၄) ဘုရားသခင် အသုံးပြုသည့် လူများ၏ သမ္မာတရားနှင့် ကိုက်ညီသည့် စကားများနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ နှုတ်ကပတ်တော်များအကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ၎င်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ ကိုယ်တိုင်၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင်၊ မည်သည့်လူသားမျှ ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ၎င်းတို့၏မစမှုကို ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍၊ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ၊ ငါ၏ ရပ်တည်မှုသည်- အချိန်နှင့် အမှန်တရားများသည် ငါ၏ သက်သေဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို ပြသပါစေဟူ၍သာ ဖြစ်သည်။ ၎င်းတို့သည် ငါပြောသမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ဖြည့်ဆည်းထားသင့်သည့်အရာ ဖြစ်သည်၊ ထို့အပြင် လူသားက လက်ခံသင့်သည့်အရာဖြစ်သည်ကို ပြသပါစေ။ ငါ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးနိုင်သူများ၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို ရှာမတွေ့နိုင် သူများနှင့် ငါ၏နှုတ်ကပတ်တော်များကြောင့် ကယ်တင်ခြင်းကို မရရှိနိုင်သူများသည် ငါ့နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချခြင်းခံ ရပြီးဖြစ်သည့်အပြင် ငါ၏ ကယ်တင်ခြင်းကို ဆုံးရှုံးပြီးသောသူများ ဖြစ်ကာ ငါ၏ တုတ်သည် ၎င်းတို့ထံမှ မည်သည့်အခါတွင်မျှ သွေဖည်မည် မဟုတ်ပေ- ဟူသည့် အမှန်တရားကို ငါ့နောက်လိုက်သော သူအားလုံးအား ငါ သိရှိစေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်” မှ

ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင် ရိုးရှင်းသည်ဖြစ်စေ၊ နက်နဲသိမ်မွေ့သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံးတို့သည် လူတစ်ယောက်အနေဖြင့် အသက်ထဲသို့ ဝင်ရောက်သည့်အခါတွင် သူ့အတွက် မရှိမဖြစ်သော သမ္မာတရားများ အားလုံးဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားကို ဝိညာဉ်နှင့် ဇာတိခန္ဓာနှစ်ခုလုံးတွင် ရှင်သန်စေသည့် အသက်ရေများ၏ ရေသောက်မြစ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက အသက်ရှင်သန်နေဖို့ လူသားလိုအပ်သည့်အရာကို ထောက်ပံ့ပေးသည်။ လူသား၏နေ့စဉ်အသက်တာကို စီမံခန့်ခွဲခြင်းအတွက် အခြေခံသဘောတရားများနှင့် အယူဝါဒတို့ကို ထောက်ပံ့ပေးသည်။ ကယ်တင်ခြင်း ရရှိဖို့အလို့ငှာ သူဖြတ်ကျော်ရမည့် လမ်းကြောင်း၊ ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူပိုင်ဆိုင်သင့်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်ပုံ၊ မည်သို့နာခံပုံတို့နှင့်ပတ်သက်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထိုနှုတ်ကပတ်တော်များသည် လူသား၏ရှင်သန်မှုကို သေချာစေသည့် အာမခံချက်ဖြစ်သည်၊ ထိုနှုတ်ကပတ်တော်များသည် လူသား၏ အသက်မွေးလောက်သော အစာဖြစ်သည်၊ ထို့ပြင် ထိုနှုတ်ကပတ်တော်များသည် လူသားကို သန်မာစေပြီး မတ်မတ်ရပ်နိုင်စေသည့် ကြံ့ကြံ့ခံသော ထောက်ပံ့မှုလည်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ဖန်ဆင်းခံ လူသားမျိုးနွယ်အနေဖြင့် သာမန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရား လက်တွေ့အရှိတရားဖြင့် ကြွယ်ဝလေသည်။ ဖောက်ပြန်ပျက်စီးမှုမှ ရုန်းထွက်လွတ်မြောက်ဖို့နှင့် စာတန်၏ကျော့ကွင်းများကို ရှောင်တိမ်းဖို့ လူသားမျိုးနွယ်တို့ အသုံးပြုသည့် သမ္မာတရားဖြင့် ကြွယ်ဝသည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က ပေးသည့် မမောမပန်းသော အဆုံးအမ၊ တိုက်တွန်းမှု၊ အားပေးမှုနှင့် ဖြေသိမ့်မှုတို့ဖြင့် ကြွယ်ဝလေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားများအား အပြုသဘောဆောင်သည့် အရာအားလုံးကို နားလည်စေဖို့ လမ်းပြပြီး ဉာဏ်အလင်းပေးသည့် မီးရှူးတန်ဆောင် ဖြစ်သည်၊ ဖြောင့်မတ်ပြီး ကောင်းမြတ်သည့် အရာအားလုံးကို လူတို့က ကျင့်သုံးနေထိုင်ပြီး ပိုင်ဆိုင်ဖို့ သေချာစေသည့် အာမခံချက်ဖြစ်သည်၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများအားလုံးကို တိုင်းတာသည့် စံနှုန်းမှတ်ကျောက်လည်း ဖြစ်သည်၊ ထို့ပြင် လူတို့ကို ကယ်တင်ခြင်းနှင့် အလင်းလမ်းကြောင်းဆီသို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းပြ အမှတ်အသားလည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏” မှ

ငါ၏စကားသည် ငါ၏ဖြစ်တည်မှုကို ကိုယ်စားပြုသော်လည်း၊ ငါပြောသော အရာကို လူသားက လက်လှမ်းမမီနိုင်ပေ။ ငါပြောသောအရာသည် လူသားတွေ့ကြုံသည့် အရာမဟုတ်သကဲ့သို့၊ လူသားက မြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ယင်းသည် လူသားက တွေ့ထိနိုင်သည့် အရာလည်း မဟုတ်ဘဲ၊ ငါ၏ဖြစ်တည်မှု ဖြစ်ပေသည်။ ငါမိတ်သဟာယဖွဲ့သော အရာသည် ငါတွေ့ကြုံဖူးသော အရာဖြစ်သည်ဟုသာ လူအချို့က အသိအမှတ်ပြု ကြသော်လည်း၊ ယင်းသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်သည်ကို ၎င်းတို့ သတိမပြုမိကြချေ။ မှန်ပေ၏၊ ငါပြောသောအရာသည် ငါတွေ့ကြုံဖူးသောအရာ ဖြစ်သည်။ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ စီမံခန့်ခွဲမှု အလုပ်ကို လုပ်ဆောင်ပြီးသည့်သူမှာ ငါဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း အစအဦးမှ ယခုတိုင်အောင် အရာရာကို တွေ့ကြုံပြီးဖြစ်သည်။ ယင်းကို ငါ မည်သို့ မဆွေးနွေးနိုင်ဘဲ ရှိလိမ့်မည်နည်း။ လူသား၏သဘာဝနှင့် ပတ်သက်လာသည့်အခါ၊ ငါသည် ရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်သည်။ ယင်းကို ငါ အချိန်ကြာမြင့်စွာက စောင့်ကြည့်ခဲ့ပေသည်။ ထိုအရာနှင့်ပတ်သက်၍ ငါသည် အဘယ်သို့ ရှင်းလင်းစွာ မပြောနိုင်ဘဲ ရှိလိမ့်မည်နည်း။ ငါသည် လူသား၏အနှစ်သာရကို ရှင်းလင်းစွာ တွေ့မြင်ပြီးဖြစ်သည့်အတွက်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် တရားစီရင်ရန် ငါသည် အရည်အချင်းပြည့်မီ၏၊ အဘယ်ကြောင့်ဆိုသော် လူသား၏ အရာခပ်သိမ်းသည် ငါ့ထံမှ လာသော်လည်း၊ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်သောကြောင့် ဖြစ်သည်။ မှန်ပေ၏၊ ငါသည် ငါပြုသောအမှုကိုလည်း အကဲဖြတ်ရန် အရည်အချင်းပြည့်မီပေသည်။ ဤအမှုသည် ငါ၏ လူ့ဇာတိဖြင့် လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း၊ ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ဤသည်မှာ ငါ၏အရာအားလုံးနှင့် ငါ၏ဖြစ်ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ငါသည် ယင်းကိုဖော်ပြရန်နှင့် ငါလုပ်သင့်သောအလုပ်ကို လုပ်ဆောင်ရန် အရည်အချင်း ပြည့်မီပေသည်။ လူတို့ပြောသော အရာသည် ၎င်းတို့ တွေ့ကြုံပြီးသောအရာဖြစ်သည်။ ယင်းသည် ၎င်းတို့တွေ့မြင်ပြီးသောအရာ၊ ၎င်းတို့၏ စိတ်များ အလှမ်းမီနိုင်သောအရာနှင့် ၎င်းတို့အာရုံများက သတိပြုမိနိုင် သောအရာ ဖြစ်သည်။ ယင်းသည် ၎င်းတို့ မိတ်သဟာယပြုနိုင်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကပြောဆိုသော နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ယင်းတို့သည် ဝိညာဉ်တော် လုပ်ဆောင်ပြီးသော အမှုကို ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက မတွေ့ကြုံဖူး သို့မဟုတ် မမြင်ဖူးသော်လည်း၊ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်သည့်အတွက် သူသည် သူ၏ဖြစ်ခြင်းကို ဖော်ပြဆဲဖြစ်ပြီး ဝိညာဉ်တော်၏ အလုပ်ကို သူ ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက လက်လှမ်းမမီနိုင်သော်လည်း၊ ဝိညာဉ်တော် လုပ်ဆောင်နှင့်ပြီးသော အလုပ်ဖြစ်သည်။ လူ့ဇာတိခံယူခြင်းနောက်တွင်၊ ဇာတိခန္ဓာ၏ ဖော်ပြချက်မှတစ်ဆင့် သူသည် လူတို့ကို ဘုရားသခင်၏ဖြစ်တည်ခြင်းအား သိရှိနိုင်စေပြီး၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူပြုခဲ့သောအမှုတို့ကို မြင်တွေ့ ခွင့်ပေးလေသည်။ လူသား၏အလုပ်သည် လူတို့ကို ၎င်းတို့ ဝင်ရောက်သင့်သော အရာနှင့် ၎င်းတို့နားလည်သင့်သော အရာတို့နှင့် ပတ်သက်သည့် သာ၍ ရှင်းလင်းပြတ်သားမှုကို ပေးလေသည်။ ယင်းတွင် လူတို့ကို သမ္မာတရားကို သိနားလည်ခြင်းနှင့် တွေ့ကြုံခြင်းဆီသို့ ဦးဆောင်ခြင်း ပါဝင်လေသည်။ လူသား၏ အလုပ်သည် လူတို့ကို အားဖြည့်ရန်ဖြစ်သည်၊ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လမ်းကြောင်းသစ်များနှင့် ခေတ်သစ်များကို ဖွင့်လှစ်ပေးရန် ဖြစ်ပြီး၊ လူတို့ကို သူ၏ စိတ်သဘောထားအား သိရှိနိုင်စေရင်း၊ သေမျိုးများ မသိထားကြသည့် အရာကို လူများအား ထုတ်ဖော်ပြဖို့ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ် အားလုံးကို ဦးဆောင်ရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

ဘုရားသခင် တိုက်ရိုက် ဖော်ပြသည့် အရာ မှန်သမျှသည် သမ္မာတရားဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း အားလုံးမှာမူ သမ္မာတရားနှင့် ကိုက်ညီရုံမျှသာ ရှိသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူများကို သူတို့ တစ်ဦးချင်းစီ၏ ဝိညာဉ်အသက်တာနှင့် လျော်ညီစွာ ဉာဏ်အလင်းပေးပြီး၊ ၎င်းတို့ထံ သမ္မာတရားကို တိုက်ရိုက် မဖော်ပြနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ သင်နားလည်သဘောပေါက်ရမည့် အရာတစ်ခုဖြစ်သည်။ အချို့သောသူများသည် ထိုးထွင်းသိမြင်မှုအချို့ကို ရရှိ၍ သမ္မာတရား၏ နှုတ်ကပတ်တော်များမှ ၎င်းတို့၏ အတွေ့အကြုံများကို အခြေခံ၍ နားလည် သဘောပေါက်မှု အချို့ကို ရရှိခဲ့ပါက ဤသည်ကို သမ္မာတရားဟု ထည့်တွက်၍ရသလော။ အကောင်းဆုံး အနေဖြင့် ငါတို့ပြောနိုင်သည်မှာ ၎င်းတို့တွင် သမ္မာတရားအပေါ် နားလည် သဘောပေါက်မှု အချို့ရှိသည်ဟူ၍ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော် ဉာဏ်အလင်းပေးသည့် နှုတ်ကပတ်တော်ခပ်သိမ်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကိုယ်စားပြုခြင်း မရှိဘဲ၊ သမ္မာတရားကိုလည်း ကိုယ်စားပြုခြင်း မရှိ၊ ၎င်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်ခြင်းလည်း မရှိပေ။ ထိုသူတို့တွင် သမ္မာတရားအပေါ် နားလည်မှု အချို့နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်း အချို့ ရှိသည်ဟုသာ ဆိုနိုင်၏။ အကယ်၍ လူတို့သည် သမ္မာတရားနှင့် သက်ဆိုင်သော အသိပညာအချို့ကို ရရှိပြီးနောက် ယင်းကို အခြားသူများအား ထောက်ပံ့ပေးပါက၊ ဤသည်မှာလည်း ကိုယ်ပိုင် အသိပညာနှင့် အတွေ့အကြုံများကို ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို သမ္မာတရားဖြင့် ထောက်ပံ့ပေးနေခြင်း မဟုတ်ပေ။ ဤသည်မှာ သမ္မာတရားကို မိတ်သဟာယပြုခြင်းဖြစ်သည်ဟု ဆိုနိုင်သည်၊ ဤသည်မှာ ယင်းကို သင့်တော်သည့် ပြောဆိုခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်သကဲ့သို့ လူအများစုသည် ယင်းကို လုံးလုံးလျားလျား ထိုးထွင်းမသိမြင်နိုင်သောကြောင့်၊ ယင်းကို သင် သင် ရှင်းလင်းစွာ နားလည်ရမည်။ ယင်းသည် မှန်ကန်တိကျသည့် စကားအသုံးအနှုန်း ကိစ္စရပ်တစ်ခုသာ မဟုတ်ပေ၊ သို့မဟုတ် သင့်အနေဖြင့် အချို့သော အနက်ပြန်ခြင်းကို နားဖို့သာ လိုအပ်ပြီး နောက်ထပ် မည်သည့်အရာမျှ မလိုအပ်ဟူ၍ မဟုတ်ပေ။ သင်သည် သမ္မာတရားမှ အချို့သော အရာများ၊ လူသားက ပိုင်ဆိုင်သင့်သည့် အရာများကို ရရှိပြီး ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ဤသည်မှာ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု မဆိုလိုပေ။ ပြီးလျှင် သင်သည် သမ္မာတရားမှ အခြားအရာများကို ရရှိပြီးဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ သင်သည် ယခု သမ္မာတရား၏အသက်ကို ပိုင်ဆိုင်သည်ဟု မဆိုလိုဘဲ၊ သင်သည် သမ္မာတရားနှင့် သက်ဆိုင်သည်ဟု သာ၍ပင် မဆိုနိုင်ပေ၊ ယင်းမှာ လုံးဝ မဟုတ်ပေ။ သင့်အထဲတွင် တစ်စုံတစ်ရာရှိပြီး၊ သင် ပိုင်ဆိုင်သင့်သည့် တစ်စုံတစ်ရာ၊ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေသည့် တစ်စုံတစ်ရာ ရှိဖို့အလို့ငှာ၊ သင်၏ အသက်တာကို အားဖြစ်စေဖို့ သမ္မာတရားထံမှ အာဟာရဖြစ်သော တစ်စုံတစ်ရာကို သင် ရရှိပြီးခြင်းသက်သက်သာ ဖြစ်၏။ ဘုရားသခင်သည် လူတို့အား သမ္မာတရားမှတစ်ဆင့် သူ့ကို စိတ်ကျေနပ်စေဖို့နှင့် သူ၏ စိတ်နှလုံးနှင့် ညီညွတ်ဖို့ အခွင့်ပေးရင်း၊ လူတို့ကို ထောက်ပံ့ဖို့ သမ္မာတရားကို အသုံးပြု၏။ နောက်ဆုံးတွင်၊ လူတို့သည် ဘုရားသခင်၏အလိုကို လုံးဝ ကျေနပ်စေပြီးသည့် အချိန်တွင်ပင်၊ ၎င်းတို့အတွင်းတွင် သမ္မာတရား၏ အသက်ရှိသည်ဟု ဆိုနိုင်ဖို့ မဆိုထားနှင့်၊ ၎င်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်သည်ဟုပင် ပြော၍ မရနိုင်သေးပေ။...လူတိုင်းသည် သမ္မာတရားကို တွေ့ကြုံခံစားနိုင်သော်လည်း ၎င်းတို့အတွေ့အကြုံ၏ အခြေအနေများမှာမူ ကွဲပြားလိမ့်မည်ဖြစ်ကာ၊ တူညီသော သမ္မာတရားထံမှ လူတစ်ဦးစီ ရရှိလိုက်သည့်အရာမှာ ကွဲပြား၏။ သို့သော် လူတိုင်း၏ နားလည်သဘောပေါက်မှုကို ပေါင်းစပ်လိုက်ပြီးသော်မှ သင်သည် ဤသမ္မာတရားတစ်ခုကို အပြည့်အဝ ရှင်းပြနိုင်ဦးမည် မဟုတ်ပေ။ သမ္မာတရားသည် ဤမျှ လေးနက်၏။ သင်ရရှိခဲ့ပြီးဖြစ်သည့်အရာ ခပ်သိမ်းနှင့် သင်၏ နားလည်သဘောပေါက်မှုခပ်သိမ်းတို့သည် သမ္မာတရားအတွက် အစားထိုးသည့်အရာ တစ်ခု မဖြစ်နိုင်ဟု ငါအဘယ်ကြောင့် ဆိုသနည်း။ သင်၏နားလည်သဘောပေါက်မှုကို သင်သည် အခြားသူများနှင့် ဆွေးနွေးသည့်အခါ ၎င်းတို့သည် နှစ်ရက်၊ သုံးရက်မျှ စဉ်းစားပြီးနောက် ဤသည်ကို တွေ့ကြုံခံစားပြီးသွားကြလိမ့်မည် ဖြစ်သော်လည်း လူတစ်ဦးသည် တစ်သက်တာလုံးတွင်ပင် သမ္မာတရားကို အပြည့်အဝ တွေ့ကြုံခံစားနိုင်မည် မဟုတ်ပေ။ လူအားလုံးအတူတကွပင် ဤသည်ကို သေချာစွာ တွေ့ကြုံခံစားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရားသည် အလွန်လေးနက်ကာ သမ္မာတရားကို အပြည့်အဝ၊ ရှင်းလင်းစွာပြောဆိုရေးအတွက် စကားလုံးများကို အသုံးပြုနိုင်ခြင်းရှိမည် မဟုတ်၊ လူ့စကားနှင့်ပြောဆိုသည့်သမ္မာတရားသည် လူသား၏ ဆောင်ပုဒ်မျှသာဖြစ်၏၊ လူသားသည် ၎င်းကို မည်သည့်အခါမျှ အပြည့်အဝ တွေ့ကြုံခံစားရလိမ့်မည် မဟုတ်၊ ထို့အပြင် လူသားသည် ၎င်းအပေါ်အားထားကာ အသက်ရှင်သင့်သည် ဟူသည်ကို မြင်တွေ့နိုင်၏။ သမ္မာတရားတစ်ချက်သည် လူသားတစ်ရပ်လုံးကို နှစ်ပေါင်းထောင်ပေါင်းများစွာ ရှင်သန်နေစေနိုင်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။” မှ

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။ အတွေ့အကြုံအနည်းငယ် ရှိခြင်းသည် သမ္မာတရား ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု သင်ဆိုပါက၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုနိုင်သလော။ သင့်အနေဖြင့် သမ္မာတရား၏ ရှုထောင့်တစ်ခုခု သို့မဟုတ် တစ်ဘက်ဘက်နှင့် ဆိုင်သည့် အတွေ့အကြုံ သို့မဟုတ် အလင်းတစ်စုံတစ်ရာ ရှိကောင်း ရှိနိုင်သော်လည်း၊ အခြားသူများကို ထိုအရာဖြင့် သင် အစဉ်အမြဲ မထောက်ပံ့ပေးနိုင်ပေ၊ ထို့ကြောင့် သင် ရရှိပြီးဖြစ်သည့် ဤအလင်းသည် သမ္မာတရားမဟုတ်ပေ။ ယင်းမှာ လူတို့ လက်လှမ်းမီနိုင်သည့် အဆင့်တစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် သင့်တော်သော အတွေ့အကြုံနှင့် သင့်တော်သော သိနားလည်မှု သက်သက်ဖြစ်သည်- သမ္မာတရားနှင့်ဆိုင်သည့် တကယ့်အတွေ့အကြုံနှင့် အသိပညာတစ်ချို့ ဖြစ်သည်။ ဤအလင်း၊ ဉာဏ်အလင်းပေးခြင်းနှင့် အတွေ့အကြုံနှင့်ဆိုင်သော သိနားလည်ခြင်းတို့သည် မည်သည့်အခါမျှ သမ္မာတရားကို အစားမထိုးနိုင်ပေ။ လူအားလုံးသည် ဤသမ္မာတရားကို လုံးလုံးလျားလျား တွေ့ကြုံခဲ့ရပြီး ၎င်းတို့၏ အတွေ့အကြုံနှင့်ဆိုင်သော သိနားလည်မှုအားလုံးကို အတူတကွစုပေါင်းခဲ့လျှင်ပင်၊ ယင်းသည် ထိုသမ္မာတရားတစ်ခု၏ နေရာကို ယူနိုင်လိမ့်ဦးမည် မဟုတ်။ အတိတ်က ပြောခဲ့ပြီးသည်နှင့်အညီ၊ “ငါသည် လူ့လောကအတွက် ဤအရာကို ဆိုရိုးတစ်ခုနှင့် အကျဉ်းချုပ်မည်- လူသားတို့အကြားတွင် ငါ့ကို ချစ်သောသူ တစ်ယောက်မျှမရှိပေ။” ဤသည်မှာ သမ္မာတရား၏ထွက်ဆိုချက် ဖြစ်၏၊ ယင်းသည် အသက်၏ စစ်မှန်သောအနှစ်သာရ ဖြစ်သည်။ ဤသည်မှာ အမှုအရာများထဲမှ အလေးနက်ဆုံးအရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ သင်သည် ထိုအရာကို ဆက်လက် တွေ့ကြုံခံစားနိုင်ပြီး သုံးနှစ်ကြာ သင် ကြုံတွေ့ခံစားပါက သင်၌ ထိုအရာနှင့် သက်ဆိုင်သော အပေါ်ယံ သိနားလည်မှုတစ်ခု ရှိလိမ့်မည်။ သင်သည် ထိုအရာကို ခုနှစ်နှစ် သို့မဟုတ် ရှစ်နှစ်ကြာ ကြုံတွေ့ပါက ထိုအရာနှင့် သက်ဆိုင်သည့် သိနားလည်မှု သင် သာ၍ရရှိလိမ့်မည်၊ သို့သော် သင်ရရှိသည့် မည်သည့် သိနားလည်မှုမဆိုသည် သမ္မာတရား၏ထွက်ဆိုချက်တစ်ခုကို ဘယ်သောအခါမျှ အစားထိုးနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအရာကို နှစ်အနည်းငယ် တွေ့ကြုံပြီးနောက်၊ အခြားလူတစ်ဦးသည် သိနားလည်မှုအနည်းငယ်မျှ ရရှိကောင်း ရရှိလိမ့်မည်၊ ထို့နောက် ထိုအရာကို ဆယ်နှစ်ကြာ ကြုံတွေ့ပြီးနောက် အနည်းငယ် သာ၍ နက်နဲသော သိနားလည်မှု ရရှိလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် တစ်သက်တာ တွေ့ကြုံပြီးနောက်တွင် နောက်ထပ် သိနားလည်မှုအချို့ကို ရရှိကြလိမ့်မည်၊ သို့သော် သင်တို့ ရရှိသည့် သိနားလည်မှုကို သင်တို့နှစ်ဦးလုံးက ပေါင်းစပ်ပါက၊ ထိုအခါတွင်ပင် သင်တို့နှစ်ဦးစလုံး၌ နားလည်မှုမည်မျှ၊ အတွေ့အကြုံမည်မျှ၊ ထိုးထွင်းသိမြင်မှုမည်မျှ၊ အလင်းမည်မျှ၊ သို့မဟုတ် ပုံသက်သေမည်မျှ ပိုင်ဆိုင်ပါစေ- ထိုအရာအားလုံးသည် သမ္မာတရား၏ ယင်းထွက်ဆိုချက်တစ်ခုကို အစားမထိုးနိုင်သေးပေ။ တစ်နည်းဆိုရလျှင်၊ လူသား၏ဘဝသည် အစဉ်အမြဲပင် လူသား၏ဘဝသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ နားလည်သဘောပေါက်ခြင်းသည် သမ္မာတရား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သူ၏ သတ်မှတ်ချက်များနှင့် မည်မျှပင် ကိုက်ညီနိုင်ပါစေ၊ ယင်းသည် မည်သည့်အခါမျှ သမ္မာတရားအတွက် အစားထိုးနိုင်မည် မဟုတ်ဟု ငါဆိုလို၏။ သမ္မာတရားကို လူတို့ ရရှိပြီဟုဆိုခြင်းမှာ လက်တွေ့အရှိတရားအချို့ကို ၎င်းတို့ ပိုင်ဆိုင်သည်၊ သမ္မာတရားနှင့်သက်ဆိုင်သော သိနားလည်မှုအချို့ ၎င်းတို့ ရရှိပြီ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ စစ်မှန်သော ဝင်ရောက်မှုအချို့ ရရှိပြီ၊ ၎င်းတို့နှင့်ပတ်သက်၍ စစ်မှန်သောအတွေ့အကြုံအချို့ ၎င်းတို့ ရှိကြပြီး၊ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်ခြင်းသည် လမ်းမှန်ပေါ်၌ ရှိသည်ကို ဆိုလိုသည်။ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုမျှသည် လူတစ်ဦးအတွက် တစ်သက်တာလုံး ကြုံတွေ့ရန် လုံလောက်ပေသည်၊ လူတို့သည် ထိုအရာကို အသက်တာများစွာ သို့မဟုတ် ထောင်စုနှစ်ပေါင်း များစွာပင် အတွေ့အကြုံရမည် ဆိုလျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားတစ်ခုကို လုံးဝနှင့် စေ့စေ့စပ်စပ် ကြုံတွေ့နိုင်လိမ့်ဦးမည် မဟုတ်ပေ။...

...သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ အတွေ့အကြုံ အနည်းငယ်ရှိပြီး၊ သမ္မာတရားနှင့်သက်ဆိုင်သော သင်၏ သိနားလည်မှုအတိုင်း အသက်ရှင်နေပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အသက်တာ ဖြစ်လာကြပေသည်။ သို့သော်၊ သမ္မာတရားသည် သင်၏ အသက်ဖြစ်သည် သို့မဟုတ် သင် ဖော်ပြနေသည့်အရာသည် သမ္မာတရားဖြစ်သည်ဟု သင် ပြောဆို၍ မရနိုင်သေးပေ။ ယင်းမှာ သင်၏ ထင်မြင်ချက်ဖြစ်ပါက၊ သင်သည် မှားယွင်းပေသည်။ သင်သည် သမ္မာတရား၏ ရှုထောင့်တစ်ခုနှင့်ပတ်သက်၍ အတွေ့အကြုံ တစ်ချို့ရှိပါက၊ ဤအရာကိုယ်၌က သမ္မာတရားကို ကိုယ်စားပြုနိုင်သလော။ လုံးဝကိုယ်စားမပြုနိုင်ပေ။ သင်သည် သမ္မာတရားကို အကုန်အစင် ရှင်းပြနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို သမ္မာတရားမှ သင် ရှာဖွေတွေ့ရှိနိုင်သလော။ သင်ရှာဖွေမတွေ့ရှိနိုင်ပေ။ အယောက်တိုင်းသည် သမ္မာတရား၏ ရှုထောင့်တစ်ခုနှင့် နယ်ပယ်တစ်ခုနှင့်သာ ပတ်သက်သည့် အတွေ့အကြုံ ရှိသည်။ သင်၏အကန့်အသတ်ရှိသော နယ်ပယ်အတွင်း ထိုအရာကို တွေ့ကြုံခြင်းအားဖြင့်၊ သင်သည် သမ္မာတရား၏ ရှုထောင့် အမြောက်အမြားကို ထည့်သွင်း မစဉ်းစားနိုင်ပေ။ လူတို့သည် သမ္မာတရား၏ မူရင်းအဓိပ္ပာယ်ကို အသက်ရှင် နေထိုင်နိုင်ကြသလော။ သင်၏ အတွေ့အကြုံ အနည်းငယ်သည် မည်မျှနှင့် ညီမျှသနည်း။ ကမ်းခြေတစ်ခုက သဲတစ်ပွင့်၊ သမုဒ္ဒရာထဲက ရေတစ်စက်တည်း ဖြစ်၏။ ထို့ကြောင့် သင်၏အတွေ့အကြုံများမှ သင် ရရှိခဲ့သည့် ထိုအသိပညာနှင့် ခံစားချက်များသည် မည်မျှအဖိုးထိုက်မည်ဖြစ်ပါစေ၊ ၎င်းတို့ကို သမ္မာတရားအဖြစ် ယူဆ၍ မရနိုင်သေးပေ။ သမ္မာတရား၏ အရင်းအမြစ်နှင့် သမ္မာတရား၏အဓိပ္ပာယ်သည် အလွန်ကျယ်ပြန့်သောအပိုင်းအခြားတစ်ခုကို လွှမ်းခြုံထား၏။ ၎င်းကို မည်သည့်အရာကမျှ ဆန့်ကျင်၍မရနိုင်ပေ။ လူအချို့က၊ “အတွေ့အကြုံနှင့်ဆိုင်သည့် ငါ၏ အသိပညာသည် မည်သည့်အခါမျှ မကွဲလွဲဘဲ ရှိလိမ့်မည်လား” ဟု ဆိုကြသည်။ အမှန်ပင် ကွဲလွဲမည် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သင်၏ အတွေ့အကြုံမှလာသော စစ်မှန်သည့် သိနားလည်မှုသည် သမ္မာတရားနှင့် ကိုက်ညီသည်၊ ယင်းသည် အဘယ်သို့ ကွဲလွဲနိုင်မည်နည်း။ သမ္မာတရားသည် မည်သည့် ပတ်ဝန်းကျင်တွင်မဆို သင်၏ အသက် ဖြစ်နိုင်သည်။ ယင်းက သင့်ကို လမ်းကြောင်းတစ်ခု ပေးနိုင်ပြီး သင့်ကို ရှင်သန်ခွင့်ပေးနိုင်သည်။ သို့သော်၊ လူတို့ ရှိသောအရာများနှင့် ၎င်းတို့ ရပြီးသော အလင်းတို့သည် ၎င်းတို့အတွက်သာ သင့်တော်သည် သို့မဟုတ် အခြားသူအချို့အတွက် အတိုင်းအတာတစ်ခုအတွင်း သင့်လျော်သည်၊ သို့သော်လည်း မတူညီသော အတိုင်းအတာတစ်ခုအတွင်း သင့်လျော်မည်မဟုတ်ပေ။ လူတစ်ဦး၏အတွေ့အကြုံသည် မည်မျှ နက်နဲသည်ဖြစ်စေ၊ ယင်းသည် အလွန် နည်းပါးဆဲဖြစ်၏၊ ထို့ပြင် ၎င်းတို့၏ အတွေ့အကြုံသည် သမ္မာတရား၏အတိုင်းအတာသို့ မည်သည့်အခါမျှ ရောက်လိမ့်မည်မဟုတ်ပေ။ လူတစ်ဦး၏အလင်းနှင့် လူတစ်ဦး၏နားလည်မှုကို သမ္မာတရားနှင့် မည်သည့်အခါမျှ နှိုင်းယှဉ်၍ရနိုင်မည်မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။” မှ

အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။ သူအလုပ်လုပ်နေစဉ် ကာလ၌ အသင်းတော်များအတွက် ရေးသားပေးခဲ့သော နှိုးဆော်သည့် စကားများ၊ နှစ်သိမ့်အားပေးသည့် စကားများသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအချိန်က ပေါလု၏ လုပ်ဆောင်မှု အများအပြားကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းလည်း ဖြစ်သည်။ ၎င်းတို့သည် ထိုအချိန်က အသင်းတော်များ၏ ညီအစ်ကိုမောင်နှမများသည် သူ၏ အကြံပေးချက်များကို လိုက်လျှောက်ပြီး သခင်ယေရှု၏ နောင်တတရားလမ်းခရီးကို လိုက်နာကြဖို့အလို့ငှာ သခင်၌ ညီအစ်ကိုမောင်နှမများ အားလုံးအတွက် ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်အချိန်က ရှိခဲ့ကြသည့် အသင်းတော်များဖြစ်စေ၊ အနာဂတ်တွင် ရှိလာကြမည့် အသင်းတော်များဖြစ်စေ သူရေးခဲ့သည့်အရာများကို စားသောက်ကြရမည်ဟု တစ်ခါမျှ ပေါလု မပြောကြားခဲ့သကဲ့သို့ သူပြောသော စကားလုံးများအားလုံးသည် ဘုရားသခင်ထံမှ လာသော စကားများဖြစ်သည်ဟုလည်း မပြောခဲ့ပါ။ ထိုစဉ်အချိန်က အသင်းတော်များ၌ ဖြစ်နေသော အခြေအနေများနှင့်အညီ သူသည် ညီအစ်ကိုမောင်နှမများနှင့် ရင်းရင်းနှီးနှီး ပြောဆိုခဲ့ခြင်းသာ ဖြစ်ပြီး၊ သူတို့ကို နှိုးဆော်ရင်း သူတို့အထဲရှိ ယုံကြည်ခြင်းကို လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်၊ လူများကို တရားဟောခြင်း သက်သက် သို့မဟုတ် သတိပေးရုံသက်သက်၊ နှိုးဆော်ခြင်းသက်သက် ဟောပြောခဲ့ခြင်းဖြစ်သည်။ သူပြောသော စကားများသည် သူ၏စိတ်ထဲရှိ ဝန်ထုပ်၊ ဝန်ပိုးမှ ဖြစ်လာသော စကားများ ဖြစ်ပြီး သူသည် ထိုစကားများဖြင့် လူတို့ကို ကူညီခဲ့သည်။ သူသည် ထိုစဉ်အချိန်က အသင်းတော်များ၏ တမန်တော်အလုပ်ကို သူလုပ်ဆောင်ခဲ့သည်။ သူသည် သခင်ယေရှု အသုံးပြုခဲ့သော အမှုဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့ဖြစ်သောကြောင့် အသင်းတော်များအတွက် တာဝန်ကို သူယူရမည်ဖြစ်ပြီး အသင်းတော်များ၏ အလုပ်ကို ဆောင်ရွက်ရမည် ဖြစ်သည်၊ သူသည် ညီအစ်ကိုမောင်နှမများ၏ အခြေအနေကို လေ့လာသင်ယူခဲ့ရသည်၊ သို့ဖြစ်သောကြောင့် သူသည် သခင့်ထဲက ညီအစ်ကိုမောင်နှမအားလုံးထံသို့ သြဝါဒစာများကို ရေးသားခဲ့ခြင်းဖြစ်သည်။ လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပေ။ ယင်းသည် လူတစ်ယောက်၏ အတွေ့အကြုံများနှင့်ဆိုင်သော မှတ်တမ်းတစ်ခုနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော်ပြောသည့် စကားလုံးများသဖွယ် လူတို့ သဘောထားခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။ ဤအချက်သည် အသင်းတော်များအတွက် ရေးသားခဲ့သည့် ပေါလု၏ ရေးစာများနှင့် ပတ်သက်၍ အထူးမှန်ကန်သည်။ ၎င်း၏ ရေးစာများကို ထိုစဉ်အချိန်တုန်းက အသင်းတော် တစ်ခုချင်းစီ၏ အခြေအနေနှင့် အနေအထားများအပေါ် မူတည်ပြီး ညီအစ်ကိုမောင်နှမများအတွက် ရေးပေးခဲ့ခြင်းဖြစ်ပြီး သခင့်ထဲက ညီအစ်ကိုမောင်နှမများကို တိုက်တွန်းရန်ဖြစ်သည်။ ယေရှုသည် အာဗြဟံ၏ မျိုးဆက်ဖြစ်ကြောင်းကို ထိုသို့ရေးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရေးစာများသည် ထိုစဉ်တုန်းက ညီအစ်ကိုမောင်နှမများကို နိုးကြားထကြွလာစေရန် ရေးခဲ့သောစာများဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ပေါလု၏ ကိုယ်ပိုင်ဝန်ထုပ်၊ ဝန်ပိုးဖြစ်သည်ဟု ဆိုနိုင်သလို၊ သန့်ရှင်းသောဝိညာဉ်တော်မှ ပေးအပ်ခဲ့သည့် တာဝန်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ထိုစဉ်အချိန်က အသင်းတော်များကို ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် တမန်တော်၊ အသင်းတော်များအတွက် ရေးစာများကို ရေးသားပေးလျက် တိုက်တွန်းနှိုးဆော်ခဲ့သည့်သူ ဖြစ်ခဲ့သည်— ထိုသို့လုပ်ဆောင်ခြင်းသည် သူ့တာဝန် ဖြစ်ခဲ့သည်။ သူ၏ ကိုယ်ပိုင်လက္ခဏာမှာ အမှုဆောင်ခဲ့သည့် တမန်တော်မျှသာဖြစ်သည်၊ ဘုရားသခင် စေလွှတ်ခဲ့သည့် တမန်တော်မျှသာ ဖြစ်သည်၊ သူသည် ပရောက်ဖက်တစ်ဦးလည်း မဟုတ်သကဲ့သို့ အနာဂတ်ကို ဟောကြားသူလည်း မဟုတ်ခဲ့ပါ။ သူ့အဖို့ သူ၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်တာသည် အရေးတကာ့ အရေးကြီးဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူသည် သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်စား မပြောကြားနိုင်ခဲ့ပါ။ သူ့စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စကားများ မဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု သာ၍ပင် ပြောမရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင်၏လူ့ဇာတိခံယူခြင်း မဟုတ်သည်မှာ သေချာသောကြောင့် ဖြစ်သည်။ ပေါလု၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှုနှင့် မတူပါ။ ယေရှု ပြောခဲ့သော စကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ စကားများ၊ ဘုရားသခင်၏ စကားများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင်လက္ခဏာသည် ခရစ်တော် ဖြစ်သောကြောင့်— ဘုရားသခင်၏ သားဖြစ်သောကြောင့် ဖြစ်သည်။ ပေါလုသည် မည်သို့ ယေရှုနှင့် တူညီနိုင်ပါမည်နည်း။ အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ သို့ဖြစ်၍ သင်ဘာပြောမည်နည်း၊ အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသည် ၎င်း၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် မစွန်းထင်းဘဲ ရှိနေနိုင်မည်လော။ ၎င်းတို့သည် မည်သို့ လူ၏အတွေးအခေါ်များဖြင့် စွန်းထင်းမနေဘဲ ရှိနေနိုင်မည်နည်း။ ပေါလုသည် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများနှင့် သူ၏ ကိုယ်ပိုင် အသိပညာပေါ်အခြေခံပြီး အသင်းတော်များအတွက် သြဝါဒစာများကို ရေးခဲ့သည်။ ဥပမာ— ပေါလုက ဂလာတိ အသင်းတော်အတွက်ရေးသော သြဝါဒစာသည် အာဘော်တစ်မျိုး ဖြစ်ပြီး၊ ပေတရု ရေးလိုက်သည့် နောက်စာတစ်ခုသည် နောက်အာဘော်တစ်မျိုး ဖြစ်သည်။ ၎င်းတို့အထဲမှ မည်သည့်စာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဖြစ်သနည်း။ မည်သူမျှ သေချာပေါက် မပြောနိုင်ပါ။ သို့ဖြစ်၍၊ သူတို့ နှစ်ဦးစလုံးသည် အသင်းတော်များအတွက် ဝန်ကို ထမ်းရွက်ခဲ့ကြသည်၊ သို့သော် သူတို့၏ ပေးစာများမှာမူ သူတို့၏ ဝိညာဉ်အသက်တာကို ကိုယ်စားပြုသည်၊ ထိုစာများသည် ညီအစ်ကိုမောင်နှမများအတွက် သူတို့၏ ပံ့ပိုးကူညီမှုကို လည်းကောင်း၊ အသင်းတော်များအတွက် သူတို့ ထမ်းခဲ့သော ဝန်ကိုလည်းကောင်း ကိုယ်စားပြုပေသည်။ ထိုစာများသည် လူ၏ အလုပ်ကိုသာ ဖော်ပြပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် လုံးဝ မဟုတ်ဟုသာ ပြောနိုင်ပါသည်။ သူ၏ သြဝါဒစာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်ဟု သင်ပြောမည်ဆိုလျှင် သင်သည် အဓိပ္ပာယ်မဲ့သောသူဖြစ်ပြီး ဘုရားသခင်ကို သင်ပြစ်မှားစော်ကားလိုက်ခြင်းဖြစ်သည်။ ပေါလု၏ သြဝါဒစာများနှင့် ဓမ္မသစ်ကျမ်းထဲက အခြားသော သြဝါဒစာများသည် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ ကိုယ်တွေ့ မှတ်တမ်းများနှင့် တူသည်။ ထိုအရာများသည် စောင့်ကြည့်သူ နီး၏ စာအုပ်များ သို့မဟုတ် လောရင့်စ်၏ အတွေ့အကြုံများ စသည်တို့နှင့် တန်းတူကြသည်။ ရိုးရိုးလေး ပြောရလျှင် မျက်မှောက်ခေတ် ဘာသာရေးကဏ္ဍမှ နာမည်ကြီး ပုဂ္ဂိုလ်များ၏ စာအုပ်များကို ဓမ္မသစ်ကျမ်းထဲကို ထည့်မပေးထားသော်လည်း ထိုပုဂ္ဂိုလ်များ၏ အနှစ်သာရမှာ အတူတူပင် ဖြစ်သည်။ ထိုသူတို့အားလုံးသည် အချိန်ကာလတစ်ခုအတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခဲ့သည့် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ခဲ့ကြပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)” မှ

လူ၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများနှင့် သမ္မာတရားနှင့် သက်ဆိုင်သော သူ၏အသိပညာသည် သီးသန့် အတိုင်းအတာတစ်ခုအတွက်သာ သက်ဆိုင်ပေသည်။ လူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်သာ ဉာဏ်အလင်းပေးခံရနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် လုံးဝ မပြည့်ဝနိုင်သောကြောင့်၊ လူ လျှောက်သော လမ်းကြောင်းသည် လုံးဝ သန့်ရှင်းသော ဝိညာဉ်တော်၏ အလို ဖြစ်သည်ဟု သင်ပြော၍မရပေ။ လူ တွေ့ကြုံနိုင်သည့် အရာအားလုံးသည် ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာ အတွင်းတွင်ရှိပြီး ပုံမှန်လူသား၏စိတ်ထဲက အတွေးများ၏ အပိုင်းအခြားကို မကျော်လွန်နိုင်ပေ။ သမ္မာတရား လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်နိုင်သူအားလုံးသည် ဤအပိုင်းအခြားအတွင်းတွင် တွေ့ကြုံကြရလေသည်။ သမ္မာတရားကို ၎င်းတို့ တွေ့ကြုံချိန်တွင် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူသား အသက်တာ၏ အတွေ့အကြုံတစ်ခု အမြဲဖြစ်၏။ ယင်းသည် ပုံမှန်လူသားအသက်တာမှ သွေဖည်သော တွေ့ကြုံခြင်းနည်းလမ်းတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ လူသား အသက်တာများ အသက်ရှင်ခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းခံရလျက် သမ္မာတရားကို ၎င်းတို့ တွေ့ကြုံကြရသည်။ ထို့အပြင် ဤသမ္မာတရားသည် လူတစ်ဦးမှတစ်ဦး ကွဲပြားပြီး၊ ယင်း၏နက်ရှိုင်းမှုသည် လူ၏ အခြေအနေနှင့် ဆက်နွှယ်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားရှာဖွေသူတစ်ဦး၏ ပုံမှန်လူ့အသက်တာဖြစ်ပြီး၊ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူတစ်ဦး လျှောက်သော လမ်းကြောင်းဟု ခေါ်ကောင်းခေါ်ဆိုနိုင်သည်ဟုသာ ဆိုနိုင်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သော လမ်းကြောင်း ဖြစ်သည်ဟု မဆိုနိုင်ပေ။ ပုံမှန်လူသား အတွေ့အကြုံတွင်၊ လိုက်စားရှာဖွေသော လူတို့သည် မတူညီသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည်လည်း တူညီမှုမရှိပေ။ ထို့အပြင် လူတို့တွေ့ကြုံသော ပတ်ဝန်းကျင်များနှင့် ၎င်းတို့ အတွေ့အကြုံ၏ အပိုင်းအခြားများသည် မတူညီသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏စိတ်နှင့်အတွေးများ ရောနှောခြင်းကြောင့်၊ ၎င်းတို့၏ အတွေ့အကြုံသည် မတူညီသော အတိုင်းအတာများထိ ရောနှောလျက်ရှိလေသည်။ လူအသီးသီးသည် ၎င်းတို့၏ ကွဲပြားခြားနားသည့်၊ တစ်ဦးချင်း အခြေအနေများနှင့်အညီ သမ္မာတရားကို နားလည်ကြသည်။ သမ္မာတရား၏ စစ်မှန်သော အဓိပ္ပာယ်နှင့် သက်ဆိုင်သည့် ၎င်းတို့၏နားလည်မှုသည် မပြည့်စုံသကဲ့သို့၊ ယင်း၏ ရှုထောင့်တစ်ခု သို့မဟုတ် ရှုထောင့်အချို့သာ ဖြစ်လေသည်။ လူတွေ့ကြုံသော သမ္မာတရား၏ နယ်ပယ်သည် လူအသီးသီး၏ အခြေအနေများနှင့် တစ်ပြေးညီ တစ်ဦးမှတစ်ဦး ကွဲပြားခြားနားလေသည်။ ဤနည်းဖြင့် တူညီသော သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာကို မတူကွဲပြားသော လူများက ဖော်ပြသည့်အခါ ခြားနားကုန်ကြလေသည်။ ဆိုလိုသည်မှာ၊ လူ၏အတွေ့အကြုံသည် အမြဲ အကန့်အသတ်များရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို လုံးဝ ကိုယ်စားမပြုနိုင်သကဲ့သို့၊ လူဖော်ပြသောအရာသည် ဘုရားသခင်၏ အလိုနှင့် အလွန်နီးကပ်စွာ ကိုက်ညီပြီး၊ လူ၏ အတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သော စုံလင်စေခြင်းနှင့် အလွန်နီးကပ်နေလျှင်ပင်၊ လူ၏အလုပ်ကို ဘုရားသခင်၏အမှုအဖြစ် မြင်၍ မရနိုင်ပေ။ လူသည် ဘုရားသခင် သူ့ကို ပေးအပ်ထားသည့် အလုပ်ကို လုပ်ဆောင်လျက် ဘုရားသခင်၏အစေခံသာ ဖြစ်နိုင်သည်။ လူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသည့် အသိပညာနှင့် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများမှရရှိသော သမ္မာတရားများကိုသာ ဖော်ပြနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထွက်ပေါက်ဖြစ်ရန် လူသည် အရည်အချင်းမပြည့်မီသကဲ့သို့ သတ်မှတ်ချက်များကို မပြည့်မီပေ။ သူ၏အလုပ်သည် ဘုရားသခင်၏ အမှုဖြစ်သည်ဟု သူ ဆိုပိုင်ခွင့်မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

လူသား၏မိတ်သဟာယသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ကွဲပြားသည်။ လူတို့ မိတ်သဟာယပြုသည့်အရာသည် ဘုရားသခင်၏ အမှုအရ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုများနှင့် အတွေ့အကြုံတို့ကို ဖော်ပြရင်း၊ ၎င်းတို့တစ်ဦးချင်း၏ ထိုးထွင်းသိမြင်မှုများနှင့် အတွေ့အကြုံကို သိရှိစေသည်။ သူတို့၏တာဝန်မှာ ဘုရားသခင် အလုပ်လုပ်ပြီးနောက် သို့မဟုတ် စကားပြောဆိုပြီးနောက်တွင် ၎င်းတို့ လက်တွေ့ဆောင်သင့်သောအရာ သို့မဟုတ် ဝင်ရောက်သင့်သည့်အရာ မည်သည့်အရာဖြစ်သည်ကို သိရှိအောင်ပြုလုပ်ပြီး၊ ထို့နောက် နောက်လိုက်များထံသို့ ပေးပို့ရန်ဖြစ်သည်။ ထို့ကြောင့် လူသား၏အလုပ်သည် သူ၏ဝင်ရောက်မှုနှင့် လက်တွေ့လုပ်ဆောင်မှုတို့ကို ကိုယ်စားပြုသည်။ ဟုတ်ပေ၏၊ ထိုသို့သောအလုပ်သည် လူသား သင်ခန်းစာများနှင့် အတွေ့အကြုံ သို့မဟုတ် လူသား အတွေးများ အချို့နှင့် ရောနှောနေပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့အလုပ်လုပ်သည်ဖြစ်စေ၊ လူသားပေါ် အလုပ်လုပ်သည်ဖြစ်စေ လူ့ဇာတိခံ ဘုရားသခင်၌ အလုပ်လုပ်သည်ဖြစ်စေ၊ လုပ်သားများက ၎င်းတို့မည်သည့်အရာ ဖြစ်သည်ကို အမြဲဖော်ပြကြ၏။ အလုပ်လုပ်သူမှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အခြေခံအုတ်မြစ် မရှိဘဲ အလုပ်မလုပ်သောကြောင့်၊ အလုပ်သည် လူသား ပင်ကိုအားဖြင့် ဖြစ်သည့်အရာအပေါ် အခြေခံလေသည်။ တစ်နည်းဆိုရသော်၊ အလုပ်သည် ဘာမျှမရှိခြင်းမှ မလာဘဲ၊ တကယ့်အခြေအနေများနှင့် စစ်မှန်သော အနေအထားများနှင့်အညီ အမြဲ လုပ်ဆောင်ရလေသည်။ ဤနည်းဖြင့်သာ လူသား၏ စိတ်သဘောထား ပြောင်းလဲနိုင်ပြီး သူ၏ အယူအဆဟောင်းများနှင့် အတွေးဟောင်းများ ပြောင်းလဲနိုင်ပေသည်။ လူသားက ဖော်ပြသည့်အရာသည် သူမြင်သော အရာ၊ တွေ့ကြုံရသောအရာနှင့် သူစိတ်ကူးနိုင်သောအရာ ဖြစ်ပြီး၊ ယင်းသည် အယူဝါဒများ သို့မဟုတ် အယူအဆများ ဖြစ်လျှင်ပင်၊ လူသား၏ တွေးခေါ်မှုအားဖြင့် ရရှိနိုင်ပေသည်။ လူသား၏ အလုပ်သည် ယင်းအလုပ်၏ အရွယ်အစားကို ပဓာနမထားဘဲ၊ လူသား၏ အတွေ့အကြုံဖြစ်စေ၊ လူသား မြင်သည့်အရာဖြစ်စေ လူသား စိတ်ကူးနိုင်သည့်အရာ သို့မဟုတ် စိတ်ကူးကြံစည်နိုင်သည့်အရာ၏ အတိုင်းအတာကို မကျော်လွန်နိုင်ပေ။ ဘုရားသခင် ဖော်ပြသည့် အရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည့်အရာဖြစ်ပြီး၊ ဤအရာကို လူသားက မရယူနိုင်ပေ- ဆိုလိုသည်မှာ ယင်းကို လူသား၏ တွေးခေါ်မှုက လက်လှမ်းမမီပေ။ သူသည် လူသားမျိုးနွယ်အားလုံးကို ဦးဆောင်ခြင်း အလုပ်အား ဖော်ပြပြီး ဤသည်မှာ လူသားအတွေ့အကြုံ၏ အသေးစိတ် အချက်အလက်များနှင့် ဆက်နွှယ်မှုမရှိဘဲ၊ ယင်းအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသား ဖော်ပြသည့်အရာသည် သူ၏အတွေ့အကြုံ ဖြစ်သော်လည်း၊ ဘုရားသခင် ဖော်ပြသည်မှာ လူသား လက်လှမ်းမမီသည့် သူ၏ ရှိရင်းစွဲ စိတ်သဘောထားဖြစ်သော သူ၏ဖြစ်တည်မှု‌ ဖြစ်ပေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်၏ဖြစ်တည်မှုနှင့် သက်ဆိုင်၍ ဘုရားသခင်၏ဖော်ပြခြင်းအရ ဆည်းပူးရရှိသည့် ၎င်း၏ ထိုးထွင်းသိမြင်မှုနှင့် အသိပညာ ဖြစ်ပေသည်။ ထိုသို့သော ထိုးထွင်းသိမြင်မှုနှင့် အသိပညာတို့ကို လူသား၏ ဖြစ်တည်မှုဟု ခေါ်ပြီး၊ ၎င်းတို့၏ ဖော်ပြခြင်းနှင့် သက်ဆိုင်သည့် အခြေခံအကြောင်းရင်းမှာ၊ လူသား၏ မွေးရာပါ စိတ်သဘောထားနှင့် အရည်အချင်းတို့ ဖြစ်သည်- ဤသည်မှာ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်း ခေါ်ဆိုရသည့် အကြောင်းရင်း ဖြစ်ပေသည်။ လူသားသည် သူတွေ့ကြုံပြီး မြင်ရသောအရာကို မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့ မတွေ့ကြုံဖူးသည့်အရာ၊ မမြင်ဖူးသည့်အရာ သို့မဟုတ် ၎င်းတို့၏ တွေးခေါ်မှုက လက်လှမ်းမမီနိုင်သောအရာ၊ ထိုအရာများသည် ၎င်းတို့၏အတွင်းတွင် မရှိသောအရာများဖြစ်သဖြင့် ၎င်းတို့ကို မည်သူမျှ မိတ်သဟာယ မပြုနိုင်ပေ။ အကယ်၍ လူသားဖော်ပြသောအရာသည် သူ၏တွေ့ကြုံမှုမှ မဟုတ်ပါက၊ ယင်းသည် သူ၏ စိတ်ကူးစိတ်သန်း သို့မဟုတ် အယူဝါဒ ဖြစ်ပေသည်။ ရှင်းရှင်းပြောရလျှင်၊ သူ၏စကားများတွင် မည်သည့် လက်တွေ့အရှိတရားမျှ မရှိပေ။ သင်သည် လူ့အဖွဲ့အစည်း၏ အရာများနှင့် မည်သည့်အခါမျှ ထိတွေ့မှုရှိမလာခဲ့ပါက၊ သင်သည် လူ့အဖွဲ့အစည်း၏ ရှုပ်ထွေးသော ဆက်ဆံရေးများကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်မည် မဟုတ်ပေ။ သင်သည် မိသားစုမရှိလျှင်၊ အခြားသူများသည် မိသားစု အရေးကိစ္စများအကြောင်း ဆွေးနွေးကြမည်ဆိုပါက၊ ၎င်းတို့ပြောနေသည့်အရာ အများစုကို သင်နားလည်မည် မဟုတ်ပေ။ ထို့ကြောင့် လူသား မိတ်သဟာယ ပြုသောအရာနှင့် သူ လုပ်ဆောင်သောအလုပ်သည် သူ၏ အတွင်းဖြစ်တည်မှုကို ကိုယ်စားပြုပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူ့စကားအဖြစ် ပြော၍ မရဘဲ၊ လူ့စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် သာ၍ပင် ပြော၍ မရပေ။ ဘုရားသခင် အသုံးပြုသောသူသည် လူ့ဇာတိခံ ဘုရားသခင် မဟုတ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး မဟုတ်ပေ။ ဤတွင် ပဓာနကျသော ကွဲပြားမှုတစ်ခု ရှိသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သင်လက်မခံဘဲ၊ လူသားက ရရှိပြီးဖြစ်သည့် ဉာဏ်ပွင့်ခြင်းအဖြစ်သာ လက်ခံခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက၊ သင်သည် မသိနားမလည်မှု၏ မျက်စိအလင်းကွယ်စေခြင်း ခံရပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားက ရရှိသည့် ဉာဏ်ပွင့်ခြင်းနှင့် မည်သို့ တူညီနိုင်မည်နည်း။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်၊ လူသားမျိုးနွယ် အားလုံးကို လမ်းပြသည်၊ နက်နဲမှုများကို ထုတ်ဖော်ပြပြီး၊ ခေတ်သစ်တွင် လူသားလျှောက်လှမ်းရမည့် ဦးတည်ရာကို ပြသပေသည်။ လူသားရရှိသော အသိဉာဏ်ပွင့်လင်းခြင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသိပညာအတွက် ရိုးရှင်းသော သွန်သင်မှုများသာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်အားလုံးကို ခေတ်သစ်တစ်ခုထဲသို့ လမ်းပြနိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ နက်နဲမှုများကို ထုတ်ဖော်မပြနိုင်ပေ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။ လူသည် ဘုရားသခင် ပြောဆိုသော စကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်ပွင့်စေခြင်း အဖြစ် ရှုမြင်ပြီး၊ တမန်တော်များနှင့် ပရောဖက်များ၏စကားများကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော စကားများအဖြစ် မှတ်ယူပါက၊ လူတို့၏အမှား ဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ သင်သည် အမှန်နှင့် အမှားကို မည်သည့်အခါတွင်မျှ မရောထွေးသင့်ပေ၊ သို့မဟုတ် မြင့်မားသောအရာကို နိမ့်ကျသောအရာ မဖြစ်စေသင့်၊ သို့မဟုတ် လေးနက်သောအရာကို ပေါ့တန်သောအရာနှင့် မမှားသင့်ပေ။ မည်သို့ပင်ဖြစ်စေ အမှန်တရားဟု သင်သိထားသောအရာကို တမင်သက်သက် မည်သည့်အခါတွင်မျှ မငြင်းဆိုသင့်ပေ။ ဘုရားသခင်တစ်ပါး ရှိသည်ဟု ယုံကြည်သူတိုင်းသည် ပြဿနာများကို မှန်ကန်သော ရှုထောင့်မှ စုံစမ်းသင့်ပြီး၊ ဘုရားသခင်၏ အမှုသစ်နှင့် သူ၏ နှုတ်ကပတ်တော်အသစ်များကို သူ၏ ဖန်ဆင်းခံ ရှုထောင့်မှ လက်ခံသင့်ပေသည်။ သို့မဟုတ်ပါက ဘုရားသခင်၏ သုတ်သင်ပယ်ရှင်းခြင်းကို ၎င်းတို့ ခံရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

အရှေ့သို့- ၃) ပညာသတိရှိသော သတို့သမီးများ၏ ဆုလာဘ်သည် မည်သည့်အရာဖြစ်ပြီး မိုက်မဲသော သတို့သမီးများသည် အဘယ့်ကြောင့် ကပ်ဘေးထဲသို့ ကျရောက်မည်နည်း

နောက်တစ်ခုသို့- ၅) ပရောဖက်များမှ ပြောကြားခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံဘုရားသခင်မှ ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များကြား ကွဲပြားခြားနားမှုများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄) ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်သည် လူတို့ ကယ်တင်ခြင်းခံရနိုင်ရန်နှင့် စုံလင်စေခြင်း ခံရနိုင်သည့် အတိုင်းအတာအထိ ဖြည်းဖြည်းချင်း နက်နဲလာသည့်ပုံ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားပြီး၊ အဆင့်အသီးသီးတွင်၊...

၁) ပညာသတိရှိသော သတို့သမီးများနှင့် မိုက်မဲသော သတို့သမီးများမှာ အဘယ်နည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍...

၄) နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်၏ အရေးပါမှုကို သိရှိသည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို...

၁) ကျေးဇူးတော်ခေတ်၌ နောင်တလမ်းခရီးနှင့် နောက်ဆုံးသော ကာလ၌ ထာဝရအသက်လမ်းခရီးတို့ကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောင်တရရှိရေး ဧဝံဂေလိတရားကို ကျေးဇူးတော်ခေတ်၌ ဟောကြားခဲ့ပြီး၊ လူသားသည် ယုံကြည်ပါက ကယ်တင်ခြင်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်