၁၁၉။ ဖာရိရှဲများကို ခွဲခြားခြင်း အခြေခံသဘောတရားများ

(၁) ဖာရိရှဲများသည် အပြင်ပန်းအားဖြင့် နှိမ့်ချကာ သည်းခံသော်လည်း အနှစ်သာရအားဖြင့် ယုတ်မာကာ မလိုမုန်းထားစိတ်ရှိသည့် အခြေခံအားဖြင့် သူတော်ကောင်း ယောင်ဆောင်သူများဖြစ်ကြသည်။၎င်းတို့သည် သမ္မာရားကို မုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်ကြလေသည်။

(၂) ဖာရိရှဲများသည် အထူးသဖြင့် မာနထောင်လွှားကြပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူကြသည်။ ၎င်းတို့သည် အခြားသူတို့အား လှည့်ဖြားဖို့ မကြာခဏ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ဟောကြပြီး၊ အခြားသူတို့အား ၎င်းတို့ကို ကိုးကွယ်ကာ နာခံစေသည်၊ သို့သော် ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှ လက်မခံကြချေ။

(၃) ဖာရိရှဲများသည် ကောင်းချီးမင်္ဂလာများကို ရရှိပြီး တင့်တယ်သွားစေဖို့အလို့ငှာသာ ဆင်းရဲဒုက္ခခံပြီး အဖိုးအခတစ်ခု ပေးကြလေသည်။ ၎င်းတို့သည် သမ္မာတရားကို တစ်ကြိမ်တစ်ခါမျှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ စည်းမျဉ်းများနှင့် ဘာသာရေး ဓလေ့ကို လိုက်နာစောင့်ထိန်းခြင်းအပေါ် အာရုံစိုက်လေသည်။

(၄) ဖာရိရှဲများသည် အယောင်ဆောင်သော ဝိညာဉ်ရေးရာပြည့်ဝမှုကိုသာ လိုက်စားကြသည်။ ၎င်းတို့သည် အခြားသူတို့ကို လှည့်ဖြားရင်းနှင့် ထောင်ဖမ်းရင်း မိမိကိုယ်ကိုယ် သိခြင်းနှင့်ဆိုင်သည့် အနှစ်မဲ့သော စကားများကို ပြောဆိုပြီး၊ မည်သည့်အခါတွင်မျှ အမှန်တကယ် နောင်တမရ သို့မဟုတ် မပြောင်းလဲကြပေ။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။” (ရှင်မဿဲခရစ်ဝင် ၆:၅)

“ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် မောရှေ၏ထိုင်ရာ ပလ္လင်ပေါ်မှာထိုင်ကြ၏။ ထို့ကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ပြုကြလော့။ သူတို့၏ အကျင့်အတိုင်း မကျင့် ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။ အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍သူတပါးပခုံးပေါ်မှာ တင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။ သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှါပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကို၎င်း၊ ကြီးသော ပန်းပွားတို့ကို၎င်း ဝတ်လေ့ရှိကြ၏။ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာ ထိုင်ရာကို၎င်း၊ ဈေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကို၎င်း နှစ် သက်ကြ၏။” (ရှင်မဿဲခရစ်ဝင် ၂၃:၂-၇)

“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။

လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။

လမ်းပြသောလူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင်မတည်။ ဗိမာန်တော်၏ ရွှေကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆိုကြ၏။ လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေကားမြတ်သလော။ ထိုရွှေကို သန့် ရှင်းစေသော ဗိမာန်တော်ကားမြတ်သလော။ တနည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။ လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော်သက္ကာကား မြတ်သလော။ ထို ပူဇော်သက္ကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကားမြတ်သလော။ ထို့ကြောင့် ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင် တည်၍ ကျိန်ဆိုသတည်း။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသောသူ ကို တိုင်တည်၍ ကျိန်ဆိုသတည်း။ ကောင်းကင်ဘုံကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ပလ္လင်တော်ကို၎င်း၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို၎င်း တိုင်တည်၍ကျိန်ဆိုသတည်း။

လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။ လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ၏။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။ မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင် ကား သန့်ရှင်းလိမ့်မည်။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊ ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သက်သည်အမှုကိုလက်မခံပြီဟု ဆိုကြ၏။ ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကိုသတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဘို့ ကိုယ်သက်သေခံကြ၏။ သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကိုမှီအောင် ကျင့်ကြလော့။ မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။ ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါ စေလွှတ်၏။ ထိုသူအချို့တို့ကိုကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ်၌ ရိုက်၍ တမြို့မှတမြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။ ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား ၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့၏အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည်။ ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သောလူများအပေါ်သို့ ရောက်ကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၃-၃၆)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“ဖာရိရှဲ” ဟူသော ဝေါဟာရ၏အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ၎င်းမှာ ကြောင်သူတော်ကြွက်သူခိုးဖြစ်သော၊ အတုအယောင်ဖြစ်ပြီး ပြုလေသမျှ၌ ဟိတ်ဟန်လုပ်သော၊ ကောင်းဟန်၊ ကြင်နာဟန်၊ အပြုသဘောဆောင်ဟန် ပြုသောသူ တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ယင်းကဲ့သို့ ဖြစ်ကြသလော။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏သရုပ်မှန်ကို ၎င်းတို့၏စိတ်နှလုံးများအတွင်း ကွယ်ဝှက်ထားကြ၏၊ ၎င်းကို မမြင်ရပေ။ အကယ်၍ လူတို့သည် သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိပါက၊ သမ္မာတရားကို နားမလည်ပါက၊ ၎င်းတို့ ရခဲ့ပြီးသော အယူအဆများမှာ မည်သည့်အရာ ဖြစ်ကုန်သနည်း။ ၎င်းတို့သည် လူတို့မကြာခဏ ပြောသော သြဝါဒစကားများ ဖြစ်သွားသလော။ လူတို့သည် မှန်ကန်သောသြဝါဒများဟု အမည်ရသော ဤသြဝါဒများကို အသုံးပြု၍ ဟန်ဆောင်ခြင်းနှင့် ၎င်းတို့ကိုယ်ကို ကောင်းစွာ ပြရုပ်တင်ခြင်းတို့ကို ပြုကြ၏။ ၎င်းတို့ သွားသောနေရာမှန်သမျှ၊ ၎င်းတို့ပြောသောအရာများ၊ ၎င်းတို့ဆိုသောအရာများနှင့် ၎င်းတို့၏ပြင်ပ အပြုအမူတို့မှာ အခြားသူများအတွက် မှန်ကန် ကောင်းမွန်ပုံရ၏။ ၎င်းတို့မှာ လူသား၏အယူအဆများနှင့် အကြိုက်တို့နှင့် တစ်ထပ်တည်းဖြစ်ကြသည်။ အခြားသူများ၏အမြင်တွင် ၎င်းတို့သည် ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး နှိမ့်ချကြသည်။ ၎င်းတို့သည် သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့ကို တတ်စွမ်းနိုင်ကြပြီး အခြားသူများနှင့် ဘုရားသခင်ကို ချစ်နိုင်ကြလေသည်၊ သို့သော် အမှန်တကယ်တွင် ဤအရာအားလုံးမှာ အတုအယောင်များ ဖြစ်၏၊ အားလုံးမှာ အယောင်ဆောင် နှင့် ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ပြရုပ်တင်ကြသည့်နည်းလမ်း ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိကြသော်လည်း၊ အမှန်တွင် အခြားသူများ မြင်ဖို့ ၎င်းတို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မည်သူမျှ ကြည့်မနေသည့်အခါတွင်၊ ၎င်းတို့သည် စိုးစဉ်းမျှ သစ္စာမရှိကြသကဲ့သို့ ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြသည်၊ ၎င်းတို့သည် အလုပ်ကြိုးစားပြီး ၎င်းတို့ကိုယ်ကို အသုံးတော်ခံကြသော်လည်း၊ အမှန်အားဖြင့် ၎င်းတို့သည် အသင်းတော်မှ တိတ်တဆိတ် အကျိုးအမြတ်ရရှိနေကြပြီး အလှူငွေများကို ခိုးယူနေကြ၏။ အပြင်ပိုင်းတွင် ၎င်းတို့ ထုတ်ဖော်သောအရာမှန်သမျှ၊ ၎င်းတို့၏အပြုအမူ အားလုံးမှာ အတုအယောင်ဖြစ်၏။ ဤအရာမှာ ကြောင်သူတော်ကြွက်သူခိုး ဖာရိရှဲဟု ဆိုလိုခြင်းဖြစ်သည်။ “ဖာရိရှဲ” ဆိုသော ဤလူများသည် မည်သည့်နေရာမှလာသနည်း။ ၎င်းတို့သည် မယုံကြည်သူများအကြားတွင် ပေါ်လာခြင်းလော။ ၎င်းတို့အားလုံးသည် ယုံကြည်သူများအကြားတွင် ပေါ်လာခြင်းဖြစ်၏။ ဤယုံကြည်သူများမှာ အဘယ်ကြောင့် ထိုသူတို့အဖြစ် ပြောင်းလဲကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အား ထိုပုံစံဖြစ်စေခဲ့ခြင်း ဖြစ်နိုင်သလော။ ၎င်းတို့ ထိုကဲ့သို့သော လူများ ဖြစ်လာခြင်း၏ အဓိကအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် လမ်းမှားကိုလိုက်လျှောက်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တန်ဆာပလာ တစ်ခုအဖြစ် ၎င်းတို့ကိုယ်ကို တပ်ဆင်ရန်အတွက် သဘောထားကြ၏၊ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဤနှုတ်ကပတ်တော်များဖြင့် တပ်ဆင်ကြပြီး နှုတ်ကပတ်တော်များကို ဝမ်းစာလုံခြုံစေရန်နှင့်တစ်စုံတစ်ခုကို အလကားရရန် အရင်းအနှီးအဖြစ် သဘောထားကြ၏။ ၎င်းတို့သည် သြဝါဒများကို ဟောပြောရုံမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မလုပ်ကြပေ၊ သို့တိုင် ထိုနှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ ၎င်းတို့ လက်တွေ့မလုပ်ဆောင်ကြချေ။ ဘုရားသခင်၏လမ်းကို မည်သည့်အခါမျှ လိုက်လျှောက်ခဲ့ခြင်းမရှိဘဲ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဆက်လက်ဟောပြောသောသူတို့သည် မည်သို့သော လူအမျိုးအစား ဖြစ်ကြသနည်း။ ဤသူတို့သည် သူတော်ကောင်း ယောင်ဆောင်သော ဖာရိရှဲများ ဖြစ်ကြပေသည်။ ကောင်းသည်ဟု ယူဆသော ၎င်းတို့၏အပြုအမူနှင့် ကောင်းသည်ဟု ယူဆသော ၎င်းတို့၏အကျင့်၊ ၎င်းတို့ အနည်းငယ် စွန့်လွှတ့်ခဲ့ပြီး အသုံးတော်ခံခဲ့ခြင်းမှာ အတင်းအကျပ်လုပ်စေခြင်းကြောင့် လုံးလုံး ဖြစ်သည်၊ ယင်းအရာအားလုံးမှာ ၎င်းတို့ ဟိတ်ဟန်လုပ်ခြင်းပင် ဖြစ်၏။ ၎င်းတို့သည် လုံးလုံးလျားလျား အတုအယောင် ဖြစ်ကြ၏၊ ဟန်ဆောင်မှုသက်သက် ဖြစ်၏။ ဤလူများ၏စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အနည်းငယ်မျှပင် ကြည်ညိုခြင်း မရှိ၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်းပင် မရှိကြချေ။ ထိုမျှမက ၎င်းတို့သည် မယုံကြည်သူများနှင့် သက်ဆိုင်ကြ၏။ အကယ်၍ လူတို့သည် သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိပါက၊ ၎င်းတို့သည် ဤကဲ့သို့ လမ်းကြောင်းမျိုးကို လျှောက်ပြီး ဖာရိရှဲများ ဖြစ်သွားကြလိမ့်မည်။ ၎င်းမှာ ကြောက်မက်ဖွယ် ကောင်းသည်မဟုတ်လော။ မည်သည့်နေရာတွင် ဖာရိရှဲများ စုဝေးကြသနည်း။ ယင်းမှာ ဈေး၌ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ယင်းက ဘာသာတရား ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အသင်းတော် မဟုတ်သကဲ့သို့၊ သူ ဝတ်ပြုကိုးကွယ်ခြင်း ခံရသည့် နေရာလည်း မဟုတ်ပေ။ ထို့ကြောင့် လူများက သမ္မာတရားကို မလိုက်စားသည့်အခါ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့်ပတ်သက်သည့် အပေါ်ယံ စကားများနှင့် အပယိကမျှသာဖြစ်သော အယူဝါဒများ မည်မျှကို ၎င်းတို့မှတ်သားပါစေ၊ ယင်းမှာ အသုံးတည့်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု” မှ

ဣသရေလတွင် “ဖာရိရှဲ” ဆိုသည်မှာ ဂုဏ်ပုဒ် အမျိုးအစားတစ်ခုဖြစ်ခဲ့သည်။ ယခုအခါတွင် အဘယ်ကြောင့် သမုတ်သည့် အမည်တစ်ခု ဖြစ်လာသနည်း။ ဤသည်မှာ ဖာရိရှဲတို့သည် လူ အမျိုးအစားတစ်ခုကို ကိုယ်စားပြုသူများ ဖြစ်လာသောကြောင့် ဖြစ်သည်။ ဤ လူအမျိုးအစား၏ စရိုက်လက္ခဏာများမှာ အဘယ်နည်း။ ၎င်းတို့သည် ဆောင်ပုဒ်တို့ကို ကြွေးကြော်ကြပြီး ကြီးကျယ်သော စကားအသုံးအနှုန်းတို့ကို အသုံးပြုကြသည်။ ၎င်းတို့သည် ဟန်ဆောင်ခြင်း၊ ထင်ပေါ်အောင်ပြုလုပ်ခြင်း၊ မိမိတို့၏ စရိုက်အစစ်အမှန်ကို ဖုန်းကွယ်ခြင်းတို့တွင် ကျွမ်းကျင်ကြပြီး အလွန် မြင့်မြတ်မှု၊ သန့်ရှင်းမှု၊ ဖြောင့်မတ်မှု၊ တရားမျှတမှုနှင့် ဂုဏ်သိက္ခာတို့ကို ဟန်ဆောင်ပြကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို နည်းနည်းမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် မည်သို့ ပြုမူကြသနည်း။ ၎င်းတို့သည် ကျမ်းစာဖတ်ကြသည်။ တရားဟောကြသည်။ အခြားလူများကို ကောင်းမှုလုပ်ဖို့၊ မကောင်းမှု မလုပ်ဖို့၊ ဘုရားသခင်ကို အာမခံဖို့ သင်ကြားကြသည်။ ၎င်းတို့သည် အခြားလူများရှေ့တွင် နားဝင်ချိုသော စကားများကိုပြောပြီး ကောင်းစွာပြုမူနေထိုင်ကြသော်လည်း သူတို့၏နောက်ကွယ်တွင် လှူဖွယ်ပစ္စည်းများကို ခိုးယူကြသည်။ သခင်ယေရှုက သူတို့သည် “ခြင်တစ်ကောင်ကိုမျှ မပါစေခြင်းငှာ ရေကို စစ်လျက်နှင့် ကုလားအုပ်ကိုမျိုကြ၏” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ၎င်းတို့၏ အပြုအမူအားလုံးသည် အပေါ်ယံတွင် ကောင်းသည်ဟု ထင်မြင်ရသည်။ ၎င်းတို့သည် ဆောင်ပုဒ်များကို ဝင့်ကြွားစွာ ကြွေးကြော်ကြသည်။ မြင့်မြတ်သော သဘောတရားများကို ပြောဆိုကြပြီး၊ ၎င်းတို့၏ စကားများသည် နားဝင်ချိုသည်။ သို့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်တို့သည် ပရမ်းပတာ အရှုပ်အထွေးတစ်ခုဖြစ်ပြီး ဘုရားသခင်အား လုံး၀ အာခံလေသည်။ ၎င်းတို့၏ အပြုအမူများနှင့် အပြင်ပန်း အသွင်သဏ္ဍန်အားလုံးသည် အယောင်အဆောင်၊ အလိမ်အညာများသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို သို့မဟုတ် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးခြင်း နည်းနည်းမျှ မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်နေကြသည်။ ဘုရားသခင်ဆီမှ လာသောအရာအားလုံးကို စိတ်ကုန်နေကြပြီး၊ အပြုသဘောဆောင်သောအရာများကို စိတ်ကုန်နေကြသည်။ ၎င်းတို့သည် မည်သည့်အရာကို ချစ်ကြသနည်း။ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ချစ်ကြသလော။ (မချစ်ပါ။) ဤအရာများကို သူတို့မချစ်ဟု မည်သို့ပြောနိုင်သနည်း။ (သခင်ယေရှုသည် အမှုတော်ဆောင်ရွက်ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကိုဖြန့်ဖို့ ကြွလာသော်လည်း သူတို့ သူ့ကို ရှုတ်ချကြသည်။) ၎င်းတို့သည် သခင်ယေရှုအား မရှုတ်ချခဲ့ကြလျှင် သင်တို့ သိနိုင်မည်လော။ သခင်ယေရှုသည် အမှုတော်ဆောင်ရွက်ရန် ကြွမလာစဉ်က သူတို့သည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို မချစ်မြတ်နိုးခဲ့ ဆိုသည်ကို မည်သည့်အရာက သင်တို့ကို ပြောပြနိုင်ခဲ့မည်နည်း။ သင်တို့ သိနိုင်မည်မဟုတ်ပေ။ သိနိုင်မည်လော။ ၎င်းတို့၏ အပြုအမူအားလုံးသည် အယောင်ဆောင်ခြင်းဖြစ်ပြီး၊ အခြားလူများ၏ ယုံကြည်မှုကို လှည့်ဖြားရယူရန်အတွက် ဤသို့ ကောင်းစွာနေထိုင်ပြုမူသည့် အယောင်ဆောင်မှုကို အသုံးပြုကြသည်။ ဤသည်မှာ ကြောင်သူတော်ဖြစ်ပြီး လှည့်စားမှု မဟုတ်သလော။ ဤသို့သော လှည့်ဖြားသူများသည် သမ္မာတရားကို ချစ်မြတ်နိုးနိုင်သလော။ ၎င်းတို့၏ ဤ ကောင်းသော အပြုအမူ၏ လျှို့ဝှက်ရည်ရွယ်ချက်သည် အဘယ်နည်း။ ၎င်းတို့၏ ရည်ရွယ်ချက်တွင် တစ်ပိုင်းမှာ တခြားသူများကို လိမ်လည်ရန်ဖြစ်သည်။ အခြားတစ်ပိုင်းမှာ အခြားသူများကို သူတို့အား လှည့်စားရန်၊ မိမိဘက်ပါစေရန်၊ မိမိကို ကိုးကွယ်ကြစေရန်နှင့် အဆုံးတွင် ဆုလာဘ်များ ရရှိရန်အတွက် ဖြစ်သည်။ ဤသို့ ကြီးမားသည့် လိမ်လည်မှုမျိုးကို အောင်မြင်စွာ လုပ်ဆောင်ရန်အတွက် ၎င်းတို့၏ နည်းလမ်းများသည် မည်မျှပါးနပ်ရမည်နည်း။ ဤသို့ဆိုလျှင် ဤသို့သောလူတို့သည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို ချစ်ကြသလော။ မချစ်ကြပေ။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းကို ချစ်ကြသည်။ ကျော်ကြားမှုနှင့် စည်းစိမ်ချမ်းသာတို့ကို ချစ်ကြပြီး၊ ဆုလာဘ်များကို လက်ခံရရှိလိုကြသည်။ လူများအတွက် ဘုရားသခင်၏ လမ်းပြသည့် နှုတ်ကပတ်တော်များကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ကြသလော။ လုံး၀ မလုပ်ဆောင်ကြပေ။ ထိုအရာများအတိုင်း အသက်ရှင်နေထိုင်ခြင်း နည်းနည်းမှ မရှိပေ။ ၎င်းတို့သည် လူတို့ကို အကွက်ဆင်ပြီး မိမိဘက် ပါစေရန်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းကို ထောက်ပံ့ထားရန်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင် နာမည်ကောင်းကို ပံ့ပိုးထားရန်လည်းကောင်း သူတို့ကိုယ်သူတို့ အယောင်ဆောင်ကာ ထင်ပေါ်အောင်သာ ပြုလုပ်ကြသည်။ ဤအရာများ လုံခြုံစိတ်ချရသည်နှင့် တစ်ပြိုင်နက်၊ ဓနဥစ္စာနှင့် ဝင်ငွေရရှိသည့် အရင်းအမြစ်တစ်ခုကို ရယူရန်အတွက် ဤအရာတို့ကို အသုံးပြုကြသည်။ ဤသည်မှာ ရွံရှာစက်ဆုပ်ဖွယ် မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အတွက် သမ္မာတရားကို မချစ်မြတ်နိုးခြင်းမှာ ၎င်းတို့၏ အနှစ်သာရဖြစ်သည် ဆိုသည်ကို ၎င်းတို့၏ ဤ အပြုအမူများအားလုံးတွင် မြင်နိုင်ပေသည်။ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း မရှိဆိုသည့် လက္ခဏာမှာ အဘယ်နည်း။ ဤသည်မှာ အကြီးမားဆုံး လက္ခဏာဖြစ်သည်- သခင်ယေရှုသည် အမှုတော်ဆောင်ရွက်ရန် ကြွလာပြီး သူပြောသမျှသည် မှန်ကန်သည်။ သူပြောသမျှသည် သမ္မာတရားဖြစ်သည်။ ဤအရာကို ၎င်းတို့ မည်သို့ ခံယူခဲ့ကြသနည်း။ (လက်မခံခဲ့ကြပါ။) ၎င်းတို့သည် သခင်ယေရှု၏ နှုတ်ကပတ်တော်တို့ကို လက်မခံခဲ့သည်မှာ ထို နှုတ်ကပတ်တော်တို့သည် မှားယွင်းနေသည်ဟု ယုံကြည်ကြ၍လော၊ သို့မဟုတ် မှန်ကန်သည်ဟုသိလျက်နှင့် လက်မခံကြခြင်းလော။ (မှန်ကန်သည်ဟု သိလျက်နှင့် လက်မခံကြခြင်း ဖြစ်ပါသည်။) မည်သည့်အရာက ဤသည်ကို ဖြစ်စေသနည်း။ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြ။ ထို့အပြင် အပြုသဘောဆောင်သော အရာများကို မုန်းတီးကြသည်။ သခင်ယေရှု ပြောခဲ့သည့်အရာအားလုံးတို့သည် မှန်ကန်ပြီး အမှားတစ်ခုမျှ မပါရှိပေ။ ပြီးလျှင် သခင်ယေရှုကို ဆန့်ကျင်ရာ၌ အသုံးပြုရန်အတွက် သူ၏ နှုတ်ကပတ်တော်များထဲတွင် မည်သည့်အမှားကိုမျှ ၎င်းတို့ ရှာမတွေ့နိုင်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် “သူသည် လက်သမားသား မဟုတ်လော။” ဟူ၍ ဆိုခဲ့ကြသည်။ သခင်ယေရှုကို ဆန့်ကျင်ရာ၌ အသုံးပြုရန်အတွက် သူ၏ နှုတ်ကပတ်တော်များထဲတွင် အမှားများကို ရှာဖွေရန် ပြုလုပ်ခဲ့ကြသော်လည်း တစ်ခုမျှ ရှာမတွေ့နိုင်ခဲ့ကြ။ သခင်ယေရှုကို ၎င်းတို့ ရှုတ်ချခဲ့ကြပြီးနောက်၊ လျှို့ဝှက်ပြီး ပူးပေါင်းကြံစည်ခဲ့ကြသည်။ “သူ့ကို ကားစင်တင်ပါ။ သူ့ဘက် ပါမလား၊ ဒို့ဘက် ပါမလား။” ဟူ၍ ဆိုခဲ့ကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် သခင်ယေရှုနှင့် ဆန့်ကျင်ခဲ့ကြသည်။ သခင်ယေရှုသည် သခင်ဖြစ်သည်ဟု ၎င်းတို့ မယုံကြည်ခဲ့ကြသော်လည်း သူသည် လောကီပညတ်ကို မချိုးဖောက်ခဲ့သလို မောရှေ၏ ပညတ်တို့ကိုလည်း မချိုးဖောက်သော ကောင်းသောသူတစ်ယောက် ဖြစ်သည်။ သခင်ယေရှုကို ၎င်းတို့ အဘယ်ကြောင့် ရှုတ်ချခဲ့ကြသနည်း။ သခင်ယေရှုကို အဘယ်ကြောင့် ဤသို့ ဆက်ဆံခဲ့ကြသနည်း။ ဤသူတို့သည် မည်မျှ ကောက်ကျစ်ပြီး မလိုမုန်းထားစိတ်ရှိသည် ဆိုသည်ကို မြင်နိုင်သည်။ ၎င်းတို့သည် အလွန်အမင်း ဆိုးယုတ်ကြလေတကား။ ဖာရိရှဲတို့ ဖော်ပြသော ဆိုးယုတ်သည့် အသွင်အပြင်သည် ၎င်းတို့၏ အယောင်ဆောင် ကြင်နာမှုနှင့် အလွန်အမင်း ကွာခြားပေသည်။ မည်သည့်အရာက ၎င်းတို့၏ အသွင်အပြင် အစစ်အမှန်ဖြစ်ပြီး မည်သည့်အရာက မုသားဖြစ်သည် ဆိုသည်ကို ခွဲခြားသိမြင်ခြင်း မရှိနိုင်သည့်သူများ များစွာ ရှိသည်။ သို့သော် သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့သည် ၎င်းတို့အားလုံးကို ထုတ်ဖော်ပြခဲ့သည်။ ဖာရိရှဲတို့သည် မိမိတို့ကို မည်မျှကောင်းစွာ ရုပ်ဖျက်ကြပါစေ၊ အပြင်ပန်းတွင် ၎င်းတို့ မည်မျှ ကြင်နာသည့်ပုံပေါက်ပါစေ- အဖြစ်မှန်များကို မထုတ်ဖော်ခဲ့လျှင်၊ ၎င်းတို့ကို အရှိအတိုင်း မည်သူမျှ မြင်နိုင်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးအပိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်” မှ

ဖာရိရှဲများ၏ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သော အဓိကသရုပ်သကန်မှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ၎င်းတို့သည် ကျမ်းစာကိုသာ လေ့လာခဲ့ကြပြီး သမ္မာတရားကို မရှာဖွေခဲ့ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဖတ်ရှုသည့်အခါ၊ ၎င်းတို့ဆုမတောင်းခဲ့ကြ၊ သို့မဟုတ် မရှာဖွေခဲ့ကြပေ။ ထိုအစား၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာခဲ့ကြသည်၊ ဘုရားသခင် ပြောဆိုလုပ်ကိုင်သည့် အရာများကို လေ့လာခဲ့ကြပြီး၊ ထိုသို့လျှင် သူ၏နှုတ်ကပတ်တော်များကို သီအိုရီအမျိုးအစားတစ်ခုအဖြစ်သို့၊ အခြားသူများကို ၎င်းတို့သွန်သင်ခဲ့ကြသည့် အယူဝါဒတစ်ခုအဖြစ်သို့ ပြောင်းခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာခြင်းဟု ဆိုသည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့အဘယ်ကြောင့် ထိုသို့လုပ်ခဲ့ကြသနည်း။ ၎င်းတို့လေ့လာခဲ့ကြသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ အမြင်တွင်၊ ဤသည်တို့မှာ သမ္မာတရားဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမဟုတ်၊ ဘုရားသခင်၏ ဖော်ပြချက်များ မဟုတ်ဘဲ၊ ထိုအစား သိကျွမ်းတတ်မြောက်မှုပုံစံတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ထိုသို့သော သိကျွမ်းတတ်မြောက်မှုကို လက်ဆင့်ကမ်းသင့်သည်၊ ယင်းကို ပျံ့နှံ့စေသင့်ပြီး၊ ဤအရာသည်သာ ဘုရားသခင်၏ လမ်းခရီးနှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း ဖြစ်လေမည်ဖြစ်သည်။ ဤသည်မှာ “တရားဟောခြင်း” ဟု ၎င်းတို့ခေါ်ဆိုသည့်အရာဖြစ်ပြီး၊ ၎င်းတို့ဟောသည့် တရားဒေသနာသည် ဓမ္မပညာဖြစ်သည်။

...ဖာရိရှဲများသည့် ၎င်းတို့ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် ဓမ္မပညာနှင့် သီအိုရီတို့ကို အသိပညာအမျိုးအစားတစ်ခုကဲ့သို့၊ လူတို့ကို ရှုတ်ချခြင်းနှင့် ၎င်းတို့ မှားသည်၊ မှန်သည်ကို တိုင်းတာခြင်းအတွက် တန်ဆာပလာတစ်ခုကဲ့သို့ သဘောထားခဲ့ကြသည်။ ၎င်းတို့သည် ယင်းကို သခင်ယေရှုအပေါ်တွင်ပင် အသုံးပြုခဲ့ကြသည်- ယင်းမှာ သခင်ယေရှု ရှုတ်ချခံခဲ့ရပုံ ဖြစ်သည်။ ၎င်းတို့၏ လူတို့ကို အကဲဖြတ်ချက်နှင့် ထိုလူတို့ကို ၎င်းတို့ဆက်ဆံခဲ့ကြသည့် နည်းလမ်းသည် ထိုလူတို့စကားများ၏ အရင်းအမြစ်၊ သို့မဟုတ် ဇာစ်မြစ်အပေါ် မဆိုထားနှင့်၊ ထိုလူတို့၏ အနှစ်သာရအပေါ်၊ သို့မဟုတ် ထိုလူတို့ပြောသည့်အရာ မှားသည်၊ မှန်သည်ဆိုသည့်အရာအပေါ်တွင် မည်သည့်အခါတွင်မျှ အခြေမခံခဲ့ပေ။ ၎င်းတို့သည် လူတို့အား ၎င်းတို့ ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် အလျှော့မပေးသော စကားများနှင့် အယူဝါဒများအပေါ်တွင် အခြေခံ၍သာ ရှုတ်ချကာ အကဲဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ဤဖာရိရှဲတို့က သခင်ယေရှု လုပ်ဆောင်ခဲ့သည့်အရာမှာ အပြစ်တစ်ခု မဟုတ်သကဲ့သို့ ပညတ်တရားကို ဆန့်ကျင်ခြင်းမရှိခဲ့သည်ကို သိခဲ့ကြသော်လည်း၊ သခင်ယေရှုပြောခဲ့သည့်အရာမှာ ၎င်းတို့ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် အသိပညာနှင့် သိကျွမ်းတတ်မြောက်မှု၊ ၎င်းတို့အသေးစိတ်ရှင်းပြခဲ့ကြသည့် ဓမ္မပညာဆိုင်ရာ သီအိုရီနှင့် သဘောကွဲလွဲပုံရသောကြောင့်၊ သူ့ကို ၎င်းတို့ရှုတ်ချဆဲဖြစ်ခဲ့သည်။ ပြီးလျှင် ဖာရိရှဲတို့သည် ဤစကားများနှင့် စကားရပ်များနှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်သဘောပေါက်မှုကို အလျှော့ပေးကြမည်မဟုတ်၊ ၎င်းတို့သည် ဤအသိပညာကို ဖက်တွယ်ထားပြီး လက်လွှတ်ကြမည် မဟုတ်ပေ။ အဆုံးတွင် ဖြစ်နိုင်ဖွယ်ရှိသည့် တစ်ခုတည်းသော ရလဒ်မှာ အဘယ်နည်း။ သခင်ယေရှု ပြောခဲ့သည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကို ၎င်းတို့အသိအမှတ်ပြုရန် မဆိုထားနှင့်၊ သခင်ယေရှုသည် ကြွလာမည့် မေရှိယဖြစ်ကြောင်း၊ သို့မဟုတ် သခင်ယေရှုလုပ်ဆောင်ခဲ့သည့် အရာသည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကိုပင် ၎င်းတို့အသိအမှတ်ပြုမည် မဟုတ်ပေ။ သခင်ယေရှုကို ရှုတ်ချဖို့ အထောက်အထားမခိုင်လုံသော စွဲချက်အချို့ကို ၎င်းတို့ရှာတွေ့ခဲ့ကြသည်- သို့သော်၊ စင်စစ်အားဖြင့် သူ့ကို ၎င်းတို့ရှုတ်ချခဲ့ကြသည့် အပြစ်များက ခိုင်လုံသည်၊ မခိုင်လုံသည်ကို ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့သိခဲ့ကြသလော။ သိခဲ့ကြ၏။ သို့ဆိုလျှင် သူ့ကို ၎င်းတို့က အဘယ်ကြောင့် ထိုသို့ရှုတ်ချဆဲ ဖြစ်ခဲ့သနည်း။ (၎င်းတို့၏စိတ်ထဲမှ မြင့်မားပြီး တန်ခိုးကြီးမားသော ဘုရားသခင်မှာ သခင်ယေရှု၊ ဤသာမန်လူသားတော်တစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်နိုင်လေသည်ကို ၎င်းတို့မယုံကြည်ချင်ခဲ့ကြပါ။) ဤအမှန်တရားကို ၎င်းတို့ လက်မခံချင်ခဲ့ကြပေ။ ဤအရာကို လက်မခံဘဲ ၎င်းတို့ငြင်းပယ်ရခြင်း၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်ခဲ့သနည်း။ ဤအရာတွင် ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့်ပြောဖို့ ကြိုးစားခြင်းနှင့်ဆိုင်သည့် တစ်စုံတစ်ရာ မရှိခဲ့သလော။ ၎င်းတို့ဆိုလိုခဲ့သည်မှာ၊ “ဘုရားသခင်သည် ယင်းကို လုပ်ဆောင်နိုင်မည်လား။ ဘုရားသခင် လူ့ဇာတိခံယူခဲ့ပါက၊ သူသည် ကျော်ကြားသောမျိုးရိုးမှ ဧကန်မုချ မွေးဖွားရမည်။ ထို့အပြင်၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ သင်ပြမှုကို သူလက်ခံရမည်၊ ဤအသိပညာကို သင်ယူရမည်ဖြစ်ပြီး ကျမ်းစာကို များစွာဖတ်ရှုရမည်ဖြစ်သည်။ ဤအသိပညာကို သူပိုင်ဆိုင်သည့်နောက်တွင်သာ ‘လူ့ဇာတိခံယူခြင်း’ ဟူသည့် အမည်နာမကို သူခံယူနိုင်သည်” ဟူ၍ ဖြစ်သည်။ ပထမဦးစွာ ၎င်းတို့က သင်သည် ထိုသို့အရည်အချင်း မပြည့်မီသောကြောင့်၊ သင်သည် ဘုရားသခင်မဟုတ်။ ဒုတိယအနေဖြင့်၊ ဤအသိပညာမရှိဘဲနှင့် ကိုယ်တော်သည် ဘုရားသခင် ဖြစ်နိုင်ဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုကို ကိုယ်တော်မလုပ်ဆောင်နိုင်။ တတိယအနေဖြင့်၊ ကိုယ်တော်သည် ဗိမာန်တော်ပြင်ပတွင် အမှုမပြုနိုင်- ယခု ကိုယ်တော်သည် ဗိမာန်တော်ထဲတွင် မဟုတ်၊ ကိုယ်တော်သည် အပြစ်သားများအလယ်တွင် အမြဲရှိသည်၊ ထို့ကြောင့် ကိုယ်တော်ပြုသည့်အမှုသည် ဘုရားသခင်၏အမှုနယ်ပယ် အလွန်တွင် ရှိသည်ဟူ၍ ယုံကြည်ကြလေသည်။ ၎င်းတို့ရှုတ်ချခြင်း၏ အခြေခံအကြောင်းရင်းသည် မည်သည့်နေရာမှ လာသနည်း။ သမ္မာကျမ်းစာမှ၊ လူသား၏စိတ်မှ၊ ပြီးလျှင် ၎င်းတို့ လက်ခံရရှိထားသည့် ဓမ္မပညာဆိုင်ရာ ပညာရေးမှ ဖြစ်သည်။ ၎င်းတို့သည် အယူအဆများ၊ စိတ်ကူးထင်မြင်မှုများနှင့် အသိပညာများဖြင့် ပြည့်လျှမ်းနေကြသောကြောင့်၊ ဤအသိပညာသည် မှန်ကန်ရမည်၊ သမ္မာတရားဖြစ်ရမည်၊ အခြေခံအကြောင်းရင်း ဖြစ်ရမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မျှ ဤအရာများကို ဘုရားသခင် ဆန့်ကျင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ သမ္မာတရားကို ၎င်းတို့ ရှာဖွေခဲ့ကြသလော။ မရှာဖွေခဲ့ကြပေ။ ၎င်းတို့ရှာဖွေခဲ့ကြသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ၊ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ဖို့နှင့် သူမှန်သည်၊ မှားသည်ကို ဆုံးဖြတ်ဖို့ရန် ဤအရာများကို အသုံးပြုဖို့ ကြိုးစားခဲ့ကြသည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ရှုတ်ချခဲ့ကြပြီး သူ့ကို ကားတိုင်တွင် သံမှိုဆွဲရိုက်ခဲ့ကြသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၇)” မှ

ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မရှာခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမကို အချည်းနှီး ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤအမြင်များသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်” မှ

အကယ်၍ လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လိုက်နာစောင့်ထိန်းရန် စည်းမျဉ်းတစ်စုံအဖြစ် သဘောထားပါက ၎င်းတို့၏ ယုံကြည်ခြင်းသည် ဘာသာရေးဟိတ်ဟန်များအဖြစ်သို့ ပြောင်းလဲတတ်သည် မဟုတ်လော။ ထိုသို့သော ဘာသာရေးဟိတ်ဟန်များ နှင့် ခရစ်ယာန်ဘာသာအကြား ခြားနားမှုမှာ အဘယ်နည်း။ အမှုအရာများ ၎င်းတို့ ပြောဆုံပုံတွင် ပိုမိုလေးနက်ပြီး ပိုမိုတိုးတက်နိုင်သော်လည်း ၎င်းတို့၏ ယုံကြည်ခြင်းက စည်းမျဉ်းတစ်စုံ နှင့် ဘာသာရေး ဟိတ်ဟန်မျိုးတစ်ခုသာ ဖြစ်လာခဲ့ပါက၊ ယင်းသည် ခရစ်ယာန်ဘာသာအဖြစ်သို့ ပြောင်းသွားသည်ဟု ဆိုလိုသည် မဟုတ်လော။ သွန်သင်ချက်အဟောင်းများနှင့် အသစ်များအကြားတွင် ကွာခြားချက်များရှိသော်လည်း အကယ်၍ သွန်သင်ချက်များမှာ အယူအဆပုံစံမျိုးထက် မပိုဘဲ ဟိတ်ဟန်ပုံစံတစ်ခု၊ လူတို့အတွက် သြဝါဒပုံစံတစ်ခုမျှ ဖြစ်လာခဲ့သော်၊ ထိုနည်းတူ ၎င်းတို့သည်လည်း ယင်းထံမှ သမ္မာတရားကို မရနိုင်ပါက သို့မဟုတ် သမ္မာတရား၏စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့၏ယုံကြည်ခြင်းမှာ ခရစ်ယာန်ဘာသာကဲ့သို့ပင် ဖြစ်သည်မဟုတ်လော။ အနှစ်သာရအားဖြင့် ဤသည်မှာ ခရစ်ယာန်ဘာသာ မဟုတ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် သင်တို့၏အပြုအမူနှင့် သင်တို့၏တာဝန်များ ထမ်းဆောင်ရာတွင် မည်သည့်အရာများ၌ သင်သည် ခရစ်ယာန်ဘာသာထဲက ယုံကြည်သူများနှင့် တူညီ သို့မဟုတ် ဆင်တူသည့် အမြင်များနှင့် အခြေအနေများ ရှိပါသနည်း။ (စည်းမျဉ်းများ လိုက်နာစောင့်ထိန်းခြင်း၊ နှုတ်ကပတ်တော်နှင့် အယူဝါဒတို့ဖြင့် ပြင်ဆင်ခြင်းများတွင်။) (ဝိညာဉ်ရေးရာ ပြည့်ဝပုံပေါ်ခြင်းနှင့် အပြုအမူကောင်းကို ထုတ်ပြခြင်း၊ ဘုရားတရား ကိုင်းရှိုင်းခြင်းနှင့် နှိမ့်ချခြင်းတို့အပေါ် အာရုံစိုက်ရာတွင်။) အပြင်ပန်းအနေဖြင့် အပြုအမူကောင်းရှိဖို့ သင် ကြိုးစားသည်၊ ဝိညာဉ်ရေး ပြည့်ဝသည့်ပုံမျိုးဖြင့် မိမိကိုယ်ကိုယ် ပြရုပ်တင်ဖို့ သင် အစွမ်းကုန်လုပ်ဆောင်သည်၊ ဝိညာဉ်ရေး အယူဝါဒကို ပြောဆိုသည်၊ ဝိညာဉ်ရေးရာအရ မှန်ကန်သော အရာများကို ပြောဆိုသည်၊ လူသား၏ အယူအဆနှင့် စိတ်ကူးစိတ်သန်းများက အတော်လေး ထောက်ခံသည့် အရာများကို လုပ်ဆောင်သည်၊ မွန်မြတ်သောသူကဲ့သို့ ဟန်ဆောင်လေသည်။ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို သင် မြင့်မြင့်မားမား ပြောဆိုသည်၊ ကောင်းရာလုပ်ဖို့၊ မွန်မြတ်သော လူများဖြစ်ဖို့နှင့် သမ္မာတရားကို နားလည်ဖို့ လူတို့ကို သွန်သင်သည်၊ သင်သည် ဝိညာဉ်ရေး ပြည့်ဝသည့်ပုံပြုမူပြီး သင် လုပ်ဆောင်သမျှတိုင်းတွင် အပေါ်ယံ ဝိညာဉ်ရေးရာ ပြည့်ဝခြင်းကို သင် ဖော်ထုတ်ပြသည်။ သို့သော်၊ လက်တွေ့တွင်၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရှာဖွေခဲ့ခြင်းမပြု၊ ပြဿနာတစ်ခု သင် ကြုံရသည်နှင့်တပြိုင်နက် ဘုရားသခင်ကို ဘေးတွန်းထုတ်ကာ လူ့အလိုဆန္ဒအတိုင်း သင် လုံးလုံးလျားလျား ပြုမူလေသည်။ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ သင် မည်သည့်အခါမျှ ပြုမူလုပ်ဆောင်ခဲ့ခြင်းမရှိ၊ သမ္မာတရားထဲ၌ မည်သည့်အရာကို ပြောထားကြောင်း၊ ဘုရားသခင်၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်း၊ သူသည် လူသားကို မည်သည့်စံနှုန်းများ သတ်မှတ်ထားကြောင်း မည်သည့်အခါမျှ သင် နားလည်ခဲ့ခြင်းမရှိပေ၊ သင်သည် ဤကိစ္စရပ်များကို မည်သည့်အခါမျှ အလေးအနက် သဘောထားခဲ့ခြင်းမရှိ သို့မဟုတ် ၎င်းတို့ကို သင် စိတ်ဝင်စားခြင်း မရှိချေ။ လူတို့၏ ထိုသို့သော ပြင်ပလုပ်ဆောင်ချက်များနှင့် အတွင်းပိုင်းအခြေအနေများဖြစ်သည့် ဤယုံကြည်ခြင်းမျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း ဖြစ်စေပါသလော။ အကယ်၍ လူတို့၏ယုံကြည်ခြင်းနှင့် သမ္မာတရားအပေါ် ၎င်းတို့၏လိုက်စားမှုအကြား ဆက်နွှယ်မှု မရှိပါက ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသလော၊ မယုံကြည်ကြသလော။ သမ္မာတရားကို လိုက်စားခြင်းနှင့် ဆက်စပ်မှုမရှိသည့် လူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်နိုင်ခဲ့ပါစေ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့သော ကြည်ညိုမှု ရရှိပြီး မကောင်းမှုကို အစစ်အမှန် ရှောင်ကြည်နိုင်သလော၊ မရှောင်ကြဉ်နိုင်သလော။ (မရှောင်ကြဉ်နိုင်ပါ။) ထိုသို့ဆိုသော် ယင်းကဲ့သို့သောလူများ၏ အပေါ်ယံ အပြုအမူမှာ အဘယ်နည်း။ မည်သည့်လမ်းကြောင်းမျိုးကို ၎င်းတို့ လျှောက်နိုင်သနည်း။ (ဖာရိရှဲတို့၏ လမ်းကြောင်း ဖြစ်ပါသည်။) ၎င်းတို့ကိုယ်ကို မည်သည့်အရာများဖြင့် တပ်ဆင်ပြီး ၎င်းတို့၏ နေ့ရက်များကို ကုန်လွန်စေကြသနည်း။ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဖာရိရှဲများ၊ သာ၍ ဝိညာဉ်ရေးရာပြည့်ဝပြီး ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် ၎င်းတို့ကိုယ်ကို လက်နက်တပ်ဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ၎င်းတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်မဟုတ်လော။ ဤနည်းစနစ်အားလုံး၏ သဘာဝမှာ မည်သည့်အရာသာဖြစ်သနည်း။ ဘုရားသခင်ကို ကိုးကွယ်ခြင်းလော။ ကိုယ်တော်၌ စစ်မှန်သော ယုံကြည်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေကြပါသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို လှည့်ဖြားနေကြခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖြစ်စဉ်တစ်ခု၏ အဆင့်များကို ဖြတ်သန်းနေခြင်းနှင့် ဘာသာရေး ဟိတ်ဟန်များထဲတွင် ပါဝင်ပတ်သက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လှုပ်ယမ်းကြပြီး ဘာသာရေးထုံးတမ်းများကို လုပ်ဆောင်ခြင်း၊ ကောင်းချီးမင်္ဂလာခံစားရစေရန် ရည်မှန်းချက် ပြည့်မီရေးအတွက် ဘုရားသခင်ကို လိမ်လည်လှည့်ဖြားရန် ကြိုးစားခြင်းတို့ကို ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်း လုံးဝမပြုကြပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

အချို့လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းရန်အတွက် မဟုတ်ဘဲ အရေးပေါ်အခြေအနေများ အတွက် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် စွန့်ပယ်ရန်နှင့် အခြားသူများကို ကူညီရန် မိမိတို့ကိုယ်ကိုယ် အချို့သော သမ္မာတရားဖြင့်သာ ပြင်ဆင်ထားကြသည်၊ ၎င်းတို့ကို “တစ်ကိုယ်ကောင်းမဆန်သောလူများ” ဟု ငါတို့ ခေါ်ကြသည်။ ၎င်းတို့သည် အခြားသူများကို သမ္မာတရား၏ ရုပ်သေးများအဖြစ် သဘောထားကြပြီး မိမိတို့ကိုယ်ကိုယ် သမ္မာတရား၏ ဆရာသခင်များအဖြစ် သဘောထားကြ၍ အခြားသူများအား သမ္မာတရားကို မြဲမြံစွာ စွဲကိုင်ကြရန်နှင့် မတုန်မလှုပ် မနေကြရန် သွန်သင်ကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင်သည် ဘေးစည်းမှနေ၍ ပွဲကြည့်ပရိသတ်များအဖြစ် ရှိမြဲရှိကြ လေသည်။ ဤလူများသည် မည်သို့သော လူအမျိုးအစားများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရား နှုတ်ကပတ်တော်အချို့ဖြင့်သာ မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြပြီး၊ အခြားသူများကို ဩဝါဒပေးရန်မျှသာ ထိုနှုတ်ကပတ်တော်များကို အသုံးပြုကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင်၏ ပျက်စီးခြင်းနှင့် ကြုံတွေ့ရခြင်းအား တားဆီးရန် မည်သည့်အရာကိုမျှ လုံးဝ လုပ်ဆောင်ခြင်းမရှိကြချေ။ သနားစဖွယ်ကောင်းလေစွ။ အကယ်၍ ၎င်းတို့၏ နှုတ်ကပတ်တော်များသည် အခြားသူများကို ကူညီနိုင်ပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အဘယ်ကြောင့် မကူညီနိုင်ကြသနည်း။ ငါတို့သည် ၎င်းတို့ကို လက်တွေ့အရှိတရား ကင်းမဲ့သော ကြောင်သူတော်များအဖြစ် အမည်တပ်သင့်သည်။ ၎င်းတို့သည် အခြားသူများကို သမ္မာတရား နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးကြပြီး အခြားသူတို့အား ထိုနှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ဆောင်စေ ကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင် လက်တွေ့ကျင့်ဆောင်ရန် ကြိုးပမ်းအားထုတ်ခြင်း မရှိကြချေ။ ၎င်းတို့သည် စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ယင်းကို ၎င်းတို့ကိုယ်တိုင် သိသိသာသာ မလုပ်ဆောင်နိုင်ကြသော်လည်း၊ အခြားသူများကို သမ္မာတရား နှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ရန် အတင်းအကျပ်ပြုကြသည်- ဤသည်မှာ ရက်စက်သော နည်းလမ်းတစ်ခုပါတကား။ ၎င်းတို့သည် အခြားသူများကို ကူညီရန် လက်တွေ့အရှိတရားကို အသုံးပြုနေခြင်း မရှိကြပေ။ ၎င်းတို့သည် အခြားသူများကို ထောက်ပံ့ပေးရန် ချစ်ခြင်းမေတ္တာကို အသုံးပြုနေခြင်း မဟုတ်ပေ။ ၎င်းတို့သည် လူတို့ကို လိမ်လည်လှည့်ဖြားပြီး အန္တရာယ်ပြုနေကြခြင်း သက်သက် ဖြစ်သည်။ အကယ်၍ ဤအရာသည် ဆက်လက် ဖြစ်ပွားပါက၊ လူအသီးသီးသည် သမ္မာတရား နှုတ်ကပတ်တော်များကို နောက်တစ်ဦးထံ လက်ဆင့်ကမ်းခြင်းဖြင့်၊ ဤသည်မှာ အယောက်တိုင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိစဉ်တွင် သမ္မာတရား နှုတ်ကပတ်တော်များကို ပြောဆိုရုံမျှပြောဆိုခြင်းဖြင့် အဆုံးသတ်လိမ့်မည်မဟုတ်လော။ ထိုသို့သော လူများသည် အဘယ်သို့ ပြောင်းလဲနိုင်မည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပြဿနာများကို လုံးဝ သတိမပြုမိကြပေ။ ၎င်းတို့အတွက် အဘယ်သို့ ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိနိုင်မည်နည်း။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ချစ်သောသူတို့သည် ရှေ့ဆက်လမ်းကြောင်းတစ်ခု ရှိကြ၏” မှ

လူအချို့သည် လူအများက သူတို့အပေါ် အာရုံစိုက်အောင် လုပ်ခြင်းကို ခုံမင်ကြသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ရှေ့တွင် ၎င်းတို့သည် ဘုရားသခင်၏ အကြွေးတင်ရှိကြောင်းကို ပြောနိုင်သည်။ သို့သော် နောက်ကွယ်တွင်မူ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ လုံးလုံးလျားလျား ခြားနားစွာ ပြုမူကြသည်။ ဤသူတို့သည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲများ မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး သမ္မာတရား ရှိသောသူတစ်ဦးသည် ဘုရားသခင်ကို သစ္စာစောင့်သိသူ ဖြစ်သော်လည်း၊ အပြင်ပန်း၌ ထိုကဲ့သို့ ဖော်ပြလေ့မရှိပေ။ ထိုကဲ့သို့သောသူသည် အခြေအနေများ ပေါ်ပေါက်လာချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပြီး ၎င်း၏အသိစိတ်ကို ဆန့်ကျင်ကာ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်းကို ပြုလုပ်လေ့ မရှိပေ။ ထိုကဲ့သို့သောသူသည် အရေးကိစ္စများ ပေါ်လာချိန်တွင် ဉာဏ်ပညာကို ပြသပြီး၊ အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ သူ၏လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်၏။ ဤကဲ့သို့သောသူသည် စစ်မှန်သော အစေခံခြင်း ပေးနိုင်သောသူ ဖြစ်သည်။ ဘုရားသခင်ကို အကြွေးတင်ရှိကြောင်း စိတ်ထဲကမပါဘဲ ပြောသူတချို့ ရှိသည်။ ၎င်းတို့သည် သူတစ်ပါးထက် သာသည့်ဟန်ဆောင်ကာ သနားဖွယ်ယောင်ဆောင်လျက် ပူပန်သောကဖြင့် မျက်မှောင်ကုတ်ကာ မိမိတို့၏ နေ့ရက်များကို ကုန်လွန်ကြသည်။ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်လေခြင်း။ “သင်၌ ဘုရားသခင်၏အကြွေး မည်သို့တင်ရှိသနည်း။ ပြောပြပါ။” ဟု သူတို့အား မေးခဲ့လျှင် သူတို့သည် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင်၊ ယင်းအကြောင်းကို အပြင်ပန်းအားဖြင့် မပြောနှင့်။ ယင်းအစား တကယ့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းဖြင့် ဘုရားသခင်အပေါ် သင်ချစ်ခြင်းအား ပြသလော့၊ ပြီးလျှင် စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ နှုတ်အားဖြင့်နှင့် ဝတ်ကျေတမ်းကျေသာ ဘုရားသခင်နှင့် ဆက်ဆံသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ အချို့သူတို့သည် ဆုတောင်းပတ္ထနာပြုတိုင်း ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်းကို ပြောကာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကြောင့် မဟုတ်ဘဲ၊ ၎င်းတို့ ဆုတောင်းသည့်အခါတိုင်း စတင်၍ ငိုကြွေးတတ်ကြသည်။ ထိုသို့သော လူများသည် ဘာသာရေးထုံးတမ်းဓလေ့များနှင့် အယူအဆများ စွဲနေသူများ ဖြစ်၏၊ ထိုသို့သော အပြုအမူများသည် ဘုရားသခင်ကို ကျေနပ်စေသည်၊ အပေါ်ယံ ဘုရားတရားကိုင်းရှိုင်းမှု သို့မဟုတ် အပေါ်ယံ ဝမ်းနည်းမျက်ရည်များသည် ဘုရားသခင်နှစ်သက်သော အရာများ ဖြစ်သည်ဟု အစဉ်ယုံကြည်လျက် ထိုသို့သော ထုံးတမ်းဓလေ့များနှင့် အယူအဆများဖြင့် အသက်ရှင်ကြသည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သူများသည် မည်သို့အကျိုးပြုမည်နည်း။ အချို့က မိမိတို့၏နှိမ့်ချမှုကို ပြသရန်အတွက် အခြားသူများရှေ့၌ စကားပြောစဉ်တွင် သဘောထားကြီးဟန် ယောင်ဆောင်ကြသည်။ အချို့ကမူ အားအင်လုံးဝမရှိတော့သည့် သိုးငယ်များကဲ့သို့၊ အခြားသူများရှေ့တွင် တမင်တကာ ရိုကျိုးပြလွန်းကြသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ပြုမူသင့်သည် အပြုအမူများ ဖြစ်သလော။ နိုင်ငံတော်၏လူတို့သည် တက်ကြွ၍ အချုပ်အနှောင် ကင်းသောသူ၊ အပြစ်ကင်းပြီး ပွင့်လင်းသောသူ၊ ရိုးသားဖြောင့်မတ်ပြီး ချစ်ဖွယ်ကောင်းသူ၊ လွတ်လပ်သော အနေအထား၌ အသက်ရှင်သူများ ဖြစ်သင့်သည်။ ထိုသူတို့၌ သမာဓိနှင့် ဂုဏ်သိက္ခာ ရှိသင့်ပြီး သွားလေရာရာ၌ သက်သေခံနိုင်သင့်သည်။ ထိုကဲ့သို့သော သူတို့သည် ဘုရားသခင်၏ချစ်ခြင်းကိုရော လူသား၏ ချစ်ခြင်းကိုပါ ခံရသူများ ဖြစ်သည်။ ယုံကြည်ခြင်း၌ သက်တမ်းနုသော သူတို့တွင် အပေါ်ယံ လက်တွေ့လုပ်ဆောင်မှုများ များလွန်းကြသည်။ ၎င်းတို့သည် ပဲ့ပြင်ဆုံးမခြင်းနှင့် ချိုးဖျက်ခြင်းခံရသည့် ကာလကို အရင် ဖြတ်သန်းကြရမည်။ စိတ်နှလုံးအတွင်း၌ ဘုရားသခင်အား ယုံကြည်သောသူများကို အခြားသူများနှင့် အပြင်ပန်းအားဖြင့် ကြည့်ရုံနှင့် ခွဲခြား၍မရနိုင်။ သို့သော်လည်း ထိုသူတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်မှုများသည် ချီးမွမ်းထိုက်ဖွယ် ဖြစ်သည်။ ထိုကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်သူများ ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အကယ်၍ ဧဝံဂေလိ သတင်းကောင်းကို ဟိုလူ၊ သည်လူအား ကယ်တင်ခြင်းကို ဆောင်ကြဉ်းလာရန် သင်နေ့စဉ် ဟောပြောသော်လည်း၊ အဆုံးတွင် သင်သည် စည်းမျဉ်းများ၊ အယူဝါဒများဖြင့် ဆက်လက် အသက်ရှင်နေသေးလျှင်၊ သင်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည် မဟုတ်။ ထိုကဲ့သို့သောသူများသည် ဘာသာရေးသမားများအပြင် ကြောင်သူတော်များလည်း ဖြစ်သည်။

............

လူတို့၏ အပေါ်ယံကောင်းမှုများသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် ဇာတိပကတိစိတ်ကို ကိုယ်စားပြုပြီး အကောင်းဆုံး အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည်ပင်လျှင် အသက်ကို ကိုယ်စားပြုခြင်း မရှိပေ၊ ၎င်းတို့သည် သင်ကိုယ်တိုင်၏ သီးခြား နဂိုစိတ်ရင်းကိုသာ ပြနိုင်သည်။ လူသား၏အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည် ဘုရားသခင်၏ လိုအင်ဆန္ဒကို မဖြည့်ဆည်းနိုင်ပေ။ သင်သည် ဘုရားသခင်အပေါ်၌ အကြွေးတင်ရှိကြောင်းကို အစဉ်မပြတ် ပြောသော်လည်း၊ တစ်ပါးသူများ၏ဘဝများကို သင် မထောက်ပံ့နိုင်ပေ သို့မဟုတ် ၎င်းတို့ကို ဘုရားသခင်အားချစ်ရန် သင်မလှုံ့ဆော်နိုင်ပေ။ သင်၏ အဆိုပါလုပ်ရပ်များက ဘုရားသခင်ကို ကျေနပ်စေမည်ဟု သင် ယုံကြည်သလော။ သင်၏လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပြီး၊ ၎င်းတို့သည် ဝိညာဉ်နှင့်သက်ဆိုင်သည်ဟု သင် ခံစားရသော်လည်း၊ စင်စစ်အားဖြင့် ၎င်းတို့အားလုံးသည် အဓိပ္ပာယ် ကင်းမဲ့ကြပေသတည်း။ သင့်အား စိတ်ကျေနပ်မှု ပေးသောအရာနှင့် သင်လုပ်လိုသော အရာတို့သည် ဘုရားသခင် အထူးနှစ်သက်သည့် အရာများ အတိအကျပင် ဖြစ်သည်ဟု သင်ယုံကြည်သည်။ သင် နှစ်သက်သောအရာများသည် ဘုရားသခင်အား ကိုယ်စားပြုနိုင်သလော။ လူတစ်ဦး၏စရိုက်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ သင့်ကို စိတ်ကျေနပ်မှုပေးသော အရာသည် ဘုရားသခင် ရွံမုန်းသည့်အရာ အတိအကျပင်ဖြစ်ပြီး၊ သင့်အကျင့်များသည် ဘုရားသခင် ရွံရှာ၍ ငြင်းပယ်သော အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အပေါ် အကြွေးတင်ရှိသည်ဟု ခံစားရပါက၊ ဘုရားသခင်ရှေ့မှောက်သို့ သွား၍ ဆုတောင်းလော့။ ထိုအကြောင်းကို တစ်ပါးသူများအား ပြောဖို့မလို။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့မှောက်၌ ဆုမတောင်းဘဲ၊ ယင်းအစား အခြားသူများရှေ့၌ သင့်ကိုယ်သင် လူအများအာရုံစိုက်ခံရအောင် အစဉ်တစိုက် ပြုလုပ်လျှင်၊ ဤအရာသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည်လော။ သင်၏လုပ်ရပ်များသည် အစဉ်အမြဲ အပြင်ပန်းအတွက်သာ ဖြစ်နေပါက၊ သင်သည် အစွန်းရောက်အောင် အလွန်ပလွှားသောသူ ဖြစ်သည်ဟု ဆိုလိုသည်။ အပေါ်ယံကောင်းမှုများသာ ဆောင်ရွက်ပြီး စစ်မှန်မှု ကင်းမဲ့နေသည့် လူတို့သည် မည်ကဲ့သို့သော လူအမျိုးအစား ဖြစ်သနည်း။ ထိုသို့သော လူများသည် ကြောင်သူတော် ဖာရိရှဲများနှင့် ဘာသာရေးသမားများသာ ဖြစ်လေစွတကား။ သင်တို့သည် သင်တို့၏ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကို ရပ်ကာ မပြောင်းလဲနိုင်လျှင် သင်တို့အထဲရှိ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများသည် ပို၍ပင် ကြီးထွားလာလိမ့်မည်။ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများ ပိုများလေလေ၊ ဘုရားသခင်ကို ပို၍ ဆန့်ကျင်လေလေ၏။ အဆုံးတွင် ထိုကဲ့သို့သော လူများသည် ဧကန်ပင် သုတ်သင်ဖယ်ရှင်းခြင်းကို ခံရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်” မှ

ယနေ့ခေတ်တွင် လူအများစုသည် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများကိုသာ အာရုံစိုက်ကြသော်လည်း သမ္မာတရားကို လိုက်စားဖို့နှင့် အသက်တာ ကြီးထွားမှုကို ရရှိဖို့အလို့ငှာ ထိုသို့ မလုပ်ဆောင်ကြချေ။ ဤသည်မှာ ၎င်းတို့ လမ်းလွဲသွားကြသည့်နေရာ ဖြစ်သည်။ အသစ်သောအလင်းကို ရရှိနိုင်စွမ်းရှိကြသော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ မပြောင်းလဲသည့် အချို့သော လူများလည်း ရှိပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များကို ရရှိဖို့ရန် ၎င်းတို့ ရှာဖွေသည်နှင့်အမျှ ၎င်းတို့၏ ဘာသာရေး အယူအဆဟောင်းများကို ၎င်းတို့နှင့်အတူ ယူဆောင်လာကြလေသည်။ ထို့ကြောင့် ၎င်းတို့ ရရှိသည်မှာ ဘာသာရေးအယူအဆများ ခြယ်သထားသည့် အယူဝါဒ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် ယနေ့အလင်းကို တကယ် ရရှိနေခြင်း မဟုတ်ကြချေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများက စွန်းထင်းနေလေသည်။ ၎င်းတို့သည် ထုပ်ပိုးမှု အပြင်အဆင်သစ်ထဲက မပြောင်းလဲသည့် အလေ့အထဟောင်းများဖြစ်သည်။ ၎င်းတို့ မည်မျှကောင်းကောင်း လက်တွေ့လုပ်ဆောင်ပါစေ၊ သူတော်ကောင်း ယောင်ဆောင်သူများ ဖြစ်ကြပေသည်။ ဘုရားသခင်သည် နေ့စဉ် ထိုးထွင်းသိမြင်မှုအသစ်နှင့် သိနားလည်မှုတို့ကို ရရှိရန် တောင်းဆိုရင်း နှင့် ၎င်းတို့ကို ခေတ်နောက်မကျဖို့ရန်နှင့် အပ်ကြောင်းမထပ်ကြဖို့ရန် တောင်းဆိုရင်း လူတို့ကို နေ့စဉ် အသစ်သော အရာများ လုပ်ဆောင်ခြင်းထဲ ဦးဆောင်၏၊ သင်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လာခဲ့သော်လည်း၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပါက၊ အပြင်ပန်း ကိစ္စများနှင့်ပတ်သက် စိတ်အားထက်သန်ဆဲ ဖြစ်ပြီး အလုပ်များသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဘုရားသခင်၏ မွေ့လျော်ဖို့ ဘုရားသခင်၏ ရှေ့မှောက် ယူဆောင်ရန် ငြိမ်းအေးသော စိတ်နှလုံးမရှိပါက၊ သင်သည် မည်သည့်အရာကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အသစ်သော အမှုကို လက်ခံခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် မတူကွဲပြားစွာ မစီစဉ်ပါက၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းကို အသစ်သော နည်းလမ်းဖြင့် မလုပ်ဆောင်ပါက၊ ပြီးလျှင် မည်သည့် အသစ်သော သိနားလည်မှုကိုမျှ မလိုက်စားဘဲ၊ ယင်းအစား သိနားလည်မှု အဟောင်းကို ဖက်တွယ်ပြီး သင် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းကို မပြောင်းလဲဘဲ အနည်းငယ်သော အလင်းသစ်အချို့ကိုသာ ရရှိပါက၊ သင်ကဲ့သို့သော လူတို့သည် ဤရေစီးကြောင်းထဲတွင် နာမည်အရသာ ရှိနေသည်၊ အမှန်တွင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပက ဘာသာရေးဆိုင်ရာ ဖာရိရှဲများ ဖြစ်ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍” မှ

၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်အား နာခံရန် မကြိုးစားသူများ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ကြ၏။ လူတို့သည် ဘုရားသခင်ကို နာခံမှု ရရှိစေရန်အလို့ငှာ၊ သမ္မာတရားကို ရှာဖွေဖို့၊ သူ၏ နှုတ်ကပတ်တော်များကို ဆာငတ်ဖို့၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားသခင် တောင်းဆိုလေသည်။ ဤအရာများသည် သင်၏ စစ်မှန်သော ရည်ရွယ်ချက်များ ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ ချီးမြှောက်မည်ဖြစ်ပြီး သင့်အပေါ် ဧကန်မုချ ကျေးဇူးပြုလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ယုံမှားသံသယရှိဖွယ် မဟုတ်သကဲ့သို့ မပြောင်းလဲနိုင်သော အရာ ဖြစ်သည်။ အကယ်၍ သင်၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို နာခံရန်မဟုတ်သကဲ့သို့၊ သင်သည် အခြားသော ရည်မှန်းချက်များရှိပါက၊ သင်ပြောသမျှနှင့် လုပ်သမျှအားလုံး- ဘုရားသခင်ရှေ့၌ သင်၏ ဆုတောင်းချက်များနှင့် သင်၏လုပ်ရပ်တိုင်းသည်ပင်- ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်လိမ့်မည်။ သင်သည် အပြောအဆို သိမ်မွေ့ညင်သာပြီး၊ အပြုအမူ သိမ်မွေ့သောသူ ဖြစ်ကောင်းဖြစ်နိုင်သည်၊ သင်၏ လုပ်ရပ်တိုင်း နှင့် မျက်နှာအမူအရာသည် မွန်ရည်ပုံရကောင်းရနိုင်ပြီး၊ သင်သည် နာခံသူတစ်ဦးအဖြစ် ထင်ရနိုင်သော်လည်း၊ သင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် သင်၏ အမြင်များနှင့် ပတ်သက်လာသည့်အခါ၊ သင်လုပ်သည့်အရာတိုင်းသည် ဘုရားသခင်နှင့် ဆန့်ကျင်ပေသည်။ သင် လုပ်သည့်အရာတိုင်းသည် ဆိုးယုတ်၏။ သိုးကဲ့သို့ နာခံတတ်ပုံရသော်လည်း၊ ၎င်းတို့စိတ်နှလုံးများ၌ ဆိုးယုတ်သော ရည်ရွယ်ချက်များ သိုထားသောသူတို့သည် သိုးရေ ခြုံထားသော ဝံပုလွေများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက် ပုန်ကန်ပြစ်မှားကြပြီး၊ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည် မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့တစ်ဦးစီတိုင်းကို ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ သူတော်ကောင်း ယောင်ဆောင်သူ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ သေချာပေါက် အလွန် မုန်တီးခြင်းနှင့် ငြင်းပယ်ခြင်းခံရမည်ကို ၎င်းတို့ အယောက်တိုင်းအား ပြသလိမ့်မည်ဖြစ်သည်။ မစိုးရိမ်နှင့်- ဘုရားသခင်သည် ၎င်းတို့ ရှိသမျှအကုန်ကို ထည့်တွက်မည်ဖြစ်ပြီး တစ်ယောက်တစ်လဲ ရှင်းထုတ် ပစ်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်” မှ

အရှေ့သို့- ၁၁၈။ အန္တိခရစ် မကောင်းဆိုးဝါးများကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၂၁။ သာမာန် လူ့သဘာ၀ကို အသက်ရှင်နေထိုင်ခြင်း နိယာမများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်