အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

စစ်မှန်သော လမ်းခရီးကို စုံစမ်းခြင်းအပေါ် အမေးအဖြေတစ်ရာ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုအကြား၌ ဘုရားသခင်ကို မြင်ခြင်း

သခင်ယေရှုခရစ်၏ သန်းရာပေါင်းများစွာသော အခြားနောက်လိုက်များ ကဲ့သို့ပင် ကျွန်ုပ်တို့သည် ကျမ်းစာထဲမှ ဥပဒေသများနှင့် ပညတ်ချက်များကို နာခံပြီး အသက်ရှင်သည်၊ သခင်ယေရှုခရစ်ထံမှလာသော များစွာသော ကျေးဇူးတော်၌ မွေ့လျော်ကြသည်၊ အတူတကွ စုဝေးပြီး ဆုတောင်းကြ၊ ချီးမွမ်းကြသည်၊ သခင်ယေရှုခရစ်၏ နာမ၌ အစေခံကြသည်။ ထိုအရာများ အားလုံးကို ကျွန်ုပ်တို့သည် သခင့်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှု အောက်၌ နေပြီး လုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့သည် အားနည်းသလို ခံစားရသော အချိန်များရှိပြီး အားကြီးသလို ခံစားရသော အချိန်များလည်း ရှိသည်။ ကျွန်ုပ်တို့၏ အပြုအမူများ အားလုံးသည် သခင်၏ သွန်သင်မှုများနှင့် အညီ ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည် ကောင်ကင်နိုင်ငံ၌ရှိသောအဖ၏ အလိုကို နာခံလိုက်လျှောက်ကြသည်ဟု ထုတ်မပြောသော်လည်း ကိုယ့်ကိုယ်ကို ထိုသို့လုပ်နေသည်ဟု ယုံကြည်ကြသည်။ သခင်ယေရှု ပြန်လာမည့် အချိန်ကို ကျွန်ုပ်တို့ တောင့်တကြငည်၊ သခင်ယေရှု ဘုန်းနှင့်တကွ ရောက်လာမည်ကိုလည်း တောင့်တသည်၊ လောက၌ ကျွန်ုပ်တို့၏ အသက် အဆုံးသတ်မည့်အချိန်ကိုလည်း တောင့်တသည့်အပြင်၊ နိုင်ငံတော် ပေါ်ထွန်းဖို့ကိုလည်း တောင့်တသည်၊ ဗျာဒိတ်ကျမ်း၌ ကြိုတင်ဟောထားသည့် အရာတိုင်းကိုလည်း ကျွန်ုပ်တို့ တောင့်တကြငည်။ သခင်ရောက်လာသည်၊ ဘေးအန္တရာယ်ကို ခေါ်ဆောင်လာသည်၊ ကောင်းသောသူများကို ဆုချီးမြှင့်ပြီး မတရားသောသူများကို ဒဏ်ပေးသည်၊ သူ့နောက်သို့ လိုက်ပြီး သူ့ကို တွေ့ဆုံဖို့အတွက် သူပြန်လာတာကို ကြိုဆိုသောသူအားလုံးကို အထက်သို့ ဆောင်ယူသည်။ ထိုအကြောင်းကို ကျွန်ုပ်တို့ စဉ်းစားတိုင်း ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားကြသည်။ ကျွန်ုပ်တို့သည် နောက်ဆုံးသော ကာလ၌ မွေးဖွားလာသူများ ဖြစ်သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်သည်၊ သခင် ပြန်လာတာကို မြင်တွေ့ခွင့်ရသည့် ကံကောင်းသူများ ဖြစ်သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့သည် ဖိနှိပ်မှုကို ခံစားခဲ့ရသော်လည်း "အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရ ဘုန်းအသရေ"ကို ရရှိဖို့အတွက် ခံရခြင်း ဖြစ်သည်။ ထိုသို့ ခံရခြင်းသည် ကောင်းကြီးမင်္ဂလာတစ်ပါးပင် ဖြစ်သည်။ သခင်ပေးသည့် ထိုသို့သော တောင့်တမှုနှင့် ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့သည် မကြာခဏဆိုသလို တည်ကြည်လေးနက်စွာနှင့် ဆုတောင်းကြသည်၊ အကြိမ်သာ၍များများ တစုတစည်းတည်း ဖြစ်လာကြသည်။ နောက်နှစ်လည်း ဖြစ်ချင် ဖြစ်မည်၊ မနက်ဖြန်လည်း ဖြစ်ချင်ဖြစ်မည်၊ ဒါမှမဟုတ် သိပ်မကြာခင်မှာတောင် ဖြစ်ချင်ဖြစ်မည်၊ လူ မျှော်လင့်မထားသော အချိန်၌ သခင်သည် ရုတ်တရက် ရောက်လာလိမ့်မည်၊ သူ့ကို အာရုံစိုက်ပြီး စောင့်မျှော်နေသော လူတစ်စု အကြား၌ ပေါ်လာလိမ့်မည်။ သခင်ကိုယ်ထင်ပြသည်ကို မြင်ရသော ပထမဦးဆုံး လူအုပ်ဖြစ်စေရန်နှင့် ချီဆောင်ခြင်း ခံရမည့် သူများထဲမှ တစ်ဦး ဖြစ်စေရန်အတွက် ကျွန်ုပ်တို့အားလုံးသည် နောက်ကျ ကျန်ခဲ့လိုခြင်း မရှိဘဲ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ပြိုင်နေကြသည်။ ဒီနေ့ရောက်လာဖို့အတွက် ကျွန်ုပ်တို့သည် ပေးဆပ်ရမည့်အရာကို အမှုမထားဘဲ အရာအားလုံးကို ပေးဆပ်ခဲ့ပြီးဖြစ်သည်။ တချို့က သူတို့၏ အလုပ်တွေကို စွန့်လွှတ်ခဲ့သည်၊ တချို့က သူတို့၏ မိသားစုများကို စွန့်လွှတ်ခဲ့ကြသည်၊ တချို့က သူတို့၏ အိမ်ထောင်ကို စွန့်လွှတ်ခဲ့ကြသည်၊ တချို့ဆိုလျှင် သူတို့ စုဆောင်းထားသမျှ အားလုံးကိုပင် ပေးလှူခဲ့ကြသည်။ ကိုယ်ကျိုးမငဲ့သော ဆက်ကပ်အပ်နှံမှုမျိုးပါတကား။ ထိုသို့သော ရိုးသားမှုနှင့် သစ္စာရှိမှုသည် အတိတ် ခေတ်အဆက်ဆက်က သူတော်စင်များထင်ပင် သာလွန်သောကြောင့် ဖြစ်မည်။ သခင်သည် သူ၏ ကျေးဇူးတော်အား သူပြချင်သည့် သူကို ပြသည်၊ သူ၏ ဂရုဏာအားလည်း သူထားချင်သောသူ အပေါ်၌ ထားသည်၊ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုနှင့် ဘုရားသခင်အဖို့ အသုံးခံမှုကို သူ့မျက်စိများက မြင်ပြီးဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နှလုံးသားထဲမှလာသော ဆုတောင်းချက်များသည်လည်း သခင်ယေရှု၏ နားသို့ ရောက်ပြီးဖြစ်သည်၊ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုအတွက် သခင်ယေရှုသည် ကျွန်ုပ်တို့ကို ဆုချလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့အပြင် ကမ္ဘာကြီးကို မဖန်ဆင်းမီ ကတည်းကပင် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ့ကျေးဇူးတော်ကို ပြခဲ့သည်။ ဘုရားသခင်ထံမှလာသော ကောင်းကြီးမင်္ဂလာနှင့် ကတိများကို ကျွန်ုပ်တို့ထံမှ မည်သူကမျှ ယူသွားမည် မဟုတ်။ ကျွန်ုပ်တို့အားလုံးသည် အနာဂတ်အတွက် အစီအစဉ်ဆွဲနေကြသည်၊ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုနှင့် ဘုရားသခင်အဖို့ အသုံးခံမှုသည် အထက်သို့ ချီဆောင်ခြင်းခံရပြီး သခင်နှင့် တွေ့ဖို့ ညှိနှိုင်းရန် အသုံးပြုနိုင်သော အရာများဖြစ်ကြောင်းကို အသိအမှတ်မပြုဘဲ နေနေကြသည်။ ထို့အပြင် နည်းနည်းလေးမျှပင် မတွန့်ဆုတ်ဘဲ ကျွန်ုပ်တို့သည် အနာဂတ် ပလ္လင်ပေါ်၌ ကိုယ့်ကိုယ်ကို ထားကြသည်၊ နိုင်ငံများအားလုံးနှင့် လူအားလုံး အထက်၌နေကြသည် (သို့) ရှင်ဘုရင်များအဖြစ် စိုးစံကြသည်။ ထိုအရာများအားလုံးကို အလိုလိုရသောအရာများ၊ ကျွန်ုပ်တို့ ရဖို့ မျှော်လင့်သင့်သည့် အရာများအဖြစ် သဘောထားကြသည်။

သခင်ယေရှုကို ဆန့်ကျင်သူအားလုံးကို ကျွန်ုပ်တို့က မတူမတန်ဟု သဘောထားကြသည်။ ထိုသို့ဆန့်ကျင်သူ အားလုံးသည် အမြစ်ဖြတ်ခြင်း ခံရမည့် သူများ ဖြစ်သည်။ သခင်ယေရှုကို ကယ်တင်ရှင်လို့ မယုံနဲ့ဟု သူတို့ကို ဘယ်သူက ပြောခဲ့သလဲ။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် သခင်ယေရှုထံမှ သင်ယူပြီး လောကကို မေတ္တာဂရုနာထားသော အချိန်များရှိပါသည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် နားမလည်ကြသောကြောင့်၊ ကျွန်ုပ်တို့သည်လည်း သူတို့ကို သည်းခံနိုင်စွမ်းရှိပြီး ခွင့်လွှတ်သင့်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ လုပ်သမျှအားလုံးသည် ကျမ်းစာထဲမှ ဘုရားသခင်၏ နှုတ်ထွက် စကားများနှင့်အညီ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ကျမ်းစာနှင့် မကိုက်သော အရာမှန်သမျှသည် မိစ္ဆာဒိဋ္ဌိအယူဖြစ်သောကြောင့် ဖြစ်သည်၊ မိစ္ဆာဂိုဏ်းဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ တစ်ယောက်စီတိုင်း၏ စိတ်ထဲ၌ နက်ရှိုင်းစွာ ထိုသို့ ယုံကြည်လက်ခံထားသည်။ ကျွန်ုပ်တို့၏ သခင်သည် ကျမ်းစာဖြစ်သည်။ ကျွန်ုပ်တို့ ကျမ်းစာကို မစွန့်လျှင် သခင့်ကိုလည်း စွန့်မိလိမ့်မည် မဟုတ်။ ထိုမူအတိုင်း ကျွန်ုပ်တို့ အသက်ရှင်လျှင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည် ဖြစ်သည်။ ကျွန်ုပ်တို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် အားပေးကြသည်၊ ပံ့ပိုးကူညီကြသည်။ အတူတကွ စုဝေးတိုင်း ကျွန်ုပ်တို့ ပြောသမျှနှင့် လုပ်သမျှတိုင်းသည် သခင့်အလိုနှင့် အညီဖြစ်ဖို့၊ သခင် လက်ခံသော အရာဖြစ်ဖို့ ကျွန်ုပ်တို့ မျှော်လင့်ကြသည်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်သည် အလွန်ပင် ရန်လိုသော်လည်း ကျွန်ုပ်တို့၏ နှလုံးသားများသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်နေသည်။ ကောင်းကြီးမင်္ဂလာများသည် ထိုသို့ အလွယ်တကူ လက်လှမ်းမှီနိုင်သော အနီးအပါး၌ ရှိနေကြောင်းကို ကျွန်ုပ်တို့ သိသောအခါ၌ ကျွန်ုပ်တို့ မစွန့်လွှတ်နိုင်သောအရာ ဘာမျှ မရှိဘူး မဟုတ်လား။ ကျွန်ုပ်တို့ စွန့်လွှတ်နိုင်စွမ်းမရှိသောအရာ ဘာမျှ မရှိဘူး မဟုတ်လား။ ထိုအရာအားလုံးသည် မမြင်နိုင်သော အရာများ ဖြစ်သော်လည်း ဘုရားသခင်၏ မျက်စိသည် အားလုံးကို ကြည့်ရှုနေပါသည်။ နောက်ချေးပုံထဲမှ ဆွဲတင်ခြင်းခံခဲ့ရသော ချို့တဲ့သူ လူနည်းစု ဖြစ်သည့် ကျွန်ုပ်တို့သည် သခင်ယေရှု၏ နောက်သို့ လိုက်ကြသော သာမန်နောက်လိုက်များ အားလုံးနှင့် အတူတူပင်ဖြစ်သည်။ ချီဆောင်ခြင်း ခံရဖို့၊ ကောင်းကြီးပေးခြင်း ခံရဖို့၊ တိုင်းနိုင်ငံများ အားလုံးကို အုပ်စိုးဖို့ ကျွန်ုပ်တို့ အိမ်မက်မက်ကြသည်။ ကျွန်ုပ်တို့၏ အကျင့်ပျက်မှုသည် ဘုရားသခင်၏ မျက်စိရှေ့၌ ထင်ရှားလျက် ရှိသည်၊ ဘုရားသခင်၏ မျက်စိထဲတွင် ကျွန်ုပ်တို့၏ အလိုဆန္ဒများနှင့် လောဘသည် ပြစ်တင်ရှုတ်ချခြင်း ခံရသည့် အရာများဖြစ်သည်။ သို့သော် ထိုသို့ ဖြစ်ခြင်းသည် ရိုးရိုးရှင်းရှင်းနှင့် အကျိုးသင့် ကြောင်းသင့် ဖြစ်ခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့ထဲတွင် မည်သူကမျှ ကျွန်ုပ်တို့၏ တောင့်တမှုများ မှန်၊ မမှန်ကို သံသယ မဝင်ပါ၊ ကျွန်ုပ်တို့ စွဲကိုင် ယုံကြည်ထားသော အရာများ၏ တိကျမှုကို ဆိုလျှင် သာ၍ပင် သံသယ မဝင်ပါ။ ဘုရားသခင်၏ အလိုကို မည်သူ သိနိုင်သနည်း။ လူ လျှောက်လှမ်းသည့် လမ်းအား ရှာဖွေရမည်ကို၊ စူးစမ်းရမည်ကို (သို့) လူ လျှောက်လှမ်းသည့် လမ်းသည် ကျွန်ုပ်တို့နှင့် ဆိုင်သော အရာဖြစ်ကြောင်းကိုပင် ကျွန်ုပ်တို့ မသိပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ချီဆောင်ခြင်း ခံရမည့်သူများ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလား၊ ကောင်းကြီးမင်္ဂလာ ရနိုင်လား၊ မရနိုင်ဘူးလား၊ ကောင်းကင်နိုင်ငံ၌ ကျွန်ုပ်တို့အတွက် နေရာ တစ်နေရာ ရှိလား၊ မရှိဘူးလား၊ အသက်ရေစီးသောမြစ်မှ ရေနှင့် အသက်ပင်မှ အသီးကို ကျွန်ုပ်တို့လည်း ရမည်လား၊ မရဘူးလား စသည့် အကြောင်းအရာတို့ကိုသာ ကျွန်ုပ်တို့ စိတ်ဝင်စားသောကြောင့် ဖြစ်သည်။ ထိုအရာများကို ရလိုသောကြောင့် သခင့်ကို ကျွန်ုပ်တို့ ယုံကြည်တာ၊ သခင့်နောက်သို့ လိုက်ကြတာ မဟုတ်လား။ ကျွန်ုပ်တို့၏ အပြစ်များကို ဘုရားသခင်က ခွင့်လွှတ်ပြီး ဖြစ်သည်။ အပြစ်များကို ကျွန်ုပ်တို့ ဝန်ချတောင်းပန်ပြီးဖြစ်သည်။ ခါးသော စပြစ်ရည်ကို ကျွန်ုပ်တို့ သောက်ပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် လက်ဝါးကားတိုင်ကိုလည်း ကျွန်ုပ်တို့၏ ကျောပေါ်၌ ထင်ထားပြီးဖြစ်သည်။ ကျွန်ုပ်တို့ ပေးဆပ်သော အဖိုးအခကို သခင်က လက်ခံမည် မဟုတ်ဟု မည်သူ ပြောနိုင်သနည်း။ ကျွန်ုပ်တို့သည် ဆီကို လုံလုံလောက်လောက် မပြင်ဆင်ထားရသေးဟု မည်သူ ပြောနိုင်သနည်း။ မိုက်မဲသော သတို့သမီးအရန်များ ကဲ့သို့ (သို့) စွန့်ပစ်ခြင်းခံရသူ တစ်ဦး ကဲ့သို့ ကျွန်ုပ်တို့ မဖြစ်လိုပါ။ ထို့အပြင် ကျွန်ုပ်တို့သည် ခရစ်တော်အတု၏ လှည့်စားမှုကို မခံရအောင် ကာကွယ်ပေးဖို့ သခင့်ကို မကြာခဏဆိုသလို ဆုတောင်းပြီး တောင်းဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာက "ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြကြလိမ့်မည်။"ဟု ပြောထားသောကြောင့် ဖြစ်သည်။ ကျမ်းစာထဲမှ ထိုကျမ်းချက်များကို ကျွန်ုပ်တို့ အလွတ် ကျက်မှတ်ထားပြီး ဖြစ်သည်၊ ထိုကျမ်းချက်များကို နောက်ကျေနေပြီ ဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့သည် ထိုကျမ်းချက်များကို တန်ဖိုးကြီးသော ရတနာအဖြစ်၊ အသက်အဖြစ်၊ ချီဆောင်ခြင်းခံရဖို့နှင့် ခံတင်ခြင်းခံရဖို့အတွက် ရှိရမည့် အထောက်အထားများ အဖြစ် မြင်သည်။

အသက်ရှင်သော လူများသည် မိမိတို့၏ အလိုဆန္ဒများနှင့် အိမ်မက်များကို မိမိတို့နှင့်အတူ တပါတည်းယူဆောင်ပြီး အသက်သေဆုံးကြသည်မှာ နှစ်ပေါင်းထောင်နှင့် ချီပြီဖြစ်သည်။ ကောင်းကင်နိုင်ငံသို့ သူတို့ ရောက်၊ မရာက်ကိုလည်း ဘယ်သူမှ အမှန်တကယ် မသိပေ။ သေသောသူများ ပြန်လည် ရောက်လာကြသော်လည်း တချိန်ကဖြစ်ခဲ့သည့် အကြောင်းအရာများ အားလုံးကို မေ့သွားကြသည်။ သို့သော် သူတို့သည် ဘိုးဘေးတို့၏ သွန်သင်မှုများနှင့် ဘိုးဘေးတို့၏ လမ်းကို ဆက်လက် လျှောက်လှမ်းနေကြသေးသည်။ ရက်များနှင့် နှစ်များ ကုန်လွန်လာသောအခါ ကျွန်ုပ်တို့၏ သခင်ယေရှု ဖြစ်သူ ကျွန်ုပ်တို့၏ ဘုရားသခင်သည် ကျွန်ုပ်တို့ လုပ်သမျှအားလုံးကို အမှန်တကယ် လက်ခံလား၊ လက်မခံဘူးလားကို မည်သူမျှ မသိပေ။ ကျွန်ုပ်တို့သည် အဆုံးသတ်တစ်ခုကိုသာ ရိုးရိုးလေး ကြည့်ကြပြီး ဖြစ်လာမည့် အရာအားလုံးကို မှန်းဆကြသည်။ သို့သော် ဘုရားသခင်သည် ဆက်လက်၍ တိတ်ဆိတ်စွာနေသည်၊ ကျွန်ုပ်တို့ကို တခါမျှ ကိုယ်ထင်မပြ၊ စကားလည်း ပြောပေ။ ထို့ကြောင့် အပြောရခက်စွာဖြင့် ကျွန်ုပ်တို့သည် ကျမ်းစာနှင့် နိမိတ်လက္ခဏာများအတိုင်း ဘုရားသခင်၏ အလိုနှင့် ဘုရားသခင်၏ စိတ်သဘောထားကို ဝေဖန်ကြသည်။ ဘုရားသခင် တိတ်ဆိတ်စွာနေသည်ကို ကျွန်ုပ်တို့ နေသားကျနေကြပြီဖြစ်သည်။ ကျွန်ုပ်တို့၏ အပြုအမူများ မှန်၊ မမှန်ကို ကိုယ်ပိုင်အတွေးအခေါ်ကို အသုံးပြုပြီး တိုင်းတာရသည်ကိုလည်း ကျွန်ုပ်တို့ နေသားကျနေကြပြီဖြစ်သည်။ ကျွန်ုပ်တို့ထံမှ ဘုရားသခင် တောင်းဆိုသော အရာများ၏ နေရာ၌ ကျွန်ုပ်တို့၏ အသိပညာ၊ အယူအဆများနှင့် ကိုယ်ကျင့်တရားများကို အစားထိုးထားသည်ကိုလည်း ကျွန်ုပ်တို့ နေသားကျနေကြပြီဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်၌ မွေ့လျော်ခြင်းကိုလည်း ကျွန်ုပ်တို့၏ နေသားကျနေကြပြီ ဖြစ်သည်။ ကျွန်ုပ်တို့ လိုအပ်တိုင်း ဘုရားသခင်က ကျွန်ုပ်တို့အား ထောက်ပံ့သည်ကိုလည်း ကျွန်ုပ်တို့ နေသားကျနေကြပြီဖြစ်သည်။ အရာအားလုံးအတွက် ဘုရားသခင်ထံ လက်ဖြန့်ရသည်ကိုလည်း ကျွန်ုပ်တို့ နေသေားကျနေကြပြီ ဖြစ်သည်၊ ဘာသာရေး အယူဝါများ နောက်သို့ လိုက်ခြင်းသည်လည်း ကျွန်ုပ်တို့ နေသားကျနေသော အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်တို့အား မည်သို့ ဦးဆောင်နေသည်ကို ဂရုမစိုက်ဘဲနေခြင်းကိုလည်း ကျွန်ုပ်တို့ နေသားကျနေကြပြီဖြစ်သည်။ အထူးသဖြင့် ကိုယ့်ဘဝအတွက် ကိုယ်သာလျှင် သခင်ဖြစ်သည့် နေရက်များသည်လည်း ကျွန်ုပ်တို့ နေသားကျနေသော နေ့ရက်များ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ပေးသော ဘုရားသခင်ကို တကြိမ်တခါမျှ မတွေ့ဖူးသော်လည်း ကျွန်ုပ်တို့သည် ယုံကြည်ကြသည်။ 'ဘုရားသခင်၏ စိတ်သဘောထားက ဘယ်လိုလဲ၊ ဘုရားသခင်က ဘာတွေကို ပိုင်ဆိုင်လဲ၊ ဘုရားသခင်က ဘယ်လိုဘုရားလဲ၊ သူ့ရဲ့ အသွင်သဏ္ဍန်က ဘယ်လိုလဲ၊ သူလာတဲ့အခါ ကျွန်ုပ်တို့သူ့ကို သိမလား၊ မသိဘူးလား'စသည့် မေးခွန်းများသည် အရေးမကြီးသော မေးခွန်းများ ဖြစ်သည်။ ကျွန်ုပ်တို့၏ နှလုံးသားထဲ၌ ဘုရားသခင် ရှိနေဖို့၊ သူ့ကို ကျွန်ုပ်တို့ အားလုံး စောင့်နေဖို့၊ သူက ဘယ်လိုမျိုးသူလဲ ဆိုတာကို ကျွန်ုပ်တို့ စိတ်ကူးဖြင့် ပုံဖော်နိုင်စွမ်းရှိဖို့သာ အရေးကြီးသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အသိအမှတ်ပြုသည်၊ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာကို တန်ဖိုးထားသည်။ ကျွန်ုပ်တို့သည် အခြားအရာအားလုံးကို နောက်ချေးကဲ့သို့ သဘောထားပြီး ခြေအောက်၌ ထားသည်။ ကျွန်ုပ်တို့သည် ဘုန်းကြီးသော သခင်၏ နောက်လိုက်များ ဖြစ်သောကြောင့် ခရီးလမ်း မည်မျှပင် ရှည်ကြာပြီး ခက်ခဲကြမ်းတမ်းသည်ဖြစ်စေ၊ မည်သို့သော အခက်အခဲများ၊ အန္တရာယ်များနှင့် ကြုံတွေ့ရသည်ဖြစ်စေ၊ မည်သည့်အရာကမျှ သခင့်နောက်သို့ လိုက်နေသော ကျွန်ုပ်တို့၏ ခြေလှမ်းများကို မရပ်စေနိုင်ပေ။ "တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသူငယ်၏ ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာ မြစ်ကို ကောင်းကင်တမန်သည် ငါ့အား ပြလေ၏။ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်း ပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာတို့ ဖြစ်၏။ နောက်တဖန် ကျိန်ခြင်းဘေး တစုံတခုမျှ မရှိ။ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသူငယ်၏ ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ မျက်နှာတော်ကို မြင်ရ၍ သူတို့နဖူး၌လည်း နာမတော် ရေးထားလျက် ရှိလိမ့်မည်။ ထိုမြို့၌ ညဉ့်မရှိရ။ ဆီမီးကို အလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍၊ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။" ဤသီချင်းစာသားများကို ကျွန်ုပ်တို့ သီဆိုတိုင်း ကျွန်ုပ်တို့၏ နှလုံးသားသည် ထူးကဲသော ဝမ်းမြောက်ခြင်း၊ ကျေနပ်ခြင်းနှင့် ပြည့်သွားပြီး ကျွန်ုပ်တို့၏ မျက်ဝန်းမှလည်း မျက်ရည်များ ကျလေ့ရှိသည်။ ကျွန်ုပ်တို့ကို ရွေးချယ်သည့်အတွက် သခင့်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ပါသည်၊ သခင့်ကျေးဇူးတော်အတွက်လည်း ကျေးဇူးတင်ပါသည်။ ယခု လက်ရှိအချိန်၌ သူသည် ကျွန်ုပ်တို့ကို အဆတစ်ရာ ပေးပြီးဖြစ်သည်၊ နောင်လာမည့် ကမ္ဘာ၌လည်း ကျွန်ုပ်တို့အတွက် ထာဝရအသက်ကို ပေးပြီး ဖြစ်သည်။ အကယ်၍ သူက ကျွန်ုပ်တို့ကို အခုသေဖို့ ပြောလျှင်လည်း နည်းနည်းလေးမျှ မညည်းညူဘဲ သူပြောသည့်အတိုင်း လုပ်မှာ ဖြစ်သည်။ သခင်၊ ကျေးဇူးပြု၍ ကျွန်ုပ်တို့ထံ သိပ်မကြာခင်မှာ လာပါ။ တစ်မိနစ်တောင် ထပ်ပြီး နောက်မကျပါနှင့်၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ သင့်ကို တောင့်တသောကြောင့် သင့်အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။

ဘုရားသခင်သည် တိတ်ဆိတ်စွာနေ လျက်ရှိပြီး ကျွန်ုပ်တို့ကို တစ်ကြိမ်တစ်ခါမျှ ကိုယ်ထင် မပြဖူးပေ၊ သို့သော် သူ့အလုပ်သည် တစ်ကြိမ်တစ်ခါမျှ မရပ်တန့်သေးပေ။ ဘုရားသခင်သည် မြေကြီး ရှိသမျှကို ကြည့်ရှုနေသည်၊ အရာအားလုံးကိုလည်း အမိန့်ပေးသည်၊ လူပြောသမျှ စကားအားလုံးနှင့် လုပ်သမျှအရာအားလုံးကိုလည်း မြင်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် သူ၏ အစီအစဉ်အတိုင်း ဖြစ်ပြီး အဆင့်များဖြင့် လုပ်ဆောင်သည့် အရာဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ရင်ဖိုစရာကောင်းသည့် အကျိုးဆက်များ မရှိဘဲ တိတ်တဆိတ် ရှေ့ဆက်လျက်ရှိသည်။ သို့သော် ဘုရားသခင်၏ ခြေလှမ်းများသည် လူသားတို့နှင့် ပို၍ နီးကပ်လာလျက်ရှိသည်။ သူ၏ တရားစီရင်သည့်ပလ္လင်ကိုလည်း အလင်း၏ မြန်နှုန်းဖြင့် စကြဝဠာ၌ တည်မည်ဖြစ်သည်။ ထို့နောက် သူ၏ ပလ္လင်သည်လည်း ကျွန်ုပ်တို့ အကြားတွင် ချက်ချင်း ဆင်းသက်လာမည် ဖြစ်သည်။ ထိုမြင်ကွင်းသည် ဘုန်းတန်ခိုးကြီးသော မြင်ကွင်းပါတကား၊ ခန့်ညားသော၊ လေးနက်သော ရင်ဖိုဖွယ် မြင်ကွင်းပါတား။ ချိုးငှက်ကဲ့သို့သာမက ဟိန်းနေသော ခြင်္သေ့ကဲ့သို့ ဝိညာဉ်တော်သည် ကျွန်ုပ်တို့အားလုံး အကြားသို့ ရောက်လာသည်။ ဝိညာဉ်တော်သည် ပညာရှိပြီး၊ ဖြောင့်မတ်သည်၊ ဘုန်းတန်ခိုးရှိသည်။ သြဇာအာဏာရှိပြီး ချစ်ခြင်းမေတ္တာ၊ ကရုဏာတို့နှင့် ပြည့်လျက်ရှိသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့ အကြားသို့ တိတ်ဆိတ်စွာ ရောက်လာသည်။ ဝိညာဉ်တော် ရောက်လာသည်ကို မည်သူမျှ သတိမထားမိကြ၊ မည်သူကမျှလည်း ဝိညာဉ်တော်ကို မကြိုဆိုကြ၊ ထို့အပြင် ဝိညာဉ်တော် လုပ်ဆောင်မည့် အရာအားလုံးကို မည်သူမျှ မသိကြပေ။ လူ၏ အသက်တာသည် ပြောင်းလဲခြင်း မရှိပေ။ သူ့နှလုံးသားသည်လည်း မပြောင်းလဲဘဲ ခါတိုင်းလိုပင် ဖြစ်နေပြီး နေ့ရက်များသာ ကုန်ဆုံးသွားသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အကြား၌ သာမန်လူတစ်ယောက်အနေနှင့်၊ ထင်ရှားမှု မရှိဆုံး နောက်လိုက်တစ်ဦး အနေနှင့် သာမက သာမန်ယုံကြည်သူတစ်ဦး အနေနှင့် နေထိုင်လျက် ရှိသည်။ သူ့မှာ ကိုယ်ပိုင် ရှာဖွေနေသည့်အရာများ၊ ကိုယ်ပိုင် ပန်းတိုင်များရှိသည့်အပြင် သာမန်လူများ၌ မရှိသည့် ဘုရား၏ အရည်အသွေးများ ရှိသည်။ သူ့မှာ ဘုရား၏ အရည်အသွေးများ ရှိကြောင်းကို မည်သူမျှ သတိမပြုမိသေးပေ၊ သူ၏ သဘာဝဗီဇနှင့် လူ၏ သဘာဝဗီဇတို့ အကြားရှိ ခြားနားမှုကိုလည်း မည်သူကမျှ မသိမြင်သေးပေ။ သူ့ကို မထင်ရှားသည့် ယုံကြည်သူတစ်ဦးဟုသာ မြင်သောကြောင့် ကျွန်ုပ်တို့သည် ချုပ်တည်းခြင်း မရှိ၊ ကြောင်းရွံ့ခြင်း မရှိဘဲ သူနှင့်အတူ နေထိုင်လျက်ရှိသည်။ သူသည် ကျွန်ုပ်တို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်၊ ကျွန်ုပ်တို့၏ အတွေးများနှင့် အယူအဆများသည်လည်း သူ့ရှေ့တွင် ထင်ရှားလျက်ရှိသည်။ သူ၏ တည်ရှိမှုကို မည်သူကမျှ စိတ်မဝင်စားကြ၊ သူ၏အလုပ်သည်လည်း မည်သို့သော အလုပ်ဖြစ်ကြောင်းကို မည်သူကမျှ စိတ်ကူးဖြင့် ပုံမဖော်ကြည့်ကြ။ ထို့အပြင် မည်သူက သူဖြစ်မလဲ ဆိုတာကိုလည်း တစ်ဦးတစ်ယောက်ကမျှ သံသယမဝင် သေးပေ။ သူနှင့် ကျွန်ုပ်တို့ ဘာမျှ မဆိုင်သလို သဘောထားပြီး ကျွန်ုပ်တို့သည် ကိုယ်တိုင် ရှာဖွေနေသည့် အရာများ နောက်သို့ ဆက်လိုက်၍သာ နေကြသည်။

သန့်ရှင်းသော ဝိညာဉ်တော်သည် မရည်ရွယ်ဘဲ သူ့အားဖြင့် စာတစ်ပိုဒ်ကို ဖော်ပြသည်။ လုံးဝ မျှော်လင့်မထားဟု ခံစားရသော်လည်း ထိုစကားသည် ဘုရားသခင်၏ နှုတ်မှထွက်သော စကားဖြစ်ကြောင်းကို ကျွန်ုပ်တို့ သိကြသည်၊ ဘုရားသခင်ထံမှလာသော စကားအဖြစ် အဆင်သင့် လက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားများကို မည်သူက ဖော်ပြသည်ဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသော စကားများဖြစ်နေသရွေ့ ကျွန်ုပ်တို့က လက်ခံသင့်သောကြောင့်၊ မငြင်းပယ်သင့်သောကြောင့် ဖြစ်သည်။ နောက်ထပ်ပြောမည့် စကားသည် ကျွန်ုပ်အားဖြင့် ဖြစ်နိုင်သလို သင့်အားဖြင့်သော်လည်းကောင်း သူ့အားဖြင့်သော်လည်းကောင်း ဖြစ်နိုင်သည်။ မည်သူ့အားဖြင့် ပြောသည် ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ မည်သူက ကျွန်ုပ်တို့ အကြား၌ နေထိုင်လျက်ရှိသော ဘုရားသခင် ဖြစ်နေပါစေ၊ ကျွန်ုပ်တို့သည် သူတို့ကို မကိုးကွယ်သင့်ပါ။ တခြားဘာပဲ ဖြစ်နေ၊ ဖြစ်နေ သူတို့သည် ဘုရားသခင်ထံမှ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဒီလို သာမန်လူတစ်ယောက်ကို မည်သည့် နည်းနှင့်မျှ ကျွန်ုပ်တို့၏ ဘုရားသခင် အဖြစ် ရွေးချယ်လို့ မရပါ။ ကျွန်ုပ်တို့၏ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန်ရိုသေအပ်သူဖြစ်သည်။ အလွန်မထင်ရှားသောသူ တစ်ဦးက ဘုရားသခင်ကို ကိုယ်စားပြုနိုင်သူ မည်သို့ဖြစ်နိုင်ပါမည်​နည်း။ ထို့အပြင် ဘုရားသခင် ပြန်ရောက်လာပြီး ကောင်းကင်နိုင်ငံသို့ ကျွန်ုပ်တို့အား ပြန်ခေါ်သွားသည်ကို ကျွန်ုပ်တို့အားလုံး စောင့်မျှော်နေကြသည်။ ထို့ကြောင့် အလွန်မထင်ရှားသောသူ တစ်ဦးက ထိုသို့ အရေးကြီးပြီး ခက်ခဲကြမ်းတမ်းသော လုပ်ငန်းတာဝန်တစ်ခုကို လုပ်ဖို့ အရည်အချင်းနှင့် ပြည်စုံသူ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ သခင် နောက်တစ်ကြိမ် ပြန်လာလျှင် အားလုံးမြင်ရသည့် အဖြူရောင်တိမ်ပေါ်၌ ဖြစ်မှာ သေချာသည်။ ဘုန်းအသရေနှင့် ပြည့်စုံသော မြင်ကွင်းဖြစ်လိမ့်မည်။ သာမန်လူတစ်စုအကြားတွင် သူသည် မည်သို့ တိတ်ဆိတ်စွာ ပုန်းနေနိုင်သနည်း။

ကျွန်ုပ်တို့အား ကယ်တင်သည့် အလုပ်သစ်ကို လုပ်ဆောင်နေသူသည် လူများအကြား၌ ပုန်းနေသော ထိုသာမန်လူပင် ဖြစ်သည်။ သူသည် ကျွန်ုပ်တို့အတွက် ဘာကိုမျှ မရှင်းပြပါ၊ သူဘာကြောင့် ကျွန်ုပ်တို့ထံ လာကြောင်းကိုလည်း မပြောပြပါ။ သူ၏ အစီအစဉ်အတိုင်း လုပ်လိုသည့် အလုပ်ကိုသာ တစ်ဆင့်ခြင်း လုပ်နေသည်။ သူပြောသော စကားများ ပိုများလာသည်၊ သူ၏ပြောဆိုမှုများ ပိုများလာသည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ သတိရစေခြင်း၊ သတိပေးခြင်းမှအစ အပြစ်တင်ခြင်း၊ ဆုံးမခြင်းတို့အပါအဝင်၊ သိမ်မွေ့၍ ဂရုဏာပါသော လေသံမှအစ ခက်ထန်၍ ဘုန်းတန်ခိုးရှိသော စကားများ အပါအဝင် အားလုံးသည် လူ၏အထဲ၌ ဂရုဏာတရားနှင့် အကြောက်တရားကို ဖြစ်စေသည်။ သူပြောသမျှအားလုံးသည် အလွန်ထိသည်၊ ကျွန်ုပ်တို့ အထဲရှိ နက်ရှိုင်းသော နေရာ၌ ဖွက်ထားသော လျှို့ဝှက်ချက်များ အထိကို ရောက်သည်၊ သူ့စကားများသည် ကျွန်ုပ်၏ နှလုံးသားနှင့် ဝိညာဉ်တို့ကို စူးသည့်အပြင် ကျွန်ုပ်တို့ကို အရှက်ရစေသည်၊ အရှက်ကွဲစေသည်။ ထိုသူ၏ နှလုံးသားထဲ၌ ရှိသော ဘုရားသခင်သည် အမှန်တကယ် ကျွန်ုပ်တို့ကို ချစ်၊ မချစ်ကိုသာမက သူဘာကို လုပ်ချင်တာလဲဆိုတာကို ကျွန်ုပ်တို့ သေသေချာချာ သိလိုစိတ်ရှိလာကြသည်။ ထိုသို့သော နာကျင်မှုကို ခံရပြီးမှ ကျွန်ုပ်တို့ ချီဆောင်းခြင်းခံရမှာ ဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ ဦးခေါင်းများထဲ၌ ကျွန်ုပ်တို့သည် ရောက်မည့် ပန်းတိုင်နှင့် ကျွန်ုပ်တို့၏ အနာဂတ် ကံကြမ္မာအကြောင်းကို တွက်ချက်နေကြသည်။ သို့သော် ဘုရားသခင်သည် လူဇာတိကို ခံယူပြီး ကျွန်ုပ်တို့ အကြား၌ အလုပ်လုပ်နေသည်ဟု ကျွန်ုပ်တို့အထဲတွင် မည်သူကမှ မယုံကြည်ကြသေးပေ။ သူသည် ကျွန်ုပ်တို့နှင့် အတူရှိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်သာမက ကျွန်ုပ်တို့နှင့် မျက်နှာချင်းဆိုင်ပြီး စကားများစွာ ပြောဆိုပြီး ဖြစ်သော်လည်း ကျွန်ုပ်တို့သည် သာမန်လူတစ်ယောက်ကို ကျွန်ုပ်တို့၏ အနာဂတ် ဘုရားသခင်အဖြစ် လက်ခံလိုခြင်း မရှိသေးပေ။ အလွန်ပင် မထင်ရှားသောသူတစ်ဦးထံ၌ ကျွန်ုပ်တို့၏ အနာဂတ်နှင့် ကံကြမ္မာကို အပ်နှံလိုစိတ် သာ၍ပင် မရှိကြပေ။ ကျွန်ုပ်တို့သည် သူထံမှ အသက်ရေကို အဆုံးမရှိသော အထောက်အပံ့ အဖြစ် ရသည်။ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် အသက်ရှင်နေရသည့်အတွက် သူ့ကို ကျွန်ုပ်တို့ ကျေးဇူးတင်ကြသည်။ ကျွန်ုပ်တို့သည် ကောင်းကင်ဘုံ၌ ရှိသော သခင်ယေရှု၏ ကျေးဇူးတော်အတွက်သာ ကျေးဇူးတင်နေကြသည်၊ ဘုရားဖြစ်သည့် ထိုသာမာန်လူ၏ ခံစားချက်များကိုတော့ တစ်ခါမျှ အာရုံမစိုက်ကြသေးပေ။ နှိမ့်ချစွာဖြင့် လူဇာတိကို ခံကာ ပုန်းကွယ်လျက်နေပြီး၊ သူ့နှလုံးသားထဲမှ အသံကို ဖော်ပြလျက်နေပြီး၊ လူသားများက သူ့ကို လက်မခံဘဲနေသည်ကို သူက ဘာမျှမဖြစ်သလို နေနေသည်ဟု ထင်ရသည်။ လူ၏ ကလေးဆန်မှုနှင့် မသိနားမလည်မှုကို သိသိသာသာပင် အစဉ်ထာဝရ ခွင့်လွှတ်လျက်နေပြီး၊ သူ့ကို လူက မလေးစားသည်ကိုလည်း သည်းခံလျက်နေကာ သူသည် သူ့အလုပ်ကို ဆက်လုပ်နေသေးသည်။

ကျွန်ုပ်တို့ မသိဘဲ၊ မထင်ရှားသော ထိုသူသည် ကျွန်ုပ်တို့ကို ဘုရားသခင်၏ လုပ်ငန်းထဲသို့ တစ်လှမ်းပြီး တစ်လှမ်း ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ရင်ဆိုင် ဖြတ်သန်းရသည်၊ မရေတွက်နိုင်သော ဆုံးမမှုများကို ခံရသည်၊ သေခြင်းတရားနှင့် စမ်းသပ်တာကိုလည်း ခံရသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းကြီးသော စိတ်သဘောထားကို ကျွန်ုပ်တို့ သင်ယူသိရှိကြသည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဂရုဏာ၌လည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ တန်ခိုးကြီးမှုနှင့် ဉာဏ်ပညာကိုလည်း အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု အကြောင်းကိုလည်း သက်သေခံကြသည်၊ လူကို ကယ်တင်လိုသော ဘုရားသခင်၏ တက်ကြွသည့် ဆန္ဒကိုလည်း မြင်တွေ့ကြသည်။ ထိုသာမန်လူ၏ စကားများအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သဘာဝဗီဇကို သိလာကြသည်၊ ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝနှင့် ဗီဇကို သိလာကြသည်၊ ကယ်တင်ခြင်းနှင့် စုံလင်ခြင်းကို ရရှိမည့်လမ်းကိုလည်း မြင်လာကြသည်။ သူ့စကားများက ကျွန်ုပ်တို့ကို သေစေပြီး အသစ်တဖန် ပြန်မွေးဖွားစေသည်။ သူ့စကားများက ကျွန်ုပ်တို့ကို သက်သာမှုလည်း ပေးသည်၊ ကျိုးပဲ့ပြီး အပြစ်ရှိကြောင်း ခံစားရစေသလို၊ သူ့အပေါ် ကြွေးတင်သည့် ခံစားချက်ကိုလည်း ဖြစ်စေသည်။ သူ့စကားများက ကျွန်ုပ်တို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ပေးသည့်အပြင် အလွန်နာကျင်မှုကိုလည်း ပေးသည်။ တခါတရံတွင် ကျွန်ုပ်တို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်သည်။ တခါတရံတွင် ကျွန်ုပ်တို့သည် သူတန်ဖိုးအထားဆုံးသူများ ကဲ့သို့ ဖြစ်ပြီး သူ၏ ချစ်ခြင်းမေတ္တာနှင့် ခင်တွယ်မှု၌ ပျော်မွေ့ကြသည်။ တခါတရံတွင်မူ ကျွန်ုပ်တို့သည် သူ့မျက်စိရှေ့တွင် သူ့ဒေါသကြောင့် ပြာမှုန့်ဖြစ်သွားသည့် သူ့ရန်သူများကဲ့သို့ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သူကယ်တင်တာကို ခံရသည့် လူသားများ ဖြစ်သည်၊ သူ၏ မျက်စိထဲ၌ ကျွန်ုပ်တို့သည် လောက်ကောင်များ ဖြစ်ကြသည်၊ နေ့ရော ညပါ သူရှာဖွေဖို့ စဉ်းစားနေသည့် ပျောက်သော သိုးများ ဖြစ်ကြသည်။ သူသည် ကျွန်ုပ်တို့ အပေါ်၌ ဂရုဏာထားသည်၊ ကျွန်ုပ်တို့ကို စက်ဆုပ်ရွံရှာသည်၊ ကျွန်ုပ်တို့ကို မြှင့်တင်ပေးသည်၊ နှစ်သိမ့်သည်၊ တိုက်တွန်းသည်၊ လမ်းပြသည်၊ ဉာဏ်အလင်းရစေသည်၊ ဆုံးမသည်၊ စည်းကမ်းကျပ်မတ်သည်၊ ထို့အပြင် ကျွန်ုပ်တို့ကို ကျိန်ဆဲခြင်းပင် ပြုသည်။ သူသည် နေ့ရော ညပါ ကျွန်ုပ်တို့ အတွက် စိုးရိမ်သည်၊ နေ့ရော ညပါ ကျွန်ုပ်တို့ကို ကာကွယ်၊ စောင့်ရှောက်သည်၊ ဘယ်တော့မှ ကျွန်ုပ်တို့ အနားမှ မခွာပေ၊ ကျွန်ုပ်တို့ကို အပြည့်အဝ စောင့်ရှောက်သည်၊ ကျွန်ုပ်တို့အတွက် ဘာကိုပဲ ပေးဆပ်ရ၊ ပေးဆပ်ရ ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ထိုလူ၏ စကားများအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ထာဝရဖြစ်တည်မှု၌ မွေ့လျော်ကြသည်၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ပေးအပ်ထားသော ပန်းတိုင်ကို မြင်ကြသည်။ ထိုသို့ဖြစ်သော်လည်း ဘဝင်မြင့်သည့် သဘောထားသည် ကျွန်ုပ်တို့၏ အထဲ၌ ဆန္ဒပြနေပြီး ထိုသို့သောသူကို ကျွန်ုပ်တို့၏ ဘုရားသခင်အဖြစ် လိုလိုလားလား လက်ခံလိုစိတ် မရှိသေးပေ။ သူသည် ကျွန်ုပ်တို့ စားဖို့အတွက် မန္နမုန့် အမြောက်အများ ပေးခဲ့ပြီးဖြစ်သော်လည်း မည်သည့်အရာကမျှ ကျွန်ုပ်တို့၏ နှလုံးသားများထဲရှိ သခင့်၏ နေရာကို မယူနိုင်ပါ။ ကျွန်ုပ်တို့သည် ထိုသူ၏ ထူးခြားသော ဖြစ်တည်မှုနှင့် အဆင့်အတန်းကို အလွန်ဝန်လေးစွာဖြင့်သာ လက်ခံကြသည်။ သူသည် ဘုရားသခင် ဖြစ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုအောင် သူထုတ်မပြောဘူးဆိုလျှင် ကျွန်ုပ်တို့ အကြားတွင် အချိန်အကြာကြီး အလုပ်လုပ်လျက်နေပြီး မကြာမီ ရောက်လာမည့် ဘုရားသခင် အဖြစ် သူ့ကို ကျွန်ုပ်တို့ ဘယ်တော့မှ အသိအမှတ် ပြုမည် မဟုတ်ပေ။

ဘုရားသခင်သည် ဆက်လက် စကားပြောလျက်နေသည်၊ သူသည် ကျွန်ုပ်တို့အား ဘာလုပ်ရမလဲဆိုတာကို တိုက်တွန်းဖို့နှင့် သူ့နှလုံးသားထဲမှ အသံကို ဖော်ပြဖို့အတွက် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုသည်။ သူ့စကားများ၌ အသက်နှင့်ဆိုင်သော စွမ်းအားရှိသည်။ သူ့စကားများသည် ကျွန်ုပ်တို့ လျှောက်လှမ်းသင့်သည့် လမ်းကို ပြသည်၊ သမ္မာတရားဆိုတာ ဘာလဲဆိုတာကို ကျွန်ုပ်တို့အား နားလည်ခွင့်ပေးသည်။ သူ့စကားများက ကျွန်ုပ်တို့ကို စတင်ဆွဲဆောင်လာသည်။ ကျွန်ုပ်တို့သည်လည်း သူ၏ စကားပြောဟန်နှင့် လေသံတို့အပေါ် စတင် အာရုံစိုက်လာပြီး ကျွန်ုပ်တို့၏ မသိစိတ်ကလည်း ပြောင်မြောက်သောသူဖြစ်သည့် ထိုသူ၏ နှလုံးသားထဲက အသံကို စတင်စိတ်ဝင်စားလာသည်။ သူသည် ကျွန်ုပ်တို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ကျွန်ုပ်တို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ကျွန်ုပ်တို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ကျွန်ုပ်တို့၏ ပန်းတိုင်နှင့် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကို ခံသည်၊ ကျွန်ုပ်တို့၏ စိတ်ဝင်စားမှု ကင်းမဲ့ခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သောသူ ဖြစ်ခြင်း၊ ထိုသို့သော အချက်များကို ပိုင်ဆိုင်ခြင်းသည် သာမန်လူတစ်ယောက်ထက်ပိုသော အရာများ ဖြစ်သည်၊ အကျင့်ပျက်သောသူ တစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း (သို့) ရရှိနိုင်စွမ်း မရှိသော အရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း သူ့မှာ ရှိပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦး တစ်ယောက်၌မျှ မရှိသည့် မေတ္တာ ဖြစ်သည်။ သူက လွဲလို့ မည်သူမျှ ကျွန်ုပ်တို့၏ အတွေးများကို မသိနိုင်ပါ (သို့) ကျွန်ုပ်တို့၏ သဘာဝနှင့် ဗီဇကို နားမလည်နိုင်ပါ (သို့) လူသားတို့၏ ပုန်ကန်မှုနှင့် အကျင့်ပျက်မှုကို တရားစီရင်နိုင်ခြင်း မရှိပါ (သို့) ကောင်းကင်နိုင်ငံမှ ဘုရားသခင်၏ ကိုယ်စား ကျွန်ုပ်တို့ကို စကားပြောပြီး ကျွန်ုပ်တို့၏ အကြား၌ ယခုလို အလုပ် မလုပ်နိုင်ပါ။ သူကလွဲလို့ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်နိုင်စွမ်း မရှိပါ။ ထာဝရတည်ရှိသော ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ ဖြစ်ခြင်းနှင့် ဘုရားသခင်၌ ရှိသည့် အရာ၊ အားလုံးကို သူ့မှာ တွေ့ရသည်။ သူကလွဲလို့ မည်သူကမျှ ကျွန်ုပ်တို့အား လမ်းခရီးကို မပြနိုင်၊ ကျွန်ုပ်တို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူကလွဲလို့ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့် အရာများကို ကျွန်ုပ်တို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ။ သူကလွဲလို့ မည်သူကမျှ ကျွန်ုပ်တို့အား စာတန်၏ ချည်နှောင်မှုနှင့် ကျွန်ုပ်တို့၏ အကျင့်ပျက်တတ်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပေ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်၊ ဘုရားသခင်၏ နှလုံးသားထဲက အသံ၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ထွက် စကားများကို ဖော်ပြသည်။ သူသည် ခေတ်သစ် တစ်ခေတ်ကို အစပြုခဲ့သည်၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကို ယူဆောင်လာသည်၊ ကျွန်ုပ်တို့ထံ မျှော်လင့်ခြင်းကို သယ်ဆောင်လာသည်၊ မရေမရာ ရှင်သန်နေသော ကျွန်ုပ်တို့၏ ဘဝကို အဆုံးသတ်ပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ မြင်နိုင်ခွင့်ပေးသည်။ သူသည် ကျွန်ုပ်တို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ကျွန်ုပ်တို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအချိန်မှ အစပြု၍ ကျွန်ုပ်တို့၏ စိတ်များသည် သတိရှိလာသည်၊ ကျွန်ုပ်တို့၏ ဝိညာဉ်သည် ပြန်လည် အသက်ဝင်လာသည်ဟု ထင်ရသည်။ သာမန်ဖြစ်သော၊ မထင်ရှားသော၊ ကျွန်ုပ်တို့ အကြား၌ နေသော ထိုသူသည် ကျွန်ုပ်တို့ ငြင်းပယ်သည်ကို အချိန်အကြာကြီး ခံရသူဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ အတွေးများထဲ၌ အမြဲရှိနေသော၊ နေ့ရော ညပါ ကျွန်ုပ်တို့ တောင့်တနေသော သခင်ယေရှု မဟုတ်လော။ သူသည် သခင်ယေရှုဖြစ်သည်။ သူသည် အမှန်တကယ်ပင် သခင်ယေရှုဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရားဖြစ်သည်၊ လမ်းခရီးဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူသည် ကျွန်ုပ်တို့အား နောက်တဖန် အသက်ရှင်ခွင့်ပေးသည်၊ အလင်းကို တွေ့ခွင့်ပေးသည်၊ ကျွန်ုပ်တို့၏ နှလုံးသားများ ဦးတည်ချက်မရှိ လျှောက်သွားမနေအောင် တားပေးသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း သူ့ပလ္လင်ရှေ့သို့ ပြန်လည်ရောက်ရှိပြီ ဖြစ်သည်၊ သူနှင့် မျက်နှာချင်းဆိုင် တွေ့နေသည်၊ သူ့အသွင်သဏ္ဍန်ကို ကျွန်ုပ်တို့ မြင်တွေ့ပြီးဖြစ်သည်၊ ကျွန်ုပ်တို့၏ ရှေ့၌ ရှိသော လမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ထိုအချိန်၌ သူက ကျွန်ုပ်တို့၏ နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ခဲ့သည်။ သူ ဘယ်သူလဲဆိုတာကို ကျွန်ုပ်တို့ သံသယ မဝင်တော့ပါ၊ သူ့အလုပ်နှင့် သူ၏ နှုတ်ကပတ်တော်ကိုလည်း ကျွန်ုပ်တို့ မဆန့်ကျင်တော့ပါ၊ သူ့ရှေ့၌ ကျွန်ုပ်တို့ အပြည့်အဝ ပြပ်ဝပ်နေပါသည်။ ကျွန်ုပ်တို့၏ ကျန်ရှိသော အသက်တာ၌ ဘုရားသခင်၏ ခြေရာကိုနင်းလိုသည့် ဆန္ဒ၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသည့် ဆန္ဒ၊ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ပြန်လည် ပေးဆပ်လိုသည့် ဆန္ဒ၊ ကျွန်ုပ်တို့ အပေါ်၌ ထားသော သူ၏ ချစ်ခြင်းမေတ္တာအတွက် ပြန်လည်ပေးဆပ်လိုသည့် ဆန္ဒ၊ ဘုရား၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုများကို နာခံလိုသည့် ဆန္ဒ၊ သူ့အလုပ်၌ ပူးပေါင်းလုပ်ဆောင်လိုသည့် ဆန္ဒ၊ ကျွန်ုပ်တို့၌ သူအပ်နှံထားသည့် အရာကို ပြီးမြောက်အောင် လုပ်ဖို့အတွက် ကျွန်ုပ်တို့ လုပ်နိုင်တာ မှန်သမျှကို လုပ်လိုသည့် ဆန္ဒတို့မှလွဲ၍ ကျွန်ုပ်တို့၌ တခြားဘာ ဆန္ဒမျှ မရှိပါ။

ဘုရားသခင်၏ သိပ်ပိုက်မှုကို ခံရခြင်းသည် သိုင်းပြိုင်ပွဲတစ်ခုနှင့်တူသည်။

ဘုရားသခင်၏ နှုတ်ထွက်စကားတိုင်းက ကျွန်ုပ်တို့ကို သေစေနိုင်သည့် ချက်ကောင်းကို ထိပြီး ကျွန်ုပ်တို့အား ဝမ်းနည်းစိတ်၊ ကြောက်ရွံ့စိတ်တို့နှင့် ထားခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကျွန်ုပ်တို့၏ အကျင့်ပျက်သော စိတ်သဘောထားကို ထုတ်ဖေါ်ပြသည်။ ကျွန်ုပ်တို့ ပြောသမျှနှင့် လုပ်သမျှအားဖြင့်သာမက ကျွန်ုပ်တို့၏ အတွေးအခေါ်၊ အယူအဆတစ်ခုစီတိုင်း အားဖြင့် ဘုရားသခင်၏ နှုတ်ထွက်စကားများသည် ကျွန်ုပ်တို့၏ သဘာဝနှင့် ဗီဇကို ထုတ်ဖေါ်ပြသည်၊ ကျွန်ုပ်တို့အား အရှက်ရစေသည်သာမက ကြောက်စိတ်နှင့် တုန်နေစေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ လုပ်ရပ်များ၊ ပန်တိုင်များနှင့် ရည်ရွယ်ချက်များအားလုံးကို ကျွန်ုပ်တို့အား ပြောပြသည်၊ ကျွန်ုပ်တို့ တကြိမ်တခါမျှ မတွေ့ရှိသေးသော်လည်း ကျွန်ုပ်တို့၌ ရှိသည့် အကျင့်ပျက်သော စိတ်သဘောထားကိုပင် ပြောပြသည်။ ထိုသို့ပြောပြခြင်းအားဖြင့် ဗျောင်တင်ကြီး မြင်သာအောင် ပြထားခြင်း ခံရသလို ကျွန်ုပ်တို့အား ခံစားရစေသည်၊ ထို့အပြင် အပြည့်အဝ ယုံကြည်လက်ခံထားသလို သာ၍ပင် ခံစားရစေသည်။ သူ့ကို ဆန့်ကျင်သည့်အတွက် သူသည် ကျွန်ုပ်တို့အား တရားစီရင်သည်၊ သူ့ကို စော်ကားပြောဆိုသောကြောင့်၊ သူ့ကို ပြစ်တင်ရှုတ်ချသောကြောင့် ကျွန်ုပ်တို့ကို ဝေဖန်ပြစ်တင်သည်၊ ဘုရားသခင်၏ မျက်စိရှေ့၌ ကျွန်ုပ်တို့သည် တန်ဖိုးမရှိသော သူများ ဖြစ်သည်၊ ကျွန်ုပ်တို့သည် အသက်ရှင်နေသော စာတန်ဖြစ်သည်ဟု ခံစားရစေသည်။ ကျွန်ုပ်တို့၏ မျှော်လင့်ချက်များ တစစီကျိုးပဲ့သွားသည်၊ အကျိုးအကြောင်း မခိုင်လုံသော တောင်းဆိုမှုများကို ကျွန်ုပ်တို့ မတောင်းဆိုရဲတော့၊ မကြိုးစားရဲတော့ပါ၊ ကျွန်ုပ်တို့၏ အိမ်မက်များပင် ညတွင်းချင်း ပျောက်ကွယ်သွားသည်။ ထိုအချက်သည် ကျွန်ုပ်တို့ထဲတွင် မည်သူကမျှ စိတ်မကူးနိုင်သော၊ ကျွန်ုပ်တို့ထဲတွင် မည်သူကမျှ လက်မခံနိုင်သော အချက်အလက်တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏ စိတ်များ တခဏမျှ မတည်မငြိမ် ဖြစ်သွားပြီး ကျွန်ုပ်တို့သည် မည်သို့ ရှေ့ဆက်ရမည်ကို မသိကြ၊ ယုံကြည်ခြင်း၌ မည်သို့ ဆက်လက် လျှောက်လှမ်းရမည်ကိုလည်း မသိကြပေ။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် မူလအစကလို ပြန်ဖြစ်သွားပြီး သခင်ယေရှုနှင့် ကျွန်ုပ်တို့ တခါမျှ မတွေ့ဖူးသလို၊ တခါမှ မရင်းနှီးဖူးသလို ထင်ရသည်။ ကျွန်ုပ်တို့၏ မျက်စိရှေ့၌ရှိသော အရာမှန်သမျှသည် ကျွန်ုပ်တို့ကို စိတ်ရှုပ်ထွေးစေပြီး စွန့်ပစ်ခြင်းခံရပြီး လွင့်မျောနေသလိုမျိုး ခံစားရစေသည်။ ကျွန်ုပ်တို့သည် တုန်လှုပ်ချောက်ချားကြသည်၊ စိတ်ပျက်ကြသည်၊ ကျွန်ုပ်တို့၏ နှလုံးသားအတွင်းရှိ ရှိုင်းသောနေရာ၌ ထိန်းထားလို့မရသည့် ဒေါသနှင့် အရှက်ရခြင်း ရှိကြသည်။ ကျွန်ုပ်တို့သည် ထိုအရာများကို ဖြေလျှော့ဖို့ ကြိုးစားကြသည်၊ ထိုအရာများမှ လွတ်မြောက်နိုင်မည့် လမ်းကို ရှာတွေ့ဖို့ ကြိုးစားကြသည်၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုကို ဆက်စောင့်ဖို့ ကြိုးစားအားထုတ်သည်၊ ယေရှုအား ရင်ဖွင့်ဖိုလည်း ကြိုးစားသည်။ ကျွန်ုပ်တို့သည် အပြင်ပန်း၌ မောက်မာခြင်း မရှိသလို၊ နှိမ့်ချခြင်းလည်း မရှိသည့် အချိန်များ ရှိသော်လည်း နှလုံးသားထဲတွင်မူ အရင်က တခါမျှ မခံစားဖူးသည့် ဆုံးရှုံးမှု​ကြောင့် အလွန်ပင် စိတ်မချမ်းမသာ ဖြစ်ကြသည်။ တခါတရံတွင် ကျွန်ုပ်တို့သည် အပြင်ပန်း၌ ထူးထူးခြားခြား တည်ငြိမ်သည်ဟု ထင်ကောင်း ထင်ရသော်လည်း အတွင်း၌မူ ကျွန်ုပ်တို့သည် စိတ်ဆင်းရဲမှုလှိုင်းဒဏ်ကို ခံနေရသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုကြောင့် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များနှင့် အိမ်မက်များ၊ အလွန်အကျွံဖြစ်သော စိတ်ဆန္ဒများ မရှိတော့သည့်အပြင် 'ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သည်၊ ကျွန်ုပ်တို့ကို ကယ်တင်နိုင်စွမ်းရှိသောသူ ဖြစ်သည်'ဟူသည့် အချက်ကိုလည်း ယုံကြည်လိုခြင်း မရှိတော့ပေ။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြား၌ အလွန်ကြီးမားသော ချောက်နက်ကြီးကို ဖြစ်စေသည်၊ မည်သူကမျှ ဖြတ်လိုစိတ်ပင် မရှိသော ချောက်နက်ကြီး ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် ပထမဦးဆုံး အကြိမ် ကျွန်ုပ်တို့ကို အလွန်နှောင့်နှေးစေသည့် အရာဖြစ်သည်၊ အလွန်အရှက်ရစေသည့် အရာ ဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်သရေကို ကျွန်ုပ်တို့ အမှန်တကယ် အသိအမှတ်ပြုရန်နှင့် လူ၏ ရိုင်းပြမှုကို ဘုရားသခင်က သည်းမခံဘဲနေသည်ကို ကျွန်ုပ်တို့ အမှန်တကယ် အသိအမှတ်ပြုရန် ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် ကျွန်ုပ်တို့အား အခွင့်ပေးသည်။ ထိုအရာများနှင့် ယှဉ်လျှင် ကျွန်ုပ်တို့သည် အလွန်ပင် နိမ့်ကျပြီး မစင်ကြယ်သူများ ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် ကျွန်ုပ်တို့ မည်မျှ မောက်မာကြောင်း၊ မည်မျှ ခမ်းကြီးနားကြီးနိုင်ကြောင်း၊ လူသည် ဘုရားသခင်နှင့် ဘယ်တော့မှ အဆင့်ချင်းတူမည် မဟုတ်ကြောင်း (သို့) ဘုရားသခင်နှင့် တူမည် မဟုတ်ကြောင်းကို ကျွန်ုပ်တို့အား ပထမဦးဆုံးအကြိမ် သတိထားမိစေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် အကျင့်ပျက်သော စိတ်သဘောထားဖြင့် ဆက်လက် အသက်မရှင်တော့အောင် တောင့်တသည့် စိတ်ကို ကျွန်ုပ်တို့၌ ဖြစ်စေသည့်အပြင် ထိုသို့သော သဘောထားမျိုး၊ ဗီဇမျိုးကို ဖြစ်နိုင်လျှင် ကျွန်ုပ်တို့ အမြန်ဆုံး စွန့်လိုစိတ်ရှိအောင်၊ ဘုရားသခင် မနှစ်မျို့သောသူ မဖြစ်တော့အောင်၊ ဘုရားသခင်အတွက် ရွံရှာဖွယ်ကောင်းသောသူ မဖြစ်တော့အောင်လည်း လုပ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် သူ့နှုတ်ထွက်စကားများကို ကျွန်ုပ်တို့ ဝမ်းမြောက်ဝမ်းသာ နာခံလိုစိတ်ရှိအောင်နှင့် သူ၏စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်ကို ကျွန်ုပ်တို့ ပုန်ကန်လိုစိတ် မရှိတော့အောင် လုပ်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် အသက်ကို ရှာဖွေလိုစိတ်အား ကျွန်ုပ်တို့အတွက် နောက်တစ်ကြိမ် ထပ်ပေးပြီးဖြစ်သည်၊ သူ့ကို ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် ဝမ်းမြောက်ဝမ်းသာလက်ခံအောင် လုပ်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် သိမ်းပိုက်အောင်မြင်အောင် လုပ်သည့် အလုပ်ကို ထားခဲ့ပြီးဖြစ်သည်၊ ငရဲမှလည်း ထွက်ခွာလာခဲ့ပြီးဖြစ်သည်၊ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲမှ လှမ်းထွက်လာခဲ့ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသည် ကျွန်ုပ်တို့ ဤလူစုကို ရရှိပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသည် စာတန်ကို အောင်နိုင်ပြီးဖြစ်သည်၊ သူ၏ရန်သူများအားလုံးကို နှိမ်နင်းပြီး ဖြစ်သည်။

ကျွန်ုပ်တို့သည် စာတန်၏ အကျင့်ပျက်သော စိတ်သဘော ထိန်းချုပ်မှုကို ခံနေရသော သာမန်လူတစ်စုသာဖြစ်သည်၊ ခေတ်အဆက်ဆက် မတိုင်မီကတည်းက ဘုရားသခင်က ရွေးချယ်ထားသူများ ဖြစ်သည်၊ နောက်ချေးပုံထဲမှ ဘုရားသခင် ထူမ ပေးထားသော ချို့တဲ့သူများဖြစ်သည်။ တစ်ချိန်က ကျွန်ုပ်တို့သည် ဘုရားသခင်ကို ငြင်းပယ်ခဲ့ကြသည်၊ ပြစ်တင်ရှုတ်ချခဲ့ကြသည်။ သို့သော် ယခု၌မူ ဘုရားသခင်က ကျွန်ုပ်တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် အသက်ကို ရပြီးဖြစ်သည့် အပြင် ထာဝရအသက်လမ်းကိုလည်း ဘုရားသခင် ထံမှ ရပြီးဖြစ်သည်။ ကမ္ဘာပေါ်၌ ကျွန်ုပ်တို့ မည်သည့်နေရာ၌ ရှိနေသည်ဖြစ်စေ၊ နှိပ်စက်ညှဉ်းပန်းမှု၊ ကပ်ဘေးတို့နှင့် ကြုံသည်ဖြစ်စေ၊ ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင်ဘုရား၏ ကယ်တင်ခြင်းနှင့် မဝေးနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သောကြောင့်၊ ကျွန်ုပ်တို့၏ တစ်ဦးတည်းသော ရွေးနုတ်ကယ်တင်သူ ဖြစ်သောကြောင့်ဖြစ်သည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စမ်းရေထွက်သည့်နေရာမှ ရေထွက်သလို ဖြစ်လာသည်။ သင်၊ ကျွန်ုပ်နှင့် သူ့အတွက် သမ္မာတရားကို အမှန်တကယ် ရှာဖွေပြီး ဘုရားသခင် ထင်ရှားသည်ကို စောင့်မျှော်နေသူအားလုံးအတွက် ထိုမေတ္တာကို ပေးထားသည်။

နေသာပြီးလျှင် အမြဲလထွက်လာသလို ဘုရားသခင်၏ အလုပ်သည် ဘယ်တော့မှ မရပ်တန့်ပေ။ ထို့အပြင် သင်၊ ကျွန်ုပ်နှင့် သူ့၌သာမက ဘုရားသခင်၏ ခြေရာကို နင်းပြီး ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုကို လက်ခံသော သူအားလုံး၌လည်း ဘုရားသခင်သည် အလုပ်လုပ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ယခင်က:ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

နောက်တစ်ခုသို့:ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်

သင်နှစ်သက်နိုင်သည့် အရာများ