အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဆယ့်ငါးခုမြောက် မိန့်မြွက်ချက်

လူသည် မိမိကိုယ်ကို သိကျွမ်းခြင်းမရှိသော ဖန်ဆင်းခံသတ္တဝါတစ်ဦးပင် ဖြစ်သည်။ မိမိကိုယ်ကို မသိကျွမ်းလင့်ကစား သူသည် အခြားလူတိုင်းအား ကောင်းစွာ သိကျွမ်းလေသည်မှာ အခြားသူများ အားလုံးသည် ၎င်းတို့ မည်သည့်အရာကိုမျှ ပြောဆိုခြင်း သို့မဟုတ် လုပ်ကိုင်ခြင်း မပြုမီတွင် သူ၏စစ်ဆေးခြင်းအား ဦးစွာ အောင်မြင်ကာ သူ၏အတည်ပြုချက်ကို ရရှိသည့်အလားနှင့် ယင်းကြောင့် သူသည် အခြားသူများအားလုံးကို ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေထိတိုင်အောင် အပြည့်အဝ တိုင်းတာပြီး ဖြစ်သည့်အလားပင် ဖြစ်သည်။ လူသားများအားလုံးသည် ဤနည်းတူပင် ဖြစ်ကြသည်။ လူသားသည် ယနေ့တွင် နိုင်ငံတော်ခေတ်ကို ဝင်ရောက်ခဲ့ပြီး ဖြစ်သည်၊ သို့သော် သူ၏သဘောသဘာဝမှာမူ မပြောင်းလဲဘဲ ရှိရစ်သည်။ ငါ၏ရှေ့မှောက်တွင် သူသည် ငါလုပ်သည့်အတိုင်း လုပ်ဆောင်သော်ငြားလည်း၊ ငါ့နောက်ကွယ်တွင်မူ သူသည် သူ၏တစ်မူထူးသော ကိုယ်ပိုင် “လုပ်ငန်း”ကို စတင် လုပ်ကိုင်တော့သည်။ ယင်းအရာ ပြီးဆုံးသွားသည်နှင့် သူသည် ငါ၏ရှေ့မှောက်သို့ တစ်ဖန်ပြန်လာသည်၊ သို့သော် သူသည် အခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး၊ ရဲတင်းစွာ အေးအေးဆေးဆေးဟန်ဖြင့်၊ အသွင်အပြင်များ တည်ငြိမ်ကာ သွေးခုန်နှုန်းလည်း ပုံမှန်ဖြစ်နေသည်။ ဤသည်မှာ လူအား အလွန်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းအောင် ပြုလုပ်သောအရာ အတိအကျပင် မဟုတ်လော။ မည်မျှသော လူများသည် ငါ၏ရှေ့တွင် တစ်မျိုးနှင့် ငါ၏နောက်ကွယ်တွင် အခြားတစ်မျိုးဖြစ်သည့် လုံးလုံးကွဲပြားခြားနားသော မျက်နှာနှစ်မျိုးကို ဝတ်ဆင်ကြသနည်း။ ထိုသူတို့အထဲမှ မည်မျှသည် ငါ၏ရှေ့တွင် မွေးကင်းစ သိုးသငယ်များကဲ့သို့ ဖြစ်သော်လည်း ငါ၏နောက်ကွယ်တွင်မူ ကြမ်းတမ်းသော ကျားများအဖြစ်သို့ ပြောင်းလဲသွားကာ ထို့နောက်တွင်မူ တောင်ကုန်းများ တစ်ဝိုက်တွင် ပျော်ရွှင်မြူးထူးစွာ လူးလာပျံသန်းနေသော ငှက်ငယ်များကဲ့သို့ ဖြစ်လာကြသနည်း။ မည်မျှတို့သည် ငါ၏ရှေ့တွင် စိတ်ပိုင်းဖြတ်ချက်နှင့် ရည်ရွယ်ချက်တို့ကို ပြကြသနည်း။ မည်မျှတို့သည် ငါ၏ရှေ့မှောက်သို့လာကာ ငါ၏နှုတ်ကပတ်တော်များကို ဆာငတ်တောင့်တခြင်းနှင့် ဖွေရှာကြသော်လည်း ငါ၏နောက်ကွယ်တွင်မူ ငါ၏နှုတ်ကပတ်တော်များကို ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ခဲ့သည့်အလား ငြီးငွေ့ကာ စွန့်ပယ်ကြသနည်း။ ကြိမ်ဖန်များစွာပင် ငါ့ရန်သူ၏ ဖျက်ဆီးခြင်းကို ခံနေရသော လူသားမျိုးနွယ်ကို တွေ့မြင်ရသဖြင့် လူသားမျိုးနွယ်အပေါ် ငါ၏မျှော်လင့်ချက်များ ထားခြင်းကို ငါလက်လျှော့ခဲ့ပြီ။ လူသည် ခွင့်လွှတ်ခြင်းကို တောင်းခံခြင်းငှာ မျက်ရည်လည်ရွဲနှင့် ငါ၏ရှေ့မှောက်သို့ လာသည်ကို တွေ့မြင်သော်ငြားလည်း သူ၏ မိမိကိုယ်ကို လေးစားခြင်း ကင်းမဲ့မှုနှင့် သူ၏ တစ်ယူသန်သည့် ပဲ့ပြင်ဆုံးမရခက်ခြင်းတို့ကြောင့် သူ၏နှလုံးသားသည် စစ်မှန်ပြီး သူ၏ရည်ရွယ်ချက်များမှာလည်း စိတ်ရင်းအမှန် ဖြစ်သောအခါတွင်ပင် ကြိမ်ဖန်များစွာ ငါသည် အမျက်ထွက်၍ သူ၏လုပ်ရပ်ကို လျစ်လျူရှုခဲ့ပြီ။ လူသည် ငါနှင့် ပူးပေါင်း လုပ်ဆောင်ရန်အတွက် ယုံကြည်ခြင်းရှိနိုင်ကြောင်းနှင့်၊ ငါ၏ရှေ့မှောက်တွင် သူသည် အဘယ်သို့ ငါ၏ထွေးပွေ့မှုထဲ၌ လဲလျောင်းနေပုံအပြင် အဘယ်သို့ ငါ့ထွေးပွေ့မှု၏ နွေးထွေးမှုကို ခံစားနေပုံတို့ကို ကြိမ်ဖန်များစွာပင် ငါမြင်သည်။ ငါရွေးချယ်ထားသော လူများ၏ အပြစ်ကင်းခြင်း၊ ဖျတ်လတ်တက်ကြွခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ကို တွေ့မြင်ရသဖြင့် ကြိမ်ဖန်များစွာပင် ငါသည် ငါ၏နှလုံးသားထဲတွင် ဤအရာများကြောင့် အစဉ်အမြဲပင် အားရနှစ်သက်ခဲ့သည်။ လူသားများသည် ငါ၏လက်များ၌ရှိသော သူတို့၏ ရှေးမဆွက ခွဲခန့်မှတ်သားထားသည့် ကောင်းကြီးမင်္ဂလာကို မည်ကဲ့သို့ ပျော်မွေ့ခံစားရမည်ကို မသိချေ၊ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ကောင်းကြီးမင်္ဂလာ သို့မဟုတ် ဒုက္ခဝေဒနာ အသီးသီးသည် အခြေခံအားဖြင့် အဘယ်အရာကို ဆိုလိုကြောင်း မသိကြသောကြောင့် ဖြစ်သည်။ ဤအကြောင်းရင်းကြောင့် လူသားမျိုးနွယ်သည် ငါ့အား ရှာဖွေရာတွင် စိတ်ရင်းအမှန်နှင့် အလှမ်းဝေးလှသည်။ အကယ်၍သာ မနက်ဖြန်ဟူသည့် အရာသာ မရှိခဲ့ပါလျှင် ငါ၏ရှေ့မှောက်တွင် ရပ်နေသော သင်တို့အထဲမှ မည်သူသည် လေယူဆောင်သွားသော မိုးပွင့်ကဲ့သို့ ဖြူစင်ကာ သန့်စင်သော ကျောက်စိမ်းကဲ့သို့ စွန်းကွက်ခြင်း ကင်းလိမ့်မည်နည်း။ သင်တို့၏ ငါ့အား ချစ်ခြင်းသည် အရသာရှိသော ဟင်းလျာတစ်ခွက်၊ သို့မဟုတ် အထက်တန်းကျသော အင်္ကျီဝတ်စုံတစ်စုံ၊ သို့မဟုတ် ခံ့ညားဖွယ် လုပ်ခလစာများနှင့် ရာထူးကြီး စသည်တို့နှင့် အလဲအလှယ် ပြု၍ရသော အရာတစ်စုံတစ်ခု မဟုတ်သည်မှာ သေချာ၏ မဟုတ်လော။ သို့မဟုတ် ယင်းအရာကို အခြားသူများမှ သင့်အပေါ်ထားရှိသော ချစ်ခြင်းနှင့် အလဲအလှယ်ပြု၍ ရနိုင်သလော။ စမ်းသပ်စစ်ဆေးခြင်းကို ကြုံတွေ့ရခြင်းသည် ငါ့အတွက် ထားရှိသည့် သူ၏ချစ်ခြင်းကို စွန့်ပစ်ရန် လူအား ဖိအားပေးလိမ့်မည် မဟုတ်သည်မှာ သေချာ၏ မဟုတ်လော။ ဒုက္ခဝေဒနာနှင့် ကြီးစွာသော ဘေးဒုက္ခဆင်းရဲခြင်းသည် သူ့အား ငါစီစဉ်ထားသောအရာကို စောဒကတက်စေလိမ့်မည် မဟုတ်သည်မှာ သေချာ၏ မဟုတ်လော။ ငါ့နှုတ်ထဲရှိ ဓားရှည်ကို မည်သူမျှ စစ်မှန်စွာ သဘောပေါက်ခြင်း မရှိခဲ့စဖူး။ သူသည် ယင်းအရာ၏ အပေါ်ယံ အဓိပ္ပာယ်ကိုသာသိပြီး အတွင်းပိုင်းကိုမူ စစ်မှန်စွာ နားလည်သဘောပေါက်ခြင်း မရှိပေ။ အကယ်၍သာ လူသားများသည် ငါ့ဓားရှည်၏ အသွားထက်မှုကို စစ်မှန်စွာ မြင်တွေ့နိုင်မည် ဆိုပါက၊ သူတို့သည် ကြွက်များကဲ့သို့ပင် သူတို့၏ တွင်းများထဲသို့ သုတ်သုတ်ပြာပြာ ဝင်သွားကြမည်သာ ဖြစ်သည်။ သူတို့၏ ထုံထိုင်းမှုကြောင့် လူသားများသည် ငါ့နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ်ကို ဘာမျှ နားလည်ခြင်း မရှိကြ၊ ထို့ကြောင့် သူတို့သည် ငါ၏နှုတ်ကပတ်တော်များမှာ မည်မျှပင် ခံ့ညားကြောက်ရွံ့ဖွယ် ကောင်းကြောင်းကို လုံးဝမသိကြ၊ သို့မဟုတ် ထိုနှုတ်ပတ်တော်များအတွင်း သူတို့၏ သဘောသဘာဝကို မည်ရွေ့မည်မျှ ဖော်ထုတ်ခြင်း ခံရသည်နှင့် သူတို့၏ ယိုယွင်းပျက်စီးမှု မည်ရွေ့မည်မျှသည် တရားစီရင်ခြင်းခံယူပြီး ဖြစ်သည်ကို လုံးဝမသိကြချေ။ ဤအကြောင်းရင်းကြောင့် ငါ့နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ သူတို့၏ မနူးမနပ် စိတ်ကူးများကို အခြေပြုလျက် လူအများစုသည် မပူမအေးနှင့် မယုတ်မလွန်သည့် သဘောထားကို ခံယူကြလေသည်။

နိုင်ငံတော်ထဲတွင် ငါ၏နှုတ်မှ ဖွင့်ဆိုချက်များသာ မြွက်ဆိုသည် မဟုတ်၊ ငါ၏ခြေသည်လည်း မြေကြီးပေါ်တွင် နေရာအနှံ့ တခမ်းတနားနှင့် နင်းလျှောက်လေသည်။ ဤနည်းအားဖြင့် ငါသည် မသန့်ရှင်း၍ ညစ်ညမ်းသော နေရာများ အားလုံးကို အောင်နိုင်လေသည်၊ ထိုသို့အားဖြင့် ကောင်းကင်ဘုံသာ ပြောင်းလဲသည် မဟုတ်ဘဲ ကမ္ဘာမြေကြီးသည်လည်း ပြောင်းလဲမှု ဖြစ်စဉ်ထဲတွင် ရှိနေကာ ထို့နောက် များမကြာမီတွင် အသစ် ပြုပြင်ခံရရန် ဖြစ်သည်။ အာကာသထဲတွင် အရာခပ်သိမ်းသည် ငါ့ဘုန်း၏ တောက်ပမှုအောက်၌ အသစ် ဖြစ်လာကြပြီး ယခုတွင် လူသည် ကောင်းကင်ဘုံများထက် သာလွန်သော ကောင်းကင်ဘုံ၌ တည်ရှိနေသည့် အလား၊ လူသား၏ စိတ်ကူးထဲတွင် လက်ခံယုံကြည်ထားသည့် အတိုင်းနှင့် စာတန်၏ ကိုယ်ထိလက်ရောက် စော်ကားခြင်း မခံရဘဲ ပြင်ပရန်သူများ၏ တိုက်ခိုက်ခြင်းများနှင့် ကင်းစင်သည့် အတိုင်း၊ အသိစိတ်များကို ဖမ်းစားပြီး ဝိညာဉ်များကို မ,တင်ပေးသော နှလုံးနွေးထွေးဖွယ် အသွင်သဏ္ဌာန်ကို ဆောင်လေသည်။ အာကာသ၏ အထက်တွင် အသင်္ချေဖြစ်သော ကြယ်များသည် ငါ၏အမိန့်အောက်တွင် သူတို့၏ နှင်းအပ်ခံရသော နေရာများတွင်နေရာယူကြပြီး၊ မှောင်မိုက်ချိန်များတွင် နက္ခတ်တာရာ နယ်မြေများ တစ်လျှောက်တွင် ၎င်းတို့၏ အလင်းရောင်ကို ထွန်းတောက်လေသည်။ မည်သည့်သတ္တဝါတစ်ခုကမျှ ကလန်ကဆန်လုပ်ရန် အတွေးများဝင်ရန် မဝံ့ရဲကြ၊ ထို့ကြောင့် ငါ၏စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမိန့်များ၏ အဓိပ္ပါယ်နှင့် လျော်ညီစွာ စကြဝဠာ တစ်ခုလုံးသည် ကောင်းမွန်စွာ လည်ပတ်လျက်ရှိပြီး စုံလင်စွာ စီစဉ်တကျ ဖြစ်လျက်ရှိသည်။ နှောင့်ယှက်မှု လုံးဝ မပေါ်ပေါက်သကဲ့သို့၊ အာကာသ၏ စည်းလုံးမှုသည်လည်း ကျိုးပေါက်ခြင်း လုံးဝမရှိပေ။ ငါသည် ကြယ်များအထက်တွင် ခုန်ပျံကျော်လွှားမှုများကို လုပ်ဆောင်ပြီး၊ နေသည် ၎င်း၏ရောင်ခြည်တန်းများကို ပစ်လွှတ်လေသောအခါ ငါ၏လက်များထဲမှ ရွေ့မျောကျလာသော ငန်း၏ အမွေးအတောင်များတမျှပင် ကြီးမားသည့် ဆီးနှင်းပွင့်များ ထူထပ်စွာ ကျစေခြင်းဖြင့် ငါသည် နေရောင်ခြည်၏ အနွေးဓာတ်ကို ပျောက်ကွယ်စေသည်။ သို့သော် ငါစိတ်ပြောင်းသွားသည့် အခါတွင်မူ နှင်းအားလုံးသည် မြစ်တစ်စင်းထဲသို့ အရည်ပျော်သွားသည်။ တစ်ခဏအတွင်းမှာပင် မိုးကောင်းကင်အောက် နေရာအနှံ့အပြား၌ နွေဦးရာသီသည် ပေါ်ပေါက်လာပြီး မြစိမ်းရောင်သည် ကမ္ဘာမြေကြီးပေါ်ရှိ ရှုခင်းတစ်ခုလုံးကို အသွင်ပြောင်းလိုက်သည်။ ငါသည် မိုးမျက်နှာကြက် အထက်၌ လှည့်လည်သွားလာလျက် ရှိပြီး၊ ရုတ်ခြည်း ဆိုသကဲ့သို့ ကမ္ဘာမြေကြီးသည် ငါ၏ပုံသဏ္ဌာန်ကြောင့် ပိန်းပိတ်အောင် မည်းနက်သော အမှောင်ထုထဲတွင် ခြုံလွှမ်းသွားသည်။ ကြိုတင် သတိပေးချက် မရှိဘဲ “ည”သည် ရောက်ရှိလာခဲ့ပြီး လောကကြီးအနှံ့အပြားတွင် အလွန်အမင်း မည်းမှောင်လွန်းလှသဖြင့် လူသည် မိမိမျက်နှာရှေ့တွင် ရှိသော လက်ကိုပင် မမြင်နိုင်ချေ။ အလင်း၏ ချုပ်ငြိမ်းခြင်းနှင့်အတူ လူသားမျိုးနွယ်သည် အချင်းချင်း ဖျက်ဆီးသောင်းကျန်းခြင်း၊ တစ်ယောက်ထံမှ တစ်ယောက် အလစ်သုတ်ခြင်းနှင့် အဓမ္မလုယူခြင်းကို စတင်ကြရန် အခွင့်ကောင်းယူလေသည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများသည် ဖရိုဖရဲ မညီမညွှတ်ဖြစ်မှုထဲသို့ ကျဆင်းသွားကာ ၎င်းတို့သည် ရွေးနုတ်ခြင်းမခံ နိုင်တော့သည့် အတိုင်းအတာ ရောက်သည်အထိပင် နောက်ကျိသော ကသောင်းကနင်း အခြေအနေကို ဝင်ရောက်သွားသည်။ လူတို့သည် ပြင်းထန်သော ဒုက္ခဝေဒနာထဲတွင် ရုန်းကန်နေရပြီး၊ ဒုက္ခဝေဒနာခံစားရင်း ညည်းတွားမြည်တမ်းလျက် သူတို့၏ ဒုက္ခဝေဒနာထဲတွင် သနားစဖွယ် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြကာ အမှောင်ထု၏ နေ့ရက်များ အဆုံးသတ်သွားပြီး ယခင်တစ်ခါက တည်ရှိခဲ့ဖူးသော ရှင်သန်ခြင်း စွမ်းအင်အား နဂိုအတိုင်း ပြန်ဖြစ်စေခြင်းငှာ သူတို့၏ အလယ်သို့ အလင်းအား နောက်တစ်ဖန် ကြွဆင်းလာရန် တမ်းတနေကြသည်။ သို့သော် ငါသည် ငါ၏အင်္ကျီလက်စများကို ပုတ်ခါလျက် လူသားအား ငါစွန့်ပစ်ခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး၊ ကမ္ဘာမြေကြီး၏ မှားယွင်းမှုများအတွက် သူ့အား နောက်တစ်ဖန် သနားခြင်းမရှိ။ လောကကြီး တစ်ခုလုံးရှိ လူများကို ငါသည် ရွံ့ရှာမုန်းတီးလျက် ငြင်းပယ်ခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး၊ ကမ္ဘာမြေကြီးပေါ်ရှိ အခြေအနေများကို လျစ်လျူရှုလျက် လူသား၏ ခပ်သိမ်းသော လှုပ်ရှားမှု၊ သူ၏ခပ်သိမ်းသော ကိုယ်ဟန်အမူအရာထံမှ ငါ၏မျက်နှာအား လွှဲဖယ်ကာ သူ၏ကလေးဘဝနှင့် အပြစ်ကင်းခြင်း၌ အားရကျေနပ်မှု ရပ်စဲခဲ့သည်မှာလည်း ကြာလှပြီဖြစ်သည်။ လောကကြီးအား အသစ်ပြုပြင်ရန် အခြားသော အစီအစဉ်တစ်ခုကို ငါသည် စတင်ဆောင်ရွက်ခဲ့ပြီ၊ ထိုသို့အားဖြင့် ဤအသစ်သော လောကကြီးသည် အချိန်အခါသင့်စွာ ပြန်လည် မွေးဖွားလာမည်ဖြစ်ကာ ဆက်လက်၍ နစ်မြုပ်ခြင်း မရှိတော့။ လူသားမျိုးနွယ်၏ အလယ်တွင် မျက်စိနောက်ဖွယ် အခြေအနေများ မည်မျှသည် ၎င်းတို့ကို တည့်မတ်ပေးရန် ငါ့အား စောင့်စားနေကြသနည်း၊ အမှားများ မည်မျှသည် ထိုသို့ဖြစ်ပျက်ခြင်းမှ ကာကွယ်ရန်အတွက် ငါ့အား ကိုယ်တိုင်ကိုယ်ကျ ကြွဆင်းလာရန် စောင့်စားနေကြသနည်း၊ ဖုန်မှုန့်မည်မျှသည် လှဲကျင်းခံရရန် ငါ့အား စောင့်စားနေကြသနည်း၊ နက်နဲဆန်းကြယ်မှုများ မည်မျှသည် ဖွင့်ပြခံရရန် ငါ့အား စောင့်စားနေကြသနည်း။ လူသားမျိုးနွယ်အားလုံးသည် ငါ့အား စောင့်ဆိုင်းနေကြပြီး ငါ၏ကြွလာခြင်းကို တောင့်တနေကြသည်။

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် လူတို့၏ နှလုံးသားများထဲ၌ ရှိသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ငါသည် ဖန်ဆင်းခြင်းခပ်သိမ်း၏ အရှင်သခင် ဖြစ်သည်။ ငါသည် တောင်များကို တက်ခဲ့လျက် မြစ်များကို ဖြတ်ကူးခဲ့ပြီ၊ လူသားမျိုးနွယ်၏ အလယ်တွင်လည်း ဝင်ထွက် သွားလာခဲ့၏။ မည်သူသည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ဝံ့သနည်း။ မည်သူသည် အနန္တတန်ခိုးရှင်၏ အကြွင်းမဲ့ ပိုင်သအုပ်စိုးမှုမှ လွန်မြောက်ရန် ချိုးဖောက်ဝံ့သနည်း။ ငါသည် ကောင်းကင်ဘုံ၌ ရှိသည်ဟု မည်သူသည် သံသယ စိုးစဉ်းမျှ မရှိဘဲနှင့် အခိုင်အမာ ဆိုဝံ့သနည်း။ တစ်ဖန် ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိသည်ဟု မည်သူသည် မှားယွင်းနိုင်ခြင်း စိုးစဉ်းမျှ မရှိဘဲနှင့် အခိုင်အမာ ဆိုဝံ့သနည်း။ ငါကျိန်းဝပ်ရာ အရပ်များကို အသေးစိတ်ကျစွာ ပြောဆိုခြင်းငှာ တတ်စွမ်းနိုင်သူ လူသားမျိုးနွယ် အားလုံးထဲတွင် တစ်ယောက်မျှ မရှိ။ ယင်းအရာမှာ ငါသည် ကောင်းကင်ဘုံ၌ ရှိသောအခါ သဘာဝလွန် ဘုရားသခင် ကိုယ်တိုင် ဖြစ်နေ၍များလော။ ယင်းအရာမှာ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိသောအခါ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင် ဖြစ်နေ၍များလော။ ငါသည် ဖန်ဆင်းခြင်းအားလုံး၏ အုပ်စိုးရှင် ဖြစ်သည်၊ သို့မဟုတ် လူ့လောကကြီး၏ ဒုက္ခဝေဒနာများကို ငါသည် တွေ့ကြုံခံစားသည် ဆိုသည့် ဤအရာများမှာ ငါသည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင် ဖြစ်၊ မဖြစ်ကို မသတ်မှတ်နိုင်သည်မှာ သေချာ၏ မဟုတ်လော။ အကယ်၍ လူသည် ဤသို့တွေးထင်ပါက[က] သူသည် မျှော်လင့်စရာ အကြောင်း လုံးဝ မရှိတော့သည်အထိ မိုက်မဲသည် မဟုတ်လော။ ငါသည် ကောင်းကင်ဘုံ၌ ရှိသည်။ ငါသည် ကမ္ဘာမြေကြီးပေါ်၌လည်း ရှိသည်။ ငါသည် အသင်္ချေသော ဖန်ဆင်းခြင်းအရာများအကြားတွင် ရှိသည်၊ ထို့အပြင် အသင်္ချေသော လူများအလယ်တွင်လည်း ငါရှိသည်။ လူသားသည် နေ့ရက်တိုင်း ငါ့ကို ထိတွေ့နိုင်သည်။ ထို့အပြင် သူသည် နေ့ရက်တိုင်း ငါ့ကို မြင်တွေ့နိုင်သည်။ လူသားမျိုးနွယ်တို့၏ အမြင်တွင် ငါသည် တစ်ခါတစ်ရံတွင် ပုန်းကွယ်နေသကဲ့သို့ ထင်ရပြီး တစ်ခါတစ်ရံတွင်မူ မျက်မြင်ရသကဲ့သို့ ထင်ရသည်။ ငါ၌ စစ်မှန်စွာ တည်ရှိခြင်း ရှိသည်ဟု ထင်ရသော်လည်း၊ ငါ၌ ဖြစ်တည်ခြင်း မရှိဟုလည်း ထင်ရသည်။ ငါ့အထဲ၌ လူသားမျိုးနွယ်တို့အတွက် ဉာဏ်မမီနိုင်သော နက်နဲဆန်းကြယ်မှုများ တည်ရှိသည်။ ယင်းမှာ လူများအားလုံးသည် ငါ့အထဲ၌ရှိသော နက်နဲဆန်းကြယ်မှုများကို သာ၍များပြားစွာ ရှာဖွေတွေ့ရှိနိုင်ရန် အဏုကြည့်မှန်ပြောင်းမှ တစ်ဆင့် ငါ့အား စေ့စေ့ကြည့်ရှုနေသည့်အလား ဖြစ်သည်၊ ထိုသို့အားဖြင့် ၎င်းတို့၏ နှလုံးသားများထဲ၌ ရှိနေသော မအီမသာခံစားချက်ကို ပြေပျောက်စေရန် မျှော်လင့်နေကြသည်။ သို့သော်လည်း သူတို့သည် တိုက်ရိုက် ဓာတ်မှန်စက်များကို အသုံးပြုလျှင်ပင် အဘယ်နည်းနှင့် လူသားမျိုးနွယ်သည် ငါ၏အထဲ၌ နေရာကျနေသော လျှို့ဝှက်ချက်များကို ထုတ်ဖော်နိုင်မည်နည်း။

ငါ၏လူများသည် ငါ၏လုပ်ဆောင်မှုမှတစ်ဆင့် ငါနှင့်အတူ ဘုန်းထင်ရှားသောအခါ ထိုအချိန်တွင် အဆင်းနီသော နဂါးကြီး၏ သားရဲတွင်းသည် ဖော်ထုတ်ခံရမည် ဖြစ်ပြီး၊ ရွှံ့နွံများနှင့် အညစ်အကြေးများ အားလုံးသည် သန့်စင်အောင် လှည်းကျင်းခံရကာ နှစ်ပေါင်း မရေမတွက်နိုင်လောက်သည့် ကာလတစ်လျှောက် စုပုံလာခဲ့သော ညစ်ညမ်းသည့်ရေသည် ငါ၏လောင်နေသော မီးများထဲ၌ သွေ့ခြောက်သွားကာ ထပ်၍ မတည်ရှိတော့ပေ။ များမကြာမီပင် အဆင်းနီသော နဂါးကြီးသည် ကန့်မီးအိုင်ထဲတွင် ပျက်စီးလိမ့်မည်။ သင်တို့သည် နဂါး၏ လုယူသွားခြင်း မခံရစေခြင်းငှာ ငါ၏ဂရုတစိုက် စောင့်ရှောက်မှုအောက်တွင် ဆက်လက်ရှိနေရန် အမှန်တကယ်ပင် ဆန္ဒရှိကြသလော။ သင်တို့သည် ၎င်း၏ လှည့်ဖြားတတ်သော ပရိယာယ်များကို ဧကန်ပင် မုန်းတီးသလော။ မည်သူသည် ငါ့အတွက် မြဲမြံသော သက်သေကို ခံနိုင်မည်နည်း။ ငါ၏အမည်နာမအတွက်၊ ငါ၏ဝိညာဉ်တော်အတွက်နှင့်၊ ငါ၏စီမံအုပ်ချုပ်မှုအစီအစဉ် တစ်ရပ်လုံးအတွက် မည်သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ ခွန်အားအလုံးစုံကို ဆက်ကပ်ရန် တတ်စွမ်းနိုင်မည်နည်း။ နိုင်ငံတော်သည် လူသားတို့၏ လောကကြီးထဲ၌ ရှိနေသော ယနေ့သည် လူသားတို့၏ လောကကြီးထဲသို့ ကိုယ်တိုင်ကိုယ်ကျ ငါကြွဆင်းလာသော အချိန်ဖြစ်သည်။ ဤကဲ့သို့သာ မဟုတ်ခဲ့ပါက၊ ငါ့ကိုယ်စား စစ်မြေပြင်သို့ ရဲဝင့်စွာ သွားမည့်သူ ရှိပါ၏လော။ ထိုသို့အားဖြင့် နိုင်ငံတော်သည် ပုံသဏ္ဌန် ပေါ်လာရန်၊ ထိုသို့အားဖြင့် ငါ၏နှလုံးသည် ရောင့်ရဲရန်၊ ထိုမှတစ်ဖန် ထိုသို့အားဖြင့် ငါ၏နေ့ရက်သည် ရောက်လာရန်၊ ထိုသို့အားဖြင့် ဖန်ဆင်းခြင်း၏ အသင်္ချေသော အရာများသည် ပြန်လည်မွေးဖွားပြီး ကြွယ်ဝစွာ ကြီးထွားသည့်အချိန် ရောက်လာရန်၊ ထိုသို့အားဖြင့် လူသားသည် ဒုက္ခဝေဒနာ ပင်လယ်ပြင်မှ ကယ်တင်ခြင်း ခံရရန်၊ ထိုသို့အားဖြင့် မနက်ဖြန်သည် ရောက်လာရန်၊ ထိုသို့အားဖြင့် ၎င်းသည် အံ့သြဖွယ်ဖြစ်၍ ပွင့်လန်းကာ ကြီးပွားတိုးတက်စေရန်၊ ထို့တစ်ဖန် ထိုသို့အားဖြင့် အနာဂတ်၏ ပျော်ရွှင်မှုသည် ပြည့်စုံလာစေရန်၊ လူသားမျိုးနွယ် အားလုံးသည် သူတို့၏ အစွမ်းရှိသမျှနှင့် အစွမ်းကုန် ကြိုးစားလျက်ရှိပြီး၊ ငါ့အတွက် မိမိတို့ကိုယ်ကိုယ် အနစ်နာခံခြင်း၌ မည်သည့်အရာကိုမျှ ညှာတာခြင်းမရှိ။ ယင်းမှာ ငါ့အောင်မြင်မှု ဖြစ်ကြောင်းနှင့် ငါ့အစီအစဉ် ပြီးမြောက်မှု၏ အမှတ်အသားတစ်ခုဖြစ်ကြောင်း နိမိတ်လက္ခဏာတစ်ရပ်ပင် မဟုတ်လော။

လူသားသည် နောက်ဆုံးသောကာလ၌ သာ၍ကြာကြာ နေထိုင်လေလေ၊ ကမ္ဘာကြီး၏ ဗလာနတ္ထိဖြစ်မှုကို သူတို့ သာ၍ ခံစားရလေလေ ဖြစ်ပြီး အသက်တာ၌ ရှင်သန်နေထိုင်ရန် အစွမ်းသတ္တိများ သာ၍ နည်းလေလေ ဖြစ်မည်။ ဤအကြောင်းရင်းကြောင့် မရေမတွက်နိုင်သော လူတို့သည် စိတ်ပျက်ခြင်း၌ သေဆုံးခဲ့ကြပြီး ဖြစ်သည်၊ မရေမတွက်နိုင်သော အခြားသူများသည် သူတို့၏ ရှာဖွေခြင်း၌ စိတ်ပျက်နေခဲ့ကြပြီး၊ မရေမတွက်နိုင်သော အခြားသူများသည် စာတန်၏ လက်များထဲ၌ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံရရန် မိမိတို့ကိုယ်ကို ဒုက္ခခံစားကြသည်။ ငါသည် များစွာသော လူများအား ကယ်မခဲ့၍ များစွာတို့ကို ကူညီမစခဲ့သည်၊ ပြီးလျှင် မကြာခဏပင် လူသားများသည် အလင်းကို ပျောက်ဆုံးသွားသောအခါ ငါသည် သူတို့အား အလင်းနေရာထဲသို့ ပြန်လည် ရွှေ့ထားပေးခဲ့သည်၊ ထိုသို့အားဖြင့် သူတို့သည် အလင်းအထဲ၌ ငါ့အား သိကျွမ်းစေရန်နှင့် ပျော်ရွှင်ခြင်း၏ အလယ်တွင် ငါ့အား ပျော်မွေ့ခံစားနိုင်စေရန် ဖြစ်သည်။ ငါ့အလင်း ကြွလာခြင်းကြောင့် ငါ၏နိုင်ငံတော်အထဲတွင် နေထိုင်ကြသော လူတို့၏ နှလုံးသားများထဲတွင် ကြည်ညိုခြင်း ကြီးထွားလာသည်၊ အကြောင်းမှာ ငါသည် လူသားမျိုးနွယ်မှ ချစ်မြတ်နိုးရသည့် ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်ပြီး လူသားမျိုးနွယ်မှ မြတ်နိုးသည့် သံယောဇဉ်နှင့် တွယ်ဖက်ထားသော ဘုရားသခင် ဖြစ်၍ လူသားမျိုးနွယ်သည် ငါ့ပုံသဏ္ဌာန်၏ ခိုင်မာသော စိတ်စွဲမှတ်ချက်နှင့် ပြည့်နေသောကြောင့် ဖြစ်သည်။ သို့သော် ဤအရာအားလုံးသည် ပြောဆိုပြီး၍ လုပ်ကိုင်ပြီးသွားသောအခါ ဤလုပ်ဆောင်မှုသည် ဝိညာဉ်တော်၏ လုပ်ဆောင်မှုလော၊ သို့မဟုတ် ဇာတိပကတိ၏ ဆောင်ရွက်ချက်လော ဆိုသည်ကို နားလည်သည့်သူ တစ်ယောက်မျှ မရှိပေ။ ဤအရာ တစ်ခုတည်းကပင် လူ့အတွက် သက်တမ်းလမ်းကြောင်း တစ်လျှောက် အသေးစိတ်ကျသည့် အချက်အလက်တိုင်းကို တွေ့ကြုံခံစားနိုင်ရန် လုံလောက်ပေသည်။ လူသားသည် သူ၏အတွင်းအကျဆုံး နှလုံးသားနေရာများထဲတွင် ငါ့အား ဘယ်သောအခါကမျှ စက်ဆုပ်ခြင်း မရှိခဲ့ဘဲ သူ့ဝိညာဉ်၏ နက်ရှိုင်းရာအရပ်များထဲတွင် သူသည် ငါ့အား ဖက်တွယ်ထားသည်။ ငါ၏ဉာဏ်ပညာသည် သူ၏ကြည်ညိုခြင်းကို တိုးမြင့်စေသည်၊ ငါလုပ်ဆောင်သော အံ့သြဖွယ်အရာများသည် သူ၏မျက်စိအတွက် ပသာဒဖြစ်ဖွယ်ရာဖြစ်ပြီး ငါ၏နှုတ်ကပတ်တော်များသည် သူ၏စိတ်ကို ရင်သပ်ရှုမောစေသည်၊ သို့သော်ငြားလည်း သူသည် ယင်းအရာများကို အလွန်ပင် မြတ်နိုးလေသည်။ ငါ၏လက်တွေ့သဘောသည် လူကို ကြောင်အမ်းအမ်းနှင့် ကြက်သေသေစေကာ ဦးနှောက်ခြောက်စေသော်လည်း သူသည် ယင်းအရာအားလုံးကို လက်သင့်ခံရန် ဆန္ဒရှိနေသည်။ ဤသည်မှာ လူကို သူ့အရှိအတိုင်း အတိအကျ အကဲဖြတ်ခြင်းပင် မဟုတ်လော။

မတ်လ ၁၃ ရက်၊ ၁၉၉၂

အောက်ခြေမှတ်စုများ -

(က) မူရင်းစာတွင် “ဤကိစ္စရပ်၌”ဟု ဖတ်သည်။

ယခင်က:ဆယ့်လေးခုမြောက် မိန့်မြွက်ချက်

နောက်တစ်ခုသို့:ဆယ့်ခြောက်ခုမြောက် မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ