အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်

အမြန်နှုန်း

မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်

နှစ်ထောင်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေထိုင်းမှိုင်းလာကာ၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရသည့် အတိုင်းအတာအထိ ကျယ်ပြောရုံမက လူကိုယ်တိုင် မိမိ၏ပုန်ကန်သည့် အမူအကျင့်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အထိ ဘုရားသခင်ကို အတိုက်အခံပြုသော နတ်ဆိုးဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံခဲ့ရသည့်အတွက် သူသည် မည်သည့်အရာ ပြုရမည်ကို မသိပေ။ ယနေ့တိုင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်။ လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်ကို မမြင်မတွေ့နိုင်သော အခါတွင်လည်း သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆိုခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရသော်လည်း ဘုရားသခင်ကို သစ္စာဖောက်ကြသော သူများပင် ရှိသေးသည်။ ထိုကြောင့် လူ့အသိဉာဏ်သည် နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိစိတ်သည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲ၊ အဆိပ်ပြင်းသော မြွေဖြစ်သည်။ ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်အောင် မည်မျှကြိုးစားသော်လည်း ငါသည် သူ့ကို မည်သည့်အခါမျှ သနားမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသားသည် အသိဉာဏ် ထုံထိုင်းလှသော်လည်း ကောင်းကြီးမင်္ဂလာများကို ရရှိရန် တောင့်တဆဲရှိသည်။ သူ၏ လူ့သဘောသဘာဝသည် အလွန်သိက္ခာမဲ့လျက်ပင် သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်လိုရန် ဆန္ဒပြုဆဲရှိသည်။ ထိုကဲ့သို့သော အသိဉာဏ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘောသဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် မည်သို့တက်ထိုင်အံ့နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပါတကား။ စိတ်ပျက်ဖွယ်ကောင်းသော စိတ်ကြီးဝင်နေသူ ဖြစ်သည်။ သင်တို့အထဲတွင် ကောင်းကြီးမင်္ဂလာများကို ရယူလိုသူများသည် ကြည့်မှန်ယူ၍ အကျည်းတန်သော မိမိ၏ ရုပ်သွင်ကို ရှုစားကြရန် ငါတိုက်တွန်းသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ထိုက်သော ဥပဓိရုပ် ရှိသလော။ ကောင်းကြီးမင်္ဂလာများကို ခံစားထိုက်သူ၏ မျက်နှာမျိုးကို ပိုင်ဆိုင်ခြင်းရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှပင် မရှိသည့်အပြင် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့ကျင့်သုံးခြင်း မရှိသော်လည်း သင်သည် အံ့မခန်းဖွယ် မနက်ဖြန်ကို မျှော်နေသေးသလော။ သင်သည် မိမိကိုယ်ကိုမိမိ လှည့်ဖြားလေပြီ။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသောလူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ လူသားသည် ပဒေသရာဇ်စနစ်ဆိုင်ရာ ကိုယ်ကျင့်တရားများ၏ လွှမ်းမိုးခြင်း ခံရကာ “အဆင့်မြင့်ပညာသင်ကျောင်းများ”တွင် သင်ယူခဲ့ကြသည်။ ခေတ်နောက်ကျော့သော စဉ်းစားတွေးတောခြင်း၊ ပျက်ဆီးယိုယွင်းသော စာရိတ္တ၊ လူ့ဘဝကို တန်ဖိုးမထားခြင်း၊ စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိခြင်း၊ စာရိတ္တပျက်ပြားသော အသက်ရှင်ပုံနှင့် ဓလေ့စရိုက်များ၊ စသည်တို့ အားလုံးသည် လူ့နှလုံးသားအတွင်းသို့ ချဉ်းနင်းဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ တိုက်ခိုက်၍ အားလျော့စေခဲ့သည်။ အကျိုးဆက်မှာ လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ဆန့်ကျင်မှု ပိုမိုဆိုးရွားလာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုချင်ချင် စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်၏ စကားကို လိုလိုချင်ချင် နာခံလိုစိတ်ရှိသူ တစ်ဦးတစ်လေမျှ မရှိသည့်အပြင် ဘုရားသခင်၏ အသွင်သဏ္ဌာန်ကို လိုလိုချင်ချင် ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတစ်လေမျှ မရှိပေ။ ထိုသို့ပြုမည့်အစား လူသားသည် စာတန်၏ အုပ်စိုးမှုအောက်တွင် ပျော်ပါးကာ၊ ရွှံ့နွံတောထဲ၌ ဇာတိပကတိ၏ ပျက်ဆီးယိုယွင်းခြင်းထံ မိမိကိုယ်ကို လုံးလုံးမြှုပ်နှံထားသည်။ အမှောင်ထုတွင် ကျင်လည်ကြသော လူသားတို့သည် သမ္မာတရားကို ကြားသောအခါပင် လက်တွေ့ကျင့်သုံးရန် စိတ်မကူးကြပေ။ ဘုရားသခင်၏ အသွင်သဏ္ဌာန်ကို ဖူးမြင်ခဲ့ရလျက် ဘုရားသခင်ကို ရှာဖွေလိုသည့် ဆန္ဒပြင်းပြမှုလည်း မဖြစ်ပေါ်ကြပေ။ ထိုမျှလောက် အကျင့်ပျက်ပြီးသော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းရယူရန် မည်သို့ဖြစ်နိုင်မည်နည်း။ ထိုမျှ ကိုယ်ကျင့်တရား နိမ့်ကျသော လူသားမျိုးနွယ်သည် အလင်းအောက်တွင် မည်သို့နေနိုင်မည်နည်း။

လူ့စိတ်သဘောထားသည် မိမိ၏ အရင်းအမြစ်မှန်ကို သိခြင်းမှစ၍ အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ မြင်ကွင်းအထိ ပြောင်းလဲခြင်းရှိရပေမည်။ အခြေခံကျသော ပြောင်းလဲမှုရှိရမည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်သည်။ လူသား၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းဉာဏ်နှင့် အသိဉာဏ်များကို စာတန်က ဆိုးဆိုးရွားရွား ထိခိုက်ပျက်ဆီးအောင် နှိပ်ကွပ်ကာ အဆိပ်ခတ်၍ နင်းခြေထားသော လူသား၏ ဖြစ်ခြင်းထဲက အညွှန့်တက်၍ ရှင်သန်လာသည်။ အထက်ပါ လူသား၏ အခြေခံလက္ခဏာများ ယိုယွင်းသွားအောင် စာတန် ဖျက်ဆီးသဖြင့် ဘုရားသခင် ဖန်ဆင်းခဲ့သော နဂိုလူသားနှင့် လုံးဝမတူညီတော့ခြင်းသည် လူသား၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် သမ္မာတရားကို နားမလည်ခြင်း၏ စစ်မှန်သော အကြောင်းရင်းဖြစ်သည်။ ထိုကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲခြင်းသည် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိဉာဏ်၏ ပြောင်းလဲခြင်းတို့ဖြင့် အစပြုရမည်။ သို့မှသာ သူ၏ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာနှင့် သမ္မာတရားနှင့် ပတ်သက်သော အသိပညာသည် ပြောင်းလဲမည်ဖြစ်သည်။ ယိုယွင်းပျက်စီးသည့် နယ်ပယ် အားလုံးတွင် အနက်ရှိုင်းဆုံး ယိုယွင်းခြင်းရှိသည့် မြေပေါ်၌ မွေးဖွားလာသူများသည် ဘုရားသခင်သည် အဘယ်ဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာအား ဆိုလိုသည်ကို သာ၍ မသိမိုက်မဲလျက် ရှိကြသည်။ လူတို့သည် ယိုယွင်းပျက်စီးလေလေ၊ ဘုရားသခင် တည်ရှိခြင်းကို မသိလေလေ၊ အသိဉာဏ်နှင့် ထိုးထွင်းဉာဏ် ခေါင်းပါးလေလေဖြစ်သည်။ စာတန်၏ လူသားကို ယိုယွင်းဖျက်ဆီးခြင်းသည် လူသား၏ ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးမှုကို ခံရသောကြောင့် လူ့အသိဉာဏ်ထုံသွားကာ၊ ကိုယ်ကျင့်တရား ယိုယွင်းပြီး သူ၏အတွေးများ ဆုတ်ယုတ်သွား၍ သူ၌ ခေတ်နောက်ကျော့သော စိတ်ပိုင်းဆိုင်ရာ ရှုမြင်ပုံလည်း ရှိသည်။ စာတန်၏ ယိုယွင်းဖျက်ဆီးခြင်း မခံရမီ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏ နှုတ်ကပတ်တော် ကို နာခံခဲ့သည်။ အသိဉာဏ်နှင့် အသိစိတ် ပကတိဖြစ်လျက် ပုံမှန်လူ့သဘောသဘာဝကို ပိုင်ဆိုင်ခဲ့သည်။ စာတန်၏ ယိုယွင်းဖျက်ဆီးမှုကို ခံရပြီးနောက် သူ၏ နဂိုအသိဉာဏ်၊ နဂိုအသိစိတ်နှင့် လူ့သဘောသဘာဝသည် ထုံထိုင်းသွားကာ စာတန်၏ ချို့ယွင်းစေခြင်းကို ခံရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ် ချစ်ခြင်း ပျောက်ဆုံးခဲ့ရသည်။ လူ့အသိဉာဏ် မူမမှန်ဖြစ်လာကာ သူ၏ စိတ်သဘောထားသည် တိရိစ္ဆာန်၏ စိတ်သဘောထားနှင့် တူလာ၍ သူ၏ ဘုရားသခင်ကို ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေ စိပ်လာကာ သာ၍ ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ထိုအခြင်းအရာကို သိမှတ်ခြင်း၊ ရိပ်မိခြင်းမရှိ။ မဆင်မခြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ဖြစ်သည်။ လူ့အသိဉာဏ်၊ ထိုးထွင်း သိမြင်စွမ်းနှင့် သိစိတ်လက္ခဏာများသည် သူ့စိတ်သဘောထားကို ဖွင့်ပြနေသည်။ သူ၏ အသိဉာဏ်နှင့် ထိုးထွင်းသိမြင်စွမ်း အကောင်းပကတိ မဟုတ်တော့သည်သာမက သိစိတ် အလွန်အမင်း ထိုင်းမှိုင်းလာခြင်းကြောင့် သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိဉာဏ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက သူ့စိတ်သဘောထားသည် ဘုရားသခင်အလိုကျ ပြောင်းလဲနိုင်မည် မဟုတ်သည်ကို စဉ်းစားစရာမလိုပေ။ လူ့အသိဉာဏ် ပကတိမဟုတ်သော် သူသည် ဘုရားသခင်ကို အစေခံနိုင်မည် မဟုတ်ပေ။ ဘုရားသခင်မှ အသုံးပြုရန်လည်း မသင့်တော်ပေ။ “နဂိုအသိဉာဏ်” ဟူသည်မှာ ဘုရားသခင်ကို နာခံခြင်းနှင့် သူ့ကို သစ္စာရှိခြင်း၊ ဘုရားသခင်ကို ငံ့လင့်ခြင်း၊ ဘုရားသခင်ရှေ့ ကွယ်ဝှက်မှု လုံးဝမရှိခြင်း၊ ဘုရားသခင်ကို ထိတွေ့ခံစားတတ်သော သိစိတ်ရှိခြင်း တို့ကိုဆိုလိုသည်။ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်၍ ဘုရားသခင်ကို တမင်တကာဆန့်ကျင်ခြင်း မရှိသည်ကို ရည်ညွှန်းသည်။ အသိဉာဏ် မူမမှန်သော သူများသည် ထိုသို့မဟုတ်။ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကို ခံခဲ့ရသော သူဖြစ်ရာ ဘုရားသခင်ကို တွေ့ထိခံစားတတ်သော သိစိတ်ရှိခြင်း မဆိုထားဘိ၊ ဘုရားသခင်အကြောင်း အယူအဆများ ထုတ်လုပ်ကာ ဘုရားသခင်ကို သစ္စာမရှိ၊ သို့မဟုတ် ငံ့လင့်ခြင်းလည်း မရှိပေ။ လူသားသည် ဘုရားသခင်ကို တမင်တကာဆန့်ကျင်ခြင်း၊ အကဲဖြတ်ခြင်း သာမက နောက်ကွယ်တွင် ဘုရားသခင်ကို စော်ကားမော်ကားပြုသည်။ လူသားသည် သူဘုရားသခင် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလျက် နောက်ကွယ်တွင် သူ့ကို အကဲဖြတ်ကာ သူ့ကို နာခံလိုစိတ် မရှိပေ။ ဘုရားသခင်ကို တောင်းဆိုခြင်းနှင့် တောင်းခံခြင်းကိုသာ တဇွတ်ထိုး ပြုလုပ်တတ်သည်။ အသိဉာဏ် မူမမှန်သော ဤလိုလူမျိုးသည် မိမိတွင် စက်ဆုပ်ရွံရှာဖွယ် အကျင့်ဓလေ့ရှိသည်ကို သိခြင်းငှာ မစွမ်းနိုင်ပေ၊ သို့မဟုတ် မိမိ၏ ပုန်ကန်မှုအတွက် နောင်တရခြင်းလည်း မရှိပေ။ အကယ်၍ လူတို့သည် မိမိကိုယ်ကို သိနိုင်စွမ်းရှိသော် အသိဉာဏ်အနည်းငယ်မျှ ပြန်လည် ရရှိလာခြင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ပုန်ကန်လျက် မိမိကိုယ်ကို မိမိမသိလေလေ၊ အသိဉာဏ် ဆုတ်ယုတ်လေလေ ဖြစ်သည်။

ယိုယွင်းပျက်စီးသော လူ့စိတ်သဘောထားကို ဖွင့်ပြသော အကြောင်းရင်းသည် အခြားမဟုတ်၊ သူ၏ ထုံထိုင်းသောသိစိတ်၊ မနာလိုမုန်းတီးသော သဘာဝနှင့် ဆုတ်ယုတ်သော အသိဉာဏ် တို့ဖြစ်သည်။ အကယ်၍ လူသား၏ သိစိတ်နှင့် အသိဉာဏ်သည် နဂိုအခြေအနေ ပြန်လည်ရရှိပါက ဘုရားသခင်ရှေ့တွင် အသုံးခံထိုက်သူ ဖြစ်လာပေမည်။ လူသားသည် ဘုရားသခင်ကို တိုး၍ပုန်ကန်လာကာ ယေရှုကို ကားတိုင်တွင် သံနှင့်ရိုက်၍ နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်ကို သူ့အိမ်သို့ ဝင်ခွင့် ပိတ်ပင်သည်သာမက ဘုရားသခင်၏ သွေးသားခန္ဓာကို ရှုတ်ချကာ ထိုသွေးသားခန္ဓာကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ အောက်တန်းကျသည်ဟု ရှုမြင်သည့်အထိ ပြင်းထန်လာခြင်းသည် လူ့သိစိတ် ထုံမြဲထုံခြင်း၊ လူ့အသိဉာဏ် လူစဉ်မမီသည့် အပြင် ပို၍ပို၍ ထိုင်းမှိုင်းခြင်းကြောင့် ဖြစ်သည်။ လူသားသည် လူ့သဘောသဘာဝ အနည်းငယ်မျှ ရှိခဲ့သော် လူ့ဇာတိခံယူသော ဘုရားသခင်၏ သွေးသားခန္ဓာကို ထိုသို့ရက်စက်စွာ ဆက်ဆံမည်မဟုတ်ပေ။ အသိဉာဏ် အနည်းငယ်ရှိခဲ့သော် လူ့ဇာတိခံယူသော ဘုရားသခင်၏ သွေးသားခန္ဓာအပေါ် အလွန်ရက်စက်ခဲ့လိမ့်မည် မဟုတ်ပေ။ အသိတရား အနည်းငယ်မျှ ရှိခဲ့လျှင်လည်း လူ့ဇာတိခံယူသော ဘုရားသခင်ကို ထိုနည်းဖြင့် “ကျေးဇူးတင်”ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင် လူ့ဇာတိခံယူသော ကာလတွင် အသက်ရှင်လျက် ထိုကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို ပေးခဲ့သူ ဘုရားသခင်အား ကျေးဇူးတင်စိတ် မရှိခဲ့ရုံမက၊ ဘုရားသခင် ကြွလာခြင်းကို ကျိန်ဆို၍ ဘုရားသခင် လူ့ဇာတိခံယူခြင်းကို လုံးဝဂရုမစိုက်သည့်အပြင် ဆန့်ကျင်ခြင်းနှင့် ငြီးငွေ့ခြင်းသာလျှင် ရှိခဲ့သည်။ ဘုရားသခင် ကြွဆင်းလာခြင်းကို လူသားသည် မည်သို့ သဘောထားသည်ဖြစ်စေ၊ အရှင်းပြောရလျှင် လူသားသည် ဘုရားသခင် ကြွဆင်းလာသည်ကို စိုးစဉ်းမျှ ကြိုဆိုခြင်း မရှိလျက် သူ့ထံမှ မဆင်မခြင် တောင်းဆိုခြင်းမျိုးကို ပြုလုပ်တတ်သော်ငြားလည်း ဘုရားသခင်သည် အစဉ်အမြဲပင် မိမိအမှုတော်ကို မတွန့်မဆုတ် ဆောင်ရွက်ခဲ့သည်။ လူ့စိတ်သဘောထားသည် အလွန်ရက်စက်တတ်လာ၍၊ အသိဉာဏ် အလွန်ထိုင်းမှိုင်းလာကာ၊ သိစိတ်သည်လည်း နတ်ဆိုး၏ လုံးဝနင်းခြေ ဖျက်ဆီးမှုကို ခံခဲ့ရကာ ရှေးကာလကပင် နဂိုသိစိတ် မဟုတ်တော့ပါ။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်က လူသားမျိုးနွယ်အပေါ် အသက်နှင့် ကျေးဇူးတော်များ သွန်းလောင်းပေးသည်ကို ကျေးဇူးမတင်သည့်အပြင်၊ မိမိကို သမ္မာတရား ပေးခြင်းအတွက် ဘုရားသခင်အား မနှစ်မြို့ပေ။ အကြောင်းမှာ လူသားသည် သမ္မာတရားကို စိုးစဉ်းမျှ စိတ်မဝင်စားသောကြောင့် ဘုရားသခင်ကို မနှစ်မြို့သောကြောင့် ဖြစ်သည်။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်ကို မိမိအသက်တာကို ပုံအပ်နိုင်ခြင်း မရှိသည့်အပြင်၊ ဘုရားသခင်၏ မျက်နှာသာပေးမှုရအောင် ကြိုးစားအားထုတ်ကာ ဘုရားသခင်ကို မိမိပေးသော ပမာဏထက် ဆယ်ဆမကသော အကျိုးအမြတ်ကို တောင်းဆိုသည်။ သိစိတ်နှင့် အသိဉာဏ် ထိုမျှခေါင်းပါးသော လူတို့သည် ထိုအရာများကို မိမိတို့ ခံစားထိုက်သည်ဟု ယူဆသည်သာမက မိမိတို့သည် ဘုရားသခင်ကို အဆမတန်ပေးဆပ်ခဲ့ကာ ဘုရားသခင်မှ သူတို့ကို အနည်းငယ်သာ ပေးသည်ဟု ယုံကြည်ကြသည်။ ငါ့ကို ရေတစ်ခွက်ပေး၍ လက်ဖြန့်ကာ နွားနို့နှစ်ခွက်၏ တန်ဖိုးနှင့်ညီမျှသော[က] အခကြေးငွေကို တောင်းသောသူရှိသည်။ ငါ့အတွက် တစ်ညတာ တည်းခိုရန် အခန်းတစ်ခန်း ပြင်ဆင်ပေးကာ တည်းခိုခ အဆပေါင်းများစွာ တောင်းသောသူရှိသည်။ သင်တို့သည် ထိုသို့သော လူ့သဘောသဘာဝနှင့် သိစိတ်ရှိလျက်ပင် အသက်ကို ရလိမ့်မည်ဟု မျှော်လင့်ကြသေးသလော။ သင်တို့သည် အလွန်စက်ဆုပ်ဖွယ်ကောင်းသော အလေအလွင့်များ ဖြစ်ကြသည်တကား။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကုန်းမြေတစ်လျှောက်လုံး နှံ့အောင်သွားလျက်လာလျက် နားမည့်နေရာ မရှိရှာခြင်းသည် ဤကဲ့သို့ လူ့သဘောသဘာဝနှင့် သိစိတ်ကြောင့် မဟုတ်ပါလော။ သိစိတ်နှင့် လူ့သဘောသဘာဝကို ပိုင်ဆိုင်သူ မှန်လျှင်၊ ဘုရားသခင်၏ လုပ်ဆောင်ပြီးစီးခဲ့သော အလုပ် မည်မျှများသည်ဆိုခြင်းကြောင့်မဟုတ်၊ လုံးဝလုပ်ဆောင်ခဲ့ခြင်း မရှိသည့်တိုင် လူ့ဇာတိခံယူသော ဘုရားသခင်ကို ကိုးကွယ်ကာ သူ့ကို စိတ်အားထက်သန်စွာ အစေခံသင့်သည်။ ဤသည်မှာ နဂိုသိစိတ်ရှိသူတို့ ထမ်းဆောင်ရမည့် လူ့ကျင့်ဝတ် ဖြစ်သည်။ လူအများသည် ဘုရားသခင်ကို အစေခံရာတွင် အခြေအနေအကြောင်း စောဒကတက်ကြသည်။ လူသားဖြစ်သည် သို့မဟုတ် ဘုရားသခင်ဖြစ်သည်ကို သူတို့ အလေးမထားကြပေ။ သူတို့ကြုံရသော အခြေအနေကိုသာ အရေးဆိုကာ သူတို့အလိုရှိသော အောင်မြင်မှု နောက်သို့သာ လိုက်ကြသည်။ သင်တို့သည် ငါ့အတွက် အစားအစာချက်သောအခါ စားဖိုမှူးရထိုက်သော အခကြေးငွေကို တောင်းကြသည်။ ငါ့အတွက် ပြေးလွှားရသောအခါ ပြေးလွှားခ တောင်းကြသည်။ ငါ့အတွက် အလုပ်လုပ်သောအခါ လုပ်အားခ တောင်းကြသည်။ ငါ့အဝတ်အစားကို လျှော်ဖွပ်သောအခါ ဒိုဘီခ တောင်းကြသည်။ အသင်းတော်ကို ဆောင်မသောအခါ ရင်းစားပေးရန် တောင်းခံကြသည်။ စကားပြောရသောအခါ ဟောပြောခ တောင်းကြသည်။ စာအုပ်ဖြန့်ဝေသောအခါ ဖြန့်ဖြူးခ တောင်းကြသည်။ စာရေးသောအခါ ကလောင်ခ တောင်းကြသည်။ ငါ၏ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံခဲ့သော သူများသည် ငါ့ထံမှ လျော်ကြေးငွေတောင်းခံသည့်အထိ ဖြစ်သည်။ အိမ်ပြန်ခိုင်းခြင်း ခံရသောသူများသည် ထိခိုက်သွားသော မိမိတို့၏ အမည်အတွက် လျော်ကြေးငွေ တောင်းကြသည်။ အိမ်ထောင်မကျသေးသော သူများသည် သတို့သား၊ သတို့သမီး တင်တောင်းခ သို့မဟုတ် အပျို၊ လူပျိုဘဝ ဆုံးရှုံးခ တောင်းကြသည်။ ကြက်သတ်သူသည် သတ်ခ တောင်းကြသည်။ အစားအစာ ကြော်ချက်သူသည် ကြော်ချက်ခ တောင်းကြ သည်။ ဟင်းချိုချက်သူလည်း အခကြေးငွေ ရယူလိုကြသည်။ ဤသည်မှာ သင်တို့၏ ထည်ဝါခမ်းနားသော လူ့သဘောသဘာဝနှင့် သင်တို့၏ နွေးသောသိစိတ် အမိန့်အာဏာဖြင့် ဖန်တီးသော လုပ်ရပ်များပေတည်း။ သင်တို့၏ အသိဉာဏ် ဘယ်မှာနည်း။ သင်တို့၏ လူ့သဘောသဘာဝ ဘယ်မှာနည်း။ သင်တို့ကို ငါပြောမည်။ သင်တို့ ဆက်လက်၍ ဤသို့အသက်ရှင်လျှင် သင်တို့အကြားတွင် ဆောင်ရွက်နေသော ငါ့အလုပ်ကို ငါရပ်ဆိုင်းမည်။ သင်တို့နှင့်အတူ ငါအလုပ်လုပ်တော့မည်မဟုတ်။ လူအရေခြုံ သားရဲအုပ်အကြား ငါအလုပ် လုပ်မည်မဟုတ်။ ရိုင်းစိုင်းသောစိတ်ကို ချိုသာသောမျက်နှာဖြင့် ဖုံးထားသည့် ဤလိုလူစုအတွက် ဒုက္ခဆင်းရဲကို ငါခံမည်မဟုတ်။ ကယ်တင်ခြင်းကို ရယူနိုင်သည့်အလားအလာ စိုးစဉ်းမျှမရှိသော တိရစ္ဆာန်တစ်အုပ် အတွက် ငါအနစ်နာခံမည်မဟုတ်။ သင်တို့ကို ငါကျောခိုင်းသည့်နေ့သည် သင်တို့သေရမည့်နေ့ ဖြစ်သည်။ သင်တို့အပေါ် အမှောင်ထု ကျရောက်လာမည့်နေ့၊ အလင်းသည် သင်တို့အား စွန့်ခွာမည့်နေ့ ဖြစ်သည်။ သင်တို့ကို ငါပြောမည်။ ငါသည် သင်တို့ကဲ့သို့သော တိရိစ္ဆာန်ထက် နိမ့်ကျသည့် လူစုအပေါ် သဒ္ဓါစိတ် ထားရှိမည် မဟုတ်ပေ။ ငါ့စကားနှင့် ငါ့လုပ်ဆောင်မှုအတွက် အတိုင်းအတာရှိသည်။ သင်တို့၏ လူ့သဘောသဘာဝနှင့် သိစိတ် အနေအထားအရ ငါအလုပ်ဆက်လုပ်တော့မည် မဟုတ်ပေ။ အကြောင်းမှာ သင်တို့၏သိစိတ် လွန်စွာချို့ယွင်းသောကြောင့် ငါအလွန်စိတ်ဆင်းရဲရကာ၊ စက်ဆုပ်ဖွယ်ကောင်းသော သင်တို့၏ အမူအကျင့်ကို ငါလွန်စွာ ရွံရှာမိသောကြောင့် ဖြစ်သည်။ လူ့သဘောသဘာဝနှင့် သိစိတ် လွန်စွာချို့ယွင်းသူတို့သည် ကယ်တင်လွတ်မြောက်ခြင်းရရှိနိုင်သည့် အလားအလာ လုံးဝမရှိပေ။ ထိုကဲ့သို့ နှလုံးသားကင်းမဲ့၍ ကျေးဇူကန်းသူတို့ကို ငါလုံးဝကယ်တင်မည် မဟုတ်ပေ။ ငါ၏နေ့ရက်ကာလ ကျရောက်လာသောအခါ၊ တစ်ချိန်က ကြောက်မက်ဖွယ် ကောင်းသော ငါ၏အမျက်ဒေါသကို ဆွခဲ့သည့် မနာခံခြင်း၏ သားသမီးများအပေါ် ပူပြင်းလှသော မီးလျှံကို မိုးရွာသကဲ့သို့ ထာဝရ ငါရွာသွန်းမည်။ တစ်ချိန်က ငါ့ကို စော်ကားမော်ကားလုပ်၍ ပစ်ပယ်သွားသော ထိုတိရိစ္ဆာန်များကို ငါထာဝရ ပြစ်ဒဏ်ခတ်မည်။ တစ်ချိန်က ငါနှင့်အတူ နေထိုင် စားသောက်ခဲ့သော်လည်း ငါ့ကိုမယုံကြည်သည့်အပြင်၊ ငါ့ကို ဆဲရေးတိုင်းထွာကာ သစ္စာဖောက်သွားသော မနာခံခြင်း၏ သားများကို ခေတ်အဆက်ဆက် ငါ၏ ဒေါသမီးလောင်ကျွမ်းစေမည်။ ငါ၏ အမျက်ဒေါသကို ဆွခဲ့သူ အားလုံးကို ပြစ်ဒဏ်ခတ်မည်။ တစ်ချိန်က ငါနှင့် ပုခုံးချင်းယှဉ်၍ ရပ်တည်လိုသော ဆန္ဒရှိလျက် ငါ့ကိုကိုးကွယ်ခြင်းနှင့် နာခံခြင်းမရှိခဲ့သော ထိုသားရဲများအပေါ် မိုးရွာသကဲ့သို့ ငါ၏အမျက်ဒေါသ အကုန်အစင် ရွာချမည်။ တစ်ချိန်က ငါ၏ပြုစုစောင့်ရှောက်မှုကို ခံစားခဲ့ရကာ ငါမိန့်မှာခဲ့သည့် လျှို့ဝှက်ဆန်းကြယ်မှုများကို နာခွင့်ရလျက် ငါ့ထံမှ လောကီစည်းစိမ်ကို ရယူရန် ကြိုးပမ်းခဲ့သော ထိုတိရိစ္ဆာန်များအား လူသားကို ဆုံးမသောတုတ်ဖြင့် ငါအပြစ်ပေးမည်။ ငါ့နေရာကို လုရန် ကြိုးပမ်းသည့် မည်သူကိုမဆို ငါခွင့်လွှတ်မည် မဟုတ်ပေ။ ငါ့ထံမှ အစားအစာနှင့် အဝတ်အထည်ကို အတင်းယူရန် ကြိုးပမ်းသူများကို ငါချမ်းသာပေးမည် မဟုတ်ပေ။ ယခုတွင် သင်တို့သည် ကြောက်စရာ နှောင်ကြိုးမရှိ လွတ်လပ်လျက် ငါ့ထံမှတောင်းဆိုမှုများကို မမီမကမ်း ပြုလုပ်နေဆဲ ဖြစ်သည်။ ဒေါသနေ့ရက် ကျရောက်လာသော် သင်တို့ငါ့ကို တောင်းဆိုမှု ပြုတော့မည် မဟုတ်ပေ။ ထိုအချိန်တွင် သင်တို့ကျေနပ်သည့်အထိ မိမိဘာသာမိမိ “ပျော်ရွှင်ကြည်နူး” ခွင့်ကို ပေးမည်။ သင်တို့ ထာဝရ ပြန်မထလာနိုင်အောင် သင်တို့မျက်နှာကို မြေကြီးထဲသို့ အတင်းဖိသွင်းမည်။ ထိုအကြွေးကို အနှေးနှင့်အမြန် ငါ“ပြန်ဆပ်”မည်။ ထိုနေ့ရက်ကို သင်တို့စိတ်ရှည်လက်ရှည် စောင့်နေမည်ဟု ငါမျှော်လင့်သည်။

စက်ဆုပ်ဖွယ်ကောင်းသော ဤသတ္တဝါများသည် တရားလွန်သော သူတို့၏ လိုအင်ဆန္ဒကို စွန့်၍ ဘုရားသခင်ထံသို့ လှည့်ပြန်လာခဲ့သော် ကယ်တင်ခြင်းရရန် အခွင့်အလမ်း ရှိနေဆဲဖြစ်သည်။ လူသားသည် ဘုရားသခင်ကို ငံ့လင့်သောစိတ် အမှန်ရှိခဲ့သော် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရမည် မဟုတ်ပေ။ ဘုရားသခင်တွင် ခံစားတတ်သော စိတ်ရှိသောကြောင့် လူသားသည် ဘုရားသခင်နှင့် မဆည်းပူးနိုင်ခြင်း မဟုတ်ပေ။ လူသား၏ဆည်းပူးခြင်းကို ဘုရားသခင်က မလိုလားသောကြောင့်လည်း မဟုတ်ပေ။ လူသား၏ ဘုရားသခင်ကို မဆည်းပူးလိုခြင်းနှင့် ဘုရားသခင်ကို အပူတပြင်း ရှာဖွေတွေ့ရှိလိုသော ဆန္ဒမရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို အမှန်ရှာဖွေသော လူသားတစ်ဦးအား ဘုရားသခင်က မည်သို့လျှင် ကျိန်ဆိုနိုင်မည်နည်း။ ပကတိ အသိဉာဏ်နှင့် သတိရှိသော သိစိတ်တစ်ခုကို ဘုရားသခင်က မည်သို့လျှင် ကျိန်ဆိုနိုင်မည်နည်း။ ဘုရားသခင်ကို အမှန်ကိုးကွယ်၍ ဘုရားသခင်အား အစေခံသူတစ်ဦးကို သူ၏ဒေါသမီးဖြင့် မည်သို့လျှင် လောင်ကျွမ်းစေနိုင်မည်နည်း။ ဘုရားသခင်၏ စကားကို နာခံခြင်းတွင် မွေ့လျော်နေသူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်မှ မည်သို့လျှင် ကန်ထုတ်ခြင်းကို ခံရနိုင်မည်နည်း။ ဘုရားသခင်အပေါ် ချစ်၍မဝသူ တစ်ဦးသည် ဘုရားသခင်၏ ပြစ်ဒဏ်ပေးမှု အောက်တွင် မည်သို့လျှင် နေရမည်နည်း။ ဘုရားသခင်အတွက် အရာရာကို ကြည်ဖြူစွာ စွန့်လွတ်နိုင်သူတစ်ဦးအား မည်သို့လျှင် အခြေအနေမဲ့သော သူကဲ့သို့ စွန့်ပစ်ထားခြင်း ခံရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နောက်သို့ လိုက်လိုစိတ်မရှိ။ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာကို ဘုရားသခင်အတွက် အသုံးခံလိုစိတ်မရှိ။ မိမိတစ်သက်တာ အစွမ်းအစများကို ဘုရားသခင်ထံ ဆက်ကပ်လိုစိတ် မရှိ။ ထိုသို့ပြုမည့်အစား ဘုရားသခင်ကို အစွန်းရောက်လွန်းသည် ဟူ၍လည်းကောင်း၊ အလွန်များစွာသော ဘုရားသခင်၏ အကြောင်းအရာသည် လူ့အယူအဆနှင့် ဆန့်ကျင်သည်ဟူ၍လည်းကောင်း ပြောတတ်သည်။ သင်တို့၏ ဘုရားသခင်ကို ရှာဖွေခြင်းမရှိသည့် အဖြစ်မှန်ကို မဆိုထားဘိ၊ သင်တို့သည် ဘုရားသခင်ကို အကြွင်းမဲ့ ဆက်ကပ်ကြသော်လည်း ဤလူ့သဘောသဘာဝမျိုးဖြင့် ဘုရားသခင်၏ ချီးမွမ်းမှုကို လုံးဝရမည် မဟုတ်ပေ။ သင်တို့သည် လူသားမျိုးနွယ်၏ အနာအဆာရှိသော ကုန်ပစ္စည်းဖြစ်သည်ကို မသိကြသလော။ သင်တို့၏ လူ့သဘောသဘာဝထက် အောက်တန်းကျသော သဘောသဘာဝ မရှိသည်ကို သင်တို့ မသိကြသလော။ သင်တို့အား ရည်ညွန်းသည့် “ဂုဏ်ထူးဆောင်ဘွဲ့”ကို သင်တို့သိကြသလော။ ဘုရားသခင်အပေါ် စစ်မှန်သော ချစ်ခြင်းရှိသူများက သင်တို့ကို ဝံပုလွေဖခင်၊ ဝံပုလွေမိခင်၊ ဝံပုလွေသား၊ ဝံပုလွေမြေး ဟုခေါ်ကြသည်။ သင်တို့သည် ဝံပုလွေ၏ သားစဉ်မြေးဆက်၊ ဝံပုလွေလူမျိုး ဖြစ်ကြသည်။ မိမိ၏ မျိုးရိုးဗီဇကို သိထားသင့်သည်။ မမေ့လျော့သင့်ပေ။ သင်တို့သည် အများတကာထက် သာလွန်သည်ဟု မိမိကိုယ်ကို မတွေးထင်နှင့်။ လူသားမျိုးနွယ်ဝင် လူသားမဟုတ်သော အုပ်စုများတွင် သင်တို့သည် အဆိုးညစ်ဆုံး အုပ်စုဖြစ်သည်။ ဤအရာများကို သင်တို့မသိသလော။ သင်တို့အကြား အလုပ်လုပ်ရန် ငါမည်မျှ အရဲစွန့်ခဲ့ရသည်ကို သိကြသလော။ အကယ်၍ သင်တို့၏ အသိဉာဏ်သည် နဂိုအခြေအနေသို့ ပြန်မရောက်နိုင်ပါက၊ သင်တို့၏ သိစိတ်သည် ပုံမှန်အလုပ် မလုပ်နိုင်ပါက “ဝံပုလွေ”ဟုရည်ညွှန်းခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်၊ ကျိန်ခြင်းနေ့ရက်ကိုလည်း လွတ်မြောက်နိုင်မည် မဟုတ်သကဲ့သို့ ပြစ်ဒဏ်ပေးမည့်နေ့ကိုလည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သင်တို့သည် နိမ့်ကျစွာမွေးဖွားလာသည့် တန်ဖိုးမရှိသောလူသားဖြစ်သည်။ သင်တို့သည် ပင်ကိုဗီဇအရ ဆာလောင်သော ဝံပုလွေအုပ်စုတစ်စုဖြစ်ပြီး၊ အပျက်အဆီးနှင့် အမှိုက်ပုံသာ ဖြစ်သည်။ ငါသည် သင်တို့နှင့် တူသည်မဟုတ်။ မျက်နှာသာရရန် သင်တို့အကြား၌ ငါအလုပ်လုပ်ခဲ့ခြင်း မဟုတ်။ လိုအပ်၍ လုပ်ရခြင်းသာ ဖြစ်သည်။ သင်တို့သည် ငါ့ကို ဤကဲ့သို့ ဆက်လက်ပုန်ကန်နေမည် ဆိုပါက၊ ငါ့အလုပ်ကို ရပ်တန့်ကာ မည်သည့်အခါမျှ သင်တို့အတွက် ပြန်လုပ်တော့မည် မဟုတ်။ ယင်းအစား ငါ့ကို စိတ်ချမ်းသာစေမည့် လူတစ်စုထံသို့ ကူးသွားကာ သူတို့အတွက် လုပ်ဆောင်မည်။ ထိုနည်းဖြင့် သင်တို့ထံမှ ထာဝရထွက်သွားမည်။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုရန်လိုသောသူများအား ကြည့်ရှုလိုသောစိတ် ငါ၌မရှိ။ ထိုကြောင့် သင်တို့သည် ငါနှင့် သဟဇာတ ဖြစ်လိုသလော၊ သို့မဟုတ် ငါ့ကိုရန်ဘက်ပြုလိုသလော။

အောက်ခြေမှတ်စုများ -

(က) မူရင်းစာတွင် “အတွက် ရွှေဒင်္ဂါးပြားများ” ဟု ရေးသားထားသည်။

ယခင်က:သင်တဖန်ပြန်ရှင်ပြီးပြီလော။

နောက်တစ်ခုသို့:ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

သင်နှစ်သက်နိုင်သည့် အရာများ