အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅) ဘုရားသခင်၏ သန့်ရှင်းခြင်း (၂) အပိုင်း သုံး ၏ အဆက်

၃။ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပုံ

ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းအဖြစ် မှတ်ယူခြင်း ခံရသည့် အရာများစွာရှိသလော သို့မဟုတ် ရှိသည်မဟုတ်လော။ (ရှိပါသည်။) ဤ “ရိုးရာယဉ်ကျေးမှု” သည် မည်သည့်အရာကို ဆိုလိုသနည်း။ လူအချို့က ၎င်းကို ဘိုးဘွားဘီဘင်များမှ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်- ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ အစအဦး ကတည်းက၊ ဘဝ၏ နည်းလမ်းများ၊ ဓလေ့ထုံးတမ်းများ၊ ဆိုရိုးစကားများနှင့် စည်းမျဉ်းစည်းကမ်းများကို မိသားစုများ၊ လူမျိုးစုများနှင့် လူသားမျိုးနွယ်တစ်ခုလုံးအတွင်းတွင်ပင် လက်ဆင့်ကမ်းခဲ့ကြပြီး လူတို့၏အတွေးများထဲတွင် သွတ်သွင်းခြင်းခံလာခဲ့ရသည်။ လူတို့က ယင်းတို့ကို ၎င်းတို့ ဘဝများ၏ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုအဖြစ် ယူဆကြပြီး ယင်းတို့ကို ဘဝသက်သက် ဖြစ်သည့်အလား လိုက်နာလျက်၊ စည်းမျဉ်းစည်းကမ်းများအဖြစ် မှတ်ယူကြလေသည်။ အမှန်တွင်၊ ယင်းတို့ကို ၎င်းတို့၏ ဘိုးဘွားဘီဘင်များမှ လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းတို့သည် ဤအရာများကို ဘယ်သောအခါမျှ မပြောင်းလဲချင်ကြ သို့မဟုတ် မပစ်ပယ်လိုကြပေ။ ကွန်ဖြူးရှပ်နှင့် မင်းရှပ်စ်တို့မှ လက်ဆင့်ကမ်းလာကြသည့် အရာများနှင့် တရုတ် တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့က လူတို့ကို သင်ကြားပေးခဲ့သည့် အရာများကဲ့သို့သော လူတို့ တကယ့်အရိုးစွဲ ချိုးကပ်ခဲ့သည့် အခြားသော ရိုးရာယဉ်ကျေးမှု သွင်ပြင် လက္ခဏာများရှုထောင့်များ ရှိသည်။ ဤသည်မှာ မှန်၏လော။ ရိုးရာယဉ်ကျေးမှုတွင် မည်သည့်အရာများ ပါဝင် သနည်း။ လူတို့ ဆင်နွှဲသော အားလပ်ရက်များ ပါဝင်သလော။ ဥပမာအားဖြင့်၊ နွေဦးပွဲတော်၊ မီးပုံးပွဲတော်၊ သင်္ချိုင်းကန်တော့ပွဲ၊ နဂါးလှေပွဲတော်အပြင် တစ္ဆေပွဲတော်နှင့် လမုန့်ပွဲတော်တို့ ဖြစ်ကြသည်။ မိသားစုအချို့တို့သည် သက်ကြီးသူများ အသက် အပိုင်းအခြားတစ်ခုသို့ ရောက်ရှိသည့်အခါ သို့မဟုတ် ကလေးများ အသက်တစ်လပြည့်၊ သို့မဟုတ် ရက်တစ်ရာ ပြည့်သည့် နေ့များကိုပင် ဆင်နွှဲကြသည်။ စသည်ဖြင့် ဖြစ်၏။ ဤအရာအားလုံးသည် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အားလပ်ရက်များပင် ဖြစ်သည်။ ဤအားလပ်ရက်များကို အခြေခံနေသော ရိုးရာယဉ်ကျေးမှု ရှိသည် မဟုတ်လော။ ရိုးရာယဉ်ကျေးမှု၏ အဓိကအချက်က အဘယ်အရာ ဖြစ်သနည်း။ ယင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် တစ်ခုတစ်လေ ပတ်သက်မှုရှိသလော။ ယင်းသည် လူတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပြောဆိုခြင်းနှင့် တစ်ခုတစ်လေ ပတ်သက်မှုရှိသလော။ ဘုရားသခင်ကို ယဇ်ပူဇော်ရန်၊ ဘုရားသခင်၏ ယဇ်ပလ္လင်သို့သွားပြီး သူ၏ သွန်သင်မှုများကို ခံယူရန်အတွက် လူတို့တွင် အားလပ်ရက် တစ်ခုတစ်လေ ရှိသလော။ ဤသို့သော အားလပ်ရက်များ ရှိသလော။ (မရှိပါ။) ဤအားလပ်ရက်များအားလုံးတွင် လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ခေတ်သစ်ကာလများတွင် ယင်းတို့ကို စားခြင်း၊ သောက်ခြင်းနှင့် အပျော်အတွက် အခါသမယများ အဖြစ် မြင်ကြသည်။ ရိုးရာယဉ်ကျေးမှုကို အခြေခံနေသော အရင်းအမြစ်မှာ အဘယ်နည်း။ ရိုးရာယဉ်ကျေးမှုသည် မည်သူ့ထံမှ လာသနည်း။ (စာတန်ထံမှ လာပါ၏။) ၎င်းသည် စာတန်ထံမှလာသည်။ ဤရိုးရာယဉ်ကျေးမှု အားလပ်ရက်များ၏ မြင်ကွင်းများ နောက်ကွယ်တွင်၊ စာတန်သည် လူသားထဲသို့ အချို့သော အရာများကို သွတ်သွင်းလေသည်။ ဤအရာများမှာ အဘယ်နည်း။ လူတို့အနေဖြင့် ၎င်းတို့၏ ဘိုးဘေးဘီဘင်များကို သတိရသည်ကို သေချာစေခြင်းဖြစ်သည်- ယင်းသည် ထိုအရာများထဲမှ တစ်ခုမဟုတ်သလော။ ဥပမာအားဖြင့် သင်္ချိုင်းကန်တော့ပွဲနေ့ အတွင်းတွင် လူတို့သည် အုတ်ဂူများကို ရှင်းလင်းကြပြီး မိမိတို့၏ဘိုးဘေးဘီဘင်များကို မမေ့စေရန်အလို့ငှာ မိမိတို့၏ ဘိုးဘေးဘီဘင်များကို ပူဇော်ပသကြသည်။ ထို့ပြင်၊ လူတို့ မျိုးချစ်စိတ်ရှိဖို့ စာတန်က သေချာသတိရစေသည်၊ ယင်းနှင့်ဆိုင်သော ဥပမာမှာ နဂါးလှေပွဲတော် ဖြစ်သည်။ လမုန့်ပွဲတော်ကော အဘယ်သို့နည်း။ (မိသားစု ပြန်လည် ဆုံတွေ့ခြင်းများ ဖြစ်ပါ၏။) မိသားစု ပြန်လည်ဆုံတွေ့ခြင်းများ၏ နောက်ခံအကြောင်းက အဘယ်နည်း။ ယင်းအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ စိတ်လှုပ်ရှားစွာ ဆက်သွယ်ရန်နှင့် ဆက်နွှယ်ရန်ဖြစ်သည်။ ဟုတ်ပေ၏၊ တရုတ်နှစ်သစ်ကူး အကြိုနေ့ ကျင်းပသည်ဖြစ်စေ သို့မဟုတ် မီးပုံးပွဲတော်ကို ကျင်းပသည်ဖြစ်စေ၊ ဤပွဲလမ်းသဘင် ကျင်းပခြင်းများ၏ နောက်ကွယ်က အကြောင်းရင်းများကို ဖော်ပြသည့် နည်းလမ်းများစွာရှိသည်။ ထိုအကြောင်းရင်းများကို မည်သို့ဖော်ပြသည်ဖြစ်စေ၊ တစ်ခုစီသည် ဘုရားသခင်ထံမှ ၎င်းတို့ လမ်းလွှဲသွားစေရန်နှင့် ဘုရားသခင် ရှိသည်ကို မသိဘဲလျက် ၎င်းတို့၏ ဘိုးဘေးဘီဘင်များ သို့မဟုတ် စာတန်ထံသို့ ယဇ်ပူဇော် ဆက်ကပ်ကြစေရန်၊ လူ့ဇာတိ၏လိုအင်များအတွက် စားရန်၊ သောက်ရန်နှင့် ပျော်ပါးကြရန်အလို့ငှာ သူ၏ အတွေးအခေါ်များ နှင့် စဉ်းစားမှုတို့ကို လူတို့ထဲသို့ သွတ်သွင်းသည့် စာတန်၏ နည်းလမ်းဖြစ်သည်။ ဤအားလပ်ရက်များ တစ်ခုစီကို ကျင်းပသည်နှင့်အမျှ၊ စာတန်၏ အတွေးများနှင့် အမြင်များသည် လူတို့၏ စိတ်များအတွင်းတွင် ၎င်းတို့ သိရှိခြင်းမရှိဘဲ နက်နက်ရှိုင်းရှိုင်း နေရာယူထားထားလေသည်။ လူတို့သည် ၎င်းတို့၏ လေးဆယ်အရွယ်များ ငါးဆယ်အရွယ်များ သို့မဟုတ် ပိုကြီးရင့်သည့် အသက်အရွယ်များ ရောက်လာသည့်အခါ၊ စာတန်၏ ဤအတွေးများနှင့် ရှုထောင့်အမြင်များသည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နှင့်ပြီး ဖြစ်သည်။ ထို့အပြင် လူတို့သည် ဤအယူအဆများကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လက်လွတ်စပယ် သံသယကင်းစွာ နောက်မျိုးဆက်ဆီသို့ လက်ဆင့်ကမ်းရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤသည်မှာ မှန်၏လော။ (မှန်ပါသည်။) ရိုးရာယဉ်ကျေးမှုနှင့် ဤအားလပ်ရက်များသည် လူတို့ကို မည်သို့ဖောက်ပြန်ပျက်စီးစေသနည်း။ သင်သိသလော။ (လူတို့သည် ဤရိုးရာဓလေ့များ၏ စည်းမျဉ်းများဖြင့် ဘောင်ခတ်ခံရပြီး ချည်နှောင်ခြင်းခံရသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေရန် အချိန် သို့မဟုတ် အားအင် မရှိကြချေ။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ တရုတ်နှစ်သစ်ကူးအတွင်းတွင် လူတိုင်း ဆင်နွှဲကြသည်၊ သင်မဆင်နွှဲရပါက ဝမ်းနည်းမှုကိုသင်ခံစားရသည် မဟုတ်လော။ သင်၏ စိတ်နှလုံးထဲတွင် သင်ထိန်းသိမ်းထားသော အယူသည်းမှုများ တစ်ခုတစ်လေ ရှိသလော။ “နှစ်သစ်ကူးကို ကျွန်ုပ်မဆင်နွှဲလိုက်ရပါ၊ တရုတ်နှစ်သစ်ကူးနေ့သည် ဆိုးဝါးသည့်နေ့ဖြစ်သည့်အတွက် ကျန်သည့် တစ်နှစ်လုံး ဆိုးဝါးလိမ့်မည် မဟုတ်လော” ဟု သင်ခံစားရကောင်း ခံစား ရလိမ့်မည်။ သင်သည် နေမထိထိုင်မသာ ဖြစ်ပြီး အနည်းငယ် စိုးရွံ့လိမ့်မည် မဟုတ်လော။ မိမိတို့၏ ဘိုးဘွားဘီဘင်များကို နှစ်များစွာကြာ ပူဇော်ပသမှု မပြုခဲ့သည့် လူအချို့နှင့် သေဆုံးသောသူက ၎င်းတို့ကို ငွေတောင်းသည့် အိပ်မက်တစ်ခု ရုတ်တရက် မက်ကြသည့် လူအချို့ပင် ရှိကြလေသည်။ ၎င်းတို့ မည်ကဲ့သို့ခံစားရမည်နည်း။ “ယခု သေသွားသည့် ဤလူက သုံးရန်ငွေလိုသည်မှာ ဝမ်းနည်းဖို့ ကောင်းလေစွ။ သူတို့အတွက် စက္ကူငွေ အချို့ကို ကျွန်ုပ်မီးရှို့မည်၊ ကျွန်ုပ်မလုပ်ပါက မကောင်းရာ ကျပေမည်။ အသက်ရှင်နေသော ကျွန်ုပ်တို့အတွက် ဒုက္ခ ဖြစ်ကောင်းဖြစ်စေလိမ့်မည်- မည်သည့်အချိန်တွင် ကံဆိုးမိုးမှောင် ဆိုက်ရောက်လာမည်ကို အဘယ်သူပြောနိုင်သနည်း။” ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ခြင်း တိမ်တိုက်လေးက အမြဲတစေ ရှိပေလိမ့်မည်။ ဤစိုးရိမ်ပူပန်မှုကို ၎င်းတို့အား အဘယ်သူ ပေးသနည်း။ (စာတန်ပေးပါသည်။) စာတန်သည် ဤစိုးရိမ်ပူပန်မှု၏ အရင်းအမြစ်ဖြစ်သည်။ ဤသည်မှာ လူသားကို ဖောက်ပြန်ပျက်စီးစေသည့် စာတန်၏ နည်းလမ်းများထဲက တစ်ခုမဟုတ်သလော။ သင့်အနေဖြင့် မှင်တက်မိခြင်းသို့ ဆိုက်ရောက်ဖို့၊ ၎င်းကို အလျှော့ပေးကာ ကျိုးနွံနာခံဖို့အလို့ငှာ သင့်ကိုထိန်းချုပ်ရန်၊ သင့်ကို ခြိမ်းခြောက်ရန် နှင့် သင့်ကို ချည်နှောင်ရန်၊ ၎င်းသည် မတူညီသော ရည်ရွယ်ချက်များနှင့် အကြောင်းပြချက်များကို အသုံးပြု လေသည်။ ဤသည်ကား စာတန်က လူကို ဖောက်ပြန်ပျက်စီး စေပုံဖြစ်သည်။ မကြာခဏပင် လူတို့သည် အားနည်းသည့်အခါ သို့မဟုတ် အခြေအနေကို ၎င်းတို့ အပြည့်အဝ သတိမပြု မိသည့်အခါ၊ အမှုမဲ့အမှတ်မဲ့ဖြင့် နားဝေတိမ်တောင်ဖြစ်သည့် ပုံစံဖြင့် တစ်စုံတစ်ရာကို ပြုလုပ်ကောင်းပြုလိမ့်မည်။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် စာတန်၏ လက်ထဲသို့ အမှုမဲ့အမှတ်မဲ့ ကျရောက်သွားပြီး အမှတ်တမဲ့ ပြုမူမိကောင်း ပြုမူမိလိမ့်မည် ဖြစ်ကာ ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို မသိဘဲ အမှုအရာ များစွာကို လုပ်ဆောင်မိကောင်း လုပ်ဆောင်မိကြလိမ့်မည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းဖြစ်သည်။ ယခုတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေသည့် ရိုးရာယဉ်ကျေးမှုများကို စွန့်ခွာရန် တွန့်ဆုတ်နေသော၊ မစွန့်လွှတ်နိုင်သော လူအတော်များများ ရှိ၏။ ဤသို့သော အားလပ်ရက်များကို ၎င်းတို့ ဆင်နွှဲဖို့ ဆန္ဒရှိကြပြီး စာတန်ကို တွေ့ဆုံကာ တစ်ဖန် စိတ်ကျေစေလိုသည့်၊ မိမိတို့၏ စိတ်နှလုံးများကို နှစ်သိမ့်မှုယူဆောင်လိုသည့် ဆန္ဒရှိကြသည်မှာ အထူးသဖြင့် ၎င်းတို့ အားနည်းပြီး ပြုသမျှနုကြရသည့်အခါတွင် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုအဖို့ နောက်ခံအကြောင်းရင်းကား အဘယ်နည်း။ မြင်ကွင်းများနောက်ကွယ်တွင် စာတန်၏လက်မဲက ကြိုးများဆွဲနေခြင်းဖြစ်သလော။ စာတန်၏ ဆိုးယုတ်သည့် သဘာဝက ဤအရာအားလုံးကို ကြိုးကိုင်ခြယ်လှယ်ပြီး ထိန်းချုပ်နေခြင်း ဖြစ်သလော။ စာတန်က ဤအရာများအားလုံး အပေါ် ဩဇာလွှမ်းမိုးသလော။ (လွှမ်းမိုးပါသည်။) လူတို့သည် ရိုးရာယဉ်ကျေးမှုထဲ အသက်ရှင်ကြပြီး ဤရိုးရာဓလေ့ အားလပ်ရက်မျိုးများကို ဆင်နွှဲသည့်အခါ၊ ဤသည်မှာ စာတန်အားဖြင့် ၎င်းတို့ လှည့်စားခံရပြီး ဖောက်ပြန်ပျက်စီး ရသည့်အပြင်၊ စာတန်၏ အရူးလုပ်ခံရပြီး၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည်ကို ပျော်ရွှင်ကြသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤသည်မှာ သင်တို့အားလုံး အသိအမှတ် ပြုသည့်၊ သိထားကြသည့် အရာတစ်ခု ဖြစ်သည်။

၄။ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အယူသီးခြင်းကို အသုံးပြုပုံ

“အယူသီးခြင်း” ဟူသည့် ဝေါဟာရနှင့် သင်ရင်းနှီးသည်၊ ဟုတ်ပါသလော။ အယူသီးခြင်းနှင့် ရိုးရာယဉ်ကျေးမှု အကြားတွင် ဆက်နွှယ်မှုအချို့ ရှိ၏၊ သို့သော် ယနေ့တွင် ထိုအရာတို့ကို ငါတို့ ပြောမည်မဟုတ်။ ယင်းထက် အများဆုံး ကြုံရသည့် အယူသီးခြင်း ပုံစံများကို ငါဆွေးနွေးမည်- ဂမ္ဘီရပညာ၊ ဗေဒင်ဟောခြင်း၊ အမွှေးနံ့သာထွန်းခြင်းနှင့် ဗုဒ္ဓကိုကိုးကွယ်ခြင်းတို့ ဖြစ်ကြသည်။ လူအချို့က ဂမ္ဘီရပညာကို ကျင့်သုံးကြသည်၊ အခြားသူတို့က ဗုဒ္ဓကို ကိုးကွယ်ပြီး အမွှေးနံ့သာ ထွန်းကြသည်၊ သို့သော် အခြားသူများက ၎င်းတို့၏ ကံကြမ္မာများကို ဖတ်ရှုစေသည် သို့မဟုတ် တစ်စုံတစ်ယောက်အား ၎င်းတို့၏ မျက်နှာရုပ်အင် လက္ခဏာကို ဖတ်စေပြီး ၎င်းတို့၏ ကံကြမ္မာများကို ပြောပြ စေကြသည်။ သင်တို့ထဲမှ ဘယ်နှစ်ဦးသည် သင်တို့၏ ကံကြမ္မာကို ဟောစေခြင်း သို့မဟုတ် မျက်နှာဖတ်စေခြင်းများ ပြုလုပ်ခဲ့ကြပြီး ဖြစ်သနည်း။ ဤသည်မှာ လူအများစု စိတ်ဝင်စားကြသည့် တစ်စုံတစ်ခု ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့်နည်း။ ဗေဒင်ဟောခြင်းနှင့် ဂမ္ဘီရပညာမှ လူတို့သည် အဘယ်သို့သော အကျိုးအမြတ်မျိုးကို ရကြသနည်း။ ထိုအရာမှ မည်ကဲ့သို့သော စိတ်ကျေနပ်မှုမျိုးကို ရကြသနည်း။ (သိချင်စိတ်ပြင်းပြခြင်း ဖြစ်ပါသည်။) ယင်းမှာ သိချင်စိတ်ပြင်းပြခြင်းသာဖြစ်သလော။ ငါမြင်သ​လောက်မှာမူ ယင်းလည်း သေချာပေါက် မဟုတ်ပေ။ ဂမ္ဘီရပညာနှင့် ဗေဒင်ဟောခြင်း၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ အဘယ်ကြောင့် ယင်းကို လုပ်ဆောင်ရသနည်း။ အနာဂတ်ကို မြင်ရန် မဟုတ်လော။ လူအချို့သည် အနာဂတ်ကို ဟောကိန်းထုတ်ရန် ၎င်းတို့၏ ရုပ်အင်ကို ဖတ်စေကြသည်၊ အခြားသူများက ၎င်းတို့တွင် ကံကောင်းခြင်း ရှိမရှိကို မြင်ရန် ထိုအရာကို လုပ်ဆောင်ကြသည်။ အချို့သောလူတို့က ၎င်းတို့၏ အိမ်ထောင်ရေး မည်သို့ဖြစ်မည်ကို ကြည့်ရန် ထိုအရာကို လုပ်ဆောင်ကြပြီး၊ သို့တိုင် အခြားသူများက လာမည့်နှစ်တွင် ကံဇာတာမည်သို့ဖြစ်မည်ကို ကြည့်ရန် လုပ်‌ဆောင်ကြသည်။ လူအချို့တို့က ၎င်းတို့၏ ရှေ့ရေးများနှင့် ၎င်းတို့ သားများ သမီးများ၏ ရှေ့ရေးများ မည်သို့ဖြစ်မည်ကို ကြည့်ရန် ၎င်းတို့၏ရုပ်အင်ကို ဖတ်စေကြပြီး၊ အချို့သော စီးပွားရေးသမားများက မည်သည့်လုပ်ဆောင်ချက်များ လုပ်ဆောင်သင့်သည်နှင့်ပတ်သက်၍ မျက်နှာဖတ်သူ၏ လမ်းပြမှုကို ရှာဖွေရင်း၊ ၎င်းတို့ငွေမည်မျှ ရမည်ကို သိဖို့ရန် လုပ်ဆောင်ကြလေသည်။ ထို့ကြောင့်၊ သိလိုစိတ် ပြင်းပြမှုကို ကျေနပ်မှုပေးရန်သာ ဤအရာကို လုပ်ဆောင်ခြင်းဖြစ်သလော။ လူတို့သည် ၎င်းတို့၏ရုပ်အင်ကို ဖတ်စေသည့်အခါ သို့မဟုတ် ဤအရာမျိုးများကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့၏ ကိုယ်ပိုင် အနာဂတ် ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ် အတွက်ဖြစ်သည်။ ဤအရာအားလုံးက ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာနှင့် နီးစပ်စွာ ဆက်နွှယ်နေသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤအရာသည် တစ်ခုတစ်လေ အသုံးဝင်သလော။ (အသုံးမဝင်ပါ။) အဘယ်ကြောင့် အသုံးမဝင်သနည်း။ ဤအရာများမှတစ်ဆင့် အသိပညာအချို့ကို ရရှိသည်မှာ ကောင်းသည့်အရာ မဟုတ်သလော။ ဤကျင့်သုံးမှုများသည် သင့်ကို ဒုက္ခပြဿနာက ထိုးနှက်သောအခါ အကူအညီပေးကောင်းပေးနိုင်ပြီး၊ ဤဒုက္ခ ပြဿနာများ မကျရောက်ခင် ယင်းတို့ကို သင်သိပါက သင်ရှောင်ရှားနိုင်မည် မဟုတ်လော။ သင်သည် သင်၏ကံကြမ္မာကို ပြောပြစေလျှင် သင့်အနေဖြင့် လာမည့်နှစ်၌ ကံကောင်းခြင်းကို ခံစားနိုင်ဖို့နှင့် သင်၏စီးပွားရေးလုပ်ငန်းမှတဆင့် ကြီးမားသော ချမ်းသာကြွယ်ဝခြင်း ရှိလာနိုင်ဖို့အလို့ငှာ ဝင်္ကပါထဲမှ မှန်ကန်သော လမ်းကြောင်းအား ရှာရမည့်ပုံကို သင့်အား ထိုအရာက ပြသကောင်းပြသလိမ့်မည်။ ထို့ကြောင့် ယင်းသည် အသုံးဝင်သလော၊ အသုံးမဝင်သလော။ အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ငါတို့နှင့် ဆက်နွှယ်မှုမရှိသကဲ့သို့ ယနေ့ ငါတို့၏ မိတ်သဟာယပြုခြင်းတွင် ဤခေါင်းစဉ် ပါဝင်လိမ့်မည်မဟုတ်ပေ။ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်သည် အယူသီးခြင်းကို မည်သို့အသုံးပြုသနည်း။ လူတို့အားလုံးသည် မိမိတို့၏ ကံကြမ္မာကို သိချင်ကြ၏၊ ထို့ကြောင့် စာတန်သည် ၎င်းတို့ကို သွေးဆောင်ဖြားယောင်းရန် ၎င်းတို့၏ သိလိုစိတ်ပြင်းပြမှုကို ကောင်းကောင်း အသုံးချလေသည်။ လူတို့သည် အနာဂတ်တွင် ၎င်းတို့ကို မည်သည့်အရာ ဖြစ်ပျက်မည်၊ ပြီးလျှင် ရှေ့တွင် မည်သည့်လမ်းမျိုးရှိနေသည်တို့ကို လေ့လာသိရှိဖို့ရန်အလို့ငှာ ဂမ္ဘီရပညာ၊ ဗေဒင်ဟောခြင်းနှင့် ရုပ်အင်ဖတ်ခြင်းတို့တွင် စိတ်ပါဝင်စား ကြ၏။ သို့သော်လည်း၊ အဆုံးတွင်၊ လူတို့ အလွန် စိတ်ဝင်စားကြသည့် ကံကြမ္မာနှင့် ရှေ့ရေးများက မည်သူ၏လက်ထဲတွင် ရှိပါသနည်း။ (ဘုရားသခင်၏ လက်တော်တွင် ရှိပါသည်။) ဤအရာများအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ ဤနည်းလမ်းများကို အသုံးပြုရာတွင်၊ စာတန်က လူတို့အား အဘယ်အရာကိုသိစေလိုသနည်း။ ၎င်းသည် လူတို့၏ အနာဂတ် ကံကြမ္မာကို ၎င်းကသိပြီး၊ ဤအရာများကို သိရုံမျှမက ၎င်းက ထိန်းချုပ်သည်ကို လူတို့အား ပြောပြရန် စာတန်က ရုပ်အင်ဖတ်ခြင်းနှင့် ဗေဒင်ဟောခြင်းတို့ကို အသုံးပြုချင်သည်။ စာတန်သည် လူတို့အနေဖြင့် ၎င်းကို မျက်စိမှိတ်ပြီးယုံကြည်ကာ ၎င်း၏ စကားတစ်လုံးမကျန် လိုက်နာသည်အထိ လူတို့ကို ထိန်းချုပ်ဖို့ ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး ဤနည်းလမ်းများကို အသုံးပြုချင်လေသည်။ ဥပမာအနေဖြင့်၊ သင်သည် ရုပ်အင်ဗေဒဖတ်ခြင်း လုပ်ဆောင်ပါက၊ ဗေဒင်ဆရာက သူ၏မျက်လုံးများကို မှိတ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်က သင့်ကို ဖြစ်ပျက်ခဲ့သည်များ အားလုံးအား ပြောပြပါက၊ စိတ်ထဲတွင် သင် မည်ကဲ့သို့ခံစားရမည်နည်း။ သင်က၊ “သူ အလွန်တိကျမှန်ကန်သည်။ ငါ၏ အတိတ်ကို ယခင်က မည်သူ့ကိုမျှ ငါမပြောခဲ့ဖူးပါ၊ သူ ဤအရာကို မည်ကဲ့သို့သိသနည်း။ ငါ ဤဗေဒင်ဆရာကို အမှန်ပင်လေးစား သွားပြီ။” ဟု ချက်ချင်း ခံစားရလိမ့်မည်။ စာတန်အတွက်က သင့်အတိတ်ကို သိရန် အလွန်လွယ်ကူသည် မဟုတ်လော။ ဘုရားသခင်က သင့်ကို ယနေ့ထိတိုင် လမ်းပြပြီးဖြစ်သကဲ့သို့၊ စာတန်က ထိုအချိန် တစ်လျှောက်လုံး လူတို့ကို ဖောက်ပြန်ပျက်စီးစေပြီး၊ သင့်နောက်သို့ လိုက်နေခဲ့သည်။ သင့်ဘဝ၏ ဆယ်စုနှစ်များကုန်လွန်ခြင်းက စာတန်အဖို့ ဘာမျှမဟုတ်သလို ဤအရာများကို သိရန် စာတန်အတွက် မခက်ခဲပေ။ စာတန်ပြောခဲ့သမျှ တိကျမှန်ကန်သည်ကို သင်သိသောအခါ၊ သင့်စိတ်နှလုံးကို သူ့အားပေးနေသည် မဟုတ်လော။ သင်၏အနာဂတ်နှင့် ကံကြမ္မာတို့ကို ထိန်းချုပ်ဖို့ ၎င်းအပေါ် မှီခိုနေသည် မဟုတ်လော။ တစ်ခဏချင်းတွင် သင်၏ စိတ်နှလုံးသည် ၎င်းကို လေးစားမှုအချို့နှင့် ကြောက်ရွံ့မှုကို ခံစားရလိမ့်မည်ဖြစ်ပြီး လူအချို့အတွက် ၎င်းတို့၏ ဝိညာဉ်များသည် ဤအချိန်တွင် ၎င်း၏လုယူခြင်းကိုခံရနှင့်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြီးလျှင် သင်သည် ဗေဒင်ဆရာကို ချက်ချင်းမေးလိမ့်မည်- “နောက်ရော ကျွန်ုပ်ဘာလုပ်သင့်သနည်း။ လာမည့်နှစ်ထဲမှာ ကျွန်ုပ် အဘယ်အရာကို ရှောင်ရှားသင့် သနည်း။ အဘယ်အရာတို့ကို ကျွန်ုပ် မလုပ်ရမည်နည်း။” ထို့နောက်တွင်၊ သူက “သင် ထိုနေရာသို့ မသွားရ၊ ဒီအရာကို မလုပ်ရ၊ ထိုထိုသောအရောင်ရှိသည့် အဝတ်အစားများကို မဝတ်နှင့်၊ သင်သည် အကြင်မည်သော နေရာများကို သွားတာ လျှော့သင့်သည်၊ အချို့သော အရာများကို ပိုမိုလုပ်ဆောင်ပါ...” ဟုပြောလိမ့်မည်။ သူပြောသမျှအားလုံးကို သင်သည် စိတ်နှလုံး ထဲတွင် ချက်ချင်း မှတ်ယူလိမ့်မည် မဟုတ်လော။ သင်သည် သူ၏ စကားများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထက် ပိုမိုလျင်မြန်စွာ အာဂုံဆောင်ထားလိမ့်မည်။ ၎င်းတို့ကို အဘယ်ကြောင့် အလွန်လျင်မြန်စွာ သင် အလွတ်ရမည်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ကံကောင်းခြင်းအတွက် စာတန်ကို အမှီပြုချင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းက သင်၏စိတ်နှလုံးကို သိမ်းလိုက်သည့်အချိန် ဖြစ်သည် မဟုတ်လော။ ၎င်း၏ ဟောကိန်းထုတ်မှုများ တစ်ခုပြီးတစ်ခု အမှန်တကယ် ဖြစ်လာသောအခါ၊ သင်သည် လာမည့်နှစ်က မည်သည့်ကံကြမ္မာကို ယူဆောင်လာမည်ကို သိရှိရဖို့ ၎င်းထံသို့ ချက်ချင်းပြန်သွားချင်လိမ့်မည် မဟုတ်လော။ (ပြန်သွားချင် ပါမည်။) စာတန်က သင့်အား လုပ်ဆောင်ရန် ပြောသည့် မည်သည့်အရာကိုမဆို သင်လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ၎င်းက ရှောင်ရန်ပြောသည့် အရာများကိုလည်း သင်ရှောင်ကြဉ်လိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်၊ သူပြောသမျှ အားလုံးကို သင်နာခံနေသည် မဟုတ်လော။ အလွန်လျင်မြန်စွာ၊ သင်သည် သူကို လက်ခံယုံကြည်ခြင်းထဲသို့ ကျရောက်သွားလိမ့်မည်၊ လှည့်ဖြားခံရမည်ဖြစ်ပြီး သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်လာ လိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ သူပြောသည့်အရာကို သမ္မာတရား အဖြစ် သင်ယုံကြည်သောကြောင့် ဖြစ်ပြီး၊ သင်၏ အတိတ်က အသက်တာ၊ သင်၏ယခုအသက်တာနှင့် အနာဂတ်က အဘယ်အရာ ဆောင်ကြဉ်းလာမည့် အကြောင်းကို သူသိသည်ဟု သင်ယုံကြည်သောကြောင့် ဖြစ်သည်။ ဤကား လူတို့ကို ထိန်းချုပ်ရန် စာတန် အသုံးပြုသည့် နည်းလမ်းဖြစ်သည်။ သို့ရာတွင် အမှန်အားဖြင့်၊ မည်သူက အမှန်တကယ် ထိန်းချုပ် နေပါသနည်း။ ဘုရားသခင် ကိုယ်တော်တိုင်က ထိန်းချုပ်၏၊ စာတန်မဟုတ်ပေ။ စာတန်သည် ဤနေရာတွင် မသိနားမလည်သည့် လူများကို လှည့်စားရန်၊ ရုပ်ဝတ္ထု လောကကိုသာမြင်ပြီး ထိုအရာအပေါ် အားကိုးနေသည့် လူတို့ကို လှည့်စားရန် သူ၏ပရိယာယ်များကို အသုံးပြုနေခြင်း သာဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် စာတန်၏ လက်ထဲသို့ ကျရောက်ကြပြီး သူ၏စကားတစ်လုံးစီတိုင်းကို နာခံကြ လေသည်။ သို့ရာတွင် လူတို့က ဘုရားသခင်ကို ယုံကြည်လိုပြီး ဘုရားသခင် နောက်သို့ လိုက်လိုသည့်အခါ၊ စာတန်က အလျှော့ပေးဖူးပါသလော။ စာတန်က အလျှော့မပေးပေ။ ဤအခြေအနေတွင်၊ လူတို့သည် စာတန်၏ လက်ထဲသို့ အမှန်တကယ် ကျရောက်နေကြသလော။ (ကျရောက်နေပါသည်။) ဤအရာနှင့်စပ်လျဉ်း၍ စာတန်၏ အပြုအမူက အရှက် ကင်းမဲ့သည်ဟု ငါတို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) အဘယ်ကြောင့် ပြောနိုင်သနည်း။ မမှန်မကန်နှင့် လှည့်စားတတ်သော နည်းဗျူဟာများ ရှိသောကြောင့်ဖြစ်သည်။ စာတန်သည် အရှက်ကင်းမဲ့ပြီး လူတို့ကို ၎င်းတို့နှင့် ပတ်သက်သမျှတိုင်းကို ၎င်းက ထိန်းချုပ်ထားသကဲ့သို့ ၎င်းတို့၏ တကယ့်ကံကြမ္မာကို ထိန်းချုပ်ထားသည်ဟု တွေးမိစေခြင်းထဲသို့ လူတို့ကို လှည့်စားသည်။ ဤအရာက မသိမနားလည်သည့် လူတို့ကို ၎င်းအား လုံးဝ နာခံဖို့ ဖြစ်စေသည်။ စကားအနည်းငယ်မျှဖြင့် ၎င်းတို့ အလှည့်စားခံရကြလေသည်။ မှင်တက်မိခြင်းဖြင့် လူတို့သည် ၎င်း၏ရှေ့မှောက်တွင် ဦးညွှတ် ကြသည်။ ထိုသို့လျှင်၊ စာတန်သည် မည်သည့်နည်းလမ်းမျိုးကို အသုံးပြုသနည်း၊ ၎င်းကို သင်ယုံကြည်ရန် မည်သည့်အရာကို ၎င်းက ပြောသနည်း။ ဥပမာ၊ သင့်မိသားစုတွင် လူဘယ်နှစ်ဦး ရှိသည်ကို သင့်အနေဖြင့် စာတန်ကို ပြောကောင်း ပြောခဲ့မည် မဟုတ်သော်လည်း၊ ၎င်းက သင့်မိသားစု၌ လူဘယ်နှစ်ယောက် ရှိသည်ဆိုသည်နှင့် သင့်မိဘများနှင့် သားသမီးများ၏ အသက်အရွယ်များကို ပြောကောင်းပြောနိုင် လိမ့်ဦးမည်ဖြစ်သည်။ ဤအရာမတိုင်မီ သင့်အနေဖြင့် စာတန်နှင့်ပတ်သက်၍ မယုံသင်္ကာမှုများနှင့် သံသယများရှိကောင်း ရှိမည်ဖြစ်သော်လည်း၊ ဤအရာများအား ၎င်းက ပြောသည်ကို ကြားပြီးနောက်တွင်၊ သင်သည် နည်းနည်းပိုပြီး ယုံကြည်ဖွယ်ရာ ကောင်းသည်ဟု ခံစားလာရမည် မဟုတ်လော။ ထိုအခါ စာတန်က၊ သင့်အတွက် အလုပ်အကိုင်က အခုတလော မည်မျှ ခက်ခဲနေကြောင်း၊ သင့် အထက်လူကြီးများက သင်နှင့်ထိုက်သည့် အသိအမှတ်ပြုခြင်းကို မပေးဘဲ သင့်အား ဆန့်ကျင်၍ အမြဲတစေ လုပ်နေကြသည်၊ စသဖြင့် ပြောကောင်းပြောလိမ့်မည်။ ယင်းကို ကြားပြီးသည့်နောက်တွင်၊ သင်က၊ “လုံးဝ မှန်လေစွ။ အလုပ်မှာ ကိစ္စတွေက အဆင်ကိုပြေမနေခဲ့တာပဲ” ဟု သင်တွေးမိလိမ့်မည်။ ထိုသို့ဖြင့် သင်သည် စာတန်ကို အနည်းငယ် ပို၍ယုံကြည်လိမ့်မည်။ ထို့နောက် ၎င်းသည် သင်ကို ပို၍ပင် ယုံကြည်လာစေလျက် သင့်ကို လှည့်ဖြားရန် အခြားတစ်စုံတစ်ရာကို ပြောလိမ့်မည်။ နည်းနည်းချင်းစီဖြင့်၊ သင်သည် ခုခံနိုင်စွမ်းမရှိတော့ဘဲ သို့မဟုတ် ၎င်းကို နောက်ထပ် မယုံသင်္ကာဖြစ်ခြင်း တစ်စုံတစ်ရာ မရှိတော့သည်ကို သင့်ကိုယ်သင် တွေ့ရှိရလိမ့်မည်။ စာတန်သည် အသေးအဖွဲ လှည့်စားမှုလေးများ၊ မဖြစ်စလောက်သည့် လှည့်စားမှု သေးသေးလေးတို့ကိုပင် အသုံးပြုရုံမျှပြုပြီး ဤနည်းဖြင့် သင့်ကို ဝေခွဲမရဖြစ်စေသည်။ သင်သည် ဝေခွဲမရဖြစ်လာသည်နှင့်အမျှ၊ သင်၏ တိကျသော ရပ်တည်မှုကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်၊ သင်ဘာလုပ်ရမည်ကို မသိဖြစ်လိမ့်မည်ဖြစ်ပြီး၊ စာတန် ပြောသည့်အရာကို သင်သည် စတင်လိုက်နာလိမ့်မည်။ ဤသည်မှာ လူကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသော “ထူးခြားပြောင်မြောက်သော” နည်းလမ်းဖြစ်ပြီး၊ ယင်းက သင့်ကို သူ၏ထောင်ချောက်ထဲသို့ အမှတ်တမဲ့ ကျရောက်စေပြီး သူ၏ ဖြားယောင်းခြင်းကိုခံရစေလေသည်။ လူတို့က ကောင်းသည့် အရာများအဖြစ် စိတ်ကူးထားသည့် အရာ အနည်းငယ်ကို စာတန်က သင့်ကိုပြောပြီးနောက်၊ မည်သည့်အရာ လုပ်ရမည် ဆိုသည်နှင့် မည်သည့်အရာ ရှောင်ရမည်ဆိုသည်ကို ၎င်းက သင့်ကို ပြောသည်။ ဤသည်မှာ သင် အမှတ်တမဲ့ လှည့်ဖြားခံရသည့် ပုံဖြစ်သည်။ ယင်းအတွက် အလှည့်ဖြားခံရသည်နှင့်တစ်ပြိုင်နက် အမှုအရာများသည် သင့်အတွက် ခွတီးခွကျ ဖြစ်ပေလိမ့်မည်။ စာတန်ပြောသည့် အရာနှင့် သင့်ကို သူလုပ်ခိုင်းထားသည့်အရာကို စဉ်ဆက်မပြတ် သင်တွေးတော နေလိမ့်မည်ဖြစ်ပြီး၊ သင်သည် အမှတ်တမဲ့ဖြင့် ၎င်း၏ ပိုင်ဆိုင်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသို့ဖြစ်ရခြင်းမှာ လူသားမျိုးနွယ်သည် သမ္မာတရား ကင်းမဲ့သောကြောင့် ဖြစ်၏၊ ထို့ကြောင့် စာတန်၏ ဖြားယောင်းမှု နှင့် စုံစမ်းသွေးဆောင်မှုတို့ကို ခိုင်ခိုင်မာမာ ခံရပ်နိုင်ခြင်း မရှိကြပေ။ စာတန်၏ ဆိုးယုတ်မှုနှင့် ၎င်း၏ လှည့်ဖြားမှု၊ သစ္စာဖောက်မှုနှင့် မလိုမုန်းထားမှုတို့ကို ရင်ဆိုင်ရာတွင်၊ လူသားမျိုးနွယ်သည် အလွန် မသိနားမလည်ကြ‌၊ မရင့်ကျက် ကြသကဲ့သို့ အားနည်းကြ၏၊ ဟုတ်သည် မဟုတ်လော။ ဤသည်မှာ လူကို စာတန်က ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းများထဲမှ တစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) လူသားသည် စာတန်၏ အမျိုးမျိုးသော နည်းလမ်းများဖြင့်၊ နည်းနည်းချင်း အမှတ်တမဲ့ လှည့်ဖြားခံရပြီး လှည့်စားခံရသည်၊ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် အပြုသဘောနှင့် အပျက်သဘောကြားတွင် ပိုင်းခြားသိမြင်ဖို့ အစွမ်းအစ ကင်းမဲ့ သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤဝိညာဉ် အသက်တာနှင့် စာတန်အပေါ် အောင်နိုင်သည့် အစွမ်းအစ ကင်းမဲ့ကြလေသည်။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။