စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၃၉)
ငါသည် ငါ့လက်ဖြင့်ဖန်ဆင်းခဲ့သော အရာအားလုံးကို အကဲခတ်ကြည့်ရှုလျက် စကြဝဠာများ၏အထက်တွင် နေ့စဉ် လှုပ်ရှား၏။ ကောင်းကင်၏ အထက်သည် ငါ၏အနားယူရာအရပ်ဖြစ်၍ အောက်သည် ငါလှုပ်ရှားသော နယ်မြေဖြစ်၏။ ရှိရှိသမျှ အရာခပ်သိမ်းတို့အား သဘာဝ၏ဖြစ်စဉ်ကို လိုက်နာစေပြီးလျှင် သဘာဝ၏ စေခိုင်းမှုအား နာခံစေရန် အရာခပ်သိမ်းတို့အထဲမှ အားလုံးကို ငါအုပ်စိုးသည်၊ အရာခပ်သိမ်းတို့အထဲမှ အားလုံးကို ငါအမိန့်ပေးသည်။ ငါသည် မနာခံသူများကို ရွံရှာမုန်းတီးပြီး ငါ့ကိုဆန့်ကျင်၍ ၎င်းတို့၏ အမျိုးအစားနှင့် အံမဝင်ခွင်မကျသူများကို စက်ဆုပ်သဖြင့် ငါသည်အရာရာတိုင်းကို ငါ၏အစီအမံများထံ ခုခံမှုကင်းစွာဖြင့် ကျိုးနွံနာခံစေမည်ဖြစ်ကာ စကြဝဠာအတွင်းနှင့် အထက်ရှိ အရာအားလုံးကို စနစ်တကျရှိစေရန် ငါပြုအံ့။ ထင်ရာမြင်ရာ ငါ့ကို မည်သူခုခံဝံ့သေးသနည်း။ ငါ့လက်၏ အစီအမံများကို မည်သူမနာခံဘဲ နေဝံ့သနည်း။ လူသားသည် ငါ့ကိုပုန်ကန်ခြင်း၌ “စိတ်ဝင်စားမှု” တစ်စုံတစ်ရာ အဘယ်သို့ ရှိနိုင်မည်နည်း။ ငါသည် လူတို့ကို ၎င်းတို့၏ “ဘိုးဘေးများ” ရှေ့မှောက်သို့ ခေါ်ဆောင်မည်ဖြစ်ပြီး ၎င်းတို့ဘိုးဘေးများအား ၎င်းတို့ကို ၎င်းတို့၏မိသားစုများထံသို့ ပြန်လည်ပို့ဆောင်စေမည်ဖြစ်ပြီး ၎င်းတို့အား ၎င်းတို့၏ဘိုးဘေးများကို ဆန့်ကျင်ပုန်ကန်၍ ငါ့ထံပါးသို့ ပြန်လာခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ငါ၏အစီအစဉ်ဖြစ်၏။ ၎င်းတို့၏ဘိုးဘေးများက ၎င်းတို့ကို ၎င်းတို့၏ မိသားစုများထံသို့ အောင်မြင်စွာ ပြန်လည်လမ်းညွှန်မှုပေးနိုင်စေရန်နှင့် အနှောင့်အယှက်ပေးလွန်းလှသော ၎င်းတို့အတွက် ငါဆက်လက်၍ “စိုးရိမ်ပူပန်ခြင်း” ဖြစ်စရာ မလိုအပ်တော့ရန် လူသားမျိုးနွယ်အားလုံးတို့အတွက် ကိန်းဂဏန်းများကို သတ်မှတ်ပေးပြီး လူအမျိုးအစား တစ်ခုစီတိုင်းအပေါ်တွင် ခြားနားသော အမှတ်အသားများ ပြုလုပ်ကာ ယနေ့တွင် ငါ၏ဝိညာဉ်တော်သည် မြေတစ်ပြင်လုံးလှုပ်ရှားသည်။ ဤအကြောင်းကြောင့် ငါသည် ဝါယမစိုက်မှုကိုလည်း ခွဲဝေပြီး အားထုတ်မှုများကို ဝေခြမ်းသည်။ ဤသည်မှာ ငါ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မည်သည့်လူသားကမျှ မနှောင့်ယှက်နိုင်ပေ။ ငါ့ရှေ့မှောက်ရှိအရာခပ်သိမ်း၏ အစီအစဉ်တကျ ကျိုးနွံနာခံခြင်းကို ဖြစ်ပေါ်စေလျက် အရာခပ်သိမ်းကို စီမံခန့်ခွဲဖို့ရန် အားလုံးထဲမှ သင့်လျော်သော ကိုယ်စားလှယ်များကို ငါရွေးချယ်အံ့။ ငါသည် ကောင်းကင်အထက်တွင် မကြာခဏ လှည့်လည်သွားလာပြီး ကောင်းကင်အောက်တွင်လည်း မကြာမကြာ လမ်းလျှောက်သည်။ လူများသွားလိုက်လာလိုက် ပြုကြသော ကမ္ဘာကြီးကို စောင့်ကြည့်လျက် မြေကြီးပေါ်တွင် သိပ်သည်းစွာထူထပ်နေသော လူသားမျိုးနွယ်ကို အကဲခတ်ကာ ဤဂြိုဟ်ပေါ်တွင် သက်ရှင်နေထိုင်ကြသော ငှက်များနှင့် သားရဲများကို ကြည့်ရှုရင်း ငါသည် ငါ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှု မခံစားရဘဲ မနေနိုင်ပေ။ အကြောင်းမှာ ဖန်ဆင်းခြင်းကာလတွင် ငါသည်အရာခပ်သိမ်းကို ပြုလုပ်ခဲ့ပြီး အရာရာတိုင်း၏ အလုံးစုံသည် ၎င်း၏တာဝန်ကို ၎င်း၏ကိုယ်ပိုင်နေရာ၌ ငါ၏စီစဉ်မှုများအောက်တွင် လုပ်ဆောင်ကြ၏။ ငါသည် အထက်အမြင့်ဆီမှ ရယ်မောလိုက်ပြီး ငါ၏ရယ်မောသံကို ကောင်းကင်အောက်မှ အရာအားလုံးက ကြားရသောအခါ ၎င်းတို့သည် ချက်ချင်းပင် စိတ်ဓါတ်နိုးကြွလာကြသည်၊ အကြောင်းမှာ ထိုအခိုက်အတန့်တွင် ငါ၏လုပ်ငန်းကြီးသည် ပြီးပြည့်စုံသွား၍ ဖြစ်၏။ လူသားကို အရာခပ်သိမ်းတို့အကြားတွင် ငါ့ကို ကိုယ်စားပြုစေလျက် ငါသည် လူသား၏အထဲတွင် ကောင်းကင်၏ ဉာဏ်ပညာကို ထည့်သွင်းသည်။ အကြောင်းမှာ ငါသည်လူသားကို ငါ့ကိုယ်စားလှယ်ဖြစ်ရန် ဖန်ဆင်းထားခဲ့သည်ဖြစ်ပြီး ငါ့ကိုဆန့်ကျင်ရန်မဟုတ်ဘဲ သူ၏နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာထဲမှ ငါ့ကို ချီးမွမ်းရန်ဖြစ်သည်။ ဤရိုးစင်းသော နှုတ်ကပတ်တော်များကို မည်သူက ရရှိခြင်းငှာ တတ်နိုင်သနည်း။ လူသားသည် သူ့စိတ်နှလုံးကို အဘယ်ကြောင့် သူကိုယ်တိုင်အတွက် အမြဲတမ်းထိန်းသိမ်းထားသနည်း။ သူ့စိတ်နှလုံးသည် ငါ့အတွက်မဟုတ်သလော။ ငါသည် လူသား၏ပစ္စည်းများကို အကြွင်းမဲ့ တောင်းသည်မဟုတ်ဘဲ သူသည် ငါနှင့် အမြဲသက်ဆိုင်ခဲ့ရန်သာ တောင်းခြင်းဖြစ်၏။ ငါနှင့်သက်ဆိုင်သည့် အရာများကို ငါသည် သူတစ်ပါးကို မည်ကဲ့သို့ သာမန်ကာလျှံကာ ပေးပစ်လိုက်နိုင်မည်နည်း။ ငါပြုလုပ်ပြီးသော “အဝတ်အစား” ကို အခြားသူတစ်ဦးအား မည်ကဲ့သို့ ငါပေးဝတ်နိုင်မည်နည်း။ လူတို့၏အမြင်တွင် ငါသည် စိတ်ဝေဒနာခံစားနေရလျက် စိတ်မနှံ့သူဖြစ်ပြီး၊ လူတို့၏ မည်သည့်ဓလေ့များကိုမှ နားမလည်သူတစ်ဦးအလား မြင်နေကြ၏၊ ငါသည် အရူးအနှမ်းတစ်ဦးပမာ ဖြစ်နေသည်။ ထိုသို့ဖြစ်နေသဖြင့် လူတို့သည် ငါ့ကို အနုံအအတစ်ဦးကဲ့သို့ အမြဲ ကြည့်မြင်ကြသော်လည်း ၎င်းတို့သည် ငါ့ကို ဘယ်သောအခါမျှ စစ်မှန်စွာ မချစ်ကြပေ။ လူသားလုပ်ဆောင်သမျှ အားလုံးသည် ငါ့ကို တမင်သက်သက် အရူးလုပ်ရန် ဖြစ်သဖြင့် ငါသည် လူသားမျိုးနွယ်အားလုံးကို အမျက်ဒေါသ ပေါက်ကွဲလျက် အမြစ်ဖြတ်သုတ်သင်သည်။ ငါဖန်ဆင်းခဲ့သမျှ အရာအားလုံးတို့အထဲတွင် လူသားမျိုးနွယ်သည်သာလျှင် ငါ့ကို လှည့်စားရန် နည်းလမ်းများပေါ်လာရန် အမြဲတမ်း ကြိုးစားနေပြီး ဤအကြောင်းကြောင့်သာ လူသားသည် အရာခပ်သိမ်းကို “အုပ်စိုးသူ” ဖြစ်သည်ဟု ငါပြောဆိုခြင်းဖြစ်၏။
ယနေ့တွင် ငါသည် လူအားလုံးကို “မီးဖိုကြီး” ထဲသို့ စစ်ဆေးခြင်းခံဖို့ရာ ပစ်ထည့်၏။ ငါသည် အမြင့်တွင် မတ်တပ်ရပ်လျက် လူတို့ မီးထဲတွင် လောင်မြိုက်နေသည်ကို အနီးကပ်ကြည့်ရှုနေရာ လူတို့သည် မီးတောက်၏ အတင်းအကျပ်ပြုမှုကိုခံရင်း အမှန်တရားများကို ဖော်ထုတ်လာကြ၏။ ယင်းသည် ငါအမှုပြုသည့် နည်းများထဲမှ တစ်ခုဖြစ်၏။ အကယ်၍ ထိုသို့မဟုတ်ခဲ့လျှင် လူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ “နှိမ့်ချ”ကြပါသည်ဟု ထုတ်ဖော်ပြောခဲ့ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်၏ အတွေ့အကြုံများကို ပြောထုတ်ဖို့ရန် ၎င်းတို့၏ ပါးစပ်များကို ပထမဦးဆုံးဖွင့်မည့်သူ မည်သူမျှ ဖြစ်ချင်ကြမည်မဟုတ်ဘဲ အားလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်ကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ငါ့ဉာဏ်ပညာ၏ ပုံပေါ်လာခြင်း အတိအကျဖြစ်ပေသည်။ အကြောင်းမှာ ယနေ့ကာလ၏ ကိစ္စရပ်များကို ခေတ်များမတိုင်မီကတည်းက ငါသည် ကြိုတင်ခွဲခန့် မှတ်သားခဲ့သောကြောင့် ဖြစ်၏။ သို့ဖြစ်၍ လူတို့သည် ကြိုးတစ်ချောင်းဖြင့် ထိုနေရာသို့ ခေါ်ဆောင်သွားခြင်း ခံရဘိသည့်အလား၊ ထုံသွားကြသည့်အလား မီးဖိုကြီးထဲသို့ အမှတ်တမဲ့ ဝင်ရောက်ကြသည်။ မီးလျှံ၏ အပြင်းအထန်တိုက်ခိုက်မှုမှ မည်သူမျှ မလွတ်မြောက်နိုင်ကြဘဲ ၎င်းတို့သည် အချင်းချင်း “တိုက်ခိုက်”ပြီး “အပြေးအလွှား ရွှင်မြူး”ကာ မိမိတို့ကိုယ်တိုင်၏ မီးဖိုကြီးထဲကံကြမ္မာနှင့်ပတ်သက်၍ သောကရောက်နေကြဆဲရှိလျက် ၎င်းတို့သည် မီးရှို့သတ်ခံရလိမ့်မည်ကို လွန်စွာကြောက်ရွံ့နေကြ၏။ ငါသည်မီးကို လောင်စာထည့်သောအခါ ယင်းသည် ချက်ချင်းကြီးထွားလာကာ မိုးကောင်းကင်ထက်သို့ လိပ်တက်သွားပြီး မီးလျှံများသည် မကြာခဏပင် ငါ့ဝတ်ရုံများကို လာကပ်စွဲလျက် ၎င်းတို့ကို မီးဖိုထဲသို့ ဆွဲသွင်းသွားရန် ကြိုးစားနေသည့်အလားဖြစ်၏။ လူတို့သည် ငါ့ကို မျက်လုံးအဝိုင်းသား ကြည့်ရှုကြသည်။ ငါသည် မီးဖိုထဲကမီးထဲသို့ ချက်ချင်းလိုက်သွားရာ ထိုအခိုက်တွင် မီးတောက်များ ကြီးထွားလာပြီး လူများအော်ဟစ်လေ၏။ ငါသည် မီးတောက်ပြင်းပြင်းအလယ်တွင် လှည့်လည်သွားလာသည်။ မီးလျှံများ အများအပြားရှိသော်လည်း ငါ့ကို အန္တရာယ်ပြုဖို့ ရည်ရွယ်ချက်မရှိကြ၊ ထို့နောက် ငါသည် ငါ့ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံများကို မီးလျှံများဆီသို့ တစ်ဖန် လွှဲပြောင်းပေးလိုက်သည်၊ သို့သော် ၎င်းတို့သည် ငါထံမှ ဝေးဝေးနေကြ၏။ ထိုအခါကျမှသာ လူတို့သည် မီးလျှံများ၏ အလင်းရောင်ဖြင့် ငါ့မျက်နှာအစစ်အမှန်ကို ရှင်းလင်းစွာ မြင်တွေ့ကြရသည်။ ၎င်းတို့သည် မီးဖို၏ မီးဟပ်နေသည့်အတွက်၊ ငါ့မျက်နှာကြောင့် ၎င်းတို့သည် အရပ်မျက်နှာအားလုံးသို့ ထွက်ပြေးသွားကြ၏၊ ထို့နောက် မီးဖိုသည် ချက်ချင်း စတင် “ဆူပွက်” လာလေသည်။ မီးလျှံထဲရှိနေသူအားလုံးသည် မီးထဲတွင် စစ်ဆေးခံရသူ လူသားကို မြင်ကြ၏။ ကိုယ်တော်၏ကိုယ်ခန္ဓာပေါ်ရှိ အဝတ်အစားများမှာ သာမန်ဖြစ်ကြသော်လည်း အဆုံးစွန် လှပနေလေသည်၊ ကိုယ်တော်၏ ခြေပေါ်ရှိ ဖိနပ်များမှာ မထူးခြားသော်လည်း ၎င်းတို့သည် ကြီးစွာ မနာလိုမှု ဖြစ်စေကြ၏၊ မီးလျှံပမာ ရွှန်းစိုတောက်ပမှုတစ်ခုသည် ကိုယ်တော့်မျက်နှာမှ ဖြာထွက်သည်၊ ကိုယ်တော်၏မျက်လုံးများမှာ တလက်လက်တောက်ပပြီး၊ ကိုယ်တော်၏မျက်လုံးများထဲမှ အလင်းရောင်ကြောင့် လူတို့သည် ကိုယ်တော့်မျက်နှာအစစ်အမှန်ကို ရှင်းလင်းစွာမြင်တွေ့နိုင်ပုံရလေသည်။ လူများသည် အံ့ဩမိန်းမောလျက် ငေးကြည့်နေကြပြီး ကိုယ်တော့်ကိုယ်ခန္ဓာပေါ်တွင် အဝတ်အထည်အဖြူတစ်ခု ရှိပြီး သိုးမွေးပမာဖြူသည့် ကိုယ်တော်၏ဆံပင်သည် ကိုယ်တော်၏ပုခုံးသို့ ဖားလျားကျနေကြသည်ကို မြင်တွေ့ကြသည်။ ထင်ရှားစွာပင် ကိုယ်တော်၏ရင်ဘတ်ကို သိုင်းထားလျက်ရှိသည့် ရွှေစလွယ်တစ်ကုံးသည် အားကြီးသော အလင်းရောင်ဖြင့် ထွန်းတောက်နေချိန်တွင် ကိုယ်တော်၏ခြေအထက်မှ ဖိနပ်များသည် သာ၍ပင် အထင်ကြီးလောက်၏။ ထို့အပြင် လူသား စီးသောဖိနပ်များသည် မီးအလယ်တွင် ဆက်ရှိနေသဖြင့် လူတို့သည် ၎င်းတို့ကို အံ့သြဖွယ်အဖြစ် ယုံကြည်ကြလေသည်။ အခိုက်အတန့်မျှ ရုတ်တရက်နာကျင်မှုများ ဖြစ်သည့်အခါများ၌သာလျှင် လူတို့သည် လူသား၏ပါးစပ်ကို မြင်ကြ၏။ ၎င်းတို့သည် မီး၏စစ်ဆေးခြင်းအလယ်တွင် ရှိနေကြသော်လည်း ၎င်းတို့အနေဖြင့် လူသား၏ နှုတ်မှ မည်သည့်နှုတ်ကပတ်တော်ကိုမျှ နားမလည်ကြချေ။ ထို့ကြောင့် ဤအခိုက်အတန့်တွင် ၎င်းတို့သည် လူသား၏ နှစ်လိုဖွယ်အသံကို နောက်ထပ်မကြားရတော့ဘဲ ကိုယ်တော်၏ခံတွင်းထဲတွင်ရှိသည့် ထက်မြက်သော ဓားရှည်တစ်လက်ကို မြင်တွေ့ရကြပြီး၊ ကိုယ်တော်သည် နောက်ထပ်ဘာမှ မိန့်မြွက်ခြင်း မပြုတော့သော်လည်း ကိုယ်တော်၏ဓားရှည်သည် လူသားကို ထိခိုက်နာကျင်စေသည်။ မီးတောက်မီးလျှံများ ဝန်းရံခြင်းခံရသဖြင့် လူတို့သည် နာကျင်မှုကို ခံရပ်ကြရ၏။ ၎င်းတို့၏ သိချင်ဇောကြောင့် ၎င်းတို့သည် လူသား၏ အံ့မခန်းဖွယ် ပေါ်ထွန်းခြင်းအပေါ် ဆက်လက်၍ ကြည့်ရှုကြပြီး ကိုယ်တော်၏လက်တွင်ရှိနေသော ကြယ်ခုနစ်လုံး ပျောက်ကွယ်သွားသည်ကို ဤခဏအခိုက်အတန့်တွင်ပင် ၎င်းတို့ တွေ့ရှိလိုက်ကြရသည်။ လူသားသည် မြေကြီးပေါ်တွင်မဟုတ်ဘဲ မီးဖိုထဲ၌ ရှိနေသဖြင့် ကိုယ်တော့်လက်မှ ကြယ်ခုနစ်လုံးသည် သိမ်းယူခံလိုက်ရ၏၊ အကြောင်းမှာ ၎င်းတို့သည် တင်စားမှုတစ်ခုသာ ဖြစ်သောကြောင့်တည်း။ ဤအခိုက်အတန့်တွင် ၎င်းတို့ကို ဖော်ပြခြင်းမရှိတော့ဘဲ လူသား၏ အစိတ်အပိုင်း အမျိုးမျိုးထံ ခွဲဝေသတ်မှတ်ခြင်း ခံကြရသည်။ လူတို့၏ မှတ်ဉာဏ်များထဲတွင် ကြယ်ခုနစ်လုံးရှိနေခြင်းက မသက်မသာဖြစ်စေ၏။ ယနေ့တွင် ငါသည် လူတို့အတွက် အမှုအရာများကို ခက်ခဲအောင် မပြုတော့ပေ၊ ငါသည် ကြယ်ခုနစ်လုံးကို လူသားထံမှ ယူလိုက်ပြီး လူသား၏ အစိတ်အပိုင်းအားလုံးကို တစ်လုံးတစ်ဝတည်း ပေါင်းစပ်လိုက်၏။ ဤအခိုက်အတန့်၌သာလျှင် လူသည် ငါ၏သွင်ပြင် တစ်ခုလုံးကို မြင်တွေ့ရခြင်းဖြစ်သည်။ လူတို့သည် ငါ၏ဝိညာဉ်တော်ကို ငါ့ဇာတိပကတိမှ ဘယ်သောအခါ၌မျှ သီးခြားခွဲလိမ့်မည် မဟုတ်တော့ချေ၊ အကြောင်းမှာ ငါသည် မြေကြီးပေါ်မှ အမြင့်သို့ တက်ရောက်သွားခဲ့ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ လူတို့သည် ငါ့မျက်နှာအစစ်အမှန်ကို မြင်တွေ့ပြီးဖြစ်ရာ ၎င်းတို့သည် ငါ့ကို တစ်ပိုင်းတစ်စစီ စိတ်ပိုင်းခြင်းမပြုကြတော့ဘဲ ငါသည်လည်း လူ၏ သားပုပ်လေလွင့်ပြောခြင်းကို မခံရပ်ရတော့ချေ။ ငါသည်လူနှင့်ယှဉ်လျက် မီးဖိုကြီးထဲသို့ ဝင်ခဲ့သဖြင့် လူသည်ငါ့ကို အားကိုးဆဲဖြစ်ပြီး ငါ၏တည်ရှိခြင်းကို သူ၏သိစိတ်ထဲတွင် ခံစားရ၏။ ဤသို့ဖြင့် ရွှေအတိဖြစ်သော အရာအားလုံးသည် လောင်မြိုက်နေသောမီး၏အလယ်တွင် တဖြည်းဖြည်းချင်း ငါနှင့်အတူ စုရုံးလာကြပြီး၊ ယင်းသည် အရာတစ်ခုစီတိုင်း အမျိုးအစားအလိုက် အမျိုးအစားသတ်မှတ်ခံရသည့် အခိုက်အတန့် အတိအကျဖြစ်၏။ ငါသည် “သတ္တု” အမျိုးအစားတစ်ခုစီကို အမျိုးခွဲ၍ ၎င်းတို့အားလုံးကို ၎င်းတို့၏မိသားစုများဆီသို့ ပြန်လာစေပြီး၊ ယခုမှသာလျှင် အရာခပ်သိမ်းတို့သည် ပြန်လည်ရှင်သန်သက်ဝင်ဖို့ စတင်လာလေတော့သည်။
ဤသို့ဖြစ်ရသည်မှာ လူသားသည် အလွန်စွန်းထင်းနေသောကြောင့် ငါသည်သူ့ကို လောင်ကျွမ်းခြင်းခံရရန် မီးဖိုကြီးထဲသို့ ပစ်ချလိုက်ခြင်းကြောင့်ဖြစ်၏။ သို့သော် သူသည် မီးတောက်မီးလျှံများအားဖြင့် ချေမှုန်းသုတ်သင်ခံရခြင်းမရှိဘဲ ငါသည်သူ့ကို နှစ်သက်နိုင်စိမ့်သောငှာ သန့်စင်ခြင်းခံရလေသည်။ အကြောင်းမှာ ငါအလိုရှိသည့်အရာမှာ ညစ်ပေ၍ စွန်းထင်းနေသော အရာများမဟုတ်ဘဲ အညစ်အကြေးကင်းစင်သည့် ရွှေစင်အတိဖြင့် ပြီးသောအရာ ဖြစ်သောကြောင့်ပင်ဖြစ်၏။ လူတို့သည် ငါ၏စိတ်နေစိတ်ထားကို နားမလည်ကြ၊ ထို့ကြောင့် ၎င်းတို့သည် “ခွဲစိတ်စားပွဲ”ပေါ် မတက်မီတွင် စိုးရိမ်မှုဖြင့် ပြည့်နေလျက်ရှိကြသည်မှာ ၎င်းတို့ကို ခွဲစိတ်လေ့လာပြီးလျှင် ခွဲစိတ်စားပွဲပေါ် ၎င်းတို့လဲလျောင်းနေကြစဉ် ငါသည် ၎င်းတို့ကို မဆိုင်းမတွ သတ်ဖြတ်ပစ်လိုက်မည့်အလား ဖြစ်၏။ ငါသည် လူတို့၏စိတ်နေစိတ်ထားကို သိရှိနားလည်သဖြင့် ငါသည် လူသားမျိုးနွယ်ဝင်တစ်ဦးကဲ့သို့ ဖြစ်၏။ ငါ၌ လူ၏ “ကံမကောင်းခြင်း” အတွက် ကြီးမားသောကရုဏာ ရှိပြီး၊ လူသည် အဘယ်ကြောင့် “ဖျားနာ” ရပါကြောင်းကို ငါမသိပေ။ အကယ်၍ သူသည်ကျန်းမာပြီး မသန်စွမ်းမှု ကင်းခဲ့သည်ဆိုလျှင် အဖိုးအခပေးရရန်နှင့် ခွဲစိတ်စားပွဲပေါ်တွင် အချိန်ကုန်ဖို့ရန် အဘယ်လိုအပ်မည်နည်း။ သို့ရာတွင် ဖြစ်ရပ်မှန်ကို ပြန်ရုပ်သိမ်း၍ မရချေ။ မည်သူသည် လူသားကို “အစားအစာသန့်ရှင်းမှု” ကို ဂရုမပြုရန် ပြောခဲ့သနည်း။ ကျန်းမာနေဖို့ အရေးဂရုမစိုက်ရန် သူ့ကို မည်သူက ပြောခဲ့သနည်း။ ယနေ့တွင် ငါ၌ အခြားမည်သည့်နည်းလမ်းများ ရှိသေးသနည်း။ လူကို ငါ၏ ကရုဏာပြသဖို့ရန် ငါသည် သူနှင့်အတူ “ခွဲစိတ်ခန်း” ထဲသို့ ဝင်ရောက်သည်၊ ပြီးလျှင် လူကိုချစ်ရန် ငါ့ကို မည်သူက ပြောခဲ့သနည်း။ ထို့ကြောင့် “ခွဲစိတ်ဆရာဝန်သုံးဓား” ကို ငါကိုယ်တိုင် ကောက်ကိုင်လိုက်ပြီး နောက်ဆက်တွဲရလဒ် တစ်စုံတစ်ရာကို ကာကွယ်ရန် လူကိုစတင်၍ “ခွဲစိတ်”တော့သည်။ လူသားအပေါ် ငါ၏သစ္စာရှိမှုကြောင့် လူတို့သည် ငါ့ကို ကျေးဇူးတင်ကြောင်း ပြသဖို့ရန် နာကျင်မှုဝေဒနာကြားမှ မျက်ရည်များ ယိုစီးခဲ့ကြသည်။ ငါသည် သစ္စာစောင့်သိမှုကို တန်ဖိုးထားပြီး ငါသည် ငါ့ “မိတ်ဆွေများ” ဒုက္ခရောက်နေချိန်တွင် ကူညီလိမ့်မည်ဟု လူတို့ ယုံကြည်ကြပြီး၊ လူတို့သည် ငါ၏ကြင်နာမှုအတွက် ပို၍ပင် ကျေးဇူးတင်ကြကာ နာမကျန်းဖြစ်မှု ပျောက်ကင်းသွားသောအခါ ငါ့ကို “လက်ဆောင်များ” ပို့ပေးမည်ဟု ပြောကြ၏။ သို့သော်လည်း ငါသည် ထိုကဲ့သို့သော ဖော်ပြချက်များအပေါ် အာရုံမထားဘဲ၊ ၎င်းအစား လူကို ခွဲစိတ်ကုသရေးအပေါ်၌ အာရုံထား၏။ လူ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် ဓား၏သက်ရောက်မှုအောက်တွင် လူသည်မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး ခွဲစိတ်စားပွဲထက်ဝယ် ကြောက်လန့်လျက် လဲလျောင်းနေ၏။ သို့သော် ငါသည် ဂရုစိုက်ခြင်းမပြုဘဲ လုပ်လက်စအမှုကိုသာ ဆက်လက်ဆောင်ရွက်သည်။ ခွဲစိတ်ခြင်းပြီးဆုံးသောအခါ လူတို့သည် “ကျားခံတွင်း” မှ လွတ်မြောက်လာခဲ့ပြီး၊ ငါသည်၎င်းတို့ကို ကြွယ်ဝသော အာဟာရများဖြင့် အားဖြည့်ပေးလေ၏။ ၎င်းတို့အနေဖြင့် မသိကြသော်လည်း အာဟာရတို့သည် ၎င်းတို့အထဲတွင် တဖြည်းဖြည်း တိုးပွားလာလေသည်။ ထိုအခါ ငါသည် ၎င်းတို့ကို ပြုံးပြသည်။ ဤတွင် ၎င်းတို့သည် ၎င်းတို့၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အခါ၌ ငါ့မျက်နှာအစစ်အမှန်ကိုသာ ဖူးမြင်နိုင်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် ငါ့ကို ပို၍ချစ်ခင်ကြပြီး ၎င်းတို့၏ ဖခင်အဖြစ် ငါ့ကို မှတ်ယူကြသည်။ ထို့ကြောင့် ဤသည်မှာ ကောင်းကင်နှင့် မြေကြီးအကြား ဆက်နွှယ်မှုဖြစ်သည် မဟုတ်လော။
၁၉၉၂ ခုနှစ်၊ မေလ ၄ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။