လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း (အပိုင်း နှစ်)

ယခုတင် ပါရမီများနှင့် ဆုကျေးဇူးများအကြောင်း ငါ အဓိက ပြောဆိုဆွေးနွေးခဲ့သည်။ ဤပါရမီနှင့် ဆုကျေးဇူးများတွင် အသိပညာ ပါဝင်သလော။ အသိပညာနှင့် ပါရမီများကြားတွင် ခြားနားချက်တစ်ခုခု ရှိသလော။ ပါရမီတစ်ခုသည် ကျွမ်းကျင်မှုတစ်ခုကို ရည်ညွှန်း၏။ ထိုအရာသည် လူတစ်ဦးက အခြားသူများထက် သာ၍ ထင်ပေါ်သည့်နယ်ပယ်တစ်ခု၊ ၎င်းတို့ အစွမ်းအစ၏ သာ၍ ထင်ရှားသော အစိတ်အပိုင်းတစ်ခု၊ ၎င်းတို့ အတော်ဆုံးဖြစ်သည့်အရာ၊ သို့မဟုတ် ၎င်းတို့ အတော်အတန် အရည်အချင်းရှိပြီး နောကျေသည့် ကျွမ်းကျင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤအရာအားလုံးကို ပါရမီများနှင့် ဆုကျေးဇူးများဟု ခေါ်သည်။ အသိပညာမှာ အဘယ်နည်း။ အသိပညာဟူသည်မှာ မည်သည့်အရာကို အတိအကျ ရည်ညွှန်းသနည်း။ ပညာတတ်သောသူသည် နှစ်ပေါင်းများစွာ လေ့လာပြီးဖြစ်လျှင်၊ ဂန္တဝင်စာအုပ်စာပေများစွာကို ဖတ်ရှုပြီးဖြစ်လျှင်၊ အတတ်ပညာတစ်ခုခု သို့မဟုတ် အသိပညာ နယ်ပယ်တစ်ခုခုကို အလွန် နှိုက်နှိုက်ချွတ်ချွတ် လေ့လာပြီးဖြစ်လျှင်၊ ရလဒ်များ စွမ်းဆောင်ရရှိပြီးဖြစ်ကာ သတ်သတ်မှတ်မှတ်နှင့် ခြေခြေမြစ်မြစ်ရှိသော အထူးကျွမ်းကျင်မှုကို ပိုင်ဆိုင်လျှင် ဤအရာသည် ပါရမီများနှင့်လည်းကောင်း ဆုကျေးဇူးများနှင့်လည်းကောင်း ပတ်သက်မှုတစ်ခုခု ရှိသလော။ ပါရမီအမျိုးအစားတွင် အသိပညာကို ထည့်သွင်း၍ရနိုင်သလော။ (မရနိုင်ပါ။) လူတစ်ဦးသည် မိမိအလုပ်ကို လုပ်ဆောင်ရန် ပါရမီများကို အသုံးပြုလျှင် ၎င်းက ရိုင်းစိုင်းပြီး တောကျသော လူတစ်ဦး ဖြစ်နိုင်သည်၊ အဆင့်မြင့် ပညာရေးမရှိခြင်း ဖြစ်နိုင်သည်၊ ကျော်ကြားသည့် မည်သည့်စာအုပ်ကိုမျှ မဖတ်ဖူးခြင်း ဖြစ်နိုင်သည် သို့မဟုတ် သမ္မာကျမ်းစာကိုပင် နားမလည်နိုင်ခြင်း ဖြစ်နိုင်သည်။ သို့သော် ၎င်းတွင် အစွမ်းအစ အနည်းငယ် ရှိကောင်းရှိမည်ဖြစ်ပြီး နှုတ်ရေးကောင်းစွာ ပြောကောင်းပြောဆိုနိုင်ပေမည်။ ဤသည်မှာ ပါရမီတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ဤလူသည် ထိုသို့သော ပါရမီတစ်ခုကို ပိုင်ဆိုင်၏။ ဤသည်မှာ သူသည် အသိပညာရှိသည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ထို့ကြောင့် အသိပညာသည် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအသိပညာကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ဤသို့ ပြောကြစို့။ ဥပမာအားဖြင့် လူတစ်ဦးသည် ပညာရေးကို လေ့လာပြီးဖြစ်လျှင် ဤအတတ်ပညာနှင့်ဆိုင်သည့် အသိပညာက ၎င်းတို့တွင် ရှိသလော။ လူတို့ကို မည်သို့ သွန်သင်ပဲ့ပြင်ရမည်၊ အသိပညာကို အခြားသူများထံ မည်သို့ ပေးရမည်၊ မည်သည့် အသိပညာကို ပေးရမည် စသည်တို့ကဲ့သို့သော အရာများ ရှိသလော။ ဤနယ်ပယ်နှင့်ဆိုင်သော အသိပညာ ၎င်းတို့တွင် ရှိသောကြောင့် ဤနယ်ပယ်တွင် ၎င်းတို့သည် ဉာဏ်ကောင်းသောသူ ဖြစ်ကြသလော။ ၎င်းတို့ကို ဤကဏ္ဍတွင် အသိပညာပိုင်ဆိုင်သည့် ပါရမီရှိသော လူတစ်ဦးဟု ခေါ်ဆို၍ရနိုင်သလော။ (ရနိုင်ပါသည်။) ဤအရာကို ဥပမာတစ်ခုအဖြစ် အသုံးပြုကြစို့။ လူတစ်ဦးသည် ပညာရေးတွင် ပါဝင်ပတ်သက်နေသည့် ပညာတတ်သောသူတစ်ဦးဖြစ်လျှင် ထိုသို့သောလူသည် အလုပ်လုပ်သည့်အခါ သို့မဟုတ် အသင်းတော်ကို ဦးဆောင်သည့်အခါ မည်သည့်အရာကို ပုံမှန်အားဖြင့် လုပ်ဆောင်လိမ့်မည်နည်း။ ၎င်းတို့၏ ပုံမှန်လက်တွေ့လုပ်ဆောင်မှုများမှာ အဘယ်နည်း။ ကျောင်းသားတစ်ဦးကို ဆရာက စကားပြောသကဲ့သို့ လူတိုင်းကို ၎င်းတို့ စကားပြောကြသလော။ ၎င်းတို့ အသုံးပြုသည့် လေယူလေသိမ်းက အရေးမကြီးပေ။ အရေးကြီးသည်မှာ အခြားသူများထဲသို့ ၎င်းတို့ သွတ်သွင်းပြီး အခြားသူများကို သွန်သင်သည့်အရာ ဖြစ်သည်။ ၎င်းတို့သည် ဤအသိပညာဖြင့် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ကြပြီး ဤအသိပညာသည် အခြေခံအားဖြင့် ၎င်းတို့ ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီးဖြစ်သည်မှာ ၎င်းတို့ အပြုအမူ သို့မဟုတ် ဘဝ၏ သွင်ပြင်လက္ခဏာတိုင်းတွင် ဤအသိပညာကို ၎င်းတို့ ပိုင်ဆိုင်ကာ ၎င်းတို့ ဆည်းပူးခဲ့သည့် အသိပညာဖြင့် အသက်ရှင်နေထိုင်ကြကြောင်း သင် မြင်နိုင်သည့်အဆင့်ထိ ဖြစ်လေသည်။ ဤအရာကို မြင်ရသည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူများသည် မိမိတို့အလုပ်ကို လုပ်ဆောင်ရန် မည်သည့်အရာအပေါ် မကြာခဏ မှီခိုကြသနည်း။ ၎င်းတို့ ရရှိထားသော အသိပညာအပေါ်တွင် ဖြစ်သည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ဦးက၊ “ကျွန်တော် ဘုရားနှုတ်ကပတ်တော်ကို မဖတ်နိုင်ပါ။ အဲဒီနှုတ်ကပတ်တော်တွေကို ကိုင်ထားပေမဲ့ ဘယ်လိုဖတ်ရမယ်ဆိုတာကို ကျွန်တော် သိကိုမသိပါ။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် မဖတ်နိုင်ရင် သမ္မာတရားက ဘာလဲဆိုတာကို ဘယ်လိုလုပ်ပြီး သိမှာလဲ။ သူ့ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်တော် မဖတ်နိုင်ရင် သူ့ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော် ဘယ်လို နားလည်မှာလဲ”ဟု ပြောသည်ကို ၎င်းတို့ ကြားသည်ဆိုပါစို့။ ၎င်းတို့က “ဘယ်လိုဖြစ်တယ်ဆိုတာကို ကျွန်တော်သိတယ်။ ကျွန်တော့်မှာ အသိပညာရှိတယ်။ ဒါကြောင့် ခင်ဗျားကို ကျွန်တော် ကူညီနိုင်တယ်။ ဒီအခန်းကို စာပိုဒ်လေးပိုဒ်အနေနဲ့ ခွဲထားတယ်။ ပုံမှန်ဆိုရင်တော့ ဆောင်းပါးက ဇာတ်ကြောင်းပြန်ပြောတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုရင် အကြောင်းအရာ ခြောက်ခုပါတယ်။ အချိန်၊ နေရာ၊ ဇာတ်ကောင်တွေ၊ ဖြစ်ရပ်ရဲ့ အကြောင်းတရား၊ ဇာတ်ရှိန်တက်ချိန်နဲ့ နိဂုံးတို့ပေါ့။ ဒီဘုရားနှုတ်ကပတ်တော် အခန်းကို ထုတ်ဝေတဲ့အချိန်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလကုန်မှာပဲ။ ဒါကတော့ ပထမဆုံး အကြောင်းအရာပေါ့။ ဇာတ်ကောင်တွေအတွက်ကတော့ ဒီဘုရားနှုတ်ကပတ်တော်အခန်းက ‘ငါ’ လို့ ပြောထားတဲ့အတွက် ပထမပုဂ္ဂိုလ်က ဘုရားသခင်ပဲ။ အဲဒီနောက်မှာ ဘုရားသခင်က ‘သင်တို့’ လို့ ပြောထားတယ်။ ဒါက ကျွန်တော်တို့ကို ရည်ညွှန်းတာ။ အဲဒီနောက်မှာ လူတချို့ရဲ့ အခြေအနေတွေကို စိစစ်တယ်။ တချို့အခြေအနေတွေက ပုန်ကန်တတ်ပြီး မာနထောင်လွှားတယ်။ ဒါကတော့ မာနထောင်လွှားပြီး ပုန်ကန်တတ်တဲ့ လူတွေ၊ လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်တဲ့သူတွေ၊ ဒုက္ခပေးတဲ့သူတွေ၊ မကောင်းတဲ့၊ ဆိုးယုတ်တဲ့ လူတွေကို ရည်ညွှန်းတယ်။ ကိစ္စတွေရဲ့ ဖြစ်စဉ်ကတော့ လူတွေက မကောင်းတဲ့အရာတွေကို လုပ်ဆောင်ကြတယ်။ မတူကွဲပြားတဲ့ သွင်ပြင်လက္ခဏာတွေနဲ့ ဆက်စပ်နေတဲ့ တခြားအရာတချို့လည်း ရှိတယ်”ဟု ပြောကြသည်။ ဤအလုပ် နည်းလမ်းအပေါ် သင် မည်သို့ တွေးထင်သနည်း။ ၎င်းတို့က လူတို့ကို အလွန်ချစ်ခင်စွာ ကူညီကြသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သော်လည်း ၎င်းတို့ လုပ်ရပ်များ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ (အသိပညာဖြစ်သည်။) ဤဥပမာကို အဘယ်ကြောင့် ငါ ထုတ်ပြောရသနည်း။ အသိပညာက မည်သည့်အရာဖြစ်သည်ကို လူတို့အား သာ၍ ရှင်းလင်းစွာ နားလည်ဖို့ ကူညီရန်ဖြစ်သည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်ကို မည်သို့ ဖတ်ရှုရမည်ကို မသိကြသော်လည်း ပညာရေးတစ်ခုကို ၎င်းတို့ ရရှိခဲ့ကြပြီး ကျောင်းတွင် လူမှုဘာသာရပ်များ၌ ကောင်းစွာ လေ့လာနိုင်ခဲ့ကြသောကြောင့် ဘုရားနှုတ်ကပတ်တော် စာမျက်နှာကို ဖွင့်ဖတ်ကာ “ဘုရားနှုတ်ကပတ်တော်ရဲ့ ဒီအခန်းကို ကောင်းကောင်းကြီး ဖော်ပြထားတယ်။ ပထမအပိုင်းမှာ ဘုရားသခင်က ရိုးရိုးစင်းစင်း စကားပြောပြီး အဲဒီနောက် ဒုတိယအပိုင်းမှာ လေသံက ဘုန်းအာနုဘော်နဲ့ အမျက်ဒေါသ နည်းနည်းကို ပြတယ်။ တတိယအပိုင်းမှာ အရာရာကို တိတိကျကျနဲ့ ရှင်းရှင်းလင်းလင်း ဖော်ထုတ်ထားတယ်။ ဒါက ဘုရားနှုတ်ကပတ်တော် ဖြစ်သင့်တဲ့ ပုံစံပါပဲ။ စတုတ္ထအပိုင်းမှာ အထွေထွေ အကျဉ်းချုပ်က လူတွေကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းပေးတယ်။ ဘုရားနှုတ်ကပတ်တော်က ပြီးပြည့်စုံပါတယ်”ဟု ပြောကြသည်။ ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်သည့် ၎င်းတို့၏ ကောက်ချက်နှင့် အကျဉ်းချုပ်သည် အသိပညာမှ လာသလော။ (လာပါသည်။) ဤဥပမာက အလွန်သင့်တော်ခြင်း မရှိကောင်း မရှိနိုင်သော်လည်း ဤအရာကို ပြောခြင်းအားဖြင့် သင်တို့ကို ငါ နားလည်စေလိုသည့်အရာမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်ကို ချဉ်းကပ်ရန် အသိပညာကို အသုံးပြုခြင်း၏ အကျည်းတန်မှုကို ငါ သင်တို့အား ရှင်းလင်းစွာ မြင်စေလိုသည်။ ထိုအရာသည် စက်ဆုပ်ဖွယ်ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုရန် အသိပညာအပေါ် မှီခိုကြသည်။ ထို့ကြောင့် အမှုအရာများကို လုပ်ဆောင်ရန် သမ္မာတရားအပေါ် ၎င်းတို့ မှီခိုနိုင်ကြသလော။ (မမှီခိုနိုင်ကြပါ။) လုံးဝ မမှီခိုနိုင်ကြပေ။

အသိပညာဖြင့် အသက်ရှင်သော လူတို့က အမှုအရာများကို လုပ်ဆောင်ပုံနှင့်ဆိုင်သည့် ထူးခြားသော လက္ခဏာများမှာ အဘယ်နည်း။ ဦးစွာပထမ မည်သည့် အားသာချက်များ ပိုင်ဆိုင်သည်ဟု ၎င်းတို့ ထင်ကြသနည်း။ ၎င်းတို့၏ အသိပညာနှင့် သင်ယူလေ့လာမှု၊ ၎င်းတို့က ပညာတတ်သောသူများဖြစ်သည်ဟူသည့် အချက်နှင့် အသိပညာအခြေခံသည့် လုပ်ငန်းများတွင် ၎င်းတို့ အလုပ်လုပ်ခဲ့ကြသည်ဟူသည့် အချက်တို့ ဖြစ်သည်။ ပညာတတ်သောသူများသည် အမှုအရာများကို လုပ်ဆောင်သည့်အခါ ပညာတတ်သောသူများ၏ ပုံစံ၊ ထူးခြားသော လက္ခဏာများနှင့် အဆင်အပြင်များ ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာများတွင် အခြားလူတို့အား မိမိတို့ကို လေးစားကြည်ညိုစေသည့် ပညာတတ်သောသူများ ဟန်ပန်ဂိုက်ဆိုက်တစ်မျိုးကို မလုပ်ပြဘဲ မနေနိုင်ကြပေ။ ဤသည်မှာ ပညာတတ်သောသူများက အမှုကိစ္စများကို လုပ်ဆောင်သည့် ပုံစံဖြစ်သည်။ ၎င်းတို့သည် ပညာတတ်သောသူ ဟန်ပန်ဂိုက်ဆိုက်များကို အစဉ်သဖြင့် အာရုံစိုက်ကြသည်။ ၎င်းတို့အနေဖြင့် အပြင်ပန်းတွင် မည်မျှ အားနည်းပြီး နူးညံ့သိမ်မွေ့ပုံရပါစေ ၎င်းတို့အတွင်းထဲ၌ ရှိသောအရာများသည် သေချာပေါက် အားနည်းခြင်း၊ သို့မဟုတ် နူးညံ့သိမ်မွေ့ခြင်းမရှိဘဲ အရာရာအပေါ် မိမိတို့ကိုယ်ပိုင် အမြင်များ ရှိကြလေသည်။ အရာရာတွင် ၎င်းတို့သည် အမြဲ ကြွားချင်ကြသည်၊ မိမိတို့၏ သေးသိမ်သော အကြံအဖန်များကို အသုံးပြုချင်ကြပြီး အသိပညာနှင့်ဆိုင်သည့် အမြင်၊ သဘောထားများနှင့် အတွေးပုံစံတို့အပေါ် အခြေခံ၍ အမှုအရာများကို ခွဲခြမ်းစိတ်ဖြာပြီး ကိုင်တွယ်ချင်ကြသည်။ သမ္မာတရားသည် ၎င်းတို့အတွက် တိုက်ရိုက်မသက်ဆိုင်သောအရာတစ်ခု ဖြစ်ပြီး ၎င်းတို့အတွက် လက်ခံရန် အလွန်ခက်ခဲသည့်အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားအပေါ် ထိုသို့သော လူတစ်ဦး၏ ပထမဆုံး သဘောထားမှာ ခွဲခြမ်းစိတ်ဖြာရန်ဖြစ်သည်။ ၎င်းတို့၏ ခွဲခြမ်းစိတ်ဖြာခြင်း၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ အသိပညာဖြစ်သည်။ သင်တို့ကို ဥပမာတစ်ခု ငါပေးမည်။ ဒါရိုက်တာပညာကို လေ့လာခဲ့သည့်လူတို့သည် ဒါရိုက်တာပညာနှင့်ဆိုင်သည့် အသိပညာ ပိုင်ဆိုင်ကြသလော။ ဒါရိုက်တာပညာကို စာအုပ်များဖြင့် သင် စနစ်တကျ လေ့လာခဲ့သည်ဖြစ်စေ၊ လက်တွေ့ကျကျ လေ့လာပြီး ထိုအလုပ်မျိုးကို လုပ်ဆောင်ခဲ့သည်ဖြစ်စေ တိုတိုပြောရလျှင် သင်သည် ဤနယ်ပယ်ရှိ အသိပညာကို သဘောပေါက်မှုတစ်ခု ရှိပေသည်။ ဒါရိုက်တာပညာကို သင် ခြေခြေမြစ်မြစ် လေ့လာခဲ့သည်ဖြစ်စေ၊ အပေါ်ယံဆန်ဆန်သာ လေ့လာခဲ့သည်ဖြစ်စေ ဘာသာတရားမရှိသူတို့၏ လောကတွင် ဒါရိုက်တာအလုပ်၌ သင် ပါဝင်လုပ်ဆောင်ပါက ဤကဏ္ဍတွင် သင် ဆည်းပူးခဲ့သည့် အသိပညာ သို့မဟုတ် ဒါရိုက်တာပညာနှင့်ဆိုင်သည့် သင်၏ အတွေ့အကြုံသည် အလွန် အသုံးဝင်ပြီး တန်ဖိုးရှိပေမည်။ သို့ရာတွင် ဤအသိပညာမျိုးကို ပိုင်ဆိုင်ခြင်းက သင်သည် ဘုရားအိမ်တော်၏ ရုပ်ရှင်လုပ်ငန်းတွင် မုချ ကောင်းစွာ လုပ်နိုင်လိမ့်မည်ဟု ဆိုလိုသလော။ သင် ဆည်းပူးခဲ့သည့် အသိပညာသည် ဘုရားသခင်ကို သက်သေခံရန် ရုပ်ရှင်များကို အသုံးပြုဖို့ သင့်ကို အမှန်တကယ် ကူညီနိုင်သလော။ ကူညီချင်မှ ကူညီနိုင်ပေမည်။ ပုံနှိပ်စာအုပ်များက သင့်ကို သင်ကြားပေးသည့်အရာနှင့် လုပ်ငန်း အသိပညာနှင့်ဆိုင်သည့် စည်းမျဉ်းများနှင့် သတ်မှတ်ချက်များကို သင် ဆက်လက်အလေးထားလျှင် သင်၏ တာဝန်ကို ကောင်းစွာ သင် ထမ်းဆောင်နိုင်သလော။ (မထမ်းဆောင်နိုင်ပါ။) ဤနေရာတွင် အခြေအတင်ငြင်းခုံရသည့် သို့မဟုတ် သဘောကွဲလွဲရသည့် အကြောင်းရင်းတစ်ခု ရှိသည်မဟုတ်လော။ သမ္မာတရား စည်းမျဉ်းများက ဤအသိပညာ သွင်ပြင်လက္ခဏာနှင့် ဆန့်ကျင်သည့်အခါ သင် မည်သို့ ဖြေရှင်းသနည်း။ သင်၏ အသိပညာကို သင်၏ လမ်းညွှန်အဖြစ် သို့မဟုတ် သမ္မာတရား၏ စည်းမျဉ်းများအဖြစ် သင် လက်ခံသလော။ သင် ရုပ်ရှင်ရိုက်သည့် ရိုက်ချက်တိုင်း၊ ပြကွက်တိုင်းနှင့် လက်ရာတစ်ခုစီတိုင်းသည် သင်၏ အသိပညာနှင့် ရောနှောခြင်းမရှိ သို့မဟုတ် သင်၏ အသိပညာနှင့် ရောနှောမှု အလွန်နည်းပါးကြောင်းနှင့် ဘုရားအိမ်တော်က တောင်းဆိုထားသည့် စံနှုန်းများနှင့်လည်းကောင်း၊ စည်းမျဉ်းများနှင့်လည်းကောင်း လုံးဝ အညီဖြစ်သည်ဟု သင် အာမခံနိုင်သလော။ ဤအရာမဖြစ်နိုင်လျှင် သင် ဆည်းပူးခဲ့သည့် မည်သည့်အသိပညာမျှ ဘုရားအိမ်တော်၌ အသုံးမဝင်ပေ။ ဤအကြောင်းကို စဉ်းစားလော့၊ အသိပညာ၏ အသုံးဝင်မှုသည် အဘယ်နည်း။ မည်သည့်အသိပညာသည် အသုံးဝင်သနည်း။ မည်သည့် အသိပညာမျိုးက သမ္မာတရားနှင့် ဆန့်ကျင်သနည်း။ လူတို့ထံ အသိပညာက မည်သည့်အရာကို ဆောင်ကြဉ်းပေးသနည်း။ လူတို့က အသိပညာကို သာ၍ ဆည်းပူးသည့်အခါ ၎င်းတို့သည် သာ၍ ဘုရားတရားကိုင်းရှိုင်းလာပြီး ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ပိုမို ပိုင်ဆိုင်ကြသလော သို့မဟုတ် သာ၍ မာနထောင်လွှားလာပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူလာကြသလော။ အသိပညာများစွာ ဆည်းပူးပြီးနောက် လူတို့သည် သာ၍ ခက်ခဲရှုပ်ထွေးလာကြသည်၊ တစ်ယူသန်ဖြစ်လာပြီး၊ မာနထောင်လွှားလာကြလေသည်။ ၎င်းတို့ သဘောပေါက်မည်မဟုတ်သည့် သေစေနိုင်သော အခြားအရာတစ်ခု ရှိသေး၏။ လူတို့သည် အသိပညာများစွာကို ကျွမ်းကျင်ပိုင်နိုင်ကြပြီးသည့်အခါ ၎င်းတို့သည် စိတ်ထဲတွင် ပရမ်းပတာဖြစ်လာကြပြီး စည်းမျဉ်းများမဲ့လာကြကာ အသိပညာ သာ၍ ကျွမ်းကျင်ပိုင်နိုင်လေ၊ ပရမ်းပတာပိုဖြစ်လေ ဖြစ်လာကြသည်။ အသိပညာတွင် လူတို့ အဘယ်ကြောင့် အသက်ရှင်ကြသည်ဆိုသည်နှင့် လူသား တည်ရှိခြင်း၏ တန်ဖိုးနှင့် အဓိပ္ပါယ်တို့နှင့်ဆိုင်သော မေးခွန်းများအတွက် အဖြေများကို ရှာတွေ့နိုင်သလော။ လူတို့ မည်သည့်နေရာမှ လာပြီး မည်သည့်နေရာသို့သွားမည်ဟူသည်အတွက် ကောက်ချက်များကို ရှာတွေ့နိုင်သလော။ သင်သည် ဘုရားသခင်ထံမှလာကာ ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရသည်ဟု အသိပညာက သင့်ကို ပြောပြနိုင်သလော။ (မပြောပြနိုင်ပါ။) သို့ဆိုလျှင် အသိပညာလေ့လာမှုများအားဖြင့် ခြုံငုံထားခြင်း သို့မဟုတ် အသိပညာအားဖြင့် လူတို့တွင် သွတ်သွင်းထားခြင်းဟူသည်မှာ အတိအကျ မည်သည့်အရာဖြစ်သနည်း။ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများ၊ ဘုရားမဲ့ဝါဒနှင့်သက်ဆိုင်သည့် အရာများ၊ လူများမြင်နိုင်သည့်အရာများနှင့် သတိပြုနိုင်သည့် စိတ်ထဲမှအရာများ၊ ယင်းတို့ထဲမှ များစွာသည် လူများ၏ စိတ်ကူးများမှ ဖြစ်ပေါ်လာပြီး တကယ်ကို လက်တွေ့မကျပေ။ အသိပညာသည် လောကအမြင်များ၊ အတွေးအမြင်စနစ်များ၊ သဘောတရားများ၊ သဘာဝနိယာမများ စသည်တို့ကိုလည်း လူများတွင် သွတ်သွင်းပေးသည်၊ သို့ရာတွင် ယင်းက ရှင်းလင်းစွာ မရှင်းပြနိုင်သည့် အရာများစွာ ရှိလေသည်။ ဥပမာအားဖြင့် မိုးကြိုးနှင့် လျှပ်စီးမည်သို့ဖြစ်ပေါ်သည်၊ သို့မဟုတ် ရာသီဥတုများ အဘယ့်ကြောင့် ပြောင်းလဲသည်တို့ ဖြစ်သည်။ အသိပညာသည် သင့်ကို ထို စစ်မှန်သောအဖြေများ ပေးနိုင်သလော။ ဥတုရာသီသည် လက်ရှိတွင် အဘယ်ကြောင့် ပြောင်းလဲနေပြီး မူမမှန်ဖြစ်လာနေသနည်း။ အသိပညာသည် ဤသည်ကို ရှင်းလင်းစွာ ရှင်းပြနိုင်သလော။ ဤပြဿနာကို ပြေလည်စေနိုင်သလော။ (မပြေလည်စေနိုင်ပါ။) အရာခပ်သိမ်း၏ အရင်းအမြစ်နှင့် ဆက်နွှယ်သည့် ကိစ္စရပ်များအကြောင်းကို သင့်အား အသိပညာက မပြောပြနိုင်သောကြောင့် ယင်းသည် ထိုပြဿနာများကို မဖြေရှင်းနိုင်ပေ။ “လူအချို့သည် သေဆုံးပြီးသည့်နောက်တွင် အဘယ်ကြောင့် အသက်ပြန်ရှင်လာသနည်း” ဟု မေးသည့်သူများလည်း ရှိသည်။ အသိပညာသည် ဤသည်အဖို့ အဖြေကို သင့်အား ပေးပြီးဖြစ်သလော။ (မပေးပါ။) သို့ဆိုလျှင် အသိပညာသည် သင့်ကို မည်သည့်အရာပေးသနည်း။ ထိုအရာက လူတို့အား များစွာသော အလေ့အထများနှင့် စည်းမျဉ်းစည်းကမ်းများ အကြောင်း ပြောပြသည်။ ဥပမာအနေဖြင့် လူတို့က သားသမီးများကို ပြုစုပျိုးထောင်ရမည်ဖြစ်ပြီး မိမိတို့၏ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟူသည့် အယူအဆမှာ လူ့ဘဝနှင့်ပတ်သက်သည့် အသိပညာတစ်မျိုးဖြစ်သည်။ ဤအသိပညာသည် မည်သည့်နေရာမှ လာသနည်း။ ရိုးရာယဉ်ကျေးမှုက သွန်သင်ခဲ့ခြင်းဖြစ်သည်။ သို့ဆိုလျှင် ဤအသိပညာအားလုံးက လူတို့ထံ မည်သည့်အရာကို ယူဆောင်လာသနည်း။ အသိပညာ၏ အနှစ်သာရမှာ အဘယ်နည်း။ ဤလောကတွင် ဂန္တဝင်စာပေများကို ဖတ်ရှုပြီးကြသည့်၊ အဆင့်မြင့်ပညာရေးကို ရရှိပြီးကြသည့်လူများစွာ၊ နှံ့စပ်သည့်လူများ သို့မဟုတ် အထူးပြုသော အသိပညာနယ်ပယ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်သည့်လူများစွာ ရှိသည်။ ထို့ကြောင့် ဘဝလမ်းကြောင်းပေါ်တွင် ထိုသို့သော လူများသည် မှန်ကန်သည့် ဦးတည်ချက်နှင့် ရည်မှန်းချက်များ ရှိကြသလော။ မိမိတို့၏ အပြုအမူအတွက် အခြေခံစည်းနှင့် စည်းမျဉ်းများ ရှိကြသလော။ ထို့အပြင် ဘုရားသခင်ကို ကိုးကွယ်ရမှန်း ၎င်းတို့ သိကြသလော။ (မသိကြပါ။) နောက်တစ်ဆင့်ပြောရလျှင် သမ္မာတရား၏ အကြောင်းအရာတစ်ခုတလေကို ၎င်းတို့ နားလည်ကြသလော။ (နားမလည်ကြပါ။) သို့ဆိုလျှင် အသိပညာသည် မည်သည့်အရာ ဖြစ်သနည်း။ အသိပညာက လူတို့ကို မည်သည့်အရာ ပေးသနည်း။ လူတို့သည် ဤအရာနှင့်သက်ဆိုင်သည့် အတွေ့အကြုံ အနည်းငယ် ရှိတန်ရာသည်။ အတိတ်တွင် အသိပညာကို မပိုင်ဆိုင်သည့်အခါ လူတို့ကြားက ဆက်ဆံရေးများသည် ရိုးရှင်းခဲ့၏။ ယခု လူတို့က အသိပညာ ရရှိပြီးဖြစ်သဖြင့် ထိုဆက်ဆံရေးများက ရိုးရှင်းသေးသလော။ အသိပညာက လူတို့ကို သာ၍ ရှုပ်ထွေးခက်ခဲစေပြီး၊ မဖြူစင်စေတော့ပေ။ အသိပညာက လူတို့အား ပုံမှန်လူ့သဘာဝတွင် သာ၍ ချို့တဲ့စေပြီး၊ ဘဝရည်မှန်းချက် မရှိဖြစ်စေသည်။ လူတို့အနေဖြင့် အသိပညာ သာ၍ဆည်းပူရရှိလေ၊ ဘုရားသခင်ထံမှ သာ၍ ဝေးသွားလေဖြစ်သည်။ ၎င်းတို့သည် အသိပညာကို ပို၍ ဆည်းပူးရရှိလေ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်ကို ပို၍ ငြင်းပယ်လေဖြစ်သည်။ လူတို့တွင် အသိပညာ သာ၍ရှိလေ၊ ၎င်းတို့ သာ၍ အစွန်းရောက်၊ ခေါင်းမာကာ အဓိပ္ပာယ်မဲ့လာလေ ဖြစ်သည်။ ပြီးလျှင် ရလဒ်မှာ အဘယ်နည်း။ လောကကြီးက တရွေ့ရွေ့ သာ၍ မှောင်မိုက်ကာ တိုး၍ ဆိုးယုတ်လာပေသည်။

အသိပညာကို အသုံးပြုခြင်းနှင့် သမ္မာတရား စည်းမျဉ်းများကြား ရှိသည့် သဘောကွဲလွဲမှုများ သို့မဟုတ် ထိပ်တိုက်ဖြစ်မှုများ ထွက်ပေါ်သည့်အခါ မည်သို့ ဖြေရှင်းရမည်ကို ငါတို့ ယခုတင် ဖော်ပြပြီးဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ခုတွင် သင်တို့ ရှိကြသည့်အခါတိုင်း မည်သည့်အရာကို သင်တို့ လုပ်ဆောင်ကြသနည်း။ သင်တို့ထဲမှ အချို့က အယူဝါဒ ပေးကြပေမည်။ “သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းက အဘယ်မှာ ခက်သနည်း။ လက်လွှတ်၍မရနိုင်သည့်အရာ အဘယ်အရာ ရှိသနည်း”ဟူ၍ဖြစ်သည်။ သို့ရာတွင် သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင်၏ ကိုယ်ပိုင်အလိုဆန္ဒ၊ သင်၏ အယူအဆများနှင့် စိတ်ကူးများနောက်လိုက်ရင်း ယခင်အတိုင်း သင် ဆက်လုပ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ စည်းမျဉ်းများအတိုင်း သင် ပြုမူဆောင်ရွက်လိုသည့်အချိန်များ ရှိကောင်းရှိနိုင်သော်လည်း မည်သို့ဆိုစေ ထိုအရာကို သင် လုပ်ဆောင်နိုင်မည့်ပုံ ပေါ်ကိုမပေါ်ပေ။ အယူဝါဒနှင့်ပတ်သက်သည့်အခါ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်းသည် မှန်ကန်သင့်တော်သည်ကို လူတိုင်း သိကြသည်။ အသိပညာက သမ္မာတရား စည်းမျဉ်းများနှင့် တန်းတူမဟုတ်သည်မှာ သေချာသည်ကို ၎င်းတို့ သိကြပြီး ထိုအရာနှစ်ခုက သဘောကွဲလွဲလာကြသည့်အခါ သို့မဟုတ် အတိုက်အခံ ဖြစ်လာကြသည့်အခါ သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းနှင့် မိမိတို့၏ အသိပညာကို လက်လွှတ်ခြင်းအားဖြင့် အစပြုရမည်ကို ၎င်းတို့ သိကြသည်။ သို့သော် အဖြစ်မှန် ကိစ္စတစ်ခုအနေဖြင့် ထိုမျှ ရိုးရှင်းသလော။ (မရိုးရှင်းပါ။) ထိုမျှ မရိုးရှင်းပေ။ ထို့ကြောင့် လက်တွေ့လုပ်ဆောင်သည့်အခါ အခက်အခဲများမှာ အဘယ်နည်း။ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရန်အလို့ငှာ အကြင်သူသည် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤသည်တို့မှာ လက်တွေ့ကျသော ပြဿနာများ မဟုတ်ဘူးလော။ ယင်းတို့ကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဦးစွာပထမ အကြင်သူသည် ကျိုးနွံနာခံသင့်၏။ သို့ရာတွင် လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး တစ်ခါတစ်ရံတွင် ကျိုးနွံနာခံအောင် အားမထုတ်နိုင်ကြပေ။ ၎င်းတို့က “‘မြင်းတစ်ကောင်ကို ရေဆီသို့ သင် ပို့ဆောင်နိုင်သော်လည်း ရေသောက်အောင် မလုပ်နိုင်ပါ’၊ ကျွန်ုပ်ကို ကျိုးနွံနာခံစေရန် ကြိုးစားခြင်းသည် ထိုသို့ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်၏ အသိပညာ အစွမ်းအစအပေါ် ပြုမူဆောင်ရွက်ခြင်းက အဘယ်အရာ မကောင်းပါသနည်း။ သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရန် သင် မလျှော့တမ်းပြောလျှင် ကျွန်ုပ် ကျိုးနွံနာခံမည်မဟုတ်ပါ”ဟု ပြောကြသည်။ ပုန်ကန်တတ်သော စိတ်သဘောထားက ဒုက္ခပြဿနာ ဖြစ်စေရန် ပြင်ဆင်သည့် ဤအချိန်များတွင် သင် မည်သည့်အရာကို လုပ်ဆောင်သနည်း။ (ဆုတောင်းပါသည်။) တစ်ခါတစ်ရံ ဆုတောင်းခြင်းက ပြဿနာကို မဖြေရှင်းနိုင်ပေ။ ဆုတောင်းပြီးနောက်တွင် သင်၏ သဘောထားနှင့် စိတ်နေစိတ်ထားတို့ အနည်းငယ် ပိုကောင်းနိုင်ပြီး သင့်အခြေအနေ တစ်စိတ်တစ်ပိုင်းကို ပြောင်းလဲနိုင်သော်လည်း ဆီလျော်သည့် သမ္မာတရား စည်းမျဉ်းများအကြောင်းကို သင် နားမလည်လျှင် သို့မဟုတ် ရှင်းလင်းမှု ကင်းမဲ့လျှင် သင်၏ ကျိုးနွံနာခံခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခုထက် မပိုသည့်အရာအဖြစ် အဆုံးသတ်သွားနိုင်သည်။ ဤအချိန်များတွင် သမ္မာတရားကို သင် နားလည်ရန် လိုအပ်သည်။ ဆီလျော်သည့် သမ္မာတရားကို ရှာဖွေကာ သင် လုပ်ဆောင်သည့်အရာက ဘုရားအိမ်တော်၏အလုပ်၊ သူ့အတွက် သက်သေခံချက်နှင့် သူ့နှုတ်ကပတ်တော်များ ပျံ့နှံ့မှုတို့ကို မည်သို့အကျိုးပြုသည်ကို သိရှိနိုင်ဖို့ သင် ကြိုးပမ်းရန် လိုအပ်သည်။ ဤအရာများနှင့်ပတ်သက်၍ ပင်ကိုအားဖြင့် သင်၏ စိတ်နှလုံးထဲတွင် ရှင်းလင်းနေရမည်။ သင်၏ တာဝန် မည်သည့်အရာဖြစ်စေ၊ သင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများ၊ ဘုရားနှုတ်ကပတ်တော် ဖြန့်ဝေခြင်း သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းက မည်သည့်အရာကို စွမ်းဆောင်ရရှိရန် ရည်ရွယ်သည်ဟူသည်တို့ကို စဉ်းစားခြင်းအားဖြင့် သင် အစပြုရမည်။ ထိုအရာ ပထမဆုံး လာပေသည်။ ဤအရာနှင့်ပတ်သက်၍ မရေမရာဖြစ်စရာအကြောင်း လုံးဝ မရှိသကဲ့သို့ ဈေးဆစ်စရာအကြောင်းလည်း မရှိပေ။ ဤကဲ့သို့သော အချိန်များတွင် သင် ဈေးဆစ်လျှင် သင်၏ တာဝန်ကို စစ်မှန်ရိုးသားစွာ သင် ထမ်းဆောင်နေခြင်း မဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သာ၍ဆိုးသည်မှာ သင်သည် သင်၏ကိုယ်ပိုင် လုပ်ငန်းတွင် ပါဝင်ပတ်သက်နေခြင်းဖြစ်သည်ဟု ပြော၍ရနိုင်ပေသည်။ သင်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်မည့်အစား မိမိအတွက် အမှုအရာများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ အကြင်သူသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးစီးပြီး လူ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လျှင် ၎င်းတို့ ပထမဆုံး နားလည်ပြီး လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ အထမြောက်အောင် ဆောင်ရွက်ရမည့်အကြောင်းဖြစ်သည်။ သင့်ထံတွင် ဤရူပါရုံ ရှိရမည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းသည် သင့်ကိုယ်သင် သက်သေခံခြင်းနှင့် သင့်ကိုယ်သင် ထောက်ခံအားပေးခြင်း မဟုတ်သကဲ့သို့ သင်၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအကြောင်းဖြစ်ရန် မဆိုထားနှင့်၊ သင့်အတွက် အမှုအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် သင်၏ ကိုယ်ပိုင် လုပ်ငန်းတွင် ပါဝင်ပတ်သက်ခြင်းအကြောင်း မဟုတ်ပေ။ ယင်းမှာ သင်၏ ရည်မှန်းချက်ပန်းတိုင် မဟုတ်။ ထိုအစား သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းအကြောင်းဖြစ်သည်။ သင်၏ တာဝန်ကို ယူကာ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းအကြောင်း ဖြစ်သည်။ ပုံမှန် လူ့သဘာဝ၏ အသိတရားနှင့် ဆင်ခြင်တုံတရားတို့ကို အသက်ရှင်နေထိုင်ခြင်း၊ လူသားတစ်ဦးနှင့် ဆင်တူခြင်းဖြင့် အသက်ရှင်ခြင်း၊ ဘုရားသခင်ရှေ့တွင် အသက်ရှင်ခြင်းအကြောင်း ဖြစ်သည်။ ဤမှန်ကန်သည့် စိတ်နေစိတ်ထားမျိုးဖြင့် အကြင်သူသည် မိမိ၏ အသိပညာဖြင့် အသက်ရှင်ခြင်းနှင့်ဆိုင်သော အခက်အခဲကို အလွယ်တကူ ဖြတ်ကျော်နိုင်ပေသည်။ စိန်ခေါ်မှုအနည်းငယ် ကျန်ရှိနေလျှင်ပင် ဤဖြစ်စဉ်တစ်လျှောက် တဖြည်းဖြည်း ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး အခြေအနေများက ပိုကောင်းဖို့အတွက် ပြောင်းလဲသွားလိမ့်မည်။ ထို့ကြောင့် လတ်တလောတွင် သင်၏ အတွေ့အကြုံသည် မည်သည့်အရာနှင့် တူသနည်း။ ယင်းမှာ ပို၍ကောင်းလာသလော၊ သို့မဟုတ် တန့်နေသလော။ သင်သည် သင်၏ အသိပညာနှင့် ဦးနှောက်ဖြင့် အမြဲ ပြုမူဆောင်ရွက်နေပြီး မည်သည့်အခါတွင်မျှ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းမရှိလျှင် ဘဝတွင် ကြီးထွားနိုင်လိမ့်မည်လော။ ထိုအရာနှင့်ပတ်သက်၍ သင်တို့ ကောက်ချက်ချပြီးပြီလော။ သင်တို့အားလုံးသည် အသက်ဝင်ရောက်မှု ကိစ္စနှင့်ပတ်သက်၍ အတော်လေး ရှုပ်ထွေးနေဆဲဖြစ်ပြီး ထိုအတွက် တိကျသည့် စည်းမျဉ်းများ မရှိကြသည့်ပုံရသည်။ ဆိုလိုသည်မှာ သင်တို့သည် စည်းမျဉ်းများနှင့်ဆိုင်သည့် သာ၍ နက်ရှိုင်းသည့် သို့မဟုတ် သာ၍ စစ်မှန်သည့် အတွေ့အကြုံနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်း မရှိဖြစ်နေပေသည်။ လူအချို့သည် ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့၏ အသိပညာဖြင့် အမြဲ ပြုမူဆောင်ရွက်ကြသည်။ ၎င်းတို့သည် တစ်ချိန်လုံး မိမိတို့၏ အသိပညာကို ဦးဆောင်ခွင့်ပေးလျက် သမ္မာတရား စည်းမျဉ်းကို ဦးစားမပေးဘဲ ရိုးရှင်းသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ခြုံငုံသည့်နည်းလမ်းဖြင့် သမ္မာတရား စည်းမျဉ်းအနည်းငယ်ကိုသာ ထိန်းသိမ်းကြသည်။ ၎င်းတို့သည် ပြေလည်မှုရအောင်ဆောင်ရွက်သည့်၊ အပေးအယူလုပ်သော ဤနည်းလမ်းမျိုးဖြင့် လက်တွေ့လုပ်ဆောင်ကြသည်။ သမ္မာတရား စည်းမျဉ်းများနှင့် အကြွင်းမဲ့ ကိုက်ညီမှုတွင်ရှိသော အပြည့်အဝ ကျိုးနွံနာခံခြင်း သို့မဟုတ် ပြုမူဆောင်ရွက်ခြင်းကို လုပ်ဆောင်ရန် မိမိတို့ကိုယ်ကို တင်းတင်းကျပ်ကျပ် မတောင်းဆိုကြပေ။ ဤသည်မှာ ၎င်းတို့ မှန်ကန်သလော၊ မမှန်ကန်သလော။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးတွင် ရှိသည့် အန္တရာယ်မှာ အဘယ်နည်း။ လမ်းကြောင်းမှ သွေဖည်နိုင်ဖွယ် ရှိသည် မဟုတ်လော။ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ဖွယ် ရှိသည် မဟုတ်လော။ ဤသည်မှာ လူတို့ နားအလည်သင့်ဆုံးသော အရာဖြစ်သည်။ ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် အလုပ်တစ်ခုရပြီး လောကတွင် ဘဝကို ဖြစ်သလိုနေခြင်းတို့ကြား ခြားနားချက်က မည်သည့်အရာဖြစ်သည်ကို သင်တို့အတွက် ယခု ရှင်းသွားပြီလော။ သင်၏ စိတ်နှလုံးတွင် ထိုအရာအပေါ် သင်တို့ ရှင်းလင်းသည့် အသိတစ်ခု ရှိကြသလော။ ဤကိစ္စကို သင်တို့ မကြာခဏ စဉ်းစားပြီး တွေးဆသင့်ပေသည်။ ထိုနှစ်ခုကြားက အကြီးမားဆုံးသော ခြားနားချက်မှာ အဘယ်နည်း။ သင်တို့ သိကြသလော။ (ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းသည် သမ္မာတရားကို ရရှိခြင်းနှင့် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထံ အပြောင်းအလဲတစ်ခု ဖြစ်စေခြင်းအကြောင်း ဖြစ်သည်။ လောကတွင် အလုပ်တစ်ခု ရခြင်းသည် ဇာတိပကတိ၏ ဘဝနှင့်ပတ်သက်ပါသည်။) ယင်းမှာ အတော်လေးနီးစပ်သော်လည်း သင်တို့ မဖော်ပြသည့်အရာတစ်ခု ရှိသည်။ ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းသည် သမ္မာတရားဖြင့် အသက်ရှင်ခြင်း ဖြစ်သည်။ သမ္မာတရားဖြင့် အသက်ရှင်ခြင်း၏ အရေးပါမှုသည် အဘယ်နည်း။ လူတို့အတွက် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ခြင်းနှင့် အဆုံးတွင် ကယ်တင်ခံရနိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်အတွက်မူ သူက ဖန်ဆင်းခံတစ်ဦးဖြစ်သည့် သင့်ကို ရရှိကာ သင်သည် သူ၏ ဖန်ဆင်းခြင်းဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် လောကတွင် အလုပ်တစ်ခု ရသည့်အခါ လူတို့သည် မည်သည့်အရာဖြင့် အသက်ရှင်ကြသနည်း။ (စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြပါသည်။) စာတန်၏ အတွေးအခေါ်များဖြင့်ဖြစ်သည်။ စုပေါင်းပြောဆိုရလျှင် ဤသည်မှာ ၎င်းတို့က စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ကြသည်ဟု ဆိုလိုပေသည်။ သင့်အနေဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် ကြိုးပမ်းသည်ဖြစ်စေ၊ ကြွယ်ဝချမ်းသာမှုအတွက် ကြိုးပမ်းသည်ဖြစ်စေ၊ သင်၏ နေ့ရက်ကာလများကို ဖြတ်ကျော်ပြီး ရှင်သန်ရန် ကြိုးပမ်းသည်ဖြစ်စေ အတူတူပင် ဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်နေခြင်း ဖြစ်သည်။ သင်သည် ကမ္ဘာလောကတွင် အလုပ်တစ်ခု ရသည့်အခါ ငွေရှာရန် ဦးနှောက်ခြောက်ခံစဉ်းစားရသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းဆီသို့ တက်ရန် ယှဉ်ပြိုင်မှု၊ တိုက်ခိုက်ခြင်း၊ ရုန်းကန်ခြင်း၊ ရက်စက်ခြင်း၊ မလိုမုန်းထားစိတ်နှင့် သတ်ဖြတ်ခြင်းတို့ကဲ့သို့သော အရာများကို လုံးဝ အားကိုးအားထားပြုရန် လိုအပ်သည်။ ယင်းမှာ ကိုယ့်အားကိုယ်ကိုးရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ ဘုရားအိမ်တော်တွင် တာဝန်တစ်ခု ထမ်းဆောင်ရန် သင်သည် ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ရမည်ဖြစ်ပြီး သမ္မာတရားကို နားလည်ရမည်ဖြစ်သည်။ စာတန်၏ အပျက်သဘောဆောင်သော အရာများသည် အသုံးမဝင်ရုံသာ မဟုတ်။ ဖယ်လည်း ဖယ်ရှားရမည်ဖြစ်သည်။ စာတန်ဆန်သော အရာတစ်ခုမျှ ယုတ္တိမရှိပေ။ တစ်စုံတစ်ဦးသည် စာတန်ဆန်သော အရာများဖြင့် အသက်ရှင်လျှင် တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။ တစ်စုံတစ်ဦးသည် စာတန်ဆန်သော အရာများဖြင့် အသက်ရှင်ပြီး နောင်တရဖို့ စိတ်နှလုံးခိုင်မာလျှင် ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရကာ စွန့်ပစ်ခံရမည်ဖြစ်သည်။ ယင်းမှာ ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်ခြင်းနှင့် လောကတွင် အလုပ်တစ်ခု ရခြင်းတို့ကြား အကြီးမားဆုံးသော ခြားနားမှု ဖြစ်သည်။

လူတို့သည် မိမိတို့၏ အသိပညာဖြင့် အသက်ရှင်ကြသည့်အခါ မည်သည့် အခြေအနေမျိုးတွင် အသက်ရှင်နေကြသနည်း။ မည်သည့်အရာကို ၎င်းတို့ အလွန်အမင်း အတွေ့ကြုံဆုံး ဖြစ်သနည်း။ သင်သည် အချို့သော နယ်ပယ်တွင် တစ်စုံတစ်ရာကို သင်ယူမိသည်နှင့် သင်က အရည်အချင်းရှိသည်၊ အံ့ဩချီးမွမ်းဖွယ်ဖြစ်သည်ဟု သင် ခံစားရသည်။ ထို့နောက် အကျိုးဆက်အနေဖြင့် မိမိအသိပညာ၏ ချုပ်နှောင်မှုကို သင် ခံရလေသည်။ သင်သည် အသိပညာကို သင့်ဘဝအဖြစ် ခံယူပြီးဖြစ်ကာ သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင့်ကို အကြင်မည်သောအရာ လုပ်ဆောင်ဖို့ စေစားရန် ပေါ်ထွက်လာသည်မှာ သင်၏ ထိုအသိပညာဖြစ်သည်။ ထိုအသိပညာကို သင် ဖယ်ရှားလိုသော်လည်း မဖယ်ရှားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ စိတ်နှလုံးတွင် ထိုအရာကို စွဲထင်စေပြီးဖြစ်ကာ အခြားမည်သည့်အရာကမျှ အစားမထိုးနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဖြစ်ခဲ့သည့်အတိုင်းပင် “ပထမဆုံး ထင်မြင်ချက်များက နောက်ဆုံး ထင်မြင်ချက်များဖြစ်သည်”ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အကြင်သူက လုံးဝ မလေ့လာခဲ့လျှင် ပိုကောင်းမည့် အသိပညာ အစုအဖွဲ့များရှိသည်။ ယင်းတို့ကို သင်ယူလေ့လာရန်မှာ ဝန်ထုပ်ဝန်ပိုးတစ်ခုနှင့် စိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခု ဖြစ်သည်။ အသိပညာက နယ်ပယ်များစွာကို ခြုံငုံသည်။ ပညာရေး၊ ဥပဒေ၊ စာပေ၊ သင်္ချာ၊ ဆေးပညာ၊ ဇီဝဗေဒ စသည်တို့ဖြစ်သည်။ ထိုအရာအားလုံးသည် လူတို့၏ လက်တွေ့ အတွေ့အကြုံမှ ရရှိပေသည်။ ဤသည်တို့မှာ လက်တွေ့ကျသော အသိပညာပုံစံများ ဖြစ်သည်။ လူတို့သည် ထိုအရာများမရှိဘဲ အသက်မရှင်နိုင်ကြသကဲ့သို့ ထိုအရာများကို လေ့လာသင့်ပေသည်။ သို့ရာတွင် လူသားမျိုးနွယ်အတွက် အဆိပ်ရှိသော အသိပညာပုံစံအချို့ရှိ၏။ ယင်းတို့သည် စာတန်ဆန်သော အဆိပ်များဖြစ်သည်။ စာတန်ထံမှ လာပေသည်။ ဥပမာအနေဖြင့် သင်ကြားမှုများတွင် ဘုရားမဲ့ဝါဒ၊ ရုပ်ဝတ္ထုဝါဒနှင့် ဆင့်ကဲပြောင်းလဲခြင်းဝါဒအပြင် ကွန်ဖြူးရှပ်ဝါဒ၊ ကွန်မြူနစ်ဝါဒနှင့် ကံကျွေးစနစ် အယူသီးခြင်းကဲ့သို့သော အရာများပါဝင်သည့် လူမှုသိပ္ပံကို ကြည့်လော့။ ဤအရာများအားလုံးသည် စာတန်ထံမှလာသည့် အပျက်သဘောဆောင်သော အသိပညာပုံစံများဖြစ်ပြီး ၎င်းတို့ အသုံးခံသည့် အဓိက ရည်ရွယ်ချက်မှာ လူတို့ကို ဖောက်ပြန်ပျက်စီးစေခြင်း၊ ထိခိုက်နစ်နာစေခြင်းနှင့် ဖျက်ဆီးခြင်း အဆုံးသတ်အတွက် လူ့အတွေးကို ဖိစီးခြင်း၊ ပျက်စီးယိုယွင်းစေခြင်းနှင့် ဖောက်ပြန်စေခြင်း၊ လူတို့၏ တွေးခေါ်မှုကို ချည်နှောင်ကာ ထိန်းချုပ်ခြင်းတို့နှင့် သက်ဆိုင်ပေသည်။ ဥပမာအနေဖြင့် မိသားစု နာမည်ကို လက်ဆင့်ကမ်းခြင်းနှင့် သားသမီးဝတ် ကျေပွန်ခြင်းအပြင် မိမိ၏ မိသားစုကို ဂုဏ်တင်ခြင်းနှင့် “မိမိကိုယ်ကို ပြုစုပျိုးထောင်ပါ၊ မိမိ၏ မိသားစုကို တည်ငြိမ်အေးချမ်းအောင် ထားရှိပါ၊ တိုင်းနိုင်ငံကို အုပ်စိုးပြီး ကမ္ဘာပေါ်သို့ ငြိမ်းချမ်းခြင်း ဆောင်ကြဉ်းပါ”ဟု ဆိုသည့် လက်သုံးစကားတို့ ဖြစ်သည်။ ဤအရာအားလုံးသည် ရိုးရာယဉ်ကျေးမှု၏ သွန်သင်မှုများ ဖြစ်သည်။ ဤအရာများအလွန်တွင် ဗုဒ္ဓဘာသာ၊ တာအိုဝါဒနှင့် ခေတ်သစ် ဘာသာတရားတို့၏ လူမှုအဖွဲ့အစည်းတွင် ခေတ်စားသည့် အမျိုးမျိုးသော ဓမ္မပညာဆိုင်ရာ သဘောတရားများ ရှိသည်။ ဤအရာများသည်လည်း အသိပညာ၏ နယ်ပယ်အတွင်းတွင် ကျရောက်ပေသည်။ ဥပမာအနေဖြင့် လူအချို့သည် သင်းအုပ်ဆရာများ သို့မဟုတ် တရားဟောဆရာများအဖြစ် အစေခံကြပြီးဖြစ်သည်၊ သို့မဟုတ် ဓမ္မပညာကို ၎င်းတို့ လေ့လာကြပြီး ဖြစ်သည်။ ထိုသို့သော အသိပညာကို ဆည်းပူးရရှိခြင်းမှ မည်သည့်အရာ ဖြစ်လာသနည်း။ ကောင်းချီးတစ်ခုလော သို့မဟုတ် ကျိန်ခြင်းအမင်္ဂလာတစ်ခုလော။ (ကျိန်ခြင်းအမင်္ဂလာတစ်ခုဖြစ်ပါသည်။) ထိုအရာသည် အဘယ်သို့ ကျိန်ခြင်းအမင်္ဂလာတစ်ခု ဖြစ်လာသနည်း။ ထိုသို့သောလူများ စကားမပြောလျှင် မပြောဘဲနေပါလေ့စေ။ သို့သော် ၎င်းတို့က မိမိတို့နှုတ်များကို ဖွင့်ဟကြသည့်အခါ ဘာသာရေး အယူဝါဒများ ထွက်လာကြသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ အယူဝါဒကို ဟောပြောရန် အမြဲ ကြိုးစားနေကြသည်။ ၎င်းတို့သည် လူတို့အား သမ္မာတရားကို နားလည်ခွင့်ပေးမည့်အစား ဖာရိရှဲများ၏ သူတော်ကောင်းယောင်ဆောင်သည့် နည်းလမ်းများကို သွတ်သွင်းကြသည်။ ဓမ္မပညာဆိုင်ရာ အသိပညာမှာ အဓိကအားဖြင့် ဓမ္မပညာဆိုင်ရာ သဘောတရားများအကြောင်းဖြစ်သည်။ ဓမ္မပညာဆိုင်ရာ သဘောတရား၏ သတိပြုမိလောက်အောင် အထင်ရှားဆုံးသော အင်္ဂါရပ်မှာ အဘယ်နည်း။ ထိုအရာက လူတို့အထဲတွင် ဝိညာဉ်ရေးဆန်သည်ဟု ၎င်းတို့ စွဲကိုင်သည့်အရာများကို သွတ်သွင်းပေးပြီး ထိုသို့သော တတ်ယောင်ကား ဝိညာဉ်ရေးရာ ကိစ္စကို လူတို့က ခံယူကြသည်နှင့်တစ်ပြိုင်နက် ထိုအရာသည် ၎င်းတို့၏ ပထမဆုံးနှင့် နောက်ဆုံး ထင်မြင်ယူဆချက်ဖြစ်လေသည်။ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို သင် နားထောင်ပြီးဖြစ်လျှင်ပင် ထိုအချိန်၌ သင် နားလည်နိုင်မည်မဟုတ်သကဲ့သို့ ဖာရိရှဲတို့၏ အသိပညာနှင့် သဘောတရားများ၏ ဘောင်ခတ်ခြင်းကို သင် ခံရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အလွန် အန္တရာယ်များသောအရာတစ်ခု ဖြစ်သည်။ ထိုသို့သော လူတစ်ဦးအတွက် သမ္မာတရားကို လက်ခံရန် ခက်ခဲမည်မဟုတ်လော။ ပေါင်းရုံးသုံးသပ်ရလျှင် သင်သည် အယူဝါဒနှင့် အသိပညာတို့ဖြင့် အသက်ရှင်လျှင်၊ သင်၏ ဆုကျေးဇူးများအပေါ် မှီခိုခြင်းဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ပြီး ပြုမူဆောင်ရွက်လျှင် အခြားသူများအတွက် ကောင်းမွန်ပုံရသည့်အတိုင်း ကောင်းမွန်သည့်အရာ အနည်းငယ်ကို သင် လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ သို့သော် ထိုသို့သော အခြေအနေတစ်ခုတွင် သင် အသက်ရှင်နေသည့်အခါ သင် သိသလော။ သင်၏ အသိပညာဖြင့် သင် အသက်ရှင်နေသည်ကို သင် သတိပြုနိုင်သလော။ အသိပညာဖြင့် အသက်ရှင်ခြင်းက မည်သည့် အကျိုးဆက်များ ဖြစ်စေနိုင်သည်ကို သင် ခံစားနိုင်သလော။ သင်၏ စိတ်နှလုံးတွင် အနှစ်သာရမရှိသော ခံစားချက်တစ်ခု၊ ထိုသို့သော ဘဝတစ်ခုအတွက် အရေးပါမှုမရှိဟူသည့် အသိတစ်ခုဖြင့် သင် အဆုံးသတ်သည် မဟုတ်လော။ ထိုသို့ အတိအကျ အဘယ်ကြောင့် ဖြစ်ရသနည်း။ ဤမေးခွန်းများကို ရှင်းလင်းသင့်ပေသည်။ ယင်းမှာ အသိပညာ ကိစ္စနှင့်ပတ်သက်၍ ငါတို့ ရှိသည့်နေရာဖြစ်သည်။

အသိပညာ၊ ဆုကျေးဇူးများနှင့်ဆိုင်သည့် ပြဿနာများကို ငါတို့ ယခုတင် ဆွေးနွေးပြီးဖြစ်သည်။ နောက်ထပ်ပြဿနာတစ်ခု ရှိသေးသည်။ လူများစွာတို့သည် သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် ထိုသမ္မာတရားကို ၎င်းတို့ မည်သို့ လက်တွေ့လုပ်ဆောင်ပြီး လိုက်စားသင့်သည်ဟူသည်တို့ကို မသိဘဲ ၎င်းတို့၏ ကနဦး ဘုရားသခင် ယုံကြည်မှုမှသည် ပစ္စုပ္ပန်ထိတိုင် ရောက်လာကြပြီး ဖြစ်သည်။ ၎င်းတို့သည် ဤတစ်ချိန်လုံး ခံယူချက်တစ်ခုဖြင့် သို့မဟုတ် လူသား အယူအဆများနှင့် စိတ်ကူးများဖြင့် အသက်ရှင်နေခဲ့ကြသည်။ ရိုးရှင်းစွာ ပြောရလျှင် မှန်သည်ဟု ၎င်းတို့ တွေးထင်သည့်အရာများဖြင့် ၎င်းတို့ အသက်ရှင်ကြသည်။ ဤအရာများကို စွဲစွဲလမ်းလမ်း ထိန်းသိမ်းရင်း ဟိုသည် သွားနေကြပြီး ယင်းတို့ကို သမ္မာတရားအဖြစ်ပင် ခံယူကြလေသည်။ အဆုံးထိတိုင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် ၎င်းတို့ မလျှော့တမ်း ကြိုးပမ်းသရွေ့ အောင်မြင်သူများ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ရှေ့ဆက်ပြီး ရှင်သန်ကြလိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ထိုသို့သော အယူအဆကို အကြောင်းပြု၍ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်ကြပြီး မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်များကို စွန့်နိုင်ကြကာ မိမိတို့ချစ်သည့် အရာများကို လက်လွှတ်နိုင်ကြသည်။ ပြီးလျှင် သမ္မာတရားဖြစ်သည့်အလား ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့် စည်းမျဉ်းစည်းကမ်းအနည်းငယ်ဖြင့် အမှုအရာများကို ဆက်လက် ပေါင်းရုံးသုံးသပ်ကြလေသည်။ ဥပမာအနေဖြင့် တစ်စုံတစ်ဦးက ခက်ခဲနေသည်ကို မြင်သည့်အခါ သို့မဟုတ် တစ်စုံတစ်ဦး၏ မိသားစုက ခက်ခဲကြမ်းတမ်းသော ကာလတစ်ခု ဖြတ်သန်းနေရသည်ကို မြင်သည့်အခါ ထိုသူတို့ကို ဖေးမပြီး ကူညီရန် ၎င်းတို့ တာဝန်ယူလိုက်ကြသည်။ ထိုသူတို့ကို မာကြောင်းသာကြောင်း သတင်းမေးကြသည်၊ ဂရုစိုက်ပြီး စောင့်ရှောက်ကြသည်။ ညစ်ပတ်သည့် သို့မဟုတ် အားထုတ်မှုလိုသည့် အလုပ်တစ်ခု လုပ်ဆောင်ရန်ရှိလျှင် ၎င်းတို့က တက်ကြွစွာ သွားလုပ်ကြသည်။ အညစ်အကြေးများနှင့် တောင်းဆိုမှုများက ၎င်းတို့ကို စိတ်အနှောင့်အယှက်မပေးပေ။ ၎င်းတို့သည် ဇီဇာမကြောင်ကြ။ အခြားသူများကို ဆက်ဆံရာတွင် အငြင်းမပွားကြသကဲ့သို့ မည်သူနှင့်မဆို၊ လူတိုင်းနှင့် ချစ်ကြည်သော သဘောတူညီမှုရောက်သည်အထိ အကောင်းဆုံး ကြိုးစားကြလေသည်။ မဟုတ်သည့်အရာလေးကို အခြားသူများနှင့် မငြင်းခုံကြဘဲ လူတို့အပေါ် စေတနာထားပြီး စိတ်ရှည်ရန် သင်ယူကြသည်မှာ ၎င်းတို့နှင့် အချိန်တစ်ခုခု ကုန်ဆုံးကြသည့် လူတိုင်းက ၎င်းတို့သည် လူကောင်းတစ်ဦးဖြစ်ပြီး စစ်မှန်သည့် ယုံကြည်သူတစ်ဦးဖြစ်သည်ဟု ပြောကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်နှင့် ပတ်သက်လာသည့်အခါ ဘုရားသခင်က ၎င်းတို့ကို လုပ်ခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြပြီး သွားခိုင်းသည့် မည်သည့်နေရာကိုမဆို သွားကြသည်။ ၎င်းတို့ အတိုက်အခံ မလုပ်ကြပေ။ မည်သည့်အရာဖြင့် ၎င်းတို့ အသက်ရှင်ကြသနည်း။ (စိတ်အားထက်သန်ခြင်းဖြင့် ဖြစ်သည်။) ရိုးရှင်းသည့် စိတ်အားထက်သန်ခြင်း ပုံစံတစ်ခုသာ မဟုတ်။ ၎င်းတို့သည် ၎င်းတို့ မှန်ကန်သည်ဟု ထင်မှတ်သည့် ခံယူချက်ဖြင့် အသက်ရှင်နေကြခြင်း ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို နှစ်ချီ ယုံကြည်ပြီးသည့်နောက်တွင်ပင် သမ္မာတရားကို နားလည်ကြမည် မဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာ မည်သည့်အရာ ဖြစ်သည်၊ ဘုရားသခင်ကို ကျိုးနွံနာခံရန်မှာ မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်မှာ မည်သည့်အရာဖြစ်သည် သို့မဟုတ် သမ္မာတရားကို ရှာဖွေရန်မှာ မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကိုလည်း သိကြမည်မဟုတ်။ ဤအရာများကို ၎င်းတို့ သိကြမည်မဟုတ်ပေ။ ရိုးသားသောလူတစ်ဦးက မည်သည့်အရာဖြစ်သည် သို့မဟုတ် ရိုးသားသောလူတစ်ဦး မည်သို့ ဖြစ်ရမည်ဟူသည်ကိုပင် ၎င်းတို့ သိကြမည်မဟုတ်ပေ။ ၎င်းတို့က “ကျွန်ုပ် လုပ်ဆောင်ရမည့်အရာမှန်သမျှမှာ ဤကဲ့သို့ အသက်ရှင်ရန်နှင့် ဆက်လက်၍ လိုက်လျှောက်ရန်ဖြစ်သည်။ ဘုရားအိမ်တော်က မည်သည့် တရားဒေသနာများကို ဟောပြောသည်ဖြစ်စေ၊ အမှုအရာများ လုပ်ဆောင်သည့် ကျွန်ုပ်၏ နည်းလမ်းများကို ကျွန်ုပ် စွဲစွဲမြဲမြဲ စွဲကိုင်ထားမည်။ ဘုရားသခင်က ငါ့ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ သူ့ကို ကျွန်ုပ်၏ ယုံကြည်မှုအား ကျွန်ုပ် စွန့်မည်မဟုတ်၊ သူ့ကို ကျွန်ုပ် စွန့်ခွာမည်မဟုတ်ပါ။ ကျွန်ုပ်ကို စေခိုင်းထားသည့် မည်သည့်တာဝန်ကိုမဆို ကျွန်ုပ် ထမ်းဆောင်နိုင်သည်”ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခံရနိုင်သည်ဟူသည့် ထင်မြင်ချက်အောက်တွင် ရှိကြသည်။ သို့သော် ၎င်းတို့၏ သဘောထားနှင့်ပတ်သက်၍ ကြီးမားသည့် မည်သည့် ပြဿနာမျှ မရှိလင့်ကစား နှစ်ပေါင်းများစွာ အလွန်များသည့် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်ပင် မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြသည်မှာ သနားဖွယ်ရာပါတကား။ ၎င်းတို့သည် ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို နားမလည်ကြ သို့မဟုတ် ထိုသမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြပေ။ ၎င်းတို့သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရား သို့မဟုတ် မိမိတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် သမ္မာတရား သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ခြင်းက မည်သည့်အရာ ဆိုလိုသည်ကို နားမလည်ကြပေ။ ၎င်းတို့ လိမ်ညာခြင်း ရှိမရှိ သို့မဟုတ် လှည့်စားတတ်သော လူတစ်ဦး ဟုတ်မဟုတ် ဟူသည်ကို မသိကြပေ။ ထိုသို့သော လူများကို သနားရမည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်အရာဖြင့် ၎င်းတို့ အသက်ရှင်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားဖြင့် အသက်ရှင်နေကြသည်ဟု ပြော၍ရကောင်းရမည်လော။ အဘယ်ကြောင့် ထိုသို့ပြော၍ ရကောင်းရမည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က “ကျွန်ုပ်၏ စိတ်နှလုံးသည် စကြာဝဠာမှပင် သက်သေခံနိုင်သည်။ ထိုအရာသည် လူတို့အတွက် မရှင်းပါ။ ၎င်းတို့ မမြင်နိုင်ပါ။ သို့သော် ကောင်းကင်ဘုံက သိသည်”ဟု ယုံကြည်သည့်အတိုင်း ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးသာ “ရိုးသားစစ်မှန်”ပုံဖြစ်သည်။ မည်သူကမျှ နားမလည်နိုင်သကဲ့သို့ မည်သည်မျှ အလှမ်းမမီနိုင်စရာဖြစ်သည်။ ဤအရာကို အဘယ်ကြောင့် ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားတစ်ခုဟု ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် စိတ်နေစိတ်ထားတစ်မျိုး၊ စိတ်ခံစားချက်တစ်ခု ရှိကြပြီး ဘုရားသခင်ကို ယုံကြည်သူတစ်ဦး လုပ်ဆောင်သင့်သည့်အရာနှင့် တာဝန်က မည်သည့်အရာဖြစ်သည်ကို အဓိပ္ပာယ်ကောက်ရန် မိမိတို့၏ ထိုတစ်ကိုယ်ရေ စိတ်ခံစားချက် သို့မဟုတ် ဖြစ်ချင်သောအတွေးကို အသုံးပြုကြလေသည်။ ၎င်းတို့သည် ထိုစိတ်ခံစားချက်များကို ဘုရားသခင်၏ သတ်မှတ်ချက်များအပေါ်တွင်လည်း အသုံးပြုကြလေသည်။ ၎င်းတို့က “ဘုရားသခင်က လူတို့အနေဖြင့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် အမှန်တကယ် မတောင်းဆိုသကဲ့သို့ ၎င်းတို့အနေဖြင့် ကျွမ်းကျင်မှုများစွာရှိရန် သို့မဟုတ် သမ္မာတရားများစွာကို နားလည်ရန် မတောင်းဆိုပါ။ တစ်စုံတစ်ဦးအတွက် ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားရှိခြင်းက လုံလောက်သည်။ ဘုရားသခင်ကို ယုံကြည်ရန်မှာ အလွန်ရိုးရှင်းသည်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသား ခွန်အားဖြင့် ဆက်လက် ပြုမူဆောင်ရွက်ရန်ဖြစ်သည်”ဟု ယုံကြည်ကြသည်။ သို့တိုင် ၎င်းတို့၏ အလိမ်အညာများက ရပ်တန့်မသွားသကဲ့သို့ ၎င်းတို့၏ အတိုက်အခံလုပ်ခြင်းဖြစ်စေ၊ ၎င်းတို့၏ ပုန်ကန်မှုဖြစ်စေ၊ ၎င်းတို့၏ အယူအဆများဖြစ်စေ၊ ၎င်းတို့၏ သစ္စာဖောက်မှုဖြစ်စေ ရပ်တန့်မသွားပေ။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အရေးကြီးသည်ဟု မခံစားကြဘဲ “ငါ့တွင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိသည်။ ဘုရားသခင်နှင့် ငါ၏ ဆက်ဆံရေးကို မည်သူမျှ ပျက်အောင်မလုပ်နိုင်ပါ။ ဘုရားသခင်အတွက် ငါ၏ ချစ်ခြင်းမေတ္တာကို မည်သူမျှ မလျော့စေနိုင်သကဲ့သို့ ဘုရားသခင်အတွက် ငါ၏ သစ္စာစောင့်သိမှုကို မည်သူကမျှ မထိခိုက်နိုင်ပါ”ဟု တွေးကြလေသည်။ ဤသည်မှာ မည်သည့် စိတ်နေသဘောထားမျိုး ဖြစ်သနည်း။ အဓိပ္ပာယ်မဲ့သော စိတ်နေသဘောထားတစ်ခုဖြစ်သည်၊ မမှန်သလော။ အဓိပ္ပာယ်မဲ့ပြီး သနားဖွယ်ရာဖြစ်သည်။ ထိုသို့သော လူတစ်ဦး၏ ဝိညာဉ်ထဲတွင် အခြေအနေတစ်ခု ရှိ၏။ ခြောက်ကပ်၊ ချွတ်ခြုံကျပြီး သနားဖွယ်ဖြစ်သော အခြေအနေဖြစ်သည်။ အဘယ်ကြောင့် “ခြောက်ကပ်”သနည်း။ အဘယ်ကြောင့်ဆိုသော် ရိုးရှင်းသော အရာတစ်ခုခုနှင့် ရင်ဆိုင်ရသည့်အခါ အလိမ်အညာတစ်ခု ပြောကြပြီဖြစ်သည်။ ထိုအရာကို မိမိကိုယ်ကို မသိ၊ သို့မဟုတ် သတိမထားမိကြပေ။ မိမိကိုယ်ကိုအပြစ်တင်စိတ် ၎င်းတို့ မခံစားရပေ။ မည်သည့် ခံစားချက်မျိုးမျှ မရှိကြ။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို အကဲဖြတ်ခြင်းအတွက် တင်းကျပ်သော စံများမရှိဘဲ ယခုချိန်ထိတိုင် ဘုရားသခင်နောက်သို့ လိုက်ကြပြီးဖြစ်သည်။ ၎င်းတို့ မည်သည့်လူစားမျိုးဖြစ်သည်ကို မသိကြသကဲ့သို့ လှည့်စားတတ်သော လူတစ်ဦး ဟုတ်မဟုတ်၊ အမှန်တကယ် ရိုးသားသော လူတစ်ဦး ဖြစ်နိုင်ကြခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များကို ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့ မသိကြချေ။ ဤအရာများထဲမှ တစ်ခုကိုမျှ ၎င်းတို့ မသိကြ။ ၎င်းတို့သည် ထိုမျှလောက် သနားဖွယ်ဖြစ်ကြပြီး မိမိတို့၏ စိတ်ဝိညာဉ်များတွင် ခြောက်ကပ်နေကြသည်။ ၎င်းတို့ စိတ်ဝိညာဉ်များတွင် ခြောက်ကပ်နေသည်ဟု အဘယ်ကြောင့် ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာ သို့မဟုတ် ဘုရားသခင်ကို ၎င်းတို့ အဘယ်ကြောင့် ယုံကြည်ကြသည် သို့မဟုတ် မည်သည့် လူစားမျိုးဖြစ်ခြင်းကို ၎င်းတို့ လိုက်စားသင့်သည်ဟူသည်တို့ကို မသိကြသောကြောင့် ဖြစ်သည်။ မည်သည့် အပြုအမူများက ဆင်ခြင်တုံတရား ကင်းမဲ့သည်၊ သို့မဟုတ် မည်သည့်အပြုအမူများက သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည်ဟူသည်ကို ၎င်းတို့ မသိကြချေ။ ဆိုးယုတ်သော လူများနှင့်ပတ်သက်၍ မည်သည့် သဘောထားကို ခံယူရမည်ဆိုသည်နှင့် လူကောင်းများနှင့်ပတ်သက်၍ မည်သည့်သဘောထား ခံယူရမည်ကို မသိကြ။ မည်သူကို ပတ်သက်ဆက်ဆံသင့်သည် သို့မဟုတ် မည်သူကို ရင်းနှီးအောင်နေသင့်သည်ဟူသည်ကို မသိကြပေ။ ၎င်းတို့ အပျက်သဘောဆောင်သည့်အခါ မည်သည့်အခြေအနေတွင် ၎င်းတို့ ကျရောက်ကြသည်ကိုပင် မသိကြချေ။ ယင်းမှာ ဝိညာဉ်တွင် ခြောက်ကပ်ခြင်း ဖြစ်သည့်အရာဖြစ်သည်။ သင်တို့သည် ဤသို့ ဖြစ်ကြသလော။ (ဖြစ်ကြပါသည်။) သင်တို့ ထိုသို့ပြောသည်ကို ကျွန်ုပ် မကြားချင်သော်လည်း ယင်းမှာ သင်တို့ ရှိကြသည့် အခြေအနေမျိုး ဖြစ်သည်။ သင်တို့သည် အမြဲ စိတ်လှုပ်ရှားထိခိုက်လွယ်ပြီး ထိုအရာ မည်သည့်အချိန်တွင် ပြောင်းလဲမည်ကို မည်သူမျှမသိပေ။

စိတ်လှုပ်ရှားထိခိုက်လွယ်ခြင်းသည် မည်သည့်အရာဖြစ်သနည်း။ ဥပမာတစ်ခုကို ငါတို့ ကြည့်မည်။ လူအချို့သည် ဘုရားသခင်ကို အလွန်ချစ်သည်ဟု မိမိတို့ကိုယ်ကို ခံစားကြသည်။ အထူးသဖြင့် နောက်ဆုံးသော ကာလတွင် မွေးဖွားရခြင်းအတွက်၊ ဘုရားသခင့်အမှုတော်၏ ဤအဆင့်ကို လက်ခံရခြင်းအတွက်နှင့် မိမိတို့ကိုယ်တိုင် နားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ကြားကာ သူ၏အမှုတော်ကို လူကိုယ်တိုင် ကြုံတွေ့နိုင်ခြင်းအတွက် အလွန် ဂုဏ်ယူပြီး နှစ်ဆကောင်းချီးခံစားရသည်ဟု ခံစားကြသည်။ အကျိုးဆက်အနေဖြင့် မိမိတို့၏ ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားများကို ဖော်ပြရန် နည်းလမ်းတစ်ခုခု ရှာသင့်သည်ဟု တွေးထင်ကြသည်။ ပြီးလျှင် ယင်းကို ၎င်းတို့က မည်သို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့၏ စိတ်ခံစားမှုများ ပေါ်လာသည်။ ၎င်းတို့၏ စိတ်ပြင်းပြမှုက ပွင့်ထွက်ဖို့ အံကိုက်ဖြစ်သည်။ ၎င်းတို့ အနည်းငယ် ဆင်ခြင်တုံတရားမဲ့သွားပြီး ၎င်းတို့၏ စိတ်ခံစားမှုများက မူမမှန်ဖြစ်သွားသည်။ ယင်းမှ အကျည်းတန်မှု ပေါ်ထွက်လာပေသည်။ တရုတ်ပြည်မတွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်မှုအတွက် စက်ဆုပ်သည့် ပတ်ဝန်းကျင်တစ်ခုတွင် နေခဲ့ကြပြီး ဖိနှိပ်ခံရသည့် ဘဝများကို အသက်ရှင်ခဲ့ကြသည်။ ထိုအချိန်တွင် ၎င်းတို့၌ စိတ်ပြင်းပြမှု ရှိခဲ့ကြပြီး “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ် ချစ်ပါသည်”ဟု အော်ဟစ်လိုက်ချင်ခဲ့ကြသည်။ သို့သော် ထိုသို့ လုပ်ဆောင်ဖို့ နေရာမရှိခဲ့ပေ။ အဖမ်းခံရမည်ကို ကြောက်သည့်အတွက် မလုပ်နိုင်ခဲ့ကြပေ။ ယခုတွင် ၎င်းတို့ နိုင်ငံခြားတွင်ရှိပြီး လွတ်လပ်စွာ ယုံကြည်နိုင်သည်။ ၎င်းတို့၏ ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားကို ဖွင့်ထုတ်ရန် နေရာတစ်ခု နောက်ဆုံးတွင် ရှိသွားသည်။ ဘုရားသခင်ကို ၎င်းတို့ မည်မျှချစ်ကြောင်း ဖော်ပြရန် ၎င်းတို့ လိုအပ်သည်။ ထို့ကြောင့် လမ်းများဆီ ထွက်သွားပြီး အနီးဝန်းကျင်တွင် လူသိပ်မရှိသည့် နေရာတစ်ခုကို ရှာကြသည်။ ထိုနေရာတွင် ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း အော်ဟစ်မည်ဖြစ်သည်။ သို့သော် ၎င်းတို့ မအော်ဟစ်နိုင်မီတွင် ဆက်လုပ်ဆောင်ရန် စိတ်ချယုံကြည်မှုမရှိသည့်အလား ၎င်းတို့ ခံစားကြသည်။ ၎င်းတို့ အနီးဝန်းကျင်ရှိ မြင်ကွင်းကို ကြည့်ကြပြီး ၎င်းတို့၏ အော်သံက ထွက်မလာပေ။ ၎င်းတို့၏ စိတ်တွင် မည်သည့်အရာ ခံစားသနည်း။ “ဤအရာ အဆင်ပြေမည်မဟုတ်။ ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသား ရှိရန်မျှသည် မလုံလောက်ပါ။ ငါ့ထံတွင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးမရှိသေးပါ။ ငါ့မှာ အော်စရာ ဘာမျှမရှိသည်မှာ အံ့ဩစရာမရှိပါ”ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဝမ်းနည်းကာ စိတ်ဆင်းရဲမှုဖြင့် ၎င်းတို့ အိမ်ပြန်သွားပြီး မျက်ရည်များဖြင့် ဘုရားသခင်ထံ “အို ဘုရားသခင်၊ ‘ကိုယ်တော်ကို ကျွန်ုပ် ချစ်သည်’ဟု ယခင် အခွင့်မသာခဲ့သည့် အချိန်တစ်ခုတွင် ကျွန်ုပ် မအော်ဝံ့ခဲ့ပါ။ ယခုတွင် အခွင့်သာသည့် အခြေအနေတစ်ခုတွင် ရှိသော်လည်း ကျွန်ုပ်တွင် စိတ်ချယုံကြည်မှု မရှိသေးပါ။ ကျွန်ုပ်၏ အော်ဟစ်သံ ထွက်လာမည်မဟုတ်ပါ။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် စိတ်ချယုံကြည်မှုတို့က သေးနုပ်သည်သာ ဖြစ်ပုံရပါသည်။ ကျွန်ုပ်တွင် အသက်မရှိပါ”ဟု ဆုတောင်းလေသည်။ ထိုအချိန်မှစ၍ ဤကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့ ဆုတောင်းကာ ပြင်ဆင်မှုများ ပြုလုပ်ပြီး ထိုအတွက် အားစိုက်လေသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုပြီး ထိုနှုတ်ကပတ်တော်များဖြင့် မျက်ရည်များကျအောင် တို့ထိခံစားကာ ၎င်းတို့၏ ထိုစိတ်ခံစားမှုများနှင့် စိတ်ထက်သန်မှုတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် အစပျိုးကာ စုပုံလာလေသည်။ လူထောင်ချီဆံ့သည့် ရင်ပြင်တစ်ခုဆီသို့ သွားနိုင်ပြီး “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ် ချစ်ပါသည်”ဟု လူအုပ်ရှေ့တွင် အော်နိုင်အောင်ပင် စိတ်ခံစားမှု လုံလုံလောက်လောက် ပြည့်ဝသွားသည့် တစ်နေ့ထိတိုင် ဤသို့ဆက်ဖြစ်လေသည်။ သို့တိုင် ထိုအဆောက်အဦးဆီသို့ ၎င်းတို့ သွားပြီး ထိုနေရာတွင်ရှိသည့် လူအားလုံးကို မြင်သည့်အခါ ၎င်းတို့၏ အော်သံ ထွက်မလာပေ။ ယခုအချိန်တွင်ပင် ၎င်းတို့ မအော်သေးဘဲ ရှိကောင်းရှိနိုင်သည်။ သို့သော် ၎င်းတို့ အော်ပြီးသည်ဖြစ်စေ၊ မအော်သေးသည်ဖြစ်စေ ထိုအရာက မည်သည့်အရာကို ဆိုလိုမည်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ထိုသို့ အော်ရန် ဖြစ်သလော။ ထိုအရာသည် ဘုရားသခင်ကို သက်သေခံခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ အော်ဟစ်ရန် ပြင်ကြသနည်း။ ၎င်းတို့၏ အော်ဟစ်သံသည် အခြားသော ဘုရားနှုတ်ကပတ်တော်များကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်း နည်းလမ်းများထက် သာ၍ အားကောင်းပြီး သာ၍ ထိရောက်မည်ဟူသော ယုံကြည်မှုကို ၎င်းတို့ စွဲကိုင်ကြလေသည်။ ယင်းမှာ ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားရှိသည့် လူတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ထိုသို့သော စိတ်ခံစားမှုများရှိရန်မှာ လူတစ်ဦးအတွက် ကောင်းသည့်အရာလော၊ ဆိုးသည့်အရာလော။ ထိုအရာသည် ပုံမှန်ဖြစ်သလော၊ မူမမှန်ဖြစ်သလော။ ထိုအရာကို ပုံမှန်လူ့သဘာဝ၏ ပိုင်နက်အတွင်းတွင် ရှိသည့်အရာအဖြစ် အမျိုးအစားသတ်မှတ်၍ ရနိုင်သလော။ (မရနိုင်ပါ။) အဘယ်ကြောင့် မရသနည်း။ လူတို့အား တာဝန်များကို ထမ်းဆောင်စေခြင်းနှင့် သမ္မာတရားကို နားလည်စေကာ လက်တွေ့လုပ်ဆောင်စေခြင်းတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ အဘယ်နည်း။ သူ့အတွက် လူတို့၏ ချစ်ခြင်းမေတ္တာနှင့်ဆိုင်သော စိတ်ခံစားမှု သို့မဟုတ် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ စိတ်ခံစားမှုကို အရှိန်မြှင့်ရန်ဖြစ်သလော။ (မဟုတ်ပါ။) တစ်ခါတစ်ရံတွင် သင်တို့တွင် ထိုသို့သော စိတ်ခံစားမှုများ ရှိသလော သို့မဟုတ် မကြာခဏ ဖြစ်နိုင်သလော။ (ရှိပါသည်။) သင်တို့ ထိုစိတ်ခံစားမှုများ ရှိကြသည့်အခါ ရုတ်တရက်နှင့် အဆမတန် ဖြစ်လာသည်ဟု သို့မဟုတ် ထိုစိတ်ခံစားမှုများကို မျိုသိပ်ရန် ခက်သည်ဟု သင်တို့ ခံစားရသလော။ ယင်းတို့ကို မျိုသိပ်ရန် ခက်သလောက် သင် ချုပ်ထိန်းရမည်။ အခြားအရာအားလုံးကို ဘေးဖယ်ထားသည့်အခါ ဤသည်တို့မှာ စိတ်ခံစားမှုများသာဖြစ်သည်၊ လူတို့က သမ္မာတရားကို နားလည်ကာ လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ပြီးနောက်တွင် လာသည့် အောင်မြင်မှုများ မဟုတ်ပေ။ ထိုအရာများသည် မူမမှန်သည့် အခြေအနေတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ဤမူမမှန်သော အခြေအနေကို အစွန်းရောက်သော နှလုံးခိုင်မာခြင်းအောက်တွင် အမျိုးအစားသတ်မှတ်၍ ရသလော။ ယင်းမှာ အခြေအနေအားဖြင့် တစ်ခုနှင့်တစ်ခု မတူပေ။ မတူကွဲပြားသည့် အဆင့်များရှိသည်။ အချို့ကို အစွန်းရောက်သည့် နှလုံးခိုင်မာမှုအောက်တွင် အမျိုးအစားသတ်မှတ်နိုင်ပြီး အချို့မှာ ရယ်ဖွယ်ကောင်းသည့် အဆင့်ထိ ရောက်ရှိကြသည်။ ရံဖန်ရံခါ ဤစိတ်နေစိတ်ထား အနည်းငယ်ကို ပွင့်အံထွက်စေခြင်းသည် တစ်စုံတစ်ဦးအတွက် ပုံမှန်ဖြစ်သည်။ သို့ဆိုလျှင် ထိုအရာ၏ မည်သည့် သရုပ်သကန်များက မူမမှန်ဖြစ်သနည်း။ မမျိုသိပ်နိုင်သည့် စိတ်ခံစားမှုမှ တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ အကြင်သူသည် ထိုအရာအတွက် သူ၏ နေ့ရက်တိုင်းကို အသက်ရှင်ပြီး အလုအယက် ကြိုးပမ်းသည့်အခါ ထိုအရာအတွက် ဘုရားနှုတ်ကပတ်တော်များကိုလည်း ဖတ်ပြီး ဧဝံဂေလိ ဖြန့်ကာ ထိုအရာအတွက်ပင် တာဝန်ရှိသမျှနှင့် အားလုံးကို ထမ်းဆောင်သည့်အခါ အရာရာက ထိုအရာကို ဗဟိုပြုပြီး ထိုအရာက ၎င်းတို့၏ တည်ရှိခြင်းနှင့် ဘဝအတွက် တန်ဖိုးနှင့် အရေးပါမှု ဖြစ်လာသည့်အခါ ယင်းက ပြဿနာကို လက်ယပ်ခေါ်ခြင်း ဖြစ်သည်။ ထိုလူ၏ ရည်မှန်းချက်နှင့် ဦးတည်ချက်တို့ လွဲချော်သွားသည်။ မိမိတို့၏ ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားများဖြင့် အသက်ရှင်သည့် လူများတွင် အကျည်းတန်မှုတစ်ခု ရှိသည်။ ၎င်းတို့နှင့်ပတ်သက်၍ နှလုံးခိုင်မာသောအရာတစ်ခုရှိပြီး ၎င်းတို့တွင် မူမမှန်သော စိတ်ခံစားမှုများ ရှိကြသည်။ တစ်စုံတစ်ဦးသည် ဤအရာများဖြင့် အသက်ရှင်ပြီး ထိုသို့သော အခြေအနေတစ်ခုတွင် မကြာခဏ အသက်ရှင်လျှင် သမ္မာတရားကို နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်လျှင် တရားဒေသနာများကို နားထောင်ချိန်တွင် ၎င်းတို့၏ စိတ်နေစိတ်ထားမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် မည်သည့် ရည်ရွယ်ချက်များ ရှိကြသနည်း။ ဘုရားသခင်ကို ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားနှင့် ဘာသာရေး ဟိတ်ဟန်ဖြင့် အမြဲ ယုံကြည်သော လူတစ်ယောက်သည် သမ္မာတရားကို နားလည်ကာ ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) အဘယ်ကြောင့် မရရှိနိုင်သနည်း။ ၎င်းတို့ လုပ်ဆောင်သမျှသည် သမ္မာတရား၌ အခြေခံခြင်းမရှိဘဲ ဘာသာရေး သဘောတရားနှင့် အယူအဆ၊ စိတ်ကူးများတွင် အခြေခံပေသည်။ ထိုအရာသည် သမ္မာတရားကို လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအကြောင်းလည်း မဟုတ်ပေ။ သမ္မာတရားက အမှန်တကယ် မည်သည့်အရာဖြစ်သည်၊ ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာ ပြောသည်ကို ၎င်းတို့ လုံးဝ ဂရုမစိုက်ကြပေ။ ဘုရားသခင်ကို ယုံကြည်ရန် တစ်ဦးတစ်ယောက် လိုအပ်သမျှမှာ ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားတစ်ခု ဖြစ်သည့်အလား၊ ၎င်းတို့ လုပ်ဆောင်ရန် လိုအပ်သမျှမှာ အမှုအရာများကို ကိုင်တွယ်ပြီး အသင်းတော်တွင် အားထုတ်ရန်သာ ဖြစ်သည့်အလား ထိုအကြောင်းကို ၎င်းတို့ ဂရုမစိုက်ကြပေ။ ၎င်းတို့အတွက် ထိုမျှ ရိုးရှင်းပေသည်။ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန်မှာ မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ကယ်တင်ခံရရန်အလို့ငှာ မည်သည့်အရာ လိုက်စားရမည်ဟူသည်ကိုလည်းကောင်း ၎င်းတို့ နားမလည်ကြပေ။ တစ်ခါတစ်ရံ ဤအရာများအကြောင်းကို ၎င်းတို့ စဉ်းစားကောင်းစဉ်းစားနိုင်သော်လည်း မဖော်ထုတ်နိုင်ကြပေ။ တစ်ချိန်လုံး ၎င်းတို့က “ငါ့တွင် စိတ်ထက်သန်မှု ရှိသရွေ့ စိတ်ခံစားမှု အရှိန်မြှင့်သည့် အဆင့်တစ်ခုသို့ ရောက်ပြီး အဆုံးထိ ထိန်းသိမ်းနိုင်သရွေ့ ငါ တကယ်ကို ကယ်တင်ခံရကောင်း ခံရနိုင်သည်”ဟု စဉ်းစားနေကြပြီး အကျိုးဆက်အနေဖြင့် ၎င်းတို့၏ အရှိန်မြှင့်သော စိတ်ခံစားမှုများဖြင့် ထိန်းမနိုင်သိမ်းမရဖြစ်သွားကြသည်။ မိုက်မဲသောအရာများ၊ သမ္မာတရား စည်းမျဉ်းများနှင့် ဆန့်ကျင်သောအရာများကိုသာ ၎င်းတို့ လုပ်ဆောင်မိကြသည်။ အဆုံးတွင် ၎င်းတို့ ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံကြရသည်။ အမှန်တွင်တော့ အရှိန်မြှင့်သော စိတ်ခံစားမှုများက ထိုမျှ ကောင်းသည့်အရာတစ်ခု မဟုတ်သည့်ပုံရပေသည်။

ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားဖြင့် အသက်ရှင်ခြင်းတွင် နောက်ထပ် အတော်အတန် စံတင်လောက်သော အခြေအနေတစ်ခုရှိပြီး ယင်းမှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်ရန် စိတ်အားထက်သန်မှုအပေါ် အမြဲ မှီခိုကြခြင်း ဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးသားများရှိ မီးမှာ မည်သည့်အခါတွင်မျှ ငြိမ်းမသွားပေ။ ဘုရားသခင်ကို ယုံကြည်ရန် ၎င်းတို့ လိုအပ်သမျှမှာ ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားဖြစ်သည်ဟု တွေးထင်ကြသည်။ “သမ္မာတရားကို ငါ နားလည်ရန် မလိုအပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရန် မလိုအပ်သလို ငါ၏ အပြစ်များကို ဝန်ချပြီး နောင်တရဖို့ ဘုရားသခင်ရှေ့သို့ လာရန် မလိုအပ်ပါ။ ပြီးလျှင် မည်သူ့ထံကမျှ မည်သည့် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြစ်တင်ခြင်းနှင့် ဝေဖန်ခြင်းတို့ကို လက်ခံရန် သေချာပေါက် ငါ မလိုအပ်ပါ” “ဤအရာများကို ငါ မလိုအပ်ပါ။ ငါလိုအပ်သမျှမှာ ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားတစ်ခုဖြစ်သည်” ဟု ၎င်းတို့ တွေးကြသည်။ ဤသည်မှာ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်မှု၏ စည်းမျဉ်းဖြစ်သည်။ ၎င်းတို့က “တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် ငါ မလိုအပ်ပါ။ မိမိကိုယ်ကိုနှင့် ပတ်သက်၍ ကျေနပ်အားရခြင်းသည်သာ ငါ့အတွက် လုံလောက်သည်။ ထိုသို့ ငါ လုပ်ဆောင်ခြင်းကို ဘုရားသခင် ဝမ်းသာမည်မှာ သေချာသည်ဟု ငါ ယုံကြည်သည်။ ငါ ဝမ်းသာလျှင်၊ ဘုရားသခင် ဝမ်းသာသည်။ ထိုမျှသာ ရှိသည်။ ဘုရားသခင်ကို ထိုသို့ ယုံကြည်လျှင် ငါ ကယ်တင်ခံရပါလိမ့်မည်”ဟု တွေးကြသည်။ ဤသည်မှာ အလွန်အမင်း နုံအသော စဉ်းစားတွေးခေါ်မှု နည်းလမ်းတစ်ခု မဟုတ်လော။ သင်တို့သည် ထိုသို့သော အခြေအနေတစ်ခုတွင် ရှိတတ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် မည်သည့် ပြောင်းလဲမှုမျှ လုပ်နိုင်စွမ်းမရှိဘဲ အဆုံးထိတိုင် အခြေအနေတစ်ခုတွင် ထိုသို့ အသက်ရှင်လျှင် သမ္မာတရား စိုးစဉ်းကိုမျှ သင်တို့ နားလည်ခြင်းမရှိဟု ပြော၍ရနိုင်ပေသည်။ သမ္မာတရားသည် သင်တို့နှင့် ဆက်စပ်မှု မရှိပေ။ လူနှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက် သို့မဟုတ် အရေးပါမှုကို သင်တို့ မသိကြသကဲ့သို့ ဘုရားသခင်ကို ယုံကြည်မှုက မည်သည့်အရာနှင့်ပတ်သက်သည်ကို သင်တို့ နားမလည်ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘာသာတရားတွင် ယုံကြည်မှုတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ ထိုလူက အသက်မွေးဝမ်းကျောင်းတစ်ခု မရှိသောကြောင့်၊ အိမ်တွင် အခက်အခဲများရှိကောင်း ရှိနိုင်သောကြောင့် ဘာသာတရားကို ယုံကြည်ရန် လူတိုင်းက အကြံရကြသည်။ သို့မဟုတ်လျှင် ၎င်းတို့က အခြား မှီခိုရမည့်အရာ တစ်စုံတစ်ခုကို ရှာလိုကြသည်၊ ဝိညာဉ်ရေး အာဟာရကို ရှာလိုကြသည်။ ဘာသာတရား၌ ယုံကြည်မှုသည် လူတို့အား ကောင်းစေခြင်း၊ အခြားသူတို့ကို စေတနာထားစေခြင်း၊ ကူညီစေခြင်း၊ အခြားသူတို့ကို ကြင်နာစေခြင်း၊ သီလကို စုဆောင်းရန် ကောင်းမှုများကို ပိုမိုလုပ်ဆောင်စေခြင်း၊ လူသတ်မှု သို့မဟုတ် မီးရှို့မှု မကျူးလွန်စေခြင်း၊ ဥပဒေကို မချိုးဖောက်စေခြင်း သို့မဟုတ် ပြစ်မှုများကို မကျူးလွန်စေခြင်း၊ မကောင်းသည့်အရာများကို မလုပ်စေခြင်း၊ လူတို့ကို မရိုက်နှက်စေခြင်း သို့မဟုတ် မကျိန်ဆဲစေခြင်း၊ မခိုးစေခြင်း သို့မဟုတ် မလုယက်စေခြင်းနှင့် လှည့်စားမှု သို့မဟုတ် လိမ်လည်မှုမလုပ်စေခြင်းထက် မကြာခဏ ဘာမျှမပိုပေ။ ဤသည်မှာ လူတိုင်း၏ စိတ်များတွင် တည်ရှိသည့် “ဘာသာတရားကို ယုံကြည်မှု” အယူအဆ ဖြစ်သည်။ ယနေ့ သင်တို့၏ စိတ်နှလုံးများအတွင်းတွင် ဘာသာတရားကို ယုံကြည်မှု အယူအဆ မည်မျှ တည်ရှိသနည်း။ ဘာသာတရား၌ ယုံကြည်မှုနှင့် ဆက်စပ်သည့် အရာများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ထိုအရာများသည် မည်သည့်နေရာမှ အတိအကျ လာသနည်း။ သင်တို့ သိကြသလော။ ဘာသာတရား၌ ယုံကြည်မှုကို ထားရှိသည့် စိတ်နှလုံးဖြင့် ဘုရားသခင်ကို သင် ယုံကြည်လျှင် ရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ရန် မှန်ကန်သည့် နည်းလမ်းဖြစ်သလော။ ဘာသာတရားကို ယုံကြည်ခြင်း၏ အခြေအနေနှင့် ဘုရားသခင်ကို ယုံကြည်ခြင်း ရှိသည့် အခြေအနေကြားတွင် ခြားနားမှုတစ်ခု ရှိသလော။ ဘာသာတရားကို ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။ ဘုရားသခင်ကို သင်စတင်ယုံကြည်ခဲ့သည့်အခါက ဘာသာတရားကို ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတို့သည် တူညီသည်ဟု သင်ခံစားခဲ့ရကောင်း ခံစားခဲ့ရနိုင်သည်။ သို့ရာတွင် ယနေ့ ဘုရားသခင်ကို နှစ်ချီ ယုံကြည်ပြီးသည့်နောက် ယုံကြည်မှုရှိခြင်းသည် အမှန်တကယ် မည်သည့်အရာသာ ဖြစ်သည်ဟု သင်ထင်သနည်း။ ဘာသာတရားကို ယုံကြည်ခြင်းနှင့် ကွဲပြားခြားနားမှုတစ်စုံတစ်ရာ ရှိသလော။ ဘာသာတရားကို ယုံကြည်ခြင်းသည် တစ်စုံတစ်ဦး၏ ဝိညာဉ်ထံ ပျော်ရွှင်မှုနှင့် နှစ်သိမ့်မှုကို ဆောင်ကြဉ်းပေးဖို့ ဘာသာရေးထုံးတမ်းစဉ်လာ အချို့အား လိုက်နာခြင်းကို ဆိုလိုသည်။ မည်သည့်လမ်းကြောင်းကို လူတို့လျှောက်သည်၊ သို့မဟုတ် ၎င်းတို့၏ အသက်တာများကို မည်သို့ရှင်သန်နေထိုင်သည်ဟူသည့် မေးခွန်းများနှင့် ယင်းက မဆက်နွှယ်ပေ။ သင်၏အတွင်းကမ္ဘာထဲ၌ မည်သည့်ပြောင်းလဲမှုမျှ မရှိ။ သင်သည် သင်သာ ဖြစ်နေဆဲဖြစ်ပြီး သင်၏သဘာဝနှင့် အနှစ်သာရတို့သည် ယခင်အတိုင်းသာ ဆက်ရှိနေသည်။ သင်သည် ဘုရားသခင်ထံမှလာသည့် သမ္မာတရားများကို လက်ခံထားခြင်း မရှိသကဲ့သို့ ယင်းတို့ကို သင်၏အသက်အဖြစ် မပြုလုပ်ထားဘဲ ကောင်းမှုအချို့ကို ပြုထားခြင်းမျှသာဖြစ်သည်၊ သို့မဟုတ် အခမ်းအနားများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာထားခြင်းမျှသာ ဖြစ်သည်။ ဘာသာတရားကို ယုံကြည်ခြင်းနှင့် ဆက်နွှယ်သည့် လှုပ်ရှားမှုအချို့၌ သင်ပါဝင်ဆောင်ရွက်ထားခြင်းမျှသာဖြစ်သည်။ ဤအရာသာဖြစ်သည်၊ ထိုမျှသာဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းက မည်သည့်အရာကို ညွှန်းဆိုသနည်း။ ယင်းက သင်ရှင်သန်နေထိုင်သည့်နည်းလမ်း ပြောင်းလဲသွားခြင်းကို ဆိုလိုသည်၊ ယင်းက သင့်တည်ရှိမှု၏ တန်ဖိုးနှင့် အသက်တာရှိ သင့်ပန်းတိုင်များတွင် ပြောင်းလဲမှုတစ်ခု ရှိနှင့်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုခြင်း၊ လူအုပ်ကြားတွင် ထင်ပေါ်ခြင်း၊ အဆင်ပြေသည့် ဘဝတစ်ခုရှိခြင်းနှင့် ကျော်ကြားမှုနှင့် ကြွယ်ဝမှုအတွက် ကြိုးစားအားထုတ်ခြင်းတို့ကဲ့သို့ အမှုအရာများအတွက် ယခင်က သင်ရှင်သန်ခဲ့သည်။ ယနေ့ သင်သည် ဤအရာများကို စွန့်လွှတ်ပြီး ဖြစ်သည်။ သင်သည် စာတန်နောက်ကို မလိုက်တော့ဘဲ ယင်းကို စွန့်လွှတ်ဖို့၊ ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းကို စွန့်လွှတ်ဖို့ ဆန္ဒရှိသည်။ သင်သည် ဘုရားသခင်နောက်ကို လိုက်နေကာ သင်လက်ခံသည့် အရာသည် သမ္မာတရားဖြစ်ပြီး သင်လျှောက်သည့် လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်း ဖြစ်သည်။ သင့်အသက်တာ၏ ဦးတည်ချက်သည် လုံးလုံး ပြောင်းလဲသွားပြီ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ပြီးသည့်နောက်တွင် သင်သည် အသက်တာကို ကွဲပြားခြားနားစွာ ချဉ်းကပ်ခြင်း၊ ကွဲပြားသော ရှင်သန်နေထိုင်နည်း ရှိခြင်း၊ ဖန်ဆင်းရှင်နောက်ကို လိုက်ခြင်းနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း၊ ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လက်ခံခြင်းနှင့် နောက်ဆုံးတွင် စစ်မှန်သည့် ဖန်ဆင်းခံတစ်ဦး ဖြစ်လာခြင်းတို့ဖြစ်သည်။ ဤသည်မှာ သင်၏ရှင်သန်နေထိုင်နည်းကို ပြောင်းလဲခြင်း မဟုတ်လော။ ယင်းမှာ ယခင်က သင်၏လိုက်စားခြင်း၊ ရှင်သန်နေထိုင်နည်းနှင့် သင်လုပ်ခဲ့သမျှ အရာအားလုံး၏ နောက်ကွယ်မှ စေ့ဆော်ချက်များ၊ အနက်အဓိပ္ပာယ်များနှင့် လုံးလုံးဆန့်ကျင်ဘက်ဖြစ်သည်။ ယင်းတို့အားလုံးသည် လုံးလုံးလျားလျား ဆန့်ကျင်ကွဲလွဲ၏၊ ရေးရေးမျှပင် မတူပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘာသာတရားကို ယုံကြည်မှုတို့ကြား ခြားနားချက်အပေါ် ငါတို့ အဆုံးသတ်မည်။ ငါတို့ ပြောနေခဲ့ကြသည့် “ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသား”တစ်ခု ရှိသည့် အခြေအနေကို သင်တို့ကိုယ်တိုင်တွင် သင်တို့ မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) သို့ဆိုလျှင် သင်တို့သည် အချိန်အများစုတွင် ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားတစ်ခုဖြင့် အသက်ရှင်ကြသလော၊ သို့မဟုတ် ထိုအခြေအနေကို သင်တို့ ရံဖန်ရံခါသာ ရှိကြသလော။ ရံဖန်ရံခါဖြစ်လျှင် ယင်းမှာ ထိုအခြေအနေကို သင် ဖယ်ရှားပြီးဖြစ်ကာ သမ္မာတရားကို စတင်လိုက်စားပြီးဖြစ်ကြောင်း၊ ထိုအရေးကိစ္စများ၏ အခြေအနေမှ သင် စတင်လွတ်လာပြီးဖြစ်ကြောင်းကို သက်သေပြပေသည်။ သင်သည် အချိန်အများစုတွင် ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသားဖြင့် အသက်ရှင်နေဆဲဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များဖြင့်၊ သမ္မာတရားဖြင့် မည်သို့ အသက်ရှင်ရမည်ကိုလည်းကောင်း၊ ပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သိုသော နှလုံးသား၏ ကန့်သတ်ချုပ်ချယ်မှုများအား ဖယ်ရှားပြီး ထိုအခြေအနေမှ မည်သို့ လွတ်လာရမည်ကိုလည်းကောင်း မသိလျှင် ယင်းက သင်သည် ဘုရားသခင်ရှေ့တွင် အသက်မရှင်နေကြောင်း၊ သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် ထိုသမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို သင် မသိသေးကြောင်း သက်သေပြပေသည်။ ယင်းမှာ ကြီးမားသည့် ခြားနားမှုတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) သမ္မာတရားကို စိုးစဉ်းမျှ နားလည်ခြင်းမရှိဘဲ ထိုသို့ သင် ဆက်အသက်ရှင်လျှင် အန္တရာယ်ရှိပေသည်။ အနှေးနှင့်အမြန် သင် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်ဖြစ်သည်။ ထိုပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသား ဖြစ်တည်လာပုံအတွက်မူ သင်သည် သမ္မာတရားကို ရှာဖွေရမည်၊ ထိုအခြေအနေကို စိတ်ဖြာလေ့လာဆွေးနွေးရမည်ဖြစ်ပြီး ထိုအခြေအနေကို ပြောင်းလဲရမည်ဖြစ်သည်။ လူတစ်ယောက်သည် အဘယ်ကြောင့် ထိုပကတိဖြစ်သော၊ ကလေးသူငယ်ကဲ့သို့သော နှလုံးသား ရှိမည်၊ ဘုရားသခင်ကို ယုံကြည်ရန် စိတ်အားထက်သန်မှုအပေါ် မှီခိုခြင်းမှ မည်သည့် အကျိုးဆက်များ ဖြစ်လာလိမ့်မည်၊ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းအားဖြင့် သမ္မာတရားကို သင် ရရှိနိုင်ခြင်း ရှိမရှိ၊ ထိုအရာက ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းအား အားပေးခြင်း ရှိမရှိဟူသည့် ဤမေးခွန်းများနှင့်ပတ်သက်၍ သင်သည် စိတ်နှလုံးထဲတွင် ရှင်းလင်းနေရမည်ဖြစ်သည်။ ဤအရာက သင့်အနေဖြင့် မိမိကိုယ်ကို နှိုင်းယှဉ်ချိန်ဆကြည့်ရန်၊ သုံးသပ်ဆင်ခြင်ရန်နှင့် ဖြေရှင်းချက်ကို ရှာဖွေရန် လိုအပ်ပေသည်။

လူတစ်မျိုးသည် ဘုရားသခင်ကို မိမိတို့၏ ယုံကြည်မှုတွင် ပင်ကိုအားဖြင့် စိတ်ထက်သန်ကြသည်။ မည်သည့်တာဝန်မဆိုက ၎င်းတို့အတွက် အဆင်ပြေပြီး အခက်အခဲအနည်းငယ် ရှိခြင်းက ကိစ္စမရှိသော်လည်း ၎င်းတို့၏ စိတ်က မတည်ငြိမ်ပေ။ ၎င်းတို့သည် စိတ်လှုပ်ရှားထိခိုက်လွယ်ပြီး ပြောင်းလဲလွယ်သည်၊ တစ်သမတ်တည်း မရှိပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်အခြေအနေတစ်ခုတည်းဖြင့် ပြုမူဆောင်ရွက်ကြသည်။ ၎င်းတို့ ပျော်သည့်အခါ ၎င်းတို့ကို တာဝန်ပေးထားသည့် အလုပ်ကို ကောင်းစွာ လုပ်ဆောင်ကြပြီး ၎င်းတို့ တွဲဖက်ရမည့် မည်သူမဆိုနှင့်လည်းကောင်း၊ မိမိတို့ ပတ်သက်ရသည့် မည်သူမဆိုနှင့်လည်းကောင်း ကောင်းကောင်း အဆင်ပြေကြသည်။ ပိုများသည့်တာဝန်ကို ယူရန်လည်း လိုလားနေကြသည်။ မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ ထိုအတွက် တာဝန်သိစိတ်တစ်ခု ရှိကြသည်။ ယင်းမှာ ကောင်းမွန်သည့် အခြေအနေတစ်ခုတွင် ရှိသည့်အခါ ၎င်းတို့ ပြုမူပုံဖြစ်သည်။ ၎င်းတို့ ကောင်းမွန်သည့် အခြေအနေတွင်ရှိသည့် အကြောင်းရင်းတစ်ခု ရှိကောင်းရှိနိုင်သည်။ ၎င်းတို့၏ တာဝန်နှင့်ပတ်သက်၍ အလုပ်ကောင်းကောင်းလုပ်သည့်အတွက် ချီးမွမ်းခံခဲ့ရပြီး အဖွဲ့၏ လေးစားမှုနှင့် အသိအမှတ်ပြုခြင်းကို ရရှိခဲ့ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ၎င်းတို့ ဖန်တီးလိုက်သည့် အလုပ်ကို လူများစွာက အသိအမှတ်ပြုခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ချီးမွမ်းခြင်း လေတစ်ခုစီတိုင်းဖြင့် ပိုပြည့်တင်းသွားသည့် မိုးပျံပူဖောင်းကဲ့သို့ ဖောသွပ်သွပ်ဖြစ်လာကြသည်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း တာဝန်တစ်ခုတည်းကို ဆက်ထမ်းဆောင်ကြသည်။ သို့သော် တစ်ချိန်လုံး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ လုံးဝ သဘောမပေါက်ကြ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို လုံးဝ မရှာဖွေကြပေ။ ၎င်းတို့သည် မိမိတို့၏ အတွေ့အကြုံ အားသာချက်ပေါ်တွင် အမြဲ ပြုမူဆောင်ရွက်ကြသည်။ အတွေ့အကြုံသည် သမ္မာတရားလော။ အတွေ့အကြုံအပေါ် ပြုမူဆောင်ရွက်ရန်မှာ ယုံကြည်စိတ်ချ၍ရသလော။ ထိုအရာသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသလော။ အတွေ့အကြုံအပေါ် ပြုမူဆောင်ရွက်ခြင်းသည် စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ထိုသို့ပြုမူဆောင်ရွက်ခြင်းက ကျရှုံးသည့်အချိန်များ သေချာပေါက်ရှိလိမ့်မည်။ ထို့ကြောင့် မိမိတို့တာဝန်ကို ကောင်းစွာ မထမ်းဆောင်သည့် နေ့တစ်နေ့ ရောက်လာသည်။ အမှုအရာများစွာက တလွဲတချော် ဖြစ်သွားပြီး ၎င်းတို့ ပြုပြင်ခံရကြသည်။ အဖွဲ့က ၎င်းတို့နှင့်ပတ်သက်၍ စိတ်ကျေနပ်ခြင်းမရှိပေ။ ထို့နောက် ၎င်းတို့ အပျက်သဘောဆောင်ကြသည်။ “ဤတာဝန်ကို ကျွန်ုပ် ထမ်းဆောင်မနေတော့ပါ။ ညံ့ဖျင်းစွာ ကျွန်ုပ် လုပ်ဆောင်သည်။ သင်တို့အားလုံးက ကျွန်ုပ်ထက် ပိုတော်ကြသည်၊ မတော်သောသူမှာ ကျွန်ုပ်သာ ဖြစ်လေသည်။ ထိုတာဝန်ကို လုပ်ဆောင်လိုသောသူ မည်သူမဆို၊ လုပ်သာလုပ်ပါ”ဟူ၍ ဖြစ်သည်။ လူတစ်ဦးက သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့ မိတ်သဟာယပြုပေးသော်လည်း “ဤအရာတွင် အဘယ်အရာကို မိတ်သဟာယပြုရန် လိုသနည်း။ ယင်းမှာ သမ္မာတရား ဟုတ်မဟုတ်ဟူသည်ကို ကျွန်ုပ် ဂရုမစိုက်ပါ။ ကျွန်ုပ် ပျော်ရွှင်သည့်အခါ ကျွန်ုပ်၏ တာဝန်ကို လုပ်မည်ဖြစ်ပြီး မပျော်ရွှင်သည့်အခါ လုပ်မည် မဟုတ်ပါ။ အဘယ်ကြောင့် အလွန် ခက်ခဲရှုပ်ထွေးစေသနည်း။ ထိုတာဝန်ကို ယခု ကျွန်ုပ် လုပ်မည် မဟုတ်ပါ။ ကျွန်ုပ် ပျော်ရွှင်မည့်နေ့ကို စောင့်ပါမည်”ဟု ဆိုလျက် ၎င်းတို့ နားမဝင်ကြသကဲ့သို့ နားမလည်ကြပေ။ ဤသည်မှာ ၎င်းတို့ တစ်သမတ်တည်း ဖြစ်သည့်ပုံစံဖြစ်သည်။ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းတွင်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြစ်စေ၊ တရားဒေသနာများကို နားထောင်ခြင်းနှင့် စုဝေးပွဲများကို တက်ခြင်းတွင်ဖြစ်စေ၊ အခြားသူတို့နှင့် ၎င်းတို့ ဆက်ဆံမှုများတွင်ဖြစ်စေ ၎င်းတို့ ဘဝ၏ သွင်ပြင်လက္ခဏာတစ်ခုခုနှင့် ဆက်စပ်သော အရာရာတိုင်းတွင် ၎င်းတို့ ထုတ်ဖော်ပြသည့်အရာမှာ ယခုတစ်မျိုး တော်ကြာတစ်မျိုးဖြစ်ခြင်း၊ တစ်ချိန်တွင် စိတ်ဓာတ်မြှင့်တင်ခံရပြီး နောက်တစ်ချိန်တွင် စိတ်ဓာတ်ကျခြင်း၊ တစ်ချိန်တွင် အေးတိအေးစက်ဖြစ်ကာ နောက်တစ်ချိန်တွင် စိတ်လှုပ်ရှားခြင်း၊ တစ်ချိန်တွင် အပျက်သဘောဆောင်ကာ နောက်တစ်ချိန်တွင် အပြုသဘောဆောင်ခြင်းတို့ ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ၎င်းတို့၏ အခြေအနေ ကောင်းခြင်းဖြစ်စေ၊ ဆိုးခြင်းဖြစ်စေ အစဉ်သဖြင့် အတော်အတန်ပင် သိသာထင်ရှားလေသည်။ ထိုအရာကို အကြည့်တစ်ချက်ဖြင့် သင် မြင်နိုင်သည်။ ၎င်းတို့သည် မိမိတို့၏ ပင်ကိုစရိုက်အတိုင်း လိုက်နေကြရင်း မိမိတို့ လုပ်ဆောင်သည့် အရာတိုင်းတွင် တစ်သမတ်တည်း မဟုတ်ကြ။ ၎င်းတို့ ပျော်ရွှင်သည့်အခါ အလုပ်ကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ကြပြီး မပျော်ရွှင်သည့်အခါ စုတ်ချာကြသည်။ အမှုအရာ လုပ်ဆောင်နေခြင်းကိုပင် ရပ်လိုက်ပြီး လက်လျှော့လိုက်ပြီဟု ပြောလိုက်ကြသည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေသည်ဖြစ်စေ၊ မိမိတို့၏ စိတ်အခြေအနေအတိုင်း၊ ပတ်ဝန်းကျင်အတိုင်း၊ မိမိတို့၏ တောင်းဆိုချက်များအတိုင်း လုပ်ဆောင်ရမှ ဖြစ်သည်။ အခက်အခဲကို ကြုံရန် အလိုဆန္ဒ လုံးဝ မရှိကြချေ။ ၎င်းတို့သည် အလိုလိုက်ခံရပြီး ပျက်စီးကြသည်၊ အကျိုးအကြောင်းမရှိ ရန်လိုကြသည်၊ အသိခေါက်ခက် အဝင်နက်ကြပြီး ထိုအရာကို ထိန်းချုပ်ရန် ဘာမျှ မလုပ်ဆောင်ကြချေ။ မည်သူမျှ ၎င်းတို့ကို စိတ်အနှောင့်အယှက် ပေးခွင့်မရှိပေ။ စိတ်အနှောင့်အယှက် ပေးသူမည်သူမဆိုသည် မုန်တိုင်းကဲ့သို့လာသည့် ၎င်းတို့၏ ဒေါသကို ခံရမည့် ပစ်မှတ်တစ်ခု ဖြစ်သည်။ ထိုဒေါသ လွန်သွားသည်နှင့် ၎င်းတို့ အပျက်သဘောဆောင်ကာ စိတ်ခံစားမှုအရ ဝမ်းနည်းအားငယ်သွားကြသည်။ ထို့အပြင် မိမိတို့၏ နှစ်ခြိုက်မှုများကို အခြေခံ၍ အရာရာကို လုပ်ဆောင်ကြသည်။ “ဤအလုပ်ကို ကျွန်ုပ် နှစ်သက်လျှင် လုပ်မည်။ မနှစ်သက်လျှင် လုပ်မည်မဟုတ်ပါ။ လုံးဝ လုပ်မည် မဟုတ်ပါ။ သင်တို့ထဲမှ ဆန္ဒရှိသောသူ မည်သူမဆို လုပ်နိုင်သည်။ ယင်းသည် ကျွန်ုပ်နှင့် ဘာမျှ ပတ်သက်ခြင်းမရှိပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့ ပျော်ရွှင်ပြီး ၎င်းတို့၏ အခြေအနေက ကောင်းမွန်သည့်အခါ ပင်ကိုအားဖြင့် တက်ကြွကြပြီး ဘုရားသခင်ကို ချစ်လိုကြသည်ဟု ပြောကြသည်။ ၎င်းတို့ အလွန်တက်ကြွကြသည်မှာ မျက်ရည်ပူများ မျက်နှာတွင် စီးဆင်းလျက် ကျယ်လောင်စွာ ရှိုက်ရင်း ငိုကြွေးကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ကို အမှန်တကယ် ချစ်သော စိတ်နှလုံးဖြစ်သလော။ ဘုရားသခင်ကို ပင်ကိုအားဖြင့် ချစ်သည့် အခြေအနေသည် ပုံမှန်စိတ်နှလုံးတစ်ခု ဖြစ်သော်လည်း ၎င်းတို့ စိတ်သဘောထား၊ အပြုအမူများနှင့် ထုတ်ဖော်ပြမှုများကို ကြည့်သည့်အခါ ၎င်းတို့သည် အသက်ဆယ်နှစ်ခန့်ရှိသည့် ကလေးငယ်တစ်ဦးဖြစ်သည်ဟု သင် ထင်မှတ်ပေမည်။ ၎င်းတို့၏ ဤစိတ်သဘောထား၊ ၎င်းတို့၏ အသက်ရှင်ခြင်းပုံစံသည် ပြောင်းလဲလွယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် တစ်သမတ်တည်းမရှိ၊ သစ္စာစောင့်သိခြင်းမရှိ၊ တာဝန်မသိတတ်သကဲ့သို့ ၎င်းတို့ လုပ်ဆောင်သည့် အရာတိုင်းတွင် တာဝန်မဲ့ကြသည်။ ၎င်းတို့သည် အခက်အခဲကို လုံးဝ မကြုံကြသကဲ့သို့ တာဝန်ယူရန် မလိုမလားဖြစ်ကြသည်။ ၎င်းတို့ ပျော်ရွှင်သည့်အခါ မည်သည့်အရာမဆို လုပ်ဆောင်ပါစေ အဆင်ပြေသည်။ အခက်အခဲအနည်းငယ်က ကိစ္စမရှိသကဲ့သို့ ၎င်းတို့၏ အကျိုးစီးပွားများ ထိုးနှက်ခံရလျှင်လည်း ကိစ္စမရှိပေ။ သို့ရာတွင် ၎င်းတို့ စိတ်မချမ်းမြေ့ဖြစ်လျှင် မည်သည့်အရာကိုမျှ လုပ်ကြမည်မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်ကြသနည်း။ ထိုသို့သော အခြေအနေတစ်ခုသည် ပုံမှန်ဖြစ်သလော။ (ပုံမှန်မဟုတ်ပါ။) ဤပြဿနာသည် မူမမှန်သည့် အခြေအနေတစ်ခုကို ကျော်လွန်သည်။ ထိုအရာသည် လွန်ကဲသော ပြောင်းလဲလွယ်ခြင်း၊ လွန်ကဲသော မိုက်မဲမှုနှင့် မသိနားမလည်ခြင်း၊ လွန်ကဲသော ကလေးဆန်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ပြောင်းလဲလွယ်ခြင်းနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ အချို့က “ပင်ကိုစရိုက် မတည်ငြိမ်ခြင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ငယ်ရွယ်လွန်းပြီး အလွန်နည်းပါးသည့် အခက်အခဲကို ဖြတ်သန်းခဲ့ရပြီး ၎င်းတို့၏ စရိုက်က အသင့်မဖြစ်သေးသောကြောင့် ၎င်းတို့၏ အပြုအမူတွင် မကြာခဏ ပြောင်းလဲလွယ်ခြင်း ရှိသည်”ဟု ပြောကောင်း ပြောနိုင်သည်။ အမှန်တရားမှာ ထိုပြောင်းလဲလွယ်ခြင်းသည် အသက်အရွယ်ကို အရေးမစိုက်ပေ။ အသက် လေးဆယ်ကျော် အရွယ်ရောက်ပြီးသူများ၊ အသက်ခုနစ်ဆယ်ကျော် သက်ကြီးရွယ်အိုများသည်လည်း ကြိမ်ဖန်များစွာ ပြောင်းလဲလွယ်ကြသည်။ ဤအရာကို အဘယ်သို့ ရှင်းပြရမည်နည်း။ ပြောင်းလဲလွယ်ခြင်းသည် အမှန်တွင် မိမိ၏ စိတ်သဘောထားတွင်ရှိသည့် ပြဿနာတစ်ခုဖြစ်ပြီး ထို့ပြင်လည်း အလွန်အမင်း ဆိုးရွားသောအရာတစ်ခုဖြစ်သည်။ အရေးကြီးသည့် တာဝန်တစ်ခုကို ၎င်းတို့ ထမ်းဆောင်နေလျှင် ထိုအရာက ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးမှုများ ဖြစ်စေလျက် ထိုတာဝန်နှင့် အလုပ်တိုးတက်မှုတို့ကို နှောင့်နှေးစေလိမ့်မည်ဖြစ်သည်။ ပြီးလျှင် သာမန်တာဝန်များနှင့် ပတ်သက်၍လည်း ထိုအရာက ထိုတာဝန်များကို ကြိမ်ဖန်များစွာ ထိခိုက်ပြီး အမှုအရာများကို ဟန့်တားသည်။ ထိုအရာနှင့်ပတ်သက်၍ အခြားသူများ၊ မိမိတို့ကိုယ်တိုင် သို့မဟုတ် အသင်းတော်၏ အလုပ်ကို အကျိုးပြုသည့်အရာ ဘာမျှမရှိပေ။ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်တာဝန် အနည်းငယ်နှင့် ၎င်းတို့ ပေးဆပ်သည့် အဖိုးအခတို့သည် အသားတင် ဆုံးရှုံးမှုတစ်ခုနှင့် လာသည်။ အထူးသဖြင့် ပြောင်းလဲလွယ်သော လူတို့သည် ဘုရားအိမ်တော်တွင် တာဝန်များကို ထမ်းဆောင်ရန် မသင့်တော်သကဲ့သို့ ထိုသို့သော လူများစွာရှိပေသည်။ ပြောင်းလဲလွယ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲတွင် ဖြစ်လေ့ဖြစ်ထ အရှိဆုံးသော သရုပ်သကန်ဖြစ်သည်။ လူတိုင်းနီးပါးက ထိုသို့သော စိတ်သဘောထားတစ်ခု ရှိကြသည်။ ထိုစိတ်သဘောထားသည် အဘယ်အရာဖြစ်သနည်း။ ပင်ကိုအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတိုင်းသည် စာတန်၏ စိတ်သဘောထားများ၏ မျိုးကွဲတစ်ခုဖြစ်ပြီး ပြောင်းလဲလွယ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်သည်။ သိမ်မွေ့သော ဝေါဟာရအရ ထိုအရာသည် သမ္မာတရားကို မနှစ်သက်ခြင်း သို့မဟုတ် လက်မခံခြင်း ဖြစ်သည်။ သာ၍စီးသော ဝေါဟာရအရ ထိုအရာသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်း ဖြစ်သည်။ ပြောင်းလဲလွယ်သော လူများသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြသလော။ သေချာပေါက် ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့ ပျော်ရွှင်ပြီး အကျိုးကျေးဇူး ခံစားရသည့်အချိန်တွင် တစ်ခဏမျှ ကျိုးနွံနာခံနိုင်ကြသော်လည်း ၎င်းတို့ စိတ်မချမ်းမြေ့ဖြစ်ကာ အကျိုးမခံစားရသည့်အခါ ဒေါသူပုန်ထပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်ဝံ့ကြသည်။ ၎င်းတို့က “သမ္မာတရား ဟုတ်မဟုတ် ငါ ဂရုမစိုက်ပါ။ အရေးကြီးသည်မှာ ငါ ပျော်ရွှင်ဖို့၊ ကျေနပ်ရောင့်ရဲဖို့ ဖြစ်သည်။ ငါ စိတ်မချမ်းမြေ့လျှင် မည်သူမဆို ပြောသည့် မည်သည့်အရာမျှ အထောက်အကူ ဖြစ်မည်မဟုတ်။ သမ္မာတရားသည် အဘယ်အဖိုးတန်သနည်း။ ဘုရားသခင်သည် အဘယ်အရေးပါသနည်း။ ငါသည် ဆရာကြီးဖြစ်သည်”ဟု မိမိတို့ကိုယ်ကို ပြောဆိုကြလိမ့်မည်။ ဤသည်မှာ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ဖြစ်သနည်း။ (သမ္မာတရားကို မုန်းခြင်းဖြစ်သည်။) သမ္မာတရားကို မုန်းသော စိတ်သဘောထား၊ ထိုသမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထိုအရာတွင် မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း အရိပ်လက္ခဏာ ရှိသလော။ စိတ်နှလုံးခိုင်မာခြင်း အရိပ်လက္ခဏာတစ်ခု ရှိသလော။ (ရှိပါသည်။) ဤတွင် နောက်ထပ် စံတင်လောက်သော အခြေအနေတစ်ခု ရှိသည်။ ၎င်းတို့ စိတ်ချမ်းသာနေချိန်တွင် လူတိုင်းကို သဘောကောင်းကြပြီး မိမိတို့ တာဝန်ကို ထမ်းဆောင်ရာတွင် တာဝန်ယူတတ်ကြသည်။ ၎င်းတို့သည် လူကောင်းတစ်ဦး၊ ကျိုးနွံနာခံသည့် လူတစ်ဦး၊ အဖိုးအခပေးလိုသည့် လူတစ်ဦး၊ သမ္မာတရားကို အမှန်တကယ် ချစ်သည့် လူတစ်ဦးဖြစ်သည်ဟု လူတို့က တွေးထင်ကြသည်။ သို့ရာတွင် ၎င်းတို့ အပျက်သဘောဆောင်ကြသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို စွန့်လွှတ်လိုက်ကြမည် ဖြစ်သည်။ ညည်းညူကာ ဖျောင်းဖျမရနိုင်အောင်ပင် ဖြစ်သွားကြလိမ့်မည်။ ဤတွင် ၎င်းတို့၏ ရက်စက်သော ဘက်ခြမ်းပေါ်လာသည်။ ၎င်းတို့ကို မည်သူမျှ အပြစ်တင်ပိုင်ခွင့်မရှိပေ။ ၎င်းတို့က “သမ္မာတရားတိုင်းကို ကျွန်ုပ် နားလည်သည်။ လက်တွေ့မလုပ်ဆောင်ခြင်းသာ ဖြစ်သည်။ မိမိဘာသာ အေးအေးသက်သာနေခြင်းကသာ ကျွန်ုပ်အတွက် အဆင်ပြေလိမ့်မည်”ဟုပင် ပြောကြလိမ့်မည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ (ရက်စက်ခြင်းဖြစ်သည်။) ဤဆိုးယုတ်သောလူတို့သည် မိမိတို့ကို ပြုပြင်ပေးသည့် မည်သူကိုမဆို ပြန်တိုက်ခိုက်ရန် အသင့်ဖြစ်ကြရုံမက ၎င်းတို့ကို ဆိုးယုတ်သော မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ပင် နာကျင်စေကာ ထိခိုက်နစ်နာစေကြလေသည်။ မည်သူကမျှ ၎င်းတို့ကို သွားမထိရဲပေ။ ဤသည်မှာ ၎င်းတို့ အလွန် ပြောင်းလဲလွယ်ပြီး ရက်စက်ကြခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ငယ်ရွယ်မှုနှင့်ဆက်စပ်သည့် ပြဿနာဖြစ်သလော။ ၎င်းတို့ အသက်ကြီးလာလျှင် ပြောင်းလဲမလွယ်တော့မည် မဟုတ်သလော။ ၎င်းတို့ အသက်ကြီးလာလျှင် သာ၍ စဉ်းစဉ်းစားစားလုပ်တတ်ကာ ဆင်ခြင်တုံတရား ရှိကြမည်လော။ မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ ပင်ကိုစရိုက် သို့မဟုတ် အသက်အရွယ်နှင့် မဆိုင်ပေ။ ကွယ်ဝှက်နေသည့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု ရှိပေသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ အုပ်စိုးခြင်းကို ခံရကြပြီး ၎င်းတို့ အသက်ရှင်ကြသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်သည့် တစ်စုံတစ်ဦးတွင် ကျိုးနွံနာခံမှု ရှိသလော။ သမ္မာတရားကို ၎င်းတို့ ရှာဖွေနိုင်သလော။ သမ္မာတရားကို ချစ်သည့် ၎င်းတို့၏ အစိတ်အပိုင်းတစ်ခု ရှိသလော။ (မရှိပါ။) ထိုအရာတစ်ခုမျှ မရှိပေ။ သင်တို့အားလုံးတွင် ပြောင်းလဲလွယ်သည့် အခြေအနေတစ်ခု ရှိခဲ့ကြပြီးပြီလော။ (ရှိခဲ့ကြပါသည်။) ထိုအကြောင်း မိတ်သဟာယမပြုလျှင် ပြဿနာတစ်ခုဖြစ်သည်ဟု သင်တို့ ခံစားကြမည်လော။ (ခံစားမည်မဟုတ်ပါ။) ယခုတွင် ထိုအကြောင်းကို မိတ်သဟာယပြုပြီးသည့်နောက် ထိုအရာသည် အတော်လေး ဆိုးရွားသည့် ပြဿနာတစ်ခုဖြစ်သည်ဟု သင်တို့ ခံစားရသလော။ (ခံစားရပါသည်။) အချို့သော ရံဖန်ရံခါဖြစ်တတ်သည့် ပြောင်းလဲလွယ်ခြင်းသည် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းတရားများမှ ဖြစ်ပေါ်သည်။ ယင်းမှာ စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခု မဟုတ်။ မိမိ၏ လုပ်ရပ်များရှိ စိတ်သဘောထားဆိုင်ရာ ပြဿနာအားလုံးနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ပြမှုအားလုံးသည် အပျက်သဘောဆောင်သည့် အကျိုးဆက်များကို ဖြစ်ထွန်းစေလိမ့်မည်။ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းတရားတစ်ခုနှင့်ဆိုင်သည့် ဥပမာမှာ ဤသို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဆိုးရွားသော ဗိုက်အောင့်ခြင်းကို ယနေ့တွင် ခံစားနေရသည်ဆိုပါစို့။ ၎င်းက အင်မတန် နာကျင်သည်မှာ စကားပြောဖို့ ခွန်အားမရှိသလောက် ဖြစ်သည်။ သူက တစ်ခဏမျှ လှဲနေလိုက်ချင်သည်။ ထိုအချိန်တွင်ပင် တစ်စုံတစ်ဦး ရောက်လာပြီး ထိုသူနှင့် စကားအနည်းငယ်ပြောကာ သူ၏ ပြန်ပြောသည့်လေသံက အနည်းငယ် ပြင်းထန်သည်။ ဤသည်မှာ သူ၏ စိတ်သဘောထားနှင့်ပတ်သက်သည့် ပြဿနာတစ်ခု ဖြစ်သလော။ မဟုတ်ပေ။ သူသည် မကျန်းမာသကဲ့သို့ နာကျင်မှုခံစားရသောကြောင့်သာ ထိုသို့ ဖြစ်ခြင်း ဖြစ်သည်။ ယင်းမှာ ပုံမှန်အချိန်များတွင် သူ ဖြစ်သည့် လူစားမျိုး၊ ထိုသို့ စကားပြောသည့်လူတစ်ဦးဖြစ်ခဲ့မည်ဆိုလျှင် ယင်းမှာ စိတ်သဘောထားဆိုင်ရာပြဿနာတစ်ခု ဖြစ်ပေမည်။ ဤအခြေအနေတွင် သူ၏ နာကျင်မှုက ခံနိုင်စွမ်းအတိုင်းအတာ တစ်ခုခုကို ကျော်လွန်သွားပြီ ဖြစ်သောကြောင့် သူ၏ စကားတွင် မကောင်းသည့် လေယူလေသိမ်းရှိနေခြင်း ဖြစ်သည်။ ယင်းမှာ ပုံမှန်ဖြစ်ပျက်သည့် အရာတစ်ခု ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းတရားတစ်ခုရှိပြီး အခြေအနေများကို ထောက်သော် ထိုသို့သော နည်းလမ်းတစ်ခုဖြင့် စကားပြောခြင်း သို့မဟုတ် ပြုမူခြင်းက ခွင့်လွှတ်သင့်ပြီး အကျိုးသင့်အကြောင်းသင့်ဖြစ်ကြောင်းနှင့် ထိုအရာသည် လူသား သဘာဝသာဖြစ်ကြောင်း လူတိုင်းက အသိအမှတ်ပြုလျှင် ထိုအရာသည် ပုံမှန်လူ့သဘာဝ၏ အပြုအမူနှင့် ထုတ်ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဆွေမျိုးတစ်ဦးကို ဆုံးရှုံးပြီး ပူဆွေးဝမ်းနည်းမှုဖြင့် စတင်ငိုကြွေးသော တစ်စုံတစ်ဦးကို ဥပမာယူလော့။ ယင်းမှာ အတော်လေး ပုံမှန်ဖြစ်သည်။ သို့သော် ထိုသူတို့အပေါ် ဝေဖန်ပြီး “ဤလူသည် တွယ်တာသည်။ ဤနှစ်ကာလများတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့ကြသော်လည်း မိမိ၏ မိသားစုအတွက် ချစ်ခင်တွယ်တာမှုကို လက်မလွှတ်နိုင်သေးပါ။ သူ၏ အမျိုးတစ်ယောက် သေသည့်အခါ ငိုပင်ငိုသည်။ မိုက်မဲလိုက်လေခြင်း”ဟု ပြောကြပေမည်။ ထို့နောက်တွင် ထိုသို့ပြောသောသူ၏ မိခင် သေဆုံးသည့်အခါ လူတကာထက် သာ၍ သည်းထန်စွာ ငိုကြွေးလေသည်။ အကြင်သူသည် ဤအရာကို မည်သို့ ရှုမြင်သင့်သနည်း။ သင့်အနေဖြင့် ကြောင်းကျိုးမမြင်စွာ စည်းမျဉ်းစည်းကမ်းများကို သုံး၍မရပေ သို့မဟုတ် ထိုအရာနှင့်ပတ်သက်၍ ခြုံငုံကောက်ချက်ချခြင်း ပြုလုပ်၍မရပေ။ အချို့သောအရာများသည် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းတရားများ ရှိပြီး ယင်းတို့သည် ပုံမှန်လူ့သဘာဝ၏ အပြုအမူများနှင့် ထုတ်ဖော်ပြမှုများ ဖြစ်သည်။ မည်သည့်အရာတို့သည် ပုံမှန် လူ့သဘာဝ၏ အပြုအမူများနှင့် ထုတ်ဖော်ပြမှုများဖြစ်ပြီး မည်သည့်အရာများက မဟုတ်ဟူသည်မှာ အခြေအနေများနှင့်ပတ်သက်၍ ကွဲပြားသည်။ ဖော်ပြသည့် မည်သည့်အရာမဆိုသည် မိမိအသက်ရှင်သည့်အရာနှင့် သက်ဆိုင်သည်၊ တစ်နည်းအားဖြင့် ပြောနေသည့်အရာက လူတို့၏ စိတ်သဘောထားများရှိ ပြဿနာများကို ထည့်သွင်းစဉ်းစားပြီး နောက်တစ်နည်းအားဖြင့် ထိုအရာသည် လူတို့၏ ရှုထောင့်များ၊ ၎င်းတို့၏ လိုက်စားမှု နည်းလမ်းများနှင့် ၎င်းတို့၏ လိုက်စားမှု လမ်းကြောင်းများတွင်ရှိသည့် ပြဿနာများအကြောင်း ဖြစ်သည်။ ၎င်းတို့၏ စိတ် သို့မဟုတ် ပင်ကိုစရိုက် သို့မဟုတ် အမှုအရာများလုပ်ဆောင်သည့် ၎င်းတို့၏ အပြင်ပန်းနည်းလမ်းများနှင့် သက်ဆိုင်သည့် ကိစ္စတစ်ခု လုံးဝ မဟုတ်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။