၁၆၇) ဘုရားသခင်၏ အလိုတော်ကို အာရုံစိုက်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လူသားနှင့် သက်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများကို သိနားလည်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိ၏ အခြေခံအုတ်မြစ်အဖြစ် ရှိဖို့ရန် လိုအပ်သည်။ ထိုသို့ဖြင့်သာ လူတစ်ဦးသည် ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပေသည်။

(၂) တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအပြင် ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းတို့ကို ကြုံခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်နိုင်ပြီး၊ ဇာတိပကတိကို စွန့်လွှတ်နိုင်ကာ ထိုသို့ဖြင့်သာ ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် အာရုံစိုက်နိုင်ပေသည်။

(၃) ဘုရားသခင်အတွက် ချစ်ခြင်း နှလုံးသားတစ်ခုဖြင့်သာ၊ လူတစ်ဦးသည် ဇာတိပကတိကို စွန့်လွှတ်ရန်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ဆန္ဒရှိနေကာ၊ ထိုသို့ဖြင်သာ ဘုရားသခင် ခံစားရသည့်အရာမှာ အရေးပေါ်ဖြစ်သည်ကို အရေးတကြီးဖြစ်ခြင်းဖြင့် သဘောထားနိုင်သည်၊ သူ တွေးသည့်အရာကို တွေးနိုင်ပြီး မိမိကိုယ်ကို သူ့အတွက် အမှန်တကယ် အသုံးတော်ခံနိုင်ပေသည်။

(၄) ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူသည် အယောင်ဆောင် ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်များ တစ်ဦးတစ်လေက ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အား လှည့်ဖြားနေသည်ကို သိရှိပါက၊ ဘုရားသခင် ရွေးချယ်ထားသူများကို ကာကွယ်ဖို့ ၎င်းတို့ကို အကြောင်းကြားကာ ဖော်ထုတ်ရမည်ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် မိမိအတွက် အစီအစဉ်များ သို့မဟုတ် ကြိုတင်ပြင်ဆင်ခြင်းများ မပြုဘဲ၊ ဘုရားသခင်၏ အလိုတော်ကို အစွမ်းကုန် အရေးစိုက်ခဲ့သောကြောင့်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ- ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်ခဲ့သည်- ယင်းသည် သင်တို့အားလုံး ကောင်းစွာ နားလည်ကြသည့် အရာတစ်ခုဖြစ်သည်။ (အမှန်အားဖြင့် သူသည် ဘုရားသခင် သက်သေခံခဲ့သည့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ငါသည် ဤအကြောင်းကို ရှင်းလင်းစွာဖော်ပြရန်အတွက် ယေရှု၏ အချက်အလက်ကို အသုံးပြုရန် ဤသည်ကို ဤနေရာတွင် ဖော်ပြခြင်းဖြစ်ပေသည်။) သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဗဟိုချက်မ၌ပင် ထားနိုင်ခဲ့ပြီး ကောင်းကင်ဘုံရှိ အဖထံသို့ အစဉ် ဆုတောင်းခဲ့ကာ ကောင်းကင်ဘုံရှိ အဖ၏အလိုတော်ကို ရှာဖွေခဲ့သည်။ သူဆုတောင်း၍ ပြောဆိုခဲ့သည်မှာ- “အဖဘုရားသခင်၊ ကိုယ်တော်၏အလိုတော် ဖြစ်သည့်အရာကို ဖြစ်မြောက်စေပါ။ ကျွန်ုပ်၏ အလိုဆန္ဒများအတိုင်း မလုပ်ဆောင်ဘဲ၊ ကိုယ်တော်၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်တော်မူပါ။ လူသားသည် အားနည်းနိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သူ့ကို အဘယ်ကြောင့် ဂရုစိုက်သင့်သနည်း။ ကိုယ်တော်၏ လက်ထဲတွင်ရှိသည့် ပုရွက်ဆိတ်သဖွယ် ဖြစ်သော လူသားသည် ကိုယ်တော်၏ အလေးထားမှုကို အဘယ်သို့ ထိုက်တန်နိုင်သနည်း။ ကျွန်ုပ်၏နှလုံးသားတွင် ကိုယ်တော်၏အလိုတော်ကိုသာ ပြီးမြောက်စေလိုပြီး ကိုယ်တော်ကိုယ်တိုင်၏ ဆန္ဒများအတိုင်း ကျွန်ုပ်၌ ကိုယ်တော်ပြုမည့်အရာကို ကိုယ်တော်ပြုနိုင်စေဖို့ ကျွန်ုပ် ဆန္ဒရှိပါသည်။” ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ဝါးကားတိုင်၌ သံမှိုစွဲရိုက်ခံခဲ့ရပြီး အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေခဲ့၏။ သူသည် သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုး ဆုံးရှုံးခဲ့ပြီး သူ၏နှိမ်နင်းခြင်းကို ခံခဲ့ကြရသည်။ သူသည် သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံးတွင် သူ၏ကိုယ်ရေးအမြတ်အရှုံးကို ဘယ်သောအခါမျှ မစဉ်းစားဘဲ၊ အဖဘုရားသခင်၏ အလိုတော်ကို အစဉ်မပြတ် စိတ်ထဲတွင်ထားကာ ထိုကာလရှိ ဘုရားသခင်၏ အမှုတော်အတိုင်း ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သူသည် ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ပြီးနောက် ဘုရားသခင်က “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟုမိန့်ဆိုခဲ့သည်။ ဘုရားသခင်ရှေ့၌ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်သော သူ၏အစေခံမှုကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဟူသော ကြီးမားသော ဝန်ထုပ်ကို သူ့ပခုံးပေါ်တွင်ထားခဲ့ကာ သူ့ကို ထိုအမှုတော်ကို ပြီးမြောက်စေခဲ့ပြီး၊ သူသည် ဤအရေးကြီးသော တာဝန်ကို ပြီးမြောက်ရန် အရည်အချင်းပြည့်မီပြီး အခွင့်ရှိသောသူ ဖြစ်ခဲ့သည်။ သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်အတွက် အတိုင်းမသိ ဒုက္ခဝေဒနာကို ကြံ့ကြံ့ခံခဲ့ပြီး စာတန်၏ မရေမတွက်နိုင်သော သွေးဆောင်ဖြားယောင်းခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။ သို့သော် သူသည် ဘယ်သောအခါမျှ စိတ်မပျက်ခဲ့ပေ။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချပြီး ချစ်တော်မူခဲ့သောကြောင့်၊ ထိုကဲ့သို့သော ကြီးမားသည့် အမှုတော်ကို သူ့အားပေးအပ်ခဲ့သည်။ ထို့ကြောင့်ပင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်အခါက ယေရှုသာလျှင် ထိုတာဝန်ပေး စေခိုင်းချက်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်သူ ဖြစ်ခဲ့ပြီး၊ ဤသည်မှာ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်၏ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုတော် ပြီးဆုံးခြင်း၏ လက်တွေ့ကျသော ကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။

အကယ်၍ သင်တို့သည် ယေရှုကဲ့သို့ ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပြီး သင်တို့၏ ဇာတိပကတိကို ကျောခိုင်းနိုင်ပါက၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် လိုအပ်သော အခြေအနေများနှင့် ပြည့်မီစေရန်အတွက် ဘုရားသခင်သည် သူ၏အရေးကြီးသော အမှုတော်များကို သင်တို့အား တာဝန်ပေးစေခိုင်းလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို အပြီးသတ်နေသည်ဟု အရဲစွန့်၍ဆိုနိုင်ပေလိမ့်မည်။ သို့မှသာလျှင် သင်တို့သည် သူ့အား စစ်မှန်စွာ အစေခံနေသည်ဟု သင်တို့ရဲဝံ့စွာ ဆိုနိုင်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင် အပေါ် အစွမ်းကုန် သစ္စာရှိနိုင်စွမ်းရှိရမည်။ သင်သည် လူတို့ရှေ့တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ၊ နောက်ကွယ်တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်၏ ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည့်အပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်လျှောက်သင့်သည့်လမ်းကိုသာ အစဉ်လျှောက်ပြီး ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူများသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ ထိုသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်နိုင်ကာ ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် ရှေ့ရေးကို ထည့်သွင်းမစဉ်းစားပေ- ၎င်းတို့၌ မည်သည့်ရှေ့ရေးမျှမရှိဘဲ မည်သည်ကိုမျှရရန် မရှိသည့်အခါတွင်ပင်လျှင် ထိုသူတို့သည် ဘုရားသခင်ကို ချစ်သောနှလုံးသားဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်ကြသည်။ ဘုရားသခင်၏ ယုံကြည်စိတ်ချရသူများကသာ ကိုယ်တော်၏စိတ်မအေးရခြင်းနှင့် ကိုယ်တော်၏ အတွေးများကို မျှဝေခံစားနိုင်ပြီး၊ ၎င်းတို့၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားနေရကာ အားနည်းသော်လည်း၊ ၎င်းတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင် ကျေနပ်စေရန်အလို့ငှာ ၎င်းတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို ပို၍များပြားသော ဝန်ထုပ်များကို ပေးပြီး ထိုသူတို့၏ သက်သေခံချက်တွင် ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသည့် အရာကို သက်သေခံထားသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး ၎င်းတို့သည် ကိုယ်တော်၏ စိတ်နှလုံးနှင့် ညီညွတ်သော ဘုရားသခင်၏ အစေခံများ ဖြစ်ကြကာ ထိုကဲ့သို့သော သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်သည်။ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ အမှန်တကယ် ဖြစ်လာသောအချိန်သည် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးမည့်အချိန် အတိအကျပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

ဘုရားသခင်အတွက် စစ်မှန်စွာ သက်သေခံသောသူများသည် သူ့အတွက် ထူးကဲသော သက်သေခံချက် ပေးနိုင်သည်မှာ သူတို့၏ သက်သေခံချက်သည် စစ်မှန်သော အသိတရားနှင့် ဘုရားသခင်ကို အမှန်တကယ် တောင့်တမှုတို့အပေါ်တွင် အခြေခံသောကြောင့် ဖြစ်သည်။ ယင်းသည် ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဆန္ဒမဟုတ်ဘဲ၊ ဘုရားသခင်နှင့် သူ၏ စိတ်သဘောထားတို့ကို သိခြင်းအပေါ်တွင် အခြေခံသော သက်သေခံချက် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို သိရှိလာသည့်အတွက် ဘုရားသခင်အတွက် သေချာပေါက် သက်သေခံရမည် ဖြစ်ပြီး ဘုရားသခင်ကို တမ်းတသောသူအားလုံး ဘုရားသခင်ကို သိရှိလာစေရန် ပြုလုပ်ကြရမည်၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုနှင့် သူ၏လက်တွေ့ကျမှုတို့ကို သိရမည်ဟု သူတို့ ခံစားကြရသည်။ ဘုရားသခင်အပေါ်ထားသော လူတို့၏ ချစ်ခြင်းမေတ္တာကဲ့သို့ပင် သူတို့၏ သက်သေခံချက်များသည်လည်း အလိုအလျောက် ထွက်လာသော သက်သေခံချက်များဖြစ်သည်။ ယင်းမှာ မှန်ကန်မှုရှိပြီး စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးတို့ရှိ၏။ ထိုသက်သေခံချက်များသည် တက်ကြွမှုမရှိသော၊ သို့မဟုတ် အနှစ်သာရမရှိဘဲ အဓိပ္ပာယ်ကင်းမဲ့သော သက်သေခံချက်များ မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော သူများသည်သာ သူတို့၏အသက်တာများ၌ အများဆုံးသော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ရှိကြ၏။ ဘုရားသခင်ကို သူတို့သာ အမှန်တကယ် ယုံကြည်ကြခြင်းမှာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် အသက်ရှင်နေထိုင်ကြသောကြောင့်ဖြစ်ပြီး ဘုရားသခင်၏အမှုနှင့် စီမံခန့်ခွဲမှု အတွက် အသက်ရှင် နိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အမှောင်ထုထဲတွင် မနေကြဘဲ၊ အလင်းထဲတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အဓိပ္ပာယ်မဲ့သောဘဝကို အသက်မရှင်ဘဲ၊ ဘုရားသခင်ကောင်းချီးပေးသော အသက်တာကို အသက်ရှင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသာလျှင် ဘုရားသခင် အတွက် သက်သေခံနိုင်ကြသည်။ သူတို့သာလျှင် ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြ၏။ သူတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကိုခံရပြီး သူတို့သာလျှင် ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိနိုင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ဘုရားသခင်နှင့် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို ခံရသောသူများဖြစ်ပြီး ဘုရားသခင်နှင့်အတူ ကောင်းချီးမင်္ဂလာများကို ခံစားမွေ့လျော် နိုင်ကြသည်။ ထိုသို့သောသူများသာလျှင် ထာဝရကာလတိုင် အသက်ရှင်နိုင်မည်ဖြစ်ပြီး သူတို့သာလျှင် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် အစဉ်အမြဲ နေထိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ချစ်ဖို့ဖြစ်ပြီး၊ သူသည် လူသားတိုင်း၏ ချစ်ခြင်းမေတ္တာကိုရရှိရန် ထိုက်တန်သူဖြစ်သည်၊ သို့သော် လူသားတိုင်းသည် ဘုရားသခင်ကို ချစ်နိုင်ကြသည်ကား မဟုတ်ပေ၊ လူတိုင်းသည် ဘုရားသခင်အတွက် သက်သေခံနိုင်ခြင်း မရှိသကဲ့သို့၊ ဘုရားသခင်နှင့်အတူ တန်ခိုးအာဏာကို ကိုင်စွဲထားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်ကို စစ်မှန်စွာ ချစ်သောသူများသည် ဘုရားသခင်နှင့်ပတ်သက်၍ သက်သေခံနိုင်ပြီး ဘုရားသခင်၏ အလုပ်အတွက် သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားနိုင်သဖြင့်၊ သူတို့သည် ကောင်းကင်အောက် မည်သည့်နေရာတွင်မဆို သူတို့ကို ဆန့်ကျင်ရဲသူမရှိဘဲ၊ သွားလာနိုင်၍ မြေကြီးပေါ်၌ အာဏာကို စွဲကိုင်နိုင်ပြီး ဘုရားသခင်၏ လူများအားလုံးကို အုပ်ချုပ်နိုင်သည်။ ထိုလူများသည် ကမ္ဘာတစ်ဝှမ်းမှ စုဝေးရောက်ရှိလာကြသည်။ သူတို့သည် မတူကွဲပြားသော ဘာသာစကား အမျိုးမျိုးကို ပြောကြကာ၊ အသားအရောင် အမျိုးမျိုးရှိကြသည်၊ သို့သော် သူတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်သည် တူကြ၏။ သူတို့အားလုံးထံတွင် ဘုရားသခင်ကို ချစ်သောနှလုံးသား ရှိကြပြီး တူညီသောသက်သေကိုခံကြကာ တူညီသော စိတ်ဆုံးဖြတ်ချက်နှင့် တူညီသောဆန္ဒလည်း ရှိကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ကမ္ဘာအနှံ့အပြား လွတ်လပ်စွာ လျှောက်လှမ်း သွားလာနိုင်ကြသည်၊ ဘုရားသခင်ကို သက်သေခံသော သူများသည် စကြဝဠာတစ်ခွင် လှည့်လည်သွားလာနိုင်ကြသည်။ ထိုလူတို့သည် ဘုရားသခင်၏ချစ်ခြင်းကို ခံရသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရကာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် တစ်သက်လုံး နေထိုင်သွားကြမည် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် နာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ သင်သည် ဤအခိုက်အတန့်တွင် မည်သည့် သက်သေခံချက် ဖြစ်သည် သို့မဟုတ် မည်သည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများ- သင်၏ သစ္စာစောင့်သိမှုနှင့် နာခံခြင်း- ကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် နာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ နာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိမ့်မည်လော။ သင်သည် ငါ့အဖို့ သက်သေခံရန်နှင့် ငါ့ကို သစ္စာစောင့်သိကာ နာခံရန်အလို့ငှာ သင့်ကိုငါ ပြစ်တင်ဆုံးမပေသည်။ ထို့အပြင် လက်ရှိ ပြစ်တင်ဆုံးမခြင်းသည် ငါ၏အမှု၏ နောက်အဆင့်ကို ဖွင့်ပြရန်နှင့် အမှုကို ပိတ်ဆီးထားခြင်း မရှိဘဲ တိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမြော်အမြင် ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို ဖြစ်စေ တန်ဖိုးမဲ့သည့် သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်ကို သင် အတိအကျသိနိုင်ပါသလော။ လာမည့် နေ့ရက်များတွင် ငါ မည်သည့်အရာပြုမည်ဆိုသည်နှင့် ငါ၏အမှု မည်သို့ ဖွင့်ဟမည်ကို သင်သိပါသလော။ သင်သည် ငါ၏အမှုနှင့်ဆိုင်သည့် သင့်အတွေ့အကြုံ၏ အရေးပါမှုအပြင်၊ ငါ၌ သင်၏ ယုံကြည်ခြင်း အရေးပါမှုကို သိသင့်သည်။ ငါသည် များစွာ လုပ်ဆောင်ပြီး ဖြစ်သည်။ သင်စိတ်ကူးသည့်အတိုင်း ငါသည် လမ်းတစ်ဝက်တွင် အဘယ်သို့ လက်လျှော့နိုင်မည်နည်း။ ငါသည် ထိုသို့သော ကြီးကျယ်သည့် အမှုကို ပြုပြီးဖြစ်သည်။ ယင်းကို မည်သို့ ငါ ဖျက်ဆီးပစ်နိုင်မည်နည်း။ အကယ်စင်စစ် ငါသည် ဤခေတ်ကို အဆုံးသတ်ရန် ကြွလာပြီးဖြစ်သည်။ ဤသည်မှာ အမှန်ဖြစ်သော်လည်း၊ ငါသည် ခေတ်သစ်ကို စတင်ရန်၊ အမှုအသစ်ကို စတင်ရန်နှင့်၊ အဓိကကျဆုံးအနေဖြင့် နိုင်ငံတော်၏ ဧဝံဂေလိတရား ဖြန့်ဝေရန် ရှိသည်ကို သင်သိရမည်။ သို့ဖြစ်၍ လက်ရှိအမှုသည် ခေတ်တစ်ခေတ် စတင်ရန် ဖြစ်ပြီး၊ လာမည့်အချိန်ကာလ၌ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် အနာဂတ်တွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်းအတွက် အခြေခံအုတ်မြစ်ချရန်သာ ဖြစ်သည်ကို သင်သိသင့်သည်။ ငါ၏ အမှုသည် သင်တွေးထင်သလောက် မလွယ်ကူသကဲ့သို့၊ သင်ယုံကြည်သလောက် အသုံးမကျ သို့မဟုတ် အဓိပ္ပာယ်မဲ့သည်လည်း မဟုတ်ပေ။ ထို့ကြောင့် သင့်ကို ငါပြောရဦးမည်- ငါ၏အမှုအဖို့ သင်၏အသက်ကို ပေးသင့်သည်၊ ထို့အပြင် ငါ၏ ဘုန်းအသရေအဖို့ သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ငါ့အဖို့ သက်သေခံရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို ဖြန့်ရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ သာ၍ ကြာမြင့်ပြီ ဖြစ်သည်။ ငါ၏ စိတ်နှလုံး၌ ရှိသည့်အရာကို သင် နားလည်သင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း” မှ

ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်း- ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှု ဝန်ထုပ် သင့်အပေါ် ဖိစီးလေလေ၊ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့်၊ စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်- နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက၊ မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏အလိုတော်ကို သတိရှိသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်တာထဲသို့ ဝင်ရောက်ခြင်းအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို- ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းခံရမည့် သူများဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏အလိုတော်အပေါ် သတိရှိ၏။ ထို့ကြောင့်၊ သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။ ဘုရားသခင်သည် လူအားလုံးထံ မိမိ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် ဝမ်းနည်းမှုဖြင့် ပြည့်လိမ့်မည်။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမခြင်းမရှိလျှင်ပင်၊ သင်ကိုယ်တိုင်၏ နောင်တကြောင့် သင်သည် မိမိကိုယ်ကိုယ် ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်သည်။ အချို့သည် ဤအရာကို ယုံကြည်လက်ခံခြင်း မရှိကြသော်လည်း၊ သင် မယုံကြည်ပါက၊ စောင့်သာ ကြည့်လော့။ ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်က ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေဖို့သာဖြစ်သည့် လူအချို့ ရှိပေသည်။ ဤနှုတ်ကပတ်တော်များအတွက် သင်သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ဖို့ လိုလိုလားလား ရှိသလော။

သင်သည် ဘုရားသခင်၏စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများကို မရှာဖွေပါက၊ ထို့အပြင် စုံလင်ခြင်းကို သင်ရှာဖွေမှုတွင် အုပ်စုရှေ့တွင်ရှိဖို့ သင် မကြိုးပမ်းပါက၊ သင်သည် နောက်ဆုံးတွင် နောင်တဖြင့် ပြည့်မည်ဖြစ်သည်။ စုံလင်ခြင်းကိုရရှိဖို့ အကောင်းဆုံး အခွင့်အရေးမှာ ယခုဖြစ်သည်။ ယခုအချိန်သည် အလွန့်အလွန် ကောင်းမွန်သောအချိန် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အလေးအနက် မကြိုးစားပါက၊ သူ၏အမှု အဆုံးသတ်သည်နှင့်တစ်ပြိုင်နက် အလွန် နောက်ကျသွားလိမ့်မည်- သင် အခွင့်အရေးကို လက်လွတ်သွားပြီး ဖြစ်လိမ့်မည်။ သင့် ရည်မှန်းချက်များ မည်မျှပင် ကြီးမားပါစေ၊ ဘုရားသခင်သည် အမှုကို ဆောင်ရွက်နေခြင်း မရှိတော့ပါက၊ သင် မည်မျှပင် အားထုတ်သည်ဖြစ်စေ၊ စုံလင်ခြင်းကို ဘယ်သောအခါမျှ ရရှိနိုင်လိမ့်မည်မဟုတ်။ သင်သည် ဤအခွင့်အရေးကို လက်မလွတ်တမ်း အသုံးချရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ကြီးမြတ်သောအမှုကို လုပ်ဆောင်စဉ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ ဤအခွင့်အရေးကို သင် လက်လွတ်သွားပါက၊ မည်သည့် အားထုတ်မှုကို သင် ပြုပါစေ၊ သင့်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမည်မဟုတ်ပေ။ သင်တို့ထဲမှ အချို့က၊ “ဘုရားသခင်၊ ကိုယ်တော်၏ ဝန်ထုပ်ကို သတိရှိနေဖို့ ကျွန်ုပ် လိုလိုလားလား ရှိပြီး၊ ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ် လိုလိုလားလား ရှိပါ၏” ဟု ဟစ်အော် ကြသည်။ သို့ရာတွင်၊ သင်တို့သည် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း မရှိသောကြောင့်၊ သင်တို့၏ ဝန်ထုပ်များသည် ကြာရှည်ခံလိမ့်မည် မဟုတ်ပေ။ သင်သည် ရှေ့တွင် လမ်းကြောင်းတစ်ခုရှိပါက၊ အတွေ့အကြုံကို တစ်ဆင့်ချင်း ရရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏အတွေ့အကြုံသည် အဆီအငေါ်တည့်လျက် စနစ်တကျ ရှိလိမ့်မည်ဖြစ်သည်။ ဝန်ထုပ်တစ်ခု ပြီးဆုံးပြီးနောက်၊ သင့်ကို နောက်တစ်ခု ပေးလိမ့်မည်။ သင်၏ ဘဝအတွေ့အကြုံ နက်သည်ထက် နက်လာသည်နှင့်အမျှ၊ သင်၏ ဝန်ထုပ်များသည်လည်း သာ၍ တိုးကာ နက်နဲလာလိမ့်မည်။ လူအချို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရသောအခါမှသာ ဝန်ထုပ်ကို သယ်ပိုးကြသည်။ အချိန်ကာလတစ်ခု ကြာမြင့်ပြီးနောက်၊ ၎င်းတို့အနေဖြင့် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း မရှိတော့သည့်အခါ၊ ၎င်းတို့သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိတော့ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသက်သက်ဖြင့် ဝန်ထုပ်များကို မဖြစ်ပေါ်စေနိုင်ပေ။ သမ္မာတရားများစွာကို သိနားလည်ခြင်းဖြင့်၊ သင်သည် ချင့်ချိန်နိုင်စွမ်း ရရှိလိမ့်မည်၊ သမ္မာတရားကို အသုံးပြုလျက် ပြဿနာများကို ဖြေရှင်းလာနိုင်လိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍တိကျသည့် သိနားလည်မှုတစ်ခုကို ရရှိလိမ့်မည်။ ဤအရာများဖြင့်၊ သင်သည် သယ်ဆောင်ဖို့ ဝန်ထုပ်များ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ အမှုကို ကောင်းမွန်စွာ သင် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။ သင်သည် ဝန်ထုပ်တစ်ခု ရှိသော်လည်း၊ သမ္မာတရားနှင့်သက်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှုမရှိပါက၊ ယင်းသည်လည်း အလုပ်ဖြစ်လိမ့်မည် မဟုတ်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမည်ဖြစ်ပြီး၊ ၎င်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရမည်။ သင်ကိုယ်တိုင် စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသည့် နောက်မှသာ၊ အခြားသူများအတွက် သင် ထောက်ပံ့ပေးနိုင်မည်၊ အခြားသူများကို ဦးဆောင်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်လိမ့်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့” မှ

သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် သတိရှိသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ဤဝန်ထုပ်ပေးသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် ဆက်နွှယ်မှုရှိသည့် သမ္မာတရားများအားလုံးကို သင် အာရုံစိုက်လိမ့်မည်ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများ၏ အခြေအနေနှင့်ဆက်နွှယ်သည့် ဝန်ထုပ်တစ်ခု သင်၌ရှိပါက၊ ဤသည်မှာ ဘုရားသခင်က သင့်ကို အပ်နှံထားသော ဝန်ထုပ်ဖြစ်ပြီး၊ သင်သည် ဤဝန်ထုပ်ကို သင်၏ နေ့စဉ်ဆုတောင်းချက်များတွင် သင်နှင့်အတူ အမြဲ သယ်ဆောင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင့်အပေါ် တနင့်တပိုး တင်ထားပြီးဖြစ်ကာ၊ ဘုရားသခင် လုပ်ဆောင်လိုသောအရာကို လုပ်ဆောင်ရန် သင် လိုလားလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် တာဝန်ယူခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤအခြေအနေတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ခြင်းတွင်၊ သင်သည် ဤကဲ့သို့သော ကိစ္စများကို အလေးထားပြီး၊ ဤပြဿနာများကို ကျွန်ုပ် မည်သို့ ဖြေရှင်းမည်နည်းဟု သင် စဉ်းစားလိမ့်မည်။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများအား လွတ်မြောက်မှုကို ရရှိပြီး ဝိညာဉ်ရေးရာ မွေ့ပျော်မှုကို ရှာတွေ့စေရန် ကျွန်ုပ် မည်သို့ထောက်ကူနိုင်မည်နည်း။ သင်သည် မိတ်ဿဟာယဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကိုလည်း အာရုံစိုက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေချိန်တွင်၊ ဤကိစ္စများနှင့် ဆက်နွှယ်သော သူ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင်အာရုံစိုက် ပါလိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို စားသောက်စဉ်တွင်လည်း သင်သည် ဝန်ထုပ်ဝန်ပိုးတစ်ခုကိုလည်း သယ်ဆောင်ပါမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သည့် လမ်းကြောင်း လျှောက်ရမည် ဆိုသည်နှင့်ပတ်သက်၍ သာ၍ ရှင်းလင်းသော စိတ်ကူးတစ်ခုကို သင် ရရှိလိမ့်မည်။ ဤသည်မှာ သင့်ဝန်ထုပ်က ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းဖြစ်ပြီး ဤသည်မှာ သင့်အပေါ် နှင်းအပ်ထားပြီးဖြစ်သည့် ဘုရားသခင်၏ လမ်းပြမှုလည်း ဖြစ်သည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်၌ ဝန်ထုပ်ဝန်ပိုး မရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အာရုံစိုက်လိမ့်မည်မဟုတ်။ ဝန်ထုပ်ကို သယ်ဆောင်နေစဉ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါ၊ ထိုနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သင် သဘောပေါက်နိုင်သည်၊ မိမိလမ်းခရီးကို ရှာတွေ့နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အလေးထားနိုင်ပေသည်။ ထို့ကြောင့်၊ သင်၏ ရှေ့တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ပိုမိုရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းသည် သာ၍ ကြီးမားသော အကျိုးတစ်ခု ရှိဖို့အလို့ငှာ၊ သင်သည် သူ၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်၍ ကြီးထွားဖို့အလို့ငှာနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင် သာ၍ ခံရနိုင်စွမ်းရှိလာဖို့အလို့ငှာ၊ သင်၏ဆုတောင်းချက်များတွင်၊ ဘုရားသခင်သည် သာ၍များသော ဝန်ထုပ်များကို သင့်အပေါ် ထားရှိဖို့နှင့် သာ၍ပင် ကြီးမားသော အလုပ်တာဝန်များကို သင့်ထံ အပ်နှံဖို့ တောင်းဆုပြုသင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့” မှ

ဘုရားသခင်ကို ချစ်ခြင်းသည် အရာအားလုံးထဲ၌ ဘုရားသခင်၏ အလိုတော်ကို ကြိုးစားရှာဖွေခြင်း၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ နက်နက်နဲနဲ စူးစမ်းခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားခြင်း၊ ဤကိစ္စ၌ ဘုရားသခင်၏ အလိုတော်က အဘယ်နည်းဆိုသည်ကို သိဖို့ကြိုးစားခြင်း၊ သူက သင့်ကို မည်သည့်အရာများ ရရှိစေချင်သည်နှင့် သူ၏အလိုတော်ကို သင်မည်ကဲ့သို့ သတိထားသင့်သည် စသည်တို့ကို သိဖို့ကြိုးစားခြင်းတို့ လိုအပ်သည်။ ဥပမာ- သင့်အနေဖြင့် အခက်အခဲကိုတောင့်ခံရမည့်အရာတစ်ခု ဖြစ်ပျက်လာပါက ထိုအချိန်တွင် ဘုရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်သည်နှင့် သူ၏အလိုတော်နှင့်ပတ်သက်၍ သင်မည်ကဲ့သို့ သတိရှိသင့်ပုံတို့ကို သင်နားလည်သင့်သည်။ သင့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေ၍ မရပေ။ ပထမဆုံး သင့်ကိုယ်သင် ဘေးဖယ်ထားလိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ သင်သည် ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်စွမ်းရပါမည်။ ဤကဲ့သို့အတွေးများနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်၍ အထူးဉာဏ်ပွင့်ခြင်းကို သင့်အားပေးလိမ့်မည်ဖြစ်ပြီး သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသောအရာဖြစ်ပါစေ၊ သေးငယ်သောအရာဖြစ်ပါစေ၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ ရှေးဦးစွာ သင့်ကိုယ်သင် ဘေးဖယ်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို အရာအားလုံးထဲတွင် အောက်တန်းအကျဆုံးအရာအနေနှင့် သတ်မှတ်ရမည်ဖြစ်သည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ၎င်းက ပိုပြီးလွတ်လွတ်လပ်လပ် ပြုမူလေဖြစ်သည်။ ဇာတိပကတိကို ဤတစ်ကြိမ် သင်ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ၎င်းက ပိုပြီးတောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီး ဖြစ်နေသည်နှင့်အမျှ၊ လူတို့သည် ဇာတိပကတိကို ပို၍ပင်ချစ်ခင်လာကြလိမ့်မည်။ ဇာတိပကတိသည် အစဉ်သဖြင့် အလိုရမ္မက် သိပ်ကြီး၏။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ဒေါသထွက်သည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ...။ ၎င်းကို ကျေနပ်အောင်ပြုပေးရန်၊ ၎င်း၏အလိုကို ဖြည့်ပေးရန် ဇာတိပကတိက အမြဲတောင်းဆိုသည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ လူတို့၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆများကို လက်သင့်ခံထားပြီး ဘုရားသခင်ကို မနာခံသည့်အထိ၊ ၎င်းကိုယ်၎င်း မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ၎င်း၏ဆန္ဒက ပိုပြီးကြီးလာလေလေဖြစ်ကာ၊ ဇာတိပကတိသည် ပိုပြီးအကျင့်ပျက်လာလေလေ ဖြစ်သည်။ ဇာတိပကတိကို ပိုပြီး ကျေနပ်မှုပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်များက ပိုပြီး ကြီးလာလေလေဖြစ်သည်။ သင်၏အားနည်းချက်များကို မည်သူမျှ မစာနာဟု သင်အမြဲတမ်း ခံစားရမည်၊ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး “ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်နိုင်ရသနည်း။ အဘယ်ကြောင့် လူများကို အနားမပေးသနည်း” ဟု သင်ပြောလိမ့်မည်။ လူတို့အနေဖြင့် ဇာတိပကတိကို အာသာဆန္ဒပြေစေပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသောအခါ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကြသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ဇာတိပကတိကို မကျေနပ်စေဘူးဆိုလျှင် ဘုရားသခင်လုပ်ဆောင်သည့် အရာတိုင်းက အလွန်မှန်ကန်ပြီး အလွန်ကောင်းမွန်လှသည်ကို သင်မြင်ရမည်ဖြစ်ပြီး၊ သင်၏ပုန်ကန်မှုအတွက် ဘုရားသခင်၏ ကျိန်ဆဲမှု၊ သင်၏မဖြောင့်မတ်မှုအတွက် တရားစီရင်မှုသည် တရားမျှတသည်ကို သင်မြင်ရမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဆုံးမသည့်အချိန်၊ ပဲ့ပြင်သည့်အချိန်၊ သင့်ကိုအကြမ်းခံအောင် ပြုရန်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည့်အချိန်၊ သူ့ရှေ့လာစေဖို့အတွက် သင့်ကို တွန်းအားပေးသည့် အချိန်များ ရှိမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အံ့သြစရာကောင်းသည်ဟု သင်အမြဲတမ်း ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် နာကျင်မှုသိပ်မရှိသလို သင်ခံစားရမည်ဖြစ်ပြီး ဘုရားသခင်သည် အလွန်ချစ်ခင်မြတ်နိုးဖွယ်ကောင်းသည်ဟု သင်ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်နေပြီး ဘုရားသခင်က သိပ်လွန်သွားသည်ဟုပြောလျှင် သင်သည် နာကျင်မှုကို အမြဲတမ်းခံစားရမည်၊ အမြဲတမ်း စိတ်ဖိစီးနေမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုအားလုံးနှင့်ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင်က လူသား၏ အားနည်းချက်ကို မစာနာ၊ လူသား၏ အခက်အခဲများကို သတိမပြုသည့်အလား ထင်နေရမည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် တရားမမျှတမှုကြီးကို ခံစားနေရသည့်အလား အစဉ်အမြဲ စိတ်ဆင်းရဲပြီး အထီးကျန်ဆန်နေလိမ့်မည်ဖြစ်ကာ သင်သည် ဤအချိန်၌ စပြီးမကျေမနပ် ပြောဆိုလာပါလိမ့်မည်။ သင်သည် ဤနည်းလမ်းနှင့် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်လေလေ၊ အခြေအနေက အလွန်ဆိုးလာပြီး သင့်အနေဖြင့် ဘုရားသခင်၏အမှုကို ငြင်းဆိုလာသည့်အထိ၊ ဘုရားသခင်ကို စတင်ဆန့်ကျင်လာသည့်အထိ၊ လုံးဝမနာခံတော့သည်အထိ ဘုရားသခင်က လွန်လွန်းသည်ဟု ခံစားရလေလေ ဖြစ်မည်ပင်။ ထို့ကြောင့် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ရမည်ဖြစ်ပြီး ၎င်းကို အလိုလိုက်ခြင်း မရှိရ။ “ငါ့ယောက်ျား (မိန်းမ)၊ သားသမီး၊ ရှေ့ရေး၊ အိမ်ထောင်၊ မိသားစု၊ အဘယ်တစ်ခုမျှ အရေးမကြီးချေ။ ငါ၏နှလုံးသားထဲ၌ ဘုရားသခင်သာရှိသည်။ ဘုရားသခင်ကို ကျေနပ်စေဖို့၊ ဇာတိပကတိကို ကျေနပ်မှုမပြုဖို့ အကောင်းဆုံး ငါကြိုးစားရမည်။” သင်၌ ဤဆုံးဖြတ်ချက် ရှိဖို့လိုသည်။ ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို သင်အမြဲတမ်း ပိုင်ဆိုင်သည်ဆိုလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သင့်ကိုယ်သင် ဘေးဖယ်ထားသည့်အခါ သိပ်အားထုတ်စရာမလိုဘဲ ထိုသို့ပြုလုပ်နိုင်ပါလိမ့်မည်။ လမ်းပေါ်မှာ အေးခဲတောင့်တင်းနေသည့် မြွေကို မြင်သော လယ်သမားတစ်ယောက် ရှိ၏။ လယ်သမားက မြွေကို ကောက်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲ၌ ထွေးပွေ့ထားလိုက်သည်။ မြွေက ပြန်လည် သတိရလာသည့်အခါ လယ်သမားကို သေအောင် ကိုက်လိုက်တော့သည်။ လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အနှစ်သာရက သူတို့၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ တကယ်ဖြစ်လာသည့်အခါ သင်၏ဘဝကကို လက်လွတ်ဆုံးရှုံးရသည်။ ဇာတိပကတိကို စာတန်က ပိုင်သည်။ ဤအထဲ၌ လွန်ကဲသည့် လိုအင်ဆန္ဒတွေရှိသည်။ သူ့အတွက်ပဲသူကြည့်သည်။ သက်သက်သာသာနေချင်သည်။ ဇိမ်ယူပြီး ခံစားသည်။ ပျင်းရိခြင်း၊ ရေသာခိုခြင်းတို့မှာ နစ်မြုပ်နေသည်။ အတိုင်းအတာ တစ်ခုအထိ ဇာတိပကတိကို ကျေနပ်အောင် ပြုနေမည်ဆိုလျှင်တော့ အဆုံးကျလျှင် ဇာတိပကတိ၏ ဝါးမျိုခြင်းကို သင်ခံရမည်ပင်။ ဆိုလိုသည်မှာ သင်သည် ဤအရာကို ဤတစ်ကြိမ် ဖြည့်ဆည်းပေးလျှင် နောက်တစ်ခါကျလျှင် ပိုပြီး တောင်းဆိုလာလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒနှင့် တောင်းဆိုမှု အသစ်တို့ အမြဲတမ်းရှိပြီး သူ၏ သာယာမှုများထဲ၌သာနေပြီး သူ့ကို ပိုမို ချစ်ခင်လာစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏စွဲလမ်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် သင်၏တွန်းလှန်မှုကို သင်မည်ကဲ့သို့လုပ်ဆောင်သနည်း ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးနုတ်ခဲ့ပြီး ရှေးမဆွက ခွဲခန့်မှတ်သားပေးခဲ့၏၊ သို့သော်လည်း အကယ်၍ သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့ကျင့်ကြံဖို့ သင်ဆန္ဒမရှိပါက၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သော နှလုံးသားနှင့် သင်၏ကိုယ်ပိုင်ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင်ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိ၏ ဆန္ဒရိုင်းကို အမြဲဖြည့်ဆည်းပေးနေလျှင် စာတန်သည် သင့်ကို တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မပါဘဲ၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမပါဘဲ သူထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ သင်သည် စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်ကို ချစ်လိုလျှင် နာကျင်မှုဟူသည့် အဖိုးအခကို ၎င်းတို့ ပေးဆပ်ရမည်ဖြစ်ပြီး အခက်အခဲကို တောင့်ခံရမည်ဖြစ်သည်။ စာများပိုဖတ်လျက်၊ အလုပ်ပိုရှုပ်လျက် ပြင်ပစိတ်အားထက်သန်မှုနှင့် အခက်အခဲများဖြစ်ဖို့ မလိုပေ။ ထိုအစား ၎င်းတို့အနေဖြင့် မိမိတို့အထဲ၌ရှိသည့်အရာများကို ဘေးဖယ်ထားသင့်သည်- လွန်ကဲသည့် အတွေးများ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုများ၊ ၎င်းတို့၏ကိုယ်ပိုင် စဉ်းစားသုံးသပ်မှုများ၊ အယူအဆများနှင့် ရည်ရွယ်ချက်များဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ပင်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။ အတိတ်က သင်သည် ရှင်ဘုရင်တစ်ပါးအဖြစ် အုပ်စိုးရမည်ဟု ဘုရားသခင် ပြောခဲ့စဉ်အခါက သင်သည် သူ့ကို ချစ်ခဲ့ပြီး သူသည် သူ့ကိုယ်သူ သင့်ထံ ထင်ထင်ရှားရှား ပြသသည့်အခါ သူ့ကို သင်မီအောင်လိုက်ခဲ့သည်။ သို့သော် ယခုအခါ ဘုရားသခင်သည် ပုန်းကွယ်နေပြီး သူ့ကို သင်မမြင်နိုင်ဘဲ ဒုက္ခပြဿနာများက သင့်အပေါ် ကျရောက်လေပြီ၊ ယခုအချိန်တွင် ဘုရားသခင်အပေါ် သင် မျှော်လင့်ခြင်း ပျောက်ဆုံးပြီလော။ ထို့ကြောင့် သင်သည် အချိန်တိုင်းတွင် အသက်ကို ရရှိအောင် အားထုတ်၍ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဤအရာကို စစ်မှန်သောယုံကြည်ခြင်းဟု ခေါ်ပြီး ဤသည်မှာ အစစ်မှန်ဆုံးနှင့် အလှပဆုံးသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။

ယခင်က လူတို့အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်၌ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ချမှတ်ရန်လာပြီး “ဘုရားသခင်ကို အခြားမည်သူမျှ မချစ်လျှင်ပင် သူ့ကို ကျွန်ုပ်ချစ်ရမည်။” ဟု ပြောကြမည်ဖြစ်သည်။ သို့သော် ယခုတွင် စစ်ဆေးခြင်းက သင့်အပေါ် ကျရောက်ပြီး ဤအရာက သင်၏အယူအဆများနှင့် တစ်ထပ်တည်းမကျသဖြင့် သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သလော။ ယောဘ၏ လုပ်ဆောင်ချက်များ အကြောင်းကို သင် အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ပြီးပြီ၊ ယင်းတို့ကို သင်မေ့သွားပြီလော။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ယုံကြည်ခြင်းအထဲမှသာ ရုပ်လုံးပေါ်လာနိုင်သည်။ သင်ကြုံရသော စစ်ဆေးခြင်းများအားဖြင့် သင်သည် ဘုရားသခင် အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လာပြီး၊ သင်၏ လက်တွေ့ အတွေ့အကြုံများထဲတွင် ဘုရားသခင်၏အလိုတော်ကို သင် အရေးထားနိုင်သည်မှာ သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်၊ ထို့ပြင် သင်ကိုယ်တိုင်၏ ဇာတိပကတိကို စွန့်လွှတ်ပြီး အသက်ကို ရရှိအောင် အားထုတ်သည်မှာလည်း သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ လူတို့ ပြုသင့်သောအရာဖြစ်သည်။ အကယ်၍ ဤအရာကိုပြုပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သော်လည်း၊ သင်၌ ယုံကြည်ခြင်းကင်းမဲ့ပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်မဟုတ် သို့မဟုတ် သူ၏အမှုကို တွေ့ကြုံနိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စုံလင်အောင်ပြုပေးခြင်း ခံရလိုပါက- သင်၌ ဒုက္ခခံလိုစိတ်၊ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်စွမ်း၊ သူ၏အလိုတော်ကို နားလည် သဘောပေါက်နိုင်စွမ်း၊ သူ၏ဝမ်းနည်းပူဆွေးခြင်းကို အရေးထားနိုင်စွမ်း အစရှိသည့် အရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိရမည်။ လူတစ်ဦးကို စုံလင်စေခြင်းမှာ မလွယ်ကူဘဲ သင်တွေ့ကြုံရသော စစ်ဆေးခြင်း တစ်ခုစီတိုင်းတွင် သင်၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း လိုအပ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရလိုပါက၊ ထိုလမ်းကြောင်းပေါ်သို့ အလောတကြီးထွက်သွားရုံမျှနှင့် မလုံလောက်သည် သာမက၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရုံမျှနှင့်လည်း မလုံလောက်ပါ။ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာနိုင်ရန် သင်၌ အရာများစွာကို ပိုင်ဆိုင်ရမည်။ ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို နောဧကြားသောအခါ၊ ဘုရားသခင်ဖော်ပြသည့်အရာအားလုံးကို နောဧကြားသောအခါတွင် ဤအမှု၏ အရေးကြီးပုံ၊ အခြေအနေ၏ လေးနက်ပုံကို သူခံစားမိခဲ့သည်။ ဘုရားသခင်သည် ကမ္ဘာကို အကြီးအကျယ် ဖျက်ဆီးတော့မည်ကို သူသိခဲ့သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်လိမ့်မည်နည်း။ ဘုရားသခင်သည် ထိုလူသားမျိုးနွယ်ကို ရွံ့ရှာစက်ဆုပ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ထိုလူသားမျိုးနွယ်ကို တစ်ရက်၊ နှစ်ရက်သာ ရွံရှာစက်ဆုပ်သလော။ ဘုရားသခင်သည် ရုတ်တရက် “ယနေ့ ဤလူသားမျိုးနွယ်ကို ငါမနှစ်သက်။ ဤလူသားမျိုးနွယ်ကို ငါဖျက်ဆီးမည်။ ထို့ကြောင့် ဤအရာကို စတင်လုပ်ဆောင်ပြီး ငါ့အတွက် သင်္ဘောတစ်စီးဆောက်လော့” ဟု ဆိုသလော။ (မဆိုပါ။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် နောဧသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခဲ့သည်။ ဘုရားသခင်သည် ထိုလူသားမျိုးနွယ်ကို တစ်ရက်၊ နှစ်ရက်မျှသာ ရွံရှာစက်ဆုပ်ခြင်းမဟုတ်။ သူသည် ထိုလူသားမျိုးနွယ်ကို ဖျက်ဆီးရန်၊ လူသားမျိုးနွယ်ကို အသစ်စတင်ရန် စိတ်ထက်သန်နေခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ဘုရားသခင်သည် နောက်ထပ် လူသားမျိုးနွယ်တစ်ခုကို ဖန်ဆင်းလိုစိတ်မရှိဘဲ နောဧကို လူသားမျိုးနွယ်၏ ဘိုးဘေးအဖြစ်၊ နောက်လာမည့်ခေတ်၏ အရှင်သခင်အဖြစ် အသက်ရှင်ခွင့်ပေးမည်။ ဘုရားသခင်၏ ဤအကြံအစည်ကို နားလည်သည့်အခါတွင် နောဧသည် ဘုရားသခင်၏ အရေးတကြီး အလိုတော်ကို သူ၏စိတ်နှလုံးအတွင်းမှ ခံစားရသည်။ ဘုရားသခင်၏ အရေးတကြီးဖြစ်မှုကို သိရှိခံစားရသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သူကြားသည့်အခါတွင် ဂရုစိုက်စွာ၊ နီးကပ်စွာ၊ လုံ့လရှိစွာ နားထောင်ခြင်းအပြင် သူ၏စိတ်နှလုံးတွင် တစ်စုံတစ်ခုကို သူခံစားခဲ့ရသည်- ဖန်ဆင်းရှင်၏ အရေးတကြီး အလိုတော်ကို အသိအမှတ်ပြုပြီးနောက် ဘုရားသခင်၏ ဖန်ဆင်းခံအစစ်အမှန်တစ်ဦးက ခံစားသင့်သည့် ခံစားချက်ဖြစ်သော အရေးတကြီးဖြစ်မှုဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က သူ၏ ညွှန်ကြားချက်များအားလုံးကို ထုတ်ပြန်ပြီးနောက်တွင် နောဧသည် သူ၏စိတ်နှလုံး၌ မည်သည့်အရာကို စဉ်းစားခဲ့သနည်း။ “ယနေ့မှစ၍ သင်္ဘောတည်ဆောက်ခြင်းကဲ့သို့ မည်သည့်အရာကမျှ အရေးမပါပေ။ မည်သည့်အရာကမျှ ဤအရာလောက် အရေးကြီးပြီး အလျင်မလိုပေ။ ဖန်ဆင်းရှင်၏ အသံတော်ကို ငါကြားခဲ့သည်။ သူ၏အရေးတကြီးဖြစ်သော အလိုတော်ကို ငါခံစားရသည်။ ထို့ကြောင့် ငါနှောင့်နှေး၍မဖြစ်။ ဘုရားသခင်ပြောဆိုပြီး စေခိုင်းထားသည့် သင်္ဘောကို ငါအလျင်အမြန်ဆုံး တည်ဆောက်ရမည်။” နောဧ၏ သဘောထားမှာ သူသည် လျစ်လျူမရှုဝံ့ခြင်းဖြစ်သည်။ ပြီးလျှင် သူသည် မည်သည့်ပုံစံဖြင့် သင်္ဘောကို အကောင်အထည်ဖော်ခဲ့သနည်း။ နှောင့်နှေးခြင်းမရှိဘဲ ဖြစ်သည်။ သူသည် တစ်စက္ကန့်၊ တစ်မိနစ်မျှပင် နှောင့်နှေးခြင်း မရှိခဲ့ဟုဆိုလျှင် အနည်းငယ် မရိုးသားရာကျလိမ့်မည်။ သူသည် တစ်ရက်ပင် စောင့်ဆိုင်းခြင်းမရှိ၊ ဘုရားသခင်ပြောဆိုသည့်၊ ညွှန်ကြားသည့် အသေးစိတ်အချက်အလက်တစ်ခုစီကို အလျင်မြန်ဆုံးဖြင့်၊ သူ၏အားအင်အလုံးစုံဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး အကောင်အထည်ဖော်ခဲ့သည်ဟုဆိုလျှင် ပို၍ လက်တွေ့ကျမည်လော။ အနှစ်ချုပ်အားဖြင့် ဖန်ဆင်းရှင်၏ ညွှန်ကြားချက်များနှင့် ရင်ဆိုင်ရသည့်အခါတွင် နောဧ၏ သဘောထားသည် ပေါ့ပေါ့တန်တန်မရှိ၊ သူ၏စိတ်နှလုံးတွင် အာခံခြင်းမရှိ၊ အရေးမစိုက်ခြင်းမရှိပေ။ ဤအစား သူသည် အသေးစိတ်အချက်အလက်တိုင်းကို မှတ်တမ်းတင်လျက် ဖန်ဆင်းရှင်၏ အလိုတော်ကို နားလည်ရန် လုံ့လဝီရိယရှိစွာ ကြိုးစားခဲ့သည်။ ဘုရားသခင်၏ အရေးတကြီးဖြစ်သော အလိုတော်ကို သူနားလည်သွားသည့်အခါ ပို၍လျင်မြန်စွာပြုလုပ်ရန်၊ သူ့အပေါ် ဘုရားသခင်အပ်နှံခဲ့သည့်အရာကို အလျင်အမြန်ဆုံး ပြီးမြောက်စေရန် ဆုံးဖြတ်ခဲ့သည်။ “အလျင်အမြန်ဆုံး” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ယခင်က တစ်လကြာမည့် လက်မှုအလုပ်များကို တတ်နိုင်သမျှ အချိန်အနည်းဆုံးဖြင့် ပြီးမြောက်စေခြင်း၊ ရက်နှစ်ဆယ်၊ ဆယ့်ငါးရက်အတွင်း လုပ်ဆောင်ခြင်း၊ အချိန်မဆွဲခြင်း၊ ဖြစ်နိုင်သည့်အခါတိုင်းတွင် ရှေသို့ဆက်တိုးလုပ်ဆောင်ခြင်း၊ အချိန်ရွှေ့ပြီး မလုပ်ဆောင်ခြင်းတို့ကို ဆိုလိုသည်။ အလုပ်တစ်ခုစီကို ဆောင်ရွက်စဉ်တွင် ပုံမှန်အားဖြင့် သူသည် မည်သည့်အရာကိုမျှ နောက်တစ်ကြိမ်ထပ်၍ မလုပ်ဆောင်ရစေရန်၊ ပထမအကြိမ်တွင်ပင် မှန်ကန်မှုရှိစေရန် အစွမ်းကုန်ကြိုးစားလျက် မဖြစ်မြောက်ခြင်း၊ ဆုံးရှုံးခြင်း၊ မှားယွင်းခြင်းများကိုလည်း အနည်းဆုံးဖြစ်စေရန် ကြိုးစားသည်။ အလုပ်တစ်ခုစီ၊ လုပ်ငန်းစဉ်တစ်ခုစီတိုင်းသည် ဖြစ်နိုင်သမျှ တစ်ပြိုင်နက်ပြီးဆုံးကြလိမ့်မည်။ ငါးခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်လျှင် သုံးခုထက် ပို၍ ကောင်းသည်။ ဆယ်ခုဆိုလျှင် ငါးခုထက် ပို၍ကောင်းသည်။ သူသည် တတ်နိုင်သမျှအမြန်ဆုံး ရှေ့ဆက်လုပ်ဆောင်ခဲ့ရသည်။ ဤသည်မှာ အချိန်မဆွဲခြင်း၏ စစ်မှန်သော ပြယုဂ်ဖြစ်သည်။ မည်သည့်အကြောင်းပြချက်နှင့် အခြေအနေတို့အောက်တွင် ဤအရာကို စွမ်းဆောင်ရရှိခဲ့သနည်း။ နောဧသည် စစ်မှန်သောနာခံမှုကို ပိုင်ဆိုင်သည်ဟု အချို့လူတို့က ဆိုကြသည်။ ထိုသို့ဆိုလျှင် ဤသို့စစ်မှန်သောနာခံမှုကို သူရရှိနိုင်သည့် မည်သည့်အရာကို သူ့တွင် တွေ့ရှိရသနည်း။ (သူသည် ဘုရားသခင်၏ အလိုတော်ကို သတိပြုမိပါသည်။) မှန်ပေသည်။ နှလုံးသားရှိခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုသည်။ နှလုံးသားရှိသောသူတို့သည် ဘုရားသခင်၏ အလိုတော်ကို သတိပြုမိနိုင်ကြသည်။ နှလုံးသားမရှိသောသူတို့သည် အနှစ်မရှိသည့် အခွံ၊ လူပြက်များဖြစ်ကြသည်။ “ဤသည်မှာ ဘုရားသခင်အတွက် မည်မျှအရေးတကြီးဖြစ်သည်ကို ငါဂရုမစိုက်။ ငါအလိုရှိသည့်အရာကို လုပ်ဆောင်မည်။ မည်သို့ပင်ဖြစ်စေ ငါသည် အလဟဿနေထိုင်ခြင်းမဟုတ်၊ ပျင်းရိခြင်းမဟုတ်” ဟူ၍ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို သတိပြုမိရန် မသိကြပေ။ ဤသို့သောသူတို့သည် ဘုရားသခင်၏အလိုတော်ကို သတိမပြုမိကြပေ။ နောဧက သတိပြုမိသည်။ ထို့ကြောင့် အကောင်းဆုံးလုပ်ဆောင်ခြင်းသည် မလုံလောက်ပေ။ သင်၏ စိတ်နှလုံးတွင် စစ်မှန်သော သတိပြုမှုရှိရမည်။ ဤသည်မှာ လူ့သဘာဝတွင် တွေ့ရသော အသိတရားဖြစ်သည်။ ယင်းသည် လူတို့တွင် ရှိရမည့်အရာဖြစ်ပြီး နောဧတွင် တွေ့ရှိရသည့်အရာဖြစ်သည်။ သူသည် အချိန်ဆွဲ၍ လုပ်ဆောင်လျှင်၊ အရေးတကြီးပြုလုပ်လိုသည့် အသိစိတ်မရှိလျှင်၊ လောကအပေါ် စိတ်ပျက်မှုမရှိလျှင်၊ ထိရောက်မှုမရှိလျှင် ထိုအချိန်ကာလ၌ ဤကဲ့သို့သောအရာကို လုပ်ဆောင်ရန်၊ သင်္ဘောကို တည်ဆောက်ရန် နှစ်မည်မျှကြာမည်ဟု သင်တို့ဆိုမည်နည်း။ နှစ်တစ်ရာအတွင်းတွင် ပြီးဆုံးမည်လော။ (မပြီးဆုံးပါ။) မျိုးဆက်သုံးလေးဆက်အထိ အဆက်မပြတ် တည်ဆောက်ရပေလိမ့်မည်။ တစ်ဖက်မှကြည့်လျှင် သင်္ဘောတစ်စီးကဲ့သို့သော အခိုင်အမာအရာဝတ္ထုတစ်ခုကို တည်ဆောက်ရန် နှစ်များစွာ ကြာမည်။ ထို့အပြင် သက်ရှိသတ္တဝါအားလုံးကို စုဆောင်းခြင်း၊ ရှာဖွေခြင်းသည်လည်း နှစ်များစွာကြာမည်။ ဤသက်ရှိသတ္တဝါများကို စုဆောင်းရန် လွယ်ကူသလော။ မလွယ်ကူပေ။ ထို့ကြောင့် ဘုရားသခင်၏ ညွှန်ကြားချက်ကို ကြားပြီးနောက်၊ ဘုရားသခင်၏ အရေးတကြီးဖြစ်သော အလိုတော်ကို နားလည်ပြီးနောက်တွင် ဤသည်မှာ လွယ်ကူမည်မဟုတ်သကဲ့သို့ ရိုးရှင်းမည်မဟုတ်သည်ကိုလည်း နောဧသတိပြုမိခဲ့သည်။ ဘုရားသခင်စိတ်ကျေနပ်ပြီး စိတ်ချစေရန်၊ ဘုရားသခင်၏ အမှုတော်နောက်တစ်ဆင့်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်ရန်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ ဤအရာကို ပြီးမြောက်ရမည်၊ ဤစေခိုင်းချက်ကို ပြီးဆုံးအောင်ပြုလုပ်ရမည်ဟု သူခံစားခဲ့ရသည်။ ဤသည်မှာ နောဧ၏ နှလုံးသားဖြစ်သည်။ ယင်းမှာ မည်သို့သော နှလုံးသားဖြစ်သနည်း။ ဘုရားသခင်၏အလိုတော်ကို သတိပြုမိသော နှလုံးသားတစ်ခုဖြစ်သည်။ အပြင်ပန်းတွင် ဤသည်မှာ နောဧသည် အပြည့်အဝနာခံနိုင်စွမ်းရှိသည်ကို ညွှန်းဆိုသည်။ သို့သော် ဤသို့သော အပြည့်အဝနာခံမှု၏ အချက်အလက်များမှာ အဘယ်နည်း။ သတိပြုမိခြင်းဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၂)” မှ

သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး လုပ်ဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် တာဝန်ပေါ့လျော့မည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက၊ သင်တို့သည် ငါ၏ စိတ်ကို သက်သာစေနိုင်မည် မဟုတ်သည့် လူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့ အားလုံးသည် ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ရင်း၊ သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်ပြီး ငါ့အတွက် သင်တို့၏ အရာအားလုံးကို ပေးနိုင်ပါက၊ ငါ၏စိတ်နှလုံးသည် သင်တို့အတွက်ကြောင့် ဝမ်းမြောက်မှုဖြင့် မကြာခဏ ခုန်ပေါက် လိမ့်မည် မဟုတ်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။ သင်တို့ လုပ်ဆောင်နိုင်သည့်အရာသည် ငါမျှော်လင့်ထားသည့်အရာ၏ အလွန်တရာ သေးနုပ်သည့် အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်မှာ စိတ်ပျက်ဖွယ် ဖြစ်သည်။ ဤသို့ဖြစ်သည့်အတွက်၊ သင်တို့သည် သင်တို့ မျှော်လင့်သည့်အရာကို ငါ့ထံမှ အဘယ်သို့ တောင်းခံရဲရသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရီးပန်းတိုင်နှင့်ပတ်သက်၍” မှ

အရှေ့သို့- ၁၆၆) ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၆၈) ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ ကမ္ဘာပေါ်သို့ကြွလာပြီနှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်