အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၉၈။ ဆင်းရဲဒုက္ခကြီးစွာ ခံစားရခြင်းသည် ဘုရားသခင်အတွက် ကျွန်တော့်၏ချစ်ခြင်းမေတ္တာကို လှုံ့ဆော်ပေးခဲ့သည်

မွန့်ယုံ၊ ရှန်ဇီ စီရင်စု

ကျွန်တော်သည် ပင်ကိုယ်သဘာဝအားဖြင့် လူကောင်းတစ်ယောက်ဖြစ်သည်။ မှောင်မိုက်ဆိုးညစ်သည့် ဤလူ့အဖွဲ့အစည်းတွင် ကျွန်တော် အမြဲတမ်းအနိုင်ကျင့်ခံခဲ့ရသည်။ ထို့ကြောင့် ကျွန်တော်သည် လူ့လောက၏ အေးစက်ခြင်းများနှင့် တွေ့ကြုံခဲ့ရပြီး ကျွန်တော့်ဘဝသည် အဓိပ္ပာယ်မရှိဘဲ ဗလာသက်သက်ဖြစ်နေသည်ကို ခံစားခဲ့ရသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး အသင်းတော် အသက်တာတွင် အသက်ရှင်ခြင်းမှတဆင့် ယခင်က ဘယ်သောအခါမှ မခံစားခဲ့ဖူးသည့် လေးနက်မှုနှင့် ပျော်ရွှင်မှုကို ကျွန်တော့်နှလုံးသား၌ ခံစားခဲ့ရသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်မှ ညီအစ်ကိုမောင်နှမများ တစ်ဦးနှင့်တစ်ဦး မိသားစုတစ်ခုကဲ့သို့ ချစ်ခင်ကြသည်ကို မြင်ရခြင်းက ဘုရားသခင်တစ်ပါးတည်းသာလျှင် ဖြောင့်မတ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်သည်သာလျှင် အလင်းဖြစ်သည်ကိုကျွန်တော့်အား နားလည်သဘောပေါက်လာစေခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုကို နှစ်ပေါင်းများစွာ ကိုယ်တိုင်တွေ့ကြုံခြင်းမှတဆင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသားများကို အမှန်တကယ်ပြောင်းလဲစေပြီး ကယ်တင်နိုင်သည်ကို ကျွန်တော် အမှန်တကယ် နားလည်သဘောပေါက်လာခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ပြီး ကိုယ်တော်သည် ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို မွေ့လျော် ဝမ်းမြောက်နိုင်ပြီး ဘုရားသခင်၏ကယ်တင်ခြင်းကို လူတို့ပိုပြီး ရရှိနိုင်စေရန် ကျွန်တော်၏ညီအစ်ကိုမောင်နှမများနှင့် ကျွန်တော်တို့အားလုံးသည် ဧဝံဂေလိတရားပြန့်နှံ့စေရန်အတွက် အကောင်းဆုံးလုပ်ဆောင်ကြသည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ဖမ်းဆီးခံရပြီး ညှင်းပန်းနှိပ်စက်ခြင်း ကျွန်တော်တို့ ခံခဲ့ရမည်ကို ဘယ်သောအခါမျှ မမျှော်လင့်မိခဲ့ကြပေ။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျွန်တော်နှင့် ညီအစ်ကိုမောင်နှမအချို့သည် နေရာတစ်ခုသို့ ဧဝံဂေလိတရားဖြန့်ဝေရန် ခရီးနှင်ခဲ့ကြပြီး ဆိုးညစ်သောလူများ၏ သတင်းပေးမှုကြောင့် အစီအစဉ်ပျက်ခဲ့ရသည်။ သိပ်မကြာခင်တွင် နိုင်ငံတော်အစိုးရအမိန့်နှင့်အတူ ဒုစရိုက်နှိမ်နှင်းရေး ရဲတပ်ဖွဲ့များ၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့များ၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့များ၊ လက်နက်ကိုင်ရဲတပ်ဖွဲ့များနှင့် ဒေသဆိုင်ရာ ရဲစခန်းကပါ ကျွန်တော်တို့အားဖမ်းဆီးရန် ရဲကားဆယ်စီးနှင့်အထက် ရောက်လာခဲ့ကြသည်။ ညီအစ်ကိုတစ်ယောက်နှင့် ကျွန်တော်သည် အဝေးသို့မောင်းထွက်သွားရန် ပြင်လိုက်စဉ်ပင် ရဲသားလေးဦး အပြေးရောက်လာပြီး ကျွန်တော်တို့ကားကို ဖြတ်တားလိုက်ကြသည်။ ကျွန်တော်တို့အား စကားတစ်ခွန်းမျှမပြောစေဘဲ တစ်ဦးက ကားသော့အား ဆွဲဖြုတ်ကာ ကားထဲတွင်နေရန်နှင့် မလှုပ်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက်တွင် ရာဘာတုတ်များဆွဲကိုင်ထားသည့် ရဲသားခုနှစ်ဦး သို့မဟုတ် ရှစ်ဦးလောက်သည် အခြားညီအစ်ကိုတစ်ဦးအား ဒေါသတကြီးရိုက်နှက်နေပြီး ထိုညီအစ်ကိုသည် မလှုပ်ရှားနိုင်တော့သည့် အဆင့်ထိရောက်အောင် ရိုက်နှက်ခြင်းခံခဲ့ရသည်ကို မြင်ခဲ့ရသည်။ ကျွန်တော်လည်း မတတ်သာတော့သည့်အဆုံး တရားသော ဒေါသများ တလိပ်လိပ်တက်လာပြီး သူတို့၏အကြမ်းဖက်မှုကို ရပ်တန့်ပစ်ရန် ကားထဲမှ တဟုန်ထိုးပြေးသွားခဲ့သည်။ သို့သော်လည်း ရဲသားများက ကျွန်တော့်လက်မောင်းကို လိမ်ပြီး ဘေးသို့တွန်းထုတ်ခဲ့သည်။ ကျွန်တော်က သူတို့အား “ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ချင်း ဆွေးနွေးလို့ရတာပဲ။ လူတွေကို ဘယ်လိုကြောင့် မပြောမဆိုနဲ့ စရိုက်နေရတာလဲ” ဟု ရှင်းပြရန် ကြိုးစားခဲ့သည်။ သူတို့က ဒေါသတကြီးနှင့် “ကားထဲမြန်မြန်ပြန်ဝင်စမ်း၊ မကြာခင် မင်းအလှည့်ဖြစ်သွားလိမ့်မယ်” ဟု အော်ဟစ်ပြောဆိုခဲ့သည်။ ထို့နောက်တွင် ကျွန်တော်တို့အား ရဲစခန်းသို့ခေါ်သွားပြီး ကျွန်တော်တို့ကားကိုလည်း တရားဝင်သိမ်းယူခဲ့လေသည်။

ထိုနေ့ည ကိုးနာရီကျော်ပြီးနောက်တွင် အမှုစစ် ရဲနှစ်ယောက်သည် ကျွန်တော့်အား စစ်မေးရန် ရောက်လာခဲ့သည်။ ကျွန်တော့်ထံမှ အသုံးဝင်သည့် အချက်အလက်များ မရနိုင်ကြောင်းကို သိသွားသောအခါ ပျာယာခတ်လျက် စိတ်တိုသွားခဲ့ပြီး အံကြိတ်ကာ “နေနှင့်ဦးပေါ့၊ နောက်မှ မင်းကို ကိုင်တွယ်ရမယ်” ဟု ကျိန်ဆဲခဲ့သည်။ ထို့နောက် သူတို့သည် ကျွန်တော့်အား စစ်ဆေးရေးအခန်းတွင် ပိတ်လှောင်ခဲ့သည်။ ည ၁၁:၃ဝ တွင် စောင့်ကြည့် ကင်မရာမရှိသည့် အခန်းထဲသို့ ကျွန်တော့်ကို ခေါ်ဆောင်လာခဲ့သည်။ သူတို့သည် ကျွန်တော့်အား အကြမ်းဖက်ကြတော့မည်ကို ကြိုသိနေခဲ့ရပြီး ဘုရားသခင် ကျွန်တော့်အား ကာကွယ်ရန် ကျွန်တော့်နှလုံးသားထဲမှ အထပ်ထပ်အခါခါ ဆုတောင်းနေခဲ့သည်။ ထိုအချိန်တွင် မိသားစုအမည် “ကျား” ဆိုသော ရဲသားတစ်ယောက်က ကျွန်တော့်အား စစ်မေးရန် ရောက်လာခဲ့သည်။ “ပြီးခဲ့တဲ့ရက်အနည်းငယ်က ဗောက်စ်ဝက်ဂွန်ဂျက်တာကားထဲက လူက မင်းလား” ။ မဟုတ်ဘူးဟု ကျွန်တော်ဖြေခဲ့သည်။ သူက ဒေါသတကြီးဖြင့် “တခြားသူတွေက မင်းကို တွေ့ခဲ့တယ်တဲ့။ အခုထိ မင်းက ငြင်းနေတုန်းပဲလား” ဟု အော်ဟစ်ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုပြီးနောက် ကျွန်တော့်ပါးအား ရက်ရက်စက်စက် ဖြတ်ရိုက်ခဲ့လေသည်။ ကျွန်တော်၏ပါးပြင်ပေါ်တွင် ပူခနဲ နာကျင်မှုကို ခံစားခဲ့ရသည်။ ထို့နောက်- “မင်းဘယ်လောက် တောင့်ခံနိုင်မလဲ ကြည့်ကြတာပေါ့” ဟု သူက ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်။ သူက ပြောပြောဆိုဆိုနှင့် ခါးပတ်တစ်ချောင်းယူပြီး ကျွန်တော်၏ မျက်နှာအား ခါးပတ်ဖြင့် လွှဲရိုက်နေခဲ့သည်။ အကြိမ်ရေမည်မျှ အရိုက်ခံရသည်ကို ကျွန်တော်မသိတော့ပေ။ သို့သော်လည်း နာကျင်လွန်းမှုကြောင့် ထပ်ကာထပ်ကာအော်ရုံမှလွဲ၍ ကျွန်တော် ဘာမျှမတတ်နိုင်ခဲ့ပေ။ ဤသည်ကိုမြင်သောအခါ ကျွန်တော့်ပါးစပ်ကို ခါးပတ်ဖြင့် စည်းခဲ့လေသည်။ ထို့နောက် အချို့ရဲသားများက သူတို့မောပန်းပြီး အမောဖြေသည့်အချိန်မှလွဲပြီး ရာဘာတုတ်များဖြင့် ကျွန်တော့်အား ဒေါသတကြီး ရိုက်နှက်ခဲ့သည်။ မရိုက်နှက်မီ ဂွမ်းစောင်များဖြင့် ကျွန်တော့်ကိုယ်ခန္ဓာကို အုပ်ထားခဲ့ကြသည်။ ကျွန်တော်သည် ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရပြီး ကျွန်တော့်ခေါင်းထဲတွင် ချာချာလည်နေလျက် အရိုးအားလုံး တစ်စစီ ပြုတ်ထွက်သွားသကဲ့သို့ ခံစားနေခဲ့ရသည်။ ထိုအချိန်တုန်းက ကျွန်တော့်အား အဘယ့်ကြောင့် ထိုကဲ့သို့သောနည်းလမ်းဖြင့် ရိုက်နှက်သည်ကို မသိခဲ့ပေ။ သို့သော် ကျွန်တော်၏အသားပေါ်တွင် အညိုအမဲများမကျန်အောင် ရိုက်နှက်ရာတွင် ဂွမ်းစောင်များကို သုံးခဲ့ကြောင်း သိပ်မကြာခင်မှာပင် သိလာခဲ့ရလေသည်။ စောင်ကြည့်ကင်မရာမရှိသည့် အခန်းထဲသို့ခေါ်ပြီး ပါးစပ်ကို စည်းကာ ခန္ဓာကိုယ်ပေါ်သို့ ဂွမ်းစောင်များနှင့် ဖုံးခြင်းတို့အားလုံးမှာ သူတို့၏ ဆိုးညစ်သော လုပ်ဆောင်ချက်များ ပေါ်သွားမည်ကို ကြောက်သောကြောင့်ဖြစ်သည်။ စီစီပီရဲများသည် အင်မတန်ဒုက္ခပေးပြီး ရက်စက်သောသူများ ဖြစ်ကြသည်။ သူတို့လေးယောက် ကျွန်တော့်ကိုရိုက်၍ မောသွားသည့်အချိန်တွင် နောက်ထပ်နှိပ်စက်နည်းတစ်ခု ပြောင်းလိုက်ကြလေသည်။ ရဲသားနှစ်ဦးသည် ကျွန်တော့်၏ လက်မောင်းတစ်ဖက်အား ပခုံးပေါ်မှကျော်၍ အနောက်သို့ ပြင်းပြင်းထန်ထန်ဆွဲချစဉ်တွင် အခြားရဲသားနှစ်ဦးသည် ကျွန်တော်၏ ကျန်လက်မောင်းအား အနောက်မှ ပတ်၍ အရှိန်ပြင်းပြင်း အပေါ်သို့ ဆွဲတင်လေသည်။ (ဤကဲ့သို့သော နှိပ်စက်နည်းကို “ကျောပေါ်တွင် ဓါးထမ်းလာခြင်း” ဟု ခေါ်ပြီး တော်ရုံလူတစ်ယောက်အနေဖြင့် ကြံ့ကြံ့ခံနိုင်လိမ့်မည်မဟုတ်ချေ) သို့သော် ကျွန်တော့်လက်နှစ်ဖက်ကို ထိအောင် မဆွဲနိုင်တော့သည့်အဆုံး ကျွန်တော့်လက်မောင်းအား ရက်ရက်စက်စက် ဒူးနှင့်တိုက်ကြလေသည်။ “ဂျွတ်ကနဲ” အသံကြီးကို ကြားလိုက်ရပြီးနောက် ကျွန်တော့်လက်မောင်းနှစ်ဖက်စလုံး ပြုတ်ထွက်သွားသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်တော် သေလုမျောပါး နာကျင်ခဲ့ရသည်။ ကျွန်တော့်လက်နှစ်ဖက်စလုံး ထိတွေ့ခံစားမှုအာရုံပျောက်ဆုံးသွားစေရန် အချိန်သိပ်မကြာလိုက်ပေ။ သူတို့သည် နှိပ်စက်၍အားမရသေးသောကြောင့် ကျွန်တော့်အား ပိုမိုဒုက္ခဝေဒနာခံစားစေရန် ဒူးထောက်ခိုင်းခဲ့ကြသည်။ ကျွန်တော်သည် အလွန်ပင်နာကျင်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများထွက်ကာ ခေါင်းထဲတွင် အသံများမြည်နေပြီး အသိစိတ်သည်လည်း အနည်းငယ် ဝေဝါးစပြုနေပြီဖြစ်သည်။ “ကျွန်တော့်ဘဝမှာ နှစ်ပေါင်းများစွာနေထိုင်လာခဲ့တဲ့ ကာလတလျှောက်လုံးထဲမှာ နာတာရှည်ဖျားနာမှုကို အဆက်မပြတ် ခံစားခဲ့ရတာတောင်မှ ကိုယ်ပိုင် အသိစိတ်ကို ထိန်းချုပ်ဖို့ မတတ်နိုင်တာမျိုး ဘယ်တုန်းကမှ မခံစားခဲ့ဖူးဘူး။ ကျွန်တော်သေတော့မှာပါလား” ဟု တွေးခဲ့မိသည်။ ထို့နောက် ကျွန်တော်သည် တကယ်ကို နောက်ထပ်မခံနိုင်တော့တာကြောင့် သက်သာရာရလိုရငြား မြန်မြန်အသက်ထွက်ပြီး သေပါစေတော့ဟုသာ တွေးတောနေခဲ့မိတော့သည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်စိတ်အတွင်းမှ ဉာဏ်အလင်းပေးခဲ့လေတော့သည်။ “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်...အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ အဆင့်တစ်ခုသို့ ရောက်ရှိပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများဖြစ်ပြီး၊ ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများဖြစ်လေတကား။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်အား ရုတ်တရက် နိုးထစေခဲ့ပြီး ကျွန်တော်၏တွေးတောပုံ နည်းလမ်းသည် ဘုရားသခင်၏အလိုတော်နှင့် လွဲချော်နေပြီး ဘုရားသခင်ကို ဝမ်းနည်းစိတ်ပျက်စေခြင်းသာ ဖြစ်စေကြောင်းကို နားလည်သဘောပေါက်စေခဲ့သည်။ အကြောင်းမှာ ယခုလိုနာကျင်ခြင်းနှင့် ဆင်းရဲဒုက္ခကြီးစွာ ခံစားရခြင်းတို့အကြားတွင် ဘုရားသခင်မြင်လိုသည့်အရာမှာ ကျွန်တော့်အနေဖြင့် သေခြင်းကို ရှာဖွေခြင်းမဟုတ်ဘဲ အရှက်ကွဲခြင်းကို မြိုသိပ်ပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို သည်းခံရန်နှင့် ဘုရားသခင်၏ လမ်းညွှန်မှုကို မှီခိုကာ စာတန်ကို တိုက်ခိုက်ရန်၊ ဘုရားသခင်ကို သက်သေခံရန်နှင့် စာတန်ကို ရှက်ကြောက်စေပြီး ရှုံးနိမ့်သွားစေရန်ဖြစ်သည်။ သေခြင်းကိုရှာဖွေခြင်းသည် စာတန်၏အကြံအစည်ထဲသို့ ကျရောက်သွားခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်အတွက် သက်သေခံခြင်းဟု မယူဆနိုင်ဘဲ ရှက်ကြောက်ခြင်း၏ အမှတ်အသားတစ်ခုသာ ဖြစ်ပေလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ပြီးနောက် တိတ်ဆိတ်စွာပင်- “အို ဘုရားသခင်၊ ကျွနုပ်၏ သဘောသဘောဝဟာ အားနည်းလွန်းတယ်ဆိုတာကို လက်တွေ့ဖြစ်ရပ်က ပြသလိုက်ပါပြီ။ ကိုယ်တော့်အတွက် ဆင်းရဲဒုက္ခခံဖို့ အလိုဆန္ဒနဲ့ သတ္တိမရှိဘဲ ရုပ်ပိုင်းဆိုင်ရာနာကျင်မှု အနည်းငယ်ကြောင့် သေခြင်းကို ရှာဖွေခဲ့မိတယ်။ အခုတော့ ကျွန်ုပ်ဟာ ဆင်းရဲဒုက္ခကို ဘယ်လောက်ပဲကြံ့ကြံ့ခံရပါစေ၊ ကိုယ်တော့်ရဲ့နာမတော်ကို အရှက်ရစေတာမျိုး လုံးဝမလုပ်တော့ဘဲ ကိုယ်တော့်အတွက် သက်သေရပ်တည်နိုင်ပြီး ကိုယ်တော့်ကို ကျေနပ်နှစ်သိမ့်စေရပါမယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ကျွန်ုပ်ရဲ့ကိုယ်ခန္ဓာဟာ အလွန်အမင်း နာကျင်နေပြီး အားနည်းနေပါတယ်။ ကျွန်ုပ်၏ ကိုယ်ပိုင်ခွန်အားဟာ ဒီမကောင်းဆိုးဝါးတွေရဲ့ ရိုက်နှက်ခြင်းကနေ လွန်မြောက်နိုင်ဖို့ တကယ်ပဲ ခက်ခဲတယ်ဆိုတာ သိပါတယ်။ ကိုယ်တော့်ကိုအားကိုးပြီး စာတန်ကို နှိမ်နင်းနိုင်ဖို့အတွက် ကျေးဇူးပြုပြီး ယုံကြည်မှုနဲ့ ခွန်အား ကျွန်ုပ်ကို ထပ်ပြီးပေးသနားတော်မူပါ။ ကိုယ်တော့်ကို သစ္စာမဖောက်ဖျက်သလို ညီအစ်ကိုမောင်နှမတွေကိုလည်း စွန့်ခွာမသွားပါဘူးလို့ ကျွန်ုပ်ရဲ့အသက်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်” ဟု ဆုတောင်းနေခဲ့လေသည်။ ဘုရားသခင်ထံသို့ ထပ်တလဲလဲ ဆုတောင်းပြီးနောက်တွင် ကျွန်တော်၏နှလုံးသားသည် တဖြည်းဖြည်း သက်သာရာရလာခဲ့သည်။ ယုတ်မာသော ရဲများက ကျွန်တော့်အသက် ငွေ့ငွေ့လေးသာ ကျန်ရှိတော့သည်ကို မြင်ပြီး ကျွန်တော်သေဆုံးသွားပါက တာဝန်ယူရမည်ကို ကြောက်လန့်နေခဲ့လေသည်။ ထို့ကြောင့် ကျွန်တော်၏လက်ထိတ်ကို ဖြုတ်ပေးရန် ရောက်လာခဲ့ကြလေသည်။ သို့သော် ကျွန်တော်ရဲ့လက်မောင်းသည် မာတောင့်လျက်ရှိနေပြီး လက်ထိတ်သည်လည်း အလွန်ပင် ကြပ်နေသောကြောင့် လက်ထိတ်ဖြုတ်ရန် အလွန်ပင်ခက်ခဲနေလေသည်။ ယုတ်မာသည့် ရဲသားလေးဦးသည် လက်ထိတ်အားဖြုတ်ရန် မိနစ်အတန်ကြာအောင် ကြိုးစားခဲ့ကြပြီးနောက် ကျွန်တော့်အား စုံစမ်းစစ်ဆေးရေးအခန်းထဲသို့ တရွတ်တိုက် ပြန်လည်ဆွဲခေါ်သွားခဲ့လေတော့သည်။

နောက်တစ်နေ့ မွန်းလွဲချိန်တွင် ရဲသည် ကျွန်တော့်အား “ပြစ်မှုကျူးလွန်းကြောင်း” တဖက်သတ် စွပ်စွဲခဲ့ပြီး လိုအပ်သည့်ပစ္စည်းများပြန်လည်သိမ်းဆည်းရန် ကျွန်တော့်အိမ်သို့ ပြန်စေခဲ့ပြီးနောက်တွင် ကျွန်တော့်အား အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့လေသည်။ အကျဉ်းစခန်းထဲသို့ဝင်လိုက်သည်နှင့်တပြိုင်နက် ထောင်ကြီးကြပ်ရေးအရာရှိလေးဦးသည် ကျွန်တော့် ချည်သားအနွေးထည်၊ ဘောင်းဘီများ၊ ဘွတ်ဖိနပ်များနှင့် နာရီအပါအဝင်၊ လက်ထဲမှ ယွမ် ၁၃ဝဝ ကိုပါ သိမ်းယူခဲ့လေသည်။ သူတို့သည် ကျွန်တော့်အား သတ်မှတ်ထောင်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်စေခဲ့ပြီး သူတို့ထံမှ ဂွမ်းစောင်တစ်ထည်ကို ယွမ် ၂ဝဝ ဖြင့် အတင်းအကြပ်ဝယ်ခိုင်းလေသည်။ ထို့နောက် ထောင်ကြီးကြပ်ရေးအရာရှိလေးဦးသည် ကျွန်တော့်အား ဓါးပြများ၊ လူသတ်သမားများ၊ မုဒိမ်းကောင်များ၊ မှောင်ခိုသမားများနှင့်အတူ သော့ပိတ်ထားလေတော့သည်။ ကျွန်တော်နေရမည့် အကျဉ်းခန်းလေးထဲသို့ ဝင်လိုက်သောအခါ ထိပ်ပြောင်ပြောင်နှင့် အကျဉ်းသားတစ်ဆယ့်နှစ်ဦးသည် ကျွန်တော့်အား ရန်လိုသောအကြည့်နှင့် ကြည့်နေကြသည်ကို တွေ့ခဲ့သည်။ ပတ်ဝန်းကျင်သည် မှုန်မှိုင်းနေပြီး ကြောက်လန့်စရာကောင်းနေသည်။ ရုတ်တရက် ကျွန်တော့်၏နှလုံးသားက လည်ပင်းထဲသို့ ပျို့တက်လာသည်ကို ခံစားခဲ့ရလေသည်။ အခန်းထဲမှ အကျဉ်းမှူးနှစ်ဦးသည် ကျွန်တော့်ထံသို့လျှောက်လာပြီး- “ဘာအတွက်ကြောင့် ဒီကိုရောက်လာသလဲ” ဟု မေးခဲ့သည်။ “ဧဝံဂေလိတရားကို ဖြန့်ဝေလို့” ဟု ကျွန်တော်က ပြန်ပြောခဲ့သည်။ တစ်ခွန်းမှမပြောဘဲ သူတို့ထဲမှ တစ်ယောက်က ကျွန်တော့်ပါးကို နှစ်ကြိမ်ဖြတ်ရိုက်ခဲ့ပြီး “မင်းက ဘာသာရေးခေါင်းဆောင်မဟုတ်လား” ဟု ပြောခဲ့သည်။ အခြားအကျဉ်းသားများကလည်း “ဒီနေရာကလွတ်အောင် မင်းရဲ့ဘုရားခင်ကို ကယ်ခိုင်းလိုက်လေ” ဟု ရိုင်းစိုင်းစွာပြောဆိုရယ်မောပြီး သရော်ခဲ့ကြသည်။ လှောင်ပြောင်သရော်မှုများကြားတွင် အကျဉ်းမှူးသည် ကျွန်တော့်ပါးအား တစ်ချက်ပြီးတစ်ချက် ဆင့်ပြီးရိုက်ခဲ့ပြန်သည်။ ထိုအချိန်မှစပြီး သူတို့သည် ကျွန်တော့်အား “ဘာသာရေးခေါင်းဆောင်” ဟု နာမည်ပြောင်ပေးထားပြီး မကြာခဏလှောင်ပြောင်ရင်း အရှက်ရစေခဲ့သည်။ အခြားအကျဉ်းမှူးတစ်ဦးက ကျွန်တော်ခြေညှပ်ဖိနပ် စီးထားသည်ကိုမြင်ပြီး- “မင်း ကိုယ့်အဆင့်ကိုယ် မသိဘူးလား။ ဒီရှုးဖိနပ်တွေစီးဖို့ မင်းနဲ့ထိုက်တန်လို့လား၊ ချွတ်ပစ်လိုက်စမ်း”ဟု အထက်စီးဆန်ဆန် အော်ဟစ်ပြောဆိုခဲ့လေသည်။ ဟောင်းနွမ်းစုတ်ပြတ်နေသော သူတို့ဖိနပ်ကို အစားထိုးရန် သူက ပြောပြောဆိုဆိုပင် ကျွန်တော့်ဖိနပ်အား ချွတ်ယူလိုက်လေသည်။ သူတို့သည် ကျွန်တော့်ဂွမ်းစောင်ကိုလည်း အခြားအကျဉ်းသားများထံသို့ ပေးပစ်လိုက်ကြလေသည်။ ထိုအကျဉ်းသားများသည် ကျွန်တော့်ဂွမ်းစောင်ကိုလုရင်း ရန်ဖြစ်နေကြပြီး အဆုံးသတ်တွင် ပါးလွှာ စုတ်ပြဲ ညစ်ပတ်ပြီး နံစော်နေသည့် ဂွမ်းစောင်တစ်ထည်သာ ကျွန်တော့်အတွက် ကျန်ခဲ့လေတော့သည်။ ထောင်ကြီးကြပ်ရေးအရာရှိလေးဦး၏ သွေးထိုးလှုံ့ဆော်မှုကြောင့် အဆိုပါအကျဉ်းသားများသည် ကျွန်တော့်အား နှိပ်စက်ကလူပြုပြီး ဆင်းရဲဒုက္ခကို ခံစားစေခဲ့လေသည်။ ညဘက်ဆိုလျှင် အကျဉ်းခန်းထဲတွင် မီးအမြဲလင်းနေလျက်ရှိသည်။ သို့သော် အကျဉ်းမှူးက စပ်ဖြီးဖြီးလုပ်ကာ- “ငါ့ကို မီးပိတ်ပေးစမ်း” ဟု ပြောလေသည်။ (မီးခလုတ်တစ်ခုမျှ မရှိသည့်အတွက်ကြောင့်) ကျွန်တော် မပိတ်တတ်သည့်အခါ ကျွန်တော့်ကို ဝါးခနဲ လှောင်ပြောင်ရယ်မောကြပြန်လေသည်။ နောက်တစ်နေ့တွင် လူငယ်အကျဉ်းသားလေးအချို့က ကျွန်တော့်အား ထောင့်တစ်နေရာတွင်ရပ်နေစေပြီး အကျဉ်းထောင်စည်းကမ်းများကို အလွတ်ကျက်မှတ်ရန် အတင်းအကျပ် စေခိုင်းခဲ့သည်။ “ဒါတွေကို နှစ်ရက်အတွင်းမှာ ရအောင် မကျက်ထားဘူးဆိုရင် အကြောင်းသိစေရမယ်” ဟု ခြိမ်းခြောက်ခဲ့လေသည်။ ကျွန်တော်လည်း ကြောက်လန့်နေရုံကလွဲပြီး ဘာမျှမတတ်နိုင်ခဲ့ချေ။ ပြီးခဲ့သည့် ရက်အနည်းငယ်က ဖြတ်သန်းခဲ့သည့်အကြောင်းများကို ပြန်တွေးမိလာလေလေ၊ ပိုမိုကြောက်လန့်တုန်လှုပ်လာလေလေပင် ဖြစ်သည်။ ကျွန်တော်လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဤဒုက္ခဆင်းရဲမှ လွှားကျော်နိုင်ရန် ဘုရားသခင်ကို တမ်းတခြင်းနှင့် ကျွန်တော့်အား ကာကွယ်ပေးရန် အသနားခံခြင်းပင် ရှိတော့သည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော ဓမ္မသီချင်းတစ်ပုဒ်အကြောင်းကို တွေးမိလေသည်။ “ထောင်ချခံရခြင်း၊ နာမကျန်းဖြစ်ခြင်း၊ လှောင်ပြောင်သရော်မှု သို့မဟုတ် အသရေဖျက်မှုတို့ကို အခြားသူများထံမှ သင်ရင်ဆိုင်ရပါစေ၊ သို့မဟုတ် လွတ်လမ်းမရှိဟု ထင်ရပါစေ၊ ဘုရားသခင်ကို သင် ချစ်နိုင်သေး၏။ ဤသည်မှာ သင်၏ စိတ်နှလုံး ဘုရားသခင်ထံ လှည့်ပြီဟု အဓိပ္ပါယ်ရပါသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားသခင်ထံ သင်၏ စိတ်နှလုံး လှည့်ပြီလား”) ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်တော့်အား ခွန်အားပေးခဲ့ပြီး၊ ဘုရားသခင်ကိုချစ်ရန် ရှာဖွေခြင်းအား လက်တွေ့လုပ်ဆောင်ဖို့ လမ်းကိုညွှန်ပြလျက် ကျွန်တော့်နှလုံးသားကို ဘုရားသခင်ထံသို့ လှည့်ပြန်စေခဲ့သည်။ ထိုအခိုက်အတန့်လေးတွင် ရုတ်တရက်ဆိုသလို ကျွန်တော့်နှလုံးသားထဲ၌ ရှင်းလင်းပြတ်သားသွားခဲ့သည်- ကျွန်တော့်အပေါ် ထိုဆင်းရဲဒုက္ခခံစားရခြင်းကို ဘုရားသခင်က ခွင့်ပြုပေးလိုက်ခြင်းသည် ကျွန်တော့်အား နှိပ်စက်ရန် သို့မဟုတ် တမင်တကာ ဆင်းရဲဒုက္ခခံစေရန်မဟုတ်ဘဲ ယခုကဲ့သို့ အခြေအနေမျိုး၌ ကျွန်တော့်နှလုံးသားအား ဘုရားသခင်ထံသို့ လှည့်ပြန်စေရန် လေ့ကျင့်ပေးခြင်းဖြစ်သည်။ သို့မှသာ ကျွန်တော်သည် စာတန်၏ မှောင်မိုက်လှသော လွှမ်းမိုးထိန်းချုပ်မှုကို ဆန့်ကျင်နိုင်မည်ဖြစ်ပြီး ကျွန်တော့်နှလုံးသားသည် ဘုရားသခင်နှင့် ပိုပြီးနီးစပ်လာနိုင်ကာ ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များကို ဘယ်သောအခါမျှ မငြီးတွားဘဲ အမြဲတစေလက်ခံပြီး နာခံမည်ဖြစ်သည်။ ကျွန်တော့်စိတ်ထဲတွင် ထိုသို့တွေးမိလိုက်ရာ ကြောက်ရွံ့ခြင်းအလျဉ်းမရှိတော့ပေ။ စာတန်သည် ကျွန်တော့်အား မည်သို့ပင်ပြုမူစေကာမူ၊ ကျွန်တော်ဂရုစိုက်ရမည့်အရာမှာ ဘုရားသခင်ထံသို့ မိမိကိုယ်ကိုယ် အပ်နှံခြင်းနှင့် ဘယ်သောအခါမျှ စာတန်ကို အရှုံးမပေးဘဲ ဘုရားသခင်အား ချစ်ခြင်းကို ဆက်လက်လုပ်ဆောင်ရန်နှင့် ဘုရားသခင်အား ကျေနပ်နှစ်သိမ့်စေရန်သာ ဖြစ်သည်။

အကျဉ်းထောင်ထဲရှိဘဝသည် လောကငရဲပင်ဖြစ်သည်။ ထောင်အစောင့်များသည် ကျွန်တော့်အားနှိပ်စက်ရန် နည်းလမ်းများကို အကြံထုတ်နေတတ်ကြသည်။ ညပိုင်း ကျွန်တော်အိပ်ပျော်နေစဉ်တွင် အခြားအကျဉ်းသားများက ကျွန်တော့်ကို ဝိုင်းပြုံပြီး တွန်းထိုးကြသဖြင့် ကျွန်တော် လိမ့်ထွက်သွားခဲ့ရပြီး အိမ်သာနှင့်ယှဉ်လျက် အိပ်ခဲ့ရသည်။ ကျွန်တော်အဖမ်းခံရပြီး နောက်ပိုင်း ရက်အတော်ကြာ မအိပ်ခဲ့ရသဖြင့် လွန်စွာအိပ်ချင်လာပြီးနောက် မတတ်သာသည့်အဆုံး တမှေးအိပ်မိလေတော့သည်။ မတ်တပ်ရပ်အစောင့်လုပ်ရသည့် တာဝန်ကျအကျဉ်းသားများသည် ကျွန်တော့်အား အနှောက်အယှက်ပေးရန် သူတို့တာဝန်ချိန်မကုန်ခင်အထိ ကျွန်တော်မနိုးမချင်း ကျွန်တော့်နဖူးကို တမင်တကာတောက်ပြီးမှ ထွက်သွားကြသည်။ တစ်ခါက နံနက်သုံးနာရီလောက်တွင် အကျဉ်းသား တစ်ယောက်သည် ကျွန်တော့်ကို တမင်တကာနှိုးပြီး ကျွန်တော်ဝတ်ထားသည့် ဂျွန်တော့ပ်ကုတ်အကျႌကို အတင်းဝင်လုံးကာ ခိုးယူခဲ့ပြီး ဟောင်းနွမ်းညစ်ပေပြီး စုတ်ပြတ်နေသော ပါးလွှာလှသည့် အကျႌအား ကျွန်တော့်ကို ပေးခဲ့လေသည်။ ထိုနေ့ရက်များသည် နှစ်တစ်နှစ်၏ အအေးဆုံးနေ့ရက်များဖြစ်လင့်ကစား ၄င်းအကျဉ်းသားသည် ကျွန်တော့်ထံမှ တစ်ထည်တည်းသော ဂျွန်တော့ပ်ကုတ်အကျႌကိုပင် လုယူသွားရက်ခဲ့သည်။ ထိုနေရာရှိလူများသည် တိရစ္ဆာန်ကဲ့သို့ ရိုင်းစိုင်းကြသည်။ သူတို့သည် ရက်စက်ပြီး အန္တရာယ်ပေးနိုင်သူများဖြစ်ကြကာ လူ့သဘာဝနည်းနည်းမျှမရှိဘဲ ငရဲတွင် သူတို့ပျော်ရွှင်မှုအတွက် လူများကို နှိပ်စက်သည့် မကောင်းဆိုးဝါးများကဲ့သို့ ဖြစ်သည်။ ထို့ထက်ပိုပြီးပြောရလျှင် ထိုနေရာတွင်ကျွေးသော အစားအစာသည် ခွေးများ၊ ဝက်များကိုကျွေးသော အစားအစာထက်ပင် ပို၍ဆိုးရွားလေသည်။ ပထမဆုံးအကြိမ်တွင် ကျွန်တော်သည် ဆန်ပြုတ် ပန်းကန်တစ်ဝက်ကို ရပြီး ၄င်းထဲတွင် အမည်းစက်အများအပြား ပါနေသည်ကို မြင်ခဲ့ရသည်။ ဆန်ပြုတ်အရောင်သည်လည်း မဲနက်နေပြီး ထိုအရာက ဘာလဲဆိုတာကိုပင် မသိခဲ့ပေ။ ယင်းကိုမြိုချဖို့ အလွန်ပင်ခက်ခဲလေသည်။ ယင်းအချိန်တုန်းက ကျွန်တော်သည် အမှန်တကယ်ပင် အစာရှောင်ချင်မိခဲ့သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်ကို ဉာဏ်အလင်းပေးခဲ့လေသည်- “ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ဒုက္ခဝေဒနာ မည်မျှပင် ကြီးမားပါစေ၊ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ သင်တို့၏နောက်ဆုံးထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏ထိန်းချုပ်မှုအောက်၌ ရှိနေရမည်။ ဤအရာသည်သာ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးခြင်းဖြစ်ပြီး ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ချစ်ခြင်းမေတ္တာ၊ ခင်တွယ်မှုတို့နှင့်ပြည့်ဝပြီး မိခင်တစ်ယောက်၏ နှစ်သိမ့်ပေးခြင်းကဲ့သို့ဖြစ်ကာ ဆင်းရဲဒုက္ခကို ရင်ဆိုင်ရန် ကျွန်တော့်၏ သတ္တိကို နိုးကြွစေခဲ့သည်။ ဘုရားသခင်သည် ကျွန်တော့်အား ဆက်လက်အသက်ရှင်နေစေချင်သော်လည်း ကျွန်တော်သည် အလွန်အမင်းအားနည်းနေပြီး သေခြင်း ဖြင့်သာ အမြဲမပြတ် လွတ်ငြိမ်းမှုကို လိုချင်နေခဲ့သည်။ ကိုယ့်ကိုယ်ကိုယ်ပင် မချစ်ချင်ခဲ့သော်လည်း ကျွန်တော့်အား အချစ်ဆုံးသောသူမှာ ဘုရားသခင်ဖြစ်နေဆဲဖြစ်သည်။ ကျွန်တော့်နှလုံးသားတွင်းဝယ် နွေးထွေးမှုတစ်ခုသည် ရုတ်တရက် တရှိန်ထိုးတက်လာပြီး မျက်လုံးထဲမှ မျက်ရည်များစီးကျလာသည်အထိ အလွန်ပင် ဝမ်းနည်းခံစားရစေခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ တို့ထိခံရခြင်းသည် ကျွန်တော့်အား နောက်တစ်ကြိမ်ထပ်မံပြီး အားအင်ပေးခဲ့ကာ ဘယ်လိုအရသာပင်ဖြစ်နေပါစေ၊ ကျွန်တော်သည် ဒီအစာကို စားရပေမည်။ ထို့ကြောင့် တကြိုက်တည်းပင် ဆန်ပြုတ်ကို ကုန်အောင်စားခဲ့သည်။ နံနက်စာစားပြီးနောက် အကျဉ်းမှူးက ကျွန်တော့်အား ကြမ်းပြင်များကို တိုက်ချွတ်ဆေးကြောခိုင်းလေသည်။ ထိုနေ့ရက်များသည် နှစ်တစ်နှစ်၏ အအေးဆုံးသောနေ့ရက်များဖြစ်ပြီး ရေနွေးမရှိပေ။ ထို့ကြောင့် ကျွန်တော်သည် သန့်ရှင်းရေးအဝတ်အတွက် ရေအေးကိုသာလျှင် အသုံးပြုရလေသည်။ အကျဉ်းမှူးသည် ကျွန်တော့်အား နေ့စဉ် ထိုကဲ့သို့ တိုက်ချွတ်ဆေးကြောရန် အမိန့်ပေးခဲ့လေသည်။ ထို့နောက် နှစ်ရှည်အကျဉ်းကျဓါးပြများသည် ကျွန်တော့်အား အကျဉ်းထောင်စည်းကမ်းကို အလွတ်ကျက်ခိုင်းလေသည်။ ကျွန်တော်အလွတ်မရလျှင် လက်သီးနှင့်ထိုး၊ ကန်ကြောက်ပြီး အရင်ကထက်ပိုပြီး ပါးရိုက်ခံရသည့် အကြိမ်ရေများလာခဲ့သည်။ ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးကို ရင်ဆိုင်လျက် ဘုရားသခင်၏အလိုတော်ကို ကျေနပ်နှစ်သိမ့်စေရန် လုပ်ဆောင်ရလိမ့်မည်ကို မကြာခဏ အံ့သြမဆုံးဖြစ်ခဲ့ရသည်။ ညဘက်တွင် ဂွမ်းစောင်ကို ခေါင်းမြီးခြုံပြီး “အို ဘုရားသခင်၊ ကိုယ်တော်ဟာ ဒီပတ်ဝန်းကျင်ကို ကျွန်ုပ်အပေါ်ကျရောက်စေဖို့ ခွင့်ပြုခဲ့တယ်။ ဒါကြောင့် ကိုယ်တော်ရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေဟာ ဒီထဲမှာတည်ရှိနေရမယ်။ ကျေးဇူးပြုပြီး ကိုယ်တော့်ရဲ့ရည်ရွယ်ချက်ကို ကျွန်ုပ်အား ပြသပေးပါ” ဟု တိတ်ဆိတ်စွာပင် ဆုတောင်းနေခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်ကို ဉာဏ်အလင်းရစေခဲ့လေသည်။ “တောင်ကုန်းတို့၌ ပွင့်လန်းဝေဆာနေသော နှင်းပန်းပင်မျိုးတို့ကို ငါနှစ်လိုသဘောကျ၏။ ပန်းများနှင့် မြက်ပင်တို့သည် တောင်စောင်းတစ်လျှောက်တွင် ပေါက်ရောက်နေသည်၊ သို့သော် နှင်းပန်းပင်မျိုးတို့သည် နွေဦးရာသီ မရောက်မီ မြေကြီးပေါ်တွင် ငါ၏ ဘုန်းကို ဂုဏ်ရောင်ထွန်းပြောင်မှု ရှိစေသည်။ လူသည် ဤမျှများလှသည်ကို စွမ်းဆောင်နိုင်သလော။ သူသည် ငါပြန်မလာမီ ကမ္ဘာပေါ်တွင် ငါ့ကို သက်သေခံနိုင်သလော။ အဆင်းနီသော နဂါးကြီး၏တိုင်းပြည်တွင် ငါ၏နာမအတွက် သူသည် သူ့ကိုယ်သူ ဆက်ကပ်နိုင်မည်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၄” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) မှန်ပါသည်။ ပန်းကလေးများ၊ မြက်ပင်များနှင့် ကျွန်တော်တို့အားလုံးသည် ဘုရားသခင်ဖန်ဆင်းထားသည့်အရာများ ဖြစ်ကြသည်။ ကိုယ်တော့်ကို ထင်ရှားစေရန်နှင့် ဘုန်းထင်ရှားစေရန် ဘုရားသခင်သည် ကျွန်တော်တို့အား ဖန်ဆင်းခဲ့သည်။ နွေဦးမရောက်မီ နှင်းပန်းလေးများသည် မြေကြီးပေါ်တွင် ဘုရားသခင်၏ ဂုဏ်ကျက်သရေကို ထွန်းလင်းစေသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံအနေဖြင့် သူတို့၏တာဝန်ကို ပြီးပြည့်စုံစေခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ယနေ့ ကျွန်တော့်၏တာဝန်မှာ ဘုရားသခင်၏စီမံမှုကို နာခံပြီး စာတန်၏အရှေ့တွင် ဘုရားသခင်ကို သက်သေခံရန်ဖြစ်သည်။ လူသားများကိုချစ်၍ ကယ်တင်နေသည်မှာ စစ်မှန်သည့် တစ်ပါးတည်းသောဘုရားသခင်ဖြစ်ပြီး လူသားများကို ထိခိုက်နာကျင်စေလျက် ဝါးမျိုနေသူမှာ စာတန်ဖြစ်ကြောင်းကို လူတိုင်းကို မြင်စေရန်ဖြစ်သည်။ ယခုကဲ့သို့ ဆင်းရဲဒုက္ခခံခြင်းနှင့် အရှက်ကွဲခြင်းများကို ကြံ့ကြံ့ခံနေခြင်းမှာ ကျွန်တော်အမှားကျူးလွန်ခဲ့ခြင်းကြောင့်မဟုတ်ဘဲ ဘုရားသခင်၏ နာမတော်အတွက်သာ ဖြစ်ပေသည်။ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခြင်းသည် မွန်မြတ်သောအရာဖြစ်သည်။ စာတန်က ကျွန်တော့်ကို ပို၍အရှက်ခွဲလေလေ၊ ကျွန်တော်သည် ဘုရားသခင်ကိုချစ်၍ ဘုရားသခင်ဘက်တွင် ပို၍ရပ်တည်လေလေဖြစ်သည်။ ထိုနည်းလမ်းဖြင့် ဘုရားသခင်သည် ဘုန်းကျက်သရေကို ရရှိနိုင်ပြီး ကျွန်တော်ပြီးမြောက်ပြည့်စုံအောင် လုပ်ရမည့်တာဝန်ကို ပြီးမြောက်စေလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ဝမ်းမြောက်ပြီး ကျေနပ်နေသရွေ့ ကျွန်တော့်နှလုံးသားသည်လည်း ကျေနပ်နှစ်သိမ့်မှုကို ရရှိနေမည်ဖြစ်သည်။ ကျွန်တော်သည် ဘုရားသခင်ကို ကျေနပ်နှစ်သိမ့်စေရန် အရာအားလုံး၌ ဘုရားသခင်၏ စီစဉ်ခြင်းအား နာခံ၍ နောက်ဆုံးသော ဆင်းရဲဒုက္ခခံခြင်းကို ကြံ့ကြံ့ခံသွားရန် အလိုဆန္ဒရှိနေသည်။ ဤနည်းလမ်းကို ကျွန်တော်စတင်စဉ်းစားမိလိုက်သောအခါ အထူးသဖြင့် ကျွန်တော့်နှလုံးသားသည် လှုပ်ရှားခဲ့ပြီး မျက်ရည်မထိန်းနိုင်အောင် ထပ်မံဖြစ်ခဲ့ရပြန်သည်။ “အို ဘုရားသခင်၊ စစ်မှန်တဲ့ကိုယ်တော်ဟာ ချစ်ခြင်းမေတ္တာနဲ့ထိုက်တန်ပါတယ်။ ကျွန်ုပ်ဟာ ကိုယ်တော့်နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့တယ်။ သို့ပေမဲ့ ကိုယ်တော့်ရဲ့နူးညံ့တဲ့ ချစ်ခြင်းမေတ္တာကို ဒီနေ့ ကျွန်ုပ်ခံစားရသလောက် ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပါ။ ဒါမှမဟုတ် ဒီနေ့လောက် ကိုယ်တော်နဲ့နီးကပ်တာကို မခံစားခဲ့ရဖူးပါဘူး” ဟု တိတ်တဆိတ် ဆုတောင်းခဲ့လေသည်။ ကျွန်တော်သည် ဆင်းရဲဒုက္ခများကို လုံးဝမေ့သွားခဲ့ပြီး ဤခံစားချက်စီးကြောင်းထဲတွင် အချိန်အတော်ကြာ နစ်မြုပ်နေခဲ့တော့သည်။

အကျဉ်းစခန်းထဲတွင် သုံးရက်ပြည့်သောအခါ ထောင်ကြီးကြပ်ရေးအရာရှိသည် ကျွန်တော့်အား သူတို့ရုံးခန်းသို့ ခေါ်သွားခဲ့လေသည်။ လူတစ်ဒါဇင်ကျော်လောက်သည် ကျွန်တော့်အား မနှစ်မြို့ဖွယ်အကြည့်ဖြင့် စိုက်ကြည့်နေကြသည်ကို မြင်ခဲ့ရသည်။ သူတို့ထဲမှတစ်ယောက်သည် ဗီဒီယိုကင်မရာကို ကိုင်ထားလျက် ကျွန်တော့် အရှေ့ဘယ်ဘက်နားတွင် ရပ်နေပြီး နောက်တစ်ဦးသည် မိုက်ခရိုဖုန်းကိုကိုင်ကာ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဘာကြောင့် ယုံကြည်တာလဲ” ဟု ကျွန်တော့်အား မေးခဲ့သည်။ ယင်းသည် မီဒီယာအင်တာဗျူးတစ်ခုဖြစ်ကြောင်း နားလည်လိုက်သောကြောင့် ကျွန်တော်က ဂုဏ်ယူနှိမ့်ချစွာဖြင့်- “ကျွန်တော်ငယ်ငယ်ကတည်းက လူတွေရဲ့အနိုင်ကျင့်တာနဲ့ အေးစက်စက်ဆက်ဆံရေးတွေကို မကြာခဏခံခဲ့ရတယ်။ ကိုယ်ကျိုးအတွက် တစ်ယောက်နဲ့တစ်ယောက် လိမ်လည်လှည့်ဖြားနေကြတဲ့လူတွေကိုလည်း မြင်ခဲ့ဖူးတယ်။ ဒီလူ့အဖွဲ့အစည်းဟာ အလွန်ပဲ မှောင်မိုက်ပြီး အန္တရာယ်များလွန်းတယ်လို့ ကျွန်တော်ခံစားခဲ့ရတယ်။ လူတွေဟာ ကူညီရာမဲ့ပြီး ဘာမှမရှိတဲ့ဘဝတွေနဲ့ နေထိုင်နေကြတယ်။ ရှေ့ကို မျှော်ကြည့်စရာလည်းမရှိဘဲ ဘဝရဲ့ပန်းတိုင်လည်း မရှိကြဘူး။ အဲဒီနောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို တစ်စုံတစ်ယောက်က ကျွန်တော့်ကို ဟောပြောလိုက်တဲ့အခါမှာ ကျွန်တော်ဟာ စတင်ယုံကြည်ခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာတော့ အခြားယုံ ကြည်သူများက ကျွန်တော့်ကို သူတို့ရဲ့မိသားစုလိုပဲ သဘောထားဆက်ဆံတာကို ခံစားခဲ့ရတယ်။ အနန္တတန်ခိုးရှင်ဘုရားအသင်းတော်မှာ ကျွန်တော့်ကို ဆန့်ကျင်လုပ်ကြံတဲ့လူ တစ်ယောက်မှ မရှိဘူး။ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်ပြီး ဂရုစိုက်ကြတယ်။ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ကြပြီး သူတို့စိတ်ထဲမှာရှိတာတွေကို ထုတ်ဖော်ပြောဖို့လည်း ဝန်မလေးကြဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ထဲမှာ ကျွန်တော်ဟာ ဘဝရဲ့ရည်ရွယ်ချက်နဲ့တန်ဖိုးကို တွေ့ခဲ့ရတယ်။ ဘုရားသခင်ကိုယုံကြည်ခြင်းဟာ သိပ်ပြီးကောင်းမွန်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြန်ဖြေခဲ့သည်။ ထို့နောက် သတင်းထောက်က- “ခင်ဗျား ဒီကို ဘာကြောင့် ရောက်လာခဲ့တာလဲဆိုတာကို သိပါသလား” ဟု ဆက်မေးခဲ့သည်။ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ကတည်းက လောကဆိုင်ရာ အမည်နာမတွေနဲ့ အကျိုးအမြတ်တွေကို ကျွန်တော် သိပ်ဂရုမစိုက်တော့ဘူး။ ဒီအရာတွေဟာ ဗလာသက်သက်ဖြစ်ပြီး အဓိပ္ပာယ်မရှိတဲ့အရာတွေပဲ ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ လူကောင်းတစ်ယောက်ဖြစ်ပြီး မှန်ကန်တဲ့လမ်းကြောင်းကို ရွေးလျှောက်မှသာ ဖြောင့်မတ်တဲ့နည်းလမ်းနဲ့ အသက်ရှင်နိုင်မှာပါ။ကျွန်တော့်နှလုံးသားဟာ ကြင်နာမှုဘက်ကို ပိုပို လှည့်သွားပြီး လူကောင်းတစ်ယောက်ဖြစ်လာဖို့ ပိုပြီးဆန္ဒရှိနေတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ တကယ်ပဲ လူတွေကို ပြောင်းလဲပေးပြီး မှန်ကန်တဲ့လမ်းကို ဦးဆောင်သွားပုံကို ကြည့်ခြင်းအားဖြင့် လူတွေအားလုံးသာ ဘုရားသခင်ကို ယုံကြည်ကြမယ်ဆိုရင် ကျွန်တော့်တို့တိုင်းပြည်ဟာ အများကြီး ပိုမိုစနစ်တကျဖြစ်လာပြီးတော့ ရာဇဝတ်မှုဖြစ်ပွားနှုန်းလည်း လျော့ကျသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် အခြားသူတွေကိုလည်း ဒီသတင်းကောင်းကိုပြောဖို့ ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒါပေမယ့် ဒီလိုကောင်းတဲ့ လုပ်ဆောင်ချက်ဟာ တရုတ်ပြည်မှာ ပိတ်ပင်တားမြစ်ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်တော်မသိခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော်အဖမ်းခံခဲ့ရပြီး ဒီကိုရောက်လာတာပဲ” ဟု တုန့်ပြန်ပြောဆိုခဲ့သည်။ ကျွန်တော့်အဖြေများသည် သူတို့အတွက် အကျိုးမရှိသည်ကို သတင်းထောက်က သိခဲ့ပြီး အင်တာဗျူးကို ချက်ချင်းရပ်ကာ ထွက်သွားခဲ့သည်။ ထိုအချိန်မှာပင် အမျိုးသားလုံခြုံရေးအဖွဲ့ လက်ထောက်ခေါင်းဆောင်သည် ဒေါသအမျက်ချောင်းချောင်းထွက်ပြီး သူ့ခြေထောက်ကို ဆောင့်ဆောင့်နင်းနေခဲ့သည်။ သူသည် ကြောက်စရာကောင်းလောက်အောင်ပင် ကျွန်တော့်ကိုစိုက်ကြည့်ပြီး အံကြိတ်လျက် လေသံတီးတိုးဖြင့်- “မင်းဘာဖြစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်” ဟု ပြောသွားခဲ့သည်။ သို့သော်လည်း ကျွန်တော်သည် သူ၏ ကြိမ်းဝါးခြိမ်းခြောက်မှုများကို လုံးဝမကြောက်ခဲ့ပေ။ အပြန်အလှန်အားဖြင့် ကျွန်တော်သည် ဤအခြေအနေမျိုးတွင် ဘုရားသခင်အတွက် သက်သေခံ နိုင်ခဲ့ခြင်းအတွက် လေးလေးနက်နက် ဂုဏ်ယူခဲ့ရသည်။ ထို့အပြင်၊ ဘုရားသခင်၏နာမတော်ကို မြှင့်တင်ရန်အတွက် ဘုရားသခင်ကို ဘုန်းထင်ရှားစေခဲ့ပြီး စာတန်ကို အနိုင်ရခဲ့သည်။

ဇန်နဝါရီလ ၁၇ ရက်နေ့သည် အပူချိန် အလွန်နိမ့်ကျသော နေ့ဖြစ်သည်။ ယုတ်မာသော ရဲများသည် ကျွန်တော့်ချည်သားထူထူကုတ်အကျႌကို သိမ်းယူခဲ့သည့်အတွက် ကုတ်အကျႌအပါးတစ်စုံကိုသာ ဝတ်ဆင်ခဲ့ရသဖြင့် နောက်ဆုံးတွင် ကျွန်တော်သည် အအေးမိခဲ့လေတော့သည်။ ကျွန်တော် အကြီးအကျယ်ဖျားပြီး ချောင်းဆိုးမရပ်တော့ပေ။ ညဘက်မှာ စုတ်ပြတ်နေသောဂွမ်းစောင်ကိုခြုံပြီး ဖျားနာခြင်း၏နှိပ်စက်မှုကို ကြံ့ကြံ့ခံနေရစဉ် ကျွန်တော့်အပေါ် ထောင်သားများ၏ အဆုံးမရှိသော နှိပ်စက်မှုများနှင့် အနိုင်ကျင့်ခြင်းအကြောင်းကို ပြန်စဉ်းစားနေမိခဲ့သည်။ အထီးကျန်ခြင်းနှင့် အကူအညီမဲ့ခြင်းကိုလည်း လွန်စွာခံစားခဲ့ရသည်။ ကျွန်တော့်ဝေဒနာများသည် အတိုင်းအတာတစ်ခုသို့ ရောက်လာသောအခါတွင် ဘုရားသခင်ရှေ့မှောက်၌ ပေတရု၏ စစ်မှန်ပြီး ရိုးသားသော ဆုတောင်းချက်အကြောင်းကို တွေးခဲ့မိတော့သည်- “ကိုယ်တော်သည် ကျွန်ုပ်အား နာဖျားစေပြီး ကျွန်ုပ်၏ လွတ်လပ်ခွင့်ကိုယူလျှင်ပင် ကျွန်ုပ် ဆက်လက်ရှင်သန်နိုင်သေးသော်လည်း ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ထံ၌ မရှိတော့လျှင် ကျွန်ုပ်ရှင်သန်နိုင်မည် မဟုတ်တော့ပါ။ အကယ်၍ ကျွန်ုပ်ထံတွင် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ကင်းမဲ့ပါက စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် အလွန်နက်ရှိုင်းသည့် မေတ္တာဖြစ်သော ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ်ဆုံးရှုံးရပါလိမ့်မည်။ ကိုယ်တော်၏ မေတ္တာမပါလျှင် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ရမည်ဖြစ်ပြီး ကိုယ်တော်၏...။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း”) ထိုစကားလုံးများသည် ကျွန်တော့်အား စိတ်ဓါတ်လှုံ့ဆော်ပေးပြီး ယုံကြည်မှုနှင့်ခွန်အား ပေးလေသည်။ ပေတရုသည် ဇာတိပကတိအားဖြင့် ဘယ်သောအခါမျှ မလုပ်ဆောင်ခဲ့ပေ။ သူအလွန်ပင်ချစ်မြတ်နိုးပြီး တန်ဖိုးထားသည့်အရာမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် သူ့ထံမှ ထွက်ခွာမသွားသရွေ့ သူ၏နှလုံးသားသည် အကြီးမားဆုံးသော နှစ်သိမ့်ခြင်းကို ရရှိပေလိမ့်မည်။ ယခု ကျွန်တော်သည် ပေတရု၏ ရှာဖွေခြင်းနှင့် သိနားလည်ခြင်း ဥပမာနောက်ကို လိုက်သင့်သည်။ ဇာတိပကတိသည် ဖောက်ပြန်တတ်ပြီး မလွဲမသွေပျက်စီးလိမ့်မည်။ ဖျားနာခြင်းကို နဖူးတွေ့ဒူးတွေ့ တွေ့ကြုံရပြီး ကျွန်တော့်၏လွတ်လပ်မှုကို ဆုံးရှုံးခဲ့ရလျှင်တောင်မှ ယင်းသည် ကျွန်တော်သည်းခံသင့်သည့် ဆင်းရဲဒုက္ခဖြစ်သည်။ သို့သော် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ဆုံးရှုံးရမည်ဆိုပါက ဘုရားသခင်၏ မျက်မှောက်တော်နှင့် ချစ်ခြင်းမေတ္တာကိုဆုံးရှုံးပြီး သန့်စင်ခံရခြင်းအခွင့်ကိုပါ ဆုံးရှုံးခြင်းနှင့် ညီမျှနေပေလိမ့်မည်။ ဤအရာသည် အနာကျင်ဆုံးအရာဖြစ်ပေသည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးမှုအောက်ဝယ် ကျွန်တော်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နောက်တစ်ကြိမ်ထပ်ပြီး တွေ့ကြုံခံစားခဲ့ရလေသည်။ ကျွန်တော်သည် မိမိ၏အားနည်းချက်များနှင့် အသုံးမကျမှုများကိုလည်း မုန်းတီးမိခဲ့ပြီး ကျွန်တော့်၏ သဘောသဘာဝမှာ အတ္တကြီးလွန်းလျက် ဘုရားသခင်၏စိတ်တော်ကို ဝမ်းနည်းစေမည့်အရာကို ဘယ်သောအခါမျှ မစဉ်းစားမိခဲ့ကြောင်းကို မြင်လာခဲ့ရသည်။ ထိုအခိုက်ဝယ် ကျွန်တော်သည် ဘုရားသခင်အပေါ် အကြွေးအပြည့်အဝတင်ရှိနေသေးကြောင်းကို ခံစားခဲ့ရပြီး တိတ်တဆိတ်ပင် စိတ်ပိုင်းဖြတ်ခဲ့လေတော့သည်- ကျွန်တော့်၏ဆင်းရဲဒုက္ခခံခြင်းသည် မည်မျှပင်ကြီးမားပါစေ၊ ဘုရားသခင်အတွက် သက်သေရပ်တည်မည်ဖြစ်ပြီး ကိုယ်တော့်ကို ကျေနပ်နှစ်သိမ့်စေမည်။ နောက်တစ်နေ့တွင် အကျဉ်းခန်းထဲရှိ အချို့သောအကျဉ်းသားများ ဖျားနာနေကြသော်လည်း ကျွန်တော့်အဖျားမှာ မယုံနိုင်လောက်အောင် လျော့ကျသွားခဲ့လေသည်။ ကျွန်တော်သည် ဘုရားသခင်၏ဂရုစိုက်ခြင်းနှင့် ကာကွယ်ခြင်းကို ခံစားခဲ့ရပြီး ကိုယ်တော်၏ အံသြဖွယ် လုပ်ဆောင်ချက်များကို မြင်ခဲ့ရသည်။ ဘုရားသခင်ကို တိတ်ဆိတ်စွာ ချီးမွမ်းကာ ကျေးဇူးမတင်ရှိပဲ ကျွန်တော် မနေနိုင်ခဲ့ပါ။

တစ်ညတွင် ပြတင်းပေါက်နားသို့ ပျံကျစျေးသည်တစ်ဦးရောက်လာပြီး အကျဉ်းမှုးသည် ဝက်ပေါင်ခြောက်များ၊ ခွေးသားနှင့် ကြက်ပေါင်များ စသည်တို့ကို ဝယ်ယူလေသည်။ အဆုံးတွင် ကျွန်တော့်အား ငွေရှင်းပေးရန် အမိန့်ပေးခဲ့လေသည်။ ကျွန်တော့်မှာငွေမရှိဘူးဟု ပြောသောအခါ သူက- “မင်းမှာပိုက်ဆံမရှိရင် မင်းကိုဖြည်းဖြည်းချင်း ညှင်းဆဲပစ်မယ်” ဟု ဒေါသတကြီး ပြောလေသည်။ နောက်တစ်နေ့တွင် သူသည် ကျွန်တော့်အား အိပ်ယာခင်းများ၊ အဝတ်အစားများနှင့် ခြေစွပ်များကို လျှော်ခိုင်းလေတော့သည်။ အကျဉ်းထောင်တွင်းမှ ထောင်ကြီးကြပ်ရေးအရာရှိများကလည်း သူတို့ခြေစွပ်များကို ကျွန်တော့်အား လျှော်ခိုင်းကြသည်။ အကျဉ်းထောင်ထဲတွင် ကျွန်တော်သည် နေ့စဉ်နေ့တိုင်း သူတို့၏ရိုက်နှက်ခြင်းများကို ကြံ့ကြံ့ခံခဲ့ရလေသည်။ ကျွန်တော်သည်းမခံနိုင်ဖြစ်လာသည့် အချိန်တိုင်းတွင်လည်း ကျွန်တော့်အတွင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းညွှန်ပေးခြင်းကို ခံခဲ့ရလေသည်- “သင်ကမ္ဘာမြေကြီးပေါ် ရှိနေချိန်အတွင်း ဘုရားသခင်အတွက် သင်၏နောက်ဆုံးတာဝန်ကို ဆောင်ရွက်ရမည်။ အတိတ်က ပေတရုသည် ဘုရားသခင်အတွက် ကားစင်တင်၍ ဇောက်ထိုး အဆုံးစီရင်ခံခဲ့ရ၏၊ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဖန်ဆင်းခံသတ္တဝါတစ်ဦးသည် ဘုရားသခင်အတွက် ဘာများပြုလုပ်ပေးနိုင်သနည်း။ ထို့ကြောင့် သင်သည် သင့်ကိုယ်သင် ဘုရားသခင်၏ အကြင်နာထံ အချိန်ဆွဲမနေဘဲ မြန်မြန်အပ်နှံသင့်သည်။ ဘုရားသခင်သည် ပျော်ရွှင်၍ကျေနပ်နေသမျှကာလပတ်လုံး၊ သူလုပ်လိုသမျှကို လုပ်စေလော့။ လူသားများတွင် ညည်းညူရန် မည်သည့်အခွင့်ရှိသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၄၁” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်အား အဆုံးမရှိသောစွမ်းအားကို ပေးခဲ့လေသည်။ တစ်ချိန်ပြီးတစ်ချိန် ကျွန်တော်သည် အကျဉ်းသားများ၏ တိုက်ခိုက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် ရိုက်နှက်ခြင်းများ ခံနေရသည့်တိုင်အောင် ကျွန်တော့်နှလုံးသားသည် ပျော်ရွှင်ခြင်းနှင့် နှစ်သိမ့်ခြင်းကို ရရှိခဲ့သည်။ စွမ်းအားပြည့်ပြီး နွေးထွေးသည့်စီးဆင်းမှုတစ်ခုကဲ့သို့သော ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ကျွန်တော့်အား ဆက်လက်ရပ်တည်နေရန် ခွန်အားပေးခဲ့ပြီး ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် အလွန်ပင် ကြီးမြတ်ကြောင်းကို ကျွန်တော့်အား အမှန်တကယ် ခံစားလာနိုင်စေရန် တတ်စွမ်းစေခဲ့လေသည်။

တစ်ခုသောနံနက်ခင်းတွင် ထောင်ကြီးကြပ်ရေးအရာရှိတစ်ယောက်က သတင်းစာတစ်စောင်ကို သေသေချာချာ လာချထားခဲ့သည်။ အကျဉ်းသားများသည် အကျည်းတန်စွာပြုံးလျက် မြင့်မြတ်သည့်အနန္တတန်ခိုးရှင်ဘုရားသခင်ကို စော်ကားပြီး သရေပျက်အောင်ပြောဆိုနေသည့် သတင်းစာပေါ်မှစာများကို လှောင်ပြောင်သည့်အသံဖြင့် ရွတ်ဖတ်နေလေသည်။ ကျွန်တော်အလွန်ပင် ဒေါသထွက်သွားသဖြင့် အံကိုတင်းတင်းကြိတ်ထားခဲ့သည်။ အကျဉ်းသားများရောက်လာပြီး ဘာဖြစ်တာလဲဟု မေးမည့်အခိုက်တွင် ကျွန်တော်က- “ဒါ ကွန်မြူနစ်ပါတီရဲ့ သွားပုပ်လေလွင့်စွပ်စွဲချက်တွေ” ဟု အော်ပြောလိုက်သည်။ အကျဉ်းသားများသည် ညစ်ညမ်းသည့်စကားလုံးများဖြင့် ဘုရားသခင်အား ကျိန်ဆဲပြီး မမှန်သောအရာများကို ပြောဆိုနေသည့် သတင်းစာပေါ်မှ စာများကို မကောင်းဆိုးဝါးလေသံဖြင့် သံယောင်လိုက်နေကြခြင်းအားလုံးကို နားထောင်ကြည့်ခြင်းအားဖြင့် သူတို့အတွက် ကျရောက်လာမည့်အဆုံးသတ်ကို ကျွန်တော် ခပ်ရေးရေးမြင်နေခဲ့သည်။ ဘုရားသခင်ကို စော်ကားပြောဆိုသောအပြစ်သည် ဘယ်သောအခါမျှ ခွင့်လွှတ်ခံရလိမ့်မည်မဟုတ်သည့်အလျောက် ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားသောသူ မည်သူမဆို ဘုရားသခင်၏ အပြစ်ပေးခြင်းနှင့် ဒဏ်ခတ်ခြင်းကို ခံယူရပေလိမ့်မည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် ကွန်မြူနစ်ပါတီသည် စိတ်ဝိညာဉ်ကိုစားသော နတ်ဆိုးတစ်ကောင်၏ သရုပ်မှန်ကို အပြည့်အဝ ထုတ်ဖော်ပြသလျက် တရုတ်ပြည်ရှိ ပြည်သူများအားလုံးကို အဆုံးစွန်သောကြမ္မာဆိုးထဲသို့ ခေါ်ဆောင်နေခြင်းဖြစ်သည်။ ထို့နောက် ကျွန်တော့်အမှုကို ကိုင်တွယ်သော ရဲအရာရှိသည် ကျွန်တော့်အားထပ်ပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ဤတစ်ကြိမ်တွင် ဖြောင့်ချက်ပေးလာအောင် အတင်းအကျပ်နှိပ်စက်ဖို့ မကြိုးစားတော့ဘဲ ကြင်နာသောမျက်နှာထားသို့ ပြောင်းလဲလိုက်ကာ ကျွန်တော့်ကို- “မင်းရဲ့ခေါင်းဆောင်က ဘယ်သူလဲ။ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်။ ငါတို့ကို ပြောပြမယ်ဆိုရင် မင်း အားလုံးအဆင်ပြေသွားမယ်။ မင်းကို ကြီးမားတဲ့သက်ညှာခွင့်ပေးမယ်။ မင်းက တကယ်တော့ အပြစ်ကင်းပါတယ်။ ဒါပေမယ့် တခြားလူတွေက မင်းကိုသစ္စာဖောက်လို့ပဲ ဖြစ်မှာပါ။ ဒီတော့ ဘာကြောင့် သူတို့အတွက် ဖုံးကွယ်နေမှာလဲ။ မင်းကိုကြည့်ရတာ လူကောင်းတစ်ယောက်နဲ့တူပါတယ်။ သူတို့အတွက် မင်းဘဝကို ဘာကြောင့်ပေးမှာလဲ။ ငါတို့ကို ပြောပြရင် မင်းအိမ်ပြန်နိုင်ပြီ။ ဘာကြောင့် ဒီမှာနေရင်းနဲ့ ဒုက္ခခံနေမှာလဲ” ဟု မေးခဲ့သည်။ ထိုမျက်နှာနှစ်မျိုးနှင့် ကြောင်သူတော်များသည် အကြမ်းနည်းနှင့် ချဉ်းကပ်ခြင်းမှာ အလုပ်မဖြစ်ကြောင်းကိုသိပြီး အနုနည်းနှင့် ချဉ်းကပ်ဖို့ကြိုးစားရန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ထိုသူများသည် အမှန်တကယ် ဉာဏ်နီဉာဏ်နက်များသော လှည့်ကွက်များအပြည့်နှင့်ဖြစ်ပြီး စက်ပုန်းခုတ်ခြင်းနှင့် အကွက်ဆင်ခြင်း၌ ဝါရင့်ဆရာကြီးများဖြစ်သည်။ ထိုသူ၏ ဟန်ဆောင်ကောင်းသောမျက်နှာသည် မကောင်းဆိုးဝါးအငွေ့အသက်များနှင့် ပြည့်နှက်နေသည့်အတွက် ကျွန်တော့်နှလုံးသားတွင် မုန်းတီးမှုများ ပြည့်သိပ်လာခဲ့သည်။ ကျွန်တော်က- “ကျွန်တော်သိသမျှအားလုံး ပြောခဲ့ပြီးပြီ။ တခြားဘာမှ မသိတော့ဘူး” ဟု သူ့ကို ပြောခဲ့သည်။ သူသည် ကျွန်တော်၏ ဆုံးဖြတ်ချက်ခိုင်မာသော ရပ်တည်ချက်ကိုမြင်သွားပြီး ကျွန်တော့်ထံမှ မည်သည့်သတင်းမှ မရနိုင်တော့သည့်အတွက် စိတ်မချမ်းမြေ့စွာ ထွက်သွားခဲ့လေသည်။

အကျဉ်းထောင်ထဲတွင် လဝက်မျှ ထိန်းထားခြင်းခံရပြီးနောက်တွင် ကျွန်တော့်မိသားစုဆီက ခံဝန်ငွေ ယွမ် ၈ဝဝဝ ပေးရန် တောင်းဆိုခဲ့ပြီးမှသာ ကျွန်တော် ထောင်မှလွတ်လာခဲ့လေသည်။ သို့သော် ကျွန်တော့်အား ဘယ်မှမသွားရန် သတိပေးခဲ့ပြီး၊ အိမ်မှာပဲနေရန်နှင့် အချိန်မရွေးဆက်သွယ်နိုင်ရန် အာမခံခိုင်းခဲ့သည်။ ကျွန်တော်ထောင်ကလွတ်သည့်နေ့တွင် အကျဉ်းသားများက- “မင်းရဲ့ဘုရားသခင်က အံ့မခန်းပါပဲ။ ငါတို့က ချူချာတတ်တဲ့လူတွေမဟုတ်ပေမဲ့ အခုတော့ ဒီမှာ ငါတို့အားလုံး ချူချာနေကြပြီ။ မင်းက ဒီကို ဖျားနာချည့်နဲ့ပြီး ရောက်လာတယ်။ ဒါပေမဲ့ အခု ကျန်းကျန်းမာမာနဲ့ ပြန်ထွက်သွားတော့မယ်။ ကောင်းလိုက်လေကွာ” ဟု ပြောဆိုခဲ့သည်။ ထိုအခိုက်အတန့်ဝယ် ကျွန်တော့်နှလုံးသားသည် ဘုရားသခင်အပေါ် ချီးမွမ်းခြင်းအပြည့်နှင့် ပိုပြီးကျေးဇူးတင်လာမိလေသည်။ ကျွန်တော့်ဦးလေးသည် ထောင်စောင့်တစ်ဦးဖြစ်သည်။ ကျွန်တော့်အဖေသည် အာဏာရှိသူများနှင့် အဆက်အသွယ်ကောင်းကောင်းရှိသည့်အတွက် ကျွန်တော် ထောင်ကလွတ်ခြင်းဖြစ်သည်၊ ဒီလိုမှမဟုတ်ပါက ပုံမှန်အတိုင်း အနည်းဆုံး သုံးလခန့် အချုပ်ကျတတ်သော လုံခြုံရေးတင်းကြပ်သည့်ထောင်မျိုးမှ လဝက်အတွင်း လွတ်စရာအကြောင်းမရှိဟု ဆိုပြီး မယုံသင်္ကာဖြစ်နေခဲ့သည်။ ဤဖြစ်ရပ်သည် ဘုရားသခင်၏ အနန္တတန်ခိုးတော်အားဖြင့် အဆုံးအဖြတ်ပေးခြင်းသာဖြစ်ပြီး ဘုရားသခင်သည် ကျွန်တော့်အပေါ်တွင် သူ့၏ အံသြဖွယ်ရာအလုပ်ကို ဖော်ပြနေခြင်းဖြစ်ကြောင်းကို ကျွန်တော့်တစ်မိသားစုလုံး ကောင်းကောင်းသိခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်နှင့် စာတန်အကြား ယှဉ်ပြိုင်မှုဖြစ်ကြောင်းကို ရှင်းလင်းစွာ ကျွန်တော် သိခဲ့ရသည်။ စာတန်သည် မည်မျှပင် ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းပါစေ၊ ဘုရားသခင်၏ နှိမ်နင်းမှုကို အမြဲခံရလိမ့်မည်ဖြစ်သည်။ ထိုအချိန်မှစပြီး ကျွန်တော်တွေ့ကြုံခဲ့ရသည့် အရာအားလုံးသည် ဘုရားသခင်၏ စီစဉ်ခြင်းတစ်စိတ်တစ်ဒေသဖြစ်သည်ဟု လက်ခံယုံကြည်လာခဲ့လေသည်။ ၂ဝ၁၁ ခုနှစ် မေလကုန်လောက်တွင် “လူမှုဖွဲ့စည်းပုံစနစ်ကို အနှောက်အယှက်ပေးခြင်း” ဟူသော အခြေအမြစ်မရှိသည့် စွပ်စွဲချက်နှင့်အတူ စီစီပီ သည် ကျွန်တော့်အား စွဲချက်တင်ပြီး ထောင်၏ပြင်ပတွင် စောင့်ကြည့်ခံအနေအထားဖြင့် တစ်နှစ်တိတိ ပညာပေး အလုပ်ကြမ်းလုပ်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် နှစ်နှစ်တိုင်တိုင် ကျွန်တော့်အား အလုပ်ဆိုင်းငံ့ခဲ့လေသည်။

ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခကြီးစွာခံစားခဲ့ရပြီးနောက်တွင် တရုတ်ပြည်ဘာသာမဲ့ဝါဒီ ကွန်မြူနစ်ပါတီ၏ ရက်စက်သောသွင်ပြင်နှင့် ဆိုးညစ်သောအနှစ်သာရကို ကျွန်တော် နားလည်သိမြင်လာခဲ့ပြီး ၎င်းအပေါ် အမုန်းတရားများ သန္ဓေစွဲတည်လာခဲ့ရတော့သည်။ သူတို့သည် သူတို့ပိုင်ဆိုင်ထားသော ရာထူးနှင့် လွမ်းမိုးမှုကို ကာကွယ်ရန် အကြမ်းဖက်မှုများနှင့် အလိမ်အညာများကိုသုံးကြပြီး- ဘုရားသခင်ကို ယုံကြည်သောသူများအား ရူးမိုက်စွာဖြင့် ဖိနှိပ်ချုပ်ချယ်ပြီး ညှင်းပန်းနှိပ်စက်ကြလေသည်။ သူတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်၏အလုပ်ကို ဟန့်တားပြီး ပွဲဖျက်ရန် စာအုပ်ထဲရှိ ပရိယာယ်အားလုံးကို အသုံးပြုကာ သမ္မာတရားကို အဆုံးစွန်ထိ မုန်းတီးကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အကြီးမားဆုံးသော ရန်သူဖြစ်ပြီး ကျွန်တော်တို့ကဲ့သို့သော ယုံကြည်သူများ၏ ရန်သူလည်းဖြစ်သည်။ ဤဆင်းရဲဒုက္ခကို ဖြတ်ကျော်ပြီးနောက် ကျွန်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်သာလျှင် လူတို့၏အသက်အားဆောင်ယူလာနိုင်သည်ကို မြင်တွေ့နိုင်ခဲ့သည်။ ကျွန်တော့်အတွက် အဆိုးရွားဆုံးအချိန် သို့မဟုတ် သေမင်းချောက်ကမ်းပါးစွန်း ရောက်နေသောအချိန်တွင် ယုံကြည်ခြင်းနှင့်ခွန်အားကို ပေးသနားခဲ့ပြီး ကျားကုတ်ကျားခဲအသက်ရှင်ရန် ခွင့်ပြုပေးခဲ့သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ပင်ဖြစ်သည်။ လဝက်မျှ ထောင်ကျနေစဉ်တလျှောက်လုံး ဘုရားသခင်သာ ကျွန်တော်နှင့်အတူမရှိခဲ့လျှင်၊ ကိုယ်တော်၏နှုတ်ကပတ်တော်ဖြင့် သတိပေးခြင်း၊ ဉာဏ်အလင်းပေးခြင်းနှင့် ခွန်အားပေးခြင်းသာမရှိခဲ့လျှင် အားနည်းသည့်သဘာဝရှိသည့် ကျွန်တော်သည် ထိုကဲ့သို့သော ဆင်းရဲဒုက္ခကြုံခြင်း၌ ခိုင်မြဲစွာရပ်တည်နိုင်စွမ်း ရှိခဲ့မည်မဟုတ်ပေ။ ဘုရားသခင်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းသာမရှိခဲ့လျှင် အားနည်း၍ အထိခိုက်မခံနိုင်သော ကျွန်တော့်ခန္ဓာကိုယ်သည် စီစီပီ၏နှိပ်စက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့မည်မဟုတ်ပေ။ ကျွန်တော့်အား သေလောက်အောင် နှိပ်စက်ခြင်းမဟုတ်ခဲ့သည့်တိုင်အောင် ကျွန်တော့်ခန္ဓာကိုယ်ကို နာမကျန်းဖြစ်စေပြီး ဒဏ်ရာများနှင့် ကျန်စေခဲ့ပေလိမ့်မည်။ သို့သော် ဘုရားသခင်သည် အမှောင်မိုက်ဆုံး၊ အခက်ခဲဆုံးသောနေ့ရက်များကို ဖြတ်ကျော်လျက် အံ့သြဖွယ်ရာ ကာကွယ်ပေးခဲ့ပြီး ကျွန်တော့် နဂိုရှိရင်းစွဲဖျားနာမှုကိုပင် ပျောက်ကင်းအောင် ကုသပေးခဲ့လေသည်။ ဘုရားသခင်သည် အမှန်တကယ်ပင် တုနှိုင်းရာမဲ့ဖြစ်သည်။ ကျွန်တော့်အတွက် ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် အမှန်တကယ်ပင် နက်ရှိုင်းလွန်းပြီး ကြီးမြတ်လွန်းလှပေသည်။ ဘုရားသခင်အား ကျေးဇူးတင်ကြောင်းကို မည်သို့ဖော်ပြရမည်ဆိုသည်ကို တကယ်ပင် မသိတော့ဘဲ ကျွန်တော့်နှလုံသားအောက်ခြေမှ- “အို ဘုရားသခင်၊ ကိုယ်တော့်ကို ယခုထက်ပိုပြီး နက်နက်ရှိုင်းရှိုင်းချစ်ဖို့ ကျွန်ုပ်မျှော်လင့်ပါတယ်။ ရှေ့ဆက်ရမယ့်လမ်းဟာ ဘယ်လောက်ပဲကြမ်းတမ်းပြီး ချိုင့်ခွက်ပေါများနေပါစေ၊ ဒါမှမဟုတ် ဆင်းရဲဒုက္ခကို ဘယ်လောက်ပဲကြံ့ကြံ့ခံရပါစေ၊ ကိုယ်တော်ရဲ့စီစဉ်ခြင်းကို နာခံပြီး ကိုယ်တော့်နောက်ကို အဆုံးတိုင်အောင် လိုက်လျှောက်ဖို့ ကျွန်ုပ်ဆုံးဖြတ်လိုက်ပါပြီ” ဟုသာ ပြောနိုင်တော့သည်။

ဤအတွေ့အကြုံသည် အဖိုးတန်ရတနာတစ်ခု ဖြစ်ရုံသာမက ကျွန်တော့်၏ယုံကြည်ခြင်းလမ်းကြောင်းကို အသစ်စတင်သည့် အမှတ်တစ်ခုလည်း ဖြစ်ပေသည်။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်းမှာ ယနေ့ကဲ့သို့ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို နက်နက်ရှိုင်းရှိုင်းမခံယူခဲ့ဖူးပေ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်၏နောက်တော်လိုက်ခြင်းနှင့် ဘုရားသခင်သည် အလွန်ပင်ကြီးမြတ်ကြောင်း ဝတ်ပြုဆုတောင်းခြင်း၏ တန်ဖိုးနှင့်အဓိပ္ပာယ်ကို အမှန်တကယ် မခံစားခဲ့ဖူးပေ။ ထို့ထက်ပိုပြီးဆိုရလျှင် ကျွန်တော့်၏ ကျန်ရှိနေသည့်အသက်တာကို ပေးဆပ်ပြီး ဘုရားသခင်၏ချစ်ခြင်းအား ရှာဖွေရန် ယနေ့ကျွန်တော်လုပ်ဆောင်နေသလောက် မည်သည့်အချိန်တုန်းကမျှ အလိုဆန္ဒမရှိခဲ့ပေ။ ကျွန်တော့်နှလုံးသားမှ လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားမှုနှင့်အတူ ချီမွမ်းခွင့်ရရန် ဤအခွင့်အရေးကို အသုံးချချင်ပါသည်။ ဘုန်းတန်းခိုးနှင့် ချီးမွမ်းခြင်းအားလုံး အနန္တတန်ခိုးရှင် ပိုင်ဆိုင်ပါစေ။

ယခင်က:ကျွန်တော်၏ ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ သက်သေခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှုက အလွန်အဓိပ္ပါယ်မဲ့လှသည်

နောက်တစ်ခုသို့:ကယ်တင်ခြင်းခံရမှုကို အနည်းငယ်သဘောပေါက်နားလည်လာခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ