အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ယခု သမ္မာကျမ်းစာထဲမှ ဤကျမ်းပိုဒ်များကို စဖတ်ကြစို့။

၁။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၁:၃-၅ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၆-၇ တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသော ရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၉-၁၁ တဖန်ဘုရားသခင်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။ ကုန်းကို မြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာ ကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၁၄-၁၅ တဖန် ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု၊ အမိန့်တော်ရှိသည်အတိုင်းဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၂၀-၂၁ တဖန် ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဘွား၍၊ ငါးကြီး အစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမူအရာ ကောင်းသည်ကို မြင်တော်မူ၏။

ကမ္ဘာဦးကျမ်း ၁:၂၄-၂၅ တဖန် ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဘွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။

ပထမနေ့တွင် လူသားမျိုးနွယ်၏ နေ့နှင့်ညသည် ပေါ်ပေါက်လာခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ခိုင်မာစွာ ရပ်တည်ပေ၏

ပထမကျမ်းပိုဒ်ကို ကြည့်ကြစို့။ “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသော အမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက် ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၃-၅) ဤကျမ်းပိုဒ်သည် ဖန်ဆင်းခြင်းအစတွင် ဘုရားသခင်၏ ပထမဆုံး လုပ်ဆောင်ချက်နှင့် နံနက်နှင့် ညဦးပါဝင်သော ဘုရားသခင် ဖြတ်သန်းခဲ့သည့် ပထမနေ့ရက်ကို ဖော်ပြသည်။ သို့ရာတွင် ယင်းသည် ထူးခြားသည့်နေ့ တစ်နေ့ဖြစ်ခဲ့သည်။ ဘုရားသခင်သည် အရာအားလုံးအတွက် အလင်းကို စတင်ပြင်ဆင်ခဲ့သည့်အပြင် အလင်းကို အမှောင်မှ ခွဲခြားလိုက်သည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် စတင် စကားပြောခဲ့ပြီး သူ၏ နှုတ်ကပတ်တော်နှင့် သြဇာအာဏာသည် ဘေးချင်းယှဉ်လျှက် တည်ရှိခဲ့သည်။ သူ၏ သြဇာအာဏာသည် အရာအားလုံးကြားတွင် စတင်ထင်ရှားလာပြီး သူ့နှုတ်ကပတ်တော်၏ အကျိုးရလဒ်အနေနှင့် သူ၏ တန်ခိုးသည် အရာအားလုံးကြားတွင် ပျံ့နှံ့သည်။ ထိုနေ့မှစပြီး အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်ခဲ့ကြကာ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် စတင် လှုပ်ရှားလာကြသည်။ “အလင်းဖြစ်စေ” ဆိုသည့် နှုတ်ကပတ်တော်ကို ဘုရားသခင်မိန့်လိုက်သည့်အခါတွင် အလင်းဖြစ်ခဲ့သည်။ ဘုရားသခင်က မည်သည့်အစီအစဉ်ကိုမျှ စတင်ခြင်း မရှိခဲ့ပေ။ အလင်းသည် သူ့နှုတ်ကပတ်တော်၏ ရလဒ်အနေနှင့် ပေါ်ထွက်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်က နေ့ဟုခေါ်ခဲ့သည့် အလင်းဖြစ်ပြီး လူသားသည် ယနေ့အထိ သူ၏ တည်ရှိမှုအတွက် ယင်းအပေါ် မှီခိုဆဲဖြစ်သည်။ ဘုရားသခင်၏ အမိန့်တော်အားဖြင့် ထိုအလင်း၏ အနှစ်သာရနှင့် တန်ဖိုးက မည်သည့်အခါမျှ ပြောင်းလဲမသွားဘဲ မည်သည့်အခါမျှ ပျောက်ကွယ်မသွားပေ။ ထိုအလင်း၏ တည်ရှိမှုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားစေခဲ့ပြီး ဖန်ဆင်းရှင်၏ တည်ရှိမှုကို ကြေညာသည်။ ထိုအလင်းသည် ဖန်ဆင်းရှင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာတို့ကို အကြိမ်ကြိမ် အတည်ပြုသည်။ ထိုအရာသည် မသိမြင်နိုင်သည့်အရာ သို့မဟုတ် ထင်ယောင်ထင်မှားမှု မဟုတ်ပါဘဲ လူသားက မြင်တွေ့နိုင်သည့် စစ်မှန်သည့် အလင်းဖြစ်သည်။ ထိုအချိန်မှစ၍ “မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၏” ဆိုသည့် ဘာမျှမရှိသည့် ကမ္ဘာကြီးတွင် ပထမဆုံး ရုပ်ဝတ္ထုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုအရာသည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များမှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာနှင့် မိန့်မြွက်ချက်များကြောင့် အရာအားလုံးကို ဖန်ဆင်းခြင်း၏ ပထမလုပ်ဆောင်ချက်တွင် ဖြစ်ပေါ်ခဲ့သည်။ ဤအရာပြီးနောက် မရှေးမနှောင်းတွင် ဘုရားသခင်သည် အလင်းနှင့် အမှောင်ကို ခွဲခြားရန် အမိန့်ပေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် အရာအားလုံးသည် ပြောင်းလဲခဲ့ပြီး ပြည့်စုံခဲ့သည်။ ဘုရားသခင်က ဤအလင်းကို “နေ့” ဟုခေါ်ပြီး အမှောင်ကို “ည” ဟုခေါ်ခဲ့သည်။ ထိုအချိန်မှစပြီး ဘုရားသခင်ဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် ကမ္ဘာတွင် ပထမဆုံးညဦးနှင့် ပထမဆုံးနံနက်သည် ဖြစ်ပေါ်ခဲ့ပြီး ဤသည်မှာ ပထမနေ့ဖြစ်သည်ဟု ဘုရားသခင်က မိန့်ခဲ့သည်။ ဤနေ့သည် ဖန်ဆင်းရှင်၏ အရာအားလုံးကို ဖန်ဆင်းခြင်း ပထမနေ့ဖြစ်ပြီး အရာအားလုံးကို ဖန်ဆင်းခြင်း၏ အစဖြစ်ခဲ့သည်။ သူဖန်ဆင်းခဲ့သည့် ဤကမ္ဘာတွင် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသခဲ့သည့် ပထမအကြိမ် ဖြစ်ခဲ့သည်။

ဤနှုတ်ကပတ်တော်များမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကို ထိတွေ့ခွင့်ရကြသည်။ ဘုရားသခင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်သည့်အတွက် ဘုရားသခင်သာလျှင် ဤကဲ့သို့သော သြဇာအာဏာရှိသည်၊ ထို့အပြင် ဘုရားသခင်သည် ဤကဲ့သို့သော သြဇာအာဏာရှိသည့်အတွက် ဘုရားသခင်သာလျှင် ဤကဲ့သို့သော တန်ခိုးရှိသည်။ လူသား သို့မဟုတ် အရာဝတ္ထုသည် ဤကဲ့သို့သော သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်နိုင်သလော။ သင်တို့၏ နှလုံးသားထဲတွင် အဖြေရှိသလော။ ဘုရားသခင်ကလွဲပြီး ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာများတွင် ဤကဲ့သို့သော သြဇာအာဏာ ရှိသလော။ ဤကဲ့သို့သောအရာမျိုးကို အခြားစာအုပ်များ၊ သို့မဟုတ် ပုံနှိပ်ထုတ်ဝေခြင်းများတွင် သင်တို့တွေ့ဖူးသလော။ တစ်ယောက်ယောက်က ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သည်ဆိုသည့် မှတ်တမ်းရှိသလော။ အခြားစာအုပ်များ သို့မဟုတ် မှတ်တမ်းများတွင် ဤအရာကိုမတွေ့ရပေ။ ဤအရာများမှာ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ကမ္ဘာကို ဘုရားသခင်၏ ကြီးကျယ်ခမ်းနားစွာ ဖန်ဆင်းမှုနှင့် ပတ်သက်သည့် ခိုင်လုံပြီး တန်ခိုးနှင့်ပြည့်စုံသည့် တစ်ခုတည်းသော နှုတ်ကပတ်တော်များသာဖြစ်သည်။ ထို့အပြင် ဤနှုတ်ကပတ်တော်များတွင် ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာနှင့် ဘုရားသခင်၏ အတုမရှိသည့် ဝိသေသလက္ခဏာအကြောင်း ပါဝင်သည်။ ဤကဲ့သို့သော သြဇာအာဏာနှင့် တန်ခိုးသည် ဘုရားသခင်၏ အတုမရှိသည့် ဝိသေသလက္ခဏာ ကိုယ်စားပြုသည်ဟု ဆိုနိုင်မည်လော။ ဤအရာများကို ဘုရားသခင်နှင့် ဘုရားသခင် တစ်ဆူတည်းသာလျှင် ပိုင်ဆိုင်သည်ဟု ဆိုနိုင်မည်လော။ သံသယရှိစရာမလိုပေ။ ဘုရားသခင်သာလျှင် ဤကဲ့သို့သော သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်။ ဤသြဇာအာဏာနှင့် တန်ခိုးသည် မည်သည့် ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် မည်သည့်သက်ရှိမျှ မပိုင်ဆိုင်နိုင် အစားမထိုးနိုင်ပေ။ ဤသည်မှာ အတုမရှိသည့် ဘုရားသခင် ကိုယ်တော်တိုင်၏ လက္ခဏာတစ်ခုဖြစ်သလော။ သင်မြင်တွေ့ပြီးပြီလော။ ဤနှုတ်ကပတ်တော်တို့သည် ဘုရားသခင်သည် အတုမရှိသည့် သြဇာအာဏာနှင့် အတုမရှိသည့် တန်ခိုးကို ပိုင်ဆိုင်ပြီး၊ ဘုရားသခင်သည် မြင့်မားသည့် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့ကို ပိုင်ဆိုင်သည်ဆိုသည့်အချက်ကို လူများကို လျင်မြန်စွာ ရှင်းရှင်းလင်းလင်း နားလည်စေသည်။ အထက်ပါ မိတ်သဟာယပြုမှုမှ သင်တို့ယုံကြည်သည့် ဘုရားသခင်သည် အတုမရှိသည့် ဘုရားသခင် ကိုယ်တော်တိုင်သာ ဖြစ်ပါသည်ဟု သင်တို့ ဆိုနိုင်သလော။

ဒုတိယနေ့တွင် ဘုရားသခင်၏ သြဇာအာဏာသည် ရေတို့ကို စီစဉ်ပြီး မိုးမျက်နှာကြက်ကို ပြုလုပ်ကာ အခြေခံ အကျဆုံးလူသား၏ ရပ်တည်ရှင်သန်နိုင်ရေးအတွက် နေရာတစ်နေရာ ပေါ်ထွက်လာသည်

သမ္မာကျမ်းစာ၏ ဒုတိယကျမ်းပိုဒ်ကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၆-၇) ဘုရားသခင်သည် “ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေ” ဟုမိန့်ပြီးနောက်တွင် မည်သို့ပြောင်းလဲမှု ပေါ်ပေါက်ခဲ့သနည်း။ ကျမ်းပိုဒ်တွင် ဤကဲ့သို့ဆိုသည်၊ “မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်။” ဘုရားသခင်သည် ဤသည်ကို မိန့်ကြားကာ ပြုလုပ်အပြီးတွင် အဘယ်ရလဒ်ရလာသနည်း။ ဤအဖြေသည် ကျမ်းပိုဒ်၏ နောက်ဆုံးအပိုင်းတွင်ရှိသည်။ “ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။”

ဤဝါကျတိုနှစ်ခုသည် ဘုရားသခင်က လူသားအသက်ရှင် ရပ်တည်နိုင်သည့် နေရာတစ်ခုကို ဖန်ဆင်းခဲ့ပြီး ရေကို အုပ်စိုးသည့် ကြီးမားသည့် လုပ်ဆောင်မှုဖြစ်သော အံ့သြစရာမြင်ကွင်းကိုဖော်ပြပြီး ကြီးကျယ်ခမ်းနားသည့် ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားသည်။

ဤပုံတွင် ဘုရားသခင်၏ မျက်မှောက်တော်ရှေ့တွင် မိုးမျက်နှာကြက်နှင့် ရေတို့သည် ချက်ချင်း ပေါ်ပေါက်လာသည်၊ ထို့ပြင် ဤအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သြဇာအာဏာနှင့် ခွဲခြားခံရပြီး ဘုရားသခင် စီစဉ်သည့်ပုံစံအရ အပေါ်နှင့် အောက်အဖြစ် ကွဲပြားခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင် ဖန်ဆင်းခဲ့သည့် မိုးမျက်နှာကြက်သည် အောက်တွင်ရှိသည့် ရေကို ဖုံးအုပ်ရုံတင်မကဘဲ အပေါ်တွင်ရှိသည့် ရေကိုပါ ထောက်ပံ့ပေးထားသည်။ ဤအခြေအနေတွင် ဖန်ဆင်းရှင်သည် ရေကို ကူးပြောင်းစေခဲ့ခြင်း၊ ရေကို အမိန့်ပေးခဲ့ခြင်း၊ မိုးမျက်နှာကြက်ကို ဖန်ဆင်းခဲ့ခြင်း အစရှိသောဖြစ်အင်တို့၏ ခံ့ညားထည်ဝါမှု၊ သူ့သြဇာအာဏာ၏ ကြီးမားသည့်အစွမ်းကို လေးစားကြည်ညိုခြင်းနှင့် လူသားသည် ပင့်သက်ရှုမောပြီး မှင်တက်မိကာ ငေးစိုက်မကြည့်ဘဲ မနေနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဘုရားသခင်၏ သြဇာအာဏာတို့မှတစ်ဆင့် ဘုရားသခင်သည် ကြီးမားသော နောက်ထပ် စွမ်းဆောင်မှုတစ်ခုကို ရရှိခဲ့သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ကြီးမားသည့် အစွမ်းမဟုတ်ပါလော။ ဘုရားသခင်၏ လုပ်ဆောင်မှုတို့ကို ရှင်းပြရန် ကျမ်းပိုဒ်များကို ငါတို့အသုံးပြုကြစို့- ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို ဟောကြားခဲ့သည်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကြောင့် ရေအလယ်တွင် မိုးမျက်နှာကြက်တစ်ခုရှိခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကြောင့် ဤနေရာတွင် ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ယင်းမှာ သာမန်အခြေအနေ အနေနှင့် ပြောင်းလဲခြင်းမဟုတ်ဘဲ ဘာမျှမရှိခြင်းမှ တစ်ခုခုရှိလာသည့် အစားထိုးခြင်း ပုံစံတစ်ခုဖြစ်သည်။ ယင်းမှာ ဖန်ဆင်းရှင်၏ အတွေးများမှ မွေးဖွားလာခြင်းဖြစ်ပြီး ဖန်ဆင်းရှင်မိန့်သည့် နှုတ်ကပတ်တော်တို့ကြောင့် ဘာမျှမရှိခြင်းမှ တစ်ခုခုရှိလာခြင်း ဖြစ်သည်။ ထို့ပြင် ဤအခြေအနေမှစပြီး ယင်းမှာ ဖန်ဆင်းရှင်အတွက် ခိုင်မြဲလျက်တည်လိမ့်မည်ဖြစ်ပြီး ဖန်ဆင်းရှင်၏ အတွေးများနှင့်အညီ ရွေ့ပြောင်းကာ ပြောင်းလဲပြီး အသစ်ဖြစ်လိမ့်ဖြစ်သည်။ ဤကျမ်းပိုဒ်က ဖန်ဆင်းရှင်၏ တစ်လောကလုံးကို ဖန်ဆင်းခြင်းတွင် သူ၏ ဒုတိယလုပ်ဆောင်ချက်ကို ဖော်ပြသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို နောက်ထပ် ဖော်ပြခြင်းဖြစ်ပြီး ဖန်ဆင်းရှင်စီမံသည့် နောက်ထပ် ရှေ့ဆောင်လုပ်ရပ် တစ်ခုဖြစ်သည်။ ဤနေ့သည် ကမ္ဘာကိုစတင်တည်ထောင်သည့်အချိန်ကစပြီး ဖန်ဆင်းရှင် ဖြတ်သန်းခဲ့သည့် ဒုတိယနေ့ဖြစ်ပြီး သူ့အတွက် နောက်ထပ် အံ့သြဖွယ်နေ့တစ်နေ့ဖြစ်ခဲ့သည်။ အလင်းကြားတွင် သူလျှောက်လှမ်းခဲ့သည်။ မိုးမျက်နှာကြက်ကို ယူဆောင်ခဲ့သည်။ ရေကို စီစဉ်အုပ်ချုပ်ခဲ့လိမ့်မည်။ ထို့ပြင် သူ၏လုပ်ဆောင်မှု၊ သူ၏သြဇာအာဏာနှင့် သူ၏တန်ခိုးတို့ကို နေ့သစ်တွင် အသုံးပြုခဲ့သည်။

ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို မမိန့်ဆိုမီတွင် ရေအလယ်၌ မိုးမျက်နှာကြက် ရှိသလော။ မရှိပေ။ “ရေအလယ်၌ မိုဃ်းမျက်နှာကြက် ဖြစ်စေ” ဟု ဘုရားသခင်က မိန့်လိုက်သည့်အခါတွင် မည်သို့ဖြစ်သနည်း။ ဘုရားသခင် ရည်ရွယ်ထားခဲ့သည့် အရာများက ပေါ်ထွက်လာခဲ့သည်။ ဘုရားသခင်က “ရေနှင့်ရေချင်း ခြားနားစေ” ဟုပြောခဲ့သည့် အတွက်ကြောင့် ရေအလယ်တွင် မိုဃ်းမျက်နှာကြက် တစ်ခုဖြစ်ခဲ့ပြီး ရေက ကွဲသွားသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နောက်တွင် အရာဝတ္ထုအသစ်နှစ်ခု၊ အသစ်ပေါ်ပေါက်လာသည့် အရာနှစ်ခုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ ရလဒ်အနေနှင့် အရာအားလုံးထဲတွင် ပေါ်ထွက်လာခဲ့သည်။ ဤအရာဝတ္ထုအသစ် နှစ်ခုပေါ်လာခြင်းနှင့် ပတ်သက်၍ သင်တို့ မည်သို့ခံစားရသနည်း။ ဖန်ဆင်းရှင်၏ တန်ခိုးကြီးမြတ်မှုကို သင်တို့ ခံစားရသလော။ ဖန်ဆင်းရှင်၏ အတုမရှိဖြစ်ပြီး ထူးခြားပြောင်မြောက်သည့် စွမ်းအားကို သင်တို့ ခံစားရသလော။ ဤကဲ့သို့သောစွမ်းအားနှင့် တန်ခိုးတို့၏ ကြီးမြတ်မှုသည် ဘုရားသခင်၏ သြဇာအာဏာကြောင့်ဖြစ်ပြီး ဤသြဇာအာဏာသည် ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်စားပြုခြင်းဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ အတုမရှိသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

ဤကျမ်းပိုဒ်သည် ဘုရားသခင်၏ အတုမရှိခြင်း၏ နောက်ထပ် နက်နဲသိမ်မွေ့သည့် သဘောတစ်ခုအား သင်တို့ကိုပေးသလော။ သို့ရာတွင် ဤသည်မှာ လုံလောက်ရန် အဝေးကြီးလိုသေးသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် ဤအရာထက်မက သာလွန်သည်။ သူ၏ အတုမရှိခြင်းသည် မည်သည့်ဖန်ဆင်းခံနှင့်မျှ မတူသည့် သူ၌ရှိသည့် အတုမရှိမှုကြောင့်တင်မဟုတ်ဘဲ သူ၏သြဇာအာဏာသည် ထူးခြားပြောင်မြောက်ခြင်း၊ အကန့်အသတ်မရှိခြင်း၊ အားလုံးထဲတွင် အမြင့်ဆုံးဖြစ်ခြင်း၊ အားလုံးထဲတွင် သာလွန်ခြင်းတို့ကြောင့် ဖြစ်သည့်အပြင် သူ၏သြဇာအာဏာနှင့် ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းသည် အသက်ကိုဖန်ဆင်းနိုင်ပြီး အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်ကာ ခမ်းနားကြီးကျယ်ပြီး ထူးခြားဆန်းကြယ်သည့် မိနစ်တိုင်း စက္ကန့်တိုင်းကို ဖန်ဆင်းနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် တစ်ချိန်တည်း၌ပင် ဘုရားသခင်သည် သူဖန်ဆင်းသည့် အသက်ကို အုပ်ချုပ်နိုင်ပြီး သူဖန်ဆင်းသည့် အံ့ဖွယ်မှုများ၊ စက္ကန့်၊ မိနစ်တစ်ခုစီတိုင်းအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားနိုင်သည်။

တတိယနေ့တွင် ဘုရားဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မြေကြီးနှင့် ပင်လယ်တို့ကို ပေါ်ပေါက်စေခဲ့ပြီး ဘုရားသခင်၏ သြဇာအာဏာသည် ကမ္ဘာကို သက်ရှိတို့နှင့် ပြည့်စေခဲ့သည်

နောက်ထပ် ကမ္ဘာဦးကျမ်း ၁:၉-၁၁ ၏ ပထမဝါကျကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ ဟုမိန့်တော်မူခဲ့သည်။” ဘုရားသခင်က ရိုးရိုးပဲ “မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ” ဟုပြောလိုက်သည့်အခါ မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သနည်း။ အလင်းနှင့် မိုဃ်းမျက်နှာကြက်မှလွဲ၍ ဤနေရာတွင် အဘယ်အရာရှိနေခဲ့သနည်း။ ကျမ်းစာထဲတွင် ဤသို့ရေးထားသည်၊ “ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။” တစ်နည်းအားဖြင့် ယခုတွင် ဤနေရာ၌ မြေကြီးနှင့် ပင်လယ်တို့ရှိလာခဲ့ပြီး မြေကြီးနှင့်ပင်လယ်တို့သည် ခွဲခြားခြင်းခံခဲ့ရသည်။ ဤအသစ်သောအရာများ၏ ပေါ်ထွန်းမှုသည် ဘုရားသခင်၏နှုတ်တော်က ပညတ်ချက်များကို လိုက်နာခဲ့သည်။ “အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။” ဘုရားသခင်သည် ဤအရာများကိုလုပ်နေစဉ်တွင် အလုပ်ရှုပ်နေခြင်းမျိုးကို သမ္မာကျမ်းစာက ဖော်ပြသလော။ ကိုယ်ကာယအင်အားနှင့် အလုပ်လုပ်နေသည်ဟု ဖော်ပြသလော။ ဤသို့ဆိုလျှင် ဤအရာများအားလုံးကို ဘုရားသခင်က မည်သို့ပြုလုပ်ခဲ့သနည်း။ ဤအရာဝတ္ထုအသစ်များကို ဘုရားသခင်က မည်သို့ဖြစ်ပေါ်စေခဲ့သနည်း။ ရှင်းပြနေစရာမလိုပေ။ ဤအရာများအားလုံးကို ရရှိရန်၊ ဤအရာအားလုံးကို ဖန်ဆင်းရန် ဘုရားသခင်သည် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။

အထက်ပါ ကျမ်းပိုဒ်သုံးပိုဒ်တွင် ဖြစ်ရပ်ကြီးသုံးရပ်ပေါ်ပေါက်မှုကို ငါတို့သင်ယူခဲ့ရသည်။ ဤဖြစ်ရပ်ကြီး သုံးရပ်သည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကတစ်ဆင့် ပေါ်ပေါက်လာပြီး ဖြစ်တည်လာခဲ့သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဘုရားသခင်၏ မျက်မှောက်ရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် “ဘုရားသခင်သည် မိန့်ကြားပြီး ထိုအရာသည် ပြီးပြည့်စုံလိမ့်မည်။ သူအမိန့်ပေးပြီး ခိုင်မာစွာရပ်တည်လိမ့်မည်” ဟူသည့်စကားများသည် အနှစ်သာရမပါသည့် စကားများ မဟုတ်ပေ။ ဘုရားသခင်၏ ဤအနှစ်သာရသည် သူ၏အတွေးများပေါ်လာသည်နှင့် ချက်ချင်းပင် အတည်ပြုခြင်းခံရပြီး ဘုရားသခင်က မိန့်ကြားရန် သူ၏နှုတ်ကို ဖွင့်ဟလိုက်သည့်အခါတွင် သူ၏ အနှစ်သာရသည် အပြည့်အဝ ပုံရိပ်ထင်လာသည်။

ဤကျမ်းပိုဒ်၏ နောက်ဆုံးဝါကျကို ဆက်သွားကြစို့။ “တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်တွင် မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။” ဘုရားသခင်က စကားပြောနေစဉ်တွင် ဤအရာအားလုံးသည် ဘုရားသခင်၏အတွေးကိုလိုက်ပြီး ဖြစ်တည်လာခဲ့ကာ ချက်ချင်းပင် အနုစိတ်ပြီး သေးငယ်သည့် သက်ရှိအမျိုးမျိုးတို့သည် မြေကြီးထဲမှ တုန်တုန်ရီရီနှင့် ခေါင်းလေးများ ပြူထွက်လာခဲ့ပြီး သူတို့ကိုယ်ခန္ဓာက မြေမှုန့်များကို ခါမချသေးခင်တွင်ပင် သူတို့သည် စိတ်ထက်သန်စွာနှင့် အချင်းချင်း နှုတ်ဆက်ရင်း ခေါင်းညိတ်ရင်းနှင့် လောကကြီးကို ပြုံးပြနေခဲ့ကြသည်။ ဖန်ဆင်းရှင်သည် သူတို့အပေါ်တွင် အသက်ကို ချပေးသနားသည့်အတွက် သူ့ကို ကျေးဇူးတင်ကြပြီး သူတို့သည် အရာအားလုံးထဲတွင် ပါဝင်သည့် တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဆိုခြင်းကို၊ သူတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို ဖော်ထုတ်ပြသရန် သူတို့၏ ဘဝများကို အပ်နှံကြမည်ဆိုခြင်းကို ကြေညာခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို မိန့်ကြားလိုက်သည့်အခါတွင် ကုန်းမြေသည် စိမ်းလန်းစိုပြည်လာခဲ့သည်။ လူတို့အသုံးချနိုင်သည့် ဆေးဘက်ဝင်အပင်အမျိုးမျိုးတို့သည် ရှင်သန်လာကြပြီး မြေကြီးထဲမှ ဖောက်ထွက်လာခဲ့ကြသည်။ တောင်များနှင့် လွင်ပြင်များသည် သစ်ပင်များ၊ တောများနှင့် ထူထပ်သွားခဲ့သည်။ သက်ရှိအရိပ်အယောင်လုံးဝမရှိခဲ့ဖူးသည့် ကျတ်တီးမြေဖြစ်သော ဤကမ္ဘာကြီးသည် မြက်ပင်များ၊ ဆေးပင်များ၊ သစ်ပင်များ တစ်ပုံတစ်ခေါင်းနှင့် တစ်ဟုန်ထိုး ဖုံးသွားပြီး သစ်ပင်ခြုံပင်များနှင့် ပြည့်လျှံသွားခဲ့သည်။ မြက်တို့၏ ရနံ့နှင့် ကုန်းမြေ၏ မွှေးပျံ့မှုသည် လေမှတစ်ဆင့် ပျံ့နှံ့သွားပြီး စီတန်းနေသည့် အပင်တို့သည် လေ၏လည်ပတ်မှုနှင့်ထပ်တူ လေကို ရှုရှိုက်ကြပြီး ကြီးထွားမှုဖြစ်စဉ်ကို အစပြုခဲ့ကြသည်။ တစ်ချိန်တည်းတွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဘုရားသခင်၏ အတွေးနောက်တွင် အားလုံးသောအပင်တို့သည် ရှင်သန်ကြီးထွားခြင်း၊ ပွင့်ဖူးခြင်း၊ အသီးသီးခြင်းနှင့် ပွားများခြင်းတို့ဖြစ်သည့် မပြီးဆုံးသည့် ဘဝစက်ဝိုင်းကို စတင်ခဲ့ကြသည်။ သူတို့၏ သက်ဆိုင်သည့် ဘဝပုံစံများကို သေသေချာချာ လိုက်လျှောက်ကြပြီး အရာအားလုံးကြားတွင် သူတို့၏ သက်ဆိုင်သည့်တာဝန်များကို စတင် ထမ်းဆောင်လာခဲ့ကြသည်။ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် မွေးဖွားပြီး ရှင်သန်ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ မရပ်တန့်သွားမည့် ထောက်ပံ့ခြင်းနှင့် ပြုစုပျိုးထောင်ခြင်းတို့ကို ရရှိကြလိမ့်မည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ထင်ရှားပြသကြရန်အတွက် ကုန်းမြေ၏ ထောင့်အသီးသီးတွင် အမြဲတမ်း ဇွဲနပဲကြီးစွာ ရှင်သန်ရပ်တည်ကြလိမ့်မည်။ ထို့ပြင် ဖန်ဆင်းရှင်က သူတို့အပေါ် အပ်နှင်းပေးခဲ့သည့် အသက်စွမ်းအားကို အမြဲပင် ထင်ရှားပြသကြပေလိမ့်မည်။

ဖန်ဆင်းရှင်၏ အသက်သည် ထူးခြားပြောင်မြောက်၏။ သူ၏အတွေးများသည် ထူးခြားပြောင်မြောက်သည်။ သူ၏သြဇာအာဏာသည် ထူးခြားပြောင်မြောက်သည်။ ထို့ကြောင့် သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်လိုက်သည့်အခါတွင် နောက်ဆုံးရလဒ်မှာ “အမိန့်တော်ရှိသည့်အတိုင်း ဖြစ်လေ၏” ပင်ဖြစ်သည်။ ရှင်းသည်၊ ဘုရားသခင်သည် သူလုပ်ဆောင်သည့်အခါတွင် သူ၏လက်များနှင့် အလုပ်လုပ်ရန် မလိုအပ်ပေ။ သူသည် သူ့အတွေးများကို ကွပ်ကဲအုပ်ချုပ်ရန်အတွက် အသုံးပြုပြီး အမိန့်ပေးရန်အတွက် သူ၏ နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်။ ဤနည်းလမ်းနှင့် ကိစ္စများသည် ပြီးမြောက်သည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် ရေများကို တစ်နေရာထဲတွင် စုဆောင်းပြီး ခြောက်သွေ့သည့် ကုန်းမြေကို ဖြစ်ပေါ်စေခဲ့သည်။ ပြီးနောက်တွင် ဘုရားသခင်သည် ကုန်းမြေပေါ်တွင် မြက်ပင်များကို ရှင်သန်ထွက်ပေါ်လာစေပြီး အစေ့ပါဝင်သည့် ဆေးပင်များ၊ အသီးသီးသည့်အပင်များ ကြီးထွားလာစေပြီး ဘုရားသခင်သည် ၎င်းတို့ကို အမျိုးအစားပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်ခဲ့ကာ တစ်ခုစီတိုင်းတွင် ကိုယ်ပိုင်အစေ့တို့ ပါဝင်စေခဲ့သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အတွေးများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အမိန့်ပေးချက်များအရ ဖြစ်ပေါ်လာခဲ့ပြီး ဤကမ္ဘာသစ်တွင် တစ်ခုချင်းစီ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဘုရားသခင်သည် သူ၏အလုပ်ကို မစတင်မီတွင် သူ့စိတ်ထဲတွင် အဘယ်အရာကိုရရှိရန် ရည်ရွယ်ထားသည်ဆိုသည့် ပုံသဏ္ဌာန် ရှိနှင့်ပြီးဖြစ်ပြီး ဘုရားသခင်သည် ဤအရာများကို ရရှိရန် ပြင်ဆင်သည့်ခါတွင်၊ ဘုရားသခင်သည် ဤပုံသဏ္ဌာန်၏ အကြောင်းအရာကို မိန့်ဆိုရန် သူ့နှုတ်ကို ဖွင့်ဟလိုက်သည့်အခါတွင် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကြောင့် အရာအားလုံး၌ ပြောင်းလဲမှုများသည် စတင်ဖြစ်ပေါ်လာခဲ့သည်။ ဘုရားသခင်သည် မည်သို့လုပ်ဆောင်ခဲ့သည် သို့မဟုတ် သူ၏သြဇာအာဏာကို မည်သို့အသုံးချခဲ့သည်ဆိုခြင်းနှင့် မဆိုင်ဘဲ အားလုံးသည် ဘုရားသခင်၏ အစီအစဉ်နှင့်အညီ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် တစ်ဆင့်ချင်းဖြစ်ပေါ်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သြဇာအာဏာတို့ကြောင့် ကောင်းကင်နှင့် မြေကြီးကြားတွင် တစ်ဆင့်ချင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ဤပြောင်းလဲမှုများနှင့် ပေါ်ပေါက်လာမှု အားလုံးတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၊ ဖန်ဆင်းရှင်၏ အသက်တန်ခိုး၏ ထူးခြားဆန်းကြယ်မှုနှင့် ကြီးမြတ်မှုတို့ကို ထင်ရှားစွာပြသသည်။ သူ၏ အတွေးများသည် ရိုးရှင်းသည့် စိတ်ကူးစိတ်သန်းများ သို့မဟုတ် အနှစ်မဲ့သည့် ပုံသဏ္ဌာန်မျိုး မဟုတ်ဘဲ ရှင်သန်တက်ကြွမှုနှင့် ထူးခြားဆန်းကြယ်သည့် တန်ခိုးရှိသည့် သြဇာအာဏာတစ်ခုဖြစ်ပြီး ဤအရာတို့သည် အရာအားလုံးကို ပြောင်းလဲစေသည့်၊ ပြန်လည်လန်းဆန်းစေသည့်၊ အသစ်တစ်ဖန်ဖြစ်စေသည့်၊ ပျက်စီးစေသည့် တန်ခိုးတို့ဖြစ်ကြသည်။ ဤအရာကြောင့် အရာအားလုံးသည် သူ၏အတွေးများကြောင့် လှုပ်ရှားကြပြီး တစ်ချိန်တည်းတွင်ပင် သူ၏နှုတ်ထွက်စကားများကြောင့် ဤအရာအားလုံးတို့ကို ပြီးမြောက်ခဲ့သည်။

အရာအားလုံး မပေါ်ပေါက်မီတွင် စုံလင်သော အစီအစဉ်တစ်ခုမှာ ဘုရားသခင်၏ အတွေးများထဲ၌ ကြာမြင့်စွာကတည်းက ဖြစ်ပေါ်နေခဲ့ပြီဖြစ်ပြီး ကမ္ဘာသစ်တစ်ခုကို ကြာမြင့်စွာကတည်းက ရရှိခဲ့ပြီးဖြစ်သည်။ တတိယ နေ့ရက်တွင် ကုန်းမြေပေါ်၌ အမျိုးမျိုးသောအပင်များ ပေါ်ပေါက်ခဲ့သော်လည်း ဘုရားသခင်အနေဖြင့် လောကကို ဖန်ဆင်းခြင်းအဆင့်များကို ရပ်တန့်ပစ်ရန် အကြောင်းရင်းမရှိခဲ့ပါချေ။ သူ၏နှုတ်ကပတ်တော်များကို ဆက်ပြောဆိုရန်၊ အသစ်သောအရာအားလုံးကို ဖန်ဆင်းခြင်းအား ဆက်လက်စွမ်းဆောင်ရန် သူရည်ရွယ်ခဲ့သည်။ သူသည် စကားပြောဆိုကာ၊ အမိန့်ပေးပြီး သူ၏သြဇာအာဏာကို အသုံးပြု၍ သူ၏တန်ခိုးကို ထင်ရှားပြသခဲ့လိမ့်မည်ဖြစ်ကာ အရာအားလုံးအတွက်နှင့် သူဖန်ဆင်းရန် ရည်ရွယ်ထားသည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးရန် သူစီစဉ်ထားခဲ့သည့် အရာအားလုံးကို ပြင်ဆင်ခဲ့သည်။

Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

0ရှာဖွေခြင်း ရလဒ်များ