ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
အပိုင်း တစ်
ယခင်အစည်းအဝေး၌ အလွန်အရေးကြီးသော အကြောင်းအရာကို ငါတို့မိတ်သဟာယဖွဲ့ခဲ့ကြပြီးဖြစ်သည်။ မည်သည့်အရာဆိုသည်ကို သင်တို့မှတ်မိကြသလော။ ငါထပ်ပြောဦးမည်။ ပြီးခဲ့သည့်အခေါက်၌ ငါတို့မိတ်သဟာယ ဖွဲ့ခဲ့သည့် အကြောင်းအရာမှာ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ယင်းသည် သင်တို့အတွက် အရေးကြီးသည့် ခေါင်းစဉ်ဖြစ်သလော။ မည်သည့်အပိုင်းက အရေးကြီးဆုံး ဖြစ်သနည်း။ ဘုရားသခင်၏ အမှုတော်လော၊ ဘုရားသခင်၏ စိတ်သဘောထားလော၊ သို့မဟုတ် ဘုရားသခင် ကိုယ်တော်တိုင်လော။ မည်သည့်အပိုင်းကို သင်တို့ စိတ်အဝင်စားဆုံးဖြစ်သနည်း။ မည်သည့်အပိုင်းကို သင်တို့ အကြားလိုဆုံးနည်း။ သင်တို့အတွက် ဤမေးခွန်းသည် အဖြေရခက်မည်ဆိုသည်ကို ငါသိသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားကို သူ့လုပ်ဆောင်မှု၏ ကဏ္ဍတိုင်း၌ တွေ့မြင်နေရသည့်အတွက် ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ စိတ်သဘောထားကို သူ၏လုပ်ဆောင်မှုများ အားဖြင့် နေရာတိုင်း၌ အစဉ်ထုတ်ဖော်ပြောကြားသည့်အတွက် အကျိုးဆက်အားဖြင့် ထိုစိတ်သဘောထားသည် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုလေသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အလုံးစုံ၌ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် တို့သည် တစ်ခုနှင့်တစ်ခု ခွဲထား၍မရပေ။
ပြီးခဲ့သည့်အခေါက်က ငါတို့မိတ်သဟာယဖွဲ့ခဲ့ကြသည့် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သော အကြောင်းအရာ ထဲတွင် ရှေးကာလက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် ဆိုင်သည့် သမ္မာကျမ်းစာထဲမှ ဖြစ်စဉ်များပါဝင်သည်။ ယင်းတို့သည် လူသားနှင့် ဘုရားသခင်အကြောင်း ပုံဝတ္ထုများပင် ဖြစ်သည်။ ထို့အပြင် ယင်းတို့သည် လူသားတို့၌ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအကြောင်းဖြစ်ပြီး ယင်းတို့အထဲ၌ ဘုရားသခင်၏ ပါဝင်ခြင်းနှင့် ထုတ်ဖော်ပြသခြင်းတို့လည်း တစ်ပြိုင်နက်ထဲ ပါဝင်သည်။ ထို့ကြောင့် ဤပုံဝတ္ထုများ၌ ဘုရားသခင်ကို သိကျွမ်းရန်အတွက် အထူးသီးသန့်တန်ဖိုးနှင့် အဓိပ္ပာယ်တို့ ပါဝင်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းအပြီး များမကြာမီတွင်ပင် လူသားနှင့် စတင်ထိတွေ့ဆက်ဆံကာ စတင်စကားပြောခဲ့သည်။ ထို့အပြင် သူ၏စိတ်သဘောထားကို လူသားတို့ထံ စတင်ဖွင့်ပြခဲ့သည်။ တစ်နည်းဆိုရသော် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် ပထမဆုံး စတင်ထိတွေ့ ဆက်ဆံသောအခါ သူ၏အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို တုံ့ဆိုင်းခြင်းမရှိဘဲ လူသားတို့အား ဖွင့်ချပြခဲ့သည်။ ကနဦးလူများ၊ သို့မဟုတ် ယခုကာလရှိ လူများသည် သိမြင်နားလည်နိုင်သည်ဖြစ်စေ၊ မသိမြင်နားမလည်နိုင်သည်ဖြစ်စေ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ဖွင့်ပြပြီး သူ၏အနှစ်သာရကို ဖော်ပြကာ လူများကို စကားပြောနေပြီး လူများအကြား၌ အလုပ်လုပ်နေသည်။ ဤသည်မှာ အမှန်တရား တစ်ခုဖြစ်ပြီး မည်သူမျှ ငြင်း၍မရပေ။ ဘုရားသခင်သည် အလုပ်လုပ်ပြီး လူသားနှင့် ထိတွေ့ဆက်ဆံသည်နှင့်အမျှ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် အဆက်မပြတ် ထွက်ပေါ်နေပြီး ထုတ်ဖော်ခြင်းကို ခံရသည်ဟုလည်း ယင်းအချက်က ဆိုလိုသည်။ လူသားများထံမှ မည်သည့်အရာကိုမျှ သူလုံးဝဝှက်မထား၊ သို့မဟုတ် ဖုံးကွယ်မထားဘဲ ထိုအစား သူ၏ကိုယ်ပိုင်စိတ်သဘောထားကို အများသိအောင် မခြွင်းမချန် ဖွင့်ချပြီး ထုတ်ဖော်ပြသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ့ကို လူသားများသိနိုင်ပြီး သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့ကို လူသားများနားလည်သဘောပေါက်နိုင်ဖို့ရန် မျှော်လင့်လေသည်။ သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ထာဝရနက်နဲသော အရာများအဖြစ် လူသားတို့အား မမှတ်ယူစေလိုသကဲ့သို့ ဘုရားသခင်ကို လုံးဝမဖြေရှင်းနိုင်သော ပဟေဠိတစ်ခုအဖြစ်လည်း သဘောမထားစေလိုပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို သိသည့်အခါမှသာ လူတို့သည် ရှေ့ဆက်တိုးရမည့် လမ်းခရီးကို သိနိုင်ကာ ဘုရားသခင်၏လမ်းပြမှုကို လက်ခံနိုင်မည်ဖြစ်ပြီး ဤကဲ့သို့သော လူသားမျိုးနွယ်သာလျှင် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ အမှန်တကယ် အသက်ရှင်နိုင်ကာ ဘုရားသခင်၏ ကောင်းချီးများအလယ်၊ အလင်းထဲ၌ အသက်ရှင်နိုင်မည် ဖြစ်သည်။
ဘုရားသခင်ထုတ်ပြန်ဖော်ပြထားသော နှုတ်ကပတ်တော်များ နှင့် စိတ်သဘောထားသည် သူ၏အလိုတော်ကို ကိုယ်စားပြုသည်၊ သူ၏အနှစ်သာရကိုလည်း ကိုယ်စားပြုသည်။ ဘုရားသခင်က လူသားနှင့် ထိတွေ့ဆက်ဆံသောအခါ မည်သည့်အရာကို သူပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် စိတ်သဘောထားကို သူဖော်ပြသည်ဖြစ်စေ၊ ထို့အပြင် ဘုရားသခင်၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူသားများက မည်ကဲ့သို့မြင်သည်ဖြစ်စေ ထိုအရာအားလုံးက လူသားများအတွက် ဘုရားသခင်၏အလိုတော်ကို ကိုယ်စားပြု သည်။ လူသားတို့အနေဖြင့် မည်မျှသဘောပေါက်နိုင်သည်ဖြစ်စေ၊ မည်မျှနားလည်နိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှသိရှိနိုင်သည် ဖြစ်စေ ထိုအရာအားလုံးက လူသားများအတွက် ဘုရားသခင်၏ အလိုတော်ကို ကိုယ်စားပြုသည်။ ဤအချက်ကို သံသယ ဝင်စရာမရှိပေ။ ဘုရားသခင်အနေဖြင့် လူတို့ကို မည်ကဲ့သို့ ဖြစ်စေလိုသည်၊ လူတို့အား မည်သည့်အရာကို လုပ်စေလိုသည်၊ မည်ကဲ့သို့အသက်ရှင်စေလိုသည်နှင့် သူ၏အလိုတော်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မည်ကဲ့သို့လုပ်ဆောင်စေလိုသည်တို့မှာ ဘုရားသခင်၏အလိုတော်ဖြစ်သည်။ ဤအရာတို့သည် ဘုရားသခင်၏အနှစ်သာရမှ ခွဲထုတ်၍မရသော အရာများဖြစ်သည် မဟုတ်လော။ တစ်နည်းဆိုရသော် ဘုရားသခင်သည် သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းအလုံးစုံကို ဖွင့်ပြပြီး တစ်ချိန်တည်း၌ပင် လူသားများအပေါ် တောင်းဆိုမှုများ ပြုလုပ်သည်။ မုသား၊ ဟန်ဆောင်မှု၊ ဖုံးကွယ်မှုနှင့် ချဲ့ကား ပြောဆိုမှုတို့ မရှိပေ။ သို့တိုင်အောင် လူသားသည် အဘယ်ကြောင့် မသိနိုင်ရသနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို လူသားသည် အဘယ်ကြောင့် တစ်ခါမျှ ရှင်းလင်းစွာ မသိမြင်နိုင်ရသနည်း။ လူသားသည် ဘုရားသခင်၏ အလိုတော်ကို အဘယ်ကြောင့် တစ်ခါမျှ သဘောမပေါက်သနည်း။ ဘုရားသခင်ထုတ်ဖော်ပြီး ထုတ်ပြသည့်အရာသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းဖြစ်ပြီး သူ့စိတ်သဘောထားအမှန်၏ အပိုင်းအစအားလုံးနှင့် ရှုထောင့်အားလုံးတို့ ဖြစ်သည့်တိုင် လူသားက အဘယ်ကြောင့် မမြင်နိုင်သနည်း။ လူသားက အဘယ်ကြောင့် နှံ့နှံ့စပ်စပ် မသိကျွမ်းနိုင်ဘဲ ရှိသနည်း။ ဤအတွက် အရေးကြီးသည့် အကြောင်းပြချက်တစ်ခုရှိသည်။ ထိုအကြောင်းပြချက်က အဘယ်အရာနည်း။ ဖန်ဆင်းခြင်းကာလကတည်းက လူသားသည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ လုံးဝသဘောမထားခဲ့ပေ။ အစကနဦးအချိန်များတွင် ဖန်ဆင်းခံထားရသည်မှာ မကြာသေးသည့် လူသားနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် မည်သည့်အရာကို ပြုခဲ့သည်ဖြစ်စေ လူသားအနေဖြင့် ဘုရားသခင်ကို အပေါင်းအဖော်တစ်ဦး၊ အားထားသူတစ်ဦးထက်ပိုပြီး သဘောမထားခဲ့ပေ။ ထို့ပြင် လူသား၌ ဘုရားသခင်ကို နားလည်သဘောပေါက်ခြင်း၊ သို့မဟုတ် သိကျွမ်းခြင်းလည်း မရှိခဲ့ပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသားသည် သူအားထားနေရပြီး သူ၏အပေါင်းအဖော်အဖြစ် သူမြင်သည့် ဤပုဂ္ဂိုလ်တော်က ထုတ်ပြန်ထားသည့်အရာသည် ဘုရားသခင်၏ အနှစ်သာရဖြစ်ကြောင်းကို မသိခဲ့ပေ။ ထို့အတူ ဤပုဂ္ဂိုလ်တော်သည် အရာခပ်သိမ်းကို အုပ်စိုးသူဖြစ်မှန်းလည်း သူမသိခဲ့ချေ။ ရှင်းရှင်းဆိုရလျှင် ထိုအချိန်က လူသားတို့သည် ဘုရားသခင်ကို လုံးဝ မသိခဲ့ကြပေ။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအားလုံးကို ဘုရားသခင်ဖန်ဆင်းထားမှန်း သူတို့မသိကြ။ အဘယ်အရပ်က ဘုရားသခင်လာသည်ကို သူတို့မသိနားမလည်ကြသည့်အပြင် သူ၏ဖြစ်ခြင်းကိုလည်း မသိနားမလည်ခဲ့ကြပေ။ မှန်ပေ၏၊ ထိုအချိန်က ဘုရားသခင်သည် သူ့ကို သိဖို့၊ နားလည်ဖို့ လူသားတို့ကို မတောင်းဆိုခဲ့ချေ၊ သို့မဟုတ် သူပြုခဲ့သည့် အရာအားလုံးကို နားလည်ဖို့၊ သို့မဟုတ် သူ၏အလိုတော်ကို နှံ့စပ်သိကျွမ်းဖို့ လူသားတို့ကို သူမတောင်းဆိုခဲ့ပေ။ အကြောင်းမှာ ထိုအချိန်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးစဖြစ်သည့် အစအဦးအချိန်များ ဖြစ်သောကြောင့်ဖြစ်သည်။ ပညတ်တော်ခေတ်၏ အလုပ်အတွက် ပြင်ဆင်မှုများကို ဘုရားသခင်စတင်ခဲ့သောအခါ လူသားအတွက် အချို့သောအရာများကို သူလုပ်ဆောင်ပေးခဲ့သည့်အပြင် ဘုရားသခင်ကို ပူဇော်သက္ကာများ မည်သို့ပေးလှူရမည်၊ မည်သို့ကိုးကွယ်ရမည်တို့ကို ပြောပြလျက် လူသားတို့အပေါ် တောင်းဆိုချက်များကိုလည်း သူချမှတ်ခဲ့သည်။ ထိုအခါမှသာ လူတို့သည် ဘုရားသခင်အကြောင်း ရိုးရှင်းသည့် အသိဉာဏ်အချို့ကို ရရှိခဲ့ကြသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသူဖြစ်ကြောင်းနှင့် လူသားနှင့် ဘုရားသခင်ကွာခြားပုံကို ထိုအခါမှသာ သိလာကြသည်။ လူက ဘုရားကို ဘုရားမှန်း၊ လူကို လူမှန်းသိလာသောအခါ သူနှင့် ဘုရားအကြားတွင် အကွာအဝေးအတန်ငယ် ရှိလာသည်။ သို့တိုင်အောင် ဘုရားသခင်သည် လူသားတို့အနေဖြင့် သူ့ကို လုံးဝရင်းနှီးကျွမ်းဝင်ရမည်၊ နက်နက်နဲနဲ သဘောပေါက်နားလည်ရမည်ဟု မတောင်းဆိုခဲ့သေးပေ။ ဤအကြောင်းကြောင့် ဘုရားသခင်သည် သူ့လုပ်ဆောင်မှု၏ အဆင့်များနှင့် အခြေအနေများအပေါ် မူတည်ပြီး မတူညီသည့် တောင်းဆိုမှုများကို ပြုလုပ်ခဲ့သည်။ ဤနေရာမှာ သင်တို့အဘယ်အရာကိုမြင်သနည်း။ ဘုရားသခင့် စိတ်သဘောထား၏ မည်သည့်ရှုထောင့်ကို သင်တို့သတိမူ မိသနည်း။ ဘုရားသခင်သည် အစစ်အမှန်ဖြစ်သလော။ လူသားကို ဘုရားသခင်တောင်းဆိုသည့်အရာများက သင့်တင့်လျောက်ပတ် သလော။ လူသားမျိုးနွယ်ကို ဘုရားသခင်ဖန်ဆင်းပြီးနောက် အစကနဦးအချိန်များတွင်၊ လူသားကို သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်းအမှုကို ဘုရားသခင်မထမ်းဆောင်ရသေးမီနှင့် လူသားကို နှုတ်ကပတ်တော်အမြောက်အမြား မပြောရသေးမီတွင် သူသည် လူသားထံမှ အနည်းငယ်သာ တောင်းဆိုခဲ့သည်။ လူသားအနေဖြင့် မည်သည့်အရာကို လုပ်ခဲ့သည်ဖြစ်စေ၊ မည်ကဲ့သို့ပြုမူခဲ့သည်ဖြစ်စေ၊ သူ့အနေဖြင့် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် အရာအချို့ကို လုပ်ဆောင်ခဲ့လျှင်ပင် ဘုရားသခင်သည် ထိုအရာအားလုံးကို ဗွေမယူဘဲ ခွင့်လွှတ်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားကို သူပေးထားသည့်အရာနှင့် လူသားထဲ၌ ရှိသည့်အရာကို သိသည့်အတွက်ကြောင့်ဖြစ်ပြီး ထိုအကြောင်းကြောင့်ပင် လူသားအပေါ် ချမှတ်သင့်သည့် သတ်မှတ်ချက်စံနှုန်းများကို သူသိခြင်းဖြစ်သည်။ ထိုအချိန်က သူ၏သတ်မှတ်ချက် စံနှုန်းများသည် နိမ့်သော်လည်း သူ၏စိတ်သဘောထားသည် မကြီးမြတ်ဟု မဆိုလိုပေ၊ သို့မဟုတ် သူ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးရှိမှုက တန်ဖိုးမဲ့သော စကားလုံးများသာဖြစ်သည်ဟု မဆိုလိုပေ။ လူသားအတွက် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်ကို သိနိုင်သော နည်းတစ်နည်းသာ ရှိသည်။ ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လူသားတို့ကို ကယ်တင်ခြင်းအလုပ်အဆင့်များကို လိုက်လျှောက်ခြင်း၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များကို လက်ခံခြင်းဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကိုသိပြီး ဘုရားသခင်၏ စိတ်သဘောထားကို သိပါက သူသည် ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို ပြသပေးဖို့ ဘုရားသခင်အား တောင်းဆိုနေဦးမည်လော။ မဟုတ်ပေ၊ သူတောင်းဆိုလိမ့်မည် မဟုတ်၊ တောင်းဆိုဝံ့လိမ့်မည်ပင်မဟုတ်။ အကြောင်းမှာ ဘုရားသခင်၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို နားလည်သဘောပေါက်ထားသည့်အတွက် လူသားသည် စစ်မှန်သည့် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သူ၏စစ်မှန်သော ဇာတိအဖြစ်တော်ကို တွေ့မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ဖြစ်၏။ ဤသည်မှာ မြေကြီးလက်ခတ် မလွဲသော ရလဒ်ပင်ဖြစ်၏။
ဘုရားသခင်၏ အမှုတော်နှင့် အကြံအစည်တော်သည် စဉ်ဆက်မပြတ် ရှေ့ဆက်သွားနေသည်။ ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာလောကကို မည်သည့်အခါမျှ ဖျက်ဆီးတော့မည် မဟုတ်ကြောင်း လက္ခဏာအဖြစ် သက်တံကို လူသားနှင့် ပဋိညာဉ်ပြုပြီးနောက် ဘုရားသခင်သည် သူနှင့်စိတ်နှလုံး တစ်စိတ်တစ်ဝမ်းတည်းရှိနိုင်သူကို ရရှိဖို့ တိုး၍အရေးကြီးလာသော စိတ်ဆန္ဒရှိသည်။ မြေကြီးပေါ်တွင် သူ၏အလိုတော်ကို လုပ်ဆောင်နိုင်သူတို့ကို ရယူရန်အပြင် စာတန်ချည်နှောင်ခြင်း မခံရဘဲ အမှောင်ထု၏ စွမ်းအားများမှ ချိုးဖျက်နိုင်သူ လူတစ်စု၊ ကမ္ဘာမြေပေါ်တွင် သူ့ကို သက်သေခံနိုင်သူ လူတစ်စုကို ရယူရန် ပို၍ကြီးမားပြင်းပြသော ဆန္ဒလည်းရှိသည်။ ဤသို့သောလူတစ်စုကို ရယူခြင်းသည် ဘုရားသခင်၏ ကြာမြင့်နေပြီဖြစ်သော ဆန္ဒဖြစ်သည်၊ ဖန်ဆင်းခြင်းကတည်းက သူလိုလားနေခဲ့သော အရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ လောကကိုဖျက်ဆီးဖို့ ရေလွှမ်းမိုးစေမှု သို့မဟုတ် လူသားနှင့် ပြုထားသည့် ပဋိညာဉ်မှလွဲပြီး ဘုရားသခင်၏အလိုတော်၊ စိတ်သဘောတည်ဆောက်ပုံ၊ အကြံအစည်နှင့် မျှော်လင့်ချက်အားလုံးသည် ယခင်အတိုင်းသာ ရှိနေသည်။ ဖန်ဆင်းခြင်း မတိုင်ခင်ကတည်းက သူတောင့်တခဲ့သော အရာဖြစ်သည့် သူလုပ်လိုခဲ့သောအရာသည် လူသားများအကြား သူရယူလိုသည့်လူတစ်စုကိုရယူဖို့၊ သူ၏စိတ်သဘောထားကိုသိပြီး နားလည်သဘောပေါက်နိုင်ကာ သူ၏အလိုတော်ကို နားလည်သောလူတစ်စု၊ သူ့ကို ကိုးကွယ်နိုင်သော လူတစ်စုကို ရယူဖို့ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်စုသည် သူ့ကို အမှန်တကယ် သက်သေခံနိုင်ပြီး၊ သူတို့သည် သူ၏လူယုံများဖြစ်သည်ဟု ပြော၍ရသည်။
ယနေ့ ဘုရားသခင်၏ ခြေလှမ်းများနှင့် သူ့အမှု၏ အဆင့်များကို ခြေရာပြန်ကောက်ကြည့်ကြစို့၊ ထိုသို့အားဖြင့် ငါတို့သည် ဘုရားသခင်၏ အတွေးများ၊ အကြံအစည်များ၊ ဘုရားသခင်နှင့် ပြုလုပ်ရမည့် အရာရာတိုင်းနှင့် အကြာကြီး “ဂိုထောင်ထဲ ထည့်သိမ်းထား” သည့်အရာအားလုံးကို ဖော်ထုတ်ကောင်းဖော်ထုတ်နိုင်မည်။ ဤအရာများအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို သိပြီး၊ ဘုရားသခင်၏ အနှစ်သာရကို နားလည်လာနိုင်သည်၊ ဘုရားသခင်ကို ငါတို့နှလုံးသားထဲဝင်ခွင့်ပြုပြီး တစ်ယောက်ချင်းစီသည် ဘုရားသခင်ထံမှ မကွာဝေးစေတော့ဘဲ တဖြည်းဖြည်းချင်း နီးကပ်လာမည်ဖြစ်သည်။
ပြီးခဲ့သောအချိန်တုန်းက ဘုရားသခင်သည် လူသားနှင့် အဘယ်ကြောင့် ပဋိညာဉ်ဖွဲ့သည်ကို ပြောခဲ့ကြသည်။ ယခု အောက်မှာဖော်ပြထားသည့် ကျမ်းပိုဒ်များနှင့် မိတ်သဟာယဖွဲ့ကြစို့။ ကျမ်းပိုဒ်များကို စဖတ်ကြစို့။
က။ အာဗြဟံ
၁။ ဘုရားသခင်က အာဗြဟံကို သားပေးမည်ဟု ကတိပေးသည်
ကမ္ဘာ ၁၇:၁၅-၁၇ တဖန် ဘုရားသခင်က သင်၏မယား စာရဲကိုမူကား စာရဲဟူသောအမည်ဖြင့် မခေါ်ရ။ စာရာဟူသောအမည်ဖြင့် ခေါ်ရ၏။ သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်။ အကယ်စင်စစ် သူ့ကိုကောင်းကြီးပေး၍ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏ အမျိုးအနွှယ်၌လည်း အပြည်ပြည်သောရှင်ဘုရင် ဖြစ်ရကြလိမ့်မည်ဟု အာဗြဟံအားမိန့်တော်မူ၏။ ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် အသက်တစ်ရာရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကိုဖွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်။
ကမ္ဘာ ၁၇:၂၁-၂၂ သို့သော်လည်း နောင်နှစ်ချိန်းချက်သောအချိန်တွင် စာရာသည် သင့်အားဖွားလတံ့သော သားဣဇာတ်၌ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင် မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည် တက်ကြွတော်မူ၏။
၂။ အာဗြဟံက ဣဇာတ်ကို ပူဇော်သည်
ကမ္ဘာ ၂၂:၂-၃ သင်သည် အလွန်ချစ်သော တယောက်တည်းသော သားဣဇာတ်ကို ယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။ အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသားဣဇာတ်နှင့် ငယ်သားနှစ်ယောက်ကို ခေါ်၍ ယဇ်ရှို့စရာထင်းကို ခွဲပြီးမှ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။
ကမ္ဘာ ၂၂:၉-၁၀ ထိုသို့နှစ်ယောက်အတူသွား၍ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင် သားဣဇာတ်ကိုချည်နှောင်၍ ယဇ်ပလ္လင်၌ ထင်းကိုတင်ထား၏။ မိမိလက်ကိုဆန့်၍ သားကိုသတ်ခြင်းငှါ ဓါးကို ကိုင်ယူလေ၏။
ဘုရားသခင် ပြုလုပ်မည်ဟု ဆုံးဖြတ်ထားသည့် အမှုကို မည်သူမျှ မတားဆီးနိုင်ပါ
သင်တို့အားလုံး အာဗြဟံအကြောင်း ယခုပင် ကြားကြသည်။ လောကကြီးရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခြင်း ခံရပြီးနောက် ဘုရားသခင်က သူ့ကိုရွေးကောက်ခဲ့သည်။ သူ့နာမည်က အာဗြဟံဖြစ်သည်။ သူ့အသက်တစ်ရာ၊ သူ၏မိန်းမက ကိုးဆယ်ရှိသောအခါ ဘုရားသခင် ကတိတော်က သူ့ထံလာသည်။ ဘုရားသခင်က သူ့ကို မည်သည့်ကတိကို ပေးခဲ့သနည်း။ ဘုရားသခင်သည် “သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်” ဟူသည့် ကျမ်းပိုဒ်ကို ကတိပေးခဲ့သည်။ သူ့ကို သားပေးမည့် ဘုရားသခင် ကတိတော်၏ နောက်ခံက အဘယ်အရာနည်း။ ကျမ်းစာက ဤကဲ့သို့ ပြောထားသည်၊ “အာဗြဟံသည် ပျပ်ဝပ်လျက် အသက်တစ်ရာရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်”။ တစ်နည်းဆိုရပါက ဤအရွယ်အိုမောင်နှံသည် ကလေးမွေးဖို့ရန် အသက်ကြီးလွန်းသည်။ ဘုရားသခင်က ကတိပြုပြီးနောက် အာဗြဟံ မည်သည့်အရာကို လုပ်ခဲ့သနည်း။ သူပျပ်ဝပ်လျက် ရယ်မောကာ “အသက်တစ်ရာရှိသောသူသည် သားကို ရလိမ့်မည်လော” ဟု သူ့ကိုယ်သူပြောခဲ့သည်။ ယင်းမှာ မဖြစ်နိုင်ဟု အာဗြဟံက ယုံခဲ့သည်၊ ဆိုလိုသည်မှာ ဘုရားသခင် သူ့ကိုပြုသည့် ကတိတော်က ဟာသတစ်ခုထက် ဘာမျှမပိုဟု ယုံကြည်ခဲ့သည်။ လူ့အမြင်မှကြည့်ပါက လူက ဤသည်ကိုလုပ်၍မရသကဲ့သို့ပင် ဘုရားသခင်အတွက်လည်း မလုပ်ယူနိုင်၊ မဖြစ်နိုင်ပေ။ အာဗြဟံအတွက်မူ ၎င်းမှာ ရယ်စရာဖြစ်ကောင်း ဖြစ်နေနိုင်ခဲ့သည်။ ဘုရားသခင်က လူသားကို ဖန်ဆင်းခဲ့သည်။ သို့တိုင်အောင် အရွယ်အလွန်အိုသူက ကလေးမွေးနိုင်စွမ်းမရှိသည်ကို ကိုယ်တော်မသိဘဲ ဖြစ်နေသည်၊ ကျွန်ုပ်ကို ကလေးမွေးရန် ခွင့်ပြုနိုင်လိမ့်မည်ဟု ကိုယ်တော်ထင်နေသည်၊ ကျွန်ုပ်ကို သားတစ်ယောက်ပေးမည်ဟု ကိုယ်တော်ပြောတော့သည်။ ယင်းမှာ လုံးဝမဖြစ်နိုင်ပေ။ သို့နှင့် အာဗြဟံက ပျပ်ဝပ်ပြီး ရယ်သည်။ သူထင်သည်မှာ မဖြစ်နိုင်ပေ၊ ဘုရားသခင် ကျွန်ုပ်ကို နောက်နေခြင်းပင်။ ယင်းက မမှန်နိုင်ဟုဆိုကာ ဘုရားသခင် နှုတ်ကပတ်တော်များကို အလေးအနက်မထားခဲ့ပေ။ ဘုရားသခင်၏အမြင်တွင် အာဗြဟံက မည်ကဲ့သို့လူစားမျိုးနည်း။ (ဖြောင့်မတ်သူ ဖြစ်ပါသည်။) သူက ဖြောင့်မတ်သူဟု မည်သည့်နေရာမှာ ပြောထားသနည်း။ ဘုရားသခင် ခေါ်သောသူ၊ ဘုရားသခင်နှင့် လျှောက်လှမ်းသူ အားလုံးကို ဖြောင့်မတ်သူ၊ စုံလင်သောသူဟု သင်တို့ထင်ကြသည်။ သင်တို့ အယူဝါဒစွဲနေကြသည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို ခေါ်သောအခါ စိတ်ကူးပေါက်ရာ မခေါ်ဆိုသည်ကို သင်တို့ရှင်းလင်းစွာ မြင်တွေ့ရမည်။ ဤနေရာတွင် ဘုရားသခင်က အာဗြဟံကို ဖြောင့်မတ်သည်ဟု မပြောပေ။ ဘုရားသခင်၏နှလုံးသားထဲမှာ လူတိုင်းကို တိုင်းတာသော စံနှုန်းများရှိသည်။ ဘုရားသခင်က အာဗြဟံသည် မည်ကဲ့သို့သော လူစားဖြစ်သည်ကို မပြောခဲ့သော်လည်း သူ၏အကျင့်စရိုက်အရ အာဗြဟံသည် ဘုရားသခင်နှင့်ပတ်သက်ပြီး မည်သို့သော ယုံကြည်ခြင်းမျိုး ရှိခဲ့သနည်း။ အနည်းငယ် ယေဘုယျဆန်သလော။ သို့မဟုတ် သူ့ယုံကြည်ခြင်းကြီးခဲ့သလော။ မဟုတ်ပေ၊ မကြီးခဲ့ချေ။ သူ၏ရယ်သံနှင့် အတွေးအခေါ်များသည် သူမည်သူဆိုသည်ကို ဖော်ပြနေသည်။ ထို့ကြောင့် သူက ဖြောင့်မတ်သည်ဟူသည်မှာ သင်တို့၏စိတ်ကူးအထင်မျှသာဖြစ်သည်။ အယူဝါဒကို မျက်ကန်းခံယူချက်ဖြစ်သည်။ နမော်နမဲ့ ဆန်းစစ်ချက်ဖြစ်သည်။ အာဗြဟံ ရယ်ခြင်းနှင့် သူ၏မျက်နှာအမူအရာလေးများကို ဘုရားသခင် သိမြင်သလော။ ဘုရားသခင်သိခဲ့သည်။ သို့သော် ဘုရားသခင်သည် သူလုပ်မည်ဟု ဆုံးဖြတ်ထားသည်ကို ပြောင်းမည်လော။ မပြောင်းပေ။ ဤလူကို ရွေးမည်ဟု ဘုရားသခင် အကြံအစည်ရှိပြီး ဆုံးဖြတ်ထားသောအခါ ကိစ္စက အထမြောက်ပြီးပြီဖြစ်သည်။ လူသားအတွေးအခေါ်ရော သူ၏အကျင့်စရိုက်ကပါ ဘုရားသခင်ကို စိုးစဉ်းမျှပင် မလွှမ်းမိုးနိုင် အနှောင့်အယှက် မပေးနိုင်ပေ။ ဘုရားသခင်က သူ၏အစီအစဉ်ကို စိတ်ကူးပေါက်ရာမပြောင်းသကဲ့သို့ မိုက်မဲပင် မိုက်မဲနိုင်သော လူသား၏အကျင့်စရိုက်ကြောင့် သူ၏အစီအစဉ်ကို မပြောင်းပေ သို့မဟုတ် ကမောက်ကမ မဖြစ်စေပေ။ ကမ္ဘာဦးကျမ်း ၁၇:၂၁-၂၂ ထဲ၌ အဘယ်အရာ ရေးထားသနည်း။ “သို့သော်လည်း နောင်နှစ်ချိန်းချက်သောအချိန်တွင် စာရာသည် သင့်အားဖွားလတံ့သော သားဣဇာတ်၌ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင် မိန့်တော်မူသံငြိမ်း၍ ဘုရားသခင်သည် အာဗြဟံထံမှ တက်ကြွတော်မူ၏။” ဘုရားသခင်က အာဗြဟံ မည်သည်ကိုပြောသည်၊ မည်သည်ကိုတွေးသည်ကို စိုးစဉ်းမျှ အလေးအနက်မထားခဲ့ပါ။ မည်သည့်အကြောင်းကြောင့် အရေးမပြုခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ဘုရားသခင်က လူသားကို ယုံကြည်ခြင်းကြီးဖို့၊ ဘုရားသခင်ကို ကောင်းကောင်းသိနိုင်ဖို့၊ ဘုရားသခင် ပြောခဲ့သည့်အရာနှင့် လုပ်ခဲ့သည့်အရာကို နားလည်နိုင်ဖို့ မတောင်းဆို၍ဖြစ်သည်။ ထို့ကြောင့် လူသား၏ ဝိညာဉ်အသက်တာမှာ မလုံလောက်၍ သူလုပ်ဖို့ရန် ဆုံးဖြတ်ထားသည့်အရာ၊ သို့မဟုတ် ရွေးချယ်ရန် သူဆုံးဖြတ်ထားသည့်လူများ၊ သူ့လုပ်ဆောင်ချက်များ၏မူများကို အပြည့်အဝနားလည်ဖို့ လူသားကို သူမတောင်းဆိုခဲ့ချေ။ ထိုအချိန်က အာဗြဟံ အဘယ်အရာပင်လုပ်ခဲ့သည်ဖြစ်စေ သူ့ကိုယ်သူ မည်ကဲ့သို့ပြုမူသည်ဖြစ်စေ ဘုရားသခင်က သာမန်အဖြစ် မှတ်ယူခဲ့သည်။ မရှုတ်ချခဲ့၊ အပြစ်ဖော်ကာ မဆုံးမခဲ့ချေ။ “နောင်နှစ်ချိန်းချက်သောအချိန်တွင် စာရာက သင့်အား ဣဇာတ်ကိုဘွားလတံ့” ဟုသာ ပြောခဲ့သည်။ ဘုရားသခင်အဖို့ ဤနှုတ်ကပတ်တော်များကို ပြောအပြီး ဤကိစ္စ တဆင့်ပြီးတဆင့် တကယ်ဖြစ်လာသည်။ ဘုရားသခင်၏ အမြင်တွင် သူ၏အစီအစဉ်အားဖြင့် ဖြစ်လာမည့်အရာသည် အထမြောက်နှင့်ပြီးဖြစ်သည်။ ဤအတွက် အစီအစဉ်များကို ပြုပြီးသည့်နောက် ဘုရားသခင် ထွက်သွားသည်။ လူသား လုပ်သည့်အရာ သို့မဟုတ် တွေးသည့်အရာ၊ လူသားနားလည်သည့်အရာ၊ လူသား၏ အစီအစဉ်များ စသည်တို့သည် ဘုရားသခင်နှင့် မည်သို့မျှ မသက်ဆိုင်ပါ။ အရာရာတိုင်း ဘုရားသခင် အစီအစဉ်အရ ဘုရားသခင် ချမှတ်ထားသော အဆင့်အတိုင်း၊ အချိန်အခါအတိုင်း ဆက်သွားသည်။ ဤသည်မှာ ဘုရားသခင် အမှု၏မူဖြစ်သည်။ ဘုရားသခင်က လူသား အဘယ်အရာတွေးတွေး၊ အဘယ်အရာသိသိ မနှောင့်ယှက်ပါ။ သို့သော် လူသားက မယုံကြည် နားမလည်၍ သူ၏အစီအစဉ်ကိုလည်း မဖျက်ပေ။ သို့မဟုတ် သူ၏အမှုကိုလည်း မစွန့်လွှတ်ပေ။ ထို့ကြောင့် အဖြစ်မှန်များသည် ဘုရားသခင်၏ အစီအစဉ်နှင့် အတွေးများအရ ဖြစ်မြောက်သည်။ ကျမ်းစာထဲ၌ ရှင်းရှင်းလင်းလင်းတွေ့ရသည်မှာ ဤအရာဖြစ်သည်။ ဘုရားသခင်က သူချိန်းချက်ထားသောအချိန်၌ ဣဇာတ်ကို မွေးဖွားစေခဲ့သည်။ လူသား အကျင့်စရိုက်နှင့် အပြုအမူက ဘုရားသခင်၏ အမှုတော်ကို တားဆီးသည်ဆိုသည်ကို အချက်အလက်များက သက်သေပြုသလော။ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့က မတားဆီးနိုင်ချေ။ ဘုရားသခင်အပေါ် လူသား၏ သေးငယ်သော ယုံကြည်ခြင်း၊ သူ၏အယူအဆများနှင့် စိတ်ကူးတို့သည် ဘုရားသခင်၏ အမှုတော်ကို သက်ရောက်မှုရှိစေသလော။ မရှိပေ။ နည်းနည်းလေးမျှပင် မရှိပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို မည်သည့်လူသား၊ မည်သည့်ကိစ္စ၊ မည်သည့်ဝန်းကျင်မျှ မသက်ရောက်စေပါ။ သူလုပ်မည်ဟု ဆုံးဖြတ်ထားသည့်အရာ အားလုံးမှာ သူ၏အစီအစဉ်အတိုင်း အချိန်မီ ပြည့်စုံကာ အထမြောက်လိမ့်မည်။ ထို့ပြင် သူ၏အမှုကို မည်သည့်လူသားမျှ မနှောင့်ယှက်နိုင်ပါ။ ဘုရားသခင်သည် လူသား၏မိုက်မဲမှုနှင့် မသိနားမလည်မှု၏ အချို့သော ရှုထောင့်များနှင့် သူ့အပေါ် လူသား၏ ခုခံမှုနှင့် အယူအဆများကိုပင် သူလုပ်ရမည့်အရာကို တွန့်ဆုတ်မနေဘဲ လုပ်ဆောင်လျက် လျစ်လျူရှုထားသည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်ပြီး သူ၏ အကန့်သတ်မဲ့သောတန်ခိုး၏ ထင်ဟပ်မှုတစ်ခုဖြစ်သည်။
ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုနှင့် လူသားကို ကယ်တင်ခြင်းသည် အာဗြဟံ၏ ဣဇာတ်ကို ပေးလှူရာတွင် စတင်သည်
အာဗြဟံကို ဘုရားသခင် သားပေးသောအခါ အာဗြဟံကို ဘုရားသခင် ပြောသော နှုတ်ကပတ်တော်များ ပြည့်စုံသွားသည်။ ဘုရားသခင်၏ အစီအစဉ်သည် ဤမှာရပ်သည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အားဖြင့်ပြောရပါက ဘုရားသခင်၏ ကြီးမားသော စီမံခန့်ခွဲမှု အစီအစဉ်နှင့် လူသားကို ကယ်တင်ခြင်းသည် စခါစပင် ရှိသေးပြီး အာဗြဟံကို သားတစ်ဦး ကောင်းချီးပေးသည်မှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ နိဒါန်းသာ ရှိပါသေးသည်။ ထိုအချိန်မှာ အာဗြဟံက ဣဇာတ်ကို ပေးလှူသောအခါ ဘုရားသခင်၏ စာတန်နှင့် စစ်ပွဲသည် တိတ်တဆိတ် စတင်လိုက်ပြီကို မည်သူသိခဲ့သနည်း။
ဘုရားသခင်သည် လူသားမိုက်မဲသည်ကို ဂရုမစိုက်ပေ၊ လူသားမှန်ကန်ဖို့သာ တောင်းဆိုသည်
ဆက်လက်၍ ဘုရားသခင်က အာဗြဟံကို အဘယ်အရာပြုသည်ကို ကြည့်ကြစို့။ ကမ္ဘာဦးကျမ်း ၂၂:၂ တွင် ဘုရားသခင်က အောက်ပါအမိန့်အား အာဗြဟံကို ပေးခဲ့သည်။ “သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသော သားဣဇာတ်ကို ယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။” ဘုရားသခင် ဆိုလိုချက်က ရှင်းသည်။ အာဗြဟံချစ်သော တစ်ဦးတည်းသောသား ဣဇာတ်ကို မီးရှို့ရာယဇ် ပူဇော်ရန် သူပြောနေခြင်းဖြစ်သည်။ ယင်းအရာကို ယနေ့ကြည့်ပါက ဘုရားသခင်၏ အမိန့်က လူသား၏ အယူအဆများနှင့် ကွဲပြားနေသလော။ ကွဲပြားသည်။ ထိုအချိန်က ဘုရားသခင် လုပ်ခဲ့သည့်အရာများအားလုံးက လူသားအယူအဆများနှင့် ဆန့်ကျင်နေပြီး လူသားအတွက် နားမလည်နိုင်ခဲ့ပေ။ သူတို့၏ အယူအဆများထဲ၌ လူများက အောက်ပါတို့ကို ယုံသည်။ လူသားက မယုံကြည်ဘဲ မဖြစ်နိုင်ဟု ထင်သောအခါ ဘုရားသခင်က သူ့ကို သားတစ်ဦး ပေးခဲ့သည်။ သူသားတစ်ယောက်ရပြီး သူ၏သားကို ဘုရားသခင်က ပူဇော်ဖို့တောင်းသည်။ မယုံကြည်နိုင်စရာ ကောင်းလေစွ။ ဘုရားသခင် အမှန်တကယ် အဘယ်အရာကိုလုပ်ရန် ရည်ရွယ်သနည်း။ ဘုရားသခင်၏ တကယ့်ရည်ရွယ်ချက်က မည်သည့်အရာနည်း။ သူက အာဗြဟံကို အခြေအနေနှင့် မဆိုင်ဘဲ သားပေးခဲ့သည်။ သို့တိုင် သူက အာဗြဟံကို အခြေအနေနှင့်မဆိုင် အလှူတောင်းပြန်သည်။ အင်မတန်လွန်ကဲနေသလော။ ဘေးလူတစ်ယောက်၏ အမြင်အရ ဤသည်မှာလွန်ကဲလွန်းသည့်အပြင် “ဘာမျှမရှိသည့်နေရာမှာ ပြဿနာရှာနေ” သကဲ့သို့ပင် ဖြစ်သည်။ သို့သော် အာဗြဟံကိုယ်တိုင်က ဘုရားသခင် အလွန်အကျူးတောင်းနေသည်ဟု မထင်ခဲ့ပေ။ အရေးမပါသည့် အတွေးများ ရှိခဲ့ပြီး၊ ဘုရားသခင်ကို အနည်းငယ် သံသယဝင်ခဲ့သော်လည်း ယဇ်ပူဇော်ဖို့ ပြင်ဆင်ခဲ့သည်။ ဤအချက်မှာ အာဗြဟံသည် သူ၏သားကို ပူဇော်လိုသည်ဆိုသည့် သက်သေတွေ့မိသလော။ ဤစာကြောင်းများ၌ ဘာပြောထားသနည်း။ မူရင်း စာသားထဲမှာ ဤကဲ့သို့ပြောထားသည်။ “အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသားဣဇာတ်နှင့် ငယ်သားနှစ်ယောက်ကို ခေါ်၍ ယဇ်ရှို့စရာထင်းကို ခွဲပြီးမှ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။” (ကမ္ဘာ ၂၂:၃) “ထိုသို့နှစ်ယောက်အတူသွား၍ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင် သားဣဇာတ်ကိုချည်နှောင်၍ ယဇ်ပလ္လင်၌ ထင်းကိုတင်ထား၏။ မိမိလက်ကိုဆန့်၍ သားကိုသတ်ခြင်းငှါ ဓါးကို ကိုင်ယူလေ၏။” (ကမ္ဘာ ၂၂:၉-၁၀) အာဗြဟံက သူ၏လက်ကိုဆန့်ထုတ်ပြီး သူ၏သားကိုသတ်ဖို့ ဓါးကိုကိုင်သောအခါ သူ၏လုပ်ရပ်များကို ဘုရားသခင်မြင်သလော။ မြင်ခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ဣဇာတ်အား ပူဇော်ဖို့တောင်းချိန်မှ အာဗြဟံက သူ၏သားကို သတ်ဖို့ အမှန်တကယ် ဓါးမြှောက်ချိန်အထိ ဖြစ်စဉ်တစ်ခုလုံးသည် ဘုရားသခင်ကို အာဗြဟံ၏ နှလုံးသားအား ပြခဲ့သည်။ ယခင်က သူ၏မိုက်မဲမှု၊ မသိနားမလည်မှုနှင့် ဘုရားသခင်ကို နားလည်မှုလွဲမှုများ မည်ကဲ့သို့ရှိသည် ဖြစ်ပါစေ ထိုအချိန်က အာဗြဟံ၏နှလုံးသားသည် ဘုရားသခင်အတွက် မှန်ကန်သည်၊ ရိုးသားခဲ့သည်။ ဘုရားသခင်ပေးခဲ့သည့်သား ဣဇာတ်ကို ဘုရားသခင်ထံ သူအမှန်တကယ်ပြန်ပေးမည်ပြုခဲ့သည်။ သူ့ထံ၌ ဘုရားသခင် လိုချင်ခဲ့သည့် နာခံခြင်းအစစ်အမှန်ကို ဘုရားသခင် တွေ့ခဲ့ရသည်။
လူ့အနေနှင့် ဘုရားသခင်သည် နားမလည်နိုင်သည့် မယုံကြည်န်ုင်လောက်အောင်ပင် ထူးခြားသည့်အရာကို ပြုသည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို စီစဉ်ညွှန်ကြားလိုသောအခါ ဤစီစဉ်ညွှန်ကြားချက်က လူသား၏ အယူအဆများနှင့် မကြာခဏ ဆန့်ကျင်ပြီး လူသားအတွက် နားမလည်နိုင်ပေ။ သို့တိုင် ဤသဘောကွဲလွဲမှုနှင့် နားမလည်နိုင်မှုတို့သည် ဘုရားသခင်၏ လူသားကို စစ်ဆေးမှုနှင့် စမ်းသပ်မှုတို့ပင် ဖြစ်သည်။ အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းဖို့ အခြေခံအကျဆုံးဖြစ်သည့် ဘုရားသခင်အား နာခံမှုကို သူ့အတွင်း၌ ပြနိုင်ခဲ့သည်။ ထို့နောက်မှ အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို နာခံသောအခါ၊ ဣဇာတ်ကို ပူဇော်သောအခါ ဘုရားသခင်သည် သူရွေးချယ်ထားသည့် အာဗြဟံဟူသော လူသားဆီက သေချာမှု၊ အတည်ပြုမှုကို ခံစားခဲ့ရသည်။ ထို့နောက်မှသာ ဘုရားသခင်သည် သူရွေးချယ်ထားသည့် ဤသူမှာ သူ၏ကတိတော်နှင့် နောက်ဆက်တွဲ စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်နိုင်မည့် မရှိမဖြစ် ခေါင်းဆောင်ဖြစ်သည်ဟု သေချာခဲ့သည်။ ၎င်းသည် စစ်ဆေးခြင်းနှင့် စမ်းသပ်မှုသာ ဖြစ်သော်လည်း ဘုရားသခင်က ကျေနပ်နှစ်သက်မှုကို ခံစားခဲ့ရသည်။ သူ၏အပေါ် လူသား၏ ချစ်မေတ္တာကို ခံစားခဲ့ရပြီး ယခင်က မရှိခဲ့ဘူးသော နှစ်သိမ့်မှုမျိုးကို လူသားထံမှ ရရှိခဲ့သည်။ အာဗြဟံက ဣဇာတ်ကို သတ်ဖို့ ဓားထုတ်သည့်အခိုက်တွင် ဘုရားသခင်က သူ့ကို တားခဲ့သလော။ ဘုရားသခင်က ဣဇာတ်အသက်ကို နှုတ်ယူဖို့ အကယ်ပင် မရည်ရွယ်ခဲ့သည့်အတွက် အာဗြဟံကို ဣဇာတ်အား ပူဇော်ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံကို အချိန်မီ တားခဲ့သည်။ ဘုရားသခင်အတွက် အာဗြဟံ၏ နာခံမှုက စမ်းသပ်မှုကို အောင်မြင်နှင့်ပြီ ဖြစ်သည်။ သူလုပ်ခဲ့သည့်အရာမှာ လုံလောက်ပြီး ဘုရားသခင်က သူပြုလုပ်ဖို့ ရည်ရွယ်ထားသည့်အရာ၏ ရလဒ်ကို မြင်နှင့်ပြီး ဖြစ်သည်။ ဤရလဒ်က ဘုရားသခင်ကို ကျေနပ်စေသလော။ ဤရလဒ်က ဘုရားသခင်ကို ကျေနပ်စေသည်ဟု ပြော၍ရသည်။ ၎င်းက ဘုရားသခင် လိုလားသည့်အရာ၊ ကြာမြင့်စွာကတည်းက ဘုရားသခင် မြင်လိုသည့်အရာ ဖြစ်သည်ဟု ပြော၍ရသည်။ မှန်ပါသလော။ အခြေအနေအမျိုးမျိုးမှာ ဘုရားသခင်က လူတစ်ဦးချင်းစီအတွက် မတူညီသည့် စစ်ဆေးချက်များ သုံးပါသော်လည်း၊ အာဗြဟံထံ၌ ဘုရားသခင်က သူအလိုရှိသည့်အရာကို မြင်ခဲ့သည်။ အာဗြဟံ၏ နှလုံးသားက မှန်ကန်ပြီး သူ၏နာခံမှုက အကြွင်းမဲ့ဖြစ်သည်ကို တွေ့ခဲ့သည်။ ဤ “အကြွင်းမဲ့” မှာ ဘုရားသခင် လိုချင်သည့်အရာပင် ဖြစ်သည်။ လူများက ဤအရာကို ကျွန်ုပ်ပေးလှူပြီးပြီ၊ ထိုအရာကို ကျွန်ုပ်စွန့်လွှတ်ပြီးပြီ ဘုရားသခင် ကျွန်ုပ်ကို အဘယ်ကြောင့် မကျေနပ်သနည်းဟု မကြာမကြာပြောတတ်သည်။ စစ်ဆေးမှုများ အဘယ်ကြောင့် ကျွန်ုပ်ကို လုပ်နေသေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို စစ်ဆေးနေသေးသနည်းဟု မကြာမကြာပြောတတ်ကြသည်။ ဤအရာက အချက်တချက်ကို ပြသည်။ ဘုရားသခင်က သင့်နှလုံးသားကို မမြင်သေး။ သင့်နှလုံးသားကို သူမရသေး။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အာဗြဟံက သူ၏သားကို သူ့လက်နှင့်သတ်ဖို့ ဓားကိုကိုင်မြှောက်ပြီး ဘုရားသခင်ကို ပူဇော်ဖို့လုပ်သောအချိန်ကကဲ့သို့ ထိုရိုးသားမှုကို သူမတွေ့သေး။ သူက သင်၏အကြွင်းမဲ့နာခံမှုကို မတွေ့သေး။ သင့်အားဖြင့် နှစ်သိမ့်ခြင်းကို မခံရသေး။ ဤသို့ဆိုလျှင် ဘုရားသခင် သင့်ကို စမ်းသပ်နေသည်မှာ သဘာဝကျသည်။ ယင်းက မမှန်သလော။ ဤခေါင်းစဉ်ကို ဤမှာပဲ ရပ်မည်။ ဆက်လက်၍ “အာဗြဟံအတွက် ဘုရားသခင်၏ ကတိတော်” ကိုဖတ်ကြစို့။
၃။ အာဗြဟံအတွက် ဘုရားသခင်၏ ကတိတော်
ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။
ဤအရာသည် အာဗြဟံအတွက် ဘုရားသခင်၏ ပြီးပြည့်စုံသည့် ကောင်းချီးမင်္ဂလာ ဖြစ်သည်။ တိုတောင်းသော်လည်း ပါဝင်သည့်အကြောင်းအရာက ကြွယ်ဝသည်။ အာဗြဟံအတွက် ဘုရားသခင်၏ လက်ဆောင်အတွက် အကြောင်းရင်း၊ နောက်ခံနှင့် အာဗြဟံကို ဘုရားသခင် မည်သည့်အရာပေးသည်ဟူသည့်အရာများ ပါဝင်သည်။ ၎င်းသည် ဤနှုတ်ကပတ်တော်များကို ဘုရားသခင် မိန့်မြွက်သည့် ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့နှင့် ပြည့်လျှမ်းနေပြီး သူ၏နှုတ်ကပတ်တော်များကို နားထောင်နိုင်သည့်သူများကို ရယူလိုသော သူ့တောင့်တမှု၏ အရေးတကြီးဖြစ်မှုနှင့်လည်း ပြည့်လျှမ်းနေသည်။ ဤနေရာမှာ သူ၏နှုတ်ကပတ်တော်များကို နာခံပြီး သူ၏အမိန့်များကို လိုက်လျှောက်သူတို့အပေါ် ဘုရားသခင်၏ ချစ်ခင်မှုနှင့် ကြင်နာမှုကို တွေ့ရသည်။ ထိုနည်းတူပင် လူများကို ရယူဖို့ သူပေးသည့် အဖိုးအခ၊ သူတို့ကို ရခြင်းငှာ ထားသည့် ဂရုစိုက်မှုနှင့် အတွေးများကို ငါတို့တွေ့ရသည်။ ထို့အပြင် “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟူသော နှုတ်ကပတ်တော်များပါဝင်သည့် ကျမ်းပိုဒ်သည် သူ၏စီမံခန့်ခွဲမှု အစီအစဉ် နောက်ကွယ်က သူ၏အမှု၌ ဘုရားသခင် တစ်ဦးတည်း ခံရသော ပြင်းထန်သည့် နာကျင်မှု၊ ခါးသီးမှုနှင့် ပတ်သက်၍ အားကောင်းသော အသိတရားကို ပေးသည်။ ဤအရာက စဉ်းစားမိအောင် စေ့ဆော်ပေးသော ကျမ်းပိုဒ်ဖြစ်ပြီး နောင်လာသည့် သူများအတွက် ထူးခြားသည့် အရေးပါမှုရှိပြီး အနှံ့အစပ် သက်ရောက်မှုရှိသည့် ကျမ်းပိုဒ်တစ်ခုဖြစ်သည်။
လူသားသည် သူ၏ရိုးသားမှုနှင့် နာခံမှုကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိသည်
ဖတ်ခဲ့သည့် ကျမ်းပိုဒ်မှာ အာဗြဟံကို ဘုရားသခင်ပေးခဲ့သည့် ကောင်းချီးမင်္ဂလာမှာ ကြီးမားသလော။ မည်မျှကြီးမားသနည်း။ ဤနေရာ၌ အဓိက ဝါကျတစ်ကြောင်းရှိသည်၊ “မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟူသည့် ဝါကျက အာဗြဟံသည် ယခင်ကရော နောက်ကလူများ မည်သူမျှ မရဖူးသည့် ကောင်းချီးကို ရရှိခြင်းကို ပြသည်။ ဘုရားသခင် တောင်း၍ အာဗြဟံက သူ၏ တစ်ဦးတည်းသော သူချစ်မြတ်နိုးရသော သားကို ဘုရားသခင်ထံ ပြန်ပေးသောအခါ (မှတ်ရန်- ဤနေရာမှာ “ပူဇော်” ဟုမသုံးဘဲ သူ၏သားကို ဘုရားသခင်ထံ ပြန်ပေးသည်ဟု သုံးသင့်သည်) ဘုရားသခင်က အာဗြဟံကို ဣဇာတ်ပူဇော်ခွင့်မပြုဘဲ ကောင်းချီးပေးခဲ့သည်။ မည်သည့်ကတိတော်နှင့် အာဗြဟံကို ကောင်းချီးပေးခဲ့သနည်း။ သူ၏အမျိုးအနွယ်ကို ပွားများစေမည်ဟူသည့် ကတိတော်ဖြစ်သည်။ ၎င်းတို့ကို မည်မျှအထိ ပွားများမည်နည်း။ “...မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟု ကျမ်းစာက ဤကဲ့သို့ရေးထားသည်။ ဘုရားသခင်က မည်ကဲ့သို့ အခြေအနေမျိုးမှာ ဤနှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့သနည်း။ တစ်နည်းဆိုရလျှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို အာဗြဟံ မည်ကဲ့သို့ ရခဲ့သနည်း။ ဘုရားသခင်က ကျမ်းစာထဲတွင် “သင်သည် ငါ၏စကားသံကို နာခံသောကြောင့်” ဟုပြောသည့်အတိုင်း ၎င်းတို့ကို သူရရှိခဲ့သည်။ ဆိုလိုသည်မှာ အာဗြဟံက ဘုရားသခင်၏ အမိန့်ကို လိုက်လျှောက်သောကြောင့်၊ ဘုရားသခင် ပြောသမျှ၊ တောင်းသမျှနှင့် မိန့်သမျှကို မညည်းမညူ လုပ်ဆောင်သောကြောင့် ဘုရားသခင်က ဤသို့သောကတိတော်မျိုး သူ့ကိုပေးခဲ့ခြင်းဖြစ်သည်။ ဤကတိတော်၌ ဘုရားသခင်၏ အတွေးကို ဖော်ပြသည့် အရေးကြီးသော ဝါကျတစ်ကြောင်း ရှိသည်။ သင်တို့ တွေ့သလော။ “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟူသည့် ဘုရားသခင် နှုတ်ကပတ်တော်ကို သင်တို့ သိပ်အာရုံစိုက်ချင်မှ စိုက်ပေမည်။ ၎င်းတို့က ဆိုလိုသည်မှာ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို မိန့်မြွက်သောအခါ သူ့ကိုယ်သူ တိုင်တည်နေခြင်းဖြစ်သည်။ လူများက ကျမ်းသစ္စာတစ်ခု ပြုသည့်အခါ အဘယ်အရာကို တိုင်တည်ကြသနည်း။ ကောင်းကင်ကို သူတို့တိုင်တည်ကြသည်။ တစ်နည်းဆိုရလျှင် သူတို့သည် ဘုရားသခင်နှင့် ကျမ်းသစ္စာပြုပြီး ဘုရားသခင်ကို တိုင်တည်ကြသည်။ ဘုရားသခင်က သူ့ကိုယ်သူ တိုင်တည်သော ဖြစ်စဉ်ကို လူများ သိပ်နားလည်မည် မဟုတ်သော်လည်း သင်တို့ကို ငါမှန်မှန်ကန်ကန် ရှင်းပြလျှင် သင်တို့ နားလည်နိုင်လိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို ကြားသာကြားပြီး သူ၏နှလုံးသားအား နားမလည်သောသူနှင့် ရင်ဆိုင်ရခြင်းသည် ဘုရားသခင်ကို နောက်ထပ်တစ်ဖန် အထီးကျန်စေပြီး ဘာလုပ်ရ၊ ဘာပြောရမှန်းမသိ ဖြစ်စေသည်။ အသည်းအသန်နှင့်၊ မသိစိတ်၏ စေ့ဆော်မှုအရဟု ပြောနိုင်သည်၊ ဘုရားသခင်သည် အလွန်သဘာဝကျသော အရာတစ်ခုကို ပြုခဲ့သည်။ ဘုရားသခင်က အာဗြဟံအပေါ်သို့ ဤကတိအပ်နှင်းသောအခါ သူ၏လက်တော်ကို သူ၏နှလုံးသားပေါ်တင်ထားပြီး သူ့ကိုယ်သူ တိုင်တည်ခဲ့သည်၊ ဤသည်မှ ဘုရားသခင်က “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟု ပြောသည်ကို လူသားက ကြားခဲ့ရသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်အားဖြင့် သင့်ကိုယ်သင် ထင်ကောင်းထင်လိမ့်မည်။ သင့်နှလုံးသားပေါ် သင့်လက်တင်ပြီး သင့်ကိုယ်သင် စကားပြောသောအခါ သင်အဘယ်အရာပြောနေသနည်းဆိုသည်ကို ရှင်းရှင်းလင်းလင်း သိသလော။ သင့်စိတ်သဘောထားသည် ရိုးသားသလော။ သင်စိတ်ပါပါ ပွင့်ပွင့်လင်းလင်းပြောသလော။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံကို စကားပြောသောအခါ သူအလေးအနက်ထားပြီး ရိုးသားခဲ့သည်ကို ဤနေရာ၌ ငါတို့တွေ့ရသည်။ အာဗြဟံကို စကားပြောပြီး ကောင်းကြီးပေးနေခဲ့ချိန်တွင် ဘုရားသခင်က သူ့ကိုယ်သူ စကားပြောနေခဲ့သည်။ သူ့ကိုယ်သူ ဤကဲ့သို့ ပြောနေခဲ့သည်။ အာဗြဟံကို ငါကောင်းကြီးပေးမည်။ ငါ့စကားကို သူနာခံပြီး သူသည် ငါရွေးချယ်ထားသည့်သူတစ်ဦး ဖြစ်သောကြောင့် သူ၏သားစဉ်မြေးဆက်ကို ကောင်းကင်ကကြယ်များကဲ့သို့ များပြားစေမည်။ ပင်လယ်ကမ်းစပ်မှ သဲပွင့်ကဲ့သို့ ပွားများစေမည်။ ဘုရားသခင်က “ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီ” ဟု ပြောသောအခါ အာဗြဟံအားဖြင့် ရွေးချယ်ထားသော ဣသရေလလူမျိုးကို သူမွေးထုတ်ဖို့၊ ယင်းနောက်တွင် ဤလူများကို သူဦးဆောင်ပြီး သူ၏အမှု မြန်မြန်ဆောင်ရွက်ဖို့ ဘုရားသခင် စိတ်ပိုင်းဖြတ်ထားသည်။ ဆိုလိုသည်မှာ ဘုရားသခင်က အာဗြဟံ၏ သားစဉ်မြေးဆက်များကို ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုကိုဆောင်ရွက်စေမည်ဖြစ်ပြီး ဘုရားသခင်က သူ၏အမှုနှင့် သူထုတ်ဖော်သောအရာကို အာဗြဟံနှင့် စတင်ပြီး အာဗြဟံ၏သားစဉ်မြေးဆက်ကို ဆက်လက်ဆောင်ရွက်စေမည်။ ထိုသို့အားဖြင့် လူသားကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ ဆန္ဒမှာ အကောင်အထည်ပေါ်လာပေမည်။ သင်တို့ မည်သို့ဆိုမည်နည်း၊ ဤသည်မှာ မင်္ဂလာရှိသောအရာ မဟုတ်သလော။ လူသားအတွက်မူ ဤအရာထက် ကြီးမြတ်သော ကောင်းချီးမင်္ဂလာမရှိတော့ပေ။ ၎င်းသည် အကြီးမြတ်ဆုံး ကောင်းချီးမင်္ဂလာဖြစ်သည်ဟု ပြော၍ရသည်။ အာဗြဟံ ရရှိသော ကောင်းချီးမင်္ဂလာက သူ၏အမျိုးအနွယ် ပွားများခြင်း မဟုတ်ဘဲ ဘုရားသခင်က သူ၏စီမံခန့်ခွဲမှု၊ သူ၏လုပ်ဆောင်မှုနှင့် သူ၏အမှုကို အာဗြဟံအမျိုးအနွှယ်များထဲ၌ ရရှိအောင်မြင်ခြင်းဖြစ်သည်။ ဤသည်မှာ အာဗြဟံခံရသော ကောင်းချီးက ယာယီမဟုတ်ဘဲ ဘုရားသခင် စီမံခန့်ခွဲမှု အစီအစဉ်က တိုးတက်နေသည်နှင့်အမျှ ဆက်လက်တည်ရှိနေသည်ဟု ဆိုလိုသည်။ ဘုရားသခင် စကားပြောသောအခါ၊ ဘုရားသခင်က သူ့ကိုယ်သူ တိုင်တည်သောအခါ သူစိတ်ပိုင်းဖြတ်ပြီးနှင့်ပြီးဖြစ်သည်။ ဤစိတ်ပိုင်းဖြတ်ခြင်းဖြစ်စဉ်က မှန်သလော။ စစ်မှန်ခဲ့သလော။ ထိုအချိန်မှစ၍ သူ၏ကြိုးပမ်းမှုများ၊ သူပေးဆပ်ခဲ့သော အဖိုးအခ၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏အရာရာတိုင်းနှင့် သူ၏အသက်ကိုပင် အာဗြဟံနှင့် အာဗြဟံ၏အမျိုးအနွယ်များကိုပေးရန် ဘုရားသခင် စိတ်ပိုင်းဖြတ်ခဲ့သည်။ ဤလူအုပ်စုမှ စတင်ပြီး သူ၏လုပ်ဆောင်ချက်များကို သူဖွင့်ပြပြီး လူသားကို သူ၏ဉာဏ်ပညာ၊ အခွင့်အာဏာနှင့် တန်ခိုးကို မြင်ခွင့်ပြုရန် သူစိတ်ပိုင်းဖြတ်ခဲ့သည်။
ဘုရားသခင်ကို သိပြီး သူ့ကို သက်သေခံနိုင်သူကို ရရှိခြင်းသည် ဘုရားသခင်၏ မပြောင်းလဲသော ဆန္ဒဖြစ်သည်
ဘုရားသခင်သည် သူ့ကိုယ်သူ စကားပြောနေခဲ့သောအချိန်တွင် အာဗြဟံကိုလည်း စကားပြောခဲ့သည်။ သို့သော် ဘုရားသခင်က သူ့ကို ပေးခဲ့သည့် ကောင်းချီးများကို ကြားခြင်းမှလွဲပြီး အာဗြဟံက ဘုရားသခင်၏ စစ်မှန်သော ဆန္ဒများကို သူ၏နှုတ်ကပတ်တော်များမှ ထိုအချိန်က နားလည်ခဲ့သလော။ သူနားမလည်ခဲ့ပေ။ ထို့ကြောင့် ထိုအချိန်က ဘုရားသခင်သည် သူ့ကိုယ်သူ တိုင်တည်သောအခါ သူ၏နှလုံးသားက အထီးကျန်ပြီး ဝမ်းနည်းနေဆဲရှိခဲ့သည်။ သူရည်ရွယ်ထားပြီး စီစဉ်ထားသည့်အရာကို နားလည်သောသူ သို့မဟုတ် သဘောပေါက်နိုင်သောသူ တယောက်မျှ မရှိခဲ့ချေ။ ထိုအချိန်က ဘုရားသခင်ကို ယုံကြည်ချက်ရှိရှိ စကားပြောနိုင်သည့်သူမှာ အာဗြဟံအပါအဝင် မည်သူမျှ မရှိခဲ့ချေ။ ဘုရားသခင် လုပ်ဆောင်ရမည့် အမှု၌ ပူးပေါင်းလုပ်ဆောင်နိုင်သူဆိုလျှင် ပို၍ပင် မရှိခဲ့ချေ။ အပေါ်ယံအားဖြင့် ဆိုပါက ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို နာခံနိုင်မည့်သူဖြစ်သော အာဗြဟံကို ဘုရားသခင်ရရှိခဲ့သည်။ တကယ်တမ်းတွင် ဘုရားသခင်ကို သိသော ဤလူ၏ အသိဉာဏ်က အနည်းငယ်မျှပင် ရှိသည်။ ဘုရားသခင်သည် အာဗြဟံကို ကောင်းချီးပေးခဲ့သော်လည်း ဘုရားသခင်၏နှလုံးသားသည် မကျေနပ်သေးပေ။ ဘုရားသခင် မကျေနပ်သေး ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ သူ၏စီမံခန့်ခွဲမှုက အစပဲရှိသေးသည်ဟု ဆိုလိုသည်။ သူချစ်သော၊ သူမြင်လိုသော၊ သူရယူလိုသော လူများသည် သူနှင့် ဝေးနေကြဆဲဖြစ်သည်ဟု ဆိုလိုသည်။ သူစောင့်ရဦးမည်၊ အချိန်လိုသည်၊ သူစိတ်ရှည်ဖို့လိုခဲ့သည်။ အကြောင်းမှာ ထိုအချိန်က ဘုရားသခင်ကိုယ်တော်တိုင်မှလွဲပြီး သူလိုချင်သည့်အရာ၊ သို့မဟုတ် သူရယူလိုသည့်အရာ၊ သို့မဟုတ် သူဆန္ဒရှိသည့်အရာကိုသိသူ မရှိခဲ့ချေ။ ထို့ကြောင့် အလွန်စိတ်လှုပ်ရှားသည့်တစ်ချိန်တည်း၌ပင် ဘုရားသခင်က စိတ်လေးခဲ့သည်။ သို့သော် သူ၏ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။ သူလုပ်ရမည့် နောက်ခြေလှမ်းဆက်ဖို့ ဆက်လက်စီစဉ်ခဲ့သည်။
အာဗြဟံအတွက် ဘုရားသခင်၏ ကတိတော်၌ သင်တို့ အဘယ်အရာမြင်ကြသနည်း။ အာဗြဟံက ဘုရားသခင် နှုတ်ကပတ်တော်များကို နားထောင်သည့်အတွက် ဘုရားသခင်က သူ့အပေါ် ကြီးစွာကောင်းချီးပေးခဲ့သည်။ အပေါ်ယံအားဖြင့် ဤသည်မှာ သာမန်ဖြစ်သည်ဟု ထင်ရပြီး ထုံးစံအတိုင်းပင် ထိုအထဲ၌ ဘုရားသခင်၏စိတ်နှလုံးကို ငါတို့တွေ့ရသည်။ ဘုရားသခင်က သူ့အား လူသား၏နာခံခြင်းကို အထူးသဖြင့်တန်ဖိုးထားပြီး သူ့အပေါ် လူသား၏ ရိုးသားခြင်းနှင့် နားလည်ခြင်းကို မြတ်နိုးသည်။ ဘုရားသခင်က ဤရိုးသားမှုကို မည်မျှထိ မြတ်နိုးသနည်း။ သူမည်မျှမြတ်နိုးသည်ကို သင်တို့နားလည်ချင်မှ နားလည်မည်။ သဘောပေါက်သောသူလည်း မည်သူမျှ မရှိခြင်းလည်း ဖြစ်နိုင်သည်။ ဘုရားသခင်က အာဗြဟံကို သားတစ်ဦးပေးခဲ့သည်။ ထိုသား ကြီးလာသောအခါ ဘုရားသခင်က အာဗြဟံကို သူ့သားအား ပူဇော်ဖို့တောင်းသည်။ အာဗြဟံက ဘုရားသခင်၏ အမိန့်ကို အတိအကျ လိုက်နာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူနာခံခဲ့သည်။ သူ၏ရိုးသားမှုက ဘုရားသခင်ကို တို့ထိစေခဲ့ပြီး ယင်းကို ဘုရားသခင်က တန်ဖိုးထားခဲ့သည်။ ယင်းကို ဘုရားသခင်က မည်မျှတန်ဖိုးထားခဲ့သနည်း။ အဘယ်ကြောင့် တန်ဖိုးထားခဲ့သနည်း။ ဘုရားသခင် နှုတ်ကပတ်တော်ကို မည်သူမျှ နားမလည်သောအခါ၊ သို့မဟုတ် မည်သူမျှ သူ၏နှလုံးသားကို နားမလည်သောအခါ အာဗြဟံသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည့်အရာကို လုပ်ခဲ့ပြီး ထိုအရာက ဘုရားသခင်ကို မကြုံစဖူး ကျေနပ်စေခဲ့ကာ သူ၏နှုတ်ကပတ်တော်များကို နာခံနိုင်သောသူတစ်စုံတစ်ဦးကို ရရှိခြင်း၏ ဝမ်းမြောက်မှုကို ဘုရားသခင်ထံ ယူလာပေးခဲ့သည်။ ဤကျေနပ်မှု၊ ဝမ်းမြောက်မှုများသည် ဘုရားသခင်လက်တော်နှင့် ဖန်ဆင်းခြင်းခံထားရသည့် ဖန်ဆင်းခံသတ္တဝါထံမှ လာခဲ့ပြီး လူသားကိုဖန်ဆင်းကတည်းက လူသားက ဘုရားသခင်ကို ပထမဆုံး ပူဇော်သည့်အရာဖြစ်ခဲ့ပြီး ဘုရားသခင်က တန်ဖိုးအထားဆုံးအရာ ဖြစ်ခဲ့သည်။ ဘုရားသခင်က ဤပူဇော်ခြင်းကို ခက်ခဲပင်ပန်းစွာ စောင့်မျှော်ခဲ့ပြီး ၎င်းကို သူဖန်ဆင်းထားသည့် လူသားထံမှ ပထမ အရေးပါဆုံးသော လက်ဆောင်အနေနှင့် သူသတ်မှတ်ခဲ့သည်။ သူ့ကြိုးပမ်းမှု၏ ပထမဆုံးသောအသီးနှင့် သူပေးဆပ်ခဲ့သည့် အဖိုးအခကို ဘုရားသခင်အား ထိုအရာက ပြသပေးခဲ့ကာ လူသားတို့တွင် မျှော်လင့်စရာကို သူ့အား တွေ့မြင်စေခဲ့သည်။ ယင်းနောက်တွင် ဘုရားသခင်က သူနှင့်ပေါင်းဖော်လိုသည့်၊ ရိုးသားမှုနှင့် သူ့ကို ဆက်ဆံမည့်၊ ရိုးသားမှုနှင့် သူ့ကို ဂရုစိုက်မည့် လူတစ်စုကို သာ၍ကြီးစွာ တောင့်တနေခဲ့သည်။ သူ၏စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်သည်နှင့်အမျှ သူ့ကို အဖော်ပြုရန် ထိုကဲ့သို့သော စိတ်နှလုံးကို ရရှိလိုပြီး သူနှင့်အတူရှိစေလိုသည့်အတွက် အာဗြဟံကို ဆက်လက် အသက်ရှင်သွားဖို့ကိုပင် မျှော်လင့်ခဲ့သည်။ ဘုရားသခင်က မည်သည့်အရာကိုပင် အလိုရှိသည်ဖြစ်စေ အာဗြဟံသည် သူ့ကိုနာခံနိုင်သည့် လူသားမျှသာဖြစ်ပြီး ဘုရားသခင်ကို နားလည်သိကျွမ်းမှု စိုးစဉ်းမျှ မရှိသောကြောင့် ဤသည်မှာ ဆန္ဒတစ်ခုသာ ဖြစ်ခဲ့သည်။ အကြံဉာဏ်တစ်ခုသာ ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို သိဖို့၊ ဘုရားသခင်အတွက် သက်သေခံဖို့၊ ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ဖို့ဆိုသည့် လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များဖြစ်သည့် စံနှုန်းများနှင့် မပြည့်မီသည့် တစ်စုံတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရားသခင်နှင့် မလျှောက်လှမ်းနိုင်ချေ။ အာဗြဟံ၏ ဣဇာတ်ကို ပူဇော်ခြင်း၌ ဘုရားသခင်က အာဗြဟံ၏ ရိုးသားခြင်းနှင့် နာခံခြင်းကို တွေ့ခဲ့ပြီး ဘုရားသခင်၏ စစ်ဆေးခြင်းကို သူခံနိုင်ခဲ့သည်ကို တွေ့ခဲ့သည်။ ဘုရားသခင်က သူ၏ရိုးသားမှုနှင့် နာခံခြင်းကို လက်ခံခဲ့သော်လည်း ဘုရားသခင် ယုံကြည်ရသည့်လူ၊ ဘုရားသခင်ကို သိသည့်လူနှင့် ဘုရားသခင်ကို နားလည်သည့်လူ၊ ဘုရားသခင်၏ စိတ်သဘောထားကို သိသည့်သူ ဖြစ်လာရန် မထိုက်တန်သေးချေ။ သူသည် ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ဖို့၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ဖို့ ဝေးသေးသည်။ ထို့ကြောင့် သူ့နှလုံးသားထဲမှာ ဘုရားသခင်သည် အထီးကျန်ပြီး စိုးရိမ်နေဆဲရှိခဲ့သည်။ ဘုရားသခင်က ပိုအထီးကျန်ပြီး ပိုစိုးရိမ်လေလေ အမြန်ဆုံး သူ၏ စီမံခန့်ခွဲမှုကို ဖြစ်နိုင်သမျှမြန်မြန် ဆက်လုပ်ဆောင်ဖို့ လိုအပ်လေလေဖြစ်ပြီး သူ၏စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်ဖို့၊ သူ၏အလိုတော်ကို ဖြစ်နိုင်သမျှမြန်မြန် ဆောင်နိုင်ဖို့အတွက် လူအုပ်စုတစ်စုကို ရွေးချယ်ပြီးရရှိရန် လိုလေလေဖြစ်သည်။ ဤသည်မှာ အစကတည်းက ယခုချိန်ထိ ဘုရားသခင်၏ မပြောင်းလဲသည့် ပြင်းပြသော ဆန္ဒဖြစ်သည်။ အစအဦးမှာ လူသားကို သူဖန်ဆင်းခဲ့ကတည်းက ဘုရားသခင်သည် အောင်နိုင်သူများ၊ သူနှင့် စကားပြောပြီး သူ၏စိတ်သဘောထားကို နားလည်သဘောပေါက်ကာ သိနိုင်သူများကို တောင့်တနေခဲ့သည်။ ဘုရားသခင်၏ ဤဆန္ဒက မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။ သူ မည်မျှကြာကြာ စောင့်ရဦးမည်ဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းခရီးက မည်မျှပင် ကြမ်းတမ်းသည် ဖြစ်စေ၊ သူတောင့်တသော ရည်ရွယ်ချက်များမှာ မည်မျှပင် အလှမ်းဝေးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူသားအတွက် သူ၏မျှော်လင့်ချက်များကို မည်သည့်အခါမျှ မပြောင်းလဲခဲ့ချေ၊ သို့မဟုတ် မစွန့်လွှတ်ခဲ့ချေ။ ဤအကြောင်းကို ငါပြောပြီးသည့်အတွက် ဘုရားသခင်၏ ဆန္ဒနှင့်ပတ်သက်သည့်အရာကို သင်တို့သဘောပေါက်ကြသလော။ သင်တို့ သဘောပေါက်ခဲ့သည့်အရာမှာ သိပ်မနက်နဲသည့်အရာ ဖြစ်ကောင်းဖြစ်နေနိုင်သည်၊ သို့သော်လည်း တဖြည်းဖြည်း ဖြစ်လာပါလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။