ဘဝ၏ အံ့သြဖွယ် ဖြစ်ရပ်များ

21.12.2020

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။ အချိန်၊ သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပေ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ တည်ရှိခြင်း အရင်းအမြစ်ဖြစ်ပြီး၊ ၎င်းတို့တည်ရှိခြင်း၏ ရေသောက်မြစ် ဖြစ်သည့်အတွက်၊ အရာခပ်သိမ်း မတည်သော်လည်း၊ ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိလိမ့်မည်။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ကောင်းကင်၏ တည်ရှိခြင်းသည် ဘုရားသခင်ကြောင့်ဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ စွမ်းအားရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိသကဲ့သို့၊ အားမာန်ရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာ အာဏာပိုင်နက်မှ မလွတ်မြောက်နိုင်ပေ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ အယောက်တိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက် နာခံရမည်၊ အယောက်တိုင်း ဘုရားသခင်၏ ကွပ်ကဲမှုအောက်တွင် အသက်ရှင်ရမည်ဖြစ်ပြီး၊ မည်သူမျှ သူ၏လက်မှ မလွတ်မြောက်နိုင်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) ဒီ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်ကို တကယ်တို့ထိပါတယ်။ ဧဝံဂလိတရား ဖြန့်ဝေမှုနဲ့ ကျွန်မကို စီစီပီရဲတွေ ဖမ်းဆီးပြီး ရက်ရက်စက်စက်နှိပ်စက်တုန်းက အဲဒီမကောင်းဆိုးရွားတွေရဲ့ ငရဲတွင်းကနေ လွတ်မြောက်ပြီး သူတို့ရဲ့ဖျက်စီးမှုကို ကျော်လွှားအနိုင်ယူနိုင်အောင် ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေက ကျွန်မကို လမ်းညွှန်ခဲ့တာ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ သြဇာအာဏာကို ကျွန်မ တကယ်ခံစားခဲ့ရတယ်။ သူ့ကို ကိုးကွယ်ဆည်းကပ်ဖို့ ယုံကြည ်မှု ပိုရှိလာခဲ့တယ်။

၂၀၀၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် ညခုနစ်နာရီတုန်းကပေါ့။ ကျွန်မက ညီမနှစ်ယောက်နဲ့အတူ စုဝေးပွဲတစ်ခုမှာ ရှိနေတာ။ ရဲအရာရှိငါးယောက် ရုတ်တရက် ဝုန်းဒိုင်းကြဲဝင်လာပြီး ကျွန်မတို့ကို ဝိုင်းလိုက်ကြတယ်။ သူတို့က ဓားပြအဖွဲ့လိုမျိုး အိမ်ကို မွှေနှောက်ပစ်ကြတယ်။ ုဘုရားသခင်ရဲ့ နှုတ်ကပတ်တော်စာအုပ်တွေနဲ့ ကျွန်မတို့အိတ်တွေကို သိမ်းကြတယ်။ ပြီးတော့ ကျွန်မတို့ကို လက်ထိတ်ခတ်ပြီး ရဲစခန်းကို ခေါ်သွားကြတယ်။ ကျွန်မ အတော်လေး ထိတ်လန့်သွားတယ်။ ဘုရားသခင်ကိုပဲ ထပ်ကာထပ်ကာတိုင်တည်ပြီး ကျွန်မတို့ကို စောင့်ရှောက်ဖို့ ဆုတောင်းမိတယ်။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို တွေးမိတယ်- “သင့်ကို ဝန်းရံသည့် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ငါ၏အခွင့်အားဖြင့်ဖြစ်သည်၊ ငါ စီစဉ်ထားခြင်းသာ ဖြစ်သည်ကို သင်သိထား၏။ သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ၏စိတ်နှလုံးကို ရှင်းရှင်းလင်းလင်း မြင်ကာ ဖြည့်ဆည်းလော့။ မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အားပေးတယ်။ အရာအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင် ရဲ့လက်ထဲမှာဆိုတာ ကျွန်မသိတယ်။ ဘုရားသခင်ကို ကျောထောက်နောက်ခံပြုထားမှတော့ ကျွန်မက ဘာတွေကို ကြောက်နေရဦးမှာလဲ။ ဘုရားသခင်ကို အမှီပြုုပြီး သက်သေခံဖို့ ယုံကြည်မှုကို ကျွန်မရခဲ့တယ်။ ရဲစခန်းရောက်တော့ ရဲတွေက ကျွန်မတို့ကို သတ္တုထိုင်ခုံတွေမှာ လက်ထိတ်ခတ်ထားကြတယ်။ အရေအတွက် တစ်ဒါဇင်ဝန်းကျင်ရှိတဲ့ ရဲအရာရှိတွေက နှစ်ယောက်တစ်ဖွဲ့စီ အလှည့်ကျစနစ်နဲ့ ကျွန်မတို့ကို မေးခွန်းတွေမေးကြတယ်။ သူတို့က အသင်းတော်ခေါင်းဆောင်ရဲ့ နာမည်နဲ့လိပ်စာကို မေးကြတယ်။ သူတို့ဘာမေးမေး ကျွန်မ တစ်ခွန်းမှ မပြောဘူး။ ကျွန်မတို့ သုံးယောက်စလုံးကို နောက်တစ်ရက်ညနေမှာ ထိန်းသိမ်းရေးဌာနတစ်ခုကို သူတို့ခေါ်သွားတယ်။ အဲဒီညတုန်းက နှင်းတွေ တအားကျတယ်။ ဒါပေမဲ့ သူတို့က ကျွန်မတို့ ကုတ်အင်္ကျီတွေကို ယူသွားပြီး အဝတ်အစားပါးပါးလေးပဲ ဝတ်ခွင့်ပေးတယ်။ အဲဒီကိုသွားတဲ့ လမ်းတစ်လျှောက်လုံး အအေးဒဏ်ကြောင့် ကျွန်မတို့ ချမ်းတုန်နေတယ်။

သူတို့က ကျွန်မတို့ကို မြေအောက်ခန်းတစ်ခုထဲ ခေါ်သွားတာ။ အဲဒီနေရာမှာ အကျဉ်းသားတွေကို ရိုက်နှက်သံတွေ၊ အော်ညည်းသံတွေ ကြားနေရတယ်။ ကျွန်မတအားကို ထိတ်လန့်သွားတယ်။ မြေကမ္ဘာပေါ်က ငရဲခန်းတစ်ခုလိုပဲ။ ရဲတွေက ကျွန်မတို့ကို အချုပ်ခန်းတစ်ခုထဲ တွန်းထည့်လိုက်တယ်။ ပြီးတော့ တခြားအကျဉ်းသားတွေကိုလည်း ကျွန်မတို့ကို ညှဉ်းဆဲဖို့ ပြောတယ်။ ကျွန်မတို့ကို “ကောင်းကောင်းကြိုဆိုလိုက်ကြ” တဲ့။ ကျွန်မ သတိမထားလိုက်မိခင်မှာပဲ အကျဉ်းသားခေါင်းဆောင်က ကျွန်မကို မြေကြီးပေါ် ကန်ချပစ်လိုက်ပြီး ဆက်တိုက်ကန်တော့တာပဲ။ သိပ်နာလွန်းလို့ ကျွန်မလူးလှိမ့်ပြီး အော်ညည်းနေရတယ်။ အဲဒီနောက်တော့ သူတို့က ကျွန်မတို့အဝတ်တွေအားလုံးကို ဆွဲချွတ်ကြတယ်။ ပြီးတော့ ရေအေးနဲ့ဖျန်းဖို့ ရေချိုးခန်းထဲ တရွတ်တိုက် ဆွဲခေါ်သွားကြတယ်။ အရိုးကွဲမတတ်အေးတဲ့ ရေကို ကျွန်မအပေါ် လောင်းချကြတယ်။ ကျွန်မ ထိန်းမရအောင် ခိုက်ခိုက်တုန်ချမ်းပြီး သွားတွေတောင် ရိုက်ကုန်တယ်။ ကျွန်မခန္ဓာကိုယ်ကနေ အသားတွေ လွှာချခံရသလို တကယ်ကို နာကျင်ရတယ်။ ကျွန်မ သတိလစ်ပြီး သိပ်မကြာခင်မှာပဲ မေ့မျောသွားတယ်။ ကျွန်မသတိပြန်ရလာတော့ ကျွန်မကို ထပ်ပြီးရိုက်ကြပြန်တယ်။ သူတို့မောသွားတော့မှ ကျွန်မကို ပစ်ထားလိုက်ကြတယ်။ ကျွန်မရဲ့စိတ်ဝိညာဉ် အားပျော့စပြုလာပြီး ကျွန်မတွေးမိတာက သူတို့ ကျွန်မကို ဘာတွေများ ထပ်လုပ်ကြဦးမလဲ၊ ကျွန်မခံနိုင်ပါဦးမလားဆိုတာပဲ။ ကျွန်မနာကျင်မှုခံစားရချိန်မှာ ဘုရားသခင်က သူ့ရဲ့နှုတ်ကပတ်တော်တွေပါတဲ့ ဒီဓမ္မတေးကို စဉ်းစားမိအောင် ဉာဏ်အလင်းပြခဲ့တယ်။ “ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။...သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) အဲဒီတေးသွားကို ကျွန်မဘာသာ ထပ်တလဲလဲ အသံတိတ်ညည်းမိတယ်။ သတ္တိတွေ တဖွားဖွားပေါ်လာတယ်။ စာတန်က ကျွန်မကို နာကျင်အောင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကို တကယ်ယုံကြည်ကိုးစားရင် မကောင်းဆိုးရွားရဲ့ နှိပ်စက်မှုကို အနိုင်ယူနိုင်ဖို့ ကျွန်မကို သူလမ်းပြပြီး မြဲမြဲမြံမြံ ရပ်တည်စေလိမ့်မယ်။ ဒါက ဘုရားသခင်အပေါ် ကျွန်မသစ္စာဖောက်ကျောခိုင်းမိအောင် စာတန်ရဲ့ ကြိုးပမ်းမှုပဲ။ သူ့အစီအစဉ်ကို အကောင်အထည်ဖော်ခွင့်ပေးလို့မရဘူးဆိုတာ ကျွန်မသိတယ်။ အဲဒီအစား ဘုရားသခင်အတွက် သက်သေခံပြီး စာတန်ကို အရှက်ရအောင်လုပ်မယ်။

အဲဒီမှာ ၂၁ ရက်ကြာပြီးတော့ ရဲတပ်ဖွဲ့က ကျွန်မကို ခရိုင်ပြည်သူ့လုံခြုံရေးဌာနကို ပို့လိုက်တယ်။ ကျွန်မကို စစ်ဆေးမေးမြန်းဖို့ သတ္တုထိုင်ခုံတစ်လုံးပေါ်မှာ ထားထားတယ်။ ကျွန်မ စကားမပြောတာ တွေ့တော့ အဲဒီညနေမှာ ကျွန်မကို လက်ထိတ်ခတ်ပြီး ပြတင်းပေါက်ပေါင်မှာ တွဲလောင်းချိတ်ထားတယ်။ ကြမ်းပြင်ကို ခြေဖျားနဲ့ ထိနိုင်ရုံလေးပဲ။ သူတို့ထဲက တစ်ယောက်က ပြောတယ်။ “ငါက စိတ်အရမ်းရှည်တယ်။ ငါ့ကို မင်းတောင်းပန်ပြီး မင်းတို့အသင်းတော်ခေါင်းဆောင်ရဲ့နာမည်ကို ထုတ်ပြောလာအောင် လုပ်မယ်။” ခဏကြာတော့ ကျွန်မရဲ့လက်ကောက်ဝတ်တွေ မခံနိုင်အောင် နာလာတယ်။ ကျွန်မ ထပ်တလဲလဲ ဆုတောင်းတယ်။ စာတန်ကို ကျွန်မ ဘယ်တော့မှ ဒူးမထောက်မိဖို့အတွက် ဘုရားသခင်ရဲ့ လမ်းပြမှုကို တောင်းခံတယ်။ ကျွန်မ ရေငုံနှုတ်ပိတ် နေတုန်းပဲ။ ဒါကြောင့် သူတို့က ကျွန်မကို စစ်ကြောရေးခန်းထဲ ခေါ်သွားတယ်။ အခန်းထဲ ကျွန်မဝင်လိုက်တဲ့အချိန်မှာပဲ နှိပ်စက်ညှင်းပန်းတဲ့ကိရိယာအစုံ ခင်းကျင်းထားတာကို မြင်ရတယ်။ နံရံမှာလည်း နံပါတ်တုတ်အရွယ်အစားစုံ ချိတ်ထားတဲ့ အတန်းကြီးကို မြင်ရတယ်။ ပြီးတော့ သားရေတုတ်တွေ၊ ကျာပွတ်တွေနဲ့ နံရံကို ကျောပေးထားတဲ့ နှိပ်စက်ခုံတစ်ခုကိုလည်း မြင်ရတယ်။ အသက်နှစ်ဆယ်လောက်ပဲရှိဦးမယ့် ကောင်လေးတစ်ယောက်ကို ရဲတချို့က လျှပ်စစ်နံပါတ်တုတ်တွေနဲ့ ကျာပွတ်တွေသုံးပြီး နှိပ်စက်နေကြတယ်။ ထုထောင်းရိုက်နှက်ထားလို့ သူ့အသားတွေက မမှတ်မိနိုင်လောက်အောင် ပြတ်ရှပဲ့ရွဲ့နေပြီ။ ချက်ချင်းပဲ ရဲမေတစ်ယောက်ရောက်လာပြီး မပြောမဆိုနဲ့ ကျွန်မကို ကြမ်းကြမ်းတမ်းတမ်း ကန်ကျောက်တော့တာပဲ။ ပြီးတော့ ဆံပင်ကနေ ဆွဲပြီး ကျွန်မခေါင်းကို နံရံနဲ့ တိုက်ပစ်လိုက်တယ်။ ကျွန်မခေါင်း ချာချာလည်သွားပြီး နှစ်ခြမ်းကွဲသွားတော့မလို ခံစားရတယ်။ သူက ကျွန်မကို ဆက်တိုက်ရိုက်နှက်ပြီး ပါးစပ်ကလည်း ကြမ်းကြမ်းတမ်းတမ်းပြောတယ်။ “နင် ငါတို့သိချင်တာကို ဖွင့်မပြောရင် သေပြီသာမှတ်” တဲ့ တခြားအရာရှိနှစ်ယောက်ကလည်း ဝိုင်းပြီး ခြိမ်းခြောက်ကြတယ်။ “ငါတို့ဆီမှာ ဌာနပေါင်းစုံက လာတဲ့ လူတွေရှိတယ်။ ငါတို့မှာ အချိန်လည်း အများကြီးရှိတယ်။ တစ်လပဲဖြစ်ဖြစ်၊ နှစ်လပဲဖြစ်ဖြစ် ဘယ်လောက်ကြာကြာ ငါတို့ ဂရုမစိုက်ဘူး။ နင်ပြောတဲ့အချိန်အထိ ငါတို့ စစ်မေးမယ်။” တဲ့။ သူတို့အဲလိုပြောတာ ကြားတော့ ကျွန်မကိုလုပ်တဲ့ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေ၊ ခုနက လူကို သူတို့ နှိပ်စက်ညှင်းပန်းတဲ့ ပုံစံတွေက ကျွန်မကို တအားချောက်ချားသွားစေတယ်။ ကျွန်မနှလုံးခုန်သံတွေ မြန်လာတယ်။ ကျွန်မကို စောင့်ကြိုနေတဲ့ ဘယ်ညှင်းပန်းမှုကိုမဆို မခံနိုင်တော့လောက်အောင် ကျွန်မ ကြောက်ရွံ့လာတယ်။ ဘုရားသခင်ကို ကျွန်မ အမြန်ဆုတောင်းလိုက်တယ်။ အဲဒီမှာ သူ့ရဲ့နှုတ်ကပတ်တော်တွေထဲက ဒီစကားတွေကို ကျွန်မတွေးမိတယ်- “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မတို့ ဘုရားသခင်ကို သစ္စာဖောက်မိအောင်လို့ သေရမှာကြောက်တဲ့ ကျွန်မတို့ရဲ့အားနည်းချက်ကို စာတန်က အသုံးနေချတာမှန်း ကျွန်မကို စဉ်းစားဆင်ခြင်မိစေတယ်။ ကျွန်မရဲ့အသက်တာက ဘုရားသခင်ရဲ့လက်ထဲမှာပဲ။ စာတန်က ကျွန်မရဲ့သေခြင်း၊ ရှင်ခြင်းကို ဘယ်လို ထိန်းချုပ်နိုင်စွမ်း ရှိမှာလဲ။ ကျွန်မရဲ့ အသက်ကို ပေးအပ်ရမယ်။ ဘုရားအတွက် သက်သေခံပြီး စာတန်ကို အရှက်ရအောင်လုပ်ရမယ်။ အဲဒီအတွေးက ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အားပေးတယ်။ ကျွန်မရဲ့တိတ်ဆိတ်နေမှုကြောင့်ဒေါသထွက်ပြီး အရာရှိတစ်ယောက်က အော်တယ်။ “မင်းကို ငါ့အကြောင်းပြမယ်၊ မင်းကို မနိုင်ဘူးလို့ ငါ့ကိုထင်နေတာလား။” တဲ့။ သူတို့က ကျွန်မကို အဲဒီလက်ထိတ်တွေခတ်လျက်နဲ့ပဲ ပြတင်းပေါက်မှာ ခပ်မြင့်မြင့် တွဲလောင်းချိတ်လိုက်တယ်။ ပြီးတော့ လျှပ်စစ်တုတ်နဲ့ ကျွန်မကို စထိုးကြတယ်။ ပြင်းထန်တဲ့ လျှပ်စစ်စီးကြောင်းတွေက ကျွန်မကိုယ်တစ်လျှောက် စီးဝင်သွားလို့ ကျွန်မတစ်ကိုယ်လုံး မထိန်းနိုင်အောင် တုန်ခါသွားတယ်။ ကျွန်မရုန်းကန်လေ လက်ထိတ်တွေက ပိုတင်းကြပ်လေပဲ။ ကျွန်မလက်တွေ ကျိုးပဲ့ထွက်သွားတော့မလို ခံစားရပြီး တစ်ကိုယ်လုံး မခံနိုင်အောင် နာကျင်နေတယ်။ အရာရှိနှစ်ယောက်က သူတို့ရဲ့နံပါတ်တုတ်တွေနဲ့ ကျွန်မကို အလှည့်ကျ ရိုက်ကြတာ။ ကျွန်မ ကြွက်သားတွေ တောင့်တင်းကုန်ပြီး လုံးဝ ထုံကျဉ်လာတယ်။ ကျွန်မ အသိစိတ်တွေ ေ၀ဝါးလာပြီး နောက်တော့ မေ့မျောသွားတယ်။ တစ်ကြိမ်တော့ အေးလွန်းလို့ ကျွန်မနိုးလာတယ်။ ဝင်လာတဲ့ လေအေးကြောင့် သွေးခဲမတတ်တောင့်တင်းပြီး နောက်တစ်ကြိမ် ကျွန်မ သတိမေ့တော့မလို ဖြစ်လာတယ်။ ဒါပေမဲ့ ကျွန်မမှာ သံသယမရှိဘူး။ ကျွန်မမပြိုလဲနိုင်ဘူး။ ကျွန်မသေရမယ်ဆိုရင်တောင် သက်သေခံသွားမယ်။ လူသားမျိုးနွယ်ကို ပြန်ကယ်တင်ဖို့ သခင်ယေရှု အနစ်နာခံခဲ့တဲ့အချိန်ကို ကျွန်မပြန်တွေးမိတယ်။ သွေးအလူးလူးဖြစ်အောာင် သူဟာ ကျာပွတ်နဲ့ အရိုက်ခံခဲ့ရတာ။ ပြီးတော့ အရှင်လတ်လတ် လက်ဝါးကပ်တိုင်မှာ သံရိုက်ခံရတယ်။ သူ့ရဲ့နောက်ဆုံးသွေးစက် ကျတဲ့အထိ အဲဒီနေရာမှာ ပစ်ထားခံရတယ်။ ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အများကြီး ပေးဆပ်ခဲ့ရတယ်။ ဘုရားသခင်ရဲ့မေတ္တာတော်ကိုတွေးပြီး ကျွန်မစိတ်ထဲမှာ တကယ်ကိုခံစားခဲ့ရတယ်။ ကျွန်မ ဒီဆုကိုတောင်းတယ်။ “အို ဘုရားသခင် ကိုယ်တော်ဟာ ဒီအသက်ကို ကျွန်မကို ပေးခဲ့တယ်။ ကိုယ်တော်က သေစေလိုတယ်ဆိုရင် ကျွန်မ နာခံနိုင်တယ်။ စာတန်က ကျွန်မကို သေတဲ့အထိ ဖိနှိပ်ရင်တောင်မှ ကိုယ်တော့်အတွက် သက်သေခံမယ်၊ စာတန်ကို အရှက်ရစေမယ်” ကျွန်မ ခေါင်းနည်းနည်းပိုရှင်းလာတယ်လို့ စခံစားလာရတယ်။ ပေတရုနဲ့ သတေဖန်တို့လို ယုံကြည်သက်ဝင်သူတွေ ဘယ်လို စွန့်လွှတ်စွန့်စားခဲ့ရလဲဆိုတာ ကျွန်မတွေးမိတယ်။ ကျွန်မကောင်းကောင်းသိတဲ့ ဓမ္မတေးသီချင်းလေးကို တိတ်တဆိတ်မဆိုဘဲ မနေနိုင်ခဲ့ဘူး။ “ဘုရားရှင်၏အစီအစဉ် ဘုန်းတန်ခိုးအောက်တွင် ကျွန်ုပ်သည် ခက်ခဲမှုနှင့် တွေ့ကြုံကာစုံစမ်းခြင်းခံရ ကျွန်ုပ် ဘယ်လို အားငယ်စရာအကြောင်းရှိမလဲ။ ဘုရား၏ ဘုန်းတော်သာ သည်သာ ပထမ။ ခက်ခဲမှုကြား နှုတ်ကပတ်တော်သည် ကျွန်ုပ်ကိုလမ်းပြ ကျွန်ုပ်၏ ယုံကြည် ခြင်းကို ပြည့်စုံစေ ဘုရား၌ကျွန်ုပ် လုံးလုံးဆက်ကပ်၍ သေခြင်း ကို မမှု အားလုံးအထက်တွင် ဘုရား၏အလိုတော် ရှိသည် ကျွန်ုပ်ရှေ့ရေးအတွက်မမှု၊ အရှုံးမမြတ်ကိုမကြည့် ဘုရားကျေနပ် ဖို့သာ ကျွန်ုပ်တောင်းလျှောက်။ ဘုရားအတွက် ပြတ်သားစွာ သက်သေခံကာ စာတန်ကို အရှက်ရစေ ထိုမှသာ ဘုရားဘုန်းထင်ရှားလိမ့်မည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဒါကို ဆိုရတာ တအားစိတ်လှုပ်ရှားပြီး ကျွန်မအတွက် ခွန်အားတွေရတယ်။ ကျွန်မဆုံးဖြတ်လိုက်တယ်။ ကျွန်မကို ဘယ်လောက်ပဲနှိပ်စက်နှိပ်စက် ဘုရားသခင်အတွက် သက်သေခံမယ်လို့။

နောက်တစ်နေ့မနက်ကျတော့ အရာရှိတစ်ယောက်က ခြိမ်းခြောက်သလိုပြောတယ်။ “မနေ့ညက မင်းအေးခဲပြီးသေမသွားတာ အတော်လေးကံကောင်းတယ်။ ဒီနေ့ မင်းမပြောရင်တော့ မင်းရဲ့ဘုရားသခင်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။” တဲ့။ အဲဒီမှာ ကျွန်မတွေးမိတယ်။ “ဘုရားသခင်က အရာအားလုံးကို ဖန်တီး အုပ်ချုပ်တယ်။ ကျွန်မတို့ရဲ့ကံကြမ္မာက သူ့လက်ထဲမှာ။ ကျွန်မရဲ့အသက်တာပေါ်မှာ ရှင်ဘာမှပြောစရာမလိုဘူး။ ဒါက ဘုရားသခင်အပေါ်ပဲ မူတည်တယ်။” ပေါ့။ အရာရှိတစ်ယောက်က ကျွန်မကို လျှပ်စစ်နံပါတ်တုတ်နဲ့ နောက်တစ်ကြိမ်ထပ်တို့တယ်။ ပြင်းထန်တဲ့ လျှပ်စီးကြောင်းက ကျွန်မကိုယ်ထဲ ဖြတ်သွားတယ်။ မယုံနိုင်လောက်အောင် နာကျင်လို့ ကျွန်မဘယ်ညာလူးလိမ့်ပြီး အော်ညည်းနေမိတယ်။ သူတို့ကတော့ ဟားတိုက်ရယ်ပြီး ဘုရားသခင်ကို စော်ကားတဲ့စကားတွေလည်း အများကြီးပြောကြတယ်။ ကျွန်မ ဒေါသထွက်လာတယ်။ သူတို့က တကယ်ကို စာတန်ရဲ့ ဘုရားသခင်ဆန့်ကျင်ရေးသူရူးတစ်စုပဲ။ ကျွန်မကို လျှပ်စစ်တို့တဲ့နည်းနဲ့ သူတို့ဆက်လုပ်ကြတယ်။ ကျွန်မဆက်ပြီးတောင့်မခံနိုင်တော့သလို ခံစားလာရပြီး တော်တော်အားလျော့လာတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ကာကွယ်မှုကိုရဖို့ ကျွန်မ တတ်နိုင်သလောက်အားတင်းပြီး ဆုတောင်းမိတယ်။ အဲဒီမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်မစဉ်းစားမိတယ်- “ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။ အချိန်၊ သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပေ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ တည်ရှိခြင်း အရင်းအမြစ်ဖြစ်ပြီး၊ ၎င်းတို့တည်ရှိခြင်း၏ ရေသောက်မြစ် ဖြစ်သည့်အတွက်၊ အရာခပ်သိမ်း မတည်သော်လည်း၊ ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို ခွန်အားတွေ တဖွားဖွားပေါ်စေတယ်။ သခင်ယေရှု ဟာ စကားတစ်လုံးတည်းနဲ့ လာဇရုကို ရှင်သန်ထမြောက်စေခဲ့တယ်။ အဲဒီနောက်မှာ လာဇရုဟာ သူ့ရဲ့အုတ်ဂူကနေ လမ်းလျှောက်ပြီး ထွက်လာခဲ့တယ်။ တကယ်လို့ ဘုရားသခင်ကသာ ကျွန်မကို ဒီနေ့ မသေစေချင်ဘူးဆိုရင် စာတန်က ဘယ်လောက်ပဲဆိုးရွားဆိုးရွား ကျွန်မကို ထိပါးဖို့ မတတ်နိုင်ဘူး။ တကယ်လို့ သေခဲ့မယ်ဆိုရင်တောင်မှ ဘုရားသခင်ရဲ့ဂုဏ်တော်ကြီးမြတ်စေမယ့် ဘယ်အရာကိုမဆို ကျွန်မလုပ်ချင်တဲ့ ဆန္ဒရှိတယ်။ ကျွန်မရဲ့အသက်တာနဲ့ သေခြင်းတရားပေါ်မှာ ကျွန်မဘာအတွေးမှ မရှိတော့တာနဲ့ အံ့သြစရာဖြစ်ရပ်တစ်ခု ဖြစ်လာတယ်။ သူတို့ ကျွန်မကို လျှပ်စစ်ဓာတ်နဲ့ ဘယ်လောက်လုပ်လုပ် ကျွန်မ နာကျင်မှု၊ မသက်မသာဖြစ်မှုတွေ လုံးဝမခံစားရတော့ဘူး။ ကျွန်မ တကယ်ကို နိုးနိုးကြားကြားလည်းဖြစ်နေတယ်။ ဒါဟာ ဘုရားသခင်ရဲ့စောင့်ရှောက်မှုနဲ့ ကာကွယ်မှုမှန်း ကျွန်မကောင်းကောင်းသိတယ်။ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ သြဇာကို ကျွန်မကိုယ်တွေ့ကြုံရပြီး ကျွန်မရဲ့ယုံကြည်မှုတွေ တိုးပွားလာတယ်။

အဲဒီညမှာ ရဲတွေက ကျွန်မကို နှိပ်စက်ညှင်းပန်းဖို့ နည်းသစ်တစ်ခု တွေ့သွားတယ်။ သူတို့က ပြတင်းပေါက်ရှေ့မှာ ကျွန်မကို လက်ထိတ်ခတ်ထားပြီး ကျွန်မအိပ်မပျော်သွားအောင် အလှည့်ကျစောင့်ကြတယ်။ ကျွန်မမျက်လုံးတစ်ချက်မှိတ်သွားတာနဲ့ ကျွန်မကို ရိုက်ကြတယ်။ ကျွန်မ နှစ်ရက်ကြာတဲ့အထိ ဘာမှမစားခဲ့၊ မသောက်ခဲ့ရဘူး။ ကျွန်မခွန်အားတွေ လုံးလုံးကုန်ခမ်းသွားပြီး ကျွန်မမျက်လုံးတွေ ရောင်ရမ်းလာတယ်။ ရေခဲလို အေးစက်စူးရှတဲ့ လေတွေတိုက်လို့ ကျွန်မ တုန်ယင်နေတယ်။ ရဲတွေက သားမွေးကုတ်တွေဝတ်ပြီး ခြေချိတ်ထိုင်ရင်း ကျွန်မကို အကြင်နာကင်းကင်း ကြည့်နေကြတယ်။ မရဏနိုင်ငံ က မိစ္ဆာတွေကို မြင်နေရသလို ကျွန်မခံစားရလို့ တအားဒေါသထွက်တယ်။ ဘုရားသခင်က လူတွေကို ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် သူ့ကို ကိုးကွယ်ဆည်းကပ်တာက မှန်ကန်ပြီး သဘာဝကျတယ်။ ဒါပေမဲ့ တရုတ်ကွန်မြူနစ်ပါတီက ဒါကို ခွင့်မပြုဘူး။ သူတို့က ဘုရားသခင်ကို အထိတ်တလန့် ဆန့်ကျင်တယ်။ ပြီးတော့ ယုံကြည်သူတွေကို မကောင်းတဲ့နည်းလမ်းတွေနဲ့ ရက်ရက်စက်စက် နှိပ်ကွပ်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ခုကို ကျွန်မသတိရမိတယ်- “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။...ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက စီစီပီရဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့ မကောင်းဆိုးရွားစိတ်ကို ကျွန်မပိုပြီး ရှင်းရှင်းလင်းလင်းနားလည်အောင် လုပ်ပေးတယ်။ ဒါကို ကျွန်မ စွန့်ပစ်မယ်လို့ ဘဝနဲ့ရင်းပြီး ကျိန်ဆိုခဲ့တယ်။ စိတ်ထဲမှာတော့ “မကောင်းဆိုးရွားတွေ၊ ငါက ဘုရားသခင်ကို သစ္စာဖောက်လိမ့်မယ်လို့ မင်းတို့ တွေးရဲသလား” လို့ အော်ဟစ်မိတယ်။ ငါးရက်မြောက်ညမှာ ကျွန်မလက်တွေ သွေးခဲပြီး ထုံကျဉ် ရောင်ရမ်းလာတယ်။ ကျွန်မတစ်ကိုယ်လုံး တစ်စစီပြုတ်ထွက်နေသလိုမျိုးပဲ။ အဲဒီခံစားမှုကကျွန်မကိုယ်တွင်းမှာ မရေမတွက်နိုင်တဲ့ ပိုးကောင်တွေ ကိုက်ဖြတ်စားနေသလိုမျိုးပဲ။ နာကျင်မှုက ပြောပြလို့ မရနိုင်ဘူး။ အစာငတ်၊ ရေငတ်နဲ့ ရက်တွေကြာလာတော့ ကျွန်မ ဆာလောင်ပြီး ရေဓာတ်ခန်းခြောက်လာတယ်။ အအေးဒဏ်ကြောင့် တုန်ယင်နေပြီး ခွန်အားလုံး၀ မရှိတော့ဘူး။ ကြာရှည်မခံနိုင်တော့ဘူးလို့ ကျွန်မခံစားလာရတယ်။ ဒီအတိုင်းဆက်သွားရင် ကျွန်မ အစာငတ်၊ ရေငတ်နဲ့ သေသွားလိမ့်မယ်လို့ ကျွန်မတွေးမိတယ်။ ဘုရားသခင်ကို ကျွန်မ မနားတမ်း ဆုတောင်းတယ်။ စာတန်ရဲ့ ရက်စက်တဲ့ညှင်းပန်းမှုကို ကျော်လွှားနိုင်မယ့်ခွန်အား ကျွန်မကို ပေးဖို့ ဘုရားဆီမှာ ဆုတောင်းတယ်။ အဲဒီအချိန်မှာပဲ ဘုရားသခင်က သူ့ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို ဉာဏ်အလင်းပြတယ်။ “လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ကောင်းကင်၏ တည်ရှိခြင်းသည် ဘုရားသခင်ကြောင့်ဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ စွမ်းအားရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိသကဲ့သို့၊ အားမာန်ရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာ အာဏာပိုင်နက်မှ မလွတ်မြောက်နိုင်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”) “ဒါအမှန်ပဲ” လို့ ကျွန်မတွေးမိတယ်။ “ကျွန်မရဲ့အသက်က ဘုရားသခင်ဆီက လာတာ။ ဘုရားသခင်ကသာ အဲဒီအသက်ကို ပြန်နုတ်ယူနိုင်တယ်။ စာတန်ရဲ့ ဘယ်ညှင်းပန်းမှုကမှ ကျွန်မကို မသတ်နိုင်ဘူး။” ဒါတွေ ဖြစ်လာချိန်မှာ ကျွန်မမှာ ရှိတဲ့ ဘုရားသခင်အပေါ် သိကျွမ်းမှု နဲ့ ယုံကြည်မှု ဘယ်လောက်နည်းလဲဆိုတာကို တွေးပြီး ရှက်မိတယ်။ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်။” (ရှင်မဿဲခရစ်ဝင် ၄:၄) ဆိုတဲ့အတိုင်း ကြမ်းတမ်းတဲ့ဝန်းကျင်ကနေ ဘုရားသခင်က ကျွန်မကို သင်ယူစေချင်တယ်ဆိုတာကိုလည်း ကျွန်မ သိခဲ့ရတယ်။ ကျွန်မ တိတ်တိတ်ဆိတ်ဆိတ် ဆုတောင်းမိတယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်...ကျွန်မရဲ့အသက်တာဟာ ဘုရားသခင်ရဲ့လက်ထဲမှာဖြစ်တယ်၊ ကျွန်မ သေသေရှင်ရှင် ကိုယ်တော်ရဲ့ ညွှန်ကြားမှု၊ စီမံမှုကို နာခံလိုပါတယ်။” ဆုတောင်းပြီးနောက်မှာ ကျွန်မ ခွန်အား တချို့ ပြန်ရလာတယ်။ ဆာလောင်တာ၊ ရေငတ်တာတွေ မခံစားရတော့ဘူး။ အဲဒီနေ့ညနေ ရှစ်နာရီမှာ ရဲတွေ ပြန်လာကြတယ်။ ကျွန်မ ဖွင့်မပြောသေးတာတွေ့တော့ သူတို့တွေ ခြေကုန်လက်ပန်းကျတဲ့အထိ ကျွန်မကို ရိုက်နှက်ကြတယ်။ အဲဒီနောက်မှာတော့ သူတို့ ကျွန်မကို အနီးကပ်စောင့်ကြည့်ပြီး အလှည့်ကျရှိနေကြလို့ သူတို့မျက်စိအောက်ကနေ ကျွန်မ မလွတ်ခဲ့ဘူး။ ကျွန်မမျက်ခွံတွေ ပိတ်ကျတာနဲ့ မဂ္ဂဇင်းအလိပ်တစ်ခုနဲ့ ရိုက်ပြီး နိုးအောင်လုပ်ကြတယ်။ ကျွန်မရဲ့စိတ်ဓာတ်ကို သူတို့ဖြိုခွဲဖို့ ကြိုးစားနေတာမှန်း ကျွန်မသိတယ်။ ခေါင်းတွေ မူးဝေနေချိန်မှာ အသင်းတော်အကြောင်း ကျွန်မတစ်ခုခုပြောမိမလား ဆိုပြီးတော့ပေါ့။ ရုပ်ပိုင်းဆိုင်ရာအရ ကျွန်မချုံးချုံးကျနေပြီး အသိဉာဏ်တွေလည်း ေ၀ဝါးနေပြီ။ ကျွန်မဘယ်လောက်တောင့်ခံနိုင်မလဲ ကျွန်မမသိတော့ဘူး။ နာကျင်မှုကို မခံနိုင်တော့လို့ မရည်ရွယ်ဘဲ ဘုရားသခင်ကို သစ္စာဖောက်မိသွားမှာကို ကျွန်မ တအားကြောက်ရွံ့နေပြီ။ ဘုရားသခင်ကို ကျွန်မ တိုးတိုးတိတ်တိတ် ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်မများများတောင့်ခံနိုင်မယ် မထင်တော့ပါဘူး။ ကိုယ်တော့်ကို သစ္စာဖောက်မိမှာ ကျွန်မစိုးရွံ့ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကာကွယ်ပေးပါ။ သစ္စာဖောက်ဖြစ်ရမှာထက်စာရင် သေပဲသေလိုက်ချင်တယ်” ကျွန်မရဲ့စိတ်တွေ ဝေဝါးလာတယ်။ ကျွန်မ အသက်ရှင်နေတာလား၊ သေဆုံးသွားတာလား ဆိုတာတောင် မသိတော့ပါဘူး။ အသိစိတ်တွေ ဝေဝါးလာပြီး ကျွန်မခန္ဒာကိုယ်က ပေါ့ပါးလာသလို လက်ထိတ်တွေ ချောင်လာတယ်လို့ ခံစားရတယ်။ ခြောက်ရက်မြောက်နေ့ မနက်စောစောမှာတော့ ရဲတွေက ကျွန်မကို လှုပ်နှိုးပြီး ဟိန်းဟောက်တယ်။ “မင်း ငါတို့ကို တကယ် အနှောင့်အယှက်ပေးတယ်။ မင်းကို ဒီမှာ စောင့်ကြပ်နေရတာ ကောင်းကောင်းတောင် မအိပ်ရဘူး။ ဒီနေ့ မင်းဖွင့်မပြောရင်တော့ နောက်ဘယ်တော့မှ မပြောနိုင်တော့အောင် မင်းကို လုပ်ပစ်မယ်။ မင်းအသိဉာဏ်ပျောက်သွားအောင် လုပ်ပစ်မယ်။ မင်းရဲ့ဘုရားသခင်ကို ယုံကြည်မှုကြောင့် မင်းရူးသွားပြီလို့ လူတိုင်းကိုပြောမယ်။ ဒါဆို သူတို့ ယုံကြည်မှာမဟုတ်တော့ဘူး။” တဲ့။ ဒီလိုမကောင်းဆိုးရွားကောင်ဆီကနေ အဲဒီအလိမ်အညာတွေကြားတော့ ကျွန်မ တအားဒေါသထွက်တယ်။ အမည်းရောင်အရည်တွေဖြည့်ထားတဲ့ ဇလုံတစ်လုံးကို သူတို့ ချက်ချင်းယူလာတယ်။ ကျွန်မ တအားထိတ်လန့်သွားတယ်။ သူတို့ ကျွန်မကို ရူးသွပ်အောင်လုပ်မယ့်ဆေးတွေ တိုက်ချင်နေတာ။ ကျွန်မ ဘုရားသခင်ကို ကသုတ်ကရက်တိုင်တည်မိတယ်။ သူ့ရဲ့ကာကွယ်မှုကို တောင်းဆိုမိတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့ဒီနှုတ်ကပတ်တော်တွေကို ကျွန်မတွေးမိတယ်- “သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။...သူ၏အကြည့်အောက်တွင် အရာခပ်သိမ်းတည်ရှိပြီး၊ ထို့အပြင် အရာခပ်သိမ်းသည် သူ၏ အချုပ်အခြာအာဏာ အောက်တွင် အသက်ရှင်လေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်”) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို နောက်တစ်ကြိမ် ခွန်အားနဲ့ ယုံကြည်မှုတွေ ပြည့်စေတယ်။ ဘုရားသခင်က အရာအားလုံးကို အုပ်ချုပ်တယ်။ စကြဝဠာမှာရှိတဲ့ အရာရာတိုင်းက သူ့လက်ထဲမှာပါ။ စာတန်က ကျွန်မတို့ရဲ့ အသွေးအသားကိုပဲ ရန်ပြုနိုင်တာ။ ကျွန်မတို့ရဲ့ ဘဝတွေကို ဘယ်တော့မှ မလွှမ်းမိုးနိုင်ဘူး။ ယောဘကို စမ်းသပ်တုန်းက စာတန်က သူ့ခန္ဒာကိုယ်ကိုပဲ ထိပါးနိုင်တယ်။ ဘုရားသခင်က ယောဘရဲ့အသက်ကို လုံး၀ အန္တရာယ်ပြုခွင့် မပေးဘူး။ စာတန်က ကျွန်မရူးနှမ်းသွားအောင် ဒီဆေးကို သောက်စေချင်တာ၊ ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်စေချင်တာ၊ ဘုရားသခင်ကို အရှက်ရစေချင်တာ။ ဒါပေမဲ့ဘုရားသခင်ရဲ့ခွင့်ပြုချက်မပါဘဲ ဒါတွေက မဖြစ်နိုင်ဘူး။ ဒီအတွေးက ကျွန်မကို တည်ငြိမ်စေတယ်။ သူရူးတစ်ယောက်လိုဖြစ်နေတဲ့ အရာရှိတစ်ယောက်က ကျွန်မမေးစေ့ကို ဆွဲကိုင်ပြီး အဲဒီခါးသက်သက် ချဉ်တင်တင်ဆေးရည်တွေကို ကျွန်မပါးစပ်ထဲ တစ်ဇလုံလုံး လောင်းထည့်လိုက်တယ်။ အဲဒီဆေးက ချက်ချင်းအစွမ်းပြတယ်။ ကျွန်မရဲ့ကိုယ်တွင်းအင်္ဂါတွေကို ဆုပ်ညှစ်ဆွဲဖြဲနေသလို ခံစားရတယ်။ ကျွန်မ တအားကို နာကျင်တယ်။ ကျွန်မရဲ့အသက်ရှူရခက်လာပြီး မနည်းအသက်ရှူနေရတယ်။ မျက်လုံးတွေ မလှုပ်ရှားနိုင်တော့ဘူး။ ပုံရိပ်တွေနှစ်ထပ် ဖြစ်လာတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုကျွန်မမေ့မျောသွားတယ်။ ကျွန်မဘယ်လောက်ကြာကြာ မေ့မျောသွားတယ် မသိဘူး။ တစ်ယောက်ယောက်ပြောလိုက်တာတော့ သဲ့သဲ့ကြားရတယ်။ “သူတော့ ဒီဟာသောက်ပြီးတာနဲ့ လုံး၀ အသိစိတ်လွတ်သွားမှာ။” တဲ့။ ဒါကို ကျွန်မ ကျော်ဖြတ်နိုင်ပြီဆိုတာ သိလိုက်တယ်။ ကျွန်မ ရူးမသွားဘူး၊ ခေါင်းလည်း ကြည်ကြည်လင်လင်ရှိတုန်းပဲ ဆိုတော့ ဒါကျွန်မအတွက် ပျော်စရာ အံအားသင့်စရာပဲ။ ဘုရားသခင်ရဲ့အနန္တတန်ခိုးနဲ့ အံ့သြဖွယ်ရာတွေက တကယ်အမှန်ပဲ။ ဘုရားသခင်က အန္တရာယ်ကနေ ကျွန်မကို နောက်တစ်ကြိမ်ကယ်တင်လိုက်ပြန်ပြီ ဘုရားသခင်ရဲ့ ယုံကြည်မှုကို ကျွန်မ တကယ်ခံစားရတယ်။ ဘုရားသခင်က ကျွန်မအတွက် အမြဲရှိတယ်။ ဒီမိစ္ဆာတွေရဲ့ ငရဲတွင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို လမ်းပြပြီး သေခြင်းတရားကနေ တစ်ကြိမ်ပြီးတစ်ကြိမ် ကယ်တင်တယ်။ ကျွန်မ ဘုရားသခင်ကို ချီးမွမ်းတဲ့ ဓမ္မတေးလေး တိတ်တဆိတ်ဆိုမိတယ်။ ဘုရားသခင်အတွက် သက်သေခံဖို့ ပိုပြီး ဆုံးဖြတ်မိတယ်။

ရဲတွေက ကျွန်မကို ခြောက်ရက်ခြောက်ည နှိပ်စက်ညှင်းပန်းကြတယ်။ အစာမရှိ၊ ရေမရှိနဲ့ ကျွန်မပြိုလဲလုနီးနီးဖြစ်ခဲ့တယ်။ ကျွန်မ သေမင်းတံခါးဝနား ရောက်နေတာကို တွေ့တော့ အချုပ်ခန်းထဲမှာ ကျွန်မကို ပြန်ချုပ်ထားကြတယ်။ သုံးလေးရက်ကြာတော့ ကျွန်မဆီကနေ အသင်းတော်ရဲ့အချက်အလက်တွေရဖို့ ထပ်ကြိုးစားကြတယ်။ ဒါပေမဲ့ ကျွန်မ ငြင်းဆန်တယ်။ရဲတစ်ယောက်က ဒေါသတကြီး အော်ဟစ်တယ်။ “မင်းက တကယ့်အရှုပ်ထုတ်ပဲ။ ခြောက်ရက်မှာ ငါ တစ်မှေးတောင် မအိပ်ခဲ့ရဘူး။ ဒါပေမဲ့ မင်းကတော့ ဘာမှ ဖွင့်မပြောဘူး။” တဲ့။ သူတို့က ကျွန်မကို အချုပ်ခန်းထဲ ပြန်ပို့လိုက်တယ်။ စာတန်က တကယ်ရှုံးနိမ့်သွားတာကိုမြင်ရတော့ ကျွန်မ တော်တော်ပျော်သွားတယ်။ ကျွန်မ ဘုရားသခင်ကို ထပ်တလဲလဲ ကျေးဇူးတင်ချီးမွမ်းမိတယ်။ လေးလကြာ ထိန်းသိမ်းခံရပြီးတဲ့နောက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီအစိုးရက “ဥပဒေ တည်တံ့ခိုင်မြဲရေးကို နှောင့်ယှက်ရန် ရှီးကျောက်အဖွဲ့အစည်းအား အသုံးချမှု” နဲ့ ကျွန်မကို စွဲချက်တင်တယ်။ ပြီးတော့ ၁၈ လ ထောင်ဒဏ်ချမှတ်လိုက်တယ်။

၂၀၀၆ ခုနှစ်၊ မတ်လမှာ ကျွန်မကို ထောင်ဒဏ်ကျခံဖို့ အမျိုးသမီးအကျဉ်းထောင်ကို ပို့လိုက်တယ်။ အဲဒါက ကျွန်မအတွက် ကမ္ဘာပေါ်က ငရဲခန်းပဲ။ လူမဆန်တဲ့ ညှင်းပန်းမှုတွေ ခံရတယ်။ အဲဒီခက်ခဲတဲ့နေ့ရက်တွေကို ထောင်ထဲမှာ ကျွန်မဖြတ်သန်းပြီး အဲဒီငရဲခန်းကနေ ဘုရားသခင်ရဲ့ ကာကွယ်မှုနဲ့ စောင့်ရှောက်မှု၊ သူ့နှုတ်ကပတ်တော်တွေရဲ့ လမ်းညွှန်မှုနဲ့သာ ကျွန်မထွက်နိုင်ခဲ့တယ်။ စီစီပီရဲ့ ရက်ရက်စက်စက်ဖိနှိပ်မှုကို ကျွန်မခံရပြီးတော့ ဘုရားသခင်ကို အထိတ်တလန့် ဆန့်ကျင်တဲ့ သူတို့ရဲ့ နတ်ဆိုးပူးကပ်နေတဲ့ အတွင်းစိတ်ကို ကျွန်မတကယ်မြင်ခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အစွမ်းနဲ့ သြဇာအာဏာကိုလည်း ကျွန်မခံစားရတယ်။ နာကျင်မှုနဲ့ အားနည်းမှုတွေ ကျွန်မကြုံချိန်မှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်မကို ခွန်အားနဲ့ ယုံကြည်မှု ပေးခဲ့တယ်။ အဲဒီမိစ္ဆာတွေရဲ့အန္တွရာယ်ကို အနိုင်ယူပြီး သက်သေခံဖို့ လမ်းညွှန်ခဲ့တယ်။ ဘုရားသခင်ဟာ ကျွန်မတို့အသက်တာအတွက် အထောက်အပံ့ဆိုတာကို ကျွန်မ ကိုယ်တိုင် တွေ့ကြုံခဲ့ရတယ်။ သူက ကျွန်မတို့ကို ကူညီဖို့ အမြဲရှိနေတယ်။ ကျွန်မရဲ့ ဘုရားသခင်ကို ဆည်းကပ်တဲ့ ယုံကြည်မှုက ပိုအားကောင်းလာတယ်။

အောက်ခြေမှတ်စု(များ)-

၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၂။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နာကျင်ခံစားခြင်းများနှင့် စမ်းသပ်မှုများ— မျက်နှာသာပေးခံရခြင်း၏ကောင်းချီးမင်္ဂလာများ

ဝမ်ဂန်၊ ရှန်တုံစီရင်စု ကျွန်တော်သည် တောရွာတွင်နေထိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏မိသားစုသည် ဆင်းရဲသည်။ ကျွန်တော်သည် ရှာလို့ရသမျှ...

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မရှိပါ

ဂျောက်ကျင်း၊ ရှန်ဒေါင်းစီရင်စု ဤဘဝ၏ ဒုက္ခများကို ကျွန်မ အပြည့်ဝဆုံး ခံစားခဲ့ရသည်။ ကျွန်မ ခင်ပွန်း မကွယ်လွန်မီ နှစ်ပေါင်းများစွာအထိ ကျွန်မ...

ဘုရားသခင်၏ နှုတ်ကပတ်တော်များက သက်သေခံဖို့ ကျွန်မကို ဦးဆောင်ခဲ့သည်

ရှောင်မင်း၊ ရှန်ဒေါင်းစီရင်စု ကျွန်မသည် ဆင်းရဲပြီး၊ မတိုးတက်သောကျေးလက်ဒေသတစ်ခုတွင် မွေးဖွား ခဲ့ပြီး၊ ကလေးတစ်ယောက်အနေဖြင့် ခက်ခဲဆင်းရဲသော...