အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၂၃

ငါ၏အသံသည် ကြွေးကြော်လျက်၊ ငါ၏ မျက်လုံးများသည် မီးကို ရှေ့သို့ ပစ်လွှတ်လျက်၊ ငါသည် ကမ္ဘာမြေကြီး တစ်ဝှမ်းလုံးကို ကြည့်ထားနေ၏၊ ငါသည် စကြာဝဠာ တစ်ဝှမ်းလုံးကို စောင့်ကြည့်နေ၏။ လူသား မျိုးနွယ် အားလုံးသည် ငါ့ထံ ဆုတောင်းနေကြ၏၊ ၎င်းတို့သည် ငါ့ထံ လှည့်၍ ငေးမာကြည့်ရှုကာ၊ ငါ၏ အမျက် ဒေါသကို ရပ်တန့်ပေးပါရန် ငါ့အား တိုးလျှိုးတောင်းပန် နေကြပြီး၊ နောက်တစ်ဖန် ငါ့အား ပုန်ကန်ခြင်း မပြုတော့ဟု ကျိန်ဆိုနေကြသည်။ သို့သော် ဤအရာသည် အတိတ်မဟုတ်တော့၊ လက်ရှိယခု ဖြစ်နေပေပြီ။ မည်သူသည် ငါ၏ အလိုကို လှည့်ပြန်စေနိုင်သနည်း။ လူတို့၏ နှလုံးသားများထဲရှိ ဆုတောင်းချက် မဟုတ် သကဲ့သို့၊ သူတို့၏ နှုတ်များမှ စကားလုံးများ မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ ငါ့ကြောင့်သာ မဟုတ်လျှင် အဘယ်သူသည် လက်ရှိကာလအထိ ရှင်သန်ခြင်းငှာ တတ်စွမ်းနိုင်မည်နည်း။ ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များ အားဖြင့် မဟုတ်ဘဲ မည်သူသည် ရှင်သန်နိုင်သနည်း။ မည်သူသည် ငါ၏ ဂရုစိုက် စောင့်ကြည့်မှု အောက်တွင် မရှိဘဲ နေသနည်း။ ကမ္ဘာတစ်ဝှမ်းလုံးတွင် ငါ၏ အသစ်သော အလုပ်ကို ငါဆောင်ရွက်စဉ်၊ မည်သူသည် ယင်းမှ လွတ်မြောက်ရန် တတ်စွမ်းနိုင်ဖူးသနည်း။ တောင်များသည် ၎င်းတို့၏ အမြင့်ကြောင့် ထိုအရာမှ ရှောင်တိမ်းနိုင်ခြင်း ဖြစ်နိုင်သလော။ ရေများသည် ၎င်းတို့၏ ကြီးမား ကျယ်ပြောခြင်းကြောင့် ထိုအရာအား ဆီးတားနိုင်ခြင်း ဖြစ်နိုင်သလော။ ငါ၏ အစီအစဉ်ထဲတွင် ငါသည် မည် သည့် အရာကိုမျှ ပေါ့တန်စွာ ထွက်သွားခွင့်ကို မည်သည့်အခါမျှ မပေးဖူးပေ၊ ထို့ကြောင့် ငါ့လက်များ၏ ဆုပ်ကိုင် မှုကို တိမ်းရှောင်ခဲ့သည့် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်အရာမျှ မရှိစဖူး။ ယနေ့တွင် ငါ၏သန့်ရှင်းသော နာမသည် လူသားမျိုးနွယ် အနှံ့အပြားတွင် ချီးမွမ်းထောမနာ ပြုခြင်းကို ခံရသည်၊ ထို့နောက် တစ်ဖန် လူသား မျိုးနွယ် အနှံ့အပြားတွင် ငါ့အား ဆန့်ကျင်ကန့်ကွက်သော စကားလုံးများ ထလာကြပြီး၊ ကမ္ဘာမြေကြီးပေါ ငါ်ရှိနေခြင်း အကြောင်း၏ ဒဏ္ဍာရီများသည် လူသားမျိုးနွယ် အနှံ့အပြားတွင် အလွန်ထူပြောလျက် ရှိသည်။ လူတို့သည် ငါနှင့်ပတ်သက်၍ သူတို့၏ စီရင်ချက်များ ပြုကြသည်ကို ငါသည် သည်းမခံသကဲ့သို့၊ ငါ၏ ကိုယ် အား ၎င်းတို့ ခွဲခြမ်းနေကြခြင်းကိုလည်း ငါသည် သည်းမခံ၊ ငါ့တစ်ဖက်တွင် ပြင်းထန်စွာ ဆဲရေးခြင်းများကိုမူ ငါသည် သာ၍ပင် သည်းမခံ။ သူသည် ငါ့ကို မည်သည့်အခါမျှ ဧကန်အမှန် မသိကျွမ်းဖူးသည့်အတွက်၊ လူသားသည် ငါ့အား အစဉ်ပင် ခုခံ၍ လှည့်ဖြားခဲ့သည်၊ ငါ၏ ဝိညာဉ်တော်ကို မြတ်နိုးရန် သို့မဟုတ် ငါ၏ နှုတ်ကပတ်များကို တန်ဖိုးထားရန် ပျက်ကွက်လျက် ရှိသည်။ သူ၏ ခပ်သိမ်းသော အပြုအမူနှင့် လုပ်ရပ်တို့ကြောင့်၊ ပြီးလျှင် ငါ့အပေါ် သူထားသော သဘောထားကြောင့်၊ ငါသည် လူသားအား သူနှင့် ထိုက်တန်သည့် “ဆုလာဘ်” ကို ပေးသည်။ ထို့ကြောင့် လူသားအားလုံးသည် ၎င်းတို့၏ ဆုလာဘ်များကို ကြည့်၍ လုပ်ကိုင်ကြပြီး၊ မည်သူ တစ်ဦးတစ်ယောက်ကမျှ ကိုယ်ကျိုးစွန့်မှု ပါဝင်သော မည်သည့် အလုပ်ကိုမျှ မလုပ်ဖူးပေ။ လူသတ္တဝါများ သည် ကိုယ်ကျိုးမငဲ့သော စွန့်လွှတ်ပေးလှူခြင်းကို ပြုလုပ်ရန် ဆန္ဒမရှိဘဲ၊ အချောင်ရနိုင်သော ဆုလာဘ်များ၌သာ ကျေနပ်နှစ်သိမ့် နေကြသည်။ ပေတရုသည် ငါ၏ ရှေ့မှောက်တွင် မိမိကိုယ်ကိုမိမိ သန့်ရှင်း စင်ကြယ်စေခဲ့ သော်ငြားလည်း၊ ယင်းအရာသည် နံနက်ဖြန်၏ ဆုလာဘ်အတွက် မဟုတ်ခဲ့ဘဲ၊ ယနေ့၏ အသိပညာ အတွက် သာ ဖြစ်ခဲ့သည်။ လူသားမျိုးနွယ်သည် မည်သည့်အခါမျှပင် ငါနှင့် စစ်မှန်သော ဆက်နွှယ်မှုထဲ ဝင်ရောက် မလာခဲ့ဖူးဘဲ၊ ကြိမ်ဖန်တလဲပင် အပေါ်ယံ အပြုအမူနှင့် ငါ့အား ဆက်ဆံနေခဲ့ပြီး၊ ထိုသို့အားဖြင့် အားမစိုက်ရပါဘဲနှင့် ငါ၏ မျက်နှာသာရူရန် တွေးနေကြသည်။ ငါသည် လူသား၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ကြည့်ခဲ့ သဖြင့် ငါသည် “များစွာသော ကြွယ်ဝခြင်းများ၏ မိုင်းတွင်းတစ်ခု” ကို ၎င်း၏ အတွင်းကျဆုံးသော ကွယ်ဝှက်ထားသည့်နေရာများ၌ တူးဖော် ရရှိခဲ့သည်၊ ၎င်းသည် လူသားကိုယ်တိုင်ပင်လျှင် သတိမထားမိသေးဘဲ ငါမှ အသစ်တဖန် ရှာဖွေ တွေ့ရှိ ခဲ့သော အရာဖြစ်သည်။ ထို့ကြောင့် လူသတ္တဝါများသည် “ရုပ်ပိုင်းဆိုင်ရာ အထောက်ထား” ကို တွေ့ကြသောအခါမှသာ၊ ထို့နောက်ပိုင်းမှသာလျှင် မိမိတို့၏ဟိတ်ဟန်များသော မိမိကိုယ်ကို နှိမ့်ချခြင်းအား ရပ်တန့်ကြသည်ဖြစ်ကာ၊ လက်ဖဝါးများအား ဆန့်တန်းဖြန့်ထားလျက် မိမိတို့၏ မသန့်ရှင်းသော အခြေအနေကို ဝန်ခံကြလေသည်။ လူသားများအကြားတွင် လူသားမျိုးနွယ် အားလုံး၏ ပျော်ရွှင်မှုအတွက် “ထုတ်ယူခြင်း” ခံရရန် ငါ့အား စောင့်ဆိုင်းနေသည့် သစ်လွင်၍ လတ်ဆတ်သော အရာများ သာ၍ များစွာ ရှိသည်။ လူသား၏မစွမ်းဆောင်နိုင်မှုကြောင့် ငါ၏အလုပ်အား ရပ်တန့်ဖို့ဝေးစွ၊ ငါသည် သူ့အား ငါ၏ နဂိုမူလ အစီအစဉ်နှင့် လျော်ညီစွာ ပြင်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း အလုပ်ကို ဆောင်ရွက်သည်။ လူသားသည် အသီးပင် တစ်ပင်နှင့် တူ၏။ အနားသတ်ညှိပေးခြင်းနှင့် မလိုသည့် အကိုင်းအခက်ကို ချိုင်ပေးခြင်း မရှိပါက၊ အပင်သည် အသီး မသီးနိုင်ဘဲ ဖြစ်လိမ့်မည် ဖြစ်ပြီး၊ အဆုံး၌ မြင်ရသော အရာအားလုံးတို့မှာ မြေပေါ်သို့ အသီးမကြွေသည့် ညှိုးခြောက်သော အကိုင်းအခက်များနှင့် သစ်ရွက်ကြွေများသာ ဖြစ်လိမ့်မည်။

ငါ့နိုင်ငံတော်၏ “အတွင်းခန်း” ကို နေ့စဉ်နှင့်အမျှ ငါတန်ဆာဆင်နေစဉ်၊ မည်သူတစ်ဦး တစ်ယောက် ကမျှ ငါ၏ “အလုပ်ခန်း” ထဲသို့ ငါ၏ အလုပ်အား ပျက်ပြားစေရန် ရုတ်ခြည်း တိုး၍ မဝင်လာခဲ့စဖူး။ လူသားမျိုးနွယ်အားလုံးသည် “ထုတ်ပယ်ခြင်းခံရမှု” နှင့် “၎င်းတို့၏ ရာထူးဆုံးရှုံးမှု” တို့ဖြစ်ပြီး ၎င်းတို့၏ အသက်တာများထဲတွင် လမ်းဆုံးသို့ ရောက်ကာ စာတန်နေထိုင်သော “ကန္တာရ” ထဲသို့ပင် ကျဆင်းသွားနိုင်မည်ကို စိုးကြောက်သဖြင့် ငါနှင့် ပူးပါင်းဆောင်ရွက်ရန် ၎င်းတို့ အစွမ်းကုန့် လုပ်ဆောင်နေသည်။ လူသား၏ အကြောက်တရားကြောင့်၊ ငါသည် သူ့အား နေ့ရက်စဉ်တိုင်း နှစ်သိမ့်ပေးသည်၊ သူ့အား နေ့ရက်စဉ်တိုင်းကို ချစ်ရန် ရွှေ့လျားပေးသည့်အပြင် သူ၏ နေ့စဉ် အသက်တာထဲတွင် သူ့အား လမ်းညွှန်ချက် ပေးသည်။ ယင်းမှာ လူသတ္တဝါများ အားလုံးသည် ယခုမှ မွေးဖွားလာသော ကလေးများ ကဲ့သို့ပင် ဖြစ်သည်။ နို့ရည်နှင့် ထောက်ပံ့ပေးခြင်း မရှိပါက၊ နောက်တစ်ဖန် မြင်တွေ့ရခြင်း မရှိတော့ဘဲဲ၊ မရှေးမနှောင်းတွင်ပင် ထိုသူတို့သည် ဤကမ္ဘာ မြေကြီးကို ခွဲခွာသွားကြမည် ဖြစ်သည်။ လူသားမျိုးနွယ်၏ တိုးလျှိုး အသနားခံမှုများ အလယ်တွင် ငါသည် လူသားတို့၏လောကသို့ ကြွဆင်းလာပြီး၊ လူသားမျိုးနွယ်သည် ကောင်းကင်ဘုံသို့ ၎င်းတို့၏ ဆုတောင်းချက်များကို အော်ဟစ် တောင်းလျှောက်ကြသော “အခန်း”ထဲတွင် ချိပ်ပိတ်ထားခြင်း မခံရတောဘဲဲ ချက်ချင်းပင် အလင်းကမ္ဘာတွင် နေထိုင်ကြရသည်။ ထိုသူတို့သည်ငါ့ကို တွေ့သည်နှင့် တစ်ပြိုင်နက်၊ လူသားတို့သည် ၎င်းတို့၏ နှလုံးသားများအတွင်း သိုထားကြသော “မကျေနပ်ချက်များ”ကို ဇွတ်အတင်း ညည်းညူကြသည်၊ ၎င်းတို့အတွက် အစားအစာများကို ချပေးပါမည့်အကြောင်း အသနားခံခြင်း အလို့ငှာ ၎င်းတို့၏ ပါးစပ်များကို ငါ၏ ရှေ့မှောက်တွင် ဖွင့်ထားကြသည်။ သို့သော် ထို့နောက်တွင်မူ “ထိုသူတို့၏ ကြောက်ရွံ့ခြင်းများ ပြေပျေက်သွားပြီး စိတ်တည်ငြိမ်ခြင်းကိုလည်း ပြန်လည် ရရှိလာသည်”၊ ၎င်းတို့သည် ငါ့ထံမှ မည်သည့်အရာကိုမျှပင် မတောင်းလျှောက်တော့ဘဲ၊ နှစ်ခြိုက်စွာပင် အိပ်မောကျသွားကြသည်၊ သို့မဟုတ်ပါလျှင်၊ ငါ၏ တည်ရှိမှုကို ငြင်းပယ်ပြီး ထိုသူတို့သည် မိမိတို့၏ အမှုအရာများကိုသာ ရှုမှတ်ရန် ထွက်ခွာသွားကြလေ တော့သည်။ လူသားမျိုးနွယ်၏ “စွန့်ပစ်ခြင်း”တွင် လူသတ္တဝါများသည် မည်သို့လျှင် “ခံစားချက်”ကင်းမဲ့ပြီး၊ ၎င်းတို့၏ “မျက်နှာမလိုက်သော တရားမျှတမှု” ကို ငါ့အပေါ် လုပ်ဆောင်ကြခြင်းကို ရှင်းလင်းစွာပင် မြင်သာနေသည်။ ထို့ကြောင့် လူအား သူ၏ နှစ်လိုဖွယ် မကောင်းသော ရှုထောင့်၌ မြင်နေရသဖြင့်၊ ငါသည် တိတ်ဆိတ်စွာပင် ခွဲခွာပြီး နောက်တစ်ဖန် သူ၏ ထက်သန်သော တိုးလျှိုးအသနားခံမှုကြောင့် ငါသည် လိုလားစွာပင် ဆင်းကြွလာတော့မည် မဟုတ်တော့။ သူ မသိလိုက်ဘဲနှင့်၊ လူသား၏ ပြဿနာများသည် နေ့စဉ်နှင့်အမျှ ကြီးထွား လာသည်၊ ထို့ကြောင့် သူ၏ ကြိုးပမ်း အားထုတ်မှုအလယ်တွင် သူသည် ရုတ်တရက် ငါ၏ တည်ရှိမှုကို ရှာဖွေ တွေ့ရှိသွားသောအခါ၊ “မဟုတ်၊ မရှိ၊ မဖြစ်” ကို အဖြေအဖြစ် မှတ်ယူရန် ငြင်းဆိုပြီး သူသည် ငါ့ကို အင်္ကျီကော်လာမှ ဆွဲကိုင်ကာ သူ၏ အိမ်အတွင်းသို့ ငါ့အား ဧည့်သည်အဖြစ် ဝင်ရောက်ရန် ခေါ်သွင်းလေသည်။ သို့သော် သူသည် ငါသုံးဆောင်ဖို့ရာ ခမ်းနားကြီးကျယ်သော အစားအသောက်ကို စီစဉ်ပေးကောင်း စီစဉ်ပေးမည် ဖြစ်သော်ငြားလည်း၊ သူသည် ငါ့ကို တစ်ကြိမ်တစ်ခါမျှပင် မိမိနှင့် စပ်ဆိုင်သော သူအဖြစ် မယူမှတ်ခဲ့ဘဲ၊ ထိုအစား ငါ့ထံမှ အနည်းငယ်မျှသော အကူအညီကို ရရှိခြင်းအလို့ငှာ ငါ့အား ဧည့်သည်တစ်ယောက်အဖြစ် ဆက်ဆံခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအချိန်တွင် လူသားသည် သူ၏ ဝမ်းနည်းဖွယ် အခြေအနေကို ငါ၏ ရှေ့မှောက်တွင် မယဉ်ကျေး မပျူငှာစွာဖြင့် တင်ပြပြီး၊ ငါ၏ “လက်မှတ်”အား ရယူနိုင်ရန် မျှော်လင့်နေသည်၊ ပြီးလျှင် မိမိ၏ စီးပွားရေးအတွက် ချေးငွေကို လိုအပ်နေသော သူတစ်ယောက်ကဲ့သို့ပင် သူသည် ငါ့အား သူ၏ အစွမ်းရှိသမျှနှင့် ကိုင်တွယ်ဖြေရှင်းသည်။ သူ၏ ခပ်သိမ်းသော ဟန်ပန်အမူအရာနှင့် ခြေဟန်လက်ဟန်များထဲတွင် ငါသည် လူသား၏ရည်ရွယ်ချက်ကို တစေ့တစောင်း တဒင်္ဂမျှ သဘောပေါက်သည်။ သူ၏ အမြင်တွင် ငါသည် လူတစ်ဦး၏ မျက်နှာနေမျက်နှာထား၌ ဝှက်ထားသော သို့မဟုတ် သူ၏ စကားများနောက်တွင် သိုဝှက်ထားသော အဓိပ္ပာယ်ကို မည်သို့ ဖတ်ရမည်ကို မသိဘိသကဲ့သို့၊ သို့မဟုတ် လူတစ်ဦး၏ နှလုံးသားအတွင်းထဲသို့ မည်သို့လျှင် နက်ရှိုင်းစွာ ကြည့်ရမည်ကို မသိဘိသကဲ့သို့ပင်ဖြစ်တော့သည်။ ထို့ကြောင့် လူသားသည် သူ့တွင် ရှိခဲ့ဖူးသော ရင်ဆိုင်တွေ့ဆုံမှု တစ်ခုချင်းစီတိုင်းရှိ အတွေ့အကြုံ တစ်ခုစီတိုင်းကို ငါ့အား ယုံကြည်မှု ရှိစွာ မှားယွင်းခြင်း သို့မဟုတ် ထိန်ချန်ထားခြင်းတို့ မရှိဘဲနှင့် အိတ်သွန်ဖာမှောက် ရင်ဖွင့်လေတော့သည်၊ ထို့နောက်တွင်မူ ငါ၏ရှေ့မှောက်တွင် သူ၏ တောင်းဆိုမှုများကို စတင်ပြုလေတော့သည်။ ငါသည် လူသား၏ အပြုအမူတိုင်းနှင့် လုပ်ရပ်တိုင်းကို စက်ဆုပ်၍ မုန်းတီး၏။ လူသားမျိုးနွယ်အကြားတွင်၊ ငါနှစ်သက် မြတ်နိုးသော အလုပ်ကို လုပ်ဆောင်ခဲ့ဖူးသောသူ တစ်ယောက်တစ်လေမျှပင် မရှိစဖူး၊ ယင်းမှာ လူသားမျိုးနွယ်သည် ငါ့အား တမင်တကာပင် ရန်လိုနေပြီး၊ ငါ၏ အမျက်ဒေါသအား ရည်ရွယ်ချက်ရှိစွာပင် ဆွနေသကဲ့သို့ ဖြစ်သည်။ ထိုသူတို့အားလုံးသည် ငါ၏ ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် စီတန်းလှည့်လည်ကြသည်၊ ငါ၏ မျက်စိရှေ့တွင် မိမိတို့၏ အလိုကို လိုက်နေကြသည်။ လူသားမျိုးနွယ် အထဲတွင် ငါ့အတွက် ရှင်သန်သူ တစ်ဦးတစ်ယောက်မျှမရှိ၊ အကျိုးဆက်အနေနှင့် လူသားမျိုးနွယ် တစ်ရပ်လုံး၏ တည်ရှိမှုသည် အဓိပ္ပာယ်ရော တန်ဖိုးပါ မရှိတော့ဘဲ၊ ထိုသို့ဖြင့် လူသားမျိုးနွယ်သည် အနှစ်သာရမဲ့သည့် လွတ်လပ်လဟာ၌ နေထိုင်ရသည်။ သို့တိုင် လူသားမျိုးနွယ်သည် နိုးထရန် ငြင်းဆိုလျက် ရှိသေးပြီး၊ ငါ့ကို ဆက်၍ ပုန်ကန်နေကြကာ၊ ၎င်း၏ အနှစ်သာရကင်းမဲ့မှုတွင် ဆက်လက်တည်ရှိနေကြသည်။

ထိုသူတို့ ဖြတ်သန်းခဲ့ရသော စမ်းသပ်စစ်ဆေးမှုများ အားလုံးတွင် လူသတ္တဝါများသည် ငါ့အား တစ်ကြိမ် တစ်ခါမျှပင် မကျေနပ်စေခဲ့စဖူး။ ၎င်းတို့၏ ရက်စက်သော ဒုစရိုက်ကြောင့် လူသားမျိုးနွယ်သည် ငါ၏ နာမအဖို့ သက်သေခံရန် မရည်ရွယ်ကြပေ။ ထိုအစား သူသည် အစာ အထောက်အမအတွက် ငါ့ကို မှီခိုနေစဉ်တွင် “အခြားတစ်ဖက်ကို ပြေးလေသည်”။ လူသား၏ နှလုံးသားသည် ငါ့ထံသို့ လုံးလုံးလျားလျား မလှည့်၊ ထို့ကြောင့် စာတန်သည် သူ့အား ဒဏ်ရာဗရပွနှင့် ဖြစ်သွားကာ သူ၏ ခန္ဓာကိုယ်သည် အညစ်အကြေးနှင့် ဖုံးလွှမ်းနေသည်အထိ ဖျက်ဆီးလေတော့သည်။ သို့သော် လူသားသည် သူ၏ ရုပ်သွင်မှာ မည်မျှ စက်ဆုပ်ဖွယ်ရာ ကောင်းကြောင်းကို သဘောမပေါက်သေးချေ။ ငါ၏ နောက်ကွယ်တွင် သူသည် စာတန်အား တစ်လျှောက်လုံး ကိုးကွယ်နေခဲ့သည်။ ဤအကြောင်းရင်းကြောင့် ငါသည် လူသားအား အနက်ဆုံးသောတွင်းထဲသို့ အမျက်ဒေါသနှင့် ပစ်ချလေသည်၊ ယင်းသို့ ပြုခြင်းအားဖြင့် သူသည် မိမိကိုယ်ကို လွတ်မြောက်နိုင်ရန် မည်သည့်အခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်။ သို့တိုင် သူ၏ သနားစဖွယ် ငိုကြွေးမြည်တမ်းခြင်း အလယ်၌ပင် လူသားသည် သူ၏စိတ်အား ပြုပြင်ပြောင်းလဲရန် ငြင်းဆိုလျက်ပင် ရှိသေးပြီး၊ ငါ့အား အဆုံးတိုင်အောင် ဆန့်ကျင်ရန် ရည်ရွယ်ကာ၊ ထိုသို့အားဖြင့် ငါ၏ အမျက်ဒေါသအား တမင်နှိုးဆွရန် မျှော်လင့်နေကြသည်။ သူပြုခဲ့သော အရာကို ထောက်၍ ငါသည်သူ့အား အပြစ်သားဖြစ်သောသူအနေနှင့် ဆက်ဆံကာ ငါ့ထွေးပွေ့ခြင်း၏ နွေးထွေးမှုကို ငြင်းပယ်သည်။ အစကတည်းမှ ကောင်းကင်တမန်များသည် ပြောင်းလဲခြင်း သို့မဟုတ် ရပ်တန့်ခြင်း မရှိဘဲ ငါ့အား အစေခံခဲ့ပြီး ငါ့အား နာခံခဲ့သည်၊ သို့သော် လူသားမှာမူ အစဉ်ပင် လားလားကြီး ဆန့်ကျင်ဘက် အရာကိုသာ လုပ်ဆောင်ခဲ့သည်၊ ယင်းမှာ သူသည် ငါ့ထံမှလာသောသူ မဟုတ်ဘဲ စာတန်မှ မွေးဖွားလိုက်သော သူအလား ဖြစ်တော့သည်။ ကောင်းကင်တမန်များ အားလုံးသည် ၎င်းတို့၏ အသီးသီး နေရာများ၌ ငါ့အား ၎င်းတို့၏ အဆုံးစွန်သော ဆည်းကပ်မှုကို ပေးကြသည်။ စာတန်၏ အင်အားစုများကြောင့် ယိမ်းယိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကိုသာ ဖြည့်ဆည်းရန် ကြိုးစားကြသည်။ ကောင်းကင်တမန်များအားဖြင့် နို့တိုက်ကျွေးခြင်းနှင့် အာဟာရဖြည့်တင်းပေးခြင်းကို ခံရသည့် မြောက်မြားလှစွာသော ငါ၏သားများနှင့် ငါ၏လူများအားလုံးသည် သန်မာကြီးထွားကြပြီး ကျန်းမာကြသည်၊ သူတို့အထဲမှ မည်သူ တစ်ဦးတစ်ယောက်ကမျှ အားနည်းခြင်း သို့မဟုတ် ချည့်နဲ့ခြင်းမရှိကြ။ ဤသည်မှာ ငါ၏ လုပ်ဆောင်မှု ဖြစ်ပြီး၊ ငါ၏ အံ့ဖွယ်အမှု ဖြစ်သည်။ အမြောက် ပစ်ခတ်ခြင်းများ တစ်တွဲပြီးတစ်တွဲနှင့် ငါ့နိုင်ငံတော်၏ တည်ထောင်မှု ကို အခမ်းအနား ဖွင့်လှစ်စဉ်တွင်၊ ကောင်းကင်တမန်များသည် စည်းဝါးကျကျ ယှဉ်တွဲ လျှောက်နေကြပြီး၊ ငါ၏ စစ်ဆေးမှုကို ခံယူရန် ငါ၏ စင်မြင့်ရှေ့သို့ လာလေသည်၊ အကြောင်းမှာ ၎င်းတို့၏ နှလုံးသားများသည် မသန့်စင်သော အရာများ၊ ရုပ်တုဆင်းတုများနှင့် ကင်းစင်ပြီး၊ ငါ၏ စစ်ဆေးမှုကို မကြဉ်ဖယ်သောကြောင့် ဖြစ်သည်။

တဝူးဝူး တိုက်ခတ်နေသော လေပြင်းနှင့် ကောင်းကင်ဘုံသည် တစ်ခဏအတွင်းတွင် အောက်သို့ ဖိချလာသည်၊ ယင်းမှာ လူသားမျိုးနွယ် အားလုံးကို မွန်းကျပ်စေကာ ထိုသို့အားဖြင့် လူသတ္တဝါများသည် ငါ့အား ၎င်းတို့ စိတ်ရှိတိုင်း ခေါ်ဆိုခြင်း ထပ်၍မပြုနိုင်စေရန် ဖြစ်သည်။ မသိလိုက်ဘဲနှင့် လူသားမျိုးနွယ် အားလုံးသည် ပြိုလဲသွားခဲ့သည်။ သစ်ပင်များသည် လေထဲတွင် ရှေ့နောက် ယိမ်းထိုးနေကြသည်၊ ရံဖန်ရံခါတွင် သစ်ကိုင်းတို့ ကျိုးကျသံများကို ကြားရပြီး၊ ညှိုးနွမ်းသော သစ်ရွက်များ အားလုံးသည်လည်း လေတိုက်ရာ လွင့်ပါသွားကြသည်။ ကမ္ဘာမြေကြီးသည် ရုတ်ခြည်းဆိုသလိုပင် ညို့မှိုင်းကာ လူသူဆိတ်သုန်းသကဲ့သို့ ခံစားရပြီး၊ လူတို့သည်လည်း မိမိတို့ကိုယ်မိမိတို့ တင်းကျပ်စွာ ပွေ့ဖက်ထားကာ၊ ၎င်းတို့၏ ခန္ဓာကိုယ်များကို အချိန်မရွေး ထိုးနှက်လာနိုင်သည့် ဆောင်းဦးရာသီနောက် ပါလာသော ဘေးအန္တရာယ်ကို ရင်ဆိုင်ရန် အသင့်ပြင်ထားကြသည်။ ၎င်းတို့၏ ပူဆွေးမှုကို တစ်စုံတစ်ယောက်ထံ အော်ဟစ်နေသည့်အလား တောင်ကုန်းများပေါ်ရှိ ငှက်ငယ်များသည် ဟိုဟိုသည်သည် ပျံသန်းနေကြသည်။ တောတောင် လိုဏ်ဂူများထဲတွင်၊ ခြင်္သေ့များသည် ဟိန်းဟောက် နေကြသည်၊ လူတို့အား ထိုအသံနှင့် ခြောက်လှန့်နေကာ၊ ၎င်းတို့၏ ခြင်ဆီကို အေးခဲစေပြီး ၎င်းတို့၏ ဆံပင်များကိုလည်း အရင်းမှ ထောင်သွားစေသည်၊ ယင်းမှာ လူသားမျိုးနွယ်၏ နိဂုံးအဆုံးကို သတိပေးနေသည့် နိမိတ်ဆိုးတစ်ခုကို ခံစားနေရဘိသည့်အလားဖြစ်သည်။ ထိုသူတို့အား စီစဉ်နေရာချထားခြင်း၌ ငါ၏ ဝမ်းမြောက်မှုကို စောင့်စားရန် ဆန္ဒမရှိဘဲ၊ လူသားများအားလုံးသည် ကောင်းကင်ဘုံရှိ အရှင်ထာဝရဘုရားထံ တိတ်ဆိတ်စွာ ဆုတောင်းကြသည်။ သို့သော်လည်း ချောင်းငယ်လေး တစ်ခုအတွင်း စီးဆင်းနေသော ရေ၏ ဆူညံသံသည် မည်သို့လျှင် လေပြင်းကို ပိတ်ဆို့နိုင်မည်နည်း။ ယင်းအရာသည် အဘယ်သို့လျှင် လူတို့ ဆုတောင်းချက်များ၏ အသံများကြောင့် ရုတ်တရက် ရပ်တန့်၍ ရနိုင်မည်နည်း။ လျှပ်တစ်ပြက် မိုးချုန်းခြင်း၏ နှလုံးသားထဲရှိ ဒေါသသည် လူသား၏ အသည်းငယ်တတ်မှုအတွက်နှင့် အဘယ်သို့လျှင် ငြိမ်ဝပ်နိုင်မည်နည်း။ လူသားသည် လေထဲတွင် ရှေ့နောက် ယိမ်းထိုးနေသည်။ မိမိကိုယ်ကို မိုးရေမှ ပုန်းခိုရန် လူသားသည် ဟိုဟိုသည်သည် ပြေးလွှားနေသည်။ ငါ၏ အမျက်ဒေါသအောက်၌ လူသတ္တဝါများသည် သူတို့၏ ခန္ဓာကိုယ်များအပေါ်တွင် ငါသည် ငါ၏လက်အား တင်ထားမည်ကို အလွန်အမင်း ကြောက်ရွံ့သဖြင့် တုန်လှုပ်ချောက်ချားကြသည်၊ ယင်းမှာ ငါသည် လူသား၏ရင်ဘတ်ကို တစ်ချိန်လုံး ချိန်ရွယ်ထားသော သေနတ်တစ်လက်၏ ပြောင်းဝဖြစ်ဘိသကဲ့သို့ဖြစ်ပြီး၊ နောက်တစ်ဖန် သူသည် ငါ၏ ရန်သူဖြစ်ဘိသကဲ့သို့ပင် ဖြစ်သည်၊ သို့သော်ငြားလည်း သူသည် ငါ၏ မိတ်ဆွေဖြစ်၏။ လူသားသည် မည်သည့်အခါမျှပင် သူ၌ ငါထားရှိသော ငါ၏ စစ်မှန်သည့် ရည်ရွယ်ချက်များကို မရှာဖွေ မတွေ့ရှိခဲ့ဖူး၊ ငါ၏ စစ်မှန်သော ရည်မှန်းချက်များကိုလည်း မည်သည့်အခါမျှ နားမလည်ခဲ့ပေ၊ ထို့ကြောင့် သတိမမူမိဘဲနှင့် သူသည် ငါ့အပေါ်ပြစ်မှားပြီး၊ သတိမမူမိဘဲနှင့် သူသည် ငါ့ကို ဆန့်ကျင်သည်၊ သို့သော်ငြားလည်း မရည်ရွယ်ပါဘဲနှင့် သူသည် ငါ၏ ချစ်ခြင်းကိုလည်း မြင်တွေ့ခဲ့သည်။ ငါ၏မျက်နှာကို ငါ၏အမျက်ဒေါသအလယ်၌ မြင်တွေ့ရသည်မှာ လူသားအဖို့ ခက်ခဲပေ၏။ ငါသည် ငါ့ဒေါသ၏ မည်းမှောင်သော တိမ်စိုင်များနောက်တွင် ကွယ်ဝှက်နေသည်၊ မိုးချုန်းသံများ အကြားတွင် လူသားထံသို့ ငါ၏ကရုဏာကို ချပေးရန် စကြဝဠာ တစ်ဝှမ်းလုံး အပေါ်၌ ငါသည် မတ်တတ်ရပ်လေသည်။ လူသားသည် ငါ့ကို မသိကျွမ်းသည့် အတွက်ကြောင့် ငါသည် သူ့အား ငါ၏ရည်ရွယ်ချက်ကို နားလည်ရန် ပျက်ကွက်ခြင်း အတွက်အပြစ်မတင် မဆုံးမ။ လူသားတို့၏ အမြင်တွင် ငါသည် ငါ၏ အမျက်ဒေါသကို မကြာခဏ ဖွင့်ချတတ်သည်၊ ငါ၏ အပြုံးကိုလည်း မကြာခဏ ငါဖွင့်ပြတတ်သည်၊ သို့သော် သူသည် ငါ့အား တွေ့မြင်လျှင်ပင် လူသားသည် မည်သည့်အခါမျှပင် ငါ့စိတ်သဘောထား၏ အလုံးစုံကို မတွေ့မြင်ခဲ့ပေ၊ တံပိုးခရာ၏ ရွှင်လန်းဖွယ် အသံဗလံကိုလည်း မကြားနိုင်ဘဲ ရှိသေးသည်၊ အဘယ့်ကြောင့်ဆိုသော် သူသည် အလွန်ပင် ထုံထိုင်းပြီး ခံစားချက်မဲ့သွားသောကြောင့် ဖြစ်သည်။ ယင်းမှာ ငါ၏ပုံရိပ်သည် လူ၏မှတ်ဉာဏ်များထဲတွင် တည်ရှိပြီး၊ ငါ၏ ပုံသဏ္ဌာန်မှာ သူ၏ အတွေးများထဲတွင် တည်ရှိဘိသည့်အလားဖြစ်သည်။ သို့ရာတွင် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲလာမှု တစ်လျှောက်တွင် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကမျှ ငါ့အား ဧကန်အမှန် မမြင်တွေ့ခဲ့ဖူး၊ အဘယ်ကြောင့်ဆိုသော် လူ၏ဦးနှောက်မှာ အလွန်ပင် နွမ်းပါးမွဲတေသောကြောင့် ဖြစ်သည်။ လူသားသည် ငါ့အား ခွဲခြမ်းလေ့လာခဲ့သည့် အရာအားလုံးတွင် လူသားမျိုးနွယ်၏ သိပ္ပံပညာသည် အလွန်ပင် ရှေးကျလွန်းသည့်အတွက် ယခုတိုင် သူ၏သိပ္ပံဆိုင်ရာ သုတေသနပြုချက်သည် ပြည့်စုံခိုင်လုံသော ရလဒ်တစ်ခုမှ မရရှိသေးပေ။ ထို့ကြောင့် “ငါ၏ပုံရိပ်” နှင့် ပတ်သက်သော အကြောင်းအရာသည် ဖြည့်သွင်းမည့်သူ မည်သူမျှမရှိ၊ ကမ္ဘာ့စံချိန် ချိုးမည့်သူလည်း မည်သူမျှ မရှိဘဲ အစဉ်အမြဲ လုံးလုံးပင် ဗလာဖြစ်နေသည်၊ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ် အတွက်ဆိုပါက ပစ္စုပ္ပန်ထဲ၌ သူ၏ ခြေကုပ်အား မြဲနေစေရန် လုပ်ဆောင်နိုင်ခြင်း သည်ပင် ကြီးမားသော အကြောင်းမလှမှုထဲ၌ တန်ဖိုးဖြတ်၍ မရနိုင်သော နှစ်သိမ့်ရာတစ်ခု ဖြစ်နေပြီ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

၁၉၉၂ ခုနှစ် မတ်လ ၂၃ ရက်

ယခင်က:အခန်း ၂၂

နောက်တစ်ခုသို့:အခန်း ၂၄

သင်နှစ်သက်နိုင်သည့် အရာများ