၁) ဘုရားသခင်ကို သိခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ပြီး ဘုရားသခင်ကို သိကျွမ်းခြင်း၏ အရေးပါမှုသည် မည်သည့်အရာဖြစ်သနည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိကျွမ်းရန်မှာ ကောင်းကင်ဘုံက စီမံထားပြီး ကမ္ဘာမြေက အသိအမှတ်ပြုထားခြင်းဖြစ်ကာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တော်တိုင် ဆောင်ရွက်နေသည့် ကာလအတွင်းဖြစ်သော ယနေ့သည်၊ ဘုရားသခင်ကိုသိကျွမ်းရန် အထူးသဖြင့် ကောင်းမွန်သောအချိန်ကာလ ဖြစ်သည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ဘုရားသခင်၏ အလိုကို သိနားလည်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းဖြင့် ရရှိသည့်အရာ တစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ အလိုကို သိနားလည်ရန်အလို့ငှာ ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာ အချို့ရှိရန် လိုအပ်သည်။ ဘုရားသခင်နှင့်သက်ဆိုင်သော ဤအသိပညာသည် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့် ရှိရမည့် ရူပါရုံဖြစ်သည်၊ ယင်းမှာ လူသား၏ ဘုရားသခင်၌ ယုံကြည်မှု အခြေခံအကြောင်းရင်း ဖြစ်သည်။ ဤအသိပညာ ကင်းမဲ့ခြင်းဖြင့်၊ လူသား၏ ဘုရားသခင်၌ ယုံကြည်မှုသည် မရေရာသော အခြေအနေတစ်ခုတွင်၊ အနှစ်သာရ မဲ့သော သဘောတရားအလယ်တွင် တည်ရှိပေမည်။ ဘုရားသခင် နောက်သို့လိုက်ရန်မှာ ဤသို့သောလူများ၏ ဆုံးဖြတ်ချက်ဖြစ်လျှင်ပင်၊ မည်သည့်အရာကိုမျှ ၎င်းတို့ ရရှိကြလိမ့်မည်မဟုတ်။ ဤရေစီးကြောင်းတွင် မည်သည့်အရာမျှ မရရှိသောသူအားလုံးသည် ဖယ်ရှားခံရမည့်သူများဖြစ်သည်- ၎င်းတို့အားလုံးသည် ကပ်ပါးရပ်ပါးများ ဖြစ်ကြ၏။ ဘုရားသခင်၏ အမှု၏ မည်သည့်အဆင့်ကို သင်တွေ့ကြုံရသည်ဖြစ်စေ၊ သင်သည် ကြီးမြတ်သော ရူပါရုံတစ်ခု ပါရှိသင့်သည်။ သို့မဟုတ်ပါက၊ ဘုရားသခင်၏ အမှုသစ်သည် လူ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်ပြီး လူသားအယူအဆ၏ ဘောင်အပြင်ဘက်တွင် တည်ရှိသောကြောင့်၊ အမှုသစ်၏ အဆင့်တစ်ခုစီကို လက်ခံရန် သင့်အတွက်ခက်ခဲပါလိမ့်မည်။ ထို့ကြောင့် လူကို စောင့်ရှောက်ရန် သိုးထိန်းတစ်ဦး မရှိဘဲနှင့်၊ ရူပါရုံများနှင့်ပတ်သက်သည့် မိတ်သဟာယတွင် ပါဝင်မည့် သိုးထိန်းတစ်ဦး မရှိဘဲနှင့်၊ လူသည် ဤအမှုသစ်ကို လက်မခံနိုင်စွမ်း မရှိပေ။ အကယ်၍ လူသားသည် ရူပါရုံများကို မရရှိနိုင်ပါက၊ ဘုရားသခင်၏အမှုသစ်ကို မရရှိနိုင်ပေ၊ ပြီးလျှင် လူသားသည် ဘုရားသခင်၏အမှုသစ်ကို မနာခံနိုင်ပါက၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိပညာသည် အချည်းနှီးသဘော သက်ရောက်ပေမည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဆောင်ရွက်မီတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ အလိုတော်ကို နားလည်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိကျစွာ ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ဖြစ်နိုင်ပေသည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေသောသူတိုင်း ပိုင်ဆိုင်ထားရမည့် အရာတစ်ခုဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းရန်ကြိုးစားသော သူတိုင်းကြုံရမည့် ဖြစ်စဉ်လည်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းလာခြင်း ဖြစ်စဉ်သည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို သိကျွမ်းလာခြင်း ဖြစ်စဉ်ဖြစ်သည်။ ထို့ကြောင့် ရူပါရုံများကိုသိရှိခြင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝအား သိကျွမ်းခြင်းကိုသာ မရည်ညွှန်းဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုကိုသိကျွမ်းခြင်းတို့လည်း ပါဝင်ပေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဘုရားသခင်၏ အလိုကို သိနားလည်လာကြပြီး၊ ဘုရားသခင်၏ အမှုမှ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းတို့ကို သိကျွမ်းလာကြလေသည်။ ဘုရားသခင်၌ ယုံကြည်မှုသည် ဘုရားသခင်ကို သိကျွမ်းခြင်းအဖို့ ပထမခြေလှမ်းဖြစ်သည်။ ဘုရားသခင်ကို ဤကနဦးယုံကြည်ခြင်းမှ သူ့ကို အလေးနက်ဆုံး ယုံကြည်ခြင်းဆီသို့ တိုးတက်ခြင်းဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းဖြစ်စဉ်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်း ဖြစ်စဉ် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းအတွက် မဟုတ်ဘဲ၊ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက်သာ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ သင်၏ယုံကြည်ခြင်းတွင် စစ်မှန်မှု မရှိသကဲ့သို့ သင်၏ ယုံကြည်ခြင်းသည် ဖြူစင်မလာနိုင်ပေ- ဤအရာနှင့်ပတ်သက်၍သံသယဖြစ်စရာမရှိပေ။ လူသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည့် ဖြစ်စဉ်အတွင်းတွင်၊ သူသည် ဘုရားသခင်ကို တဖြည်းဖြည်း သိကျွမ်းလာပါက၊ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ သူ၏ယုံကြည်မှုသည် တိုး၍ စစ်မှန်လာလိမ့်မည်။ ဤနည်းဖြင့်၊ လူသည် ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းတွင် အောင်မြင်မှုရရှိသောအခါတွင်၊ သူသည် ဘုရားသခင်ကို အပြည့်အဝ ရရှိသွားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တော်တိုင် လုပ်ဆောင်ဖို့ ဒုတိယအကြိမ် လူ့ဇာတိခံယူရန် ထိုကဲ့သို့ အပတ်တကုပ် ကြိုးစားရခြင်း အကြောင်းရင်းမှာ လူသားသည် သူ့ကိုသိကျွမ်းလာနိုင်ဖို့နှင့် သူ့ကို တွေ့မြင်လာနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းက သည် ဘုရားသခင့်အမှု၏နိဂုံးတွင် ရရှိရမည့် နောက်ဆုံးအကျိုးတရား ဖြစ်သည်။ ယင်းသည် ဘုရားသခင် အနေဖြင့် လူသားမျိုးနွယ်ကို ပြုလုပ်သည့် နောက်ဆုံးသတ်မှတ်ချက် ဖြစ်သည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင်ရသည့် အကြောင်းရင်းမှာ သူ၏နောက်ဆုံး သက်သေခံချက်အတွက်ဖြစ်သည်။ လူသားအနေဖြင့် နောက်ဆုံးတွင် သူ့ထံသို့ လုံးဝ ပြန်လှည့်နိုင်စေဖို့အလို့ငှာ၊ ဤအမှုကို သူပြုခြင်း ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ချစ်လာနိုင်ပြီး၊ ဘုရားသခင်ကို ချစ်ရန် သူသည် ဘုရားသခင်ကို သိကျွမ်းရမည် ဖြစ်သည်။ သူသည် မည်သို့ရှာဖွေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကိုရရှိရန် ကြိုးစားသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိပညာကို ရရှိနိုင်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေနိုင်ပေသည်။ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း ရှိနိုင်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ သူသည် ဘုရားသခင်ကို အမှန်တကယ် ကြည်ညိုကာ နာခံနိုင်ပေသည်။ ဘုရားသခင်ကို မသိသော သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာနာခံခြင်းနှင့် ကြည်ညိုခြင်းသို့ မည်သည့်အခါမျှ ရောက်ရှိမည်မဟုတ်ပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းတွင် သူ၏စိတ်သဘောထားကိုသိခြင်း၊ သူ၏အလိုကို နားလည်ခြင်းနှင့် သူ၏ဖြစ်ခြင်းကိုသိခြင်းတို့ ပါဝင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် မည်သည့်ရှုထောင့်ကို သိရှိလာသည်ဖြစ်စေ၊ ရှုထောင့်အသီးသီးသည် လူတို့အနေဖြင့် အဖိုးအခပေးရန် လိုအပ်ပြီး၊ နာခံရန် အလိုဆန္ဒ လိုအပ်ပေသည်၊ ထိုအရာမပါဘဲနှင့် မည်သူမျှ အဆုံးထိ ဆက်လက်လိုက်လျှောက်နိုင်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်” မှ

ဘုရားသခင်ကို သိခြင်းသင်ခန်းစာသည် လူသားမျိုးနွယ်၏ မည်သည့် သဘာဝသိပ္ပံပညာရပ်မဆိုထက် ပို၍ မြင့်မား၏။ ယင်းမှာ ဘုရားသခင်ကို သိရန်ကြိုးစားသည့် အလွန့်အလွန် နည်းပါးသော လူဦးရေသာ စွမ်းဆောင်ရရှိနိုင်သည့် သင်ခန်းစာ တစ်ရပ်ဖြစ်ပြီး ပါရမီရှိသည့် မည်သူမဆိုကမျှ စွမ်းဆောင်ရရှိနိုင်သည့်အရာ မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို သိခြင်းနှင့် သမ္မာတရားအား အားထုတ်ခြင်းတို့ကို သာမန်ကလေး တစ်ဦးက ရယူနိုင်သော အရာများကဲ့သို့ မမြင်ရ။ သင်သည် သင်၏မိသားစုဘဝ၊ သို့မဟုတ် သင်၏အသက်မွေးအလုပ်၊ သို့မဟုတ် သင်၏အိမ်ထောင်ရေးတို့တွင် လုံးဝ အောင်မြင်ပြီးသူတစ်ဦး ဖြစ်ချင်ဖြစ်မည်၊ သို့ရာတွင် သမ္မာတရားနှင့် ဘုရားသခင်ကို သိခြင်း သင်ခန်းစာနှင့်ပတ်သက်လာသည့်အခါ သင်သည် မိမိကိုယ်ကိုယ်အတွက် ပြစရာဘာမျှမရှိသကဲ့သို့၊ မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိလေပြီ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင်တို့အတွက် ကြီးမားသော အခက်အခဲရှိသည်ဟု ဆိုနိုင်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် သာ၍ ကြီးမားသော ပြဿနာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ သင်တို့၏အခက်အခဲဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံး ရင်ဆိုင်ရသည့် အခက်အခဲလည်း ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းလမ်းကြောင်းတွင် အောင်မြင်မှုအချို့ ရရှိပြီးသူ အချို့အလယ်တွင် အဆင့်အတန်းမီသူ လုံးဝ မရှိလုနီးပါး ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းမှာ မည်သည်ကို ဆိုလိုကြောင်း သို့မဟုတ် ဘုရားသခင်ကိုသိရန် အဘယ်ကြောင့် လိုအပ်ကြောင်း သို့မဟုတ် ဘုရားသခင်ကို သိရှိရန် မည်သည့် အတိုင်းအတာထိ ကြိုးပမ်းရရှိရမည်ကို လူသားသည် မသိပေ။ ဤသည်မှာ လူသားမျိုးနွယ်အဖို့ အလွန် ဝေခွဲမရဖြစ်ရသည့်အရာ ဖြစ်ပြီး၊ ယင်းသည် လူသားမျိုးနွယ် ရင်ဆိုင်ရသည့် အကြီးမားဆုံးသော ပဟေဠိဖြစ်သည်မှာ အတော်အတန် ရိုးရှင်းလှ၏- မည်သူမျှ ဤမေးခွန်းကို ဖြေနိုင်စွမ်း မရှိသကဲ့သို့၊ မည်သူမျှလည်း ဤမေးခွန်းကို ဖြေရန် လိုလားခြင်းမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ယနေ့အထိ ဤအမှုကို လေ့လာရာတွင် လူသားမျိုးနွယ်အလယ် မည်သူမျှ အောင်မြင်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် ပဟေဠိကို လူသားမျိုးနွယ်ထံ အသိပေးသည့်အခါ၊ ဘုရားသခင်ကို သိရှိသည့် ပါရမီရှင်အုပ်စု တစ်စုပြီးတစ်စု ပေါ်ကောင်း ပေါ်လာပေမည်။ ဟုတ်ပေ၏၊ ထိုသို့ဖြစ်သည်ကို ငါမျှော်လင့်မိပြီး၊ ထို့အပြင် ငါသည် ဤအမှုအား ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တွင် ရှိပြီး၊ မကြာတော့သည့် အနာဂတ်တွင် ပိုမိုများပြားသည့် ထိုသို့သော ပါရမီရှင်များ ပေါ်ထွက်ခြင်းကိုတွေ့ရန် ငါမျှော်လင့်သည်။ ၎င်းတို့သည် ဤအမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်များကို သက်သေခံသူများ ဖြစ်လာကြလိမ့်မည် ဖြစ်ပြီး၊ ဤအမှု၏ အဆင့်သုံးဆင့်အတွက် ပထမဆုံး သက်သေခံသူများလည်း ဖြစ်မည်မှာ အမှန်ဖြစ်သည်။ ဘုရားသခင်၏အမှု အဆုံးသတ်သည့်နေ့တွင် ထိုသို့သော ပါရမီရှင်များ မပေါ်ထွက်ပါက၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံပြီးသူ တစ်ဦး နှစ်ဦးသာ ရှိပါက၊ သာ၍ စိတ်သောကရောက်စရာနှင့် သာ၍နောင်တရစရာ မည်သည့်အရာမျှ ရှိမည်မဟုတ်ပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး ဖြစ်နိုင်ခြေသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ အမှန်တကယ် လိုက်စားသူများသည် ဤကောင်းချီးမင်္ဂလာကို ရရှိနိုင်မည်ဟု ငါမျှော်လင့်ဆဲဖြစ်၏။ အချိန်၏ အစကတည်းက၊ ဤကဲ့သို့သောအမှု တစ်ခါမျှ မရှိဖူးပေ။ လူသား၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် ထိုသို့သော တာဝန်တစ်ခုသည် မည်သည့်အခါမျှ မဖြစ်ပေါ်ဖူးပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို အဦးဆုံးသိသူများထဲမှ တစ်ဦး အမှန်တကယ် ဖြစ်လာနိုင်ပါက၊ ဤသည်မှာ သတ္တဝါများအားလုံးအလယ်တွင် အမြင့်ဆုံးသော ဂုဏ်သိက္ခာတစ်ရပ် ဖြစ်မည်မဟုတ်လော။ လူသားမျိုးနွယ်ထဲမှ အဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်လေသည် ဘုရားသခင်၏ ချီးကျူးခြင်းကို သာ၍ ခံရမည်လော။ ထိုသို့သောအမှုကို စွမ်းဆောင်ရရှိရန် မလွယ်သော်လည်း၊ နောက်ဆုံးတွင် ဆုလာဘ်များ ရိတ်သိမ်းရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့ အမျိုးသား အမျိုးသမီးဖြစ်မှု၊ သို့မဟုတ် နိုင်ငံသားဖြစ်ခြင်းတို့ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏အလိုတော်နှင့်ဆိုင်သည့် အသိပညာ ရရှိနိုင်စွမ်း ရှိသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အကြီးမားဆုံးသော ဂုဏ်ပြုခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်သည့် တစ်ဦးတည်းသောသူများသာ ဖြစ်ကြလိမ့်မည်။ ဤသည်မှာ ယနေ့၏အမှုဖြစ်ပြီး အနာဂတ်၏အမှုလည်း ဖြစ်၏။ ဤသည်မှာ အနှစ်ခြောက်ထောင် အမှုတွင် ပြီးမြောက်မည့် နောက်ဆုံးနှင့် အမြင့်မားဆုံးသော အမှုဖြစ်ကာ လူသား၏ အတန်းအစားအသီးသီးကို ထုတ်ဖော်ပြသည့် အမှုပြုခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ လူသားအား ဘုရားသခင်ကို သိစေခြင်း အမှုမှတစ်ဆင့် လူသား၏ မတူကွဲပြားသည့် အဆင့်များကို ဖော်ထုတ်ပြသည်- ဘုရားသခင်ကို သိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်းမီကြသော်လည်း၊ ဘုရားသခင်ကို မသိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်း မမီကြပေ။ ဘုရားသခင်ကို သိသူများသည် ဘုရားသခင်နှင့် ရင်းနှီးသူများ ဖြစ်ပြီး၊ ဘုရားသခင်ကို မသိသူများအား ဘုရားသခင်နှင့် ရင်းနှီးသူများဟု ခေါ်၍မရပေ။ ဘုရားသခင်၏ ရင်းနှီးသူများသည် ဘုရားသခင်၏ မည်သည့် ကောင်းချီးမင်္ဂလာကိုမဆို လက်ခံရရှိနိုင်သော်လည်း၊ သူနှင့် မရင်းနှီးသူများသည် သူ၏မည်သည့် အမှုနှင့်မျှ မထိုက်တန်ပေ။ ဆင်းရဲဒုက္ခများဖြစ်စေ၊ စစ်ဆေးခြင်း ဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊ ဤအားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာအား လူသားကို ရရှိခွင့်ပေးခြင်းအတွက်နှင့် ဘုရားသခင်ကို လူသားက ကျိုးနွံနာခံနိုင်ရန်အလို့ငှာ ဖြစ်၏။ ဤသည်မှာ အဆုံးတွင်ရရှိမည့် တစ်ခုတည်းသော အကျိုးတရား ဖြစ်လိမ့်မည်။ အမှု၏ အဆင့်သုံးဆင့်ထဲမှ မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားခြင်း မရှိသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူသား၏ အသိပညာအတွက် အကျိုးရှိပြီး၊ ဘုရားသခင်နှင့်ဆိုင်သည့် ပိုမိုပြည့်စုံပြီး စေ့စပ်သေချာသော အသိပညာကို ရရှိရန် လူသားအား အထောက်အကူပြုပေသည်။ ဤအမှုအားလုံးသည် လူသားအဖို့ အကျိုးရှိ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို နာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို သက်သေခံရန် သူတောင်းဆို လေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး စစ်မှန်ကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်” မှ

ဘုရားသခင်ကို သိခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သဘောပေါက်နိုင်ခြင်းပြီး သို့ဖြစ်၍ ဘုရားသခင်၏ စိတ်သဘောထားကို သိခြင်းကို ဆိုလို၏- ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် သိခြင်းဟူသည့်အရာ ဖြစ်သည်။ သင်သည် သူ့ကို မြင်တွေ့ခဲ့ပြီဟု အခိုင်အမာဆိုသည့်တိုင် သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သင်နားမလည်သကဲ့သို့၊ သူ၏ စိတ်သဘောထားကို သင်နားမလည်ပေ။ သင်သည် သူ၏ဖြောင့်မတ်ခြင်းကို နားမလည်သကဲ့သို့၊ သူ၏ကရုဏာစိတ် ရှိခြင်းကို နားမလည်သည်သာမက၊ သူနှစ်သက်သည့် အရာ၊ သို့မဟုတ် သူစက်ဆုပ်ရွံရှာသည့်အရာကိုလည်း သင်မသိပေ။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း မဟုတ်ပေ။ ထို့ကြောင့် လူတစ်ချို့တို့က ဘုရားသခင်နောက်ကို လိုက်နိုင်ကြသော်လည်း၊ ဘုရားသခင်ကို သူတို့ သေချာပေါက် အမှန်တကယ် ယုံကြည်နိုင်စွမ်းမရှိကြချေ။ ဤနေရာ၌ ခြားနားမှု ရှိပေသည်။ ဘုရားသခင်ကိုသင်သိပါက၊ သူ့ကိုနားလည်ပြီး သူ၏အလိုတော်အချို့ကို နားလည်နိုင်ပါက၊ သင်သည် သူ့အား စစ်မှန်စွာယုံကြည်ခြင်း၊ သူ့အား စစ်မှန်စွာနာခံခြင်း၊ သူ့အား စစ်မှန်စွာချစ်ခြင်းနှင့် စစ်မှန်စွာကိုးကွယ်ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဤအရာများကို သင်နားမလည်ပါက သင်သည် အသာပြေးပြီး အလိုက်သင့်သွားနေသည့် နောက်လိုက် တစ်ဦးသာဖြစ်၏။ ယင်းကို စစ်မှန်သော ကျိုးနွံနာခံခြင်း၊ သို့မဟုတ် စစ်မှန်သော ကိုးကွယ်ခြင်းဟု မခေါ်ဆိုနိုင်ပေ။ စစ်မှန်သော ကိုးကွယ်ခြင်း မည်သို့ဖြစ်ပေါ်လာသနည်း။ ခြွင်းချက်မရှိ၊ ဘုရားသခင်ကို စစ်မှန်စွာသိသူအားလုံးသည် သူ့ကို မြင်သည့်အခါတိုင်းတွင် ကိုးကွယ်ကာ ကြည်ညိုကြ၏။ ၎င်းတို့အားလုံးသည် သူ့ကို ဦးညွှတ်ကာ ကိုးကွယ်ဖို့ လှုံ့ဆော်ခံရကြ၏။ လတ်တလောတွင်၊ လူ့ဇာတိခံ ဘုရားသခင် အမှုပြုနေစဉ်တွင် သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူတို့ သာ၍နားလည်လေလေ၊ ၎င်းတို့သည် ဤအရာများကို သာ၍တန်ဖိုးထားလေလေ ဖြစ်ပြီး၊ သူ့ကို သာ၍ချစ်ကြောက်ရိုသေလေလေ ဖြစ်လိမ့်မည်။ ယေဘုယျအားဖြင့် လူတို့သည် သိနားလည်မှု သာ၍နည်းလေ၊ သာ၍ဂရုမပြုလေဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်ကို လူသားကဲ့သို့ ၎င်းတို့ ဆက်ဆံကြလေသည်။ လူတို့သည် ဘုရားသခင်ကို အမှန်တကယ်သိရှိကာ မြင်ခဲ့ကြပါက၊ ၎င်းတို့သည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ခဲ့ကြလိမ့်မည်။ “ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။” ယောဟန်သည် ဤအရာကို အဘယ်ကြောင့်ဆိုခဲ့သနည်း။ စိတ်ထဲတွင် အလွန် နက်နဲသော သိနားလည်မှု သူ မရှိခဲ့သော်လည်း၊ ဘုရားသခင်သည် အံ့ဖွယ်ကောင်းသည်ကို သူသိခဲ့၏။ ယနေ့ခေတ် လူမည်မျှသည် ဘုရားသခင်ကို ကြည်ညိုကြောက်ရွံ့နိုင်စွမ်း ရှိသနည်း။ သူ၏ စိတ်သဘောထားကို ၎င်းတို့ မသိပါက၊ သူ့ကို မည်သို့ ကြောက်ရွံ့နိုင်သနည်း။ လူတို့သည် ဘုရားသခင် အမှန်တကယ် ကိုးကွယ်နိုင်ဖို့ မဆိုထားနှင့်၊ ခရစ်တော်၏ အနှစ်သာရကို ၎င်းတို့ မသိသကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားကိုလည်း နားမလည်ကြပေ။ ၎င်းတို့သည် ခရစ်တော်၏ သာမန်နှင့် ပုံမှန်အပြင်ပန်းသဏ္ဌာန်ကိုသာ မြင်သော်လည်း၊ သူ၏အနှစ်သာရကို မသိပါက၊ သူတို့သည် ခရစ်တော်အား သာမန်လူသားတစ်ဦးအဖြစ်သာ ဆက်ဆံရန် ၎င်းတို့အတွက် လွယ်ကူ၏။ ထိုသူတို့သည် သူ့အပေါ် မရိုသေသောသဘောထား ခံယူကောင်းခံယူနိုင်သည်၊ ပြီးလျှင်သူ့ကို လိမ်လည်လှည့်စားနိုင်သည်၊ သူ့ကို ခုခံနိုင်သည်၊ သူ့ကို မနာခံဘဲနေနိုင်ပြီး၊ သူ့အပေါ် တရားစီရင်ချက် ချမှတ်နိုင်သည်။ ၎င်းတို့အနေဖြင့် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူနိုင်ပြီး သူ၏နှုတ်ကပတ်တော်များကို အလေးအနက် ထားကောင်း ထားနိုင်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် အယူအဆများ၊ ရှုတ်ချမှုများနှင့် ပြစ်မှားစော်ကားမှုတို့ကိုပင် ဖြစ်ပေါ်စေနိုင်၏။ ဤပြဿနာများကို ဖြေရှင်းရန်၊ ခရစ်တော်၏ အနှစ်သာရနှင့် ဘုရားသဘောသဘာဝတို့ကို သိရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း၏ အဓိကလက္ခဏာဖြစ်၏၊ ထိုအရာသည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည့် အယောက်တိုင်းက ဝင်ရောက်၍ ရရှိရမည့်အရာဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း” မှ

လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင် မည်သည့်အရာကို သိသင့်သနည်း။ ဝိညာဉ်တော်၊ ဇာတိအဖြစ်တော်နှင့် နှုတ်ကပတ်တော်တို့က လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို ဖြစ်စေပြီး၊ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ သင်သည် ဇာတိအဖြစ်တော်ကိုသာ သိသော်လည်း- သူ၏ အမူအကျင့်များနှင့် ပင်ကိုအရည်အသွေးကိုသာ သင် သိသော်လည်း- ဝိညာဉ်တော်၏ အလုပ်ကိုမသိပါက သို့မဟုတ် လူ့ဇာတိတွင် မည်သည့်အမှုကို ဝိညာဉ်တော် ပြုသည်ကို သင်မသိပါက၊ ပြီးလျှင် ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်ကိုသာ သင်အာရုံစိုက်ပြီး ဝိညာဉ်တော်ရှေ့တွင်သာ ဆုတောင်းသော်လည်း၊ လက်တွေ့ကျသော ဘုရားသခင်၌ ဘုရားသခင်၏ ဝိညာဉ်တော်၏ အမှုကို မသိပါက၊ ဤအရာက လက်တွေ့ကျသော ဘုရားသခင်ကို သင်မသိသေးသည်ကို သက်သေပြပေသည်။ လက်တွေ့ကျသော ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာတွင် သူ၏ နှုတ်ကပတ်တော်များကို သိခြင်းနှင့် တွေ့ကြုံခြင်း၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ စည်းမျဉ်းများနှင့် အခြေခံသဘောတရားများ၊ ဘုရားသခင်၏ ဝိညာဉ်တော်က လူ့ဇာတိ၌ မည်သို့အမှုပြုသည်ကို သဘောပေါက်ခြင်းတို့ ပါဝင်သည်။ ယင်းမှာ လူ့ဇာတိ၌ ဘုရားသခင်၏ လုပ်ရပ်တိုင်းကို ဝိညာဉ်တော်က အုပ်စိုးကြောင်းနှင့် သူပြောကြားသည့် နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက်ဖြစ်ကြောင်းတို့ကို သိရှိခြင်းလည်း ပါဝင်ပေသည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်ကို သိရှိရန်၊ လူ့သဘာဝနှင့် ဘုရားသဘောသဘာဝ၌ မည်သို့ ဘုရားသခင် အမှုပြုသည်ကို သိရှိဖို့သည် ပဓာနဖြစ်သည်။ ထိုအကြောင်းကြောင့် ဤသည်မှာ လူအားလုံး ပါဝင်ပတ်သက်သည့် ဝိညာဉ်တော်၏ ဖော်ပြချက်များနှင့်လည်း သက်ဆိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်” မှ

ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါ တစ်ဦးတာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်၏အလိုကို နားလည်လိုပါက၊ ဘုရားသခင်၏အမှုကို သင်နားလည်ရမည်၊ အဖန်ဆင်းခံ သတ္တဝါများအတွက် ဘုရားသခင်၏အလိုကို နားလည်ရမည်၊ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို နားလည်ရမည်ဖြစ်ပြီး၊ သူ လုပ်ဆောင်သည့်အမှု၏ အရေးပါမှုအားလုံးကို နားလည်ရမည်။ ဤအရာကို နားမလည်သူများသည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါများဖြစ်ရန် အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေဖြင့် သင်သည် မည်သည့်နေရာမှ လာသည်ကို နားမလည်ပါက၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို နားမလည်ပါက၊ ထို့အပြင် လူသားမျိုးနွယ်သည် ယနေ့ထိတိုင် မည်သို့ တိုးတက်ဖွံ့ဖြိုးလာပြီး ဖြစ်သည်ကို နားမလည်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို မည်သူက ကွပ်ကဲသည်ကို နားမလည်ပါက၊ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ယနေ့အထိ ဦးဆောင်လမ်းပြပြီးဖြစ်ကာ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားကို ဖန်ဆင်းချိန်ကတည်းက လူသားကို ချန်ရစ်ဖူးခြင်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုပြုခြင်းကို မည်သည့်အခါမျှ မရပ်တန့်ပေ၊ လူသားမျိုးနွယ်အား ဦးဆောင်ခြင်းကို မည်သည့်အခါမျှ မရပ်တန့်ဖူးသကဲ့သို့၊ လူသားမျိုးနွယ်ကို မည်သည့်အခါမျှ ချန်ရစ်ထားဖူးခြင်း မရှိပေ။ သို့သော် လူသားမျိုးနွယ်သည် ဘုရားသခင်ကို သိရှိရန် မဆိုထားနှင့်၊ ဘုရားသခင် တစ်ပါးရှိကြောင်းကိုပင် မသိပေ။ ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါအားလုံးအတွက် ဤအရာထက်သာ၍ အရှက်ရစရာ တစ်ခုတစ်လေ ရှိသလော။ ဘုရားသခင်သည် လူသားကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လမ်းပြသော်လည်း၊ လူသားသည် ဘုရားသခင်၏အမှုကို နားမလည်ပေ။ သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သော်လည်း၊ သင်၏ ကိုယ်ပိုင်သမိုင်းကို သင် နားမလည်သကဲ့သို့၊ သင်၏လမ်းခရီးတွင် မည်သူက သင့်ကို ဦးဆောင်လမ်းပြခဲ့သည်ကို သင်မသိပေ၊ သင်သည် ဘုရားသခင် လုပ်ဆောင်သည့်အမှုကို မသိသောကြောင့်၊ ဘုရားသခင်ကို မသိနိုင်ပေ။ သင် ယခုမသိပါက၊ သင့်အနေဖြင့် ဘုရားသခင်အဖို့ သက်သေခံရန် မည်သည့်အခါမျှ အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ယနေ့ခေတ်တွင်၊ ဖန်ဆင်းရှင်သည် လူအားလုံးကို နောက်တစ်ဖန် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး၊ လူအားလုံးကို သူ၏ဉာဏ်ပညာ၊ အနန္တတန်ခိုး၊ ကယ်တင်ခြင်းနှင့် အံ့သြဖွယ်ကောင်းခြင်းတို့ကို ရှုမြင်စေ၏။ သို့ရာတွင် သင်သည် သဘောမပေါက်သေး သို့မဟုတ် နားလည်းမလည်သေးပေ- ထို့ကြောင့် သင်သည် ကယ်တင်ခြင်း မရရှိမည့် လူတစ်ဦး မဟုတ်လော။ စာတန်နှင့် သက်ဆိုင်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သော်လည်း၊ ဘုရားသခင်နှင့် သက်ဆိုင်သူများသည် ဘုရားသခင်၏ အသံကို ကြားနိုင်ကြ၏။ ငါပြောဆိုသည့် နှုတ်ကပတ်တော်ကို သဘောပေါက်သူ အားလုံးသည် ကယ်တင်ခံရမည့်သူများနှင့် ဘုရားသခင်အဖို့ သက်သေခံမည့်သူများ ဖြစ်ကြ၏။ ငါပြောသည့် နှုတ်ကပတ်တော်များကို နားမလည်သူ အားလုံးတို့သည် ဘုရားသခင်အဖို့ သက်သေမခံနိုင်ကြသကဲ့သို့ ဖယ်ရှားခံရမည့် သူများဖြစ်ကြ၏။ ဘုရားသခင်၏ အလိုကို နားမလည်သကဲ့သို့၊ ဘုရားသခင်၏အမှုကို သဘောမပေါက်သူများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို ရရှိနိုင်စွမ်း မရှိသူများ ဖြစ်ပြီး ထိုသို့သောသူများသည် ဘုရားသခင်အဖို့ သက်သေခံလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်အဖို့ သက်သေခံလိုပါက၊ ဘုရားသခင်ကို သိရမည်- ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာသည် ဘုရားသခင်၏အမှုမှတစ်ဆင့် ပြီးမြောက်ပေသည်။ အားလုံးကို ခြုံငုံကြည့်ပါက၊ သင်သည် ဘုရားသခင်ကို သိလိုပါက၊ ဘုရားသခင်၏အမှုကို သိရမည်- ဘုရားသခင်၏ အမှုကိုသိခြင်းသည် အရေးကြီးဆုံး ဖြစ်သည်။ အမှု၏ အဆင့်သုံးဆင့် အဆုံးသတ်သို့ ရောက်လာသည့်အခါ၊ ဘုရားသခင်အဖို့ သက်သေခံသူများ အုပ်စု၊ ဘုရားသခင်ကို သိသူများ အုပ်စုတစ်စုကို ပြုလုပ်လိမ့်မည်။ ဤလူအားလုံးသည် ဘုရားသခင်ကို သိလိမ့်မည် ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြပေလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝနှင့် အသိစိတ်တို့ ပိုင်ဆိုင်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ကယ်တင်ခြင်း အမှု၏ အဆင့်သုံးဆင့်ကို အားလုံး သိကြလိမ့်မည်။ ဤသည်မှာ အဆုံးတွင် ပြီးမြောက်မည့် အမှုဖြစ်ပြီး၊ ဤလူတို့သည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု၏ ပုံဖော်ချက် ဖြစ်ကြသကဲ့သို့၊ စာတန်၏ အဆုံးစွန် ရှုံးနိမ့်မှုအဖို့ အားအကောင်းဆုံးသော သက်သေခံချက် ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည်၊ မိမိကိုယ်ကိုယ် သိရှိလာသည်၊ သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို သန့်စင်စေပြီး၊ အသက်တာ၌ ကြီးထွားခြင်းကို ရှာဖွေလေသည်၊ အားလုံးမှာ ဘုရားသခင်ကို သိကျွမ်းခြင်းအတွက် ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် သိရှိရန်နှင့် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ဖြေရှင်းရန်သာ ကြိုးစားသော်လည်း၊ လူသားအပေါ် မည်သည့်အမှု ဘုရားသခင် လုပ်ဆောင်သည်၊ သူ၏ကယ်တင်ခြင်း မည်မျှကြီးမြတ်သည်၊ သို့မဟုတ် ဘုရားသခင်၏အမှုကို သင်မည်ကဲ့သို့တွေ့ကြုံပြီး သူ၏ လုပ်ဆောင်ချက်များကို သက်သေခံခဲ့သည်ဆိုသည်တို့နှင့် သက်ဆိုင်သည့် အသိပညာမရှိပါက၊ သင်၏ ဤအတွေ့အကြုံသည် အကျိုးမရှိပေ။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ကြံ့ကြံ့ခံနိုင်သောကြောင့်မျှသာ သူ၏အသက်တာသည် ရင့်ကျက်မှုကို ရရှိပြီဟု သင်ထင်မြင်ပါက၊ ဤသည်မှာ သင့်အနေဖြင့် ဘဝ၏ စစ်မှန်သော အဓိပ္ပာယ်၊ သို့မဟုတ် လူသားကို စုံလင်စေခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သဘောမပေါက်သေးဟု ဆိုလိုပေသည်။ တစ်နေ့တွင်၊ သင်သည် ဘာသာရေး အသင်းတော်များ၌ ရှိသည့်အခါ၊ နောင်တအသင်းတော် သို့မဟုတ် အသက်အသင်းတော်မှ အသင်းဝင်များအလယ် ရှိနေချိန်တွင် မိမိတို့၏ ဆုတောင်းချက်များ၌ “ရူပါရုံ” ပါရှိသူနှင့် မိမိတို့အသက်တာ လိုက်စားရှာဖွေမှုတွင် တို့ထိမှုခံစားရပြီး နှုတ်ကပတ်တော်များ၏ လမ်းပြမှု ခံရသည့် ဘာသာရေးအလွန် ကိုင်းရှိုင်းသည့် လူများစွာကို အမှတ်မထင် တွေ့ရလိမ့်မည်ဖြစ်သည်။ ထို့အပြင် ကိစ္စများစွာတွင် ၎င်းတို့သည် သည်းခံနိုင်ကြပြီး၊ မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ကာ ဇာတိပကတိ၏ ဦးဆောင်မှုကိုမခံရဘဲ ရှိနိုင်ကြသည်။ ထိုအချိန်တွင်၊ သင်သည် ခြားနားမှုကို ပြောနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းသည် မှန်သည်၊ အသက်တာ၏ သဘာဝအလျောက် ဖော်ပြချက်ဖြစ်ကာ ၎င်းတို့ယုံကြည်သော နာမသည် မှားယွင်းနေသည်မှာ အလွန်နှမြောစရာ ကောင်းသည်ဟု သင်ထင်လိမ့်မည်။ ထိုသို့သော အမြင်များသည် မိုက်မဲသည် မဟုတ်လော။ များစွာသော လူတို့သည် အသက်မရှိဟု အဘယ်ကြောင့် ဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်ဖြစ်ပြီး၊ ဤအကြောင်းကြောင့် ၎င်းတို့၏ နှလုံးသားများထဲတွင် ဘုရားသခင်မရှိသကဲ့သို့ အသက်မရှိဟု ဆိုရခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်၌ သင်၏ယုံကြည်မှုသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏စစ်မှန်မှုနှင့် ဘုရားသခင့် အမှု၏အဆင့်တိုင်းကို စေ့စပ်စွာ သင် သိရှိနိုင်စွမ်းရှိသည့် အဆင့်တစ်ခုသို့ ရောက်ရှိပြီးဖြစ်ပါက၊ သင်သည် သမ္မာတရားကို ပိုင်ဆိုင်ထားပေသည်။ အကယ်၍ သင်သည် ဘုရားသခင်၏အမှုနှင့် စိတ်သဘောထားကိုမသိပါက၊ သင်၏ အတွေ့အကြုံတွင် တစ်စုံတစ်ခု လိုနေဆဲဖြစ်သည်။ သူ၏အမှုနှင့် သက်ဆိုင်သည့် ထိုအဆင့်ကို ယေရှု မည်သို့ ဆောင်ရွက်ခဲ့သည်၊ ဤအဆင့်ကို မည်သို့ဆောင်ရွက်ထားသည်၊ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် သူ၏အမှုကို မည်သို့ လုပ်ဆောင်ခဲ့ပြီး မည်သည့်အမှုကို လုပ်ဆောင်ခဲ့သည်၊ ဤအဆင့်တွင် မည်သည့်အမှုကို လုပ်ဆောင်လျက်ရှိသည်- ဤအရာများနှင့် သက်ဆိုင်သည့် စေ့စပ်သေချာသော အသိပညာ သင်မရှိပါက၊ သင့်အနေဖြင့် စိတ်ချသေချာမှုကို မည်သည့်အခါမျှ ခံစားရလိမ့်မည် မဟုတ်သကဲ့သို့၊ အမြဲ လိပ်ပြာမလုံ ရှိပေလိမ့်မည်။ အကယ်၍ တွေ့ကြုံရသည့်ကာလတစ်ခုပြီးနောက်တွင်၊ သင်သည် ဘုရားသခင် လုပ်ဆောင်သောအမှုနှင့် သူ့အမှု၏အဆင့်တိုင်းကို သိရှိနိုင်ပါက၊ ပြီးလျှင် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူပြောဆိုခဲ့သည့် အလွန်များလှစွာသော နှုတ်ကပတ်တော်များ မပြည့်စုံရသေးသည့်အကြောင်းရင်းနှင့် သက်ဆိုင်သည့် နှံ့စပ်သည့် အသိပညာကို သင် ရရှိပြီးဖြစ်ပါက၊ သင်သည် စိုးရိမ်မှုနှင့် စစ်ဆေးခြင်းသို့ ကင်းလွတ်လျက်၊ ရှေ့ဆက်လမ်းကို ရဲဝံ့စွာနှင့် တွန့်ဆုတ်ခြင်းမရှိဘဲ လိုက်စားရှာဖွေ နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်” မှ

ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် သက်ဆိုင်သည့် အသိပညာသည် လူတို့အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုတစ်ခု ရှိနိုင်ပေသည်။ ယင်းသည် ဘုရားသခင်၌ စိတ်ချယုံကြည်မှု သာ၍ရှိစေရန်နှင့် သူ့ကို စစ်မှန်သော နာခံမှုနှင့် ကြောက်ရွံ့မှု ရှိရန် ကူညီပေးနိုင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် သူ့နောက် ကျိုးကြောင်းမမြင်ဘဲ လိုက်တော့မည်မဟုတ် သို့မဟုတ် ကိုးကွယ်တော့မည် မဟုတ်ပေ။ ဘုရားသခင်က မိုက်မဲသောသူများ သို့မဟုတ် လူစုနောက်ကို ကျိုးကြောင်းမမြင်ဘဲ လိုက်သောသူများကို အလိုမရှိဘဲ၊ ယင်းထက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုနှင့် အသိတစ်ခုရှိပြီး၊ ဘုရားသခင်၏ သက်သေများအဖြစ် ဆောင်ရွက်နိုင်သော လူတစ်စု၊ သူ၏ချစ်မြတ်နိုးဖွယ်ဖြစ်ခြင်းကြောင့်၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းကြောင့်၊ ပြီးလျှင် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကြောင့်၊ ဘုရားသခင်ကို လုံးဝ မစွန့်လွှတ်မည့် လူများကို အလိုရှိပေသည်။ ဘုရားသခင်၏ နောက်လိုက် တစ်ဦးနေဖြင့်၊ သင်၏ စိတ်နှလုံးတွင် ကြည်လင်ပြတ်သားမှု ကင်းမဲ့ဆဲဖြစ်ပါက၊ သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော တည်ရှိမှု၊ သူ၏စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏အစီအစဉ်တို့နှင့် ပတ်သက်၍ ဒွိဟဖြစ်ခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းရှိပါက၊ သင်၏ယုံကြည်ခြင်းသည် ဘုရားသခင်၏ ချီးမွမ်းမှုကို မရရှိနိုင်ပေ။ ဘုရားသခင်သည် ဤကဲ့သို့သော လူစားမျိုးကို သူ့နောက်လိုက်သည်ကို အလိုမရှိသကဲ့သို့၊ ဤကဲ့သို့သောလူစားမျိုးက သူ့ရှေ့သို့ လာခြင်းကိုလည်း ဘုရားသခင် မကြိုက်နှစ်သက်ပေ။ ဤသို့သောလူစားမျိုးက ဘုရားသခင်ကို နားမလည်သောကြောင့်၊ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ မပေးအပ်နိုင်ကြချေ- ၎င်းတို့၏ စိတ်နှလုံးသည် သူ့အဖို့ ပိတ်ထားလေသည်၊ ထို့ကြောင့် ၎င်းတို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် မစင်ကြယ်မှုများနှင့် ပြည့်နေသည်။ ၎င်းတို့၏ ဘုရားသခင်နောက်လိုက်ခြင်းသည် မျက်ကန်းဟုသာ ခေါ်ဆိုနိုင်သည်။ လူတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော နာခံမှုနှင့် ကြောက်ရွံ့မှုတို့ကို ၎င်းတို့အတွင်း ပေါက်ဖွားစေသည့် ဘုရားသခင်နှင့်သက်ဆိုင်သော စစ်မှန်သော သိနားလည်ခြင်းနှင့် အသိပညာတို့ကို ၎င်းတို့ ရှိမှသာ၊ လူတို့သည် မှန်ကန်သော ယုံကြည်မှုကို ရရှိနိုင်ပြီး စစ်မှန်သော နောက်လိုက်များ ဖြစ်နိုင်သည်။ ဤနည်းလမ်းဖြင့်သာ ၎င်းတို့သည် ဘုရားသခင်ထံ မိမိတို့၏ စိတ်နှလုံးကို ပေးနိုင်ပြီး ယင်းကို သူ့ထံ ဖွင့်ဟနိုင်ကြပေသည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် တွေးသမျှတိုင်းသည် ဘုရားသခင်၏ စစ်ဆေးမှုကို ခံနိုင်ပြီး ဘုရားသခင်အဖို့ သက်သေခံနိုင်သောကြောင့် ဤသည်မှာ ဘုရားသခင် လိုချင်သောအရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းလာခြင်းအရာသည် မပြောပလောက်သော ကိစ္စရပ် မဟုတ်ပေ။ သင့်အနေဖြင့် သူ၏စိတ်နေသဘောထားကို နားလည်ရပေမည်။ ဤနည်းအားဖြင့် သင်သည် တဖြည်းဖြည်း အမှုမဲ့အမှတ်မဲ့နှင့် ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းလာလိမ့်မည်။ ဤအသိတရားကို သင်ရရှိပြီးသည့်အခါ ပို၍ မြင့်မားပြီး ပို၍လှပသော အခြေအနေထဲသို့ သင်ဝင်ရောက်နေသည်ကို တွေ့ရလိမ့်မည်။ အဆုံးတွင် သင်သည် သင်၏အကျည်းတန်သော စိတ်ကို ရှက်လာမည်ဖြစ်သည့်အပြင် သင်၏အရှက်ရခြင်းမှ ပုန်းကွယ်ရန်နေရာ မရှိဟု ခံစားရလိမ့်မည်။ ထိုအချိန်တွင် သင်၏အပြုအမူ၌ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားသောအရာ ပို၍ပို၍ နည်းလာမည်ဖြစ်ပြီး သင်၏နှလုံးသားသည် ဘုရားသခင်၏ နှလုံးသားနှင့် တိုး၍တိုး၍ နီးကပ်လာမည်ဖြစ်ကာ သူ့ကိုချစ်ခြင်းသည် သင်၏နှလုံးသား ထဲတွင် တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်။ ဤသည်မှာ လှပသော အခြေအနေထဲသို့ လူသားမျိုးနွယ် ဝင်ရောက်ခြင်း၏ သင်္ကေတဖြစ်သည်။ သို့သော်လည်း ယခုတိုင် သင်တို့သည် ဤအရာကို မရရှိကြသေးပေ။ သင်တို့အားလုံးသည် သင်တို့၏ကံကြမ္မာအတွက် ပြေးလွှားလုပ်ကိုင် ကြသည့်အားလျော်စွာ ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းရန်အတွက် ကြိုးစားခြင်းအရာ၌ စိတ်ဝင်စားသောသူ မည်သူရှိသနည်း။ ဤသို့ဆက်ဖြစ် နေပါလျှင် သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အမှုမဲ့အမှတ်မဲ့ ချိုးဖောက်မိကြလိမ့်မည်၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မဖြစ်စလောက်မျှသာ နားလည်ကြ သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်တို့ ယခုပြုကြသည့်အရာမှာ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်းများ၏ အခြေခံအုတ်မြစ်ကို ချနေကြခြင်းပင် မဟုတ်လော။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် သင်တို့ကို ငါတောင်းဆိုခြင်းသည် ငါ၏အမှုနှင့် ဆန့်ကျင်ကွဲလွဲခြင်း မရှိပေ။ အကြောင်းမှာ သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မကြာမကြာ ချိုးဖောက်နေပါက သင်တို့အထဲမှ မည်သူက အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်လိမ့်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” မှ

အကယ်၍ သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ပါက သူ့အတွက် သင်လုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ရန်မှာ သင့်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို သင်မသိပါက သူ့အပေါ် ရိုသေလေးမြတ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ သင်၌ရှိရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ၊ ထိုအရာများအစား အလေးမထားသော ဝတ်ကျေတမ်းကျေပြုမူမှုနှင့် မလိမ့်တပတ် ပြုမူမှုတို့သာ ရှိမည်ဖြစ်သည့်အပြင် ဘုရားသခင်အပေါ် ပြုပြင်၍မရသော စော်ကားမှုသာရှိပေလိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းမှာ အကယ်ပင် အရေးကြီးသော်လည်း၊ ထို့ပြင် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းအား လျစ်လျူရှု၍ မရသော်လည်း ဤကိစ္စရပ်များကို မည်သူမျှ စေ့စေ့စပ်စပ် မဆန်းစစ်ဖူးကြ၊ သို့မဟုတ် နှိုက်နှိုက်ချွတ်ချွတ် မစူးစမ်းဖူးကြပေ။ သင်တို့အားလုံးသည် ငါထုတ်ပြန်ထားသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ထုတ်ဖယ်ခဲ့ကြပြီး ဖြစ်သည်ကို ထင်ထင်ရှားရှားမြင်ရသည်။ အကယ်၍ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားမလည်ကြပါက သင်တို့အနေဖြင့် သူ၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိကြရန် အလားအလာ အလွန်များလိမ့်မည်။ သူ၏စိတ်နေသဘောထားကို ပုန်ကန် ပြစ်မှားခြင်းသည် ဘုရားသခင်ကိုယ်တိုင်၏ အမျက်ကို သွားဆွသည့် သဘောသက်ရောက်ပြီး ထိုသို့ဖြစ်လျှင် သင့်လုပ်ရပ်များ၏ နောက်ဆုံးအသီး အပွင့်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်းဖြစ် လိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကို သင်သိပါက သူ၏စိတ်နေ သဘောထားကို သင်နားလည်နိုင်ကြောင်းကိုလည်း ယခုတွင် သင်သဘောပေါက်လောက်ပေပြီ၊ သူ၏စိတ်နေသဘောထားကို သင်နားလည်သောအခါ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကိုလည်း သင်နားလည်ပြီးသား ဖြစ်ပေလိမ့်မည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲ၌ ပါဝင်သောအရာ အများစုသည် ဘုရားသခင်၏ စိတ်နေသဘောထားအကြောင်း အချုပ်အားဖြင့် ပြောပြသည်ကို ပြောစရာပင်မလိုပေ၊ သို့သော်လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲတွင် သူ၏စိတ်နေသဘောထား အလုံးစုံကို ဖော်ပြထားခြင်းကား မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားအပေါ် သင်၏နားလည်ခြင်းကို တိုးတက်စေခြင်း အရာ၌ ဤသည်ထက်ပို၍ လုပ်ဆောင်ရမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” မှ

လူတို့ အသိပညာရရှိသောအရာနှင့် နားလည်လာသော အရာက ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်ပါက၊ သူတို့ ရရှိကြသည့်အရာက ဘုရားသခင်ဆီမှလာသော အသက် ဖြစ်လိမ့်မည်။ ဤအသက်ကို သင့်အထဲတွင် ဖြစ်ပေါ်စေပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင် အပေါ် သင်၏ ကြောက်ရွံ့မှုသည် ပို၍ ကြီးမားသည်ထက် ကြီးမားလာလိမ့်မည်။ ဤသည်မှာ အလွန်တရာ အလိုအလျောက်ဖြစ်လာသည့် ရရှိမှုတစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထား၊ သို့မဟုတ် သူ၏ အနှစ်သာရနှင့်ပတ်သက်၍ နားမလည်လိုပါက၊ သို့မဟုတ် မသိလိုပါက၊ သင်သည် ဤအရာတို့အပေါ် မတွေးဆလိုပါက သို့မဟုတ် အာရုံမစိုက်လိုပါက၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို လတ်တလော သင် လိုက်စားနေသည့် နည်းလမ်းသည် သူ၏အလိုကို ဖြည့်ဆည်းရန်၊ သို့မဟုတ် သူ၏ချီးမွမ်းခြင်းကိုရရန် သင့်ကို လုံးဝ အခွင့်မပေးနိုင်သည်ကို ငါသေချာပေါက် ပြောနိုင်သည်။ ထို့ထက်ပို၍ သင်သည် ကယ်တင်ခြင်းကို မည်သည့်အခါမျှ အမှန်တကယ် မရရှိနိုင်ပေ- ဤသည်တို့သည် နောက်ဆုံး အကျိုးဆက်များ ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို နားမလည်သကဲ့သို့ သူ၏ စိတ်သဘောထားကို မသိကြသောအခါတွင်၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ထံ လုံးဝ အမှန်တကယ် ဖွင့်ဟနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ၎င်းတို့နားလည်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိသောအရာကို စတင်တန်ဖိုးထားကာ စိတ်ဝင်စားမှု၊ ယုံကြည်ခြင်းနှင့်အတူ စတင် အရသာခံကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိသောအရာကို သင်သည် တန်ဖိုးထားပြီး အရသာ ခံသောအခါတွင်၊ သင်၏စိတ်နှလုံးသည် နည်းနည်းချင်း တဖြည်းဖြည်း သူ့ထံ ဖွင့်ဟလိမ့်မည် ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် သူ့ထံ ဖွင့်ဟသောအခါတွင်၊ ဘုရားသခင်နှင့် သင်၏ အပြန်အလှန် အချီအချပြောဆိုမှုများ၊ ဘုရားသခင်အပေါ် သင်၏တောင်းဆိုမှုများနှင့် သင်ကိုယ်တိုင်၏ လွန်ကျူးသော ဆန္ဒများက မည်မျှရှက်ဖွယ်ကောင်းပြီး မည်မျှ စက်ဆုပ်ဖွယ် ဖြစ်သည်ကို သင်ခံစားရလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အမှန်တကယ် ဖွင့်ဟသောအခါတွင်၊ သူ၏ နှလုံးသားသည် ထိုသို့ အဆုံးအစမရှိသော လောကတစ်ခု ဖြစ်သည်ကို သင် မြင်ရလိမ့်မည်ဖြစ်ပြီး၊ ယခင်က သင် လုံးဝ မတွေ့ကြုံဖူးသော နယ်ပယ်ထဲသို့ ဝင်ရောက်လိမ့်မည်။ ဤနယ်ပယ်ထဲတွင် လှည့်စားခြင်းမရှိ၊ လှည့်ဖြားခြင်းမရှိ၊ မှောင်မိုက်ခြင်းမရှိသကဲ့သို့ ဆိုးယုတ်ခြင်း မရှိပေ။ ရိုးသား စစ်မှန်ခြင်းနှင့် သစ္စာစောင့်သိခြင်းသာရှိသည်။ အလင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းသာ ရှိသည်။ ဖြောင့်မတ်ခြင်းနှင့် ကြင်နာခြင်းတို့သာ ရှိသည်။ ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ဖြင့် ပြည့်နေသည်၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်နေသည်၊ ပြီးလျှင် ထိုမှတစ်ဆင့် သင်သည် အသက်ရှင် ရခြင်း၏ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို ခံစားရသည်။ ဤအရာတို့သည် ဘုရားသခင်ထံသို့ သင်၏ စိတ်နှလုံးကို ဖွင့်ဟသောအခါ၌၊ သင့်ကို ဘုရားသခင် ထုတ်ဖော်ပြသည့် အရာများ ဖြစ်သည်။ အဆုံးမရှိသော ဤကမ္ဘာလောကသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းတို့ဖြင့် ပြည့်နေသည်။ ယင်းသည် သူ၏ချစ်ခြင်းနှင့် သူ၏ ဩဇာအာဏာတို့ဖြင့်လည်း ပြည့်လေသည်။ ဤနေရာတွင် သင်သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ ရှုထောင့်တိုင်း၊ သူ့ကို ဘယ်အရာက ဝမ်းမြောက်စေသည်၊ အဘယ်ကြောင့် သူ စိုးရိမ်ပူပန်ပြီး အဘယ်ကြောင့် သူ ဝမ်းနည်းလာသည်၊ အဘယ်ကြောင့် သူ စိတ်ဆိုးလာသည် စသည်တို့ကို သင်မြင်နိုင်သည်။ ဤသည်မှာ မိမိတို့၏စိတ်နှလုံးကို ဖွင့်ဟပြီး ဘုရားသခင်ကို ဝင်ခွင့်ပေးသော လူ တစ်ဦးစီတိုင်းက မြင်နိုင်သောအရာ ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံးကို သူ့အား ဖွင့်ဟပေးမှသာ ဘုရားသခင်သည် သင့်စိတ်နှလုံးထဲသို့ ဝင်လာနိုင်ပေသည်။ သူသည် သင့်စိတ်နှလုံးထဲကို ဝင်ရောက်လာမှသာ၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်မြင်နိုင်ပြီး သင့်အတွက် သူ၏ရည်ရွယ်ချက်များကို သင်မြင်နိုင်သည်။ ထိုအချိန်တွင် ဘုရားသခင်နှင့်ပတ်သက်သော အရာတိုင်းသည် အလွန် တန်ဖိုးရှိသည်၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် အလွန် တန်ဖိုးထားထိုက်သည်ကို သင်တွေ့ရှိလာလိမ့်မည်။ ယင်းနှင့် နှိုင်းယှဉ်ပါက၊ သင်၏ အနီးအနားရှိ လူများ၊ သင့်ဘဝထဲက အရာဝတ္ထုနှင့် အဖြစ်အပျက်များ၊ ပြီးလျှင် သင်၏ ချစ်ခင်ရသောသူများ၊ သင်၏ အဖော်နှင့် သင် နှစ်သက်သော အရာများပင်လျှင် ထုတ်ဖော်ပြောရန် မထိုက်တန်ပေ။ ထိုအရာများသည် အလွန်သေးငယ်ပြီး အလွန်နိမ့်ကျသည်။ မည်သည့်ရုပ်ဝတ္ထုပစ္စည်းများမျှ သင့်ကို တစ်ဖန် ဆွဲဆောင်နိုင်မည် မဟုတ်၊ သို့မဟုတ် မည်သည့်ရုပ်ဝတ္ထုပစ္စည်းကမျှ ယင်းအတွက် အဖိုးအခကို ပေးဆပ်စေရန် သင့်ကို တစ်ဖန် ဖြားယောင်းနိုင်မည် မဟုတ်ဟု သင်ခံစားရလိမ့်မည်။ ဘုရားသခင်၏ နှိမ့်ချခြင်းတွင် သူ၏ကြီးမြတ်မှုနှင့် သူ၏ သာလွန်မှုကို သင်မြင်ရလိမ့်မည်။ ထို့အပြင် ယခင်က အတော်အတန် သေးငယ်သည်ဟု သင်ယုံကြည်ခဲ့သည့် ဘုရားသခင်၏ လုပ်ဆောင်ချက်အချို့တွင် သူ၏အဆုံးမရှိသော ဉာဏ်ပညာနှင့် သူ၏သည်းခံခြင်းကို သင် မြင်ရလိမ့်မည်ဖြစ်ပြီး၊ သူ၏ စိတ်ရှည်မှု၊ သူ၏ သည်းခံမှုနှင့် သင့်အပေါ် သူ၏နားလည်မှုတို့ကို သင်မြင်ရလိမ့်မည်။ ဤအရာက သင့်အထဲတွင် သူ့အတွက် ကြည်ညိုမှုတစ်ခု ဖြစ်ပေါ်စေလိမ့်မည်။ ထိုနေ့တွင် လူသားမျိုးနွယ်သည် အင်မတန် ညစ်ညမ်းနေသော ကမ္ဘာလောကတစ်ခု၌ အသက်ရှင်နေသည်၊ သင့် နံဘေးရှိလူများနှင့် သင့်ဘဝ၌ ဖြစ်ပျက်သောအရာများ၊ ပြီးလျှင် သင်ချစ်သောသူများ၊ သင့်အတွက် ၎င်းတို့၏ချစ်ခြင်းမေတ္တာနှင့် ၎င်းတို့၏ ကွယ်ကာမှုဟု ခေါ်သောအရာများ၊ သို့မဟုတ် သင့်အတွက် ၎င်းတို့၏ ပူပန်မှုများပင်လျှင် ဖော်ပြရန် မထိုက်- ဘုရားသခင်သာ သင်ချစ်ခင်မြတ်နိုးရသောသူဖြစ်ပြီး သင် တန်ဖိုးအထားဆုံးက ဘုရားသခင်သာဖြစ်သည်ကို သင် ခံစားရပါလိမ့်မည်။ ထိုနေ့ရောက်လာသောအခါတွင်- ဘုရားသခင်၏ ချစ်ခြင်းသည် အလွန်ကြီးမြတ်ပြီး၊ သူ၏ အနှစ်သာရသည် အလွန်သန့်ရှင်းသည်- ဘုရားသခင်၌ လှည့်စားခြင်း မရှိ၊ ဆိုးယုတ်ခြင်း မရှိ၊ မနာလိုခြင်း မရှိသကဲ့သို့၊ ခိုက်ရန်ဖြစ်ခြင်း မရှိဘဲ၊ ဖြောင့်မတ်ခြင်းနှင့် စစ်မှန်ခြင်းသာရှိပြီး ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းဖြစ်သော အရာရာတိုင်းကို လူသားတို့ တောင့်တသင့်ပေသည် ဟု ပြောသည့် လူအချို့ ရှိလိမ့်မည်ဟု ငါယုံကြည်သည်။ လူသားတို့သည် ယင်းအတွက် ကြိုးပမ်းသင့်ပြီး ဆန္ဒပြင်းပြသင့်ပေသည်။ ဤအရာကို စွမ်းဆောင်ရရှိဖို့ လူသားမျိုးနွယ်၏ အရည်အချင်းသည် မည်သည့်အခြေခံ အကြောင်းရင်းပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် ၎င်းတို့၏ နားလည်မှု အခြေခံအကြောင်းရင်းနှင့် ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှုအပေါ်တွင် တည်ဆောက် ထားပေသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ခြင်းသည် လူတိုင်း အတွက် ရာသက်ပန် သင်ခန်းစာတစ်ခု ဖြစ်သည်။ ဤသည်မှာ မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲရန် ကြိုးပမ်းပြီး၊ ဘုရားသခင်ကို သိရန် ကြိုးပမ်းသောသူတိုင်း အားထုတ်သည့် ရာသက်ပန် ရည်မှန်းချက်တစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” နှင့် ဘုရားသခင်ကို သိခြင်းတို့သည် မြောက်မြားစွာသော ကြိုးမျှင်တို့ဖြင့် ခွဲ၍မရနိုင်အောင် ချိတ်ဆက်နေပြီး ၎င်းတို့အကြား ဆက်နွှယ်မှုမှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် မကောင်းသော အကျင့်ကို ရှောင်ခြင်းအား ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့မှု ရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့ခြင်း ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ ရရှိလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရမည်၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်၊ ဘုရားသခင်၏ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံရမည် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံရမည်၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် ဆုံရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများပါဝင်သော ပတ်ဝန်းကျင်မျိုးစုံ ပုံစံဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းငှာ အခွင့်အရေးများပေးပါရန် ဘုရားသခင်အား တောင်းလျှောက်ရပေမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံချင်ပါက ဦးစွာပထမ ထိုသူသည် ရိုးစင်းကာ ရိုးသားသော နှလုံးသား၊ သမ္မာတရားကို လက်ခံရန် အဆင်သင့်ဖြစ်မှု၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံလိုသည့် စိတ်ဆန္ဒ၊ မကောင်းသောအကျင့်ကို ရှောင်ရန် ဆုံးဖြတ်ချက်နှင့် သတ္တိ၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန် ပြင်းပြသည့် ဆန္ဒတို့ကို ပိုင်ဆိုင်ထားရမည်။...ဤနည်းအားဖြင့် ရှေ့သို့ တစ်လှမ်းချင်း လှမ်းခြင်းဖြင့် သင်သည် ဘုရားသခင်ထံ သာ၍ တိုးဝင်ချဉ်းကပ်လာလိမ့်မည်၊ သင့်နှလုံးသားသည် ပို၍သန့်စင်လာလိမ့်မည်ဖြစ်ပြီး သင့်အသက်တာနှင့် ရှင်သန်ခြင်းတန်ဖိုးတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏အသိပညာနှင့်အတူ သာ၍ အဓိပ္ပာယ်ရှိလာမည်ဖြစ်ကာ ပို၍ပင် တောက်ပ အရောင်လက်လာလိမ့်မည်။ တစ်နေ့၊ ဖန်ဆင်းရှင်မှာ ပဟေဠိမဟုတ်တော့ကြောင်း၊ ဖန်ဆင်းရှင်သည် သင့်ထံမှ မည်သည့်အခါမျှ ပုန်းကွယ်မနေခဲ့ကြောင်း၊ ဖန်ဆင်းရှင်သည် သူ့မျက်နှာအား သင့်ထံမှ မည်သည့်အခါမျှ ဖုံးကွယ်မထားကြောင်း၊ ဖန်ဆင်းရှင်သည် သင်နှင့် လုံးဝ မဝေးကွာကြောင်း၊ ဖန်ဆင်းရှင်သည် သင့်အတွေးများထဲတွင် စဉ်ဆက်မပြတ် တမ်းတသော်လည်း သင့်ခံစားချက်များဖြင့် လက်လှမ်းမမီနိုင်သည့်သူ မဟုတ်တော့ကြောင်း၊ သင့်အသက်တာကို ပံ့ပိုးပေးရင်း၊ သင်၏ကံကြမ္မာကို ထိန်းချုပ်ပေးရင်း သူသည် သင်၏လက်ဝဲနှင့် လက်ျာနှစ်ဖက်ကို ဧကန်စင်စစ်စောင့်ရှောက်နေကြောင်း သင်ခံစားလာရလိမ့်မည်။ သူသည် ဝေးလံလှသော မိုးကုပ်စက်ဝိုင်းတွင် ရှိနေသည်မဟုတ်သကဲ့သို့ မိမိကိုယ်ကို တိမ်တောင်မြင့်မြင့်ကြားတွင် ဝှက်ထားသည်လည်း မဟုတ်ပေ။ သူသည် သင်၏အရာအားလုံးကို ဦးဆောင်လျက် သင့်နံဘေးတွင် ရှိနေသည်။ သူသည် သင်၌ရှိသမျှ အရာခပ်သိမ်းဖြစ်ပြီး သင်၌ရှိသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ထိုကဲ့သို့သော ဘုရားသခင်သည် သင့်စိတ်နှလုံးဖြင့် သူ့ကိုချစ်ခွင့်၊ သူ့ကို ဖက်တွယ်ခွင့်၊ သူ့ကို နီးကပ်စွာ ဆုပ်ကိုင်ခွင့်၊ သူ့ကို ကြည်ညိုခွင့်၊ သူ့ကို ဆုံးရှုံးရမည်အား ကြောက်ရွံ့ခွင့်တို့ကို ပေးပြီး သူ့ကို စွန့်ခွာရန်၊ သူ့ကို မနာခံရန်၊ သူ့ကို ရှောင်ဖယ်ရန်၊ သို့မဟုတ် သူ့ကို ခပ်ဝေးဝေးတွင်ထားရန် မလိုမလား ဖြစ်စေသည်။ သူ့ကို အရေးစိုက်ရန်၊ နာခံရန်၊ သင့်ကို သူပေးသမျှအား တုံ့ပြန်ရန်နှင့် သူ၏အုပ်စိုးမှုကို ကျိုးနွံနာခံရန်သာ သင်လိုချင်တော့သည်။ သင်သည် သူ၏လမ်းညွှန်မှု၊ ပံ့ပိုးမှု၊ စောင့်ကြည့်မှုနှင့် ကာကွယ်စောင့်ရှောက်မှုတို့ကို ခံယူရန် မငြင်းပယ်တော့သကဲ့သို့၊ သင့်အတွက် သူဆုံးဖြတ်ပေးပြီး ဘိသိက်ပေးသည့် အရာတို့ကိုလည်း သင်မငြင်းပယ်တော့ပေ။ သူ့နောက်လိုက်ရန်၊ သူ၏နံဘေးတွင် သူနှင့်အတူ လျှောက်လှမ်းရန်သာ သင်လိုချင်၏၊ သူ့ကို သင်၏ တစ်ခုတည်းသော အသက်အဖြစ် လက်ခံရန်၊ သင်၏ တစ်ဦးတည်းသော သခင်၊ တစ်ဦးတည်းသော ဘုရားသခင်အဖြစ် လက်ခံရန်သာ သင်လိုချင်လေတော့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဘုရားသခင်ကိုသိကျွမ်းခြင်းအမှု။”

အရှေ့သို့- ၄) ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းမှတစ်ဆင့် လက်တွေ့လုပ်ဆောင်သင့်သည့်နည်းလမ်း

နောက်တစ်ခုသို့- ၂) ဘုရားသခင်ကို သိကျွမ်းခြင်းကို ရရှိနိုင်သည့်နည်းလမ်း

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂) ချီဆောင်ခံရခြင်း အမှန်တကယ် ဖြစ်သည့်အရာနှင့် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ချီမခြင်း ခံရနိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဖိလဒေလဖိအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့် လုံးလုံးဖြစ်၏။...

၄) ၎င်းတို့သည် သမ္မာကျမ်းစာကို စွဲကိုင်ပြီး ကိုးကွယ်ပါက၊ ထာဝရအသက်ကို မရရှိနိုင်မည့် အကြောင်းအရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။...

၅) ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ...

၂) သမ္မာကျမ်းစာ တစ်ခုလုံးသည် ဘုရားသခင် စေ့ဆော်ခြင်းခံရပြီး ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်ဟု ဘာသာရေးလောက က ယုံကြည်ပါသည်၊ ဤအမြင်ရှုထောင့် မှားယွင်းသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်