ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

အပိုင်း ငါး

ယောဘအကြောင်း

စမ်းသပ်မှုများကို ယောဘ မည်ကဲ့သို့ ဖြတ်ကျော်ခဲ့ပုံကို ကြားသိခဲ့ရပြီးနောက် သင်တို့ထဲမှ အများစုသည် ယောဘအကြောင်း၊ အထူးသဖြင့် ဘုရားသခင်၏ ချီးကျူးခြင်းကို ရခဲ့သည့် လျှို့ဝှက်ချက်နှင့်စပ်လျဉ်းပြီး ပို၍ အသေးစိတ် သိလိုကြမည် ဖြစ်သည်။ ထို့ကြောင့် ယနေ့ ယောဘအကြောင်း ပြောကြပါစို့။

ယောဘ၏ နေ့စဉ် အသက်တာထဲတွင် သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းကို ငါတို့တွေ့ရသည်

အကယ်၍ ငါတို့သည် ယောဘအကြောင်းကို ဆွေးနွေးမည်ဆိုပါက၊ “မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်” ဟူ၍ ဘုရားသခင်၏နှုတ်မှ ကိုယ်တိုင်မြွက်ဆိုခဲ့သော သူ့အပေါ် အကဲဖြတ်ချက်ဖြင့် စတင်ကြရမည် ဖြစ်သည်။

ပထမဦးစွာ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို ဖတ်ကြပါစို့။

“စုံလင်သည်” နှင့် “ဖြောင့်မတ်သည်” ဟူသော စကားလုံးများကို သင်တို့ မည်သို့ နားလည်သနည်း။ ယောဘသည် အပြစ်အနာအဆာ မရှိသောသူ ဖြစ်ပြီး ရိုးသားသောသူ ဖြစ်သည်ဟု သင်တို့ ယုံကြည်သလော။ ဤအရာမှာ “စုံလင်သည်” နှင့် “ဖြောင့်မတ်သည်” ဟူသည်ကို တိုက်ရိုက် အဓိပ္ပာယ်ကောက်ယူချက်နှင့် နားလည်မှုတစ်ခု အမှန်ပင် ဖြစ်လိမ့်မည်။ ယောဘအကြောင်း စစ်မှန်စွာ နားလည်ခြင်း၏ သီးခြားခွဲထုတ်၍ မရသောအရာမှာ လက်တွေ့ အသက်တာပင် ဖြစ်သည်၊ နှုတ်ကပတ်တော်များ၊ စာအုပ်များနှင့် အယူအဆ ချည်းသက်သက်ဖြင့် အဖြေတစ်စုံတစ်ရာကို ပေးလိမ့်မည် မဟုတ်ပေ။ ယောဘ၏ အိမ်၌နေသော အသက်တာကို ငါတို့ စတင်ကာ ကြည့်ခြင်းဖြင့် သူ၏ အသက်တာတစ်လျှောက်လုံး သူ၏ ပုံမှန် ပြုမူပုံမှာ အဘယ်အရာ ဖြစ်ကြောင်းကို ကြည့်ကြမည်။ အသက်တာထဲမှ သူ၏ နိယာမများနှင့် ရည်မှန်းချက်များ အကြောင်းကို သာမက သူ၏ ပင်ကိုစရိုက်နှင့် လိုက်စားမှု အကြောင်းကို ဤအရာက ငါတို့အား ပြောပြလိမ့်မည် ဖြစ်သည်။ ယခု ယောဘ၏ နောက်ဆုံး စကားများကို ဖတ်ကြပါစို့ ၁:၃- “ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။” ဤစကားများက ဆိုနေသော အရာမှာ ယောဘ၏ ဂုဏ်နှင့် အဆင့်အတန်းတို့မှာ အလွန်မြင့်မားခဲ့ပြီး သူ၏ ပေါကြွယ်ဝသော ပိုင်ဆိုင်မှုများကြောင့် သို့မဟုတ် သူသည် စုံလင်ပြီး ဖြောင့်မတ်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းကြောင့် သူသည် အရှေ့အရပ်မှ လူသားအားလုံးထဲတွင် အကြီးမြတ်ဆုံးသောသူ ဖြစ်ခဲ့ မဖြစ်ခဲ့ကို ငါတို့အား မပြောသော်လည်း ယေဘုယျအားဖြင့် ယောဘ၏ ဂုဏ်နှင့် အဆင့်အတန်းတို့သည် များစွာတန်ဖိုးထားခြင်းကို ခံရကြောင်းကို ငါတို့သိပေသည်။ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယောဘအပေါ် လူတို့၏ ပထမဆုံး ထင်မြင်ချက်များမှာ ယောဘသည် စုံလင်ခဲ့သည်၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့ပြီး မကောင်းမှုကို ရှောင်ခဲ့သည့်အပြင် သူသည် ကြီးမားသော ကြွယ်ဝချမ်းသာနှင့် အလေးထားအပ်သော အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့သည်ဟူ၍ဖြစ်သည်။ သာမန် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ယင်းကဲ့သို့ ပတ်ဝန်းကျင်တစ်ခုနှင့် ယင်းကဲ့သို့ အခြေအနေများအောက်တွင် အသက်ရှင်ရခြင်း၊ ယောဘ စားနေကျအစားအစာ၊ ဘဝအဆင့်အတန်းနှင့် သူ၏ ကိုယ်ပိုင် အသက်တာ၏ အမျိုးမျိုးသော ရှုထောင့်များသည် လူအများစု၏ အာရုံစူးစိုက်မှု ဖြစ်ခဲ့လိမ့်မည် ဖြစ်သည်၊ ထို့ကြောင့် သမ္မာကျမ်းကို ငါတို့ ဆက်၍ဖတ်ရှုရမည်၊ “ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဖွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။” (ယောဘ ၁:၄-၅) ဤကျမ်းပိုဒ်သည် ငါတို့အား အချက် နှစ်ချက်ကို ပြောသည်၊ ပထမ အချက်မှာ ယောဘ၏ သားများနှင့် သမီးများသည် ပုံမှန်ပွဲခံ၍ စားသောက်လေ့ရှိခဲ့ခြင်း ဖြစ်သည်၊ ဒုတိယ အချက်မှာ ယောဘသည် ၎င်းတို့အတွက် မကြာခဏပူပန်၍ ၎င်းတို့သည် အပြစ်ပြုနေကြမည်၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်ကို ကျိန်ဆဲခဲ့ကြမည်ကို ကြောက်ရွံ့သဖြင့် မကြာမကြာ မီးရှို့သောယဇ်များကို ပူဇော်လေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဤအရာတွင် မတူညီသော လူအမျိုးအစား နှစ်မျိုး၏ အသက်တာများကို ဖော်ပြထားသည်။ ပထမတစ်မျိုးမှာ ယောဘ၏ သားများနှင့် သမီးများသည် ၎င်းတို့၏ ကြွယ်ဝခြင်းကြောင့် မကြာခဏ ပွဲခံကြသည်၊ ကြီးကျယ်ခမ်းနားစွာ အသက်ရှင်ခဲ့ကြသည်၊ ၎င်းတို့ စိတ်နှလုံး အလိုပြည့်ဝသည်အထိ သောက်စားခဲ့ကြပြီး ရုပ်ဝတ္ထု ကြွယ်ဝချမ်းသာခြင်းအားဖြင့် မြင့်မားသော ဘဝ အဆင့်အတန်းကို ပျော်မွေ့ခဲ့ကြသည်။ ယင်းကဲ့သို့ အသက်တာမျိုး၌ နေထိုင်ခြင်းဖြင့် ၎င်းတို့သည် မကြာခဏ ဘုရားသခင်ကို ပြစ်မှား၍ အပြစ်ပြုမိခဲ့မည်မှာ ဧကန်အမှန် ဖြစ်သည်၊ သို့သော်လည်း ရလဒ်အနေဖြင့် ၎င်းတို့သည် ၎င်းတို့ကိုယ်ကို သန့်ရှင်းစင်ကြယ်စေခြင်း သို့မဟုတ် မီးရှို့သောယဇ်များကို ပူဇော်ခဲ့ကြခြင်း မရှိခဲ့ပေ။ ထိုအခါ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင် နေရာမရှိခဲ့ကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော်များအပေါ် ဆင်ခြင်ခဲ့ကြခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ပြစ်မှားမိမည်ကိုလည်း ကြောက်ရွံ့ခဲ့ကြခြင်း မရှိခဲ့ပေ၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို စွန့်လွှတ်မည်ကို ကြောက်ရွံ့ခြင်းမှာ ပို၍ပင် မဖြစ်နိုင်ကြောင်းကို သင်မြင်ရလေမည်။ ငါတို့၏ အာရုံပြုချက်မှာ ယောဘ၏ သားသမီးများအပေါ်၌ မဟုတ်ဘဲ ယင်းအမှုအရာများနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ ယောဘပြုခဲ့သည့် အရာအပေါ် အာရုံပြုခြင်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်၊ ဤသည်မှာ ကျမ်းပိုဒ်ထဲ၌ ဖော်ပြထားသော အခြားသော အကြောင်းအရာဖြစ်ပြီး ၎င်းထဲတွင် ယောဘ၏ နေ့စဉ်အသက်တာနှင့် သူ၏ လူ့သဘာဝ၏ အနှစ်သာရ ပါဝင်သည်။ ယောဘ၏သားများနှင့် သမီးများ ပွဲခံခြင်းကို သမ္မာကျမ်းစာက ဖော်ပြသည့်အခါ ယောဘအကြောင်းကို ဖော်ပြခြင်း မရှိပါ၊ သူ၏သားများနှင့် သမီးများ မကြာခဏ အတူတကွ စားသောက်ခဲ့ကြကြောင်းကိုသာ ဆိုထားသည်။ တစ်နည်းဆိုသော် သူသည် ပွဲခံခြင်းများကို မပြုခဲ့သည့်အပြင် သူသည် သူ၏သားများနှင့် သမီးများ အလွန်အကျူး စားသောက်ရာ၌ ပါဝင်ခြင်း မရှိခဲ့ပေ။ အလျှံအပယ်ဖြစ်၍ ပိုင်ဆိုင်မှုများနှင့် အစေခံများစွာကို ပိုင်ဆိုင်ခဲ့သော်လည်း ယောဘ၏ အသက်တာမှာ စည်းစိမ်၌ယစ်မူးသော အသက်တာတစ်ခု မဟုတ်ခဲ့ပေ။ သူသည် သူ၏အကောင်းဆုံး လူနေမှုပတ်ဝန်းကျင်အားဖြင့် အချိန်ကို ပျော်ပါးကုန်လွန်စေခဲ့ခြင်း မရှိဘဲ ဇာတိပကတိ ပျော်မွေ့ဖွယ်ရာများအပေါ် လွန်ကျူးစွာ ခံစားခဲ့ခြင်း သို့မဟုတ် သူ၏ ကြွယ်ဝချမ်းသာမှုကြောင့် မီးရှို့သောယဇ်များကို ပူဇော်ရန် မေ့လျော့ခဲ့ခြင်း မရှိပါ၊ ကြွယ်ဝချမ်းသာမှုသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တဖြည်းဖြည်း ရှောင်ရှားစေရန်မှာ ပို၍ပင် မဖြစ်နိုင်ခဲ့ချေ။ ယောဘသည် သူ၏ နေပုံထိုင်ပုံ၌ စည်းကမ်းရှိခဲ့ပြီး လောဘကြီးခြင်း သို့မဟုတ် ပျော်ရွှင်မှုသာ ပဓာနကျသည်ဟူသော ခံယူချက် မရှိခဲ့သည့်အပြင် သူ့အား ဘုရားသခင် ကောင်းချီးမင်္ဂလာများ ပေးခြင်း၏ ရလဒ်အနေဖြင့် သူ၏ ဘဝ အဆင့်အတန်းအပေါ် အစွဲအလန်းကြီးခဲ့ခြင်း မရှိပေ။ ထိုသို့မဟုတ်ဘဲ သူသည် နှိမ့်ချပြီး ရိုးရိုးကုပ်ကုပ်နေခဲ့သည်၊ ဝင့်ဝါတတ်ခြင်းလည်း မရှိဘဲ ဘုရားသခင်ရှေ့တွင် သတိရှိပြီး ဂရုတစိုက်ရှိခဲ့သည်၊ ဘုရားသခင်၏ ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို မကြာခဏ သူဆင်ခြင်တွေးတောခဲ့ပြီး ဘုရားသခင်ကို စဉ်ဆက်မပြတ် ကြောက်ရွံ့ခဲ့သည်။ သူ၏ နေ့စဉ်အသက်တာထဲတွင် ယောဘသည် မကြာခဏ စောစီးစွာ နိုးထကာ သူ၏ သားများနှင့် သမီးများအတွက် မီးရှို့သော ယဇ်များကို ပူဇော်ခဲ့သည်။ တစ်နည်းဆိုသော် ယောဘသည် သူကိုယ်တိုင် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်သာမက သူ၏သားသမီးများသည်လည်း ထို့နည်းတူ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဘုရားသခင်အား မပြစ်မှားမည့် အကြောင်းကိုလည်း သူမျှော်လင့်ခဲ့သည်။ ယောဘ၏ ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝ ချမ်းသာမှုသည် သူ၏ စိတ်နှလုံးအတွင်း၌ နေရာမရှိခဲ့သည့်အပြင် ၎င်းသည် ဘုရားသခင်ရှိသော နေရာကို အစားထိုးခဲ့ခြင်း မရှိပေ၊ သူကိုယ်တိုင်အတွက် ဖြစ်စေ သူ၏သားသမီးများအတွက် ဖြစ်စေ ယောဘ၏နေ့စဉ် လုပ်ဆောင်ချက် အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့် ဆက်နွှယ်ခဲ့သည်။ ယေဟောဝါဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းသည် သူ၏ပါးစပ်၌ ရပ်တန့်ခဲ့ခြင်းမရှိဘဲ လက်တွေ့လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး သူ၏ နေ့စဉ်အသက်တာ၏ အပိုင်းတစ်ခုစီနှင့် အားလုံးတွင် ထင်ဟပ်ခဲ့သည်။ ယောဘသည် ရိုးသားပြီး တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် အနှစ်သာရတစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်း ငါတို့အား ဤလက်တွေ့ပြုမူပုံက ပြလျက်ရှိသည်။ ယောဘသည် သူ၏သားများနှင့် သမီးများကို မကြာခဏ စေလွှတ်၍ သန့်ရှင်းစေခဲ့သည် ဟူသော အဓိပ္ပာယ်မှာ သူသည် သူ၏ သားသမီးများ၏ အပြုအမူကို ခွင့်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိခဲ့ကြောင်း ဆိုလိုသည်၊ ထိုသို့မဟုတ်ဘဲ သူ၏စိတ်နှလုံးထဲ၌ ၎င်းတို့၏ အပြုအမူကို စိတ်ပျက်ကာ ၎င်းတို့အား ပြစ်တင်ဝေဖန်ခဲ့သည်။ သူ၏သားများနှင့် သမီးများ၏ အပြုအမူသည် ယေဟောဝါဘုရားသခင်ကို ကျေနပ်စေခြင်း မရှိဟူ၍ သူကောက်ချက်ချခဲ့သဖြင့် ၎င်းတို့ကို သူမကြာခဏ ခေါ်ယူကာ ယေဟောဝါဘုရားသခင်ရှေ့သို့ သွား၍ ၎င်းတို့၏အပြစ်များကို ဝန်ခံစေခဲ့သည်။ ယောဘ၏ လုပ်ဆောင်ချက်များသည် သူ၏ လူ့သဘာဝ၏ အခြားတစ်ဖက်ကို ငါတို့အား ပြပေသည်၊ ၎င်းမှာ သူသည် မကြာခဏ အပြစ်ပြုပြီး ဘုရားသခင်ကို ပြစ်မှားသောသူများနှင့်အတူ မည်သည့်အခါမျှ ပေါင်းသင်းခြင်း မရှိခဲ့ဘဲ ၎င်းတို့ကို ရှောင်ဖယ်ပြီး ရှောင်တိမ်းခဲ့သည်။ ဤလူများမှာ သူ၏ သားများနှင့် သမီးများပင် ဖြစ်သော်လည်း ၎င်းတို့သည် သူ၏မိသားစုဝင်များ ဖြစ်ခြင်းကြောင့် သူ၏ ကိုယ်ပိုင် နိယာမများကို ပစ်ပယ်ခဲ့ခြင်း မရှိသည့်အပြင် သူ၏ ကိုယ်ပိုင် ရပ်တည်ချက်များကြောင့် ၎င်းတို့၏ အပြစ်များ၌ မွေ့လျော်ခဲ့ခြင်း မရှိပေ။ ထိုသို့ပြုမည့်အစား ၎င်းတို့အား အပြစ်ဝန်ခံရန်နှင့် ယေဟောဝါဘုရားသခင်၏ သည်းခံခြင်းကို ရရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏ အလိုကြီးသော ပျော်ရွှင်မှုအလို့ငှာ ဘုရားသခင်ကို မစွန့်ပယ်ရန် ၎င်းတို့အား သူသတိပေးခဲ့သည်။ အခြားသူများအား ယောဘ ဆက်ဆံခဲ့ပုံ နိယာမများနှင့် ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ နိယာမများကို ခွဲခြား၍ မရနိုင်ပေ။ ဘုရားသခင် လက်ခံခဲ့သော အရာကို သူနှစ်သက်ခဲ့သည်၊ ဘုရားသခင် ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့သော အရာကို သူစက်ဆုပ်ရွံရှာခဲ့သည်၊ ဘုရားသခင်ကို မိမိတို့၏ စိတ်နှလုံးထဲ၌ ကြောက်ရွံ့သောသူများကို သူနှစ်သက်ခဲ့ပြီး ဘုရားသခင်ကို ပြစ်မှားသော သို့မဟုတ် မကောင်းမှု ကျူးလွန်ခဲ့သောသူများကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ယင်းကဲ့သို့ နှစ်သက်မှုနှင့် စက်ဆုပ်ရွံရှာမှုတို့ကို သူ၏ နေ့စဉ် အသက်တာထဲ၌ လက်တွေ့ပြသခဲ့ပြီး ၎င်းမှာ ဘုရားသခင်၏ အမြင်၌ မြင်ခဲ့သော ယောဘ၏ ဖြောင့်မတ်ခြင်းပင် ဖြစ်ခဲ့သည်။ သဘာဝအားဖြင့် ဤသည်မှာ သူ၏ နေ့စဉ်အသက်တာထဲတွင် အခြားသူများနှင့် သူ၏ ဆက်ဆံရေးထဲမှ ယောဘ၏ စစ်မှန်သော လူ့သဘာဝကို ဖော်ပြခြင်းနှင့် အသက်ရှင်နေထိုင်ခြင်းလည်း ဖြစ်ပြီး ငါတို့လေ့လာကြရမည့်အရာ ဖြစ်သည်။

စမ်းသပ်မှုများ ခံရစဉ်ကာလအတွင်း ယောဘ၏ လူ့သဘာဝ သရုပ်သကန်များ (စမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်း အကြောင်းကို နားလည်ခြင်း)

အထက်တွင် ငါတို့ဝေငှပြောဆိုခဲ့သော အရာများမှာ စမ်းသပ်မှုများမတိုင်မီ ယောဘ၏ နေ့စဉ် အသက်တာထဲ၌ ပြသခဲ့သော သူ၏ လူ့သဘာဝ၏ အမျိုးမျိုးသော ရှုထောင့်များ ဖြစ်သည်။ အမျိုးမျိုးသော ဤသရုပ်သကန်များသည် ယောဘ၏ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းတို့အကြောင်း ကနဦး အကျွမ်းဝင်မှုနှင့် အသိအမြင်ကို ပေးပြီး သဘာဝအလျောက် ကနဦး အတည်ပြုချက်ကို ပေးသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ “ကနဦး” ဟု ငါဆိုရသည့် အကြောင်းရင်းမှာ လူအများစုတို့သည် ယောဘ၏ ပင်ကိုစရိုက်နှင့် ဘုရားသခင်အပေါ် နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းနှင့်ပတ်သက်၍ သူလိုက်စားခဲ့သည့် လမ်းခရီး၏ အတိုင်းအတာအပေါ် စစ်မှန်သော အသိအမြင်တစ်ခု မရှိကြသေးခြင်းကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယောဘအပေါ် လူအများစု၏ နားလည်ခြင်းမှာ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နှုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” နှင့် “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” ဟူသည့် ယောဘ၏စကားများပါဝင်သော သမ္မာကျမ်းစာထဲရှိ ကျမ်းပိုဒ်နှစ်ပိုဒ်က ဖော်ပြထားသည့် အနည်းငယ်ကောင်းသော ထင်မြင်ချက်ထက် သာ၍နက်ရှိုင်းခြင်း မရှိပေ။ ထို့ကြောင့် ယောဘသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ရရှိခဲ့ခြင်းကြောင့် သူသည် သူ၏လူ့သဘာဝကို မည်ကဲ့သို့ အသက်ရှင်နေထိုင် ခဲ့ကြောင်းကို ငါတို့နားလည်ရန် အလွန်လိုအပ်သည်၊ ဤနည်းဖြင့် ယောဘ၏ စစ်မှန်သော လူ့သဘာဝကို အယောက်တိုင်းအား အလုံးစုံ ပြသမည် ဖြစ်သည်။

ယောဘသည် သူ၏ဥစ္စာပစ္စည်းများ အခိုးယူခံခဲ့ရကြောင်း၊ သူ၏သားများနှင့် သမီးများ အသက်ဆုံးရှုံးခဲ့ရကြောင်းနှင့် သူ၏အစေခံများ အသတ်ခံခဲ့ရကြောင်းကို ကြားသောအခါ ဤသို့ သူတုံ့ပြန်ခဲ့သည်၊ “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး။” (ယောဘ ၁:၂၀) ဤစကားများသည် ငါတို့အား အဖြစ်မှန် တစ်ခုကို ပြောပြသည်၊ ဤသတင်းကို ကြားပြီးနောက် ယောဘသည် ထိတ်ထိတ်ပျာပျာ ဖြစ်ခြင်း၊ ငိုကြွေးခြင်း သို့မဟုတ် သူ့အား သတင်းပေးသော အစေခံများကို အပြစ်တင်ခြင်း မရှိခဲ့ပေ၊ သူသည် ဘာဘာညာညာ ဖြစ်ခဲ့သည် ဟူသော အကြောင်းပြချက်များကို စုံစမ်းပြီး မှန်ကန်ကြောင်း အတည်ပြုရန် အခင်းဖြစ်သည့်နေရာကို စစ်ဆေးခြင်းနှင့် အမှန်တကယ် ဖြစ်ခဲ့သည်တို့ကို စုံစမ်းခြင်းတို့ကို ပို၍ပင် မပြုခဲ့ချေ။ သူ၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးရခြင်းကြောင့် နာကျင်ခြင်း သို့မဟုတ် နောင်တရခြင်း တစ်စုံတစ်ရာကို မပြသခဲ့သည် သာမက သူချစ်သော သားသမီးများကို ဆုံးရှုံးရခြင်းကြောင့်လည်း စိတ်မထိန်းနိုင်ဖြစ်ကာ မျက်ရည်ကျငိုကြွေးခဲ့ခြင်း မရှိပေ။ ယင်းကဲ့သို့ မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူသည် သူ၏ ဝတ်လုံကို ဆုတ်ခဲ့သည်၊ သူ၏ ဦးခေါင်းကို ရိတ်ခဲ့သည်၊ မြေပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ခဲ့လေသည်။ ယောဘ၏ လုပ်ဆောင်ချက်များသည် သာမန် လူတစ်စုံတစ်ဦး၏ လုပ်ဆောင်ချက်များနှင့် မတူညီပေ။ ထိုလုပ်ဆောင်ချက်များသည် လူများစွာကို စိတ်ရှုပ်ထွေးစေပြီး ယောဘအား သူ၏ “သွေးအေးစက်မှု” အတွက်ကြောင့် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ အပြစ်ဖော်ဆုံးမစေသည်။ မိမိတို့၏ ပိုင်ဆိုင်မှုများကို ရုတ်တရက် ဆုံးရှုံးပါက သာမန်လူများသည် ဝမ်းနည်းပက်လက် ဖြစ်သည့်ပုံ သို့မဟုတ် မျှော်လင့်ချက်ကုန်သည့်ပုံ ပေါက်ကြမည်၊ သို့မဟုတ် အချို့လူများ၏ အခြေအနေတွင် ၎င်းတို့သည် အလွန် စိတ်ဓာတ်ကျခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် လူတို့၏ ဥစ္စာပစ္စည်းသည် တစ်ဘဝစာ ကြိုးစားမှုကို ကိုယ်စားပြုသည်၊ ထိုအရာအပေါ်တွင် ၎င်းတို့၏ ဆက်လက်ရှင်သန်မှု မူတည်သည်၊ ၎င်းသည် ၎င်းတို့အား ဆက်၍ အသက်ရှင်စေသော မျှော်လင့်ချက် ဖြစ်သည်၊ ၎င်းတို့၏ ဥစ္စာပစ္စည်း ဆုံးရှုံးခြင်းသည် ၎င်းတို့၏ ကြိုးပမ်းမှုများမှာ အချည်းနှီး ဖြစ်ခဲ့ရခြင်း၊ ၎င်းတို့၌ မျှော်လင့်ချက် မရှိခြင်းနှင့် အနာဂတ်ပင် မရှိခြင်း ဖြစ်သည်ဟူ၍ အဓိပ္ပာယ်ရသည်။ ဤသည်မှာ သာမန် လူတစ်စုံတစ်ဦးသည် ၎င်းတို့၏ ဥစ္စာပစ္စည်း အပေါ်ထားသည့် သဘောထားဖြစ်ပြီး ယင်းဥစ္စာပစ္စည်းနှင့်အတူ ရှိသည့် ၎င်းတို့ အနီးကပ် ဆက်နွှယ်မှုဖြစ်ပြီး ဤသည်မှာ လူတို့၏ အမြင်တွင် ဥစ္စာပစ္စည်း၏ တန်ခိုးရှိခြင်းလည်း ဖြစ်သည်။ ယင်းအကြောင်းကြောင့် လူအများစုသည် မိမိ၏ ဥစ္စာပစ္စည်း ဆုံးရှုံးခြင်းအပေါ် ယောဘ၏ အေးစက်သော သဘောထားကြောင့် စိတ်ရှုပ်ကြသည်။ ယောဘ၏ စိတ်နှလုံးအတွင်း မည်သည်တို့ ဖြစ်ပျက်နေခဲ့ကြောင်းကို ရှင်းလင်းပြခြင်းအားဖြင့် ဤလူအားလုံး၏ စိတ်ရှုပ်ထွေးခြင်းကို ယနေ့ ငါတို့ ပပျောက်စေမည် ဖြစ်သည်။

ယင်းကဲ့သို့ အလျှံအပယ်ဖြစ်သော ပိုင်ဆိုင်မှုများကို ပေးအပ်ထားခြင်းကို ခံရပြီးနောက် သူသည် ၎င်းတို့အား ကြည့်ရှုခြင်း သို့မဟုတ် စောင့်ရှောက်မှု မရှိခြင်း၊ ဘုရားသခင် ပေးခဲ့သော ပိုင်ဆိုင်မှုများကို မထိန်းသိမ်းခဲ့ခြင်းကြောင့် ဤပိုင်ဆိုင်မှုများကို ဆုံးရှုံးရသည့်အတွက် ယောဘသည် ဘုရားသခင်ရှေ့တွင် ရှက်ကြောက်သင့်ကြောင်း သာမန် လူပြိန်းအသိက ဆုံးဖြတ်ပေးသည်။ ထို့ကြောင့် သူ၏ ဥစ္စာပစ္စည်းများ အခိုးယူခံခဲ့ရကြောင်းကို ကြားသည့်အခါ သူ၏ ပထမဦးဆုံး တုံ့ပြန်မှုမှာ အခင်းဖြစ်သော နေရာသို့ သွားကာ ပျောက်နေသော အရာမှန်သမျှ၏ စာရင်းကိုယူရန် ဖြစ်ခဲ့သင့်သည်၊ ထို့နောက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို နောက်ထပ်တဖန် ရကောင်းရနိုင်ရန် ဘုရားသခင်ထံ အပြစ်ဝန်ချရန် ဖြစ်ခဲ့သင့်သည်။ သို့သော်လည်း ယောဘသည် ဤသို့မပြုခဲ့ဘဲ သူ၌ သဘာဝအလျောက် ထိုသို့ မပြုရခြင်း၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိခဲ့သည်။ ယောဘ၏ စိတ်နှလုံးထဲ၌ သူပိုင်ဆိုင်သမျှသည် သူ့အပေါ် ဘုရားသခင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး သူ၏ ကိုယ်ပိုင် အားထုတ်မှုကြောင့် ရလာခြင်း မဟုတ်ကြောင်းကို အလေးအနက် သူ ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူသည် ဤကောင်းချီးမင်္ဂလာများမှာ အမြတ်ထုတ်ရသည့် အရာတစ်စုံတစ်ခုအဖြစ် သူမမြင်ခဲ့ပေ၊ သို့သော် သူ၏ နေထိုင်စားသောက်ပုံ နိယာမများအဖြစ် သူ စွဲကိုင်ထားသင့်သော လမ်းခရီးကို ကျားကုတ်ကျားခဲ စွဲကိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မြတ်နိုးခဲ့ပြီး ကောင်းချီးခံစားရသည့်အတွက် ကျေးဇူးတော် ချီးမွမ်းခဲ့သည်၊ သို့သော်လည်း သူသည် ကောင်းချီးမင်္ဂလာများ အပေါ် စွဲလန်းခြင်းနှင့် နောက်ထပ် ကောင်းချီမင်္ဂလာများကို တောင်းခံခြင်း မရှိခဲ့ပေ။ ယင်းမှာ ဥစ္စာပစ္စည်းအပေါ်ထားသော သူ၏ သဘောထား ဖြစ်ခဲ့သည်။ ကောင်းချီးမင်္ဂလာများ ရရန်အလို့ငှာ တစ်စုံတစ်ခုကို သူမပြုခဲ့သည့်အပြင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ကင်းမဲ့ခြင်း သို့မဟုတ် ဆုံးရှုံးခြင်းကြောင့် စိုးရိမ်ခြင်း သို့မဟုတ် စိတ်ထိခိုက်ခြင်း မရှိခဲ့ပေ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကြောင့် သူသည် လွန်လွန်ကဲကဲ၊ အရူးအမူး ပျော်ရွင်ခဲ့ခြင်း မရှိသည့်အပြင် သူမကြာခဏ အကျိုးခံစားခဲ့ရသော ကောင်းချီးမင်္ဂလာများကြောင့် ဘုရားသခင်၏ လမ်းခရီးကို လျစ်လျူရှုခြင်း သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ကို မေ့လျော့ခြင်း မရှိခဲ့ပေ။ ဥစ္စာပစ္စည်းအပေါ် ယောဘ၏ သဘောထားသည် သူ၏ စစ်မှန်သော လူ့သဘာဝကို လူတို့အား ထုတ်ဖော်ပြသည်၊ ပထမဦးစွာ ယောဘသည် လောဘကြီးသော လူသားတစ်ဦး မဟုတ်ခဲ့သည့်အပြင် သူ၏ ရုပ်ဝတ္ထု ပေါကြွယ်ဝသော အသက်တာထဲတွင် နားပူနားဆာ မလုပ်ခဲ့ပေ။ ဒုတိယအနေဖြင့် ယောဘသည် သူ၌ ရှိသမျှကို ဘုရားသခင် ရုပ်သိမ်းမည်ကို စိုးရိမ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ၊ ၎င်းမှာ သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို နာခံသည့် သူ၏ သဘောထား ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ သူ့ထံမှ ဘုရားသခင်သည် မည်သည့် အချိန် သို့မဟုတ် ရုပ်သိမ်းခြင်း ပြုမည် မပြုမည်နှင့်ပတ်သက်၍ သူ၌ တောင်းဆိုချက်များ သို့မဟုတ် ညည်းညူချက်များ မရှိခဲ့သည့်အပြင် မည်သည့်အတွက်ကြောင့် ဟူ၍ အကြောင်းပြချက်ကိုလည်း မတောင်းခဲ့ဘဲ ဘုရားသခင်၏ အစီအစဉ်များကို နာခံရန်သာ ကြိုးပမ်းခဲ့သည်။ တတိယအနေဖြင့် သူ၏ ပိုင်ဆိုင်မှုများသည် သူ၏ ကိုယ်ပိုင် အားထုတ်မှုများမှ ရလာခြင်း ဖြစ်သည်ဟု မည်သည့်အခါမျှ သူမယုံကြည်ခဲ့ဘဲ ၎င်းတို့မှာ သူ့အပေါ် ဘုရားသခင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ယုံကြည်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယောဘ၏ ယုံကြည်ခြင်း ဖြစ်ခဲ့ပြီး သူ၏ ခံယူချက်ကို အရိပ်အမြွက်ပြချက် တစ်ခုဖြစ်သည်။ ယောဘ၏ လူ့သဘာဝနှင့် သူ၏ နေ့စဉ် စစ်မှန်သော လိုက်စားမှုတို့သည် သူ့အကြောင်းကို ဤအချက်သုံးချက်ပါ အကျဉ်းချုပ်ထဲတွင် ရှင်းပြခဲ့ခြင်း ရှိသလော။ ယောဘ၏ လူ့သဘာဝနှင့် လိုက်စားမှုတို့မှာ သူ၏ ဥစ္စာပစ္စည်းများ ဆုံးရှုံးခြင်းနှင့် ရင်ဆိုင်ခဲ့စဉ် သူ၏ အေးစက်သော ပြုမူပုံနှင့် တစ်သားတည်း ဖြစ်ခဲ့သည်။ ယောဘသည် သူ၏ နေ့စဉ် လိုက်စားမှုကြောင့် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နှုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟု ပြောရန် ဝိညာဉ်အသက်တာနှင့် ခံယူချက် ရှိခဲ့ခြင်း ဖြစ်သည်။ ဤစကားများမှာ ညတွင်းချင်း ရခဲ့ခြင်း မဟုတ်သကဲ့သို့ ၎င်းတို့သည် ယောဘ၏ခေါင်းထဲ၌ ရုတ်တရက် ပေါ်လာခဲ့ခြင်း မဟုတ်ပေ။ ၎င်းတို့မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော ဘဝအတွေ့အကြုံတစ်လျှောက် မြင်ခဲ့ပြီး ရခဲ့သော အရာများဖြစ်သည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရယူပြီး ၎င်းတို့ထံမှ ဘုရားသခင် သိမ်းမည်ကို ကြောက်ရွံ့သောသူ၊ ၎င်းကို မုန်းတီးပြီး ညည်းတွားသောသူ အားလုံးနှင့် နှိုင်းယှဉ်ပါက ယောဘ၏ နာခံခြင်းမှာ အလွန် စစ်မှန်သည် မဟုတ်လော။ ဘုရားသခင် တစ်ဆူရှိကြောင်းကို ယုံကြည်သော်လည်း ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်းကို မည်သည့်အခါမျှ မယုံကြည်ခဲ့သော သူအားလုံးနှင့် နှိုင်းယှဉ်ပါက ယောဘသည် ထူးကဲသော ရိုးသားမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ပိုင်ဆိုင်သည် မဟုတ်လော။

ယောဘ၏ ဆင်ခြင်တုံတရား

ယောဘ၏ အမှန်တကယ် အတွေ့အကြုံများနှင့် သူ၏ ဖြောင့်မတ်ပြီး ရိုးသားသော လူ့သဘာဝမှာ သူသည် သူ၏ ပိုင်ဆိုင်မှုများနှင့် သားသမီးများကို ဆုံးရှုံးခဲ့သည့်အခါ ယုတ္တိအတန်ဆုံးသော စီရင်ခြင်းနှင့် ရွေးချယ်မှုများကို ပြုခဲ့ကြောင်း အဓိပ္ပာယ်သက်ရောက်ခဲ့သည်။ ယင်းကဲ့သို့ ယုတ္တိတန်သော ရွေးချယ်မှုများနှင့် သူ၏ နေ့စဉ်နေ့တိုင်း ဘဝထဲမှ သူသိလာခဲ့သော သူ၏ နေ့စဉ် လိုက်စားမှုများနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ခွဲထုတ်၍ မရခဲ့ပေ။ ယောဘ၏ ရိုးသားခြင်းသည် သူ့အား ယေဟောဝါဘုရားသခင်၏ လက်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်း ယုံကြည်နိုင်စေခဲ့သည်၊ သူ၏ယုံကြည်မှုသည် အရာခပ်သိမ်းအပေါ်၌ ရှိသော ယေဟောဝါ၏ အချုပ်အခြာအာဏာကို သူ့အား သိစေရန် အခွင့်ပေးခဲ့သည်၊ သူ၏ အသိပညာသည် ယေဟောဝါ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံလိုစေပြီး နာခံနိုင်စေခဲ့သည်၊ သူ၏ နာခံခြင်းသည် ယေဟောဝါ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်း၌ သူ့အား ပို၍ ပို၍ စစ်မှန်စေခဲ့သည်၊ သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ မကောင်းမှု ရှောင်ခြင်း၌ ပို၍ ပို၍ စစ်မှန်စေခဲ့သည်၊ နောက်ဆုံးတွင် ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခဲ့ခြင်းကြောင့် စုံလင်လာခဲ့ပြီး သူ၏ စုံလင်ခြင်းသည် သူ့အား ဉာဏ်အမြော်အမြင်ရှိစေခဲ့ပြီး အဆုံးစွန်သော ဆင်ခြင်တုံတရားကို ပေးခဲ့သည်။

“ယုတ္တိတန်သော” ဟူသည့် ဤစကားလုံးကို ငါတို့ အဘယ်သို့ နားလည်သင့်သနည်း။ တိုက်ရိုက် အဓိပ္ပာယ်ကောက်ခြင်း ဆိုသည်မှာ ကောင်းသောအသိ ရှိခြင်း၊ ကျိုးကြောင်းဆီလျော်ခြင်းနှင့် တစ်စုံတစ်ဦး၏ အတွေးအခေါ်မှာ စဉ်းစားချင့်ချိန်တတ်ခြင်း၊ အခြေအမြစ်ရှိသော စကားများ၊ လုပ်ဆောင်မှုများရှိပြီး စီရင်တတ်ခြင်းနှင့် အခြေအမြစ်ရှိ၍ ပုံမှန် ကိုယ်ကျင့်တရား စံနှုန်းများကို ပိုင်ဆိုင်ခြင်းကို ဆိုလိုသည်။ သို့သော်လည်း ယောဘ၏ ဆင်ခြင်တုံတရားကို အလွန်လွယ်ကူစွာ ရှင်းပြထားခြင်း မရှိပါ။ ဤနေရာ၌ ယောဘသည် အဆုံးစွန်သော ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခဲ့သည်ဟု ဆိုသောအခါ ၎င်းမှာ သူ၏ လူ့သဘာဝနှင့် ဘုရားသခင်ရှေ့၌ သူ၏ပြုမူပုံတို့နှင့် ဆက်နွှယ်ထားခြင်း ဖြစ်သည်။ ယောဘသည် ရိုးသားခဲ့သည့်အတွက် သူသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ပြီး နာခံနိုင်ခဲ့သည်၊ ၎င်းမှာ အခြားသူများ မရနိုင်သော အသိအပညာ တစ်ခုကို သူ့အား ပေးခဲ့ပြီး ဤအသိပညာသည် သူ့အပေါ် ကျရောက်ခဲ့သည်တို့ကို ပို၍ မှန်ကန်စွာ သိမြင်ခြင်း၊ စီရင်ခြင်းနှင့် သတ်မှတ်ခြင်းတို့ကို ပြုနိုင်စေခဲ့ပြီး မည်သည်တို့ကို ပြုရန်နှင့် မည်သည်တို့ကို မြဲမြံစွာ ဆုပ်ကိုင်ရန် ရွေးချယ်ရာတွင် သူ့အား ပို၍ မှန်ကန်တိကျစေပြီး ထိုးထွင်းဆင်ခြင်နိုင်စေခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူ၏ စကားများ၊ အပြုအမူ၊ သူ၏ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများနှင့် သူကျင့်ဆောင်ခဲ့သော ကျင့်ဝတ်တို့မှာ ပုံမှန် ဖြစ်ခဲ့သည်၊ ရှင်းလင်းပြီး အတိအကျ ဖြစ်ခဲ့သည် သာမက ၎င်းတို့မှာ ကျိုးကြောင်းမမြင်ခြင်း၊ စိတ်လိုက်မာန်ပါဖြစ်ခြင်း သို့မဟုတ် စိတ်ခံစားမှုနှင့် သက်ဆိုင်ခြင်း မရှိခဲ့ပေ။ သူ့အပေါ် ကျရောက်ခဲ့သမျှကို မည်ကဲ့သို့ သဘောထားရမည်ကို သူသိခဲ့သည်၊ ခက်ခဲရှုပ်ထွေးသော ဖြစ်ရပ်များအကြားမှ ဆက်နွယ်မှုများကို မည်ကဲ့သို့ ဟန်ချက်ညှိပြီး ကိုင်တွယ်ရမည်ကို သူသိခဲ့သည်၊ မြဲမြံစွာ ဆုပ်ကိုင်ထားသင့်သော လမ်းခရီးကို မည်ကဲ့သို့ မြဲမြံစွာ ဆုပ်ကိုင်ထားရမည်ကို သူသိခဲ့သည်၊ ထိုမျှမက သူသည် ယေဟောဝါဘုရားသခင်၏ ပေးခြင်းနှင့် ရုပ်သိမ်းခြင်းအပေါ် မည်ကဲ့သို့ သဘောထားရမည်ကို သိခဲ့သည်။ ဤသည်မှာ ယောဘ၏ ဆင်ခြင်တုံတရားပင် ဖြစ်ခဲ့သည်။ ယောဘသည် ယင်းကဲ့သို့ ဆင်ခြင်တုံတရားဖြင့် အသင့်ပြင်ခဲ့ခြင်းကြောင့် သူ၏ပိုင်ဆိုင်မှုများနှင့် သူ၏သားများနှင့် သမီးများကို ဆုံးရှုံးခဲ့ရသည့်အခါ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နှုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟု သူဆိုခဲ့ခြင်း ဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။

ယောဘသည် ကိုယ်ခန္ဓာ၏ အလွန်ကြီးစွာသော နာကျင်မှုနှင့် သူ၏ ဆွေမျိုးသားချင်းနှင့် မိတ်ဆွေများ၏ ကန့်ကွက်မှုများကို ရင်ဆိုင်ခဲ့ရပြီး သေခြင်းနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ သူ၏ အမှန်တကယ်ဖြစ်သော ပြုမူပုံသည် အယောက်တိုင်းအား သူ၏ စစ်မှန်သော သဘောသဘာဝကို နောက်ထပ်တစ်ကြိမ် ထင်ရှားစွာ ပြသခဲ့သည်။

ယောဘ၏ စစ်မှန်သော သဘောသဘာဝ၊ လိမ်ညာမှု ကင်းပြီး စစ်မှန် ဖြူစင်ခြင်း

ယောဘ ၂:၇-၈ ကို ဖတ်ကြပါစို့- “သို့ဖြင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ ထွက်သွားပြီးလျှင် ယောဘကို ခြေဖဝါးမှ ဦးခေါင်းထိပ်ထိတိုင် အနာဆိုးပေါက်စေပြီး လုပ်ကြံလေ သည်၊ သူသည် ကိုယ်ကို ခြစ်ဖို့ အိုးခြမ်းကို ယူပြီးလျှင် မီးဖိုပြာထဲတွင် ထိုင်လေ၏။” ဤသည်မှာ ယောဘ၏ ကိုယ်ခန္ဓာပေါ်၌ ဆိုးသောအနာစိမ်းများ ပေါက်ခဲ့သည့်အခါ သူ၏ပြုမူပုံအကြောင်း ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် ပြာထဲ၌ ထိုင်ကာ နာကျင်မှုဝေဒနာကို သည်းခံလျက်နေခဲ့သည်။ မည်သူမျှ သူ့အား မကုသပေးခဲ့သည့်အပြင် သူ၏ ကိုယ်ခန္ဓာ နာကျင်မှုဝေဒနာ သက်သာစေရန် သူ့အား မည်သူမျှ မကူညီခဲ့ပေ၊ ထိုသို့မရှိခဲ့ဘဲ သူသည် ဆိုးသောအနာစိမ်းများ၏ အပေါ်ယံလွှာကိုခြစ်ရန် အိုးခြမ်းပဲ့ တစ်ခုကို အသုံးပြုခဲ့သည်။ အပေါ်ယံအားဖြင့် ဤသည်မှာ ယောဘခံရသော နှိပ်စက်ညှဉ်းပန်းခြင်းထဲမှ အဆင့်တစ်ခုမျှသာ ဖြစ်ခဲ့ပြီး သူ၏ လူ့သဘာဝနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဆက်နွှယ်ခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ယောဘသည် ဤအချိန်က သူ၏ စိတ်နေစိတ်ထားနှင့် အမြင်များကို ထင်ရှားစွာပြရန်အတွက် စကားမပြောခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ယောဘ၏ လုပ်ဆောင်မှုများနှင့် သူ၏ ပြုမူပုံသည် သူ၏ လူ့သဘာဝကို ဖော်ပြသော စစ်မှန်သည့် ဖော်ပြချက် တစ်ခုပင် ဖြစ်သေးသည်။ ယခင် အခန်း၏ မှတ်တမ်းထဲတွင် ယောဘသည် အရှေ့အရပ်မှ လူသားများ အားလုံးထဲတွင် အကြီးမြတ်ဆုံး ဖြစ်ခဲ့ကြောင်းကို ငါတို့ဖတ်ခဲ့ကြရသည်။ ဒုတိယ အခန်း၏ ဤစာပိုဒ်တွင် အရှေ့အရပ်၌ အကြီးမြတ်ဆုံးသော ဤလူသားသည် ပြာထဲ၌ ထိုင်နေစဉ် သူ့ကိုယ်သူ ခြစ်ရန် အိုးခြမ်းပဲ့ တစ်ခုကို အမှန်တကယ်ပင် ယူခဲ့ကြောင်းကို ငါတို့အား ပြသထားသည်။ ဤဖော်ပြချက် နှစ်ခုအကြားတွင် သိသာထင်ရှားသော ခြားနားချက်တစ်ခု ရှိသည်မဟုတ်လော။ ၎င်းမှာ ငါတို့အား ယောဘ၏ စစ်မှန်သော ဇာတိကိုပြသော ခြားနားချက် တစ်ခုပင် ဖြစ်သည်၊ သူ၏ဂုဏ်နှင့် အဆင့်အတန်းတို့မှာ ဂုဏ်သတင်းကျော်စောသော်လည်း သူသည် ၎င်းတို့ကို မည်သည့်အခါမျှ ချစ်ခဲ့ခြင်းနှင့် အာရုံစိုက်ခဲ့ခြင်း မရှိပေ၊ သူ၏ဂုဏ်ကို အခြားသူများ မည်ကဲ့သို့ ရှုမြင်ခဲ့ကြောင်းကို သူဂရုမစိုက်ခဲ့သည့်အပြင် သူ၏ လုပ်ဆောင်မှုများ သို့မဟုတ် ပြုမူပုံတို့သည် သူ၏ဂုဏ်အပေါ် အနှုတ်လက္ခဏာဆန်သော အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိမည် သို့မဟုတ် မရှိမည်ကို သူစိုးရိမ်ခဲ့ခြင်း မရှိပေ၊ ကြွယ်ဝချမ်းသာမှုများ၏ အဆင့်အတန်းထဲ၌ သူမွေ့လျော်ခဲ့ခြင်း မရှိသည့်အပြင် ဂုဏ်နှင့် အဆင့်အတန်းတို့ပါသော ထင်ပေါ်ကျော်ကြားမှုကို သူသာယာကြည်နူးခြင်း မရှိခဲ့ပေ။ ယေဟောဝါဘုရားသခင်၏ အမြင်တွင် သူ၏တန်ဖိုးနှင့် သူ၏ နေထိုင်အသက်ရှင်ခြင်း၏ အဓိပ္ပာယ်ကိုသာ သူဂရုစိုက်ခဲ့သည်။ ယောဘ၏ စစ်မှန်သော ဇာတိမှာ သူ၏ အနှစ်သာရပင် ဖြစ်ခဲ့သည်၊ သူသည် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို မချစ်ခဲ့သည့်အပြင် ကျော်ကြားမှုနှင့် အခွင့်အလမ်းအတွက် အသက်မရှင်ခဲ့ပေ၊ သူသည် လိမ်ညာမှု ကင်းပြီး စစ်မှန် ဖြူစင်ခဲ့သည်။

ချစ်ခြင်းနှင့် မုန်းခြင်းအပေါ် ယောဘ၏ ခွဲခြားမှု

ယောဘ၌ရှိသော လူ့သဘာဝ၏ အခြားသော တစ်ဖက်ခြမ်းကို သူနှင့် သူ၏ဇနီးအကြား အပြန်အလှန်ပြောသော ဤစကားထဲတွင် ထင်ရှားစွာပြသထားပါသည်၊ “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။ ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။” (ယောဘ ၂:၉-၁၀) ယောဘ ခံစားနေရသော နှိပ်စက်ညှဉ်းပန်းမှုကို မြင်တွေ့ရသည့် သူ၏ဇနီးက ယောဘအား သူခံရသော နှိပ်စက်ညှဉ်းပန်းမှုထဲမှ လွတ်မြောက်နိုင်ရန် ယောဘကို ကူညီ၍ အကြံဉာဏ်ပေးရန် ကြိုးစားခဲ့သည်၊ သို့သော်လည်း “ကောင်းသော စေတနာများ” မှာ ယောဘ၏ လက်ခံခြင်းကို မရခဲ့ဘဲ ၎င်းတို့သည် သူ၏ဒေါသကို မွှေနှောက်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူ့ဇနီးသည် ယေဟောဝါဘုရားသခင်၌ ရှိသော သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို ငြင်းပယ်ခဲ့သည့်အပြင် ယေဟောဝါဘုရားသခင်၏ တည်ရှိခြင်းကို ငြင်းပယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤအရာကို ယောဘ သည်းမခံနိုင်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်ကို ဆန့်ကျင်သော သို့မဟုတ် ထိခိုက်နာကျင်စေသောအရာ တစ်စုံတစ်ခုကို ပြုရန်၊ အခြားသူများ၏ အကြောင်း တစ်စုံတစ်ခုပြောရန် သူ့ကိုယ်သူ မည်သည့်အခါမျှ အခွင့်မပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်ကို ကျိန်ဆဲပြီး စော်ကားသော စကားများကို ပြောဆိုသည့် အခြားသူများကို သူမြင်သည့်အခါ သူသည် အဘယ်သို့ ဂရုမစိုက်ဘဲ နေနိုင်ခဲ့မည်နည်း။ ထို့ကြောင့် သူ၏ဇနီးအား “မိန်းမမိုက်” တစ်ဦးဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ ယောဘသည် သူ၏ဇနီးအပေါ်ထားသော သဘောထားမှာ ဒေါသနှင့် အမုန်းပါ၍ အပြစ်တင်ပြီး အပြစ်ဖော်ဆုံးမသည့် သဘောထားတစ်ခု ဖြစ်ခဲ့သည်။ ဤအရာမှာ ချစ်ခြင်းနှင့် မုန်းခြင်းအကြား ပိုင်းခြားသော ယောဘ၏ လူ့သဘာဝ၏ သဘာဝ ဖော်ပြချက် ဖြစ်ခဲ့ပြီး သူ၏ ဖြောင့်မတ်သော လူ့သဘာဝကို ကိုယ်စားပြုသော စစ်မှန်သည့် ကိုယ်စားပြုချက်တစ်ခု ဖြစ်ခဲ့သည်။ ယောဘသည် တရားမျှတသော အသိတစ်ခုကို ပိုင်ဆိုင်ခဲ့သည်၊ ၎င်းမှာ ဒီရေနှင့် လေကဲ့သို့ ကောက်ကျစ်စဉ်းလဲမှုကို မုန်းသော၊ ဖြစ်နိုင်အခြေမရှိသော မိစ္ဆာဒိဌိအယူ၊ အဓိပ္ပာယ်မရှိသော အငြင်းပွားမှုများနှင့် သဘာဝမကျသည့် အဆိုများကို စက်ဆုပ်ရွံရှာသော၊ ပြစ်တင်ရှုတ်ချပြီး ငြင်းပယ်သော အသိတစ်ခုဖြစ်ပြီး လူအများစု၏ ငြင်းပယ်ခြင်း သူနှင့် နီးကပ်ခဲ့သော သူများ၏ စွန့်ခွာခြင်းကို ခံခဲ့ရစဉ် စစ်မှန်သော သူကိုယ်တိုင်၊ မှန်ကန်သော နိယာမများနှင့် ရပ်တည်ချက်ကို သူ့အား ဆုပ်ကိုင်စေခဲ့သည်။

ယောဘ၏ ကြင်နာမှုနှင့် ရိုးသားမှု

ယောဘ၏ပြုမူပုံမှ သူ၏ လူ့သဘာဝဖြစ်သည့် အမျိုးမျိုးသော ရှု့ထောင့်များ၏ ဖော်ပြချက်ကို ငါတို့ မြင်နိုင်သောကြောင့် သူ၏ပါးစပ်ကိုဖွင့်၍ သူ၏မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲသောအခါ ယောဘ၏ မည်သည့် လူ့သဘာဝကို ငါတို့မြင်ကြရသနည်း။ ဤသည်မှာ ငါတို့အောက်တွင် ဝေငှပြောဆိုမည့် အကြောင်းအရာ ဖြစ်သည်။

အထက်တွင် ယောဘသည် သူ၏မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲရခြင်း၏ အကြောင်းရင်းများကို ငါပြောခဲ့ပြီးဖြစ်သည်။ ဤအထဲတွင် သင်တို့မည်သည့်အရာကို မြင်ရသနည်း။ အကယ်၍ ယောဘသည် စိတ်နှလုံးမာကြောပြီး ချစ်ခြင်းမေတ္တာ မရှိခဲ့ပါက၊ အကယ်၍ သူသည် အေးစက်ပြီး ခံစားချက်မဲ့ကာ လူ့သဘာဝ ကင်းမဲ့ခဲ့ပါက သူသည် ဘုရားသခင်၏ စိတ်နှလုံးအလိုကို ဂရုစိုက်နိုင်ခဲ့မည်လော။ ထို့အပြင် သူသည် ဘုရားသခင်၏ စိတ်နှလုံးကို ဂရုစိုက်သည့် ရလဒ်တစ်ခုကြောင့် သူ၏မွေးဖွားရာနေ့ရက်ကို သူစက်ဆုပ်ရွံရှာနိုင်ခဲ့မည်လော။ တစ်နည်းဆိုသော် အကယ်၍ ယောဘသည် စိတ်နှလုံးမာကြောပြီး လူ့သဘာဝ ကင်းမဲ့ခဲ့ပါက သူသည် ဘုရားသခင်၏ နာကျင်မှုကြောင့် စိတ်ဆင်းရဲနိုင်ခဲ့မည်လော။ ဘုရားသခင်သည် သူ့ကြောင့် စိတ်ထိခိုက်ခဲ့သည့်အတွက် သူသည် သူ၏မွေးဖွားရာ နေ့ရက်ကို ကျိန်ဆဲနိုင်ခဲ့မည်လော။ အဖြေမှာ လုံးဝမဟုတ်ပါ။ ယောဘသည် ကြင်နာတတ်သောသူဖြစ်ခဲ့သည့်အတွက် ဘုရားသခင်၏ စိတ်နှလုံးကို သူဂရုစိုက်ခဲ့သည်၊ ဘုရားသခင်၏ စိတ်နှလုံးကို သူဂရုစိုက်ခဲ့သည့်အတွက် ဘုရားသခင်၏ နာကျင်မှုကို သူသတိပြုမိခဲ့သည်၊ သူသည် ကြင်နာတတ်သည့် အတွက် ဘုရားသခင်၏ နာကျင်မှုကို သတိပြုမိခြင်း၏ ရလဒ်ကြောင့် ပို၍ကြီးသော နှိပ်စက်ညှဉ်းပန်းမှုကို ခံစားခဲ့ရသည်၊ ဘုရားသခင်၏ နာကျင်မှုကို သတိပြုမိခဲ့ခြင်းကြောင့် သူ၏မွေးဖွားရာနေ့ရက်ကို စတင်ကာ သူစက်ဆုပ်ရွံရှာလာသဖြင့် သူ၏ မွေးဖွားရာ နေ့ရက်ကို ကျိန်ဆဲခဲ့ခြင်းဖြစ်သည်။ အပြင်လူများအတွက် ယောဘ စမ်းသပ်မှုများကို ခံရစဉ်ကာလတစ်လျှောက်လုံး သူ၏ပြုမူပုံတစ်ခုလုံးမှာ စံပြဖြစ်သည်။ သူ၏မွေးဖွားရာနေ့ရက်ကို သူကျိန်ဆဲခြင်းသာလျှင် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်သည် သို့မဟုတ် မတူညီသော အကဲဖြတ်ချက် တစ်ခုကို ပေးခြင်းဖြစ်သည်။ အမှန်အားဖြင့် ဤသည်မှာ ယောဘ၏ လူ့သဘာဝ အနှစ်သာရ၏ အစစ်မှန်ဆုံးသော ဖော်ပြချက် ဖြစ်ခဲ့သည်။ သူ၏ လူ့သဘာဝ အနှစ်သာရမှာ ဖုံးကွယ်ထားခြင်း သို့မဟုတ် ထုပ်ပိုးထားခြင်း၊ သို့မဟုတ် အခြားသူ တစ်စုံတစ်ဦးက စိစစ်ပြင်ဆင်ခဲ့ခြင်း မဟုတ်ပေ။ သူ၏ မွေးဖွားရာနေ့ရက်ကို သူကျိန်ဆဲခဲ့သည့်အခါ သူ၏နက်ရှိုင်းသော အတွင်းစိတ်နှလုံးထဲမှ ကြင်နာမှုနှင့် ရိုးသားမှုတို့ကို ထင်ရှားစွာပြသခဲ့ခြင်း ဖြစ်သည်၊ သူသည် အလွန်သန့်ရှင်းပြီး အောက်ခြေကိုပင် မြင်ရသည့် ကြည်လင်ရှင်းသန့်သော ရေများရှိသည့် ရေကြည်စမ်း တစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။

ယောဘနှင့်ပတ်သက်၍ ဤအရာအားလုံးကို လေ့လာခဲ့ ပြီးသည့်နောက် လူအများစု၌ ယောဘ၏ လူ့သဘာဝ အနှစ်သာရအပေါ် အတန်အသင့် မှန်ကန်ပြီး မျှတသော အကဲဖြတ်ချက်တစ်ခု ရှိမည်မှာ ဧကန်အမှန် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ပြောခဲ့သော ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအပေါ် လေးနက်သော၊ လက်တွေ့ကျပြီး ပို၍ အဆင့်မြင့်သော နားလည်ခြင်းနှင့် အသိအမှတ်ပြုခြင်းလည်း ရှိသင့်သည်။ ဤနားလည်ခြင်းနှင့် အသိအမှတ်ပြုခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုရှောင်သော လမ်းခရီးကို စတင်လုပ်ဆောင်ရန် လူတို့အား အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ပါသည်။

ယောဘအား စာတန်ထံသို့ ဘုရားသခင် စွန့်ပစ်ခြင်းနှင့် ဘုရားသခင်အမှု၏ ရည်မှန်းချက်များအကြားရှိ ဆက်နွှယ်မှု

ယခုအခါ လူအများစုသည် ယောဘ စုံလင်ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှု ရှောင်ကြောင်းကို အသိအမှတ်ပြုကြသော်လည်း ဤသို့ အသိအမှတ်ပြုခြင်းသည် ၎င်းတို့အား ဘုရားသခင်၏ ရည်ရွယ်ချက်အပေါ် ပို၍ နက်ရှိုင်းသော နားလည်မှုကို မပေးချေ။ ယောဘ၏ လူ့သဘာဝနှင့် လိုက်စားမှုကို အားကျသည့် တစ်ချိန်တည်းတွင် ၎င်းတို့က ဤကဲ့သို့ မေးခွန်းကို ဘုရားသခင်အား မေးကြသည်၊ ယောဘသည် အလွန် စုံလင်ဖြောင့်မတ်ခဲ့သည်၊ သူ့ကို လူအများက မြတ်နိုးခဲ့ကြသည်၊ ထိုသို့ဆိုသော် ဘုရားသခင်သည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့အပ်၍ မြောက်မြားစွာသော နှိပ်စက်ညှဉ်းပန်းမှုကို ခံစေသနည်း။ ယင်းကဲ့သို့ မေးခွန်းများသည် လူများစွာတို့၏ စိတ်နှလုံးထဲ၌ တည်ရှိရန် နှောင်ဖွဲ့ထားသည်၊ အတိအကျဆိုပါက ဤသံသယသည် လူများစွာ၏ စိတ်နှလုံးများထဲမှ မေးခွန်းဖြစ်သည်။ ၎င်းသည် မြောက်မြားစွာသော လူတို့ကို ဝေခွဲမရ ဖြစ်စေခဲ့သည့်အတွက် ငါတို့သည် ဤမေးခွန်းကို စားပွဲပေါ်၌တင်ကာ ၎င်းကို ကောင်းစွာ ရှင်းပြရမည် ဖြစ်သည်။

ဘုရားသခင် ပြုသော အရာခပ်သိမ်းမှာ မရှိမဖြစ် လိုအပ်ပြီး အံ့မခန်းသော အဓိပ္ပာယ်ကို ပိုင်ဆိုင်သည်၊ အဘယ်ကြောင့်ဆိုသော် လူသားအထဲ၌ သူပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်၏အမြင်တွင် ယောဘသည် စုံလင်ဖြောင့်မတ်သော်လည်း သဘာဝအားဖြင့် ယောဘထဲ၌ ဘုရားသခင်ပြုခဲ့သော အမှုမှာ ကွဲပြားခြင်း မရှိပေ။ တစ်နည်းဆိုသော် ဘုရားသခင်သည် မည်သည့်အရာကို ပြုသည်ဖြစ်စေ သို့မဟုတ် မည်သည့်နည်းလမ်းဖြင့် သူပြုသည်ဖြစ်စေ၊ အဖိုးအခ မည်မျှဖြစ်စေ သို့မဟုတ် သူ၏ မည်သည့်ရည်မှန်းချက် ဖြစ်ပါစေ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လူသားအတွက် ဘုရားသခင်၏အလိုတို့ကို လူသားထဲ၌ ပုံသွင်းပေးရန် ဖြစ်သည်။ တစ်နည်းဆိုသော် ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို သူ၏ခြေလှမ်းများနှင့်အညီ လူသားထဲ၌ ပုံသွင်းပေးကာ၊ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေပြီး ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေ၍ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သူ့အားနာခံစေသဖြင့် လူအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ခြင်းကို ရရှိစေသည်၊ ထိုအရာအားလုံးမှာ ဘုရားသခင်ပြုသမျှထဲမှ သူ့ရည်ရွယ်ချက်၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားသောကဏ္ဍမှာ စာတန်သည် ဘုရားသခင်၏ အလုပ်ထဲ၌ အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သောကြောင့် လူသားသည် စာတန်ထံ မကြာခဏပေးခြင်းကို ခံရခြင်း ဖြစ်သည်၊ ဤသည်မှာ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများနှင့် တိုက်ခိုက်မှုများအကြားတွင် စာတန်၏ ကောက်ကျစ်စဉ်းလဲမှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို လူတို့မြင်စေရန်အတွက် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အပျက်သဘောဆောင်သောအရာကို သိနိုင်စေရန်နှင့် အသိအမှတ်ပြုနိုင်စေရန် ဖြစ်သည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ နားလည်မှုနှင့် နာခံမှုတို့နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းတို့၏ အကျိုးကျေးဇူးကြောင့် စာတန်၏ တိုက်ခိုက်မှုများနှင့် စာတန်၏ စွပ်စွဲမှုများကို အောင်မြင်သည်အထိ ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စာတန်၏ စွပ်စွဲမှုများ၊ ဝင်ရောက်နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ မိမိကိုယ်ကို တဖြည်းဖြည်း လွတ်မြောက်စေခွင့်ပေးလေသည်။ ထိုအခါမှသာလျှင် ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်မှ လုံးလုံးလျားလျား ကယ်ဆယ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်ဆယ်ခြင်း ဆိုသည်မှာ စာတန်သည် ရှုံးနိမ့်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်ပြီး၊ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲမှအစာ မဟုတ်တော့၊ စာတန်သည် ၎င်းတို့အား မျိုချရမည့်အစား လက်လွှတ်ခဲ့ရပြီဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယင်းကဲ့သို့ လူများမှာ ဖြောင့်မတ်တည်ကြည်ခြင်း၊ ၎င်းတို့၌ ယုံကြည်ခြင်း၊ နာခံခြင်းရှိ၍ ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကြောင့် ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်ဖြစ်စေပြီး အပြတ်အသတ် အနိုင်ယူကြသည်။ ဘုရားသခင်နောက်သို့လိုက်ရာတွင် ၎င်းတို့၏ခံယူချက်အပြင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ရယူခြင်းကို အစစ်အမှန်ခံခဲ့ရပြီဖြစ်ပြီး ၎င်းသည် လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အကယ်တင်ခံလိုပြီး ဘုရားသခင်၏ ရယူခြင်းကို အကြွင်းမဲ့ ခံလိုပါက ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ အကြီးနှင့် အငယ်နှစ်မျိုးလုံး ဖြစ်သော စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ကြရမည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်လာသောသူများနှင့် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်ထံ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ အလိုနှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောတူညီနိုင်သည့်အပြင် ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအကြားတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို ပစ်ပယ်ခြင်း မရှိကြပေ။ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာတတ်ကြသည်၊ ချစ်ခြင်းနှင့် အမုန်းကို ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့ထံ၌ တရားသော အသိတစ်ခုရှိပြီး ဆင်ခြင်ဆုံးဖြတ်နိုင်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်၏ အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ယင်းကဲ့သို့ လူများသည် စာတန်၏ ချုပ်နှောင်ခံရခြင်း၊ စောင့်ကြည့်ခံရခြင်း၊ စွပ်စွဲခံရခြင်း သို့မဟုတ် နှိပ်စက်ညှည်းပန်းခြင်းကို မခံရပေ၊ ၎င်းတို့သည် အကြွင်းမဲ့ လွတ်မြောက်ခြင်း ရှိကြသည်၊ ၎င်းတို့သည် အကြွင်းမဲ့ အချုပ်အနှောင်ကင်းပြီး လွှတ်ခြင်းကို ခံရသည်။ ယောဘသည် ယင်းကဲ့သို့ လွတ်မြောက်ခြင်း ရှိသော လူသားတစ်ဦးဖြစ်ပြီး ဤသည်မှာ ဘုရားသခင်သည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့ အပ်ခဲ့ရသည်ဟူသော ရည်ရွယ်ချက် အမှန်ပင် ဖြစ်သည်။

ယောဘသည် စာတန်၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရသော်လည်း သူသည် ထာဝရ လွတ်လပ်မှုနှင့် လွတ်မြောက်ခြင်းကိုလည်း ရခဲ့ပြီး စာတန်၏ ဖျက်ဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် စွပ်စွဲခြင်းများကို မည်သည့်အခါမျှ ထပ်မံ၍ မခံရတော့မည့်အခွင့်ကို ရခဲ့သည့်အပြင် ဘုရားသခင်၏ ထောက်ခံမှုအရ လွတ်လပ်စွာနှင့် ဝန်မပိစွာ အသက်ရှင်ရန်နှင့် သူ့အား ဘုရားသခင်ပေးသော ကောင်းချီးမင်္ဂလာများအကြားတွင် အသက်ရှင်ရန် အခွင့်ကို ရခဲ့သည်။ ဤအခွင့်ကို မည်သူမျှ နုတ်ယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်း သို့မဟုတ် ဝယ်ယူခြင်း မပြုနိုင်ခဲ့ပေ။ ယောဘ၏ ယုံကြည်ခြင်း၊ စိတ်ဆုံးဖြတ်ချက်နှင့် ဘုရားသခင်ကို နာခံ၍ ကြောက်ရွံ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် သူ့အား ပေးခဲ့ခြင်းဖြစ်သည်၊ ယောဘသည် မြေကြီးပေါ်တွင် ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းကိုရရန်၊ ကောင်းကင်ဘုံ၏ အပ်နှင်းခြင်းနှင့် မြေကြီး၏ အသိအမှတ်ပြုခြင်းကို ခံရသော အခွင့်နှင့် ခံစားပိုင်ခွင့်ကို ရရန်၊ ဖန်ဆင်းရှင်ကို ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် အနှောင့်အယှက်မရှိ ကိုးကွယ်ရန် သူ၏အသက်ကို အဖိုးအခ ပေးခဲ့သည်။ ယင်းမှာ ယောဘသည်းခံခဲ့ရသော စုံစမ်းနှောင့်ယှက်ခြင်းများ၏ အကြီးဆုံး ရလဒ်လည်း ဖြစ်ခဲ့သည်။

လူတို့သည် ကယ်တင်ခြင်းကို မခံရသေးမီ ၎င်းတို့၏ အသက်တာများသည် စာတန်၏ ဝင်ရောက် နှောင့်ယှက်ခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် မကြာခဏ ခံရသည်။ တစ်နည်းဆိုသော် ကယ်တင်ခြင်း မခံရသေးသော လူများသည် စာတန်၏ အကျဉ်းသားများ ဖြစ်ကြသည်၊ ၎င်းတို့၌ လွတ်မြောက်ခြင်း မရှိ၊ ၎င်းတို့သည် စာတန်၏ လက်လွှတ်ခြင်းကို မခံရကြပေ၊ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ရန် အရည်အချင်း မပြည့်မီကြပေ သို့မဟုတ် အခွင့်မရှိကြပေ၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ အနီးကပ် လိုက်ခြင်းနှင့် ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရသည်။ ယင်းကဲ့သို့ လူများ၌ ပျော်ရွှင်မှုအကြောင်း ပြောစရာ မရှိ၊ ၎င်းတို့၌ သာမန် တည်ရှိမှုအကြောင်း ပြောရန် အခွင့်မရှိ၊ ထိုမျှမက ၎င်းတို့၌ ဂုဏ်သိက္ခာအကြောင်း ပြောစရာ မရှိကြပေ။ သင်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား လက်နက်များအဖြစ် အသုံးပြုကာ စာတန်နှင့် သေခြင်းနှင့် ရှင်ခြင်း တိုက်ပွဲကို တိုက်ရန် ထ၍ တိုက်မှသာ သင်သည် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေကာ ၎င်းသည် သင့်ကို မြင်သည့်အချိန်တိုင်း လှည့်၍ ပြေးစေရန်နှင့် သူရဲဘောကြောင် ဖြစ်စေခြင်းကြောင့် ၎င်းသည် သင့်အပေါ် တိုက်ခိုက်မှုများနှင့် စွပ်စွဲချက်များကို လုံးလုံးလျားလျား စွန့်ပစ်မည်ဖြစ်သည်၊ ထိုအခါမှသာ သင်သည် ကယ်တင်ခြင်းကို ခံရလိမ့်မည် ဖြစ်၍ လွတ်မြောက်လာလိမ့်မည်။ အကယ်၍ သင်သည် စာတန်နှင့် အပြည့်အဝ အဆက်ဖြတ်ရန် စိတ်ဆုံးဖြတ်ပြီးသော်လည်း စာတန် ရှုံးနိမ့်စေရန် သင့်အား အထောက်အကူပေးမည့် လက်နက်များကို သင်အသင့်မပြင်ဆင် ရသေးပါက သင်သည် အန္တရာယ်ထဲ၌ ရှိသေးသည်၊ အချိန်ကုန်လွန်လာသည်နှင့်အမျှ စာတန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် သင့်အထဲ၌ ခွန်အား တစ်အောင်စမျှပင် ကျန်မည် မဟုတ်တော့ပေ၊ သို့သော်လည်း သင်၌ သက်သေခံနိုင်စွမ်း မရှိသေးဘဲ သင့်အား စာတန်၏ စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများထဲမှ သင့်ကိုယ်သင် လုံးလုံးလျားလျား လွတ်မြောက်စေခြင်း မရှိသေးချေ၊ ထိုအခါ သူ၌ ကယ်တင်ခြင်း မျှော်လင့်ချက် အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သည်။ အဆုံးတွင် ဘုရားသခင်၏ အမှုတော်ပြီးပြတ်ကြောင်း ကြေညာသည့်အခါ သင်သည် စာတန်၏ လက်ဆုပ်ထဲ၌သာ ဆက်ရှိနေကာ သင့်ကိုယ်သင် မလွတ်မြောက်နိုင်သဖြင့် သင်၌ မည်သည့်အခါမျှ အခွင့်အရေး သို့မဟုတ် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါ အဆုံး၌ ယင်းကဲ့သို့ လူများသည် စာတန်၏ အကျဉ်းချထားခြင်းကို လုံးလုံးလျားလျား ခံရမည်ဖြစ်သည်။

ဘုရားသခင်၏ စစ်ဆေးမှုများကို လက်ခံပါ၊ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အနိုင်ယူပြီး သင်၏ ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင် ရယူစေရန် ခွင့်ပြုပါ

လူအတွက် မဖျောက်ဖျက်နိုင်သော ထောက်ပံ့ခြင်းနှင့် ချီးမြှောက်ခြင်း အမှုကို လုပ်ဆောင်စဉ် အတောအတွင်း ဘုရားသခင်သည် သူ၏အလုံးစုံသော အလိုနှင့် သတ်မှတ်ချက်များကို လူအား ပြောပြပြီး သူ၏ လုပ်ဆောင်ချက်များ၊ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို ပြသသည်။ ရည်ရွယ်ချက်မှာ လူသားကို ဝိညာဉ်အသက်တာဖြင့် အသင့်ပြင်ဆင်ပေးရန်ဖြစ်ပြီး လူသားသည် သူ၏နောက်သို့ လိုက်လျှောက်နေစဉ် ဘုရားသခင်ထံမှ အမျိုးမျိုးသော သမ္မာတရားများကို ရစေရန်ဖြစ်သည်၊ ယင်းသမ္မာတရားများမှာ လူသားကို ဘုရားသခင်ပေးသော လက်နက်များဖြစ်၍ ၎င်းတို့ဖြင့် စာတန်ကို တိုက်ခိုက်ရန်ဖြစ်သည်။ ထိုကဲ့သို့ အသင့်ပြင်ဆင်ပြီး လူသားသည် ဘုရားသခင်၏ စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ လူသားကို စစ်ဆေးရန် ဘုရားသခင်၌ နည်းလမ်းများနှင့် လမ်းကြောင်းများ များစွာ ရှိသော်လည်း ၎င်းတို့ တစ်ခုချင်းစီတွင် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ “ပူးပေါင်းဆောင်ရွက်မှု” ကို လိုအပ်သည်။ တစ်နည်းအားဖြင့်ဆိုသော် စာတန်နှင့် တိုက်ရန် လက်နက်များကို လူသားအား ပေးပြီးသောအခါ ဘုရားသခင်သည် လူသားကို စာတန်ထံ အပ်နှံလိုက်ပြီး စာတန်အား လူသား၏ ဝိညာဉ်အသက်တာကို “စစ်ဆေး” စေသည်။ အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထိုးဖောက်နိုင်ပါက၊ သူသည် စာတန်၏ ဝန်းရံခြင်းမှ လွတ်မြောက်ပြီး ဆက်၍ ရှင်သန်နိုင်ပါက လူသားသည် စစ်ဆေးမှုကို အောင်မြင်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထွက်ရန် မအောင်မြင်ဘဲ စာတန်ထံ အညံ့ခံအရှုံးပေးပါက သူသည် စစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ပေ။ လူသား၏ မည်သည့် ရှုထောင့်ကိုမဆို ဘုရားသခင် စစ်ဆေးခြင်း ဖြစ်ပါစေ သူ၏ စစ်ဆေးခြင်း၏ စံသတ်မှတ်ချက်များမှာ လူသားသည် စာတန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အခါ သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိနှင့် သူသည် စာတန်၏ ကျော့ကွင်း၌ မိနေစဉ် ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ထံ အညံ့ခံပြီး နာခံခြင်း ရှိ မရှိ ဖြစ်သည်။ လူသားသည် ကယ်တင်ခြင်းကို ခံရမည် မခံရမည်မှာ သူသည် စာတန်ကို အောင်နိုင်၍ အနိုင်ယူနိုင်ခြင်း ရှိ မရှိအပေါ် မူတည်ပြီး သူသည် လွတ်မြောက်ခြင်းကို ရနိုင်ခြင်း ရှိ မရှိမှာ သူသည် စာတန်အား မျှော်လင့်ချက် လုံးလုံးလျားလျား စွန့်လွှတ်စေပြီး သူ့အား အနှောင့်အယှက် မပေးစေဘဲ စာတန်၏ ချုပ်နှောင်မှုကို ကျော်လွှားရန်အတွက် ဘုရားသခင် သူ့အား ပေးထားသော လက်နက်များကို သူကိုယ်တိုင် မနိုင်စွမ်း ရှိ မရှိအပေါ် မူတည်သည်ဟု ဆိုကောင်းဆိုနိုင်ပါသည်။ အကယ်၍ စာတန်သည် မျှော်လင့်ချက် စွန့်လွှတ်ပြီး တစ်စုံတစ်ဦးအား လက်လျှော့ပါက၊ ဤအရာမှာ စာတန်သည် ဤလူပုဂ္ဂိုလ်အား ဘုရားသခင်ထံမှယူရန် မည်သည့်အခါမျှ ထပ်မံ ကြိုးစားတော့မည် မဟုတ်ကြောင်း၊ ဤလူပုဂ္ဂိုလ်အား မည်သည့်အခါမျှ ထပ်မံစွပ်စွဲ၍ နှောင့်ယှက်တော့မည် မဟုတ်ကြောင်း၊ ၎င်းတို့အား မည်သည့်အခါမျှ ထပ်မံ၍ အကြောင်းမဲ့ နှိပ်စက်တော့မည် သို့မဟုတ် တိုက်ခိုက်တော့မည် မဟုတ်ကြောင်း ဆိုလိုခြင်းဖြစ်သည်၊ ဤကဲ့သို့သော လူတစ်စုံတစ်ဦးသာလျှင် ဘုရားသခင်၏ ရယူခြင်းကို စစ်မှန်စွာ ခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့အား ရယူသည့် နည်းစနစ် တစ်ခုလုံး ဖြစ်သည်။

နောင်လာမည့် မျိုးဆက်များကို ယောဘ၏ သက်သေခံချက်မှ ပေးသော သတိပေးချက်နှင့် ဉာဏ်အလင်း

ဘုရားသခင်သည် တစ်စုံတစ်ဦးကို လုံးလုံးလျားလျား ရယူသော နည်းစနစ်ကို နားလည်သည်နှင့် တစ်ချိန်တည်းတွင် ဘုရားသခင်သည် ယောဘကို စာတန်ထံ အပ်နှံခြင်း၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်ကို လူတို့ နားလည်ကြလိမ့်မည် ဖြစ်သည်။ လူတို့သည် ယောဘခံရသော ညှဉ်းပန်းမှုဒဏ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြတော့မည် မဟုတ်ဘဲ ၎င်း၏အဓိပ္ပာယ်အပေါ် အသစ်သော နားလည်မှုတစ်ခု ရှိကြမည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင် ယောဘကဲ့သို့ တူညီသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရမည်လောဟု မစိုးရိမ်ကြတော့သည့်အပြင် ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခြင်းကို ဆန့်ကျင်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုကြတော့မည် မဟုတ်ပေ။ စာတန်ကို အောင်မြင်ရာ၌ ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် သူ၏သက်သေခံချက်တို့သည် လူတို့အတွက် ကြီးမားသော အထောက်အကူနှင့် အားပေးတိုက်တွန်းမှု အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။ ယောဘထဲ၌ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကိုမြင်ကြပြီး ယုံကြည်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းအားဖြင့် စာတန်ကို အနိုင်ယူရန်နှင့် စာတန်ကို လွှမ်းမိုးရန် လုံးလုံးလျားလျား ဖြစ်နိုင်ခြေရှိကြောင်း မြင်ကြရသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံပြီး အရာခပ်သိမ်းကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင်လည်း ဘုရားသခင်ကို မစွန့်ပစ်သည့် စိတ်ဆုံးဖြတ်ချက်နှင့် ယုံကြည်ခြင်းရှိသည့် ကာလပတ်လုံး ၎င်းတို့သည် စာတန်ကို အရှက်ရစေပြီး အောင်မြင်နိုင်ကြောင်းကို မြင်ကြပြီး ၎င်းတို့သည် ၎င်းတို့၏ အသက်များကို ဆုံးရှုံးရပါကလည်း စာတန်ကြောက်လန့်ပြီး ဆုတ်ခွာစေရန် အတွက် ၎င်းတို့၏ သက်သေခံချက်ထဲတွင် မြဲမြံစွာ ရပ်တည်ရန် စိတ်ဆုံးဖြတ်ချက်နှင့် လုံ့လဝီရိယ ရှိရန်သာ လိုအပ်ကြောင်း မြင်ကြသည်။ ယောဘ၏ သက်သေခံချက်သည် နောင်လာမည့် မျိုးဆက်များအတွက် သတိပေးချက် တစ်ခု ဖြစ်ပြီး အကယ်၍ ၎င်းတို့သည် စာတန်ကို အနိုင်ယူခြင်း မရှိပါက စာတန်၏ စွပ်စွဲချက်များနှင့် နှောင့်ယှက်မှုများထဲမှ ၎င်းတို့ကိုယ်ကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်သည့်အပြင် စာတန်၏ တိုက်ခိုက်ခြင်းများနှင့် နှိပ်စက်ညှဉ်းပန်းခြင်းမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း ဤသတိပေးချက်က ပြောခြင်းဖြစ်သည်။ ယောဘ၏ သက်သေခံချက်သည် နောင်လာမည့် မျိုးဆက်များကို ဉာဏ်အလင်းပေးခဲ့သည်။ ဤဉာဏ်အလင်းက လူတို့အား အကယ်၍ ၎င်းတို့သည် စုံလင်ဖြောင့်မတ်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်မှသာလျှင် ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မည် ဖြစ်ကြောင်း၊ ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မှသာလျှင် ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းကို မည်သည့်အခါမျှ မခံရဘဲ ဘုရားသခင်၏ လမ်းပြမှုနှင့် ကာကွယ်မှုအောက်တွင် အသက်ရှင်ရမည် ဖြစ်ကြောင်းနှင့် ထိုအခါမှသာ ၎င်းတို့သည် ကယ်တင်ခြင်းကို အမှန် ခံရမည် ဖြစ်ကြောင်း သွန်သင်ပေးသည်။ ကယ်တင်ခြင်းကို လိုက်စားသောသူ အယောက်တိုင်းသည် ယောဘ၏ ပင်ကိုစရိုက်နှင့် သူ၏ ဘဝလိုက်စားမှုတို့ကို အတုယူသင့်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှု ရှောင်သည့် လမ်းခရီးကို လိုက်စားသောသူ အားလုံးအတွက် သူ၏ တစ်ဘဝလုံး အသက်ရှင်နေထိုင်မှုနှင့် စမ်းသပ်မှုများ ခံရစဉ်ကာလအတွင်း သူ၏ပြုမူပုံတို့မှာ အဖိုးထိုက်သော ရတနာတစ်ပါးပင် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။