အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၄။ ကောင်းသော အစေခံနှင့် ဆိုးညစ်သော စေခံတို့ကြား ခြားနားချက်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အရည်အချင်းရှိသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သောလမ်းသို့ ယူဆောင်လာပေးပြီး သမ္မာတရားအတွင်းသို့ ပိုနက်ရှိုင်းအောင် သွားခွင့်ပြုလေသည်။ သူလုပ်ဆောင်သော အလုပ်သည် လူတို့ကို ဘုရားသခင်ရှေ့တော်သို့ ပို့ဆောင်ပေးသည်။ ထို့အပြင် သူလုပ်သော အလုပ်သည် လူတစ်ဦးနှင့်တစ်ဦးကြား ကွဲပြားမှုရှိပြီး စည်းမျဉ်းများဖြင့် ကန့်သတ်ထားခြင်း မရှိဘဲ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ကို ခွင့်ပြုသည်။ ထို့အပြင် သူတို့သည် အသက်တာတွင် တဖြည်းဖြည်း ကြီးထွားလာနိုင်ပြီး သမ္မာတရားအတွင်းသို့ ပိုနက်ရှိုင်းစွာ တဖြည်းဖြည်း တိုးဝင်သွားနိုင်သည်။ အရည်အချင်းမရှိသော လုပ်သား၏အလုပ်သည် တိုတောင်းပျက်စီးသည်၊ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများအတွင်းသို့သာ ပို့ဆောင်နိုင်လေသည်၊ လူတို့ကို သူတောင်းဆိုသော အရာသည် လူတစ်ဦးနှင့်တစ်ဦး မကွာခြားပေ၊ သူသည် လူတို့အမှန်တကယ် လိုအပ်နေသော အရာများနှင့်အညီ အလုပ်မလုပ်ပေ။ ဤသို့သောအလုပ်အမျိုးအစားတွင် စည်းမျဉ်းစည်းကမ်းများစွာနှင့် အယူအဆများစွာရှိပြီး၊ လူတို့ကို အရှိတရားအတွင်းသို့၊ သို့မဟုတ် အသက်တာတွင် ပုံမှန်ကြီးထွားမှုအတွက် ကျင့်ကြံမှုအတွင်းသို့ မပို့ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့အပေါ်တွင် ရပ်တည်နိုင်ခွင့်ကိုသာ ပေးသည်။ ဤသို့သော လမ်းညွှန်မှုမျိုးသည် လူတို့ကို လမ်းလွဲသို့သာ ဦးဆောင်သည်။ သူသည် သင့်ကို သူနှင့်တူသည့်အရာ ဖြစ်လာစေရန် ဦးဆောင်သည်၊ သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်းအတွင်းသို့သာ သင့်ကိုပို့ဆောင်ပေးနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင်အပေါ် အစွမ်းကုန် သစ္စာရှိနိုင်ရမည်။ လူတို့ရှေ့တွင် လုပ်ဆောင်သည်ဖြစ်စေ၊ နောက်တွင် လုပ်ဆောင်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်မည်ဖြစ်ကာ ဘုရားသခင်၏ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ ထို့ပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်၏လမ်းကိုသာ အစဉ်လျှောက်ပြီး၊ ဘုရားသခင်၏ဝန်ထုပ်ကို အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ သူတို့သည် ဘုရားသခင်၏နှလုံးသားကို သူတို့၏နှလုံးသားအဖြစ် သဘောထားနိုင်ကာ ဘုရားသခင်၏ဝန်ထုပ်ကို သူတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး၊ ရှေ့ရေးနှင့် အကျိုးအမြတ်ကို ထည့်သွင်းမစဉ်းစားတော့ပေ။ ရှေ့ရေးလည်းမရှိ၊ ဘာမျှ မရရှိသည်ပင်လျှင် သူတို့သည် ချစ်တတ်သောနှလုံးသားဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်သည်။ ဘုရားသခင်က ယုံကြည်စိတ်ချရသူများသာ သူ၏ပူပင်သောကနှင့် သူ့ဆန္ဒများကို မျှဝေခံစားပေးနိုင်သည်။ ထို့ပြင် သူတို့၏ ဇာတိခန္ဓာသည် နာကျင်မှုကို ခံစားနေရပြီး အားအင်ချည့်နဲ့နေသော်လည်း သူတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင်ကို ကျေနပ်မှုပေးရန် သူတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သော သူတို့ကို ပို၍ကြီးမားသော ဝန်ထုပ်ကို ပေးသည်။ ဘုရားသခင်က မည်သည့်အမှုအရာအား ဆောင်ရွက်မည်ကို ထိုသူတို့မှတစ်ဆင့် ဖော်ပြသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သော ဘုရားသခင်၏ အစေခံများဖြစ်ကြကာ သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း” မှ

အလုပ်အကျွေးပြုသည့် တစ်ယောက်ချင်းစီတိုင်းသည် မိမိလုပ်ဆောင်သမျှ အရာအားလုံးမှာ ကိုယ့်အကျိုးအတွက်ကိုယ်ကြည့်ခြင်းထက် ဘုရားကျောင်းအကျိုးအတွက် ပြောဆိုကာကွယ်နိုင်ရမည်။ တစ်ယောက်ကိုတစ်ယောက်လျှော့တွက်ပြီး တစ်ကိုယ်တည်း လုပ်ဆောင်ခြင်းမျိုးမှာ လက်ခံနိုင်စရာမရှိပေ။ ထိုနည်းလမ်းဖြင့် ဆောင်ရွက်သည့် လူသားများက ဘုရားသခင်အား အလုပ်အကျွေးပြုဖို့အတွက် မသင့်တော်ပေ။ ထိုလူမျိုး၏ပင်ကိုစရိုက်က သိပ်ကိုဆိုးရွားပြီး သူတို့၏စိတ်ထဲ၌ လူသားသဘာဝနည်းနည်းမျှမရှိပါ။ ၎င်းတို့မှာ ရာနှုန်းပြည့် စာတန်များဖြစ်သည်။ တိရစ္ဆာန်ကောင်များဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်းအတွင်း၌ တစ်ယောက်ကိုတစ်ယောက်ရန်ဖြစ်တိုက်ခိုက်ခြင်း၊ တမင် ယိုးမယ်ဖွဲ့ခြင်း၊ ကိစ္စအသေးအဖွဲလေးအပေါ်ကို ငြင်းခုန်ပြီး မျက်နှာများနီမြန်းလာခြင်း၊ သူ့ကိုယ်သူ ဖယ်ချန်ထားရန်ဆန္ဒမရှိခြင်း၊ အခြားသူမသိအောင် ဖုံးကွယ်ထားမှုတွေရှိခြင်း၊ အခြားအဖွဲ့တစ်ခုကို ရည်ရွယ်ချက်ရှိရှိစောင့်ကြည့်ခြင်း၊ သတိချပ်ထားခြင်း စသည့်အရာများသည်လည်း ယခုတိုင် သင်တို့ကြားတွင် ဖြစ်ပွားနေဆဲဖြစ်ပါသည်။ ထိုကဲ့သို့ ပင်ကိုယ်စရိုက်မျိုးသည် ဘုရားသခင်အတွက် အလုပ်အကျွေးပြုရာ၌ အကျိုးကျေးဇူးရနိုင်ပါသလား။ သင်တို့၏ထိုကဲ့သို့လုပ်ဆောင်မှုများက ဘုန်းတော်ကြီးများနှင့် သီလရှင်များကို ထောက်ပံ့ပေးနိုင်မည်လား။ မှန်ကန်သည့်ဘဝလမ်းကြောင်းပေါ်ကို ရောက်ဖို့အတွက် သင်သည် လူများကိုလမ်းညွှန်ပေးနိုင်မည်မဟုတ်ဘဲ သင်၏ အကျင့်ပျက်ပင်ကိုစရိုက်များကို ဘု ညီအစ်ကိုများနှင့် ညီအစ်မများ ဆီကိုပါ ကူးစက်စေမည်ဖြစ်သည်။ ယင်းက အခြားသူများကိုပါ ဒုက္ခမဖြစ်စေဘူးလား။ သင်၏အသိစိတ်က အလွန်ကိုဆိုးရွားလှသည်။ သင်သည် လက်တွေ့ဘဝထဲကိုလည်းမဝင်၊ အမှန်တရားကိုလည်း လက်တွေ့ဖြစ်လာအောင်မလုပ်ပေ။ ထို့ပြင် သင်၏ ဆိုးယုတ်သည့်ဗီဇကိုလည်း အခြားသူတွေကိုသိအောင် အရှက်မဲ့စွာဖြင့်ဖော်ပြလိုက်ခြင်းဖြစ်သည်။ အရှက်မရှိကြောင်း သင်လည်းသိပေသည်။ ညီအစ်ကိုများနှင့် ညီအစ်မများက သင့်ကို ယုံကြည်ထားခဲ့သော်လည်း သင်ကတော့ သူတို့တတွေအား ငရဲကိုအတူခေါ်သွားသလိုဖြစ်နေသည်။ သင်သည် အသိဉာဏ်ဆိုးရွားသွားသူတစ်ယောက် မဟုတ်ပါလား။ သင်သည် လုံးဝကိုအရှက်ကင်းမဲ့သောသူဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဣသရေလအမျိုးသားတို့ကဲ့သို့ အစေခံခြင်း” မှ

ငါ့အနောက်တွင် လူအများအပြားသည် ရာထူးအဆင့်အတန်းဂုဏ်ကောင်းချီးကို တပ်မက်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲစားသောက်ကြပြီး နှစ်ခြိုက်စွာ အိပ်လိုကြကာ ကိုယ်ခန္ဓာအသွေးအသား၏ တောင့်တမှုကို အလေးပေးကာ ဖြည့်ဆည်းကြပြီး၊ ကိုယ်ခန္ဓာအသွေးအသား၏တောင့်တမှုကို ရှောင်လွှဲပါက ဆောက်တည်ရာမရဖြစ်မည်ကို အစဉ်မပြတ် စိုးရိမ်ပူပန်ကြသည်။ သူတို့သည် အသင်းတော်တွင် မိမိတို့၏ ပုံမှန်အလုပ်ကို မဆောင်ရွက်ဘဲ အစားအစာကို အခမဲ့စားကြသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို ငါ့နှုတ်ကပတ်တော်အားဖြင့် ပဲ့ပြင်ပေးခြင်းများ မပြုလုပ်ပေ။ သူတို့သည် အထက်စီးမှနေကာ အခြားသူများအပေါ် မောက်မာစွာ ပြုမူဆက်ဆံကြသည်။ ထိုသူတို့သည် မိမိတို့မှာ ဘုရားသခင်၏အလိုတော်ကို ထမ်းရွက်နေကြသည်ဟု ဆိုမြဲဆိုနေပြီး၊ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုနေသည်မှာ သဘာဝမကျဖြစ်သည် မဟုတ်လော။ အကယ်၍ သင်၌ မှန်ကန်သော ရည်ရွယ်ချက်များရှိသော်လည်း ဘုရားသခင်၏အလိုတော်နှင့်အညီ အစေမခံနိုင်ပါက သင်သည် မိုက်မဲနေသည်သာ ဖြစ်သည်။ အကယ်၍ သင်၏ရည်ရွယ်ချက်များသည် မမှန်ကန်ဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် စာနာထောက်ထားမှု မရှိပေ။ ဘုရားသခင်၏အိမ်တော်တွင် သူတို့သည် အခမဲ့စားကြကာ ဇာတိပကတိ၏သာယာမှုကို အစဉ်တပ်မက်ကြပြီး၊ ဘုရားသခင်၏အကျိုးအတွက် ထည့်သွင်းစဉ်းစားမှုမရှိကြပေ။ သူတို့သည် မိမိတို့အတွက် ကောင်းကျိုးကို အစဉ်ရှေးရှုပြီး၊ ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြ။ သူတို့ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က မမြတ်နိုးချေ။ သူတို့သည် မိမိတို့၏ ညီအစ်ကိုမောင်နှမများအပေါ် အစဉ်လျှို့ဝှက်ကြံစည်ပြီး၊ မကောင်းကြံကြသည်။ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားသော စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ သူတို့တွင် မျက်နှာနှစ်ဘက်ရှိကြသည်။ ထိုသူတို့သည် ဘုရားသခင်၏ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ကောင်းချီးများကို လက်ခံရရှိရန် သင့်လျော်သလော။ သင်သည် သင်၏ဘဝအသက်တာနှင့် အသင်းတော်အတွက် တာဝန်ယူမှုမရှိပေ။ သင်သည် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံရရှိရန် သင့်လျော်ပါ၏လော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်ဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသောတာဝန်ကို တာဝန်ပေးစေခိုင်းရန် မည်ကဲ့သို့ ယုံကြည်စိတ်ချနိုင်မည်နည်း။ သင်သည် အမှုအရာများကို နှောင့်နှေးကြန့်ကြာစေသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း” မှ

ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိရစ်နေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေခံနိုင်မည် မဟုတ်ပေ။ သင့်စိတ်သဘောထားသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးလျှင် သင့်စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေသေးသည်။ ထိုအရာကပင် သင်သည် သင့်ကိုယ်ကျိုးအတွက်သာ ဘုရားသခင်ကို အစေခံခြင်းဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ ယင်းသည် ဆိုးယုတ်သော သင်၏သဘာဝအပေါ် အခြေခံထားသည့် အစေခံခြင်းပင် ဖြစ်သည်။ သင်သည် သင့်သဘာဝ ပင်ကိုစရိုက်နှင့် သင့်ပုဂ္ဂိုလ်ရေး အကြိုက်များအရသာ ဘုရားသခင်အား အစေခံခြင်း ဖြစ်သည်၊ ထို့အပြင် သင်လုပ်ချင်သည့် အရာတိုင်း၌ ဘုရားသခင် ကျေနပ်ပြီး သင်လုပ်ချင်စိတ် မရှိသည့် အရာတိုင်းကို မုန်းသည်ဟု တွေးထင်လျက်ရှိနေသည်၊ ထို့အပြင် သင်၏ လုပ်ဆောင်မှုထဲတွင် သင်သည် မိမိကိုယ်ပိုင် ကြိုက်နှစ်သက်မှုများ၏ လုံးလုံးလျားလျား လမ်းညွှန်ခြင်းကို ခံနေရသည်။ ထိုအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်နိုင်မည်လော။ နောက်ဆုံး၌ သင့်အသက်တာ၏ စိတ်သဘောထားသည် ဆံခြည်တစ်မျှင်မျှပင် ပြောင်းလဲလိမ့်မည် မဟုတ်၊ ယင်းအစား သင်သည် ဘုရားသခင်ကို အစေခံနေပြီ ဖြစ်သည့်အတွက် ပို၍ပင် ခေါင်းမာလာလိမ့်မည် ဖြစ်ပြီး ထိုအရာက သင်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နက်ရှိုင်းစွာ အရိုးစွဲသွားစေလိမ့်မည်။ ထိုနည်းအားဖြင့် သင်၏ ကိုယ်ပိုင် ပင်ကိုစရိုက်အပေါ်နှင့် မိမိကိုယ်တိုင်၏ စိတ်သဘောထားနှင့်အညီ အစေခံခြင်းမှ ရရှိလာသည့် အတွေ့အကြုံအပေါ် အဓိကအားဖြင့် အခြေခံထားသည့် ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းများကို အတွင်းကျိတ် ချမှတ်လိမ့်မည်။ ထိုအရာသည် လူ့အတွေ့အကြုံအားဖြင့် ရလာသော သင်ခန်းစာဖြစ်ပေသည်။ ယင်းသည် လူသား၏ ဘဝဒဿန ဖြစ်ပေသည်။ ထိုသို့သောသူတို့သည် ဖာရိရှဲနှင့် ဘာသာရေး အမှုဆောင်တို့နှင့် သက်ဆိုင်ကြသည်။ သူတို့သည် မည်သည့်အခါမျှ နိုးထ၍ နောင်တမရလျှင်မူ အဆုံး၌ နောက်ဆုံးသော ကာလတွင် ပေါ်လာမည့် ခရစ်တော်အတုအယောင်များ ဖြစ်သွားကြပြီး၊ လူသားများကို လှည့်ဖြားသောသူများ ဖြစ်သွားကြမည်။ ပြောခဲ့ပြီးသည့် ခရစ်တော်အတုအယောင်များနှင့် လှည့်ဖြားသောသူတို့သည် ထိုသို့သော ပုဂ္ဂိုလ်မျိုးကြားမှ ပေါ်လာမည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော ထိုသူတို့သည် မိမိတို့၏ပင်ကိုစရိုက်နောက်ကိုလိုက်ပြီး ကိုယ့်ဆန္ဒအရ ပြုမူကြမည်ဆိုပါက အချိန်မရွေး မောင်းထုတ်ခြင်း ခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ နှလုံးသားကို သိမ်းသွင်းရန်၊ ၎င်းတို့ကို သွန်သင်ရန်နှင့် ချုပ်ထိန်းရန်၊ ထို့အပြင် အထက်စီး၌နေရန် ဘုရားသခင်အား အစေခံခြင်းဆိုင်ရာ နှစ်များစွာသော အတွေ့အကြုံကို အသုံးချလျက် မည်သည့်အခါမျှ နောင်တမရသောသူများ၊ အပြစ်များကို ဝန်ချမတောင်းပန်သောသူများနှင့် သူတို့ရာထူးနေရာ၏အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများသည် ဘုရားသခင်ရှေ့မှောက်တွင် ကျရှုံးကြလိမ့်မည် ဖြစ်သည်။ ထိုသူတို့သည် ပေါလုကဲ့သို့ ပုံစံမျိုးဖြစ်ကြပြီး ၎င်းတို့၏ဝါရင့်မှုကို ရောင့်တက်သောသူနှင့် ၎င်းတို့၏ အရည်အချင်းများကို ဝါကြွားသော သူကဲ့သို့ ဖြစ်ပေသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို စုံလင်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အလုပ်ကို တားဆီးနှောင့်ယှက်သည်။ လူတို့သည် ဟောင်းသောအရာအပေါ် စွဲကပ်နေရန် ခုံမင်တတ်ကြသည်။ သူတို့သည် အတိတ်၏ အယူအဆများ၊ အတိတ်၏ အမှုအရာများအပေါ် စွဲကပ်နေတတ်ကြသည်။ ထိုအရာသည် သူတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီးပင် ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မစွန့်လွှတ်နိုင်ပါက ထိုအရာများက သင့်ဘဝတစ်ခုလုံးကို ပိတ်ပင်ချုပ်ချယ်သွားလိမ့်မည်။ အလုပ်လုပ်ရင်း သင့်ကျောရိုး ကျိုးသည်ဖြစ်စေ၊ သို့မဟုတ် ပြေးလွှားရင်း သင့်ခြေထောက် ခေါက်သွားသည် ရှိသော်လည်း၊ ဘုရားသခင်အား သင်၏အစေခံခြင်းတွင် သင်သည် မာတုရဖြစ်လျှင်ပင် ဘုရားသခင်သည် သင့်ကို အနည်းငယ်မျှပင် ချီးကျူးလိမ့်မည် မဟုတ်ပေ။ ထိုအရာနှင့် ဆန့်ကျင်လျက် သင်သည် မကောင်းသည့်အမှုကို ပြုလုပ်သူဟုပင် ဘုရားသခင်ပြောလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေးအမှုဆောင်ခြင်းကို သန့်စင်ရမည်” မှ

ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူတို့သည် ဘုရားသခင်တစ်ဖက် ဆန့်ကျင်ရပ်တည်သောသူများဖြစ်ကြပြီး၊ ထို့ထက်မက ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို ဂရုပြုမိသော်ငြားလည်း ဘုရားသခင်ကို ကျေနပ်စေခြင်းအလို့ငှာ မကြိုးစားသော သူတို့သည် ဘုရားသခင်တစ်ဖက် သာ၍ပင် ဆန့်ကျင်ရပ်တည်သောသူများဖြစ်ကြ၏။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်ကြသည့်အပြင်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် အသုံးမကျသောသူများဖြစ်၍ ဆိုးရွားသောသူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏နာမကို ကိုင်ဆောင်ပြတတ်သော်လည်း ဘုရားသခင်ကို တမင်ဆန့်ကျင်တတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ထားကြသော်လည်း သူတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်သောသူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့သောသူအားလုံးသည် လူ့ဝိညာဉ်ကို ဝါးမျိုတတ်သည့် မာရ်နတ်များ ဖြစ်ကြပြီး၊ မှန်ကန်သောလမ်းသို့ ခြေလှမ်းရန် ကြိုးစားသူတို့ကို ရည်ရွယ်ချက်ရှိစွာဖြင့် အနှောင့်အယှက်ပေးတတ်သော နတ်ဆိုးများဖြစ်ကြကာ၊ ဘုရားသခင်ကို ရှာဖွေသောသူတို့၏လမ်းကို ဟန့်တားကြန့်ကြာစေမည့် ခလုတ်တံသင်းများဖြစ်ကြ၏။ သူတို့သည် “အကြမ်းပတမ်းဇာတိခန္ဓာ” များ ဖြစ်ကြသော်လည်း၊ သူတို့သည် အန္တိခရစ်များဖြစ်ကြကာ လူများအား ဘုရားသခင်တစ်ဘက် ဆန့်ကျင်ဘက်ပြုရန် ဦးဆောင်သောသူများဖြစ်ကြောင်း သူတို့၏ နောက်လိုက်များက မည်သို့သိနိုင်မည်နည်း။ ဤသူများမှာ ဝိညာဉ်များကို ဝါးမျိုရန် အထူးသဖြင့် ရှာဖွေနေကြသည့် ရှင်သန်နေသော နတ်ဆိုးများဖြစ်သည်ကို သူတို့သည် မည်ကဲ့သို့သိနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အဆင့်အားလုံး၌ရှိသော အသင်းတော်ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို အမျိုးအစား သုံးခုထဲတွင် ထားနိုင်သည်။ ၎င်းတို့ကို သစ္စာရှိသော အစေခံများ၊ သစ္စာဖောက်သော အစေခံများ သို့မဟုတ် ဆိုးညစ်သော အစေခံများအဖြစ် ဖော်ပြသည်မှာ ပိုမို သင့်လျော်သည်။ ပထမ အမျိုးအစားသည် ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် နာခံနိုင်သည်။ ၎င်းတို့သည် ၎င်းတို့ တာဝန်များကို ဆောင်ရွက်စဉ်တွင် ဘုရားသခင်၏ အမှုတော်ကို စောင့်ရှောက်ဖို့ အစွမ်းကုန် လုပ်ဆောင်နိုင်ကြသည်၊ ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးတော်ခံရန် အရာရာတိုင်းကို ၎င်းတို့ နောက်တွင်ချန်ရစ်နိုင်ကြပြီး ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ကြသည်။ ဤလူအုပ်စုသည်သာ သမ္မာတရားကို ရှာဖွေမှုထဲတွင် အမှန်တကယ်ရှိပြီး စုံလင်ခံရဖို့ ကြိုးစားကြကာ ဘုရားသခင်၏ သစ္စာရှိသော အစေခံများအဖြစ် ခွဲထားလေသည်။ ဒုတိယ အမျိုးအစားသည် သမ္မာတရား၏ လက်တွေ့အရှိတရား လုံးဝ ကင်းမဲ့ကြပြီး ၎င်းတို့ တာဝန်များကို ဆောင်ရွက်စဉ်တွင် ဘုရားသခင်၏ အမှုတော်ကို စောင့်ရှောက်ရန် မတတ်နိုင်ကြပါ။ကိစ္စရပ်များကို အလုပ် စီမံခန့်ခွဲမှုများနှင့်အညီ မကိုင်တွယ်ကြသလို ၎င်းတို့ လုပ်ချင်သမျှကို လုပ်ကြပြီး မဆင်မခြင် ပြုမူကြသည်။ ၎င်းတို့၏ ဇာတိပကတိဆိုင်ရာ နှစ်သက်မှုများအရ ပြုမူကြပြီး လူတို့ကို ၎င်းတို့ ခံစားချက်များအပေါ် အခြေခံပြီး ဆက်ဆံကြသည်၊ သမ္မာတရား၏ အခြေခံသဘောတရားများကို မလေ့လာမဆန်းစစ်ကြသလို၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် အခက်အခဲရှိကြပြီး၊ မကြာခဏ ဘုရားသခင်နှင့် အပေးအယူ လုပ်ရန် ကြိုးစားတတ်ကြလေသည်။ ၎င်းတို့သည် အန္တိခရစ်၏ လမ်းကြောင်းပေါ်တွင် ရှိကြပြီး ၎င်းတို့ကို သစ္စာဖောက်သော အစေခံများအဖြစ် ခွဲခြားထားလေသည်။ တတိယမျိုးအစားမှာ မာနထောင်လွှားပြီး စိတ်ကြီးဝင်သည်။ အဆင့်အတန်းကို ရှာဖွေပြီး ရည်မှန်းချက်ကြီးသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို အမြဲထိန်းချုပ်ချင်ပြီး အခြားသူများအပေါ် အရှင်သခင်ဖြစ်ချင်ကာ ၎င်းတို့နှင့် သဘောထားကွဲလွဲသော သူတို့ကို ဖိနှိပ်ပြီး ခွဲခြားဆက်ဆံတတ်ကြလေသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ၎င်းတို့ ချုပ်ချယ်သည်၊ ချည်နှောင်ပြီး ပိတ်လှောင်ထားကြသည်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိန်းချုပ်ရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင် လွတ်လပ်သည့် နိုင်ငံတော်ကို တည်ထောင်ရန် ၎င်းတို့၏ တန်ခိုးအာဏာကို အသုံးပြုရန် ကြိုးစားကြလေသည်။ ၎င်းတို့ကို ဆိုးညစ်သော အစေခံများဖြစ်ကြသည့် ခေါင်းဆောင်အတုအယောင်များ နှင့် အန္တိခရစ်များကဲ့သို့ တူညီသော အတန်းစားများဖြစ်ကြသည့် ကောက်ကျစ်သော လူတို့အနေဖြင့် ခွဲခြားထားလေသည်။...

...သန့်ရှင်းသော ဝိညာဉ်တော်သည် သမ္မာတရားကိုလည်း ချစ်မြတ်နိုးသူ၊ ကောင်းမွန်သော လူ့သဘာဝရှိသူတို့အထဲတွင် အလုပ်လုပ်သည်။ ကောင်းမွန်သော လူ့သဘာဝနှင့် သမ္မာတရားကို ချစ်ခြင်းတို့ ကင်းမဲ့သော သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ကင်းမဲ့လေသည်။ သစ္စာဖောက်တတ်ပြီး ရက်စက်ကာ စိမ့်ဝင်ပျံ့နှံ့တတ်သည့် လူ့သဘာဝရှိသူ တစ်စုံတစ်ဦးသည် ဆိုးညစ်သော အစေခံတစ်ဦးအဖြစ် ခွဲခြားခံရသည့် ဆိုးညစ်သော လူတစ်ဦးဖြစ်သည်။ ဆိုးညစ်သော အစေခံများသည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြပြီး ကိုယ်တော်၏ ပျက်ဆီးခြင်းနှင့် ပြစ်ဒဏ်စီရင်ခြင်းတို့ကို ခံကြရမည့်သူများ ဖြစ်ကြသည်။ သစ္စာရှိသော အစေခံများ (မယုံကြည်သူများ ပြောသည့် သစ္စာရှင်များကဲ့သို့)၊ သစ္စာဖောက်သော အစေခံများ (မယုံကြည်သူများပြောသည့် သစ္စာဖောက် ရုံးအရာရှိများကဲ့သို့)၊နှင့် ဆိုးညစ်သော အစေခံများ (မယုံကြည်သူများ ပြောသည့် နိုင်ငံတော်ကို သစ္စာဖောက်ပြီး ရန်သူများထံ သွားကြသည့် လူဖျင်းကဲ့သို့) အဖြစ် ဤခေါင်းဆောင်များနှင့် အမှုတော်ဆောင် အမျိုးအစား သုံးမျိုးကို ဖော်ပြခြင်းသည် အလွန် ဆီလျော်ပြီး အလွန် သင့်တော်လှပေသည်။ သစ္စာရှိသော အစေခံများအဖြစ် အမျိုးအစားခွဲထားသူတို့သည် ပိုမို ရိုးသားကြပြီး အသိတရားနှင့် အသိစိတ်တို့ ပိုင်ဆိုင်ကြကာ ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်စဉ် အရာခပ်သိမ်းတို့တွင် ဘုရားသခင်၏ အမှုတော်ကို ထိန်းသိမ်းကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ထံ နာခံပြီး သစ္စာရှိကြသူများ ဖြစ်သည်။ ထိုသို့သော ခေါင်းဆောင်များ နှင့် အမှုတော်ဆောင်များအားလုံးသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတို့ကို ရရှိကြမည့်သူများ ဖြစ်သည်။ သစ္စာဖောက် အစေခံများအဖြစ် အမျိုးအစားခွဲခြားထားသူတို့သည် သမ္မာတရားကို မချစ်ကြပါ၊ သမ္မာတရားကို ရှာဖွေရန် မလိုလားကြသလို ဘုရားသခင်ကို အမှန်တကယ် နာခံမှုကို မပြသကြချေ။ ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ရာတွင်၊ ၎င်းတို့ လုပ်ချင်သမျှကို လုပ်ကြသည်။ လူတို့ကို ၎င်းတို့၏ ခံစားချက်များအပေါ် အခြေပြု ဆက်ဆံကြပြီး မျှတမှု သို့မဟုတ် ကျိုးကြောင်းသင့်လျှော်မှု မရှိကြပေ။ ဘုရားသခင်ကို ၎င်းတို့၏ အစေခံခြင်းတွင်၊ ကိုယ်တော့်ကို အာခံကြပြီး၊ ဇာတိပကတိနောက် လိုက်ကာ စည်းမျဉ်းစည်းကမ်းမရှိပဲ အမှုအရာများကို လုပ်ဆောင်ကြပြီး ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ပင် ကြိုးစားကြလေသည်။ တစ်ခါတစ်ရံတွင်၊ သမ္မာတရားကို ၎င်းတို့ သစ္စာဖောက်ကောင်း ဖောက်နိုင်ပြီး ဘုရားသခင်၏ အိမ်တော်အကျိုးကို ဆန့်ကျင်၍ပင် အလုပ်လုပ်တတ်ကြကာ၊ ဘုရားသခင်၏ အမှုတော်ကို အနည်းငယ်မျှပင် မစောင့်ရှောက်ကြချေ။ ဤသို့သော လူတို့ကို သစ္စာဖောက် အစေခံများ၊ မယုံကြည်သူများ ပြောကြသည် သစ္စာဖောက် အရာရှိများကဲ့သို့ အမျိုးအစား ခွဲထားလေသည်။...သစ္စာဖောက် အစေခံများအားလုံးကို မှားယွင်းသော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအဖြစ် အမျိုးအစားခွဲထား်သည်မှာ မှန်ပေသည်။ သို့သော်၊ အချို့သော မှားယွင်းသည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ကောင်းမွန်သော လူ့သဘာဝရှိကြပြီး လုံးဝ နောင်တရကာ ပြောင်းလဲနိုင်ကြလေသည်။ ၎င်းတို့ကို ချစ်ခြင်းမေတ္တာနှင့် ဆက်ဆံပေးရမည်ဖြစ်ပြီး လုပ်ဆောင်ရန် နောက်ထပ်အခွင့်အရေး ပေးရပါမည်။ သို့သော် ဆိုးညစ်သော အစေခံများသည် ဘီလူးသရဲစီးသော သဘာဝများ ပိုင်ဆိုင်ကြသည့်ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များအားလုံး ဖြစ်ကြသည်။ ဆိုးညစ်သော အစေခံအားလုံးကို ဆိုးညစ်သော လူများအဖြစ် အမျိုးအစား ခွဲခြားထားသည်မှာ မှန်ပေသည်။ ၎င်းတို့သည် မကောင်းဆိုးဝါး၏ သဘာဝနှင့် အနှစ်သာရတို့ကို ပိုင်ဆိုင်ထားသည်၊ ယင်းမှာ အဘယ်ကြောင့် ဤဆိုးညစ်သော လူတို့သည် ဆိုးညစ်မှုမျိုးစုံကို လုပ်ဆောင်နိုင်ရသည့် အကြောင်းရင်းဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို လူမဆန်စွာ ဖိနှိပ်ကာ ညှဉ်းပန်းနှိပ်စက်ကြလေသည်။ ဘုရားသခင်၏ အမှုတော်ကို အနှောင့်အယှက်ပေးပြီး ကြားဝင်နှောင့်ယှက်ရန်နှင့် အရာရာတွင် ဘုရားသခင်ကို ဆန့်ကျင်ရန် ၎င်းတို့သည် ခံစားချက် လုံးဝ ကင်းမဲ့ကြသည့်အလား ၎င်းတို့လုပ်နိုင်သမျှ အရာအားလုံးကို လုပ်တတ်ကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများက မာကျောပြီး ခေါင်းမာသည်။ ဤသည်မှာ ဘုရားသခင်၏ ရန်သူ ဖြစ်ခြင်း မဟုတ်လော။ ဆိုးညစ်သော အစေခံများသည် ကယ်တင်၍မရနိုင်သူများ ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ အိမ်တော်သည် ဘီလူးသရဲစီးသော သဘာဝရှိသည့် မည်သည့်ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များကိုမဆို နှင်ထုတ်ရမည်ဖြစ်သည်။ ညှိနှိုင်းရန် နေရာမရှိပါ။

အနန္တတန်ခိုးရှင်အသင်းတော် အလုပ်အစီအစဉ်များ၏ လက်ရွေးစင် နှစ်အလိုက်မှတ်တမ်းတွင်ပါဝင်သော “သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏အမှုတော်ကို စစ်မှန်စွာ နာခံလော့” မှ

အစေခံသောသူတို့သည် အမှန်တကယ် အစွမ်းအစ ပိုင်ဆိုင်ကြလျှင်၊ ၎င်းတို့လက်အောက်ရှိသော သူတို့သည် ၎င်းတို့နှင့်အတူ ပူးပေါင်း လုပ်ဆောင်လာကြလိမ့်မည်။ တက်ကြွမှုအပြည့်ရှိသော အားပြိုင်မှု၊ ညီညွှတ်မှုတို့ဖြင့် ယေဘုယျ ဝန်းကျင်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ အသင်းတော်အသက်တာသည် ကုန်လွန်သည့် နေ့ရက်အသီးသီးနှင့်အတူ ရှင်သန်လိမ့်မည် ဖြစ်သည်။ အပျက်သဘောဆောင်ခြင်းနှင့် နောက်ကျ ကျန်ရစ်ခြင်းများ ရှိလိမ့်မည် မဟုတ်ပေ။ ဖြောင့်မတ်ခြင်းတရားသည် လျှံထွက်လိမ့်မည် ဖြစ်ပြီး၊ အသင်းသားအားလုံး တစ်စိတ်တစ်ဝမ်းတည်း ရှိကြလိမ့်မည်။ ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုတွင် စည်းလုံးကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံနိုင်ကြလိမ့်မည်ဖြစ်ပြီး၊ သူ့ကို ချီးမြှောက်နိုင်ကြလိမ့်မည်။ ဤသည်မှာ အကောင်းဆုံးသော ရလဒ်ဖြစ်သည်။ အကယ်၍ အသင်းတော်သည် အသက်မဲ့ပြီး၊ လူအများက အပျက်သဘောဆောင်ကြလျှင်၊ သင်၏ ဦးဆောင်မှု၌ မည်သည့်လမ်းမျှ မရှိသည်ကို သက်သေပြပေသည်။ အသင်းတော်အသက်တာသည် ရထားလုံးကဲ့သို့ဖြစ်ပြီး၊ ခေါင်းဆောင်မှာ ရထားလုံးဆွဲသော မြင်းတစ်ကောင်ကဲ့သို့ ဖြစ်သည်။ မြင်းသည် သူ၏ ရည်ရွယ်ချက်ကို ထမ်းဆောင်လျှင်၊ ရထားလုံးသည် ရှေ့သို့ သွားလိမ့်မည်။ မြင်းသည် တစ်လှမ်းချင်း သွားသင့်သည့်အခါ သွား၍၊ ကဆုန်ပေါက်ပြေးသင့်သည့်အခါ ပြေးသည်။ မည်သည့်အရာမျှက မြင်းကို နောက်သို့ ဆွဲမထားနိုင်ပေ။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို အစေခံရန် အမှန်တကယ် ကောင်းမွန်စွာ အရည်အချင်း ရှိလျှင်၊ ၎င်း သွားသည့် နေရာတိုင်းတွင် အခက်အခဲအားလုံး ပြေလည်နိုင်သည်။ အခြားသူတို့တွင် မည်သည့် ပြဿနာများ ရှိပါလေ့စေ၊ ၎င်းက သေချာစွာဆွေးနွေးပေးနိုင်ပြီး၊ လမ်းခရီးကို ညွှန်ပြပေးနိုင်သည်။ ယင်းသည် အခြားသူတို့အတွက် ၎င်းတို့၏ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားပေးခြင်း ခံရသကဲ့သို့ ကြီးမားသည့် ဝမ်းမြောက်မှုတစ်ခု ဖြစ်လေသည်။ နေရာတစ်ခု၏ အခြေအနေမှာ မည်မျှခက်ခဲပါလေ့စေ၊ ၎င်းက ထိုနေရာ၌ ရက်အနည်းငယ် နေထိုင်ကာ၊ အစည်းအဝေး အနည်းငယ်အတွက် လူတို့ကို အတူတကွ စုစည်းလိုက်လျှင်၊ ၎င်းတို့၏ စိတ်နှလုံးများ အားတက်သွားကြလိမ့်မည်။ သမ္မာတရားကို ၎င်းတို့ နားလည်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စွမ်းအားပြည့်ကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အပျက်သဘောဆောင်မှုမှာ လုံးဝ ဖြေရှင်းခြင်း ခံရလိမ့်မည်ဖြစ်သည်။ ဇာတိပကတိ၏ ပဋိပက္ခမှာ ပြေပျောက်သွားလိမ့်မည်ဖြစ်ပြီး၊ အသင်းတော်အသက်တာသည် မှန်ကန်သော လမ်းကြောင်းပေါ် ရောက်ရှိလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် အစေခံသော လူတစ်ဦးသည် အခြားသူတို့၏ ချို့တဲ့မှုများကို ထွင်းဖောက်မြင်နိုင်ပြီး၊ မတူကွဲပြားသော လူတို့အနေဖြင့် မည်သို့သော အာဟာရမျိုးလိုအပ်သည်၊ မည်သည့်နေရာတွင် စတင်ရမည်နှင့် ပြဿနာများအား မည်သို့ ဖြေရှင်းရမည်တို့ကို သိရှိသည်။ အသစ်သော ယုံကြည်သူဖြစ်စေ ယုံကြည်သူဟောင်းဖြစ်စေ၊ အိုသည် ဖြစ်စေ ပျိုသည်ဖြစ်စေ၊ ဦးဆောင်နေသည် ဖြစ်စေ နောက်လိုက်နေသည်ဖြစ်စေ၊ ထိုသူသည် ၎င်းတို့အတွက် အာဟာရကို အပြည့်အဝ ပေးနိုင်သည်။ ၎င်းတို့၏ ပြဿနာများအားလုံး ဖြေရှင်းခံရနိုင်ပြီး၊ လူအားလုံးနှင့်အတူ ထိုသူက မိတ်သဟာယပြုနိုင်သည်။ ဘုရားသခင်ကို အမှန်တကယ် အစေခံနိုင်သော သူတို့အတွက်၊ သမ္မာတရားအပေါ် မိတ်သဟာယ ပြုရာတွင် စည်းမျဉ်းများ မရှိပါ။ ၎င်းတို့သည် ဤအလုပ်ကို အလွတ်ကျက်ခြင်းဖြင့် လုပ်ဆောင်သည် မဟုတ်ဘဲ၊ အဘက်ဘက် ထောင့်ပေါင်းစုံမှ ပြောဆိုခြင်းဖြစ်သည်။ ၎င်းတို့သည် မတူကွဲပြားသော ဟောပြောမှုများတွင် အမှုအရာများကို ရှင်းပြနိုင်ကြပြီး၊ အချက်အလက်မျိုးစုံကို စုစည်းပြနိုင်သည်ဖြစ်၍၊ အဆင့်အတန်းအားလုံးမှ လူတို့သည် နားလည်သဘောပေါက်ပြီး အကျိုးကျေးဇူးများကို ခံစားကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် အစေခံသောသူတို့၏ ဝန်းကျင်တွင် ရှိရခြင်းကို အယောက်တိုင်း နှစ်သက်ကြသည်။ ၎င်းတို့သည် တခြားသူတို့ထံ ရင်ဖွင့်လိုကြပြီး၊ တခြားသူတို့နှင့်အတူ မိတ်သဟာယပြုလိုကြသည်။ ၎င်းတို့သည် တခြားသူတို့ကို ရိုသေလေးစားကြပြီး၊ ထိုသူတို့နှင့် မိတ်ဖွဲ့ရန် လိုလားကြကာ၊ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆက်ဆံလိုကြသည်။ အကယ်၍ အယောက်တိုင်းက ကြောက်ရွံ့ပြီး၊ သင့်ထံမှ ပုန်းကွယ်နေလျှင်၊ သင်သည် ဒုက္ခတွေ့လေပြီဖြစ်သည်။ သင်၏ လမ်းကြောင်းကို ဖြတ်သွားသော ကြောင်နက်သည် မကောင်းသော နိမိတ်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်နှင့် ပူးပေါင်းသော စိတ်နှလုံး ရှိသူတို့သည် ၎င်းတို့အလုပ်၏ ရည်မှန်းချက်များကြား လျှောက်လှမ်းရင်း၊ လူတို့နှင့်အတူ အသက်ရှင်နေထိုင် စားသောက်ရင်း၊ လူတို့ကို ညလုံးပေါက် ဆွေးနွေးပေးရင်းဖြင့် အသင်းတော်ထဲတွင် အစဉ်အမြဲရှိကြသည်။ ၎င်းတို့သည် လူတို့ကို အလုပ် ပေးအပ်ချိန်တွင် အဖန်ဖန် တိုက်တွန်းအားပေးလေသည်။ အမှုအရာများကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်မည်ကို စိုးရိမ်ကြပြီး၊ မည်သူမဆိုကို အေးတိအေးစက် မဆက်ဆံကြပါ။ လုပ်ငန်းခွင်ကို စွန့်ခွာခြင်းသည် တာဝန်ကို တမင်ပျက်ကွက်ခြင်းဖြစ်သည်ဟု ၎င်းတို့ သိကြသည်၊ ၎င်းတို့ အလုပ်လုပ်ပေးနေသည့် လူတို့ကို စွန့်ခွာသောသူတို့သည် ကပ်ပါးရပ်ပါးများသာ ဖြစ်ကြသည်။ သင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်သည့် အောက်ခြေအဆင့် ခေါင်းဆောင်များ၊ အမှုတော်ဆောင်များနှင့်အတူ ဆက်သွယ်မှု မရှိဘဲ၊ လက်တွေ့ကျသော ပြဿနာများအားလုံးကို ဖြေရှင်းရန်မှာ ဖြစ်နိုင်ပါသလော။ အသင်းတော်အသက်တာအား အခြေခံအဆင့်တစ်ခုတွင် နက်နက်ရှိုင်းရှိုင်း တွေ့ကြုံခြင်းမရှိဘဲ၊ ယင်းကို ပြီးမြောက်နိုင်ပါသလော။ ပွင့်ပွင့်လင်းလင်း မိတ်သဟာယ ပြုခြင်းမရှိဘဲ တစ်စုံတစ်ရာ ရရှိအောင်မြင်နိုင်ပါသလော။ သင်၏ အသံ ကွဲအက်မလာခင်၊ သင်၏အလုပ်မှ ရှောင်ထွက်သွားနိုင်ပါသလား။ သင်၏ စိတ်နှလုံး၌ မီးလျှံ မရှိသောအချိန်တွင် သင်၏ ဝန်ထုပ်ကို ထမ်းရွက်နေဆဲလော။ သင်သည် အလေးချိန်မကျဆင်းလျှင် အမှန်တကယ် အလုပ်ကြိုးစားနေပါရဲ့လော။ အစားအသောက်နှင့် အဝတ်အစားတို့ကို အာရုံစိုက်သောသူတို့သည် ၎င်းတို့ အလုပ်၏ အသီးအပွင့်ကို အမှန်တကယ် ဂရုထားကြပါသလော။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို နှလုံးသားနှင့် ခံယူနိုင်ကြပါသလော။ ၎င်းတို့ စိတ်နှလုံးနှင့် ညီညွှတ်သော လူနည်းစုနှင့်သာ ဆက်သွယ်၍၊ မညီညွှတ်သောသူတို့ကို ရှောင်ဖယ်ကြလျှင်၊ ၎င်းတို့သည် အမှန်တကယ် ကောင်းမြတ်မှုကို လုပ်ဆောင်နိုင်ကြပါသလော။ ၎င်းတို့သည် လွယ်ကူသော သက်သောင့်သက်သာရှိသော ပျော်မွေ့စရာ ဘဝတစ်ခုကို ရှာဖွေနေကြသည့် ကပ်ပါးရပ်ပါးများ ဖြစ်ကြသည် မဟုတ်လော။

ဘုရားသခင်ကို အမှန်တကယ် အစေခံနိုင်သူတို့သည် မိမိတို့ မည်သည့်နေရာတွင် ချို့တဲ့သည်ကို သိကြသည်။ မိမိကိုယ်မိမိ ပြင်ဆင်နိုင်ကြပြီး၊ အခြားသူများအတွက် အာဟာရကို ထောက်ပံ့ပေးရန် သမ္မာတရားကို မိတ်သဟာယ ပြုပေးစဉ်တွင်လည်း မိမိတို့၏ ကိုယ်ပိုင် ချို့တဲ့ခြင်းများကို အချိန်မရွေး ပြုပြင်နိုင်ကြသည်။ ထို့ထက်ပို၍ပင်၊ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် သမ္မာတရားထဲ ဝင်ရောက်မှုနှင့် မိမိတို့ကိုယ်ကိုယ် ပိုမိုနက်ရှိုင်းစွာ သိရှိခြင်းတို့အပေါ် အာရုံစိုက်ကြသည်။ ၎င်းတို့သည် မာနထောင်လွှားလာခြင်း၊ မိမိကိုယ်ကိုယ် မှန်သည်ဟု ယူမှတ်လာခြင်းနှင့် မိမိကိုယ်ကိုယ် ကြွားဝါခြင်းတို့မှ ၎င်းတို့ကိုယ်၎င်းတို့ ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များအား တခြားသူတို့ကို မြင်တွေ့စေခြင်းဖြင့်လည်း ၎င်းတို့ကိုယ်၎င်းတို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြချင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ မိတ်သဟာယမှာ အတုအယောင် ဟန်ဆောင်မှုများ မပါဘဲ၊ စိတ်ရင်းအတိုင်းဖြစ်ပြီး စစ်မှန်လေသည်။ လူတို့သည် ၎င်းတို့ကို ယုံကြည်မှု ရှိကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ကို ရိုသေ လေးစားနိုင်ကြသည့်အပြင်၊ ၎င်းတို့ မိတ်သဟာယပြုသော သမ္မာတရားများကို နာခံနိုင်ကြလေသည်။ ဘုရားသခင်ကို အမှန်တကယ် အစေခံသောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိနားလည်ကြပြီး၊ ၎င်းတို့ ကိုယ်ပိုင်အတွေ့အကြုံမှ လာသောအရာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှ လာသော အရာတို့ကို သိကြသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော နှလုံးသားများ ရှိကြပြီး၊ မာနမထောင်လွှားကြသလို လေလုံးထွားခြင်းလည်း မရှိကြပါ။ ၎င်းတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် ရှိကြသောကြောင့် အခြားသူများအပေါ် အထင်မသေးကြသည်သာမက၊ အခြားသူများကို ထောက်ထားညှာတာရန်၊ အခြားသူများကို ဂရုစိုက်ရန်နှင့် ကူညီရန်တို့ကိုပင် တတ်နိုင်ကြလေသည်။ အခြားသူများ ပျော်ရွှင်နိုင်ဖို့အလို့ငှာ ၎င်းတို့က ဒုက္ခဝေဒနာကို ခံစားကြလိမ့်မည်ဖြစ်သည်။ လူတို့ ခံစားရသော အခက်အခဲများကို ၎င်းတို့ နားလည်ကြပြီး၊ သမ္မာတရားမရှိသော လူတစ်ဦးအနေဖြင့် အမှောင်ထဲသို့ ကျဆင်းခြင်းသည် အဘယ်မျှ နာကျင်စရာကောင်းသည်ကိုလည်း နက်နက်ရှိုင်းရှိုင်း နားလည်ထားကြလေသည်။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပေး ခံရခြင်း၏ သာယာမှုများကို ၎င်းတို့ နားလည်ကြပြီး၊ ယင်း ဉာဏ်အလင်းပေးမှုအား အခြားသူများနှင့် ဝေမျှလိုသည့်အပြင်၊ ယင်းက ယူဆောင်လာသော ဝမ်းမြောက်မှုကိုလည်း ဝေမျှလိုကြလေသည်။ ၎င်းတို့ကိုယ်တိုင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိနေခြင်းကို ၎င်းတို့က ပျော်မွေ့မှုအတွက် အရင်းအနှီးအဖြစ် မမှတ်ယူကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ ပျော်မွေ့ကြပြီး၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အလေးထားကြသည်။ အခြားသူများ၏ အခက်အခဲများနှင့် နာကျင်မှုတို့ကို ဖြေရှင်းပေးရန် ၎င်းတို့ လိုလားကြပြီး၊ ဘုရားသခင်ကို ကျေနပ်စေဖို့အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မှ ၎င်းတို့ ရရှိသော ပျော်မွေ့မှုကို အခြားသူများထံ ဖြန့်ဝေချင်စိတ်ရှိကြသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မဖြစ်ဖြစ်အောင် အစပြု ပူးပေါင်းလုပ်ဆောင်နိုင်ကြပြီး၊ ဘုရားသခင်၏ အလိုတော်ကို အရာရာတိုင်း၌ အလေးထားမှုပြနိုင်ကြကာ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့အလို့ငှာ မိမိတို့၏ ကိုယ်ပိုင် ပျော်ရွှင်မှုကို စွန့်လွှတ်နိုင်ကြသည်။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းကြီးများကို ၎င်းတို့ လက်မခံကြဘဲ၊ အထူးတလည် ဆက်ဆံခြင်းကိုလည်း မတောင်းခံကြပါ။ ၎င်းတို့သည် ဘုရားသခင်ကို ကိုင်းရှိုင်းစွာ ရိုသေလေးစားစွာဖြင့် အစေခံကြပြီး၊ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာ ပြုလုပ်ကြသည်။ ဤနည်းလမ်းဖြင့် ဘုရားသခင်ကို အစေခံသော လူတို့သည်သာ ဘုရားသခင်၏ အလိုတော်နှင့်အညီ ပြုမူကြလေသည်။

ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေခံဖို့ရန်၊ တစ်ဦးတစ်ယောက်သည် အသက်တာ စိတ်သဘောထား၌ ပြောင်းလဲမှုများကို ဦးစွာ ဖြတ်သန်းရပါမည်။ အပြောင်းအလဲနောက်တွင်၊ တစ်ဦးတစ်ယောက်သည် စတင်၍ နည်းလမ်းတကျ အစေခံနိုင်သည်။ နှစ်အနည်းငယ်စာ အတွေ့အကြုံတစ်ခု လိုအပ်ပြီး၊ သမ္မာတရားမရှိဘဲနှင့် ကောင်းမွန်သော ရလဒ်များ မရရှိနိုင်ပါ။ သို့သော် လူတို့သည် အစေခံခြင်း၏ မှန်ကန်သော အဓိပ္ပါယ်ကို စိတ်ရင်းအတိုင်း နားလည်သဘောပေါက်ကြလျှင်၊ ၎င်းတို့၏ တာဝန်များအား မည်သို့ ကောင်းကောင်းမွန်မွန် ထမ်းဆောင်ရမည်ကို သိကြပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တစ်ဦးတစ်ယောက်၏ တာဝန်ကို လုပ်ဆောင်ခြင်းဟူသည် တစ်ဦးတစ်ယောက်က ဘုရားသခင်၏ အမှုတော်မှ ရရှိထားသော သမ္မာတရား၊ လမ်းခရီး၊ အသက်တို့ကို အခြားသူများအား ထောက်ပံ့ပေးရန်ဖြစ်သလို၊ ၎င်းတို့၏ အတွေ့အကြုံ၊ ဘုရားသခင်ကို သိကျွမ်းမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ထုတ်ဖော်ပြသော အလင်းတို့ကို အသင်းတော်အား ထောက်ပံ့ပေးရန်လည်း ဖြစ်သည်ဟု ၎င်းတို့ နက်ရှိုင်းစွာ သိကြသည်။ သို့မှသာ အခြားသူများသည် ယင်းကို ဝေမျှယူနိုင်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထားများတွင် ပြောင်းလဲမှု ရရှိနိုင်မည်ဖြစ်ကာ၊ ဘုရားသခင်ကိုလည်း သိလာနိုင်မည်။ ဘုရားသခင်ကို နာခံပြီး သစ္စာရှိကာ၊ ဘုရားသခင်အားဖြင့် ရယူခြင်း ခံရနိုင်ကြမည်ဖြစ်သည်။ ယင်းမှာ မိမိတို့ကိုယ်ကိုယ် သမ္မာတရား အသိပညာဖြင့် ပြင်ဆင်ထားခြင်း မဟုတ်သလို၊ ၎င်းတို့ အဘယ်မျှ ကျွမ်းကျင်လိမ္မာသည်ကို ပြသဖို့ရန် အခြားသူများကို စာများ၊ အယူဝါဒများ သွန်သင်ပေးခြင်းလည်း မဟုတ်ပါ။ တစ်ဦးတစ်ယောက်၏ တာဝန်ကို လုပ်ဆောင်ခြင်းဟူသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်အတူ အခြားသူများကို ဂရုစိုက်ခြင်း၊ ကူညီခြင်း၊ အလေးထားခြင်းနှင့် စောင့်ရှောက်ခြင်း၊ မိမိကိုယ်တိုင်ထက် အခြားသူများကို ဂရုထားခြင်း၊ အခြားသူများအတွက် အမြဲစဉ်းစားပေးခြင်းနှင့် အသင်းတော်ကို စိတ်တွင် အမြဲထားကာ အရာရာကို လုပ်ဆောင်ခြင်း၊ လူအများစု အသက်ကို ရပြီး ကယ်တင်ခံရဖို့ရန် မိမိက ဒုက္ခဝေဒနာကို ရွေးချယ်ခြင်း၊ လူတို့သည် သမ္မာတရားကို နားလည်သဘောပေါက်ကာ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံနိုင်ကြရန်အတွက် မည်သည့် အဖိုးအခမဆို ပေးရန် နှစ်သက်ခြင်းတို့ ဖြစ်သည်။ ယင်းသည် မိမိ၏ အဆင့်အတန်းအပေါ် အခြေခံပြီး မိမိကိုယ်ကိုယ် မာနရှိခြင်း မဟုတ်၊ မိမိ၏ ညီအစ်ကို မောင်နှမများ အဘယ်မျှ ဒုက္ခဝေဒနာ ခံစားနေကြရသည်ကို ထည့်တွက်ခြင်းမရှိဘဲ၊ ဇာတိပကတိ၏ ပျော်ရွှင်ခြင်းများကို ဖက်တွယ်ခြင်းလည်း မဟုတ်၊ မိမိညီအစ်ကို မောင်နှမများ၏ အကျိုးအမြတ်များကို ပစ်ပယ်ပြီး၊ မိမိကိုယ်တိုင်၏ စား၊ သောက်ချင်စိတ်၊ ကာမဂုဏ် ရှာဖွေလိုစိတ်များကိုသာ ဖြည့်ဆည်းခြင်းလည်း မဟုတ်ပါ။ လူအချို့သည် မိမိတို့၏ ကိုယ်ပိုင် နှစ်သက်မှုများနှင့် စိတ်ခံစားချက်များအတိုင်းပင် အလုပ်လုပ်ကြသည်။ အကယ်၍ လူတစ်ဦးက ၎င်းတို့ကို ကောင်းမွန်စွာ လက်ခံပြီး၊ ၎င်းတို့ကလည်း သဘောကျသည်ဆိုလျှင်၊ ၎င်းတို့က ထိုသို့သောလူတို့နှင့် မိတ်သဟာယပြုကြလိမ့်မည်၊ ထိုသို့မဟုတ်လျှင် ငြင်းဆန်မည်သာ ဖြစ်သည်။ စက်ဆုပ်စရာအကောင်းဆုံးသော လူမှာ မိမိ၏အလုပ်ကို ဆောင်ရွက်ပြီး၊ တစ်စုံတစ်ခုကို ပြန်လည် တောင်းဆိုသော သူဖြစ်သည်။ တစ်ဦးတစ်ယောက်၏ တာဝန်ကို လုပ်ဆောင်ခြင်းဆိုသည်မှာ ဘုရားသခင်၏ အလိုတော်ကို မိမိကိုယ်ပိုင်အဖြစ် မှတ်ယူခြင်း၊ ဘုရားသခင်က အရေးတကြီး မှတ်ယူသောအရာကို အရေးတကြီးအဖြစ် သဘောထားခြင်း၊ ဘုရားသခင် ထည့်သွင်းစဉ်းစားသောအရာကို ထည့်သွင်းစဉ်းစားခြင်း၊ ဘုရားသခင် ပူပန်သောအရာတို့ကို ပူပန်ခြင်းနှင့် ဘုရားသခင်မိသားစု၏ အကျိုးကို အမြဲတမ်း ဦးစားပေးခြင်းတို့ ဖြစ်သည်။ ယင်းသည် တစ်ဦးတစ်ယောက်အနေဖြင့် စားဖို့ အိပ်ဖို့ မေ့လျော့သည်အထိ အလုပ်အလွန်ကြိုးစားခြင်းကို ဆိုလိုသည်။ အပင်ပန်းခံ အားထုတ်မှုများ ပြုခြင်းနှင့် တစ်ဦးတစ်ယောက်အား ဘုရားသခင် ပေးအပ်ထားသော အလုပ်ကို သခင်တစ်ယောက်၏ တာဝန်အသိစိတ်နှင့်အတူ လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ ယင်းမှာ အလုပ်အနည်းငယ်အတွက် ဆုချခံရဖို့ကို မျှော်လင့်ခြင်း၊ သို့မဟုတ် အနည်းငယ်သော ဆင်းရဲဒုက္ခကို ခံစားပြီးနောက် ပျော်မွေ့မှုကို မျှော်လင့်ခြင်း၊ သို့မဟုတ် အချို့သော ရလဒ်များကို ရရှိပြီးနောက် မာနကြီးကာ စိတ်ကြီးဝင်လာခြင်း၊ သို့မဟုတ် အဆင့်အတန်းကို ပျော်မွေ့ခြင်းနှင့် အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူခြင်းများ မဟုတ်ပေ။ ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်ရာတွင် သစ္စာရှိသောသူတို့သည် ဘုရားသခင်၏ အစီအမံများကို နာခံကြသည်၊ သစ္စာရှိကြသည်၊ ဆက်ကပ်အပ်နှံကြသည်၊ ဘုရားသခင်၏ အစေခံများအဖြစ် ကိုယ်ကျိုးမငဲ့ မကျေမနပ်ဖြစ်ခြင်းကင်းစွာ အလုပ်လုပ်၍၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးရန်နှင့် ဘုရားသခင်ကို မိမိတို့ အသက်တာများဖြင့် ပြန်လည်ပေးဆပ်ရန်တို့ကိုသာ ဆန္ဒရှိကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဂုဏ်သိက္ခာမရှိသည့် မြေမှုန့်တစ်ခုမျှလောက်သာ မှတ်ယူကြပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ပျော်မွေ့ခြင်းအား ပို၍ပင် မထိုက်တန်သူများအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို အလုံးစုံ နာခံကြပြီး၊ မညည်းညူကြချေ။ ၎င်းတို့သည် ဆိုးရွားသော အရှက်မဲ့သော သူတော်ကောင်းအယောင်ဆောင်များ ဖြစ်ကြသည့် မိမိတို့ကိုယ်ပိုင် ဘဝများကို မြတ်နိုးသောသူများ၊ ကောင်းကြီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်ကို သိုထားသူများ၊ အခြားသူများအထက်တွင် ရပ်တည်ရန် တောင့်တ၍ အခြားသူများထက် သာလွန်ခြင်းအဖြစ်ကို ပျော်မွေ့သောသူများ မဟုတ်ကြချေ။ တစ်ဦးတစ်ယောက်၏ တာဝန်ကို လုပ်ဆောင်ခြင်းဟူသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် ဝန်ထုပ်ကို အလေးထားခြင်း၊ ညီအစ်ကိုမောင်နှမများကို တစ်ဦးတစ်ယောက်၏ မိဘများကဲ့သို့ သဘောထားခြင်း၊ အယောက်တိုင်း၏ အစေခံဖြစ်ဖို့ လိုလားမှုရှိခြင်း၊ ညီအစ်ကိုမောင်နှမများ၏ အသက်တာများကို ထည့်တွက်ခြင်း၊ တာဝန်ယူရဲခြင်း၊ တစ်ဦးတစ်ယောက်ကိုမျှ မပိုင်ဆိုင်ခြင်း၊ တစ်ဦးတစ်ယောက် ရရှိထားသောအရာတိုင်းကို အခြားသူများ ရရှိဖို့ အခွင့်ပေးခြင်း၊ ဘုရားသခင်ကို အသိတရားဖြင့် အစေခံခြင်းနှင့် အယောက်တိုင်း၏ ကြီးကြပ်မှုကို လက်ခံရန် ရဲဝံ့ခြင်းတို့ဖြစ်သည်။ လူအချို့တို့သည် နားဝင်ချိုသော အရာများကို ပြောတတ်ကြသော်လည်း၊ အမှန်တကယ် အလုပ်မလုပ်ကြပါ။ ၎င်းတို့သည် ၎င်းတို့ ညီအစ်ကိုမောင်နှမတို့၏ ဧည့်ဝတ်ကျေပွန်မှုကို ပျော်မွေ့ကြသော်လည်း၊ ထိုညီအစ်ကိုမောင်နှမတို့ကို ဖိနှိပ်မြဲ ဖိနှိပ်ကြလေသည်။ ၎င်းတို့အတွက် ဤအရာ ဟိုအရာတို့ကို လုပ်ဆောင်ပေးဖို့၊ ၎င်းတို့အား ဂရုစိုက်ရန် ညီအစ်ကိုမောင်နှမတို့က အစွမ်းကုန်ကြိုးစားပေးဖို့ တောင်းဆိုတတ်ကြသည်။ ထို့ပြင် ၎င်းတို့၏ ညီအစ်ကို မောင်နှများကို အချိန်တိုင်း သြဝါဒပေးကာ၊ ရိုက်နှက်ဆုံးမကြသည်။ ထိုသို့မဟုတ်လျှင်လည်း ၎င်းတို့ နာမကျန်းဖြစ်သောအခါ လာပြီး စောင့်ရှောက်ပေးကြဖို့၊ လိုအပ်သောအခါ ၎င်းတို့ကို အဖော်ပြုပေးဖို့ တောင်းဆိုတတ်ကြသည်။ လူတို့ကို မိမိ၏ အစေခံများအဖြစ် ပြုသော ထိုကဲ့သို့ လူတစ်ဦးသည် မည်သည့်နည်းနှင့်မျှ ဘုရားသခင်ကို အစေခံခြင်းမဟုတ်ပါ။ တကယ်တမ်းတွင် သူသည် မိမိကိုယ်ကိုယ် ချီးမြှောက်ပြီး၊ မိမိကိုယ်ကိုယ် သက်သေခံကာ၊ မိမိကိုယ်ကိုယ် အမြင့်တွင်ထား၍၊ အခြားသူများအား မိမိကို ဘုရားအဖြစ် ဆက်ဆံစေခြင်း ဖြစ်သည်။ သူသည် နာမည်နိမ့်ကျမည့်အဖြစ်ကိုလည်းကောင်း၊ လူတို့ကို သိမ်းသွင်းစည်းရုံး၍ မရသည့် အဖြစ်ကိုလည်းကောင်း အလွန်ကြောက်ရွံ့လေသည်။ သူသည် အခြားသူများက သူ့ကို နာခံပြီး ကိုးကွယ်စေဖို့ရန်အလို့ငှာ သူ၏ ကြိုးစားအားထုတ်မှုများတွင် တက်တက်ကြွကြွရှိ၍၊ အစွမ်းကုန် လုပ်ဆောင်တတ်ပြီး၊ လူတို့ကို တစ်နေ့လုံး သြဝါဒပေးရင်းဖြင့် ဘုရားသခင်၏ နေရာတွင် ထိုင်တတ်လေသည်။ သူသည် လူတိုင်းကို အထင်အမြင်သေးပြီး၊ သူ၏ ဩဇာနယ်ပယ်ကို တိုးချဲ့ဖို့ရန်အတွက် သူ အာဏာရှိသမျှ အရာရာတိုင်းကို လုပ်ဆောင်လေသည်။ ထို့ပြင် အခြားသူများက သူ့ကို အာရုံစိုက်ကြစေရန်၊ သူ၏ စကားများကို အရေးစိုက်စေရန်၊ သူ၏ အစီအစဉ်များကို လိုက်နာကြစေရန်နှင့် ဘုရားသခင်ကို ဘေးဖယ်ကာ သူ့ကို အစားထိုး ကိုးကွယ်ကြစေရန်အတွက် သူ၏ ကိုယ်ပိုင် အလုပ်များကို လုပ်ဆောင်တတ်လေသည်။ သူသည် နှစ်များစွာ အလုပ်လုပ်ပြီးနောက်တွင်၊ သူ ဦးဆောင်သော လူတို့သည် ဘုရားသခင်ကို သိကျွမ်းခြင်း အလျှင်းမရှိကြချေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့အားလုံးသည် သူ့ကိုသာ ကြောက်ရွံ့၍ နာခံကြသည်။ သူကိုယ်တိုင်က ဘုရားတစ်ဆူ ဖြစ်လာလေသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့်၊ သူသည် လူတို့ကို မိမိကိုယ်တိုင်၏ ရှေ့မှောက်သို့ ဦးဆောင်နေခြင်း မဟုတ်ပါလား။ ဤသို့သော လူမျိုးသည် ဓါးပြတစ်ဦး၊ မိသားစုအတွင်းမှ သူခိုးတစ်ဦးနှင့် အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခင်က:ဂျုံစပါးနှင့် တောပင်တို့ကြား ခြားနားချက်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မည်သို့ ပြသပါသနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ