ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ အပိုင်း လေး

ဘုရားသခင်၏ သဘောထားကို နားလည်ပြီး ဘုရားသခင်အပေါ် နားလည်မှုလွဲမှားခြင်းများ အားလုံးကို စွန့်လော့

သင်တို့ လက်ရှိယုံကြည်ကြသော ဤဘုရားသခင်သည် မည်ကဲ့သို့သော ဘုရားသခင်ပင် ဖြစ်သနည်း။ ထိုအကြောင်းကို သင်တို့ စဉ်းစားဖူးသလော။ ဆိုးယုတ်သောသူတစ်ဦး မကောင်းမှုများ ကျူးလွန်နေသည်ကို သူမြင်သည့်အခါ ယင်းကို သူစက်ဆုပ်ရွံရှာသလော။ (စက်ဆုပ်ရွံရှာပါသည်။) ပညာမဲ့သော လူများက အမှားများ ပြုလုပ်သည်ကို သူမြင်သည့်အခါ သူ၏သဘောထားမှာ အဘယ်သို့ ရှိသနည်း။ (ဝမ်းနည်းခြင်း။) သူ၏ အလှူငွေများကို လူတို့ ခိုးယူနေသည်ကို သူမြင်သည့်အခါ သူ၏သဘောထားမှာ အဘယ်နည်း။ (၎င်းတို့ကို သူ စက်ဆုပ်ရွံရှာသည်။) ဤအရာအားလုံးမှာ အလွန်ရှင်းသည်၊ မှန်သလော။ သမ္မာတရားကို လေ့လာလိုက်စားခြင်း လုံးဝမရှိသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် ၎င်း၏ ယုံကြည်မှုတွင် ရှုပ်ထွေးနေသည်ကို သူမြင်သည့်အခါ ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ ရှိသနည်း။ သင်တို့ သိပ်မသေချာကြသည် မဟုတ်လော။ “ရှုပ်ထွေးခြင်း” မှာ သဘောထား ဖြစ်သည့်အတွက် အပြစ်မဟုတ်သကဲ့သို့ ၎င်းက ဘုရားသခင်ကို စော်ကားပြစ်မှားရာလည်း မရောက်သည့်အပြင် ၎င်းမှာ ကြီးမားသောအမှားမျိုး မဟုတ်ပါဟု လူတို့က ယူဆကြသည်။ ထိုသို့ဆိုသော် ငါ့အားပြောလော့၊ ဤအရေးကိစ္စတွင် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ (သူသည် ၎င်းတို့ကို အသိအမှတ် မပြုလိုပေ။) “အသိအမှတ် မပြုလိုခြင်း”၊ ဤသည်မှာ အဘယ်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ၎င်းမှာ ဘုရားသခင်က ဤလူများကို အထင်အမြင်သေးပြီး သူတို့အား အရေးမစိုက်ခြင်းကို ဆိုလိုလေသည်။ ထိုကဲ့သို့သော လူတို့ကို ဘုရားသခင် ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းမှာ သူတို့ကို အေးတိအေးစက်ဖြင့် ဆက်ဆံလိုက်ခြင်းပင်ဖြစ်သည်။ သူ၏ ကိုင်တွယ်ဖြေရှင်းနည်းမှာ ၎င်းတို့အပေါ် မည်သည့်အလုပ်ကိုမျှ မပြုလုပ်ဘဲ၊ ၎င်းတို့အား ဘေးဖယ်ထားခြင်းဖြစ်ပြီး၊ ဤအရာတွင် ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းဆိုင်ရာ အလုပ်တို့ ပါဝင်လေသည်။ ထိုကဲ့သို့သော လူတို့ကို ဘုရားသခင်၏ အမှုထဲ၌ အမှန်ပင် ထည့်သွင်းရေတွက်မထားပေ။ သူ၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သော သူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ အလွန်အမင်း စက်ဆုပ်ရွံ့ရှာဖွယ်ပင်။ သူ၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးခြင်းနှင့် ပတ်သက်၍ နောင်တမရသော လူများအားဖြင့် ဘုရားသခင်သည် အလွန်အမင်း ဒေါသထွက်သည်။ “ဒေါသထွက်သည်” ဆိုသည်မှာ ခံစားမှုတစ်ခု၊ စိတ်နေစိတ်ထား တစ်ခုမျှသာ မဟုတ်တော့ပေ၊ ၎င်းသည် ရှင်းလင်းသော သဘောထားတစ်ခုနှင့် အလားတူခြင်းမရှိပေ။ သို့သော်လည်း ဤခံစားမှု၊ ဤစိတ်နေစိတ်ထားက ဤသို့သော လူတို့အတွက် အဆုံးသတ်ရလဒ်တစ်ခုကို ဖြစ်ပေါ်စေမည် ဖြစ်သည်- ယင်းက ဘုရားသခင်ကို အလွန်အမင်း စက်ဆုပ်ရွံရှာမှုဖြင့် ပြည့်စေလိမ့်မည် ဖြစ်ပါတကား။ ဤအလွန်အမင်း စက်ဆုပ်ရွံရှာမှု၏ အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းမှာ ဘုရားသခင်သည် ဤလူကို ဘေးဖယ်ထားပြီး လောလောဆယ် တုန့်ပြန်မှု ပြုလိမ့်မည် မဟုတ်ခြင်းဖြစ်သည်။ ထို့နောက် “ဆောင်းဦးကာလပြီးနောက်” တွင် ၎င်းတို့ကိုနှိပ်ကွပ်ရန် သူ စောင့်ဆိုင်းလိမ့်မည်။ ဤသည်မှာ မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ဤလူတို့၌ အဆုံးသတ်ရလဒ်များ ရှိလိမ့်ဦးမည်လော။ ဘုရားသခင်သည် ဤသို့သော လူတို့ကို မည်သည့်အဆုံးသတ်ရလဒ်ကိုမျှပေးရန် လုံးဝမရည်ရွယ်ခဲ့ပါပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤသို့သော လူတို့ကို ယခု မတုံ့ပြန်သည်မှာ လုံးဝ ပုံမှန်ပင်ဖြစ်သည် မဟုတ်လော။ (ပုံမှန်ဖြစ်ပါသည်။) ဤသို့သော လူတို့သည် မည်သည့်အရာ ပြုလုပ်ရန် ပြင်ဆင်နေသင့်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ အပြုအမူနှင့် ၎င်းတို့ကျူးလွန်ခဲ့ပြီးသည့် မကောင်းသော လုပ်ရပ်များ၏ အပျက်သဘောဆောင်သော အကျိုးဆက်များကို တာဝန်ယူရန် ပြင်ဆင်သင့်သည်။ ဤသည်မှာ ဤကဲ့သို့သော လူစားမျိုးအတွက် ဘုရားသခင်၏ တုံ့ပြန်မှုဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူတို့ကို ယခု ငါ ရှင်းရှင်းလင်းလင်း ပြောမည်- သင်တို့၏ ထင်ယောင်ထင်မှားဖြစ်ခြင်းများကို နောက်ထပ် ဆုပ်ကိုင်မထားကြနှင့်၊ ထို့ပြင် ဖြစ်လိုသော စိတ်ကူးများကို ဆက်၍ မတွေးကြနှင့်။ ဘုရားသခင်သည် လူတို့ကို အကန့်အသတ်မဲ့ သည်းခံလိမ့်မည် မဟုတ်ပေ။ သူသည် ၎င်းတို့၏ ကျူးလွန်မှုများ သို့မဟုတ် မနာခံမှုတို့ကို ထာဝရသည်းခံလိမ့်မည် မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်သည်လည်း ဤကဲ့သို့သော လူအနည်းငယ်ကို မြင်ဖူးပြီး ၎င်းတို့ ဆုတောင်းသောအခါ အထူးသဖြင့် ဘုရားသခင်၏ တို့ထိခြင်းကို ၎င်းတို့ခံကြရကာ အသည်းအသန် ငိုကြွေးကြသည်။ အများအားဖြင့် ၎င်းတို့သည် အလွန်လည်း ပျော်ရွှင်ကြသည်။ ၎င်းတို့သည် မိမိတို့အပေါ် ဘုရားသခင်၏ မျက်မှောက်တော်နှင့် ဘုရားသခင်၏ လမ်းပြမှုကို ရရှိဟန်တူသည်။” ဟု ဆိုကြသည်။ ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားကို မပြောလေနှင့်။ အသည်းအသန် ငိုကြွေးခြင်းမှာ ဘုရားသခင်၏ လမ်းပြမှုဖြစ်ဖို့ နေနေသာသာ၊ ဘုရားသခင်၏ တို့ထိမှုကိုခံရခြင်း သို့မဟုတ် ဘုရားသခင်၏ မျက်မှောက်တော်အား အကျိုးခံစားရခြင်းကို သေချာပေါက် ဆိုလိုသည်မဟုတ်ပေ။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ဒေါသထွက်စေပါက ဘုရားသခင်သည် ၎င်းတို့အား လမ်းပြဦးမည်လော။ အချုပ်အားဖြင့် ဘုရားသခင်သည် တစ်စုံတစ်ဦးကို သုတ်သင်ဖယ်ရှင်းရန်နှင့် စွန့်ပစ်ရန် ဆုံးဖြတ်ပြီးသောအခါ ထိုလူ၌ အဆုံးသတ်ရလဒ် ကင်းမဲ့ပြီဖြစ်သည်။ ၎င်းတို့ ဆုတောင်းသည့်အခါ ၎င်းတို့၏ ခံစားချက်များမှာ မည်သို့ပင် အားရကျေနပ်ဖွယ် ကောင်းသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် ယုံကြည်မှု မည်မျှပင် ရှိသည်ဖြစ်စေ ယင်းက အကျိုးဆက်နှင့် မဆိုင်တော့ပါ။ အရေးကြီးသည့်အရာမှာ ဘုရားသခင်သည် ဤယုံကြည်မှုမျိုးကို မလိုအပ်ပေ၊ သူသည် ဤလူတို့ကို ပစ်ပယ်ထားပြီးဖြစ်သည်။ အနာဂတ်တွင် ၎င်းတို့အား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်မှာလည်း အရေးမကြီးပေ။ အရေးကြီးသောအရာမှာ ဤလူတို့က ဘုရားသခင်ကို ဒေါသထွက်စေသည့် အခိုက်အတန့်မှာပင် ၎င်းတို့၏ အဆုံးသတ်ရလဒ်များမှာ သတ်မှတ်ထားပြီး ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် ဤကဲ့သို့သော လူတို့ကို ကယ်တင်ရန် ဆုံးဖြတ်ထားပြီး မဟုတ်ပါက ၎င်းတို့သည် ပြစ်ဒဏ်ခတ်ခံရရန်အတွက် ချန်ရစ်ထားခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထားပင် ဖြစ်သည်။

ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ၏ အရိပ်လက္ခဏာ ပါဝင်ပြီး သူသည် တစ်ဦးတစ်ယောက်စီတိုင်းအား သနားခြင်းကရုဏာစိတ် ရှိသော်လည်း သူ၏ အနှစ်သာရမှာ ဂုဏ်သိက္ခာရှိသောသူလည်း ဖြစ်သည် ဟူသည့်အချက်ကို လူတို့ လျစ်လျူရှုပြီး မေ့လျော့ကြပြီးဖြစ်သည်။ သူ့၌ ချစ်ခြင်းမေတ္တာရှိ၏ ဟူသည်မှာ သူ့အထဲ၌ ခံစားချက်များ သို့မဟုတ် တုံ့ပြန်ချက်တစ်ခုကို နှိုးဆွခြင်းမရှိဘဲ၊ လူတို့က သူ့ကို လွတ်လပ်စွာ ပြစ်မှားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် သူ၌ သနားခြင်းကရုဏာ ရှိ၏ ဟူသည်မှာ လူတို့ကို သူဆက်ဆံရာ၌ အခြေခံစည်းမျဉ်းများ မရှိပါဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်သည် အသက်ရှင်သည်၊ သူသည် အမှန်တကယ် တည်ရှိသည်။ သူသည် စိတ်ကူးဖြင့်ပုံဖော်ထားသော ရုပ်သေးရုပ်တစ်ရုပ် သို့မဟုတ် အခြားအရာဝတ္ထု တစ်ခုခုလည်း မဟုတ်ပေ။ သူသည် တည်ရှိသည့်အတွက် ငါတို့သည် သူ့စိတ်နှလုံး၏အသံကို အချိန်တိုင်း ဂရုတစိုက် နားထောင်သင့်ကာ သူ၏ သဘောထားကို အနီးကပ် အာရုံစိုက်ပြီး သူ၏ ခံစားချက်များကို နားလည်လာသင့်သည်။ ငါတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် လူသား၏ စိတ်ကူးယဉ်မှုများကို အသုံးမပြုသင့်သည့်အပြင် ဘုရားသခင်အား လူသား၏ စိတ်ကူးယဉ်မှုများအပေါ် အခြေခံ၍ လူ့နည်းဟန်ဖြင့် လူတို့ကို ဆက်ဆံစေကာ၊ သူ့အပေါ် လူ့ထင်မြင်ချက်များ သို့မဟုတ် ဆန္ဒပြုချက်များကို မသွတ်သွင်းသင့်ပေ။ အကယ်၍ သင် ဤသို့ပြုပါက သင်သည် ဘုရားသခင်ကို ဒေါသထွက်စေခြင်း၊ သူ၏ အမျက်ဒေါသကို ဆွဲဆောင်ခြင်းနှင့် သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းပင် ဖြစ်နေပေသည်။ ထို့ကြောင့် ဤကိစ္စ၏ ကြီးလေးမှုကို သင်တို့ နားလည်လာပြီးသောအခါ သင်တို့ အယောက်စီတိုင်းကို သတိထားရန်နှင့် သင်တို့၏ လုပ်ဆောင်ချက်များ၌ ချင့်ချိန်တတ်ရန် ငါတိုက်တွန်းသည်။ သင်တို့၏ စကားပြောခြင်း၌လည်း သတိထားပြီး ချင့်ချိန်မှု ရှိကြလော့၊ ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသည်နှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍သတိထားပြီး ပို၍ချင့်ချိန်လေ ပို၍ကောင်းလေ ဖြစ်လေသည်။ သင်သည် ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သည်ကို နားမလည်သောအခါ မဆင်မခြင်စကားပြောခြင်းမှ ရှောင်ကျဉ်လော့၊ သင်၏ လုပ်ဆောင်ချက်များ၌ မဆင်မခြင် မပြုနှင့်၊ ထို့ပြင် ပေါ့ပေါ့တန်တန် တံဆိပ်ကပ်ခြင်း မပြုနှင့်။ ပို၍ပင် အရေးကြီးသည်မှာ ထင်ရာမြင်ရာ မည်သည့် ကောက်ချက်ချခြင်းများကိုမျှ မပြုလေနှင့်။ ထို့အစား သင်သည် စောင့်ဆိုင်းပြီး ရှာဖွေသင့်သည်။ ဤလုပ်ဆောင်ချက်များမှာလည်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အကယ်၍ အရာခပ်သိမ်းထက် ဤအရာကို သင်ရရှိနိုင်ပြီး အရာခပ်သိမ်းထက် ဤသဘောထားကို သင်ပိုင်ဆိုင်နိုင်ပါက ဘုရားသခင်သည် သင်၏ မိုက်မဲခြင်း၊ ပညာမဲ့ခြင်းနှင့် အမှုအရာများနောက်ကွယ်မှ အကြောင်းအရင်းများအား နားလည်မှု ကင်းမဲ့ခြင်းတို့အတွက် သင့်ကို အပြစ်တင်မည်မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား ပြစ်မှားမိမည်ကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော သင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များအပေါ် ရိုသေလေးစားခြင်းနှင့် သူ့အားနာခံရန် ဆန္ဒရှိခြင်းတို့ကြောင့် ဘုရားသခင်က သင့်ကို အောက်မေ့မည်၊ သင့်ကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေမည်၊ သို့မဟုတ် သင်၏ မရင့်ကျက်ခြင်းနှင့် ပညာမဲ့ခြင်းကို သည်းခံမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အပေါ် သင်၏သဘောထားမှာ သူ့ကို မိမိသဘောကျ တရားစီရင်ခြင်း သို့မဟုတ် ဘုရားသခင်၏ အတွေးအခေါ်များကို ထင်ရာမြင်ရာ မှန်းဆခြင်းနှင့် အဓိပ္ပာယ်ဖွင့်ခြင်းဖြင့် မထီမဲ့မြင်ပြုမည်ဆိုပါက ဘုရားသခင်သည် သင့်ကို စီရင်ချက်ချမည်၊ ဆုံးမပဲ့ပြင်မည်၊ ထို့ပြင် အပြစ်ဒဏ်ပင် ခတ်လိမ့်မည်။ သို့မဟုတ်ပါက သူသည် သင့်ကို အကဲဖြတ်ချက် ပေးကောင်းပေးမည် ဖြစ်သည်။ ဤအကဲဖြတ်ချက်တွင် သင်၏ အဆုံးသတ်ရလဒ် ပါဝင်ကောင်းပါဝင်လိမ့်မည်။ ထို့ကြောင့် ငါသည် နောက်ထပ်တစ်ကြိမ် အသားပေး၍ ပြောလိုသည်- သင်တို့ အယောက်စီတိုင်းသည် ဘုရားသခင်ထံမှလာသောအရာ မှန်သမျှအပေါ် သတိရှိပြီး ဆင်ခြင်မြော်တွေးသင့်သည်။ မဆင်မခြင် စကားမပြောနှင့်၊ ထို့ပြင် သင်၏ လုပ်ဆောင်ချက်များ၌ သတိလက်လွတ် မဖြစ်စေနှင့်။ တစ်စုံတစ်ခုကို သင်မပြောမီ ရပ်ဆိုင်းပြီး ဆင်ခြင်သင့်သည်- ကျွန်ုပ်၏ ဤလုပ်ဆောင်ချက်က ဘုရားသခင်ကို ဒေါသထွက်စေမည်လော။ ဤအရာကို လုပ်ရာတွင် ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့ရိုသေ ပါ၏လော။ သာမန်ကိစ္စရပ်များ၌ပင်လျှင် ဤမေးခွန်းများကို ဆက်၍ သင် နားလည်သဘောပေါက်ရန် ကြိုးစားပြီး ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရန် အချိန်ပိုယူသင့်သည်။ အကယ်၍ သင်သည် ဤနိယာမများနှင့်အညီ ကဏ္ဍတိုင်း၊ အမှုအရာတိုင်း၊ အချိန်တိုင်းတွင် အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် သင် တစ်စုံတစ်ခုကို နားမလည်သောအခါ ထိုကဲ့သို့သော သဘောထားကို ခံယူနိုင်ပါက ဘုရားသခင်သည် သင့်ကို အမြဲလမ်းပြပြီး လိုက်လျှောက်ရန် လမ်းကြောင်း တစ်ခုကို သင့်အား ပေးမည်ဖြစ်သည်။ လူတို့သည် မည်သည့် အပြင်ပန်း သဏ္ဌာန်မျိုးကို ဟန်ဆောင်ပြသစေကာမူ ဘုရားသခင်သည် ယင်းတို့ကို အတော်ပင် ရှင်းလင်းပြတ်သားစွာ မြင်သည်ဖြစ်၍ သူသည် သင်၏ ဤထုတ်ဖော်ပြချက်များအပေါ် မှန်ကန်တိကျပြီး သင့်လျော်သော သုံးသပ်ချက်တစ်ခုကို ပေးလိမ့်မည်။ သင်သည် နောက်ဆုံးစမ်းသပ်မှုကို တွေ့ကြုံခံစားပြီးနောက်တွင် ဘုရားသခင်သည် သင်၏ အပြုအမူအားလုံးကို ယူကာ သင်၏ အဆုံးသတ်ရလဒ်ကို သတ်မှတ်ရန်အတွက် ၎င်းကို ပြည့်စုံစွာ ပေါင်းရုံးသုံးသပ်မည် ဖြစ်သည်။ ဤရလဒ်က တစ်ဦးတစ်ယောက်စီတိုင်းကို သံသယအရိပ်အငွေ့ မရှိဘဲ လက်ခံယုံကြည်စေမည်။ ဤတွင် သင်တို့ကို ငါပြောလိုသောအရာမှာ ဤသို့ဖြစ်သည်- သင်တို့၏ လုပ်ဆောင်ချက်တိုင်း၊ သင်တို့၏ အပြုအမူတိုင်းနှင့် သင်တို့၏ စိတ်ကူးတိုင်းက သင်တို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးပါသည်။

လူတို့၏ အဆုံးသတ်ရလဒ်များကို မည်သူ သတ်မှတ်သနည်း

ဆွေးနွေးဖို့ရန် အဆုံးစွန်အရေးကြီးသော အခြားကိစ္စရှိပြီး ၎င်းမှာ ဘုရားသခင်အပေါ် သင်တို့၏ သဘောထားပင် ဖြစ်သည်။ ဤသဘောထားမှာ အလွန်တရာ အရေးပါပေသည်။ သင်တို့သည် နောက်ဆုံးတွင် ပျက်စီးခြင်းရှိရာသို့ လျှောက်လှမ်းမည် မလှမ်းမည် သို့မဟုတ် သင်တို့အတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် လှပသော ခရီးဆုံးပန်းတိုင်တစ်ခုသို့ လျှောက်လှမ်းမည် မလှမ်းမည်ကို ၎င်းသဘောထားက အဆုံးအဖြတ်ပေးသည်။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် နှစ်ပေါင်းနှစ်ဆယ်မက အလုပ်လုပ်ခဲ့ပြီးဖြစ်၍ ဤဆယ်စုနှစ်ခု ကာလအတွင်း သင်တို့သည် စိတ်နှလုံးထဲတွင် သင်တို့၏ ဆောင်ရွက်ခဲ့ပုံနှင့် ပတ်သက်ပြီး အနည်းငယ် မရေမရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ဘုရားသခင်၏ စိတ်နှလုံးထဲ၌ သူသည် သင်တို့ အယောက်စီတိုင်းအတွက် အမှန်တကယ်ရှိပြီး ရိုးသားမှန်ကန်သော မှတ်တမ်းကို မှတ်သားခဲ့ပြီး ဖြစ်သည်။ လူတစ်ယောက်ချင်းစီသည် သူ့နောက်သို့ စတင်လိုက်လျှောက်ပြီး သူ၏ တရားဟောချက်များကို နားထောင်သည့် အချိန်မှစ၍ သမ္မာတရားကို ပို၍ပို၍ နားလည်လာပြီး ၎င်းတို့၏တာဝန်ကို ၎င်းတို့ စတင်လုပ်ဆောင်သည်အထိ ဘုရားသခင်က လူတစ်ဦးစီအတွက် မှတ်သားနိုင်သော အပြုအမူ အမျိုးမျိုးအတွက် မှတ်တမ်းတစ်ခု ရေးမှတ်ထားသည်။ ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်ပြီး ပတ်ဝန်းကျင်နှင့် စမ်းသပ်မှု အမျိုးမျိုးကို ရင်ဆိုင်ရသည့်အခါ လူတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မည်ကဲ့သို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အပေါ် မည်ကဲ့သို့ ခံစားကြသနည်း။... ဘုရားသခင်၌ ဤအရာအားလုံး၏ စာရင်းတစ်ခုရှိသည်၊ သူ၌ ထိုအရာ အားလုံး၏ မှတ်တမ်းတစ်ခု ရှိသည်။ သင်တို့၏ ရှုထောင့်မှကြည့်ပါက ဤကိစ္စရပ်များမှာ ရှုပ်ထွေးကောင်း ရှုပ်ထွေးနိုင်ပါသည်။ သို့သော်လည်း ဘုရားသခင်ရပ်တည်သည့်ဘက်မှ ကြည့်ပါက ၎င်းတို့မှာ ရှင်းလင်းပြတ်သားပြီး ဖြစ်ကတတ်ဆန်းဖြစ်သော အရိပ်အယောင် စိုးစဉ်းမျှပင် မရှိချေ။ ဤသည်မှာ လူတစ်ဦးချင်းစီ၏ အဆုံးသတ်ရလဒ် ပါဝင်ပြီး လူတစ်ဦးချင်းစီ၏ ကံကြမ္မာနှင့် အနာဂတ်အလားအလာများကိုပါ ထည့်သွင်းသော ကိစ္စရပ်တစ်ခု ဖြစ်သည်၊ ထိုမျှမက ဤသည်မှာ ဘုရားသခင်သည် သူ၏ အပတ်တကုပ် ကြိုးပမ်းမှုအားလုံးကို သုံးစွဲသည့်နေရာ ဖြစ်သည်။ ထိုအတွက်ကြောင့် ဘုရားသခင်သည် ၎င်းကို တစ်စက်မျှပင် လုံးဝလျစ်လျူရှုမည် မဟုတ်သည့်အပြင် မည်သည့် အရေးမထားမှုကိုမျှ သည်းမခံပေ။ အစအဦးမှ အဆုံးထိတိုင်အောင် ဘုရားသခင်သည် လူသားမျိုးနွယ်အကြောင်း ဤစာရင်းကို မှတ်တမ်းတင်နေကာ၊ ဘုရားသခင်နောက်သို့ သူတို့လိုက်ရာတွင် လူသားတို့၏ လမ်းကြောင်း တစ်ခုလုံးကို မှတ်စုရေးထားလျက် ရှိသည်။ ဤကာလ အတောအတွင်း၌ ဘုရားသခင်အပေါ် သင်၏ သဘောထားက သင်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးပြီးဖြစ်သည်။ ဤအရာမှာ မမှန်သလော။ ဘုရားသခင် ဖြောင့်မတ်ကြောင်းကို သင်တို့ ယခု ယုံကြည်သလော။ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ လျော်ကန်သလော။ သင်တို့၏ စိတ်ထဲတွင် ဘုရားသခင်အကြောင်း အခြားသော စိတ်ကူးစိတ်သန်း တစ်စုံတစ်ရာ ရှိနေဆဲလော။ (မရှိပါ။) ထိုသို့ဆိုသော် လူတို့၏ အဆုံးသတ်ရလဒ်များမှာ ဘုရားသခင် သတ်မှတ်ဖို့ဖြစ်သည် သို့မဟုတ် လူတို့ မိမိကိုယ်တိုင် သတ်မှတ်ဖို့ဖြစ်သည်ဟု သင်တို့ဆိုမည်လော။ (၎င်းတို့မှာ ဘုရားသခင် သတ်မှတ်ဖို့ဖြစ်သည်။) ၎င်းတို့ကို သတ်မှတ်သောသူမှာ အဘယ်သူ ဖြစ်သနည်း။ (ဘုရားသခင်ပင်။) သင်တို့ မသေချာကြပေ၊ ဟုတ်သလော။ ဟောင်ကောင်မှ ညီအစ်ကို မောင်နှမတို့ အသံကျယ်ကျယ် ပြောကြလော၊ ၎င်းတို့ကို အဘယ်သူ သတ်မှတ်သနည်း။ (လူတို့ကိုယ်တိုင်က ၎င်းတို့ကို သတ်မှတ်သည်။) ၎င်းတို့ကို လူတို့က ကိုယ်တိုင်သတ်မှတ်သလော။ ထိုသို့ဆိုသော် လူတို့၏ အဆုံးသတ် ရလဒ်များမှာ ဘုရားသခင်နှင့် မသက်ဆိုင်ဟု ဆိုလိုခြင်း ဖြစ်မည်မဟုတ်လော။ တောင်ကိုးရီးယားမှ ညီအစ်ကိုမောင်နှမများ၊ အသံကျယ်ကျယ် ပြောကြလော့။ (ဘုရားသခင်သည် လူတို့၏ အဆုံးသတ် ရလဒ်များကို ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် လုပ်ဆောင်မှုများ အားလုံးကို အခြေခံသည့်အပြင် ၎င်းတို့ မည်သည့်လမ်းကြောင်းပေါ်ရှိသည် ဟူသည်နှင့်အညီ သတ်မှတ်သည်။) ဤအရာမှာ အလွန်ဓမ္မဓိဌာန်ကျသော အဖြေတစ်ခုပင် ဖြစ်သည်။ ဤတွင် သင်တို့အားလုံးကို ငါအသိပေးရမည့် အချက်တစ်ခု ရှိသည်- ဘုရားသခင်၏ ကယ်တင်ခြင်းအမှု တစ်လျှောက်တွင် သူသည် လူသားများအတွက် စံနှုန်းတစ်ခုကို ချမှတ်ထားသည်။ ဤစံနှုန်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ နာခံပြီး ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းရမည် ဟူသည်ပင်ဖြစ်သည်။ လူတို့၏ အဆုံးသတ်ရလဒ်များကို တွက်ဆရန် အသုံးပြုသည့်အရာမှာ ဤစံနှုန်းပင် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ဤစံနှုန်းနှင့်အညီ လက်တွေ့လုပ်ဆောင်ပါက သင်သည် ကောင်းသော အဆုံးသတ်ရလဒ်ကို ရရှိနိုင်သည်၊ အကယ်၍ သင် ထိုသို့မပြုပါက ကောင်းသော အဆုံးသတ်ရလဒ်ကို သင် မရနိုင်ပေ။ ထိုသို့ဆိုသော် ဤအဆုံးသတ်ရလဒ်ကို မည်သူသတ်မှတ်သည်ဟု သင်ဆိုမည်နည်း။ ၎င်းကို သတ်မှတ်သည်မှာ ဘုရားသခင် တစ်ပါးတည်းမဟုတ်ဘဲ ဘုရားသခင်နှင့် လူသားများ အတူတကွပင် ဖြစ်သည်။ ဤအရာမှာ မှန်သလော။ (မှန်ပါသည်။) ၎င်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု၌ တက်ကြွစွာ ပါဝင်လုပ်ဆောင်ရန်နှင့် လူသားတို့အတွက် လှပသော ခရီးဆုံးပန်းတိုင်တစ်ခုကို ပြင်ဆင်ပေးရန် ဆန္ဒရှိသူမှာ ဘုရားသခင်ပင်လျှင် ဖြစ်သည်၊ လူသားများသည် ဘုရားသခင့်အမှု၏ ဦးတည်ရာများဖြစ်ပြီး ဤအဆုံးသတ်ရလဒ်၊ ဤခရီးဆုံးပန်းတိုင်သည် သူတို့အတွက် ဘုရားသခင်ပြင်ဆင်ထားသောအရာ ဖြစ်သည်။ အကယ်၍ သူ အမှုပြုရန်အတွက် ဦးတည်ရာများ မရှိခဲ့ပါက သူသည် ဤအမှုကိုပြုရန် လိုအပ်မည်မဟုတ်ပေ။ သူ ဤအမှုကို ပြုနေခြင်းမရှိပါက လူတို့၌ ကယ်တင်ခြင်းကို ရယူရန်အတွက် အခွင့်အရေးရှိလိမ့်မည် မဟုတ်ပေ။ လူသားများမှာ ကယ်တင်ခံရမည့်သူများ ဖြစ်ပြီး ကယ်တင်ခံရခြင်းမှာ ဤလုပ်ငန်းစဉ်၏ ပြုခြင်းခံရသောအပိုင်း ဖြစ်သော်လည်း၊ ယင်းမှာ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်မည့် သူ၏အလုပ်တွင် အောင်မြင်မည် မအောင်မြင်မည်ကို အဆုံးအဖြတ်ပေးသည့် ဤအပိုင်းကို တင်ဆက်နေသောသူများ၏ သဘောထားဖြစ်သည်။ အကယ်၍ သင့်ကို ဘုရားသခင်ပေးသော လမ်းပြမှုကြောင့် မဟုတ်ပါက သင်သည် သူ၏စံနှုန်းကိုသိမည် မဟုတ်သည့်အပြင် သင်၌ ရည်မှန်းချက်လည်း ရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်၌ ဤစံနှုန်း၊ ဤရည်မှန်းချက် ရှိသော်လည်း သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း၊ ၎င်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် အဖိုးအခပေးခြင်း မရှိပါက သင်သည် ဤအဆုံးသတ်ရလဒ်ကို ရရှိလိမ့်မည် မဟုတ်ပေ။ ဤအကြောင်းရင်းကြောင့် လူတစ်ဦး၏ အဆုံးသတ်ရလဒ်ကို ဘုရားသခင်နှင့် ခွဲခြား၍ မရနိုင်ကြောင်းနှင့် ၎င်းကို ထိုလူနှင့်လည်း ခွဲခြား၍ မရနိုင်ကြောင်း ငါပြောရခြင်းဖြစ်သည်။ သို့ဖြစ်၍ ယခုတွင် လူတို့၏ အဆုံးသတ်ရလဒ်များကို မည်သူသတ်မှတ်ကြောင်း သင်တို့သိကြလေပြီ။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။