သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃) အပိုင်း နှစ်
ထို့နောက် ကျန်းမာရေး နုံချာသည့်သူများ၊ ကြံ့ခိုင်မှုအခြေအနေနည်းပြီး အားအင် ချို့တဲ့သည့် သူများ၊ အကြီးစား၊ သို့မဟုတ် အသေးစား နာမကျန်းဖြစ်ခြင်းဖြင့် မကြာခဏ နေမကောင်း ဖြစ်သည့်သူများ၊ နေ့စဉ်ဘဝတွင် လိုအပ်သည့် အခြေခံအမှုအရာများကိုပင် မလုပ်ဆောင်နိုင်သည့်သူများ၊ ပုံမှန်လူများကဲ့သို့ အသက်မရှင်နိုင်၊ သို့မဟုတ် ထူထူထောင်ထောင် မဖြစ်နိုင်သည့်သူများ ရှိသည်။ ထိုသို့သောလူများသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် မကြာခဏ သက်သောင့်သက်သာမရှိ ခံစားရပြီး နေမကောင်း ဖြစ်ကြသည်။ အချို့မှာ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းကြသည်၊ အချို့မှာ တကယ့် နာမကျန်းမှုများ ရှိကြပြီး ရောဂါတစ်မျိုးမဟုတ် တစ်မျိုး ဖြစ်နိုင်သည့် အလားအလာ ရှိသူများလည်း ရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့တွင် ထိုသို့သော လက်တွေ့ကျသည့် ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများ ရှိသောကြောင့် ထိုသို့သောလူများသည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ မကြာခဏ ကျဆင်းပြီး စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားကြလေသည်။ ၎င်းတို့သည် မည်သည့်အရာနှင့် ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်နေကြသနည်း။ မိမိတို့၏ တာဝန်ကို ဤသို့ ဆက်လက် ထမ်းဆောင်နေလျှင် ဤသို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး ပြေးလွှားနေကာ ဤသို့ အမြဲ ပင်ပန်းနွမ်းနယ်နေလျှင် ၎င်းတို့၏ ကျန်းမာရေးက ပိုပိုပြီး ဆိုးရွားလိမ့်မည်လော။ ၎င်းတို့ အသက် ၄၀ သို့မဟုတ် ၅၀ အရွယ်ရောက်သည့်အခါ မိမိတို့ အိပ်ရာများတွင် လှဲနေကြရမည်လောဟူသည်ကို ၎င်းတို့ စိုးရိမ်ကြသည်။ ဤစိုးရိမ်မှုများ ခိုင်လုံသလော။ ဤအရာကို ကိုင်တွယ်ဖြေရှင်းသည့် ခိုင်မာသော နည်းလမ်းတစ်ခုကို တစ်ဦးတလေက ပေးလိမ့်မည်လော။ ဤအတွက် အဘယ်သူသည် တာဝန်ယူလိမ့်မည်နည်း။ အဘယ်သူ တာဝန်ရှိလိမ့်မည်နည်း။ နုံချာသည့် ကျန်းမာရေးရှိသူများနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများသည် ထိုသို့သော အရာများနှင့်ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ကာ စိုးရိမ်ကြလေသည်။ နာမကျန်းမှုတစ်ခု ရှိသည့်လူများသည် “အို ငါ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ငါစိတ်ပိုင်းဖြတ်ထားသော်လည်း ဤနာမကျန်းမှု ငါ ရလေပြီ။ အန္တရာယ်မှ ကွယ်ကာရန် ဘုရားသခင်ကို ငါတောင်းလျှောက်ပြီး ဘုရားသခင်၏ ကွယ်ကာမှုဖြင့် ငါစိုးရွံ့ရန် မလိုပါ။ သို့သော် ငါ၏ တာဝန်များကို ထမ်းဆောင်နေချိန် ငါ ခြေကုန်လက်ပန်း ကျသွားသည့်အခါ ငါ၏ ရောဂါ ပြန်ထလိမ့်မည်လား။ ငါ၏ ရောဂါ အမှန်တကယ် ထလာခဲ့လျှင် မည်သည့်အရာကို ငါ လုပ်ရမည်နည်း။ ခွဲစိတ်မှုခံရန် ဆေးရုံတက်ဖို့ ငါ လိုအပ်ပါက ထိုအတွက် ပေးရမည့် ငွေ ငါ့မှာမရှိပါ။ ထို့ကြောင့် ငါ၏ ကုသမှုအတွက် ပေးဖို့ ငွေမချေးလျှင် ငါ၏ ရောဂါ သာ၍ပင် ဆိုးသွားလိမ့်မည်လော။ တကယ်ကို ဆိုးလာလျှင် ငါသေလိမ့်မည်လော။ ထိုသို့သော သေခြင်းကို ပုံမှန်သေခြင်းတစ်ခုအဖြစ် မှတ်ယူနိုင်မည်လော။ ငါ အမှန် သေဆုံးလျှင် ငါ ထမ်းဆောင်ပြီးဖြစ်သည့် တာဝန်များကို ဘုရားသခင် အောက်မေ့လိမ့်မည်လော။ ကောင်းမှုများ လုပ်ဆောင်ပြီးဖြစ်သည်ဟု ငါ မှတ်ယူခံရလိမ့်မည်လော။ ငါသည် ကယ်တင်ခြင်းကို ရရှိမည်လော”ဟု မကြာခဏ စဉ်းစားကြသည်။ ၎င်းတို့ နေမကောင်းကြောင်း သိကြသူအချို့လည်း ရှိ၏။ ဆိုလိုသည်မှာ ၎င်းတို့တွင် တကယ် နာမကျန်းဖြစ်ခြင်း အချို့ သို့မဟုတ် အခြားတစ်ခု၊ ဥပမာအားဖြင့် အစာအိမ်ရောဂါများ၊ ခါးနှင့် ခြေထောက် နာကျင်ကိုက်ခဲမှု၊ အဆစ်ရောင်နာရောဂါ၊ ဒူလာရောဂါအပြင် အရေပြားရောဂါများ၊ မီးယပ်ရောဂါများ၊ အသည်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စသည်တို့ ရှိကြသည်ကို ၎င်းတို့ သိကြသည်။ ၎င်းတို့က “ငါ၏ တာဝန်ကို ဆက်ထမ်းဆောင်လျှင် ငါ၏ နာမကျန်းဖြစ်ခြင်းအတွက် ကုသစရိတ်ကို ဘုရားအိမ်တော်က ပေးလိမ့်မည်လော။ ငါ၏ နာမကျန်းမှုက ပိုဆိုးသွားပြီး ငါ့တာဝန် ထမ်းဆောင်ခြင်းကို ထိခိုက်လျှင် ဘုရားသခင်က ငါ့ကို ကုသပျောက်ကင်းစေလိမ့်မည်လော။ အခြားလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ကုသပျောက်ကင်းသွားကြပြီး ဖြစ်သောကြောင့် ငါလည်း ကုသပျောက်ကင်းမည်လော။ အခြားသူများကို ဘုရားသခင်က သနားကြင်နာမှု ပြသကဲ့သို့ပင် ငါ့ကိုလည်း သူကုသပျောက်ကင်းစေမည်လော။ ငါ၏ တာဝန်ကို ငါသစ္စာစောင့်သိစွာ ထမ်းဆောင်လျှင် ဘုရားသခင်က ငါ့ကို အနာငြိမ်းစေသင့်သော်လည်း ဘုရားသခင် ငါ့ကို အနာငြိမ်းစေဖို့ ငါ ဆန္ဒရှိရုံသာဖြစ်ပြီး သူက အနာမငြိမ်းစေပါက မည်သည့်အရာကို ငါ လုပ်ရမည်နည်း”ဟု တွေးကြသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားသည့်အခါတိုင်းတွင် ၎င်းတို့၏ စိတ်နှလုံးများ၌ နက်နဲသည့် ပူပန်သောကတစ်ခု ထွက်ပေါ်နေသည်ကို ခံစားကြရသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအား မည်သည့်အခါတွင်မျှ ၎င်းတို့ ရပ်တန့်ခြင်း မရှိကြသကဲ့သို့ လုပ်သင့်သည့်အရာကို အမြဲ လုပ်ကြသော်လည်း မိမိတို့၏ နာမကျန်းမှု၊ မိမိတို့၏ ကျန်းမာရေး၊ အနာဂတ်အကြောင်းနှင့် မိမိတို့၏ အသက်တာနှင့် သေခြင်းတို့အကြောင်း စဉ်ဆက်မပြတ် စဉ်းစားနေကြသည်။ နောက်ဆုံးတွင် “ဘုရားသခင်က ငါ့ကို အနာငြိမ်းစေလိမ့်မည်၊ ဘုရားသခင်က ငါ့ကို ဘေးကင်းလုံခြုံစေလိမ့်မည်။ ငါ့ကို ဘုရား စွန့်ပစ်မည် မဟုတ်သကဲ့သို့ ငါ နေမကောင်းဖြစ်သည်ကို မြင်လျှင် ဘုရားသခင်က ရပ်နေပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေမည်မဟုတ်”ဟု ဆန္ဒရှိစွာ တွေးတောလျက် ကောက်ချက်ချလိုက်ကြသည်။ ထိုသို့သော အတွေးများအတွက် အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထိုအရာများကို အယူအဆတစ်မျိုးအဖြစ်ပင် ပြော၍ ရနိုင်သည်။ ထိုသို့သော အယူအဆများနှင့် ဤကဲ့သို့သော စိတ်ကူးများဖြင့် လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အခက်အခဲများကို လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ၎င်းတို့၏ ကျန်းမာရေး၊ နာမကျန်းမှုများနှင့်ပတ်သက်၍ ရေးတေးတေး စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ကြလေသည်။ ဤအရာများအတွက် မည်သူက တာဝန်ယူမည်၊ သို့မဟုတ် ၎င်းတို့အတွက် တစ်ဦးတလေက တာဝန်ယူမည်၊ မယူမည်ကို ၎င်းတို့ လုံးဝ မသိကြချေ။
၎င်းတို့ အမှန်တကယ် နာမကျန်းမဖြစ်ကြသကဲ့သို့ မည်သည့်အရာဖြင့်မျှ ရောဂါရှာမတွေ့သော်လည်း ၎င်းတို့တွင် ငုပ်နေသော ရောဂါအချို့ရှိသည်ကို သိကြသည့်သူအချို့လည်း ရှိသည်။ မည်သည့် ငုပ်နေသော ရောဂါနည်း။ ဥပမာအားဖြင့် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သို့မဟုတ် သွေးတိုးရောဂါကဲ့သို့သော မျိုးရိုးလိုက်သည့် ရောဂါတစ်ခု ဖြစ်နိုင်သည်၊ သို့မဟုတ် မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ အကြောအားနည်း၍ ခြေလက်တုန်သော ရောဂါ၊ သို့မဟုတ် ကင်ဆာတစ်မျိုးမျိုး ဖြစ်နိုင်သည်။ ဤသည်တို့မှာ ငုပ်နေသော ရောဂါများ ဖြစ်သည်။ လူအချို့က ထိုသို့သော မိသားစုတစ်စုတွင် မွေးဖွားကတည်းက ဤမျိုးရိုးဗီဇနှင့်ဆိုင်သည့် ရောဂါက ၎င်းတို့ကို အနှေးနှင့်အမြန် ဖိစီးနှိပ်စက်မည်ကို သိကြသည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားလျှင်၊ မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်လျှင်၊ လုံလောက်သည့် ကောင်းမှုကုသိုလ်များ ဆောင်ရွက်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်လျှင် ဤငုပ်နေသည့် ရောဂါက ၎င်းတို့ကို လွန်သွားပြီး ၎င်းတို့အပေါ် မကျရောက်လာဘဲ နေမည်လားဆိုသည်ကို ၎င်းတို့ တွေးကြသည်။ သို့ရာတွင် ဘုရားသခင်သည် ၎င်းတို့ထံ ထိုသို့သော ကတိတစ်ခုကို လုံးဝ မပေးခဲ့သကဲ့သို့ ၎င်းတို့တွင် ဘုရားသခင်၌ ဤသို့သော ယုံကြည်မှုမျိုး မရှိဖူးကြသကဲ့သို့ အာမခံချက်တစ်ခုတလေ လုံးဝ မပြုလုပ်ဝံ့ကြ၊ သို့မဟုတ် လက်တွေ့မကျသည့် စိတ်ကူးတစ်ခုတလေ မရှိဝံ့ကြချေ။ မည်သည့် အာမခံချက်၊ သို့မဟုတ် ယုံကြည်စိတ်ချမှုမျှ မရှိကြသောကြောင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အားအင်များစွာ သုံးပြီး ကြီးမားသည့် အားထုတ်မှုကို ထုတ်သုံးကြသည်။ ဆင်းရဲဒုက္ခခံခြင်းနှင့် အဖိုးအခပေးခြင်းအပေါ် အာရုံစိုက်ကြပြီး “ငါ ပထမဆုံး ဆင်းရဲဒုက္ခခံပြီး ငါ၏ ပျော်ရွင်မှုကို နောက်ဆုံးမှ ရယူသောသူ ဖြစ်မည်”ဟု တွေးလျက် အခြားသူများထက် အမြဲ သာ၍ လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး အခြားသူများထက် သာ၍ ထင်ပေါ်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဤဆောင်ပုဒ်မျိုးဖြင့် မိမိတို့ကိုယ်ကို အမြဲ လှုံ့ဆော်ကြသည့်တိုင် မိမိတို့၏ ငုပ်နေသော ရောဂါနှင့်ပတ်သက်၍ ၎င်းတို့စိတ်ထဲရှိ အကြောက်တရားနှင့် စိုးရိမ်မှုတို့ကို မောင်းထုတ်၍ မရနိုင်သကဲ့သို့ ဤစိုးရိမ်မှု၊ ဤစိတ်ဖိစီးမှုသည် ၎င်းတို့နှင့်အတူ အမြဲရှိလေသည်။ ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခကို သည်းညည်းခံနိုင်ပြီး အလုပ်ကြိုးစားကာ မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် အဖိုးအခပေးရန် လိုလားနေကြသော်လည်း ဘုရားသခင်၏ ကတိတော်၊ သို့မဟုတ် ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဘုရားသခင်ထံမှ တိကျသည့် စကားတစ်ခွန်းကို မရရှိနိုင်ကြဟု ၎င်းတို့ ခံစားရဆဲဖြစ်သောကြောင့် ဤကိစ္စရပ်နှင့် စပ်လျဉ်း၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ဖြင့် ဆက်လက်ပြည့်နေကြလေသည်။ မိမိတို့၏ ငုပ်နေသော ရောဂါနှင့်ပတ်သက်၍ တစ်ခုခု မလုပ်ဆောင်မိရန် အစွမ်းကုန် ကြိုးစားကြသော်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်တွင်၊ သို့မဟုတ် ၎င်းတို့ မသိလိုက်ဘဲ ဤငုပ်နေသော ရောဂါ ၎င်းတို့အပေါ် ရုတ်တရက် ဖြစ်ပေါ်ခြင်းမှ တားဆီးဖို့ ရိုးရာဆေးမျိုးစုံကို ၎င်းတို့ ရံဖန်ရံခါ အမှုမဲ့အမှတ်မဲ့ ရှာဖွေကြဆဲ ဖြစ်သည်။ လူအချို့မှာ တရုတ်ဆေးဖက်ဝင်အပင်အချို့ကို သုံးစွဲဖို့ မကြာမကြာ ပြင်ဆင်ကောင်း ပြင်ဆင်နိုင်သည်။ လူအချို့က လိုအပ်သည့်အခါ သုံးစွဲနိုင်သည့် အသင့်ဖော်စပ်ထားသည့် ရိုးရာဆေးမြီးတိုများကို ရံဖန်ရံခါ သွားတောင်းနေကြစဉ်တွင် လူအချို့မှာ ၎င်းတို့ လေ့ကျင့်ခန်းလုပ်ပြီး စမ်းသပ်လုပ်ဆောင်နိုင်ရန်အလို့ငှာ လေ့ကျင့်ခန်း အကြံဉာဏ်များကို အွန်လိုင်းတွင် မကြာမကြာ သွားရှာကြသည်။ ငုပ်နေသည့် ရောဂါတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၎င်းတို့၏ စိတ်ထဲ၌ ထိပ်ဆုံးနေရာတွင် ရှိနေဆဲဖြစ်သည်။ ဤလူများသည် နေမကောင်း မဖြစ်နိုင်သော်လည်း၊ သို့မဟုတ် ရောဂါလက္ခဏာ တစ်ခုတလေ လုံးဝ မရှိနိုင်သော်လည်း ထိုအရာနှင့်ပတ်သက်၍ စိုးရိမ်မှုနှင့် သောကတို့ဖြင့် ပြည့်နေကြဆဲဖြစ်ကာ ဆုတောင်းခြင်း၊ သို့မဟုတ် မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းမှတစ်ဆင့် ၎င်းတို့ထဲမှ ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများကို ပိုမိုကောင်းမွန်လာစေဖို့၊ သို့မဟုတ် ပပျောက်စေဖို့ အမြဲ မျှော်လင့်လျက် ၎င်းတို့စိတ်ထဲတွင် ထိုအရာနှင့်ပတ်သက်၍ စိတ်ဖိစီးပြီး စိတ်ဓာတ်ကျနေကြလေသည်။ အနာဂတ်တွင် နာမကျန်းဖြစ်မည်ကို စိုးရိမ်ကြသူများနှင့် ချို့တဲ့သည့် ကျန်းမာရေးဖြင့် မွေးဖွားလာကြသူများ၊ ရောဂါအကြီးစားဖြစ်ခြင်း မရှိသော်လည်း အသေးစား အပယိကဖျားနာမှုကြောင့် စဉ်ဆက်မပြတ် ဝေဒနာခံစားနေရသူများနှင့်အတူ အမှန်တကယ် နာမကျန်းမှုတစ်ခု ရှိကြသည့်၊ သို့မဟုတ် ငုပ်နေသည့် ရောဂါတစ်ခု ရှိကြသည့် ဤလူများသည် ဇာတိခန္ဓာ၏ နာမကျန်းမှုနှင့် အမျိုးမျိုးသော အခက်အခဲများနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် စိတ်ဖိစီးကာ စိုးရိမ်ကြလေသည်။ ထိုအရာများကို ၎င်းတို့ လွတ်မြောက်ရန်၊ ထိုအရာများမှ ထွက်ပြေးရန် ဆန္ဒရှိကြသော်လည်း ထိုသို့လုပ်ဆောင်ရန် နည်းလမ်း မရှိကြချေ။ ထိုအရာများကို လက်လွှတ်ရန် ဆန္ဒရှိကြသော်လည်း မလုပ်နိုင်ကြချေ။ ၎င်းတို့ထံမှ ဤနာမကျန်းမှုများနှင့် အခက်အခဲများ ယူဆောင်ဖို့ ဘုရားသခင်ကို ၎င်းတို့ တောင်းလျှောက်ချင်ကြသော်လည်း ဤတောင်းလျှောက်မှုမျိုးအတွက် ကျိုးကြောင်းပြချက် မရှိသည်ကို ခံစားရသောကြောင့် ထိုစကားများ မပြောနိုင်ကြသကဲ့သို့ ရှက်မိကြလေသည်။ ဤကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဘုရားသခင်ကို အသနားခံရမည်မဟုတ်မှန်း ၎င်းတို့ ကောင်းစွာ သိကြသော်လည်း မိမိတို့ စိတ်နှလုံးများတွင် အစွမ်းမဲ့သကဲ့သို့ ခံစားကြရသည်။ ဘုရားသခင်အပေါ် မိမိတို့၏ မျှော်လင့်ချက်အားလုံး ထားရှိလျှင် ၎င်းတို့ သာ၍ စိတ်အေးချမ်းမည်လော။ ၎င်းတို့၏ အသိစိတ် နှစ်သိမ့်ခံရမည်လောဟု ၎င်းတို့ တွေးကြသည်။ ထို့ကြောင့် ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ဤကိစ္စရပ်နှင့်ပတ်သက်၍ တိတ်ဆိတ်စွာ ၎င်းတို့ မကြာမကြာ ဆုတောင်းကြသည်။ ဘုရားသခင်ထံမှ နောက်ထပ်ဖြစ်စေ၊ မမျှော်လင့်ဘဲဖြစ်စေ မျက်နှာသာ သို့မဟုတ် ကျေးဇူးအချို့ ၎င်းတို့ ရရှိပါက အနည်းငယ်သော ဝမ်းမြောက်မှု၊ သို့မဟုတ် နှစ်သိမ့်မှုကို ခံစားကြရသည်။ ဘုရားအိမ်တော်ထံမှ အထူးဂရုစိုက်ခြင်း လုံးဝ မရရှိသကဲ့သို့ ဘုရားသခင်ထံမှ မည်သည့် သနားကြင်နာမှုမျှ လုံးဝ မခံစားရပါက စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ အမှုမဲ့အမှတ်မဲ့ ၎င်းတို့ တစ်ဖန် ကျဆင်းသွားကြသည်။ မွေးဖွားခြင်း၊ အိုမင်းသည့်အရွယ်၊ နာမကျန်းမှုနှင့် သေခြင်းတို့သည် လူသားမျိုးနွယ်ကြားတွင် မပြတ်တမ်းဖြစ်ပြီး ဘဝတွင် ရှောင်လွှဲ၍မရသော်လည်း မိမိတို့တာဝန်များကို ထမ်းဆောင်သည်ဖြစ်စေ၊ မထမ်းဆောင်သည်ဖြစ်စေ ဇာတိခန္ဓာ၏ အခက်အခဲများ၊ ရောဂါများနှင့်ပတ်သက်၍ စိတ်ဖိစီးခြင်း၊ ပူပန်သောက ရောက်ခြင်းနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းသွားကြသည့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ တစ်ခုခု၊ သို့မဟုတ် အထူး နာမကျန်းဖြစ်ခြင်းတစ်ခုခု ရှိကြသည့်သူများရှိသည်။ မိမိတို့ နာမကျန်းမှုနှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်ကြသည်၊ မိမိတို့၏ နာမကျန်းမှုက မိမိတို့ကို ဖြစ်စေမည့် အခက်အခဲများစွာနှင့်ပတ်သက်၍ ၎င်းတို့၏ နာမကျန်းမှုက ဆိုးရွားလာခြင်း ရှိမရှိ၊ အမှန်ဆိုးရွားလာပါက အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်ဆိုသည်နှင့် ထိုနာမကျန်းမှုကြောင့် ၎င်းတို့ သေဆုံးမည်လောဆိုသည်တို့ကို စိုးရိမ်ကြသည်။ အထူး အခြေအနေများနှင့် အချို့သော ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာများတွင် ဤမေးခွန်းတစ်သီတစ်တန်းက ၎င်းတို့ကို စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ နွံနစ်လာစေပြီး မိမိတို့ကိုယ်ကို မလွတ်မြောက်စေနိုင်ကြချေ။ ၎င်းတို့တွင် ရှိသည်ဟု သိထားပြီးသားဖြစ်သည့် ဆိုးရွားသော ရောဂါကြောင့်၊ သို့မဟုတ် ရှောင်ရှားရန် မည်သည့်အရာမျှ ၎င်းတို့ မလုပ်ဆောင်နိုင်သည့် ငုပ်နေသော ရောဂါတစ်ခုကြောင့် လူအချို့သည် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှု အခြေအနေတစ်ခုတွင်ပင် အသက်ရှင်ကြပြီး ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ၏ လွှမ်းမိုးခြင်း၊ သက်ရောက်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ၎င်းတို့ ခံရလေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ၏ ထိန်းချုပ်မှုအောက်သို့ ၎င်းတို့ ကျရောက်သည်နှင့် လူအချို့သည် ကယ်တင်ခြင်း ရရှိမည့် အခွင့်အရေးနှင့် မျှော်လင့်ချက်ရှိသမျှကို လုံးဝ လက်လျှော့လိုက်ကြသည်။ မိမိတို့တာဝန် ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ သနားကြင်နာခြင်းကို ရရှိမည့် အခွင့်အရေး တစ်ခုတလေကိုပင် လက်လျှော့ရန် ၎င်းတို့ ရွေးချယ်ကြသည်။ ထိုအစား အခြားမည်သူ၏ အကူအညီကိုမျှ မတောင်းဘဲ မည်သည့် အခွင့်အရေးမျှ မစောင့်မျှော်ဘဲ မိမိတို့ရောဂါကို ရင်ဆိုင်ပြီး ကိုင်တွယ်ရန် ၎င်းတို့ ရွေးချယ်ကြသည်။ မိမိတို့၏ နာမကျန်းမှုကို ကုသခြင်းအတွက် မိမိတို့ကိုယ်ကို ၎င်းတို့ ရည်စူးအပ်နှံကြသည်။ မည်သည့်တာဝန်မျှ ၎င်းတို့ ထမ်းဆောင်ခြင်း မရှိကြတော့သကဲ့သို့ မိမိတို့တာဝန်ကို ရုပ်ပိုင်းအရ ၎င်းတို့ ထမ်းဆောင်နိုင်လျှင်ပင် မထမ်းဆောင်ဘဲ ရှိနေကြဆဲဖြစ်သည်။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့က “ငါ၏ နာမကျန်းမှုသည် ဤသို့ဆက်ဖြစ်ပြီး ဘုရားသခင်က ငါ့ကို မကုသလျှင် ယခု ငါထမ်းဆောင်သည့်ပုံစံအတိုင်း ငါ၏ တာဝန်ကို ငါဆက်လက်ထမ်းဆောင်နိုင်ပြီး အဆုံးတွင် ငါသေဆုံးနိုင်ဆဲဖြစ်သည်။ ငါ၏ တာဝန်ထမ်းဆောင်ခြင်းကို ရပ်တန့်ပြီး ကုသမှုကို ရှာပါက နောက်ထပ် နှစ်အတော်များများ ငါ အသက်ရှင်နိုင်မည်ဖြစ်ပြီး ထိုရောဂါ ကုသ၍ပင် ပျောက်ကင်းနိုင်သည်။ ငါ၏ တာဝန်ကို ငါဆက်ထမ်းဆောင်နေပြီး ဘုရားသခင်က ငါ့ကို ကုသမည်ဟု မပြောလျှင် ငါ၏ ကျန်းမာရေး သာ၍ပင် ဆိုးသွားပေမည်။ ငါ၏ တာဝန်ကို နောက်ထပ် ၁၀ နှစ်၊ အနှစ် ၂၀ ထမ်းဆောင်ပြီးနောက် မသေဆုံးချင်ပါ။ နောက်ထပ် နှစ်အနည်းငယ် ငါ အသက်ရှင်ချင်သည်။ ငါ သိပ်မြန်မြန်၊ သိပ်စောစော မသေချင်ပါ”ဟု စိုးရိမ်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်တွင် မိမိတို့တာဝန်ကို အချိန်တစ်ခုကြာ ထမ်းဆောင်ကြသည်၊ အချိန်တစ်ခုကြာ လိုက်နာစောင့်ထိန်းကြပြီး အချိန်တစ်ခုကြာ မည်သည့်အရာ ဖြစ်ပျက်သည်ကို စောင့်ကြည့်ကြပြီးနောက် “ငါ၏ တာဝန်ကို ငါ ထမ်းဆောင်နေခဲ့သော်လည်း ငါ၏ နာမကျန်းမှုက သက်သာမှုတစ်ခုတလေ မရှိသကဲ့သို့ လျော့ပါးသွားခြင်းလည်း မရှိလေပြီ။ သက်သာဖို့ မျှော်လင့်ချက် မရှိသည့်အလား ထင်ရသည်။ ယခင်အချိန်က အရာရာကို ငါ စွန့်လွှတ်ပြီး ငါ့တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်လျှင် ဘုရားသခင်က ငါ့ထံမှ ဤရောဂါကို ယူဆောင်သွားကောင်း ယူဆောင်သွားမည်ဟု စဉ်းစားလျက် အစီအစဉ်တစ်ခု ငါရှိခဲ့သည်။ သို့သော် ငါ စီစဉ်ထားသည့်အတိုင်း၊ တွက်ဆပြီး ဆန္ဒရှိခဲ့သည့်အတိုင်း မည်သည့်အရာမျှ ဖြစ်မလာလေပြီ။ ငါ၏ နာမကျန်းမှုက ယခင်အတိုင်းသာ ရှိနေသည်။ ဤနှစ်ကာလများအားလုံး ကုန်လွန်သွားပြီး ဤရောဂါ မည်သို့မျှ သက်သာခြင်း မရှိသေးပါ။ ဤရောဂါကို ငါ့ဖာသာ ကုသရမည့်ပုံရသည်။ အခြားမည်သူ့ကိုမျှ ငါ အားကိုး၍မရ၊ အခြားမည်သူမျှ အားကိုး၍မရနိုင်ပါ။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးမှရတော့မည်။ ဆေးပညာကဲ့သို့ပင် သိပ္ပွံပညာနှင့် နည်းပညာတို့သည်လည်း ယခုတွင် အလွန်တိုးတက်နေသည်၊ ရောဂါမျိုးစုံကို ကုသရန် ထိရောက်သည့် ဆေးများ ရရှိနိုင်နေပြီဖြစ်ပြီး အရာရာအတွက် ဆန်းသစ်သည့် ကုသနည်းများ ရှိသည်။ ဤရောဂါကို ကုသနိုင်သည်မှာ ငါသေချာသည်”ဟု စတင်တွေးမိကြလေသည်။ ထိုသို့သော အစီအစဉ်များ ပြုလုပ်ပြီးနောက်တွင် အချို့သော ဖြေရှင်းချက်များ နောက်ဆုံး ရရှိသည်အထိ အွန်လိုင်းတွင် ၎င်းတို့ စတင်ရှာဖွေကြသည်၊ သို့မဟုတ် ဟိုသည်မေးပြီး စုံစမ်းမေးမြန်းမှုများ ပြုကြလေသည်။ အဆုံးတွင် မည်သည့် ဆေးဝါး သုံးစွဲရမည်၊ မိမိတို့၏ နာမကျန်းမှုအား မည်သို့ ကုသရမည်၊ မည်သို့ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်ကိုယ်တိုင်၏ ကျန်းမာရေးအား မည်သို့ စောင့်ရှောက်ရမည်ဆိုသည်တို့ကို ၎င်းတို့ ဆုံးဖြတ်ကြလေသည်။ ၎င်းတို့က “ငါ့တာဝန်ကို ငါမထမ်းဆောင်ဘဲ ဤရောဂါကုသခြင်းအပေါ် အာရုံစိုက်လျှင်၊ ကုသပျောက်ကင်းမည့် မျှော်လင့်ချက်ရှိသည်။ ဤရောဂါမျိုး ပျောက်ကင်းသည့် ဖြစ်ရပ်များ အလွန်များသည်”ဟု တွေးကြ၏။ ဤသို့ အတန်ငယ် စီစဉ်ကာ ကြံစည်ပြီးနောက်တွင် မိမိတို့တာဝန်ကို မထမ်းဆောင်တော့ရန် နောက်ဆုံးတွင် ၎င်းတို့ ဆုံးဖြတ်ပြီး မိမိတို့၏ နာမကျန်းမှုကို ကုသခြင်းက ၎င်းတို့၏ နံပါတ်တစ် ဦးစားပေးဖြစ်လာသည်။ ၎င်းတို့အဖို့ အသက်ရှင်ခြင်းထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ ၎င်းတို့၏ စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုတို့သည် လက်တွေ့ကျသည့် လုပ်ရပ်တစ်မျိုးအဖြစ်သို့ ပြောင်းသွားသည်။ ၎င်းတို့၏ သောကနှင့် စိုးရိမ်မှုတို့သည် အတွေးများ ဖြစ်ရုံမျှမှသည် လုပ်ရပ်တစ်မျိုးအဖြစ်သို့ ပြောင်းသွားသည်။ ဘာသာတရားမရှိသူများတွင် ဤသို့ဆိုထားသည့် ဆိုရိုးတစ်ခု ရှိသည်။ “လုပ်ဆောင်ချက်သည် အတွေးထက် သာ၍ကောင်းပြီး လုပ်ဆောင်ချက်ထက် သာ၍ပင် ကောင်းမွန်သည်မှာ နှောင့်နှေးခြင်းမရှိသည့် လုပ်ဆောင်ချက် ဖြစ်သည်”ဟူ၍တည်း။ ထိုသို့သော လူများသည် စဉ်းစားပြီးနောက် လုပ်ဆောင်ကြပြီး မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြသည်။ တစ်နေ့တွင် မိမိတို့၏ ရောဂါကုသခြင်းအကြောင်း တွေးမိပြီး နောက်နေ့မနက်တွင် မိမိတို့၏ ပစ္စည်းများကို ထုပ်ပိုးကာ ထွက်ဖို့အသင့် ဖြစ်ကြသည်။ လအနည်းငယ်အကြာတွင် မိမိတို့၏ နာမကျန်းမှု ပျောက်ကင်းခြင်းမရှိဘဲ ၎င်းတို့ သေဆုံးကြသည့် သတင်းဆိုး ရောက်ရှိလာသည်။ ၎င်းတို့၏ နာမကျန်းမှုမှ ၎င်းတို့ နာလန်ထူခဲ့ကြသလော။ (နာလန်မထူခဲ့ကြပါ။) မိမိဘာသာ ရောဂါတစ်ခုကို ကုသပျောက်ကင်းစေရန်မှာ သေချာပေါက် မဖြစ်နိုင်သော်လည်း ဘုရားအိမ်တော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်နေချိန် နာမကျန်းဖြစ်မည် မဟုတ်သည်မှာ သေချာသလော။ ထိုသို့သော ကတိတစ်ခုကို မည်သူကမျှ သင့်ကို ပေးလိမ့်မည်မဟုတ်။ ထို့ကြောင့် မည်သို့ သင် ရွေးချယ်သင့်ပြီး နာမကျန်းဖြစ်လာခြင်း ကိစ္စကို မည်သို့ သင် ချဉ်းကပ်သင့်သနည်း။ အလွန်ရိုးရှင်းပြီး လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု ရှိ၏။ သမ္မာတရားကို လိုက်စားလော့။ သမ္မာတရားကို လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ကိစ္စရပ်ကို မှတ်ယူလော့။ ဤသည်မှာ လူတို့ရှိသင့်သည့် သိနားလည်မှု ဖြစ်သည်။ ပြီးလျှင် သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤအတွေ့အကြုံအားလုံးကို သင် ယူပြီး သင် ရရှိပြီးသည့် သိနားလည်မှုနှင့် သင် နားလည်ပြီးဖြစ်သည့် သမ္မာတရားစည်းမျဉ်းများကို သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ကာ ထိုအရာများကို သင်၏ လက်တွေ့အရှိတရားနှင့် အသက်ဖြစ်စေခြင်း ဖြစ်သည်။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ နောက်ထပ်ရှုထောင့်တစ်ခုမှာ သင်၏ တာဝန်ကို သင်စွန့်ပစ်ရမည်မဟုတ်။ သင် နာမကျန်းဖြစ်သည်ဖြစ်စေ၊ နာကျင်မှုဝေဒနာခံစားရသည်ဖြစ်စေ ထွက်သက်တစ်ခု ကျန်ရှိသရွေ့၊ သင် အသက်ရှင်နေသေးသရွေ့၊ သင်စကားပြောပြီး လမ်းလျှောက်နေသေးသရွေ့ သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်တွင် အားအင်ရှိနေပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ပြုမူသင့်သည်။ အဖန်ဆင်းခံတစ်ဦး၏ တာဝန်၊ သို့မဟုတ် ဖန်ဆင်းရှင်က သင့်ကို ပေးထားသည့် တာဝန်ကို သင်စွန့်ပစ်ရမည်မဟုတ်။ သင် မသေသေးသရွေ့ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းသင့်ပြီး ကောင်းမွန်စွာ ပြီးစီးအောင်လုပ်သင့်သည်။ လူအချို့က “ကိုယ်တော် ပြောသည့် ဤအရာများသည် သိပ်ငဲ့ကွက်ခြင်း မရှိပါ။ ကျွန်ုပ် နေမကောင်းဖြစ်နေပြီး ခံရခက်သည်”ဟု ပြောကြသည်။ သင့်အတွက် ခက်ခဲသည့်အခါ အနားယူနိုင်ပြီး မိမိကိုယ်ကို ဂရုစိုက်ကာ ကုသမှု ခံယူနိုင်သည်။ သင်၏ တာဝန်ကို သင် ထမ်းဆောင်ရန် ဆန္ဒရှိနေဆဲဖြစ်ပါက သင်၏ အလုပ်ပမာဏကို သင် လျှော့ချနိုင်ပြီး သင်၏ နာလန်ထူမှုကို မထိခိုက်သည့် သင့်တော်သော တာဝန်တစ်ခုခုကို သင်ထမ်းဆောင်နိုင်သည်။ ဤအရာက သင်၏ စိတ်နှလုံးတွင် သင်၏တာဝန်ကို မစွန့်ပစ်သေးကြောင်း၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ သွေဖည်ခြင်း မရှိသေးကြောင်း၊ သင့်စိတ်နှလုံးတွင် ဘုရားသခင်၏ နာမကို မစွန့်ပစ်သေးကြောင်းနှင့် သင်၏ စိတ်နှလုံးတွင် သင့်တော်သော အဖန်ဆင်းခံတစ်ဦးဖြစ်ရန် ဆန္ဒကို မစွန့်ပစ်သေးကြောင်း သက်သေပြလိမ့်မည်။ လူအချို့က “ထိုအရာအားလုံးကို ကျွန်ုပ် လုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ကျွန်ုပ်ထံမှ နာမကျန်းမှုကို ယူဆောင်သွားလိမ့်မည်လော”ဟု ဆိုကြသည်။ သူယူဆောင်မည်လော။ (သေချာပေါက် ယူဆောင်မည် မဟုတ်ပါ။) သင့်ထံမှ ထိုနာမကျန်းမှုကို ဘုရားသခင်သည် ယူဆောင်သွားသည်ဖြစ်စေ၊ မယူဆောင်သွားသည်ဖြစ်စေ၊ ဘုရားသခင်က သင့်ကို ကုသပျောက်ကင်းစေသည်ဖြစ်စေ၊ မပျောက်ကင်းစေသည်ဖြစ်စေ သင် လုပ်ဆောင်သည့် အရာသည် အဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ ရုပ်ပိုင်းအရ သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အလုပ်တစ်ခုခုကို သင် တာဝန်ယူနိုင်သည်ဖြစ်စေ၊ မယူနိုင်သည်ဖြစ်စေ၊ သင်၏ ကျန်းမာရေးက သင်၏ တာဝန်ကိုထမ်းဆောင်ရန် အခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သင်၏ စိတ်နှလုံးက ဘုရားထံမှ သွေဖည်သွားရမည်မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးတွင် သင်၏ တာဝန်ကို သင် မစွန့်ပစ်ရပေ။ ဤနည်းဖြင့် သင်သည် သင်၏ တာဝန်များ၊ သင်၏ ဝတ္တရားများနှင့် သင်၏ အလုပ်ကို ဖြည့်ဆည်းလိမ့်မည်။ ဤသည်မှာ သင် စွဲကိုင်သင့်သည့် သစ္စာရှိခြင်း ဖြစ်သည်။ သင်၏ လက်ဖြင့် အမှုအရာများကို သင် မလုပ်ဆောင်နိုင်ရုံဖြင့်၊ သို့မဟုတ် သင်စကားမပြောနိုင်တော့ရုံဖြင့်၊ သို့မဟုတ် သင်၏ မျက်စိများက မမြင်တော့ရုံဖြင့်၊ သို့မဟုတ် သင်၏ ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ရုံဖြင့် ဘုရားသခင်က သင့်ကို အနာငြိမ်းစေသင့်ပြီး သူက သင့်ကို အနာမငြိမ်းစေပါက သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် သူ့ကို သင်ငြင်းပယ်လိုကာ သင်၏ တာဝန်ကို စွန့်ပစ်ပြီး ဘုရားသခင်ကို စွန့်ခွာချင်သည်ဟု သင် မတွေးရ။ ထိုသို့သော လုပ်ရပ်တစ်ခု၏ သဘောသဘာဝမှာ အဘယ်နည်း။ (ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်းတစ်ခု ဖြစ်သည်။) သစ္စာဖောက်ခြင်းတစ်ခု ဖြစ်၏။ ၎င်းတို့ နေမကောင်း မဖြစ်သည့်အခါ လူအချို့သည် ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာလိမ့်မည်ဖြစ်ပြီး ၎င်းတို့ နေမကောင်းဖြစ်ကာ ၎င်းတို့၏ မျှော်လင့်ချက် အားလုံးကို ဘုရားသခင်အပေါ် ထားရှိလျက် ဘုရားသခင်က ၎င်းတို့ကို အနာငြိမ်းစေမည်ဟု မျှော်လင့်သည့်အခါ ဘုရားသခင်ရှေ့မှောက်သို့ ၎င်းတို့ လာကြဦးမည်ဖြစ်ပြီး သူ့ကို စွန့်ပစ်ကြမည် မဟုတ်ပေ။ သို့ရာတွင် အချိန်ကာလအချို့ ကုန်လွန်ပြီး ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိသေးသည့်နောက် ဘုရားသခင်ကို ၎င်းတို့ စိတ်ပျက်လာကြသည်။ မိမိတို့ စိတ်နှလုံး အတွင်းနက်နက်တွင် ဘုရားသခင်ကို စွန့်ပစ်မိကြပြီး မိမိတို့တာဝန်များကို စွန့်ပစ်ကြသည်။ ၎င်းတို့၏ နာမကျန်းမှုက သိပ်မဆိုးလှသကဲ့သို့ ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိသည့်အခါ လူအချို့က ဘုရားသခင်ကို မစွန့်ပစ်ကြပေ။ သို့ရာတွင် ၎င်းတို့၏ နာမကျန်းမှု ဆိုးရွားလာပြီး သေခြင်းကို ရင်ဆိုင်နေရသည့်အခါ ဘုရားသခင်က ၎င်းတို့ကို ဧကန်မုချ ကုသပျောက်ကင်းစေခြင်း မရှိကြောင်း၊ သေဖို့အတွက်သာ ဤတစ်ချိန်လုံး ၎င်းတို့ စောင့်ဆိုင်းမိလေပြီဖြစ်ကြောင်း ၎င်းတို့ သေချာသိသွားကြလေသည်။ ထို့ကြောင့် ဘုရားသခင်ကို မိမိတို့ စိတ်နှလုံးများတွင် စွန့်ပစ်ကာ ငြင်းပယ်ကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိလျှင် ဘုရားသခင် တည်ရှိခြင်း မရှိသည်မှာ ဖြစ်ရမည်။ ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိလျှင် ဘုရားသခင်သည် ဘုရားသခင် လုံးဝ မဟုတ်သကဲ့သို့ မယုံကြည်ထိုက်သည်မှာ ဖြစ်ရမည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို ကုသပျောက်ကင်းစေခြင်း မရှိသောကြောင့် ဘုရားသခင်ကို ယုံကြည်နေခဲ့ခြင်းအား နောင်တရကြပြီး သူ့ကို ယုံကြည်ခြင်းအား ရပ်တန့်လိုက်ကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်အပေါ် ဆိုးရွားသည့် သစ္စာဖောက်ခြင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုသို့ သင် လုံးဝ မလုပ်ဆောင်ရပေ။ သေသည်အထိ ဘုရားသခင်ကို ကျိုးနွံနာခံသူတို့သာ စစ်မှန်သော ယုံကြည်ခြင်း ရှိကြ၏။
နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ မည်သည့် လမ်းကြောင်းကို လူတို့ လိုက်လျှောက်သင့်သနည်း။ ၎င်းတို့ မည်သို့ ရွေးချယ်သင့်သနည်း။ လူတို့သည် စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုထဲသို့ မကျဆင်းသင့်သကဲ့သို့၊ မိမိတို့ကိုယ်ပိုင် အနာဂတ် ရှေ့ရေးများနှင့် လမ်းကြောင်းများကို မစဉ်းစားသင့်ပေ။ ထို့ထက် ဤကဲ့သို့သော အချိန်များ၊ ထိုသို့သော အထူးအခြေအနေနှင့် ဆက်စပ်အကြောင်းအရာများတွင် မိမိတို့ကိုယ်ကို လူတို့ သာ၍ တွေ့ရှိပြီး ထိုသို့သော လောလောလတ်လတ် အခက်အခဲများတွင် မိမိတို့ကိုယ်ကို တွေ့ရှိရလေ သမ္မာတရားကို သာ၍ ရှာဖွေပြီး လိုက်စားသင့်ပေသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ အတိတ်တွင် သင် ကြားပြီးသည့် တရားဒေသနာများနှင့် သင် နားလည်ပြီးသည့် သမ္မာတရားတို့ အချည်းနှီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်သည်။ ဤသို့သော အခက်အခဲများတွင် မိမိကိုယ်ကို တွေ့ရှိရလေ သင်၏ ကိုယ်ပိုင်ဆန္ဒများကို သင် သာ၍ စွန့်လွှတ်သင့်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံသင့်သည်။ သင့်အတွက် ဤအခြေအနေမျိုးကို ပြင်ဆင်ခြင်းနှင့် ဤအနေအထားကို စီစဉ်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှု စိတ်ခံစားချက်များထဲသို့ သင့်အား ကျဆင်းသွားစေဖို့ မဟုတ်သကဲ့သို့၊ နာမကျန်းမှု ကျရောက်သည့်အခါ သူ သင့်ကို ကုသပျောက်ကင်းစေလိမ့်မည်လောဆိုသည်ကို ကြည့်ဖို့ ဘုရားသခင်ကို သင် စစ်ဆေးကာ ထိုသို့ဖြင့် ကိစ္စရပ်၏ အမှန်တရားကို သိရှိရန် ကြိုးစားဖို့အလို့ငှာလည်း မဟုတ်ပေ။ ထိုသို့သော အခြေအနေများနှင့် အနေအထားများတွင် လက်တွေ့ကျသည့် သင်ခန်းစာများကို သင်ယူနိုင်ရန်၊ သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းထဲသို့ သာ၍ နက်ရှိုင်းသည့် ဝင်ရောက်မှု ရရှိရန်အလို့ငှာနှင့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားပုံအား သာ၍ ရှင်းလင်းစွာနှင့် တိကျမှန်ကန်စွာ သင် သိရှိရန်အလို့ငှာ ဤအထူးအခြေအနေများနှင့် အနေအထားများကို သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသည်။ လူ၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်တွင်ရှိပြီး ထိုအရာကို လူတို့ ခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ၊ ထိုအရာကို ၎င်းတို့ အမှန်တကယ် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘုရားသခင်ကို ကျိုးနွံနာခံသင့်ပြီး အတိုက်အခံမလုပ်သင့်၊ မငြင်းပယ်သင့်သကဲ့သို့ ဧကန်မုချ မစစ်ဆေးသင့်ပေ။ မည်သို့ပင်ဆိုစေ သင် သေဆုံးသွားနိုင်ပြီး သင် ဘုရားသခင်ကို အတိုက်အခံလုပ်၊ ငြင်းပယ်ကာ စစ်ဆေးပါက သင်၏ အဆုံးသတ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်မှာ အလွန်သိသာပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် အလားတူ အခြေအနေများနှင့် အနေအထားများတွင် သင်သည် အဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများအား မည်သို့ ကျိုးနွံနာခံသင့်သည်ကို ရှာဖွေနိုင်ပါက၊ သင့်အတွက် ဘုရားသခင် ဖြစ်စေသည့် အခြေအနေများတွင် မည်သည့် သင်ခန်းစာများ သင်ယူရမည်ဆိုသည်နှင့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သိရမည်ဆိုသည်တို့ကို ရှာဖွေနိုင်ပြီး ထိုသို့သော အခြေအနေများတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်နိုင်ကာ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန် သင်၏ သက်သေခံချက်ကို ကောင်းမွန်စွာ သက်သေခံနိုင်ပါက ဤသည်မှာ သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တစ်စုံတစ်ဦးအတွက် အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ နာမကျန်းမှုတစ်ခု ဖြစ်စေရန် ဘုရားသခင် စီစဉ်သည့်အခါ ထိုသို့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နေမကောင်းခြင်း၊ နာမကျန်းမှုက သင့်ကို ဖြစ်စေသည့် အန္တရာယ်၊ နာမကျန်းမှုက သင့်ကိုဖြစ်စေသည့် အဆင်မပြေမှုများနှင့် အခက်အခဲများအပြင် နာမကျန်းမှုက သင့်ကို ခံစားစေသည့် ခံစားချက် အမြောက်အမြားအားလုံးကို ခရေစေ့တွင်းကျ သင့်အား နားလည်စေဖို့ မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နေမကောင်းခြင်းမှတစ်ဆင့် နာမကျန်းဖြစ်ခြင်းကို အသိအမှတ်ပြုရန် မဟုတ်။ ထို့ထက် သူ၏ ရည်ရွယ်ချက်မှာ သင့်အတွက် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင်ခန်းစာများ သင်ယူဖို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့သဘောပေါက်ရမည်ကို မည်သို့ ခံစားရမည်ကို သင်ယူဖို့၊ သင် နာမကျန်းဖြစ်သည့်အခါ သင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဘုရားသခင်အပေါ် သင် ခံယူသည့် သဘောထားများကို သိရှိရန်၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုအား သင်စွမ်းဆောင်ရရှိနိုင်ရန်နှင့် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အလို့ငှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မည်သို့ ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရန် ဖြစ်သည်။ ဤသည်မှာ လုံးဝ အဓိက သော့ချက်ဖြစ်သည်။ ဘုရားသခင်သည် နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် သင့်ကို ကယ်တင်ကာ သန့်စင်ရန် ဆန္ဒရှိသည်။ သင်နှင့်ပတ်သက်၍ မည်သည့်အရာကို သန့်စင်စေရန် သူ ဆန္ဒရှိသနည်း။ ဘုရားသခင်အပေါ် သင်၏ လွန်ကဲသော ဆန္ဒများနှင့် တောင်းဆိုချက်များအားလုံးကို သန့်စင်စေရန်နှင့် ရှင်ကျန်ပြီး အသက်ရှင်ရန် ဖြစ်သည့်နည်းဖြင့် သင် ပြုလုပ်သည့် အမျိုးမျိုးသော တွက်ချက်မှုများ၊ အကဲဖြတ်ချက်များနှင့် အစီအစဉ်များကိုပင် သန့်စင်စေရန် သူ ဆန္ဒရှိသည်။ ဘုရားသခင်က သင့်ကို အစီအစဉ်များ ပြုလုပ်ရန် မစေခိုင်းပေ။ သင့်ကို အကဲဖြတ်ရန် သူ မစေခိုင်းသကဲ့သို့ သူ့အပေါ် လွန်ကဲသည့် ဆန္ဒများတစ်ခုတလေ ထားရှိခွင့် သူ မပေးပေ။ သင့်အနေဖြင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သင်၏ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံတွင် နာမကျန်းမှုအပေါ် သင်၏ ကိုယ်ပိုင် သဘောထားကို သိရှိရန်၊ ပြီးလျှင် သင့်ကို သူ ပေးသည့် ဤရုပ်ခန္ဓာ အခြေအနေများအပြင် သူ၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ ဆန္ဒများအပေါ် သင်၏ သဘောထားကို သိရှိရန်သာ သူတောင်းဆိုသည်။ ဤအရာများကို သင် သိရှိလာသည့်အခါ ဘုရားသခင်က သင့်အတွက် နာမကျန်းဖြစ်ခြင်း အခြေအနေများ စီစဉ်ခဲ့သည်မှာ၊ သို့မဟုတ် သင့်ကို ဤရုပ်ခန္ဓာအခြေအနေများ သူ ပေးခဲ့သည်မှာ သင့်အတွက် မည်မျှ အကျိုးရှိသည်ဆိုသည်ကို သင် အသိအမှတ်ပြုနိုင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းအတွက်၊ ကယ်တင်ခြင်းကို သင် ရယူခြင်းအတွက်၊ ပြီးလျှင် သင်၏ အသက်ဝင်ရောက်ခြင်းအတွက် ထိုအရာများ မည်မျှပင် အထောက်အကူပြုသည်ဆိုသည်ကို သင်အသိအမှတ်ပြုနိုင်ပေသည်။ ထို့ကြောင့် နာမကျန်းမှု ဖြစ်ပေါ်လာသည့်အခါ ထိုနာမကျန်းမှုအား မည်သို့ လွတ်မြောက်နိုင်မည်၊ သို့မဟုတ် ထိုအရာမှ မည်သို့ ထွက်ပြေးနိုင်သည်၊ သို့မဟုတ် ထိုအရာကို မည်သို့ ငြင်းပယ်နိုင်သည်ဆိုသည်ကို သင် အမြဲ တွေးမနေရပေ။ လူအချို့က “ထိုအရာမှ ကျွန်ုပ် ထွက်မပြေးရ၊ သို့မဟုတ် ထိုအရာကို မငြင်းပယ်ရသကဲ့သို့ လွတ်မြောက်ဖို့ မကြိုးစားရဟု သင် ပြောသည်။ ထို့ကြောင့် သင်ဆိုလိုသည်မှာ ထိုအရာအတွက် ကျွန်ုပ် သွားရောက် ကုသမှု မခံယူရဟူ၍ ဖြစ်သည်”ဟု ဆိုကြသည်။ ထိုသို့ ငါ လုံးဝ မပြောခဲ့ပေ။ ယင်းမှာ သင်၏ မမှန်ကန်သည့် သိနားလည်မှုဖြစ်သည်။ သင်၏ နာမကျန်းမှုကို စိတ်ဝင်တစား ကုသရာတွင် သင့်ကို ငါအားပေး၏၊ သို့သော် ငါသည် သင်၏ နာမကျန်းမှုဖြင့် သင့်အား တနုံ့နုံ့ မရှင်သန်စေလိုပေ၊ သို့မဟုတ် နာမကျန်းမှုက ဖြစ်စေသည့် ဝေဒနာအားလုံးကြောင့် နောက်ဆုံးတွင် ဘုရားသခင်ထံမှ သင် သွေဖည်သွားပြီး ဘုရားသခင်ကို သင်စွန့်ပစ်သည်အထိ သင်၏ နာမကျန်းမှုက ဖြစ်စေသည့် သက်ရောက်မှုကြောင့် စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုထဲသို့ သင့်အား မကျဆင်းစေလိုပေ။ သင်၏ နာမကျန်းမှုက သင့်အား ကြီးမားသည့် ဆင်းရဲဒုက္ခဖြစ်စေပြီး ကုသမှု ခံယူရန်နှင့် သင်၏ နာမကျန်းမှု ပျောက်သွားရန်အတွက် သင် ဆန္ဒရှိပါက အဆင်ပြေသည်မှာ အမှန်ဖြစ်၏။ ထိုအရာမှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ ကုသမှု ရယူရန် သင့်တွင် လုပ်ပိုင်ခွင့်ရှိပြီး မည်သူမျှ သင့်ကို တားဆီးပိုင်ခွင့်မရှိပေ။ သို့ရာတွင် သင်၏ နာမကျန်းဖြစ်ခြင်းတွင် သင် တနုံ့နုံ့ မရှင်သန်ရသကဲ့သို့ ကုသမှုကို သင် ခံယူနေသောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် မငြင်းပယ်ရ၊ သို့မဟုတ် သင်၏ တာဝန်ကို မစွန့်ပစ်ရ၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မငြင်းပယ်ရပေ။ သင်၏ နာမကျန်းမှုကို ကုသ၍မရနိုင်ပါက သင်သည် စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းသွားလိမ့်မည်ဖြစ်ပြီး ထို့ကြောင့် ဘုရားသခင်နှင့် စပ်လျဉ်း၍ မကျေနပ်ချက်များနှင့် သံသယများဖြင့် သင် ပြည့်လိမ့်မည်ဖြစ်ကာ ဘုရားသခင်၌ ယုံကြည်ခြင်းပင် ပျောက်ဆုံးလိမ့်မည်၊ မျှော်လင့်ခြင်း ပျောက်ဆုံးပြီး အချို့က မိမိတို့၏ တာဝန်များကို စွန့်ပစ်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသည်မှာ အမှန်တကယ် မလုပ်သင့်သည့်အရာတစ်ခု ဖြစ်သည်။ နာမကျန်းမှုကို ရင်ဆိုင်နေရချိန်တွင် သင်သည် ကုသမှုကို စိတ်ဝင်တစား ရှာဖွေနိုင်သော်လည်း ထိုအရာကို အပြုသဘောဆောင်သည့် သဘောထားဖြင့်လည်း သင် ချဉ်းကပ်သင့်သည်။ သင်၏ နာမကျန်းမှု မည်မျှ ကုသ၍ရနိုင်သည်၊ ယင်းကို ကုသပျောက်ကင်းနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ဖြစ်ပျက်နိုင်သည့် မည်သည့်အရာမဆိုအတွက်မူ သင်သည် အမြဲ ကျိုးနွံနာခံသင့်ပြီး မညည်းညူသင့်ပေ။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး သင့်ထံတွင် အခြား ရွေးချယ်စရာ မရှိသည့်အတွက် ဤသည်မှာ သင် ခံယူသင့်သည့် သဘောထားဖြစ်သည်။ သင်က “ဤရောဂါမှ ငါကုသပျောက်ကင်းလျှင် ထိုအရာမှာ ဘုရားသခင်၏ ကြီးမြတ်သည့် တန်ခိုးတော်ဖြစ်ကြောင်း ကျွန်ုပ် ယုံကြည်ပါမည်။ သို့သော် ကျွန်ုပ် ကုသပျောက်ကင်းခြင်း မရှိလျှင် ဘုရားသခင်ကို ကျွန်ုပ် ကျေနပ်အားရမည်မဟုတ်ပါ။ ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်အား ဤရောဂါကို ပေးသနည်း။ ဤရောဂါကို သူ အဘယ်ကြောင့် မကုသပေးသနည်း။ အဘယ်ကြောင့် ဤရောဂါကို ကျွန်ုပ် ရရှိပြီး အခြားတစ်စုံတစ်ဦးက မရသနည်း။ ကျွန်ုပ် မလိုချင်ပါ။ ထိုမျှ ငယ်သောအရွယ်တွင် ကျွန်ုပ် အဘယ်ကြောင့် စောစီးစွာ သေဆုံးရမည်နည်း။ အခြားလူများ ဆက်လက် အသက်ရှင်ကြရသည်မှာ အဘယ်သို့ဖြစ်သနည်း။ အဘယ်ကြောင့်နည်း”ဟု ပြော၍မရပေ။ အကြောင်းရင်းကို မမေးနှင့်၊ ထိုအရာမှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု ဖြစ်သည်။ အကြောင်းရင်း မရှိသကဲ့သို့ အဘယ်ကြောင့်နည်းဟု သင် မမေးသင့်။ အဘယ်ကြောင့်နည်းဟု မေးမြန်းခြင်းသည် ပုန်ကန်သည့် စကားဖြစ်ပြီး ဤသည်မှာ အဖန်ဆင်းခံတစ်ဦး မေးသင့်သည့် မေးခွန်းတစ်ခု မဟုတ်။ အဘယ်ကြောင့်ဟု မမေးနှင့်၊ အကြောင်းရင်း မရှိပေ။ ဘုရားသခင်သည် ဤကဲ့သို့ အမှုအရာများကို စီစဉ်ပြီး ကြံစည်ပြီး ဖြစ်သည်။ အဘယ်ကြောင့်ဟု သင် မေးပါက သင်သည် အလွန် ပုန်ကန်တတ်၊ အလွန် ခေါင်းမာလွန်းသောကြောင့် ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ တစ်စုံတစ်ရာက သင့်ကို စိတ်မကျေမနပ် ဖြစ်စေသည့်အခါ၊ သို့မဟုတ် သင်ဆန္ဒ ရှိသည့်အတိုင်း ဘုရားသခင် မလုပ်ဆောင်၊ သို့မဟုတ် သင့်သဘောအတိုင်း ဖြစ်ခွင့်မပေးသည့်အခါ၊ သင်သည် ဝမ်းနည်းလာသည်၊ မကျေမချမ်းဖြစ်ပြီး သင်က အဘယ်ကြောင့်နည်းဟု အမြဲ မေးသည်။ ထို့ကြောင့် ဘုရားသခင်က သင့်ကို “အဖန်ဆင်းခံတစ်ဦးအဖြစ်၊ သင်၏တာဝန်ကို သင် အဘယ်ကြောင့် ကောင်းစွာ မလုပ်ဆောင်သနည်း။ သင်၏ တာဝန်ကို သင် အဘယ်ကြောင့် သစ္စာရှိစွာ မထမ်းဆောင်လေပြီနည်း”ဟု မေးသည်။ သင်မည်သို့ တုံ့ပြန်မည်နည်း။ သင်က “အကြောင်းရင်း မရှိပါ။ ကျွန်ုပ်သည် ဤကဲ့သို့သာဖြစ်သည်”ဟု ပြောသည်။ ယင်းမှာ လက်ခံနိုင်ဖွယ်ဖြစ်သလော။ (မဖြစ်ပါ။) ဘုရားသခင် သင့်ကို ထိုသို့ပြောခြင်းသည် လက်ခံနိုင်ဖွယ် ဖြစ်သော်လည်း ဘုရားသခင်အား သင် ထိုသို့ပြောခြင်းမှာမူ လက်မခံနိုင်ဖွယ် ဖြစ်၏။ သင်သည် မှားယွင်းသည့်နေရာတွင် ရပ်တည်နေပြီး သင်သည် အသိတရားမဲ့လွန်း၏။ အဖန်ဆင်းခံတစ်ဦးက မည်သည့်အခက်အခဲများကို ကြုံရသည်ဖြစ်စေ ဖန်ဆင်းရှင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို သင်ကျိုးနွံနာခံသင့်သည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတလေသည်။ ဥပမာအားဖြင့် သင်၏ မိဘများက သင့်ကို မွေးဖွားပေးခဲ့သည်၊ ပြုစုပျိုးထောင်ခဲ့ပြီး ၎င်းတို့ကို မိခင်နှင့် ဖခင်ဟု သင်ခေါ်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတကာ ဤသည်မှာ ဖြစ်သင့်သည့်ပုံစံ ဖြစ်သည်။ အဘယ်ကြောင့်နည်းဟူသည်မှာ မရှိပေ။ ထို့ကြောင့် ဘုရားသခင်က သင့်အတွက် ဤအရာအားလုံးကို စီစဉ်ညွှန်ကြားပြီး ကောင်းချီးများကို သင်မွေ့လျော်ခံစားရသည်ဖြစ်စေ၊ အခက်အခဲများကို ခံစားရသည်ဖြစ်စေ ဤအရာသည်လည်း လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတကာ ထိုကိစ္စတွင် သင်ရွေးချယ်စရာမရှိပေ။ တကယ့်အဆုံးထိ သင်ကျိုးနွံနာခံနိုင်ပါက ပေတရုကဲ့သို့ ကယ်တင်ခြင်း ရရှိလိမ့်မည်။ သို့ရာတွင် ခဏတာ နာမကျန်းမှုအချို့ကြောင့် ဘုရားသခင်ကို သင် အပြစ်တင်ပါက၊ စွန့်ပစ်ပြီး သစ္စာဖောက်ပါက ယခင်က သင် လုပ်ဆောင်ပြီးဖြစ်သည့် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ သင်၏တာဝန် ထမ်းဆောင်ခြင်းနှင့် အဖိုးအခ ပေးဆပ်ခြင်းအားလုံးသည် အချည်းနှီး ဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်၏ အတိတ်က အလုပ်ကြိုးစားမှုအားလုံးသည် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ သို့မဟုတ် အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ သင့်လျော်သော နေရာကို ယူရန် သင့်အတွက် မည်သည့် အခြေခံအုတ်မြစ်မျှ ချခင်းပေးပြီး ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ သင်နှင့်ပတ်သက်၍ မည်သည့်အရာမျှ ပြောင်းလဲစေပြီး ဖြစ်လိမ့်မည်မဟုတ်။ ထို့နောက်တွင် ဤအရာက သင့်အား သင်၏ နာမကျန်းမှုကြောင့် ဘုရားသခင်ကို သစ္စာဖောက်စေလိမ့်မည် ဖြစ်ပြီး သင်၏ အဆုံးသတ်သည် အဆုံးတွင် အပြစ်ပေးခံရမည့် ပေါလု၏ အဆုံးသတ်ကဲ့သို့ ဖြစ်လိမ့်မည်။ ဤစိစစ်သတ်မှတ်ခြင်းအတွက် အကြောင်းရင်းမှာ ယခင်က သင် လုပ်ဆောင်ပြီးသမျှတိုင်းသည် သရဖူတစ်ခုကို ရရှိနိုင်ဖို့ရန်အလို့ငှာနှင့် ကောင်းချီးများ ရရှိခြင်းအတွက် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ နာမကျန်းမှုနှင့် သေခြင်းကို သင်နောက်ဆုံး ရင်ဆိုင်ရသည့်အခါ မည်သည့် မကျေနပ်ချက်မျှ မရှိဘဲ သင် ကျိုးနွံနာခံနိုင်ဆဲဖြစ်ပါက ထိုအရာမှာ ယခင်က လုပ်ဆာင်ခဲ့သမျှအားလုံးသည် ဘုရားသခင်အတွက် စစ်မှန်ရိုးသားစွာနှင့် လိုလိုလားလား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး နောက်ဆုံးတွင် သင်၏ ကျိုးနွံနာခံမှုက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းအသက်တာအတွက် ပြီးပြည့်စုံသော အဆုံးသတ်တစ်ခုကို သတ်မှတ်လိမ့်မည်ဖြစ်ပြီး ဤအရာကို ဘုရားသခင်က ချီးကျူးပေသည်။ ထို့ကြောင့် နာမကျန်းမှုက သင့်ကို ကောင်းမွန်သည့် အဆုံးသတ်တစ်ခု ဖြစ်စေနိုင်သည်၊ သို့မဟုတ် သင့်ကို မကောင်းသည့် အဆုံးသတ်တစ်ခု ဖြစ်စေနိုင်ပေသည်။ သင် ဖြစ်လာသည့် အဆုံးသတ် အမျိုးအစားသည် သင် လိုက်လျှောက်သည့် လမ်းကြောင်းနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့အပေါ် တည်မှီပေသည်။
နာမကျန်းမှုကြောင့် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ လူများ ကျဆင်းခြင်း ပြဿနာသည် ယခု ပြေလည်သွားပြီလော။ (ပြေလည်သွားပါပြီ။) နာမကျန်းမှုကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည်နှင့် ပတ်သက်၍ မှန်ကန်သည့် စိတ်ကူးနှင့် အမြင်များ ယခု သင်တို့ ရှိကြပြီလော။ (ရှိကြပါပြီ။) ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်ကို သင်တို့ သိကြသလော။ မသိပါက သင့်ကို ငါ ဝှက်ဖဲ၊ လုပ်ဆောင်ရန် အကောင်းဆုံးသော အရာကို ပေးမည်။ ထိုအရာ မည်သည့်အရာဖြစ်သည်ကို သင်တို့ သိကြသလော။ နာမကျန်းမှု သင်တို့အပေါ် ကျရောက်ပြီး အယူဝါဒ မည်မျှ သင်နားလည်သည်ဖြစ်စေ ထိုအရာကို သင်မအောင်မြင်နိုင်သေးပါက သင်၏ စိတ်နှလုံးသည် စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်မိလာဆဲဖြစ်လိမ့်မည် ဖြစ်ကာ ထိုကိစ္စရပ်ကို တည်ငြိမ်စွာ သင် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်သည်သာမက သင်၏ စိတ်နှလုံးသည်လည်း မကျေနပ်ချက်များဖြင့် ပြည့်လိမ့်မည်ဖြစ်သည်။ သင်က “အဘယ်ကြောင့် အခြားတစ်ဦးတလေသည် ဤရောဂါဖြင့် နာမကျန်းမဖြစ်သနည်း။ အဘယ်ကြောင့် ငါ့ကို ဤရောဂါရစေသနည်း။ ဤအရာ အဘယ်သို့ ငါ့ထံ ဖြစ်ပျက်ရသနည်း။ ငါ ကံခေပြီး မကောင်းသည့် ကံကြမ္မာ ရှိသောကြောင့် ဖြစ်သည်။ မည်သူကိုမျှ ငါ လုံးဝ ပုန်ကန်ပြစ်မှားခြင်းမရှိဖူးသကဲ့သို့ မည်သည့် အပြစ်ကိုမျှ ငါမကျူးလွန်လေပြီ။ ထို့ကြောင့် အဘယ်ကြောင့် ဤအရာ ငါ့ထံ ဖြစ်ပျက်ရသနည်း။ ဘုရားသခင်သည် ငါ့ကို အလွန် မမျှမတ ဆက်ဆံနေသည်”ဟု စဉ်ဆက်မပြတ် တွေးနေလိမ့်မည်။ သင် မြင်သလော။ စိတ်ဖိစီးမှု၊ သောကနှင့် စိုးရိမ်မှုတို့အပြင် သင်သည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ တစ်ခုပြီးတစ်ခုလိုက်လာရင်း သင် မည်မျှ အလိုရှိနိုင်သည်ဖြစ်စေ ထိုအရာများကို လွတ်မြောက်ရန် မည်သည့်နည်းလမ်းမှမရှိဘဲ စိတ်ဓာတ်ကျခြင်းထဲသို့လည်း ကျဆင်းသွားပေသည်။ ထိုအရာသည် တကယ့် နာမကျန်းမှုတစ်ခု ဖြစ်သောကြောင့် ထိုအရာကို သင့်ထံမှ အလွယ်တကူ ယူဆောင်မခံရ၊ သို့မဟုတ် ကုသပျောက်ကင်းစေခြင်း မခံရပေ။ သို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် ကျိုးနွံနာခံလိုသော်လည်း မနာခံနိုင်သကဲ့သို့ တစ်နေ့တွင် သင်ကျိုးနွံနာခံပါက နောက်တစ်နေ့တွင် သင်၏ အခြေအနေ သာ၍ ဆိုးပြီး ထိုအရာ အလွန်နာကျင်ထိခိုက်ရကာ ထို့နောက်တွင် သင် ကျိုးနွံနာခံလိုခြင်း မရှိတော့သကဲ့သို့ တစ်ဖန် စတင် ညည်းညူလာလေသည်။ သင်သည် တစ်ချိန်လုံး ဤသို့ တုံ့ပြန်လူးလာ ဖြစ်နေသောကြောင့် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်ကို သင့်အား ငါ ပြောမည်။ သင့်အနေဖြင့် အကြီးစား နာမကျန်းမှု ကြုံရသည်ဖြစ်စေ၊ အသေးစား နာမကျန်းမှုတစ်ခု ကြုံရသည်ဖြစ်စေ သင်၏ နာမကျန်းမှု ဆိုးရွားသွားသည့် အခိုက်၊ သို့မဟုတ် သေခြင်းကို သင် ရင်ဆိုင်နေရသည့်အခိုက်တွင် အကြောင်းအရာ တစ်ခုကိုသာ သတိရလော့။ သေခြင်းကို မကြောက်နှင့်။ ကင်ဆာနောက်ဆုံးအဆင့်တွင် သင် ရှိနေလျှင်ပင် သင်၏ နာမကျန်းမှုတစ်ခု၏ သေနှုန်းက အလွန်မြင့်လျှင်ပင် သေခြင်းကို မကြောက်နှင့်။ သင်၏ ဆင်းရဲဒုက္ခမည်မျှ ကြီးမားလင့်ကစား သေခြင်းကို ကြောက်ရွံ့ပါက သင်သည် ကျိုးနွံနာခံလိမ့်မည် မဟုတ်။ လူအချို့က “သင် ဤသို့ ပြောသည်ကို ကြားရသည့်အခါ ကျွန်ုပ် လှုံ့ဆော်ခံရပြီး သာ၍ပင် ကောင်းသည့် စိတ်ကူးတစ်ခု ရှိပါသည်။ သေခြင်းကို ကျွန်ုပ် ကြောက်ရွံ့မည် မဟုတ်သည်သာမက ထိုအတွက် ကျွန်ုပ် တောင်းလျှောက်မည်။ ယင်းက ဖြတ်ကျော်ရန် သာ၍ လွယ်ကူသွားစေမည် မဟုတ်ပါလား”ဟု ဆိုကြသည်။ သေခြင်းအတွက် အဘယ်ကြောင့် တောင်းလျှောက်မည်နည်း။ သေခြင်းအတွက် တောင်းလျှောက်ခြင်းသည် အစွန်းရောက် စိတ်ကူးတစ်ခု ဖြစ်သည်။ သေခြင်းကို မကြောက်ရွံ့ခြင်းမှာမူ ခံယူရမည့် ယုတ္တိတန်သော သဘောထားတစ်ခု ဖြစ်သည်။ ယင်းမှာ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) သေခြင်းကို မကြောက်ရန် သင် ခံယူသင့်သည့် မှန်ကန်သော သဘောထားမှာ အဘယ်နည်း။ သင်သေဆုံးသွားနိုင်လောက်အောင် သင်၏ နာမကျန်းမှု အလွန်ဆိုးရွားပြီး ထိုအတွက် နာမကျန်းမှု ကူးစက်ခံရသည့်လူသည် အသက်အရွယ် မည်မျှရှိသည်ဖြစ်စေ သေနှုန်းက မြင့်မားကာ နာမကျန်းမှု ကူးစက်ခံရသည့်အချိန်မှသည် သေဆုံးသည့်အချိန်က အလွန်တိုတောင်းပါက သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို သင် စဉ်းစားသင့်သနည်း။ “သေခြင်းကို ငါမကြောက်ရ။ အဆုံးတွင် လူတိုင်း သေရသည်။ သို့သော် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် လူအများစု မလုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်ရန် ဤနာမကျန်းမှုကို ငါ အသုံးပြု၍ရသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသည့် အတွေးနှင့် သဘောထားတို့ကို ငါ ရှိသင့်ပြီး သေခြင်းကို ငါမကြောက်ရ”ဟူ၍ ဖြစ်သည်။ သေခြင်းသည် လွယ်၏၊ အသက်ရှင်ခြင်းထက် များစွာ သာ၍ လွယ်ကူ၏။ သင့်အနေဖြင့် ပြင်းထန်သော ဝေဒနာဖြင့် ရှိနိုင်ပြီး ထိုအရာကို သင် သတိမပြုမိဘဲရှိမည်ဖြစ်ကာ သင်၏ မျက်လုံးများကို ပိတ်သည်နှင့် သင်၏ ထွက်သက်ရပ်သွားသည်၊ သင့်ဝိညာဉ်က ကိုယ်ခန္ဓာကို စွန့်ပြီး သင့်ဘဝ အဆုံးသတ်လေသည်။ ဤသည်မှာ သေခြင်းဖြစ်သည့်ပုံ ဖြစ်သည်။ ဤမျှ ရိုးရှင်းပေသည်။ သေခြင်းကို မကြောက်ရွံ့ခြင်းသည် ခံယူရမည့် သဘောထားတစ်ခု ဖြစ်သည်။ ဤအရာအပြင် သင်၏ နာမကျန်းမှု ဆိုးရွားသွားမည်၊ မဆိုးရွားသွားမည်၊ သို့မဟုတ် သင် ကုသပျောက်ကင်းမရနိုင်ပါက သေဆုံးမည်လော၊ သို့မဟုတ် သင် မသေမချင်း အချိန်မည်မျှကြာလိမ့်မည်၊ သို့မဟုတ် သေမည့်အချိန်ရောက်လာသည့်အခါ မည်သည့်ဝေဒနာ ခံစားရမည်ဆိုသည်တို့ကို သင် မစိုးရိမ်ရ။ ဤအရာများကို သင် မစိုးရိမ်ရပေ။ ဤသည်တို့မှာ သင်စိုးရိမ်သင့်သည့်အရာများ မဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် နေ့ရက်ရောက်လာရမည်ဖြစ်ပြီး ထိုနေ့ရက်သည် တစ်နှစ်နှစ်၊ တစ်လလနှင့် ရက်တစ်ရက်ရက်တွင် ရောက်လာရမည် ဖြစ်သည်။ ထိုအရာမှ သင် ပုန်းကွယ်၍ မရနိုင်သကဲ့သို့ မရှောင်ရှားနိုင်ပေ။ ထိုအရာမှာ သင်၏ ကံကြမ္မာ ဖြစ်သည်။ သင်၏ ကံကြမ္မာဟု ခေါ်သောအရာကို ဘုရားသခင်က ကြိုတင်စီမံထားပြီးဖြစ်ကာ သူက စီစဉ်နှင့်ပြီး ဖြစ်သည်။ သင်၏ နှစ်ကာလသက်တမ်းနှင့် သင် သေဆုံးသည့် အသက်အရွယ်နှင့် အချိန်ကာလတို့ကို ဘုရားသခင်က သတ်မှတ်ပြီးသားဖြစ်ပေသည်။ ထို့ကြောင့် သင် မည်သည့်အရာကို စိုးရိမ်နေသနည်း။ ထိုအရာနှင့်ပတ်သက်၍ သင် စိုးရိမ်နိုင်သော်လည်း ယင်းက မည်သည့်အရာကိုမျှ ပြောင်းလဲစေမည် မဟုတ်။ ထိုအရာနှင့်ပတ်သက်၍ သင်စိုးရိမ်နိုင်သော်လည်း ထိုအရာ မဖြစ်အောင် သင်တား၍မရနိုင်ပေ။ ထိုအရာနှင့်ပတ်သက်၍ သင် စိုးရိမ်နိုင်သော်လည်း ထိုနေ့ကို ရောက်မလာအောင် သင်မတားနိုင်ပေ။ ထို့ကြောင့် သင်၏ စိုးရိမ်မှုသည် မလိုလားအပ်သကဲ့သို့ ထိုအရာလုပ်ဆောင်သမျှမှာ သင့်နာမကျန်းမှု၏ ဝန်ထုပ်ကို ယခင်ထက် သာ၍ လေးလံစေခြင်း ဖြစ်သည်။ ရှုထောင့်တစ်ခုမှာ မစိုးရိမ်ရန် ဖြစ်ပြီး အခြားမှာ သေခြင်းကို မကြောက်ရွံ့ရန် ဖြစ်သည်။ နောက်ထပ် ရှုထောင့်တစ်ခုမှာ “ကျွန်ုပ် သေသည့်နောက်တွင် ကျွန်ုပ်၏ လင်ယောက်ျား (ဇနီးမယား)က ပြန်အိမ်ထောင်ပြုလိမ့်မည်လော။ ကျွန်ုပ်၏ ကလေးကို မည်သူ စောင့်ရှောက်လိမ့်မည်နည်း။ ကျွန်ုပ်၏ တာဝန်ကို မည်သူ တာဝန်ယူလိမ့်မည်နည်း။ မည်သူက ကျွန်ုပ်ကို သတိရလိမ့်မည်နည်း။ ကျွန်ုပ် သေသည့်နောက်တွင် ဘုရားသခင်က ကျွန်ုပ်တို့ အဆုံးသတ်ကို မည်သည့်အရာ ဖြစ်ရန် သတ်မှတ်လိမ့်မည်နည်း”ဟု ဆိုလျက် စိုးရိမ်သောက မရောက်ရန် ဖြစ်သည်။ ဤသို့သော ကိစ္စရပ်များမှာ သင်စိုးရိမ်သင့်သည့်အရာများ မဟုတ်။ သေဆုံးသမျှ လူအားလုံးသည် မိမိတို့ သွားရမည့် သင့်လျော်သော နေရာရှိကြပြီး ဘုရားသခင်က အစီအစဉ်များ ပြုလုပ်ပြီး ဖြစ်သည်။ အသက်ရှင်နေကြသူများသည် ဆက်လက် အသက်ရှင်နေကြလိမ့်မည်။ မည်သည့်လူတစ်ဦးမျှ၏ တည်ရှိခြင်းက လူသားမျိုးနွယ်၏ ပုံမှန် လှုပ်ရှားမှုနှင့် ရှင်သန်မှုတို့ကို ထိခိုက်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်လူတစ်ဦးမျှ၏ ပျောက်ကွယ်ခြင်းက မည်သည့်အရာကိုမျှ ပြောင်းလဲမသွားစေပေ။ ထို့ကြောင့် ဤအရာများသည် သင် စိုးရိမ်သင့်သည့် အရာများ မဟုတ်ပေ။ သင်၏ အမျိုးမျိုးသော ဆွေမျိုးများနှင့်ပတ်သက်၍ စိုးရိမ်ရန် မလိုအပ်သကဲ့သို့ သင် သေဆုံးသည့်နောက်တွင် တစ်ဦးတလေက သင့်ကို သတိရမည်လောဆိုသည်နှင့် ပတ်သက်၍ သာ၍ပင် စိုးရိမ်ရန် မလိုအပ်ပေ။ တစ်ဦးတလေက သင့်ကို သတိရခြင်းတွင် အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ သင်သည် ပေတရုကဲ့သို့ ဖြစ်မည်ဆိုပါက သင့်ကို သတိရခြင်းအတွက် တန်ဖိုးတစ်ခုခု ရှိပေမည်။ သင်သည် ပေါလုကဲ့သို့ဖြစ်မည်ဆိုပါက လူတို့ထံ သင် ယူဆောင်သမျှမှာ ဘေးဒုက္ခဖြစ်မည်ဖြစ်သောကြောင့် တစ်ဦးတလေက သင့်ကို အဘယ်ကြောင့် သတိရလိုမည်နည်း။ သာ၍ လက်တွေ့ကျသော အတွေးဖြစ်သည့် လူတို့ စိုးရိမ်တတ်သော နောက်ထပ် ကိစ္စရပ်တစ်ခုရှိ၏။ ၎င်းတို့က “ကျွန်ုပ် သေသည်နှင့် ဤလောကကို ကျွန်ုပ် တစ်ဖန် မြင်ရတော့မည်မဟုတ်သကဲ့သို့ ဤအရာအားလုံးနှင့်ဆိုင်သည့် ရုပ်ဝတ္ထုဘဝကို ကျွန်ုပ် လုံးဝ တစ်ဖန် မွေ့လျော်ခံစားနိုင်မည် မဟုတ်ပါ။ ကျွန်ုပ် သေသည်နှင့် ဤလောကရှိ မည်သည့်အရာကမျှ ကျွန်ုပ်နှင့် ပတ်သက်တော့မည် မဟုတ်သကဲ့သို့ အသက်ရှင်ခြင်း ခံစားချက် ရှိတော့မည်မဟုတ်ပါ။ ကျွန်ုပ် သေသည်နှင့် မည်သည့်နေရာသို့ ကျွန်ုပ် သွားလိမ့်မည်နည်း”ဟု ပြောကြသည်။ သင်မည်သည့်နေရာသို့ သွားသည်ဆိုသည်မှာ သင်စိုးရိမ်သင့်သည့်အရာတစ်ခု မဟုတ်သကဲ့သို့ သင်စိုးရိမ်သောက ခံစားသင့်သည့်အရာတစ်ခုလည်း မဟုတ်ပေ။ သင်သည် အသက်ရှင်သည့် လူတစ်ဦး ဖြစ်တော့မည် မဟုတ်သကဲ့သို့ ရုပ်ဝတ္ထုလောက၏ လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများ၊ ပတ်ဝန်းကျင်များ အစရှိသည်တို့ကို သင် လုံးဝ တစ်ဖန် ခံစားရတော့မည် မဟုတ်သည်ကို စိုးရိမ်နေသည်။ ဤသည်မှာ သင်မစိုးရိမ်သင့်သည့် အရာတစ်ခု သာ၍ပင်ဖြစ်ပြီး ဤအရာများကို သင် လက်မလွှတ်နိုင်လျှင်ပင် အသုံးဝင်မည်မဟုတ်။ သို့ရာတွင် သင့်ကို နှစ်သိမ့်မှု အနည်းငယ် ဆောင်ကြဉ်းနိုင်သည့်အရာမှာ သင်၏ သေခြင်း၊ သို့မဟုတ် သင်၏ ထွက်ခွာခြင်းသည် သင်၏ နောက်ထပ် လူဝင်စားခြင်းအတွက် အသစ်သော အစပြုခြင်းတစ်ခု၊ သာ၍ ကောင်းသည့် အစပြုခြင်းတစ်ခု၊ ကောင်းမွန်သော အစပြုခြင်းတစ်ခု၊ လုံးဝ ကောင်းသည့် အစပြုခြင်းတစ်ခု၊ သင်၏ ဝိညာဉ် တစ်ဖန် ပြန်လာရန်အတွက် အစပြုခြင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ မတူကွဲပြားသည့် နည်းလမ်းတစ်ခုနှင့် မတူကွဲပြားသည့် အသွင်တစ်ခုဖြင့် တည်ရှိရန် သင် ပြန်လာကောင်း ပြန်လာနိုင်သည်နှင့်အမျှ ထိုအရာသည် သေချာပေါက် မကောင်းသည့် အရာတစ်ခု ဖြစ်လိမ့်မည်မဟုတ်ပေ။ မည်သည့် အသွင်ယူမည်ဆိုသည်အတွက်မူ ဘုရားသခင်နှင့် ဖန်ဆင်းရှင်၏ အစီအစဉ်များအပေါ် အတိအကျ တည်မှီသည်။ ဤအချိန်တွင် လူတိုင်း စောင့်ကြည့်ရုံစောင့်ကြည့်သင့်သည်ဟု ဆိုနိုင်ပေသည်။ ဤဘဝတွင် သင် သေဆုံးပြီးသည့်နောက် ပိုမိုကောင်းမွန်သည့် နည်းလမ်းနှင့် ပိုမိုကောင်းမွန်သည့် အသွင်ဖြင့် အသက်ရှင်ရန် သင် ရွေးချယ်ပါက သင်၏ နာမကျန်းမှုက မည်မျှဆိုးရွားသွားလင့်ကစား အရေးအကြီးဆုံးသော အရာမှာ ထိုအရာကို သင် မည်သို့ ရင်ဆိုင်သည်ဆိုသည်နှင့် မည်သည့် ကောင်းမှုကုသိုလ်များကို သင် ပြင်ဆင်သင့်သည်ဆိုသည်တို့ဖြစ်ပြီး သင်၏ အဓိပ္ပာယ်မဲ့သည့် စိတ်ဖိစီးခြင်း၊ သောကနှင့် စိုးရိမ်မှုတို့ မဟုတ်ချေ။ ဤသို့ သင် စဉ်းစားလိုက်သည့်အခါ သေခြင်းနှင့်ဆိုင်သည့် သင်၏ ကြောက်ရွံ့မှု၊ ထိတ်လန့်မှုနှင့် ငြင်းပယ်မှု အဆင့်သည် လျော့နည်းသွားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတင် ငါတို့ ရှုထောင့်မည်မျှ ပြောဆိုခဲ့သနည်း။ တစ်ခုမှာ သေခြင်းကို မကြောက်ရွံ့ခြင်း ဖြစ်သည်။ အခြားအရာများမှာ အဘယ်နည်း။ (ကျွန်ုပ်တို့၏ နာမကျန်းမှု ဆိုးရွားခြင်း ရှိမရှိဆိုသည်ကို ကျွန်ုပ်တို့ စိုးရိမ်ရမည်မဟုတ်သကဲ့သို့ ကျွန်ုပ်တို့၏ အိမ်ထောင်ဖက်များ၊ သားသမီးများ၊ သို့မဟုတ် ကျွန်ုပ်တို့ကိုယ်ပိုင် အဆုံးသတ်များနှင့် ခရီးပန်းတိုင်များ စသည်တို့နှင့်ပတ်သက်၍ ပူပန်သောကခံစားရမည် မဟုတ်ပါ။) ဤအရာအားလုံးကို ဘုရားသခင်၏ လက်ထဲတွင် အပ်ထားလော့။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ်တို့ သေပြီးသည့်နောက် မည်သည့်နေရာသို့ သွားသည်ဆိုသည်ကို ကျွန်ုပ်တို့ စိုးရိမ်ရမည်မဟုတ်ပါ။) ဤအရာများနှင့် ပတ်သက်၍ စိုးရိမ်ရန်မှာ အသုံးမဝင်ပေ။ ပစ္စုပ္ပန်တွင် အသက်ရှင်ပြီး လက်ရှိအချိန်တွင် သင် လုပ်သင့်နေသည့် အရာများကို လုပ်ဆောင်လော့။ အနာဂတ်တွင် အမှုအရာများ မည်သို့ဖြစ်မည်ကို သင် မသိသောကြောင့် ဤအရာအားလုံးကို ဘုရားလက်ထဲ သင် အပ်ထားသင့်သည်။ အခြားမည်သည့်အရာများ ရှိသေးသနည်း။ (ကျွန်ုပ်တို့၏ အနာဂတ် ခရီးပန်းတိုင်အတွက် ကောင်းမှုကုသိုလ်များ ကျွန်ုပ်တို့ အမြန်ပြင်ဆင်သင့်ပါသည်။) မှန်ပေ၏၊ လူတို့သည် အနာဂတ်အတွက် ကောင်းမှုကုသိုလ်များ ပြင်ဆင်သင့်ပြီး သမ္မာတရားကို လိုက်စားသင့်ကာ သမ္မာတရားကို နားလည်၍ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည့် လူများဖြစ်သင့်ကြသည်။ လူအချို့က “ယခု သင်သည် သေခြင်းအကြောင်း ပြောနေသည်။ ထို့ကြောင့် အနာဂတ်တွင် လူတိုင်း သေခြင်းကို ရင်ဆိုင်ရမည်ဟု သင် ဆိုလိုပါသလား။ ဤသည်မှာ မကောင်းသည့် နိမိတ်တစ်ခု ဖြစ်ပါသလား”ဟု ဆိုကြသည်။ ဤသည်မှာ မကောင်းသည့် နိမိတ်တစ်ခု မဟုတ်သကဲ့သို့ တစ်ဦးတလေကို သေခြင်းသို့ ကျိန်ဆဲခြင်းဖြစ်ဖို့ မဆိုထားနှင့် သင့်ကို ကာကွယ်ရေး ကာကွယ်ဆေးတစ်ခု ပေးနေခြင်းလည်း မဟုတ်ပေ။ ဤစကားများသည် ကျိန်ဆဲခြင်းများ မဟုတ်။ သို့ဆိုလျှင် မည်သည့်အရာများဖြစ်သနည်း။ (လူတို့အတွက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ဖြစ်ပါသည်။) မှန်၏၊ ထိုအရာများသည် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ လူတို့ စွဲကိုင်သင့်သည့် မှန်ကန်သည့် အမြင်များနှင့် သဘောထားများဖြစ်ပြီး လူတို့ နားလည်သင့်သည့် သမ္မာတရားများ ဖြစ်သည်။ နာမကျန်းဖြစ်ခြင်း တစ်ခုတလေ မရှိသည့် လူတို့ပင်လျှင် သေခြင်းကို ရင်ဆိုင်ရန် ဤသဘောထားမျိုးလည်း ခံယူသင့်သည်။ ထို့ကြောင့် လူအချို့က “သေခြင်းကို ကျွန်ုပ်တို့ မကြောက်လျှင် သေခြင်းက ကျွန်ုပ်တို့အပေါ် ရောက်လာလိမ့်မည်မဟုတ်ဟု ဆိုလိုပါသလား”ဟု ဆိုကြသည်။ ဤသည်မှာ သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အဘယ်အရာနည်း။ (အယူအဆတစ်ခုနှင့် ၎င်းတို့၏ စိတ်ကူးဖြစ်သည်။) ထိုအရာမှာ လွဲချော်နေသည်၊ အကျိုးသင့် အကြောင်းသင့် တွေးခေါ်မြော်မြင်မှု ဖြစ်ပြီး ဆိုးယုတ်သည့် အတွေးအခေါ်ဖြစ်သည်။ သမ္မာတရား မဟုတ်ပေ။ သေခြင်းကို သင် မကြောက်ပါက၊ သို့မဟုတ် စိုးရိမ်ခြင်း မရှိပါက သေခြင်းက သင့်အပေါ် ရောက်လာလိမ့်မည် မဟုတ်သကဲ့သို့ သင် သေမည် မဟုတ်ဟူသည်မှာ မမှန်ပေ။ ဤသည်မှာ သမ္မာတရား မဟုတ်ပေ။ ငါ ပြောနေသည့်အရာမှာ သေခြင်းနှင့် နာမကျန်းမှုအပေါ် လူတို့ ရှိသင့်သည့် သဘောထားဖြစ်သည်။ ဤသဘောထားမျိုးကို သင် ခံယူသည့်အခါ စိတ်ဖိစီးမှု၊ သောကနှင့် စိုးရိမ်မှုတို့နှင့်ဆိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများကို သင်စွန့်လွှတ်နိုင်သည်။ ထိုအခါ သင်သည် သင်၏ နာမကျန်းမှုကို စွဲလမ်းနေလိမ့်မည်မဟုတ်သကဲ့သို့ သင်၏ အတွေးနှင့် သင့်စိတ်ဝိညာဉ်လောကသည် သင်၏ နာမကျန်းမှုနှင့်ဆိုင်သော အမှန်တရား၏ ထိခိုက်နစ်နာစေခြင်း၊ သို့မဟုတ် နှောင့်ယှက်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ လူတို့ ရင်ဆိုင်ရသည့် ကိုယ်ရေးကိုယ်တာ အခက်အခဲများထဲမှ တစ်ခုမှာ ၎င်းတို့၏ အနာဂတ် ရှေ့ရေးများဖြစ်ပြီး နောက်တစ်ခုမှာ နာမကျန်းဖြစ်ခြင်းနှင့် သေခြင်းဖြစ်သည်။ အနာဂတ်ရှေ့ရေးများနှင့် သေခြင်းတို့က လူတို့၏ စိတ်နှလုံးများကို ထိန်းချုပ်နိုင်သော်လည်း ဤပြဿနာနှစ်ခုကို သင် မှန်ကန်စွာ ရင်ဆိုင်ပြီး သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများကို အောင်မြင်နိုင်ပါက သာမညောင်ည အခက်အခဲများက သင့်ကို အနိုင်ယူလိမ့်မည် မဟုတ်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။