အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁) အခန်း နှစ်
ဖြည့်စွက်ချက်-
ရှောင်ဂန်း၏ အိပ်မက်များ
ယနေ့တွင် ငါသည် ဇာတ်လမ်းတစ်ခုကို ပြောခြင်းအားဖြင့် တစ်ဖန်စတင်မည်။ ဇာတ်လမ်းများ နားထောင်ရသည်ကို သင်တို့စိတ်ဝင်စားသလော။ ဇာတ်လမ်းများမှ တစ်စုံတစ်ခုကို သင်တို့ရနိုင်သလော။ ဇာတ်လမ်းများတွင် အမှုကိစ္စများ ဖြစ်ပျက်သည်။ ဤအမှုကိစ္စများတွင် သမ္မာတရားများ ပါဝင်သည်။ ဇာတ်လမ်းများထဲမှ လူတို့တွင် အခြေအနေတချို့၊ ထုတ်ဖော်ပြခြင်းတချို့၊ ရည်ရွယ်ချက်တချို့နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတချို့ ရှိသည်။ အမှန်တွင် ဤသည်တို့မှာ လူတိုင်းတွင် တည်ရှိသည်။ လူတိုင်းနှင့် ဆက်စပ်နေသည်။ ဇာတ်လမ်းများထဲရှိ ဤအရာများကို သင်နားလည်ပြီး သိမြင်နိုင်လျှင် ဤသည်မှာ သင်၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသည်ကို သက်သေပြသည်။ လူတချို့က “ကျွန်ုပ်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသည်ဟု ကိုယ်တော်က ပြောသည်။ ဤသည်မှာ ကျွန်ုပ်သည် သမ္မာတရားကို ချစ်သူတစ်ဦးဖြစ်သည်ဟု ဆိုလိုပါသလော” ဟု ပြောသည်။ ဤသို့ သေချာပေါက်ဆိုလိုခြင်း မဟုတ်ပေ။ ယင်းတို့သည် မတူညီသောအရာနှစ်ခုဖြစ်သည်။ လူတချို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော်လည်း သမ္မာတရားကို မချစ်ပေ။ ၎င်းတို့သည် နားလည်ရုံသာ ရှိပြီး ဤထက်မပိုပေ။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို သမ္မာတရားနှင့် ယှဉ်မကြည့်ပေ၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ လူတချို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိ၍ ဇာတ်လမ်းများကို နားထောင်ပြီးနောက် ၎င်းတို့တွင် တူညီသော ပြဿနာများရှိသည်ကို ရှာဖွေတွေ့ရှိပြီး ရှေ့လျှောက် မည်သို့ဝင်ရောက်ရမည်၊ မည်သို့ပြောင်းလဲရမည်ကို စဉ်းစားသည်။ ဤလူတို့သည် လိုချင်သော ရလဒ်များကို ရရှိကြပြီးဖြစ်၏။ ထို့ကြောင့် ယနေ့တွင် ငါသည် ဇာတ်လမ်းတစ်ခုကို ဆက်၍ပြောမည်။ အကြောင်းကိစ္စက ပေါ့ပါးပြီး ၎င်းကို လူတိုင်း နားထောင်လိုစိတ် ရှိလိမ့်မည်။ မည်သည့်ဇာတ်လမ်းသည် လူအများစုက နားထောင်ပြီးနောက်တွင် ၎င်းတို့ကို တစ်စုံတစ်ခု ရရှိစေနိုင်ပြီး တည်ဆောက်စရာ ဖြစ်စေနိုင်သည်ကိုလည်းကောင်း၊ ၎င်းတို့အပေါ် သမ္မာတရား၏ ရှုထောင့်တစ်ခုကို ထပ်၍ လေးနက်စွာ စွဲမှတ်စေနိုင်သည်ကိုလည်းကောင်း၊ ထို့အပြင် ယင်းကို လက်တွေ့အရှိတရားနှင့် ဆက်နွှယ်နိုင်စေသည်ကိုလည်းကောင်း၊ သမ္မာတရား၏ ရှုထောင့်တစ်ခုသို့ ဝင်ရောက်ခြင်း၊ သို့မဟုတ် လမ်းလွဲခြင်းတစ်မျိုးကို ပြုပြင်ခြင်းမှတစ်ဆင့် ယင်းထံမှ အကျိုးအမြတ်ရနိုင်စေသည်ကိုလည်းကောင်း ဤပြီးခဲ့သည့်နှစ်ရက်က ငါစဉ်းစားတွေးတောနေခဲ့သည်။ ငါပြောခဲ့သော ပြီးခဲ့သည့်ဇာတ်လမ်းကို နာမည်ပေးရန် ငါမေ့ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် ထိုဇာတ်လမ်းကို ငါတို့နာမည်ပေးမည်။ မည်သို့ခေါ်သင့်သည်ဟု သင်တို့ထင်သနည်း။ (ထူးခြားသော ဆုကျေးဇူးများ။) “ထူးခြားသော” ဟူသည့် စကားကို ချန်ပြီး “ဆုကျေးဇူးများ” ဟု ခေါ်ကြစို့။ ဤနေရာတွင် “ထူးခြားသော” ဟူသည့် စကားလုံးက အနည်းငယ် ထူးဆန်းနေသယောင် ရှိပြီး လူတို့က ထိုစကားလုံးအပေါ် အာရုံစိုက်လိမ့်မည်။ “ဆုကျေးဇူးများ” ဆိုသည်ကမူ ပို၍ သိမ်မွေ့သော အဓိပ္ပာယ်တစ်ခုရှိသည်။ ဤသို့ဆိုလျှင် ယနေ့တွင် မည်သည့်ဇာတ်လမ်းကို ငါပြောမည်နည်း။ ယနေ့ဇာတ်လမ်းမှာ “ရှောင်ဂန်း၏ အိပ်မက်များ” ဟု ခေါ်သည်။ “ရှောင်” ဟူသည်မှာ သင်တို့အားလုံး သိသည့်အတိုင်း “သေးငယ်သည်” ဟု အဓိပ္ပာယ်ရ၏။ “ဂန်း” ဆိုသည်မှာ အဘယ်နည်း။ (“ရာထူးနေရာ” ဖြစ်ပါသည်။) မှန်သည်။ ဤအမည်ကို ကြားပြီးလျှင် ဇာတ်လမ်း၏ အကြောင်းအရာကို သင်တို့သိလောက်ပေပြီ။ အနီးစပ်ဆုံး ခန့်မှန်းနိုင်လောက်ပေပြီ။ ယခုတွင် ဇာတ်လမ်းကို ငါစတင်ပြောမည်။
ရှောင်ဂန်းသည် စိတ်ထက်သန်သော၊ စာကြိုးစားသော၊ လုံ့လရှိသော လူငယ်တစ်ယောက်ဖြစ်ပြီး အတော်အတန် ပါးနပ်သည်။ သူသည် လေ့လာရသည်ကို နှစ်သက်လေရာ ယနေ့ခေတ်၏ အလွန်ရေပန်းစားသော ကွန်ပျူတာနည်းပညာတချို့အကြောင်း အနည်းငယ်သင်ယူသည်။ သို့ဖြစ်၍ ဘုရားအိမ်တော်တွင် သူသည် ဗီဒီယိုအဖွဲ့၌ သူ၏ တာဝန်ကို ထမ်းဆောင်ရန် သဘာဝအလျောက် တာဝန်ပေးအပ်ခြင်းခံရလေသည်။ ရှောင်ဂန်းသည် ဗီဒီယိုအဖွဲ့တွင် စတင်ပါဝင်သောအခါ အလွန်ပျော်ရွှင်ပြီး ဂုဏ်ယူခဲ့ရ၏။ သူသည် ငယ်ရွယ်ပြီး နည်းပညာတချို့ကို ပိုင်ပိုင်နိုင်နိုင်ရှိသောကြောင့် ဗီဒီယိုအလုပ်သည် သူ၏ ကျွမ်းကျင်မှုဖြစ်ပြီး သူ၏ ဝါသနာလည်း ဖြစ်သည်ဟုလည်းကောင်း၊ ထိုနေရာတွင် သူ၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် သူ၏ ကျွမ်းကျင်မှုကို အသုံးပြုနိုင်ပြီး စဉ်ဆက်မပြတ်လေ့လာသည့် လုပ်ငန်းစဉ်မှတစ်ဆင့် ဤနယ်ပယ်တွင် တိုးတက်မှုလည်း ပြုလုပ်နိုင်သည်ဟုလည်းကောင်း သူယုံကြည်သည်။ ထို့အပြင် ဤနေရာတွင် သူတွေ့ဆုံသည့် လူအများစုမှာလည်း ငယ်ရွယ်သည်။ သူသည် ဤနေရာတွင်ရှိသည့် ဝန်းကျင်အခြေအနေကို အလွန်နှစ်သက်ပြီး ဤတာဝန်ကို မွေ့လျော်သည်။ ထို့ကြောင့် သူသည် နေ့စဉ် အလုပ်ရှုပ်နေပြီး အလွန်လေးနက်စွာ လေ့လာလျက်ရှိလေသည်။ ဤသို့ဖြင့် ရှောင်ဂန်းသည် နေ့စဉ် စတင်အလုပ်လုပ်ရန် စောစီးစွာထပြီး တစ်ခါတစ်ရံ၌ ညဉ့်နက်သည်အထိ မနားပေ။ ရှောင်ဂန်းသည် သူ၏ တာဝန်အတွက် များစွာပေးဆပ်ပြီး ဆင်းရဲဒုက္ခတချို့ကို ခံသည်။ သို့ဖြစ်၍ ဆက်စပ်မှုရှိသော အတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတပမာဏ အတော်များများကိုလည်း သဘာဝအလျောက်ပင် သူသင်ယူတတ်မြောက်၏။ နေ့စဉ်နှင့်အမျှ အလွန်အကျိုးရှိစွာ အချိန်ကုန်ဆုံးသည်ဟု သူခံစားရလေသည်။ ရှောင်ဂန်းသည် သူ၏ ညီအစ်ကိုမောင်နှမများနှင့်လည်း မကြာခဏ မိတ်သဟာယဖွဲ့ပြီး စုဝေးပွဲများ တက်ရောက်သည်။ သူသည် သူ၏ ဇာတိမြို့၌ ဘုရားသခင်ကို ယုံကြည်ခဲ့သော အချိန်ကနှင့် ယှဉ်ကြည့်လျှင် ဤနေရာသို့ လာပြီးနောက် ပို၍တိုးတက်မှု ရှိသည်ဟုလည်းကောင်း၊ သူသည် ရင့်ကျက်ကြီးထွားလာပြီဖြစ်ပြီး အလုပ်အချို့ကို တာဝန်ယူနိုင်ပြီဟုလည်းကောင်း ခံစားရ၏။ သူသည် အလွန်ပျော်ရွှင်ပြီး ကျေနပ်နေလေတော့သည်။ နဂိုက သူသည် ကွန်ပျူတာနည်းပညာကို လေ့လာသောအခါ၌ တစ်နေ့တွင် ကွန်ပျူတာများနှင့် အလုပ်လုပ်ရဖို့ မျှော်လင့်ခဲ့သည်။ ယခုတွင် သူ၏ ဆန္ဒက နောက်ဆုံး၌ ပြည့်စုံလာသည်။ ထို့ကြောင့် သူသည် ဤအခွင့်အလမ်းကို အမှန်ပင် တန်ဖိုးထား၏။ အချိန်ကာလတစ်ခု ကုန်ဆုံးသွားခဲ့ပြီး ရှောင်ဂန်း၏ အလုပ်နှင့် သူ၏ ရာထူးက မပြောင်းလဲပေ။ သူသည် သူ၏ အလုပ်ကို ထိန်းသိမ်းထားပြီး သူ၏ ဤတာဝန်နှင့် ဝတ္တရားကို ထိန်းသိမ်းထားသည်။ ပြီးလျှင် သူသည် ယခင်ကထက်ပို၍ ရင့်ကျက်သည့်ပုံစံရှိသည်။ သူသည် အသက်ဝင်ရောက်မှုတွင်လည်း တိုးတက်မှုရှိသည်။ စုဝေးပွဲများတွင် ညီအစ်ကိုမောင်နှမများနှင့် မကြာခဏ မိတ်သဟာယဖွဲ့ပြီး ဘုရားနှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုသည်။ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သူ၏ စိတ်ဝင်စားမှုသည် ပိုပို၍ အားကောင်းလာလေသည်။ ရှောင်ဂန်း၏ ယုံကြည်ခြင်းသည် အနည်းငယ်ချင်းစီဖြင့် မြင့်တက်လာသည်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် သူသည် “ကွန်ပျူတာအလုပ်ကို လုပ်စဉ်တွင် ငါသည် ပို၍အသုံးဝင်သောသူတစ်ဦး ဖြစ်လာနိုင်လျှင် အလွန်ကောင်းလိမ့်မည်” ဟူသော အိပ်မက်အသစ်တစ်ခုရှိသည်။
တစ်ရက်ပြီးတစ်ရက် ဤသို့ဖြင့် အချိန်ကုန်ဆုံးပြီး ရှောင်ဂန်းသည် တူညီသောတာဝန်ကို ဆက်လက်ထမ်းဆောင်သည်။ တစ်ကြိမ်တွင် သူသည် ရုပ်ရှင်တစ်ကားကို ကြည့်ဖြစ်ပြီး ထိုရုပ်ရှင်က နောက်ပိုင်းတွင် သူ့အပေါ်၌ အလွန်ပင် သက်ရောက်မှုရှိခဲ့သည်။ အဘယ်ကြောင့်နည်း။ ရုပ်ရှင်ထဲတွင် ရှောင်ဂန်းနှင့် သက်တူရွယ်တူ လူငယ်တစ်ဦးရှိသည်။ သူသည် ရုပ်ရှင်ထဲရှိ ဤလူငယ်၏ တင်ဆက်မှု၊ သရုပ်ဆောင်မှု၊ စကားပြောဆိုမှုနှင့် ကိုယ်ဟန်အမူအရာတို့ကို အားကျသည်။ အနည်းငယ် မနာလိုမှုလည်း ဖြစ်လာသည်။ ရုပ်ရှင်ကို ကြည့်ပြီးနောက် သူသည် “ရုပ်ရှင်ထဲရှိ ထိုလူငယ်က ငါဖြစ်နေလျှင် အလွန်ကောင်းမည်။ နေ့စဉ် ငါသည် ဗီဒီယိုမျိုးစုံကို ပြုလုပ်လျက်၊ အင်တာနက်ပေါ်သို့ တင်လျက်ဖြင့် ကွန်ပျူတာရှေ့တွင် ရှိနေသည်။ ငါမည်မျှအလုပ်ရှုပ်ပါစေ၊ မည်မျှပင်ပန်းပါစေ၊ ငါမည်မျှအလုပ်ကြိုးစားပါစေ ငါသည် နောက်ကွယ်က အလုပ်သမားတစ်ယောက်သာ ဖြစ်နေဆဲဖြစ်သည်။ ငါတို့ မည်မျှအလုပ်ကြိုးစားနေသည်ကို အခြားသူတို့က မည်သို့များ သိနိုင်မည်နည်း။ ရုပ်ရှင်ထဲရှိ ထိုလူငယ်ကဲ့သို့ တစ်နေ့တွင် ရုပ်ရှင်ပိတ်ကားထက်၌ ငါပါလာနိုင်လျှင်၊ ပို၍များသော လူတို့က ငါ့ကို မြင်နိုင်ပြီး သိနိုင်လျှင် အလွန်ကောင်းလိုက်မည့်ဖြစ်ခြင်း” ဟု ရံဖန်ရံခါ စိတ်ကူးမိသည်။ ရှောင်ဂန်းသည် ဤရုပ်ရှင်ကိုရော ထိုလူငယ်ပါဝင်သည့် မတူညီသော ရိုက်ကွက်များကိုပါ ထပ်ခါထပ်ခါကြည့်သည်။ သူသည် ကြည့်လေလေ ထိုလူငယ်ကို အားကျလေလေဖြစ်ပြီး သူ၏ စိတ်နှလုံးက သရုပ်ဆောင်တစ်ယောက်ဖြစ်ရန် တောင့်တလျက် တမ်းတလေလေ ဖြစ်၏။ ဤသို့ဖြင့် ရှောင်ဂန်း၏ အိပ်မက်အသစ်က မွေးဖွားလာခဲ့သည်။ သူ၏ အိပ်မက်အသစ်မှာ အဘယ်နည်း။ “သရုပ်ဆောင်ပညာကို ငါလေ့လာလိုသည်။ စံနှုန်းပြည့်မီသော သရုပ်ဆောင်တစ်ယောက် ဖြစ်ရန်၊ ရုပ်ရှင်ပိတ်ကားထက်တွင် ပါလာရန်၊ ထိုလူငယ်ကဲ့သို့ ဂိုက်ဆိုက်ရှိရန်၊ ငါ့ကို ပို၍များသောလူတို့ အားကျပြီး ငါဖြစ်ဖို့ တောင့်တကြအောင် ပြုလုပ်ရန် ကြိုးပမ်းလိုသည်” ဟူ၍ ဖြစ်သည်။ ထိုအချိန်မှစ၍ ရှောင်ဂန်းသည် သူ၏ အိပ်မက်သို့ဦးတည်ပြီး စတင်အလုပ်လုပ်လေတော့၏။ အားလပ်သောအချိန်တွင် ရှောင်ဂန်းသည် အွန်လိုင်းပေါ်တက်ပြီး သရုပ်ဆောင်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာ အမျိုးမျိုးကို ရှာဖွေကြည့်ရှု၏။ သရုပ်ဆောင်တစ်ဦး ဖြစ်လာနိုင်မည့် အခွင့်အလမ်းရရေးကို စိတ်ကူးယဉ်လျက် ရုပ်ရှင်နှင့် တီဗီရှိုးမျိုးစုံကိုလည်း ကြည့်ပြီး တစ်ချိန်တည်းတွင် ကြည့်ရှု၍ သင်ယူ၏။ နေ့ရက်များသည် ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားဆဲပင်။ ရှောင်ဂန်းသည် သူ၏ ရာထူးကိုလည်း ကိုင်စွဲထားလျက် သရုပ်ဆောင် အတတ်ပညာကို လေ့လာနေသည်။ နောက်ဆုံးတွင် သူ၏ ဇွဲလုံ့လကြောင့် သရုပ်ဆောင်ခြင်းနှင့်ပတ်သက်သည့် အခြေခံအချက်တချို့ကို ကျွမ်းကျင်ပိုင်နိုင်သွားသည်။ မည်သို့သရုပ်တူသဏ္ဌာန်လုပ်ရမည်ကို သူသင်ယူတတ်မြောက်သွားသည်။ အခြားလူတို့ရှေ့တွင် မည်သို့စကားပြောပြီး သရုပ်ဆောင်ရမည်ကို သူသင်ယူတတ်မြောက်သွားသည်။ သူ့တွင် စင်ကြောက်စိတ် အနည်းငယ်မျှပင်မရှိ။ သူ၏ ထပ်ခါထပ်ခါ တောင်းဆိုမှုများကြောင့် နောက်ဆုံးတွင် သူသည် အခွင့်အလမ်းတစ်ခုကို ရခဲ့သည်။ အဓိက ဇာတ်ဆောင်နေရာအတွက် လူငယ်တစ်ဦး လိုအပ်နေသော ရုပ်ရှင်တစ်ကား ရှိ၏။ သူ၏ ရုပ်ရည်၊ သူ၏ ပြောဆိုပြုမူပုံ၊ သူ၏ အခြေခံ သရုပ်ဆောင်စွမ်းရည်တို့မှာ အဆင့်မီသည်ကို လူရွေးပွဲမှတစ်ဆင့် ဒါရိုက်တာက သတိထားမိသည်။ သူ့ကို အနည်းငယ်ပို၍ လေ့ကျင့်ပေးလျှင် သူသည် လုပ်နိုင်လောက်သည်ဟူ၏။ ဤသတင်းကို ကြားသည့်အခါ ရှောင်ဂန်းသည် အလွန်အမင်းပျော်ရွှင်ကာ “နောက်ဆုံးတွင် နောက်ကွယ်မှနေ၍ ပိတ်ကားထက်သို့ ငါသွားနိုင်ပြီ။ ငါ၏ နောက်ထပ်အိပ်မက်တစ်ခုသည် အကောင်အထည်ပေါ်တော့မည်” ဟူ၍ မိမိဘာသာ တွေးလေသည်။ ထို့နောက်တွင် ရှောင်ဂန်းသည် သူ၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့တစ်ခုသို့ ရွှေ့ပြောင်းခံရသည်။
ရှောင်ဂန်းသည် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့သို့ ပြောင်းရွှေ့ပြီးနောက် အလုပ်ပတ်ဝန်းကျင်အသစ်က သူ့ကို လန်းဆန်းတက်ကြွစေသည်။ သူသည် ထိုနေရာတွင် နေထိုင်ပြီး အလုပ်လုပ်ရသောကြောင့်၊ နေ့စဉ် သူထိတွေ့သော အရာများစွာတို့သည် သူ၏ ကွန်ပျူတာအလုပ်နှင့် လုံးဝ ကွဲပြားသောကြောင့် နေ့စဉ်နေ့တိုင်းက အလွန်ပျော်ရွှင်စွာ ကုန်ဆုံးသည်ဟုလည်းကောင်း၊ ယခင်ကလောက် ငြီးငွေ့ဖွယ်၊ ပျင်းရိဖွယ်မကောင်း၊ ကန့်သတ်ခြင်း မခံရဟုလည်းကောင်း၊ သူသည် အခြားအလုပ်နယ်ပယ်တစ်ခုတွင်၊ အခြားကမ္ဘာတစ်ခုတွင် နေထိုင်ရသည်ဟုလည်းကောင်း ခံစားရလေတော့သည်။ ဤသို့ဖြင့် ရှောင်ဂန်းသည် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်ကို ဇောက်ချလုပ်သည်။ နေ့စဉ်နေ့တိုင်း သူသည် သရုပ်ဆောင်လျက်၊ သူပြောရမည့် စကားများကို ကျက်မှတ်လျက်၊ ဒါရိုက်တာ၏ ညွှန်ကြားချက်များကို နားထောင်လျက်၊ ဇာတ်ကွက်အား ညီအစ်ကိုမောင်နှမများ စိစစ်သည်ကို နားထောင်လျက် အလုပ်ရှုပ်နေသည်။ ရှောင်ဂန်းအတွက် အခက်ခဲဆုံးအပိုင်းမှာ ဇာတ်ကောင်နေရာတွင် ဝင်ရောက်ခံစားခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် သူပြောရမည့် စကားများကို ထပ်ခါထပ်ခါ ကျက်မှတ်ပြီး သူကိုယ်တိုင်၏ ဇာတ်ကောင်အကြောင်းကိုလည်းကောင်း၊ သူမည်သို့ စကားပြောပြီး သရုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ သူမည်သို့ လမ်းလျှောက်ပြီး မတ်တပ်ရပ်သင့်သည်ကိုလည်းကောင်း၊ မည်သို့ထိုင်သင့်သည်ကိုပင်လည်းကောင်း ဆက်တိုက်စဉ်းစားသည်။ ဤအရာအားလုံးကို သူတစ်ဖန်ပြန်လည်သင်ယူရသည်။ အချိန်ကာလတစ်ခုကြာအထိ ဤရှုပ်ထွေးပြီး ကွဲပြားသော အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီးနောက်တွင် သရုပ်ဆောင်လုပ်ရသည်မှာ မည်မျှပင်ခက်ခဲကြောင်း နောက်ဆုံး၌ ရှောင်ဂန်း သဘောပေါက်သွားသည်။ သူသည် နေ့စဉ်နေ့တိုင်း တူညီသော စကားများကို ကျက်မှတ်ရ၏။ တစ်ခါတစ်ရံတွင် သူသည် ယင်းတို့ကို အလွန်ပင်ကောင်းမွန်စွာ ရွတ်ဆိုနိုင်သည်။ သို့သော် အမှန်တကယ် သရုပ်ဆောင်ရသောအခါ၌ သူသည် အစဉ်သဖြင့် အမှားများပြုလုပ်ပြီး ရိုက်ကွက်ကို တစ်ဖန်ပြန်လည် ရိုက်ကူးရလေသည်။ သူ၏ သရုပ်ဆောင်မှုများထဲမှ တစ်ခုဖြစ်စေ၊ သူပြောသည့် စကားများထဲမှ တစ်ခွန်းဖြစ်စေ အဆင့်မမီသောကြောင့် ဒါရိုက်တာ၏ မကြာခဏ အပြစ်ဖော်ဆုံးမခြင်းကို သူခံရသည်။ သူ၏ သရုပ်ဆောင်မှုတချို့က ဆက်တိုက်ညံ့ဖျင်းနေလျှင် သူသည် ပြုပြင်ခြင်းကို ခံရပြီး သိက္ခာကျကာ ဒုက္ခခံရ၍ တစ်မျိုးတစ်မည် ကြည့်ခြင်း၊ စနောက်ခြင်းတို့ပင် ဖြစ်လာစေလိမ့်မည်။ ဤအရာအားလုံးကို ရင်ဆိုင်ရသည့်အခါ ရှောင်ဂန်းသည် “ပိတ်ကားထက်တွင် သရုပ်ဆောင်လုပ်ခြင်းက ဤမျှခက်ခဲမည်ဟုသာ ငါသိခဲ့လျှင် ဤနေရာသို့ ငါလာခဲ့မည်မဟုတ်။ သို့သော် ယခုတွင် ငါသည် တော်တော်နွံနစ်နေပြီ။ ဤနေရာသို့ ငါရောက်ပြီးနေပြီဖြစ်သဖြင့် ရုပ်ရှင်ရိုက်ကူးရေး မပြီးဆုံးမီတွင် ငါလက်လျှော့လိုက်လျှင် ကျိုးကြောင်းဆီလျော် မည်မဟုတ်။ ပြီးလျှင် ဤအတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြရန် ငါ့အနေဖြင့် ဖြစ်နိုင်မည်မဟုတ်။ ဤသည်မှာ ငါ့အိပ်မက်ဖြစ်သည်။ လက်တွေ့ဖြစ်လာရန် ငါပြုလုပ်ရမည်။ သို့သော် လမ်းက ရှေ့လျှောက် မည်မျှရှည်သနည်း။ ငါဆက်လျှောက်နိုင်ပါ့မည်လော” ဟူ၍ အနည်းငယ် စိတ်ဓာတ်ကျသည်။ ရှောင်ဂန်းသည် စတင်၍ တွေဝေလာသည်။ နောက်ရက်များတွင် ရှောင်ဂန်းသည် သူ၏ နေ့စဉ်အလုပ်နှင့် ဘဝကို နိုင်နင်းရန် ရုန်းကန်နေရသည်။ တစ်ရက်ထက်တစ်ရက် ပိုပို၍ မခံနိုင်ဖွယ်ဖြစ်လေသည်။ သို့သော် သူသည် တောင့်ခံပြီး ရှေ့သို့ဆက်ရန် သူ့ကိုယ်သူ ဆက်လက်၍ တွန်းအားပေးနေရလေသည်။ ကောင်းစွာ မြင်ယောင်ကြည့်နိုင်သည့်အတိုင်းပင် ရှေ့လျှောက်တွင် ရှောင်ဂန်းသည် အမျိုးမျိုးသော အချက်များ၌ ပြဿနာများရှိရန်မှာ သေချာလေသည်။ သူ့အား တာဝန်ချပေးထားသော အလုပ်ကို သူသည် တကယ့်ကို အင်တင်တင်ဖြင့် လုပ်လာတော့သည်။ ဒါရိုက်တာက သူ့အား မည်သည့်အရာ လုပ်ဆောင်ရမည်ကို ပြောသောအခါ သူသည် နားထောင်ရုံမျှနှင့်သာ ပြီးသွား၏။ ထို့နောက်တွင်မူ သူသည် သူလုပ်နိုင်သည့်အရာကို အထမြောက်အောင်လုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားသည်။ သို့သော် တစ်စုံတစ်ခုကို လုပ်ဆောင်ရန် မတတ်နိုင်လျှင် သူသည် ပြီးပြီးရောသာ သဘောထားလိုက်လေသည်။ ရှောင်ဂန်းသည် ဤအခိုက်အတန့်တွင် မည်သည့်အခြေအနေ၌ ရှိနေသနည်း။ သူသည် ဒါရိုက်တာ၊ သို့မဟုတ် သူ့ညီအစ်ကိုမောင်နှမများ၏ အလွန်လေးနက်သော လမ်းပြမှုနှင့် အကူအညီကို အလေးအနက်ထားခြင်း လုံးဝ မရှိဘဲ တစ်ရက်ချင်းစီကို အလွန်စိတ်မပါစွာ၊ အလွန်အပျက်သဘောဆောင်စွာ၊ အလွန်မတက်ကြွစွာ ဖြတ်သန်းနေသည်။ သူသည် “ဤသည်မှာ ငါ့ပုံစံသာ ဖြစ်သည်။ တိုးတက်အောင်လုပ်ရန် ဖြစ်နိုင်ခြေမရှိ။ သင်တို့သည် ငါတတ်နိုင်သည်ထက် ကျော်လွန်ပြီး လုပ်ဆောင်ရန် တွန်းအားပေးနေ၏။ ငါတို့ရုပ်ရှင်ရိုက်နိုင်လျှင် ရိုက်ကြစို့။ မရိုက်နိုင်လျှင် ထားလိုက်ကြစို့။ ငါ့တာဝန်ကို ထမ်းဆောင်ရန်အတွက် ဗီဒီယိုအဖွဲ့သို့ငါပြန်သွားမည်” ဟူ၍ ယုံကြည်လေသည်။ သူသည် နေ့စဉ် ကွန်ပျူတာရှေ့တွင် ထိုင်လျက် ဗီဒီယိုအဖွဲ့၌ အလုပ်လုပ်ခဲ့ရခြင်းက မည်မျှကောင်းသည်ကို တွေးသည်။ ထိုအလုပ်က အလွန်ပင် သက်သောင့်သက်သာဖြစ်ပြီး လွယ်ကူသည်။ သူသည်လည်း အလွန်ပျော်ရွှင်ခဲ့ရသည်။ သူ၏ ဖြစ်ခြင်းတစ်ခုလုံးနှင့် သူ၏ တစ်လောကလုံးသည် ကီးဘုတ်ကို ရိုက်လိုက်ရုံလေးနှင့် ဖန်တီး၍ရသည်။ အထူးပြုလုပ်ချက်တစ်ခုကို အသက်သွင်းလိုက်ရုံဖြင့်ပင် သူအလိုရှိသည့် မည်သည့်အရာကိုမဆို ရရှိနိုင်သည်။ ကွန်ပျူတာဖြင့် သရုပ်သကန်ဖန်တီးထားသည့် ထိုကမ္ဘာသည် ရှောင်ဂန်းအတွက် အလွန်ဆွဲဆောင်မှုရှိနေ၏။ ဤအခိုက်အတန့်တွင် ရှောင်ဂန်းသည် သူ၏ အတိတ်နှင့် ဗီဒီယိုအဖွဲ့၌ သူ့တာဝန်ကို ထမ်းဆောင်လျက် ကုန်ဆုံးခဲ့ရသည့် အချိန်တို့ကို ပို၍ပင် သတိရသည်။ ဤသို့ဖြင့် နေ့ရက်များ ကုန်ဆုံးသွား၏။ ထို့နောက်တွင် တစ်ည၌ ရှောင်ဂန်းသည် အိပ်မပျော်နိုင်ပေ။ အဘယ်ကြောင့် အိပ်မပျော်နိုင်သနည်း။ သူက “ငါသည် သရုပ်ဆောင်တစ်ဦးဖြစ်ရန် အရည်အချင်းရှိသလော။ အရည်အချင်း မရှိလျှင် ဗီဒီယိုအဖွဲ့သို့ ချက်ချင်း ပြန်သွားသင့်သည်။ ဗီဒီယိုအဖွဲ့၏ တာဝန်သည် သက်သောင့်သက်သာရှိပြီး လွယ်ကူသည်။ ကွန်ပျူတာရှေ့တွင် ငါထိုင်နေရုံနှင့် နေ့တစ်ဝက်က အလိုလို ကုန်သွားသည်။ ပြီးလျှင် ကိုယ့်အစားအစာကိုယ် ချက်ပြုတ်စရာလည်း မလို။ ထိုတာဝန်သည် အားသွန်ခွန်စိုက်မလုပ်ရ။ ငါ၏ ကီးဘုတ်ကို ထိလိုက်သည်နှင့် အရာရာတိုင်း ဖြစ်နိုင်သည်။ စိတ်ကူးဖြင့် မမှန်းဆနိုင်သော အရာများသာ ရှိပြီး မဖြစ်နိုင်ဟူ၍ကား မရှိချေ။ ယခုအခါတွင် သရုပ်ဆောင်တစ်ဦးဖြစ်သည့် ငါသည် ငါပြောရမည့် စကားများကို နေ့စဉ် ကျက်မှတ်ရပြီး ထပ်ခါထပ်ခါ ရွတ်ဆိုရသည်။ သို့တိုင်အောင် ငါ၏ သရုပ်ဆောင်မှုက စံမမီသေး။ ဒါရိုက်တာကလည်း ငါ့ကို မကြာခဏ ဒေါသဖြင့် ဝေဖန်ပြောဆိုသည်။ ပြီးလျှင် ညီအစ်ကိုမောင်နှမများကလည်း ငါ့ကို မကြာခဏ ဝေဖန်သည်။ ဤတာဝန်ကို ထမ်းဆောင်ရခြင်းသည် အားစိုက်ရလွန်း၏။ ဗီဒီယိုအဖွဲ့တွင် လုပ်ရသည်က အလွန်ပို၍ ကောင်းသည်” ဟု သူ့ဘာသာ တွေးနေသည်။ ထိုအကြောင်းကို သူတွေးလေလေ သတိရလွမ်းဆွတ်လေလေဖြစ်သည်။ သူသည် တစ်ညလုံးနီးပါး လူးလွန့်နေပြီး အိပ်မပျော်နိုင်ဘဲ မအိပ်ဘဲ မနေနိုင်လောက်အောင် ပင်ပန်းလွန်းသွားသည့် ညဉ့်နှောင်းပိုင်းအချိန်၌သာ တဖြည်းဖြည်းချင်း အိပ်ပျော်သွားရတော့သည်။ ရှောင်ဂန်းသည် မနက်တွင် သူ၏ မျက်လုံးကို ဖွင့်သောအခါ သူ၏ ပထမဆုံးအတွေးမှာ “နောက်ဆုံးတွင် ငါထွက်သင့်သလော၊ မထွက်သင့်သလော။ ဗီဒီယိုအဖွဲ့ဆီသို့ ပြန်သွားသင့်သလော။ ဤနေရာတွင် ငါနေလျှင် ရုပ်ရှင်ရိုက်ပြီးသည့်အခါ ရုပ်ရှင်က စံနှုန်းပြည့်သည်ဟု မှတ်ယူ၍ ရမည် ဟုတ်မဟုတ်ကိုပင် ငါမသိ။ လတ်တလောတွင် ဆင်းရဲဒုက္ခမည်မျှအား ငါခံယူရမည်ကို မည်သူသိမည်နည်း။ ငါသည် သရုပ်ဆောင်ဖြစ်ဖို့ အရည်အချင်း ပါမလာခြင်းပင် ဖြစ်သည်။ ယခင်က ငါသည် သရုပ်ဆောင်ဖြစ်လိုခြင်းမှာ ခဏတာဖြစ်ပေါ်သည့် ဆန္ဒနှင့် စိတ်ကူးပေါက်ခြင်းကြောင့်သာ ဖြစ်သည်။ ငါသည် အလွန်ပင် နားဝေတိမ်တောင်ဖြစ်နေခဲ့၏။ သင်သိသလော။ ငါတစ်ချက်မျှ အကွက်ရွှေ့မှားသွားသည်နှင့် ယခုတွင် အမှုအရာများက ကိုင်တွယ်ရန် အလွန်ခက်ခဲသွားသည်။ ပြီးလျှင် ငါ့တွင် ဤဆင်းရဲဒုက္ခအကြောင်း ပြောစရာလူတစ်ယောက်မျှ မရှိ။ ငါ၏ လက်ရှိအခြေအနေကို အခြေခံကြည့်လျှင် ငါ့အနေဖြင့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ရန် မလွယ်ကူမည့် ပုံစံရှိသည်။ ထို့ကြောင့် အမြန်ဆုံး ငါလက်လျှော့သင့်သည်။ ငါ့ကြောင့် ၎င်းတို့အတွက် အမှုကိစ္စများ နှောင့်နှေးခြင်း မဖြစ်ရလေအောင် ငါပြန်တော့မည့်အကြောင်း ဒါရိုက်တာကို ချက်ချင်းပြောမည်” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် ရှောင်ဂန်းသည် အားတင်းကာ ဒါရိုက်တာကို ဤသို့ပြောလိုက်လေ၏။ “ကျွန်ုပ်ပြောမည်။ ကျွန်ုပ်သည် သရုပ်ဆောင်ဖြစ်ရန် အရည်အချင်း ပါမလာပါ။ သို့သော် သင်တို့က ကျွန်ုပ်ကိုပင် ရွေးခဲ့ကြသည်။ ဗီဒီယိုအဖွဲ့ဆီသို့ ကျွန်ုပ်ကို ပြန်သွားခွင့်ပြုလျှင် မကောင်းသလော” ဟူ၍ ဖြစ်သည်။ ဒါရိုက်တာက “မဖြစ်ပါ။ ဤရုပ်ရှင်ကားတစ်ဝက်ကို ငါတို့ရိုက်ကူးထားပြီးဖြစ်သည်။ သရုပ်ဆောင်ပြောင်းလျှင် ငါတို့၏ အလုပ်က နှောင့်နှေးကုန်ပေရော့မည်၊ ဟုတ်သည်မဟုတ်လော” ဟု ဆိုသည်။ ရှောင်ဂန်းက မလျှော့ဘဲ “နှောင့်နှေးလည်း အဘယ်အရေးနည်း။ ကျွန်ုပ်ကို သင်အလိုရှိသည့် မည်သူနှင့်မဆို အစားထိုးပါ။ ယင်းသည် ကျွန်ုပ်နှင့် ဘာမျှမသက်ဆိုင်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်ကို သင်သွားခွင့်ပြုရမည်။ သွားခွင့်မပြုလျှင် သရုပ်ဆောင်ရာ၌ ကျွန်ုပ်လုံးဝ အားစိုက်မည်မဟုတ်” ဟု ဆိုတော့သည်။ ရှောင်ဂန်းသည် ထွက်သွားဖို့အရေး မလျှော့တမ်းဖြစ်နေပြီး ရုပ်ရှင်ကို ပြီးဆုံးသည်အထိ ရိုက်ကူး၍ရနိုင်မည်မဟုတ်ကြောင်း ဒါရိုက်တာက မြင်သောကြောင့် သူ့ကို ထွက်သွားခွင့်ပြုလိုက်လေသည်။
ရှောင်ဂန်းသည် နောက်ဆုံးတွင် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့မှ ဗီဒီယိုအဖွဲ့သို့ ပြန်ရောက်သွားသည်။ သူကောင်းကောင်းကြီး သိသည့် သူ၏ အလုပ်နေရာဟောင်းသို့ ပြန်ရောက်သွားသည်။ သူ၏ ထိုင်ခုံနှင့် သူ၏ ကွန်ပျူတာကို ထိကိုင်လိုက်ပြီး ရင်းနှီးသည်ဟု ခံစားရသည်။ ဤနေရာကို သူပို၍ နှစ်သက်သည်။ သူသည် သွား၍ ထိုင်ချလိုက်၏။ ထိုင်ခုံက နူးညံ့နေပြီး ကွန်ပျူတာကလည်း အဆင်သင့်ဖြစ်နေသည်။ “ဗီဒီယိုများဖန်တီးရခြင်းက ပို၍ကောင်းသည်။ ဤတာဝန်သည် ပင်ပန်းရခြင်းမရှိ။ နောက်ကွယ်၌ အလုပ်လုပ်ခြင်းသည် အားသာချက်များရှိသည်။ ကိုယ်အမှားလုပ်မိလျှင်လည်း မည်သူမျှမသိ။ မည်သူကမျှ ကိုယ့်ကို မဝေဖန်။ ချက်ချင်း မှန်အောင်ပြင်လိုက်ရုံဖြစ်ပြီး ဤသို့ဖြင့် ကိစ္စပြီးသွား၏” ဟူ၍ ဖြစ်သည်။ ရှောင်ဂန်းသည် နောက်ဆုံးတွင် နောက်ကွယ်မှ အလုပ်လုပ်သူ၏ အားသာချက်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤအခိုက်အတန့်တွင် သူ၏ စိတ်အခြေအနေမှာ အဘယ်နည်း။ သူသည် မယုံနိုင်လောက်အောင် နှစ်သိမ့်ပျော်ရွှင်မှုကို ခံစားရသည်။ ပြီးလျှင် “မှန်ကန်သော ရွေးချယ်မှုကို ငါပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် ငါ့အား အခွင့်အရေးတစ်ခုပေးခဲ့ပြီး ဤအလုပ်သို့ ပြန်လာခွင့်ပေးခဲ့သည်။ ဤအထူးအခွင့်အရေးကို ရခြင်းအတွက် ငါဂုဏ်ယူမိသည်” ဟု တွေးသည်။ သူသည် မှန်ကန်သော ရွေးချယ်မှုအား တစ်ကြိမ်တစ်ခါမျှ ပြုလုပ်ခဲ့သည်ကို ဝမ်းမြောက်မိသည်။ နောက်နေ့ရက်များတွင် ရှောင်ဂန်းသည် ဗီဒီယိုအဖွဲ့၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်သည်။ ဤအချိန်တစ်လျှောက်တွင် ထူးခြားသည့် မည်သည့်အရာမျှ မဖြစ်ပျက်သကဲ့သို့ ရှောင်ဂန်းသည်လည်း တစ်ရက်ချင်းစီကို သာမန်ပုံစံဖြင့် ဖြတ်သန်းလာသည်။
တစ်နေ့တွင် ဗီဒီယိုတစ်ခုကို ဖန်တီးနေစဉ် ရှောင်ဂန်းသည် အကအစီအစဉ်တစ်ခု၌ အလွန်ကောင်းစွာ တင်ဆက်ထားသော ရယ်ရွှင်ဖွယ်ရာကောင်းပြီး အဆင့်အတန်းရှိသည့် လူငယ်တစ်ဦးကို ရုတ်တရက် တွေ့လိုက်ရသည်။ သူက “သူသည် ငါနှင့် သက်တူရွယ်တူခန့် ဖြစ်သည်။ သူသည် ကနိုင်ပြီး ငါက မကနိုင်သည်မှာ အဘယ်သို့ဖြစ်ရသနည်း” ဟု တွေးသည်။ ဤသို့ဖြင့် ရှောင်ဂန်းသည် နောက်တစ်ဖန် ဆွဲဆောင်ခြင်းခံရပြန်သည်။ သူ့ဆီသို့ မည်သည့်စိတ်ကူး ရောက်လာသနည်း။ (အကဖြစ်ပါသည်။) ရှောင်ဂန်းသည် အကကို လေ့လာရန် စိတ်ကူးရသည်။ ဤဗီဒီယိုအပိုင်းတိုနှင့် လူငယ်၏ တင်ဆက်မှုကို ထပ်ခါထပ်ခါ ကြည့်သည်။ ထို့နောက်တွင် သူသည် အကကို မည်သည့်နေရာ၌ လေ့လာရမည်၊ မည်သို့သင်ယူရမည်၊ အခြေခံအကျဆုံး အကများက မည်သည့်အရာများ ဖြစ်သည်တို့နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုတချို့ ပြုလုပ်သည်။ သူသည် အလုပ်တွင် အခန့်သင့် ရှိနေသည့်အဖြစ်ကို တစ်လက်စတည်း အသုံးချ၍လည်း မကြာခဏပင် အကနှင့်သက်ဆိုင်သည့် သင်ထောက်ကူ အကြောင်းအရာများ၊ ဗီဒီယိုများ၊ လေ့လာစရာ အရင်းအမြစ်များကို ရှာဖွေသည်။ ရှာဖွေနေစဉ်တွင် ရှောင်ဂန်းသည် ကြည့်ရုံသက်သက် မဟုတ်ဘဲ လေ့ကျင့်ခြင်းအားဖြင့် သင်ယူနေသည်ကိုမူ ပြောနေရန်ပင် မလိုချေ။ အကသင်ရန်အတွက် ရှောင်ဂန်းသည် နေ့စဉ် အစောကြီးထပြီး အလွန်နောက်ကျမှ အိပ်ရာဝင်သည်။ အလွန်အကန့်အသတ်ရှိသော သူ၏ ကျွမ်းဘားအက အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ယူလျက် သူသည် ရိုးရာအကကို လေ့လာခြင်း၊ အကြောလျှော့ပြီး ခါးကော့ခြင်းတို့ကို ပြုလုပ်ဖို့ နေ့စဉ်စောစီးစွာ ထခြင်းကို ပုံစံတကျ စတင်ပြုလုပ်သည်။ လေ့လာသည့် ဖြစ်စဉ်တွင် ရှောင်ဂန်းသည် ကိုယ်ခန္ဓာဝေဒနာများစွာကို တောင့်ခံရပြီး အချိန်များစွာ ပေးရကာ နောက်ဆုံးတွင် သေးငယ်သော တိုးတက်မှုတချို့ကို ရလာ၏။ ရှောင်ဂန်းသည် သူ၏ အခွင့်အလမ်းက နောက်ဆုံးတွင် ရောက်လာပြီဟုလည်းကောင်း၊ သူ၏ ခန္ဓာကိုယ်သည် အနည်းငယ်ပို၍ ပျော့ပျောင်းပြီး ကကွက်တချို့ကို သူကနိုင်သည်ဟု ယုံကြည်သောကြောင့် စင်ပေါ်တွင် ကနိုင်ပြီဟုလည်းကောင်း ခံစားရသည်။ ပြီးလျှင် သူသည် အတုခိုးခြင်းနှင့် လေ့လာခြင်းမှတစ်ဆင့် ဂီတစည်းချက်များကို ကျွမ်းကျင်လုနီးနီး ဖြစ်လာသည်။ ဤအခြေအနေများအောက်တွင် ရှောင်ဂန်းသည် သူ၏တာဝန်ကို ပြောင်းလဲရန် အသင်းတော်ထံသို့ လျှောက်ထားဖို့ အချိန်ကျပြီဟု ခံစားရသည်။ နောက်တစ်ဖန် ထပ်ခါထပ်ခါ တောင်းဆိုမှုများ ပြုပြီးနောက်တွင် နောက်ဆုံး၌ ရှောင်ဂန်းသည် သူ၏ ဆန္ဒပြည့်ခဲ့ပြီး အကသမားတစ်ဦးလုပ်ရန်အတွက် အကအဖွဲ့သို့ ပါဝင်လိုက်လေသည်။ ထိုအချိန်မှစ၍ ရှောင်ဂန်းသည် အခြားအကသမားများကဲ့သို့ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ရန် စောစောထပြီး အကအစီအစဉ်ကို ဇာတ်တိုက်၏။ ပြီးလျှင် ဤလူများနှင့်အတူ ပုံမှန် စုဝေးပွဲများတက်ကာ မိတ်သဟာယဖွဲ့၍ အကအစီအစဉ်ကို စိစစ်ပြီး အစီအစဉ်ရေးဆွဲသည်။ ဤအလုပ်ကိုသာ သူနေ့စဉ်လုပ်သည်။ တစ်ရက်တာ ကုန်ဆုံးသွားသည့်အခါတွင် သူသည် အလွန်ပင်ပန်းပြီး သူ၏ကျောက နာကျင်ကာ ခြေထောက်များက ကိုက်ခဲနေတော့သည်။ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ နေ့စဉ် ဤကဲ့သို့ ဖြစ်သည်။ ရှောင်ဂန်းသည် သူစတင်ခဲ့သောအချိန်ကဆိုလျှင် အကနှင့်ပတ်သက်ပြီး စူးစမ်းလေ့လာလိုစိတ် အပြည့်ရှိခဲ့သည်။ သို့သော် အကသမားတစ်ဦး၏ ဘဝနှင့် ကဏ္ဍအမျိုးမျိုးကို သူနားလည်ပြီး ရင်းနှီးလာသည်နှင့် ကသည်မှာ ဤမျှသာဖြစ်သည်ဟု ခံစားရသည်။ ကကွက်တစ်ခုကို ထပ်ခါထပ်ခါကရပြီး တစ်ခါတစ်ရံတွင် ခြေကျင်းဝတ်လည်ကာ တစ်ခါတစ်ရံတွင် ကျောအောက်ပိုင်းကို လိမ်ရသည့်အပြင် ထိခိုက်ဒဏ်ရာရနိုင်သည့် အန္တရာယ်ရှိသည်။ သူသည် ကသောအခါတွင် “မဖြစ်သေး။ အကသမားတစ်ယောက်အဖြစ် အလုပ်လုပ်ရသည်မှာလည်း ခက်ခဲသည်။ နေ့စဉ် ငါသည် ကိုယ့်ကိုယ်ကိုယ် အလွန်အပင်ပန်းခံသည်မှာ ငါ၏ တစ်ကိုယ်လုံးက ချွေးစော်နံနေသည်အထိ ဖြစ်၏။ ထိုမျှ မလွယ်ကူလှ။ ဗီဒီယိုအလုပ်ထက် ပိုခက်ခဲနေတော့၏။ မဟုတ်သေးပေ။ ငါသည် ဇွဲရှိမှဖြစ်မည်” ဟု တွေးသည်။ ဤတစ်ခါတွင် သူသည် အလွန်လွယ်ကူစွာ လက်မလျှော့ပေ။ နောက်ဆုံးတွင် အကအစီအစဉ်အတွက် ဝတ်စုံပြည့် ဇာတ်တိုက်ခြင်းသို့ သူရောက်သည်အထိ စွဲမြဲလုပ်ဆောင်သည်။ ထို့နောက် ၎င်းတို့၏ အကကို သုံးသပ်စစ်ဆေးရန် ပေးပို့လိုက်၏။ သုံးသပ်စစ်ဆေးသည့်နေ့တွင် ရှောင်ဂန်း၏ စိတ်အခြေအနေက အဘယ်နည်း။ သူသည် သူ၏ အလုပ်ကြိုးစားမှု ရလဒ်များအတွက် အလွန်စိတ်လှုပ်ရှားပြီး မျှော်လင့်စောင့်စားမှုအပြည့် ဖြစ်နေသည်မှာ နေ့လယ်စာပင် မစားသည်အထိ ဖြစ်၏။ သူသည် များစွာအားစိုက်ထုတ်ထားသည် မဟုတ်လော။ နောက်ဆုံးတွင် ရလဒ်များကို ထုတ်ပြန်သောအခါ ၎င်းတို့၏ အကသည် သုံးသပ်စစ်ဆေးမှုများ၏ ပထမအချီကို မအောင်ပေ။ ဤသတင်းသည် ရှောင်ဂန်းကို မိုးကြိုးပစ်လိုက်သကဲ့သို့ဖြစ်ပြီး သူ၏ စိတ်အခြေအနေက အောက်ဆုံးသို့ ကျသွားသည်။ သူသည် ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်၏။ “ဤအကအတွက် ငါတို့ အချိန်များစွာပေးခဲ့သည်ကို သင်က စကားတစ်ခွန်းတည်းဖြင့်သာ ငြင်းပယ်လိုက်သလော။ အကအကြောင်းကို သင်သိမှ သိပါ၏လော။ ငါတို့သည် စည်းမျဉ်းများဖြင့် ကပြီး ငါတို့အားလုံး ပေးဆပ်ခဲ့လျက်သားနှင့် သင်က ကျွန်ုပ်တို့၏ အကကို ဤသို့ ငြင်းပယ်နေသလော။” ထို့နောက်တွင် သူသည် “ဆုံးဖြတ်ချက်က သူတို့လက်ထဲတွင်ရှိသည်။ ငါတို့၏ အကကို သူတို့အသိအမှတ်မပြုလျှင် ငါတို့သည် တစ်ဖန်စိစစ်တည်းဖြတ်ရုံသာ ရှိ၏။ ဤအရာနှင့်ပတ်သက်ပြီး ငြင်းခုံရန် မည်သူမျှမရှိ။ ငါတို့လုပ်နိုင်သည့်အရာ အခြားဘာမျှမရှိ။ ထို့ကြောင့် ပြန်လည်စတင်ကြစို့” ဟူ၍ တွေးသည်။ သုံးသပ်စစ်ဆေးသည့် ပထမအချီတွင် ၎င်းတို့၏အက ငြင်းပယ်ခံရသည့် နေ့၌ ရှောင်ဂန်းသည် သူ၏နေ့လယ်စာကို မစားပေ။ ညစာကိုမူ စိတ်မပါ့တပါဖြင့် အနည်းငယ်သာ စားသည်။ သူသည် ထိုညတွင် အိပ်နိုင်သည်ဟု သင်တို့ထင်သလော။ (သူမအိပ်နိုင်ပါ။) သူသည် နောက်တစ်ဖန် မအိပ်နိုင်ပေ။ သူ၏ စိတ်က ချာချာလည်တွေးနေသည်မှာ “ငါသွားသည့် မည်သည့်နေရာမဆိုတွင် အဘယ်ကြောင့် အဆင်မပြေရသနည်း။ ဘုရားသခင်က ငါ့ကို ကောင်းချီးမပေးခဲ့ပေ။ ငါတို့ နှစ်လကြာ ပြုလုပ်နေသည့် အကသည် ပထမအချီ သုံးသပ်စစ်ဆေးမှုကို မအောင်ခဲ့။ မည်သည့်အချိန်တွင် ဒုတိယအချီ သုံးသပ်စစ်ဆေးမှုအား အောင်မည်ကို ငါမသိ။ ထိုသို့ဖြစ်လာရန် အချိန်မည်မျှပေးရမည်ကို ငါမသိ။ မည်သည့်အချိန်တွင် ငါသည် စင်ပေါ်သို့တက်၍ တရားဝင် တင်ဆက်နိုင်မည်နည်း။ အများအာရုံစိုက်မှုကို ငါရနိုင်မည့် မျှော်လင့်ချက် မရှိပါလေတကား” ဟူ၍ဖြစ်သည်။ သူ၏ စိတ်သည် အပြန်ပြန်အလှန်လှန် တွေးတောနေသည်။ သူသည် ထပ်ခါထပ်ခါ ချင့်ချိန်တွေးဆပြီး “ဗီဒီယိုအလုပ်က ပို၍ကောင်း၏။ ထိုနေရာသို့ ငါသွား၍ ထိုင်ချလိုက်ပြီး ကီးဘုတ်ကို နှိပ်လိုက်ရုံနှင့် ပန်းပွင့်များ၊ အပင်များ၊ သစ်ပင်များအားလုံး ပေါ်လာသည်။ ငှက်များက ၎င်းတို့ကို ငါအော်မြည်စေသောအခါတွင် အော်မြည်သည်။ မြင်းများက ၎င်းတို့ကို ငါပြေးစေသောအခါ ပြေးသည်။ ငါအလိုရှိသည့် အရာမှန်သမျှ ရှိနေသည်။ သို့သော် အကတွင်မူ သုံးသပ်စစ်ဆေးမှုများကို ငါတို့အောင်ဖို့လိုသည်။ နေ့စဉ် ငါ့ကိုယ်ငါ အလွန်အပင်ပန်းခံသည်မှာ ချွေးစော်ပင်နံသည်အထိ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ငါသည် အလွန်ပင်ပန်းလှသဖြင့် ကောင်းစွာ မစားနိုင်၊ မအိပ်နိုင်ပေ။ ထို့နောက်တွင် ငါတို့၏အကမှာ ပထမအချီ သုံးသပ်စစ်ဆေးမှုများကို မအောင်ချေ။ ဤတာဝန်သည်လည်း ခက်၏။ ဗီဒီယိုအဖွဲ့တွင် အလုပ်လုပ်ရန် ငါပြန်သွားလျှင် ပို၍ကောင်းမည် မဟုတ်လော” ဟူ၍ စဉ်းစားသည်။ သူသည် “သို့သော် ယင်းက အလွန်သနားစဖွယ်ဖြစ်၏။ ငါအဘယ်ကြောင့် နောက်တစ်ဖန် စိတ်ယိမ်းယိုင်နေသနည်း။ ငါဤသို့ မတွေးသင့်။ အိပ်ပျော်လော့” ဟူ၍ ထပ်ခါထပ်ခါ တွေးသည်။ သူသည် တွေဝေလျက်ဖြင့် တဖြည်းဖြည်း အိပ်ပျော်သွားသည်။ နောက်တစ်နေ့ သူထလာသောအခါ ဤအရာအားလုံးအကြောင်းကို မေ့လုနီးနီးဖြစ်သွားသဖြင့် ဆက်လက်၍ ကမြဲကပြီး ဝတ်စုံပြည့် ဇာတ်တိုက်ခြင်းကို ဆက်လက်ပြုလုပ်သည်။ ဒုတိယအချီ သုံးသပ်စစ်ဆေးသည့်နေ့သို့ ရောက်လာသောအခါ ရှောင်ဂန်းသည် နောက်တစ်ဖန် စိတ်လှုပ်ရှားပြန်၏။ သူက “ငါတို့၏ အကသည် ဤသုံးသပ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ပါ့မည်လော” ဟု မေးသည်။ လူတိုင်းက “မည်သူသိမည်နည်း။ မကျော်ဖြတ်နိုင်လျှင် ငါတို့၏ အကသည် လုံလောက်အောင် မကောင်းကြောင်း သက်သေပြရာ ထိုအကကို ဆက်လက်၍ ကြိုးစားလေ့ကျင့်မည်။ အောင်သွားသော အချိန်သည် ထိုအကကို ငါတို့ တရားဝင်တင်ဆက်ပြီး ရိုက်ကူးမည့် အချိန်ပင်ဖြစ်သည်။ အရာရာကို သူ့သဘာဝအတိုင်း ဖြစ်ခွင့်ပေးပြီး ဤအမှုကိစ္စကို မှန်ကန်စွာ ကိုင်တွယ်ကြစို့” ဟု ဆိုသည်။ ရှောင်ဂန်းကမူ “မဟုတ်ပါ။ ဤအရာကို သင်မှန်ကန်စွာ ကိုင်တွယ်၍ရသည်။ သို့သော် ကျွန်ုပ်၌မူ ဤအတွက် အချိန်မရှိ” ဟု ဆိုသည်။ နောက်ဆုံးတွင် ဒုတိယအချီ၏ ရလဒ်များ ထွက်လာပြီး ၎င်းတို့၏အကမှာ နောက်တစ်ဖန် မအောင်ပြန်ပေ။ ရှောင်ဂန်းက “ဟင်း၊ ငါသိသားပင်။ ဤအလုပ်လမ်းကြောင်းတွင် အောင်မြင်ရန် မလွယ်ကူပါ။ ငါတို့သည် ငယ်ရွယ်သည်။ ရုပ်ရည် ချောမောသည်။ ကနိုင်သည်။ ဤသည်တို့မှာ အားသာချက်များ မဟုတ်လော။ ထိုသုံးသပ်စစ်ဆေးသူများသည် မကနိုင်သောကြောင့် ငါတို့ကို မနာလိုပေ။ ဤအတွက်ကြောင့် ငါတို့၏ အကကို အအောင်မပေးခြင်းဖြစ်သည်။ မည်သည့်အခါမျှ မအောင်မည့် ပုံစံရှိသည်။ ကရသည်မှာ မလွယ်ကူလှ။ ငါပြန်သွားတော့မည်” ဟူ၍ ပြောသည်။ ထိုညတွင် ရှောင်ဂန်းသည် အလွန်ငြိမ်းချမ်းစွာ အိပ်ပျော်၏။ အဘယ်ကြောင့်ဆိုသော် သူသည် နောက်တစ်နေ့တွင် ထုပ်ပိုးပြီး ထွက်ခွာ၍ နှုတ်ဆက်ရန် စိတ်ဆုံးဖြတ်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရှောင်ဂန်းသည် နောက်ဆုံး၌ သူ၏ဆန္ဒ တစ်ဖန်ပြည့်ပြီး ဗီဒီယိုအဖွဲ့သို့ ပြန်လာကာ သူ၏ ကွန်ပျူတာရှေ့၌ နောက်တစ်ဖန် ထိုင်သည်။ သူသည် ယခင်က ထိုရင်းနှီးသော ခံစားချက်များကို ဆင်ခြင်သုံးသပ်ပြီး “ငါသည် နောက်ကွယ်ရှိ အလုပ်ကို လုပ်ဖို့ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ငါသည် ချီးမွမ်းခြင်းမခံရသော သူရဲကောင်းတစ်ဦးသာ ဖြစ်နိုင်သည်။ ငါသည် ဤဘဝတွင် စင်ပေါ်ရောက်ရန်၊ သို့မဟုတ် နာမည်ကြီးရန် အခွင့်အရေးမရှိ။ ငါ အမူအကျင့်ကောင်းကောင်းနေပြီး ကီးဘုတ်ကိုသာ ဆက်လက်၍ နှိပ်နေလိုက်မည်။ ဤသည်မှာ ငါ့တာဝန်ဖြစ်၏။ ထို့ကြောင့် ဤအလုပ်ကိုသာ လုပ်မည်” ဟု တွေးသည်။ သူသည် ဤသို့ အပြန်ပြန်အလှန်လှန် တွေးပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်အောင် ထားလိုက်သည်။ သူ၏ ဒုတိယအိပ်မက်မှာ ပျက်စီးသွားပြီး မပြည့်စုံတော့ပေ။ ရှောင်ဂန်းသည် “လုံ့လရှိပြီး စာကြိုးစားသော” သူဖြစ်သည်။ “စိတ်ထက်သန်ပြီး ရည်မှန်းချက်ရှိသော” သူဖြစ်သည်။ သူသည် ကွန်ပျူတာရှေ့တွင် ထိုင်ပြီး ဤသို့သော ငြီးငွေ့ဖွယ်အလုပ်ကို လုပ်ရန် အလွန်တလိုတလား ရှိနေနိုင်သည်ဟု သင်တို့ထင်သလော။ မရှိနိုင်ပေ။ တလိုတလား ရှိမနေနိုင်ခြေ များသည်။
လတ်တလောတွင် ရှောင်ဂန်းသည် တေးဆိုခြင်းကို စွဲလမ်းလာခဲ့သည်။ သူသည် အဘယ်သို့ အလွန်လျင်မြန်စွာ ပြောင်းလဲနိုင်ရသနည်း။ သူသည် အဘယ်ကြောင့် ဤအရာကို စွဲလမ်းနေသနည်း။ အဘယ်ကြောင့် စင်မြင့်နှင့် ဝေးဝေးမနေနိုင်သနည်း။ သူ၏ စိတ်နှလုံး၌ တစ်စုံတစ်ခု ပုန်းကွယ်နေသည်။ ဤတစ်ကြိမ်တွင်မူ သူသည် သူ၏တာဝန်ကို ပြောင်းရန် မဆင်မခြင် မတောင်းဆိုပေ။ အကြောင်းအရာများကိုသာ နေ့စဉ် သူရှာပြီး သူ၏ အသံကျွမ်းကျင်မှုများနှင့် သူ၏ တေးဆိုမှုကိုသာ လေ့ကျင့်သည်။ သူသည် အသံကွဲအက်သည်အထိ မကြာခဏလေ့ကျင့်၏။ တစ်ခါတစ်ရံတွင် သူအသံပင် မထွက်နိုင်တော့သည်အထိဖြစ်သည်။ ဤသို့ဖြစ်လျှင်ပင် ရှောင်ဂန်းက စိတ်ဓာတ်မကျသေးပေ။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် သူသည် နည်းဗျူဟာပြောင်းထား၍ ဖြစ်သည်။ သူက “ဤတစ်ကြိမ်တွင် တကယ့်အခြေအနေကို နားမလည်ဘဲ ငါ၏တာဝန်ကို ပြောင်း၍မဖြစ်။ ငါသည် အမှန်ပင် ဂရုစိုက်ရမည်။ ဤသို့မဟုတ်လျှင် လူတို့က ငါ့ကို လှောင်ပြောင်ကြလိမ့်မည်။ ငါ၏တာဝန်ကို ငါအစဉ်ပြောင်းနေလျှင် ၎င်းတို့က ငါ့အပေါ် မည်သို့ထင်မည်နည်း။ ငါ့ကို အထင်သေးကြလိမ့်မည်။ ဤတစ်ကြိမ်တွင် ငါသည် တေးသီဆိုသည့် ကြယ်ပွင့်တစ်ပွင့်ဖြစ်နိုင်သည်၊ အသင်းတော်ရှိ တေးသီဆိုသူများတမျှ တော်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်လာသည်အထိ ဆက်လက်လေ့ကျင့်နေဖို့ လိုသည်။ ထို့နောက်တွင် ဓမ္မတေးအဖွဲ့၌ ငါစာရင်းသွင်းမည်” ဟုဆိုသည်။ သူသည် နေ့စဉ် ဤသို့ လေ့ကျင့်ခြင်းကို အားစိုက်လုပ်ဆောင်ကာ သူ၏ အားလပ်ချိန်နှင့် အလုပ်လုပ်ချိန် နှစ်ချိန်စလုံးတွင် မမောမပန်း လေ့ကျင့်၏။ တစ်နေ့တွင် ရှောင်ဂန်းအလုပ်လုပ်နေသောအခါ သူ၏ အဖွဲ့ခေါင်းဆောင်က သူ့အား “ရှောင်ဂန်း၊ မည်သည့်အလုပ်မျိုးကို သင်လုပ်နေသနည်း။ သင်ဤသို့ နောက်တစ်ဖန် ဝတ်ကျေတမ်းကျေ လုပ်ဆောင်ပြီး သင့်အလုပ်အပေါ် အားမစိုက်လျှင် ဤတာဝန်ကို ဆက်လက်၍ ထမ်းဆောင်ခွင့်ပြုမည်မဟုတ်” ဟု ရုတ်တရက်ပြောလာသည်။ ရှောင်ဂန်းက “မည်သည့်အရာကိုမျှ ကျွန်ုပ်မလုပ်ခဲ့ပါ” ဟု ပြန်ပြောသည်။ ထို့နောက် လူတိုင်းက ဝိုင်းအုံလာပြီး “ရှောင်ဂန်း၊ မည်သည့်အရာ ဖြစ်သွားရသနည်း။ အို၊ သင်သည် အလွန်ကြီးသောအမှားကို ပြုလုပ်ခဲ့ပြီ။ အထက်က ဤအမှားမျိုးကို အကြိမ်များစွာ ပြုပြင်ပေးခဲ့လျက်နှင့် သင်သည် အဘယ်သို့ကြောင့် ပြုလုပ်နေဆဲဖြစ်ရသနည်း။ ဤသည်မှာ သင်သည် တေးသီဆိုခြင်းကို နေ့စဉ် လေ့ကျင့်နေပြီး ဗီဒီယိုတည်းဖြတ်ခြင်းအပေါ် အာရုံမစိုက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အမှားများ သင်ဆက်တိုက်လုပ်နေပြီး အရေးကြီးကိစ္စများကို နှောင့်နှေးစေသည်။ သင်က ဤသို့ နောက်တစ်ဖန် အမှားပြုလုပ်လျှင် အသင်းတော်က သင့်ကို နှင်ထုတ်လိမ့်မည်။ သင့်ကို အလိုရှိတော့မည်မဟုတ်။ ကျွန်ုပ်တို့အားလုံးကလည်း သင့်ကို ငြင်းပယ်မည်” ဟု ဆိုကြသည်။ ရှောင်ဂန်းက ဆက်၍ရှင်းပြသည်မှာ “ကျွန်ုပ်သည် တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါ။ ယခုမှစ၍ ကျွန်ုပ် ဂရုစိုက်ပါမည်။ နောက်ထပ် အခွင့်အရေးတစ်ကြိမ် ထပ်ပေးပါ။ ကျွန်ုပ်ကို နှင်မထုတ်ပါနှင့်။ သင်တို့ကို ကျွန်ုပ်တောင်းပန်ပါသည်။ ကျွန်ုပ်ကို နှင်မထုတ်ပါနှင့်။ ဘုရားသခင်၊ ကျွန်ုပ်ကို ကယ်တင်တော်မူပါ” ဟူ၍ ဖြစ်သည်။ သူအော်ခေါ်သော အချိန်တွင် လက်ကြီးတစ်ခုက သူ၏ ပခုံးကို ပုတ်ကာ “ရှောင်ဂန်း၊ ထတော့။ ထတော့၊ ရှောင်ဂန်း” ဟု ပြောသည်ကို သူခံစားလိုက်ရသည်။ မည်သည့်အရာ ဖြစ်နေသနည်း။ (အိပ်မက်မက်နေခြင်း ဖြစ်ပါသည်။) သူသည် အိပ်မက်မက်နေခြင်း ဖြစ်သည်။ သူ၏ မျက်လုံးများက မှိတ်နေကာ သူသည် ကယောင်ကတမ်း ဖြစ်နေကာ သူ့လက်များက လေကို ဆုပ်ကိုင်ကုတ်ခြစ်နေသည်။ မည်သည့်အရာ ဖြစ်ပျက်သွားသနည်းဟု လူတိုင်းက တွေးလိုက်ကြပြီးနောက် မိမိ၏ ကီးဘုတ်ပေါ် ခါးကိုင်းပြီး အိပ်ပျော်နေသည့် ရှောင်ဂန်းကို တွေ့သွားကြသည်။ ညီအစ်ကိုတစ်ယောက်က သူ့ကို ပုတ်လိုက်၏။ အကြိမ်အနည်းငယ် တွန်းနှိုးပြီးနောက်တွင် ရှောင်ဂန်းသည် နောက်ဆုံး၌ နိုးလာသည်။ သူနိုးသောအခါ သူက “အို၊ ကြောက်စရာပါတကား။ ကျွန်ုပ်သည် နှင်ထုတ်ခြင်းခံရတော့မည်” ဟု ပြောလေရာ “မည်သည့်အတွက်ကြောင့်နည်း” ဟု အမေးခံရ၏။ ရှောင်ဂန်းသည် စဉ်းစားကြည့်လိုက်သည့်အခါ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည်ကို မြင်သွားလေသည်။ လက်စသတ်တော့ အမှန်တွင် အိပ်မက်တစ်ခုဖြစ်နေသည်။ သူသည် အိပ်မက်တစ်ခုကြောင့် ကြောက်လန့်ပြီး နိုးလာခြင်းဖြစ်သည်။ ယင်းသည် ဇာတ်လမ်း၏ အဆုံးသတ်ဖြစ်သည်။ ယင်းသည် “ရှောင်ဂန်း၏ အိပ်မက်များ” ဖြစ်သည်။
ဤဇာတ်လမ်းသည် မည်သည့်ပြဿနာအကြောင်းကို ပြောသနည်း။ အိပ်မက်များနှင့် လက်တွေ့အရှိတရားသည် မကြာခဏ ကွဲလွဲသည်ဆိုသည့် အချက်ဖြစ်သည်။ အချိန်တော်တော်များများတွင် လူတို့က ၎င်းတို့၏ အိပ်မက်များမှာ သဘာဝကျသည်ဟု ထင်ကြသည်။ သို့သော် အိပ်မက်များနှင့် လက်တွေ့အရှိတရားသည် တူညီသောအရာ လုံးဝမဟုတ်ကြောင်းကိုမူ ၎င်းတို့မသိကြ။ အိပ်မက်များသည် သင်၏ ဆန္ဒအတွေးသာဖြစ်သည်။ သင်၏ ယာယီစိတ်ဝင်စားမှုသာ ဖြစ်သည်။ အချိန်အများစုတွင် ယင်းတို့သည် လူတို့၏ လိုက်စားမှုပန်းတိုင်များ ဖြစ်လာသော ၎င်းတို့၏ နှစ်သက်မှုများ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများဖြစ်ကြသည်။ လူတို့၏ အိပ်မက်များသည် လက်တွေ့အရှိတရားနှင့် လုံးဝ တစ်သမတ်တည်းမရှိ။ လူတို့သည် အိပ်မက်များ အလွန်များပြားစွာ ရှိနေလျှင် မည်သည့်အမှားများကို မကြာခဏပြုလုပ်မည်နည်း။ ထိုအခိုက်အတန့်တွင် ၎င်းတို့လုပ်ဆောင်နေသင့်သည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်ကို သတိမမူမိဘဲ ဖြစ်လိမ့်မည်။ လက်တွေ့အရှိတရားကို ၎င်းတို့လျစ်လျူရှုလိမ့်မည်။ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်များကို၊ ၎င်းတို့ပြီးမြောက်သင့်သည့် အလုပ်ကို၊ ထိုအချိန်တွင် ၎င်းတို့ဖြည့်ဆည်းသင့်သည့် တာဝန်နှင့် ဝတ္တရားများကို ဘေးဖယ်ထားလိမ့်မည်။ ၎င်းတို့သည် ဤအရာများကို အလေးအနက်ထားမည်မဟုတ်ဘဲ ၎င်းတို့အိပ်မက်များနောက်သို့သာ ဆက်လိုက်နေကာ ယင်းတို့ကို အကောင်အထည်ဖော်ရန် စဉ်ဆက်မပြတ် အလျင်စလိုလုပ်ဆောင်ပြီး ကြိုးစားနေ၍ အဓိပ္ပာယ်မရှိသော အရာများစွာကို လုပ်ဆောင်နေလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့တာဝန်များကို သင့်လျော်စွာ ထမ်းဆောင်ရန် ပျက်ကွက်မည်သာမကဘဲ အသင်းတော်အလုပ်ကိုလည်း နှောင့်နှေးပြီး နှောင့်ယှက်နိုင်ခြေရှိသည်။ များစွာသောလူတို့သည် သမ္မာတရားကို နားမလည်ကြ သို့မဟုတ် သမ္မာတရားကို မလိုက်စားကြပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအား ၎င်းတို့က မည်သည့်အရာကဲ့သို့ သဘောထားကြသနည်း။ အလုပ်တစ်မျိုး၊ ဝါသနာတစ်မျိုး သို့မဟုတ် မိမိတို့၏ စိတ်ဝင်စားမှုနှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုကဲ့သို့ သဘောထားကြသည်။ ဘုရားသခင် ပေးထားသည့် အထူးတာဝန် သို့မဟုတ် အလုပ်တာဝန်တစ်ခု သို့မဟုတ် ၎င်းတို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုကဲ့သို့ သဘောမထားကြပေ။ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးနိုင်ရန်အလို့ငှာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ၎င်းတို့ သာ၍ပင် မကြိုးစားကြပေ။ ထို့ကြောင့် လူအချို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် အခက်အခဲအနည်းငယ်ကို ခါးစည်းခံရသည်နှင့်တစ်ပြိုင်နက် မလိုမလား ဖြစ်လာကြပြီး ရှောင်ရှားချင်ကြလေသည်။ အခက်အခဲအချို့ကို ၎င်းတို့ ကြုံရသည့်အခါ သို့မဟုတ် အဆင်မပြေမှုအချို့ကို ခံစားရသည့်အခါ ၎င်းတို့ တပ်ခေါက်ကာ တစ်ဖန် ရှောင်ရှားချင်ကြသည်။ သမ္မာတရားကို ၎င်းတို့ မရှာဖွေကြပေ။ ရှောင်ရှားဖို့အကြောင်းကိုသာ တွေးကြသည်။ လိပ်များကဲ့သို့ပင် တစ်စုံတစ်ရာ မှားယွင်းသွားသည့်အခါ မိမိတို့ အခွံများထဲတွင်သာ ၎င်းတို့ ပုန်းကွယ်ကြပြီးနောက် ၎င်းတို့ တစ်ဖန် ထွက်မလာမီ ပြဿနာ လွန်သွားသည်အထိတိုင် စောင့်ဆိုင်းကြလေသည်။ ဤကဲ့သို့သော လူများစွာ ရှိသည်။ အထူးသဖြင့် အလုပ်တစ်ခုခုအတွက် တာဝန်ယူရန် စေခိုင်းခံရသည့်အခါ မိမိတို့၏ သစ္စာစောင့်သိမှုများ မည်သို့ပေးနိုင်မည်ကိုဖြစ်စေ၊ ဤတာဝန်အား မည်သို့ ကောင်းစွာ ထမ်းဆောင်ကာ ဤအလုပ်အား လုပ်ဆောင်ရမည်ဆိုသည်ကိုဖြစ်စေ မစဉ်းစားကြသည့် လူအချို့ ရှိကြ၏။ ထို့ထက် တာဝန်ကို မည်သို့ ခေါင်းရှောင်ရမည်၊ ပြုပြင်ခံရခြင်းအား မည်သို့ ရှောင်ရှားရမည်၊ တာဝန်တစ်ခုခုကို ယူရခြင်းအား မည်သို့ ရှောင်ရှားရမည်ဆိုသည်နှင့် ပြဿနာများ သို့မဟုတ် အမှားများ ဖြစ်ပေါ်သည့်အခါ မထိမခိုက်ဘဲ မည်သို့ ထွက်လာရမည်ဆိုသည်တို့ကို စဉ်းစားကြသည်။ ၎င်းတို့သည် ဦးစွာပထမ မိမိတို့ကိုယ်ပိုင် လွတ်လမ်းကိုလည်းကောင်း၊ မိမိတို့ကိုယ်ပိုင် နှစ်သက်မှုများနှင့် နှစ်သက်မှုများအား မည်သို့ ဖြည့်ဆည်းရမည်ကိုလည်းကောင်း စဉ်းစားကြသည်။ မိမိတို့၏တာဝန်များအား မည်သို့ ကောင်းစွာထမ်းဆောင်ပြီး မိမိတို့၏ သစ္စာစောင့်သိမှုအား ပေးရမည်ကို မစဉ်းစားကြပေ။ ဤကဲ့သို့သောလူများသည် သမ္မာတရားကို ရရှိနိုင်ကြသလော။ သမ္မာတရားနှင့် စပ်လျဉ်း၍ ၎င်းတို့ အားမထုတ်ကြသကဲ့သို့ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့အတွက်မူ အမေကျော် ထွေးတော်လွမ်းဆိုသကဲ့သို့ အသစ်အဆန်းကို မျက်စိကျကြသည်။ ယနေ့တွင် ဤအရာကို လုပ်ဆောင်လိုသည်၊ မနက်ဖြန်တွင် ထိုအရာကို ၎င်းတို့ လုပ်ဆောင်လိုကြပြီး အခြားလူတိုင်း၏ တာဝန်များက ၎င်းတို့၏ကိုယ်ပိုင်တာဝန်များထက် ပိုကောင်းမွန်ပြီး လွယ်ကူသည်ဟု တွေးထင်ကြလေသည်။ သို့တိုင် သမ္မာတရားနှင့် စပ်လျဉ်း၍ ၎င်းတို့ အားမထုတ်ကြချေ။ ၎င်းတို့၏ ဤစိတ်ကူးများနှင့်ပတ်သက်၍ မည်သည့် ပြဿနာများရှိသည်ကို ၎င်းတို့ မစဉ်းစားကြသကဲ့သို့ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြချေ။ ၎င်းတို့၏ စိတ်များက ၎င်းတို့၏ အိပ်မက်များ မည်သည့်အချိန်တွင် အကောင်အထည်ပေါ်လိမ့်မည်၊ မည်သူက ကျော်ကြားသည်၊ မည်သူက အထက်မှ အသိအမှတ်ပြုခြင်းကို ရရှိနေသည်၊ မည်သူက ပြုပြင်ခံရခြင်းမရှိဘဲ အလုပ်လုပ်ကာ ရာထူးတိုးနေသည်ဟူသည်တို့ကို အမြဲ အာရုံစိုက်နေသည်။ ၎င်းတို့၏ စိတ်များက ဤအရာများနှင့် ပြည့်နေသည်။ ဤအရာများအကြောင်းကို အမြဲ စဉ်းစားနေသည့် လူတို့သည် မိမိတို့တာဝန်များကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်နိုင်ကြသလော။ ဤအရာကို ၎င်းတို့ မည်သည့်အခါတွင်မျှ မဖြစ်မြောက်နိုင်ကြပေ။ သို့ဆိုလျှင် မည်သည့်လူစားမျိုးက မိမိတို့တာဝန်များကို ဤသို့ ထမ်းဆောင်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူများဖြစ်ကြသလော။ ဦးစွာပထမ အမှုအရာတစ်ခုက သေချာ၏။ ဤကဲ့သို့သောလူများသည် သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့သည် လောက၌ ရှင်သန်နေထိုင်ခဲ့စဉ်ကကဲ့သို့ ကောင်းချီးအနည်းငယ် မွေ့လျော်ခံစားရန်၊ ကျော်ကြားလာရန်နှင့် ဘုရားအိမ်တော်တွင် အာရုံစိုက်ခြင်း ခံရသည့်အဖြစ်သို့ရောက်ရှိရန် ကြိုးစားကြလေသည်။ အနှစ်သာရအရ ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ မယုံကြည်သူများ ဖြစ်ကြ၏။ မယုံကြည်သူများသည် ပြင်ပလောကတွင် ၎င်းတို့အလုပ်လုပ်သကဲ့သို့ ဘုရားအိမ်တော်တွင် ၎င်းတို့တာဝန်များကို ထမ်းဆောင်ကြသည်။ မည်သူက ရာထူးတိုးခြင်းခံရသည်၊ မည်သူက အဖွဲ့ခေါင်းဆောင်ဖြစ်လာသည်၊ မည်သူက အသင်းတော်ခေါင်းဆောင်ဖြစ်လာသည်၊ မည်သူက ၎င်းအလုပ်ကြောင့် လူတိုင်း၏ ချီးမွမ်းခြင်းကို ခံရသည်၊ မည်သူက ချီးမြှောက်ခံရပြီး ဖော်ပြခြင်းခံရသည် ဆိုသည်တို့ကို ၎င်းတို့ဂရုစိုက်သည်။ ဤအရာများကို ၎င်းတို့ဂရုစိုက်၏။ ဤသည်မှာ ကုမ္ပဏီတစ်ခုကဲ့သို့ပင် ဖြစ်သည်။ မည်သူက ရာထူးတိုးခြင်းခံရသည်၊ မည်သူက လစာတိုးသည်၊ မည်သူက ခေါင်းဆောင်၏ ချီးမွမ်းခြင်းကို ခံရသည်၊ မည်သူက ခေါင်းဆောင်နှင့် ရင်းနှီးလာသည်ဆိုသည့် ဤအရာများကို လူတို့က ဂရုစိုက်ကြသည်။ ၎င်းတို့သည် ဤအရာများကို ဘုရားအိမ်တော်တွင်လည်း ရှာဖွေပြီး တစ်နေကုန် ဤအရာများအပေါ်သာ အာရုံရောက်နေကြသည်ဆိုလျှင် ဘာသာတရားမရှိသူများနှင့် အတူတူပင်ဖြစ်သည် မဟုတ်လော။ အနှစ်သာရတွင် ၎င်းတို့သည် ဘာသာတရားမရှိသူများဖြစ်သည်။ မယုံကြည်သူစစ်စစ်များဖြစ်သည်။ မည်သည့်တာဝန်ကို ၎င်းတို့ထမ်းဆောင်ပါစေ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့်သာ အလုပ်လုပ်ပေးပြီး ပြုမူဆောင်ရွက်နေလိမ့်မည်ဖြစ်သည်။ မည်သည့်တရားဒေသနာများကို ၎င်းတို့ကြားသည်ဖြစ်စေ သမ္မာတရားကို လက်ခံဦးမည်မဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် မည်သည့်အပြောင်းအလဲကိုမျှ မကြုံရဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့သည်။ ၎င်းတို့တာဝန်များကို နှစ်မည်မျှကြာ ထမ်းဆောင်သည်ဖြစ်စေ ၎င်းတို့၏ သစ္စာစောင့်သိမှုကို ပေးအပ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အပေါ်တွင် စစ်မှန်သော ယုံကြည်ခြင်းမရှိ။ ၎င်းတို့တွင် သစ္စာစောင့်သိမှုမရှိ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။
လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် တာဝန်ခံယူရမည်ကို ကြောက်ရွံ့ကြသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခုလုပ်ရန် ပေးသောအခါ ၎င်းတို့သည် ထိုအလုပ်အတွက် ၎င်းတို့ တာဝန်ခံဖို့ လိုအပ်ခြင်းရှိမရှိကို ရှေးဦးစွာ ထည့်စဉ်းစားကြသည်။ တာဝန်ခံဖို့ လိုအပ်လျှင် ၎င်းတို့က အလုပ်ကို လက်ခံမည်မဟုတ်ပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ သတ်မှတ်ချက်များမှာ ပထမအနေဖြင့် အေးဆေးသက်သာသော အလုပ်ဖြစ်ရမည်။ ဒုတိယအနေဖြင့် အလုပ်ရှုပ်ခြင်း၊ သို့မဟုတ် ပင်ပန်းခြင်းမရှိရပေ။ တတိယအနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် မည်သည့်တာဝန်ကိုမျှ ခံယူခြင်းမရှိရပေ။ ဤသည်မှာ ၎င်းတို့တာဝန်ယူဆောင်ရွက်မည့် တစ်ခုတည်းသော တာဝန်အမျိုးအစားဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ စဉ်းလဲသော၊ လှည့်ဖြားတတ်သောသူ မဟုတ်သလော။ ထိုသူသည် အနည်းဆုံးသော တာဝန် ပမာဏကိုပင် တာဝန်မခံလိုပေ။ သစ်ရွက်များက သစ်ပင်ပေါ်မှ ကြွေကျလာသောအခါ သူ့ခေါင်းကွဲသွားမည်ကိုပင် သူကြောက်နေသည်။ ဤသို့သောသူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။ ဘုရားအိမ်တော်တွင် သူ့အား အဘယ်သို့ အသုံးချ၍ ရနိုင်မည်နည်း။ ဘုရားအိမ်တော်၏ အလုပ်သည် စာတန်အား ရင်ဆိုင်တိုက်ခိုက်ခြင်းအမှုအပြင် နိုင်ငံတော် ဧဝံဂေလိတရားဖြန့်ဝေခြင်းနှင့်လည်း သက်ဆိုင်သည်။ မည်သည့်တာဝန်က တာဝန်ခံယူခြင်း မလိုအပ်သနည်း။ ခေါင်းဆောင်ဖြစ်ခြင်းသည် တာဝန်ခံရသည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့၏ တာဝန်များသည် ပို၍ပင် မကြီးသလော။ ၎င်းတို့သည် ပို၍ပင် တာဝန်မခံယူရသလော။ သင်သည် ဧဝံဂေလိတရားဟောခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုများ ပြုလုပ်ခြင်းတို့ကဲ့သို့သော အရာများကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အလုပ်ကို သင်လုပ်ဆောင်သည်ဖြစ်စေ ထိုအလုပ်က သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်နေသရွေ့ ထိုအလုပ်တွင် တာဝန်ဝတ္တရားများ တွဲပါနေသည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းက စည်းမျဉ်းနှင့်မညီလျှင် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်မည်။ သင်သည် တာဝန်ခံယူရန် ကြောက်ရွံ့လျှင် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်၍မရပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်း၌ တာဝန်ယူရန် ကြောက်ရွံ့သော လူစားမျိုးသည် သတ္တိနည်းသောသူဖြစ်သလော၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသလော။ ကွာခြားချက်ကို သင် ပြောနိုင်ရမည်။ အမှန်စင်စစ် ဤသည်မှာ သတ္တိကြောင်ခြင်း ကိစ္စမဟုတ်ပေ။ ၎င်းတို့သည် ချမ်းသာကြွယ်ဝရန် ကြိုးပမ်းခြင်းနှင့် ပတ်သက်လာသောအခါ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ အဘယ်ကြောင့် ဤမျှ ရဲတင်းနေကြသနည်း။ ဤအရာများအတွက်မူ မည်သည့် စွန့်စားမှုမျိုးကိုမဆို ၎င်းတို့ ရင်ဆိုင်ဝံ့ကြသည်။ သို့သော် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ လုံးဝ စွန့်စားမှုများမပြုလုပ်ပေ။ ဤသို့သော လူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ အားလုံးထဲတွင် ကောက်ကျစ်အစဉ်းလဲဆုံး ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းတွင် တာဝန်မခံယူသူ မည်သူမဆိုသည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ မပြောနှင့်၊ ဘုရားသခင်ကို အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိ။ မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သော ပုဂ္ဂိုလ်မျိုးသည် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းဆောင်ရန် သတ္တိရှိသနည်း။ အရေးအကြီးဆုံးနှင့် အတိမ်းအစောင်းမခံဆုံးဖြစ်သော အလုပ်ကို ၎င်းတို့ မြင်သောအခါ ဘုရားသခင်၏ အိမ်တော်အလုပ်တွင် အရေးကြီးဆုံး အခိုက်အတန့်၌ ဦးဆောင်ဦးရွက်ပြု၍ ရဲဝံ့စွာ ရှေ့သို့ထွက်ကာ ဝန်ထုပ်ဝန်ပိုးကြီးကို ရဲဝံ့စွာ ထမ်းဆောင်ပြီး အခက်အခဲများနှင့် အန္တရာယ်များကို ကြံ့ကြံ့ခံရန် မကြောက်ရွံ့သောသူမျိုး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းသည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာရှိ၏။ ၎င်းတို့တွင် တရားမျှတစိတ်၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ် မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်၍ စက်ဆုပ်ဖွယ်ကောင်းသော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများ မဟုတ်ကြသည့်အပြင် သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံကြပေ။ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားကို ရရှိရန် ကြီးစွာသော အဖိုးအခကို ပေးဆပ်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အတားအဆီးများစွာကို ကြုံတွေ့ရမည်။ အမှုအရာများကို စွန့်လွှတ်ရမည်။ ၎င်းတို့၏ ဇာတိပကတိ အကျိုးစီးပွားများကို စွန့်လွှတ်ရမည်။ ဆင်းရဲဒုက္ခအချို့ကို သည်းခံရမည်။ ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်။ ဤသို့ဆိုလျှင် တာဝန်ယူရန် ကြောက်သော ဤလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ သမ္မာတရားကို ရရှိဖို့မဆိုထားနှင့်၊ သမ္မာတရားကို ၎င်းတို့ သေချာပေါက် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏ အကျိုးစီးပွား ဆုံးရှုံးခြင်းကို ခံရရန် ကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အရှက်ခွဲခံရခြင်း၊ အသရေဖျက်ခံရခြင်းနှင့် ဝေဖန်ကဲ့ရဲ့ခံရခြင်းကို ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရဲပေ။ အကျိုးဆက်အနေဖြင့် သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ဘဲ ဘုရားသခင်ကို နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ သူ၏ ကယ်တင်ခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်သော သူတို့သည် အသင်းတော်၏ အလုပ်နှင့်ပတ်သက်လာပါက ဝန်တာထားစိတ်ရှိသောလူများ၊ တာဝန်ခံယူသောလူများ၊ သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနိုင်သောလူများ၊ ဒုက္ခခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သောလူများဖြစ်ရမည်။ ဤနယ်ပယ်များတွင် အားနည်းလျှင် ထိုသူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ ပြီးလျှင် တာဝန်ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များနှင့် မကိုက်ညီပေ။ တာဝန်ထမ်းဆောင်ရာတွင် တာဝန်ယူရန် ကြောက်သောသူများစွာ ရှိသည်။ ၎င်းတို့၏ ကြောက်ရွံ့မှုသည် အဓိကနည်းလမ်းသုံးခုဖြင့် ထင်ရှားသည်။ ပထမတစ်ခုမှာ တာဝန်ခံယူဖို့မလိုသည့် တာဝန်များကိုသာ ၎င်းတို့က ရွေးချယ်ကြသည်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်သည် ၎င်းတို့အတွက် တာဝန်ထမ်းဆောင်ရန် စီစဉ်ပေးပါက ၎င်းတို့က ဤအတွက် တာဝန်ယူရခြင်းရှိမရှိကို ဦးစွာ မေးတတ်သည်။ တာဝန်ယူရမည်ဆိုလျှင် လက်မခံကြပေ။ တာဝန်ယူရန်၊ တာဝန်ခံရန် မလိုအပ်လျှင် ၎င်းတို့က တွန့်ဆုတ်စွာဖြင့် လက်ခံသည်။ သို့သော် အလုပ်သည် ပင်ပန်းခြင်း ရှိမရှိ သို့မဟုတ် စိုးရိမ်ပူပန်စရာ ပါဝင်ခြင်း ရှိမရှိကိုမူ စဉ်းစားနေကြဆဲဖြစ်၏။ ၎င်းတို့သည် အင်တင်တင်ဖြင့် လက်ခံသည့်အခါ၌ပင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ ယင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန် မဟုတ်ဘဲ “အပန်းဖြေခြင်း၊ အပင်ပန်းမခံခြင်းနှင့် ကာယဒုက္ခ မရှိခြင်း” ကို မိမိတို့၏ စည်းမျဉ်းအဖြစ် မှတ်ယူလျက် ဝတ်ကျေတမ်းကျေသာ လုပ်လိုကြသေးသည်။ ဒုတိယအချက်မှာ အခက်အခဲတစ်ခု ကျရောက်လာသောအခါ သို့မဟုတ် ပြဿနာတစ်ခု ကြုံတွေ့သောအခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုသည် မိမိတို့ကိုယ်ကို အပူအပင်ကင်းမဲ့စေရန် ကြိုးပမ်းသည့်အနေဖြင့် ခေါင်းဆောင်တစ်ဦးထံ သတင်းပို့ပြီး ထိုခေါင်းဆောင်အား ကိုင်တွယ်ကာ ဖြေရှင်းစေခြင်း ဖြစ်သည်။ ခေါင်းဆောင်က ထိုကိစ္စကို မည်မျှ ကောင်းမွန်စွာ ကိုင်တွယ်သည်ကို ၎င်းတို့ ဂရုမစိုက်ကြဘဲ ဤအရာကို အရေးမထားကြပေ။ မိမိတို့ကိုယ်တိုင် တာဝန်မယူရသရွေ့ ၎င်းတို့အတွက် အရာအားလုံး အဆင်ပြေနေသည်။ ဤနည်းဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိနေကြခြင်း ဖြစ်သလော။ ဤသည်ကို တာဝန်လွှဲချခြင်း၊ တာဝန်ပျက်ကွက်ခြင်းနှင့် ဉာဏ်များခြင်းဟု ခေါ်သည်။ အပြောသက်သက်သာဖြစ်ပြီး အမှန်တကယ် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့က “ဤအရာကို ငါဖြေရှင်းရမည်ဆိုလျှင်၊ အမှားလုပ်မိသွားလျှင် မည်သို့ ပြုလုပ်ရမည်နည်း။ မည်သူ့အား အပြစ်တင်ရမည်ကို ၎င်းတို့ စူးစမ်းစစ်ဆေး ကြည့်သောအခါတွင် ငါ့ကို ၎င်းတို့ ကိုင်တွယ်မည်မဟုတ်လော။ ဤအတွက် တာဝန်က ငါ့အပေါ် အရင်ဆုံး ကျရောက်မည် မဟုတ်လော” ဟူ၍ မိမိတို့ကိုယ်ကို ပြောကြသည်။ ဤသည်မှာ ၎င်းတို့ စိတ်ပူသည့်အရာဖြစ်သည်။ သို့သော် ဘုရားသခင်က အရာအားလုံးကို စိစစ်သည်ကို ယုံကြည်သလော။ လူတိုင်းက အမှားလုပ်ကြသည်။ ရည်ရွယ်ချက်မှန်ကန်သော သူတစ်ယောက်သည် အတွေ့အကြုံကင်းမဲ့ပြီး ယခင်က အမှုကိစ္စအမျိုးအစားအချို့ကို မကိုင်တွယ်ခဲ့ဖူးသော်လည်း ၎င်းတို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့လျှင် ယင်းကို ဘုရားသခင်က မြင်ရသည်။ ဘုရားသခင်သည် အရာခပ်သိမ်းနှင့် လူသား၏ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတော်မူသည်ကို သင်တို့ ယုံကြည်ရမည်။ အကြင်သူသည် ဤသည်ကိုပင် မယုံကြည်လျှင် မယုံကြည်သူဖြစ်သည် မဟုတ်လော။ ထိုသို့သောသူက တာဝန်ထမ်းဆောင်ရာတွင် မည်သည့်အရေးပါမှု ရှိနိုင်မည်နည်း။ သူသည် ဤတာဝန်အား ထမ်းဆောင်သည်၊ မထမ်းဆောင်သည်မှာ အမှန်တကယ် အရေးမပါသည် မဟုတ်လော။ သူသည် တာဝန်ယူရန် ကြောက်ရွံ့ပြီး တာဝန်ကို ခေါင်းရှောင်သည်။ တစ်ခုခု ဖြစ်ပေါ်လာသောအခါ ၎င်းတို့သည် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို ချက်ချင်း စဉ်းစားကြရမည့်အစား ဦးစွာ ခေါင်းဆောင်ကို ဖုန်းခေါ်၍ အကြောင်းကြားကြ၏။ လူအချို့မှာ ခေါင်းဆောင်ကို အကြောင်းကြားသည့်နည်းတူ ပြဿနာကို ၎င်းတို့ကိုယ်တိုင် ကိုင်တွယ်ရန် ကြိုးစားသည်မှာ မှန်သည်။ သို့သော် လူအချို့မှာ ဤသို့ မလုပ်ဆောင်ဘဲ ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ ခေါင်းဆောင်ကို ခေါ်ခြင်းဖြစ်သည်။ ပြီးလျှင် ခေါ်ပြီးနောက်တွင် ၎င်းတို့သည် ညွှန်ကြားချက်များကို စောင့်ဆိုင်းလျက် မလှုပ်မယှက်ဖြင့်သာ စောင့်နေကြသည်။ ခေါင်းဆောင်က ၎င်းတို့အား အဆင့်တစ်ဆင့်ကိုလုပ်ဆောင်ရန် ညွှန်ကြားသောအခါတွင် ၎င်းတို့က တစ်ဆင့်ကိုလုပ်ဆောင်သည်။ ခေါင်းဆောင်က တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ပြောလျှင် ၎င်းတို့က ထိုအရာကို လုပ်ဆောင်သည်။ ခေါင်းဆောင်က မည်သည့်အရာကိုမျှ မပြောလျှင်၊ သို့မဟုတ် ညွှန်ကြားချက်များအား မပေးလျှင် ၎င်းတို့က မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ အချိန်သာ ဆွဲနေသည်။ ၎င်းတို့အား လှုံ့ဆော်သော၊ သို့မဟုတ် ကြီးကြပ်သောသူ မည်သူမျှမရှိလျှင် ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ပေ။ ငါ့ကို ပြောလော့။ ဤသို့သောသူသည် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သလော။ သူသည် အလုပ်လုပ်ပေးနေလျှင်ပင် သစ္စာမရှိပေ။ တာဝန်ထမ်းဆောင်ရာတွင် လူတစ်ယောက်၏ တာဝန်ယူရမည်ကို ကြောက်ခြင်း ထင်ရှားသည့်ပုံစံ နောက်တစ်ခုရှိသည်။ တာဝန်ထမ်းဆောင်သည့်အခါတွင် အချို့လူတို့သည် အနည်းငယ် အပေါ်ယံဆန်ပြီး၊ ရိုးရှင်းသောအလုပ်၊ တာဝန်ခံယူရန် မလိုအပ်သောအလုပ်ကို လုပ်သည်။ အခက်အခဲများရှိပြီး တာဝန်ယူရသည့်အလုပ်ကို ၎င်းတို့က သူတစ်ပါးတို့အပေါ် ပုံချသည်။ တစ်ခုခုမှားယွင်းခဲ့လျှင် ထိုလူများအပေါ် အပြစ်ပုံချကာ ယင်းသည် မိမိတို့နှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ ဟန်ဆောင်ကြသည်။ ၎င်းတို့သည် တာဝန်မသိတတ်သည်ကို အသင်းတော်ခေါင်းဆောင်များက မြင်သည့်အခါ ၎င်းတို့ တာဝန်ခံယူနိုင်ရန်အတွက် ၎င်းတို့ကို စိတ်ရှည်လက်ရှည် ကူညီပြီး ပြုပြင်ပေးကြသည်။ သို့သော် ၎င်းတို့သည် မလုပ်ဆောင်လိုကြသေးဘဲ “ဤတာဝန်သည် လုပ်ဆောင်ဖို့ ခက်ခဲသည်။ ကိစ္စများ မှားယွင်းသောအခါတွင် ငါသည် တာဝန်ခံရမည်။ ဖယ်ထုတ်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကိုပင် ငါခံရနိုင်သည်။ ဤသည်မှာ ငါ၏ အဆုံးသတ်ပင်ဖြစ်လိမ့်မည်” ဟု ထင်မြင်ကြသည်။ ဤသည်မှာ အဘယ်သို့သော သဘောထား ဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကိုထမ်းဆောင်ရာတွင် တာဝန်သိစိတ် မရှိလျှင်တာဝန်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်နည်း။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးမခံသောသူတို့သည် မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်ပေ။ တာဝန်ယူရန် ကြောက်သောသူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ အမှုကိစ္စများကို နှောင့်နှေးစေခြင်းသာ ဖြစ်လိမ့်မည်။ ဤသို့သော လူများသည် ယုံကြည်စိတ်ချရသူများ မဟုတ်ကြဘဲ မည်သည့်အရာကိုမျှ တာဝန်ပေး၍ မရနိုင်ပေ။ ၎င်းတို့သည် အချောင်ခိုရန်အတွက်သာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသည်။ ဤသို့သော “သူတောင်းစားများ” ကို ဖယ်ရှားရှင်းလင်းသင့်သလော။ ဖယ်ရှားရှင်းလင်းသင့်သည်။ ဘုရားသခင်၏ အိမ်တော်သည် ဤသို့သောသူတို့ကို အလိုမရှိပေ။ ဤသည်တို့မှာ မိမိတို့တာဝန်ကို ထမ်းဆောင်ရာ၌ တာဝန်ယူရန် ကြောက်ရွံ့သော လူတို့၏ သရုပ်သကန်သုံးခု ဖြစ်သည်။ မိမိတို့တာဝန်တွင် တာဝန်ယူရန် ကြောက်သောသူတို့သည် သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူ၏ အဆင့်သို့ပင် မရောက်ရှိနိုင်သည့်အပြင် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ မထိုက်တန်ကြပေ။ လူတချို့သည် မိမိတို့တာဝန်အပေါ် ဤသို့သော သဘောထားမျိုး ထားခြင်းကြောင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ယခုတွင်ပင် ၎င်းတို့သည် အကြောင်းရင်းကို မသိကောင်းမသိနိုင်ဘဲ “ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို အားမာန်တက်ကြွသော စိတ်ထက်သန်မှုဖြင့် လုပ်ဆောင်ခဲ့လျက်နှင့် ၎င်းတို့သည် အဘယ်ကြောင့် ကျွန်ုပ်ကို အလွန်အေးစက်စက်နိုင်စွာ နှင်ထုတ်ခဲ့သနည်း” ဟု ပြောလျက် စောဒကတက်နေဆဲ ဖြစ်သည်။ ယခုတွင်ပင် ၎င်းတို့နားမလည်ပေ။ သမ္မာတရားကို နားမလည်သူတို့သည် ၎င်းတို့အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခံခဲ့ရသည်ကို နားမလည်နိုင်ဘဲ ၎င်းတို့၏တစ်ဘဝလုံး ကုန်ဆုံးရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်စား အကြောင်းပြချက်ပေးကြပြီး မိမိတို့ကိုယ်ကို အဆက်မပြတ် ခုခံကာကွယ်ကြကာ “လူတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ခြင်းမှာ ဗီဇဖြစ်ပြီး ထိုသို့လည်း ပြုလုပ်သင့်သည်။ မည်သူသည် မိမိကိုယ်ကို အနည်းငယ် ကာကွယ်ရန် မလိုအပ်ဘဲ ရှိသနည်း။ မည်သူသည် မိမိကိုယ်ကို အနည်းငယ် ဂရုစိုက်ရန် မလိုအပ်ဘဲ ရှိသနည်း။ မည်သူသည် မိမိအတွက် လွတ်မြောက်ရာလမ်းတစ်ခု ဖွင့်ထားရန် မလိုအပ်ဘဲ ရှိသနည်း” ဟု စဉ်းစားကြသည်။ တစ်စုံတစ်ခု ကျရောက်လာသည့်အခါတိုင်း သင်သည် မိမိကိုယ်ကို အစဉ်သဖြင့် ကာကွယ်ပြီး မိမိအတွက် ထွက်ပေါက်တစ်ခုနှင့် လွတ်မြောက်ရာလမ်းတစ်ခု ဖွင့်ထားပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပါသလော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဉာဏ်များခြင်းသာ ဖြစ်သည်။ သင်သည် ယခုအခါတွင် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ တာဝန်တစ်ခုကိုထမ်းဆောင်ရာတွင် ပထမဆုံး စည်းမျဉ်းမှာ အဘယ်နည်း။ ရှေးဦးစွာ သင်၏ စိတ်နှလုံးအပြည့်အဝဖြင့် ထိုတာဝန်ကို အစွမ်းကုန် ထမ်းဆောင်ရမည်၊ ထိုသို့ဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်ဆိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခု၊ သင် လက်တွေ့လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ မိမိအတွက် ထွက်ပေါက်တစ်ခုနှင့် လွတ်မြောက်ရာလမ်းတစ်ခု ဖွင့်ထားခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်ခြင်းသည်၊ ဘာသာတရား မရှိသူများ လိုက်နာသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းဖြစ်ပြီး ၎င်းတို့၏ အထွတ်အထိပ်ဖြစ်သော အတွေးအခေါ်လည်း ဖြစ်သည်။ အရာခပ်သိမ်း၌ မိမိကိုယ်ကို ဦးစွာ ထည့်သွင်းစဉ်းစားခြင်း၊ မိမိ၏ အကျိုးစီးပွားများကို အခြားအရာအားလုံးထက် ရှေ့တန်းတင်ခြင်း၊ အခြားသူများကို ထည့်မစဉ်းစားခြင်း၊ ဘုရားသခင်၏ အိမ်တော်အကျိုးစီးပွားနှင့် အခြားသူများ၏ အကျိုးစီးပွားတို့သည် မိမိနှင့် မည်သို့မျှ မသက်ဆိုင်ဟု ယုံကြည်ခြင်း၊ မိမိ၏ အကျိုးစီးပွားများကို ဦးစွာ စဉ်းစားပြီးနောက် လွတ်မြောက်ရာလမ်းတစ်ခုကို စဉ်းစားခြင်း၊ ဤသည်မှာ ဘာသာတရား မရှိသူတစ်ဦး ဖြစ်သည့်အရာ မဟုတ်လော။ ဤသည်မှာ အတိအကျပင် ဘာသာတရား မရှိသူတစ်ယောက် ဖြစ်သည့်အရာ ဖြစ်သည်။ ဤလူစားမျိုးသည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် မထိုက်တန်ပေ။ ဇာတ်လမ်းထဲရှိ ရှောင်ဂန်းကဲ့သို့သော လူတချို့ရှိဆဲဖြစ်သည်။ သူသည် ဖြစ်နေကျဖြစ်သည့် ဥပမာတစ်ခုဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ တည်ငြိမ်ရောင့်ရဲစွာမလုပ်ဆောင်နိုင်ကြချေ။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းတွင် ကရိကထမခံလိုပေ။ အနည်းငယ်သော ဆင်းရဲဒုက္ခ၊ သို့မဟုတ် အဆင်မပြေခြင်းတို့ကိုပင် ဒုက္ခမခံလိုပေ။ ၎င်းတို့၏ ဇာတိသွေးသားက အေးအေးသက်သာ ရှိနေရမှဖြစ်သည်။ ၎င်းတို့သည်အချိန်မှန် စားနိုင်အိပ်နိုင်ရမည်၊ လေသည် ၎င်းတို့အပေါ် မတိုက်ခတ်ရ၊ နေသည်လည်း ၎င်းတို့ကို မလောင်ကျွမ်းစေရ။ ထို့ပြင် ၎င်းတို့သည် ၎င်းတို့အလုပ်အတွက် မည်သည့်တာဝန်မျှ မယူပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ၎င်းတို့နှစ်သက်သည့်အရာတစ်ခု ဖြစ်နေမှရသည်။ ၎င်းတို့ကျွမ်းကျင်သည့်အရာတစ်ခု ဖြစ်နေမှရသည်။ ၎င်းတို့အလွန်အမင်း လုပ်ဆောင်ချင်စိတ်ရှိသည့်အရာတစ်ခု ဖြစ်နေမှရသည်။ ၎င်းတို့အလိုရှိသည့်အရာကို မလုပ်ဆောင်နေလျှင် အနည်းငယ်မျှ နာခံခြင်းမရှိ။ ၎င်းတို့သည် စဉ်ဆက်မပြတ် စိတ်အပြောင်းအလဲဖြစ်နေပြီး စိတ်နှစ်ခွဖြစ်နေသည်။ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် မည်သည့်အခါမျှ စိတ်နှစ်မြှုပ်လုပ်ဆောင်ခြင်းမရှိ။ ၎င်းတို့သည် အစဉ်သဖြင့် နုတ်ထွက်ဖို့ အဆင်သင့်ပြင်ထားသည်။ ၎င်းတို့ဒုက္ခခံရသောအခါ နောက်ဆုတ်လိုကြသည်။ ပြုပြင်ခံရခြင်းကို ၎င်းတို့တောင့်မခံနိုင်ကြ။ ၎င်းတို့အပေါ် မြင့်မားသော တောင်းဆိုမှုများ ပြုလုပ်၍မရ။ ၎င်းတို့သည် ဒုက္ခမခံနိုင်ပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုနှင့် ကိုယ်ပိုင်အစီအစဉ်အပေါ် အလုံးစုံမူတည်သည်။ ၎င်းတို့အတွင်း၌ နာခံခြင်း တစ်စွန်းတစ်စမျှမရှိ။ ဤကဲ့သို့သော လူမျိုးသည် သမ္မာတရားကို မရှာဖွေနိုင်ဘဲ မိမိကိုယ်ကို မဆင်ခြင်မသုံးသပ်နိုင်လျှင် ဤလက်တွေ့လုပ်ဆောင်မှုများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပြောင်းလဲရန် ခက်ခဲသည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခြင်းသည် အနည်းဆုံးအနေဖြင့် ရိုးသားစစ်မှန်မှုလိုအပ်သည်။ ဤလူတို့သည် ရိုးသားစစ်မှန်သည်ဟု သင်တို့ထင်သလော။ အလွန်အမင်း အားစိုက်ထုတ်ဖို့ လိုသောအခါ၌ ၎င်းတို့တွန့်ဆုတ်ကြသည်။ ၎င်းတို့တွင် ရိုးသားစစ်မှန်မှု တစ်စက်မျှမရှိပေ။ ဤသည်မှာ အလွန်ဒုက္ခပေးတတ်ပြီး ကိုင်တွယ်ရန် ခက်ခဲသည်။ ၎င်းတို့သည် အလွန်တော်သည်ဟု ခံစားရပြီး ၎င်းတို့ ဖြုတ်ချခံရသောအခါ၊ သို့မဟုတ် ပြုပြင်ခြင်းခံရသောအခါတွင်ပင် မတရားခံရသည်ဟု ခံစားရသည်။ လူတို့သည် သမ္မာတရားကို မရှာဖွေလျှင်၊ သို့မဟုတ် သမ္မာတရားလက်တွေ့ကျမှုသို့ မဝင်ရောက်လျှင် ဤသည်မှာ အလွန်ဒုက္ခပေးတတ်သည်။ ဤအကြောင်းအရာအတွက် လုံလောက်ပြီဖြစ်သည်။ အဓိကအချက်သို့ သွားကြစို့။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။