သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁) အပိုင်း နှစ်

ခပ်သိမ်းသောအရာအားလုံးကို သိမ်းပိုက်ခြင်းအားဖြင့် အမျိုးအစားအလိုက် မျိုးတူစုခံရမည့်အချိန်သည် နောက်ဆုံးသောကာလ ဖြစ်သည်။ သိမ်းပိုက်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်၊ တစ်နည်းအားဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြစ်များကို စီရင်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူများကို မည်သို့ အမျိုးအစားခွဲခြားနိုင်မည်နည်း။ သင်တို့အကြား လုပ်ဆောင်လျက်ရှိသော ခွဲခြားခြင်းအမှုသည် စကြဝဠာတစ်ခွင်လုံး၌ ဤကဲ့သို့သောအလုပ်၏ အစဖြစ်သည်။ ဤနောက်တွင်ကား နေရာတိုင်းတွင်ရှိသော တိုင်းနိုင်ငံအားလုံးမှ လူတို့သည် သိမ်းပိုက်ခြင်းအလုပ်ကို ခံစားစေရကြလိမ့်မည်။ ဤသည်မှာ ဖန်ဆင်းရာထဲ၌ရှိသော ပုဂ္ဂိုလ်တိုင်း တရားစီရင်ခံရဖို့ တရားစီရင်ရာပလ္လင်ရှေ့သို့ လာကြပြီး အမျိုးအစားအလိုက် ခွဲခြားခံရမည်ကို ဆိုလိုသည်။ ဤပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို ကြုံရခြင်းမှ အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ မလွတ်မြောက်နိုင်၊ ထို့ပြင် အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ ဤအမျိုးအစားအလိုက် ခွဲခြားစုဖွဲ့ခြင်းကို ရှောင်ကွင်းမသွားနိုင်၊ အယောက်တိုင်း အတန်းအစားများထဲသို့ ခွဲခြားခံရမည်ဖြစ်သည်။ ထိုအရာမှာ အရာခပ်သိမ်းတို့အတွက် အဆုံးသတ်နီးလာပြီး ခပ်သိမ်းသော ကောင်းကင်နှင့်မြေကြီးတို့သည် သူတို့၏နိဂုံးသို့ ရောက်ရှိလာကြသောကြောင့်ပင် ဖြစ်သည်။ လူသည် သူ့တည်ရှိမှု၏အဆုံးသတ်ကို အဘယ်သို့ လွှဲရှောင်နိုင်မည်နည်း။ ထို့ကြောင့် သင်တို့သည် သင်တို့၏ မနာခံမှုလုပ်ရပ်များကို မည်မျှကြာကြာ ဆက်လက်လုပ်နေနိုင်မည်နည်း။ သင်တို့၏ နောက်ဆုံးကာလ ရောက်အံ့ဆဲဆဲ ဖြစ်သည်ကို သင် တို့ မမြင်သလော။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး သူပေါ်ထွန်းလာဖို့ တောင့်တသူတို့အနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သော ပေါ်ထွန်းလာခြင်း နေ့ရက်ကို မည်သို့ မမြင်နိုင်သနည်း။ ကောင်းမြတ်မှုအတွက် နောက်ဆုံးဆုလာဘ်ကို သူတို့ မည်သို့ မခံယူနိုင်သနည်း။ သင်သည်ကောင်းသောအမှုကို ပြုသောသူတစ်ဦးလော သို့မဟုတ် မကောင်းသောအမှုကို ပြုသောသူတစ်ဦးလော။ သင်သည် ဖြောင့်မတ်သော တရားစီရင်ခြင်းကို လက်ခံပြီးနောက် နာခံသောသူတစ်ဦးလော သို့မဟုတ် နောက်တွင် ကျိန်ခြင်းခံရသောသူလော။ သင်သည် တရားစီရင်ရာ ပလ္လင်တော်ရှေ့ အလင်း၌ အသက်ရှင်ခဲ့သောသူလော သို့မဟုတ် မရဏနိုင်ငံထဲ မှောင်မိုက်၌ အသက်ရှင်ခဲ့သူလော။ သင်ကိုယ်တိုင် သင်၏အဆုံးသတ်က ဆုလာဘ်ရသောသူတစ်ဦး သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းခံရသူတစ်ဦးဟု အရှင်းလင်းဆုံး သိထားသူတစ်ဦးမဟုတ်သလော။ သင်သည် ဘုရားသခင်ဖြောင့်မတ်သည်ဟု အရှင်းလင်းဆုံးသိပြီး အနက်ရှိုင်းဆုံး နားလည်သဘောပေါက်သောသူ မဟုတ်လော။ ထို့ကြောင့် အမှန်တကယ်အားဖြင့်၊ သင်၏အမူအကျင့်က အဘယ်သို့နည်း၊ သင်၏ စိတ်နှလုံး ကအဘယ်မှာနည်း။ သင့်ကို သိမ်းပိုက်ခြင်းအကြောင်း ယနေ့ငါပြောသည်နှင့်အညီ၊ သင်၏ အပြုအမူက ဆိုးညစ်သောအရာ သို့မဟုတ် ကောင်းမြတ်သောအရာနှင့်ဆိုင်သည်ဟု သင့်အတွက် ရှင်းလင်းဖော်ပြဖို့ ငါ့ကို အမှန်တကယ် သင်လိုအပ်သလော။ ငါ့အတွက် အဘယ်မျှလောက် သင်စွန့်လွှတ်ခဲ့ပြီးသနည်း။ အဘယ်မျှလောက် နက်နက်ရှိုင်းရှိုင်း ငါ့ကို သင်ကိုးကွယ်သနည်း။ သင် ငါ့အပေါ် အဘယ်သို့ရှိသည်ကို သင်ကိုယ်တိုင် အရှင်းလင်းဆုံးသိသည်— ဆိုသည်မှာ မမှန်သလော။ အဆုံးစွန် သင်မည်သို့ အဆုံးသတ်လိမ့်မည်ကို မည်သူမဆိုထက် သင်ပို၍ကောင်းကောင်း သိသင့်သည်။ ငါအမှန်ဆိုသည်ကား ငါသာ လူသားတို့ကို ဖန်ဆင်းခဲ့ပြီး သင့်ကို ဖန်ဆင်းခဲ့သည်၊ သို့သော် သင်တို့ကို ငါ စာတန်လက်သို့ မအပ်ခဲ့၊ သင်တို့ ငါ့ကို ပုန်ကန် သို့မဟုတ် အတိုက်အခံလုပ်သောကြောင့် ငါ့အားဖြင့် ပြစ်ဒဏ်ပေးခံရရန်လည်း ရည်ရွယ်ချက်ရှိရှိ ငါသင်တို့ကို မလုပ်ခဲ့။ သင်တို့ စိတ်နှလုံးများ အလွန်အမင်း မာကြောပြီး သင်တို့ အမူအကျင့်က အလွန်အမင်း စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသောကြောင့် ဤဘေးဒုက္ခများကို သင်တို့ ရရှိခဲ့ကြသည်မဟုတ်လော။ ထို့ကြောင့် သင်တို့၏ကိုယ်ပိုင်အဆုံးသတ်ကို သင်တို့ဆုံးဖြတ်နိုင်သည်ဆိုသည်မှာ အမှန်မဟုတ်လော။ မည်သို့ သင်တို့ အဆုံးသတ်မည်ကို မည်သူမဆိုထက် သင်တို့စိတ်နှလုံးများထဲ၌ သင်တို့ပိုသိကြသည်မှာ အမှန်မဟုတ်လော။ လူတို့ကို ငါ သိမ်းပိုက်နေခြင်းအကြောင်းရင်းမှာ သူတို့ကို ဖော်ထုတ်ရန်နှင့် သင်၏ ကယ်တင်ခြင်းကို ပို၍ သေချာစေရန်လည်း ဖြစ်သည်။ သင် မကောင်းသောအရာကို လုပ်ဖို့ သို့မဟုတ် ပျက်ဆီးခြင်းငရဲထဲသို့ သင့်ကို တမင်တကာ လျှောက်စေဖို့ မဟုတ်ပါ။ အချိန်ကျရောက်လာသောအခါ သင်၏ ဒုက္ခဝေဒနာ၊ သင်၏ ငိုကြွေးခြင်း နှင့် အံကြိတ်ခြင်းအားလုံး— ထိုအရာအားလုံးသည် သင်၏ အပြစ်များကြောင့် ဖြစ်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင့်ကိုယ်ပိုင် ကောင်းမြတ်ခြင်း သို့မဟုတ် သင့်ကိုယ်ပိုင် ဆိုးညစ်ခြင်းက အကောင်းဆုံးသော သင်၏တရားစီရင်ခြင်း မဟုတ်လော။ ထိုအရာသည် သင်၏ အဆုံးသတ်မည်သည့်အရာဖြစ်မည် ဆိုသည့် အကောင်းဆုံးသက်သေအထောက်အထား မဟုတ်လော။

ယခုအချိန်တွင် သူတို့၏ ပုန်ကန်သော စိတ်သဘောထားအားလုံးကို ဖွင့်ချရန် နှင့် သူတို့၏ အကျည်းတန်မှုကို ဖော်ထုတ်ရန် တရုတ်ပြည်၌ရှိသော ဤလူတို့အပေါ်မှ အလုပ်ကို ငါ အသုံးပြုနေသည်။ ဤအရာကား ငါပြောရန်လိုအပ်သမျှကို ပြောနေခြင်းအတွက် နောက်ခံအကြောင်းအရာ ဖြစ်သည်။ ထို့နောက်မှ စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အလုပ်၏ နောက်တစ်ဆင့်ကို ငါပြုမည်။ လူသားမျိုးနွယ်ကြားတွင် အသင် လူတို့သည် ပုန်ကန်တတ်သောသူတို့၏ ကိုယ်စားလှယ်များဖြစ်ကြခြင်းကြောင့် စကြဝဠာတစ်ခုလုံးရှိ လူတိုင်း၏ မတရားသောအမှုကို စစ်ကြောစီရင်ရန် သင်တို့အား ငါ၏တရားစီရင်ခြင်းအမှုကို ငါအသုံးပြုမည်။ မတက်လှမ်းနိုင်သောသူတို့သည် အဖြည့်ခံများသာသာ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး အသုံးတော်ခံများဖြစ်မည်၊ တက်လှမ်းနိုင်သော သူတို့မူကား အသုံးပြုခြင်း ခံရကြမည်။ အဘယ်ကြောင့် မတက်လှမ်းနိုင်သောသူတို့သည် အဖြည့်ခံများအနေနဲ့သာ အသုံးတော်ခံမည်ဟု ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ငါ၏ လက်ရှိစကားလုံးများနှင့် အလုပ်များအားလုံးသည် သင်တို့၏နောက်ခံကို ညွှန်ကြပြီး သင်တို့သည် လူသားမျိုးနွယ်အားလုံးတို့တွင် ပုန်ကန်တတ်သောသူတို့၏ ကိုယ်စားလှယ်များနှင့် သရုပ်သကန် ဖြစ်လာခဲ့ကြခြင်းကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ငါသည် သင်တို့ကို သိမ်းပိုက်သော ဤစကားလုံးများကို ပြည်ပနိုင်ငံများသို့ ယူဆောင်သွားပြီး ထိုအရပ်၌ရှိသော လူတို့ကို သိမ်းပိုက်ရန် အသုံးပြုမည်ဖြစ်သော်လည်း သင်သည် သူတို့ကို ရရှိလိမ့်မည်မဟုတ်။ ယင်းက သင်တို့ကို အဖြည့်ခံတစ်ခုအဖြစ် ရောက်စေသည် မဟုတ်လော။ လူသားထုအားလုံး၏ ပျက်စီးသော သဘောသဘာဝများ၊ လူသား၏ ပုန်ကန်သော လုပ်ရပ်များ၊ လူသား၏ အကျည်းတန်သော ပုံရိပ်များနှင့် မျက်နှာများ၊ အားလုံးတို့သည် သင်တို့ကို သိမ်းပိုက်ရန် အသုံးပြုသော စကားလုံးများထဲ၌ မှတ်တမ်းတင်ထားသည်။ သင်တို့သည် စံနမူနာ နှင့် သာဓက ဖြစ်ကြခြင်းကြောင့် တိုင်းနိုင်ငံတိုင်း၏ လူများ နှင့် ဘာသာရေးဂိုဏ်းတိုင်းကို သိမ်းပိုက်ဖို့ ငါအသုံးပြုမည်။ သို့သော်လည်း ငါသည် ရည်ရွယ်ချက်ရှိရှိ သင်တို့ကို စွန့်ပစ်ဖို့ အစမပြုခဲ့၊ သင်၏ လိုက်လျှောက်မှုတွင် ကောင်းကောင်းသင်မလုပ်နိုင်သောကြောင့် ကုသ၍မရနိုင်သူအဖြစ် သင်သက်သေပြလျှင် သင်သည် အသုံးတော်ခံ တစ်ခု နှင့် အဖြည့်ခံတစ်ခု ဖြစ်ရုံမျှ ဖြစ်လိမ့်မည် မဟုတ်လော။ ငါ့ဉာဏ်ပညာသည် စာတန်၏ အကြံအစည်များပေါ် အခြေခံပြီး ကျင့်သုံးသည်ဟု တစ်ချိန်က ငါဆိုခဲ့၏။ အဘယ်ကြောင့် ထိုသို့ ငါဆိုသနည်း။ ယင်းက ယခု ငါပြောနေ၊ လုပ်နေသောအရာ၏ နောက်ကွယ်က အမှန်တရား မဟုတ်လော။ သင်သည် မတက်လှမ်းနိုင်လျှင်၊ စုံလင်ခြင်းမခံရလျှင်၊ သို့သော် ထို့အစား အပြစ်ပေးခံရလျှင် သင်သည် အဖြည့်ခံတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်လော။ သင့်အနေဖြင့် ဝေဒနာများစွာ ခံစားခဲ့ပြီးဖြစ်နိုင်သည်၊ သို့သော် ယခု ဘာကိုမျှ သင်နားမလည်သေး၊ အသက်အကြောင်း အရာခပ်သိမ်းကို သင်မသိပဲ ဖြစ်နေသည်။ သင်သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းကို ခံရပြီးဖြစ်သော်လည်း သင်ဘာကိုမျှ မပြောင်းလဲသလို သင်၏အတွင်းနက်နဲရာတွင် အသက်ကိုမရရှိပါ။ သင်၏အလုပ်ကို စမ်းသပ်ဖို့ အချိန်ကျရောက်လာသောအခါ မီးတမျှ ပြင်းထန်သော စမ်းသပ်ခြင်းနှင့် ပိုကြီးမားသော ဆင်းရဲဒုက္ခကိုပင်လျှင် သင်ခံစားရမည်။ ဤမီးက သင်၏ဖြစ်တည်ခြင်း တစ်ခုလုံးကို ပြာမှုံများအဖြစ်သို့ ပြောင်းသွားစေလိမ့်မည်။ အသက်တာမပိုင်သော သူတစ်ဦး၊ အတွင်း၌ ရွှေစင်တစ်အောင်စမျှ မရှိသော သူတစ်ဦး၊ အိုဟောင်းပျက်စီးသော စိတ်သဘောထားနှင့် ကပ်ငြိဆဲသူတစ်ဦး နှင့် အဖြည့်ခံအဖြစ်၌ ကောင်းမြတ်သောအလုပ်တစ်ခုကိုပင် မလုပ်နိုင်သောသူတစ်ဦးဖြစ်သည်နှင့်အညီ အဘယ်သို့ သင်သည် ဖယ်ရှားခြင်း မခံရနိုင်မည်နည်း။ တစ်ပြားထက် တန်ဖိုးနည်းပြီး အသက်မရှိသော တစ်စုံတစ်ဦးအတွက် သိမ်းပိုက်ခြင်းအလုပ်က ဘာအသုံးဝင်သနည်း။ အချိန်တန်သောအခါ သင်တို့၏ နေ့ရက်ကာလများသည် နောဧ နှင့် သောဒုံတို့၏ နေ့ရက်ကာလများထက် ပိုခက်ခဲလိမ့်မည်ဖြစ်သည်။ သင်၏ ဆုတောင်းချက်များသည် ထို့နောက်တွင် သင့်ကို ကောင်းကျိုးပြုလိမ့်မည်မဟုတ်။ ကယ်တင်ခြင်းအလုပ် အဆုံးသတ်သည်နှင့် နောင်တရရန် သင်သည် အစမှ မည်သို့ ပြန်စနိုင်မည်နည်း။ ကယ်တင်ခြင်းအလုပ်အားလုံး ပြီးမြောက်သည်နှင့်တပြိုင်နက် နောက်ထပ် ကယ်တင်ခြင်းအလုပ် ရှိတော့မည်မဟုတ်။ ရှိမည့်အရာမှာ ဆိုးယုတ်သောသူကို တရားစီရင်ခြင်းအလုပ် စတင်ခြင်းဖြစ်သည်။ သင် အတိုက်အခံလုပ်သည်၊ ပုန်ကန်သည်၊ ပြီးလျှင် ဆိုးညစ်မှန်းသိသောအရာများကို သင်လုပ်သည်။ သင်သည် ပြင်းထန်သော ပြစ်ဒဏ်စီရင်ခြင်း၏ ပစ်မှတ် မဟုတ်လော။ ယနေ့ ဤအရာကို သင့်အတွက် ငါရှင်းအောင်ပြောနေသည်။ နားမထောင်ဖို့ သင်ရွေးချယ်လျှင်၊ နောက်ပိုင်းတွင် သင့်အပေါ်သို့ ဘေးဒုက္ခ ကျရောက်သည့်အခါ၊ နောက်ပိုင်းမှ သင်နောင်တရခံစားပြီး ယုံကြည်ဖို့ စတင်လျှင် အလွန်နောက်ကျသွားလိမ့်မည် မဟုတ်လော။ ငါသည် သင့်ကို ယနေ့ နောင်တရဖို့ အခွင့်အရေးပေးနေသော်လည်း သင်သည် ဆန္ဒမရှိ။ သင် အဘယ်မျှကာလပတ်လုံး စောင့်ဆိုင်းချင်သနည်း။ ပြစ်တင်ဆုံးမခြင်း နေ့ရက်တိုင်အောင်လော။ ယနေ့ ငါသည် သင်၏ အတိတ်က လွန်ကျူးခြင်းများကို မအောက်မေ့ပါ။ ငါသည် သင်၏ အပြုသဘော ဘက်သို့သာ ကြည့်ဖို့ရန် အပျက်သဘောကို အဝေးသို့လှည့်ရင်း သင့်ကို အဖန်ဖန် ငါ ခွင့်လွှတ်၏၊ အဘယ့်ကြောင့်ဆိုသော် ငါ၏ လက်ရှိ စကားလုံးအားလုံးနှင့် အလုပ်အားလုံးတို့သည် သင့်ကို ကယ်တင်ဖို့ရန်ဖြစ်ပြီး သင့်အပေါ်မကောင်းသော ရည်ရွယ်ချက် ငါမရှိပါ။ သို့သော် ဝင်လာဖို့ သင် ငြင်းဆန်၏၊ မကောင်းသောအရာမှ ကောင်းသောအရာကို သင်မပြောနိုင်သလို ကြင်နာမှုကို မည်သို့အသိအမှတ်ပြုရမည်ကို သင်မသိ။ ယင်းသို့ ပြစ်ဒဏ်ပေးခြင်းနှင့် ဖြောင့်မတ်သော ဒဏ်ခတ်ခြင်းကို ရိုးရှင်းစွာ တိမ်းညွှတ် စောင့် ဆိုင်းနေသည်မှာ ဤပုဂ္ဂိုလ်မျိုးမဟုတ်လော။

မောရှေက ကျောက်တုံးကို ရိုက်ခဲ့သည့်အခါ ယေဟောဝါပေးသနားသောရေ ပန်းထွက်လာခဲ့ခြင်းသည် သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ဒါဝိဒ်သည် နှလုံးသားထဲ ရွှင်လန်းခြင်း အပြည့်နှင့် ငါယေဟောဝါကို ချီးမွမ်း၍ စောင်းတီးခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အကြောင်းကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကြီးမားစွာ သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသားတော်၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။ မြောက်မြားလှစွာသော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဟုဆိုသော ထိုတိုင်းနိုင်ငံများသည် ငါ၏ ထုတ်ဖော်ခြင်းရပြီး လူသားများအကြားတွင် ငါ၏အမှုကို ပြုဖို့ရန်အတွက် ဇာတိခန္ဓာနှင့် ငါဆင်းကြွလာသည်ဆိုခြင်းကို သိလာရသည့် အကြောင်းရင်းသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ငါ၏ ကြမ်းတမ်းသော စကားလုံးများဖြင့် ရိုက်ခတ်ခံရသော်လည်း သူတို့အားဖြင့် နှစ်သိမ့်မှုခံရသောသူတို့နှင့် ကယ်တင်ခံရသောသူတို့အားလုံး— ၎င်းတို့အားလုံး မိမိတို့၏ ယုံကြည်ချက်ကြောင့် ပြုခဲ့ကြပြီ မဟုတ်လော။ လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် အမှုအရာများစွာကို ရရှိခဲ့ကြသည်။ ယင်းသည် ကောင်းချီးမင်္ဂလာတစ်ရပ် အမြဲမဟုတ်ပေ။ ဒါဝိဒ် ခံစားခဲ့ရသော ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းမျိုးကို မခံစားခဲ့ရဘဲ ရှိချင်ရှိနိုင်သည်၊ သို့မဟုတ် မောရှေပြုသကဲ့သို့ ယေဟောဝါအား ရေပေးကမ်းစေခြင်း မရှိဘဲ ဖြစ်နိုင်သည်။ ဥပမာအားဖြင့်၊ ယောဘသည် သူ၏ယုံကြည်ခြင်းကြောင့် ကောင်းချီးမင်္ဂလာ ခံစားရသော်လည်း သူသည် ကပ်ဆိုက်မှုကိုလည်း ခံစားခဲ့ရသည်။ သင့်အနေဖြင့် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကပ်ဆိုက်မှု ခံစားရသည်ဖြစ်စေ၊ နှစ်ခုလုံးသည် မင်္ဂလာရှိသော ဖြစ်ရပ်များ ဖြစ်ကြသည်။ ယုံကြည်ခြင်းမရှိလျှင် သင်တို့သည် ဤသိမ်းပိုက်ခြင်းအလုပ်ကို ရရှိနိုင်လိမ့်မည်မဟုတ်၊ ယနေ့ သင်တို့မျက်မှောက်၌ ပြသသော ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သာ၍ပင်မမြင်နိုင်ပေ။ သင်တို့ မြင်တွေ့နိုင်လိမ့်မည် မဟုတ်သလို ရရှိနိုင်စွမ်း သာ၍ပင် မရှိနိုင်ပေ။ ဤကပ်ဆိုက်မှုများ၊ ဤဘေးဒုက္ခများနှင့် တရားစီရင်ခြင်းအားလုံး— ဤအရာများ သင့်အပေါ်သို့ မကျရောက်ခဲ့လျှင် ယနေ့ ယေဟောဝါ၏ လုပ်ဆောင်မှုများကို သင် မြင်နိုင်လိမ့်မည်လော။ ယနေ့ သင်တို့ အသိမ်းပိုက်ခံရဖို့ အခွင့်ပေးသည်မှာ ယုံကြည်ခြင်း ဖြစ်ပြီး၊ သိမ်းပိုက်ခံနေရခြင်းက ယေဟောဝါ၏ လုပ်ဆောင်မှုတိုင်းကို ယုံကြည်ရန် သင့်ကို အခွင့်ပေးခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုးကို ယုံကြည်ခြင်းကြောင့်သာ သင်လက်ခံရရှိခြင်းဖြစ်သည်။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့် သင်သည် သိမ်းပိုက်ခံရပြီး စုံလင်ခြင်းသို့ရောက်ရှိသည်။ ယနေ့ သင်လက်ခံရရှိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး မရှိလျှင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်လိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို သိမည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် သူ့ကို အဘယ်မျှလောက် ယုံကြည်သည်ဖြစ်စေ သင့်ယုံကြည်ခြင်းသည် စစ်မှန်မှု၌ အခြေခံမထားသော အနှစ်မဲ့ဖော်ပြချက်သာ ဖြစ်နေဦးမည်ဖြစ်သည်။ သင့်ကို လုံးလုံးလျားလျားနာခံစေသော အလုပ်ဖြစ်သည့် ဤသိမ်းပိုက်ခြင်းအလုပ်ကို သင်လက်ခံရရှိပြီးမှသာလျှင် သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လာပြီး ယုံကြည်စိတ်ချရလာကာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့ လှည့်ခြင်းဖြစ်သည်။ ဤ "ယုံကြည်ခြင်း" ဟူသော စကားလုံးကြောင့် သင်သည် ကြီးမားသော တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းကိုခံရသော်လည်း သင့်မှာ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး အမှန်ကန်ဆုံး၊ အစစ်မှန်ဆုံးနှင့် အဖိုးတန်ဆုံးသောအရာကို သင်လက်ခံရရှိခြင်း ဖြစ်ပေသည်။ ဤသို့ဖြစ်ရသည်မှာ တရားစီရင်ခြင်းဖြစ်စဉ်အထဲ၌သာ ဘုရားသခင်၏ ဖန်ဆင်းခံများ၏ နောက်ဆုံးပန်းတိုင်ကို သင်မြင်ရသောကြောင့် ဖြစ်သည်။ ဖန်ဆင်းရှင်က အချစ်ခံရဖို့ဖြစ်သည်ကို သင်မြင်ရသည်မှာ ဤတရားစီရင်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ လက်တော်ကိုမြင်ရသည်မှာ ထိုသို့သော သိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်၊ လူ့အသက်တာကို သင်အပြည့်အဝ နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်သည် လူ့အသက်၏ မှန်ကန်သောလမ်းကို ရပြီး "လူသား"၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သဘောပေါက်လာသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။ သင်သည် အနန္တတန်ခိုးရှင်နှင့် သူ၏ လှပပြီး ဘုန်းအသရေရှိသော မျက်နှာတော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဖူးတွေ့ရသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌သာ ဖြစ်သည်၊ သင်သည် လူသား၏ ဇာစ်မြစ်ကို သိပြီး လူသားမျိုးနွယ်အားလုံး၏ "ထာဝရရှင်သန်သော သမိုင်း" ကို နားလည်ရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်၌ ဖြစ်သည်။ လူသားမျိုးနွယ်၏ ဘိုးဘေးများနှင့် လူသားမျိုးနွယ်၏ ပျက်စီးခြင်း ဇာစ်မြစ်ကို သင်နားလည်လာရသည်မှာ ဤသိမ်းပိုက်ခြင်းအလုပ်ထဲ၌ ဖြစ်သည်။ ဝမ်းမြောက်ခြင်းနှင့် နှစ်သိမ့်ခြင်းသာမက အဆုံးမဲ့ ပြစ်တင်ဆုံးမမှု၊ ပြစ်ဒဏ်ပေးခြင်းနှင့် ဖန်ဆင်းရှင်မှ အဖန်ဆင်းခံ လူသားမျိုးနွယ်အား အပြစ်တင်သည့် နှုတ်ကပတ်တော်များကို သင်လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်၊ သင်ကောင်းချီးမင်္ဂလာများအပြင် လူသားရရှိသင့်သည့် ဘေးဒုက္ခများကိုလည်း လက်ခံရရှိသည်မှာ ဤသိမ်းပိုက်ခြင်းထဲ၌ ဖြစ်သည်။...ဤအရာအားလုံးသည် သင်၏ ယုံကြည်ခြင်းအနည်းငယ်ကြောင့် ဖြစ်သည် မဟုတ်လော။ ထို့အပြင် ဤအရာများ ရရှိပြီးနောက် သင်၏ ယုံကြည်ခြင်း ကြီးထွားခဲ့သည် မဟုတ်လော။ သင်သည် ကြီးမားသည့် ပမာဏတစ်ခု ရရှိခဲ့သည် မဟုတ်လော။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီး ဘုရားသခင်၏ ဉာဏ်ပညာကို မြင်တွေ့ခဲ့သည်သာမက သူ့အလုပ်၏ အဆင့်တစ်ခုစီကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရပြီ ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်ခြင်းမရှိခဲ့လျှင် ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤတရားစီရင်ခြင်းမျိုးကို သင်ခံစားရမည်မဟုတ်ဟု သင်ပြောကောင်း ပြောလိမ့်မည်။ သို့သော် သင်သိသင့်သည်မှာ ယုံကြည်ခြင်းမရှိလျှင် အနန္တတန်ခိုးရှင်ထံမှ ဤပြစ်တင်ဆုံးမမှုမျိုး သို့မဟုတ် ဤပြုစုစောင့်ရှောက်မှုမျိုးကို သင်လက်ခံရရှိနိုင်လိမ့်မည် မဟုတ်သည်သာမက ဖန်ဆင်းရှင်ကို မြင်တွေ့ဖို့ အခွင့်အလမ်းကိုလည်း သင်ထာဝရ ဆုံးရှုံးလိမ့်မည် ဖြစ်သည်။ သင်သည် လူသားမျိုးနွယ်၏ မူလအစကို ဘယ်သောအခါမျှ သိလိမ့်မည်မဟုတ်သလို လူ့အသက်တာ၏ အရေးပါမှုကိုလည်း လုံးဝ နားလည်လိမ့်မည် မဟုတ်။ သင့်ကိုယ်ခန္ဓာ သေဆုံးပြီး သင်၏ဝိညာဉ်ထွက်ခွာလျှင်ပင် ဖန်ဆင်းရှင်၏ လုပ်ဆောင်မှုအားလုံးကို သင် နားလည်လိမ့်ဦးမည် မဟုတ်ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ် ဤမျှ ကြီးမားသော အလုပ်ကို လုပ်ဆောင်တော်မူခဲ့သည်ကို သင် သာ၍ပင် သိမည်မဟုတ်ပေ။ သူဖန်ဆင်းသော လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သင်သည် မသိနားမလည်စွာဖြင့် မှောင်မိုက်ထဲသို့ ဤသို့လဲကျပြီး ထာဝရ ပြစ်ဒဏ်စီရင်ခြင်းကို ခံစားလိုသလော။ သင်သည် ယနေ့ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းတို့မှ သင့်ကိုယ်သင် ခွဲခွာမည်ဆိုပါက၊ သင်မည့်သည့်အရာနှင့် တွေ့ဆုံမည်နည်း။ လက်ရှိတရားစီရင်ခြင်းမှ ကွဲကွာသည်နှင့်တပြိုင်နက် ဤခက်ခဲသောဘဝမှ သင်လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်သလော။ "ဤအရပ်"ကို သင်စွန့်ခွာလျှင် သင်ကြုံတွေ့ရမည့်အရာမှာ နတ်ဆိုးပေးသည့် နာကျင်သောညှဉ်းဆဲခြင်း သို့မဟုတ် ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်းများ ဖြစ်သည်မှာ အမှန်မဟုတ်လော။ သည်းမခံနိုင်သော နေ့နှင့်ညများကို သင် ရင်ဆိုင်နိုင်သလော။ ယနေ့ ဤတရားစီရင်ခြင်းမှ သင်လွတ်မြောက်သောကြောင့် အနာဂတ်ညှဉ်းပန်းနှိပ်စက်ခြင်းကို သင်ထာဝရ ရှောင်လွှဲနိုင်သည်ဟု သင်ထင်သလော။ သင့်လမ်း၌ အဘယ်အရာ လာလိမ့်မည်နည်း။ သင်မျှော်လင့်သော ရှန်ဂရီလာ အမှန်ပင် ဖြစ်နိုင်သလော။ သင်သည် ယခုသင်ပြုနေသကဲ့သို့ လက်တွေ့ဘ၀မှ အဝေးသို့ ပြေးရုံဖြင့်သာ နောက်နောင် ထာဝရ ပြစ်တင်ဆုံးမမှုမှ သင် လွတ်မြောက်နိုင်သည်ဟု ထင်သလော။ ယနေ့ပြီးနောက် ဤအခွင့်အလမ်းမျိုးနှင့် ဤကောင်းချီးမင်္ဂလာမျိုး နောက်တဖန် သင်ရှာတွေ့နိုင်လိမ့်ဦးမည်လော။ သင့်အပေါ် ဘေးဥပဒ်ကျရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင် လိမ့်မည်လော။ လူသားမျိုးနွယ်အားလုံး ချမ်းသာထဲသို့ ဝင်ရောက်သောအခါ ၎င်းတို့ကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ သင်၏ လက်ရှိပျော်ရွှင်သောဘဝနှင့် သဟဇတဖြစ်သော သင့်မိသားစုငယ်လေး— ၎င်းတို့က သင်၏အနာဂတ် ထာဝရ ပန်းတိုင်ကို အစားထိုးနိုင်သလော။ သင့်အနေဖြင့် စစ်မှန်သော ယုံကြည်ခြင်း ရှိလျှင်၊ သင်၏ ယုံကြည်ခြင်းအားဖြင့် ကြီးစွာ ရရှိလျှင် ထိုအရာအားလုံးသည်— အဖန်ဆင်းခံ သတ္တဝါတစ်ခုဖြစ်သော— သင်ရရှိသင့်သည့် အရာဖြစ်ပြီး ကနဦးကတည်းက သင်၌ ရှိခဲ့သင့်သော အရာလည်း ဖြစ်သည်။ သင်၏ယုံကြည်ခြင်းနှင့်ဘ၀အတွက် မည်သည့်အရာမျှ ဤသိမ်းပိုက်ခြင်းမျိုးထက် သာ၍အကျိုးမပြုပေ။

လက်ရှိအချိန်တွင် သိမ်းပိုက်ခြင်းခံနေရသူတို့အား ဘုရားသခင် တောင်းဆိုသောအရာ မည်သည့်အရာဖြစ်သည်၊ သိမ်းပိုက်ခြင်းခံရသူတို့အပေါ် သူ၏ စိတ်သဘောထား မည်သို့ရှိသည်နှင့် သင်အဘယ်သို့ ချက်ချင်း ဝင်ရောက်ရမည် ဆိုသည်တို့ကို သင်နားလည်ရန် လိုအပ်သည်။ အချို့အရာများကို သင်အနည်းငယ်သာ နားလည်ရန် လိုအပ်သည်။ နက်နဲမှုများအပေါ် ဟောပြောထားသော အချို့ကို သင်သဘောပေါက်ဖို့ စိတ်အနှောက်အယှက်ဖြစ်စရာ မလိုအပ်ပါ။ ဘဝမှာ ၎င်းတို့က များစွာ အကူအညီ မဖြစ်ပဲ ၎င်းတို့အား တစ်ချက် ကြည့်ယူဖို့ရန် လုံလောက်၏။ ဥပမာအားဖြင့် အာဒံနှင့် ဧဝတို့အကြောင်း ကဲ့သို့သော နက်နဲသောအရာများကို တစ်ချက်ကြည့်ဖို့ရန်သာ လိုအပ်သည်။ ပြီးခဲ့သည့် အာဒံနှင့် ဧဝတို့၏ အကြောင်းအရာအားလုံးနှင့် ယနေ့ ဘုရားသခင် ပြုလုပ်လိုသည့်အလုပ်— ဤအကြောင်းများကို သင်သိရန် လိုအပ်သည်။ လူကို သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်းတို့ထဲတွင် ဘုရားသခင်က လူကို အာဒံနှင့် ဧဝတို့ ရှိခဲ့ကြသည့် လမ်းသို့ ပြန်လာစေချင်ကြောင်း သင်နားလည်ရန် လိုအပ်သည်။ စုံလင်သောသူတစ်ဦးသည် ဘုရားသခင်၏ စံကို အဘယ်သို့ မှီရမည်နည်း— ယင်းနှင့်ပတ်သက်၍ သင်သည် အသိစိတ်ကောင်းကောင်း ရှိသင့်ပြီး ထိုအရာအတွက် အရောက်လှမ်းလိုစိတ် ပြင်းပြရမည်။ ထိုအရာမှာ သင်၏ အလေ့အထအကြောင်းနှင့် သင် နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ ဤကိစ္စရပ်များနှင့် သက်ဆိုင်သော စကားလုံးများအရ ဝင်ရောက်ရန် ကြိုးပမ်းဖို့ရန်သာ သင်လိုအပ်သည်။ "လူသားမျိုးနွယ်၏ သမိုင်းတိုးတက်မှုက နှစ်ပေါင်း သောင်းနှင့် ချီပြီး နောက်ပြန်သွားသည်" ဟု သင်ဖတ်ရသောအခါ သင် စူးစမ်းချင်နေသည်၊ ထို့ကြောင့် ညီအစ်ကို မောင်နှမများနှင့်အတူ ထိုအရာကို သဘောပေါက်နားလည်ဖို့ သင်ကြိုးစားသည်။ "လူသားမျိုးနွယ်၏ တိုးတက်မှုက နှစ်ခြောက်ထောင်ကို နောက်ပြန်လှည့်သည်ဟု ဘုရားက ပြောသည်မှာ မှန်သလား။ ဤနှစ်သောင်းချီဆိုသည့် အကြောင်းက ဘာလဲ။" ဤအရာကို နားလည်ဖို့ ကြိုးစားခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ဘုရားသခင် ကိုယ်တော်တိုင် နှစ်သောင်းချီ သို့မဟုတ် နှစ်သန်းပေါင်းရာချီပြီး အလုပ်လုပ်နေခဲ့သည်ဖြစ်ဖြစ်— ဤအရာကို သင်တွက်ဆပေးဖို့ သူလိုအပ်မည်လော။ ဤအရာသည် အဖန်ဆင်းခံ ဖြစ်သည်နှင့်အညီ သင်သိဖို့ လိုအပ်သောအရာ မဟုတ်ပါ။ ဤဆွေးနွေးမှုမျိုးကို သင်တစ်ချက်သာ ကြည့်ဖို့ လိုအပ်သည်၊ ရူပါရုံတစ်ခုလို ထိုအရာကို နားလည်ဖို့ မကြိုးစားနှင့်။ သင်သိဖို့လိုအပ်သည့်အရာမှာ အဘယ်သို့ သင်ဝင်ရောက်သင့်သည် ဆိုသည့်အရာနှင့် ယခုချက်ချင်း ရှင်းလင်းပြတ်သားမှု ရရှိခြင်းတို့ ဖြစ်သည်။ အကြိမ်ကြိမ် တွေးဆချင့်ချိန်ပြီး ဤအကြောင်းများကို ရှင်းရှင်းလင်းလင်း ဖြစ်စေပါ။ ထို့နောက်မှ သင်သည် သိမ်းပိုက်ခံရလိမ့်မည်။ အထက်ပါအကြောင်းအရာကို ဖတ်ရှုပြီးနောက်တွင် သင်သည် သာမန် တုန့်ပြန်မှုရှိလိမ့်မည်၊ ဘုရားသခင်သည် စိုးရိမ်ပူပန်မှုဖြင့် တောက်လောင် နေ၏။ သူသည် ကျွန်ုပ်တို့အား သိမ်းပိုက်ချင်ပြီး ဘုန်းအသရေနှင့် သက်သေကို ရလိုသည်။ ကျွန်ုပ်တို့သည် သူနှင့်အတူ မည်သို့ ပူပေါင်းလုပ်ဆောင်သင့်သနည်း။ သူ့အားဖြင့် လုံးလုံးသိမ်းပိုက်ခံရပြီး သူ၏ သက်သေဖြစ်လာဖို့ရန် ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ရမည်နည်း။ ဘုရားသခင်ကို ဘုန်းအသရေရစေရန် ကျွန်ုပ်တို့ မည်သည့်အရာ လုပ်ရမည်နည်း။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်ပြီး စာတန်၏ အုပ်စိုးမှုအောက် အသက်မရှင်စေဖို့ရန် မည်သည့်အရာ လုပ်ဆောင်ရမည်နည်း။ ဤအရာမှာ လူတို့ စဉ်းစားသင့်သော အကြောင်းအရာဖြစ်သည်။ သင်တို့တစ်ဦးစီတိုင်း သိမ်းပိုက်ခြင်း၏ အရေးပါမှုအပေါ် ရှင်းရှင်းလင်းလင်း ဖြစ်သင့်သည်။ ယင်းမှာ သင်တို့၏ တာဝန်ဝတ္တရားဖြစ်၏။ ဤရှင်းလင်းပြတ်သားမှုကို ရရှိပြီးနောက်မှသာ သင်တို့ဝင်လမ်းရမည်၊ အလုပ်၏ ဤအဆင့်ကို သင်တို့သိမည်ဖြစ်ပြီး သင်တို့သည် လုံးလုံးနာခံမှု ရှိလာပါလိမ့်မည်။ သို့မဟုတ်လျှင်၊ စစ်မှန်သော နာခံမှုကို သင်တို့ ရရှိမည်မဟုတ်ပါ။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။