အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇) (အပိုင်း နှစ်)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်၏အရင်းအမြစ်ဖြစ်သည် (၁)

ယနေ့ သင်တို့အား အကြောင်းအရာသစ် တစ်ခုအကြောင်း ငါမိတ်သဟာယပြုပေးမည်။ ဤအကြောင်းအရာမှာ အဘယ်နည်း။ ယင်း၏ ခေါင်းစဉ်မှာ- “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်၏ အရင်းအမြစ်ဖြစ်သည်” ဟူ၍ဖြစ်သည်။ ဤအကြောင်းအရာမှာ အနည်းငယ် ကြီးမားလွန်းသည်ဟု မထင်ရသလော။ ယင်းကို သင် အနည်းငယ် လက်လှမ်းမမီပါဟု ခံစားရသလော။ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်၏ အရင်းအမြစ်ဖြစ်သည်”- ဤအကြောင်းအရာက လူတို့ကို အတော်လေး အလှမ်းဝေးသည်ဟု သဘောရစေနိုင်သော်လည်း၊ ၎င်းကို ဘုရားသခင်နောက်လိုက်သောသူ အားလုံးက နားလည် ထားရမည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် ဘုရားသခင်အပေါ် လူတစ်ဦးစီ၏ အသိပညာနှင့် သူ့ကို ကျေနပ်မှုပေးပြီး၊ ကြောက်ရွံ့နိုင်စွမ်းနှင့် ခွဲမရအောင် ဆက်စပ်နေသည့်အတွက် ဖြစ်သည်။ ထို့ကြောင့်ပင် ဤအကြောင်းအရာကို ငါ မိတ်သဟာယ ပြုရမည် ဖြစ်သည်။ လူတို့က ဤအကြောင်းအရာအပေါ် ရိုးရှင်းသော ကြိုတင်နားလည်ခြင်း ရှိကြသည် သို့မဟုတ် သူတို့က ယင်းကို အဆင့်အနည်းငယ်အားဖြင့် သတိထားကောင်း သတိထားကြသည်မှာ အတော်ပင်ဖြစ်နိုင်သည်။ လူတစ်ချို့၏ စိတ်ထဲတွင် ဤအသိပညာ သို့မဟုတ် အမြင်ပွင့်ခြင်းမှာ ရိုးရှင်းသည့် သို့မဟုတ် အပေါ်ယံ အတိုင်းအတာဖြင့် နားလည်ခြင်းနှင့်အတူ ပါရှိကောင်း ပါရှိနိုင်သည်။ အခြားသူများကမူ ဤအကြောင်းနှင့် ပတ်သက်ပြီး သူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို လေးနက်သော၊ တစ်ကိုယ်ရေ တွေ့ကြုံမှုဆီသို့ ခေါ်ဆောင်ပေးသည့် ထူးခြားသော အတွေ့အကြုံများ ရှိထားပြီး ဖြစ်ကောင်းဖြစ်မည်။ သို့သော်လည်း ဤယခင် အသိပညာသည် နက်ရှိုင်းသည်ဖြစ်စေ၊ အပေါ်ယံဖြစ်စေ တစ်ဖက်သတ်ဆန်ပြီး လုံလောက်တိကျခြင်း မရှိပါပေ။ ထို့ကြောင့် ဤသည်မှာ သင်တို့ကို ပိုမိုနက်ရှိုင်းပြီး ပိုမိုတိကျသော နားလည်ခြင်းသို့ ရောက်ရှိစေရန် မိတ်သဟာယပြုခြင်းအတွက် ဤအကြောင်းအရာကို ငါ ရွေးချယ်ထားရခြင်း ဖြစ်သည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ သင်တို့ကို မိတ်သဟာယ ပြုပေးရန်အလို့ငှာ သင်တို့အတွက် အနည်းငယ် တစ်မူထူးခြားနေမည့် သို့မဟုတ် အနည်းငယ် စိတ်မသက်မသာ ဖြစ်စေမည့် ငါတို့ ယခင်က အသုံးမပြုဖူးသော အထူးနည်းလမ်းတစ်ခုကို ငါအသုံးပြုမည်။ သင်တို့သည် နောင်တွင် ငါမည့်သည့်အရာကို ဆိုလိုကြောင်း နားလည်ပါလိမ့်မည်။ သင်တို့သည် ပုံဝတ္ထုများကို နှစ်သက် ကြသလော။ (နှစ်သက်ပါသည်။) ကောင်းပြီ၊ ပုံဝတ္ထုပြောရန်အတွက် ငါ၏ရွေးချယ်မှုက ယင်းတို့ကို သင်တို့အားလုံး နှစ်သက်ကြသဖြင့် ကောင်းဟန်တူလေသည်။ ယခု စလိုက်ကြပါစို့။ သင်တို့အနေဖြင့် မှတ်စုများထဲ ချရေးစရာ မလိုအပ်ပါ။ သင်တို့ စိတ်ငြိမ်ငြိမ်ထားပြီး ဂနာမငြိမ် မဖြစ်ရန်အတွက် ငါတောင်းဆိုသည်။ သင်၏ ပတ်ဝန်းကျင်များ သို့မဟုတ် သင့်အနီးအနားက လူများကြောင့် အာရုံထွေပြားမည်ဟု သင်ခံစားရလျှင် သင့်မျက်လုံးများကို မှိတ်ထားနိုင်သည်။ သင်တို့ကို ပြောပြရန် ငါ၌ အလွန် စိတ်ဝင်စားဖွယ်ကောင်းသော ပုံဝတ္ထုတစ်ခု ရှိသည်။ ဤသည်မှာ မျိုးစေ့တစ်စေ့၊ ကမ္ဘာကြီး၊ သစ်ပင်တစ်ပင်၊ နေအလင်းရောင်၊ ငှက်များနှင့် လူသားအကြောင်း ပုံဝတ္ထုတစ်ခု ဖြစ်သည်။ ယင်း၏ အဓိက ဇာတ်ကောင်များမှာ မည်သူတို့နည်း။ (မျိုးစေ့တစ်စေ့၊ ကမ္ဘာကြီး၊ သစ်ပင်တစ်ပင်၊ နေအလင်းရောင်၊ ငှက်များနှင့် လူသားဖြစ်သည်။) ၎င်းထဲတွင် ဘုရားသခင် ပါသလော။ (မပါပါ။) သို့သော်လည်း ဤပုံဝတ္ထုကို သင်တို့ကြားပြီးသည်နှင့် သင်တို့ လန်းဆန်းပြီး ကျေနပ်သွားမည်ကို ငါကျိန်းသေသည်။ ယခု၊ တစ်ဆိတ်လောက် ငြိမ်သက်စွာ နားထောင်လော့။

ပုံဝတ္ထု ၁။ မျိုးစေ့တစ်စေ့၊ ကမ္ဘာမြေကြီး၊ သစ်ပင်တစ်ပင်၊ နေအလင်းရောင်၊ ငှက်များနှင့် လူသား

ကမ္ဘာမြေကြီးပေါ်သို့ မျိုးစေ့လေးတစ်စေ့ ကျလာခဲ့သည်။ မိုးသည်းကြီးမည်းကြီး ရွာချလိုက်ပြီးသည့်နောက် အစေ့လေးမှ အညှောက်နုလေး ပေါက်လာပြီး ၎င်း၏ အမြစ်လေးများလည်း မြေကြီးအောက်ထဲသို့ တဖြည်းဖြည်း တိုးဝင်သွားကြသည်။ အညှောက်လေးမှာ လဆန်းမှလဆုတ်၊ လဆုတ်မှလဆန်း ရာသီ အပြောင်းအလဲကို ကြုံတွေ့လျက် မိုးသက်လေပြင်းဒဏ်ကို ကြံ့ကြံ့ခံပြီး အချိန်နှင့်အမျှ ကြီးထွားလာသည်။ နွေရာသီတွင် အညှောက်လေးသည် ရာသီဥတု၏ ချစ်ချစ်တောက်အပူဒဏ်ကို ခံနိုင်ရည်ရှိစေဖို့အတွက် ကမ္ဘာမြေကြီးက ရေလက်ဆောင်များကို သယ်ဆောင်လာပေးသည်။ ထို့ပြင် ကမ္ဘာမြေကြီးကြောင့် အညှောက်လေးသည် အပူဒဏ်ကို မခံစားရသဖြင့် နွေရာသီ၏ အပြင်းထန်ဆုံး အပူဒဏ်မှ လွန်မြောက်သွားခဲ့သည်။ ဆောင်းရာသီရောက်သော် ကမ္ဘာမြေကြီးက သူ၏နွေးထွေးသည့် ရင်ခွင်ထဲတွင် အညှောက်လေးကို ထွေးပွေ့ထားပြီး၊ ကမ္ဘာမြေနှင့် အညှောက်လေးက တစ်ဦးနှင့်တစ်ဦး တင်းတင်းကြပ်ကြပ် ဖက်တွယ် ထားခဲ့ကြသည်။ ကမ္ဘာမြေကြီးက အညှောက်လေးကို အနွေးဓာတ် ပေးသောကြောင့်၊ အညှောက်လေးသည် အေးစိမ့်မှုန်ဝေသော လေပြင်းများနှင့် နှင်းမုန်တိုင်းများ၏ ထိခိုက်ခြင်းကို မခံရဘဲ၊ ရာသီဥတု၏ ကြမ်းတမ်းသည့် အအေးဒဏ်မှ ရှင်သန်ခဲ့ရသည်။ ကမ္ဘာမြေကြီး၏ စောင့်ရှောက်မှုကြောင့် အညှောက်လေးသည် ဝင့်ဝင့်ကြွားကြွားနှင့် ပျော်ပျော်ရွှင်ရွှင် ကြီးထွားလာခဲ့သည်။ အညှောက်လေးသည် ကမ္ဘာမြေကြီး၏ ကိုယ်ကျိုးမဖက် ပြုစုစောင့်ရှောက်မှုကြောင့် သန်စွမ်းကြံ့ခိုင်လျက် ဖွံ့ဖြိုးလာရသည်။ ယင်းမှာ ပျော်ရွှင်စွာဖြင့် မိုးရေစက်များကြားတွင် တေးဆိုပြီး၊ လေအဝှေ့တွင် ယိမ်းနွဲ့ကခုန်ကာ ကြီးပြင်းလာခဲ့သည်။ အညှောက်လေးနှင့် ကမ္ဘာမြေကြီးတို့မှာ တစ်ဦးအပေါ်တစ်ဦး မှီခိုနေကြရသည်။...

နှစ်များ ကုန်လွန်ပြီးနောက် အညှောက်လေးမှာ မြင့်သွန်းသော သစ်ပင်ကြီးအဖြစ် ကြီးထွားလာခဲ့သည်။ ယင်းမှာ ရေတွက် မကုန်သည့် သစ်ရွက်ပေါင်းများစွာနှင့် အုံ့ဆိုင်းနေပြီး တုတ်ခိုင်သော အကိုင်းအခက်များနှင့်အတူ ကမ္ဘာမြေကြီးပေါ်တွင် ကျန်းမာကြံ့ခိုင်စွာ ရပ်တည်လာခဲ့ပြီ။ သစ်ပင်၏ အမြစ်များမှာ ယခင်ကကဲ့သို့ မြေကြီးထဲသို့ စိုက်ဝင်နေဆဲဖြစ်ခဲ့ပြီး ယခုတွင် မြေကြီးအောက်ထဲသို့ နက်ရှိုင်းစွာ တိုးဝင်ခဲ့ချေပြီ။ တစ်ချိန်က အစို့အညှောက်လေးကို အကာအကွယ်ပေးခဲ့သည့် မြေကြီးမှာ ယခုတွင် ဧရာမ သစ်ပင်ကြီး အတွက် အခြေခံအုတ်မြစ်ဖြစ်နေခဲ့ပြီ။

သစ်ပင်ပေါ်သို့ နေအလင်းတန်း ဖြာကျခဲ့သည်။ သစ်ပင်က ယင်း၏ကိုယ်ထည်ကို ယိမ်းထိုးကာ သူ၏ လက်တံများကို ကားထွက်လာအောင် ဆန့်ထုတ်ထားပြီး နေအလင်းရောင်ထဲက လေထုကို တစ်ဝကြီး ရှူရှိုက်သည်။ မြေပြင်အောက်တွင်မူ သစ်ပင်နှင့်အတူ အချိန်ကိုက် အသက်ရှူသဖြင့် မြေကြီးက လန်းဆန်းမှုကို ခံစားရသည်။ ၎င်းအခိုက်တွင် အကိုင်းအခက်များ ကြားမှ လတ်ဆတ်သည့် လေနုအေးလေး တိုက်ခတ်သွားပြီး၊ သစ်ပင်မှာ ခွန်အားနှင့် တသိမ့်သိမ့်လှိုင်းထကာ ပျော်ရွှင်မြူးတူးမှုဖြင့် လှုပ်ခတ်လာသည်။ သစ်ပင်နှင့် နေအလင်းရောင်သည်လည်း တစ်ဦးအပေါ်တစ်ဦး မှီခိုနေကြရသည်။...

လူတို့သည် သစ်ပင်၏ အေးမြသည့် အရိပ်အောက်တွင် ထိုင်ကြပြီး လန်းဆန်းအေးမြပြီး မွှေးကြိုင်သည့် လေညင်းကို ခံယူကြသည်။ လေက သူတို့၏ နှလုံးနှင့် အဆုတ်တို့ကို သန့်ရှင်းစေပြီး သူတို့ထဲက သွေးကိုလည်း သန့်စင်ပေးသည်ဖြစ်၍ သူတို့၏ ကိုယ်ခန္ဓာများမှာ ထိုင်းမှိုင်းမှု သို့မဟုတ် ဖိစီးမှု မခံစား ကြတော့ချေ။ လူတို့နှင့် သစ်ပင်သည် တစ်ဦးကိုတစ်ဦး မှီခို နေကြရသည်။...

ကျည်ကျည်ကျာကျာ မြည်သံပြုသော ငှက်လေးတစ်အုပ်က သစ်ပင်၏ အကိုင်းအခက်များအပေါ် ခိုနားကြသည်။ သူတို့သည် သားရဲတစ်ကောင်ကောင်ကို ရှောင်ပြေးဖို့၊ သို့မဟုတ် မျိုးပွား သားပေါက်ဖို့နှင့် သူတို့၏ အကောင်ပေါက်များကို ပြုစုပျိုးထောင်ဖို့ ထိုနေရာတွင် ဆင်းသက်ခြင်း ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် ခဏတဖြုတ် လာနားခိုခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။ ငှက်လေးများနှင့် သစ်ပင်သည် တစ်ဦးကိုတစ်ဦး မှီခို နေကြရသည်။...

လိမ်ကျစ်ရှုပ်ထွေးနေသည့် သစ်ပင်၏ အမြစ်များမှာ မြေကြီးထဲတွင် နက်ရှိုင်းစွာ စိုက်ဝင်သည်။ သစ်ပင်သည် သူ၏ပင်စည်ဖြင့် မြေကြီးကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးပြီး၊ သူ့ခြေဖဝါးအောက်က မြေကြီးကိုကာကွယ်ရန် သူ၏ အကိုင်းအခက်များကို ဖြန့်ကျက်ပေးထားသည်။ သစ်ပင်က ထိုသို့ပြုရသည်မှာ မြေကြီးသည် သူ၏မိခင် ဖြစ်သောကြောင့် ဖြစ်သည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ခွန်အားပေးလျက် အမှီသဟဲပြုကြသည့်အပြင် သူတို့သည် ဘယ်သောအခါမျှ ခွဲခွာမည်မဟုတ်ပါ။...

ထိုသို့ဖြင့် ဤပုံဝတ္ထု အဆုံးသတ်သည်။ ငါပြောပြလိုက်သည့် ပုံဝတ္ထုလေးက မျိုးစေ့တစ်စေ့၊ ကမ္ဘာမြေကြီး၊ သစ်ပင်တစ်ပင်၊ နေအလင်းရောင်၊ ငှက်များနှင့် လူသားအကြောင်း ဖြစ်သည်။ ပုံဝတ္ထုလေးတွင် ပြကွက်အနည်းငယ်သာ ပါသည်။ ပုံဝတ္ထုလေးက သင်တို့ကို မည်သည့်ခံစားချက်များ ချန်ရစ်ပေးသနည်း။ ငါဤနည်းအတိုင်း စကားပြောသည့်အခါ ငါပြောနေသည့်အရာကို သင်တို့ နားလည်ကြသလော။ (ကျွန်ုပ်တို့ နားလည်ပါသည်။) ကျေးဇူးပြု၍ သင်တို့၏ ခံစားချက်များကို ပြောပြလော့။ ဤပုံဝတ္ထုကို နားထောင်ပြီးနောက် သင်တို့ မည်သည့်အရာ ခံစားခဲ့ရသနည်း။ ပုံဝတ္တုထဲ၌ရှိသော ဇာတ်ကောင်အားလုံးကို မြင်နိုင် ထိတွေ့နိုင်ကြောင်း သင်တို့ကို ငါ ဦးစွာပြောပြထားမည်။ ၎င်းတို့သည် တကယ်ရှိသောအရာများ ဖြစ်ပြီး၊ တင်စားချက်များ မဟုတ်ပါ။ ငါပြောခဲ့သည့်အရာအား သင်တို့ကို ငါ စဉ်းစားသုံးသပ်စေချင်သည်။ ငါ၏ ပုံဝတ္ထုထဲတွင် ပညာရပ်ဆန်သောအရာ ဘာမျှမရှိသည့်အပြင် ယင်း၏ အဓိကအချက်များကို စာကြောင်းအနည်းငယ်ဖြင့် ဖော်ပြနိုင်လေသည်။ (ကျွန်ုပ်တို့ ကြားခဲ့ရသည့် ပုံဝတ္ထုက လှပသည့် ပန်းချီကားတစ်ချပ်ကို ရေးခြယ်လေသည်- မျိုးစေ့တစ်စေ့ အသက်ရှင်လာပြီး ကြီးထွားလာသည့်နှင့်အမျှ ယင်းက နွေဦးပေါက်၊ နွေရာသီ၊ ဆောင်းဦးပေါက်၊ ဆောင်းရာသီဟူသော နှစ်တစ်နှစ်၏ ဥတုလေးပါးကို တွေ့ကြုံခံစားရသည်။ ကမ္ဘာမြေကြီးက အစို့အညှောက်ပေါက်သော အစေ့လေးကို မိခင်တစ်ဦးကဲ့သို့ ပြုစုစောင့်ရှောက်မှုပေးသည်။ ယင်းက အအေးဒဏ်ကို ကျော်လွှားနိုင်ရန်အတွက် ဆောင်းတွင်း၌ အစို့အညှောက်လေးကို အနွေးဓာတ်ပေးသည်။ အညှောက်လေးက သစ်ပင်ကြီးအဖြစ်သို့ ကြီးထွားလာပြီးနောက်တွင် နေရောင်ခြည်လေးက ၎င်း၏ အကိုင်းအခက်များကို ထိတွေ့ပြီး၊ အပင်ကို ပျော်ရွှင်မှုများစွာ ဆောင်ကြဉ်းပေးပြန်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်း အမြောက်အမြားထဲတွင် မြေကြီးသည်လည်း အသက်ရှိပြီးလျှင် ၎င်းနှင့် သစ်ပင်တို့သည် တစ်ခုနှင့်တစ်ခု အမှီသဟဲပြုကြသည်ကို ကျွန်ုပ်တွေ့မြင်သည်။ သစ်ပင်ကို နေရောင်ခြည်က ပေးစွမ်းသည့် ကြီးစွာသော အနွေးဓာတ်ကိုလည်း ကျွန်ုပ်တွေ့မြင်သည်၊ ထို့ပြင် တွေ့မြင်နေကျဖြစ်စေကာမူ ငှက်ကလေးများသည် ပြည့်စုံသော သဟဇာတကျသည့် ရှုခင်းတစ်ခုအဖြစ် သစ်ပင်နှင့် လူသားများနှင့် အတူတကွ ပုံဖော်ကြသည်ကိုလည်း ကျွန်ုပ်တွေ့ရပါသည်။ ဤသည်တို့မှာ ဤပုံဝတ္ထုကို ကျွန်ုပ်ကြားရသည့် အချိန်တွင် ကျွန်ုပ်ရင်ထဲ၌ ခံစားရသည့် ခံစားချက်များ ဖြစ်ပါသည်။ ဤအရာများအားလုံးမှာ အမှန်တကယ် အသက်ဝင်သည်ကို ကျွန်ုပ်သဘောပေါက်မိပါသည်။) မှန်လေစွ။ တစ်ယောက်ယောက်က ထပ်ဖြည့်စရာ တစ်ခုခုရှိသလော။ (မျိုးစေ့လေးက အညှောက်ပေါက်ပြီး မြင့်သွန်းသော သစ်ပင်အဖြစ် ကြီးထွားလာသည့် ဤပုံဝတ္ထုထဲတွင်၊ ဘုရားသခင့် ဖန်ဆင်းခြင်း၏ အံ့သြဖွယ်ရာကို ကျွန်ုပ်တွေ့ရသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို တစ်ခုနှင့်တစ်ခု ကူညီအားဖြည့်ပြီး အမှီသဟဲဖြစ်စေရန် ပြုလုပ်ခဲ့ကြောင်းနှင့် အရာခပ်သိမ်းသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်မှုရှိပြီး အလုပ်အကျွေးပြုကြကြောင်း ကျွန်ုပ်တွေ့ရသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ဉာဏ်ပညာ၊ သူ၏အံ့သြဖွယ်ရာကို တွေ့ရပြီး၊ သူသည် အရာခပ်သိမ်း၏ အသက်အရင်းအမြစ်ဖြစ်သည်ကို တွေ့ရပါသည်။)

ငါပြောခဲ့သမျှ အကြောင်းအရာတိုင်းမှာ သင်တို့ ယခင်က မြင်တွေ့ဖူးသော အရာပင်ဖြစ်သည်။ ဥပမာ မျိုးစေ့များ၊ သူတို့သည် သစ်ပင်များအဖြစ် ကြီးထွားလာပြီး၊ သင့်အနေဖြင့် ဖြစ်စဉ်၏ အသေးစိတ်ဟူသမျှကို မြင်တွေ့နိုင်မည် မဟုတ်သော်လည်း ထိုသို့ဖြစ်ပျက်သည်ကို သင်သိရသည်မဟုတ်လော။ ကမ္ဘာမြေကြီးနှင့် နေရောင်ခြည်အကြောင်းကိုလည်း သင်သိရသည်။ သစ်ပင်ပေါ်တွင် နားနေသည့် ပုံရိပ်မှာ လူတိုင်းမြင်ဖူးကြသည့်အရာ ဖြစ်သည် မဟုတ်လော။ ထို့ပြင် သစ်ပင်ရိပ်တွင် မိမိဖာသာ အမောဖြေကြသည့် လူတို့၏ပုံရိပ်မှာ သင်တို့အားလုံး မြင်ဖူးကြသည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤအရာများအားလုံးက ပုံရိပ် တစ်ခုတည်းတွင် ရှိသည့်အခါတွင် ထိုပုံရိပ်က မည်သည့်ခံစားချက်ကို ဖြစ်ပေါ်စေသနည်း။ (သဟဇာတကျခြင်း ခံစားမှုပါ။) ထိုကဲ့သို့သော ပုံရိပ်တွင်ရှိသည့် အရာများတစ်ခုစီတိုင်းက ဘုရားသခင်ထံမှ လာသလော။ (ဟုတ်ပါသည်။) သူတို့သည် ဘုရားသခင်ထံမှ လာကြသည်ဖြစ်၍ ဤကွဲပြားခြားနားသော အရာများအားလုံး၏ ကမ္ဘာမြေပေါ် တည်ရှိနေခြင်း တန်ဖိုးနှင့် အရေးပါမှုကို ဘုရားသခင်သိပါသည်။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းသည့်အခါ၌၊ အရာတစ်ခုချင်းစီကို စီစဉ်ပြီး ဖန်ဆင်းသည့်အခါ၌ ရည်ရွယ်ချက်ဖြင့် သူဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး ထိုအရာများကို သူဖန်ဆင်းခဲ့သည့် အချိန်တွင် တစ်ခုချင်းစီကို အသက်နှင့် ပြည့်ဝစေခဲ့သည်။ ငါတို့၏ ပုံဝတ္ထုထဲတွင် ဖော်ပြခဲ့သည့် အတိုင်းပင်၊ လူသားမျိုးနွယ်၏ တည်ရှိမှုအတွက် သူဖန်ဆင်းခဲ့သည့် ပတ်ဝန်းကျင်မှာ မျိုးစေ့များနှင့် ကမ္ဘာမြေကြီးတို့ အပြန်အလှန် မှီခိုကြသည့်၊ ကမ္ဘာကြီးက မျိုးစေ့များကို အာဟာရဖြစ်စေနိုင်ပြီး မျိုးစေ့လေးများက မြေကြီးကို တွယ်ကပ် ချည်နှောင်ထားသည့် ပတ်ဝန်းကျင်ဖြစ်သည်။ သူ့ဖန်ဆင်းခြင်း၏ တကယ့်ကနဦးကပင် ဤဆက်နွှယ်မှုကို ဘုရားသခင်က စီမံထားသည်။ သစ်ပင်တစ်ပင်၊ နေရောင်ခြည်၊ ငှက်များနှင့် လူသားများ၏ ပြကွက်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် သက်ရှိ ပတ်ဝန်းကျင်၏ သရုပ်ပြချက် တစ်ခုဖြစ်သည်။ ပထမဦးစွာ၊ သစ်ပင်က ကမ္ဘာမြေကြီးကို မပစ်ပယ်နိုင်သည့်အပြင် ယင်းမှာ နေရောင်ခြည်မရှိဘဲလည်း မဖြစ်နိုင်ပါ။ ထို့ကြောင့် သစ်ပင်ကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ကမ္ဘာမြေကြီး အတွက်သာလျှင် ရည်ရွယ်ထားသည်ဟု ငါတို့ပြောနိုင်သလော။ ယင်းကို ငှက်များအတွက်သာ ရည်ရွယ်သည်ဟု ငါတို့ ပြောနိုင်သလော။ ယင်းက လူသားများ အတွက်သာ ဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ (မပြောနိုင်ပါ။) သူတို့ကြားက ဆက်နွှယ်မှုက အဘယ်နည်း။ သူတို့ကြားက ဆက်နွှယ်မှုဆိုသည်မှာ အပြန်အလှန် ခွန်အားဖြည့်ပေးခြင်း၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဖြစ်ခြင်းနှင့် ခွဲမရခြင်း ဆက်နွှယ်မှုမျိုး ဖြစ်သည်။ တစ်နည်းအားဖြင့် ကမ္ဘာမြေကြီး၊ သစ်ပင်၊ နေရောင်ခြည်၊ ငှက်များနှင့် လူတို့သည် ဖြစ်တည်မှုအတွက် တစ်ဦးပေါ်တစ်ဦး အမှီပြုကြရပြီး၊ တစ်ဦးကိုတစ်ဦး ပြုစုပျိုးထောင် ကြရသည်။ သစ်ပင်က ကမ္ဘာမြေကြီးကို ကာကွယ်ပေးပြီး ကမ္ဘာမြေကြီးက သစ်ပင်ကို ပြုစုပျိုးထောင်ပေးသည်။ နေရောင်ခြည်က သစ်ပင်ကို ထောက်ပံ့ကူညီသည်၊ ထိုစဉ် သစ်ပင်က နေရောင်ခြည်မှ လတ်ဆတ်သည့်လေကို ရယူပြီး ကမ္ဘာမြေကြီး အပေါ်၌ နေ၏ ချစ်ချစ်တောက်အပူကို လျော့ပါးစေသည်။ အဆုံးတွင် ဤအရာမှ မည်သူက အကျိုးခံစားရသနည်း။ ယင်းမှာ လူသားမျိုးနွယ်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ဖန်ဆင်းပေးခဲ့သည့် လူသားမျိုးနွယ်နေထိုင်သော ပတ်ဝန်းကျင်ကို အခြေခံသည့် နိယာမများထဲက တစ်ခုဖြစ်သည်။ ယင်းမှာ အစကတည်းက ဘုရားသခင် ရည်ရွယ်ထားခဲ့သည့် ပုံစံဖြစ်သည်။ ဤပုံရိပ်သည် ရိုးရှင်းသည့်ပုံရိပ်ပင် ဖြစ်သော်လည်း ထိုအထဲတွင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ ကြံရွယ်ချက်ကို ငါတို့တွေ့နိုင်သည်။ လူသားမျိုးနွယ်သည် ငှက်ကျေးများနှင့် နေရောင်မဆိုထားဘိ၊ ကမ္ဘာမြေကြီးမရှိဘဲ သို့မဟုတ် သစ်ပင်များမရှိဘဲနှင့် အသက်မရှင် နိုင်ပါ၊ ထိုသို့ ဖြစ်သည်မဟုတ်လော။ ဤသည်မှာ ပုံဝတ္ထုတစ်ခုသာ ဖြစ်သော်လည်း ယင်းက ပြသသည့်အရာမှာ ဘုရားသခင်၏ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအား ဖန်ဆင်းခြင်း၏ ကိုယ်စားပြုပုံစံလေးဖြစ်ပြီး၊ လူသားမျိုးနွယ် အသက်ရှင် နေထိုင်နိုင်သည့် ပတ်ဝန်းကျင် တစ်ခုဟူသည့် သူ၏ ဆုလက်ဆောင်ပင်ဖြစ်သည်။

ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို လည်းကောင်း၊ နေထိုင်ရန်အတွက် ပတ်ဝန်းကျင်ကိုလည်းကောင်း ဖန်ဆင်းပေးခဲ့သည်မှာ လူသားမျိုးနွယ်အတွက် ဖြစ်သည်။ ပထမဆုံးအနေနှင့် ငါတို့၏ ပုံဝတ္ထုက ပြောပြခဲ့သည့် အဓိကအချက်မှာ အရာခပ်သိမ်း၏ အပြန်အလှန် ခွန်အား ဖြည့်ပေးခြင်း၊ ကျွန်းကိုင်းမှီကိုင်းကျွန်းမှီဖြစ်ခြင်းနှင့် ယှဉ်တွဲ နေထိုင်ခြင်းတို့ပင် ဖြစ်သည်။ ဤနိယာမအောက်တွင် လူသားမျိုးနွယ်၏ တည်ရှိရာပတ်ဝန်းကျင်ကို ကာကွယ် ပေးထားသည်၊ ၎င်းသည် တည်ရှိပြီး ရပ်တည်နိုင်သည်။ ဤအကြောင်းကြောင့် လူသားမျိုးနွယ်က ရှင်သန်ပြီး မျိုးပွား နိုင်ကြသည်။ ငါတို့မြင်တွေ့ခဲ့သည့် ပုံရိပ်မှာ သစ်ပင်တစ်ပင်၊ ကမ္ဘာမြေကြီးနှင့်၊ နေရောင်၊ ငှက်များနှင့် လူသားတို့ကို အတူတကွ တွေ့ခဲ့ရသည့် အရာဖြစ်သည်။ ဤပုံရိပ်ထဲတွင် ဘုရားသခင် ပါခဲ့သလော။ သူ့ကို မည်သူမျှမမြင်ခဲ့သည် မဟုတ်လော။ သို့သော်လည်း ပြကွက်ထဲက အရာများကြားတွင် အပြန်အလှန် ခွန်အားဖြည့်ပေးခြင်းနှင့် ကျွန်းကိုင်းမှီကိုင်းကျွန်းမှီဖြစ်ခြင်းတို့၏ စည်းမျဉ်းကို လူက တွေ့မြင်ခဲ့ရသည်။ ဤစည်းမျဉ်းထဲတွင် လူသည် ဘုရားသခင်၏ တည်ရှိမှုနှင့် အချုပ်အခြာအာဏာကို တွေ့နိုင်သည်။ ဘုရားသခင်က အရာခပ်သိမ်း၏ ရှင်သန်မှုနှင့် တည်ရှိခြင်းကို ကာကွယ်စောင့်ရှောက်ဖို့ ဤသို့သော နိယာမနှင့် စည်းမျဉ်းမျိုးကို အသုံးပြုခြင်းဖြစ်သည်။ ဤနည်းအားဖြင့် သူသည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ကူညီထောက်ပံ့ပေးသည်။ ဤပုံဝတ္ထုမှာ ငါတို့၏ အဓိကဆိုလိုရင်းနှင့် ဆက်စပ်မှုရှိသလော။ အပေါ်ယံကြည့်လျှင် ဆက်စပ်မှုမရှိဟန် တူသော်လည်း၊ အမှန်တကယ်တွင် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် စည်းမျဉ်းနှင့် အရာခပ်သိမ်းအပေါ် သူ၏ ထိန်းချုပ်နိုင်ခြင်းသည် သူ၏ အရာခပ်သိမ်းအတွက် အသက်၏ အရင်းအမြစ်ဖြစ်ခြင်းနှင့် အတွင်းကျကျ ဆက်စပ် နေသည်။ ဤအချက်တို့ကို ခွဲ၍မရနိုင်ပါ။ ယခု သင်တို့သည် တစ်စုံတစ်ရာကို လေ့လာမိနေပေပြီ။

ဘုရားသခင်သည် အရာခပ်သိမ်း၏ လည်ပတ်မှုကို အုပ်စိုးသည့် စည်းမျဉ်းများကို အမိန့်ပေးချုပ်ကိုင်သည်။ သူသည် အရာခပ်သိမ်း၏ ဆက်လက်ရှင်သန်နိုင်ရေးကို အုပ်ချုပ်သည့် စည်းမျဉ်းများကို ထိန်းချုပ်သည်။ သူသည် အရာခပ်သိမ်းကို သေကြေပျက်စီး မသွားအောင် သို့မဟုတ် ပျောက်ကွယ်မသွားအောင် ထိန်းချုပ် ထားပြီး၊ အချင်းချင်း အားလည်းဖြည့်ပြီး မှီလည်းမှီခိုစေသည်။ ထိုမှသာ လူသားမျိုးနွယ်သည် ဆက်လက်ရှင်သန်နိုင်မည်။ ထိုမှသာ သူတို့သည် ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ဘုရားသခင်၏ လမ်းပြမှုအောက်၌ နေထိုင်နိုင်မည်။ ဘုရားသခင်သည် ဤလည်ပတ်မှုစည်းမျဉ်းများ၏ အရှင်သခင်ဖြစ်ပြီး၊ မည်သူတစ်ဦး တစ်ယောက်ကမျှ ၎င်းတို့ကို ကြားဝင်နှောင့်ယှက် မရနိုင်သကဲ့သို့၊ ပြောင်းလဲ၍မရနိုင်ပါ။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤစည်းမျဉ်းများကို သိနားလည်ပြီး သူကိုယ်တိုင်ကသာ ၎င်းတို့ကို စီမံခန့်ခွဲသည်။ သစ်ပင်များ မည်သည့်အချိန် အညှောက်ပေါက်မည်၊ မိုး မည်သည့်အချိန်ရွာမည်၊ ကမ္ဘာမြေကြီးက အပင်များကို ရေနှင့် အာဟာရ မည်မျှပေးမည်၊ မည်သည့်ရာသီတွင် သစ်ရွက်များ ကြွေကျမည်၊ မည်သည့်ရာသီတွင် သစ်ပင်များ အသီးသီးမည်၊ နေရောင်ခြည်က သစ်ပင်ကို အာဟာရမည်မျှပေးမည်၊ နေရောင်ခြည်၏ ကျွေးမွေးခံလာရပြီးနောက် သစ်ပင်များက မည်သည့်အရာကို ရှုထုတ်ပေးမည်- ဤအရာများအားလုံးအား ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့်အချိန်တွင် မည်သူမျှ မချိုးဖောက်နိုင်သည့် စည်းမျဉ်းများအဖြစ် သူကြိုတင် ပြဌာန်း ထားခဲ့သည်။ အသက်ရှိသည်ဖြစ်စေ၊ သို့မဟုတ် လူ့အမြင်တွင် အသက်မဲ့သည်ဖြစ်စေ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာများမှာ သူ့အနေဖြင့် သူတို့ကိုထိန်းချုပ်ပြီး သူတို့အပေါ် အုပ်စိုးသည့်နေရာဖြစ်သော သူ၏လက်ထဲတွင် တည်နေကြသည်။ ဤစည်းမျဉ်းများကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ မဖောက်ဖျက်နိုင်ပါ။ တစ်နည်းအားဖြင့် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းသည့်အချိန်တွင် သစ်ပင်သည် ကမ္ဘာမြေကြီးမရှိဘဲ အမြစ်များနှင့် အညှောက်တို့ကို ချမှတ်၍ မရနိုင်သည့်အပြင် မကြီးထွားနိုင်မည့်အကြောင်း၊ ကမ္ဘာမြေကြီးသည် သစ်ပင်များ မရှိလျှင် ခြောက်သွေ့သွားမည့်အကြောင်း၊ သစ်ပင်သည် ကျေးငှက်တို့၏ နားခိုရာအိမ် ဖြစ်လာသင့်ပြီး လေဒဏ်မှ သူတို့ အကာအကွယ်ယူရမည့် နေရာဖြစ်လာမည့်အကြောင်း ကြိုတင် ပြဋ္ဌာန်းထားပြီး ဖြစ်ခဲ့သည်။ သစ်ပင်တစ်ပင်က နေရောင်ခြည် မရှိလျှင် ရှင်သန်နိုင်မည်လော။ (မရှင်သန်နိုင်ပါ။) သစ်ပင်က ကမ္ဘာမြေကြီးနှင့်သာလျှင်လည်း မရှင်သန်နိုင်ပါ။ ဤအရာများ အားလုံးမှာ လူသားမျိုးနွယ်အတွက်၊ လူသားမျိုးနွယ်၏ ဆက်လက် ရှင်သန်မှုအတွက် ဖြစ်သည်။ လူသည် သစ်ပင်မှ လတ်ဆတ်သည့် လေကို ရရှိပြီး လူသည် သစ်ပင်မှ ကာကွယ်ပေးထားသည့် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြရသည်။ လူသားသည် နေရောင်ခြည် သို့မဟုတ် အမျိုးမျိုးသော သက်ရှိအရာများမရှိဘဲ အသက်မရှင်နိုင်ပါ။ ဤဆက်နွယ်မှုများမှာ ရှုပ်ထွေးသော်လည်း အရာခပ်သိမ်းတို့သည် အချင်းချင်း ခွန်အားဖြည့်ပေးနိုင်ရန်၊ အချင်းချင်း မှီခိုရန်နှင့် အတူတကွ တည်ရှိရန် အလို့ငှာ ဘုရားသခင်က ၎င်းတို့ကိုအုပ်စိုးသည့် စည်းမျဉ်းများအား ဖန်ဆင်းခဲ့သည်ကို သင် အမှတ်ရဖို့လိုသည်။ အခြားနည်းဖြင့် ဆိုရသော် သူဖန်ဆင်းခဲ့သည့် အရာတစ်ခုစီတိုင်းတွင် တန်ဖိုးနှင့် အရေးပါမှုတို့ ရှိကြသည်။ အကယ်၍ အရာတစ်ခုခုကို အရေးပါမှုမရှိဘဲ ဖန်ဆင်းခဲ့သည်ဆိုလျှင်၊ ဘုရားသခင်က ၎င်းကို ပျောက်ကွယ်စေမည် ဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းကို ထောက်ပံ့ရန် ဘုရားသခင်အသုံးပြုသည့် နည်းလမ်းများထဲက တစ်ခုပင်ဖြစ်သည်။ ဤပုံဝတ္ထုထဲတွင် “ထောက်ပံ့သည်” ဆိုသည့် စကားလုံးက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဘုရားသခင်က နေ့တိုင်း သစ်ပင်ကို ရေလောင်းသလော။ သစ်ပင်က အသက်ရှူဖို့ ဘုရားသခင်၏ အကူအညီကို လိုအပ်သလော။ (မလိုအပ်ပါ။) ဤနေရာတွင် “ထောက်ပံ့သည်” ဆိုသည်မှာ အရာခပ်သိမ်းကို ဖန်ဆင်းပြီးသည့်နောက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆိုလိုသည်။ ၎င်းတို့ကို ထိန်းချုပ်သည့် စည်းမျဉ်းများကို တည်ထောင် ပေးပြီးနောက် ဘုရားသခင်အနေဖြင့် စီမံထိန်းကျောင်း ရသည်မှာ လုံလောက်သည်။ မျိုးစေ့ကို ကမ္ဘာမြေကြီးထဲတွင် စိုက်လိုက်သည့်အခါ သစ်ပင်သည် သူ့ဘာသာ ကြီးထွားလေသည်။ သစ်ပင်၏ ရှင်သန်မှုအတွက် အခြေအနေများ အားလုံးကို ဘုရားသခင်မှ ဖန်ဆင်းထားသည်။ နေရောင်၊ ရေ၊ မြေကြီး၊ လေနှင့် ပတ်ပတ်လည် သဘာဝဝန်းကျင်တို့ကို ဘုရားသခင် ပြုလုပ်ခဲ့သည်။ လေ၊ ဆီးနှင်း၊ နှင်း၊ မိုးနှင့် ဥတုလေးပါးတို့ကို ဘုရားသခင် ပြုလုပ်ခဲ့သည်။ ဤသည်တို့မှာ သစ်ပင်ကြီးထွားဖို့ လိုအပ်သည့် အခြေအနေများဖြစ်ပြီး၊ ဘုရားသခင်က ပြင်ဆင်ထားသော အရာများ ဖြစ်သည်။ သို့ဖြစ်လျှင် ဘုရားသခင်သည် ဤသက်ရှိပတ်ဝန်းကျင်၏ အရင်းအမြစ် ဟုတ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် နေ့တိုင်း သစ်ပင်ထက်က သစ်ရွက် တစ်ရွက်ချင်းစီကို ရေတွက်နေစရာ လိုသလော။ မလိုအပ်ပါ။ ဘုရားသခင်အနေဖြင့် သစ်ပင်အသက်ရှူဖို့အတွက် ကူညီရန် သို့မဟုတ် “အခု သစ်ပင်အတွက် အလင်းရောင်ပေးဖို့ အချိန်ရောက်ပြီ” ဟုပြောပြီး နေရောင်ခြည်ကို နေ့တိုင်း နှိုးဖို့မလိုပါ။ သူထိုကဲ့သို့ လုပ်နေစရာမလိုပါ။ စည်းမျဉ်းများအတိုင်းပင် နေရောင်ခြည်က အလင်းရောင်ပေးဖို့ အချိန်တန်လျှင် သူ့သာသာသူ အလင်းရောင် ပေးသည်။ ၎င်းက ပေါ်ထွက်လာပြီး သစ်ပင်ကို အလင်းပေးကာ သစ်ပင်က လိုအပ်သည့်အချိန်တွင် နေရောင်ခြည်ကို စုပ်ယူပြီး၊ မလိုအပ်သည့်အချိန်၌လည်း သစ်ပင်က စည်းမျဉ်းများ အတွင်း ရှင်သန်ဆဲဖြစ်သည်။ သင်တို့သည် ဤဖြစ်ရပ်ကို ရှင်းလင်းစွာ ရှင်းပြနိုင်ကောင်း ရှင်းပြနိုင်မည်ဖြစ်စေကာမူ၊ ယင်းက လူတိုင်း တွေ့မြင်လက်ခံနိုင်သည့် အမှန်တရားပင် ဖြစ်သည်။ သင်လုပ်ဖို့ လိုအပ်သမျှမှာ အရာခပ်သိမ်း၏ တည်ရှိမှုကို ထိန်းချုပ်သည့် စည်းမျဉ်းများသည် ဘုရားသခင်ထံမှ လာကြောင်းကို အသိအမှတ် ပြုရန်နှင့် ဘုရားသခင်သည် အရာခပ်သိမ်း၏ ကြီးထွားမှုနှင့် ဆက်လက်ရှင်သန်ရေးအပေါ်၌ အချုပ်အခြာ အာဏာရှိကြောင်းကို သိနားလည်ရန်ပင်ဖြစ်သည်။

ဤပုံဝတ္ထုတွင် လူတို့က “ဥပစာစကား” ဟု ပြောကြသောအရာ ပါဝင်သလော။ ယင်းမှာ လူသားသဖွယ် ခိုင်းနှိုင်းတင်စားမှု တစ်ခုလေလော။ (မဟုတ်ပါ။) ငါသည် အဖြစ်မှန်တစ်ခုကို ပြောခဲ့ခြင်း ဖြစ်သည်။ အသက်ရှင်သည့်အရာ၊ အသက်ရှိသည့်အရာ အမျိုးအစားတိုင်းမှာ ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံရသည်။ သက်ရှိအရာတစ်ခုစီတိုင်း ဖန်ဆင်းခံခဲ့ရသည့်အချိန်တွင် ဘုရားသခင်က အသက်နှင့် ပြည့်ဝစေခဲ့သည်။ သက်ရှိအရာတိုင်း၏ အသက်သည် ဘုရားသခင်ထံမှလာပြီး ထိုအသက်ကို စီမံညွှန်ကြားသည့် လမ်းစဉ်နှင့် ဥပဒေသများကို လိုက်နာရသည်။ ၎င်းကို လူက ပြောင်းလဲစရာ မလိုသကဲ့သို့ ၎င်းက လူသား၏ အကူအညီလည်း မလိုအပ်ပေ။ ၎င်းမှာ ဘုရားသခင်က အရာခပ်သိမ်းကို ကူညီထောက်ပံ့သည့် နည်းလမ်းများထဲက တစ်ခုဖြစ်သည်။ သင်တို့ နားလည်သည် မဟုတ်လော။ လူတို့အနေဖြင့် ဤအရာကို အသိအမှတ်ပြုဖို့ လိုအပ်သည်ဟု သင်တို့ထင်သလော။ (ထင်ပါသည်။) သို့ဆိုလျှင် ဤပုံဝတ္ထုသည် ဇီဝဗေဒနှင့် ဆက်စပ်မှု တစ်စုံတစ်ရာ ရှိသလော။ ၎င်းသည် အသိပညာ သို့မဟုတ် သင်ယူလေ့လာမှု ကဏ္ဍတစ်ခု၏ နယ်ပယ်နှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေသလော။ ငါတို့သည် ဇီဝဗေဒ အကြောင်း ဆွေးနွေးနေခြင်း မဟုတ်သည့်အပြင် ဇီဝဗေဒဆိုင်ရာ သုတေသန လုပ်နေခြင်းလည်း မဟုတ်ပါ။ ငါတို့ဆွေးနွေးချက်၏ အဓိကအကြောင်းအရာက မည်သည့်အရာနည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်၏အရင်းအမြစ် ဖြစ်သည် ဟူသည်ပင်။) သင်တို့သည် ဖန်ဆင်းခြင်းအထဲတွင် မည်သည့်အရာကို မြင်တွေ့ပြီးပြီနည်း။ သစ်ပင်များကို မြင်တွေ့ပြီးပြီလော။ ကမ္ဘာမြေကြီးကို မြင်ပြီလော။ (မြင်ပါပြီ။) နေရောင်ခြည်ကိုလည်း မြင်ပြီမဟုတ်လော။ သစ်ပင်များပေါ်တွင် နားနေသည့် ငှက်များကို မြင်ပြီလော။ (မြင်ပါပြီ။) လူသားမျိုးနွယ်သည် ဤပတ်ဝန်းကျင်မျိုးတွင် နေထိုင်ရသည်ကို ပျော်ရွှင်သလော။ (ပျော်ရွှင်ပါသည်။) ဆိုလိုသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ နေအိမ်၊ သူတို့ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နှင့် ကာကွယ်စောင့်ရှောက်ဖို့ သူဖန်ဆင်းခဲ့သည့် အရာများတည်းဟူသော အရာခပ်သိမ်းကို အသုံးပြုခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းကို ကူညီ ထောက်ပံ့ခြင်းဖြစ်သည်။

ဤဆွေးနွေးချက်၏ ပုံစံ၊ ငါမိတ်သဟာယပြုနေသည့် နည်းလမ်းကို သင်တို့ မည်သို့သဘောရသနည်း။ (ယင်းမှာ နားလည်လွယ်ပြီး လက်တွေ့ဘဝဖြစ်သော ဥပမာများစွာ ပါရှိသည်။) ဤသည်တို့မှာ ငါပြောသည့် အဓိပ္ပာယ်မဲ့သော စကားလုံးများ ဟုတ်သလော။ ဘုရားသခင်သည် အရာအားလုံးအတွက် အသက် အရင်းအမြစ် ဖြစ်သည်ကို နားလည်ဖို့ ဤပုံဝတ္ထုကို လူတို့ လိုအပ်သလော။ (လိုအပ်ပါသည်။) ဤသို့ဆိုလျှင် ငါတို့ နောက်ထပ် ပုံဝတ္ထုတစ်ခုကို ဆက်သွားကြပါစို့။ နောက်ပုံဝတ္ထုမှာ အကြောင်းအရာအားဖြင့် အနည်းငယ် ကွဲပြားကာ၊ အဓိက ဆိုလိုရင်းမှာလည်း အနည်းငယ် ကွဲပြားသည်။ ပုံဝတ္ထုထဲ၌ ဖော်ပြထားသမျှမှာ ဘုရားသခင်၏ ဖန်ဆင်းခြင်းထဲတွင် လူတို့က မိမိ၏မျက်စိဖြင့် မြင်တွေ့နိုင်သည့် အရာတစ်ခုခုပင် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။