ့စိတ်ကူးတွေကို သူဘယ်လို ရရှိခဲ့တယ်ဆိုတာ၊ သူ့ရဲ့အစီအစဉ်ကို ဘယ်လိုပြင်ဆင်ပြီး တည်ဆောက်ခဲ့တယ် ဆိုတာတွေကိုသိဖို့ လူသားကို အခွင့်ပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကနေတစ်ဆင့် ဘုရားသခင်ရဲ့ အသေးစိတ် ရည်ရွယ်ချက်တိုင်းအပေါ် အသေးစိတ်နားလည်ခြင်းနဲ့ သူ့ရဲ့ နှစ်ခြောက်ထောင်ကြာတဲ့ စီမံခန့်ခွဲမှု လုပ်ဆောင်မှု အချိန်ကာလအတွင်းမှာရှိတဲ့ တကယ့်စိတ်ကူးတိုင်း၊ မတူညီတဲ့အချိန်တွေနဲ့ မတူညီတဲ့ခေတ်ကာလတွေမှာ လူသားအပေါ် သူ့သဘောထားတို့ကို ငါတို့ ရရှိနိုင်တယ်။ ဘုရားသခင်က ဘာကိုစဉ်းစားနေခဲ့တယ်ဆိုတာ၊ သူ့ရဲ့သဘောထားက ဘယ်လိုရှိခဲ့တယ်ဆိုတာနဲ့ အခြေအနေတိုင်းကို သူရင်ဆိုင်တဲ့အခါမှာ သူဖွင့်ပြခဲ့တဲ့ စိတ်သဘောထားကဘာဆိုတာတွေကို နားလည်ခြင်းက လူတိုင်းကို သူ့ရဲ့ အမှန်တကယ် တည်ရှိမှုကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သိမြင်ဖို့ ကူညီနိုင်ပြီး သူ့ရဲ့မှန်ကန်မှုနဲ့ စစ်မှန်မှုကို ပိုပြီး နက်နဲစွာ ခံစားရနိုင်တယ်။ ဒီအဖြစ်အပျက်ဇာတ်လမ်းတွေကို ပြောရခြင်းရဲ့ ရည်မှန်းချက်က လူတွေ ကျမ်းစာဇာတ်လမ်းတွေကို နားလည်ဖို့မဟုတ်သလို သမ္မာကျမ်းစာရဲ့မှတ်စာတွေနဲ့ ဒါမှမဟုတ် ကျမ်းစာထဲက လူတွေနဲ့ ရင်းနှီးလာဖို့လည်း ကူညီခြင်းလည်း မဟုတ်ဘူး။ အထူးသဖြင့် ပညတ်တော်ခေတ်ကာလအတွင်းမှာ ဘုရားသခင်လုပ်ခဲ့တဲ့ အကြောင်းရင်းနောက်ခံကို လူတွေ နားလည်အောင် ကူညီပေးဖို့ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ အလိုတော်၊ သူ့ရဲ့ စိတ်သဘောထား၊ သူ့ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုစီတို့ကို လူတွေနားလည်ပြီး ဘုရားသခင်အပေါ် သိမြင်မှုနဲ့ ပိုပြီး တိကျစွာ နားလည်မှုတို့ ရရှိအောင် ကူညီဖို့အတွက်ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် လူတွေရဲ့ နှလုံးသားဟာ နည်းနည်းချင်း ဘုရားသခင်ဆီကို ဖွင့်ဟလာနိုင်တယ်။ ဘုရားသခင်နဲ့ နီးစပ်လာနိုင်တယ်။ သူ့ရဲ့စိတ်သဘောထား၊ သူ့ရဲ့အနှစ်သာရနဲ့ သူ့ကို လူတွေ ပိုပြီး နားလည်နိုင်ပြီး စစ်မှန်တဲ့ ဘုရားသခင်ကိုယ်တော်တိုင်ကို ပိုသိလာနိုင်ပါတယ်။

ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကို သိမြင်မှုဟာ လူသားတို့အပေါ်မှာ အပြုသဘော သက်ရောက်မှု ရှိနိုင်ပါတယ်။ ဘုရားသခင်အပေါ်မှာ ယုံကြည်မှုပိုရှိစေဖို့ ကူညီပေးနိုင်တယ်။ သူ့အပေါ်မှာ ကြောက်ရွံ့ပြီး မှန်ကန်တဲ့ နာခံမှုကိုရရှိဖို့ ကူညီပေးနိုင်တယ်။ ဒါဆိုရင် သူတို့ဟာ မျက်ကန်းနောက်လိုက်တွေ မဟုတ်တော့ဘူး သို့မဟုတ် သူ့ကို မျက်စိစုံမှိတ် ကိုးကွယ်နေခြင်း မဟုတ်တော့ဘူး။ ဘုရားသခင်က လူအလူမိုက်တွေကို အလိုမရှိပါဘူး။ သို့မဟုတ် လူစုနောက်ကို မျက်စိစုံမှိတ် လိုက်တဲ့သူတွေကို အလိုမရှိဘူး။ ဒါပေမဲ့ သူတို့နှလုံးသားထဲမှာ ဘုရားသခင်ရဲ့ စိတ်သဘောထားအပေါ် ရှင်းလင်းတဲ့ နားလည်မှုနဲ့ သိမြင်မှုရှိပြီး ဘုရားသခင်ရဲ့ သက်သေအဖြစ် ပြုမူနိုင်တဲ့သူတွေ၊ သူ့ရဲ့ချစ်မြတ်နိုးဖွယ်ကောင်းမှု၊ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတွေကြောင့်၊ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကြောင့် ဘုရားသခင်ကို လုံးဝ မစွန့်လွှတ်မယ့်သူတွေကို အလိုရှိပါတယ်။ ဘုရားသခင်ရဲ့ နောက်လိုက်တစ်ယောက်အနေနဲ့ သင့်နှလုံးသားမှာ ကြည်လင်ပြတ်သားမှုနည်းနေသေးရင် သို့မဟုတ် ဘုရားသခင်ရဲ့ စစ်မှန်တဲ့ တည်ရှိမှု၊ သူ့ရဲ့စိတ်သဘောထား၊ သူရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့ရဲ့ အစီအစဉ်တို့နဲ့ ပတ်သက်ပြီး ဒွိဟဖြစ်ခြင်းများ သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းများရှိရင် သင့်ရဲ့ ယုံကြည်မှုဟာ ဘုရားသခင်ရဲ့ ချီးမွမ်းမှုကို မရရှိနိုင်ဘူး။ ဘုရားသခင်က ဒီလိုလူမျိုးကို သူ့နောက်ကို လိုက်ဖို့ အလိုမရှိဘူး။ ဒီလိုလူမျိုးက သူ့ရှေ့ကို လာခြင်းကိုလည်း ဘုရားသခင် မကြိုက်နှစ်သက်ဘူး။ ဒီလိုလူမျိုးက ဘုရားသခင်ကို နားမလည်တာကြောင့် သူတို့ရဲ့နှလုံးသားကို ဘုရားသခင်ကို မပေးအပ်နိုင်ဘူး။ သူတို့ရဲ့နှလုံးသားက သူ့အတွက် ပိတ်ကာထားပါတယ်။ ဒါကြောင့် ဘုရားသခင်အပေါ် သူတို့ရဲ့ယုံကြည်ခြင်းဟာ မသန့်စင်မှုများနဲ့ ပြည့်နေပါတယ်။ သူတို့ရဲ့ ဘုရားသခင်နောက်ကိုလိုက်ခြင်းက မျက်ကန်းလို့ပဲ ခေါ်ဆိုနိုင်ပါတယ်။ လူတွေ ဘုရားသခင်အပေါ် စစ်မှန်တဲ့ နာခံမှုနဲ့ ကြောက်ရွံ့မှုကို ဖန်တီးပေးတဲ့ ဘုရားသခင်ကို နားလည်ခြင်းနဲ့ သိမြင်ခြင်းက သူတို့ဆီမှာရှိမှသာ လူတွေဟာ မှန်ကန်တဲ့ ယုံကြည်မှုကို ရရှိနိုင်ပြီး စစ်မှန်တဲ့ နောက်လိုက်တွေဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းနဲ့သာ ဘုရားသခင်အပေါ် ဖွင့်ဟဖို့ သူတို့ရဲ့နှလုံးသားကို ပေးအပ်နိုင်တယ်။ ဒါဟာ ဘုရားသခင် လိုချင်တဲ့အရာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့လုပ်တဲ့၊ စဉ်းစားတဲ့အရာတိုင်းဟာ ဘုရားသခင်ရဲ့ စမ်းသပ်စစ်ဆေးမှုကို ခံနိုင်ရည်ရှိပြီး ဘုရားသခင်အတွက် သက်သေခံနိုင်တဲ့အတွက်ကြောင့်ပဲ။ ဘုရားသခင်ရဲ့ စိတ်သဘောထား သို့မဟုတ် သူရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်း သို့မဟုတ် သူ့ရဲ့အလိုတော်နဲ့ သူလုပ်ဆောင်တဲ့အရာတိုင်းမှာ သူ့ရဲ့တွေးထင်မှု၊ ဘယ်ရှုထောင့်ကနေဖြစ်စေ၊ ဘယ်ရှုထောင့်အမြင်ကနေ ငါပြောသည်ဖြစ်စေ၊ ဒါတွေနဲ့ပတ်သက်ပြီး ငါသင်တို့နဲ့ ဆွေးနွေးပြောဆိုတဲ့အရာတိုင်းက ဘုရားသခင်ရဲ့ စစ်မှန်တဲ့ တည်ရှိမှုကို သင်တို့ ပိုပြီး သေချာစေဖို့အတွက် ကူညီဖို့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် သူ့ရဲ့ချစ်ခြင်းကို ပိုပြီး အမှန်တကယ်နားလည်ပြီး အသိအမှတ်ပြုစေဖို့၊ လူသားတွေအတွက် ဘုရားသခင်ရဲ့ အရေးစိုက်မှု၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်ဖို့အတွက် သူ့ရဲ့ စိတ်ရင်းဖြစ်တဲ့ ဆန္ဒတွေကို ပိုပြီး အမှန်တကယ်နားလည်ပြီး အသိအမှတ်ပြုစေဖို့ ကူညီဖို့အတွက်ဖြစ်ပါတယ်။

ဒီနေ့ လူသားတွေကို ဖန်ဆင်းတဲ့အချိန်ကတည်းက ဘုရားသခင်ရဲ့ အတွေးတွေ၊ စိတ်ကူးတွေနဲ့ လှုပ်ရှားမှုတိုင်းကို ငါတို့ အရင် အနှစ်ချုပ်ကြည့်ကြပြီး ကမ္ဘာကိုဖန်ဆင်းခြင်းကနေ ကျေးဇူးတော်ခေတ် အမှန်တကယ်စတင်ခြင်းအထိ ဘာအလုပ်တွေကို သူဆောင်ရွက်ခဲ့သလဲဆိုတာကို ကြည့်မှာဖြစ်တယ်။ ဒါဆိုရင် ဘုရားသခင်ရဲ့ ဘယ်အတွေးတွေနဲ့ စိတ်ကူးတွေကို လူသားတို့ မသိရှိသလဲဆိုတာကို ငါတို့ ရှာဖွေသိရှိနိုင်ပြီး အဲဒီနေရာကနေ စီမံခန့်ခွဲမှုအတွက် ဘုရားသခင်ရဲ့ စီမံမှုရဲ့ အစီအစဉ်ကို ငါတို့ ရှင်းလင်းအောင်ပြုလုပ်နိုင်ပြီး ဘုရားသခင်က သူ့ရဲ့ စီမံခန့်ခွဲမှုအလုပ်ကို ဖန်ဆင်းခဲ့တဲ့ အကြောင်းအရာ၊ သူ့ရဲ့ အရင်းအမြစ်နဲ့ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်စဉ်ကို သေသေချာချာ နားလည်နိုင်ပြီး သူ့ရဲ့ စီမံခန့်ခွဲမှုအလုပ်ကနေ ဘာရလဒ်တွေကို သူရရှိချင်တယ်ဆိုတာကို တစ်နည်းအားဖြင့် သူ့ရဲ့စီမံခန့်ခွဲမှုအလုပ်ရဲ့ အဓိကအချက်နဲ့ ရည်ရွယ်ချက်တွေကိုလည်း သေသေချာချာ နားလည်နိုင်ပါတယ်။ ဒီအရာတွေကို နားလည်ဖို့၊ လူသားတွေမရှိခဲ့တဲ့ ဝေးကွာတဲ့၊ တည်ငြိမ်ပြီး တိတ်ဆိတ်တဲ့ အချိန်ကို ငါတို့ ပြန်သွားဖို့လိုတယ်။

ဘုရားသခင်က သူ့အိပ်ယာကနေ ထလာတဲ့အခါမှာ သူပထမဆုံး စဉ်းစားတဲ့အရာက ဒါဖြစ်ပါတယ်။ သူနဲ့နေထိုင်ဖို့လူတစ်ယောက်၊ သူ့ရဲ့အမြဲတမ်း အဖော်ဖြစ်တဲ့ သက်ရှိလူပုဂ္ဂိုလ်တစ်ယောက်ကို ဖန်ဆင်းဖို့၊ စစ်မှန်တဲ့ အသက်ရှင်တဲ့ လူသားတစ်ယောက်ကို ဖန်ဆင်းဖို့ဖြစ်တယ်။ ဒီလူဟာ သူ့ကို နားထောင်နိုင်တယ်။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချနိုင်ပြီး သူနဲ့စကားတွေ ပြောဆိုနိုင်တယ်။ အဲဒီနောက်မှာ ပထမဆုံးအကြိမ် ဘုရားသခင်ဟာ မြေမှုန့်အနည်းငယ်ကိုယူပြီး သူစိတ်ကူးထားတဲ့အတိုင်း ပထမဆုံးသော သက်ရှိလူသားတစ်ယောက်ကို ဖန်ဆင်းဖို့အသုံးပြုလိုက်တယ်။ အဲဒီနောက်မှာ ဒီသက်ရှိဖန်ဆင်းခံကို အာဒံဆိုတဲ့ နာမည်တစ်ခုပေးလိုက်တယ်။ ဒီအသက်ရှင်ပြီး အသက်ရှူတဲ့ လူကို ဘုရားသခင်ရပြီးတာနဲ့ သူဘယ်လိုခံစားခဲ့ရလဲ။ ပထမဆုံးအကြိမ် ချစ်ခင်သူတစ်ယောက်၊ အဖော်တစ်ယောက်ရှိခြင်းရဲ့ ပျော်ရွှင်မှုကို သူခံစားခဲ့ရတယ်။ ဖခင်ဖြစ်ရခြင်းရဲ့ တာဝန်ဝတ္တရားနဲ့ အဲဒါနဲ့အတူပါလာတဲ့ အလေးထားစရာတွေကိုလည်း ခံစားခဲ့ရတယ်။ ဒီအသက်ရှင်ပြီး အသက်ရှူသွင်းတဲ့ လူဟာ ဘုရားသခင်ကို ပျော်ရွှင်ခြင်းနဲ့ ဝမ်းမြောက်မှုကို သယ်ဆောင်လာပေးခဲ့တယ်။ သူဟာ ပထမဆုံးအကြိမ် စိတ်သက်သာရာရမှုကို ခံစားခဲ့ရတယ်။ ဒါဟာ သူ့ရဲ့အတွေးတွေ သို့မဟုတ် စကားလုံးတွေနဲ့တောင် ပြီးမြောက်စေခြင်းမဟုတ်ဘဲ သူ့ရဲ့ကိုယ်ပိုင် လက်နှစ်ဖက်နဲ့ ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ဘုရားသခင် လုပ်ဆောင်ခဲ့တဲ့အရာဖြစ်ပါတယ်။ ဒီသက်ရှိအမျိုးအစား၊ ကိုယ်ခန္ဓာနဲ့ ပုံသဏ္ဌာန်နဲ့၊ အသွေးအသားနဲ့ပြုလုပ်ထားတဲ့၊ ဘုရားသခင်နဲ့ စကားပြောနိုင်တဲ့ အသက်ရှင်တဲ့ အသက်ရှူတဲ့ လူတစ်ယောက်ဟာ ဘုရားသခင်ရှေ့မှာ ရပ်တဲ့အခါမှာ ဘုရားသခင်ဟာ သူအရင်က တစ်ခါမှ မခံစားရဖူးတဲ့ ဝမ်းမြောက်မှုမျိုးကို သူတွေ့ကြုံခံစားခဲ့ရတယ်။ သူ့ရဲ့တာဝန်ဝတ္တရားတွေကို တကယ်ပဲ ခံစားခဲ့ရပြီး ဒီသက်ရှိဟာ သူ့ရဲ့နှလုံးသားကို ဆောင့်ဆွဲလိုက်ရုံတင်မကဘဲ သူ့ရဲ့သေးငယ်တဲ့ လှုပ်ရှားမှုတိုင်းက သူ့ကို ထိတွေ့ခံစားစေပြီး သူ့ရဲ့နှလုံးသားကို နွေးထွေးစေခဲ့ပါတယ်။ ဒါကြောင့် ဒီသက်ရှိဟာ ဘုရားသခင်ရဲ့ရှေ့မှာ ရပ်တဲ့အခါမှာ ဒီလိုလူတွေ ထပ်ရအောင်လုပ်ဖို့ အတွေးကို ပထမဆုံးအကြိမ် သူရသွားတယ်။ ဒါဟာ ဘုရားသခင် ဖြစ်ပေါ်ခဲ့တဲ့ ထပမဆုံးအတွေးနဲ့ စတင်လာတဲ့ ဖြစ်ရပ်တွေပဲဖြစ်တယ်။ ဘုရားသခင်အတွက် ဒီဖြစ်ရပ်အားလုံးဟာ ပထမဆုံးအကြိမ်ဖြစ်ပေါ်ခြင်းပဲ။ ဒါပေမဲ့ ဒီပထမဆုံးဖြစ်ရပ်တွေမှာ အဲဒီအချိန်မှာ ဝမ်းမြောက်ခြင်း၊ တာဝန်ဝတ္တရား၊ စိုးရိမ်မှုတွေစသဖြင့် သူဘာကိုပဲ ခံစားနေခဲ့ရပါစေ၊ သူ့အတွက် ဒါတွေကို ဝေမျှစရာ တစ်ယောက်မှမရှိခဲ့ဘူး။ အဲဒီအချိန်ကနေစပြီးတော့ သူအရင်က တစ်ခါမှ မခံစားခဲ့ဖူးတဲ့ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်းတို့ကို ဘုရားသခင်ဟာ အမှန်တကယ် ခံစားလိုက်ရတယ်။ လူသားတွေဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ အလေးထားမှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် သူ့ရဲ့ ရည်ရွယ်ချက်တွေကို လက်မခံနိုင်ဘူး သို့မဟုတ် နားလည်သဘောမပေါက်နိုင်ဘူးလို့ သူ ခံစားခဲ့ရတယ်။ ဒါကြောင့် သူ့နှလုံးသားမှာ ဝမ်းနည်းမှုနဲ့ နာကျင်မှုကို ခံစားရတုန်းပဲ။ လူသားအတွက် ဒီအရာတွေကို သူလုပ်ဆောင်ပေးခဲ့ပေမဲ့ လူသားဟာ ဒါကို သတိမပြုမိဘဲ နားမလည်ခဲ့ဘူး။ ပျော်ရွှင်ခြင်းကလွဲပြီး လူသားက သူ့ဆီကို သယ်ဆောင်လာပေးတဲ့ ဝမ်းမြောက်မှုနဲ့ စိတ်သက်သာရာရမှုဟာ သူ့ရဲ့ပထမဆုံးသော ဝမ်းနည်းခြင်းနဲ့ အထီးကျန်ခြင်းခံစားမှုတို့ကို အဲဒီအရာတွေက သူတို့နဲ့အတူ မြန်မြန်ပဲ သယ်ဆောင်လာတယ်။ ဒါတွေက အဲဒီအချိန်မှာ ဘုရားသခင်ရဲ့ စိတ်ကူးတွေနဲ့ ခံစားချက်တွေဖြစ်တယ်။ ဘုရားသခင်က ဒါတွေအားလုံးကို လုပ်ဆောင်နေခဲ့စဉ်မှာ သူ့နှလုံးသားမှာ ဝမ်းမြောက်ခြင်းကနေ ဝမ်းနည်းခြင်း၊ ဝမ်းနည်းခြင်းကနေ နာကျင်ခြင်းဆီကို ပြောင်းလဲသွားပြီး အားလုံးက စိုးရိမ်သောကတွေနဲ့ ရောထွေးနေခဲ့တယ်။ သူလုပ်ချင်ခဲ့တာက ဒီလူကို၊ ဒီလူသားမျိုးနွယ်ကို သူ့နှလုံးသားထဲမှာ ဘာတွေရှိတယ်ဆိုတာကို သိစေဖို့နဲ့ သူ့ရဲ့ရည်ရွယ်ချက်တွေကို မြန်မြန်နားလည်ခွင့်ရအောင် အမြန်လုပ်ဖို့ပဲ။ ဒါဆိုရင် လူသားတွေဟာ သူ့ရဲ့နောက်လိုက်တွေဖြစ်လာနိုင်ပြီး သူနဲ့ လိုက်ဖက်ညီလာနိုင်တယ်။ သူတို့ဟာ ဘုရားသခင်စကားပြောတာကို နားထောင်ပြီး ဘာမှမပြောဘဲနေတာမျိုးဖြစ်မှာ မဟုတ်တော့ဘူး။ ဘုရားသခင်ကို သူ့ရဲ့အလုပ်မှာ ဘယ်လိုပူးပေါင်းပါဝင်ရမယ်ဆိုတာကို မသိတာမျိုး ဖြစ်မှာမဟုတ်တော့ဘူး။ ဒီအချက်တွေ အားလုံးထက်ပိုပြီးတော့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကို စိတ်ဝင်စားမှုမရှိတဲ့ သူတွေဖြစ်မှာ မဟုတ်တော့ဘူး။ ဘုရားသခင် ပြီးဆုံးအောင်လုပ်ဆောင်ခဲ့တဲ့ ဒီပထမဆုံးအရာတွေဟာ သိပ်အဓိပ္ပာယ်ရှိပြီး သူ့ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်နဲ့ ဒီနေ့ လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ တန်ဖိုးကို ကိုင်ဆောင်ထားတယ်။

အရာအားလုံးနဲ့ လူသားတွေကို ဖန်ဆင်းပြီးနောက်မှာ ဘုရားသခင်က အနားမယူခဲ့ဘူး။ သူ့ရဲ့ စီမံခန့်ခွဲမှုကို လုပ်ဆောင်ဖို့ သူမစောင့်နိုင်ခဲ့သလို လူသားမျိုးနွယ်တွေထဲမှာ သူသိပ်ချစ်တဲ့ လူတွေကို ရရှိဖို့ကိုလည်း သူမစောင့်နိုင်တော့ဘူး။

နောက်တစ်ခု၊ ဘုရားသခင်က လူသားတွေကို ဖန်ဆင်းပြီး မကြာခင်မှာ တစ်ကမ္ဘာလုံးမှာ ရေလွှမ်းမိုးမှုကြီးဖြစ်ပေါ်တာကို သမ္မာကျမ်းစာကနေ ငါတို့တွေ့ရတယ်။ ရေလွှမ်းမိုးခြင်း မှတ်တမ်းထဲမှာ နောဧအကြောင်းကို ပြောထားတယ်။ ဘုရားသခင်ရဲ့ အလုပ်တစ်ခုကို ပြီးမြောက်စေဖို့ သူနဲ့အတူအလုပ်လုပ်ဖို့အတွက် ဘုရားသခင်ရဲ့ခေါ်ခြင်းကို ခံရတဲ့ ပထမဆုံးလူက နောဧလို့ ဆိုနိုင်တယ်။ ဟုတ်ပါတယ်။ ဒါက သူ့ရဲ့အမိန့်နဲ့အညီ ကမ္ဘာပေါ်မှာ လူတစ်ယောက်ကို တစ်ခုခုလုပ်ဖို့ ဘုရားသခင်ခေါ်ခဲ့တဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ နောဧက သင်္ဘောကြီးကို ဆောက်လုပ်ပြီးတာနဲ့ ဘုရားသခင်ဟာ ကမ္ဘာမြေကြီးကို ပထမဆုံးအကြိမ် ရေလွှမ်းမိုးခဲ့တယ်။ ဘုရားသခင်က ကမ္ဘာမြေကြီးကို ပထမဆုံးအကြိမ် ရေလွှမ်းမိုးခြင်းနဲ့ ဖျက်ဆီးခဲ့တဲ့အခါမှာ လူသားတွေအပေါ် ရွံရှာလွန်းခြင်းကို ခံစားရတာ သူတို့ကို ဖန်ဆင်းပြီးကတည်းကဆို ပထမဆုံးအကြိမ်ပါပဲ။ ရေလွှမ်းမိုးခြင်းအားဖြင့် ဒီလူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ဖြစ်တဲ့ နာကျင်ဖွယ်ကောင်းတဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်ဖို့ ဘုရားသခင်ကို ဖိအားပေးခဲ့တာက ဒီအရာပဲဖြစ်ပါတယ်။ ရေလွှမ်းမိုးခြင်းက ကမ္ဘာမြေကြီးကို ဖျက်ဆီးပြီးတဲ့နောက်မှာ ဘုရားသခင်ဟာ ဒီလိုမျိုး နောက်တစ်ခါ ဘယ်တော့မှထပ်မလုပ်တော့ဘူးဆိုတဲ့ သူ့ရဲ့ ပထမဆုံး ပဋိညာဉ်ကို လူသားနဲ့ ပြုလုပ်ခဲ့တယ်။ ဒီပဋိညာဉ်ရဲ့ သင်္ကေတက သက်တံပါပဲ။ ဒါဟာ လူသားမျိုးနွယ်နဲ့ ဘုရားသခင်ရဲ့ ပထမဆုံး ပဋိညာဉ်ဖြစ်ပါတယ်။ ဒါကြောင့် သက်တံဟာ ဘုရားသခင်က ပေးအပ်တဲ့ ပဋိညာဉ်ရဲ့ ပထမဆုံး သင်္ကေတဖြစ်ပါတယ်။ ဒီသက်တံဟာ အမှန်တကယ် တည်ရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုဖြစ်ပါတယ်။ ဘုရားသခင် ဆုံးရှုံးခဲ့တဲ့ အရင်က လူသားမျိုးနွယ်အတွက် ဝမ်းနည်းခြင်းကို သူ့ကို မကြာခဏ ခံစားရစေတာက ဒီသက်တံရဲ့ တည်ရှိမှုပဲဖြစ်ပြီး သူတို့အပေါ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး သူ့အတွက် အမြဲတမ်းသတိပေးနေတဲ့အရာဖြစ်ပါတယ်။ ဘုရားသခင်က သူ့ရဲ့ ခြေလှမ်းကို နှေးသွားစေမှာ မဟုတ်ပါဘူး။ သူ့ရဲ့စီမံခန့်ခွဲမှုမှာ နောက်တစ်ဆင့်ကို တက်ဖို့ သူမစောင့်နိုင်ဘူး။ နောက်ပိုင်းမှာ ဣသရေလနိုင်ငံတစ်လျှောက် သူ့ရဲ့အလုပ်အတွက် သူ့ရဲ့ ပထမဆုံးရွေးချယ်မှုအနေနဲ့ အာဗြဟံကို ဘုရားသခင် ရွေးချယ်ခဲ့တယ်။ ဒီလို သင့်တော်တဲ့လူမျိုးကို ဘုရားသခင်ရွေးချယ်ခြင်းကလည်း ဒါပထမဆုံးအကြိမ်ပါပဲ။ ဒီလူကနေတစ်ဆင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်တဲ့ သူ့ရဲ့အလုပ်ကို စတင်လုပ်ဆောင်ဖို့၊ ဒီလူသားရဲ့ နောက်မျိုးဆက်တွေထဲမှာ သူ့ရဲ့အလုပ်ကို ဆက်လက်ပြုလုပ်ဖို့ ဘုရားသခင် စိတ်ပိုင်းဖြတ်ခဲ့တယ်။ ဒါဟာ ဘုရားသခင်က အာဗြဟံအပေါ် လုပ်ဆောင်ခဲ့တဲ့အရာဆိုတာ သမ္မာကျမ်းစာမှာ ငါတို့မြင်နိုင်ပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်က ဣသရေလနိုင်ငံကို ပထမဆုံး ရွေးကောက်ခဲ့တဲ့ နယ်မြေအဖြစ် ပြုလုပ်ခဲ့ပြီး ဣသရေလလူမျိုးတွေဖြစ်တဲ့ သူ့ရဲ့ ရွေးချယ်ထားတဲ့သူတွေကနေ တစ်ဆင့် ပညတ်တော်ခေတ်မှာ သူ့ရဲ့လုပ်ဆောင်မှုကို စတင်ခဲ့ပါတယ်။ နောက်တစ်ခါ ပထမဆုံးအကြိမ် ဘုရားသခင်ဟာ လူသားမျိုးနွယ်က လိုက်နာသင့်တဲ့ တိကျပြတ်သားတဲ့ စည်းမျဉ်းနဲ့ ပညတ်တော်တွေကို ဣသရေလလူမျိုးတွေအတွက် ထောက်ပံ့ပေးခဲ့ပြီး သူတို့ကို အသေးစိတ် ရှင်းပြခဲ့တယ်။ လူသားတွေ ယဇ်ပူဇော်ခြင်းကို ဘယ်လိုပြုလုပ်သင့်တယ်၊ သူတို့ ဘယ်လိုနေထိုင်သင့်တယ်၊ သူတို့တွေ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဆိုတာတွေ၊ ဘယ်ပွဲတော်တွေနဲ့ ဘယ်နေ့တွေကို သူတို့ကျင်းပသင့်တယ်ဆိုတာတွေနဲ့ သူတို့လုပ်ဆောင်တဲ့အရာရာတိုင်းမှာ လိုက်နာရမယ့် နိယာမတွေအတွက် အသေးစိတ်၊ စံသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လူသားတွေကို ဘုရားသခင် ပေးအပ်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ လူသားတွေရဲ့ ဘဝအတွက် အသေးစိတ်၊ စံသတ်မှတ်ထားတဲ့ ဒီလို စည်းမျဉ်းစည်းကမ်းတွေကို ဘုရားသခင်က လူသားမျိုးနွယ်ကို ပေးအပ်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်။

“ပထမဆုံးအကြိမ်” လို့ ငါပြောတဲ့အခါမှာ ဒီလိုအလုပ်မျိုးကို ဘုရားသခင်က အရင်က တစ်ခါမှမလုပ်ဖူးဘူးလို့ ဆိုလိုခြင်းဖြစ်တယ်။ အရင်က မရှိခဲ့တဲ့ အရာတစ်ခုဖြစ်ပြီး ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သူဟာ သတ္တဝါပေါင်းစုံနဲ့ သက်ရှိပေါင်းစုံကို ဖန်ဆင်းခဲ့ပေမဲ့ ဒီလိုအလုပ်မျိုးကို သူတစ်ခါမှ မလုပ်ရသေးပါဘူး။ ဒီအလုပ်အားလုံးမှာ လူသားအပေါ် ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှု ပါဝင်ပါတယ်။ အားလုံးက လူသားတွေနဲ့ သူ့ရဲ့ လူသားတွေကို ကယ်တင်ခြင်း၊ စီမံခန့်ခွဲမှုတွေနဲ့ ဆက်စပ်ပါတယ်။ အာဗြဟံပြီးနောက်မှာ ဘုရားသခင်ဟာ နောက်တစ်ခါ ပထမဆုံးအကြိမ် ရွေးချယ်မှုတစ်ခုလုပ်ခဲ့ပါတယ်။ ဘုရားသခင်ကို ကြောက်ရွံ့ရင်း၊ မကောင်းမှုကို ရှောင်ကြဉ်ရင်းနဲ့ ဘုရားသခင်အတွက် သက်သေခံရင်းနဲ့ စာတန်ရဲ့ ဖြားယောင်းသွေးဆောင်ခြင်းတွေကို ခံနိုင်ရည်ရှိတဲ့သူဖြစ်ပြီး ပညတ်တော်ရဲ့အောက်မှာရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ ယောဘကို သူရွေးချယ်ခဲ့တယ်။ ဒါဟာလည်း လူတစ်ယောက်ကို ဖြားယောင်းဖို့ ဘုရားသခင်က စာတန်ကို ခွင့်ပြုခဲ့တဲ့ ပထမဆုံးအကြိမ်ပဲဖြစ်ပြီး စာတန်နဲ့ အလောင်းအစားပြုခဲ့တဲ့ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ အဆုံးမှာ ပထမဆုံးအကြိမ်ပဲ ဘုရားသခင်ဟာ စာတန်ကို ရင်ဆိုင်ရင်းနဲ့ သူ့အတွက် သက်သေအဖြစ်ရပ်တည်နိုင်စွမ်းရှိတဲ့သူ၊ စာတန်ကို သေသေချာချာကို အရှက်ရစေပြီး သူ့အတွက် သက်သေကိုခံနိုင်တဲ့သူတစ်ယောက်ကို ရရှိခဲ့တယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့တဲ့အချိန်ကတည်းက ဒီလူဟာ သူ့အတွက် သက်သေခံနိုင်စွမ်းရှိတဲ့ သူရရှိခဲ့တဲ့ ပထမဆုံးလူဖြစ်ပါတယ်။ ဒီလူကို သူရရှိပြီးတာနဲ့ သူ့ရဲ့နောက်လာမယ့် ရွေးချယ်မှုနဲ့ သူ့ရဲ့လုပ်ဆောင်မယ့်နေရာကို ပြင်ဆင်ရင်း သူ့ရဲ့စီမံခန့်ခွဲမှုကို ဆက်လုပ်ဖို့နဲ့ သူ့အလုပ်မှာ နောက်တစ်ဆင့်ကို လှမ်းဖို့ ဘုရားသခင်ဟာ စိတ်အားထက်သန်နေခဲ့တယ်။

ဒီအရာတွေအားလုံးကို မိတ်သဟာယဖွဲ့ပြီးနောက်မှာ ဘုရားသခင်ရဲ့အလိုတော်ကို သင်တို့ တကယ်နားလည်ကြပါသလား။ ဘုရားသခင်ဟာ ဒီလူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ကိစ္စ၊ လူသားတွေကို ကယ်တင်ခြင်းကိစ္စကို အရာအားလုံးထက် ပိုအရေးကြီးသလို မြင်ပါတယ်။ ဒီအရာတွေကို သူ့ရဲ့စိတ်နဲ့ပဲ လုပ်ဆောင်ရုံတင်မဟုတ်သလို သူ့ရဲ့နှုတ်ကပတ်တော်နဲ့သာ လုပ်ဆောင်ခြင်းလည်း မဟုတ်ပါဘူး။ သူဟာ ဒါတွေကို အထူးသဖြင့် ခပ်ပေါ့ပေါ့လုပ်ခြင်းမဟုတ်ပါဘူး။ ဒီအရာတွေအားလုံးကို အစီအစဉ်၊ ပန်းတိုင်၊ စံသတ်မှတ်ချက်တွေ၊ သူရဲ့အလိုတော် စတဲ့အရာတွေနဲ့ သူလုပ်ဆောင်ပါတယ်။ လူသားကိုကယ်တင်ဖို့ဖြစ်တဲ့ ဒီအလုပ်ဟာ ဘုရားသခင်နဲ့ လူသားနှစ်ယောက်လုံးအတွက် သိပ်ကို အရေးပါတယ်ဆိုတာ ရှင်းပါတယ်။ အလုပ်က ဘယ်လောက်ပဲ ခက်ခဲပါစေ၊ အတားအဆီးတွေက ဘယ်လောက်ကြီးမားပါစေ၊ လူသားတွေက ဘယ်လောက်ပဲ အားနည်းပါစေ၊ သို့မဟုတ် လူသားမျိုးနွယ်ရဲ့ ပုန်ကန်ခြင်းက ဘယ်လောက်ပဲ နက်ရှိုင်းပါစေ၊ ဒီအရာတွေထဲက ဘယ်အရာမှ ဘုရားသခင်အတွက် မခက်ခဲပါဘူး။ ဘုရားသခင်ဟာ သူ့ရဲ့ ပင်ပင်ပန်းပန်းလုပ်ရတဲ့ အားထုတ်မှုကို အသုံးချရင်း၊ သူကိုယ်တိုင် ဆောင်ရွက်ချင်တဲ့ အလုပ်တွေကို စီမံခန့်ခွဲရင်းနဲ့ အလုပ်ရှုပ်နေပါတယ်။ သူဟာ အရာအားလုံးကိုလည်း စီစဉ်နေတယ်။ သူပြီးဆုံးအောင်လုပ်ချင်တဲ့အလုပ်တွေနဲ့ လူတွေအားလုံးကို အုပ်ချုပ်နေတယ်။ ဒီအရာတွေကို အရင်က မလုပ်ဖူးပါဘူး။ ဘုရားသခင်က ဒီနည်းလမ်းတွေကိုအသုံးပြုပြီး ဒီကြီးမားတဲ့ စီမံခန့်ခွဲမှု စီမံကိန်းနဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ကြီးမားတဲ့ ပေးဆပ်မှုကို ပြုလုပ်ခဲ့တာက ပထမဆုံးအကြိမ်ပါပဲ။ ဘုရားသခင်က ဒီအလုပ်တွေကို ဆောင်ရွက်နေစဉ်မှာ သူဟာ လူသားကို ထိန်ချန်ထားခြင်းမရှိဘဲ နည်းနည်းချင်းစီ သူ့ရဲ့ အလုပ်ကြိုးစားမှု၊ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်း၊ သူ့ရဲ့ အသိဉာဏ်ပညာနဲ့ အနန္တတန်ခိုး၊ သူ့စိတ်သဘောထားရဲ့ အချက်အလက်တိုင်းကို ဖော်ပြနေပါတယ်။ အရင်က တစ်ခါမှမလုပ်ဖူးတဲ့အတိုင်း သူဟာ ဒီအရာတွေအားလုံးကို ဖော်ပြရင်း ထုတ်ဖော်ရင်းနဲ့ ဒီအရာတွေအားလုံးကို လူသားမျိုးနွယ်ကို ထိန်းချုပ်ခြင်းမရှိဘဲ ဖွင့်ပြပါတယ်။ ဒါကြောင့် စကြဝဠာတစ်ခုလုံးမှာ ဘုရားသခင်က စီမံဖို့နဲ့ ကယ်တင်ဖို့ ဦးတည်ထားတဲ့ လူတွေကလွဲပြီး သူနဲ့ ဒီလိုရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့၊ ဘုရားသခင်နဲ့ သိပ်နီးကပ်တဲ့ ဖန်ဆင်းခံတစ်ခုမှ မရှိခဲ့ပါဘူး။ သူ့နှလုံးသားထဲမှာ သူစီမံခန့်ခွဲပြီး ကယ်တင်ချင်တဲ့ လူသားမျိုးနွယ်ဟာ အရေးကြီးဆုံးဖြစ်ပြီး အရာအားလုံးထက် ဒီလူသားမျိုးနွယ်ကို သူတန်ဖိုးထားတယ်။ သူတို့အတွက် ကြီးမားတဲ့အဖိုးအခကို ပေးဆပ်ခဲ့ပေမဲ့၊ သူတို့ကြောင့် သူဟာ အဆက်မပြတ်နာကျင်ရပြီး မနာခံခြင်းတွေကို ခံရပေမဲ့၊ သူတို့ကို လုံးဝ မစွန့်လွှတ်ဘဲ ညည်းတွားခြင်း သို့မဟုတ် နောင်တရခြင်းမရှိဘဲ သူ့ရဲ့အလုပ်ကို မမောမပန်းဘဲ ဆက်လက်လုပ်ဆောင်ခဲ့တယ်။ ဒါဟာ အနှေးနဲ့အမြန် လူသားတွဟာ တစ်နေ့မှာ သူ့ရဲ့ခေါ်ဆောင်ခြင်းမှာ နှိုးထလာပြီး သူ့ရဲ့နှုတ်ကပတ်တော်တွေအားဖြင့် ထိတွေ့ခံစားရမယ်၊ သူဟာ ဖန်ဆင်းခြင်းရဲ့ အရှင်သခင် ဖြစ်တယ်ဆိုတာကို သိမြင်ပြီး သူ့ထံပါးကို ပြန်လာမယ်ဆိုတာကို သိတာကြောင့်ဖြစ်ပါတယ်။

ဒီနေ့ ဒီအရာတွေအားလုံးကို ကြားပြီးနောက်မှာ ဘုရားသခင်လုပ်ဆောင်တဲ့အရာအားလုံးက သိပ်ကိုပုံမှန်ပါပဲလို့ သင်တို့ ခံစားရနိုင်ပါတယ်။ လူသားတွေဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ သူ့ရဲ့လုပ်ဆောင်မှုတွေကနေ သူတို့အတွက် ဘုရားသခင်ရဲ့ အလိုတော်တစ်ချို့ကို အမြဲတမ်းခံစားရတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ သူတို့ရဲ့ခံစားချက်တွေ သို့မဟုတ် သူတို့ရဲ့အသိပညာနဲ့ ဘုရားသခင်တွေးနေတဲ့အရာကြားမှာ အမြဲတမ်းပဲ ဝေးကွာမှုတစ်ချို့ရှိနေပါတယ်။ ဒါကြောင့် ဘုရားသခင်က လူသားမျိုးနွယ်ကို ဘာကြောင့် ဖန်ဆင်းခဲ့တယ်၊ သူမျှော်လင့်ထားတဲ့ လူတွေကိုရရှိလိုတဲ့ သူ့ဆန္ဒရဲ့နောက်ခံအကြောင်းရင်း စတာတွေနဲ့ပတ်သက်ပြီး လူသားအားလုံးနဲ့ ဆွေးနွေးပြောဆိုဖို့လိုအပ်တယ်လို့ ငါထင်တယ်။ ဒါကို လူတိုင်းနဲ့ ဝေမျှဖို့က သိပ်အရေးကြီးတယ်။ ဒါမှ လူတိုင်းဟာ သူတို့ရဲ့နှလုံးသားထဲမှာ ရှင်းလင်းနေမှာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့အတွေးနဲ့ စိတ်ကူးတိုင်း၊ သူ့အလုပ်ရဲ့ အဆင့်တိုင်းနဲ့ အချိန်ကာလတိုင်းဟာ သူ့ရဲ့စီမံခန့်ခွဲမှုအလုပ်နဲ့ နီးကပ်စွာ ဆက်နွှယ်ပြီး ဆက်စပ်နေတာကြောင့်၊ ဘုရားသခင်ရဲ့ အတွေးတွေ၊ စိတ်ကူးတွေ၊ သူ့အလုပ်ရဲ့အဆင့်အတိုင်းမှာ သူ့ရဲ့အလိုတော်တို့ကို သင်နားလည်တဲ့အခါမှာ၊ သူ့ရဲ့စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ လုပ်ဆောင်မှုရဲ့ အရင်းအမြစ်ကို နားလည်ခြင်းနဲ့ အတူတူပါပဲ။ ဘုရားသခင်အပေါ် သင့်ရဲ့ နားလည်မှုကို ပိုမိုနက်ရှိုင်းစေတာက ဒီအခြေခံအုတ်မြစ်ပေါ်မှာပဲဖြစ်ပါတယ်။ ငါအရင်ကပြောခဲ့တဲ့ ဘုရားသခင်က ကမ္ဘာကို ဖန်ဆင်းတဲ့အခါ သူပြုလုပ်တဲ့အရာတိုင်းက အခုအချိန်မှာ လူတွေအတွက် သတင်းအချက်အလက်တစ်ချို့မျှသာဖြစ်ပြီး သမ္မာတရားနောက်ကိုလိုက်ခြင်းနဲ့ မသက်ဆိုင်သလို ဖြစ်နေပေမဲ့ သင့်ရဲ့အတွေ့အကြုံလမ်းကြောင်းတစ်လျှောက်မှာ ဒါဟာ သတင်းအချက်အလက် အစိတ်အပိုင်းလေးတွေလို သိပ်ရိုးရှင်းတဲ့ အရာတစ်ခုဖြစ်တယ် သို့မဟုတ် တစ်ချို့ နက်နဲတဲ့အရာတွေလို သိပ်ရိုးရှင်းတဲ့အရာတစ်ခုဖြစ်တယ်လို့ သင်မထင်တဲ့အချိန်ကို ရောက်လာလိမ့်မယ်။ သင့်ဘဝကို ရှေ့ဆက်ရင်းနဲ့ သင့်နှလုံးသားမှာ ဘုရားသခင်ရဲ့နေရာ နည်းနည်းရှိလာတဲ့အခါ သို့မဟုတ် သူ့အလိုတော်ကို ပိုပြီး သေသေချာချာ၊ နက်နက်နဲနဲ နားလည်လာတဲ့အခါ၊ ဒီနေ့ ငါပြောနေတာတွေရဲ့ အရေးကြီးမှုနဲ့ လိုအပ်မှုတို့ကို သင်အမှန်တကယ် နားလည်လာလိမ့်မယ်။ ဘယ်အတိုင်းအတာအထိ သင်တို့လက်ခံထားတယ်ဆိုတာက အရေးမကြီးပါဘူး။ ဒီအရာတွေကို သင်တို့ နားလည်ပြီး သိဖို့ လိုအပ်ပါတယ်။ ဘုရားသခင်က တစ်စုံတစ်ခုကို လုပ်ဆောင်တဲ့အခါမှာ၊ သူ့အလုပ်ကို သူလုပ်တဲ့အခါမှာ၊ သူ့ရဲ့စိတ်ကူးနဲ့ သို့မဟုတ် သူ့ရဲ့ကိုယ်ပိုင်လက်တွေနဲ့ဖြစ်စေ၊ သူလုပ်တာ ပထဆုံးအကြိမ်ဖြစ်ပါစေ၊ နောက်ဆုံးအကြိမ်ဖြစ်ပါစေ၊ နောက်ဆုံးမှာတော့ ဘုရားသခင်မှာ အစီအစဉ်တစ်ခုရှိပါတယ်။ သူလုပ်သမျှအရာတိုင်းမှာ သူ့ရဲ့ရည်ရွယ်ချက်နဲ့ သူ့ရဲ့ အတွေးတွေ ရှိပါတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ အတွေးတွေက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ကိုယ်စားပြုတယ်။ ဒီအရာတွေက သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို ဖော်ပြတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းဆိုတဲ့ ဒီနှစ်ခုကို တစ်ယောက်ချင်းစီတိုင်းက နားလည်ရမယ်။ သူ့ရဲ့စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကို လူတစ်ယောက်က နားလည်လိုက်တာနဲ့ ဘုရားသခင်က သူလုပ်ဆောင်တာတွေကို ဘာကြောင့် လုပ်ဆောင်တယ်၊ သူပြောတာတွေကို ဘာကြောင့်ပြောတယ်ဆိုတာကို သူတို့ တဖြည်းဖြည်းနဲ့ နားလည်နိုင်တယ်။ အဲဒီကနေပြီးတော့ ဘုရားသခင်နောက်ကိုလိုက်ဖို့၊ သမ္မာတရားနောက်ကိုလိုက်ဖို့၊ စိတ်သဘောထား ပြောင်းလဲခြင်းနောက်ကိုလိုက်ဖို့ ယုံကြည်ခြင်းတွေကို သူတို့ပိုမိုရရှိနိုင်တယ်။ ဆိုလိုတာက ဘုရားသခင်အပေါ် လူသားရဲ့ နားလည်ခြင်းနဲ့ ဘုရားသခင်အပေါ် သူ့ရဲ့ယုံကြည်ခြင်းက ခွဲခြားလို့မရဘူး။

လူတွေကြားတဲ့အရာ သို့မဟုတ် နားလည်တဲ့အရာက ဘုရားသခင်ရဲ့ စိတ်သဘောထား၊ သူ့ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းဖြစ်ပေမဲ့ သူတို့ရရှိတာက ဘုရားသခင်ဆီကနေလာတဲ့ အသက်ပဲဖြစ်တယ်။ ဒီအသက်ကို သင့်အထဲ ဖြစ်ပေါ်စေပြီးတာနဲ့ ဘုရားသခင်အပေါ် သင့်ရဲ့ ကြောက်ရွံ့မှုက ပိုပိုပြီး ကြီးမားလာပြီး ဒီသီးနှံတွေကို ရိတ်သိမ်းရခြင်းက လုံးဝ သဘာဝအလျောက် ဖြစ်ပေါ်ပါတယ်။ သင်က ဘုရားသခင်ရဲ့ စိတ်သဘောထား သို့မဟုတ် သူ့ရဲ့အနှစ်သာရကို နားမလည်ချင်ဘူး သို့မဟုတ် မသိချင်ဘူးဆိုရင်၊ ဒီအရာတွေအပေါ်မှာ စဉ်းစားတွေးတောခြင်း သို့မဟုတ် အာရုံစိုက်ခြင်းတောင် မလုပ်ချင်ဘူးဆိုရင် ဘုရားသခင်အပေါ်မှာ သင့်ရဲ့ယုံကြည်ခြင်းကို အခုသင် ကြိုးပမ်းအားထုတ်တဲ့ နည်းလမ်းက သူ့ရဲ့အလိုတော်ကို ဖြည့်ဆည်းဖို့ သို့မဟုတ် သူ့ရဲ့ချီးမွမ်းခြင်းကိုရဖို့ အခွင့်ကို လုံးဝမပေးနိုင်ဘူးဆိုတာ ငါသေချာပေါက် ပြောနိုင်ပါတယ်။ အဲဒီထက်ပိုတာက ကယ်တင်ခြင်းကို သင်ဘယ်တော့မှ အမှန်တကယ် မရောက်ရှိနိုင်ဘူး။ ဒါတွေဟာ နောက်ဆုံး အကျိုးရလဒ်တွေပဲ။ လူတွေက ဘုရားသခင်ကို နားမလည်တဲ့အခါ၊ သူ့ရဲ့စိတ်သဘောထားကို မသိတဲ့အခါမှာ သူတို့ရဲ့နှလုံးသားဟာ သူ့အတွက် လုံးဝ အမှန်တကယ် ဖွင့်ဟထားနိုင်မှာမဟုတ်ဘူး။ ဘုရားသခင်ကို သူတို့နားလည်လိုက်တာနဲ့ ဘုရားသခင်ရဲ့နှလုံးသားထဲမှာရှိတဲ့အရာကို စတင်နားလည်လာပြီး စိတ်ဝင်စားမှုနဲ့ ယုံကြည်ခြင်းနဲ့ စတင်ကျေနပ်ခံစားလာပါလိမ့်မယ်။ ဘုရားသခင်ရဲ့ နှလုံးသားထဲမှာရှိတဲ့အရာကို နားလည်ပြီး ကျေနပ်ခံစားရတဲ့အခါမှာ သင့်ရဲ့နှလုံးသားက နည်းနည်းချင်း တဖြည်းဖြည်းနဲ့ သူ့အတွက် ဖွင့်ဟလာပါလိမ့်မယ်။ သင့်နှလုံးသားက သူ့အတွက် ဖွင့်ဟတဲ့အခါမှာ ဘုရားသခင်နဲ့ သင့်ရဲ့ ခွန်းတုံ့ဖလှယ်မှုတွေ၊ ဘုရားသခင်ကို သင့်ရဲ့တောင်းဆိုမှုတွေ၊ သင်ကိုယ်တိုင်ရဲ့ လွန်ကျူးတဲ့ဆန္ဒတွေက ဘယ်လောက်ရှက်စရာကောင်းတယ်၊ ဘယ်လောက် စက်ဆုပ်ဖွယ်ဖြစ်တယ်ဆိုတာကို သင်ခံစားရလိမ့်မယ်။ သင့်နှလုံးသားက ဘုရားသခင်အတွက် အမှန်တကယ် ဖွင့်ဟလာတဲ့အခါမှာ သူ့နှလုံးသားဟာ အဆုံးအစမရှိတဲ့ ကမ္ဘာတစ်ခုလိုပဲဆိုတာကို သင်မြင်ရမယ်။ သင်အရင်က တစ်ခါမှ မတွေ့ကြုံဖူးတဲ့ နယ်ပယ်ထဲကို သင်ဝင်ရောက်သွားလိမ့်မယ်။ ဒီနယ်ပယ်ထဲမှာ လိမ်ညာခြင်းမရှိဘူး။ လှည့်စားခြင်းမရှိဘူး။ မှောင်မိုက်ခြင်း မရှိဘူး။ ဆိုးယုတ်ခြင်း မရှိဘူး။ ရိုးသားဖြူစင်ခြင်းနဲ့ ယုံကြည်ခြင်း၊ အလင်းနဲ့ ရိုးသားဖြောင့်မတ်ခြင်း၊ မှန်ကန်ဖြောင့်မတ်ခြင်းနဲ့ ကြင်နာခြင်းတို့သာ ရှိပါတယ်။ ချစ်ခြင်းနဲ့ ဂရုစိုက်မှုတွေ ပြည့်နေတယ်။ ကြင်နာခြင်းနဲ့ သည်းခံခြင်းတို့နဲ့ ပြည့်နေတယ်။ အဲဒီကနေတစ်ဆင့် သင်ဟာ အသက်ရှင်ရခြင်းရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းမြောက်မှုကို ခံစားရတယ်။ ဒီအရာတွေက သင်ဘုရားသခင်ဆီကို သင့်နှလုံးသားကို ဖွင့်ဟတဲ့အခါမှာ သင့်ကို သူဖွင့်ပြမယ့်အရာတွေဖြစ်တယ်။ အဆုံးအစမရှိတဲ့ ဒီကမ္ဘာဟာ ဘုရားသခင်ရဲ့ အသိဉာဏ်ပညာတို့နဲ့ ပြည့်နေတယ်။ သူ့ရဲ့ အတိုင်းအဆမရှိဘုန်းတန်ခိုးတို့နဲ့ ပြည့်နေတယ်။ သူ့ရဲ့ချစ်ခြင်းနဲ့ သူ့ရဲ့ အာဏာတို့နဲ့လည်း ပြည့်နေပါတယ်။ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ အချက်အလက်တိုင်းနဲ့ သူ့ကို ဘယ်အရာက ဝမ်းမြောက်စေတယ်၊ သူဘာကြောင့်စိတ်ပူပြီး ဘာကြောင့် ဝမ်းနည်းလာတယ်၊ သူဘာကြောင့် စိတ်ဆိုးလာတယ်ဆိုတာတွေကို ဒီနေရာမှာ သင်မြင်နိုင်တယ်။ ဒါဟာ သူတို့ရဲ့နှလုံးသားကို ဖွင့်ဟပြီး ဘုရားသခင်ကို ဝင်ခွင့်ပေးတဲ့သူ တစ်ယောက်ချင်းစီတိုင်းက မြင်နိုင်တဲ့အရာ ဖြစ်ပါတယ်။ သင်က သူ့ကို ဖွင့်ဟပေးမှသာ ဘုရားသခင်က သင့်နှလုံးသားထဲကို ဝင်လာနိုင်ပါတယ်။ သူက သင့်နှလုံးသားထဲကို ဝင်ရောက်လာရင် ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကိုသာ သင်မြင်နိုင်ပြီး သင့်အတွက် သူ့ရဲ့အလိုတော်ကိုသာ သင်မြင်နိုင်တယ်။ အဲဒီအချိန်မှာ ဘုရားသခင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတိုင်းက သိပ်တန်ဖိုးရှိတယ်ဆိုတာ၊ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းဟာ တန်ဖိုးထားဖို့ သိပ်ထိုက်တန်တယ်ဆိုတာကို သင်တွေ့လာပါလိမ့်မယ်။ အဲဒါနဲ့ နှိုင်းယှဉ်လိုက်ရင် သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေ၊ သင့်ဘဝမှာရှိတဲ့ အရာဝတ္ထုနဲ့ အဖြစ်အပျက်တွေ၊ သင်ချစ်ရတဲ့သူတောင်ပါဝင်ပြီး၊ သင့်ရဲ့အဖော်၊ သင်ချစ်တဲ့ အရာတွေဟာ ထုတ်ဖော်ပြောဖို့တောင် မထိုက်တန်ပါဘူး။ ဒါတွေက သိပ်သေးငယ်ပြီး သိပ်နိမ့်ကျပါတယ်။ ဘယ်ရုပ်ဝတ္ထုပစ္စည်းတွေကမှ သင့်ကို နောက်တစ်ခါ ဆွဲဆောင်နိုင်မှာ မဟုတ်တော့ဘူးလို့ သင်ခံစားရလိမ့်မယ်။ ဒီပစ္စည်းတွေက သူတို့အတွက် အဖိုးအခကို ပေးဆပ်စေဖို့ သင့်ကို ပြုလုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဘုရားသခင်ရဲ့ နှိမ့်ချခြင်းမှာ သူ့ရဲ့ကြီးမြတ်မှုနဲ့ သာလွန်မှုကို သင်မြင်ရလိမ့်မယ်။ နောက်ပြီး တော်တော်ကိုသေးငယ်တယ်လို့ သင်ယုံကြည်ထားတဲ့ သူလုပ်ဆောင်ခဲ့တဲ့အရာတစ်ခုခုမှာ သူ့ရဲ့အဆုံးအစမရှိတဲ့ ဉာဏ်ပညာနဲ့ သူ့ရဲ့သည်းခံခြင်းကို မြင်ရလိမ့်မယ်။ သူ့ရဲ့ စိတ်ရှည်မှု၊ သူ့ရဲ့ သည်းခံမှု၊ သင့်အပေါ် သူ့ရဲ့နားလည်မှုကို သင်မြင်ရလိမ့်မယ်။ ဒါက သင့်အတွင်းမှာ သူ့အတွက် အချစ်တစ်ခု ဖြစ်ပေါ်စေပါလိမ့်မယ်။ အဲဒီနေ့မှာ လူသားမျိုးနွယ်ဟာ ညစ်ညမ်းနေတဲ့ ကမ္ဘာမှာ အသက်ရှင်နေရတာကို၊ သင့်ဘေးမှာရှိတဲ့လူတွေနဲ့ သင့်ဘဝမှာဖြစ်ပျက်နေတဲ့အရာတွေ၊ သင်ချစ်တဲ့သူတွေ၊ သင့်အတွက် သူတို့ရဲ့အချစ်တွေ၊ သူတို့ရဲ့ ကာကွယ်ခြင်းလို့ခေါ်တဲ့အရာတွေ သို့မဟုတ် သင့်အတွက် သူတို့ရဲ့ စိုးရိမ်ခြင်းတွေဟာ ပြောပြဖို့တောင် မထိုက်တန်ဘူးဆိုတာ၊ ဘုရားသခင်သာလျှင် သင်ချစ်ခင်မြတ်နိုးရတဲ့သူဖြစ်ပြီး သင်တန်ဖိုးအထားဆုံးက ဘုရားသခင်သာဖြစ်တယ် ဆိုတာကို သင်ခံစားရပါလိမ့်မယ်။ အဲဒီအချိန်ရောက်လာတဲ့အခါမှာ တစ်ချို့လူတွေက ဒီလိုပြောကြလိမ့်မယ်ဆိုတာကို ငါမြင်တယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းက သိပ်ကြီးမြတ်တယ်။ သူ့ရဲ့အနှစ်သာရဟာ သိပ်သန့်ရှင်းမြင့်မြတ်တယ်။ ဘုရားသခင်ဆီမှာ လှည့်စားခြင်း၊ ဆိုးယုတ်ခြင်း၊ မနာလိုခြင်း၊ ခိုက်ရန်ဒေါသဖြစ်ခြင်းတို့ မရှိဘဲ ဖြောင့်မတ်ခြင်းနဲ့ စစ်မှန်ခြင်းသာရှိပြီး ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းဖြစ်တဲ့ အရာရာတိုင်းကို လူသားတို့က ဆာငတ်တောင့်တသင့်တယ်။ လူသားတွေဟာ ဒီအရာအပေါ်မှာ အားထုတ်ကြိုးပမ်းသင့်ပြီး မျှော်လင့်ချက်ကြီးမားစွာ ထားရှိသင့်ပါတယ်။ ဒီအရာကို ရယူနိုင်ဖို့အတွက် လူသားမျိုးနွယ်ရဲ့ အရည်အချင်းကို ဘယ်ပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာလဲ။ ဘုရားသခင်ရဲ့ စိတ်သဘောထားအပေါ် လူသားရဲ့ နားလည်မှုအခြေခံအချက်နဲ့ ဘုရားသခင်ရဲ့ အနှစ်သာရအပေါ် သူတို့ရဲ့ နားလည်မှုအပေါ်မှာ တည်ဆောက်ထားတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကို နားလည်ခြင်းဟာ လူတိုင်းအတွက် တစ်သက်လုံးသင်ကြားရမယ့့် သင်ခန်းစာဖြစ်ပြီး သူတို့ရဲ့ စိတ်သဘောထားတွေကို ပြောင်းလဲဖို့ ကြိုးပမ်းသူတွေနဲ့ ဘုရားသခင်ကို သိဖို့ ကြိုးပမ်းတဲ့သူတိုင်း အားထုတ်ကြိုးပမ်းတဲ့ တစ်သက်လုံး ကြိုးပမ်းရမယ့် ပန်းတိုင်ဖြစ်ပါတယ်။

ဘုရားသခင်ပြီးမြောက်ခဲ့တဲ့ အလုပ်အားလုံး၊ သူပထမဦးဆုံးအကြိမ် လုပ်ခဲ့တဲ့အရာတွေ အစဉ်လိုက်ကို ငါတို့ ပြောခဲ့ကြတယ်။ ဒီအရာတွေ တစ်ခုချင်းစီတိုင်းက ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအတွက် အစီအစဉ်နဲ့ သက်ဆိုင်ပြီး ဘုရားသခင်ရဲ့ အလိုတော်နဲ့သက်ဆိုင်တယ်။ ဒီအရာတွေက ဘုရားသခင်ရဲ့ ကိုယ်ပိုင်စိတ်သဘောထားနဲ့ သူ့ရဲ့အနှစ်သာရနဲ့လည်း သက်ဆိုင်တယ်။ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို ပိုပြီးနားလည်ချင်ရင် ဓမ္မဟောင်းကျမ်း သို့မဟုတ် ပညတ်တော်ခေတ်မှာ ရပ်နေလို့မရဘဲ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုမှာ သူလှမ်းခဲ့တဲ့ ခြေလှမ်းတွေနဲ့အတူ ငါတို့ ရှေ့ဆက်ဖို့ လိုအပ်တယ်။ ဒါကြောင့် ဘုရားသခင်က ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့ပြီး ကျေးဇူးတော်ခေတ်ကို စတင်ခဲ့သလိုပဲ ငါတို့ရဲ့ ကိုယ်ပိုင်ခြေလှမ်းတွေကလည်း ကျေးဇူးတော်ခေတ်ကို လှမ်းလာခဲ့ကြတယ်။ ကျေးဇူးတော်နဲ့ ရွေးနုတ်ခြင်းတို့နဲ့ ပြည့်နေတဲ့ခေတ်ပေါ့။ ဒီခေတ်မှာ နောက်တစ်ခါ ဘုရားသခင်က ပထမဆုံးအကြိမ် သိပ်အရေးကြီးတဲ့ အရာတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ဘုရားသခင်နဲ့ လူသားမျိုးနွယ်အတွက် ဒီခေတ်သစ်မှာရှိတဲ့ အလုပ်က အသစ်စတင်တဲ့ အမှတ်တစ်ခုဖြစ်ပါတယ်။ ဒီအသစ်စတင်တဲ့အမှတ်က နောက်ထပ် ပထမဆုံးအကြိမ် ဘုရားသခင်ပြုလုပ်ခဲ့တဲ့ အရာလည်းဖြစ်ပါတယ်။ ဒီအလုပ်အသစ်က လူသားတွေနဲ့ ဖန်ဆင်းခံအားလုံးတို့ စဉ်းစားကြည့်လို့မရနိုင်တဲ့ ဘုရားသခင် ဆောင်ရွက်ခဲ့တဲ့ မသိသေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာ လူတွေအားလုံး သိကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဘုရားသခင်က လူသားတစ်ယောက်ဖြစ်လာတာ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။ လူသားတစ်ယောက်အသွင်နဲ့ လူသားတစ်ယောက်ရဲ့ ဝိသေသလက္ခဏာနဲ့ အလုပ်အသစ်ကို သူစတင်ခဲ့တဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။ ဒီအလုပ်အသစ်ဟာ ဘုရားသခင်က သူ့အလုပ်ကို ပညတ်တော်ခေတ်မှာ ပြည့်စုံစေခဲ့တယ်ဆိုတာ၊ ပညတ်တော်အောက်မှာ သူဟာ ဘာမှလုပ်ခြင်း သို့မဟုတ် ပြောခြင်းမရှိတော့ဘူး ဆိုတာကို ဖော်ပြပါတယ်။ ပညတ်တော်ရဲ့ ပုံသဏ္ဌာန်မှာ သို့မဟုတ် ပညတ်တော်ရဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ သူ ပြောခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း ဘာတစ်ခုမှ ရှိမှာမဟုတ်ပါဘူး။ တစ်နည်းပြောရရင် ပညတ်တော်မှာ အခြေခံတဲ့ သူ့ရဲ့အလုပ်အားလုံးဟာ ထာဝရ ရပ်တန့်သွားပြီး ရှေ့ဆက်မှာမဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်က အလုပ်အသစ်ကို စတင်ချင်ခဲ့ပြီး အကြောင်းအရာ အသစ်တွေကို လုပ်ချင်တဲ့အတွက်ကြောင့်ဖြစ်တယ်။ သူ့အစီအစဉ်မှာ နောက်တဖန် အသစ်စတင်မှတ်တစ်ခု ရှိခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို နောက်ထပ်ခေတ်တစ်ခုဆီကို ဦးဆောင်ခဲ့ရပါတယ်။

ဒါက လူသားတွေအတွက် ဝမ်းမြောက်ဖွယ်သတင်းလား၊ မကောင်းတဲ့သတင်းလားဆိုတာက သူတို့ရဲ့အနှစ်သာရအပေါ်မှာ မူတည်ခဲ့ပါတယ်။ ဒါဟာ ဝမ်းမြောက်ဖွယ်သတင်းမဟုတ်ဘူးလို့ ဆိုနိုင်ပြီး လူတစ်ချို့အတွက်တော့ မကောင်းတဲ့သတင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်က သူ့ရဲ့အလုပ်သစ်ကို စတင်ခဲ့တဲ့အခါမှာ ပညတ်တွေနဲ့ စည်းမျဉ်းတွေကိုပဲ လိုက်နာတဲ့လူတွေ၊ အယူဝါဒတွေကိုပဲ လိုက်နာပြီး ဘုရားသခင်ကို မကြောက်ရွံ့တဲ့သူတွေဟာ သူ့ရဲ့အလုပ်အသစ်ကို ရှုတ်ချဖို့ ဘုရားသခင်ရဲ့ အလုပ်အဟောင်းကို အသုံးပြုကြတယ်။ ဒီလူတွေအတွက် ဒါဟာ မကောင်းတဲ့သတင်းပဲ။ ဒါပေမဲ့ အပြစ်ကင်းစင်ပြီး ပွင့်လင်းတဲ့ လူတိုင်းအတွက် ဘုရားသခင်အပေါ်မှာ ရိုးသားဖြူစင်ပြီး သူ့ရဲ့ ရွေးနုတ်ခြင်းကို လက်ခံရရှိဖို့ ဆန္ဒရှိတဲ့သူတွေအတွက် ဘုရားသခင်ရဲ့ ပထမဆုံး လူ့ဇာတိခံယူခြင်းက သိပ်ဝမ်းမြောက်ဖွယ် သတင်းဖြစ်တယ်။ လူသားတွေ ရှိကတည်းက ဒါဟာ ဘုရားသခင်ပေါ်ထွန်းလာပြီး ဝိညာဉ်တော်မဟုတ်တဲ့ အသွင်နဲ့ လူသားမျိုးနွယ်တွေထဲမှာ အသက်ရှင်နေထိုင်တာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ လူသားတစ်ယောက်ကနေ မွေးဖွားပြီး လူသားအနေနဲ့ လူတွေကြားထဲမှာ နေထိုင်ပြီး သူတို့ရဲ့အလယ်မှာ အလုပ်လုပ်ခဲ့တယ်။ ဒီ “ပထမဆုံးအကြိမ်” ဆိုတာက လူတွေရဲ့ အယူအဆတွေကို ချိုးဖျက်ခဲ့ပြီး စိတ်ကူးထင်မြင်ခြင်းတွေ အားလုံးထက် ကျော်လွန်ပါတယ်။ ဖြည့်စွက်ပြောရရင် ဘုရားသခင်ရဲ့ နောက်လိုက်အားလုံးက လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကျိုးအမြတ်တွေကို ရရှိခဲ့တယ်။ ဘုရားသခင်ဟာ ခေတ်ဟောင်းကို အဆုံးသတ်ခဲ့ရုံမကဘဲ သူ့ရဲ့ အလုပ်လုပ်နည်းတွေနဲ့ လုပ်တဲ့ပုံစံ အဟောင်းတွေကိုလည်း အဆုံးသတ်ခဲ့ပါတယ်။ သူ့ရဲ့ သတင်းစကား ပို့ဆောင်သူတွေကို သူ့ရဲ့အလိုတော်ကို သယ်ဆောင်ဖို့ ခွင့်မပြုတော့ပါဘူး။ တိမ်တွေထဲမှာပဲ ပုန်းမနေတော့ဘူး။ မိုးခြိမ်းသံတွေကနေတစ်ဆင့် အထက်စီးကနေ လူသားတွေကို စကားပြောခြင်း သို့မဟုတ် ပေါ်ထွန်းလာခြင်း မရှိတော့ဘူး။ အရင်ကဟာတွေနဲ့ မတူဘဲ လူသားတွေအတွက် နားလည်ဖို့ သို့မဟုတ် လက်ခံဖို့ ခက်ခဲတဲ့ လူသားတွေ စဉ်းစားလို့မရနိုင်လောက်တဲ့ နည်းလမ်းကနေတစ်ဆင့် လူ့ဇာတိခံယူလာရင်း အဲဒီခေတ်ရဲ့ လုပ်ဆောင်မှုကို တည်ဆောက်ဖို့အတွက် သူဟာ လူသားဖြစ်လာခဲ့ပါတယ်။ ဒီအဆင့်က လူသားမျိုးနွယ်ကို အံ့သြသွားစေခဲ့တယ်။ သူတို့အတွက် အရမ်းကိုအဆင်မပြေလည်း ဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်က သူအရင်ကတစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်အသစ်တစ်ခုကို နောက်တစ်ခါ စတင်ခဲ့တဲ့အတွက်ကြောင့်ပါ။ ဒီနေ့ ခေတ်သစ်မှာ ဘုရားသခင်က ဘယ်လိုအလုပ်သစ်တွေကို ပြီးမြောက်ခဲ့သလဲဆိုတာကို ငါတို့ ကြည့်ရှုမှာဖြစ်ပြီး ဒီအလုပ်အသစ်တွေအားလုံးမှာ ဘုရားသခင်ရဲ့ စိတ်သဘောထားကဘာလဲ၊ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို ငါတို့နားလည်နိုင်သလားဆိုတာကို ကြည့်ကြမယ်။

အောက်ပါစကားလုံးတွေက သမ္မာကျမ်းစာရဲ့ ဓမ္မသစ်ကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ စကားလုံးတွေပဲ။

၁။ (ရှင်မဿဲ ၁၂:၁) ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။

၂။ ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။

ဒီစာပိုဒ်ကို အရင်ကြည့်ရအောင်။ “ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။”

ဒီစာပိုဒ်ကို ဘာကြောင့် ငါတို့ရွေးချယ်ခဲ့တာလဲ။ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ အဲဒါက ဘာဆက်စပ်မှုရှိသလဲ။ ဒီစာပိုဒ်မှာ ငါတို့သိတဲ့ ပထမဆုံးအရာက အဲဒီနေ့ဟာ ဥပုသ်နေ့ဖြစ်တယ်ဆိုပေမဲ့ သခင်ယေရှုက အပြင်ကိုထွက်ပြီး ပြောင်းဖူးကွင်းကို ဖြတ်ပြီး သူ့ရဲ့ တပည့်တော်တွေကို ခေါ်ဆောင်ခဲ့တယ်။ ပိုပြီးတော့ “ဆိုးရွားတာက” သူတို့ဟာ “စပါးအသီးအနှံကို ဆွတ်၍စားကြ၏” ဆိုတာပဲ။ ပညတ်တော်ခေတ်မှာ ယေဟောဝါဘုရားသခင်ရဲ့ ပညတ်တော်တွေအရ လူတွေက ခပ်ပေါ့ပေါ့နဲ့ အပြင်ထွက်လို့မရတဲ့ သို့မဟုတ် ဥပုသ်နေ့ လှုပ်ရှားမှုတွေမှာ ပါဝင်တာတွေ မလုပ်ရဘူး။ ဥပုသ်နေ့မှာ လုပ်ဆောင်လို့မရတဲ့ အရာတွေ အများကြီးရှိတယ်။ သခင်ယေရှုရဲ့ ဒီအပြုအမူဟာ ပညတ်တော်အောက်မှာ အကြာကြီးနေခဲ့တဲ့သူတွေအတွက် ခေါင်းရှုပ်စေတယ်။ ဝေဖန်မှုတွေကိုတောင် လှုံ့ဆော်ခဲ့တယ်။ သူတို့ရဲ့ စိတ်ရှုပ်ထွေးမှုနဲ့ သခင်ယေရှုလုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး သူတို့ပြောခဲ့တဲ့ပုံစံတွေကိုတော့ အခုလောလောဆယ် ခဏထားထားပြီး သခင်ယေရှုက နေ့တွေအားလုံးထဲမှာ ဘာကြောင့် ဥပုသ်နေ့မှာ ဒါကိုလုပ်ဖို့ ရွေးချယ်ခဲ့တာလဲ၊ ဒီအပြုအမူကနေတစ်ဆင့် ပညတ်တော်အောက်မှာ နေထိုင်နေတဲ့ လူတွေကို သူဘာဆွေးနွေးပြောဆိုချင်တာလဲ ဆိုတာကို အရင် ဆွေးနွေးကြမယ်။ ဒါဟာ ဒီစာပိုဒ်နဲ့ ဘုရားသခင်ရဲ့စိတ်သဘောထားကြားမှာရှိတဲ့ ငါပြောချင်တဲ့ ဆက်စပ်မှုပါ။

သခင်ယေရှု ကြွလာတဲ့အခါမှာ လူတွေကို ဆက်သွယ်ပြောဆိုဖို့ သူ့ရဲ့လက်တွေ့လှုပ်ရှားမှုတွေကို အသုံးပြုခဲ့တယ်။ ဘုရားသခင်က ပညတ်တော်ခေတ်ကို စွန့်ခွာခဲ့ပြီး အလုပ်အသစ်ကို စတင်ခဲ့တယ်။ ဒီအလုပ်အသစ်က ဥပုသ်နေ့ကို စောင့်ထိန်းဖို့ မလိုအပ်ဘူး။ ဘုရားသခင်က ဥပုသ်နေ့ရဲ့ အကန့်အသတ်တွေကနေ ထွက်လာတဲ့အခါမှာ ဒါဟာ သူ့ရဲ့လုပ်ဆောင်မှုအသစ်ရဲ့ နမူနာတစ်ခုသာဖြစ်ပါတယ်။ သူ့ရဲ့ အမှန်တကယ်ကြီးမြတ်တဲ့ လုပ်ဆောင်မှုဟာ ဆက်လက်လှုပ်ရှားနေပါတယ်။ သခင်ယေရှုက သူ့ရဲ့အလုပ်ကို စတင်လုပ်ဆောင်တဲ့အခါမှာ သူဟာ ပညတ်တော်ခေတ်ရဲ့ အချုပ်အနှောင်တွေကို နောက်ချန်ထားခဲ့ပြီး အဲဒီခေတ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်ခဲ့ပြီးပြီဖြစ်တယ်။ သူ့ဆီမှာ ပညတ်တော်နဲ့ ပတ်သက်တဲ့အရာတွေရဲ့ အရိပ်လက္ခဏာတစ်ခုမှ မရှိပါဘူး။ သူဟာ အဲဒါကို လုံးဝလွှင့်ပစ်ခဲ့ပြီး စောင့်ထိန်းခြင်း မရှိတော့ဘူး။ လူသားမျိုးနွယ်ကိုလည်း ဒါကို စောင့်ထိန်းခိုင်းဖို့ မလိုအပ်တော့ပါဘူး။ ဒါကြောင့် ဒီမှာ သခင်ယေရှုဟာ ဥပုသ်နေ့မှာ ပြောင်းဖူးကွင်းကို ဖြတ်သန်းသွားတာကို သင်တွေ့ရပါတယ်။ သခင်က အနားယူခြင်းမရှိဘဲ အပြင်မှာ အလုပ်လုပ်နေပါတယ်။ သူ့ရဲ့ ဒီအပြုအမူဟာ လူတွေရဲ့ အယူအဆတွေအပေါ်မှာ အံ့အားသင့်သွားစေခဲ့ပြီး သူဟာ ပညတ်တော်အောက်မှာ မနေတော့ဘူး၊ ဥပုသ်နေ့ရဲ့ အကန့်အသတ်တွေကို သူထားခဲ့ပြီး လူသားမျိုးနွယ်ရှေ့မှာ၊ ပုံစံအသစ်နဲ့ သူတို့တွေရဲ့ကြားထဲမှာ လုပ်ဆောင်နည်းအသစ်တစ်ခုနဲ့ ပေါ်လာတယ်။ သူ့ရဲ့ ဒီအပြုအမူဟာ ပညတ်တော်ကနေ ထွက်ခွာခြင်းနဲ့ ဥပုသ်ကနေ ထွက်ခွာခြင်းနဲ့စတင်တဲ့ သူ့ရဲ့ လုပ်ဆောင်မှုအသစ်နဲ့ သူယူဆောင်လာခဲ့တဲ့ လူတွေကို ပြောပြပါတယ်။ ဘုရားသခင်က သူ့ရဲ့လုပ်ဆောင်မှုအသစ်ကို လုပ်တဲ့အခါမှာ သူဟာ အတိတ်ကို ဖက်တွယ်မနေတော့ပါဘူး။ နောက်ပြီး သူဟာ ပညတ်တော်ခေတ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး အလေးထားခြင်း မရှိတော့ပါဘူး။ အရင်ခေတ်ကာလက သူ့ရဲ့လုပ်ဆောင်ချက်တွေရဲ့ သက်ရောက်မှုတွေလည်း သူ့မှာ မရှိတော့ဘဲ ဥပုသ်နေ့မှာ ပုံမှန်အတိုင်းပဲ အလုပ်လုပ်ပြီး သူ့ရဲ့ တပည့်တော်တွေက ဆာလောင်တဲ့အခါမှာ ပြောင်းဖူးသီးနှံတွေကို စားဖို့ သူတို့ ခူးဆွတ်နိုင်ကြပါတယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အမြင်မှာ တကယ့်ကို သာမန်ပါပဲ။ ဘုရားသခင်က သူလုပ်ချင်တဲ့ အလုပ်တွေအများကြီးအတွက်၊ သူပြောချင်တာတွေအတွက် အသစ်စတင်နိုင်ပါတယ်။ အသစ်စတင်မှုတစ်ခုကို သူလုပ်လိုက်တာနဲ့ သူ့ရဲ့အရင်အလုပ်ကို မပြောသလို ဆက်ပြီးတော့လည်း မလုပ်တော့ပါဘူး။ ဘုရားသခင်ဟာ သူ့အလုပ်မှာ စည်းမျဉ်းတွေရှိတာကြောင့်ပါ။ အလုပ်အသစ်ကို သူစတင်ချင်တဲ့အချိန်ဟာ သူ့အလုပ်ရဲ့ အဆင့်အသစ်တစ်ခုဆီကို လူသားမျိုးနွယ်ကို ခေါ်ဆောင်ချင်တဲ့အချိန်ပဲဖြစ်ပြီး သူ့အလုပ်ဟာ ပိုမြင့်မားတဲ့အဆင့်တစ်ခုကို ဝင်ရောက်တဲ့အချိန်လည်း ဖြစ်ပါတယ်။ လူတွေက ဆိုရိုးတွေ သို့မဟုတ် စည်းမျဉ်းတွေအတိုင်း ဆက်လက်ပြုမူရင် သို့မဟုတ် ဒီအရာတွေကို ဆက်ပြီး စွဲကိုင်ထားရင် သူဟာ ဒါကို အရေးတယူလုပ်ခြင်း သို့မဟုတ် ချီးမွမ်းခြင်းရှိမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် သူက အလုပ်အသစ်ကို ယူဆောင်လာပြီးဖြစ်ပြီး သူ့အလုပ်ရဲ့ အဆင့်အသစ်တစ်ခုဆီကို ဝင်ရောက်ပြီးဖြစ်တာကြောင့်ပါ။ အလုပ်အသစ်ကို သူစတင်တဲ့အခါမှာ သူ့ရဲ့စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ မတူညီတဲ့ အချက်အလက်တွေကို လူတွေသိနိုင်ဖို့အတွက် လုံးဝ ပုံရိပ်အသစ်တစ်ခုနဲ့ ရှုထောင့်အသစ်တစ်ခုနဲ့ လူသားမျိုးနွယ်ဆီကို သူပေါ်ထွန်းလာပါတယ်။ ဒါဟာ သူ့ရဲ့အလုပ်အသစ်မှာရှိတဲ့ သူ့ရဲ့ပန်းတိုင်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဘုရားသခင်က အရင်ကအရာတွေကို ကိုင်စွဲမထားဘူး သို့မဟုတ် အသားကျပြီးသား လမ်းကြောင်းကို မလျှောက်ပါဘူး။ သူအလုပ်လုပ်ပြီး စကားပြောတဲ့အခါမှာ လူတွေထင်သလို ပိတ်ပင်တားမြစ်ခြင်း မရှိပါဘူး။ ဘုရားသခင်ဆီမှာ အားလုံးက လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းတယ်။ ပိတ်ပင်တားမြစ်ခြင်း၊ ကန့်သတ်ခြင်းတွေ မရှိဘူး။ လူသားမျိုးနွယ်ဆီကို သူယူဆောင်လာတဲ့အရာအားလုံးက လွတ်လပ်ခြင်းနဲ့ အချုပ်အချယ်ကင်းခြင်းတွေဖြစ်ပါတယ်။ သူဟာ အသက်ရှင်တဲ့ ဘုရားသခင်၊ အမှန်တကယ် စစ်မှန်စွာ တည်ရှိတဲ့ ဘုရားသခင်ဖြစ်တယ်။ သူဟာ ရုပ်သေးရုပ်တစ်ရုပ် သို့မဟုတ် ရွံ့စေးရုပ်တုတစ်ရုပ်မဟုတ်ပါဘူး။ လူတွေ အမြတ်တနိုးထားပြီး ကိုးကွယ်တဲ့ ရုပ်တုတွေနဲ့ လုံးဝ ကွဲပြားပါတယ်။ သူဟာ အသက်ရှင်ပြီး အားမာန်အပြည့်ရှိတယ်။ လူသားတွေဆီကို သူ့ရဲ့နှုတ်ကပတ်တော်တို့နဲ့ လုပ်ဆောင်မှုတို့က သယ်ဆောင်လာတာတွေအားလုံးဟာ အသက်နဲ့ အလင်း၊ လွတ်လပ်ခြင်းနဲ့ အချုပ်အချယ်ကင်းခြင်းတို့ဖြစ်တယ်။ သူဟာ သမ္မာတရား၊ အသက်နဲ့ လမ်းခရီးကို ကိုင်ဆောင်ထားတဲ့အတွက် သူ့ရဲ့ဘယ်အလုပ်ရဲ့ ကန့်သတ်ခြင်းကိုမှ မခံရဘူး။ လူတွေက ဘာပဲပြောပါစေ၊ သူတို့က ဘယ်လိုပဲမြင်ပါစေ၊ သို့မဟုတ် သူ့ရဲ့အလုပ်အသစ်ကို ဘယ်လိုပဲ အကဲဖြတ်ပါစေ၊ စနိုးစနောင့်ဖြစ်တာမျိုး မရှိဘဲ သူ့ရဲ့အလုပ်ကို လုပ်ဆောင်ပါလိမ့်မယ်။ ဘယ်တစ်ဦးတစ်ယောက်ရဲ့ အယူအဆတွေ၊ သူ့အလုပ်နဲ့ နှုတ်ကပတ်တော်တွေကို လက်ညှိုးထိုးဝေဖန်ခြင်းတွေ၊ သို့မဟုတ် သူ့ရဲ့အလုပ်အသစ်အပေါ် သူတို့ရဲ့ ပြင်းထန်တဲ့ ဆန့်ကျင် ခုခံခြင်းတွေနဲ့ပတ်သက်ပြီးတောင် သူစိုးရိမ်ပူပန်မှာမဟုတ်ဘူး။ ဘုရားသခင်လုပ်ဆောင်တဲ့အရာကို တိုင်းတာဖို့ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ဖို့၊ သူ့အလုပ်ကို ချိုးနှိမ်ဖို့ သို့မဟုတ် နှောင့်ယှက်ဖို့ သို့မဟုတ် တမင်ဖျက်ဆီးဖို့ ဖန်ဆင်းခံအားလုံးထဲမှာ ဘယ်သူကမှ လူသားရဲ့ ကျိုးကြောင်းဆင်ခြင်မှု သို့မဟုတ် လူသားရဲ့ စိတ်ကူးတွေးတောမှု၊ အသိပညာ သို့မဟုတ် ကိုယ်ကျင့်တရားကို အသုံးမပြုနိုင်ပါဘူး။ သူ့ရဲ့အလုပ်နဲ့ သူလုပ်တဲ့အရာတွေမှာ ပိတ်ပင်တားမြစ်ထားခြင်းတွေ မရှိဘူး။ ဘယ်လူ၊ အကြောင်းရာ သို့မဟုတ် အရာဝတ္ထုရဲ့ ကန့်သတ်ခြင်းမှ ရှိမှာမဟုတ်ဘူး။ ဘယ်ရန်လိုတဲ့အင်အားစုရဲ့ နှောင့်ယှက်ခြင်းကိုမှ ခံရမှာမဟုတ်ပါဘူး။ သူ့ရဲ့အလုပ်အသစ်မှာ သူဟာ အမြဲတမ်းအောင်နိုင်မှုကို ရရှိနေတဲ့ ဘုရင်တစ်ပါးဖြစ်ပြီး လူသားမျိုးနွယ်ဆီက ရန်လိုတဲ့အင်အားစုတွေ၊ မိစ္ဆာဒိဋ္ဌိနဲ့ အယူလွဲမှားမှုတွေ အားလုံးဟာ သူ့ရဲ့ ခြေတင်ခုံအောက်မှာ နင်းချေခြင်းကို ခံကြရတယ်။ သူ့အလုပ်ရဲ့ ဘယ်အဆင့်အသစ်ကို သူလုပ်ဆောင်နေသည်ဖြစ်စေ အဲဒီအလုပ်ကို လူသားတွေရဲ့အလယ်မှာ တည်ဆောက်ပြီး ချဲ့ထွင်ရမှာဖြစ်ပြီး သူ့ရဲ့ ကြီးမားတဲ့အလုပ် ပြီးဆုံးသည်အထိ စကြဝဠာတစ်ခုလုံးမှာ အတားအဆီးမရှိ လုပ်ဆောင်ရမှာဖြစ်တယ်။ ဒါဟာ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ ဉာဏ်ပညာဖြစ်တယ်။ သူ့ရဲ့ အာဏာနဲ့ တန်ခိုးဖြစ်တယ်။ ဒါကြောင့် သခင်ယေရှုဟာ ဥပုသ်နေ့မှာ အပြင်ကို ပွင့်လင်းစွာ သွားလာနိုင်ပြီး အလုပ်လုပ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် သူ့နှလုံးသားထဲမှာ စည်းမျဉ်းတွေမရှိဘူး။ လူသားမျိုးနွယ်ကနေ ဖြစ်ပေါ်လာတဲ့ အသိပညာ သို့မဟုတ် အယူဝါဒတွေ မရှိဘူး။ သူရှိတဲ့အရာက ဘုရားသခင်ရဲ့ လုပ်ဆောင်မှုအသစ်နဲ့ သူ့ရဲ့လမ်းခရီးပဲဖြစ်တယ်။ သူ့ရဲ့အလုပ်က လူသားမျိုးနွယ်ကို လွတ်မြောက်စေဖို့၊ သူတို့ကို လွှတ်ပေးဖို့၊ သူတို့ကို အလင်းမှာ ဖြစ်တည်ခွင့်ပေးဖို့၊ သူတို့ကို အသက်ရှင်ခွင့်ပေးဖို့ နည်းလမ်းဖြစ်တယ်။ ရုပ်တုတွေ သို့မဟုတ် မှားယွင်းတဲ့ ဘုရားတွေကို ကိုးကွယ်တဲ့သူတွေဟာ စာတန်ရဲ့ချည်နှောင်ခြင်းကိုခံရရင်း၊ စည်းမျဉ်းနဲ့ ဘာသာရေးယဉ်ကျေးမှုဆိုင်ရာ တားမြစ်ချက်ပေါင်းစုံရဲ့ ကန့်သတ်ချက်တွေနဲ့ နေ့စဉ် အသက်ရှင်နေထိုင်ရတယ်။ ဒီနေ့မှာ တစ်ခုကို ပိတ်ပင်တားမြစ်ပြီး နောက်နေ့ကျရင် နောက်တစ်ခုကို ပိတ်ပင်တားမြစ်တယ်။ သူတို့ဘဝမှာ လွတ်လပ်ခြင်းမရှိဘူး။ သူတို့ဟာ ဝမ်းမြောက်စရာအကြောင်းပြောစရာမရှိတဲ့ အချုပ်အနှောင်တွေနဲ့ အကျဉ်းသားတွေလိုပါပဲ။ “ပိတ်ပြင်တားမြစ်ခြင်း” ဆိုတာ ဘာကို ကိုယ်စားပြုတာလဲ။ အကန့်အသတ်တွေ၊ ချည်နှာင်မှုတွေနဲ့ ဆိုးယုတ်ခြင်းတွေကို ကိုယ်စားပြုတယ်။ လူတစ်ယောက်က ရုပ်တုတစ်ခုကို ကိုးကွယ်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့ဟာ မှားယွင်းတဲ့ ဘုရားကို ကိုးကွယ်နေခြင်းဖြစ်တယ်။ ဆိုးယုတ်တဲ့ နတ်ဆိုးကို ကိုးကွယ်နေခြင်း ဖြစ်တယ်။ ပိတ်ပင်တားမြစ်ခြင်းမှာ ဒါတွေပါလာပါတယ်။ သင်က ဒီဟာ၊ ဟိုဟာတွေ မစားရဘူး။ ဒီနေ့ သင်အပြင်ထွက်လို့မရဘူး။ မနက်ဖြန်ကျရင် မီးဖိုကို ဖွင့်လို့မရဘူး။ နောက်နေ့ကျတော့ သင်အိမ်အသစ်ကို ပြောင်းလို့မရဘူး။ မင်္ဂလာဆောင်တွေ၊ အသုဘ အခမ်းအနားတွေနဲ့ ကလေးမွေးတာတွေအတွက်တောင်မှ သတ်မှတ်ထားတဲ့ ရက်တွေကို ရွေးချယ်ရတယ်။ ဒါကို ဘာလို့ ခေါ်သလဲ။ ပိတ်ပင်တားမြစ်ခြင်းလို့ ခေါ်တယ်။ ဒါဟာ လူသားမျိုးနွယ်ရဲ့ ကျွန်ခံရခြင်းပဲဖြစ်တယ်။ စာတန်ရဲ့ အချုပ်အနှောင်ဖြစ်ပြီး ဆိုးယုတ်တဲ့ နတ်ဆိုးတွေက သူတို့ကို ထိန်းချုပ်နေပြီး သူတို့ရဲ့နှလုံးသားနဲ့ ကိုယ်ခန္ဓာကို ကန့်သတ်နေတာဖြစ်ပါတယ်။ ဒီပိတ်ပင်တားမြစ်ခြင်းတွေက ဘုရားသခင်မှာ တည်ရှိသလား။ ဘုရားသခင်ရဲ့ သန့်ရှင်းမြင့်မြတ်ခြင်းကို ပြောတဲ့အခါမှာ သင်ဟာ ဒါကို အရင်ဆုံးစဉ်းစားသင့်တယ်။ ဘုရားသခင်နဲ့ဆိုရင် ပိတ်ပင်တားမြစ်ခြင်းတွေ မရှိဘူး။ သူ့ရဲ့နှုတ်ကပတ်တော်တွေနဲ့ အလုပ်မှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဒါပေမဲ့ ပိတ်ပင်တားမြစ်ခြင်းတွေ မရှိဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ကိုယ်တော်တိုင်က သမ္မာတရား၊ အသက်နဲ့ လမ်းခရီးဖြစ်တာကြောင့်ပဲ။

အခု ဒီစာပိုဒ်ကို ကြည့်ကြည့်ရအောင်။ “ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။” ဒီနေရာမှာ “ဗိမာန်တော်” ဆိုတာ ဘာကို ရည်ညွှန်းတာလဲ။ ရိုးရိုးရှင်းရှင်းပြောရရင် “ဗိမာန်တော်” ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ မြင့်မားတဲ့ အဆောက်အဦးကို ဆိုလိုပြီး ပညတ်တော်ခေတ်မှာ ဗိမာန်တော်ဟာ ပုရောဟိတ်တွေအတွက် ဘုရားသခင်ကို ကိုးကွယ်ဖို့ နေရာတစ်ခုဖြစ်ပါတယ်။ သခင်ယေရှုက “ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။” လို့ပြောတဲ့အခါမှာ “အရာ” ဆိုတာ ဘာကိုရည်ညွှန်းတာလဲ။ ရှင်းပါတယ်။ “အရာ”ဆိုတာက ဇာတိခန္ဓာထဲက သခင်ယေရှုပါပဲ။ ဘာကြောင့်လဲဆိုရင် သူသာလျှင် ဗိမာန်တော်ထက် ကြီးမြတ်သူဖြစ်တာကြောင့်ပါ။ ဒီစကားလုံးတွေက လူတွေကို ဘာတွေပြောပြနေသလဲ။ ဗိမာန်တော်ထဲကနေ ထွက်ဖို့ လူတွေကို ပြောနေပါတယ်။ ဘုရားသခင်က ထွက်နှင့်ပြီးဖြစ်ပြီး အဲဒီအထဲမှာ အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် လူတွေဟာ ဘုရားသခင်ရဲ့ ခြေလှမ်းတွေကို ဗိမာန်တော်ရဲ့အပြင်ဖက်မှာ ရှာဖွေပြီး သူ့ရဲ့အလုပ်အသစ်မှာ သူ့ရဲ့ခြေလှမ်းတွေနောက်ကို လိုက်သင့်ပါတယ်။ သခင်ယေရှုက ဒါကိုပြောပြတဲ့ နောက်ခံအကြောင်းက ပညတ်တော်အောက်မှာ လူတွေက ဗိမာန်တော်ကို ဘုရားသခင်ကိုယ်တော်တိုင်ထက် ကြီးမြတ်နေသလိုမျိုး မြင်လာခဲ့ကြလို့ပါပဲ။ ဆိုလိုတာက လူတွေဟာ ဘုရားသခင်ကို ကိုးကွယ်တာထက် ဗိမာန်တော်ကို ကိုးကွယ်နေကြတယ်။ ဒါကြောင့် သခင်ယေရှုဟာ ဘုရားသခင်ဟာ သာလွန်ကြီးမြတ်တဲ့အတွက်ကြောင့် ရုပ်တုတွေကို မကိုးကွယ်ဘဲ ဘုရားသခင်ကို ကိုးကွယ်ဖို့သတိပေးခဲ့တယ်။ ဒါကြောင့် “ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏” လို့သူပြောခဲ့တယ်။ ဒါဟာ သခင်ယေရှုရဲ့အမြင်မှာ ပညတ်တော်အောက်မှာရှိတဲ့ လူအများစုဟာ ယေဟောဝါ ဘုရားသခင်ကို မကိုးကွယ်တော့ဘဲ ယဇ်ပူဇော်ခြင်းလမ်းစဉ်ကို လိုက်နေတယ်ဆိုတာ ထင်ရှားမြင်သာပြီး သခင်ယေရှုက ဒီလမ်းစဉ်ဟာ ရုပ်တုကိုးကွယ်ခြင်းဖြစ်တယ်လို့ သတ်မှတ်ခဲ့တယ်။ ဒီရုပ်တုကိုးကွယ်သူတွေဟာ ဗိမာန်တော်ကို ဘုရားသခင်ထက်ပိုပြီးကြီးမြတ်တဲ့၊ ပိုပြီးမြင့်တဲ့ အရာတစ်ခုအဖြစ် မြင်ခဲ့ကြတယ်။ သူတို့နှလုံးသားမှာ ဗိမာန်တော်ပဲရှိတယ်။ ဘုရားသခင်မရှိဘူး။ ဗိမာန်တော်ကို သူတို့ ဆုံးရှုံးသွားရင်၊ သူတို့ ကျိန်းဝပ်ရာအရပ်ကို ဆုံးရှုံးသွားတာပဲ။ ဗိမာန်တော်မရှိရင် သူတို့ ကိုးကွယ်ဖို့နေရာမရှိဘူး။ သူတို့ရဲ့ ယဇ်ပူဇော်ခြင်းတွေကို မလုပ်ဆောင်နိုင်ပါဘူး။ သူတို့ရဲ့ ကျိန်းဝပ်ရာအရပ်ဆိုတဲ့နေရာက ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်ခြင်းဆိုတဲ့ နဖူးစည်းစာတန်းအောက်မှာ သူတို့လှုပ်ရှားတဲ့နေရာဖြစ်ပြီး သူတို့ကို ဗိမာန်တော်မှာ နေခွင့်ပေးပြီး သူတို့ရဲ့ ကိုယ်ပိုင်အရေးကိစ္စတွေကို လုပ်ဆောင်ခွင့်ပေးတယ်။ သူတို့ရဲ့ ယဇ်ပူဇော်ပသခြင်းဆိုတဲ့အရာက ဗိမာန်တော်မှာ သူတို့ရဲ့ အစေခံခြင်းကို လုပ်ဆောင်ခြင်းဆိုတဲ့ အသွင်ပုံစံအောက်မှာ သူတို့ရဲ့ကိုယ်ပိုင် ရှက်စရာကောင်းတဲ့ အတွင်းရေးကိစ္စတွေကို ဆောင်ရွက်ဖို့သက်သက်ပဲ ဖြစ်ပါတယ်။ ဒါဟာ ဗိမာန်တော်ကို ဘုရားသခင်ထက် ကြီးမြတ်တယ်လို့ အဲဒီအချိန်တုန်းက လူတွေမြင်ရတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ သူတို့က ဗိမာန်တော်ကို အကာအကွယ်အနေနဲ့ အသုံးပြုပြီး လူတွေကိုလိမ်ညာဖို့နဲ့ ဘုရားသခင်ကို လိမ်ညာဖို့အတွက် အသွင်ပုံစံတစ်ခုအနေနဲ့ ယဇ်ပူဇော်ခဲ့ကြတဲ့အတွက်ကြောင့် သခင်ယေရှုက လူတွေကို သတိပေးဖို့အတွက် ဒါကို ပြောခဲ့တယ်။ သင်တို့ဟာ ဒီစကားလုံးတွေကို လက်ရှိအချိန်အထိ အသုံးချရင် ဒါတွေဟာ တန်းတူ ကိုက်ညီမှုရှိပြီး တန်းတူပဲ အသုံးပြုလို့ရဆဲပါပဲ။ ဒီနေ့လူတွေဟာ ပညတ်တော်ခေတ်က လူတွေ ကြုံတွေ့ရတာနဲ့မတူတဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို ကြုံတွေ့ရပေမဲ့ ဒါတွေရဲ့ သဘောတရား အနှစ်သာရက အတူတူပါပဲ။ ဒီနေ့ အလုပ်ရဲ့ အကြောင်းအရာမှာ လူတွေက “ဗိမာန်တော်ဟာ ဘုရားသခင်ထက် ကြီးမြတ်တယ်” ဆိုတာမျိုး အတူတူပဲ လုပ်နေကြဦးမှာပါပဲ။ ဥပမာ လူတွေ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်တာကို သူတို့ရဲ့အလုပ်လို့ မြင်ကြတယ်။ သူတို့ဟာ ဘုရားသခင်ကို သက်သေခံခြင်းနဲ့ အဆင်းနီတဲ့နဂါးကြီးကို တိုက်ခိုက်ခြင်းကို ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် လူ့အခွင့်အရေးကို ခုခံကာကွယ်တဲ့ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ မြင်ကြတယ်။ အလုပ်တွေမှာ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို အသုံးချဖို့အတွက် သူတို့ရဲ့တာဝန်ကို စွန့်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနဲ့ မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို စောင့်ထိန်းရမယ့် ဘာသာရေးအယူဝါဒ တစ်ခုသာသာ စသဖြင့် ဆက်ဆံကြတယ်။ လူသားတွေရဲ့ အပိုင်းမှာ ဒီဖော်ပြချက်တွေက “ဗိမာန်တော်က ဘုရားသခင်ထက် ကြီးမြတ်တယ်” ဆိုတာနဲ့ တော်တော်တူမနေဘူးလား။ အဲဒီ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းကတော့ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ဗိမာန်တော်မှာ သူတို့ရဲ့ကိုယ်ပိုင် လုပ်ငန်းတွေကို လုပ်ဆောင်နေကြတယ်။ ဒါပေမဲ့ ဒီနေ့ လူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကို အကောင်အထည်ပြလို့မရတဲ့ ဗိမာန်တော်တွေမှာ လုပ်ဆောင်ကြတယ်။ စည်းမျဉ်းတွေကို တန်ဖိုးထားတဲ့ ဒီလူတွေဟာ စည်းမျဉ်းတွေကို ဘုရားသခင်ထက် ပိုကြီးမြတ်တယ်လို့ မြင်ကြတယ်။ အဆင့်အတန်းတွေကို ချစ်ကြတဲ့ လူတွေဟာ အဆင့်အတန်းကို ဘုရားသခင်ထက် ကြီးမြတ်တယ်လို့ မြင်ကြတယ်။ အလုပ်တွေကို ချစ်ကြတဲ့လူတွေဟာ အလုပ်ကို ဘုရားသခင်ထက် ပိုကြီးမြတ်တယ်လို့ မြင်ကြတယ် စသဖြင့်ပေါ့။ သူတို့ရဲ့ ဖော်ပြချက်အားလုံးက ငါ့ကို ဒီလိုပြောစေတယ်။ “လူတွေက သူတို့ရဲ့စကားလုံးတွေကနေတစ်ဆင့် ဘုရားသခင်ကို အကြီးမြတ်ဆုံးအဖြစ် ချီးမွမ်းကြတယ်။ ဒါပေမဲ့ သူတို့ရဲ့မျက်လုံးတွေကနေဆိုရင် အရာရာတိုင်းက ဘုရားသခင်ထက် ပိုပြီး ကြီးမြတ်နေတယ်။” ဒါဟာ လူတွေက သူတို့ရဲ့ ကိုယ်ပိုင် အရည်အချင်းတွေကို ပြသဖို့၊ သို့မဟုတ် သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေကို လုပ်ဆောင်ဖို့၊ ဘုရားသခင်နောက်ကိုလိုက်တဲ့ သူတို့ရဲ့လမ်းကြောင်းတစ်လျှောက်မှာ အခွင့်အရေးကို တွေ့တာနဲ့ တစ်ပြိုင်နက် သူတို့ကိုယ်သူတို့ ဘုရားသခင်ဆီကနေ ဝေးကွာစေပြီးတော့ သူတို့ချစ်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေထဲမှာ နှစ်မြှုပ်လိုက်ကြတာကြောင့်ဖြစ်ပါတယ်။ ဘုရားသခင်က သူတို့အပေါ် တာဝန်ပေးစေခိုင်းထားတဲ့အရာနဲ့ သူ့အလိုတော်အတွက်ကတော့၊ ဒီအရာတွေက စွန့်ပစ်ခံထားရတာ ကြာပါပြီ။ ဒီနေရာမှာ ဒီလူတွေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက ဗိမာန်တော်မှာ သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကို လုပ်ဆောင်ကြတဲ့သူတွေနဲ့ ဘာကွာသလဲ။

နောက်တစ်ခု၊ ကျမ်းစာရဲ့ ဒီအပိုင်းမှာရှိတဲ့ နောက်ဆုံးစာကြောင်းကို ကြည့်ရအောင်။ “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်။” ဒီစာကြောင်းမှာ လက်တွေ့ကျတဲ့အရာ ရှိသလား။ ဒီဟာရဲ့ လက်တွေ့ကျတဲ့အရာကို သင်တို့ မြင်နိုင်သလား။ ဘုရားသခင်ပြောတဲ့ အရာတစ်ခုချင်းစီတိုင်းက သူ့နှလုံးသားကနေလာတယ်။ ဒါဆိုရင် သူဒါကို ဘာလို့ပြောသလဲ။ သင်တို့ ဒါကို ဘယ်လိုနားလည်သလဲ။ အခု ဒီစာကြောင်းရဲ့ အဓိပ္ပာယ်ကို သင်တို့နားလည်ကောင်း နားလည်နိုင်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာတုန်းက နားလည်တဲ့သူ အများကြီးမရှိဘူး။ ဘာကြောင့်လဲဆိုရင် လူသားမျိုးနွယ်က ပညတ်တော်ခေတ်ကနေ ထွက်ခါစပဲ ရှိသေးတာကြောင့်ပါ။ သူတို့အတွက်က ဥပုသ်ကနေ ထွက်လာခြင်းက လုပ်ဆောင်ဖို့ သိပ်ခက်ခဲတဲ့အရာပါ။ စစ်မှန်တဲ့ ဥပုသ်ဆိုတာကို နားလည်ဖို့ဆိုတာတော့ ပြောမနေနဲ့တော့။

“လူသားသည် ဥပုသ်နေ့ကို အစိုးရသည်” ဆိုတဲ့ စာကြောင်းက ဘုရားသခင်ရဲ့ အရာအားလုံးက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မဟုတ်ဘူးဆိုတာကို လူတွေကို ပြောပြပါတယ်။ သင့်ရဲ့ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်တွေအားလုံးကို ဘုရားသခင်က ထောက်ပံ့ပေးနိုင်ပေမဲ့ သင့်ရဲ့ ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်တွေ ပြည့်ပြီဆိုတာနဲ့ ဒီအရာတွေဆီကနေလာတဲ့ ကျေနပ်ခြင်းက သင့်ရဲ့ သမ္မာတရားအတွက် ကြိုးပမ်းအားထုတ်ခြင်းကို အစားထိုးနိုင်သလား။ ဒါမဖြစ်နိုင်ဘူးဆိုတာ ရှင်းပါတယ်။ ငါတို့ မိဿဟာယဖွဲ့ခဲ့တဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတို့ နှစ်ခုလုံးက သမ္မာတရားဖြစ်တယ်။ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းတွေရဲ့ မြင့်မားတဲ့ ဈေးနှုန်းတွေနဲ့ တိုင်းတာလို့မရသလို ပိုက်ဆံနဲ့ အဖိုးဖြတ်လို့လည်း မရပါဘူး။ ဘာကြောင့်လဲဆိုရင် ဒါဟာ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းမဟုတ်တဲ့အတွက်ဖြစ်ပြီး လူတစ်ယောက်စီတိုင်းရဲ့ နှလုံးသားလိုအပ်ချက်ကို ပံ့ပိုးပေးတာကြောင့်ဖြစ်တယ်။ လူတိုင်းအတွက် ဒီလက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ သမ္မာတရားတို့ရဲ့ တန်ဖိုးဟာ သင်က ကောင်းတယ်လို့ထင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတွေမှန်သမျှထက် ပိုပြီး ကြီးမြတ်သင့်တယ် မဟုတ်ဘူးလား။ ဒီဖော်ပြချက်က သင်တို့ အပြန်ပြန်စဉ်းစားသင့်တဲ့အရာတစ်ခုပဲ။ ငါပြောသွားတဲ့အရာရဲ့ အဓိကအချက်က ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းနဲ့ ဘုရားသခင်ရဲ့ အရာရာတိုင်းဟာ လူတစ်ယောက်ချင်းစီတိုင်းအတွက် အရေးကြီးဆုံးဖြစ်ပြီး ဘယ်ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုနဲ့မှ အစားထိုးလို့မရနိုင်ဘူးဆိုတာပဲ။ ငါသင့်ကို ဥပမာတစ်ခုပေးမယ်။ သင်ဆာလောင်တဲ့အခါမှာ အစားအစာ လိုအပ်တယ်။ ဒီအစားအစာက ကောင်းချင်ကောင်းမယ် သို့မဟုတ် ညံ့ချင်ညံ့မယ်။ ဒါပေမဲ့ သင်ဗိုက်ဖြည့်လို့ရသရွေ့ ဒီဆာလောင်တဲ့ မကောင်းတဲ့ခံစားချက်က ရှိမှာမဟုတ်တော့ဘူး။ ပျောက်သွားလိမ့်မယ်။ သင်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထိုင်နေနိုင်တယ်။ သင့်ရဲ့ ကိုယ်ခန္ဓာဟာ အနားရလိမ့်မယ်။ လူတွေရဲ့ ဆာလောင်မှုကို အစားအစာနဲ့ ဖြေရှင်းနိုင်တယ်။ ဒါပေမဲ့ သင်က ဘုရားသခင်နောက်ကိုလိုက်နေပြီး သူ့ကို နားလည်ခြင်း သင့်မှာမရှိဘူးလို့ ခံစားရရင် သင့်နှလုံးသားထဲက ဘာမှမရှိခြင်းကို သင် ဘယ်လိုဖြေရှင်းနိုင်မလဲ။ အစားအစာနဲ့ ဖြေရှင်းလို့ရမလား။ ဒါမှမဟုတ် သင်က ဘုရားသခင်နောက်ကိုလိုက်နေပြီး သူ့ရဲ့အလိုတော်ကို နားမလည်တဲ့အခါမှာ သင့်နှလုံးသားထဲက အဲဒီ ဆာလောင်မှုအတွက် ဖြည့်ဆည်းဖို့ သင်ဘာကို အသုံးပြုနိုင်မလဲ။ သင့်စိတ်သဘောထား ပြောင်းလဲမှုအတွက် ကြိုးပမ်းအားထုတ်နေတုန်းမှာ ဘုရားသခင်ကနေတစ်ဆင့် သင့်ရဲ့ ကယ်တင်ခြင်းအတွေ့အကြုံဖြစ်စဉ်မှာ သူ့အလိုတော်ကို သင်နားမလည်ရင် သို့မဟုတ် သမ္မာတရားက ဘာလဲဆိုတာကို မသိရင်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို သင်နားမလည်ရင် စိတ်မသက်သာမှုကို သင်မခံစားရဘူးလား။ သင့်နှလုံးသားထဲမှာ ပြင်းပြတဲ့ဆာလောင်မှုနဲ့ ငတ်မွတ်မှုကို မခံစားရဘူးလား။ ဒီခံစားချက်တွေက သင့်နှလုံးသားထဲမှာ ငြိမ်းချမ်းခြင်းကိုမခံစားရအောင် တားဆီးမနေဘူးလား။ ဒါဆိုရင် သင့်နှလုံးသားထဲက ဆာလောင်မှုကို သင်ဘယ်လို ဖြည့်ဆည်းနိုင်မလဲ။ ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိသလား။ တစ်ချို့လူတွေက ဈေးဝယ်ထွက်တယ်။ တစ်ချို့က ရင်ဖွင့်ဖို့အတွက် သူတို့ရဲ့ သူငယ်ချင်းတွေကို ရှာကြတယ်။ တစ်ချို့လူတွေက အိပ်ရေးဝအောင်အိပ်လိုက်ကြတယ်။ တခြားလူတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီးတော့ ဖတ်ကြတယ်။ ဒါမှမဟုတ် အလုပ်ပိုကြိုးစားကြပြီး သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ပိုပြီးတော့ အားစိုက်ထုတ်ကြတယ်။ ဒီအရာတွေက သင့်ရဲ့ တကယ့်အခက်အခဲတွေကို ဖြေရှင်းနိုင်သလား။ သင်တို့အားလုံး ဒီလိုအလေ့အကျင့်တွေကို အပြည့်အဝ နားလည်ကြပါတယ်။ သင်ဟာ ဘာအစွမ်းမှမရှိဘူးလို့ခံစားရတဲ့အခါမှာ၊ သမ္မာတရားရဲ့ အစစ်အမှန်နဲ့ သူ့ရဲ့အလိုတော်ကိုသိခြင်း အခွင့်ကိုရဖို့အတွက် ဘုရားသခင်ဆီကနေ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရရှိဖို့ ပြင်းပြတဲ့ဆန္ဒကို သင်ခံစားရတဲ့အခါမှာ သင်ဘာကို အလိုအပ်ဆုံးလဲ။ သင်လိုအပ်တာက ဗိုက်ပြည့်စေမယ့် ထမင်းတစ်နပ်မဟုတ်ဘူး။ သနားကြင်နာတဲ့ စကားတစ်ချို့မဟုတ်ဘူး။ ဇာတိရဲ့ ယာယီ နှစ်သိမ့်ခြင်းနဲ့ စိတ်ကျေနပ်စေခြင်းတို့ဆို ပိုလို့တောင်မဟုတ်ဘူး။ သင်လိုအပ်တာက ဘုရားသခင်က သင်ဘာလုပ်သင့်တယ်၊ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို တိုက်ရိုက် ရှင်းရှင်းလင်းလင်းပြောပြဖို့၊ သမ္မာတရားက ဘာလဲဆိုတာကို သင့်ကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ပဲ။ နည်းနည်းလေးပဲဖြစ်ဖြစ် ဒါကို သင်နားလည်ပြီးတဲ့နောက်မှာ အစားအစာကောင်းကောင်း စားရတာထက် သင့်နှလုံးသားမှာ ကျေနပ်မှုကို ပိုပြီးမခံစားရဘူးလား။ သင့်နှလုံးသားက ကျေနပ်တဲ့အခါမှာ သင့်နှလုံးသားက၊ သင့်ရဲ့ တစ်ကိုယ်လုံးက စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို မရရှိဘူးလား။ ဒီနှိုင်းယှဉ်ချက်နဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာချက်ကနေတစ်ဆင့် “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်” ဆိုတဲ့ စာကြောင်းကို ငါဘာကြောင့် သင်တို့နဲ့ ဝေမျှချင်သလဲဆိုတာကို သင်တို့ နားလည်သလား။ အဲဒီစာကြောင်းရဲ့ အဓိပ္ပာယ်က ဘုရားသခင်ဆီကနေလာတဲ့အရာ၊ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတွေပါပဲ။ ပြီးတော့ သူ့ရဲ့အရာရာတိုင်းဟာ သင်တန်ဖိုးအထားဆုံးလို့ သင်ယုံကြည်ခဲ့တဲ့ အရာတွေ သို့မဟုတ် လူအပါအဝင် တစ်ခြားအရာတွေထက် ကြီးမြတ်တယ်။ ဆိုလိုတာက လူတစ်ယောက်က ဘုရားသခင်ရဲ့နှုတ်က စကားလုံးတွေကို မရယူနိုင်ဘူးဆိုရင် သို့မဟုတ် သူ့ရဲ့အလိုတော်ကို နားမလည်ဘူးဆိုရင် သူတို့ဟာ ငြိမ်းချမ်းမှုကို မရရှိနိုင်ပါဘူး။ သင်တို့ရဲ့ အနာဂတ် အတွေ့အကြုံတွေမှာ ဒီနေ့ ဒီစာပိုဒ်ကို ငါဘာကြောင့် သင်တို့ကို မြင်စေချင်တယ်ဆိုတာကို သင်တို့ နားလည်ပါလိမ့်မယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဘုရားသခင် လုပ်ဆောင်တဲ့အရာတိုင်းက သမ္မာတရားနဲ့ အသက်ဖြစ်ပါတယ်။ လူသားမျိုးနွယ်အတွက် သမ္မာတရားဟာ သူတို့ဘဝမှာ မရှိလို့မဖြစ်တဲ့အရာ၊ မရှိဘဲနဲ့ လုံးဝ မလုပ်နိုင်တဲ့အရာဖြစ်ပါတယ်။ အကြီးမြတ်ဆုံးအရာလို့လည်း သင်ဆိုနိုင်တယ်။ အဲဒီအရာကို သင်ကြည့်လို့၊ ထိလို့မရပေမဲ့ သင့်အတွက် ဒီအရာရဲ့ အရေးကြီးတဲ့အချက်ကို သင်လျစ်လျူရှုလို့မရပါဘူး။ သင့်နှလုံးသားကို ငြိမ်းချမ်းမှု သယ်ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်။

သင်တို့ရဲ့ သမ္မာတရားအပေါ် နားလည်ခြင်းက သင်တို့ရဲ့ ကိုယ်ပိုင်အခြေအနေတွေနဲ့ ပေါင်းစပ်ပါသလား။ လက်တွေ့ဘဝမှာ သင်ကြုံတွေ့ဖူးတဲ့ လူတွေ၊ အကြောင်းအရာတွေ၊ အရာဝတ္ထုတွေနဲ့ ဘယ်သမ္မာတရားတွေက ဆက်စပ်သလဲဆိုတာကို အရင် စဉ်းစားရပါမယ်။ ဘုရားသခင်ရဲ့အလိုတော်ကို သင်ရှာနိုင်ပြီး သူ့အလိုတော်နဲ့ သင်ကြုံတွေ့ရတာနဲ့ ဆက်သွယ်နိုင်တာက ဒီသမ္မာတရားတွေထဲမှာ ဖြစ်ပါတယ်။ သင်က သင်ကြုံတွေ့ရတဲ့အရာတွေနဲ့ သမ္မာတရားရဲ့ ဘယ်အချက်တွေက ဆက်စပ်သလဲဆိုတာကို မသိဘဲ ဘုရားသခင်ရဲ့ အလိုတော်ကို တိုက်ရိုက် ရှာဖွေရင် ဒီချဉ်းကပ်မှုက တော်တော်ကို မျက်ကန်းဆန်ပြီး ရလဒ်တွေ မရရှိနိုင်ပါဘူး။ သင်က သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ရဲ့ အလိုတော်ကို နားလည်ချင်ရင် သင့်ဆီကို ဘယ်လိုအရာမျိုးတွေ ရောက်လာသလဲဆိုတာ၊ ဒါတွေက သမ္မာတရားရဲ့ ဘယ်အချက်တွေနဲ့ ဆက်စပ်တယ်ဆိုတာ ကြည့်ဖို့လိုအပ်ပြီး သင်ကြုံတွေ့ဖူးတာနဲ့ ဆက်စပ်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာရှိတဲ့ သမ္မာတရားကို ရှာဖွေပါ။ အဲဒီနောက် အဲဒီသမ္မာတရားထဲမှာ သင့်အတွက် မှန်ကန်တဲ့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို သင်ရှာဖွေပါ။ ဒီနည်းနဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို သွယ်ဝိုက်ပြီး နားလည်ခြင်းကို သင်ရရှိနိုင်ပါတယ်။ သမ္မာတရားကို ရှာဖွေခြင်းနဲ့ ကျင့်သုံးခြင်းက အယူဝါဒတစ်ခုကို မစဉ်းမစားဘဲ အသုံးချခြင်း သို့မဟုတ် ပုံသေနည်းတစ်ခုနောက်ကိုလိုက်ခြင်း မဟုတ်ပါဘူး။ သမ္မာတရားက ပုံသေကားကျ မဟုတ်သလို နိယာမတစ်ခုလည်းမဟုတ်ဘူး။ သမ္မာတရားဟာ အသေမဟုတ်ပါဘူး။ အသက်ပဲဖြစ်တယ်။ အသက်ရှင်တဲ့ အရာတစ်ခုဖြစ်တယ်။ ဖန်ဆင်းခံတစ်ယောက်က လိုက်နာရမယ့် စည်းကမ်းဖြစ်ပြီး လူသားတစ်ယောက်က သူတို့ဘဝမှာ ရှိရမယ့် စည်းကမ်းဖြစ်ပါတယ်။ ဒါဟာ အတွေ့အကြုံကနေ သင်ပိုပြီး နားလည်ရမယ့်အရာတစ်ခုဖြစ်ပါတယ်။ သင့်အတွေ့အကြုံမှာ ဘယ်အဆင့်ကို သင်ရောက်နေပါစေ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားကနေ သင့်ကို ခွဲခြားလို့မရနိုင်ပါဘူး။ ဘုရားသခင်ရဲ့ စိတ်သဘောထားကို သင်နားလည်တဲ့အရာနဲ့ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို သင်သိတဲ့အရာအားလုံးဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ ဖော်ပြထားပါတယ်။ ဒီအရာတွေဟာ သမ္မာတရားနဲ့ ခွဲခြားလို့မရအောင် ဆက်သွယ်နေပါတယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတို့ကိုယ်၌က သမ္မာတရားဖြစ်တယ်။ သမ္မာတရားဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ စစ်မှန်တဲ့ ထင်ရှားပြသခြင်းဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို ဒီအရာက တိကျစစ်မှန်စေပြီး တိတိကျကျ ဖော်ပြပါတယ်။ ဒါက ဘုရားသခင်ဘာကိုကြိုက်တယ်၊ သူဘာကို မကြိုက်ဘူး၊ သင့်ကို သူက ဘာလုပ်စေချင်တယ်၊ သင့်ကို သူက ဘာတွေကိုလုပ်ဖို့ ခွင့်မပြုဘူး၊ ဘယ်လူတွေကို သူစက်ဆုပ်ပြီး ဘယ်လူတွေကို သူကျေနပ်ဝမ်းမြောက်တယ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်း ပြောပြပါတယ်။ ဘုရားသခင်ဖော်ပြတဲ့ သမ္မာတရားရဲ့နောက်မှာ လူတွေဟာ သူ့ရဲ့ကျေနပ်မှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းနဲ့ သူ့ရဲ့ အနှစ်သာရကို မြင်နိုင်ပါတယ်။ ဒါဟာ သူ့ရဲ့စိတ်သဘောထားကို ဖွင့်ပြခြင်းပါပဲ။ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းနဲ့ သူ့ရဲ့ နှုတ်ကပတ်တော်ကနေ သူ့စိတ်သဘောထားကို နားလည်ခြင်းအပြင် အရေးအကြီးဆုံးအရာက လက်တွေ့အတွေ့အကြုံတွေကနေ ဒီနားလည်မှုကို ရောက်ရှိဖို့ လိုအပ်ချက်ဖြစ်ပါတယ်။ လူတစ်ယောက်က ဘုရားသခင်ကိုသိဖို့ လက်တွေ့ဘဝကနေ သူတို့ကိုယ်သူတို့ ဖယ်ထုတ်လိုက်ရင် သူတို့ဟာ ဒါကို ရရှိနိုင်မှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေ နားလည်မှုတစ်ချို့ ရရှိနိုင်တဲ့ လူတွေ ရှိရင်တောင် အဲဒီနားလည်မှုဟာ သီအိုရီတွေ၊ စကားလုံးတွေနဲ့ ကန့်သတ်ထားပြီး ဘုရားသခင်က အမှန်တကယ်မှာ ဘယ်လိုလဲဆိုတဲ့အရာနဲ့ ကွာဟချက် ရှိပါတယ်။

အခု ငါတို့ ဆွေးနွေးပြောဆိုနေတာအားလုံးက သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ အဖြစ်အပျက်တွေရဲ့ နယ်ပယ်အတွင်းမှာ ရှိတယ်။ ဒီအဖြစ်အပျက်တွေကနေတစ်ဆင့်၊ ဖြစ်ပျက်ခဲ့တဲ့ ဒီအရာတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းကနေတစ်ဆင့် သူ့ရဲ့စိတ်သဘောထားနဲ့ သူဖော်ပြခဲ့တဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို လူတွေနားလည်နိုင်ပြီး ဘုရားသခင်ရဲ့ အချက်အလက်တိုင်းကို ပိုပြီး ကျယ်ပြန့်စွာ၊ ပိုပြီး နက်ရှိုင်းစွာ၊ ပိုပြီးတော့ နားလည်သဘောပေါက်စွာ၊ ပိုပြီးတော့ နှံ့စပ်စွာ သိစေပါတယ်။ ဒါဆိုရင် ဒီအဖြစ်အပျက်တွေကနေတစ်ဆင့် ဘုရားသခင်ရဲ့အချက်အလက်တိုင်းကို နားလည်ဖို့က တစ်ခုတည်းသောနည်းလမ်းလား။ မဟုတ်ပါဘူး။ နိုင်ငံတော်ခေတ်မှာ ဘုရားသခင်ပြောတဲ့အရာတွေနဲ့ သူလုပ်ဆောင်တဲ့အလုပ်ဟာ လူတွေကို သူ့ရဲ့စိတ်သဘောထားကို သိစေဖို့၊ ပိုပြီး အပြည့်အဝသိစေဖို့ ကူညီနိုင်ပါတယ်။ ဒါပေမဲ့ လူတွေရင်းနှီးတဲ့ သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ တစ်ချို့ ဥပမာတွေ သို့မဟုတ် အဖြစ်အပျက်တွေကနေတစ်ဆင့် ဘုရားသခင်ရဲ့ စိတ်သဘောထားကိုသိဖို့နဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကိုနားလည်ဖို့ ပိုပြီးလွယ်ကူမယ်လို့ ငါထင်တယ်။ သူ့ကို သင်တိတိကျကျသိစေဖို့ ဒီနေ့ ဘုရားသခင်ဖော်ပြတဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းရဲ့ နှုတ်ကပတ်တော်တွေကို လုံးစေ့ပတ်စေ့ ငါယူလိုက်ရင် အဲဒီအရာဟာ သိပ်ငြီးငွေ့ဖွယ်ကောင်းပြီး သိပ်ပျင်းစရာကောင်းတယ်လို့ သင်ခံစားရလိမ့်မယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ပုံသေကားကျဆန်ဆန်ဖြစ်နေတယ်လို့တောင် တစ်ချို့လူတွေက ခံစားရလိမ့်မယ်။ ဒါပေမဲ့ လူတွေကို ဘုရားသခင်ရဲ့ စိတ်သဘောထားကို သိအောင် ကူညီဖို့ ဥပမာတွေအနေနဲ့ ဒီသမ္မာကျမ်းစာအဖြစ်အပျက်တွေကို ငါတို့ယူရင် သူတို့က အဲဒါကို ပျင်းစရာကောင်းတယ်လို့ ထင်မှာမဟုတ်ဘူး။ ဒီဥပမာတွေကို ရှင်းပြခြင်းအကြောင်းအရာမှာ ဘုရားသခင်ရဲ့ စိတ်ခံစားမှု သို့မဟုတ် ခံယူချက်၊ သို့မဟုတ် သူ့ရဲ့အတွေးတွေနဲ့ စိတ်ကူးတွေဖြစ်တဲ့ အဲဒီအချိန်က ဘုရားသခင်ရဲ့နှလုံးသားထဲမှာရှိခဲ့တဲ့ အသေးစိတ်အချက်အလက်တွေဟာ လူသားရဲ့ဘာသာစကားနဲ့ လူတွေကို ပြောပြပြီးဖြစ်ပါတယ်။ ဒါတွေအားလုံးရဲ့ ရည်မှန်းချက်က ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းဟာ ပုံသေနည်းတစ်ခု မဟုတ်ဘူးဆိုတာကို အသိအမှတ်ပြုဖို့၊ ခံစားရဖို့ဖြစ်ပါတယ်။ ဒါဟာ ဒဏ္ဍာရီတစ်ခုမဟုတ်ပါဘူး။ သို့မဟုတ် လူတွေ မမြင်နိုင်တဲ့ သို့မဟုတ် ထိတွေ့လို့မရတဲ့ အရာမဟုတ်ပါဘူး။ လူတွေခံစားနိုင်တဲ့၊ အသိအမှတ်ပြုနိုင်တဲ့ အမှန်တကယ် တည်ရှိတဲ့အရာဖြစ်တယ်။ ဒါဟာ အဆုံးစွန်သော ပန်းတိုင်ပါပဲ။ ဒီခေတ်မှာနေထိုင်နေတဲ့ လူတွေဟာ ကောင်းချီးခံစားရတယ်လို့ သင်ဆိုနိုင်တယ်။ ဘုရားသခင်ရဲ့ အရင်ကလုပ်ဆောင်မှုကို ပိုပြီးကျယ်ပြန့်စွာ နားလည်ဖို့အတွက် သမ္မာကျမ်းစာရဲ့အဖြစ်အပျက်တွေကို သူတို့ ယူပြီး အသုံးပြုနိုင်တယ်။ သူလုပ်ဆောင်ခဲ့တဲ့အလုပ်ကနေတစ်ဆင့် သူ့ရဲ့ စိတ်သဘောထားကို မြင်နိုင်တယ်။ သူဖော်ပြခဲ့တဲ့ ဒီစိတ်သဘောထားတွေကနေတစ်ဆင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ အလိုတော်ကို သူတို့နားလည်နိုင်တယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားအပေါ် ပိုပြီးအသေးစိတ်ကျပြီး ပိုမိုနက်နဲတဲ့ သိမြင်မှုကို ရောက်ရှိဖို့ လူသားတွေအတွက် သူ့ရဲ့ သန့်ရှင်းမြင့်မြတ်ခြင်းနဲ့ သူ့ရဲ့ဂရုစိုက်မှုရဲ့ တိကျစစ်မှန်တဲ့ ထင်ရှားပြသခြင်းကို နားလည်နိုင်ပါတယ်။ သင်တို့အားလုံးက ဒါကို ခံစားနိုင်တယ်လို့ ငါယုံကြည်တယ်။

ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုပြီးမြောက်ခဲ့တဲ့ လုပ်ဆောင်မှုရဲ့ နယ်ပယ်ထဲမှာ ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ တခြားလက္ခဏာသွင်ပြင်တစ်ခုကို သင်မြင်နိုင်တယ်။ အဲဒါကို သူ့ရဲ့ဇာတိကနေတစ်ဆင့် ဖော်ပြထားတယ်။ သူ့ရဲ့ လူ့သဘာဝကနေတစ်ဆင့် လူသားတွေ သိမြင်ပြီး အသိအမှတ်ပြုဖို့အတွက် ပြုလုပ်ထားတယ်။ လူသားရဲ့ သားတော်မှာ လူ့ဇာတိမှာရှိတဲ့ ဘုရားသခင်က သူ့ရဲ့လူ့သဘာဝကို ဘယ်လိုအသက်ရှင်နေထိုင်ခဲ့တယ်ဆိုတာကို လူတွေမြင်ခဲ့ပြီး လူ့ဇာတိမှတစ်ဆင့် ဖော်ပြတဲ့ ဘုရားသခင်ရဲ့ ဘုရားသဘောသဘာဝကို သူတို့ မြင်ခဲ့ကြတယ်။ ဒီဖော်ပြချက်နှစ်ခုဟာ လူတွေကို တကယ်ကို စစ်မှန်တဲ့ ဘုရားသခင်ကို မြင်စေပြီး ဘုရားသခင်အပေါ် မတူညီတဲ့ အယူအဆတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာကို ဖန်ဆင်းခြင်းနဲ့ ပညတ်တော်ခေတ်အဆုံးကြားမှာရှိတဲ့ အချိန်ကာလမှာ ကျေးဇူးတော်ခေတ်မတိုင်မီအချိန်ကာလမှာ လူတွေ မြင်တဲ့၊ ကြားတဲ့၊ တွေ့ကြုံခဲ့တဲ့ အရာတွေဟာ ဘုရားသခင်ရဲ့ ဘုရားသဘောသဘာဝ လက္ခဏာသွင်ပြင်တွေသာဖြစ်ပါတယ်။ ဒါဟာ မသိမြင်နိုင်တဲ့နယ်ပယ်မှာ ဘုရားသခင်ပြုလုပ်ခဲ့၊ ပြောခဲ့တာဖြစ်ပြီး မြင်လို့မရတဲ့ သို့မဟုတ် ထိတွေ့လို့မရတဲ့ သူ့ရဲ့ တကယ့် လူပုဂ္ဂိုလ်ကနေ သူဖော်ပြတဲ့ အရာတွေဖြစ်ပါတယ်။ ဒီအရာတွေဟာ မကြာခဏပဲ လူတွေကို ဘုရားသခင်ဟာ သိပ်ကြီးမြတ်တယ်၊ သူ့အနားကို သူတို့ ကပ်လို့မရနိုင်ဘူးလို့ ခံစားရစေတယ်။ ဘုရားသခင်က လူတွေကို ပေးလေ့ရှိတဲ့ ပုံစံက ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး သူ့ရဲ့အတွေးတွေနဲ့ စိတ်ကူးတွေ တစ်ခုချင်းစီတိုင်းက သိပ်ဆန်းကြယ်ပြီး တွေ့နိုင်ခဲလှတဲ့အတွက် ဒါတွေကို လက်လှမ်းမီဖို့ နည်းလမ်းမရှိဘူးလို့တောင် လူတွေက ခံစားကြရပြီး ဒါတွေကို နားလည်ပြီး အသိအမှတ်ပြုဖို့ဆိုတာ ပိုဆိုးတာပေါ့။ လူတွေအတွက်က ဘုရားသခင်နဲ့ပတ်သက်တဲ့အရာတိုင်းက သိပ်အလှမ်းကွာလွန်းခဲ့တယ်။ သိပ်အလှမ်းကွာတဲ့အတွက် လူတွေ မမြင်နိုင်ဘူး၊ ထိလို့မရခဲ့ဘူး။ သူဟာ ကောင်းကင်ပေါ်မှာရှိနေတဲ့ပုံပေါ်ပြီး သူလုံးဝကို မတည်ရှိနေသလိုပဲ ဖြစ်ခဲ့တာ။ ဒါကြောင့် လူတွေအတွက် ဘုရားသခင်ရဲ့ နှလုံးသားနဲ့ စိတ်ကို နားလည်ခြင်း သို့မဟုတ် သူ့ရဲ့ ဘယ်စဉ်းစာပုံကိုမှ မရရှိနိုင်ဘူး။ လက်လှမ်းတောင် မမီနိုင်ပါဘူး။ ပညတ်တော်ခေတ်မှာ ဘုရားသခင်က ခိုင်လုံတဲ့ လုပ်ဆောင်ချက်တစ်ချို့လုပ်ခဲ့ပြီး သူနဲ့ပတ်သက်တဲ့ စစ်မှန်တဲ့အသိပညာ တစ်ချို့ကို လူတွေ သိမြင်ဖို့နဲ့ အသိအမှတ်ပြုစေဖို့ တစ်ချို့ သီးသန့် စိတ်သဘောထားတွေကို ဖော်ပြခဲ့ပြီး တစ်ချို့ သီးသန့်နှုတ်ကပတ်တော်တွေကို ထုတ်ပြန်ခဲ့ပေမဲ့ အဆုံးမှာတော့ အဲဒီအရာဟာ မသိမြင်နိုင်တဲ့ နယ်ပယ်က သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို ဖော်ပြချက်ဖြစ်ပြီး လူတွေနားလည်တာ၊ သူတို့သိတာက သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ ဘုရားသဘောသဘာဝဆိုင်ရာ လက္ခဏာသွင်ပြင်တွေပဲ ဖြစ်နေပါသေးတယ်။ လူသားမျိုးနွယ်က သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ ဖော်ပြချက်ကနေ[က] ခိုင်မာတဲ့ အယူအဆကို မရရှိနိုင်ခဲ့ဘူး။ နောက်ပြီး ဘုရားသခင်အပေါ် သူတို့ရဲ့ ထင်မြင်မှုက “ပေါ်လိုက်ပျောက်လိုက်ဖြစ်တဲ့ နီးကပ်ဖို့ ခက်ခဲတဲ့ဝိညာဉ်တော်” ဆိုတဲ့ နယ်ပယ်အတွင်းမှာ ပိတ်မိနေပါသေးတယ်။ ဘုရားသခင်ဟာ လူတွေဆီကို ပေါ်ထွန်းပြဖို့အတွက် ရုပ်ဝတ္ထုနယ်ပယ်မှာ သီးသန့် အရာဝတ္ထု သို့မဟုတ် ပုံသဏ္ဌာန်တစ်ခုကို အသုံးမပြုခဲ့တဲ့ အတွက်ကြောင့် သူတို့ဟာ လူသားရဲ့ဘာသာစကားကိုအသုံးပြုပြီး ဘုရားသခင်ကို အဓိပ္ပာယ်မဖွင့်ဆိုနိုင်သေးပါဘူး။ လူတွေရဲ့ နှလုံးသားနဲ့ စိတ်တွေထဲမှာ ဘုရားသခင်အတွက် စံသတ်မှတ်ချက်တစ်ခု တည်ဆောက်ဖို့၊ သူ့ကို သိသာထင်ရှားလာအောင်ပြုလုပ်ဖို့နဲ့ လူသားဆန်အောင်ပြုလုပ်ဖို့ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကားကို အမြဲတမ်း အသုံးပြုချင်ခဲ့ကြတယ်။ ဘုရားသခင်က အရပ်ဘယ်လောက်ရှည်တယ်၊ ဘယ်လောက်ကြီးတယ်၊ ဘယ်လိုပုံစံရှိတယ်၊ သူဘာကို အထူးသဖြင့်ကြိုက်နှစ်သက်တယ်၊ သူ့ရဲ့သီးသန့်အကျင့်စရိုက်က ဘယ်လိုဆိုတာမျိုးတွေပေါ့။ တကယ်တော့ ဘုရားသခင်ဟာ လူတွေက ဒီလိုတွေးကြတယ်ဆိုတာကို သူ့နှလုံးသားထဲမှာ သိပါတယ်။ သူဟာ လူတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ သိပ်ကို ရှင်းရှင်းလင်းလင်းသိပြီး သူဘာလုပ်သင့်တယ် ဆိုတာကိုလည်း သိတာပေါ့။ ဒါကြောင့် ကျေးဇူးတော်ခေတ်မှာ သူ့ရဲ့အလုပ်ကို မတူညီတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ခဲ့တယ်။ ဒီနည်းကတော့ ဘုရားသဘောသဘာဝနဲ့ လူ့သဘောသဘာဝနှစ်ခုလုံးပဲဖြစ်တယ်။ သခင်ယေရှုအလုပ်လုပ်နေတဲ့ အချိန်ကာလမှာ ဘုရားသခင်မှာ လူသားဆိုင်ရာ ဖော်ပြချက်တွေ အများကြီးရှိတယ်ဆိုတာကို လူတွေက မြင်နိုင်ခဲ့တယ်။ ဥပမာ သူ ကနိုင်တယ်။ မင်္ဂလာဆောင်တွေကို တက်ရောက်နိုင်တယ်။ လူတွေနဲ့ ဆက်ဆံနိုင်တယ်။ စကားပြောနိုင်တယ်။ သူတို့နဲ့ ဆွေးနွေးနိုင်တယ်။ ဒါတွေအပြင် သခင်ယေရှုဟာ သူ့ရဲ့ ဘုရားသဘောသဘာဝကို ကိုယ်စားပြုတဲ့ အလုပ်တွေအများကြီးကို ပြီးမြောက်ခဲ့ပြီး ဒီအလုပ်တွေအားလုံးက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ဖော်ပြခြင်းနဲ့ ဖွင့်ပြခြင်းဖြစ်ပါတယ်။ ဒီအချိန်ကာလမှာ ဘုရားသခင်ရဲ့ ဘုရားသဘောသဘာဝဟာ လူတွေမြင်နိုင်၊ ထိတွေ့နိုင်တဲ့ သာမန်ဇာတိခန္ဓာထဲ အမှန်တကယ်ဖြစ်ပေါ်လာတဲ့အခါ ဘုရားသခင်ဟာ ပေါ်လိုက်ပျောက်လိုက်ဖြစ်တယ်လို့ သူတို့မခံစားရတော့ဘူး။ သူနဲ့ နီးစပ်အောင် မလုပ်နိုင်ဘူးလို့ မခံစားရတော့ဘူး။ ဆန့်ကျင်ဖက်အနေနဲ့ သူတို့ဟာ လူသားရဲ့ သားရဲ့ လှုပ်ရှားမှုတိုင်း၊ နှုတ်ကပတ်တော်တွေနဲ့ အလုပ်တွေကနေ တစ်ဆင့် သူတို့ဟာ ဘုရားသခင်ရဲ့ အလိုတော်ကို သိရှိနိုင်ဖို့ သို့မဟုတ် သူ့ရဲ့သဘောသဘာဝကို နားလည်နိုင်ဖို့ ကြိုးစားနိုင်ခဲ့တယ်။ လူ့ဇာတိခံယူထားတဲ့ လူသားရဲ့ သားဟာ သူ့ရဲ့ လူ့သဘောသဘာဝကနေတစ်ဆင့် ဘုရားသခင်ရဲ့ ဘုရားသဘောသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်ဆီကို ဘုရားသခင်ရဲ့ အလိုတော်ကို သယ်ဆောင်ခဲ့ပါတယ်။ နောက်ပြီး ဘုရားသခင်ရဲ့ အလိုတော်နဲ့ စိတ်သဘောထားရဲ့ ဖော်ပြချက်ကနေတစ်ဆင့် ဝိညာဉ်နယ်ပယ်မှာ မြင်လို့ သို့မဟုတ် ထိတွေ့လို့မရတဲ့ ဘုရားသခင်ကိုလည်း လူတွေဆီကို ဖွင့်ပြခဲ့တယ်။ လူတွေ မြင်ခဲ့တဲ့အရာက အသွေးအသားနဲ့ အရိုးနဲ့ ထိတွေ့နိုင်တဲ့ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပါတယ်။ ဒါကြောင့် လူသားရဲ့ လူ့ဇာတိခံယူတဲ့သားတော်ဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာ၊ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနဲ့ သူရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတို့ကို ခိုင်မာပြီး လူသားဆန်စေခဲ့တယ်။ လူသားရဲ့ အပြင်ပန်း အသွင်အပြင်က ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်နဲ့ပတ်သက်ပြီး အကန့်အသတ်တစ်ချို့ရှိခဲ့ပေမဲ့ သူ့ရဲ့အနှစ်သာရနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ပါတယ်။ ဖော်ပြခြင်းပုံစံမှာ ကွာခြားချက် နည်းနည်းလောက်သာ ရှိတယ်။ လူသားရဲ့ လူ့သဘာဝဖြစ်စေ၊ သူ့ရဲ့ ဘုရားသဘောသဘာဝဖြစ်စေ၊ သူဟာ ဘုရားသခင်ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းကို ကိုယ်စားပြုတယ်ဆိုတာကို ငါတို့ မငြင်းနိုင်ဘူး။ ဒါပေမဲ့ ဒီအချိန်ကာလမှာ ဘုရားသခင်ဟာ လူ့ဇာတိကနေတစ်ဆင့် အလုပ်လုပ်ခဲ့တယ်။ လူ့ဇာတိရဲ့ ရှုထောင့်ကနေ ပြောဆိုခဲ့ပြီး လူသားရဲ့ သားရဲ့ ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းတို့နဲ့ လူသားမျိုးနွယ်ရှေ့မှာ ရပ်ခဲ့တယ်။ ဒီအချက်က လူသားမျိုးနွယ်ကြားမှာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်မှုကို ကြုံတွေ့ပြီး သိရှိခံစားဖို့ အခွင့်အလမ်းကို လူတွေကို ပေးခဲ့တယ်။ ဒီအချက်ဟာ နှိမ့်ချခြင်းတွေရဲ့အလယ်မှာ သူ့ရဲ့ ဘုရားသဘောသဘာဝနဲ့ သူ့ရဲ့ကြီးမြတ်ခြင်းကို လူတွေ ထိုးထွင်းသိမြင်စေပြီး ဘုရားသခင်ရဲ့ စစ်မှန်ခြင်းနဲ့ လက်တွေ့အရှိတရားအပေါ် ပဏာမနားလည်ခြင်းနဲ့ ပဏာမအဓိပ္ပာယ်ကို ရရှိစေပါတယ်။ သခင်ယေရှုပြီးမြောက်ခဲ့တဲ့ လုပ်ဆောင်ချက်၊ သူ့ရဲ့လုပ်ဆောင်တဲ့နည်းလမ်း၊ သူစကားပြောတဲ့ ရှုထောင့်တွေဟာ ဝိညာဉ်ရေးရာနယ်ပယ်မှာ ဘုရားသခင်ရဲ့ တကယ့်ပုဂ္ဂိုလ်နဲ့ ကွာခြားပေမဲ့ သူနဲ့ပတ်သက်တဲ့အရာရာတိုင်းက လူတွေ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ဘုရားသခင် ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့တယ်။ ဒါကို ငြင်းလို့မရပါဘူး။ ဆိုလိုတာက ဘုရားသခင်က ဘယ်ပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပါစေ၊ ဘယ်ရှုထောင့်ကနေ သူစကားပြောပါစေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို ဘယ်ပုံသဏ္ဌာန်နဲ့ သူရင်ဆိုင်ပါစေ၊ ဘုရားသခင်ဟာ သူ့ကိုယ်သူကလွဲပြီး ဘယ်အရာကိုမှ ကိုယ်စားမပြုပါဘူး။ သူဟာ ဘယ်လူသားကိုမှ ကိုယ်စားမပြုနိုင်ဘူး။ သူဟာ ဖောက်ပြန်ပျက်စီးတဲ့ ဘယ်လူသားကိုမှ ကိုယ်စားမပြုနိုင်ဘူး။ ဘုရားသခင်ဟာ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်တယ်။ ဒါကို ငြင်းပယ်လို့မရပါဘူး။

နောက်တစ်ခုမှာ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုပြောခဲ့တဲ့ ပုံပြင်တစ်ပုဒ်ကို ကြည့်ပါမယ်။

၃။ ပျောက်ဆုံးသွားသောသိုး ပုံဥပမာ

(ရှင်မဿဲ ၁၈:၁၂-၁၄) အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။ တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။

ဒါက တင်စားချက်တစ်ခုဖြစ်တယ်။ ဒီစာပိုဒ်ကနေ ဘယ်လိုခံစားချက်မျိုးကို လူတွေရရှိသလဲ။ ဒီတင်စားချက်ကို ဖော်ပြတဲ့ပုံစံက လူသားရဲ့ဘာသာစကားနဲ့ စကားပြောတဲ့ပုံစံကို အသုံးချထားတယ်။ ဒါက လူသားရဲ့ အသိပညာနယ်ပယ်အတွင်းမှာရှိတဲ့ အရာဖြစ်တယ်။ ပညတ်တော်ခေတ်မှာ ဘုရားသခင်က ဆင်တူတဲ့ အရာကိုပြောခဲ့မယ်ဆိုရင် ဘုရားသခင်ဘယ်သူဆိုတာနဲ့ ပတ်သက်ပြီး အမှန်တကယ် တသမတ်တည်းမဖြစ်ဘူးလို့ လူတွေ ခံစားကြရလိမ့်မယ်။ ဒါပေမဲ့ လူသားဟာ ကျေးဇူးတော်ခေတ်မှာ ဒီစာပိုဒ်ကို ပြောကြားတဲ့အခါ လူတွေအတွက် စိတ်သက်သာရာရခြင်း၊ နွေးထွေးခြင်းနဲ့ ရင်းနှီးမှုကို ခံစားရစေတယ်။ ဘုရားသခင် လူ့ဇာတိခံယူခဲ့တုန်းက၊ လူ့ပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းလာခဲ့တုန်းက လူ့သဘာဝထဲက သူ့ရဲ့နှလုံးသားရဲ့ အသံကို ဖော်ပြဖို့ သိပ်သင့်တော်တဲ့ တင်စားချက်ကို သူအသုံးပြုခဲ့တယ်။ ဒီအသံက ဘုရားသခင်ကိုယ်တိုင်ရဲ့ အသံနဲ့ အဲဒီခေတ်မှာ သူလုပ်ချင်တဲ့ အလုပ်ကို ကိုယ်စားပြုခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ လူတွေအပေါ် ဘုရားသခင်ထားခဲ့တဲ့ သဘောထားတစ်ခုကိုလည်း ကိုယ်စားပြုခဲ့တယ်။ လူတွေအပေါ် ဘုရားသခင်ရဲ့ သဘောထားရဲ့ ရှုထောင့်ကနေ ကြည့်တဲ့အခါမှာ သူဟာ လူတစ်ယောက်ချင်းစီတိုင်းကို သိုးနဲ့ နှိုင်းလိုက်တယ်။ သိုးတစ်ကောင် ပျောက်သွားရင် ဒီသိုးကို ရှာဖို့အတွက် ဘာပဲဖြစ်ဖြစ် သူလုပ်ဆောင်ပါလိမ့်မယ်။ ဒါဟာ လူသားမျိုးနွယ်ထဲမှာ ဒီအချိန်မှာ လူ့ဇာတိအသွင်နဲ့ ဘုရားသခင်ရဲ့အလုပ်ရဲ့ သဘောတရားကို ကိုယ်စားပြုပါတယ်။ အဲဒီအလုပ်မှာ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သဘောထားကို ဖော်ပြဖို့ ဒီပုံဥပမာကို အသုံးပြုခဲ့တယ်။ ဒါဟာ ဘုရားသခင်က လူ့ဇာတိဖြစ်လာခြင်းရဲ့ အားသာချက်ပဲ။ သူဟာ လူသားမျိုးနွယ်ရဲ့ အသိပညာရဲ့ အားသာချက်ကို ယူပြီး လူတွေကို စကားပြောဖို့၊ သူ့အလိုတော်ကို ဖော်ပြဖို့ လူသားရဲ့ဘာသာစကားကို အသုံးပြုနိုင်ခဲ့တယ်။ သူဟာ လူသားရဲ့ ဘာသာစကားနဲ့ လူတွေ နားလည်ဖို့ခက်ခဲတဲ့ သူ့ရဲ့ အလွန်ကြီးမြတ်ပြီး၊ ဘုရားသဘောသဘာဝနဲ့သက်ဆိုင်တဲ့ ဘာသာစကားကို လူသားရဲ့နည်းလမ်းနဲ့ လူသားတို့ကိုရှင်းပြခဲ့တယ်၊ သို့မဟုတ် “ဘာသာပြန်ခဲ့တယ်။” ဒါက သူ့ရဲ့အလိုတော်ကို လူတွေနားလည်ပြီး သူလုပ်ချင်တဲ့အရာကို လူတွေ သိစေဖို့ ကူညီခဲ့တယ်။ သူဟာ လူသားရဲ့ရှုထောင့်ကနေ၊ လူသားဘာသာစကားကိုအသုံးပြုရင်း လူတွေနဲ့ စကားပြောဆိုနိုင်ပြီး သူတို့နားလည်တဲ့ နည်းလမ်းနဲ့ လူတွေကို ဆက်သွယ်ပြောဆိုခဲ့တယ်။ လူတွေက ဘုရားသခင်ရဲ့ ကြင်နာခြင်းနဲ့ နီးစပ်ခြင်းကို ခံစားနိုင်ဖို့အတွက်၊ သူ့နှလုံးသားကို သူတို့ မြင်နိုင်ဖို့အတွက် သူဟာ လူသားရဲ့ဘာသာစကားနဲ့ အသိပညာကိုအသုံးချပြီး ပြောဆိုလုပ်ကိုင်နိုင်ပါသေးတယ်။ ဒီအချက်မှာ သင်တို့ ဘာကိုမြင်ပါသလဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အပြုအမူတွေမှာ ပိတ်ပင်တားမြစ်ခြင်းမရှိဘူးဆိုတာလား။ ဘုရားသခင်ကိုယ်တော်တိုင် ပြောချင်တဲ့အရာတွေ၊ သူလုပ်ချင်တဲ့အလုပ်တွေ၊ သို့မဟုတ် သူ့ရဲ့ကိုယ်ပိုင်အလိုတော်ကို ဖော်ပြဖို့ လူသားရဲ့အသိပညာ၊ ဘာသာစကား သို့မဟုတ် စကားပြောတဲ့ပုံစံကို ဘုရားသခင် သုံးဖို့ မဖြစ်နိုင်ဘူးလို့ လူတွေမြင်ကြတယ်။ ဒါက မှားယွင်းတဲ့ စဉ်စားပုံပါပဲ။ အဲဒီအချိန်ကာလမှာ လူတွေအပေါ်ထားတဲ့ သူ့ရဲ့သဘောထားကိုမြင်ပြီး ဘုရားသခင်ရဲ့ ရိုးသားဖြူစင်မှုနဲ့ စစ်မှန်မှုတို့ကို လူတွေခံစားနိုင်ဖို့အတွက် ဘုရားသခင်က ဒီလို တင်စားချက်မျိုးကို အသုံးပြုခဲ့တာဖြစ်တယ်။ ဒီပုံဥပမာဟာ ပညတ်တော်အောက်မှာ အကြာကြီး အသက်ရှင်နေထိုင်ခဲ့တဲ့ လူတွေကို အိပ်မက်ကနေ နိုးထစေခဲ့ပြီး ကျေးဇူးတော်ခေတ်မှာ အသက်ရှင်နေထိုင်နေတဲ့ လူတွေရဲ့ မျိုးဆက်တစ်ခုပြီးတစ်ခုကိုလည်း လှုံ့ဆော်ခဲ့တယ်။ ဒီပုံဥပမာရဲ့ စာပိုဒ်ကို ဖတ်ခြင်းအားဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ ရိုးသားဖြူစင်မှုကို လူတွေသိကြပြီး သူ့နှလုံးသားမှာ လူသားမျိုးနွယ်ရဲ့ ဝန်ထုတ်ဝန်ပိုးကို လူတွေနားလည်ပါတယ်။

ဒီစာပိုဒ်မှာရှိတဲ့ နောက်ဆုံးစာကြောင်းကို ကြည့်ကြည့်ကြရအောင်။ “ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။” ဒါက သခင်ယေရှုရဲ့ ကိုယ်ပိုင် နှုတ်ကပတ်တော်တွေလား သို့မဟုတ် ကောင်းကင်ဘုံမှာရှိတဲ့ သူ့ခမည်းတော်ရဲ့ နှုတ်ကပတ်တော်တွေလား။ အပေါ်ယံမှာတော့ စကားပြောနေတာက သခင်ယေရှုလို့ ထင်ရပေမဲ့ သူ့ရဲ့အလိုတော်ဟာ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ အလိုတော်ကို ကိုယ်စားပြုတယ်။ ဒါကြောင့်မို့ သူက “ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ” လို့ ပြောခဲ့တာပဲ။ အဲဒီအချိန်မှာ လူတွေက ကောင်းကင်ဘုံမှာရှိတဲ့ ခမည်းတော်ကိုသာ ဘုရားသခင်အနေနဲ့ အသိအမှတ်ပြုကြပြီး သူတို့မျက်စိရှေ့မှာ သူတို့မြင်ခဲ့တဲ့ ဒီလူဟာ ဘုရားသခင်ရဲ့စေလွှတ်ခြင်းခံရခြင်း သက်သက်ဖြစ်ပြီး ကောင်းကင်ဘုံမှာရှိတဲ့ ခမည်းတော်ကို သူကိုယ်စားမပြုနိုင်ဘူး။ ဒါကြောင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့အလိုတော်ကို သူတို့အမှန်တကယ် ခံစားနိုင်ဖို့အတွက်၊ သူပြောခဲ့တာရဲ့ စစ်မှန်မှုနဲ့ တိကျမှုကို ခံစားနိုင်ဖို့အတွက် သခင်ယေရှုဟာ အဲဒီအရာကို ပြောခဲ့ရတာဖြစ်ပါတယ်။ ဒါကပြောဖို့ ရိုးရှင်းတဲ့အရာတစ်ခုဖြစ်ပေမဲ့ ဂရုစိုက်မှုတွေပါဝင်ပြီး သခင်ယေရှုရဲ့ နှိမ့်ချခြင်းနဲ့ လျှို့ဝှက်ခြင်းကို ဖွင့်ပြပါတယ်။ ဘုရားသခင်က လူ့ဇာတိခံယူခဲ့တာပဲဖြစ်ဖြစ် သို့မဟုတ် ဝိညာဉ်နယ်ပယ်မှာ သူအလုပ်လုပ်ခဲ့တာပဲဖြစ်ဖြစ် လူသားရဲ့နှလုံးသားကို သူအသိဆုံးဖြစ်ပြီးလူတွေ လိုအပ်တဲ့အရာကို အနားလည်ဆုံးဖြစ်တယ်။ လူတွေ စိုးရိမ်တဲ့အရာနဲ့ သူတို့ကို စိတ်ရှုပ်ထွေးစေတဲ့အရာတို့ကို သိတယ်။ ဒါကြောင့် ဒီစာကြောင်းတစ်ကြောင်းကို သူထည့်လိုက်တယ်။ ဒီစာကြောင်းက လူသားမျိုးနွယ်မှာ ပုန်းကွယ်နေတဲ့ ပြဿနာတစ်ခုကို မီးမောင်းထိုးပြထားတယ်။ လူသားက ပြောတာနဲ့ပတ်သက်ပြီး လူတွေက လွယ်လွယ်မယုံကြည်ကြဘူး။ ဆိုလိုတာက သခင်ယေရှု စကားပြောတဲ့အခါ “ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ” ဆိုတာကို ထည့်လိုက်ရတယ်။ သူတို့ရဲ့ တိကျမှုကို ယုံကြည်စေပြီး သူတို့ရဲ့ ယုံကြည်လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးဖို့အတွက် ဒီအဆိုကျမှသာ သူ့ရဲ့နှုတ်ကပတ်တော်တွေက အသီးအပွင့်တွေ ဖြစ်ထွန်းလာနိုင်ခဲ့တာပဲ။ ဘုရားသခင်က လူသားရဲ့ ပုံမှန်သားတစ်ယောက်ဖြစ်လာတဲ့အခါမှာ၊ ဘုရားသခင်နဲ့ လူသားမျိုးနွယ်က တော်တော်ကို ခွကျတဲ့ ဆက်ဆံရေးရှိလာတယ်။ အဲဒီ လူသားရဲ့ အခြေအနေက တော်တော် အရှက်ရစရာဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ လူသားတွေကြားမှာ သခင်ယေရှုရဲ့ အဆင့်အတန်း ဘယ်လောက်သေးငယ်တယ်ဆိုတာကိုလည်းပြတယ်။ သူဒါကိုပြောတဲ့အခါမှာ တကယ်တမ်းက လူတွေကို ဒီလိုပြောဖို့ဖြစ်တယ်။ သင်တို့ စိတ်ချထားလို့ရပါတယ်။ ဒါက ငါ့ရဲ့ကိုယ်ပိုင်နှလုံးသားထဲက အရာကို ကိုယ်စားမပြုဘူး။ သင်တို့ရဲ့ နှလုံးသားထဲမှာရှိတဲ့ ဘုရားသခင်ရဲ့ အလိုတော်ကပဲ ကိုယ်စားပြုတာဖြစ်တယ်။ လူသားမျိုးနွယ်အတွက်က ဒါက အထင်နဲ့အမြင် တလွဲစီ ဖြစ်မနေဘူးလား။ ဇာတိခန္ဓာထဲ အလုပ်လုပ်တဲ့ ဘုရားသခင်က သူရဲ့ ပုဂ္ဂိုလ်အဖြစ်မှာ မရှိတဲ့ အားသာချက်တွေအများကြီးရှိပေမဲ့ သူတို့ရဲ့ သံသယတွေ၊ ငြင်းပယ်မှုတွေနဲ့ သူတို့ရဲ့ ထုံထိုင်းမှုတွေ၊ ငြီးငွေ့စရာကောင်းမှုတွေကို သူကြံ့ကြံ့ခံခဲ့ရတယ်။ လူသားရဲ့ လုပ်ငန်းစဉ်က လူသားမျိုးနွယ်ရဲ့ ငြင်းပယ်ခြင်းနဲ့ လူသားမျိုးနွယ်က သူနဲ့ယှဉ်ပြိုင်တဲ့ အတွေ့အကြုံဖြစ်စဉ်ကို တွေ့ကြုံခံစားရတဲ့ ဖြစ်စဉ်ပဲလို့ ဆိုနိုင်တယ်။ ဒါတွေထက်ပိုပြီး ဒါဟာ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းကတစ်ဆင့်၊ သူ့ရဲ့ကိုယ်ပိုင် အနှစ်သာရကနေတစ်ဆင့် လူသားမျိုးနွယ်ရဲ့ယုံကြည်မှုကို အဆက်မပြတ် ရယူပြီး လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ လုပ်ငန်းစဉ်ပါပဲ။ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်က စာတန်နဲ့ စစ်ကွင်းပြင်မှာ စစ်တိုက်တာမျိုး သိပ်မဟုတ်ဘဲ ဘုရားသခင်က သာမန်လူသားတစ်ယောက်ဖြစ်လာပြီး သူ့နောက် လိုက်သူတွေနဲ့ ကြိုးစားရုန်းကန်ရပြီး ဒီကြိုးစားရုန်းကန်မှုမှာ လူသားဟာ သူ့ရဲ့အလုပ်ကို သူ့ရဲ့ နှိမ့်ချခြင်းနဲ့၊ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းနဲ့၊ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ အသိဉာဏ်ပညာနဲ့ ပြီးမြောက်စေခဲ့တယ်ဆိုတာမျိုး ပိုပြီးဖြစ်ပါတယ်။ သူလိုချင်တဲ့လူတွေကို ရယူခဲ့တယ်။ သူရသင့်တဲ့ ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းကို ရယူနိုင်ခဲ့ပြီး သူ့ရဲ့ပလ္လင်ဆီကို ပြန်သွားခဲ့တယ်။

နောက်တစ်ခု၊ ကျမ်းစာရဲ့ ဒီ စာပိုဒ်နှစ်ပိုဒ်ကို ကြည့်ရအောင်။

၄။ အကြိမ်ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်ပါ။

(ရှင်မဿဲ ၁၈:၂၁-၂၂) ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။

၅။ သခင်ရဲ့ ချစ်ခြင်း

(ရှင်မဿဲ ၂၂:၃၇-၃၉) “ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။”

ဒီစာပိုဒ်နှစ်ခုမှာ တစ်ခုက ခွင့်လွှတ်ခြင်းအကြောင်းကိုပြောပြီး တစ်ခုက ချစ်ခြင်းမေတ္တာအကြောင်းကိုပြောတယ်။ ဒီအချက်နှစ်ခုက ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုလုပ်ဆောင်ချင်တဲ့အလုပ်ကို တကယ်ကို မီးမောင်းထိုးပြတယ်။

ဘုရားသခင်က လူ့ဇာတိဖြစ်လာတဲ့အခါမှာ သူ့လုပ်ဆောင်မှုရဲ့အဆင့်တစ်ခုကို သယ်ဆောင်လာခဲ့တယ်။ ဒီခေတ်ကာလမှာ သူဖော်ပြချင်တဲ့ စိတ်သဘောထားနဲ့ သီးသန့်အလုပ်တစ်ခုကို သယ်ဆောင်လာတယ်။ အဲဒီအချိန်ကာလမှာ လူသားလုပ်ဆောင်တဲ့ အရာတိုင်းက ဒီခေတ်မှာ ဘုရားသခင်လုပ်ဆောင်ချင်တဲ့အလုပ်ကို အဓိကထားပြီးလုပ်တယ်။ ပိုပြီးတော့လည်းမလုပ်သလို လျှော့ပြီးတော့လည်း မလုပ်ဘူး။ သူပြောတဲ့ အရာရာတိုင်းနဲ့ သူလုပ်ဆောင်ခဲ့တဲ့ အလုပ်အမျိုးအစားအားလုံးက ဒီခေတ်ကာလနဲ့ ဆက်စပ်နေတယ်။ လူသားဘာသာစကားနဲ့ လူသားရဲ့နည်းလမ်းနဲ့ အဲဒီအရာကို သူဖော်ပြခဲ့သည်ဖြစ်စေ၊ ဘုရားသဘောသဘာဝနဲ့သက်ဆိုင်တဲ့ ဘာသာစကားကနေ တစ်ဆင့်ဖြစ်စေ၊ ဘယ်နည်းလမ်းနဲ့ဖြစ်စေ၊ သို့မဟုတ် ဘယ်ရှုထောင့်အမြင်နဲ့ ဖော်ပြခဲ့သည်ဖြစ်စေ၊ သူ့ရဲ့ပန်းတိုင်က သူလုပ်ချင်တဲ့အရာ၊ သူ့ရဲ့အလိုတော်၊ လူတွေအပေါ် သူ့ရဲ့လိုအပ်ချက်တွေကို လူတွေနားလည်အောင် ကူညီဖို့ဖြစ်တယ်။ လူတွေကို သူ့ရဲ့အလိုတော်ကို သိပြီး နားလည်အောင်၊ သူ့ရဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအလုပ်ကို နားလည်အောင် ကူညီဖို့အတွက် မတူညီတဲ့ ရှုထောင့်တွေက နည်းအမျိုးမျိုးကို သူ အသုံးပြုကောင်းပြုနိုင်တယ်။ ဒါကြောင့် ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက လူသားမျိုးနွယ်နဲ့ သူဆက်သွယ်ပြောဆိုချင်တဲ့အရာတွေကို ဖော်ပြဖို့ လူသားရဲ့ဘာသာစကားကို မကြာခဏအသုံးပြုတာကို ငါတို့ တွေ့မြင်ရတယ်။ ဒါထက်ပိုပြီးတော့ သူဟာ သာမန်လမ်းညွှန်တစ်ယောက်ရဲ့ ရှုထောင့်ကနေ လူတွေကို စကားပြောခြင်း၊ သူတို့ရဲ့လိုအပ်ချက်တွေကို ပံ့ပိုးပေးခြင်း၊ သူတို့တောင်းဆိုတဲ့အရာတွေကို ကူညီပေးခြင်းတို့ပြုလုပ်တာကို မြင်ရတယ်။ ဒီလို အလုပ်လုပ်ပုံမျိုးကို ကျေးဇူးတော်ခေတ်မတိုင်ခင်လာတဲ့ ပညတ်တော်ခေတ်မှာ မမြင်ရဘူး။ သူဟာ လူသားမျိုးနွယ်အပေါ် ပိုပြီး ကရုဏာထားလာတယ်။ ပိုပြီးရင်းနှီးလာပြီး ပုံသဏ္ဌာန်နဲ့ နည်းဟန်တို့ကနေ လက်တွေ့ကျတဲ့ရလဒ်တွေကိုလည်း ပိုပြီးတော့ ရရှိနိုင်လာတယ်။ လူတွေကို အကြိမ် ခုနစ်ဆယ် ခုနစ်လီခွင့်လွှတ်ဖို့ ဖော်ပြချက်က ဒီအချက်ကို ပိုပြီး ရှင်းလင်းသွားစေတယ်။ ဒီဖော်ပြချက်ထဲက ကိန်းဂဏန်းအားဖြင့် ရရှိတဲ့ ရည်ရွယ်ချက်က သခင်ယေရှုက ဒါကိုပြောတဲ့အချိန်မှာ သူ့ရဲ့ ရည်ရွယ်ချက်ကို လူတွေ နားလည်စေဖို့ဖြစ်တယ်။ သူ့ရည်ရွယ်ချက်က လူတွေက သူတစ်ပါးကို ခွင့်လွှတ်ဖို့ပဲ။ တစ်ကြိမ် မဟုတ်ဘူး။ နှစ်ကြိမ်လည်း မဟုတ်ဘူး။ ခုနစ်ကြိမ်တောင်မဟုတ်ဘူး။ ခုနစ်ဆယ် ခုနစ်လီဖြစ်တယ်။ “ခုနစ်ဆယ် ခုနစ်လီ” ဆိုတာ ဘယ်လိုစိတ်ကူးမျိုးလဲ။ လူတွေက သူတို့ရဲ့ ကိုယ်ပိုင် တာဝန်ဝတ္တရားတွေကို ခွင့်လွှတ်ဖို့ဖြစ်ပြီး၊ သူတို့ သင်ယူရမယ့် အရာတစ်ခု၊ သူတို့ ထိန်းသိမ်းရမယ့် နည်းတစ်ခုဖြစ်ပါတယ်။ ဒါက ဖော်ပြချက်သက်သက်တစ်ခုဖြစ်ပေမဲ့ သိပ်အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တယ်။ ဒီအချက်က လူတွေကို သူဆိုလိုတဲ့အရာကို လေးနက်စွာ အသိအမှတ်ပြုဖို့၊ သင့်တော်တဲ့ ကျင့်သုံးခြင်းနည်းလမ်း၊ စည်းမျဉ်းစည်းကမ်းနဲ့ ကျင့်သုံးခြင်းမှာ စံသတ်မှတ်ခြင်းတွေကို တွေ့ရှိဖို့ကူညီပေးတယ်။ ဒီဖော်ပြချက်က လူတွေကို ရှင်းလင်းစွာနားလည်စေဖို့ ကူညီပေးပြီး သူတို့ဟာ ခွင့်လွှတ်ခြင်းကို သင်ယူသင့်တယ်ဆိုတဲ့ တိကျတဲ့ အယူအဆကို ပေးတယ်။ အခြေအနေ သတ်မှတ်ချက်တွေမပါဘဲ၊ အကန့်အသတ်တွေမပါဘဲ သည်းခံခြင်းသဘောထားနဲ့ သူတစ်ပါးတို့အပေါ် နားလည်ခြင်းတို့နဲ့ ခွင့်လွှတ်ဖို့ဖြစ်တယ်။ သခင်ယေရှုက ဒါကိုပြောလိုက်တဲ့အခါမှာ သူ့နှလုံးသားထဲမှာ ဘာရှိလဲ။ ခုနစ်ဆယ် ခုနစ်လီဆိုတာကို တကယ်ပဲ စဉ်းစားနေခဲ့တာလား။ မဟုတ်ပါဘူး။ ဘုရားသခင်က လူသားကို ခွင့်လွှတ်တဲ့ အကြိမ်အရေအတွက်တစ်ခုရှိပါသလား။ ဒီအရေအတွက်ရဲ့ မူလအရင်းအမြစ်နဲ့ အဓိပ္ပာယ်ကို နားလည်ချင်တဲ့ “အကြိမ်အရေအတွက်” ဆိုတာကို စိတ်ဝင်စားတဲ့ လူတွေ အများကြီးရှိပါတယ်။ ဒီကိန်းဂဏန်းက သခင်ယေရှုရဲ့ နှုတ်ကနေ ဘာကြောင့်ထွက်လာတာလဲဆိုတာကို သူတို့နားလည်ချင်ကြတယ်။ ဒီအရေအတွက်မှာ ပိုမိုနက်နဲတဲ့ သွယ်ဝိုက်တဲ့ အချက်တစ်ခုရှိတယ်လို့ သူတို့ ယုံကြည်ကြတယ်။ တကယ်တော့ ဒါဟာ ဘုရားသခင်ရဲ့ လူ့သဘာဝကနေလာတဲ့ ဖော်ပြချက်ဖြစ်ပါတယ်။ သွယ်ဝိုက်တဲ့ အချက် သို့မဟုတ် အဓိပ္ပာယ်ကို လူသားမျိုးနွယ်အတွက် သခင်ယေရှုရဲ့ လိုအပ်ချက်တွေနဲ့အတူ ခံယူရပါမယ်။ ဘုရားသခင်က လူ့ဇာတိ မဖြစ်ခင်တုန်းက သူပြောတဲ့အရာအများစုကို လူတွေ နားမလည်ခဲ့ကြဘူး။ အဲဒါတွေက လုံးဝ ဘုရားရဲ့သဘောသဘာဝကနေ လာတဲ့အတွက်ကြောင့်ပါ။ သူပြောတာရဲ့ ရှုထောင့်နဲ့ အကြောင်းအရာက လူသားမျိုးနွယ်အတွက် မမြင်နိုင်၊ လက်လှမ်းမမီနိုင်ဘူး။ အဲဒါတွေကို လူတွေမမြင်နိုင်တဲ့ ဝိညာဉ်နယ်ပယ်ကနေ ဖော်ပြတာပါ။ လူ့ဇာတိမှာနေထိုင်တဲ့ လူတွေအတွက်က ဝိညာဉ်နယ်ပယ်ကို ဖြတ်မသွားနိုင်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီးနောက်မှာ သူဟာ လူသားမျိုးနွယ်ကို လူသားရဲ့ ရှုထောင့်ကနေ စကားပြောခဲ့တယ်။ သူထွက်ပေါ်လာပြီး ဝိညာဉ်နယ်ပယ်ရဲ့ အတိုင်းအတာကို ကျော်လွန်သွားခဲ့တယ်။ သူဟာ လူသားမျိုးနွယ်က ဘုရားသခင်ကို သိပြီးနားလည်ဖို့၊ သူတို့ရဲ့ တတ်နိုင်စွမ်းရှိတဲ့ အတိုင်းအတာအတွင်းကနေ သူလိုအပ်တဲ့ စံသတ်မှတ်ချက်တွေနဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို သူတို့တတ်နိုင်တဲ့အဆင့်အထိ နားလည်သဘောပေါက်ဖို့ လူသားတို့လက်ခံနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုရင်း လူသားတွေ စိတ်ကူးထင်မြင်လို့ရတဲ့အရာတွေ၊ သူတို့မြင်တဲ့အရာတွေ၊ သူတို့ဘဝမှာ ကြုံတွေ့ရတဲ့အရာတွေ၊ သူတို့နားလည်နိုင်တဲ့ ဘာသာစကားတစ်ခုနဲ့၊ သူတို့နားလည်နိုင်တဲ့ အသိပညာတို့ကနေတစ်ဆင့် သူ့ရဲ့ ဘုရားသခင်စိတ်သဘောထား၊ အလိုတော်နဲ့ သဘောထားတို့ကို သူဖော်ပြနိုင်တယ်။ ဒါဟာ ဘုရားသခင်ရဲ့ လူ့သဘာဝထဲက အလုပ်ရဲ့ နည်းလမ်းနဲ့ စည်းမျဉ်းတွေဖြစ်တယ်။ ဘုရားသခင်ရဲ့ နည်းလမ်းတွေနဲ့ လူ့ဇာတိမှာ သူ့ရဲ့အလုပ်လုပ်ပုံ သဘောတရားတို့ဟာ လူ့သဘာဝအားဖြင့်၊ လူ့သဘာဝမှတစ်ဆင့် အများစုရရှိပေမဲ့ ဘုရားရဲ့သဘောသဘာဝနဲ့ တိုက်ရိုက်လုပ်ခြင်းအားဖြင့် မရရှိနိုင်တဲ့ ရလဒ်တွေကို အမှန်တကယ် ရရှိခဲ့တယ်။ ဘုရားသခင်ရဲ့ လူ့သဘာဝထဲက လုပ်ဆောင်မှုဟာ ပိုပြီးခိုင်မာတယ်၊ စစ်မှန်တယ်၊ ဦးတည်ချက်ရှိတယ်၊ နည်းလမ်းတွေက ပိုပြီးတော့ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပုံသဏ္ဌာန်အရ ပညတ်တော်ခေတ်ကို ကျော်လွန်သွားတယ်။

အောက်မှာ သခင်ကို ချစ်ခြင်းနဲ့ ကိုယ်နဲ့စပ်ဆိုင်သူကို သင့်ကိုယ်သင်ချစ်သလိုမျိုး ချစ်ခြင်းအကြောင်းကို ပြောကြရအောင်။ ဘုရားရဲ့ သဘောသဘာဝမှာ တိုက်ရိုက်ဖော်ပြတဲ့ အရာတစ်ခုဖြစ်ပါသလား။ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ဒါတွေအားလုံးက လူသားက လူ့သဘာဝထဲမှာ ပြောတဲ့အရာတွေဖြစ်ပါတယ်။ “ကိုယ်နဲ့စပ်ဆိုင်သူကို သင့်ကိုယ်သင်ချစ်သလိုချစ်ပါ။ သူတစ်ပါးကို ချစ်ခြင်းက သင့်ရဲ့ကိုယ်ပိုင်ဘဝကို ချစ်မြတ်နိုးခြင်းနဲ့ အတူတူပဲဖြစ်တယ်” ဆိုတာမျိုးကို လူတွေပဲ ပြောမှာဖြစ်ပြီး လူတွေသာ ဒီပုံစံနဲ့ ပြောမှာဖြစ်တယ်။ ဘုရားသခင်က ဒီလိုမျိုး တစ်ခါမှ မပြောဖူးပါဘူး။ အနည်းဆုံး ဘုရားသခင်က သူ့ရဲ့ဘုရားသဘောသဘာဝမှာ ဒီလို ဘာသာစကားအမျိုးအစားမျိုးမရှိဘူး။ လူသားမျိုးနွယ်အတွက် သူ့ရဲ့ချစ်ခြင်းကို ထိန်းသိမ်းဖို့ “သင့်အိမ်နီးချင်းကို သင့်ကိုယ်သင် ချစ်သလိုချစ်ပါ” ဆိုတဲ့ ဒီလို ယုံကြည်မှုမျိုး မလိုတဲ့အတွက်ကြောင့်ဖြစ်တယ်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ချစ်ခြင်းက သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ သဘာဝအလျောက် ဖွင့်ပြခြင်းဖြစ်တဲ့အတွက်ကြောင့်ပါ။ ဘုရားသခင်က “ငါ့ကိုယ်ငါချစ်သလို လူသားမျိုးနွယ်ကို ငါချစ်တယ်” ဆိုတာမျိုးပြောတာ သင်ဘယ်တုန်းက ကြားဖူးပါသလဲ။ ချစ်ခြင်းက ဘုရားသခင်ရဲ့ အနှစ်သာရမှာ ရှိတဲ့အတွက်ကြောင့်၊ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းမှာ ရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ လူတွေကို သူဆက်ဆံတဲ့ပုံစံနဲ့ သူ့သဘောထားဟာ သူ့စိတ်သဘောထားရဲ့ သဘာဝအလျောက် ဖော်ပြခြင်းနဲ့ ဖွင့်ပြခြင်းပဲဖြစ်တယ်။ ဒါကို သူ တမင်သက်သက် ပုံစံတစ်မျိုးနဲ့ လုပ်ဖို့ မလိုအပ်ဘူး သို့မဟုတ် သူ့ကိုယ်သူချစ်သလို သူနဲ့စပ်ဆိုင်တဲ့သူကိုချစ်ခြင်းကို ရရှိဖို့သက်သက် နည်းလမ်း သို့မဟုတ် ကိုယ်ကျင့်တရားတစ်မျိုးကို တမင်လိုက်လျှောက်ဖို့မလိုအပ်ပါဘူး။ ဒီလိုအနှစ်သာရမျိုးကို သူပိုင်ဆိုင်နှင့်ပြီးဖြစ်တယ်။ ဒီနေရာမှာ သင်ဘာကိုမြင်ရသလဲ။ ဘုရားသခင်က လူ့သဘာဝထဲမှာ အလုပ်လုပ်တဲ့အခါမှာ သူ့ရဲ့နည်းလမ်းအများစု၊ စကားလုံးတွေနဲ့ သမ္မာတရားတွေ အားလုံးဟာ လူသားရဲ့နည်းလမ်းနဲ့ ဖော်ပြပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဘုရားသခင်ရဲ့ စိတ်သဘောထား၊ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်း၊ သူ့ရဲ့အလိုတော်တို့ကို လူတွေသိဖို့ နားလည်ဖို့ ဖော်ပြပါတယ်။ သူတို့သိပြီး နားလည်တဲ့အရာက ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ ပင်ကို ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းကို ကိုယ်စားပြုတဲ့ သူ့ရဲ့အနှစ်သာရနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတို့ အတိအကျပဲဖြစ်ပါတယ်။ ဆိုလိုတာက လူ့ဇာတိမှာရှိတဲ့ လူသားဟာ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ ပင်ကိုစိတ်သဘောထားနဲ့ အနှစ်သာရကို ဖြစ်နိုင်သလောက်အများဆုံး၊ ဖြစ်နိုင်သလောက် အတိကျဆုံးဖော်ပြပါတယ်။ လူသားရဲ့ လူ့သဘာဝဟာ ကောင်းကင်ဘုံမှာရှိတဲ့ ဘုရားသခင်နဲ့ လူသားရဲ့ ဆက်သွယ်ပြောဆိုခြင်းနဲ့ အပြန်အလှန်ဆက်ဆံခြင်းအတွက် အနှောင့်အယှက် သို့မဟုတ် အတားအဆီးတစ်ခုမဟုတ်ရုံတင်မကဘဲ အမှန်တကယ်တော့ ဖန်ဆင်းခြင်းရဲ့အရှင်သခင်ကို လူသားမျိုးနွယ်က ဆက်သွယ်ဖို့အတွက် တစ်ခုတည်းသောလမ်းကြောင်းနဲ့ တစ်ခုတည်းသော ပေါင်းကူးတံတားဖြစ်ပါတယ်။ ဒီနေရာမှာ ကျေးဇူးတော်ခေတ်နဲ့ လက်ရှိအလုပ်လုပ်ခြင်းအဆင့်မှာ သခင်ယေရှုအားဖြင့် ပြီးမြောက်တဲ့အလုပ်ရဲ့ နည်းလမ်းတွေနဲ့ သဘောသဘာဝကြားမှာ ဆင်တူတာတွေအများကြီးရှိတယ်လို့ သင်တို့ မခံစားရဘူးလား။ ဒီလက်ရှိအလုပ်လုပ်ခြင်းအဆင့်က ဘုရားသခင်ရဲ့ စိတ်သဘောထားကို ဖော်ပြဖို့ လူသားရဲ့ ဘာသာစကားကို အများကြီး အသုံးပြုပြီး ဘုရားသခင်ကိုယ်တိုင်ရဲ့ အလိုတော်ကို ဖော်ပြဖို့ လူသားမျိုးနွယ်ရဲ့ နေ့စဉ်အသက်တာနဲ့ လူသားရဲ့ အသိပညာမှ နည်းလမ်းတွေနဲ့ ဘာသာစကားကို အများကြီး အသုံးပြုပါတယ်။ ဘုရားသခင်က လူ့ဇာတိဖြစ်လိုက်တာနဲ့ သူက လူသားရဲ့ရှုထောင့်ကနေ စကားပြောသည်ဖြစ်စေ သို့မဟုတ် ဘုရားရဲ့သဘောသဘာဝကနေ ပြောသည်ဖြစ်စေ၊ သူ့ရဲ့ ဖော်ပြတဲ့ ဘာသာစကားနဲ့ နည်းလမ်းတွေ အများစုဟာ လူသားရဲ့ဘာသာစကားနဲ့ နည်းလမ်းရဲ့ ကြားခံကနေတစ်ဆင့်ဖြစ်ပါတယ်။ ဆိုလိုတာက ဘုရားသခင်က လူ့ဇာတိဖြစ်တဲ့အခါမှာ ဘုရားသခင်ရဲ့ အဆုံးအစမရှိဘုန်းတန်ခိုးနဲ့ သူ့ရဲ့အသိပညာကိုမြင်ဖို့၊ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ သွင်ပြင်လက္ခဏာတိုင်းကို သိဖို့ သင့်အတွက် အကောင်းဆုံး အခွင့်အရေးပါပဲ။ ဘုရားသခင်က လူ့ဇာတိဖြစ်လာတဲ့အခါမှာ သူကြီးထွားလာနေစဉ်မှာ လူသားမျိုးနွယ်ရဲ့ အသိပညာတစ်ချို့၊ ရှိသင့်တဲ့အသိစိတ်၊ ဘာသာစကားနဲ့ လူသားမျိုးနွယ်မှာရှိတဲ့ ခံစားချက်ဖော်ပြခြင်းနည်းလမ်းတွေကို သူဟာ နားလည်လာတယ်။ သင်ယူလေ့လာတယ်။ သဘောပေါက်လာတယ်။ လူ့ဇာတိအဖြစ်ခံယူတဲ့ ဘုရားသခင်ဟာ သူဖန်ဆင်းခဲ့တဲ့ လူသားတွေဆီကနေလာတဲ့ ဒီအရာတွေကို ပိုင်ဆိုင်တယ်။ ဒီအရာတွေဟာ သူ့ရဲ့စိတ်သဘောထားနဲ့ သူ့ရဲ့ ဘုရားသဘောသဘာဝကို ဖော်ပြဖို့အတွက် လူ့ဇာတိမှာရှိတဲ့ ဘုရားသခင်ရဲ့ အသုံးချပစ္စည်းတွေဖြစ်လာတယ်။ ဒီအရာတွေဟာ လူသားမျိုးနွယ်ရဲ့အလယ်မှာ သူအလုပ်လုပ်နေတဲ့အခါမှာ လူသားရဲ့ရှုထောင့်နဲ့ လူသားရဲ့ ဘာသာစကားကို အသုံးပြုရင်း သူ့လုပ်ဆောင်ချက်တွေကို ပိုပြီးတော့ အသုံးဝင်စေတယ်။ ပိုပြီးတော့ စစ်မှန်စေတယ်၊ ပိုပြီးတော့ တိကျစေပါတယ်။ ဒီအရာတွေဟာ လူတွေအတွက် ပိုပြီးတော့ အဆင်ပြေလွယ်ကူစေပြီး ပိုပြီးလွယ်ကူစွာ နားလည်နိုင်စေခဲ့တယ်။ ဒီလိုနဲ့ ဘုရားသခင် လိုချင်တဲ့ ရလဒ်ကို ရရှိစေတယ်။ ဘုရားသခင်အတွက် ဒီလို လူ့ဇာတိနဲ့ အလုပ်လုပ်ဆောင်ခြင်းက ပိုပြီးတော့ လက်တွေ့မကျဘူးလား။ ဒါဟာ ဘုရားသခင်ရဲ့ ဉာဏ်ပညာမဟုတ်ဘူးလား။ ဘုရားသခင်က လူ့ဇာတိဖြစ်လာတဲ့အခါမှာ၊ သူလုပ်ဆောင်ချင်တဲ့အလုပ်ကို ဘုရားသခင်ရဲ့ဇာတိခန္ဓာက လုပ်ဆောင်နိုင်တဲ့အခါ၊ သူ့ရဲ့စိတ်သဘောထားနဲ့ သူ့ရဲ့အလုပ်ကို လက်တွေ့ကျကျ ဖော်ပြတဲ့အချိန်ဖြစ်ပြီး လူသားအနေနဲ့ သူ့ရဲ့အမှုတော်ကို အမှန်တကယ် အစပြုတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်နဲ့ လူသားကြားမှာ သဘောထားကွာဟချက်တွေ မရှိတော့ဘူး၊ ဘုရားသခင်ဟာ မကြာခင်မှာ သတင်းစကားပို့ဆောင်သူတွေကနေတစ်ဆင့် ဆက်သွယ်ပြောဆိုခြင်းအလုပ်ကို ရပ်တန့်လိုက်တော့မယ်လို့ ဆိုလိုတာဖြစ်ပြီး သူအလိုရှိရင် ဘုရားသခင်ကိုယ်တော်တိုင် လူ့ဇာတိနဲ့ နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်မှုတွေအားလုံးကို ကိုယ်တိုင်ဖော်ပြနိုင်တယ်လို့ ဆိုလိုပါတယ်။ ဒါဟာ ဘုရားသခင် ကယ်တင်တဲ့ လူတွေဟာ သူနဲ့ ပိုနီးစပ်တယ်လို့လည်းဆိုလိုတယ်။ သူ့ရဲ့ စီမံခန့်ခွဲမှုအလုပ်က နေရာအသစ်ကို ဝင်ရောက်လာပြီး လူသားမျိုးနွယ်အားလုံးဟာ ခေတ်သစ်တစ်ခုကို ရင်ဆိုင်ရတော့မယ်လို့ လည်း ဆိုလိုတာဖြစ်ပါတယ်။

သမ္မာကျမ်းစာကိုဖတ်ပြီးသူတိုင်း သခင်ယေရှုမွေးတဲ့အခါမှာ အကြောင်းအရာတွေ အများကြီးဖြစ်ခဲ့တယ်ဆိုတာကို သိတယ်။ အဲဒီအကြောင်းအရာတွေထဲမှာ အကြီးမားဆုံးက မာရ်နတ်တွေရဲ့ ရှင်ဘုရင်ရဲ့ လိုက်လံဖမ်းဆီးခြင်းကိုခံရတာပဲ။ နှစ်နှစ်နဲ့ နှစ်နှစ်အောက်ကလေးတွေအားလုံး အသတ်ဖြတ်ခံရတဲ့အထိပါပဲ။ လူသားတွေကြားမှာ လူ့ဇာတိခံယူခဲ့ခြင်းကြောင့် ရရှိလာမယ့် ကြီးမားတဲ့ ဘေးအန္တရာယ်ကို ဘုရားသခင် ခံယူခဲ့တယ်ဆိုတာ ထင်ရှားမြင်သာပါတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်တဲ့ သူ့ရဲ့စီမံခန့်ခွဲမှု ပြီးမြောက်ခြင်းအတွက် သူပေးဆပ်လိုက်ရတဲ့ ကြီးမားတဲ့ အဖိုးအခဟာလည်း ထင်ရှားမြင်သာပါတယ်။ ဘုရားသခင်ဟာ လူ့ဇာတိအနေနဲ့ လူသားမျိုးနွယ်ကြားထဲမှာ သူ့အလုပ်အတွက် သူကိုင်ဆောင်ထားတဲ့ ကြီးမားတဲ့ မျှော်လင့်ချက်ဟာလည်း ထင်ရှားမြင်သာပါတယ်။ ဘုရားသခင်ရဲ့ လူ့ဇာတိဟာ လူသားမျိုးနွယ်ကြားထဲမှာ အလုပ်လုပ်ဆောင်နိုင်တဲ့အခါ သူဘယ်လိုခံစားနေခဲ့ရမလဲ။ လူတွေ ဒါကို နည်းနည်း နားလည်သင့်တယ်မဟုတ်လား။ အနည်းဆုံး ဘုရားသခင်ဟာ ပျော်ရွှင်ခဲ့တယ်။ ဘာကြောင့်လဲဆိုရင် လူသားမျိုးနွယ်ကြားထဲမှာ သူ့ရဲ့လုပ်ဆောင်မှုအသစ်ကို စတည်တည်ဆောက်နိုင်ခဲ့လို့ဖြစ်ပါတယ်။ သခင်ယေရှုဟာ နှစ်ခြင်းခံပြီး သူ့ရဲ့အမှုတော်ကို ပြည့်စုံစေဖို့ သူ့ရဲ့အလုပ်ကို အမှန်တကယ်စတင်ခဲ့တဲ့အခါမှာ ဘုရားသခင်ရဲ့ နှလုံးသားဟာ ဝမ်းမြောက်မှုတွေနဲ့ ပြည့်လျှံနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် နှစ်ပေါင်းများစွာစောင့်ပြီး ပြင်ဆင်ပြီးနောက်မှာ သာမန်လူသားတစ်ယောက်ရဲ့ ဇာတိခန္ဓာကို နောက်ဆုံးမှာ သူဝတ်ဆင်နိုင်ပြီး လူတွေမြင်နိုင် ထိနိုင်တဲ့ အသွေးအသားနဲ့လူတစ်ယောက်ရဲ့ အသွင်နဲ့ သူ့ရဲ့အလုပ်အသစ်ကို စတင်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဘုရားသခင်ဟာ နောက်ဆုံးတော့ လူသားတစ်ယောက်ရဲ့ ဝိသေသလက္ခဏာကနေတစ်ဆင့့် လူတွေနဲ့ မျက်နှာချင်းဆိုင်၊ နှလုံးသားချင်း စကားပြောနိုင်ပြီ။ နောက်ဆုံးတော့ ဘုရားသခင်ဟာ လူသားရဲ့ဘာသာစကားနဲ့ လူသားရဲ့နည်းလမ်းနဲ့ လူသားမျိုးနွယ်ကို မျက်နှာချင်းဆိုင်နိုင်ပြီ။ သူဟာ လူသားမျိုးနွယ်ကို ထောက်ပံ့နိုင်တယ်။ ဉာဏ်အလင်းဖွင့်ပေးနိုင်တယ်။ လူသားရဲ့ ဘာသာစကားကို အသုံးပြုပြီး သူတို့ကို ကူညီနိုင်တယ်။ လူသားတို့နဲ့ လက်ရည်တပြင်တည်း စားသောက်ပြီး တစ်နေရာတည်းမှာ နေထိုင်နိုင်တယ်။ သူဟာ လူသားတွေလိုပဲ လူတွေကိုလည်း မြင်နိုင်တယ်၊ အရာဝတ္ထုတွေကိုမြင်နိုင်တယ်၊ အရာအားလုံးကို မြင်နိုင်ပြီး သူတို့ရဲ့ကိုယ်ပိုင်မျက်လုံးတွေကနေ တစ်ဆင့်တောင် မြင်နိုင်တယ်။ ဘုရားသခင်အတွက် ဒါဟာ လူ့ဇာတိမှာ သူ့အလုပ်ရဲ့ ပထမဆုံး အောင်နိုင်ခြင်းဖြစ်နေနှင့်ပါပြီ။ ကြီးမြတ်တဲ့လုပ်ဆောင်မှုတစ်ခု ပြီးမြောက်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ဒါက ဘုရားသခင် အပျော်ရွှင်ဆုံးဖြစ်တဲ့အရာပါပဲ။ အဲဒီအချိန်ကစပြီး လူသားမျိုးနွယ်ကြားက သူ့ရဲ့လုပ်ဆောင်မှုမှာ စိတ်သက်သာရာရသလိုမျိုး ဘုရားသခင်ခံစားရတာ ပထမဆုံးအကြိမ်ပါပဲ။ ဒီဖြစ်ရပ်တွေအားလုံးဟာ သိပ် လက်တွေ့ကျပြီး သိပ်ကို သဘာဝဆန်ပါတယ်။ ဘုရားသခင်ခံစားရတဲ့ စိတ်သက်သာရာရမှုဟာ သိပ်ကို စစ်မှန်ပါတယ်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့လုပ်ဆောင်မှု အဆင့်သစ်တစ်ခု ပြီးဆုံးတဲ့အချိန်တိုင်းမှာ၊ ဘုရားသခင်က ကျေနပ်အားရမှုကို ခံစားရတဲ့ အချိန်တိုင်းက လူသားမျိုးနွယ်ဟာ ဘုရားသခင်နဲ့ပိုပြီး နီးစပ်လာတဲ့အချိန်ဖြစ်ပါတယ်။ လူတွေဟာ ကယ်တင်ခြင်းဆီကို ပိုပြီး နီးစပ်လာနိုင်တဲ့အချိန်ဖြစ်ပါတယ်။ သူ့ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်က နောက်တစ်ဆင့် တက်လှမ်းတဲ့အခါမှာ နောက်ပြီး သူ့ရဲ့အလိုတော်ဟာ ပြီးပြည့်စုံတဲ့ ပြီးမြောက်မှုတစ်ခုဆီကို ချဉ်းကပ်လာတဲ့အခါမှာ ဘုရားသခင်အတွက် ဒါဟာ သူ့အလုပ်သစ် စတင်ခြင်းလည်းဖြစ်ပါတယ်။ လူသားမျိုးနွယ်အတွက် ဒီလိုအခွင့်အရေးရောက်လာခြင်းက ကံကောင်းခြင်းဖြစ်ပြီး သိပ်ကိုကောင်းမွန်ပါတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို စောင့်တဲ့သူတိုင်းအတွက် သိပ်အရေးပါတဲ့ သတင်းဖြစ်တယ်။ ဘုရားသခင်က အလုပ်အသစ်တစ်ခု စတင်လုပ်ဆောင်တဲ့အခါမှာ သူ့မှာ အသစ်စတင်ခြင်းတစ်ခုရှိပါတယ်။ ဒီအလုပ်အသစ်နဲ့ အသစ်စတင်ခြင်းဟာ လူသားမျိုးနွယ်ကြားမှာ စတင်ပြုလုပ်ပြီး နိဒါန်းပျိုးလာတဲ့အခါမှာ ဒီအလုပ်အဆင့်ရဲ့ ရလဒ်က သတ်မှတ်ပြီးတဲ့ အချိန်မှာဖြစ်ပါတယ်။ ဒီအလုပ်အသစ်ဟာ ပြည့်စုံပြီးဖြစ်ပြီး ဘုရားသခင်က သူ့ရဲ့ နောက်ဆုံး အကျိုးသက်ရောက်မှုတွေနဲ့ အသီးအပွင့်တွေကို မြင်ပြီးနှင့်ပါပြီ။ ဒီအကျိုးသက်ရောက်မှုတွေက ဘုရားသခင်ကို ကျေနပ်စေတဲ့အခါမှာလည်းဖြစ်ပြီး သူ့နှလုံးသားဟာလည်း ပျော်ရွှင်နေတာပေါ့။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့အမြင်မှာ သူရှာဖွေနေတဲ့ လူတွေကို မြင်ပြီး သတ်မှတ်နှင့်ပြီးဖြစ်ပါတယ်။ နောက်ပြီး သူ့အလုပ်ကို အောင်မြင်စေပြီး သူ့ကို ကျေနပ်မှုတွေ သယ်ဆောင်ပေးနိုင်တဲ့ အုပ်စုဖြစ်တဲ့ ဒီအုပ်စုကို ရရှိပြီးဖြစ်ပါတယ်။ ဘုရားသခင်ဟာ စိတ်အေးမှုကို ခံစားရတယ်။ သူ့ရဲ့စိုးရိမ်မှုတွေကို ဘေးဖယ်ပြီး သူပျော်ရွှင်တယ်။ တစ်နည်းပြောရရင် ဘုရားသခင်ရဲ့ လူ့ဇာတိက လူသားကြားမှာ အလုပ်အသစ်ကို စတင်လုပ်ဆောင်နိုင်တဲ့အခါမှာ သူလုပ်ရမယ့်အလုပ်ကို အတားအဆီးမရှိ လုပ်ဆောင်ဖို့ သူစတင်ပါတယ်။ အားလုံးက ပြီးမြောက်သွားပြီလို့ သူခံစားရတဲ့အခါမှာ သူဟာ အဆုံးကို မြင်ပြီးနှင့်ပါပြီ။ ဒီအဆုံးကြောင့်မို့ သူဟာ ကျေနပ်ပါပြီး ပျော်ရွှင်တဲ့ နှလုံးသားရှိပါတယ်။ ဘုရားသခင်ရဲ့ ပျော်ရွှင်မှုကို ဘယ်လို ဖော်ပြသလဲ။ သင်တို့ စဉ်းစားကြည့်နိုင်ပါသလား။ ဘုရားသခင်က ငိုမလား။ ဘုရားသခင်က ငိုနိုင်သလား။ ဘုရားသခင်က သူ့လက်နဲ့ လက်ခုပ်တီးနိုင်သလား။ ဘုရားသခင်က ကနိုင်သလား။ ဘုရားသခင်က သီချင်းဆိုနိုင်သလား။ ဘာသီချင်းများဖြစ်မလဲ။ ဒါပေါ့။ ဘုရားသခင်က လှပပြီး ခံစားရတဲ့ သီချင်းကို ဆိုနိုင်ပါတယ်။ သူ့နှလုံးသားမှာရှိတဲ့ ဝမ်းမြောက်ခြင်းနဲ့ ပျော်ရွှင်ခြင်းကို ဖော်ပြနိုင်တဲ့ သီချင်းတစ်ပုဒ်ပေါ့။ လူသားမျိုးနွယ်အတွက် သူသီဆိုနိုင်တယ်။ သူ့အတွက်သူ သီဆိုနိုင်တယ်။ နောက်ပြီး အရာအားလုံးအတွက် သီဆိုနိုင်တယ်။ ဘုရားသခင်ရဲ့ ပျော်ရွှင်ခြင်းက ဘယ်နည်းလမ်းနဲ့မဆို ဖော်ပြနိုင်တယ်။ ဒီအရာအားလုံးက သာမန်ပါပဲ။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ဆီမှာ ဝမ်းမြောက်ခြင်းရော၊ ဝမ်းနည်းခြင်းရောရှိပြီး သူ့ရဲ့ ခံစားချက် အမျိုးမျိုးကို နည်းအမျိုးမျိုးနဲ့ ဖော်ပြနိုင်လို့ဖြစ်တယ်။ ဒါက သူ့ရဲ့အခွင့်အရေးဖြစ်ပြီး သာမန်အဖြစ်ဆုံး အရာတစ်ခုပါ။ တစ်ခြားအရာတွေကို သင်မစဉ်းစားသင့်ဘူး။ သူ့ရဲ့ပျော်ရွှင်ခြင်းကို ကန့်သတ်ဖို့ သို့မဟုတ် သူ့မှာရှိတဲ့ ခံစားချက်ကို ကန့်သတ်ဖို့ သူ့ကို ဟိုဟာ၊ ဒီဟာ မလုပ်သင့်ဘူး၊ သူ ဒီလို၊ ဟိုလို မပြုမူသင့်ဘူးလို့ပြောရင်းနဲ့ သင့်ရဲ့ ကိုယ်ပိုင် ကန့်သတ်ချက်ကို ဘုရားသခင်ဆီကို ထိုးမပေးသင့်ဘူး။ လူတွေရဲ့ နှလုံးသားမှာ ဘုရားသခင်က ပျော်ရွှင်လို့မရဘူး။ သူမျက်ရည်ကျလို့မရဘူး။ သူငိုလို့မရဘူး။ ဘာစိတ်ခံစားမှုမှ ဖော်ပြလို့မရဘူး။ ဒီအရာတွေကို ငါတို့ နှစ်ကြိမ်ဆွေးနွေးပြောဆိုမှုကနေတစ်ဆင့် ဘုရားသခင်ကို သင်တို့ ဒီလိုမြင်မှာမဟုတ်တော့ဘဲ ဘုရားသခင်ကို လွတ်လပ်မှုနဲ့ ဖြေလျှော့ပေးမှုကို ရရှိဖို့ အခွင့်ကိုပေးလိမ့်မယ်လို့ ငါယုံကြည်ပါတယ်။ ဒါက သိပ်ကောင်းမွန်တဲ့အရာပါ။ အနာဂတ်မှာ သူဝမ်းနည်းနေတယ်လို့ သင်ကြားတဲ့အခါမှာ သင်ဟာ ဘုရားသခင်ရဲ့ ဝမ်းနည်းခြင်းကို အမှန်တကယ် ခံစားနိုင်ရင်၊ သူပျော်ရွှင်နေတယ်လို့ သင်ကြားရတဲ့အခါမှာ သင်ဟာ သူ့ရဲ့ပျော်ရွှင်ခြင်းကို အမှန်တကယ် ခံစားနိုင်ရင်၊ အနည်းဆုံးတော့ သင်ဟာ ဘုရားသခင်ကို ဘယ်အရာကပျော်ရွှင်စေပြီး ဘယ်အရာက ဝမ်းနည်းစေတယ်ဆိုတာကို သင်ရှင်းရှင်းလင်းလင်းသိပါလိမ့်မယ်။ ဘုရားသခင်က ဝမ်းနည်းတာကြောင့် သင်က ဝမ်းနည်းခြင်းကို ခံစားရနိုင်ပြီး ဘုရားသခင်က ပျော်ရွှင်တဲ့အတွက်ကြောင့် သင်ပျော်ရွှင်ရင် သူဟာ သင့်နှလုံးသားကို အပြည့်အဝရရှိမှာဖြစ်ပြီး သူနဲ့ ဘာအတားဆီးမှ ရှိမှာမဟုတ်တော့ပါဘူး။ သင်ဟာ လူသားရဲ့ စိတ်ကူးထင်မြင်ခြင်း၊ အယူအဆတွေနဲ့ အသိပညာတို့နဲ့ ဘုရားသခင်ကို ကန့်သတ်ဖို့ ကြိုးစားမှာမဟုတ်တော့ပါဘူး။ အဲဒီအချိန်မှာ ဘုရားသခင်ဟာ သင့်နှလုံးသားထဲမှာ ရှင်သန်ပြီး နိုးကြားနေပါလိမ့်မယ်။ သူဟာ သင့်ဘဝရဲ့ ဘုရားသခင်ဖြစ်ပြီး သင့်ရဲ့ အရာရာတိုင်းရဲ့ အရှင်သခင်ဖြစ်ပါလိမ့်မယ်။ သင့်မှာ ဒီလိုရည်မှန်းချက်ရှိပါသလား။ သင်တို့ ဒါကို ရယူနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါသလား။

နောက်တစ်ခုမှာ ဒီစာပိုဒ်တွေကို ဖတ်ကြရအောင်

၆။ တောင်ပေါ်ဒေသနာ

မင်္ဂလာတရားတော်များ (ရှင်မဿဲ ၅:၃-၁၂)

ဆားနဲ့အလင်း (ရှင်မဿဲ ၅:၁၃-၁၆)

ပညတ်တော် (ရှင်မဿဲ ၅:၁၇-၂၀)

အမျက်ဒေါသ (ရှင်မဿဲ ၅:၂၁-၂၆)

အိမ်ထောင်ရေးဖောက်ပြန်ခြင်း (ရှင်မဿဲ ၅:၂၇-၃၀)

အိမ်ထောင်ရေးကွာရှင်းခြင်း (ရှင်မဿဲ ၅:၃၁-၃၂)

ကျိန်ဆိုခြင်း (ရှင်မဿဲ ၅:၃၃-၃၇)

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး (ရှင်မဿဲ ၅:၃၈-၄၂)

ရန်သူကိုချစ်ပါ (ရှင်မဿဲ ၅:၄၃-၄၈)

လှူဒါန်းခြင်းနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက် (ရှင်မဿဲ ၆:၁-၄)

ဆုတောင်းခြင်း (ရှင်မဿဲ ၆:၅-၈)

၇။ သခင်ယေရှုရဲ့ ပုံဥပမာများ

မျိုးစေ့ကြဲသူရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၁-၉)

တောပင်များရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၂:၂၄-၃၀)

မုန်ညင်းစေ့ရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၃၁-၃၂)

တဆေးရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၃၃)

တောပင်များရဲ့ ပုံဥပမာကို ရှင်းပြထားခြင်း (ရှင်မဿဲ ၁၃:၃၆-၄၃)

ဘဏ္ဍာရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၄)

ပုလဲရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၅-၄၆)

ပိုက်ကွန်ရဲ့ ပုံဥပမာ (ရှင်မဿဲ ၁၃:၄၇-၅၀)

၈။ ပညတ်တော်များ

(ရှင်မဿဲ ၂၂:၃၇-၃၉) ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။

“တောင်ပေါ်ဒေသနာ” ရဲ့ အပိုင်းတစ်ခုစီကို အရင်ကြည့်ရအောင်။ ဒါတွေအားလုံးက ဘာနဲ့ဆက်စပ်တာလဲ။ ဒီအရာတွေအားလုံးက ပိုပြီး မြှင့်တင်ထားတယ်၊ ပိုပြီး ခိုင်မာတယ်။ ပညတ်တော်ခေတ်ရဲ့ စည်းမျဉ်းတွေထက်ပိုပြီး လူတွေရဲ့ ဘဝတွေနဲ့ နီးစပ်တယ်ဆိုတာ သေချာပေါက်ပြောနိုင်တယ်။ ခေတ်စကားနဲ့ပြောရရင် လူတွေရဲ့ လက်တွေ့ကျင့်သုံးမှုတွေနဲ့ ပိုပြီးဆက်စပ်တယ်။

ဒီအသေးစိတ်အကြောင်းအရာတွေကို ဖတ်ကြည့်ရအောင်။ မင်္ဂလာတရားတော်တွေကို သင်ဘယ်လိုနားလည်သင့်သလဲ။ ပညတ်တော်နဲ့ပတ်သက်ပြီး သင်ဘာသိသင့်သလဲ။ အမျက်ဒေါသကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ။ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို ဘယ်လို ကိုင်တွယ်သင့်သလဲ။ အိမ်ထောင်ရေးကွာရှင်းမှုနဲ့ ပတ်သက်ပြီး ဘာတွေပြောထားပြီး ဘယ်လို စည်းမျဉ်းတွေရှိသလဲ။ ဘယ်သူက ကွာရှင်းလို့ရပြီး ဘယ်သူက ကွာရှင်းလို့မရသလဲ။ ကျိန်ဆိုခြင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ ရန်သူကိုချစ်ပါ၊ လှူဒါန်းခြင်း စတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုလဲ။ ဒီအရာတွေအားလုံးက ဘုရားသခင်အပေါ် လူသားရဲ့ယုံကြည်မှုကို ကျင့်သုံးခြင်းနဲ့ ဘုရားနောက်ကို သူတို့လိုက်ခြင်းရဲ့ သွင်ပြင်လက္ခဏာတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဒီအလေ့အကျင့်တွေထဲကတစ်ချို့က ဒီနေ့အထိ အသုံးချလို့ ရနေပါသေးတယ်။ ဒါပေမဲ့ လူတွေရဲ့ လက်ရှိလိုအပ်ချက်တွေထက် ပိုပြီး ခေတ်နောက်ကျပါတယ်။ ဒါတွေဟာ ဘုရားသခင်အပေါ် လူတွေရဲ့ ယုံကြည်မှုမှာ သူတို့ကြုံတွေ့ရတဲ့ တော်တော်ကို အခြေခံကျတဲ့ သမ္မာတရားတွေဖြစ်ပါတယ်။ သခင်ယေရှုအလုပ်စလုပ်တဲ့အချိန်ကစပြီး သူဟာ လူသားရဲ့ အသက်တာစိတ်သဘောထားအပေါ် အလုပ်လုပ်ဖို့ စနှင့်နေပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ပညတ်တော်တွေရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ အခြေခံထားပါတယ်။ ဒီခေါင်းစဉ်တွေမှာရှိတဲ့ စည်းမျဉ်းတွေနဲ့ ဆိုရိုးတွေဟာ သမ္မာတရားနဲ့ ဘာသက်ဆိုင်ခြင်းရှိပါသလဲ။ သက်ဆိုင်တာပေါ့။ အရင်က စည်းမျဉ်းတွေ၊ အခြေခံသဘောတရားတွေနဲ့ ကျေးဇူးတော်ခေတ်က ဒေသနာတို့ အားလုံးဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတို့နဲ့ ဆက်စပ်နေပြီး သမ္မာတရားနဲ့လည်း ဆက်စပ်တာပေါ့။ ဘုရားသခင်က ဘာကိုပဲဖော်ပြပါစေ၊ ဘယ်လိုနည်းနဲ့ ဖော်ပြပါစေ၊ သို့မဟုတ် ဘယ်လိုဘာသာစကားကို အသုံးပြုပါစေ၊ သူ့ရဲ့ အခြေခံအုတ်မြစ်၊ မူလအရင်းအမြစ်နဲ့ သူ့ရဲ့ အစမှတ်တို့ အားလုံးဟာ သူ့ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ အခြေခံစည်းမျဉ်းတွေအပေါ်မှာ အခြေခံထားပါတယ်။ ဒါဟာ အမှားအယွင်း မပါဝင်ပါဘူး။ ဒါကြောင့် အခု သူပြောတဲ့အရာတွေဟာ နည်းနည်းမလေးနက်ဘူးလို့ ထင်ရပေမဲ့ ဒါတွေက သမ္မာတရားမဟုတ်ဘူးလို့ သင်မပြောနိုင်ဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့ အလိုတော်ကို ဖြည့်ဆည်းဖို့အတွက်နဲ့ သူတို့ရဲ့ ဘဝ စိတ်သဘောထားမှာ ပြောင်းလဲခြင်းတစ်ခုကို ရရှိဖို့ ကျေးဇူးတော်ခေတ်မှာရှိတဲ့ လူတွေအတွက် ခွဲခြားလို့မရနိုင်တဲ့ အရာတွေဖြစ်တယ်။ ဒေသနာထဲမှာပါတဲ့ ဘယ်အရာတစ်ခုမှ သမ္မာတရားနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ သင်ပြောနိုင်သလား။ သင်မပြောနိုင်ပါဘူး။ ဒီအရာတွေ တစ်ခုချင်းစီတိုင်းက သမ္မာတရားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါတွေအားလုံးက လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ လိုအပ်ချက်တွေဖြစ်တာကြောင့်ပါ။ ဒီအရာတွေအားလုံးက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာအတွက် ဘုရားသခင်က ပေးတဲ့ အခြေခံသဘောတရားတွေနဲ့ ရည်ရွယ်ချက်တွေဖြစ်ပြီး ဒီအရာတွေက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာရှိတဲ့ အသက်တာထဲ သူတို့ရဲ့ကြီးပြင်းမှုအဆင့်အပေါ်မှာ အခြေခံပြီး ကြည့်ရင် သူတို့ဟာ ဒီအရာတွေကို လက်ခံပြီး နားလည်သဘောပေါက်ခြင်းသာ ပြုလုပ်နိုင်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် လူသားရဲ့အပြစ်တရားဟာ မဖြေရှင်းရသေးပါဘူး။ သခင်ယေရှုက ဒီနှုတ်ကပတ်တော်တွေကိုပဲ ထုတ်လွှတ်နိုင်တယ်။ လူတွေ ဘယ်လိုပြုမူသင့်တယ်၊ သူတို့ ဘာလုပ်သင့်တယ်၊ ဘယ်စည်းမျဉ်းနဲ့ ရည်ရွယ်ချက်အတွင်းမှာ သူတို့ လုပ်သင့်တယ်ဆိုတာ၊ ဘုရားသခင်ကို သူတို့ဘယ်လိုယုံကြည်ပြီး သူ့ရဲ့လိုအပ်ချက်တွေကို ဘယ်လိုဖြည့်မလဲဆိုတာတွေကို အဲဒီအချိန်ကလူတွေကို ပြောဖို့ ဒီနယ်ပယ်အတွင်းမှာရှိတဲ့ ဒီလို ရိုးရှင်းတဲ့ သင်ကြားမှုတွေကို သူသာလျှင် အသုံးပြုနိုင်ပါတယ်။ ဒီအရာတွေအားလုံးက အဲဒီအချိန်မှာ လူသားမျိုးနွယ်ရဲ့ ဝိညာဉ်အသက်တာအပေါ်မှာ အခြေခံပြီး ပိုင်းခြားသတ်မှတ်ပါတယ်။ ပညတ်တော်အောက်မှာနေနေတဲ့ လူတွေအတွက် ဒီသင်ကြားမှုတွေကို လက်ခံဖို့ မလွယ်ကူဘူး။ ဒါကြောင့် သခင်ယေရှုသင်ကြားတဲ့ အရာတွေဟာ ဒီနယ်ပယ်အတွင်းမှာပဲ ရှိခဲ့ရပါတယ်။

နောက်တစ်ခုအတွက် “သခင်ယေရှုရဲ့ ပုံဥပမာများ” မှာ ဘာတွေပါသလဲ ကြည့်ရအောင်။

ပထမတစ်ခုက မျိုးစေ့ကြဲသူရဲ့ ပုံဥပမာဖြစ်ပါတယ်။ ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ပုံဥပမာတစ်ခုပါ။ မျိုးစေ့တွေကိုကြဲခြင်းက လူတွေရဲ့ဘဝမှာ ပြုလုပ်နေကျ အဖြစ်အပျက်ပါ။ ဒုတိယက တောပင်များရဲ့ ပုံဥပမာဖြစ်တယ်။ တောပင်တွေက ဘာတွေဆိုတာကတော့ ကောက်ပဲသီးနှံတွေကို စိုက်ပျိုးတဲ့သူ ဘယ်သူမဆိုနဲ့ လူကြီးတွေက သိပါလိမ့်မယ်။ တတိယကတော့ မုန်ညင်းစေ့ရဲ့ ပုံဥပမာဖြစ်ပါတယ်။ သင်တို့အားလုံး မုန်ညင်းပင်က ဘာဆိုတာကို သိတယ်မဟုတ်လား။ သင်တို့ မသိဘူးဆိုရင် သမ္မာကျမ်းကနေ ကြည့်ကြည့်နိုင်ပါတယ်။ စတုတ္ထတစ်ခုက တဆေးရဲ့ ပုံဥပမာ၊ တဆေးကို အချဉ်ဖောက်ဖို့အတွက် အသုံးပြုတယ်ဆိုတာကို လူအများစု သိကြတယ်။ လူတွေသူတို့ရဲ့နေ့စဉ်ဘဝမှာ အသုံးပြုတဲ့အရာပဲ။ ခြောက်ခုမြောက်ဖြစ်တဲ့ ဘဏ္ဍာရဲ့ ပုံဥပမာ၊ ခုနစ်ခုမြောက်ဖြစ်တဲ့ ပုလဲရဲ့ ပုံဥပမာ၊ ရှစ်ခုမြောက်ဖြစ်တဲ့ ပိုက်ကွန်ရဲ့ ပုံဥပမာတွေ အပါအဝင် အောက်မှာရှိတဲ့ ပုံဥပမာအားလုံးဟာ လူတွေရဲ့ဘဝတွေကနေ ဆွဲယူထားတာ ဖြစ်ပါတယ်။ ဒါတွေအားလုံးက လူတွေရဲ့ လက်တွေ့ဘဝကနေ လာပါတယ်။ ဒီပုံဥပမာတွေမှာ ဘယ်လိုပုံတွေကို ဆေးခြယ်ထားသလဲ။ ဒါက သာမန်ဘဝတစ်ခုရဲ့ ဘာသာစကားကို အသုံးပြုရင်း၊ လူသားတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ လူသားရဲ့ ဘာသာစကားကို အသုံးပြုရင်း၊ သူတို့လိုအပ်တာကို ပံ့ပိုးဖို့အတွက် ဘုရားသခင်က သာမန်လူတစ်ယောက်ဖြစ်လာပြီး လူသားမျိုးနွယ်နဲ့အတူ အသက်ရှင်နေထိုင်တဲ့ ပုံဖြစ်ပါတယ်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီး လူသားမျိုးနွယ်နဲ့အတူ အချိန်အကြာကြီး အသက်ရှင်နေထိုင်တဲ့အခါမှာ လူတွေရဲ့ ဘဝနေမှုပုံစံအမျိုးမျိုးကို သူကြုံတွေ့ပြီး၊ မျက်မြင် မြင်တွေ့ပြီးနောက်မှာ ဒီအတွေ့အကြုံတွေဟာ သူ့ရဲ့ ဘုရားဘာသာစကားကနေ လူသားဘာသာစကားကို ကူးပြောင်းဖို့အတွက် သူ့ရဲ့ လက်သုံးစာအုပ်ဖြစ်လာပါတယ်။ ဟုတ်ပါတယ်။ ဘဝမှာ သူမြင်ပြီး ကြားရတဲ့ ဒီအရာတွေဟာ လူသားရဲ့လူသားအတွေ့အကြုံကိုလည်း တိုးတက်စေပါတယ်။ သမ္မာတရားတစ်ချို့ကို လူတွေကို သူ နားလည်စေချင်တဲ့အခါမှာ ဘုရားသခင်ရဲ့ အလိုတော်တစ်ချို့ကို နားလည်စေချင်တဲ့အခါမှာ၊ ဘုရားသခင်ရဲ့အလိုတော်နဲ့ လူသားမျိုးနွယ်အတွက် သူ့ရဲ့လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး လူတွေကိုပြောပြဖို့ အပေါ်မှာပါတဲ့ အရာတွေနဲ့ ဆင်တူတဲ့ ပုံဥပမာတွေကို သူအသုံးပြုနိုင်ပါတယ်။ ဒီပုံဥပမာတွေအားလုံးက လူသားတွေရဲ့ ဘဝတွေနဲ့ ဆက်စပ်နေတယ်။ လူသားရဲ့ဘဝနဲ့ မသက်ဆိုင်တဲ့ အရာတစ်ခုမှ မပါဘူး။ သခင်ယေရှုက လူသားမျိုးနွယ်နဲ့အတူ နေထိုင်တဲ့အခါမှာ လယ်သမားတွေက သူတို့ရဲ့လယ်ကွင်းကို ပျိုးထောင်နေတာကို သူမြင်ရတယ်။ တောပင်တွေက ဘာဆိုတာ၊ တဆေးက ဘာဆိုတာကို သူသိတယ်။ လူသားတွေက ဘဏ္ဍာတွေကို ကြိုက်နှစ်သက်တယ်ဆိုတာကို သူသိတယ်။ ဒါကြောင့် ဘဏ္ဍာနဲ့ ပုလဲနှစ်ခုလုံးကို တင်စားပြီး အသုံးပြုခဲ့တယ်။ ငါးဖမ်းသမားတွေက သူတို့ပိုက်ကွန်တွေကို ပစ်နေတာကို သူမကြာခဏတွေ့ရတယ် စသဖြင့်ပေါ့။ သခင်ယေရှုဟာ လူသားမျိုးနွယ်ရဲ့ ဘဝတွေမှာ ဒီလှုပ်ရှားမှုတွေကို မြင်တွေ့ရတယ်။ ဒီလိုဘဝမျိုးကို သူလည်း ကြုံတွေ့ခဲ့ရတယ်။ သူဟာ တခြား သာမန်လူတွေလိုပဲ အတူတူပါပဲ။ လူသားတွေရဲ့ တစ်ရက်သုံးနပ်နဲ့ နေ့စဉ်လုပ်ငန်းတွေကို ကြုံတွေ့ရတယ်။ သာမန်လူတစ်ယောက်ရဲ့ ဘဝကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။ တခြားလူတွေရဲ့ဘဝတွေကို သူမျက်မြင်တွေ့ကြုံခဲ့ရတယ်။ ဒီအရာတွေအားလုံးကို သူမျက်မြင်ကြုံတွေ့ပြီး ကိုယ်တိုင်တွေ့ကြုံရတဲ့အခါမှာ သူစဉ်းစားတာက ကောင်းမွန်တဲ့ဘဝကို ရအောင် ဘယ်လိုလုပ်ရမလဲ သို့မဟုတ် ပိုပြီးလွတ်လပ်စွာ၊ သက်တောင့်သက်သာရှိစွာနဲ့ ဘယ်လိုနေထိုင်နိုင်မလဲဆိုတာတွေ မဟုတ်ပါဘူး။ စစ်မှန်တဲ့ လူသားဘဝကို သူကြုံတွေ့ရတဲ့အခါမှာ သခင်ယေရှုဟာ လူတွေရဲ့ဘဝတွေမှာရှိတဲ့ အခက်အခဲတွေကို သူမြင်ခဲ့တယ်။ စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ အသက်ရှင်နေထိုင်ရင်း၊ အပြစ်တရားထဲမှာ နေထိုင်ရင်း စိတ်ဆင်းရဲမှုတွေ၊ စာတန်ရဲ့ အကျင့်ဖျက်ဆီးခြင်းအောက်မှာ လူတွေရဲ့ ဝမ်းနည်းခြင်းတွေဖြစ်တဲ့ အခက်အခဲတွေကို သူမြင်ခဲ့တယ်။ သူဟာ လူသားဘဝကို ကိုယ်တိုင် ကြုံတွေ့နေစဉ်မှာ အကျင့်ပျက်စီးခြင်းမှာ နေထိုင်နေကြတဲ့ လူတွေ ဘယ်လောက် အကူအညီမဲ့နေတယ်ဆိုတာကိုလည်း ကြုံတွေ့ခဲ့တယ်။ အပြစ်တရားမှာ အသက်ရှင်နေထိုင်တဲ့သူတွေရဲ့ဝေဒနာတွေ၊ စာတန်ရဲ့၊ မကောင်းမှုရဲ့ နှိပ်စက်ခြင်းထဲမှာ ပျောက်ဆုံးနေသူတွေကိုလည်း သူကြုံတွေ့ခဲ့ပါတယ်။ သခင်ယေရှုက ဒါတွေကိုမြင်တဲ့အခါမှာ ဒီအရာတွေကို သူ့ရဲ့ ဘုရားသဘောသဘာဝနဲ့ မြင်ခြင်းလား သူ့ရဲ့ လူသားသဘောသဘာဝနဲ့ မြင်ခြင်းလား။ သူ့ရဲ့ လူ့သဘာဝက အမှန်တကယ်ပဲ ဖြစ်တည်ခဲ့တယ်။ တော်တော်ကို အသက်ရှင်နေပါတယ်။ သူဟာ ဒီအရာတွေအားလုံးကို ကြုံတွေ့ပြီး မြင်တွေ့နိုင်တယ်။ သူ့ရဲ့ အနှစ်သာရ၊ သူ့ရဲ့ ဘုရားသဘောသဘာဝထဲမှာလည်း သူမြင်ခဲ့တယ်။ ဒါက ခရစ်တော်ကိုယ်တိုင်ဖြစ်တဲ့ သခင်ယေရှု၊ လူသားက ဒါကိုမြင်ခဲ့တယ်။ သူမြင်တဲ့အရာတိုင်းက သူ့ကို ဒီအချိန်မှာ လူ့ဇာတိမှာ သူလုပ်ခဲ့တဲ့ အလုပ်ရဲ့ အရေးကြီးမှုနဲ့ လိုအပ်မှုကို ခံစားရစေတယ်။ လူ့ဇာတိမှာ သူယူဆောင်ရမယ့် တာဝန်ဝတ္တရားက သိပ်ကြီးမားတယ်ဆိုတာ၊ သူရင်ဆိုင်ရမယ့် နာကျင်မှုက ဘယ်လောက် ရက်စက်မလဲဆိုတာတွေကို သူကိုယ်တိုင်သိခဲ့ပေမဲ့လည်း လူသားမျိုးနွယ်က အပြစ်တရားမှာ အကူအညီမဲ့ဖြစ်နေတာကို သူမြင်ရတဲ့အခါမှာ၊ သူက သူတို့ရဲ့ဘဝရဲ့ စိတ်ဆင်းရဲမှုနဲ့ ပညတ်တော်အောက်မှာ သူတို့ရဲ့ အားနည်းတဲ့ ရုန်းကန်မှုကို သူမြင်ရတဲ့အခါမှာ ပိုပိုပြီး ဝမ်းနည်းခြင်းကို ခံစားရပြီး လူသားမျိုးနွယ်ကို အပြစ်တရားကနေကယ်တင်ဖို့ ပိုပိုပြီး အလောကြီးလာပါတယ်။ ဘယ်လို အခက်အခဲတွေကို သူကြုံရပါစေ၊ သို့မဟုတ် ဘယ်လို နာကျင်မှုမျိုးကို သူခံစားရပါစေ၊ သူဟာ အပြစ်တရားမှာ အသက်ရှင်နေထိုင်နေတဲ့ လူသားမျိုးနွယ်ကို ပြန်လည်ရွေးနုတ်ဖို့ ပိုပိုပြီး ဆုံးဖြတ်လာပါတယ်။ ဒီဖြစ်စဉ်အတောအတွင်းမှာ သခင်ယေရှုဟာ သူလုပ်ရမယ့်အလုပ်တွေနဲ့ သူ့ကို တာဝန်ပေးစေခိုင်းထားတဲ့အရာအတွက်ကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း စတင်နားလည်လာပါပြီ။ သူယူဆောင်ခဲ့တဲ့ အလုပ်ကို ပြီးမြောက်စေဖို့၊ သူဟာ ပိုပြီးတော့ ဆန္ဒပြင်းပြလာတယ်။ လူသားမျိုးနွယ်အားလုံးရဲ့ အပြစ်တွေကို ဆောင်ယူဖို့၊ သူတို့အပြစ်မှာ မနေရတော့ဖို့အတွက် လူသားမျိုးနွယ်ကို သူရဲ့ကယ်တင်ခြင်းအလုပ်ကို ပိုပြီး ရှေ့တိုးစေရင်း အပြစ်ဖြေရာယဇ်အတွက်ကြောင့် ဘုရားသခင်ဟာ လူသားရဲ့ အပြစ်တွေကို ခွင့်လွှတ်နိုင်ပါလိမ့်မယ်။ သခင်ယေရှုရဲ့ နှလုံးသားထဲမှာ သူဟာ လူသားမျိုးနွယ်အတွက် သူ့ကိုယ်သူ ပေးဆပ်ဖို့၊ သူ့ကိုယ်သူ ယဇ်ပူဖော်ဖို့ ဆန္ဒရှိနေတယ်လို့ ပြောလို့ရပါတယ်။ အပြစ်ဖြေရာယဇ်အဖြစ် ပြုမူဖို့၊ လက်ဝါးကပ်တိုင်မှာ သံနဲ့အရိုက်ခံဖို့အတွက်လည်း သူဆန္ဒရှိနေခဲ့တယ်။ သူက ဒီအလုပ်ကို မြန်မြန်ပြီးချင်ခဲ့တယ်။ လူသားတို့ရဲ့ ဘဝတွေရဲ့ စိတ်ဆင်းရဲရတဲ့ အခြေအနေတွေကို သူမြင်ရတဲ့အခါမှာ တစ်မိနစ် တစ်စက္ကန့်မှ မနှောင့်နှေးဘဲ သူ့ရဲ့ အလုပ်တာဝန်ကို တတ်နိုင်သမျှ အမြန်ဆုံးပြီးဖို့ ပိုပြီးတော့တောင်ဖြည့်ဆည်းချင်လာတယ်။ သူ့မှာ ဒီလို အလောတကြီး ခံစားမှုမျိုးကို ခံစားရတဲ့အခါမှာ သူ့ရဲ့ ကိုယ်ပိုင်နာကျင်မှုက ဘယ်လောက်များမလဲဆိုတာကို သူမစဉ်းစားခဲ့သလို သူတောင့်ခံရမယ့် အရှက်ရခြင်းတွေ ဘယ်လောက်များမလဲဆိုတာကိုလည်း မစဉ်းစားတော့ဘူး။ သူ့နှလုံးသားမှာ ထင်မြင်ယူဆချက် တစ်ခုတည်းပဲ ကိုင်စွဲထားတယ်။ သူ့ကိုယ်သူပေးဆပ်သရွေ့၊ အပြစ်ဖြေရာယဇ်အနေနဲ့ သူဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့ အရိုက်ခံရသရွေ့ ဘုရားသခင်ရဲ့အလိုတော်က ဆောင်ရွက်မှာဖြစ်ပြီး သူက အလုပ်အသစ်ကို စတင်နိုင်ပါလိမ့်မယ်။ အပြစ်ထဲမှာရှိတဲ့ လူသားမျိုးနွယ်ရဲ့ဘဝ၊ အပြစ်တရားမှာ သူတို့ရဲ့ ဖြစ်တည်မှုအခြေအနေဟာ လုံးဝ ပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့ ထင်မြင်ယူဆချက်နဲ့ သူပြုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့အရာတွေဟာ လူသားကို ကယ်တင်ခြင်းနဲ့ ဆက်စပ်နေတယ်။ သူ့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်။ သူ့အလုပ်မှာ နောက်တစ်ဆင့်ကို သူဟာ အောင်အောင်မြင်မြင်နဲ့ စတင်နိုင်ဖို့အတွက် ဘုရားသခင်ရဲ့ အလိုတော်ကို လုပ်ဆောင်ဖို့ဖြစ်တယ်။ ဒါဟာ အဲဒီအချိန်မှာ သခင်ယေရှုရဲ့ စိတ်ထဲမှာ ဘာရှိတယ်ဆိုတာပဲဖြစ်ပါတယ်။

လူ့ဇာတိမှာ အသက်ရှင်နေထိုင်ရင်း လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဟာ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ပါတယ်။ သာမန်လူတစ်ယောက်ရဲ့ စိတ်ခံစားမှုတွေနဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေရှိတယ်။ ပျော်ရွှင်ခြင်းက ဘာဆိုတာ၊ နာကျင်ခြင်းက ဘာဆိုတာကို သူသိပြီး လူသားမျိုးနွယ်ကို ဒီလိုဘဝအမျိုးအစားမှာ သူမြင်တဲ့အခါမှာ လူတွေကို သင်ကြားမှုတစ်ချို့ပေးဖို့၊ သူတို့ကို တစ်ခုခု ထောက်ပံ့ဖို့ သို့မဟုတ် သူတို့ကို တစ်ခုခုသင်ပေးခြင်းက အပြစ်တရားကနေ မလွတ်မြောက်စေနိုင်ပါဘူးဆိုတာ အလေးအနက်ခံစားခဲ့ရတယ်။ သူတို့ကို ပညတ်တော်တွေကိုသာ နာခံပြီး အပြစ်ကနေ ရွေးနုတ်ဖို့ မလုပ်နိုင်ခဲ့ပါဘူး။ လူသားမျိုးနွယ်ရဲ့ အပြစ်တရားကို သူယူတင်ပြီး အပြစ်ရှိတဲ့ လူ့ဇာတိရဲ့ ပုံသဏ္ဌာန်ဖြစ်လာတဲ့အခါမှသာ လူသားမျိုးနွယ်ရဲ့ လွတ်လပ်ခြင်းအတွက် သူလဲလှယ်နိုင်ပါတယ်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို လဲလှယ်နိုင်တယ်။ ဒါကြောင့် သခင်ယေရှုက အပြစ်တရားမှာရှိတဲ့ လူသားတွေရဲ့ ဘဝကို ကြုံတွေ့ပြီး မျက်မြင်တွေ့ကြုံခဲ့ပြီးနောက်မှာ သူ့နှလုံးသားမှာ ထင်ရှားလာတဲ့ ပြင်းထန်တဲ့ ဆန္ဒတစ်ခုရှိခဲ့တယ်။ အပြစ်တရားမှာ ရှိတဲ့ သူတို့ရဲ့ ဘဝတွေကို သူတို့ဘာသာသူတို့ ဖယ်ထုတ်ပစ်ဖို့ လူတွေကို အခွင့်ပေးဖို့ဖြစ်ပါတယ်။ ဒီဆန္ဒဟာ သူ့ကို ဖြစ်နိုင်သမျှ မြန်နိုင်သမျှ လက်ဝါးကပ်တိုင်ကိုသွားပြီး လူသားရဲ့အပြစ်ကိုယူဆောင်ဖို့ ပိုပိုပြီး ခံစားရစေပါတယ်။ ဒီအရာတွေဟာ လူတွေနဲ့ အတူ သူအသက်ရှင်နေထိုင်ပြီး အပြစ်တရားမှာရှိတဲ့ သူတို့ရဲ့ ဘဝတွေရဲ့ စိတ်ဆင်းရဲမှုတွေကို မြင်ပြီး၊ ကြားပြီး ခံစားရပြီးနောက်မှာ အဲဒီအချိန်မှာ ရှိတဲ့ သခင်ယေရှုရဲ့ အတွေးတွေဖြစ်ပါတယ်။ လူ့ဇာတိခံယူတဲ့ဘုရားသခင်ဟာ လူသားမျိုးနွယ်အတွက် ဒီလိုအလိုတော်မျိုးကို ရှိနိုင်တယ်ဆိုတာ၊ ဒီလို စိတ်သဘောထားမျိုးကို သူဖော်ပြပြီး ဖွင့်ပြနိုင်တယ်ဆိုတာ၊ ဒါက သာမန်လူတစ်ယောက် ရှိနိုင်တဲ့ အရာတစ်ခုလား။ သာမန်လူတစ်ယောက်က ဒီလိုပတ်ဝန်းကျင်မျိုးမှာ အသက်ရှင်နေထိုင်ခြင်းကို ဘယ်လိုမြင်မလဲ။ သူတို့ ဘာကိုတွေးမလဲ။ သာမန်လူတစ်ယောက်က ဒါတွေအားလုံးကို ရင်ဆိုင်ရရင် ပြဿနာတွေကို မြင့်မားတဲ့ ရှုထောင့်တွေကနေ ကြည့်မလား။ လုံးဝ မဟုတ်ဘူး။ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ရဲ့ အသွင်အပြင်ဟာ လူသားတစ်ယောက်နဲ့ အတိအကျတူပေမဲ့၊ သူဟာ လူသားရဲ့ အသိပညာကို လေ့လာသင်ယူပြီး လူသားရဲ့ ဘာသာစကားကို စကားပြောပေမဲ့၊ တစ်ခါတလေမှာ လူသားမျိုးနွယ်ရဲ့ နည်းတွေ သို့မဟုတ် ဖော်ပြချက်တွေကနေတစ်ဆင့် သူ့ရဲ့ စိတ်ကူးတွေကိုတောင် သူဖော်ပြပေမဲ့ လူသားတွေကို သူမြင်တဲ့ပုံစံ၊ အမှုအရာတွေရဲ့ အနှစ်သာရနဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူတွေက လူသားမျိုးနွယ်နဲ့ အမှုအရာတွေရဲ့ အနှစ်သာရကို မြင်တဲ့ပုံစံဟာ လုံးဝမတူပါဘူး။ သူ့ရှုထောင့်နဲ့ သူရပ်တည်တဲ့အမြင့်ဟာ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက် မရရှိနိုင်တဲ့ အရာတစ်ခုဖြစ်တယ်။ ဒါဟာ ဘုရားသခင်က သမ္မာတရားဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သူဝတ်ဆင်တဲ့ ဇာတိခန္ဓာဟာ ဘုရားသခင်ရဲ့ အနှစ်သာရလည်း ပါဝင်တယ်။ သူ့ရဲ့အတွေးတွေနဲ့ သူ့ရဲ့လူ့သဘာဝကနေ ဖော်ပြတဲ့အရာဟာလည်း သမ္မာတရားဖြစ်ပါတယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူအတွေအတွက် ဇာတိခန္ဓာထဲမှာ သူဖော်ပြတဲ့အရာဟာ သမ္မာတရားအတွက်၊ အသက်တာအတွက် ပံ့ပိုးပေးခြင်းတွေဖြစ်ပါတယ်။ ဒီပံ့ပိုးခြင်းတွေက လူတစ်ယောက်အတွက်မဟုတ်ဘဲ လူသားမျိုးနွယ်အားလုံးအတွက်ပါ။ ဖောက်ပြန်ပျက်စီးတဲ့ ဘယ်သူမဆိုဟာ သူ့စိတ်ထဲမှာ သူနဲ့ဆက်စပ်တဲ့သူ အနည်းငယ်သာရှိတယ်။ သူဂရုစိုက်တဲ့၊ သူအလေးထားတဲ့လူ တစ်ချို့သာရှိတယ်။ ဘေးဒုက္ခ နီးကပ်လာတဲ့အခါမှာ သူ့ရဲ့သားသမီးတွေ၊ အိမ်ထောင်ဘက် သို့မဟုတ် မိဘတွေကို သူအရင်စဉ်းစားတယ်။ ပိုပြီး ပရဟိတဆန်တဲ့လူက အများဆုံး ဆွေမျိုးတစ်ချို့ သို့မဟုတ် မိတ်ဆွေကောင်းတစ်ယောက်ကို စဉ်းစားမယ်။ ထပ်ပြီး စဉ်းစားသေးလား။ လုံးဝမစဉ်းစားပါဘူး။ ဘာကြောင့်လဲဆိုရင် လူသားတွေဟာ တကယ်တော့ လူသားတွေပါပဲ။ လူတစ်ယောက်ရဲ့ အမြင့်နဲ့ ရှုထောင့်ကနေသာ အရာရာတိုင်းကို သူတို့ ကြည့်ရှုနိုင်တယ်။ ဒါပေမဲ့ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့လူနဲ့ လုံးဝ မတူဘူး။ ဘုရားသခင်ရဲ့ လူ့ဇာတိက ဘယ်လောက်ပဲ သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ ဘယ်လောက်ပဲ နိမ့်ကျပါစေ ဒါမှမဟုတ် လူတွေက သူ့ကို ဘယ်လောက်တောင် အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ့ရဲ့ အတွေးတွေနဲ့ သဘောထားတွေက ဘယ်လူမှ မပိုင်ဆိုင်နိုင်တဲ့ ဘယ်လူမှ မတုပနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝရဲ့ ရှုထောင့်ကနေ၊ ဖန်ဆင်းရှင်အနေနဲ့ သူ့ရဲ့နေရာရဲ့ အမြင့်ကနေ သူအမြဲတမ်း ကြည့်ရှုလေ့လာပါလိမ့်မယ်။ လူသားမျိုးနွယ်ကို ဘုရားသခင်ရဲ့ အနှစ်သာရနဲ့ တွေးတောပုံကနေတစ်ဆင့် သူအမြဲတမ်း ကြည့်ပါလိမ့်မယ်။ လူသားမျိုးနွယ်ကို သာမန်လူတစ်ယောက်ရဲ့အမြင့်၊ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက်ရဲ့ အမြင့်ကနေ သူလုံးဝ မကြည့်နိုင်ဘူး။ လူတွေက လူသားမျိုးနွယ်ကို ကြည့်တဲ့အခါမှာ လူသားရဲ့အမြင်နဲ့ သူတို့ကြည့်ကြတယ်။ အတိုင်းအတာတစ်ခုအနေနဲ့ လူသားရဲ့ အသိပညာ၊ လူသားရဲ့ စည်းမျဉ်းနဲ့ သီအိုရီလိုမျိုး အရာတွေကို အသုံးပြုကြတယ်။ ဒါဟာ လူတွေ သူတို့ရဲ့မျက်လုံးမှာ မြင်နိုင်တဲ့ နယ်ပယ်အတွင်းမှာဖြစ်ပါတယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူတွေ ရရှိနိုင်တဲ့ နယ်ပယ်အတွင်းမှာဖြစ်တယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်တဲ့အခါမှာ ဘုရားရဲ့အမြင်နဲ့ သူကြည့်တယ်။ အတိုင်းအတာတစ်ခုအနေနဲ့ သူ့ရဲ့အနှစ်သာရနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို အသုံးပြုတယ်။ ဒီနယ်ပယ်မှာ လူတွေ မမြင်နိုင်တဲ့အရာတွေ ပါဝင်တယ်။ ဒီနေရာမှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်နဲ့ ဖောက်ပြန်ပျက်စီးတဲ့လူသားတွေ လုံးဝ ကွဲပြားသွားပါတယ်။ ဒီကွဲပြားမှုက လူသားနဲ့ ဘုရားသခင်ရဲ့ မတူညီတဲ့ အနှစ်သာရအားဖြင့် ပိုင်းခြားသတ်မှတ်ပြီး သူတို့ရဲ့ ဝိသေသ လက္ခဏာတွေနဲ့ နေရာတွေ၊ အကြောင်းအရာတွေကို သူတို့မြင်တဲ့ အမြင်နဲ့ အမြင့်တို့ကို ပိုင်းခြားသတ်မှတ်တာက ဒီမတူညီတဲ့ အနှစ်သာရတွေပဲဖြစ်တယ်။ သခင်ယေရှုဆီမှာ ဘုရားသခင်ကိုယ်တော်တိုင် ဖော်ပြခြင်းနဲ့ ဖွင့်ပြခြင်းကို သင်တို့ မြင်ပါသလား။ သခင်ယေရှုလုပ်ဆောင်တဲ့၊ ပြောတဲ့အရာတွေဟာ သူ့ရဲ့ အမှုတော်နဲ့ ဘုရားသခင်ကိုယ်တိုင်ရဲ့ စီမံခန့်ခွဲမှုအလုပ်နဲ့ ဆက်စပ်နေတယ်၊ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အနှစ်သာရရဲ့ ဖော်ပြခြင်း၊ ဖွင့်ပြခြင်းဖြစ်တယ်လို့ သင်တို့ ဆိုနိုင်တယ်။ သူဟာ လူသားအနေနဲ့ ကိုယ်ထင်ပြခြင်း ရှိခဲ့ပေမဲ့ သူ့ရဲ့ ဘုရားအနှစ်သာရနဲ့ သူ့ရဲ့ ဘုရားသဘောသဘာဝကို ဖွင့်ပြခြင်းကိုတော့ ငြင်းလို့မရပါဘူး။ ဒီလူသားအနေနဲ့ ကိုယ်ထင်ပြခြင်းက အမှန်တကယ်ပဲ လူ့သဘာဝရဲ့ ကိုယ်ထင်ပြခြင်းလား။ သူ့ရဲ့ လူသားအနေနဲ့ ကိုယ်ထင်ပြခြင်းက သူ့ရဲ့ အနှစ်သာရအရ ဖောက်ပြန်ပျက်စီးတဲ့ လူတွေရဲ့ လူသားအနေနဲ့ ထင်ရှားပြသခြင်းနဲ့ လုံးဝ ကွဲလွဲပါတယ်။ သခင်ယေရှုက လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဖြစ်တယ်။ သူက ပုံမှန်၊ ဖောက်ပြန်ပျက်စီးတဲ့လူ တကယ်ဖြစ်ခဲ့ရင် ဘုရားသဘောသဘာဝရဲ့ ရှုထောင့်အမြင်ကနေ အပြစ်တရားမှာရှိတဲ့ လူသားမျိုးနွယ်ရဲ့ ဘဝတွေကို သူမြင်နိုင်ပါ့မလား။ လုံးဝ မမြင်နိုင်ပါဘူး။ ဒါက လူသားနဲ့ ပုံမှန်လူတွေကြားထဲမှာ ကွာဟချက်ဖြစ်ပါတယ်။ ဖောက်ပြန်ပျက်စီးတဲ့လူတွေ အားလုံးက အပြစ်တရားမှာ နေထိုင်ကြတယ်။ နောက်ပြီး တစ်ယောက်ယောက်က အပြစ်တရားကို မြင်တဲ့အခါမှာ သူတို့မှာ ဒါနဲ့ပတ်သက်ပြီး သီးသန့်ခံစားချက် မရှိဘူး။ သူတို့အားလုံးက တစ်ပုံစံတည်းပဲ။ ရွံ့ထဲမှာနေတဲ့ ဝက်လိုပဲ သက်သောင့်သက်သာမရှိတာမျိုး သို့မဟုတ် ညစ်ပတ်သလိုမျိုး လုံးဝ မခံစားရပါဘူး။ ကောင်းကောင်းစားနိုင်ပြီး ကောင်းကောင်း အိပ်နိုင်တယ်။ တစ်ယောက်ယောက်က ဝက်ခြံကို သန့်ရှင်းရေးလုပ်ရင် ဝက်က တကယ်ကို သက်သာသလို မခံစားရဘူး။ အဲဒါက သန့်သန့်ရှင်းရှင်း ရှိနေမှာ မဟုတ်ဘူး။ မကြာခင်မှာပဲ ဝက်က ရွံ့ထဲမှာပဲ ထပ်ပြီး လှိမ့်နေရင်း လုံးဝ သက်သောင့်သက်သာရှိနေလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် သူက ရွံ့စရာကောင်းတဲ့ သတ္တဝါမို့လို့ပါ။ လူတွေက ဝက်ကိုမြင်တဲ့အခါမှာ ရွံစရာကောင်းတယ်လို့ ခံစားကြတယ်။ သင်က ဝက်ကို သန့်ရှင်းရေးလုပ်ပေးရင် သူက ပိုပြီး နေလို့ကောင်းသွားမှာ မဟုတ်ဘူး။ ဒါကြောင့် အိမ်တွေမှာ ဝက်ကို ဘယ်သူမှ မထားကြတာ။ လူတွေက ဝက်တွေကို မြင်တဲ့ပုံစံက ဝက်တွေ သူတို့ကိုယ်သူတို့ခံစားရတာနဲ့ အမြဲတမ်း ကွာခြားနေလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် လူတွေနဲ့ဝက်တွေက တူညီတဲ့အမျိုးအစားမဟုတ်လို့ပါ။ လူ့ဇာတိခံယူတဲ့ လူသားက ဖောက်ပြန်ပျက်စီးတဲ့လူတွေနဲ့ တူညီတဲ့အမျိုးအစား မဟုတ်ပါဘူး။ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်သာ ဘုရားအမြင်ကနေ ရပ်တည်နိုင်တယ်။ လူသားမျိုးနွယ်ကိုကြည့်ဖို့၊ အရာရာတိုင်းကို ကြည့်ဖို့ ဘုရားသခင်ရဲ့ အမြင့်ကနေ ရပ်တည်နိုင်တယ်။

ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီး လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်တဲ့အခါ လူ့ဇာတိမှာ သူဟာ ဘယ်လို ဒုက္ခခံစားမှုတွေကို ကြုံတွေ့ရသလဲ။ ဘယ်သူက တကယ်နားလည်သလဲ။ တစ်ချို့လူတွေက ဘုရားသခင်က အရမ်းကို ဒုက္ခခံရတယ်လို့ ပြောတယ်။ သူက ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပေမဲ့ လူတွေက သူ့ရဲ့အနှစ်သာရကို နားမလည်ဘဲ သူ့ကို လူတစ်ယောက်လို အမြဲတမ်းဆက်ဆံပြီး ဒါက သူ့ကို ထိခိုက်နစ်နာစေပြီး မှားယွင်းတယ်လို့ ခံစားရစေပါတယ်လို့ ပြောကြတယ်။ ဘုရားသခင်ရဲ့ ဒုက္ခခံစားရခြင်းက တကယ်ကို များပြားတယ်လို့ ပြောကြတယ်။ တခြားလူတွေက ဘုရားသခင်က အပြစ်ကင်းစင်ပြီး အပြစ်တရားမပါဝင်ဘူး။ ဒါပေမဲ့ သူက လူသားမျိုးနွယ်လိုပဲ ဒုက္ခခံစားပြီး လူသားမျိုးနွယ်နဲ့အတူ နှိပ်စက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခံရခြင်း၊ ဂုဏ်အသေရဖျက်ခံရခြင်းတို့ကို ခံစားရတယ်လို့ ပြောကြတယ်။ သူ့နောက်လိုက်တွေရဲ့ အထင်လွဲခြင်းနဲ့ မနာခံခြင်းတို့ကိုလည်း သူခံရတယ်လို့ ပြောကြတယ်။ ဘုရားသခင်ရဲ့ ဒုက္ခခံစားရခြင်းက တကယ်ကို တိုင်းတာလို့ မရနိုင်ပါဘူးလို့ ပြောကြတယ်။ သင်တို့က ဘုရားသခင်ကို အမှန်တကယ်နားလည်ပုံမရဘူး။ တကယ်တော့ သင်တို့ပြောတဲ့ ဒီဒုက္ခခံစားရခြင်းက ဘုရားသခင်အတွက် အမှန်တကယ် ဒုက္ခခံစားရခြင်းအနေနဲ့ ထည့်သွင်းလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် ဒါထက် ပိုပြီးကြီးမားတဲ့ ဒုက္ခခံစားရခြင်းရှိလို့ပါ။ ဒါဆိုရင် ဘုရားသခင်ကိုယ်တော်တိုင်အတွက် တကယ့်ဒုက္ခခံစားရခြင်းကဘာလဲ။ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်အတွက် တကယ် ဒုက္ခခံစားရခြင်းက ဘာလဲ။ ဘုရားသခင်အတွက် လူသားမျိုးနွယ်က သူ့ကို နားမလည်တာကို ဒုက္ခခံစားရခြင်းအဖြစ် ထည့်မတွက်ပါဘူး။ လူတွေက ဘုရားသခင်ကို အထင်လွဲခြင်းနဲ့ သူ့ကို ဘုရားသခင်အဖြစ် မမြင်ခြင်းက ဒုက္ခခံစားရခြင်းမဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်က သိပ်ကြီးမားတဲ့ တရားမမျှတမှုကို ခံစားရလိမ့်မယ်၊ ဘုရားသခင်က လူ့ဇာတိမှာရှိနေတဲ့ အချိန်မှာ လူသားမျိုးနွယ်ကို သူ့ရဲ့ ဇာတိအဖြစ်တော်ကို ပြလို့မရဘူး၊ သူ့ရဲ့ကြီးမြတ်မှုကို လူတွေကို မြင်ခွင့်ပေးလို့မရဘူး၊ ဘုရားသခင်က အရေးမပါတဲ့ လူ့ဇာတိမှာ ပုန်းကွယ်နေရတယ်၊ ဒါကြောင့် ဒါက သူ့အတွက် ညှင်းပန်းနှိပ်စက်သလိုဖြစ်နေမှာပဲလို့ လူတွေက ခံစားကြရတယ်။ လူတွေက ဘုရားသခင်ရဲ့ ဒုက္ခခံစားရခြင်းအပေါ် သူတို့နားလည်တဲ့အရာအတိုင်း သူတို့မြင်တဲ့အတိုင်း ခံယူပြီး ဘုရားသခင်အပေါ်ကို သနားခြင်းပေါင်းစုံနဲ့ ပြသကြပြီး ဒီဟာအတွက် ချီးမွမ်းခြင်းတောင် နည်းနည်းပါးပါး ပြုလုပ်ကြတယ်။ လက်တွေ့မှာတော့ ဘုရားသခင်ရဲ့ ဒုက္ခခံစားရခြင်းကို လူတွေနားလည်တာနဲ့ သူတကယ်ခံစားရတာကြားထဲမှာ ကွဲပြားမှု၊ ကွာဟမှုတစ်ခုရှိပါတယ်။ ငါသင်တို့ကို အမှန်တရားကို ပြောပြနေတာပါ။ ဘုရားသခင်အတွက် ဘုရားသခင်ရဲ့ ဝိညာဉ်တော် သို့မဟုတ် ဘုရားသခင်ရဲ့ ဇာတိခန္ဓာဖြစ်ပါစေ၊ ဒီဒုက္ခခံစားရခြင်းက အမှန်တကယ် ဒုက္ခခံစားရခြင်း မဟုတ်ပါဘူး။ ဒါဆိုရင် ဘုရားသခင် အမှန်တကယ် ဒုက္ခခံစားရတာက ဘာလဲ။ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ရဲ့ ရှုထောင့်ကနေပဲ ဘုရားသခင်ရဲ့ ဒုက္ခခံစားရခြင်းအကြောင်းကို ပြောကြရအောင်။

ဘုရားသခင်က လူ့ဇာတိဖြစ်လာတဲ့အခါမှာ၊ လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်ရင်းနဲ့ လူတွေနဲ့ ဘေးချင်းယှဉ်ပြီး သာမန်၊ ပုံမှန်လူသားတစ်ယောက်ဖြစ်လာတဲ့အခါမှာ လူတွေရဲ့ စားဝတ်နေရေးအတွက် နည်းလမ်းတွေ၊ ဥပဒေတွေ၊ အတွေးအခေါ်တွေကို သူ မမြင်ရ၊ မခံစားရဘူးလား။ ဒီစားဝတ်နေရေးအတွက် နည်းလမ်းတွေနဲ့ ဥပဒေတွေက သူ့ကို ဘယ်လိုခံစားရစေသလဲ။ သူ့နှလုံးသားမှာ စက်ဆုပ်ရွံရှာခြင်းကို ခံစားရသလား။ သူက ဘာကြောင့် စက်ဆုပ်ရွံရှာခြင်းကို ခံစားရမလဲ။ စားဝတ်နေရေးအတွက် လူသားမျိုးနွယ်ရဲ့ နည်းလမ်းတွေနဲ့ ဥပဒေတွေက ဘာတွေလဲ။ ဘယ်စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ သူတို့ အခြေခံထားသလဲ။ ဘယ်အရာအပေါ်မှာ သူတို့အခြေခံသလဲ။ လူသားမျိုးနွယ်ရဲ့ စားဝတ်နေရေးအတွက် နည်းလမ်းတွေ၊ ဥပဒေတွေ စသဖြင့်၊ ဒါတွေအားလုံးဟာ စာတန်ရဲ့ စဉ်းစားပုံ၊ အသိပညာနဲ့ အတွေးအခေါ်တို့ကို အခြေခံထားပြီး ဖန်တီးခဲ့တယ်။ ဒီဥပဒေတွေအောက်မှာ အသက်ရှင်နေထိုင်တဲ့ လူသားတွေဟာ လူ့သဘာဝမရှိဘူး။ သမ္မာတရားမရှိဘူး။ သူတို့အားလုံးက သမ္မတရားကို ဖီဆန်တယ်။ ဘုရားသခင်ကို ရန်လိုကြတယ်။ ဘုရားသခင်ရဲ့ အနှစ်သာရကို ကြည့်ကြည့်ရင် သူ့ရဲ့အနှစ်သာရဟာ စာတန်ရဲ့ စဉ်းစားပုံ၊ အသိပညာနဲ့ အတွေးအခေါ်တို့နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တာကို တွေ့ရတယ်။ သူ့အနှစ်သာရဟာ ဖြောင့်မတ်ခြင်း၊ သမ္မာတရား၊ သန့်ရှင်းမြင့်မြတ်ခြင်းနဲ့ အပြုသဘောဆောင်တဲ့အရာတွေအားလုံးရဲ့ တကယ့်အစစ်အမှန်တွေနဲ့ ပြည့်နေတယ်။ ဒီအနှစ်သာရကို ပိုင်ဆိုင်ပြီး ဒီလို လူသားမျိုးနွယ်ကြားမှာ အသက်ရှင်နေထိုင်နေတဲ့ ဘုရားသခင်၊ သူ့နှလုံးသားမှာ သူ ဘယ်လိုခံစားရမလဲ။ နာကျင်မှုတွေနဲ့ ပြည့်နေသလား။ သူ့နှလုံးသားက နာကျင်နေပြီး ဒီနာကျင်မှုက ဘယ်သူကမှ နားလည်နိုင် သို့မဟုတ် သိမြင်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် သူရင်ဆိုင်ရတဲ့၊ ကြုံတွေ့ရတဲ့၊ ကြားရ၊ မြင်ရတဲ့၊ ကြုံတွေ့ရတဲ့ အရာရာတိုင်းက လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးခြင်း၊ ဆိုးယုတ်ခြင်း၊ သမ္မာတရားအပေါ် သူတို့ရဲ့ ပုန်ကန်ခြင်း၊ ခုခံခြင်းတို့ပဲ ဖြစ်တာကြောင့်ပါ။ လူသားဆီကနေ လာတဲ့အရာအားလုံးက သူ့ရဲ့ ဒုက္ခခံစားရခြင်း အရင်းအမြစ်ပါပဲ။ ဆိုလိုတာကတော့ သူ့ရဲ့ အနှစ်သာရက ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေနဲ့ မတူညီတဲ့အတွက်ကြောင့် ဖောက်ပြန်ပျက်စီးတဲ့လူသားတွေဟာ သူ့ရဲ့ကြီးမားတဲ့ ဒုက္ခခံစားရခြင်းရဲ့ အရင်းအမြစ်ဖြစ်လာပါတယ်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာတဲ့အခါမှာ သူနဲ့ ဘာသာစကားတူညီတဲ့ တစ်ယောက်ကို သူရှာတွေ့နိုင်ပါသလား။ လူသားမျိုးနွယ်ကြားမှာ သူရှာလို့မရနိုင်ပါဘူး။ ဘုရားသခင်နဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့၊ ဘုရားသခင်နဲ့ ခွန်းတုံ့ဖလှယ်နိုင်တဲ့သူ တစ်ယောက်မှ မတွေ့ပါဘူး။ ဘုရားသခင်မှာ ဘယ်လိုခံစားချက်မျိုးရှိမယ်လို့ သင်ဆိုမလဲ။ လူတွေ ဆွေးနွေးတဲ့ အကြောင်းအရာတွေ၊ သူတို့ချစ်တဲ့အရာတွေ၊ သူတို့ အားထုတ်ကြိုးပမ်းတဲ့အရာတွေနဲ့ တောင့်တတာတွေအားလုံးက အပြစ်နဲ့ မကောင်းမှုဘက်ကို ယိုင်နေတဲ့အရာတွေနဲ့ပဲ ပတ်သက်နေပါတယ်။ ဘုရားသခင်က ဒါတွေအားလုံးကို ရင်ဆိုင်ရတဲ့အခါမှာ သူ့နှလုံးသားကို ဓါးတစ်ချောင်းထိုးထားသလိုမဖြစ်ဘူးလား။ ဒီအရာတွေကို ရင်ဆိုင်ပြီးတဲ့နောက်မှာ သူ့နှလုံးသားမှာ ဝမ်းမြောက်ခြင်း ရှိနိုင်ပါ့မလား။ ဖြေသိမ့်စရာကို သူရှာနိုင်ပါ့မလား။ သူနဲ့ နေထိုင်နေတဲ့သူတွေဟာ ပုန်ကန်ခြင်းနဲ့ ဆိုးယုတ်ခြင်းတွေနဲ့ ပြည့်နေပါတယ်။ သူ့နှလုံးသားက ဘယ်လို ဒုက္ခမခံစားဘဲ နေနိုင်မလဲ။ ဒီဒုက္ခခံစားခြင်းက တကယ်တမ်း ဘယ်လောက်ကြီးမားသလဲ။ နောက်ပြီး ဒါကို ဘယ်သူက ဂရုစိုက်သလဲ။ ဘယ်သူက အလေးထားသလဲ။ ဘယ်သူက အသိအမှတ်ပြုနိုင်မလဲ။ လူတွေက ဘုရားသခင်ရဲ့ နှလုံးသားကို နားလည်ဖို့ မဖြစ်နိုင်ပါဘူး။ သူ့ရဲ့ ဒုက္ခခံစားရခြင်းဟာ လူတွေက သေချာ အသိအမှတ်မပြုနိုင်တဲ့အရာဖြစ်ပြီး လူသားမျိုးနွယ်ရဲ့ အေးစက်ခြင်းနဲ့ ထုံထိုင်းခြင်းက ဘုရားသခင်ရဲ့ ဒုက္ခခံစားရခြင်းကို ပိုပြီး နက်ရှိုင်းစေတယ်။

သမ္မာကျမ်းစာထဲမှာ ဒီလိုပြောထားတဲ့ ကျမ်းတစ်ပိုဒ်ကြောင့် ခရစ်တော်ရဲ့ ဒုက္ခကို မကြာခဏသနားကြတဲ့ လူတစ်ချို့ရှိကြတယ်။ “ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။” လူတွေက ဒါကို ကြားတဲ့အခါမှာ လေးလေးနက်နက်ခံယူပြီး ဒါဟာ ဘုရားသခင်ခံယူရတဲ့ အကြီးမားဆုံး ဒုက္ခခံစားရခြင်းပဲ၊ ခရစ်တော်ခံယူရတဲ့ အကြီးဆုံး ဒုက္ခခံရခြင်းပဲလို့ ယုံကြည်ကြတယ်။ အခု အမှန်တရားရဲ့ ရှုထောင့်ကနေ ကြည့်တဲ့အခါမှာ ဒီလိုဟုတ်ပါသလား။ ဒီအခက်အခဲတွေက ဒုက္ခခံစားရခြင်းပဲလို့ ဘုရားသခင်က မမြင်ပါဘူး။ လူ့ဇာတိရဲ့ အခက်အခဲတွေအတွက် တရားမမျှတမှုအတွက် ဘယ်တော့မှ ငိုယိုအော်ဟစ်ခြင်းမရှိပါဘူး။ နောက်ပြီး သူဟာ လူသားတွေကို ပြန်လည်ပေးဆပ်ဖို့ သို့မဟုတ် သူ့ကို တစ်ခုခုနဲ့ ဆုချဖို့ တစ်ခါမှ မလုပ်ဖူးပါဘူး။ ဒါပေမဲ့ ဖောက်ပြန်ပျက်စီးတဲ့ ဘဝတွေနဲ့ အကျင့်ပျက်စီးတဲ့ လူသားတွေရဲ့ ဆိုးယုတ်ခြင်းဖြစ်တဲ့ လူသားမျိုးနွယ်ရဲ့ အရာရာတိုင်းကို သူမျက်မြင် ကြုံတွေ့ရတဲ့အခါမှာ၊ လူသားမျိုးနွယ်ဟာ စာတန်ရဲ့ လက်ထဲမှာရှိပြီး စာတန်ရဲ့ အကျဉ်းချခြင်းကို ခံထားရပြီး မလွတ်မြောက်နိုင်ဘူးဆိုတာကို မျက်မြင်ကြုံတွေ့ရတဲ့အခါမှာ၊ အပြစ်တရားမှာ နေထိုင်နေတဲ့ လူတွေဟာ သမ္မာတရားက ဘာဆိုတာကို မသိဘူးဆိုတာကို မျက်မြင်ကြုံတွေ့ရတဲ့အခါမှာ ဒီအပြစ်တရားတွေအားလုံးကို သူသည်းညည်းမခံနိုင်ဘူး။ လူသားတွေအပေါ် သူရဲ့ စက်ဆုပ်ရွံရှာခြင်းက တစ်ရက်တခြား တိုးပွားလာနေတယ်။ ဒါပေမဲ့ ဒီအရာတွေအားလုံးကို သူတောင့်ခံရတယ်။ ဒါက ဘုရားသခင်ရဲ့ ကြီးမားတဲ့ ဒုက္ခခံစားခြင်းပဲ။ ဘုရားသခင်ဟာ သူ့နောက်လိုက်တွေကြားမှာ သူ့နှလုံးသား သို့မဟုတ် သူ့ခံစားချက်တွေရဲ့ အသံကိုတောင်မှ အပြည့်အဝ မဖော်ပြနိုင်ပါဘူး။ နောက်ပြီး သူ့ရဲ့ ဒုက္ခခံစားရခြင်းကို သူ့ရဲ့နောက်လိုက်တွေထဲက ဘယ်သူကမှ အမှန်တကယ် နားမလည်နိုင်ဘူး။ ဘယ်သူကမှ သူ့နှလုံးသားကို နှစ်သိမ့်မှုပေးဖို့ သို့မဟုတ် နားလည်ဖို့တောင် မကြိုးစားကြဘူး။ သူ့နှလုံးသားဟာ ဒီဒုက္ခခံစားရခြင်းတွေကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ခါပြီးနောက်တစ်ခါ ခံစားရပါတယ်။ ဒီအရာတွေအားလုံးမှာ သင်တို့ ဘာကိုမြင်ပါသလဲ။ ဘုရားသခင်က သူပေးခဲ့တဲ့အရာအတွက် လူသားတွေဆီကနေ အပြန်အလှန်အနေနဲ့ ဘာကိုမှ မလိုအပ်ခဲ့ဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အနှစ်သာရကြောင့် လူသားရဲ့ ဆိုးယုတ်ခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အပြစ်တရားကို လုံးဝ သည်းမခံနိုင်ဘဲ စက်ဆုပ်ရွံရှာမှုနဲ့ မုန်းတီးမှုကို တော်တော်ကို ခံစားရပြီး ဘုရားသခင်ရဲ့ နှလုံးသားနဲ့ သူ့ရဲ့လူ့ဇာတိဟာ အဆုံးမရှိတဲ့ ဒုက္ခခံစားရခြင်းတွေကို တောင့်ခံရခြင်းကို ဖြစ်စေပါတယ်။ ဒါတွေအားလုံးကို သင်မြင်နိုင်ပါသလား။ သင်တို့ထဲက ဘယ်သူကမှ ဒါကို မမြင်နိုင်ဖို့က များပါတယ်။ ဘာကြောင့်လဲဆိုရင် သင်တို့ထဲက ဘယ်သူမှ ဘုရားသခင်ကို အမှန်တကယ် နားမလည်နိုင်တာကြောင့်ပါ။ အချိန်ကြာလာတာနဲ့အမျှ သင်တို့ဘာသာ ဒါကို တဖြည်းဖြည်းနဲ့ တွေ့ကြုံခံစားနိုင်ပါတယ်။

နောက်တစ်ခုမှာ ကျမ်းစာရဲ့ ဒီစာပိုဒ်တွေကို ကြည့်ရအောင်

၉။ သခင်ယေရှုက ထူးဆန်းအံ့ဖွယ်တွေကို ပြုလုပ်တယ်။

၁။ သခင်ယေရှုဟာ လူငါးထောင်ကို အစာကျွေးမွေးတယ်။

(ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆:၈-၁၃) ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါသော သူငယ်တယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက်များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်း ဟုလျှောက်၏။ ယေရှုကလည်း၊ လူများတို့ကိုလျောင်းကြစေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။ ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အားဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကိုလူများလိုချင်သမျှ ဝေငှကြ၏။ ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။

၂။ လာဇရုရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေတယ်။

(ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၁:၄၃-၄၄) လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြေလော့ဟု မိန့်တော်မူ၏။

သခင်ယေရှုလုပ်ဆောင်ခဲ့တဲ့ ထူးဆန်းအံ့သြဖွယ်တွေထဲကနေ ဒီနှစ်ခုကိုပဲ ရွေးထားပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီမှာ ငါပြောချင်တဲ့ အကြောင်းအရာကို ထုတ်ဖော်ပြသဖို့ လုံလောက်တဲ့အတွက်ပါ။ ဒီအံ့ဖွယ်နှစ်ခုက တော်တော်ကို အံ့သြဖို့ကောင်းပါတယ်။ ဒါတွေက ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့ အံသြဖွယ်တွေကို သိပ်ကိုယ်စားပြုပါတယ်။

ပထမဆုံး၊ ပထမစာပိုဒ်ကို အရင်ကြည့်ရအောင်။ သခင်ယေရှုက လူငါးထောင်ကို ကျွေးမွေးတယ်။

“မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်” ဆိုတာ ဘယ်လို အယူအဆမျိုးလဲ။ မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်က ပုံမှန်ဆိုရင် လူဘယ်နှစ်ယောက်အတွက် လုံလောက်သလဲ။ ပုံမှန်လူတစ်ယောက် စားတဲ့အပေါ်မှာ အခြေခံပြီး သင်တို့ တိုင်းတာကြည့်ရင် လူနှစ်ယောက်စာအတွက်ပဲ လုံလောက်ပါလိမ့်မယ်။ ဒါက မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ရဲ့ အခြေခံအကျဆုံး အယူအဆဖြစ်တယ်။ ဒါပေမဲ့ မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်ကို လူဘယ်နှစ်ယောက်ကို ကျွေးတယ်လို့ ဒီစာပိုဒ်မှာ ရေးထားသလဲ။ ကျမ်းစာမှာ ဒီလို မှတ်တမ်းတင်ထားပါတယ်။ “ထိုအရပ်၌ မြက်ပင်ထူပြောလျက်ရှိသည် ဖြစ်၍၊ အရေအတွက်အားဖြင့် ငါးထောင်မျှလောက်သော လူတို့သည် လျောင်းကြ၏။” မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်နဲ့ ယှဉ်ကြည့်ရင် လူငါးထောင်က များပါသလား။ အရေအတွက်က သိပ်များနေတာက ဘာအဓိပ္ပာယ်လဲ။ လူသားရှုထောင့်ကနေကြည့်ရင် မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို လူငါးထောင်ခွဲဝေဖို့က မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ ကွာခြားချက်က သိပ်များတယ်။ လူတိုင်းက ခပ်သေးသေး တစ်ကိုက်ပဲကိုက်ရင်တောင် လူငါးထောင်အတွက် လောက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ သခင်ယေရှုက အံဖွယ်တစ်ခုကို လုပ်ဆောင်ခဲ့တယ်။ သူဟာ လူငါးထောင်ကို ဗိုက်ပြည့်အောင် စားရရုံမက အပိုတွေပါထွက်အောင် လုပ်ခဲ့တယ်။ ကျမ်းစာမှာ ဒီလိုဖော်ပြပါတယ်။ “ထိုသူတို့သည်ဝကြပြီးမှ ကိုယ်တော်က၊ ဘာမျှ မပျောက်စေခြင်းငှာ ကြွင်းကျန်သော အကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူသည်ဖြစ်၍၊ စားသောသူတို့၌ ကျန်ကြွင်းသော မုရောမုန့် ငါးလုံး၏ အကျိုးအပဲ့တို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်းအပြည့်ရကြ၏။” ဒီအံ့သြဖွယ်ရာဆန်းကြယ်မှုဟာ လူတွေကို သခင်ယေရှုရဲ့ ဝိသေသလက္ခဏာနဲ့ အဆင့်အတန်းကို မြင်စေပြီး ဘုရားသခင်အတွက် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးဆိုတာကိုလည်း မြင်စေခဲ့တယ်။ ဘုရားသခင်ရဲ့ အဆုံးအစမရှိတဲ့ ဘုန်းတန်ခိုးကို သူတို့ မြင်ခဲ့တယ်။ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်က လူငါးထောင်ကိုကျွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမဲ့ ဘာအစားအစာမှ မရှိခဲ့ရင် ဘုရားသခင်က လူငါးထောင်ကို ကျွေးနိုင်ပါ့မလား။ ကျွေးနိုင်တာပေါ့။ ဒါဟာ အံ့သြဆန်းကြယ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သေချာပေါက် လူတွေဟာ ဒါကို ဉာဏ်မမီနိုင်ဘူးလို့ ခံစားခဲ့ရပြီး သိပ်အံ့သြစရာကောင်းပြီး ထူးခြားဆန်းကြယ်တယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်အတွက်က ဒီလိုအရာမျိုးကို လုပ်ဆောင်ခြင်းက ဘာမှမဟုတ်သေးပါဘူး။ ဒါက ဘုရားသခင်အတွက် သာမန်ပဲဖြစ်တာကြောင့် ဘာကြောင့် ဒီတစ်ခုပဲ အဓိပ္ပာယ်ဖွင့်ဖို့ ယူတာလဲ။ ဘာကြောင့်လဲဆိုရင် ဒီအံ့သြဖွယ်နောက်မှာ တည်ရှိတာက လူသားမျိုးနွယ်က တစ်ခါမှ မတွေ့ရှိသေးတဲ့ သခင်ယေရှုရဲ့ အလိုတော်ပါဝင်ပါတယ်။

ပထမဆုံး ဒီ လူငါးထောင်က ဘယ်လိုလူမျိုးတွေလဲဆိုတာကို နားလည်ဖို့ ကြိုးစားကြည့်ရအောင်။ သူတို့က သခင်ယေရှုရဲ့ နောက်လိုက်တွေ ဟုတ်ပါသလား။ ကျမ်းစာမှာ သူတို့ဟာ သူ့ရဲ့နောက်လိုက်တွေမဟုတ်ဘူးဆိုတာကို ငါတို့သိကြတယ်။ သခင်ယေရှု့ ဘယ်သူဆိုတာကို သူတို့သိကြသလား။ လုံးဝ မသိပါဘူး။ အနည်းဆုံး သူတို့ရှေ့မှာရပ်နေတဲ့ သူက ခရစ်တော်ဆိုတာကို သူတို့ မသိခဲ့ဘူး သို့မဟုတ် တစ်ချို့က သူ့နာမည်က ဘာဆိုတာကိုပဲ သိချင်သိလိမ့်မယ်။ သူလုပ်ခဲ့တာတွေတစ်ချို့ကို သိမယ် သို့မဟုတ် ကြားဖူးလိမ့်မယ်။ သူတို့က သတင်းတွေမှာကြားရတဲ့ သခင်ယေရှုအကြောင်းကို သိချင်ရုံလောက်ပဲရှိတယ်။ ဒါပေမဲ့ သူတို့က သူ့နောက်ကိုလိုက်တယ်လို့တော့ သင်တို့ သေချာပေါက် မပြောနိုင်ဘူး။ သူ့ကိုနားလည်ဖို့ဆိုတာ ပိုပြီးတော့ မဖြစ်နိုင်ဘူး။ သခင်ယေရှုက ဒီလူငါးထောင်ကို မြင်တဲ့အခါမှာ သူတို့ဟာ ဆာလောင်ပြီး သူတို့ဗိုက်ပြည့်အောင် စားဖို့ပဲ စဉ်းစားနိုင်ကြပါတယ်။ ဒီအကြောင်းအရာကြောင့် သခင်ယေရှုဟာ သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းခဲ့တယ်။ သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းတဲ့အခါမှာ သူ့နှလုံးသားထဲမှာ ဘာတွေရှိနေခဲ့သလဲ။ ဗိုက်ပြည့်သွားအောင်သာ စားချင်နေတဲ့ ဒီလူတွေအပေါ် သူ့သဘောထားက ဘယ်လိုလဲ။ ဒီအချိန်မှာ သခင်ယေရှုရဲ့ အတွေးတွေနဲ့ သူ့သဘောထားက ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ အနှစ်သာရတို့နဲ့ သက်ဆိုင်ပါတယ်။ အစားအစာ လုံလုံလောက်လောက်စားရဖို့သာဖြစ်နေတဲ့ ဗိုက်ဟာလာဟင်းလင်းနဲ့ ဒီလူငါးထောင်ကို ရင်ဆိုင်ရတဲ့အခါမှာ၊ သူနဲ့ပတ်သက်ပြီး သိချင်လိုစိတ်တွေ၊ မျှော်လင့်ချက်တွေပြည့်နေတဲ့ ဒီလူတွေကို ရင်ဆိုင်ရတဲ့အခါမှာ သခင်ယေရှုဟာ သူတို့ကို ကျေးဇူးတော်တွေ ချပေးသနားဖို့ ဒီအံသြဖွယ်ရာကို အသုံးချဖို့သာ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ သူတို့ကို သူ့ရဲ့နောက်လိုက်တွေဖြစ်လာဖို့ သူမမျှော်လင့်ခဲ့ဘူး။ သူတို့ဟာ ပျော်ချင်ကြတာ သက်သက်ဖြစ်ပြီး ဗိုက်ပြည့်အောင် စားချင်တာသက်သက်ပဲ ဆိုတာကို သူသိတဲ့အတွက်ပါ။ ဒါကြောင့် သူ့မှာရှိတာကို အကောင်းဆုံးလုပ်ခဲ့ပြီး လူငါးထောင်ကို ကျွေးဖို့ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို အသုံးပြုခဲ့တယ်။ ဖြေဖျော်မှုကို နှစ်သက်တဲ့လူတွေ၊ အံ့သြဖွယ်ရာတွေကို ကြည့်ချင်တဲ့သူတွေရဲ့ မျက်လုံးကို သူဖွင့်ခဲ့ပြီး လူ့ဇာတိခံယူထားတဲ့ ဘုရားသခင် ပြီးမြောက်အောင်လုပ်နိုင်တဲ့ အရာတွေကို သူတို့ရဲ့ မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတယ်။ သခင်ယေရှုက သူတို့ရဲ့ သိလိုစိတ်ကို ဖြည့်ဆည်းဖို့ သိသာမြင်သာတဲ့ အရာတစ်ခုကို အသုံးပြုခဲ့ပေမဲ့ ဒီလူငါးထောင်က အစာကောင်းကောင်းစားချင်တာသက်သက်ပဲဆိုတာကို သူ့နှလုံးသားထဲမှာ သူသိနေခဲ့တယ်။ ဒါကြောင့် သူ ဘာမှမပြောခဲ့ဘူး သို့မဟုတ် သူတို့ကို ဘာမှ တရားမဟောခဲ့ဘူး။ ဒီအံ့သြဖွယ်ရာကိုသာ သူတို့ကို မြင်စေခဲ့တယ်။ သူ့နောက်ကို အမှန်တကယ်လိုက်တဲ့ သူ့ရဲ့တပည့်တော်တွေကို သူဆက်ဆံသလို ဒီလူတွေကို လုံးဝ ဆက်ဆံလို့မရဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှလုံးသားမှာ ဖန်ဆင်းခံအားလုံးက သူ့ရဲ့ စည်းမျဉ်းအောက်မှာဖြစ်ပြီး လိုအပ်တဲ့အခါမှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားရစေဖို့ သူ့မြင်ကွင်းမှာရှိတဲ့ ဖန်ဆင်းခံအားလုံးကို သူခွင့်ပြုမှာဖြစ်တယ်။ ဒီလူတွေက သူဘယ်သူဆိုတာကို မသိပေမဲ့ သို့မဟုတ် သူ့ကို နားမလည်ပေမဲ့ သို့မဟုတ် သူ့ကို ဘယ်လို သီးသန့် အမြင်တစ်ခုမှ မရှိပေမဲ့ သို့မဟုတ် မုန့်တွေနဲ့ ငါးကို သူတို့စားပြီးတာတောင် သူ့ကို ကျေးဇူးတင်ခြင်း မရှိပေမဲ့၊ ဒါက ဘုရားသခင် အရေးစိုက်တဲ့ အရာမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားရဖို့ ဒီလူတွေကို သိပ်ကောင်းတဲ့ အခွင့်အလမ်းတစ်ခုကို သူပေးခဲ့တယ်။ ဘုရားသခင်က သူလုပ်တဲ့အရာတွေမှာ စည်းရှိပြီး မယုံကြည်သူတွေကို ကြည့်ရှုခြင်း သို့မဟုတ် ကာကွယ်ခြင်း မပြုလုပ်ဘူး၊ အထူးသဖြင့် သူ့ရဲ့ကျေးဇူးတော်ကို ခံစားရဖို့ သူတို့ကို အခွင့်မပေးဘူးလို့ တစ်ချို့လူတွေက ပြောကြတယ်။ တကယ်ပဲ ဒီလိုမျိုးလား။ ဘုရားသခင်ရဲ့ အမြင်မှာ သူကိုယ်တိုင်ဖန်ဆင်းခဲ့တဲ့ သက်ရှိ ဖန်ဆင်းခံတွေဖြစ်နေသရွေ့ သူတို့ကို စီမံပြီး ဂရုစိုက်ပါလိမ့်မယ်။ သူတို့ကို ကျွေးမွေးလိမ့်မယ်။ သူတို့အတွက် စီစဉ်လိမ့်မယ်။ သူတို့ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ အုပ်ချုပ်လိမ့်မယ်။ ဒါတွေက အရာအားလုံးအပေါ်မှာ ဘုရားသခင်ရဲ့ အတွေးတွေနဲ့ စိတ်သဘောထားဖြစ်တယ်။

မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို စားခဲ့တဲ့ လူငါးထောင်ဟာ သခင်ယေရှုနောက်ကိုလိုက်ဖို့ မစီစဉ်ခဲ့ပေမဲ့ သခင်ယေရှုဟာ သူတို့ကို မတင်းကြပ်ခဲ့ဘူး။ သူတို့ ဗိုက်ပြည့်အောင်စားပြီးတာနဲ့ သခင်ယေရှု ဘာလုပ်ခဲ့တယ်ဆိုတာကို သင်သိပါသလား။ သူတို့ကို တစ်ခုခု တရားဟောခဲ့သလား။ ဒါကိုလုပ်ပြီးတော့ သူဘယ်ကိုသွားသလဲ။ သခင်ယေရှုက သူတို့ကို တစ်ခုခုပြောတယ်လို့ ကျမ်းစာမှာ မှတ်တမ်းတင်မထားပါဘူး။ သူ့ရဲ့ အံသြဖွယ် ပြီးမြောက်သွားတဲ့အခါမှာ သူတိတ်တဆိတ် ထွက်ခွာသွားပါတယ်။ ဒါဆိုရင် ဒီလူတွေအတွက် သတ်မှတ်ချက်တွေ သူပြုလုပ်ခဲ့ပါသလား။ မုန်းခြင်းတစ်ခုခု ရှိပါသလား။ ဒါတွေ တစ်ခုမှ မရှိဘူး။ သူ့နောက်ကိုမလိုက်သူတွေကို သူအာရုံမစိုက်ချင်တော့တာသက်သက်ပါပဲ။ နောက်ပြီး ဒီအချိန်မှာ သူ့နှလုံးသားဟာ နာကျင်နေတယ်။ ဘာကြောင့်လဲဆိုရင် ပျက်ဆီးနေတဲ့ လူသားမျိုးနွယ်ကို သူမြင်ပြီးပြီ။ သူ့အပေါ် လူသားရဲ့ ငြင်းပယ်မှုကို သူခံစားခဲ့ရပြီးပြီ။ ဒီလူတွေကို သူမြင်တဲ့အခါမှာ သို့မဟုတ် သူတို့နဲ့ အတူရှိနေတဲ့အချိန်မှာ လူသားရဲ့ တုံးအမှုနဲ့ အသိမဲ့မှုတို့က သူ့ကို သိပ်ကို ဝမ်းနည်းစေပြီး သူ့နှလုံးသားကို နာကျင်စေတယ်။ ဒါကြောင့် ဒီလူတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံးပဲ ထားခဲ့ချင်တယ်။ သခင်က သူ့နှလုံးသားထဲမှာ သူတို့အတွက် ဘာသတ်မှတ်ချက်မှ မရှိခဲ့ဘူး။ သူတို့ကို သူအာရုံမစိုက်ချင်ခဲ့ဘူး။ အထူးသဖြင့် သူတို့အပေါ်မှာ သူ့ရဲ့ စွမ်းအင်ကို အသုံးမချချင်ဘူး။ သူတို့က သူ့နောက်ကိုမလိုက်နိုင်ဘူးဆိုတာကို သူသိခဲ့တယ်။ ဒီလိုတွေဖြစ်နေပေမဲ့ သူတို့အပေါ်မှာထားတဲ့ သူ့သဘောထားက သိပ်ရှင်းလင်းနေပါသေးတယ်။ သူတို့ကို သူက ကျေးဇူးတော်ချပေးသနားဖို့ ကြင်နာစွာ ဆက်ဆံချင်ရုံသက်သက်ပါ။ ဒါက သူ့အုပ်စိုးမှုအောက်မှာရှိတဲ့ ဖန်ဆင်းခံတိုင်းအပေါ် ဘုရားသခင်ရဲ့ သဘောထားဖြစ်တယ်။ ဖန်ဆင်းခံတိုင်းအတွက် သူတို့ကို ကြင်ကြင်နာနာဆက်ဆံတယ်။ ထောက်ပံ့တယ်။ ပြုစုစောင့်ရှောက်တယ်။ သခင်ယေရှုက လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဖြစ်တာကြောင့် သူဟာ ဘုရားသခင်ကိုယ်တိုင်ရဲ့ အနှစ်သာရကို သိပ်ကို သဘာဝကျစွာနဲ့ ဖွင့်ပြပြီး ဒီလူတွေကို ကြင်ကြင်နာနာနဲ့ ဆက်ဆံခဲ့တယ်။ သူတို့ကို သနားကြင်နာတဲ့ နှလုံးသားနဲ့ သည်းခံခြင်းနဲ့ ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ်။ သခင်ယေရှုကို ဒီလူတွေက ဘယ်လိုပဲမြင်ပါစေ၊ ဘယ်လိုရလဒ်တွေပဲ ရလာမှာဖြစ်ပါစေ၊ ဖန်ဆင်းခြင်းအားလုံးရဲ့ အရှင်သခင်အဖြစ် သူ့ရဲ့နေရာကို အခြေခံပြီး ဖန်ဆင်းခံတိုင်းကို ဆက်ဆံခြင်းသက်သက်ပါပဲ။ သူဖွင့်ပြတဲ့အရာက ခြွင်းချက်မရှိ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သခင်ယေရှုက တိတ်တဆိတ်နဲ့ တစ်ခုခုလုပ်ခဲ့တယ်။ အဲဒီနောက်မှာ တိတ်တဆိတ်နဲ့ ထွက်ခွာသွားခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားရဲ့ ဘယ်လက္ခဏာသွင်ပြင်လဲ။ ဒါက ဘုရားသခင်ရဲ့ ချစ်ခင်ကြင်နာခြင်းလို့ သင်တို့ ဆိုနိုင်သလား။ ဘုရားသခင်က တစ်ကိုယ်ကောင်းမဆန်ဘူးလို့ သင်ဆိုနိုင်မလား။ သာမန်လူတစ်ယောက်က ဒါကို လုပ်နိုင်သလား။ လုံးဝ မလုပ်နိုင်ပါဘူး။ တကယ်အနှစ်သာရမှာ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်နဲ့ သခင်ယေရှုကျွေးခဲ့တဲ့ ဒီလူငါးထောင်က ဘယ်သူတွေလဲ။ သူတို့ဟာ သခင်ယေရှုနဲ့ ကိုက်ညီတဲ့လူတွေလို့ သင်တို့ ဆိုနိုင်သလား။ သူတို့အားလုံးက ဘုရားသခင်ကို ဆန့်ကျင်သူတွေလို့ ဆိုနိုင်သလား။ သူတို့ဟာ သခင်နဲ့ ကိုက်ညီမှု မရှိဘူးလို့ သေချာပေါက် ပြောနိုင်ပါတယ်။ နောက်ပြီး သူတို့ရဲ့ အနှစ်သာရဟာ လုံးဝ ဘုရားသခင်ကို ဆန့်ကျင်တာပါ။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို ဘယ်လိုဆက်ဆံခဲ့သလဲ။ ဘုရားသခင်အပေါ် လူတွေရဲ့ ရန်လိုမှုကို ထိန်းဖို့ နည်းလမ်းတစ်ခုကို သူအသုံးပြုခဲ့တယ်။ ဒါဟာ သခင်ယေရှုက သူတို့ကို အပြစ်သားတွေအဖြစ် မြင်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့ အမြင်မှာ သူတို့ဟာ သူ့ရဲ့ ဖန်ဆင်းခြင်းတွေပဲဖြစ်တယ်။ ဒါကြောင့် ဒီအပြစ်သားတွေကို ကြင်ကြင်နာနာနဲ့ သူဆက်ဆံဆဲပါပဲ။ ဒါဟာ ဘုရားသခင်ရဲ့သည်းခံခြင်းဖြစ်ပြီး ဒီသည်းခံခြင်းက ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ ဝိသေသလက္ခဏာနဲ့ အနှစ်သာရအားဖြင့် သတ်မှတ်ပါတယ်။ ဒါကြောင့် ဒါဟာ ဘုရားသခင်က ဖန်ဆင်းခဲ့တဲ့ ဘယ်သူသားကမှ လုပ်နိုင်တဲ့ အရာမဟုတ်ပါဘူး။ ဘုရားသခင်သာလျှင် လုပ်နိုင်ပါတယ်။

သင်က လူသားမျိုးနွယ်အပေါ် ဘုရားသခင်ရဲ့ အတွေးတွေနဲ့ သဘောထားကို အမှန်တကယ် အသိအမှတ်ပြု တန်ဖိုးထားနိုင်တဲ့အခါ၊ သင်က ဘုရားသခင်ရဲ့ စိတ်ခံစားမှုတွေကို တကယ်နားလည်နိုင်ပြီး ဖန်ဆင်းခံတိုင်းကို အရေးစိုက်တဲ့အခါ၊ ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့တဲ့ လူတွေတစ်ယောက်ချင်းစီတိုင်းအပေါ် သက်ရောက်စေခဲ့တဲ့ ချစ်ခြင်းနဲ့ အလေးထားခြင်းကို သင်နားလည်နိုင်ပါလိမ့်မယ်။ ဒီလို ဖြစ်တဲ့အခါမှာ ဘုရားသခင်ရဲ့ ချစ်ခြင်းကို ဖော်ပြဖို့ စကားလုံးနှစ်လုံးကို သင်အသုံးပြုလိမ့်မယ်။ အဲဒီ စကားလုံးနှစ်လုံးကဘာလဲ။ တစ်ချို့လူတွေက “တစ်ကိုယ်ကောင်းမဆန်ခြင်း” လို့ပြောကြပြီး တစ်ချို့လူတွေက “ပရဟိတ” လို့ပြောကြတယ်။ ဒီနှစ်ခုထဲမှာ “ပရဟိတ” က ဘုရားသခင်ရဲ့ ချစ်ခြင်းကိုဖော်ပြဖို့ မသင့်တော်ဆုံး အရာဖြစ်တယ်။ ဒါက လူတစ်ယောက်ရဲ့ ကျယ်ပြန့်တဲ့ အတွေးတွေနဲ့ ခံစားချက်တွေကို ဖော်ပြဖို့ လူတွေ အသုံးပြုတဲ့ စကားလုံးတစ်လုံးဖြစ်တယ်။ ဒီစကားလုံးကို ငါတော်တော် စက်ဆုပ်ရွံရှာတယ်။ ဘာကြောင့်လဲဆိုရင် အစီအစဉ်တကျမဟုတ်၊ လက်လွတ်စပယ်၊ ဘာစည်းမျဉ်းတစ်ခုမှမပါဝင်ဘဲ ချို့တဲ့သူတွေကို ကူညီမှု ပြုလုပ်ခြင်းကို ဆိုလိုတဲ့အတွက်ပါ။ ဒါက မိုက်မဲပြီး ခေါင်းရှုပ်နေတဲ့ လူတွေရဲ့ အလွန်အမင်း စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်တစ်ခုဖြစ်တယ်။ ဒီစကားလုံးကို ဘုရားသခင်ရဲ့ချစ်ခြင်းကို ဖော်ပြဖို့ အသုံးပြုတဲ့အခါ သေချာပေါက်ကို ဘုရားသခင်ကို စော်ကားလိုတဲ့ ရည်ရွယ်ချက်ရှိနေပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပိုပြီး ကိုက်ညီစွာ ဖော်ပြတဲ့ စကားလုံးနှစ်လုံး ငါ့မှာရှိတယ်။ အဲဒီစကားလုံးနှစ်လုံးက ဘာတွေလဲ။ ပထမတစ်ခုက “သိပ်ကြီးမားတယ်။” ဒီစကားလုံးက စိတ်အာရုံကို အရမ်းမနှိုးဆွပေးဘူးလား။ ဒုတိယက “သိပ်ကျယ်ပြန့်တယ်။” ဘုရားသခင်ရဲ့ ချစ်ခြင်းကို ငါဖော်ပြလေ့ရှိတဲ့ ဒီစကားလုံးနှစ်လုံးနောက်မှာ တကယ့် အဓိပ္ပာယ်တွေရှိတယ်။ တိုက်ရိုက်ယူရင် “သိပ်ကြီးမားတယ်” ဆိုတာက အရာဝတ္ထုတစ်ခုရဲ့ ထုထည် သို့မဟုတ် စွမ်းအားကိုဖော်ပြတယ်။ ဒါပေမဲ့ အဲဒီအရာဝတ္ထုက ဘယ်လောက်ကြီးတယ်ဆိုတာ အရေးမကြီးဘူး။ ဒါဟာ လူတွေ ထိနိုင်၊ မြင်နိုင်တဲ့ အရာဖြစ်တယ်။ ဒီအရာက တည်ရှိတဲ့အတွက်ကြောင့် ဖြစ်တယ်။ စိတ်ကူးသက်သက် အရာဝတ္ထုတစ်ခု မဟုတ်ဘူး။ ယှဉ်ကြည့်တဲ့အခါ ဒီအရာက တိကျပြီး လက်တွေ့ကျတယ်လို့ လူတွေကို မြင်စေတယ်။ သင်က ဒါကို မြေပြင်ညီကနေကြည့်တာဖြစ်စေ သို့မဟုတ် သုံးဖက်မြင်ရှုထောင့်နေကြည့်သည်ဖြစ်စေ အရေးမကြီးဘူး။ သူ့ရဲ့ တည်ရှိမှုကို စိတ်ကူးကြည့်ဖို့ မလိုအပ်ဘူး။ ဘာကြောင့်လဲဆိုရင် တကယ်တည်ရှိတဲ့ အရာဖြစ်တာကြောင့်ပါ။ ဘုရားသခင်ရဲ့ ချစ်ခြင်းကို ဖော်ပြဖို့အတွက် “သိပ်ကြီးမားတယ်” ဆိုတာကို အသုံးပြုခြင်းက သူ့ရဲ့ချစ်ခြင်းကို တိုင်းတာနေသလို ခံစားရနိုင်တယ်။ ဒါပေမဲ့ ဒါဟာ တိုင်းတာလို့မရနိုင်ဘူးဆိုတဲ့ ခံစားချက်ကိုလည်း ပေးပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းက တိုင်းတာလို့ ရနိုင်တယ်လို့ ငါပြောချင်တယ်။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ချစ်ခြင်းက သာမန်အမျိုးအစားတစ်ခုမဟုတ်သလို ဒဏ္ဍာရီထဲက ပေါက်ဖွားလာတာလဲမဟုတ်လို့ပဲ။ ဘုရားသခင်ရဲ့ အုပ်ချုပ်မှုအောက်မှာ အရာအားလုံး ဝေမျှတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မတူညီတဲ့ အဆင့်တွေနဲ့ မတူညီတဲ့ ရှုထောင့်တွေကနေ ဖန်ဆင်းခံအားလုံး ခံစားကြရတဲ့ အရာဖြစ်ပါတယ်။ လူတွေကဒါကို မမြင်နိုင်၊ မထိနိုင်ပေမဲ့ ဒီချစ်ခြင်းက အရာအားလုံးဆီကို အထောက်အပံ့နဲ့ အသက်ကို သယ်ဆောင်ပေးပြီး သူတို့ဘဝတွေမှာ နည်းနည်းချင်းစီ ဖွင့်ပြပါတယ်။ ဒီအရာတွေဟာ အရေအတွက်များပြီး အချိန်တိုင်း သူတို့ နှစ်သက်ခံစားကြတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို သက်သေခံကြတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းက တိုင်းတာလို့မရနိုင်ဘူးလို့ ပြောမယ်။ ဘာကြောင့်လဲဆိုရင် အရာအားလုံးကို ပံ့ပိုးပြီး ပြုစုစောင့်ရှောက်တဲ့ ဘုရားသခင်ရဲ့ နက်နဲမှုက လူသားတွေ နားလည်သဘောပေါက်ဖို့အတွက် ခက်ခဲတဲ့ အရာတစ်ခုဖြစ်ပြီး အရာအားလုံးအတွက် ဘုရားသခင်ရဲ့ အတွေးများနဲ့ အထူးသဖြင့် လူသားမျိုးနွယ်အတွက် အတွေးတွေဟာလည်း ခက်ခဲတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင် သွန်းလောင်းခဲ့ရတဲ့ သွေးနဲ့ မျက်ရည်တွေကို ဘယ်သူမှ မသိပါဘူး။ သူကိုယ်တိုင်ရဲ့လက်တွေနဲ့ ဖန်ဆင်းခဲ့တဲ့ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်ရဲ့ချစ်ခြင်းရဲ့ နက်ရှိုင်းမှု သို့မဟုတ် ဝန်ထုပ်ဝန်ပိုးကို ဘယ်သူမှ သဘောမပေါက်နိုင်၊ ဘယ်သူမှ နားမလည်နိုင်ပါဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်းကို သိပ်ကြီးမားတယ်လို့ ဖော်ပြခြင်းက သူ့ရဲ့အကျယ်အဝန်းနဲ့ သူ့ဖြစ်တည်မှုရဲ့ သမ္မာတရားကို လူတွေအသိအမှတ်ပြုတန်ဖိုးထားပြီး နားလည်အောင် ကူညီပေးဖို့ ဖြစ်ပါတယ်။ “ဖန်ဆင်းရှင်” ဆိုတဲ့ စကားလုံးရဲ့ တကယ့်အဓိပ္ပာယ်ကို ပိုပြီး နက်နဲစွာ နားလည်သဘောပေါက်နိုင်ဖို့အတွက်လည်းဖြစ်ပြီး “ဖန်ဆင်ခြင်း” ဆိုတဲ့ အမည်နာမရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်အပေါ် ပိုမိုနက်နဲတဲ့ နားလည်မှုကို ရရှိနိုင်ဖို့အတွက်ဖြစ်ပါတယ်။ “သိပ်ကျယ်ပြန့်တယ်” ဆိုတဲ့ စကားလုံးက ဘာကို ဖော်ပြလေ့ရှိသလဲ။ ပင်လယ် သို့မဟုတ် စကြဝဠာ၊ သိပ်ကျယ်ပြန့်တဲ့ စကြဝဠာ သို့မဟုတ် သိပ်ကျယ်ပြန့်တဲ့ ပင်လယ်လိုမျိုးအတွက် အကြမ်းဖျင်း အသုံးပြုပါတယ်။ စကြဝဠာရဲ့ ကျယ်ပြန့်မှုနဲ့ နက်ရှိုင်းမှုဟာ လူသားရဲ့ နားလည်မှုထက် ကျော်လွန်ပြီး သူတို့ လေးစားရှုမောမှုအပြည့်ရှိတဲ့၊ လူသားရဲ့စိတ်ကူးထင်မြင်မှုကို ဖမ်းစားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားဆန်းကြယ်မှုနဲ့ နက်နဲမှုဟာ မျက်စိနဲ့မြင်နိုင်မှုအတွင်းမှာရှိပေမဲ့ လက်လှမ်းမမီနိုင်တဲ့ နေရာမှာရှိပါတယ်။ ပင်လယ်ကို သင်စဉ်းစားကြည့်တဲ့အခါ သူ့ရဲ့ အကျယ်အဝန်းကို သင်စဉ်းစားပါတယ်။ အကန့်အသတ်မရှိဘူးလို့ ထင်ရတယ်။ သူ့ရဲ့ ဆန်းကြယ်မှုနဲ့ ပါဝင်မှုကို သင်ခံစားနိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ချစ်ခြင်းကို ဖော်ပြဖို့ “သိပ်ကျယ်ပြန့်တယ်” ဆိုတဲ့စကားလုံးကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို လူတွေခံစားရဖို့၊ သူ့ချစ်ခြင်းရဲ့ ကြီးမြတ်တဲ့အလှအပကို ခံစားရဖို့၊ ဘုရားသခင်ရဲ့ ချစ်ခြင်းရဲ့ စွမ်းအားဟာ အဆုံးအစမရှိဖြစ်ပြီး ကျယ်ပြန့်တယ်ဆိုတာကို ခံစားရစေဖို့ လူတွေကို ကူညီဖို့အတွက်ဖြစ်ပါတယ်။ သူ့ချစ်ခြင်းရဲ့ သန့်ရှင်းမြင့်မြတ်ခြင်းနဲ့ သူ့ချစ်ခြင်းကနေတစ်ဆင့် ဖွင့်ပြတဲ့ ဘုရားသခင်ရဲ့ ထိပါးစော်ကားလို့မရနိုင်ခြင်းနဲ့ ဂုဏ်ကျက်သရေကို ခံစားနိုင်အောင် ကူညီပေးဖို့အတွက်ဖြစ်ပါတယ်။ အခု “သိပ်ကျယ်ပြန့်တယ်” ဆိုတာက ဘုရားသခင်ရဲ့ ချစ်ခြင်းကို ဖော်ပြဖို့အတွက် သင့်တော်တဲ့ စကားလုံးဖြစ်တယ်လို့ သင်တို့ ထင်ပါသလား။ ဘုရားသခင်ရဲ့ ချစ်ခြင်းက ဒီစကားလုံးနှစ်လုံး “သိပ်ကြီးမားတယ်” နဲ့ “သိပ်ကျယ်ပြန့်တယ်” ဆိုတာနဲ့ လျော်ညီနိုင်ပါသလား။ လုံးဝလျော်ညီနိုင်တာပေါ့။ လူသားဘာသာစကားမှာ ဒီစကားလုံးနှစ်လုံးသာ နှိုင်းယှဉ်ကြည့်ရင် သင့်တော်ပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းကို ဖော်ပြဖို့ နှိုင်းယှဉ်ကြည့်ရင် နီးစပ်ပါတယ်။ သင်တို့ ဒီလိုမထင်ဘူးလား။ သင်တို့ကို ဘုရားသခင်ရဲ့ ချစ်ခြင်းကို ဖော်ပြခိုင်းရင် ဒီစကားလုံးနှစ်လုံးကို သုံးမလား။ သင်တို့ မသုံးဖြစ်ဖို့ ဖြစ်နိုင်ခြေအများဆုံးပါပဲ။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့ ချစ်ခြင်းအပေါ် သင်တို့ရဲ့ နားလည်ခြင်းနဲ့ အသိအမှတ်ပြု တန်ဖိုးထားခြင်းတို့က ပြန့်ပြူးတဲ့ အယူအဆအပေါ်မှာ ကန့်သတ်ထားပြီး သုံးဖက်မြင်နေရာရဲ့ အမြင့်ကို မတက်လှမ်းသေးတာကြောင့်ဖြစ်ပါတယ်။ ဒါဆိုရင် သင်တို့ကို ဘုရားသခင်ရဲ့ ချစ်ခြင်းကို ဖော်ပြခိုင်းရင် သင်တို့မှာ စကားလုံးမရှိဘူးလို့ သင်တို့ ခံစားရလိမ့်မယ်။ သင်တို့ ဘာမှ မပြောနိုင်ဘဲနဲ့တောင် ရှိလိမ့်မယ်။ ဒီနေ့ ငါပြောတဲ့ ဒီစကားလုံး နှစ်လုံးဟာ သင်တို့အတွက် နားလည်ဖို့ ခက်နိုင်ပါတယ် သို့မဟုတ် သင်ဒီအတိုင်းပဲ သဘောမတူတာဖြစ်နိုင်ပါတယ်။ ဒါက ဘုရားသခင်ရဲ့ချစ်ခြင်းအပေါ် သင့်ရဲ့ အသိအမှတ်ပြုခြင်းနဲ့ နားလည်ခြင်းက အပေါ်ယံဆန်ပြီး ကျဉ်းမြောင်းတဲ့ နယ်ပယ်မှာရှိတယ်လို့ပဲ ဆိုနိုင်ပါတယ်။ ဘုရားသခင်က တစ်ကိုယ်ကောင်းမဆန်ဘူးလို့ အရင်က ငါပြောခဲ့တယ်။ တစ်ကိုယ်ကောင်းမဆန်ဘူးဆိုတဲ့ စကားကို သင်တို့ မှတ်မိတယ်။ ဒါက နယ်သိပ်မကျဉ်းဘူးလား။ ဒီအချက်ကနေ တစ်ခုခုရဖို့အတွက် ဒီကိစ္စကို သင်တို့ ပိုပြီး စဉ်းစားတွေးတောသင့်ပါတယ်။

အပေါ်ကအကြောင်းအရာက ပထမဆုံး အံ့သြဖွယ်ကနေ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အနှစ်သာရကို ငါတို့ မြင်တဲ့ အရာဖြစ်ပါတယ်။ လူတွေ နှစ်ထောင်ပေါင်းအချို့ ဖတ်ခဲ့တဲ့ ပုံပြင်တစ်ပုဒ်ဖြစ်ပေမဲ့ သူ့မှာ ရိုးရှင်းတဲ့ ဇာတ်ကွက်တစ်ခုရှိပြီး ရိုးရှင်းတဲ့ ဖြစ်ရပ်ကို လူတွေကို မြင်စေတယ်။ ဒါပေမဲ့ ဒီရိုးရှင်းတဲ့ ဇာတ်ကွက်မှာ ပိုပြီး တန်ဖိုးရှိတဲ့ အရာတစ်ခုကို ငါတို့မြင်နိုင်တယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းတို့ဖြစ်ပါတယ်။ သူ့မှာရှိတဲ့ဒီအရာတွေက ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုပြီး ဘုရားသခင်ကိုယ်တိုင်ရဲ့ အတွေးတွေရဲ့ ဖော်ပြချက်တစ်ခုဖြစ်ပါတယ်။ ဘုရားသခင်က သူ့အတွေးတွေကို ဖော်ပြတဲ့အခါမှာ ဒီအရာက သူ့နှလုံးသားထဲက အသံရဲ့ ဖော်ပြခြင်းတစ်ခုဖြစ်ပါတယ်။ သူ့ကိုနားလည်နိုင်တဲ့ သူတွေ၊ သူ့ကိုသိပြီး သူ့ကို နားလည်သဘောပေါက်တဲ့သူတွေရှိဖို့ သူမျှော်လင့်ပါတယ်။ သူ့နှလုံးသားရဲ့အသံကို ကြားနိုင်ပြီး သူ့အလိုတော်ကို ဖြည့်ဆည်းဖို့ တက်ကြွစွာ လက်တွဲလုပ်ကိုင်နိုင်တဲ့သူတွေရှိဖို့ သူမျှော်လင့်ပါတယ်။ သခင်ယေရှုလုပ်ဆောင်တဲ့ ဒီအရာတွေဟာ ဘုရားသခင်ရဲ့ တိတ်ဆိတ်တဲ့ ဖော်ပြချက်ဖြစ်ပါတယ်။

နောက်တစ်ခုအတွက် ဒီစာပိုဒ်ကို ကြည့်ရအောင်။ လာဇရုရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေတယ်။

ဒီစာပိုဒ်ကိုဖတ်ပြီးတော့ သင်တို့ရဲ့ အမြင်က ဘာလဲ။ သခင်ယေရှုပြသခဲ့တဲ့ ဒီတန်ခိုးရဲ့ အဓိပ္ပာယ်က အရင်ကတစ်ခုထက် ပိုပြီး ကြီးမားတယ်။ ဘာကြောင့်လဲဆိုတော့ သေတဲ့သူကို အုတ်ဂူကနေ ပြန်ပြီး ရှင်စေခြင်းထက် ဘယ်အံ့သြဖွယ်ကမှ ပိုပြီး အံ့သြစရာမကောင်းဘူး။ သခင်ယေရှုက ဒီလို အရာမျိုးကိုလုပ်တာဟာ အဲဒီခေတ်မှာ တော်တော်ကို အရေးပါပါတယ်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာတဲ့အတွက်ကြောင့် လူတွေက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်၊ သူ့ရဲ့ လက်တွေ့ကျတဲ့အပိုင်း၊ သူ့ရဲ့ မထင်ရှားတဲ့အပိုင်းကို မြင်နိုင်တယ်။ တစ်ချို့လူတွေက သူ့ဆီမှာ ရှိပုံရတဲ့ အားအင်တစ်ချို့ သို့မဟုတ် သူ့ရဲ့ စရိုက်လက္ခဏာတစ်ချို့ကို မြင်ပြီး နားလည်ရင်တောင် သခင်ယေရှုက ဘယ်ကလာတယ်ဆိုတာ၊ သူ့ရဲ့တကယ့်အနှစ်သာရက ဘာလဲဆိုတာ၊ နောက်ထပ် တကယ်တမ်း ဘာတွေကို သူထပ်လုပ်နိုင်တယ်ဆိုတာကို ဘယ်သူမှမသိပါဘူး။ ဒီအရာတွေအားလုံးကို လူသားမျိုးနွယ်က မသိရှိပါဘူး။ လူတွေတော်တော်များများက ဒီအရာရဲ့ သက်သေကို လိုချင်ကြပြီး အမှန်တရားကို သိချင်ကြတယ်။ ဘုရားသခင်က သူကိုယ်တိုင်ရဲ့ ဝိသေသလက္ခဏာကို သက်သေပြဖို့ တစ်ခုခုလုပ်ပြနိုင်ပါသလား။ ဘုရားသခင်အတွက် ဒါက သိပ်လွယ်လွန်းပါတယ်။ သိပ်လွယ်ကူတဲ့အရာပါ။ သူ့ရဲ့ ဝိသေသလက္ခဏာနဲ့ အနှစ်သာရကို သက်သေပြဖို့ ဘယ်နေရာမှာမဆို ဘယ်အချိန်မှာမဆို သူတစ်ခုခုလုပ်ပြနိုင်ပါတယ်။ ဒါပေမဲ့လည်း ဘုရားသခင်က အမှုအရာတွေကို အစီအစဉ်နဲ့ အဆင့်တွေနဲ့ လုပ်ဆောင်တာပါ။ သူဟာ အကြောင်းအရာတွေကို လက်လွတ်စပယ်မလုပ်ပါဘူး။ လူသားမျိုးနွယ်ကနေ မြင်ရဖို့အတွက် အဓိပ္ပာယ်အရှိဆုံးအရာတစ်ခုကိုလုပ်ဖို့ သင့်တော်တဲ့အချိန်နဲ့ သင့်တော်တဲ့ အခွင့်အရေးကို သူကြည့်တယ်။ ဒီအချက်က သူ့ရဲ့အာဏာနဲ့ သူ့ရဲ့ဝိသေသလက္ခဏာကို သက်သေပြတယ်။ ဒါဆိုရင် လာဇရုရဲ့ ရှင်ပြန်ထမြောက်ခြင်းက သခင်ယေရှုရဲ့ ဝိသေသလက္ခဏာကို သက်သေပြပါသလား။ ကျမ်းစာရဲ့ ဒီစာပိုဒ်ကို ကြည့်ရအောင်။ “လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။” သခင်ယေရှုက ဒီလိုလုပ်ဆောင်လိုက်တဲ့အခါမှာ သူတစ်ခုပဲ ပြောခဲ့တယ်။ “လာဇရုထွက်၍လာလော့” အဲဒီမှာ လာဇရုက သူ့အုတ်ဂူကနေ ထွက်လာတယ်။ သခင်ယေရှု မြွက်ကြားခဲ့တဲ့ စကားတစ်ခွန်းကြောင့် ဒါဟာ ပြီးမြောက်ခဲ့တယ်။ ဒီအချိန်ကာလမှာ သခင်ယေရှုက ယဇ်ပလ္လင်တစ်ခု မပြင်ဆင်ခဲ့ဘူး။ တခြား အပြုအမူတွေကို မလုပ်ခဲ့ဘူး။ တစ်ခုပဲ သူပြောခဲ့တယ်။ ဒါကို အံ့သြဖွယ်လို့ ခေါ်မလား အမိန့်လို့ ခေါ်မလား။ ဒါမှမဟုတ် မှော်အစွမ်းတစ်ခုလား။ အပေါ်ယံကိုကြည့်ရင် အံ့သြဖွယ်ရာတစ်ခုလို့ ခေါ်နိုင်ပါတယ်။ အခုခေတ် ရှုထောင့်ကနေကြည့်ရင် ဒါကို သင်တို့ အံ့သြဖွယ်ရာလို့ပဲ ခေါ်ဆိုနိုင်သေးတာပေါ့။ ဒါပေမဲ့ သေချာတာက ဝိညာဉ်တစ်ခုကို သေခြင်းကနေ ပြန်ရှင်သန်စေတဲ့ မှော်ဂါထာတစ်ခုလို့ မခေါ်နိုင်ဘူး။ မှော်အစွမ်းတစ်ခု လုံးဝ မဟုတ်ပါဘူး။ ဒီအံ့သြဖွယ်ရာက သိပ်ပြီး သာမန်ဖြစ်တဲ့ ဖန်ဆင်းရှင်ရဲ့ အာဏာထုတ်ဖော်ပြသခြင်း သေးသေးလေးတစ်ခုပဲလို့ ပြောမယ်ဆိုရင် မှန်ကန်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အာဏာနဲ့ အရည်အချင်းဖြစ်ပါတယ်။ လူတစ်ယောက်ကို သေစေဖို့၊ သူ့ဝိညာဉ်က သူ့ကိုယ်ခန္ဓာကနေ ထွက်ပြီး မရဏနိုင်ငံကိုပြန်သွားဖို့ သို့မဟုတ် ဘယ်ကိုပဲ သွားဖို့ဖြစ်ပါစေ ဘုရားသခင်ဆီမှာ အာဏာရှိပါတယ်။ လူတစ်ယောက်သေတဲ့အခါမှာ သေပြီးနောက် သူတို့ ဘယ်ကိုသွားမယ်ဆိုတာ၊ ဒါတွေကို ဘုရားသခင်က သတ်မှတ်တယ်။ ဒါကို သူဘယ်အချိန်နဲ့ ဘယ်နေရာမဆို လုပ်နိုင်တယ်။ သူဟာ လူသား၊ အဖြစ်အပျက်တွေ၊ အရာဝတ္ထုတွေ၊ စကြဝဠာ သို့မဟုတ် တည်နေရာတို့ရဲ့ ကန့်သတ်ထားခြင်းကို မခံရပါဘူး။ သူလုပ်ချင်တယ်ဆိုရင် သူလုပ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အရာအားလုံးနဲ့ သက်ရှိအားလုံးဟာ သူ့အုပ်စိုးမှုအောက်မှာရှိပြီး အရာအားလုံးဟာ သူ့ရဲ့ စကားလုံး၊ သူ့ရဲ့ အာဏာအားဖြင့် အသက်ရှိတယ်၊ သေတယ်၊ သူဟာ သေသူတစ်ယောက်ကို ပြန်ရှင်စေနိုင်တယ်။ ဒါကလည်း သူဘယ်အချိန်၊ ဘယ်နေရာမှာမဆို ပြုလုပ်နိုင်တဲ့ အရာဖြစ်တယ်။ ဒါဟာ ဖန်ဆင်းရှင်သာလျှင် ပိုင်ဆိုင်တဲ့ အာဏာဖြစ်ပါတယ်။

လာဇရုကို သေခြင်းကနေ ပြန်ရှင်စေခြင်းလိုမျိုး အရာတစ်ခုကို သခင်ယေရှုက လုပ်ဆောင်တဲ့အခါမှာ သူ့ရဲ့ ရည်မှန်းချက်က လူသားတွေအတွက် သက်သေပြဖို့နဲ့ စာတန်မြင်ဖို့အတွက်ဖြစ်ပြီး လူသားမျိုးနွယ်ရဲ့ အရာရာတိုင်း၊ လူသားမျိုးနွယ်ရဲ့ ရှင်ခြင်းနဲ့ သေခြင်းဟာ ဘုရားသခင်က သတ်မှတ်တယ်ဆိုတာကို လူသားတွေနဲ့ စာတန်ကို သိစေဖို့ဖြစ်ပြီး သူဟာ လူ့ဇာတိဖြစ်လာပေမဲ့ မြင်နိုင်တဲ့ ရုပ်ဝတ္ထုလောကနဲ့ လူတွေ မမြင်နိုင်တဲ့ ဝိညာဉ်လောကမှာပါ အုပ်စိုးလျက်ရှိနေတယ်ဆိုတာကို စာတန်ကို သိစေဖို့ပါ။ ဒါဟာ လူသားရဲ့ အရာရာတိုင်းက စာတန်ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူးဆိုတာကို လူသားတွေနဲ့ စာတန်ကို သိစေဖို့ဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အာဏာကို ဖွင့်ပြခြင်းနဲ့ ထုတ်ဖော်ပြသခြင်းဖြစ်ပါတယ်။ ဒါဟာ လူသားမျိုးနွယ်ရဲ့ ရှင်ခြင်းနဲ့ သေခြင်းဟာ ဘုရားသခင်ရဲ့ လက်ထဲမှာရှိတယ်ဆိုတာကို အရာအားလုံးဆီကို သတင်းစကားပေးပို့ဖို့အတွက် ဘုရားသခင်ရဲ့ နည်းတစ်ခုလည်းဖြစ်ပါတယ်။ သခင်ယေရှုရဲ့ လာဇရုကို သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်စေခြင်းဆိုတဲ့ ဒီချဉ်းကပ်ပုံမျိုးက လူသားမျိုးနွယ်ကို သင်ကြား၊ ညွှန်ကြားဖို့ ဖန်ဆင်းရှင်အတွက် နည်းလမ်းတစ်ခု ဖြစ်တယ်။ ဒါဟာ လူသားမျိုးနွယ်ကို ညွှန်ကြားဖို့၊ လူသားမျိုးနွယ်ကို ထောက်ပံ့ဖို့သူ့ရဲ့ အရည်အချင်းနဲ့ အာဏာကို သူအသုံးပြုတဲ့ ခိုင်မာတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ဒါဟာ အရာအားလုံးကို အုပ်ချုပ်တဲ့ သူ့ရဲ့ အမှန်တရားကို လူသားမျိုးနွယ်ကို မြင်စေဖို့ ဖန်ဆင်းရှင်အတွက် စကားလုံးတွေမပါတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ ဒါဟာ သူကနေလွဲပြီးတော့ တခြားကယ်တင်ခြင်းမရှိဘူးဆိုတာကို လက်တွေ့ အပြုအမူတွေကနေတစ်ဆင့် လူသားမျိုးနွယ်ကို ပြောပြဖို့ နည်းလမ်းတစ်ခုဖြစ်တယ်။ ဒီလို လူသားမျိုးနွယ်ကို သူ့ညွှန်ကြားခြင်းရဲ့ ငြိမ်သက်တဲ့နည်းနာမျိုးဟာ ထာဝရတည်ခံပါတယ်။ ဒါဟာ ပယ်ဖျက်လို့မရတဲ့အရာဖြစ်တယ်။ ဒါဟာ လူသားရဲ့နှလုံးသားကို အံ့သြထိတ်လန့်သွားစေပြီး ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် ဉာဏ်အလင်းပွင့်ခြင်းကို ရရှိစေတယ်။ လာဇရုရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေတယ်။ ဒီအချက်က ဘုရားသခင်ရဲ့ နောက်လိုက် တစ်ယောက်ချင်းစီတိုင်းအပေါ် လေးနက်တဲ့ သက်ရောက်မှုတစ်ခုရရှိစေတယ်။ ဒီဖြစ်ရပ်ကို လေးလေးနက်နက်နားလည်တဲ့ လူတိုင်းကို၊ ဘုရားသခင်သာလျှင် လူသားမျိုးနွယ်ရဲ့ သေခြင်းနဲ့ ရှင်ခြင်းကို အမိန့်ပေးနိုင်တယ်ဆိုတဲ့ အမြင်ကို၊ နားလည်မှုကို ခိုင်မြဲစေပါတယ်။ ဘုရားသခင်က ဒီလို အာဏာမျိုးရှိပေမဲ့၊ လာဇရုရဲ့ ရှင်ပြန်ထမြောက်ခြင်းကနေတစ်ဆင့် လူသားမျိုးနွယ်ရဲ့ သေခြင်းနဲ့ ရှင်ခြင်းအပေါ် သူ့ရဲ့ ပိုင်စိုးမှုအကြောင်းကို အသိပေးပို့လိုက်ပေမဲ့ ဒါက သူ့ရဲ့ အဓိက အလုပ်မဟုတ်ပါဘူး။ ဘုရားသခင်က တစ်စုံတစ်ခုကို အဓိပ္ပာယ်မရှိဘဲ မလုပ်ဘူး။ သူလုပ်တဲ့ အရာတစ်ခုစီတိုင်းက ကြီးမားတဲ့ တန်ဖိုးတွေရှိပါတယ်။ အားလုံးက သိပ်ကောင်းမွန်တဲ့ အဖိုးထိုက် ရတနာတွေပါ။ လူတစ်ယောက်ကို သူ့ရဲ့အုတ်ဂူကနေ ပြန်ထွက်လာခြင်းကို သူ့ရဲ့ အဓိက သို့မဟုတ် တစ်ခုတည်းသော ပန်းတိုင် သို့မဟုတ် အလုပ်ကိစ္စအဖြစ် လုံးဝ လုပ်မှာမဟုတ်ပါဘူး။ ဘုရားသခင်ဟာ အဓိပ္ပာယ်မရှိဝင်တဲ့ အရာတစ်ခုမှ လုပ်မှာမဟုတ်ဘူး။ လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်း တစ်ခုက ဘုရားသခင်ရဲ့ အာဏာကို ထုတ်ဖော်ပြသဖို့ လုံလောက်ပါတယ်။ ဒါဟာ သခင်ယေရှုရဲ့ ဝိသေသလက္ခဏာကို သက်သေပြဖို့ လုံလောက်ပါတယ်။ ဒါကြောင့်မို့ သခင်ဟာ ဒီလိုအံ့သြဖွယ်ရာမျိုးပို ထပ်မလုပ်ခဲ့တာပါပဲ။ ဘုရားသခင်ဟာ သူ့ရဲ့ ကိုယ်ပိုင် စည်းမျဉ်းတွေနဲ့ အကြောင်းအရာတွေကို လုပ်ဆောင်ပါတယ်။ လူသားဘာသာစကားမှာ ဘုရားသခင်က အလုပ်ကို လေးလေးနက်နက်လုပ်တယ်ဆိုတာမျိုး ဖြစ်ပါမယ်။ ဆိုလိုတာက ဘုရားသခင်က အမှုအရာတွေကို လုပ်ဆောင်တဲ့အခါမှာ သူ့အလုပ်ရဲ့ ရည်ရွယ်ချက်ကနေ လမ်းလွဲမသွားပါဘူး။ ဒီအဆင့်မှာ ဘာအလုပ်ကို သူလုပ်ဆောင်ချင်တယ်ဆိုတာ၊ သူဘာကို ပြီးမြောက်စေချင်တယ်ဆိုတာကို သူသိပြီး သူ့ရဲ့အစီအစဉ်နဲ့အညီ တင်းကြပ်စွာ အလုပ်လုပ်ပါလိမ့်မယ်။ ဖောက်ပြန်ပျက်စီးတဲ့လူတစ်ယောက်က ဒီလိုအရည်အချင်းမျိုးရှိရင် လူတွေက သူ့ကို ဦးညွှတ်ကြဖို့ သူတို့ကို သူထိန်းချုပ်နိုင်ပြီး ဝါးမျိုနိုင်ဖို့အတွက် သူဘယ်လောက် အထင်ကြီးစရာကောင်းတယ်ဆိုတာကို တခြားလူတွေသိအောင် သူ့ရဲ့အရည်အချင်းကို ဖွင့်ပြဖို့ နည်းလမ်းတွေကို စဉ်းစားနေပါလိမ့်မယ်။ ဒါဟာ စာတန်ဆီကနေလာတဲ့ ဆိုးယုတ်ခြင်းပါပဲ။ ဒါကို ဖောက်ပြန်ပျက်စီးခြင်းလို့ခေါ်ပါတယ်။ ဘုရားသခင်မှာ ဒီလို စိတ်သဘောထားမျိုး မရှိဘူး။ ဒီလို အနှစ်သာရမျိုး မရှိပါဘူး။ အမှုအရာတွေကို သူလုပ်ဆောင်ရာမှာ သူ့ရဲ့ ရည်ရွယ်ချက်က သူ့ကိုယ်သူထုတ်ဖော်ကြွားဝါဖို့မဟုတ်ဘဲ လူသားမျိုးနွယ်ကို ဖွင့်ပြခြင်း၊ လမ်းညွှန်ခြင်းတို့ ပံ့ပိုးဖို့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအရာမျိုးကို သမ္မာကျမ်းစာမှာ ဥပမာ အနည်းငယ်ကိုပဲ တွေ့ရတယ်။ ဒါက သခင်ယေရှုရဲ့ အရည်အချင်းတွေက အကန့်အသတ်ရှိတယ်လို့ မဆိုလိုဘူး သို့မဟုတ် ဒီလိုအရာမျိုးကို မလုပ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ ဘုရားသခင်က ဒါကို မလုပ်ချင်တာ သက်သက်ပါ။ ဘာကြောင့်လဲဆိုရင် သခင်ယေရှုက လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းက သိပ်ကို လက်တွေ့ကျတဲ့ အရေးပါမှုပါဝင်ပြီး ဘုရားသခင်က လူ့ဇာတိဖြစ်လာခြင်းရဲ့ အဓိက အလုပ်က ထူးခြားအံ့သြဖွယ်ရာတွေကို လုပ်ဆောင်ဖို့အတွက် မဟုတ်တာကြောင့်၊ လူတွေကို သေခြင်းကနေ ပြန်လှည်ရှင်သန်အောင်လုပ်ခြင်း မဟုတ်ဘဲ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းအလုပ်ဖြစ်လို့ပါပဲ။ ဒါကြောင့် သခင်ယေရှု လုပ်ဆောင်ခဲ့တဲ့ အလုပ်အများစုက လူတွေကို သင်ကြားခြင်း၊ သူတို့အတွက် ထောက်ပံ့ပေးခြင်း၊ ကူညီခြင်းဖြစ်ပြီး လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်အောင်ပြုလုပ်ခြင်းက သခင်ယေရှုလုပ်ခဲ့တာတွေရဲ့ သေးငယ်တဲ့ အပိုင်းသာ ဖြစ်ပါတယ်။ နောက်ပြီးတော့ “ကြွားလုံးထုတ်ခြင်း” က ဘုရားသခင်ရဲ့ အနှစ်သာရမဟုတ်ဘူးလို့ သင်တို့ ဆိုနိုင်တယ်။ ဒါကြောင့် အံ့သြဖွယ်ရာတွေထပ်ပြီး မပြတာက ကန့်သတ်ချက်တွေ တမင်လုပ်နေတာမဟုတ်သလို အခြေအနေအရ ကန့်သတ်ချက်တွေကြောင့်လည်း မဟုတ်ပါဘူး။ သေချာတာက အရည်အချင်းမရှိလို့တော့ မဟုတ်ပါဘူး။

သခင်ယေရှုက လာဇရုကို သေခြင်ကနေ ပြန်လည်ခေါ်ဆောင်တဲ့အခါမှာ စကားတစ်ခွန်းကို သူအသုံးပြုခဲ့တယ်။ “လာဇရုထွက်၍လာလော့” ဒါကလွဲပြီး တစ်ခြားမပြောပါဘူး။ ဒီစကားလုံးတွေက ဘာကို ကိုယ်စားပြုသလဲ။ ဘုရားသခင်ဟာ သေသူကို ပြန်ရှင်စေခြင်းအပါအဝင် အရာအားလုံးကို စကားပြောခြင်းကတစ်ဆင့် ပြီးမြောက်စေနိုင်တယ်ဆိုတာကို ကိုယ်စားပြုပါတယ်။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့တဲ့အခါမှာ၊ ကမ္ဘာကြီးကို သူဖန်ဆင်းခဲ့တဲ့အခါမှာ စကာလုံးတွေနဲ့ပဲ လုပ်ခဲ့တယ်။ အမိန့်ပေးစကားတွေ၊ အာဏာပါဝင်တဲ့ စကားလုံးတွေကို သူအသုံးပြုခဲ့ပြီး ဒီလိုနဲ့ အရာအားလုံးကို ဖန်ဆင်းခဲ့တယ်။ ဒီလိုပဲ ပြီးမြောက်ခဲ့တယ်။ သခင်ယေရှုပြောခဲ့တဲ့ ဒီစကားတစ်ခွန်းက ဘုရားသခင်က ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးကို ဖန်ဆင်းခဲ့တဲ့အခါမှာ သူပြောခဲ့တဲ့ စကားလုံးတွေလိုပါပဲ။ ဘုရားသခင်ရဲ့ အာဏာ၊ ဖန်ဆင်းရှင်ရဲ့ အရည်အချင်းတို့ ညီတူညီမျှ ပါဝင်ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကလာတဲ့ စကားလုံးတွေကြောင့် အရာအားလုံးဟာ ဖြစ်ပေါ်လာပြီး ရပ်တည်လာတယ်။ ဒီလိုပဲ သခင်ယေရှုရဲ့ နှုတ်ကလာတဲ့ စကားလုံးတွေကြောင့် လာဇရုဟာ သူ့အုတ်ဂူကနေ လမ်းလျှောက်ထွက်လာခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ လူ့ဇာတိက ထုတ်ဖော်ပြသပြီး အကောင်အထည်ဖော်ခဲ့တဲ့ သူ့ရဲ့ အာဏာဖြစ်ပါတယ်။ ဒီအာဏာနဲ့ အရည်အချင်းမျိုးဟာ ဖန်ဆင်းရှင်နဲ့သက်ဆိုင်ပြီး ဖန်ဆင်းရှင်က အကောင်အထည်ဖော်ခဲ့တဲ့ လူသားနဲ့ သက်ဆိုင်ပါတယ်။ ဒါဟာ ဘုရားသခင်က လာဇရုကို သေခြင်းကနေ ရှင်ခြင်းကို သယ်ဆောင်လာခြင်းအားဖြင့် လူသားမျိုးနွယ်ကို သင်ကြားပေးတဲ့ နားလည်ခြင်းဖြစ်ပါတယ်။ ဒီခေါင်းစဉ်မှာ ဒီလောက်ပါပဲ။ နောက်တစ်ခုမှာ ကျမ်းစာကို ဖတ်ကြရအောင်။

၁၀။ သခင်ယေရှုအပေါ် ဖာရိရှဲတို့ရဲ့ ဝေဖန်အကဲဖြတ်ခြင်း

(ရှင်မာကု ၃:၂၁-၂၂) ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ထွက်သွားကြ၏။ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။

၁၁။ ဖာရိရှဲတွေကို သခင်ယေရှု ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခြင်း

(ရှင်မဿဲ ၁၂:၃၁-၃၂) ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။

(ရှင်မဿဲ ၂၃:၁၃-၁၅) လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။”

အပေါ်မှာ ခွဲထားတဲ့ စာပိုဒ်နှစ်ပိုဒ်ရှိတယ်။ ပထမတစ်ခုကို အရင်ကြည့်ရအောင်။ သခင်ယေရှုအပေါ် ဖာရိရှဲတို့ရဲ့ ဝေဖန်အကဲဖြတ်ခြင်း။

သမ္မာကျမ်းစာမှာ သခင်ယေရှုကိုယ်တိုင်အပေါ် ဖာရိရှဲတွေရဲ့ သုံးသပ်ချက်နဲ့ သူလုပ်ဆောင်ခဲ့တဲ့ အရာတွေက။ “သူသည် အရူးဖြစ်၏ဟုဆို၍…. သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။”(ရှင်မာကု ၃:၂၁-၂၂)။ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတို့ရဲ့ သခင်ယေရှုအပေါ် ဝေဖန်အကဲဖြတ်ခြင်းက သံယောင်လိုက်နေခြင်း သို့မဟုတ် လျှောက်စဉ်းစားခြင်းမဟုတ်ဘူး။ သူ့အပြုအမူတွေအပေါ်မှာ သူတို့ မြင်ရ ကြားရတာတွေကနေလာတဲ့ သခင်ယေရှုအပေါ် သူတို့ရဲ့ ကောက်ချက်ချခြင်းဖြစ်တယ်။ သူတို့ရဲ့ ကောက်ချက်က အပေါ်ယံအားဖြင့ တရားမျှတမှုနဲ့ ပြုလုပ်ထားပြီး ခိုင်မာတယ်လို့ လူတွေထင်ရပေမဲ့ သခင်ယေရှုကို သူတို့ အကဲဖြတ်ဝေဖန်တဲ့ မာနကြီးခြင်းက သူတို့အတွက်တောင် ခံယူဖို့ ခက်ခဲတယ်။ သခင်ယေရှုအပေါ် သူတို့ရဲ့ ထိန်းမနိုင်သိမ်းမရတဲ့ အမုန်းစွမ်းအားတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ကြမ်းတမ်းတဲ့ရည်ရွယ်ချက်တွေ၊ သူတို့ရဲ့ ဆိုးယုတ်တဲ့ စာတန်သဘောပါဝင်တဲ့ မျက်နှာရိပ်မျက်နှာကဲတွေနဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့ သူတို့ရဲ့ မလိုမုန်းထားတဲ့ အကျင့်စရိုက်တွေကို ထုတ်ဖော်ပြသနေပါတယ်။ သခင်ယေရှုအပေါ် သူတို့ရဲ့ အကဲဖြတ်ဝေဖန်ခြင်းမှာ သူတို့ပြောတဲ့အရာတွေဟာ သူတို့ရဲ့ ကြမ်းတမ်းတဲ့ ရည်ရွယ်ချက်တွေ၊ မနာလိုမှု၊ ဘုရားသခင်နဲ့ သမ္မာတရားအပေါ် သူတို့ရဲ့ ရန်လိုမှုရဲ့ ဆိုးသွမ်းပြီး မလိုမုန်းထားတဲ့ အကျင့်စရိုက်တွေအားဖြင့် တွန်းအားပေးခြင်းခံရတယ်။ သခင်ယေရှုရဲ့ အပြုအမူတွေရဲ့ အရင်းအမြစ်ကို သူတို့ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်သလို သူပြောခဲ့၊ လုပ်ခဲ့တာတွေရဲ့ အနှစ်သာရကိုလည်း သူတို့ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ဟာ သူလုပ်ဆောင်ခဲ့တဲ့အရာတွေကို မစဉ်းမစားနဲ့၊ စိတ်မရှည်စွာနဲ့၊ ရူးသွပ်စွာနဲ့၊ တမင် အန္တရာယ်ပြုတဲ့ တိုက်ခိုက်ခြင်းတွေနဲ့ နှိမ်ချခြင်းတွေပြုလုပ်ခဲ့တယ်။ ဒါဟာ သူ့ရဲ့ဝိညာဉ်တော်ဖြစ်တဲ့ သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို လက်လွတ်စပယ်နဲ့ နှိမ်ချခြင်းအဆင့်ထိရောက်နေပါတယ်။ “သူသည် အရူးဖြစ်၏” “သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏” လို့ သူတို့ပြောတာက ဒါကို သူတို့ဆိုလိုတာဖြစ်တယ်။ ဆိုလိုတာက ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာ ဗေလဇဗုလဖြစ်တယ်။ နတ်ဆိုးမင်းဖြစ်တယ်လို့ သူတို့ပြောခဲ့တယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကလွှမ်းခြုံထားတဲ့ ဇာတိခန္ဓာရဲ့ လုပ်ဆောင်မှုကို ရူးသွပ်ခြင်းလို့ သူတိုက ဖော်ဆောင်ခဲ့တယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို ဗေလဇဗုလအဖြစ်၊ နတ်ဆိုးမင်းအဖြစ် စော်ကားခဲ့ရုံမက ဘုရားသခင်ရဲ့ အလုပ်ကို သူတို့ ရှုတ်ချခဲ့တယ်။ သခင်ယေရှုကို ခရစ်တော်ကို သူတို့ ရှုတ်ချပြီး ထိခိုက်စော်ကားခဲ့ကြတယ်။ သူတို့ရဲ့ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနဲ့ ထိပါးစော်ကားခြင်းရဲ့ အနှစ်သာရက စာတန်ရဲ့ အနှစ်သာရနဲ့ နတ်ဆိုးရဲ့ ဘုရားသခင်ပေါ် ဆန့်ကျင်ခြင်းနဲ့ ထိပါးစော်ကားခြင်းတို့နဲ့ လုံးဝ အတူတူပဲဖြစ်တယ်။ သူတို့ဟာ ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေကို ကိုယ်စားပြုရုံတင်မကဘဲ စာတန်ရဲ့ အသွင်ဆောင်သူတွေဖြစ်ကြတယ်။ သူတို့ဟာ လူသားမျိုးနွယ်ကြားထဲမှာ စာတန်အတွက် လမ်းကြောင်းတစ်ခုဖြစ်တယ်။ သူတို့ဟာ စာတန်ရဲ့ ကြံရာပါတွေ၊ သတင်းစကားပို့ဆောင်သူတွေ ဖြစ်ကြတယ်။ သခင်ယေရှုခရစ်တော်အပေါ် သူတို့ရဲ့ ထိပါးစော်ကားခြင်းနဲ့ ရှုတ်ချမှုရဲ့ အနှစ်သာရဟာ အဆင့်အတန်းအတွက် ဘုရားသခင်အပေါ် သူတို့ရဲ့ ရုန်းကန်ကြိုးစားခြင်း၊ ဘုရားသခင်နဲ့ ယှဉ်ပြိုင်ခြင်း၊ ဘုရားသခင်ကို အဆက်မပြတ် စမ်းသပ်ခြင်းတို့ဖြစ်ကြပါတယ်။ ဘုရားသခင်အပေါ် သူတို့ဆန့်ကျင်ခြင်းရဲ့ အနှစ်သာရနဲ့ သူ့အပေါ် ရန်လိုတဲ့ သူတို့ရဲ့ သဘောထားနဲ့ သူတို့ရဲ့စကားလုံးတွေ၊ သူတို့ရဲ့ အတွေးတွေဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို တိုက်ရိုက် ထိပါးစော်ကားပြီး အမျက်ထွက်စေပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ သူတို့ပြောခဲ့တာ၊ လုပ်ခဲ့တာအပေါ်မှာ ကျိုးကြောင်းသင့်မြတ်တဲ့ တရားစီရင်မှုကို သတ်မှတ်ခဲ့တယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်စော်ကားတဲ့ အပြစ်တရားအဖြစ် သတ်မှတ်ခဲ့တယ်။ ဒီအပြစ်တရားဟာ ဒီကမ္ဘာနဲ့ တမလွန်ဘဝ နှစ်ခုလုံးမှာ ခွင့်လွှတ်လို့မရပါဘူး။ ကျမ်းစာရဲ့ ဒီစာပိုဒ်မှာ ပြောထားသလိုပါပဲ။ “ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ”နဲ့ “သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” ဒီနေ့ ဘုရားသခင်ဆီကနေလာတဲ့ ဒီနှုတ်ကပတ်တော်တွေရဲ့ တကယ့်အဓိပ္ပာယ်အကြောင်းကို ပြောကြရအောင်။ “သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” ဒါဟာ ဘုရားသခင်က “သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်” ဆိုတဲ့ နှုတ်ကပတ်တော်တွေကို ဘယ်လိုပြည့်စုံစေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်စေတာပါ။

ငါတို့ပြောတဲ့အကြောင်းအရာတိုင်းက ဘုရားသခင်ရဲ့ စိတ်သဘောထား၊ လူတွေအပေါ်၊ အကြောင်းကိစ္စများနဲ့ အမှုအရာများအပေါ် သူ့ရဲ့သဘောထားနဲ့ သက်ဆိုင်ပါတယ်။ သဘောတရားအားဖြင့် အပေါ်မှာရှိတဲ့ စာပိုဒ်နှစ်ပိုဒ်က ခြွင်းချက်တွေ မဟုတ်ပါဘူး။ ကျမ်းစာရဲ့ ဒီစာပိုဒ်နှစ်ပိုဒ်ထဲမှာ သင်တို့ တစ်ခုခု သတိပြုမိကြလား။ တစ်ချို့လူတွေက သူတို့ ဘုရားသခင်ရဲ့ အမျက်ဒေါသကို မြင်တယ်လို့ ပြောတယ်။ တစ်ချို့လူတွေက လူသားမျိုးနွယ်ရဲ့ ထိပါးစော်ကားမှုကို သည်းမခံတဲ့၊ လူတွေက ဘုရားသခင်ကို ထိပါးစော်ကားတဲ့ အရာတစ်ခုခုလုပ်ရင် သူ့ရဲ့ ခွင့်လွှတ်ခြင်းကို မရနိုင်တဲ့၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကိုမြင်တယ်လို့ ပြောတယ်။ လူတွေက ဒီစာပိုဒ်နှစ်ခုမှာ ဘုရားသခင်ရဲ့ အမျက်ဒေါသနဲ့ လူသားမျိုးနွယ်ရဲ့ စော်ကားခြင်းကို သည်းမခံခြင်းကိုမြင်ပြီး သိမြင်ပေမဲ့ သူ့သဘောထားကို သူတို့ တကယ်နားမလည်သေးပါဘူး။ ဒီစာပိုဒ်နှစ်ခုမှာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့သဘောနဲ့ ပတ်သက်ခြင်းရှိနေပြီး သူ့ကို ထိပါးစော်ကားပြီး အမျက်ထွက်စေတဲ့ သူတွေဆီကို ချဉ်းကပ်ထားပါတယ်။ ကျမ်းစာမှာရှိတဲ့ ဒီစာပိုဒ်က သူ့သဘောထားနဲ့ ချဉ်းကပ်ပုံရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ပါဝင်နေပါတယ်။ “သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” လူတွေက ဘုရားသခင်ကို ထိပါးစော်ကားတဲ့အခါမှာ၊ သူ့ကို အမျက်ထွက်စေတဲ့အခါမှာ၊ သူဟာ ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြန်တယ်။ ဒီဆုံးဖြတ်ချက်က သူ့ရဲ့ နောက်ဆုံးရလဒ်ဖြစ်တယ်။ အဲဒါကို သမ္မာကျမ်းစာထဲမှာ ဒီလိုဖော်ပြထားတယ်။ “ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။” (ရှင်မဿဲ ၁၂:၃၁) နဲ့ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။”(ရှင်မဿဲ ၂၃:၁၃)။ ဒါပေမဲ့ ဒီကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတို့ရဲ့ ရလဒ်နဲ့ သခင်ယေရှုက ဒီအရာတွေကို ပြောပြီးနောက်မှာ သူဟာ အရူးဖြစ်တယ်လို့ ပြောတဲ့လူတွေရဲ့ ရလဒ်က ဘာဆိုတာကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသလား။ သူတို့ ပြစ်ဒဏ်တစ်ခုခု ခံကြရတယ်လို့ မှတ်တမ်းတင်ထားသလား။ မှတ်တမ်းတင်ထားခြင်းမရှိဘူးဆိုတာ သေချာပါတယ်။ မှတ်တမ်းတင်မထားဘူး၊ မရှိဘူးလို့ ပြောပေမဲ့ တကယ်တော့ လူမျက်လုံးနဲ့ မြင်နိုင်တဲ့ ရလဒ်မရှိပါဘူး။ ဒီ “မရှိဘူး” ဆိုတာက ကိစ္စတစ်ရပ်ကို ရှင်းလင်းပေးတယ်။ ဘုရားသခင်ရဲ့ သဘောထားနဲ့ တစ်ချို့အရာတွေကို ကိုင်တွယ်ရာမှာ အခြေခံသဘောတရားတွေကို ရှင်းလင်းပေးတယ်။ သူ့ကို ထိပါးစော်ကားတဲ့သူ သို့မဟုတ် ဆန့်ကျင်တဲ့သူ၊ သို့မဟုတ် သူ့ကိုမကောင်းပြောတဲ့သူ၊ သူ့ကို တမင်သက်သက် တိုက်ခိုက်၊ မကောင်းပြော၊ ကျိန်ဆဲတဲ့သူအပေါ် ဘုရားသခင်ရဲ့ ဆက်ဆံပုံက၊ သူဟာ မမြင်ချင်ယောင်၊ မသိချင်ယောင်မဆောင်ပါဘူး။ သူတို့အပေါ်မှာ ရှင်းလင်းတဲ့သဘောထားတစ်ခု သူ့မှာရှိတယ်။ ဒီလူတွေကို သူ စက်ဆုပ်ရွံရှာတယ်။ သူ့နှလုံးသားမှာ သူတို့ကို ရှုတ်ချတယ်။ သူ့ကို ထိခိုက်စော်ကားတဲ့သူတွေအပေါ်မှာ ရှင်းလင်းပြတ်သားတဲ့ သဘောထားရှိတယ်ဆိုတာကို လူတွေသိဖို့၊ သူတို့ရဲ့ရလဒ်တွေကို သူဘယ်လိုသတ်မှတ်မယ်ဆိုတာကို သူတို့သိဖို့အတွက် သူတို့အတွက် ရလဒ်ကိုတောင် ပွင့်ပွင့်လင်းလင်းကြေညာတယ်။ ဒါပေမဲ့ ဘုရားသခင်က ဒါတွေကို ပြောပြီးနောက်မှာ လူတွေဟာ ဘုရားသခင်က ဒီလူတွေကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာနဲ့ပတ်သက်ပြီး အမှန်တရားကို သိပ်မမြင်နိုင်ကြသေးဘူး။ ဘုရားသခင်ရဲ့ အကျိုးဆက်နောက်က အခြေခံသဘောတရားတွေ၊ သူတို့အတွက် သူ့ရဲ့ ဆုံးဖြတ်ချက်ကို သူတို့ နားမလည်နိုင်ဘူး။ ဆိုလိုတာက လူသားမျိုးနွယ်ဟာ ဘုရားသခင်က သူတို့ကိုင်တွယ်ဖို့အတွက် နည်းလမ်းတွေနဲ့ သီးသန့်သဘောထားတွေကို မမြင်နိုင်ကြဘူး။ ဒါဟာ အမှုအရာတွေကို လုပ်ဆောင်တာနဲ့ ပတ်သက်တဲ့ ဘုရားသခင်ရဲ့ နိယာမတွေနဲ့ သက်ဆိုင်ပါတယ်။ တစ်ချို့လူတွေရဲ့ ဆိုးယုတ်တဲ့ အပြုအမူကို ကိုင်တွယ်ဖို့ အမှန်တရားရဲ့ ထွန်းကားလာမှုကို ဘုရားသခင် အသုံးပြုပါတယ်။ ဆိုလိုတာက သူတို့ရဲ့အပြစ်တရားကို သူမကြေညာဘူး။ သူတို့ရဲ့ အကျိုးရလဒ်ကို မသတ်မှတ်ဘူး။ ဒါပေမဲ့ သူတို့ကို အပြစ်ဒဏ်ခတ်ဖို့အတွက်၊ သူတို့ရဲ့ ပြစ်ဒဏ်ခံရဖို့အတွက် အမှန်တရားရဲ့ ထွန်းကားလာမှုကို သူ တိုက်ရိုက်အသုံးပြုတယ်။ ဒီအမှန်တရားတွေ ဖြစ်ပျက်တဲ့အခါမှာ အပြစ်ဒဏ်ကို ခံစားရတာက လူတွေရဲ့ ဇာတိဖြစ်တယ်။ လူ့မျက်စိနဲ့ မြင်နိုင်တဲ့ အရာတွေပဲဖြစ်ပါတယ်။ တစ်ချို့လူတွေရဲ့ ဆိုးယုတ်တဲ့ အပြုအမူတွေကို ကိုင်တွယ်တဲ့အခါမှာ ဘုရားသခင်က သူတို့ကို စကားလုံးတွေနဲ့ ကျိန်ဆဲပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဘုရားသခင်ရဲ့ အမျက်ဒေါသက သူတို့အပေါ်ကို ကျရောက်လာပြီး သူတို့ရရှိတဲ့အပြစ်ဒဏ်က လူတွေမမြင်နိုင်တဲ့ အရာဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလိုရလဒ်မျိုးက လူတွမြင်နိုင်တဲ့ အပြစ်ဒဏ်ခတ်ခြင်း သို့မဟုတ် အဆုံးစီရင်ခံရခြင်း ရလဒ်ထက် ပိုပြီးတော့တောင် ပြင်းထန်နိုင်ပါတယ်။ ဒါဟာ ဘုရားသခင်က ဒီလိုလူမျိုးကို မကယ်တင်ဖို့၊ သနားကြင်နာမှု မပြသတော့ဖို့ သို့မဟုတ် သူတို့အတွက် သည်းမခံတော့ဖို့၊ သူတို့ကို အခွင့်အရေးထပ် မပေးတော့ဖို့သတ်မှတ်ထားတဲ့ အခြေအနေအောက်မှာ သူတို့အပေါ်မှာ သူထားရှိတဲ့ သဘောထားက သူတို့ကို ဘေးဖယ်ထားဖို့အတွက်ဖြစ်တာကြောင့်ဖြစ်ပါတယ်။ “ဘေးဖယ်” ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ ဒီဝေါဟာရဲ့ အဓိပ္ပာယ်ကိုယ်၌က တစ်ခုခုကို တစ်ဖက်ဖက်မှာ ထားဖို့၊ အာရုံမစိုက်တော့ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘုရားသခင်က “ဘေးဖယ်” လိုက်တဲ့အခါမှာ သူ့ရဲ့ မတူညီတဲ့ အဓိပ္ပာယ်နှစ်မျိုးရှိပါတယ်။ ပထမရှင်းပြချက်က သူဟာ အဲဒီလူရဲ့ အသက်၊ အဲဒီလူရဲ့ အရာရာတိုင်းကို စာတန်ကို ကိုင်တွယ်ဖို့ ပေးအပ်လိုက်တယ်ဆိုတာဖြစ်ပါတယ်။ ဘုရားသခင်က တာဝန်ရှိမှာမဟုတ်တော့ဘဲ စီမံခန့်ခွဲမှာမဟုတ်တော့ဘူး။ ဒီလူက ရူးသွားပါစေ၊ သို့မဟုတ် မိုက်မဲပါစေ၊ အသက်ရှင်ချိန် သို့မဟုတ် သေတဲ့အချိန်မှာဖြစ်ပါစေ၊ သို့မဟုတ် သူတို့ရဲ့ အပြစ်ဒဏ်အတွက် ငရဲကို သက်ဆင်းသွားပါစေ၊ ဘုရားသခင်နဲ့ ဘာမှ မသက်ဆိုင်တော့ပါဘူး။ ဒီဖန်ဆင်းခံဟာ ဖန်ဆင်းရှင်နဲ့ ဆက်စပ်မှုမရှိတော့ဘူးလို့ ဆိုလိုပါတယ်။ ဒုတိယ ရှင်းပြချက်က ဘုရားသခင်ဟာ သူကိုယ်တိုင် သူ့ရဲ့လက်နဲ့ ဒီလူကို တစ်ခုခုပြုလုပ်ဖို့ ဆုံးဖြတ်ထားတယ်။ ဒီလိုလူမျိုးရဲ့ အစေခံခြင်းကို သူအသုံးချဖို့ ဖြစ်နိုင်တယ်။ သို့မဟုတ် ဒီလူမျိုးကို အဖြည့်ခံတစ်ခုအနေနဲ့ အသုံးချဖို့ဖြစ်နိုင်တယ်။ ဒီလိုလူမျိုးကိုင်တွယ်ဖို့ သူ့မှာ အထူးနည်းလမ်းတစ်ခု၊ သူတို့ကို ဆက်ဆံဖို့ အထူးနည်းလမ်းတစ်ခုရှိဖို့ ဖြစ်နိုင်ပါတယ်။ ရှင်ပေါလုလိုပေါ့။ ဒါဟာ ဒီလိုလူမျိုးကို ကိုင်တွယ်ဖို့ သူဘယ်လို သတ်မှတ်ထားတယ်ဆိုတဲ့ ဘုရားသခင်ရဲ့ နှလုံးသားမှာရှိတဲ့ သဘောထားနဲ့ အခြေခံစည်းမျဉ်းဖြစ်ပါတယ်။ ဒါကြောင့် လူတွေက ဘုရားသခင်ကို ဆန့်ကျင်တဲ့အခါ၊ မကောင်းပြောတဲ့အခါ၊ သူ့ကို ထိပါးစော်ကားတဲ့အခါမှာ၊ သူ့ရဲ့ စိတ်သဘောထားကို နှောင့်ယှက်ရင် သို့မဟုတ် ဘုရားသခင်ရဲ့ နောက်ဆုံးသည်းခံနိုင်စွမ်းအထိရောက်သွားရင်၊ အကျိုးဆက်က မတွေးဝံ့စရာပါ။ အပြင်းထန်ဆုံး အကျိုးဆက်က ဘုရားသခင်ဟာ သူတို့ရဲ့ဘဝတွေနဲ့ သူတို့ရဲ့ အရာရာတိုင်းကို စာတန်ဆီကို ထာဝရ လွှဲပြောင်းပေးလိုက်ခြင်းပါပဲ။ သူတို့ကို ထာဝရ ခွင့်လွှတ်တော့မှာ မဟုတ်တော့ဘူး။ ဒါက ဒီလူဟာ စာတန်ရဲ့ ပါးစပ်က အစာ၊ သူ့လက်ထဲမှာ ရှိတဲ့ ကစားစရာအရုပ် ဖြစ်သွားတယ်လို့ ဆိုလိုပြီး အဲဒီအချိန်ကနေစပြီးတော့ ဘုရားသခင်က သူတို့နဲ့ ဘာမှ မသက်ဆိုင်တော့ပါဘူး။ စာတန်က ယောဘကို ဖြားယောင်းသွေးဆောင်တဲ့အခါမှာ ဘယ်လိုစိတ်ဆင်းရဲမှုမျိုးဖြစ်ခဲ့လဲဆိုတာကို သင်တို့ စိတ်ကူးကြည့်နိုင်ပါသလား။ ယောဘရဲ့အသက်ကို ထိခိုက်ဖို့ စာတန်ကို ခွင့်မပြုတဲ့ သတ်မှတ်ချက်အောက်မှာ ယောဘဟာ ဒုက္ခကို ကြီးစွာ ခံစားရဆဲပါပဲ။ စာတန်ဆီကို လုံးဝ လွှဲအပ်ခြင်းခံရတဲ့၊ စာတန်ရဲ့ လက်ထဲမှာ လုံးဝကျရောက်နေတဲ့၊ ဘုရားသခင်ရဲ့ ဂရုစိုက်မှုနဲ့ သနားကြင်နာမှုကို လုံးဝ ဆုံးရှုံးသွားတဲ့၊ ဖန်ဆင်းရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိတော့တဲ့၊ သူ့ကို ကိုးကွယ်ဖို့ အခွင့်၊ ဘုရားသခင်ရဲ့အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ဖန်ဆင်းခံဖြစ်ဖို့အခွင့်ကို ဖယ်ရှားခံလိုက်ရတဲ့၊ ဖန်ဆင်းခြင်းရဲ့ အရှင်သခင်နဲ့ ဆက်ဆံရေးကို လုံးဝ ဖြတ်တောက်ခံလိုက်ရတဲ့သူအပေါ်မှာ ကျရောက်မယ့် စာတန်ရဲ့ ဖျက်ဆီးခြင်းကို စဉ်းစားကြည့်ဖို့က ပိုတောင် မခက်ခဲဘူးလား။ စာတန်ရဲ့ ယောဘကို နှိပ်စက်ညှင်းပန်းခြင်းက လူ့မျက်စိနဲ့မြင်နိုင်တဲ့ အရာတစ်ခုဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်က လူတစ်ယောက်ရဲ့ အသက်ကို စာတန်ဆီကို လွှဲပြောင်းပေးလိုက်ရင် အကျိုးဆက်က ဘယ်သူကမှ စဉ်းစားလို့မရနိုင်တဲ့ အရာဖြစ်လိမ့်မယ်။ နွားသို့မဟုတ် မြည်းအနေနဲ့ ပြန်လည်မွေးဖွားလာတဲ့လူတစ်ချို့လို၊ သို့မဟုတ် မသန့်ရှင်းတဲ့ ဆိုးယုတ်တဲ့ နတ်ဆိုးတွေဝင်ပူးခြင်းခံရတဲ့ လူတွေလို စသဖြင့် ဖြစ်လိမ့်မယ်။ ဒါက ဘုရားသခင်အားဖြင့် စာတန်ဆီကို လွှဲပြောင်းပေးခြင်းခံရတဲ့ တစ်ချို့လူတွေရဲ့ အကျိုးရလဒ်ဖြစ်တယ်။ အဆုံးသတ်ဖြစ်တယ်။ အပြင်ပန်းကနေကြည့်ရင် သခင်ယေရှုကို လှောင်ပြောင်တဲ့၊ မကောင်းပြောတဲ့၊ ရှုတ်ချတဲ့၊ ထိပါးစော်ကားတဲ့ သူတွေဟာ ဘာအကျိုးဆက်မှ မခံစားရဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ အမှန်ကတော့ ဘုရားသခင်ဟာ အရာရာတိုင်းကို ကိုင်တွယ်ဖို့ သဘောထားတစ်ခု ရှိပါတယ်။ လူအမျိုးအစားတိုင်းကို သူဘယ်လိုကိုင်တွယ်တယ်ဆိုတဲ့ အကျိုးဆက်ကို လူတွေကို ပြောပြဖို့ ရှင်းလင်းတဲ့ ဘာသာစကားကို သူအသုံးပြုချင်မှ ပြုလိမ့်မယ်။ တစ်ခါတလေမှာ သူ တိုက်ရိုက် စကားမပြောဘူး။ ဒါပေမဲ့ အကြောင်းကိစ္စတွေကို တိုက်ရိုက်လုပ်ဆောင်တယ်။ သူက ကိစ္စတစ်ခုကို မပြောခြင်းက ရလဒ်မရှိဘူးလို့ မဆိုလိုဘူး။ ရလဒ်က ပိုပြီးတော့တောင် လေးနက်ဖို့ ဖြစ်နိုင်ပါတယ်။ အပြင်ပန်း အသွင်အပြင်ကနေကြည့်ရင် သူ့ရဲ့သဘောထားကို ဖွင့်ပြဖို့ လူတစ်ချို့ကို ဘုရားသခင်က စကားမပြောဘူးလို့ ထင်ရတယ်။ တကယ်တော့ ဘုရားသခင်က သူတို့ကို အာရုံမစိုက်ချင်ခဲ့တာ အတော်ကြာပါပြီ။ သူတို့ကို ဘုရားသခင် ထပ်မတွေ့ချင်တော့ဘူး။ သူတို့လုပ်ခဲ့တဲ့ အရာတွေကြောင့်၊ သူတို့ရဲ့အပြုအမူတွေကြောင့်၊ သူတို့ရဲ့ အကျင့်စရိုက်နဲ့ သူတို့ရဲ့ အနှစ်သာရတွေကြောင့်၊ ဘုရားသခင်ဟာ သူတို့ကို သူ့မြင်ကွင်းကနေ ပျောက်သွားဖို့ပဲ အလိုရှိတယ်။ စာတန်လုပ်ချင်တာလုပ်ဖို့အတွက် သူတို့ရဲ့ စိတ်ဓာတ်၊ ဝိညာဉ်နဲ့ ခန္ဓာကို စာတန်ကိုပေးဖို့၊ သူတို့ကို စာတန်ဆီ တိုက်ရိုက်လွှဲပေးလိုက်ချင်တယ်။ ဘယ်အတိုင်းအတာထိ ဘုရားသခင်က သူတို့ကို မုန်းသလဲဆိုတာ၊ ဘယ်အတိုင်းအတာအထိ သူတို့ကို ရွံမုန်းသလဲဆိုတာ ရှင်းပါတယ်။ ဘုရားသခင်က သူတို့ကို ကြည့်တောင် မကြည့်ချင်လောက်တဲ့အထိ လူတစ်ယောက်က သူ့ကို အမျက်ထွက်စေရင်၊ ဘုရားသခင်က သူတို့ကို သူကိုယ်တိုင်တောင် မကိုင်တွယ်ချင်လောက်တဲ့အထိ သူတို့ကို လုံးဝစွန့်လွှတ်လိုက်မယ်ဆိုရင်၊ စာတန်ကို သူလုပ်ချင်တာလုပ်ဖို့၊ စာတန်ကို ထိန်းချုပ်ခွင့်ပေးဖို့၊ ဝါးမျိုခွင့်ပေးဖို့၊ ကြိုက်သလို ဆက်ဆံစေဖို့ ဘုရားသခင်က လွှဲပြောင်းပေးလိုက်တဲ့ အဆင့်အထိရောက်ရင် ဒီလူဟာ လုံးဝပြီးဆုံးသွားပါပြီ။ သူတို့ရဲ့ လူသားဖြစ်ဖို့ အခွင့်အရေးကို ထာဝရ ရုတ်သိမ်းခံလိုက်ရပါပြီ။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ သူတို့ရဲ့ အခွင့်အရေးဟာ အဆုံးသတ်ကို ရောက်သွားပါပြီ။ ဒါဟာ အပြင်းထန်ဆုံး အပြစ်ဒဏ် မဟုတ်ဘူးလား။

ဒီအထက်က အရာအားလုံးဟာ နှုတ်ကပတ်တော်တွေရဲ့ ပြည့်စုံတဲ့ ရှင်းပြချက်ပါ။ “သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” ဒါဟာ ဒီကျမ်းစာ စာပိုဒ်တွေအပေါ်မှာ ရိုးရှင်းတဲ့ ရှင်းလင်းချက်လည်း ဖြစ်ပါတယ်။ အခု သင်တို့ ဒါအပေါ်မှာ နားလည်မှုတစ်ခုရှိပြီလို့ ငါထင်ပါတယ်။

အခု အောက်မှာရှိတဲ့ ကျမ်းစာ စာပိုဒ်ကို ဖတ်ကြည့်ရအောင်။

၁၂။ သခင်ယေရှု သေခြင်းမှရှင်ပြန်ထမြောက်အပြီးမှာ သူ့ရဲ့တပည့်တော်တွေကိုပြောတဲ့ စကားများ

(ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၀:၂၆-၂၉) ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။ ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။

(ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၁:၁၆-၁၇) တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုးတို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။ ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။

ဒီစာပိုဒ်မှာ ပြန်ဖော်ပြထားတဲ့အရာတွေက သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ သခင်ယေရှု လုပ်ဆောင်ခဲ့ပြီး သူ့ရဲ့တပည့်တော်တွေကို ပြောခဲ့တဲ့ အရာတစ်ချို့ဖြစ်ပါတယ်။ ပထမဆုံး သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်နဲ့ ပြီးနောက်ကြားက ကွာခြားချက်ကို ကြည့်ရအောင်။ သူဟာ အရင်က သခင်ယေရှုနဲ့ အတူတူပဲလား။ ကျမ်းစာမှာ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ ဖော်ပြထားတဲ့ ဒီစာသားတွေပါဝင်တယ်။ “တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။” အဲဒီအချိန်မှာ သခင်ယေရှုဟာ လူ့ဇာတိမဟုတ်တော့ဘဲ ဝိညာဉ်ခန္ဓာတစ်ခုဖြစ်နေတယ်ဆိုတာ သိပ်ရှင်းပါတယ်။ ဒါဟာ လူ့ဇာတိရဲ့ အကန့်အသတ်ကို သူကျော်လွန်သွားတဲ့အတွက်ကြောင့်ပါ။ တံခါးပိတ်ထားတုန်းမှာ လူတွေကြားထဲကို သူလာပြီး သူတို့ကို မြင်စေနိုင်သေးတယ်။ ဒါဟာ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုနဲ့ ရှင်ပြန်ထမြောက်ခြင်းမတိုင်မီ လူ့ဇာတိမှာ အသက်ရှင်တဲ့ သခင်ယေရှုကြား အကြီးမားဆုံး ခြားနားချက်ပါ။ အဲဒီအချိန်ခဏမှာ ဝိညာဉ်ခန္ဓာရဲ့ အသွင်အပြင်နဲ့ အရင်က သခင်ယေရှုရဲ့ အသွင်အပြင်ကြားမှာ ခြားနားချက်မရှိပေမဲ့ အဲဒီအချိန်ခဏမှာ သခင်ယေရှုဟာ လူတွေအတွက် သူစိမ်းတစ်ယောက်လိုခံစားရတဲ့ ယေရှုဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုရင် သေခြင်းကနေ ရှင်ပြန်ထမြောက်လာပြီးနောက်မှာ သူဟာ ဝိညာဉ်ခန္ဓာဖြစ်လာတဲ့အတွက်ကြောင့်ဖြစ်ပြီး သူ့ရဲ့အရင်က လူ့ဇာတိနဲ့ယှဉ်ရင် ဝိညာဉ်ခန္ဓာက လူတွေအတွက် ပိုပြီး ပဟေဠိဆန်ပြီး ပိုပြီး ရှုပ်ထွေးစေပါတယ်။ သခင်ယေရှုနဲ့ လူတွေကြားမှာ ပိုဝေးတဲ့ အကွာအဝေးကိုလည်း ဖန်တီးခဲ့ပြီး အဲဒီအချိန်ခဏမှာ သခင်ယေရှုဟာ ပိုပြီး ထူးခြားဆန်းကြယ်တယ်လို့ သူတိုရဲ့ နှလုံးသားထဲမှာ ခံစားရပါတယ်။ လူတွေရဲ့ ဒီနားလည်မှုတွေနဲ့ ခံစားချက်တွေဟာ မမြင်နိုင်၊ မထိတွေ့နိုင်တဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းခေတ်ကို ရုတ်တရက် ပြန်လည်သယ်ဆောင်သွားတယ်။ ဒါကြောင့် သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာ သခင်ယေရှုလုပ်ဆောင်ခဲ့တဲ့ ပထမဆုံးအရာက လူတိုင်းက သူ့ကိုမြင်ဖို့၊ သူတည်ရှိတယ်ဆိုတာကို အတည်ပြုဖို့နဲ့ သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းကို အတည်ပြုဖို့ ဖြစ်ပါတယ်။ ထပ်ပြောရရင် ဒီအချက်က လူ့ဇာတိနဲ့ သူအလုပ်လုပ်နေတဲ့အချိန်မှာ သူတို့နဲ့ ရှိခဲ့တဲ့ ဆက်ဆံရေးအတိုင်း လူတွေနဲ့ သူ့ဆက်ဆံရေးကို ပြန်လည်ရရှိစေခဲ့ပြီး သူဟာ သူတို့မြင်နိုင်ပြီး ထိတွေ့နိုင်တဲ့ ခရစ်တော်ဖြစ်တယ်။ ဒီနည်းလမ်းနဲ့ ရလဒ်တစ်ခုက သခင်ယေရှုဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့ရိုက်ခံရပြီးနောက်မှာ သေခြင်းကနေ ရှင်ပြန်ထမြောက်လာတာကို လူတွေ သံသယမရှိတော့ဘူး။ လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ သခင်ယေရှုရဲ့ လုပ်ဆောင်မှုမှာ သံသယမရှိတော့ဘူး။ နောက်ရလဒ်တစ်ခုက သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ လူတွေဆီကို သခင်ယေရှု ပေါ်ထွန်းခြင်းနဲ့ လူတွေကို သူ့ကို မြင်ခွင့် ထိခွင့်ပေးခြင်းက ကျေးဇူးတော်ခေတ်မှာ လူသားမျိုးနွယ်ကို ခိုင်ခိုင်မာမာနဲ့ ထိန်းသိမ်းနိုင်စေခဲ့တယ်။ ဒီအချိန်ကနေစပြီးတော့ လူတွေဟာ အရင်ခေတ်ဖြစ်တဲ့ ပညတ်တော်ခေတ်ကို ပြန်မသွားနိုင်တော့ဘူး။ သခင်ယေရှုရဲ့ “ပျောက်ကွယ်ခြင်း” သို့မဟုတ် “စွန့်ပစ်ခြင်း” ကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ သခင်ယေရှုရဲ့ ဆုံးမစကားတွေနဲ့ သူလုပ်ဆောင်ခဲ့အလုပ်တွေကို လိုက်လျှောက်ရင်း ရှေ့ဆက်ပါလိမ့်မယ်။ ဒါကြောင့် ကျေးဇူးတော်ခေတ်မှာ အဆင့်အသစ်တစ်ခုဟာ စနစ်တကျ ပေါ်ထွက်လာတယ်။ ပညတ်တော်အောက်မှာရှိနေတဲ့ လူတွေဟာ အဲဒီအချိန်ကနေစပြီး စနစ်တကျ ထွက်ပေါ်လာခဲ့ပြီး အသစ်စတင်ခြင်းနဲ့အတူ ခေတ်သစ်တစ်ခုဆီကို ဝင်ရောက်ခဲ့ပါတယ်။ ဒါတွေက ရှင်ပြန်ထမြောက်အပြီးမှာ လူသားမျိုးနွယ်ဆီကို သခင်ယေရှုပေါ်ထွန်းခြင်းရဲ့ အမျိုးမျိုးသော အဓိပ္ပာယ်တွေဖြစ်ပါတယ်။

သူဟာ ဝိညာဉ်ခန္ဓာတစ်ခုဖြစ်တဲ့အတွက်ကြောင့် လူတွေက သူ့ကို ဘယ်လိုထိနိုင်၊ မြင်နိုင်တာလဲ။ ဒါက လူသားမျိုးနွယ်အပေါ် သခင်ယေရှုရဲ့ ပေါ်ထွန်းခြင်းရဲ့ အဓိပ္ပာယ်နဲ့ သက်ဆိုင်ပါတယ်။ ကျမ်းစာရဲ့ ဒီစာပိုဒ်တွေမှာ သင်တို့ တစ်ခုခု သတိပြုမိသလား။ ယေဘူယျအားဖြင့် ဝိညာဉ်ခန္ဓာတွေက မမြင်နိုင် သို့မဟုတ် ထိတွေ့လို့မရနိုင်ပါဘူး။ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သခင်ယေရှုလုပ်ဆောင်ခဲ့တဲ့အလုပ်ဟာ ပြီးပြည့်စုံသွားပါပြီ။ ဒါကြောင့် သီအိုရီအရဆိုရင် သူဟာ လူတွေနဲ့တွေ့ဖို့အတွက် သူ့ရဲ့ ပင်ကိုပုံရိပ်နဲ့ လူတွေကြားထဲကို ပြန်လာဖို့ လုံးဝ မလိုအပ်ပါဘူး။ ဒါပေမဲ့ သောမလိုမျိုးလူတွေဆီကို သခင်ယေရှုရဲ့ ဝိညာဉ်ခန္ဓာ ပေါ်ထွန်းခြင်းက သူ့ရဲ့ အဓိပ္ပာယ်ကို ပိုပြီးတော့ ခိုင်မာပြီး လူတွေရဲ့ နှလုံးသားထဲကို ပိုပြီးတော့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ပါတယ်။ သောမဆီကို သူလာခဲ့တဲ့အခါမှာ သူဟာ သံသယဝင်နေတဲ့ သောမကို သူ့လက်ကိုထိစေပြီး သူ့ကိုပြောခဲ့တယ်။ “သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။” ဒီစကားလုံးတွေ ဒီအမူအရာတွေဟာ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာမှ သူပြောချင်၊ လုပ်ချင်ခဲ့တဲ့ အရာတွေမဟုတ်ဘဲ ဒါတွေဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့မရိုက်ခံရခင်မှာ သူလုပ်ချင်ခဲ့တဲ့ အရာတွေဖြစ်ပါတယ်။ ဒါဟာ လက်ဝါးကပ်တိုင်မှာ ရိုက်ခြင်းမခံရသေးတဲ့ သခင်ယေရှုဟာ သောမလိုလူမျိုးတွေအပေါ် နားလည်မှုရှိနှင့်ပြီးဖြစ်တယ်ဆိုတာ ထင်ရှားမြင်သာပါတယ်။ ဒါဆိုရင် ဒီအချက်ကနေ ငါတို့ ဘာကို မြင်နိုင်သလဲ။ သူဟာ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ဒီတူညီတဲ့ သခင်ယေရှုပါပဲ။ သူ့ရဲ့ အနှစ်သာရဟာပြောင်းလဲမသွားပါဘူး။ သောမရဲ့ သံသယက အခုလေးတင် စဖြစ်တာမဟုတ်ဘဲ သခင်ယေရှုနောက်ကိုလိုက်နေစဉ် တစ်ချိန်လုံးမှာ သူနဲ့အတူ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ သေခြင်းကနေ ရှင်ပြန်ထမြောက်ခဲ့တဲ့ သခင်ယေရှုဖြစ်ပြီး သူ့ရဲ့ နဂိုမူလ ပုံရိပ်နဲ့၊ သူ့ရဲ့ နဂိုမူလ စိတ်သဘောထားနဲ့၊ သူ့ရဲ့ လူ့ဇာတိဖြစ်နေစဉ်မှာ လူသားမျိုးနွယ်အပေါ် သူ့ရဲ့ နားလည်ခြင်းနဲ့ ဝိညာဉ်ကမ္ဘာကနေ ပြန်လာခဲ့ပါတယ်။ ဒီတော့ သောမကို အရင်ရှာဖို့ သူသွားခဲ့တယ်။ သောမကို သူ့ရဲ့နံရိုးကို ထိစေဖို့၊ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူ့ရဲ့ ဝိညာဉ်ခန္ဓာကို မြင်စေရုံတင်မကဘဲ သူ့ရဲ့ ဝိညာဉ်ခန္ဓာရဲ့ တည်ရှိမှုကို ထိတွေ့ခံစားစေပြီး သူ့ရဲ့ သံသယတွေကို လုံးဝ လွှတ်စေလိုက်ပါတယ်။ သခင်ယေရှုဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့အရိုက်မခံရင်မှာ သူဟာ ခရစ်တော်ဖြစ်တယ်ဆိုတာကို သောမကအမြဲတမ်းသံသယရှိနေပြီး မယုံကြည်နိုင်ခဲ့ဘူး။ ဘုရားသခင်အပေါ်မှာ သူ့ရဲ့ ယုံကြည်ခြင်းက သူ့မျက်လုံးနဲ့ သူမြင်နိုင်တဲ့အပေါ်၊ သူ့ရဲ့ကိုယ်ပိုင်လက်နဲ့ ထိတွေ့နိုင်တဲ့အပေါ်မှာသာ အခြေခံပြီး တည်ဆောက်ပါတယ်။ သခင်ယေရှုဟာ ဒီလိုလူမျိုးရဲ့ ယုံကြည်မှုအပေါ် ကောင်းမွန်တဲ့ နားလည်မှုရှိပါတယ်။ သူတို့ဟာ ကောင်းကင်ဘုံက ဘုရားသခင်ကိုပဲ ယုံကြည်ပြီး ဘုရားသခင်စေလွှတ်လိုက်တဲ့သူ သို့မဟုတ် လူ့ဇာတိခံယူတဲ့ ခရစ်တော်ကို လုံးဝမယုံကြည်ဘဲ လက်မခံပါဘူး။ သခင်ယေရှုရဲ့ တည်ရှိမှုနဲ့ သူဟာ တကယ်ပဲ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်တယ်ဆိုတာကို သူအသိအမှတ်ပြုပြီး ယုံကြည်စေဖို့အတွက်၊ သောမကို သူ့ရဲ့လက်ကိုလှမ်းပြီး သူ့နံရိုးကိုထိစေဖို့ ခွင့်ပြုခဲ့ပါတယ်။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမတိုင်မီနဲ့ ပြီးနောက်မှာ သောမရဲ့ သံသယဝင်ခြင်းက ကွဲပြားမှုရှိသလား။ သူက အမြဲတမ်း သံသယဝင်နေပြီး သခင်ယေရှုရဲ့ ဝိညာဉ်ခန္ဓာက သူ့ဆီကို သီးသန့်ပေါ်လာပြီး သူ့ကိုယ်ခန္ဓာက သံရိုက်ရာတွေကို သောမကို ထိစေခြင်းကလွဲပြီးတော့ ဘယ်သူကမှ သူ့သံသယကို မဖြေရှင်းနိုင်ဘူး။ ဘယ်သူကမှ သူ့ရဲ့သံသယတွေကို စွန့်လွှတ်အောင် မလုပ်နိုင်ဘူး။ ဒါကြောင့် သခင်ယေရှုက သူ့နံရိုးကို သူ့ကို ထိခွင့်ပေးပြီး သူ့ကို သံရိုက်ရာတွေရှိတာကို တကယ်ခံစားစေခဲ့တဲ့အချိန်ကစပြီး သောမရဲ့ သံသယတွေဟာ ပျောက်ကွယ်သွားပြီး သခင်ယေရှုဟာ ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာကို တကယ်ပဲ သိပြီး သခင်ယေရှုဟာ စစ်မှန်တဲ့ ခရစ်တော်ဆိုတာ၊ သူဟာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဆိုတာကို အသိအမှတ်ပြုပြီး ယုံကြည်ခဲ့တယ်။ ဒီအချိန်မှာ သောမက သံသယမရှိတော့ပေမဲ့ သူဟာ ခရစ်တော်နဲ့တွေ့ဆုံဖို့ အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီ။ သူနဲ့ အတူရှိဖို့၊ သူ့နောက်ကိုလိုက်ဖို့၊ သူ့ကိုသိဖို့ အခွင့်အရေးကို ထာဝရ ဆုံးရှုံးခဲ့ရပြီ။ သခင်ယေရှုက သူ့ကို စုံလင်စေဖို့အတွက် အခွင့်အရေးကို သူဆုံးရှုံးခဲ့ပြီ။ သခင်ယေရှုရဲ့ ပေါ်ထွန်းခြင်းနဲ့ သူ့ရဲ့နှုတ်ကပတ်တော်တွေဟာ သံသယတွေနဲ့ ပြည့်နေတဲ့သူတွေရဲ့ ယုံကြည်ခြင်းအပေါ်မှာ ဆုံးဖြတ်ချက်နဲ့ အဆုံးသတ်ကို ထောက်ပံ့ပေးခဲ့တယ်။ သံသယရှိသူတွေကို ပြောဖို့၊ ကောင်းကင်ဘုံက ဘုရားသခင်ကိုသာ ယုံကြည်ပြီး ခရစ်တော်ကိုမယုံကြည်တဲ့သူတွေကို ပြောဖို့ သူ့ရဲ့ အစစ်အမှန် နှုတ်ကပတ်တော်တွေနဲ့ လုပ်ဆောင်ချက်တွေကို သူအသုံးပြုခဲ့တယ်။ ဘုရားသခင်ဟာ သူတို့ရဲ့ ယုံကြည်မှုကို မချီးကျူးခဲ့သလို သံသယတွေပြည့်နေတဲ့ သူတို့ရဲ့ လိုက်လျှောက်ခြင်းကိုလည်း မချီးကျူးခဲ့ပါဘူး။ ဘုရားသခင်နဲ့ ခရစ်တော်ကို သူတို့ အပြည့်အဝယုံကြည်တဲ့ နေ့မှာသာ ဘုရားသခင်က သူ့ရဲ့ ကြီးမြတ်တဲ့အလုပ်ကို ပြည့်စုံစေတဲ့နေ့ဖြစ်နိုင်ပါတယ်။ အဲဒီနေ့က သူတို့ရဲသံသယဟာ စီရင်ခြင်းကို ရရှိတဲ့ နေ့လည်းဖြစ်ပါတယ်။ ခရစ်တော်အပေါ်မှာထားတဲ့ သူတို့ရဲ့ သဘောထားဟာ သူတို့ရဲ့ ကံကို သတ်မှတ်ပြီး သူတို့ရဲ့ ခေါင်းမာတဲ့ သံသယတွေက သူတို့ယုံကြည်ခြင်းဟာ ရလဒ်မရှိဘူးလို့ ဆိုလိုတာဖြစ်တယ်။ သူတို့ရဲ့ မာကျောခြင်းက သူတို့မျှော်လင့်ချက်တွေဟာ အလဟဿဖြစ်တယ်လို့ ဆိုလိုပါတယ်။ ကောင်းကင်ဘုံက ဘုရားသခင်အပေါ် သူတို့ရဲ့ယုံကြည်ခြင်းက အစွဲမှားတွေကိုမှီပြီး ကြီးထွားလာတာဖြစ်တာကြောင့်၊ ခရစ်တော်အပေါ် သူတို့ရဲ့သံသယဟာ တကယ်တော့ ဘုရားသခင်အပေါ် သူတို့ရဲ့ တကယ့် သဘောထားဖြစ်တာကြောင့် သူတို့ဟာ သခင်ယေရှုရဲ့ ကိုယ်ခန္ဓာပေါ်က သံရိုက်ရာတွေကို ထိတွေ့ခဲ့ရပေမဲ့လည်း သူတို့ရဲ့ ယုံကြည်ခြင်းဟာ အသုံးမဝင်ဆဲဖြစ်ပြီး သူတို့ရဲ့ ရလဒ်တွေဟာ လေကိုရိုက်နှက်နေသလို အလဟဿဖြစ်နေတယ်လို့ပဲ ဖော်ပြနိုင်ပါတယ်။ သခင်ယေရှုကက သောမကို ပြောတဲ့အရာက လူတိုင်းကိုလည်း ရှင်းရှင်းလင်းလင်းပြောပြနေပါတယ်။ ရှင်ပြန်ထမြောက်ပြီးတဲ့ သခင်ယေရှုဟာ အစပိုင်းမှာ လူသားမျိုးနွယ်ကြားမှာ အလုပ်လုပ်ရင်းနဲ့ သုံးဆယ့်သုံးနှစ်ခွဲကုန်ဆုံးခဲ့တဲ့ သခင်ယေရှုဖြစ်ပါတယ်။ သူဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့ရိုက်ခံရပြီး သေမင်းအရိပ်လွှမ်းမိုးတဲ့ ချိုင့်ဝှမ်းကို ကြုံတွေ့ခဲ့ရပြီး သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကို ကြုံတွေ့ခဲ့ရပေမဲ့ သူ့ရဲ့ သွင်ပြင်လက္ခဏာတိုင်းက ပြောင်းလဲခြင်းမရှိပါဘူး။ သူ့ကိုယ်ခန္ဓာမှာ သံရိုက်ရာတွေရှိပေမဲ့၊ သူဟာ သေခြင်းကနေရှင်ပြန်ထမြောက်ပြီး အုတ်ဂူထဲကနေ ထွက်ခဲ့ပေမဲ့၊ သူ့ရဲ့စိတ်သဘောထား၊ လူသားမျိုးနွယ်အပေါ် သူ့ရဲ့နားလည်မှုနဲ့ လူသားမျိုးနွယ်အပေါ် သူ့ရဲ့ ရည်ရွယ်ချက်တွေဟာ နည်းနည်းလေးမှ မပြောင်းလဲပါဘူး။ သူဟာ လက်ဝါးကပ်တိုင်ကနေ ဆင်းခဲ့တယ်၊ အပြစ်တရားကို အောင်နိုင်ခဲ့တယ်၊ အခက်အခဲတွေကို အောင်နိုင်ခဲ့တယ်၊ သေခြင်းကို အောင်နိုင်ခဲ့တယ်လို့လည်း လူတွေကို ပြောနေပါတယ်။ သံရိုက်ရာတွေက စာတန်အပေါ် သူ့ရဲ့ အောင်နိုင်မှုသက်သေ၊ လူသားမျိုးနွယ်အားလုံးကို အောင်မြင်စွာ ရွေးနုတ်ဖို့ အပြစ်ဖြေရာယဇ်ဖြစ်ခြင်းရဲ့ သက်သေဖြစ်ပါတယ်။ သူဟာ လူသားမျိုးနွယ်ရဲ့ အပြစ်ကို ယူဆောင်ပြီး သူ့ရဲ့ ရွေးနုတ်မှုအလုပ်ကို ပြီးမြောက်စေခဲ့တယ်လို့ လူတွေကို ပြောနေပါတယ်။ သူ့ရဲ့ တပည့်တော်တွေကိုတွေ့ဖို့ သူပြန်လာတဲ့အခါမှာ သူ့ရဲ့ ပေါ်ထွန်းမှုနဲ့ သူတို့ကိုပြောခဲ့တယ်။ “ငါဟာ အသက်ရှင်ဆဲပဲ။ ငါဟာ တည်ရှိနေဆဲပဲ။ ဒီနေ့ သင်တို့ ငါ့ကို မြင်နိုင်ပြီး ထိတွေ့နိုင်ဖို့အတွက် သင်တို့ရှေ့မှာ ငါအမှန်တကယ် ရှိနေပါတယ်။ ငါဟာ သင်တို့နဲ့ အတူ အမြဲတမ်းရှိလိမ့်မယ်။” သခင်ယေရှုဟာ နောက်လူတွေအတွက် သတိပေးချက်အနေနဲ့ သောမရဲ့ အကြောင်းအရာကိုလည်း အသုံးပြုချင်ခဲ့ပါတယ်။ သင်က သခင်ယေရှုကို ယုံကြည်ပေမဲ့ သင်ဟာ သူ့ကို မမြင်နိုင်၊ မထိတွေ့နိုင်ဘူး။ ဒါပေမဲ့ သင့်ရဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းအားဖြင့် သင်ကောင်းချီးခံစားရနိုင်တယ်။ သင်ဟာ သင့်ရဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းကနေတစ်ဆင့် သခင်ယေရှုကို မြင်နိုင်တယ်။ ဒီလိုလူမျိုးဟာ ကောင်းချီးခံစားရပါတယ်။

သခင်ယေရှုဟာ သောမရှေ့မှာ ပေါ်လာတဲ့အချိန်မှာ သူစကားပြောတာကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ဒီစကားတွေဟာ ကျေးဇူးတော်ခေတ်မှာရှိတဲ့ လူတွေအားလုံးအတွက် သိပ်ကို အထောက်အကူဖြစ်တယ်။ သောမရှေ့မှာ ပေါ်ထွက်လာခြင်းနဲ့ သူ့ကိုပြောတဲ့ စကားတွေဟာ အနာဂတ်မျိုးဆက်တွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိပြီး ထာဝရတည်ရှိနေမယ့် အဓိပ္ပာယ်ပါဝင်ပါတယ်။ သောမဟာ ဘုရားသခင်ကို ယုံကြည်ပေမဲ့ ဘုရားသခင်ကို သံသယဝင်တဲ့ လူအမျိုးအစားကို ကိုယ်စားပြုတယ်။ သူတို့မှာ သံသယဝင်တတ်တဲ့ အကျင့်စရိုက်၊ ထိခိုက်မှုပြုတတ်တဲ့ နှလုံးသားရှိပြီး ဖောက်ပြန်တတ်တယ်။ ဘုရားသခင်ပြီးမြောက်စေနိုင်တဲ့အရာတွေကို မယုံကြည်ကြဘူး။ ဘုရားသခင်ရဲ့ အဆုံးအစမရှိတဲ့ ဘုန်းတန်ခိုးနဲ့ သူ့ရဲ့ အုပ်ချုပ်မှုကို မယုံကြည်ကြဘူး။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို မယုံကြည်ကြဘူး။ ဒါပေမဲ့ သခင်ယေရှုရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက သူတို့ကို အထိနာသွားစေတယ်။ ဒီအချက်က သူတို့ကိုယ်တိုင်ရဲ့ သံသယတွေကို ရှာဖွေတွေ့ရှိဖို့၊ သူတို့ကိုယ်တိုင်ရဲ့ သံသယတွေကို သတိပြုမိဖို့၊ သူတို့ကိုယ်တိုင်ရဲ့ ဖောက်ပြန်မှုတွေကို သိမြင်ဖို့ကိုလည်း ထောက်ပံ့ပေးတာကြောင့် သခင်ယေရှုရဲ့ တည်ရှိမှုနဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို အမှန်တကယ်ယုံကြည်သွားစေပါတယ်။ သောမရဲ့ အဖြစ်အပျက်ဟာ နောက်ပိုင်းမျိုးဆက်တွေအတွက် သတိပေးချက်နဲ့ သတိထားစရာတစ်ခုဖြစ်ခဲ့ပြီး လူတွေဟာ သောမလို သံသယမဝင်ဖို့အတွက် သူတို့ကိုယ်သူတို့ ပိုပြီး သတိပေးနိုင်ဖို့အတွက်ဖြစ်ခဲ့ပါတယ်။ သံသယဝင်ခဲ့ရင် သူတို့ဟာ မှောင်မိုက်ထဲမှာ နှစ်မြုပ်သွားပါလိမ့်မယ်။ သင်ဟာ ဘုရားသခင်နောက်ကိုလိုက်ပေမဲ့ သောမလိုမျိုး သခင်ရဲ့ နံရိုးကို အမြဲတမ်းထိတွေ့ချင်ပြီး ဘုရားသခင် ရှိမရှိ အတည်ပြုဖို့၊ သေချာစေဖို့၊ သုံးသပ်ဖို့အတွက် သူ့ရဲ့ သံရိုက်ရာတွေကို အမြဲတမ်း စမ်းကြည့်ချင်နေရင် ဘုရားသခင်က သင့်ကို စွန့်ပစ်ပါလိမ့်မယ်။ ဒါကြောင့် သခင်ယေရှုဟာ လူတွေကို သောမလိုမျိုးမဖြစ်စေချင်ဘူး။ သူတို့ရဲ့ ကိုယ်ပိုင်မျက်လုံးနဲ့ မြင်နိုင်တဲ့အရာကိုသာ ယုံကြည်တာမျိုးမဖြစ်စေချင်ဘဲ သန့်စင်တဲ့၊ ရိုးသားတဲ့ သူတစ်ယောက်ဖြစ်ဖို့၊ ဘုရားသခင်အပေါ် သံသယတွေ မွေးမြူမထားဘဲ သူ့ကိုယုံကြည်ပြီး သူ့နောက်ကိုသာလိုက်စေချင်ပါတယ်။ ဒီလိုလူမျိုးဟာ ကောင်းကြီးခံစားရတယ် ဒါက လူတွေအတွက် သခင်ယေရှုရဲ့ သိပ်သေးငယ်တဲ့ သတ်မှတ်ချက်တစ်ခုဖြစ်ပြီး သူ့နောက်လိုက်တွေအတွက် သတိပေးချက်တစ်ခုဖြစ်ပါတယ်။

ဒါက သံသယတွေနဲ့ ပြည့်နေတဲ့ သူတွေအပေါ် သခင်ယေရှုရဲ့ သဘောထားဖြစ်ပါတယ်။ ဒါဆိုရင် သခင်ယေရှုက သူ့ကို ရိုးရိုးသားသားယုံကြည်ပြီး သူ့နောက်ကိုလိုက်သူတွေကို ဘာပြောခဲ့သလဲ။ သူတို့အတွက် ဘာလုပ်ခဲ့သလဲ။ ဒါက သခင်ယေရှုက ပေတရုကို ပြောတဲ့အရာနဲ့ ပတ်သက်ပြီး ငါတို့နောက်ထပ် ကြည့်မယ့်အချက်ပါ။

ဒီစကားပြောဆိုခြင်းမှာ သခင်ယေရှုက ပေတရုကို ထပ်ခါထပ်ခါ မေးခဲ့တယ်။ “ပေတရု သင်ငါ့ကိုချစ်သလား။” ဒါက သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ပေတရုလိုလူတွေ၊ ခရစ်တော်ကို အမှန်တကယ်ယုံကြည်ပြီး သခင်ကို ချစ်ဖို့ အစွမ်းကုန် ကြိုးစားတဲ့သူတွေဆီကနေ သခင်ယေရှုလိုအပ်တဲ့ ပိုမိုမြင့်မားတဲ့စံသတ်မှတ်ချက်တစ်ခုပါ။ ဒီမေးခွန်းက စူးစမ်းရှာဖွေခြင်းပုံစံမျိုး၊ စစ်ကြောမေးမြန်းခြင်းပုံစံမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီးတော့ ဒါဟာ ပေတရုလိုလူတွေရဲ့ လိုအပ်ချက်နဲ့ မျှော်မှန်းချက်တွေဖြစ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရှုစစ်ဆေးဖို့အတွက် ဒီလိုမေးတဲ့နည်းလမ်းကို သူ အသုံးပြုခဲ့ပါတယ်။ လူတွေအတွက် သခင်ယေရှုရဲ့ လိုအပ်ချက်တွေကဘာလဲ။ သခင့်ကို ငါချစ်သလား။ ငါက ဘုရားသခင်ကို ချစ်တဲ့ လူတစ်ယောက်လား။ သခင်ယေရှုက ပေတရုကိုပဲ ဒီမေးခွန်းကိုမေးခဲ့ပေမဲ့ အမှန်တကယ်ကတော့ သူ့နှလုံးသားထဲမှာ ဘုရားသခင်ကို ချစ်ဖို့ အားထုတ်ကြိုးပမ်းသူတွေဖြစ်တဲ့ နောက်ထပ်လူတွေကို ဒီလိုမေးခွန်းကို မေးဖို့ ပေတရုကို မေးတဲ့အခွင့်အလမ်းကို သူအသုံးပြုချင်ခဲ့ပါတယ်။ ပေတရုဟာ ဒီလိုလူတွေရဲ့ ကိုယ်စားပြုအဖြစ် ပြုမူဖို့၊ သခင်ယေရှုကိုယ်တိုင်ရဲ့ နှုတ်ကနေ မေးခြင်းကို လက်ခံရရှိဖို့ ကောင်းချီးခံရတဲ့အတွက်ကြောင့်သာ ဖြစ်ပါတယ်။

သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သောမကို ပြောခဲ့တဲ့ “သင်၏လက်ကိုဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏” ဆိုတာနဲ့ ယှဉ်ကြည့်ရင် ပေတရုကို သုံးကြိမ်မေးတဲ့ “ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော” ဆိုတာက သခင်ယေရှုရဲ့ သဘောထားရဲ့ လေးနက်မှု၊ သူမေးခွန်းထုတ်နေစဉ်မှာ သူခံစားရတဲ့ အရေးတကြီးဖြစ်မှုကို လူတွေကို ပိုပြီး ခံစားရစေပါတယ်။ သောမရဲ့ လိမ်လည်လှည့်ဖြားတတ်တဲ့ အကျင့်စရိုက်နဲ့ သံသယဝင်နေတဲ့သူ့အတွက်၊ သူ့လက်ကိုဆန့်ထုတ်ပြီး သူ့ရဲ့ သံရိုက်ရာတွေကို ထိကြည့်ဖို့ ခွင့်ပြုခဲ့ပြီး သခင်ယေရှုဟာ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့တဲ့လူသားဆိုတာကို သူ့ကို ယုံကြည်စေခဲ့ပြီး သခင်ယေရှုရဲ့ ဝိသေသလက္ခဏာကို ခရစ်တော်အဖြစ် အသိအမှတ်ပြုစေခဲ့တယ်။ သခင်ယေရှုဟာ သောမကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုခြင်းမပြုသလို သူ့အတွက် ရှင်းလင်းတဲ့ တရားစီရင်မှုတစ်ခုခုကို နှုတ်ကနေ မဖော်ပြခဲ့ဘူး ။ သခင်ယေရှုဟာ သူ့ကို နားလည်တယ်ဆိုတာကို လက်တွေ့ လုပ်ဆောင်မှုတွေကနေတစ်ဆင့် သိစေခဲ့ပြီး ဒီလိုလူမျိုးအပေါ် သူ့ရဲ့ သဘောထားနဲ့ သံန္နိဋ္ဌာန်ကိုလည်း ပြသခဲ့ပါတယ်။ ဒီလိုလူမျိုးအပေါ် သခင်ယေရှုရဲ့ လိုအပ်ချက်တွေနဲ့ မျှော်မှန်းချက်တွေဟာ သူပြောတဲ့အရာတွေကနေ မသိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် သောမလိုလူတွေဟာ မှန်ကန်တဲ့ ယုံကြည်ခြင်းတစ်စတောင် တကယ်ပဲမရှိတာကြောင့်ပါ။ သူတို့အတွက် သခင်ယေရှုရဲ့ လိုအပ်ချက်တွေက ဒီထဲမှာပဲ ရှိပါတယ်။ ဒါပေမဲ့ ပေတရုလိုလူတွေအပေါ် သူဖွင့်ပြတဲ့ သဘောထားက လုံဝ မတူပါဘူး။ ပေတရုကို သူ့လက်ကို ဆန့်ပြီး သူ့သံရိုက်ရာတွေကိုစမ်းဖို့ မလိုအပ်ခဲ့သလို ပေတရုကို “ယုံမှားခြင်းမရှိနှင့်။ ယုံလော့” လို့လည်း မပြောခဲ့ဘူး။ ဒီလိုမဟုတ်ဘဲ သူဟာ ပေတရုကို ဒီမေးခွန်းတစ်ခုကိုပဲ ထပ်ခါထပ်ခါမေးခဲ့တယ်။ ဒါဟာ ခရစ်တော်ရဲ့နောက်လိုက်တိုင်းကို နောင်တရစေမယ့်၊ ကြောက်ရွံ့စေမယ့်၊ သခင်ယေရှုရဲ့ စိုးရိမ်ပူပန်ပြီး ဝမ်းနည်းတဲ့ စိတ်ခံစားမှုကိုလည်း ခံစားသိရှိစေရမယ့် စဉ်းစားစရာ အဓိပ္ပာယ်ပြည့်ဝတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ ကြီးမားတဲ့ နာကျင်မှုတွေ၊ ဒုက္ခခံစားရခြင်းတွေ ဖြစ်တဲ့အခါမှာ သူတို့ဟာ သခင်ယေရှုခရစ်တော်ရဲ့ အလေးထားမှုနဲ့ သူ့ရဲ့ ဂရုစိုက်မှုကို ပိုပြီး နားလည်နိုင်လာကြတယ်။ သန့်စင်ပြီး ရိုးသားတဲ့လူတွေရဲ့ တင်းကြပ်တဲ့ လိုအပ်ချက်တွေနဲ့ သူ့ရဲ့လေးနက်တဲ့ ဆုံးမစကားတွေကို သူတို့ သိမြင်ကြတယ်။ သခင်ယေရှုရဲ့ မေးခွန်းဟာ ဒီရိုးရှင်းတဲ့စကားလုံးတွေထဲမှာ ဖွင့်ပြတဲ့ လူတွေအပေါ် သခင်ယေရှုရဲ့ မျှော်မှန်းချက်တွေဟာ သူ့ကို ယုံကြည်ပြီး သူ့နောက်လိုက်ရုံသက်သက်မဟုတ်ဘဲ ချစ်ခြင်းရှိဖို့၊ သင့်ရဲ့ သခင်ကို ချစ်ခြင်း၊ သင့်ဘုရားသခင်ကို ချစ်ခြင်းကို ရရှိဖို့ဖြစ်တယ်ဆိုတာကို လူတွေကို ခံစားရစေပါတယ်။ ဒီလိုအချစ်မျိုးဟာ ဂရုစိုက်ခြင်းနဲ့ နာခံခြင်းပါပဲ။ ဒါဟာ လူသားတွေက ဘုရားသခင်အတွက် အသက်ရှင်ခြင်း၊ ဘုရားသခင်အတွက် အသေခံခြင်း၊ ဘုရားသခင်အတွက် အရာအားလုံးကို နှစ်မြှုပ်ခြင်း၊ ဘုရားသခင်အတွက် အရာရာတိုင်းကို အသုံးခံပြီး ပေးအပ်ခြင်းတို့ဖြစ်တယ်။ ဒီလိုချစ်ခြင်းမျိုးဟာ ဘုရားသခင်ကို စိတ်သက်သာရာရမှုကိုလည်းပေးတယ်။ သူ့ကို သက်သေခံခြင်းကို နှစ်သက်ခံစားစေတယ်၊ သူ့ကို အနားယူစေတယ်။ ဒါဟာ ဘုရားသခင်အပေါ် လူသားမျိုးနွယ်ရဲ့ ပြန်လည်ပေးဆပ်ခြင်းဖြစ်တဲ့ သူတို့ရဲ့ တာဝန်ယူမှု၊ ဝတ္တရားနဲ့ လုပ်ဆောင်ရမယ့်တာဝန်တို့ဖြစ်ပြီး လူသားမျိုးနွယ်တို့ သူတို့ဘဝတစ်ခုလုံးမှာ လိုက်နာရမယ့် လမ်းဖြစ်ပါတယ်။ ဒီမေးခွန်းသုံးခုဟာ သခင်ယေရှု ပေတရုအပေါ် ပြုလုပ်တဲ့ လိုအပ်ချက်နဲ့ တိုက်တွန်းချက်တစ်ခုဖြစ်ပြီး လူအားလုံးကို စုံလင်စေပါလိမ့်မယ်။ ပေတရုကို သူ့အသက်တာလမ်းကြောင်းကို ဦးဆောင်ပြီး တွန်းအားပေးခဲ့တာက ဒီမေးခွန်းသုံးခုဖြစ်ပါတယ်။ ဒါဟာ သခင့်ရဲ့ နှလုံးသားကို ဂရုစိုက်ဖို့၊ သခင့်ကို နာခံဖို့၊ သခင့်ကို စိတ်သက်သာရာရခြင်းကို ပေးအပ်ဖို့၊ ဒီချစ်ခြင်းကြောင့် သူ့ဘဝတစ်ခုလုံးနဲ့ သူ့ခန္ဓာတစ်ခုလုံးကို ပေးအပ်ဖို့ သခင့်အတွက် သူ့ရဲ့ချစ်ခြင်းကြောင့် စုံလင်စေဖို့ဖြစ်တဲ့ ပေတရုရဲ့ လမ်းကြောင်းမှာ သူ့ကို အစပြုစေဖို့ ဦးဆောင်ခဲ့တဲ့၊ သူ့ကို ဦးဆောင်ခဲ့တဲ့ သခင်ယေရှုရဲ့ ခွဲခွာခြင်းအချိန်က မေးခွန်းတွေဖြစ်ပါတယ်။

ကျေးဇူးတော်ခေတ်ကာလအတွင်းမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုဟာ အဓိကအားဖြင့် လူအမျိုးအစားနှစ်မျိုးအတွက် ဖြစ်တယ်။ ပထမက သူ့ကိုယုံကြည်ပြီး သူ့နောက်လိုက်တဲ့သူ၊ သူ့ရဲ့ ပညတ်တော်တွေကို ထိန်းသိမ်းနိုင်သူ၊ လက်ဝါးကပ်တိုင်ကို ထမ်းနိုင်ပြီး ကျေးဇူးတော်ခေတ်ရဲ့ လမ်းဆီကို ကိုင်ဆောင်နိုင်တဲ့သူဖြစ်တယ်။ ဒီလူမျိုးဟာ ဘုရားသခင်ရဲ့ ကောင်းချီးကို ရရှိပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားရမှာဖြစ်တယ်။ ဒုတိယလူအမျိုးအစားက ပေတရုလိုဖြစ်တယ်။ စုံလင်စေခြင်းခံရမယ့် သူမျိုး။ ဒါကြောင့် သခင်ယေရှုဟာ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးတဲ့အခါမှာ ပထမဆုံး ဒီသိပ်အဓိပ္ပာယ်ရှိလှတဲ့အရာနှစ်ခုကို အရင်ပြုလုပ်ခဲ့တယ်။ တစ်ခုက သောမအပေါ် ပြုခဲ့ပြီး တစ်ခုက ပေတရုအပေါ်ပြုခဲ့တယ်။ ဒီနှစ်ခုက ဘာကို ကိုယ်စားပြုသလဲ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားသခင်ရဲ့ တကယ့်ရည်ရွယ်ချက်ကို ကိုယ်စားပြုသလား။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်ရဲ့ ရိုးသားဖြူစင်မှုကို ကိုယ်စားပြုသလား။ သောမကို သူပြုခဲ့တဲ့ လုပ်ဆောင်မှုဟာ သံသယမရှိဘဲ ယုံကြည်လိုက်ဖို့ လူတွေကို သတိပေးဖို့ဖြစ်တယ်။ ပေတရုကို သူပြုခဲ့တဲ့ လုပ်ဆောင်မှုဟာ ပေတရုလိုလူတွေရဲ့ ယုံကြည်မှုကို ခိုင်မာစေဖို့ဖြစ်ပြီး ဒီလိုလူမျိုးအတွက် ရှင်းလင်းတဲ့ လိုအပ်ချက်တွေ ပြုလုပ်ဖို့၊ သူတို့ ဘယ်ပန်းတိုင်နောက်ကို လိုက်သင့်တယ်ဆိုတာကို ပြသဖို့အတွက်ဖြစ်ပါတယ်။

သခင်ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ လိုအပ်တယ်လို့ သူထင်တဲ့ လူတွေဆီမှာ သူကိုယ်ထင်ပြခဲ့တယ်။ သူတို့နဲ့စကားပြောခဲ့ပြီး သူ့ရဲ့ ရည်ရွယ်ချက်တွေကို ထားခဲ့ရင်း၊ လူတွေအပေါ် သူ့ရဲ့မျှော်မှန်းချက်တွေကို ထားခဲ့ရင်း သူတို့အတွက် သတ်မှတ်ချက်တွေကို ပြဋ္ဌာန်းခဲ့တယ်။ ဆိုလိုတာကတော့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်အနေနဲ့ လူ့ဇာတိခံယူထားတဲ့ အချိန်အတွင်းမှာ ဖြစ်စေ၊ လက်ဝါးကပ်တိုင်မှာ သံနဲ့အရိုက်ခံရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာဖြစ်စေ၊ လူသားမျိုးနွယ်နဲ့ လူတွေအပေါ်ထားရှိတဲ့ သတ်မှတ်ချက်တွေအတွက် သူ့ရဲ့ အလေးထားမှုက မပြောင်းလဲပါဘူး။ သူဟာ လက်ဝါးကပ်တိုင်ပေါ် မရောက်ခင်မှာ ဒီတပည့်တော်တွေအတွက် စိုးရိမ်ခဲ့တယ်။ သူ့နှလုံးသားထဲမှာ လူတစ်ယောက်ချင်းစီတိုင်းရဲ့ အခြေအနေက ရှင်းလင်းနေပါတယ်။ လူတိုင်းရဲ့ ချို့ယွင်းချက်တွေကို သူနားလည်တယ်။ သူသေပြီး ရှင်ပြန်ထမြောက်ပြီးနောက် ဝိညာဉ်ခန္ဓာဖြစ်သွားတော့လည်း လူ့ဇာတိမှာရှိတုန်းကလိုပဲ လူတိုင်းအပေါ် သူ့ရဲ့ နားလည်မှုက အတူတူပါပဲ။ လူတွေက သူ့ရဲ့ ဝိသေသလက္ခဏာကို ခရစ်တော်အနေနဲ့ လုံးဝ သေချာခြင်းမရှိဘူးဆိုတာကို သူသိခဲ့တယ်။ ဒါပေမဲ့ လူ့ဇာတိမှာရှိနေချိန်တုန်းက လူတွေအပေါ် သူတင်းကြပ်စွာ တောင်းဆိုမှုတွေ မပြုလုပ်ခဲ့ဘူး။ ဒါပေမဲ့ သူဟာ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူတို့ရှေ့မှာ ကိုယ်ထင်ပြခဲ့ပြီး သခင်ယေရှုဟာ ဘုရားသခင်ဆီကနေလာတယ်ဆိုတာ၊ သူဟာ လူ့ဇာတိခံယူထားတဲ့ ဘုရားသခင်ဆိုတာကို သူတို့ကို လုံးဝ သေချာအောင်ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ကိုယ်ထင်ပြခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကို လူသားမျိုးနွယ်ရဲ့ တစ်သက်တာ ကြိုးစားအားထုတ်မှုအတွက် အကြီးမားဆုံးမျှော်လင့်ချက်နဲ့ တွန်းအားအဖြစ် အသုံးပြုခဲ့တယ်။ သူ့ရဲ့ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက သူ့နောက်လိုက်သူတွေ အားလုံးကို ခိုင်ခံ့စေခဲ့ရုံမကဘဲ ကျေးဇူးတော်ခေတ်ရဲ့ သူ့ရဲ့လုပ်ဆောင်မှုကို လူသားမျိုးနွယ်ကြားထဲမှာ သေသေချာချာ အကျိုးသက်ရောက်မှု ရှိစေခဲ့တာကြောင့် ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့ ကယ်တင်ခြင်းရဲ့ ဧဝံဂေလိတရားတော်ဟာ လူသားမျိုးနွယ်ရဲ့ နေရာအနှံ့ကို တဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့တယ်။ သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းပြီးနောက်မှာ သူ့ရဲ့ ကိုယ်ထင်ပြခြင်းက အဓိပ္ပာယ်တစ်ခုခုရှိတယ်လို့ သင်ဆိုမလား။ အဲဒီအချိန်မှာ သင်က သောမ သို့မဟုတ် ပေတရုဖြစ်ပြီး အဓိပ္ပာယ်သိပ်ရှိတဲ့ ဒီအရာကို သင်ကြုံတွေ့ခဲ့ရင် သင့်အပေါ်မှာ ဘယ်လိုသက်ရောက်မှု ရှိမလဲ။ သင့်ရဲ့ ဘုရားသခင်အပေါ် ယုံကြည်ခြင်းအသက်တာမှာ အကောင်းဆုံးနဲ့ အကြီးမြတ်ဆုံးရူပါရုံပဲလို့ သင်မြင်မလား။ ဒါကို သင့်ရဲ့ ဘုရားသခင်နောက်ကိုလိုက်ခြင်း၊ သူ့ကိုဖြည့်ဆည်းပေးဖို့အတွက် အားထုတ်ကြိုးပမ်းခြင်း၊ သင့်အသက်တာမှာ ဘုရားသခင်ရဲ့ ချစ်ခြင်းကို အားထုတ်ကြိုးပမ်းခြင်းအတွက် တွန်းအားပေးတဲ့ စွမ်းအားအနေနဲ့ သင်မြင်မလား။ ဒီအကြီးမြတ်ဆုံး ရူပါရုံကို ဖြန့်ဝေဖို့အတွက် တစ်သက်လုံး အားစိုက်ထုတ်သွားမလား။ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို ဖြန့်ဝေခြင်းကို ဘုရားသခင်ဆီကနေ သင်လက်ခံတဲ့ တာဝန်တစ်ခုအဖြစ် ပြုလုပ်မလား။ သင်တို့က ဒါကို မကြုံတွေ့ဖူးပေမဲ့ သောမနဲ့ ပေတရုရဲ့ အဖြစ်အပျက်နှစ်ခုက အခုခေတ်လူတွေအတွက် ဘုရားသခင်ရဲ့ အလိုတော်နဲ့ ဘုရားအပေါ် ရှင်းလင်းတဲ့ နားလည်ခြင်းကို ရရှိဖို့ လုံလောက်နေပါပြီ။ ဘုရားသခင်ဟာ လူ့ဇာတိဖြစ်ပြီးနောက်မှာ၊ လူသားမျိုးနွယ်နဲ့ လူသားတစ်ယောက်ရဲ့ဘဝကို သူကိုယ်တိုင် ကြုံတွေ့ပြီးနောက်မှာ လူသားမျိုးနွယ်ရဲ့ ဆိုးယုတ်ခြင်းနဲ့ လူသားအသက်တာရဲ့ အခြေအနေကို သူမြင်ပြီးနောက်မှာ လူ့ဇာတိမှာရှိတဲ့ ဘုရားသခင်ဟာ လူသားမျိုးနွယ်ရဲ့ အကူအညီမဲ့မှု၊ ဝမ်းနည်းမှုနဲ့ သနားစရာကောင်းမှုတို့ကို နက်နက်နဲနဲ ပိုပြီး ခံစားခဲ့ရတယ်။ ဘုရားသခင်ဟာ လူ့ဇာတိနဲ့ နေထိုင်စဉ်မှာ သူ့ရဲ့ လူသားဆန်မှုကြောင့် လူ့ဇာတိမှာရှိတဲ့ သူ့ရဲ့ ဗီဇစိတ်ကြောင့် လူသားရဲ့ အခြေအနေအတွက် ပိုပြီး ကြင်နာသနားခြင်းတွေ ရှိခဲ့ပါတယ်။ ဒီအချက်က သူ့နောက်လိုက်တွေအတွက် ပိုမိုကြီးမားတဲ့ ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ ဒါတွေက သင်တို့နားမလည်နိုင်တဲ့ အရာတွေ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ သူ့နောက်လိုက်တစ်ယောက်ချင်းစီတိုင်းအတွက် ဘုရားသခင်ရဲ့ စိုးရိမ်မှုနဲ့ ဂရုစိုက်မှုကို ပြင်းထန်တဲ့ ပူပန်မှုဆိုတဲ့ စကားစုနဲ့ ငါဖော်ပြနိုင်ပါတယ်။ ဒီဝေါဟာရက လူသားရဲ့ ဘာသာစကားကနေ လာတာဖြစ်ပေမဲ့၊ သိပ်လူသားဆန်တဲ့ စကားစုဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ နောက်လိုက်တွေအတွက် သူ့ရဲ့ ခံစားချက်ကို တကယ်ကို ဖော်ပြပြီး ရှင်းလင်းပြပါတယ်။ လူသားတွေအတွက် ဘုရားသခင်ရဲ့ပြင်းထန်တဲ့ ပူပန်မှုအတွက် သင်တို့ရဲ့အတွေ့အကြုံလမ်းကြောင်းတစ်လျှောက်မှာ သင်ဒါကို တဖြည်းဖြည်း ခံစားရမှာဖြစ်ပြီး မြည်းစမ်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက သင်တို့ကိုယ်တိုင်ရဲ့ စိတ်သဘောထားပြောင်းလဲမှုနောက်ကိုလိုက်ခြင်းရဲ့ အခြေခံအချက်အပေါ်မှာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို တဖြည်းဖြည်းနားလည်ခြင်းအားဖြင့်သာ ရရှိနိုင်ပါတယ်။ သခင်ယေရှုရဲ့ ကိုယ်ထင်ပြခြင်းဟာ လူသားမျိုးနွယ်မှာရှိတဲ့ သူ့ရဲ့နောက်လိုက်တွေအတွက် ပြင်းထန်တဲ့ ပူပန်မှုကို ရုပ်လုံးထင်စေခဲ့ပြီး အဲဒီအရာကို သူ့ရဲ့ ဝိညာဉ်ခန္ဓာကို လွှဲပြောင်းပေးခဲ့တယ် သို့မဟုတ် သူ့ရဲ့ ဘုရားသဘောသဘာဝကို လွှဲပြောင်းပေးခဲ့တယ်လို့ သင်တို့ဆိုနိုင်ပါတယ်။ သူ့ရဲ့ ကိုယ်ထင်ပြမှုဟာ ခေတ်တစ်ခုကို ဖြစ်ပေါ်စေတာ၊ ခေတ်တစ်ခုကို တည်ဆောက်တာဟာ ဘုရားသခင်ဖြစ်တယ်ဆိုတာကို စွမ်းအားကြီးစွာ သက်သေပြရင်းနဲ့ ဘုရားသခင်ရဲ့ ပူပန်မှုနဲ့ ဂရုစိုက်မှုကို လူတွေ နောက်ထပ် တွေ့ကြုံခံစားရစေပါတယ်။ နောက်ပြီး ခေတ်တစ်ခုကို အဆုံးသတ်တဲ့သူဟာ သူပါပဲ။ သူ့ရဲ့ ကိုယ်ထင်ပြခြင်းကနေတစ်ဆင့် လူတွေအားလုံးရဲ့ ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေခဲ့ပြီး သူ့ရဲ့ ကိုယ်ထင်ပြခြင်းကနေတစ်ဆင့် သူဟာ ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့တယ်။ ဒီအချက်က သူ့နောက်လိုက်တွေကို ထာဝရ အတည်ပြုချက်ကို ပေးခဲ့တယ်။ သူ့ရဲ့ကိုယ်ထင်ပြခြင်းကနေ တစ်ဆင့် ခေတ်သစ်မှာ သူ့အလုပ်ရဲ့ အဆင့်တစ်ခုကိုလည်း စတင်ခဲ့တယ်။

၁၃။ သခင်ယေရှုဟာ သူ့ရဲ့ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ပေါင်မုန့်ကိုစားပြီး ကျမ်းစာကို ရှင်းပြတယ်။

(ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၀-၃၂) စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။ တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။

၁၄။ တပည့်တော်တွေဟာ သခင်ယေရှု စားဖို့ ငါးကင်ကိုပေးတယ်။

(ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၆-၄၃) ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။

နောက်တစ်ခုမှာ အပေါ်က ကျမ်းစာရဲ့ စာပိုဒ်ကို ငါတို့ ကြည့်ရအောင်။ ပထမအပိုဒ်က သခင်ယေရှု ပေါင်မုန့်စားတာကို ပြန်ပြောပြခြင်းဖြစ်ပြီး သူ့ရဲ့ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ကျမ်းစာတွေကို ရှင်းပြနေခြင်းဖြစ်တယ်။ ဒုတိယအပိုဒ်က သခင်ယေရှု ငါးကင်စားတာကို ပြန်ပြောပြခြင်းဖြစ်တယ်။ ဒီစာပိုဒ်နှစ်ခုက ဘုရားသခင်ရဲ့ စိတ်သဘောထားကို သိဖို့အတွက် အကူအညီရဖို့ ဘာထောက်ပံ့ပေးသလဲ။ သခင်ယေရှု ပေါင်မုန့်စားခြင်းနဲ့ ငါးကင်ကိုစားခြင်းရဲ့ ဒီအသေးစိတ်အချက်အလက်တွေကနေ သင်တို့ရတဲ့ အဓိပ္ပာယ်ကို စဉ်းစားကြည့်နိုင်မလား။ သင်တို့ရှေ့မှာ သခင်ယေရှုက ပေါင်မုန့်စားနေရင် သင်တို့ ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်နိုင်လား။ ဒါမှမဟုတ် သူက သင်တို့နဲ့အတူတူ စားပွဲတစ်ခုတည်းမှာ စားနေရင်၊ လူတွေနဲ့ အတူ ငါးနဲ့ပေါင်မုန့်ကိုစားနေရင်၊ အဲဒီအချိန်မှာ သင်တို့ ဘယ်လိုခံစားမှုမျိုးရနိုင်မလဲဆိုတာ သင်တို့ စဉ်းစားကြည့်နိုင်သလား။ သင်က သခင်နဲ့ သိပ်နီးစပ်နေမယ်၊ သူက သင်နဲ့ သိပ်ရင်းနှီးမယ်လို့ ခံစားရရင် ဒီခံစားချက်က မှန်ကန်ပါတယ်။ ဒါဟာ သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ပြီးနောက်မှာ လူတွေရှေ့မှာ ပေါင်မုန့်နဲ့ ငါးကို စားခြင်းကနေ သူရရှိချင်တဲ့ အသီးအပွင့်တွေပဲဖြစ်တယ်။ သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူဟာ လူတွေနဲ့ စကားပဲပြောခဲ့ရင် လူတွေက သူ့ရဲ့ အသွေးအသားနဲ့ အရိုးတွေကို မခံစားရဘဲ သူဟာ လက်လှမ်းမမီနိုင်တဲ့ ဝိညာဉ်တစ်ခုဖြစ်တယ်လို့ ခံစားရရင် သူတို့ ဘယ်လိုခံစားရမလဲ။ သူတို့ စိတ်ပျက်သွားမှာ မဟုတ်ဘူးလား။ လူတွေဟာစိတ်ပျက်သွားရင် စွန့်ပစ်ခံရတယ်လို့သူတို့ မခံစားရဘူးလား။ သခင်ယေရှုခရစ်တော်နဲ့ ဝေးကွာသွားတယ်လို့ သူတို့ မခံစားရဘူးလား။ ဒီအကွာအဝေးက ဘုရားသခင်နဲ့ လူတွေရဲ့ ဆက်ဆံရေးအပေါ်မှာ ဘယ်လိုအဖျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေကို ဖန်တီးပေးမလဲ။ သေချာတာက လူတွေဟာ ကြောက်ရွံ့ကြလိမ့်မယ်။ သူ့အနားကို မသွားရဲတော့ဘဲ သင့်တော်တဲ့ အကွာအဝေးမှာထားဖို့ စိတ်သဘောထားတွေ ရှိလာကြလိမ့်မယ်။ အဲဒီအချိန်ကနေစပြီးတော့ သခင်ယေရှုနဲ့ ရင်းနှီးတဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပြီး ကျေးဇူးတော်ခေတ်မတိုင်ခင်က လူသားမျိုးနွယ်နဲ့ ကောင်းကင်ဘုံပေါ်က ဘုရားသခင်ကြားက ဆက်ဆံရေးကို ပြန်သွားလိမ့်မယ်။ လူတွေ ထိလို့ ခံစားလို့မရတဲ့ ဝိညာဉ်ခန္ဓာဟာ ဘုရားသခင်နဲ့သူတို့ရဲ့ ရင်းနှီးမှုကို ဖျက်ဆီးပစ်လိမ့်မယ်။ သူနဲ့လူသားတွေကြားမှာ အကွာဝေးမရှိခဲ့တဲ့၊ သခင်ယေရှု လူ့ဇာတိမှာရှိတဲ့ အချိန်ကာလအတွင်းမှာ တည်ဆောက်ခဲ့တဲ့ ဒီရင်းနှီးတဲ့ဆက်ဆံရေးကို ပျောက်ကွယ်စေပါလိမ့်မယ်။ ဝိညာဉ်ခန္ဓာအပေါ် လူတွေရဲ့ ခံစားချက်တွေဟာ ကြောက်ရွံ့ခြင်း၊ ရှောင်ကြဉ်ခြင်းနဲ့ စကားမပြောဘဲ စူးစိုက်ကြည့်ခြင်းတွေသာ ဖြစ်ပါလိမ့်မယ်။ သူတို့ဟာ အနားကိုမကပ်ရဲဘူး သို့မဟုတ် သူနဲ့ စကားမပြောရဲဘူး။ သူ့နောက်ကိုလိုက်ဖို့၊ ယုံကြည်ဖို့ သို့မဟုတ် မျှော်လင့်ချက်ထားဖို့ဆိုတာ ထားလိုက်ပါဦး။ ဘုရားသခင်ဟာ သူ့အတွက် လူသားတွေရှိတဲ့ ဒီခံစားချက်မျိုးကို မြင်ရဖို့ သူမလိုလားပါဘူး။ လူတွေကသူ့ကို ရှောင်ကြဉ်တာမျိုး သို့မဟုတ် သူတို့ကိုယ်သူတို့ သူ့ဆီကနေ ဆုတ်ခွာနေတာမျိုးကို သူမမြင်ချင်ပါဘူး။ သူဟာ လူတွေကို သူ့ကိုနားလည်ဖို့၊ သူ့အနားကိုလာဖို့၊ သူ့မိသားစုဖြစ်ဖို့သာ အလိုရှိပါတယ်။ သင့်ရဲ့ကိုယ်ပိုင်မိသားစု၊ သင့်ရဲ့ ကလေးတွေက သင့်ကိုမြင်ပေမဲ့ သင့်ကို မမှတ်မိရင်၊ သင့်အနားကိုမလာရဲဘဲ သင့်ကို အမြဲတမ်းရှောင်နေရင်၊ သူတို့အတွက် သင်လုပ်ခဲ့တဲ့ အရာတိုင်းအတွက် သူတို့ရဲ့ နားလည်မှုကို သင်မရရှိရင်၊ သင် ဘယ်လိုခံစားရမလဲ။ နာကျင်ရမယ် မဟုတ်ဘူးလား။ သင်အသည်းကွဲရမယ် မဟုတ်ဘူးလား။ ဒါက လူတွေက ဘုရားသခင်ကို ရှောင်ကြဉ်တဲ့အခါမှာ သူခံစားရတဲ့အရာ အတိအကျပဲဖြစ်ပါတယ်။ ဒါကြောင့် သူရှင်ပြန်ထမြောက်အပြီးမှာ သခင်ယေရှုဟာ သူ့ရဲ့ အသွေးအသားပုံသဏ္ဌာန်နဲ့ လူတွေရှေ့မှာ ပေါ်လာဆဲဖြစ်ပြီး သူတို့နဲ့အတူ စားသောက်ခဲ့တယ်။ ဘုရားသခင်ဟာ လူတွေကို မိသားစုအနေနဲ့ မြင်ပြီး လူသားမျိုးနွယ်ကိုလည်း သူ့ကို ဒီလိုပုံစံမြင်ဖို့ သူအလိုရှိပါတယ်။ ဒီနည်းနဲ့သာ ဘုရားသခင်ဟာ လူတွေကို အမှန်တကယ်ရရှိနိုင်မှာဖြစ်ပြီး လူတွေက ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ကိုးကွယ်နိုင်မှာ ဖြစ်ပါတယ်။ သခင်ယေရှုက ပေါင်မုန့်ကိုစားပြီး ကျမ်းစာကိုရှင်းပြပြီးတော့ သူရှင်ပြန်ထမြောက်အပြီးမှာ တပည့်တော်တွေက သူစားဖို့ ငါးကင်ပေးတဲ့ ကျမ်းနှစ်ပိုဒ်ကို ကောက်နုတ်ရတဲ့ ငါ့ရဲ့ရည်ရွယ်ချက်ကို သင်တို့ အခု နားလည်နိုင်ပါသလား။

သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းမှာ သူပြောခဲ့၊ လုပ်ခဲ့တဲ့အရာတွေက ဂရုတစိုက်ထည့်သွင်းစဉ်းစားခြင်းရှိပြီး ကြင်နာတတ်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီအရာတွေဟာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်ထားတဲ့ ကြင်နာခြင်းနဲ့ ချစ်ခင်ခြင်းတွေနဲ့ ပြည့်နေပြီး သူ့ရဲ့လူ့ဇာတိခံယူချိန်မှာ လူသားမျိုးနွယ်နဲ့ သူတည်ဆောက်ခဲ့တဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးအတွက် သူထားရှိခဲ့တဲ့ အသိအမှတ်ပြုတန်ဖိုးထားခြင်းနဲ့ တိကျစေ့စပ်မှုတို့နဲ့ ပြည့်နေပါတယ်။ ဒါ့အပြင် သူ့ရဲ့ လူ့ဇာတိခံယူချိန်မှာ သူ့နောက်လိုက်တွေနဲ့ စားသောက်ခဲ့တဲ့ အသက်တာအတွက် သူထားရှိခဲ့တဲ့ မျှော်လင့်ချက်တွေနဲ့ အတိတ်ကို လွမ်းဆွတ်တမ်းတမှုတွေနဲ့ ပြည့်နေပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ လူသားနဲ့ ဘုရားသခင်ကြားမှာ ဝေးကွာခြင်းကို လူတွေခံစားရဖို့ အလိုမရှိသလို လူသားမျိုးနွယ်ကိုလည်း သူတို့ကိုယ်သူတို့ ဘုရားနဲ့ ဝေးကွာအောင်ပြုလုပ်ဖို့ အလိုမရှိပါဘူး။ ဒါ့အပြင် ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းက သခင်ယေရှုဟာ လူတွေနဲ့ သိပ်ရင်းနှီးခဲ့တဲ့ သခင်မဟုတ်တော့ဘူးဆိုတာ၊ သူဟာ ဝိညာဉ်လောကကို ပြန်သွားတာကြောင့်၊ လူတွေ လုံးဝ မမြင်နိုင်၊ လက်လှမ်းမမီနိုင်တဲ့ ခမည်းတော်ဆီကို ပြန်သွားတာကြောင့် လူသားမျိုးနွယ်နဲ့ အတူမရှိတော့ဘူးဆိုတာမျိုးကို လူသားမျိုးနွယ်ကို သူမခံစားစေချင်ပါဘူး။ သူနဲ့ လူသားမျိုးနွယ်ကြားမှာ အနေအထားမတူညီမှုတွေရှိတယ်လို့ လူတွေကို မခံစားစေချင်ခဲ့ဘူး။ သူ့နောက်ကိုလိုက်ချင်ပေမဲ့ သူနဲ့ ခပ်ခွာခွာနေတဲ့ လူတွေကို ဘုရားသခင် မြင်တဲ့အခါမှာ သူတို့ရဲ့နှလုံးသားဟာ သူနဲ့ သိပ်ဝေးကွာနေတယ်လို့ အဓိပ္ပာယ်ရတာကြောင့်၊ သူတို့ရဲနှလုံးသားကို ရရှိဖို့သူ့အတွက် သိပ်ခက်ခဲတယ်လို့ အဓိပ္ပာယ်ရတာကြောင့် သူ့နှလုံးသားဟာ နာကျင်ရပါတယ်။ ဒါကြောင့် သူဟာ လူတွေ မမြင်နိုင်၊ ထိတွေ့လို့မရနိုင်တဲ့ ဝိညာဉ်ခန္ဓာနဲ့ သူတို့ရှေ့မှာ ကိုယ်ထင်ပြရင် ဒါက လူသားကို ဘုရားသခင်ဆီကနေ နောက်တစ်ကြိမ်ထပ်ပြီး ဝေးကွာစေပါလိမ့်မယ်။ နောက်ပြီး ဒါဟာ ခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက်မှာ လူသားမျိုးနွယ်က သူ့ကို သိပ်မြင့်မြတ်သွားတဲ့အနေနဲ့၊ လူသားတွေနဲ့ မတူညီတဲ့ ပုံစံအဖြစ်နဲ့၊ လူသားတွေဟာ အပြစ်ရှိတာကြောင့်၊ ညစ်ညမ်းပြီး ဘုရားသခင်နဲ့ လုံးဝ မနီးစပ်နိုင်တာကြောင့် လူသားနဲ့အတူ စားပွဲတစ်ခုထဲမှာ မထိုင်နိုင်တော့တဲ့ သူတစ်ယောက်အဖြစ်နဲ့ မှားယွင်းစွာ မြင်စေပါလိမ့်မယ်။ လူသားမျိုးနွယ်ရဲ့ ဒီအထင်လွဲခြင်းတွေကိုဖယ်ရှားဖို့အတွက် သခင်ယေရှုဟာ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့အတိုင်း သူလူ့ဇာတိမှာရှိစဉ်က လုပ်ခဲ့တဲ့ အရာတစ်ချို့ကို လုပ်ဆောင်ခဲ့ပါတယ်။ “မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်”။ သူလုပ်လေ့ရှိသလိုမျိုးပဲ သူတို့ကို ကျမ်းစာကိုလည်း ရှင်းပြခဲ့တယ်။ သခင်ယေရှုလုပ်ခဲ့တဲ့ ဒီအရာအားလုံးဟာ သခင်ဟာ ပြောင်းလဲမသွားဘူးဆိုတာ၊ သူဟာ အရင်က သခင်ယေရှုပဲဆိုတာကို သူ့ကိုမြင်တဲ့လူတိုင်းကို ခံစားသိရှိစေခဲ့တယ်။ သူဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့ရိုက်ခံရပြီး သေခြင်းကို ကြုံတွေ့ခဲ့ရပြီး ရှင်ပြန်ထမြောက်ခဲ့ပေမဲ့ သူဟာ လူသားမျိုးနွယ်ကို ထားမသွားပါဘူး။ သူဟာ လူသားတွေကြားထဲကို ပြန်လာပြီး သူ့ရဲ့ အရာရာတိုင်းဟာ ပြောင်းလဲမသွားဘူး။ လူတွေရှေ့မှာရပ်နေတဲ့ လူသားဟာ အရင်က သခင်ယေရှုပါပဲ။ သူ့ရဲ့အပြုအမူနဲ့ သူ့ရဲ့ လူတွေနဲ့ စကားပြောတာတွေက သိပ်ရင်းနှီးသလို ခံစားရတယ်။ သူဟာ ချစ်ခင်ကြင်နာခြင်းတွေ၊ ကျေးဇူးတော်နဲ့ သည်းခံခြင်းတွေနဲ့ ပြည့်နေတုန်းပါပဲ။ သူဟာ သူ့ကိုယ်သူချစ်သလို သူများကိုချစ်တဲ့၊ လူသားမျိုးနွယ်ကို ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်နိုင်တဲ့ အဲဒီသခင်ယေရှုပါပဲ။ ခါတိုင်းလိုပဲ၊ လူတွေနဲ့အတူ သူစားတယ်။ သူတို့နဲ့ ကျမ်းစာ ဆွေးနွေးတယ်။ ပိုအရေးကြီးတာက အရင်ကလိုပဲ သူဟာ အသွေးအသားနဲ့ပြုလုပ်ထားပြီး ထိတွေ့နိုင်၊ မြင်နိုင်ပါတယ်။ ဒီပုံစံနဲ့လူသားဟာ ဒီရင်းနှီးမှုကို လူတွေကို ခံစားရစေတယ်။ စိတ်သက်သာရာရစေတယ်။ ပျောက်ဆုံးသွားတဲ့ အရာတစ်ခုကို ပြန်လည်ရရှိတဲ့ ဝမ်းမြောက်မှုကို ခံစားရစေတယ်။ သူတို့ဟာလည်း လူသားမျိုးနွယ်ရဲ့အပြစ်တွေကို ခွင့်လွှတ်နိုင်တဲ့ ဒီလူသားကို ရဲရင့်စွာ၊ ယုံကြည်မှုရှိစွာနဲ့ အမှီပြု အားထားဖို့ လုံလောက်စွာ စိတ်သက်သာရာရခြင်းကို ခံစားကြရပါတယ်။ သူတို့ဟာ နှောင့်နှေးမနေဘဲ သခင်ယေရှုရဲ့ အမည်နာမကို ဆုတောင်းဖို့၊ သူ့ရဲ့ ကျေးဇူးတော်၊ သူ့ရဲ့ကောင်းချီးကို လက်ခံရရှိစေဖို့၊ သူ့ဆီကနေ ငြိမ်ချမ်းခြင်းနဲ့ ဝမ်းမြောက်ခြင်းကို လက်ခံရရှိဖို့အတွက် ဆုတောင်းဖို့၊ သူ့ဆီကနေ ဂရုစိုက်မှုနဲ့ ကာကွယ်မှုကို ရရှိဖို့အတွက် ဆုတောင်းဖို့ စတင်ပြုလုပ်လာကြပြီး သခင်ယေရှုရဲ့နာမနဲ့ ဆေးကုသခြင်းနဲ့ နတ်ဆိုးတွေကို နှင်ထုတ်ခြင်းတို့ကို အစပြုလုပ်ဆောင်လာကြပါတယ်။

သခင်ယေရှုဟာ လူ့ဇာတိမှာအလုပ်လုပ်နေတဲ့အချိန်ကာလအတွင်းမှာ သူ့ရဲ့ နောက်လိုက်အများစုက သူ့ရဲ့ ဝိသေသလက္ခဏာနဲ့ သူပြောခဲ့တဲ့ အရာတွေကို အပြည့်အဝ အတည်မပြုနိုင်ခဲ့ဘူး။ သူလက်ဝါးကပ်တိုင်ပေါ်ရောက်တဲ့အခါမှာ သူ့နောက်လိုက်တွေရဲ့ သဘောထားဟာ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့အရိုက်ခံရပြီး ဂူထဲကို သွင်းခံရတဲ့အထိ တစ်လျှောက်လုံးမှာ သူ့အပေါ် လူတွေရဲ့ သဘောထားဟာ စိတ်ပျက်ခြင်းပါပဲ။ ဒီအချိန်ကာလအတွင်းမှာ လူတွေဟာ သခင်ယေရှု လူ့ဇာတိခံတဲ့ အချိန်မှာ ပြောခဲ့တဲ့အရာတွေကို သံသယဖြစ်နေရာကနေ ငြင်းပယ်ခြင်းအထိ သူတို့နှလုံးသားထဲမှာ ရွေ့သွားနေပါပြီ။ ဂူထဲကနေ သူပြန်ထွက်လာပြီး လူတွေရှေ့ တစ်ယောက်ချင်းစီရှေ့မှာ ပေါ်ထွက်လာတဲ့အခါ သူတို့ရဲ့ကိုယ်ပိုင်မျက်စိနဲ့ မြင်တဲ့သူတွေအများစု သို့မဟုတ် သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းသတင်းကို ကြားတဲ့သူအများစုဟာ ငြင်းပယ်ခြင်းကနေ သံသယဝင်ခြင်းကို တဖြည်းဖြည်းကူးပြောင်းသွားတယ်။ သခင်ယေရှုက သောမကို သူ့လက်ကို သူ့ရဲ့ဘေးဖက်ကို ထိစေတဲ့အချိန်မှာ၊ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုဟာ ပေါင်မုန့်ကိုဖဲ့ပြီး လူအုပ်ရှေ့မှာ စားတဲ့အချိန်မှာ၊ နောက်ပိုင်းမှာ သူတို့ရှေ့မှာ ငါးကင်ကို စားတဲ့အခါမှာ အဲဒီအချိန်ကျမှသာ သခင်ယေရှုဟာ လူ့ဇာတိနဲ့ ခရစ်တော်ဖြစ်တယ် ဆိုတဲ့အချက်ကို အမှန်တကယ်လက်ခံခဲ့ကြတယ်။ အဲဒီအချိန်မှာ ဒီလူတွေရှေ့မှာ အသွေးအသားနဲ့ ရပ်နေတဲ့ ဒီဝိညာဉ်ခန္ဓာဟာ သူတို့တစ်ယောက်ချင်းစီတိုင်းကို အိပ်မက်ကနေ နှိုးထစေခြင်းလိုမျိုးပါပဲလို့ သင်ဆိုနိုင်ပါတယ်။ သူတို့ရှေ့မှာ ရပ်နေတဲ့ လူသားဟာ ရှေးအတီတေကတည်းက တည်ရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်။ သူ့မှာ ပုံသဏ္ဌာန်၊ အသွေးနဲ့အသားရှိခဲ့ပြီး သူဟာ လူသားမျိုးနွယ်နဲ့အတူ အချိန်အကြာကြီး အသက်ရှင်ပြီး စားသောက်ခဲ့ပြီးပါပြီ။ ဒီအချိန်မှာ သူ့ရဲ့ တည်ရှိမှုဟာ သိပ်ကိုစစ်မှန်တယ်၊ သိပ်အံ့သြစရာကောင်းတယ်လို့ လူတွေခံစားကြရတယ်။ သူတို့ဟာလည်း ဝမ်းမြောက်ပြီး ပျော်ရွှင်နေကြတယ်။ တစ်ချိန်တည်းမှာပဲ စိတ်ခံစားမှုတွေနဲ့ ပြည့်နေတယ်။ သူ့ရဲ့ ပြန်လည်ပေါ်ထွက်လာခြင်းက လူတွေကို သူ့ရဲ့ နှိမ့်ချမှုကို အမှန်တကယ်မြင်စေဖို့၊ သူ့ရဲ့နီးစပ်ခြင်းကို ခံစားစေဖို့၊ လူသားမျိုးနွယ်အတွက် သူ့ရဲ့ တောင့်တမှု၊ သူ့ရဲ့ တွယ်တာမှုကို ခံစားစေဖို့ အခွင့်ကို လူတွေကို ပေးပါတယ်။ ဒီအကျဉ်းချုံး ပြန်လည်တွေ့ဆုံခြင်းက သခင်ယေရှုကို မြင်ခဲ့တဲ့ လူတွေကို အချိန်တစ်သက်တာကုန်ဆုံးသွားပြီးသလိုမျိုး ခံစားရအောင် ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့၊ ရှုပ်ထွေးနေတဲ့၊ ကြောက်ရွံ့နေတဲ့၊ စိုးရိမ်ပူပန်နေတဲ့၊ တောင့်တနေတဲ့၊ ထုံထိုင်းနေတဲ့ နှလုံးသားတွေကို သက်သာစေတယ်။ သူတို့ဟာ သံသယမရှိတော့ဘူး သို့မဟုတ် စိတ်မပျက်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် အခု မျှော်လင့်ချက်နဲ့ အမှီပြုစရာရှိပြီလို့ ခံစားရတာကြောင့်ပါ။ သူတို့ရှေ့မှာရပ်နေတဲ့ လူသားဟာ သူတို့နောက်မှာ ထာဝရရှိနေပါလိမ့်မယ်။ သူဟာ အချိန်ပြည့် သူတို့ရဲ့ မျှော်စင်၊ သူတို့ရဲ့ ခိုလှုံရာဖြစ်နေပါလိမ့်မယ်။

သခင်ယေရှုဟာ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပေမဲ့ သူ့နှလုံးသားနဲ့ သူ့ရဲ့လုပ်ဆောင်မှုဟာ လူသားမျိုးနွယ်ဆီကနေ ထွက်ခွာမသွားပါဘူး။ သူဟာ ဘယ်လိုပုံစံနဲ့ တည်ရှိနေပါစေ၊ သူဟာ လူတွေကို အဖော်ပြုမယ်။ သူတို့နဲ့အတူ လျှောက်လှမ်းမယ်။ အချိန်တိုင်း၊ နေရာတိုင်းမှာ သူတို့နဲ့အတူရှိမယ်လို့ သူ့ကိုယ်ထင်ပြခြင်းနဲ့အတူ လူတွေကို ပြောခဲ့တယ်။ နောက်ပြီး အချိန်တိုင်း၊ နေရာတိုင်းမှာ သူဟာ လူသားမျိုးနွယ်ကို ပံ့ပိုးပြီး သူတို့ကို ဦးဆောင်လမ်းပြမယ်။ သူ့ကို ကြည့်ပြီး ထိတွေ့ဖို့ သူတို့ကို ခွင့်ပြုမယ်။ သူတို့ဟာ နောက်တစ်ခါ အကူအညီမဲ့သလို မခံစားရအောင် သေချာစေလိမ့်မယ်။ သခင်ယေရှုဟာ လူတွေကို ဒါကိုလည်း သိစေချင်ခဲ့တယ်။ ဒီကမ္ဘာမှာ သူတို့အသက်တာဟာ တစ်ယောက်တည်းမဟုတ်ပါဘူး။ လူသားမျိုးနွယ်ဟာ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုကို ရရှိတယ်။ ဘုရားသခင်ဟာ သူတို့နဲ့အတူရှိတယ်။ လူတွေဟာ ဘုရားသခင်ကို အမြဲတမ်း အမှီပြုနိုင်တယ်။ သူဟာ သူ့နောက်လိုက်သူ တစ်ယောက်ချင်းစီတိုင်းရဲ့ မိသားစုဖြစ်တယ်။ ဘုရားသခင်ကို အမှီပြုပြီး လူသားမျိုးနွယ်ဟာ အထီးကျန်မှာမဟုတ်တော့ဘူး သို့မဟုတ် အကူအညီမဲ့မှာ မဟုတ်တော့ပါဘူး။ နောက်ပြီး သူ့ကို သူတို့ရဲ့အပြစ်ဖြေရာယဇ်အဖြစ် လက်ခံသူတွေဟာ အပြစ်တရားမှာ မချည်နှောင်ခံရတော့ပါဘူး။ လူသားရဲ့အမြင်မှာ သခင်ယေရှုရှင်ပြန်ထမြောက်ပြီးနောက်မှာ သူလုပ်ဆောင်ခဲ့တဲ့ သူ့အလုပ်ရဲ့ ဒီအပိုင်းတွေဟာ သိပ်သေးတယ်တဲ့အရာတွေ ဖြစ်တယ်။ ဒါပေမဲ့ ငါမြင်တဲ့ ပုံစံကတော့ အကြောင်းအရာတစ်ခုချင်းစီတိုင်းက သိပ်အဓိပ္ပာယ်ရှိတယ်။ သိပ်တန်ဖိုးရှိတယ်။ သူတို့အားလုံးဟာ သိပ်အရေးကြီးပြီး လေးနက်ပါတယ်။

လူ့ဇာတိမှာ သခင်ယေရှုအလုပ်လုပ်တဲ့အချိန်မှာ အခက်အခဲတွေ၊ ဒုက္ခခံစားခြင်းတွေ အပြည့်ရှိပေမဲ့ သူ့ရဲ့ အသွေးအသားနဲ့ ဝိညာဉ်ခန္ဓာရဲ့ ကိုယ်ထင်ပြခြင်းကနေတစ်ဆင့် လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ အဲဒီအချိန်မှာ သူ့ရဲ့လုပ်ဆောင်မှုကို လုံးဝပြီးပြည့်စုံစွာ ပြီးမြောက်စေခဲ့တယ်။ သူဟာ လူ့ဇာတိခံယူခြင်းအားဖြင့် သူ့ရဲ့အမှုတော်ကို အစပြုခဲ့ပြီး သူ့ရဲ့လူ့ဇာတိဆန်တဲ့ ပုံသဏ္ဌာန်နဲ့ လူသားမျိုးနွယ်ဆီကို ကိုယ်ထင်ပြခြင်းအားဖြင့် သူ့ရဲ့ အမှုတော်ကို နိဂုံးချုပ်ခဲ့ပါတယ်။ သူဟာ ကျေးဇူးတော်ခေတ်ကို ကြိုတင်နိမိတ်ပြခဲ့တယ်။ ခရစ်တော်အနေနဲ့ သူ့ရဲ့ ဝိသေသလက္ခဏာကနေတစ်ဆင့် ကျေးဇူးတော်ခေတ်ကို သူစတင်ခဲ့တယ်။ ခရစ်တော်အနေနဲ့ သူ့ရဲ့ ဝိသေသလက္ခဏာကနေတစ်ဆင့် ကျေးဇူးတော်ခေတ်မှာ သူအလုပ်လုပ်ဆောင်ခဲ့ပြီး ကျေးဇူးတော်ခေတ်မှာ သူ့ရဲ့နောက်လိုက်တွေကို အားအင်ဖြည့်ဆည်းပေးခဲ့ပြီး ဦးဆောင်ခဲ့တယ်။ သူစခဲ့တဲ့အရာကို သူအမှန်တကယ်ပဲ ပြီးဆုံးအောင်လုပ်ခဲ့တယ်လို့ ဘုရားသခင်ရဲ့အလုပ်ကို ပြောနိုင်ပါတယ်။ အဆင့်တွေနဲ့ အစီအစဉ်တစ်ခုရှိပြီး ဘုရားသခင်ရဲ့ အသိဉာဏ်ပညာ၊ သူ့ရဲ့ အဆုံးအစမရှိဘုန်းတန်ခိုးနဲ့ သူ့ရဲ့ အံသြဖွယ်ရာ လုပ်ဆောင်မှုတွေနဲ့ ပြည့်ဝနေပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ သနားညှာတာခြင်းတို့နဲ့လည်း ပြည့်ဝနေပါတယ်။ ဘုရားသခင်ရဲ့အလုပ်အားလုံးမှာ ပါဝင်နေတဲ့ အဓိကအချက်က လူသားမျိုးနွယ်အတွက် သူ့ရဲ့ ဂရုစိုက်ခြင်းပါပဲ။ သူလုံးဝဘေးဖယ်ထားလို့မရတဲ့ သူ့ရဲ့ အလေးထားတဲ့ ခံစားချက်တွေနဲ့ စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ သမ္မာကျမ်းစာရဲ့ ဒီစာပိုဒ်တွေမှာ၊ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သခင်ယေရှုလုပ်ဆောင်ခဲ့တဲ့ အရာတစ်ခုချင်းစီတိုင်းမှာ ဖွင့်ပြတဲ့အရာက လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ မပြောင်းလဲတဲ့ မျှော်လင့်ချက်နဲ့ အလေးထားမှုတို့ဖြစ်ပြီး ဘုရားသခင်ရဲ့ တိကျစေ့စပ်တဲ့ ဂရုစိုက်မှုနဲ့ လူသားတွေကို ချစ်ခင်မြတ်နိုးမှုတို့ဖြစ်ပါတယ်။ အခုအချိန်အထိမှာ ဒီအရာတွေထဲက တစ်ခုမှ မပြောင်းလဲပါဘူး။ ဒါကို သင်တို့ မြင်နိုင်ပါသလား။ ဒါကို သင်တို့မြင်တဲ့အခါမှာ သင်တို့ရဲ့ နှလုံးသားဟာ ဘုရားသခင်နဲ့ အလိုအလျောက်မနီးစပ်သွားဘူးလား။ သင်တို့ဟာ အဲဒီခေတ်မှာနေပြီး သခင်ယေရှုက သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သင်မြင်ဖို့အတွက် မြင်သာတဲ့ အသွင်သဏ္ဌာန်နဲ့ သင့်ရှေ့မှာ ကိုယ်ထင်ပြလာပြီး သင်တို့ရှေ့မှာသူထိုင်ရင်၊ ပေါင်မုန့်နဲ့ငါးကိုစားပြီး ကျမ်းစာတွေကို သင်တို့ကို ရှင်းပြရင်၊ သင်တို့နဲ့ စကားပြောရင် သင်တို့ ဘယ်လိုခံစားရမလဲ။ ပျော်ရွှင်ခြင်းကို ခံစားရမလား။ အပြစ်ရှိသလို ခံစားရသလား။ ဘုရားသခင်အပေါ် အရင်က အထင်လွဲမှုတွေနဲ့ ရှောင်ကြဉ်မှုတွေ၊ ဘုရားသခင်အပေါ် အမြင်ကွဲလွဲမှုတွေနဲ့ သံသယတွေ၊ ဒီအရာတွေအားလုံးက ပျောက်ကွယ်မသွားဘူးလား။ ဘုရားသခင်နဲ့ လူသားကြားမှာ ရှိတဲ့ ဆက်ဆံရေးဟာ ပိုပြီးတော့ သင့်တော်လာမှာ မဟုတ်ဘူးလား။

သမ္မာကျမ်းစာရဲ့ ဒီကန့်သတ်ထားတဲ့အခန်းတွေရဲ့ အနက်ဖွင့်ဆိုချက်ကနေတစ်ဆင့် ဘုရားသခင်ရဲ့ စိတ်သဘောထားမှာ ချို့ယွင်းချက်တစ်ခုခုကို သင်တို့ တွေ့ရှိပါသလား။ ဘုရားသခင်ရဲ့ချစ်ခြင်းမှာ မစစ်မှန်မှုတွေကို သင်တွေ့ရှိပါသလား။ ဘုရားသခင်ရဲ့ အဆုံးအစမရှိဘုန်းတန်ခိုး သို့မဟုတ် အသိဉာဏ်ပညာမှာ လှည့်စားမှု သို့မဟုတ် ဆိုးယုတ်မှုတစ်ခုခုကို သင်တို့ မြင်ပါသလား။ လုံးဝ မရှိပါဘူး။ အခု ဘုရားသခင်ဟာ သန့်ရှင်းမြင့်မြတ်တယ်ဆိုတာကို သင်တို့ သေချာပေါက် ပြောနိုင်ပါသလား။ ဘုရားသခင်ရဲ့ စိတ်ခံစားမှုတွေ အားလုံးဟာ သူ့ရဲ့အနှစ်သာရနဲ့ စိတ်သဘောထားကို ဖွင့်ပြခြင်းဖြစ်တယ်ဆိုတာကို သင်တို့ သေချာပေါက်ပြောနိုင်ပါသလား။ ဒီစကားလုံးတွေကို သင်တို့ ဖတ်ပြီးတဲ့နောက်မှာ ဒါကနေ သင်တို့နားလည်တဲ့အရာက စိတ်သဘောထားပြောင်းလဲခြင်းနဲ့ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအပေါ် သင်တို့ရဲ့ အားထုတ်ကြိုးပမ်းမှုမှာ အကျိုးအမြတ်တွေကို သယ်ဆောင်လာပြီး သင်တို့ကို ကူညီပေးလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ဒီစကားလုံးတွေဟာ သင်တို့အတွက် တဖြည်းဖြည်းချင်းကြီးထွားလာတဲ့ အသီးအပွင့်တွေဖြစ်စေပြီး ဒီအားထုတ်ကြိုးပမ်းမှုမှာ ဘုရားသခင်ဆီကို သင့်ကို ပိုပိုပြီး နီးစပ်လာစေဖို့၊ သင်တို့ဟာ သမ္မာတရားနောက်ကိုလိုက်ခြင်းမှာ မငြီးငွေ့ဘဲ သမ္မာတရားနဲ့ စိတ်သဘောထားပြောင်းလဲမှုအတွက် ကြိုးစားအားထုတ်ခြင်းဟာ ဒုက္ခရောက်တယ် သို့မဟုတ် မလိုအပ်တဲ့အရာဖြစ်တယ်လို့ မခံစားဖို့အတွက် ဘုရားသခင်လိုအပ်တဲ့ စံသတ်မှတ်ချက်ဆီကို ပိုပိုပြီးနီးစပ်အောင် သယ်ဆောင်လာဖို့ကိုလည်း ငါမျှော်လင့်ပါတယ်။ ဒါဟာ အလင်းကိုတောင့်တဖို့၊ တရားမျှတမှုကို တောင့်တဖို့၊ သမ္မာတရားနောက်ကိုလိုက်ဖို့ ဆန္ဒပြင်းပြစေဖို့၊ ဘုရားသခင်ရဲ့အလိုတော်ကို ဖြည့်ဆည်းခြင်းကို အားထုတ်လိုက်လျှောက်ဖို့၊ ဘုရားသခင်အားဖြင့် လက်ခံရရှိတဲ့ လူသားတစ်ယောက်ဖြစ်ဖို့၊ စစ်မှန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ သင်တို့ကို တွန်းအားပေးတဲ့ ဘုရားသခင်ရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ အနှစ်သာရနဲ့ ဘုရားသခင်ရဲ့ မှန်ကန်တဲ့ စိတ်သဘောထားရဲ့ ဖော်ပြချက်ဖြစ်ပါတယ်။

ဒီနေ့ ပထမဆုံးအကြိမ် လူ့ဇာတိခံယူခဲ့တဲ့အခါမှာ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်လုပ်ဆောင်ခဲ့တဲ့ တစ်ချို့အကြောင်းအရာတွေအကြောင်းကို ငါတို့ပြောခဲ့ကြတယ်။ ဒီအကြောင်းအရာတွေကနေ လူ့ဇာတိမှာ သူဖော်ပြ၊ ဖွင့်ပြခဲ့တဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ သွင်ပြင်လက္ခဏာတိုင်းကို ငါတို့မြင်ပြီးပါပြီ။ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ သွင်ပြင်လက္ခဏာအားလုံးဟာ တော်တော်လူသားဆန်တယ်လို့ ထင်ရပေမဲ့ အမှန်တကယ်ကတော့ သူဖွင့်ပြ၊ ဖော်ပြခဲ့တဲ့ အရာအားလုံးရဲ့ အနှစ်သာရဟာ သူကိုယ်တိုင်ရဲ့ စိတ်သဘောထားကနေ ခွဲခြားလို့မရပါဘူး။ လူ့သဘာဝမှာ သူ့ရဲ့ စိတ်သဘောထားကို ဖော်ပြနေတဲ့ လူ့ဇာတိခံယူတဲ့ ဘုရာသခင်ရဲ့ နည်းလမ်းတိုင်းနဲ့ သွင်ပြင်လက္ခဏာတိုင်းဟာ သူ့ရဲ့ကိုယ်ပိုင်အနှစ်သာရနဲ့ မခွဲနိုင်အောင် ဆက်သွယ်နေပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ လူသားမျိုးနွယ်ဆီကို လူ့ဇာတိခံယူခြင်းနည်းနဲ့ လာခြင်းက သိပ်အရေးကြီးပြီး လူ့ဇာတိမှာ သူလုပ်ဆောင်ခဲ့တဲ့ အလုပ်ဟာလည်း သိပ်အရေးကြီးပါတယ်။ နောက်ပြီး သူဖွင့်ပြတဲ့ စိတ်သဘောထားနဲ့ သူဖော်ပြခဲ့တဲ့ အလိုတော်ဟာ လူ့ဇာတိမှာ အသက်ရှင်နေတဲ့လူတိုင်းအတွက်၊ ဖောက်ပြန်ပျက်စီးခြင်းမှာ နေထိုင်နေတဲ့ လူတိုင်းအတွက် ပိုတောင်အရေးကြီးပါတယ်။ ဒါက သင်တို့ နားလည်နိုင်တဲ့ အရာဟုတ်ပါသလား။ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းကို နားလည်ပြီးနောက်မှာ သင်တို့ ဘုရားသခင်ကို ဘယ်လိုဆက်ဆံသင့်တယ်ဆိုတဲ့အပေါ်မှာ ကောက်ချက်တစ်ခုခု ချပြီးပါသလား။ ဒီမေးခွန်းကို ပြန်လည်ဖြေကြားဖို့အတွက်၊ နိဂုံးချုပ်အနေနဲ့ သင်တို့ကို သတိပေးချက်သုံးခု ပေးချင်ပါတယ်။ ပထမက ဘုရားသခင်ကို အစုံအစမ်းမပြုပါနဲ့။ ဘုရားသခင်အကြောင်းကို သင်ဘယ်လောက်ပဲ နားလည်ပါစေ၊ သူ့စိတ်သဘောထားကို သင်ဘယ်လောက်အထိ သိပါစေ၊ သူ့ကို လုံးဝ အစုံအစမ်းမပြုပါနဲ့။ ဒုတိယက အဆင့်အတန်းအတွက် ဘုရားသခင်နဲ့ မယှဉ်ပြိုင်ပါနဲ့။ ဘုရားသခင်က သင့်ကို ဘယ်လိုအဆင့်အတန်းကိုပေးသည်ဖြစ်စေ သို့မဟုတ် သင့်ကို ဘယ်လိုအလုပ်မျိုးကိုပဲ သူတာဝန်ပေးစေခိုင်းပါစေ၊ ဘယ်လိုတာဝန်မျိုးကို ဆောင်ရွက်ဖို့ သူဟာ သင့်ကို ပျိုးထောင်ပါစေ၊ ဘုရားသခင်အတွက် သင်ဘယ်လောက်ပဲ အသုံးချပြီး စွန့်လွှတ်ခဲ့ပါစေ၊ အဆင့်အတန်းအတွက် သူနဲ့ လုံးဝ မယှဉ်ပြိုင်ပါနဲ့။ တတိယက ဘုရားသခင်နဲ့ မယှဉ်ပြိုင်ပါနဲ့။ သင်နားလည်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်က သင့်ကို လုပ်ဆောင်တဲ့အရာ၊ သင့်အတွက် သူစီစဉ်တဲ့အရာ၊ သင့်ဆီကို သူသယ်ဆောင်လာတဲ့အရာတွေကို သင်နာခံနိုင်သည်ဖြစ်စေ ဘုရားသခင်နဲ့ လုံးဝမယှဉ်ပြိုင်ပါနဲ့။ ဒီသတိပေးချက်သုံးခုကို သင်လုပ်ဆောင်နိုင်ရင် သင်ဟာ သူများနဲ့ယှဉ်ရင် ဘေးကင်းပါလိမ့်မယ်။ ဘုရားသခင်ကို သင်လွယ်လွယ်နဲ့ ဒေါသထွက်စေမှာမဟုတ်ပါဘူး။ ဒီနေ့အတွက် မျှဝေဖို့က ဒီလောက်ပါပဲ။

ဂျူလိုင် ၂၃၊ ၂၀၁၄

အောက်ခြေမှတ်စုများ

(က) မူရင်းစာသားတွင် “ ဒီဖော်ပြချက်” ကို ချန်လှပ်ထားပါသည်။

ယခင်က:ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏

နောက်တစ်ခုသို့:အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် ၂

သင်နှစ်သက်နိုင်သည့် အရာများ