သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂) အပိုင်း နှစ်
ဤသို့ မိတ်သဟာယပြုခြင်းအားဖြင့် ၎င်းတို့တွင် မကောင်းသည့် ကံ ရှိသည်ဟု အမြဲတစေ ပြောဆိုသော လူတို့၏ အတွေးများနှင့် အမြင်များသည် မှန်ကန်ခြင်း၊ သို့မဟုတ် မှားယွင်းခြင်း ရှိမရှိဆိုသည်ကို သင်တို့ နားလည်ပြီလော။ (မှားပါသည်။) ဤလူများသည် အစွန်းရောက်ဝါဒတွင် နွံနစ်လာသောကြောင့် စိတ်ဓာတ်ကျသည့် ခံစားမှုကို တွေ့ကြုံကြရသည်မှာ သိသာထင်ရှားပေသည်။ အစွန်းရောက်သည့် အတွေးများနှင့် အမြင်များရှိသဖြင့် ဤအစွန်းရောက်သည့် စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုရှိကြသောကြောင့် ဘဝတွင် ဖြစ်ပျက်သည့်အရာများကို မှန်ကန်စွာ ၎င်းတို့ မရင်ဆိုင်နိုင်ကြချေ။ လူတို့ ရှိသင့်သည့် လုပ်ငန်းဆောင်တာများကို ပုံမှန် မလုပ်ဆောင်နိုင်ကြသကဲ့သို့ အဖန်ဆင်းခံတစ်ဦး၏ အလုပ်များ၊ တာဝန်များ၊ သို့မဟုတ် ဝတ္တရားများကို မထမ်းဆောင်နိုင်ကြချေ။ ထို့ကြောင့် ၎င်းတို့သည် ငါတို့၏ ပြီးခဲ့သည့် မိတ်သဟာယတွင် ဆွေးနွေးခဲ့ကြသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများထဲသို့ ကျဆင်းသွားကြသည့် လူအမျိုးမျိုးနှင့် တူကြပေသည်။ မိမိတို့တွင် မကောင်းသည့် ကံရှိသည်ဟု ယုံကြည်သော ဤလူများသည် ဘုရားသခင်ကို ယုံကြည်ပြီး အမှုအရာများကို စွန့်လွှတ်နိုင်ကြသည့်တိုင်၊ မိမိတို့ကိုယ်ကို အသုံးခံပြီး ဘုရားသခင်နောက် လိုက်နိုင်ကြသည့်တိုင်၊ ၎င်းတို့သည်လည်း ဘုရားအိမ်တော်တွင် မိမိတို့တာဝန်ကို လွတ်လပ်ကာ လွတ်မြောက်ပြီး စိတ်အေးလက်အေးဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် မထမ်းဆောင်နိုင်ကြချေ။ ဤသည်ကို အဘယ်ကြောင့် ၎င်းတို့ မလုပ်ဆောင်နိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အထဲရှိ အစွန်းရောက် စိတ်ခံစားမှုများ ဖြစ်ပေါ်စေသည့် အစွန်းရောက်ပြီး မူမမှန်သော အတွေးများနှင့် အမြင်များကို ၎င်းတို့စိတ်ထဲ၌ သိုထားသောကြောင့် ဖြစ်သည်။ ဤအစွန်းရောက်သည့် စိတ်ခံစားမှုများက အမှုအရာများကို ၎င်းတို့ အကဲဖြတ်ပုံ၊ ၎င်းတို့ စဉ်းစားသည့် နည်းလမ်းနှင့် အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များအား အစွန်းရောက်ကာ မမှန်ကန်သကဲ့သို့ လိုရာဆွဲတွေးသည့် ရှုထောင့်အမြင်မှ ဖြစ်လာစေသည်။ ၎င်းတို့သည် ကိစ္စရပ်များနှင့် လူတို့အား ဤအစွန်းရောက်ပြီး မမှန်ကန်သည့် ရှုထောင့်အမြင်မှ မှတ်ယူတတ်ကြသည်။ ထိုသို့ဖြင့် ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှု၏ သက်ရောက်မှုနှင့် လွှမ်းမိုးမှုအောက်တွင် ထပ်တလဲလဲ အသက်ရှင်နေကြသည်၊ လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ ဆောင်ရွက်နေကြလေသည်။ အဆုံးတွင် ၎င်းတို့ မည်သို့ အသက်ရှင်သည်ဖြစ်စေ အလွန် မောပန်းပုံရကြသည်မှာ ဘုရားသခင်ကို မိမိတို့၏ ယုံကြည်မှုနှင့် သမ္မာတရား လိုက်စားမှုအတွက် စိတ်ထက်သန်မှု မစုစည်းနိုင်တော့အောင် ဖြစ်ကြလေသည်။ မိမိတို့ ဘဝကို အသက်ရှင်ရန် မည်သို့ ၎င်းတို့ ရွေးချယ်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့တာဝန်ကို အပြုသဘောဆောင်စွာ၊ သို့မဟုတ် တက်ကြွစွာ ထမ်းဆောင်နိုင်ခြင်း မရှိကြသကဲ့သို့ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ကြလင့်ကစား သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် မဆိုထားနှင့်၊ မိမိတို့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်ခြင်း၊ သို့မဟုတ် မိမိတို့တာဝန်ကို စိတ်ကျေနပ်ဖွယ် ထမ်းဆောင်ခြင်းအား မည်သည့်အခါမျှ အာရုံမစိုက်ကြသည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အဘယ်ကြောင့်နည်း။ နောက်ဆုံး စိစစ်မှုအရ ၎င်းတို့တွင် မကောင်းသည့် ကံရှိသည်ဟု အမြဲ တွေးထင်ကြသောကြောင့် ဖြစ်ပြီး ဤအရာက ၎င်းတို့အား အကြီးအကျယ် စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်များရှိစေသည်။ ၎င်းတို့သည် မိမိတို့အလုပ်၊ တာဝန်များနှင့် ဝတ္တရားများကို ဆက်ကပ်သင့်သည့် သစ္စာစောင့်သိမှုအား ဆက်ကပ်ရန် စိတ်ပိုင်းဖြတ်မှု၊ သို့မဟုတ် ဇွဲတစ်ခုတလေ မဆိုထားနှင့်၊ မည်သည့် သက်ဝင်လှုပ်ရှားမှုမျှ မရှိဘဲ၊ အပြုသဘောဆောင်သည့်၊ သို့မဟုတ် အကောင်းမြင်သည့် အပြုအမူတစ်ခုမျှ ထုတ်ဖော်ပြခြင်းမရှိဘဲ လမ်းလျှောက်နေသည့် အလောင်းကောင်တစ်ကောင်ကဲ့သို့ လုံးဝ စိတ်ပျက်အားငယ်ကာ အစွမ်းမဲ့လာကြလေသည်။ ထိုထက် ၎င်းတို့သည် နေ့ရက်ကာလများကို ရောက်တတ်ရာရာနှင့် နားဝေတိမ်တောင်ဖြစ်စွာ အမှုမဲ့အမှတ်မဲ့ ဖြတ်ကျော်လျက် ပေါ့ဆသည့် သဘောထားတစ်ခုနှင့်အတူ တစ်နေ့ပြီးတစ်နေ့ အင်တင်တင်ဖြင့် ရုန်းကန်ကြလေသည်။ ၎င်းတို့ အချိန်မည်မျှကြာအောင် တော်စွလျော်စွ ကြုံရာကျပန်း နေကြလိမ့်မည်ကို ၎င်းတို့ မသိကြ။ အဆုံးတွင် အားကိုးအားထားမရှိဘဲ “အို၊ တတ်နိုင်သရွေ့ ငါ တော်စွလျော်စွ ဆက်နေလိုက်မည်။ တစ်နေ့ ငါ ဆက်မနေနိုင်တော့သကဲ့သို့ အသင်းတော်က ငါ့ကို နှင်ထုတ်ကာ ဖယ်ရှားရှင်းလင်းလိုလျှင် သူတို့ ငါ့ကို ဖယ်ရှားရှင်းလင်းလိုက်သင့်သည်။ ထိုအရာမှာ ငါ့မှာ မကောင်းသည့်ကံ ရှိသောကြောင့် ဖြစ်သည်”ဟု ဆိုလျက် မိမိတို့ကိုယ်ကို သတိပေးဖို့သာ ရှိတော့သည်။ သင်တို့ မြင်သလော၊ ၎င်းတို့ ပြောသည့်အရာပင်လျှင် အလွန် အရှုံးပေးရာကျ၏။ ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုသည် ရိုးရှင်းသည့် စိတ်အခြေအနေတစ်ခုသာ မဟုတ်ဘဲ သာ၍ အရေးကြီးသည်မှာ ထိုစိတ်ခံစားမှုတွင် လူတို့၏ အတွေးများ၊ စိတ်နှလုံးများနှင့် ၎င်းတို့၏ လိုက်စားမှုအပေါ် အကြီးအကျယ် ဖျက်ဆီးတတ်သော သက်ရောက်မှုတစ်ခု ရှိလေသည်။ သင်သည် သင်၏ စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်ကို အချိန်မီပြီး မြန်ဆန်သည့် ပုံစံဖြင့် မပြောင်းလဲနိုင်ပါက ယင်းက သင်၏ တစ်ဘဝလုံးကို ထိခိုက်လိမ့်မည်သာမက သင်၏ အသက်ကိုလည်း ဖျက်ဆီးကာ သင့်ကို သေခြင်းသို့ ပို့လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သင်ယုံကြည်လျှင်ပင် သမ္မာတရားကို ရရှိနိုင်မည်မဟုတ်သကဲ့သို့ ကယ်တင်ခြင်းကို ရယူနိုင်မည်မဟုတ်။ အဆုံးတွင် သင်ပျက်စီးဆုံးရှုံးလိမ့်မည်။ ထို့ကြောင့် မိမိတို့၏ ကံကြမ္မာ ဆိုးသည်ဟု ယုံကြည်သောသူတို့သည် ယခုတွင် အသိတရား ရှိသင့်ကြပေသည်။ ၎င်းတို့၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အမြဲ စူးစမ်းခြင်း၊ ကံကြမ္မာတစ်မျိုးမျိုးကို အမြဲ လိုက်စားခြင်း၊ မိမိတို့ ကံကြမ္မာနှင့်ပတ်သက်၍ အမြဲ စိုးရိမ်ခြင်းဟူသည်တို့မှာ ကောင်းသည့်အရာတစ်ခု မဟုတ်ပေ။ သင်၏ ကံကြမ္မာကို အမြဲ အလေးအနက် သဘောထားလျက် နှောင့်ယှက်မှု၊ သို့မဟုတ် စိတ်ပျက်ခြင်း အနည်းငယ် သင်ကြုံရသည့်အခါ၊ သို့မဟုတ် ကျရှုံးမှု၊ ဆုတ်ဆိုင်းမှုများ၊ သို့မဟုတ် အရှက်ရခြင်းများဖြစ်လာသည့်အခါ ထိုအရာမှာ သင်၏ ကိုယ်ပိုင် မကောင်းသည့် ကံကြမ္မာနှင့် သင့်ကိုယ်ပိုင် ဆိုးရွားသည့်ကံကြောင့်ဖြစ်သည်ဟု သင် အလျင်အမြန် ယုံကြည်လာသည်။ ထို့ကြောင့် သင်သည် မကောင်းသည့် ကံကြမ္မာရှိသည့် တစ်စုံတစ်ဦးဖြစ်ကြောင်း၊ အခြားလူများကဲ့သို့ ကောင်းသည့် ကံကြမ္မာမရှိကြောင်း မိမိကိုယ်ကို ထပ်တလဲလဲ အသိပေးပြီး စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သော အပျက်သဘောဆောင်သော စိတ်ခံစားမှု၏ ဝန်းရံ၊ ချည်နှောင်ကာ ဖမ်းမိခြင်းခံရလျက် ထိုအရာမှ မလွတ်မြောက်နိုင်ဘဲ စိတ်ဓာတ်ကျခြင်းထဲ ထပ်တလဲလဲ နှစ်မြှုပ်သွားလေသည်။ ဤသည်မှာ ဖြစ်ပျက်ရန် အလွန် ထိတ်လန့်ဖွယ်ရာဖြစ်ပြီး အန္တရာယ်များပေသည်။ ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုက သင့်ကို သာ၍ မာနထောင်လွှားလာရန်၊ သို့မဟုတ် လှည့်ဖြားတတ်လာရန် မဖြစ်စေနိုင်သော်လည်း၊ သို့မဟုတ် သင့်အား ဆိုးယုတ်မှု၊ သို့မဟုတ် ခေါင်းမာမှု၊ သို့မဟုတ် ထိုသို့သော အခြားဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ပြစေခြင်း မရှိနိုင်သော်လည်း သင့်အနေဖြင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြပြီး ဘုရားသခင်ကို အာခံသည့် အဆင့်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို သင်ထုတ်ဖော်ပြပြီး သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် အဆင့်၊ သို့မဟုတ် နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို သင် ဖြစ်စေသည့်အဆင့်၊ သို့မဟုတ် မကောင်းသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်သည့်အဆင့်သို့ မရောက်နိုင်သော်လည်း အနှစ်သာရအရ ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုသည် လက်တွေ့အရှိတရားနှင့် ပတ်သက်၍ လူတို့၏ စိတ်မကျေနပ်မှုနှင့်ဆိုင်သော အဆိုးရွားဆုံး သရုပ်သကန်တစ်ခု ဖြစ်သည်။ အနှစ်သာရအနေဖြင့် လက်တွေ့အရှိတရားနှင့် ပတ်သက်၍ စိတ်မကျေနပ်မှုနှင့်ဆိုင်သော ဤသရုပ်သကန်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို စိတ်မကျေနပ်မှုတစ်ခုလည်း ဖြစ်၏။ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို စိတ်မကျေနပ်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ထိုအရာများသည် ဧကန်မုချ အလွန် ဆိုးရွားပြီး အနည်းဆုံးအနေဖြင့် သင့်ကို ဘုရားသခင်အား ပုန်ကန်ကာ အာခံစေလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် ထောက်ပံ့ပေးကမ်းမှုများကို လက်မခံနိုင်ဖြစ်စေကာ ဘုရားသခင်၏ သွန်သင်ချက်များ၊ တိုက်တွန်းမှုများ၊ အသိပေးချက်များနှင့် သတိပေးချက်များတို့ကို နားမလည်နိုင်ဖြစ်စေ၍ ကြားနာဖို့ရန် မလိုမလားဖြစ်စေလိမ့်မည် ဖြစ်သည်။ သင်သည် စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုဖြင့် ပြည့်သောကြောင့် ဘုရားသခင်၏ လက်ရှိ မိန့်မြွက်ချက်များကို လက်မခံနိုင်သကဲ့သို့ သင့်အတွက် ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်ကိုဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ လမ်းပြခြင်း၊ အကူအညီ၊ အားပေးမှုနှင့် ပံ့ပိုးမှုတို့ကိုဖြစ်စေ လက်ခံရန် မဖြစ်နိုင်ပေ။ ဘုရားသခင်သည် အမှုပြုနေသော်လည်း ထိုအရာကို သင်မခံစားနိုင်ပေ။ ဘုရားသခင်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုနေသော်လည်း ထိုအရာကို သင် လက်မခံနိုင်ပေ။ ဘုရားသခင်ထံမှ ဤအပြုသဘောဆောင်သည့် အရာများ၊ ဤသတ်မှတ်ချက်များနှင့် ဤပံ့ပိုးမှုတို့ကို သင် လက်မခံနိုင်ပေ။ သင်၏ စိတ်နှလုံးသည် ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုဖြင့်သာ ပြည့်ကာ နေရာယူခြင်းခံရပြီး ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမျှ သင့်အပေါ် သက်ရောက်မှုတစ်ခုတလေ မရှိပေ။ အဆုံးတွင် သင်သည် ဘုရားအမှုတော်၏ အဆင့်တိုင်းကို လွဲချော်လိမ့်မည်၊ ဘုရားသခင့် မိန့်မြွက်ချက်များ၏ ကဏ္ဍတိုင်းကို လွဲချော်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အမှုတော်နှင့် သင့်အတွက် သူ၏ ထောက်ပံ့မှု အဆင့်တိုင်းကိုပင် သင် လွဲချော်လိမ့်မည်။ ဘုရားသခင်၏မိန့်မြွက်ချက်များနှင့် သူ့အမှုတော်၏ အဆင့်များ အားလုံး ပြီးပြည့်စုံသွားသည့်အခါ သင်၏ စိတ်ဓာတ်ကျသည့် ခံစားချက်ကို သင် ဖြေရှင်းမရနိုင် ဖြစ်နေဦးမည်ဖြစ်သည်။ ယင်းကို သင် နောက်ချန်ထားနိုင်လိမ့်မည် မဟုတ်။ သင်သည် စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုဖြင့် ဝန်းရံကာ ပြည့်နေဆဲဖြစ်လိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် ဘုရားသခင်၏ အမှုတော်ကို သင် လုံးဝ လွဲချော်သွားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်၏ အမှုတော်ကို သင် လုံးဝ လွဲချော်ပြီး ဖြစ်သည်နှင့်တစ်ပြိုင်နက် နောက်ဆုံးတွင် သင်သည် လူပုံအလယ်တွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ရှုတ်ချမှုတို့ကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ပြီး ယင်းမှာ လူသားမျိုးနွယ်၏ အဆုံးသတ်များကို ဘုရားသခင် ကြေညာမည့် အချိန် ဖြစ်သည်။ ထိုအခါတွင်မှ သင်က “အို၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တို့ကို ကျိုးနွံနာခံနိုင်ရန်အလို့ငှာ ဘုရားသခင်၏ အကူအညီနှင့် ထောက်ပံ့မှုတို့ကို ရှာဖွေရန်၊ သူ၏ ပံ့ပိုးမှုကို ရှာဖွေရန်၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို မည်သို့ လက်ခံပြီး သန့်စင်ခြင်းခံရမည်ဆိုသည်ကို ရှာဖွေရန် ငါ ကိုယ့်ကိုယ်ကိုယ် သုံးသပ်သင့်သည်၊ ဤစိတ်ဓာတ်ကျသည့် စိတ်ခံစားချက်ကို နောက်ချန်ထားသင့်သည်၊ ဘုရားနှုတ်ကပတ်တော်များကို ပိုဖတ်သင့်သည်၊ ဘုရားရှေ့မှောက်သို့ ငါလာသင့်သည်”ဟု သဘောပေါက်လိမ့်မည်။ အလွန်နောက်ကျသွားပေပြီ။ ထိုအရာအားလုံး ယခု သင်၏ နောက်တွင်ကျန်ခဲ့ပြီဖြစ်သည်။ ယခု အသိတရားရရန် အလွန်နောက်ကျသွားပြီဖြစ်ပြီး သင့်ကို စောင့်ဆိုင်းသည့်အရာသည် အဘယ်အရာနည်း။ သင်သည် ရင်ဘတ်စည်တီးကာ ငိုကြွေးမြည်တမ်းပြီး နောင်တနှင့် ပြည့်လိမ့်မည်။ စိတ်ဓာတ်ကျခြင်းသည် စိတ်ခံစားမှုတစ်မျိုးသာ ဖြစ်သော်လည်း ထိုအရာ၏ သဘာဝနှင့် ဖြစ်ပေါ်စေသည့် အကျိုးဆက်များသည် အလွန် ဆိုးရွားသောကြောင့် သင်သည် မိမိကိုယ်ကို သေချာစွာ ဆန်းစစ်သင့်ပြီး ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားချက်အား သင့်ကို လွှမ်းမိုးခွင့်၊ သို့မဟုတ် သင်၏ အတွေးများနှင့် သင် လိုက်စားသည့် ရည်မှန်းချက်များကို ထိန်းချုပ်ခွင့် မပေးသင့်ပေ။ ထိုအရာကို သင် ဖြေရှင်းရမည်ဖြစ်ပြီး သင်၏ သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းပေါ် ခလုတ်တံသင်းတစ်ခု၊ သို့မဟုတ် ဘုရားသခင်ရှေ့မှောက်သို့ လာခြင်းမှ သင့်ကို ပိတ်ဆို့တားဆီးသည့် တံတိုင်းတစ်ခု ဖြစ်လာခွင့်မပေးရပေ။ ထိုအရာကို သင် ရှင်းလင်းစွာ သိလာနိုင်လျှင်၊ သို့မဟုတ် မိမိကိုယ်ကို ဆန်းစစ်ခြင်းမှတစ်ဆင့် ဤဆိုးရွားသော စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုကို ရှာတွေ့လျှင် လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲသင့်သည်။ ဤစိတ်ခံစားမှုကို လက်လွှတ်ကာ ဤစိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားချက်ကို နောက်ချန်ထားသင့်သည်။ “ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ငါ၏ ကံကြမ္မာဆိုးသည်ကို ငါ သိသည်။ မကောင်းသည့် ကံကြမ္မာ ရှိသောကြောင့် ငါ စိတ်ဓာတ်ကျသင့်သည်။ မကောင်းသည့် ကံကြမ္မာ ရှိသောကြောင့် ထိုအရာကို ငါ လက်သာခံလိုက်ပြီး မျှော်လင့်ချက်အားလုံးကို လက်လွှတ်လိုက်သင့်သည်”ဟု ခေါင်းမာစွာ စဉ်းစားရင်း သင်၏ လမ်းကြောင်းကို ခေါင်းမာမာဖြင့် မဖက်တွယ်နှင့်။ ထိုသို့သော အပျက်သဘောဆောင်သည့် သဘောထားတစ်ခုဖြင့် ဖြစ်သမျှ အရာရာတိုင်းကို ရင်ဆိုင်ခြင်းသည် စွဲစွဲမြဲမြဲ ခေါင်းမာခြင်း ဖြစ်သည်။ သင့်ထံတွင် စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားချက် ရှိသည်ကို သင်သဘောပေါက်သည့်အခါ မိမိကိုယ်ကို ပြောင်းလဲပြီး တတ်နိုင်သမျှ အမြန်ဆုံး ထိုအရာကို ဖြေရှင်းသင့်သည်။ ထို့နောက်တွင် အသိတရားရရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သဖြင့် သင့်ကို ထိုအရာက လုံးဝ ထိန်းချုပ်သွားပြီးဖြစ်သည်အထိ မစောင့်ဆိုင်းနှင့်။
ငါ့ကို ပြောလော့၊ ကံကြမ္မာကို ယုံကြည်ခြင်းသည် သမ္မာတရား လိုက်စားခြင်းနှင့်ဆိုင်သော ဖော်ပြချက်တစ်ခုလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ကံကြမ္မာနှင့်ဆိုင်သည့် ကိစ္စရပ်ကို ချဉ်းကပ်ရာတွင် လူတို့ ရှိသင့်သည့် မှန်ကန်သော သဘောထားမှာ အဘယ်နည်း။ (ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ၎င်းတို့ ယုံကြည်ပြီး ကျိုးနွံနာခံသင့်သည်။) မှန်ပေ၏။ တစ်စုံတစ်ဦးသည် မိမိတို့၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အမြဲ အာရုံစိုက်ပါက ထိုအရာက မည်သည့် ပြဿနာကို ဖြေရှင်းနိုင်သနည်း။ မိမိတို့၏ ကံကြမ္မာ ဆိုးကြောင်း သိမှတ်သော်လည်း မိမိတို့၏ မကောင်းသည့် ကံကြမ္မာကို ဘုရားသခင်က စီစဉ်ညွှန်ကြားကာ စီစဉ်ထားခြင်းဖြစ်ကြောင်း ယုံကြည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် လိုလားခြင်းဟူသည့် ဤရှုထောင့်အမြင်သည် မှန်ကန်သလော၊ မမှန်ကန်သလော။ (မမှန်ပါ၊ မှားပါသည်။) အဘယ်သို့ မှားသနည်း။ (ထိုရှုထောင့်အမြင်သည် မိမိတို့ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်းအပေါ် အဓိပ္ပာယ်ကောက်ခြင်းအား စွဲကိုင်နေဆဲ ဖြစ်သောကြောင့် ဖြစ်ပါသည်။) ဤသည်မှာ စည်းမျဉ်းတစ်ခု ဖြစ်သလော။ ဤနေရာတွင် လူတို့ သိနားလည်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (ကံကြမ္မာကို ကောင်းသည်၊ ဆိုးသည်ဟု ပြော၍မရနိုင်ပါ။ ဘုရားသခင် ကြိုတင်စီမံသည့် အရာရာတိုင်း ကောင်းမြတ်ပြီး လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအားလုံးကို ကျိုးနွံနာခံသင့်ကြသည်။) ကံကြမ္မာကို ဘုရားသခင် စီစဉ်ညွှန်ကြားပြီး စီစဉ်သည်ဆိုသည်ကို လူတို့ ယုံကြည်သင့်ပြီး ထိုအရာအားလုံးကို ဘုရားသခင် ညွှန်ကြားကာ စီစဉ်သည့်အတွက် ထိုအရာ ကောင်းသည်၊ ဆိုးသည်ကို ၎င်းတို့ ပြောဆို၍မရပေ။ ထိုကံကြမ္မာ ကောင်းခြင်း၊ သို့မဟုတ် ဆိုးခြင်း ရှိမရှိဆိုသည်ကို လူတို့၏ ရှုထောင့်အမြင်၊ အယူအဆများ၊ နှစ်ခြိုက်မှုများနှင့် ခံစားချက်များအရ အကဲဖြတ်ခြင်းဖြစ်ပြီး ဤအကဲဖြတ်မှုသည် ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များအပေါ် အခြေခံကာ သမ္မာတရားနှင့် မကိုက်ညီပေ။ လူအချို့က “ကျွန်ုပ်တွင် အလွန်ကောင်းသည့် ကံတစ်ခု ရှိသည်။ ယုံကြည်သူ မိသားစုတစ်စုထဲတွင် ကျွန်ုပ် မွေးဖွားခဲ့သည်။ ဘာသာတရားမရှိသူများ၏ လောက ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို ကျွန်ုပ် လုံးဝ မခံခဲ့ရသကဲ့သို့ ဘာသာတရားမရှိသူများ၏ ရေပန်းစားမှုများဖြင့် မည်သည့်အခါတွင်မျှ ကျွန်ုပ် လွှမ်းမိုးခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ သို့မဟုတ် အထင်အမြင်မှားစေခြင်း မခံရဖူးပါ။ ကျွန်ုပ်တွင်လည်း ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိလင့်ကစား အသင်းတော်တွင် ကျွန်ုပ် ကြီးပြင်းခဲ့ပြီး မည်သည့်အခါတွင်မျှ လမ်းမလွဲဖူးပါ။ ထိုသို့သော ကောင်းမွန်သည့် ကံကြမ္မာတစ်ခု ကျွန်ုပ်တွင် ရှိပါသည်”ဟု ဆိုကြသည်။ ၎င်းတို့ ပြောသည့်အရာသည် မှန်ကန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ (ယုံကြည်သူ မိသားစုတစ်စုတွင် ၎င်းတို့ မွေးဖွားခြင်းကို ဘုရားသခင် ကြိုတင်စီမံထားခြင်းဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များဖြစ်သည်။ ၎င်းတို့၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်းနှင့် ပတ်သက်ခြင်း မရှိပါ။) မှန်၏၊ သင် ပြောသည်မှာ ထိထိမိမိ ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များဖြစ်သည်။ ထိုအရာမှာ ဘုရားသခင်က လူ၏ ကံကြမ္မာများအပေါ် စီစဉ်ပြီး အချုပ်အခြာအာဏာ စွဲကိုင်သည့် ပုံစံတစ်ခု ဖြစ်ပြီး ကံကြမ္မာ ဖြစ်တည်နိုင်သည့် ပုံစံတစ်ခု ဖြစ်သည်။ လူတို့သည် ဤကိစ္စကို အကဲဖြတ်ရန် ၎င်းတို့၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အသုံးမပြုရပေ။ လူအချို့က ခရစ်ယာန် မိသားစုတွင် ၎င်းတို့ ဖွားမြင်သောကြောင့် ၎င်းတို့၏ ကံကြမ္မာ ကောင်းမွန်သည်ဟု ဆိုကြသည်။ သို့ဆိုလျှင် ဤအရာကို သင် မည်သို့ ချေပမည်နည်း။ သင်က “သင်သည် ခရစ်ယာန် မိသားစုတွင် မွေးဖွားခဲ့ပြီး သင့်တွင် ကောင်းသည့် ကံရှိသည်ဟု ပြောသောကြောင့် ခရစ်ယာန် မိသားစုတွင် မမွေးဖွားခဲ့သူ မှန်သမျှ မကောင်းသည့်ကံ ရှိနိုင်ခြင်း ဖြစ်ရပေမည်။ ထိုလူအားလုံးအတွက် ဘုရားသခင် စီစဉ်သည့် ကံကြမ္မာအားလုံး ဆိုးသည်ဟု သင်ပြောနေခြင်းဖြစ်ပါသလား”ဟု ပြောကောင်းပြောပေမည်။ ၎င်းတို့ကို ဤသို့ ချေပရန်မှာ မှန်ကန်သလော။ (မှန်ပါသည်။) ၎င်းတို့ကို ဤသို့ချေပရန်မှာ မှန်ကန်၏။ ၎င်းတို့ကို ဤသို့ ချေပခြင်းအားဖြင့် ခရစ်ယာန်မိသားစုများတွင် မွေးဖွားကြသည့် လူများက ကောင်းသည့် ကံကြမ္မာရှိခြင်းအကြောင်း ၎င်းတို့ ပြောသည့်အရာမှာ မခိုင်လုံသကဲ့သို့ သမ္မာတရားနှင့် မကိုက်ညီကြောင်း သင် ပြသနေခြင်း ဖြစ်သည်။ ယခုတွင် ကောင်းသည့်ကံများနှင့် ဆိုးသည့် ကံကြမ္မာများအပေါ် သင်တို့၏ အယူအဆ အနည်းငယ် သာ၍ မှန်ကန်သလော။ (မှန်ကန်ပါသည်။) ကံကြမ္မာကို ယုံကြည်ခြင်း ကိစ္စရပ်အပေါ် အမှန်ကန်ဆုံး၊ အသင့်လျော်ဆုံးဖြစ်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့် မည်သည့် အမြင်ကို လူတို့ စွဲကိုင်သင့်ကြသနည်း။ ပထမဦးစွာ လောကီလူတို့၏ ရှုထောင့်အမြင်မှ ကံကြမ္မာကို ကောင်းခြင်း၊ ဆိုးခြင်းအဖြစ် သင် အကဲဖြတ်၍ မရပေ။ ထို့အပြင် လူသားမျိုးနွယ်ဝင်တိုင်း၏ ကံကြမ္မာကို ဘုရားသခင်၏ လက်တော်က စီစဉ်ထားခြင်းဖြစ်ကြောင်း သင် ယုံကြည်သင့်သည်။ လူအချို့က “ဘုရားသခင်၏ လက်တော်က စီစဉ်ထားခြင်းဆိုသည်မှာ ထိုအရာကို ဘုရားသခင် ကိုယ်တိုင်က စီစဉ်သည်ဟု ဆိုလိုသလော”ဟု မေးကြသည်။ မဟုတ်ပေ။ လူ၏ ကံကြမ္မာများကို ဘုရားသခင် စီစဉ်သည့် မရေမတွက်နိုင်သော နည်းလမ်းများ၊ နည်းစနစ်များနှင့် လမ်းကြောင်းများ ရှိပြီး ယင်းတို့နှင့်ပတ်သက်၍ ဝိညာဉ်ရေးရာ နယ်ပယ်တွင် ခက်ခဲရှုပ်ထွေးသော အသေးစိတ်အကြောင်းအရာများ ရှိသည်ကို ဤနေရာတွင် ငါပြောမည် မဟုတ်ချေ။ ထိုအရာမှာ အလွန် ခက်ခဲရှုပ်ထွေးသော ကိစ္စတစ်ခုဖြစ်သော်လည်း ယေဘုယျပြောရလျှင် အားလုံးကို ဖန်ဆင်းရှင်က စီစဉ်ထားခြင်း ဖြစ်သည်။ ဤအစီအစဉ်များထဲမှ အချို့ကို ဘုရားသခင် ကိုယ်တိုင်က လူအမျိုးမျိုးအတွက် ပြုလုပ်ထားခြင်းဖြစ်သော်လည်း အချို့မှာမူ ဘုရားသခင် သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ စည်းမျဉ်းများနှင့် စနစ်များအတိုင်း လူအမျိုးအစားများနှင့် လူအုပ်စု အမျိုးမျိုးတို့ကို အတန်းအစားခွဲခြင်း ပါဝင်သည်။ ဘုရားသခင် သတ်မှတ်ထားသည့် ၎င်းတို့၏ အတန်းအစားနှင့် ၎င်းတို့ ကံကြမ္မာ၏ လမ်းကြောင်းအတိုင်း လူတို့၏ ကံကြမ္မာများကို ဝိညာဉ်ရေးရာ နယ်ပယ်တွင် စီစဉ်ထားပြီး ဖန်တီးထားခြင်းဖြစ်ကာ ထို့နောက်တွင် ၎င်းတို့ မွေးဖွားလာကြခြင်း ဖြစ်သည်။ ဤသည်မှာ အလွန် အသေးစိတ်ကျသည့် ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း ယေဘုယျ ပြောရလျှင် ဘုရားသခင်က စီစဉ်ပြီး ထိုအရာအားလုံးအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များတွင် သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၏ မူများ၊ ဥပဒေသများနှင့် စည်းမျဉ်းများ ပါဝင်၏။ ဤနေရာတွင် ကောင်းခြင်း၊ ဆိုးခြင်း မရှိ၊ အားလုံးသည် အကြောင်းနှင့် အကျိုးပါဝင်လျက် ဘုရားသခင်အတွက် ပင်ကို လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်သည်။ ကံကြမ္မာအကြောင်း လူတို့ ခံစားပုံနှင့် စပ်လျဉ်း၍ ၎င်းတို့တွင် ကောင်းသည့် ခံစားချက်များနှင့် ဆိုးသည့် ခံစားချက်များ ရှိနိုင်သည်။ အရာရာ အဆင်ပြေချောမွေ့သည့် ကံကြမ္မာများ ရှိနိုင်သည်၊ အတားအဆီးများနှင့် ပြည့်သည့် ကံကြမ္မာများ ရှိနိုင်သည်၊ ခက်ခဲသည့် ကံကြမ္မာများနှင့် ပျော်ရွှင်မှုမရှိသည့် ကံကြမ္မာများ ရှိနိုင်သည်။ ကောင်းသည့်ကံကြမ္မာများ၊ သို့မဟုတ် ဆိုးသည့် ကံကြမ္မာများဟူ၍ မရှိပေ။ ကံကြမ္မာအပေါ် မည်သည့်သဘောထားကို လူတို့ ရှိသင့်ကြသနည်း။ သင်သည် ဖန်ဆင်းရှင်၏ အစီအစဉ်များကို လိုက်နာသင့်သည်၊ ဤအရာခပ်သိမ်းအပေါ် ဖန်ဆင်းရှင်၏ အစီအစဉ်များရှိ သူ၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်တို့ကို တက်ကြွစွာနှင့် အစွမ်းကုန် ရှာဖွေသင့်ပြီး သမ္မာတရားအပေါ် သိနားလည်မှု ရရှိသင့်သည်၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် ဤဘဝတွင် သင်၏ အကြီးမားဆုံး လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သင့်သည်၊ အဖန်ဆင်းခံတစ်ဦး၏ အလုပ်များ၊ တာဝန်များနှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်ပြီး ဖန်ဆင်းရှင်က သင်နှင့်ပတ်သက်၍ ကျေနပ်အားရပြီး သင့်ကို အောက်မေ့သတိရသည်အထိ သင်၏ ဘဝကို သာ၍ အဓိပ္ပာယ်ရှိစေပြီး သာ၍ တန်ဖိုးရှိစေသင့်ပေသည်။ သာ၍ပင် ကောင်းမည့်အရာမှာ သင်၏ ရှာဖွေခြင်းနှင့် အားသွန်ခွန်စိုက် အားထုတ်မှုမှတစ်ဆင့် ကယ်တင်ခြင်း ရယူရန်ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အကောင်းဆုံးသော ရလဒ်ဖြစ်ပေမည်။ မည်သို့ဆိုစေ ကံကြမ္မာနှင့် စပ်လျဉ်း၍ အဖန်ဆင်းခံ လူသားမျိုးနွယ်က ရှိသင့်သည့် အသင့်လျော်ဆုံးသော သဘောထားမှာ အကြောင်းမဲ့ အကဲဖြတ်ပြီး အဓိပ္ပာယ်သတ်မှတ်သည့်၊ သို့မဟုတ် ထိုအရာကို ကိုင်တွယ်ဖြေရှင်းရန် အစွန်းရောက်သော နည်းစနစ်များကို အသုံးပြုသည့် သဘောထား မဟုတ်ပေ။ လူတို့အနေဖြင့် များစွာပို၍ပင် မိမိတို့၏ ကံကြမ္မာကို ခုခံရန်၊ ရွေးချယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန် မကြိုးစားသင့်ဘဲ ထို့ထက် ထိုအရာကို အသိအမှတ်ပြုရန် မိမိတို့ စိတ်နှလုံးကို အသုံးပြုသင့်ပြီး ထိုကံကြမ္မာကို အပြုသဘောဆောင်စွာ ရင်မဆိုင်မီတွင် ရှာဖွေ၊ လေ့လာစူးစမ်းပြီး လိုက်နာသင့်ကြပေသည်။ နောက်ဆုံးတွင် ဘဝ၌ ဘုရားသခင်က သင့်အတွက် ချမှတ်ထားသည့် အသက်ရှင်ခြင်း ပတ်ဝန်းကျင်နှင့် ခရီးစဉ်တွင် ဘုရားသခင် သင့်ကို သွန်သင်သည့် ပြုမူခြင်းနည်းလမ်းကို သင် ရှာဖွေသင့်သည်၊ သင့်ကို လျှောက်လှမ်းရန် ဘုရားသခင် တောင်းဆိုသည့် လမ်းကြောင်းကို ရှာဖွေသင့်ပြီး ဤနည်းဖြင့် သင့်အတွက် ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် ကံကြမ္မာကို တွေ့ကြုံသင့်ကာ အဆုံးတွင် သင်သည် ကောင်းချီးခံစားရလိမ့်မည်။ သင့်အတွက် ဖန်ဆင်းရှင်က စီစဉ်ထားသည့် ကံကြမ္မာကို သင် ဤနည်းဖြင့် တွေ့ကြုံသည့်အခါ သင် ခံစားရလာသည့် အရာမှာ ပူဆွေးခြင်း၊ ဝမ်းနည်းခြင်း၊ မျက်ရည်များ၊ နာကျင်မှု၊ စိတ်ပျက်ခြင်းနှင့် ကျရှုံးမှုများသာမက သာ၍ အရေးကြီးသည်မှာ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်ခြင်းအပြင် သင့်အပေါ် ဘုရားသခင် ပေးသနားသည့် သမ္မာတရား၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကိုလည်း သင် တွေ့ကြုံခံစားရလိမ့်မည်။ ထို့အပြင် သင်၏ ဘဝလမ်းကြောင်းတစ်လျှောက် သင်လမ်းပျောက်လာသည့်အခါ၊ စိတ်ပျက်ခြင်းနှင့် ကျရှုံးမှုတို့ဖြင့် သင် ရင်ဆိုင်ရပြီး ရွေးချယ်မှုပြုရန်ရှိသည့်အခါ ဖန်ဆင်းရှင်၏ လမ်းပြမှုကို သင် တွေ့ကြုံလိမ့်မည်ဖြစ်ပြီး အဆုံးတွင် သင်သည် အဓိပ္ပာယ်အရှိဆုံးသော ဘဝကို မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့်သက်ဆိုင်သည့် သိနားလည်မှု၊ အတွေ့အကြုံနှင့် အသိအမှတ်ပြုခြင်းတို့ကို ရရှိလိမ့်မည်။ ထို့နောက် ဘဝတွင် သင်သည် မည်သည့်အခါတွင်မျှ နောက်တစ်ဖန် လမ်းပျောက်တော့မည်မဟုတ်။ စဉ်ဆက်မပြတ် ပူပန်သောကရောက်သည့် အခြေအနေတစ်ခုတွင် သင် တစ်ဖန် ရှိမည်မဟုတ်သကဲ့သို့ သင်၏ ကံ ဆိုးသည်ဟု သင်ခံစားရသောကြောင့် စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်ထဲသို့ ကျဆင်းရန်မဆိုထားနှင့်၊ မကောင်းသည့် ကံရှိခြင်းအကြောင်းကို သင် တစ်ဖန် တစ်ကြိမ်တစ်ခါမျှ ညည်းတွားမည် မဟုတ်ပေ။ သင်သည် ဤသဘောထားရှိပြီး သင့်အတွက် ဖန်ဆင်းရှင်က စီစဉ်ထားပြီးဖြစ်သည့် ကံကြမ္မာကို ရင်ဆိုင်ရန် ဤနည်းလမ်းကို အသုံးပြုပါက သင်၏ လူ့သဘာဝသည် သာ၍ ပုံမှန် ဖြစ်လာလိမ့်မည်ဖြစ်၍ ပုံမှန် လူ့သဘာဝရှိလာလိမ့်မည်ဖြစ်ပြီး ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် အမှုအရာများကို ရှုမြင်ရမည့်ပုံအပေါ် အတွေး၊ အမြင်များနှင့် စည်းမျဉ်းများ ရှိလာလိမ့်မည်သာမက၊ ဘဝ၏ အဓိပ္ပာယ်အပေါ် ဘာသာတရားမရှိသူများက မည်သည့်အခါတွင်မျှ ရှိလိမ့်မည်မဟုတ်သည့် အမြင်များနှင့် သိနားလည်မှုတို့ကိုလည်း ရှိလာလိမ့်မည်မှာ အမှန်ဖြစ်၏။ ဘာသာတရားမရှိသူများက “ကျွန်ုပ်တို့ မည်သည့်နေရာမှ လာကြသနည်း။ ကျွန်ုပ်တို့ မည်သည့်နေရာသို့ သွားကြသနည်း။ အဘယ်ကြောင့် ကျွန်ုပ်တို့ အသက်ရှင်ကြသနည်း”ဟု အမြဲ ပြောနေကြသည်။ ဤမေးခွန်းများကို မေးသည့် တစ်စုံတစ်ဦး အမြဲရှိပြီး အဆုံးတွင် မည်သည့် အဖြေများကို ၎င်းတို့ တွေးမိကြသနည်း။ အဖြေများဖြင့်မဟုတ်ဘဲ မေးခွန်းများဖြင့် ၎င်းတို့ အဆုံးသတ်သွားကြသည်။ ဤမေးခွန်းများအတွက် အဖြေများကို ၎င်းတို့ အဘယ်ကြောင့် ရှာမတွေ့နိုင်ကြသနည်း။ အချို့သော ဉာဏ်ထက်သည့် လူတို့သည် ကံကြမ္မာကို ယုံကြည်ကြသော်လည်း ကံကြမ္မာနှင့်ဆိုင်သည့် ကိစ္စရပ်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်ကို၊ သို့မဟုတ် ၎င်းတို့ ကံကြမ္မာတွင် ဖြစ်ပေါ်သည့် အမျိုးစုံသော အခက်အခဲများ၊ စိတ်ပျက်မှုများ၊ ကျရှုံးမှုများနှင့် စိတ်မချမ်းမြေ့မှုတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကို ၎င်းတို့ မသိကြချေ။ မိမိတို့ကံကြမ္မာတွင်ဖြစ်ပျက်သော ၎င်းတို့ကို ဝမ်းမြောက်ကာ ပျော်ရွှင်စေသည့် အမှုအရာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကိုလည်း ၎င်းတို့ မသိကြ။ ထိုအရာများအား မည်သို့ ကိုင်တွယ်ရမည်ကို ၎င်းတို့ မသိကြချေ။ တစ်မိနစ်တွင် ၎င်းတို့၌ ကောင်းသည့်ကံ ရှိသည်ဟု ပြောသည်၊ နောက်တစ်မိနစ်တွင် ဆိုးသည့်ကံတစ်ခုရှိသည်ဟု ၎င်းတို့ ပြောကြသည်။ တစ်မိနစ်တွင် ၎င်းတို့၌ ပျော်ရွှင်သည့် ဘဝတစ်ခုရှိသည်ဟုဆိုသည်၊ နောက်တစ်မိနစ်တွင် ၎င်းတို့၌ ကံအကြောင်းမလှသည့် ဘဝတစ်ခု ရှိသည်ဟု ဆိုကြလေသည်။ နှုတ်တစ်ခုတည်းဖြင့် ဤအရာနှစ်ခုလုံးကို ၎င်းတို့ ပြောကြ၏။ ၎င်းတို့ ပျော်ရွှင်သည့်အခါ တစ်မျိုးပြောပြီး မပျော်ရွှင်သည့်အခါ နောက်တစ်မျိုး ပြောကြသည်။ ၎င်းတို့အတွက် အမှုအရာများ အဆင်ပြေချောမွေ့နေသည့်အခါ တစ်မျိုး ပြောပြီး အမှုအရာများ အဆင်ပြေချောမွေ့ခြင်း မရှိသည့်အခါ နောက်တစ်မျိုး ပြောကြသည်။ မိမိတို့က ကံအကြောင်းမလှဟု ပြောသည်မှာ ၎င်းတို့ဖြစ်ပြီး မိမိတို့၏ ကံကြမ္မာက ကောင်းမွန်သည်ဟု ပြောသောသူတို့မှာလည်း ၎င်းတို့ပင်ဖြစ်သည်။ ၎င်းတို့သည် ရှင်းလင်းပြတ်သားမှု၊ သို့မဟုတ် သိနားလည်မှုတို့နှင့် အသက်မရှင်ကြသည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် မြူထဲတွင် စမ်းတဝါးဝါး အမြဲ ဖြစ်နေသည်၊ ထွက်ပေါက်မရှိဘဲ စိတ်ရှုပ်ထွေးမှုဖြင့် အသက်ရှင်နေသည်။ ထို့ကြောင့် လူတို့အနေဖြင့် ကံကြမ္မာကို မည်သို့ မှန်ကန်စွာ သဘောထားသင့်သည်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သင့်သည်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဘဝတွင် ဤအဓိကကိစ္စရပ်အား ၎င်းတို့ မည်သို့ ရင်ဆိုင်သင့်သည်နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းသည့် သိနားလည်မှုနှင့် ရှင်းလင်းသည့် ရှေ့ဆက်ရမည့်လမ်းကြောင်းတစ်ခု ရှိသင့်ပေသည်။ ဤကိစ္စရပ် ပြေလည်သွားသည်နှင့်တစ်ပြိုင်နက် ကံကြမ္မာအပေါ် လူတို့၏ သဘောထားများနှင့် အမြင်များ အတော်အတန် မှန်ကန်သင့်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် အညီဖြစ်သင့်ကာ ထို့နောက်တွင် ဤကိစ္စရပ်၌ ၎င်းတို့ မည်သည့်အခါတွင်မျှ အစွန်းရောက်လိမ့်မည် မဟုတ်ပေ။
ကံကြမ္မာနှင့် ပတ်သက်၍ ငါ ယခုတင် မိတ်သဟာယပြုခဲ့သည့် အဆိုများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) သမ္မာတရားနှင့် ကိုက်ညီသည့် အဆိုများ၏ ဝိသေသလက္ခဏာများက မည်သည့်အရာဖြစ်သည်ကို သင်တို့ သိကြသလော။ (လူတို့သည် ထိုအရာများကို ကြားသည့်အခါ ပိုရှင်းလင်းပြီး ပိုစိတ်အေးလက်အေးဖြစ်ကြသည်။) (ထိုအရာများသည် သာ၍ လက်တွေ့ကျပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများ ပါရှိသည်။) မှန်ပေ၏၊ ၎င်းတို့သည် ပို၍ လက်တွေ့ကျကြ၏။ ဤသည်မှာ ထိုအရာကို ပြောဆိုရန် သာ၍ မှန်ကန်တိကျသော နည်းလမ်းတစ်ခု ဖြစ်သည်။ ဤအရာကို ဖော်ပြရန် သာ၍ မှန်ကန်တိကျသည့် နည်းလမ်းများပင် ရှိ၏။ နောက်ထပ် မည်သူ ပြောမည်နည်း။ (ထိုအဆိုများသည် လူတို့၏ လက်ရှိ ပြဿနာများကို ဖြေရှင်းပေးနိုင်ပါသည်။) ဤသည်မှာ ထိုအဆိုများ၏ လက်တွေ့ကျမှု အကျိုးတရားဖြစ်သည်။ ထိုအဆိုများသည် လက်တွေ့ကျသောကြောင့် ပြဿနာများကို ဖြေရှင်းပေးနိုင်သည်။ လူတို့သည် ကံကြမ္မာကို ယုံကြည်ကြသော်လည်း ၎င်းတို့၏ စိတ်များသည် ကောင်းသည့် ကံများ၊ ဆိုးသည့် ကံများနှင့်ဆိုင်သော စိတ်ကူးဖြင့် အမြဲ တွယ်ငြိနေသည်။ ထို့ကြောင့် ငါ့ကို ပြောလော့၊ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့သည် လွတ်မြောက်ကာ လွတ်လပ်ကြသလော၊ သို့မဟုတ် ချည်နှောင်ခံရကြသလော။ (ချည်နှောင်ခံရကြပါသည်။) သင်သည် သမ္မာတရားကို နားမလည်ပါက ဤစိတ်ကူးများဖြင့် စဉ်ဆက်မပြတ် ချည်နှောင်ခြင်းခံရမည်ဖြစ်သည်။ သမ္မာတရားကို သင်နားလည်သည်နှင့် ထိုအရာမှာ လက်တွေ့ကျကြောင်းနှင့် ရှေ့ဆက်လမ်းတစ်ခု သင်ရှိကြောင်း ခံစားရခြင်းအပြင် အခြားမည်သည့်အရာကို သင် ခံစားရလိမ့်မည်နည်း။ (လွတ်မြောက်ပါမည်။) မှန်ပေ၏။ သင်သည် လွတ်လပ်ကာ လွတ်မြောက်သွားလိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းရှိပြီး ပိတ်မိနေခြင်း မရှိတော့သည့်အခါ သင်၏ စိတ်ဝိညာဉ်သည် ထိုအခါ လွတ်မြောက်ပြီး လွတ်လပ်မည် မဟုတ်လော။ ထိုလွဲချော်နေသကဲ့သို့ အဓိပ္ပာယ်မရှိသည့် အမြင်များသည် သင်၏ အတွေးများ၊ သို့မဟုတ် သင်၏ လက်ခြေတို့ကို ချည်နှောင်နိုင်လိမ့်မည် မဟုတ်။ သင်သည် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ထိုအမြင်များ၏ ထိန်းချုပ်ခြင်း ခံရလိမ့်မည် မဟုတ်တော့ချေ။ လူ၏ ကံကြမ္မာများနှင့် ပတ်သက်၍ ဘုရားသခင် မိတ်သဟာယပြုသည်ကို သင် ကြားသည်နှင့်တစ်ပြိုင်နက် သင်သည် လွတ်လပ်ကာ လွတ်မြောက်လိမ့်မည်ဖြစ်ပြီး သင်က “အို၊ သို့ဆိုလျှင် ထိုသို့ဖြစ်ဖြစ်သည်ပေါ့။ အမယ်လေး၊ ကံကြမ္မာနှင့် ပတ်သက်သည့် ကျွန်ုပ်၏ သိနားလည်မှုသည် ယခင်က အလွန် လွဲချော်ခဲ့သကဲ့သို့ အစွန်းရောက်ခဲ့ပါတကား။ ယခု ကျွန်ုပ် နားလည်ပြီဖြစ်ပြီး ကံ ကောင်းခြင်း၊ ဆိုးခြင်းနှင့်ဆိုင်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စိတ်ကူးအားဖြင့် ကျွန်ုပ် စိတ်အနှောင့်အယှက် မဖြစ်တော့ပါ။ ထိုအရာအားဖြင့် ကျွန်ုပ် စိတ်သောက မရောက်တော့ပါ။ ဤအရာကို ကျွန်ုပ် နားမလည်ခဲ့လျှင် တစ်မိနစ်တွင် ကျွန်ုပ်၏ ကံကြမ္မာကောင်းပြီး ချက်ချင်း နောက်တစ်မိနစ်တွင် ဆိုးသည်ဆိုသည်ကို အမြဲတစေ တွေးနေမိမည်ဖြစ်ပြီး ကျွန်ုပ်၏ ကံကြမ္မာက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို ကျွန်ုပ် တွေးနေမိမည်ဖြစ်သည်။ ထိုအရာကို စဉ်ဆက်မပြတ် ကျွန်ုပ် စိုးရိမ်နေမိမည်ဖြစ်သည်”ဟု သင်ပြောလိမ့်မည်။ ဤသမ္မာတရားကို သင်နားလည်သည်နှင့် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု သင် ရှိလိမ့်မည်၊ ထိုကိစ္စရပ်အပေါ် မှန်ကန်တိကျသည့် အယူအဆတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး မှန်ကန်သည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ ဤသည်မှာ သင်သည် လွတ်လပ်ပြီး လွတ်မြောက်သည်ဟု ဆိုလိုပေသည်။ ထို့ကြောင့် တစ်စုံတစ်ဦး၏ စကားများသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်နှင့် ထိုစကားများသည် သမ္မာတရား ဟုတ်မဟုတ်ဆိုသည်တို့ကို ပိုင်းခြားသိမြင်ရန်အလို့ငှာ ဤစကားများ လက်တွေ့ကျခြင်း ရှိမရှိဆိုသည်ကို သင်နားထောင်ရမည်။ တစ်ချိန်တည်းတွင် ဤစကားများကို သင်ကြားသည်နှင့်တစ်ပြိုင်နက် သင်၏ အခက်အခဲများနှင့် ပြဿနာများက ပြေလည်သွားခြင်း ရှိမရှိဆိုသည်ကို သင်လေ့လာစောင့်ကြည့်ရမည်။ ပြေလည်သွားပါက သင့်ထံမှ လေးလံသည့် ဝန်တစ်ခု ချီမခံလိုက်ရသကဲ့သို့ သင် လွတ်လပ်ကာ လွတ်မြောက်သွားလိမ့်မည်။ ထို့ကြောင့် သမ္မာတရား စည်းမျဉ်းများကို သင် နားလည်လာသည့်အချိန်တိုင်းတွင် အချို့သော ဆက်နွှယ်သည့် ပြဿနာများကို သင် ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ပြီး အချို့သော သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်ကာ ဤအရာက သင့်ကို လွတ်မြောက်ပြီး လွတ်လပ်စေလိမ့်မည်။ ဤသည်မှာ ရလဒ်ဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် သမ္မာတရားက မည်သည့် အကျိုးတရား အတိအကျရှိသည်ကို သင် နားလည်ပြီလော။ (နားမလည်ပါသည်။) သမ္မာတရားသည် မည်သည့် အကျိုးတရား ရှိနိုင်သနည်း။ (လူတို့၏ စိတ်ဝိညာဉ်များကို လွတ်လပ်စေကာ လွတ်မြောက်စေနိုင်ပါသည်။) သမ္မာတရားသည် ဤအကျိုးတရားတစ်ခုတည်းသာ ရှိသလော။ ဤခံစားချက်တစ်ခုတည်းသာ ရှိသလော။ (အဓိကအားဖြင့် အမှုအရာများအပေါ် လူတို့ သိုထားသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သကဲ့သို့ အစွန်းရောက်သော အမြင်များကို ထိုသမ္မာတရားက ဖြေရှင်းပေးပါသည်။ လူတို့က ဖြူစင်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် အမှုအရာများကို ရှုမြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့ စိတ်ဝိညာဉ်များတွင် လွတ်မြောက်ကာ လွတ်လပ်သွားလိမ့်မည်ဖြစ်ပြီး စာတန်ထံမှ လာသည့် အပျက်သဘောဆောင်သော အရာများ၏ ချည်နှောင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း ခံရတော့မည် မဟုတ်ပါ။) သင်၏ စိတ်ဝိညာဉ်တွင် လွတ်လပ်ပြီး လွတ်မြောက်သည့် ခံစားချက်အပြင် အလွန်အရေးပါသည့်အရာမှာ သင့်အနေဖြင့် မှားယွင်းပြီး လွဲချော်နေသည့် အတွေးများနှင့် အမြင်များ၏ ချည်နှောင်ခြင်း၊ သို့မဟုတ် စိုးမိုးခြယ်လှယ်ခြင်း မခံရတော့ဖို့အလို့ငှာ ထိုအရာက အချို့သော သမ္မာတရား စစ်မှန်မှုထဲသို့ သင့်အား ဝင်ရောက်နိုင်စေခြင်း ဖြစ်သည်။ ထိုအရာများ၏ နေရာကို သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက နေရာယူလိုက်ပြီးနောက် ထိုသမ္မာတရား စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နိုင်ပေသည်။ ၎င်းတို့တွင် မကောင်းသည့် ကံကြမ္မာတစ်ခု ရှိသည်ဟု တွေးထင်သောကြောင့် စိတ်ဓာတ်ကျခြင်း ခံစားရသော လူတို့၏ သရုပ်သကန်များနှင့် ပတ်သက်၍ ငါ၏ မိတ်သဟာယကို ဤနေရာတွင် ငါအဆုံးသတ်မည်။
လူအချို့ စိတ်ဓာတ်ကျလာကြသည့် နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ၎င်းတို့သည် မိမိတို့၏ ကံများ ထိုမျှဆိုးသည်ဟု မတွေးထင်ကြသော်လည်း ၎င်းတို့ အမြဲ ကံမကောင်းကြကြောင်းနှင့် မယုံကြည်သူများက “ကံနတ်ဘုရားက ကျွန်ုပ်ကို အမြဲ ကျော်သွားသည်”ဟု ပြောကြသည့်အတိုင်းပင် ၎င်းတို့ထံ ကောင်းမွန်သည့်အရာ မည်သည့်အရာမျှ တစ်ကြိမ်တစ်ခါမျှ မဖြစ်ကြောင်း ခံစားရခြင်း ဖြစ်သည်။ ၎င်းတို့၏ အခြေအနေများ ထိုမျှဆိုးသည်ဟု ၎င်းတို့ မခံစားရသကဲ့သို့ ၎င်းတို့ အရပ်မြင့်ပြီး ကြည့်ကောင်းသော်လည်း၊ ပညာတတ်ပြီး ပါရမီရှိကာ တတ်စွမ်းနိုင်သော အမှုဆောင်များဖြစ်သော်လည်း ကံနတ်ဘုရားက အဘယ်ကြောင့် ၎င်းတို့ကို လုံးဝ မျက်နှာသာမပေးသည်ကို ၎င်းတို့ သိချင်မိကြသည်။ ဤအရာက ၎င်းတို့ကို အမြဲ စိတ်မကျေမနပ် ဖြစ်စေပြီး မိမိတို့ကိုယ်ကို ကံမကောင်းဟု အမြဲ တွေးကြလေသည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲများ ၎င်းတို့ ဖြေဆိုကြသည့် နှစ်မှစတင်၍ ၎င်းတို့၏ စိတ်နှလုံးများက ကောလိပ်တက်ဖို့အတွက် မျှော်လင့်ချက်အပြည့်ဖြစ်သော်လည်း စာမေးပွဲဖြေဆိုရသည့် နေ့ရက်ရောက်လာသည့်အခါ တုပ်ကွေးမိပြီး အဖျားတက်ကြသည်။ ဤအရာက စာမေးပွဲများတွင် ၎င်းတို့ စွမ်းဆောင်ပုံကို ထိခိုက်ပြီး နှစ်မှတ် သုံးမှတ်အလိုဖြင့် ကောလိပ်ဝင်ခွင့်ကို ၎င်းတို့ လွဲချော်သွားကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို “ငါ အဘယ်သို့ အလွန် ကံမကောင်းနိုင်ရသနည်း။ ငါသည် စာလေ့လာရာတွင် တော်ပြီး စာအလွန်ကြိုးစားနေကျဖြစ်သည်။ ငါ့နှယ် ကောလိပ်ဝင်ခွင့် စာမေးပွဲ ရက်ကျမှပဲ အဘယ်ကြောင့်များ ကြံကြံဖန်ဖန် အဖျားတက်ခဲ့ရပါသနည်း။ ယင်းမှာ ကံဆိုးခြင်းဖြစ်သည်။ သွားပါပြီ။ ငါ့ဘဝတွင် ပထမဆုံး အဓိကကျသည့်ပွဲကျမှ ငါ နောက်ကောက်ကျခဲ့လေပြီ။ ယခု ငါမည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အနာဂတ်တွင် ငါ၏ ကံ သာ၍ ကောင်းမည်ဟု မျှော်လင့်မိသည်”ဟု တွေးကြလေသည်။ သို့ရာတွင် နောက်ပိုင်း ၎င်းတို့၏ ဘဝများတွင် အခက်အခဲများနှင့် ပြဿနာမျိုးစုံတို့ကို ၎င်းတို့ ကြုံဆုံကြသည်။ ဥပမာအနေဖြင့် စီးပွားရေးလုပ်ငန်းအချို့က ဝန်ထမ်းသစ် ငှားရမ်းပြီး ၎င်းတို့ အလုပ်လျှောက်ဖို့ အသင့်ဖြစ်နေချိန်တွင်ပင် အလုပ်နေရာလစ်လပ်မှုများအားလုံး လူပြည့်သွားပြီး ကုမ္ပဏီက အခြားမည်သူကိုမျှ မလိုအပ်တော့ကြောင်း ၎င်းတို့ သိလိုက်ရသည်။ ၎င်းတို့က “ငါသည် အဘယ်ကြောင့် ထိုသို့ မကောင်းသည့် ကံရှိနိုင်ရသနည်း။ ကောင်းသည့် တစ်စုံတစ်ရာ ရောက်လာသည့်အခါတိုင်း ငါ့ကို အဘယ်ကြောင့် ဤအတိုင်း ကျော်သွားရသနည်း။ မကောင်းလိုက်သည့် ကံပါတကား”ဟု တွေးမိလေသည်။ ပြီးလျှင် တစ်နေရာရာ၌ ၎င်းတို့ အလုပ်စလုပ်သည့် ပထမနေ့တွင် အခြားသော လူတို့သည် မန်နေဂျာ၊ လက်ထောက်မန်နေဂျာနှင့် ဌာနခေါင်းဆောင်အဖြစ်သို့ ရာထူးတိုးခံရကြသည်။ ၎င်းတို့ မည်မျှ အလုပ်ကြိုးစားသည်ဖြစ်စေ အသုံးမဝင်ပေ။ ရာထူးတိုးခံရရန် နောက်တစ်ကြိမ်ကိုသာ ၎င်းတို့ စောင့်ဆိုင်းကြရသည်။ ၎င်းတို့အနေဖြင့် အလုပ်တွင် ကောင်းစွာ ထမ်းဆောင်ပြီး ၎င်းတို့၏ အထက်လူကြီးများက ၎င်းတို့ကို ကောင်းစွာ အလေးထားသောကြောင့် နောက်တစ်ကြိမ်တွင် ရာထူးတိုးခံရမည်ဟု ၎င်းတို့ တွေးထင်ကြသော်လည်း အဆုံးတွင် ၎င်းတို့၏ အထက်လူကြီးများက မန်နေဂျာတစ်ဦးကို အခြားတစ်နေရာရာမှ ခေါ်ဆောင်လာပြီး ၎င်းတို့ တစ်ဖန် အခွင့်အရေး ဆုံးရှုံးသွားပြန်သည်။ ၎င်းတို့က မိမိတို့ကိုယ်ကို “ဪ၊ ငါ့ထံတွင် မကောင်းသည့် ကံ အမှန်တကယ် ရှိပုံရသည်။ ငါ တစ်ခါမျှ ကံမကောင်းဖူးပါ။ ကံနတ်ဘုရားက ငါ့ကို လုံးဝ မျက်နှာသာမပေးပါ”ဟု တွေးလေသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လာပြီး စာရေးသားမှုကို ၎င်းတို့ မွေ့လျော်သည်နှင့်အမျှ စာသားအခြေပြု တာဝန်ကို ထမ်းဆောင်နိုင်ဖို့ ၎င်းတို့ မျှော်လင့်သော်လည်း အဆုံးတွင် စာမေးပွဲ၌ ၎င်းတို့ သိပ်ကောင်းစွာ မဖြေဆိုကြဘဲ ကျရှုံးကြလေသည်။ ၎င်းတို့က “ခါတိုင်း ငါ ကောင်းစွာ စာရေးလေ့ရှိသည်။ ထို့ကြောင့် စာမေးပွဲကို ငါ အဘယ်ကြောင့် ကောင်းစွာ မဖြေဆိုနိုင်ရပါသနည်း။ ဘုရားသခင်က ငါ့ကို ဉာဏ်အလင်းမပေးခဲ့ပါ၊ ဦးဆောင်လမ်းပြခြင်း မရှိခဲ့ပါ။ စာအခြေပြုတာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ဘုရားနှုတ်ကပတ်တော်များကို သာ၍ ငါ စားသောက်ပြီး သမ္မာတရားကို သာ၍ နားလည်နိုင်မည်ဟု ငါ တွေးခဲ့သည်။ ငါကံမကောင်းခဲ့သည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။ အစီအစဉ်က အစီအစဉ်ကောင်းတစ်ခုဖြစ်သော်လည်း တကယ်ကို ဖြစ်မလာခဲ့ပါ”ဟု တွေးကြသည်။ အဆုံးတွင် ၎င်းတို့က “ဧဝံဂေလိ အဖွဲ့ထဲဝင်၍ ငါ ဧဝံဂေလိ သွားဖြန့်မည်”ဟု ဆိုလျက် အခြားတာဝန်များစွာထဲမှ ရွေးလိုက်ကြသည်။ ဧဝံဂေလိအဖွဲ့နှင့်ဆိုင်သော အရာများသည် အစကောင်းပြီး မိမိတို့၏ ကျွမ်းကျင်မှုများကို ၎င်းတို့ ကောင်းကောင်း အသုံးပြုနိုင်သည့်အလား ဤတစ်ကြိမ်တွင် မိမိတို့နေရာကို ရှာတွေ့ပြီဖြစ်သည့်အလား ၎င်းတို့ ခံစားရသည်။ ၎င်းတို့ တော်သည်၊ မိမိတို့အလုပ်တွင် တတ်စွမ်းနိုင်သည်ဟု ၎င်းတို့ တွေးမိပြီး လက်တွေ့ကျသည့် အလုပ်ကိုလုပ်ဆောင်ရန် ၎င်းတို့ လိုလားနေကြသည်။ အားထုတ်မှုဖြင့် အချို့သော ရလဒ်များကို စွမ်းဆောင်ရရှိရန် ၎င်းတို့ စီမံနိုင်ပြီး ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်လာကြသည်။ သို့ရာတွင် ၎င်းတို့ တစ်စုံတစ်ရာ အမှားလုပ်မိပြီး ၎င်းတို့၏ ခေါင်းဆောင်က သိသွားသည်။ ၎င်းတို့ လုပ်ဆောင်မိသည့်အရာသည် စည်းမျဉ်းများကို ဆန့်ကျင်ကြောင်းနှင့် အသင်းတော်အလုပ်ကို သက်ရောက်မှု ရှိကြောင်း အပြောခံရသည်။ ၎င်းတို့၏ အဖွဲ့သည် ပြုပြင်ခံရသည့်နောက်တွင် တစ်စုံတစ်ဦးက ၎င်းတို့အား “သင် ရောက်မလာမီက ငါတို့ အတော်ကို အဆင်ပြေနေခဲ့ကြသည်။ ထို့နောက်တွင် သင် ရောက်ရှိပြီး ပထမဦးဆုံး ကျွန်ုပ်တို့ ပြုပြင်ခြင်း ခံရသည်”ဟု ပြောလေသည်။ ၎င်းတို့က “ဤသည်မှာ ငါ၏ မကောင်းသည့် ကံဖြစ်နေဆဲဖြစ်သည် မဟုတ်ပါလား”ဟု တွေးကြသည်။ အတန်ငယ် ကြာပြီးနောက်တွင် လူတို့သည် ဧဝံဂေလိအလုပ်ထဲမှ အပြောင်းအလဲများကြောင့် နေရာပြောင်းခြင်းခံရပြီး ၎င်းတို့က ကြီးကြပ်ရေးမှူးတစ်ဦးအဖြစ်မှသည် အခြားသော အဖွဲ့ဝင်တစ်ဦးမျှအဖြစ်သို့ ပြန်ရောက်သွားပြီး ဧဝံဂေလိ ဖြန့်ဝေဖို့ ဒေသသစ်တစ်ခုဆီသို့ စေလွှတ်ခြင်းခံရကြသည်။ ၎င်းတို့က၊ “အို မဟုတ်သေးပါ၊ ငါသည် အပေါ်တက်မည့်အစား အောက်ဆင်းနေသည်။ ငါ မရောက်မီက မည်သူမျှ နေရာပြောင်းမခံခဲ့ရပါ။ ထို့ကြောင့် ယခု ငါရောက်သည့်အချိန်ကျမှ အဘယ်သို့ ဤနေရာပြောင်းမှုကြီးက ဖြစ်ပျက်နေရပါသနည်း။ ယခု ငါ့ကို ဤနေရာသို့ အပို့ခံရပြီ၊ မည်သည့်အခါမျှ ရာထူးတိုးမည့် မျှော်လင့်ချက် ငါ့မှာ မရှိလေပြီ”ဟု တွေးမိကြသည်။ ဤနယ်မြေဒေသသစ်တွင် အသင်းတော်သစ် အနည်းငယ်နှင့် အသင်းသားသစ် အနည်းငယ်ရှိသည်။ အလုပ်အစပြုစေရန် အခက်အခဲများ ၎င်းတို့ တွေ့ကြုံကြပြီး ၎င်းတို့တွင် မည်သည့် အတွေ့အကြုံမျှ မရှိကြချေ။ အတန်ကြာ ၎င်းတို့ ထိုအရာကို အဖြေရှာရမည်ဖြစ်ပြီး ဘာသာစကား အခက်အခဲများလည်း ရှိသောကြောင့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို စွန့်လွှတ်လိုသော်လည်း ၎င်းတို့ မဝံ့ရဲကြချေ။ မိမိတို့တာဝန်များကို ကောင်းစွာ လုပ်ဆောင်လိုကြသော်လည်း ထိုအရာမှာ အလွန် ခက်ခဲပြီး ခြေကုန်လက်ပန်းကျစရာဖြစ်ကာ ၎င်းတို့က “အို၊ ငါအလွန် ကံခေသောကြောင့်ဖြစ်သည်။ ငါ့ ကံကို ငါ မည်သို့ ပြောင်းလဲနိုင်မည်နည်း”ဟု တွေးကြသည်။ ၎င်းတို့တွင် မကောင်းသည့်ကံရှိသည်ဟု အမြဲ ခံစားလျက် ၎င်းတို့ လှုပ်ရှားမှုတိုင်းကို ပိတ်ဆို့သည့် တစ်စုံတစ်ရာနှင့်အတူ ၎င်းတို့ လှည့်သည့် နေရာတိုင်းတွင် အတားအဆီး ကြုံတွေ့ရပြီး ၎င်းတို့ လှမ်းသည့် ခြေလှမ်းတိုင်းသည် အလွန် ခက်ခဲလေသည်။ ရလဒ်အချို့ ရရှိဖို့ရန်နှင့် မျှော်လင့်ချက်အနည်းငယ် တွေ့မြင်ရန် ၎င်းတို့အတွက် အားထုတ်မှုများစွာ လိုအပ်ပြီး ထို့နောက်တွင် ၎င်းတို့၏ အခြေအနေများ ပြောင်းလဲကာ မျှော်လင့်ချက်များ ပျောက်ကွယ်သွားပြီး ၎င်းတို့အနေဖြင့် အစမှ ပြန်လည်စတင်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိကြပေ။ ၎င်းတို့က “ရလဒ်အနည်းငယ် ရရှိပြီး လူတို့၏ လက်ခံမှုရရန် ငါ့အတွက် အဘယ်ကြောင့် အလွန် ခက်ခဲသနည်း။ လူတစ်စုတွင် ခိုင်ခိုင်မာမာ ခြေကုပ်ယူရန် အဘယ်ကြောင့် အလွန် ခက်ခဲရသနည်း။ လူတို့ လက်ခံပြီး နှစ်သက်သည့် တစ်စုံတစ်ဦးဖြစ်ရန် အဘယ်ကြောင့် အလွန် ခက်ခဲရသနည်း။ အရာရာ အဆင်ပြေပြီး ချောမွေ့ရန်အတွက် အဘယ်ကြောင့် အလွန် ခက်ခဲရသနည်း။ ငါ့ဘဝတွင် အဘယ်ကြောင့် အမှုအရာများစွာ မှားယွင်းသွားရပါသနည်း။ အဘယ်ကြောင့် အတားအဆီးများ အလွန်များရသနည်း။ ငါ လုပ်သမျှတိုင်းတွင် အဘယ်ကြောင့် အမြဲ အတားအဆီးကြုံနေရသနည်း”ဟု တွေးလျက် ပိုပိုပြီး စိတ်ဓာတ်ကျလာကြသည်။ အထူးသဖြင့် လူအချို့သည် မည်သည့်နေရာသို့ ၎င်းတို့ သွားသည်ဖြစ်စေ မိမိတို့တာဝန်များကို မည်သည့်အခါမျှ ကောင်းစွာ မထမ်းဆောင်ကြသကဲ့သို့ ၎င်းတို့ အမြဲ အစားထိုးခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ၎င်းတို့သည် “ငါသည် လုံးဝ သတိပြုမိခြင်း မခံရသည့် လျင်မြန်သော မြင်းတစ်ကောင်ကဲ့သို့ ဖြစ်သည်။ “လျင်မြန်သည့် မြင်းများစွာရှိသော်လည်း ၎င်းတို့ကို သတိပြုမိနိုင်သူ အနည်းငယ်သာ ရှိသည်”ဟူသော ဆိုရိုးအတိုင်းပင် ငါသည် ရှာဖွေတွေ့ရှိခြင်း မခံရသေးသည့် လျင်မြန်သော မြင်းတစ်ကောင်ကဲ့သို့ ဖြစ်သည်။ နောက်ဆုံးတွင် ငါသည် ကံမကောင်းခြင်းသာဖြစ်ပြီး မည်သည့်နေရာသို့ ငါသွားသည်ဖြစ်စေ မည်သည့်အရာကိုမျှ ငါ မစွမ်းဆောင်နိုင်၊ သို့မဟုတ် မည်သည့် နယ်ပယ်တွင်မျှ ငါ ကောင်းစွာ မလုပ်ဆောင်နိုင်ပါ။ ငါ၏ အစွမ်းအစများကို ငါ လုံးဝ အသုံးမချနိုင်ပါ၊ သို့မဟုတ် မကြွားဝါနိုင်ပါ၊ သို့မဟုတ် ငါအလိုရှိသည့်အရာကို မရနိုင်ပါ။ အို ငါသည် အလွန် ကံခေပါတကား။ ဤနေရာတွင် အဘယ်သို့ ဖြစ်နေပါသနည်း”ဟု တွေးလျက် ၎င်းတို့ အလွန် စိတ်ဓာတ်ကျပြီး မိမိတို့ကိုယ်ကို ကံခေသည်ဟု အမြဲ ယုံကြည်ကြလေသည်။ ၎င်းတို့တွင် မကောင်းသည့် ကံရှိသည်ဟု အမြဲ ၎င်းတို့ ခံစားပြီး “အို မဟုတ်ဘူး။ အခြားသော တာဝန်ကို ငါ့ကို ကျေးဇူးပြုပြီး ပြောင်းရွှေ့ခွင့်မပေးလိုက်ပါနှင့်” သို့မဟုတ် “အို မဟုတ်ဘူး၊ ကျေးဇူးပြုပြီး မကောင်းသည့်အရာ တစ်ခုမျှ ဖြစ်ခွင့်မပေးလိုက်ပါနှင့်” သို့မဟုတ် “အို မဟုတ်ဘူး။ မည်သည့်အရာကိုမျှ ကျေးဇူးပြုပြီး ပြောင်းလဲခွင့် မပေးလိုက်ပါနှင့်” သို့မဟုတ် “အို မဟုတ်ဘူး၊ ကျေးဇူးပြုပြီး နောက်ထပ် ကြီးမားသည့် ပြဿနာတစ်ခုမျှ ဖြစ်ခွင့်မပေးလိုက်ပါနှင့်”ဟု တွေးလျက် အပူလုံးဖြင့် နေ့တိုင်းအချိန်ကုန်ဆုံးကြသည်။ ၎င်းတို့သည် စိတ်ဓာတ်ကျရုံသာမက အလွန့်အလွန် စိတ်မသက်မသာ ဖြစ်ကြသည်၊ ဂနာမငြိမ်ဖြစ်ကြသည်၊ ကသိကအောက်ဖြစ်ကြပြီး ကြောင့်ကြလျက်ရှိကြသည်။ ၎င်းတို့၏ ကံသည် ဆိုးသည်ဟု ၎င်းတို့ အမြဲတွေးကြသောကြောင့် အလွန့်အလွန် စိတ်ဓာတ်ကျပြီး ဤစိတ်ဓာတ်ကျမှုက ကံမကောင်းခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ နှလုံးသွင်းအရဖြစ်သော ခံစားချက်မှ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကံမကောင်းဟု အမြဲ ခံစားကြသည်။ မည်သည့်အခါတွင်မျှ ရာထူးတိုးခြင်း မခံရကြ။ ၎င်းတို့သည် အဖွဲ့ခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦး လုံးဝ မဖြစ်နိုင်ကြသကဲ့သို့ လူအုပ်မှ ထင်ပေါ်ဖို့ အခွင့်အရေး မည်သည့်အခါတွင်မျှ မရရှိကြချေ။ ဤကောင်းသည့်အရာများသည် ၎င်းတို့ထံ မည်သည့်အခါတွင်မျှ မဖြစ်သကဲ့သို့ ဤသည်မှာ အဘယ်ကြောင့် ထိုသို့ဖြစ်သည်ကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ၎င်းတို့က “မည်သည့် ကဏ္ဍတွင်မဆို ငါ ချို့တဲ့ခြင်းမရှိပါ။ ထို့ကြောင့် ငါသွားသည့်နေရာတိုင်းတွင် မည်သူမဆိုက ငါ့ကို အဘယ်ကြောင့် မနှစ်သက်ကြပါသနည်း။ မည်သူကိုမျှ ငါ စိတ်မဆိုးစေခဲ့ပါ၊ သို့မဟုတ် တစ်စုံတစ်ဦးကို ငါ အခက်မတွေ့စေလိုခဲ့ပါ။ ထို့ကြောင့် ငါသည် အဘယ်ကြောင့် အလွန် ကံခေရပါသနည်း”ဟု တွေးမိကြလေသည်။ ထိုသို့သော ခံစားချက်များကို ၎င်းတို့ အမြဲ ဖက်တွယ်ကြသောကြောင့် ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုသည် ၎င်းတို့အား “သင်သည် ကံခေသည်၊ ထို့ကြောင့် မိမိဘာသာ အားရကျေနပ်မနေနှင့်၊ ထောင်ထောင် ထောင်ထောင် သွားမနေနှင့်၊ ပြီးလျှင် အမြဲ မထင်ပေါ်လိုနှင့်။ သင်သည် ကံခေသောကြောင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စဉ်းပင်မစဉ်းစားနှင့်။ သင်သည် ကံခေသောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်နေချိန် သာ၍ ဂရုစိုက်ရမည်၊ ပြီးလျှင် တစ်နေ့ သင် ဖော်ထုတ်ခံရပြီး အစားထိုးခံရမည်စိုးသဖြင့်၊ သို့မဟုတ် တစ်စုံတစ်ဦးက သင့်နောက်ကွယ်တွင် သင့်ကို တိုင်ကြားပြီး သင့်ကို ပျက်စီးစေဖို့ တစ်စုံတစ်ရာကို မလွှတ်တမ်းအသုံးချမည် စိုးသဖြင့်၊ သို့မဟုတ် သင်သည် အမြဲ ဦးဆောင်နေပြီး အမှားတစ်ခုပြုမိကာ ပြုပြင်ခြင်းခံရမည်ကို စိုးသဖြင့် အနည်းငယ် ချုပ်တည်းထားရမည်။ သင့်အနေဖြင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာလျှင်ပင် သင်သည် ဓားသွားတစ်လျှောက် လှမ်းလျှောက်နေသည့်အလား တစ်ချိန်လုံး ဂရုစိုက်ရဦးမည်ဖြစ်ပြီး သတိထားရဦးမည်ဖြစ်သည်။ မာနထောင်လွှားခြင်း မရှိနှင့်၊ သင် နှိမ့်ချရမည်”ဟု ပြောဆိုလျက် အမြဲ အသိပေးနေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုက ၎င်းတို့ကို နှိမ့်ချရန်၊ အရှက်ရ၍ အမြီးကုပ်ပြီးနေရန်နှင့် ထပ်မံ၍ ဂုဏ်သိက္ခာတစ်ခုတလေဖြင့် လုံးဝ ကျင့်ကြံပြုမူခြင်း မရှိရန် ၎င်းတို့ကို တစ်ချိန်လုံး အသိပေးနေသည်။ ၎င်းတို့၏ ကံဇာတာဆိုးသည်ဟူသော စိတ်ကူး၊ အတွေး၊ ရှုထောင့်အမြင်၊ သို့မဟုတ် အသိသည် အပြုသဘောမဆောင်ရန်၊ သို့မဟုတ် မတက်ကြွရန်၊ ရဲရဲတင်းတင်း မပြောဆိုရန်နှင့် အရဲမစွန့်ရန် ၎င်းတို့ကို တစ်ချိန်လုံး အသိပေးနေသည်။ ထိုအစား ၎င်းတို့အနေဖြင့် အခြားသူများရှေ့တွင် အသက်မရှင်ဝံ့ဘဲလျက် ဆက်လက် စိတ်ဓာတ်ကျရမည်ဖြစ်သည်။ လူတိုင်းက တစ်အိမ်တည်းတွင် ရှိလျှင်ပင် ၎င်းတို့အနေဖြင့် မမြင်သာရန် ထိုင်ဖို့ မထင်ရှားသော နေရာတစ်ခုကို ရှာရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် မာနထောင်လွှားမှု တစ်ခုတလေ စတင်ပြသည်နှင့် ၎င်းတို့၏ မကောင်းသည့်ကံက ၎င်းတို့ကို ရှာတွေ့လိမ့်မည်ဖြစ်သောကြောင့် ၎င်းတို့ အလွန် မာနထောင်လွှားသည်ဟု အထင်မရှိစေရပေ။ စိတ်ဓာတ်ကျခြင်း ခံစားမှုက ၎င်းတို့ကို စဉ်ဆက်မပြတ် ဝန်းရံထားပြီး ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ဤအရာများကို အမြဲ သတိပေးနေသောကြောင့် ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သမျှတိုင်းတွင် ကြောက်တတ်ပြီး သတိထားနေကြသည်။ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် အမြဲ စိတ်တထင့်ထင့်ဖြစ်ကြသည်။ ၎င်းတို့၏ သင့်တင့်လျောက်ပတ်သည့်နေရာကို ၎င်းတို့ လုံးဝ ရှာမတွေ့နိုင်ကြသကဲ့သို့ မိမိတို့၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းရာတွင် မိမိတို့ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်အစွမ်း ရှိသမျှဖြင့် လုံးဝ အားမထုတ်နိုင်ကြချေ။ တစ်စုံတစ်ရာကို ၎င်းတို့ သတိထားနေပြီး တစ်စုံတစ်ရာ ဖြစ်ပျက်ဖို့ စောင့်ဆိုင်းနေကြသည့်အလား ဖြစ်သည်။ ၎င်းတို့သည် မကောင်းသည့်ကံ ရောက်လာခြင်းကို သတိထားနေခြင်း၊ ၎င်းတို့အပေါ် ၎င်းတို့၏ မကောင်းသည့်ကံက ယူဆောင်လာမည့် မကောင်းသည့်အရာများနှင့် အရှက်ရခြင်းများကို သတိထားနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိတို့ အတွင်းကျကျ စိတ်နှလုံးများတွင် ရုန်းကန်မှုများမှလွဲ၍ လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပြီး ပြုမူကျင့်ကြံကာ ဆောင်ရွက်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို စိုးမိုးခြယ်လှယ်သည်မှာ စိတ်ဓာတ်ကျခြင်း ခံစားမှု သာ၍ဖြစ်ပေသည်။ မိမိတို့ကိုယ်ပိုင် အပြုအမူကို တိုင်းတာရန်နှင့် လူများ၊ အမှုအရာများကို ၎င်းတို့ ရှုမြင်ပြီး ပြုမူကျင့်ကြံကာ ဆောင်ရွက်ပုံတို့ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် ကောင်းသည့်ကံနှင့် မကောင်းသည့်ကံတို့ကို အမြဲ အသုံးပြုကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုထဲသို့ ထပ်တလဲလဲ ကျဆင်းပြီး မိမိတို့ကိုယ်ကို မလွတ်မြောက်စေနိုင်ကြသကဲ့သို့ ဤ “ကံခေခြင်း”ဆိုသည့် အရာများကို ရင်ဆိုင်ရန်၊ သို့မဟုတ် ၎င်းတို့၏ ဆိုးရွားသော ကံဟု ၎င်းတို့ ခေါ်ဆိုသည့်အရာကို ကိုင်တွယ်ရန်၊ သို့မဟုတ် ဖြေရှင်းရန် မှန်ကန်သည့် အတွေးနှင့် အမြင်များကို အသုံးမပြုနိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဤကဲ့သို့သော ရက်စက်သည့် သံသရာထဲတွင် ၎င်းတို့သည် ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှု၏ ထိန်းချုပ်ခြင်းနှင့် လွှမ်းမိုးခြင်းကို စဉ်ဆက်မပြတ် ခံရလေသည်။ အားထုတ်မှုများစွာဖြင့် ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများကို ဖွင့်ဟနိုင်ပြီး အခြားသူများနှင့် မိမိတို့၏ အခြေအနေများ၊ သို့မဟုတ် စိတ်ကူးများအကြောင်း မိတ်သဟာယ ပြုနိုင်ကြသော်လည်း ထို့နောက်တွင် စုဝေးပွဲများ၌ မိတ်သဟာယတွင် ညီအစ်ကို မောင်နှမများက ပြောဆိုသည့် စကားလုံးများသည် ၎င်းတို့၏ အခြေအနေများနှင့် ၎င်းတို့ ပြဿနာ၏ အချက်တို့နှင့်ပတ်သက်၍ တမင်သော်လည်းကောင်း၊ မတော်တဆသော်လည်းကောင်း ထည့်သွင်းဆွေးနွေးမိလေသည်။ ထိုအရာက ၎င်းတို့အား မိမိတို့၏ မာနနှင့် ဂုဏ်သိက္ခာ ထိခိုက်သကဲ့သို့ ခံစားစေသည်။ ဤသည်မှာ ၎င်းတို့ ကိုယ်ပိုင် မကောင်းသည့် ကံ၏ သရုပ်သကန်တစ်ခုဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြဆဲဖြစ်ပြီး “သင် မြင်လား။ ငါ့ စိတ်နှလုံး၌ ရှိသည့်အရာကို ပြောဆိုရန် ငါ့အတွက် အလွန် ခက်ခဲပြီး ငါပြောလိုက်သည်နှင့် ထိုအရာကို တစ်စုံတစ်ဦးက မလွှတ်တမ်း အသုံးချ၍ ငါ့ကို ဖျက်ဆီးရန် ကြိုးစားသည်။ ကျွန်ုပ် အလွန် ကံခေပါသည်”ဟု တွေးကြလေသည်။ ဤသည်မှာ ၎င်းတို့၏ မကောင်းသည့်ကံ အလုပ်လုပ်နေခြင်းဖြစ်ကြောင်းနှင့် လူတစ်ဦး ကံခေသည့်အခါ အရာရာသည် ၎င်းတို့ကို လုံးဝ ဆန့်ကျင်ကြောင်း ၎င်းတို့ ယုံကြည်ကြလေသည်။
၎င်းတို့ ကံခေသည်ဟု အမြဲ တွေးသည့် လူတို့နှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့၏ လုပ်ရပ်များ မှန်ကန်ခြင်း၊ မှားယွင်းခြင်း ရှိမရှိဆိုသည်ကို တိုင်းတာရန်နှင့် မည်သည့် လမ်းကြောင်း ၎င်းတို့ လျှောက်သင့်သည်၊ ၎င်းတို့ တွေ့ကြုံသင့်သည့် အရာများနှင့် ရင်ဆိုင်ရသည့် ပြဿနာတစ်ခုတလေကို ချိန်ဆရန် ကံစံနှုန်းကို အမြဲ အသုံးပြုကြသည်။ ဤသည်မှာ မှန်သလော၊ မှားသလော။ (မှားပါသည်။) ၎င်းတို့သည် မကောင်းသည့် အရာများကို ကံခေခြင်းနှင့် ကောင်းသည့်အရာများကို ကံကောင်းခြင်း၊ သို့မဟုတ် အကျိုးပြုခြင်းအဖြစ် ဖော်ပြကြသည်။ ဤရှုထောင့်အမြင်သည် မှန်သလော၊ မှားသလော။ (မှားပါသည်။) အမှုအရာများကို ဤရှုထောင့်အမြင်မျိုးမှ အကဲဖြတ်ခြင်းသည် မှားယွင်း၏။ ထိုအရာမှာ အမှုအရာများကို အကဲဖြတ်ခြင်းအတွက် အစွန်းရောက်ပြီး မမှန်ကန်သည့် နည်းစနစ်နှင့် စံနှုန်းတစ်ခု ဖြစ်သည်။ ဤနည်းစနစ်မျိုးသည် လူတို့ကို စိတ်ဓာတ်ကျခြင်းထဲသို့ မကြာခဏ ကျဆင်းစေပြီး ၎င်းတို့ကို စိတ်မသက်မသာဖြစ်စေကာ မည်သည့်အရာမျှ မိမိတို့ သဘောအတိုင်း တစ်ကြိမ်တစ်ခါမျှ မဖြစ်ကြောင်းနှင့် မိမိတို့အလိုရှိသည့်အရာကို မည်သည့်အခါတွင်မျှ မရရှိကြောင်း ခံစားစေသည်။ ယင်းက နောက်ဆုံးတွင် ၎င်းတို့ကို စဉ်ဆက်မပြတ် စိတ်သောကရောက်၊ ကသိကအောက်ဖြစ်ပြီး စိတ်တထင့်ထင့် ခံစားစေလေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ ပြေလည်သွားခြင်း မရှိသည့်အခါ ဤလူများသည် စိတ်ဓာတ်ကျခြင်းထဲသို့ စဉ်ဆက်မပြတ် ကျဆင်းပြီး ဘုရားသခင်က ၎င်းတို့ကို မျက်နှာသာပေးခြင်း မရှိဟု ခံစားစေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများကို ကျေးဇူးပြုခြင်းဖြင့်ဆက်ဆံကြောင်းနှင့် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများကို ဘုရားသခင် စောင့်ရှောက်ကြောင်း တွေးထင်ကြသည်။ “အဘယ်ကြောင့် ငါ အမြဲ စိတ်မသက်မသာ ဖြစ်ပြီး စိတ်သောက ခံစားရသနည်း။ အဘယ့်ကြောင့် ဆိုးသည့်အရာများသည် ငါ့အပေါ် အမြဲဖြစ်ပျက်နေရသနည်း။ အဘယ်ကြောင့် ကောင်းမွန်သည့်အရာများ ငါ့ထံ လုံးဝ ရောက်မလာသနည်း။ တစ်ကြိမ်တစ်ခါမျှသာ ငါတောင်းဆိုနေခြင်း ဖြစ်သည်”ဟူ၍ ဖြစ်၏။ ဤမှားယွင်းသည့် အတွေးနှင့် ရှုထောင့်အမြင် နည်းလမ်းမျိုးဖြင့် အမှုအရာများကို သင်ရှုမြင်သည့်အခါ ကောင်းသည့်ကံနှင့် မကောင်းသည့်ကံတို့၏ ထောင်ချောက်ထဲသို့ သင် သက်ဆင်းမိလိမ့်မည်။ ဤထောင်ချောက်ထဲသို့ သင် အဆက်မပြတ် ကျဆင်းသည့်အခါ စဉ်ဆက်မပြတ် စိတ်ဓာတ်ကျလိမ့်မည်။ ဤစိတ်ဓာတ်ကျမှုအလယ်တွင် သင့်အပေါ် ကျရောက်သည့် အရာများက ကံကောင်းခြင်း၊ ကံခေခြင်း ရှိမရှိဆိုသည်ကို သင်သည် အထူးသဖြင့် သတိထားနေမိလိမ့်မည်။ ဤအရာဖြစ်ပျက်သည့်အခါ ကံကောင်းခြင်း၊ ကံဆိုးခြင်းနှင့်ဆိုင်သည့် ဤရှုထောင့်အမြင်နှင့် စိတ်ကူးက သင့်ကို ထိန်းချုပ်ပြီးဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် ဤရှုထောင့်အမြင်မျိုး၏ ထိန်းချုပ်ခြင်းခံရသည့်အခါ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် သင်၏ အမြင်များနှင့် သဘောထားတို့သည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား အပိုင်းအခြားအတွင်းတွင် မရှိတော့ဘဲ အစွန်းရောက်မှုမျိုးထဲသို့ ကျဆင်းသွားပြီ ဖြစ်သည်။ ဤအစွန်းရောက်မှုထဲသို့ သင် ကျဆင်းသွားသည့်အခါ သင်၏ စိတ်ဓာတ်ကျမှုမှ သင် လွတ်လာလိမ့်မည် မဟုတ်။ တစ်ချိန်ပြီးတစ်ချိန် သင် ဆက်လက် စိတ်ဓာတ်ကျနေမိလိမ့်မည်ဖြစ်ပြီး သင်သည် ပုံမှန်အားဖြင့် စိတ်ဓာတ်ကျခြင်း မရှိလျှင်ပင် တစ်စုံတစ်ရာ မှားယွင်းသွားသည်နှင့်တစ်ပြိုင်နက်၊ ကံခေသည့် အရာတစ်ခု ဖြစ်ပျက်သည်ဟု သင် ခံစားရသည်နှင့်တစ်ပြိုင်နက် စိတ်ဓာတ်ကျခြင်းထဲသို့ သင် ချက်ချင်း ကျဆင်းသွားလိမ့်မည်။ ဤစိတ်ဓာတ်ကျခြင်းက သင်၏ ပုံမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်မှုတို့ကိုပင် ထိခိုက်လိမ့်မည်။ သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်းတို့ကို ထိုအရာက ထိခိုက်သည့်အခါ သင်၏ တာဝန် ထမ်းဆောင်ခြင်းအပြင် ဘုရားသခင်နောက်လိုက်ရန် သင်၏ လိုအင်နှင့် စိတ်ဆန္ဒတို့ကို နှောင့်ယှက်ကာ ဖျက်ဆီးလိမ့်မည်။ ဤအပြုသဘောဆောင်သောအရာများ ဖျက်ဆီးခံရသည့်အခါ သင် နားလည်လာပြီးဖြစ်သည့် သမ္မာတရား အနည်းငယ်သည် ပျောက်ချင်းမလှ ပျောက်သွားလိမ့်မည်ဖြစ်ပြီး သင့်အဖို့ လုံးဝ အကူအညီ ဖြစ်လိမ့်မည် မဟုတ်။ ထို့ကြောင့် ဤရက်စက်သည့် သံသရာထဲသို့ သင် ကျဆင်းသည့်အခါ သင် နားလည်သည့် သမ္မာတရား စည်းမျဉ်းအနည်းငယ်ကို လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် ခက်ခဲလိမ့်မည်ဖြစ်သည်။ သင်သည် အင်တင်တင်ဖြင့် အဖိုးအခတစ်ခု ပေးဆပ်နိုင်သည်မှာ၊ အခက်အခဲ အနည်းငယ် ခံနိုင်ပြီး မိမိလုပ်ဆောင်လိုသည့်အရာများကို လုပ်ဆောင်နေစဉ် ရိုးသားစစ်မှန်မှုတစ်စကို ပြနိုင်သည်မှာ သင်၏ ကံရှိလာသည်ဟု သင် ခံစားရသည့်အချိန် စိတ်ဓာတ်ကျမှုဖြင့် သင်ဖိစီးခြင်းမခံရသည့်အချိန်တွင်သာ ဖြစ်သည်။ ကံက သင့်ကို စွန့်ခွာပြီးဖြစ်ကြောင်းနှင့် သင့်ထံ ကံအကြောင်းမလှသည့် အရာများ တစ်ဖန် ဖြစ်ပျက်နေသည်ဟု သင်ခံစားရသည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်ဓာတ်ကျခြင်းသည် မကြာမီ သင့်ကို တစ်ဖန် ထိန်းချုပ်ကာ သင်၏ ရိုးသားစစ်မှန်မှု၊ သစ္စာစောင့်သိခြင်းနှင့် အခက်အခဲ သည်းညည်းခံလိုစိတ်တို့သည် ချက်ချင်း သင့်ကို စွန့်ခွာလေသည်။ ထို့ကြောင့် မိမိတို့ ကံခေသည်ဟု တွေးထင်သူ၊ သို့မဟုတ် ကံကို အလေးအနက် သဘောထားသည့်သူများသည် မိမိတို့ ကံကြမ္မာများ ဆိုးသည်ဟု တွေးထင်သည့် လူများကဲ့သို့သာ ဖြစ်သည်။ ၎င်းတို့တွင် မကြာခဏ အလွန် အစွန်းရောက်သည့် စိတ်ခံစားမှုများ ရှိကြသည်။ အထူးသဖြင့် စိတ်ဓာတ်ကျခြင်းကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ ၎င်းတို့ မကြာခဏ ကျဆင်းကြသည်။ ၎င်းတို့သည် အထူးသဖြင့် အပျက်သဘောဆောင်ကာ အားနည်းကြပြီး စိတ်အခြေအနေပင် ပြောင်းလဲလွယ်ကြသည်။ ကံကောင်းသည်ဟု ၎င်းတို့ ခံစားရသည့်အခါ ဝမ်းမြောက်ခြင်းနှင့် ပြည့်ကြသည်၊ အားအင်နှင့် ပြည့်ကြပြီး အခက်အခဲများကို သည်းညည်းခံကာ အဖိုးအခ ပေးနိုင်ကြလေသည်။ ညတွင် လျှော့အိပ်နိုင်ကြပြီး နေ့ချိန်အတောအတွင်းတွင် အစားလျှော့စားနိုင်ကြသည်။ မည်သည့် အခက်အခဲကိုမဆို ၎င်းတို့ ဒုက္ခခံလိုစိတ် ရှိနေကြပြီး ခဏတာ စိတ်လှုပ်ရှားတက်ကြွပါက မိမိတို့ အသက်များကိုပင် ပူဇော်ရန် ဆန္ဒရှိကြလေသည်။ သို့ရာတွင် လတ်တလော ၎င်းတို့ ကံခေကြောင်း ခံစားရသည့် အခိုက် ၎င်းတို့အတွက် မည်သည့်အရာမျှ အဆင်ပြေပုံမရသည့်အခါ စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုက ၎င်းတို့၏ စိတ်နှလုံးကို ချက်ချင်း ထိန်းချုပ်သွားသည်။ ယခင်က ၎င်းတို့ ပြုခဲ့သည့် သန္နိဋ္ဌာန်နှင့် ဆုံးဖြတ်ချက်တို့သည် အားလုံး အချည်းနှီးဖြစ်သွားသည်။ ရုတ်တရက် ၎င်းတို့သည် လေလျော့သည့် ဘောလုံးတစ်လုံးကဲ့သို့ မည်သည့် အားအင်မျှ မစုစည်းနိုင်ဖြစ်ကြသည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန်၊ သို့မဟုတ် ပြောဆိုရန် လုံးဝ လိုလားခြင်းမရှိဘဲ ဗွက်အိုင်တစ်အိုင်ကဲ့သို့ ဖြစ်သွားကြလေသည်။ ၎င်းတို့က “သမ္မာတရား စည်းမျဉ်းများ၊ သမ္မာတရား လိုက်စားခြင်း၊ ကယ်တင်ခြင်း ရယူခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဟူသည့် ဤအရာတစ်ခုမျှ ငါနှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။ ငါသည် ကံခေပြီး သမ္မာတရား မည်မျှ လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခ မည်မျှ ပေးဆပ်သည်ဖြစ်စေ အသုံးမဝင်ပါ။ ကယ်တင်ခြင်းကို ငါ လုံးဝ ရရှိလိမ့်မည် မဟုတ်ပါ။ ငါ ဇာတ်သိမ်းပေပြီ။ ငါသည် ကံမကောင်းသည့် အဆောင်တစ်ခု၊ ကံအကြောင်းမလှသည့် လူတစ်ဦးကဲ့သို့ ဖြစ်သည်။ ကောင်းပြီ၊ ရှိစေတော့၊ မည်သို့ဆိုစေ ငါကံမကောင်းပါ”ဟု တွေးကြလေသည်။ မြင်ကြသလော၊ တစ်မိနစ်တွင် ၎င်းတို့သည် ပေါက်ထွက်တော့မည့် လေအလွန်ပြည့်သော ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်ကြပြီး နောက်တစ်မိနစ်တွင် ၎င်းတို့ သိမ်ငယ်သွားကြသည်။ ဤသည်မှာ ဒုက္ခပေးတတ်သည် မဟုတ်လော။ ဤဒုက္ခသည် အဘယ်သို့ ဖြစ်လာသနည်း။ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ ၎င်းတို့သည် စတော့စျေးကွက်ကို တက်ခြင်း ကျခြင်းရှိမရှိ၊ အစုရှယ်ယာများကို အမြတ်နှင့်ရောင်းချရန် ဝယ်ယူရမည့် စျေးကွက်၊ သို့မဟုတ် ထုတ်ရောင်းသူများ၍ ထိုးကျနေသော စျေးကွက် ဟုတ်မဟုတ်ဆိုသည်ကို စောင့်ကြည့်နေသည့်အလား၊ မိမိတို့၏ ကိုယ်ပိုင် အခွင့်အလမ်းများကို အမြဲ စောင့်ကြည့်နေကြသည်။ ၎င်းတို့သည် မိမိတို့ ကံကိစ္စနှင့် ပတ်သက်၍ အမြဲ မူမှန်ခြင်းမရှိ၊ အလွန့်အလွန် သတိထားတတ်ကြပြီး အလွန့်အလွန် ခေါင်းမာကြသည်။ ဤအစွန်းရောက်သည့် လူစားမျိုးသည် မိမိတို့ကိုယ်ပိုင် အခွင့်အလမ်းနှင့်ပတ်သက်၍ အလွန် ဂရုစိုက်လွန်းပြီး မိမိတို့ စိတ်အခြေအနေများပေါ် အခြေခံပြီး အသက်ရှင်ကြသောကြောင့် စိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုထဲသို့ မကြာခဏ နွံနစ်လာကြရသည်။ မနက် အိပ်ရာထချိန် စိတ်အခြေအနေ မကောင်းပါက “အို မဟုတ်သေးပါ။ ယနေ့သည် ကံကောင်းသည့် နေ့တစ်နေ့ မဟုတ်မည်ကို ငါ ဧကန် ပြောရဲသည်။ ငါ့ဘယ်ဖက် မျက်ခမ်းလှုပ်နေသည်မှာ ရက်အတော်ကြာ နေခဲ့သည်၊ ငါ၏ လျှာသည် မာတောင့်နေပြီး ငါ့ ဦးနှောက်က နှေးကွေးလေးကန်နေသည်။ အစာစားနေစဉ် ငါ့လျှာကို ငါကိုက်မိပြီး ပြီးခဲ့သည့်ည အိပ်နေချိန် အိပ်မက်မကောင်းခဲ့ပါ”ဟု တွေးကြလေသည်။ သို့မဟုတ် ၎င်းတို့က “ယနေ့ တစ်စုံတစ်ဦး ပြောသည့် ပထမဆုံး ငါ ကြားရသော စကားများမှာ မကောင်းသည့် နိမိတ်တစ်ခုနှင့် တူသည်”ဟု တွေးကြသည်။ ၎င်းတို့သည် ဤ တောင်စဉ်ရေမရ စကားများကို ဗလုံးဗထွေး ဆက်ကာ ရွတ်ဆိုရင်း၊ ထိုသို့သောအရာများကို လေ့လာမှုပြုရင်း စဉ်ဆက်မပြတ် တစ်ပါးသူအပေါ် ယုံမှားသံသယ လွန်ကဲကြသည်။ မိမိတို့ကိုယ်ပိုင် အခွင့်အလမ်း၊ ဦးတည်ချက်နှင့် စိတ်အခြေအနေအကြောင်း နေ့စဉ်နှင့် အချိန်ကာလတိုင်းတွင် အလွန့်အလွန် ပူပန်တတ်ကြလေသည်။ အသင်းတော်ရှိ ၎င်းတို့ ညီအစ်ကို မောင်နှမများအားလုံးက ၎င်းတို့အပေါ် အသုံးပြုသော အကြည့်များ၊ သဘောထားနှင့် လေသံတို့ကိုပင်လျှင် ၎င်းတို့ လေ့လာစောင့်ကြည့်တတ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ဤအရာများ၏ နေရာယူခြင်းခံရသည်။ ယင်းက ၎င်းတို့ကို စဉ်ဆက်မပြတ် စိတ်ဓာတ်ကျစေလေသည်။ ၎င်းတို့သည် ကောင်းမွန်သည့် အခြေအနေတွင် မရှိကြကြောင်း ၎င်းတို့ သိကြသည့်တိုင် ဘုရားသခင်ထံ ဆုမတောင်း၊ သို့မဟုတ် ထိုအရာကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေခြင်း မရှိကြသကဲ့သို့ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်ပြသည်ဖြစ်စေ ထိုအရာများကို ၎င်းတို့ အာရုံတစ်ခုတလေ စိုက်ခြင်းမရှိ၊ သို့မဟုတ် အလေးအနက် သဘောထားခြင်း မရှိကြချေ။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။)
၎င်းတို့တွင် ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့် ကံ ရှိမရှိဆိုသည်နှင့် ပတ်သက်၍ အမြဲ ပူပန်သော ဤလူများအနေဖြင့် အမှုအရာများအပေါ် ၎င်းတို့ ရှုမြင်ပုံသည် မှန်ကန်သလော။ ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံ တည်ရှိသလော။ (မရှိပါ။) မတည်ရှိဟု ဆိုရခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ (နေ့စဉ် ကျွန်ုပ် ကြုံဆုံသည့် လူများနှင့် ကျွန်ုပ်တို့ထံ ဖြစ်ပျက်သည့် အရာများကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်း ဖြစ်သည်။ ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံကဲ့သို့သော အရာများမရှိပါ။ အရာရာသည် လိုအပ်မှုကြောင့် ဖြစ်ပျက်ခြင်း ဖြစ်ပြီး ထိုအရာနောက်ကွယ်တွင် အဓိပ္ပာယ်ရှိပါသည်။) ယင်းမှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤအမြင်သည် မှန်ကန်ပြီး ဤသည်မှာ ကံမတည်ရှိခြင်းအကြောင်း ပြောဆိုခြင်းအတွက် အယူအဆဆိုင်ရာ အခြေခံအကြောင်းရင်း ဖြစ်သည်။ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ကောင်းသည့်အရာဖြစ်စေ၊ မကောင်းသည့်အရာဖြစ်စေ အားလုံးက လေးရာသီတစ်လျှောက် ဖြစ်သည့် ရာသီဥတုကဲ့သို့ပင် ပုံမှန်ဖြစ်၏။ နေ့တိုင်း နေမသာနိုင်ပေ။ နေသာသည့်နေ့များကို ဘုရားသခင် စီစဉ်ထားခြင်းဖြစ်ပြီး တိမ်ထူသော နေ့ရက်များ၊ မိုး၊ လေနှင့် မုန်တိုင်းတို့ကိုမူ ဘုရားသခင် စီစဉ်ထားခြင်းမဟုတ်ဟု သင် ဆို၍ မရပေ။ အရာရာကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်းဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်က ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ဤသဘာဝ ပတ်ဝန်းကျင်သည် ဘုရားသခင် စီစဉ်ပြီး ထူထောင်သည့် နည်းဥပဒေသများနှင့် စည်းမျဉ်းများအတိုင်း ဖြစ်ပေါ်၏။ ဤအရာအားလုံးသည် လိုအပ်ပြီး အရေးပါသောကြောင့် ရာသီဥတုက မည်သည့်အရာဖြစ်စေ၊ သဘာဝ နည်းဥပဒေသများက ဖြစ်ပေါ်စေပြီး ဆောင်ကြဉ်းလာခြင်း ဖြစ်သည်။ ထိုအရာ၌ ကောင်းသည့်အရာ၊ သို့မဟုတ် ဆိုးသည့်အရာ တစ်ခုမျှမရှိ။ ထိုအရာနှင့်ပတ်သက်၍ လူတို့၏ ခံစားချက်များသာ ကောင်းခြင်း၊ ဆိုးခြင်း ဖြစ်သည်။ မိုးရွာနေချိန်၊ လေထန်နေချိန်၊ သို့မဟုတ် တိမ်ထူနေချိန်၊ သို့မဟုတ် မိုးသီးမုန်တိုင်းများအတွင်းတွင် လူတို့သည် စိတ်မချမ်းသာကြချေ။ လူတို့သည် အထူးသဖြင့် မိုးရွာပြီး စိုထိုင်းသည့်အခါ မနှစ်သက်ကြချေ။ ၎င်းတို့၏ အဆစ်များ နာကျင်ပြီး အားနည်းသည်ဟု ခံစားရသည်။ သင်သည် မိုးရွာသောနေ့များနှင့် ပတ်သက်၍ စိတ်မချမ်းမသာဖြစ်ကောင်းဖြစ်နိုင်သော်လည်း မိုးရွာသောနေ့များသည် ကံမကောင်းပါဟု သင် ပြောနိုင်သလော။ ဤသည်မှာ လူတို့၌ ရာသီဥတုလှုံ့ဆော်ပေးသည့် ခံစားချက်တစ်ခုမျှသာဖြစ်သည်။ ကံသည် မိုးရွာနေသည်ဟူသောအချက်နှင့် လုံးဝမပတ်သက်ချေ။ နေသာသည့်နေ့များသည် ကောင်းမွန်သည်ဟု သင်ဆိုကောင်းဆိုမည်။ မိုးတစ်စက်မျှ မရွာဘဲ သုံးလကြာ နေသာလျှင် လူတို့ စိတ်ချမ်းသာကြသည်။ နေ့စဉ် နေရောင်ကို ၎င်းတို့ မြင်နိုင်ပြီး ရံဖန်ရံခါ ပါးလျသော လေပြည်လေညင်းဖြင့် ခြောက်သွေ့ပြီး နွေးထွေးကာ အိမ်အပြင်ဘက်သို့ ၎င်းတို့ ထွက်ချင်သည့်အခါတိုင်း ထွက်နိုင်လေသည်။ သို့ရာတွင် အပင်များက ထိုအရာကို သည်းမခံနိုင်သကဲ့သို့ မိုးခေါင်မှုကြောင့် ကောက်ပဲသီးနှံများ သေဆုံးလေသည်။ ထို့ကြောင့် ထိုနှစ်တွင် ရိတ်သိမ်းရခြင်း မရှိပေ။ သို့ဆိုလျှင် သင် စိတ်ချမ်းသာခြင်းသည် အမှန်တကယ် ကောင်းသည်ဟု ဆိုလိုသလော။ စားဖို့ အစားအစာမရှိသည့် ဆောင်ဦးရာသီရောက်လာသည့်အခါ သင်က “အလိုလေး၊ နေသာသည့် နေ့များစွာ ရှိခြင်းသည်လည်း မကောင်းပါ။ မိုးမရွာလျှင် ကောက်ပဲသီးနှံများ ထိခိုက်သည်၊ ရိတ်သိမ်းဖို့ အစားအစာမရှိသကဲ့သို့ လူတို့ ဆာလောင်ငတ်မွတ်ကြရသည်”ဟု ဆိုနေရလိမ့်မည်။ ဤအချိန်တွင် မဆုံးနိုင်သော နေသာသည့် နေ့များလည်း မကောင်းသည်ကို သင် သဘောပေါက်သွားသည်။ အမှန်တရားမှာ တစ်စုံတစ်ရာနှင့် ပတ်သက်၍ လူတစ်ဦး စိတ်ချမ်းသာခြင်း၊ စိတ်မချမ်းသာခြင်းသည် အမှုအရာကိုယ်တိုင်၏ အနှစ်သာရထက် မိမိတို့ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားတို့အပေါ် အခြေခံခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ရာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို လူတို့ တိုင်းတာသည့် အခြေခံအကြောင်းရင်းမှာ မှန်ကန်တိကျခြင်း မရှိပေ။ အခြေခံအကြောင်းရင်းက မှန်ကန်တိကျခြင်း မရှိသောကြောင့် ၎င်းတို့ နောက်ဆုံးချသည့် ကောက်ချက်များမှာလည်း မှန်ကန်တိကျခြင်း မရှိပေ။ ကောင်းသည့် ကံနှင့် ဆိုးသည့်ကံ အကြောင်းအရာကို ပြန်သွားရလျှင် ယခု ကံနှင့်ဆိုင်သော ဤဆိုရိုးသည် ခိုင်လုံခြင်း မရှိကြောင်းနှင့် ကောင်းခြင်း မရှိသကဲ့သို့ ဆိုးခြင်းလည်း မရှိကြောင်းကို လူတိုင်း သိရှိကြပြီဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင် ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်းဖြစ်သောကြောင့် ထိုအရာများကို သင့်တင့်လျောက်ပတ်စွာ သင် ရင်ဆိုင်သင့်သည်။ ဘုရားသခင်ထံမှ ကောင်းသည့်အရာကို ခံယူပြီး ဘုရားသခင်ထံမှ မကောင်းသည့်အရာကိုလည်း ခံယူလော့။ ကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင်ကံကောင်းကြောင်းနှင့် မကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင် ကံခေသည်ဟု မဆိုနှင့်။ ဤအရာများအားလုံးအတွင်းတွင် လူတို့အတွက် သင်ယူရမည့် သင်ခန်းစာများရှိသည်ဟုသာ ဆိုနိုင်သည်။ ယင်းတို့ကို မငြင်းပယ်သင့်ပေ၊ သို့မဟုတ် မရှောင်ကြဉ်သင့်ပေ။ ကောင်းသောအရာများအတွက် ဘုရားသခင်ကို ကျေးဇူးတင်လော့။ သို့သော် မကောင်းသည့်အရာအားလုံးကို ဘုရားသခင် စီစဉ်ထားခြင်း ဖြစ်သောကြောင့် ထိုအရာများအတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်လော့။ ကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများက ၎င်းတို့ သင်ယူသင့်သည့် သင်ခန်းစာများကို ပေးသော်လည်း မကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များမှ သင်ယူရမည့်အရာ သာ၍ပင်ရှိ၏။ ဤအရာများသည် အကြင်သူ၏ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်သင့်သည့် အတွေ့အကြုံများနှင့် ဖြစ်ရပ်များသာ ဖြစ်သည်။ ထိုအရာများကို တိုင်းတာရန် ကံနှင့်ဆိုင်သည့် စိတ်ကူးကို လူတို့ အသုံးမပြုသင့်ပေ။ ထို့ကြောင့် အမှုအရာများ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် ကံကို အသုံးပြုသည့် လူတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များသည် အဘယ်နည်း။ ထိုလူတို့၏ အနှစ်သာရမှာ အဘယ်နည်း။ ကောင်းသည့်ကံနှင့် ဆိုးသည့်ကံကို အဘယ်ကြောင့် ၎င်းတို့ အလွန် အာရုံစိုက်ကြသနည်း။ ကံအပေါ် များစွာ အာရုံစိုက်သည့်လူများသည် မိမိတို့ကံ ကောင်းရန် မျှော်လင့်ကြသလော၊ သို့မဟုတ် ကံဆိုးရန် မျှော်လင့်ကြသလော။ (ကံကောင်းရန် မျှော်လင့်ကြပါသည်။) မှန်ပေ၏။ အမှန်တွင် ၎င်းတို့သည် ကောင်းသည့်ကံနှင့် ကောင်းသည့်အရာများ ၎င်းတို့ထံ ဖြစ်ပျက်ဖို့အတွက် လိုက်စားအားထုတ်ကြပြီး ထိုအရာများကို ၎င်းတို့ ကောင်းကောင်း အသုံးချကာ ထိုအရာများမှ အကျိုးအမြတ်များ ရယူကြသည်။ အခြားသူများ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်၊ သို့မဟုတ် အခြားသူများက ဆင်းရဲဒုက္ခ၊ သို့မဟုတ် အခက်အခဲမည်မျှ သည်းညည်းခံရမည်ဆိုသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ကံမကောင်းသည့်အရာအဖြစ် ၎င်းတို့ မြင်သည့် မည်သည့်အရာကိုမျှ မိမိတို့ထံ မဖြစ်စေချင်ကြပေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့ထံ မကောင်းသည့်အရာ မည်သည့်အရာမျှ ၎င်းတို့ မဖြစ်စေချင်ကြပေ။ အနှောင့်အယှက်များ၊ ကျရှုံးမှုများ၊ သို့မဟုတ် အရှက်ရစရာများ၊ ပြုပြင်ခံရခြင်း၊ အမှုအရာများ ဆုံးရှုံးခြင်း၊ အခွင့်အရေး ဆုံးရှုံးခြင်းနှင့် လှည့်စားခံရခြင်းများ မဖြစ်စေချင်ကြပေ။ ထိုအရာများထဲမှ တစ်ခုတလေဖြစ်ပျက်ပါက မကောင်းသည့် ကံအဖြစ် မှတ်ယူလိုက်ကြသည်။ မည်သူက ထိုအရာကို စီစဉ်သည်ဖြစ်စေ မကောင်းသည့်အရာများ ဖြစ်ပျက်လျှင် ထိုအရာမှာ ကံမကောင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ရာထူးတိုးခံရခြင်း၊ လူအုပ်မှ ထင်ပေါ်ခြင်းနှင့် အခြားသူများ၏ ထိခိုက်နစ်နာမှုမှ အကျိုးကျေးဇူး ခံစားရခြင်းမှသည် တစ်စုံတစ်ရာမှ အကျိုးအမြတ်ရခြင်း၊ ငွေများစွာ ရှာခြင်း၊ သို့မဟုတ် အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်ခြင်းအထိ ကောင်းသည့်အရာများအားလုံး ၎င်းတို့ထံ ဖြစ်ပျက်ရန် မျှော်လင့်ကြပြီး ယင်းမှာ ကောင်းသည့်ကံဟု ၎င်းတို့ တွေးထင်ကြလေသည်။ ၎င်းတို့သည် မိမိတို့ ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ကံပေါ်အခြေခံ၍ အမြဲ တိုင်းတာကြသည်။ မကောင်းသည့်ကံကို မဟုတ်ဘဲ ကောင်းသည့်ကံကို လိုက်စားနေကြသည်။ အမှုအရာ အနည်းငယ်မျှ မှားယွင်းသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဒေါသထွက်၊ စိတ်အနှောင့်အယှက်ဖြစ်ပြီး မကျေမနပ်ဖြစ်ကြသည်။ ဘွင်းဘွင်း ပြောရလျှင် ဤလူစားမျိုးများသည် တစ်ကိုယ်ကောင်းဆန်၏။ ၎င်းတို့သည် အခြားလူများ၏ ထိခိုက်နစ်နာမှုမှ မိမိတို့အတွက် အကျိုးကျေးဇူးခံစားခြင်း၊ မိမိတို့ကိုယ်ကိုအတွက် အကျိုးအမြတ် ဖန်တီးခြင်း၊ ထိပ်ဆုံးသို့ ရောက်လာခြင်းနှင့် လူအုပ်ထဲမှ ထင်ပေါ်ခြင်းတို့ကို လိုက်စားအားထုတ်ကြသည်။ ၎င်းတို့ တစ်ဦးတည်းထံတွင် ကောင်းသည့်အရာမှန်သမျှ ဖြစ်ပျက်လျှင် ၎င်းတို့ စိတ်ကျေနပ်ကြမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။