၄၂) ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို ရရှိခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန်နှင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံလာရရန် လိုအပ်ပေသည်။ ထိုသို့ဖြင့်သာ မိမိတို့သည် ဘုရားသခင်ကို မနာခံတော့မည်မဟုတ် သို့မဟုတ် ခုခံတော့မည်မဟုတ်သည်မှာ သေချာပေသည်။

(၂) သမ္မာတရားကို လိုက်စားဖို့နှင့် ယင်း၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများကို နားလည်လာဖို့ လိုအပ်ပေသည်။ ထိုသို့ဖြင့်သာ အမှုအရာများအပေါ် မိမိ၏ အမြင်များသည် ခရစ်တော်၏ အမြင်များနှင့် ကိုက်ညီပြီး ယင်းတို့နှင့် မကွဲလွဲသည်မှာ သေချာပေသည်။

(၃) ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးကို ကျိုးနွံနာခံဖို့ လိုအပ်သည်။ ယင်းတို့ကို တစ်ဦးတစ်ယောက်က နားမလည်သည့်အချိန်တွင်ပင်၊ ၎င်းသည် ဘုရားသခင်ကို မနာခံနေခြင်း သို့မဟုတ် ခုခံနေခြင်း မဟုတ်သည်ကို သေချာစေဖို့၊ သမ္မာတရားကို ကျိုးနွံနာခံခြင်းအား ကြိုးစားရန် သင်ယူရမည်ဖြစ်သည်။

(၄) ခရစ်တော်အားဖြင့် စုံလင်ခံရခြင်းကို လက်ခံရန်နှင့် မိမိ၏ အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိဖို့ လိုအပ်သည်။ ထိုသို့ဖြင့်သာ ခရစ်တော်ကို လုံးဝ ကျိုးနွံနာခံနိုင်ပြီး သူ့ကို သက်သေခံသည့် သူတစ်ဦး ဖြစ်လာနိုင်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါသည် လူတို့အကြားတွင် များစွာသောအမှုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကာ၊ ၎င်းကာလအတွင်း ငါသည် နှုတ်ကပတ်တော်များစွာကိုလည်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ဤနှုတ်ကပတ်တော်တို့သည် လူသား၏ကယ်တင်ခြင်းအတွက်ဖြစ်၍၊ လူသားသည် ငါနှင့်သဟဇာတ ရှိလာနိုင်ရန် ၎င်းတို့ကို ဖော်ပြခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ငါသည် ကမ္ဘာမြေကြီးပေါ်တွင် ငါနှင့်သဟဇာတဖြစ်သော လူအနည်းငယ်ကိုသာ ရရှိခဲ့သဖြင့်၊ လူသားသည် ငါ၏နှုတ်ကပတ်တော်တို့ကို တန်ဖိုးမထားဟု ငါဆို၏။ ယင်းမှာ လူသားသည် ငါနှင့်သဟဇာတမဖြစ်သောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့်၊ ငါလုပ်ဆောင်သောအမှုသည် လူသားက ငါ့အား ကိုးကွယ်နိုင်ရုံအတွက်သာ မဟုတ်ဘဲ၊ ပို၍အရေးကြီးသည်မှာ လူသားသည် ငါနှင့်သဟဇာတဖြစ်နိုင်ရန်အတွက် ဖြစ်၏။ လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌ အသက်ရှင်နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် အသက်ရှင်နေကြကာ ၎င်းတို့ထဲတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ထိုကဲ့သို့သောသူတို့သည် ဝိုးတဝါးဖြစ်သောရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားများသည် မောက်မာမှု၊ မိမိကိုယ်ကိုယုံကြည်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ဤသည်မှာ ၎င်းတို့အားလုံးသည် အခြေခံအားဖြင့် ငါ့ကိုဆန့်ကျင်ကြလျက် ငါနှင့်သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ သမ္မာကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့်သဟဇာတဖြစ်ရန်နည်းလမ်းကို မသိကြပေ။ ငါ့ကို ဆန့်ကျင်ခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း မသိကြပေ။ ထို့အပြင် သမ္မာကျမ်းပိုဒ်များကို အကျိုးအကြောင်းမမြင်ဘဲသာ ဖတ်ကြ၏။ ကျမ်းစာထဲတွင် ၎င်းတို့ တစ်ခါမျှ မမြင်ဖူးသော၊ ၎င်းတို့မြင်နိုင်စွမ်းမရှိသော ဝိုးတဝါးဖြစ်သည့်ဘုရားသခင်တစ်ပါးကို ၎င်းတို့သည် ဘောင်ခတ်ထား၍ ၎င်းတို့အားလပ်သည့်အချိန်၌ ထုတ်ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရန်အတွက် သူ့အား ဤလောကမှ နှင်ထုတ်ရန်ကို သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန်ကို သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိအောင် ပြုလုပ်ရန်အတွက် လူ့ဇာတိခံ၍ တစ်ဖန်ပြန်ကြွလာသော ခရစ်တော်ကို တစ်ဖန်ကားစင်တင်ရန်ကို သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားတွင် မလိုမုန်းထားမှုများ များလွန်းပြီး၊ သူ၏သဘာဝသည် ငါ့ကိုဆန့်ကျင်လွန်းသောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့လက်ခံရရှိနိုင်မည်နည်း။ ငါသည် လူတို့ထဲတွင်နေသော်လည်း လူသည် ငါရှိကြောင်းကို မသိပေ။ ငါသည် ငါ၏အလင်းကို လူသားအပေါ် ထွန်းလင်းသည့်အခါ သူသည် ငါရှိကြောင်းကို မသိဘဲရှိနေသေး၏။ ငါ၏အမျက်ဒေါသကို လူသားအပေါ် လွှတ်လိုက်သည့်အခါ သူသည် ငါရှိနေကြောင်းကို ပို၍ကြီးမားသောအားမာန်ဖြင့် ငြင်းဆို၏။ လူသားသည် စကားလုံးများ၊ သမ္မာကျမ်းစာများတို့နှင့် သဟဇာတဖြစ်ရေးကို ရှာ၏။ သို့ရာတွင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းကိုရှာဖွေရန် ငါ့ရှေ့မှောက်လာရောက်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါရှိနေခြင်းကို အထူးအလေးထားသော်လည်း၊ လူ့ဇာတိခန္ဓာ၌ရှိနေသော ငါ့အကြောင်းကို မည်သူကမျှ အရေးမပေးပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားတွင်နေလျက်ရှိသော ငါသည် အရေးမပါလွန်းသောကြောင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် ဝေဝါးသောဘုရားသခင်နှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား ပြောမပြနိုင်လောက်အောင် မြောက်မြားစွာသောရတနာများကို ပေးနိုင်စွမ်းရှိသော ဘုရားသခင်တစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏တန်ခိုးလက်အောက်တွင် ရှိမည့်ဘုရားသခင်၊ မတည်ရှိသောဘုရားသခင် ဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ လူသားသည် နိမ့်ကျလွန်းသဖြင့် ဖော်ပြ၍ပင် မရချေ။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့ထံမှ အကန့်အသတ်မရှိ တောင်းဆိုသူများ၊ သမ္မာတရားကိုမမြတ်နိုးသူများ၊ ငါ့ကိုပုန်ကန်သူများ— ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။

ငါ့ကိုဆန့်ကျင်သူများသည် ငါနှင့်သဟဇာတမဖြစ်သူများ ဖြစ်ကြ၏။ သမ္မာတရားကို မမြတ်နိုးသောသူများသည်လည်း ထိုသို့ပင်ဖြစ်၏။ ငါ့ကိုပုန်ကန်သူများသည် ငါ့ကို သာ၍ပင် ဆန့်ကျင်ကာ ငါနှင့်သာ၍ပင် သဟဇာတမဖြစ်ကြပေ။ ငါနှင့်သဟဇာတ မဖြစ်သူအားလုံးကို ငါသည် မာရ်နတ်၏လက်ထဲသို့ ပို့ပြီး ငါသည် ၎င်းတို့အား မာရ်နတ်၏ပျက်စီးခြင်းထဲသို့ စွန့်လွှတ်၏၊ ၎င်းတို့၏ဆိုးသွမ်းမှုများကို ထုတ်ဖော်ရန် ၎င်းတို့ဆန္ဒရှိသည်အတိုင်း လုပ်စေလျက်၊ အဆုံးတွင် ဝါးမျိုခြင်းခံရရန် ငါသည် ၎င်းတို့အား မာရ်နတ်၏ လက်ထဲသို့ အပ်လိုက်၏။ လူဘယ်နှစ်ဦး ငါ့အားကိုးကွယ်သည်ကို ငါသည် ဂရုမစိုက်။ လူဘယ်နှစ်ဦး ငါ့အားယုံကြည်သည်ကို ငါဂရုမစိုက်ဟု ဆိုလိုခြင်းဖြစ်သည်။ လူဘယ်နှစ်ဦး ငါနှင့်သဟဇာတ ဖြစ်သည်ကိုသာ ငါအာရုံစိုက်၏။ ယင်းမှာ ငါနှင့်သဟဇာတ မဖြစ်သူအားလုံးသည် ငါ့အပေါ်သစ္စာဖောက်သည့် ဆိုးယုတ်သူများဖြစ်သောကြောင့် ဖြစ်သည်။ ထိုသူတို့သည် ငါ၏ရန်သူများဖြစ်ကြကာ၊ ငါ၏ရန်သူများကို ငါ့အိမ်တွင် ငါသည် “အမြတ်တနိုးထား” မည်မဟုတ်။ ငါနှင့်သဟဇာတ ဖြစ်သူများသည် ငါ့အိမ်တွင် ငါ့အား ထာဝရအစေခံလျက်၊ ငါ့ကို ဆန့်ကျင်သူများသည် ငါ၏အပြစ်ဒဏ်ကို ထာဝရခံစားရမည်။ ကျမ်းစာ၏စကားလုံးများကိုသာ အရေးပေးသူများနှင့် သမ္မာတရားကို အလေးမထားသူများသော်လည်းကောင်း ငါ၏ခြေလှမ်းများကို ရှာဖွေရန် အရေးမပေးသူများသော်လည်းကောင်း— ထိုသူတို့သည် ငါ့ကို ဆန့်ကျင်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ငါ့အား သမ္မာကျမ်းစာအတိုင်း ကန့်သတ်ကြကာ၊ သမ္မာကျမ်းစာအတွင်းတွင် ငါ့ကို ဘောင်ခတ်ထားကြသဖြင့် ငါ့ကို လွန်ကဲစွာပြစ်မှားကြသောကြောင့် ဖြစ်၏။ ထိုသို့သောသူများ ငါ၏ရှေ့မှောက်သို့ မည်သို့လာနိုင်မည်နည်း။ ထိုသူတို့သည် ငါ၏လုပ်ဆောင်ချက်များ၊ သို့မဟုတ် ငါ၏အလိုဆန္ဒ၊ သို့မဟုတ် သမ္မာတရားကို လုံးဝဂရုမစိုက်ဘဲ သေစေသော စကားလုံးများကိုသာ စွဲလမ်းကြ၏။ ထိုကဲ့သို့သောလူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်” မှ

ငါသည် နှုတ်ကပတ်တော်များစွာကို ဖော်ပြခဲ့ပြီးဖြစ်ပြီး ငါ၏အလိုဆန္ဒနှင့် စိတ်သဘောထားတို့ကိုလည်း ဖော်ပြခဲ့ပြီး ဖြစ်၏။ သို့သော်ငြားလည်း လူတို့သည် ငါ့ကို သိနိုင်စွမ်းနှင့် ငါ့ကို ယုံကြည်နိုင်စွမ်း မရှိကြသေးပေ။ သို့မဟုတ် လူတို့သည် ငါ့ကို နာခံနိုင်စွမ်း မရှိကြသေးဟု ဆိုနိုင်ပေသည်။ သမ္မာကျမ်းစာအတွင်းတွင် နေထိုင်သူများ၊ ပညတ်‌တော်အတွင်းတွင် နေထိုင်သူများ၊ လက်ဝါးကပ်တိုင်ပေါ်တွင် နေသူများ၊ အယူဝါဒအတိုင်း နေထိုင်သူများ၊ ယနေ့ ငါပြုသည့်အမှုအကြား နေသူများ— ၎င်းတို့အနက် မည်သူသည် ငါနှင့် သဟဇာတဖြစ်သနည်း။ သင်တို့သည် ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များကို ရရှိရန်သာ စဉ်းစား၍ ငါနှင့် မည်သို့ သဟဇာတဖြစ်ရန် သို့မဟုတ် ငါကိုဆန့်ကျင်ခြင်းမပြုရန် သင်တို့ကိုယ်သင်တို့ မည်သို့ တားဆီးရမည်ကို စိုးစဉ်းမျှပင် မည်သည့်အခါကမျှ မစဉ်းစားခဲ့ကြဖူးပေ။ ငါသည် သင်တို့အပေါ် လွန်စွာစိတ်ပျက်၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သင်တို့ကို များစွာပေးခဲ့ပြီးဖြစ်သော်လည်း ငါသည် သင်တို့ထံမှ အနည်းငယ်သာ ရရှိခဲ့၏။ သင်တို့၏ လှည့်ဖြားမှု၊ သင်တို့၏မောက်မာမှု၊ သင်တို့၏လောဘ၊ သင်တို့၏ လွန်ကဲသောအလိုဆန္ဒများ၊ သင်တို့၏ သစ္စာဖောက်မှု၊ သင်တို့၏ မနာခံမှု— ၎င်းတို့အနက် မည်သည့် အရာသည် ငါ၏သတိပြုမိခြင်းမှ လွတ်မြောက်နိုင်မည်နည်း။ သင်တို့သည် ငါ့အား ပေါ့ပေါ့ဆဆ သဘောထား၏၊ ငါ့အား လှည့်စား၏၊ ငါ့အား စော်ကား၏၊ ငါ့အား နားပူနားဆာလုပ်၏၊ ယဇ်ကောင်များအတွက် ငါ့အား အတင်းအကျပ်တောင်းဆို၏၊ ငါ့ထံမှ အဓမ္မယူ၏— ထိုကဲ့သို့သော ဒုစရိုက်သည် ငါ၏အပြစ်ဒဏ်မှ မည်သို့ ရှောင်တိမ်းနိုင်မည်နည်း။ ဤဆိုးယုတ်မှုတစ်ခုလုံးသည် ငါ့အပေါ် သင်တို့၏ရန်လိုသောသဘော၏ အထောက်အထားဖြစ်ပြီး၊ သင်တို့သည် ငါနှင့်သဟဇာတမဖြစ်ကြောင်း အထောက်အထားဖြစ်၏။ သင်တို့ တစ်ဦးချင်းစီသည် သင်တို့ကိုယ်သင်တို့ ငါနှင့်အလွန်သဟဇာတဖြစ်သည်ဟု ယူဆကြ၏။ သို့သော် ထိုသို့ဖြစ်ပါက မှားယွင်းကြောင်းမငြင်းဆိုနိုင်သော ဤအထောက်အထားသည် မည်သူနှင့် သက်ဆိုင်သနည်း။ သင်တို့ကိုယ်သင်တို့ ငါ့အပေါ် အဆုံးစွန်သော စစ်မှန်မှုရှိပြီး သစ္စာရှိသည်ဟု ယူဆကြ၏။ သင်တို့သည် ကြင်နာလွန်း၍ ကရုဏာတရားကြီးမားလွန်းကာ ငါ့ကို လွန်စွာဆက်ကပ်ခဲ့ပြီးပြီဟု ထင်ကြ၏။ သင်တို့သည် ငါ့အတွက် လုံလောက်သည်ထက်ပို၍ ဆောင်ရွက်ပေးခဲ့ပြီးပြီဟု ထင်ကြ၏။ သို့သော် ဤထင်မြင်ချက်ကို သင်တို့၏ အပြုအမူများနှင့် နှိုင်းယှဉ်ခဲ့ဖူးသလော။ သင်တို့သည် လွန်စွာမောက်မာသည်၊ လွန်စွာ လောဘကြီးသည်၊ ဝတ်ကျေတမ်းကျေသာ လွန်စွာပြုသည်ဟု ငါဆို၏။ သင်တို့ငါ့အားလှည့်စားသည့် လှည့်ကွက်များသည် လွန်စွာပါးနပ်ပြီး၊ သင်တို့တွင် လွန်စွာစက်ဆုပ်ဖွယ်ကောင်းသော ရည်ရွယ်ချက်များနှင့် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများရှိကြ၏။ သင်တို့၏ သစ္စာရှိမှုသည် လွန်စွာနည်းပါး၏။ သင်တို့၏ စိတ်အားထက်သန်မှုသည် လွန်စွာသေးနုပ်၍ သင်တို့၏ အသိတရားသည် ပို၍ပင်မရှိ ဖြစ်နေ၏။ သင်တို့၏နှလုံးသားများတွင် မလိုမုန်းထားမှုများ များလွန်း၍ သင်၏မလိုမုန်းထားမှုမှ မည်သူမျှ မကင်းလွတ်၊ ငါသည်ပင် မကင်းလွတ်ပေ။ သင်တို့၏သားသမီးများအတွက်၊ သို့မဟုတ် သင်တို့၏ ခင်ပွန်းအတွက် သို့မဟုတ် သင်တို့ကိုယ်တိုင် ရှင်သန်မှုအတွက် ကြိုးပမ်းရန် သင်တို့သည် ငါ့ကို ပယ်ထားကြ၏။ ငါ့အပေါ်ဂရုစိုက်မည့်အစား သင်တို့သည် သင်တို့၏မိသားစု၊ သင်တို့၏သားသမီးများ၊ သင်တို့၏ဂုဏ်သိမ်၊ သင်တို့၏အနာဂတ်နှင့် သင်တို့ကိုယ်တိုင် အားရကျေနပ်ရန်အတွက် သင်တို့ အာရုံစိုက်ကြ၏။ သင်တို့ပြောဆိုလုပ်ကိုင်ခဲ့စဉ် မည်သည့်အခါက သင်တို့သည် ငါ့ကို စဉ်းစားမိခဲ့ဖူးသနည်း။ ရာသီဥတုအလွန်အေးစိမ့်သည့် နေ့များတွင် သင်တို့၏အတွေးများသည် သင်တို့၏သားသမီးများ၊ သင်တို့၏ ခင်ပွန်း၊ သင်တို့၏ဇနီး၊ သို့မဟုတ် သင်တို့၏ မိဘများထံသို့ ရောက်သွားကြ၏။ ရာသီဥတုအလွန်ပူပြင်းသည့် နေ့များတွင်လည်း ငါသည် သင်တို့၏ အတွေးများတွင် နေရာမရရှိပေ။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါ သင်ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ သင်ကိုယ်တိုင်၏ ဘေးကင်းလုံခြုံရေး၊ သင်၏မိသားစုဝင်များကို စဉ်းစားနေ၏။ သင်သည် ငါ့အတွက် မည်သည့်အရာ ဆောင်ရွက်ခဲ့ဖူးသနည်း။ သင်သည် ငါ့ကို မည်သည့်အခါက စဉ်းစားခဲ့ဖူးသနည်း။ မည်သို့ပင်အနစ်နာခံရသည်ဖြစ်စေ ငါနှင့် ငါ၏အမှု အတွက် သင့်ကိုယ်သင် မည်သည့်အခါက ဆက်ကပ်ခဲ့ဖူးသနည်း။ ငါနှင့်သင် သဟဇာတဖြစ်မှုအထောက်အထားက အဘယ်မှာနည်း။ ငါ့အပေါ် သင်၏သစ္စာရှိမှု၏ စစ်မှန်မှုက အဘယ်မှာနည်း။ ငါ့အပေါ် သင်၏နာခံမှု၏ စစ်မှန်မှုက အဘယ်မှာနည်း။ သင်၏ရည်ရွယ်ချက်များသည် ငါ၏ကောင်းချီးမင်္ဂလာများကို ခံစားရရေးအတွက် မဟုတ်သည့်အချိန်သည် မည်သည့်အခါက ဖြစ်ခဲ့ဖူးသနည်း။ သင်တို့သည် ငါ့ကိုလှည့်စား၍ လှည့်ဖြား၏။ သင်တို့သည် သမ္မာတရားနှင့်ကစားကာ၊ သမ္မာတရားရှိကြောင်း ဖုံးကွယ်ထားကြလျက် သမ္မာတရား၏ အနှစ်သာရကို သစ္စာဖောက်ကြ၏။ ဤနည်းဖြင့် ငါ့ကို ဆန့်ကျင်ခြင်းအားဖြင့် အနာဂတ်တွင် သင်တို့ကို မည်သည့်အရာက စောင့်နေသနည်း။ သင်တို့သည် ဝေဝါးသော ဘုရားသခင်တစ်ပါးနှင့် သဟဇာတဖြစ်ရေးကိုသာ ကြိုးစားကြ၍ ဝေဝါးသော ယုံကြည်ခြင်းကိုသာ ရှာဖွေကြ၏။ သို့ရာတွင် သင်တို့သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပေ။ သင်တို့၏ဒုစရိုက်သည် ဆိုးယုတ်သူတို့ရရှိထိုက်သည့် ဒဏ်ခတ်ခြင်းကို မရရှိထိုက်ပေဘူးလော။ ထိုအချိန်တွင် ခရစ်တော်နှင့်သဟဇာတမဖြစ်သူ မည်သူမျှ အမျက်တော်ထွက်ရာနေ့မှ မလွတ်မြောက်နိုင်ကြောင်းကို သင်တို့ သိကြလိမ့်မည်ဖြစ်၍၊ ခရစ်တော်ကို ဆန့်ကျင်သူများအပေါ် မည်ကဲ့သို့သော ပြစ်ဒဏ်မျိုးကျရောက်မည်ကိုလည်း သင်တို့ တွေ့ရှိကြလိမ့်မည်။ ထိုနေ့ကျရောက်သောအခါ ဘုရားသခင်၌ သင်တို့၏ယုံကြည်ခြင်းအတွက် ကောင်းချီးမင်္ဂလာခံစားရခြင်းနှင့် ကောင်းကင်ဘုံသို့ ဝင်ရောက်ခြင်းအကြောင်း သင်တို့၏စိတ်ကူးအားလုံးတို့သည် တစ်စစီပျက်ပြယ်သွားလိမ့်မည်။ သို့ရာတွင် ခရစ်တော်နှင့် သဟဇာတဖြစ်သောသူတို့အတွက်မူကား ဤသို့ဖြစ်လိမ့်မည်မဟုတ်ပေ။ ထိုသူတို့သည် များစွာဆုံးရှုံးခဲ့ကြသော်လည်း၊ အခက်အခဲများစွာကို ခံစားခဲ့ကြရသော်လည်း၊ လူသားမျိုးနွယ်အပေါ် ငါပေးသည့် အမွေအားလုံးကို ရကြလိမ့်မည်။ အဆုံးတွင် ငါသည်သာလျှင် ဖြောင့်မတ်သောဘုရားသခင်ဖြစ်ကြောင်းနှင့် ငါသည်သာလျှင် လူသားမျိုးနွယ်အား သူ၏လှပသောပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်စွမ်းရှိကြောင်း သင်တို့ နားလည်ကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်” မှ

ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမှုမပြုမီ သင်၏စိတ်နေ သဘောထားသည် လုံးလုံးလျားလျား ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း၊ သင်သည် ခရစ်တော်၏ သစ္စာစောင့်သိသော နောက်လိုက်ဖြစ်ကြောင်း၊ ခရစ်တော်၏ ကောင်းချီးမင်္ဂလာများကို သင့်ထက် ပို၍ခံစားထိုက်သူ မည်သူမျှမရှိကြောင်း သင့်အနေဖြင့် ထင်မြင်ယူဆကောင်း ယူဆနိုင်သည်၊ ထို့ပြင် လမ်းခရီးများစွာ ဖြတ်သန်းခဲ့ပြီး အလုပ်များစွာ လုပ်ဆောင်ခဲ့ကာ အသီးအပွင့်များစွာ သီးပွင့်စေခဲ့ပြီဖြစ်သောကြောင့် သင်သည် နောက်ဆုံးတွင် သရဖူကိုဆွတ်ခူးရမည့်သူတစ်ဦး အသေအချာဖြစ်လိမ့်မည်ဟု သင့်အနေဖြင့် ထင်မြင်ယူဆကောင်း ယူဆနိုင်၏။ သို့ရာတွင် သင်သိမည်မဟုတ်သော အမှန်တရား တစ်ရပ်ရှိ၏၊ လူသားသည် ခရစ်တော်ကိုမြင်သောအခါ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထား၊ သူ၏ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့မှာ ထုတ်ဖော်ခြင်းခံရပြီး၊ ဤအချိန်တွင် ထုတ်ဖော်ခြင်းခံရသည့် ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့သည် အခြားအချိန်ထက်ပို၍ အသေအချာ ပြည့်စုံစွာ ပေါ်လွင်နေလိမ့်မည်။ ဤသည်မှာ ခရစ်တော်သည် လူသားတော်ဖြစ်ပြီး သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသည့် လူသားတော်ဖြစ်သဖြင့် လူတို့သည် သူ့ကိုရိုသေခြင်းမရှိ၊ လေးစားခြင်းလည်း မရှိသောကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာ၌ အသက်ရှင်သည့်အတွက် လူသား၏ ပုန်ကန်မှုသည် အလွန်စေ့စေ့စပ်စပ်နှင့် အသေးစိတ် ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ခံရခြင်းဖြစ်၏။ ထို့ကြောင့် ခရစ်တော်ကြွလာခြင်းက လူသားမျိုးနွယ်၏ ပုန်ကန်မှုအားလုံးကို တူးဖော်ပြသခဲ့ပြီး လူသားမျိုးနွယ်၏ သဘောသဘာ၀ကို အထင်းသား ပေါ်လွင်စေခဲ့ပြီဟု ငါဆို၏။ ဤအရာကို “ကျားတစ်ကောင်ကို တောင်အောက်သို့ဆင်းလာအောင် ဖျားယောင်းခြင်း” နှင့် “ဝံပုလွေ တစ်ကောင်ကို သူ၏တွင်းအပြင်သို့ ထွက်လာအောင် သွေးဆောင်ခြင်း” ဟု ခေါ်သည်။ သင်သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသည်ဟု ဆိုဝံ့သလော။ သင်သည် ဘုရားသခင်အပေါ် အပြည့်အဝ နာခံမှုကို ပြသသည်ဟု ဆိုဝံ့သလော။ သင်သည် မပုန်ကန်တတ်ပါဟု ဆိုဝံ့သလော။ “ဘုရားသခင်သည် ကျွန်ုပ်ကို ပတ်ဝန်းကျင်သစ် တစ်ခုတွင် နေရာချပေးတိုင်း ကျွန်ုပ်သည် ညည်းတွားခြင်းမရှိဘဲ အစဉ်သဖြင့် ကျိုးနွံနာခံသည့်အပြင် ကျွန်ုပ်သည် ဘုရားသခင် အကြောင်း ယူဆချက်များလည်း လက်သင့်ခံမထားပါ” ဟု အချို့သူများကဆိုကြလိမ့်မည်။ အချို့သူများက “ဘုရားသခင် ကျွန်ုပ်ကို စေခိုင်းသည့် အရာမှန်သမျှကို ကျွန်ုပ်အစွမ်းရှိသမျှလုပ်ဆောင်ပြီး မည်သည့်အခါမျှ တာဝန်မပေါ့လျော့ပါ” ဟု ဆိုလိမ့်မည်။ သို့ဆိုလျှင် သင်တို့ကို ဤသို့ငါမေး၏၊ သင်တို့သည် ခရစ်တော်နှင့်အတူ အသက်ရှင်နေထိုင်သည့်အခါ သူနှင့် သဟဇာတဖြစ်နိုင်မည်လော။ ထို့ပြင် သူနှင့်မည်မျှကြာကြာ သဟဇာတဖြစ်မည်နည်း။ တစ်ရက်လော။ နှစ်ရက်လော။ တစ်နာရီလော။ နှစ်နာရီလော။ သင်တို့၏ ယုံကြည်ခြင်းသည် ချီးမွမ်းထိုက်ဖွယ်ဖြစ်နိုင်သော်လည်း သင်တို့တွင် တည်ကြည်ခိုင်မာမှုသဘော များစွာမရှိပေ။ သင်သည် ခရစ်တော်နှင့် အမှန်တကယ် အသက်ရှင်နေထိုင်သောအခါ သင်၏စကားများနှင့် အပြုအမူများမှတစ်ဆင့် မိမိကိုယ်ကို မှန်ကန်သည်၊ မိမိကိုယ်ကို အရေးပါသည်ဟု ထင်နေခြင်းတို့ တစ်စတစ်စပေါ်လွင်လာမည်ဖြစ်ပြီး သင်၏ ထောင်လွှားသောဆန္ဒများနှင့် သင်၏ နာခံမှုမရှိသော စိတ်ဓာတ်နှင့် ရောင့်ရဲတင်းတိမ်မှုကင်းမဲ့ခြင်းတို့သည်လည်း ပကတိ အတိုင်း ထုတ်ဖော်ပြသခံရလိမ့်မည်။ နောက်ဆုံးတွင် ရေသည်မီးနှင့် သဟဇာတမဖြစ်သည့်နည်းတူ သင်သည် ခရစ်တော်နှင့် သဘောကွဲလွဲသည်အထိ သင်၏မောက်မာခြင်းသည် သာ၍ကြီးမား လာပြီးနောက် သင်၏သဘောသဘာဝသည် လုံးလုံးမြင်သာ လာလိမ့်မည်။ ထိုအချိန်တွင် သင်၏ယူဆချက်များကို ဖုံးကွယ်ထား၍ မရနိုင်တော့ပါ၊ သင်၏မကျေနပ်ချက်များသည်လည်း ပကတိအတိုင်း ထွက်ပေါ်လာပြီး သင်၏ယုတ်ညံ့နိမ့်ကျသော လူ့သဘာဝမှာလည်း လုံးလုံးလျားလျား ထုတ်ဖော်ပြသခံရလိမ့်မည်။ သို့သော် ထိုအခါ၌ပင် သင်သည် သင်ကိုယ်တိုင်၏ပုန်ကန်မှုကို အသိအမှတ်ပြုရန် ဆက်လက်ငြင်းဆိုနေသေး၏။ ထို့အစား ဤကဲ့သို့သော ခရစ်တော်ကို လူသားအနေဖြင့် လက်ခံရန်မလွယ်ကူကြောင်း၊ သူသည် လူသားအပေါ် လွန်စွာမှပင် တောင်းဆိုလွန်းကြောင်း၊ အကယ်၍ သူသည် ပို၍ကြင်နာတတ်သော ခရစ်တော်ဖြစ်ခဲ့လျှင် မိမိသည် အပြည့်အဝ ကျိုးနွံနာခံလိမ့်မည်ဟု သင့်အနေဖြင့် ထင်မြင်ယူဆသည်။ သင်တို့၏ ပုန်ကန်ခြင်းမှာ တရားပြီး သူသည် သင်တို့ကို တရားလွန်အောင် တွန်းအားပေးသည့်အခါမှသာ သူ့ကိုပုန်ကန်တတ်သည်ဟု သင်တို့ ယူဆထားသည်။ သင်သည် ခရစ်တော်ကို ဘုရားသခင်ဟု မမှတ်ယူကြောင်းကိုလည်းကောင်း၊ သင်သည် သူ့ကိုနာခံရန် ရည်ရွယ်ချက်မရှိကြောင်းကိုလည်းကောင်း သင်တို့အနေဖြင့် မည်သည့် အခါကမျှ မထည့်တွက်ခဲ့ကြပေ။ စင်စစ်အားဖြင့် ခရစ်တော်သည် သင့်ကိုယ်ပိုင်သဘောဆန္ဒများအတိုင်း လုပ်ဆောင်ရမည်ဟု သင်ခေါင်းမာစွာ တောင်းဆိုပြီး၊ သူသည် သင့်ကိုယ်ပိုင်စိတ်ကူးနှင့် သဘောကွဲလွဲသည့်အရာတစ်ခုမျှ ပြုလုပ်သည်နှင့်တစ်ပြိုင်နက် သူသည် ဘုရားသခင်မဟုတ်ဘဲ လူသားတစ်ဦးသာဖြစ်သည်ဟု သင်ထင်မြင် ယူဆတော့သည်။ သင်တို့ထဲတွင် ဤနည်းဖြင့် သူနှင့်ဖက်ပြိုင်ခဲ့သူ အများအပြား မရှိပေသလော။ သို့ဖြစ်လျှင် သင်တို့ယုံကြည်သောသူမှာ အဘယ်သူနည်း။ ထို့ပြင် သင်တို့ မည်သည့်နည်းဖြင့် ရှာဖွေသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” မှ

သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုကြသည်၊ သို့သော်လည်း သင်တို့အနေဖြင့် မိမိကိုယ်ကို လွန်စွာ အထင်မကြီးကြရန် ငါတိုက်တွန်း၏။ မည်သူမဆို ခရစ်တော်ကို မြင်ကောင်းမြင်နိုင်သော်လည်း မည်သူမျှ ခရစ်တော်ကိုမမြင်ထိုက်ဟု ငါဆိုသည်။ လူသား၏သဘောသဘာဝသည် ဆိုးယုတ်ခြင်း၊ မောက်မာခြင်း၊ ပုန်ကန်လိုခြင်းတို့နှင့် ပြည့်နေသောကြောင့် သင်သည် ခရစ်တော်ကို မြင်သောအခိုက်တွင် သင်၏သဘောသဘာဝသည် သင့်ကို ဖျက်ဆီးပြီး သေခြင်းသို့ စီရင်ချက်ချမှတ်လိမ့်မည်။ ညီအစ်ကို (သို့မဟုတ် ညီအစ်မ) တစ်ဦးနှင့် သင်၏ပေါင်းသင်းဆက်ဆံမှုတွင် သင့်အကြောင်း များစွာပေါ်လွင်မည် မဟုတ်သော်လည်း သင့်အနေဖြင့် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ ဤမျှမလွယ်ကူပါ။ မည်သည့်အချိန်တွင်မဆို သင်၏အယူအဆများ အမြစ်စွဲလာနိုင်ပြီး သင်၏မောက်မာမှု အပင်ပေါက်လာကာ သင်၏ပုန်ကန်မှုသည်လည်း သဖန်းသီးကို သီးစေလိမ့်မည်။ ဤကဲ့သို့သော လူ့သဘာဝ ရှိနေသည့်သင်သည် ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံရန် မည်သို့ ထိုက်တန်နိုင်မည်နည်း။ သင်သည် နေ့တိုင်းအချိန်တိုင်း သူ့ကို အမှန်တကယ်ပင် ဘုရားသခင်အဖြစ် ဆက်ဆံနိုင်မည်လော။ ဘုရားသခင်ကို ကျိုးနွံနာခံမှု၏ စစ်မှန်မှု သင်၌ရှိလိမ့်မည်လော။ သင်တို့သည် မိမိတို့စိတ်နှလုံးများထဲရှိ မြင့်မြတ်သောဘုရားကို ယေဟောဝါအဖြစ် ကိုးကွယ်ကြသော်လည်း မြင်နိုင်သည့်ခရစ်တော်ကိုမူ လူသားတစ်ဦးအဖြစ် မှတ်ယူကြ၏။ သင်တို့၏အသိစိတ်သည် နိမ့်ကျလွန်းပြီး သင်တို့၏ လူ့သဘာဝသည်လည်း ယုတ်ညံ့လွန်း၏။ သင်တို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် အမြဲတစေ မှတ်ယူနိုင်ခြင်းမရှိ၊ ရံဖန်ရံခါ သင်တို့သဘောတွေ့သည့်အခါမှသာလျှင် သူ့ကို ဖမ်းဆွဲဆုပ်ကိုင်၍ ဘုရားသခင်အဖြစ် ကိုးကွယ်ကြ၏။ ဤအကြောင်းကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများမဟုတ်၊ ခရစ်တော်ကို ဆန့်ကျင်တိုက်ခိုက်သည့် ကြံရာပါလူတစ်စုဖြစ်၏ဟု ငါဆို၏။ တစ်ပါးသူများကို ကြင်နာမှုပြသသောသူများပင်လျှင် ကျေးဇူးဆပ် ခံရသည်၊ သို့သော် သင်တို့အကြားတွင် ထိုသို့သောအမှုကို ဆောင်ရွက်ခဲ့သည့် ခရစ်တော်ကမူ လူသား၏ ချစ်ခြင်းကိုလည်းမရ၊ သူ၏ တုံ့ပြန်မှုဆုလာဘ်နှင့် ကျိုးနွံနာခံမှုကိုလည်း မရခဲ့ပေ။ ဤသည်မှာ ကြေကွဲဖွယ်ကောင်းသော အရာတစ်ခုမဟုတ်သလော။

သင့်အနေဖြင့် ဘုရားသခင်ကိုယုံကြည်သည့် နှစ်ကာလများ တစ်လျှောက်တွင် မည်သူ့ကိုမျှ ကျိန်ဆဲခဲ့ဖူးခြင်း၊ သို့မဟုတ် မကောင်းမှုကို ကျူးလွန်ခဲ့ဖူးခြင်း မရှိသော်လည်း ခရစ်တော်နှင့် သင်၏ပေါင်းသင်းဆက်ဆံရာ၌ အမှန်တရားကို မပြောနိုင်၊ ရိုးသားစွာ မပြုမူနိုင်၊ သို့မဟုတ် ခရစ်တော်၏နှုတ်ကပတ်တော်ကို မနာခံနိုင်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် သင်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနှင့် မလိုမုန်းထားစိတ် အကြီးမားဆုံးသောသူဟု ငါဆိုသည်။ သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူး ဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။ သင်သည် အခြားသူများနှင့် အဆင်ပြေသောကြောင့် သို့မဟုတ် ကောင်းမှုအနည်းငယ်ပြု သောကြောင့် သင့်အနေဖြင့် ခရစ်တော်နှင့် သဟဇာတဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ်မထင်နှင့်။ သင်၏ဒါနပြုလိုသောရည်ရွယ်ချက်က ကောင်းကင်မှ ကောင်းချီးမင်္ဂလာများကို လိမ်လည်ရယူနိုင်သည်ဟု သင်ထင်သလော။ ကောင်းမှုအနည်းငယ်ပြုလုပ်ခြင်းသည် သင်၏ နာခံမှုကို အစားထိုးသည့်အရာတစ်ခုဟု သင်ထင်သလော။ သင်တို့တစ်ဦးမျှ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်ကြ။ ထို့အပြင် သင်တို့အားလုံးသည် ခရစ်တော်၏ သာမန်လူ့သဘာဝကိုလက်ခံယုံကြည်ရန် အခက်အခဲတွေ့ကြ သော်ငြားလည်း ဘုရားသခင်ကို သင်တို့နာခံကြောင်း အဆက်မပြတ် အသံကောင်းဟစ်နေကြသည်။ သင်တို့၏ ယုံကြည်ခြင်းမျိုးက ထိုက်တန်သော အပြစ်ဒဏ်ခတ်ခံရခြင်းကို ဖြစ်ပွားစေလိမ့်မည်။ စိတ်ကူးယဉ်အယုံမှားများထဲတွင် မွေ့လျော်၍ ခရစ်တော်ကိုမြင်တွေ့ရန် ဆန္ဒရှိနေခြင်းကို ရပ်လော့။ အကြောင်းမှာ သင်တို့၏ ဝိညာဉ်အသက်တာသည် သူ့ကိုမြင်တွေ့ရန် မထိုက်တန်လောက် အောင်ပင် သေးငယ်လွန်းသောကြောင့်ဖြစ်သည်။ သင်သည် သင်၏ ပုန်ကန်မှုကို အလျှင်းနုတ်ပယ်သန့်စင်၍ ခရစ်တော်နှင့် လိုက်လျောညီထွေရှိနိုင်သည့် ထိုအခိုက်အတန့်တွင် ဘုရားသခင်သည် သင့်ရှေ့တွင် အလိုအလျောက် ပေါ်လာလိမ့်မည်။ သင့်အနေဖြင့် ပြုပြင်ခြင်း သို့မဟုတ် စီရင်ခြင်းကို မခံခဲ့ရဘဲ ဘုရားသခင်ကို သွားတွေ့ပါက သင်သည် ဘုရားသခင်၏ရန်ဘက်တစ်ဦး ဧကန်မုချ ဖြစ်လာပြီး ပျက်စီးခြင်းအဖို့ သတ်မှတ်ခံရလိမ့်မည်။ လူသား၏ သဘောသဘာဝသည် ပင်ကိုအားဖြင့် ဘုရားသခင်ကို ရန်လို၏။ အကြောင်းမှာ လူသားများအားလုံးသည် စာတန်၏ အကြီးအကျယ် ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံထားရခြင်းကြောင့်ဖြစ်သည်။ လူသားသည် သူ၏ဖောက်ပြန်ပျက်စီးခြင်းထဲမှနေ၍ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် ကြိုးစားနေသည်ဆိုပါက ဤအရာမှ ကောင်းမွန်သောအရာ ဘာမျှထွက်မလာနိုင်သည်မှာ သေချာသည်။ သူ၏လုပ်ရပ်များနှင့် စကားလုံးများက နေရာတိုင်းအချိန်တိုင်း၌ သူ၏ဖောက်ပြန်ပျက်စီးမှုကို မြင်သာအောင်ပြမည်မှာ အသေအချာ ဖြစ်ပြီး၊ သူသည် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ သူ၏ပုန်ကန်မှုမှာ ရှုထောင့်တိုင်းမှ ဖော်ထုတ်ခြင်းခံရလိမ့်မည်။ အမှုမဲ့အမှတ်မဲ့ဖြင့် လူသားသည် ခရစ်တော်ကို ဆန့်ကျင်လာမည်၊ ခရစ်တော်ကို လှည့်ဖြားလာမည်၊ ခရစ်တော်ကို ပစ်ပယ်လာမည်။ ဤအရာဖြစ်လာသည့်အခါ လူသားသည် ပို၍ပင် စိတ်မချရသော အခြေအနေသို့ ရောက်လိမ့်မည်ဖြစ်ပြီး ဤသို့ဆက်ဖြစ်ပါက သူသည် အပြစ်ဒဏ်ပေးခံရသည့်သူ ဖြစ်လာလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” မှ

သင်တို့အားလုံးသည် ငါ့ကို သစ္စာဖောက်ခြင်း မည်မျှ သင်တို့အတွင်း ကျန်ရှိသည်ကို မြင်ဖို့ရန် ယခု မြန်နိုင်သမျှမြန်မြန် မိမိကိုယ်ကိုယ် စုံစမ်းစစ်ဆေးသင့်၏။ သင်တို့၏ တုန့်ပြန်မှုကို စိတ်အားထက်သန်စွာ ငါ စောင့်ဆိုင်းနေ၏။ ငါနှင့် ဆက်ဆံရာတွင် ဝတ်ကျေတမ်းကျေ မဖြစ်နှင့်။ လူတို့နှင့် ငါ ဘယ်သောအခါမျှ ပေါ့ပေါ့ဆဆ ဆက်ဆံခြင်းမရှိ။ တစ်စုံတစ်ရာ ငါပြုမည်ဟု ဆိုပါက၊ ထိုအရာကို သေချာပေါက် ငါ ပြု၏။ သင်တို့ အသီးသီးသည် ငါ၏ နှုတ်ကပတ်တော်များကို အလေးအနက် ခံယူကြသည့် သူတစ်ဦးဖြစ်ပြီး ၎င်းတို့ကို သိပ္ပံ စိတ်ကူးယဉ်ဇာတ်လမ်းကဲ့သို့ ထင်လိမ့်မည်မဟုတ်ဟု ငါ မျှော်လင့်၏။ ငါလိုချင်သည်မှာ သင်တို့ထံမှ ခိုင်လုံသော လုပ်ရပ်ဖြစ်သည်၊ သင်တို့၏ စိတ်ကူးစိတ်သန်းများ မဟုတ်ပေ။ ထို့နောက်၊ ငါ၏ အောက်ပါ မေးခွန်းများကို သင်တို့ ဖြေကြရမည်- ၁။ သင်သည် အမှန်တကယ် အစေခံသူတစ်ဦး ဖြစ်ပါက၊ လျော့ရဲမှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း တစ်ခုမျှ မပါဘဲ၊ သင်သည် ငါ့ကို သစ္စာရှိရှိ အစေခံမှု ပေးနိုင်သလော။ ၂။ သင့်ကို ငါ လုံးဝ အသိအမှတ်မပြုသည်ကို သင် တွေ့ရှိပါက၊ သင်သည် ဆက်လက် နေထိုင်ပြီး ငါ့ကို ရာသက်ပန် အစေခံမှု ပေးနိုင်ဦးမည်လော။ ၃။ သင်သည် အားထုတ်မှုများစွာ အသုံးပြုပြီးဖြစ်သော်လည်း သင့်ကို ငါ အလွန်စိမ်းကားဆဲဖြစ်ပါက၊ မထင်ပေါ်ဘဲ သင်သည် ငါ့အတွက် ဆက်လက် အလုပ်လုပ်နေနိုင်မည်လော။ ၄။ ငါ့အတွက် သုံးစွဲခြင်းများ ပြုပြီးသည့်နောက်၊ သင်၏ အသေးအဖွဲ တောင်းဆိုချက်များကို ငါ မဖြည့်ဆည်းပေးပါက၊ သင်သည် ငါနှင့်ပတ်သက်၍ စိတ်အားငယ်ကာ စိတ်ပျက်လာမည်လော သို့မဟုတ်၊ ဒေါသပင် ထွက်လာပြီး အော်ဟစ် ဆဲရေးမည်လော။ ၅။ ငါ့အတွက် ချစ်ခြင်းများစွာနှင့်အတူ အစဉ်အမြဲ အလွန် သစ္စာစောင့်သိပြီးသည့်တိုင် မကျန်းမာမှု၊ ဆင်းရဲမှုနှင့် သင်၏ မိတ်ဆွေများ၊ ဆွေမျိုးများ၏ စွန့်ပစ်ခြင်းတည်းဟူသော ညှဉ်းဆဲမှုကို သင် ခံရပါက၊ သို့မဟုတ် ဘဝတွင် အခြား ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုကို သင် ကြံ့ကြံ့ခံရပါက၊ ငါ့အတွက် သင်၏ သစ္စာစောင့်သိခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဆက်ရှိဦးမည်လော။ ၆။ သင်၏ စိတ်နှလုံးထဲက သင် စိတ်ကူးထားသည့် မည်သည့်အရာကမျှ ငါ လုပ်ဆောင်ခဲ့သည့်အရာနှင့် တစ်ထပ်တည်းမဖြစ်ပါက၊ သင်၏ အနာဂတ်လမ်းကြောင်းကို သင် မည်သို့ လျှောက်လှမ်းလိမ့်မည်နည်း။ ၇။ သင် ရရှိဖို့ မျှော်လငင့်ခဲ့သည့် အရာများ တစ်ခုကိုမျှ သင် မရရှိပါက၊ သင်သည် ငါ၏ နောက်လိုက်အဖြစ် ဆက်လက်ရှိနိုင်မည်လော။ ၈။ ငါ့အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်ကို သင် လုံးဝ နားမလည်ပါက၊ သင်သည် ထင်ရာမြင်ရာ ဝေဖန်မှုများနှင့် ကောက်ချက်ချမှုများ မပြုလုပ်သည့် နာခံသော လူတစ်ဦး ဖြစ်နိုင်သလော။ ၉။ ငါသည် လူသားမျိုးနွယ်နှင့်အတူတကွ ရှိစဉ်တွင်၊ ငါ ပြောပြီးသည့် နှုတ်ကပတ်တော်များအားလုံးနှင့် ငါပြုပြီးသည့် အမှုအားလုံးကို သင် တန်ဖိုးထားနိုင်သလော။ ၁၀။ သင်သည် မည်သည့်အရာကိုမျှ မရရှိသော်လည်း ငါ့အတွက် တစ်သက်တာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် လိုလားလျက် ငါ၏ သစ္စာရှိသော နောက်လိုက်တစ်ဦး ဖြစ်နိုင်သလော။ ၁၁။ ငါ့အဖို့အလို့ငှာ၊ သင်၏ အနာဂတ် ရှင်သန်ရေး လမ်းကြောင်းအတွက် စဉ်းစားဆင်ခြင်ခြင်း၊ စီစဉ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းတို့ကို သင် စွန့်လွှတ်နိုင်သလော။ ဤမေးခွန်းများသည် သင်တို့အပေါ် ငါ၏ သတ်မှတ်ချက်များကို ကိုယ်စားပြုပြီး၊ သင်တို့အားလုံး ငါ့ကို အဖြေများပေးနိုင်ဖို့ ငါမျှော်လင့်၏။ သင်တို့ကို ဤမေးခွန်းများက တောင်းဆိုသည့်အရာ တစ်ခု သို့မဟုတ် နှစ်ခုကို သင် ဖြည့်ဆည်းပြီးဖြစ်ပါက၊ သင် ဆက်လက် ကြိုးပမ်းရမည်။ ဤသတ်မှတ်ချက်များထဲမှ တစ်ခုတစ်လေကို သင် မပြီးမြောက်နိုင်ပါက၊ သင်သည် ဧကန်မုချ ငရဲထဲသို့ ပစ်ချခံရမည့် လူအမျိုးအစား ဖြစ်သည်။ ထိုသို့သော လူတို့အဖို့၊ ၎င်းတို့သည် ငါနှင့် ကိုက်ညီနိုင်သည့်လူများ မုချ မဟုတ်သည့်အတွက် မည်သည့်အရာကိုမျှ ငါ ထပ်ပြောဖို့မလို။ မည်သည့်အခြေအနေတွင်မဆို ငါ့ကို သစ္စာဖောက်နိုင်မည့်သူတစ်ဦးကို ငါ၏ အိမ်တွင် အဘယ်သို့ ငါ ထားနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)” မှ

လောလောဆယ်တွင်၊ လူသား နားမလည်သည့် သမ္မာတရားများစွာ ရှိ၏။ လူသား နားမလည်ဟုဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ကဏ္ဍများစွာတွင် လူ့ဇာတိခံ ဘုရားသခင်၏ အမြင်များ၊ အယူအဆများနှင့် မကိုက်ညီသည့် အမြင်များနှင့် အယူအဆများ ရှိသည်ဟု ဆိုလိုသည်။ အမှုအရာများစွာကို လူသား ကိုင်တွယ်ဖြေရှင်းသည့် အခြေခံသဘောတရားများနှင့် အခြေခံ အုတ်မြစ်တို့သည် လူ့ဇာတိခံ ဘုရားသခင်၏ အခြေခံသဘောတရားများနှင့် အခြေခံအုတ်မြစ်တို့နှင့် မကိုက်ညီဟု ဆိုလိုသည်။ ဤပြဿနာ၏ အရင်းအမြစ်သည် မည်သည့်နေရာက လာပါသနည်း။ ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြား ဆက်နွှယ်မှုကို မည်သည့်အချက်က ထိခိုက်နေပါသနည်း။ ယင်းမှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ်သည် စာတန်ဘက်တွင် ရပ်တည်ဆဲဖြစ်၏။ လူသားသည် စာတန်၏ အဆိပ်အတောက်ကို မှီခိုလျက် အသက်ရှင်ပြီး၊ လူတို့အနေဖြင့် ၎င်းတို့ အသက်ရှင်သည့်ပုံစံတွင် ပြသည်မှာ စာတန်၏ စိတ်သဘောထားနှင့် အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် သမ္မာတရားဖြစ်၏၊ မပြောင်းလဲနိုင်ပေ။ ထို့ကြောင့်၊ ဘုရားသခင်နှင့် ကိုက်ညီဖို့ရန် ပြောင်းလဲရမည့်သူမှာ အဘယ်သူနည်း။ (လူသားမျိုးနွယ်ဖြစ်ပါသည်။) လူသားမျိုးနွယ်ဖြစ်သည်မှာ ဟုတ်ပေ၏။ သို့ဆိုလျှင် လူသားမျိုးနွယ်သည် မည်သို့ ပြောင်းလဲရသနည်း။ ၎င်းတို့အနေဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာပြီး သမ္မာတရားကို လက်ခံရမည်ဖြစ်သည်။ အမှုအရာများကို ဘုရားသခင် ရှုမြင်ပုံနှင့် သူပြုမူလုပ်ဆောင်ရာတွင် အသုံးပြုသည့် အခြေခံ သဘောတရားများတွင် သမ္မာတရားကို လက်ခံခြင်းသည် ဘုရားသခင်နှင့် ကိုက်ညီခြင်းသို့သွားရာ လူသား၏ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ ဤလမ်းကြောင်းပေါ် သင် ခြေချသည်နှင့်တပြိုင်နက်၊ အမှုအရာများကို သင်ရှုမြင်သည့် သဘောထားနှင့် ပုံစံ၊ သင် ပြုမူလုပ်ဆောင်သည့် အခြေခံသဘောတရားများနှင့် အခြားအရာ အားလုံးသည် ဘုရားသခင်နှင့် တဖြည်းဖြည်း စတင်ကိုက်ညီလိမ့်မည်။ ဤနည်းဖြင့်၊ သင်နှင့် ဘုရားသခင်ကြားက အဟန့်အတားများသည် နည်းသထက်နည်းလာလိမ့်မည်၊ နောက်ထပ် ဆန့်ကျင်ကွဲလွဲမှုများ ရှိလိမ့်မည် မဟုတ်တော့သကဲ့သို့ ဘုရားသခင်ကို ဦးတည်လေ့လာဖို့ သင်၏ ကြိုးပမ်းမှုတို့သည်လည်း နည်းသထက် နည်းလာလိမ့်မည်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူနှင့် ဘုရားသခင်ကြားက ဆက်နွှယ်မှုကို ပြုပြင်ဖို့ အရေးကြီး၏” မှ

သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောအခါ သမ္မာတရားကို ရရှိထားပြီဖြစ်ပြီး ကယ်တင်ခံရနိုင်ပြီဖြစ်သည်။ ကယ်တင်ခံရပြီးသောသူတို့သာလျှင် ဘုရားသခင်၏ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါများဖြစ်ပြီး ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ ဘုရားသခင်အလိုရှိသောအရာမှာ လူတို့၏နှလုံးသားဖြစ်၏― သို့သော် သူတို့သည် သမ္မာတရားကို နားမလည်သည့်အပြင် သမ္မာတရားကို မရရှိသေးပါက သူတို့၏နှလုံးသားကို ဘုရားသခင်အား ပေးနိုင်မည်လော။ သူတို့အနေဖြင့် မိမိတို့၏နှလုံးသားကို ဘုရားသခင်အားပေးရန် လွယ်ကူသလော။ (မလွယ်ကူပါ။) ထိုသို့သောလူတို့က ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်သလော။ သူတို့၏ အယူအဆများ၊ ဖောက်ပြန်ပျက်စီးမှု၊ ပုန်ကန်မှုနှင့် ခုခံမှုတို့ လျှံထွက်လာခြင်းကို နေရာတကာတွင် တွေ့ရသည်။ သင်သည် ဘုရားသခင်နှင့် အတူရှိနေသောအခါ၊ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်နေသောအခါ အကယ်၍ သင်က သမ္မာတရားကို မရရှိသေး၊ သမ္မာတရားစစ်မှန်မှုထဲ မဝင်ရောက်သေးသည့်အပြင် အခြေခံသဘောတရားကို နားမလည်ပါက အပေါ်ယံအားဖြင့် သင်၏ စကားလုံးများ၊ လုပ်ဆောင်ချက်များနှင့် အတွေးများထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား လျှံထွက်လာခြင်း မရှိကောင်းမရှိနိုင်သော်လည်း သင့်နှလုံးသား၏ နက်ရှိုင်းသော နေရာအနှံ့အပြား၌ ရှိနေသောအရာက ဘုရားသခင်ကို အပြင်းအထန် ဆန့်ကျင်နေကာ သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိချေ။ သို့ဖြစ်၍ ကယ်တင်ခြင်းနှင့် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းအတွက် တစ်ခုတည်းသောလမ်းကြောင်းမှာ သမ္မာတရားကို လိုက်စားရန်နှင့် သမ္မာတရားကို ရရှိရန်ပင်ဖြစ်သည်။ ရွေးချယ်စရာ ဒုတိယလမ်းကြောင်း မရှိပေ။ လူတချို့မှာ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပြီဖြစ်ကာ များစွာ စွန့်လွှတ်ခဲ့ကြပြီ၊ များစွာသော ကြိုးပမ်းမှုကို ပြုခဲ့ကြပြီ၊ များစွာသော အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ပေးခဲ့ကြပြီဖြစ်သည်။ ဤအရာအားလုံးက သမ္မာတရားကို သိနားလည်ခြင်းနှင့် ရရှိခြင်းကို အစားထိုးနိုင်သလော။ (အစားမထိုးနိုင်ပါ။)

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သမ္မာတရားကို နားလည်ပြီး ရရှိနိုင်သည်” မှ

သင်၏ စိတ်သဘောထားကို ပြောင်းလဲဖို့ ကြိုးစားရာတွင် သင်၏ မိမိကိုယ်ကိုယ် သိနားလည်ခြင်းတွင် တိကျသော အဆင့်တစ်ခုကို သင်ရောက်ရမည်ဖြစ်ပြီး ထိုသို့အားဖြင့် သင့် ကိုယ်ပိုင် သဘာဝအတွင်းရှိ စာတန်ဆန်သော အဆိပ်များကို ရှာတွေ့နိုင်သည်။ ဘုရားသခင်ကို အာခံသည်မှာ မည်သည့်အရာကို ဆိုလိုသည်ဆိုသည့်အပြင်၊ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည်မှာ မည်သည့်အရာဆိုလိုသည်ကို သင် သိရမည်ဖြစ်ပြီး ကိစ္စရပ်များအားလုံးတွင် သမ္မာတရားနှင့် ကိုက်ညီစွာ မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်ရမည်ကို သင်ယူရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များကိုလည်း သိနားလည်မှု အချို့ သင် ရရှိရမည်။ ဘုရားသခင် ရှေ့မှောက်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား သင် ပိုင်ဆိုင်ရမည်၊ မာနထောင်လွှားစွာ သင် စကားမပြောဆိုရ၊ သို့မဟုတ် ဘုရားသခင်ကို လိမ်လှည်လှည့်စားခြင်း မပြုရ၊ ပြီးလျှင် ဘုရားသခင်ကို ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ သင် လုပ်ဆောင်ရတော့မည် မဟုတ်။ ထိုသို့ဖြင့်၊ သင့် စိတ်သဘောထားကို ပြောင်းလဲပြီး ဖြစ်လိမ့်မည်။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးသော သူတို့သည် ဘုရားသခင်အတွက် ကြည်ညိုမှုကို ၎င်းတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ခံစားကြရပြီး၊ ၎င်းတို့၏ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်မှုက တဖြည်းဖြည်း လျော့နည်းသွားလေသည်။ ထို့အပြင်၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရာတွင်၊ ၎င်းတို့နှင့်ပတ်သက်၍ အခြားသူများ စိုးရိမ်ဖို့ မလိုအပ်ကြသကဲ့သို့၊ ၎င်းတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်က ဆုံးမပဲ့ပြင်ခြင်းအလုပ်ကို အမြဲလုပ်ဖို့ မလိုအပ်ပေ။ ၎င်းတို့သည် အခြေခံအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြပြီး အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များတွင် သမ္မာတရား ပါရှိလေသည်။ ဤအရာအားလုံးသည် ဘုရားသခင်နှင့် သဟဇတဖြစ်လာခြင်း သဘောသက်ရောက်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

အရှေ့သို့- ၄၀) ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၄၂) လူသားကို ဘုရားသခင် စုံလင်စေခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်