00:00 00:00
00:00
00:00

ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ တရားမျှတသော အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများနှင့် မထိုက်တန်ဟု ခံစားရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။

ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည် ရှေးခေတ် ဂရိယဉ်ကျေးမှုနှင့် လူသားတို့၏ လူမှုအဖွဲ့အစည်းတိုးတက်မှု၏ ဗိသုကာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နှစ်သိမ့်မှု ပေးပြီး ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သကဲ့သို့၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပေ။ အကယ်၍ သင်သည် စစ်မှန်သော ခရစ်ယာန်တစ်ဦးဖြစ်ပါက၊ မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့် လူမျိုးမဆို၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းတို့သည် ဘုရားသခင်၏ အကြံအစည်များအတိုင်း ဖြစ်ပေါ်သည်ကို သင် ဧကန်မုချ ယုံကြည်ပေလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို သိပြီး ဘုရားသခင် တစ်ပါးတည်းသာ ဤလူသားမျိုးနွယ်၏ လမ်းကြောင်းကို ထိန်းချုပ်သည်။ အကယ်၍ လူသားမျိုးနွယ်သည် ကောင်းမွန်သော ကံကြမ္မာတစ်ခု ရှိလိုပါက၊ နိုင်ငံတစ်ခုသည် ကံကြမ္မာကောင်းတစ်ခု ရှိလိုပါက၊ လူသားသည် ဘုရားသခင်ထံ ပျပ်ဝပ်ကိုးကွယ်ရမည်၊ နောင်တရပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချရမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသား၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်သည် ရှောင်လွှဲမရသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။

နောဧက သင်္ဘောကို တည်ဆောက်ခဲ့သည့် အချိန်ကာလကို ပြန်ကြည့်ပါက- လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးခဲ့သည်၊ လူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမှ သွေဖည်ခဲ့ကြပြီးဖြစ်သည်၊ ဘုရားသခင်၏ စောင့်ရှောက်မှုကို မခံကြရတော့သကဲ့သို့၊ ဘုရားသခင်၏ ကတိများကိုလည်း ဆုံးရှုံးခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အလင်းမရှိဘဲ အမှောင်ထဲတွင် အသက်ရှင်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် သဘာဝအားဖြင့် လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့လာခဲ့ကြပြီး၊ အကျည်းတန်သော အကျင့်ပျက်ခြင်းထဲတွင် လုံးလုံးလျားလျား ပျော်မွေ့နေခဲ့ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကတိတော်ကို မရရှိနိုင်ကြတော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို စွန့်ခွာခဲ့ပြီးဖြစ်ကာ ဘုရားသခင်က ၎င်းတို့အပေါ် နှင်းအပ်ပေးထားသမျှကို ဖယ်ထားခဲ့ကြပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ သွန်သင်မှုများကို မေ့လျော့ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်၏ မျက်နှာကို မျက်မြင်ကြုံတွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ အသံကိုကြားရန် မထိုက်တန်ခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ သွေဖည်သည်ထက် သွေဖည်ခဲ့ကြပြီး၊ ထိုသို့ဖြစ်ခဲ့သည်နှင့်အမျှ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် လူ့သဘာဝအားလုံးကို ကျော်လွန်၍ အကျင့်ပျက်ပြားလာခဲ့ကြပြီး တိုး၍တိုး၍ ဆိုးယုတ်လာခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် သေခြင်းနှင့် နီးသည်ထက်နီးအောင် လျှောက်လှမ်းခဲ့ကြပြီး ဘုရားသခင်၏ အမျက်ဒေါသနှင့် အပြစ်ဒဏ်ပေးခြင်းအောက်တွင် လဲကျခဲ့ကြသည်။ နောဧတစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည်၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ အသံနှင့် ညွှန်ကြားချက်များကို ကြားနိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ညွှန်ကြားချက်များအတိုင်း သင်္ဘောကို တည်ဆောက်ခဲ့ပြီး သက်ရှိသတ္တဝါ မျိုးစုံကို စုစည်းခဲ့သည်။ ဤနည်းဖြင့် အားလုံးပြင်ဆင်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် ကမ္ဘာကြီး အပေါ် သူ၏ ဖျက်ဆီးခြင်းကို ထုတ်လွှတ်ခဲ့သည်။ နောဧသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည့် အတွက် နောဧနှင့် အခြား သူ၏မိသားစုဝင် ခုနစ်ဦးသာ ထိုပျက်စီးခြင်းမှ အသက်ရှင်ခဲ့သည်။

ယခု မျက်မှောက်ခေတ်ကို ကြည့်လော့- ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည့် နောဧ ကဲ့သို့သော ဖြောင့်မတ်သည့်လူများ မတည်ရှိလေပြီ။ သို့တိုင် ဘုရားသခင်သည် ဤလူသားမျိုးနွယ်အပေါ် ကရုဏာ ကျေးဇူးပြုတော်မူဆဲဆဲဖြစ်ပြီး ဤနောက်ဆုံးသော ခေတ်အတွင်းတွင် ၎င်းတို့ကို ဖြေလွှတ်ပေးဆဲ ဖြစ်သည်။ ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေသည်။ သူသည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သေးသကဲ့သို့ မိမိတို့၏ စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေလေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် နာခံတတ်ပြီး သူ့ကို မဆန့်ကျင်သူများကို သူ ရှာဖွေသည်။ သင်သည် မည်သည့် တန်ခိုးအာဏာ သို့မဟုတ် အင်အား၏ ပိတ်ဆီးခြင်းကိုမခံဘဲ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးပြီး သူ၏ ကောင်းချီးမင်္ဂလာများကို အပ်နှင်းလိမ့်မည်။ အကယ်၍ သင်သည် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိပါက၊ ဂုဏ်ယူစရာ နာမည်ဂုဏ်သတင်း ရှိပါက၊ အလျှံပယ်သော အသိပညာ ပိုင်ဆိုင်ပါက၊ ပေါများသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ ဖြစ်ပြီး၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသော်လည်း၊ ဤအရာများက ဘုရားသခင်၏ ခေါ်ခြင်းနှင့် သူ၏တာဝန်ပေး စေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ သင့်ကို မတားဆီးပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ အဖြောင့်မတ်ဆုံး တာဝန် ဖြစ်လိမ့်မည်။ သင်သည် အဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဘုရားသခင်၏ ခေါ်ခြင်းကို ငြင်းပယ်ပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။ သင်သည် သမ္မတတစ်ဦး၊ သိပ္ပံပညာရှင်တစ်ဦး၊ သင်းအုပ်တစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦး ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် သင်၏ရာထူး မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ သင်၏ တာဝန်များတွင် သင်၏ အသိပညာနှင့် အရည်အချင်းအပေါ် သင် အားထားပါက၊ ဘုရားသခင်သည် သင်လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ လက်မခံသကဲ့သို့၊ သင်၏တာဝန်က ဖြောင့်မတ်သောအရာတစ်ခုဟု လက်မခံသောကြောင့် သို့မဟုတ် သင်သည် လူသားမျိုးနွယ်၏ အကျိုးအတွက် အလုပ်လုပ်နေသည်ဟု သူလက်မခံသောကြောင့်၊ သင်သည် အမြဲကျရှုံးလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အမြဲကင်းမဲ့လိမ့်မည် ဖြစ်သည်။ သင် လုပ်ဆောင်သည့် အရာတိုင်းသည် ဘုရားသခင်၏ ကွယ်ကာမှုကို လူသားတို့ထံမှ ကန်ထုတ်ဖို့ ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ငြင်းပယ်ဖို့ ယင်းကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း လူသားမျိုးနွယ်၏ အသိပညာနှင့် အစွမ်းအစကို အသုံးပြုဖို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သူ ဆိုလိမ့်မည်။ သင်သည် လူသားမျိုးနွယ်ကို အမှောင်ထုဆီသို့၊ သေခြင်းတရားဆီသို့၊ ပြီးလျှင် လူသားက ဘုရားသခင်နှင့် သူ၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးသွားသည့် အကန့်အသတ်မဲ့ တည်ရှိမှုတစ်ခု၏ အစဆီသို့ ဦးဆောင်နေသည်ဟု သူ ဆိုလိမ့်မည်။

လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင်၊ လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲနှင့်၊ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံ၊ လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက်၊ ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့်၊ အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို သူ ဖိစီးနှိပ်စက်ခံရသည့် လစ်ဟာမှုမှ မည်သည့် လူမှုသဘောတရားကမျှ မလွတ်မြောက်စေနိုင်သည့်အတွက်၊ လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ မဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ နားနေချိန်၊ ကိုယ်စိတ်ချမ်းသာမှု- ဤအရာများက လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင်၊ လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်ဆဲ ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းညူကြဆဲဖြစ်သည်။ ဤအရာများက လူသား၏ တောင့်တမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ပြီး လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည် သို့မဟုတ် ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကို မသိဘဲလျက်၊ လူကို အတောမသတ်သော ကြောက်ရွံ့ခြင်း အခြေအနေတစ်ခုတွင် တည်ရှိဖို့သာ ဖြစ်စေလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာသည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် စိတ်ဆန္ဒမှ လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး၊ ဘုရားသခင်၏ နေရာနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ်သည် အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ လိုအပ်သည်မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ၊ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် စိတ်ဆန္ဒနှင့် ဝိညာဉ်ရေးရာ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက၊ ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် အမှောင်ထုဆီသို့ ကျဆုံးခြင်း လမ်းကို နင်းလျှောက် ရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှားခြင်းကို ခံရပေလိမ့်မည်။

သင်၏နိုင်ငံသည် လတ်တလောတွင် ချမ်းသာကြွယ်ဝကောင်း ကြွယ်ဝနေနိုင်သည်၊ သို့သော် သင်၏ပြည်သူများကို ဘုရားသခင်ထံမှ လမ်းလွဲသွားရန် သင်ခွင့်ပြုပါက၊ သင်၏နိုင်ငံသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို တိုး၍တိုး၍ ဆုံးရှုံးသည်ကို မိမိဘာသာ တွေ့ရလိမ့်မည်။ သင့်နိုင်ငံ၏ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းသည်လည်း ခြေဖဝါးအောက်တွင် တိုး၍တိုး၍ ချနင်းခံရလိမ့်မည်ဖြစ်ပြီး မကြာမီတွင် လူတို့သည် ဘုရားသခင်ကို ထကြွဆန့်ကျင်ပြီး ကောင်းကင်ဘုံကို ကျိန်ဆဲလာကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမသိလိုက်ဘဲနှင့်၊ နိုင်ငံတစ်ခု၏ ကံကြမ္မာသည် ပျက်စီးဆုံးရှုံးသွားလိမ့်မည်။ ဘုရားသခင်သည် ဘုရားသခင်၏ကျိန်ခြင်းခံထားရသော ထိုနိုင်ငံများကို ကိုင်တွယ်ဖြေရှင်းရန် အင်အားကြီးနိုင်ငံများကို ပေါ်ထွန်းစေလိမ့်မည် ဖြစ်ပြီး ယင်းတို့ကို ကမ္ဘာမြေမျက်နှာပြင်ပေါ်မှ ဖယ်ရှားခြင်းပင် ပြုနိုင်သည်။ နိုင်ငံတစ်ခု သို့မဟုတ် လူမျိုးတစ်မျိုး၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းသည် ထိုနိုင်ငံ၏ အုပ်ချုပ်သူများက ဘုရားသခင်ကို ကိုးကွယ်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့၏ ပြည်သူများကို ဘုရားသခင်နှင့် သာ၍နီးကပ်စေပြီး ဘုရားသခင်ကို ကိုးကွယ်စေခြင်း ရှိမရှိ ဆိုသည့်အပေါ် အခြေခံသည်။ သို့တိုင် ဤနောက်ဆုံးသော ခေတ်တွင် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေပြီး ကိုးကွယ်သော သူများသည် တိုး၍တိုး၍ ရှားပါးလာသောကြောင့်၊ ခရစ်ယာန်ဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများအပေါ် ဘုရားသခင်သည် အထူးမျက်နှာသာ အပ်နှင်းလေသည်။ ဘုရားသခင်သည် ထိုနိုင်ငံများကို အတော်အတန် သမာဓိရှိသော ကမ္ဘာ့စခန်းအဖြစ် ဖွဲ့စည်းရန် အတူတကွ စုစည်းသော်လည်း၊ ဘုရားမဲ့နိုင်ငံများနှင့် စစ်မှန်သောဘုရားသခင်ကို မကိုးကွယ်သော နိုင်ငံများသည် သမာဓိရှိသော စခန်း၏ ရန်ဘက်များ ဖြစ်လာလေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် လူသားတို့ အလယ်တွင် သူ၏ အမှုကို ဦးစီးဦးရွက်ပြုသည့် နေရာတစ်ခု ရှိသည်သာမက၊ သူ့ကို ဆန့်ကျင်သည့် နိုင်ငံများအပေါ် အရေးယူမှုများနှင့် ကန့်သတ်ချက်များ ပြဋ္ဌာန်းခွင့် ပေးလျက်၊ ဖြောင့်မတ်သော ဩဇာအာဏာကို ကျင့်သုံးနိုင်သည့် နိုင်ငံများကိုလည်း ရရှိလေသည်။ ဤသို့ဖြစ်သော်လည်း လူသည် ဘုရားသခင်ထံမှ အလွန်ဝေးကွာစွာ လမ်းလွဲပြီးဖြစ်ကာ ဘုရားသခင်ကို အချိန်ကြာမြင့်လွန်းစွာ မေ့လျော့မိပြီးဖြစ်သောကြောင့်၊ ဘုရားသခင်ကို ကိုးကွယ်ရန် ရှေ့ထွက်လာသည့်လူများ ပိုများမလာသေးပေ။ ကမ္ဘာမြေပေါ်တွင် ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံးပြီး မတရားမှုကို ဆန့်ကျင်သော နိုင်ငံများသာ ဆက်လက်ကျန်ရှိလေသည်။ သို့သော် မည်သည့်နိုင်ငံအုပ်ချုပ်သူကမျှ ဘုရားသခင်ကို ၎င်းတို့၏ ပြည်သူများအပေါ် ဦးဆောင်ခွင့်ပြုမည် မဟုတ်သကဲ့သို့၊ မည်သည့် နိုင်ငံရေးပါတီကမျှ ၎င်းတို့၏လူများကို ဘုရားသခင်အား ကိုးကွယ်ရန် စုရုံးပေးမည် မဟုတ်သည့်အတွက်၊ ဤသည်မှာ ဘုရားသခင်၏ အလိုဆန္ဒများနှင့် ဝေးကွာပေသည်။ ဘုရားသခင်သည် နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ အုပ်ချုပ်နေဆဲ ပါတီတိုင်း၏ နှလုံးသားထဲနှင့် လူတိုင်း၏ နှလုံးသားထဲတွင်ပင် မိမိ၏နေရာမှန်ကို ဆုံးရှုံးပြီးဖြစ်သည်။ ဤကမ္ဘာလောကတွင် ဖြောင့်မတ်သည့် အင်အားစုများ အမှန် တည်ရှိသော်လည်း၊ လူ၏ နှလုံးသားထဲတွင် ဘုရားသခင် ကိုင်စွဲသည့် နေရာမရှိသည့် အုပ်ချုပ်ရေးမှာ မခိုင်ခံ့ပေ။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမရှိဘဲနှင့်၊ နိုင်ငံရေးနယ်ပယ်သည် ဖရိုဖရဲဖြစ်လိမ့်မည် ဖြစ်ပြီး ထိုးနှက်တိုက်ခိုက်မှုကို တောင့်ခံနိုင်စွမ်းမရှိ ဖြစ်လာလိမ့်မည်။ လူသားမျိုးနွယ်အတွက်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမရှိခြင်းသည် နေမရှိခြင်းနှင့် တူပေသည်။ အုပ်ချုပ်သူများအနေဖြင့် ၎င်းတို့၏ ပြည်သူများအတွက် မည်မျှ ဇွဲကောင်းကောင်းနှင့် ဖြည့်ဆည်းမှုများ ပြုစေကာမူ၊ လူသားမျိုးနွယ်အနေဖြင့် ဖြောင့်မှန်သော ညှိနှိုင်းဆွေးနွေးပွဲများ မည်မျှ အတူတကွ ကျင်းပစေကာမူ၊ ဤအရာထဲမှ တစ်ခုမျှသည် ခေတ်ရေစီးကြောင်းကို ပြောင်းပြန်လှည့်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားတို့၏ ကံကြမ္မာကို ပြောင်းလဲစေလိမ့်မည် မဟုတ်ပေ။ လူသားသည် ပြည်သူများ စားရေး၊ ဝတ်ရေး ပြေလည်သည့် နိုင်ငံ၊ ၎င်းတို့ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ကြသည့် နိုင်ငံတစ်ခုကို နိုင်ငံကောင်းတစ်ခုနှင့် ကောင်းမွန်သော ခေါင်းဆောင်မှုရှိသည့် နိုင်ငံတစ်ခုဟု ယုံကြည်ကြသည်။ သို့သော် ဘုရားသခင်က ထိုသို့ မတွေးထင်ပေ။ မည်သူမျှ သူ့ကို မကိုးကွယ်သည့် နိုင်ငံသည် သူ သုတ်သင်ဖယ်ရှားမည့်နိုင်ငံဟု သူ ယုံကြည်သည်။ လူသား၏ တွေးခေါ်ပုံသည် ဘုရားသခင်၏တွေးခေါ်ပုံနှင့် အလွန် ဆန့်ကျင်လေသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်သည် ဘုရားသခင်ကို မကိုးကွယ်ပါက၊ ဤနိုင်ငံ၏ ကံကြမ္မာသည် ဝမ်းနည်းဖွယ်ရာ ကံကြမ္မာတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး ထိုနိုင်ငံသည် ခရီးပန်းတိုင် ရှိလိမ့်မည်မဟုတ်ပေ။

ဘုရားသခင်သည် လူသား၏နိုင်ငံရေးတွင် မပါဝင်သော်လည်း၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ထားလေသည်။ ဘုရားသခင်သည် ဤကမ္ဘာလောကနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်၏။ လူသား၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်သည် အတွင်းကျကျ ဆက်နွှယ်ပြီး၊ မည်သည့်လူ၊ မည်သည့်နိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ မကင်းလွတ်ကင်းပေ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက၊ ဘုရားသခင်၏ရှေ့သို့ လာရပေမည်။ ဘုရားသခင်သည် သူ၏ နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို အောင်မြင်ကြီးပွားစေပြီး၊ သူ့ကို ဆန့်ကျင်ကာ ငြင်းပယ်သောသူများ အပေါ် ကျဆင်းမှုနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်း ဆောင်ကြဉ်းလိမ့်မည် ဖြစ်သည်။

သောဒုံမြို့ကို ဘုရားသခင်က ဖျက်ဆီးခြင်း ဖြစ်ပေါ်ခဲ့ချိန် သမ္မာကျမ်းစာထဲက အဖြစ်အပျက်ကို ပြန်လည်သတိရလော့၊ ပြီးလျှင် လောတ၏မိန်းမသည် မည်ကဲ့သို့ဆားတိုင်ဖြစ်လာခဲ့သည်ကိုလည်း စဉ်းစားကြည့်လော့။ နိနေဝေမြို့သားများသည် လျှော်တေအဝတ်နှင့် ပြာများဖြင့် မိမိတို့၏အပြစ်များအား မည်သို့နောင်တရခဲ့သည်ကို ပြန်စဉ်းစားပြီး၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ က ယေရှုကို ယုဒလူမျိုးများ ကားတိုင်ပေါ်တွင် သံမှိုရိုက်ထားပြီးနောက် မည်သည့်အရာဖြစ်ခဲ့သည်ကို ပြန်သတိရလော့။ ယုဒလူမျိုးများသည် ဣသရေလနိုင်ငံမှ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ထွက်ပြေး သွားခဲ့ကြသည်။ များစွာတို့သည် အသတ်ခံခဲ့ရပြီး ယုဒလူမျိုး တစ်မျိုးလုံးသည် ၎င်းတို့နိုင်ငံ၏ ပျက်သုဉ်းခြင်းနှင့်ပတ်သက်သည့် မကြုံစဖူးသော နာကျင်မှုကို ခံခဲ့ရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် သံမှိုရိုက်ခဲ့ကြပြီး- စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြစ်တစ်ခုကို ကျူးလွန်ခဲ့ကြပြီး- ဘုရားသခင်၏ စိတ်သဘောထားကို ရန်စခဲ့ကြသည်။ ၎င်းတို့လုပ်ခဲ့သည့် အရာအတွက် ၎င်းတို့ပေးဆပ်ခဲ့ရပြီး ၎င်းတို့လုပ်ရပ်များ၏ အကျိုးဆက်များ အားလုံးကို ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့ကြသည်၊ ငြင်းပယ်ခဲ့ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ကံကြမ္မာတစ်ခုသာ ရှိခဲ့သည်- ဘုရားသခင်၏ အပြစ်ပေးခံရခြင်းခံရဖို့ ဖြစ်ပေသည်။ ဤသည်မှာ ၎င်းတို့၏ အုပ်စိုးသူများက မိမိတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ယူဆောင်ခဲ့ကြသည့် ခါးသီးသော အကျိုးဆက်နှင့် ဘေးဒုက္ခ ဖြစ်ခဲ့ပေသည်။

ယနေ့တွင် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် ကမ္ဘာလောကသို့ ပြန်ကြွလာပြီးဖြစ်သည်။ သူ၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်ဆန်သော အုပ်ချုပ်မှု၏ စံပြဖြစ်သည်- ဘာသာမဲ့ အယူဝါဒ၏ ခိုင်မာသော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူပြီးဖြစ်သည်။ ဤကာလအတွင်းတွင်၊ ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးဖြစ်ကာ ခေါင်းချစရာနေရာမရှိ၊ အကွယ်အကာ ရှာမတွေ့နိုင်ဘဲ၊ ကြီးမားသော ဆင်းရဲဒုက္ခကို ခံရပြီးဖြစ်သည်။ ဤသို့ဖြစ်စေကာမူ၊ ဘုရားသခင်သည် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်- သူသည် သူ၏အသံကို မိန့်မြွက်ပြီး ဧဝံဂေလိတရားကို ဖြန့်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူမျှ နားလည် သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင်၊ ဘုရားသခင်သည် သူ၏ အမှုကို လုံးဝ မရပ်တန့်ဖူးပေ။ ယင်းအစား ဘုရားသခင်သည် လူသားမျိုးနွယ်ဝင် အယောက်စီတိုင်းကို တတ်နိုင်သမျှ အစွမ်းကုန်ကယ်တင်သည့် အတွက်၊ သာ၍ များသောလူတို့သည် သူ၏ အမှုနှင့် နှုတ်ကပတ်တော်ကို လက်ခံကြပြီး ဖြစ်သည်။ ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။ လူမျိုးအားလုံး၊ နိုင်ငံအားလုံးနှင့် စက်မှုလုပ်ငန်း အားလုံး၏ လူများကို ဘုရားသခင်၏ အသံအား နားထောင်ရန်၊ ဘုရားသခင်၏ အမှုကို ရှုစားရန်နှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို အာရုံစိုက်ရန်၊ ဘုရားသခင်ကို အသန့်ရှင်းဆုံး၊ ဂုဏ်အသရေ အရှိဆုံး၊ အမြင့်မားဆုံးနှင့် လူသားမျိုးနွယ်အလယ် တစ်ခုတည်းသော ကိုးကွယ်ဆည်းကပ်ရာ ဖြစ်စေဖို့အလို့ငှာနှင့် အာဗြဟံ၏ သားစဉ်မြေးဆက်များက ယေဟောဝါ၏ ကတိတော်များအောက်၌ အသက်ရှင်ခဲ့ကြသကဲ့သို့ပင်၊ ပြီးလျှင် ပထမဦးစွာ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့်ဧဝတို့က ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင် ခဲ့သကဲ့သို့ပင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၌ အသက်ရှင်ခွင့်ပေးရန် ငါ တိုက်တွန်း၏။

ဘုရားသခင်၏အမှုသည် ကြီးမားသော လှိုင်းလုံးတစ်ခုကဲ့သို့ ရှေ့သို့ တစ်ဟုန်ထိုးတက်လေသည်။ မည်သူကမျှ သူ့ကို မထိန်းနိုင်သကဲ့သို့ မည်သူကမျှ သူ၏ ချီတက်ခြင်းကို မရပ်တန့်စေနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာစွာ နားထောင်သောသူများနှင့် ဘုရားသခင်ကို ရှာဖွေကာ ဆာငတ်သောသူတို့သာ ဘုရားသခင်၏ ခြေလှမ်းများနောက်လိုက်နိုင်ပြီး၊ သူ၏ကတိကို ရရှိနိုင်ပေသည်။ ထိုသို့မဟုတ်သူများသည် ပြင်းထန်သော ဘေးဒုက္ခနှင့် အလွန် ထိုက်တန်သည့် အပြစ်ပေးခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။

နောက်ထပ် ဖတ်ရန်

နောက်ထပ်အကြောင်းအရာများ