ဘုရားသခင်အား အစေခံခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၇၃)
ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်က ၎င်းတို့ကို ပေးအပ်ထားပြီးဖြစ်သော အလုပ်ကို ကောင်းမွန်စွာ ထမ်းနိုင်စေရန်အတွက် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဦးစွာ နားလည်ရမည်ဖြစ်ပြီး အလုပ်၏ အရွယ်အစား၊ သို့မဟုတ် ပမာဏကို အာရုံမစိုက်ရပေ။ ထိုအစား ၎င်းတို့သည် အသက်ဝင်ရောက်မှုနှင့် မိမိတို့၏ စိတ်သဘောထားများကို ပြောင်းလဲပြီးခြင်း ရှိမရှိကို အာရုံစိုက်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ သင်တို့သည် လူတစ်ဦး၏ စိတ်သဘောထား အပြောင်းအလဲများကို ယခု အမှန်တကယ် နားလည်သလော။ စိတ်သဘောထား အပြောင်းအလဲဟူသည် မည်သည်ကို ဆိုလိုသနည်း။ သင်တို့အနေဖြင့် အပြုအမူ ပြောင်းလဲမှုနှင့် စိတ်သဘောထား ပြောင်းလဲမှုကို ပိုင်းခြားသိမြင်နိုင်ပါသလား။ မည်သည့်အခြေအနေများကို လူတစ်ဦး၏ အသက်စိတ်သဘောထား အပြောင်းအလဲများဟု ယူဆနိုင်သနည်း၊ မည်သည့်အခြေအနေများသည် ပြင်ပ အပြုအမူ ပြောင်းလဲမှုမျှသာ ဖြစ်သနည်း။ လူတစ်ဦး၏ ပြင်ပအမူအကျင့် ပြောင်းလဲမှုနှင့် အတွင်းကျကျ အသက် ပြောင်းလဲမှုတို့ကြား ကွာခြားချက်မှာ အဘယ်နည်း။ ကွာခြားချက်ကို ပြောပြနိုင်မည်လော။ သင်တို့အနေဖြင့် စိတ်အားထက်သန်သော စိတ်နှလုံးရှိသည့် တစ်စုံတစ်ယောက်ကို အသင်းတော်အတွက် သွားလာလှည့်ပတ်ပြီး အချိန်ပေးဆပ်သည်ကို မြင်လျှင် “သူ၏စိတ်သဘောထားသည် ပြောင်းလဲသွားပြီ” ဟု ဆိုကြသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့၏ မိသားစု၊ သို့မဟုတ် အလုပ်အကိုင်ကို စွန့်ပယ်သည်ကို သင်မြင်ရပြီး “သူ၏ စိတ်သဘောထား ပြောင်းလဲသွားပြီ” ဟု ဆိုသည်။ သူ၏ စိတ်သဘောထား မပြောင်းလဲပြီးပါက ယင်းကဲ့သို့ အနစ်နာခံမှုမျိုး ပြုလုပ်နိုင်မည် မဟုတ်ဟု သင်တို့ထင်ကြသည်။ ဤသည်ကား သင်တို့အများစု ထင်မြင်ကြပုံ ဖြစ်သည်။ ထိုအမြင်များသည် မှန်ကန်ပါသလော။ အချို့သော သူများကား ပို၍ အဓိပ္ပါယ်မဲ့ကြသေးသည်။ မိသားစု၊ သို့မဟုတ် အလုပ်အကိုင်ကို စွန့်ပယ်ထားသူကို တွေ့သောအခါ “ဤသူသည် ဘုရားသခင်ကို တကယ်ချစ်သည်” ဟု ဆိုကြသည်။ ယနေ့ ဤသူက ကိုယ်တော်ကို ချစ်သည် ဟု ဆိုပြီး မနက်ဖြန်တွင် အခြားသူတစ်ဦးက ကိုယ်တော်ကို ချစ်သည် ဟု သင်တို့ဆိုကြပြန်သည်။ အဆုံးမရှိ တရားဟော နေသူတစ်ဦးကို သင်တို့မြင်တွေ့လျှင် “ဤသူသည် ဘုရားသခင်ကို သိတော်မူ၏။ သမ္မာတရားကို သူရရှိခဲ့ပြီ။ ဘုရားသခင်ကို မသိလျှင် ဤသို့ ပြောစရာ အများကြီး ရှိနိုင်မည်လော” ဟု သင်တို့ ပြောကြသည်။ ယင်းမှာ အမှုအရာများကို သင်တို့မြင်ကြသည့်ပုံစံ ဖြစ်သည်မဟုတ်လော။ စင်စစ်အားဖြင့် ဤသည်မှာ လူများနှင့် အမှုအရာများကို သင်တို့အများစု ရှုမြင်သည့်ပုံစံ ဖြစ်သည်။ သင်တို့ကား အခြားသူများကို အစဉ်သဖြင့် ချီးမြှင့်မြှောက်စားကာ မြှောက်ပင့်ကြသည်။ ယနေ့ ဘုရားသခင်ကို ချစ်ခြင်းအတွက် တစ်စုံတစ်ဦးကို ချီးမြှင့်မြှောက်စားပြီး မနက်ဖြန်တွင်လည်း အခြားလူ တစ်ဦးအား ဘုရားသခင်အပေါ် သိကျွမ်းခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကြောင့် ချီးမြှင့်မြှောက်စားမည်ဖြစ်သည်။ သင်တို့သည်ကား အခြားသူများကို ချီးမြှင့်မြှောက်စားရာတွင် “ကျွမ်းကျင်” သူများပေတကား။ သင်တို့သည် နေ့စဉ်နှင့်အမျှ အခြားသူများကို ချီးမြှင့်မြှောက်စားကာ မြှောက်ပင့်နေပြီး ယင်းသည် သူတို့အား ဘေးဖြစ်စေသည့်တိုင် သင်တို့ကမူ ထိုအမှုကိစ္စအတွက် ဂုဏ်ယူလျက် ရှိချေသည်။ သင်တို့သည် အခြားသူများအား ဤနည်းဖြင့် ချီးကျူးဂုဏ်ပြုခြင်းဖြင့် ၎င်းတို့အား မာနထောင်လွှားစေသည်။ ဤကဲ့သို့ ချီးမွမ်းခံရသူများသည် “ငါပြောင်းလဲသွားပြီ၊ ငါသည် သရဖူကို လက်ခံနိုင်သည်၊ ကောင်းကင် နိုင်ငံတော်သို့ ငါဝင်ရမည်မှာ သေချာသည်” ဟု မိမိတို့ကိုယ်ကို တွေးထင်ကြသည်။ ပိုမို ဆိုးရွားသောအချက်မှာ ပေါလုကဲ့သို့ပင် သူတို့ မည်မျှဒုက္ခခံပြီး မည်မျှလောက် သက်သေခံထားကြောင်း အမြဲဆိုတတ်ကြသူအချို့ ရှိကြပေသည်။ ထိုသူတို့သည် မိမိတို့ကိုယ်ကို ချီးမွမ်းကြပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အနည်းငယ်မျှ ထည့်တွက်စဉ်းစားခြင်း မရှိဘဲ ၎င်းတို့၏ အယူအဆများနှင့် နှစ်သက်မှုများအတိုင်း ပြောဆိုတတ်ကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထား မပြောင်းလဲသည်မှာ သိသာထင်ရှားသော်လည်း ၎င်းတို့အား အတုယူရန် အခြားသူများကို ပြောကြားတတ်ကြသည်။ ရလဒ်အနေဖြင့် ဘုရားသခင်ကို ယုံကြည်သော်လည်း ပိုင်းခြားသိမြင်မှု ကင်းမဲ့သူများ၊ အထူးသဖြင့် ၎င်းတို့အား ယုံကြည်ကိုးကွယ်သူများသည် ထိခိုက် နစ်နာပြီး လမ်းလွဲကြရသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းကြောင်းမှန်ပေါ်သို့ စတင်ခြေချရခြင်း မရှိသေးဘဲ မိမိတို့ကိုယ်မိမိ အသုံးခံကာ ဘုရားသခင်အတွက် စိတ်ထက်သန်စွာ ဒုက္ခခံကြသည်။ သူတို့သည် မည်သည့်အရာကိုမျှ သစ္စာဖောက်ခြင်း၊ သို့မဟုတ် ယုဒဖြစ်သွားခြင်း မရှိဘဲ ဖမ်းဆီးထောင်ချခံရခြင်းမျှသာ ဖြစ်၏။ ထို့အတွက်ကြောင့် ၎င်းတို့သည် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခဲ့ပြီးဖြစ်သည်၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်ဟု ထင်မြင်ကြလေသည်။ သူတို့သည် ဤအတွေ့အကြုံအနည်းငယ်မျှကို သက်သေခံချက်အဖြစ် မှတ်ယူလျက် နေရာတကာ ကြွားလုံးထုတ်ကြသည်။ ဤသည်မှာ လူများကို အထင်အမြင်မှားစေဖို့ ကြွားဝါခြင်း မဟုတ်လော။ လူများစွာတို့သည် ဤ “သက်သေခံချက်” မျိုးကို ပေးကြပြီဖြစ်ရာ လူပေါင်းမည်မျှသည် လှည့်ဖြားခံကြရပြီး ဖြစ်သနည်း။ ထိုကဲ့သို့သော လူများက အောင်မြင်သောသူများအဖြစ် ဆက်ဆံခံရခြင်းသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဘုရားသခင်သည် လူများအား မည်သို့မြင်သည်ကို သင်သိသလော။ အောင်မြင်သောသူဆိုသည်မှာ အတိအကျအားဖြင့် မည်သည့်အရာ ဖြစ်ကြောင်း သင်ရှင်းလင်းသလော။ ဤပုံစံဖြင့် မှားယွင်းသော သက်သေခံခြင်းကို ဘုရားသခင်က ကျိန်ဆဲလေသည်။ မည်မျှလောက်သော မကောင်းမှုများကို အလားတူပုံစံဖြင့် သင်တို့ ကျူးလွန်ခဲ့သနည်း။ သင်တို့သည် အခြားသူများအတွက် အသက်ကို မထောက်ပံ့ပေးနိုင်သကဲ့သို့ အခြားသူများ၏ အခြေအနေများကို စိတ်ဖြာလေ့လာဆွေးနွေးနိုင်ခြင်းလည်း မရှိ။ သင်တို့သည် လူများကို သရဖူများ ပေးခြင်းသာ လုပ်နိုင်ပြီး ရလဒ်အနေဖြင့် ၎င်းတို့ ပျက်စီးသွားအောင်သာ လုပ်နိုင်သည်။ အကျင့်ပျက်သူတစ်ဦးသည် ချီးမွမ်းခြင်းကို မခံနိုင်ကြောင်း သင်မသိသလော။ မည်သူမျှ မချီးမွမ်းလျှင် ထိုသူသည် ခေါင်းမော့လျက် မယုံနိုင်လောက်အောင် မောက်မာနေပေလိမ့်မည်။ သို့သော် လူတို့က သူ့ကို ချီးမွမ်းလျှင် ထိုသူသည် အသေစောမည် မဟုတ်လော။ ဘုရားသခင်ကို ချစ်မြတ်နိုးရန်၊ ဘုရားသခင်ကို သိရန်နှင့် ဘုရားသခင်အတွက် စိတ်ရင်းအမှန်ဖြင့် မိမိကိုယ်မိမိ အသုံးခံရန်ဆိုသည်မှာ အဘယ်ဖြစ်ကြောင်း သင်တို့မသိရှိကြ။ ထိုအရာ တစ်ခုတလေကိုမျှ သင်တို့နားမလည်ကြ။ သင်တို့သည် အမှုအရာများ၏ အပြင်ပန်းသွင်ပြင်ကို ကြည့်လျက် အခြားသူများကို အကဲဖြတ်ကြ၏။ အခြားသူများကို သရဖူများ ဆောင်းပေးကာ မြှောက်ပင့်ကြ၏။ ဤနည်းအားဖြင့် လူများစွာကို လှည့်ဖြားပြီး ထိခိုက်နစ်နာစေသည်။ သင်တို့သည် ဤသို့ မကြာခဏ ပြုကြသည်။ သင်တို့ ဤသို့ ချီးမွမ်းသည်ကို ခံရပြီးသည့်နောက် လူများစွာတို့သည် လမ်းလွဲကုန်ပြီး လဲကျခဲ့ကြရပြီဖြစ်၏။ ထိုသူတို့ ပြန်ထလာနိုင်လျှင်ပင် ၎င်းတို့ဘဝရှိ တိုးတက်မှုများစွာက နှောင့်နှေးသွားပြီဖြစ်ကာ ဆုံးရှုံးမှုများကို ၎င်းတို့ခံစားခဲ့ကြရပြီ ဖြစ်သည်။ ယခုအခါ အများစုသည် ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းပေါ်တွင် မရှိသေးသကဲ့သို့ သမ္မာတရားကိုလည်း မလိုက်စားနိုင်ကြသည့်အပြင် မိမိတို့အကြောင်းကိုလည်း အနည်းငယ်သာ သိကြသည်။ အကယ်၍ ၎င်းတို့သည် ဤသို့ ချီးကျူးခံရပါက မိမိကိုယ်ကို ကျေနပ်ရောင့်ရဲခြင်း၊ အားရခြင်းများ ဖြစ်လာကာ ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်း၌ လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပြီးသား ဖြစ်သည်ဟုလည်းကောင်း၊ သူတို့တွင် သမ္မာတရားစစ်မှန်မှု အနည်းငယ် ရှိသည်ဟုလည်းကောင်း ခံစားကြကာ မလျှော့တမ်း ပေတေနေကြမည် ဖြစ်သည်။ ၎င်းတို့ စကားပြောဆိုရာတွင် ရဲတင်းလာကာ အသင်းတော်အတွင်းတွင် လူများကိုလည်း အပြစ်တင်ပြီး အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူလာကြလိမ့်မည် ဖြစ်သည်။ ဤပုံစံအတိုင်း လုပ်ဆောင်ခြင်းအားဖြင့် သင်သည် လူများကို ထိခိုက်နစ်နာစေပြီး ပျက်စီးစေသည် မဟုတ်လော။ မည်သို့သောသူသည် ဘုရားသခင်ကို ချစ်သနည်း။ ဘုရားသခင်ကို ချစ်သူများသည် ပေတရုကဲ့သို့ ဖြစ်ရပေမည်။ ၎င်းတို့သည် စုံလင်စေခြင်းကို ခံရမည်။ ထို့ပြင် ဘုရားသခင်ကို ချစ်ခြင်းအား ရရှိနိုင်ရန်အတွက် လမ်းဆုံးတိုင်အောင် ဘုရားသခင်နောက်သို့ လိုက်ရမည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံး နက်ရှိုင်းရာထဲသို့ စောင့်ကြည့်လေ့လာပြီး သူ့အား ချစ်သောသူကို ဘုရားသခင်သည်သာလျှင် ဆုံးဖြတ်နိုင်သည်။ လူတို့အနေဖြင့် ဤသည်ကို ရှင်းလင်းစွာ မြင်နိုင်ရန် မလွယ်ကူသောကြောင့် အခြားသူများအပေါ် မည်သို့လျှင် စီရင်ဆုံးဖြတ်နိုင်မည်နည်း။ ဘုရားသခင်ကို မည်သူက အမှန်တကယ် ချစ်သည်ဆိုသည်ကို ဘုရားသခင်သာလျှင် သိပေသည်။ ဘုရားသခင်ကို ချစ်သောစိတ်နှလုံး ရှိလျှင်ပင် ၎င်းတို့ကိုယ်တိုင်သည် ဘုရားသခင်ကို ချစ်သူများ ဖြစ်ကြောင်း သူတို့မပြောဝံ့ကြ။ ဘုရားသခင်က ပေတရုသည် ဘုရားသခင်ကို ချစ်သောသူတစ်ဦးဖြစ်ကြောင်း ပြောသော်လည်း ပေတရုကိုယ်တိုင်ကမူ ဤသို့တစ်ခါမျှ ပြောခဲ့ခြင်း မရှိပေ။ သို့ဖြစ်၍ ဘုရားသခင်ကို ချစ်ခြင်းသည် လူတစ်ဦး သာမန်ကာလျှံကာ ကြွားဝါ၍ရသည့် အရာတစ်ခုဖြစ်သလော။ ဘုရားသခင်ကို ချစ်ခြင်းဟူသည်မှာ လူသား၏ ဝတ္တရား ဖြစ်ပေရာ မိမိ၏ နှလုံးအိမ်အတွင်းတွင် ဘုရားအတွက် ချစ်ခြင်းမေတ္တာ အနည်းငယ် ရှိလာသည်နှင့်တစ်ပြိုင်နက် စတင်၍ ဝါကြွားခြင်းသည် ယုတ္တိကင်းမဲ့လေသည်။ မိမိကိုယ်၌ကမူ ဘုရားသခင်ကို ချစ်သောသူမဟုတ်ပါဘဲ အခြားသူများကို ဘုရားသခင်အား ချစ်ခြင်းအတွက် ချီးမွမ်းသည်မှာ ထိုထက်ပို၍ ယုတ္တိကင်းမဲ့လေသည်။ ဤသည်မှာ အလွန်မိုက်မဲခြင်းပေတည်း။ မည်သူက ဘုရားအား ချစ်သောသူဖြစ်သည်ကို ဘုရားသခင်သာလျှင် သိ၍ ဘုရားကို ချစ်သောသူမှာ မည်သူဖြစ်ကြောင်း ဘုရားသခင်သာလျှင် ပြောနိုင်သည်။ လူသားတစ်ဦး၏ နှုတ်မှ ဤစကားများထွက်လာလျှင် ထိုသူသည် နေရာအမှားကို ဝင်ယူနေခြင်း ဖြစ်သည်။ သင်သည် လူများကို ဩဘာပေးပြီး မြှောက်ပင့်ရင်း ဘုရားသခင်၏ နေရာကို ယူနေခြင်း ဖြစ်သည်။ မည်သူ့ကိုယ်စား ထိုကဲ့သို့ လုပ်ရသနည်း။ ဘုရားသခင်သည် လူတို့ကို သေချာပေါက် မမြှောက်ပင့်သကဲ့သို့ ဩဘာလည်း မပေးပေ။ ပေတရုကို စုံလင်စေပြီးသည့်နောက်၌ ဘုရားသခင်သည် နောက်ဆုံးသောကာလ အမှုကို မလုပ်မချင်း သူ့အား နမူနာအနေဖြင့် အသုံးမပြုခဲ့ချေ။ “ပေတရုကား ဘုရားသခင်ကို ချစ်ပေသည်” ဟု ထိုအချိန်တွင် ဘုရားသခင်က အခြားသူများကို မပြောခဲ့။ အမှု၏ ဤအဆင့်ကို လုပ်ဆောင်သည့်အခါမှသာ ဘုရားသခင်က ပေတရုကို နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းကို တွေ့ကြုံပြီး ဘုရားသခင်ကို ချစ်ရန် ကြိုးစားသည့် သူများအတွက် စံပြနှင့် နမူနာအဖြစ် သတ်မှတ်ရင်း ထိုသို့သော စကားများကို ပြောခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ပြုသော အမှုတိုင်းသည် အဓိပ္ပာယ်ရှိ၏။ တစ်စုံတစ်ယောက်မှာ ဘုရားသခင်ကို ချစ်သောသူဖြစ်သည်ဟု လူတို့အနေနှင့် ထင်ရာမြင်ရာ ပြောဆိုခြင်းသည် အဘယ်မျှ အဓိပ္ပာယ်ကင်းမဲ့လိုက်လေသနည်း။ ဤသည်မှာ ယုတ္တိကင်းမဲ့လွန်းလှ၏။ ပထမဦးစွာ ထိုလူများသည် မှားယွင်းသော အနေအထားတွင် ရပ်နေကြခြင်း ဖြစ်သည်။ ဒုတိယအနေဖြင့် ဤသည်မှာ လူတို့စီရင်ဆုံးဖြတ်နိုင်သည့်အရာ မဟုတ်။ အခြားသူများကို မြှောက်ပင့်ပြောဆိုခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားသူများကို အထင်အမြင်မှားစေခြင်း၊ လှည့်ဖြားခြင်းနှင့် ထိခိုက်နစ်နာစေခြင်းကို ဆိုလိုသည်။ တတိယအနေဖြင့် ယင်း၏ ဓမ္မဓိဋ္ဌာန်ကျသော သက်ရောက်မှုများကို ကြည့်လျှင် ထိုသို့သော အပြုအမူသည် အခြားသူတို့အား လမ်းကြောင်းမှန်ပေါ်သို့ မပို့ဆောင်နိုင်ရုံသာမက ၎င်းတို့၏ အသက်ဝင်ရောက်မှုကိုပါ အနှောင့်အယှက်ပေးပြီး ၎င်းတို့၏ ဘဝတွင် ဆုံးရှုံးမှုများကိုလည်း ဖြစ်စေပေသည်။ သင့်အနေဖြင့် တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ချစ်သည်၊ အမှုအရာများကို စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်အပေါ် သစ္စာရှိသည်ဟု အမြဲပြောဆိုနေလျှင် လူတိုင်းက ထိုသူ၏ အပြင်ပန်း လုပ်ဆောင်ချက်များကို တုပလာကြမည် မဟုတ်လော။ သင့်အနေဖြင့် အခြားသူများကို လမ်းမှန်သို့ မရောက်စေရုံသာမက သရဖူများနှင့် အလဲအလှယ်လုပ်ရန် ဤအပြင်ပန်းအလေ့အကျင့်များကို လူအများစု အားကိုးကြကာ ပေါလု၏ လမ်းကြောင်းကို အမှတ်တမဲ့ လျှောက်ကုန်ကြသည်အထိ အပြင်ပန်း လုပ်ဆောင်ချက်များအပေါ် ထိုသူတို့ အာရုံစိုက်ကြစေရန် ဦးဆောင်လိုက်ခြင်းလည်း ဖြစ်သည်။ ဤသက်ရောက်မှုများ မရှိခဲ့သလော။ ဤစကားများကို သင်ပြောသည့်အခါ ထိုပြဿနာများကို သတိပြုမိသလော။ မည်သည့်အနေအထားတွင် သင်ရပ်တည်နေသနည်း။ မည်သည့်အခန်းကဏ္ဍတွင် သင်ပါဝင်ဆောင်ရွက်နေသနည်း။ သင့်စကားများ၏ ဓမ္မဓိဋ္ဌာန်ကျသော သက်ရောက်မှုကား အဘယ်နည်း။ ယင်းက အဆုံးတွင် အခြားသူများအား အဘယ်လမ်းကို လိုက်စေသနည်း။ မည်မျှသော အတိုင်းအတာထိ ဘေးအန္တရာယ်ဖြစ်စေသနည်း။ လူတို့အနေဖြင့် ဤသို့လုပ်ဆောင်ကြသောအခါ ကြီးလေးသော အကျိုးဆက်များ ရှိပေသည်။
အသင်းတော်အတွင်းရှိ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များမှာ သူတို့၏ အတွေ့အကြုံများကို မပြောနိုင်၊ သက်သေမခံနိုင်သကဲ့သို့ ပြဿနာများ ဖြေရှင်းရန်အတွက် သမ္မာတရားကိုလည်း အသုံးမပြုနိုင်ပေ။ သူတို့အနေဖြင့် မည်သို့ ဒုက္ခခံခဲ့ပုံ၊ ပြုပြင်ခြင်းကို မည်သို့လက်ခံခဲ့ပုံ၊ မကျေနပ်ချက်များစွာကို ခံစားခဲ့ရသော်လည်း မည်သို့ အပျက်သဘောမဆောင်လာကြပုံ၊ မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရာတွင် မည်သို့ဇွဲကောင်းပုံတို့ကိုသာ အမြဲလိုလို သက်သေခံကြသည်။ ပေါလုကဲ့သို့ပင် ၎င်းတို့အပေါ် ဘုရားရွေးချယ်ထားသောလူများ လေးစားရန်၊ ကြည်ညိုရန်နှင့် အထင်ကြီးရန် လုပ်ဆောင်လျက် မိမိတို့ကိုယ်ကို ဂုဏ်တင်ရင်း သူတို့ကိုယ်သူတို့ အစဉ်သဖြင့် သက်သေခံကြသည်။ ထို့အပြင် ထိုသူတို့သည် စကားများနှင့် အယူဝါဒများကို ကောင်းစွာ ပြောဆိုနိုင်ပြီး တရားဟောကြားနိုင်သူတို့ကို မြင်သည့်အခါ မြှောက်ပင့်ပေးကြသည်။ ပေါလုနှင့်တူသော ထိုခေါင်းဆောင်နှင့် အမှုဆောင်တို့ကို ချီးမွမ်းပြီး သြဘာပေးကြသည်။ ဤနည်းအားဖြင့် ထိုခေါင်းဆောင်နှင့် အမှုဆောင်တို့အပေါ် အခြားသူများ ကြည်ညိုအောင် သူတို့လုပ်ကြသည်။ ထိုသူတို့သည် ရေလောင်းခြင်းအလုပ်နှင့် ဖြည့်ဆည်းခြင်းအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် ပျက်ကွက်ရုံသာမက အခြားသူများကို ပေါလု၏ လမ်းကြောင်း လျှောက်ဖို့ ဦးတည်ပေးသည့် ဖျက်ဆီးပြီး အနှောင့်အယှက်ပေးသော အလုပ်အချို့ကိုလည်း ပါဝင်ဆောင်ရွက်ကြသည်။ ထိုအတောအတွင်း သူတို့ကိုယ်သူတို့ စွမ်းဆောင်နိုင်သော ခေါင်းဆောင်ကောင်းများ ဖြစ်သည်ဟု တလွဲတွေးထင်ကာ ဘုရားသခင်ထံမှ ဆုလာဘ်များကို ရလိုကြသည်။ ဤသည်မှာ သင်တို့အများစု ရောက်နေသော အခြေအနေ မဟုတ်သလော။ စကားများနှင့် အယူဝါဒများကိုသာ အာရုံစိုက်ခြင်းနှင့် လူတို့ကို မရပ်မနား သြဝါဒပေးခြင်းဖြစ်သည့် သင်တို့၏ လက်ရှိနည်းစနစ်အရဆိုလျှင် လူများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ သင်တို့ ဦးဆောင်နိုင်မည်လော။ အဆုံးတွင် ဤအမှုသည် ၎င်းတို့အား မည်သည့်လမ်းကြောင်းသို့ ဆိုက်ရောက်စေနိုင်သနည်း။ ၎င်းတို့အားလုံးကို ပေါလုလမ်းကြောင်းပေါ်သို့ ဆိုက်ရောက်စေမည် မဟုတ်လော။ ဤသည်မှာ ပကတိအရှိဖြစ်သည်ဟု ငါမြင်သည်။ တစ်ဆိတ်ကို တစ်အိတ်လုပ်ခြင်း မဟုတ်။ သင်တို့အားလုံးသည် လူများကို ပေါလုလမ်းကြောင်းသို့ ဦးဆောင်နေသည့် ပေါလုပုံစံ ခေါင်းဆောင်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ သရဖူတစ်မျိုးမျိုးကို သင်တို့ လိုချင်နေကြဆဲလော။ ပြစ်တင်ရှုတ်ချခြင်း မခံရလျှင်ပင် သင်တို့ကံကောင်းမည်ဖြစ်၏။ သင်တို့လုပ်ရပ်များအရ သင်တို့အားလုံးသည် ဘုရားသခင်ကို ခုခံသည့်သူများ၊ ဘုရားသခင်ကို အစေခံသည့်တိုင် ခုခံသည့်သူများ ဖြစ်လာကြလေပြီ။ ဘုရား၏ အမှုကို နှောင့်ယှက်ရာတွင် ကျွမ်းကျင်သူများ ဖြစ်လာကြလေပြီ။ ဤလမ်းကြောင်းမျိုးအတိုင်းသာ ဆက်လက်လျှောက်လှမ်းပါက အဆုံးတွင် သင်တို့သည် အယောင်ဆောင် သိုးထိန်းများ၊ အယောင်ဆောင် ခေါင်းဆောင်များ၊ အယောင်ဆောင် အမှုဆောင်များနှင့် အန္တိခရစ်များသာ ဖြစ်သွားကြမည်ဖြစ်သည်။ ယခုအချိန်သည် ကောင်းကင်နိုင်ငံတော်အတွက် လေ့ကျင့်သည့် အချိန်ခါသမယ ဖြစ်ပေသည်။ သင်တို့အနေဖြင့် သမ္မာတရားအပေါ် အားစိုက်ထုတ်မှု မပြုဘဲ အလုပ်ကိုသာ အာရုံစိုက်နေလျှင် ပေါလု၏ လမ်းကြောင်းကို အမှုမဲ့အမှတ်မဲ့ လျှောက်မိလျက်သား ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် သင်တို့သည် ပေါလုနှင့်တူသော အခြားသူတစ်စုကိုလည်း သင်တို့နှင့်အတူ ခေါ်ဆောင်သွားလိမ့်မည်။ ဤသို့ဆိုလျှင် သင်တို့သည် ဘုရားသခင်ကို ခုခံပြီး သူ၏ အလုပ်ကို နှောင့်ယှက်သူဖြစ်လာမည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင်ကို အစေခံသည့်သူတစ်ဦးသည် ဘုရားသခင်အတွက် သက်သေမခံနိုင်လျှင်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသူများကို လမ်းမှန်သို့ရောက်အောင် ဦးဆောင်ခြင်း မပြုနိုင်လျှင် သူသည် ဘုရားသခင်ကို ခုခံသည့်သူတစ်ဦး ဖြစ်၏။ ဤလမ်းကြောင်းနှစ်ခုသာ ရှိသည်။ ပေတရု၏ လမ်းကြောင်းမှာ သမ္မာတရားကို လိုက်စားပြီး နောက်ဆုံးတွင် မိမိ၏ ယုံကြည်ခြင်း၌ အောင်မြင်သွားသည့် လမ်းကြောင်းဖြစ်သည်။ ပေါလု၏ လမ်းကြောင်းမှာမူ သမ္မာတရားကို လိုက်စားခြင်းမပြုဘဲ ကောင်းချီးနှင့် ဆုလာဘ်များ ရဖို့အတွက်သာ ကြိုးစားသည့် လမ်းကြောင်းဖြစ်သည်။ ယင်းမှာ ရှုံးနိမ့်ခြင်းလမ်းကြောင်း ဖြစ်သည်။ ယနေ့တွင် ပေတရု၏ အောင်မြင်သော လမ်းကြောင်းကို လျှောက်လှမ်းသူမှာ နည်းပါးလွန်းလှပြီး ပေါလု၏ ကျရှုံးသည့် လမ်းကြောင်းကို လျှောက်လှမ်းသူမှာမူ များစွာ ရှိနေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံနေသည့် သင်တို့သည် သမ္မာတရားကို အစမှအဆုံးထိ မလိုက်စားပါက သင်တို့အားလုံးသည် အယောင်ဆောင် ခေါင်းဆောင်နှင့် အယောင်ဆောင် အမှုဆောင်များ ဖြစ်လာပြီး အန္တိခရစ်များနှင့် ဘုရားသခင်ကို ခုခံသော ဆိုးယုတ်သူများ ဖြစ်လာကြပေမည်။ သင်တို့အနေဖြင့် ယခုအချိန်မှစ၍ လမ်းကြောင်းမှန်ပေါ်သို့ ပြောင်းပြီး ပေတရု၏ လမ်းကြောင်းကို အမှန်တကယ် လိုက်လျှင် ဘုရားသခင် အသိအမှတ်ပြုသော ခေါင်းဆောင်ကောင်းနှင့် အမှုဆောင်ကောင်းများ ဖြစ်လာနိုင်သေးသည်။ သင်တို့သည် စုံလင်စေခြင်း ခံရဖို့နှင့် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုအတွင်း ဝင်ရောက်ဖို့ မကြိုးစားလျှင် အန္တရာယ်ရှိလေသည်။ သင်တို့၏ မိုက်မဲမှုနှင့် မသိနားမလည်မှု၊ အပေါ်ယံမျှဖြစ်ပြီး မလုံလောက်သော အတွေ့အကြုံ၊ သင်တို့၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် မရင့်ကျက်မှုတို့ကို ထည့်သွင်းစဉ်းစားပါက လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ သင်တို့ကို သမ္မာတရားနှင့်ပတ်သက်၍ ပိုမိုမိတ်သဟာယပြုပေးခြင်းနှင့် သင်တို့ နားလည်လာအောင် လုပ်ပေးခြင်းတို့သာ ဖြစ်သည်။ သို့သော် သင်တို့ သမ္မာတရားကို ရမရဆိုသည်မှာ သင်တို့ကိုယ်တိုင်၏ လိုက်စားမှုအပေါ်တွင် မူတည်ပေသည်။ အကြောင်းမှာ ယနေ့ခေတ်သည် ပေတရုနှင့် ပေါလုတို့၏ ခေတ်နှင့်စာလျှင် များစွာခြားနားနေသောကြောင့် ဖြစ်သည်။ ထိုခေတ်က သခင်ယေရှုသည် လူတို့ကို တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သို့မဟုတ် လူ၏ စိတ်သဘောထားကို ပြောင်းလဲပေးခြင်းများ မပြုလုပ်ရသေးပေ။ ယခုခေတ်အခါတွင်မူ လူ့ဇာတိခံ ဘုရားသခင်သည် သမ္မာတရားကို အလွန် ပွင့်လင်းမြင်သာစွာ ဖော်ပြထားပြီဖြစ်သည်။ လူတို့အနေဖြင့် ပေါလု၏ လမ်းကြောင်းကို လျှောက်လှမ်းဆဲဖြစ်လျှင် ဤအချက်က သူတို့၏ သဘောပေါက်နားလည်နိုင်စွမ်းမှာ ချို့ယွင်းနေကြောင်း ပြသည့်အပြင် သူတို့၏ စရိုက်သည် ပေါလုကဲ့သို့ပင် အလွန်ဆိုးယုတ်ပြီး စိတ်သဘောထားကလည်း အလွန်အမင်း မာနထောင်လွှားကြောင်း ညွှန်ပြလျက်ရှိသည်။ ထိုခေတ်နှင့် ယနေ့ခေတ် မတူညီသကဲ့သို့ အလုံးစုံ အခြေအနေချင်းလည်း ကွာခြားသည်။ ယနေ့ခေတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အလွန် တောက်ပပြီး အလွန် ရှင်းလင်းလှသည်။ ဘုရားက သင့်ကို သွန်သင်ပေးရန်နှင့် ဦးဆောင်ရန် သူ၏လက်ကို ကမ်းပေးနေသည့်အလား ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် လမ်းမှားကို လျှောက်လှမ်းဆဲဖြစ်ပါက လက်သင့်ခံနိုင်ဖွယ် မရှိပေ။ ထို့အပြင် ယနေ့ခေတ်တွင် တစ်ခုက အပြုသဘောဆောင်ပြီး တစ်ခုက အပျက်သဘောဆောင်ကာ တစ်ခုက စံနမူနာဖြစ်ပြီး အခြားတစ်ခုက သတိပေးချက်ဖြစ်သည့် ပေတရုနှင့် ပေါလုဟူသည့် သာဓကပုံစံနှစ်မျိုးရှိ၏။ လမ်းမှားကို လျှောက်လျှင် သင်သည် မှားယွင်းသော ရွေးချယ်မှုကို ပြုခဲ့ပြီဖြစ်ပြီး ဆိုးယုတ်လွန်းသည်ဟု ဆိုလို၏။ သင်တို့ကိုယ်သင်တို့အပြင် အခြားအပြစ်တင်စရာ မည်သူမျှမရှိချေ။ သမ္မာတရားစစ်မှန်မှု ရှိသောသူသည်သာ အခြားသူများကို သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်ပေသည်။ သမ္မာတရားစစ်မှန်မှု မရှိသူတို့မှာမူ အခြားသူများကို လမ်းလွဲစေဖို့သာ ဦးဆောင်နိုင်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။