၃။ ဘုရားသခင်၏ အမည်နာမများနှင့်ဆိုင်သော သမ္မာတရား

၁။ အချို့က ဘုရားသခင်၏ အမည်နာမသည် ပြောင်းလဲခြင်းမရှိဟု ပြော၏။ သို့ဖြစ်လျှင် ယေဟောဝါ၏အမည်သည် အဘယ်သို့ ယေရှုဖြစ်လာခဲ့သနည်း။ မေရှိယ ကြွလာမည်ကို ပရောဖက်ပြုထားခဲ့၏၊ သို့ဖြစ်လျှင် ယေရှုဟူသော အမည်ရှိသည့် လူသားတစ်ဦး အဘယ်ကြောင့် ကြွလာခဲ့သနည်း။ ဘုရားသခင်၏ နာမသည် အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ ထိုသို့သော အမှုကို အချိန်ကြာမြင့်စွာက ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်သည် သာ၍သစ်လွင်သောအမှုကို မပြုနိုင်သလော။ ယမန်နေ့၏ အမှုသည် ပြောင်းလဲနိုင်သကဲ့သို့၊ ယေဟောဝါ၏ အမှုမှ ယေရှု၏အမှု လိုက်လာနိုင်ပေသည်။ ထိုသို့ဆိုလျှင် ယေရှု၏အမှုကိုလည်း အခြားအမှုက မဆက်ခံနိုင်သလော။ ယေဟောဝါ၏နာမသည် ယေရှုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါက၊ ယေရှု၏နာမသည်လည်း မပြောင်းလဲနိုင်သလော။ ဤအရာမှ မည်သည့်အရာမျှ မထူးဆန်းပေ။ ယင်းမှာ လူတို့သည် ရိုးအလွန်းကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်။ သူ၏အမှု မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ ပြီးလျှင် သူ၏ အမည်နာမ မည်သို့ ပြောင်းလဲနိုင်သည်ကို ပဓာနမထားဘဲ၊ သူ၏စိတ်သဘောထားနှင့် ဉာဏ်ပညာတို့သည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည်မဟုတ်။ ဘုရားသခင်ကို ယေရှု၏နာမဖြင့်သာ ခေါ်ဆိုနိုင်သည်ဟု သင်ယုံကြည်ပါက၊ သင်၏ အသိပညာသည် အလွန် နည်းပါးလွန်းလှပေသည်။ ယေရှုသည် ထာဝစဉ် ဘုရားသခင်၏ အမည်နာမ ဖြစ်လိမ့်မည်၊ ဘုရားသခင်သည် ယေရှုဟူသော အမည်ဖြင့်သာ ထာဝရ၊ အစဉ်အမြဲ နေသွားလိမ့်မည်ဖြစ်ပြီး ဤအရာသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ဟု သင် အခိုင်အမာ ဆိုဝံ့သလော။ ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်မှာ ယေရှု၏ အမည်နာမဖြစ်ပြီး နောက်ဆုံးသော ခေတ်ကိုလည်း နိဂုံးချုပ် ပေးလိမ့်မည်ဟု သေချာမှုဖြင့် သင် အခိုင်အမာ ဆိုဝံ့ပါသလော။ ယေရှု၏ ကျေးဇူးတော်သည် ခေတ်ကို အဆုံးသတ်ပေးနိုင်သည်ဟု အဘယ်သူ ဆိုနိုင်သနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

၂။ ဘုရားသခင်သည် မူလအစက နာမ မရှိခဲ့သည်ကို သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရမည့် အမှုရှိခဲ့ပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရမည်ဖြစ်သောကြောင့်၊ သူသည် နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်နာမဖြင့် ခေါ်သည်ဖြစ်စေ- ယင်းကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ ယင်းကို ဆုံးဖြတ်ပေးရန် သူသည်- သူ၏ဖန်ဆင်းခြင်းထဲမှ တစ်ဦးဖြစ်သည့်- သင့်ကို လိုအပ်သလော။ ဘုရားသခင် အခေါ်ခံရသည့် နာမသည် လူသားမျိုးနွယ်၏ ဘာသာစကားဖြင့် လူက နားလည်နိုင်စွမ်း ရှိသည့်အရာနှင့် ကိုက်ညီသည့် နာမဖြစ်သော်လည်း၊ ဤနာမသည် လူက ခြုံငုံမိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၃။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အမှုကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန်အလို့ငှာ ထိုခေတ်နှင့် သင့်တော်သော နာမကို အသုံးပြုပေသည်။ ထိုခေတ်ထဲက သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် ယာယီ အရေးပါမှုကို ပိုင်ဆိုင်သော နာမတစ်ခုဖြစ်သည့် သီးသန့် နာမကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်က သူ၏ ကိုယ်ပိုင်စိတ်သဘောထားကို ဖော်ပြရန် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၄။ “ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမသည် ဘုရားသခင်၏ စိတ်သဘောထားကို အလုံးစုံဖြင့် ကိုယ်စားပြုနိုင်မည်လော။ ယင်းသည် ဘုရားသခင်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့်၊ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုနိုင်ပြီး၊ အခြားနာမ မရှိနိုင်ဟု လူကဆိုပါက၊ ဤစကားလုံးများသည် ဧကန်အမှန် ပြစ်မှားစော်ကားခြင်း ဖြစ်ပေသည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှု နာမတစ်ခုတည်းသာ သူ၏အလုံးစုံဖြင့် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမ အများအပြားဖြင့် ခေါ်ဆို၍ ရကောင်းရနိုင်သော်လည်း၊ ဤနာမများအကြားတွင် ဘုရားသခင်၏ အရာအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြပေးနိုင်သော နာမတစ်ခုမျှမရှိ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားက ကြွယ်ဝလွန်းသည်မှာ လူသား၏ သူ့ကို သိရှိနိုင်စွမ်းအား တကယ်ကို ကျော်လွန်သည့်အတွက် ဤနာမ အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်းစွာ မဖော်ပြနိုင်ပေ။ လူသားသည် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုလျက်၊ ဘုရားသခင်ကို အပြည့်အဝ အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် မဖြစ်နိုင်ပေ။ လူသားမျိုးနွယ်ထံတွင် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ ၎င်းတို့သိသမျှအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် အကန့်အသတ်ရှိသော ဝေါဟာရသာ ရှိသည်- ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ အထွတ်အထိပ်ဖြစ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော စသဖြင့် ဖြစ်သည်။ စကားလုံးများ များလှပေစွ။ ဤအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ပြီး ဖြစ်သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြနိုင်စွမ်း မရှိချေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူများစွာက ၎င်းတို့၏ စိတ်နှလုံးများထဲက စိတ်အားထက်သန်မှုကို သာ၍ ကောင်းစွာ ဖော်ပြနိုင်သည်ဟု တွေးထင်ခဲ့ကြသည့် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင် ကြီးမြတ်လွန်းလှပေစွ။ ဘုရားသခင် သန့်ရှင်းလွန်းလှပေစွ။ ဘုရားသခင်သည် အလွန် ချစ်မြတ်နိုးဖွယ်ဖြစ်ပေစွတကား။ ယနေ့တွင် ဤသို့သော လူသား ပြောဆိုမှုများသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း၊ လူသည် မိမိတို့ကိုယ်ကိုယ် ဖော်ပြနိုင်စွမ်း မရှိသေးပေ။ သို့ဖြစ်ရာ လူအတွက် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်သည် အမည်တစ်ခုမျှ မရှိပေ၊ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဖြစ်တည်မှုသည် အလွန် အလျှံပယ်ဖြစ်ပြီး၊ လူသား၏ ဘာသာစကားသည် ခြွတ်ခြုံကျလွန်းသောကြောင့် ဖြစ်သည်။ သီးခြား စကားတစ်လုံး၊ သို့မဟုတ် နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် ကိုယ်စားပြုဖို့ စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမကို ပုံသေထား၍ ရနိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန် သန့်ရှင်းလွန်းသော်လည်း၊ သင်သည် ခေတ်သစ်အသီးသီးတွင် သူ၏နာမကို ပြောင်းလဲရန် ခွင့်မပြုဘဲနေမည်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၅။ ခေတ်တိုင်းတွင် ဘုရားသခင်၏ အမှုသည် အမြဲတူညီပြီး၊ သူ့ကို နာမတစ်ခုအားဖြင့် အမြဲ ခေါ်သည်ဆိုပါစို့၊ လူသည် သူ့ကို မည်သို့ သိရှိမည်နည်း။ ဘုရားသခင်ကို ယေဟောဝါဟု ခေါ်ရမည်ဖြစ်ပြီး၊ ယေဟောဝါဟုခေါ်သော ဘုရားမှလွဲ၍ အခြားနာမဖြင့်ခေါ်ဆိုသော မည်သူမဆိုသည် ဘုရား မဟုတ်ပေ။ သို့မဟုတ်ပါက ဘုရားသခင်သည် ယေရှုသာ ဖြစ်နိုင်ပြီး၊ ယေရှု နာမမှလွဲ၍ သူ့ကို အခြားမည်သည့် နာမနှင့်မျှ ခေါ်၍ရနိုင်မည် မဟုတ်ပေ။ ယေရှုမှလွဲ၍ ယေဟောဝါသည် ဘုရားမဟုတ်သကဲ့သို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည်လည်း ဘုရားမဟုတ်ပေ။ လူက ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်မှာ မှန်သော်လည်း၊ ဘုရားသခင်သည် လူနှင့်အတူရှိသော ဘုရားသခင်ဖြစ်ပြီး၊ ဘုရားသခင်သည် လူနှင့်အတူ ရှိသည့်အတွက် သူ့ကို ယေရှုဟု ခေါ်ရမည်ဟု ယုံကြည်လေသည်။ ဤသို့ ယုံကြည်ခြင်းသည် အယူဝါဒများကို လိုက်လျှောက်ခြင်းဖြစ်ပြီး ဘုရားသခင်ကို နယ်ပယ်တစ်ခုခုသို့ ဘောင်ခတ်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခေတ်တိုင်းတွင် ဘုရားသခင်လုပ်ဆောင်သော အမှု၊ သူ့ကို ခေါ်သော နာမနှင့် သူ ခံယူသော အဆင်းသဏ္ဌာန်- ယနေ့အထိ တစ်လျှောက်လုံး အဆင့်တိုင်းတွင် သူလုပ်ဆောင်သောအမှု- ဤအရာများသည် တစ်ခုတည်းသော စည်းမျဉ်းကို မလိုက်နာသကဲ့သို့၊ မည်သည့်ကန့်သတ်ချက်များနှင့်မျှ ကန့်သတ်မခံရပေ။ သူသည် ယေဟောဝါဖြစ်သည်၊ သို့သော် သူသည် ယေရှုလည်း ဖြစ်သည့်အပြင်၊ မေရှိယနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ သူ၏အမှုသည် သူ၏ နာမ၌ လိုက်လျောညီထွေသော အပြောင်းအလဲများ နှင့်အတူ ဖြည်းညင်းသော အသွင်ပြောင်းလဲမှုကို ကြုံရနိုင်သည်။ မည်သည့်နာမ တစ်ခုတည်းကမျှ သူ့ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သော်လည်း၊ သူ့ကိုခေါ်ဆိုသော ဤနာမ အားလုံးသည် သူ့ကိုကိုယ်စားပြုနိုင်ပြီး ခေတ်တိုင်းတွင် သူလုပ်ဆောင်သော အမှုသည် သူ၏စိတ်သဘောထားကို ကိုယ်စားပြုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၆။ ခေတ်တစ်ခုစီတွင်၊ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီး နာမသစ်ဖြင့် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် သူသည် တူညီသော အမှုကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သူသည် မည်သို့ အဟောင်းကို ဖက်တွယ်ထားနိုင်မည်နည်း။ ယေရှုနာမကို ရွေးနုတ်ခြင်းအမှုအတွက် ခံယူထားခြင်းဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူပြန်ကြွလာသောအခါ ထိုနာမဖြင့်ပင် သူ အခေါ်ခံရဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ဦးမည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း၊ မတူညီသော ခေတ်များတွင် မတူညီသော နာမများဖြင့် ခေါ်ဆိုခံရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ ၎င်းတို့၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များက မတူညီသောကြောင့် ဖြစ်သည် မဟုတ်လော။ နာမတစ်ခုတည်းက ဘုရားသခင်ကို သူ၏ အလုံးစုံတွင် ကိုယ်စားပြုနိုင်မည်လော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော နာမတစ်ခုဖြင့် ခေါ်ဆိုရမည်ဖြစ်ပြီး၊ သူသည် ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် နာမကို အသုံးပြုရပေမည်။ အကြောင်းမှာ မည်သည့်နာမ တစ်ခုကမျှ ဘုရားသခင်ကိုယ်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့် ဖြစ်ပြီး နာမတစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာ ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းနာမ လုပ်ရန် လိုအပ်သည့်အလုပ်ဟူသမျှအားလုံးမှာ သူ၏အမှုကို ကိုယ်စားပြုရန် ဖြစ်သည်။ သို့ဖြစ်ရာ၊ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် သင့်လျော်သည့် မည်သည့် နာမကိုမဆို ရွေးချယ်နိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၇။ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ယေရှု၏နာမကို ကိုယ်စားပြုခဲ့ပြီး၊ ယင်းသည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုအတွက်မူ၊ ယင်းသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး၊ ပညတ်တော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ၎င်းတို့၏အမှုမှာ မတူကွဲပြားသည့် ခေတ်များထဲက ဝိညာဉ်တော်တစ်ဦးတည်း၏ အမှု ဖြစ်ခဲ့သည်။...၎င်းတို့ကို မတူညီသည့် နာမနှစ်မျိုးဖြင့် ခေါ်ဆိုခဲ့သော်လည်း၊ အမှု၏ အဆင့်နှစ်ဆင့်လုံးကို ပြီးမြောက်စေသည်မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်ပြီး၊ လုပ်ဆောင်ခဲ့သည့် အမှုသည်လည်း အလျဉ်မပြတ်သည့်အမှု ဖြစ်သည်။ နာမက မတူညီသကဲ့သို့၊ အမှု၏ အကြောင်းအရာ ကွဲပြားသည်နှင့်အမျှ၊ ခေတ်သည် မတူညီခဲ့ပေ။ ယေဟောဝါ ကြွလာခဲ့ချိန်တွင်၊ ယင်းမှာ ယေဟောဝါ၏ ခေတ်ဖြစ်ခဲ့ပြီး၊ ယေရှု ကြွလာခဲ့သည့်ချိန်တွင် ယေရှု၏ခေတ် ဖြစ်ခဲ့သည်။ ထို့ကြောင့် ကြွလာခြင်းအသီးသီးနှင့်အတူ၊ ဘုရားသခင်သည် နာမတစ်ခုဖြင့် အခေါ်ခံရသည်၊ သူသည် ခေတ်တစ်ခုကို ကိုယ်စားပြုပြီး၊ လမ်းကြောင်းသစ်တစ်ခုကို စတင်လေသည်။ ပြီးလျှင် လမ်းသစ်အသီးသီးပေါ်တွင် သူသည် နာမသစ်တစ်ခုကို ခံယူသည်၊ ယင်းက ဘုရားသခင်သည် အမြဲအသစ်ဖြစ်ပြီး မည်သည့်အခါတွင်မျှ အိုဟောင်းမသွားသကဲ့သို့၊ သူ၏ အမှုသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် မည်သည့်အခါမျှ တိုးတက်မှု မရပ်စဲသည်ကို ပြပေသည်။ သမိုင်းသည် အမြဲ ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အမှုသည် အမြဲ ရှေ့သို့ရွေ့လျားနေသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသတ်သို့ ရောက်ရန်အတွက်၊ ယင်းသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် တိုးတက်မြဲတိုးတက်နေရမည်ဖြစ်သည်။ နေ့ရက်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်၊ နှစ်တိုင်း သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်။ သူသည် လမ်းကြောင်းသစ်များကို စတင်ရမည်၊ ခေတ်သစ်များကို အစပျိုးရမည်၊ ပိုမိုကြီးမားသည့် အမှုသစ်ကို စတင်ရမည်ဖြစ်ပြီး၊ ဤအရာများနှင့်အတူ နာမအသစ်များနှင့် အမှုသစ်ကို ယူဆောင်လာရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၈။ “ယေဟောဝါ” ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုစဉ်အတွင်း ခံယူခဲ့သောနာမဖြစ်ပြီး လူသားအပေါ် သနားညှာတာကာ ကျိန်ဆဲ၍ လူသား၏ဘဝကို လမ်းပြပေးနိုင်မည့် ဣသရေလ အမျိုးသား (ဘုရားသခင်ရွေးချယ်ထားသောလူမျိုး) တို့၏ ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။ ကြီးမြတ်လှသော တန်ခိုးကို ပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပြည့်ဝသည့် ဘုရားသခင်ဟု အဓိပ္ပာယ်ရသည်။...တစ်နည်းအားဖြင့် ဆိုလျှင် ယေဟောဝါသည်သာ ရွေးကောက်ခံ ဣသရေလလူမျိုးတို့၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်၊ မောရှေ၏ ဘုရားသခင်၊ ဣသရေလအမျိုးတို့၏ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် လက်ရှိခေတ်ကာလတွင် ယုဒလူမျိုးများမှလွဲ၍ ဣသရေလအမျိုးသား အားလုံးတို့သည် ယေဟောဝါကို ကိုးကွယ်ကြသည်။ ၎င်းတို့သည် ယဇ်ပလ္လင်ပေါ်တွင် ယေဟောဝါထံ ယဇ်ပူဇော်ခြင်းများပြု၍ ဗိမာန်တော်ထဲတွင် ယဇ်ပုရောဟိတ်ဝတ်ရုံကို ဝတ်ဆင်ကာ ယေဟောဝါအား အစေခံကြသည်။ ထိုသူတို့ မျှော်လင့်သော အရာမှာ ယေဟောဝါ ပြန်လည်ပေါ်ပေါက် လာစေရန်ဖြစ်သည်။...ယေဟောဝါဟူသော အမည်နာမက ပညတ်တရားအောက်တွင် နေထိုင်ခဲ့သော ဣသရေလ လူမျိုးတို့အတွက် အထူးအမည်နာမဖြစ်သည်။ ခေတ်တစ်ခေတ် စီတိုင်းတွင်နှင့် အမှု၏အဆင့်တစ်ခုစီတိုင်းတွင် ငါ၏နာမသည် အခြေအမြစ် ကင်းမဲ့ခြင်းမရှိဘဲ ကိုယ်စားပြုသော အဓိပ္ပာယ်ကို ဆောင်သည်- အမည်နာမတစ်ခုစီက ခေတ်ကာလတစ်ခုကို ကိုယ်စားပြု သည်။ “ယေဟောဝါ” က ပညတ်တော်ခေတ်ကို ကိုယ်စားပြု၍ ဣသရေလအမျိုးသားတို့ ကိုးကွယ်ကြသော ဘုရားသခင်ကို ရိုသေသမှုပြုကာ သုံးခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” မှ

၉။ ပညတ်တော်ခေတ်အတွင်းတွင် လူသားမျိုးနွယ်အား လမ်းပြခြင်းအမှုကို ယေဟောဝါ၏ နာမအောက်တွင် လုပ်ဆောင်ခဲ့ပြီး၊ အမှု၏ပထမအဆင့်ကို ကမ္ဘာမြေပေါ်တွင် အစပျိုးခဲ့သည်။ ဤအဆင့်တွင် အမှုသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တည်ဆောက်ခြင်း၊ ဣသရေလလူမျိုးတို့ကို လမ်းပြရန်နှင့် ၎င်းတို့အလယ်တွင် အလုပ်လုပ်ရန် ပညတ်တရားကို အသုံးပြုခြင်းတို့ ပါဝင်သည်။ ဣသရေလလူမျိုးတို့ကို လမ်းပြခြင်းအားဖြင့်၊ သူသည် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုအတွက် အခြေစိုက်ရာတစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။ ထိုအခြေစိုက်ရာ မှနေ၍ သူသည် သူ၏အမှုကို ဣသရေလကို ကျော်လွန်၍ တိုးချဲ့ခဲ့သည်၊ ယင်းမှာ နောင်မျိုးဆက်များက ယေဟောဝါသည် ဘုရားသခင်ဖြစ်ပြီး၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သကဲ့သို့၊ သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်မှာ ယေဟောဝါဖြစ်သည်ကို တဖြည်းဖြည်း သိရှိလာကြဖို့အလို့ငှာ၊ ဣသရေလမှစတင်လျက် သူသည် သူ၏အမှုကို အပြင်ဖက်သို့ ချဲ့ထွင်ခဲ့သည်ဟု ဆိုရပေမည်။ သူသည် သူ၏အမှုကို ဣသရေလလူတို့မှတစ်ဆင့် ၎င်းတို့ကို ကျော်လွန်၍ ပြင်ပသို့ ဖြန့်ကြက်သည်။ ဣသရေလနယ်မြေသည် ကမ္ဘာမြေပေါ်တွင် ယေဟောဝါအမှု၏ ပထမဆုံး သန့်ရှင်းသောနေရာ ဖြစ်ခဲ့ပြီး၊ ကမ္ဘာမြေပေါ်တွင် အမှုပြုဖို့ ဘုရားသခင် ပထမဆုံး သွားရောက်ခဲ့သောနေရာမှာ ဣသရေလနယ်မြေတွင် ဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ အမှု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၁၀။ ယေဟောဝါဟူသော အမည်သည် ဘုရားသခင်၏ စိတ်သဘောထား အားလုံးကို ကိုယ်စားမပြုနိုင်။ ပညတ်တော်ခေတ်တွင် သူသည် သူ့အလုပ်ကို ဆောင်ရွက်ခဲ့သည်ဟူသည့် အချက်မှာ ဘုရားသခင်သည် ပညတ်တော် အောက်၌သာ ဘုရားသခင်ဖြစ်နိုင်သည်ဟူ၍ သက်သေမပြပါ။ ယေဟောဝါသည် လူသားတို့အတွက် ပညတ်တော်များကို ပြဌာန်းပြီး ပညတ်တော်များကို ပေးအပ်ကာ လူသားကို ဗိမာန်တော်နှင့် ယဇ်ပလ္လင်များကို ဆောက်လုပ်စေခဲ့သည်၊ သူလုပ်ဆောင်ခဲ့သော အလုပ်သည် ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုသည်။ သူလုပ်ဆောင်ခဲ့သော အလုပ်သည် ဘုရားသခင်မှာ လူသားအား ပညတ်တော်ကို စောင့်ရှောက်ရန်သာ တောင်းဆိုသော ဘုရားသခင်၊ ဗိမာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ သို့မဟုတ် ယဇ်ပလ္လင်ရှေ့၌ရှိသော ဘုရားသခင်သာဖြစ်သည်ဟု သက်သေပြမနေပါ။ ယင်းသို့ပြောလျှင် မမှန်ကန်ပါ။ ပညတ်တော်အောက်မှ အလုပ်သည် ခေတ်တစ်ခေတ်ကိုသာ ကိုယ်စားပြုနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

၁၁။ ကျေးဇူးတော်ခေတ်သည် ယေရှု၏ နာမဖြင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင် ဆောင်ရွက်သောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏နာမကို စတင်၍ သက်သေခံခဲ့ပြီး၊ ယေဟောဝါ၏ ်နာမကို ထပ်မံပြောဆိုခြင်း မရှိတော့ပေ။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်သည် အဓိကအားဖြင့် ယေရှု၏ နာမအောက်တွင် အလုပ်သစ်ကို လက်ခံ ဆောင်ရွက်ခဲ့သည်။ သူ့ကို ယုံကြည်သူများ၏ သက်သေခံချက်သည် ယေရှုခရစ်တော်အတွက် သက်သေခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့လုပ်ခဲ့သော အလုပ်သည်လည်း ယေရှုခရစ်တော်အတွက် ဖြစ်သည်။ ဓမ္မဟောင်း ပညတ်တော်ခေတ် အဆုံးသတ်ခြင်း ဆိုသည်မှာ ယေဟောဝါ၏ နာမအောက်တွင် အဓိကအားဖြင့် ဦးစီးဦးရွက်ပြုခဲ့သော အလုပ် အဆုံးသတ်သို့ ရောက်ခဲ့ပြီးဖြစ်သည်ကို ဆိုလိုသည်။ ဤအချိန်မှစ၍ နောင်တွင်၊ ဘုရားသခင်၏ နာမသည် ယေဟောဝါ မဟုတ်တော့ချေ။ ယင်းအစား သူ့ကို ယေရှုဟုခေါ်ပြီး ဤနေရာမှစတင်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမအောက်တွင် အဓိကအားဖြင့် အလုပ်စတင်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၁၂။ “ယေရှု” သည် ဧမာနွေလဖြစ်ပြီး လူသားတို့ကို ရွေးနုတ်ပေး၍ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာစိတ်များဖြင့် ပြည့်ဝသည့် အပြစ်ဖြေရာယဇ်ဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို ထမ်းဆောင်ခဲ့ကာ၊ ကျေးဇူးတော်ခေတ်ကို ပုံဆောင်ခဲ့ပြီး၊ စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။...ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနှုတ်ရှင်ဖြစ်သည်။ သူသည် လူသားမျိုးနွယ်တို့ကို အပြစ်မှရွေးနှုတ်ပေးခဲ့သည့် အပြစ်ဖြေရာယဇ် ဖြစ်သည်။ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ခေတ်မှလာပြီး ကျေးဇူးတော်ခေတ်က ပြုခဲ့သော ရွေးနှုတ်ခြင်းအမှုကြောင့်သာ တည်ရှိ ခဲ့သည်ဟု ဆိုလိုသည်။ ကျေးဇူးတော်ခေတ်မှ လူများအား ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခြင်းခံရစေရန်အတွက် ယေရှု၏ အမည်နာမ ရှိနေခဲ့ခြင်းဖြစ်ကာ ထိုနာမသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအတွက် အထူးနာမတစ်ခုဖြစ်သည်။ ထို့ကြောင့် ယေရှု၏အမည်နာမသည် ရွေးနုတ်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်ကို သင်္ကေတပြုသည်။...“ယေရှု” သည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုပြီး ကျေးဇူးတော်ခေတ်အတွင်းက ရွေးနုတ်ခံခဲ့ရသူ အားလုံးနှင့်ဆိုင်သော ဘုရားသခင်၏နာမဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” မှ

၁၃။ ကျေးဇူးတော်ခေတ် အတွင်းတွင်၊ ယေရှုသည် လူကို ကယ်တင်သော ဘုရားသခင် ဖြစ်ခဲ့သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းမှာ ကျေးဇူးတော်၊ ချစ်ခြင်း မေတ္တာ၊ သနားကရုဏာ၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ စောင့်ရှောက််ခြင်းနှင့် သဘောထားကြီးခြင်းတို့ ဖြစ်ပြီး သူလုပ်ခဲ့သော အမှုအများအပြားမှာ လူသားကို ရွေးနုတ်ခြင်းအလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ စိတ်သဘောထားသည် သနားကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာအနက်မှ တစ်ခုဖြစ်ပြီး၊ သူသည် သနားကြင်နာတတ်ပြီး ချစ်မြတ်နိုးတတ်သောကြောင့်၊ ဘုရားသခင်သည် လူကို ကိုယ်နှင့်အမျှ ချစ်မြတ်နိုးလွန်းလှသည်မှာ သူသည် မိမိ၏ အလုံးစုံဖြင့် မိမိကိုယ်ကိုယ် ပူဇော်ခဲ့သည်အထိဖြစ်ခဲ့သည်ကို ပြသရန်အလို့ငှာ လူသားအတွက် ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရသည်။ ကျေးဇူးတော်ခေတ် အတွင်းတွင်၊ ဘုရားသခင်၏ နာမမှာ ယေရှုဖြစ်သည်၊ ယင်းမှာ ဘုရားသခင်သည် လူကို ကယ်တင်ခဲ့သော ဘုရားသခင်ဖြစ်ခဲ့ပြီး၊ သူသည် သနားကရုဏာနှင့်ပြည့်စုံသော ချစ်မြတ်နိုးတတ်သော ဘုရားသခင် ဖြစ်ခဲ့သည်ဟု ပြောရပေမည်။ ဘုရားသခင်သည် လူနှင့်အတူရှိခဲ့သည်။ သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏သနားကရုဏာနှင့် သူ၏ကယ်တင်ခြင်းသည် လူတစ်ဦးချင်းစီနှင့်အတူ ပါရှိသည်။ ယေရှု၏ နာမနှင့် သူ၏ မျက်မှောက်ကို လက်ခံခြင်းအားဖြင့်သာ၊ လူသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရရှိနိုင်သည်၊ သူ၏ကောင်းချီးမင်္ဂလာ၊ သူ၏ကြီးမားကာ များပြားလှသော ကျေးဇူးတော်များနှင့် သူ၏ ကယ်တင်ခြင်းတို့ကို ရရှိနိုင်သည်။ ယေရှု၏ ကားစင်တင်ခံရခြင်းမှတစ်ဆင့်၊ သူ့နောက်လိုက်သော သူအားလုံးသည် ကယ်တင်ခြင်းကို ရရှိခဲ့ကြပြီး၊ မိမိတို့၏ အပြစ်များမှာ ခွင့်လွှတ်ခြင်းခံခဲ့ကြရသည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် ဘုရားသခင်၏ နာမ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့် ကျေးဇူးတော်ခေတ်၏ အမှုကို အဓိကအားဖြင့် ယေရှု၏ နာမအောက်တွင် လုပ်ဆောင်ခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်းတွင် ဘုရားသခင်ကို ယေရှုဟု ခေါ်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သည့် အသစ်သော အမှု၏ အဆင့်ကို လက်ခံဆောင်ရွက်ခဲ့ပြီး၊ သူ၏ အမှုသည် ကားစင်တင်ခံရခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ဤသည်မှာ သူ၏ အမှု အလုံးစုံ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၁၄။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့ အားလုံးက ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း ထိုအမည်နာမများသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲရှိ ကွဲပြားခြားနားသော ခေတ်ကာလများကိုသာ ရည်ညွှန်းပြီး ငါ၏အလုံးစုံသော ဖြစ်တည်မှုကို ကိုယ်စားမပြုပါ။ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့က ငါ့အားခေါ်ဝေါ်သော အမည်နာမများသည် ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ငါ၏ဖြစ်ခြင်းအားလုံးကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိပါ။ ၎င်းတို့မှာ ကွဲပြားသော ခေတ်ကာလများ အတွင်း၌ ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများသာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် အဆုံးသတ်ခေတ်၊ နောက်ဆုံးသော ခေတ်ကာလ ရောက်သည့်အခါ ငါ၏အမည်နာမသည် ထပ်မံပြောင်းလဲပေ ဦးမည်။ ငါ့အား မေရှိယဟု ခေါ်တွင်စေရန်ဝေးစွ၊ ယေဟောဝါ၊ သို့မဟုတ် ယေရှုဟုပင် မခေါ်တွင်စေဘဲ တန်ခိုးကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်တွင်စေလျက် ဤအမည်နာမ အောက်တွင် ငါသည် ခေတ်ကာလကြီးတစ်ခုလုံးကို အဆုံးသတ်မည် ဖြစ်သည်။ ငါ့အား တစ်ခါက ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း လူအများ ခေါ်ခဲ့ကြသည့်အပြင် ထိုသူများက ငါ့အားလေးစားပြီး ချစ်မြတ်နိုးခဲ့ကြသည့်အတွက် ကယ်တင်ရှင်ယေရှု ဟုလည်း တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများ အတိတ်က သိခဲ့ကြသည့် ယေဟောဝါလည်းမဟုတ်၊ ယေရှုလည်းမဟုတ်ပေ- ငါသည် နောက်ဆုံးသောကာလတွင် တစ်ဖန်ပြန်ကြွလာခဲ့သည့် ဘုရားသခင်၊ ထိုခေတ်ကို အဆုံးသတ်မည့် ဘုရားသခင်ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်နေသဘောထားနှင့် ပြည့်ဝသော၊ သြဇာအာဏာနှင့် ပြည့်ဝသော၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်နှက်နေသော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ လူအများသည် ငါနှင့် မည်သည့်အခါမျှ ဆက်ဆံခြင်း၊ သိကျွမ်းဖူးခြင်း မရှိကြ၊ ငါ၏စိတ်နေသဘောထားကို အမြဲတစေ မသိရှိခဲ့ကြပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ ငါ့အား မြင်ဖူးခဲ့ခြင်း မရှိပေ။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း လူသားတို့ထံ ပေါ်ထွန်းလာခဲ့သော်လည်း လူသားတို့အကြားတွင် ဖုံးကွယ်ထားသော ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးကဲ့သို့၊ တန်ခိုးနှင့်ပြည့်လျက်၊ သြဇာအာဏာဖြင့် ပြည့်လျှံလျက် လူသားတို့အကြားတွင် အမှန်တကယ် စစ်မှန်စွာ နေထိုင်လျက်ရှိသည်။ ငါ့နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်းမခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှမရှိပါ၊ မီး၏လောင်ကျွမ်းခြင်းအားဖြင့် သန့်စင်ခြင်း မခံရမည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုလည်း တစ်ခုမျှမရှိပါ။ တိုင်းနိုင်ငံအားလုံးသည် နောက်ဆုံးတွင် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးပေးခံရမည်ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်ပင် တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းအားဖြင့် နောက်ဆုံးသောကာလ၌ ငါသည် လူအပေါင်းတို့၏ ပြန်ကြွလာသော ကယ်တင်ရှင်ဖြစ်သည်၊ လူသားမျိုးနွယ် အပေါင်းတို့ကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်၊ ထို့အပြင် ငါသည် တစ်ချိန်က လူသားတို့အတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို လောင်ကျွမ်းစေသည့် နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာ သကဲ့သို့ ခပ်သိမ်းသောအရာတို့ကို ဖော်ထုတ်သည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို လူသားအားလုံး တွေ့ရလိမ့်မည်။ ယင်းက နောက်ဆုံးသောကာလရှိ ငါ၏အမှုပင်ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသောနေမင်းနှင့် တောက်လောင်နေသော မီးတောက်မီးလျှံဖြစ်သည်ကို လူအားလုံး တွေ့မြင်နိုင်ရန်အလို့ငှာ ဤအမည်နာမကို ငါခံယူခဲ့ပြီး ဤစိတ်နေသဘောထားကို ငါပိုင်ဆိုင် ထားသည်။ လူအားလုံးသည် ငါ့အား စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်အဖြစ် ဝတ်ပြုကိုးကွယ်စေရန်နှင့် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်စေရန်အလို့ငှာ ဖြစ်သည်- ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အဖြစ်သာမဟုတ်၊ ရွေးနုတ်ရှင်အဖြစ်သာ မဟုတ်ဘဲ ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင်တစ်ခွင်လုံးမှ အားလုံးသော သတ္တဝါများ၏ ဘုရားသခင် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” မှ

၁၅။ နိုင်ငံတော်၏ ရှင်ဘုရင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သက်သေထူခံရပြီး ဖြစ်သည့်အချိန်ကတည်းက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အတိုင်းအတာကို စကြဝဠာတစ်ခုလုံး အနှံ့အပြားတွင် လုံးလုံးလျားလျား ဖွင့်ဟပြီးဖြစ်သည်။ ဘုရားသခင် ပေါ်ထွန်းခြင်းကို တရုတ်နိုင်ငံတွင် သက်သေခံပြီးသည်သာမက၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကိုလည်း တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံးတွင် သက်သေခံပြီး ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် ဖြစ်နိုင်သမျှ မည်သည့်နည်းလမ်းမဆိုဖြင့် မိတ်သဟာယဖွဲ့ဖို့ ကြိုးစားရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ပြီး အသင်းတော်၌ ပူးပေါင်းအစေခံရင်း၊ ဤသန့်ရှင်းသော နာမတော်ကို ဟစ်ခေါ်ကြ၏။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် အံ့သြဖွယ်နည်းလမ်း ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

၁၆။ ငါသည် စစ်မှန်ပြီး စုံလင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို ကမ္ဘာလောကကြီးထဲရှိ လူအပေါင်းတို့ မြင်စေကြလော့။ လူအပေါင်းတို့သည် အပြည့်အဝ ယုံကြည်လက်ခံ ကြပြီး ငါ့အား မည်သူမျှ နောက်တစ်ဖန် မခုခံဝံ့သကဲ့သို့၊ နောက်တစ်ဖန် ငါ့အား ဝေဖန်ရန် သို့တည်းမဟုတ် အသရေဖျက်ရန် မပြုဝံ့ကြချေ။ သို့မဟုတ်ပါက၊ ၎င်းတို့အပေါ် ကျိန်ခြင်း အမင်္ဂလာများ ချက်ချင်း ရောက်လာပြီး ၎င်းတို့အပေါ် ကပ်ဘေးကျရောက်ပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ပျက်စီးခြင်းကို ကျရောက်စေပြီးနောက် ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းတို့ကိုသာ ပြုနိုင်ကြပေသည်။

လူမျိုးအပေါင်းတို့အား သိစေကြလော့၊ စကြဝဠာ တစ်လျှောက်နှင့် ကမ္ဘာမြေ၏ အဆုံးစွန်များအထိ၊ အိမ်ထောင်တိုင်း နှင့် လူတိုင်းအားဖြင့် သိစေကြလော့- အနန္တတန်ခိုးရှင် ဘုရားသခင်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် ဖြစ်၏။ လူအပေါင်းသည် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ကာ ငါ့ကို ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး၊ စကားပြောတတ်စ ကလေးငယ်များကပင် “အနန္တတန်ခိုးရှင် ဘုရားသခင်” ဟု အော်ခေါ်ကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

၁၇။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ပြောသူများရှိသည်။ ယင်းမှာ မှန်ပေ၏၊ သို့သော် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ရည်ညွှန်းပေသည်။ သူ၏ နာမနှင့် အမှုတွင် ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမပြပေ။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ မည်သည့်အခါမှ မပြောင်းလဲလိမ့်မည်မဟုတ်။ အကယ်၍ သင်က ဘုရားသခင်၏ အမှုသည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်မည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်းကိုသာ သင်သိသော်လည်း၊ ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အမှုသည် မပြောင်းလဲပါက၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်ထိ တစ်လျှောက်လုံး ဦးဆောင်လျှင် ဦးဆောင်နိုင်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ပါက၊ သူ ခေတ်နှစ်ခေတ်၏ အမှုကို လုပ်ဆောင်နှင့်ပြီး ဖြစ်သည်မှာ အဘယ်ကြောင့် ဖြစ်သနည်း။ သူ၏ အမှုသည် ရှေ့ဆက်တိုးတက်ရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ ယင်းမှာ သူ၏ စိတ်သဘောထားကို လူသားထံ တဖြည်းဖြည်း ထုတ်ဖော်ပြပြီး ထုတ်ဖော်ပြသည့်အရာမှာ သူ၏ ပင်ကို စိတ်သဘောထား ဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ကွယ်ဝှက်ထားခဲ့သည်၊ သူသည် လူသားထံ သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်မပြခဲ့သကဲ့သို့၊ လူသည် သူနှင့်သက်ဆိုင်သည့် အသိပညာ တကယ်ကို မရှိခဲ့ပေ။ ဤအရာကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြရန် သူ၏ အမှုကို အသုံးပြုသည်၊ သို့သော် ဤနည်းဖြင့် အမှုပြုခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားက ခေတ်တိုင်းတွင် ပြောင်းလဲသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုသည် အမြဲ ပြောင်းလဲနေသောကြောင့်၊ ဘုရားသခင်၏ စိတ်သဘောထားသည် စဉ်ဆက်မပြတ် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းထက်၊ သူ၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များ မတူကွဲပြားသောကြောင့်၊ လူသားက သူ့ကို သိနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို အလုံးစုံ ယူဆောင်ပြီး၊ တစ်ဆင့်ပြီးတဆင့် လူသားထံ ဖော်ထုတ်ပြပေသည်။ သို့သော်လည်း ဤသည်မှာ ဘုရားသခင်သည် မူလက မည်သည့် သီးသန့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ကုန်လွန်သည့် ခေတ်များနှင့်အတူ သူ၏ စိတ်သဘောထား တဖြည်းဖြည်း ပြောင်းလဲသည့် သက်သေ လုံးဝ မဟုတ်ပေ- ထိုသို့သော သိနားလည်မှုတစ်ခုသည် မှားယွင်းပေမည်။ ဘုရားသခင်သည် သူ၏ ပင်ကိုဖြစ်ပြီး သီးသန့်ဖြစ်သော စိတ်သဘောထားကို- သူ၏ ဖြစ်ခြင်းကို— ခေတ်များ ကုန်လွန်သွားသည်နှင့်အညီ လူသားထံ ထုတ်ဖော်ပြသသည်။ ခေတ်တစ်ခေတ်၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို မဖော်ပြနိုင်ပေ။ သို့ဖြစ်ရာ “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိ။” ဆိုသည့် စကားများမှာ သူ၏ အမှုကို ရည်ညွှန်းပြီး “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည့်‌ စကားများမှာ ဘုရားသခင်၏ ပင်ကိုအားဖြင့် အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းပေသည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် နှစ်ခြောက်ထောင်အမှုကို အချက်တစ်ခုပေါ် မတည်နိုင်ပေ သို့မဟုတ် အသက်မဲ့သော စကားလုံးများဖြင့် ယင်းကို ဘောင်မခတ်နိုင်ပေ။ ယင်းမှာ လူ၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူ စိတ်ကူးသလောက် ရိုးရှင်းခြင်း မရှိသကဲ့သို့၊ သူ၏ အမှုသည် မည်သည့် ခေတ်တစ်ခုတွင်မျှ စွဲကျန်မနေနိုင်ပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမအဖြစ် အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမအောက်တွင်လည်း သူ၏ အမှုကို လုပ်ဆောင်နိုင်သေး၏။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် ရှေ့သို့ ဦးတည်ချက်ဖြင့် အမြဲ တိုးတက်နေသည့် လက္ခဏာတစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၁၈။ ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်ပြီး၊ မည်သည့်အခါမျှ စာတန် ဖြစ်လာလိမ့်မည်မဟုတ်ပေ။ စာတန်သည် အစဉ်အမြဲ စာတန်ဖြစ်ပြီး မည်သည့်အခါမျှ ဘုရားသခင် ဖြစ်လာလိမ့်မည်မဟုတ်။ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့ဖွယ်ဖြစ်ခြင်း၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူ၏ အမှုအတွက်မူ၊ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့်အတွက်၊ ယင်းသည် ရှေ့သို့ ဦးတည်ချက်တစ်ခုဖြင့် အစဉ်အမြဲ တိုးတက်နေသည်၊ အစဉ်အမြဲ ပိုမို နက်ရှိုင်းနေပေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမ အသစ်ကို ခံယူသည်၊ ခေတ်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူ၏ ဖန်ဆင်းခြင်းများကို သူ၏ အသစ်သော အလိုနှင့် အသစ်သော စိတ်သဘောထားကို မြင်ခွင့်ပေးလေသည်။ အကယ်၍ ခေတ်သစ်တွင် လူများသည် ဘုရားသခင်၏ စိတ်သဘောထားသစ် ဖော်ပြချက်ကို မမြင်နိုင်ကြပါက၊ ၎င်းတို့သည် သူ့ကို ကားတိုင်တွင် သံမှိုဖြင့် ထာဝရ ရိုက်နှက်မိကြမည် မဟုတ်လော။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အဓိပ္ပာယ် သတ်မှတ်လိုက်မည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

၁၉။ လူသားသည်ငါ့အား ယေရှုခရစ်တော်ဟု အမြဲတစေ ခေါ်သော်လည်း ငါ၏နောက်ဆုံးသော ကာလအတွင်း၌ ခေတ်ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး အမှုသစ်တစ်ခု စတင်ဆောင်ရွက်ခဲ့သည်ကို လူသားတို့သည် မသိရှိခြင်းဖြစ်စေ၊ အမြဲတစေပင် ကယ်တင်ရှင်ယေရှု ကြွလာရန်သာ သဲသဲမဲမဲ စောင့်မျှော်ကြခြင်း ဖြစ်စေ ပြုလုပ်ကြပါက ထိုကဲ့သို့သော လူသားတို့အား ငါ့အပေါ် ယုံကြည်ကိုးစားခြင်း မရှိသူများဟု ခေါ်မည်။ ထိုသူတို့သည် ငါ့အား မသိကျွမ်းသူများသာဖြစ်ပြီး ငါ့အပေါ်ထားရှိသော သူတို့၏ ယုံကြည်မှုမှာ အတုအယောင်သာဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးတို့သည် ကယ်တင်ရှင်ယေရှု ကောင်းကင်ဘုံမှ ကြွလာခြင်းကို တွေ့မြင်နိုင် မည်လော။ ထိုသူတို့ စောင့်မျှော်သည်မှာ ငါ၏ ကြွလာခြင်း မဟုတ်ဘဲ ယုဒရှင်ဘုရင်၏ ကြွလာခြင်းသာ ဖြစ်သည်။ မသန့်စင်သော ကမ္ဘာမြေဟောင်းအား ငါ၏ အမြစ်ပြတ် ချေမှုန်းခြင်းကို ထိုသူတို့ တမ်းတနေသည်မဟုတ်ဘဲ သူတို့ ရွေးနှုတ်ခြင်းခံရမည် ဖြစ်သည့် ယေရှု၏ ဒုတိယကြိမ်မြောက် ပြန်ကြွလာခြင်းအား တောင့်တနေကြခြင်း ဖြစ်သည်၊ ညစ်ညမ်း၍ ဖြောင့်မတ် မှန်ကန်ခြင်းမရှိသော ဤမြေကြီးမှ လူသားမျိုးနွယ်အားလုံးကို ယေရှု နောက်တစ်ကြိမ် ရွေးနှုတ်ပေးရန် သူတို့မျှော်လင့် စောင့်စားနေကြခြင်း ဖြစ်သည်။ ထိုကဲ့သို့သောလူများက နောက်ဆုံးသော ကာလအတွင်း ငါ၏အမှုကို ပြီးမြောက်စေမည့်သူများ အဘယ်သို့ဖြစ်လာနိုင်မည်နည်း။ လူသား၏ စိတ်ဆန္ဒများက ငါ၏အလိုများ ပြီးပြည့်စုံခြင်း သို့မဟုတ် ငါ၏လုပ်ငန်းကို ပြီးမြောက်စေခြင်းကို မစွမ်းဆောင်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် လူသားသည် ငါယခင်က ဆောင်ရွက်ခဲ့သည့် အမှုကို အားကျရုံ သို့မဟုတ် မြတ်နိုးရုံမျှသာ တတ်နိုင်ကြပြီး ငါသည် မည်သည့်အခါမျှ အိုမင်းခြင်းမရှိဘဲ ထာဝရ သစ်လွင်နေသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ကို သူတို့ လုံးဝမသိပေ။ ငါသည် ယေဟောဝါ ဖြစ်သည်၊ ယေရှုဖြစ်သည်ကိုသာ လူသားသိရှိထားပြီး ငါသည် လူသားမျိုးနွယ်ကို အဆုံးသတ်ပေးမည့် နောက်ဆုံးနှင့်တစ်ဆူတည်းသော ဘုရားသခင်ဖြစ် သည်ကို အရိပ်အမြွက်မျှပင် မသိရှိကြပါ။ လူသား သိရှိပြီး တမ်းတသမျှသော အရာမှာ ၎င်း၏စိတ်ကူးနှင့် ၎င်းတို့မျက်လုံးများဖြင့် ကိုယ်တိုင် တွေ့မြင်နိုင်သော အရာသာဖြစ်သည်။ ယင်းက ငါလုပ်ဆောင်သော အမှုနှင့် တစ်ပြေးညီမဟုတ်သကဲ့သို့၊ သဟဇာတဖြစ်ခြင်းလည်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” မှ

၂၀။ ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက်၏ သမ္မာတရားကို မရှာခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမကို အချည်းနှီး ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤအမြင်များသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက၊ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် သူ၏ အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏- သမ္မာတရားကို လက်မခံသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုမျှ အလိုရှိပြီး၊ ကောင်းကင်ဘုံ၏ အတိသုခပြည့်စုံသော နယ်ပယ်ကိုမျှ လိုချင်သော်လည်း၊ ယေရှုပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် မည်သည့်အခါတွင်မျှ မနာခံဖူးသကဲ့သို့၊ သူ ပြန်လည် လူ့ဇာတိခံယူချိန်တွင် ယေရှု ဖော်ပြသည့် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိဖူးခြင်း မရှိပေ။ ယေရှု ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာခြင်း အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို စံပြုကြမည်နည်း။ အပြစ်များကို သင်တို့ ထပ်တလဲလဲ ကျူးလွန်ပြီးနောက် သင်တို့၏ ဝန်ချမှုကို ပြောဆိုသည့် ရိုးသားစစ်မှန်မှုကိုလော။ ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည့် ယေရှုကို သင်တို့ မည်သည့်အရာ ဆက်ကပ် ပူဇော်ကြလိမ့်မည်နည်း။ သင်တို့ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သည့် နှစ်ပေါင်းများစွာကြာသော အလုပ်ကိုလော။ ပြန်ကြွလာသည့် ယေရှုက သင်တို့ကို ယုံကြည်စိတ်ချစေရန် မည်သည့်အရာကို သင်တို့ စံပြုကြလိမ့်မည်နည်း။ မည်သည့်သမ္မာတရားကိုမျှ နာခံခြင်းမရှိသည့် သင်တို့၏ မာနထောင်လွှားသော သဘာဝကိုလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်” မှ

အရှေ့သို့- ၂။ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သော သမ္မာတရား အကြောင်း

နောက်တစ်ခုသို့- ၄။ ကျေးဇူးတော်ခေတ်၌ ကယ်တင်ခြင်းနှင့် နိုင်ငံတော်ခေတ်၌ ကယ်တင်ခြင်းတို့နှင့် ပတ်သက်သော သမ္မာတရား အကြောင်း

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊...

မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

ဘုရားသခင်၏အမှုသည် အစဉ် ရှေ့ဆက်လျက်ရှိပြီး၊ သူ၏အမှု ရည်ရွယ်ချက် မပြောင်းလဲသော်လည်း၊ သူအမှုပြုသည့် နည်းစနစ်များ စဉ်ဆက်မပြတ်...

ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်

လူသားများအားလုံးသည် ယေရှု၏ မျက်နှာတော်အစစ်ကို မြင်လိုကြပြီး သူနှင့်အတူ ရှိလိုကြ၏။ ယေရှုကို မမြင်လို သို့မဟုတ် သူနှင့်အတူ မရှိလိုပါဟု...

ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား

ခေတ်ဟောင်းကုန်လွန်သွား၍ ခေတ်သစ်ကို ရောက်ရှိလာခဲ့ပြီ။ တစ်နှစ်ပြီးတစ်နှစ်၊ တစ်နေ့ပြီးတစ်နေ့ ဘုရားသခင်သည် အမှုများစွာကို ပြုခဲ့ပြီဖြစ်သည်။...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်— ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်