၆၈) လူတို့ကို ပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်း အခြေခံသဘောတရားများ

(၁) အရည်အချင်းကောင်းသည့် လူများ၊ သမ္မာတရားကို ချစ်ပြီး တရားမျှတသည့် အသိစိတ်ရှိသည့်လူများကို ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအဖြစ် ရွေးကောက်ကာ ပြုစုပျိုးထောင်ဖို့ လိုအပ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အသင်းတော် အလုပ်အတွက် အကျိုးရှိပေသည်။

(၂) ယခင်က အစားထိုးခံရပြီးဖြစ်လျက် စစ်မှန်စွာ နောင်တရပြီး ထို့နောက်တွင် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိသည့် လူတို့ကို ရွေးချယ်နိုင်သည်၊ တစ်ဖန် ရာထူးတိုးမြှင့်ပေးကာ အသုံးပြုနိုင်ပေသည်။

(၃) တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာ ယုံကြည်သူသစ်များသည် ကောင်းမွန်သော လူ့သဘာဝနှင့် အရည်အချင်း ရှိသရွေ့၊ သမ္မာတရားကို ချစ်ကာ ဝန်တာထမ်းပြီးဖြစ်သရွေ့၊ လုပ်ထုံးလုပ်နည်း ကျင့်ဝတ်နှင့်အညီ ကြိုတင် ပြုစုပျိုးထောင်နိုင်ပြီး အသုံးပြုနိုင်သည်။

(၄) ၎င်းတို့၏ မာနထောလွှားသည့်၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းရှိသော်လည်း၊ မဆိုးယုတ်သည့်လူများကို အရည်အချင်းကောင်းရှိပြီး သမ္မာတရားကို လက်ခံနိုင်သရွေ့၊ ပျိုးထောင်ကာ အသုံးပြုသင့်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စကြဝဠာတစ်လျှောက် သူ၏ အမှုကို စတင်ကတည်းက၊ ဘုရားသခင်သည် လူ့အလွှာတိုင်းမှ လူများအပါအဝင် များစွာသော လူတို့ကို သူ့အား အစေခံဖို့ရန် ကြိုတင်ပြဌာန်းထားပြီး ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ သူ၏ အလိုကို ဖြည့်ဆည်းရန်နှင့် ဤကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုကို ချောမွေ့စွာ ပြီးစီးစေရန် ဖြစ်သည်။ ဤသည်မှာ လူတို့ကို သူ့အား အစေခံရန် ရွေးချယ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော လူတိုင်းသည် သူ၏ အလိုကို သိနားလည်ရပေမည်။ သူ၏ ဤအမှုသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း၊ ပြီးလျှင် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို လူသားများအား သာ၍ သိသာထင်ရှားစေခဲ့သည်။ လူတို့အနေဖြင့် သူ၏လုပ်ဆောင်ချက်များကို သာ၍ ရှင်းလင်းစွာ မြင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန်၊ လူများနှင့် ထိတွေ့မှုရှိရန် ကမ္ဘာမြေသို့ အမှန်တကယ် ကြွဆင်းလာခဲ့သည်။ ယနေ့တွင် ဤလူစုဖြစ်သည့် သင်တို့သည် လက်တွေ့ကျသည့် ဘုရားသခင်ကို အစေခံရသည့်အတွက် ကံကောင်းကြပေသည်။ ဤသည်မှာ သင်တို့အတွက် မရေတွက်နိုင်သော ကောင်းချီးဖြစ်သည်- သင်တို့သည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို အမှန်တကယ်ပင် ခံရကြပေသည်။ သူကို အစေခံရန် လူတစ်ဦးကို ရွေးချယ်ရာတွင်၊ ဘုရားသခင်၌ သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများ အမြဲရှိပေသည်။ ဘုရားသခင်အား အစေခံခြင်းသည် လူများစိတ်ကူးသကဲ့သို့ စိတ်အားထက်သန်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခုသက်သက် လုံးဝ မဟုတ်ပေ။ ယနေ့တွင်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သူ့ကို အစေခံသူအားလုံးသည် ထိုသို့ လုပ်ဆောင်ကြသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ ရှိပြီး ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်ကြသောကြောင့် ဖြစ်သည်ကို သင်တို့တွေ့ပေသည်။ ဤအရာများသည် ဘုရားသခင်ကို အစေခံသောသူ အားလုံးအတွက် အနည်းဆုံးသော သတ်မှတ်ချက်များ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်” မှ

အသင်းတော်ခေါင်းဆောင်များအနေဖြင့်၊ ပါရမီကို မည်သို့ ရှာဖွေတွေ့ရှိပြီး ပျိုးထောင်ရမည်ကို သင် လေ့လာသင်ယူသင့်ပြီး၊ ပါရမီရှိသော လူတို့ကို မနာလိုဝန်တိုခြင်း မဖြစ်သင့်ပေ။ ဤနည်းဖြင့်၊ သင်၏ တာဝန်ကို ကျေနပ်ဖွယ်ရာ ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ သင်၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးပြီ ဖြစ်လိမ့်မည်။ သင်သည် သစ္စာရှိဖို့ အစွမ်းကုန် လုပ်ဆောင်ပြီးပြီလည်း ဖြစ်လိမ့်မည်။ လူအချို့သည် သူတို့၏ ထင်ရှားကျော်ကြားမှုကို အခြားသောသူများက ခိုးယူသွားပြီး မိမိတို့ထက်သာလွန်မည်၊ ပြီးလျှင် မိမိတို့ကိုယ်တိုင် မသိကျိုးကျွန်ပြုခံရစဉ်၊ ထိုသူတို့ကအသိအမှတ်ပြုခြင်းကို ရရှိမည်ကို အမြဲစိုးရိမ်ကြ၏။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်းနှင့် အခြားသူများ၏ တာဝန်ဝတ္တရားများအတွက် စာနာထောက်ထားမှု လုံးဝမပြဘဲ မိမိ၏ ကိုယ်ပိုင် အကျိုးများအကြောင်းကိုသာ စဉ်းစားပြီး ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။ ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ တစ်စုံတစ်ဦးကို သင်၏ ထောက်ခံချက်ပေးပြီး၊ ထိုလူသည် ပါရမီရှိသည့် တစ်ဦးတစ်ယောက်အဖြစ် ဖြစ်ထွန်းလာခဲ့ကာ၊ ထိုသို့အားဖြင့် ဘုရားအိမ်တော်ထဲသို့ ပါရမီရှိသည့် လူတစ်ဦးကို ခေါ်ဆောင်လာခဲ့လျှင်၊ သင်သည် သင်၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးခဲ့လိမ့်မည် မဟုတ်လော။ ထိုသို့ဖြစ်လျှင် သင်သည် သင်၏တာဝန်ကို ဆောင်ရွက်ရာတွင် သစ္စာရှိခဲ့လိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ရှေ့တွင် ကောင်းမြတ်သော လုပ်ရပ်တစ်ခုဖြစ်ပြီး လူများ ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး ဖြစ်၏။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ဤကဲ့သို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အရည်အချင်း ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အသက်မွေးမှု အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်— သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သောအရာများ၌ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို စဉ်းစားခြင်းမရှိ သို့မဟုတ် သင်၏အကျိုးကို ထည့်သွင်းစဉ်းစားခြင်း မပြုသကဲ့သို့၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားပြီး၊ ယင်း၏ အကျိုးများကို စဉ်းစားနေကာ၊ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်သောအခါ၊ သင်သည် ဘုရားသခင်ရှေ့၌ ကောင်းသော အကျင့်များကို စုဆောင်းနေခြင်း ဖြစ်လိမ့်မည်။ ဤကောင်းသော လုပ်ဆောင်ချက်များ ရှိကြသောလူများသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သောသူများ ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် သက်သေခံကြပြီး ဖြစ်သည်။ အကယ်၍ သင်သည် သင်၏တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကိုသာ စဉ်ဆက်မပြတ် ဖြည့်ဆည်းရင်း၊ ဇာတိပကတိအားဖြင့်အမြဲ အသက်ရှင်နေပါက၊ ထိုသို့သော လူများသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းမရှိပေ။ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်သရေညှိုးခြင်း ဆောင်ကြဉ်းမှု၏ အမှတ်အသားဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

ဘုရားသခင်၏ အိမ်တော်သည် လူအမျိုးအစား အမျိုးမျိုးတို့ကို မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်သောအခါ ဤသည်မှာ ဘုရားသခင်၏ အိမ်တော်က လူသားမျိုးနွယ်၏ အနာဂတ်အတွက် စီမံချက်တစ်မျိုးမျိုးကို ပြုလုပ်နေသောကြောင့်ဖြစ်ရန် မဆိုထားဘိ၊ ဤအရာသည် အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်သော အံ့သြဖွယ်လက္ခဏာ တစ်မျိုးမျိုးကို ဖန်တီးရန်၊ သို့မဟုတ် လူသားတိုးတက်မှု သမိုင်းကို သုတေသနပြုရန်ပင် မဆိုလိုကြောင်း ဘုရားသခင်ရွေးကောက်ထားသူများက သိကြသည်။ သို့ဆိုလျှင် ဘုရားသခင်၏ အိမ်တော်က အမျိုးမျိုးသော ပါရမီရှင်များကို အဘယ်ကြောင့် မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်ရခြင်း ဖြစ်သနည်း။ (နိုင်ငံတော်၏ ဧဝံဂေလိတရား ဖြန့်ဝေရန် ပြုလုပ်ခြင်းဖြစ်ပါသည်။) (သမ္မာတရားကို လိုက်စားသောသူ အားလုံးအတွက် လေ့ကျင့်မှုအခွင့်အရေး ဖန်တီးပေးရန် ပြုလုပ်ခြင်းဖြစ်ပါသည်။) နှစ်ခုလုံး မှန်သည်။ တစ်စိတ်တစ်ဒေသအားဖြင့် ဤအရာက ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် ယင်းက လူတစ်ဦးချင်း၏ လေ့လာလိုက်စားမှုများနှင့် အသက်၌ ဝင်ရောက်မှုတို့ ပါဝင်သည်။ ဤအရာနှစ်ခုလုံးက ကျယ်ပြန့်သော အကြောင်းအရာများ ဖြစ်သည်။ အတိအကျဆိုရလျှင် ဘုရားသခင်၏ အိမ်တော်က လူတို့ကို မြှင့်တင်ပေးပြီး ပြုစုပျိုးထောင်သောအခါ ဤအရာက အဖွဲ့တစ်ခုကို ဦးဆောင်ရန်၊ သို့မဟုတ် ကြီးကြပ်သူအဖြစ် ဆောင်ရွက်ရန်၊ အသင်းတော်တစ်ပါး၊ သို့မဟုတ် ဒိစတြိတ်တစ်ပါး၏ ခေါင်းဆောင်သော်လည်းကောင်း၊ အဆုံးအဖြတ်ပေးသော ကော်မတီဝင်တစ်ဦးသော်လည်းကောင်း ဖြစ်လာရန် စသည်ဖြင့် လူတစ်ဦးကို မြှင့်တင်ပေးခြင်းနှင့် ပြုစုပျိုးထောင်ခြင်းဟူသော အပြင်ပန်းသဏ္ဌာန်ရှိသည်။ ဤသည်မှာ အရာရှိကဏ္ဍတစ်ခုအတွက် မြှင့်တင်ပေးခြင်းနှင့် တူညီသလော။ (မတူညီပါ။) မြှင့်တင်ခြင်းနှင့် ပြုစုပျိုးထောင်ခြင်းခံရသော သူတို့မှာ အလုပ်အမျိုးအစား အမျိုးမျိုးနှင့်ဆိုင်သော သတ်သတ်မှတ်မှတ်ဖြစ်သည့် စီမံကိန်းများ၊ သို့မဟုတ် လုပ်ငန်းများအတွက် တာဝန်ရှိသည်။ ဥပမာ၊ ဤအရာက ဧဝံဂေလိတရား ဖြန့်ဝေခြင်း၊ သို့မဟုတ် စာကို အခြေခံသောလုပ်ငန်း၊ သို့တည်းမဟုတ် အသင်းတော်အသက်တာနှင့် သက်ဆိုင်သောလုပ်ငန်း၊ သို့မဟုတ် အထွေထွေလုပ်ငန်း စသည်တို့ ဖြစ်နိုင်သည်။ သို့ဆိုလျှင် ထိုသူတို့က သတ်သတ်မှတ်မှတ်ဖြစ်သော လုပ်ငန်းကို မည်ကဲ့သို့ လုပ်ဆောင်ကြသနည်း။ သူတို့သည် ဘုရားသခင်၏ ပြဋ္ဌာန်းချက်များသာမက သူ၏နှုတ်ကပတ်တော်များထဲ၌ ပါဝင်သော သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ ထိုသို့လုပ်ဆောင်ကြသည်။ အလားတူပင် ထိုလူတို့သည် ဘုရားသခင်၏အိမ်တော်က သတ်မှတ်သော စံနှုန်းများနှင့် အခြေခံသဘောတရားများကို ပြည့်မီရန်အလို့ငှာ ၎င်း၏ လုပ်ငန်းအစီအမံများနှင့်အညီ အမျိုးမျိုးသော အလုပ်များကိုလည်း တာဝန်ယူကြသည်။ မြှင့်တင်ခြင်းနှင့် ပြုစုပျိုးထောင်ခြင်း ခံရသောသူတို့တွင် လုပ်ငန်းအမည်များ၊ သို့မဟုတ် တရားဝင်ရာထူးများ မရှိကြကြောင်းကို သူတို့တာဝန်ယူထားသည့် အလုပ်မှ တွေ့မြင်နိုင်သည်။ အမှန်မှာ သူတို့သည် တာဝန်များကို လက်ခံပြီး သီးခြားလုပ်ငန်းများ၊ သို့မဟုတ် အထူးပြုထားသော အလုပ်များကို တာဝန်ယူထားကြခြင်း ဖြစ်သည်။ သူတို့သည် သီးခြား တာဝန်ပေးစေခိုင်းချက်များကို လက်ခံခြင်းဖြစ်သည်၊ သို့မဟုတ် တာဝန်ခံခြင်း အတိုင်းအတာပါရှိသည့် အလုပ်တာဝန်များ၊ သို့မဟုတ် တာဝန်ဝတ္တရားများကို လက်ခံခြင်းဖြစ်သည်ဟုပင် ဆိုနိုင်သည်။ ဤသည်မှာ ပါရမီရှင်အမျိုးမျိုးကို မြှင့်တင်ခြင်းနှင့် ပြုစုပျိုးထောင်ခြင်း၏ တိကျသော အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့ကို မြှင့်တင်ပေးခြင်းနှင့် ပြုစုပျိုးထောင်ခြင်းတွင် သီးခြားလုပ်ငန်းများအား ထမ်းဆောင်စေရန် သူတို့ကို လေ့ကျင့်ပေးခြင်း၊ ဘုရားသခင့်အိမ်တော်၏ ပြဋ္ဌာန်းချက်များနှင့် လုပ်ငန်းအစီအမံများအရ အလုပ်တာဝန် အမျိုးမျိုးအား စနစ်တကျ လိုက်နာဆောင်ရွက်နိုင်စေရန် သူတို့ကို သင်ကြားပေးခြင်းနှင့် ဘုရားသခင့်အိမ်တော်၏ အမှုတော်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်သို့ဆောင်ရွက်ရမည်ကို သင်ယူရန် သူတို့ကို ပညာပေးခြင်းတို့ ပါဝင်လေသည်။ သူတို့ကို မြှင့်တင်ခြင်းနှင့် ပြုစုပျိုးထောင်ခြင်းတွင် အဓိပ္ပာယ်နောက်တစ်ဆင့် ရှိသည်မှာ အမှန်ပင်— တစ်ဖက်တွင် သူတို့သည် ဘုရားသခင့်အိမ်တော်၏ လုပ်ငန်းအစီအမံများအား အတူတကွ လုပ်ဆောင်ရာ၌ လူတိုင်းကို ဦးဆောင်သည်၊ အခြားတစ်ဖက်တွင် သူတို့တာဝန်ယူထားရသောသူ အားလုံးက ဘုရားသခင်ပြဋ္ဌာန်းသော အခြေခံသဘောတရားများထဲသို့ အတူတကွ ဝင်ရောက်ဖို့အတွက် ထိုသူတို့ကို ဦးဆောင်ရန် မိမိတို့၏ကိုယ်ပိုင် အတွေ့အကြုံ၊ အသိပညာ၊ ဆက်ကပ်မှုနှင့် တာဝန်သိစိတ်ကို အသုံးပြုကြခြင်း ဖြစ်လေသည်။ ဤသည်မှာ ပါရမီရှင်အမျိုးမျိုးကို မြှင့်တင်ပေးခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် ပတ်သက်သည့် သတ်သတ်မှတ်မှတ်ရှိသော အလုပ်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

မတူညီသော ဤပါရမီရှင်အမျိုးမျိုးတို့ကို အဓိပ္ပာယ်ဖွင့်ဆိုချက်များက အလွန်ကျယ်ပြန့်သည် မဟုတ်လော။ ပထမက လုပ်ငန်းအမျိုးမျိုးကို ကြီးကြပ်ကွပ်ကဲခိုင်း၍ရသော လူအမျိုးအစားဖြစ်သည်။ လုပ်ငန်းအမျိုးမျိုးကို ကြီးကြပ်ကွပ်ကဲ၍ရသောလူတို့ကို သတ်မှတ်ပေးသော စံနှုန်းများက အဘယ်နည်း။ အရေးအကြီးဆုံးမှာ သူတို့သည် သမ္မာတရားကို နားလည်သဘောပေါက်နိုင်ရမည်။ သမ္မာတရားကို နားလည်နိုင်သော အစွမ်းအစကို ပိုင်ဆိုင်ရမည်။ ဤအရာတို့မှာ အရေးကြီးဆုံးသော အရာများဖြစ်သည်။ ပို၍အတိအကျဆိုရလျှင် သူတို့သည် ဝိညာဉ်ရေးရာများကို နားလည်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကူအညီမပါဘဲ စားသောက်နိုင်ရမည်၊ သူ၏ နှုတ်ကပတ်တော်များထဲတွင် လက်တွေ့လုပ်ဆောင်ခြင်းအတွက် အခြေခံသဘောတရားများကို ရှာဖွေနိုင်ရမည်၊ ထို့ပြင် လူတို့အနေဖြင့် ကြုံနေရတတ်သည့် အမျိုးမျိုးသော အခြေအနေများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအားဖြင့် မြင်နိုင်ရမည်။ သူတို့သည် ကိုယ့်ဘာသာကိုယ် တွေ့ကြုံနိုင်ရမည်။ သူတို့သည် ပြဿနာတစ်ခုကို ကြုံတွေ့သောအခါ မိမိကိုယ်ကို ဆင်ခြင်တတ်ခြင်းနှင့် ဘုရားသခင်ချမှတ်သော ဝန်းကျင်များကို တွေ့ကြုံရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထုတ်သုံးပြီး မိမိသင်ယူသင့်သော သင်ခန်းစာများကို သင်ယူတတ်ခြင်း ရှိရမည်။ သမ္မာတရားကို နားလည်နိုင်သည့် အရည်အချင်းနှင့် အစွမ်းအစကို ပိုင်ဆိုင်ခြင်းမှာ ထိုသူတို့အား သတ်မှတ်ထားသော ပထမအချက်ဖြစ်သည်။ ထိုသို့သောလူတို့တွင် ကိုယ့်ကိုယ်ကိုယ်သိသောစိတ်နှင့် အသိတရားလည်း ရှိရမည်ဖြစ်ပြီး သူတို့၏ လူ့သဘာဝက ခါတိုင်းကဲ့သို့ စံချိန်မီရမည်မှာ အမှန်ပင်ဖြစ်သည်။ ဒုတိယအနေဖြင့် သူတို့သည် ဝန်တာစိတ်ထားရမည်။ အကယ်၍ သူတို့သည် အစွမ်းအစကောင်းသာ ရှိပြီး သမ္မာတရားကို နားလည်နိုင်စွမ်း ရှိသော်လည်း ပျင်းရိပြီး ဇာတိပကတိ ဇိမ်ခံဖွယ်ရာများကို တပ်မက်ပါက၊ အကယ်၍ သူတို့သည် အထက်က တောင်းဆိုထားသော၊ သို့မဟုတ် ညွှန်ပြထားသောအခါမှသာ အလုပ်လုပ်ကာ လုပ်ဆောင်သောအခါ၌လည်း ဟန်ဆောင်၍သာ လုပ်ပြပြီး အောက်ခြေအဆင့်၌ ပါဝင်ခဲသည်ဆိုပါက၊ ထို့ပြင် အကယ်၍ သူတို့သည် ဒုက္ခခံရန်၊ သို့မဟုတ် အဖိုးအခပေးရန် ဆန္ဒမရှိသည့်အပြင် ဝန်တာစိတ်မထားပါက ထိုသူတို့ကို ပြုစုပျိုးထောင်ပေးရန် လုံလောက်သော ပါရမီရှင်များဖြစ်သည်ဟု ယူဆနိုင်သလော။ (မယူဆနိုင်ပါ။) ဤသို့ဆိုလျှင် ဤအရာမှာ ဒုတိယသတ်မှတ်ချက် ဖြစ်သည်— ထိုသို့သောလူတို့က ဝန်တာစိတ်ထားရမည် ဖြစ်သည်။ တတိယအချက်မှာ သူတို့သည် လုပ်ငန်း၌ ကျွမ်းကျင်ရမည်။ တစ်နည်းဆိုရလျှင် ဘုရားသခင့်အိမ်တော်၏ လုပ်ငန်းအစီအမံများနှင့်အညီ အလုပ်ကို လိုက်နာဆောင်ရွက်ခြင်းအပြင် သူတို့သည် သီးခြားအလုပ်တစ်ခုကို လုပ်ဆောင်ရာတွင် ပြဿနာများကို ဖော်ထုတ်ပြီး ချက်ချင်း ဖြေရှင်းနိုင်ရမည်။ သူတို့သည် အလုပ်ကို ထိထိရောက်ရောက် နက်နက်နဲနဲ ထမ်းဆောင်ရမည်ဖြစ်ပြီး လျော့ရိလျော့ရဲ မထမ်းဆောင်ရ။ ထို့ပြင် သူတို့သည် ဘုရားသခင့်အိမ်တော်၏ လုပ်ငန်းအစီအမံများထဲ၌ မည်သည့်အလုပ်အား လုပ်ဆောင်သင့်သည်ကိုလည်း သတ်မှတ်ပိုင်းခြားနိုင်ရမည်သာမက ထိုလုပ်ငန်းအစီအမံများကိုလည်း အသုံးချကာ မှန်ကန်တိကျစွာ ပြီးမြောက်နိုင်ရမည်။ အကယ်၍ သူတို့သည် သီးခြားအလုပ်တာဝန်တစ်ခုကို ထမ်းဆောင်နေစဉ် ပြဿနာတစ်ခုကို တွေ့ရှိပါက ဘုရားသခင့်အိမ်တော်၏ လုပ်ငန်အစီအမံများဆိုင်ရာ စည်းမျဉ်းများကို ကိုးကား၍ ကိုင်တွယ်ဖြေရှင်းနိုင်ရမည်။ သူတို့သည် တစ်စုံတစ်ရာသော အမှုအရာများနှင့် အခြေအနေများကို ၎င်းတို့ တကယ်ဖြစ်သည့်အတိုင်း ထိုးထွင်းသိမြင်နိုင်ရမည်ဖြစ်ပြီး ယင်းကိုအခြေခံ၍ မှန်ကန်တိကျသော ဆုံးဖြတ်ချက်ကိုချကာ မှန်ကန်သော ဖြေရှင်းချက်ကို ပေးစွမ်းနိုင်ရမည် ဖြစ်သည်။ မိမိအလုပ်၌ ကျွမ်းကျင်မှုရှိခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုသည်။ မိမိအလုပ်၌ ကျွမ်းကျင်မှုရှိခြင်းဟူသည်မှာ လုပ်ငန်း၏ အဓိကအချက်များကို သဘောပေါက်နိုင်ခြင်း၊ ပြဿနာများကို ချက်ချင်းဖော်ထုတ်နိုင်ခြင်းနှင့် အခြေခံသဘောတရားများနှင့်အညီ ဤပြဿနာများကို ဖြေရှင်းခြင်းကို အဓိကရည်ညွှန်းသည်— တစ်နည်းအားဖြင့် ကိုယ့်ခြေနှစ်ချောင်းအပေါ် ကိုယ်ရပ်တည်နိုင်ခြင်း ဖြစ်သည်။ အထက်က အလုပ်တာဝန်တစ်ခုကို လက်ဆင့်ကမ်းလာပြီး အခြေခံသဘောတရားအချို့ကိုလည်း ဆက်သွယ်အသိပေးထားပြီးသည့်အခါ ဤလူတို့သည် အခြေခံသဘောတရားများကို သဘောပေါက်ပြီး ၎င်းတို့နှင့်အညီ ထိုအလုပ်ကို ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။ သူတို့သည် လွဲချော်မှုများစွာ၊ သို့မဟုတ် လစ်ဟာမှုများစွာ မရှိဘဲ ဆောင်ရွက်နည်းအမှန်ကို အခြေခံအားဖြင့် လိုက်နိုင်ရမည်။ ကျွမ်းကျင်မှုရှိခြင်းဆိုသည်မှာ ဤအရာကို ဆိုလို၏။ သာဓကတစ်ခုမှာ ဤသို့ဖြစ်သည်— ဘုရားသခင်၏အိမ်တော်က အခြေခံသဘောတရားနှင့်အညီ လူတို့ကို သန့်စင်ပြီး နှင်ထုတ်ရန်နှင့် အန္တိခရစ်များနှင့် ဆိုးယုတ်သောသူတို့ကို ဖော်ထုတ်ရန် တောင်းဆိုသောအခါ ကျွမ်းကျင်မှုရှိသော လူအမျိုးအစားက ဤအလုပ်တာဝန်ကို လုပ်ဆောင်ရာတွင် အခြေခံအားဖြင့် လွဲချော်မှုမရှိကြပေ။ အန္တိခရစ်တစ်ဦး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ထုတ်ဖော်ခံရရန်နှင့် နှင်ထုတ်ခံရရန် မကြာတတ်ပေ။ ကျွမ်းကျင်မှုရှိသော သူတို့သည် အန္တိခရစ်တစ်ဦးကို လျင်မြန်စွာ ဖော်ထုတ်နိုင်သည့်အပြင် ထိုသူကို ဖော်ထုတ်ရန်နှင့် ထိုသူ၏ အလှည့်ဖြားမခံရရန်လည်း ညီအစ်ကိုမောင်နှမများကို ကူညီနိုင်လေသည်။ အတူတကွဆိုလျှင် လူတိုင်းသည် အန္တိခရစ်ကို ဖော်ထုတ်ပြီး ကျောခိုင်းနိုင်ကာ နောက်ဆုံးတွင် ထိုအန္တိခရစ်ကို နှင်ထုတ်ရာ၌ အောင်မြင်နိုင်သည်။ ကျွမ်းကျင်သောလူတို့သည် သူတို့၏ လုပ်ငန်းနယ်ပယ်ထဲ၌ အန္တိခရစ်များ၊ သို့မဟုတ် ဆိုးယုတ်သောသူများကို ကြုံတွေ့သောအခါ အနည်းဆုံး ကိုးဆယ့်ငါးရာခိုင်နှုန်းသော သူတို့၏ညီအစ်ကိုမောင်နှမများက အလှည့်ဖြားခံရခြင်း၊ သို့မဟုတ် အလွှမ်းမိုးခံရခြင်းသို့ မရောက်ပေ။ တစ်ခါတစ်ရံ တစ်ဦးတစ်ယောက်မျှပင် အလှည့်ဖြားမခံရ၊ သို့မဟုတ် လမ်းလွှဲမခံရပေ။ ဤသည်မှာ အစွမ်းအစကောင်းရှိပြီး မိမိတို့အလုပ်တွင် ကျွမ်းကျင်သောလူတို့ ဖြစ်သည့်ပုံစံပင် ဖြစ်သည်။ ထိုသို့သောလူတို့မှာ သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်လာရန် စံချိန်မီကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

မည်သည့်အရာကိုမျှ အထူးတလည်ထူးချွန်မှုမရှိခြင်း ဖြစ်နိုင်သည့် လူအမျိုးအစားတစ်မျိုးရှိသည်— ၎င်းတို့သည် အနည်းငယ် ရေးသားနိုင်သည်၊ ၎င်းတို့သီချင်းဆိုသောအခါ၊ သို့မဟုတ် သီချင်းတစ်ပုဒ်ကို အသံသွင်းသောအခါ တီးလုံးနှင့်ကိုက်အောင်ဆိုနိုင်သည်၊ သို့သော် ဤအရာတို့တွင် ၎င်းတို့သည် အကျွမ်းကျင်ဆုံးမဟုတ်ပေ။ မည်သည့်အရာတွင် ၎င်းတို့အကျွမ်းကျင်ဆုံးဖြစ်သနည်း။ ၎င်းတို့၌ အစွမ်းအစအနည်းငယ်ရှိသည်၊ တရားမျှတမှုအသိစိတ် အနည်းငယ်ရှိသည်၊ လူတို့ကို မည်သို့အကဲဖြတ်ပြီး အသုံးပြုရမည်နှင့်ပတ်သက်၍ အမြင်အနည်းငယ်ရှိသည်။ ဤအရာတို့အပြင် ၎င်းတို့၏ အဓိကအားသာချက်သည် စည်းရုံးရေးအရည်အချင်းဖြစ်သည်။ ဤကဲ့သို့သောသူတစ်ယောက်အား တာဝန်၊ သို့မဟုတ် အလုပ်တစ်ခုပေးလျှင် ၎င်းတို့သည် လူတို့ကို လုပ်ဆောင်ရန် စည်းရုံးနိုင်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ၎င်းတို့၏အလုပ်ကို လုပ်နိုင်စွမ်းရှိသည်။ ၎င်းတို့အား အလုပ်တစ်ခုပေးလျှင် ထိုအလုပ်ကို ပြီးမြောက်အောင်လုပ်ဆောင်ပြီး သင့်လျော်စွာ ပြီးမြောက်ရန် သေချာပြုလုပ်နိုင်သည့် အရည်အချင်း ၎င်းတို့၌ ရှိသည်။ ၎င်းတို့သည် စိတ်ထဲတွင် အဆင့်များနှင့် အစီအစဉ်တကျ တိုးတက်မှုများပါရှိသည့် အစီအစဉ်တစ်ခု အစဉ်ရှိနေသည်။ လူတို့ကို မည်သို့အသုံးပြုရမည်၊ အချိန်ကို မည်သို့ခွဲဝေသတ်မှတ်ရမည်၊ မည်သည့်တာဝန်အတွက် မည်သူ့ကိုအသုံးပြုရမည်တို့ကို ၎င်းတို့သိသည်။ ပြဿနာတစ်ခုပေါ်လာလျှင် ဖြေရှင်းနည်းကို လူတိုင်းနှင့် မည်သို့ဆွေးနွေးရမည်ကို ၎င်းတို့သိသည်။ ဤအရာအားလုံးတို့ကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ၎င်းတို့သိသည်။ ဤကဲ့သို့သောသူတစ်ယောက်သည် သူ၏အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိရုံမကဘဲ အတော်အတန် ကောင်းမွန်စွာ စကားပြောဆိုနိုင်သည်။ ၎င်းတို့၏စကားများသည် ရှင်းလင်းပြီး အစီအစဉ်ကျသည်။ လူတို့ကို စိတ်မရှုပ်ထွေးစေပေ။ အလုပ်ကို ၎င်းတို့ခွဲဝေပေးသောအခါ တစ်ယောက်ချင်းစီက မည်သည့်အရာ လုပ်ဆောင်သင့်သည်ဆိုသည်ကို လူတိုင်းက ရှင်းရှင်းလင်းလင်း နားလည်ကြသည်။ မမြင်နိုင်ဘဲ သတိမပြုမိခြင်းများမရှိ၊ မည်သူကမျှ အလဟဿ အချိန်ဖြုန်းနေခြင်း မရှိပေ။ အလုပ်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များအပေါ် ၎င်းတို့၏ ရှင်းပြချက်သည် ရှင်းလင်းပြီး အစီအစဉ်ကျသည်။ အထူးရှုပ်ထွေးသော အရေးကိစ္စများအတွက် ၎င်းတို့သည် အရေးကိစ္စကို လူတိုင်းနားလည်စေသည့်၊ အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကို လူတိုင်းအား သိစေပြီး မည်သို့ရှေ့ဆက်လုပ်ဆောင်ရမည်ကို လူတိုင်းအား သိစေသည့် စိစစ်ချက်များ၊ မိတ်သဟာယပြုချက်နှင့် အသေးစိတ်ဥပမာများကို ပေးသည်။ ဤအရာတို့အပြင် ၎င်းတို့သည် မည်သည့်လုပ်ဆောင်မှုနည်းလမ်းများက ချို့ယွင်းမှုရှိနိုင်သည်၊ မတူညီသည့် လုပ်ဆောင်ပုံနည်းလမ်းများက ထိရောက်မှုအပေါ် မည်သို့လွှမ်းမိုးမှုရှိသည်၊ အလုပ်လုပ်စဉ်တွင် လူတို့သည် မည်သည့်အရာကို သတိပြုသင့်သည် အစရှိသည်တို့ကို မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့သည် အလုပ်စတင်မလုပ်ဆောင်မီတွင် သူတစ်ပါးတို့ထက်ပို၍ စဉ်းစားကြသည်— သူတစ်ပါးတို့ထက်ပို၍ အသေးစိတ်ကျကျ စဉ်းစားကြသည်။ သူတစ်ပါးတို့ထက်ပို၍ လက်တွေ့ကျကျ စဉ်းစားကြသည်။ ၎င်းတို့၌ ဦးနှောက်ရှိပြီး ၎င်းတို့သည် ဤနယ်ပယ်တွင် စကားပြောကောင်းကြသည်။ ၎င်းတို့တွင် ဦးနှောက်ရှိသည်ဆိုသည်မှာ ၎င်းတို့သည် အမှုအရာများကို အစီအစဉ်တကျပြုလုပ်ထားသော ပုံစံဖြင့် လုပ်ဆောင်သည်၊ အစီအစဉ်ကျသော အဆင့်များနှင့် လုပ်ဆောင်ပြီး အစီအစဉ်နှင့်အညီလုပ်ဆောင်သည်၊ အလွန်ပင် ရှင်းလင်းပြတ်သားစွာ လုပ်ဆောင်သည်ဟု ဆိုလိုသည်။ ၎င်းတို့က စကားပြောကောင်းသည်ဆိုသည်မှာ ၎င်းတို့သည် ၎င်းတို့စိတ်အတွင်းရှိ အတွေးများ၊ အစီအစဉ်များ၊ တွက်ချက်မှုများကို ရှင်းရှင်းလင်းလင်းနှင့် နားလည်လွယ်အောင် ဖော်ပြရန်အတွက် ဘာသာစကားကို အသုံးပြုနိုင်သည်ဟု ဆိုလိုသည်။ ၎င်းတို့သည် နားထောင်သူများ စိတ်မရှုပ်ထွေးစေရန် ရိုးရိုးရှင်းရှင်းနှင့် ကျစ်လျစ်ပြည့်စုံစွာ မည်သို့ပြောဆိုရမည်ကို သိသည်။ ရှင်းလင်း၊ တိကျ၊ မှန်ကန်ကာ သင့်လျော်သည့် ဝေါဟာရများဖြင့် ၎င်းတို့က မိမိတို့ကိုယ်ကို ဖော်ပြကြသည်။ ဤသည်မှာ စကားပြောကောင်းသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဤကဲ့သို့သောသူတစ်ယောက်သည် စကားပြောကောင်း၏၊ အလုပ်လုပ်နိုင်သည့် အရည်အချင်းရှိ၏၊ စီစဉ်စည်းရုံးနိုင်သည့် အရည်အချင်းရှိ၏၊ ဤအရာတို့အပြင် တာဝန်ခံယူမှုအသိစိတ်၊ တရားမျှတမှုအသိစိတ်လည်းရှိ၏။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူ၊ သို့မဟုတ် မဖြစ်ဖြစ်သည့်နည်းဖြင့် ငြိမ်းချမ်းရေးယူသူ မဟုတ်ပေ။ အနှောင့်အယှက်များဖြစ်ပေါ်စေသည့် ကောက်ကျစ်သောသူများ၊ သို့မဟုတ် ကောက်ကျစ်ခြင်းနှင့် လှည့်စားခြင်းတို့ဖြင့် ရပ်တည်နေကြသည့် အချောင်နှိုက်သမားများနှင့် ပျင်းရိသူများ၊ သို့မဟုတ် မိမိအလုပ်ကို လျစ်လျူရှုသည့် ထင်ရာမြင်ရာပြုလုပ်ပြီး သိမ်ဖျင်းသောသူမျိုးတို့ကို ၎င်းတို့မြင်တွေ့သောအခါ ၎င်းတို့သည် စိတ်ဆိုးကြသည်။ ယင်းက ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ၎င်းတို့သည် ပြဿနာကို မဆိုင်းမတွ ဖြေရှင်းလိမ့်မည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားကို ကာကွယ်လိမ့်မည်။ ဤအပြုအမူတို့သည် ဤကဲ့သို့သောသူ၏ လူ့သဘာဝနှင့်သက်ဆိုင်သော ထင်ရှားပေါ်လွင်သည့် လက္ခဏာများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သောလူတို့သည် အပေါင်းအသင်းများချင်မှ များနိုင်လိမ့်မည်၊ သို့မဟုတ် သီးခြားတာဝန်၊ သို့မဟုတ် နည်းပညာတစ်ခုခုတွင် တတ်ကျွမ်းချင်မှ တတ်ကျွမ်းနိုင်မည်။ သို့သော် ငါယခုဖော်ပြခဲ့သော အရည်အချင်းများကို ၎င်းတို့ပိုင်ဆိုင်လျှင် ၎င်းတို့ကို ခေါင်းဆောင်များ၊ အမှုဆောင်များအဖြစ် ပျိုးထောင်ပေးနိုင်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၆)” မှ

မြှင့်တင်ပေးခြင်းနှင့် ပြုစုပျိုးထောင်ခြင်းကို ခံရနိုင်သော အခြားလူအမျိုးအစားမှာ အထူးပင်ကိုစွမ်းရည်များ၊ သို့မဟုတ် ပါရမီများကို ပိုင်ဆိုင်ပြီး ကျွမ်းကျင်မှုတစ်ခုခုကိုဖြစ်စေ၊ စွမ်းရည်တစ်ခုခုကိုဖြစ်စေ တတ်မြောက်ထားသောသူများ ဖြစ်သည်။ ထိုသို့သောလူတို့အပေါ် ဘုရားသခင်၏အိမ်တော်က သတ်မှတ်ထားသော စံနှုန်းမှာ အဘယ်နည်း။ ပထမအနေဖြင့် ဤလူအမျိုးအစား၏ လူ့သဘာဝနှင့်ပတ်သက်၍ ဤလူတို့သည် အပြုသဘောဆောင်သော အရာများ၌ အတော်ပင် စိတ်ဓာတ်ပြင်းပြမှု ရှိရမည်။ သူတို့သည် ဆိုးယုတ်သောလူများ မဖြစ်ရပေ။ “သူတို့အား သမ္မာတရားကို ချစ်မြတ်နိုးသောသူများ ဖြစ်သည်ဟု အဘယ်ကြောင့် မပြောသနည်း” ဟု လူအချို့က မေးကောင်းမေးကြမည်။ သမ္မာတရားကို ချစ်မြတ်နိုးပါရန် ထိုသို့သောလူတို့ကို တောင်းဆိုခြင်းက တစ်ဆိတ်လွန်လွန်းသည်။ စွမ်းရည်တချို့၊ သို့မဟုတ် အလုပ်တာဝန်တချို့၌ ကျွမ်းကျင်မှုရှိပြီး အားသာချက်တချို့ရှိသော ဤလူတို့အတွက်မူ ဘုရားသခင်၏အိမ်တော်၌ ကျွမ်းကျင်မှုနှင့်အတူ အကျွမ်းတဝင်ရှိခြင်း အနည်းငယ်လိုအပ်ပြီး သူတို့၏ အတတ်ပညာနှင့် ဆက်နွှယ်သောအလုပ်ကို လုပ်ဆောင်သောအခါ သူတို့သည် ဆိုးယုတ်ခြင်းမရှိ၊ သူတို့၏ သိနားလည်မှုတွင် အမှားအယွင်းမရှိဘဲ၊ သို့မဟုတ် အဓိပ္ပာယ်မဲ့ မဖြစ်ဘဲ၊ အတော်ပင် ဖြောင့်မှန်မှုရှိကာ အခက်အခဲကို ကြံ့ကြံ့ခံနိုင်စွမ်းနှင့် အဖိုးအခ ပေးလိုစိတ် ရှိဖို့သာလိုသည်။ ထို့ကြောင့် ထိုသို့သောလူများအတွက် ပထမဆုံးသတ်မှတ်ချက်မှာ သူတို့သည် အပြုသဘောဆောင်သော အရာများနှင့်ပတ်သက်၍ အတော်ပင် စိတ်ပါဝင်စားရမည် ဖြစ်သည်။ လူတချို့က “ထိုသို့ဆိုလျှင် သူတို့၏ သမ္မာတရား နားလည်နိုင်စွမ်းကို မြင့်မားသည်ဟု ယူဆနိုင်သလော။ သူတို့သည် သမ္မာတရားကို နာယူပြီးနောက် သမ္မာတရားစစ်မှန်မှုအတွက် နိုးကြားနိုင်သလော။ သမ္မာတရား စစ်မှန်မှုထဲသို့ သူတို့ဝင်ရောက်နိုင်သလော” ဟု မေးကောင်းမေးကြမည်။ ထိုသို့ပြုလုပ်ရန် မသတ်မှတ်ထားပေ။ ထိုသို့သောလူတို့သည် သူတို့၏ သမ္မာတရားသိနားလည်ခြင်း၌ မမှားရ၊ သို့မဟုတ် အဓိပ္ပာယ်မဲ့ မဖြစ်ရ၊ ထိုမျှသာဖြစ်သည်။ ထိုသို့သောလူတို့ အလုပ်လုပ်သောအခါ၌ အကျိုးကျေးဇူးတစ်ခုမှာ— သူတို့က အနှောင့်အယှက်များ ဖြစ်ပွားစေရန်၊ သို့မဟုတ် ရယ်ဖွယ်ကောင်းသော အရာတစ်ခုခု ပြုလုပ်ရန် အလားအလာမရှိခြင်းဖြစ်သည်။ သရုပ်ဆောင်တို့၏ ဝတ်စုံအရောင်ကို ဥပမာယူလော့— ဘုရားသခင်၏ အသင်းတော်သည် ဤအရာအတွက် သတ်မှတ်ချက်များကို အကြိမ်ကြိမ်ထုတ်ပြန်ပြီး သက်ဆိုင်သော အခြေခံသဘောတရားများအကြောင်း မိတ်သဟာယပြုခဲ့ပြီဖြစ်သည်၊ သို့သော် မိမိတို့အား ပြောသည့်အရာကို လုံးဝ နားမလည်သောသူများ၊ မိမိတို့ကြားသည့်အရာကို သဘောမပေါက်ကြသူများ၊ နားလည်နိုင်စွမ်း မရှိသောသူများ၊ ဘုရားသခင့်အိမ်တော်၏ သတ်မှတ်ချက်များအတွင်းရှိ အခြေခံသဘောတရားများကို ရှာမတွေ့နိုင်သော၊ နောက်ဆုံးတွင် အကုန်လုံး မီးခိုးရောင်ဝတ်စုံများကို ရွေးချယ်ကြသော သူများလည်း ရှိကြသေးသည်။ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော သိနားလည်မှုရှိခြင်းမှာ ဤအရာကို ဆိုလိုသည်။ ထိုသို့ဆိုလျှင် အပြုသဘောဆောင်သော အရာများ၌ အတော်ပင် စိတ်ဓာတ်ပြင်းပြမှုရှိခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက မှန်ကန်သော နှုတ်ကပတ်တော်များနှင့် အမှုအရာများ၊ စစ်မှန်သော သိနားလည်မှု၊ အကျိုးကျေးဇူးရှိသော ဖော်ပြချက်များနှင့် အခြေခံသဘောတရားများအား သဘောပေါက် လက်ခံလွယ်ခြင်းကို ဆိုလိုသည်။ ဤအရာများကို ကျင့်ကြံလုပ်ဆောင်နိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သူတို့သည် အတွင်းစိတ်၌ ဖီဆန်ခြင်း၊ သို့မဟုတ် ခုခံခြင်း မရှိရပေ။ ထိုသို့သော လူတို့မှာ သင့်တင့်လျောက်ပတ်သော လူတို့ဖြစ်သည်။ သင့်တင့်လျောက်ပတ်သော လူတို့ကို မည်ကဲ့သို့ ဖော်ပြရသနည်း။ သူတို့သည် မယုံကြည်သူများ ကျူးလွန်သည့် ဆိုးယုတ်ခြင်းကိုသာမက လူတို့လိုက်စားသည့် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကိုလည်း မနှစ်သက်ခြင်း၊ ရွံရှာခြင်းနှင့် စက်ဆုပ်ခြင်းတို့ကို ခံစားရသည်။ ဥပမာ၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းကို နှစ်သက်ကြည်နူးသောသူတို့က အမျိုးသမီးတစ်ဦးသည် လက်ထပ်ရန်၊ သို့မဟုတ် အပျော်မယားလုပ်ရန် ချမ်းသာသောလူတစ်ဦးကို ရှာသင့်သည်ဟု ထောက်ခံသောအခါ အပြုသဘောဆောင်သော အရာများကို မြတ်နိုးသောသူတို့က “အကယ်၍ ကျွန်ုပ်သည် လက်ထပ်ရန် တစ်စုံတစ်ဦးကို ရှာမတွေ့လျှင်သော်မှ၊ ကျွန်ုပ်သည် ဆင်းရဲ၍ သေသွားလျှင်သော်မှ ထိုသို့သော လူတစ်ဦးဦးကဲ့သို့ လုံးဝ ပြုမူမည်မဟုတ်” ဟု ဆိုလျက် ရွံရှာခြင်းကို ခံစားကြရသည်။ သူတို့သည် ထိုသို့သောလူတို့ကို မထီမဲ့မြင်ပြုပြီး အထင်သေးကြ၏။ အပြုသဘောဆောင်သော အရာများကို နှစ်သက်သောလူတို့၏ လက္ခဏာတစ်ခုမှာ သူတို့သည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို မုန်းတီးဖွယ်နှင့် ရွံရှာဖွယ်ကောင်းသည်ဟု ရှုမြင်ကြခြင်းဖြစ်ပြီး ထိုခေတ်ရေစီးကြောင်းမျိုး၌ မိနေသောသူတို့ကို စက်ဆုပ်ရွံရှာကြခြင်းဖြစ်သည်။ ဤလူတို့သည် အတော်ပင် သင့်တင့်လျောက်ပတ်၏။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် လူကောင်းတစ်ဦးဖြစ်ခြင်း၊ မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်း၊ မကောင်းသောအကျင့်ကို ရှောင်ခြင်းနှင့် လောက၏ ဆိုးယုတ်သော အမူအကျင့်အားလုံးကို ရှောင်ခြင်းတို့အကြောင်း ပြောဆိုကြသည့်အခါ သူတို့သည် ဤအရာမှာ ကောင်းသောအရာတစ်ခု ဖြစ်သည်ဟု အတွင်းစိတ်၌ ခံစားကြသည်။ သူတို့အနေဖြင့် ဤလမ်းကြောင်းပေါ် ခြေချနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ပြီး မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းရန်အတွက် သူတို့၏ရည်မှန်းချက်က အဘယ်မျှ ကြီးမားသည်ဖြစ်စေ အချုပ်အားဖြင့်ဆိုရလျှင် သူတို့သည် အလင်းထဲ၌ အသက်ရှင်ရန်နှင့် ဖြောင့်မတ်ခြင်း ကြီးစိုးသောနေရာ၌ နေထိုင်ရန် အတွင်းစိတ်ထဲ၌ တောင့်တကြသည်။ ထိုသို့သော လူတို့သည် သင့်တင့်လျောက်ပတ်ပြီး သင့်တင့်လျောက်ပတ်သော လူတို့သည် အပြုသဘောဆောင်သော အရာများ၌ အတော်ပင် စိတ်ဓာတ်ပြင်းပြသော လူအမျိုးအစား ဖြစ်သည်။ ဘုရားသခင့်အိမ်တော်၏ မြှင့်တင်ပေးခြင်းနှင့် ပြုစုပျိုးထောင်ခြင်းခံရမည့် သူတို့သည် အနည်းဆုံး ဤလူသားအရည်အသွေးကို ပိုင်ဆိုင်ရမည် ဖြစ်သည်။

ဒုတိယသတ်မှတ်ချက်က ထိုသို့သောလူတို့သည် အခက်အခဲကို ခံစားပြီး အဖိုးအခပေးနိုင်ရမည်ဟူသည့် စံနှုန်းကို အသုံးပြုသည်။ ဆိုလိုသည်မှာ အကြောင်းတရားများ၊ သို့မဟုတ် သူတို့စိတ်ဓာတ်ပြင်းပြသည့် အလုပ်နှင့် ပတ်သက်လာလျှင် သူတို့၏ တစ်ကိုယ်ရေ အလိုဆန္ဒများကို ဘေးဖယ်ထားပြီး ဇာတိပကတိ၏ သာယာမှုများ၊ သို့မဟုတ် သက်သောင့်သက်သာရှိသော ဘဝပုံစံကို ဘေးဖယ်ထားနိုင်ကြကာ သူတို့ကိုယ်ပိုင် အနာဂတ်တက်လမ်းကိုပင် စွန့်လွှတ်နိုင်ကြသည်။ ထို့ပြင် အခက်အခဲအနည်းငယ်၊ သို့မဟုတ် ပင်ပန်းမှုအနည်းငယ် ခံစားရခြင်းက သူတို့အတွက် ကိစ္စမရှိချေ။ သူတို့သည် အဓိပ္ပာယ်ရှိသော၊ မှန်ကန်သည်ဟု သူတို့ယူဆသော အရာတစ်ခုကို လုပ်နေရသရွေ့ ရုပ်ပိုင်းဆိုင်ရာ သာယာမှုများနှင့် အကျိုးအမြတ်များကို ဝမ်းမြောက်ဝမ်းသာ စွန့်လွှတ်ကြသည်၊ သို့မဟုတ် အနည်းဆုံး ထိုသို့ပြုရန် စိတ်ဆန္ဒဖြစ်စေ၊ ရည်မှန်းချက်ဖြစ်စေ ရှိကြသည်။ လူတချို့က “တစ်ခါတစ်ရံ ထိုလူသည် ဇာတိပကတိ ဇိမ်ခံစရာများကို တပ်မက်သေးသည်— သူသည် နောက်ကျမှ အိပ်ယာထချင်သည်၊ သို့မဟုတ် အစားကောင်း စားချင်သည်။ တစ်ခါတစ်ရံ လျှောက်သွားရန်၊ သို့မဟုတ် ပေါက်ကရလုပ်ရန် အပြင်ထွက်ချင်သည်၊ သို့သော် များသောအားဖြင့် သူသည် အခက်အခဲကို ခံစားပြီး အဖိုးအခပေးနိုင်သည်။ တစ်ခါတစ်ရံ သူ၏ စိတ်နေစိတ်ထားက ထိုအတွေးမျိုးသို့ ပို့ဆောင်ခြင်းသာ ဖြစ်သည်။ ဤအရာကို ပြဿနာဟု ယူဆမည်လော” ဟု ပြောကြသည်။ မယူဆပေ။ သူတို့ကို သီးသန့်အခြေအနေများမှလွဲ၍ ဇာတိပကတိ၏ သာယာမှုများကို လုံးလုံးလျားလျား ဘေးဖယ်ထားရမည်ဟု တောင်းဆိုလျှင် လွန်ရာကျမည်ဖြစ်သည်။ ယေဘုယျအားဖြင့် သင်သည် ထိုသူတို့အား လုပ်ဆောင်ရန် လုပ်ငန်းတစ်ခုကို ပေးသောအခါ ယင်းက လုပ်ငန်းကြီးတစ်ခု ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူတို့လုပ်ချင်သောအရာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင့်အနေဖြင့် ထိုလုပ်ငန်းကို သူတို့အား တာဝန်ပေးစေခိုင်းသရွေ့ သူတို့တာဝန်ယူရမည့် အခက်အခဲက မည်မျှကြီးမားသည်ဖြစ်စေ၊ မည်သည့်အဖိုးအခကို သူတို့ပေးရမည်ဖြစ်စေ၊ ထို့ပြင် လုပ်ငန်းက မည်မျှခက်ခဲသည်ဖြစ်စေ ယင်းကို သူတို့ကောင်းမွန်စွာ လုပ်ဆောင်မည်မှာ ဧကန်မလွဲဖြစ်သောကြောင့် သူတို့ကို စောင့်ကြည့်နေစရာ မလိုပေ။ ထိုသို့သော လူတို့ကိုလည်း သင့်တင့်လျောက်ပတ်သည်ဟု ယူဆနိုင်သည်။ အခက်အခဲကို ခံနိုင်စွမ်းနှင့် အဖိုးအခပေးနိုင်စွမ်းမှာ သင့်တင့်လျောက်ပတ်သော လူတို့၏ နောက်ထပ်သရုပ်သကန် ဖြစ်သည်။ အခက်အခဲကို ခံနိုင်ခြင်းနှင့် အဖိုးအခပေးနိုင်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက လူ့အဖွဲ့အစည်းထဲရှိ အစားကြူးပြီး အချောင်ခိုသော၊ အားလပ်ချိန်ကို မြတ်နိုးပြီး အားထုတ်မှုကို ရွံရှာသော ငပျင်းများ မဖြစ်နေခြင်းကို ဆိုလိုသည်— ထိုသို့သောလူတို့သည် သင့်တင့်လျောက်ပတ်မှု မရှိပေ။ အခက်အခဲကို ခံနိုင်စွမ်းနှင့် အဖိုးအခပေးနိုင်စွမ်း— ဤအရာမှာ ဘုရားသခင့်အိမ်တော်၏ မြှင့်တင်ပေးခြင်းနှင့် ပြုစုပျိုးထောင်ခြင်းကို ခံရသည့် လူအမျိုးအစား၏ သရုပ်သကန်တစ်ခုသာမက လက္ခဏာတစ်ခုလည်း ဖြစ်လေသည်။

တတိယအချက်မှာ မိမိ၏သိနားလည်မှု၌ မှန်ကန်တိကျမှုရှိခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာယူထားပြီးနောက် အနည်းဆုံးအနေဖြင့် ထိုနှုတ်ကပတ်တော်များက မည်သည့်အရာအား ရည်ညွှန်းသည်ကို သိပြီး မည်သည့်အရာအား ပြောနေသည်ကို သဘောပေါက်နိုင်ကာ ယင်းကို လိုရာမဆွဲဘဲ နားလည်သည်။ ဥပမာ၊ သူတို့သည် သင်က အပြာရောင်ဟု ဆိုသောအရာကို အနက်ရောင်ဟုသော်လည်းကောင်း၊ သင်က မီးခိုးရောင်ဟု ဆိုသောအရာကို ခရမ်းဖျော့ရောင်ဟုသော်လည်းကောင်း နားလည်မည် မဟုတ်ချေ။ ဤသည်မှာ မရှိမဖြစ်လိုအပ်သော အနိမ့်ဆုံးအဆင့်ပင် ဖြစ်သည်။

စတုတ္ထအားဖြင့် ထိုသို့သောလူတို့သည် ဆိုးယုတ်ခြင်း မရှိရပေ။ ဤအရာကို နားလည်ရန် လွယ်ကူသလော။ ဆိုးယုတ်မှု မရှိခြင်းက အနည်းဆုံး အချက်တစ်ခုကို ဆိုလိုသည်— ဘုရားသခင်၏ အိမ်တော်က သူတို့အား ခိုင်းထားသောအရာကို အောင်မြင်ရန် ပျက်ကွက်သည်တွင်၊ သို့မဟုတ် ယင်းကို မမှန်မကန် လုပ်ဆောင်ထားပြီးနောက်၌ ထိုသို့သောလူတို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသောအခါ ကျိုးနွံနိုင်စွမ်းနှင့် နာခံနိုင်စွမ်း ရှိကြသေးသည်။ သူတို့သည် အပျက်သဘောနှင့် အယူအဆများကို မဖြန့်ဝေကြသည့်အပြင် မခုခံတတ်ကြပေ။ ထိုမျှမက မည်သည့်အဖွဲ့၌ သူတို့ရှိနေသည်ဖြစ်စေ သူတို့သည် လူအများစုနှင့် အဆင်ပြေပြီး သူတို့နှင့်အတူ သဟဇာတကျကျ အလုပ်လုပ်နိုင်ကြသည်။ လူတစ်ဦးက မနှစ်မြို့ဖွယ်ကောင်းသော အရာတစ်ခုခုကို ပြောလျှင်ပင် သူတို့က စိတ်ရှည်သည်းခံတတ်ပြီး ခပ်ပေါ့ပေါ့ သဘောထားတတ်သည်။ အကယ်၍ လူတစ်ဦးက သူ့တို့ကို အနိုင်ကျင့်ရန် ကြိုးစားပါက ဤပုဂ္ဂိုလ်ဆိုးရွားသည်ကို သိလျှင်သိချင်း မပတ်သက်မိအောင် ရှောင်ပြီးလျှင် သူ့ကို အပြစ်မပေးဘဲ နေနိုင်စွမ်းရှိကြသည်။ ထိုသို့သောလူတို့ကို မာယာကင်းသည်ဟု မခေါ်နိုင်သော်လည်း အနည်းဆုံးအားဖြင့် အခြားသူများကို အပြစ်ပေးရန်၊ သို့မဟုတ် လုံးပါးပါးစေရန် သူတို့မကြိုးစားကြပေ။ ထို့ပြင် ထိုသို့သောလူတို့က မိမိတို့ကိုယ်ပိုင် နိုင်ငံတော်ကို ထူထောင်ရန်၊ ဘုရားသခင်၏အိမ်တော်နှင့် ဆန့်ကျင်လျက် ပြုမူရန်၊ ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို ဖြန့်ဝေရန် မကြိုးစားကြပေ၊ သို့မဟုတ် ဘုရားသခင်အပေါ် ဝေဖန်တိကပြုရန်၊ သို့မဟုတ် ဖျက်လိုဖျက်ဆီး တစ်ခုခုကို ပြုလုပ်ရန်ဖြစ်စေ၊ အနှောင့်အယှက်များကို ဖြစ်ပွားစေရန်ဖြစ်စေ မကြိုးစားကြချေ။

အထက်ပါလေးချက်သည် အချို့သော အားသာချက်များရှိပြီး စွမ်းရည်များနှင့် အတတ်ပညာတစ်ခုကို နားလည်သောလူတို့အား မြှင့်တင်ပေးခြင်းနှင့် ပြုစုပျိုးထောင်ခြင်းအတွက် အခြေခံကျသော စံချိန်စံညွှန်းများ ဖြစ်သည်။ ဤစံချိန်စံညွှန်းလေးချက် ပြည့်မီသရွေ့ သူတို့သည် ထိုထိုသောတာဝန်များကို လက်ခံဆောင်ရွက်ရန်နှင့် ထိုထိုသောလုပ်ငန်းများကို သင့်တော်သောပုံစံဖြင့် ထမ်းဆောင်ရန် အခြေခံအားဖြင့် အရည်အချင်းပြည့်မီလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

အရည်အချင်းတစ်ခုခုကို ပိုင်ဆိုင်ခြင်းမရှိသော၊ သို့မဟုတ် အထူးကျွမ်းကျင်မှုသော်လည်းကောင်း၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများသော်လည်းကောင်း မရှိသော၊ ၎င်း၏အလုပ်တွင် အဆင့်မြင့်နည်းပညာတစ်ခုမျှမပါဝင်သော အခြားလူအမျိုးအစားတစ်ခုလည်းရှိသည်။ ဤလူတို့သည် အသင်းတော်တွင် အချို့သော ပုံမှန်လုပ်ရိုးလုပ်စဉ်အလုပ်ကို ထမ်းဆောင်ကြပြီး အသင်းတော်အလုပ်နှင့် တိုက်ရိုက်မသက်ဆိုင်သော အချို့အမှုကိစ္စများကို ကိုင်တွယ်ကြသည်။ ၎င်းတို့သည် လုပ်ရိုးလုပ်စဉ်အလုပ်များကို ဆောင်ရွက်သည့် လူအမျိုးအစားဖြစ်သည်။ ဤသို့သောသူများအတွက် ဘုရားအိမ်တော်၏ အဓိကသတ်မှတ်ချက်မှာ အဘယ်နည်း။ အားလုံးတွင် အရေးပါဆုံးအရာမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်သည်၊ ဘုရားအိမ်တော်ကို အထိခိုက်ခံလျက် ပြင်ပလူများကို မကူညီ၊ ပြင်ပလူများကို မျက်နှာချိုသွေးရန်အတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်းလမ်းစဉ်ဖြင့် မလုပ်ဆောင်ပေ။ ဤအရာတို့ပင် ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝသည် မည်သို့ရှိပါစေ­၊ ၎င်းတို့သည် ရေပန်းစား လူပေါင်းဆံ့သူသော်လည်းကောင်း၊ လူ့မလိုင်သော်လည်းကောင်း ဖြစ်နေပါစေ၊ သို့မဟုတ် အံ့မခန်းသော ပင်ကိုအရည်အချင်းရှိသူတစ်ဦးဦး ဖြစ်နေပါစေ ပြင်ပလောကနှင့် ဆက်စပ်မှုရှိသည့် အချို့သော အထူးကျွမ်းကျင်မှုဆိုင်ရာ တာဝန်များ၊ သို့မဟုတ် အရေးကိစ္စများကို ဘုရားသခင်၏ အိမ်တော်အတွက် ထမ်းဆောင်သောအခါတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ၎င်းတို့ကာကွယ်နိုင်သင့်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားတွင် မည်သည့်အရာတို့ ပါဝင်သနည်း။ ငွေကြေး၊ ဝတ္ထုပစ္စည်း၊ ဘုရားသခင်၏အိမ်တော်နှင့် အသင်းတော်၏ ဂုဏ်သတင်း၊ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံမှုတို့ ပါဝင်သည်။ ဤအရာတစ်ခုစီတိုင်းသည် အလွန်အရေးကြီး၏။ ဤအရာကို ရယူနိုင်စွမ်းရှိသောသူ မည်သူမဆိုသည် လူ့သဘာဝကို ပိုင်ဆိုင်ပြီး လုံလုံလောက်လောက် တည်ကြည်ဖြောင့်မတ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားသောသူတစ်ယောက် ဖြစ်သည်။ လူအချို့မှာ ကောက်ကျစ်သော လူ့သဘာဝရှိသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်နိုင်သလော။ (မကာကွယ်နိုင်ပါ။) ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ရန် များစွာလုပ်ဆောင်သော်လည်း ကောက်ကျစ်သော လူ့သဘာဝရှိနေသူများ ရှိသလော။ (မရှိပါ။) ထို့ကြောင့် တစ်စုံတစ်ယောက်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို အမှန်တကယ် ကာကွယ်နိုင်လျှင် ၎င်းတို့၌ ကောင်းမွန်သည့် စရိုက်လက္ခဏာနှင့် လူ့သဘာဝရှိသည်ဟု အာမခံနိုင်သည်။ ဤသည်မှာ မမှားယွင်းနိုင်ပေ။ တစ်စုံတစ်ယောက်သည် ဘုရားသခင်၏အိမ်တော်ကို ကိုယ်စားပြုဆောင်ရွက်စဉ်တွင် ဘုရားအိမ်တော်ကို အထိခိုက်ခံလျက် ပြင်ပလူများကို ကူညီကာ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို သစ္စာဖောက်လျှင်၊ ဘုရားအိမ်တော်အပေါ်တွင် ကြီးမားသော စီးပွားရေးနှင့် ဝတ္ထုပစ္စည်းဆုံးရှုံးမှုများကိုသာ ဖြစ်စေရုံမျှမကဘဲ ဘုရားသခင်၏ အိမ်တော်နှင့် အသင်းတော်၏ ဂုဏ်သတင်းကိုလည်း အလွန်အမင်း ထိခိုက်ပျက်စီးစေလျှင် ဤသူသည် ကောင်းသောသူဖြစ်သလော။ ဤသို့သောသူတို့သည် အစဉ်သဖြင့် ဒုက္ခပေးသောသူများဖြစ်ကြသည်။ ဘုရားသခင်၏ အိမ်တော်သည် ဝတ္ထုပစ္စည်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုများ မည်မျှခံရသည်ကို ၎င်းတို့ဂရုမစိုက်ပေ။ ၎င်းတို့အတွက် အရေးပါဆုံးအရာမှာ ၎င်းတို့လက်ဆောင်များပို့သော၊ ညှိနှိုင်းဆွေးနွေးချိန်တွင် လိုက်လျောမှုများကိုပင် ၎င်းတို့အဆက်မပြတ်ပြုလုပ်ပေးသော မယုံကြည်သူများကို မျက်နှာချိုသွေးခြင်း၊ ၎င်းတို့ကိုယ်တိုင်ကျေနပ်သလို အမှုအရာများကို လုပ်ဆောင်ခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားအတွက် ကြိုးပမ်းလုပ်ဆောင်ရန် စိတ်တွင် မပေါ်ခြင်းတို့ဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့သည် အလုပ်ကို မည်သို့ပြီးမြောက်စေခဲ့ပုံနှင့် ဘုရားသခင်၏အိမ်တော်က ဆုံးရှုံးမှုများကို မခံရစေရန် ၎င်းတို့မည်သို့တားဆီးခဲ့ပုံတို့ကို ပြောဆိုလျက် ဘုရားသခင်၏အိမ်တော်အပေါ် လိမ်ညာကြသည်— အမှန်တကယ်တွင်မူ ဘုရားသခင်၏ အိမ်တော်သည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး မယုံကြည်သူများ၏ အလွန်အမင်း အသုံးချခြင်းကို ခံခဲ့ရ၏။ အခြေအနေတိုင်းတွင် လူတစ်ယောက်သည် ပြင်ပကိစ္စရပ်များကို ကိုင်တွယ်ရာ၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်နိုင်သည်ဆိုလျှင် ဤသူသည် လူကောင်းတစ်ယောက်ဖြစ်သလော။ ဤသို့ဆိုလျှင် ဤကဲ့သို့သောသူမျိုးသည် ဘုရားသခင်၏အိမ်တော်ရှိ အခြားမည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိဘဲ ဤပုံမှန်လုပ်ရိုးလုပ်စဉ် အလုပ်အမျိုးအစားအတွက်သာ သင့်တော်သည်ဆိုပါက ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်က ရာထူးတိုးမြှင့်ပေးခြင်းကို ခံရသလော။ (ခံရပါသည်။) အရည်အချင်းရှိသည့်အပြင် ဘုရားသခင်၏အိမ်တော်က သတ်မှတ်ထားသော အခြေခံစည်းမျဉ်းများနှင့်အညီ ၎င်းတို့၏အလုပ်ကို ဆောင်ရွက်နိုင်ရုံသာမကဘဲ ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုလည်း ကာကွယ်နိုင်လျှင် ၎င်းတို့သည် လက်သင့်ခံနိုင်သည့် စံနှုန်းရှိပြီး ထိုကဲ့သို့သောသူများသည် ရာထူးတိုးမြှင့်ပေးခြင်း ခံရသင့်သည်။ အခြားတစ်ဖက်တွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်သောသူများ၊ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေပြီး ဘုရားအိမ်တော်နှင့် အသင်းတော်၏ ဂုဏ်သတင်းအပေါ် ကောင်းကျိုးမပေးသော သက်ရောက်မှုများနှင့် အကျိုးဆက်များ ဖြစ်ပေါ်စေသောသူများ— ဤကဲ့သို့သောသူတို့ကို ရာထူးတိုးမြှင့်ပေးခြင်း၊ သို့မဟုတ် ပျိုးထောင်ပေးခြင်း မပြုလုပ်ရ။ ၎င်းတို့ကို အသုံးပြုထားလျှင် အလျင်အမြန် လူစားလဲရမည်။ ပုံမှန်လုပ်ရိုးလုပ်စဉ်အလုပ်ကို လုပ်ဆောင်နိုင်သောသူတို့သည် အထူးကျွမ်းကျင်သော အရည်အချင်းရှိသူ အမျိုးအစားဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

အခြားလူအမျိုးအစားတစ်ခုရှိသည်— ထုတ်ပယ်ခံရသောသူများဖြစ်သည်။ အချို့လူတို့သည် လွန်ကျူးသောအပြုအမူကြောင့်၊ အန္တိခရစ်များဖြစ်သောကြောင့် ထုတ်ပယ်ခံရသည်။ အခြားလူတို့မှာ အတွေ့အကြုံမရှိသည့်အပြင် အလုပ်မလုပ်နိုင်သောကြောင့် ထုတ်ပယ်ခံရသည်။ အခြားလူများသည် ခေါင်းဆောင်ဖြစ်ရန်အတွက် ၎င်းတို့၏ အစွမ်းအစမှာ ညံ့ဖျင်းလွန်းသောကြောင့်၊ ၎င်းတို့၌ လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့်လည်း ထုတ်ပယ်ခံရသည်။ ထုတ်ပယ်ခံရသောသူများကို ကျိုးကြောင်းသင့်စွာဖြင့် ပြန်လည်နေရာချထားရန်ဖြစ်ပြီး စီရင်ရန်၊ သို့မဟုတ် ကန့်သတ်ရန်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့တတ်နိုင်သမျှ လုပ်ဆောင်ရမည်ဖြစ်ပြီး သင့်တော်သည့်အတိုင်း ကိုင်တွယ်ခြင်းခံရမည်ဖြစ်သည်။ ၎င်းတို့၏ အလွန်အကျွံညံ့ဖျင်းသော အစွမ်းအစကြောင့် ထုတ်ပယ်ခံရသောလူများသည် ခေါင်းဆောင်များအဖြစ်၊ သို့မဟုတ် အမှုဆောင်များအဖြစ်၊ သို့မဟုတ် ကြီးကြပ်သူများအဖြစ် နောက်တစ်ဖန် ရွေးချယ်ခံရနိုင်သလော။ (မခံရနိုင်ပါ။) အဘယ့်ကြောင့် မခံရနိုင်သနည်း။ စမ်းသပ်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဖော်ထုတ်ခြင်းခံရပြီး ထိုးထွင်းသိမြင်ခံရပြီးဖြစ်သည်။ ထိုကဲ့သို့သောသူတို့၏ အစွမ်းအစနှင့် အလုပ်အရည်အချင်းတို့သည် ခေါင်းဆောင်ဖြစ်ခြင်းတာဝန်နှင့် မသင့်တော်ပေ။ ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် မသင့်တော်လျှင် ဤသည်မှာ ၎င်းတို့သည် အခြားမည်သည့်အရာနှင့်မျှ မသင့်တော်ဟု အဓိပ္ပာယ်ရသလော။ ထိုသို့လည်း မဟုတ်ပေ။ ၎င်းတို့၏ အစွမ်းအစသည် ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် ညံ့ဖျင်းလွန်းနေသော်လည်း အခြားသောအရာများကို ၎င်းတို့လုပ်ဆောင်နိုင်လျှင် ဆိုးဝါးသော လူ့သဘာဝကြောင့် ရာထူးတိုးခြင်းမှ ပိတ်ပင်ခံရခြင်းကဲ့သို့သော အခြားပြဿနာများမရှိသရွေ့ ၎င်းတို့လုပ်ဆောင်ရန်သင့်တော်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သင့်သည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးကို ဖယ်ရှားပစ်ခြင်း မခံရသင့်ပေ။ ၎င်းတို့ကို အသုံးပြု၍ ရနိုင်ဆဲဖြစ်သည်။ အချို့လူတို့သည် အလုပ်လုပ်ရန် အရည်အချင်းမရှိသောကြောင့်၊ သို့မဟုတ် အသင်းတော်အလုပ်ကို ယခင်က မလုပ်ဆောင်ဖူးသောကြောင့်၊ သို့မဟုတ် ကျင့်သားမရနေသောကြောင့်၊ အလုပ်ကို အချိန်အတော်ကြာ လုပ်ဆောင်ပြီးသော်လည်း လမ်းပျောက်နေပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိသောကြောင့် ထုတ်ပယ်ခြင်း ခံရသည်။ သို့မဟုတ် ၎င်းတို့သည် အလွန်ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသောကြောင့် အလုပ်ကို တာဝန်မယူနိုင်ဖြစ်ကာ အဆုံးတွင် ထုတ်ပယ်ခံရသည်။ ဤကဲ့သို့သောသူတို့အတွက် နေရာရှိသည်။ ၎င်းတို့၏ အစွမ်းအစသည် လုံလောက်မှုရှိလျှင် ၎င်းတို့ကို အလွယ်တကူ အဆင့်လျှော့ချနိုင်သည်၊ သို့မဟုတ် ၎င်းတို့နှင့် သင့်လျော်သည့်အရာ တစ်စုံတစ်ခုကို လုပ်ကိုင်ခိုင်းနိုင်သည်။ သမ္မာတရားအပေါ် ၎င်းတို့၏ နားလည်မှုသည် ရှင်းလင်းလာသောအခါ၊ ၎င်းတို့သည် အသင်းတော်အလုပ်နှင့် ထိတွေ့မှုအနည်းငယ်ရှိပြီး ယင်းအလုပ်၌ အတွေ့အကြုံအနည်းငယ်ရှိသောအခါ ထိုကဲ့သို့သောသူတို့ကို ၎င်းတို့၏ အစွမ်းအစအပေါ် အခြေခံကာ ရာထူးတိုးမြှင့်နိုင်ပြီး ပျိုးထောင်ပေးနိုင်သည်။

မည်သို့သောလူအမျိုးအစားက ထုတ်ပယ်ခြင်းခံရပြီးနောက် တစ်ဖန် ရာထူးတိုးမြှင့်ပေး၍ မရနိုင်သနည်း။ တစ်မျိုးမှာ အန္တိခရစ်များဖြစ်ပြီး အခြားတစ်မျိုးမှာ အစွမ်းအစ အလွန်အမင်းနိမ့်ကျလွန်းသောသူများဖြစ်သည်။ တတိယတစ်မျိုးမှာ အန္တိခရစ်များမဟုတ်သော်လည်း ၎င်းတို့၏ လူ့သဘာဝက နိမ့်ကျသော၊ တစ်ကိုယ်ကောင်းဆန်သော၊ သို့မဟုတ် လှည့်စားတတ်သော၊ ပျင်းရိနိုင်သော၊ သို့မဟုတ် ဇာတိပကတိဆိုင်ရာ သက်သာမှုကို မက်မောပြီး ပင်ပန်းသောအလုပ်ကို မခံနိုင်သောသူများဖြစ်သည်။ ထိုကဲ့သို့သောသူတို့သည် အစွမ်းအစကောင်းသောသူများဖြစ်လျှင်ပင် နောက်တစ်ဖန် ရာထူးတိုးမြှင့်ပေးခြင်း မခံရနိုင်ပေ။ လုပ်ဆောင်ရန်အတွက် ၎င်းတို့အစွမ်းအစရှိသည်မှာ မည်သည့်အရာပင်ဖြစ်နေပါစေ ယင်းမှာ ၎င်းတို့လုပ်သင့်သည့်အရာဖြစ်သည်။ သင့်တော်သော စီစဉ်မှုများကို ပြုလုပ်နိုင်သည်— သို့သော် ၎င်းတို့သည် နောက်တစ်ဖန် ခေါင်းဆောင်များ၊ သို့မဟုတ် အမှုဆောင်များမဖြစ်နိုင်ပေ။ အလုပ်လုပ်ရန် အရည်အချင်းနှင့် အစွမ်းအစရှိခြင်းအပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်ကို လက်ခံဆောင်ရွက်နိုင်စွမ်းရှိရန်၊ ကြိုးစားလုပ်ဆောင်ပြီး ဒုက္ခခံနိုင်စွမ်းရှိရန် လိုအပ်သည်။ ၎င်းတို့သည် လုံ့လဝီရိယရှိရမည်၊ မပျင်းရိရ။ ၎င်းတို့သည် အတော်အတန် ရိုးသားဖြောင့်မတ်ရမည်ဖြစ်ပြီး အလွန်အမင်း ဉာဏ်များ၍ မရ။ လှည့်ဖြားလွန်းသော၊ သို့မဟုတ် ဉာဏ်များလွန်းသောသူတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများအပေါ်၊ ၎င်းတို့၏ အထက်လူကြီးများအပေါ်၊ ဘုရားအိမ်တော်အပေါ် အစဉ် လျှို့ဝှက်ကြံစည်ခြင်းများဖြင့် အဆုံးသတ်သည်။ မရိုးသားသောအတွေးများကိုသာ တွေးလျက်ဖြင့် ၎င်းတို့၏ နေ့ရက်များကို ကုန်ဆုံးစေကြသည်။ ဤကဲ့သို့သောသူတစ်ယောက်နှင့် ဆက်ဆံသည့်အခါတွင် ၎င်းတို့သည် အမှန်တကယ်တွင် မည်သည့်အရာ စဉ်းစားနေသည်ကို အစဉ်သဖြင့် သင်ခန့်မှန်းနေရသည်၊ ၎င်းတို့သည် အချိန်တိုင်းတွင် မည်သည့်အရာ လုပ်ဆောင်နေသည်ကို သင်သိနေမှရသည်၊ ထို့ပြင် ၎င်းတို့ကို အစဉ်သဖြင့် သင်စောင့်ကြည့်နေရသည်။ ၎င်းတို့ကို အသုံးပြုရခြင်းသည် ပင်ပန်းလွန်းလှ၏။ ဤကဲ့သို့သောသူမျိုးသည် တာဝန်များကို ထမ်းဆောင်ရန် ရာထူးတိုးခြင်းခံရလျှင် အယူဝါဒအနည်းငယ်ကို နားလည်သည်ဆိုလျှင်ပင် ၎င်းတို့သည် ယင်းကို လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ၊ ၎င်းတို့လုပ်ဆောင်သည့် အလုပ်တစ်ခုစီတိုင်းအတွက် အကျိုးအမြတ်များ၊ ဆုလာဘ်များကို မျှော်လင့်လိမ့်မည်။ ဤသို့သောသူတို့ကို အသုံးပြုခြင်းသည် ပင်ပန်းလွန်းပြီး ဒုက္ခများလွန်း၏။ ထို့ကြောင့် ဤသူတို့သည် ရာထူးတိုးမြှင့်ခြင်း မခံရနိုင်ပေ။ ထို့ကြောင့် အန္တိခရစ်များ၊ အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစရှိသူများ၊ မကောင်းသော လူ့သဘာဝရှိသူများ၊ ပျင်းရိသူများ၊ ဇာတိပကတိဆိုင်ရာ သက်သာမှုကို ရှာသောသူများ၊ ပင်ပန်းသောအလုပ်ကို မခံနိုင်သူများ၊ ဉာဏ်များကာ လှည့်စားတတ်သောသူများ— ဤလူအမျိုးအစားများသည် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရသည်နှင့် တစ်ပြိုင်နက် ဒုတိယအကြိမ် ရာထူးတိုးမြှင့်ခြင်းကို ခံစားခွင့်မရှိပေ။ ၎င်းတို့ကို ထိုးထွင်းသိမြင်ပြီးသောအခါ နောက်တစ်ဖန် မမှန်မကန် အသုံးမပြုတော့နှင့်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၆)” မှ

သမ္မာတရားကို နားလည်နိုင်စွမ်းရှိသော၊ ဝန်တာရှိသော၊ ၎င်းတို့၏အလုပ်တွင် ကျွမ်းကျင်မှုရှိသောသူတို့ကို ဘုရားသခင်၏အိမ်တော်က အဘယ်ကြောင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လျက်၊ တရားဒေသနာများကို နားထောင်လျက်၊ အသင်းတော်အသက်တာကို ရှင်သန်လျက်၊ ညီအစ်ကိုမောင်နှမများနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားပြီး သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်လျက် သာမန်ညီအစ်ကိုမောင်နှမများအဖြစ် ၎င်းတို့ကို နေခွင့်ပြုရန်အတွက် အောက်တွင်ရှိသောသူများနှင့်အတူ သမ္မာတရားကို ပုံမှန်လိုက်စားခွင့်ပြုခြင်းသည် မလုံလောက်သလော။ ၎င်းတို့ကို ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်ရန်အတွက် အဘယ့်ကြောင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးရသနည်း။ တစ်စုံတစ်ယောက်သည် သမ္မာတရားကို နားလည်နိုင်သည့် အရည်အချင်းရှိပြီး အလုပ်တွင် ကျွမ်းကျင်မှုရှိကာ ဝန်တာရှိသောအခါတွင် ၎င်းတို့ကို သာမန်ယုံကြည်သူတစ်ယောက်အဖြစ် ထားပြီး မည်သည့်ဝန်ထုတ်ဝန်ပိုးကိုမျှ မပေးလျှင် ၎င်းတို့၏ တိုးတက်မှုသည် နှေးကွေး၏။ မတူညီသည့်လူများ၊ အရေးကိစ္စများ၊ အမှုအရာများကို ပိုင်းခြားသိမြင်ရာတွင် ၎င်းတို့အခက်တွေ့ကြ၏။ ထို့ပြင် သမ္မာတရားကို ရရှိရန်လည်း ၎င်းတို့အတွက် ခက်ခဲ၏။ ဤကဲ့သို့သောသူများသည် ရာထူးတိုးမြှင့်ခြင်းခံရလျှင်၊ အလုပ်၏ အချို့သောနေရာတွင် ဦးဆောင်သူအဖြစ် ထားခံရလျှင်၊ သို့မဟုတ် ခေါင်းဆောင်အဖြစ်သော်လည်းကောင်း၊ အမှုဆောင်တစ်ယောက်အဖြစ်သော်လည်းကောင်း ပြုလုပ်ခံရပြီး ဝန်တာပေးခံရလျှင် တစ်ဖက်တွင် ၎င်းတို့သည် ၎င်းတို့၏ အားသာချက်များကို အကောင်းဆုံးအသုံးချရန်၊ ပို၍များသော လူများကို ကူညီရန်နှင့် ပို၍များသော လူတို့ကို ၎င်းတို့ကဲ့သို့ဖြစ်ရန် လမ်းပြပေးဖို့ အခွင့်အလမ်းရပြီး သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဖြစ်နိုင်သမျှ အမြန်ဆုံး ဝင်ရောက်ကြလိမ့်မည်။ အခြားတစ်ဖက်တွင် ၎င်းတို့ကိုယ်တိုင်အတွက် ပေးအပ်ခံရသော ဝန်တာက ကြီးမားလေလေ၊ အလုပ်ကို ပို၍လုပ်ဆောင်လေလေဖြစ်ပြီး ၎င်းတို့အလုပ်၏ နယ်ပယ်က ပို၍ကျယ်ပြန့်လေလေ ဖြစ်လိမ့်မည်— ဤသို့ဆိုလျှင် ၎င်းတို့၏ အတွေ့အကြုံသည်လည်း သိသာထင်ရှားစွာ တိုးမြှင့်လာလိမ့်မည်။ ယင်းမှာ မိခင်တစ်ယောက်ကဲ့သို့ဖြစ်ပြီး ကလေးတစ်ယောက်ကဲ့သို့ဖြစ်သည်။ ကလေးတစ်ယောက်သည် ဘဝ၏ အသေးအဖွဲများ၊ ဘဝ၏ နေ့စဉ်လိုအပ်ချက်များကို မသိပေ။ ၎င်းတို့သည် မည်သည့်အသက်အရွယ်ရှိပါစေ မိခင်တစ်ယောက်ဖြစ်ခြင်း၏ ဆင်းရဲဒုက္ခကို မည်သည့်အခါမျှ သိမည်မဟုတ်သကဲ့သို့ မိခင်တစ်ယောက်ကြုံတွေ့ရသည့် ထိုအရာများကိုလည်း မည်သည့်အခါမျှ နားလည်နိုင်မည်မဟုတ်ပေ။ သို့တိုင်အောင် ကလေးတစ်ယောက်သည် မိခင်တစ်ယောက်ဖြစ်လာပြီး ဘဝထံမှ ကာကွယ်ပေးခြင်း မခံရသည်နှင့်တစ်ပြိုင်နက် သူ၏ အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှုများတွင် ပို၍ ရင့်ကျက်လာသည်။ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်တစ်ယောက်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခြင်းခံရသောအခါ ၎င်းတို့သည် ပိုမိုများပြားသော ဝန်တာကို ပေးအပ်ခြင်းခံရပြီး အပင်ပန်းခံရန် သင်ယူရသည်။ မည်သည့်အရာနှင့်ပတ်သက်ပြီး အပင်ပန်းခံရသနည်း။ မတူညီသောလူအမျိုးအစားများကို ခွဲခြားဖော်ထုတ်နည်း၊ မတူညီသောလူအမျိုးအစားများကို ပံ့ပိုးထောက်ပံ့နည်း၊ မတူညီသောလူများ၏ အခြေအနေများကို ပိုင်းခြားသိမြင်နည်း၊ မတူညီသောလူများကို သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရာ၌ ကူညီနည်းတို့ကို ၎င်းတို့သင်ယူရသည်။ ထို့ပြင် မတူညီသောလူများ၏ အခက်အခဲများ၊ အလုပ်လုပ်စဉ်တွင် ကြုံတွေ့ရသည့် အမျိုးမျိုးသော စိန်ခေါ်မှုများကို ဖြေရှင်းခြင်းကိုလည်း ၎င်းတို့လေ့ကျင့်ရသည်။ ဤနည်းလမ်းဖြင့် ၎င်းတို့သည် ဖြည်းဖြည်းနှင့်မှန်မှန် ဘုရားသခင်၏ ထပ်တူညီမှုရှိသော နှုတ်ကပတ်တော်များကို ပိုပို၍ စားသောက်ကာ သမ္မာတရား စစ်မှန်မှုများသို့ ပိုပို၍ ဝင်ရောက်လာနိုင်ပြီး ဘုရားသခင်ချထားပေးသော အခြေအနေများကို သူတစ်ပါးတို့ထက် ပို၍ ကြီးမားသောအတိုင်းအတာအထိ ပို၍ ကြုံတွေ့ရသည်။ ဤသည်မှာ ဤကျွမ်းကျင်မှုများကို လေ့ကျင့်ရန် အခွင့်အလမ်းတစ်ခုဟုတ်သလော၊ မဟုတ်သလော။ လူတို့သည် ဤကဲ့သို့သော အခွင့်အလမ်းများကို ပို၍ရရှိလေ၊ ပို၍လျင်မြန်စွာ တိုးတက်လေဖြစ်ပြီး ထိုးထွင်းသိမြင်မှုများကို ပို၍ရရှိကာ ၎င်းတို့၏ အတွေ့အကြုံသည် ပို၍ကျယ်ပြန့်လေဖြစ်သည်။ သို့သော် ၎င်းတို့သည် ဤအလုပ်ကို မလုပ်ဆောင်လျှင် ၎င်းတို့ကိုယ်တိုင်၏ တစ်ကိုယ်ရေအတွေ့အကြုံများ၊ ၎င်းတို့ကိုယ်တိုင်၏ တစ်ဦးချင်း ဖြစ်တည်မှု၊ တစ်ဦးချင်း အခြေအနေများ၊ တစ်ဦးချင်း ဖောက်ပြန်ပျက်စီးမှုတို့နှင့်သာ ထိတွေ့ရ၏— အားလုံးမှာ တစ်ကိုယ်ရေဆိုင်ရာများသာဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်ဖြစ်လာသည်နှင့် ပိုမိုများပြားသော လူများ၊ ဖြစ်ရပ်များ၊ အခြေအနေများကို ကြုံတွေ့ရသည်။ ဤအရာတို့သည် သမ္မာတရား အခြေခံသဘောတရားများကို ရှာဖွေရန်အတွက် ဘုရားသခင်ရှေ့သို့လာရောက်ရန် ၎င်းတို့ကို တိုက်တွန်းပေးသည်။ ၎င်းတို့အတွက် ဤလူများ၊ အကြောင်းကိစ္စများ၊ အမှုအရာများသည် ဝန်တာဖြစ်လာပြီး သမ္မာတရားစစ်မှန်မှုအတွင်းသို့ ၎င်းတို့၏ ဝင်ရောက်မှုအတွက် အလွန်ပင် အထောက်အပံ့ဖြစ်သော အခြေအနေများကိုလည်း ဖန်တီးပေးရာ ယင်းသည် ကောင်းမွန်၏။ ထို့ကြောင့် သာမန်လူပုဂ္ဂိုလ်နှင့် ခေါင်းဆောင်တို့နှစ်ဦးလုံးသည် အစွမ်းအစ၊ ဝန်တာထားစိတ်နှင့် အလုပ်၌ ကျွမ်းကျင်မှုတို့ ပိုင်ဆိုင်ကြရာတွင် သာမန်လူပုဂ္ဂိုလ်၏ ဝင်ရောက်မှုမှာ နှေးကွေးပြီး ခေါင်းဆောင်၏ ဝင်ရောက်မှုမှာ ပို၍မြန်ဆန်သည်။ တစ်ဦးတစ်ယောက်အတွက် သမ္မာတရားစစ်မှန်မှုသို့ လျင်မြန်စွာ ဝင်ရောက်ခြင်းက ကောင်းမွန်သလော၊ သို့မဟုတ် နှေးကွေးစွာ ဝင်ရောက်ခြင်းက ကောင်းမွန်သလော။ (လျင်မြန်စွာဝင်ရောက်ခြင်းက ကောင်းမွန်ပါသည်။) ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ဆန္ဒမရှိခြင်းမဖြစ်လျှင် ဘုရားသခင်၏ အိမ်တော်သည် ၎င်းတို့ကို ရာထူးတိုးမြှင့်ပေးခြင်းအားဖြင့် ထိုကဲ့သို့သောသူများအတွက် ခြွင်းချက်ထားပေးသည်။ သာမန်အခြေအနေများတွင် ဘုရားသခင်အပေါ် လူတစ်ယောက်၏ ယုံကြည်မှုတွင် အခြေခံအုတ်မြစ်တစ်ခုရှိသရွေ့၊ ထို့ပြင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်ရန် အရည်အချင်းသတ်မှတ်ချက်နှင့် ၎င်းတို့ကိုက်ညီသရွေ့ ၎င်းတို့သည် ရာထူးတိုးပြီး ပျိုးထောင်ခြင်းခံရကာ ခေါင်းဆောင်နေရာကို ပေးအပ်ခြင်းခံရမည်မှာ မေးခွန်းထုတ်စရာမလိုပေ။ ထိုအချိန်ကာလအတွင်းတွင် ၎င်းတို့သည် မတူညီသောအလုပ်များကို မည်သို့သင့်လျော်စွာ ဆောင်ရွက်ပြီး အောင်မြင်အောင် မည်သို့ပြုလုပ်ရမည်ကို သင်ကြားပေးခြင်းခံရမည်။ သင်ကြားသည့် အချိန်ကာလအတွင်းတွင် ပျိုးထောင်ခြင်းခံရသောသူသည် မတူညီသောလူအမျိုးအစားများကို ကိုင်တွယ်ခြင်း၊ မတူညီသောပြဿနာများကို ဖြေရှင်းခြင်း၊ ၎င်းတို့ကြုံတွေ့ရသည့် အခြေအနေအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းခြင်းတို့အတွက် အခြေခံသဘောတရားများကို နားလည်လာလိမ့်မည်။ ဤကဲ့သို့သောရရှိမှုများကို သာမန်ယုံကြည်သူများ မကြုံတွေ့ရပေ။ ဤသို့ဆိုလျှင် ဤအမြင်ရှုထောင့်မှကြည့်လျှင် ဘုရားသခင်၏အိမ်တော်သည် တစ်စုံတစ်ယောက်ကို ရာထူးတိုးပြီး ပျိုးထောင်ပေးသောအခါတွင် ယင်းသည် ကောင်းသောအရာဖြစ်သလော၊ သို့မဟုတ် ဆိုးသောအရာဖြစ်သလော။ ယင်းသည် ၎င်းတို့အတွက် အကျိုးအမြတ်ဖြစ်သလော၊ သို့မဟုတ် ၎င်းတို့အပေါ်တွင် အဓမ္မပေးအပ်သော ဆင်းရဲဒုက္ခဖြစ်သလော။ ယင်းသည် ၎င်းတို့အတွက် အကျိုးအမြတ်ရှိ၏။ အချို့လူများက ရာထူးတိုးခံရသည်မှာ ပူပူနွေးနွေးသာ ရှိသေးချိန်တွင် အနည်းငယ် အနေခက်ကြသည်မှာ မှန်၏။ ဘုရားသခင်၏အိမ်တော်က ၎င်းတို့ကို မည်သည့်အရာ လုပ်စေလိုသည်ကို မသိကြဘဲ “ဤအရာကို ငါလုပ်နိုင်မည်မဟုတ်။ မည်သည့်အရာကိုမျှ လုပ်နိုင်မည်မဟုတ်” ဟု မိမိတို့ကိုယ်ကို ပြောဆိုကြသည်။ ဤသည်မှာ သာမန်ဖြစ်၏။ မွေးကတည်းက အရာရာတိုင်းကို လုပ်ဆောင်နိုင်သည့်သူ မည်သူရှိသနည်း။ သင်သည် ဤသို့ဖြစ်လျှင် ပြဿနာရှိလိမ့်မည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် မည်သည့်အရာကိုမဆို သင်လုပ်ဆောင်နိုင်လျှင် သင်သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်နေလိမ့်မည်၊ မည်သူ၏စကားကိုမျှ နားထောင်မည်မဟုတ်၊ ထို့ကြောင့် အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်နိုင်ခြေရှိသည်။ ဤသို့ဆိုလျှင် ဘုရားအိမ်တော်၏ အသုံးပြုခြင်းကို သင်ခံရနိုင်ဦးမည်လော။ သင်သည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိလျှင် မည်သို့နားထောင်ပြီး လိုက်နာရမည်ကို သင်ယူသင့်သည်။ ဤသို့ပြုလျှင် လက်သင့်ခံနိုင်လောက်သည့် စံနှုန်းအထိ သင်၏တာဝန်ကို ထမ်းဆောင်နိုင်သောအခွင့်ကို ရရှိလိမ့်မည်။ လူအများစုသည် အလွန်ရိုးရှင်းသောအရာတစ်ခုကို မလုပ်ဆောင်နိုင်သည်ကို ကြည့်လျှင် ဘုရားသခင်၏အိမ်တော်သည် သင့်ကို ရာထူးတိုးပြီး ပျိုးထောင်ပေးခြင်းမရှိသည်မှာ အံ့သြဖွယ်ဖြစ်သလော။ သင်သည် နားထောင်နိုင်စွမ်းမရှိလျှင်၊ ဤအရာသည်ပင် သင်လုပ်နိုင်စွမ်းထက် ကျော်လွန်နေလျှင် ဘုရားသခင်၏အိမ်တော်သည် သင့်ကို ရာထူးတိုးပြီး ပျိုးထောင်ပေးဝံ့မည်လော။ (မပေးဝံ့ပါ။) အဘယ်ကြောင့်နည်း။ သင့်ကို အသုံးပြုခြင်းသည် အန္တရာယ်များလွန်းမည်၊ ဒုက္ခများလွန်းမည်၊ စိုးရိမ်စရာများလွန်းမည်။ “အန္တရာယ်များသည်” ဟု ငါပြောရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်၏အိမ်တော်က သင့်ကို အသုံးပြုသောအခါ သင်သည် လူများကို ထိန်းချုပ်ပြီး မကောင်းသောလမ်းသို့ ခေါ်ဆောင်သောကြောင့်ဖြစ်သည်— ဤအတွက်ကြောင့် အလွန်အန္တရာယ်များခြင်းဖြစ်သည်။ သင်သည် အသုံးပြုခြင်းခံရသောအခါ ဆူပူအုံကြွမှု ဖြစ်စေသည်၊ အလုပ်ကို လုံးလုံးကစဉ့်ကလျားဖြစ်စေသည်၊ သင့်ကို လူစားလဲရသည်။ ဒုက္ခများလိုက်သည့်ဖြစ်ခြင်း။ သင်သည် အသုံးပြုခြင်းခံရသောအခါ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်၊ သင်သည် လုံးဝ ထိရောက်မှုမရှိပေ။ သင်လုပ်ဆောင်သည့်အလုပ်အားလုံးကို အထက်က ကြီးကြပ်ရသည်၊ စောင့်ကြည့်စစ်ဆေးရသည်၊ လိုက်လံမှတ်သားထားရသည်။ အထက်သည် အမှုကိစ္စအားလုံးတွင် ကြားဝင်ဆောင်ရွက်ရသည်— ထို့ကြောင့် သင့်ကိုအသုံးပြုရခြင်း ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်သည် စိတ်ပူရလွန်း၏။ ဤသို့သောလူတို့ကို အသုံးပြုနိုင်သလော။ လုံးဝ အသုံးမပြုနိုင်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

သင်သည် ဘုရားအိမ်တော်၏ ရာထူးတိုးမြှင့်ပေးခြင်းကို ခံရပြီးဖြစ်သောကြောင့် သင့်ထံမှ တောင်းဆိုသည့်အရာများရှိသည်။ ဤအရာများသည် မည်သည့်အရာများဖြစ်သနည်း။ သင်သည် ဘုရားအိမ်တော်၏ အခြေခံစည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်သည်။ သင့်ထံမှ တောင်းဆိုထားသည့် အရာအတိုင်း၊ တောင်းဆိုထားသည့် ပုံစံအတိုင်း လုပ်ဆောင်ရမည်။ ဤသို့ဖြင့် ဘုရားသခင်ကို လိုက်နာပြီး သမ္မာတရားကို ကျိုးနွံနာခံရန် သင့်ကို လေ့ကျင့်ပေးခြင်းဖြစ်သည်။ သင်သည် ပျိုးထောင်ခြင်းခံရသော အချိန်ကာလအတွင်း၌ တစ်ခါတစ်ရံတွင် ဘုရားသခင်၏အိမ်တော်သည် သင့်ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်လိမ့်မည်။ တစ်ခါတစ်ရံတွင် သင့်ကို ပြင်းထန်စွာ ပြစ်တင်ဆုံးမလိမ့်မည်။ တစ်ခါတစ်ရံတွင် သင့်အလုပ်၏ တိုးတက်မှုနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းလိမ့်မည်။ တစ်ခါတစ်ရံတွင် အလုပ်သည် အတိအကျ မည်သည့်အခြေအနေရှိသည်ကို သင့်အား မေးမြန်းပြီး သင့်အလုပ်ကို ကြည့်ရှုစစ်ဆေးလိမ့်မည်။ တစ်ခါတစ်ရံတွင် အချို့သော အမှုအရာများအပေါ်တွင် သင်တို့၏အမြင် မည်သို့ရှိသည်ကို စမ်းသပ်လိမ့်မည်။ ဤစမ်းသပ်မှုများ၏ ရည်ရွယ်ချက်သည် သင်တို့ကို အခက်တွေ့အောင် ပြုလုပ်ရန်မဟုတ်ဘဲ သင်တို့နားလည်ရမည့် သမ္မာတရားများကို နားလည်စေရန်နှင့် မည်သည့်သဘောထားကို သင်တို့ထားရှိသင့်ကြောင်း၊ ဤကဲ့သို့သော အမှုကိစ္စများတွင် ဘုရားသခင်၏အလိုတော်က မည်သို့ရှိကြောင်းတို့ကို နားလည်စေရန်ဖြစ်သည်။ ဤသည်မှာ လူတို့ကို လေ့ကျင့်ပြီး သင်ကြားပေးရသည့် အဓိပ္ပာယ်ဖြစ်သည်။ လူတို့ကို သင်ကြားခြင်း၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ သမ္မာတရားကို ၎င်းတို့နားလည်အောင် ပြုလုပ်ရန်ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သမ္မာတရားကို လူတို့လိုက်နာနိုင်စေရန်၊ အခြေခံသဘောတရားနှင့်အညီ လုပ်ဆောင်နိုင်စေရန်၊ ဘုရားသခင်၏အလိုတော်ကို နားလည်ခြင်းအရာ၌ ညီအစ်ကိုမောင်နှမများကို ဦးဆောင်ခေါ်ယူနိုင်စေရန်၊ ညီအစ်ကိုမောင်နှမများအနေဖြင့် မိမိတို့၏နေရာတွင် နေလျက်၊ မိမိတို့၏တာဝန်အပေါ် သစ္စာစောင့်သိလျက် မိမိတို့၏ တာဝန်ကို သင့်လျော်စွာထမ်းဆောင်နိုင်ဖို့ ၎င်းတို့ကို လူတို့ဦးဆောင်ခေါ်ယူနိုင်စေရန်ဖြစ်သည်။ ထိုနည်းတူပင် ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်လျက်ဖြင့် မတူညီသော သမ္မာတရားများသို့ ဝင်ရောက်ရာတွင်၊ ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိရာတွင် ညီအစ်ကိုမောင်နှမများကို ဦးဆောင်ခေါ်ယူရန်အခွင့်ကို ထိုလူတို့အား ပေးဖို့ရန်အတွက်လည်း ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားဖြစ်ပြီး ၎င်းတို့ ဖြစ်မြောက်အောင် ပြုလုပ်သင့်သည့်အရာဖြစ်သည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က သမ္မာတရားကို နားလည်သောအခါ ၎င်းတို့ဦးဆောင်သည့်သူများသည်လည်း သမ္မာတရားကို နားလည်ကြသည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က သမ္မာတရားများစွာကို နားလည်နိုင်သောအခါ ၎င်းတို့ဦးဆောင်သည့်သူများသည်လည်း သမ္မာတရားများစွာကို နားလည်နိုင်ကြသည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် အချို့သောအလုပ်တွင် သမ္မာတရား အခြေခံသဘောတရားများကို နားလည်သဘောပေါက်သောအခါ ၎င်းတို့ဦးဆောင်သည့်သူများသည်လည်း ဤအလုပ်၏ အခြေခံသဘောတရားသို့ ဝင်ရောက်ကြပြီး သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ကြသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သင်ကြားပေးခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ သင်ကြားခြင်းကို ကြုံတွေ့ရသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်တွင် အခြားလူများထက်ပို၍ ကျွမ်းကျင်မှုရှိသောကြောင့်၊ ၎င်းတို့၏ အစွမ်းအစသည် အနည်းငယ်သာလွန်သောကြောင့် ၎င်းတို့ကို သင်ကြားပေးသင့်သည်မှာ မှန်ကန်သည်။ ၎င်းတို့သည် သမ္မာတရား အခြေခံသဘောတရားများကို နားလည်ပြီး သမ္မာတရားစစ်မှန်မှုသို့ဝင်ရောက်ရန် ဦးစွာ ပြုလုပ်ပေးခြင်းခံရသည်— ထို့နောက်တွင် သမ္မာတရားစစ်မှန်မှုများသို့ ဝင်ရောက်ခြင်း၌ အခြားလူများအပေါ် ၎င်းတို့၏ ဦးဆောင်မှုမှတစ်ဆင့် ပို၍များသောလူတို့သည် သမ္မာတရား အခြေခံသဘောတရားများကို နားလည်မှု ရှိလာကြသည်။ ဤကဲ့သို့သောနည်းကို သင်မည်သို့ထင်မြင်သနည်း။ (ကောင်းပါသည်။) ဤကဲ့သို့သောလူတို့သည် ကောင်းစွာ ပညာသင်ကြားထားခြင်း မရှိ၊ သို့မဟုတ် ကောင်းမွန်စွာ ရှင်းရှင်းလင်းလင်းပြောဆိုနိုင်ခြင်းမရှိသကဲ့သို့ နည်းပညာ၊ သို့မဟုတ် မျက်မှောက်ရေးရာကိစ္စများနှင့် နိုင်ငံရေးများကို များစွာနားလည်ခြင်း မရှိပေ။ ၎င်းတို့သည် အချို့သောတာဝန်များတွင် အလွန်အမင်း ကျွမ်းကျင်ခြင်းပင် မရှိကောင်းမရှိနိုင်ပေ။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားပြီးနောက်တွင် ယင်းတို့ကို စီမံဆောင်ရွက်နိုင်ကြသည်။ ၎င်းတို့ကို မည်သို့စီမံဆောင်ရွက်ရမည်ကို သိကြပြီး သမ္မာတရားအခြေခံသဘောတရားများကို ခွဲခြားဖော်ထုတ်နိုင်ကြသည်၊ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့် သမ္မာတရားအခြေခံသဘောတရားများကို လိုက်နာခြင်းတွင် ပိုမိုများပြားသောလူတို့ကို ဦးဆောင်ခေါ်ယူနိုင်ကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးချယ်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က ရာထူးတိုးမြှင့်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ကိုယ်ပိုင်လက္ခဏာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤမည်သည့်အရာကိုမျှ ၎င်းတို့မရရှိထားပေ။ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်သည်။ ထိုသူ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ဤပျိုးထောင်ခြင်း၏ နောက်ဆုံးရလဒ်သည် ထိုသူက မည်သည့်လမ်းကြောင်းကို လျှောက်သည်၊ မည်သည့်အရာကို အားထုတ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် အရည်အသွေးပြည့်မှီသော ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် ကျွမ်းကျင်မှုရှိသောသူတစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်တစ်ယောက်၏ အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤကဲ့သို့ မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သလော။ သမ္မာတရား အခြေခံသဘောတရားများကို နားလည်သလော။ ဤသူသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်သလော။ ဆက်ကပ်အပ်နှံမှုနှင့် တာဝန်ခံယူမှုအသိစိတ်တစ်ခုကို ပိုင်ဆိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။ ထိုသူ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့မှုမှာ မည်မျှကြီးမားသနည်း။ အမှုအရာများကို ဆောင်ရွက်သည့်အခါတွင် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကို လိုက်တတ်သလော။ ခေါင်းဆောင်တို့၏ အလုပ်ကို ဆောင်ရွက်သည့်အချိန်ကာလတွင် ထိုသူသည် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ ပုံမှန်၊ မကြာခဏလာရောက်သလော။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်မှုတွင် လူတို့ကို သူလမ်းပြနိုင်သလော။ ဤအရာနှင့် ဤထက်မကသောအရာအားလုံးတို့သည် ပျိုးထောင်ခံရရန်နှင့် ရှာဖွေတွေ့ရှိခံရရန် စောင့်ဆိုင်းလျက်ရှိသည်။ အားလုံးကို သိရှိရခြင်း မရှိသေးပေ။ တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်းက ထိုသူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ သူ၏ တာဝန်ကို ကျေနပ်ဖွယ် ဆောင်ရွက်နိုင်စွမ်းရှိပြီးဖြစ်သည်ဟု ဆိုခြင်းလည်း မဟုတ်ပေ။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ သီးခြားအနေဖြင့် ထိုသို့သောသူတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းမှာ လေ့ကျင့်ပေးရန်၊ အထူးတလည်ရေလောင်းပေးရန်နှင့် ညွှန်ကြားပေးရန်၊ ဤသို့ဖြင့် သမ္မာတရား အခြေခံသဘောတရားများ၊ မတူညီသော အမှုအရာများကို လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများ၊ ပြဿနာအမျိုးမျိုးကို ဖြေရှင်းခြင်းအတွက် အခြေခံသဘောတရားများ၊ နည်းနာနိဿယများအပြင် ပတ်ဝန်းကျင်နှင့် လူအမျိုးအစား အမျိုးမျိုးကို ကြုံတွေ့ရသောအခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည့် ပုံစံဖြင့် ဘုရားအလိုတော်နှင့်အညီ ကိုင်တွယ်ဖြေရှင်းနည်းတို့ကို နားလည်အောင် ပြုလုပ်ပေးရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးထားသော အရည်အချင်းရှိသူသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလတွင်၊ သို့မဟုတ် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလမတိုင်မီတွင် သူ၏အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း၊ သူ၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း လုံလောက်စွာရှိသည်ဟု ညွှန်းဆိုသလော။ မညွှန်းဆိုပေ။ ထို့ကြောင့် ပျိုးထောင်ခြင်းအချိန်ကာလတွင် ဤလူတို့သည် ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် လူစားလဲခြင်းကိုပင် တွေ့ကြုံရမည်မှာ လွှဲရှောင်၍ မရနိုင်ပေ။ ဤသည်မှာ ပုံမှန်ဖြစ်၏၊ ၎င်းတို့သည် လေ့ကျင့်ပေးခြင်း၊ ပျိုးထောင်ခြင်းတို့ကို ခံရခြင်းဖြစ်သည်။ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသောသူတို့အပေါ် လူတို့သည် ကြီးမားသော မျှော်လင့်ချက်များ၊ သို့မဟုတ် လက်တွေ့မကျသော တောင်းဆိုမှုများ မထားရှိရပေ။ ဤသည်မှာ ကျိုးကြောင်းသင့်လျော်မှု ရှိမည်မဟုတ်၊ ၎င်းတို့အပေါ် မတရားရာလည်း ကျပေမည်။ သင်တို့သည် ၎င်းတို့ကို စောင့်ကြည့်စစ်ဆေးနိုင်ပြီး ပြဿနာဖြစ်စေသည်ဟု သင်တို့ယုံကြည်သည့် အရာများကို တင်ပြနိုင်သည်။ သို့သော် ၎င်းတို့သည် ပျိုးထောင်ခြင်းကာလတွင် ရှိနေသောသူများလည်း ဖြစ်နေ၍ ၎င်းတို့ကို ခြောက်ပြစ်ကင်းသူများအဖြစ်၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သောသူများအဖြစ် ရှုမြင်ရန် မဆိုထားနှင့်၊ စုံလင်အောင် ပြုခြင်းခံရပြီးဖြစ်သောသူများအနေဖြင့်ပင် မရှုမြင်သင့်ပေ။ ၎င်းတို့သည် သင်တို့ကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို လေ့ကျင့်ပေးသည့် အချိန်ဖြစ်သည်။ ခြားနားချက်မှာ ၎င်းတို့သည် သာမန်လူတို့ထက်ပိုသော အလုပ်နှင့် တာဝန်ဝတ္တရားများကို တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်သည်။ ပိုမိုများပြားသောအလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့တွင် တာဝန်ဝတ္တရားရှိသည်။ ၎င်းတို့သည် သာမန်လူတို့ထက် ပို၍ ကြီးမားသော အဖိုးအခကိုပေးဆပ်ရသည်၊ ပိုမိုများပြားသော ဆင်းရဲဒုက္ခကို ခံစားရသည်၊ နာကျင်မှုကို ပို၍ ခံယူရသည်၊ ပြဿနာများကို ပို၍ ဖြေရှင်းရသည်၊ ပို၍များပြားသော လူတို့၏ ဝေဖန်ပြစ်တင်ခြင်းကို သည်းခံရသည်၊ ထို့ပြင် ပြောစရာမလိုသည်မှာ ၎င်းတို့သည် ပို၍ အားစိုက်ထုတ်ရသည်၊ အိပ်ချိန် ပို၍ လျော့နည်းသည်၊ အစားအစာကောင်းများကို ပို၍ လျှော့စားရသည်။ စကားစမြည်ပြောခြင်းကို ပို၍ လျှော့ရပေသည်။ ဤသည်မှာ ၎င်းတို့နှင့် ပတ်သက်ပြီး ထူးခြားသည့်အရာဖြစ်သည်။ ဤအရာမှလွဲ၍ ၎င်းတို့သည် အခြားလူတိုင်းနှင့် တူညီသည်။ ဤသို့ ငါပြောဆိုရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ အရည်အချင်းရှိသူအမျိုးမျိုးကို ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးမြှင့်ပေးခြင်း၊ ပျိုးထောင်ခြင်းတို့ကို အဓိပ္ပာယ်ကောက်မလွဲရ၊ ဤသူတို့အပေါ်တွင် တောင်းဆိုမှုများ မပြင်းထန်ရဟု လူတိုင်းကို ပြောပြရန်ဖြစ်သည်။ ပြောစရာမလိုသည်မှာ ၎င်းတို့အပေါ် လူတို့၏ ထင်မြင်ချက်များသည် လက်တွေ့မကျခြင်းလည်း မဖြစ်ရပေ။ ၎င်းတို့ကို အလွန်အမင်း ကျေးဇူးတင်ခြင်း၊ သို့မဟုတ် အလွန်အမင်း ရိုသေလေးစားခြင်းမှာ မိုက်မဲသကဲ့သို့ ၎င်းတို့အပေါ် သင်၏ တောင်းဆိုမှုများ ပြင်းထန်ခြင်းသည်လည်း လူသားမဆန်ပေ၊ သို့မဟုတ် လက်တွေ့မကျပေ။ ဤသို့ဆိုလျှင် ၎င်းတို့အပေါ် ပြုမူရန် ကျိုးကြောင်းအသင့်ဆုံးနည်းလမ်းမှာ အဘယ်နည်း။ ၎င်းတို့ကို သာမန်လူများအဖြစ် မှတ်ယူရန်ဖြစ်သည်။ ရှာဖွေရန် လိုအပ်သည့် ပြဿနာတစ်ခုရှိသည့်အခါတွင် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး တစ်ယောက်၏ အားသာချက်ကို တစ်ယောက်သင်ယူရန်၊ အချင်းချင်း ဖြည့်စွက်ပေးရန်ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တကယ့်အလုပ်ကို လုပ်ခြင်းရှိမရှိ၊ ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိမရှိကို စောင့်ကြည့်စစ်ဆေးရန်မှာ လူတိုင်း၏ တာဝန်ဖြစ်သည်။ ၎င်းတို့သည် ထိုသို့ပြုလုပ်ခြင်းမရှိလျှင်၊ သင်တို့က ၎င်းတို့ကို ထိုးထွင်းသိမြင်ပြီးဖြစ်လျှင် အချိန်ဖြုန်းမနေဘဲ ၎င်းတို့ကို တင်ပြလော့၊ သို့မဟုတ် ဖယ်ရှားလော့။ အခြားတစ်ယောက်ကို ရွေးချယ်လော့၊ ဘုရားအိမ်တော်၏ အလုပ်ကို မနှောင့်နှေးစေနှင့်။ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်နှေးစေခြင်းသည် သင့်ကိုယ်သင်နှင့် သူတစ်ပါးတို့ကို ထိခိုက်နစ်နာစေခြင်းဖြစ်သည်၊ မည်သူ့အတွက်မျှ အကျိုးမရှိပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

အရှေ့သို့- ၆၇) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ပြန်လည်ခေါ်ယူခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၉) အသင်းတော်ကို အုပ်စု အေနှင့် ဘီ ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်