မိမိကိုယ်ကို သိခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၄၆)

ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် လူဝင်စားသော နတ်ဆိုးများ သို့မဟုတ် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းခံရသူများမှအပ လူတို့၏ သဘာဝ အနှစ်သာရက အတူတူပင် ဖြစ်သည်။ လူအမျိုးမျိုးတို့၏အထဲတွင် မည်သည့် ဝိညာဉ်များ ရှိကြသည်ကို လူအချို့က အမြဲ လေ့လာရန် နှစ်သက်ကြသော်လည်း ဤသည်မှာ လက်တွေ့မကျပေ။ ဤအရာကို အာရုံစိုက်ခြင်းက သွေဖည်မှုများဆီသို့ အလွယ်တကူ ဆိုက်ရောက်သွားစေနိုင်သည်။ လူအချို့က သဘာဝလွန် အဖြစ်အပျက်များ ၎င်းတို့ တွေ့ကြုံခဲ့ရသောကြောင့် ၎င်းတို့၏ ဝိညာဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသည်ဟု အမြဲ ခံစားကြသော်လည်း အခြားသူများကမူ ၎င်းတို့ မည်သည့်အခါတွင်မျှ မပြောင်းလဲနိုင်သောကြောင့် မိမိတို့၏ ဝိညာဉ်တွင် ပြဿနာတစ်ခု ရှိသည်ဟု တွေးထင်ကြပေသည်။ အမှန်တွင် မိမိ၏ ဝိညာဉ်တွင် ပြဿနာတစ်ခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူသားသဘာဝသည် အတူတူပင်ဖြစ်သည်။ ယင်းက ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်သည်။ လူတို့၏ သဘာဝတွင် တူညီသောအရာများ ရှိသည့်နည်းတူ လူတို့၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာသည်လည်း အတူအတူနီးပါး ဖြစ်သည်။ လူအချို့သည် မိမိတို့ ဝိညာဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသည်ဟု အမြဲ မယုံသင်္ကာဖြစ်ကြပြီး “ထိုသို့သော အရာတစ်ခုကို ငါ အဘယ်ကြောင့် လုပ်ဆောင်နိုင်ရသနည်း။ ထိုအတွေးမျိုး ငါ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပါ။ ငါ့ဝိညာဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသလော”ဟု တွေးကြသည်။ ၎င်းတို့ကို ဘုရားသခင် ရွေးချယ်ထားခြင်း ရှိမရှိဟူသည်ကိုပင် ၎င်းတို့ သံသယရှိကြပြီး အကျိုးဆက်အနေဖြင့် ၎င်းတို့ ယခင်ပို၍ အပျက်သဘောဆောင်လာကြသည်။ လူအချို့သည် အမှုအရာများကို ဖြူစင်စွာ နားလည်သဘောပေါက်ကြပြီး ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ခြင်းကိုသာ အာရုံစိုက်ကြသည်။ “ဤအရာကို ငါ အဘယ်သို့ လုပ်ဆောင်နိုင်ရသနည်း။ မည်သည့် စိတ်သဘောထားကို ငါ ထုတ်ဖော်ခဲ့သနည်း။ မည်သည့် သဘာဝက ထိုအရာကို ထိန်းချုပ်သနည်း။ သမ္မာတရားနှင့်အညီ ငါ မည်သို့ ဆောင်ရွက်နိုင်မည်နည်း”ဟူ၍ ဖြစ်သည်။ ဤကဲ့သို့ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ခြင်းအားဖြင့် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှာတွေ့ရန်အပြင် မိမိကိုယ်ကို သိသည့်အသိကို စွမ်းဆောင်ရရှိရန် လွယ်ကူပေသည်။ လူတိုင်း၏ မိမိကိုယ်ကို သုံးသပ်သည့် နည်းစနစ်များနှင့် လမ်းကြောင်းများသည် မတူပေ။ အချို့က သမ္မာတရားကို ရှာဖွေခြင်းနှင့် မိမိကိုယ်ကို သိရှိခြင်းအပေါ် အာရုံစိုက်ကြစဉ်တွင် အခြားသူတို့က တိုးတက်ရန် ခက်ခဲစေပြီး အပျက်သဘောဆောင်ခြင်းထဲတွင် ပိတ်မိရန် လွယ်ကူစေသည့် မရေရာသကဲ့သို့ လက်တွေ့မကျသော အရာများအပေါ် အမြဲ အာရုံစိုက်ကြသည်။ သင်၏ ဝိညာဉ်က မည်သည့်အရာဖြစ်စေ၊ မည်သူကမျှ ဝိညာဉ်၏ အမှုအရာများကို မမြင်နိုင်သကဲ့သို့ မထိတွေ့နိုင်သောကြောင့် ဤအရာကို အာရုံစိုက်လွန်းခြင်းက အမှုအရာများကို တားဆီးရုံသာ ဖြစ်စေလိမ့်မည်ကို သင် ယခု နားလည်ရန် လိုအပ်သည်။ အာရုံစိုက်ရမည့် အဓိကအရာမှာ လူတို့ကို ပိုင်းခြားသိမြင်ခြင်းနှင့် ဆက်စပ်သည့် လူသားမျိုးနွယ်၏ သဘာဝ အနှစ်သာရဖြစ်ပြီး လူတို့၏ သဘာဝ အနှစ်သာရကို သင် ပိုင်းခြားသိမြင်နိုင်လျှင် လူတို့ကိုယ်တိုင်ကို သင် ပိုင်းခြားသိမြင်နိုင်သည်။ အကြင်သူ၏ သဘာဝ အနှစ်သာရတွင် မည်သည့်အရာများ တည်ရှိသည်၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ခံရနိုင်ပြီး ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာများ လိုအပ်သည်ဟူသည်တို့ကို ရှင်းလင်းစွာ သိမြင်ခြင်းဟူသည့် ဤအရာမှာ ဘုရားသခင်ကို ယုံကြည်သည့်အခါ အာရုံစိုက်ရမည့် အရေးအကြီးဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို ဤနည်းဖြင့် တွေ့ကြုံခြင်းဖြင့်သာ အကြင်သူသည် သမ္မာတရားကို ရရှိနိုင်ပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်စေနိုင်သည်။ သို့ရာတွင် မိမိကိုယ်ကို မည်သို့ သိရှိရမည်နည်း။ မိမိ၏ကိုယ်ပိုင် သဘာဝကို မည်သို့ သိရှိရမည်နည်း။ အကြင်သူသည် မိမိ၏ လုပ်ရပ်များမှတစ်ဆင့် မိမိထုတ်ဖော်သည့် စိတ်သဘောထားများအတိုင်း မိမိ၏ သဘာဝ အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို သိမြင်နိုင်သည်။ ထို့ကြောင့် မိမိကိုယ်ကို သိရှိခြင်းအတွက် အဓိကသော့ချက်မှာ မိမိကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရှိရန် ဖြစ်သည်။ ဤသို့သိရှိခြင်းအားဖြင့်သာ လူတစ်ဦးသည် မိမိ၏ သဘာဝအနှစ်သာရကို နားလည်နိုင်မည်ဖြစ်ပြီး သဘာဝအနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်ခြင်းသည် မိမိကိုယ်ကို စေ့စေ့စပ်စပ် နားလည်ခြင်းဖြစ်သည်။ မိမိကိုယ်ကို သိရှိခြင်းသည် နက်နဲသော အလုပ်တာဝန်တစ်ခု ဖြစ်ပြီး လူတစ်ဦးက ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဟူသည့်အရာအတွက် အဓိက သော့ချက်မှာ ၎င်းအနေဖြင့် မိမိကိုယ်ကို သိရှိပုံ ဖြစ်သည်။ လူတစ်ဦးသည် မိမိကိုယ်ကို အမှန်တကယ် သိရှိသည့်အခါတွင်သာ အမှန်တကယ် နောင်တရနိုင်သည်၊ သမ္မာတရားကို အလွယ်တကူ လက်ခံနိုင်ပြီး ကယ်တင်ခြင်းသို့သွားသည့် လမ်းကြောင်းပေါ် ခြေလှမ်းလှမ်းနိုင်ပေသည်။ မိမိတို့ကိုယ်ကို မသိရှိသောသူတို့အတွက် အမှန်တကယ် နောင်တရဖို့ မဆိုထားနှင့်၊ သမ္မာတရားကို လက်ခံရန်ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် အဓိက ပြဿနာမှာ မိမိကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိနားလည်ရန် ဖြစ်သည်။ အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝခြင်းကို လုံးဝ မလိုက်စားနှင့်။ လူတစ်ဦး၏ ဝိညာဉ်က မည်သည့်အရာ ဖြစ်သည်ဟူသည့်အပေါ် အမြဲ အာရုံစိုက်ခြင်းသည် သွေဖည်ရန် လွယ်ကူစေပြီး လူတို့ကို ဆုံးဖြတ်ချက်လွဲမှားစေရန် သို့မဟုတ် ထိခိုက်နစ်နာစေရန် လွယ်ကူစေသည်။ လူတို့အတွက် မိမိတို့ကိုယ်ကို သိရှိခြင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိနားလည်ခြင်းနှင့် လူ၏ သဘာဝ အနှစ်သာရကို ရှင်းလင်းစွာ သိမြင်ခြင်းတို့ပေါ် အာရုံစိုက်ခြင်းက လက်တွေ့ကျသည်။ ပြီးလျှင် ဤအရာအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းနှင့် သမ္မာတရားကို လူတို့ လိုက်စားကာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်းအတွက် အကျိုးပြုလိမ့်မည် ဖြစ်သည်။

လူသားမျိုးနွယ်၏ သဘာဝ အနှစ်သာရသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းခံရသည့်နောက်တွင် သေးငယ်သော ကွဲပြားမှုများသာ ရှိလျက် အခြေခံအားဖြင့် အတူတူပင် ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အားလုံးတွင် တူညီသည့် ဘိုးဘေးဘီဘင်ရှိကြသောကြောင့်ဖြစ်သည်။ တူညီသည့် ကမ္ဘာလောကတွင် အသက်ရှင်ကြပြီး တူညီသည့် ဖောက်ပြန်ပျက်စီးခြင်းကို တွေ့ကြုံကြပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးသည် တူညီသည့်အရာများ ရှိကြသည်။ သို့တိုင် အချို့သောလူတို့သည် ပတ်ဝန်းကျင်တစ်ခုတွင် အမှုအရာတစ်မျိုးကို လုပ်နိုင်စွမ်း ရှိကြပြီး လူအချို့မှာ အခြားသော ပတ်ဝန်းကျင်တွင် အခြားသော အမှုအရာတစ်မျိုးကို လုပ်နိုင်စွမ်း ရှိကြသည်။ လူအချို့သည် ပညာတတ်ဖြစ်သဖြင့် အတော်အတန် ယဉ်ကျေးကြပြီး လူအချို့မှာ ပညာမတတ်သဖြင့် မယဉ်ကျေးကြပေ။ လူအချို့သည် အမှုကိစ္စများအပေါ် အမြင်တစ်မျိုး ရှိကြသည်။ အခြားသူတို့မှာ အမှုကိစ္စများအပေါ် အခြားအမြင်တစ်မျိုး ရှိကြသည်။ အချို့သည် လူမှုပတ်ဝန်းကျင်တစ်မျိုးတွင် အသက်ရှင်နေထိုင်ကြပြီး အချို့မှာ အခြားလူမှု ပတ်ဝန်းကျင်တစ်မျိုးတွင် နေထိုင်ကြကာ ၎င်းတို့တွင် အမွေဆက်ခံရသည့် မတူကွဲပြားသော ဓလေ့များနှင့် အသက်ရှင်နေထိုင်ခြင်း အမူအကျင့်များ ရှိကြသည်။ သို့သော် လူ့သဘာဝအတွင်း၌ ပေါ်လွင်သည့် အမှုအရာများ၏ အနှစ်သာရမှာ အားလုံး အတူတူပင် ဖြစ်သည်။ ထို့ကြောင့် မည်သည့် ဝိညာဉ်မျိုးကို သင် ပိုင်ဆိုင်သည်ဟူသည်ကို အမြဲ စိတ်ဝင်စားရန် သို့မဟုတ် ထိုအရာက ဝိညာဉ်ဆိုးတစ်ခု ဟုတ်မဟုတ်ဟူသည်ကို အမြဲ စိုးရိမ်ပူပန်ရန် သင့်အတွက် မလိုအပ်ပေ။ ဤသည်မှာ လူက လက်လှမ်းမီနိုင်သည့် အရာတစ်ခု မဟုတ်။ ဤအရာကို ဘုရားသခင်သာ သိရှိနိုင်ပြီး လူက သိနိုင်လျှင်ပင် လူအတွက် သိရှိခြင်းသည် အကျိုးရှိမည် မဟုတ်။ မိမိ၏ ဝိညာဉ်အပေါ် စိတ်ဖြာလေ့လာဆွေးနွေးရန် သို့မဟုတ် စဉ်းစားချင့်ချိန်ရန် အမြဲ အလိုရှိခြင်းတွင် မည်သည့် အကျိုးကျေးဇူးမျှ မရှိပေ။ ဤသည်မှာ မသိနားမလည်သကဲ့သို့ နားဝေတိမ်တောင် အဖြစ်ဆုံးသော လူများ လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်သည်။ သင်သည် တစ်စုံတစ်ရာကို အမှားလုပ်မိသည့်အခါ သို့မဟုတ် တစ်နည်းနည်းဖြင့် ပြစ်မှားမိသည့်အခါ “ငါ၏ ဝိညာဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသလော။ ဤသည်မှာ ဝိညာဉ်ဆိုးတစ်ခု၏ အလုပ်လော။ ထိုသို့သော အဓိပ္ပာယ်မရှိသည့်အရာတစ်ခုကို ငါ အဘယ်သို့ဖြစ်ပြီး လုပ်ဆောင်နိုင်ခဲ့သနည်း”ဟုဆိုလျက် မိမိကိုယ်ကို သံသယမရှိနှင့်။ မည်သည့်အရာကို သင် လုပ်ဆောင်သည်ဖြစ်စေ ပြဿနာ၏ ရင်းမြစ်အတွက် သင်၏ သဘာဝကို သင် ကြည့်သင့်ပြီး လူတို့ ဝင်ရောက်သင့်သည့် သမ္မာတရားများကို ရှာဖွေသင့်သည်။ သင်၏ ဝိညာဉ်ကို သင် ဆန်းစစ်လျှင် လက်ချည်းဗလာဖြစ်သွားရလိမ့်မည်။ သင့်အတွင်းတွင် မည်သည့် ဝိညာဉ်မျိုး ရှိသည်ကို သင် သိရှိလာလျှင်ပင် သင်၏ ကိုယ်ပိုင် သဘာဝကို သင် သိရှိနိုင်မည်မဟုတ်သကဲ့သို့ သင်၏ ပြဿနာများကိုလည်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူအချို့သည် အမှန်တွင် သာ၍ပင် အတွေ့အကြုံနုသေးပြီး မိုက်မဲနေချိန်တွင် ၎င်းတို့က အထူး ဝိညာဉ်ရေးရာ ပြည့်ဝသည့်အလား သို့မဟုတ် ပညာရှင်ပီသသည့်အလား၊ မည်သည့်ဝိညာဉ် ၎င်းတို့တွင် ရှိသည့်အကြောင်းကို အမြဲ ပြောနေကြသည်။ လူအချို့သည် မိမိတို့ပြောသည့် စကားများက အလွန်နက်နဲကာ သာမန်လူတို့က နားလည်မည်မဟုတ်ဟု တွေးထင်လျက် အထူးသဖြင့် ဝိညာဉ်ရေးရာပြည့်ဝစွာ စကားပြောတတ်ကြသည်။ ၎င်းတို့က “ကျွန်ုပ်တို့၏ ဝိညာဉ်များက မည်သည့်အရာဖြစ်သည်ကို ဆန်းစစ်ရန် အလွန်အရေးကြီးသည်။ ကျွန်ုပ်တို့တွင် လူသား ဝိညာဉ်များ မရှိလျှင် ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း ကယ်တင်မခံရနိုင်ပါ။ ဘုရားသခင်ကို ကျွန်ုပ်တို့အပေါ် အလွန်အမင်း မနှစ်မြို့စေမည်မဟုတ်ပါ”ဟု ပြောကြသည်။ လူအချို့သည် ဤစကားများက ကျိုးကြောင်းသင့်သည်ဟု အလွန်အမင်း ခံစားလျက် ဤအရာကို ကြားသည့်အခါ အဆိပ်မိလာကြပြီး အထင်အမြင်မှားသွားကြကာ ၎င်းတို့က မည်သည့် ဝိညာဉ်မျိုးရှိသည်ကို စတင် ဆန်းစစ်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ ဝိညာဉ်ကို ထိုသို့အထူး အာရုံစိုက်သောကြောင့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အခါ မိမိတို့၏ ဝိညာဉ်များကို ဆန်းစစ်လျက် စိတ်အနည်းငယ် မူမမှန်ဖြစ်သွားကြပြီး နောက်ဆုံးတွင် ပြဿနာတစ်ခုကို ၎င်းတို့ ရှာဖွေတွေ့ရှိကြသည်။ “ငါလုပ်ဆောင်သည့်အရာတိုင်းတွင် သမ္မာတရားကို အဘယ်ကြောင့် ငါ ဆန့်ကျင်သနည်း။ ငါ့ထံတွင် လူ့သဘာဝ သို့မဟုတ် အသိစိတ် တစ်စက်မျှ အဘယ်ကြောင့် မရှိရသနည်း။ ငါက ဝိညာဉ်ဆိုးတစ်ခု ဖြစ်ရမည်”ဟူ၍ ဖြစ်သည်။ အမှန်တွင် မကောင်းသည့် သဘာဝရှိပြီး သမ္မာတရား မရှိဘဲနှင့် လူသည် သမ္မာတရားနှင့် ကိုက်ညီသည့် အရာတစ်ခုတလေကို အဘယ်သို့ လုပ်ဆောင်နိုင်မည်နည်း။ ၎င်းတို့၏ လုပ်ရပ်များက မည်မျှ ကောင်းမွန်သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသေးသကဲ့သို့ ဘုရားသခင်ကို ရန်လိုနေကြဆဲဖြစ်သည်။ လူ့သဘာဝသည် ဆိုးရွားပြီး စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် စီမံညွှန်ကြားခြင်းခံရပြီးဖြစ်သည်။ ၎င်းတို့တွင် တကယ်ကို လူသား ပုံသဏ္ဌာန် မရှိကြ။ ဘုရားသခင်ကို လုံးဝ ပုန်ကန်ကြပြီး အတိုက်အခံလုပ်ကြကာ ဘုရားသခင်နှင့် အလွန်ဝေးကွာကြသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် မည်သည့်အရာကိုမျှ ၎င်းတို့ အမှန်တကယ် မလုပ်ဆောင်နိုင်ကြပေ။ လူ၏ ပင်ကို သဘာဝအတွင်းတွင် ဘုရားသခင်နှင့် သဟဇာတဖြစ်သောအရာ မည်သည့်အရာမျှ မရှိ။ ဤသည်မှာ အားလုံး သိသာပေသည်။

လူအချို့သည် အမြဲ အလွန်အကျွံ ထိရှလွယ်ကြပြီး မိမိတို့သဘာဝကို သိနားလည်ခြင်းကိစ္စအား ဘေးဖယ်ထားရင်း မိမိတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်ခြင်း ရှိမရှိ၊ သို့မဟုတ် မည်သည့် ဝိညာဉ်မျိုးကို မိမိတို့ ပိုင်ဆိုင်သည်ဟူသည်တို့ကို အလွန်အရေးထားကြသည်။ ဤသည်မှာ နှမ်းစေ့များကို ကောက်ရန် ဖရဲသီးတစ်လုံးကို ဆုံးရှုံးရခြင်းနှင့် တူသည်။ မရေရာသောအရာကို ဖမ်းဆုပ်သော်လည်း စစ်မှန်သည့်အရာကိုမူ လျစ်လျူရှုထားခြင်းသည် မိုက်မဲသည် မဟုတ်လော။ လေ့လာသည့် ဤနှစ်ကာလများတွင် ဝိညာဉ်နှင့်ဆိုင်သည့် အရာများ သို့မဟုတ် စိတ်ဝိညာဉ်နှင့်ဆိုင်သော ကိစ္စရပ်များကို သင် အကုန်အစင် နားလည်ပြီလော။ သင်၏ ဝိညာဉ်က မည်သည့်အရာကဲ့သို့ ဖြစ်သည်ကို သင် မြင်ပြီးပြီလော။ သင်၏ စိတ်ဝိညာဉ်ရှိ သဘာဝ အနှစ်သာရနှင့်ဆိုင်သော အရာများကို သင် နှိုက်နှိုက်ချွတ်ချွတ် ဖော်ထုတ်ရမည့်အစား သင်၏ ဝိညာဉ်ကို အမြဲ လေ့လာလျှင် သင်၏ လေ့လာမှုသည် ရလဒ်တစ်ခုတလေ ဖြစ်စေလိမ့်မည်လော။ ဤသည်မှာ မျက်စိကန်းသော လူတစ်ဦးက ဖယောင်းတိုင်ထွန်းပြီး ဖယောင်းကို ဖြုန်းတီးခြင်းနှင့်တူသည် မဟုတ်လော။ သင်၏ စစ်မှန်သည့် အခက်အခဲများကို သင် ဘေးဖယ်ပြီး ယင်းတို့ကို မည်သို့ ဖြေရှင်းရမည့်အကြောင်းကို သင် မစဉ်းစားပေ။ သင်သည် မရိုးဖြောင့်သော နည်းလမ်းများကို အမြဲ အသုံးပြုကာ သင့်တွင် မည်သည့် ဝိညာဉ်မျိုးရှိသည်ကို အမြဲ စဉ်းစားချင့်ချိန်နေသော်လည်း ဤသည်မှာ ပြဿနာတစ်ခုတလေကို ဖြေရှင်းနိုင်သလော။ သင်သည် ရိုးသားသည့်အလုပ်တွင် မည်သည့်အခါတွင်မျှ ပါဝင်ပတ်သက်ခြင်းမရှိဘဲ သင်၏ ဝိညာဉ်ကို အမြဲ လေ့လာနေရင်း ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားလျှင် သင်သည် အမိုက်မဲဆုံးသော လူဖြစ်သည်။ အမှန်တကယ် ဉာဏ်ရည်ဉာဏ်စွမ်း ရှိသောလူများသည် အောက်ပါ သဘောထား ရှိကြသည်။ “ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် သူ မည်သို့ ကျွန်ုပ်ကို ဆက်ဆံသည်ဖြစ်စေ၊ ကျွန်ုပ် မည်မျှ အကြီးအကျယ် ဖောက်ပြန်ပျက်စီးပါစေ သို့မဟုတ် ကျွန်ုပ်၏ လူ့သဘာဝက မည်သည့်အရာနှင့် တူပါစေ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို သိရှိရန် ကြိုးစားဖို့ ကျွန်ုပ်၏ စိတ်ပိုင်းဖြတ်ချက်တွင် ကျွန်ုပ် တည်ကြည်နေလိမ့်မည် ဖြစ်သည်”ဟူ၍ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်ရန် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည်။ ဤသည်မှာ လူ့ဘဝအတွက် ဦးတည်ချက်ဖြစ်သည်။ လူသားများက စွမ်းဆောင်ရရှိရန် ကြိုးစားနေသင့်သည့်အရာ ဖြစ်ပြီး ကယ်တင်ခြင်းသို့ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ယခုအခါတွင် လက်တွေ့ကျသည့်အရာမှာ သမ္မာတရား လိုက်စားခြင်း၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော သဘာဝကို သိရှိခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် သမ္မာတရားကို သိရှိနားလည်ခြင်းနှင့် ဘုရားသခင်၏ စိတ်ကျေနပ်သည်အထိ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ခြင်းတို့ ဖြစ်သည်။ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် စစ်မှန်သော လူတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းဟူသည့် ဤသည်မှာ လက်တွေ့ကျသည့်အရာ ဖြစ်သည်။ လက်တွေ့ကျသည့်အရာမှာ ဘုရားသခင်ကို ချစ်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်း ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင် အလိုရှိသည့် ရလဒ်များ ဖြစ်သည်။ ထိတွေမရသကဲ့သို့ မြင်၍မရနိုင်သည့်အရာများကို လေ့လာဆန်းစစ်ခြင်းသည် အချည်းနှီးဖြစ်၏။ ယင်းတို့သည် လက်တွေ့ကျသည့်အရာနှင့် ဘာမျှ ပတ်သက်ခြင်းမရှိသကဲ့သို့ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အကျိုးတရားများနှင့်လည်း ဘာမျှပတ်သက်ခြင်း မရှိပေ။ သင်သည် ယခုတွင် ရုပ်ခန္ဓာဖြင့် တည်ရှိသည်နှင့်အမျှ သမ္မာတရား သိနားလည်ခြင်း၊ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့် သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းတို့အား သင် လိုက်စားအားထုတ်ရမည်။ ဤသည်တို့မှာ လူအများစုက စွမ်းဆောင်ရရှိနိုင်သည့် အရာဟူသမျှ ဖြစ်သည်။

လူအချို့တွင် ဝိညာဉ်ဆိုးများ၏ အလုပ် သိသိသာသာ ရှိကြပြီး ယင်းဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်းပင် ခံရကောင်းခံရနိုင်သည်။ ဤကဲ့သို့သော လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရနိုင်သလော။ ဤသည်မှာ ပြောရန်ခက်ပြီး ၎င်းတို့အနေဖြင့် စဉ်းစဉ်းစားစား ပြုမူဆောင်ရွက်ကာ ပုံမှန် စိတ်အခြေအနေတစ်ခု ရှိမရှိဟူသည့်အပေါ် မူတည်သည်။ အရေးအကြီးဆုံးသောအရာမှာ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်ကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဖြစ်သည်။ ဤစံကို ၎င်းတို့ ပြည့်မီနိုင်ခြင်းမရှိလျှင် ၎င်းတို့ ကယ်တင်ခံရနိုင်သည့် နည်းလမ်း မရှိပေ။ ယခုအခါတွင် သင်တို့အားလုံးတွင် ပုံမှန် အသိစိတ် ရှိကြသည်၊ ပုံမှန်အတိုင်း စကားပြောကာ မည်သည့် သဘာဝလွန် သို့မဟုတ် မူမမှန်သည့် ဖြစ်စဉ်ကိုမျှ မတွေ့ကြုံရသေးပေ။ တစ်ခါတစ်ရံ သင်တို့၏ အခြေအနေများက အနည်းငယ် မူမမှန်ဖြစ်ကာ အမှုအရာများကို သင်တို့ လုပ်ဆောင်သည့် နည်းလမ်းများက မှားယွင်းနေသော်လည်း ဤသည်တို့မှာ လူသား သဘာဝ၏ ထုတ်ဖော်ချက်များသာ ဖြစ်သည်။ အမှန်တွင် ဤသည်မှာ အခြားလူတို့အတွက် အတူတူပင်ဖြစ်သည်။ ၎င်းတို့ ထုတ်ဖော်ချက်များ၏ နောက်ခံနှင့် အချိန်တို့သည်သာ ကွဲပြားပေသည်။ ယခု သင်တို့တွင် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ် ရှိပုံရပြီး ဝိညာဉ်နှင့်ဆိုင်သည့် ကိစ္စရပ်များနှင့် စကားများအကြောင်း ပြောဆိုသည်ကို ကြားပြီးနောက်တွင် ဝိညာဉ်နှင့်ဆိုင်သည့် ကိစ္စရပ်များအား သင့်ဘာသာ အလွန်ကောင်းစွာ နားလည်ပြီး ထိုသို့ အလွန်တော်သည့် လူတစ်ဦးဖြစ်သည့်အလား သင်သည် အတုခိုးကာ လိုက်လုပ်လေသည်။ ဝိညာဉ်ရေးရာ နယ်ပယ်နှင့်ဆိုင်သော ကိစ္စရပ်များကို ဘုရားသခင်သာ သိရှိပြီး ထိန်းချုပ်သည်။ လူတို့က သူ၏နှုတ်ကပတ်တော်များမှ အနည်းငယ် နားလည်နိုင်လျှင်ပင် တော်လှပြီဖြစ်သည်။ သို့ဆိုလျှင် ဝိညာဉ်ရေးရာ နယ်ပယ်ကို တစ်ဦးတစ်ယောက်က မည်သို့ အကုန်အစင် နားလည်နိုင်မည်နည်း။ ထိုသို့သော အရာများကို အမြဲ တွေးဆနေခြင်းဖြင့် လမ်းလွဲသွားရန် လွယ်ကူသည် မဟုတ်လော။ ယနေ့ခေတ် လူအားလုံးသည် ၎င်းတို့အတွင်းတွင် ဤအခြေအနေ ရှိကြသည်။ သင်သည် ဤကိစ္စရပ်များကို အမြဲ လေးနက်စွာ မဆွေးနွေးနိုင်သကဲ့သို့ ယင်းတို့ကြောင့် သင်သည် အားနည်းမလာနိုင်သော်လည်း သို့မဟုတ် ပြိုလဲမလာနိုင်သော်လည်း အခြားသူတို့၏ ဤစကားများဖြင့် သင် ယာယီ ထိခိုက်နိုင်နေဆဲ ဖြစ်သည်။ ဤကိစ္စရပ်မျိုးကို သင် သိပ်အာရုံစိုက်ကောင်း မစိုက်နိုင်သော်လည်း သင်၏ စိတ်နှလုံးတွင် ဝိညာဉ်နှင့်ဆိုင်သော အရာများကို အာရုံမစိုက်ဘဲ မနေနိုင်ဖြစ်နေဆဲဖြစ်ကာ သင်သည် ဆုတ်ဆိုင်းမှုတစ်ခုကို ခံစားကာ မှောက်မှားလျက် အချို့သော အရာများကို အမှန်တကယ် တလွဲလုပ်ဆောင်သည့် နေ့ရက်ရောက်လာလျှင် သင့်အနေဖြင့် “ငါ၏ ဝိညာဉ်လည်း မှားယွင်းသလော”ဟု ဆိုလျက် သင့်ကိုယ်သင် သံသယဝင်သင့်ပေသည်။ သင်သည် ပုံမှန်အားဖြင့် မည်သည့်အခါတွင်မျှ သံသယမရှိသကဲ့သို့ အခြားသူတို့က သံသယနွံနစ်နေသည်ကို သင် မြင်သည့်အခါ ၎င်းတို့ကို အဓိပ္ပာယ်မရှိဟု သင် တွေးထင်သည်။ သို့သော် သင် ပြုပြင်ခံရသည့် နေ့တစ်နေ့ ရောက်လာသည့်အခါ သို့မဟုတ် သင်သည် စာတန်ဖြစ်သည် သို့မဟုတ် ဝိညာဉ်ဆိုးတစ်ခု ဖြစ်သည်ဟု အခြားတစ်စုံတစ်ဦးက ပြောသည့် နေ့တစ်နေ့ ရောက်လာသည့်အခါ ထိုအရာကို သင် ယုံကြည်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ကဲ့သို့ပင် သင်သည် ရုန်းထွက်လွတ်မြောက်ရန် အားထုတ်နိုင်ခြင်းမရှိဘဲ သံသယနွံနစ်လာလိမ့်မည်။ အမှန်တွင် လူအများစုသည် ဝိညာဉ်နှင့်ဆိုင်သော အရေးကိစ္စများကို အလွန့်အလွန် အရေးကြီးသည့်အရာအဖြစ် မြင်ကာ မိမိတို့ကိုယ်ပိုင် သဘာဝ သို့မဟုတ် အသက်ဝင်ရောက်မှုကို သိနားလည်ခြင်းကဲ့သို့သော အရေးကိစ္စများကို လျစ်လျူရှုလျက် ဤပြဿနာကို ခံနိုင်ရည်မရှိပေ။ ဤအရာက ၎င်းတို့အား လက်တွေ့အရှိတရားနှင့် လုံးဝ ကင်းကွာသွားစေပြီး ထိုအရာသည် အတွေ့အကြုံဆိုင်ရာ သွေဖည်မှုတစ်ခု ဖြစ်သည်။

သင်တို့အားလုံးသည် သင်တို့ကိုယ်ပိုင် သဘာဝကိုလည်းကောင်း၊ သင့်သဘာဝ၏ မည်သည့် သွင်ပြင်လက္ခဏာများက သင့်ကို မှားယွင်းသည့်အရာများအား အလွယ်တကူ လုပ်ဆောင်စေနိုင်သည် သို့မဟုတ် သင့်ကို အလွယ်တကူ လမ်းလွဲသွားစေနိုင်သည်ကိုလည်းကောင်း သိရှိခြင်းအား အာရုံစိုက်သင့်ပြီး ဤအခြေခံအကြောင်းရင်းပေါ်တွင် အတွေ့အကြုံနှင့် သင်ခန်းစာများကို ပေါင်းရုံသုံးသပ်သင့်သည်။ အထူးသဖြင့် အစေခံခြင်း၊ ဘဝ အတွေ့အကြုံနှင့် သင်၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းအရ သာ၍ နက်နဲသော အသိပညာကို တဖြည်းဖြည်း ဖြစ်ပေါ်စေခြင်းအားဖြင့်သာ သင်၏ ကိုယ်ပိုင် အခြေအနေကို သင် သဘောပေါက်နိုင်လိမ့်မည်ဖြစ်ပြီး မှန်ကန်သည့် ဦးတည်ချက်ဖြင့် ကြီးထွားနိုင်လိမ့်မည်။ သင်သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာများကို ပိုင်ဆိုင်နိုင်ပြီး သင်၏ အတွင်းအသက်ဖြစ်စေနိုင်လျှင် သင်သည် များစွာ သာ၍ တည်ငြိမ်လိမ့်မည်၊ သင် နားမလည်သည့် အရာများနှင့်ပတ်သက်၍ တာဝန်မဲ့ပြီး ထင်ရာမြင်ရာဖြစ်သော မှတ်ချက်များကို ပေးလိမ့်မည်မဟုတ်တော့ပေ။ သင့်စကားများ၏ စစ်မှန်မှုအပေါ် အာရုံစိုက်လိမ့်မည်ဖြစ်ပြီး စစ်မှန်သည့်အရာများအကြောင်းကို မိတ်သဟာယ ပြုလိမ့်မည်ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝနှင့်ဆိုင်သည့် သာ၍ နက်နဲသော အသိပညာနှင့် သမ္မာတရားအပေါ် သာ၍ နက်နဲသော သိနားလည်မှုတစ်ခု ရရှိသည့်အခါ ရည်မွန်သည့် အသိစိတ်ဖြင့် သာ၍ စကားပြောကြလိမ့်မည်ဖြစ်ပြီး ထင်ရာမြင်ရာ ပြောဆိုကြလိမ့်မည် မဟုတ်တော့ပေ။ သမ္မာတရား မရှိသူတို့သည် အမြဲ ရိုးအပြီး မည်သည့်အရာကိုမဆို ပြောဆိုဝံ့ကြသည်။ ပြီးလျှင် ဧဝံဂေလိ ဖြန့်ဝေနေချိန်တွင် လူများကို ပိုမိုရရှိရန်အတွက် ဘာသာရေးသမားများနောက် လိုက်ပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားသည့်စကား ပြောဆိုရန် ဝန်မလေးသော လူအချို့ပင် ရှိသည်။ ၎င်းတို့ မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ မသိကြသကဲ့သို့ မိမိတို့ကိုယ်ပိုင် သဘာဝအပေါ် သိနားလည်မှုတစ်ခုမျှ မရှိကြဘဲ ဘုရားသခင်ကို မကြောက်ရွံ့ကြချေ။ ဤသည်မှာ အရေးကြီးသည့်ကိစ္စ မဟုတ်ဟု လူအချို့က ယုံကြည်ကြသော်လည်း အရေးကြီးသည့် ကိစ္စတစ်ခု အမှန်တကယ် မဟုတ်လေသလော။ ပြဿနာ၏ ဆိုးရွားမှုကို ၎င်းတို့ သတိပြုမိသည့် နေ့တစ်နေ့ ရောက်လာသည့်အခါ ၎င်းတို့ ကြောက်ရွံ့လာကြလိမ့်မည်။ ယင်းမှာ ဆိုးရွားသော လုပ်ဆောင်မှုတစ်ခုပါတကား။ ဤကိစ္စရပ်၏ အနှစ်သာရကို ၎င်းတို့ မရိပ်စားနိုင်သကဲ့သို့ မိမိတို့ကိုယ်ကိုပင်လျင် အလွန် အမြော်အမြင်ရှိပြီး အရာရာကို နားလည်သည်ဟု တွေးထင်ကြသည်။ သို့သော် ဘုရားသခင်ကို ၎င်းတို့ ပုန်ကန်ပြစ်မှားမိသည်ကို ၎င်းတို့ မသိကြသကဲ့သို့ ၎င်းတို့ မည်သို့ ပျက်စီးဆုံးရှုံးမည်ကိုလည်း မသိကြချေ။ သင်၏ ကိုယ်ပိုင် သဘာဝကို မသိလျှင် ငရဲ သို့မဟုတ် ဝိညာဉ်ရေးရာ နယ်ပယ်နှင့်ပတ်သက်သည့် ကိစ္စရပ်အားလုံးကို နားလည်ခြင်းသည် သင့်အတွက် အချည်းနှီး ဖြစ်သည်။ ယခုတွင် အဓိကသော့ချက်မှာ မိမိကိုယ်ကို သိရှိခြင်း၊ မိမိ၏ သဘာဝ အနှစ်သာရကို သိရှိခြင်းနှင့်ဆိုင်သည့် အခက်အခဲများကို ဖြေရှင်းရန် ဖြစ်သည်။ သင်၏ သဘာဝက ထုတ်ဖော်ပြသည့် အခြေအနေတစ်ခုစီတိုင်းကို သင် သဘောပေါက်ရမည်။ ဤအရာကို သင် မလုပ်ဆောင်နိုင်လျှင် အခြား မည်သည့် သိနားလည်မှုမဆိုသည် အချည်းနှီးဖြစ်၏။ သင့်တွင် မည်သည့် ဝိညာဉ် သို့မဟုတ် စိတ်ဝိညာဉ်မျိုး ရှိသည်ကို သိမြင်ရန် သင့်ကိုယ်သင် မည်မျှ စိတ်ဖြာလေ့လာဆွေးနွေးသည်ဖြစ်စေ အချည်းနှီးသာ ဖြစ်သည်။ အဓိကသော့ချက်မှာ သင်၏ သဘာဝတွင်ရှိသော သင့်အတွင်းတွင် အမှန်တကယ် တည်ရှိသည့် အမျိုးမျိုးသော အရာများကို သဘောပေါက်ရန် ဖြစ်သည်။ ယခုအခါတွင် သင့်အတွင်းတွင် မည်သည့် ဝိညာဉ်ရှိသည်ဖြစ်စေ သင်သည် ယခု ပုံမှန်တွေးခေါ်မှုရှိသည့် လူတစ်ဦးဖြစ်သောကြောင့် သမ္မာတရားကို သိနားလည်ခြင်းနှင့် လက်ခံခြင်းအား သင် လိုက်စားသင့်ပေသည်။ သင်သည် သမ္မာတရားကို နားလည်နိုင်လျှင် သမ္မာတရားနှင့်အညီ သင် ပြုမူဆောင်ရွက်သင့်သည်။ ဤသည်မှာ လူ၏ တာဝန်ဖြစ်၏။ ဝိညာဉ်နှင့်ဆိုင်သည့် ကိစ္စရပ်များအပေါ် စဉ်းစားချင့်ချိန်နေခြင်းသည် သင့်အတွက် တကယ်ကို အသုံးမဝင်သကဲ့သို့ အချည်းနှီးဖြစ်ကာ အကျိုးမရှိပေ။ ယနေ့ခေတ်တွင် ဝိညာဉ်ဆိုးများ၏ အလုပ်ရှိသောလူတို့သည် အသင်းတော်များတွင် နေရာအနှံ့ ထုတ်ဖော်ခံရလျက် ရှိသည်။ ဤလူများသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်လျှင် မျှော်လင့်ချက် ရှိကြသေးသော်လည်း သမ္မာတရားကို ၎င်းတို့ သဘောပေါက်နားလည်နိုင်ခြင်း မရှိသကဲ့သို့ လက်ခံနိုင်ခြင်း မရှိလျှင် ရှင်းလင်းပစ်ခြင်းသာ ခံရနိုင်သည်။ အကြင်သူသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်လျှင် ၎င်းတွင် ပုံမှန် အသိစိတ် ရှိသည်ကို ပြပြီး သမ္မာတရားကို ပိုမို နားလည်ပါက စာတန်က ၎င်းကို အထင်အမြင်မှားအောင် လုပ်နိုင်လိမ့်မည် မဟုတ် သို့မဟုတ် ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ဘဲ ၎င်းတို့ ကယ်တင်ခံရနိုင်သည့် မျှော်လင့်ချက် ရှိပေသည်။ ၎င်းတို့သည် မကောင်းဆိုးဝါးများ၏ ဝင်ပူးခြင်းခံရပြီး အချိန်အများစုတွင် ၎င်းတို့၏ အသိစိတ်က သိပ်ပုံမှန်မဟုတ်လျှင် ၎င်းတို့ လုံးဝ ဇာတ်သိမ်းသွားပြီဖြစ်ပြီး ပြဿနာ ဖိတ်ခေါ်မိခြင်းကို ရှောင်ရှားရန် ၎င်းတို့ ရှင်းလင်းပစ်ခံရမည်ဖြစ်သည်။ အတော်လေး ပုံမှန်ဖြစ်သော အသိစိတ်ရှိသည့် မည်သူမဆိုအတွက်၊ ၎င်းတို့ထဲတွင် မည်သည့် ဝိညာဉ်ရှိသည်ဖြစ်စေ၊ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အနည်းငယ်ရှိပြီး သမ္မာတရားကို ၎င်းတို့ နားလည်ကာ လက်ခံနိုင်သရွေ့ ၎င်းတို့တွင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိပေသည်။ လူသည် သမ္မာတရားကို လက်ခံရန် အစွမ်းအစ မရှိကောင်း မရှိနိုင်သော်လည်း လူတစ်ယောက်သည် တရားဒေသနာများကို ထိရောက်စွာ နားထောင်လျှင်၊ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုသည့်အခါ နားလည်ပြီး သဘောပေါက်နားလည်နိုင်ကာ ပုံမှန် တွေးခေါ်မှုရှိပြီး အဓိပ္ပာယ်မဲ့ခြင်းမရှိလျှင် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိမည့် မျှော်လင့်ချက် ရှိသည်။ သို့သော် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည့်လူများ သို့မဟုတ် လူ့ဘာသာစကားများကို နားမလည်သည့်လူများနှင့် အခြားသူတို့က ၎င်းတို့ကို သမ္မာတရားအား မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ နားမလည်နိုင်သည့် လူများရှိလိမ့်မည်ကို ငါစိုးရွံ့မိသည်။ ဤလူများသည် ဒုက္ခပေးတတ်ပြီး အလုပ်လုပ်ပေးသူများအဖြစ်ပင် အလုပ်မလုပ်နိုင်ကြပေ။ ထို့အပြင် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် သမ္မာတရားနှင့် ထိုသမ္မာတရားကို မိမိတို့လိုက်စားခြင်းကိုသာ အာရုံစိုက်သင့်သည်။ ဝိညာဉ်အကြောင်း ပြောခြင်း၊ လေ့လာခြင်း သို့မဟုတ် သိနားလည်ခြင်းကို ဆက်လက် အာရုံစိုက်မနေသင့်ပေ။ ဤသည်မှာ အဓိပ္ပာယ်မဲ့ပြီး ရယ်ဖွယ်ရာဖြစ်သည်။ ယခုတွင် အဓိကသော့ချက်မှာ တစ်စုံတစ်ဦးက သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို နားလည်ကာ စစ်မှန်မှုများထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိဖြစ်သည်။ ဤသည်မှာ အဓိကသော့ချက်ဖြစ်၏။ သို့သော် အကြင်သူက မိမိကိုယ်ကို သိရှိနိုင်ကာ မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ခြင်း ရှိမရှိ၊ ၎င်းသည် မိမိကိုယ်ပိုင် သဘာဝကို သိနားလည်သည့် တစ်စုံတစ်ဦး ဟုတ်မဟုတ်ဆိုသည်မှာ အရေးအပါဆုံး ဖြစ်သည်။ သင်၏ ကိုယ်ပိုင် ဝိညာဉ်က မည်သည့်အရာဖြစ်သည်ကို လေ့လာရန်မှာ အဓိပ္ပာယ်မဲ့ပြီး အထူးသဖြင့် သုံးမရပေ။ သင်၏ ကိုယ်ပိုင် ဝိညာဉ်က မည်သည့်အရာဖြစ်သည်၊ သင်၏ စိတ်ဝိညာဉ်နှင့်ပတ်သက်၍ မည်သည့်အရာဖြစ်နေသည်၊ သင်၌ မည်သည့် ဝိညာဉ်ရှိသည်၊ သင်၏ ဝိညာဉ်သည် အဆင့်မြင့်သော ဝိညာဉ် သို့မဟုတ် အဆင့်နိမ့်သော ဝိညာဉ် ဟုတ်မဟုတ်၊ မည်သည့် ဝိညာဉ်မှ သင် လူဝင်စားခဲ့သည်၊ ယခင်က သင် အကြိမ်မည်မျှ ရောက်လာခဲ့သည်၊ သင်၏ နောက်ဆုံး ရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည် သို့မဟုတ် အနာဂတ်က မည်သည့်အရာဖြစ်လိမ့််မည်ဟူသကဲ့သို့သော အရာများကို သင် အမြဲ လေ့လာလျှင် ဤအရာများကို အမြဲ လေ့လာခြင်းက အရေးကြီးသည့် ကိစ္စရပ်များကို နှောင့်ယှက်လိမ့်မည်။ ယင်းတို့ကို သင် အကုန်အစင် လေ့လာလျှင်ပင် အခြားသူတို့က သမ္မာတရားကို နားလည်ပြီး စစ်မှန်မှုများထဲသို့ ဝင်ရောက်သည့် တစ်နေ့တွင် သင့်ထံတွင် မည်သည့်အရာမျှ ရှိလိမ့်မည် မဟုတ်။ သင်သည် အရေးကြီးသည့် ကိစ္စရပ်များကို နှောင့်ယှက်မိပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ကိုယ့်ဒုက္ခကိုယ်ရှာမိပြီး ဖြစ်လိမ့်မည်။ သင်သည် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်မိပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို အချည်းနှီး ယုံကြည်မိပြီး ဖြစ်လိမ့်မည်။ ထိုအခါ မည်သူ့ကို သင် အပြစ်တင်မည်နည်း။ မည်သူ့ကိုမဆို အပြစ်တင်ခြင်းသည် အချည်းနှီးဖြစ်၏။ သင်ကိုယ်တိုင်၏ မသိနားမလည်မှုက ထိုအရာကို ဖြစ်စေခဲ့ခြင်းသာ ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။