အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈) ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၂) အပိုင်း နှစ်

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်

၃။ အသံ

တတိယအရာကား အဘယ်အရာနည်း။ ယင်းသည်လည်း လူသား တည်ရှိခြင်းနှင့်ဆိုင်သော ပုံမှန်ပတ်ဝန်းကျင်၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်သည့် အရာတစ်ခု၊ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့ချိန်တွင် ယင်းအတွက် စီစဉ်မှုများ ပြုလုပ်ခဲ့ရသည့် အရာတစ်ခု ဖြစ်၏။ ထိုအရာသည် ဘုရားသခင်နှင့် လူသားအယောက်စီတိုင်းအဖို့ အလွန်အရေးကြီးသည့် အရာတစ်ခု ဖြစ်၏။ ဘုရားသခင်က ဤအရာကို ဂရုစိုက်ခြင်း မရှိခဲ့ပါက၊ ယင်းသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးကို ကြီးမားစွာ နှောင့်ယှက်ခဲ့ပေလိမ့်မည်၊ ဆိုလိုသည်မှာ ယင်းသည် လူသား၏ ဘဝနှင့် သူ၏ သွေးသားခန္ဓာအပေါ် အင်မတန် သိသာသည့် သက်ရောက်မှုတစ်ခု ရှိခဲ့မည်မှာ လူသားမျိုးနွယ်အနေဖြင့် ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် ရှင်သန်နိုင်ခဲ့မည် မဟုတ်ချေ။ ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် မည်သည့်သက်ရှိအရာမျှ ရှင်သန်နိုင်ခဲ့မည် မဟုတ်ဟု ပြောနိုင်၏။ ထို့ကြောင့်၊ ငါပြောသည့် ဤအရာသည် အဘယ်အရာဖြစ်သနည်း။ အသံနှင့်ပတ်သက်၍ ငါ ပြောနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်အတွင်းတွင် အသက်ရှင်ကြ၏။ ဘုရားသခင်၏အမြင်တွင် အရာခပ်သိမ်းသည် စဉ်ဆက်မပြတ်သော လှုပ်ရှားမှုဖြင့် အသက်ရှင်နေကြကာ ပြောင်းလဲနေကြ၏။ ဤအရာဖြင့် ငါဆိုလိုသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာတစ်ခုစီသည် ယင်း၏ ဖြစ်တည်မှု၌ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိ၏။ ဆိုလိုသည်မှာ၊ အမှုအရာတစ်ခုစီတိုင်း၏ တည်ရှိခြင်းနှင့်ပတ်သက်၍ ပဓာနကျသော အရာတစ်ခု ရှိလေသည်။ ဘုရားသခင်၏အမြင်တွင်၊ အရာတစ်ခုစီတိုင်းသည် အသက်ရှင်၏၊ ပြီးလျှင် အရာခပ်သိမ်း အသက်ရှင်သည့်အတွက်၊ ၎င်းတို့ အသီးသီးသည် အသံထွက်ကြ၏။ ဥပမာအားဖြင့်၊ ကမ္ဘာမြေကြီးသည် စဉ်ဆက်မပြတ် လည်နေသည်၊ နေသည် စဉ်ဆက်မပြတ် လည်နေပြီး လသည်လည်း စဉ်ဆက်မပြတ် လည်နေ၏။ အရာခပ်သိမ်းတို့သည် မျိုးပွားပြီး၊ ကြီးထွားဖွံ့ဖြိုးကာ လှုပ်ရှားကြသည်နှင့်အမျှ အသံကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေကြ၏။ ကမ္ဘာမြေကြီးပေါ် တည်ရှိသည့် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာအားလုံးသည် စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးကာ လှုပ်ရှားလျက် ရှိကြသည်။ ဥပမာအားဖြင့်၊ တောင်ခြေများသည် လှုပ်ရှား၍ ရွေ့လျားနေကြပြီး၊ ပင်လယ်များ၏ နက်ရှိုင်းသောနေရာများထဲက ခပ်သိမ်းသော သက်ရှိသတ္တဝါများသည် ကူးခပ်ကာ လှုပ်ရှားလျက်နေကြ၏။ ဆိုလိုသည်မှာ ဘုရားသခင်၏အမြင်တွင် ဤသက်ရှိသတ္တဝါများ၊ အရာအားလုံးတို့သည်၊ အခြေခိုင်သည့် ပုံစံများနှင့်အညီ စဉ်ဆက်မပြတ် ပုံမန်လှုပ်ရှားမှုဖြင့် အားလုံးရှိနေကြ၏။ ထို့ကြောင့်၊ အမှောင်တွင် မျိုးပွားပြီး ကြီးထွားဖွံ့ဖြိုးကာ လျှို့ဝှက်စွာ လှုပ်ရှားသည့် ဤအရာများအားလုံးက အဘယ်အရာကို ဖြစ်ပေါ်စေသနည်း။ ကြီးမားပြီး အားကောင်းသော အသံများ ဖြစ်သည်။ ကမ္ဘာဂြိုဟ် အလွန်တွင်ရှိသော၊ ဂြိုဟ်အမျိုးမျိုးတို့သည်လည်း စဉ်ဆက်မပြတ် ရွေ့လျားလျက်ရှိကာ၊ ဤဂြိုဟ်များပေါ်၌ရှိကြသည့် သက်ရှိများနှင့် ဇီဝရုပ်အမျိုးမျိုးသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွား ဖွံ့ဖြိုးလျက်နှင့် ရွေ့လျားလျက် ရှိကြ၏။ ဆိုလိုသည်မှာ သက်ရှိသက်မဲ့အရာအားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့လျားနေကြကာ ရွေ့လျားသည်နှင့်အမျှ၊ ၎င်းတို့ အသီးသီးက အသံများကိုလည်း ထုတ်လွှတ်နေကြ၏။ ဘုရားသခင်သည် ဤအသံများအတွက် အစီအစဉ်များလည်း လုပ်ဆောင်ပြီးဖြစ်ကာ ဤအရာအတွက် သူ၏ အကြောင်းရင်းကို သင်တို့သိနှင့်ပြီးဖြစ်သည်ဟု ငါ ယုံကြည်၏၊ ဟုတ်သည် မဟုတ်လော။ လေယာဉ်ပျံတစ်စင်းအနီးသို့ သင်ကပ်သွားသောအခါ ယင်းအင်ဂျင်၏ မြည်ဟိန်းနေသော အသံက သင့်အပေါ် မည်သည့်သက်ရောက်မှု ရှိသနည်း။ ယင်းအနီးတွင် အချိန်ကြာမြင့်စွာ သင်နေပါက၊ သင်၏နားများ ထိုင်းသွားလိမ့်မည်။ သင်၏ နှလုံးသားကရော- ယင်းက ထိုတုန်လှုပ်ဖွယ်အတွေ့အကြုံကို တောင့်ခံနိုင်မည်လော။ နှလုံးအားနည်းသူအချို့သည် ခံနိုင်မည် မဟုတ်ပေ။ ဟုတ်ပေ၏၊ နှလုံးသန်မာသူများပင်လျှင် အလွန် ကြာမြင့်စွာ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဆိုလိုသည်မှာ၊ နားများဖြစ်စေ နှလုံးဖြစ်စေ လူ့ကိုယ်ခန္ဓာအပေါ် အသံ၏သက်ရောက်မှုသည် လူသားတိုင်းအတွက် အလွန့်အလွန်သိသာလှပြီး ကျယ်လွန်းသော အသံများက လူတို့ကို အန္တရာယ်ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က အရာခပ်သိမ်းကိုဖန်ဆင်းပြီး၊ ၎င်းတို့ ပုံမှန်စတင် လည်ပတ်ခဲ့ပြီးနောက်တွင် ဘုရားသခင်သည် ရွေ့လျားနေသော အရာအားလုံး၏အသံများဖြစ်သည့် ဤအသံများကို သင့်တော်သည့် စီစဉ်မှုများ ပြုလုပ်ခဲ့သည်။ ဤအရာသည်လည်း လူသားမျိုးနွယ် အတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းချိန်က ဘုရားသခင် စဉ်းစားခဲ့သည့် ကိစ္စရပ်များထဲမှ တစ်ခုဖြစ်သည်။

ပထမဦးစွာ ကမ္ဘာ့မြေမျက်နှာပြင်အထက် လေထု၏အမြင့်သည် အသံများအပေါ် သက်ရောက်မှုတစ်ခုရှိ၏။ ထို့အပြင် မြေဆီလွှာထဲရှိ အပင်များ၏ အရွယ်အစားသည်လည်း အသံကို ခြယ်လှယ်၍ သက်ရောက်မှုရှိလိမ့်မည်။ ထို့နောက် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အမျိုးမျိုးရှိပြီး ယင်းတို့၏ ပေါင်းဆုံမှုကလည်း အသံအပေါ် သက်ရောက်မှုရှိလိမ့်မည်။ ဆိုလိုသည်မှာ၊ လူသားတို့အနေဖြင့် ၎င်းတို့၏နားများနှင့် နှလုံးများ ခံနိုင်ရည်ရှိသည့် ပတ်ဝန်းကျင် တစ်ရပ်တွင် ရှင်သန်နိုင်ရေးအတွက် ဘုရားသခင်သည် အသံအချို့ကို ဖယ်ရှားရန် နည်းလမ်းအချို့ကို အသုံးပြု၏။ သို့မဟုတ်ပါက အသံများသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအဖို့ ၎င်းတို့၏ဘဝများ၌ ကြီးမားသည့် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်လာရင်းနှင့် ၎င်းတို့အတွက် ဆိုးရွားသော ပြဿနာတစ်ရပ် ဖြစ်ပေါ်စေရင်း၊ ဧရာမ အတားအဆီးတစ်ခု ဖြစ်စေလိမ့်မည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် မြေ၊ လေထုနှင့် ပထဝီဝင် ပတ်ဝန်းကျင် အမျိုးမျိုးကို ဖန်ဆင်းရာ၌ အလွန် စစ်စစ်ပေါက်ပေါက် ဂရုပြုခဲ့ပြီး၊ ဤအရာ အသီးသီးအတွင်းတွင် ပါရှိသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်သည်။ ဤအရာနှင့်ဆိုင်သော လူသားမျိုးနွယ်၏ နားလည်သဘောပေါက်မှုသည် အသေးစိတ်ကျလွန်းရန် မလိုပေ- ယင်းတို့အထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက် ပါဝင်နေသည်ကို သိရန်မှာ လူတို့အတွက် လုံလောက်ပေသည်။ ယခု သင်တို့ ငါ့ကို ပြောလော့- လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် ၎င်းတို့၏ ပုံမှန်ဘဝတို့ကို ထိန်းသိမ်းရန် အသံကို အတိအကျ စံကိုက်ချိန်ညှိခြင်းဖြစ်သည့်- ဘုရားသခင် လုပ်ဆောင်ခဲ့သော ဤအမှုသည် လိုအပ်ခဲ့ပါသလော။ (လိုအပ်ခဲ့ပါသည်။) ဤအမှုသည် လိုအပ်ခဲ့သည့်အတွက်၊ ဤရှုထောင့်မှ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် ထောက်ပံ့ရန် နည်းလမ်းတစ်ခုအဖြစ် ဤအမှုကို အသုံးပြုခဲ့သည်ဟု ပြော၍ရနိုင်သလော။ လူ၏ ကိုယ်ခန္ဓာသည် ထိုပတ်ဝန်းကျင်အတွင်းတွင် အနှောင့်အယှက်များ တစ်ခုတစ်လေ မခံစားရဘဲ၊ အတော်အတန် ပုံမှန်အတိုင်း အသက်ရှင်နိုင်ဖို့အလို့ငှာနှင့် လူသားမျိုးနွယ်အနေဖြင့် ပုံမှန်အတိုင်း တည်ရှိကာ အသက်ရှင်နိုင်ဖို့အလို့ငှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့ခြင်းအတွက် ထိုသို့သော ငြိမ်သက်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းခဲ့၏။ သို့ဆိုလျှင် ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ထောက်ပံ့သည့် နည်းလမ်းများထဲမှ တစ်ခု မဟုတ်လော။ ဤသည်မှာ ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အလွန်အရေးကြီးသည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် အလွန်လိုအပ်ခဲ့၏။ ထို့ကြောင့် ဤအရာကို သင်တို့ မည်သို့ အသိအမှတ်ပြုကြသနည်း။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင်တို့မခံစားနိုင်သကဲ့သို့ ထိုအချိန်က ဤလုပ်ဆောင်ချက်ကို ဘုရားသခင်မည်ကဲ့သို့ ဆောင်ရွက်ခဲ့သည်ကို သင်တို့မသိကြသော်လည်း ဤအရာကို ဘုရားသခင်ပြုလုပ်ရခြင်း၏ လိုအပ်ချက်ကို သင်တို့ခံစား၍ ရသေးသလော။ ထိုအရာထဲသို့ သူ ထားရှိခဲ့သည့် ဘုရားသခင်၏ဉာဏ်ပညာ၊ သို့မဟုတ် ဂရုပြုမှုနှင့် စဉ်းစားတွေးခေါ်မှုတို့ကို သင်တို့ခံစား၍ရသလော။ (ခံစား၍ ရပါသည်။) ဤအရာကို ခံစား၍ရပါက၊ ယင်းသည် လုံလောက်ပေ၏။ ဘုရားသခင်၏ ဖန်ဆင်းခြင်း အမှုအရာများ ကြားတွင် လူတို့ မခံစားနိုင်သကဲ့သို့၊ မမြင်နိုင်သည့် ဘုရားသခင် ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်များစွာ ရှိလေသည်။ သင်တို့အနေဖြင့် ဘုရားသခင်ကို သိကျွမ်းလာနိုင်ဖို့အလို့ငှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များ အကြောင်းကို သင်တို့အား အသိပေးဖို့ ဤအရာကို ငါ တင်ပြရခြင်းသာ ဖြစ်သည်။ ဤအရာများသည် သင်တို့အား ဘုရားသခင်ကို သာ၍ကောင်းမွန်စွာ သိရှိပြီး နားလည်စေနိုင်သည့် သဲလွန်စများ ဖြစ်သည်။

၄။ အလင်း

စတုတ္ထအရာသည် လူတို့၏မျက်လုံးများနှင့် သက်ဆိုင်၏- ယင်းမှာ အလင်းဖြစ်သည်။ ဤအရာသည်လည်း အလွန် အရေးကြီး၏။ တောက်ပသော အလင်းတစ်ခုကို သင်မြင်ပြီး၊ ယင်း၏တောက်ပမှုသည် အားကောင်းသည့် အတိုင်းအတာတစ်ခုသို့ ရောက်သည့်အခါ လူသား၏မျက်လုံးများကို ကန်းစေနိုင်စွမ်း ရှိလေသည်။ အမှန်တွင်တော့၊ လူသား မျက်လုံးများသည် အသွေးအသား မျက်လုံးများဖြစ်၏။ ၎င်းတို့သည် ကျိန်းစပ်ခြင်းကို မခံနိုင်ပေ။ တစ်ဦးတစ်ယောက်သည် နေကို တိုက်ရိုက် စိုက်ကြည့်ဝံ့ပါသလော။ ထိုအရာကို လူအချို့က စမ်းကြည့်ဖူးပြီး၊ နေကာမျက်မှန်များကို ၎င်းတို့တပ်ပါက အဆင်ပြေရုံမျှ ရှိလေသည်- သို့သော် ကိရိယာတစ်ခု အသုံးပြုခြင်းကို လိုအပ်ပေသည်။ ကိရိယာများမပါဘဲ၊ လူ၏ ပကတိမျက်လုံးများသည် နေကို မျက်နှာမူပြီး ၎င်းကို တိုက်ရိုက် ငေးစိုက်ကြည့်နိုင်စွမ်း မရှိပေ။ သို့သော် လူသားမျိုးနွယ်ထံ အလင်းကို ယူဆောင်ပေးရန် ဘုရားသခင်သည် နေကိုဖန်ဆင်းခဲ့ပြီး ဤအလင်းသည်လည်း သူတာဝန် ယူထားသည့်အရာဖြစ်သည်။ ဘုရားသခင်သည် နေကိုဖန်ဆင်းခြင်းအား ပြီးစီးရုံမျှပြီးစီးကာ၊ ၎င်းကို တစ်နေရာတွင် ထားပြီးနောက် လျစ်လျူရှုခဲ့သည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင် အမှုပြုသည့် နည်းလမ်း မဟုတ်ပါ။ သူသည် မိမိ၏ လုပ်ဆောင်ချက်များကို အလွန်ဂရုစိုက်ပြီး ယင်းတို့ကို စေ့စေ့စပ်စပ် အစမှအဆုံးတိုင် စဉ်းစားလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်တို့ မြင်နိုင်ရန် အလို့ငှာ မျက်လုံးများကို ဖန်ဆင်းပေးခဲ့ပြီး အရာဝတ္ထုများကို ၎င်းတို့ မြင်နိုင်သည့် အလင်းရောင်၏ ကန့်သတ်ချက်ဘောင်တို့ကိုလည်း ကြိုတင်၍ သတ်မှတ်ထားခဲ့သည်။ အလင်းရောင်က အလွန် မှေးမှိန်ပါက ကောင်းမည်မဟုတ်ပေ။ လူတို့အနေဖြင့် ၎င်းတို့အရှေ့ရှိ ၎င်းတို့၏ လက်ချောင်းများကို မမြင်နိုင်ရလောက်အောင် အလွန်မှောင် သည့်အခါတွင်၊ ၎င်းတို့မျက်လုံးများသည် မိမိတို့၏ လည်ပတ်မှု ဆုံးရှုံးသွားကာ မည်သည့်အသုံးဝင်မှုမျှ မပေးနိုင်ပေ။ သို့သော် တောင်ပမှုသည် မခံမရပ်နိုင်စရာဖြစ်သောကြောင့် တောက်ပလွန်းသည့် အလင်းရောင်သည် လူသား မျက်လုံးများအား အလားတူ အရာဝတ္တုများ မမြင်နိုင်ဖို့ ဖြစ်စေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တည်ရှိသည့် ပတ်ဝန်းကျင်ကို လူသား မျက်လုံးများအတွက် သင့်တော်သည့် အလင်းပမဏတစ်ခု- လူတို့၏ မျက်လုံးများကို ၎င်းတို့၏ လုပ်ငန်းတာဝန် ဆုံးရှုံးစေဖို့နေနေသာသာ၊ ၎င်းတို့ကို မနာကျင်စေမည့် သို့မဟုတ် မထိခိုက်စေမည့် ပမာဏ တစ်ခုဖြင့် ဘုရားသခင်က ဖြည့်ဆည်းထားခြင်းဖြစ်၏။ ဤသည်မှာ ဘုရားသခင်သည် နေနှင့်ကမ္ဘာပတ်ပတ်လည်တွင် တိမ်တိုက် အလွှာများကို ထည့်ထားခဲ့သည့် အကြောင်းရင်းဖြစ်ပြီး၊ လေ၏ သိပ်သည်းမှုက လူတို့၏မျက်လုံးများ၊ သို့မဟုတ် အရေပြားတို့ကို အနာတရဖြစ်စေနိုင်သည့် အလင်းအမျိုးအစားများကို ကောင်းမွန်စွာ စစ်ထုတ်နိုင်သည့် အကြောင်းရင်း ဖြစ်သည်- ဤအရာများက အချိုးညီမျှလေသည်။ ထို့အပြင် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီး၏ အရောင်သည်လည်း နေရောင်နှင့် အခြား အလင်းမျိုးစုံကို ရောင်ပြန်ဟပ်ပြီး၊ လူ၏မျက်လုံးများ အသားကျ ဖို့အတွက် အလွန်တောက်ပလွန်းသော အလင်း အမျိုးအစားများကို ဖယ်ရှားပစ်နိုင်လေသည်။ ထိုသို့ဖြင့်၊ လူတို့သည် အပြင်တွင် လမ်းလျှောက်နိုင်ပြီး၊ အလွန်မည်းနက်သော နေကာမျက်မှန်များကို စဉ်ဆက်မပြတ် တပ်ဆင်ထားရန် မလိုဘဲ မိမိတို့၏ ဘဝများကို နေထိုင်နိုင်ကြလေသည်။ သာမန်အခြေအနေများ အောက်တွင် လူသားမျက်လုံးများသည် အလင်း၏ နှောင့်ယှက်မှု မခံရဘဲ ၎င်းတို့၏မြင်ကွင်း နယ်ပယ်အတွင်းမှ အရာများကို မြင်နိုင်လေသည်။ ဆိုလိုသည်မှာ၊ အလင်းရောင်က လွန်စွာစူးရှလွန်းလျှင်ဖြစ်စေ၊ မှိန်လွန်းလျှင်ဖြစ်စေ ကောင်းလိမ့်မည် မဟုတ်။ မှိန်လွန်းပါက လူတို့၏ မျက်လုံးများသည် ထိခိုက်လိမ့်မည် ဖြစ်ပြီး ခဏအသုံးပြုပြီးနောက် ပျက်စီးသွားပေလိမ့်မည်။ တောက်ပလွန်းပါက လူတို့၏ မျက်လုံးများသည် ခံနိုင်မည်မဟုတ်ပေ။ လူတို့ ရှိသည့် ဤအလင်းသည် လူသားမျက်လုံးများအတွက် မြင်နိုင်ရန် သင့်တော်ရမည်ဖြစ်ပြီး၊ ဘုရားသခင်သည် နည်းလမ်းမျိုးစုံဖြင့် လူသားမျက်လုံးများကို ဖြစ်စေသည့် ထိခိုက်မှုကို လျော့နည်း စေခဲ့သည်၊ ပြီးလျှင် ဤအလင်းသည် လူသားမျက်လုံးများကို အကျိုးပြုသည်ဖြစ်စေ၊ ဖိစီးနှိပ်စက်သည် ဖြစ်စေ လူတို့အား မိမိတို့၏မျက်လုံးများ အသုံးဝင်မှုကို ထိန်းသိမ်းစဉ် ၎င်းတို့၏ ဘဝများအား အဆုံးသတ်သို့ ရောက်ရှိစေဖို့ လုံလောက်ပေသည်။ ဘုရားသခင်သည် ဤသည်ကို အလွန်စေ့စပ်သေချာစွာ စဉ်းစားခဲ့သည် မဟုတ်လော။ သို့သော် မာရ်နတ်ဖြစ်သည့် စာတန်သည် ထိုသို့သော စဉ်းစားဆင်ခြင်မှုများမရှိဘဲ၊ စိတ်ရှိသည်အတိုင်း အမြဲ ပြုတတ်လေသည်။ စာတန်နှင့်ပတ်သက်၍၊ အလင်းသည် အမြဲတောက်ပလွန်းသည် သို့မဟုတ် မှိန်လွန်းတတ်လေသည်။ ဤသည်မှာ စာတန်လုပ်ဆောင်ပုံဖြစ်သည်။

ဘုရားသခင်သည် လူသားများ ပုံမှန်အသက်ရှင်၍ ထိုသို့ ဆက်လက်အသက်ရှင်နိုင်ရန် လူသားမျိုးနွယ်၏ ရှင်သန်မှု ကျင့်သားရခြင်းကို များနိုင်သမျှများစေဖို့အလို့ငှာ ယင်း၏ အမြင်၊ အကြား၊ ရသာရုံ၊ အသက်ရှူခြင်း၊ ခံစားချက်များ စသည့် လူ့ကိုယ်ခန္ဓာ၏ ကဏ္ဍမျိုးစုံတို့ကို ဤအရာများ လုပ်ဆောင်လေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဘဝအတွက် လက်ရှိ ပတ်ဝန်းကျင်တစ်ရပ်သည် လူသားမျိုးနွယ် ရှင်သန်ရေး အတွက် အသင့်တော်ဆုံးနှင့် အကျိုးအပြုဆုံး ပတ်ဝန်းကျင်ဖြစ်သည်။ အချို့က ဤအရာသည် သိပ်အရေးမကြီးလှ၊ လုံးဝ အလွန်သာမန် ဖြစ်သောအရာ ဖြစ်သည်ဟု ထင်နိုင်၏။ လူတို့ ခံစားရသည့် အသံ၊ အလင်းနှင့် လေတို့သည် မွေးသည့်အချိန်မှစ၍ ၎င်းတို့ မွေ့လျော်ပြီးဖြစ်သည့် ၎င်းတို့၏ မွေးရာပါအခွင့်အရေး ဖြစ်သည်။ သို့သော် သင် နှစ်သက်ခံစားနိုင်သည့် ဤအရာများ နောက်ကွယ်တွင်၊ ဘုရားသခင်သည် အလုပ်လုပ်လျက်ရှိ၏။ ဤသည်မှာ လူသားများ နားလည်ဖို့လိုသည့်အရာတစ်ခု၊ ၎င်းတို့ သိရန်လိုသည့်အရာတစ်ခု ဖြစ်သည်။ ဤအရာများကို နားလည်ဖို့ သို့မဟုတ် သိဖို့ မလိုအပ်ဟု သင် ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ၊ အတိုချုပ်အားဖြင့် ထိုအရာတို့ကို ဘုရားသခင်ဖန်ဆင်းခဲ့ချိန်တွင်၊ သူ့အနေဖြင့် ထိုအရာတို့ကို များစွာတွေးတောခဲ့ပြီး၊ အစီအစဉ်တစ်ရပ် ရှိခဲ့ကာ စိတ်ကူးအချို့လည်း ရှိခဲ့၏။ သူသည် ကိစ္စရပ်တစ်ခုကို နှစ်ကြိမ် စဉ်းစားခြင်းမရှိဘဲ လူသားမျိုးနွယ်ကို ဘဝအတွက် ထိုသို့သော ပတ်ဝန်းကျင်တစ်ခုထဲ၌ တာဝန်မဲ့စွာ သို့မဟုတ် အလွယ်တကူ ထားခဲ့ခြင်းမရှိပေ။ ငါသည် ဤသေးဖွဲသော အရာများတစ်ခုစီနှင့် ပတ်သက်၍ အလွန်ကြီးကျယ်စွာ ပြောလေပြီဟု သင်တို့ထင်ကောင်း ထင်နိုင်သော်လည်း၊ ငါ၏အမြင်တွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်ထောက်ပံ့ပေးသည့် အရာအသီးသီးသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်ပေသည်။ ဤအရာ၌ ဘုရားသခင်၏ လုပ်ဆောင်ချက် ရှိပေ၏။

၅။ လေစီးဆင်းမှု

ပဉ္စမအရာကား အဘယ်နည်း။ ဤအရာသည် လူတိုင်း၏ နေ့ရက်တိုင်းနှင့် နီးစပ်စွာ ဆက်နွှယ်၏။ လူ့ဘဝနှင့် ယင်း၏ ဆက်နွှယ်မှု အလွန်နီးစပ်သည်မှာ ထိုအရာမရှိဘဲ လူ့ခန္ဓာကိုယ်သည် ဤရုပ်ဝတ္ထုလောကထဲတွင် အသက်မရှင်နိုင်ပေ။ ဤအရာသည် လေစီးဆင်းမှုဖြစ်သည်။ “လေစီးဆင်းမှု” ဟူသည် နာမ်ကို ကြားလိုက်သည်နှင့် မည်သူမဆို နားလည်ကောင်း နားလည်ကြပေမည်။ သို့ဖြစ်လျှင် လေစီးဆင်းမှုဆိုသည်မှာ အဘယ်နည်း။ “လေစီးဆင်းမှု” ဆိုသည်မှာ လေ၏ စီးဆင်းသည့် လှုပ်ရှားမှုသာဖြစ်သည်ဟု သင် ဆိုနိုင်သည်။ လေစီးဆင်းမှုသည် လူ့မျက်လုံးက မမြင်နိုင်သည့် လေဖြစ်သည်။ ၎င်းသည် ဓာတ်ငွေ့ ရွေ့လျားသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ သို့ရာတွင် ဤဆွေးနွေးမှုတွင် လေစီးဆင်းမှုက မည်သည့်အရာကို အဓိက ရည်ညွှန်းပါသနည်း။ ငါပြောလိုက်သည်နှင့် သင်တို့နားလည် ကြလိမ့်မည်။ ကမ္ဘာမြေကြီးသည် လည်ပတ်သည်နှင့်အမျှ တောင်များ၊ ပင်လယ်များနှင့် အရာခပ်သိမ်းကို သယ်ဆောင်ပြီး၊ ၎င်းလည်ပတ်သည့်အခါ၌ အလျင်အဟုန်ဖြင့် လည်ပတ်လေသည်။ ဤလည်ပတ်နေခြင်းနှင့် သက်ဆိုင်၍ မည်သည့်အရာကိုမျှ သင်မခံစားရသော်လည်း မည်သို့ပင်ဆိုစေ ကမ္ဘာမြေ၏လည်ပတ်မှုက တည်ရှိနေသည်။ ၎င်း၏လည်ပတ်မှုက မည်သည့်အရာကို ဖန်တီး ဖြစ်ပေါ်စေသနည်း။ သင်ပြေးသည့်အခါ လေထွက်ပေါ်ပြီး သင့်နားရွက်များကို ဖြတ်သန်းသည် မဟုတ်လော။ သင်ပြေးသည့်အခါ လေကို ဖြစ်ပေါ်စေပါက၊ ကမ္ဘာမြေကြီး လည်ပတ်သည့်အခါ အဘယ်သို့ လေမရှိနိုင်ရသနည်း။ ကမ္ဘာမြေကြီး လည်ပတ်သည့်အခါ အရာခပ်သိမ်းသည် ရွေ့လျားနေ၏။ ၎င်းအပေါ်ရှိ အရာခပ်သိမ်းသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက် ဖွံ့ဖြိုးနေစဉ်တွင် ကမ္ဘာမြေကြီး ကိုယ်တိုင်သည် ရွေ့လျားနေပြီး အရှိန်တစ်ခုဖြင့် လည်ပတ်နေ၏။ ထို့ကြောင့် အရှိန်တစ်ခုဖြင့် လှုပ်ရှားမှုက လေစီးဆင်းမှုကို အလိုအလျောက် ပေါ်ပေါက် စေပေလိမ့်မည်။ ဤသည်မှာ “လေစီးဆင်းမှု” ဖြင့် ငါ ဆိုလိုသည့်အရာဖြစ်သည်။ ဤလေစီးဆင်းမှုသည် လူ့ခန္ဓာကိုယ်အား အတိုင်းအတာတစ်ခုအထိ ထိခိုက်စေသည် မဟုတ်လော။ တိုင်ဖုန်းမုန်တိုင်းများကို စဉ်းစားကြည့်လော့- သာမန်တိုင်ဖုန်း မုန်တိုင်းများသည် အထူးတလည် အားမကောင်းသော်လည်း၊ ၎င်းတို့တိုက်ခတ်သည့်အခါ လူတို့သည် တည်ငြိမ်စွာ ရပ်ပင် မရပ်နိုင်ကြသကဲ့သို့၊ လေထဲတွင် လမ်းလျှောက်ရန် ၎င်းတို့အတွက် ခက်ခဲလေသည်။ ခြေတစ်လှမ်းသည်ပင် ခက်ခဲပြီး၊ လူအချို့သည် တစ်စုံတစ်ရာနှင့် တိုးဝှေ့ရိုက်ခတ်ခံရပြီး၊ လှုပ်ရှား၍ မရကြပေ။ ဤသည်မှာ လူသားမျိုးနွယ်ကို လေစီးဆင်းမှု သက်ရောက်နိုင်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ အကယ်၍ ကမ္ဘာမြေကြီး တစ်ခုလုံးသည် လွင်ပြင်များနှင့် ဖုံးလွှမ်းနေပါက ကမ္ဘာမြေကြီးနှင့် အရာခပ်သိမ်း လည်ပတ်သည့်အခါတွင် ထိုသို့ဖြင့် ဖြစ်ပေါ်သည့် လေစီးဆင်းမှုကို လူ၏ ခန္ဓာကိုယ်က လုံးဝ ခံနိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့သော အခြေအနေတစ်ခုကို တုန့်ပြန်ဖို့ အလွန့်အလွန် ခက်ခဲပေလိမ့်မည်။ ဤသို့သာဖြစ်ခဲ့မည်ဆိုပါက၊ ထိုသို့သော လေစီးဆင်းမှုသည် လူသားမျိုးနွယ်ကို အန္တရာယ် ယူဆောင်မည်ဖြစ်သည်သာမက၊ လုံးဝ ပျက်စီးခြင်းလည်း ယူဆောင် လာမည်ဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်၌ လူသားများ ရှင်သန်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်က ထိုသို့သော လေစီးဆင်းမှုကို ဖြေရှင်းဖို့ မတူကွဲပြားသောပတ်ဝန်းကျင်များကို ဖန်တီးရသည့် အကြောင်းရင်းဖြစ်သည်- မတူကွဲပြားသော ပတ်ဝန်းကျင်များတွင် လေစီးဆင်းမှုများသည် ပိုမိုအားနည်းသွား၏၊ ၎င်းတို့၏ ဦးတည်ရာ ပြောင်းလဲသွား၏၊ ၎င်းတို့၏အမြန်နှုန်းနှင့် အရှိန်တို့ ပြောင်းလဲလေသည်။ ဤသည်မှာ လူတို့က တောင်များ၊ တောင်တန်းများ၊ လွင်ပြင်များ၊ တောင်ကုန်းများ၊ မြစ်ဝှမ်းများ၊ ချိုင့်ဝှမ်းများ၊ ကုန်းပြင်မြင့်များနှင့် မြစ်ကြီးများကဲ့သို့ မတူကွဲပြားသော ပထဝီဝင်ဆိုင်ရာ အင်္ဂါရပ်များကို တွေ့နိုင်ကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤမတူကွဲပြားသော ပထဝီဝင်ဆိုင်ရာ အင်္ဂါရပ်များနှင့်အတူ၊ လေစီးဆင်းမှု၏ အမြန်နှုန်းတစ်ရပ်၊ ဦးတည်ရာ နှင့် အရှိန်တို့ကို ဘုရားသခင် ပြောင်းလဲလေသည်။ ဤသည်မှာ လူသားများအနေဖြင့် အသက်ရှင်ဖို့ ပုံမှန်ပတ်ဝန်းကျင် တစ်ရပ် ရှိနိုင်ဖို့အလို့ငှာ၊ လေစီးဆင်းမှုကို သင့်တော်သည့် လေတိုက်နှုန်း၊ ဦးတည်ရာနှင့် ပြင်းအားတို့ရှိသည့် လေအဖြစ် လျှော့ချဖို့ သို့မဟုတ် ကျွမ်းကျင်စွာ ကိုင်တွယ်ဖို့ သူအသုံးပြုသော နည်းလမ်းဖြစ်သည်။ ဤအရာ လိုအပ်မှုရှိပါသလော။ (လိုအပ်မှု ရှိပါသည်။) ဤသို့သော အရာတစ်ခုကို လုပ်ဆောင်ခြင်းသည် လူတို့အတွက် ခက်ခဲပုံရသော်လည်း၊ ဘုရားသခင်သည် အရာခပ်သိမ်းကို စောင့်ကြည့်လေ့လာသောကြောင့် သူ့အတွက် လွယ်ကူပေသည်။ လူသားမျိုးနွယ်အတွက် သင့်တော်သော လေစီးဆင်းမှုရှိသည့် ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးရန်မှာ သူ့အတွက် အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံး ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ဖန်ဆင်းထားသည့် ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းအတွင်းရှိ အမှုအရာတစ်ခုစီသည် မရှိမဖြစ်လိုအပ်၏။ အမှုအရာ တစ်ခုစီတိုင်း၏ တည်ရှိခြင်းတွင် တန်ဖိုးနှင့် လိုအပ်မှု ရှိ၏။ သို့ရာတွင်၊ စာတန်နှင့် ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်သည် ဤအခြေခံ သဘောတရားကို နားမလည်ပေ။ ၎င်းတို့သည် တောင်များကို မြေပြန့်အဖြစ်ပြောင်းလဲခြင်း၊ နက်ရှိုင်းသော ချောက်ကြီးများကို ဖြည့်ခြင်းနှင့် ကွန်ကရစ် တောကြီးမျက်မည်းကို ဖန်တီးရန် မြေပြန့်တွင် မိုးမျှော်တိုက်များ တည်ဆောက်ခြင်း နှင့်ဆိုင်သော အချည်းနှီးအိပ်မက်ဖြင့် ဖျက်ဆီးပြီးရင်း ဖျက်ဆီးကာ၊ တည်ဆောက်ပြီးရင်း တည်ဆောက်ကာ၊ ဖွံဖြိုးတိုးတက်ရင်း တိုးတက်ပြီး၊ အမြတ်ထုတ်ပြီးရင်း ထုတ်နေကြလေသည်။ လူသားမျိုးနွယ်အနေဖြင့် ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့၊ ပျော်ရွှင်စွာ ကြီးထွားဖွံ့ဖြိုးပြီး ၎င်းတို့အတွက် သူပြင်ဆင်ထားသော ဤအသင့်တော်ဆုံး ပတ်ဝန်းကျင်၌ နေ့စဉ်နေ့တိုင်း ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနိုင်ရန်မှာ ဘုရားသခင်၏ မျှော်လင့်ချက်ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ် အသက်ရှင်သည့် ပတ်ဝန်းကျင်ကို သူပြုစုသည့်နည်းလမ်းတွင် ဘုရားသခင်သည် မည်သည့်အခါမျှ အရေးမစိုက်ဘဲမနေခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ လူတို့၏ ကိုယ်ခန္ဓာများနှင့် ၎င်းတို့ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တို့သည် သဘာဝအခြေအနေများမှ နှောင့်ယှက်မှု တစ်စုံတစ်ရာမျှ မခံရဘဲ၊ ယင်းအစား၊ သဟဇာတဖြစ်‌သည့် အတူယှဉ်တွဲနေထိုင်ခြင်းဖြင့် အရာခပ်သိမ်းတို့နှင့်အတူ လူသားမျိုးနွယ်သည် ပုံမှန်အသက်ရှင် နေထိုင်ပြီး မျိုးပွားနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် အပူချိန်မှ လေအထိ၊ အသံမှ အလင်းအထိ ရှုပ်ထွေးသော အစီအစဉ်များနှင့် အစီအမံများကို ပြုခဲ့၏။ ဤအရာအားလုံးကို ဘုရားသခင်က အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်အဖို့ ထောက်ပံ့ပေးထား၏။

လူသား အသက်ရှင်သန်ရေးအတွက် ဤအခြေခံကျသော လိုအပ်ချက်ငါးခုကို ဘုရားသခင် စီစဉ်သည့်နည်းလမ်းတွင်၊ လူသားမျိုးနွယ်အတွက် သူမည်သို့ ထောက်ပံ့သည်ကို သင်မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ဆိုလိုသည်မှာ၊ ဘုရားသခင်သည် လူသား ရှင်သန်ရေးအတွက် အခြေခံအကျဆုံးသော လိုအပ်ချက်များကို ဖန်ဆင်းသောအရှင်ဖြစ်ပြီး၊ ဤအရာများကို စီမံခန့်ခွဲကာ ထိန်းချုပ်၍လည်းနေ၏။ နှစ်ထောင်ပေါင်းများစွာ လူသား တည်ရှိပြီးနောက် ယခုတွင်ပင်လျှင်၊ ဘုရားသခင်သည် ၎င်းတို့၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို အဆက်မပြတ် အပြောင်းအလဲများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်၊ ၎င်းတို့၏ ဘဝများသည် ပုံမှန်နည်းလမ်းတစ်ခုဖြင့် ထိန်းသိမ်း ထားနိုင်ရန်အလို့ငှာ အကောင်းဆုံးနှင့် အသင့်တော်ဆုံးသော ပတ်ဝန်းကျင်ကို ၎င်းတို့အား ဆက်လက်ထောက်ပံ့ ပေးနေဆဲ ဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ခုကို အချိန်မည်မျှကြာ ထိန်းသိမ်း၍ရနိုင်သနည်း။ တစ်နည်းအားဖြင့်၊ ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်ကို ဘုရားသခင်က အချိန်မည်မျှကြာ ဆက်လက် ထောက်ပံ့ပေးနေလိမ့်မည်နည်း။ ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုကို အပြည့်အဝ ပြည့်စုံစေသည်အထိ ကြာလိမ့်မည်ဖြစ်သည်။ ထို့နောက်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို ပြောင်းလဲလိမ့်မည်။ ဤပြောင်းလဲမှုများကို အလားတူ နည်းစနစ်များဖြင့် သူ ဖန်တီးမည်မှာ ဖြစ်ကောင်း ဖြစ်လိမ့်မည် သို့မဟုတ် ကွဲပြားသောနည်းနားများအားဖြင့် ဖြစ်ကောင်း ဖြစ်လိမ့်မည်၊ သို့ရာတွင် ယခု လူတို့ သိရမည့်အရာမှာ ဘုရားသခင်သည် အစဉ်မပြတ် လူသားမျိုးနွယ်၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနေခြင်း၊ လူသားမျိုးနွယ် အသက်ရှင်သည့် ပတ်ဝန်းကျင်ကို စီမံခန့်ခွဲနေခြင်းနှင့်၊ ထိုပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနေခြင်း၊ ကာကွယ် ပေးနေခြင်းနှင့် စောင့်ရှောက် ပေးနေခြင်း ဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်ဖြင့်၊ ဘုရားသခင်၏ ရွေးချယ်ခံရသူများသည် ဤကဲ့သို့ ပုံမှန်ပုံစံတစ်ခုဖြင့် နေထိုင်နိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံနိုင်ကြခြင်းဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် အရာခပ်သိမ်း ဆက်လက်ရှင်သန်ပြီး ဘုရားသခင်ထံမှ ထိုသို့သော ထောက်ပံ့မှုများကြောင့် လူသားမျိုးနွယ် အားလုံး ရှေ့ဆက်ကြခြင်း ဖြစ်သည်။

ငါတို့ မိတ်သဟာယ၏ ဤနောက်ဆုံးပိုင်းသည် သင်တို့ကို အတွေးသစ်များ တစ်ခုတစ်လေ ယူဆောင်ပေးခဲ့ပါသလော။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားမှုကို ယခု သင်တို့ သတိပြုမိလာကြပြီလော။ နောက်ဆုံးတွင်၊ အရာခပ်သိမ်း၏ သခင်မှာ မည်သူနည်း။ လူသားလော။ (မဟုတ်ပါ။) သို့ဆိုလျှင်၊ ဖန်ဆင်းခြင်းအားလုံးကို ဘုရားသခင်နှင့် လူသားတို့ ဆက်ဆံပုံကြား ကွာခြားချက်မှာ အဘယ်နည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်ချုပ်ကာ စီစဉ်ပြီး လူသားကမူ ထိုအရာတို့ကို မွေ့လျော်ခံစားပါ၏။) ဤအရာကို သင်တို့ သဘောတူသလော။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားချက်မှာ ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးအပေါ် အုပ်ချုပ်ကာ ထောက်ပံ့ခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာရာ၏ အရင်းအမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းကို ဘုရားသခင်က ထောက်ပံ့ ပေးစဉ် လူသားမျိုးနွယ်က ထိုအရာကို မွေ့လျော်ခံစား၏။ ဆိုလိုသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်ပေးသနားသော အသက်ကို လူသားလက်ခံသောအခါ၊ အရာခပ်သိမ်းကို သူမွေ့လျော် ခံစားရသည်။ ဘုရားသခင်သည် ဆရာသခင်ဖြစ်ပြီး၊ ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်း အကျိုးတရားများကို လူသားမျိုးနွယ်က မွေ့လျော်ခံစား၏။ သို့ဆိုလျှင်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်း ရှုထောင့်မှ၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား ကွာခြားချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် အရာခပ်သိမ်း ဖွံ့ဖြိုးကြီးထွားမှုပုံ နှင့်ဆိုင်သော နိယာမများကို ရှင်းလင်းစွာမြင်နိုင်ပြီး၊ ဤနိယာမများကို ထိန်းချုပ်ကာ စိုးမိုးသည်။ ဆိုလိုသည်မှာ၊ အရာခပ်သိမ်းသည် ဘုရားသခင်၏မြင်ကွင်း အတွင်းနှင့် သူ၏ စစ်ဆေးမှုနယ်ပယ် အတွင်း၌ ရှိကြ၏၊ လူသားမျိုးနွယ်သည် အရာခပ်သိမ်းကို မြင်နိုင်သလော။ လူသားမျိုးနွယ် မြင်နိုင်သည့်အရာမှာ ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိသည့်အရာ ထိသာ ကန့်သတ်ထား၏။ ထိုတောင်ကို သင်တက်ပါက သင်မြင်သည့်အရာမှာ ထိုတောင်သာ ဖြစ်၏။ ထိုတောင်၏ အခြားတစ်ဘက်တွင် ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ သင်သည် ကမ်းခြေသို့ သွားပါက သင် မြင်သည့်အရာမှာ သမုဒ္ဒရာ၏ တစ်ဘက်ခြမ်းသာ ဖြစ်ပြီး သမုဒ္ဒရာ၏ အခြားတစ်ဘက်က အဘယ်အရာနှင့်တူသည်ကို သင် မသိနိုင်ပေ။ သင်သည် သစ်တော တစ်ခုထဲသို့ သွားပါက၊ သင်၏ရှေ့နှင့် သင်၏အနီးတစ်ဝိုက်ရှိ အပင်များကို သင်မြင်နိုင်သော်လည်း၊ သာ၍ဝေးသောအရှေ့နေရာ၌ ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ လူသားများသည် သာ၍မြင့်သော၊ သာ၍ဝေးသော၊ သာ၍ နက်ရှိုင်းသော နေရာများကို မမြင်နိုင်ကြပေ။ ၎င်းတို့ မြင်နိုင်သမျှမှာ ၎င်းတို့၏ ရှေ့တည့်တည့်၊ ၎င်းတို့၏ အမြင်အာရုံ နယ်ပယ်အတွင်း ရှိသည့်အရာ ဖြစ်သည်။ လူတို့အနေဖြင့် နှစ်ကာလ၏ လေးရာသီကို ချမှတ်သည့် နိယာမများ သို့မဟုတ် အရာခပ်သိမ်း ကြီးထွားဖွံ့ဖြိုးမှုပုံစံနှင့်ဆိုင်သည့် နိယာမများကို သိလျှင်ပင်၊ ၎င်းတို့သည် အရာခပ်သိမ်းကို စီမံခန့်ခွဲ၍မရနိုင်သေးပေ သို့မဟုတ် စေစား၍ မရနိုင်သေးပေ။ သို့တိုင် အရာခပ်သိမ်းကို ဘုရားသခင် မြင်ပုံမှာမူ သူကိုယ်တိုင် တည်ဆောက်ခဲ့သော စက်တစ်ခုကို မြင်ပုံကဲ့သို့သာ ဖြစ်သည်။ သူသည် ပါဝင်သည့် ပစ္စည်းတိုင်း၊ ဆက်သွယ်မှုတိုင်း၊ ၎င်း၏အခြေခံစည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်၊ ၎င်း၏ပုံစံများက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် ၎င်း၏ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို အလွန် အကျွမ်းဝင်ပေသည်- ဤအရာ အားလုံးကို ဘုရားသခင်သည် အရှင်းလင်းဆုံး အတိုင်းအတာဖြင့် သိ၏။ ထို့ကြောင့် ဘုရားသခင်သည် ဘုရားသခင်ဖြစ်၍၊ လူသားသည် လူသားဖြစ်၏။ လူသားသည် အရာခပ်သိမ်းတို့ကို အုပ်စိုးသည့် သိပ္ပံပညာနှင့် နိယာမများနှင့်ဆိုင်သော ၎င်း၏ သုတေသနတွင် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်သော်လည်း၊ ထိုသုတေသနသည် နယ်ပယ်အရ ကန့်သတ်မှုရှိ၏၊ ဘုရားသခင်ကမူ အရာခပ်သိမ်းကို ထိန်းချုပ်လေသည်။ လူသားအတွက်၊ ဘုရားသခင်၏ ထိန်းချုပ်မှုသည် အနန္တဖြစ်၏။ လူတစ်ဦးသည် ဘုရားသခင်၏ အသေးနုပ်ဆုံးသော လုပ်ဆောင်ချက်တစ်ခုကို စစ်မှန်သည့် ရလာဒ်များတစ်ခုတစ်လေ မရရှိဘဲ သုတေသန ပြုခြင်းဖြင့် သူ၏ ဘဝတစ်ခုလုံး ကုန်ဆုံးသွားနိုင်သည်။ ဤသည်မှာ သင့်အနေဖြင့် ဘုရားသခင်ကို လေ့လာရန် အသိပညာနှင့် သင်ယူထားသည့်အရာကို အသုံးပြုပါက၊ သင်သည် ဘုရားသခင်ကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ် သို့မဟုတ် နားလည်နိုင်မည် မဟုတ်သည့် အကြောင်းရင်းဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားနှင့် ဘုရားသခင်ကို ရှာဖွေသည့်နည်းလမ်းကို ရွေးချယ်ပြီး ဘုရားသခင်ကို သိကျွမ်းလာရန်ဟူသည့် ရှုထောင့်မှ ဘုရားသခင်ကို ကြည့်ပါက ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဉာဏ်ပညာသည် နေရာတိုင်းတွင် တစ်ပြိုင်တည်းရှိသည်ဟု တစ်နေ့တွင် သင် သတိပြုမိလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို အရာခပ်သိမ်း၏သခင်နှင့် အရာခပ်သိမ်းအတွက် အရင်းအမြစ်ဟု အဘယ်ကြောင့် ခေါ်ဆိုသည်ကိုလည်း သင်သိလိမ့်မည်။ ထိုသို့သော သိနားလည်မှုကို သင်ရလေ၊ ဘုရားသခင်အား အရာခပ်သိမ်း၏ သခင်ဟု အဘယ်ကြောင့်ခေါ်သည်ကို သင်နားလည်လေဖြစ်မည်။ သင် အပါအဝင် အရာခပ်သိမ်းနှင့် အရာရာတိုင်းသည် ဘုရားသခင်၏ ပုံမှန်စီးဆင်းနေသော ထောက်ပံ့မှုကို စဉ်ဆက်မပြတ်ရရှိနေ၏။ ဤလောကထဲနှင့် ဤလူသားမျိုးနွယ်ကြားတွင် ဘုရားသခင်မှလွဲ၍ အရာခပ်သိမ်း၏ ဖြစ်တည်မှုအပေါ် အုပ်စိုးရန်၊ စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန် အစွမ်းအစနှင့် အနှစ်သာရ ရှိနိုင်သူ မရှိသည်ကိုလည်း သင့်အနေဖြင့် ရှင်းလင်းစွာ ခံစားနိုင်လိမ့်မည်။ ဤသိနားလည်မှု တစ်ရပ်သို့ သင်ရောက်ရှိသည့်အခါ၊ ဘုရားသခင်သည် သင်၏ ဘုရားသခင်ဖြစ်ကြောင်းကို စစ်မှန်စွာ သင် သိမှတ်လိမ့်မည်။ ဤအဆင့်ကို သင်ရောက်သောအခါ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာလက်ခံပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ သူ့ကို သင်၏ဘုရားသခင် နှင့် သင်၏သခင်ဖြစ်ခွင့်ပေးပြီး ဖြစ်လိမ့်မည်။ သင်သည် ထိုသို့သော သိနားလည်မှုတစ်ရပ်ရှိပြီး သင်၏အသက်တာက ထိုသို့သော အဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ၊ သင်သည် ဘုရားသခင်ကို နားလည်လိမ့်မည်၊ သူ၏ စိတ်နှလုံးကို သိလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်တကယ် လက်ခံပြီး ဖြစ်လိမ့်မည်ဖြစ်သောကြောင့် ဘုရားသခင်သည် သင့်ကို နောက်ထပ် စမ်းသပ်ကာ တရားစီရင်တော့မည်မဟုတ်သကဲ့သို့၊ သင့်အပေါ် မည်သည့် တောင်းဆိုမှုမျှ ပြုလိမ့်မည် မဟုတ်တော့ပေ။ ဤသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ စိုးမိုးမှုနှင့် စီမံခန့်ခွဲမှု နှင့်ပတ်သက်သည့် ဤအကြောင်းအရာများအပေါ် မိတ်သဟာယပြုဖို့ အရေးကြီးသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် လူတို့အား အသိပညာနှင့် သိနားလည်မှုတို့ကို သာ၍ပေးရန် ရည်ရွယ်ပေသည်- သင့်ကို ဝန်ခံစေရုံမျှသာမက ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သာ၍ လက်တွေ့ကျသော နည်းလမ်းဖြင့် သင့်ကို သိရှိစေကာ နားလည်စေဖို့ ဖြစ်သည်။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။