နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၁) အခန်း နှစ်

၂။ အာဗြဟံသည် ဣဇာက်ကို ယဇ်ပူဇော်၏

ပြောပြထိုက်သော အခြားပုံဝတ္ထုတစ်ခုရှိသည်။ အာဗြဟံ၏ ပုံဝတ္ထုပင်ဖြစ်၏။ တစ်နေ့သောအခါ ကောင်းကင်တမန်နှစ်ပါးသည် သူတို့ကို စိတ်ပါလက်ပါ လက်ခံကြိုဆိုသော အာဗြဟံ၏အိမ်သို့ လာခဲ့ကြသည်။ ဘုရားသခင်က သူ့အား သားယောက်ျားတစ်ဦး ပေးသနားမည့်အကြောင်း အာဗြဟံကို ပြောပြရန် ကောင်းကင်တမန်များက တာဝန်ပေးအပ်ခြင်း ခံခဲ့ကြရသည်။ ဤအရာကို ကြားလျှင်ကြားချင်း အာဗြဟံသည်၊ “အကျွန်ုပ်၏သခင်ကို ကျေးဇူးချီးမွမ်းပါ၏”ဟု ဆိုကာ အလွန်ပင် ဝမ်းမြောက်ခဲ့သည်။ သို့သော် အာဗြဟံ၏ဇနီး စာရာသည် ၎င်းတို့၏ နောက်ကွယ်၌ ကျိတ်ရယ်ခဲ့သည်။ သူ၏ ကျိတ်ရယ်ခြင်းက “ထိုအရာသည် မဖြစ်နိုင်၊ ကျွန်ုပ်သည်အိုမင်းပြီ။ မည်သို့ ကလေးမွေးဖွားပေးနိုင်မည်နည်း။ ကျွန်ုပ်အား သားယောက်ျားတစ်ဦးကို ပေးမည်ဆိုသည့်အရာမှာ ရယ်စရာတစ်ခုပင်” ဟု ဆိုလိုခြင်းဖြစ်သည်။ စာရာသည် ယင်းကို မယုံကြည်ခဲ့ပေ။ စာရာ၏ ရယ်သံကို ကောင်းကင်တမန်များက ကြားခဲ့သလော။ (ကြားခဲ့ပါသည်။) ကြားခဲ့သည်မှာ အမှန်ပင်ဖြစ်ပြီး ဘုရားသခင်ကလည်း ဤအရာကို မြင်ခဲ့သည်။ ပြီးလျှင် ဘုရားသခင်သည် မည်သည့်အရာကို ပြုလုပ်ခဲ့သနည်း။ ဘုရားသခင်သည် တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။ မသိနားမလည်သည့် ထိုအမျိုးသမီးတည်းဟူသော စာရာက ယင်းကို မယုံကြည်။ သို့သော် ဘုရားသခင်က လုပ်ဆောင်ရန် ဆုံးဖြတ်သည့်အရာသည် လူသားများ၏ နှောင့်ယှက်မှုကို ခံရသလော။ (မခံရပါ။) မည်သည့်လူသားတစ်ဦးဦး၏ အနှောင့်အယှက်ပေးခြင်းကိုမျှ မခံရပေ။ ဘုရားသခင်က တစ်စုံတစ်ရာကို ပြုလုပ်ရန် ဆုံးဖြတ်ထားသောအခါ လူတချို့က “ထိုအရာကို ကျွန်ုပ်မယုံကြည်၊ ကျွန်ုပ်ဆန့်ကျင်သည်၊ ငြင်းပယ်သည်၊ ကန့်ကွက်သည်၊ ကျွန်ုပ်၌ ဤအရာနှင့်ပတ်သက်ပြီး ပြဿနာတစ်ခုရှိသည်”ဟု ဆိုကောင်းဆိုကြမည်။ ထိုသူတို့၏စကားများက ခိုင်လုံသလော။ (မခိုင်လုံပါ။) သို့ဆိုလျှင် ဘုရားသခင်သည် သဘောမတူသောသူ၊ ပြောစရာတစ်စုံတစ်ရာ ရှိသောသူ၊ မယုံကြည်သောသူများ ရှိသည်ကို မြင်သောအခါ သူသည် ထိုသူတို့ကို ရှင်းပြချက်ပေးရန် လိုသလော။ ထိုသူတို့အား သူပြုလုပ်သည့်အရာနှင့်ပတ်သက်သော နည်းလမ်းနှင့် အကြောင်းပြချက်များကို ရှင်းပြရန်လိုသလော။ ဘုရားသခင်က ထိုသို့ပြုသလော။ မပြုပါချေ။ သူသည် မသိနားမလည်သော ဤလူတို့က ပြုသည့်အရာနှင့် ပြောသည့်အရာကို အရေးမစိုက်၊ သူတို့၏ သဘောထားက မည်သည့်အရာ ဖြစ်သည်ကို ဂရုမစိုက်ချေ။ ဘုရားသခင်ကပြုလုပ်ရန် ဆုံးဖြတ်ထားပြီးသော အရာသည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် အခိုင်အမာရှိနှင့်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဤသည်မှာ သူပြုလုပ်မည့်အရာပင် ဖြစ်သည်။ လူတစ်ဦးက မည်သည့်အခါတွင် ကလေးရသည်ဆိုသည်နှင့် ၎င်းက မည်သည့်ကလေးအမျိုးအစား ဖြစ်သည်ဆိုသည်တို့အပါအဝင် အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးတို့မှာ ဘုရားသခင့်လက်များ၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာတို့ အောက်၌ ရှိလေသည်။ ထိုအရာသည်လည်း ဘုရားသခင်၏ လက်ထဲ၌ရှိသည် ဆိုသည်မှာ သိသာထင်ရှားပေသည်။ ဘုရားသခင်သည် သူက အာဗြဟံကို သားယောက်ျားပေးမည့်အကြောင်း အာဗြဟံကိုပြောပြရန် ကောင်းကင်တမန်များကို စေလွှတ်သောအခါ အမှန်အားဖြင့် ဘုရားသခင်သည် နောင်တွင် သူပြုမည့် မြောက်မြားစွာသော အရာများကို ရှေးယခင်ကတည်းက ကြိုတင်စီစဉ်ခဲ့ပြီး ဖြစ်သည်။ ထိုသားယောက်ျားက မည်သည့်တာဝန်ဝတ္တရားများကို လက်ခံဆောင်ရွက်မည်၊ သူ၌ မည်သည့်အသက်တာမျိုး ရှိမည်၊ သူ၏ သားစဉ်မြေးဆက်တို့က မည်သည့်ပုံစံရှိမည်ဟူသည့် ဤအရာအားလုံးတို့ကို ဘုရားသခင်သည် ရှေးယခင်ကတည်းက ကြိုတင်စီစဉ်ခဲ့ပြီးဖြစ်ကာ အမှားအယွင်းများ သို့မဟုတ် အပြောင်းအလဲများ ရှိမည်မဟုတ်ပေ။ ထို့အတွက်ကြောင့် စဉ်းစားဉာဏ်မရှိသော အမျိုးသမီးတစ်ဦးဦး၏ ကျိတ်ရယ်ခြင်းက တစ်စုံတစ်ရာကို ပြောင်းလဲနိုင်သလော။ ယင်းက ဘာကိုမျှ မပြောင်းလဲနိုင်ချေ။ သို့နှင့် အချိန်ကျရောက်သောအခါ ဘုရားသခင်သည် သူစီစဉ်ထားခဲ့သည့်အတိုင်း ပြုလုပ်ခဲ့ကာ၊ ဤအရာအားလုံးမှာ ဘုရားသခင်မိန့်ဆိုခဲ့ပြီး ဆုံးဖြတ်ထားပြီးသည့်အတိုင်း ပြည့်စုံခဲ့လေသည်။

အာဗြဟံသည် အသက် ၁၀၀ ပြည့်သောအခါ ဘုရားသခင်က သူ့ကို သားယောက်ျားတစ်ဦး ပေးခဲ့သည်။ သားယောက်ျားမရှိဘဲ နှစ်ပေါင်း ၁၀၀ အသက်ရှင်လာခဲ့ရာ အာဗြဟံ၏ နေ့ရက်များက ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး အထီးကျန်ခဲ့သည်။ သားသမီးမရှိသည့်၊ အထူးသဖြင့် သားယောက်ျားမရှိသည့် အသက် ၁၀၀ အိုမင်းသော အမျိုးသားတစ်ဦးက မည်သို့ခံစားရမည်နည်း။ “ငါ၏ဘဝထဲတွင် တစ်စုံတစ်ခု လိုအပ်နေသည်။ ဘုရားသခင်က ငါ့ကို သားယောက်ျား မပေးသကဲ့သို့၊ ငါ၏ဘဝက အနည်းငယ် အထီးကျန်ဆန်ပြီး အနည်းငယ် နှမြောဖွယ်ကောင်းလေပြီ။” သို့သော် ဘုရားသခင်က အာဗြဟံကို သားယောက်ျားတစ်ဦး ပေးမည့်အကြောင်း အာဗြဟံအား ပြောပြရန် ကောင်းကင်တမန်များကို စေလွှတ်ခဲ့သောအခါ၌ အာဗြဟံ၏ စိတ်ခံစားချက်က မည်သည့်စိတ်ခံစားချက် ဖြစ်ခဲ့သနည်း။ (ဝမ်းမြောက်ပျော်ရွှင်ခြင်း ဖြစ်ခဲ့သည်။) သူသည် ပျော်ရွှင်မှုနှင့် ပြည့်နှက်နေသည့်အပြင် မျှော်လင့်စောင့်စားခြင်းနှင့်လည်း ပြည့်ဝခဲ့သည်။ သူသည် ဘုရားသခင်ကို သူ၏ကျေးဇူးတော်ကြောင့်၊ သူ့အဖို့ ကျန်ရှိနေသေးသည့် နှစ်ကာလများတွင် သူ့အား ကလေးတစ်ဦးကို ကျွေးမွေးပြုစုခွင့်ပေးသောကြောင့် ကျေးဇူးတင်ခဲ့သည်။ ဤအရာမှာ အံ့သြဖွယ်ကောင်းသော အရာတစ်ခုဖြစ်ခဲ့ပြီး ယင်းက ထိုသို့ပင် ဖြစ်ခဲ့လေသည်။ ထို့ကြောင့် သူ၌ ပျော်ရွှင်ဖို့ရန်အတွက် မည်သည့်အမှုအရာများ ရှိခဲ့သနည်း။ (သူ၌ သားစဉ်မြေးဆက်များ ရှိခဲ့သည်၊ သူ၏မိသားစုမျိုးရိုးက ဆက်လက်ရှိနေပေမည်။) ယင်းက အမှုအရာတစ်ခု ဖြစ်သည်။ ပျော်ရွှင်ဖွယ်အဖြစ်ဆုံးသော အခြားအရာတစ်ခုလည်း ရှိခဲ့သည်။ ယင်းက မည်သည့်အရာဖြစ်သနည်း။ (ဤကလေးကို ဘုရားသခင်ကိုယ်တိုင် ပေးသနားခဲ့ခြင်းဖြစ်သည်။) ယင်းကား မှန်၏။ သာမန်လူတစ်ဦးသည် ကလေးမွေးမည်ဆိုသောအခါ ဘုရားသခင် သူတို့ကို လာ၍ ပြောပြသလော။ “သင့်ကိုငါ ကတိပေးခဲ့သည့် ဤကလေးကို သင့်အား ငါကိုယ်တိုင် ပေးသနားသည်”ဟု ဘုရားသခင်ပြောသလော။ ဤသည်မှာ ဘုရားသခင်ပြုလုပ်သောအရာ ဟုတ်သလော။ မဟုတ်ပါ။ သို့ဆိုလျှင် ဤကလေးနှင့်ပတ်သက်၍ မည်သည့်အရာက ထူးခြားသနည်း။ ဘုရားသခင်သည် အာဗြဟံအား “အသက် ၁၀၀ ရှိသောအခါ သင်သည် ဘုရားသခင်ကိုယ်တိုင် ပေးသနားသော ကလေးတစ်ယောက်ကို ရရှိမည်”ဟု ကိုယ်တိုင်ပြောပြရန် ကောင်းကင်တမန်များကို စေလွှတ်ခဲ့သည်။ ဤသည်မှာ ထိုကလေးနှင့်ပတ်သက်၍ ထူးခြားသော အရာဖြစ်သည်။ ကလေးငယ်အကြောင်းကို ဘုရားသခင်က ပြောပြခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင်က ပေးခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်လိုက်လေခြင်းပါတကား။ ထို့ပြင် ဤကလေးငယ်၏ အထူးတလည် အရေးပါမှုသည် လူတို့၏ စိတ်တွင် အတွေးများ စုပြုံဝင်ရောက်လာစေသည် မဟုတ်လော။ အာဗြဟံသည် ဤသူငယ်၏ မွေးဖွားခြင်းကို မျက်မြင်တွေ့ရသောအခါ မည်ကဲ့သို့ ခံစားခဲ့သနည်း။ “နောက်ဆုံးတွင် ငါသည် ကလေးတစ်ယောက် ရပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြည့်စုံသွားခဲ့ပြီ။ ဘုရားသခင်က ငါ့ကို ကလေးတစ်ယောက်ပေးမည်ဟု မိန့်ဆိုခဲ့ပြီး အမှန်တကယ် ပေးခဲ့သည်။” ဤကလေးမွေးဖွားခဲ့ပြီး သူက ထိုကလေးကို မိမိကိုယ်တိုင်၏ လက်ဖြင့် ချီလိုက်သောအခါ သူခံစားရသည့် ပထမဆုံးသောအရာမှာ “ဤသူငယ်ကို ငါသည် လူ့လက်မှ ရရှိခဲ့သည်မဟုတ်၊ ဘုရားသခင်၏ လက်မှ ရရှိခဲ့သည်။ ဤကလေးငယ် ရောက်ရှိလာခြင်းမှာ အလွန်ပင် အချိန်မီဖြစ်သည်။ သူ့ကို ဘုရားသခင်က ပေးသနားခဲ့ခြင်းဖြစ်ပြီး၊ သူသည် ဘုရားသခင်ထံမှလာခြင်း ဖြစ်သောကြောင့် သူ့ကို ငါ ကောင်းစွာ ကျွေးမွေးပြုစုရမည်၊ ထို့ပြင် သူ့ကို ကောင်းစွာပညာသင်ပေးကာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်စေပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နာခံစေရမည်”ဟူ၍ ဖြစ်သည်။ သူသည် ဤကလေးကို အတော်ပင် ချစ်မြတ်နိုးခဲ့သလော။ (ချစ်မြတ်နိုးခဲ့သည်။) ဤကလေးမှာ ထူးခြားသော ကလေးငယ်တစ်ဦး ဖြစ်ခဲ့သည်။ အာဗြဟံ၏ အသက်ကို ထပ်ဆင့်ကြည့်လိုက်လျှင် သူသည် ဤသားလေးကို အဘယ်မျှလောက်ပင် ချစ်မြတ်နိုးခဲ့ကြောင်းကို စိတ်ကူးကြည့်ရန် မခဲယဉ်းပေ။ မိမိ၏ကလေးငယ်အပေါ် သာမန်လူတစ်ဦး၏ မြတ်နိုးမှု၊ ကြင်နာမှုနှင့် ချစ်ခင်တွယ်တာမှုအားလုံးကို အာဗြဟံ၌လည်း တွေ့ခဲ့ရသည်။ အာဗြဟံသည် ဘုရားသခင်မိန့်ဆိုထားခဲ့သော နှုတ်ကပတ်တော်များကို ယုံကြည်ခဲ့ပြီး သူ့နှုတ်ကပတ်တော်များ၏ ပြည့်စုံခြင်းကို သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့် မျက်မြင်တွေ့ရှိခဲ့ပြီးဖြစ်သည်။ သူသည် ထိုမိန့်မြွက်ချက်တို့မှသည် ပြည့်စုံခြင်းအထိ ဤနှုတ်ကပတ်တော်များ၏ သက်သေလည်း ဖြစ်ခဲ့ပြီးဖြစ်သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အဘယ်မျှ ဩဇာအာဏာရှိကြောင်း၊ သူ၏ ဆောင်ရွက်ချက်များက အဘယ်မျှ အံ့သြဖွယ်ကောင်းကြောင်းနှင့်၊ အရေးကြီးဆုံးမှာ ဘုရားသခင်က လူကို အဘယ်မျှ ဂရုစိုက်ကြောင်းကို ခံစားခဲ့ရသည်။ အာဗြဟံသည် သူငယ်ကိုကြည့်ရင်း ရှုပ်ထွေးပြီး ပြင်းထန်သော စိတ်ခံစားချက်များရှိခဲ့သော်လည်း သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ပြောစရာ စကားတစ်ခွန်းသာရှိခဲ့သည်။ ငါ့ကို ပြောလော့။ မည်သည့်အရာကို သူပြောခဲ့သည်ဟု သင်တို့ ထင်သနည်း။ (ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါ၏ ဟူ၍ဖြစ်ပါသည်။) “အကျွန်ုပ်၏သခင်ကို ကျေးဇူးချီးမွမ်းပါ၏” ဟူ၍ဖြစ်သည်။ အာဗြဟံသည် ကျေးဇူးသိတတ်ကာ ဘုရားသခင်အား သူ၏ လေးနက်သော ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းကိုလည်း ပူဇော်ဆက်ကပ်ခဲ့လေသည်။ ဘုရားသခင်နှင့် အာဗြဟံအတွက်မူ ဤကလေးမှာ ထူးခြားသော အဓိပ္ပာယ်ရှိခဲ့သည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က အာဗြဟံအား ကလေးတစ်ယောက်ကို ပေးမည်ဟု မိန့်ဆိုခဲ့သည့် အချိန်မှစ၍ ဘုရားသခင်သည် ကြိုတင်စီစဉ်ခဲ့ပြီးဖြစ်ကာ တစ်စုံတစ်ခုကို ဖြစ်မြောက်စေမည်ဟု သူ ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။ ဤကလေးငယ်မှတစ်ဆင့် သူ စွမ်းဆောင်ရရှိလိုသည့် အရေးကြီးသော ကိစ္စရပ်များ၊ ကြီးမားသော ကိစ္စရပ်များ ရှိခဲ့သည်။ ဘုရားသခင်အတွက် ထိုကလေးငယ်၏ အရေးပါမှုက ထိုမျှပင်ဖြစ်ခဲ့သည်။ ထို့ပြင် အာဗြဟံအတွက်မူ သူ့အပေါ် ဘုရားသခင်၏ အထူးကျေးဇူးတော်ကြောင့်၊ ဘုရားသခင်က သူ့အား ကလေးတစ်ယောက်ကို ပေးသနားခဲ့ပြီးဖြစ်သောကြောင့်၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ သမိုင်းဖြစ်စဉ်ထဲတွင် လူသားမျိုးနွယ်အားလုံးနှင့်ပတ်သက်လျှင် သူ၏တည်ရှိမှု၏ တန်ဖိုးနှင့် အရေးပါမှုက သာမန်ထက်လွန်ကဲခဲ့သည်၊ သာမန်ထက် ကျော်လွန်ခဲ့ပေသည်။ သို့နှင့် ယင်းက ထိုပုံဝတ္ထု၏ အဆုံးသတ်လော။ မဟုတ်ပေ။ အရေးပါသောအပိုင်းက မစတင်ရသေးချေ။

အာဗြဟံသည် ဘုရားသခင်ထံမှ ဣဇာက်ကို ရရှိခဲ့ပြီးနောက်တွင် အာဗြဟံသည် ဣဇာက်ကို ဘုရားသခင်မိန့်မှာခဲ့ပြီး တောင်းဆိုခဲ့သည့်အတိုင်း ကျွေးမွေးပြုစုခဲ့သည်။ ထူးခြားမှုမရှိသော ထိုနှစ်ကာလများအတောအတွင်း သူ၏ နေ့စဉ်အသက်တာ၌ အာဗြဟံသည် ဣဇာက်အား ယဇ်ပူဇော်ခြင်းကို ရှေ့ဆောင်လမ်းပြခဲ့ပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အကြောင်းအရာများကို ပြောပြခဲ့သည်။ ဣဇာက်သည် တဖြည်းဖြည်းနှင့် အမှုအရာများကို နားလည်လာခဲ့သည်။ သူသည် ဘုရားသခင်အား မည်သို့ကျေးဇူးတင်ရမည်နှင့် မည်သို့ ချီးမွမ်းရမည်ကို သင်ယူခဲ့ပြီး သူသည် မည်သို့နာခံရမည်နှင့် ပူဇော်သက္ကာများ မည်သို့ပူဇော်ဆက်ကပ်ရမည်ကို သင်ယူခဲ့သည်။ သူသည် မည်သည့်အချိန်တွင် ပူဇော်သက္ကာများအား ပူဇော်ဆက်ကပ်ရမည်၊ ယဇ်ပလ္လင်က မည်သည့်နေရာတွင် ရှိသည်တို့ကို သိရှိခဲ့သည်။ ထို့နောက် ပုံဝတ္ထု၏ အဓိကအချက်ဆီသို့ ငါတို့ရောက်ပေသည်။ တစ်နေ့သော် ဣဇာက်က အမှုအရာများကို စတင်နားလည်ခဲ့သော်လည်း အရွယ်မရောက်သေးသည့် အချိန်တစ်ချိန်တွင် ဘုရားသခင်က အာဗြဟံကို၊ “ငါသည် ဤယဇ်ပူဇော်ခြင်းအတွက် သိုးသငယ်ကိုအလိုမရှိ။ ထိုအစား ဣဇာက်ကိုပူဇော်လော့”ဟု မိန့်ဆိုခဲ့သည်။ အာဗြဟံကဲ့သို့ ဣဇာက်ကို လွန်စွာချစ်မြတ်နိုးခဲ့သော လူတစ်ဦးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များက နွေခေါင်ခေါင်တွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သလော။ အလွန် အသက်အရွယ်ကြီးရင့်သော အာဗြဟံကိုမဆိုထားနှင့်၊ အသက် ၃၀ သို့မဟုတ် ၄၀ ရှိသော၊ မိမိတို့ဘဝ၏ အရွယ်ကောင်းတွင်ရှိသော လူမည်မျှက ဤသတင်းကို ခံနိုင်မည်နည်း။ တစ်ဦးဦးက ခံနိုင်မည်လော။ (မခံနိုင်ပါ။) သို့ဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကြားပြီးနောက် အာဗြဟံ၏တုံ့ပြန်မှုက မည်သည့်အရာ ဖြစ်ခဲ့သနည်း။ “ဟေ။ ဘုရားသခင်သည် သူမိန့်ဆိုခဲ့သည့်အရာ၌ လွဲမှားသွားသလော။ ဘုရားသခင်သည် မည်သည့်အခါမျှ မလွဲမှားပေ၊ ထို့ကြောင့် ငါ၏အိုမင်းသော နားတို့က နားကြားလွဲသွားသည့် အခြေအနေဖြစ်သလော။ ငါပြန်စစ်ဆေးမည်။” သူက၊ “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်အား ဣဇာက်ကို ပူဇော်ရန် တောင်းဆိုနေခြင်း ဖြစ်သလော။ ဣဇာက်သည် ကိုယ်တော်အလိုရှိသည့် ယဇ်ပူဇော်ခြင်းပင် ဟုတ်သလော”ဟု မေးခဲ့သည်။ ဘုရားသခင်က “ယင်းသည် မှန်ပေ၏”ဟု ဆိုခဲ့သည်။ အတည်ပြုပြီးနောက် အာဗြဟံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မလွဲမှားသည်သာမက ပြောင်းလဲမည်လည်း မဟုတ်ကြောင်းကို သိခဲ့သည်။ ယင်းသည် အတိအကျပင် ဘုရားသခင် ဆိုလိုသည့်အရာ ဖြစ်သည်။ အာဗြဟံအနေဖြင့် ဤအရာကို ကြားရသည်မှာ စိတ်မကောင်းဖြစ်သလော။ (စိတ်မကောင်းဖြစ်ပါသည်။) အဘယ်မျှ စိတ်မကောင်းဖြစ်သနည်း။ အာဗြဟံသည် သူ၏စိတ်ထဲတွင် “ဤနှစ်ကာလများ ကြာမြင့်ပြီးနောက်တွင် နောက်ဆုံး၌ ငါ၏ကလေးသည် အရွယ်ရောက်စပြုလာခဲ့ပြီဖြစ်သည်။ အကယ်၍ သူ့ကို အသက်ရှင်သောယဇ်အဖြစ် ပူဇော်ပါက၊ ယင်းမှာ သူ့အား သိုးသငယ်တစ်ကောင်ကို သတ်သကဲ့သို့ ယဇ်ပလ္လင်ပေါ်တွင် ခုတ်ဖြတ်ခံရမည်ကို ဆိုလိုသည်။ ခုတ်ဖြတ်ခံရခြင်းဆိုသည်မှာ သူသည် အသတ်ခံရမည်ကို ဆိုလိုပြီး၊ သူအသတ်ခံရခြင်းဆိုသည်မှာ ယနေ့မှစ၍ ငါ၌ ဤသူငယ်မရှိဘဲ ဖြစ်တော့မည်ကို ဆိုလိုသည်...”ဟု တွေးမိခဲ့သည်။ သူ၏အတွေးများက ဤအထိ ရောက်ရှိပြီးသည်နှင့်၊ အာဗြဟံသည် ထိုထက်ပို၍ စဉ်းစားဝံ့သေးသလော။ (မစဉ်းစားဝံ့တော့ပါ။) အဘယ်ကြောင့် မစဉ်းစားဝံ့သနည်း။ ထိုထက်ပို၍ စဉ်းစားခြင်းက နှလုံးကို ဓားနှင့်ထိုးသကဲ့သို့ ပို၍ပင် ကြီးမားသော နာကျင်မှုကို ဖြစ်စေမည်။ ထိုထက်ပို၍ စဉ်းစားခြင်းက ပျော်ရွှင်ဖွယ်အရာတစ်ခုကို စဉ်းစားခြင်းဟု ဆိုလိုမည်မဟုတ်။ မချိမဆန့်ဝေဒနာကို ဆိုလိုလိမ့်မည်။ ရက်အနည်းငယ် သို့မဟုတ် နှစ်အနည်းငယ် မတွေ့ရသော်လည်း ရှိနေသေးသကဲ့သို့ သူငယ်ကို အဝေးသို့ခေါ်သွားမည်မဟုတ်ပါ။ ယင်းက အာဗြဟံသည် သူငယ်၏အကြောင်းကို အမြဲစဉ်းစားနေမည်ဖြစ်ကာ ထိုသူငယ် အရွယ်ရောက်လာခဲ့ပြီးသည်နှင့် အခါအခွင့်သင့်သည့် တစ်ချိန်ချိန်၌ နောက်တစ်ဖန်တွေ့ရမည်မျိုး မဟုတ်ပါ။ ယင်းက ထိုအခြေအနေမျိုး မဟုတ်ခဲ့ပါ။ ထိုသူငယ်ကို ယဇ်ပလ္လင်ပေါ်တွင် ပူဇော်လိုက်သည်နှင့်တစ်ပြိုင်နက် နောက်ထပ် ရှိတော့မည်မဟုတ်၊ သူ့ကို နောက်တစ်ခါ လုံးဝ တွေ့ရတော့မည်မဟုတ်၊ သူသည် ဘုရားသခင်အား ယဇ်ပူဇော်ခြင်းကို ခံရပြီးဖြစ်တော့မည်၊ ပြီးလျှင် သူသည် ဘုရားသခင်ထံသို့ ပြန်သွားပြီးဖြစ်တော့မည်။ အမှုအရာများသည် ယခင်က ဖြစ်ခဲ့ပြီးသည့်အတိုင်း ဖြစ်ပေတော့မည်။ ထိုသူငယ်မရှိမီ ဘဝက အထီးကျန်ခဲ့သည်။ ပြီးလျှင် သူသည် မည်သည့်အခါမျှ သားသမီးမရဘဲ အမှုအရာများက ဤကဲ့သို့ ဆက်သွားနေခဲ့လျှင် ယင်းမှာ စိတ်ဆင်းရဲဖွယ် ဖြစ်ခဲ့မည်လော။ (အလွန်နာကျင်ခဲ့မည်မဟုတ်ပါ။) ကလေးရပြီးမှ ပြန်ဆုံးရှုံးရခြင်းက အလွန့်အလွန် စိတ်ဆင်းရဲဖွယ် ဖြစ်လေသည်။ ယင်းက ယူကျုံးမရဖြစ်စရာပါတကား။ ဤသူငယ်ကို ဘုရားသခင်ထံ ပြန်ပေးခြင်းသည် ထိုအချိန်မှစ၍ ထိုသူငယ်ကို နောက်ထပ် လုံးဝပြန်တွေ့ရမည်မဟုတ်၊ သူ့အသံကို နောက်ထပ် လုံးဝပြန်ကြားရမည်မဟုတ်၊ အာဗြဟံက သူဆော့ကစားနေသည်ကို နောက်ထပ် လုံးဝပြန်တွေ့ရမည်မဟုတ်၊ သူ့ကို ကျွေးမွေးပြုစုနိုင်တော့မည်မဟုတ်၊ သူ့ကို ရယ်မောအောင် လုပ်နိုင်တော့မည်မဟုတ်၊ သူအရွယ်ရောက်လာသည်ကို တွေ့ရတော့မည်မဟုတ်၊ သူ၏ တည်ရှိနေခြင်းနှင့်အတူ ပါလာသည့် မိသားစုပျော်ရွှင်မှုများ အားလုံးကို ခံစားနိုင်တော့မည် မဟုတ်သည်ကို ဆိုလိုပေမည်။ ကျန်ရစ်ခဲ့သမျှမှာ စိတ်ဆင်းရဲမှုနှင့် တမ်းတမှုများ ဖြစ်ပေမည်။ အာဗြဟံသည် ထိုအကြောင်းကို စဉ်းစားလေလေ ပို၍ စိတ်မကောင်းဖြစ်လေလေဖြစ်ခဲ့သည်။ သို့သော် အဘယ်မျှစိတ်မကောင်းသည်ဖြစ်စေ သူ၏ စိတ်နှလုံးထဲတွင် တစ်ခုသောအရာက ရှင်းလင်းခဲ့သည်။ “ဘုရားသခင် ပြောသည့်အရာနှင့် ဘုရားသခင်လုပ်ဆောင်မည့်အရာသည် ဟာသတစ်ခုမဟုတ်၊ ယင်းသည် ပြောင်းလဲနိုင်ဖို့ မဆိုထားဘိ၊ မမှားယွင်းနိုင်ချေ။ ထို့အပြင် ထိုသူငယ်က ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် သူ့ကို ဘုရားသခင်အား ပူဇော်ဆက်ကပ်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်ဖြစ်ကာ ဘုရားသခင်က အလိုရှိသောအခါ ငါသည် အပေးအယူမလုပ်ဘဲ သူ့ကိုပြန်ပေးရန် မလွဲမသွေ တာဝန်ရှိပေသည်။ မိသားစုပျော်ရွှင်မှုနှင့်ပြည့်သည့် လွန်ခဲ့သော ဆယ်စုနှစ်သည် ငါ အလွန်တရာမှပင် မွေ့လျော်ခဲ့သော အထူးလက်ဆောင်တစ်ခုပင် ဖြစ်ခဲ့သည်။ ငါသည် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းသင့်ပြီး ဘုရားသခင်အား မလျော်ကန်သော တောင်းဆိုမှုများ မပြုသင့်ပေ။ ဤသူငယ်ကို ဘုရားသခင်ပိုင်ဆိုင်သည်၊ သူ့ကို ငါ့အပိုင်အဖြစ် မတောင်းဆိုသင့်၊ သူသည် ငါ၏ကိုယ်ပိုင်ပစ္စည်း မဟုတ်ပေ။ လူခပ်သိမ်းသည် ဘုရားသခင်ထံမှ လာသည်။ ငါ၏ ကိုယ်ပိုင်အသက်ကို ပူဇော်ဆက်ကပ်ရန် တောင်းဆိုခြင်းခံရလျှင်ပင် ငါသည် ဘုရားသခင်နှင့် ငြင်းခုံရန်၊ သို့မဟုတ် စည်းကမ်းချက်များသတ်မှတ်ရန် မကြိုးစားသင့်ပေ။ ဘုရားသခင်ကိုယ်တိုင် ပြောပြပြီး ပေးသနားခဲ့သည့် ဤသူငယ်အတွက်ဆိုလျှင် ဆိုဖွယ်ရာမရှိ။ ဘုရားသခင်က သူ့ကို ပူဇော်ရန်ပြောပါက ငါသည် ပူဇော်မည်။”

ယဇ်ပူဇော်ရမည့်အချိန်က ပို၍ပို၍ နီးကပ်လာလျက် အချိန်သည် ဤသို့ဖြင့် တစ်မိနစ်ပြီးတစ်မိနစ်၊ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားခဲ့သည်။ သို့သော် ပို၍ပို၍ စိတ်မချမ်းမြေ့ရမည့်အစား အာဗြဟံသည် ပို၍ပင် တည်ငြိမ်လာခဲ့သည်။ မည်သည့်အရာက သူ့ကို တည်ငြိမ်စေခဲ့သနည်း။ အာဗြဟံကို စိတ်ဆင်းရဲမှုမှ လွတ်မြောက်စေပြီး ဖြစ်ပျက်လာမည့်အရာအပေါ် မှန်ကန်သော သဘောထားရှိဖို့ မည်သည့်အရာက အခွင့်ပေးခဲ့သနည်း။ ဘုရားသခင်ပြုလုပ်ခဲ့ပြီးသည့် အရာအားလုံးအပေါ် လူတစ်ဦး၏ သဘောထားက ကျိုးနွံနာခံမှုရှိသော သဘောထားမျိုးသာလျှင် ဖြစ်သင့်ကာ ဘုရားသခင်နှင့် ငြင်းခုံရန် ကြိုးစားသည့် သဘောထားမဖြစ်သင့်ဟု သူယုံကြည်ခဲ့သည်။ သူ၏အတွေးများက ဤနေရာရောက်ပြီးနောက်တွင် သူသည် နောက်ထပ် မနာကျင်တော့ပေ။ သူသည် ငယ်ရွယ်သောဣဇာက်ကို ခေါ်ဆောင်လျက် ယဇ်ပလ္လင်သို့ တစ်လှမ်းချင်း ရှေ့တိုးခဲ့သည်။ ထိုနေရာ၌ သိုးသငယ်တစ်ကောင် စောင့်နေနှင့်သော ခါတိုင်းကဲ့သို့မဟုတ်။ ယဇ်ပလ္လင်ပေါ်တွင် ဘာမျှမရှိချေ။ “အဘ၊ ယနေ့အတွက် ယဇ်ကောင်ကို မပြင်ဆင်ရသေးသလော”ဟု ဣဇာက်က မေးလိုက်သည်။ “အကယ်၍ မပြင်ဆင်ရသေးပါက ယနေ့ မည်သည့်အရာကို ယဇ်ပူဇော်မည်နည်း။” ဣဇာက်က ဤသို့ မေးသောအခါ အာဗြဟံသည် မည်သည့်အရာကို ခံစားခဲ့ရသနည်း။ သူ ပျော်ရွှင်ခဲ့မည်မှာ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို သူပြုလုပ်ခဲ့သနည်း။ သူသည် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို မုန်းခဲ့သလော။ သူသည် ဘုရားသခင်ကို မကျေမနပ် ပြောခဲ့သလော။ သူသည် အတိုက်အခံလုပ်ခဲ့သလော။ (မလုပ်ခဲ့ပါ။) ဤအရာများ တစ်ခုမျှမပြုခဲ့ပေ။ ဤအရာက မည်သည့်အရာကို ပြသသနည်း။ နောက်ထပ်ဖြစ်ပျက်ခဲ့သည့် အရာအားလုံးမှ အာဗြဟံသည် အမှန်ပင် ထိုသို့သောအရာများကို မစဉ်းစားခဲ့သည်မှာ ရှင်းလင်းသည်။ သူသည် မီးရှို့တော့မည့် ထင်းကို ယဇ်ပလ္လင်ပေါ်ထားပြီး ဣဇာက်ကို ခေါ်တင်ခဲ့သည်။ ပြီးလျှင် အာဗြဟံက ဣဇာက်ကို ယဇ်ပလ္လင်ဆီသို့ ခေါ်လိုက်သည်ကိုမြင်ရလျှင် ထိုအခိုက်အတန့်၌ လူတို့က မည်သည့်အရာကို စဉ်းစားခဲ့သနည်း။ “သင်သည် အကြင်နာတရား ကင်းမဲ့သော အဘိုးအိုပါတကား။ သင့်တွင် လူ့သဘာဝမရှိ၊ သင်သည် လူမဟုတ်။ သူသည် သင်၏သားဖြစ်သည်၊ ဤသို့ပြုရသည်ကို သင် အမှန်တကယ် ခံနိုင်သလော။ ယင်းကို သင် အမှန်တကယ် ပြုလုပ်နိုင်သလော။ သင်သည် အမှန်ပင် ထိုမျှရက်စက်သလော။ သင်၌ နှလုံးသား ရှိမှရှိရဲ့လော။” ယင်းက ထိုသူတို့ စဉ်းစားသောအရာ မဟုတ်သလော။ ထို့ပြင် အာဗြဟံက ဤအရာများကို စဉ်းစားခဲ့သလော။ (မစဉ်းစားခဲ့ပါ။) သူသည် ဣဇာက်ကို သူ့အနီးသို့ခေါ်ပြီးလျှင် စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ သူပြင်ဆင်လာခဲ့သော ကြိုးကိုထုတ်ကာ ဣဇာက်၏ ခြေလက်များကို ချည်နှောင်လိုက်သည်။ ဤပူဇော်ခြင်းသည် အမှန်တကယ် ဖြစ်မည်လော သို့မဟုတ် ဟန်ဆောင်မှု ဖြစ်မည်လော ဟူသည်ကို ဤအပြုအမူများက ညွှန်ပြသလော။ ယင်းမှာ အပြသဘောလုပ်ဆောင်ခြင်း မဟုတ်၊ အမှန်တကယ်၊ အစစ်အမှန်ဖြစ်ရန် ရည်ရွယ်ပေသည်။ သူသည် ဣဇာက်ကို သူ၏ပခုံးထက်သို့ ပင့်တင်လိုက်ပြီး ထိုသူငယ်က မည်မျှပင် ရုန်းကန်ငိုကြွေးသည်ဖြစ်စေ အာဗြဟံသည် လက်လျှော့ဖို့ လုံးဝ မစဉ်းစားခဲ့ချေ။ သူသည် မိမိကိုယ်ပိုင်သားကလေးကို ယဇ်ပလ္လင်၌ မီးရှို့ရန်အတွက် ထင်းပုံပေါ် ပြတ်ပြတ်သားသား တင်လိုက်တော့သည်။ ဣဇာက်မှာ ငိုကြွေး၊ ဟစ်အော်၊ ရုန်းကန်နေသည်။ သို့သော် အာဗြဟံသည် ယဇ်ပူဇော်ရန်အတွက် အရာအားလုံးကို ပြင်ဆင်လျက် ဘုရားသခင်အား ယဇ်ပူဇော်မည့် အပြုအမူများကို လုပ်ဆောင်နေခဲ့သည်။ ဣဇာက်ကို ယဇ်ပလ္လင်ပေါ် တင်လိုက်ပြီးနောက် အာဗြဟံသည် သိုးသငယ်များကို သတ်ရန်အတွက် အသုံးပြုနေကျ ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး၊ သူ့ခေါင်းထက်သို့ ပင့်မြှောက်ကာ ဣဇာက်ကို ချိန်ရွယ်လျက်သားဖြင့် ထိုဓားကို လက်နှစ်ဖက်လုံးတွင် အခိုင်အမာ ဆုပ်ကိုင်ထားသည်။ သူသည် မျက်လုံးများကို မှိတ်ထားကာ ဓားက ကျရောက်တော့မည့်ဆဲဆဲတွင် ဘုရားသခင်က အာဗြဟံကို စကားပြောခဲ့သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောခဲ့သနည်း။ “အာဗြဟံ၊ သင်၏လက်ကို ဆိုင်းထားလော့။” သူက ဣဇာက်ကို ဘုရားသခင်အား ပြန်ပေးတော့မည့်ဆဲဆဲတွင် ဘုရားသခင်အနေဖြင့် ထိုကဲ့သို့သောအရာကို ပြောလိမ့်မည်ဟု အာဗြဟံသည် မည်သည့်အခါမျှ စိတ်ကူးခဲ့ဖူးမည် မဟုတ်ချေ။ ယင်းမှာ သူ့အနေဖြင့် စဉ်းစားဝံ့ခဲ့ဖူးမည့် အရာမဟုတ်ချေ။ သို့တစေ ဘုရားသခင်၏ စကားလုံးများက သူ၏နှလုံးသားထဲသို့ တစ်လုံးချင်း အရှိန်ပြင်းစွာဝင်ရောက်လာကြသည်။ ထိုသို့ဖြင့် ဣဇာက်မှာ ချမ်းသာရာရခဲ့သည်။ ထိုနေ့တွင် ဘုရားသခင်ကို အမှန်တကယ် ပေးရမည့်ယဇ်ကောင်မှာ အာဗြဟံ၏နောက်တွင် ရှိနေခဲ့သည်။ ယင်းမှာ သိုးသငယ်တစ်ကောင်ဖြစ်သည်။ ဤအရာကို ဘုရားသခင်က အချိန်အကြာကြီး ကြိုတင်၍ ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်၊ သို့သော် ဘုရားသခင်က အာဗြဟံကို ကြိုတင်အရိပ်အမြွက် ပေးထားခဲ့မည့်အစား အာဗြဟံက ဓားကိုမြှောက်ပြီး ထိုးချဖို့ အဆင်သင့်ဖြစ်သောအခါမှသာ သူ့ကို ရပ်တန့်ဖို့ပြောခဲ့ခြင်းဖြစ်သည်။ အာဗြဟံရော ဣဇာက်သာမက မည်သူမျှ ဤအရာကို စိတ်ကူးမိခဲ့မည် မဟုတ်ချေ။ ဣဇာက်အား အာဗြဟံ ယဇ်ပူဇော်ခြင်းကိုကြည့်လျှင် အာဗြဟံက သူ၏သားကို ယဇ်ပူဇော်ရန် အမှန်တကယ် ရည်ရွယ်ခဲ့သလော၊ သို့မဟုတ် ဟန်ဆောင်နေခြင်း ဖြစ်သလော။ (သူသည် ဤအရာကို လုပ်ဆောင်ရန် အမှန်တကယ် ရည်ရွယ်ခဲ့သည်။) သူသည် ဤအရာကို လုပ်ဆောင်ရန် အမှန်တကယ် ရည်ရွယ်ခဲ့သည်။ သူ၏အပြုအမူများက စစ်မှန်ခဲ့ကာ လိမ်ညာလှည့်ဖြားမှု မပါခဲ့ချေ။

အာဗြဟံသည် သူကိုယ်တိုင်၏ သွေးရင်းသားရင်းကို ဘုရားသခင်အား ယဇ်အဖြစ် ပူဇော်ဆက်ကပ်ခဲ့သည်။ ထို့ပြင် ဘုရားသခင်က သူ့အား ဤယဇ်ပူဇော်ခြင်းကို ပြုလုပ်စေသောအခါ အာဗြဟံသည်၊ “အခြားလူ တစ်ဦးဦးကို ကျွန်ုပ်တို့ အသုံးပြု၍မရသလော။ ကျွန်ုပ် သို့မဟုတ် အခြားမည်သူကိုမဆို ပူဇော်ပါမည်”ဟု ဆိုလျက် ဘုရားသခင်နှင့် ငြင်းခုံရန် မကြိုးစားခဲ့ပေ။ ထိုသို့သောအရာများကို ပြောရမည်ထက်၊ အာဗြဟံသည် သူ၏ အမြတ်နိုးဆုံးနှင့် အဖိုးထိုက်ဆုံး သားကိုပင် ဘုရားသခင်အား ပေးခဲ့လေသည်။ သို့နှင့် ဤပူဇော်ခြင်းကို မည်သို့ပြုလုပ်ခဲ့သနည်း။ သူသည် ဘုရားသခင်မိန့်ဆိုသည့်အရာကို ကြားခဲ့ပြီးနောက် ထိုအရာကို တန်း၍ပြုလုပ်ခဲ့သည်။ အကယ်၍ ဘုရားသခင်သည် အာဗြဟံအား ကလေးတစ်ယောက်ကိုပေးပြီး ကလေးအရွယ်ရောက်လာပြီးနောက် ကလေးငယ်ကိုပြန်ပေးရန် အာဗြဟံအားတောင်းဆိုပါက၊ ပြီးလျှင် ကလေးကို အဝေးသို့ ခေါ်ဆောင်သွားလိုပါက ယင်းသည် လူတို့အတွက် ကျိုးကြောင်းဆီလျော်မှုရှိမည်လော။ (ရှိမည်မဟုတ်ပါ။) လူသား၏ရှုထောင့်မှကြည့်လျှင် ထိုအရာသည် လုံးဝ ကျိုးကြောင်းမသင့် ဖြစ်နေခဲ့မည် မဟုတ်လော။ ယင်းက ဘုရားသခင်သည် အာဗြဟံကို ကစားနေသကဲ့သို့ ထင်ရမည်သာ မဟုတ်လော။ ဘုရားသခင်သည် တစ်နေ့တွင် အာဗြဟံအား ဤကလေးကို ပေးကာ၊ ထို့နောက် နှစ်အနည်းငယ်မျှသာ ကြာပြီးနောက်တွင် သူ့ကို အဝေးသို့ ခေါ်ဆောင်သွားလိုသည်။ အကယ်၍ ဘုရားသခင်သည် ကလေးငယ်ကို အလိုရှိပါက ပြန်ယူခဲ့လိုက်သင့်သည်။ ထိုသူကို ကလေးငယ်အား ယဇ်ပလ္လင်ပေါ်၌ ယဇ်ပူဇော်ရန်အတွက် တောင်းဆိုခြင်းအားဖြင့် ထိုသို့သောဆင်းရဲဒုက္ခမျိုးကို ဖြစ်ပွားစေရန် မလိုအပ်ပေ။ ကလေးငယ် ယဇ်ပလ္လင်ပေါ် ပူဇော်ဆက်ကပ်ခံရသည်မှာ မည်သည့်အရာကို ဆိုလိုခဲ့သနည်း။ အာဗြဟံက သူ့ကို သတ်ဖြတ်ပြီး ထို့နောက်တွင် အာဗြဟံကိုယ်တိုင်၏ လက်ဖြင့် သူ့ကို မီးနှင့်ရှို့ရခြင်းကို ဆိုလိုသည်။ ဤသည်မှာ လူတစ်ဦး လုပ်ရက်နိုင်သည့်အရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်က ယဇ်ပူဇော်ခြင်းကို တောင်းဆိုခဲ့သောအခါ သူသည် မည်သည့်အရာကို ဆိုလိုခဲ့သနည်း။ အာဗြဟံသည် ဤအရာများကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ရပေမည်၊ သူ၏သားငယ်ကို ကိုယ်တိုင်တုပ်နှောင်ရမည်၊ သူ့ကို ယဇ်ပလ္လင်ပေါ်သို့ ကိုယ်တိုင်တင်ရမည်၊ သူ့ကို ဓားဖြင့် ကိုယ်တိုင်သတ်ရမည်၊ ပြီးနောက် သူ့ကို ဘုရားသခင်အား ပူဇော်သက္ကာတစ်ခုအဖြစ် ကိုယ်တိုင်မီးရှို့ရမည်ဟု ဆိုလိုသည်။ လူသားများအတွက် ဤအရာတစ်ခုကမျှ လူ၏ ခံစားချက်ကို ထောက်ထားမည့်ပုံပေါက်မည် မဟုတ်ချေ။ သူတို့၏ အယူအဆများ၊ ပုံသေအတွေးအခေါ်၊ လူ့ကျင့်ဝတ်ဆိုင်ရာ တွေးခေါ်မှု၊ သို့မဟုတ် ကိုယ်ကျင့်တရားနှင့် ဓလေ့ထုံးစံများအရ ဤအရာများတစ်ခုမျှ အဓိပ္ပာယ်ရှိမည်မဟုတ်ချေ။ အာဗြဟံသည် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်နေခြင်း မဟုတ်ခဲ့သကဲ့သို့ စိတ်ကူးယဉ်ကမ္ဘာတစ်ခု၌ အသက်ရှင်နေခြင်းလည်း မဟုတ်ခဲ့ချေ။ သူသည် လူ့ကမ္ဘာထဲ၌ အသက်ရှင်ခဲ့သည်။ သူ၌ လူ့စိတ်ကူးများနှင့် လူ့အမြင်များ ရှိခဲ့သည်။ သို့ဆိုလျှင် ဤအရာအားလုံးက သူ့အပေါ် ကျရောက်ခဲ့သောအခါ သူသည် မည်သည့်အရာကို စဉ်းစားခဲ့သနည်း။ သူ၏ဆင်းရဲဒုက္ခအပြင် သူ့ကို စိတ်ရှုပ်ထွေးစေခဲ့သည့် အချို့သောအရာများမှလွဲ၍ သူ့အထဲ၌ ပုန်ကန်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ရှိခဲ့သလော။ သူသည် ဘုရားသခင်ကို နှုတ်အားဖြင့် တိုက်ခိုက်ခြင်းနှင့် စော်ကားခြင်း ရှိခဲ့သလော။ လုံးဝမရှိခဲ့ချေ။ လုံးဝပြောင်းပြန်ပင်။ ဘုရားသခင်က ဤအရာကိုပြုလုပ်ရန် အမိန့်ပေးခဲ့သည့် အချိန်မှစ၍ အာဗြဟံသည် ဤအရာကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ခဲ့ချေ။ ထို့ထက် သူသည် ချက်ချင်းပင် စတင်ပြင်ဆင်ခဲ့သည်။ ပြီးလျှင် ဤပြင်ဆင်မှုများကို သူ စတင်ပြုလုပ်ခဲ့သောအခါ သူ၏စိတ်နေစိတ်ထားက မည်သို့ဖြစ်ခဲ့သနည်း။ သူသည် ဝမ်းသာခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်း ရှိခဲ့သလော။ သို့မဟုတ် သူသည် စိတ်ဆင်းရဲခြင်း၊ ဝမ်းနည်းပူဆွေးခြင်းနှင့် စိတ်နှလုံး လေးလံခြင်း ရှိခဲ့သလော။ (သူသည် စိတ်ဆင်းရဲပြီး ဝမ်းနည်းခဲ့သည်။) သူသည် စိတ်ဆင်းရဲခဲ့သည်။ သူ၏ခြေလှမ်းတိုင်းက လေးလံခဲ့သည်။ ဤကိစ္စကို သိနားလည်ပြီးနောက်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသိရပြီးနောက်တွင် အာဗြဟံအတွက် နေ့ရက်တိုင်းကို တစ်နှစ်ကဲ့သို့ ခံစားခဲ့ရသည်။ သူသည် စိတ်မချမ်းမသာဖြစ်ခြင်း၊ ပျော်ရွှင်နိုင်စွမ်းမရှိခြင်းတို့ ဖြစ်ခဲ့သည်။ ပြီးလျှင် သူ့တွင် လေးလံသော စိတ်နှလုံးရှိခဲ့သည်။ သို့ရာတွင် သူ၏ တစ်ခုတည်းသော ခံယူချက်က မည်သည့်အရာ ဖြစ်ခဲ့သနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူနာခံရမည်ဟူ၍ ဖြစ်သည်။) မှန်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ နာခံရမည်ဟူ၍ ဖြစ်သည်။ သူက “ငါ၏သခင် ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။ ငါသည် ဘုရားသခင်၏လူတို့ထဲမှ တစ်ဦးဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံသင့်သည်။ ဘုရားသခင်မိန့်ဆိုသည့်အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ထို့ပြင် ဣဇာက်သည် ငါ့ထံသို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့သည်ဖြစ်စေ ဘုရားသခင်တောင်းဆိုပါက ငါ ပေးရမည်။ ယင်းမှာ လူ၌ တွေ့ရှိရမည့် ဆင်ခြင်တုံတရားနှင့် သဘောထားပင် ဖြစ်သည်”ဟု မိမိကိုယ်ကို ပြောခဲ့သည်။ အာဗြဟံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီးနောက်တွင် စိတ်ဆင်းရဲခြင်း သို့မဟုတ် အကျပ်အတည်းမှ မလွတ်မြောက်ခဲ့ပေ။ သူသည် စိတ်ဆင်းရဲခဲ့ပြီး သူ၏ ကိုယ်ပိုင်အခက်အခဲများရှိကာ ဤသည်တို့ကို ကျော်လွှားရန် မလွယ်ကူခဲ့ပေ။ သို့သော်ငြားလည်း အဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့ပါသနည်း။ ဘုရားသခင်အလိုရှိခဲ့သည့်အတိုင်း အာဗြဟံသည် ငယ်ရွယ်သော ကလေးဖြစ်သည့် သူ၏သားအရင်းကို ယဇ်ပလ္လင်ဆီသို့ ခေါ်ဆောင်ခဲ့ပြီး သူပြုခဲ့သမျှကို ဘုရားသခင်က တွေ့မြင်ခဲ့သည်။ ဘုရားသခင်သည် နောဧကို စောင့်ကြည့်ခဲ့သည့်အတိုင်း အာဗြဟံ၏ လှုပ်ရှားမှုတိုင်းကိုလည်း စောင့်ကြည့်နေခဲ့ပြီး သူပြုလုပ်သောအရာတိုင်းက ဘုရားသခင်ကို တို့ထိခဲ့သည်။ အမှုအရာများသည် လူတိုင်းက ထင်ခဲ့သကဲ့သို့ အဆုံးသတ်မသွားခဲ့သော်လည်း အာဗြဟံက ပြုလုပ်ခဲ့သည့်အရာမှာ လူသားမျိုးနွယ်အားလုံးထဲတွင် ပြိုင်ဘက်ကင်းလေသည်။ သူသည် ဘုရားသခင်နောက်လိုက်သောသူတို့ အားလုံးအတွက် စံနမူနာတစ်ခု ဖြစ်အပ်သလော။ (ဖြစ်အပ်ပါသည်။) သူသည် ဘုရားသခင်နောက်လိုက်သော လူသားမျိုးနွယ်အားလုံးအတွက် စံပုံစံဖြစ်လေသည်။ သူ့ကို လူသားမျိုးနွယ်အတွက် စံပုံစံဖြစ်သည်ဟု အဘယ်ကြောင့် ငါဆိုရသနည်း။ အာဗြဟံသည် သမ္မာတရားများစွာကို နားမလည်သကဲ့သို့ သူ့ကို ဘုရားသခင်ကိုယ်တိုင် မိန့်မြွက်ခဲ့သော မည်သည့်သမ္မာတရား သို့မဟုတ် ဒေသနာကိုမှလည်း မကြားဖူးခဲ့ချေ။ သူသည် ယုံကြည်ခြင်း၊ ဝန်ခံခြင်းနှင့် နာခံခြင်းသာလျှင် ရှိခဲ့သည်။ သူ၏ လူ့သဘာဝသည် အလွန်ပင်တစ်မူထူးခြားသော မည်သည့်အရာကို ပိုင်ဆိုင်ခဲ့သနည်း။ (ဖန်ဆင်းခံတစ်ဦး၏ ဆင်ခြင်တုံတရားဖြစ်သည်။) ဤအရာကို မည်သည့်စကားလုံးများက ထင်ဟပ်စေသနည်း။ (သူက “ငါ၏သခင် ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။ ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နာခံသင့်ပြီး ယင်းတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ငါကျိုးနွံနာခံရမည်”ဟု ဆိုခဲ့လေသည်။) ဤအရာ၌ အာဗြဟံသည် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခဲ့သည်။ ထို့ထက်ပို၍၊ သူသည် သာမန်လူ့သဘာဝ၏ အသိတရားကိုလည်း ပိုင်ဆိုင်ခဲ့လေသည်။ သို့ဆိုလျှင် ဤအသိတရားကို မည်သည့်နေရာတွင် ထင်ဟပ်စေခဲ့သနည်း။ အာဗြဟံသည် ဣဇာက်ကို ဘုရားသခင်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ဥစ္စာဖြစ်ကြောင်း၊ သူ့ကို ဘုရားသခင်ပိုင်ဆိုင်ကြောင်းနှင့် အာဗြဟံသည် သူ့ကို အမြဲတမ်း ဖက်တွယ်နေမည့်အစား ဘုရားသခင်က တောင်းဆိုသောအခါ ပြန်ပေးသင့်ကြောင်းကို သိနားလည်ခဲ့သည်။ ယင်းမှာ လူသားက ပိုင်ဆိုင်သင့်သော အသိတရားမျိုးပင် ဖြစ်လေသည်။

ယနေ့ခေတ်လူတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) ဤအရာကို မည်သည့်အရာများထဲ၌ ထင်ဟပ်စေသနည်း။ ဘုရားသခင်က လူတို့အပေါ် အဘယ်မျှလောက်သော ကျေးဇူးတော်ကို ပေးသနားသည်ဖြစ်စေ၊ ထို့ပြင် ထိုသူတို့က အဘယ်မျှလောက်သော ကောင်းချီးမင်္ဂလာများ သို့မဟုတ် အဘယ်မျှလောက်သော ကျေးဇူးတော်ကို ခံစားရသည်ဖြစ်စေ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် သူတို့ကို တောင်းဆိုသောအခါ သူတို့၏ သဘောထားက မည်သည့်အရာ ဖြစ်သနည်း။ (ဆန့်ကျင်ခြင်းနှင့် ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကို တစ်ခါတစ်ရံ ကြောက်ရွံ့ခြင်းဖြစ်သည်။) ခက်ခဲမှုနှင့် ပင်ပန်းနွမ်းနယ်မှုကို ကြောက်ရွံ့ခြင်းမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၏ ခိုင်လုံသော သရုပ်သကန်ဖြစ်သည်။ ဆင်ခြေများပေးခြင်း၊ အခြေအနေများ သတ်မှတ်ခြင်းနှင့် အပေးအယူလုပ်ရန် ကြိုးစားခြင်းတို့သည်လည်း ခိုင်လုံသော သရုပ်သကန်များဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) စောဒကတက်ခြင်း၊ အမှုအရာများကို ဝတ်ကျေတမ်းကျေနှင့် ကောက်ကျစ်သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းနှင့် ဇာတိပကတိ၏ သက်သာမှုများကို တပ်မက်ခြင်းတို့လည်းရှိသည်။ ဤသည်တို့ အားလုံးမှာ ခိုင်လုံသော သရုပ်သကန်များ ဖြစ်ကြသည်။ ယနေ့ လူတို့သည် အသိတရားကို မပိုင်ဆိုင်ကြ၊ သို့ဖြစ်လင့်ကစား သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မကြာခဏ ချီးမွမ်းကြသေးသည်။ ပြီးလျှင် သူတို့သည် ထိုသို့သော ကျေးဇူးတော်များအားလုံးကို ရေတွက်ကြပြီး ထိုသို့ရေတွက်လျက် မျက်ရည်ကျသည်အထိ စိတ်လှုပ်ရှားလာကြရသည်။ သို့ရာတွင် သူတို့သည် ရေတွက်၍ပြီးသောအခါ ယင်းက အဆုံးသတ်ပင် ဖြစ်သည်။ သူတို့သည် ဆက်လက်၍ ဝတ်ကျေတမ်းကျေ ပြုလုပ်ဆဲဖြစ်သည်။ အပေါ်ယံ လုပ်ဆောင်ဆဲဖြစ်သည်။ နောင်တရသည့် သရုပ်သကန် တစ်စုံတစ်ရာမရှိဘဲ ဆက်လက် လှည့်ဖြားဆဲဖြစ်ပြီး ဆက်လက်၍ မရိုးမသားပြုလုပ်ကာ အချောင်ခိုကြသည်။ သို့ဆိုလျှင် သင့်ရေတွက်ခြင်း၏ အကျိုးက မည်သည့်အရာဖြစ်သနည်း။ ဤအရာက အသိတရားကင်းမဲ့ခြင်း၏ သရုပ်သကန်ဖြစ်သည်။ သို့ဆိုလျှင် ဆင်ခြင်တုံတရားကင်းမဲ့ခြင်းက မည်သို့ပေါ်လွင်သနည်း။ ဘုရားသခင်က သင့်ကို ပြုပြင်သောအခါ သင်သည် မကျေမနပ်ပြောသည်။ သင်စိတ်ထိခိုက်သည်၊ ထို့နောက် သင်၏တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိတော့ဘဲ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာမရှိဟု ပြောသည်။ သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေစဉ် အနည်းငယ် ဒုက္ခရောက်သောအခါ၊ သို့တည်းမဟုတ် သင့်အတွက် ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသော ပတ်ဝန်းကျင်အခြေအနေက အနည်းငယ် ခက်ခဲသောအခါ၊ စိန်ခေါ်မှုအနည်းငယ် ရှိသောအခါ၊ သို့မဟုတ် အနည်းငယ် ခဲယဉ်းသောအခါ သင်သည် ယင်းကို လုပ်ဆောင်လိုစိတ် မရှိတော့ပေ။ ထို့ပြင် ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသော မည်သည့်ပတ်ဝန်းကျင်အခြေအနေ အမျိုးမျိုး၌မျှ ကျိုးနွံနာခံရန် သင်မရှာဖွေနိုင်။ သင်သည် ဇာတိပကတိတစ်ခုတည်းကိုသာ အလေးထားပြီးလျှင် အထိန်းအကွပ်မဲ့ကာ စည်းလွတ်ဘောင်လွတ်နေဖို့သာ အလိုရှိသည်။ ဤသည်မှာ ဆင်ခြင်တုံတရားကင်းမဲ့ခြင်း ဟုတ်သလော၊ သို့မဟုတ် မဟုတ်ဘူးလော။ သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီမံမှုများကို လက်ခံရန် အလိုမရှိသည့်အပြင် သူ့ထံမှ အကျိုးကျေးဇူးများကိုသာ ရယူလိုသည်။ သင်သည် အနည်းငယ်သော အလုပ်ကို အကောင်အထည်ဖော်ပြီး အနည်းငယ် ဒုက္ခရောက်သောအခါ သင်သည် သင်၏ အရည်အချင်းများကို အခိုင်အမာပြောဆိုသည်၊ အဆင့်အတန်း၏ အကျိုးအမြတ်များကို သင်ပျော်မွေ့ခံစားစဉ်တွင် သင့်ကိုယ်သင် အခြားလူများ၏ အထက်တွင်ရှိသည်ဟု ထင်မြင်ပြီး အရာရှိတစ်ဦး၏ ဟန်ပန်ကို စတင်ပြုမူသည်။ သင်သည် တကယ့်အလုပ်တစ်ခုခုကို လုပ်လိုသည့် ဆန္ဒ မရှိသည်သာမက မည်သည့် စစ်မှန်သော အလုပ်တစ်ခုခုကိုမျှ အကောင်အထည် ဖော်နိုင်စွမ်းလည်းမရှိ။ အမိန့်ပေးရန်နှင့် အရာရှိဖြစ်ရန်သာ သင် ဆန္ဒရှိသည်။ သင်သည် ထင်ရာစိုင်းလိုသည်၊ အလိုရှိသမျှကို လုပ်ချင်သည့်အပြင် မကောင်းမှုများကို မဆင်မခြင် ကျူးလွန်လိုသည်။ စိတ်ကိုလွှတ်ထားခြင်းနှင့် စည်းလွတ်ဘောင်လွတ်နေခြင်းမှလွဲ၍ သင့်အထဲတွင် အခြားမည်သည့်အရာမျှ မထင်ရှားပေ။ ဤသည်မှာ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်းလော။ (မဟုတ်ပါ။) အကယ်၍ ဘုရားသခင်က သင်တို့အား လိမ္မာသောကလေးတစ်ယောက်ကို ပေးခဲ့ပြီးနောက်မှ ကလေးကို သူက နုတ်ယူတော့မည်ဟု ပြောင်ပြောင်တင်းတင်း ဆိုခဲ့လျှင် သင်၏ သဘောထားက မည်သို့ရှိမည်နည်း။ သင်သည် အာဗြဟံနှင့် တူညီသော သဘောထားမျိုး ထားနိုင်သလော။ (မထားနိုင်ပါ။) လူတချို့က “အဘယ်သို့ မရှိနိုင်ရမည်နည်း။ ကျွန်ုပ်၏သားသည် အနှစ်နှစ်ဆယ်ရှိပြီဖြစ်ပြီး ယခု သူတာဝန်ထမ်းဆောင်နေသော ဘုရားသခင်၏အိမ်တော်သို့ သူ့ကို ကျွန်ုပ် ပူဇော်ဆက်ကပ်ခဲ့သည်”ဟု ဆိုကြမည်ဖြစ်သည်။ ဤသည်မှာ ယဇ်ပူဇော်ခြင်း ဟုတ်သလော။ အညှာတာဆုံးဆိုရလျှင် သင်သည် သင်၏ကလေးကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ဦးတည်ပေးရုံသာ ဖြစ်ခဲ့သည်။ သို့သော် သင်၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခုလည်းရှိ၏။ သင်၏ကလေးသည် ဘေးဒုက္ခအလယ်၌ တစ်နည်းအားဖြင့် ပျက်စီးကောင်းပျက်စီးမည်ကို သင် ကြောက်ရွံ့နေခြင်းဖြစ်သည်။ ဤသည်မှာ ထိုသို့မဟုတ်လော။ သင်ပြုလုပ်နေသောအရာကို ယဇ်ပူဇော်ခြင်းဟု မခေါ်ပေ။ ယင်းက ဣဇက်ကို အာဗြဟံယဇ်ပူဇော်ခြင်းနှင့် လုံးဝမတူညီချေ။ တကယ့်ကို နှိုင်းယှဉ်စရာမရှိပေ။ အာဗြဟံက သူ့အား ဘုရားသခင် အမိန့်ပေးသောအရာကို ကြားရသောအခါ ဤညွှန်ကြားချက်က သူ့အတွက် သို့မဟုတ် အခြား မည်သည့်လူသားမျိုးနွယ်ဝင် အတွက်မဆို လုပ်ဆောင်ရန် အဘယ်မျှ ခက်ခဲမည်နည်း။ ယင်းက ကမ္ဘာပေါ်တွင် အခဲယဉ်းဆုံးသောအရာ ဖြစ်နေခဲ့ပေမည်။ ပို၍ခဲယဉ်းသောအရာ ဘာမျှမရှိပေ။ ဤသည်မှာ သိုးလေးတစ်ကောင် သို့မဟုတ် ငွေအနည်းငယ်ကဲ့သို့သော အရာတစ်ခုကို ပူဇော်ဆက်ကပ်ခြင်း မဟုတ်ခဲ့ချေ။ ထို့ပြင် ယင်းက လောကီပိုင်ဆိုင်မှု သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်း မဟုတ်သကဲ့သို့ ပူဇော်ဆက်ကပ်မှုပြုသည့်သူနှင့် ဆက်စပ်မှုမရှိသော တိရစ္ဆာန်တစ်ကောင်လည်း မဟုတ်ခဲ့ပေ။ ထိုအရာများမှာ တဒင်္ဂ အားထုတ်မှုနှင့်အတူ လူတစ်ဦးက ပူဇော်ဆက်ကပ်နိုင်သော အရာများဖြစ်ကာ ဘုရားသခင်က အာဗြဟံကို တောင်းဆိုခဲ့သောအရာမှာမူ အခြားလူတစ်ဦး၏အသက်နှင့် ဆိုင်လေသည်။ ယင်းမှာ အာဗြဟံ၏ သွေးသားအရင်းဖြစ်နေသည်။ ထိုအရာက အဘယ်မျှ ခက်ခဲလိမ့်မည်နည်း။ ထိုကလေး၌ ဘုရားသခင်မှ ချပေးထားခဲ့သည်ဟူသော အထူးနောက်ခံအကြောင်းလည်း ရှိခဲ့သည်။ အာဗြဟံအား ကလေးတစ်ယောက်ကို ပေးသနားရာ၌ ဘုရားသခင်၏ ရည်မှန်းချက်ပန်းတိုင်က မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ယင်းမှာ အာဗြဟံအနေဖြင့် လူလားမြောက်သည်အထိ ကျွေးမွေးပြုစုရမည့်၊ အိမ်ထောင်ပြုပြီး ကလေးမွေးဖွားမည့်၊ ထိုသို့အားဖြင့် မိသားစုအမည်ကို ဆက်လက်သယ်ဆောင်သွားမည့် သားတစ်ယောက်ကို ရရှိရန်အတွက် ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုတွင် ဤသူငယ်ကို လူလားမမြောက်ခင် ဘုရားသခင်ထံသို့ ပြန်ပေးရမည်ဖြစ်ပြီး ထိုအရာများက မည်သည့်အခါမျှ ဖြစ်ပျက်လာတော့မည် မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင်က အာဗြဟံကို ကလေးတစ်ယောက် ချပေးရာ၌ မည်သည့်အဓိပ္ပာယ် ရှိခဲ့သနည်း။ အကဲခတ်သူတစ်ဦးသည် ဤအရာကို တစ်ခုခု နားလည်နိုင်မည်လော။ လူတို့၏ အယူအဆများအရ၊ ယင်းမှာ အဓိပ္ပာယ်မရှိပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် တစ်ကိုယ်ကောင်းဆန်သည်။ မည်သူမျှ ဤအရာကို နားလည်နိုင်မည် မဟုတ်ပေ။ အာဗြဟံသည်လည်း ယင်းကို အဖြေမရှာနိုင်ခဲ့ပေ။ အဆုံးစွန်အနေဖြင့် သူသည် ဘုရားသခင်က သူ့ကို ဣဇာက်အား ယဇ်ပူဇော်ခိုင်းသည်မှလွဲ၍ ဘုရားသခင်ပြုလုပ်လိုသောအရာကို မသိခဲ့ပေ။ သို့ဖြစ်၍ အာဗြဟံက မည်သည့်ရွေးချယ်မှုကို ပြုလုပ်ခဲ့သနည်း။ သူ၏ သဘောထားက မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သူသည် ဤအရာအားလုံးကို အဖြေမရှာနိုင်ခဲ့သော်လည်း သူသည် ဘုရားသခင်အမိန့်ပေးခဲ့သည့်အတိုင်း ပြုလုပ်နိုင်ခဲ့သေးသည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး ဘုရားသခင်ကို စည်းကမ်းချက်များသတ်မှတ်ရန် သို့မဟုတ် ငြင်းခုံရန် ကြိုးစားခြင်းကို မဆိုထားဘိ၊ ဘုရားသခင် တောင်းဆိုခဲ့သောအရာ၏ စကားလုံးတိုင်းကို အတိုက်အခံလုပ်ခြင်း သို့မဟုတ် ရွေးချယ်စရာ တောင်းဆိုခြင်းမရှိဘဲ ကျိုးနွံနာခံခဲ့သည်။ အာဗြဟံသည် ဖြစ်ပျက်နေသော အရာတိုင်းကို နားမလည်နိုင်မီ နာခံပြီး ကျိုးနွံနာခံနိုင်ခဲ့သည်။ ယင်းသည် လုံးလုံးလျားလျား ရှားပါးပြီး ချီးကျူးထိုက်ကာ ဤနေရာ၌ထိုင်နေသော သင်တို့မည်သူမဆို၏ အစွမ်းအစကို သာလွန်ပေသည်။ အာဗြဟံသည် မည်သည့်အရာ ဖြစ်ပျက်နေခဲ့သည်ကို သိနားလည်ခြင်း မရှိခဲ့ပေ။ ပြီးလျှင် ဘုရားသခင်က သူ့ကို ဖြစ်အင်တစ်ခုလုံး ပြောပြမထားခဲ့ပေ။ သို့ဖြစ်လင့်ကစား လူတို့က ဘုရားသခင် လုပ်ဆောင်လိုသမျှကို ကျိုးနွံနာခံသင့်ပြီး မေးခွန်းများမမေးသင့်၊ အကယ်၍ ဘုရားသခင်က ဘာမျှထပ်မပြောလျှင် ယင်းမှာ လူတို့နားလည်ဖို့လိုသည့် အရာတစ်ခု မဟုတ်ဟု ယုံကြည်လျက် သူသည် ယင်းတို့အားလုံးကို အလေးအနက် ခံယူခဲ့သည်။ လူတချို့က “သို့ဖြစ်စေကာမူ သင်သည် အကြောင်းရင်းကို အသေအချာ စူးစမ်းဖော်ထုတ်ရမည်၊ ဟုတ်သလော။ အကယ်၍ ယင်းက အသက်ကိုရင်းရလျှင်ပင် အဘယ်ကြောင့်နည်းဟူသည်ကို သင်သိသင့်သည်”ဟု ပြောတတ်ကြသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၌ ရှိသင့်သော သဘောထားဟုတ်သလော။ ဘုရားသခင် သင့်ကို နားလည်ခွင့်မပေးထားသောအခါ သင်နားလည်သင့်သလော။ သင့်ကို တစ်စုံတစ်ခုပြုလုပ်ခိုင်းသောအခါ သင်ပြုလုပ်ရမည်။ အမှုအရာများကို အဘယ်ကြောင့် လွန်စွာ ခက်ခဲရှုပ်ထွေးစေသနည်း။ အကယ်၍ ဘုရားသခင်က သင့်ကို နားလည်စေလိုပါက ယင်းကို သင့်အား ရှင်းပြထားနှင့်ပြီးဖြစ်လိမ့်မည်။ သူက မရှင်းပြထားသည်ကို ထောက်လျှင် သင်နားလည်ရန် မလိုအပ်၍ဖြစ်သည်။ သင့်ကို နားလည်ရန် မတောင်းဆိုထားသောအခါနှင့် သင်သည် နားလည်နိုင်စွမ်း မရှိသောအခါ အရာရာသည် သင်ပြုမူသည့်ပုံစံနှင့် ဘုရားသခင်အပေါ် သင်ကျိုးနွံနာခံနိုင်ခြင်းရှိမရှိအပေါ် မူတည်သည်။ ဤသည်မှာ သင်တို့အတွက် ခဲယဉ်းသည်မဟုတ်လော။ ထိုသို့သော အခြေအနေမျိုးများတွင် သင်တို့သည် ကျိုးနွံနာခံခြင်းမရှိဘဲ သင်တို့အထဲ၌ မကျေမနပ်ပြောဆိုခြင်း၊ အဓိပ္ပာယ်ကောက်လွဲခြင်းနှင့် ဆန့်ကျင်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မရှိတော့ပေ။ အာဗြဟံမူကား သင်တို့အထဲ၌ ထုတ်ဖော်ပြထားသည့်အရာ၏ လုံးဝပြောင်းပြန် ဖြစ်ခဲ့၏။ သင်တို့နည်းတူ၊ သူသည် ဘုရားသခင်က မည်သည့်အရာ ပြုလုပ်မည်ကို မသိသကဲ့သို့ ဘုရားသခင်၏လုပ်ရပ်များ နောက်ကွယ်က အကြောင်းရင်းကိုလည်း မသိခဲ့ပေ။ သူ နားမလည်ခဲ့ပေ။ သူ မေးမြန်းချင်ခဲ့သလော။ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူ သိချင်ခဲ့သလော။ သိချင်ခဲ့ပေသည်၊ သို့သော် ဘုရားသခင်က သူ့ကို မပြောပြထားလျှင် သူက အခြားမည်သည့်နေရာသို့ သွားမေးနိုင်သနည်း။ မည်သူ့ကို မေးနိုင်သနည်း။ ဘုရားသခင်၏ အရေးကိစ္စများမှာ နက်နဲသော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အရေးကိစ္စများနှင့် ပတ်သက်သော မေးခွန်းများကို မည်သူဖြေနိုင်မည်နည်း။ ယင်းတို့ကို မည်သူနားလည်နိုင်မည်နည်း။ လူသားများသည် ဘုရားသခင်၏နေရာတွင် အစားဝင်ပေး၍မရပေ။ အခြားတစ်ယောက်ယောက်ကို မေးကြည့်လော့၊ ထိုသူတို့ကလည်း နားလည်မည်မဟုတ်ချေ။ ထိုအကြောင်းကို သင် အချိန်ယူ စဉ်းစားနိုင်သော်လည်း၊ သဘောပေါက်မည်မဟုတ်၊ ယင်းက သင့်အတွက် နားမလည်နိုင်စရာပင် ဖြစ်လိမ့်မည်။ သို့ဖြစ်၍ သင်သည် တစ်စုံတစ်ခုကို နားမလည်လျှင် ယင်းက ဘုရားသခင် ပြောသည့်အတိုင်း သင်လုပ်စရာမလိုဟု ဆိုလိုခြင်းဟုတ်သလော။ အကယ်၍ သင်သည် တစ်စုံတစ်ခုကို နားမလည်လျှင် ရိုးရှင်းစွာဖြင့် စောင့်ကြည့်လေ့လာနိုင်သလော။ အချိန်ဆွဲနိုင်သလော။ အခွင့်အရေးတစ်ခုကို စောင့်နိုင်သလော။ အခြား ရွေးချယ်မှုတစ်ခုခုကို ရှာနိုင်သလော။ တစ်စုံတစ်ခုကို သင်နားမလည်လျှင်၊ ယင်းက သင့်အတွက် နားမလည်နိုင်စရာဖြစ်လျှင် ယင်းက သင် ကျိုးနွံနာခံစရာမလိုဟု ဆိုလိုခြင်းဟုတ်သလော။ ယင်းက သင်သည် သင်၏ လူ့အခွင့်အရေးကို ဖက်တွယ်ပြီး “ငါ၌ လူ့အခွင့်အရေးရှိသည်။ ငါသည် အမှီအခိုကင်းသော လူတစ်ဦးဖြစ်သည်၊ ထို့ကြောင့် ငါ့အား မိုက်မဲသောအရာများကို လုပ်စေရန် သင်၌ မည်သည့်အခွင့်ရှိသနည်း။ ငါသည် ကောင်းကင်နှင့်မြေကြီး ကြားထဲတွင် မားမားမတ်မတ်ရပ်တည်၏။ သင့်ကို ငါ မနာခံဘဲနေ၍ရသည်”ဟူ၍ ပြောနိုင်သည်ဟု ဆိုလိုသလော။ ဤသည်မှာ အာဗြဟံပြုခဲ့သည့်အရာ ဟုတ်သလော။ (မဟုတ်ပါ။) သူသည် သာမန်ဖြစ်ပြီး မထူးခြားသော ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိသော လူတစ်ဦးသာဖြစ်ကြောင်း ယုံကြည်ခဲ့သောကြောင့် သူသည် နာခံပြီး ကျိုးနွံနာခံရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတစ်ခွန်းကိုမျှ ပေါ့ပေါ့တန်တန် သဘောမထားဘဲ ယင်းတို့ကို အလုံးစုံ လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကို မိန့်ဆိုသည်ဖြစ်စေ၊ ထို့ပြင် သူတို့အား လုပ်ဆောင်ရန် ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ လူတို့၌ အခြားရွေးစရာ မရှိပေ။ သူတို့က နားထောင်ရမည်ဖြစ်ပြီး နားထောင်ပြီးနောက် ယင်းကို သွား၍ လက်တွေ့လုပ်ဆောင်သင့်သည်။ ထိုမျှမက ယင်းကို လက်တွေ့လုပ်ဆောင်သောအခါတွင် လူတို့သည် စိတ်ငြိမ်းချမ်းစွာဖြင့် လုံးလုံးလျားလျား ကျိုးနွံနာခံသင့်သည်။ ဘုရားသခင်က သင်၏ ဘုရားသခင်ဖြစ်သည်ကို အသိအမှတ်ပြုလျှင် သူ၏ နှုတ်ကပတ်တော်များကို သင် နာခံသင့်သည်။ သင့်စိတ်နှလုံး၌ သူ့အတွက် နေရာတစ်နေရာ ထားသင့်ပြီး သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဘုရားသခင်သည် သင်၏ဘုရားဖြစ်လျှင် သင့်အား သူပြောသည့်အရာကို သင်သည် ပိုင်းခြားစိစစ်ရန် မကြိုးစားသင့်ပေ။ အမှုအရာများကို သူမည်သို့ပင်ပြောပါစေ ယင်းမှာ ယင်းတို့၏ ပကတိအခြေအနေဖြစ်ပြီး သင်က နားလည်ခြင်းရှိရှိ မရှိရှိ သို့မဟုတ် သဘောပေါက်ခြင်းရှိရှိ မရှိရှိ အရေးမကြီးပေ။ အရေးကြီးသောအရာမှာ သူပြောသည့်အရာကို လက်ခံပြီး ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ အာဗြဟံ၌ရှိခဲ့သည့် သဘောထားပင် ဖြစ်သည်။ အာဗြဟံက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ခဲ့သည်မှာ၊ သူလုပ်ဆောင်ရန် ဘုရားသခင်က အမိန့်ပေးခဲ့သည့်အရာကို ကျိုးနွံနာခံနိုင်ခဲ့ပြီး ဘုရားသခင်၏ အမြင်၌ ဖြောင့်မတ်၍ ပြီးပြည့်စုံသောသူတစ်ဦး ဖြစ်နိုင်ခဲ့သည်မှာ ဤသဘောထားကို အာဗြဟံ ပိုင်ဆိုင်ခဲ့သောကြောင့်‌ အတိအကျ ဖြစ်လေသည်။ မောက်မာပြီး မထီမဲ့မြင်ပြုတတ်သော ထိုလူတို့အားလုံး၏ အမြင်တွင်မူ အာဗြဟံသည် မိမိ၏ယုံကြည်ခြင်းအတွက် မိမိ၏ သားအရင်း၏ အသက်ကို လျစ်လျူရှုပြီး သူ့ကို သတ်ဖြတ်ရန် ယဇ်ပလ္လင်ပေါ်သို့ ပေါ့ပေါ့ဆဆ တင်လိုက်သည့်အတွက် မိုက်မဲပြီး နားဝေတိမ်တောင် ဖြစ်နေပုံပေါက်ခဲ့သည်ဟူသော အချက်ရှိစေကာမူ ဤသို့ဖြစ်ပျက်ခဲ့ပေသည်။ သူတို့က ယင်းသည် တာဝန်မဲ့သောအပြုအမူ ဖြစ်ပါတကားဟု တွေးခဲ့ကြသည်။ သူသည် ညံ့ဖျင်းပြီး အကြင်နာမဲ့သော ဖခင်ပါတကား၊ ထို့ပြင် သူသည် မိမိ၏ ယုံကြည်မှုအတွက် ထိုသို့သောအရာမျိုးကို ပြုလုပ်သည်မှာ တစ်ကိုယ်ကောင်း ဆန်လှပါတကား။ ဤသည်မှာ လူအားလုံး၏ အမြင်တွင် အာဗြဟံကို ရှုမြင်ခဲ့ကြပုံဖြစ်သည်။ သို့သော်လည်း ယင်းမှာ သူ့ကို ဘုရားသခင်မြင်ခဲ့သည့်ပုံ ဟုတ်သလော။ မဟုတ်ချေ။ သူ့ကို ဘုရားသခင်က မည်ကဲ့သို့ မြင်ခဲ့သနည်း။ အာဗြဟံသည် ဘုရားသခင်ပြောခဲ့သည့်အရာကို နာခံနိုင်ပြီး ကျိုးနွံနာခံနိုင်ခဲ့ခြင်းဖြစ်သည်။ သူသည် မည်သည့်အတိုင်းအတာအထိ ကျိုးနွံနာခံနိုင်ခဲ့သနည်း။ သူသည် အပေးအယူမလုပ်ဘဲ ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူ့အတွက် အဖိုးတန်ဆုံးသောအရာကို ဘုရားသခင်က တောင်းဆိုလာသောအခါ အာဗြဟံသည် ယင်းကို ဘုရားသခင်အတွက် ပူဇော်ဆက်ကပ်လျက် ဘုရားသခင်ထံ ပြန်ပေးခဲ့ခြင်း ဖြစ်လေသည်။ အာဗြဟံက သူ့အား ဘုရားသခင် တောင်းဆိုခဲ့သည့် အရာတိုင်းကို နာခံပြီး ကျိုးနွံနာခံခဲ့ခြင်းဖြစ်သည်။ လူ့အယူအဆများ၏ ရှုမြင်ချက် သို့မဟုတ် ဖောက်ပြန်ပျက်စီးသူများ၏ အမြင်မှတစ်ဆင့် ကြည့်ခြင်းခံရသည်ဖြစ်စေ ဘုရားသခင်၏ တောင်းဆိုချက်က အလွန်ပင် ကျိုးကြောင်းဆီလျော်မှုမရှိဟု ထင်ရစေကာမူ အာဗြဟံသည် ကျိုးနွံနာခံနိုင်ဆဲဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှုနှင့် ကျိုးနွံနာခံမှုဖြင့် သတ်မှတ်သည့် သူ၏ တည်ကြည်မှုကြောင့်သာ ဖြစ်သည်။ ဤစစ်မှန်သော ယုံကြည်မှုနှင့် ကျိုးနွံနာခံမှုကို မည်ကဲ့သို့ ထင်ဟပ်စေခဲ့သနည်း။ သူ၏ နာခံမှု ဟူသော စကားနှစ်လုံးဖြင့်သာ ဖြစ်သည်။ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအနေဖြင့် ယင်းကို ပိုင်ဆိုင်ခြင်းထက် မည်သည့်အရာမျှ ပို၍အဖိုးတန်ခြင်း သို့မဟုတ် ပို၍တန်ဖိုးကြီးခြင်း မရှိသည့်အပြင် မည်သည့်အရာမျှ ပို၍ ရှားပါးခြင်း၊ ပို၍ချီးကျူးထိုက်ခြင်း မရှိပေ။ ယင်းမှာ ယနေ့ ဘုရားသခင်၏ နောက်လိုက်များတွင် လွန်စွာကင်းမဲ့နေသည့် အဖိုးတန်ဆုံး၊ အရှားပါးဆုံးနှင့် ချီးကျူးစရာအကောင်းဆုံးဖြစ်သော ဤအရာသာလျှင် အတိအကျဖြစ်တော့သည်။

ယနေ့တွင် လူတို့သည် ပညာတတ်ကာ နှံ့စပ်ကြသည်။ သူတို့သည် မျက်မှောက်ခေတ် သိပ္ပံပညာကို နားလည်ကြပြီး ရိုးရာထုံးတမ်းဓလေ့နှင့် စာရိတ္တပျက်ပြားသော လူမှုဓလေ့များ၏ ကူးစက်ခြင်း၊ ပုံသွင်းခြင်းနှင့် လွှမ်းမိုးခြင်းကို အကြီးအကျယ် ခံကြရပြီးဖြစ်သည်။ သူတို့၏ စိတ်များက ချာလပတ်လည်နေသည်၊ သူတို့၌ ရှုပ်ထွေးပွေလီသော အယူအဆများရှိပြီး အတွင်းစိတ်ထဲ၌ လုံးဝ ကစဉ့်ကလျား ဖြစ်နေသည်။ တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်လာပြီးနောက် ဘုရားသခင်သည် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာဖြစ်ကြောင်း လက်ခံယုံကြည်လင့်ကစား သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ခုစီအပေါ် အထင်အမြင်သေးပြီး အရေးမစိုက်သော သဘောထားကို ပိုင်ဆိုင်နေဆဲဖြစ်သည်။ ဤနှုတ်ကပတ်တော်များအပေါ် ထိုသူတို့၏ သဘောထားမှာ ၎င်းတို့ကို မသိချင်ယောင်ဆောင်ရန် ဖြစ်သည်။ ယင်းမှာ ၎င်းတို့ကို မသိကျိုးကျွန်ပြုရန်နှင့် နားမထောင်ရန်ပင် ဖြစ်သည်။ ဤသည်မှာ မည်ကဲ့သို့သော လူစားမျိုးဖြစ်သနည်း။ သူတို့သည် အရာရာတိုင်းနှင့်ပတ်သက်၍ “အကြောင်းရင်း” ကို မေးတတ်ကြသည်။ သူတို့သည် အရာရာတိုင်းကို အဖြေရှာရန်နှင့် အရာရာတိုင်းကို လုံးလုံးလျားလျားနားလည်ရန် လိုအပ်သည်ဟု ယူဆကြသည်။ သူတို့သည် သမ္မာတရားနှင့်ပတ်သက်၍ လွန်စွာ အလေးအနက်ထားပုံ ပေါက်ကြသည်။ ၎င်းတို့၏ အပြင်ပန်း အပြုအမူနှင့် ပေးဆပ်မှုများ၊ အပြင်ပန်းတွင် ၎င်းတို့ စွန့်လွှတ်သော အရာများက ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် ကိုးကွယ်ယုံကြည်မှုအပေါ် အနိုင်မခံ အရှုံးမပေးသော သဘောထားကို ဖော်ပြသည်။ သို့ရာတွင် ဤအရာကို မိမိကိုယ်ကို မေးလော့။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ညွှန်ကြားချက်တိုင်းကို စွဲကိုင်ထားပြီးပြီလော။ သင်တို့သည် ၎င်းတို့အားလုံးကို အကောင်အထည်ဖော်ပြီးပြီလော။ သင်တို့သည် နာခံသောသူ ဟုတ်သလော။ အကယ်၍ သင်၏စိတ်နှလုံးထဲတွင် ဤမေးခွန်းများကို “မဟုတ်ပါ” နှင့် “မရှိပါ” ဟု ဖြေကြားလျက်ရှိနေပါက သင်၌ မည်သည့်ယုံကြည်ကိုးကွယ်မှုမျိုး ရှိလေသနည်း။ သင်သည် ဘုရားသခင်ကို မည်သည့်ရည်ရွယ်ချက်အဖို့ အမှန်တကယ် ယုံကြည်သနည်း။ သူ့ကို သင်ယုံကြည်ခြင်းမှ မည်သည့်အရာကိုပင် ရရှိပြီးပြီနည်း။ ဤအရာများကို လေ့လာစစ်ဆေးထိုက်သလော။ ယင်းတို့ကို ရှာဖွေဖော်ထုတ်ထိုက်သလော။ (ရှာဖွေဖော်ထုတ်ထိုက်ပါသည်။) သင်တို့အားလုံးက မျက်မှန်တပ်ထားကြသည်။ သင်တို့သည် ခေတ်မီသော၊ ယဉ်ကျေးသော လူများဖြစ်ကြသည်။ သင်တို့နှင့်ပတ်သက်၍ မည်သည့်အရာက အမှန်တကယ် ခေတ်မီသနည်း။ သင်တို့နှင့်ပတ်သက်၍ မည်သည့်အရာက ယဉ်ကျေးသနည်း။ “ခေတ်မီခြင်း” နှင့် “ယဉ်ကျေးခြင်း”က သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံသူတစ်ဦးဖြစ်ကြောင်း သက်သေပြသလော။ ထိုကဲ့သို့သောအရာများက ဘာမျှအရေးမပါချေ။ လူတချို့က “ကျွန်ုပ်သည် အလွန်ပညာတတ်သည်၊ ထို့ပြင် ကျွန်ုပ်သည် ဓမ္မအတွေးအခေါ်ပညာကို သင်ယူထားသည်”ဟု ပြောတတ်ကြသည်။ အချို့က “ကျွန်ုပ်သည် ရှေးခေတ်လက်ရာ သမ္မာကျမ်းစာကို အကြိမ်များများ ဖတ်ရှုထားပြီး ဟေဗြဲဘာသာစကားကို ပြောတတ်သည်”ဟု ဆိုကြသည်။ အချို့က “ကျွန်ုပ်သည် အစ္စရေးနိုင်ငံသို့ အကြိမ်အတော်များများ ရောက်ဖူးပြီဖြစ်ပြီး သခင်ယေရှု သယ်ဆောင်ခဲ့သော လက်ဝါးကားတိုင်ကို ကိုယ်တိုင်ကိုယ်ကျ ထိကိုင်ခဲ့ပြီးပြီ”ဟု ဆိုကြသည်။ အချို့က “ကျွန်ုပ်သည် အာရရတ်တောင်ကို ရောက်ဖူးပြီဖြစ်ပြီး သင်္ဘောကြီး၏ အကြွင်းအကျန်များကို တွေ့ခဲ့ပြီးပြီ”ဟု ဆိုကြသည်။ အချို့ကမူ “ဘုရားသခင်ကို ကျွန်ုပ်မြင်ဖူးသည်”ဟု လည်းကောင်း၊ “ကျွန်ုပ်သည် ဘုရားသခင်၏ရှေ့မှောက်သို့ ခေါ်ဆောင်ခံရဖူးသည်”ဟု လည်းကောင်း ပြောတတ်ကြသည်။ ဤအရာအားလုံးက မည်သည့်အကျိုး ရှိသနည်း။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို သင် အလေးအနက် နာခံရန်မှလွဲ၍ မည်သည့်အရာတစ်ခုခုကိုမျှ သင့်အား မတောင်းဆိုပေ။ အကယ်၍ ဤအရာကိုပင် သင်မစွမ်းဆောင်နိုင်ပါက အခြားအရာအားလုံးကို ထားလိုက်လော့။ သင်ပြောသည့် မည်သည့်အရာမျှ အကျိုးရှိမည်မဟုတ်ပေ။ သင်တို့အားလုံးသည် နောဧနှင့် အာဗြဟံတို့၏ ပုံဝတ္ထုများကို သိကြသော်လည်း ထိုပုံဝတ္ထုများသက်သက်ကို သိရုံသိခြင်းက အလဟဿဖြစ်သည်။ သင်တို့သည် ထိုလူသားနှစ်ဦး၌ မည်သည့်အရာက အရှားပါးဆုံးနှင့် ချီးကျူးစရာအကောင်းဆုံး ဖြစ်သည်ကို စဉ်းစားဖူးသလော။ သင်တို့သည် ထိုသူတို့ကဲ့သို့ ဖြစ်ရန် ဆန္ဒရှိသလော။ (ရှိပါသည်။) ဤအရာကို မည်မျှ ဆန္ဒရှိသနည်း။ လူတချို့က “ကျွန်ုပ်သည် သူတို့ကဲ့သို့ဖြစ်ရန် အလွန်ဆန္ဒရှိ၏။ ကျွန်ုပ်သည် စားသောက်သည့်အခါ၊ အိပ်မက်မက်သည့်အခါ၊ ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါနှင့် ဓမ္မတေးများကို သင်ယူသည့်အခါတိုင်း၌ ထိုအကြောင်းကို စဉ်းစား၏။ ယင်းအတွက် ကြိမ်ဖန်များစွာ ဆုတောင်းပြီးပြီဖြစ်ကာ အဓိဋ္ဌာန်တစ်ခုကိုပင် ချရေးထားပြီးပြီ။ ကျွန်ုပ်သည် သူ၏ နှုတ်ကပတ်တော်များကို မနာခံလျှင် ကျွန်ုပ်အား ဘုရားသခင် ကျိန်ဆဲပါစေ။ ဘုရားသခင်က ကျွန်ုပ်အား မည်သည့်အချိန်၌ စကားပြောနေသည်ကို ကျွန်ုပ်မသိခြင်းသာ ဖြစ်သည်။ သူသည် ကျွန်ုပ်အား ကောင်းကင်ထက်က မိုးခြိမ်းသံနှင့် စကားပြောနေသကဲ့သို့ မဟုတ်ပါ”ဟု ဆိုကြသည်။ ဤအရာအားလုံးသည် မည်သို့ အသုံးဝင်သနည်း။ သင်သည် “ကျွန်ုပ်၌ အလွန်ဆန္ဒရှိ၏”ဟု ဆိုသောအခါ ယင်းက မည်သည့်အရာကို ဆိုလိုသနည်း။ (ယင်းက တစ်ဖက်သတ်အတွေးသာဖြစ်သည်။ ထိုအရာက ပြင်းပြသော ဆန္ဒတစ်ခုသက်သက်သာ ဖြစ်သည်။) ပြင်းပြသော ဆန္ဒတစ်ခုသည် မည်သည့်အကျိုးရှိသနည်း။ ယင်းမှာ နေ့တိုင်း လောင်းကစားရုံသို့သွားသော လောင်းကစားသမားကဲ့သို့ ဖြစ်သည်။ သူတို့သည် အကုန်လုံးကို ဆုံးရှုံးပြီးသောအခါ၌ပင် လောင်းကစား လုပ်ချင်နေဆဲဖြစ်သည်။ တစ်ခါတစ်ရံ သူတို့က၊ “နောက်တစ်ကြိမ် စမ်းကြည့်ခြင်းသာဖြစ်သည်၊ ထို့နောက် ရပ်ပစ်လိုက်မည်ဖြစ်ပြီး လုံးဝ လောင်းကစားပြန်လုပ်တော့မည် မဟုတ်ဟု ငါကတိပြုသည်”ဟု စဉ်းစားကောင်း စဉ်းစားကြမည်။ ၎င်းတို့သည် သူတို့ အိပ်မက်မက်နေသောအခါဖြစ်စေ၊ စားသောက်နေသောအခါဖြစ်စေ ထိုသို့သာ စဉ်းစားကြသည်၊ သို့သော် ယင်းကို စဉ်းစားပြီးနောက်တွင် လောင်းကစားရုံကို ပြန်သွားမြဲ ပြန်သွားနေကြသည်။ သူတို့သည် လောင်းကစားသည့်အခါတိုင်း ယင်းက သူတို့အတွက် နောက်ဆုံးအကြိမ်ဖြစ်မည်ဟု ပြောတတ်ကြသည်။ ထို့ပြင် သူတို့သည် လောင်းကစားရုံ၏ တံခါးဝမှ ထွက်ခွာသည့်အခါတိုင်း မည်သည့်အခါမျှ ပြန်လာတော့မည်မဟုတ် သူတို့ဆို၏။ သူတို့သည် တစ်သက်တာကြိုးစားပြီးနောက် ဖြတ်တောက်ပစ်ရန် မည်သည့်အခါမျှ မတတ်နိုင်သည့် ရလဒ်ဖြင့်သာရှိလေသည်။ သင်တို့သည် ထိုလောင်းကစားသမားကဲ့သို့ ဖြစ်သလော။ သင်တို့သည် အမှုအရာများကို လုပ်ဆောင်ရန် ကြိမ်ဖန်များစွာ စိတ်ပိုင်းဖြတ်ကြပြီး ထို့နောက်တွင် သင်တို့၏ စိတ်ပိုင်းဖြတ်ချက်များကို ငြင်းဆန်ကြသည်။ သင်တို့အနေဖြင့် ဘုရားသခင်ကို လှည့်ဖြားသည်မှာ အကျင့်ဖြစ်လာပြီး ဤအရာကို ပြောင်းလဲရန် မလွယ်ကူပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။