ကျရှုံးမှု၊ ပြိုလဲမှု၊ စမ်းသပ်မှု၊ စစ်ဆေးမှုတို့အား မည်သို့ တွေ့ကြုံရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၆၀)

အချို့သောလူများသည် ခေါင်းဆောင်တစ်ယောက်အဖြစ် စစ်မှန်သော တာဝန်တစ်ခုမျှ မလုပ်ဆောင်ခြင်း၊ သို့မဟုတ် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို အငမ်းမရဖြစ်ခြင်းကြောင့် ထုတ်ပယ်ခံရခြင်းကဲ့သို့သော ကျရှုံးမှုအချို့ကို အတိတ်တွင် တွေ့ကြုံခဲ့ကြ၏။ အကြိမ်အနည်းငယ်မျှ ထုတ်ပယ်ခံရပြီးသည့်နောက်တွင် ၎င်းတို့ထဲမှ အချို့သည် အစစ်အမှန် ပြောင်းလဲခြင်း အနည်းငယ်ကို အမှန်ပင် ကြုံကြရ၏၊ သို့ဖြစ်ရာ ထုတ်ပယ်ခံရခြင်းသည် လူများအတွက် ကောင်းသောအရာလော၊ သို့မဟုတ် ဆိုးသောအရာလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) လူများသည် ပထမဆုံးအကြိမ် တာဝန်မှ ထုတ်ပယ်ခံရသည့် အချိန်၌ ကောင်းကင်ကြီး ပြိုကျနေသကဲ့သို့ ခံစားမိကြ၏။ ၎င်းတို့၏ စိတ်နှလုံးများ ကွဲကြေသွားသလိုပင် ဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်ကို မထိန်းနိုင်တော့သည့်အပြင် မည်သည့် လမ်းကြောင်းသို့ ဝင်ရောက်ရမည်ကိုလည်း မသိကြပေ။ သို့သော် ထိုအတွေ့အကြုံ နောက်ပိုင်းတွင်မူ “ယင်းမှာ ထိုမျှ ကြီးမားသည့် ကိစ္စကြီးလည်း မဟုတ်ခဲ့ပါ။ ငါ၏ဝိညာဉ်ရင့်သန်မှုက ယခင်က အဘယ်ကြောင့် နည်းလွန်းခဲ့သနည်း။ ငါသည် အဘယ်သို့များ အများကြီး မရင့်ကျက်နိုင်ခဲ့ရသနည်း” ဟူ၍ ၎င်းတို့က တွေးကြ၏။ ၎င်းတို့အနေဖြင့် အသက်တာတွင် တိုးတက်မှု ရှိခဲ့ပြီဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သမ္မာတရားနှင့် လူသားအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း ရည်ရွယ်ချက်တို့ကို အနည်းငယ် နားလည်ခဲ့ကြပြီဖြစ်ကြောင်းတို့ကို ဤအရာက သက်သေပြ၏။ ဤသည်မှာ ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံရခြင်း ဖြစ်စဉ်ပင် ဖြစ်သည်။ သူ၏အမှုတော်တွင် ဘုရားသခင် အသုံးပြုသော ဤနည်းလမ်းများကို သင်သည် နာခံ၊ လက်ခံရမည်။ ထိုနည်းလမ်းများမှာ သင့်အား အမြဲမပြတ် ပြုပြင်ခြင်း၊ သို့မဟုတ် သင့်အပေါ် သုံးသပ်ချက်များ ချမှတ်ခြင်း၊ သင့်အား အလားအလာမရှိဟု ပြောဆိုခြင်း၊ သင်သည် ကယ်တင်ခံရမည့် လူတစ်ယောက် မဟုတ်ဟု ပြောဆိုခြင်း၊ ထို့အပြင် သင့်အား ပြစ်တင်ရှုတ်ချ၍ ကျိန်ဆဲခြင်းတို့ ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်ခြင်းကို ခံစားကောင်း ခံစားရနိုင်သည်။ သို့သော် သမ္မာတရားကို ရှာဖွေခြင်း၊ မိမိကိုယ်ကို ဆင်ခြင်ခြင်းနှင့် မိမိကိုယ်ကို သိခြင်းတို့ဖြင့် သင်သည် များမကြာမီ ပြန်ထူထောင်လာနိုင်ပြီး ဘုရားသခင်နောက် လိုက်လျှောက်၍ သင်၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်လာနိုင်လိမ့်မည်။ ဤသည်မှာ အသက်၌ ကြီးထွားခြင်းဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ ထို့ကြောင့် ထုတ်ပယ်ခံရခြင်းကို ပို၍ တွေ့ကြုံရခြင်းသည် ကောင်းသလော၊ သို့မဟုတ် ဆိုးသလော။ သူ၏ အမှုတော်တွင် ဘုရားသခင် အသုံးပြုသော ဤနည်းလမ်းမှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) သို့ရာတွင် လူများသည် တစ်ခါတစ်ရံ၌ ဤအဖြစ်ကို အသိအမှတ်မပြုသည့်အပြင် လက်မခံနိုင်ကြချေ။ အထူးသဖြင့် ထုတ်ပယ်ခြင်းကို ပထမဆုံး တွေ့ကြုံရသည့်အခါ ၎င်းတို့အနေဖြင့် မမျှမတ ဆက်ဆံခံနေရသည်ဟု ခံစားမိကြ၏၊ ၎င်းတို့သည် ဤ အကျပ်အတည်းကို မကျော်လွှားနိုင်ကြဘဲ၊ ဘုရားသခင်အား အမြဲတစေ အကျိုးအကြောင်းပြ ပြောဆိုကာ စောဒကတက်နေကြ၏။ ၎င်းတို့သည် အဘယ်ကြောင့် မကျော်လွှားနိုင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို ပြဿနာ ရှာနေခြင်းကြောင့်လော။ လူများသည် သမ္မာတရားကို နားမလည်သောကြောင့်လည်းကောင်း၊ မိမိကိုယ်မိမိ မည်သို့ ဆင်ခြင်ရမှန်း မသိသောကြောင့်လည်းကောင်း၊ ၎င်းတို့အတွင်းမှ ပြဿနာများကို မရှာဖွေသောကြောင့်လည်းကောင်း ဖြစ်၏။ ၎င်းတို့သည် ၎င်းတို့စိတ်နှလုံးများအတွင်း နာခံရန် ငြင်းဆိုကြပြီး ထုတ်ပယ်ခြင်း ခံရသည့်အခါ ဘုရားသခင်ကို စတင်၍ အကဲစမ်းလာကြတော့သည်။ ၎င်းတို့သည် ထုတ်ပယ်ခံရခြင်းဟူသော အမှန်တရားကို လက်မခံနိုင်ကြဘဲ မကျေမချမ်းဖြစ်မှုများ ပြည့်နှက်ကုန်သည်။ ဤအချိန်၌ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ပြင်းထန်လွန်း၏၊ သို့သော် နောင်တွင် ယင်းအကြောင်းကိစ္စအား ပြန်ကြည့်မိကြသည့်အခါ ၎င်းတို့အနေဖြင့် ထုတ်ပယ်ခံရသည်မှာ မှန်ကန်ကြောင်းကို ၎င်းတို့ မြင်နိုင်ကြ၏။ ယင်းသည် နောက်ဆုံးတွင် ၎င်းတို့အား အသက်တာတွင် တိုးတက်မှုအနည်းငယ် ဖြစ်မြောက်စေဖို့ ထောက်ကူပေးခဲ့သည့် ကောင်းသောအရာတစ်ခု ဖြစ်နေခဲ့သည်။ ၎င်းတို့သည် အနာဂတ်တွင် ထုတ်ပယ်ခံရခြင်းကို ထပ်မံ ရင်ဆိုင်ရသည့်အခါ ဤနည်းအတိုင်း အကဲစမ်းကြဦးမည်လော။ (အခေါက်တိုင်းတွင် အကဲစမ်းခြင်း နည်းသည်ထက် နည်းလာပါသည်။) ဤအရာသည် တရွေ့ရွေ့ တိုးတက် ကောင်းမွန်လာခြင်းမှာ ပုံမှန်ပင်ဖြစ်၏။ မည်သည့်အရာမျှ မပြောင်းလဲလျှင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြကြောင်းနှင့် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြကြောင်းကို ဤသည်က သက်သေပြ၏။ ထို့နောက် ၎င်းတို့သည် လုံးလုံးလျားလျား ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံကြရကာ ကယ်တင်ခြင်းကို ရရှိရန်လည်း မဖြစ်နိုင်ချေ။

ကျရှုံးမှုများ၊ မှောက်မှားမှုများနှင့် ထုတ်ပယ်ခံရမှုများသည် ကယ်တင်ခြင်း ရရှိကာ စုံလင်အောင် ပြုလုပ်ခံရခြင်း ဖြစ်စဉ်အတွင်း လူများအားလုံး တွေ့ကြုံရမည့် အရာများ ဖြစ်၏၊ ထို့ကြောင့် ယင်းတို့အား များစွာ ရေးကြီးခွင့်ကျယ် မလုပ်ကြနှင့်။ သင်သည် ထုတ်ပယ်ခံလိုက်ရသည့် လူများအား စိတ်ဒုက္ခ ခံစားနေရခြင်း၊ အပျက်သဘောဆောင်လာကြခြင်းကို မြင်သည့်အခါ တစ်နေ့တွင် သင်သည်လည်း ထုတ်ပယ်ခံရနိုင်ကာ ၎င်းတို့ထက် ပို၍ပင် ဆိုးဝါးနိုင်သောကြောင့် ၎င်းတို့အား မလှောင်ပြောင်နှင့်။ သင်တို့သည် တစ်နေ့တွင် ထုတ်ပယ်ခံရခြင်းကို ရင်ဆိုင်ရလျှင် အပျက်သဘောဆောင်လာကြ၍ ခါးခါးသီးသီး ငိုကြွေးကြမည်လော။ စောဒကတက်ကြမည်လော။ မိမိ၏ ယုံကြည်ခြင်းကို ရပ်တန့်ချင်လာမည်လော။ ယင်းသည် သင့်အနေဖြင့် ဘုရားသခင်ကို ယုံကြည်ပြီးသည့် ကာလအတွင်း သမ္မာတရားကို လက်ခံထားခြင်း ရှိမရှိ၊ သင်သည် သမ္မာတရား မည်မျှကို အမှန်တကယ် နားလည်ထားပြီး ဟုတ်မဟုတ်၊ ထို့ပြင် သင် နားလည်သည်ဟု ထင်မြင်သော သမ္မာတရားများမှာ သင်၏စစ်မှန်မှု ဖြစ်မဖြစ် စသည်တို့အပေါ် မူတည်၏။ ဤသမ္မာတရားများမှာ သင်၏ စစ်မှန်မှု ဖြစ်လာခဲ့ပြီးလျှင် သင်သည် ဤစမ်းသပ်မှုနှင့် စစ်ဆေးခြင်းကို အောင်မြင်ကျော်လွှားရန် ဝိညာဉ်ရင့်သန်မှု ရှိလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်လျှင် ဤထုတ်ပယ်ခံရခြင်းမှာ သင့်အတွက် ဘေးဒုက္ခတစ်ခု ဖြစ်လာပေမည်။ ဆိုးဆိုးဝါးဝါး အဆုံးသတ်ခဲ့လျှင်မူ သင်သည် လဲပြိုကျကာ ပြန်ထနိုင်ဖြစ်လိမ့်မည် မဟုတ်။ အချို့သော လူများမှာမူ အသိတရား အနည်းငယ်မျှ ရှိကြပြီး “ငါသည် ဘုရားသခင်၏ ကျေးဇူးတော်ကို မြောက်မြားစွာ ခံစားပြီးခဲ့ပြီ။ တရားဒေသနာများကိုလည်း နှစ်ပေါင်းများစွာ ကြားနာခဲ့ပြီးပြီ။ ဘုရားသခင်သည်လည်း ငါ့ကို ချစ်ခြင်းများစွာ ပေးထားခဲ့ပြီ။ ငါသည် ၎င်းတို့ကို မေ့ပစ်၍ မဖြစ်ပေ။ အနည်းဆုံးတော့ဖြင့် ဘုရားသခင်၏ မေတ္တာကို ပြန်ပေးဆပ်ရမည်” ဟူ၍ ဆိုကြ၏။ ထို့နောက် ၎င်းတို့သည် အသက်ဝင်ရာက်မှုလုံးဝ မရှိဘဲ မိမိတို့တာဝန်များကို အပျက်သဘောဆောင်စွာနှင့် မတုန်မလှုပ်ဖြင့် ထမ်းဆောင်ကြပြီး သမ္မာတရားအတွက် ကြိုးစားခြင်း မရှိကြပေ။ အကယ်၍ သင်သည် မိမိတာဝန်ကို ထိန်းသိမ်းထားနိုင်လျှင် သင့်အား အသိတရား အနည်းငယ် ရှိသည်ဟု ယူဆနိုင်၏။ ဤသည်မှာ အနည်းဆုံးအားဖြင့် သင်ဖြစ်မြောက်သင့်သောအရာ ဖြစ်သည်။ သို့သော် သင်သည် မိမိတာဝန်တွင် စည်းမျဉ်းများကိုလည်း လိုက်နာခြင်းမရှိ၊ အသက်ဝင်ရောက်မှု မရှိ၊ မိမိတာဝန်တွင် မည်သည့် အကျိုးရလဒ်မျှ ရရှိခြင်းလည်း မရှိဘဲ အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်နေလျှင် ဤသည်မှာ မိမိတာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သလော။ သင်သည် မိမိတာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်သော ဟန်ပန်ဖြင့် အမြဲတမ်း ထမ်းဆောင်နေလျှင် သင်သည် ကပ်ဘေးများအတွင်း၌ ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်လော။ သင်သည် ဘုရားသခင်ကို သစ္စာဖောက်လိမ့်မည် မဟုတ်ဟု အာမခံနိုင်သလော။ ထို့ကြောင့် မိမိတာဝန်ကို ထမ်းဆောင်ရန်အတွက် သင်သည် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိရပေမည်။ မိမိတာဝန်ကို မိမိ၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် အမှန်တကယ် ကိုက်ညီစွာ ထမ်းဆောင်ခြင်းအားဖြင့်သာ စစ်မှန်သော အကျိုးရလဒ်များကို ရရှိနိုင်၏။ ဤသည်မှာ အနိမ့်ဆုံးသော စံနှုန်းဖြစ်၏။ အကယ်၍ ဤစံနှုန်းကိုပင် မဖြည့်ဆည်းနိုင်လျှင် သင်သည် ဝတ်ကျေတမ်းကျေလုပ်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို လှည့်စားကာ သစ္စာဖောက်နိုင်သည်။ ပြီးလျှင် သင်သည် လုံလောက်စွာ အလုပ်လုပ်ပေးနေခြင်းပင် မဟုတ်ချေ။ သင်သည် ဘုရားသခင်၏အိမ်တော်မှ မထွက်ခွာသည့်တိုင် သင့်အား ဘုရားသခင်က ကြာမြင့်စွာကပင် ဖယ်ရှားရှင်းလင်းခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ထိုသို့သော လူတစ်ယောက်ကို ကယ်တင်ရန် မဖြစ်နိုင်ပေ။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့မှုကြောင့်လည်းကောင်း၊ မိမိတာဝန်ကို ဝတ်ကျေတမ်းကျေပုံစံဖြင့် တစ်သမတ်တည်း ထမ်းဆောင်ခြင်းကြောင့်လည်းကောင်း ဖြစ်ပေါ်လေသည်။ သင့်ခြေထောက်မှ ရည်ကြည်ဖုများသည် သင် လျှောက်လာခဲ့သော လမ်းကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ကာ အခြားသူများကို အပြစ်တင်၍ မရနိုင်ချေ။ နောက်ဆုံး၌ သင်သည် ကယ်တင်ခြင်း မခံရဘဲ ကျိန်ဆိုခြင်းသာ ခံရ၍ ပေါလုကဲ့သို့ အဆုံးသတ်လျှင်လည်း သင်သည် အခြားသော မည်သူ့ကိုမျှ အပြစ်တင်၍မရနိုင်ပေ။ ယင်းသည် သင်၏ကိုယ်ပိုင် လမ်းကြောင်းနှင့် သင်၏ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်၏။ ထို့ကြောင့် လူများ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ၌ အရေးကြီးသည့်အချက်မှာ ၎င်းတို့၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိက အဓိကဖြစ်သည်။ လူများသည် ဤအချက်ကို ထိန်းသိမ်းနိုင်လျှင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်လေသည်။ ထိုသို့သော လူများသည် ကယ်တင်ခြင်း မျှော်လင့်ချက် ရှိကြသည်။ ၎င်းတို့ ဤအချက်ကို ဆန့်ကျင်သည့်အခါ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ သင်တို့၏ စည်းမှာ အဘယ်နည်း။ သင်က “ဘုရားသခင်က ကျွန်ုပ်ကို ရိုက်နှက်ပြီး ဆူပူလျှင်ပင်၊ ကျွန်ုပ်ကို ငြင်းပယ်ပြီး ကယ်တင်မည် မဟုတ်လျှင်ပင်၊ ကျွန်ုပ် မည်သည့် မကျေနပ်ချက်မျှ ရှိမည် မဟုတ်ပေ။ ကျွန်ုပ်သည် နွား၊ သို့မဟုတ် မြင်းတစ်ကောင်ကဲ့သို့ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရင်း အဆုံးထိတိုင် ကျွန်ုပ် ဆက်၍ အလုပ်လုပ်ပေးသွားမည် ဖြစ်သည်” ဟု ပြောသည်။ ထိုအရာအားလုံးက ကြား၍ကောင်းပေသည်။ သို့ရာတွင် ဤအရာကို သင် အမှန်တကယ် စွမ်းဆောင်ရရှိနိုင်စွမ်း ရှိသလော။ သင်သည် ထိုသို့သော အကျင့်စရိုက်နှင့် သန္နိဌာန်တို့ အမှန်တကယ် ပိုင်ဆိုင်လျှင် သင့်ကို ငါ ပွင့်ပွင့်လင်းလင်း ပြောလိုက်မည်။ သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိပေသည်။ သင်၌ ဤအကျင့်စရိုက် မရှိလျှင်၊ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ မရှိလျှင်၊ သင်သည် အလုပ်လုပ်ပေးလိုလျှင်ပင် အဆုံးထိတိုင် တည်မြဲနိုင်မည် မဟုတ်ချေ။ ဘုရားသခင်သည် သင့်အပေါ် မည်သို့ ပြုမူမည်ကို သင်သိပါသလော။ သင် မသိပေ။ ဘုရားသခင်သည် သင့်ကို မည်သို့ စမ်းသပ်မည်ကို သင်သိပါသလော။ ဤအရာကိုလည်း သင်မသိချေ။ သင်သည် ကျင့်ကြံပြုမူခြင်းအတွက် အသုံးပြုသော အသိစိတ်နှင့် ဆင်ခြင်တုံတရားဆိုင်ရာ အခြေခံစည်းမျဉ်း မရှိလျှင်၊ မှန်ကန်သော လိုက်စားခြင်း နည်းလမ်း မရှိဘဲ ဘဝအပေါ် သင်၏အမြင်များနှင့် စံနှုန်းတို့သည် သမ္မာတရားနှင့် မကိုက်ညီလျှင် ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုများ၊ သို့မဟုတ် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများကို သင်ကြုံတွေ့ရသည့်အခါ သင် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေတွင် သင်သည် အန္တရာယ်ရှိလိမ့်မည်။ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က မည်သည့်အခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်သနည်း။ သင်က “ကျွန်ုပ်သည် ဒေသနာများ အများအပြားကို ကြားပြီးဖြစ်သည်။ သမ္မာတရားအချို့ကို ကျွန်ုပ် အမှန်တကယ် နားလည်သည်။ သို့ရာတွင် ယင်းကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရခြင်း မရှိသေးပေ။ ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်အောင် မလုပ်ရသေးပေ။ ဘုရားသခင်က ကျွန်ုပ်ကို မထောက်ခံဘဲ အဆုံး၌ ကျွန်ုပ်ကို စွန့်ပစ်ကာ အလိုမရှိတော့လျှင် ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ဖြစ်လိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်ကို အပြစ်ပေးပြီး ကျိန်ဆဲလျှင်ပင် ဘုရားသခင်ကို ကျွန်ုပ် စွန့်ခွာမည် မဟုတ်ချေ။ ကျွန်ုပ် မည်သည့်နေရာကို သွားပါစေ ကျွန်ုပ်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ထာဝရ ယုံကြည်မည် ဖြစ်ပြီး နွားတစ်ကောင်၊ သို့မဟုတ် မြင်းတစ်ကောင်ကဲ့သို့ ကျွန်ုပ် အလုပ်လုပ်ရလျှင်ပင် ဘုရားသခင်နောက် လိုက်ခြင်းကို မည်သည့်အခါမျှ ရပ်မည် မဟုတ်။ ကျွန်ုပ်၏ အဆုံးသတ် မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ် ဂရုမစိုက်” ဟု ပြောလျှင်၊ သင်သည် ဤ သန္နိဌာန် အမှန်တကယ် ရှိပြီး ဤအသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ်ရှိလျှင် သင်သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်။ သင်တို့သည် ဤသန္နိဌာန် မရှိဘဲ ဤအရာများနှင့်ပတ်သက်၍ မည်သည့်အခါမျှ မတွေးတောလျှင် သင်တို့၏ အကျင့်စရိုက်တွင်လည်းကောင်း၊ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့တွင်လည်းကောင်း ပြဿနာ သေချာပေါက် ရှိနေလေသည်။ ယင်းမှာ သင်တို့၏စိတ်နှလုံးတွင် သင်တို့သည် ဘုရားသခင်အတွက် သင်၏ တာဝန်ကို မည်သည့်အခါမျှ ဖြည့်ဆည်းလိုခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ သင်လုပ်သမျှမှာ ဘုရားသခင်ထံမှ ကောင်းချီးများကို တောင်းဆိုခြင်း ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၌ အားထုတ်မှု၊ သို့မဟုတ် ဆင်းရဲဒုက္ခခံစားခြင်းအတွက် မည်သည့်ကောင်းချီးကို ရရှိမည်ကို သင်၏စိတ်ထဲတွင် အစဉ်သဖြင့် တွက်ချက်နေသည်။ သင်လုပ်သမျှသည် ဤအရာများကို တွက်ချက်နေခြင်း ဖြစ်လျှင်၊ သင့်အတွက် ခိုင်မာစွာ ရပ်တည်ဖို့ အလွန် ခက်ခဲလိမ့်မည်။ သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် သင်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိပေါ်တွင်သာ မူတည်သည်။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မပိုင်ဆိုင်ပါက ဘုရားသခင်သည် နတ်ဆိုးများနှင့် လူ့တိရစ္ဆာန်များကို မကယ်တင်သည့်အတွက် သင်သည် ကယ်တင်ခြင်းခံရရန် မထိုက်တန်ပေ။ သင်သည် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းကို လျှောက်ဖို့ ရွေးချယ်ပြီး ပေတရု၏ လမ်းကြောင်းကို လျှောက်လျှင် သမ္မာတရားကို နားလည်ခြင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား ဉာဏ်အလင်းပေးပြီး လမ်းပြလိမ့်မည်ဖြစ်ကာ စုံလင်စေခြင်းခံရဖို့ စမ်းသပ်မှုနှင့် စစ်ဆေးခြင်းများစွာကို သင် တွေ့ကြုံရန် အခြေအနေများကို သင့်အတွက် ဖန်တီးပေးလိမ့်မည်။ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းကို သင် မရွေးချယ်ဘဲ အန္တိခရစ် ပေါလု၏ လမ်းကြောင်းကို လျှောက်လျှင် ဝမ်းနည်းပါသည်။ ဘုရားသခင်သည် သင့်ကို စမ်းသပ်ပြီး စစ်ဆေးလိမ့်ဦးမည် ဖြစ်သည်။ သို့ရာတွင် သင်သည် ဘုရားသခင်၏ စစ်ဆေးခြင်းကို ကြံ့ကြံ့ခံရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။ သင့်ကို တစ်ခုခု ဖြစ်ပျက်သည့်အခါတွင် သင်သည် ဘုရားသခင်နှင့် ပတ်သက်၍ ညည်းညူလိမ့်မည် ဖြစ်ပြီး သင် စမ်းသပ်ခြင်းခံရသည့်အခါ ဘုရားသခင်ကို စွန့်လွှတ်လိမ့်မည်။ ထိုအခိုက်အတန့်တွင် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် အသုံးတည့်မည် မဟုတ်သကဲ့သို့ သင် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဘုရားသခင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများကို မကယ်တင်ပေ။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်ပေသည်။

သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားဟူသော စံနှုန်းကို အနည်းဆုံး ပြည့်မီရမည်။ တစ်နည်းဆိုသော် ဘုရားသခင်က သင့်အား အလိုမရှိတော့လျှင် သင်သည် ကိုယ်တော်အား မည်သို့ ပြုမူဆက်ဆံသင့်သနည်း။ သင် ပြောသင့်သည်မှာ “ဘုရားသခင်သည် ငါ့အား ဤဇီဝအသက်ကို ပေးခဲ့သည်။ ဘုရားသခင်က ငါ့ကို ရွေးချယ်ခဲ့သည်။ ယနေ့တွင် ငါသည် ဖန်ဆင်းရှင်ကို သိလာခဲ့ပြီး သမ္မာတရား အများအပြားကို နားလည်လာခဲ့သော်လည်း ငါသည် ယင်းတို့ကို လက်တွေ့မလုပ်ဆောင်ရသေးပေ။ ငါ၏ ပင်ကိုသဘာဝကိုက သမ္မာတရားကို မနှစ်သက်ချေ။ ပြီးလျှင် ငါ့တွင် မည်သည့် အသိစိတ်မျှ မရှိပေ။ သို့သော် ငါ့အနေဖြင့် အနာဂတ်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိရှိ မရှိရှိ၊ သို့မဟုတ် ကယ်တင်ခံရနိုင်ခြင်း ရှိရှိ မရှိရှိ ငါသည် ဘုရားသခင်ကိုလည်းကောင်း၊ ဖန်ဆင်းရှင်သည် ဖြောင့်မတ်ကြောင်းကိုလည်းကောင်း အစဉ်အမြဲ အသိအမှတ်ပြုပါမည်။ ဤအချက်သည် မပြောင်းလဲနိုင်ပါ။ လူတစ်ယောက်သည် မိမိ၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် လုံးဝ မရှိရုံမျှဖြင့်၊ သို့မဟုတ် မိမိတွင် အဆုံးသတ်ဖြစ်စေ၊ ပန်းတိုင်ဖြစ်စေ လုံးဝ မရှိရုံမျှဖြင့် ဘုရားသခင်နှင့် ဖန်ဆင်းရှင်အား အသိအမှတ်ပြုခြင်းကို မရပ်တန့်သင့်ပါ။ ဤသည်မှာ ပုန်ကန်သော အတွေးတစ်ခု ဖြစ်လိမ့်မည်။ ဤနည်းဖြင့် စဉ်းစားကြည့်လျှင် ငါသည် ကျိန်ဆဲခြင်း ခံရသင့်သည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လူတစ်ယောက်သည် ကျိုးနွံနာခံသင့်၏။ ဤသည်မှာ ဆင်ခြင်တုံတရား ရှိခြင်းဟူသော အဓိပ္ပာယ်ဖြစ်သည်။ ကျိုးနွံနာခံဖို့ဟူသည်မှာ ငါ၏ ဝိညာဉ်ရင့်သန်မှုက သေးလွန်းသည်။ ပြီးလျှင် ငါက ဘုရားသခင်ကို ပုန်ကန်လျှင်ဖြစ်စေ၊ သစ္စာဖောက်လျှင်ဖြစ်စေ အပြစ်ဒဏ်ပေးခြင်း ခံရသင့်သည်။ သို့သော် ဘုရားသခင်က ငါ့ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ ဘုရားသခင်နောက် လိုက်လျှောက်မည့် ငါ၏စိတ်ပိုင်းဖြတ်မှုမှာ ပြောင်းလဲမည် မဟုတ်။ ငါသည် အမြဲတမ်း ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်က ငါ့အား လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ငါသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် အသုံးပြုခံတစ်ယောက်၊ အစေခံသူတစ်ယောက်၊ အဖြည့်ခံတစ်ယောက် ဖြစ်ရန် ဆန္ဒ ရှိနေပါသည်။ ငါ့ထံတွင် ဤစိတ်ပိုင်းဖြတ်မှု ရှိရမည်” ဟူ၍ ဖြစ်၏။ ယခုအချိန်၌ သင့်ထံတွင် ဤအတွေး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဤနည်းအတိုင်း စဉ်းစားဖူးသည်ဖြစ်စေ၊ ဤစိတ်ပိုင်းဖြတ်မှုကို ချဖူးသည်ဖြစ်စေ သင့်ထံတွင် မည်သို့မဆို ဤဆင်ခြင်တုံတရား ရှိရပေမည်။ အကယ်၍ သင့်ထံ၌ ဤဆင်ခြင်တုံတရား၊ သို့မဟုတ် ဤလူ့သဘာဝမျိုး မရှိလျှင် သင့်အတွက် ကယ်တင်ခြင်းဟူသည် အဓိပ္ပာယ်မရှိသော စကားမျှသာ ဖြစ်၏။ ဤသည်မှာ အမှန်ပင် မဟုတ်လော။ ဤအတိုင်းပင် ဖြစ်ပေသည်။ အခြေခံကျသည့် အနိမ့်ဆုံး စံနှုန်းအကြောင်းကို သင့်အား အသိပေးပြီးဖြစ်သည်။ ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် ဤသွင်ပြင်လက္ခဏာကို ပို၍ စဉ်းစားကြည့်သင့်၏။ ဤသွင်ပြင်လက္ခဏာသည် သင့်အတွက် ကောင်းမွန်သည့်အပြင် မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်၏။ သင်သည် ဤ လူ့သဘာဝ သွင်ပြင်လက္ခဏာကို အမှန်တကယ် မပိုင်ဆိုင်လျှင် အန္တရာယ် ကြီးကြီးမားမား ရှိလေပြီ။ သင့်အနေဖြင့် ဆုတောင်းရမည်မှာ “ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်အား ဘုရားသခင်အဖြစ် သဘောထား မှတ်ယူခြင်း လုံးဝ မရှိခဲ့ပါ။ ကျွန်ုပ်သည် ကိုယ်တော်အား မရေရာသော၊ မမြင်နိုင်သော အရာတစ်ခုအဖြစ် လေကဲ့သို့သာ မှတ်ယူခဲ့မိပါသည်။ ဤအကြောင်းကို ယနေ့ တွေ့ကြုံမိရာတွင် ကျွန်ုပ်သည် ဖယ်ရှားရှင်းလင်းခံခဲ့ရပြီ ဟုလည်းကောင်း၊ ကျွန်ုပ်တွင် ကောင်းသော ပန်းတိုင်တစ်ခုမျှ မရှိဟု လည်းကောင်း ခံစားမိပါသည်။ ကိုယ်တော်က ကျွန်ုပ်၏အဆုံးသတ်အား မည်သို့ ဆုံးဖြတ်သည်ဖြစ်စေ၊ ကျွန်ုပ်သည် ကိုယ်တော်အား ကျိုးနွံနာခံလိုစိတ် ရှိပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်နောက် လိုက်လျှောက်ရမည် ဖြစ်ပြီး ကိုယ်တော့်ကို မစွန့်ခွာနိုင်ပါ။ ကိုယ်တော့်ကို စွန့်ခွာ၍ စာတန်၏ တန်ခိုးအောက်တွင် နေထိုင်သော သူတို့မှာ လူသားများ မဟုတ်ကြပါ။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ပါသည်။ ကျွန်ုပ်သည် နတ်ဆိုးတစ်ယောက် မဖြစ်ချင်ပါ။ လူသားသာ ဖြစ်ချင်ပါသည်။ ကျွန်ုပ်သည် စာတန်နောက်သို့ လိုက်မလျှောက်ချင်ဘဲ ဘုရားသခင်နောက်သို့သာ လိုက်လျှောက်ချင်ပါသည်” ဟူ၍ ဖြစ်၏။ သင်သည် ဤ အကြောင်းအရာကို နေ့စဉ် ဆုတောင်းနိုင်၍ အမြင့်သို့ ပိုတက်နိုင်လျှင် သင်၏စိတ်နှလုံးသည် ပို၍ ပို၍ ကြည်လင်လာမည် ဖြစ်ကာ သင့်ထံတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းတစ်ခုလည်း ရှိလာလိမ့်မည်။ အခက်အခဲများကို ရင်ဆိုင်ရသည့်အခါ လူတစ်ယောက်တွင် ပုန်ကန်သော စိတ်သဘောထားတစ်ခု ရှိလျှင် ထိုသူ၏ စိတ်နှလုံးသည် ခေါင်းမာလာပြီး သမ္မာတရားကို ရရှိဖို့ ကြိုးပမ်းရန်လည်း ဆန္ဒမရှိချေ။ ထိုသူသည် အမှားတစ်ခု လုပ်မိသည့်တိုင် အရေးမထားချေ။ ၎င်းဆန္ဒရှိသည့် မည်သည့် အရာကိုမဆို လုပ်ဆောင်၏။ ၎င်းသည် စတင်၍ ဇွတ်တရွတ်နိုင်လာပြီး ပျက်စီးယိုယွင်းလာကာ ဆုမတောင်းလိုတော့ပေ။ ဤအချိန်တွင် မည်သည်ကို လုပ်ဆောင်သင့်သနည်း။ သင့်အား ကာကွယ်ပေးနိုင်သော အခြေခံအကျဆုံးစည်းမျဉ်းတစ်ခု ရှိ၏။ ဆိုလိုသည်မှာ သင်သည် အပျက်သဘောအဆောင်ဆုံးနှင့် အပျော့ညံ့ဆုံး ဖြစ်နေသည့်အချိန်တွင် သင်၏ စိတ်နှလုံး၌ ဘုရားသခင်ကို ပုန်ကန်သော၊ ခုခံသော၊ ပြစ်မှားစော်ကားသော၊ သို့မဟုတ် ဝေဖန်သော စကားများ ရှိလျှင် ယင်းတို့ကို ထုတ်မပြောလေနှင့်။ သို့တည်းမဟုတ် ဘုရားသခင်ကို ခုခံရန် အခြားသူတို့အား လှုံ့ဆော်မည့် မည်သည့်အရာကိုမျှ မလုပ်နှင့်။ ထိုနည်းဖြင့် သင်သည် ဘုရားသခင်ထံ ဆုတောင်း၍ သူ၏ကာကွယ်ခြင်းကို တောင်းလျှောက်သည့်အခါ သင်သည် အခက်အခဲများကို ကျော်လွှားနိုင်၏။ ဤသည်မှာ အရေးကြီးဆုံးအရာ ဖြစ်သည်။ သင့်ထံတွင် ပုံမှန် ဆင်ခြင်တုံတရားတစ်ခု ရှိသည့်အချိန်၊ သို့မဟုတ် သင်သည် အပျက်သဘောဆောင်သော၊ အကျင့်ပျက်သော၊ ထိန်းချုပ်မှုမရှိသော၊ ခုခံသော အခြေအနေများမှ လွတ်မြောက်သည့် အချိန်၌ သင်သည် သင့်ကိုယ်သင် “ငါသည် အစတုန်းက မလုပ်မိခဲ့သည်မှာ ကံကောင်းလေစွ။ ငါသာ လုပ်မိခဲ့လျှင် ခေတ်များ တစ်လျှောက်လုံး အပြစ်စီရင်ခြင်း ခံရသည့် အပြစ်သားတစ်ယောက် ဖြစ်ခဲ့လိမ့်မည်။ ပြီးလျှင် ခွင့်မလွှတ်နိုင်သည့် မကောင်းမှုကို ကျူးလွန်မိပြီးသား ဖြစ်ခဲ့လိမ့်မည်” ဟု တွေးမိနိုင်၏။ ဤလမ်းသည် မည်သို့ ရှိလေသနည်း။ (ကောင်းမွန်ပါသည်။) ၎င်းလမ်းတွင် မည်သည့်နေရာ၌ အကောင်းရှိလေသနည်း။ (လူများကို ဘုရားသခင်၏ စိတ်သဘောထားအား ပုန်ကန်ပြစ်မှားခြင်းမှ တားဆီးပေးနိုင်ပါသည်။) ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန် ပြစ်မှားခြင်း မပြုလေနှင့်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် အရာတစ်ခုအား ထုတ်ပြောမိသည်နှင့်တစ်ပြိုင်နက် ပြန်လည် ရုပ်သိမ်းနိုင်သလော။ စကားတစ်ခွန်းကို ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ယင်းသည် ကျွံသွားပြီးသော စကားတစ်ခွန်း ဖြစ်လာ၏။ ယင်းကို ဘုရားသခင်က ပြစ်တင်ရှုတ်ချ၏။ ဘုရားသခင်က ပြစ်တင်ရှုတ်ချသောအခါ သင်သည် ဒုက္ခရောက်လေသည်။ လူတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သည့်အခါ၌ ဆင်းရဲဒုက္ခအား မည်မျှ ခါးစည်းခံသည် ဖြစ်စေ၊ မိမိကိုယ်ကို မည်သို့ အသုံးခံသည်ဖြစ်စေ၊ မည်သို့ ရွေးချယ်၍ ယုံကြည်သည်ဖြစ်စေ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ ကျိန်ဆဲခြင်း၊ သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်းကို ခံရရန်အတွက် မဟုတ်ဘဲ “သင့်ကို ဘုရားသခင်က အသိအမှတ်ပြု၏။ သင်သည် ရှင်ကျန်နိုင်သည့်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသည့်ပုဂ္ဂိုလ်လည်း ဖြစ်သည်” ဟု ဖန်ဆင်းရှင်က မိန့်ဆိုသည်ကို ကြားရရန်အတွက်သာ ဖြစ်သည်။ ဤအရာသည် ရရှိရန် ခက်ခဲလှ၏။ မလွယ်ကူသောကြောင့် လူတို့သည် ပူးပေါင်းလုပ်ဆောင်ကြရမည်။ သင်၏ ကယ်တင်ခြင်းအား ပျက်ပြားစေသည့် အရာမှန်သမျှကို ဘယ်သောအခါမှ မပြောနှင့်။ အရေးပါသောအချိန်များတွင် သင်သည် မိမိကိုယ်ကို ချုပ်ထိန်းရမည် ဖြစ်ပြီး ပြဿနာ ဖြစ်စေမည့် မည်သည့်အရာကိုမျှ မလုပ်ရ။ သင့်အား ငါ ပြောဦးအံ့။ သင်သည် ပြဿနာကို ဖြစ်ပေါ်စေ၍ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိလျှင် သင်သည် ယင်းကို ဘယ်သောအခါမှ ပြုပြင်နိုင်လိမ့်မည် မဟုတ်ပေ။ အမှုအရာများကို လက်လွတ်စပယ် မလုပ်နှင့်၊ သို့မဟုတ် မပြောနှင့်။ သင်သည် မိမိကိုယ်ကို ချုပ်ထိန်းရမည် ဖြစ်ပြီး အလိုမလိုက်ရ။ သင်သည် မိမိကိုယ်ကို ချုပ်ထိန်းပြီးလျှင် သင့်ထံ၌ အခြေခံစည်းတစ်ခု ရှိနေကြောင်းကို သက်သေပြ၏။ အကယ်၍ သင်သည် မိမိကိုယ်ကို ချုပ်ထိန်းလျှင်၊ ဘုရားသခင်၏ တည်ရှိမှုကို ဝန်ခံလျှင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ပြီး အဆုံးတိုင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိလျှင် ဘုရားသခင်က မြင်ပေလိမ့်မည်။ သင်သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့်အရာ တစ်ခုမျှ မပြောဆိုရသေးသလို အပြစ်ရှိသောအရာ တစ်ခုမျှ မပြုလုပ်ရသေးချေ။ ဘုရားသခင်သည် သင်၏ စိတ်နှလုံးအတွင်းမှ အတွေးများကို စိစစ်နိုင်၏။ သင်သည် အဓိပ္ပာယ်မဲ့သော အတွေးများ ရှိသည့်တိုင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတန်ငယ် ရှိသောကြောင့် ဤအရာများကို ထုတ်ပြောခဲ့ခြင်း မရှိသလို ဘုရားသခင်ကို ခုခံသည့်အရာ တစ်ခုမျှလည်း မလုပ်ခဲ့ချေ။ သင်၏ ဤအပြုအမူကို လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု ဘုရားသခင်က မြင်ပေလိမ့်မည်။ ဘုရားသခင်သည် သင့်အား မည်သို့ သဘောထားမည်နည်း။ ဘုရားသခင်သည် သင့်အား ထိုသို့သော အကျပ်အတည်းများမှ လွတ်မြောက်စေရန် ဆက်၍ လမ်းပြပေလိမ့်မည်။ သို့ဆိုလျှင် သင့်ထံ၌ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် မရှိသေးသလော။ ဤအရာသည် ပိုင်ဆိုင်ရန် အလွန်ရှားပါးသော အရာဖြစ်သည်။ ပြဿနာများကို ရင်ဆိုင်ရသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ မိမိကိုယ်ကို ချုပ်ထိန်းကာ ဘယ်သောအခါမှ အလိုမလိုက်နှင့်။ အလိုလိုက်သည့်အခါတွင် ယင်းသည် စိတ်လိုက်မာန်ပါပြုသော စိတ်ခံစားချက်များ၏ ရလဒ်တစ်ခု ဖြစ်၏။ သင်၏ မာနထောင်လွှားသော သဘာဝသည် ပေါက်ကွဲလုနီးပါးဖြစ်ကာ သင့်ထံ၌ မကျေနပ်ချက်များနှင့် ကျိုးကြောင်းပြချက်များ ပြည့်နှက်နေသည်ဟု ခံစားရ၏။ သင်သည် မကျေမချမ်း ဖြစ်လွန်းလာပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုမှဖြစ်မည်ဟု ခံစားမိ၏။ ဤအချိန်၌ သင့်ကိုယ်သင် ချုပ်ထိန်းရန် မဖြစ်နိုင်ချေ။ အကျိုးဆက်အဖြစ် သင်၏ စာတန်ဆန်သော စိတ်သဘောထား၏ အကျည်းတန်သော ဘက်မှာ ထွက်ပေါ်လာပြီး ဤအချိန်၌ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိရန် အလားအလာ အများဆုံးရှိလေသည်။ ချုပ်ထိန်းခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ မိမိကိုယ်ကို ကာကွယ်ရန်၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန် မပြစ်မှားမိရန်နှင့် မိမိတွင် ကယ်တင်ခြင်းအတွက် နောက်ဆုံးသော မျှော်လင့်ချက် ရောင်ခြည်တစ်ခု ကျန်ရှိနေစေရန် မိမိ၏စကားများ၊ လုပ်ဆောင်ချက်များနှင့် ခြေလှမ်းများကို သတိရှိခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို ချုပ်ထိန်းရန် လိုအပ်၏။ သင်သည် မတရားသဖြင့် ခံခဲ့ရသည်ဟု မည်သို့ ကြီးကြီးမားမား ခံစားရသည်ဖြစ်စေ၊ စိတ်ဆင်းရဲမှုနှင့် ဝမ်းနည်းမှုကို သင်၏စိတ်နှလုံးတွင် မည်မျှ ခံစားရသည်ဖြစ်စေ သင်သည် မိမိကိုယ်ကို ချုပ်ထိန်းသင့်၏။ ဤသည်မှာ အကျိုးရှိဆုံး ကြိုးပမ်း အားထုတ်မှုတစ်ခု ဖြစ်လေသည်။ မိမိကိုယ်ကို ချုပ်ထိန်းပြီးသည့်နောက်တွင် သင့်အနေဖြင့် မည်သို့မျှ နောင်တရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ရန် နည်းလမ်းတစ်ခုအဖြစ် လုပ်ဆောင်ခြင်းဖြစ်စေ၊ မိမိကိုယ်ကို ကာကွယ်ရန် လျှို့ဝှက် ပရိယာယ်တစ်ခုအဖြစ် လုပ်ဆောင်ခြင်းဖြစ်စေ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် လူများအတွက် အဘက်ဘက်မှ အကျိုးရှိ၏။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည့် လူများသည် တစ်ခါတစ်ရံတွင် အနည်းငယ်သော ရူးနှမ်းမှု ပမာဏတစ်ခုကို ထုတ်ဖော်ပြတတ်ပြီး ၎င်းတို့၏ လုပ်ရပ်များ၌ ဆင်ခြင်တုံတရားနှင့် စည်းမျဉ်းများဟူ၍ မရှိချေ။ မည်သည့်အချိန်၌ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထွက်ပေါ်လာမည်ကို သင်သည် သိပင်မသိချေ။ သင်သည် ဘုရားသခင်ကို ငြင်းပယ်ပြီး ရှုတ်ချသည့် အရာတစ်ခုအား လွှတ်ခနဲ ပြောမိသည့်အခါ လုံးလုံး နောက်ကျလွန်းသွားပြီ ဖြစ်၍ ၎င်းကို နောင်တရခြင်းမှာ အကျိုးရှိလိမ့်မည် မဟုတ်။ အကျိုးဆက်များမှာ မစဉ်းစားတတ်အောင်ပင် ဖြစ်လိမ့်မည်။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သင့်အပေါ် အလုပ်လုပ်တော့မည် မဟုတ်ပေ။ ယင်းသည် အရာအားလုံး ပြီးဆုံးပြီဟူသည့် အဓိပ္ပာယ် မဟုတ်လော။ သင့်ထံ၌ ကယ်တင်ခြင်း၏ မျှော်လင့်ချက်ဟူသည် လုံးဝ ရှိမည် မဟုတ်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။