ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂) အပိုင်း ခုနှစ်

ဘုရားသခင်၏ စမ်းသပ်မှုများအပေါ် ဒွိဟအတွေးများ မရှိစေနှင့်

ယောဘထံမှ သက်သေခံချက်ကို ရပြီးနောက် သူ၏စမ်းသပ်မှုများ ပြီးဆုံးသည့်နောက်တွင် ယောဘကဲ့သို့သော လူများ ပါဝင်သည့် အုပ်စုတစ်စု သို့မဟုတ် တစ်စုထက်ပိုသော အုပ်စုများကို ရလိမ့်မည်ဟု ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့သည်၊ သို့သော်လည်း စာတန်သည် ဘုရားသခင်နှင့် အလောင်းအစား လုပ်ခြင်းအားဖြင့် ယောဘအား စုံစမ်းနှောင့်ယှက်ခဲ့သော၊ တိုက်ခိုက်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့သော နည်းလမ်းများကို အသုံးပြု၍ အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမဆို တိုက်ခိုက်ရန် သို့မဟုတ် နှိပ်စက်ညှဉ်းပန်းရန် စာတန်ကို နောက်ထပ် မည်သည့်အခါမျှ အခွင့်မပေးရန် ဘုရားသခင် စိတ်ဆုံးဖြတ်ခဲ့သည်၊ ခွန်အားနည်းသော၊ မိုက်မဲပြီး ပညာမဲ့သော လူသားအပေါ် ယင်းကဲ့သို့ အရာများကို နောက်ထပ်ပြုရန် စာတန်အား ဘုရားသခင် ခွင့်မပြုခဲ့ပေ၊ ယောဘကို စာတန် စုံစမ်းနှောင့်ယှက်ခဲ့သည်မှာ လုံလောက်ပေပြီ။ လူတို့ကို အလိုရှိသည့်အတိုင်း နှိပ်စက်ညှဉ်းပန်းရန် စာတန်အား ဘုရားသခင် အခွင့်မပေးခြင်းမှာ ဘုရားသခင်၏ သနားခြင်းကရုဏာပင် ဖြစ်သည်။ ဘုရားသခင်အတွက်မူကား ယောဘသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ပြီးသည်မှာ လုံလောက်ပြီဖြစ်သည်။ ယင်းကဲ့သို့ အရာများကို နောက်ထပ်ပြုရန် စာတန်အား ဘုရားသခင် ခွင့်မပြုခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နောက်သို့ လိုက်သောလူများ၏ အသက်နှင့် အရာခပ်သိမ်းကို ဘုရားသခင်အုပ်စိုးပြီး ဘုရားသခင် စီစဉ်ညွှန်ကြားသောကြောင့်ဖြစ်ပြီး စာတန်သည် အလိုရှိသလို ဘုရားသခင် ရွေးချယ်ထားသောသူများကို ကြိုးကိုင်ညွှန်ကြားရန် အခွင့်မရှိပေ၊ ဤအချက်ကို သင်တို့ ရှင်းလင်းစွာ သိသင့်သည်။ ဘုရားသခင်၏ လူသား၏ အားနည်းချက်ကို ဂရုစိုက်ပြီး သူ၏မိုက်မဲခြင်းနှင့် ပညာမဲ့ခြင်းကို နားလည်တော်မူ၏။ လူသားသည် ကယ်တင်ခြင်းကို အလျှင်းခံနိုင်ရန် ဘုရားသခင်သည် သူ့ကို စာတန်လက်သို့ အပ်လိုက်ရသော်လည်း စာတန်၏အရူးလုပ်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့အား လူသားခံရသည်ကို ဘုရားသခင် မမြင်လိုပေ။ လူသား အမြဲတစေ ခံစားရသည်ကိုလည်း ဘုရားသခင် မမြင်လိုပေ။ လူသားသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံခဲ့ရပြီး ဘုရားသခင်သည် လူသား၏ အရာခပ်သိမ်းကို အုပ်စိုးပြီး စီစဉ်ခြင်းမှာ အမှန်ပင် အကျိုးသင့်အကြောင်းသင့် ရှိပေသည်၊ ဤသည်မှာ ဘုရားသခင်၏ တာဝန်ဖြစ်ပြီး ဘုရားသခင်၏ အရာခပ်သိမ်းကို အုပ်စိုးသော အာဏာပင် ဖြစ်သည်။ ဘုရားသခင်သည် စာတန်အား လူသားကို အလိုရှိသလို ညှဉ်းပန်းရန်နှင့် နှိပ်စက်ရန် ခွင့်မပြုပေ၊ လူသားကို လမ်းလွှဲစေရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုရန် စာတန်အား အခွင့်မပေးချေ၊ ထိုမျှမက လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ဝင်ရောက်နှောင့်ယှက်ရန် စာတန်အား အခွင့်မပေးသည့်အပြင် အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော ဥပဒေသများကို နင်းခြေရန် သို့မဟုတ် ဖျက်ဆီးရန်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်သော ဘုရားသခင်၏ ကြီးမြတ်သည့် အမှုအကြောင်းကို တစ်စုံတစ်ရာပြောရန် အခွင့်မပေးချေ။ ဘုရားသခင် ကယ်တင်လိုသောသူများနှင့် ဘုရားသခင်အား သက်သေခံနိုင်သောသူများသည် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အမှု၏ အချက်အချာဖြစ်၍ ပုံဆောင်ခြင်းဖြစ်သည် သာမက သူ၏ နှစ်ခြောက်ထောင် အမှုထဲမှ သူ၏ကြိုးပမ်းမှုများ၏ အဖိုးအခလည်း ဖြစ်သည်။ ဘုရားသခင်သည် ဤလူများကို စာတန်အား သာမန်ကာလျှံကာ အဘယ်သို့ ပေးနိုင်ခဲ့မည်နည်း။

လူတို့သည် ဘုရားသခင်၏ စမ်းသပ်မှုများကို မကြာခဏ စိုးရိမ်ကြပြီး ကြောက်ရွံ့တတ်ကြသော်လည်း ၎င်းတို့သည် စာတန်၏ ကျော့ကွင်းနှင့် အန္တရာယ်များသော နယ်မြေထဲ၌ အချိန်တိုင်း အသက်ရှင်နေ၍ ထိုနယ်မြေထဲ၌ ၎င်းတို့သည် စာတန်၏ တိုက်ခိုက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရသော်လည်း ၎င်းတို့သည် ကြောက်ရွံ့ရမှန်း မသိကြသည့်အပြင် တုန်လှုပ်ချောက်ချားခြင်းလည်း မရှိပေ။ အဘယ်သို့ ဖြစ်ကုန်ပြီနည်း။ ဘုရားသခင်အပေါ် လူသား၏ ယုံကြည်ခြင်းမှာ သူမြင်နိုင်သော အရာများ၌သာ ကန့်သတ်ထားခြင်း ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့် စိုးရိမ်ခြင်း၊ သို့မဟုတ် လူသားအပေါ် သူ၏ကြင်နာမှုနှင့် စာနာထောက်ထားမှုကို သူသည် အနည်းငယ်မျှ အသိအမှတ်ပြုခြင်း မရှိပေ။ သို့သော်လည်း ဘုရားသခင်၏ စမ်းသပ်မှုများနှင့်ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပန်ခြင်းနှင့် ကြောက်ရွံ့ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသအတွက် လူသားသည် ဘုရားသခင်၏ ကောင်းသော ရည်ရွယ်ချက်များအပေါ် အနည်းငယ်မျှပင် နားလည်မှု မရှိပေ။ စမ်းသပ်မှုများအကြောင်း ဖော်ပြသည့်အခါ လူတို့က ဘုရားသခင်၌ ဖုံးကွယ်ထားသော အကြောင်းရင်းများ ရှိသကဲ့သို့ ထင်မြင်ကြပြီး၊ အချို့က ဘုရားသခင်သည် မကောင်းသော အကြံအစည်များကို လက်သင့်ခံထားသည်ဟူ၍ပင် ယုံကြည်ကြကာ ဘုရားသခင်သည် ၎င်းတို့အား မည်သို့ အမှန်တကယ်ပြုမည်ကို မသိကြပေ၊ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံသည်ဟု ကြွေးကြော်သည့် တစ်ချိန်တည်းတွင် ၎င်းတို့သည် လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လူသားအတွက် အစီအစဉ်များကို ခုခံရန်နှင့် ဆန့်ကျင်ရန် ၎င်းတို့ တတ်နိုင်သမျှကို ပြုကြလေသည်၊ အဘယ်ကြောင့်ဆိုသော် အကယ်၍ ၎င်းတို့သည် သတိမထားပါက ဘုရားသခင်၏ လှည့်စားခြင်းကို ခံရကြမည်၊ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာကို မဆုပ်ကိုင်ပါက ၎င်းတို့၌ ရှိသမျှကို ဘုရားသခင် ရုပ်သိမ်းနိုင်ပြီး ၎င်းတို့၏ အသက်ပင်လျှင် ဆုံးနိုင်သည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။ လူသားသည် စာတန်၏ စခန်းထဲ၌ ရှိသော်လည်း သူသည် စာတန်၏ နှိပ်စက်ညှဉ်းပန်းခံနေရမည်ကို တစ်ကြိမ်တစ်ခါမျှ စိုးရိမ်ပူပန်ခြင်း မရှိပေ၊ ထို့အပြင် သူသည် စာတန်၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရသော်လည်း စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည်ကို တစ်ကြိမ်တစ်ခါမျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသည်ဟု ဆိုမြဲဆိုသော်လည်း ဘုရားသခင်ကို ယုံကြည်စိတ်ချခြင်း သို့မဟုတ် ဘုရားသခင်သည် စာတန်၏ လက်သည်းများမှ လူသားကို အမှန်တကယ် ကယ်တင်လိမ့်မည်ဟု မည်သည့်အခါမျှ ယုံကြည်ခြင်း မရှိပေ။ အကယ်၍ လူသားသည် ယောဘကဲ့သို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ပြီး သူ၏ ဖြစ်တည်သမျှကို ဘုရားသခင်၏ လက်ထဲသို့ ပေးနိုင်ပါက လူသား၏ အဆုံးသတ်သည် ယောဘ၏ အဆုံးသတ်ကဲ့သို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိခြင်းနှင့် တူညီလိမ့်မည် မဟုတ်လော။ အကယ်၍ လူသားသည် ဘုရားသခင်၏ အုပ်စိုးမှုကို လက်ခံပြီး ကျိုးနွံနာခံနိုင်ပါက ဆုံးရှုံးရန်အကြောင်း အဘယ်ရှိသနည်း။ ထို့ကြောင့် သင်တို့အား သင်တို့၏ လုပ်ဆောင်မှုများ၌ သတိပြုရန်နှင့် သင်တို့အပေါ် ရောက်လုဆဲဖြစ်သော အရာခပ်သိမ်းအပေါ် သတိရှိရန် ငါအကြံပြုသည်။ မဆင်မခြင် သို့မဟုတ် စိတ်လိုက်မာန်ပါ မပြုကြနှင့်၊ ထို့အပြင် ဘုရားသခင်နှင့် လူအများ၊ အကြောင်းကိစ္စများ၊ သင့်အတွက် စီစဉ်ပြီးသော အရာများအပေါ် သင်၏ ပူသောသွေး သို့မဟုတ် သင်၏ သဘာဝဖြစ်ခြင်း သို့မဟုတ် သင်၏ စိတ်ကူးများနှင့် အယူအဆများအပေါ် မူတည်ကာ မဆက်ဆံနှင့်၊ သင်တို့သည် ဘုရားသခင်၏ အမျက်ဒေါသအား လှုံ့ဆော်ပေးခြင်းကို ရှောင်ရှားရန် သင်တို့၏ လုပ်ဆောင်မှုများ၌ သတိရှိရမည် ဖြစ်ပြီး ဆုတောင်းကာ ပို၍ ရှာဖွေရမည် ဖြစ်သည်။ ဤအရာကို မှတ်သားလော့။

ဆက်လက်၍ စမ်းသပ်မှုများပြီးနောက် ယောဘသည် မည်ကဲ့သို့ ဖြစ်ခဲ့ကြောင်း ငါတို့ ကြည့်ကြမည်။

၅။ စမ်းသပ်မှုများ နောက်ပိုင်းမှ ယောဘ

ယောဘ ၄၂:၇-၉ ထိုသို့ ယေဟောဝါက ယောဘကို ဤစကားများ မိန့်တော်မူပြီးလျှင်၊ တေမန်လူမျိုး ဧလိဖတ်အား ယေဟောဝါက၊ သင်နှင့် သင်၏ မိတ်ဆွေနှစ်ဦးတို့တဘက်၌ ငါသည် အမျက်ထွက်၏၊ အဘယ်ကြောင့်ဆိုသော် ငါ့ကျွန်ယောဘကဲ့သို့ သင်တို့သည် ငါ့အကြောင်းကို မှန်ကန်စွာ ပြောဆိုခြင်းမရှိကြ၊ သို့ဖြစ်၍ ယခု သင်တို့နှင့်အတူ နွားထီးခုနှစ်ကောင်နှင့် သိုးခုနစ်ကောင်ကို ယူ၍ ငါ့ကျွန်ယောဘထံသို့ သွားပြီးလျှင် ကိုယ်အဘို့ မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ၏ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းပတ္ထနာပြုရလိမ့်မည်၊ ငါသည် သူ့အတွက်ကြောင့် လက်ခံမည်။ သင်တို့သည် ငါ့ကျွန်ယောဘကဲ့သို့ ငါ့အကြောင်း မှန်သောအရာကို မပြောကြသည့် အကြောင်းကြောင့် ငါသည် သင်တို့၏ မိုက်မဲခြင်းနှင့် ပတ်သက်၍ ရိုက်နှက်ဆုံးမမည်ကို စိုးရိမ်စရာရှိ၏ဟု မိန့်တော်မူ၏။ ထို့ကြောင့် တေမန်လူမျိုး ဧလိဖတ်နှင့် ရှုအာလူမျိုး ဗိလဒဒ်၊ နေမတ်လူမျိုး ဇောဖာတို့သည် ထွက်သွား၍ သူတို့အား ယေဟောဝါ မှာထားတော်မူသည်နှင့်အညီ လုပ်ဆောင်ကြ၏။ ယေဟောဝါသည်လည်း ယောဘကို လက်ခံတော်မူ၏။

ယောဘ ၄၂:၁၀ ယောဘသည် မိမိအဆွေတို့အဘို့ ဆုတောင်းပတ္ထနာပြုသောအခါ ယေဟောဝါသည် သူခံရသော ဒုက္ခကို လွတ်ငြိမ်းစေခဲ့ပြီး ယခင်က သူပိုင်ဆိုင်ခဲ့သမျှ ဥစ္စာ၏ နှစ်ဆကို ယေဟောဝါ ပေးတော်မူ၏။

ယောဘ ၄၂:၁၂ ထိုသို့ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်နှင့် နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့သောကြောင့်၊ ယေဟောဝါသည် ယောဘ၏အစအဦးထက် နောက်ပိုင်းအဆုံးသတ်ကို သာ၍ ကောင်းကြီးပေးတော်မူလေသည်။

ယောဘ ၄၂:၁၇ အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။

ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှု ရှောင်သောသူများကို ဘုရားသခင် အမြတ်တနိုး သဘောထားသော်လည်း မိုက်မဲသောသူများကို အရေးမပါသူများဟူ၍ ဘုရားသခင် မြင်၏

ယောဘ ၄၂:၇-၉ တွင် ဘုရားသခင်က ယောဘသည် သူ၏ အစေခံဖြစ်ကြောင်း ဆိုထားသည်။ “အစေခံ” ဟူသော ဝေါဟာရကို သူအသုံးပြု၍ ယောဘအား ရည်ညွှန်းခြင်းမှာ သူ၏ စိတ်နှလုံးထဲ၌ ယောဘ၏ အရေးပါပုံကို ထင်ရှားစွာပြခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ယောဘအား ပို၍ တန်ဖိုးထားသော တစ်စုံတစ်ခု ဟူ၍ မခေါ်ခဲ့သော်လည်း ဤအမည်နာမသည် ဘုရားသခင်၏ စိတ်နှလုံးအတွင်း ယောဘ၏ အရေးပါခြင်းနှင့် ဆက်စပ်မှု မရှိခဲ့ပေ။ ဤနေရာမှ “အစေခံ” မှာ ယောဘအတွက် ဘုရားသခင် ပေးသော ချစ်စနိုးအမည် ဖြစ်သည်။ “ငါ့ကျွန်ယောဘ” ဟူ၍ ဘုရားသခင်၏ ကြိမ်ဖန်များစွာ ရည်ညွှန်းချက်များက သူသည် ယောဘအပေါ် မည်မျှ ကျေနပ်အားရခဲ့ကြောင်းကို ပြပြီး “အစေခံ” ဟူသော စကားလုံး နောက်ကွယ်မှ အဓိပ္ပာယ်ကို ဘုရားသခင် မပြောခဲ့သော်လည်း “အစေခံ” ဟူသော စကားလုံးအတွက် ဘုရားသခင်၏ အနက်အဓိပ္ပာယ်ကို သမ္မာကျမ်းထဲရှိ ဤကျမ်းပိုဒ်မှ သူ၏ နှုတ်ကပတ်တော်များမှ မြင်နိုင်ပါသည်။ တေမန်အမျိုးသား ဧလိဖတ်အား ဘုရားသခင်က၊ “သင်နှင့်သင်၏ အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော” ဟူ၍ ဦးစွာ ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များမှာ ယောဘသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံပြီးနောက် ယောဘ ပြောခဲ့သမျှနှင့် ပြုခဲ့သမျှတို့ကို သူလက်ခံကြောင်း ပထမဆုံးအကြိမ် လူတို့အား ဘုရားသခင် ပွင့်ပွင့်လင်းလင်း ပြောခဲ့ခြင်းဖြစ်ပြီး ယောဘ ပြုခဲ့ပြီးသမျှနှင့် ပြောခဲ့ပြီးသမျှ၏ တိကျမှုနှင့် မှန်ကန်မှုကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း သူအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဧလိဖတ်နှင့် အခြားသူများအား ၎င်းတို့၏ မဟုတ်မှန်သော၊ အဓိပ္ပာယ်မရှိသော အပြောကြောင့် အမျက်ထွက်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ယောဘကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မမြင်နိုင်ခြင်း သို့မဟုတ် ၎င်းတို့၏ အသက်တာများထဲ၌ သူပြောခဲ့သော နှုတ်ကပတ်တော်များကို မကြားနိုင်ခြင်းကြောင့် ဖြစ်သော်လည်း ယောဘသည် ဘုရားသခင်အကြောင်း ယင်းကဲ့သို့ တိကျမှန်ကန်သော အသိရှိခဲ့သည်၊ တစ်ဖက်တွင် ၎င်းတို့မှာ ဘုရားသခင်အကြောင်းကို မျက်ကန်းသဖွယ် မှန်းဆနိုင်ခဲ့ပြီး ဘုရားသခင်၏အလိုကို ထိပါးနှောင့်ယှက်ကာ ၎င်းတို့ပြုခဲ့သမျှတွင် သူ၏ စိတ်ရှည်ခြင်းကို အကဲစမ်းခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ယောဘပြုခဲ့သမျှနှင့် ပြောခဲ့သမျှကို လက်ခံသည့် တစ်ချိန်တည်းတွင် ဘုရားသခင်သည် အခြားသူများအပေါ် အမျက်ထွက်လာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲ၌ သူသည် ဘုရားသခင်ကို တစ်စုံတစ်ရာ အမှန်ကြောက်ရွံ့မှုကို မမြင်နိုင်ခဲ့သည့်အပြင် ၎င်းတို့ ပြောခဲ့သော အရာထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကြောင်း တစ်စုံတစ်ရာကိုမျှ မကြားခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့အား ဆက်လက်၍ ဤသို့တောင်းဆိုလေသည်၊ “သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်တို့ကို ယူပြီးလျှင်၊ ငါ့ကျွန်ယောဘထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သင်တို့သည် မပြောသောအပြစ်နှင့်အလျောက် ငါစီရင်မည်ဟု မိန့်တော်မူ၏။”ဤကျမ်းပိုဒ်တွင် ဘုရားသခင်က ဧလိဖတ်နှင့် အခြားသူတို့အား ၎င်းတို့၏အပြစ်များမှ ရွေးနုတ်မည့် အရာတစ်စုံတစ်ခုကိုပြုရန် ပြောနေခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မိုက်မဲမှုသည် ယေဟောဝါဘုရားသခင်အား ပြစ်မှားသည့် အပြစ်တစ်ခု ဖြစ်ခဲ့ခြင်းကြောင့် ၎င်းတို့သည် ၎င်းတို့၏ အမှားများကို ကုစားရန်အလို့ငှာ မီးရှို့ရာယဇ်များကို ပူဇော်ခဲ့ကြရသည်။ မီးရှို့ရာယဇ်များမှာ ယေဘုယျအားဖြင့် ဘုရားသခင်ထံ ပူဇော်ရခြင်း ဖြစ်သည်၊ သို့သော်လည်း ဤမီးရှို့ရာယဇ်များ၏ တစ်မူထူးခြားသော အရာမှာ ထိုယဇ်များကို ယောဘအား ပူဇော်ခဲ့ခြင်းပင် ဖြစ်သည်။ ယောဘသည် စမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း ဘုရားသခင်ကို သက်သေခံ ခဲ့ခြင်းကြောင့် သူ့ကို ဘုရားသခင် အသိအမှတ်ပြု လက်ခံခဲ့သည်။ ထိုစဉ် ယောဘ၏ ဤမိတ်ဆွေများကို သူစမ်းသပ်မှုများကို ခံရသည့် ကာလအတွင်း ထုတ်ဖော်ခဲ့သည်၊ ၎င်းတို့၏ မိုက်မဲမှုကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ရှုတ်ချခြင်းကို ခံခဲ့ရသည်၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အမျက်ဒေါသကို လှုံ့ဆော်ခဲ့ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံသင့်သည်၊ ယောဘအား မီးရှို့ရာယဇ်များကို ပူဇော်၍ အပြစ်ဒဏ်ပေးခြင်းကို ခံသင့်သည်၊ ထိုသို့ ပူဇော်ပြီးနောက် ၎င်းတို့အပေါ်၌ ဘုရားသခင်၏ အပြစ်ဒဏ်နှင့် အမျက်ဒေါသ ပပျောက်စေရန် ယောဘ ဆုတောင်းခဲ့လေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို အရှက်ရစေရန် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောလူများ မဟုတ်သည့်အပြင် ၎င်းတို့သည် ယောဘ၏ တည်ကြည်မှုကို ပြစ်တင်ဝေဖန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ဘုရားသခင်သည် ၎င်းတို့၏ လုပ်ရပ်များကို လက်မခံသော်လည်း ယောဘကို လွန်စွာ အသိအမှတ်ပြုလက်ခံပြီး ကျေနပ်အားရကြောင်း ၎င်းတို့အား ပြောနေခဲ့ခြင်း ဖြစ်သည်၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ အသိအမှတ်ပြုလက်ခံခြင်းကို ခံရခြင်းသည် ဘုရားသခင်၏ရှေ့သို့ လူသားကို မြှင့်တင်ပေးကြောင်း၊ လူသားသည် သူ၏ မိုက်မဲမှုကြောင့် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ခံရကြောင်း၊ မိုက်မဲမှုကြောင့် ဘုရားသခင်ကို ပြစ်မှားမိ၍ ဘုရားသခင်၏ အမြင်တွင် အောက်တန်းကျပြီး ဆိုးညစ်ကြောင်း ပြောနေခဲ့ခြင်း ဖြစ်သည်။ ဤသည်တို့မှာ လူအမျိုးအစား နှစ်မျိုးအကြောင်း ဘုရားသခင် ပေးခဲ့သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဖြစ်သည်၊ ၎င်းတို့မှာ ဤလူအမျိုးအစား နှစ်မျိုးအပေါ် ဘုရားသခင်၏ သဘောထားများဖြစ်ပြီး ၎င်းတို့မှာ ဤလူအမျိုးအစား နှစ်မျိုး၏ တန်ဖိုးနှင့် အဆင့်အတန်းကို စကားလုံးဖြင့် ဘုရားသခင် ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ယောဘအား သူ၏အစေခံဟု ခေါ်ခဲ့သော်လည်း ဘုရားသခင်၏အမြင်တွင် ဤအစေခံမှာ ချစ်လှစွာသောသူဖြစ်ခဲ့ပြီး အခြားသူများအတွက် ဆုတောင်းပေးရန်နှင့် ၎င်းတို့၏ အမှားများကို ခွင့်လွှတ်ရန် အခွင့်အာဏာ ပေးအပ်ခံခဲ့ရသောသူ ဖြစ်သည်။ ဤအစေခံသည် ဘုရားသခင်နှင့် တိုက်ရိုက် စကားပြောနိုင်ပြီး ဘုရားသခင်ရှေ့သို့ တိုက်ရိုက် လာရောက်နိုင်ခဲ့သည်၊ သူ၏ အရိုက်အရာသည် အခြားသူများ၏ အရိုက်အရာထက် ပို၍မြင့်ပြီး ပို၍ ဂုဏ်သရေရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင် ပြောခဲ့သော “အစေခံ” ဟူသော စကားလုံး၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ယောဘသည် ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းကြောင့် ဤအထူးဂုဏ်သရေကို ပေးအပ်ခြင်းကို ခံခဲ့ရပြီး အခြားသူများကို ဘုရားသခင်က အစေခံများဟူ၍ မခေါ်ခဲ့သည့် အကြောင်းရင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ထင်ထင်ရှားရှား ကွဲပြားသော ဘုရားသခင်၏ ဤသဘောထား နှစ်မျိုးမှာ လူအမျိုးအစား နှစ်မျိုးအပေါ် ထားသော သူ၏သဘောထားများဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူများသည် ဘုရားသခင်၏ အသိအမှတ်ပြုလက်ခံခြင်းနှင့် သူ၏အမြင်တွင် မြတ်နိုးအပ်သည်ဟု မြင်ခြင်းကို ခံရစဉ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိသည့်အပြင် မကောင်းမှုကို ရှောင်နိုင်စွမ်း မရှိသည့် မိုက်မဲသောသူများနှင့် ဘုရားသခင်၏ မျက်နှာသာကို မရနိုင်သော သူများမူကား ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုနှင့် ရှုတ်ချခြင်းကို မကြာခဏခံရပြီး ဘုရားသခင်၏ အမြင်တွင် အောက်တန်းကျသည်။

ယောဘအပေါ် ဘုရားသခင် အာဏာ အပ်နှင်းသည်

ယောဘသည် သူ၏မိတ်ဆွေများအတွက် ဆုတောင်ပေးခဲ့ပြီးနောက် ယောဘ၏ ဆုတောင်းချက်များကြောင့် ဘုရားသခင်သည် ၎င်းတို့၏ မိုက်မဲမှုနှင့် သင့်လျော်သည်နှင့်အညီ ၎င်းတို့အား အရေးယူခဲ့ခြင်း မရှိပေ၊ ၎င်းတို့အား သူအပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဒဏ်ခတ်ခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အတွက် ဘုရားသခင်၏ အစေခံ ယောဘ၏ ဆုတောင်းချက်များသည် သူ၏နားသို့ ရောက်ခဲ့သည်၊ ဘုရားသခင်သည် ယောဘ၏ ဆုတောင်းချက်များကို လက်ခံခဲ့ခြင်းကြောင့် ၎င်းတို့အား ခွင့်လွတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဤအရာ၌ မည်သည့်အရာကို ငါတို့ မြင်ရသနည်း။ ဘုရားသခင်သည် တစ်စုံတစ်ဦးကို ကောင်းချီးပေးသောအခါ သူသည် ၎င်းတို့အား ဆုကျေးဇူး များစွာကိုပေးသည်၊ ရုပ်ဝတ္ထုဆုကျေးဇူးများသာ မဟုတ်ပါ၊ ဘုရားသခင်သည် ၎င်းတို့အား သြဇာအာဏာကာကိုလည်းပေးပြီး အခြားသူများအတွက် ဆုတောင်းပေးရသည့်အခွင့်ကို ၎င်းတို့အား ပေးသည်၊ ထို့အပြင် ဘုရားသခင်သည် ဤဆုတောင်းချက်များကို နားညောင်းသောကြောင့် ထိုလူတို့၏ ပြစ်မှားခြင်းများကို သတိမရဘဲနေ၍ လွန်သွားလေမည်။ ဤသည်မှာ ယောဘအား ဘုရားသခင် ပေးခဲ့သော အာဏာပင် ဖြစ်သည်။ ၎င်းတို့၏ ပြစ်ဒဏ်ကို ရပ်တန့်ရန် ယောဘ၏ ဆုတောင်းချက်များအားဖြင့် ယေဟောဝါဘုရားသခင်သည် ထိုမိုက်မဲသော လူများကို အရှက်ရစေခဲ့သည်၊ ၎င်းမှာ ဧလိဖတ်နှင့် အခြားသူများအတွက် သူ၏ အထူး အပြစ်ဒဏ်ပေးခဲ့ခြင်းပင် အမှန်ဖြစ်သည်။

ယောဘသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို နောက်တဖန် ခံစားရပြီး စာတန်၏ စွပ်စွဲခြင်းကို ဘယ်သောအခါမျှ နောက်ထပ် ခံရခြင်း မရှိတော့

ယေဟောဝါဘုရား၏ မိန့်မြွက်ချက်များထဲမှ နှုတ်ကပတ်တော်များမှာ “ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော” ဟူ၍ဖြစ်သည်။ ယောဘ ပြောခဲ့သော အရာမှာ အဘယ်အရာ ဖြစ်သနည်း။ ၎င်းမှာ ယခင်က ငါတို့ပြောခဲ့ပြီးသော အရာပင် ဖြစ်သကဲ့သို့ ယောဘ ပြောခဲ့သည်ဟူ၍ မှတ်တမ်းတင်ထားသည့် ယောဘဝတ္ထုထဲမှ များစွာသော စာမျက်နှာများပေါ်ရှိ စကားလုံးများပင် ဖြစ်သည်။ များစွာသော ဤစာမျက်နှာပေါ်ရှိ စကားလုံးများ အားလုံးထဲတွင် ယောဘသည် ဘုရားသခင်နှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှပင် တစ်စုံတစ်ရာ ညည်းတွားခြင်း သို့မဟုတ် ဒွိဟဖြစ်ခြင်း မရှိခဲ့ပေ။ သူသည် ရလဒ်ကိုသာ ရိုးရိုးရှင်းရှင်း စောင့်ဆိုင်းလေ၏။ ဤသို့စောင့်ဆိုင်းခြင်းမှာ သူ၏ နာခံသော သဘောထား ဖြစ်ပြီး ထိုသို့ နာခံခြင်း၏ ရလဒ်နှင့် ဘုရားသခင်အား သူပြောခဲ့သော စကားများ၏ ရလဒ်ကြောင့် ယောဘသည် ဘုရားသခင်၏ အသိအမှတ်ပြုလက်ခံခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ စမ်းသပ်မှုများကို သည်းခံပြီး ခက်ခဲခြင်းကို သူကြုံခဲ့ရသည့်အချိန်တွင် ဘုရားသခင်သည် သူ၏နံဘေး၌ ရှိနေခဲ့သည်၊ ထို့အပြင် သူ၏ ခက်ခဲခြင်းသည် ဘုရားသခင်၏ မျက်မှောက်တော်ကြောင့် လျော့နည်းခဲ့ခြင်း မရှိစေကာမူ၊ ဘုရားသခင်သည် သူမြင်လိုသော အရာကို မြင်ခဲ့ရပြီး သူကြားလိုသော အရာကို ကြားခဲ့ရသည်။ ယောဘ၏ လုပ်ဆောင်မှု တစ်ခုချင်းစီနှင့် စကား တစ်ခွန်းချင်းစီသည် ဘုရားသခင်၏ နားနှင့် မျက်စိရှေ့ ရောက်ခဲ့သည်၊ ဘုရားသခင် မြင်ခဲ့၊ ကြားခဲ့သည်၊ ဤသည်မှာ အဖြစ်မှန်ပင် ဖြစ်သည်။ ဘုရားသခင်အကြောင်း ယောဘ၏ သိခြင်းနှင့် ထိုအချိန်က သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့်ပတ်သက်သည့် သူ၏အတွေးများမှာ ထိုကာလအတွင်း ယနေ့ခေတ် လူများ၏ အတွေးများကဲ့သို့ အတိအကျ ဖြစ်ခဲ့မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်၊ သို့သော်လည်း ခေတ်ကာလနှင့် ဆက်စပ်စဉ်းစားရာ၌ ယောဘ၏ အပြုအမူနှင့် သူ၏ စိတ်နှလုံးထဲမှ အတွေးများနှင့် သူဖော်ပြခဲ့ပြီး ထုတ်ဖော်ခဲ့သည်တို့မှာ ဘုရားသခင်၏ လိုအပ်ချက်များနှင့် ပြည့်စုံခဲ့သောကြောင့် သူပြောခဲ့သမျှကို ဘုရားသခင် ဆက်၍ အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်မှုများကို ယောဘခံခဲ့ရသည့် အချိန်အတောအတွင်း၊ သူ၏ စိတ်နှလုံးထဲ၌ စဉ်းစားခဲ့ပြီး လုပ်ရန် စိတ်ဆုံးဖြတ်ခဲ့ခြင်းမှာ ဘုရားသခင်အား ရလဒ်တစ်ခုကို ပြခဲ့ပြီး၊ ထိုရလဒ်မှာ ဘုရားသခင်ကို ကျေနပ်စေခဲ့သည်၊ ထို့နောက် ဘုရားသခင်သည် ယောဘခံရသော စမ်းသပ်မှုများကို ရုပ်သိမ်းခဲ့သည် ယောဘသည် သူ၏ဒုက္ခဆင်းရဲများထဲမှ ထွက်ပေါ်လာခဲ့ပြီး သူခံရသော စမ်းသပ်မှုများမှာ ကုန်လွန်ခဲ့ပြီး သူ့အပေါ် နောက်ထပ် မည်သည့်အခါမျှ ကျရောက်ခြင်း မရှိခဲ့ပေ။ ယောဘသည် စမ်းသပ်မှုများကို ခံနှင့်ပြီးဖြစ်၍ ဤစမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း မြဲမြံစွာ ရပ်တည်ခဲ့ပြီး စာတန်ကို လုံးလုံးလျားလျား အောင်နိုင်ခဲ့ခြင်းကြောင့် ဘုရားသခင်သည် သူတရားသဖြင့် အလွန် ရသင့်ရထိုက်သော ကောင်းချီးမင်္ဂလာများကို သူ့အားပေးခဲ့သည်။ ယောဘ ၄၂:၁၀၊ ၁၂ တွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယောဘသည် နောက်ထပ်တဖန် ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရပြီး ပထမ ဖြစ်စဉ်ထက် ပို၍ ကောင်းချီးမင်္ဂလာကို ခံစားခဲ့ရသည်။ ဤအချိန်တွင် စာတန်သည် နောက်ဆုတ်ခဲ့ပြီးဖြစ်၍ မည်သည့်အရာကိုမျှ ပြောခဲ့ခြင်း သို့မဟုတ် ပြုခဲ့ခြင်း မရှိတော့ပေ၊ ထိုအချိန်မှစ၍ ယောဘသည် စာတန်၏ နှောင့်ယှက်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း မရှိတော့ပေ၊ ထို့အပြင် စာတန် ယောဘအား ဘုရားသခင် ကောင်းချီးမင်္ဂလာများ ပေးခြင်းကို ဆန့်ကျင်၍ စွပ်စွဲချက်များကို တင်ခဲ့ခြင်း မရှိတော့ပေ။

ယောဘသည် သူ၏ နောက်ပိုင်း အသက်တာ တစ်ဝက်ကို ဘုရားသခင်ပေးသော ကောင်းချီးမင်္ဂလာများဖြင့် ကုန်လွန်စေသည်

ထိုအချိန်က ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများသည် သိုးများ၊ ကျွဲနွားတိရစ္ဆာန်၊ ကုလားအုပ်များ၊ ရုပ်ဝတ္ထုပိုင်ဆိုင်မှုများနှင့် အစရှိသည်တို့ကိုသာ ကန့်သတ်ခဲ့သော်လည်း ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲ၌ ယောဘအပေါ် ပေးအပ်လိုသော ကောင်းချီးမင်္ဂလာများမှာ ဤအရာထက် လွန်စွာပိုခဲ့သည်။ ထိုအချိန်က ယောဘအား မည်ကဲ့သို့သော ထာဝရကတိများကို ဘုရားသခင် ပေးလိုခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ခြင်း ရှိသလော။ ယောဘအား ပေးသော သူ၏ကောင်းချီးမင်္ဂလာများထဲတွင် ဘုရားသခင်သည် ယောဘ၏ အဆုံးသတ်ကို ဖော်ပြခြင်း သို့မဟုတ် ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ၊ ထို့အပြင် ဘုရားသခင်၏ စိတ်နှလုံးအတွင်း ယောဘသည် မည်သည့် အရေးပါခြင်း သို့မဟုတ် နေရာ၌ ရှိကြောင်းကို ပဓာနမထားပါက၊ အချုပ်အားဖြင့် ဘုရားသခင်သည် သူ၏ကောင်းချီးမင်္ဂလာများနှင့် ပတ်သက်၍ အလွန်ချင့်ချင့်ချိန်ချိန် ရှိခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ အဆုံးသတ်ကို ကြေညာခဲ့ခြင်း မရှိပေ။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ထိုအချိန်က ဘုရားသခင်၏ အစီအစဉ်သည် လူသား၏ အဆုံးသတ်ကို ကြေညာသည့် အဆင့်အထိ မရောက်ခဲ့သေးချေ၊ ထိုအစီအစဉ်သည် ကိုယ်တော်၏ နောက်ဆုံး အမှုထဲသို့ ဝင်ရောက်ခြင်း မရှိခဲ့သေးပေ၊ ဘုရားသခင်သည် အဆုံးသတ်ကို ဖော်ပြခဲ့ခြင်း မရှိဘဲ လူသားအပေါ် ရုပ်ဝတ္ထု ကောင်းချီးမင်္ဂလာများကို ပေးအပ်ရုံမျှသာ ဖြစ်သည်။ ဤအရာ၏ အဓိပ္ပာယ်မှာ ယောဘ၏ နောက်ပိုင်း အသက်တာ တစ်ဝက်ကို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအကြား၌ ကုန်လွန်စေခဲ့ပြီး ၎င်းမှာ သူ့အား အခြားလူများနှင့် ကွဲပြားစေခဲ့သည်၊ သို့သော်လည်း ၎င်းတို့နည်းတူ သူအသက်အိုမင်းခဲ့ပြီး အခြားသာမန်လူတစ်ဦး ကဲ့သို့ပင် လောကကြီးအား နှုတ်ဆက်ခဲ့သည့် နေ့ရက်အချိန်အခါ ရောက်ခဲ့လေသည်။ ထို့ကြောင့် “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စရောက်လေ၏” (ယောဘ ၄၂:၁၇) ဟူ၍ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဤနေရာတွင် “နေ့ရက်ကာလနှင့် ကြွယ်ဝသော် အနိစ္စရောက်လေ၏” ဟူသော အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့၏ အဆုံးသတ်ကို ဘုရားသခင် မကြေညာမီခေတ်တွင် ဘုရားသခင်သည် ယောဘအတွက် လူ့သက်တမ်းတစ်ခုကို သတ်မှတ်ပေးခဲ့ပြီး ထိုသက်တမ်းစေ့ သည့်အခါ သူသည် ယောဘအား ဤလောကထဲမှ သဘာဝအလျောက် ထွက်ခွာစေခဲ့သည်။ ယောဘ ဒုတိယအကြိမ် ကောင်းချီးမင်္ဂလာ ခံစားခဲ့ရသည့် အချိန်မှ သူသေဆုံးချိန်အထိ ဘုရားသခင်သည် နောက်ထပ် အခက်အခဲ တစ်စုံတစ်ရာကို ထပ်ထည့်ခဲ့ခြင်း မရှိပေ။ ဘုရားသခင်အတွက်မူကား ယောဘ၏ သေခြင်းမှာ သဘာဝပင်ဖြစ်ပြီး ရှောင်လွှဲ၍လည်း မရပေ၊ ၎င်းမှာ အလွန် ပုံမှန် ဖြစ်သော အရာတစ်စုံတစ်ခုပင် ဖြစ်ခဲ့သည်၊ ၎င်းမှာ တရားစီရင်ခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်း မဟုတ်ခဲ့ပေ။ ယောဘသည် သူအသက်ရှင်စဉ် ဘုရားသခင်ကို ကိုးကွယ်ပြီး ကြောက်ရွံ့ခဲ့သည်၊ သူသေဆုံးပြီးနောက် မည်သည့် အဆုံးသတ်မျိုး သူရခဲ့ကြောင်းနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် တစ်စုံတစ်ရာကို မပြောခဲ့သည့်အပြင် ၎င်းအကြောင်းကိုလည်း တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မပြုခဲ့ပေ။ ဘုရားသခင်ပြောသောအရာနှင့် ပြုသောအရာတို့တွင် ပြင်းပြသည့် သင့်တင့်လျောက်ပတ်သော သဘောတရားရှိပြီး သူ၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်မှုများ၏ အကြောင်းအရာနှင့် နိယာမများသည် သူ့အမှု၏ အဆင့်နှင့် သူအလုပ်လုပ်နေသော ခေတ်ကာလနှင့်အညီ ဖြစ်သည်။ ယောဘကဲ့သို့ တစ်စုံတစ်ဦး၏ မည်ကဲ့သို့ အဆုံးသတ်မျိုးသည် ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိခဲ့သနည်း။ ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲတွင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို ချမှတ်ခဲ့ပြီး ဖြစ်သလော။ သူချမှတ်ခဲ့ပြီးသည်မှာ သေချာလေစွ။ လူသားသည် ဤအရာကို မသိခြင်းသာ ဖြစ်လေ၏၊ လူသားကို ဘုရားသခင်သည် မပြောပြလိုသကဲ့သို့ လူသားကို ပြောပြရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။ ထို့ကြောင့် သာမန်ကာလျှံကာ ပြောမည်ဆိုပါက ယောဘသည် နေ့ရက်ကာလစေ့သော် သေဆုံးခဲ့ပြီး ၎င်းမှာ ယောဘ၏ အသက်တာပင် ဖြစ်လေသည်။

ယောဘ၏ ဘဝတစ်လျှောက်လုံးတွင် သူအသက်ရှင်နေထိုင်ခဲ့သည့် တန်ဖိုး

ယောဘသည် တန်ဖိုးရှိသော အသက်တာ တစ်ခုဖြင့် အသက်ရှင်ခဲ့သလော။ ယင်းတန်ဖိုးမှာ အဘယ်၌ ရှိခဲ့သနည်း။ သူသည် တန်ဖိုးရှိသော အသက်တာတစ်ခုဖြင့် အသက်ရှင်ခဲ့သည်ဟု အဘယ်ကြောင့် ဆိုခဲ့သနည်း။ လူသားအတွက် သူ၏တန်ဖိုးမှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ လူသား၏ ရှုထောင့်မှ ကြည့်ပါက စာတန်နှင့် လောက လူများ၏ရှေ့တွင် ဘုရားသခင်အား ထူးကဲသော သက်သေခံချက်တစ်ခုကို သက်သေခံရာ၌ သူသည် ဘုရားသခင် ကယ်တင်ရန် အလိုရှိသော လူသားမျိုးနွယ်ကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ကို ဖြည့်ဆည်းခဲ့ပြီး ဘုရားသခင် ကယ်တင်ရန် အလိုရှိသော သူအားလုံးအတွက် စံတစ်ခု ချမှတ်၍ နမူနာတစ်ခုအဖြစ် အသက်ရှင်ခဲ့ပြီး ဘုရားသခင်ကို အမှီပြုခြင်းအားဖြင့် စာတန်ကို အောင်နိုင်ရန် အပြည့်အဝ ဖြစ်နိုင်ကြောင်းကို လူတို့အား မြင်စေသည်။ ထို့အပြင် ဘုရားသခင်အတွက် သူ၏တန်ဖိုးမှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ဘုရားသခင်အတွက်မူကား ယောဘ အသက်တာ၏ တန်ဖိုးမှာ ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း၊ ကိုးကွယ်နိုင်စွမ်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံနိုင်စွမ်းနှင့် ချီးမွမ်းနိုင်စွမ်း၊ ဘုရားသခင်အား စိတ်ချမ်းသာမှုနှင့် ဝမ်းမြောက်စရာ တစ်စုံတစ်ခုကို ဆောင်ယူလာနိုင်စွမ်း၌ တည်ရှိခဲ့သည်၊ ဘုရားသခင်အတွက်မူကား ယောဘ အသက်တာ၏ တန်ဖိုးမှာ ယောဘသည် သူမသေဆုံးမီ စမ်းသပ်မှုများကို မည်သို့ခံစားပြီး စာတန်အပေါ် အောင်နိုင်ခဲ့၍ စာတန်နှင့် လောက လူတို့၏ ရှေ့၌ ဘုရားသခင်အား ထူးကဲသော သက်သေခံချက်ကို သက်သေခံနိုင်ခြင်း၊ လူသားမျိုးနွယ်အလယ်၌ ဘုရားသခင်ကို ဘုန်းထင်ရှားစေခြင်း၊ ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ခြင်းနှင့် ဘုရားသခင်၏ စိတ်အားထက်သန်သော စိတ်နှလုံးကို ရလဒ်တစ်ခုအား ရှုမြင်စေခြင်းနှင့် မျှော်လင့်ချက် မြင်စေခြင်း၌လည်း တည်ရှိခဲ့သည်။ သူ၏သက်သေခံချက်သည် ဘုရားသခင်အတွက် တစ်ယောက်သောသူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်စွမ်းနှင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် ဘုရားသခင်၏ အမှုတော်၌ ဘုရားသခင်၏ ကိုယ်စား စာတန်အား အရှက်ရစေနိုင်ရန်အတွက် အစဉ်အလာတစ်ခုကို သတ်မှတ်ပေးခဲ့သည်။ ဤသည်မှာ ယောဘ အသက်တာ၏ တန်ဖိုးပင် ဖြစ်သည် မဟုတ်လော။ ယောဘသည် ဘုရားသခင်၏ စိတ်နှလုံးကို သက်သာရာ ရစေခဲ့သည်၊ ဘုန်းထင်ရှားခံရခြင်းကြောင့် ဝမ်းမြောက်ခြင်း၏ အမြည်းတစ်ခုကို ဘုရားသခင်အား သူပေးခဲ့ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဝမ်းမြောက်ဖွယ်ကောင်းသော အစအဦး တစ်ခုကို ပေးခဲ့သည်။ ထို့အပြင် ဤအချိန်မှ စတင်ကာ ရှေ့လျှောက် ယောဘ၏အမည်သည် ဘုရားသခင်ကို ဘုန်းထင်ရှားစေသော သင်္ကေတတစ်ခုနှင့် စာတန်အပေါ် လူသားမျိုးနွယ်၏ အောင်နိုင်မှု အမှတ်အသားတစ်ခု ဖြစ်လာခဲ့သည်။ ယောဘသည် သူ၏ ဘဝတစ်လျှောက်လုံး အသက်ရှင်နေထိုင်ခဲ့သည့် အရာနှင့် စာတန်အပေါ် သူ၏ ထူးခြားသော အောင်နိုင်မှုကို ဘုရားသခင်သည် အစဉ်မြတ်နိုးမည်ဖြစ်၍ သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းကို နောင်လာမည့် မျိုးဆက်များက အမွန်အမြတ်ထား၍ အတုယူကြလိမ့်မည် ဖြစ်သည်။ သူသည် အပြစ်အနာအဆာကင်း၍ တောက်ပသော ပုလဲလုံး တစ်လုံးကဲ့သို့ ဘုရားသခင်၏ အစဉ်ချစ်ခင်မြတ်နိုးခြင်းကို ခံရမည်ဖြစ်ပြီး သူသည် လူသား၏ တန်ဖိုးထားရန်လည်း ထိုက်တန်ပေသည်။

ပညတ်တော်ခေတ်အတွင်း ဘုရားသခင်၏ အမှုတော်ကို ဆက်လက်၍ ကြည့်ကြပါစို့။

ဃ။ ပညတ်တော်ခေတ်၏ စီရင်ချက်များ

ပညတ်တော်ဆယ်ပါး

ယဇ်ပလ္လင် တည်ခြင်းဆိုင်ရာ တရားနုများ

အစေခံများအပေါ် ဆက်ဆံခြင်းဆိုင်ရာ စီရင်ချက်များ

ခိုးမှုနှင့် အလျော်ပေးခြင်းဆိုင်ရာ စီရင်ချက်များ

ဥပုသ်နှစ် သတ်မှတ်၍ သုံးကြိမ်ပွဲလုပ်ခြင်း

ဥပုသ်နေ့ဆိုင်ရာ စီရင်ချက်များ

ပူဇော်သက္ကာများဆိုင်ရာ စီရင်ချက်များ

မီးရှို့ရာယဇ်များ

ဘောဇဉ်ပူဇော်သက္ကာများ

မိတ်ဿဟာယယဇ်များ

အပြစ်ဖြေရာယဇ်များ

ဒုစရိုက်ဖြေရာယဇ်များ

ယဇ်ပုရောဟိတ်များ ပူဇော်သက္ကာဆက်ကပ်ခြင်းဆိုင်ရာ စီရင်ချက်များ (အာရုန်နှင့် သူ၏ သားများ လိုက်နာရန် စီရင်ထားခြင်း)

ယဇ်ပုရောဟိတ်များ၏ မီးရှို့ရာယဇ်များ

ယဇ်ပုရောဟိတ်များ၏ ဘောဇဉ်ပူဇော်သက္ကာများ

ယဇ်ပုရောဟိတ်များ၏ အပြစ်ဖြေရာယဇ်များ

ယဇ်ပုရောဟိတ်များ၏ ဒုစရိုက်ဖြေရာယဇ်များ

ယဇ်ပုရောဟိတ်များ၏ မိတ်သဟာယယဇ်များ

ယဇ်ပုရောဟိတ်များ ပူဇော်သက္ကာ မှီဝဲခြင်းဆိုင်ရာ စီရင်ချက်များ

စင်ကြယ်သော တိရစ္ဆာန်များနှင့် မစင်ကြယ်သော တိရစ္ဆာန်များ (စားနိုင်သော အကောင်များနှင့် မစားအပ်သည့် အကောင်များ)

သားဖွားပြီးသော အမျိုးသမီးများကို စင်ကြယ်စေခြင်းဆိုင်ရာ စီရင်ချက်များ

နူနာစွဲခြင်းကို စစ်ဆေးခြင်းဆိုင်ရာ စံများ

နူနာပျောက်ကင်းသောသူများနှင့်ဆိုင်သော စီရင်ချက်များ

မစင်ကြယ်သောအိမ်များကို စင်ကြယ်စေခြင်းဆိုင်ရာ စီရင်ချက်များ

ပုံမှန်မဟုတ်သော ရိနာစွဲသောသူများနှင့်ဆိုင်သော စီရင်ချက်များ

တစ်နှစ်တစ်ကြိမ် ကျင်းပရမည့် အပြစ်ဖြေရာနေ့

ကျွဲနွားတိရစ္ဆာန်နှင့် သိုးများကို သတ်ဖြတ်ခြင်းဆိုင်ရာ စီရင်ထုံးဖွဲ့ချက်များ

တစ်ပါးအမျိုးသားများ၏ စက်ဆုပ်ဖွယ်သော အလေ့အထများနောက်သို့ လိုက်ခြင်းအပေါ် တားမြစ်ချက် (သွေးရင်းစပ်ယှက်မှု မကျူးလွန်ခြင်းနှင့် အစရှိသဖြင့်)

လူမျိုးတော် လိုက်နာရမည့် စီရင်ချက်များ (“သင်တို့၏ဘုရားသခင် ငါယေဟောဝါသည် သန့်ရှင်းသောကြောင့် သင်တို့လည်း သန့်ရှင်းကြရမည်။”)

မိမိတို့၏ သားသမီးများကို မောလုတ်ဘုရားအား ပူဇော်သောသူများကို ကွပ်မျက်ခြင်း

သူ့မယားကိုပြစ်မှားသော အပြစ်ကို အပြစ်ပေးခြင်းဆိုင်ရာ စီရင်ချက်များ

ယဇ်ပုရောဟိတ်များ လိုက်နာရမည့် စီရင်ထုံးဖွဲ့ချက်များ (၎င်းတို့၏ နေ့စဉ် အပြုအမူဆိုင်ရာ စီရင်ထုံးဖွဲ့ချက်များ၊ သန့်ရှင်းသော အရာများကို စားသုံးခြင်းဆိုင်ရာ စီရင်ထုံးဖွဲ့ချက်များ၊ ယဇ်ပူဇော်ခြင်းဆိုင်ရာ စီရင်ထုံးဖွဲ့ချက်များနှင့် အစရှိသဖြင့်)

ကျင်းပရမည့် ပွဲများ (ဥပုသ်နေ့၊ ပသခါ၊ ပင်တေကုတ္တေ၊ အပြစ်ဖြေရာနေ့နှင့် အစရှိသဖြင့်)

အခြားသောစီရင်ချက်များ (မီးခုံများကို မီးထွန်းခြင်း၊ ယုဘိလနှစ်၊ မြေကို ရွေးနုတ်ခြင်း၊ သစ္စာကတိပြုခြင်း၊ ဆယ်ဖို့တစ်ဖို့ ပေးခြင်းနှင့် အစရှိသဖြင့်)

ပညတ်တော်ခေတ်၏ စီရင်ချက်များမှာ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်လမ်းပြခြင်း၏ စစ်မှန်သော သက်သေများ ဖြစ်သည်

သင်တို့သည် ပညတ်ခေတ်၏ ဤစီရင်ချက်များနှင့် အခြေခံသဘောတရားများကို ဖတ်ခဲ့ပြီးပြီ၊ မဟုတ်သလော။ ဤစီရင်ချက်များသည် ကျယ်ပြန့်သော အမျိုးအစားကို ခြုံငုံမိပါ၏လော။ ပထမဦးစွာ ၎င်းတို့သည် ပညတ်တော်ဆယ်ပါးကို ခြုံငုံထားသည်၊ ထို့နောက်တွင် ယဇ်ပလ္လင်များတည်ပုံနှင့် အစရှိသည်တို့အတွက် စီရင်ချက်များကို ခြုံငုံထားသည်။ ဤသည်တို့နောက်တွင် ဥပုသ်နေ့စောင့်ထိန်းခြင်းနှင့် ပွဲသုံးခုကျင်းပခြင်းတို့အတွက် စီရင်ချက်များက လိုက်လာပြီး၊ ထို့နောက်တွင် ပူဇော်သက္ကာများအတွက် စီရင်ချက်များ ဖြစ်သည်။ ပူဇော်သက္ကာများ အမျိုးအစားမည်မျှကို သင်တို့ မြင်ခဲ့သလော။ မီးရှို့ရာယဇ်များ၊ ဘောဇဉ်ပူဇော်သက္ကာများ၊ မိတ်ဿဟာယယဇ်များ၊ အပြစ်ဖြေရာယဇ်များ စသည်တို့ ရှိသည်။ ၎င်းတို့နောက်တွင် ယဇ်ပုရောဟိတ်များ၏ မီးရှို့ရာယဇ်များနှင့် ဘောဇဉ်ပူဇော်သက္ကာများနှင့် အခြားသော ပူဇော်သက္ကာအမျိုးအစားများ အပါအဝင် ယဇ်ပုရောဟိတ်များ၏ ပူဇော်သက္ကာများအတွက် စီရင်ချက်များဖြစ်ကြသည်။ အဌမမြောက်စီရင်ချက်များမှာ ယဇ်ပုရောဟိတ်များအနေဖြင့် ပူဇော်သက္ကာများကို စားသုံးခြင်းနှင့်သက်ဆိုင်သော စီရင်ချက်များဖြစ်သည်။ ထို့နောက်တွင် လူတို့၏ အသက်တာများထဲ၌ လိုက်နာသင့်သော စီရင်ချက်များရှိသည်။ စားအပ်သော သို့မဟုတ် မစားအပ်သော အရာနှင့်သက်ဆိုင်သော၊ သားဖွားပြီးသော အမျိုးသမီးများကို စင်ကြယ်စေခြင်းနှင့်သက်ဆိုင်သော စီရင်ချက်များနှင့် နူနာပျောက်ကင်းသောသူများနှင့်သက်ဆိုင်သော စီရင်ချက်များ စသဖြင့် လူတို့၏ အသက်တာကဏ္ဍများစွာနှင့်သက်ဆိုင်သည့် ပြဌာန်းချက်များရှိသည်။ ဤစီရင်ချက်များထဲတွင် ဘုရားသခင်သည် အနာရောဂါ အကြောင်းအထိပင် ပြောခဲ့ပြီး၊ သိုးများနှင့် ကျွဲနွားတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းနှင့်သက်ဆိုင်သော စီရင်ထုံးဖွဲ့ချက်များနှင့် အစရှိသည်တို့ပင် ရှိသည်။ သိုးများနှင့် ကျွဲနွားများကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး သင်သည် ဘုရားသခင် သင့်အားပြောသည့် မည်သည့်နည်းဖြင့်မဆို ၎င်းတို့အား သတ်ဖြတ်သင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အကြောင်းရင်း ရှိသည်မှာ သံသယဖြစ်ဖွယ် မရှိပါ၊ ဘုရားသခင် အမိန့်ပေးသည့်အတိုင်း ပြုမူခြင်းမှာ ဧကန်မုချ မှန်ကန်၍ ၎င်းမှာ အသေအချာပင် လူတို့၏အကျိုးအတွက်ဖြစ်သည်။ ဥပုသ်နေ့၊ ပသခါနှင့် အခြားကဲ့သို့သော လိုက်နာကျင်းပရမည့် ပွဲများနှင့် စီရင်ထုံးဖွဲ့ချက်များလည်း ရှိသည်၊ ဘုရားသခင်သည် ဤအရာအားလုံးကို ပြောခဲ့လေသည်။ မီးခုံများကို မီးထွန်းခြင်း၊ ယုဘိလနှစ်၊ မြေကို ရွေးနှုတ်ခြင်း၊ သစ္စာကတိပြုခြင်း၊ ဆယ်ဖို့တစ်ဖို့ပေးခြင်းနှင့် စသဖြင့် အခြားသောစီရင်ချက်များဖြစ်သည့် နောက်ဆုံးစီရင်ချက်များကို ကြည့်ကြပါစို့။ ဤစီရင်ချက်များသည် ကျယ်ပြန့်သော အမျိုးအစားကို ခြုံငုံမိသလော။ ပထမဆုံး ပြောရမည့်အရာမှာ လူတို့၏ ပူဇော်သက္ကာများအကြောင်းဖြစ်၍ ခိုးမှုနှင့် အလျော်ပေးခြင်းဆိုင်ရာ စီရင်ချက်များနှင့် ဥပုသ်နေ့ ကျင်းပခြင်း...စသဖြင့်၊ အသက်တာ၏ အသေးစိတ်အချက်အလက် တစ်ခုချင်းစီ ပါဝင်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ်၏ တရားဝင်အလုပ်ကို စတင်ခဲ့သည့်အခါ သူသည် လူသားလိုက်နာရမည့် စီရင်ချက်များစွာကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဤစီရင်ချက်များမှာ လူသားကို ကမ္ဘာမြေကြီးပေါ်တွင် လူသား၏ သာမန်အသက်တာဖြင့် အသက်ရှင်ခွင့်ပေးရန်ဖြစ်၍၊ ယင်းမှာ ဘုရားသခင်နှင့် သူ၏ လမ်းပြမှုအောက်မှ ခွဲထုတ်၍မရသော လူသား၏ သာမန်အသက်တာ ဖြစ်သည်။ ဘုရားသခင်သည် လူသားကို ယဇ်ပလ္လင်များ ပြုလုပ်ပုံ၊ ယဇ်ပလ္လင်များ မည်ကဲ့သို့တည်ပုံကို ဦးစွာ ပြောပြခဲ့သည်။ ထို့နောက်တွင် သူသည် လူသားအား ပူဇော်သက္ကာများကို ပူဇော်ပုံကို ပြောပြခဲ့ပြီး လူသားသည် အသက်တာထဲ၌ မည်သည်တို့ကို အာရုံစိုက်ရမည်၊ မည်သည်တို့ကို လိုက်နာရမည်၊ မည်သည်တို့ကို ပြုသင့်သည် မပြုသင့်သည် စသဖြင့် လူသားသည် မည်ကဲ့သို့ အသက်ရှင်ရမည်ကို ပြဌာန်းခဲ့သည်။ လူသားအတွက် ဘုရားသခင် သတ်မှတ်ပေးခဲ့သည့်အရာမှာ အလုံးစုံအကျုံးဝင်ပြီး၊ ဤထုံးတမ်းများ၊ စီရင်ချက်များနှင့် အခြေခံသဘောတရားများဖြင့် သူသည် လူတို့၏ အပြုအမူကို စံသတ်မှတ်ခြင်း၊ ၎င်းတို့၏ အသက်တာကို ဦးဆောင်လမ်းပြခြင်း၊ ဘုရားသခင်၏ ပညတ်များအပေါ် ၎င်းတို့၏ စတင်လုပ်ဆောင်ခြင်းကို ဦးဆောင်လမ်းပြခြင်း၊ ဘုရားသခင်၏ ပလ္လင်ရှေ့သို့လာရန် ၎င်းတို့အား ဦးဆောင်လမ်းပြခြင်း၊ လူသားအတွက် ဘုရားသခင် ပြုလုပ်ပေးခဲ့သော အရာခပ်သိမ်း၏အလယ်၌ စနစ်တကျဖြစ်ခြင်း၊ ပုံစံတကျဖြစ်ခြင်းနှင့် ထိန်းချုပ်နိုင်ခြင်း စရိုက်လက္ခဏာရှိသော အသက်တာရရှိရေးတွင် ၎င်းတို့အား ဦးဆောင်လမ်းပြခြင်းကို ပြုခဲ့သည်။ ဘုရားသခင်သည် ရိုးရှင်းသော ဤစီရင်ချက်များနှင့် အခြေခံသဘောတရားများကို ဦးစွာအသုံးပြုကာ လူသားအတွက် ကန့်သတ်ချက်များကို ချမှတ်ပေးခဲ့သည်၊ ထိုမှသာ ကမ္ဘာမြေကြီးပေါ်တွင် လူသားသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့် သာမန်အသက်တာတစ်ခုကို ရလိမ့်မည်၊ လူသား၏ သာမန်အသက်တာကို ရလိမ့်မည် ဖြစ်သည်၊ ယင်းမှာ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် အစပြုခြင်းထဲတွင် ပါဝင်သည့် အကြောင်းအရာအတိအကျပင် ဖြစ်သည်။ ဤစီရင်ချက်များနှင့် စီရင်ထုံးဖွဲ့ချက်များသည် အလွန်ကျယ်ပြန့်သော အကြောင်းအရာ တစ်ခုကို ခြုံငုံထားသည်၊ ၎င်းတို့မှာ ပညတ်တော်ခေတ်အတွင်း လူသားများကို ဘုရားသခင် ဦးဆောင်လမ်းပြသော အသေးစိတ်အချက်အလက် ဖြစ်သည်၊ ၎င်းတို့ကို ပညတ်တော်ခေတ်မတိုင်မီ ရှိခဲ့သောလူများ လက်ခံ၍ လိုက်နာစောင့်ထိန်းခဲ့ကြရန်ဖြစ်သည်၊ ၎င်းတို့မှာ ပညတ်တော်ခေတ်အတွင်း ဘုရားသခင်ပြုခဲ့သော အမှုမှတ်တမ်း တစ်ခုဖြစ်ပြီး ၎င်းတို့မှာ လူသားမျိုးနွယ် အားလုံးအပေါ် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုတို့၏ စစ်မှန်သော သက်သေပင် ဖြစ်သည်။

ဘုရားသခင်၏ သွန်သင်ချက်များနှင့် ထောက်ပံ့မှုများမှာ လူသားမျိုးနွယ်နှင့် အစဉ် တစ်ထပ်တည်းကျခြင်း

ဤစီရင်ချက်များထဲတွင် ဘုရားသခင်သည် သူ၏ အမှု၊ စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်အပေါ်ထားသော သဘောထားမှာ တည်ကြည်လေးနက်ကြောင်း၊ တာဝန်ကျေပွန်ကြောင်း၊ တင်းကျပ်ကြောင်းနှင့် တာဝန်ရှိကြောင်းကို ငါတို့ မြင်ရသည်။ သူသည် သူ၏ခြေလှမ်းများနှင့်အညီ လူသားမျိုးနွယ်အကြားတွင် သူလုပ်ရမည့်အမှုကို အနည်းငယ် ကွာဟချက်မရှိဘဲ သူလုပ်သည်၊ လူသားမျိုးနွယ်အား ပြောရမည့် စကားများကို အနည်းငယ် မှားယွင်းခြင်း သို့မဟုတ် ထိမ်ချန်မှု မရှိဘဲ သူပြော၍ လူသားသည် ဘုရားသခင်၏ ခေါင်းဆောင်မှုအောက်မှ ခွဲထုတ်၍ မရကြောင်းကို မြင်စေပြီး ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် ပြုသမျှ ပြောသမျှတို့မှာ မည်မျှပင် အရေးကြီးကြောင်း သူ့ကို မြင်စေခြင်းဖြစ်သည်။ လူသားသည် နောင်လာမည့် ခေတ်ကာလတွင် မည်ကဲ့သို့ ဖြစ်မည်ကို ပဓာနမထားပေ၊ အတိုချုပ်အားဖြင့် အစအဦး၊ ပညတ်တော်ခေတ်အတွင်း၊ ဘုရားသခင်သည် ရိုးရှင်းသော ဤအရာများကို လုပ်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်အတွက်မူကား ဘုရားသခင်အပေါ် လူတို့၏ အယူအဆများ၊ ကမ္ဘာလောကကြီးနှင့် ထိုခေတ်ကာလရှိ လူသားမျိုးနွယ်တို့မှာ စိတ်ကူးသက်သက်ဖြစ်ပြီး နားလည်ရ ခက်ခဲခဲ့သည်၊ ထို့အပြင် ၎င်းတို့၌ သတိရှိသော စိတ်ကူးနှင့် ရည်ရွယ်ချက်အချို့ ရှိခဲ့သော်လည်း ၎င်းတို့ အားလုံးမှာ ရှင်းလင်းခြင်းနှင့် မှန်ကန်ခြင်း မရှိခဲ့ပေ၊ ထို့ကြောင့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ သွန်သင်ချက်များနှင့် ၎င်းတို့အတွက်ဖြစ်သော ထောက်ပံ့မှုများထံမှ ခွဲထုတ်၍ မရနိုင်ခဲ့ခြင်း ဖြစ်သည်။ အစောဆုံး လူသားမျိုးနွယ်သည် မည်သည့်အရာကိုမျှ မသိခဲ့ကြပေ၊ ထို့ကြောင့် ဘုရားသခင်သည် လူသားအား အသက်ရှင်ရန်အတွက် မရှိမဖြစ် လိုအပ်သော ဆက်လက်ရှင်သန်မှုနှင့် စီရင်ချက်များနှင့်သက်ဆိုင်သည့် အပေါ်ယံနှင့် အခြေခံအကျဆုံး တရားနုများကို စတင် သင်ကြားခဲ့ရသည်၊ ဤအရာများကို လူသား၏ စိတ်နှလုံးထဲတွင် နည်းနည်းချင်း စိမ့်ဝင်စေပြီး လူသားအား ဘုရားသခင်ကို တဖြည်းဖြည်းချင်း သိလာသည့်အသိ၊ ဘုရားသခင်၏ ခေါင်းဆောင်မှုအကြောင်း တဖြည်းဖြည်းချင်း အသိအမှတ်ပြုခြင်း၊ သိနားလည်ခြင်းနှင့် ဘုရားသခင်နှင့် လူသားအကြားရှိ ဆက်နွယ်မှု အကြောင်း အခြေခံအယူအဆတစ်ခုကို နှုတ်ဖြင့်ပြောသော စကားများဖြစ်ခဲ့သည့် ဤစီရင်ချက်များနှင့် ဤစီရင်ထုံးဖွဲ့ချက်များ မှတစ်ဆင့် ပေးခဲ့ခြင်းဖြစ်သည်။ ဤအကျိုးဆက်ကို ရရှိပြီးမှသာ ဘုရားသခင်သည် နောင်တွင် သူလုပ်မည့် အမှုကို တဖြည်းဖြည်း လုပ်နိုင်ခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဤစီရင်ချက်များနှင့် ပညတ်တော်ခေတ်အတွင်း ဘုရားသခင်လုပ်ခဲ့သော အမှုများမှာ လူသားမျိုးနွယ်ကို သူကယ်တင်သော အမှု၏ အခြေခံအချက်ဖြစ်ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲမှ ပထမဆုံး လုပ်ငန်းအဆင့် ဖြစ်သည်။ ပညတ်တော်ခေတ်၏ အမှုမတိုင်မီ ဘုရားသခင်သည် အာဒံ၊ ဧဝနှင့် ၎င်းတို့၏ သားစဉ်မြေးဆက်တို့ကို စကားပြောခဲ့သော်လည်း၊ အဆိုပါ အမိန့်များနှင့် သွန်သင်ချက်များမှာ လူသားအား တစ်ဦးချင်းစီ ထုတ်ပြန်ရန်နှင့်စပ်လျဉ်း၍ အလွန်စနစ်ကျခြင်း သို့မဟုတ် တိကျခြင်း မရှိခဲ့ပေ၊ ထို့အပြင် ၎င်းတို့ကို ရေးချခဲ့ခြင်း မရှိသည့်အပြင် ၎င်းတို့မှာ စီရင်ချက်များ ဖြစ်လာခဲ့ခြင်းလည်း မရှိပေ။ ဤအရာမှာ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဘုရားသခင်၏ အစီအစဉ်မှာ ထိုအထိ မရောက်သေးခြင်းကြောင့် ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် လူသားကို ဤအဆင့်အထိ ဦးဆောင်ခဲ့ပြီးမှသာလျှင် ပညတ်တော်ခေတ်၏ ဤစီရင်ချက်များ အကြောင်းကို သူစတင်ကာ ပြောဆိုပြီး ၎င်းတို့ကို လူသားအား စတင်ကာ လုပ်ဆောင်စေနိုင်မည် ဖြစ်သည်။ ၎င်းမှာ မရှိမဖြစ် လိုအပ်သော လုပ်ငန်းစဉ်တစ်ခုဖြစ်ခဲ့ပြီး ရလဒ်မှာ ကျိန်းသေခဲ့သည်။ ရိုးရှင်းသော ဤထုံးတမ်းများနှင့် စီရင်ချက်များသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုအဆင့်များနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် ထုတ်ဖော်ခဲ့သော ဘုရားသခင်၏ ဉာဏ်ပညာကို လူသားအား ပြခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ့အား သက်သေခံမည့် လူတစ်စုကို ရနိုင်ရန်၊ သူနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သော လူတစ်စုကို ရနိုင်ရန်အလို့ငှာ အစပြုရာ၌ မည်သည့် အကြောင်းအရာနှင့် နည်းလမ်းကို အသုံးပြုရမည် ဖြစ်ကြောင်း၊ ဆက်ဖြစ်စေရာ၌ မည်သည့် နည်းလမ်းကို အသုံးပြုရမည် ဖြစ်ကြောင်း၊ အဆုံးသတ်ရာ၌ မည်သည့် နည်းလမ်းကို အသုံးပြုရမည် ဖြစ်ကြောင်း သိသည်။ လူသား၏ အတွင်း၌ ရှိသောအရာ၊ လူသား၌ မရှိသောအရာ၊ လူသားကို သူမည်သည့်အရာ ထောက်ပံ့သင့်ကြောင်း၊ လူသားကို သူမည်ကဲ့သို့ ဦးဆောင်သင့်ကြောင်းနှင့် လူသား လုပ်သင့်သောအရာနှင့် မလုပ်သင့်သောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်းကို သူသိသည်။ လူသားသည် ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ ဖြစ်သည်၊ သူသည် ဘုရားသခင်၏ အလိုကို သိနားလည်ခြင်း မရှိခဲ့သော်လည်း သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှု၏ ဦးဆောင်ခြင်းကို တစ်ဆင့်ပြီး တစ်ဆင့်၊ ယနေ့တိုင်အောင် မခံဘဲ မနေနိုင်ခဲ့ပေ။ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူပြုရမည့် အရာနှင့်ပတ်သက်၍ မထင်မရှားဖြစ်ခြင်း မရှိပေ၊ သူ၏ စိတ်နှလုံးထဲတွင် အလွန်ရှင်းလင်းပြီး ထက်မြက်သော အစီအစဉ်တစ်ခု ရှိခဲ့ပြီး သူသည် သူကိုယ်တိုင် လုပ်လိုခဲ့သော အမှုကို သူ၏ ခြေလှမ်းများနှင့် သူ၏ အစီအစဉ်နှင့်အညီ လုပ်ဆောင်ခဲ့၍ အပေါ်ယံဖြစ်ခြင်းမှ အလွန်လေးနက်ခြင်းအထိ တိုးတက်ခဲ့သည်။ သူသည် နောက်ပိုင်းလုပ်မည့် အမှုအကြောင်းကို အရိပ်အယောင်ပြခဲ့ခြင်း မရှိသော်လည်း သူ၏ နောက်ဆက်တွဲအမှုကို ဆက်လက်၍ လုပ်ဆောင်ခဲ့ပြီး သူ၏ အစီအစဉ်နှင့်အညီ အတိအကျ တိုးတက်ခဲ့သည်၊ ၎င်းမှာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၏ သရုပ်သကန်တစ်ခုဖြစ်ပြီး ဘုရားသခင်၏ အာဏာလည်း ဖြစ်သည်။ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ မည်သည့်အဆင့်၌ သူလုပ်ဆောင်နေသည်ကို ပဓာနမထားဘဲ သူ၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရသည် သူကိုယ်တိုင်ကို ကိုယ်စားပြုသည်။ ဤအရာမှာ အကြွင်းမဲ့ မှန်ကန်သည်။ မည်သည့် ခေတ်ကာလ သို့မဟုတ် အမှုအဆင့်ဖြစ်စေ၊ ဘုရားသခင်ချစ်သော မည်သည့် လူအမျိုးအစားဖြစ်စေ၊ သူစက်ဆုပ်ရွံရှာသော မည်သည့် လူအမျိုးအစားဖြစ်စေ ပဓာနမထားဘဲ သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းမှန်သမျှသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ပညတ်တော်ခေတ်တွင် အလုပ်လုပ်နေစဉ် ဘုရားသခင် ပြဌာန်းခဲ့သော ဤစီရင်ချက်များနှင့် တရားနုများသည် ယနေ့ခေတ် လူများအတွက် အလွန်ရိုးရှင်းပြီး အပေါ်ယံဆန်သည်ဟု ထင်ရသော်လည်း၊ ၎င်းတို့ကို နားလည်ရန်နှင့် စွမ်းဆောင်ရန် လွယ်ကူသော်လည်း ယင်းစီရင်ချက်များနှင့် တရားနုများအတွင်း ဘုရားသခင်၏ ဉာဏ်ပညာအပြင် သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း ရှိနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အပြင်ပန်းအားဖြင့် ရိုးရှင်းသော စီရင်ချက်များအတွင်း လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏တာဝန်၊ စောင့်ရှောက်မှုနှင့် သူ့အကြံအစည်များ၏ လှပသိမ်မွေ့သော အနှစ်သာရကို ဖော်ပြထားပြီး ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုး၍ အရာခပ်သိမ်းကို သူ၏ လက်ဖြင့် ထိန်းချုပ်ထားသည်ဟူသော အမှန်တရားအကြောင်း လူသားကို စစ်မှန်စွာ သဘောပေါက်စေသည်။ လူသားမျိုးနွယ်သည် အသိပညာမည်မျှကို ပိုင်ဆိုင်ပါစေ သို့မဟုတ် သူသည် အယူအဆများ သို့မဟုတ် နက်နဲမှုများကို မည်မျှပင် နားလည်ပါစေ၊ ဘုရားအတွက်မူကား ထိုအရာတစ်ခုမျှ လူသားအပေါ် သူ၏ ထောက်ပံ့ခြင်းနှင့် ခေါင်းဆောင်မှုတို့ကို အစားထိုးနိုင်ခြင်း မရှိပေ၊ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဦးဆောင်လမ်းပြမှုနှင့် ဘုရားသခင်၏ ကိုယ်ပိုင်အမှုမှ ထာဝရခွဲထုတ်၍ ရလိမ့်မည် မဟုတ်ပေ၊ ယင်းမှာ လူသားနှင့် ဘုရားသခင်အကြားမှ ခွဲထုတ်၍မရသော ဆက်နွှယ်မှုဖြစ်သည်။ ဘုရားသခင်သည် သင့်အား သူ၏အလိုကို နားလည်စေရန် ပညတ်ချက် တစ်ခု၊ သို့မဟုတ် စီရင်ချက်၊ သို့မဟုတ် သမ္မာတရားကို ပေးခြင်းကို ပဓာနမထားဘဲ၊ သူမည်သည့်အမှုကို ပြုသည်ဖြစ်စေ ဘုရားသခင်၏ ရည်မှန်းချက်မှာ လူသားအား လှပသော မနက်ဖြန် တစ်ခုသို့ ဦးဆောင်လမ်းပြရန် ဖြစ်သည်။ ဘုရားသခင် မိန့်မြွက်ခဲ့သော နှုတ်ကပတ်တော်များနှင့် သူလုပ်သော အမှုနှစ်မျိုးလုံးမှာ သူ့အနှစ်သာရ၏ ရှုထောင့်တစ်ခုကို ထုတ်ဖော်ခြင်း ဖြစ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ၏ ဉာဏ်ပညာတို့၏ ရှုထောင့်တစ်ခုကို ထုတ်ဖော်ခြင်း ဖြစ်သည်၊ ၎င်းတို့မှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ မရှိမဖြစ်သော အဆင့်တစ်ဆင့်ဖြစ်သည်။ ဤအရာကို လျစ်လျူရှု၍ မရပေ။ ဘုရားသခင်၏ အလိုသည် သူပြုလေသမျှ၌ တည်ရှိသည်၊ ဘုရားသခင်သည် ယုံမှားမိသော ဝေဖန်ချက်များကို မကြောက်ရွံ့သည့်အပြင် သူ၏အကြောင်းနှင့် ပတ်သက်၍ လူသား၏ အယူအဆများ သို့မဟုတ် အတွေးအခေါ် တစ်စုံတစ်ရာကို စိုးရိမ်ပူပန်ခြင်းလည်း မရှိပေ။ သူ၏အမှုကို သူလုပ်ရုံမျှသာဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှုကို လူပုဂ္ဂိုလ်၊ ကိစ္စရပ် သို့မဟုတ် အရာဝတ္ထု တစ်စုံတစ်ခု၏ ဘောင်ခတ်ခြင်းကို မခံဘဲ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်အညီ ဆက်လုပ်မည် ဖြစ်သည်။

ကောင်းပါပြီ၊ ယနေ့အတွက် ဤမျှပင် ဖြစ်သည်။ နောက်တစ်ကြိမ် ပြန်တွေ့ကြစို့။

၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်

Some of Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။