ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ အပိုင်း တစ်

ပထမဦးဆုံးသော လူ့ဇာတိခံယူသည့် အခါ၌ ဘုရားသခင်သည် ကမ္ဘာပေါ်တွင် နှစ်ပေါင်းသုံးဆယ့်သုံးနှစ်ခွဲ နေထိုင်သွားခဲ့ပြီး၊ သူသည် သူ၏အမှုတော်ကို ထိုနှစ်များထဲမှ သုံးနှစ်ခွဲသာ ထမ်းဆောင်သွားခဲ့သည်။ သူ အမှုတော်ကို ဆောင်ရွက်ခဲ့သော အချိန်အတောအတွင်းနှင့် သူ၏အလုပ်ကို အစမပြုရသေးခင်အချိန် ထိုနှစ်ချိန်လုံးတွင် သူသည် သာမန် လူ့သဘာဝကို ပိုင်ဆိုင်ထားခဲ့သည်။ သူသည် သူ၏ သာမန် လူ့သဘာဝတွင် နှစ်ပါင်းသုံးဆယ့်သုံးနှစ်ခွဲ နေထိုင်သွားခဲ့သည်။ နောက်ဆုံးသုံးနှစ်ခွဲတစ်လျှောက်တွင် သူသည် သူ့ကိုယ်သူ လူ့ဇာတိခံ ဘုရားသခင်အဖြစ် ဖော်ပြခဲ့သည်။ သူ၏အမှုတော်ကို စတင်၍ မထမ်းဆောင်ခင်တွင် သူသည် သူ၏ဘုရားသဘောသဘာဝ ဘာမျှမပြခဲ့ဘဲ၊ ပုံမှန်ဖြစ်သော သာမန်လူ့သဘာဝနှင့်သာ ပေါ်လာခဲ့ပြီး၊ သူ၏အမှုတော်ကို တရားဝင် စတင်ထမ်းဆောင်သည့် နောက်ပိုင်းမှသာ သူ၏ဘုရားသဘောသဘာဝမှာ ထင်ရှားလာခြင်းဖြစ်သည်။ ထိုပထမနှစ်ပေါင်း နှစ်ဆယ့်ကိုးနှစ်အတွင်း သူ၏အသက်တာနှင့် အလုပ်အားလုံးမှာ သူသည် စစ်မှန်သည့်လူ၊ လူသားနှင့် လူ့ဇာတိခန္ဓာ ရှိကြောင်း ဖော်ပြခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူ့အသက် နှစ်ဆယ့်ကိုးနှစ် နောက်ပိုင်းမှသာ သူ၏အမှုတော်သည် အလွန်လေးနက်စွာ စတင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ “လူ့ဇာတိခံယူခြင်း” သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိကပတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။ သူ၏ လူ့ဇာတိခံအသက်တာနှင့် အလုပ်ကို အဆင့်နှစ်ဆင့် ခွဲခြား၍ရသည်။ ပထမအဆင့်မှာ သူ၏ အမှုတော်ကို မထမ်းဆောင်ခင် နေထိုင်ရှင်သန်ခဲ့သော အသက်တာဖြစ်သည်။ သူသည် သာမန်လူသားမိသားစု၊ လုံး၀ သာမန်လူ့သဘာဝဖြင့် လူ့ဘဝ၏ သာမန်ကိုယ်ကျင့်တရားများ၊ ပညတ်တရားများကို လိုက်နာရင်း၊ (အစားအစာ၊ အဝတ်အထည်၊ နေထိုင်စရာ၊ အိပ်ခြင်းစသည့်) သာမန်လူသား လိုအပ်ချက်များ၊ သာမန် လူ့အားနည်းချက်များနှင့် သာမန် လူ့ခံစားမှုများနှင့် နေထိုင်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဤပထမအဆင့် အတောအတွင်း သူသည် ဘုရား၏သဘောသဘာဝ မဟုတ်၊ လုံး၀ သာမန် လူ့သဘာဝ၌ သာမန်လူသား၏ လုပ်ဆောင်မှုများ အားလုံးတွင် ပါဝင်လုပ်ဆောင်ရင်း အသက်ရှင် နေထိုင်သည်။ ဒုတိယအဆင့်မှာ သူ၏ အမှုတော် စတင်ထမ်းဆောင်ပြီးနောက် အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ သူသည် သဘာဝလွန်ဖြစ်သည့် အပြင်ပန်းလက္ခဏာ ဘာမျှမပြဘဲ သာမန်လူ့ကိုယ်ထည်ဖြင့် သာမန် လူ့သဘာဝထဲတွင် ကျိန်းဝပ်နေသေးသည်။ သို့သော်လည်း သူသည် သူ၏အမှုတော်အတွက်သက်သက်သာ အသက်ရှင်ပြီး၊ ဤအချိန်အတောအတွင်း သူ၏သာမန်လူ့သဘာဝမှာ သူ၏ ဘုရားသဘောသဘာဝ၏ သာမန်အလုပ် ဆက်လက်တည်ရှိနိုင်ရန်အတွက် လုံးဝ တည်ရှိသည်၊ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သို့ရောက်သောအခါ သူ၏ သာမန်လူ့သဘာဝသည် အမှုတော်ဆောင်နိုင်စွမ်းရှိသည့် အနေအထားအထိ ရင့်ကျက်လာပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သာမန်လူ့သဘာဝနှင့် အကြွင်းမဲ့ဘုရားသဘောသဘာဝ နှစ်မျိုးစလုံး၏ အသက်တာလည်းဖြစ်သော သူ့အသက်တာ၏ ဒုတိယအဆင့်သည် သူ၏အမှုတော်ကို သူ၏သာမန်လူ့သဘာဝနှင့် ထမ်းဆောင်ရန် ဖြစ်သည်။ သူ့အသက်တာ၏ ပထမအဆင့် အတောအတွင်းတွင် သူသည် လုံး၀ သာမန်လူ့သဘာဝထဲ နေရခြင်း၏ အကြောင်းရင်းမှာ သူ၏လူ့သဘာဝသည် ဘုရားသဘောသဘာဝ အလုပ်၏ အလုံးစုံကို ထိန်းသိမ်းနိုင်ခြင်း မရှိသေး၊ မရင့်ကျက်သေး၍ ဖြစ်သည်၊ သူ၏လူ့သဘာဝ ရင့်ကျက်လာပြီး သူ၏အမှုတော်အား ထမ်းဆောင်နိုင်စွမ်း ရှိလာသည့် နောက်ပိုင်းတွင်မှ သူထမ်းဆောင်သင့်သည့် သူ၏အမှုတော်ကို စတင်ထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ ဇာတိပကတိအနေနှင့် သူသည် ကြီးထွား ရင့်ကျက်ရန် လိုအပ်သည့်အတွက် သူ့အသက်တာ၏ ပထမအဆင့်သည် သာမန်လူ့သဘာဝ အသက်တာပင်ဖြစ်ပြီး၊ ဒုတိယအဆင့်၌မူ သူ၏လူ့သဘာဝသည် သူ၏အလုပ်နှင့် အမှုတော်ကို ထမ်းဆောင်နိုင်စွမ်း ရှိသည့်အတွက် သူ၏အမှုတော်လုပ်ငန်းများ လုပ်နေသည့်အတောအတွင်း အသက်ရှင်သည့် လူ့ဇာတိခံဘုရားသခင်၏အသက်တာသည် လူ့သဘာဝနှင့် ဘုရား၏သဘောသဘာဝ လုံးလုံးလျားလျား နှစ်မျိုးလုံး ပင်ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံ ဘုရားသခင်သည် သူမွေးဖွားသည့် အချိန်မှစ၍ သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုပြပြီး သူ၏အမှုတော်ကို လေးနက်စွာ စတင်ခဲ့မည်ဆိုပါက၊ သူ့တွင် ခန္ဓာဆိုင်ရာ အနှစ်သာရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏လူ့သဘာဝသည် သူ၏ခန္ဓာဆိုင်ရာ အနှစ်သာရအတွက် တည်ရှိခြင်းဖြစ်သည်၊ လူ့သဘာဝ မရှိဘဲနှင့် လူ့ဇာတိ မရှိနိုင်၊ လူ့သဘာဝမရှိသော ပုဂ္ဂိုလ်တစ်ယောက်သည်လည်း လူသားတစ်ဦး မဟုတ်ပေ။ ဤနည်းအားဖြင့် ဘုရားသခင်၏ ဇာတိပကတိ၏ လူ့သဘာဝသည် ဘုရားသခင် ခံယူထားသော ဇာတိပကတိ၏ ပင်ကိုဂုဏ်ဒြပ်ဖြစ်သည်။ “ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူသည် အကြွင်းမဲ့ ဘုရား၏သဘောသဘာဝ ဖြစ်ပြီး၊ လူသားလုံးဝမဟုတ်” ဟု ဆိုခြင်းသည် ဘုရားသခင်ကို စော်ကားခြင်းပင်ဖြစ်သည်၊ အကြောင်းမှာ ဤထွက်ဆိုချက်မျိုး လုံး၀မရှိဘဲ၊ လူ့ဇာတိခံယူခြင်း၏ အခြေခံသဘောတရားကို ချိုးဖောက်သောကြောင့် ဖြစ်သည်။ သူ၏အမှုတော်ကို စတင်ထမ်းဆောင်သည့် နောက်ပိုင်းတွင်ပင်လျှင်၊ သူ၏အလုပ်ကို ဆောင်ရွက်ချိန်၌ သူသည် သူ၏ ဘုရားသဘောသဘာဝထဲ၌ လူသားအပြင်ပန်းကိုယ်ထည်နှင့်အတူ နေထိုင်ဆဲပင်ဖြစ်သည်၊ ထိုအချိန်၌ပင် သူ၏လူ့သဘာဝသည် သူ၏ဘုရားသဘောသဘာဝကို သာမန်ဇာတိပကတိ၌ အလုပ်လုပ်စေသည့် ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ ဆောင်ရွက်ပေးသည်။ ထို့ကြောင့် အလုပ်ကို ဆောင်ရွက်သူမှာ သူ၏လူ့သဘာဝထဲတွင် ကိန်းဝပ်နေသည့် ဘုရား၏သဘောသဘာဝ ဖြစ်သည်။ လုပ်ဆောင်နေသည်မှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး သူ၏လူ့သဘာဝ မဟုတ်သော်ငြားလည်း ယင်းဘုရား၏သဘောသဘာဝကို သူ၏လူ့သဘာဝထဲ သိုဝှက်ထားသည်၊ အနှစ်သာရအားဖြင့် သူ၏အလုပ်ကို သူ၏ ဘုရား၏သဘောသဘာဝ လုံးလုံးလျားလျားက လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏လူ့သဘာဝက လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့သော်လည်း အလုပ်ကို ထမ်းရွက်သည်မှာကား သူ၏ဇာတိပကတိ ဖြစ်သည်။ သူသည် လူသားတစ်ဦးဖြစ်ပြီး ဘုရားသခင်လည်းဖြစ်သည်ဟု ပြောနိုင်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူ့ကိုယ်ထည်နှင့်၊ လူသားအနှစ်သာရသာမက ဘုရားသခင်၏ အနှစ်သာရပါ ရှိသည့် ဇာတိပကတိထဲတွင် နေထိုင်သည့် ဘုရားသခင် ဖြစ်လာသောကြောင့် ဖြစ်သည်။ သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားမဆို၏ အထက်၌ရှိပြီး၊ ဘုရားသခင်၏အလုပ်ကို ဆောင်ရွက်နိုင်သည့် မည်သည့်လူသားမဆို၏ အထက်၌လည်း ရှိသည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းကိုယ်ထည် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိပကတိ၌ သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။ သူ၏လူ့သဘာဝကို သူ့ဇာတိပကတိ၏ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏နေ့စဉ်အသက်တာတွင် မြင်နိုင်သော်ငြားလည်း သူ၏ဘုရားသဘောသဘာဝကိုမူ သိမြင်ရန် ခက်ခဲသည်။ သူ၏ ဘုရားသဘောသဘာဝသည် သူ၌ လူ့သဘာဝရှိမှသာ ဖော်ပြခြင်း ဖြစ်သည့်အတွက်နှင့် လူများစိတ်ကူးထားသမျှ သဘာဝလွန် မဟုတ်သည့်အတွက်၊ ၎င်းကိုမြင်နိုင်ရန်မှာ လူတို့အဖို့ အလွန်တရာပင် ခက်ခဲလှသည်။ ယနေ့ကာလတွင်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရကို နားလည်နိုင်ရန်မှာ လူတို့အတွက် အခက်ခဲဆုံး ဖြစ်သည်။ ထိုအကြောင်းအရာကို ဤမျှရှည်လျားစွာ ငါပြောပြီးသော နောက်ပိုင်းတွင်ပင်၊ သင်တို့အများစုအတွက် ထိုအရာမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပင် ဖြစ်နေပေဦးမည်ဟု ငါမျှော်လင့်သည်။ အမှန်တွင်၊ ဤအရေးကိစ္စမှာ အလွန်ပင်ရိုးရှင်း၏၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာသည့်အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တော်တိုင်ဟု၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တော်တိုင်ဟု ခေါ်သည်။

ယေရှု ကမ္ဘာပေါ်တွင် နေထိုင်သွားခဲ့သော အသက်တာမှာ ဇာတိပကတိ၏ သာမန်အသက်တာ ဖြစ်သည်။ သူသည် သူ့ဇာတိပကတိ၏ သာမန် လူ့သဘာဝထဲတွင် နေထိုင်ခဲ့သည်။ သူ၏အလုပ်ကို ဆောင်ရွက်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်ကို ပြောဆိုခြင်းအတွက်၊ သို့မဟုတ် နာမကျန်းသောသူများကို ကျန်းမာစေပြီး နတ်ဆိုးများကို နှင်ထုတ်ခြင်းအတွက်၊ ထိုကဲ့သို့ ထူးကဲလှသောအရာများကို ပြုလုပ်ခြင်းအတွက် သူ၏သြဇာအာဏာသည် များသောအားဖြင့် သူ၏အမှုတော်ကို စတင်ခြင်း မပြုမီအချိန်အထိ မိမိကိုယ်ကိုယ် ပြသခဲ့ခြင်း မရှိပေ။ သူ၏အမှုတော်ကို မထမ်းဆောင်ခင်၊ သူ၏အသက် နှစ်ဆယ့်ကိုးနှစ် မတိုင်ခင်က သူ၏အသက်တာက သူသည် သာမန်ဇာတိပကတိပင် ဖြစ်ခဲ့ကြောင်း လုံလောက်သော သက်သေဖြစ်သည်။ ယင်းကြောင့်နှင့် သူ၏အမှုတော်ကို စတင်မထမ်းဆောင်ရသေးသည့် အတွက်တို့ကြောင့် လူများသည် သူ့အထဲတွင် ဘုရား၏ သဘောသဘာဝရှိသော အရာတစ်ခုမျှ မမြင်ခဲ့ကြ၊ သာမန်လူတစ်ယောက်ထက်ပို၍ ဘာတစ်ခုမျှ မမြင်ခဲ့ကြ၊ ၎င်းအချိန်တုန်းက လူအချို့တို့သည် သူ့ကို ယောသပ်၏သားဟု ယုံကြည်ခဲ့ကြသကဲ့သို့ သာမန် လူသားတစ်ယောက်ဟုသာ မြင်ခဲ့ကြသည်။ လူများက သူသည် သာမန်လူတစ်ယောက်၏သားဟု တွေးထင်ခဲ့ကြပြီး၊ သူသည် ဘုရားသခင်ခံယူထားသော လူ့ဇာတိပကတိ ဖြစ်သည်ဆိုခြင်းကို လုံးဝ မသိခဲ့ကြပေ၊ သူ၏အမှုတော်ကို ထမ်းဆောင်နေချိန် အတွင်းမှာပင်လျှင်၊ သူသည် အံဩဖွယ်ရာများစွာ ပြုလုပ်ခဲ့သော်ငြားလည်း၊ သူသည် သာမန်လူ့သဘာဝ အပြင်ပန်းကိုယ်ထည်နှင့် ခရစ်တော် ဖြစ်နေခဲ့သည့်အတွက်၊ လူအများစုသည် သူ့ကို ယောသပ်၏သားဖြစ်သည်ဟုသာ ပြောဆိုခဲ့ကြတုန်းဖြစ်၏။ သူ၏ သာမန်လူ့သဘာဝနှင့် သူ၏အလုပ်နှစ်ခုစလုံးသည် ပထမ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ဖြည့်စွမ်းရန်၊ ဘုရားသခင်သည် ဇာတိပကတိထဲသို့ အလုံးစုံ ၀င်ရောက်လာခဲ့ကြောင်း၊ သာမန်လူသားတစ်ယောက် လုံးလုံးလျားလျား ဖြစ်လာကြောင်းကို သက်သေပြရန်၊ တည်ရှိခဲ့ခြင်း ဖြစ်သည်။ သူ၏အလုပ်ကို မစတင်ခင်က သူ၏သာမန်လူ့သဘာဝသည် သူသည် သာမန်ဇာတိပကတိ ဖြစ်ကြောင်း သက်သေပင်ဖြစ်ပြီး၊ နောက်ပိုင်း သူအလုပ်လုပ်လုပ်ခဲ့ခြင်းမှာလည်း သူသည် သာမန် ဇာတိပကတိသာ ဖြစ်ခဲ့ကြောင်း သက်သေပြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဇာတိပကတိ၌ သာမန် လူ့သဘာဝနှင့်ပင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို ဆောင်ရွက်ခဲ့ပြီး၊ နာမကျန်းသောသူတို့ကို ကျန်းမာစေကာ နတ်ဆိုးများကို နှင်ထုတ်ခဲ့သောကြောင့် ဖြစ်သည်။ နိမိတ်လက္ခဏာများ သူပြုနိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ သူ၏ဇာတိပကတိသည် ဘုရားသခင်၏ သြဇာအာဏာရှိပြီး၊ ဘုရားသခင်၏ဝိညာဉ်တော် ၀တ်ဆင်ထားသည့် ဇာတိပကတိ ဖြစ်သောကြောင့် ဖြစ်သည်။ ဤသြဇာအာဏာကို သူပိုင်ဆိုင်ထားခြင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်ကြောင့်ဖြစ်ပြီး၊ ထိုသို့ပိုင်ဆိုင်ခြင်းကြောင့် သူသည် ဇာတိပကတိ မဟုတ်ကြောင်းကို ဆိုလိုခြင်း မဟုတ်ပေ။ နာမကျန်းသောသူတို့ကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် သူ၏အမှုတော်တွင် ထမ်းဆောင်ရန်လိုအပ်သည့် အလုပ်ပင်ဖြစ်သည်၊ ၎င်းမှာ သူ၏လူ့သဘာဝထဲတွင် သိုဝှက်ထားသော ဘုရားသဘောသဘာဝ၏ ဖော်ပြချက်တစ်ရပ် ဖြစ်ပြီး၊ မည်သည့် နိမိတ်လက္ခဏာများကို သူပြသည်ဖြစ်စေ၊ သူ၏သြဇာအာဏာကို မည်ကဲ့သို့ပင်ပြသည်ဖြစ်စေ၊ သူသည် သာမန်လူ့သဘာဝထဲတွင် အသက်ရှင်ဆဲဖြစ်ပြီး၊ သာမန် ဇာတိပကတိ ဖြစ်နေဆဲဖြစ်သည်။ ကားတိုင်ပေါ်တွင် အသေခံပြီးနောက် ရှင်ပြန်ထမြောက်ခဲ့သည့် အချိန်အထိ၊ သူသည် သာမန် ဇာတိပကတိ၌ ကိန်းဝပ်ခဲ့သည်။ ကျေးဇူးတော်ကို အပ်နှင်းပေးခြင်း၊ နာမကျန်းသောသူကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း အားလုံးတို့သည် သူ့အမှုတော်၏ အစိတ်အပိုင်းဖြစ်ပြီး၊ သူ၏သာမန် ဇာတိကပတိ၌ ဆောင်ရွက်ခဲ့သည့် အလုပ်အားလုံးပင်ဖြစ်သည်။ သူသည် ကားတိုင်သို့ မသွားခင်တွင် သူမည်သည့်အရာကို လုပ်နေခဲ့သည် ဖြစ်ပါစေ၊ သူ၏သာမန် လူ့ဇာတိပကတိနှင့် ဘယ်သောအခါမျှ မခွဲခွာခဲ့ပေ။ သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို ဆောင်ရွက်နေခဲ့သော်ငြားလည်း၊ သူသည် ဘုရားသခင်ခံယူထားသော လူ့ဇာတိဖြစ်သည့်အတွက်၊ သူသည် အစာစားပြီး အဝတ် ဝတ်ဆင်ခဲ့သည်၊ သာမန်လူသား၏ လိုအပ်ချက်များ ရှိခဲ့ပြီး၊ သာမန်လူသား၏ အသိဉာဏ်နှင့် သာမန်လူသား၏စိတ်တို့ ရှိခဲ့သည်။ ဤအရာအားလုံးမှာ သူသည် သာမန် လူသားတစ်ယောက် ဖြစ်ကြောင်း သက်သေဖြစ်ပြီး၊ ဘုရားသခင် ခံယူထားသည့် လူ့ဇာတိသည် သာမန်လူ့သဘာဝ ရှိသည့် ဇာတိပကတိ ဖြစ်ကြောင်းနှင့် သဘာဝလွန် မဟုတ်ကြောင်းကို သက်သေပြ၏။ သူ၏လုပ်ငန်းတာဝန်မှာ ဘုရားသခင်၏ ပထမလူ့ဇာတိခံယူခြင်း အလုပ်ကို ပြီးပြည့်စုံစေရန်၊ ပထမလူ့ဇာတိခံယူခြင်းက ပြုလုပ်ရမည့် အမှုတော် ဖြည့်စွမ်းရန်ပင် ဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်မှာ ရိုးရိုးပုံမှန်လူသား တစ်ယောက်သည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ထမ်းဆောင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အလုပ်ကို လူ့သဘာဝနှင့် ထမ်းဆောင်ပြီး၊ ဤနည်းဖြင့် စာတန်ကို နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ တစ်ခု ဖြစ်လာခြင်းကို ဆိုလိုသည်၊ ယင်းသည် ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာခြင်း ဖြစ်သည်၊ ဇာတိပကတိပြုသော အလုပ်မှာ ဇာတိပကတိ၌ ပြည့်မြောက်သော၊ ဇာတိပကတိအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိပကတိမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ အခြားမည်သူတစ်ဦးမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိတစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။ အကယ်၍ သူ၏ ပထမအကြိမ် ကြွလာခြင်းတွင် ဘုရားသခင်သည် အသက်နှစ်ဆယ့်ကိုးနှစ် မတိုင်ခင်တွင် သာမန် လူ့သဘာဝ မရှိခဲ့ပါက၊ အကယ်၍ သူမွေးဖွားပြီးသည်နှင့် ချက်ချင်းပင် နိမိတ်လက္ခဏာများ ပြုနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ သူစကားပြောတတ်သည်နှင့် ချက်ချင်းပင် ကောင်းကင် ဘာသာစကားကို ပြောနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ ကမ္ဘာပေါ်၌ ပထမဆုံးအကြိမ် သူ၏ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် လောကီရေးရာ အားလုံးကို နားလည်သဘောပေါက်ကာ၊ လူပုဂ္ဂိုလ်တိုင်းစီ၏ အတွေးများနှင့် ရည်ရွယ်ချက်များကို ထိုးထွင်းသိမြင်နိုင်မည် ဆိုပါက၊ ထိုသို့သော လူတစ်ဦးသည် သာမန်လူသားတစ်ယောက်ဟု ခေါ်ဆိုခြင်းခံရနိုင်ခဲ့မည် မဟုတ်သည့်အပြင်၊ ထိုသို့သော ဇာတိပကတိမှာလည်း လူသားဇာတိပကတိဟု ခေါ်ဆိုခြင်း ခံနိုင်ခဲ့ရမည် မဟုတ်ပေ။ အကယ်၍ ခရစ်တော်သည် ဤအတိုင်းဖြစ်ခဲ့မည်ဆိုပါက၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်နှင့် အနှစ်သာရသည်လည်း ပျောက်ဆုံးသွားမည် ဖြစ်သည်။ သူ သာမန် လူ့သဘာဝ ပိုင်ဆိုင်ခြင်းမှာ သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ကြောင်းကို သက်သေပြသည်၊ သာမန်လူသားတစ်ဦး၏ ကြီးထွားမှုဖြစ်စဉ်ကို သူကြုံရသည်ဟူသည့် အချက်သည်လည်း သူသည် သာမန် ဇာတိပကတိ ဖြစ်ကြောင်းကို ဆက်လက် ထင်ရှားစေသည်၊ ထို့အပြင် သူ၏အလုပ်မှာ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်တို့ လူ့ဇာတိခံယူခြင်းဖြစ်ကြောင်းကို ဖော်ပြသည့် လုံလောက်သော သက်သေပင်ဖြစ်သည်။ သူ့အလုပ်၏ လိုအပ်ချက်များအရ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း ဖြစ်သည်၊ တစ်နည်းဆိုရလျှင် အလုပ်၏ ဤအဆင့်မှာ ဇာတိပကတိ၌ လုပ်ဆောင်ရန် လိုအပ်ပြီး၊ သာမန် လူ့သဘာဝနှင့် လုပ်ဆောင်ရန် လိုအပ်သည်။ ဤအရာသည် “လူ့ဇာတိ ခံယူသော နှုတ်ကပတ်တော်” နှင့် “လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်” အတွက် ကြိုတင်လိုအပ်သည့်အချက်ဖြစ်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိ ခံယူသည့် အကြိမ်နှစ်ကြိမ်စလုံး၏ နောက်ကွယ်မှ ဖြစ်ရပ်အမှန်ပင် ဖြစ်သည်။ လူတို့က ယေရှုသည် သူ၏အသက်တာ တစ်လျှောက်လုံးမှာ အံ့သြဖွယ်ရာများ ပြုလုပ်ခဲ့ပြီး၊ ကမ္ဘာပေါ်မှ သူ့အလုပ် ဆုံးခန်းတိုင်သည့် အချိန်အထိ သူသည် သာမန်လူ့သဘာဝ၏လက္ခဏာကို မပြသခဲ့၊ သူ့တွင် သာမန်လူသား၏ လိုအပ်ချက်များ၊ သို့မဟုတ် အားနည်းချက်များ၊ သို့မဟုတ် လူသား စိတ်ခံစားမှုများ မရှိ၊ ဘဝ၏ အခြေခံ လိုအပ်ချက်များလည်း လိုအပ်ခဲ့ခြင်း မရှိ၊ သို့မဟုတ် သာမန်လူသား အတွေးများကိုလည်း စဉ်းစားခဲ့ခြင်းမရှိ စသဖြင့် ယုံကြည်ကောင်း ယုံကြည်ကြလိမ့်မည်။ သူတို့သည် ယေရှုကို လူ့ထက်သာလွန်သော ဉာဏ်သာရှိရမည်၊ သာလွန်ထူးကဲသော လူ့သဘာဝ ရှိရမည်ဟုသာ မှတ်ထင်ကြသည်။ သူသည် ဘုရားသခင် ဖြစ်သည့်အတွက် သာမန်လူသားတို့ တွေးခေါ် နေထိုင်သည့်အတိုင်း သူမပြုသင့်ဟု သူတို့ယုံကြည်ကြပြီး၊ သာမန်လူသားတစ်ယောက်ကသာ၊ လူသားအစစ် တစ်ဦးကသာလျှင် သာမန်လူသားအတွေးအခေါ်များကို တွေးနိုင်ပြီး၊ သာမန် လူသားအသက်တာကို အသက်ရှင်နိုင်မည်ဟု ယုံကြည်ကြသည်။ ဤအရာအားလုံးသည် လူသား အတွေးအခေါ်နှင့် လူသား အယူအဆများဖြစ်ပြီး၊ ဤအယူအဆများသည် ဘုရားသခင် အလုပ်၏ မူလရည်ရွယ်ချက်များနှင့် ဆန့်ကျင်နေသည်။ သာမန်လူသား အတွေးအခေါ်သည် သာမန် လူသား ဆင်ခြင်ဉာဏ်နှင့် သာမန်လူ့သဘာဝကို ထောက်မသည်၊ သာမန် လူ့သဘာဝသည် ဇာတိပကတိ၏ သာမန် လုပ်ဆောင်ချက်များကို ထောက်မပြီး၊ ဇာတိပကတိ၏ သာမန် လုပ်ဆောင်ချက်များသည်လည်း ဇာတိပကတိ၏ သာမန်အသက်တာကို အပြည့်အဝ ဖြစ်စေသည်။ ထိုကဲ့သို့သော ဇာတိပကတိထဲတွင် လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံသော ဘုရားသခင်သည် ဇာတိပကတိ၏ အပြင်ပန်း ကိုယ်ထည်ကိုသာ ပိုင်ဆိုင်ထားပြီး၊ သာမန်လူသား အတွေးများကို တွေးခေါ်ခြင်း မရှိခဲ့ပါက၊ လူ့သဘာဝ အစစ်အမှန်ကို မဆိုထားနှင့် ဤဇာတိပကတိသည် လူ၏ ဆင်ခြင်ဉာဏ်ကိုပင် ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ လူ့သဘာဝ မရှိသည့် ဤကဲ့သို့သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် ဆောင်ရွက်သင့်သည့် အမှုတော်ကို အဘယ်သို့ ဖြည့်စွမ်းနိုင်မည်နည်း။ သာမန်စိတ်သည် လူသားအသက်တာ၏ ကဏ္ဍအားလုံးကို ထိန်းထားပေးသည်၊ သာမန်စိတ် မရှိပါက လူသားတစ်ယောက် မဟုတ်ပေ။ တစ်နည်းဆိုရလျှင်၊ သာမန် အတွေးအခေါ်များ တွေးခေါ်ခြင်းမရှိသော လူပုဂ္ဂိုလ်တစ်ဦးသည် စိတ်မနှံ့သူတစ်ဦး ဖြစ်သည်။ ဘုရား၏သဘောသဘာဝသာရှိပြီး လူ့သဘာဝ မရှိသော ခရစ်တော် အားလည်း ဘုရားသခင် ခံယူထားသော လူ့ဇာတိဟု ပြော၍ မရနိုင်ပေ။ ထို့ကြောင့် ဘုရားသခင် ခံယူထားသော လူ့ဇာတိသည် အဘယ်နည်းနှင့် သာမန် လူ့သဘာဝ မရှိနိုင်ရမည်နည်း။ ခရစ်တော်သည် သာမန်လူသားစိတ် မရှိဟု ပြောဆိုခြင်းသည် ဘုရားသခင်ကို စော်ကားခြင်းပင် မဟုတ်ပေလော။ သာမန် လူသားများ ဆောင်ရွက်သည့် လုပ်ဆောင်မှုအားလုံးသည် သာမန်လူသားစိတ်၏ လုပ်ဆောင်ခြင်းအပေါ်တွင် မူတည်သည်။ ထိုအရာမရှိပါက လူသားများသည် မူမမှန်စွာ ပြုမူကြမည်ဖြစ်သည်၊ သူတို့သည် အဖြူနှင့် အမည်းကြား၊ အကောင်းနှင့် အဆိုးကြားမှ ကွဲပြားခြားနားချက်ကိုပင် ပြောနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ၊ ထို့အပြင် သူတို့၌ ကိုယ်ကျင့်တရားများနှင့် လူ့ကျင့်ဝတ်တရားများလည်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသားကဲ့သို့ မတွေးခေါ်ပါက၊ သူသည် စစ်မှန်သော ဇာတိပကတိ၊ သာမန်ဇာတိပကတိ ဖြစ်လိမ့်မည် မဟုတ်ပေ။ စဉ်းစားတွေးခေါ်ခြင်း မရှိသည့် ထိုကဲ့သို့သော ဇာတိပကတိသည် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ကမ္ဘာပေါ်တွင် လူသားများနှင့် အတူတကွ နေထိုင်ရန် မဆိုထားနှင့်၊ သူသည် ဇာတိပကတိ၏ သာမန် လုပ်ဆောင်မှုများကိုပင် ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင် လူ့ဇာတိခံယူရခြင်း၏ အရေးပါမှု၊ လူ့ဇာတိသို့ ဘုရားသခင်ကြွလာခြင်း၏ ပကတိ အနှစ်သာရသည် ပျောက်ဆုံး သွားခဲ့မည်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝသည် ဇာတိပကတိ၌ သာမန် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထိန်းသိမ်းရန် တည်ရှိသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် သူ၏သာမန် လူ့သဘာဝနှင့် သူ၏ ခန္ဓာဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို ထောက်မသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် ဇာတိပကတိ၌ ဘုရားသခင်၏ အလုပ်အားလုံးကို ထောက်မရန် တည်ရှိသည်ဟု ပြော၍ရသည်။ အကယ်၍ ထိုဇာတိခန္ဓာသည် သာမန် လူသားစိတ်ကို မပိုင်ဆိုင်ပါက၊ ဘုရားသခင် ထိုဇာတိပကတိတွင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ၊ ထို့အပြင် ဇာတိပကတိ၌ သူလုပ်ဆောင်ရန် လိုအပ်သည့် အရာကိုလည်း ဘယ်သောအခါမျှ ပြီးမြောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသား စိတ်ကို ပိုင်ဆိုင်သော်ငြားလည်း၊ သူ၏အလုပ်သည် လူသားအတွေးအခေါ်နှင့် ရောနှောနေခြင်း မရှိပေ၊ စိတ်ရှိသော လူ့သဘာဝကို ပိုင်ဆိုင်ဖို့ လိုအပ်ချက်ဖြင့်၊ သူသည် လူ့သဘာဝထဲမှ အလုပ်ကို သာမန်လူသား အတွေးအခေါ်ကို အသုံးချခြင်းဖြင့် မဟုတ်ဘဲ သာမန်စိတ်နှင့် လုပ်ဆောင်သည်။ သူ့ဇာတိပကတိ၏ အတွေးအခေါ်များ မည်မျှပင် မြင့်မားနေပါစေ၊ သူ၏အလုပ်၌ ဆင်ခြင်တွေးခေါ်မှု သို့မဟုတ် အတွေးအခေါ်ဖြင့် စွန်းထင်းခြင်း မရှိပေ။ တစ်နည်းဆိုရလျှင်၊ သူ၏အလုပ်သည် သူ့ဇာတိပကတိ၏ စိတ်အားဖြင့် အကြံရလာခြင်း မဟုတ်ဘဲ၊ သူ၏ လူ့သဘာဝထဲရှိ ဘုရားသဘောသဘာဝ အလုပ်၏ တိုက်ရိုက် ဖော်ပြချက်ပင် ဖြစ်သည်။ သူ၏ အလုပ်အားလုံးသည် သူကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်သည့် အမှုတော်ပင်ဖြစ်ပြီး၊ ထိုအရာတစ်ခုကမျှ သူ၏ဦးနှောက်အားဖြင့် အကြံရလာခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် နာမကျန်းသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် ကားတိုင်တွင် အသေခံခြင်းတို့မှာ သူ၏ လူ့စိတ်မှ ထုတ်လုပ်သည့်အရာများ မဟုတ်ပေ၊ ၎င်းအရာများကို လူသားစိတ်ရှိသည့် မည်သည့် လူသားမျှ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ ယနေ့ကာလ၏ သိမ်းပိုက်ခြင်း အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်က ထမ်းဆောင်ရမည့် အမှုတော်ဖြစ်ပြီး၊ ၎င်းမှာ လူသားဆန္ဒမှဖြစ်လာသော အလုပ် မဟုတ်ပေ၊ ၎င်းသည် သူ၏ဘုရားသဘောသဘာဝက လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်ပြီး၊ မည်သည့် ဇာတိပကတိ ဆန်သော လူသားကမျှ မစွမ်းဆောင်နိုင်သည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် လူသားစိတ်ကို ပိုင်ဆိုင်ရမည်၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ရမည်၊ အဘယ်ကြောင့်ဆိုသော် သူ၏အလုပ်ကို သူသည် လူ့သဘာဝ၌ သာမန်စိတ်နှင့် ထမ်းဆောင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအရာသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရ စင်စစ်လည်း ဖြစ်သည်။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။