ကျွန်ုပ်၏ တာဝန်မှတစ်ဆင့် နာခံရန် သင်ယူခြင်း
နိုဗို ဖိလစ်ပိုင်နိုင်ငံ ၂၀၁၂ခုနှစ်မှာ၊ ထိုင်ဝမ်မှာ ကျွန်တော် အလုပ်လုပ်နေတဲ့အချိန်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ဒီနှစ်ဖေဖော်ဝါရီလမှာ၊ အသင်းတော် ခေါင်းဆောင်ဖြစ်တဲ့ အစ်မဝမ်က ကျွန်မအဖွဲ့ရဲ့ စုဝေးပွဲဆီ အစ်မဆောင်ကို ခေါ်လာပြီး၊ အဲဒီအချိန်ကစ သူနဲ့ အလုပ်လုပ်သွားမဲ့ အသစ်ရွေးထားတဲ့ အသင်းတော် ခေါင်းဆောင်အနေနဲ့ မိတ်ဆက်ပေးတယ်။ အဲဒီနောက်ပိုင်း အစ်မဆောင်က ကျွန်မတို့ကို သုံးလေးကြိမ် လာတွေ့ပေမဲ့ အမြဲ တစ်ခုခုထားသွားဖို့တို့၊ တစ်ခုခုအကြောင်း အသိပေးဖို့တို့အတွက်ပဲ လာတွေ့တာ။ ကျွန်မတို့အလုပ်နဲ့ အသက်ဝင်ရောက်မှုထဲက အခက်အခဲတွေကို နားလည်အောင် အစည်းအဝေးမှာ ပါဝင်ဖို့ လုံးဝ မဟုတ်ဘူး။ သူတကယ်အလုပ်များပြီး ကျွန်မတို့အလုပ်မှာ ဝင်စစ်ဆေးဖို့ အချိန်မရှိတာ ဖြစ်နိုင်တယ်လို့ ကျွန်မတွက်မိတယ်၊ ဒါကြောင့် ကျွန်မတို့အနေနဲ့ တာဝန်မှာ ပိုအားစိုက်ဖို့ပဲ လိုတယ်လို့ပေါ့။
မတ်လအစောပိုင်း တစ်ရက်ကျတော့၊ အစ်မဆောင်က သူ့အတွေ့အကြုံအကြောင်း စာတမ်းတိုတစ်ပုဒ်ရေးပြီး၊ သူ့ရဲ့စာတမ်းတို ပိုကောင်းသွားအောင် အကြံပေးဖို့ ကျွန်မကို ပြောလာတယ်။ စာတမ်းတိုက စာလုံးရေ ၁၀၀၀ ကျော်လောက် ရှိတယ်၊ အသေးစိတ် အချက်အလက် တစ်ခုမှမပါဘဲ မသဲကွဲသလိုမျိုးပဲ။ သူ့ကို အဲဒီအကြောင်း ပြောပြတော့ သူက ၂၀၀၈ ခုနှစ်ကတည်းက ယုံကြည်သူ ဖြစ်လာတာပါတဲ့။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က သူနေမကောင်းမဖြစ်ခင်ထိ ခေါင်းဆောင်အနေနဲ့ တစ်ချိန်လုံး အစေခံခဲ့တာတဲ့လေ။ အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ မနားတမ်း တာဝန်ထမ်းခဲ့ရလို့ သူခြေကုန်လက်ပန်း ကျတယ်ဆိုပြီး ခံစားရတာမို့ အလုပ်တစ်ခုရှာဖို့ ဆုံးဖြတ်ခဲ့တယ်တဲ့။ သုံးနှစ်ကြာ ဘုရားနှုတ်ကပတ်တော်တွေ မဖတ်၊ စုဝေးပွဲတွေ မတက်ဘဲ သူနေခဲ့တာတဲ့လေ။ ဒါကို ကြားတော့ ကျွန်မအံ့ဩသွားရော။ ဒါကြောင့် သူ့ကို မေးလိုက်တယ်၊ အဲဒီနှစ်တွေတစ်လျှောက်လုံး အသင်းတော်အသက်တာကို မရှင်သန်၊ စုဝေးပွဲမတက်၊ ဘုရားနှုတ်ကပတ်တော်တွေ မဖတ်ဘဲနေတာ သူ့အတွက် ခက်ခဲခဲ့လားပေါ့။ သူက ပြောတယ်၊ “ကျွန်မ ဘာကိုမှ မခံစားခဲ့ရဘူး” တဲ့။ သူ့ကို ပြန်လာဖို့ဖိတ်တဲ့ တခြားအသင်းသားတွေနဲ့ ပြီးခဲ့တဲ့သုံးလက သူအလုပ်လုပ်နေတဲ့ စူပါမားကတ်မှာ အမှတ်မထင်တွေ့ခဲ့တာလို့ သူက ဆက်ပြောတယ်။ ကျွန်မ ဇဝေဇဝါဖြစ်သွားသလို၊ ကျွန်မစိတ်တွေ တလှပ်လှပ် ခုန်သွားတယ်။ ကျွန်မတွေးနေမိတာက၊ “အသင်းတော်ပြင်ပမှာ သုံးနှစ်နေပြီးတဲ့နောက် ပြန်လာတာ သုံးလပဲ ရှိတဲ့အချိန်မှာ သူက အသင်းတော်ထဲမှာ ခေါင်းဆောင်ရာထူးကို ကိုင်နိုင်ပါ့မလား” လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မသွားသတိရတယ်။ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မိတ်သဟာယ ပြုနိုင်ရမည်၊ ဘုရားနှုတ်ကပတ်တော်များမှ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှာတွေ့နိုင်ရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များ နားလည်ဖို့နှင့် လူတို့၏ နေ့စဉ်အသက်တာများ၌ ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံဖို့နှင့် ဝင်ရောက်ဖို့ ဦးဆောင်ရမည်။ ၎င်းတို့၏နေ့စဉ် အသက်တာများထဲသို့ ဘုရားနှုတ်ကပတ်တော်များကို ဖြည့်တင်းနိုင်ရမည်ဖြစ်ပြီး၊ ၎င်းတို့ ပြဿနာတစ်ခု အမှတ်မထင်တွေ့ရသည့်အခါ၊ ဘုရားနှုတ်ကပတ်တော်များကို အသုံးပြု၍ ယင်းကို ဖြေရှင်းနိုင်ရမည် ဖြစ်သည်။ ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ၎င်းတို့ကြုံတွေ့ရသည့် အခက်အခဲမျိုးစုံကို ကိုင်တွယ်ဖို့ ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုနိုင်ရမည် ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁)”) သူက နှစ်နဲ့ချီ အသင်းတော်ပြင်ပ ရောက်နေခဲ့တာ၊ ဘာလက်တွေ့ အတွေ့အကြုံမှမရှိဘဲ ဝိညာဉ်ရေးရာ ထုံထိုင်းနေခဲ့တာလေ။ ညီအစ်ကို မောင်နှမတွေကို ကူညီဖို့ သမ္မာတရားကို သူဘယ်လို မိတ်သဟာယပြုနိုင်မှာလဲ။ ခေါင်းဆောင်အနေနဲ့ အစေခံဖို့ သူ့ကို ရွေးတာက မူတွေနဲ့ ဆန့်ကျင်နေတယ်။ အဲဒီတုန်းက ကျွန်မတွေးမိတာက၊ သူ့မှာ အစွမ်းအစကောင်းရှိပြီး သမ္မာတရားကို မြန်မြန်ဆန်ဆန် နားလည်လို့ အရွေးခံရတာ ဖြစ်နိုင်တယ်လို့ပေါ့။ ကျွန်မထုတ်မပြောခဲ့ဘူး။
ဒီလိုနဲ့ ရက်တချို့အကြာမှာ ကျွန်မတို့အဖွဲ့က အစ်မကျန်း၊ အစ်မကျောက်တို့နဲ့ ကျွန်မစည်းဝေးဖြစ်တယ်။ အစ်မဆောင်က ခေါင်းဆောင်မဖြစ်သင့်ဘူးလို့ သူတို့ထင်တဲ့အကြောင်း၊ ပြီးတော့ ဘယ်လိုမူပေါ် အခြေခံပြီး အစ်မဆောင်ကို ရာထူးတိုးပေးခဲ့တာလဲဆိုပြီး တခြားလူတွေက သံသယတွေ ဖြစ်နေကြတဲ့အကြောင်း သူတို့ပြောလာရော။ စုဝေးပွဲတွေမှာ ဝေမျှဖို့ အစ်မဆောင်မှာ ဘုရားနှုတ်ကပတ်တော်အပေါ် သိနားလည်မှုစစ်စစ် တစ်ခုမှ မရှိဘူးလေ။ တစ်ခါတလေဆို ကျမ်းပိုဒ်တစ်ခု ဖတ်ပြီးသွားရင် ပြောထားတဲ့အရာကိုပဲ အကျဉ်းရုံးပြတာ။ ညီအစ်ကိုမောင်နှမတွေက သူ့ဆီ ပြဿနာတွေနဲ့ ရောက်လာရင်လည်း ဘာပြောရမှန်း သူမသိဘူး။ ဒါနဲ့ပတ်သက်ပြီး အစ်မကျန်းနဲ့ ကျောက်က ခေါင်းဆောင် အစ်မဝမ်ဆီ ပြောပေမဲ့ ဒီလိုပဲ ပြောလာတယ်တဲ့။ အစ်မဆောင်ဟာ အရင်က ခေါင်းဆောင်အနေနဲ့ အမြဲ ကောင်းကောင်းလုပ်ခဲ့တဲ့အပြင် တခြားနယ်တွေမှာ အလုပ်လုပ်ဖို့တောင် ရာထူးတိုးပေးတာ ခံခဲ့ရတယ်။ ဒီတစ်ခါ သူ့တာဝန်ကို ယူဖို့ သူ့အလုပ်ကို သူစွန့်ခဲ့တာ၊ ဒါတွေအားလုံးက သူဟာ လူမှန်ပဲဆိုတာကို ပြတယ်၊ ဒါကြောင့် အထက်ခေါင်းဆောင်က သူ့ကို တိုက်ရိုက် ရာထူးတိုးပေးတာလို့လေ။ အစ်မဝမ်လည်း လွဲနေတယ်လို့ ကျွန်မထင်သွားရော။ ဒါနဲ့ပတ်သက်လို့ ညီအစ်မ နှစ်ယောက်နဲ့ ကျွန်မက သမ္မာတရားကို ရှာဖွေခဲ့ပြီး ဒီဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်ကို တွေ့တယ်။ “အသင်းတော်များကို ဦးဆောင်နိုင်သူများ၊ လူတို့ကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်ပြီး၊ လူတို့အဖို့ တမန်တော်များ ဖြစ်နိုင်သူများသည် တကယ့်အတွေ့အကြုံများ ရှိရပေမည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှု၊ သမ္မာတရားနှင့် သက်ဆိုင်သော မှန်ကန်သည့် တန်ဖိုးထားခြင်းနှင့် အတွေ့အကြုံတို့ ရှိရပေမည်။ ထိုသို့သောလူများသာ အသင်းတော်များကို ဦးဆောင်သော လုပ်သားများ သို့မဟုတ် တမန်တော်များဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် လူတို့ကို အသက်ဖြင့် ထောက်ပံ့ ပေးနိုင်သည့် တမန်တော်များ ဖြစ်ဖို့ မဆိုထားနှင့်၊ အနည်းဆုံးအနေဖြင့် နောက်လိုက်ရုံသာ နောက်လိုက်နိုင်ပြီး ဦးမဆောင်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် တမန်တော်များ၏ လုပ်ငန်းတာဝန်သည် ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပေ။ ယင်းမှာ အသက်တာကို ပြုစုခြင်း အလုပ်ကို လုပ်ဆောင်ဖို့နှင့် အခြားသူတို့ကို ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း၌ ဦးဆောင်ရန် ဖြစ်သည်။ ဤအလုပ်တာဝန်ကို ဆောင်ရွက်သောသူတို့သည် မည်သူမဆို ထမ်းရွက်နိုင်သည် မဟုတ်သည့် လေးလံသောတာဝန်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရကြလေသည်။ ဤအလုပ်မျိုးကို သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံရှိသူများဖြစ်သည့် အသက်၏ ဖြစ်တည်မှု ရှိသူတို့ကသာ တာဝန်ယူနိုင်ပေသည်။ ယင်းကို စွန့်လွှတ်နိုင်သူ၊ ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်နိုင်သူ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားလျက်ရှိသူ မည်သူမဆိုက တာဝန်ယူနိုင်သည် မဟုတ်ပေ။ သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံမရှိသူ၊ ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းမခံခဲ့ရဖူးသော လူတို့သည် ဤအလုပ်မျိုးကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့အရှိတရား မရှိသည့် လူများဖြစ်သည့် အတွေ့အကြုံမရှိသောသူ လူများသည် ၎င်းတို့ကိုယ်တိုင်သည် ဤဖြစ်တည်မှုမျိုး မရှိကြသောကြောင့် လက်တွေ့အရှိတရားကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့ဖြစ်၍ ဤလူစားမျိုးသည် ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သည်သာမက၊ အချိန်အတော်ကြာ သမ္မာတရားမရှိဘဲနေပါက၊ ရှင်းလင်းသုတ်သင်ခြင်း ခံရသောအရာတစ်ခု ဖြစ်သွားပေမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်”) ခေါင်းဆောင်တွေက ဘုရားရွေးချယ်ထားသူတွေကို သမ္မာတရား နားလည်ဖို့၊ ဘုရားနှုတ်ကပတ်တော်တွေထဲ ဝင်ရောက်ဖို့ လမ်းပြပေးနိုင်ရမယ်၊ လူတွေရဲ့ တကယ့်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုပြီး တခြားလူတွေရဲ့ အသက်တာကို ပြုစုပေးနိုင်ရမယ်လို့ ဒါက ပြတယ်။ ခေါင်းဆောင်မှုဆိုတာ စိတ်ထက်သန်မှု နည်းနည်းရှိတာ၊ စွန့်လွှတ်မှုတချို့ လုပ်တာပဲ မဟုတ်ဘူး။ ဘုရားအိမ်တော်အတွက် ခေါင်းဆောင်တွေ ရွေးချယ်ရေးနဲ့ဆိုင်တဲ့ မူတွေမှာလည်း ညီအစ်ကို မောင်နှမတွေရဲ့ ရွေးချယ်မှုတွေကတစ်ဆင့်ပဲ အဲဒါကို လုပ်ရမယ်လို့ ပြောထားတယ်။ သမ္မာတရားကို လိုက်စားသူတွေကပဲ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး သမ္မာတရားကို မှန်မှန်ကန်ကန် နားလည်အောင် တခြားလူတွေကို ဦးဆောင်နိုင်တာလေ။ အထူးအခြေအနေတွေအရ ခေါင်းဆောင်တွေကို တိုက်ရိုက် ရာထူးတိုးပေးလို့ရတာ အမှန်ပဲ၊ ဒါပေမဲ့ အခြေခံစံတွေကို ပြည့်မီရမဲ့အပြင် ပါဝင်တဲ့ လူအများစုရဲ့ ထောက်ခံတာ ခံရဖို့ လိုနေတုန်းပဲ။ အစ်မဆောင်က အသင်းတော် အသက်တာမှာ သုံးနှစ်ကြာ မပါဝင်ဘဲ အဝေးရောက်နေခဲ့သလို၊ ဝေမျှစရာ ဘုရားနှုတ်ကပတ်တော်တွေအပေါ် စစ်မှန်တဲ့ နားလည်မှု တစ်ခုတလေမှ မရှိဘူး။ အသက်ဝင်ရောက်မှုမှာရှိတဲ့ တခြားလူတွေရဲ့ ပြဿနာတွေကို ကူညီဖို့ သမ္မာတရားကို သူမရှာဖွေနိုင်ဘူး၊ ဒါကြောင့် အစ်မဆောင်ကို ခေါင်းဆောင်က ရာထူးတိုးပေးတာဟာ မူတွေကို သိသိသာသာ ချိုးဖောက်တာပဲ။
ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကိုလည်း ကျွန်မတို့ ရှာတွေ့ခဲ့တယ်။ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ဖြစ်သည့်လူများ၏ ကဏ္ဍ အရေးပါလာခြင်းကို ဖြစ်စေသည့် အကြောင်းရင်းမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းတို့သည် မည်သို့ ပေါ်ပေါက်လာသနည်း။ ကြီးမားသော အတိုင်းအတာတစ်ခုတွင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အတွက် လိုအပ်သည်။ သေးငယ်သော အတိုင်းအတာတစ်ခုတွင် ၎င်းတို့ကို အသင်းတော်၏အလုပ်အတွက် လိုအပ်သည်၊ ဘုရားသခင် ရွေးချယ်ထားသောသူများက ၎င်းတို့ကို လိုအပ်သည်။...၎င်းတို့၏ တာဝန်နှင့် အခြားလူများ၏ တာဝန်တို့ အကြား ကွာခြားချက်မှာ ၎င်းတို့၏တာဝန်များနှင့် သက်ဆိုင်သည့် သီးသန့် ထူးခြားသောလက္ခဏာ တစ်ခု၏ အရေးကိစ္စ ဖြစ်သည်။ ယင်းမှာ မည်သည့် သီးသန့် ထူးခြားသောလက္ခဏာ ဖြစ်သနည်း။ အခြေခံအားဖြင့် အသားပေးထားသည့်အရာသည် ခေါင်းဆောင်မှု၏ အလုပ်တာဝန်ဖြစ်သည်။ ဥပမာအနေဖြင့် ဦးဆောင်နေသည့် လူတစ်ယောက်ဖြင့် လူတစ်ဖွဲ့ ရှိသည်ဟု ဆိုကြပါစို့။ ဤလူကို ‘ခေါင်းဆောင်’ တစ်ယောက် သို့မဟုတ် ‘အမှုတော်ဆောင်’ တစ်ယောက် အဖြစ် ရည်ညွှန်းပါက၊ အဖွဲ့ထဲတွင် ၎င်းတို့၏ တာဝန်မှာ အဘယ်နည်း။ (ခေါင်းဆောင်မှု တာဝန် ဖြစ်ပါသည်။) ဤလူတစ်ယောက်၏ ခေါင်းဆောင်မှုသည် ၎င်းတို့ ဦးဆောင်သည့် လူများနှင့် အဖွဲ့တစ်ခုလုံးအပေါ်တွင် မည်သည့် အကျိုးတရား ရှိသနည်း။ ယင်းက အဖွဲ့၏ ဦးတည်ချက်နှင့် ၎င်း၏ လမ်းကြောင်းကို အကျိုးသက်ရောက်မှုရှိသည်။ ဤအရာက သွယ်ဝိုက်ရည်ညွှန်းသည်မှာ ခေါင်းဆောင်မှု ရာထူးတစ်ခု၌ ဤလူပုဂ္ဂိုလ်သည် မှားယွင်းသော လမ်းကြောင်းကို လျှောက်မိပါက၊ အနည်းဆုံးအနေဖြင့် သူ၏ လက်အောက်မှ လူများနှင့် အဖွဲ့တစ်ဖွဲ့လုံးကို မှန်ကန်သော လမ်းကြောင်းမှ လမ်းလွဲသွားစေလိမ့်မည် ဟုဖြစ်သည်။ ထို့ထက်ပိုပြီးလျှင် ၎င်းတို့ ရှေ့ဆက်သည်နှင့်အညီ အဖွဲ့တစ်ဖွဲ့လုံး၏ ဦးတည်ချက်အပြင်၊ ၎င်းတို့၏ အရှိန်နှင့် ခြေလှမ်းတို့ကိုလည်း နှောင့်ယှက်နိုင်သည် သို့မဟုတ် ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် ဤလူတစ်အုပ်နှင့် ပတ်သက်ပါက၊ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်း၏ ဦးတည်ချက်၊ သမ္မာတရားကို ၎င်းတို့ နားလည်သဘောပေါက်သည့် အတိုင်းအတာအပြင်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းတို့သည် မိမိတို့ကိုယ်ကိုယ်သာမက၊ ၎င်းတို့၏ ခေါင်းဆောင်မှု နယ်ပယ်အတွင်းရှိ ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း သက်ရောက်မှုရှိနိုင်သည်။ ခေါင်းဆောင် တစ်ယောက်သည် သင့်တော်သည့် လူတစ်ယောက် ဖြစ်ကာ၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်နေပြီး၊ သမ္မာတရားကို လိုက်စား၍၊ လက်တွေ့လုပ်ဆောင်နေသောသူဖြစ်ပါက၊ ၎င်းတို့ ဦးဆောင်သည့်လူများကလည်း သင့်တင့် လျောက်ပတ်စွာ စားသောက်လိမ့်မည် ဖြစ်ပြီး၊ သင့်တင့်လျောက်ပတ်စွာ ရှာဖွေလိမ့်မည်ဖြစ်သည်၊ ပြီးလျှင် တစ်ချိန်တည်းမှာပင်၊ ခေါင်းဆောင် ကိုယ်တိုင်၏ တိုးတက်မှုသည် အခြားသူများအတွက် အစဉ် ထင်ရှားသိသာလိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင် တစ်ယောက် လျှောက်သင့်သည့် မှန်ကန်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းသည် အခြားသူများကို သမ္မာတရားနှင့် သက်ဆိုင်သည့် နားလည်မှု တစ်ခုဆီသို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှု တစ်ခုဆီသို့ ဦးဆောင်နိုင်ခြင်းနှင့် အခြားသူများကို ဘုရားသခင်ထံသို့ ဦးဆောင်နိုင်ခြင်းတို့ ဖြစ်ပေသည်။ မှားယွင်းသည့် လမ်းကြောင်းတစ်ခုမှာ အဘယ်နည်း။ ယင်းက မိမိကိုယ်ကိုယ် မကြာခဏ ချီးမြှောက်ခြင်း၊ မိမိကိုယ်ကိုယ် သက်သေခံခြင်း၊ ဂုဏ်ဒြပ်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်း အပြင်၊ ဘုရားသခင်ကို မည်သည့်အခါမျှ သက်သေမခံခြင်းတို့ ဖြစ်သည်။ ဤအရာက ၎င်းတို့၏ လက်အောက်မှ လူများအပေါ် မည်သည့် အကျိုးသက်ရောက်မှု ရှိစေသနည်း။ (ယင်းက ထိုလူများကို ၎င်းတို့ ရှေ့သို့ ခေါ်ဆောင်သည်။) လူများသည် ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲကြပြီး၊ ဤခေါင်းဆောင်၏ ထိန်းချုပ်မှု အောက်သို့ လာကြလိမ့်မည် ဖြစ်သည်။ သင်သည် လူများကို သင်၏ရှေ့သို့ လာဖို့ ဦးဆောင်ပါက၊ သင်သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်းဖြစ်သည်၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ မဟုတ်ဘဲ၊ စာတန်၏ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ လူများကို သမ္မာတရား၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြခြင်းသည်သာလျှင် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် မှန်ကန်သော လမ်းကြောင်းကို လျှောက်သည်ဖြစ်စေ၊ မှားယွင်းသော လမ်းကြောင်းကို လျှောက်သည်ဖြစ်စေ ဘုရားသခင် ရွေးချယ်ထားသော လူများအပေါ် တိုက်ရိုက် ဩဇာလွှမ်းမိုးမှုရှိသည်။ သစ္စာစောင့်သိသူများ အဘယ်လမ်းကြောင်းကို ရွေးချယ်သည်၊ ၎င်းတို့ အဘယ်လမ်းကို လျှောက်သည်ဟူသည်မှာ ခေါင်းဆောင်တို့ လျှောက်သည့် လမ်းကြောင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်၊ ပြီးလျှင် ထိုခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ ဩဇာလွှမ်းမိုးမှုကို အတိုင်းအတာအမျိုးမျိုးဖြင့် ခံကြရသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”) ခေါင်းဆောင်တစ်ယောက်က သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဆိုတာနဲ့ သူတို့ ဘယ်လမ်းကြောင်းပေါ် ရှိတယ်ဆိုတာက သူတို့ကိုပဲ သက်ရောက်တာမဟုတ်ဘူး၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ အသင်းတော် အလုပ်ကိုလည်း သက်ရောက်မှုရှိမှန်း ကျွန်မမြင်နိုင်ခဲ့တယ်။ ဘုရားရွေးချယ်ထားတဲ့လူတွေက သူတို့ကို ရေလောင်ပြီး ထောက်ပံ့ပေးမဲ့ ခေါင်းဆောင်ကောင်းရှိရင် သမ္မာတရားနဲ့ ကယ်တင်ခြင်းကို ရှာတဲ့လမ်းကြောင်းပေါ် ရှိနေဖို့ သူတို့အတွက် ပိုလွယ်တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့ ကိုယ်တွေ့အသိပညာတစ်ခုမှ မရှိဘဲ ဘုရားနှုတ်ကပတ်တော်အပေါ် သိနားလည်မှုစစ်စစ်လည်း မရှိ၊ သမ္မာတရားကို လက်တွေ့လည်း မလုပ်ဆောင်တဲ့အပြင် ဉာဏ်တချို့၊ ဆုကျေးဇူးတချို့ပဲ ရှိပြီး အယူဝါဒတွေကိုပဲ ပြောနိုင်တဲ့ ခပ်ညံ့ညံ့ ခေါင်းဆောင်မှုနဲ့တော့ ဘုရားရွေးချယ်ထားသူတွေက ဘာအာဟာရမှ ရမှာမဟုတ်သလို ပျက်စီးတာနဲ့ အဆုံးသတ်မှာပဲ။ အဲဒီခေါင်းဆောင်က အစ်မဆောင်ကို ရာထူးတိုးပေးဖို့ မူတွေကို ဆန့်ကျင်တာဟာ ညီအစ်ကို မောင်နှမတွေရဲ့ ကယ်တင်ခြင်းကို ထိခိုက်နိုင်တဲ့ အရေးကြီးကိစ္စပဲ။ ကျွန်မအနေနဲ့ အသင်းတော်အလုပ်ကို ကာကွယ်ပြီး ဘုရားအလိုတော်ကို ဂရုစိုက်ရမယ်၊ ဒါကို အထက်ခေါင်းဆောင်ဆီ အကြောင်းကြားရမယ်ဆိုတာ သိလိုက်တယ်။ အစ်မဆောင်က ခေါင်းဆောင်အနေနဲ့ အစေခံဖို့ မသင့်တော်ဘူး- သူနဲ့ သင့်တော်တဲ့ ရာထူးမှာပဲ ရှိသင့်တာ။ အဲဒါက သူ့အတွက်၊ အသင်းတော် အလုပ်အတွက်နဲ့ လူတိုင်းရဲ့ အသက်ဝင်ရောက်မှုအတွက် ပိုကောင်းမှာပဲ။
နောက်နေ့မနက်မှာ အစည်းအဝေးလုပ်ချင်တယ်ဆိုပြီး အစ်မဝမ်ဆီ ကျွန်မစာရေးလိုက်တယ်။ ကျွန်မပြောတယ်၊ အစ်မဆောင်က ဆယ်နှစ်နီးပါး ယုံကြည်သူဖြစ်ခဲ့လို့ သမ္မာတရားရဲ့ သွင်ပြင်တချို့ကို နားလည်ပြီး ဒီလမ်းကြောင်းပေါ် အခြေကျနေခဲ့ပုံပဲ။ ဒါကြောင့် တစ်ခွန်းမှ မဟဘဲ သုံးနှစ်ကြာ ဘုရားကို ချန်ထားပြီး လောကထဲ ပြန်သွားတာက ခဏတာ အားနည်းချက်ပဲ မဟုတ်ဘူး၊ ဒါက ဘုရားကို သစ္စာဖောက်တာပဲ၊ ဘုရားကို အကြီးအကျယ် ပုန်ကန်ပြစ်မှားမှုတာပဲ လို့ပေါ့။ ဘုရားမှာ ဂုဏ်သိက္ခာရှိပြီး လူသားတွေအပေါ် သူ့မေတ္တာနဲ့ ကရုဏာက ကိုယ်ကျင့်တရားရှိတယ်။ အစ်မဆောင်က တကယ်နောင်တမရရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရဖို့ ရုန်းကန်ရမှာပဲ။ သူက နှစ်နဲ့ချီ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်ခဲ့သလို၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု၊ တာဝန်တွေထဲက သူတို့ရဲ့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူး။ သူ့ကို အဲဒီရာထူး တိုးပေးတာက မူတွေကို ဆန့်ကျင်တယ်လို့ ကျွန်မပြောခဲ့တယ်။ အစ်မဆောင်ရဲ့ နောက်ကြောင်းရာဇဝင်နဲ့ သူသိပ်မရင်းနှီးလို့ စစ်ဆေးကြည့်လိုက်မယ်တဲ့။ ၁၀ ရက်လောက်ကြာပြီးတဲ့နောက်၊ အစ်မဝမ်က လာပြီး ကျွန်မနဲ့ မိတ်သဟာယပြုတယ်၊ အစ်မဆောင်က သူ့တာဝန်မှာ စိတ်ထက်သန်လို့ အဲဒီတာဝန်ကိုယူဖို့ မှန်ကန်တဲ့လူပဲတဲ့လေ။ သူ့ကို ကျွန်မတို့ မျှမျှတတ ဆက်ဆံသင့်တယ်လို့ သူပြောလာရော။ ကျွန်မက သူ့ကို ကျွန်မတို့ မျှမျှတတ မဆက်ဆံနိုင်တာမဟုတ်ပါဘူး၊ မူတွေနဲ့ ဒါကို ချိန်ဆကြည့်တော့ သူဟာ ခေါင်းဆောင်မဖြစ်သင့်သလို၊ သူ့ကို အဲဒီလို ရထူးတိုးပေးတာက မှားနေတာပါလို့ ပြောလိုက်တယ်။ ကျွန်မနဲ့ လက်တွဲတဲ့ အစ်မကလည်း ဝင်ပြောတယ်၊ အစ်မဆောင်က နှစ်နဲ့ချီ ဘုရားနှုတ်ကပတ်တော်တွေ မဖတ်ခဲ့သလို၊ ညီအစ်ကို မောင်နှမတွေရဲ့ တကယ့် ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးပေါ့။ သူ့ကို အဲဒီရာထူးမှာ ကျွန်မတို့ မရမက ဆက်ထားရင်၊ တခြားလူတွေကို ထိခိုက်စေမှာဖြစ်တယ်ပေါ့။ ဒါပေမဲ့ အစ်မဝမ်က အစ်မဆောင်ဟာ မှန်ကန်တဲ့လူဖြစ်ပြီး အထက်ခေါင်းဆောင်က သူ့ကို ရာထူးတိုးပေးဖို့ ဩဇာအာဏာရှိတယ်လို့ပဲ မရမက ဆက်ပြောနေတာ။ နောက်တော့ သူက ကျွန်မကို မေးတယ်၊ တခြားပြောချင်တာ ရှိသေးလားတဲ့လေ။ သူပြောတာက သမ္မာတရားရဲ့ မူတွေနဲ့ ကိုက်တယ်လို့ ကျွန်မ မထင်ဘူး၊ ဒါပေမဲ့ သူတပြားသားမှ မလျှော့ပုံကို မြင်တော့ ကျွန်မတုံ့ဆိုင်းသွားတယ်။ ကျွန်မတွေးနေမိတာက အထက်ခေါင်းဆောင်က အစ်မဆောင်ကို အဲဒီတာဝန်မှာ ရှိစေချင်တာကို ကျွန်မက ကန့်ကွက်တာတွေ ဆက်ဖွင့်ပြောနေရင်၊ ကျွန်မအနေနဲ့ မောက်မာပြီး ကိုယ့်ဘောင်ကို ကျော်နေတာ၊ သူတို့အလုပ်မှာ သူတို့ကို အားပေးဖို့ ငြင်းပြီး မမျှမတ လုပ်နေတာလို့ အစ်မဝမ်က ထင်ကောင်းထင်မှာပဲလို့ပေါ့။ ကျွန်မအခက်တွေ့အောင် သူလုပ်နိုင်ပြီး တာဝန်ကနေ ကျွန်မကို ထုတ်ပယ်နိုင်တယ်၊ ကျွန်မကို အိမ်ကိုတောင် ပြန်ပို့နိုင်တယ်ပေါ့။ ကျွန်မရဲ့ ယုံကြည်ချက်ကြောင့် ကွန်မြူနစ်ပါတီဆီက ထွက်ပြေးနေရတော့ ထွက်သွားခိုင်းရင် ကျွန်မက ဘယ်သွားရမှာလဲပေါ့။ ကျွန်မများများပြောရင် အမှားပါဖို့ သေချာတယ်၊ နောက်ပိုင်းမှာ တခြားတစ်ယောက်ယောက်က ကန့်ကွက်မှ ကျွန်မထုတ်ပြောလို့ရတယ်လို့ တွက်မိတယ်။ ဒါကြောင့် အစ်မဝမ်ကို ကျွန်မပြောလိုက်တယ်၊ ကျွန်မ အဲဒါကို လက်ခံပြီး နားမလည်ခဲ့တာကို အချိန်ယူ ဆက်စဉ်းစားပါ့မယ်လို့ပေါ့။ နောက်ရက်အနည်းငယ်အတွင်းမှာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မရိုးသားခဲ့ပုံကို တွေးမိတဲ့အခါတိုင်း ကျွန်မ အင်မတန်ကို အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ကျွန်မဆုတောင်းပြီးရင်း ဆုတောင်းမိတယ်။
ရှာဖွေရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို တွေ့သွားရော။ “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၏ အမှုကို ဆုံးရှုံးမှုများဖြစ်စေပြီး ဘုရားသခင်ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း’ ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်- ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်’ဟု တွေးသည်။ ထိုသို့သော အရာများသည် သင်၏ မသိစိတ်မှ ပေါက်ဖွားသည့်အလား၊ ပြီးလျှင် သင်၏ စိတ်နှလုံးတွင် ယင်းတို့က အမြဲတမ်းနေရာများ ယူထားကြသည့်အလား- သင်၏ အတွင်းတွင် ရှိကြလေသည်၊ ယင်းတို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက သင်၏ အတွေးများကို ထိန်းချုပ်ပြီး သင်၏ လက်များနှင့် ခြေများကို ချည်နှောင်ကာ သင်၏ နှုတ်ကို ထိန်းချုပ်လေသည်။ သင်၏ စိတ်နှလုံးထဲရှိ တစ်စုံတစ်ရာကို သင် ပြောလိုသည့်အခါတွင်၊ စကားလုံးများက သင်၏ နှုတ်ခမ်းများဆီသို့ ရောက်ရှိသော်လည်း သင် မပြောပေ၊ သို့မဟုတ် သင် ပြောဆိုပါက၊ သင်၏ စကားများသည် သင်လှည့်ပတ်လမ်းကြောင်းစရာ နေရာပေးလျက် ဝေ့လည်ကြောင်ပတ် ဖြစ်လေသည်- သင်သည် လုံးဝ ရှင်းရှင်းလင်းလင်း မပြောဆိုပေ။ သင့်ကို ကြားပြီးသည့်နောက်တွင် အခြားသူများသည် မည်သည့်အရာမျှ မခံစားရကြသကဲ့သို့၊ သင် ပြောပြီးသည့် အရာက ပြဿနာကို မဖြေရှင်းသေးပေ။ သင်က၊ ‘ကောင်းပြီ၊ ငါ ထုတ်ပြောခဲ့သည်။ ငါ၏ အသိစိတ်က အေးချမ်းသည်။ ငါ၏ တာဝန်ကို ငါ ဖြည့်ဆည်းပြီးပြီ’ ဟု မိမိကိုယ်ကိုယ် တွေးလေသည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောသေးသည်ကို၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုရှိသကဲ့သို့၊ ဘုရားအိမ်တော်၏ အမှုအပေါ် ထိခိုက်နစ်နာစေခြင်း ရှိနေသေးသည်ကို သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သင်အမှန်တကယ် ထင်သောအရာဟုတ်သလော။ ဤသို့ဆိုလျှင် သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားတို့၏ ထိန်းချုပ်မှုအောက်လုံးဝ ရောက်ရှိနေသည် မဟုတ်သလော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားထုတ်ဖော်ပြတဲ့အရာကနေ ကျွန်မနားလည်လိုက်တာက၊ သမ္မာတရားကို လက်တွေ့မလုပ်နိုင်တာ၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို မကာကွယ်နိုင်တာက ဉာဏ်များတဲ့၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့တဲ့ သဘာဝကနေ လုံးဝ လာတယ်ဆိုတာပဲ။ “ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော”၊ “စကားများပါက အမှားများတတ်သည်၊” “ပြဿနာနည်းလေ ပိုကောင်းလေ”၊ “ခရိုင်ရုံးမှ အရာရှိသည် နယ်ခံအရာရှိကဲ့သို့ လူများကို အမိန့်မပေးနိုင်” “အထောင်ဆုံးသံချောင်းသည် ရိုက်ထည့်ခံရ၏” ဆိုတာတွေက ကျွန်မရဲ့ ဆောင်ပုဒ်ဖြစ်လာခဲ့တဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေပါ။ အရာရာမှာ ကိုယ့်အကျိုးစီးပွားကိုပဲ တွေးခဲ့တယ်၊ အစ်မဝမ်က အစ်မဆောင်ရဲ့ ရာထူးတိုးကိစ္စမှာ မှားနေမှန်း၊ အဲဒါက မူတွေကို ချိုးဖောက်မှန်း ကျိန်းသေပေါက် ကျွန်မသိခဲ့တာပဲ။ ဒါပေမဲ့ ကိုယ့်အမြင်တွေကို မရမကပြောရင် ဖိနှိပ်ခံရမှာ၊ ထွက်ပေါက်မရှိမှာ စိုးခဲ့တယ်။ ဒါကြောင့် အလျှော့ပေးခဲ့ပြီး ကိုယ့်စိတ်နှလုံးကို ဆန့်ကျင်ခဲ့တယ်၊ အဲဒါကို လက်ခံပြီး ပိုနားလည်အောင် လုပ်မယ်လို့ ပြောခဲ့တယ်။ ကြည့်ရတာ ကျွန်မက ကိုယ့်တာဝန်ကို နာခံမှုရှိရှိနဲ့ လုပ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ပုံဆောင်ပုံရပေမဲ့ ဘုရားအိမ်တော်အတွက် ရပ်တည်ဖို့လိုတဲ့အခါ ကျွန်မက မသိချင်ယောင်ဆောင်တယ်၊ သူရဲဘောကြောင်၊ ဉာဏ်များပြီး တစ်ကိုယ်ကောင်းဆန်ခဲ့တယ်။ ဘုရားက သန့်ရှင်း၊ ဖြောင့်မတ်တယ်။ ဒီတော့ ကျွန်မလို ယုတ်မာ ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ လူတစ်ယောက်က ဘုရားရဲ့ ကယ်တင်တာ ဘယ်လိုခံရမှာလဲ။ ကျွန်မဖတ်ခဲ့တဲ့ နောက်ကျမ်းတစ်ပိုဒ် ရှိတယ်။ “လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ၎င်းမှာ သင်သည် သင်၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် အဓမ္မပြုသူတစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဘို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထို့အစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဟူသည့် ညွှန်းဆိုချက်မှာ အဘယ်နည်း။ စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေးဘဲ၊ တကယ်တမ်းတွင် သင့်အမူအကျင့်မှာ ဆိုးယုတ်မှုသို့ ပြောင်းသွားပြီဖြစ်သည်။ ဘုရားသခင်၏ လက်ခံနိုင်ဖွယ်ဖြစ်ရမည့်အစား၊ သင်သည် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ ကြိုးစားသနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေ ကျွန်မကို ပြလိုက်တာက၊ ဘုရားဟာ ကျွန်မတို့ရဲ့ အပေါ်ယံ စတေးတာ၊ အားထုတ်တာတွေကိုပဲ မကြည့်ဘူး၊ ကျွန်မတို့တာဝန်မှာ ဘုရားစိတ်ကျေနပ်အောင် ကြိုးစားခြင်း ရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့ သက်သေခံချက် ကျွန်မတို့မှာ ရှိမရှိကို ကြည့်တယ်ဆိုတာပဲ။ ကျွန်မက စတေးတာတွေ အများကြီး လုပ်တဲ့ပုံပေါ်ပေမဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်တွေက ကိုယ့်အကျိုးအတွက် ဖြစ်နေပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ စာတန်ရဲ့ ရှင်သန်ရေး စည်းမျဉ်းတွေနဲ့ အသက်ရှင်တုန်းပဲဆိုရင် ကျွန်မတာဝန်မှာ ဘုရားကို သက်သေခံနေတာ မဟုတ်ဘူး၊ ဘုရားကို အရှက်ခွဲဖို့ စာတန်ကို တကယ် အခွင့်အရေးပေးနေခဲ့တာပဲ။ ဘုရားရဲ့အမြင်မှာ ဒါဟာ မကောင်းမှု လုပ်နေတာဖြစ်ပြီး သူ့ကို စက်ဆုပ်စေတယ်။ လူရဲ့ အပေါ်ယံ အပြုအမူကောင်းကို ဘုရားက ဂရုမစိုက်ဘူး။ အဓိကအချက်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ မူတွေကို ထိန်းသိမ်းတာ၊ ဘုရားဘက်မှာ ရပ်တည်တာနဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်တာပဲ။
နောက်တော့ ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းပေးတဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “သင့်အထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော သစ္စာစောင့်သိမှု ရှိ မရှိ၊ သင့်ထံ၌ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံမှု မှတ်တမ်းတစ်ခု ရှိ မရှိနှင့် ဘုရားသခင်ထံ၌ သင် အပြည့်အဝ ကျိုးနွံနာခံပြီးခြင်း ရှိ မရှိ စသည်တို့ကို သင်သိသင့်သည်။ သင်သည် ဤအရာများ မရှိပါက၊ သင့်အတွင်း၌ မနာခံမှု၊ လှည့်ဖြားမှု၊ လောဘနှင့် မကျေနပ်မှုများသာ ကျန်ရစ်လိမ့်မည်။ သင်၏နှလုံးသားသည် ရိုးသားမှုနှင့်အလှမ်း ကွာဝေးသကဲ့သို့၊ သင်သည် ဘုရားသခင်ထံမှ အပြုသဘောဆောင်သော အသိအမှတ်ပြုမှုကိုလည်း မည်သည့်အခါမျှ မရရှိဘဲ၊ အလင်းထဲတွင် မည်သည့်အခါမျှ မနေခဲ့ရဖူးပေ။ လူတစ်ယောက်၏ကံကြမ္မာသည် အဆုံး၌ မည်သို့ဖြစ်မည်ဆိုသည်မှာ သူ့ထံ၌ ရိုးသားမှုနှင့် သွေးသို့နီသော နှလုံးသားရှိ မရှိအပေါ်နှင့် သူ့ထံ၌ စင်ကြယ်သော စိတ်နှလုံး ရှိ မရှိတို့အပေါ်တွင် မူတည်သည်။ အကယ်၍ သင်သည် အလွန်မရိုးဖြောင့်သောသူတစ်ဦး၊ မလိုတမာစိတ်ရှိသူတစ်ဦး၊ မစင်ကြယ်သော စိတ်ဝိညာဉ်ရှိသူတစ်ဦး ဖြစ်နေပါက၊ သင်၏ ကံကြမ္မာမှတ်တမ်းတွင် ရေးသားသကဲ့သို့ လူတို့ အပြစ်ပေး ခံရသည့် နေရာတွင် သင် အဆုံးသတ်မည်မှာ သေချာ၏။ အကယ်၍ သင်သည် အလွန်တရာ ရိုးသားသည်ဟုဆိုသော်လည်း၊ သမ္မာတရားနှင့် ညီညွတ်စွာ ပြုမူခြင်း၊ အမှန်တရားနှင့်ဆိုင်သော စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းတို့ကို မည်သည့်အခါမျှ မပြုဖူးပါက၊ သင်သည် ဘုရားသခင်ကို သင့်အား ဆုချပေးစေရန် စောင့်မျှော်နေဆဲလော။ ဘုရားသခင်က သင့်ကို သူ၏ အချစ်မြတ်နိုးဆုံးသူအဖြစ် သတ်မှတ်ရန် စောင့်မျှော်နေသေးသလော။ ယင်းသည် ရယ်ဖွယ်ကောင်းသော တွေးနည်း မဟုတ်လော။ သင်သည် အရာရာ၌ ဘုရားသခင်ကို လှည့်စားသည်၊ ထို့ကြောင့် သင်ကဲ့သို့သော လက်မသန့်ရှင်းသူ တစ်ယောက်ကို ဘုရားသခင်၏အိမ်တော်၌ မည်ကဲ့သို့ နေရာ ပေးနိုင်မည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်”) ကျွန်မမှာ ကောင်းမွန်တဲ့ ခရီးပန်းတိုင်နဲ့ ရလဒ်ရှိမရှိဆိုတာ သမ္မာတရားအပေါ် ကျွန်မရဲ့စိတ်သဘောထား၊ ဘုရားသခင်ကို ကျွန်မရဲ့စိတ်နှလုံး ပေးမပေး၊ ကျွန်မက ရိုးရိုးသားသား စကားပြောပြီး လုပ်ဆောင်တဲ့ ရိုးသားသူ ဖြစ်မဖြစ်ဆိုတာနဲ့ ပတ်သက်မှန်း ဒါက နည်းလည်အောင် ကူညီပေးတယ်။ ဘုရားက သစ္စာရှိတယ်၊ ပြီးတော့ သူ့ရဲ့ အလိုတော်ကို ဂရုစိုက်ရင်း၊ အမှုကိစ္စတွေမှာ ကိုယ့်ရဲ့ အရှုံးအမြတ်တွေကို မထည့်တွက်ဘဲ သူ့ကို ကျွန်မတို့ ရိုးရိုးသားသား ဆက်ဆံဖို့ သူမျှော်လင့်တယ်။ အစ်မဆောင် ရာထူးတိုးတာက မူတွေကို ဆန့်ကျင်နေမှန်း ကျွန်မမြင်အောင် ဘုရားက လမ်းပြပေးခဲ့တာ သိခဲ့ပေမဲ့ အစ်မဝမ်နဲ့ နှစ်ခါလောက် စကားပြောပြီးတဲ့နောက်မှာ ဒီကိစ္စဟာ မူတွေနဲ့ ကိုက်ကြောင်း၊ အထက်ခေါင်းဆောင်ကတောင် ထောက်ခံတဲ့အကြောင်း သူဘယ်လောက် မရမကပြောပုံကို တွေ့တော့ အရိပ်အကဲပဲ ကြည့်နေလိုက်တယ်။ ကျွန်မတွေးမိတယ်၊ “‘ခရိုင်ရုံးမှ အရာရှိသည် နယ်ခံအရာရှိကဲ့သို့ လူများကို အမိန့်မပေးနိုင်’ ‘ခွန်အားကြီးသူကမှန်၏’တဲ့။ ငါ့အနေနဲ့ ကိစ္စရပ်တွေအပေါ် ငါ့အမြင်ကို မရမက ဆက်ပြောနေရင်၊ အစ်မဝမ်ကြဉ်တာကို ခံရနိုင်ပြီး ကိုယ့်တာဝန်ကို ဆုံးရှုံးသွားနိုင်တယ်” လို့ပေါ။ ကျွန်မက ကိုယ့်အနာဂတ်ကိုပဲ တွေးနေမိခဲ့တာ။ ဒီတော့ အစ်မဝမ် စကားပြောပြီးသွားလို့ ကျွန်မမှာ တခြားပြောစရာ ရှိသေးလား မေးလာတော့ ကျွန်မက ချက်ချင်း လေသံပြောင်းပြီး မဟုတ်တဲ့ အကြောင်းပြတွေနဲ့ သူ့ကို သဘောတူခဲ့တယ်၊ ကျွန်မ အဲဒါကို လက်ခံပြီး နားလည်အောင် တဖြည်းဖြည်း လုပ်ပါ့မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အကြံနဲ့ လုံးဝကို အတုအယောင် အသွင်အပြင်တစ်ခုပါပဲ။ ကျွန်မက တကယ်ကို ဉာဏ်များပြီး လှည့်ဖြားတတ်ခဲ့တာပါ။ ခေါင်းဆောင်တွေကို သင့်တော်အောင် ရွေးတာက ညီအစ်ကို မောင်နှမတွေရဲ့ ကယ်တင်ခြင်းနဲ့ အသင်တော်အလုပ် မှန်မှန်ကန်ကန် တိုးတက်မှုအပေါ် တိုက်ရိုက် သက်ရောက်မှုရှိတယ်။ ဘုရားအိမ်တော်ကို အထိခိုက်ခံပြီး ကိုယ့်အကျိုးစီးပွားတွေကို ကာကွယ်တာက ဘုရားအတွက် စက်ဆုပ်စရာပါ။ နောင်တမရရင် သူကျွန်မကို အပြစ်ပေးမှာ သိတယ်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းရဲ့ အကျိုးဆက်တွေကို တွေ့တော့ ကိုယ့်ရလဒ်ကို တွေးတဲ့အတွေးတွေကို ဘေးဖယ်ထားလိုက်ပြီး အဲဒီအကြောင်းကို အထက်ခေါင်းဆောင်ဆီ ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မတွက်ဆခဲ့တာက ကျွန်မအထုတ်ခံခဲ့ရရင်တောင် ဘုရားခွင့်ပြုတာ ဖြစ်မှာပဲလို့ပေါ့။ ကျွန်မအတွက် သင်ခန်းစာတစ်ခု ရှိမှာပဲ၊ ပြီးတော့ ကိုယ့်အကျိုးစီးပွားကို ကာကွယ်မလား၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်မလားဆိုတာ သိရဖို့ ဘုရားက ကျွန်မကို စစ်ဆေးနေတာ ဖြစ်မှာပဲပေါ့။ မိတ်သဟာယမှာ ပြောခဲ့တာကို ကျွန်မမှတ်မိသွားတယ်၊ လူတိုင်းရဲ့ သမ္မာတရား သိနားလည်မှုက အကန့်အသတ်နဲ့ပဲတဲ့။ နားလည်မှုတချို့ရှိရင်တောင် သမ္မာတရား နားလည်တဲ့ တခြားလူတချို့နဲ့ အတည်ပြုသင့်တုန်းပဲဖြစ်ပြီး ကိုယ့်ရဲ့ မမှားသင့်တဲ့ အမှားတွေကို နည်းနိုင်သမျှ နည်းစေသင့်တယ်ဆိုတာပေါ့။
ဒါကြောင့် ဒါနဲ့ပတ်သက်လို့ ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မတချို့နဲ့ ပိုမိတ်သဟာယပြုခဲ့တယ်။ ဒီလိုနဲ့ ခေါင်းဆောင်တစ်ယောက်က ဘယ်အဆင့်ပဲဖြစ်ဖြစ် မူတွေကို ချိုးဖောက်တဲ့အရာတစ်ခုခု သူလုပ်မိရင် ဘုရားရွေးချယ်ထားသူတွေက သူ့ကို ကန့်ကွက်လို့ရသလို၊ သမ္မာတရားအပေါ် မိတ်သဟာယပြု မျှဝေလို့ရမှန်းကို နားလည်သွားရော။ အဲဒါ မပြေလည်သွားသေးဘူးဆိုရင် ပိုအဆင့်မြင့်တဲ့ ခေါင်းဆာင်ကိုတောင် သွားပြောပြီး တိုင်ကြားလို့ရတယ်။ အဲဒါ ဘုရားအလိုတော်ပဲ။ ဒါပေမဲ့ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်မနားမလည်ခဲ့ဘူး၊ အရာရာပေါ် ဘုရားမြင်ပြီး အုပ်စိုးတာကို မသိခဲ့ဘူး။ ကိုယ့်အထက်လူကြီးတွေ မှန်တယ်လို့ ဟန်ဆောင်ရမယ်၊ သူတို့သဘောအတိုင်း လိုက်မလုပ်ရင် ကျွန်မအကြဉ်ခံရပြီး ရန်သူလို ဆက်ဆံခံရမယ်၊ ကျွန်မကို သူတို့ ဒေါသတကြီးရမ်းမယ်၊ မောင်းထုတ်မယ်၊ ကျွန်မစိတ်ဆင်းရဲအောင် လုပ်ကြမှာပဲလို့ တွေးရင်းနဲ့ ဘုရားအိမ်တော်ကို အပြင်လောကလို တွေးခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ ဘောင်တွေကို ကျော်မိမှာ၊ ခေါင်းဆောင်ရဲ့ ဖိနှိပ်တာ ခံရမှာ စိုးလို့ ကိုယ့်တင်ပြချက်ကို မရမက မပြောရဲခဲ့ဘူး။ ဘုရားအိမ်တော်မှာ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်း ကြီးစိုးတယ်ဆိုတဲ့ ယုံကြည်ချက် ကျွန်မမှာ ကင်းမဲ့နေခဲ့တယ်။ ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ချက် မဲ့နေခဲ့တယ်။ တာဝန်တစ်ခုကို ကျွန်မလုပ်နိုင်ခြင်း ရှိမရှိဆိုတာနဲ့ ကျွန်မရဲ့ ရလဒ်နဲ့ ကံကြမ္မာ ဘာဖြစ်မယ်ဆိုတာတွေအားလုံးက ဘယ်ခေါင်းဆောင်ရဲ့လက်ထဲမှာမှ မရှိဘဲ ဘုရားလက်ထဲမှာပဲ ရှိတာ။ ဘယ်လောက်အဆင့်မြင့်ပါစေ၊ မူတွေကို ချိုးဖောက်တဲ့၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်တဲ့ ဘယ်ခေါင်းဆောင်ကိုမဆို ဘုရားရွေးချယ်ထားသူတွေက ဖော်ထုတ်ပြီး တားဆီးလို့ရတယ်။ ဒါက အသင်းတော်ရဲ့ အလုပ်ကို ထိန်းသိမ်းတာနဲ့ ဘုရားအလိုတော်ကို ဂရုစိုက်တာပဲ၊ စည်းကျော်တာ မဟုတ်ဘူး။ ခေါင်းဆောင်တစ်ယောက်ကို ဖော်ထုတ်ပြီး တိုင်ကြားလို့ ဖိနှိပ်တာကို ရင်ဆိုင်ရရင် ဘုရားခွင့်ပြုလို့ဖြစ်မှာပဲ။ ခေါင်းဆောင်တွေရဲ့ စရိုက်မှန်ကို အဲဒါက ပြမှာဖြစ်ပြီး ပိုကောင်းတဲ့ ချင့်ချိန်နိုင်စွမ်း ကျွန်မတို့ကို ပေးမှာပဲ။ ကျွန်မတို့ရဲ့ မိတ်သဟာယကြောင့် ကျွန်မဉာဏ်ပွင့်သွားရော၊ နောက်ထပ်လည်း မကြောက်တော့ဘူး။ အစ်မဆောင်နဲ့ပတ်သက်တဲ့ ပြဿနာကို အထက်ခေါင်းဆောင်ဆီ တိုင်ကြားဖို့ လိုမှန်း လူတိုင်းသဘောတူကြတယ်။ ဒါကြောင့် အားလုံးကို ကျွန်မတို့ နားလည်တဲ့အတိုင်း ရေးလိုက်တယ်၊ သစ္စာကတိပြုပြီး လက်မှတ်ထိုးလိုက်တယ်၊ ပြီးတော့ အဲဒါကို ပို့လိုက်တယ်။
အစီရင်ခံစာ ပို့ပြီးတဲ့နောက် တကယ်စိတ်တည်ငြိမ်သွားတယ်။ ဒါပေမဲ့ တစ်ပတ်ကုန်သွားတယ်၊ ပြဿနာကို တစ်ယောက်မှ လာမစုံစမ်းကြဘူး။ ကျွန်မ စပြီး စိတ်မသက်မသာဖြစ်လာရော။ ကျွန်မတို့ စာကို ခေါင်းဆောင်တစ်ယောက်က တားထားလိုက်တာလား။ ကျွန်မရဲ့ တာဝန်ကို တကယ်ပဲ ဆုံးရှုံးရတော့မလားပေါ့။ ကျွန်မ ချက်ချင်း ဆုတောင်းလိုက်တယ်၊ ကျွန်မရဲ့ အနာဂတ်နဲ့ဆိုင်တဲ့ အတွေးတွေရဲ့ ချုပ်တည်းခံရရာကနေ ကျွန်မကို တားဆီးဖို့ ဘုရားကို တောင်းလျှောက်ခဲ့တယ်။ ရက်အနည်းငယ် ကြာပြီးတဲ့နောက် ကျွန်မတို့ရဲ့ အစီရင်ခံစာကို ကိုင်နေတဲ့ ညီအစ်မတစ်ယောက် ကျွန်မတို့ဆီ လာပြောတယ်၊ သူလိုက်မေးမြန်းကြည့်တော့ ကျွန်မတို့ရဲ့ အစီရင်ခံစာက လုံးဝ မှန်ကန်တိကျနေတယ်တဲ့။ အစ်မဆောင်က ဝေမျှဖို့ ဘုရားနှုတ်ကပတ်တော်အပေါ် သိနားလည်မှု အစစ်အမှန် မရှိသလို၊ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ သူက ခေါင်းဆောင်မှုအတွက် မသင့်တော်သလို၊ အထုတ်ခံရမယ်တဲ့။ သူ့ကို ရာထူးတိုးပေးခဲ့တဲ့ ခေါင်းဆောင်က ဒီလိုလုပ်တာ မူတွေနဲ့ ဆန့်ကျင်မှန်း နောက်ပိုင်းမှာ လက်ခံခဲ့ပြီး၊ ကျွန်မတို့ရဲ့ ကြီးကြပ်တာကို လက်ခံဖို့၊ သူ့ကိုယ်သူ သုံးသပ်ပြီး ဘုရားဆီ နောင်တရဖို့ လိုလားနေတယ်တဲ့။
ရက်နည်းနည်း ကြာပြီးတဲ့နောက်၊ အစ်မဝမ်က ကျွန်မတို့နဲ့ လာစုဝေးပြီး သူမာနထောင်လွှားခဲ့သလို အစ်မဆောင်ကိစ္စမှာ ခေါင်းမာခဲ့ပြီး မူတွေကို ဆန့်ကျင်မိခဲ့တယ်လို့ ဝန်ခံခဲ့တယ်။ သူနောင်တရချင်ခဲ့တယ်။ ကိစ္စတွေ အဲဒီလို ဖြစ်သွားတာ မြင်ရတော့ ကျွန်မ ဘုရားကို အူလှိုက်သည်းလှိုက် ကျေးဇူးတင်ပြီး ချီးမွမ်းမိခဲ့တယ်။ ဘုရားရဲ့ အိမ်တော်မှာ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်း ကြီးစိုးမှန်း ကျွန်မမြင်ခဲ့တယ်။ ပြီးတော့ လုံးဝကို ခေါင်းဆောင်အားလုံးက သမ္မာတရားရဲ့ မူတွေကို လိုက်လျှောက်ရမှာဖြစ်ပြီး ဆန့်ကျင်လို့မရဘူး။ ဒါက ကျွန်မကို ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် စစ်မှန်တဲ့ သိနားလည်မှုတချို့ကို ပေးခဲ့တယ်။ ရိုးသားတာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဆောင်ရွက်ပြီး သမ္မာတရားရဲ့ မူတွေကို လိုက်လျှောက်တာကပဲ ဘုရားစိတ်နှလုံးနဲ့ ညီညွတ်မှန်းလည်း မြင်လို့ရခဲ့တယ်။ ဒီအဖိုးတန်တဲ့ အတွေ့အကြုံကို ကျွန်မအတွင် ပြင်ဆင်ပေးလို့ ဘုရားကို ကျေးဇူးတင်ပါတယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
နိုဗို ဖိလစ်ပိုင်နိုင်ငံ ၂၀၁၂ခုနှစ်မှာ၊ ထိုင်ဝမ်မှာ ကျွန်တော် အလုပ်လုပ်နေတဲ့အချိန်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...
ဂျူချူံး ဂရိနိုင်ငံ ပြီးခဲ့တဲ့နှစ်က၊ လမ်းပေါ်မှာ ကျွန်တော်နဲ့ ဧဝံဂေလိအတူဟောခဲ့တဲ့ အစ်ကိုစင်း အထုတ်ခံခဲ့ရတယ်။ အဲဒီအကြောင်း သူ့ကို မေးတော့၊...
စူးရှမ်း ဂျပန်နိုင်ငံ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ စ အစေခံချိန်မှာ ချန်းက ကျွန်မတို့အသင်းတော်အလုပ်အတွက် တာဝန်ယူရတယ်။ ကျွန်မတို့က...
ရှန်ဒေါင် စီရင်စုမှ၊ ကျိုးရှာ ရေးသားသည် ကျွန်မနာမည် ကျိုးရှာ ဖြစ်ပါသည်။ ကျွန်မသည် သာမန်မိသားစုတစ်စုတွင် ဖွားမြင်ခဲ့ပါသည်။ “ငန်းသည်...