ယုံကြည်သူများသည် ဘာသာတရားကို စွန့်ပစ်ပြီး ဘုရားသခင်ထံသို့ ပြန်လာဖို့ရန်အလို့ငှာ သိုးထိန်း အယောင်ဆောင်သောသူများနှင့် အန္တိခရစ်များကို ခွဲခြားနိုင်ရမည်
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုးထိန်းသည် သိုးတို့ကိုမကျွေးမွေးရသလော။ သင်တို့သည် သိုးနို့ကို စားကြ၏။ သိုးမွေးကို ဝတ်ကြ၏။ ဆူဖြိုးသော သိုးတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင်၊ သိုးတို့ကို မကျွေးမွေးပါတကား။ အားနည်းသောသိုးကိုမ မစကြ၊ နာသော သိုးတို့ကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍မဆောင်ခဲ့ ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။ ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ၏။ ကွဲပြားလျက်နေသောအခါ ခပ်သိမ်းသော တောသားရဲစားစရာဖြစ်ကြ၏။ ငါ့သိုးတို့သည် တောင်များ၊ မြင့်သောကုန်းများ အပေါ်မှာလဲ၍ မြေတပြင်လုံတွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ၍၊ အဘယ်သူမျှ မလိုက်ရှာကြ။” (ယေဇကျေလအနာဂတ္တိကျမ်း ၃၄:၂-၆)
“အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၇:၁၅)
“သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၅:၁၄)
“လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။” (ရှင်ယောဟန်သြဝါဒစာဒုတိယစောင် ၁:၇)
“ဘုရားသခင်၏ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့်ကြွလာ တော်မူသော ယေရှုခရစ်ကို ဝန်ခံသောဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရား သခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။” (ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၄:၂-၃)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။...
ဘုရားသခင်ကို လူတို့၏ ယုံကြည်ခြင်းတွင် အခြားသူများနောက် သူတို့ လိုက်ခဲ့ကြသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကို သူတို့ မဖြည့်ဆည်းခဲ့ကြသည်ဖြစ်စေ၊ ဤနောက်ဆုံးအဆင့်အတောအတွင်း၌ ဘုရားသခင်၏ရှေ့သို့ နောက်ဆုံးတွင် သူတို့လာကြရမည်ဖြစ်သည်။ အမှုတော်၏ ဤအဆင့်ကို ဖြတ်သန်းပြီးခြင်းတည်းဟူသော အခြေခံအုတ်မြစ် သင်ရှိသော်လည်း၊ အခြားသူများနောက် သင် ဆက်လိုက်လျှင်၊ သင်သည် ခွင့်လွှတ်မရနိုင်သောသူဖြစ်လိမ့်မည်ဖြစ်ပြီး၊ ပေါလုကဲ့သို့ပင် အဆုံးသတ်ရလိမ့်မည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ
ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ကောင်းမွန်သည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။ ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နှိမ့်ချသောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများ- ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သော တကယ့် အတွေ့အကြုံနှင့် လက်တွေ့ကျသည့် အသိပညာရှိလင့်ကစား၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အလွန်နည်းပါးသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်၏ အချစ်ခင်ရဆုံးသောသူများ ဖြစ်သည်။ ထိုသို့သောလူတို့သာ သက်သေခံချက် အမှန်တကယ်ရှိကြပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်စွမ်း အမှန်တကယ် ရှိကြပေသည်။ ဘုရားသခင်၏ အလိုကို နားမလည်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်၏ အလိုကို နားလည်သော်လည်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သော်လည်း၊ ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရကို ဆန့်ကျင်ကြသူတို့သည် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြ၏။ လူဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည့်အပြင်၊ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်ရန် စိတ်ဆန္ဒရှိသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်အပေါ် ဝေဖန်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်ကို မသိနိုင်သူ သို့မဟုတ် သူ့ကို သက်သေမခံနိုင်သူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်ဘက် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ
အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သော လမ်းသို့ ခေါ်ဆောင်နိုင်ပြီး ၎င်းတို့ကို သမ္မာတရားထဲသို့ သာ၍ ကြီးမားသည့် ဝင်ရောက်မှု ပေးနိုင်လေသည်။ သူ့အလုပ်သည် လူတို့ကို ဘုရားသခင် ရှေ့သို့ ခေါ်ဆောင်နိုင်သည်။ ထို့အပြင်၊ သူလုပ်ဆောင်သော အလုပ်သည် တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပြီး၊ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ ရှိစေရင်း၊ စည်းမျဉ်းများဖြင့် ကန့်သတ်မထားသကဲ့သို့၊ အသက်တာတွင် လုပ်နိုင်စွမ်း တဖြည်းဖြည်း ကြီးထွားနိုင်ပြီး သမ္မာတရားထဲသို့ သာ၍နက်နဲသော ဝင်ရောက်မှုတစ်ခုကို ရရှိစေနိုင်သည်။ အရည်အချင်းမပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် အလွန်အဆင့်မမီပေ။ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများထဲသို့သာ ပို့ဆောင်နိုင်ပြီး၊ လူတို့ကို သူတောင်းဆိုသော အရာသည် တစ်ဦးနှင့်တစ်ဦး မကွာခြားပေ။ သူသည် လူတို့၏ တကယ့် လိုအပ်ချက်များနှင့်အညီ အလုပ်မလုပ်ပေ။ ဤအလုပ်အမျိုးအစားတွင်၊ စည်းမျဉ်းစည်းကမ်း အလွန်များလှပြီး အယူဝါဒ အလွန်များလှကာ၊ လူတို့ကို လက်တွေ့အရှိတရားထဲသို့၊ သို့မဟုတ် အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ပုံမှန်လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ မခေါ်ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့ကိုသာ လိုက်နာနိုင်စေသည်။ ထိုသို့သော လမ်းပြမှုမျိုးသည် လူတို့ကို လမ်းလွဲရုံသာ လမ်းလွဲစေနိုင်သည်။ သူသည် သင့်ကို သူနှင့်တူစေဖို့ ဦးဆောင်သည်။ သူသည် သင့်ကို သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲသို့ ခေါ်ဆောင်နိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များ အရည်အချင်း ပြည့်မီခြင်း ရှိမရှိကို ရိပ်စားမိရန်၊ အဓိကသော့ချက်မှာ ၎င်းတို့ဦးဆောင်သော လမ်းကြောင်းနှင့် ၎င်းတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များက သမ္မာတရားနှင့်အညီ အခြေခံသဘောတရားများကို ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ၎င်းတို့၏ ပြောင်းလဲခြင်းအတွက် သင့်တော်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများ ရရှိခြင်း ရှိ မရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့် အလုပ်များကို ခွဲခြားသိမြင်သင့်သည်။ သင်သည် မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ဤသည်မှာ လူတို့၏ဝင်ရောက်မှု ကိစ္စနင့် သက်ဆိုင်ပေသည်။ အကယ်၍ သင်သည် မည်သည့် လူ၏ဦးဆောင်မှုသည် လမ်းကြောင်းရှိပြီး၊ မည်သည့်လူ၏ ဦးဆောင်မှုက လမ်းကြောင်းမရှိသည်ကို မခွဲခြားမသိမြင်နိုင်ပါက၊ သင်သည် လွယ်ကူစွာ လှည့်စားခြင်းခံရလိမ့်မည်။ ဤအရာအားလုံးသည် သင်ကိုယ်တိုင်၏ အသက်တာနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ
လူ၏စိတ်ထဲရှိအလုပ်သည် ရရှိဖို့ လူသားအတွက် အလွန်လွယ်ကူလွန်းလှ ပေသည်။ ဥပမာအားဖြင့်၊ ဘာသာရေး လောကထဲက သင်းအုပ်များနှင့် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ ဆုကျေးဇူးများနှင့် ရာထူးများအပေါ် အမှီပြုကြသည်။ အချိန်ကြာမြင့်စွာ ၎င်းတို့နောက်လိုက်သော သူများသည် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် ကူးစက်ခံရပြီး ၎င်းတို့၏ဖြစ်တည်မှု အချို့ဖြင့် လွှမ်းမိုးမှုခံရကြလိမ့်မည်။ ၎င်းတို့သည် လူတို့၏ ဆုကျေးဇူးများ၊ အစွမ်းအစများနှင့် အသိပညာတို့အပေါ် အာရုံစိုက်ပြီး၊ သဘာဝလွန်သည့်အရာများနှင့် နက်နဲပြီး လက်တွေ့မကျသော အယူဝါဒများကို (ဟုတ်ပေ၏၊ ဤနက်နဲသော အယူဝါဒများကို မရယူနိုင်ပေ။) အာရုံစိုက်ကြလေသည်။ ၎င်းတို့သည် လူတို့၏ စိတ်သဘောထားများထဲက ပြောင်းလဲမှုများအပေါ် အာရုံမစိုက်ဘဲ၊ ယင်းထက် တရားဟောဖို့နှင့် အလုပ်လုပ်ဖို့ လူတို့ကို လေ့ကျင့်ပေးခြင်း၊ လူတို့၏အသိပညာနှင့် ၎င်းတို့၏ အလျှံပယ်ဖြစ်သော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့အပေါ် အာရုံစိုက်ကြလေသည်။ လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်ဆိုသည့်အပေါ် ၎င်းတို့ အာရုံမစိုက်ကြသကဲ့သို့၊ သမ္မာတရားကို လူတို့ မည်မျှနားလည်သည်ဆိုသည့်အပေါ်လည်း အာရုံမစိုက်ပေ။ ၎င်းတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို ရရှိဖို့ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရကိုပင် စိတ်ပင်မဝင်စားကြပေ။ ၎င်းတို့သည် လူတို့၏ မပြည့်စုံမှုများ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းများအတွက် လူတို့ကို ပြုပြင်ရန်မဆိုထားနှင့်၊ ၎င်းတို့၏ အယူအဆများကို မဆန့်ကျင်ကြသကဲ့သို့၊ ၎င်းတို့၏အယူအဆများကို ထုတ်ဖော်ပြခြင်းမရှိပေ။ ၎င်းတို့နောက်လိုက်သောသူ အများစုသည် မိမိတို့၏ ဆုကျေးဇူးများဖြင့် အစေခံကြပြီး၊ သူတို့ထုတ်ဖော်ပြသမျှအားလုံးမှာ လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အပေါ် အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိသည့် ဘာသာရေး အယူအဆများနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့ အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသည့် လူတစ်ဦးမှ နောက်ပိုင်းတွင် အလုပ်လုပ်ကာ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာကျောင်း ဘွဲ့ရတစ်ဦးအဖြစ်သို့ ပျိုးထောင်ခြင်း ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ
ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် ကောင်းချီးကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သြဇာအာဏာရှိသော အနေအထားမှ အခြားသူများအပေါ် ဆရာလုပ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်- ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ရည်ရွယ်ချက်များရှိငြား၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မမှန်ကန်ကြဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် အကွက်ဆင်ပြီး လှည့်ဖြားကြသည်။ ထို့အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့်၊ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံဝံ့မည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ
သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး စွန့်ပစ်ခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ထိန်းချုပ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ- ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် ရာထူးနေရာ၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများ- ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလင်ခြင်းသို့ ရောက်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို ဝင်ရောက်စွက်ဖက်လေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်” မှ
အချို့လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းရန်အတွက် မဟုတ်ဘဲ အရေးပေါ်အခြေအနေများ အတွက် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် စွန့်ပယ်ရန်နှင့် အခြားသူများကို ကူညီရန် မိမိတို့ကိုယ်ကိုယ် အချို့သော သမ္မာတရားဖြင့်သာ ပြင်ဆင်ထားကြသည်၊ ၎င်းတို့ကို “တစ်ကိုယ်ကောင်းမဆန်သောလူများ” ဟု ငါတို့ ခေါ်ကြသည်။ ၎င်းတို့သည် အခြားသူများကို သမ္မာတရား၏ ရုပ်သေးများအဖြစ် သဘောထားကြပြီး မိမိတို့ကိုယ်ကိုယ် သမ္မာတရား၏ ဆရာသခင်များအဖြစ် သဘောထားကြ၍ အခြားသူများအား သမ္မာတရားကို မြဲမြံစွာ စွဲကိုင်ကြရန်နှင့် မတုန်မလှုပ် မနေကြရန် သွန်သင်ကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင်သည် ဘေးစည်းမှနေ၍ ပွဲကြည့်ပရိသတ်များအဖြစ် ရှိမြဲရှိကြ လေသည်။ ဤလူများသည် မည်သို့သော လူအမျိုးအစားများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရား နှုတ်ကပတ်တော်အချို့ဖြင့်သာ မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြပြီး၊ အခြားသူများကို ဩဝါဒပေးရန်မျှသာ ထိုနှုတ်ကပတ်တော်များကို အသုံးပြုကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင်၏ ပျက်စီးခြင်းနှင့် ကြုံတွေ့ရခြင်းအား တားဆီးရန် မည်သည့်အရာကိုမျှ လုံးဝ လုပ်ဆောင်ခြင်းမရှိကြချေ။ သနားစဖွယ်ကောင်းလေစွ။ အကယ်၍ ၎င်းတို့၏ နှုတ်ကပတ်တော်များသည် အခြားသူများကို ကူညီနိုင်ပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အဘယ်ကြောင့် မကူညီနိုင်ကြသနည်း။ ငါတို့သည် ၎င်းတို့ကို လက်တွေ့အရှိတရား ကင်းမဲ့သော ကြောင်သူတော်များအဖြစ် အမည်တပ်သင့်သည်။ ၎င်းတို့သည် အခြားသူများကို သမ္မာတရား နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးကြပြီး အခြားသူတို့အား ထိုနှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ဆောင်စေ ကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင် လက်တွေ့ကျင့်ဆောင်ရန် ကြိုးပမ်းအားထုတ်ခြင်း မရှိကြချေ။ ၎င်းတို့သည် စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ယင်းကို ၎င်းတို့ကိုယ်တိုင် သိသိသာသာ မလုပ်ဆောင်နိုင်ကြသော်လည်း၊ အခြားသူများကို သမ္မာတရား နှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ရန် အတင်းအကျပ်ပြုကြသည်- ဤသည်မှာ ရက်စက်သော နည်းလမ်းတစ်ခုပါတကား။ ၎င်းတို့သည် အခြားသူများကို ကူညီရန် လက်တွေ့အရှိတရားကို အသုံးပြုနေခြင်း မရှိကြပေ။ ၎င်းတို့သည် အခြားသူများကို ထောက်ပံ့ပေးရန် ချစ်ခြင်းမေတ္တာကို အသုံးပြုနေခြင်း မဟုတ်ပေ။ ၎င်းတို့သည် လူတို့ကို လိမ်လည်လှည့်ဖြားပြီး အန္တရာယ်ပြုနေကြခြင်း သက်သက် ဖြစ်သည်။ အကယ်၍ ဤအရာသည် ဆက်လက် ဖြစ်ပွားပါက၊ လူအသီးသီးသည် သမ္မာတရား နှုတ်ကပတ်တော်များကို နောက်တစ်ဦးထံ လက်ဆင့်ကမ်းခြင်းဖြင့်၊ ဤသည်မှာ အယောက်တိုင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိစဉ်တွင် သမ္မာတရား နှုတ်ကပတ်တော်များကို ပြောဆိုရုံမျှပြောဆိုခြင်းဖြင့် အဆုံးသတ်လိမ့်မည်မဟုတ်လော။ ထိုသို့သော လူများသည် အဘယ်သို့ ပြောင်းလဲနိုင်မည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပြဿနာများကို လုံးဝ သတိမပြုမိကြပေ။ ၎င်းတို့အတွက် အဘယ်သို့ ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိနိုင်မည်နည်း။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ချစ်သောသူတို့သည် ရှေ့ဆက်လမ်းကြောင်းတစ်ခု ရှိကြ၏” မှ
ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ အယူအဆများ သိုထားသော်လည်း၊ သူ့ကို နာခံရန် အဆင်သင့်ရှိပြီး လိုလားနေသူများသည် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူသားကို သူ၏အတွေးများနှင့် စိတ်ကူးများအတွက် ဘယ်သောခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ၊ လူသား၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များပေါ် အခြေခံ၍ ပြစ်တင်ရှုတ်ချလေသည်။ အကယ်၍သာ သူသည် လူသား၏ ၎င်း၏ အတွေးများနှင့် စိတ်ကူးများပေါ် အခြေခံ၍ စီရင်မည်ဆိုပါက၊ လူတစ်ဦးမျှ ဘုရားသခင်၏ အမျက်ဒေါသနှင့်ပြည့်သော လက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လူဇာတိခံ ဘုရားသခင်ကို တမင် ဆန့်ကျင်သော သူတို့သည် ၎င်းတို့၏ မနာခံမှုအတွက် အပြစ်ဒဏ်ပေးခံကြရမည် ဖြစ်သည်။ ဘုရားသခင်ကို တမင် ဆန့်ကျင်သောသူတို့နှင့် စပ်လျဉ်း၍၊ ၎င်းတို့၏ ဆန့်ကျင်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားသည့်အချက်မှ အစပြု၏၊ ယင်းကတစ်ဆင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်သည့် လုပ်ရပ်များသို့ ၎င်းတို့ကို သွေးဆောင်လေသည်။ ဤလူများသည် ဘုရားသခင်၏အမှုကို တမင်သက်သက် ခုခံကာ ဖျက်ဆီးကြလေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည်သာ မဟုတ်ဘဲ၊ သူ၏အမှုကို နှောင့်ယှက်သည့် လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ပတ်သက်ကြကာ၊ ဤအကြောင်းကြောင့် ဤလူစားမျိုးများသည် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ
သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ
ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ငြင်းပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်းမှာ စိတ်ကူးပေါက်သည်အတိုင်း ဝေဖန်ခြင်းမှတစ်ဆင့် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်သည် သာ၍ ဖောက်ပြန်ပျက်ဆီးကာ အောက်တန်းကျပြီး ယုတ်ညံ့လာလေလေ၊ ဘုရားသခင်၏ ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ
များစွာသော လူတို့သည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိပညာနှင့် အယူဝါဒ အနည်းငယ်သာ ပိုင်ဆိုင် သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်လော။ ထိုသို့သော လူများ၏ အတွေ့အကြုံများသည် အပေါ်ယံ ဖြစ်သော်လည်း၊ သဘာဝ၌ မာနထောင်လွှားကာ စိတ်အလိုလိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အထင်သေးခြင်းဖြင့် မှတ်ယူကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းများကို လျစ်လျူရှုကြသကဲ့သို့၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို “အတည်ပြုရန်” ၎င်းတို့၏ အရေးမပါသည့် အိုဟောင်းသော အကြောင်းပြချက်များကို အသုံးပြုကြ၏။ ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုကာ ၎င်းတို့၏ ကိုယ်ပိုင် လေ့လာသင်ယူမှုနှင့် အသိပညာအပေါ် အပြည့်အဝ လက်ခံယုံကြည်ကြသကဲ့သို့၊ ၎င်းတို့ ကမ္ဘာ့အနှံ့ ခရီးသွားနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြလေသည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီးပြီး ငြင်းပယ်သူများ မဟုတ်ပါလော၊ ၎င်းတို့ကို ခေတ်သစ်က ဖယ်ရှားလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး၊ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် ၎င်းတို့ မည်မျှ အလွန် ထက်မြက်သည်ကို ပြရန်မျှသာ ကြိုးစားနေသော မသိနားမလည်သကဲ့သို့ အသိအမြင်လိုသေးသော လူကလေးများ မဟုတ်ပါလော။ နည်းပါးသော ကျမ်းစာ အသိညာဖြင့်၊ ၎င်းတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို ခွရန် ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံ အယူဝါဒဖြင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းကြသည့်အပြင်၊ ထိုအမှုကို ၎င်းတို့တွေးခေါ်မှု ဖြစ်စဉ်ကို ဗဟိုပြုစေရန် ကြိုးစားကြ၏။ ၎င်းတို့သည် ရေရှည် မကြည့်တတ်ကြသည့်အတွက်၊ ဘုရားသခင်၏အနှစ်ခြောက်ထောင် အမှုကို အကြည့်တစ်ချက်ဖြင့် ရှုမြင်ရန် ကြိုးစားကြ၏။ ဤလူတို့သည် ပြောလောက်စရာ အသိစိတ် တစ်ခုတစ်လေမျှ မရှိကြပါတကား။ အမှန်တွင် လူတို့၏ ဘုရားသခင် အကြောင်း အသိပညာ သာ၍ များလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ယနေ့ခေတ်တွင် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အနည်းငယ်ကိုသာ ပြောဆိုကြသော်လည်း၊ ၎င်းတို့၏ ဝေဖန်မှုများတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ၎င်းတို့သည် သာ၍ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြစ်ခြင်းကို အကြောင်းမဲ့သက်သက် ထုတ်ဖော်ပြောလေလေ ဖြစ်သည်- သို့ရာတွင် ၎င်းတို့သည် သဘောတရားများကိုသာ ပြောဆိုပြီး စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသို့သော လူတို့သည် တန်ဖိုး မည်သို့မျှ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ခု အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများ ဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်း မရှိသူတို့၊ ဝေဖန်ဖို့ မြန်ဆန်သောသူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ မှန်ကန်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ သဘာဝဗီဇကို လွတ်လပ်စွာ ထိန်းချုပ်ခွင့်ပေးထားသူတို့နှင့် စော်ကားပုတ်ခတ်ပြီး ပြစ်မှားပြောဆိုမှုများလည်း ပြုလုပ်သူတို့- ထိုသို့သော လေးစားမှု မရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပတ်သက်၍ မသိနားမလည် ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားမှု ရှိသူများ၊ ပင်ကိုအားဖြင့် မာနကြီး၍ ထိန်းမရသူများ မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်ပင် ဘုရားသခင်သည် ၎င်းတို့ကို သည်းခံလိမ့်ဦးမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက၊ ဘုရားသခင်ကိုယ်တော်တိုင်ကိုပင် ဆန့်ကျင် ပြစ်မှားစော်ကားကြလေသည်။ ထိုကဲ့သို့ မိုက်ရူးရဲသောသူများသည် ဤခေတ်၌သော်လည်းကောင်း၊ နောက်လာမည့် ခေတ်၌သော်လည်းကောင်း၊ ခွင့်လွှတ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့၊ ငရဲတွင် ထာဝရပျက်စီးဆုံးရှုံးကြမည် ဖြစ်သည်။ ထိုသို့သော လေးစားမှု ကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြပြီး ၎င်းတို့ ဤသို့ သာ၍ ဖြစ်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားရန် အလားအလာများ လေလေ ဖြစ်သည်။ ပင်ကိုအားဖြင့် ထိန်းမနိုင်သိမ်းမရအောင်စိတ်ပြင်းပြသောသူများနှင့် မည်သူကိုမျှ လုံးဝ မနာခံဖူးသည့် ထိုမာနထောင်လွှားသူ အားလုံးသည် ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြသည် မဟုတ်လော။ ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ
ကယ်တင်ခြင်းရရှိဖို့အလို့ငှာ လူတစ်ဦးပြည့်မီရမည့် သတ်မှတ်ချက်များမှာ အဘယ်နည်း။ ပထမဦးစွာ၊ ၎င်းတို့သည် ဆိုးယုတ်သော အန္တိခရစ်များကို ခွဲခြားရန် အစွမ်းအစကို ပိုင်ဆိုင်ရမည်။ ၎င်းတို့၌ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာ ရှိရမည်။ ဘုရားသခင်ကို ၎င်းတို့ စစ်မှန်စွာ ယုံကြည်နိုင်ပြီး လူကို ကိုးကွယ်ခြင်း၊ သို့မဟုတ် လူနောက်လိုက်ခြင်းအား ရှောင်ကြဉ်နိုင်သည်မှာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအား ပိုင်ဆိုင်ခြင်းအားဖြင့်သာ ဖြစ်သည်။ အန္တိခရစ်များကို ခွဲခြားနိုင်သော လူတို့သာ ဘုရားသခင်ကို အမှန်တကယ် ချစ်ဖို့နှင့် သူ့နောက် လိုက်ပြီး သက်သေခံဖို့ အစွမ်းအစ ရှိပေသည်။ အန္တိခရစ်များကို ခွဲခြားဖို့အလို့ငှာ၊ လူတို့သည် ပထမဦးစွာ လူများနှင့် အမှုအရာများကို ပြီးပြည့်စုံသော ရှင်းလင်းမှုနှင့် သိနားလည်မှုတို့ဖြင့် တွေ့မြင်ရန် သင်ယူရမည်။ ၎င်းတို့သည် အန္တိခရစ်များ၏ အနှစ်သာရကို သိမြင်နိုင်ရမည်ဖြစ်ပြီး ၎င်းတို့၏ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်များ၊ လှည့်စားချက်များ၊ အတွင်း အရင်းခံအကြောင်းများနှင့် ရည်မှန်းချက်များအားလုံးကို ရိပ်စားမိရမည်။ ဤအရာကို သင်လုပ်ဆောင်နိုင်ပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်ပေသည်။ ကယ်တင်ခြင်းကို သင်ရရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံးသော စစ်ဆေးမှုမှာ စာတန်ကို မည်သို့ အနိုင်ယူရမည်ဆိုသည်နှင့် ပြင်ပလောကမှ ရန်လိုသော အင်အားစုများနှင့် ဝင်ရောက်စွက်ဖက်ခြင်းတို့ကို မည်သို့အောင်မြင်ကျော်လွှားကာ အောင်နိုင်ရမည်ဆိုသည်တို့ကို သင်ယူဖို့ ဖြစ်သည်။ သင်သည် စာတန်၏ အင်အားစုများကို ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် အဆုံးထိ မဆုတ်မနစ် လုံ့လထုတ်ရန် ဝိညာဉ်ရင့်ကျက်မှုနှင့် လုံလောက်သော သမ္မာတရားတို့ကို ပိုင်ဆိုင်ပြီး ၎င်းတို့ကို အနိုင်ယူပြီးသည်နှင့်တစ်ပြိုင်နက်- ထိုအခါတွင်သာ- သင်သည် သမ္မာတရားကို မှန်မှန်လိုက်စားနိုင်ပြီး ထိုအခါမှသာ သင်သည် သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ပေးအပ်ခံရခြင်း လမ်းကြောင်းပေါ် တည်ကြည်ခိုင်မာစွာနှင့် မတော်တဆ ထိခိုက်ခြင်း မရှိဘဲ ခြေလှမ်းနိုင်ပေသည်။ သင်သည် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက၊ သင်သည် ကြီးမားသော အန္တရာယ်တွင်ရှိနေပြီး အန္တိခရစ်၏ ဖမ်းဆီးခံရကာ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ်ရှိသည်ဟု ဆိုနိုင်ပေသည်။...ထို့ကြောင့် သင်သည် ကယ်တင်ခြင်း ရရှိနိုင်သည့် နေရာသို့ ရောက်ရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံး စစ်ဆေးချက်မှာ စာတန်ကို ရိပ်စားမိနိုင်ခြင်းဟူသော စစ်ဆေးချက်တစ်ခု ဖြစ်ပြီး၊ သင်သည် ထရပ်ကာ စာတန်ကို ဖော်ထုတ်ကာ စွန့်ပစ်ဖို့ သတ္တိလည်း ရှိရမည်။ သို့ဆိုလျှင် စာတန် အဘယ်မှာရှိသနည်း။ စာတန်သည် သင့်နံဘေးနှင့် သင်၏ ဘက်ပေါင်းစုံတွင် ရှိသည်။ သူသည် သင့်စိတ်နှလုံးအတွင်းတွင်ပင် အသက်ရှင်နေနိုင်သည်။ သင်သည် စာတန်၏ စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေပါက၊ သင်သည် စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်၏။ သင်သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် စာတန်ကို မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သော်လည်း လက်တွေ့ဘဝတွင် တည်ရှိသည့် စာတန်သည် နေရာတကာတွင် ရှိ၏။ သမ္မာတရားကို အလွန်မုန်းတီးသည့်လူ မည်သူမဆိုသည် ဆိုးယုတ်ပြီး သမ္မာတရားကို လက်မခံသည့် မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် မည်သည့်အမှုတော်ဆောင်မဆိုသည် အန္တိခရစ်နှင့် ဆိုးယုတ်သော လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ရှင်သန်နေသည့် စာတန်များဖြစ်ကြသည် မဟုတ်လော။ ဤလူများမှာ သင်ကိုးကွယ်ပြီး ကြည်ညိုသည့်သူများစင်စစ် ဖြစ်နေနိုင်၏။ ၎င်းတို့မှာ သင့်ကို ဦးဆောင်သော လူများ၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် သင်ကြာမြင့်စွာ တောင့်တနေခဲ့ရသူများ၊ လေးစားနေခဲ့ရသူများ၊ ယုံကြည်ကိုးစားပြီး အားကိုးနေခဲ့ရသူများ ဖြစ်နိုင်သည်။ သို့သော်၊ စင်စစ်အားဖြင့် ၎င်းတို့သည် သင်၏လမ်းတွင် တားဆီးနေပြီး ကယ်တင်ခြင်းမရအောင် သင့်ကိုဟန့်တားနေသည့် လမ်းဆို့များဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်များဖြစ်ကြ၏။ ၎င်းတို့သည် သင်၏ဘဝနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီး၊ ကယ်တင်ခြင်း ပေးအပ်ခံရမည့် သင်၏အခွင့်အရေးကို ဖျက်ဆီးနိုင်သည်။ ၎င်းတို့ကို သင်မခွဲခြားနိုင်သကဲ့သို့ မရိပ်စားမိနိုင်ပါက၊ အချိန်မရွေး၊ သင်သည် ၎င်းတို့၏ ထောင်ချောက်များထဲသို့ ထိုးစိုက်ကျနိုင်သည်၊ သို့မဟုတ် ၎င်းတို့၏ ဖမ်းဆီးခြင်းနှင့် ခေါ်ဆောင်သွားခြင်းကို ခံရနိုင်ပေသည်။ ထို့ကြောင့်၊ သင်သည် ကြီးမားသော အန္တရာယ်တွင် ရှိ၏။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁)” မှ