သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်မျာ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၀။ သိုးထိန်း အယောင်ဆောင်များ၊ အန္တိခရစ်များနှင့် ခရစ်တော်အယောင်ဆောင်သောသူများကို ပိုင်ခြားသိမြင်ဖို့ နည်းလမ်း

၁။ အရည်အချင်းရှိသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သောလမ်းသို့ ယူဆောင်လာပေးပြီး သမ္မာတရားအတွင်းသို့ ပိုနက်ရှိုင်းအောင် သွားခွင့်ပြုလေသည်။ သူလုပ်ဆောင်သော အလုပ်သည် လူတို့ကို ဘုရားသခင်ရှေ့တော်သို့ ပို့ဆောင်ပေးသည်။ ထို့အပြင် သူလုပ်သော အလုပ်သည် လူတစ်ဦးနှင့်တစ်ဦးကြား ကွဲပြားမှုရှိပြီး စည်းမျဉ်းများဖြင့် ကန့်သတ်ထားခြင်း မရှိဘဲ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ကို ခွင့်ပြုသည်။ ထို့အပြင် သူတို့သည် အသက်တာတွင် တဖြည်းဖြည်း ကြီးထွားလာနိုင်ပြီး သမ္မာတရားအတွင်းသို့ ပိုနက်ရှိုင်းစွာ တဖြည်းဖြည်း တိုးဝင်သွားနိုင်သည်။ အရည်အချင်းမရှိသော လုပ်သား၏အလုပ်သည် တိုတောင်းပျက်စီးသည်၊ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများအတွင်းသို့သာ ပို့ဆောင်နိုင်လေသည်၊ လူတို့ကို သူတောင်းဆိုသော အရာသည် လူတစ်ဦးနှင့်တစ်ဦး မကွာခြားပေ၊ သူသည် လူတို့အမှန်တကယ် လိုအပ်နေသော အရာများနှင့်အညီ အလုပ်မလုပ်ပေ။ ဤသို့သောအလုပ်အမျိုးအစားတွင် စည်းမျဉ်းစည်းကမ်းများစွာနှင့် အယူအဆများစွာရှိပြီး၊ လူတို့ကို အရှိတရားအတွင်းသို့၊ သို့မဟုတ် အသက်တာတွင် ပုံမှန်ကြီးထွားမှုအတွက် ကျင့်ကြံမှုအတွင်းသို့ မပို့ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့အပေါ်တွင် ရပ်တည်နိုင်ခွင့်ကိုသာ ပေးသည်။ ဤသို့သော လမ်းညွှန်မှုမျိုးသည် လူတို့ကို လမ်းလွဲသို့သာ ဦးဆောင်သည်။ သူသည် သင့်ကို သူနှင့်တူသည့်အရာ ဖြစ်လာစေရန် ဦးဆောင်သည်၊ သူ၏အရာအားလုံးနှင့် သူ၏ဖြစ်ခြင်းအတွင်းသို့သာ သင့်ကိုပို့ဆောင်ပေးနိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များသည် အရည်အချင်းရှိမရှိကို သိနိုင်ရန် အဓိကသော့ချက်မှာ သူတို့ဦးဆောင်သော လမ်းကြောင်းနှင့် သူတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များသည် သမ္မာတရားနှင့်အညီ နိယာမများကို လက်ခံရရှိခြင်း ရှိမရှိနှင့် သူတို့အနေဖြင့် ပုံသဏ္ဌာန်ပြောင်းလဲနိုင်ရန်အတွက် သင့်တော်သော ကျင့်ကြံမှုနည်းလမ်းများကို လက်ခံရရှိမှု ရှိမရှိတို့ကိုကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့်အလုပ်များကို ပိုင်းခြားသိမြင်သင့်သည်။ မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ယင်းသည် သင်၏ဝင်ရောက်မှုကိစ္စကို ထိခိုက်စေသည်။ အကယ်၍ မည်သူ့ဦးဆောင်မှုတွင် လမ်းကြောင်းရှိပြီး၊ မည်သူ့ဦးဆောင်မှု၌ မရှိသည်ကို သင်မခွဲခြားမသိမြင်နိုင်ပါက သင်သည် လွယ်ကူစွာ လှည့်စားခြင်းခံရနိုင်သည်။ ဤအရာအားလုံးသည် သင့်ကိုယ်ပိုင်အသက်တာအပေါ်တွင် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၂။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ မလိုက်လျှောက်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အလုပ်ထဲသို့ ဝင်ရောက်ခြင်း မရှိသေးပါ၊ ထို့အပြင် ၎င်းတို့ မည်မျှပင် လုပ်ဆောင်ပါစေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် ၎င်းတို့ မည်မျှပင် ဟိုဟိုသည်သည် အလုပ်များနေပါစေ၊ ထိုအရာတစ်ခုမျှ ဘုရားသခင်အတွက် အဓိပ္ပာယ်မရှိပါ၊ ဘုရားသခင်သည် ၎င်းတို့ကို ချီးကျူးမည်မဟုတ်။ ယနေ့ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပ၌ ရှိကြပြီး၊ ယင်းကဲ့သို့သောသူများသည် ဘုရားသခင်၏ချီးကျူးမှုကို မခံရကြ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များနှင့် ကင်းကွာသော အစေခံခြင်းသည် ဇာတိပကတိနှင့်၊ အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်စွမ်းမရှိ။ အကယ်၍ လူများသည် ဘာသာရေးအယူအဆများအကြား၌သာ အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုတော်နှင့် အံဝင်ခွင်ကျဖြစ်သောအရာ တစ်စုံတစ်ခုကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်ကို အစေခံသည်ဖြစ်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ စိတ်ထင်ရာများနှင့် အယူအဆများအကြား၌သာ အစေခံကြခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြ၊ ဘုရားသခင်၏အလိုတော်ကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြ။ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့်ညီညွတ်သော အစေခံခြင်းကို အလိုရှိသည်၊ အယူအဆများနှင့်၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို ဘုရားသခင် အလိုမရှိ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်သောအလုပ်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် အယူအဆများအကြား၌ အသက်ရှင်ကြ၏။ ထိုသို့သောသူတို့၏ အစေခံခြင်းသည် ကာဆီးခြင်းနှင့် အနှောင့်အယှက်ဖြစ်စေပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်၏။ ထိုအကြောင်းကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို အစေခံနိုင်ခြင်းမရှိ၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို ဧကန်မုချ ဆန့်ကျင်ကြခြင်းဖြစ်ပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအလုပ်ကို သိပြီး သူ၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” မှ

၃။ လူသား၏စိတ်ထဲရှိအလုပ်ကို လူသားက အလွန်လွယ်ကူစွာ စွမ်းဆောင်ရရှိနိုင်ပေသည်။ ဥပမာအားဖြင့် ဘာသာရေး လောကအတွင်းရှိ သင်းအုပ်များနှင့် ခေါင်းဆောင်များသည် သူတို့၏ အလုပ်ကိုလုပ်ရန် သူတို့၏ ပါရမီများနှင့် အဆင့်အတန်းများအပေါ် အမှီပြုသည်။ အချိန်ကြာမြင့်စွာ သူတို့နောက်သို့လိုက်သောသူများသည် သူတို့ပါရမီများ၏ ဓာတ်ကူးခြင်းကိုခံရကာ သူတို့ဖြစ်တည်မှုအချို့တို့၏ လွှမ်းမိုးမှုကို ခံရလိမ့်မည်။ သူတို့သည် လူသား၏ ပါရမီများ၊ စွမ်းရည်များနှင့် အသိပညာတို့အပေါ်တွင် အာရုံထား၍ သဘာဝလွန်သည့်အရာ အချို့တို့နှင့် အလွန်နက်ရှိုင်းပြီး မစစ်မှန်သော အယူဝါဒများ (ဤနက်ရှိုင်းသော အယူဝါဒများကို မရယူနိုင်သည်မှာ သေချာပါသည်) အပေါ်တွင် သူတို့အာရုံစိုက်ကြသည်။ သူတို့သည် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်းများအပေါ်တွင် အာရုံမထားဘဲ လူတို့၏ တရားဟောကြားခြင်းနှင့် လုပ်ဆောင်မှု စွမ်းရည်များကို လေ့ကျင့်ပေးခြင်း၊ လူသား၏အသိပညာနှင့် ကြွယ်ဝသော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့ကိုသာ အာရုံထားလေသည်။ သူတို့သည် လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်၊ သို့မဟုတ် လူသားသည် သမ္မာတရားကို မည်မျှနားလည်သည်တို့အပေါ်တွင် အာရုံမထားပေ။ သူတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို သိအောင် ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရနှင့် ပတ်သက်၍ စိတ်ပင်မဝင်စားပေ။ သူတို့သည် လူသား၏ အားနည်းချက်များ၊ သို့မဟုတ် ဖောက်ပြန်မှုများကို ပြုပြင်ရန်မဆိုထားနှင့်၊ လူသား၏ အယူအဆများကို တွေ့ကြုံခြင်း၊ သို့မဟုတ် သူတို့၏အယူအဆများကို ဖော်ပြခြင်းပင်မရှိပေ။ သူတို့နောက်သို့လိုက်သော သူအများစုသည် သူတို့၏ ပင်ကိုပါရမီများဖြင့် အစေခံပြီး၊ သူတို့ဖော်ပြသောအရာသည် အသိပညာနှင့် ဝေဝါးသော ဘာသာရေး အမှန်တရားဖြစ်သည်။ ယင်းသည် လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အား အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိပေ။ အမှန်တွင်မူ သူတို့အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသော သူတစ်ဦးကို နောက်ပိုင်းတွင် အလုပ်လုပ်၍ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာသင်ကျောင်း ဘွဲ့ရတစ်ဦးဖြစ်ရန် ပျိုးထောင်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၄။ ငါ့အနောက်တွင် လူအများအပြားသည် ရာထူးအဆင့်အတန်းဂုဏ်ကောင်းချီးကို တပ်မက်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲစားသောက်ကြပြီး နှစ်ခြိုက်စွာ အိပ်လိုကြကာ ကိုယ်ခန္ဓာအသွေးအသား၏ တောင့်တမှုကို အလေးပေးကာ ဖြည့်ဆည်းကြပြီး၊ ကိုယ်ခန္ဓာအသွေးအသား၏တောင့်တမှုကို ရှောင်လွှဲပါက ဆောက်တည်ရာမရဖြစ်မည်ကို အစဉ်မပြတ် စိုးရိမ်ပူပန်ကြသည်။ သူတို့သည် အသင်းတော်တွင် မိမိတို့၏ သင့်လျော်သောတာဝန်ကို မဆောင်ရွက်ဘဲ အသင်းတော်ကို ကပ်စားကြသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို ငါ့နှုတ်ကပတ်တော်အားဖြင့် ပဲ့ပြင်ပေးခြင်းများ မပြုလုပ်ပေ။ သူတို့သည် အထက်စီးမှနေကာ အခြားသူများအပေါ် မောက်မာစွာ ပြုမူဆက်ဆံကြသည်။ ထိုသူတို့သည် မိမိတို့မှာ ဘုရားသခင်၏အလိုတော်ကို ထမ်းရွက်နေကြသည်ဟု ဆိုမြဲဆိုနေပြီး၊ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုနေသည်မှာ သဘာဝမကျဖြစ်သည် မဟုတ်လော။ အကယ်၍ သင်၌ မှန်ကန်သော ရည်ရွယ်ချက်များရှိသော်လည်း ဘုရားသခင်၏အလိုတော်နှင့်အညီ အစေမခံနိုင်ပါက သင်သည် မိုက်မဲနေသည်သာ ဖြစ်သည်။ အကယ်၍ သင်၏ရည်ရွယ်ချက်များသည် မမှန်ကန်ဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် စာနာထောက်ထားမှု မရှိပေ။ ဘုရားသခင်၏အိမ်တော်တွင် သူတို့သည် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာကို အစဉ်တပ်မက်ကြပြီး၊ ဘုရားသခင်၏အကျိုးအတွက် ထည့်သွင်းစဉ်းစားမှုမရှိကြပေ။ သူတို့သည် မိမိတို့အတွက် ကောင်းကျိုးကို အစဉ်ရှေးရှုပြီး၊ ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြ။ သူတို့ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က မမြတ်နိုးချေ။ သူတို့သည် မိမိတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် ခိုင်းမက်ပြီး လှည့်ဖျားကြသည်။ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားသော စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ သူတို့တွင် မျက်နှာနှစ်ဘက်ရှိကြသည်။ ထိုသူတို့သည် ဘုရားသခင်၏ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ကောင်းချီးများကို လက်ခံရရှိရန် သင့်လျော်သလော။ သင်သည် သင်၏ဘဝအသက်တာနှင့် အသင်းတော်အတွက် တာဝန်ယူမှုမရှိပေ။ သင်သည် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံရရှိရန် သင့်လျော်ပါ၏လော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်ဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသောတာဝန်ကို တာဝန်ပေးစေခိုင်းရန် မည်ကဲ့သို့ ယုံကြည်စိတ်ချနိုင်မည်နည်း။ သင်သည် အမှုအရာများကို နှောင့်နှေးကြန့်ကြာစေသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း” မှ

၅။ သင်သည် သင့်သဘာဝ ပင်ကိုစရိုက်နှင့် သင့်ပုဂ္ဂိုလ်ရေး အကြိုက်များအရသာ ဘုရားသခင်အား အစေခံခြင်း ဖြစ်သည်၊ ထို့အပြင် သင်လုပ်ချင်သည့် အရာတိုင်း၌ ဘုရားသခင် ကျေနပ်ပြီး သင်လုပ်ချင်စိတ် မရှိသည့် အရာတိုင်းကို မုန်းသည်ဟု တွေးထင်လျက်ရှိနေသည်၊ ထို့အပြင် သင်၏ လုပ်ဆောင်မှုထဲတွင် သင်သည် မိမိကိုယ်ပိုင် ကြိုက်နှစ်သက်မှုများ၏ လုံးလုံးလျားလျား လမ်းညွှန်ခြင်းကို ခံနေရသည်။ ထိုအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်နိုင်မည်လော။ နောက်ဆုံး၌ သင့်အသက်တာ၏ စိတ်သဘောထားသည် ဆံခြည်တစ်မျှင်မျှပင် ပြောင်းလဲလိမ့်မည် မဟုတ်၊ ယင်းအစား သင်သည် ဘုရားသခင်ကို အစေခံနေပြီ ဖြစ်သည့်အတွက် ပို၍ပင် ခေါင်းမာလာလိမ့်မည် ဖြစ်ပြီး ထိုအရာက သင်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နက်ရှိုင်းစွာ အရိုးစွဲသွားစေလိမ့်မည်။ ထိုနည်းအားဖြင့် သင်၏ ကိုယ်ပိုင် ပင်ကိုစရိုက်အပေါ်နှင့် မိမိကိုယ်တိုင်၏ စိတ်သဘောထားနှင့်အညီ အစေခံခြင်းမှ ရရှိလာသည့် အတွေ့အကြုံအပေါ် အဓိကအားဖြင့် အခြေခံထားသည့် ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းများကို အတွင်းကျိတ် ချမှတ်လိမ့်မည်။ ထိုအရာသည် လူ့အတွေ့အကြုံအားဖြင့် ရလာသော သင်ခန်းစာဖြစ်ပေသည်။ ယင်းသည် လူသား၏ ဘဝဒဿန ဖြစ်ပေသည်။ ထိုသို့သောသူတို့သည် ဖာရိရှဲနှင့် ဘာသာရေး အမှုဆောင်တို့နှင့် သက်ဆိုင်ကြသည်။ သူတို့သည် မည်သည့်အခါမျှ နိုးထ၍ နောင်တမရလျှင်မူ အဆုံး၌ နောက်ဆုံးသော ကာလတွင် ပေါ်လာမည့် ခရစ်တော်အတုအယောင်များ ဖြစ်သွားကြပြီး၊ လူသားများကို လှည့်ဖြားသောသူများ ဖြစ်သွားကြမည်။ ပြောခဲ့ပြီးသည့် ခရစ်တော်အတုအယောင်များနှင့် လှည့်ဖြားသောသူတို့သည် ထိုသို့သော ပုဂ္ဂိုလ်မျိုးကြားမှ ပေါ်လာမည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော ထိုသူတို့သည် မိမိတို့၏ပင်ကိုစရိုက်နောက်ကိုလိုက်ပြီး ကိုယ့်ဆန္ဒအရ ပြုမူကြမည်ဆိုပါက အချိန်မရွေး မောင်းထုတ်ခြင်း ခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ နှလုံးသားကို သိမ်းသွင်းရန်၊ ၎င်းတို့ကို သွန်သင်ရန်နှင့် ချုပ်ထိန်းရန်၊ ထို့အပြင် အထက်စီး၌နေရန် ဘုရားသခင်အား အစေခံခြင်းဆိုင်ရာ နှစ်များစွာသော အတွေ့အကြုံကို အသုံးချလျက် မည်သည့်အခါမျှ နောင်တမရသောသူများ၊ အပြစ်များကို ဝန်ချမတောင်းပန်သောသူများနှင့် သူတို့ရာထူးနေရာ၏အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများသည် ဘုရားသခင်ရှေ့မှောက်တွင် ကျရှုံးကြလိမ့်မည် ဖြစ်သည်။ ထိုသူတို့သည် ပေါလုကဲ့သို့ ပုံစံမျိုးဖြစ်ကြပြီး ၎င်းတို့၏ဝါရင့်မှုကို ရောင့်တက်သောသူနှင့် ၎င်းတို့၏ အရည်အချင်းများကို ဝါကြွားသော သူကဲ့သို့ ဖြစ်ပေသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို စုံလင်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အလုပ်ကို တားဆီးနှောင့်ယှက်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေးအမှုဆောင်ခြင်းကို သန့်စင်ရမည်” မှ

၆။ သင်သည် အသိပညာနှင့်ပတ်သတ်လျှင် ကမ်းခြေ၌ သဲပေါများသကဲ့သို့ အတောမသတ်ပြောနိုင်သည်၊ သို့ရာတွင် ထိုအထဲ၌ စစ်မှန်သောလမ်းကြောင်း တစ်ခုမျှ မပါဝင်ပေ။ ဤသို့ပြုခြင်းသည် လူတို့ကို အရူးလုပ်ခြင်းမဟုတ်ပါလား။ သင်သည် ယင်းကို ကျောထောက်နောက်ခံဖို့အတွက် အကောင်အထည်မရှိဘဲ ဗလာသက်သက် ဟန်ပြနေသည် မဟုတ်ပါလား။ ထိုကဲ့သို့သော ပြုမူပုံအားလုံးသည် လူတို့အတွက် အန္တရာယ်ရှိသည်။ အယူအဆပိုမြင့်ပြီး စစ်မှန်မှု ပို၍ ကင်းမဲ့လေလေ၊ လူတို့ကို အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေဖြစ်သည်။ အယူအဆမြင့်လေလေ သင်သည် ဘုရားသခင်ကို ပို၍ဖီဆန်ကာ ဆန့်ကျင်မိလေလေဖြစ်သည်။ မြင့်မားသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် မဆက်ဆံပါနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ အချို့သောသူများသည် အမြင့်ဆုံးအယူအဆများကို ပြောကောင်းပြောနိုင်ပေလိမ့်မည်၊ သို့ရာတွင် ထိုအယူအဆများထဲတွင် အရှိတရားလုံးဝမပါဝင်ပေ၊ အကြောင်းမှာ ထိုသူများသည် ထိုအရာတို့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်းမရှိသဖြင့် သူတို့ထံတွင် လက်တွေ့ကျင့်ဆောင်ရန်လမ်းကြောင်း မရှိပေ။ ထိုသို့သောသူများသည် လူတို့ကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခေါ်သွားနိုင်စွမ်း မရှိကြဘဲ၊ လူတို့ကို လမ်းလွဲစေခြင်းသာ ပြုကြလိမ့်မည်။ ဤသည်မှာ လူတို့အတွက် အန္တရာယ်ရှိသည် မဟုတ်ပါလား။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိပြဿနာများကို ဖြေရှင်းကာ လူတို့ကို ဝင်ခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ရပါမည်။ ဤအရာကိုသာလျှင် ဆပ်ကပ်အပ်နှံခြင်းဟုဆိုနိုင်ပြီး၊ သို့မှသာလျှင် သင်သည် ဘုရားသခင်အတွက် အမှုပြုရန် အရည်အချင်းပြည့်မီမည် ဖြစ်ပါသည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားလုံးများကို အမြဲတမ်းမပြောပါနှင့်။ လူတို့ကို အတင်းအကျပ် နာခံလာအောင်ပြုရန် မသင့်လျော်သည့် ကျင့်ထုံးများစွာကို အသုံးမပြုပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် အကျိုးမရှိဘဲ လူတို့၏ စိတ်ရှုပ်ထွေးခြင်းကိုသာ တိုးလာစေနိုင်ပါသည်။ လူတို့ကို ဤနည်းဖြင့် ဦးဆောင်ခြင်းသည် လူသားတို့ သင့်ကိုရွံရှာလာစေနိုင်သည့် စည်းမျဉ်းများစွာကိုသာ ထွက်ပေါ်လာစေပါလိမ့်မည်။ ဤသည်မှာ လူသားတို့၏ ချို့ယွင်းချက်ဖြစ်ပြီး အမှန်တကယ်ပင် အရှက်ရစရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်မှု အပေါ်တွင် ပို၍အာရုံစိုက်ပါ” မှ

၇။ ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

၈။ မာနထောင်လွှားမှု၏သရုပ်သကန်မှာ ဘုရားသခင်အပေါ် ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်၏။ လူတို့မာနထောင်လွှား၍ မိမိဘာသာ ကြီးကျယ်နေကာ မိမိဘာသာ ဖြောင့်မတ်သည်ဟု ထင်နေသောအခါ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သီးခြား နိုင်ငံတော်များကို တည်ထောင်ကာ ၎င်းတို့လိုချင်သည့်အတိုင်း လုပ်ဆောင်လေ့ရှိကြ၏။ အခြားသူများကိုလည်း ၎င်းတို့၏ လက်ထဲသို့ဆွဲသွင်းကာ ၎င်းတို့၏ ပိုက်ထွေးမှုအတွင်း ဆွဲသွင်းကြ၏။ လူတို့သည် ဤကဲ့သို့သောအရာများကို လုပ်ကိုင်နိုင်သည့်အခါ ၎င်းတို့၏ မာနထောင်လွှားမှု၏အနှစ်သာရမှာ ကောင်းကင်တမန်မင်း၏ မာနထောင်လွှားမှုပင် ဖြစ်၏။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိဘာသာ ကြီးကျယ်နေမှုသည် အဆင့်တစ်ရပ်သို့ ရောက်ပြီးနောက် ယင်းအရာက ထိုသူတို့ ကောင်းကင်တမန်မင်းဖြစ်ကြောင်းနှင့် ဘုရားသခင်အား ဘေးဖယ်ထားမည်ဖြစ်ကြောင်းကို သတ်မှတ်လေ၏။ သင်၌ ဤသို့ မာနထောင်လွှားသော စိတ်သဘောထားရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာရှိမည် မဟုတ်ပေ။

ငါတို့သည် ဘာသာရေးအသိုင်းအဝိုင်းများအတွင်းရှိ ခေါင်းဆောင်များစွာအား ဧဝံဂေလိတရားတော်ကို ကြိမ်ဖန်တလဲလဲ ဟောကြားခဲ့ပြီးသော်လည်း သမ္မာတရားအပေါ် ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့လက်မခံကြပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားမှုသည် ပင်ကိုစရိုက်သဖွယ် ဖြစ်နေကာ ဘုရားသခင်သည် ၎င်းတို့၏စိတ်နှလုံးထဲတွင် မရှိတော့သည့်အတွက်ကြောင့် ဖြစ်သည်။ လူအချို့က “ဘာသာရေးလောကရှိ သင်းအုပ်ဆရာအချို့၏ ဦးဆောင်မှုအောက်တွင် လူတို့သည် အလွန်ပင် စိတ်ဓာတ်ခွန်အား တက်ကြွကြ၏။ ၎င်းတို့အကြားတွင် ဘုရားသခင် ရှိပုံပေါ်၏” ဟု ဆိုကောင်းဆိုနိုင်သည်။ ထိုသင်းအုပ်ဆရာတို့၏ ဒေသနာများသည် မည်မျှပင် မြင့်မြတ်သည်ဖြစ်စေ ဘုရားသခင်ကို ၎င်းတို့သိကြသလော။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏စိတ်နှလုံးများတွင် အမှန်တကယ် ကြည်ညိုပါက လူတို့အား ၎င်းတို့နောက်သို့ လိုက်စေ၍ ၎င်းတို့အား ချီးမြှောက်စေကြလိမ့်မည်လော။ ၎င်းတို့သည် အခြားသူများအား တစ်ဦးတည်း ချုပ်ကိုင်ထားမည်လော။ သမ္မာတရားကို ရှာဖွေ၍ စစ်မှန်သောလမ်းခရီးကို စုံစမ်းနေသော အခြားသူများအပေါ် ကန့်သတ်ချက်များ ချမှတ်ရဲမည်လော။ ဘုရားသခင်၏သိုးတို့သည် အကယ်စင်စစ်အားဖြင့် ၎င်းတို့၏သိုးများဖြစ်ပြီး သူ၏သိုးများအားလုံးက ၎င်းတို့ကို နားထောင်သင့်သည့်အပြင် ၎င်းတို့ပြောသည့်အရာတွင် သမ္မာတရားပါဝင်သည်ဟု ၎င်းတို့ယုံကြည်ပါက ၎င်းတို့ကိုယ်တိုင်သည် ဘုရားသခင်အဖြစ် ပြုမူနေခြင်းပင် မဟုတ်ပေလော။ ထိုကဲ့သို့သောသူသည် ဖာရိရှဲများထက်ပင် သာ၍ဆိုးရွား၏၊ ၎င်းတို့သည် အန္တိခရစ်များပင် မဟုတ်ကြသလော။ ထို့ကြောင့် ၎င်းတို့၏ မာနထောင်လွှားမှုကြောင့် ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာဖောက်သည့် အမှုအရာများကို ပြုလုပ်ခဲ့ပြီဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်” မှ

၉။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့အကြား အမှုပြုရန် ကြွလာသောအခါ လူအားလုံးသည် ဘုရားသခင်ကို မြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်ကို ကြားကြရကာ၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ပြုမူလုပ်ဆောင်ချက်များကိုလည်း မြင်ကြရ၏။ ထိုအချိန်တွင် လူသား၏ အယူအဆအားလုံးတို့သည် အမြှုပ်ကဲ့သို့ပင် အရည်ပျော် ပျောက်ကွယ်သွားကြ၏။ ဘုရားသခင် လူ့ဇာတိထဲ၌ ပေါ်လာသည်ကိုမြင်၍ စိတ်နှလုံးသားထဲ၌ နာခံမှုရှိသူဟူသမျှသည် အပြစ်စီရင်ခြင်း ခံရလိမ့်မည် မဟုတ်ဘဲ သူ့တစ်ဖက် ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ရပ်တည်သော သူတို့သည်ကား ဘုရားသခင်၏ အတိုက်အခံအဖြစ် သတ်မှတ်ခြင်း ခံကြရပေမည်။ ထိုသူတို့သည် အန္တိခရစ်များဖြစ်ကြပြီး ဘုရားသခင်တစ်ဖက် စိတ်ဆန္ဒပြင်းစွာ ထကြွသော ရန်သူများပင်ဖြစ်၏။...မိမိစိတ်ဆန္ဒဖြင့် လူဇာတိခံယူသည့် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်သော သူတို့သည် သူတို့၏ မနာခံမှုများအတွက် အပြစ်ဒဏ်ပေးမှုကို ခံကြရမည်ဖြစ်သည်။ သူတို့၏ ဘုရားသခင်ကို ဆန့်ကျင်လိုသော ဆန္ဒမှာ ဘုရားသခင်နှင့်ပတ်သက်သော သူတို့၏အယူအဆတို့မှ ပေါက်ဖွားလာပြီး ဘုရားသခင်၏ အမှု၌ သူတို့၏ နှောက်ယှက်မှုကို ဖြစ်ပေါ်စေသည်။ ထိုသူတို့သည် သိလျက်နှင့်ပင် ဘုရားသခင်၏အမှုကို ဖျက်ဆီး၊ ဟန့်တားတတ်ကြ၏။ သူတို့၌ ဘုရားသခင်နှင့်ဆိုင်သော အယူအဆများ ရှိရုံမျှသာ မကဘဲ ဘုရားသခင်၏ အမှုကို အနှောင့်အယှက် ပေးသည့်အရာများကို ပြုတတ်ကြသေး၏၊ ဤအကြောင်းကြောင့်ပင် လူတို့၏ ထိုအပြုအမူသည် စီရင်ခြင်းကို ခံကြရလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

၁၀။ အပုန်ကန်ဆုံး သူသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်၊ အာခံသူ ဖြစ်သည်။ သူသည် ဘုရားသခင်၏ ရန်သူ၊ အန္တိခရစ် ဖြစ်သည်။ ထိုသို့သောသူသည် ဘုရားသခင်၏အမှုသစ်အပေါ် ရန်လိုသော သဘောထားကို အစဉ်တစိုက် ကိုင်စွဲထားပြီး နာခံလိုသည့်သဘော နည်းနည်းလေးမျှမရှိ၊ နာခံလိုစိတ်ကို လိုလိုလားလား တစ်ခါမျှ မပြဖူး၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် တစ်ခါမျှ မနှိမ့်ချဖူးပေ။ သူသည် အခြားလူများရှေ့၌ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်လေ့ရှိပြီး မည်သူ့ကိုမျှ မနာခံဖူးပေ။ ဘုရားသခင်၏ရှေ့၌ သူသည် သူ့ကိုယ်သူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံးသူ၊ အခြားသူများကို ပြုပြင်ရာတွင် အကျွမ်းကျင်ဆုံးသူအဖြစ် သတ်မှတ်လေ့ရှိသည်။ သူသည် လက်ဝယ်ပိုင်ဆိုင်ထားပြီးသော “အဖိုးတန်ရတနာများ” ကို ဘယ်တော့မျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်နှင့် သူ့ကို ဘုရားကဲ့သို့ ကိုးကွယ်ကြသော အရူးများကို သင်ကြားပို့ချရန်အတွက် ထိုပစ္စည်းများကို ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းများအဖြစ် သတ်မှတ်အသုံးပြုသည်။ အသင်းတော်ထဲ၌ ထိုသို့သောသူများမှာ အရေအတွက် အတိုင်းအတာ တစ်ခုအထိရှိသည်။ သူတို့ကို ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ယာယီနေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းကြီးများ” ဟုခေါ်နိုင်သည်။ သူတို့သည် နှုတ်ကပတ်တော်များအား (အယူဝါဒ) ဟောပြောခြင်းကို ၎င်းတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးအမြတ်ထားပြီး မချိုးဖောက်အပ်သော” တာဝန်ကို အခြားသူများ လိုက်နာလုပ်ဆောင်အောင် သူတို့သည် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို ပေါ်ပေါ်ထင်ထင် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို အာဏာရှင်တစ်ဦးကဲ့သို့ ဆက်ဆံပြီး ပွားများနေကြလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်မိစ္ဆာအဖွဲ့သည် အချင်းချင်းလက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်၊ အသက်ရှင်နေသော ထိုနတ်မိစ္ဆာများကို အဘယ်သို့ ငါ့မျက်စိရှေ့၌ ဆက်လက်နေထိုင်ခွင့် ပေးနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်” မှ

၁၁။ ဘုရားသခင်အပေါ် သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအပေါ် သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကိုအားဖြင့် မာနထောင်လွှားမှုကြောင့်ဖြစ်သည်ကို သိထားလော့။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့်သာ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်မှုကို တွေ့ရှိပြီးနောက် အချို့သူများသည် လူသားအနေနှင့် မည်သည့်နေရာမှ လာသည်ကိုပင် သေချာစွာ ပြောဆိုနိုင်ခြင်း မရှိသော်လည်း ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော့်အမှု၏ အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြသည်။ ထို့အပြင် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလျက် ဝေဖန်ခြင်းများ၊ မိမိအလှည့်မရောက်မီ ပြောဆိုခြင်းများ ပြုကြ၏။ ၎င်းတို့၏ လူ့သဘာဝသည် နိမ့်ကျလွန်း၍ ထိုသူတို့တွင် အသိစိတ်အနည်းငယ်မျှပင် မရှိပေ။ ထိုကဲ့သို့သောသူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏အမှုက ငြင်းပယ်၍ ငရဲ၏မီးများနှင့် လောင်ကျွမ်းခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ထိုသူတို့သည် ဘုရားသခင်၏အမှုကို မသိသော်လည်း သူ၏အမှုကို ဝေဖန်ကာ မည်သို့အမှုဆောင်ရမည်ကို ဘုရားသခင်အား ညွှန်ကြားရန်လည်း ကြိုးပမ်းကြ၏။ ထိုသို့သော ဆင်ခြင်တုံတရားမရှိသည့် လူတို့သည် ဘုရားသခင်ကို မည်သို့သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေ၍ တွေ့ကြုံခံစားသည့် လုပ်ငန်းစဉ်အတွင်း သူ့ကိုသိလာခြင်းဖြစ်၏။ စိတ်ကူးပေါက်သည့်အတိုင်း သူ့ကို ဝေဖန်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်း မဟုတ်ပေ။ ဘုရားသခင်အပေါ် လူတို့၏သိခြင်းသည် တိကျမှန်ကန်လေလေ၊ သူ့အပေါ်ဆန့်ကျင်မှု နည်းလေလေဖြစ်၏။ ၎င်းနှင့်ဆန့်ကျင်ဘက်မှာ ဘုရားသခင်အပေါ် လူတို့အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေဖြစ်၏။ သင့်အယူအဆများ၊ သင်၏ဗီဇသဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သဘောထားအမြင်တို့သည် သင့်အနေနှင့် ဘုရားသခင်အပေါ် ခုခံရာတွင် အသုံးပြုသည့် “ငွေလုံးငွေရင်း” ဖြစ်၍ သင်သည် ဖောက်ပြန်၍ သိက္ခာကျကာ အောက်တန်းကျလေလေ၊ ဘုရားသခင်၏ ရန်သူဖြစ်လေလေ ဖြစ်၏။ အလွန်ဆိုးရွားသော အယူအဆများရှိ၍ မိမိကိုယ်ကို မှန်ကန်သည်ဟုယူမှတ်သော စိတ်နေသဘောထား ရှိသူများသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ရန်လိုမှုကို ပိုခံရလေဖြစ်၍၊ ထိုကဲ့သို့သောသူများသည် အန္တိခရစ်များဖြစ်ကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

၁၂။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်ကြသည့်အပြင်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် အသုံးမကျသောသူများဖြစ်၍ ဆိုးရွားသောသူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏နာမကို ကိုင်ဆောင်ပြတတ်သော်လည်း ဘုရားသခင်ကို တမင်ဆန့်ကျင်တတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ထားကြသော်လည်း သူတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်သောသူများပင် ဖြစ်ကြ၏။ ထိုကဲ့သို့သောသူအားလုံးသည် လူ့ဝိညာဉ်ကို ဝါးမျိုတတ်သည့် မာရ်နတ်များ ဖြစ်ကြပြီး၊ မှန်ကန်သောလမ်းသို့ ခြေလှမ်းရန် ကြိုးစားသူတို့ကို ရည်ရွယ်ချက်ရှိစွာဖြင့် အနှောင့်အယှက်ပေးတတ်သော နတ်ဆိုးများဖြစ်ကြကာ၊ ဘုရားသခင်ကို ရှာဖွေသောသူတို့၏လမ်းကို ဟန့်တားကြန့်ကြာစေမည့် ခလုတ်တံသင်းများဖြစ်ကြ၏။ သူတို့သည် “အကြမ်းပတမ်းဇာတိခန္ဓာ” များ ဖြစ်ကြသော်လည်း၊ သူတို့သည် အန္တိခရစ်များဖြစ်ကြကာ လူများအား ဘုရားသခင်တစ်ဘက် ဆန့်ကျင်ဘက်ပြုရန် ဦးဆောင်သောသူများဖြစ်ကြောင်း သူတို့၏ နောက်လိုက်များက မည်သို့သိနိုင်မည်နည်း။ ဤသူများမှာ ဝိညာဉ်များကို ဝါးမျိုရန် အထူးသဖြင့် ရှာဖွေနေကြသည့် ရှင်သန်နေသော နတ်ဆိုးများဖြစ်သည်ကို သူတို့သည် မည်ကဲ့သို့သိနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

၁၃။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌က သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေသဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကိုသာမြင်ပြီး ဘုရားသခင်၏ အနှစ်သာရကို သတိမမူမိပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

၁၄။ လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်၏။ ထို့ကြောင့် လူသားတို့အား သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ ဤသည်တွင် အလွန်အကျူးဖြစ်ခြင်း တစ်စုံတစ်ရာမျှ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဘုရားသခင်၏ အနှစ်သာရရှိ၍ လူသားမှ ရနိုင်စွမ်းမရှိသော ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏အမှုအပေါ် ဉာဏ်ပညာ အမြော်အမြင်တို့ ရှိသောကြောင့်ဖြစ်၏။ မိမိကိုယ်ကို ခရစ်တော်ဟု ခေါ်သော်လည်း ဘုရားသခင်၏အမှုကို ဆောင်ရွက်နိုင်ခြင်း မရှိသူတို့သည် လိမ်ညာသူများ ဖြစ်ကြ၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ဖြစ်ရုံသာမက ဘုရားသခင်က လူသားတို့အကြား သူ၏အမှုကို အကောင်အထည်ဖော်၍ ပြီးဆုံးအောင် ပြုလုပ်စဉ် ခံယူသော အထူးဇာတိခန္ဓာလည်းဖြစ်၏။ ဤဇာတိခန္ဓာသည် မည်သည့်လူသားမဆို အစားထိုးနိုင်သည့်အရာ မဟုတ်ဘဲ ကမ္ဘာမြေကြီးရှိ ဘုရားသခင်၏အမှုကို လုံလောက်စွာ ထမ်းဆောင်နိုင်သည့် ဇာတိခန္ဓာဖြစ်၍ ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ထုတ်ကာ ဘုရားသခင်ကို ကောင်းစွာကိုယ်စားပြုလျက် လူသားကို အသက်ပေးသော အရာဖြစ်၏။ အနှေးနှင့်အမြန်ပင် ခရစ်တော်၏အယောင်ကိုဆောင်သော ထိုသူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ခရစ်တော်ဟု ဆိုကြသော်လည်း ၎င်းတို့တွင် ခရစ်တော်၏ အနှစ်သာရ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရသော်လည်း ဘုရားသခင်ကိုယ်တိုင်ဖြေဆို၍ ဆုံးဖြတ်သည်ဟု ငါပြော၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

၁၅။ လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ သူ၏ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန်လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန်လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက်လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ့အနေဖြင့် သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့်အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့်စကားလုံးကိုမျှ သူမိန့်မြွက်လိမ့်မည် မဟုတ်ပါ။

…………

ခရစ်တော်သည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်အနေဖြင့် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို ကိုယ်တိုင်ဆောင်ရွက်သော်ငြားလည်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို သူမငြင်းဆိုသကဲ့သို့ သူ၏ဆောင်ရွက်မှုများကိုလည်း အဖျားတပ်လျက် မကြွေးကြော်ခဲ့ပါ။ ထိုအစား သူ၏ဇာတိခန္ဓာထဲ၌ နှိမ့်ချစွာ သိုဝှက်နေသည်။ ခရစ်တော်မှလွဲ၍ မိမိကိုယ်မိမိ ခရစ်တော်ဖြစ်ကြောင်း အယောင်ဆောင်လျက် ကြွေးကြော်နေသူတို့၌ ခရစ်တော်၏ အရည်အချင်းမျိုး မတွေ့ရပါ။ ခရစ်တော်ယောင်ဆောင်သော ထိုသူများ၏ မာနထောင်လွှားမှုနှင့် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်မှုစသည့် စိတ်သဘောထားတို့ကို ယှဉ်တွဲပြသည့်အခါ၊ မည်သည့်ဇာတိခန္ဓာ၏ လုပ်ဆောင်မှုပုံစံသည် ခရစ်တော်အစစ်အမှန်ဖြစ်သည်မှာ သိသာထင်ရှားလာပါသည်။ ၎င်းတို့မှာ အယောင်ဆောင်များဖြစ်လေလေ၊ ခရစ်တော်အယောင်ဆောင်များမှာ ကိုယ့်ကိုယ်ကိုယ် ကြွားဝါလေလေဖြစ်ပြီး လူသားတို့ကို လိမ်လည်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပို၍လုပ်ကိုင်လာနိုင်လေဖြစ်သည်။ ခရစ်တော်အယောင်ဆောင်များတွင် ဘုရားသခင်၏ အရည်အချင်းများ မရှိကြပါ၊ ခရစ်တော်သည် အခြားခရစ်တော် အယောင်အဆောင်များနှင့်ဆိုင်သည့် မည်သည့်လက္ခဏာနှင့်မျှ စွန်းထင်းနေခြင်း မရှိပါ။ ဇာတိခန္ဓာ၏အလုပ်ကို ပြီးပြည့်စုံစေရန်အတွက်သာလျှင် ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းဖြစ်ပြီး လူသားတို့က သူ့ကို မြင်နိုင်ခွင့် ရနိုင်ရန်အတွက် သက်သက်သာ မဟုတ်ပါ။ အမှန်အားဖြင့်၊ သူ၏ကိုယ်ပိုင်လက္ခဏာကို သူ၏အလုပ်အားဖြင့် အတည်ပြုစေပြီး သူဖွင့်ပြသောအရာသည် သူ၏ဂုဏ်ဒြပ်ကို မှန်ကန်ကြောင်း ထောက်ခံနိုင်ရန် ခွင့်ပြုသည်။ သူ၏ဂုဏ်ဒြပ်မှာ အခြေအမြစ် မရှိသည်မဟုတ်၊ သူ၏ကိုယ်ပိုင်လက္ခဏာကို သူ၏လက်ဖြင့် ဖမ်းဆုပ်ထားခြင်းမျိုးလည်း မဟုတ်ပါ၊ ဤအရာအားလုံးတို့ကို သူ၏အလုပ်နှင့် သူ၏ဂုဏ်ဒြပ်တို့အားဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။...

ခရစ်တော်၏အလုပ်နှင့် ဖော်ပြမှုတို့က သူ၏ဂုဏ်ဒြပ်ကို သတ်မှတ်ပေးသည်။ ခရစ်တော်သည် မိမိအား တာဝန်ပေးစေခိုင်းထားသည့် အရာကို စစ်မှန်သော နှလုံးသားနှင့်အတူ ပြီးပြည့်စုံစေနိုင်သည်။ စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သူကိုးကွယ်နိုင်သည့်အပြင် ခမည်းတော် ဘုရားသခင်၏ အလိုတော်ကိုလည်း စစ်မှန်သော နှလုံးသားဖြင့် ရှာဖွေနိုင်သည်။ ယင်းအချက်အားလုံးတို့ကို သူ၏ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်။ ထိုနည်းတူ သူ၏ပင်ကိုဖွင့်ပြခြင်းကိုလည်း သူ၏ ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်၊ ယင်းကို ပင်ကိုဖွင့်ပြခြင်းဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ သူ၏ဖော်ပြမှုသည် တုပလုပ်ဆောင်ခြင်းမျိုး မဟုတ်၊ သို့မဟုတ် လူသား၏ပညာဖြင့် ရနိုင်ကောင်းသည့် ရလဒ်မဟုတ်၊ သို့မဟုတ် နှစ်ပေါင်းများစွာ လူသားတို့ ပြုစုပျိုးထောင်လာခြင်း၏ ရလဒ်လည်း မဟုတ်သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် ထိုအရာကို မသင်ယူခဲ့ပါ၊ သို့မဟုတ် ထိုအရာနှင့် သူ့ကိုယ်သူလည်း မဆင်မြန်းခဲ့ပါ၊ စင်စစ်အားဖြင့် ထိုအရာများမှာ သူ့အထဲ၌ မွေးရာပါဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

၁၆။ မျက်မှောက်ကာလတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြနိုင်သည့်အပြင် နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း ကျန်းမာစေနိုင်ကာ၊ တန်ခိုးများကို များစွာပြနိုင်သော လူတစ်ယောက်ပေါ်လာပြီး ထိုလူက သူသည် ကြွလာခဲ့သော ယေရှုဖြစ်သည်ဟုဆိုပါလျှင် ဤသည်မှာ နတ်ဆိုးများ၏ ဟန်ဆောင်တုပမှုနှင့် ယေရှုကို လိုက်လံအတုခိုးခြင်းသာ ဖြစ်လိမ့်မည်။ ဤအချက်ကို အမှတ်ရလော့။ ဘုရားသခင်သည် ပြုပြီးသား အမှုကို ပြန်မပြုပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးမြောက်ပြီးသားဖြစ်၍ ဘုရားသခင်သည် ထိုအဆင့်ကို နောက်တစ်ကြိမ် လုံးဝထပ်လုပ်မည်မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် မကိုက်ညီသော အမှုဖြစ်သည်။ ဥပမာအားဖြင့် မေရှိယတစ်ဦး လောကသို့ ကြွလာမည့်အကြောင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ပြောထားသည်၊ ဖြစ်သွားသည်မှာက ယေရှုကြွလာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားနေပေလိမ့်မည်။ ယေရှုသည် တစ်ကြိမ်ကြွဆင်းလာပြီးပြီ ဖြစ်သောကြောင့် ဤအကြိမ်၌ ယေရှုနောက်တစ်ကြိမ် ထပ်လာရန်မှာ မှားနေပေလိမ့်မည်။ ခေတ်တိုင်းအတွက် အမည်နာမတစ်ခုရှိပြီး အမည်နာမအသီးသီးကလည်း ခေတ်ကာလ၏ ထူးခြားသော သွင်ပြင်လက္ခဏာကို ဆောင်ပါသည်။ လူသား၏ အယူအဆများထဲ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို အမြဲပြရမည်၊ မကျန်းမာသောသူများကို အစဉ်ကျန်းမာစေရမည်၊ နတ်ဆိုးများကို အစဉ်နှင်ထုတ်ရမည်၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည်ဟု ယူဆကြသည်။ သို့သော်လည်း ဤတစ်ကြိမ်၌ ဘုရားသခင်သည် ထိုကဲ့သို့ လုံးဝမဟုတ်ပါ။ အကယ်၍ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်အမှုများကို ဆက်ပြနေမည်၊ နတ်ဆိုးများကို ဆက်လက်နှင်ထုတ်နေမည်၊ မကျန်းမာသောသူများကို ဆက်ကျန်းမာစေမည်၊ ယေရှုလုပ်ခဲ့သမျှအတိုင်း တစ်ပုံစံတည်း ထပ်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို နောက်တစ်ကြိမ် ထပ်လုပ်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ယေရှုလုပ်ခဲ့သော အမှုသည်လည်း မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် သူ့အမှု၏ အဆင့်တစ်ခုချင်းစီကို လုပ်ဆောင်လေ့ရှိသည်။ သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားပြီဆိုလျှင် မကြာမီမှာပင် နတ်ဆိုးများက လိုက်တုကြသည်။ စာတန်က ဘုရားသခင် လုပ်ဆောင်သည့်အတိုင်း စလုပ်ပြီဆိုလျှင် ဘုရားသခင်သည် အခြားနည်းလမ်းကို ပြောင်းလိုက်သည်။ ဘုရားသခင်က သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသွားသည်နှင့် နတ်ဆိုးများက လိုက်တုလေ့ရှိသည်။ ဤအရာကို သင်တို့ ရှင်းရှင်းလင်းလင်း သိဖို့လိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” မှ

၁၇။ အချို့သောလူတို့သည် နတ်ဆိုးများ၏ စိုးမိုးမှုကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသည်။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်စားပြုသည့်အရာ၌ မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ကို အလေးမထားပါ။ သင့်ကိုယ်သင် မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် စွဲစွဲမြဲမြဲ ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ဆဲဖြစ်ပြီး၊ စာတန်၏ ပိုင်ဆိုင်ခြင်းခံရသူ တစ်ဦးဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ချစ်ဖွယ်ကောင်းသော ဘုရားသခင်၏ သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပါ။ သို့သော် ငါလုပ်သည့်အလုပ်သည် ဘုရားသခင်၏ အလုပ်ဖြစ်သည်။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ရန် မလိုအပ်ပါ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို ဂုဏ်ဒြပ်များ နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ရာထူးဂုဏ်များ ပေးရန် မလိုအပ်ဘဲ၊ သူ့အလုပ်က သူ၏အမည်နာမနှင့် အဆင့်အတန်းကို ကိုယ်စားပြုရန် လုံလောက်ပါသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင်ပင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေပြုခြင်း ခံရပြီးမှ ဘုရားသခင်၏ တစ်ဦးတည်းသောသားတော် ဖြစ်လာသည်ဟု မပြောနိုင်သည်မှာ သေချာသည် မဟုတ်လော။ သူသည် မိမိ၏အလုပ်ကို မစတင်မီ လွန်လေပြီးသည့် အချိန်ကတည်းက ယေရှုဟု အမည်တွင်သည့် ယောက်ျားတစ်ဦး မရှိခဲ့လေသလော။ သင်သည် အသစ်သော လမ်းကြောင်းများကို မထုတ်ဆောင်နိုင်ပါ၊ သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပါ။ ဝိညာဉ်တော်၏ အလုပ်ကို၊ သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်ပါ။ ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ်ကို၊ သို့မဟုတ် ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပါ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့သြဖွယ်နှင့် ဉာဏ်မမီနိုင်မှုများ၊ ထို့အပြင် ဘုရားသခင်က လူသားကို ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ စသည့်အရာအားလုံးမှာ သင်၏ ဖော်ပြနိုင်စွမ်းထက် ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုခြင်းက အချည်းနှီးပင် ဖြစ်လိမ့်မည်၊ သင့်တွင် နာမည်သာရှိပြီး အနှစ်သာရတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာခဲ့သော်လည်း မည်သူမျှ သူ့ကိုမမှတ်မိပါ၊ သို့ရာတွင် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်နေပြီး၊ ထိုသို့လုပ်ဆောင်ရာ၌ ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင် သို့မဟုတ် ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပါ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော် အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် နာမည်ကို သူဂရုမစိုက်ပါ။ ထိုနာမည်က သူ့အလုပ်ကို အဆုံးအဖြတ် ပေးနိုင်သလော။ သင်သူ့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ရှုထောင့်မှကြည့်လျှင်၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်က လူဇာတိကို ခံယူထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်၊ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဘုရားသခင်၏ ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းမဖောက်နိုင်၊ သို့မဟုတ် ခေတ်ဟောင်းကို အဆုံးမသတ်နိုင်သည့်အပြင်၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ သို့မဟုတ် အသစ်သော အလုပ်ကို မပြုလုပ်နိုင်ပါက သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၁၈။ အကယ်၍ လူသားတစ်ဦးသည် သူ့ကိုယ်သူ ဘုရားသခင်ဟူ၍ ခေါ်ဝေါ်သမုတ်သော်လည်း ဘုရားသဘောသဘာဝ၏ ဖြစ်ခြင်းကို မဖော်ပြနိုင်၊ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို မပြုနိုင်၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါက သူသည် ဘုရားသခင် မဟုတ်သည်မှာ သေချာသည်၊ အဘယ်ကြောင့်ဆိုသော် သူ၌ ဘုရားသခင်၏ အနှစ်သာရ မရှိခြင်းကြောင့်ဖြစ်ပြီး ပင်ကိုအားဖြင့် ဘုရားသခင် ရယူနိုင်သောအရာမှာ ထိုလူထဲ၌ မတည်ခြင်းကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု” မှ

ယခင်က:၉။ ဘုရားသခင်၏ အမှုတော်နှင့် လူ၏ အလုပ်တို့ကြား ခြားနားချက်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ