၄၉။ မိမိကိုယ်ကို ငြင်းပယ်ပြီး ဇာတိပကတိကို စွန့်လွှတ်ခြင်းဆိုင်ရာ မူများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော အဖြစ်အနေကို သိရန်၊ ဇာတိပကတိကို စာတန်ဆိုင်ရာ သဘာဝက ထိန်းချုပ်၏ဟူသော သမ္မာတရားကို ရိပ်စားမိရန် လိုအပ်သည်။ ဤနည်းအားဖြင့် အကြင်သူသည် ဇာတိပကတိကို အမှန်တကယ် စက်ဆုပ်ရွံရှာနိုင်ပါသည်။

(၂) လူသားသည် ကိစ္စတစ်ခုကို မဖြစ်နိုင်ဟု ယူဆလေလေ ယင်းသည် သူ၏အယူအဆများ၊ အထင်များနှင့် ကိုက်ညီမှု နည်းပါးလေ ဖြစ်ကာ သူသည် သမ္မာတရားကို ပိုမိုရှာဖွေထိုက်လေလေ၊ သူ့ကိုယ်သူငြင်းပယ်ထိုက်လေလေ၊ ဘုရားသခင်ထံ ကျိုးနွံနာခံထိုက်လေလေ ဖြစ်ပေ၏။

(၃) လူသားအယူအဆများ၊ အထင်များနှင့် ခံစားချက်များသည် မည်သို့ပင် မှန်နေစေကာမူ ၄င်းတို့သည် သမ္မာတရားမဟုတ်ကြပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားအယူအဆများနှင့် ကိုက်ညီမှု မည်မျှပင် နည်းပါးစေကာမူ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြ၏။

(၄) သမ္မာတရား ကိုယ်ပိုင်မူကို ကိစ္စအားလုံးတွင် ရှာဖွေရန်၊ တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်ခံယူချက်များနှင့် အမြင်တို့ကို ပယ်ခွာရန်၊ ဇာတိပကတိကို စွန့်လွှတ်ရန် လိုအပ်ပါသည်။ သို့မှသာလျှင် အကြင်သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ လူသားပုံသဏ္ဌာန် အသက်ရှင်နေထိုင်နိုင်ပါမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့်၊ သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် အားလုံးထက် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေပြီး၊ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက၊ အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက၊ ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ထို့ကြောင့် စိတ်ကူးစိတ်သန်းများနှင့် အယူအဆများမှအပ၊ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် အသွေးအသား၊ သင်၏ နံစော်သော အသွေးအသားကလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်ဟု မယူဆသည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် ဂုဏ်ပြု၍ မရနိုင်သကဲ့သို့၊ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်က ယခုပြောသော နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး၊ လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

ဇာတိပကတိနှင့် သက်ဆိုင်သော လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်ကို ငါတို့အားလုံး သိသင့်သည်။ လူသားမျိုးနွယ်၏ တကယ့် သဘာဝမှာ ဘုရားသခင်ကို ဆန့်ကျင်ရန် ဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်နှင့် တန်းတူ မဖြစ်နိုင်ပေ၊ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုကို အကြံပေးရန် မျှော်လင့်ဖို့ သာ၍ပင် မဖြစ်နိုင်ပေ။ လူသားကို ဘုရားသခင်က မည်သို့လမ်းပြသည် ဆိုသည့်အတွက်မူ၊ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ် ဖြစ်ပေသည်။ လူသားသည် ဖုန်မှုန့်သာ ဖြစ်သည့်အတွက်၊ ဟိုဟိုသည်သည် အမြင် ဖွင့်ဟခြင်းမရှိဘဲ၊ ကျိုးနွံနာခံသင့်သည်မှာ သင့်တော်ပေသည်။ ဘုရားသခင်ကို ရှာဖွေရန်မှာ ငါတို့၏ ရည်ရွယ်ချက်ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ ငါတို့၏ အယူအဆများကို ဘုရားသခင်၏ ဆင်ခြင်သုံးသပ်မှုအတွက် ထပ်မဆင့်သင့်ပေ၊ ဘုရားသခင်၏အမှုကို တမင်တကာ အစွမ်းကုန် ဆန့်ကျင်ရန် ငါတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ငါတို့ အသုံးပြုဖို့ သာ၍ပင်မသင့်တော်ပေ။ ယင်းက ငါတို့ကို အန္တိခရစ်များ ဖြစ်စေမည် မဟုတ်လော။ ထိုသို့သောလူများသည် ဘုရားသခင်ကို မည်သို့ ယုံကြည်နိုင်မည်နည်း။ ဘုရားသခင်တစ်ပါးရှိသည်ဟု ငါတို့ယုံကြည်သည့် အတွက်၊ ပြီးလျှင် သူ၏အလိုကို ဖြည့်ဆည်းကာ သူ့ကို ငါတို့ တွေ့မြင်လိုသည့်အတွက်၊ သမ္မာတရား၏ လမ်းခရီးကို ငါတို့ ရှာဖွေသင့်ပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်ဖို့ နည်းလမ်း တစ်ခုကို ရှာဖွေသင့်ပေသည်။ ငါတို့သည် ဘုရားသခင်ကို ခေါင်းမာသည့် ဆန့်ကျင်မှုဖြင့် မရပ်တည်သင့်ပေ။ ထိုသို့သော လုပ်ရပ်များမှ မည်သည့်ကောင်းကျိုး ရလဒ်ဖြစ်ပေါ်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

လူတို့က ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ လူ့ဇာတိခံယူသည်ကို ယုံကြည်ဖို့ အခက်တွေ့ကြသည့်အတွက်၊ များစွာသော သူတို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍ မကောင်းသော ခံစားချက်များရှိကြလေသည်။ သို့သော်လည်း ဘုရားသခင်၏ အမှုသည် လူသား၏ မျှော်လင့်ချက်များထက် မကြာခဏ ကျော်လွန်တတ်ပြီး လူသားစိတ်က လက်ခံရန် ခက်ခဲတတ်သည်ကို သင့်ကို ငါ ပြောရမည်။ လူတို့သည် ကမ္ဘာမြေကြီးပေါ်က လောက်ကောင်များသာ ဖြစ်သော်လည်း၊ ဘုရားသခင်မှာမူ စကြဝဠာကို ပြည့်စေသည့် အမြင့်ဆုံးသော သူဖြစ်သည့်အတွက် ဖြစ်သည်။ လူသား၏စိတ်သည် လောက်ကောင်များကိုသာ ပေါက်ပွားစေသည့် ညစ်ညမ်းသော ရေတွင်းတစ်ခုကဲ့သို့ ဖြစ်သည်၊ ဘုရားသခင်၏ အကြံအစည်များက ညွှန်ကြားသော အမှု၏ အဆင့်အသီးသီးမှာမူ ဘုရားသခင်၏ ဉာဏ်ပညာ၏ အကျိုးရလဒ် ဖြစ်ပေသည်။ လူတို့သည် ဘုရားသခင်ကို ဖက်ပြိုင်ရန် အမြဲ ကြိုးစားနေကြသည်၊ ယင်းတွင် နောက်ဆုံး၌ မည်သူ ဆုံးရှုံးမည်မှာ ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်ဟု ငါပြောပေသည်။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ရွှေထက် သာ၍ တန်ဖိုးရှိသည်ဟု မထင်မှတ်ဖို့ သင်တို့ကို ငါ တိုက်တွန်း၏။ အခြားသူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံနိုင်လျှင်၊ သင်သည် အဘယ်ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ သာ၍ မြင့်မားစွာ ရပ်တည်သနည်း။ အခြားသူများသည် သမ္မာတရားရှေ့တွင် မိမိတို့၏ ဦးခေါင်းများကို ညွှတ်နိုင်ကြပါက၊ သင်သည်လည်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

“မဖြစ်နိုင်” ဟူသည့် သင့်အမြင်များကို ဘေးဖယ်ထားလော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မားမားစွင့်စွင့် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏ အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆနှင့် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သော အရာဖြစ်လေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုဆန္ဒ သာ၍ပါလေလေဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏” မှ

သင့်အနေဖြင့် အခက်အခဲကိုတောင့်ခံရမည့်အရာတစ်ခု ဖြစ်ပျက်လာပါက ထိုအချိန်တွင် ဘုရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်သည်နှင့် သူ၏အလိုတော်နှင့်ပတ်သက်၍ သင်မည်ကဲ့သို့ သတိရှိသင့်ပုံတို့ကို သင်နားလည်သင့်သည်။ သင့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေ၍ မရပေ။ ပထမဆုံး သင့်ကိုယ်သင် ဘေးဖယ်ထားလိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ သင်သည် ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်စွမ်းရပါမည်။ ဤကဲ့သို့အတွေးများနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်၍ အထူးဉာဏ်ပွင့်ခြင်းကို သင့်အားပေးလိမ့်မည်ဖြစ်ပြီး သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသောအရာဖြစ်ပါစေ၊ သေးငယ်သောအရာဖြစ်ပါစေ၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ ရှေးဦးစွာ သင့်ကိုယ်သင် ဘေးဖယ်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို အရာအားလုံးထဲတွင် အောက်တန်းအကျဆုံးအရာအနေနှင့် သတ်မှတ်ရမည်ဖြစ်သည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ၎င်းက ပိုပြီးလွတ်လွတ်လပ်လပ် ပြုမူလေဖြစ်သည်။ ဇာတိပကတိကို ဤတစ်ကြိမ် သင်ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ၎င်းက ပိုပြီးတောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီး ဖြစ်နေသည်နှင့်အမျှ၊ လူတို့သည် ဇာတိပကတိကို ပို၍ပင်ချစ်ခင်လာကြလိမ့်မည်။ ဇာတိပကတိသည် အစဉ်သဖြင့် အလိုရမ္မက် သိပ်ကြီး၏။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ရုတ်တရက် စိတ်ဆိုးသည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ...။ ၎င်းကို ကျေနပ်အောင်ပြုပေးရန်၊ ၎င်း၏အလိုကို ဖြည့်ပေးရန် ဇာတိပကတိက အမြဲတောင်းဆိုသည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ လူတို့၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆများကို လက်သင့်ခံထားပြီး ဘုရားသခင်ကို မနာခံသည့်အထိ၊ ၎င်းကိုယ်၎င်း မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ၎င်း၏ဆန္ဒက ပိုပြီးကြီးလာလေလေဖြစ်ကာ၊ ဇာတိပကတိသည် ပိုပြီးအကျင့်ပျက်လာလေလေ ဖြစ်သည်။ ဇာတိပကတိကို ပိုပြီး ကျေနပ်မှုပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်များက ပိုပြီး ကြီးလာလေလေဖြစ်သည်။ သင်၏အားနည်းချက်များကို မည်သူမျှ မစာနာဟု သင်အမြဲတမ်း ခံစားရမည်၊ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး “ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်နိုင်ရသနည်း။ အဘယ်ကြောင့် လူများကို အနားမပေးသနည်း” ဟု သင်ပြောလိမ့်မည်။ လူတို့အနေဖြင့် ဇာတိပကတိကို အလွန်အမင်းလိုက်လျောပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသောအခါ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကြသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ဇာတိပကတိကို မကျေနပ်စေဘူးဆိုလျှင် ဘုရားသခင်လုပ်ဆောင်သည့် အရာတိုင်းက အလွန်မှန်ကန်ပြီး အလွန်ကောင်းမွန်လှသည်ကို သင်မြင်ရမည်ဖြစ်ပြီး၊ သင်၏ပုန်ကန်မှုအတွက် ဘုရားသခင်၏ ကျိန်ဆဲမှု၊ သင်၏မဖြောင့်မတ်မှုအတွက် တရားစီရင်မှုသည် တရားမျှတသည်ကို သင်မြင်ရမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဆုံးမသည့်အချိန်၊ ပဲ့ပြင်သည့်အချိန်၊ သင့်ကိုအကြမ်းခံအောင် ပြုရန်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည့်အချိန်၊ သူ့ရှေ့လာစေဖို့အတွက် သင့်ကို တွန်းအားပေးသည့် အချိန်များ ရှိမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အံ့သြစရာကောင်းသည်ဟု သင်အမြဲတမ်း ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် နာကျင်မှုသိပ်မရှိသလို သင်ခံစားရမည်ဖြစ်ပြီး ဘုရားသခင်သည် အလွန်ချစ်ခင်မြတ်နိုးဖွယ်ကောင်းသည်ဟု သင်ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်နေပြီး ဘုရားသခင်က သိပ်လွန်သွားသည်ဟုပြောလျှင် သင်သည် နာကျင်မှုကို အမြဲတမ်းခံစားရမည်၊ အမြဲတမ်း စိတ်ဖိစီးနေမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုအားလုံးနှင့်ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင်က လူသား၏ အားနည်းချက်ကို မစာနာ၊ လူသား၏ အခက်အခဲများကို သတိမပြုသည့်အလား ထင်နေရမည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် တရားမမျှတမှုကြီးကို ခံစားနေရသည့်အလား စိတ်ဆင်းရဲပြီး အထီးကျန်ဆန်နေလိမ့်မည်ဖြစ်ကာ သင်သည် ဤအချိန်၌ စပြီးမကျေမနပ် ပြောဆိုလာပါလိမ့်မည်။ သင်သည် ဤနည်းလမ်းနှင့် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်လေလေ၊ အခြေအနေက အလွန်ဆိုးလာပြီး သင့်အနေဖြင့် ဘုရားသခင်၏အမှုကို ငြင်းဆိုလာသည့်အထိ၊ ဘုရားသခင်ကို စတင်ဆန့်ကျင်လာသည့်အထိ၊ လုံးဝမနာခံတော့သည်အထိ ဘုရားသခင်က လွန်လွန်းသည်ဟု ခံစားရလေလေ ဖြစ်မည်ပင်။ ထို့ကြောင့် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ရမည်ဖြစ်ပြီး ၎င်းကို အလိုလိုက်ခြင်း မရှိရ။ “ငါ့ယောက်ျား (မိန်းမ)၊ သားသမီး၊ ရှေ့ရေး၊ အိမ်ထောင်၊ မိသားစု၊ အဘယ်တစ်ခုမျှ အရေးမကြီးချေ။ ငါ၏နှလုံးသားထဲ၌ ဘုရားသခင်သာရှိသည်။ ဘုရားသခင်ကို ကျေနပ်စေဖို့၊ ဇာတိပကတိကို ကျေနပ်မှုမပြုဖို့ အကောင်းဆုံး ငါကြိုးစားရမည်။” သင်၌ ဤဆုံးဖြတ်ချက် ရှိဖို့လိုသည်။ ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို သင်အမြဲတမ်း ပိုင်ဆိုင်သည်ဆိုလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သင့်ကိုယ်သင် ဘေးဖယ်ထားသည့်အခါ သိပ်အားထုတ်စရာမလိုဘဲ ထိုသို့ပြုလုပ်နိုင်ပါလိမ့်မည်။ လမ်းပေါ်မှာ အေးခဲတောင့်တင်းနေသည့် မြွေကို မြင်သော လယ်သမားတစ်ယောက် ရှိ၏။ လယ်သမားက မြွေကို ကောက်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲ၌ ထွေးပွေ့ထားလိုက်သည်။ မြွေက ပြန်လည် သတိရလာသည့်အခါ လယ်သမားကို သေအောင် ကိုက်လိုက်တော့သည်။ လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အနှစ်သာရက သူတို့၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ တကယ်ဖြစ်လာသည့်အခါ သင်၏ဘဝကကို လက်လွတ်ဆုံးရှုံးရသည်။ ဇာတိပကတိကို စာတန်က ပိုင်သည်။ ဤအထဲ၌ လွန်ကဲသည့် လိုအင်ဆန္ဒတွေရှိသည်။ သူ့အတွက်ပဲသူကြည့်သည်။ သက်သက်သာသာနေချင်သည်။ ဇိမ်ယူပြီး ခံစားသည်။ ပျင်းရိခြင်း၊ ရေသာခိုခြင်းတို့မှာ နစ်မြုပ်နေသည်။ အတိုင်းအတာ တစ်ခုအထိ ဇာတိပကတိကို ကျေနပ်အောင် ပြုနေမည်ဆိုလျှင်တော့ အဆုံးကျလျှင် ဇာတိပကတိ၏ ဝါးမျိုခြင်းကို သင်ခံရမည်ပင်။ ဆိုလိုသည်မှာ သင်သည် ဤအရာကို ဤတစ်ကြိမ် ဖြည့်ဆည်းပေးလျှင် နောက်တစ်ခါကျလျှင် ပိုပြီး တောင်းဆိုလာလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒနှင့် တောင်းဆိုမှု အသစ်တို့ အမြဲတမ်းရှိပြီး သူ၏ သာယာမှုများထဲ၌သာနေပြီး သူ့ကို ပိုမို ချစ်ခင်လာစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏စွဲလမ်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် သင်၏တွန်းလှန်မှုကို သင်မည်ကဲ့သို့လုပ်ဆောင်သနည်း ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးနုတ်ခဲ့ပြီး ရှေးမဆွက ခွဲခန့်မှတ်သားပေးခဲ့၏၊ သို့သော်လည်း အကယ်၍ သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့ကျင့်ကြံဖို့ သင်ဆန္ဒမရှိပါက၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သော နှလုံးသားနှင့် သင်၏ကိုယ်ပိုင်ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင်ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိ၏ ဆန္ဒရိုင်းကို အမြဲဖြည့်ဆည်းပေးနေလျှင် စာတန်သည် သင့်ကို တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မပါဘဲ၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမပါဘဲ သူထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ သင်သည် စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်ကို ချစ်လိုလျှင် နာကျင်မှုဟူသည့် အဖိုးအခကို ၎င်းတို့ ပေးဆပ်ရမည်ဖြစ်ပြီး အခက်အခဲကို တောင့်ခံရမည်ဖြစ်သည်။ စာများပိုဖတ်လျက်၊ အလုပ်ပိုရှုပ်လျက် ပြင်ပစိတ်အားထက်သန်မှုနှင့် အခက်အခဲများဖြစ်ဖို့ မလိုပေ။ ထိုအစား ၎င်းတို့အနေဖြင့် မိမိတို့အထဲ၌ရှိသည့်အရာများကို ဘေးဖယ်ထားသင့်သည်- လွန်ကဲသည့် အတွေးများ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုများ၊ ၎င်းတို့၏ကိုယ်ပိုင် စဉ်းစားသုံးသပ်မှုများ၊ အယူအဆများနှင့် ရည်ရွယ်ချက်များဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ပင်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

လူတွေ၏ အပေါ်ယံစိတ်သဘောထားကို ဘုရားသခင် ကိုင်တွယ်ခြင်းကလည်း သူ့အလုပ်၏ အစိတ်အပိုင်း တစ်ခုပင်။ ဥပမာ လူတွေ၏ ပြင်ပ၊ ပုံမှန်မဟုတ်သည့် လူသားသဘာဝ၊ သို့မဟုတ် သူတို့၏ ဘဝနေမှုပုံစံနှင့် အကျင့်၊ သူတို့၏ နည်းလမ်းများ၊ ဓလေ့များ၊ အပေါ်ယံ အလေ့အထများ၊ သူတို့၏ စိတ်အားထက်သန်မှုများ။ သို့သော်လည်း လူများကို သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သူတို့၏ စိတ်သဘောထားကို ပြောင်းဖို့ သူတောင်းဆိုသည့်အခါ အဓိက ကိုင်တွယ်သည့်အရာများမှာ သူတို့အတွင်း၌ရှိသည့် စိတ်တက်ကြွမှုနှင့် အယူအဆများပင် ဖြစ်သည်။ သင်ကြိုက်သည့်အရာကို မစားဖို့ တောင်းဆိုသလိုပင်။ လွယ်ပါသည်။ သင့်အတွင်းမှာရှိသည့် ကြံရွယ်ချက်များနှင့် အယူအဆများအပေါ် သက်ရောက်သည့်အရာပင်။ သို့သော်လည်း လက်လွတ်ဖို့တော့ မလွယ်ပေ။ ဤအရာက လူတို့ကို ဇာတိပကတိအား ဆန့်ကျင်တွန်းလှန်စေဖို့၊ ပေးဆပ်ဖို့၊ ဘုရားသခင်ရှေ့မှာ ဒုက္ခခံဖို့စသည်တို့ တောင်းဆိုသည်။ အထူးသဖြင့် လူများ၏ အရင်းခံအကြောင်းများသည် ဤသို့ အလွန်ဖြစ်ပေသည်။ သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှ ယနေ့အထိ၊ လူတွေသည် မမှန်ကန်သောရည်ရွယ်ချက်များအပေါ် စွဲလမ်းကြသည်။ သင်က သမ္မာတရားကို လက်တွေ့မကျင့်သုံးလျှင် သင်၏ရည်ရွယ်ချက်များ အားလုံးက မှန်ကန်သည်ဟု သင်ခံစားရသည်။ သို့သော်လည်း သင့်ထံ တစ်ခုခုဖြစ်သည့်အခါ သင့်အထဲ၌ မမှန်ကန်သည့် ရည်ရွယ်ချက်များစွာ ရှိသည်ကို မြင်ရပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က လူများကို ပြည့်စုံအောင် လုပ်သည့်အခါ သူတို့၏ ဘုရားသခင်အပေါ် သိမြင်မှုကို တားဆီးနေသည့် သူတို့အတွင်း၌ရှိသော အယူအဆများ အများကြီးရှိသည်ဆိုသည်ကို သိမြင်ဖို့ ပြုလုပ်သည်။ သင်၏ ရည်ရွယ်ချက်များက မှားနေသည်ကို သင်သိမြင်သည့်အခါ သင့်အယူအဆနှင့် ရည်ရွယ်ချက်တွေအရ လက်တွေ့ ကျင့်ဆောင်နေသည်ကို ရပ်နိုင်လျှင် သင်သည် ဘုရားသခင်၏ သက်သေကိုခံနိုင်ပြီး သင့်ထံ ဖြစ်ပျက်နေသည့် အရာတွေကြားမှာ သင်က ခိုင်မြဲစွာရပ်တည်နိုင်လျှင် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ခဲ့ပြီဟု သက်သေပြသည်။ သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌ ရှောင်လွှဲ၍မရသည့် တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မည်။ စာတန်က လူတို့ကို သူ့နောက်သို့ လိုက်စေဖို့ ကြိုးစားမည်ပင်။ ဇာတိပကတိ၏ အယူအဆနောက်ကို သူတို့အား လိုက်စေဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး ဇာတိပကတိအပေါ် စိတ်ဝင်စားမှုကို ထိန်းထားမည်ပင်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အထဲ၌ ထွန်းလင်း တောက်ပစေမည် ဖြစ်သည်။ ဤအချိန်၌ သင်က ဘုရားနောက်ကို လိုက်မလား သို့မဟုတ် စာတန်နောက်ကို လိုက်မလား ဆိုသည်မှာ သင့်အပေါ်မှာ မူတည်သည်။ အဓိကအားဖြင့် လူတို့အတွင်း၌ရှိသော အရာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်သော သူတို့၏အတွေးများနှင့် အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်က လူများအား သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ တောင်းဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများ၏စိတ်နှလုံးကို တို့ထိပြီး သူတို့ကို အလင်းပေးကာ အသိဉာဏ်ပွင့်လင်းစေသည်။ ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံး၏ နောက်မှာ တိုက်ပွဲတစ်ခုရှိသည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ဤပြင်းထန်သောတိုက်ပွဲ ပြီးဆုံးသည့်အခါမှသာ၊ ကြီးမားစွာ နှိုင်းဆဆင်ခြင်ပြီးသည့်အခါမှသာ အောင်မြင်မှုနှင့် ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည်။ ငိုရမည်လော၊ ရယ်ရမည်လောဆိုသည်ကို မသိပေ။ လူတို့၏အတွင်း၌ရှိသော ကြံရွယ်ချက် အများအပြားသည် မှားယွင်းနေသောကြောင့်၊ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုအများစုသည် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေသောကြောင့် လူများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အချိန်တွင် နောက်ကွယ်၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည်။ ဤသမ္မာတရားကို လက်တွေ့ကျင့်ကြံပြီးသည့်အခါ လူတို့အနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ဟု နောက်ဆုံး၌ ဆုံးဖြတ်ချက်မချမီတွင် နောက်ကွယ်၌ မရေတွက်နိုင်သည့် ဝမ်းနည်းခြင်း မျက်ရည်များ ကျခဲ့ကြပြီးဖြစ်လိမ့်မည်။ ဤတိုက်ပွဲကြောင့်ပင် လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တောင့်ခံရခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ဒုက္ခခံစားရခြင်းပင် ဖြစ်သည်။ တိုက်ပွဲသည် သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ဘုရားသခင်ဘက်မှ အမှန်တကယ် ရပ်တည်နိုင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေစဉ်တွင်၊ အတွင်း၌ ဆင်းရဲဒုက္ခခံစားဖို့မှာ ရှောင်လွှဲမရနိုင်ပေ။ လူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ သူတို့အတွင်းထဲက အရာအားလုံးသည် မှန်ကန်နေသည်ဆိုလျှင်၊ သူတို့သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရန်လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထို့ပြင် တိုက်ပွဲဆိုသည်မှာလည်း ရှိမည်မဟုတ်ဘဲ ဒုက္ခလည်း ခံစားရမည် မဟုတ်ပေ။ လူတို့၏အတွင်း၌ ဘုရားသခင်၏အသုံးပြုခြင်းကိုခံရရန် မထိုက်တန်သည့် အရာများစွာရှိနေပြီး ဇာတိပကတိ၏ ပုန်ကန်တတ်သော စိတ်သဘောထား မြောက်မြားစွာ ရှိနေသောကြောင့် လူတို့အနေဖြင့် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်မှုနှင့်ပတ်သက်သည့် သင်ခန်းစာကို ပို၍လေးလေးနက်နက် သင်ယူဖို့လိုအပ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို သူနှင့်အတူခံစားဖို့ တောင်းဆိုထားသော ဆင်းရဲဒုက္ခဟု သူခေါ်ဆိုသည့် အရာပင်ဖြစ်သည်။ သင်က အခက်အခဲတွေကို ကြုံရသည့်အခါ အလျင်အမြန်ပင် ဘုရားသခင်ကို ဆုတောင်းပါ။ “အိုး ဘုရားသခင် ကျွန်ုပ် ကိုယ်တော်ကို ကျေနပ်စေချင်ပါတယ်။ ကိုယ်တော်ရဲ့ နှလုံးသားကို ဖြည့်ဆည်းပေးဖို့ နောက်ဆုံးသော အခက်အခဲကို တောင့်ခံချင်ပါတယ်။ ကျွန်တော် တွေ့ကြုံရမယ့် အခက်အခဲ အနှောင့်အယှက်တွေ ဘယ်လောက်ကြီးမားပါစေ ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။” ဤကဲ့သို့ ဆက်ကပ် အပ်နှံမှုနှင့်အတူ သင်ဆုတောင်းသည့်အခါ သင်၏ သက်သေခံချက်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

သင်သည် သင်၏ စိတ်နှလုံးကို ချိုးနှိမ်ပြီး ဇာတိပကတိကို တွန်းလှန်ရန် ဆန္ဒရှိပါက၊ သင်၏ ရည်ရွယ်ချက်များ မှန်သည် မမှန်သည်ကို ဦးစွာပထမ သင် သိရှိရမည်၊ ထိုအခါမှသာ သင်၏စိတ်နှလုံးကို သင် ချိုးနှိမ်နိုင်ပေသည်။ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင်မသိပါက၊ သင်သည် သင်၏ စိတ်နှလုံးကို ချိုးနှိမ်ကာ ဇာတိပကတိကို တွန်းလှန်နိုင်သလော။ သင်တွန်းလှန်လျှင်ပင်၊ ဇဝေဇဝါဖြစ်လျက် ထိုသို့ လုပ်ဆောင်လိမ့်မည်။ သင်၏ ဆုံးဖြတ်ချက်လွဲမှားသော ရည်ရွယ်ချက်များကို မည်သို့ တွန်းလှန်ရမည်ကို သင် သိသင့်၏။ ဤသည်မှာ ဇာတိပကတိကို တွန်းလှန်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ သင်၏ရည်ရွယ်ချက်များ၊ အတွေးများနှင့် စိတ်ကူးများ မှားယွင်းသည်ကို သင် သတိပြုမိသည်နှင့်တစ်ပြိုင်နက်၊ လမ်းကြောင်းကို အလျင်အမြန် ပြောင်းပြန်လှန်ပြီး မှန်ကန်သော လမ်းကြောင်းကို သင် လျှောက်သင့်၏။ သင်သည် မှန်ကန်သော ရည်ရွယ်ချက်များ ရှိသည်၊ မရှိသည်ကို သင် အကောင်းဆုံးသိသောကြောင့်၊ ဤပြဿနာကို ဦးစွာ ဖြေရှင်းလော့၊ ပြီးလျှင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဝင်ရောက်မှုကို ရရှိဖို့ မိမိကိုယ်ကိုယ် လေ့ကျင့်လော့။ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များသည် ပြုပြင်ခံရပြီး ယခုတွင် ဘုရားသခင်အတွက် ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ သင်၏ စိတ်နှလုံးကို ချိုးနှိမ်ခြင်း ရည်မှန်းချက်ကို သင် ရရှိပြီးဖြစ်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့” မှ

သင်၏ အယူအဆများနှင့် ဆက်စပ်မှုမရှိသည့် တစ်စုံတစ်ရာ သင့်ထံ ဖြစ်ပျက်သည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်လက်စားသောက်နေနိုင်ပြီး သင်၏တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နေနိုင်သည်။ သို့သော် သင်၏အယူအဆများနှင့် ကွဲလွဲပြီး ယင်းတို့ကို ကျော်လွန်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်ကာ၊ ယင်းက ဝိရောဓိများ ဖြစ်ပေါ်စေပါက၊ ယင်းတို့ကို သင်မည်သို့ဖြေရှင်းသနည်း။ သင်သည် သင်၏အယူအဆများကို ဇက်ကုန်လွှတ်ပေးပြီး ယင်းတို့ကို သူ့ဘာသာသူ ဖြစ်ခွင့်ပေးသလော၊ သို့မဟုတ် ယင်းတို့ကို သင်ကိုင်တွယ်ဖြေရှင်းသလော၊ ယင်းတို့ကို ချုပ်တည်းပြီး စွန့်လွှတ်ဖို့ သင်ကြိုးစားသလော။ ပြဿနာတစ်ခုကို ကြုံရသည့်အခါ အယူအဆများ ရှိသည့် လူအချို့၊ ယင်းတို့ကို ဘေးဖယ်မထားသည်သာမက၊ ဖြန့်ဝေဖို့ အခြားသူများကို ရှာဖွေသည့် လူအချို့ရှိ၏။ အခြားသူများ၌လည်း ဤအယူအဆများ ရှိနိုင်ကြဖို့အလို့ငှာ၊ ဤအယူအဆများကို ဖွင့်ချပြောဖို့ အခွင့်အရေးတစ်ခုကို ၎င်းတို့ရှာဖွေကြလေသည်။ အချို့တို့က၊ “ဘုရားသခင်လုပ်ဆောင်သည့် အရာတိုင်းက အဓိပ္ပာယ်ရှိသည်ဟု သင်ပြောသည်၊ သို့သော် ကျွန်ုပ်ပြောနိုင်သရွေ့၊ ဖြစ်ပျက်သွားသည့်အရာတွင် အဓိပ္ပာယ်မရှိပါ။ ဤအရာသည် သမ္မာတရားနှင့် သဘောကွဲလွဲပြီး သမ္မာတရားနှင့် သဘောကွဲလွဲသည့်အရာများကို ကျွန်ုပ်ကြုံရသည့်အခါ၊ ကျွန်ုပ်တစ်ခုခုပြောရမည်၊ ဖြောင့်မတ်ခြင်းအတွက် ကျွန်ုပ်ရပ်တည်ရမည်” ဟု ရှင်းချက်ထုတ်ဖို့ ကြိုးစားကြသည်။ ထိုသို့သော အပြုအမူသည် သင့်တော်သလော။ မှန်ကန်သော လမ်းကြောင်းကို လိုက်လျှောက်ဖို့ သင်မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အမှုအရာများကို အချိန်ယူစဉ်းစားပြီး ၎င်းတို့၏ ဘုရားသခင်နှင့် ဆက်ဆံရေးက ပုံမှန်မဟုတ်ကြောင်း၊ ၎င်းတို့အတွင်းတွင် ဘုရားသခင်နှင့်ပတ်သက်သည့် နားမလည်မှုလွဲခြင်းများ ပေါ်ပေါက်ပြီးဖြစ်ကြောင်းကို နားလည်သည့် အယူအဆများရှိသော လူအချို့ရှိပြီး၊ ၎င်းတို့၌ ထိုသို့သော အယူအဆများ ရှိခြင်းသည် ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်၏။ ၎င်းတို့၏ အယူအဆများကို မဖြေရှင်းပါက၊ ၎င်းတို့သည် အန္တရာယ်များစွာ ရှိနိုင်ပြီး၊ ဘုရားသခင်ကို ခုခံတတ်ဖို့၊ သံသယထားတတ်ပြီး ကျောပင်ကျောခိုင်းတတ်ဖို့ ဖြစ်ကောင်းဖြစ်လာနိုင်သည်ဟု ၎င်းတို့တွေးထင်ကြသည်။ ထို့ကြောင့် ဘုရားသခင်ထံ ၎င်းတို့ဆုတောင်းပြီး ၎င်းတို့၏ အယူအဆများကို ဘေးဖယ်ထားကြသည်။ ပထမဦးစွာ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် မှားယွင်းသော ရှုထောင့်အမြင်များကို ငြင်းဆိုကြ၏၊ ထို့နောက် သမ္မာတရားကို ရှာဖွေကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏အယူအဆများကို အပြည့်အဝစိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိနိုင်ကြသေးသော်လည်း၊ သို့မဟုတ် ယင်းတို့ကို လုံးဝဘေးဖယ်ထားပြီး မဖြေရှင်းနိုင်ကြသေးသော်လည်း၊ အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ သမ္မာတရားက ၎င်းတို့၏အတွေးများနှင့် အပြုအမူကို အတွင်းမှ လမ်းညွှန်ပေးပြီး၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင်လည်း ၎င်းတို့ကို လမ်းပြလေသည်၊ ထို့ကြောင့် ၎င်းတို့၏တာဝန် မထိခိုက်ပေ။ ယင်းမှာ ၎င်းတို့ထံ တစ်စုံတစ်ရာဖြစ်ပျက်ပြီး ၎င်းတို့၏အယူအဆများ ဖြေရှင်းခံရသည့် နေ့တစ်နေ့ ရောက်လာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ဖို့ မှန်ကန်သော နည်းလမ်းဖြစ်သည် မဟုတ်လော။ လူအချို့သည် ဘုရားသခင်က ၎င်းတို့အတွက် ပြုလုပ်ပေးထားသည့် အစီအစဉ်တစ်ခုနှင့်ပတ်သက်၍၊ သို့မဟုတ် ဘုရားသခင်လုပ်ဆောင်ထားသည့် တစ်စုံတစ်ရာနှင့်ပတ်သက်၍ အတော်အတန် မကျေမချမ်းဖြစ်ကောင်းဖြစ်နိုင်ကာ၊ ယင်းက ၎င်းတို့အထဲ၌ အယူအဆများကို ပေါက်ဖွားစေပြီး၊ နောက်ပိုင်းတွင် ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ စိတ်မပါဖြစ်လာကြ၍ ယင်းကို ကောင်းမွန်စွာ မထမ်းဆောင်ကြချေ။ ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ခုခံမှု၊ မကျေနပ်မှုနှင့် မကျေမချမ်းမှုတို့ဖြင့် အပျက်သဘောဆောင်သည့် အခြေအနေမျိုးတစ်ခုတွင် စဉ်ဆက်မပြတ် ရှိကြသည်။ ထိုသို့သော အပြုအမူသည် မှန်ကန်သလော။ ထိုသို့သော အရာများသည် ဖြေရှင်းဖို့ လွယ်ကူသလော။ ဥပမာအားဖြင့် သင်က သင့်ကိုယ်သင် အလွန်တော်သည်ဟု ထင်၏၊ ထို့နောက် ငါက သင်သည် စဉ်းစားဉာဏ်မရှိသကဲ့သို့ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ဟု ပြောသည် ဆိုပါစို့။ ဤအရာကို ကြားရခြင်းက သင့်ကို ဒေါသထွက်စေပြီး ရန်မူလိုစေသည်- “ဝိညာဉ်ရေးရာ ကိစ္စရပ်များကို ငါနားမလည်ဟု မည်သူမျှမပြောဝံ့။ ယင်းကို ယနေ့ငါပထမဆုံးအကြိမ် ကြားရခြင်း ဖြစ်သည်။ ဤစကားများကို ငါလက်မခံနိုင်။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို ငါနားမလည်ပါက အသင်းတော်ကို ငါဦးဆောင်နိုင်မည်လော။ ထိုသို့သော ကြီးမားသည့်အလုပ်ကို ငါလုပ်ဆောင်နိုင်မည်လော။” ဝိရောဓိတစ်ခု ဖြစ်ပေါ်လာ၏၊ ဟုတ်သလော။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော အရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ မိမိတို့ကိုယ်ကို သုံးသပ်ဆင်ခြင်ဖို့မှာ လူတို့အတွက် လွယ်ကူပေသည်။ မည်သည့်လူစားမျိုးများက ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်နိုင်သနည်း။ သမ္မာတရားကို လက်ခံပြီး ရှာဖွေသောလူများ ဖြစ်သည်။ ပထမဦးစွာ၊ သင်သည် မိမိကိုယ်ကို ငြင်းရမည်။ သင်သည် မိမိကိုယ်ကိုနှင့်ဆိုင်သည့် မှန်ကန်သောအသိ မရှိသကဲ့သို့၊ သင်မှားသည်၊ မှန်သည်ကို သတိမပြုမိနိုင်လျှင်ပင်၊ သို့မဟုတ် မသိနားမလည်မှု အတိုင်းအတာတစ်ခု သင်၌ ရှိလျှင်ပင်၊ သင်သည် စဉ်းစားဉာဏ်မရှိသကဲ့သို့ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ဟု ဘုရားသခင်ပြောသည်ကို သင်ကြားသည်နှင့်တစ်ပြိုင်နက်၊ သင့်ကိုယ်သင် မသိသော်လည်း၊ ဤသည်မှာ သင်၏သဘာဝ အနှစ်သာရနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်- သင့်အနေဖြင့် မတူကွဲပြားစွာ တွေးလျှင်ပင်၊ ဤစကားများကို သမ္မာတရားအဖြစ် လက်ခံယုံကြည်ရမည်ဖြစ်ပြီး ယင်းတို့ကို ကျင့်သုံးရမည်ဖြစ်သည်။ နောက်ပိုင်းတွင်၊ အခြားသူများနှင့် အလုပ်လုပ်ပြီး အပြန်အလှန်ဆက်ဆံနေစဉ်တွင်၊ သင့်ကိုယ်သင် ၎င်းတို့နှင့် နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည်သာမက၊ ပညာလည်း အလွန်အမင်းမဲ့သည်ကို သင်တွေ့မြင်ရလေသည်။ သင်၌ ဆိုးရွားသည့် ပြဿနာတစ်ခု ရှိသည်ကို ရှာဖွေတွေ့ရှိပြီးနောက်၊ ဘုရားသခင်ပြောခဲ့သည့်အရာကို သင်အပြည့်အဝ လက်ခံနိုင်ခြင်း မရှိသလော။ ဤစကားများကို သင်လက်ခံရမည်။ ပထမဦးစွာ ယင်းတို့ကို စည်းမျဉ်းတစ်ခု၊ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု၊ သို့မဟုတ် အမြင်သဘောထားတစ်ခုအဖြစ် လက်ခံလော့၊ ထို့နောက် သင်၏တကယ့်အသက်တာတွင် ယင်းကို ကျင့်သုံးရန် နည်းလမ်းတစ်ခုကို စဉ်းစားလော့၊ ယင်းကို သိရှိဖို့နှင့် တွေ့ကြုံဖို့ နည်းလမ်းတစ်ခုကို စဉ်းစားလော့။ အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ သင်၌ မိမိကိုယ်ကိုနှင့်ဆိုင်သည့် မှန်ကန်သော ဆန်းစစ်တွက်ချက်ခြင်းတစ်ခု ရှိလာလိမ့်မည်။ ထိုအခါ သင်၌ ဘုရားသခင်နှင့်ပတ်သက်သည့် နားလည်မှုလွဲခြင်းများ ရှိလိမ့်ဦးမည်လော။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်နှင့် ဘုရားသခင်ကြားတွင် သဘောထားကွဲလွဲမှု မရှိသည့်အခါ၊ သင့်အပေါ် ဘုရားသခင်၏အကဲဖြတ်ခြင်းကို သင်သည် ကန့်ကွက်နိုင်စွမ်း ရှိလိမ့်ဦးမည်လော။ သင်သည် ယင်းကို လက်ခံလိမ့်မည်ဖြစ်ပြီး မနာခံဘဲ နေမည်မဟုတ်တော့ပေ။ သင့်အနေဖြင့် သမ္မာတရားကို လက်ခံနိုင်ပြီး ဤကိစ္စရပ်ကို အပြည့်အဝ နားလည်ပါက၊ ရှေ့သို့ ခြေလှမ်းတစ်လှမ်း သင်လှမ်းလိမ့်မည်။ သင်လက်မခံပါက၊ သင်ရှိသည့်နေရာတွင် အစဉ်ထာဝရ ပိတ်မိမြဲပိတ်မိနေလိမ့်မည်ဖြစ်ပြီး မည်သည့်တိုးတက်မှုမျှ ရှိလိမ့်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

လူတို့သည် ဘုရားသခင်နှင့် ပတ်သက်သည့် နားလည်မှုလွဲခြင်းများနှင့် အယူအဆများ ဖြစ်ပေါ်စေသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်မှာ သမ္မာတရားဖြစ်ပြီး လူတို့၌ သမ္မာတရားမရှိကြသကဲ့သို့၊ တလွဲထင်ကြသည်မှာ ၎င်းတို့သာလျှင် ဖြစ်သည်မှာ သေချာသည်ဟု ပထမဆုံး အသိအမှတ်ပြုရမည်ဖြစ်သည်။ ဤသည်မှာ လုပ်ရိုးလုပ်စဉ်တစ်မျိုးလော။ သင်သည် အပေါ်ယံအားဖြင့် ဤလက်တွေ့လုပ်ဆောင်မှုကို လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ်သာ ခံယူပါက၊ သင်ကိုယ်တိုင်၏ အမှားများကို သင် သိလာနိုင်သလော။ မည်သည့်အခါတွင်မျှ မသိနိုင်ပေ။ ယင်းသည် အဆင့်အချို့လိုသည်။ ပထမဦးဆုံး၊ သင်၏ လုပ်ရပ်များသည် အခြေခံသဘောတရားများနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို သင် ဆုံးဖြတ်ရမည်။ ပထမဦးစွာ သင်၏ ရည်ရွယ်ချက်များကို မကြည့်နှင့်။ သင်၏ ရည်ရွယ်ချက်များ မှန်ကန်သည့် အချိန်များရှိသော်လည်း သင် လက်တွေ့လုပ်ဆောင်သည့် အခြေခံသဘောတရားများက မှားယွင်းပေသည်။ သင် လက်တွေ့လုပ်ဆောင်သည့် အခြေခံသဘောတရားများက မှားယွင်းသည်ဟု အဘယ်ကြောင့် ငါ ဆိုသနည်း။ သင့်အနေဖြင့် ရှာဖွေပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မည်သည့် အခြေခံသဘောတရားများမှာ အဘယ်အရာ ဖြစ်သည်ကို သင် လုံးဝ သိနားလည်မှု ရှိကောင်းရှိမည်မဟုတ်။ သင်သည် လုံးဝ မရှာဖွေသေးသကဲ့သို့ သင်၏ လုပ်ရပ်များကို သင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် စိတ်အားထက်သန်မှုတို့အပေါ်နှင့် သင်၏ စိတ်ကူးစိတ်သန်းနှင့် အတွေ့အကြုံတို့အပေါ် လုံးဝဥဿုံ အခြေခံပြီး ထို့ကြောင့် သင်သည် အမှားတစ်ခု ပြုလုပ်မိခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းကို သင် စိတ်ကူးနိုင်ပါသလော။ သင်သည် တစ်စုံတစ်ရာကို ကြိုတင်မမျှော်လင့်နိုင်သည့်အခါ၊ အမှားတစ်ခု ပြုမိ၏၊ ထိုအခါ သင်သည် ဖော်ထုတ်ခံရခဲ့သည် မဟုတ်လော။ သင် ဖော်ထုတ်ခံရသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ဘုရားသခင်နှင့် ယှဉ်ပြိုင်မြဲယှဉ်ပြိုင်နေပါက၊ သင် မည်သို့ အမှားလုပ်မိသနည်း။ သင်၏ အကြီးမားဆုံးသော အမှားမှာ တစ်စုံတစ်ရာကို သင် အမှားလုပ်ခဲ့ပြီး အခြေခံသဘောတရားများကို ချိုးဖောက်မိခဲ့ကာ၊ ထိုသို့ဖြင့် ဆုံးရှုံးမှုတစ်ခု သို့မဟုတ် အခြား အကျိုးဆက်များကို ဖြစ်စေခြင်း မဟုတ်ဘဲ၊ တစ်စုံတစ်ရာကို အမှားပြုမိပြီးသည့်နောက်၊ သင်သည် ဇွတ်လုပ်ကာ သင်၏ အမှားကို အသိအမှတ်မပြုနိုင်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှု မှန်ကန်သည်ကို ငြင်းပယ်လျက်၊ ဘုရားသခင်ကို သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြင့် ခုခံဆဲ ဖြစ်သည်။ ဤသည်မှာ သင်၏ အကြီးမားဆုံးနှင့် အကြီးလေးဆုံး အမှား ဖြစ်ခဲ့သည်။ လူတစ်ဦးထဲက ထိုသို့သော အခြေအနေတစ်ခုသည် ဘုရားသခင်ကို ခုခံခြင်း အခြေအနေတစ်ခု အဘယ်ကြောင့် ဖြစ်မည်နည်း။ လူတို့သည် ဘုရားသခင် လုပ်ဆောင်သမျှတိုင်းနှင့် သူ၏ အချုပ်အခြာအာဏာတို့ မှန်ကန်ပြီး၊ ယင်းတို့၏ အရေးပါမှုက မည်သည့်အရာဖြစ်သည်ကို သတိမပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် ၎င်းတို့ကိုယ်တိုင် မှားယွင်းသည်ကို ပထမဆုံး သတိမပြုမိနိုင်ပါက၊ ၎င်းတို့၏ အခြေအနေသည် ဘုရားသခင်ကို ခုခံခြင်း အခြေအနေတစ်ခု ဖြစ်သည်။ ဤအခြေအနေကို ပြုပြင်ဖို့ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဖော်ပြပြီးဖြစ်သည့်အတိုင်း၊ ဘုရားသခင်၏ အလိုကို ရှာဖွေခြင်းသည် လူတို့အတွက် လက်တွေ့ကျလှသည် မဟုတ်ပေ။ အချို့က “ရှာဖွေခြင်းသည် လက်တွေ့ကျလှသည် မဟုတ်ပါက၊ ယင်းမှာ ထိုအရာသည် မလိုအပ်သကဲ့သို့ ရှာဖွေကာ နားလည်၍ရနိုင်သည့်အရာကို ရှာ‌ဖွေဖို့ မလိုအပ်ဟု ဆိုလိုသလော။ ထိုအဆင့်ကို ကျွန်ုပ် ကျော်သာကျော်သွား၍ရနိုင်သည်” ဟု ပြောကြ၏။ ဤသည်မှာ သင့်တော်မည်လော။ ဤပုံစံဖြင့် ပြုမူသူတစ်ဦးသည် မကယ်တင်နိုင်လောက်အောင် ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများသည် အမှန်တကယ် ၎င်းတို့၏ အနက်ပြန်မှုများတွင် တိမ်းချော်ပြီး မှားယွင်းနေကြ၏။ ဘုရားသခင်၏ အလိုကို ရှာခြင်းသည် လူတို့အတွက် အတော်အတန် ဝေ့ဝိုက်သော အလုပ်တစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် သာ၍လက်တွေ့ကျသော ဖြတ်လမ်းတစ်ခုကို လိုက်ရန် ဆန္ဒရှိပါက၊ မိမိတို့ကိုယ်ကိုယ် ငြင်းပယ်ခြင်း၊ မိမိတို့ကိုယ်ကိုယ် ဘေးဖယ်ထားခြင်း၊ ၎င်းတို့၏ လုပ်ရပ်များ မှားယွင်းပြီး သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိသည်ကို သိရှိခြင်းနှင့် ထို့နောက် သမ္မာတရား အခြေခံသဘောတရားကို ရှာဖွေခြင်းအားဖြင့် ၎င်းတို့ စတင်သင့်၏။ ဤသည်တို့ စတင်ရမည့်အဆင့်များဖြစ်၏။ ယင်းတို့သည် ရိုးရှင်ပုံရကောင်းရနိုင်သော်လည်း၊ လူတို့သည် ဖောက်ပြန်ပျက်စီးခြင်းအပြင်၊ စိတ်ကူးစိတ်သန်းမျိုးစုံ၊ တောင်းဆိုမှုမျိုးစုံ ရှိကြပြီး၊ ၎င်းတို့သည် စိတ်ဆန္ဒများအပြင် လူတို့အား မိမိတို့ကိုယ်ကိုယ် ငြင်းပယ်ခြင်းနှင့် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်းတို့ကို နှောင့်ယှက်သည့် အရာအားလုံး ရှိကြသည့်အတွက်၊ ထိုအဆင့်တို့ကို လက်တွေ့လုပ်ဆောင်ခြင်းသည် အခက်အခဲများစွာ ပါရှိနေသည်။ ဤသည်တို့မှာ လုပ်ဆောင်ဖို့ လွယ်ကူသော အရာများ မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

အချို့သောသူများသည် သူတို့၏တာဝန်များဆောင်ရွက်စဥ်တွင်ပင် သမ္မာတရားကို မရှာဖွေကြပေ။ သူတို့ စိတ်ကျေနပ်စေရုံမျှသာ လုပ်ဆောင်ကြသည်။ သူတို့၏ကိုယ်ပိုင်စိတ်ကူးများအတိုင်းသာ တဇွတ်ထိုးပြုမူကြပြီး အမြဲပင် ထင်ရာစိုင်းကာ မဆင်မခြင်ပြုလုပ်ကြပေသည်။ “မဆင်မခြင်ထင်ရာစိုင်းခြင်း” ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ၎င်းသည် ကိစ္စတခုခုတွေ့ကြုံသည့်အခါ သူတစ်ပါးပေးသော အကြံညဏ်ကို အလေးမထား၊ စဉ်းစားတွေးခေါ်မှုမရှိဘဲ ကိုယ်အမြင်အတိုင်း ပြုမူခြင်းကိုဆိုလိုသည်။ သင့်ကို မည်သူမှ မထိုးဖောက်နိုင်။ သင့်စိတ်ကို မည်သူမှပြောင်းလဲစေနိုင်။ ဤကဲ့သို့ သင်သည် နည်းနည်းလေးမှ မယိမ်းယိုင်နိုင်။ သင်သည် ကိုယ့်စိတ်သဘောကိုသာဆုပ်ကိုင်ထား ပြီးအဓိပ္ပာယ်ရှိသည့်အရာကို အခြားသူများပြောဆိုသည့်တိုင် သင်သည်နားမထောင်ပေ။ သင့်နည်းလမ်းသည်သာ မှန်ကန်သည်ဟု သင်ယုံကြည်သည်။ သင့်နည်းလမ်းက မှန်ကန်သည်ဆိုလျှင်ပင် သင်သည် သူတစ်ပါး၏အကြံညဏ်များကို အလေးထားမသင့်သလော။ သို့တိုင် သင်အလေးမထားပေ။ အခြားသူများသည် သင့်အား ခေါင်းမာသောသူဟု ခေါ်ဝေါ်ကြလိမ့်မည်။ မည်မျှလောက် ခေါင်းမာသနည်း။ နွားဆယ်ကောင်မျှပင် သင့်ကိုမဆွဲနိုင်အောင် ခေါင်းမာလှပေသည်။ လုံးဝခေါင်းမာသည်။ အလွန်အကျူး စိတ်ကြီးဝင်ပြီး တဇွတ်ထိုးလုပ်သည်။ ကိုယ်တိုင်မမြင်သ‌ရွေ့ အမှန်တရားကိုမမြင်နိုင်သော အမျိုးအစား ဖြစ်သည်။ ထိုကဲ့သို့ခေါင်းမာမှုသည် ထင်ရာစိုင်းခြင်းအဆင့်သို့ မြင့်တက်မလာပေဘူးလော။ သင်နှစ်သက်သမျှ၊ သင်ထင်မြင်သည့်အရာမှန်သမျှကို သင်ပြုပြီး မည်သူ့ကိုမျှ သင်နားမထောင်။ သင်ပြုလုပ်သည့်အရာသည် သမ္မာတရားနှင့်မကိုကဟု တစ်စုံတစ်ယောက်ပြောဆိုသော် “သမ္မာတရားနှင့် ကိုက်ညီညီ မညီညီ ငါလုပ်မည်။ ၎င်းသည်သမ္မာတရားနှင့်မကိုက်ညီသော်လည်း အကြောင်းပြချက်အမျိုးမျိုးကိုငါပေးမည် သို့မဟုတ် မှန်ကန်ကြောင်းပြမည်။ သင်နားလည်အောင် ငါလုပ်မည်။ ဤအရာအပေါ် ငါ၏ သဘောထားမပြောင်း။” ဟူ၍ သင်ပြောပေလိမ့်မည်။ အခြားသူများက သင့်လုပ်ရပ်များသည် အနှောင့်အယှက် ဖြစ်စေသည်၊ ၎င်းသည် ဆိုးရွားသည့်အကျိုးဆက်တွေဆီကို ဦးတည်စေသည်၊ ၎င်းသည် ဘုရားသခင့်အိမ်တော်၏ အကျိုးကိုထိခိုက်စေသည်ဟု ပြောကြမည်။ သို့တိုင် သင်သည် သူတို့ကိုအလေးမထားဘဲ “ဤအရာသည် သင်နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငါလုပ်နေသည့်အရာဖြစ်သည်။ ဒီနည်းအတိုင်းသာ ငါလုပ်ချင်သည်။ သင်သာ လုံးဝမှားယွင်းနေပြီး ငါသာလျှင် တရားမျှတသည်။” ဟု ထပ်၍ အကြောင်းပြချက်များကိုဆက်ပေးနေ၏။ သင်သည် အမှန်တကယ် တရားမျှတမှုရှိနိုင်ပြီး သင်လုပ်ဆောင်နေသည့်အရာသည် ဆိုးရွားသောအကျိုးဆက်များမရှိဘဲဖြစ်နိုင်ပေသည်။ သို့သော်လည်း သင်ထုတ်ဖော်ပြသသည့် စိတ်သဘောထားသည် မည်သည့်အရာနည်း။ ( မာနထောင်လွှားခြင်းပင်ဖြစ်သည်။) မာနထောင်လွှားသောသဘာဝက သင့်ကို ခေါင်းမာစေသည်။ လူတို့က ဤခေါင်းမာသော စိတ်သဘောထား ရှိသောအခါ သူတို့သည် တစ်ဇွတ်ထိုးလုပ်တတ်သည် မဟုတ်လော။ သို့ပြုလျှင် သင်သည် သင်၏တစ်ဇွတ်ထိုးလုပ်တတ်ခြင်းကို မည်သို့ဖြေရှင်းသနည်း။ သင်၌ စိတ်ကူးတစ်ခုရှိသောအခါ ဤကိစ္စအကြောင်း သင်ထင်မြင်ယုံကြည်သည့်အရာကို သင်ထုတ်ပြောသည်၊ ထို့နောက် ထိုအကြောင်းကို လူတိုင်းအား သင်ပြောပြသည်။ ပထမဦးစွာ သင့်အမြင်ကို သင်မီးမောင်းထိုးပြပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်မှာ ဤတစ်ဇွတ်ထိုးလုပ်ခြင် စိတ်သဘောထားကို အောင်နိုင်ရန်အတွက် လက်တွေ့လုပ်ဆောင်ရမည့် ပထမအဆင့်ဖြစ်သည်။ ဒုတိယအဆင့်မှာ ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ဖြစ်ပေါ်လေသည်- ထင်ရာမြင်ရာနှင့် မဆင်မခြင်လုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သည့် လက်တွေ့လုပ်ဆောင်မှုကို သင်ထားရှိနိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုရန် အခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင်၊ ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ပထမအနေဖြင့် ၎င်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ၊ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက်၊ ဆုတောင်းတော့သည်။ သင်သည် အမှားနှင့်အမှန်ကို မသိသောကြောင့် အကောင်းဆုံး၊ အသင့်တော်ဆုံး ပြုလုပ်ရမည့်အရာကို ထုတ်ဖော်ရန်နှင့် ပြောပြရန် သင်က ဘုရားသခင်ကို အခွင့်ပေးသည်။ အယောက်တိုင်းက မိတ်သဟာယတွင် ပါဝင်လာကြသောအခါ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်း အားလုံးကို ယူဆောင်လာပေးသည်။ ဘုရားသခင်သည် တစ်ခါတစ်ရံ သင်၏ သဘောထားကို ဆင်ခြင်သုံးသပ်ရုံသက်သက်ဖြစ်သည့် ဖြစ်စဉ်တစ်ခုနှင့်အညီ လူတို့ကို ဉာဏ်အလင်းပေးလေသည်။ သင်၏ သဘောထားသည် မိမိဆန္ဒအမြင်ကို ထုတ်ပြောရန် ဝန်မလေးသည့် မာကျောသော သဘောထားတစ်ခုဖြစ်ပါက၊ ဘုရားသခင်သည် သူ၏ မျက်နှာကို သင့်ထံမှ ကွယ်ဝှက်လိမ့်မည်ဖြစ်ပြီး သူ့ကိုယ်သူ သင့်ထံမှ ပိတ်ပင်ထားလိမ့်မည်ဖြစ်သည်။ သူသည် သင့်ကို ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး၊ သင် တားဆီးခံရသည်ကို သေချာစေမည် ဖြစ်သည်။ အခြားတစ်ဘက်တွင်၊ သင်၏ သဘောထားသည် မှန်ကန်ပါက၊ သင်ကိုယ်တိုင်၏ နည်းလမ်းအတွက် မရမကပြောဆိုခြင်း မရှိသည်သာမက၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မယူမှတ်သကဲ့သို့ ထင်ရာမြင်ရာနှင့် မဆင်မခြင်မလုပ်ဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်ခံခြင်း သဘောထားတစ်ခု ရှိပါက၊ အဖွဲ့နှင့် သင် မိတ်သဟာယပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့အလယ် အမှုပြုဖို့ အဆင်သင့်ရှိသည့်အခါတွင်၊ သူသည် တစ်စုံတစ်ဦး၏ စကားများအားဖြင့် သင့်ကို သိနားလည်မှုဆီသို့ ဦးဆောင်လမ်းပြကောင်း လမ်းပြလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံ လူတစ်ဦးကို သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းပေးသည့်အခါတွင်၊ သူသည် ကိစ္စရပ်တစ်ခု၏ အချက်ကို စကားအနည်းငယ် သို့မဟုတ် စကားစုအနည်းငယ်ဖြင့် နားလည်ဖို့ သင့်ကို ဦးဆောင်လေသည်။ ထိုခဏချင်းတွင် သင် ဖက်တွယ်နေခဲ့ပြီးဖြစ်သည့် မည်သည့်အရာမဆို မှားယွင်းသည်ကို သင် နားလည်ပြီး ထိုခဏချင်းတွင်ပင် လုပ်ဆောင်ရန် အသင့်တော်ဆုံး နည်းလမ်းကို သင် နားလည်လေသည်။ ထိုသို့သော အဆင့်ကို ရောက်ရှိပြီးနောက်၊ လူတစ်ဦးသည် မကောင်းမှု လုပ်ဆောင်ခြင်း၊ မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ခြင်းနှင့် အမှားတစ်ခု၏ အကျိုးဆက်များကို ခံရခြင်းတို့အား အောင်အောင်မြင်မြင် ရှောင်ရှားပြီးဖြစ်ပါသလော။ ထိုသို့သောအရာတစ်ခုကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ယင်းကို နာခံကာ ရှာဖွေသည့် စိတ်နှလုံးတစ်ခုအားဖြင့် ရရှိပေသည်။ ဤအရာကို သင် ရရှိနိုင်သည်နှင့်တစ်ပြိုင်နက်၊ နောက်ဆုံးတွင် သင်သည် သင်တင့်လျောက်ပတ်စွာ လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုကို သင် ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

ပြဿနာတစ်ခု သို့မဟုတ် အခြေအနေ တစ်ခုသည် မည်သို့သော ပြဿနာမျိုး သို့မဟုတ် အခြေအနေမျိုးဖြစ်ပါစေ သမ္မာတရားဖြင့် အစဉ် ဖြေရှင်း၍ ရနိုင်သည်။ သင်၌ မည်သည့်ပြဿနာမျိုး ရှိပါစေ၊ သင်သည် သမ္မာတရားကို လက်ခံပြီး သဘောတရားအဖြစ်မှနေ သင်၏စစ်မှန်မှုအဖြစ် ပြောင်းလဲပြီး၊ ယင်းကို လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်သမျှ ကာလပတ်လုံး၊ သင်သည် မည်သည့် လူမျိုးဖြစ်ပါစေ၊ ပြောင်းလဲခြင်းနှင့် ကြီးထွားတိုးတက်ခြင်းတို့ကို ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ယင်းက လုံးဝ မှန်ကန်ပေသည်။ အလေးထားမှုက လူများ၏ စိတ်နှလုံးများနှင့် ၎င်းတို့၏ရွေးချယ်မှုတို့တွင် တည်ရှိပြီး၊ ပြဿနာတစ်ခု ကြုံတွေ့သည့်အခါ၊ ၎င်းတို့က ဘုရားသခင်ကို ကျောခိုင်းစွန့်ခွာခြင်းရှိမရှိ သို့မဟုတ် သူ့ကို နာခံပြီး သူ့နှုတ်ကပတ်တော်များကို ကျိုးနွံခြင်းရှိမရှိတို့ပေါ်တွင် တည်လေသည်။ ယင်းက လူများသည် တစ်စုံတစ်ခုကို ရင်ဆိုင်သည့်အခါ၊ ၎င်းတို့၏ ကာမဂုဏ်ဆိုင်ရာ အာသာပြင်းပြခြင်းများကို ဖြည့်ဆည်းခြင်း ရှိမရှိ သို့မဟုတ် ထိုအစား ၎င်းတို့သည် ၎င်းတို့၏ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူခြင်းရှိမရှိနှင့်လည်း သက်ဆိုင်သည်။ အဓိကအာရုံစိုက်မှုမှာ ဤအရာများအပေါ်တွင် ဖြစ်သည်။ မိမိတို့၏ ဇာတိပကတိကို စိတ်ကျေနပ်စေဖို့၊ မိမိတို့၏ အာသာပြင်းပြခြင်းများကို ဖြည့်ဆည်းဖို့နှင့် ၎င်းတို့၏ ကာမဂုဏ်ဆိုင်ရာ အကြိုက်များနှင့် လိုအင်ဆန္ဒများ နောက်ကိုလိုက်ဖို့ အစဉ်သဖြင့် ရွေးချယ်သည့် သူများအတွက်မူ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးကို မည်သည့်အခါမျှ တွေ့ကြုံခံစားနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဇာတိပကတိကို စွန့်ပယ်နိုင်ကာ၊ ၎င်းတို့၏ကိုယ်ပိုင် အစီအစဉ်များနှင့် လိုအင်ဆန္ဒများကို လက်လွှတ်နိုင်သည့်လူများ၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည့် သူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို ဖြည်းဖြည်းချင်း တွေ့ကြုံနိုင်ကာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်သက်ဆိုင်သည့် ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းတို့ကို နားလည်သဘောပေါက်လာနိုင်ပြီး၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏အရေးပါမှုနှင့် လူသားများ ဤနည်းဖြင့် ပြုမူဖို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်ရှိ အဓိပ္ပာယ်နှင့်တန်ဖိုးတို့သည် မည်သည့်အရာများဖြစ်သည်တို့နှင့် သက်ဆိုင်သည့် အသိစိတ်တစ်ခုကို တစ်ဆင့်ပြီးတစ်ဆင့် ရရှိပေသည်။ လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ၊ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် အပြုသဘောဆောင်သည့် အရာများကို သာ၍သာ၍ ပျော်မွေ့ပြီး အပျက်သဘောဆောင်သည့်အရာများကို ခွဲခြားသိမြင်ဖို့ ယခင်ကထက် သာ၍အားကောင်းသော စွမ်းရည်တစ်ခုကို ရရှိသည်၊ ယင်းနှင့်ပတ်သက်၍လည်း ၎င်းတို့သည် အမုန်းတရား၊ ရွံရှာမှုနှင့် အထင်သေးခြင်းတို့ကို သာ၍ သာ၍ ခံစားရပေသည်။ လူများ၌ ဤအခြေအနေနှင့် ဖော်ပြချက်များရှိသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုသည် တိုး၍ ကြီးထွားလာလိမ့်မည်။ ၎င်းတို့သည် ဤကဲ့သို့ မကြာခဏ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့သည် ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်း၊ ဆိုးယုတ်မှုနှင့် မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ခုခံခြင်းတို့ကို ရွံရှာလိမ့်မည်ဖြစ်ပြီး၊ အမုန်းတရား၊ ရွံရှာခြင်းနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရအတွက် ရွံမုန်းမှုတို့ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအတောအတွင်းတွင် ၎င်းတို့သည် ထိတွေ့ဆက်ဆံ လာရသည့် ၎င်းတို့အနီးရှိ အပျက်သဘောဆောင်သည့် မည်သည့်အရာမဆိုအတွက် မနှစ်သက်ခြင်းကိုလည်း ခံစားရလိမ့်မည်။ ၎င်းတို့သည် ဤအခြေအနေများကို ဖြစ်ပေါ်စေလိမ့်မည်။ တစ်ဖက်တွင် မိမိတို့ကိုယ်ကိုယ် သိကျွမ်းခြင်းအားဖြင့် ဤသည်ကို စွမ်းဆောင် ရရှိပေသည်။ သို့သော်လည်း ဤအမုန်းတရားနှင့် ရွံရှာမှုတို့ ဖြစ်ပေါ်နေစဉ် လူများသည် သမ္မာတရားအပေါ် ၎င်းတို့၏သဘောထားများ၌ မည်သည့်ပြောင်းလဲမှု ရှိလာသနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဝိညာဉ်ရင့်ကျက်မှု ရှိနိုင်ရန်နှင့် လုံလောက်သော စိတ်ဆန္ဒတို့ရှိနိုင်ရန် စတင်တမ်းတကြသည်၊ ပြီးလျှင် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ဖို့၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းဖို့နှင့် အသိစိတ်ဖြင့်၊ ဆင်ခြင်တုံတရားဖြင့်၊ သမ္မာတရား စစ်မှန်မှုဖြင့် ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်ဖို့ ၎င်းတို့ မျှော်လင့်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ဖို့၊ ဘုရားသခင် စီစဉ်ပေးသော ပတ်ဝန်းကျင်များအားလုံးကို ကျိုးနွံနာခံနိုင်ဖို့နှင့် သူ့ကို ဆန့်ကျင် ပုန်ကန်ခြင်းမှ ရှောင်ကြဉ်နိုင်ဖို့တို့ကိုလည်း ဆာငတ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်ဖို့ ဆန္ဒရှိကြသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာရာ၌ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်” မှ

အရှေ့သို့- ၄၈။ စစ်မှန်သော နောင်တဆိုင်ရာ မူများ

နောက်တစ်ခုသို့- ၅၀။ မိမိကိုယ်မိမိ စွန့်လွှတ်ခြင်းဆိုင်ရာ မူများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်