သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆) အပိုင်း တစ်
ငါတို့သည် ယခင်အခေါက်က “လက်လွှတ်ခြင်း” အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည်။ ယင်းသည် သမ္မာတရားအား လိုက်စားရန် နည်းလမ်းအတွက် လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းများထဲမှ တစ်ခုဖြစ်သည်။ “လက်လွှတ်ခြင်း”၏ ပထမအပိုင်းမှာ အပျက်သဘောဆောင်သော စိတ်ခံစားချက်များအားလုံးကို လက်လွှတ်ခြင်းကို ဆိုလိုသည်။ ဤအကြောင်းအရာကို ငါတို့ အကြိမ်အတန်ငယ် မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ ယခင်အခေါက်က ဖိနှိပ်ချုပ်ချယ်ခံရခြင်းဟူသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သလော။ (ဖွဲ့ခဲ့သည်။) ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကို ငါတို့ မိတ်သဟာယ ဖွဲ့ခဲ့သနည်း။ လူတို့အား မည်သည့်အရာက ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံစားရစေသနည်း။ (ဘုရားသခင် မိတ်သဟာယဖွဲ့သည်မှာ လူတို့သည် ၎င်းတို့၏ တာဝန်များတွင် မိမိတို့ ကျေနပ်သလို လုပ်ဆောင်ကြပြီး အသင်းတော်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာလိုစိတ်မရှိပေ၊ သို့မဟုတ် ချုပ်ထိန်းမှုများကို ခံယူလိုစိတ်မရှိပေ။ စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရန် ၎င်းတို့၏ ခေါင်းမာမှုနှင့် ပျက်ကွက်မှုကြောင့် ၎င်းတို့သည် ၎င်းတို့တာဝန်ကို ကောင်းစွာ မလုပ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့သည် မကြာခဏ ပြုပြင်ခြင်းကို ခံရသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ၎င်းတို့၏ ပြုမူဆောင်ရွက်မှုများကို ဆင်ခြင်သုံးသပ်ခြင်း မရှိဘဲ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန် ပျက်ကွက်လျှင် ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံစားရမည်။) ယခင်တစ်ခေါက်က ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်ကို လူတို့ ခံစားရသည့် အခြေအနေတစ်မျိုးကို ငါတို့ မိတ်သဟာယပြုခဲ့သည်။ ယင်းမှာ အဓိကအနေဖြင့် ၎င်းတို့ စိတ်ကျေနပ်သလို မလုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ ထိုမိတ်သဟာယမှာ အဓိကအားဖြင့် လူတို့သည် ၎င်းတို့ စိတ်ကျေနပ်သလို မလုပ်ဆောင်နိုင်သည့် အခြေအနေများ၊ လူတို့သည် စိတ်ကျေနပ်သလို လုပ်ဆောင်လိုသည့် အရာများ၊ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်တွင် သာယာနေသည့် လူများတွင်တွေ့ရလေ့ရှိသော အပြုအမူများမှာ မည်သည့်အရာများ ဖြစ်သည်ဆိုသည်တို့နှင့် သက်ဆိုင်သည်။ ထို့နောက်တွင် ငါတို့သည် ဤစိတ်ခံစားချက်ကို ဖြေရှင်းရန် လျှောက်လှမ်းရမည့် လမ်းကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လက်လွှတ်ခြင်းဖြစ်သည့် ဤမိတ်သဟာယများကို ကြားပြီးနောက်တွင် သင်တို့သည် ကောက်ချက်တစ်ခုခု ချခဲ့သလော။ ယင်းတို့သည် လူ၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများပြသခြင်းကို ဖွင့်ပြနေသလော၊ သို့မဟုတ် ယင်းတို့ကို လက်လွှတ်ရန် လမ်းကြောင်းကို လူတို့အား ပြောပြနေခြင်းဖြစ်သလော။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လက်လွှတ်သည့် ဤကျင့်ကြံမှုသည် မည်သည့်အရာသို့ ဦးတည်သနည်း။ ဤမိတ်သဟာယများကို နားထောင်ပြီးနောက်တွင် ဤအရာကို သင်တို့ တွေးတောခဲ့သလော။ (ဘုရားသခင်၊ ကျွန်ုပ်၏ နားလည်မှုမှာ ဤကျင့်ကြံမှုသည် အမှုအရာများအပေါ် လူတို့၏ အမြင်များဆီသို့ ဦးတည်သည်။) မှန်သည်။ ဤသည်မှာ ကဏ္ဍတစ်ခုဖြစ်သည်။ ယင်းသည် အမှုအရာများအပေါ် လူတို့၏ အမြင်များနှင့် သက်ဆိုင်သည်။ ဤအမြင်များသည် အဓိကအားဖြင့် အမျိုးမျိုးသော လူများ၊ အကြောင်းအရာများ၊ အမှုကိစ္စများအား ရင်ဆိုင်ရာတွင် လူတစ်ယောက်က ဖက်တွယ်သော အယူအဆ၊ အမြင်အမျိုးမျိုးတို့နှင့် သက်ဆိုင်သည့်အပြင် မိမိတို့၏ ပုံမှန်လူ့အသက်တာနှင့် တည်ရှိမှုတို့တွင် ကြုံတွေ့ရသည့် ပြဿနာအမျိုးမျိုးကို အဓိကအားဖြင့် ဦးတည်ထားသည်။ ဥပမာအနေဖြင့် သူတစ်ပါးတို့နှင့် မည်သို့ အပြန်အလှန်ဆက်ဆံရမည်၊ မလိုမုန်းထားမှုကို မည်သို့ ထိန်းသိမ်းရမည်ဆိုသည်တို့ ပါဝင်ပြီး ဘဝတွင် အိမ်ထောင်၊ မိသားစု၊ အလုပ်၊ ရှေ့ရေး၊ ဖျားနာမှု၊ အိုမင်းရင့်ရော်မှု၊ သေခြင်းနှင့် အသေးအဖွဲကိစ္စများအပေါ် လူတစ်ယောက် ရှိသင့်သော သဘောထား ပါဝင်သည်။ အခြားသောပြဿနာများထဲတွင် မိမိ၏ ပတ်ဝန်းကျင်ကို မည်သို့ ရင်ဆိုင်သင့်သည်၊ မိမိ ထမ်းဆောင်သင့်သည့် တာဝန်ကို မည်သို့ ရင်ဆိုင်သင့်သည်ဆိုသည်တို့လည်း ပါဝင်သည်။ ဤအရာများ ပါဝင်သလော။ (ပါဝင်သည်။) လူတစ်ဦးသည် သာမန်လူသားဘဝ၊ ဖြစ်တည်မှုတို့နှင့် သက်ဆိုင်သော စည်းမျဉ်းနှင့်ပတ်သက်သည့် အကြီးစားပြဿနာများနှင့် အမှုကိစ္စများအတွက်မူ မှန်ကန်သော အယူအဆ၊ အမြင်နှင့် သဘောထားရှိလျှင် သူ၏ လူ့သဘာဝသည် အတော်အတန်ပင် ပုံမှန်ဖြစ်လိမ့်မည်။ ငါဆိုလိုသည့် “ပုံမှန်” ဆိုသည်မှာ အမှုအရာများအပေါ် ပုံမှန်အသိစိတ်၊ ပုံမှန် အမြင်ရှုထောင့်နှင့် ရပ်တည်ချက်တို့ ရှိခြင်းဖြစ်သည်။ မှန်ကန်သော အယူအဆနှင့် အမြင်များကို ပိုင်ဆိုင်သောသူတို့သာလျှင် သမ္မာတရားကို လိုက်စားသောအခါ သမ္မာတရားအား နားလည်ပြီး ဝင်ရောက်ရန် လွယ်ကူလိမ့်မည်။ ဤသည်မှာ လူများ၊ အမှုအရာများအပေါ် ပုံမှန်အယူအဆ၊ ပုံမှန်အမြင်ရှုထောင့်၊ ရပ်တည်ချက်ရှိသူတို့သာလျှင် သမ္မာတရားအား ၎င်းတို့ လိုက်စားရာ၌ သေချာသော ရလဒ်များကို ရရှိနိုင်မည်ဟု ဆိုလိုသည်။ လူများ၊ အမှုအရာများအပေါ် လူတစ်ယောက်၏ အမြင်ရှုထောင့်နှင့် ရပ်တည်ချက်၊ သူ၏ အယူအဆများ၊ အမြင်များနှင့် သဘောထားတို့ အားလုံးသည် အပျက်သဘောဆောင်ကာ ပုံမှန်လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် မကိုက်ညီဘဲ အစွန်းရောက်ပြီး ခေါင်းမာလျှင်၊ မသန့်စင်လျှင်၊ အတိုချုပ်အားဖြင့် ယင်းတို့အားလုံးသည် အပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုလျှင်၊ စိတ်ဓာတ်ကျစေလျှင်၊ ဤသို့သော အပျက်သဘောဆောင်သော အယူအဆနှင့် အမြင်များကို ပိုင်ဆိုင်သောသူတစ်ယောက်သည် သမ္မာတရားကို လိုက်စားလျှင် သူသည် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသည်ဟု မြင်လိမ့်မည်လော။ (မြင်မည်မဟုတ်ပါ။) သဘောတရားဆိုင်ရာ အမြင်ရှုထောင့်မှ ပြောရန် သင်တို့အတွက် အလွန်ရိုးရှင်းသည်။ သို့သော် လက်တွေ့တွင် သင်တို့သည် အမှန်တကယ် နားမလည်ပေ။ ရိုးရှင်းစွာ ဆိုရလျှင် ငါတို့ မိတ်သဟာယဖွဲ့နေသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးနှင့် ပတ်သက်လျှင် လူတစ်ယောက်သည် သူ၏ ဘဝနှင့် သူ၏ ဘဝလမ်းကြောင်းတွင် သူကြုံတွေ့ရသော အမျိုးမျိုးသောလူများ၊ အကြောင်းအရာများ၊ အမှုကိစ္စများအပေါ် အပျက်သဘောဆောင်သော၊ မတိကျသော အမြင်ရှုထောင့်နှင့် ရပ်တည်ချက်ရှိလျှင် သူသည် သမ္မာတရားအား နားလည်ခြင်းကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပါ။) သူသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် အစဉ်သဖြင့် သာယာနေလျှင် ဘုရားနှုတ်ကပတ်တော်အပေါ် သန့်စင်သော သဘောပေါက်နားလည်မှုရှိနိုင်သလော။ (မရှိနိုင်ပါ။) ထိုသူသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့်သက်ဆိုင်သော အတွေးများနှင့် အမြင်များ၏ ကြီးစိုးခြင်း၊ ထိန်းချုပ်ခြင်း၊ လွှမ်းမိုးခြင်းကို အစဉ်ခံရလျှင် အမှုအရာများ အားလုံးအပေါ် သူ၏ အမြင်ရှုထောင့်နှင့် ရပ်တည်ချက်သည်၊ သူ့အပေါ် ဖြစ်ပျက်သောအရာများအပေါ် သူ၏ အမြင်များသည် အပျက်သဘောဆောင်မည် မဟုတ်လော။ (အပျက်သဘောဆောင်မည် ဖြစ်သည်။) ဤတွင် “အပျက်သဘောဆောင်သော” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ရှေးဦးစွာ ယင်းသည် အမှန်တရားနှင့် အရှိအတိုင်းဖြစ်သော နိယာမတို့ကို ဆန့်ကျင်သည်ဟု ငါတို့ ဆိုနိုင်သလော။ ယင်းသည် လူသားက လိုက်နာသင့်သည့် သဘာဝနိယာမများနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ အမှန်တရားကိုပါ ချိုးဖောက်သလော။ (ချိုးဖောက်သည်။) လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး ဖတ်ရှုစဉ်တွင် ဤအပျက်သဘောဆောင်သော အယူအဆများ၊ အမြင်များရှိနေလျှင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို အမှန်တကယ် လက်ခံပြီး နာခံနိုင်သလော။ ဘုရားသခင်အား နာခံခြင်း၊ ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ဤအရာကို ပုံဖော်ပြသည့် ဥပမာတစ်ခုပေးလော့။ ဤသို့အားဖြင့် သင်တို့ နားလည်ခြင်းရှိမရှိကို ငါမြင်နိုင်သည်။ လူတစ်ယောက်သည် အိမ်ထောင်၊ မိသားစု၊ သားသမီး၊ သို့မဟုတ် ဖျားနာမှု၊ အနာဂတ်၊ ကံကြမ္မာ၊ သူ၏ ဘဝက ချောမွေ့ခြင်းရှိမရှိ၊ သူ၏ တန်ဖိုး၊ လူမှုအဆင့်အတန်း၊ တစ်ကိုယ်ရေ အကျိုးစီးပွားများ၊ စသည်တို့ကဲ့သို့သော ပြဿနာများဖြစ်သည့် သူ၏ဘဝနှင့် ရှင်သန်ရေးနှင့်သက်ဆိုင်သည့် အကြီးစားပြဿနာများကို သူ ကိုင်တွယ်ဖြေရှင်းသည့် ဥပမာတစ်ခုကို ရှာလော့။ (လူတို့သည် ဖျားနာမှုနှင့် ရင်ဆိုင်ရသောအခါ စိတ်သောက၊ စိုးရိမ်မှု၊ ပူပင်မှုတို့ကဲ့သို့သော အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် သာယာနေပြီး သေရမည်ကို အလွန်အမင်း ကြောက်ရွံ့ကြကြောင်း ပြီးခဲ့သည့်အခေါက်က ဘုရားသခင် မိတ်သဟာယပြုခဲ့သည်ကို ကျွန်ုပ် အမှတ်ရမိသည်။ ဤသည်မှာ ၎င်းတို့တာဝန်ကို ထမ်းဆောင်ပြီး သာမန်ဘဝကို နေထိုင်ရန် ၎င်းတို့၏ အရည်အချင်းကို ထိခိုက်သည်။ အရှိအတိုင်းဖြစ်သော နိယာမများကို မလိုက်နာနိုင်အောင် ဖြစ်စေသည်။ လက်တွေ့တွင် လူတို့၏ သေခြင်း၊ ရှင်ခြင်း၊ မည်သည့်အချိန်တွင် ဖျားနာသည်၊ မည်မျှ ဒုက္ခခံရသည်ဆိုသည်တို့အားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းပြီး ဖြစ်သည်။ လူတို့သည် ဤအခြေအနေများကို သင့်လျော်သော၊ အပြုသဘောဆောင်သော သဘောထားဖြင့် ရင်ဆိုင်တွေ့ကြုံသင့်သည်။ ၎င်းတို့ လိုအပ်သည့် ကုသမှုကို ခံယူသင့်သည်။ ၎င်းတို့ လုပ်ဆောင်သင့်သည့် တာဝန်ကို လုပ်ဆောင်သင့်သည်။ ဖြစ်တည်မှု၏ အပြုသဘောဆောင်သော အခြေအနေကို ထိန်းသိမ်းပြီး ၎င်းတို့၏ ဖျားနာမှုထဲတွင် ပိတ်မိမနေသင့်ပေ။ သို့သော် လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် သာယာနေသောအခါ ဘုရားသခင်၏ အချုပ်အခြာအာဏာကို မယုံကြည်ကြပေ။ ဘုရားသခင်က ၎င်းတို့၏ ရှင်ခြင်း၊ သေခြင်းကို ကြိုတင်ပြဋ္ဌာန်းပြီးဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြပေ။ ၎င်းတို့၏ ဖျားနာမှုအတွက်သာ စိုးရိမ်ကြသည်။ ကြောက်ရွံ့ကြသည်။ စိတ်သောကရောက်ကြသည်။ ၎င်းတို့သည် ပို၍ စိုးရိမ်ပြီး ကြောက်ရွံ့လာကြသည်။ ၎င်းတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ သမ္မာတရားအားဖြင့် အုပ်စိုးခြင်းမခံရဘဲ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင် မတည်ရှိပေ။) ဤသည်မှာ အလွန်ကောင်းသော ဥပမာဖြစ်သည်။ ဤသည်မှာ သေခြင်း၊ ရှင်ခြင်း၏ အရေးပါသော ကိစ္စအပေါ်တွင် လူတို့၌ မည်သည့်အမြင်ရှိသင့်သည်ဆိုသည့် မေးခွန်းနှင့် သက်ဆိုင်သလော။ (သက်ဆိုင်သည်။) သင်တို့အားလုံးသည် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး တစ်ခုခု သိကြသလော။ ဤသည်မှာ မိမိကိုယ်တိုင်၏ ရှင်ခြင်း၊ သေခြင်းကို ရင်ဆိုင်ရသည့် မေးခွန်းဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင်ရှိသော ပြဿနာများနှင့် သက်ဆိုင်သလော။ (သက်ဆိုင်သည်။) ဤသည်မှာ လူတိုင်းရင်ဆိုင်ရမည့် အကြီးစား ပြဿနာတစ်ခုဖြစ်သည်။ သင်သည် အသက်ငယ်ရွယ်လျှင်ပင်၊ သို့မဟုတ် ကျန်းမာရေးကောင်းပြီး သေရေး၊ ရှင်ရေးကိစ္စများကို ရင်မဆိုင်ရသေးလျှင်၊ သို့မဟုတ် မတွေ့ကြုံသေးလျှင်ပင် သင်ရင်ဆိုင်တွေ့ကြုံရမည့် နေ့ရက်သည် မလွှဲမရှောင်သာ ရောက်လာမည်ဖြစ်သည်။ ဤသည်မှာ လူတိုင်း ရင်ဆိုင်ရမည့်အရာတစ်ခုဖြစ်သည်။ သင်သည် သာမန်လူတစ်ယောက်အနေဖြင့် ထိုအရာ၏ သက်ရောက်မှုကို သင်ကိုယ်တိုင် ခံရသည်ဖြစ်စေ၊ သို့မဟုတ် ထိုအရာနှင့် အလှမ်းဝေးသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ယင်းသည် ဘဝတွင် သင်ရင်ဆိုင်ရမည့် အရေးပါဆုံးသော အမှုကိစ္စဖြစ်သည်။ ထို့ကြောင့် လူတို့သည် သေခြင်းနှင့် သက်ဆိုင်သော အရေးပါသောကိစ္စကို ရင်ဆိုင်ရသောအခါ ဤပြဿနာအား မည်သို့ ကိုင်တွယ်သင့်သည်ဆိုသည်ကို လူတို့ မတွေးတောသင့်သလော။ ယင်းကို ကိုင်တွယ်ဖြေရှင်းရန် လူသား၏ နည်းလမ်းအချို့ကို ၎င်းတို့ ခံယူမည်မဟုတ်လော။ လူတို့သည် မည်သည့်အမြင်ကို စွဲကိုင်သင့်သနည်း။ ဤသည်မှာ လက်တွေ့ပြဿနာတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၌ သာယာနေလျှင် မည်သည့်အရာကို ၎င်းတို့ စဉ်းစားမည်နည်း။ ဤအရာကို ယခင်က ငါတို့ မိတ်သဟာယပြုခဲ့သည်။ လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ အတွေး၊ အမြင်များဖြင့် နေထိုင်လျှင် ၎င်းတို့၏ လုပ်ရပ်များနှင့် ဖော်ပြချက်များသည် သမ္မာတရားနှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။ ၎င်းတို့သည် သာမန်လူ့သဘာဝ၏ စဉ်းစားပုံနှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။ (မကိုက်ညီပါ။) ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီဖို့ မဆိုထားနှင့်။ သာမန်လူ့သဘာဝ၏ စဉ်းစားပုံနှင့်ပင် ကိုက်ညီမှုမရှိပေ။ ၎င်းတို့သည် အရှိအတိုင်း ဖြစ်သော အချက်အလက်များ၊ သို့မဟုတ် အရှိအတိုင်း ဖြစ်သော နိယာမများနှင့် မကိုက်ညီပေ။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သေချာပေါက် မကိုက်ညီပေ။
အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို လက်လွှတ်ခြင်းနှင့်ပတ်သက်သည့် ငါတို့ မိတ်သဟာယ၏ အဆုံးစွန်ရလဒ်မှာ အဘယ်နည်း။ သာမန်လူ့သဘာဝ၏ စဉ်းစားပုံနှင့် အသိစိတ်ကို ပိုင်ဆိုင်ရန်၊ တစ်နည်းအားဖြင့် သာမန်လူ့သဘာဝနှင့် အသိစိတ်ရှိသူတစ်ယောက် ပိုင်ဆိုင်သင့်သည့် အတွေး၊ အမြင်၊ ရှုထောင့်တို့ကို ပိုင်ဆိုင်ရန်အတွက် “လက်လွှတ်ခြင်း” ကို မည်သို့ အတိအကျ ဆောင်ရွက်ပြီး ကျင့်သုံးနိုင်သနည်း။ ဤ “လက်လွှတ်ခြင်း” တွင် ပါဝင်သော အသေးစိတ် အဆင့်များ၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများမှာ အဘယ်နည်း။ ပထမအဆင့်မှာ သင် ရင်ဆိုင်ရသည့် အကြောင်းအရာများအပေါ် သင်၏ အမြင်တို့ မှန်ကန်ခြင်းရှိမရှိနှင့် သင်၏ အမြင်များတွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်တစ်ခုခု ရှိမရှိမဟုတ်လော။ ဤသည်မှာ ပထမအဆင့်ဖြစ်သည်။ ဥပမာ ဖျားနာခြင်း၊ သေခြင်းအား ကိုင်တွယ်ဖြေရှင်းခြင်းအကြောင်းဖြစ်သော ငါတို့ အစောပိုင်းက ထုတ်ပြောခဲ့သော ဥပမာနှင့် ပတ်သက်ပြီး သင်၏အမြင်ရှုထောင့်များတွင် ဤကိစ္စရပ်များနှင့်ပတ်သက်၍ စိတ်သောက၊ ပူပင်ခြင်း၊ စိုးရိမ်ခြင်းကဲ့သို့ အပျက်သဘောဆောင်သော စိတ်ခံစားချက် တစ်ခုတလေ ရှိမရှိကိုလည်းကောင်း၊ သင်၏ စိတ်သောက၊ ပူပင်ခြင်း၊ စိုးရိမ်ခြင်းတို့ ထွက်ပေါ်လာသည့်ပုံစံတို့ကိုလည်းကောင်း ထိုသို့သော ကိစ္စရပ်များအပေါ် သင်၏ အမြင်ရှုထောင့်များကို ဦးစွာ ပိုင်းခြား စိစစ်သင့်သည်။ ပြီးလျှင် ဤပြဿနာများ၏ အရင်းအမြစ်ကို အသေးစိတ် ရှာဖွေသင့်သည်။ ထို့နောက် ဆက်လက်၍ ပိုင်းခြားစိစစ်လော့။ ဤကိစ္စများကို သင် အပြည့်အဝနားမလည်သည်ကို သင် ရှာဖွေတွေ့ရှိလိမ့်မည်။ လူသားမျိုးနွယ်၏ အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိပြီး သူ၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်ကို သင် ရှင်းလင်းစွာ မသိမြင်သေးပေ။ လူတို့သည် နာမကျန်းဖြစ်သောအခါ၊ သို့မဟုတ် သေခြင်းနှင့် ရင်ဆိုင်ရသောအခါ ဤအရာများအတွင်းတွင် ပိတ်မိမနေသင့်ပေ။ ထိုအစား ၎င်းတို့သည် ဖျားနာခြင်း၊ သို့မဟုတ် သေခြင်းတရား၏ ခြိမ်းခြောက်ခြင်း၊ သို့မဟုတ် လွှမ်းမိုးခြင်းကို မခံရဘဲ ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို နာခံသင့်သည်။ ဤအရာများကို မကြောက်သင့်သကဲ့သို့ ၎င်းတို့ ကိုယ်တိုင်၏သာမန်ဘဝများနှင့် တာဝန်ထမ်းဆောင်မှုကိုလည်း လွှမ်းမိုးခွင့်မပြုသင့်ပေ။ တစ်ဖက်တွင် ၎င်းတို့သည် ဖျားနာခြင်းကို ဖြတ်သန်းနေစဉ်တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တက်ကြွစွာ တွေ့ကြုံခံစားပြီး တန်ဖိုးထားသင့်ကာ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံသင့်သည်။ လိုအပ်သောအခါတွင် ၎င်းတို့သည် ကုသမှု ခံယူနိုင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဤဖြစ်စဉ်ကို တက်ကြွစွာဖြင့် ရင်ဆိုင်၊ တွေ့ကြုံပြီး တန်ဖိုးထားသင့်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် ဤကိစ္စများနှင့်ပတ်သက်ပြီး ၎င်းတို့စိတ်နှလုံးတွင် မှန်ကန်သော နားလည်မှုကို ထားသင့်ပြီး အရာရာတိုင်းက ဘုရားလက်ထဲ၌ ရှိသည်ကို ယုံကြည်သင့်သည်။ လူသားများသည် ၎င်းတို့အပိုင်းကိုသာ လုပ်ဆောင်နိုင်သည်။ ကျန်သည့် ကိစ္စများအတွက် ကောင်းကင်ဘုံ၏ အလိုကို နာခံသင့်သည်။ အကြောင်းမှာ အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိပြီး လူတို့၏ သေရေးနှင့် ရှင်ရေးတို့အားလုံးကို ဘုရားသခင်က ကြိုတင် ပြဋ္ဌာန်းထားသောကြောင့်ဖြစ်သည်။ လူတို့သည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်လျှင်ပင် ဤအရာအားလုံး၏ အဆုံးစွန်သော ရလဒ်သည် ၎င်းတို့၏ အလိုဆန္ဒအတိုင်း ပြောင်းလဲမသွားပေ။ လူတို့က သတ်မှတ်ဆုံးဖြတ်ခြင်း မဟုတ်ပေ။ မှန်သလော။ (မှန်သည်။) သင်သည် ဖျားနာခြင်းနှင့် ရင်ဆိုင်ရသောအခါ သင်၏ ကိုယ်ပိုင်စိတ်နှလုံးကို ဦးစွာ ဆန်းစစ်ပြီး အပျက်သဘောဆောင်သော စိတ်ခံစားချက်တိုင်းကို ခွဲခြားဖော်ထုတ်သင့်သည်။ အမှုကိစ္စအပေါ် သင်၏ နားလည်မှုနှင့် သင့်စိတ်နှလုံးတွင် ကိုင်စွဲသော အမြင်တို့ကို အကဲဖြတ်ပြီး သင်သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ဘောင်ခတ်မှု သို့မဟုတ် ချည်နှောင်မှုအောက်တွင်ရှိမရှိနှင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များက မည်သို့ ဖြစ်ပေါ်လာသည်တို့ကို အကဲဖြတ်သင့်သည်။ သင်သည် အောက်ပါတို့ကို ပိုင်းခြားစိစစ်သင့်သည်။ မည်သည့်အရာကို သင်စိတ်ပူသည်၊ မည်သည့်အရာကို သင်ကြောက်ရွံ့သည်၊ မည်သည့်နေရာတွင် ယုံကြည်စိတ်ချမှုမရှိသည်၊ သင်၏ ဖျားနာမှုကြောင့် မည်သည့်အရာကို သင်လက်မလွှတ်နိုင်သည်တို့ကဲ့သို့သောအရာများဖြစ်သည်။ ပြီးလျှင် သင့်အား စိုးရိမ်စေသော၊ ထိတ်လန့်စေသော၊ သို့မဟုတ် ကြောက်ရွံ့စေသော ဤအရာများ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းကို ဆန်းစစ်ပြီး တဖြည်းဖြည်းချင်းဖြင့် တစ်ခုချင်းစီ ဖြေရှင်းသင့်သည်။ သင်သည် ရှေးဦးစွာ သင့်အတွင်းတွင် ဤအပျက်သဘောဆောင်သော အရိပ်လက္ခဏာများ ရှိမရှိကို ပိုင်းခြားစိစစ်ပြီး စူးစမ်းရှာဖွေသင့်သည်။ ရှိနေလျှင် ယင်းတို့သည် မှန်ကန်ခြင်းရှိမရှိ၊ သမ္မာတရားနှင့် မကိုက်ညီသည့် အရိပ်လက္ခဏာရှိမရှိကို ပိုင်းခြားစိစစ်ပြီး သေချာအောင် လုပ်ဆောင်လော့။ သမ္မာတရားနှင့် မကိုက်ညီသည့် အရိပ်လက္ခဏာများ တွေ့လျှင် ယင်းတို့ကို ဖြေရှင်းရန်အတွက် ဘုရားနှုတ်ကပတ်တော်တွင် အဖြေရှာပြီး သမ္မာတရားအား တဖြည်းဖြည်းချင်း ရှာဖွေသင့်သည်။ သင်သည် ဤအပျက်သဘောဆောင်သော အရိပ်လက္ခဏာများ၏ ဒုက္ခပေးခြင်း၊ ထိခိုက်ခြင်း၊ ချည်နှောင်ခြင်းကို မခံရသည့် အခြေအနေသို့ ရောက်အောင် ကြိုးပမ်းပြီး သင်၏ သာမန်ဘဝ၊ သို့မဟုတ် အလုပ်၊ သို့မဟုတ် တာဝန်ထမ်းဆောင်ခြင်းကို မထိခိုက်စေရန်၊ သို့မဟုတ် သင်၏ ဘဝအစီအစဉ်ကို မနှောင့်ယှက်စေရန် လုပ်ဆောင်သင့်သည်။ ပြီးလျှင် ယင်းတို့သည် ဘုရားသခင်အား သင်ယုံကြည်ခြင်း၊ ဘုရားသခင်နောက်သို့ လိုက်ခြင်းကို အသေအချာပင် မထိခိုက်သင့်သည်မှာ ပြောစရာမလိုပေ။ အနှစ်ချုပ်လျှင် ပန်းတိုင်မှာ သင် ကြုံရသည့်၊ သို့မဟုတ် ကြုံရမည့် ဤသို့သော ပြဿနာမျိုးကို အသိစိတ်၊ မှန်ကန်ခြင်း၊ အရှိအတိုင်းဖြစ်ခြင်း၊ တိကျခြင်းတို့ဖြင့် နောက်ဆုံးတွင် သင် ရင်ဆိုင်နိုင်ရန်ဖြစ်သည်။ ဤသည်မှာ လက်လွှတ်ခြင်း၏ လုပ်ငန်းစဉ်မဟုတ်လော။ (ဟုတ်သည်။) ဤသည်မှာ အတိအကျဖြစ်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းဖြစ်သည်။ အတိအကျဖြစ်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမှာ မည်သည့်အရာဖြစ်သည်ကို သင်တို့ အနှစ်ချုပ်ပြနိုင်သလော။ (ရှေးဦးစွာ မိမိရင်ဆိုင်ရသည့် အမှုကိစ္စကို နားလည်ရန်၊ ဤဖြစ်စဉ်တွင် မိမိ၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်တစ်ခုခုရှိမရှိ ပိုင်းခြားစိစစ်ရန် လိုအပ်သည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်၌ အဖြေရှာရန်၊ ယင်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရန်၊ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များအားဖြင့် မိမိတို့ကိုယ်ကို ဒုက္ခမပေးမိစေရန်၊ မိမိ၏ ဘဝနှင့် တာဝန်ထမ်းဆောင်ခြင်းကိုလည်း မထိခိုက်စေရန် လိုအပ်သည်။ ပြီးလျှင် မိမိ တွေ့ကြုံရသည့် အမှုကိစ္စများသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ကိုလည်း ယုံကြည်သင့်သည်။ လူတို့သည် ဤသို့သော နားလည်မှုမျိုးဖြင့် နောက်ဆုံးတွင် နာခံခြင်းရှိနိုင်ပြီး အပြုသဘောဆောင်သော၊ တက်ကြွမှုရှိသော လက်တွေ့လုပ်ဆောင်မှုကို လုပ်ဆောင်နိုင်သည်။) ပြောလော့။ လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များထဲ၌ နေထိုင်လျှင် ဖျားနာမှုကို ရင်ဆိုင်ရသည့်အခါတိုင်းတွင် ၎င်းတို့ ဖြစ်လေ့ရှိသည့် အပြုအမူမှာ အဘယ်နည်း။ သင့်တွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များရှိသောအခါ အဘယ်သို့ သင် သတိထားမိသနည်း။ (ရှေးဦးစွာ ကြောက်ရွံ့မှုများစွာရှိသည်။ ပြီးလျှင် “ဤသည်မှာ မည်သည့်ရောဂါမျိုးဖြစ်သနည်း၊ မကုသနိုင်လျှင် အလွန် ဒုက္ခခံရမည်လော၊ အဆုံးတွင် သေဆုံးမည်လော၊ နောက်ပိုင်းတွင် ငါ၏ တာဝန်ကို ထမ်းဆောင်နိုင်ဦးမည်လော” ဟူသည့် ရောက်တတ်ရာရာ အတွေးများ ရှိလာသည်။ ဤအရာများကို ကျွန်ုပ်တို့ စဉ်းစားကြမည်။ စိုးရိမ်ကြပြီး ကြောက်ရွံ့ကြမည်။ လူအချို့သည် ၎င်းတို့၏ ကျန်းမာရေးကို ပို၍ အာရုံစိုက်လာကြပြီး တာဝန်ထမ်းဆောင်ခြင်း အဖိုးအခကို မပေးဆပ်လိုကြပေ။ ၎င်းတို့က လျှော့၍ အဖိုးအခ ပေးဆပ်လျှင် ၎င်းတို့၏ ရောဂါသည် သက်သာကောင်း သက်သာနိုင်သည်ဟု ထင်ကြသည်။ ဤအရာများအားလုံးသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်သည်။) အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ရှုထောင့်နှစ်ခုမှနေ၍ စူးစမ်းစစ်ဆေးနိုင်သည်။ ရှုထောင့်တစ်ခုတွင် သင်သည် သင်ကိုယ်တိုင်၏ စိတ်ထဲတွင် မည်သည့်အရာကို စဉ်းစားနေသည်ကို သိသင့်သည်။ သင်နာမကျန်းဖြစ်သောအခါ သင်က “အို ဤရောဂါကို ငါအဘယ်သို့ရသနည်း၊ တစ်ယောက်ယောက်က ငါ့အားလက်ဆင့်ကမ်းပေးလိုက်သလော၊ ငါ ပင်ပန်းနေသောကြောင့်ဖြစ်သလော၊ ငါသည် မိမိကိုယ်ကိုဆက်၍ ပင်ပန်းအောင်လုပ်လျှင် ဤရောဂါက ဆိုးလာမည်လော၊ ပို၍ နာကျင်မည်လော” ဟူ၍ စဉ်းစားနိုင်သည်။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ သင်၏ အတွေးထဲတွင် အမှုအရာများကို သိမြင်နိုင်သည်။ အခြားရှုထောင့်တစ်ခုမှ ကြည့်လျှင် သင့်၌ ဤအတွေးများရှိသောအခါ ယင်းတို့သည် သင်၏ အပြုအမူ၌ မည်သို့ ဖော်ပြသနည်း။ လူတို့တွင် အတွေးများရှိသောအခါ ယင်းကြောင့် ၎င်းတို့၏ လုပ်ဆောင်မှုများကို လွှမ်းမိုးခြင်းခံရသည်။ လူတို့၏ လုပ်ဆောင်မှုများ၊ အပြုအမူနှင့် နည်းလမ်းများအားလုံးသည် အမျိုးမျိုးသော အတွေးများ၏ အုပ်စိုးခြင်းကို ခံရသည်။ လူတို့တွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များရှိသောအခါ အမျိုးမျိုးသော အတွေးများ ဖြစ်ပေါ်လာသည်။ ဤအတွေးများ၏ အုပ်စိုးခြင်းကို ခံရသောကြောင့် တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့၏ သဘောထား၊ သို့မဟုတ် နည်းလမ်းများသည် ပြောင်းလဲမှုတစ်ခုကို ကြုံရသည်။ ဥပမာ ယခင်က တစ်ခါတစ်ရံတွင် ၎င်းတို့သည် အိပ်ရာမှ နိုးသည်နှင့် တစ်ပြိုင်နက် ၎င်းတို့တာဝန်ကို စတင်ထမ်းဆောင်ကြသည်။ သို့သော် ယခုတွင် အိပ်ရာမှ ထဖို့ အချိန်ရောက်သောအခါ “ဤရောဂါသည် မောပန်းနွမ်းနယ်ခြင်းကြောင့် ဖြစ်နိုင်သလော၊ အနည်းငယ်ပို၍ အိပ်စက်သင့်ခြင်း ဖြစ်နိုင်သည်၊ ငါသည် အလွန် ဒုက္ခခံပြီး မောပန်းနွမ်းနယ်လေ့ရှိသည်၊ ယခုတွင် ရောဂါ ပိုဆိုးမသွားစေရန် ငါ၏ ကိုယ်ခန္ဓာကို ဂရုစိုက်ဖို့အတွက် အာရုံစိုက်ဖို့ လိုအပ်သည်” ဟူ၍ စတင် တွေးတောလာကြသည်။ ဤထပ်တလဲလဲအတွေးများ၏ ထိန်းချုပ်ခြင်းကို ခံရပြီး ၎င်းတို့သည် ပုံမှန်ထက်ပို၍ နောက်ကျပြီးမှ ထကြတော့သည်။ အစာစားခြင်းနှင့် ပတ်သက်လျှင် ၎င်းတို့က “ငါ၏ ရောဂါသည် အာဟာရနည်းပါးခြင်းနှင့် ဆက်စပ်နိုင်သည်၊ ယခင်က မည်သည့်အရာကိုမဆို ငါစားနိုင်သည်၊ ယခု ရွေးချယ်ရတော့မည်၊ ငါ၏ အာဟာရ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ပြီး ကိုယ်ခန္ဓာ သန်စွမ်းရန်အတွက် ဥနှင့် အသားများကို ပို၍ စားသင့်သည်၊ ဤသို့ဆိုလျှင် ငါ၏ ရောဂါကြောင့် ဒုက္ခခံရတော့မည် မဟုတ်ပေ” ဟူ၍ တွေးတောကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်လျှင် ၎င်းတို့၏ ကိုယ်ခန္ဓာကို မည်သို့ စောင့်ရှောက်ရမည်ကိုလည်း စဉ်ဆက်မပြတ် စဉ်းစားကြသည်။ ယခင်က တစ်နာရီ၊ နှစ်နာရီ ဆက်တိုက် အလုပ်လုပ်ပြီးနောက်တွင် ၎င်းတို့သည် အများဆုံးအနေဖြင့် အကြောဆန့်သည်၊ သို့မဟုတ် ထရပ်ပြီး ဟိုဟိုသည်သည် လမ်းလျှောက်သည်။ သို့သော် ယခုတွင် မိမိတို့ကိုယ်ကို မပင်ပန်းစေရန် နာရီဝက်ကြာပြီးတိုင်းတွင် ဟိုဟိုသည်သည် လမ်းလျှောက်ရန် မိမိတို့ကိုယ်ကို စည်းကမ်းသတ်မှတ်ထားကြသည်။ စုဝေးပွဲများ၌ မိတ်သဟာယ ဖွဲ့သည့်အချိန်တိုင်းတွင် တတ်နိုင်သမျှ အနည်းဆုံးပြောဖို့ရန် ကြိုးစားပြီး “ငါ၏ ကိုယ်ခန္ဓာကို ဂရုစိုက်တတ်ရန် သင်ယူဖို့လိုသည်” ဟူ၍ စဉ်းစားကြသည်။ ယခင်က လူတစ်ယောက်က မည်သည့်မေးခွန်းကို မေးသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အချိန်တွင်ဖြစ်စေ ၎င်းတို့က တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေပေးသည်။ သို့သော် ယခုတွင် ၎င်းတို့၏ အားအင်ကို ချွေတာရန်အတွက် လျှော့၍ စကားပြောဆိုလိုကြသည်။ တစ်ယောက်ယောက်က မေးခွန်းများစွာ မေးလျှင် “ငါ အနားယူဖို့ လိုသည်” ဟူ၍ ပြောသည်။ ကြည့်လော့။ ၎င်းတို့သည် ၎င်းတို့၏ ရုပ်ခန္ဓာကို အထူးအရေးစိုက်လာကြသည်။ ဤသည်မှာ ယခင်ကနှင့် ကွာခြားသည်။ မကြာခဏပင် ၎င်းတို့သည် အစားအစာဆိုင်ရာ ဖြည့်စွက်စာများကို စားရန်၊ သစ်သီးများစားပြီး ပုံမှန် လေ့ကျင့်ခန်းလုပ်ရန်လည်း စဉ်ဆက်မပြတ် အာရုံစိုက်ကြသည်။ ၎င်းတို့သည် “ယခင်က ငါသည် အလွန်နုံအပြီး မသိနားမလည်ဖြစ်ကာ ငါ၏ ခန္ဓာကိုယ်အား မည်သို့ ဂရုစိုက်ရမည်ကို မသိပေ၊ ငါ၏ စားချင်စိတ်နောက်သို့လိုက်ပြီး အစားကြူးလျက် မွေ့လျော်နေခဲ့သည်၊ ယခု ငါ၏ ခန္ဓာကိုယ်က ပြဿနာရှိလာသောကြောင့် ငါ၏ ကျန်းမာရေးကို အာရုံမစိုက်လျှင်၊ ငါ၏ ရောဂါက ပြင်းထန်လာပြီး တာဝန်မထမ်းဆောင်နိုင်လျှင် ကောင်းချီးများကို ငါ ရရှိဦးမည်လော၊ နောင်တွင် ငါ၏ ခန္ဓာကိုယ်ကို ဂရုစိုက်ရန် အာရုံစိုက်ပြီး မည်သည့် ဖျားနာမှုမျှ ထွက်ပေါ်လာခွင့်ပြု၍ မဖြစ်ပေ” ဟူ၍ စဉ်းစားကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ကျန်းမာရေးကို အာရုံစိုက်လာပြီး ၎င်းတို့၏ တာဝန်များကို အပြည့်အဝ ဆက်ကပ်အပ်နှံလျက် မထမ်းဆောင်တော့ပေ။ ၎င်းတို့သည် ယခင်က တာဝန်ထမ်းဆောင်စဉ်တွင် ၎င်းတို့ ခံယူခဲ့သော ဒုက္ခနှင့် ပေးဆပ်ခဲ့သော အဖိုးအခတို့နှင့်ပတ်သက်ပြီး နောင်တရကာ မကျေမနပ်ပင် ဖြစ်ကြသည်။ ဤအတွေးများနှင့် အပြုအမူများသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ လွှမ်းမိုးခြင်းကို ခံရပြီး အပျက်သဘောဆောင်သော စိတ်ခံစားချက်များမှ ထွက်ပေါ်လာခြင်းမဟုတ်လော။ ဤအတွေးများ၊ အပြုအမူများသည် အမှန်ပင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့်အတူ ဤအတွေးများ၊ အပြုအမူများသည် ၎င်းတို့ကို ဘုရားသခင်အား ပို၍ ယုံကြည်စေရန်၊ တာဝန်ထမ်းဆောင်ခြင်း၌ ပို၍ ဆက်ကပ်အပ်နှံရန် ကူညီပေးနိုင်သလော။ သေချာပေါက် ကူညီမပေးနိုင်ပေ။ အဆုံးစွန်ရလဒ်က အဘယ်သို့ ဖြစ်မည်နည်း။ ၎င်းတို့သည် ဆက်ကပ်အပ်နှံခြင်းမရှိဘဲ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်လိမ့်မည်။ အမှုအရာများကို ၎င်းတို့လုပ်ဆောင်သောအခါ သမ္မာတရားကို ရှာဖွေပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ထိန်းချုပ်ခြင်းကို ခံရလျက် ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဖြစ်ပြီး သမ္မာတရားကို ဘေးဖယ်ထားကာ သမ္မာတရားကို တန်ဖိုးထားမည်မဟုတ်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သမျှသည်၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သမျှသည် ၎င်းတို့၏ ကိုယ်ပိုင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များက ဖြစ်ပေါ်စေသော အတွေးများကို ဗဟိုပြုလိမ့်မည်။ ဤသို့သောသူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်း ရှိနိုင်သလော။ (မရှိနိုင်ပါ။) ဤသို့ဆိုလျှင် ဤသို့သော အတွေးများသည် သာမန်လူ့သဘာဝရှိသောသူများ ရှိသင့်သော အတွေးဟုတ်သလော။ (မဟုတ်ပါ။) ဤသို့သော အတွေးများသည် သာမန်လူ့သဘာဝရှိသောသူများ ရှိသင့်သည့် အတွေးများ မဟုတ်သောကြောင့် ၎င်းတို့သည် မည်သည့်နေရာတွင် လွဲနေသည်ဟု သင်တို့ ထင်မြင်သနည်း။ (လူတို့တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နားလည်မှု လုံးဝမရှိပါ။ လက်တွေ့တွင် ဤဖျားနာမှုများအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ လူတစ်ယောက် ခံယူသင့်သည့် ဒုက္ခပမာဏသည်လည်း ဘုရားသခင်က သတ်မှတ်ပြီး စီစဉ်သည်။ သို့ရာတွင် လူတစ်ယောက်သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် နေထိုင်သောအခါ လျှို့ဝှက်ကြံစည်မှုကို ကျင့်သုံးတတ်ကြပြီး မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်များ၏ ထိန်းချုပ်ခြင်းကို ခံရသည်။ ၎င်းတို့သည် လူသား၏ နည်းလမ်းများကို အမှီပြုပြီး ၎င်းတို့၏ ကိုယ်ပိုင်ရုပ်ခန္ဓာကို မြတ်နိုးသည်။) လူတစ်ယောက်သည် သူ၏ ရုပ်ခန္ဓာကို ဤသို့ မြတ်နိုးခြင်းသည် မှန်ကန်သလော။ လူတစ်ယောက်သည် သူ၏ ရုပ်ခန္ဓာကို အလွန်အမင်း အရေးစိုက်ပြီး ကောင်းစွာ စားသောက်လျှင်၊ ကျန်းမာသန်မြန်စေလျှင် ယင်းသည် သူ့အတွက် အဘယ်သို့ တန်ဖိုးရှိသနည်း။ ဤသို့ အသက်ရှင်ရာတွင် မည်သည့် အဓိပ္ပာယ်ရှိသနည်း။ လူတစ်ယောက်ဘဝ၏ တန်ဖိုးမှာ အဘယ်နည်း။ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကဲ့သို့သော ဇာတိပကတိ သာယာမှုများ၌ မွေ့လျော်ဖို့အတွက်သာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ကျေးဇူးပြုပြီး သင်တို့၏ အတွေးများကို ဝေမျှလော့။ (ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ယောက်က သူ၏ ဘဝတွင် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။) ဤသည်မှာ မှန်သည်။ ပြောလော့။ လူတစ်ယောက်၏ ဘဝတစ်လျှောက်လုံးတွင် သူ၏ နေ့စဉ်ပြုမူဆောင်ရွက်မှုများ၊ အတွေးများသည် ဖျားနာခြင်း၊ သေခြင်းတို့အား ရှောင်ကြဉ်ခြင်း၊ သူ၏ ကိုယ်ခန္ဓာကို ကျန်းမာစေပြီး ရောဂါဘယကင်းဝေးစေခြင်း၊ အသက်ရှည်ဖို့အတွက် ကြိုးပမ်းခြင်းတို့ကိုသာ အာရုံစိုက်လျှင် ဤသည်မှာ လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးဖြစ်သလော။ (မဟုတ်ပါ။) ယင်းသည် လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးမဟုတ်ပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်၏ ဘဝတွင် ရှိသင့်သော တန်ဖိုးမှာ အဘယ်နည်း။ ယခုပင် တစ်ယောက်က ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ထမ်းဆောင်ခြင်းကို ပြောခဲ့သည်။ ယင်းသည် အသေးစိတ်အချက်တစ်ခုဖြစ်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ ဆုတောင်းစဉ်တွင်၊ သို့မဟုတ် သန္နိဋ္ဌာန်ချစဉ်တွင် သင်တို့၌ ထားလေ့ရှိသော ရည်မှန်းချက်များကို ပြောလော့။ (ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို နာခံရန်ဖြစ်သည်။) (ဘုရားသခင်က ကျွန်ုပ်တို့အတွက် တာဝန်ချပေးသည့် ကဏ္ဍကို ကောင်းစွာ လုပ်ဆောင်ရန်၊ ကျွန်ုပ်တို့၏ စေခိုင်းချက်နှင့် တာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သည်။) အခြား မည်သည့်အရာရှိသေးသနည်း။ တစ်ချက်တွင် ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ အခြားတစ်ချက်တွင် သင်၏ အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းအတွင်း ရှိသော အရာမှန်သမျှကို သင်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခြင်း၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သော၊ သင်၏ ကိုယ်ပိုင်အသိတရားဖြင့် ငြိမ်းချမ်းစွာနေနိုင်ပြီး သူတစ်ပါးတို့၏ အမြင်တွင် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သက်သေပြသောနေရာသို့ ရောက်ရှိခြင်းဖြစ်သည်။ နောက်တစ်ဆင့် တက်လျှင် သင်၏ ဘဝတစ်လျှောက်တွင် သင်မွေးဖွားသည့် မိသားစု၊ သင်၏ ပညာရေးနောက်ခံ၊ သို့မဟုတ် သင်၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ ဘဝတွင် လူတို့ နားလည်သဘောပေါက်သင့်သည့် စည်းမျဉ်းများကို သင် နားလည်မှုအချို့ ရှိရမည်။ ဥပမာ မည်သို့သော လမ်းကြောင်းမျိုးကို လူတို့ လျှောက်သင့်သည်၊ မည်သို့ အသက်ရှင်သင့်သည်၊ အဓိပ္ပာယ်ရှိသောဘဝကို မည်သို့ အသက်ရှင်သင့်သည်ဆိုသည်တို့ဖြစ်သည်။ သင်သည် အနည်းဆုံးအနေဖြင့် ဘဝ၏ စစ်မှန်သော တန်ဖိုးအနည်းငယ်ကို စူးစမ်းလေ့လာသင့်သည်။ ဤဘဝကို အချည်းနှီး အသက်ရှင်၍ မရပေ။ ပြီးလျှင် ဤကမ္ဘာမြေပေါ်သို့ အချည်းနှီးရောက်ရှိလာ၍ မရပေ။ အခြားအချက်တွင် သင်သည် သင်၏ဘဝသက်တမ်းအချိန်အတွင်းတွင် သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ကြီးမားသော တာဝန်၊ အလုပ် သို့မဟုတ် ဝတ္တရားတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းကို ငါတို့ ပြောဆိုနေခြင်းမဟုတ်ပေ။ သို့သော် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင်ဖြစ်မြောက်သင့်သည်။ ဥပမာ အသင်းတော်တွင် လူအချို့သည် ဧဝံဂေလိ ဖြန့်ဝေခြင်းအမှုကို အားကုန်စိုက်ထုတ်၍ လုပ်ဆောင်ကြပြီး ၎င်းတို့ တစ်ဘဝလုံး၏ အားအင်ကို ဆက်ကပ်အပ်နှံကြသည်။ အဖိုးအခ ကြီးစွာပေးဆပ်ပြီး လူများစွာကို ရရှိကြသည်။ ဤအတွက်ကြောင့် ၎င်းတို့၏ ဘဝများသည် အချည်းနှီးအသက်ရှင်ခဲ့ခြင်းမရှိ၊ ၎င်းတို့သည် တန်ဖိုးရှိပြီး ကိုယ်စိတ်ချမ်းသာမှု ရှိသည်ဟူ၍ ၎င်းတို့က ခံစားရသည်။ ဖျားနာခြင်း၊ သို့မဟုတ် သေခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ တစ်ဘဝလုံးကို အနှစ်ချုပ်ပြီး ၎င်းတို့ အစဉ်လုပ်ဆောင်ခဲ့သမျှတိုင်းကို၊ ၎င်းတို့ လျှောက်ခဲ့သောလမ်းကို ပြန်လည်စဉ်းစားသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်သက်သာမှုကို တွေ့ရှိကြသည်။ အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ၎င်းတို့ မခံစားရပေ။ လူအချို့သည် အသင်းတော်ကို ဦးဆောင်စဉ်တွင်၊ သို့မဟုတ် အလုပ်ကဏ္ဍတစ်ခုအတွက် တာဝန်ခံရစဉ်တွင် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စွမ်းရည် အပြည့်အဝကို ထုတ်လွှတ်ကြပြီး အားကုန် ထုတ်သုံးကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အလုပ်အတွက် အားအင်အလုံးစုံကို အသုံးပြုပြီး အဖိုးအခပေးဆပ်ကြသည်။ ၎င်းတို့သည် အားကြီးပြီး ခိုင်မာစွာ ရပ်တည်ရန်၊ နောက်မဆုတ်ရန်၊ ထိုအစား ဘုရားသခင်၏ မျက်မှောက်တော်သို့ ပြန်လာပြီး နောက်ဆုံး၌ ဘုရားသခင်အတွက်ပင် သက်သေခံရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်းတို့အလယ်တွင် ၎င်းတို့၏ ရေလောင်းခြင်း၊ ခေါင်းဆောင်ခြင်း၊ ကူညီပံ့ပိုးခြင်းမှတစ်ဆင့် လူများစွာကို ကူညီကြသည်။ ထို့အပြင် ၎င်းတို့ ခေါင်းဆောင်သည့် အချိန်ကာလအတွင်းတွင် အရေးပါသော အလုပ်များစွာကို ပြီးမြောက်ကြပြီး ဆိုးယုတ်သောသူ တော်တော်များများကို ရှင်းလင်းပစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးသည်။ ကြီးမားသော ဆုံးရှုံးမှုအချို့ကို ပြန်လည် ရယူပေးသည်။ ဤအောင်မြင်မှုအားလုံးသည် ၎င်းတို့ ခေါင်းဆောင်သည့်အချိန်အတွင်းတွင် ဖြစ်ပေါ်သည်။ ၎င်းတို့လျှောက်ခဲ့သည့်လမ်းကြောင်းကို ပြန်ကြည့်လျှင်၊ ဤနှစ်များတစ်လျှောက်တွင် ၎င်းတို့လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ပေးဆပ်ခဲ့သည့် အဖိုးအခကို ပြန်ပြောင်းတွေးကြည့်လျှင် ၎င်းတို့သည် နောင်တရခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်းကို မခံစားရပေ။ ၎င်းတို့သည် နောင်တနှင့် ထိုက်တန်ရန်အတွက် မည်သည့်အရာကိုမျှ မလုပ်ခဲ့ဟု ယုံကြည်ကြသည်၊ ပြီးလျှင် ၎င်းတို့သည် တန်ဖိုးရှိသည့် အသက်တာကို နေထိုင်အသက်ရှင်ပြီး ၎င်းတို့၏ စိတ်နှလုံးတွင် တည်ငြိမ်မှု၊ သက်သာမှုတို့ ရှိကြ၏။ ဤသည်မှာ အဘယ်မျှ ကောင်းလှသနည်း။ ဤသည်မှာ အကျိုးရလဒ် မဟုတ်လော။ (ဟုတ်သည်။) ဤတည်ငြိမ်ပြီး သက်သာသည့် ခံစားချက်သည်၊ ဤနောင်တများမရှိခြင်းသည် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို လိုက်စားခြင်း၏ ရလဒ်နှင့် ဆုလာဘ်ဖြစ်သည်။ လူတို့အတွက် မြင့်မားသောစံနှုန်းများကို မသတ်မှတ်ဘဲ နေကြစို့။ လူတစ်ယောက်က သူ၏ ဘဝတစ်လျှောက်တွင် သူလုပ်ဆောင်သင့်သည့်၊ သို့မဟုတ် လုပ်ဆောင်လိုသည့် အလုပ်တစ်ခုနှင့် ရင်ဆိုင်ရသည့် အခြေအနေတစ်ခုကို စဉ်းစားကြည့်ကြစို့။ သူ၏ နေရာကို ရှာတွေ့ပြီးနောက်တွင် သူသည် သူ၏နေရာတွင် ခိုင်မာစွာရပ်တည်သည်။ သူ၏ နေရာကို စွဲကိုင်ထားသည်။ ကြီးမားသော ဝေဒနာများကို ခံယူပြီး အဖိုးအခပေးဆပ်သည်။ သူ လုပ်ဆောင်သင့်ပြီး ပြီးမြောက်သင့်သည့်အရာကို အောင်မြင်ပြီး ပြီးမြောက်ရန် သူ၏ အားအင်အလုံးစုံကို ဆက်ကပ်အပ်နှံသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ရှင်းလင်းပြောဆိုရန်အတွက် ဘုရားရှေ့၌ ရပ်သောအခါ အတော်အတန်ပင် ကျေနပ်မှုရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးတွင် အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်း မရှိပေ။ ၎င်းတို့တွင် စိတ်သက်သာပြီး ဆုလာဘ် ရရှိသည်ဆိုသည့်၊ တန်ဖိုးရှိသော ဘဝကို နေထိုင်ခဲ့သည်ဆိုသည့် ခံစားချက်ရှိသည်။ ဤသည်မှာ အရေးပါသော ပန်းတိုင်မဟုတ်လော။ ယင်း၏ အတိုင်းအတာက မည်သို့ရှိသည်ဖြစ်စေ ယင်းသည် လက်တွေ့ကျသလောဆိုသည်ကို ငါ့အားပြောလော့။ (လက်တွေ့ကျသည်။) ယင်းသည် အသေးစိတ်ကျသလော။ လုံလောက်စွာပင် အသေးစိတ်ကျပြီး လုံလောက်စွာပင် လက်တွေ့ကျသည်။ ပြီးလျှင် လုံလောက်စွာပင် အရှိအတိုင်းဖြစ်သည်။ ဤသို့ဆိုလျှင် တန်ဖိုးရှိသောဘဝကို နေထိုင်ပြီး အဆုံးတွင် ဤဆုလာဘ်မျိုးကို ရရှိရန်အတွက် လူတစ်ယောက်သည် ပင်ပန်းနွမ်းနယ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖျားနာခြင်းကို တွေ့ကြုံရလျှင်ပင် သူ၏ ရုပ်ခန္ဓာက အနည်းငယ်ဒုက္ခခံပြီး အနည်းငယ် အဖိုးအခ ပေးရသည်မှာ ထိုက်တန်သည်ဟု သင် ထင်သလော။ (ထိုက်တန်သည်။) လူတစ်ယောက်သည် ဤလောကသို့ ရောက်လာသောအခါ ဇာတိပကတိ ပျော်မွေ့မှုအတွက်သာ မဟုတ်သကဲ့သို့ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းသက်သက်အတွက်လည်း မဟုတ်ပေ။ ထိုအရာများအတွက်သာ အသက်မရှင်သင့်ပေ။ ဤသည်မှာ လူသားဘဝ၏ တန်ဖိုးမဟုတ်သကဲ့သို့ မှန်ကန်သော လမ်းကြောင်းလည်းမဟုတ်ပေ။ လူသားဘဝ၏ တန်ဖိုးနှင့် လိုက်လျှောက်ရန် လမ်းမှန်တွင် တန်ဖိုးရှိသောအရာတစ်ခုကို ဖြစ်မြောက်ခြင်းနှင့် တန်ဖိုးရှိသော အလုပ်တစ်ခု၊ သို့မဟုတ် များစွာကို ပြီးမြောက်ခြင်းတို့ ပါဝင်သည်။ ဤသည်မှာ အသက်မွေးအလုပ်ဟု မခေါ်ပေ။ လမ်းမှန်ဟု ခေါ်သည်။ သင့်လျော်သော အလုပ်တာဝန်ဟုလည်း ခေါ်သည်။ ပြောလော့။ လူတစ်ယောက်သည် တန်ဖိုးရှိသောအလုပ်အချို့ကို ပြီးမြောက်ရန်၊ အဓိပ္ပာယ်ရှိသော၊ တန်ဖိုးရှိသော ဘဝကို အသက်ရှင်ရန်၊ သမ္မာတရားကို လိုက်စားပြီး ရယူရန်အတွက် အဖိုးအခပေးဆပ်ဖို့ ထိုက်တန်သလော။ သင်သည် အမှန်တကယ်ပင် သမ္မာတရားကို လိုက်စားပြီး နားလည်ရန်၊ ဘဝတွင် လမ်းမှန်ပေါ်သို့ စတင်လျှောက်လှမ်းရန်၊ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ရန် ဆန္ဒရှိလျှင် သင်၏ အားအင်အလုံးစုံကို ပေးဆပ်ရန်၊ အဖိုးအခပေးဆပ်ရန်၊ သင်၏အချိန်နှင့် ဘဝသက်တမ်း တစ်ခုလုံးကို ပေးဆပ်ရန် မတွန့်ဆုတ်သင့်ပေ။ ဤအချိန်ကာလအတွင်းတွင် ဖျားနာခြင်းအနည်းငယ်ကို သင်ကြုံတွေ့ရလျှင် ယင်းသည် အရေးကြီးမည်မဟုတ်၊ သင့်အား ဒုက္ခပေးမည်မဟုတ်ပေ။ ဤသည်မှာ ဘဝတစ်လျှောက်လုံး အေးဆေးပြီး အလဟဿနေထိုင်ခြင်း၊ ကောင်းစွာစားသောက်ရပြီး ကျန်းမာသည်အထိ ရုပ်ခန္ဓာကို ပျိုးထောင်၍ အဆုံး၌ အသက်ရှည်ခြင်းတို့ထက် အလွန်ပင်ပို၍ သာလွန်သည် မဟုတ်လော။ (ဟုတ်သည်။) ဤရွေးချယ်စရာနှစ်ခုထဲမှ မည်သည့်တစ်ခုက တန်ဖိုးရှိသောဘဝကို ဖြစ်စေသနည်း။ လူတို့သည် အဆုံးတွင် သေခြင်းကို ရင်ဆိုင်ရသောအခါ မည်သည့်တစ်ခုက ၎င်းတို့ကို သက်သာခြင်း၊ နောင်တမရှိခြင်းကို ယူဆောင်လာနိုင်သနည်း။ (အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ခြင်း ဖြစ်သည်။) အဓိပ္ပာယ်ရှိသော ဘဝကို အသက်ရှင်ခြင်းဆိုသည်မှာ သင်၏ စိတ်နှလုံးတွင် အကျိုးရလဒ်များနှင့် ကိုယ်စိတ်ချမ်းသာမှုကို ခံစားရခြင်းဖြစ်သည်။ ကောင်းစွာစားသောက်ပြီး သေသည်အထိ ပန်းသွေးရောင် အသားအရည်ကို ထိန်းသိမ်းထားသူများကမူ အဘယ်သို့ ရှိသနည်း။ ၎င်းတို့သည် အဓိပ္ပာယ်ရှိသောဘဝကို မလိုက်စားပေ။ ထို့ကြောင့် သေဆုံးသောအခါ ၎င်းတို့သည် မည်သို့ ခံစားရသနည်း။ (အချည်းနှီး အသက်ရှင်ခဲ့သကဲ့သို့ ခံစားရသည်။) “အချည်းနှီး အသက်ရှင်ခြင်း” ဟူသည့် ဤစကားနှစ်လုံးသည် ပြတ်သားသည်။ “အချည်းနှီး အသက်ရှင်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ဘဝကို ဖြုန်းတီးခြင်းကို ဆိုလိုသည်။) အချည်းနှီး အသက်ရှင်ခြင်း၊ ဘဝကို ဖြုန်းတီးခြင်းဆိုသည့် ဤစကားနှစ်ခုအတွက် အခြေပြုချက်မှာ အဘယ်နည်း။ (၎င်းတို့ဘဝ၏ အဆုံးတွင် မည်သည့်အရာကိုမျှ ၎င်းတို့ မရရှိခဲ့သည်ကို တွေ့ရှိရသည်။) ဤသို့ဆိုလျှင် လူတစ်ယောက်သည် မည်သည့်အရာကို ရရှိသင့်သနည်း။ (သူသည် သမ္မာတရားကို ရရှိသင့်သည်၊ သို့မဟုတ် ဤဘဝတွင် တန်ဖိုးရှိသော၊ အဓိပ္ပာယ် ရှိသောအရာများ ဖြစ်မြောက်သင့်သည်။ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာများကို ကောင်းမွန်စွာ လုပ်ဆောင်သင့်သည်။ သူသည် ဤအရာများအားလုံးကို လုပ်ဆောင်ရန် ပျက်ကွက်ပြီး သူ၏ ရုပ်ခန္ဓာအတွက်သာ အသက်ရှင်လျှင် သူ၏ဘဝကို အချည်းနှီးအသက်ရှင်ခဲ့ပြီး ဖြုန်းတီးခဲ့သည်ဟု ခံစားရမည်။) သူသည် သေခြင်းကို ရင်ဆိုင်ရသောအခါ သူ၏ ဘဝတစ်လျှောက်တွင် လုပ်ဆောင်ခဲ့သည့်အရာများကို တွေးတောလိမ့်မည်။ “အို ငါသည် နေ့စဉ် စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကိုသာ စဉ်းစားခဲ့သည်၊ ငါ၏ ကျန်းမာရေးက ကောင်းပြီး မည်သည့်ဖျားနာမှုကိုမျှ မကြုံခဲ့ရပေ၊ ငါ၏ တစ်ဘဝလုံးက ငြိမ်းချမ်းသည်၊ သို့သော် ယခုတွင် ငါအသက်ကြီးပြီး သေတော့မည်ဖြစ်သဖြင့် သေပြီးနောက်တွင် အဘယ်သို့ သွားမည်နည်း၊ ငရဲသို့သွားမည်လော၊ ကောင်းကင်ဘုံသို့ သွားမည်လော၊ ဘုရားသခင်က ငါ၏ အဆုံးသတ်ကို မည်သို့ စီစဉ်မည်နည်း၊ ငါ၏ ခရီးပန်းတိုင်အတွက် မည်သည့်နေရာသို့ သွားရမည်နည်း” ဟူ၍ ဆိုလိမ့်မည်။ သူသည် စိတ်မအေးနိုင်ဖြစ်လိမ့်မည်။ သူသည် သူ၏ဘဝတစ်လျှောက်တွင် ရုပ်ခန္ဓာ သက်သာမှုကို မွေ့လျော်လျက်ဖြင့် ယခင်က သတိပြုမိခြင်း လုံးဝမရှိခဲ့ပေ။ သို့သော် ယခုတွင် သေခြင်းက နီးကပ်လာသောအခါ စိတ်မအေးနိုင်ဖြစ်ကြသည်။ သူသည် စိတ်မအေးနိုင်ဖြစ်သောကြောင့် ပြင်ဆင်မှုများ ပြုလုပ်ဖို့ စတင်စဉ်းစားမည်မဟုတ်လော။ ဤအခြေအနေတွင် ပြုပြင်ရန် အချိန်ရှိသေးသလော။ (မရှိတော့ပါ။) သူသည် ပြေးလွှားရန် အင်အားမရှိတော့သကဲ့သို့ စကားပြောဆိုရန်လည်း အားမရှိတော့ပေ။ သူသည် အနည်းငယ် အဖိုးအခ ပေးဆပ်လိုလျှင်ပင်၊ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ် ခံလိုလျှင်ပင် သူ၏ ကိုယ်ကာယအင်အားသည် မလုံလောက်ပေ။ အပြင်ထွက်ပြီး ဧဝံဂေလိ ဟောလိုလျှင်ပင် ဤသို့ လုပ်ဆောင်ရန်အတွက် ကိုယ်လက်ကြံ့ခိုင်မှုမရှိပေ။ ထို့အပြင် သူသည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ဘဲ အနည်းငယ်မျှပင် မိတ်သဟာယမဖွဲ့နိုင်ပေ။ ထိုသူအတွက် ပြုပြင်မှုများ ပြုလုပ်ရန် အချိန်မရှိတော့ပေ။ သူသည် ဓမ္မသီချင်းအချို့ကို နားထောင်လိုသည် ဆိုပါစို့။ နားထောင်လျက်ဖြင့် အိပ်ပျော်သွားသည်။ တရားဒေသနာတစ်ခုကို နားထောင်လိုသည်ဆိုပါစို့။ နားထောင်လျက်ဖြင့် ငိုက်မျဉ်းလာသည်။ သူ့တွင် အားအင်မရှိတော့ပေ။ အာရုံမစိုက်နိုင်ပေ။ ဤနှစ်များတစ်လျှောက်တွင် သူလုပ်ဆောင်ခဲ့သည့်အရာ၊ သူ၏ အားအင်တို့ကို မည်သည့်နေရာ၌ အသုံးချခဲ့သည်ဆိုသည်တို့ကို စဉ်းစားသည်။ ယခုတွင် သူသည် နှစ်လွန်နေပြီဖြစ်သည်။ သူ၏ သင့်လျော်သောအလုပ်ကို လုပ်ဆောင်လိုသော်လည်း သူ၏ ယိုယွင်းနေသော ကိုယ်ခန္ဓာက ခွင့်မပြုတော့ပေ။ သူ့တွင် အားအင်မရှိတော့ခြင်းပင်ဖြစ်သည်။ ဆန္ဒရှိလျှင်ပင် မည်သည့်အရာကိုမျှ မသင်ယူနိုင်ပေ။ သူ၏ တုံ့ပြန်မှုများသည်လည်း နှေးကွေးသည်။ သမ္မာတရားများစွာကို နားမလည်နိုင်ပေ။ သူသည် သူတစ်ပါးတို့နှင့် မိတ်သဟာယဖွဲ့ရန် ကြိုးစားသောအခါ လူတိုင်းက အလုပ်ရှုပ်ပြီး သူနှင့် မိတ်သဟာယဖွဲ့ရန် အချိန်မရှိပေ။ သူလုပ်ဆောင်သမျှတွင် စည်းမျဉ်း၊ သို့မဟုတ် လမ်းကြောင်းမရှိပေ။ အဆုံးတွင် မည်သို့ ဖြစ်ပျက်သနည်း။ သူသည် တွေးတောလေလေ၊ စိတ်မအေးနိုင်လေလေဖြစ်သည်။ တွေးတောလေလေ၊ နောင်တရလေလေဖြစ်သည်။ တွေးတောလေလေ၊ နောင်တများက စုပုံလာလေလေဖြစ်သည်။ အဆုံး၌ သေခြင်းကို စောင့်ဆိုင်းရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ သူ၏ ဘဝသည် ပြီးဆုံးသွားပြီး ပြုပြင်မှုများလုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ သူသည် နောင်တရသလော။ (ရသည်။) အလွန်နောက်ကျသွားပြီ ဖြစ်သည်။ အချိန်မရှိတော့ပေ။ သူသည် သေခြင်းကို ရင်ဆိုင်ရသောအခါ ရုပ်ခန္ဓာ သက်သာသည့်ဘဝကို ပျော်မွေ့ခြင်းသည် လုံးဝပင် အနှစ်မရှိဆိုသည်ကို သဘောပေါက်သွားသည်။ သူသည် အရာရာကို သိမြင်သွားပြီး သမ္မာတရားကို လိုက်စားပြီး တာဝန်ထမ်းဆောင်ရန်၊ တစ်စုံတစ်ခုကို ကောင်းစွာ လုပ်ဆောင်ရန် နောက်ပြန်လှည့်ချင်သော်လည်း မည်သည့်နေရာတွင်မဆို မည်သည့်အရာကိုမျှ မဖြစ်မြောက်နိုင်၊ သို့မဟုတ် မကြိုးပမ်းနိုင်ပေ။ ဤဘဝသည် ပြီးဆုံးလုနီးပြီဖြစ်သည်။ နောင်တများနှင့် အဆုံးသတ်ပြီး ကြီးစွာသော နောင်တနှင့် စိတ်ပူပင်မှုတို့ကို သယ်ဆောင်သွားသည်။ သေခြင်းကို ရင်ဆိုင်ရသောအခါ ဤသို့လူမျိုးတို့၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် နောင်တ၊ သံဝေဂရလျက်၊ စိုးရိမ်ပူပင်လျက်ဖြင့်သာ သေဆုံးနိုင်သည်။ ၎င်းတို့၏ ဘဝသည် အချည်းနှီးအသက်ရှင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ရုပ်ခန္ဓာသည် မည်သည့် ဆင်းရဲဒုက္ခကိုမျှ မခံခဲ့ရပေ။ လေမထိဘဲ၊ နေရောင်မကျရောက်ဘဲ၊ မည်သည့်စွန့်စားမှုကိုမျှ မလုပ်ဆောင်ဘဲ သက်သာခြင်းကိုသာ ၎င်းတို့ ခံစားခဲ့သည်။ မည်သည့် အဖိုးအခကိုမျှ မပေးဆပ်ခဲ့ပေ။ ကျန်းမာရေးကောင်းစွာ အသက်ရှင်ခဲ့ပြီး မည်သည့်ရောဂါကိုမျှ တွေ့ကြုံမှု မရှိသလောက်ဖြစ်သည်။ အအေးမိခြင်းပင် မရှိလုနီးပါးဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ရုပ်ခန္ဓာကို ကောင်းစွာ ဂရုစိုက်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် မည်သည့်တာဝန်ကိုမျှ ၎င်းတို့ မထမ်းဆောင်ခဲ့ပေ၊ သို့မဟုတ် မည်သည့်သမ္မာတရားကိုမျှ မရရှိခဲ့ပေ။ သေခါနီး အခိုက်အတန့်တွင်သာ နောင်တရကြသည်။ ၎င်းတို့သည် အမှန်တကယ် နောင်တရလျှင် အဘယ်သို့နည်း။ ဤသည်မှာ ၎င်းတို့ကိုယ်တိုင်၏ လုပ်ရပ်များ၏ ရလဒ်အဖြစ် ဒုက္ခခံရခြင်းဟု ခေါ်သည်။
လူတစ်ယောက်သည် တန်ဖိုးရှိသော၊ အဓိပ္ပာယ်ရှိသော ဘဝကို နေထိုင်လိုလျှင် သမ္မာတရားကို လိုက်စားရမည်။ ရှေးဦးစွာ သူသည် ဘဝအပေါ်တွင် မှန်ကန်သော သဘောထားရှိရမည်ဖြစ်ပြီး ဘဝတွင်၊ သူ၏ ဘဝလမ်းကြောင်းတွင် သူရင်ဆိုင်ရသော ကိစ္စကြီးငယ်အမျိုးမျိုးအပေါ်တွင်လည်း မှန်ကန်သော အတွေးအမြင်များရှိရမည်။ သူ၏ ဘဝလမ်းကြောင်း တစ်လျှောက်တွင်၊ သို့မဟုတ် သူ၏ နေ့စဉ်အသက်တာတစ်လျှောက်တွင် သူကြုံတွေ့ရသော ပြဿနာအမျိုးမျိုးကို အစွန်းရောက်သော၊ သို့မဟုတ် တစ်ယူသန်သော အတွေးအမြင်များ အသုံးပြုလျက် ချဉ်းကပ်မည့်အစား ဤအမှုကိစ္စများအားလုံးကို မှန်ကန်သော ရှုထောင့်၊ ရပ်တည်ချက်မှနေ၍လည်း ကြည့်ရှုသင့်သည်။ ဤအမှုကိစ္စများကို လောကီနှင့်ဆိုင်သော အမြင်ရှုထောင့်မှနေ၍လည်း မရှုမြင်ရသည်မှာ ပြောစရာမလိုပေ။ ထိုအစား ဤသို့သော အပျက်သဘောဆောင်သည့်၊ မမှန်ကန်သည့် အတွေးအမြင်များကို လက်လွှတ်သင့်သည်။ သင်သည် ဤအရာကို ရရှိလိုလျှင် ရှေးဦးစွာ လူတို့၏ စိတ်တွင်ထားရှိသည့် အပျက်သဘောဆောင်သော အတွေးအမျိုးမျိုးကို ပိုင်းခြားစိစစ်ခြင်း၊ ဖော်ထုတ်ခြင်း၊ သိမြင်ခြင်းတို့ကို လုပ်ဆောင်သင့်သည်။ ထို့နောက်တွင် သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို ပြောင်းလဲပြီး ပြုပြင်ခြင်း၊ ယင်းတို့ကို လက်လွှတ်ခြင်း၊ မှန်ကန်သော၊ အပြုသဘောဆောင်သော အတွေးအမြင်များကို ရရှိခြင်း၊ ထို့အပြင် လူများ၊ အမှုအရာများကို ရှုမြင်ရန် မှန်ကန်သော အမြင်ရှုထောင့်နှင့် ရပ်တည်ချက်ကို ရရှိခြင်းတို့အား လုပ်ဆောင်နိုင်စွမ်းရှိလာသင့်သည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သမ္မာတရားကို လိုက်စားရန် လိုအပ်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လိမ့်မည်။ လူတစ်ယောက်သည် လူများ၊ အမှုအရာများကို ရှုမြင်ခြင်းအတွက် မှန်ကန်သောအမြင်၊ ရှုထောင့်၊ ရပ်တည်ချက်တို့ကို ပိုင်ဆိုင်သောအခါတွင် ဤသည်မှာ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းဟု ဆိုလိုသည်ဟု အတိအကျဆိုနိုင်သည်မှာ ပြောစရာမလိုပေ။ လူတို့သည် ဤသာမန်လူ့သဘာဝမျိုးနှင့် ဤမှန်ကန်သောအတွေးအမြင်များကို ပိုင်ဆိုင်လျှင် ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားရန် အလွန်ပင်ပို၍ အခက်အခဲ မရှိဖြစ်လာပြီး အလွန်ပို၍ လွယ်ကူလာသည်။ ဤသည်မှာ လူတစ်ယောက်သည် ခရီးပန်းတိုင်တစ်ခုသို့ ရောက်ရှိလိုသောအခါကဲ့သို့ဖြစ်သည်။ သူသည် လမ်းမှန်ပေါ်တွင်ရှိပြီး မှန်သော ဦးတည်ချက်သို့ ဦးတည်သွားနေလျှင် သူ၏ အရှိန်က မည်သို့ဖြစ်စေ နောက်ဆုံးတွင် ထိုခရီးပန်းတိုင်သို့ ရောက်လိမ့်မည်။ သို့ရာတွင် လူတစ်ယောက်သည် သူရည်ရွယ်သော ခရီးပန်းတိုင်၏ ဆန့်ကျင်ဘက်သို့ ဦးတည်သွားလျှင် သူသွားသည်မှာ မည်မျှမြန်သည်ဖြစ်စေ၊ နှေးသည်ဖြစ်စေ သူ၏ ပန်းတိုင်၏ အဝေးသို့သာ ရောက်လိမ့်မည်။ ထိုဓလေ့သုံးစကားမှာ အဘယ်သို့ရှိသနည်း။ “ခုတ်ရာတခြား၊ ရှရာတစ်လွဲ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူအချို့က ဘုရားကို ယုံကြည်ပြီး ကယ်တင်ခြင်းကို ရရှိလိုသော်လည်း ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်သို့ လိုက်ခြင်းကဲ့သို့ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် ကယ်တင်ခြင်းရရှိဖို့ မဖြစ်နိုင်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ၎င်းတို့၏ အဆုံးစွန်ရလဒ်က မည်သို့ ဖြစ်မည်နည်း။ အသေချာပင် အပြစ်ဒဏ်ပေးခြင်း ဖြစ်လိမ့်မည်။ ဥပမာပေးရလျှင် လူတစ်ယောက်သည် ကင်ဆာဖြစ်ပြီး သေဖို့ ကြောက်ရွံ့သည်ဆိုပါစို့။ သူသည် သေခြင်းကို လက်ခံဖို့ ငြင်းဆန်ပြီး သူ့အား သေခြင်းမှ ကာကွယ်ရန်၊ သူ၏ အသက်ကို နှစ်အနည်းငယ်ပို၍ တိုးစေရန်အတွက် ဘုရားသခင်ထံသို့ အစဉ်မပြတ်ဆုတောင်းသည်။ သူသည် နှစ်အနည်းငယ်ပို၍ အသက်ရှင်ဖို့ လုပ်ဆောင်နိုင်ပြီး သူ၏ ပန်းတိုင်ကို ရရှိကာ သေခြင်းကို ရှောင်ကြဉ်ခြင်းမှ ရရှိလာသည့် ပျော်ရွှင်မှုကို တွေ့ကြုံခံစားရသော်လည်း သူသည် တစ်ရက်ပြီး တစ်ရက် ဖြတ်သန်းရာတွင် စိတ်ဖိစီးမှု၊ ပူပင်မှု၊ စိတ်သောကတို့ဖြစ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ရှိနေသည်။ သူသည် ကံကောင်းသည်ဟု ခံစားရသည်။ ဘုရားသခင်က အလွန်ကောင်းသည်၊ အမှန်ပင် ကြီးကျယ်ခမ်းနားသည်ဟူ၍ သူ ခံစားရသည်။ သူကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ထပ်ခါထပ်ခါ အသနားခံမှု၊ မိမိကိုယ်ကို ချစ်မှု၊ မိမိကိုယ်ကို ဂရုစိုက်မှုတို့မှတစ်ဆင့် သေခြင်းကို ရှောင်ကြဉ်ပြီး အဆုံးတွင် သူ ဆန္ဒရှိသည့်အတိုင်း ဆက်လက်၍ အသက်ရှင်သည်။ သူသည် ဘုရားသခင်၏ ထိန်းသိမ်းခြင်း၊ ကျေးဇူးတော်၊ ချစ်ခြင်း၊ ညှာတာခြင်းတို့အတွက် ကျေးဇူးတော် ချီးမွမ်းသည်။ နေ့စဉ် ဘုရားအား ကျေးဇူးတင်ပြီး ဤအရာအတွက် ကျေးဇူးတော်ချီးမွမ်းရန် ဘုရားရှေ့သို့ လာရောက်သည်။ သူသည် ဓမ္မသီချင်း သီဆိုစဉ်နှင့် ဘုရားနှုတ်ကပတ်တော်အား ဆင်ခြင်စဉ်တွင် မကြာခဏ မျက်ရည်ကျသည်။ ဘုရားသခင်က မည်မျှ အံ့ဩဖွယ်ဖြစ်သည်ကို စဉ်းစားသည်။ “ဘုရားသခင်က အမှန်ပင် သေခြင်းနှင့် ရှင်ခြင်းကို ထိန်းချုပ်သည်၊ သူသည် ငါ့အား အသက်ရှင်ခွင့်ပေးခဲ့သည်” ဟူ၍ ဖြစ်သည်။ သူသည် တာဝန်ကို နေ့စဉ် ထမ်းဆောင်နေစဉ်တွင် ဒုက္ခကို မည်သို့ ဦးစားပေးပြီး သာယာမှုကို နောက်တွင် ထားရမည်၊ အရာရာ၌ သူတစ်ပါးတို့ထက် မည်သို့ ပို၍ကောင်းအောင် လုပ်ဆောင်ရမည်ဆိုသည်တို့ကို မကြာခဏ စဉ်းစားကြသည်။ ဤသို့အားဖြင့် သူကိုယ်တိုင်၏ အသက်ကို ထိန်းသိမ်းပြီး သေခြင်းကို ရှောင်ကြဉ်နိုင်ရန်အတွက် ဖြစ်သည်။ သူသည် နောက်ဆုံးတွင် နှစ်အနည်းငယ်ပို၍ အသက်ရှင်ရပြီး အလွန်ပင် ကျေနပ်ပျော်ရွှင်သည်။ သို့သော် တစ်နေ့တွင် သူ၏ ရောဂါက အခြေအနေပိုဆိုးလာပြီး ဆရာဝန်က နောက်ဆုံးသတိပေးချက်ပြုကာ နောက်ဆုံးအချိန်အတွက် ပြင်ဆင်ရန် ပြောသည်။ ယခုတွင် သူသည် သေခြင်းကို ရင်ဆိုင်ရသည်။ သူသည် အမှန်ပင် သေလုဆဲဆဲဖြစ်သည်။ သူသည် မည်သို့ တုံ့ပြန်မည်နည်း။ သူ အကြောက်ရွံ့ဆုံးသောအရာက သူ့အပေါ်သို့ ကျရောက်လာပြီ၊ သူ အစိုးရိမ်ဆုံးသောအရာက နောက်ဆုံး၌ ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ ထိုသူက ရှုမြင်ပြီး တွေ့ကြုံခံစားဖို့အတွက် အတွန့်ဆုတ်ဆုံးသော နေ့ရက်သည် ရောက်ရှိလာပြီဖြစ်သည်။ ရုတ်ချည်းပင် သူ၏ စိတ်နှလုံးက ဆို့နင့်သွားပြီး သူ၏ စိတ်အခြေအနေက အောက်ဆုံးသို့ရောက်သွားသည်။ သူသည် တာဝန်ထမ်းဆောင်ရန် စိတ်မပါတော့ဘဲ ဘုရားကို ဆုတောင်းရန် စကားလုံးမရှိတော့ပေ။ ဘုရားသခင်အား မချီးမွမ်းလိုတော့ပေ၊ သို့မဟုတ် ဘုရားသခင်က မည်သည့်စကားကိုမဆို ပြောခြင်း၊ မည်သည့်သမ္မာတရားကိုမဆို ပံ့ပိုးပေးခြင်းတို့ကို မကြားလိုတော့ပေ။ ဘုရားသခင်က ချစ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ညှာတာခြင်း၊ ကြင်နာခြင်းဖြစ်သည်ဆိုသည်ကို မယုံကြည်တော့ပေ။ တစ်ချိန်တည်းတွင် သူသည် “ဤနှစ်များတစ်လျှောက်တွင် ငါသည် အစားကောင်းအသောက်ကောင်းများကို ပို၍စားရန်၊ အားလပ်သောအချိန်တွင် အပြင်သွား၍ ပျော်ပါးရန် မေ့လျော့နေခဲ့သည်၊ ယခုတွင် ဤအရာများကို လုပ်ဆောင်ရန် ငါ့၌ အခွင့်အရေးမရှိတော့” ဟူ၍ နောင်တရသည်။ သူ၏ စိတ်သည် နာကြည်းခြင်း၊ ကြေကွဲဝမ်းနည်းခြင်းများနှင့် ပြည့်နေသည်။ သူ၏ စိတ်နှလုံးသည် နာကျင်မှုနှင့် ဘုရားသခင်အပေါ် ညည်းညူမှု၊ မကျေနပ်မှု၊ ငြင်းဆန်မှုတို့နှင့်ပါ ပြည့်နေသည်။ ထို့နောက်တွင် သူသည် နောင်တရလျက် ဤကမ္ဘာမှ စွန့်ခွာသည်။ သူ မထွက်ခွာမီတွင် ဘုရားသခင်က သူ၏ စိတ်နှလုံး၌ ရှိဆဲဖြစ်သလော။ ဘုရားသခင် တည်ရှိခြင်းကို သူ ယုံကြည်ဆဲဖြစ်သလော။ (မယုံကြည်တော့ပါ။) ဤရလဒ်က အဘယ်သို့ ဖြစ်လာသနည်း။ ဤသည်မှာ အစကတည်းက သေခြင်း၊ ရှင်ခြင်းအပေါ် သူ ကိုင်စွဲသည့် မှားယွင်းသော အမြင်ရှုထောင့်များမှ စတင်သည်မဟုတ်လော။ (ဟုတ်သည်။) သူသည် အစကတည်းက မမှန်ကန်သော အတွေးအမြင်များကို ကိုင်စွဲရုံသာမကဘဲ ပို၍ပင် ဆိုးသည်မှာ ထို့နောက်တွင် သူသည် ရှေ့သို့ဆက်၍ လိုက်စားရာ၌ သူ၏ ကိုယ်ပိုင်အတွေးအမြင်များနောက်လိုက်ပြီး ယင်းတို့နှင့်အညီ လုပ်ဆောင်သည်။ မည်သည့်အခါမျှ လက်မလျှော့ပေ။ သူသည် နောက်ပြန်လှည့်မကြည့်ဘဲ ရှေ့သို့ ချီတက်ကာ လမ်းမှားသို့ အမြန်ပြေးသွားခဲ့သည်။ ရလဒ်အနေဖြင့် အဆုံး၌ သူသည် ဘုရားသခင်အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားသည်။ သူ၏ ယုံကြည်ခြင်းခရီးသည် ဤသို့ဖြင့် အဆုံးသတ်သွားသည်။ ဤနည်းအားဖြင့် သူ၏ ဘဝက ပြီးဆုံးသည်။ သမ္မာတရားကို သူ ရရှိခဲ့သလော။ ဘုရားသခင်က သူ့အား ရရှိခဲ့သလော။ (မရရှိပါ။) နောက်ဆုံး၌ သူ သေသောအခါ သေခြင်းနှင့်ပတ်သက်၍ သူဖက်တွယ်ထားသည့် အမြင်နှင့် သဘောထားက ပြောင်းလဲခဲ့သလော။ (မပြောင်းလဲပါ။) သူသည် သက်သာခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းတို့နှင့် သေသလော၊ သို့မဟုတ် နောင်တ၊ တွန့်ဆုတ်ခြင်း၊ ခါးသီးခြင်းတို့နှင့် သေသလော။ (သူသည် တွန့်ဆုတ်ခြင်း၊ ခါးသီးခြင်းနှင့် သေသည်။) သူသည် မည်သည့်အရာကိုမျှ လုံးဝ မရရှိခဲ့ပေ။ သမ္မာတရားကို မရရှိပေ။ ဘုရားသခင်ကလည်း သူ့ကို မရရှိခဲ့ပေ။ ဤသို့ဆိုလျှင် ဤသို့သောသူမျိုးသည် ကယ်တင်ခြင်းကို ရရှိခဲ့သည်ဟု သင်တို့ ဆိုမည်လော။ (မဆိုပါ။) သူသည် ကယ်တင်ခြင်းမခံရပေ။ သူ မသေမီတွင် သူသည် များစွာ ပြေးလွှားသွားလာခဲ့ပြီး ကြီးစွာ အသုံးခံခဲ့သည်မဟုတ်လော။ (ဟုတ်သည်။) အခြားလူများကဲ့သို့ပင် သူသည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ တာဝန်ကို ထမ်းဆောင်သည်။ အပြင်ပန်းတွင် သူနှင့် အခြားလူတိုင်းကြားတွင် ကွာခြားမှု လုံးဝ မရှိသည့်ပုံစံရှိသည်။ ဖျားနာခြင်းနှင့် သေခြင်းကို သူ ကြုံတွေ့သောအခါ သူသည် ဘုရားကို ဆုတောင်းပြီး သူ၏ တာဝန်ကိုလည်း မစွန့်လွှတ်သေးပေ။ ဆက်လက်၍ အလုပ်လုပ်သည်။ သူ ယခင်ကလုပ်သည့် ပမာဏအတိုင်းပင် လုပ်ဆောင်သည်။ သို့ရာတွင် လူတို့နားလည်ပြီး သိမြင်သင့်သည့် အရာတစ်ခုရှိသည်။ ဤလူ၏ စိတ်တွင်ထားရှိသော အတွေးအမြင်များသည် အစဉ်သဖြင့် အပျက်သဘောဆောင်ပြီး မှားယွင်းမှုရှိသည်။ သူ၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် သူဒုက္ခခံသည့် ပမာဏ၊ သို့မဟုတ် သူ ပေးဆပ်သည့် အဖိုးအခက မည်သို့ရှိသည်ဖြစ်စေ သူ၏ လိုက်စားမှုတွင် ဤမှားယွင်းသော အတွေးအမြင်များ ထားရှိသည်။ သူသည် ဤအတွေးအမြင်များ၏ ထိန်းချုပ်ခြင်းကို စဉ်ဆက်မပြတ် ခံရပြီး သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို သူ့တာဝန်ဆီသို့ ယူဆောင်လာသည်။ သူ၏ ကိုယ်ပိုင်ရှင်သန်ရေးအတွက် အလဲအလှယ်လုပ်ရန် သူ၏ တာဝန်ထမ်းဆောင်ခြင်းကို ဘုရားသခင်အား ပူဇော်ဆက်ကပ်ဖို့၊ သူ၏ ရည်ရွယ်ချက်ကို ရရှိဖို့ ကြိုးပမ်းအားထုတ်သည်။ သူ၏ လိုက်စားမှု၏ ပန်းတိုင်မှာ သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် ရရှိရန်၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များအားလုံးကို နာခံရန် မဟုတ်ပေ။ သူ၏ လိုက်စားမှု ပန်းတိုင်မှာ ဤအရာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနှင့် သတ်မှတ်ချက်များဖြင့် နေထိုင်လိုပြီး သူလိုက်စားလိုသည့်အရာကို ရရှိလိုသည်။ သူ၏ ကိုယ်ပိုင်ကံကြမ္မာကို စီစဉ်ညွှန်ကြားလိုပြီး သူကိုယ်တိုင်၏ ရှင်ခြင်း၊ သေခြင်းကိုပင် စီစဉ်ညွှန်ကြားလိုသည်။ ထို့ကြောင့် လမ်းဆုံးတွင် သူ၏ အဆုံးသတ်မှာ မည်သည့်အရာကိုမျှ လုံးဝ မရရှိခြင်းဖြစ်သည်။ သူသည် သမ္မာတရားကို မရရှိဘဲ အဆုံးတွင် ဘုရားသခင်ကို ငြင်းဆန်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း မရှိတော့ပေ။ သေခြင်းက ချဉ်းကပ်လာသည့်အခါတွင်ပင် သူသည် လူတို့က မည်သို့ အသက်ရှင်သင့်သည်၊ ဖန်ဆင်းခံတစ်ယောက်က ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မည်သို့ သဘောထားသင့်သည်ဆိုသည်တို့ကို နားလည်ရန် မတတ်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ သူနှင့်ပတ်သက်ပြီး သနားစရာအကောင်းဆုံး၊ ဝမ်းနည်းစရာ အကောင်းဆုံးသောအရာဖြစ်သည်။ သေအံ့ဆဲဆဲတွင်ပင် လူတစ်ယောက်၏ ဘဝတစ်လျှောက်တွင် အရာရာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အောက်၌ ရှိသည်ကို နားလည်ရန် မတတ်နိုင်ခဲ့ပေ။ ဖန်ဆင်းရှင်က သင့်အား အသက်ရှင်စေလိုလျှင် သင်သည် သေစေနိုင်သော ရောဂါ၏ ဒုက္ခပေးခြင်းကို ခံရလျှင်ပင် သေမည်မဟုတ်ပေ။ ဖန်ဆင်းရှင်က သင့်အား သေစေလိုလျှင် သင်က ငယ်ရွယ်သည်၊ ကျန်းမာသည်၊ သန်မာသည်ဆိုလျှင်ပင် အချိန်ကျသောအခါ သေရမည်ဖြစ်သည်။ အရာရာတိုင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အောက်တွင်ရှိသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာဖြစ်သည်။ မည်သည်ကမျှ ယင်းကို မကျော်လွန်နိုင်ပေ။ ဤသို့သော ရိုးရှင်းသော အချက်တစ်ခုကို နားလည်သဘောပေါက်ရန် မတတ်နိုင်ခဲ့ပေ။ ဤသည်မှာ သနားစဖွယ် မဟုတ်သလော။ (ဟုတ်သည်။) သူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ စုဝေးပွဲများတက်ပြီး တရားဒေသနာများ နားထောင်သော်လည်း၊ သူ၏ တာဝန်ကို ထမ်းဆောင်သော်လည်း၊ ဘုရားသခင် တည်ရှိခြင်းကို သူ ယုံကြည်သော်လည်း သေခြင်း၊ ရှင်ခြင်းအပါအဝင် လူသား၏ ကံကြမ္မာသည် လူသား၏ အလိုဆန္ဒနှင့် မသက်ဆိုင်ဘဲ ဘုရားသခင်၏ လက်ထဲ၌ရှိသည်ကို အသိအမှတ်ပြုရန် ထပ်ခါထပ်ခါ ငြင်းဆန်သည်။ မည်သူကမျှ သူ ဆန္ဒရှိရုံဖြင့် မသေပေ။ မည်သူကမျှ အသက်ရှင်လိုပြီး သေခြင်းကို ကြောက်ရွံ့ရုံဖြင့် အသက်မရှင်ပေ။ ဤသို့ ရိုးရှင်းသည့်အချက်ကို သဘောမပေါက်နိုင်ပေ။ သေခြင်းနှင့် ရင်ဆိုင်ရတော့မည့်အချိန်တွင်ပင် ဤအရာကို သိမြင်ဖို့ မတတ်နိုင်ခဲ့ပေ။ လူတစ်ယောက်၏ ရှင်ခြင်း၊ သေခြင်းကို သူကိုယ်တိုင် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်၏ ကြိုတင်စီမံချက်အပေါ်တွင် မူတည်သည်ကို သူ မသိသေးပေ။ ဤသည်မှာ ဝမ်းနည်းဖွယ်ရာမဟုတ်သလော။ (ဟုတ်သည်။) ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးသည် လူတို့အတွက် အရေးမပါသည့် ပုံစံရှိနိုင်သော်လည်း ယင်းတို့အားလုံးသည် လူတစ်ယောက်က သာမန်လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင် လူများ၊ အမှုအရာများကို ရှုမြင်သည့် သဘောထားဖြင့် ပါဝင်ပတ်သက်နေသည်။ လူတစ်ယောက်သည် သာမန်လူသားဘဝနှင့် ဖြစ်တည်မှု၌ ဖြစ်ပေါ်သော အရာအမျိုးအစားတိုင်းကို အပြုသဘောဆောင်စွာ ချဉ်းကပ်နိုင်လျှင် သူ့၌ အတော်အတန်နည်းပါးသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များသာ ရှိလိမ့်မည်။ သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အတော်အတန်ပင် ပုံမှန်ဖြစ်ပြီး ဤသို့အားဖြင့် သမ္မာတရားကို သူ လိုက်စားပြီး လက်တွေ့အရှိတရားအတွင်းသို့ ဝင်ရောက်ရန် ပို၍ လွယ်ကူမည်၊ သူ ရင်ဆိုင်ရမည့် အခက်အခဲနှင့် အတားအဆီးများ လျော့ကျသွားမည်ဟူ၍လည်း ဆိုနိုင်သည်။ လူတစ်ယောက်၏ စိတ်နှလုံးတွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်မျိုးစုံဖြင့် ပြည့်နေလျှင် ဤသည်မှာ သူသည် ဘဝနှင့် ဖြစ်တည်မှု၏ အခက်အခဲများအား ချဉ်းကပ်ရာတွင် အပျက်သဘောဆောင်သော အတွေးအမျိုးမျိုးဖြင့် ပြည့်လျှံနေသည်ဟု အဓိပ္ပာယ်ရပြီး ဤသို့ဆိုလျှင် သမ္မာတရားကို သူ လိုက်စားရာ၌ အတားအဆီးများ၊ အခက်အခဲများကို ပို၍ တွေ့ကြုံရလိမ့်မည်။ သမ္မာတရားကို လိုက်စားရန် သူ၏ စိတ်ဆန္ဒက မပြင်းပြလျှင်၊ စိတ်အားထက်သန်မှု များစွာမရှိလျှင်၊ သို့မဟုတ် ဘုရားသခင်အတွက် အလွန်ကြီးမားသောစိတ်ဆန္ဒမရှိလျှင် သမ္မာတရားကို သူလိုက်စားရာတွင် ရင်ဆိုင်ရသော အခက်အခဲများ၊ အတားအဆီးများသည် ကြီးမားလိမ့်မည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သူသည် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန် ရုန်းကန်ရလိမ့်မည်ဟု ဆိုလိုသည်။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြင်းထန်မှုကို ဘေးဖယ်ထားပြီး ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသက်သက်က သူ့အား ချည်နှောင်ပြီး ခြေလှမ်းတိုင်းကို ခက်ခဲစေလိမ့်မည်။ လူအချို့သည် မုန်းတီးမှု၊ ဒေါသ၊ ဝေဒနာ အမျိုးမျိုး၊ သို့မဟုတ် အခြားသော ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့တွင် ပေါ်ထွက်လာသော အတွေးအမျိုးမျိုးက အပျက်သဘောဆောင်သည်။ ဆိုလိုသည်မှာ အမှုကိစ္စအားလုံးနီးပါးတွင် သူ၏ အခြေအနေသည် အခြေခံအားဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ အုပ်စိုးခြင်းကို အစဉ်ခံရသည်။ သင်သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖြေရှင်းရန်၊ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက် အခြေအနေမှ လွတ်မြောက်ရန်အတွက် လိုအပ်သော စိတ်ခိုင်မာမှုနှင့် ဇွဲလုံ့လမရှိလျှင် သမ္မာတရားစစ်မှန်မှုအတွင်းသို့ သင် ဝင်ရောက်ရန် အလွန်အမင်း ခက်ခဲလိမ့်မည်။ လွယ်ကူမည်မဟုတ်ပေ။ ဤသည်မှာ လူတို့သည် သမ္မာတရားအား လိုက်စားခြင်း၏ လက်တွေ့အရှိတရားအတွင်းသို့ မဝင်ရောက်မီတွင် သာမန်လူ့သဘာဝနှင့် သက်ဆိုင်သည့် ပြဿနာတိုင်းနှင့် ပတ်သက်ပြီး အခြေခံအကျဆုံးသော မှန်ကန်သည့် အတွေးအမြင်၊ ရပ်တည်ချက်တို့ကို ဦးစွာ ပိုင်ဆိုင်ရမည်ဟု ဆိုလိုသည်။ ထိုမှသာ လူတို့သည် သမ္မာတရားကို နားလည်သဘောပေါက်ပြီး လက်ခံနိုင်သည်။ တဖြည်းဖြည်းချင်းဖြင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်သည်။ သမ္မာတရားအား တရားဝင် မလိုက်စားမီတွင် သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို ဦးစွာ ဖြေရှင်းပြီး ဤအဆင့်ကို ကျော်ဖြတ်ရမည်။ လူတို့သည် ဤအဆင့်ကို ကျော်ဖြတ်သွားပြီး အမျိုးမျိုးသော အမှုကိစ္စများနှင့် ပတ်သက်ပြီး ၎င်းတို့၏ အတွေး၊ အမြင်များ၊ ပြီးလျှင် လူများ၊ အမှုအရာများအပေါ် ၎င်းတို့ ရှုမြင်သည့် အမြင်ရှုထောင့်နှင့် ရပ်တည်ချက်တို့အားလုံး မှန်ကန်သွားသည်နှင့် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းသည် ၎င်းတို့အတွက် ပို၍ လွယ်ကူလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။