အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၁) အခန်း နှစ်
လူအချို့သည် နိုင်ငံရပ်ခြားသို့ လာပြီး ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့များ၊ စည်းမျဉ်းများအချို့နှင့်လည်းကောင်း၊ ဥရောပနှင့် အခြားအာရှနိုင်ငံများတွင် ဘဝ၏ အခြေခံ လိုအပ်ချက်များကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းများနှင့်လည်းကောင်း ထိတွေ့လာရပြီး အခြားနိုင်ငံများ၏ ဥပဒေများနှင့် ဘုံအသိပညာအချို့တို့ကို ရင်းနှီးလာကြသော်လည်း ၎င်းတို့ကိုယ်ပိုင် နိုင်ငံ၏ ထိုရိုးရာဓလေ့တို့မှ ရုန်းထွက်ရန် ခက်ပေသည်။ သင့်အနေဖြင့် သင်၏ မွေးရပ်မြေကို စွန့်ခွာကာ အခြားနိုင်ငံတစ်ခုတွင် နေ့စဉ်ဘဝ၏ ကဏ္ဍများအပြင် ထိုနိုင်ငံ၏ ဥပဒေများနှင့် စနစ်များကိုပင် လက်ခံရပြီးဖြစ်သော်လည်း နေ့စဉ် မည်သည့်အရာ သင် စဉ်းစားနေသည် သို့မဟုတ် သင့်အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါ ပြဿနာများအား သင် မည်သို့ ရင်ဆိုင်သည် သို့မဟုတ် သင် ခံယူသည့် ရှုထောင့်နှင့် ရှုထောင့်အမြင်တို့က မည်သည့်အရာများဖြစ်သည်ဟူသည်တို့ကို သင် မသိပေ။ လူအချို့က “အနောက်တိုင်းတွင် ငါ ရောက်နေသောကြောင့် ငါသည် အနောက်တိုင်းသားတစ်ဦး ဖြစ်သလော” သို့မဟုတ် “ဂျပန်နိုင်ငံတွင် ငါ ရောက်နေသောကြောင့် ငါသည် ဂျပန်လူမျိုးတစ်ဦးဖြစ်သလော”ဟု တွေးကြသည်။ ဤသည်မှာ မှန်သလော။ (မမှန်ပါ။) ဂျပန်လူမျိုးများက “ကျွန်ုပ်တို့သည် ဆူရှီနှင့် အူဒွန်ခေါက်ဆွဲ စားရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။ ယင်းက ကျွန်ုပ်တို့ကို မြင့်မြတ်စေသည် မဟုတ်လော”ဟု ဆိုကြသည်။ တောင်ကိုရီးယားလူမျိုးများက “ကျွန်ုပ်တို့သည် ထမင်းနှင့် ကင်မ်ချီစားရသည်ကို ကြိုက်သည်။ ကျွန်ုပ်တို့၏ ကြီးမြတ်သော တောင်ကိုရီးယားနိုင်ငံသည် မြင့်မြတ်သည် မဟုတ်လော။ သင်တို့ တရုတ်လူမျိုးများက သင်တို့၏ ယဉ်ကျေးမှုသည် ရှေးကျပြီး ကျွန်ုပ်တို့ထက် နှစ်ထောင်ချီ ပိုရှေးကျသည်ဟု ဆိုကြသော်လည်း သင်တို့၏ သက်ကြီးရွယ်အိုများအပေါ် ကျွန်ုပ်တို့လောက် သင်တို့ ကောင်းစွာ သားသမီးဝတ် ကျေပွန်ကြသလော။ ကျွန်ုပ်တို့လောက် သင်တို့ ရိုးရာဆန်ကြသလော။ သင်တို့သည် ကျွန်ုပ်တို့လောက် စည်းမျဉ်းများစွာ ရှိကြသလော။ သင်တို့သည် ယနေ့ခေတ်တွင် ဤအရာများအကြောင်းကို မပြောကြ၊ သင်တို့ နောက်ကျကျန်ခဲ့လေပြီ။ ကျွန်ုပ်တို့သည် အမှန်တကယ် ရိုးရာဆန်သော လူများဖြစ်ပြီး ကျွန်ုပ်တို့၏ ယဉ်ကျေးမှုသည် စစ်မှန်သော ယဥ်ကျေးမှုဖြစ်သည်”ဟု ဆိုကြသည်။ ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုက မြင့်မြတ်သည်ဟု ၎င်းတို့က တွေးထင်ကြပြီး ထို့နောက်တွင် အမှုအရာများစွာကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာရန် ပြိုင်ဆိုင်ကြသည်။ ဤပြိုင်ဆိုင်မှုအားလုံးသည် အဘယ်ကြောင့်နည်း။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းနှင့် လူမျိုးနွယ်စုငယ်လေးတိုင်းကပင်လျှင် ၎င်းတို့ကိုယ်တိုင်၏ ဘိုးဘေးများ ချန်ထားခဲ့သည့် အရာများ၊ စည်းမျဉ်းများ၊ ရိုးရာများ၊ အလေ့အထများနှင့် အစဉ်အလာများသည် ကောင်းမြတ်ပြီး အပြုသဘောဆောင်ကာ လူသားမျိုးနွယ်၏ ဖြန့်ဖြူးခြင်းခံရနိုင်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ ဤစိတ်ကူးနှင့် အမြင်တို့သည် ဤအရာများက သမ္မာတရား ဖြစ်ကြောင်း၊ ကောင်းမြတ်ပြီး အပြုသဘောဆောင်သော အရာများ ဖြစ်ကြောင်းနှင့် ဤလူသားမျိုးနွယ်က လက်ဆင့်ကမ်းသင့်ကြောင်း သွယ်ဝိုက်ညွှန်းဆိုသည် မဟုတ်လော။ သို့ဆိုလျှင် လက်ဆင့်ကမ်းလာကြသည့် ဤအရာများသည် လွတ်လပ်မှုနှင့် ဆန့်ကျင်ကွဲလွဲသလော။ မိမိ၏ မိသားစု အချုပ်အနှောင်များမှ ရုန်းထွက်လွတ်မြောက်သည့်၊ အပေါက်များ၊ နားကွင်းများနှင့် ပြည့်နေပြီး သူ၏ တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင်များရှိကာ နိုင်ငံခြားသူရည်းစားပင်ရှိသည့် လူငယ်လေးတစ်ယောက်နှင့်ဆိုင်သော ဥပမာတစ်ခုကို ငါ ယခုတင်ပေးခဲ့သည်။ သူ၏ အပြင်ပန်း သွင်ပြင်နှင့် ဇာတိပကတိအရ သူသည် အမြင်အားဖြင့် မိသားစု စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း မရှိသကဲ့သို့ ရိုးရာဓလေ့ကို စွန့်ပယ်ပြီးဖြစ်သည်။ လုပ်ရိုးလုပ်စဉ်အရလည်းကောင်း၊ သူ၏ အပြုအမူတွင်လည်းကောင်း၊ သူ၏ စိတ်ခံစားချက်အရဖြစ်သော လိုအင်ဆန္ဒအရပင်လျှင် သူသည် မိသားစု၊ ရိုးရာဓလေ့နှင့် အလေ့အထများကဲ့သို့သော အရာများကို စွန့်ပယ်ပြီးဖြစ်သည်။ သို့သော် မွေးနေ့လက်ဆောင်က သူသည် “အလွန် သမားရိုးကျမဟုတ်”ဟူသည့် သူ၏ ယုံကြည်လက်ခံမှု မမှန်သည်ကို ဖွင့်ချကာ ပြစ်တင်ရှုတ်ချရင်း သူ့ကို ဖော်ထုတ်လေသည်။ ထို့ကြောင့် ဤလူသည် အမှန်တကယ် ရိုးရာဆန်သလော၊ သို့မဟုတ် မဆန်သလော။ (ရိုးရာဆန်ပါသည်။) ရိုးရာဆန်ခြင်းသည် ကောင်းသလော၊ သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) ထို့ကြောင့် သင့်ကိုယ်သင် ရိုးရာဆန်သည်ဟု သင်ယူဆသည်ဖြစ်စေ၊ သမားရိုးကျမဟုတ်ဟု ယူဆသည်ဖြစ်စေ၊ သင်၏ မျိုးနွယ်က မည်သည့်အရာဖြစ်စေ၊ မြင့်မြတ်သော မျိုးနွယ်ဟု ခေါ်သည့်အရာ ဖြစ်စေ၊ သာမန်မျိုးနွယ်ဖြစ်စေ၊ သင်၏ အတွင်းစိတ် အတွေးအခေါ်များမှာ ဘောင်ခတ်ခြင်းခံရပေသည်။ သင်သည် လွတ်လပ်မှုကို မည်မျှ လိုက်စားကာ မြတ်နိုးသည်ဖြစ်စေ၊ ရိုးရာဓလေ့၏ အင်အားစုများမှလည်းကောင်း၊ ရိုးရာမိသားစု အစဉ်အလာများမှလည်းကောင်း ရုန်းထွက်လွတ်မြောက်ရန် သင်၏ စိတ်ပိုင်းဖြတ်ချက်၊ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့က မည်မျှ ကြီးမားသည်ဖြစ်စေ၊ သင်၏ တကယ့် လုပ်ရပ်များက မည်မျှ လှုံ့ဆော်နိုင်ပြီး အားကောင်းသည်ဖြစ်စေ သမ္မာတရားကို သင် နားမလည်လျှင် သင်သည် လွတ်မြောက်လာနိုင်ခြင်းမရှိဘဲ သင့်အထဲတွင် စာတန် သွတ်သွင်းပေးသည့် သွန်သင်မှုများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများ အလယ်တွင်သာ ပိတ်လှောင်မိနေနိုင်သည်။ လူအချို့သည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းခံရသည်၊ အချို့မှာ အတွေးအမြင်ဆိုင်ရာ ပညာရေး၏ လွှမ်းမိုးခြင်းခံရသည်၊ အခြားသူတို့မှာ ရာထူးနှင့် အဆင့်အတန်းတို့၏ လွှမ်းမိုးခြင်းခံရပြီး အခြားသူတို့မှာ အတွေးအမြင်ဆိုင်ရာ စနစ်တစ်မျိုးမျိုး၏ လွှမ်းမိုးခြင်းခံရလေသည်။ ဥပမာအနေဖြင့် ကွန်မြူနစ်ဝါဒကို ထောက်ခံသည့် လူစုကဲ့သို့သော နိုင်ငံရေးတွင် ပါဝင်ပတ်သက်သည့် လူများကို ကြည့်လော့။ ၎င်းတို့သည် ပစ္စည်းမဲ့လူတန်းစား အဖွဲ့တစ်ခုအဖြစ် အစပြုခဲ့ကြသည်၊ ကွန်မြူနစ် ကြေညာစာတန်းနှင့် သဘောတရားများကို လက်ခံခဲ့ကြသည်၊ ထုံးတမ်းစဉ်လာကို ချိုးဖောက်ခဲ့ကြသည်၊ မြေရှင်ပဒေသရာဇ်စနစ်ဆိုင်ရာ သက်ဦးစံပိုင်စနစ်ကို ချိုးဖောက်ခဲ့ကြသည်၊ ဓလေ့ဟောင်းအချို့ကို ချိုးဖောက်ခဲ့ကြပြီးနောက် မားစ်လီနင်ဝါဒနှင့် ကွန်မြူနစ်ဝါဒတို့ကို လက်ခံခဲ့ကြသည်။ ဤအရာများကို လက်ခံပြီးနောက်တွင် ၎င်းတို့ လွတ်လပ်ခဲ့ကြသလော သို့မဟုတ် တစ်လျှောက်လုံး ကန့်သတ်ခြင်း ခံခဲ့ရကြသလော။ (တစ်လျှောက်လုံး ကန့်သတ်ခြင်းခံခဲ့ရပါသည်။) အိုဟောင်းသောအရာတစ်ခုမှ သစ်လွင်သောအရာတစ်ခုသို့ ပြောင်းလဲခြင်းဖြင့် လွတ်လပ်မှုရရှိမည်ဟု ၎င်းတို့ တွေးထင်ခဲ့ကြသည်။ ဤစိတ်ကူးသည် မှားယွင်းသည် မဟုတ်လော။ (မှားယွင်းပါသည်။) မှားယွင်းပေသည်။ လူတို့သည် အိုဟောင်းသောအရာမှ သစ်လွင်သော အရာတစ်ခုတလေသို့ ပြောင်းလဲနိုင်သော်လည်း ထိုအရာသည် သမ္မာတရား မဟုတ်သရွေ့ စာတန်၏ ပိုက်ကွန်ထဲတွင် ၎င်းတို့ အစဉ်ထာဝရ ပိတ်မိနေလိမ့်မည် ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော လွတ်လပ်မှု မဟုတ်ပေ။ လူအချို့သည် ကွန်မြူနစ်ဝါဒ သို့မဟုတ် အကြောင်းတရားတစ်ခုခုအတွက် မိမိတို့ကိုယ်ကို ပေးအပ်မြှုပ်နှံထားကြသည်။ အချို့သည် ကျမ်းသစ္စာတစ်ခုအတွက် မိမိတို့ကိုယ်ကို ပေးအပ်မြှုပ်နှံထားစဉ်တွင် အခြားသူတို့မှာ သဘောတရားတစ်ခုအတွက် မိမိတို့ကိုယ်ကို ပေးအပ်မြှုပ်နှံထားကြပြီး သို့တိုင် အခြားသူတို့မှာလည်း “မိတ်ဆွေအတွက် အသက်စွန့်မည်” သို့မဟုတ် “သစ္စာစောင့်သိသော နိုင်ငံသားတစ်ဦးသည် မင်းနှစ်ပါးကို အလုပ်အကျွေးမပြုပါ” သို့မဟုတ် “တိုင်းနိုင်ငံ ဒုက္ခရောက်သည့်အခါ လူတိုင်းတွင် မိမိတို့ကဏ္ဍကို လုပ်ဆောင်ရန် တာဝန်ရှိသည်”ဟူသကဲ့သို့သော ဆိုရိုးများကို လိုက်နာစောင့်ထိန်းကြသည်။ ဤအရာများသည် ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) အပေါ်ယံတွင်၊ ဤအရာများသည် အလွန် အပြုသဘောဆောင်သည့်၊ အလွန် သင့်တင့်လျောက်ပတ်ပြီး အထူးသဖြင့် လူသားမျိုးနွယ်ကြားတွင် အဆင့်မြင့်ပြီး မြင့်မြတ်သည့်အရာအချို့ကဲ့သို့ ထင်ကောင်းထင်ရနိုင်သည်။ သို့သော် အမှန်တွင် အခြားသော ရှုထောင့်အမြင်မှသော်လည်းကောင်း၊ မတူကွဲပြားသော နည်းလမ်းများကို အသုံးပြုသည့်အခါတွင်လည်းကောင်း ထိုအရာများသည် လူတို့၏ ဝိညာဉ်များကို နှောင်ဖွဲ့သည်၊ လူတို့ကို ကန့်သတ်ပြီး စစ်မှန်သည့် လွတ်လပ်မှုမရရှိစေရန် တားဆီးလေသည်။ သို့သော် လူသားများက သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့အနေဖြင့် လမ်းပျောက်နေခြင်းကိုသာ ခံစားရနိုင်ပြီး ထိုသို့ဖြင့် လူသားမျိုးနွယ်ကြားတွင် အတော်အတန် အပြုသဘောဆောင်သည့်အရာများအဖြစ်၊ ၎င်းတို့၏ ဖြစ်တည်မှုနည်းလမ်းအဖြစ် ယူဆထားကြသည့် ဤအရာများကို ၎င်းတို့က လက်ခံကြလေသည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုများဟု ခေါ်သည့်၊ လောကတွင် အတန်အသင့် ကောင်းမြတ်သည်ဟု လူသားများ တွေးထင်သည့် ဤအရာများကို လူတို့က အလိုအလျောက် လက်ခံထားကြသည်။ ယင်းတို့ကို လက်ခံပြီးနောက်တွင် လူတို့က ၎င်းတို့အနေဖြင့် အရင်းအနှီးနှင့်လည်းကောင်း၊ ယုံကြည်စိတ်ချမှုနှင့်လည်းကောင်း၊ စိတ်လှုံ့ဆော်မှုနှင့်လည်းကောင်း အသက်ရှင်နေကြသည်ဟု ခံစားကြလေသည်။ ဥပမာအနေဖြင့် လူအချို့သည် အသိပညာ၊ သင့်တော်သော အရည်အချင်းများနှင့်စပ်လျဉ်း၍ ဤလူ့အဖွဲ့အစည်းနှင့် ဤလူသားမျိုးနွယ်၏ သဘောထားတစ်ခုကို လက်ခံကြပြီးဖြစ်သည်။ ဤသဘောထားမှာ အဘယ်နည်း။ (အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏။) (ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်။) ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် လူတို့သည် ဤအရာများကို သဘောတူကြပြီး လက်ခံကာ အသိအမှတ်လည်း ပြုကြပေသည်။ ယင်းတို့ကို လက်ခံကာ အသိအမှတ်ပြုသည့်တစ်ချိန်တည်းတွင် လူတို့သည် ဤလူ့အဖွဲ့အစည်းတွင် အခက်အခဲကို တွန်းလှန်၍ ပိုမိုရှည်ကြာစွာ ရုန်းကန်ကြိုးစားလေ၊ ဤအရာများကို ၎င်းတို့ တန်ဖိုးထားလေ ဖြစ်သည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ လူအားလုံးသည် ဘဝတွင် အသိပညာအပေါ် အမှီပြုကြသည်။ အသိပညာနှင့် ဤသင့်တော်သော အရည်အချင်းများမရှိဘဲနှင့် သင်သည် လူ့အဖွဲ့အစည်းတွင် ခြေကုပ်တစ်ခု ထူထောင်နိုင်ခြင်းမရှိဟု ခံစားရသည်။ အခြားသူတို့က သင့်ကို အနိုင်ကျင့်လိမ့်မည်ဖြစ်ပြီး သင့်အပေါ် ခွဲခြားဆက်ဆံလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင်သည် ဤအရာများနောက်သို့ အသည်းအသန် လိုက်လေသည်။ သင်၏ အရည်အချင်းများ မြင့်မားလေ၊ လူ့အဖွဲ့အစည်းတွင် သို့မဟုတ် သင်၏ မျိုးနွယ်စု သို့မဟုတ် အသိုင်းအဝိုင်းကြားတွင် သင်၏ လူမှုအဆင့်အတန်း မြင့်လေဖြစ်ပြီး သင့်အပေါ် လူတို့၏ လေးစားမှု၊ သင့်အပေါ် ဆက်ဆံခြင်းနှင့် အခြားအမျိုးမျိုးသောအရာများသည် သာ၍ ကြီးမားကာ ကောင်းမွန်လာလိမ့်မည်။ တစ်နည်းအားဖြင့် လူတစ်ဦး၏ အရည်အချင်းများက ၎င်း၏ လူမှုအဆင့်အတန်းကို ဆုံးဖြတ်ဖို့ ဖြစ်လာသည်။
ယခင်က တက္ကသိုလ် ပါမောက္ခ ခုနစ်ဦး သို့မဟုတ် ရှစ်ဦးပါသည့် အဖွဲ့တစ်ဖွဲ့သည် ပညာဆက်လက်သင်ကြားရန်အတွက် ပေကျင်းသို့ သွားခဲ့ကြသည်။ ထိုခေတ်အခါတွင် လာရောက်ခေါ်ယူသည့်ကား သို့မဟုတ် ယာဉ်မောင်း ဝန်ဆောင်မှုများ မရကောင်း မရနိုင်သေးသောကြောင့် ပေကျင်းသို့ရောက်ပြီးနောက်တွင် သူတို့ ဘတ်စ်ကားစီးခဲ့ရသည်။ အမှန်တွင် ၎င်းတို့ကဲ့သို့သော ပါမောက္ခများကို ပေကျင်းတွင် နေရာတကာ၌ တွေ့ရမည်ဖြစ်သည်။ ၎င်းတို့သည် တစ်ခုခု ထူးခြားသောသူများအဖြစ် သဘောထားခြင်းမခံခဲ့ရဘဲ သာမန်လူများအဖြစ်သာ သဘောထားခြင်းခံခဲ့ရသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်က ယင်းကို မသိခဲ့ကြဘဲ ထိုနေရာတွင် ပြဿနာ၏ ဆိုးရွားမှုက ရှိနေလေသည်။ ဤကိစ္စရပ်က ဤပြဿနာ၏ အခြေခံအကြောင်းရင်းပေါ်တွင် ဖြစ်ပွားခဲ့သည်။ မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ ဤပါမောက္ခအဖွဲ့သည် ဘတ်စ်ကားမှတ်တိုင်တွင် ဘတ်စ်ကားစောင့်နေခဲ့ကြသည်။ ၎င်းတို့ စောင့်နေရင်း ပိုများသည်ထက်များသည့် လူများ စုရုံးလာကြပြီး လူအုပ်ကြီးက ကြီးလာသည်နှင့်အမျှ လူတိုင်းက စိုးရိမ်ပူပန်လာကြသည်။ ထို့နောက် ဘတ်စ်ကား ရောက်လာသည့်အချိန်တွင် အားလုံးသည် အထဲမှ ခရီးသည်များ ထွက်လာဖို့ကို စောင့်ဆိုင်းခြင်းမရှိဘဲ အချင်းချင်း တွန်းကာ တံတောင်ဖြင့် တွန်းဖယ်တိုးရင်းနှင့် အလွန်ရုတ်ရုတ်သဲသဲ ဖြစ်သွားစေလျက် ဘတ်စ်ကားပေါ်သို့ စုပြုံတိုးကြလေသည်။ ယင်းမှာ အလွန်ဖရိုဖရဲဖြစ်သည့် အခြေအနေတစ်ခု ဖြစ်ခဲ့သည်။ ဤပါမောက္ခများက ထိုအရာနှင့်ပတ်သက်၍ စဉ်းစားပြီး “ပေကျင်းမြို့က ကျွန်ုပ်တို့၏ ရောင်းရင်း မြို့ကြီးသားများသည် နေ့စဉ် အလုပ်သွားအလုပ်ပြန် ဘတ်စ်ကားစီးလျက် ခက်ခက်ခဲခဲ အသက်ရှင်ကြရသည်မှာ ထင်ရှားသည်။ တက္ကသိုလ် ပါမောက္ခများအနေဖြင့် လူတို့၏ အခြေအနေများကို ကျွန်ုပ်တို့ ထောက်ထားသင့်သည်။ အဆင့်မြင့် ပညာရှင်များဖြစ်သည်နှင့်အမျှ သာမန်လူများနှင့် ကျွန်ုပ်တို့ မပြိုင်ဆိုင်သင့်ပါ။ သူတို့ကို ဘတ်စ်ကားပေါ် ဦးစွာတက်ခွင့်ပေးခြင်းဖြင့် လေဖင်း၏ ကိုယ်ကျိုးမငဲ့သော စိတ်ဓာတ်ကို ကျွန်ုပ်တို့ ပြရမည်။ ထို့ကြောင့် ဘတ်စ်ကားပေါ်တို့ တိုးဝှေ့မတက်ကြစို့နှင့်”ဟု ပြောကြလေသည်။ ဤအရာနှင့်ပတ်သက်၍ ၎င်းတို့အားလုံး သဘောတူကြပြီး နောက်ကားကို စောင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် ဖြစ်ချင်တော့ နောက်ကား ရောက်လာသည့်အခါ လူပမာဏက ယခင်အတိုင်းပင် ရှိနေပြီး ၎င်းတို့သည် ထိုဘတ်စ်ကားပေါ်သို့ စည်းမဲ့ကမ်းမဲ့ဖြစ်သော လူအုပ်တစ်အုပ်ကဲ့သို့ ပြုံတက်ကြပြန်လေသည်။ ပါမောက္ခများသည် အံ့ဩမှင်တက်သွားကြသည်။ ဘတ်စ်ကားက လူပြည့်သွားပြီး မောင်းထွက်သွားသည်ကို ၎င်းတို့ ကြည့်နေခဲ့ကြပြီး နောက်ထပ်တစ်ခါ ထိုဘတ်စ်ကားပေါ်သို့ တိုးဝှေ့မတက်နိုင်ခဲ့ကြပေ။ ၎င်းတို့ တစ်ဖန် ဆွေးနွေးကာ “ကျွန်ုပ်တို့ အလျင်မလိုပါ။ အမှန်တွင်တော့ ကျွန်ုပ်တို့သည် အဆင့်မြင့် ပညာရှင်များဖြစ်သည်၊ ဘတ်စ်ကားများပေါ် တက်ရန် သာမန်လူများနှင့် ကျွန်ုပ်တို့ တိုက်ခိုက်၍ မဖြစ်ပါ။ အချိန်ယူကြစို့၊ နောက်ကားကို စောင့်သည့် လူသိပ်များမည် မဟုတ်ပါ”ဟု ပြောကြလေသည်။ တတိယဘတ်စ်ကားကို စောင့်နေစဉ်တွင် ဤပါမောက္ခများသည် အနည်းငယ် စိတ်လောလျက်ရှိကြသည်။ ၎င်းတို့ထဲမှ အချို့က လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ “ဤဘတ်စ်ကားအတွက် ယခင်အတိုင်းပင် လူများလျှင် ကျွန်ုပ်တို့ တိုးဝှေ့တက်ကြမည်လော။ ကျွန်ုပ်တို့ တိုးဝှေ့မတက်လျှင် ငါးစီးမြောက်ဘတ်စ်ကားပေါ်ဖြစ်စေ၊ ခြောက်စီးမြောက် ဘတ်စ်ကားပေါ်တွင်ပင်ဖြစ်စေ ကျွန်ုပ်တို့ တက်နိုင်မည်မဟုတ်ဟု ကျွန်ုပ်ထင်သည်။ ထို့ကြောင့် မထူးတော့သည့်အတူတူ ကျွန်ုပ်တို့သည်လည်း တိုးဝှေ့တက်ကြမည်”ဟု ပြောလေသည်။ အခြားသူတို့က “အဆင့်မြင့် ပညာရှင်များသည် ဘတ်စ်ကားများပေါ် တိုးဝှေ့တက်နိုင်သလော။ ယင်းက ကျွန်ုပ်တို့၏ ပုံရိပ်ကို ထိခိုက်မည် ဖြစ်သည်။ တစ်နေ့တွင် အဆင့်မြင့် ပညာရှင်ဖြစ်သည့် ကျွန်ုပ်တို့ပင်လျှင် ဘတ်စ်ကားများပေါ် တိုးဝှေ့တက်ခဲ့ကြသည်ဟု လူများ သိသွားလျှင် ရှက်စရာ ကောင်းလိုက်မည့် ဖြစ်ခြင်းပါတကား”ဟု ပြောလေသည်။ ၎င်းတို့၏ အယူအဆများ ကွဲပြားသွားခဲ့သည်။ ၎င်းတို့ ဆွေးနွေးနေစဉ်၊ စောင့်နေသည့် အခြားလူအုပ်က စုဝေးလာကြသည်။ ဤအချိန်တွင် ပါမောက္ခများသည် အလွန် စိတ်လှုပ်ရှားလာခဲ့ကြပြီဖြစ်ပြီး ဆွေးနွေးခြင်းကို ရပ်လိုက်ကြသည်။ ဘတ်စ်ကား ရောက်လာချိန်တွင် တံခါးများပွင့်သည်နှင့်တစ်ပြိုင်နက် လူတိုင်း မဆင်းမီတွင်ပင် ပါမောက္ခများသည် နောက်ဆုံးလူအုပ် လုပ်သည့်အတိုင်းလုပ်ကာ မိမိတို့ ခွန်အားရှိသမျှဖြင့် တွန်းထိုးကာ တက်သွားကြလေသည်။ ၎င်းတို့ထဲမှ အချို့သည် တိုးဝှေ့တက်သွားနိုင်ကြပြီး အနည်းငယ်သော ပညာရှင်များ၊ အဆင့်မြင့်ယဉ်ကျေးဖွယ်ရာဖြစ်သော ပညာရှင်များမှာ စိတ်ပြင်းပြမှုနှင့် တိုက်ခိုက်လိုသော စိတ်ဓာတ်မရှိသောကြောင့် တိုးဝှေ့တက်မသွားနိုင်ခဲ့ကြပေ။ ဤကိစ္စရပ်ကိုမူ ဤမျှသာပြောကြစို့။ ငါ့ကိုပြောလော့၊ ယင်းမှာ မှန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘတ်စ်ကားများပေါ်သို့ စုပြုံတိုးကြခြင်းသည် အလွန်ရိုးနေပြီ ဖြစ်သောအရာသာ ဖြစ်ပြီး ဤပညာရှင်များအားလုံးသည် အလွန်ဟန်ဆောင်နိုင်စွမ်း ရှိကြလေသည်။ ငါ့ကို ပြောလော့၊ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ အဆင့်မြင့် ပညာရေးကို ရရှိခဲ့ကြပြီး လူတို့ကို သွန်သင်ကာ လေ့ကျင့်သင်ကြားပေးသည့် ပါမောက္ခများဖြစ်လာကြ၍ အဆင့်မြင့် ပညာရှင်များ ဖြစ်လာကြသည့် ဤပညာရှင်များအကြောင်းကို ပထမဆုံး ပြောကြစို့။ ဆိုလိုသည်မှာ ၎င်းတို့ရရှိသည့် ပညာရေးနှင့် ပိုင်ဆိုင်သည့် အသိပညာတို့သည် သာမန်လူများ စွမ်းဆောင်ရရှိသည့် အဆင့်ထက် ပိုမိုမြင့်မားပြီး ၎င်းတို့၏ အသိပညာသည် လူတို့၏ သင်ဆရာများနှင့် နည်းပြများဖြစ်ဖို့၊ လူတို့ကို လေ့ကျင့်သင်ကြားပေးပြီး ၎င်းတို့ကို အသိပညာ ပေးဖို့ ၎င်းတို့အတွက် လုံလောက်ပေသည်။ ထိုအကြောင်းကြောင့် ၎င်းတို့ကို အဆင့်မြင့် ပညာရှင်များဟု ခေါ်လေသည်။ ဤအဆင့်မြင့် ပညာရှင်များ၏ စိတ်ကူးများ၊ အမြင်များနှင့်ပတ်သက်သည့် ပြဿနာတစ်ခုခု ရှိခဲ့သလော။ ပြဿနာများ မုချရှိခဲ့ပေသည်။ သို့ဆိုလျှင် ၎င်းတို့၏ ပြဿနာများသည် မည်သည့်နေရာတွင် တည်ရှိခဲ့သနည်း။ ဤကိစ္စရပ်ကို စိစစ်ကြစို့။ အလွန်များသော အသိပညာနှင့် ထိုသို့သော အဆင့်မြင့် ပညာရေးတစ်ခု ရရှိပြီးနောက်တွင် ၎င်းတို့၏ အတွေးအခေါ်သည် တင်းကျပ်သလော၊ သို့မဟုတ် လွတ်လပ်သလော။ (တင်းကျပ်ပါသည်။) တင်းကျပ်သည်ကို သင်တို့ မည်သို့ သိကြသနည်း။ ၎င်းတို့၏ ပြဿနာများသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ ဦးစွာပထမ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဆင့်မြင့် ပညာရှင်များအဖြစ် ထုတ်ဖော်ပြောဆိုကြသည်။ ဤအခိုင်အမာပြောဆိုချက်နှင့် ပတ်သက်၍ မှားယွင်းသည့်အရာ တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဤအခိုင်အမာပြောဆိုချက်နှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိပေသည်။ ဆက်လက်၍ ၎င်းတို့က “အဆင့်မြင့် ပညာရှင်များဖြစ်သည့် ကျွန်ုပ်တို့သည် ဘတ်စ်ကားပေါ်သို့ တက်သောအခါ ထိုဘတ်စ်ကားပေါ်သို့တက်ဖို့ အခြားလူများနှင့် တိုက်ခိုက်ခြင်း၊ တိုးဝှေ့ခြင်းတို့ မလုပ်သင့်ပေ”ဟု ဆိုကြသည်။ ဤစာကြောင်းနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသလော။ (ရှိပါသည်။) ဤသည်မှာ ဒုတိယပြဿနာ ဖြစ်သည်။ တတိယပြဿနာမှာ ၎င်းတို့က “အဆင့်မြင့် ပညာရှင်များဖြစ်သည့် ကျွန်ုပ်တို့သည် နောက်ကားကို စောင့်နိုင်သည်”ဟု ဆိုကြသည့်အချိန်တွင် ဖြစ်သည်။ ဤအချက်နှင့် ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဤအချက်များအားလုံးနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိလေသည်။ ပြဿနာများက မည်သည့်အရာများဖြစ်သည်ကို မြင်ရန် ဤအချက်သုံးချက်မှတစ်ဆင့် ကိစ္စရပ်ကို စိစစ်လိုက်ကြလော့။ ပြဿနာအပေါ် စေ့စပ်သော သိနားလည်မှု သင်တို့ ရရှိလျှင် ဦးစွာပထမ အဆင့်မြင့် ပညာရှင်များကို သင်တို့ ပုဂ္ဂိုလ်ရေး ကိုးကွယ်တော့မည် မဟုတ်သကဲ့သို့ ဒုတိယအနေဖြင့် သင်တို့သည် အဆင့်မြင့် ပညာရှင်အချို့ ဖြစ်ချင်ကြတော့မည် မဟုတ်ပေ။
ပထမဆုံး အချက်မှာ အဘယ်နည်း။ ၎င်းတို့က မိမိတို့ကိုယ်ကို အဆင့်မြင့် ပညာရှင်များအဖြစ် ထုတ်ဖော်ပြောကြခြင်း ဖြစ်သည်။ ဤအခိုင်အမာပြောဆိုချက်နှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိခဲ့သလော။ (ရှိခဲ့ပါသည်။) “မိမိကိုယ်ကို ထုတ်ဖော်ပြောခြင်း” နှင့် ပတ်သက်၍ မည်သည့်အရာမျှ မမှားပေ။ ယင်းမှာ ဤကိစ္စတွင် မိမိကိုယ်ကို အဆင့်မြင့် ပညာရှင်အဖြစ် ပုံဖော်ခြင်းအား ဆိုလိုသည်။ သို့ဆိုလျှင် “အဆင့်မြင့် ပညာရှင်တစ်ဦးကဲ့သို့”ဟူသည့် စကားရပ်တွင် ပြဿနာတစ်ခု ရှိသလော။ အမှန်တရားမှာ တက္ကသိုလ် ပါမောက္ခများသည် လူ့အဖွဲ့အစည်းတွင် အဆင့်မြင့် ပညာရှင်များ ဖြစ်ကြသည်။ ဤသည်မှာ အမှန်တရား ဖြစ်သည့်အတွက် ဤစကားရပ်နှင့်ပတ်သက်၍ အဘယ်ကြောင့် ပြဿနာတစ်ခု ရှိသနည်း။ (၎င်းတို့က အသိပညာကို ဆည်းပူးပြီးနောက်တွင် အခြားသူများထက် မိမိတို့ ပိုမိုအဆင့်မြင့်သည်ဟု တွေးထင်ခဲ့ကြသည်။) အခြားသူများထက် အဆင့်မြင့်သည်၊ ဤအရာနောက်ကွယ်တွင် စိတ်သဘောထားတစ်ခု မုချ ရှိပေသည်။ (၎င်းတို့အနေဖြင့် အသိပညာကို ပိုမိုဆည်းပူးခဲ့ပြီး ဖြစ်သောကြောင့် အခြားသူများထက် မိမိတို့ ပိုမိုအဆင့်မြင့်သည်ဟု တွေးထင်ခဲ့ကြသည်။ အမှန်တွင် ဤအရာများသည် လူတစ်ဦး၏ စိတ်သဘောထားကို မပြောင်းလဲပေးနိုင်ပေ။) ဤသည်မှာ တစ်စိတ်တစ်ပိုင်း မှန်သော်လည်း ထိုအရာကို အသေအချာ မရှင်းပြပေ။ မည်သူက တစ်ခုခုကို ဖြည့်ပြောပေးနိုင်သနည်း။ (ဘုရားသခင်၊ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်နေသောသူနှင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သောသူများ ဖြစ်သည် မဟုတ်ပါလော။) ဤသည်မှာ မှန်ကန်သော်လည်း အနှစ်သာရကို သင် အသေအချာ မရှင်းပြရသေးပေ၊ ပို၍ အသေးစိတ်ကျကျ ရှင်းပြလော့။ (အသိပညာအချို့ကို သူတို့ ဆည်းပူးခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် အခြားသူများထက် သူတို့ ပိုအဆင့်မြင့်ကာ ပိုမြင့်မြတ်သည်ဟု ခံစားကြသည်။ ထို့ကြောင့် သူတို့သည် မိမိတို့ကိုယ်ကို သာမန်လူများအဖြစ် သဘောမထားနိုင်ခဲ့ကြပါ။ ဤလူ့အဖွဲ့အစည်းတွင် အသက်ရှင်သည့် သာမန်လူများအတွက် ဘတ်စ်ကားများအပေါ် တိုးဝှေ့တက်ခြင်းသည် ၎င်းတို့၏ လက်တွေ့ဘဝ ပတ်ဝန်းကျင်၏ စေစားမှုခံရခြင်းဖြစ်ပြီး ပုံမှန်ဖြစ်သောအရာတစ်ခု ဖြစ်သည်။ သို့သော် ဤ ပညာရှင်များက မိမိတို့ကိုယ်ကို အလွန် အဆင့်မြင့်ပြီး မြင့်မြတ်သည်ဟု သဘောထားလာကြသည်နှင့်တစ်ပြိုင်နက် ပုံမှန်လူများကဲ့သို့ ၎င်းတို့ မပြုမူနိုင်တော့ဘဲ ပုံမှန်လူများ၏ လှုပ်ရှားမှုများက ၎င်းတို့၏ ပင်ကိုလက္ခဏာအတွက် ထိခိုက်နစ်နာဖွယ်ရာ ဖြစ်သည်ဟု တွေးထင်ခဲ့ကြသောကြောင့် ၎င်းတို့ မူမှန်ခြင်းမရှိဟု ကျွန်ုပ် ခံစားရပါသည်။) ၎င်းတို့ မူမမှန်ကြပေ။ မိမိတို့ကိုယ်ကို အဆင့်မြင့် ပညာရှင်များအဖြစ် ထုတ်ဖော်ပြောဆိုရာတွင် သွယ်ဝိုက်ရည်ညွှန်းသည့် အဓိပ္ပာယ်မှာ မူမမှန်ပေ။ ဆိုလိုသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင် ဖောက်ပြန်သောအရာတစ်ခု ရှိခဲ့သည်။ ၎င်းတို့က အခြားသူများထက် ပိုအဆင့်မြင့်ပြီး ပိုအဖိုးထိုက်တန်သည်ဟု ၎င်းတို့ ခံစားခဲ့ကြသည်။ ဤအတွက် ၎င်းတို့၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် လေ့ကျင့်သင်ကြားမှုများစွာ ရရှိခဲ့ပြီး အသိပညာအပြည့်ရှိခဲ့ကာ မည်သူကို ၎င်းတို့ ဆုံရသည်ဖြစ်စေ၊ ပြောရမည့်အရာများ လုံးဝ မကုန်သကဲ့သို့ ထိုသူကို အမှုအရာများကို သွန်သင်ပေးနိုင်ခြင်း ဖြစ်သည်။ အသိပညာကို မည်သည့်အရာအဖြစ် ၎င်းတို့ သဘောထားခဲ့ကြသနည်း။ ထိုအရာကို မိမိ၏ ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းနှင့် လုပ်ရပ်များအတွက်အပြင် မိမိ၏ ကိုယ်ကျင့်တရားအတွက်လည်း စံသတ်မှတ်ချက်တစ်ခုအဖြစ် ၎င်းတို့ သဘောထားကြသည်။ ယခု ၎င်းတို့တွင် အသိပညာရှိသဖြင့် ၎င်းတို့၏ တည်ကြည်မှု၊ ထူးခြားသော လက္ခဏာနှင့် ပင်ကိုလက္ခဏာတို့သည် မြင့်မြတ်ကာ တန်ဖိုးရှိပြီး အဖိုးတန်သည်ဟု ယုံကြည်ကြသည်။ သွယ်ဝိုက်ရည်ညွှန်းချက်မှာ အဆင့်မြင့် ပညာရှင်များက သူတော်စင်များ ဖြစ်သည်ဟူ၍ ဖြစ်၏။ ဤသည်မှာ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) ဤသည်မှာ ၎င်းတို့အတွက် အဆင့်မြင့်ခြင်းဟူသည့်အရာ ဖြစ်သည်။ ထို့ကြောင့် ဘတ်စ်ကားပေါ်သို့ တိုးဝှေ့တက်ရမည့်အခါ ၎င်းတို့က မလုပ်ကြချေ။ အဘယ်ကြောင့် ၎င်းတို့ တိုးဝှေ့မတက်ကြသနည်း။ မည်သည့်အရာက ၎င်းတို့ကို စိုးမိုးထားခဲ့သနည်း။ မည်သည့် အချုပ်အချယ်များနှင့် ကန့်သတ်ချက်များကို ၎င်းတို့ ခံခဲ့ရသနည်း။ ဘတ်စ်ကားပေါ်သို့ တိုးဝှေ့တက်ခြင်းက ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် ပုံရိပ်တို့အား ထိခိုက်မည်ဟု ၎င်းတို့ ခံစားခဲ့ကြသည်။ ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် ပုံရိပ်တို့ကို အသိပညာက ၎င်းတို့အပေါ် ပေးထားခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့က မိမိတို့ကိုယ်ကို အဆင့်မြင့် ပညာရှင်များအဖြစ် ထုတ်ဖော်ပြောဆိုကြလေသည်။ ဤစိစစ်ချက်ကို အခြေခံ၍ ၎င်းတို့ ပြောသည့်အရာသည် ရွံစရာကောင်းသည် မဟုတ်လော။ အတော်လေး ရွံစရာကောင်း၏။ သို့တိုင် ၎င်းတို့က “အဆင့်မြင့်ပညာတတ်များဖြစ်သော ကျွန်ုပ်တို့”ဟု လျှောက်ပြောရင်း ကြွားနေခဲ့ကြသည်။ အမှန်တွင် လူတို့ အထင်ပင်သေးကြသည့် ၎င်းတို့၏ နုံချာပြီး စာအုပ်ကြီးအတိုင်း လုပ်လွန်းသော ဟန်အမူအရာရှိသည့် ပညာတတ်များသာဖြစ်သည်ဟု အခြားသူများက ၎င်းတို့ကို တွေးထင်ခဲ့ကြသော်လည်း ၎င်းတို့ကကိုယ်တိုင်ကမူ ၎င်းတို့သည် အထူးတလည် မြင့်မြတ်သည်ဟု တွေးထင်ခဲ့ကြဆဲဖြစ်သည်။ ဤသည်မှာ ပြဿနာဖြစ်စေသည် မဟုတ်လော။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို သူတော်စင်များအဖြစ် ပုံဖော်ချင်ကြသည့်အဆင့်ထိတိုင် ၎င်းတို့ အလွန် မြင့်မြတ်ပြီး အဆင့်မြင့်သော ပင်ကိုလက္ခဏာ ရှိသည်ဟု ယုံကြည်ခဲ့ကြသည်။ ဤအမြင်သည် ၎င်းတို့အပေါ် တနည်းနည်းဖြင့် ဘောင်ခတ်မှုတစ်ခု ဖြစ်ခဲ့သည် မဟုတ်လော။ အသိပညာနှင့် စပ်လျဉ်း၍ ၎င်းတို့၏ ရပ်တည်ချက်မှာ အဘယ်နည်း။ ထိုအရာမှာ လူတို့တွင် အသိပညာရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ တည်ကြည်မှု ပိုမြင့်မားသွားသည်၊ ၎င်းတို့သည် ဂုဏ်ရှိကာ မြင့်မြတ်လာကြပြီး ၎င်းတို့ လေးစားရိုသေခြင်း ခံရသင့်သည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သာမန်လူတို့ လုပ်ဆောင်သည့် အတော်အတန် ပုံမှန်ဖြစ်သော လုပ်ရပ်အချို့ကို ၎င်းတို့က အထင်သေးကာ ပြစ်တင်ရှုတ်ချကြသည်။ ဥပမာအနေဖြင့် ပညာရှင်များက နှာချေကြသည့်အခါ ၎င်းတို့အနီးအနားတွင်ရှိသည့် လူများကို ကြည့်ကြပြီး ကမန်းကတန်း တောင်းပန်ကြသည်။ သာမန်လူများက နှာချေကြသည့်အခါတွင် ထိုသို့ ဘာတစ်ခုမျှ မတွေးကြချေ။ အမှန်တွင် လေတက်ခြင်းနှင့် နှာချေခြင်းတို့သည် ဘဝတွင် သာမန်အရာများဖြစ်သော်လည်း ထိုပညာတတ်များ၏ အမြင်တွင် ဤသည်တို့မှာ အောက်တန်းကျပြီး မယဉ်ကျေးသော အပြုအမူများဖြစ်သည်။ ထို့ကြောင့် ထိုသူတို့ကို ၎င်းတို့က အထင်သေးပြီး “ဤရိုင်းစိုင်းသော အခြေခံလူတန်းစားများကို ကြည့်ပါ၊ သူတို့ နှာချေပုံ၊ ထိုင်ပုံနှင့် ထပုံတို့သည် အလွန်မသင့်တော်သကဲ့သို့ ဘတ်စ်ကားများ ရောက်လာသည့်အခါ ထိုဘတ်စ်ကားများပေါ်သို့ သူတို့ စုပြုံတိုးကြပြီး ယဉ်ကျေးစွာ လမ်းဖယ်ပေးဖို့အကြောင်း ဘာတစ်ခုမျှ သူတို့ မသိကြပါ”ဟု ပြောလျက် ထိုသူတို့ကို အထင်သေးစိတ်ဖြင့် ကြည့်ကြလေသည်။ အသိပညာနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ ရပ်တည်ချက်မှာ အသိပညာက ပင်ကိုလက္ခဏာ၏ သင်္ကေတဖြစ်ပြီး လူတို့၏ ကံကြမ္မာအပြင် ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် တန်ဖိုးတို့ကိုလည်း အသိပညာက ပြောင်းလဲပေးနိုင်သည်ဟူ၍ ဖြစ်၏။
ဒုတိယအချက်မှာ အဘယ်နည်း။ (ထိုအဆင့်မြင့် ပညာတတ်များသည် ဘတ်စ်ကားများပေါ်တက်ရန် အခြားသူများနှင့် တိုးဝှေ့၍မရခြင်း ဖြစ်သည်။) ၎င်းတို့သည် အခြားသူများနှင့် တိုးဝှေ့ကာ ဘတ်စ်ကားများပေါ်တက်၍မရပေ။ ဘတ်စ်ကားတစ်စီးပေါ်သို့ တိုးဝှေ့တက်ခြင်းသည် ၎င်းတို့၏ ဘဝတွင် ကြုံရသည့် သေးငယ်သောအရာတစ်ခုသာ ဖြစ်သည်။ ဤအရာက မည်သည့်အရာကို ကိုယ်စားပြုသနည်း။ တိတိကျကျပြောရလျှင် အသိပညာအတိုင်းအတာတစ်ခုခုရှိသည့် လူတို့၏ စကားနှင့် ကျင့်ကြံပြုမူခြင်းသည် အဆင့်မြင့် ယဉ်ကျေးဖွယ်ရာဖြစ်ရမည်ဖြစ်ပြီး ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် ကိုက်ညီရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဥပမာအနေဖြင့် ထိုသို့သော လူများသည် ညင်ညင်သာသာ လမ်းလျှောက်ရမည်ဖြစ်ပြီး လူတို့နှင့် ထိတွေ့လာရသည့်အခါ ၎င်းတို့က ဖော်ရွေတတ်ကြောင်း၊ ချဉ်းကပ်၍ရကြောင်းနှင့် လေးစားထိုက်ကြောင်း အခြားလူများအား ခံစားရအောင် လုပ်ရမည်ဖြစ်ပြီး ၎င်းတို့၏ စကားနှင့် ပြုမူကျင့်ကြံမှုတို့သည် အဆင့်မြင့် ယဉ်ကျေးဖွယ်ရာ ဖြစ်ရမည်ဖြစ်သည်။ ၎င်းတို့သည် သာမန်လူများနှင့် တူညီ၍ မရပေ။ မိမိတို့ကိုယ်တိုင်နှင့် သာမန်လူတို့ကြားက ခြားနားချက်ကို လူတို့အား သတိပြုမိအောင် လုပ်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ၎င်းတို့၏ ပင်ကိုလက္ခဏာက ဂုဏ်ရှိပြီး ကျန်သောသူများနှင့် ကွဲပြားခြားနားကြောင်း ၎င်းတို့ ကြွားနိုင်မည် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဤပါမောက္ခများက ဘတ်စ်ကားများပေါ်သို့ တိုးဝှေ့တက်ခြင်းသည် လူ့အဖွဲ့အစည်း၏ နိမ့်ကျသော အလွှာတွင်ရှိသည့် လူများနှင့် အဆင့်မြင့် ပညာရေးကို မရရှိခဲ့ကြသည့် လူတို့ လုပ်ဆောင်သည့်အရာများဖြစ်ပြီး အဆင့်မြင့် အသိပညာ သို့မဟုတ် အဆင့်မြင့် ပညာရှင်များကဲ့သို့သော ပင်ကိုလက္ခဏာတစ်ခု မရှိခဲ့သည့်သူတို့ လုပ်ဆောင်သည့်အရာများလည်း ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ သို့ဆိုလျှင် ဤအဆင့်မြင့် ပညာတတ်များက မည်သည့်အရာများကို လုပ်ဆောင်ကြသနည်း။ လူတစ်ယောက်စာ စင်မြင့်ပေါ်တွင် ရပ်လျက် အယူဝါဒများ ဟောခြင်း၊ အသိပညာ ပေးခြင်းနှင့် လူတို့၏ သံသယများကို ဖြေရှင်းပေးခြင်းဟူသည့် ဤသည်တို့မှာ ၎င်းတို့၏ ပင်ကိုလက္ခဏာ၊ ပုံရိပ်နှင့် ၎င်းတို့၏ အလုပ်အကိုင်ကို ကိုယ်စားပြုသည့်အရာများဖြစ်သော ၎င်းတို့၏ တာဝန်များ ဖြစ်သည်။ ဤအရာများကိုသာ ၎င်းတို့ လုပ်ဆောင်နိုင်ကြသည်။ သာမန်လူတို့၏ နေ့စဉ် အိမ်မှုဝေယျာဝစ္စများနှင့် လုပ်ရိုးလုပ်စဉ်များသည် ဤ “အောက်တန်းကျသည့်၊ နိမ့်ကျသော အရိုင်းအစိုင်းများ”နှင့် အဆက်ဖြတ်ထားကြသော အဆင့်အတန်း ရှိသူဖြစ်သည့် ၎င်းတို့နှင့် ဘာမျှပတ်သက်ခြင်း မရှိပေ။ သာမန်လူတို့၏ နေ့စဉ် အိမ်မှုဝေယျာဝစ္စများနှင့် လုပ်ရိုးလုပ်စဉ်များအပြင် ဘတ်စ်ကားများပေါ်သို့ စုပြုံတိုးခြင်းကဲ့သို့သော လုပ်ရပ်များကိုပင် ၎င်းတို့က မည်သို့ သရုပ်ဖော်ခဲ့ကြသနည်း။ (အောက်တန်းကျသည်ဟူ၍ ဖြစ်သည်။) မှန်ပေ၏၊ အောက်တန်းကျပြီး ရိုင်းစိုင်းသည်။ ဤသည်မှာ ၎င်းတို့ထက် ပိုအဆင့်အတန်းနိမ့်ကျသည့် အဆင့်အတန်းမရှိသည့်၊ သာမန်လူတို့အတွက် ၎င်းတို့၏ စိတ်နှလုံးအတွင်းမှ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဖြစ်သည်။
“အဆင့်မြင့် ပညာတတ်များဖြစ်သည့် ကျွန်ုပ်တို့သည် နောက်ကားကို စောင့်နိုင်သည်” ဟူသည့် တတိယအချက်နှင့်ပတ်သက်၍ ဆွေးနွေးကြစို့။ ဤသည်မှာ မည်သည့် စိတ်ဓာတ်မျိုးဖြစ်သနည်း။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုတွင် အသေးစိတ် ပြောထားသည့်အတိုင်း ပိုကြီးသော သစ်တော်သီးများကို စွန့်လွှတ်သည့် ကောင်းရုံ၏ စိတ်ဓာတ်ဖြစ်သည် မဟုတ်လော။ ပညာတတ်များအပေါ် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုသည် အထူးသဖြင့် နက်နဲလေသည်။ ၎င်းတို့သည် ရိုးရာယဉ်ကျေးမှုကို လက်ခံကြရုံမက လူသိများသည့် ဆိုရိုးများကို ဆောင်ပုဒ်များအဖြစ် သဘောထားသည့်အဆင့်ထိပင် ရိုးရာယဉ်ကျေးမှုမှလာသော စိတ်ကူးများနှင့် အမြင်များစွာကို ၎င်းတို့၏ စိတ်နှလုံးများထဲသို့ လက်ခံကြပြီး ယင်းတို့ကို အပြုသဘောဆောင်သောအရာများအဖြစ် သဘောထားကြကာ ထိုသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် ဘဝ၌ မှားယွင်းသည့် လမ်းကြောင်းပေါ် အစပြုမိကြလေသည်။ ရိုးရာယဉ်ကျေးမှုကို ကွန်ဖြူးရှပ်ဝါဒီ အယူဝါဒက ကိုယ်စားပြုသည်။ ကွန်ဖြူးရှပ်ဝါဒီ အယူဝါဒတွင် အတွေးအခေါ်ဆိုင်ရာ သီအိုရီအစုတစ်ခုလုံးရှိပြီး ထိုအရာက ရိုးရာကိုယ်ကျင့်တရား ယဉ်ကျေးမှုကို အဓိက အားပေးအားမြှောက်ပြုကာ ထိုအရာကို ကွန်ဖြူးရှပ်နှင့် မင်စီးယပ်စ်တို့အား သူတော်စင်များအဖြစ် ကြည်ညိုခဲ့ကြသည့် သမိုင်းတစ်လျှောက်မှ အုပ်စိုးသူ လူတန်းစား မင်းဆက်များက ရိုသေလေးမြတ်ခဲ့ကြသည်။ ကွန်ဖြူးရှပ်ဝါဒီ အယူဝါဒက လူတစ်ဦးအနေဖြင့် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့၏ စံနှုန်းကို ထိန်းသိမ်းသင့်ကြောင်း၊ အမှုအရာများ ဖြစ်ပျက်သည့်အချိန်တိုင်းတွင် ဦးစွာပထမ စိတ်တည်ငြိမ်ရန်၊ ဣန္ဒြေရပြီး သည်းခံတတ်ရန်၊ အေးအေးဆေးဆေးနေပြီး အမှုအရာများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်ကြောင်း၊ အမှုကိစ္စများအတွက် ခိုက်ရန်ဖြစ်ပွားခြင်းမရှိသင့် သို့မဟုတ် အလုအယက် မကြိုးပမ်းသင့်သကဲ့သို့ ယဉ်ကျေးစွာ အလိုက်အထိုက်နေပြီး လူတိုင်းထံမှ လေးစားမှု ရယူရန် သင်ယူသင့်ကြောင်း၊ ဤသည်မှာ လျော်ကန်သင့်မြတ်မှုဖြင့် ကျင့်ကြံပြုမူခြင်း ဖြစ်ကြောင်း ထောက်ခံအားပေးလေ၏။ ဤပညာတတ်များသည် မိမိတို့ကိုယ်ကို သာမန်လူတို့ထက် ပိုမြင့်သည့် နေရာတစ်ခုတွင် ထားရှိကြပြီး ၎င်းတို့၏ အမြင်တွင် လူအားလုံးသည် ၎င်းတို့ သည်းခံပြီး စိတ်ရှည်ပေးရမည့် သူများဖြစ်လေသည်။ အသိပညာ၏ “သက်ရောက်မှုများ”က အတော် ကြီးမားသည်တကား။ ဤလူများသည် အတုအယောင် လူကြီးလူကောင်းများနှင့် အလွန် ဆင်တူသည် မဟုတ်လော။ အလွန်များသော အသိပညာကို ဆည်းပူးရရှိသည့်လူများသည် အတုအယောင် လူကြီးလူကောင်းများ ဖြစ်လာကြသည်။ ဤအဆင့်မြင့် ယဉ်ကျေးဖွယ်ရာဖြစ်သော ပညာရှင်အဖွဲ့ကို စကားရပ်တစ်ခုဖြင့် သရုပ်ဖော်ပြရလျှင် ထိုစကားရပ်မှာ အဆင့်မြင့် ယဉ်ကျေးဖွယ်ရာဖြစ်သော ပညာရှင်ဆန်သည့် ရည်မွန်မှုဖြစ်သည်။ ဤအဆင့်မြင့် ယဉ်ကျေးဖွယ်ရာဖြစ်သော ပညာရှင်များသည် အချင်းချင်း ဆက်ဆံရာတွင် အသုံးပြုသည့် စည်းမျဉ်းများမှာ အဘယ်နည်း။ လောကီဆိုင်ရာ ဆက်ဆံမှုများအား ၎င်းတို့ ချဉ်းကပ်နည်းမှာ အဘယ်နည်း။ ဥပမာအနေဖြင့် သာမန် လူထုသည် မိသားစုအမည်က “လောင်လီ” သို့မဟုတ် “ရှောင်လီ”က ကဲ့သို့ လီ ဖြစ်သည့် အမျိုးသားများကို ရည်ညွှန်းသည်။ ပညာတတ်များက ၎င်းတို့ကို ဤသို့ ရည်ညွှန်းကြမည်လော။ (ရည်ညွှန်းကြမည်မဟုတ်ပါ။) ၎င်းတို့က ထိုသူတို့ကို မည်သို့ ရည်ညွှန်းကြမည်နည်း။ (မစ္စတာလီဟူ၍ ဖြစ်သည်။) ၎င်းတို့သည် အမျိုးသမီးတစ်ဦးကို မြင်လျှင် သူမကို မစ္စမည်သူမည်ဝါအဖြစ် ရည်ညွှန်းမည်ဖြစ်ပြီး လူကြီးလူကောင်းများကဲ့သို့ပင် အထူးသဖြင့် ရိုသေလေးစားဖွယ်ဖြစ်ကာ ရည်မွန်ကြမည်ဖြစ်သည်။ လူကြီးလူကောင်းများက ပြသသည့် အဆင့်မြင့် ယဉ်ကျေးဖွယ်ရာဖြစ်သော ရည်မွန်မှုကို သင်ယူလေ့လာခြင်းနှင့် တုပခြင်းတွင် ၎င်းတို့ အထူးပြုကြသည်။ ၎င်းတို့သည် မည်သည့် လေသံ၊ မည်သည့် နည်းလမ်းဖြင့် အမှုကိစ္စများကို အတူတကွ ပြောဆိုကာ ဆွေးနွေးကြသနည်း။ ၎င်းတို့၏ မျက်နှာအမူအရာများသည် အထူးသဖြင့် နူးညံ့ကာ ယဉ်ကျေးစွာနှင့် တည်ကြည်စွာ စကားပြောကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အမြင်များကိုသာ ဖော်ပြပြီး အခြားသူတို့၏ အမြင်များက မှားယွင်းသည်ကို ၎င်းတို့ သိလျှင်ပင် မည်သည့်အရာကိုမျှ မပြောကြပေ။ မည်သူကမျှ မည်သူတစ်ဦးတလေမျှ၏ ခံစားချက်ကို မထိခိုက်စေကြသကဲ့သို့ မည်သူကိုမျှ မထိခိုက်စေဖို့ သို့မဟုတ် ဒေါသမထွက်စေဖို့ ၎င်းတို့၏ စကားလုံးများမှာ ဂွမ်းဖြင့် ထုပ်ထားသည့်အလား အလွန့်အလွန် နူးညံ့လေသည်။ ယင်းက တစ်ဦးတစ်ယောက်ကို ၎င်းတို့စကားနားထောင်သည်နှင့်ပင် စက်ဆုပ်စေသည်၊ ပူပန်သောကရောက်စေသည် သို့မဟုတ် ဒေါသထွက်စေလေသည်။ အမှန်မှာ မည်သူ၏ အမြင်မျှသည် တိကျရှင်းလင်း ပြတ်သားခြင်းမရှိသကဲ့သို့ မည်သူကမျှ အခြားတစ်ဦးတစ်ယောက်ကိုမျှ အလျှော့မပေးကြပေ။ ဤလူစားမျိုးများသည် ဟန်ဆောင်ရာတွင် အလွန်တော်ကြသည်။ အသေးဖွဲဆုံးသော ကိစ္စကိုပင် ကြုံရသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဟန်ဆောင်ကာ ဖုံးကွယ်ထားကြပြီး ၎င်းတို့ထဲမှ မည်သူကမျှ ရှင်းလင်းသည့် ဖြေရှင်းချက်တစ်ခုကို ပေးကြလိမ့်မည် မဟုတ်ပေ။ သာမန်လူတို့ရှေ့တွင် ၎င်းတို့သည် မည်သည့် ဟန်ပန်ကို ၎င်းတို့ ခံယူချင်ပြီး မည်သည့်ပုံရိပ်မျိုးကို ထားရှိလိုကြသနည်း။ တိတိကျကျပြောရလျှင် ၎င်းတို့က ရိုးကုပ်သော လူကြီးလူကောင်းများ ဖြစ်သည်ကို လူတို့အား မြင်ခွင့်ပေးရန် ဖြစ်သည်။ လူကြီးလူကောင်းများသည် အခြားလူများထက် သိသိသာသာ ပိုတော်ပြီး လူတို့၏ ကြည်ညိုခြင်းခံရသူများဖြစ်သည်။ ၎င်းတို့တွင် သာမန်လူတို့ထက် ပိုကြီးမားသော ထိုးထွင်းအမြင်များ ရှိပြီး သာမန်လူတို့နှင့် နှိုင်းစာလျှင် အမှုအရာများအပေါ် ပိုကောင်းသော သိနားလည်မှုတစ်ခု ရှိကြသည်ဟု လူတို့က တွေးထင်ကြသည်။ ထို့ကြောင့် လူတိုင်းက ပြဿနာတစ်ခု ရှိသည့်အခါတိုင်း ၎င်းတို့ကို တိုင်ပင်ဆွေးနွေးကြလေသည်။ ဤသည်မှာ ဤပညာတတ်များလိုချင်သည့် ရလဒ်အတိအကျ ဖြစ်သည်၊ ၎င်းတို့အားလုံးက သူတော်စင်များအဖြစ် ကြည်ညိုခြင်း ခံရဖို့ မျှော်လင့်ကြသည်။
ငါတို့ ယခုတင် စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည့် အချက်သုံးချက်မှ ကြည့်သည့်အခါ ဤပါမောက္ခများက “အဆင့်မြင့် ပညာရှင်များ” ဂုဏ်ပုဒ်ကို ရရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ အတွေးအခေါ်သည် ပိုမိုလွတ်လပ်သလော၊ သို့မဟုတ် ကန့်သတ်ခံရသလော။ (ကန့်သတ်ခံရပါသည်။) ကန့်သတ်ခံရပေမည်၊ မည်သည့်အရာ၏ ကန့်သတ်ခြင်းခံရသနည်း။ (အသိပညာဖြစ်သည်။) အသိပညာသည် ၎င်းတို့၏ အလုပ်အကိုင်အတွင်းတွင် ရှိသည့် အရာတစ်ခု ဖြစ်သည်။ အမှန်တွင် အသိပညာက ၎င်းတို့ကို အမှန်တကယ် ကန့်သတ်ခြင်းမရှိခဲ့ပေ။ မည်သည့်အရာက ၎င်းတို့ကို ကန့်သတ်ခဲ့သနည်း။ ထိုအရာသည် အသိပညာအပေါ် ၎င်းတို့၏ သဘောထား၊ ပြီးလျှင် ၎င်းတို့၏ အတွေးအခေါ်အပေါ် အသိပညာက ရှိထားသည့် လွှမ်းမိုးမှုများအပြင် ထိုအသိပညာက သွတ်သွင်းသည့် အမြင်များဖြစ်သည်။ ဤသည်မှာ ပြဿနာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ ဆည်းပူးရရှိသည့် အသိပညာ၏ အဆင့်အတန်းမြင့်လေ၊ ၎င်းတို့၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့က ကျန်သူတို့နှင့် ကွဲပြားသည်ဟု ခံစားရလေဖြစ်ပြီး ၎င်းတို့က မြင့်မြတ်ကာ ကြီးမြတ်သည်ဟု ခံစားရလေဖြစ်ကာ တစ်ချိန်တည်းတွင် ၎င်းတို့၏ အတွေးအခေါ်က ပိုကန့်သတ်ခံလာရလေ ဖြစ်သည်။ ဤရှုထောင့်မှကြည့်သည့်အခါ အသိပညာကို ပိုမိုဆည်းပူးသောလူတို့သည် လွတ်လပ်မှုကို ရရှိကြပြီလော သို့မဟုတ် လွတ်လပ်မှုကို ဆုံးရှုံးကြပြီလော။ (လွတ်လပ်မှုကို ဆုံးရှုံးကြသည်။) ၎င်းတို့သည် အမှန်တကယ်တွင် လွတ်လပ်မှုကို ဆုံးရှုံးကြပြီး ဖြစ်သည်။ အသိပညာသည် လူတို့၏ အတွေးအခေါ်များနှင့် လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ အဆင့်အတန်းအပေါ် လွှမ်းမိုးမှုရှိပြီး လူတို့အပေါ် ထိုအသိပညာက အသုံးပြုသည့် လွှမ်းမိုးမှုသည် အပြုသဘောမဆောင်ပေ။ အသိပညာကို သင် ပိုမိုဆည်းပူးလေ၊ သင်၏ ကိုယ်ပိုင်ပြုမူကျင့်ကြံခြင်းနှင့် စပ်လျဉ်း၍ သင့်၌ ရှိသင့်သည့် စည်းမျဉ်းများ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များကို ပိုနားလည်လေ ဖြစ်လိမ့်မည်ဟူသည်မှာ လုံးဝ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် အသိပညာနောက် လိုက်လေ၊ သင် ဆည်းပူးသည့် အသိပညာက ပိုစေ့စပ်လေ၊ ပုံမှန်လူ့သဘာဝရှိသည့် လူတို့ ရှိသင့်သော အတွေးများနှင့် အမြင်များမှ သင် သွေဖည်လေဖြစ်လိမ့်မည်။ ထိုအရာသည် များစွာသော အသိပညာနှင့် ပညာရေးတို့ကို ရရှိခဲ့ပြီးဖြစ်သကဲ့သို့ ဘဝပေးအသိနှင့်ဆိုင်သည့် အခြေခံကျသော ကိစ္စရပ်တစ်ခုကိုပင် နားမလည်ခဲ့ကြသည့် ပညာရှင်တစ်စုကဲ့သို့ပင် ဖြစ်သည်။ ယင်းမှာ မည်သည့် ဘဝပေးအသိ ဖြစ်သနည်း။ လူများစွာ ရှိနေသည့်အခါ ဘတ်စ်ကားပေါ်သို့ သင် တိုးဝှေ့တက်ရမည်။ သင် တိုးဝှေ့မတက်လျှင် မည်သည့်အခါတွင်မျှ ဘတ်စ်ကားပေါ်သို့ ရောက်မည်မဟုတ်ပေ။ ၎င်းတို့သည် အခြေခံသဘောတရားများထဲမှ ဤအရိုးရှင်းဆုံးသော အခြေခံသဘောတရားကိုပင် မသိကြချေ။ ငါ့ကို ပြောလော့၊ ၎င်းတို့သည် တော်လာကြသလော၊ သို့မဟုတ် မိုက်မဲလာကြသလော။ (မိုက်မဲလာခဲ့ကြပြီး ဖြစ်သည်။) အမှန်တွင် ၎င်းတို့သည် မိုက်မဲသောသူတစ်သိုက် ဖြစ်ကြသည်။ သာမန်လူတို့သည် ထိုသို့သော အဆင့်မြင့် အသိပညာ သို့မဟုတ် အဆင့်မြင့် ပညာရေးကို မရရှိကြသကဲ့သို့ ဤအဆင့်အတန်း မရှိကြသော်လည်း ဤအချက်ကို ၎င်းတို့က နားလည်ကြပြီး “ဘတ်စ်ကားပေါ် တက်နေကြပြီး လူများစွာ ရှိသည့်အခါ သင် တိုးဝှေ့ရမည်ဖြစ်ပြီး အလွန် ကြိုးစားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် အနည်းငယ်မျှ လျှော့မိပြီး သင်၏ ဦးနှောက်က တုံ့ပြန်မှု ခြေတစ်လှမ်း နှေးကွေးမိလျှင် လူအုပ်နောက်တွင် ကျန်သွားရနိုင်ပြီး နောက်ကားကို စီးရမည်ဖြစ်သည်”ဟု ပြောကြသည်။ ဤသည်မှာ ဘဝတွင် ဘဝပေးအသိနှင့်ဆိုင်သည့် အခြေခံကျသော ကိစ္စရပ်တစ်ခု၊ သာမန်လူတို့ အကျွမ်းဝင်သည့်အရာတစ်ခုဖြစ်သော်လည်း ဤပညာရှင်များက နားမလည်ကြသည့်အရာ ဖြစ်သောကြောင့် ဘတ်စ်ကား တစ်စီးပြီးတစ်စီး စောင့်ကြလေသည်။ မည်သည့်အရာ၏ ကန့်သတ်ခြင်းကို ၎င်းတို့ ခံရသနည်း။ ၎င်းတို့သည် “ကျွန်ုပ်တို့က အဆင့်မြင့်သော ပညာရှင်များ ဖြစ်သည်”ဟူသည့် ပြောဆိုချက်၏ အခိုင်အမာ ချည်နှောင်ခြင်းကို ခံရကြပေသည်။ ယင်းမှာ ပကတိအခြေအနေဖြစ်သည်။ ထိုသို့သော ရိုးရှင်းသည့် လက်တွေ့ဘဝ ပြဿနာတစ်ခုကိုပင် မည်သို့ ရင်ဆိုင်ရမည်၊ သို့မဟုတ် မည်သို့ဖြေရှင်းရမည်ကို ၎င်းတို့ မသိကြချေ။ ၎င်းတို့သည် မိုက်မဲသောသူတစ်သိုက်ဖြစ်၏။ အသိပညာက ၎င်းတို့ထံ မည်သည့်အရာ ဆောင်ကြဉ်းခဲ့သနည်း။ ထိုအသိပညာက ဆောင်ကြဉ်းပေးသည့်အရာမှာ ၎င်းတို့ကို ကျန်ရှိသည့် လူဦးရေနှင့် ကင်းကွာစေခြင်းဖြစ်သည်၊ ၎င်းတို့သည် မည်သို့ အသက်ရှင်နေထိုင်ရမည်ကို မသိကြသကဲ့သို့ လက်တွေ့ဘဝတွင် ဖြစ်ပျက်သည့်အရာများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိခဲ့ကြချေ။ လက်တွေ့ဘဝတွင် သာမန်လူတို့ ကြုံရသည့် အတွေ့ရအများဆုံးသော ပြဿနာများထဲမှ တစ်ခုအား ကိုင်တွယ်ဖြေရှင်းရန် အဆင့်မြင့် သဘောတရားတစ်ခုခုကို ၎င်းတို့ အသုံးပြုကြပြီး ထိုအရာကို ဤသို့ ကိုင်တွယ်ဖြေရှင်းပြီးနောက် အကျိုးဆက်များက မည်သည့်အရာများ ဖြစ်မည်ကို မသိကြပေ။ ယနေ့ထိတိုင် ၎င်းတို့ နားမလည်ကြသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အိုမင်းသည့် အရွယ်ရောက်သည့်အခါတွင်သာ ဤကိစ္စရပ်ကို ၎င်းတို့ သေချာ စဉ်းစားနိုင်ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအချိန်တွင် ၎င်းတို့သည် မည်သည့် အောင်ပန်းမျှ ရှိကြလိမ့်မည် မဟုတ်တော့သကဲ့သို့ ၎င်းတို့၏ တစ်သက်တာတစ်လျှောက်လုံးတွင် အဆင့်မြင့်သော ပညာရှင်တစ်ဦးနှင့်ဆိုင်သည့် ဂုဏ်ယူဖွယ် နာမည်ဂုဏ်သတင်းကို အတော်လုံလောက်စွာ မွေ့လျော်ခံစားပြီးဖြစ်လိမ့်မည်။ တစ်နေ့တွင် ၎င်းတို့အနေဖြင့် ထိုအချိန်က ဘတ်စ်ကားပေါ်၌ ရှက်ဖွယ် ပုံစံတစ်ခု ဖြစ်ခဲ့ကြသည်ကို သတိရကောင်းသတိရနိုင်ပြီး ၎င်းတို့ သိပ်မြင့်မြတ်ခြင်းမရှိ၊ သိပ်ရည်မွန်ခြင်း မရှိကြောင်းကို ရုတ်တရက် သဘောပေါက်လိမ့်မည်ဖြစ်ကာ “ကျွန်ုပ်၏ ပညာရှင်ဆန်သော ရည်မွန်မှုသည် စားဝတ်နေရေးအတွက် လုံလောက်အောင် ထောက်ပံ့နိုင်သလော။ သာမန်လူများကဲ့သို့ပင် တစ်နေ့ အစာသုံးနပ် ကျွန်ုပ် လိုအပ်ဆဲဖြစ်သည် မဟုတ်လော။ ကျွန်ုပ်သည် အခြားလူများနှင့် ဘာမျှ မကွာခြားပါ။ ကျွန်ုပ်၏ အိုမင်းသော အရွယ်တွင် ကျွန်ုပ်သည်လည်း ခါးကုန်းပြီး လမ်းလျှောက်ရမည် မဟုတ်လော။ အန္တရာယ်ကြုံရသည့်အခါတိုင်းတွင် ကျွန်ုပ်သည်လည်း အကြောက်တရားနှင့် တုန်လှုပ်ပြီး ကြောက်ရွံ့မိသည် မဟုတ်လော။ ချစ်ရသူတစ်ဦး သေဆုံးခြင်း သို့မဟုတ် ဝမ်းမြောက်စရာ အဖြစ်အပျက်တစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ကျွန်ုပ်သည်လည်း ဖြစ်သင့်သည့်အတိုင်း ဝမ်းနည်းသည်၊ သို့မဟုတ် ပျော်ရွှင်သည် မဟုတ်လော။ သာမန်လူများကဲ့သို့ပင် ကျွန်ုပ် အသက်ရှင်နေသည် မဟုတ်လော။ ကျွန်ုပ်သည် ကျန်သောသူများနှင့် ဘာမျှ မကွာခြားပါ”ဟု ရုတ်တရက် သဘောပေါက်ကြလိမ့်မည်။ ထိုအချိန်တွင် ဤအသိသည် ၎င်းတို့အတွက် အလွန်နောက်ကျသွားပေလိမ့်မည်။ သမ္မာတရားကို နားမလည်သည့်အချိန် အပြုသဘောဆောင်သည့် ဆိုရိုးများနှင့် အမြင်များဟုခေါ်သည့် အနည်းငယ်သော အရာများကို လက်ခံသော လူတို့ ပြသသည့် အကျည်းတန်ခြင်း အမျိုးမျိုးရှိသည်။ လူတို့က ဤအမြင်များ မှန်သည်၊ သို့မဟုတ် မမှန်သည်ကို မသိကြသည့်အခါ ဤအမြင်များနှင့် ဆိုရိုးများကို လိုက်နာစောင့်ထိန်းကာ ကျင့်သုံးရမည့် သမ္မာတရားများအဖြစ် မကြာခဏ သဘောထားကြပြီး ယင်းတို့ကို အမှန်တကယ် ကျင့်သုံးသည့်အခါ အကျိုးဆက်မျိုးစုံကို ၎င်းတို့ ခံစားရနိုင်ကာ အဆင်မပြေသည့် အခြေအနေမျိုးစုံ ဖြစ်ပွားလေသည်။ လူတို့အတွက် ဤအရာ၏ အကျိုးဆက်များမှာ အဘယ်နည်း။ လူတို့သည် လွတ်လပ်မှုကို စဉ်ဆက်မပြတ် လိုက်စားနေသော်လည်း ဝဲဂယက်တစ်ခုပြီး တစ်ခုထဲသို့လည်း စဉ်ဆက်မပြတ် ကျရောက်သွားနေကြကာ အကျဉ်းသားဘဝတစ်မျိုးမှ နောက်ထပ်တစ်မျိုးသို့ ရောက်သွားကြသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ ထို့ကြောင့် သမ္မာတရားကို သင် နားမလည်သည့်အခါ သင် ခိုင်မာစွာ စွဲကိုင်သည့်အရာသည် အမြင်တစ်ခုဖြစ်စေ၊ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်စေ၊ စည်းမျဉ်း၊ စနစ် သို့မဟုတ် သဘောတရားတစ်ခုသာ ဖြစ်စေ၊ ဤအရာများက လူ့အဖွဲ့အစည်းတွင် အတော်အတန် ခေတ်နောက်ကျသည်ဖြစ်စေ၊ အတော်လေး အတွေးအမြင်သစ်ကို ဖော်ဆောင်ပြီး ရေပန်းစားသည်ဖြစ်စေ ဤအရာများသည် သမ္မာတရား မဟုတ်သောကြောင့် သမ္မာတရားကို လုံးဝ အစားမထိုးနိုင်ပေ။ ယင်းတို့ကို သင် မည်မျှကောင်းစွာ စောင့်ထိန်းလိုက်နာသည်ဖြစ်စေ၊ ယင်းတို့ကို မည်မျှကောင်းစွာ သင် ကျင့်သုံးသည်ဖြစ်စေ အဆုံးတွင် ထိုအရာများက သင့်ကို သမ္မာတရား ရရှိစေဖို့ထက် သမ္မာတရားမှ လမ်းလွဲသွားစေရုံသာ ဖြစ်စေလိမ့်မည်။ ဤအရာများကို သင် လိုက်နာစောင့်ထိန်းလေ၊ သမ္မာတရားမှ သင် လမ်းလွဲလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လမ်းခရီးမှလည်းကောင်း၊ သမ္မာတရား၏ လမ်းခရီးမှလည်းကောင်း ပိုသွေဖည်လေ ဖြစ်လိမ့်မည်။ အခြားတစ်ဖက်တွင် ဤအပြုသဘောဆောင်သည့် အရာများ၊ သဘောတရားများနှင့် မှားယွင်းသည့် သမ္မာတရားများဟုခေါ်သည့် အရာများကို လက်လွှတ်ရန် တက်ကြွစွာ သင် လက်ဦးမှုယူကာ လုပ်ဆောင်နိုင်လျှင် သမ္မာတရားထဲသို့ အတော်အတန် မြန်ဆန်စွာ ဝင်ရောက်နိုင်သည်။ ဤနည်းဖြင့် လူတို့သည် ဤရိုးရာယဉ်ကျေးမှုများဟု ခေါ်သောအရာများနှင့် ဤမှားယွင်းသော သမ္မာတရားများကို ၎င်းတို့၏ နေ့စဉ်ဘဝများတွင်၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများအဖြစ် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များ၏ နေရာ၌ အသုံးပြုလိမ့်မည် မဟုတ်သကဲ့သို့ ဤကိုးရိုးကားယားအခြေအနေသည် တဖြည်းဖြည်း လျော့ပါးကာ တဖြည်းဖြည်း ပြေလည်သွားလိမ့်မည် ဖြစ်သည်။
လူအချို့သည် မိသားစုတစ်စုနှင့် နိုင်ငံတစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုကို စွန့်ပယ်ခြင်းဖြင့်လည်းကောင်း၊ နိုင်ငံရပ်ခြားမှ နိုင်ငံခြား ရိုးရာယဉ်ကျေးမှုတစ်ခုကို လက်ခံခြင်းဖြင့်လည်းကောင်း သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု တွေးထင်ကြလေသည်။ လူအချို့ကမူ အိုဟောင်းသည့် ရိုးရာယဉ်ကျေးမှု၊ အိုဟောင်းသည့် စိတ်ကူးနှင့် အမြင်များကို စွန့်ပယ်ခြင်းဖြင့်လည်းကောင်း၊ အနည်းငယ် ပိုမို အဆင့်မြင့်ပြီး အနည်းငယ် ပိုမို ခေတ်ဆန်သော စိတ်ကူးများကို လက်ခံခြင်းဖြင့်လည်းကောင်း သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ ယင်းကို ယခုကြည့်သည့်အခါတွင် ဤလူများသည် မှန်သလော၊ သို့မဟုတ် မှားသလော။ (မှားပါသည်။) ၎င်းတို့အားလုံး မှားယွင်းပေသည်။ အိုဟောင်းသော အရာများကိုသာ စွန့်ပယ်ခြင်းဖြင့် လွတ်လပ်မှု ရလိမ့်မည်ဟု လူတို့ တွေးထင်ကြသည်။ လွတ်လပ်မှုရရှိခြင်း၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ လူတစ်ဦးက သမ္မာတရားနှင့် ရှိသင့်သည့် စစ်မှန်သော အသက်ရှင်နေထိုင်မှု နည်းလမ်းကို ရရှိပြီးဖြစ်သည်ဟု ဆိုလိုသည်။ စစ်မှန်သော လမ်းခရီးကို ဤကဲ့သို့ ရရှိသည်ဟု လူတို့ တွေးထင်ကြသည်။ ဤအရာ စင်စစ်အားဖြင့် မှန်ကန်သလော။ ဤအရာ မှန်ကန်တိကျ၏လော။ မမှန်ကန်ပေ။ လူသားမျိုးနွယ်က မည်သည့် ခေတ်ဆန်ပြီး အဆင့်မြင့်သော ယဉ်ကျေးမှုကို လက်ခံသည်ဖြစ်စေ အဆုံးတွင် ထိုအရာသည် ရိုးရာယဉ်ကျေးမှု ဖြစ်နေဆဲဖြစ်ပြီး ယင်း၏ အနှစ်သာရ မပြောင်းလဲပေ။ ရိုးရာယဉ်ကျေးမှုသည် မည်သည့်အချိန်၌မဆို ရိုးရာယဉ်ကျေးမှု ဖြစ်နေလိမ့်ဦးမည် ဖြစ်သည်။ အချိန်၏ စမ်းသပ်မှုကို ခံနိုင်သည်ဖြစ်စေ၊ အမှန်တရား၏ စမ်းသပ်မှုကို ခံနိုင်သည်ဖြစ်စေ၊ လူသားမျိုးနွယ်က ရိုသေလေးမြတ်သည်ဖြစ်စေ အဆုံးတွင် ထိုအရာသည် ရိုးရာယဉ်ကျေးမှု ဖြစ်နေဆဲ ဖြစ်သည်။ ဤရိုးရာယဉ်ကျေးမှုများသည် အဘယ်ကြောင့် သမ္မာတရား မဟုတ်သနည်း။ အကျဉ်းချုံးလိုက်သည့်အခါ ဤအရာများသည် လူသားမျိုးနွယ်က စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးနောက် ဖြစ်လာသည့် စိတ်ကူးများ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်ထံမှ လာခြင်း မဟုတ်ပေ။ ယင်းတို့သည် လူတို့၏ အချို့သော စိတ်ကူးများနှင့် အယူအဆများဖြင့် ရောနှောနေသည့်အပြင် လူသားမျိုးနွယ်အပေါ် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် ရရှိသည့် အကျိုးဆက်များဖြစ်သည်။ စာတန်သည် လူတို့၏ အတွေးအခေါ်ကို ချည်နှောင်ဖို့နှင့် လူတို့၏ အတွေးအခေါ်ကို ဖောက်ပြန်ပျက်စီးစေဖို့အလို့ငှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စိတ်ကူးများ၊ အမြင်များနှင့် အမျိုးစုံသော ဆိုရိုးများအပြင် အကြောင်းပြချက်မျိုးစုံတို့ကို အသုံးချလေသည်။ လူတို့ကို အထင်အမြင်မှားစေရန် စာတန်က အဓိပ္ပာယ်မဲ့သည့်၊ ယုတ္တိမရှိသကဲ့သို့ မှားယွင်းသည့် အရာအချို့ကို သိသာထင်ရှားစွာ အသုံးပြုလျှင် လူတို့က ထိုးထွင်းသိမြင်မှု ရှိကြမည်ဖြစ်သည်။ အမှန်နှင့် အမှားကြား ခွဲခြားနိုင်ကြမည်ဖြစ်ပြီး ထိုအရာများကို ငြင်းပယ်ကာ ပြစ်တင်ရှုတ်ချရန် ဤထိုးထွင်းသိမြင်မှုကို အသုံးပြုကြမည် ဖြစ်သည်။ ထိုသို့ဖြင့် ဤသွန်သင်မှုများသည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ခံနိုင်မည် မဟုတ်ပေ။ သို့သော် လူတို့ကို ပုံသွင်းရန်၊ လွှမ်းမိုးရန်နှင့် စွဲမှတ်အောင် သွန်သင်ရန်အလို့ငှာ စာတန်သည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီပြီး ထုတ်ဖော်ပြောသည့်အခါ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ခံနိုင်လိမ့်မည်ဟု ၎င်းက ထင်မှတ်သည့် အချို့သော အတွေးအခေါ်များနှင့် သဘောတရားများကို အသုံးပြုသည့်အခါ လူသားမျိုးနွယ်သည် အလွယ်တကူ အထင်အမြင်မှားစေခြင်းခံရကာ ဤဆိုရိုးများကိုလည်း လူတို့က အလွယ်တကူ လက်ခံပြီး ဖြန့်ဝေကြလေသည်။ ထို့ကြောင့် ဤဆိုရိုးများသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ မျက်မှောက်ခေတ်ထိ တိုင်အောင်ပင် အဓွန့်ရှည်စွာ တည်တံ့လေသည်။ ဥပမာအနေဖြင့် ရွေးဖေး၊ ယန်မိသားစုဝင် ဗိုလ်ချုပ်ကြီးများနှင့် ဝန်ကျန်းရှန်းတို့အကြောင်း မျိုးချစ်ဇာတ်လမ်းများကဲ့သို့သော တရုတ်သူရဲကောင်းများ၏ ဇာတ်လမ်းအချို့ကို ကြည့်လော့။ ဤစိတ်ကူးများကို မျက်မှောက်ခေတ်ထိတိုင်အောင် လက်ဆင့်ကမ်းလာကြပြီး ဖြစ်သည်မှာ အဘယ်သို့ ဖြစ်သနည်း။ လူတို့၏ ရှုထောင့်မှ ထိုအရာကို ကြည့်လျှင် ခေတ်တိုင်း၌ လူထု၏ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်က ၎င်းတို့၏ အုပ်စိုးမှုကို အလျှော့ပေးစွာနှင့် အောက်ကျို့စွာ လက်ခံစေရန်လည်းကောင်း၊ လူထု မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်အား ၎င်းတို့ လွယ်ကူစွာ အုပ်ချုပ်ကာ ၎င်းတို့၏ စိုးစံမှုကို ပိုမိုတည်ငြိမ်စေရန်လည်းကောင်း လူထု၏ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကို သွန်သင်ဖို့ ဤပုံဥပမာများကို အသုံးပြုပြီး ဤအကျော်အမော်ပုဂ္ဂိုလ်များ၏ အတွေးအခေါ်များနှင့် စိတ်ဓာတ်များအား စဉ်ဆက်မပြတ် အသုံးပြုသည့် လူတစ်မျိုး သို့မဟုတ် အုပ်စိုးသူတစ်မျိုး ရှိလေသည်။ ရွေးဖေးနှင့် ယန်မိသားစုဝင် ဗိုလ်ချုပ်များ၏ ရိုကျိုးလွန်းသော ဆက်ကပ်မှုအပြင် ဝန်ကျန်းရှန်နှင့် ကျူယွမ်တို့၏ မျိုးချစ်စိတ်ဓာတ်တို့အကြောင်းကို ပြောပြခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ တိုင်းသူပြည်သားများကို လေ့ကျင့်သင်ကြားပေးကြပြီး မွန်မြတ်သော ကိုယ်ကျင့်စရိုက်လက္ခဏာ ရှိသည့် လူတစ်ဦး ပိုင်ဆိုင်သင့်သည့်အရာဖြစ်သော သစ္စာစောင့်သိမှုဖြင့် ပြုမူကျင့်ကြံရမည်ဟူသည့် အခြေခံသဘောတရားတစ်ခုကို သိစေကြသည်။ မည်သည့်အတိုင်းအတာထိ သစ္စာစောင့်သိခြင်းဖြစ်သနည်း။ “ဧကရာဇ်က သူ၏ အမှုထမ်းများကို သေရန် အမိန့်ပေးသောအခါ ထိုအမှုထမ်းတို့သည် သေဖို့မှလွဲ၍ ရွေးစရာမရှိပေ”ဟူသည်နှင့် “သစ္စာစောင့်သိသော နိုင်ငံသားတစ်ဦးသည် မင်းနှစ်ပါးကို အလုပ်အကျွေးမပြုပါ”ဟူသည့် အတိုင်းအတာထိ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ရိုသေလေးမြတ်သည့် နောက်ထပ် ဆိုရိုးတစ်ခု ဖြစ်သည်။ မိမိတို့၏ နိုင်ငံကို ချစ်သောသူတို့ကိုလည်း ၎င်းတို့က ရိုသေလေးမြတ်ကြသည်။ မိမိနိုင်ငံကို ချစ်ခြင်းသည် မည်သည့်အရာ သို့မဟုတ် မည်သူ့ကို ချစ်ခြင်းအဖြစ် ဆိုလိုသနည်း။ တိုင်းပြည်ကို ချစ်ခြင်းကရော။ ထိုတိုင်းပြည်တွင်ရှိသည့် ပြည်သူတို့ကို ချစ်ခြင်းကရော။ ပြီးလျှင် နိုင်ငံတစ်ခုဟူသည်မှာ အဘယ်အရာနည်း။ (အုပ်စိုးသူများ ဖြစ်သည်။) အုပ်စိုးသူများသည် တိုင်းပြည်၏ ကိုယ်စားလှယ်များ ဖြစ်သည်။ သင်က “ကျွန်ုပ်၏ နိုင်ငံအတွက် ကျွန်ုပ်၏ ချစ်ခြင်းမှာ အမှန်တကယ်တွင် ကျွန်ုပ်၏ ဇာတိမြို့နှင့် ကျွန်ုပ်၏ မိဘများကို ချစ်ခြင်းဖြစ်သည်။ အုပ်စိုးသူများဖြစ်သော သင်တို့ကို ကျွန်ုပ် မချစ်ပါ”ဟု ပြောလျှင် ၎င်းတို့ ဒေါသထွက်လိမ့်မည်။ သင်က “ကျွန်ုပ်၏ နိုင်ငံအတွက် ကျွန်ုပ်၏ ချစ်ခြင်းသည် အုပ်စိုးသူများကို ကျွန်ုပ်၏ စိတ်နှလုံး အတွင်းနက်နက်မှ ချစ်ခြင်းဖြစ်သည်”ဟု ဆိုလျှင် ၎င်းတို့က လက်ခံကြလိမ့်မည်ဖြစ်ပြီး ထိုသို့သော ချစ်ခြင်းကို အသိအမှတ်ပြုကြလိမ့်မည်။ သင် ချစ်သည်မှာ ၎င်းတို့ မဟုတ်ကြောင်း သင်က ၎င်းတို့ကို နားလည်စေကာ ရှင်းရှင်းလင်းလင်း သိစေလျှင် ၎င်းတို့က အသိအမှတ်ပြုကြလိမ့်မည် မဟုတ်။ ခေတ်ကာလများတစ်လျှောက် အုပ်စိုးသူများက ကိုယ်စားပြုသည်မှာ မည်သူနည်း။ (စာတန်ဖြစ်သည်။) ၎င်းတို့က စာတန်ကို ကိုယ်စားပြုကြသည်၊ ၎င်းတို့သည် စာတန်၏ ဂိုဏ်းဝင်များဖြစ်ကြပြီး နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ရန်၊ ဖန်ဆင်းရှင်ကို ကိုးကွယ်ရန် လူတို့ကို လေ့ကျင့်သင်ကြားပေးဖို့ ဖြစ်နိုင်ချေ မရှိပေ။ ဤအရာကို လုပ်ဆောင်ဖို့ ၎င်းတို့ ဖြစ်နိုင်ချေမရှိပေ။ ထိုအစား အုပ်စိုးသူသည် ကောင်းကင်ဘုံ၏ သားဖြစ်သည်ဟု ၎င်းတို့က လူတို့ကို ပြောပြကြလိမ့်မည်။ “ကောင်းကင်ဘုံ၏ သား”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ကောင်းကင်ဘုံက တစ်စုံတစ်ဦးအား တန်ခိုးအာဏာ ပေးပြီး ထို့နောက်တွင် ဤလူကို “ကောင်းကင်ဘုံ၏ သား”ဟု ခေါ်ကာ ဤလူသည် ကောင်းကင်အောက်ရှိ လူအားလုံးအပေါ် အုပ်စိုးရန် တန်ခိုးအာဏာရှိသည်ဟု ဆိုလိုပေသည်။ ဤသည်မှာ အုပ်စိုးသူများက လူတို့ထဲသို့ သွတ်သွင်းသည့် အတွေးအခေါ်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) လူတစ်ဦးသည် ကောင်းကင်ဘုံ၏ သား ဖြစ်လာသည့်အခါ ထိုအရာကို ကောင်းကင်ဘုံက ဆုံးဖြတ်ခြင်းဖြစ်ပြီး ကောင်းကင်ဘုံ၏ အလိုတော်သည် ထိုသူနှင့်အတူရှိသောကြောင့် လူတို့က မည်သည့် အုပ်စိုးမှုမျိုးဖြစ်စေ ထိုလူ၏ အုပ်စိုးမှုကို အကြွင်းမဲ့ လက်ခံသင့်သည် ဟူ၍ဖြစ်သည်။ လူတို့ထဲသို့ ၎င်းတို့ သွတ်သွင်းသည်မှာ ဤအတွေးအခေါ်ဖြစ်သည်။ ယင်းက သင့်အား ကောင်းကင်ဘုံ၏ တည်ရှိခြင်းအပေါ် သင်၏ အသိအမှတ်ပြုခြင်းကို အခြေခံ၍ ထိုလူကို ကောင်းကင်၏ သားအဖြစ် လက်ခံစေလေသည်။ ထိုလူကို ကောင်းကင်ဘုံ၏ သားအဖြစ် သင့်ကို လက်ခံစေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ထိုအရာသည် ကောင်းကင်ဘုံ ရှိသည်ကိုဖြစ်စေ၊ ဘုရားသခင်ရှိသည်ကိုဖြစ်စေ၊ ဖန်ဆင်းရှင် ရှိသည်ကိုဖြစ်စေ သင့်ကို အသိအမှတ်ပြုအောင် လုပ်ရန် မဟုတ်ဘဲ ဤလူသည် ကောင်းကင်ဘုံ၏ သားဖြစ်ပြီး ကောင်းကင်ဘုံ၏ သားဖြစ်သောကြောင့်၊ ကောင်းကင်ဘုံ၏ အလိုတော် တည်ရှိခြင်းအားဖြင့် ဖြစ်တည်လာသောကြောင့် လူတို့က ထိုသူ၏ အုပ်စိုးမှုကို လက်ခံသင့်သည်ဟူသည့် အချက်စင်စစ်ကို သင့်အား လက်ခံအောင် လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့ သွတ်သွင်းသည့် အတွေးအခေါ်မျိုး ဖြစ်သည်။ ငါတို့ စိစစ်သည့်အရာများသည် အဆိုအမိန့်များ၊ သို့မဟုတ် အဆိုအမိန့်များ လုံးဝ ကင်းမဲ့သည့် ရိုးရာစကားပုံများနှင့် ကြားနေကျ ဆိုရိုးများ ပါဝင်သော စကားရပ်များနှင့် ဥပစာများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူသားမျိုးနွယ်၏ ကနဦးအစမှ ယနေ့ခေတ်အထိ ဖြစ်ပေါ်ပြီးဖြစ်သည့် ဤအတွေးအခေါ်များအားလုံး၏ နောက်ကွယ်တွင် လူသားမျိုးနွယ်အပေါ် စာတန်၏ ချည်နှောင်မှုများနှင့် အထင်အမြင်မှားစေခြင်းတို့အပြင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဤအတွေးအခေါ်များကိုယ်၌နှင့် သက်ဆိုင်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အနက်ဖွင့်ဆိုချက်များ တည်ရှိလေသည်။ နောင်ကာလများတွင် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အနက်ဖွင့်ဆိုချက်က လူသားမျိုးနွယ်အပေါ် မည်သည့် လွှမ်းမိုးမှု ရှိသနည်း။ ထိုအရာသည် ကောင်းမြတ်သလော၊ အပြုသဘောဆောင်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သလော။ (အပျက်သဘောဆောင်ပါသည်။) ထိုအရာသည် အခြေခံအားဖြင့် အပျက်သဘောဆောင်သည်။ ဥပမာအားဖြင့် “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ”၊ “မိမိအလင်းကို ဝှက်ထားပြီး အမှောင်ထဲတွင် ခွန်အားစုစည်းပါ” ဟူသည်နှင့် “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းနှင့် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးခြင်း”၊ “လှေခွက်ချည်းကျန် အလံမလှဲ”အပြင် “အခြားအရာတစ်ခုကို လုပ်ဆောင်စဉ် တစ်ခုကို ဟန်ပြလုပ်ပါ”ဟူသည့် ဆိုရိုးများကို ကြည့်လော့။ နောင်ကာလများတွင် ဤဆိုရိုးများက လူသားမျိုးနွယ်အပေါ် မည်သည့် လွှမ်းမိုးမှု ရှိကြသနည်း။ တိတိကျကျဆိုရလျှင် ရိုးရာယဉ်ကျေးမှုမှ ဤအတွေးအခေါ်များကို လူတို့ လက်ခံကြသည်နှင့်တစ်ပြိုင်နက် လူတို့၏ မျိုးဆက် အစဉ်အဆက် အသီးသီးသည် ဘုရားသခင်ထံမှ ဝေးသည်ထက်ဝေးအောင်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် လူတို့၏ ကယ်တင်ခြင်းမှလည်းကောင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အလုပ်မှလည်းကောင်း ဝေးသည်ထက်ဝေးအောင် လမ်းလွဲသွားကြခြင်း ဖြစ်သည်။ လူတို့သည် ရိုးရာယဉ်ကျေးမှုမှ ဤမှားယွင်းသော အမြင်များကို လက်ခံသည်နှင့်တစ်ပြိုင်နက် လူသားကံကြမ္မာက ၎င်းတို့ကိုယ်တိုင်၏ လက်တွင် ရှိသင့်ကြောင်းနှင့် ပျော်ရွှင်ခြင်းကို ကိုယ့်လက်ဖြင့်ကိုယ် ဖန်တီးရမည်ဖြစ်ကြောင်း၊ ပြီးလျှင် ပြင်ဆင်ထားသောသူတို့အတွက် အခွင့်အရေးများ အရန်သင့်ရှိကြောင်း တိုး၍ ခံစားမိကြလေသည်။ ယင်းက လူသားမျိုးနွယ်အား ဘုရားသခင်ကို တိုး၍ ငြင်းပယ်စေသည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို တိုး၍ ငြင်းပယ်စေပြီး စာတန်၏ အာဏာအောက်တွင် အသက်ရှင်စေလေသည်။ ခေတ်သစ်ကာလ လူတို့ ပြောဆိုရန် နှစ်သက်ကြသည့် အရာနှင့် လွန်ခဲ့သည့် အနှစ်နှစ်ထောင်ကာလ လူတို့ ပြောဆိုရန် နှစ်သက်ကြသည့် အရာများကို သင် ယှဉ်ကြည့်လျှင် ဤအရာများနောက်ကွယ်ရှိ အတွေးအခေါ်၏ အဓိပ္ပာယ်မှာ အမှန်တွင် အတူတူပင် ဖြစ်သည်။ ယင်းမှာ ယနေ့ခေတ် လူတို့က ထိုအရာများကို ပို၍ တိကျစွာ ပြောဆိုကြပြီး ယင်းတို့အကြောင်းကို ပို၍ မကွယ်မဝှက် ပြောဆိုကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် အချုပ်အခြာအာဏာကို ငြင်းပယ်ရုံမက ဘုရားသခင်ကိုလည်း တိုး၍ ဆိုးရွားသော အတိုင်းအတာတစ်ခုထိ အတိုက်အခံလုပ်ကာ ရှုတ်ချကြလေသည်။
ဥပမာအနေဖြင့် ရှေးခေတ်လူတို့က ယနေ့ထိတိုင် လက်ဆင့်ကမ်းလာကြပြီးဖြစ်သည့် “တိုင်းနိုင်ငံ ဒုက္ခရောက်သည့်အခါ လူတိုင်းက မိမိတို့ကဏ္ဍကို လုပ်ဆောင်ရမည့် တာဝန်ရှိသည်”ဟူသည့် ဆိုရိုးတစ်ခုကို ပြောခဲ့ကြသည်။ လူတို့သည် ဤဆိုရိုးကို တန်ဖိုးထားကြသည်။ အထူးသဖြင့် မျိုးချစ်များက ထိုဆိုရိုးကို မိမိတို့၏ ဆောင်ပုဒ်အဖြစ် သဘောထားကြသည်။ ယခုတွင် သင်တို့သည် ရေမြေခြားသို့ ရောက်လာကြပြီးဖြစ်သဖြင့် အခြားလူတစ်ဦးက တရုတ်နိုင်ငံတွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်အချို့ကို ပြောလျှင် သင်တို့နှင့် ပတ်သက်မှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) သင်တို့နှင့် ပတ်သက်မှု တစ်ခုမျှမရှိဟု အဘယ်ကြောင့် သင်တို့ ဆိုသနည်း။ “ထိုနိုင်ငံကို ကျွန်ုပ် မုန်းသည်။ ယခု ဆိုးယုတ်သော နိုင်ငံရေးပါတီဖြစ်သည့် ကွန်မြူနစ်များက အာဏာရှိသည်။ ကွန်မြူနစ်ပါတီသည် နတ်ဆိုး စာတန်ဖြစ်သည်၊ အကြွင်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးသော အစိုးရစနစ်တစ်ခု ဖြစ်ပြီး ကျွန်ုပ်နှင့် ပတ်သက်မှုမရှိပါ။ ထိုအစိုးရက ကျွန်ုပ်တို့ကို နှိပ်စက်ညှဉ်းပန်းပြီး ဘုရားသခင်ကို ယုံကြည်ခြင်းမှ တားဆီးသည်။ ကျွန်ုပ်မုန်းသည်”ဟု ဆိုသောသူအချို့ရှိသည်။ တစ်နေ့တွင် ထိုနိုင်ငံက ပျက်စီးတော့မည် ဆိုပါစို့။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာမျှ သင် မခံစားကောင်း မခံစားရနိုင်သော်လည်း သင်၏ ဇာတိဖြစ်သည့် ပြည်နယ်သည် နိုင်ငံခြားအုပ်စုများ၏ ကျူးကျော်ပြီး သိမ်းပိုက်ခြင်းခံရသည်ကို သင် ကြားရသည့်အခါ သင့်အနေဖြင့် ဒုက္ခသည်တစ်ဦး၊ ပြန်စရာအိမ်မရှိသည့် အိမ်ခြေရာမဲ့တစ်ဦး ဖြစ်သည့်အလား ခံစားရလိမ့်မည် ဖြစ်ပြီး စိတ်မကောင်းဖြစ်ကာ ကြွေကျသည့် သစ်ရွက်များကဲ့သို့ သင်၏ မျိုးရိုးဇာစ်မြစ်ဆီသို့ ပြန်မသွားနိုင်ဟု ခံစားရလိမ့်မည်။ ကြွေကျသော သစ်ရွက်များကဲ့သို့ မိမိ၏ မျိုးရိုးဇာစ်မြစ်ဆီသို့ ပြန်သွားခြင်းဟူသည်မှာ အခြားသော ရိုးရာအတွေးအခေါ်တစ်ခု ဖြစ်သည်။ ထို့နောက် တစ်နေ့တွင် မိမိမွေးဖွား၊ ကြီးပြင်းခဲ့သည့် တိုင်းပြည်ဖြစ်သော သင်၏ မွေးရပ်မြေသည် နိုင်ငံခြားအုပ်စုများ၏ ကျူးကျော်သိမ်းပိုက်ခြင်း ခံရကြောင်း၊ နေ့စဉ် သင် ကျောင်းသို့သွားခဲ့သည့် လမ်းကြောင်းကို နိုင်ငံခြားအုပ်စုများက သိမ်းပိုက်ထားပြီးဖြစ်ကြောင်းနှင့် သင်၏ အိမ်နှင့် သင့်မိသားစု၏ မြေတို့ကို နိုင်ငံခြားအုပ်စုများက မောင်ပိုင်စီးထားပြီး ဖြစ်ကြောင်းကို သင် ရုတ်တရက် ကြားရသည်ဆိုပါစို့။ တစ်ချိန်က သင့်အပိုင်ဖြစ်ခဲ့သည့်အရာ မရှိတော့ပေ။ သင်၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသည့် ထိုမြေကွက်ငယ်လေး၊ သင် အရင်းနှီးဆုံးဖြစ်ခဲ့သည့် မြေကွက်လေး မရှိတော့သကဲ့သို့ သင်၏ ဆွေမျိုးအားလုံး ထိုနေရာတွင် မရှိတော့ပေ။ ထိုအချိန်တွင် သင်က “ငါ့တွင် နိုင်ငံမရှိလျှင် အဘယ်သို့ဖြစ်ပြီး အိမ်တစ်အိမ် ရှိနိုင်မည်နည်း။ ယခုတွင် ငါသည် ဒုက္ခသည်တစ်ဦး အမှန်တကယ် ဖြစ်လာပေပြီ။ ငါ အမှန်တကယ် အိမ်ရာမဲ့လေပြီ၊ အိမ်ခြေရာမဲ့တစ်ဦး ဖြစ်လာလေပြီ။ ‘တိုင်းနိုင်ငံ ဒုက္ခရောက်သည့်အခါ လူတိုင်းက မိမိတို့ကဏ္ဍကို လုပ်ဆောင်ရမည့် တာဝန်ရှိသည်’ ဟူသည့် ဆိုရိုးမှာ မှန်ကန်ပုံရသည်”ဟု တွေးမိလိမ့်မည်။ အချိန်ကျလာသည့်အခါ သင် ပြောင်းလဲလိမ့်မည်။ ထို့ကြောင့် ဤဆိုရိုးမှန်သည်ဟု ယခု သင် အဘယ်ကြောင့် မတွေးသနည်း။ ဤအတွက် နောက်ခံနှင့် အကြောင်းပြချက်တစ်ခု ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုနိုင်ငံက သင့်ကို နှိပ်စက်ညှဉ်းပန်းပြီး အလွန်များသော မချိတင်ကဲဝေဒနာ ခံစားစေကာ သင့်ကို လက်မခံသကဲ့သို့ သင်က ထိုနိုင်ငံကို မုန်းတီးသောကြောင့် ဖြစ်သည်။ အမှန်တရားမှာ သင် စင်စစ် မုန်းတီးသည်မှာ ထိုတိုင်းပြည်မဟုတ်။ သင် မုန်းသည့်အရာမှာ သင့်ကို နှိပ်စက်ညှဉ်းပန်းသည့် စာတန်ဆန်သော အစိုးရစနစ်ဖြစ်သည်။ ထိုအရာကို သင်က သင်၏ နိုင်ငံအဖြစ် အသိအမှတ်မပြုသောကြောင့် ဤအချိန်တွင် အခြားသူတို့က “တိုင်းနိုင်ငံ ဒုက္ခရောက်သည့်အခါ လူတိုင်းက မိမိတို့ကဏ္ဍကို လုပ်ဆောင်ရမည့် တာဝန်ရှိသည်”ဟု ဆိုသည့်အခါတိုင်းတွင် သင်က “ကျွန်ုပ်နှင့် ဘာမျှ မပတ်သက်ပါ”ဟု ဆိုရခြင်း ဖြစ်သည်။ သို့သော် သင် မွေးဖွား၊ ကြီးပြင်းခဲ့သည့် တိုင်းပြည်သည် သင်နှင့် မသက်ဆိုင်တော့သကဲ့သို့ သင်သည် ဇာတိမြေ မရှိတော့သည့်အခါ အိမ်ခြေရာမဲ့တစ်ဦးနှင့် နိုင်ငံသားဖြစ်ခြင်း မရှိသည့် လူတစ်ဦးဖြစ်ကြောင်း၊ သင်၏ နိုင်ငံကို အမှန်တကယ် ဆုံးရှုံးရပြီဖြစ်ကြောင်း သင် ခံစားရလိမ့်မည်။ ထိုအချိန်တွင် သင်၏ စိတ်နှလုံးတွင် စူးရှသော ဝေဒနာတစ်ခု ခံစားရလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာအတွက် စူးရှသောဝေဒနာတစ်ခု ခံစားရလိမ့်မည်နည်း။ ယခု ထိုအရာကို သင် နက်ရှိုင်းစွာ မခံစားရသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တစ်နေ့တွင် ထိုအရာက သင့်ကို နက်ရှိုင်းစွာ တို့ထိခံစားစေလိမ့်မည်။ မည်သည့် အခြေအနေများအောက်တွင် ထိုအရာက သင့်ကို နက်ရှိုင်းစွာ တို့ထိခံစားစေလိမ့်မည်နည်း။ သင်၏ နိုင်ငံ ကျရှုံးပြီး သင်က တိုင်းပြည်ပျက်၍ ကျွန်ဖြစ်ရသူတစ်ဦးဖြစ်လာလျှင် ကြောက်လန့်စရာ မရှိပေ။ မည်သည့်အရာက ကြောက်လန့်စရာဖြစ်သနည်း။ သင်က တိုင်းပြည်ပျက်၍ ကျွန်ဖြစ်ရသူတစ်ဦးဖြစ်လာပြီး အနိုင်ကျင့်ခံရသည့်အခါ၊ ပုတ်ခတ်ဝေဖန်ခံရသည့်အခါ၊ ခွဲခြားဆက်ဆံခံရသည့်အခါ၊ စော်ကားခြင်းခံရပြီး အေးအေးချမ်းချမ်း အသက်ရှင်ရမည့် နေရာမရှိသည့်အခါ ထိုအချိန်တွင် သင်က “နိုင်ငံတစ်နိုင်ငံ ရှိခြင်းက အလွန် တန်ဖိုးရှိပေသည်။ နိုင်ငံတစ်နိုင်ငံမရှိဘဲနှင့် လူတို့သည် စစ်မှန်သည့် အိမ်မရှိပါ။ လူတို့သည် နိုင်ငံတစ်နိုင်ငံ ရှိခြင်းအပေါ်အခြေခံ၍ အိမ်တစ်အိမ်ရှိပေသည်။ ထို့ကြောင့် ‘တိုင်းနိုင်ငံ ဒုက္ခရောက်သည့်အခါ လူတိုင်းက မိမိတို့ကဏ္ဍကို လုပ်ဆောင်ရမည့် တာဝန်ရှိသည်’ ဟူသည့် ဆိုရိုးစကားက ထိုအရာကို ပြောသွားပုံမှာ ကောင်းလှပေသည်”ဟု တွေးလိမ့်မည်ဖြစ်သည်။ “လူတိုင်းက မိမိတို့ကဏ္ဍကို လုပ်ဆောင်ရမည့် တာဝန်ရှိသည်”ဟူသည့် စကားရပ်တွင် ဤ “တာဝန်”သည် မည်သည့်အရာအတွက် ဖြစ်သနည်း။ သင့်ကိုယ်ပိုင်အိမ်၏ အေးချမ်းမှုအတွက်၊ သင်၏ ကိုယ်ပိုင် အိမ်ကို ကာကွယ်နိုင်ရန်အတွက် ဖြစ်သည်။ ဤအကြောင်းကို သင် တွေးသည့်အခါ သင်သည် နိုင်ငံခြားအုပ်စုများ၏ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် ခွဲခြားဆက်ဆံခြင်း ခံရသည့်အခါ၊ သင်နှင့်ဆက်စပ်မှုရှိသည့် နေရာတစ်ခု သင် လိုအပ်သည့်အခါနှင့် သင်၏နောက်တွင် သင်၏ ဂုဏ်၊ ဂုဏ်သိက္ခာ၊ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ကို ထောက်ကူပေးမည့် နိုင်ငံတစ်ခု လိုအပ်သည့်အခါ သင် မည်သို့ ခံစားရလိမ့်မည်နည်း။ သင်က “နိုင်ငံခြားနိုင်ငံတစ်ခုတွင်နေသည့် လူတစ်ဦးက ၎င်း၏နောက်တွင် အင်အားကြီးသော အထောက်အပံ့ရှိသည်ဆိုလျှင် ထိုအရာသည် ကြီးမြတ်သော မိခင်တိုင်းပြည်တစ်ခု၏ အင်အားကြီးသော အထောက်အပံ့ ဖြစ်ရပေမည်”ဟု တွေးလိမ့်မည်။ ထိုအခါ ယခုနှင့် ယှဉ်လျှင် သင်၏စိတ်အခြေအနေသည် ကွဲပြားလိမ့်မည်လော။ (ကွဲပြားပါလိမ့်မည်။) ယခု သင်သည် မခံမရပ်နိုင်ဖြစ်ရုံသာ ဖြစ်နေသဖြင့် သင့်နိုင်ငံတွင် ဖြစ်သည့် မည်သည့်အရာမျှ သင်နှင့်မဆိုင်ဟု ပြောနေခြင်း ဖြစ်သည်။ ထိုအချိန်ရောက်လာသည့်အခါ ထိုသို့သောအရာများကို ပြောနိုင်သေးလျှင် မည်သည့် ဝိညာဉ်ရင့်ကျက်မှုမျိုး သင် ရှိရမည်နည်း။ ဤလောကတွင် လူတိုင်းသိနိုင်သည့် အမှန်တရားတစ်ခု ရှိသည်။ ယင်းမှာ တန်ခိုးအာဏာရှိသည့် မိခင်တိုင်းပြည်၏ အထောက်အပံ့ မရှိဘဲနှင့် သင်သည် နိုင်ငံခြားတိုင်းပြည်များတွင် မုချ ခွဲခြားဆက်ဆံရလိမ့်မည်ဖြစ်ပြီး အနိုင်ကျင့်ခံရလိမ့်မည်ဖြစ်သည်။ ယင်းကို သင် အမှန်တကယ် ကြုံတွေ့ရမည့် အချိန်ရောက်လာသည့်အခါ ဦးစွာပထမ မည်သည့်အရာကို သင် တောင်းဆိုလိမ့်မည်နည်း။ အချို့က “ကျွန်ုပ် ဂျူးလူမျိုး သို့မဟုတ် ဂျပန်လူမျိုးဖြစ်ခဲ့မည်ဆိုလျှင် အလွန်ကောင်းပေမည်။ မည်သူကမျှ ကျွန်ုပ်ကို အနိုင်ကျင့်ရဲမည် မဟုတ်ပါ။ ကျွန်ုပ် သွားသည့် မည်သည့်နိုင်ငံတွင်မဆို လူတို့၏ အလွန်အလေးထားခြင်းကို ကျွန်ုပ်ခံရမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် အဘယ်သို့ဖြစ်ပြီး ကျွန်ုပ် မွေးလာရသနည်း။ ထိုနိုင်ငံသည် စွမ်းရည်သတ္တိမရှိသကဲ့သို့ တရုတ်လူမျိုးများသည် ၎င်းတို့ သွားသည့်နေရာတိုင်းတွင် အနိုင်ကျင့်ခံရသည်”ဟု ပြောကြလိမ့်မည်။ ဤကဲ့သို့သောအရာတစ်ခု ဖြစ်ပျက်သည့်အခါ ပထမဆုံး မည်သည့်အရာကို သင်တို့ တွေးလိမ့်မည်နည်း။ (ကျွန်ုပ်တို့တွင် ဘုရားသခင်ကို ယုံကြည်ခြင်းရှိပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျွန်ုပ်တို့ ကျိုးနွံနာခံကြသည်။) ဤသည်မှာ မှန်ပေ၏။ သို့သော် ထိုသို့သော အရာတစ်ခုကို ပြောနိုင်ကာ ထိုအရာကို ၎င်းတို့ ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှုအဖြစ်သို့ ပြောင်းလဲနိုင်ရန်အလို့ငှာ လူတစ်ဦးသည် သမ္မာတရား မည်မျှကို နားလည်ရမည်နည်း၊ မည်သည့် အတွေ့အကြုံ ရှိရမည်နည်း၊ ပြီးလျှင် အတွေ့အကြုံဆိုင်ရာ သိနားလည်မှု မည်မျှ ပိုင်ဆိုင်သင့်သနည်း။ ဤကဲ့သို့သော တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ အားမနည်းရန် မည်သည့် စိတ်ကူး၊ သိနားလည်မှုနှင့် လက်တွေ့ကျသော အတွေ့အကြုံမျိုး သင်ရှိရမည်နည်း။ တစ်စုံတစ်ဦးက သင့်ကို တံတွေးဖြင့်ထွေးပြီး တိုင်းပြည်ပျက်ကျွန်တစ်ဦးဟု ခေါ်လျှင်ပင် သင် ဝမ်းမနည်းဖို့ရန်ဆိုလျှင်ရော အဘယ်သို့နည်း။ သင့်အနေဖြင့် ဝမ်းမနည်းရန်နှင့် ဤဘောင်ခတ်မှုများကို မခံစားရရန် မည်သည့် ဝိညာဉ်ရင့်ကျက်မှုမျိုး ရှိရမည်နည်း။ ယခုတွင် သင်တို့၌ ဤဝိညာဉ်ရင့်ကျက်မှုမျိုး ရှိသလော။ (မရှိပါ။) သင်တို့တွင် ယခု ထိုအရာ မရှိကြသော်လည်း တစ်နေ့တွင် ရှိကောင်းရှိပေမည်။ မည်သည့် သမ္မာတရားများဖြင့် သင် ပြင်ဆင်ထားရမည်နည်း။ မည်သည့် သမ္မာတရားများကို သင် နားလည်ရမည်နည်း။ ယနေ့ခေတ်တွင် လူအချို့က တရုတ်ပြည်မရှိ ၎င်းတို့၏ မိသားစုဝင်များက ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အဖမ်းခံကြရပြီဖြစ်သည်ကို ကြားသည်နှင့်တစ်ပြိုင်နက် အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ဟူသည့် ၎င်းတို့ စိတ်နှလုံးများတွင် နားလည်ကြသည့်အရာသည် ၎င်းတို့အဖို့ အယူဝါဒဖြစ်လာပြီး ၎င်းတို့၏ မိသားစုဝင်များ အဖမ်းခံရပြီးဖြစ်သည်ဟူသည့် အချက်ဖြင့် ၎င်းတို့ ဘောင်ခတ်ခြင်းခံရကာ ၎င်းတို့၏ တာဝန်များကို လုပ်ဆောင်ရန် လိုအင်ဆန္ဒမရှိကြချေ။ ၎င်းတို့၏ ဆွေမျိုးတစ်ဦး သေဆုံးသည်ကို ကြားသည့်အခါ ထိုနေရာတွင်ပင် ၎င်းတို့ သတိလစ်သွားနိုင်သည်။ တိုင်းပြည်က ဖျက်ဆီးခံရပြီး ထိုတိုင်းပြည်ရှိ လူအားလုံး သေဆုံးသွားလျှင် သင် မည်သို့ ခံစားရမည်နည်း။ နိုင်ငံ၊ အိမ်၊ ဇာတိမြို့နှင့် မိခင်တိုင်းပြည်တို့ကဲ့သို့သော ရိုးရာဓလေ့၏ အမှုအရာများအပြင် ဤစကားလုံးများနှင့် ဆက်စပ်သည့် အချို့သော ရိုးရာအတွေးအခေါ်များနှင့် ယဉ်ကျေးမှုတို့သည် သင်တို့၏ စိတ်နှလုံးများအတွင်းတွင် လေးနက်မှုမည်မျှ ရှိသနည်း။ သင်၏ အသက်တာတွင် ယင်းတို့သည် သင်၏ လုပ်ရပ်များအားလုံး၊ သင်၏ အတွေးအခေါ်များအားလုံးနှင့် အပြုအမူများအားလုံးတို့ကို စိုးမိုးဆဲဖြစ်သလော။ သင်၏ စိတ်နှလုံးသည် နိုင်ငံ၊ လူမျိုးနွယ်စု၊ တိုင်းနိုင်ငံ၊ မိသားစု၊ ဇာတိမြို့၊ တိုင်းပြည် စသည်တို့ကဲ့သို့သော သင်နှင့် ဆက်စပ်မှုရှိသည့် ဤရိုးရာဓလေ့ အမှုအရာများ၏ နေရာယူခြင်းကို ခံရဆဲဖြစ်လျှင်၊ ဆိုလိုသည်မှာ သင်၏ စိတ်နှလုံးတွင် ဤအရာများက ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သည့် အငွေ့အသက်တစ်ခုခု ရှိနေဆဲဖြစ်လျှင် သင် နားထောင်သည့် ဒေသနာများနှင့် သင် နားလည်သည့် သမ္မာတရားများသည် သင့်အဖို့ အယူဝါဒများချည်းသာ ဖြစ်ပေသည်။ သင်သည် အလွန်များသော ဒေသနာများကို နားထောင်ပြီးဖြစ်သော်လည်း လူတို့ လက်လွှတ်သင့်ပြီး ခပ်ခွာခွာနေသင့်သည့် အခြေခံအကျဆုံးသော အရာများကိုပင် လက်မလွှတ်နိုင်သကဲ့သို့ ယင်းတို့ကို မှန်ကန်စွာ သဘောမထားနိုင်လျှင် သင်နားလည်သည့် ထိုသမ္မာတရားများသည် မည်သည့်ပြဿနာများကို အတိအကျ ဖြေရှင်းပေးသနည်း။
အောက်ခြေမှတ်စု(များ)-
က။ “လောင်” နှင့် “ရှောင်”သည် ပြောသူနှင့် နားထောင်သူတိုကြား ဝေမျှသည့် အကျွမ်းဝင်ခြင်း သို့မဟုတ် သာမန်ကာလျှံကာဖြစ်ခြင်း ခံစားချက်တစ်ခုကို ဖော်ညွှန်းသည့် ဝေါဟာရတစ်ခုအဖြစ် တရုတ်ဘာသာစကားတွင် မိသားစုနာမည်ရှေ့တွင် ဖြည့်စွက်သည့် ရှေ့ဆက်ပုဒ်များ ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။