ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည် (အပိုင်း တစ်)
ဘုရားသခင် လူ့ဇာတိခံယူခဲ့သည်မှာ သူ့အမှု၏ ရည်မှန်းချက်သည် စာတန်၏ဝိညာဉ်၊ သို့မဟုတ် အကောင်အထည် မရှိသော အရာတစ်ခုတစ်လေမျှ မဟုတ်ဘဲ၊ ဇာတိခန္ဓာ ရှိပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသော လူသား ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အသွေးအသားနှင့် လူသားကို သူ့အမှု၏ ရည်မှန်းချက် ဖြစ်စေလေသည်မှာ လူသား၏ ဇာတိခန္ဓာသည် ဖောက်ပြန်ပျက်စီးပြီး ဖြစ်သောကြောင့် အတိအကျ ဖြစ်သည်။ ထို့အပြင် လူသားသည် ဖောက်ပြန်ပျက်စီးခြင်းခံရသည့်အရာ ဖြစ်သောကြောင့်၊ ဘုရားသခင်သည် လူသားကို သူ၏ ကယ်တင်ခြင်းအမှု၏ အဆင့် အားလုံးတစ်လျှောက်တွင် သူ့အမှု၏ တစ်ခုတည်းသော ရည်မှန်းချက် ဖြစ်စေပြီးဖြစ်သည်။ လူသားသည် သေမျိုးဖြစ်သည်၊ အသွေးနှင့်အသား ရှိပြီး၊ ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုက သာ၍ ကောင်းမွန်သော အကျိုးတရားများ ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏အမှုကို လုပ်ဆောင်ရန် လူကဲ့သို့ တူညီသော ပင်ကိုအရည်အသွေးများ ပိုင်ဆိုင်သည့် လူ့ဇာတိတစ်ခုကို ခံယူရပေမည်။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိခံယူရမည့် အကြောင်းမှာ လူသားသည် ဇာတိခန္ဓာ ရှိပြီး၊ အပြစ်ကို အောင်မြင်နိုင်စွမ်း မရှိ သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်စွမ်း မရှိသောကြောင့် အတိအကျ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာသည် လူသား၏အနှစ်သာရ၊ ပင်ကိုလက္ခဏာတို့နှင့် ကြီးမားစွာ မတူကွဲပြားသော်လည်း၊ သူ၏အသွင်သဏ္ဌာန်သည် လူနှင့် တထေရာတည်းတူလေသည်။ သူသည် သာမန်လူတစ်ဦး၏ အဆင်းသဏ္ဌာန် ရှိကာ၊ သာမန်လူတစ်ဦး၏ ဘဝကို နေထိုင်ကာ သူ့ကို မြင်သောသူများသည် သာမန်လူတစ်ဦးနှင့် ကွဲပြားမှုကို ပိုင်းခြားမသိမြင်နိုင်ပေ။ ဤပုံမှန်အဆင်းသဏ္ဌာန်နှင့် ပုံမှန်လူ့သဘာဝတို့သည် ပုံမှန်လူ့သဘာဝ၌ သူ၏ဘုရားသဘာဝအမှုကို လုပ်ဆောင်ရန် လုံလောက်ပေသည်။ သူ၏ဇာတိခန္ဓာသည် ပုံမှန်လူ့သဘာဝ၌ သူ၏အမှုကို သူ့အား လုပ်ဆောင်ခွင့်ပေးပြီး၊ လူသားအလယ် သူ၏ အမှုကို လုပ်ဆောင်ရန် ကူညီပေးကာ၊ ထို့အပြင် သူ၏ ပုံမှန်လူ့သဘာဝက လူသားအလယ် ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် သူ့ကို ကူညီလေသည်။ သူ၏ပုံမှန်လူ့သဘာဝသည် လူသားအလယ် များစွာသော အုတ်အော်သောင်းတင်းဖြစ်ခြင်းကို ဖြစ်စေပြီးဖြစ်သော်လည်း၊ ထိုသို့သော အုတ်အော်သောင်းတင်း ဖြစ်ခြင်းသည် သူ့အမှု၏ ပုံမှန်အကျိုးတရားများအပေါ် ထိခိုက်ခြင်း မရှိလေပြီ။ တိုတိုပြောရလျှင်၊ သူ၏ ပုံမှန်လူ့ဇာတိ၏ အမှုသည် လူသားအဖို့ အထွတ်အထိပ် အကျိုးရှိလေသည်။ လူအများစုသည် သူ၏ပုံမှန်လူ့သဘာဝကို လက်မခံကြသော်လည်း၊ သူ၏အမှုသည် ရလဒ်များ ရရှိနိုင်ဆဲဖြစ်ပြီး၊ ဤရလဒ်များကို သူ၏ ပုံမှန်လူ့သဘာဝကြောင့် ရရှိခြင်း ဖြစ်သည်။ ဤအရာနှင့်သက်ဆိုင်၍ ယုံမှားဖွယ်ရာမရှိပေ။ လူ့ဇာတိထဲက သူ၏အမှုမှ၊ ဘုရားသခင်၏ ပုံမှန်လူ့သဘာဝနှင့်ပတ်သက်၍ လူသားတို့အလယ် တည်ရှိသော အယူအဆများထက် လူသားသည် ဆယ်ဆ၊ သို့မဟုတ် များစွာပိုသော အရာတို့ကို ရရှိပြီး၊ ထိုသို့သော အယူအဆများ အားလုံးသည်လည်း နောက်ဆုံး၌ ဘုရားသခင့် အမှု၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်။ ပြီးလျှင် သူ့အမှုက ရရှိပြီးဖြစ်သော အကျိုးတရား၊ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် လူသားရှိသည့် အသိပညာသည် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အယူအဆများထက် သာလွန်များပြားသည်။ သူ၏ဇာတိခန္ဓာသည် မည်သည့် အသွေးအသားရှိသည့် လူသားနှင့်မျှ မတူညီသည့်အတွက်၊ လူ့ဇာတိ၌ သူပြုသော အမှုကို စိတ်ကူးရန်၊ သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ။ အပြင်ဘက် အကာသည် ဆင်တူသော်လည်း၊ အနှစ်သာရသည် မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူအလယ် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများစွာ ပေါက်ဖွားစေသည်၊ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာပင် ရရှိရန်လည်း ခွင့်ပြုနိုင်ပြီး၊ တူညီသော အပြင်ပန်းအကာ ပိုင်ဆိုင်ထားသည့် မည်သည့်လူကိုမဆိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် လူသားမျှ မဟုတ်ဘဲ၊ လူသား၏ အပြင်ပန်း အကာရှိသော ဘုရားသခင် ဖြစ်ပြီး၊ မည်သူမျှ သူ့ကို လုံးဝ ဉာဏ်မမီနိုင် သို့မဟုတ် နားမလည်နိုင်သောကြောင့် ဖြစ်သည်။ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍ မရနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူသားအဖို့ မမြင်ရသည့် ဝိညာဉ်တော်တစ်ပါးသာ ဖြစ်ပါက လူသားအတွက် ဘုရားသခင်ကို ယုံကြည်ရန် အလွန် လွယ်ကူသည်။ လူတို့သည် မိမိတို့၏စိတ်ကူးစိတ်သန်းများကို ဇက်ကုန်လွှတ်နိုင်သည်၊ မိမိတို့ကိုယ်ကိုယ် စိတ်ကျေနပ်စေရန်နှင့် မိမိတို့ကိုယ်ကိုယ် ပျော်ရွှင်စေရန် ၎င်းတို့နှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းဖြင့်၊ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင်ဘုရားသခင်က အကြိုက်နှစ်သက်ဆုံးအရာနှင့် ၎င်းတို့ကို လုပ်ဆောင်ရန် ဆန္ဒအရှိဆုံးသော မည်သည့်အရာကိုမဆို မည်သည့် သိက္ခာစောင့်စည်းမှုမျှ မရှိဘဲ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ ထို့အပြင် ဘုရားသခင်အပေါ် ၎င်းတို့ထက် မည်သူမျှ သစ္စာမစောင့်သိသကဲ့သို့ ဆက်ကပ်အပ်နှံခြင်းမရှိ၊ ပြီးလျှင် အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း မရှိကြဟု လူတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်မှုသည် မရေမရာဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့ရှာဖွေသောအရာအားလုံးသည် အပြောင်းအလဲ အနည်းငယ်ဖြင့် များစွာတူညီကြပေသည်။ ယင်းမှာ ၎င်းတို့၏ စိတ်ကူးများထဲရှိ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြသော်လည်း၊ ယင်းတို့၏ အနှစ်သာရမှာ အမှန်တကယ် အတူတူမျှသာ ဖြစ်သည်။
လူသားသည် ဘုရားသခင်၌ သူ၏ကြောင့်ကြမဲ့သည့် ယုံကြည်မှုအားဖြင့် သောကမရောက်သကဲ့သို့၊ မိမိ စိတ်ကျေနပ်သည်အတိုင်း ဘုရားသခင်ကို ယုံကြည်လေသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဘုရားသခင်ကို ယုံကြည်ကြပြီး အခြားမည်သူမျှ၏ ဘုရားသခင်ကို မယုံကြည်ကြသည့်အတွက်၊ ဤသည်မှာ မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်သည့် “လူ့အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ” ထဲမှ တစ်ခုဖြစ်သည်။ ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင်သီးသန့် ပိုင်ဆိုင်မှုဖြစ်ပြီး ဤသီးသန့် ပိုင်ဆိုင်မှုမျိုးကို အယောက်တိုင်းနီးပါး ပိုင်ဆိုင်လေသည်။ လူတို့သည် ဤပိုင်ဆိုင်မှုကို အဖိုးထိုက်သော ရတနာတစ်ခု အဖြစ် မှတ်ယူကြသော်လည်း၊ လူ၏ ဤသီးသန့် ပိုင်ဆိုင်မှုထက် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့်ဆိုင်သည့် သာ၍ရှင်းလင်းသော ဖော်ပြချက် မရှိသည့်အတွက်၊ ဘုရားသခင်အဖို့ ယင်းထက် သာ၍ နိမ့်ကျသောအရာ၊ သို့မဟုတ် သာ၍ အသုံးမကျသောအရာ မရှိပေ။ ဘုရားသခင်သည် လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ပုံသဏ္ဌာန်ဖြင့် လူ့ဇာတိတစ်ခုနှင့် လူသားက တွေ့မြင်နိုင်ပြီး ထိတွေ့နိုင်သည့်သူတစ်ဦး ဖြစ်လာသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုကြောင့် ဖြစ်သည်။ သူသည် ပုံသဏ္ဌာန် မရှိသော ဝိညာဉ်မဟုတ်ဘဲ၊ လူသားအနေဖြင့် တွေ့မြင်နိုင်ကာ ထိတွေ့လာနိုင်သည့် ဇာတိခန္ဓာတစ်ခု ဖြစ်သည်။ သို့ရာတွင် လူတို့ ယုံကြည်သည့် ဘုရားအများစုသည် ပုံသဏ္ဌာန် ကင်းမဲ့သည့်၊ လွတ်လပ်သည့် ပုံသဏ္ဌာန်ဖြင့်လည်း ရှိကြသည့် အသွေးအသားမဲ့ နတ်ဘုရားများ ဖြစ်သည်။ ဤနည်းဖြင့် လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင်ကို ယုံကြည်သောသူ အများစု၏ရန်သူ ဖြစ်လာပြီးဖြစ်ကာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အချက်ကို လက်မခံနိုင်သည့် သူများသည်လည်း ထိုနည်းတူစွာ ဘုရားသခင်၏ ရန်ဘက်များ ဖြစ်လာကြပြီးဖြစ်သည်။ လူသားသည် သူ၏စဉ်းစားမှုပုံစံကြောင့် သို့မဟုတ် သူ၏ ပုန်ကန်တတ်မှုကြောင့် အယူအဆများ ပိုင်ဆိုင်သည် မဟုတ်ဘဲ လူနှင့်ဆိုင်သည့် ဤသီးသန့် ပိုင်ဆိုင်မှုကြောင့် ဖြစ်သည်။ လူအများစု သေဆုံးကြသည်မှာ ဤပိုင်ဆိုင်မှုကြောင့် ဖြစ်ပြီး၊ လူ၏ အသက်တာကို ဖျက်ဆီးသည်မှာ ဤထိတွေ့၍မရ၊ မြင်၍မရသကဲ့သို့ လက်တွေ့အရှိတရားတွင် မတည်ရှိသော ဘုရားသခင် ဖြစ်သည်။ လူ၏အသက်တာသည် ကောင်းကင်ဘုံရှိ ဘုရားသခင်အားဖြင့် မဆိုထားနှင့်၊ လူ့ဇာတိခံ ဘုရားသခင်အားဖြင့် ဆုံးရှုံးရသည် မဟုတ်ဘဲ၊ လူ၏ ကိုယ်ပိုင်စိတ်ကူးနှင့်ဆိုင်သော ဘုရားကြောင့် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က လူ့ဇာတိအဖြစ်သို့ ကြွလာပြီးဖြစ်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဖောက်ပြန်ပျက်စီးနေသော လူသား၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ယင်းသည် လူ၏ လိုအပ်ချက်များကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ လိုအပ်ချက်ကြောင့် မဟုတ်ပေ၊ ပြီးလျှင် ဘုရားသခင်၏ စွန့်လွှတ်မှုများနှင့် ဆင်းရဲဒုက္ခအားလုံးသည် လူသားမျိုးနွယ်အတွက် ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တိုင်၏ အကျိုးအမြတ်အတွက် မဟုတ်ပေ။ ဘုရားသခင်အတွက် အကောင်းနှင့် အဆိုးများ၊ သို့မဟုတ် ဆုလာဘ်များ မရှိပေ။ သူသည် အနာဂတ် အကျိုးအမြတ်အချို့ကို ရိတ်သိမ်းလိမ့်မည် မဟုတ်ဘဲ၊ မူလက သူ့ကို အကြွေးတင်ထားခဲ့သည့် အရာတို့ကို ရိတ်သိမ်းလိမ့်မည် ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူ လုပ်ဆောင်ပြီး စွန့်လွှတ်သည့်အရာ အားလုံးသည် ကြီးစွာသော ဆုလာဘ်များကို သူ ရရှိရန်အလို့ငှာ မဟုတ်ဘဲ၊ လူသားမျိုးနွယ်အတွက် သက်သက် ဖြစ်သည်။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတွင် မစဉ်းစားနိုင်သော အခက်အခဲများစွာ ပါဝင်သော်လည်း၊ နောက်ဆုံးတွင် ယင်းက စွမ်းဆောင်ရရှိသည့် အကျိုးတရားများသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှု၏ အကျိုးတရားများထက် သာလွန် များပြားသည်။ လူ့ဇာတိ၏ အမှုသည် များစွာသော အခက်အခဲများ ဖြစ်ပေါ်စေပြီး၊ လူ့ဇာတိသည် ဝိညာဉ်တော်ကဲ့သို့ အလားတူ သြဇာအာဏာကို ပိုင်ဆိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်ကဲ့သို့ ကြီးမြတ်သည့် တူညီသော ပင်ကိုလက္ခဏာ မပိုင်ဆိုင်နိုင်၊ ဝိညာဉ်တော်ကဲ့သို့ တူညီသော သဘာဝလွန် လုပ်ဆောင်ချက်များကို မဆောင်ရွက်နိုင်ပေ။ သို့သော်လည်း ထူးခြားမှု မရှိသော ဤဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ အနှစ်သာရသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှု၏ အနှစ်သာရ ထက်သာ၍ များစွာသာလွန်ပြီး၊ ဤလူ့ဇာတိ ကိုယ်တိုင်သည် လူသားမျိုးနွယ် တစ်ရပ်လုံး၏ လိုအပ်ချက်များအဖို့ အဖြေ ဖြစ်လေသည်။ ကယ်တင်ခြင်းခံရမည့် သူများအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် လူ့ဇာတိကို အသုံးပြုနိုင်သည့် တန်ဖိုးထက် များစွာ နိမ့်ကျသည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာများ အားလုံးအနှံ့ ခြုံငုံနိုင်သော်လည်း၊ လူ့ဇာတိ၏ အမှုသည် သူနှင့် ထိတွေ့သော လူတိုင်းနှင့် သာ၍ ထိရောက်စွာ နှီးနွှယ်လေသည်။ ထို့အပြင် လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ပုံသဏ္ဌာန်ဖြင့် ဘုရားသခင်၏ လူ့ဇာတိကို လူသားက ပို၍နားလည်နိုင်ပြီး ပို၍ယုံကြည်နိုင်ကာ၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို သာ၍နက်သည်ထက် နက်လာနိုင်စေပြီး၊ ဘုရားသခင်၏ တကယ့် လုပ်ဆောင်ချက်များ နှင့်ဆိုင်သော သာ၍နက်နဲသည့် ထင်မြင်ချက်များကို လူသားအပေါ် ချန်ထားနိုင်ပေသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ပိတ်ဖုံးနေပြီး၊ သေမျိုးတို့အတွက် နားလည်ရန် ခက်ခဲကာ၊ တွေ့မြင်နိုင်ရန် သာ၍ပင်ခက်ခဲလေသည်၊ ထို့ကြောင့် ၎င်းတို့သည် အနှစ်မဲ့သော စိတ်ကူးစိတ်သန်းများ အပေါ်တွင်သာ မှီခိုနိုင်ကြလေသည်။ သို့ရာတွင် လူ့ဇာတိ၏ အမှုသည် ပုံမှန်ဖြစ်ပြီး၊ လက်တွေ့အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော ဉာဏ်ပညာကို ပိုင်ဆိုင်သကဲ့သို့၊ လူသား၏ ရုပ်ခန္ဓာမျက်လုံးဖြင့် ရှုမြင်၍ရသည့် အမှန်တရားတစ်ခု ဖြစ်သည်။ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနိုင်ကာ သူ၏ ပေါများလှသော စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်ပေ။ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ တိကျမှန်ကန်မှုနှင့် စစ်မှန်သောတန်ဖိုး ဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့ မမြင်နိုင်သကဲ့သို့ လူတို့ တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာအားဖြင့် ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ ဝိညာဉ်တော်၏ တို့ထိခြင်းနှင့် ဝိညာဉ်တော်၏ လမ်းပြခြင်းတို့ကိုသာ လုပ်ဆောင်နိုင်သည်၊ သို့ရာတွင် ဉာဏ်ရှိသော လူသားအတွက် ဤအရာတို့သည် မည်သည့် ရှင်းလင်းသော အဓိပ္ပာယ်ကိုမျှ မပေးချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးပြီး၊ နှုတ်ကပတ်တော်များဖြင့် ညွှန်ကြားချက် တစ်ခုကို မပေးနိုင်ပေ။ သို့သော် လူ့ဇာတိ၌ ဘုရားသခင်၏အမှုမှာမူ အလွန် ကွာခြား၏။ ယင်းသည် နှုတ်ကပတ်တော်များ၏ တိကျမှန်ကန်သော လမ်းပြမှု ပါဝင်သည်၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ရည်မှန်းချက်ပန်းတိုင်များ ရှိသည်။ သို့ဖြစ်၍ လူသည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုထားနှင့်၊ စမ်းတဝါးဝါးပင် သွားလာနေစရာ၊ သို့မဟုတ် ၎င်း၏ စိတ်ကူးစိတ်သန်းများကို အသုံးပြုစရာ မလိုပေ။ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် အမှု၏ ရှင်းလင်းပြတ်သားမှု ဖြစ်ပြီး ဝိညာဉ်တော်၏ အမှုမှ ယင်း၏ ကြီးမားသော ကွာခြားမှု ဖြစ်သည်။ ဝိညာဉ်တော်၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခု အတွက်သာ သင့်လျော်ပြီး၊ လူ့ဇာတိ၏အမှုကို အစားမထိုးနိုင်ပေ။ လူ့ဇာတိ၏အမှုသည် ဝိညာဉ်တော်၏အမှုထက် လူသားကို အလွန်တရာ ပို၍ တိကျပြီး လိုအပ်သော ရည်မှန်းချက်ပန်းတိုင်များနှင့် များစွာ ပို၍ စစ်မှန်၊ တန်ဖိုးရှိသော အသိပညာကို ပေးလေသည်။ ဖောက်ပြန်ပျက်စီးသော လူသားအဖို့ အကြီးမားဆုံးသော တန်ဖိုးရှိသည့် အမှုသည် လိုက်စားရန် တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်၍ရကာ ထိတွေ့၍ရသော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းပြမှုတို့သည်သာ လူသား၏အကြိုက်များနှင့် ကိုက်ပြီး၊ စစ်မှန်သော အမှုသည်သာ လူကို သူ၏ ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ စွမ်းဆောင် ရရှိနိုင်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်သာလျှင် လူသားကို ၎င်း၏ ယခင်က ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲ အနှစ်သာရ ဖြစ်သော်လည်း၊ ဤသို့သောအမှုကို သူ၏လူ့ဇာတိဖြင့်သာ လုပ်ဆောင်နိုင်ပေသည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်း အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်မည် မဟုတ်ပေ- ဤသည်မှာ ရှင်းလင်းသော အမှန်တရား ဖြစ်သည်။ လူအများစုသည် ဤလူ့ဇာတိကြောင့် ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး ဖြစ်သော်လည်း၊ ဘုရားသခင်သည် သူ၏အမှုကို အဆုံးသတ်သောအခါ၊ သူ၏အလိုကို ဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်လိမ့်မည် ဖြစ်သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်မြင်သက်သေများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီးဖြစ်သည့် သက်သေများ၊ သူနှင့်သဟဇာတ ဖြစ်ပြီး သူနှင့်ခွဲ၍မရသော သက်သေများ ဖြစ်လာကြလိမ့်မည်။ သူသည် လူသားအဖို့ လူ့ဇာတိ၌ သူ့အမှု၏ အရေးကြီးခြင်းကို လူသားအား သိရှိစေမည် ဖြစ်ပြီး၊ လူသားသည် လူ၏တည်ရှိမှု အဓိပ္ပာယ်အဖို့ ဤလူ့ဇာတိ၏ အရေးပါမှုကို သိရှိလိမ့်မည်၊ လူ့အသက်တာ ကြီးထွားမှုအဖို့ ဘုရားသခင်၏ စစ်မှန်သောတန်ဖိုးကို သိရှိလိမ့်မည် ဖြစ်ပြီး၊ ထို့အပြင် ဤလူ့ဇာတိသည် လူသားက ခွဲခွာ၍မရသည့် အသက်စမ်းရေ ဖြစ်လာလိမ့်မည်ကို သိရှိပေမည်။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနေအထားတို့နှင့်ကိုက်ညီခြင်းမှ အလှမ်းဝေးပြီး၊ လူသားအဖို့ ဘုရားသခင်၏ တကယ့် အဆင့်အတန်းနှင့် သဟဇာတဖြစ်ပုံ မရသော်လည်း၊ ဘုရားသခင်၏ စစ်မှန်သော ပုံသဏ္ဌာန် သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကို မပိုင်ဆိုင်သော ဤလူ့ဇာတိသည် ဘုရားသခင်၏ဝိညာဉ်တော်က တိုက်ရိုက် မလုပ်ဆောင်နိုင်သော အမှုကို လုပ်ဆောင်နိုင်လေသည်။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ စစ်မှန်သောအရေးပါမှုနှင့် တန်ဖိုးဖြစ်ပြီး၊ လူသားအနေဖြင့် နားမလည်နိုင်သကဲ့သို့၊ အသိအမှတ်မပြုနိုင်သည်မှာ ဤအရေးပါမှုနှင့် တန်ဖိုးတို့ဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကြည်ညိုကြပြီး၊ ဘုရားသခင်၏ လူ့ဇာတိကို အထင်သေးကြသော်လည်း၊ ၎င်းတို့ မည်သို့ပင် ရှုမြင်သည်ဖြစ်စေ သို့မဟုတ် တွေးထင်စေကာမူ၊ လူ့ဇာတိ၏ စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးသည် ဝိညာဉ်တော်၏ စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးထက် များစွာသာလွန်ပါသည်။ မှန်ပေ၏၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်နှင့်သာ သက်ဆိုင်ပေသည်။ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တသောသူ အားလုံးအတွက်၊ ဝိညာဉ်တော်၏ အမှုသည် တို့ထိမှု သို့မဟုတ် လှုံ့ဆော်မှု၊ ပြီးလျှင် ရှင်းပြ၍မရနိုင်သကဲ့သို့ မတွေးတတ်သော အံ့သြဖွယ်ခံစားချက်တစ်ခုနှင့် ကြီးမြတ်သော၊ ထူးကဲသာလွန်သကဲ့သို့ နှစ်လိုဖွယ်ကောင်းသော်လည်း အားလုံးအဖို့ ရယူရန်မဖြစ်နိုင်သကဲ့သို့ မရရှိနိုင်သောအရာလည်း ဖြစ်သည့် ခံစားချက်တစ်ခုကိုသာ ပေးနိုင်သည်။ လူသားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့ကြားတွင် ကြီးမားသည့် အကွာအဝေးတစ်ခု ရှိသည့်အလား၊ အဝေးမှသာ အချင်းချင်း ကြည့်ရှုနိုင်ကြပြီး၊ လူသားနှင့် ဘုရားသခင်တို့သည် မမြင်ရသော အပိုင်းအခြားတစ်ခုဖြင့် ခွဲခြားခံထားရသည့်နှယ် ၎င်းတို့သည် မည်သည့်အခါမျှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင် ဤသည်မှာ ဝိညာဉ်တော်က လူသားကိုပေးထားသော အတွေးမှားတစ်ခု ဖြစ်သည်၊ ယင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတစ်စားတည်း မဟုတ်သကဲ့သို့၊ ဝိညာဉ်တော်နှင့် လူသားတို့သည် လောကတစ်ခုတည်းတွင် မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်မည် မဟုတ်သောကြောင့် ဖြစ်ပြီး၊ ဝိညာဉ်တော်သည် လူနှင့်ဆိုင်သောအရာ မည်သည့်အရာမျှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်သည် လူသားက အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက် မလုပ်ဆောင်နိုင်သည့်အတွက်၊ လူသားသည် ဝိညာဉ်တော်၏ လိုအပ်ချက် မရှိပေ။ လူ့ဇာတိ၏အမှုသည် လိုက်စားရမည့် စစ်မှန်သော ရည်မှန်းချက်များ၊ ရှင်းလင်းသော နှုတ်ကပတ်တော်များနှင့် သူသည် စစ်မှန်ကာ ပုံမှန်ဖြစ်သည်ဟူသော ခံစားမှုတစ်ခု၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသော ခံစားမှုတို့ကို လူသားကို ပေးသည်။ လူသားသည် သူ့ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း၊ လူအများစုအတွက် သူသည် နားလည်သဘောပေါက်ဖို့ လွယ်ကူသည်။ လူသားသည် သူ၏ မျက်နှာကို ရှုမြင်နိုင်ပြီး၊ သူ၏အသံကိုကြားနိုင်ကာ သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤလူ့ဇာတိသည် လူသားကဲ့သို့ တူညီသော ကမ္ဘာလောကထဲတွင် ရှိသည့်အတွက်၊ ဤလူ့ဇာတိသည် လူသားအဖို့ ချဉ်းကပ်၍ရနိုင်သည်၊ မဝေးကွာဘဲ သို့မဟုတ် နားမလည်နိုင်စရာ မဟုတ်ဘဲ၊ မြင်၍ရနိုင်သကဲ့သို့ ထိတွေ့၍ရနိုင်ပေသည်။
ဇာတိခန္ဓာဖြင့် နေထိုင်သူအားလုံးအတွက် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်စားရမည့် ပန်းတိုင်များ လိုအပ်ကာ၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့် စစ်မှန်သော မျက်နှာကို မျက်မြင်တွေ့ခြင်း လိုအပ်ပေသည်။ နှစ်ခုလုံးကို ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာအားဖြင့်သာ စွမ်းဆောင်ရရှိနိုင်ပြီး၊ နှစ်ခုလုံးကို ပုံမှန်ဖြစ်ကာ စစ်မှန်သည့် လူ့ဇာတိဖြင့်သာ ဖြစ်မြောက်စေနိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်း လိုအပ်ရသည့် အကြောင်းရင်း ဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် တစ်ရပ်လုံးက ယင်းကို လိုအပ်ရသည့် အကြောင်းရင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိရှိရန်လိုအပ်သည့်အတွက်၊ မရေရာသကဲ့သို့ သဘာဝလွန်ဖြစ်သော ဘုရားများ၏ ပုံရိပ်များကို ၎င်းတို့၏နှလုံးသားများမှ ပပျောက်စေရမည် ဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပစ်ရန် လိုအပ်သည့်အတွက်၊ ၎င်းတို့သည် ပထမဦးစွာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိကြရမည် ဖြစ်သည်။ အကယ်၍ လူသည် လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ပပျောက်စေသည့် အလုပ်ကိုသာ လုပ်ဆောင်ပါက၊ သူသည် သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိမည် မဟုတ်ပေ။ လူတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများတစ်ခုတည်းဖြင့်သာ ဖော်ထုတ်၍ မရနိုင်၊ ဖယ်ရှား၍ မရနိုင်ပေ သို့မဟုတ် လုံးဝ ပပျောက်သွားစေ၍ မရနိုင်ပေ။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ လူတို့ထံမှ နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးတွင် ဖြစ်နိုင်ဦးမည် မဟုတ်ပေ။ ဤမရေမရာဖြစ်ပြီး သဘာဝလွန် အမှုအရာများကို လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံသဏ္ဌာန်အစစ်တို့ဖြင့် အစားထိုးခြင်းနှင့် လူတို့အား ယင်းတို့ကို တဖြည်းဖြည်း သိစေခြင်းအားဖြင့်သာ သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်ပေသည်။ လူသည် အတိတ်အချိန် ကာလများက ၎င်းရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှု မရှိသကဲ့သို့ သဘာဝလွန် ဖြစ်သည်ကို သတိပြုမိလေသည်။ ဤအကျိုးတရားကို စွမ်းဆောင်ရရှိနိုင်သည်မှာ လူတစ်ဦးဦး၏ သွန်သင်မှုများဖြစ်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်၏ တိုက်ရိုက် ဦးဆောင်မှုပင် မဟုတ်ဘဲ၊ လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် စစ်မှန်ခြင်းတို့သည် လူသား၏စိတ်ကူးထဲက မရေရာသကဲ့သို့ သဘာဝလွန်သော ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေသောကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို တရားဝင် လုပ်ဆောင်သောအခါ လူသား၏ အယူအဆများသည် ဖွင့်ချခံရလေသည်။ လူသား၏ မူလအယူအဆများကို လူ့ဇာတိခံ ဘုရားသခင်နှင့် ဆန့်ကျင်ကွဲလွဲသည့်အခါတွင်သာ ထုတ်ဖော်ပြနိုင်သည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ၊ လူသား၏ အယူအဆများကို ထုတ်ဖော်ပြ၍ မရနိုင်ပေ။ တစ်နည်းအားဖြင့်၊ အဖြည့်ခံအဖြစ် လက်တွေ့အရှိတရား မရှိဘဲ၊ မရေရာသော အရာများကို ထုတ်ဖော်ပြ၍ မရနိုင်ပေ။ မည်သူမျှ ဤအမှုကို လုပ်ဆောင်ရန် စကားလုံးများ သုံးနိုင်စွမ်း မရှိပေသကဲ့သို့၊ စကားလုံးများကို အသုံးပြုလျက် မည်သူမျှ ဤအမှုကို ရှင်းရှင်းလင်းလင်း ပြောနိုင်စွမ်း မရှိပေ။ ဘုရားသခင်ကိုယ်တိုင်သာ သူ၏ကိုယ်ပိုင် အမှုကို လုပ်ဆောင်နိုင်ပြီး သူ၏ကိုယ်စား အခြားမည်သူမျှ ဤအမှုကို မလုပ်ဆောင်နိုင်ပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ၊ လူသားသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်ခြင်းတို့ကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် လူသားအလယ်တွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုကာ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ဖြစ်ခြင်းတို့ကို လုံးဝ ထုတ်ပြသမှသာလျှင်၊ လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ စွမ်းဆောင်မရရှိနိုင်ပေ။ ဟုတ်ပေ၏၊ ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း ဤရလဒ်ကို စွမ်းဆောင်နိုင်စွမ်း မရှိပေ။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားကို စာတန်၏ စွမ်းအားမှ ကယ်တင်နိုင်သော်လည်း၊ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် မပြီးမြောက်နိုင်ပေ။ ထို့ထက် ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ ယူတင်ဝတ်ဆင်ထားသည့် ဇာတိခန္ဓာ၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကသာ လုပ်ဆောင်နိုင်သည်။ ဤလူ့ဇာတိသည် လူဖြစ်ပြီး ဘုရားလည်းဖြစ်သည်၊ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့် လူသားတစ်ယောက်နှင့် ဘုရားသဘောသဘာဝ အပြည့် ပိုင်ဆိုင်သော ဘုရားသခင်လည်း ဖြစ်သည်။ ထို့ကြောင့် ဤလူ့ဇာတိသည် ဘုရားသခင်၏ ဝိညာဉ်တော် မဟုတ်သကဲ့သို့၊ ဝိညာဉ်တော်နှင့် အလွန် ကွာခြားလှသော်လည်း၊ ယင်းသည် ဝိညာဉ်တော် ဖြစ်ပြီး လူ့ဇာတိလည်း ဖြစ်သော၊ လူသားကို ကယ်တင်သည့် လူ့ဇာတိခံ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ဆဲဖြစ်သည်။ သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ နောက်ဆုံးတွင် လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင် ကိုယ်တိုင် ဖြစ်နေဆဲဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိနှင့် ခွဲခြား၍မရသကဲ့သို့၊ လူ့ဇာတိ၏ အမှုသည်လည်း ဘုရားသခင့်ဝိညာဉ်တော်၏ အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုကို ဝိညာဉ်တော်၏ ပင်ကိုလက္ခဏာကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်ထားခြင်း မဟုတ်ဘဲ၊ လူ့ဇာတိ၏ ပင်ကိုလက္ခဏာကို အသုံးပြုခြင်းဖြင့် လုပ်ဆောင်ထားခြင်းမျှသာ ဖြစ်သည်။ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက် လုပ်ဆောင်ရန် လိုအပ်သည့် အမှုသည် လူ့ဇာတိခံယူခြင်းကို မလိုအပ်ပေ၊ ပြီးလျှင် လူ့ဇာတိက လုပ်ဆောင်ရန် လိုအပ်သည့် အမှုကိုလည်း ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်၍ မရနိုင်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ကသာ လုပ်ဆောင်နိုင်ပေသည်။ ဤသည်မှာ ဤအမှုအတွက် လိုအပ်သည့်အရာ ဖြစ်ပြီး၊ ဖောက်ပြန် ပျက်စီးနေသော လူသားမျိုးနွယ်က လိုအပ်သည့်အရာ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်တွင် အဆင့်တစ်ဆင့်ကိုသာ ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခြင်းဖြစ်ပြီး ကျန်အဆင့်နှစ်ဆင့်ကို လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်ခြင်းဖြစ်ကာ၊ ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့သော ပညတ်တော်ခေတ်၏ အမှုသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်း မပါဝင်သကဲ့သို့၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာနှင့်လည်း မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ သို့သော် ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏ လူ့ဇာတိ အမှုသည် လူသား၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားနှင့် ဘုရားသခင်နှင့် ပတ်သက်သော သူ၏အသိပညာတို့ပါဝင်ကာ၊ ကယ်တင်ခြင်းအမှု၏ အရေးကြီးကာ အရေးပါလှသော အစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ တိုက်ရိုက်အမှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် ၎င်းကို ထိန်းကျောင်းပေးရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် လူ့ဇာတိခံ ဘုရားသခင်ကို လိုအပ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ထံမှ ပို၍များသော ကျေးဇူးတော်နှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်လေသည်။ လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်သာ လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသား၏ အမြဲရှိနေသော အထောက်အမ ဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့ရော အတိတ်ကာလများတွင်ပါ လူ့ဇာတိခံယူခြင်း၏ လိုအပ်မှုဖြစ်သည်။
လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်ကာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ အားလုံးထဲမှ အမြင့်ဆုံး ဖြစ်သည်၊ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက်သည် စာတန် မဟုတ်ဘဲ လူသားဖြစ်ပြီး၊ ကယ်တင်ခြင်းခံရမည့်အရာမှာ လူသား၏ ဇာတိခန္ဓာနှင့် လူသား၏စိတ်ဝိညာဉ်ဖြစ်ကာ နတ်ဆိုးမဟုတ်ပေ။ စာတန်သည် ဘုရားသခင်၏ သုတ်သင်ခြင်း ခံရမည့်အရာ ဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက် ဖြစ်ကာ၊ လူသား၏ ဇာတိခန္ဓာကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်၊ ထို့ကြောင့် ပထမဆုံး ကယ်တင်ရမည့်အရာမှာ လူသား၏ဇာတိခန္ဓာ ဖြစ်ရပေမည်။ လူ၏ ဇာတိခန္ဓာသည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း အခံရဆုံး ဖြစ်ကာ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခု ဖြစ်လာပြီးဖြစ်သည်မှာ ဘုရားသခင်၏တည်ရှိမှုကိုပင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကာ ငြင်းပယ်သည်အထိ ဖြစ်လေသည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် အလွန်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက် မည်သည့်အရာမျှ ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ပြောင်းလဲရန် သာ၍ မခက်ခဲပေ။ စာတန်သည် လူသား၏ ဇာတိခန္ဓာ ထဲသို့ နှောင့်ယှက်မှုများ လှုံ့ဆော်ရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် နှင့် ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေရန် လူ၏ ဇာတိခန္ဓာကို အသုံးပြုပြီး၊ ထိုသို့ဖြင့် လူသားသည် စာတန် ဖြစ်လာကာ ဘုရားသခင်၏ရန်သူ ဖြစ်လာလေသည်။ လူသားအတွက် ကယ်တင်ခံဖို့ရန်၊ သူသည် ပထမဦးစွာ သိမ်းပိုက်ခြင်းကို ခံရမည်။ ဘုရားသခင်သည် စိန်ခေါ်မှုများကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန်နှင့် စာတန်နှင့် တိုက်ပွဲဝင်ရန် လူ့ဇာတိခံယူသည်မှာ ဤအကြောင်းကြောင့် ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ရှုံးနိမ့်ပြီး ပျက်သုဉ်းစေခြင်းခံရပြီးဖြစ်သည့် လူသား၏ ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုမှတစ်ဆင့် စာတန်ကို အနိုင်ယူစဉ်၊ တစ်ချိန်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်လေသည်။ ထို့ကြောင့်၊ ယင်းမှာ တစ်ပြိုင်နက် ရည်ရွယ်ချက် နှစ်ခုကို ဖြစ်မြောက်အောင်မြင်သည့် အမှုတစ်ခု ဖြစ်သည်။ လူသားနှင့် ပို၍ကောင်းစွာ ဆက်သွယ်နိုင်ရန်နှင့် လူသားကို ပို၍ကောင်းစွာ သိမ်းပိုက်နိုင်ရန်အလို့ငှာ၊ သူသည် လူ့ဇာတိဖြင့် အလုပ်လုပ်သည်၊ လူ့ဇာတိဖြင့် စကားပြောပြီး၊ လူ့ဇာတိဖြင့် အမှုအားလုံးကို ပြုလေသည်။ ဘုရားသခင်အနေဖြင့် နောက်ဆုံးအကြိမ် လူ့ဇာတိခံယူချိန်တွင်၊ နောက်ဆုံးသောကာလနှင့်ဆိုင်သည့် သူ၏အမှုသည် လူ့ဇာတိဖြင့် အဆုံးသတ်လိမ့်မည်။ သူသည် လူသားအားလုံးကို အမျိုးအစားအလိုက် ခွဲခြားလိမ့်မည် ဖြစ်သည်၊ သူ၏စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆုံးသတ်လိမ့်မည် ဖြစ်ပြီး၊ လူ့ဇာတိ၌ရှိသည့် သူ၏အမှုအားလုံးကိုလည်း အဆုံးသတ်လိမ့်မည်။ ကမ္ဘာမြေပေါ်ရှိ သူ၏အမှုအားလုံး အဆုံးသို့ ရောက်သည့်နောက်တွင်၊ သူသည် လုံးဝ အောင်နိုင်လိမ့်မည်။ လူ့ဇာတိ၌ အမှုပြုခြင်းဖြင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြည့်အဝ သိမ်းပိုက်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်ကို အပြည့်အဝ ရယူပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး အဆုံးသို့ ရောက်လာပြီးဖြစ်မည်ကို ဆိုလိုသည် မဟုတ်လော။ ဘုရားသခင်သည် လူ့ဇာတိ၌ သူ၏အမှုကို အဆုံးသတ်သောအခါ၊ စာတန်ကို သူ အပြည့်အဝ အနိုင်ယူကာ အောင်နိုင်ပြီးဖြစ်သည်နှင့်အမျှ၊ စာတန်သည် လူသားကို ဖောက်ပြန်ပျက်စီးစေဖို့ နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ ပထမ လူ့ဇာတိခံယူခြင်း အမှုသည် လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်း ဖြစ်သည်။ ယခုတွင် ယင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းနှင့် အပြည့်အဝ ရယူခြင်းနှင့်ဆိုင်သည့် အမှုဖြစ်ပေသည်၊ သို့မှသာ စာတန်သည် သူ၏အလုပ်ကို လုပ်ဆောင်ရန် မည်သည့် နည်းလမ်းမျှ ရှိတော့မည် မဟုတ်သကဲ့သို့ လုံးဝရှုံးနိမ့်ကာ ဘုရားသခင်သည် အပြည့်အဝ အောင်နိုင်ပြီးဖြစ်လိမ့်မည်။ ဤသည်မှာ လူ့ဇာတိ၏အမှုဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သောအမှု ဖြစ်သည်။ ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် ကနဦးအမှုကို ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ပြီး လူ့ဇာတိက လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့သော် ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် နောက်ဆုံးအမှုကို လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်ပြီး ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခြင်းမဟုတ်ပေ။ အလယ်အဆင့်၏ ရွေးနုတ်ခြင်း အမှုကိုလည်း လူ့ဇာတိ၌ရှိသည့် ဘုရားသခင်က လုပ်ဆောင်ခဲ့သည်။ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး တစ်လျှောက်တွင်၊ အရေး အကြီးဆုံးအမှုမှာ စာတန်၏စွမ်းအားမှ လူသားကို ကယ်တင်ရန် ဖြစ်သည်။ အဓိကအမှုမှာ ဖောက်ပြန်ပျက်စီးနေသော လူသားကို လုံးဝ သိမ်းပိုက်ခြင်း ဖြစ်သည်၊ ထိုသို့ဖြင့် သိမ်းပိုက်ခြင်းခံရသော လူသား၏နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မူလရိုသေလေးမြတ်မှုကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းနှင့် လူသားကို သူ၏ပုံမှန်အသက်တာ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ ပုံမှန်အသက်တာကို ရရှိခွင့်ပေးခြင်း ဖြစ်သည်။ ဤအမှုသည် အရေးပါလှပြီး၊ စီမံခန့်ခွဲခြင်း အမှု၏ ဗဟိုချက်ဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်တွင် ပညတ်တော်ခေတ်၏ အမှုနှင့် သက်ဆိုင်သော ပထမအဆင့်သည် စီမံခန့်ခွဲခြင်း အမှု၏ဗဟိုချက်နှင့် အလှမ်းကွာဝေး၏။ ယင်းသည် ကယ်တင်ခြင်းအမှု၏ အသွင်သဏ္ဌာန် အနည်းငယ်သာ ရှိပြီး စာတန်၏အုပ်စိုးမှုမှ လူသားကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အမှု အစမဟုတ်ပေ။ ပညတ်တော်အောက်တွင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ သိရှိကြပြီး သာ၍ များသော သမ္မာတရား မရှိခဲ့ကြသောကြောင့်၊ ပြီးလျှင် ပညတ်တော်ခေတ်ထဲက အမှုသည် စာတန်၏အုပ်စိုးမှုမှ လူသားကို ကယ်တင်ပုံနှင့် သက်ဆိုင်သည့် အမှုနှင့်ပတ်သက်ရန် မဆိုထားနှင့်၊ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်းများ ပါဝင်မှု မရှိသလောက် ဖြစ်သောကြောင့်၊ အမှု၏ ပထမအဆင့်ကို ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခဲ့သည်။ ထိုသို့ဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်မပတ်သက်သော အလွန့်အလွန် ရိုးရှင်းသည့် ဤအမှုအဆင့်ကို လုပ်ဆောင်ပြီးစီးခဲ့သည်။ ဤအမှုအဆင့်သည် စီမံခန့်ခွဲခြင်း ဗဟိုချက်နှင့် ပတ်သက်မှု နည်းပါးပြီး၊ လူသား၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် တရားဝင်အမှုနှင့် ကြီးမားသော ဆက်စပ်မှု မရှိပေ၊ ထို့ကြောင့် ဘုရားသခင်အနေဖြင့် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လူ့ဇာတိခံယူဖို့ မလိုအပ်ခဲ့ပေ။ ဝိညာဉ်တော်က လုပ်ဆောင်သော အမှုသည် သွယ်ဝိုက်ပြီး၊ နားလည်၍ မရနိုင်သကဲ့သို့၊ ယင်းသည် လူသားအဖို့ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းပြီး ချဉ်းကပ်၍ မရနိုင်ပေ။ ဝိညာဉ်တော်သည် ကယ်တင်ခြင်းအမှုကို တိုက်ရိုက် လုပ်ဆောင်ခြင်းနှင့် မသင့်တော်သကဲ့သို့၊ လူသားထံ အသက်ကို တိုက်ရိုက် ထောက်ပံ့ပေးရန် မသင့်တော်ပေ။ လူသားအတွက် အသင့်တော်ဆုံးမှာ ဝိညာဉ်တော်၏အမှုကို လူသားနှင့် နီးစပ်သည့် ချဉ်းကပ်နည်း တစ်ခုအဖြစ်သို့ အသွင်ပြောင်းရန် ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် အသင့်လျော်ဆုံးအရာမှာ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် ရိုးရိုး ပုံမှန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ပေတည်း။ ဤအရာက သူ၏ အမှုတွင် ဝိညာဉ်တော်၏နေရာကို ယူရန် ဘုရားသခင်သည် လူ့ဇာတိခံဖို့ လိုအပ်ပြီး၊ လူသားအတွက် ဘုရားသခင်အနေဖြင့် အမှုပြုရန် ထိုထက်ပို၍ သင့်တော်သော နည်းလမ်း မရှိတော့ပေ။ အမှု၏ ဤအဆင့်သုံးဆင့်ထဲတွင် အဆင့်နှစ်ဆင့်ကို လူ့ဇာတိက လုပ်ဆောင်ပြီး၊ ဤအဆင့်နှစ်ဆင့်သည် စီမံခန့်ခွဲခြင်း အမှု၏ အဓိကသော့ချက်အဆင့်များ ဖြစ်သည်။ လူ့ဇာတိခံယူခြင်း နှစ်ခုသည် နှစ်ဦးနှစ်ဖက် လိုက်ဖက်ညီကာ နှစ်ဦးနှစ်ဖက် လုံးဝ ပြည့်စုံစေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ပထမအဆင့်သည် ဒုတိယ အဆင့်အတွက် အခြေခံအုတ်မြစ်ကို ခင်းပေးပြီး၊ ယင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ခုသည် တစ်လုံးတစ်ဝတည်း ဖြစ်ကာ၊ အချင်းချင်း သဟဇာတမဖြစ်ခြင်းမရှိဟု ဆိုနိုင်သည်။ ဘုရားသခင့် အမှု၏ ဤအဆင့် နှစ်ဆင့်သည် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးအတွက် အလွန် အရေးကြီးသောကြောင့်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံ ပင်ကိုလက္ခဏာဖြင့် ဆောင်ရွက်ခဲ့သည်။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ခုနှင့်ဆိုင်သည့် အမှုမရှိဘဲနှင့်၊ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးသည် ရပ်တန့်သွားမည် ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် အနှစ်မဲ့သည့် စကားသာ ဖြစ်သွားမည်ဟု ပြော၍ရလုနီးနီး ဖြစ်သည်။ ဤအမှု အရေးကြီးသည် မကြီးသည်ဆိုသည်မှာ လူသားမျိုးနွယ်၏ လိုအပ်ချက်များအပေါ်၊ လူသားမျိုးနွယ်၏ အကျင့်ပျက်ပြားခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားနှင့် စာတန်၏ မနာခံမှုနှင့် အမှုကို ၎င်း၏ နှောင့်ယှက်မှု ပြင်းထန်ခြင်းတို့အပေါ် အခြေခံသည်။ ဤအမှုကို လုပ်ဆောင်ဖို့လိုလားသည့် သင့်တော်သောသူကို အလုပ်လုပ်သူအားဖြင့် ထမ်းဆောင်သည့် အမှု၏သဘာဝနှင့် အမှု၏ အရေးပါမှုတို့အပေါ်တွင် ကြိုတင်ခန့်မှန်းရပေသည်။ ဤအမှု၏ အရေးကြီးမှုနှင့် ပတ်သက်လာသည့်အခါ- ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူသားမှတစ်ဆင့် လုပ်ဆောင်သောအမှု- အမှုနှင့်ဆိုင်သည့် ခံယူရမည့် နည်းစနစ်အရ၊ ပထမဆုံး ဖယ်ရှားရမည်မှာ လူသားမှတစ်ဆင့် လုပ်ဆောင်သော အမှုဖြစ်ပြီး၊ အမှု၏သဘာဝ၊ ဝိညာဉ်တော်အမှုနှင့် လူ့ဇာတိ၏ အမှု၏ သဘာဝတို့အပေါ် အခြေခံ၍၊ လူသားအတွက် လူ့ဇာတိဖြင့် လုပ်ဆောင်သော အမှုသည် ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်သော အမှုထက် ပို၍ အကျိုးရှိပြီး၊ သာ၍ အကျိုးကျေးဇူးများ ပေးသည်ကို နောက်ဆုံးတွင် ဆုံးဖြတ်လေသည်။ ဤသည်မှာ အမှုကို ဝိညာဉ်တော်ဖြင့် လုပ်ဆောင်မည်၊ သို့မဟုတ် လူ့ဇာတိဖြင့် လုပ်ဆောင်မည်ကို ဆုံးဖြတ်ချိန် ထိုအချိန်က ဘုရားသခင်၏အကြံအစည် ဖြစ်သည်။ အမှု၏အဆင့် အသီးသီးအဖို့ အရေးပါမှုနှင့် အခြေခံတို့ရှိသည်။ ယင်းတို့သည် အခြေအမြစ် မရှိသော စိတ်ကူးစိတ်သန်းများ မဟုတ်သကဲ့သို့၊ ထင်ရာမြင်ရာ ဆောင်ရွက်ခြင်း မဟုတ်ပေ။ ယင်းတို့အဖို့ တိကျသေချာသော ဉာဏ်ပညာတစ်ခု ရှိပေသည်။ ယင်းသည် ဘုရားသခင်၏ အမှုအားလုံး နောက်ကွယ်မှ အမှန်တရား ဖြစ်သည်။ အထူးသဖြင့် လူ့ဇာတိခံ ဘုရားသခင်က လူသားအလယ် ကိုယ်တိုင်ကိုယ်ကျ အမှုပြုခြင်းကဲ့သို့သော ကြီးမားသည့် အမှုတစ်ခုတွင် ဘုရားသခင်၏ အစီအစဉ် သာ၍ပင် ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ဖြစ်ခြင်း အလုံးစုံတို့သည် သူ၏ အမှုထဲက လုပ်ရပ်တိုင်း၊ အကြံအစည်တိုင်းနှင့် စိတ်ကူးတိုင်းတို့တွင် ထင်ဟပ်သည်။ ဤသည်မှာ သာ၍ ခိုင်လုံပြီး စနစ်ကျသော ဘုရားသခင်၏ ဖြစ်တည်ခြင်း ဖြစ်သည်။ ဤသိမ်မွေ့သော အကြံအစည်များနှင့် စိတ်ကူးများသည် လူသားအတွက် စိတ်ကူးရန် ခက်ခဲပြီး၊ ယုံကြည်ရန် ခက်ခဲကာ၊ ထို့အပြင် လူသားအတွက် သိရှိရန် ခက်ခဲပေသည်။ လူသားက လုပ်ဆောင်သောအမှုသည် လူသားအတွက် အလွန် စိတ်ကျေနပ်ဖွယ် ဖြစ်သော ယေဘုယျ အခြေခံသဘောတရားအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏အမှုနှင့် နှိုင်းယှဉ်ပါက၊ အလွန် ကြီးမားသော ကွာဟချက်တစ်ခု တကယ်ကို ရှိပေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ကြီးမြတ်ပြီး၊ ဘုရားသခင်၏အမှုသည် ခမ်းနားကြီးကျယ်သော အတိုင်းအတာတစ်ခု ရှိသော်လည်း၊ ယင်းတို့နောက်ကွယ်တွင် လူသားအဖို့ မတွေးတတ်သည့် သေးငယ်ပြီး တိကျသော စီမံချက်များနှင့် အစီအစဉ်များစွာ ရှိလေသည်။ သူ၏အမှု အဆင့်တိုင်းကို အခြေခံသဘောတရားအတိုင်း ဆောင်ရွက်ထားခြင်း ဖြစ်သည်သာမက၊ အဆင့်အသီးသီးသည် လူ့ဘာသာစကားဖြင့် ရှင်းရှင်းလင်းလင်း ပြောဆို၍ မရနိုင်သည့်အရာများစွာ ပါဝင်ကာ၊ ဤသည်တို့မှာ လူသားဖို့ မြင်၍မရနိုင်သည့် အရာများဖြစ်သည်။ ဝိညာဉ်တော်၏အမှု ဖြစ်စေ၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်၏အမှု ဖြစ်စေ အသီးသီးသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အစီအစဉ်များ ပါရှိသည်။ ဘုရားသခင်သည် အခြေအမြစ် မရှိဘဲ အမှုမပြုသကဲ့သို့၊ အရေးမပါသော အမှုကို မလုပ်ဆောင်ပေ။ ဝိညာဉ်တော်သည် တိုက်ရိုက် အလုပ်လုပ်သောအခါတွင်၊ ယင်းသည် သူ၏ပန်းတိုင်များဖြင့် ဖြစ်ပြီး၊ အမှုပြုရန် သူလူ့ဇာတိခံယူချိန်တွင် (ဆိုလိုသည်မှာ သူ၏ပြင်ပအကာကို အသွင်ပြောင်းချိန်တွင်)၊ ယင်းသည် သာ၍ပင် သူ၏ ရည်ရွယ်ချက်များဖြင့် ဖြစ်ပေသည်။ သို့မဟုတ်ပါက သူသည် သူ၏ ပင်ကိုလက္ခဏာကို အဘယ်ကြောင့်များ လိုလိုလားလား ပြောင်းလဲမည်နည်း။ သို့မဟုတ်ပါက အဘယ်ကြောင့်များ သူသည် နိမ့်ကျသကဲ့သို့ မှတ်ယူခံရပြီး နှိပ်စက်ညှဉ်းပန်းခံရသည့် လူတစ်ယောက် ဖြစ်လာမည်နည်း။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။