ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

အပိုင်း သုံး

ကနဦးအချိန်မှ ယနေ့တိုင်အောင် လူသာလျှင် ဘုရားသခင်နှင့် စကားပြောဆိုနိုင်စွမ်း ရှိခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ သက်ရှိအရာများနှင့် သတ္တဝါ အားလုံးအကြားတွင် လူသာလျှင် ဘုရားသခင်နှင့် စကားပြောနိုင်စွမ်း ရှိခဲ့သည်။ လူ၌ သူ့ကို ကြားစေနိုင်သော နားများရှိပြီး သူ့ကို မြင်စေသော မျက်လုံးများ ရှိသည်၊ သူ၌ ဘာသာစကားရှိပြီး သူ၏ ကိုယ်ပိုင် အတွေးအခေါ်များနှင့် လွတ်လပ်သော စိတ်သဘောရှိသည်။ သူသည် ဘုရားသခင်စကားပြောခြင်းကိုကြားရန်၊ ဘုရားသခင်၏အလိုကို နားလည်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်အတွက် လိုအပ်သမျှကို ပိုင်ဆိုင်သဖြင့် ဘုရားသခင်သည် သူ၏အလိုအားလုံးကို လူအပေါ် ပေးအပ်၍ လူကို သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပြီး သူနှင့် လျှောက်လှမ်းနိုင်သော အဖော်တစ်ဦး ဖြစ်စေလိုသည်။ ဘုရားသခင်သည် စီမံခန့်ခွဲရန် စတင်ခဲ့ခြင်းကြောင့် လူသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေး၍ သန့်စင်စေပြီး ပြည့်စုံစေဖို့ အခွင့်ပေးရန်၊ ဘုရားသခင် ကျေနပ်စေသောသူနှင့် ဘုရားသခင် ချစ်သောသူ ဖြစ်စေရန်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူ ဖြစ်စေရန်နှင့် ဒုစရိုက်ကိုရှောင်ရန် ဘုရားသခင် စောင့်ဆိုင်းလျက်နေခဲ့သည်။ ဘုရားသခင်သည် ဤရလဒ်ကို အစဉ် မျှော်လင့်ကာ စောင့်ဆိုင်းနေခဲ့သည်။ သမ္မာကျမ်းစာ၏ မှတ်တမ်းများထဲတွင် ယင်းကဲ့သို့သော လူတစ်စုံတစ်ဦး ရှိသလော။ တစ်နည်းအားဖြင့်ဆိုသော် သမ္မာကျမ်းစာထဲတွင် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်စွမ်းရှိသောသူ တစ်စုံတစ်ဦး ရှိသလော။ ဤခေတ်ကာလမတိုင်မီ သာဓက တစ်စုံတစ်ခု ရှိသလော။ ယနေ့တွင် သမ္မာကျမ်းစာထဲမှ အဖြစ်အပျက်များကို ငါတို့ ဆက်၍ ဖတ်ရှုကာ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့် ယောဘ ပြုခဲ့သော အရာသည် ငါတို့ ယနေ့ ပြောကြမည့် “ဘုရားသခင်အား သင်၏ စိတ်နှလုံးကို ပေးလော့” ဟူသော ခေါင်းစဉ်နှင့် ဆက်နွှယ်မှု တစ်စုံတစ်ရာ ရှိမရှိ ကြည့်ကြပါစို့။ ယောဘသည် ဘုရားသခင်ကို ကျေနပ်စေခဲ့ခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းကို ခံခဲ့ရခြင်း ရှိ မရှိ ကြည့်ကြပါစို့။

ယောဘအပေါ် သင်တို့၏ ထင်မြင်ချက်မှာ အဘယ်နည်း။ မူရင်း သမ္မာကျမ်းကို တိုက်ရိုက်ကိုးကားပါက ယောဘသည် “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားခဲ့သည်” ဟု လူအချို့က ဆိုကြသည်။ “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားခဲ့သည်”၊ ၎င်းမှာ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ခဲ့သော ယောဘအပေါ် မူရင်း အကဲဖြတ်ချက် ဖြစ်သည်။ အကယ်၍ သင်တို့၏ ကိုယ်ပိုင် စကားလုံးများကို အသုံးပြုမည်ဆိုပါက ယောဘကို သင်တို့ မည်ကဲ့သို့ သရုပ်ဖော်မည်နည်း။ လူအချို့က ယောဘသည် လက်တွေ့ဆန်ပြီး ကောင်းသောသူတစ်ဦး ဖြစ်သည်ဟု ဆိုကြသည်၊ အချို့က သူသည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိခဲ့သည်ဟု ဆိုကြသည်၊ အချို့က ယောဘသည် ဖြောင့်မတ်ပြီး လူသားဆန်သော လူတစ်ဦး ဖြစ်ခဲ့သည်ဟု ဆိုကြသည်။ သင်တို့သည် ယောဘ၏ ယုံကြည်ခြင်းကို မြင်ခဲ့ကြသည်၊ တစ်နည်းအားဖြင့်ဆိုသော် သင်တို့၏ စိတ်နှလုံးများထဲတွင် ယောဘ၏ ယုံကြည်ခြင်းအပေါ် အလွန်အရေးထားပြီး မနာလိုဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် ယောဘအပေါ် ယင်းကဲ့သို့ ကျေနပ်အားရခြင်းမှာ သူ၌ မည်သည့်အရာများ ပိုင်ဆိုင်ခြင်းကြောင့် ဖြစ်သည်ကို ယနေ့ ကြည့်ကြပါစို့။ ဆက်လက်၍ အောက်ပါ သမ္မာကျမ်းပိုဒ်များကို ဖတ်ကြပါစို့။

ဂ။ ယောဘ

၁။ သမ္မာကျမ်းစာထဲမှ ယောဘအပေါ် ဘုရားသခင် စုံစမ်းခြင်းများ

ယောဘ ၁:၁ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။

ယောဘ ၁:၅ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘ အောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။

ယောဘ ၁:၈ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။

ဤကျမ်းပိုဒ်များထဲတွင် သင်တို့မြင်ရသော အဓိကအချက်မှာ အဘယ်နည်း။ အကြမ်းဖျင်းဖြစ်သော ဤကျမ်းပိုဒ် သုံးပိုဒ်မှာ ယောဘနှင့်ဆက်စပ်သည်။ ထိုကျမ်းပိုဒ်များသည် တိုတောင်းသော်လည်း သူသည် မည်ကဲ့သို့ လူအမျိုးအစား ဖြစ်ကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ထိုကျမ်းပိုဒ်များသည် ယောဘ၏ နေ့စဉ်အပြုအမူနှင့် သူ၏လုပ်ဆောင်ပုံကို သရုပ်ဖော်ခြင်းအားဖြင့် ယောဘအပေါ် ဘုရားသခင်၏ စုံစမ်းခြင်းများမှာ အခြေအမြစ်မဲ့ခြင်း မဟုတ်ဘဲ အခြေအမြစ် ရှိကြောင်းကို အယောက်တိုင်းအား ပြောလျက်နေသည်။ ယောဘကို လူ၏ချီးမွမ်းခြင်း (ယောဘ ၁:၁) ဖြစ်စေ၊ သို့မဟုတ် သူ့ကို ဘုရားသခင် ချီးမွမ်းခြင်း (ယောဘ ၁:၈) ဖြစ်စေ၊ နှစ်ခုစလုံးသည် ဘုရားသခင်နှင့် လူ၏ ရှေ့၌ ယောဘ၏ အကျင့်များ၏ ရလဒ်ပင် ဖြစ်ကြောင်း (ယောဘ ၁:၅) ထိုကျမ်းပိုဒ်များက ငါတို့ကို ပြောခြင်းဖြစ်သည်။

ပထမဦးဆုံး ကျမ်းပိုဒ် နံပါတ်တစ်ကို ဖတ်ကြပါစို့ “ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။” သမ္မာကျမ်းစာထဲမှ ပထမဆုံး အကဲဖြတ်ချက်ဖြစ်သော ဤစာကြောင်းသည် ယောဘကို ကျမ်းပြုဆရာက ချီးမွမ်းခြင်းဖြစ်သည်။ သဘာဝအားဖြင့် ၎င်းမှာ ယောဘအပေါ် လူ၏အကဲဖြတ်ချက်ကို ကိုယ်စားပြုခြင်းလည်း ဖြစ်သည်၊ ယင်းမှာ “ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏” ဟူ၍ ဖြစ်သည်။ ဆက်လက်၍ ယောဘအပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်ကို ဖတ်ကြပါစို့၊ “မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်။” (ယောဘ ၁:၈) ထို နှစ်ချက်တွင် တစ်ခုသည် လူထံမှ လာခဲ့ခြင်း ဖြစ်ပြီး တစ်ခုမှာ ဘုရားသခင်ထံမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်၊ ၎င်းတို့မှာ အကြောင်းအရာတူသော အကဲဖြတ်ချက်နှစ်ခု ဖြစ်ကြသည်။ ထို့ကြောင့် ယောဘ၏ အပြုအမူနှင့် လုပ်ဆောင်ပုံတို့ကို လူတို့ သိခဲ့ကြပြီး ဘုရားသခင်၏ ချီးကျူးခြင်းကိုလည်း ခံခဲ့ရကြောင်း မြင်နိုင်ပါသည်။ တစ်နည်းဆိုသော် လူရှေ့၌ ယောဘ၏ လုပ်ဆောင်ပုံနှင့် ဘုရားသခင် ရှေ့၌ သူ၏ လုပ်ဆောင်ပုံတို့မှာ တူညီခဲ့သည်၊ သူ၏အပြုအမူနှင့် ရည်ရွယ်ချက်ကို ဘုရားသခင်ရှေ့တွင် အချိန်တိုင်း သူဖြန့်ပြခဲ့သဖြင့် ၎င်းတို့ကို ဘုရားသခင် သတိပြုမိကောင်း သတိပြုမိစေရန်ဖြစ်ပြီး သူသည် ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူ တစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့၏အမြင်တွင် ယောဘတစ်ဦးတည်းသာလျှင် စုံလင်ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူ ဖြစ်ခဲ့သည်။

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် သူ၏ နေ့စဉ် အသက်တာ၌ မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များ

ဆက်လက်၍ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များကို ကြည့်ကြပါစို့။ ၎င်းထက် အလျင်ကျပြီး နောက်မှလာသော ကျမ်းပိုဒ်များအပြင် ယောဘ ၁:၅ ကိုလည်း ဖတ်ရှုကြပါစို့၊ ၎င်းမှာ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းမှာ သူသည် ဘုရားသခင်ကို မည်ကဲ့သို့ ကြောက်ရွံ့ခဲ့ပုံနှင့် သူ၏ နေ့စဉ်အသက်တာထဲ၌ မကောင်းမှုကို ရှောင်ခဲ့ပုံနှင့် သက်ဆိုင်သည်၊ အပေါ်လွင်ဆုံးမှာ သူသည် ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းအကြောင်းကြောင့် သူလုပ်သင့်သည့်အတိုင်း လုပ်ခဲ့ခြင်း ဖြစ်သည်သာမက သူ၏သားများ၏ ကိုယ်စား ဘုရားသခင်ရှေ့တွင် မီးရှို့သောယဇ်များကို ပုံမှန်ပူဇော်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပွဲခံနေစဉ် မကြာခဏ “မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြ” မည်ကို သူစိုးရိမ်ခဲ့သည်။ ဤကြောက်ရွံ့ခြင်းသည် ယောဘ၌ မည်ကဲ့သို့ ပေါ်လွင်ခဲ့သနည်း။ မူရင်းစာသားတွင် ဆက်လက်ဖော်ပြပါ ဖြစ်စဉ်ကို ဖော်ပြထားသည်၊ “ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။” သူ၏ အပြင်ပန်း အပြုအမူ၌ ပေါ်လွင်မည့်အစား ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ စိတ်နှလုံးထဲမှ လာကြောင်းနှင့် သူသည် မကောင်းမှုကို သူကိုယ်တိုင် ရှောင်ခဲ့သည် သာမက သူ၏သားများ၏ ကိုယ်စား မီးရှို့သောယဇ်များကို မကြာခဏ ပူဇော်ခဲ့သည့်အတွက်ကြောင့် သူ၏ နေ့စဉ်အသက်တာ၏ အခန်းကဏ္ဍတိုင်း၌ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းကို အချိန်တိုင်း မြင်တွေ့နိုင်ကြောင်း ယောဘ၏ လုပ်ဆောင်ပုံက ငါတို့ကို ပြသနေပါသည်။ တစ်နည်းဆိုသော် ယောဘသည် ဘုရားသခင်ကို ပြစ်မှားမိပြီး သူ၏စိတ်နှလုံးထဲ၌ ဘုရားသခင်အား စွန့်ပယ်မိမည်ကို လွန်စွာစိုးရိမ်ခဲ့သည် သာမက သူ၏သားများသည် ဘုရားသခင်ကို ပြစ်မှားမိပြီး ၎င်းတို့၏ စိတ်နှလုံးများထဲ၌ စွန့်ပယ်မိမည်ကိုလည်း စိတ်ပူခဲ့သည်။ ဘုရားသခင်အပေါ် ယောဘ ကြောက်ရွံ့ခြင်း၏ အမှန်တရားသည် စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံနိုင်စွမ်း ရှိကြောင်းနှင့် တစ်စုံတစ်ဦးသော လူ၏ သံသယထက် ကျော်လွန်ကြောင်းကို ဤအရာအားဖြင့် မြင်နိုင်ပါသည်။ သူသည် ဤကဲ့သို့ ရံဖန်ရံခါ သို့မဟုတ် မကြာခဏ ပြုခဲ့သလော။ နောက်ဆုံး စာကြောင်း၏ စာသားက “ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏” ဟု ဆိုထားသည်။ ဤစာလုံးများ၏ အဓိပ္ပာယ်မှာ ယောဘသည် သူ၏သားများထံ ရံဖန်ရံခါ သို့မဟုတ် သူကြိုက်သည့် အချိန်၌ သွား၍ ဝင်ကြည့်ခဲ့ခြင်း မဟုတ်ကြောင်း သာမက ဘုရားသခင်ကို ဆုတောင်းခြင်းဖြင့် အပြစ်ဝန်ချခဲ့ခြင်း မဟုတ်ကြောင်း ဆိုလိုသည်။ ထိုသို့မဟုတ်ဘဲ သူသည် သူ၏သားများကို ပုံမှန် စေလွတ်ကာ သန့်ရှင်းစေပြီး ၎င်းတို့အတွက် မီးရှို့သောယဇ်များကို ပူဇော်ခဲ့သည်။ ဤနေရာတွင် “အစဉ်ပြုမြဲရှိ၏” ဟူသော အဓိပ္ပာယ်မှာ သူသည် တစ်ရက်၊ နှစ်ရက် သို့မဟုတ် ကာလတစ်ခုအထိ ပြုခဲ့ကြောင်း မဆိုလိုပါ။ ဘုရားသခင်အပေါ် ယောဘ ကြောက်ရွံ့ခြင်း၏ သရုပ်သကန်သည် ယာယီမဟုတ်ကြောင်းနှင့် အသိ သို့မဟုတ် နှုတ်ဖြင့်ပြောသော စကားလုံးများ၌ ရပ်သွားခြင်း မဟုတ်ကြောင်းကို ဆိုနေခြင်းဖြစ်သည်၊ ထိုသို့မဟုတ်ဘဲ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းသည် သူ၏စိတ်နှလုံးကို လမ်းပြခဲ့သည်၊ သူ၏ အပြုအမူကို ဆုံးဖြတ်ပေးခဲ့ပြီး ၎င်းမှာ သူ၏စိတ်နှလုံးထဲ၌ သူ၏ဖြစ်တည်ခြင်း၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ သူသည် ယင်းကဲ့သို့ အစဉ်ပြုမြဲရှိ၏ ဆိုသည်မှာ သူ၏ စိတ်နှလုံးထဲ၌ သူသည် သူကိုယ်တိုင် ဘုရားသခင်အား ပြစ်မှားမိမည်ကို မကြာခဏ စိုးရိမ်ခဲ့ပြီး သူ၏ သားများနှင့် သမီးများသည် ဘုရားသခင်အား ပြစ်မှားမိမည်ကိုလည်း ပူပန်ခဲ့ကြောင်းကို ပြသခြင်းဖြစ်သည်။ ၎င်းသည် သူ၏ စိတ်နှလုံးအတွင်း၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းသည် မည်မျှ အလေးချိန်စီးကြောင်းကို ကိုယ်စားပြုခြင်း ဖြစ်သည်။ သူသည် ဤကဲ့သို့ အစဉ်ပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးထဲ၌ သူသည် မကောင်းမှု ကျူးလွန်မိခဲ့ပြီး ဘုရားသခင်အား ပြစ်မှားမိမည်၊ ဘုရားသခင်၏ လမ်းမှ လွဲသွားပြီး ဘုရားသခင်အား ကျေနပ်စေနိုင်စွမ်း မရှိမည်ကို စိုးရိမ် ကြောက်ရွံ့ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် တစ်ချိန်တည်းတွင် သူသည် သူ၏သားများနှင့် သမီးများအတွက် ပူပန်ပြီး ၎င်းတို့သည် ဘုရားသခင်အား စော်ကားမိမည်ကို စိုးရိမ်လေသည်။ ဤသည်မှာ ယောဘ၏ နေ့စဉ် အသက်တာထဲမှ သူ၏ သာမန် အပြုအမူ ဖြစ်သည်။ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းကို သက်သေပြသော ဤသာမန်အပြုအမူမှာ တန်ဖိုးမဲ့သော စကားလုံးများ မဟုတ်သည်မှာ သေချာပြီး ယောဘသည် ယင်းကဲ့သို့ လက်တွေ့ဘဝကို အမှန်တကယ် အသက်ရှင်နေထိုင်ခဲ့သည်။ “ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏”၊ ဤ နှုတ်ကပတ်တော်များမှာ ဘုရားသခင်ရှေ့၌ ယောဘ၏ နေ့စဉ်လုပ်ဆောင်မှုများအကြောင်း ငါတို့ကို ပြောပြခြင်း ဖြစ်သည်။ သူသည် ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့သည့်အခါ သူ၏အပြုအမူနှင့် သူ၏စိတ်နှလုံးတို့သည် ဘုရားသခင်ရှေ့သို့ ရောက်ခဲ့သလော။ တစ်နည်းဆိုသော် ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် သူ၏အပြုအမူတို့ကို မကြာခဏ ကျေနပ်အားရခဲ့သလော။ ထိုသို့ဆိုလျှင် မည်သည့် အနေအထားနှင့် အခြေအနေထဲတွင် ယောဘသည် ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့ခြင်း ဖြစ်သနည်း။ လူအချို့က ၎င်းမှာ ဘုရားသခင်သည် ယောဘထံ မကြာခဏ ထင်ရှားပြခဲ့ခြင်းကြောင့် သူသည် ယင်းကဲ့သို့ ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်၊ အချို့က သူသည် မကောင်းမှုကို ရှောင်မည့်အကြောင်း ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြပြီး အချို့က သူ၏ချမ်းသာကြွယ်ဝခြင်းသည် အလွယ်တကူ ရောက်လာခဲ့ခြင်း မဟုတ်ကြောင်းကို သူတွေးပြီး ၎င်းမှာ ဘုရားသခင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းကို သူသိသည့်အတွက် ဘုရားသခင်ကို ပြစ်မှားခြင်း သို့မဟုတ် စော်ကားခြင်း၏ ရလဒ်တစ်ခုကြောင့် သူ၏ ပိုင်ဆိုင်မှုဥစ္စာများကို ဆုံးရှုံးရမည်ကို လွန်စွာ စိုးရိမ်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆိုကြလေသည်။ ဤပြောဆိုချက် တစ်စုံတစ်ရာမှာ မှန်သလော။ မမှန်သည်မှာ သိသာထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အမြင်တွင် ယောဘနှင့်ပတ်သက်၍ ဘုရားသခင်လက်ခံပြီး ချစ်ခင်မြတ်နိုးဆုံးမှာ သူသည် ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့ခြင်း တစ်ခုကိုသာ မဟုတ်ပေ၊ ထိုထက်ပိုသည်မှာ သူသည် စာတန်၏လက်သို့ အပ်နှံခံခဲ့ရပြီး စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသည့်အချိန်တွင် ဘုရားသခင်၊ လူနှင့် စာတန်ရှေ့၌ သူ၏အပြုအမူဖြစ်သည်။ အောက်ဖော်ပြပါ အခန်းများသည် အလွန်ယုံကြည်လောက်သော အထောက်အထားကိုပေး၍၊ ယင်းအထောက်အထားမှာ ယောဘအား ဘုရားသခင် စုံစမ်းခြင်း၏ အမှန်တရားကို ပြသသည်။ ဆက်လက်၍ အောက်ပါ ကျမ်းပိုဒ်များကို ဖတ်ကြပါစို့။

၂။ ယောဘကို ပထမဆုံးအကြိမ် စာတန်စုံစမ်းခြင်း (သူ၏ ခြံမွေးတိရစ္ဆာန်များ အခိုးယူခံရပြီး သူ၏ သားသမီးများအပေါ် ဘေးဒုက္ခဆိုက်ခြင်း)

က။ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များ

ယောဘ ၁:၈ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။

ယောဘ ၁:၁၂ ယေဟောဝါက စာတန်ကို၊ ကြည့်လော့၊ သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်၊ ဟု မိန့်တော်မူ၏။ သို့နှင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ ထွက်သွားလေသည်။

ခ။ စာတန်၏ ပြန်ဖြေကြားချက်

ယောဘ ၁:၉-၁၁ စာတန်က၊ ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ယောဘ၏ ယုံကြည်ခြင်း စုံလင်ခြင်းသို့ရောက်စေမည့်အကြောင်း ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ဘုရားသခင် အခွင့်ပေးခြင်း

ယောဘ ၁:၈ သည် သမ္မာကျမ်းစာထဲတွင် ငါတို့ မြင်ရသည့် ယေဟောဝါဘုရားသခင်နှင့် စာတန်တို့ အပြန်အလှန် ပြောသောစကား၏ ပထမဆုံးမှတ်တမ်းဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောခဲ့သနည်း။ မူရင်းစာသားသည် ဆက်လက်ဖော်ပြပါ ဖြစ်စဉ်ကို ဖော်ပြထားသည်၊ “ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။” ဤသည်မှာ စာတန်ရှေ့တွင် ယောဘအပေါ် ဘုရားသခင်၏ အကဲဖြတ်ခြင်း ဖြစ်ခဲ့သည်၊ သူသည် စုံလင်၍ ဖြောင့်မတ်သော လူတစ်ဦးဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သူဖြစ်သည်ဟု ဘုရားသခင်က ဆိုခဲ့ပါသည်။ ဘုရားသခင်နှင့် စာတန်အကြား ဤစကားများမပြောမီ ဘုရားသခင်က သူသည် စာတန်ကို အသုံးပြု၍ ယောဘကို စုံစမ်းနှောင့်ယှက်စေမည်၊ ယောဘကို စာတန်လက်သို့ အပ်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ အချက်တစ်ချက်အနေဖြင့် ယောဘကို ဘုရားသခင်၏ မှတ်ချက်ချခြင်းနှင့် သုံးသပ်ခြင်းတို့မှာ မှန်ကန်ခဲ့ပြီး အမှားအယွင်း မရှိခဲ့ကြောင်း ဤအရာက သက်သေပြပြီး ယောဘ၏ သက်သေခံချက်အားဖြင့် စာတန်ကို အရှက်ရစေမည် ဖြစ်သည်၊ အခြားအချက်အနေဖြင့် ၎င်းသည် ဘုရားသခင်အား ယောဘ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းကို စုံလင်စေမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ရှေ့သို့ စာတန်လာသည့်အခါ ဘုရားသခင်သည် မလိမ့်တစ်ပတ် မပြောခဲ့ပါ။ သူသည် လိုရင်းတိုရှင်း ဖြတ်၍ စာတန်အား “ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်” ဟု မေးခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ မေးခွန်းထဲတွင် ဆက်လက်ဖော်ပြပါ အဓိပ္ပာယ်ရှိသည်၊ စာတန်သည် အရပ်တကာသို့ လှည့်လည်သွားလာခဲ့ပြီးကြောင်းနှင့် ဘုရားသခင်၏ အစေခံ ဖြစ်သော ယောဘအပေါ် မကြာခဏ စောင့်ကြည့်ခဲ့ပြီးကြောင်းကို ဘုရားသခင်သိသည်။ ၎င်းသည် သူ့ကို မကြာခဏ စုံစမ်းနှောင့်ယှက်ပြီး တိုက်ခိုက်ခဲ့ကာ ဘုရားသခင်အပေါ် ယောဘ၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းသည် မခိုင်မြဲနိုင်ကြောင်းကို သက်သေပြရန်အတွက် ယောဘအပေါ် ပျက်စီးခြင်း ကျရောက်စေမည့် နည်းလမ်းတစ်ခုကို ရှာရန် ကြိုးစားနေခဲ့သည်။ ယောဘသည် ဘုရားသခင်ကို စွန့်ပစ်ပြီး ဘုရားသခင်၏လက်ထဲမှ သူ့ကို ဖမ်းဆီးနိုင်ရန် စာတန်သည် ယောဘကို မွှေနှောက်ဖျက်ဆီးရန် အခွင့်အရေးများကိုလည်း အဆင်သင့် ရှာခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးအတွင်းသို့ကြည့်ပြီး သူသည် စုံလင်၍ ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြောင်းကို မြင်ခဲ့သည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် စုံလင်၍ ဖြောင့်မတ်သော လူတစ်ဦးဖြစ်ကြောင်း၊ ယောဘသည် ဘုရားသခင်ကို စွန့်ပစ်ကာ စာတန်နောက် မည်သည့်အခါမျှ လိုက်မည် မဟုတ်ကြောင်းကို စာတန်အား ပြောရန် ဘုရားသခင်သည် မေးခွန်းတစ်ခုကို အသုံးပြုခဲ့သည်။ ယောဘအပေါ် ဘုရားသခင်၏ ချီးကျူးခြင်းကို ကြားပြီးသည့်အခါ စာတန်အထဲတွင် အရှက်ကွဲခြင်းကြောင့် ဒေါသူပုန်ထခြင်း ဖြစ်ပေါ်လာပြီး ၎င်းသည် ပို၍ စိတ်ဆိုး၍ ယောဘကို ဆတ်ခနဲလုယူရန် ပို၍ ဆန္ဒစောလာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးသည် စုံလင်၍ ဖြောင့်မတ်နိုင်ကြောင်း၊ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ကြောင်းကို စာတန်သည် မည်သည့်အခါမျှ မယုံကြည်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တစ်ချိန်တည်းတွင် စာတန်သည် လူထဲမှ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကိုလည်း မလိုလားခဲ့ဘဲ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်သော လူများကို မုန်းတီးခဲ့သည်။ ထို့ကြောင့် ယောဘ ၁:၉-၁၁ ထဲ၌ “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်” ဟု ရေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် စာတန်၏ အငြိုးထားတတ်သော သဘာဝကို အတွင်းကျကျ သိကျွမ်းပြီး စာတန်သည် ယောဘအပေါ်သို့ ပျက်စီးခြင်း ကျရောက်စေရန် ကြံစည်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်ကြောင်းကို အစုံအစေ့ ကောင်းစွာ သိခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ဤအရာထဲ၌ ယောဘသည် စုံလင်၍ ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြောင်း စာတန်ကို နောက်တဖန် ဆိုခြင်းအားဖြင့် ဘုရားသခင်သည် စာတန်ကို လက်ခံစေရန်၊ သူ၏ သရုပ်မှန်ကို ထုတ်ဖော်ရန်နှင့် ယောဘကို တိုက်ခိုက်ပြီး စုံစမ်းနှောင့်ယှက်စေရန် ဘုရားသခင် အလိုရှိခဲ့သည်။ တစ်နည်းဆိုသော် ယောဘသည် စုံလင်၍ ဖြောင့်မတ်ကြောင်းနှင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြောင်းကို ဘုရားသခင်သည် တမင်တကာ အသားပေးခဲ့ပြီး ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူတစ်ဦးဖြစ်ပုံ၊ ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သူဖြစ်ပုံအပေါ် စာတန်၏ မုန်းတီးခြင်းနှင့် အမျက်ဒေါသကြောင့် ဤနည်းလမ်းအားဖြင့် စာတန်အား ယောဘကို တိုက်ခိုက်စေခဲ့သည်။ ရလဒ်အနေဖြင့် ယောဘသည် စုံလင်၍ ဖြောင့်မတ်သောသူ တစ်ဦးဖြစ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူဖြစ်ခြင်း အကြောင်းကြောင့် ဘုရားသခင်သည် စာတန်ကို အရှက်ရစေမည်ဖြစ်ပြီး စာတန်သည် လုံးလုံးလျားလျား အရှက်တကွဲဖြစ်၍ ရှုံးနိမ့်မည်ဖြစ်သည်။ ယင်းနောက်တွင် စာတန်သည် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မကောင်းမှု ရှောင်ခြင်းနှင့်ပတ်သက်ပြီး ဆက်၍ သံသယရှိလိမ့်မည် သို့မဟုတ် စွဲချက်များ တင်လိမ့်မည် မဟုတ်တော့ပေ။ ဤနည်းဖြင့် ဘုရားသခင်၏ စမ်းသပ်မှုနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းမှာ ရှောင်လွှဲ၍ မရသည့်နီးနီး ဖြစ်ခဲ့သည်။ ဘုရားသခင်၏ စမ်းသပ်မှုနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့သည့် တစ်ဦးတည်းသောသူမှာ ယောဘ ဖြစ်သည်။ ဤသို့ အပြန်အလှန် ပြောဆိုပြီးနောက်တွင် စာတန်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် အခွင့် ရရှိခဲ့သည်။ ထို့ကြောင့် စာတန်၏ ပထမအကြိမ် တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ဤတိုက်ခိုက်မှုများ၏ ပစ်မှတ်မှာ ယောဘ၏ ဥစ္စာပစ္စည်း ဖြစ်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် စာတန်က ယောဘအား ဆက်လက်ဖော်ပြပါအတိုင်း စွဲချက်တင်ခဲ့ခြင်းကြောင့် ဖြစ်သည်၊ “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။...သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ” ရလဒ်တစ်ခုအနေဖြင့် ဘုရားသခင်သည် ယောဘ၌ ရှိသမျှကို နှုတ်ယူရန် စာတန်ကို အခွင့်ပေးခဲ့သည်၊ ၎င်းမှာ စာတန်အား ဘုရားသခင် စကားပြောခဲ့ရခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်သည် စာတန်အား တောင်းဆိုခဲ့သည့် တောင်းဆိုချက်တစ်ခုမှာ၊ “ယေဟောဝါက စာတန်ကို၊ ကြည့်လော့၊ သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်” (ယောဘ ၁:၁၂) ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်အား ခွင့်ပြုခဲ့ပြီး ယောဘကို စာတန်၏ လက်ထဲသို့ အပ်ပြီးသည့်နောက်တွင် ဘုရားသခင် ချမှတ်ခဲ့သော သတ်မှတ်ချက် တစ်ခုဖြစ်ပြီး စာတန်အတွက် သူသတ်မှတ်ခဲ့သော ကန့်သတ်ချက် ဖြစ်သည်၊ ယောဘကို အန္တရာယ်မပြုရန် စာတန်ကို သူအမိန့်ပေးခဲ့သည်။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သည်ကို ဘုရားသခင် အသိအမှတ်ပြုခဲ့ပြီး သူ့ရှေ့၌ ယောဘ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းမှာ သံသယ ဖြစ်ဖွယ်မရှိကြောင်းနှင့် စစ်ဆေးခြင်းကို ခံရပါက ကြံ့ကြံ့ခံနိုင်မည်ဖြစ်ကြောင်း သူ၌ ယုံကြည်ခြင်း ရှိခဲ့ခြင်းကြောင့် ဘုရားသခင်သည် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်သော်လည်း စာတန်အပေါ် ကန့်သတ်ချက် တစ်ခုကို သတ်မှတ်ခဲ့သည်၊ စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်း အားလုံးကို နှုတ်ယူရန် အခွင့်ရခဲ့သော်လည်း သူ့အပေါ် လက်ချောင်းတစ်ချောင်းပင် မတင်နိုင်ခဲ့ချေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းမှာ ဘုရားသခင်သည် ယောဘကို စာတန်ထံ လုံးလုံးလျားလျား မပေးအပ်ခဲ့ကြောင်းကို ဆိုလိုခြင်း ဖြစ်သည်။ စာတန်သည် ယောဘကို ၎င်းအလိုရှိသည့် မည်သည့် နည်းလမ်းဖြင့်မဆို စုံစမ်းနှောင့်ယှက်နိုင်ခဲ့သော်လည်း ယောဘကို ထိခိုက်နာကျင်စေနိုင်ခြင်း မရှိ၊ သူ၏ ဦးခေါင်းပေါ်မှ ဆံပင် တစ်ပင်ကိုပင်လျှင် မထိခိုက်စေနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် လူ၏ အရာခပ်သိမ်းကို ဘုရားသခင် ထိန်းချုပ်ထားပြီး လူ၏ရှင်ခြင်း သို့မဟုတ် သေခြင်းတို့ကို ဘုရားသခင် ဆုံးဖြတ်ပြီး စာတန်၌ ယင်းခွင့်ပြုချက် မရှိခြင်းကြောင့် ဖြစ်သည်။ ဤစကားများကို စာတန်အား ဘုရားသခင် ဆိုခဲ့ပြီးနောက်တွင် စာတန်သည် အလုပ်စရန် မစောင့်နိုင်ခဲ့ပေ။ ၎င်းသည် နည်းလမ်း အမျိုးမျိုးကို အသုံးပြု၍ ယောဘကို စုံစမ်းနှောင့်ယှက်ခဲ့ပြီး များမကြာမီ ယောဘသည် သူ့ကို ဘုရားသခင် ပေးခဲ့သော တောင်တစ်တောင်စာရှိသော သိုး နွားများနှင့် ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ရသည်...ဤသို့ဖြင့် ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့သည်။

သမ္မာကျမ်းစာသည် ငါတို့အား ယောဘ စုံစမ်းနှောင့်ယှက်ခံရခြင်း၏ ဇာစ်မြစ်များကို ပြောပြသော်လည်း ဤစုံစမ်းနှောင့်ယှက်ခြင်းများကို ခံရသော ယောဘကိုယ်တိုင်သည် မည်သည့်အရာများ ဖြစ်နေသည်ကို သိခဲ့သလော။ ယောဘသည် သေမျိုးဖြစ်သော လူသားတစ်ဦးမျှသာ ဖြစ်သည်၊ သူ့နောက်ကွယ်၌ ဖွင့်ဟထားသော ဇာတ်ကြောင်းကို သူသိခဲ့မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း သူ့အပေါ် ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခဲ့ပြီ ဖြစ်ကြောင်းကို ဘုရားသခင်အား သူ၏ ကြောက်ရွံ့ခြင်းနှင့် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့က သူ့အား သဘောပေါက်စေခဲ့သည်။ ဝိညာဉ်ရေးရာ လောကထဲ၌ မည်သည်တို့ ဖြစ်ပျက်ခဲ့ကြောင်းနှင့် ဤစမ်းသပ်မှုများ၏ နောက်ကွယ်မှ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ မည်သည်တို့ ဖြစ်ကြောင်းကို သူမသိခဲ့ချေ။ သို့သော်လည်း သူ၌ မည်သည်တို့ ဖြစ်ပျက်ခဲ့ပါစေ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စစ်မှန်စွာ ဆုပ်ကိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သည့် လမ်းကို လိုက်နာသင့်ကြောင်းကို သူအမှန် သိခဲ့သည်။ ယောဘ၏ သဘောထားနှင့် ဤအမှုအရာများအပေါ် တုံ့ပြန်မှုကို ဘုရားသခင်သည် ရှင်းလင်းစွာ ရှုမြင်ခဲ့သည်။ ဘုရားသခင်သည် မည်သည်တို့ကို မြင်ခဲ့သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သည့် ယောဘ၏ စိတ်နှလုံးကို သူမြင်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် အစအဦးမှ ယောဘ စစ်ဆေးခံရသည့် အချိန်အထိ ယောဘ၏ စိတ်နှလုံးသည် ဘုရားသခင်အား လမ်းဖွင့်ပေးခဲ့ခြင်း၊ စိတ်နှလုံးကို ဘုရားသခင် ရှေ့၌ ချထားခဲ့ခြင်းနှင့် ယောဘသည် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စွန့်လွှတ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းကို ပစ်ပယ်ခြင်း သို့မဟုတ် ထိုလမ်းမှ လှည့်သွားခြင်း မရှိခြင်းကြောင့်ဖြစ်သည်၊ ဘုရားသခင်အား ထိုထက်ပို၍ ကျေနပ်ဝမ်းမြောက်စေနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိခဲ့ပေ။ ဆက်လက်၍ ယောဘ ဖြတ်ကျော်ခဲ့သော စုံစမ်းနှောင့်ယှက်ခြင်းများမှာ မည်သည့်အရာများ ဖြစ်ကြောင်းနှင့် ဤစမ်းသပ်မှုများကို သူမည်ကဲ့သို့ သဘောထားကြောင်းကို ငါတို့ကြည့်ကြမည်။ ကျမ်းပိုဒ်များကို ဖတ်ကြပါစို့။

ဂ။ ယောဘ၏ တုံ့ပြန်မှု

ယောဘ ၁:၂၀-၂၁ ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး၊ ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။

ယောဘသည် မည်သူမျှပြောရန်မလိုဘဲ သူပိုင်ဆိုင်သမျှကို ပြန်ပေးခြင်းမှာ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းမှ အရင်းခံခြင်းဖြစ်၏

ဘုရားသခင်က စာတန်အား “သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်” ဟု ဆိုပြီးနောက်တွင် စာတန်သည် ထွက်သွားပြီး များမကြာမီ ယောဘသည် ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်မှုများကို ခံခဲ့ရသည်၊ ပထမဦးစွာ သူ၏နွားများနှင့် မြည်းများ လုယက်ခြင်းကို ခံခဲ့ရပြီး သူ၏ အစေခံများ အသတ်ခံခဲ့ရသည်၊ နောက်တွင် သူ၏သိုးများနှင့် အစေခံများသည် မီးရှို့ဖျက်ဆီးခြင်းကို ခံရသည်၊ ထို့နောက် သူ၏ ကုလားအုပ်များ အသိမ်းခံရပြီး သူ၏ အစေခံများ အသတ်ဖြတ်ခံခဲ့ရသည်၊ နောက်ဆုံးတွင် သူ၏ သားများနှင့် သမီးများ၏ အသက်များနုတ်ယူခြင်း ခံခဲ့ရသည်။ တသီတတန်းဖြစ်သော ဤတိုက်ခိုက်မှုများမှာ ပထမ စုံစမ်းနှောင့်ယှက်မှု အတောအတွင်း ယောဘ ခံစားခဲ့ရသော ညှဉ်းဆဲခြင်း ဖြစ်သည်။ ဘုရားသခင် အမိန့်ပေးခဲ့သည်နှင့်အညီ ဤတိုက်ခိုက်မှုများ အတောအတွင်း စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်းနှင့် သူ၏ သားသမီးများကိုသာ ပစ်မှတ်ထားခဲ့ပြီး ယောဘကို အန္တရာယ်ပေးခဲ့ခြင်း မရှိပေ။ သို့သော်လည်း ယောဘသည် ကြီးစွာသော ကြွယ်ဝချမ်းသာခြင်းကို ပိုင်ဆိုင်ခဲ့သော သူဌေးတစ်ဦးအဖြစ်မှ မည်သည့်အရာမျှ မရှိသော သူတစ်စုံတစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲခြင်းကို ခံခဲ့ရသည်။ မျှော်လင့်မထားသော အလွန်အံ့အားသင့်ဖွယ် ဤထိုးနှက်မှုကို ကြံ့ကြံ့ခံနိုင်မည့်သူ သို့မဟုတ် ၎င်းကို မှန်မှန်ကန်ကန် တုံ့ပြန်နိုင်မည့်သူ တစ်ယောက်မျှ ရှိခဲ့မည် မဟုတ်ပေ၊ သို့သော်လည်း ယောဘသည် သူ၏ အံ့မခန်းသော သဘောထားကို အထင်အရှားပြခဲ့သည်။ သမ္မာကျမ်းတွင် ဆက်လက်၍ ဤသို့ ဖော်ပြထားသည်၊ “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး” ဤသည်မှာ ယောဘသည် သူ၏သားသမီးများနှင့် သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း ကြားသိပြီးနောက်တွင် သူ၏ပထမဦးဆုံး တုံ့ပြန်မှု ဖြစ်သည်။ အရာအားလုံးထက်ဆိုပါက သူသည် အံ့အားသင့်သည့်ပုံ သို့မဟုတ် အထိတ်တလန့် ဖြစ်သည့်ပုံ မပေါ်သည် သာမက သူသည် ဒေါသ သို့မဟုတ် အမုန်းကို ဖော်ပြခဲ့ခြင်းလည်း မရှိခဲ့ပေ။ သူ၏စိတ်နှလုံးထဲတွင် ဤဘေးဒုက္ခများသည် မတော်တဆဖြစ်မှုတစ်ခု မဟုတ်ကြောင်း၊ သို့မဟုတ် လူ၏လက်မှ ဖြစ်ပွားလာခြင်း မဟုတ်ကြောင်း သာမက ၎င်းတို့သည် ဝဋ်လည်ခြင်း သို့မဟုတ် ပြစ်ဒဏ်ခတ်ခြင်း ကျရောက်ခြင်း မဟုတ်ကြောင်းကို လက်ခံထားနှင့်ပြီး ဖြစ်သည်။ ထိုအရာများအစား ယေဟောဝါ၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့သည်၊ သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို နှုတ်ယူရန် အလိုရှိခဲ့သူမှာ ယေဟောဝါပင် ဖြစ်သည်။ ယောဘသည် ထိုစဉ်က အလွန်ငြိမ်သက်ပြီး အမြင်ကြည်လင်ခဲ့သည်။ သူ၏ စုံလင်ပြီး ဖြောင့်မတ်သော လူ့သဘာဝသည် သူ့အပေါ် ကျရောက်ခဲ့ပြီးသော ဘေးဒုက္ခများနှင့်ပတ်သက်၍ မှန်ကန်သော အကဲဖြတ်ချက်များနှင့် ဆုံးဖြတ်ချက်များကို အကျိုးသင့်အကြောင်းသင့်နှင့် သဘာဝကျကျ ချမှတ်နိုင်စေခဲ့သည်၊ အကျိုးဆက်အနေဖြင့် “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး” ဟူ၍ သူသည် တစ်မူထူးခြားသော ငြိမ်သက်မှုဖြင့် ပြုမူခဲ့သည်။ “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်မှာ သူသည် အဝတ် မဝတ်ထားခြင်းနှင့် မည်သည့်အရာကိုမျှ မပိုင်ဆိုင်ကြောင်းကို ဆိုလိုသည်၊ “ဦးခေါင်းကိုရိတ်၍” ဆိုသည်မှာ သူသည် ဘုရားသခင် ရှေ့သို့ မွေးကင်းစကလေးတစ်ဦးအဖြစ် ပြန်လာခဲ့ခြင်းကို ဆိုလိုသည်၊ “မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး” ဆိုသည်မှာ သူသည် လောကထဲသို့ ကိုယ်လုံးတီး လာခဲ့ပြီး ယနေ့တွင် တစ်စုံတစ်ရာမှ မပါဘဲ သူသည် ဘုရားသခင်ထံ မွေးကင်းစကလေးသူငယ် တစ်ဦးအဖြစ် ပြန်ရောက်သွားခြင်းကို ဆိုလိုသည်။ ယောဘပေါ်သို့ ကျရောက်သမျှအပေါ် သူ၏ သဘောထားကို ဘုရားသခင်၏ မည်သည့် ဖန်ဆင်းခံ သတ္တဝါမျှ ရယူနိုင်ခဲ့မည် မဟုတ်ပေ။ ယေဟောဝါအပေါ် သူ၏ယုံကြည်ခြင်းသည် ယုံကြည်မှု နယ်ပယ်ထက် ကျော်လွန်သွားခဲ့သည်၊ ဤသည်မှာ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်အား နာခံခြင်းဖြစ်ပြီး သူ့အား ပေးသည့်အတွက် ဘုရားသခင်ကို သူ ကျေးဇူးတော် ချီးမွမ်းတတ်သည် သာမက သူထံမှ နုတ်ယူသည့်အတွက်လည်း ကျေးဇူးတော် ချီးမွမ်းတတ်သည်။ ဆက်လက်၍ သူသည် မည်သူမျှ ပြောရန်မလိုဘဲ သူ၏အသက် အပါအဝင် သူ ပိုင်ဆိုင်သမျှကို ပြန်ပေးနိုင်စွမ်း ရှိခဲ့သည်။

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းသည် လူသားမျိုးနွယ်အတွက် ဥပမာတစ်ခု ဖြစ်ပြီး သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသားတို့ ပိုင်ဆိုင်သင့်သော လူ့သဘာဝ၏ အထွတ်အထိပ်ပင် ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မမြင်ခဲ့သော်လည်း ဘုရားသခင် အမှန်တကယ် တည်ရှိကြောင်းကို သူသဘောပေါက်ခဲ့ပြီး ဤသို့ သဘောပေါက်ခြင်းကြောင့် ဘုရားသခင်ကို သူကြောက်ရွံ့ခဲ့သည်၊ ဘုရားသခင်ကို သူကြောက်ရွံ့ခဲ့ခြင်းကြောင့် ဘုရားသခင်ကို သူနာခံနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၌ရှိသမျှကို ယူရန် ဘုရားသခင်အား လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို သူပေးခဲ့သည့်အပြင် သူ၌ ညည်းညူမှု မရှိဘဲ ဘုရားသခင် ရှေ့တွင် ပျပ်ဝပ်ကာ ဤအခိုက်အတန့်တွင် ဘုရားသခင်သည် သူ၏ ခန္ဓာကိုယ်ကိုပင် နှုတ်ယူခဲ့ပါကလည်း သူသည် မညည်းညူဘဲ ဝမ်းမြောက်စွာ အခွင့်ပေးမည်ဟု ဘုရားသခင်အား သူ ပြောခဲ့သည်။ သူ၏ ပြုမူလုပ်ဆောင်ပုံ အားလုံးမှာ သူ၏ စုံလင်ဖြောင့်မတ်သော လူ့သဘာဝကြောင့်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူ၏ အပြစ်ကင်းစင်မှု၊ ရိုးသားမှုနှင့် ကြင်နာမှု ရလဒ်ကြောင့် ယောဘသည် ဘုရားသခင်၏ တည်ရှိမှုအပေါ် သူ၏ သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့မှာ မြဲမြံခိုင်မာနေခဲ့ပြီး ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သူ့ကိုယ်သူ လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် သူ၏ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ဆောင်ပုံနှင့် ဘုရားသခင် ရှေ့တွင် ပြုမူလုပ်ဆောင်မှု နိယာမများကို သူ့အပေါ် ဘုရားသခင်၏ လမ်းပြမှုနှင့် အရာအားလုံးအကြားတွင် သူမြင်ခဲ့ပြီးသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်အညီ စံကိုက်ခဲ့သည်။ အချိန်လွန်လာသည်နှင့်အမျှ သူ၏ အတွေ့အကြုံများသည် သူ့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သည့် အမှန်တကယ် ကြောက်ရွံ့မှုတစ်ခုကို ဖြစ်စေပြီး သူ့အား မကောင်းမှုကို ရှောင်ရှားစေခဲ့သည်။ ဤသည်မှာ ယောဘ မြဲမြံစွာ ဆုပ်ကိုင်ခဲ့သော တည်ကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ယောဘသည် ရိုးသားသော၊ အပြစ်ကင်းပြီး ကြင်နာတတ်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး သူ၌ ဘုရားသခင်အား ကြောက်ရွံ့သည့်၊ နာခံပြီး မကောင်းမှုကို ရှောင်သည့် အမှန်တကယ် အတွေ့အကြုံ ရှိခဲ့သည် သာမက “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊” ဟူသော အသိပညာ ရှိခဲ့သည်။ ဤအရာများကြောင့်သာလျှင် သူသည် စာတန်၏ ယင်းကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကြားတွင် ခိုင်ခံ့စွာ ရပ်တည်ပြီး သက်သေခံနိုင်ခဲ့ခြင်း ဖြစ်၍ ၎င်းတို့ကြောင့်သာလျှင် သူသည် ဘုရားသခင်အား စိတ်မပျက်စေဘဲ ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ အားရကျေနပ်ဖွယ် အဖြေတစ်ခုကို ဘုရားသခင်အား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှု အတောအတွင်း ယောဘ၏ ပြုမူပုံသည် အလွန် ရိုးရှင်းခဲ့သော်လည်း နောက်မျိုးဆက်များသည် တစ်ဘဝလုံး ကြိုးပမ်းပြီးနောက်တွင်လည်း ယင်းကဲ့သို့ ရိုးရှင်းမှုမျိုးကို ရယူနိုင်မည်ဟု အသေအချာ မဆိုနိုင်ခဲ့သည့်အပြင် ၎င်းတို့သည် အထက်တွင် ဖော်ပြခဲ့သော ယောဘ၏ ပြုမူပုံကို သေချာပေါက် ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ ယနေ့တွင် ယောဘ၏ ရိုးရှင်းသော ပြုမူပုံကို ရင်ဆိုင်ခဲ့ရပြီး ထိုရိုးရှင်းသော ပြုမူပုံကို ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင် နောက်လိုက်သည်ဟု အခိုင်အမာ ဆိုကြသောသူများ ဘုရားသခင်အား ပြသသည့် “အကြွင်းမဲ့ နာခံခြင်းနှင့် သေသည့်တိုင် သစ္စာရှိခြင်း” ဟူသော သန္နိဌာန်နှင့် ကြွေးကြော်သံများနှင့် နှိုင်းယှဉ်ပါက သင်တို့သည် အလွန်တရာ ရှက်ကြသလော သို့မဟုတ် မရှက်ကြသလော။

သမ္မာကျမ်းထဲတွင် ယောယနှင့် သူ၏ မိသားစု ခံစားခဲ့ရသမျှကို သင်ဖတ်သည့်အခါ သင်၏တုံ့ပြန်မှုမှာ အဘယ်နည်း။ သင်၏ အတွေးများထဲ၌ သင်ပျောက်ဆုံးသွားသလော။ သင်အလွန် အံ့အားသင့်သလော။ ယောဘအပေါ် ကျရောက်သည့် စမ်းသပ်မှုများမှာ “ထိတ်လန့်တုန်လှုပ်ဖွယ်” ဖြစ်သည်ဟု ဖော်ပြနိုင်သလော။ တစ်နည်းဆိုသော် သမ္မာကျမ်းထဲတွင် ဖော်ပြထားသော ယောဘ၏ စမ်းသပ်မှုများကို ဖတ်ခြင်းသည်ပင် အလွန် တုန်လှုပ်ချောက်ချားဖွယ် ကောင်းသည်၊ ၎င်းတို့သည် လက်တွေ့တွင် အဘယ်သို့ဖြစ်ခဲ့လိမ့်မည်နှင့်ပတ်သက်၍မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ထိုအခါ သင်သည် ယောဘအပေါ် ကျရောက်ခဲ့သည့် အရာများမှာ “လက်တွေ့ လေ့ကျင့်ခန်း” တစ်ခု မဟုတ်ဘဲ “သေနတ်အစစ်များ” နှင့် “ကျည်ဆန်အစစ်များ” ကို ပါဝင်သော “တိုက်ပွဲ” အစစ်အမှန်တစ်ခု ဖြစ်ကြောင်း မြင်ရမည်။ သို့သော် သူသည် မည်သူ၏ လက်အားဖြင့် ဤစမ်းသပ်မှုများကို ခံခဲ့ရသနည်း။ ၎င်းတို့မှာ အမှန်အားဖြင့် စာတန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်၊ ၎င်းတို့ကို စာတန် ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့ကို ဘုရားသခင် အခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ယောဘအား စုံစမ်းနှောင့်ယှက်ရန် နည်းလမ်းများကို စာတန်အား ဘုရားသခင် ပြောပြခဲ့သလော။ သူမပြောခဲ့ပါ။ ဘုရားသခင်သည် ၎င်းကို သတ်မှတ်ချက် တစ်ခုကို ပေးခဲ့ရုံမျှသာဖြစ်ပြီး ယင်းနောက်တွင် ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယောဘအပေါ် စုံစမ်းနှောင့်ယှက်ခြင်း ရောက်လာခဲ့သည့်အခါ ၎င်းသည် လူတို့အား စာတန်၏ ဆိုးယုတ်မှုနှင့် အကျည်းတန်မှု၊ လူအပေါ် ၎င်း၏ အငြိုးထားမှုနှင့် စက်ဆုပ်ရွံ့ရှာမှုနှင့် ဘုရားသခင်အား ရန်လိုမှုအကြောင်း အသိတစ်ခုကို ပေးခဲ့သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းသည် မည်မျှပင် ရက်စက်ကြောင်းကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်ကြောင်းကို ဤအရာထဲမှ ငါတို့မြင်ရသည်။ စာတန်သည် အငြိုးထားသော သဘာဝဖြင့် လူကို နှိပ်စက်ညှဉ်းပန်းမှုနှင့် ၎င်း၏ အကျည်းတန်သော မျက်နှာသည် ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါ်ထွက်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ စာတန်သည် ဘုရားသခင်၏ ခွင့်ပြုချက်အားဖြင့် ပေးခဲ့သော ဤအခွင့်အရေးကို အသုံးပြုကာ ယောဘအား ပျာယာခတ်စေပြီး အကြင်နာမဲ့သော ညှဉ်းပန်းနှိပ်စက်မှုကို ခံစေသည်၊ ရက်စက်ကြမ်းကြုတ်မှု နည်းလမ်းနှင့် အဆင့် နှစ်မျိုးစလုံးကို ယနေ့ခေတ် လူများ စိတ်ကူးနိုင်မည် မဟုတ်သည့်အပြင် လုံးဝ ခံနိုင်ကြမည် မဟုတ်ပေ။ ယောဘသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရပြီး ဤစုံစမ်းနှောင့်ယှက်မှု အတောအတွင်း သူ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်ခဲ့သည်ဟု ဆိုခြင်းထက် သူ့အတွက် ဘုရားသခင် စီစဉ်ခဲ့သော စမ်းသပ်မှုများထဲတွင် ယောဘသည် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို ကာကွယ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုရှောင်သည့်နည်းကို ခုခံရန်အတွက် စာတန်နှင့် ပြိုင်ပွဲတစ်ပွဲကို စတင်ခဲ့သည်ဟု ဆိုခြင်းမှာ ပို၍ကောင်းသည်။ ဤပြိုင်ပွဲတွင် ယောဘသည် တောင်တစ်တောင်စာရှိသော သိုးများနှင့် ကျွဲနွားတိရစ္ဆာန်များကို ဆုံးရှုံးခဲ့သည်၊ သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီး သူ၏သားများနှင့် သမီးများကို ဆုံးရှုံးခဲ့သည်၊ သို့သော်လည်း သူ၏စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကို သူစွန့်ပစ်ခဲ့ခြင်း မရှိချေ။ တစ်နည်းဆိုသော် စာတန်နှင့် ယှဉ်ပြိုင်သည့် ဤပြိုင်ပွဲတွင် သူသည် သူ၏စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းကို ဆုံးရှုံးရမည်ထက် ဥစ္စာပစ္စည်းနှင့် သားသမီးများ ချို့ငဲ့ရမည်ကို ပို၍ ဆန္ဒရှိခဲ့သည်။ လူသားတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ် အရင်းအမြစ်ကို စွဲကိုင်ရန် သူပို၍ ဆန္ဒရှိခဲ့သည်။ သမ္မာကျမ်းတွင် ယောဘသည် သူ၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးခဲ့ရပုံ အသေးစိတ် ဖြစ်စဉ်ကို ကျစ်လစ်ပြည့်စုံစွာ ဖော်ပြထားပြီး ယောဘ၏ ပြုမူပုံနှင့် သဘောထားကိုလည်း မှတ်တမ်းတင်ထားသည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်ရာ၌ ယောဘသည် စိုးရိမ်သောက ကင်းလုနီးပါး ဖြစ်ခဲ့ကြောင်းကို တိုတောင်း၍ လိုရင်းတိုရှင်းဖြစ်သော ဤဖြစ်ရပ်များက သတိပြုမိစေသော်လည်း အကယ်၍ စာတန်၏ အငြိုးထားသော သဘာဝကို ထည့်သွင်း၍ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်တို့ကို ပြန်လည်ဖန်တီးခဲ့မည်ဆိုပါက၊ အမှုအရာများသည် ဤစာကြောင်းများထဲတွင် ဖော်ပြထားသကဲ့သို့ ရိုးရှင်းလိမ့်မည် သို့မဟုတ် လွယ်ကူလိမ့်မည် မဟုတ်ပေ။ လက်တွေ့မှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်မည်ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ်နှင့် ဘုရားသခင်၏ လက်ခံခြင်းကို ခံရသောသူ အားလုံးအပေါ် စာတန် သဘောထားသည့် ကြီးစွာသော ပျက်စီးခြင်းနှင့် အမုန်းတရား၏ အဆင့်ဖြစ်သည်။ အကယ်၍ ယောဘကို အန္တရာယ်မပြုရန် စာတန်အား ဘုရားသခင် မတောင်းဆိုခဲ့ပါက စာတန်သည် စိတ်မလုံမလဲဖြစ်ခြင်း တစ်စုံတစ်ရာမရှိဘဲ သူ့ကိုသတ်ဖြတ်မည်မှာ သံသယဖြစ်ဖွယ်ရှိမည် မဟုတ်ပေ။ စာတန်သည် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်အား မကိုးကွယ်စေလိုသည်သာမက ၎င်းသည် ဘုရားသခင်၏အမြင်တွင် ရိုးဖြောင့်ပြီး စုံလင်ဖြောင့်မတ်သောသူများ ဘုရားသခင်ကို ဆက်လက်ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရှားမည်ကို အလိုမရှိပေ။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည်ဟု ဆိုရာ၌ ၎င်းတို့သည် စာတန်ကို ရှောင်ပြီး ကျောခိုင်းရမည်ကို ဆိုလိုသည်၊ ထို့ကြောင့် စာတန်သည် ၎င်း၏ ပြင်းထန်သောအမျက်နှင့် အမုန်းအားလုံးကို သက်ညှာမှုမရှိဘဲ ယောဘအပေါ် စုပုံရန် ဘုရားသခင်၏ ခွင့်ပြုချက်ကို အခွင့်အရေးယူခဲ့သည်။ ထိုအခါ စိတ်မှ ခန္ဓာအထိ၊ အပြင်မှ အတွင်းအထိ ယောဘ ခံစားခဲ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုမှာ မည်မျှကြီးမားကြောင်း သင်မြင်ရခြင်း ဖြစ်သည်။ ယနေ့တွင် ၎င်းသည် ထိုအချိန်က မည်ကဲ့သို့ ဖြစ်ကြောင်းကို ငါတို့ မကြည့်ဘဲ ယောဘသည် ထိုစဉ်က နှိပ်စက်ညှဉ်းပန်းမှုကို ခံရသည့်အချိန် သူ၏ စိတ်ခံစားချက်များကို အကြမ်းဖျင်းမြင်သော အမြင်တစ်ခုကိုသာ သမ္မာကျမ်းစာ ဖြစ်ရပ်များထဲမှ ရနိုင်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။