ဆုတောင်းခြင်းနှင့် ယင်းကိုလက်တွေ့လုပ်ဆောင်မှုတို့၏ အရေးပါမှု (အပိုင်း နှစ်)

ဆုတောင်းချက်များတွင် မိမိတို့ကိုယ်ပိုင် စည်းကမ်းချက်များ မသတ်မှတ်သည့် လူများစွာတို့၏ ဆုတောင်းချက်များကို ကျမ်းစာက မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေပြီး သဘောပေါက်ရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အား ဆုံးဖြတ်ချက်များ ချခွင့်ပေးရန် ဆုတောင်းခြင်းကို အသုံးပြုခဲ့ကြသည်။ ဥပမာအားဖြင့် ဣသရေလလူမျိုးများက ဆုတောင်းခြင်းမှတစ်ဆင့် ယေရိခေါမြို့ကို တိုက်ခိုက်ခဲ့ကြသည်။ နိနေဝေမြို့သားတို့သည်လည်း ဆုတောင်းခြင်းမှတစ်ဆင့် နောင်တရကာ ဘုရားသခင်၏ ခွင့်လွတ်မှုကို ရရှိခဲ့ကြသည်။ ဆုတောင်းခြင်းသည် ဘာသာရေးဓလေ့ အမျိုးအစားတစ်ခု မဟုတ်ပေ။ ယင်းသည် လူတစ်ဦးနှင့် ဘုရားသခင်ကြား စစ်မှန်သည့် မိတ်သဟာယဆက်သွယ်မှုဖြစ်ပြီး နက်နဲသည့် အဓိပ္ပာယ်ရှိသည်။ လူတို့၏ ဆုတောင်းချက်များမှနေ၍ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနေကြခြင်းဖြစ်သည်ကို မြင်နိုင်သည်။ သင်သည် ဆုတောင်းခြင်းကို ဘာသာရေးဓလေ့တစ်ခုအဖြစ် မြင်ပါက သင်၏ ဆုတောင်းခြင်းသည် ထိရောက်လိမ့်မည် မဟုတ်သကဲ့သို့ သင်သည် သင်၏ အတွင်းပိုင်း ခံစားချက်များကို ဘုရားသခင်ထံ မပြောသောကြောင့် သို့မဟုတ် သင်၏ စိတ်နှလုံးကို သူ့ထံ မဖွင့်ဟသောကြောင့် ယင်းသည် စစ်မှန်သော ဆုတောင်းခြင်း ဖြစ်လိမ့်မည်မဟုတ်။ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သင်၏ ဆုတောင်းခြင်းသည် အရေးမပါပေ။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် မရှိပေ။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် မည်သို့ အလုပ်လုပ်လိမ့်မည်နည်း။ ဤအရာ၏ အကျိုးဆက်အနေဖြင့် အချိန်ကာလတစ်ခုကြာ အလုပ်လုပ်ပြီးနောက်တွင် သင်သည် မောပန်းနွမ်းနယ်လာလိမ့်မည်။ ယခုအချိန်မှစ၍ ဆုတောင်းခြင်းမရှိဘဲနှင့် သင်သည် အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်။ အလုပ်ဖြစ်စေသည်မှာ ဆုတောင်းခြင်းဖြစ်ပြီး အစေခံမှုဖြစ်စေသည်မှာ ဆုတောင်းခြင်း ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး၊ ဘုရားသခင်ကို အစေခံသူတစ်ဦး ဖြစ်သည့်တိုင် ဆုတောင်းရန် မည်သည့်အခါတွင်မျှ မိမိကိုယ်ကို ဆက်ကပ်အပ်နှံခြင်းမရှိ သို့မဟုတ် ဆုတောင်းခြင်းကို အလေးအနက်မထားပါက သင်သည် ဘုရားသခင် သိမြင်အောင် ဖော်ပြရန် မည်သည့် အတွေးမျှ မရှိသကဲ့သို့ ဤသို့ဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် မှားယွင်းသွားဖွယ်ရှိပြီး သင်၏ လုပ်ရပ်များတွင် မိမိကိုယ်ပိုင် ရည်ရွယ်ချက်များအပေါ် စဉ်ဆက်မပြတ် မှီခိုသဖြင့် သင်သည် မှောက်မှားဖွယ်ရှိပေသည်။ လုံလောက်သည့် ဆုတောင်းခြင်းမရှိဘဲနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိပေ။ ဘုရားသခင်သည် လူ့ဇာတိခံလာပြီးဖြစ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုက်ရိုက်ဖတ်ရှုရန် လုံလောက်သည်ဟု တွေးလျက် လူအချို့သည် ဆုတောင်းခဲကြ၏။ ဤတွင် သင်တွေးသည်မှာ ရိုးရှင်းလွန်း၏။ ဘုရားသခင်ထံ ဆုတောင်းခြင်းမရှိဘဲ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခြင်းအားဖြင့်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးကာ အလင်းပြခြင်းကို သင် ခံရနိုင်သလော။ လူတစ်ဦးသည် ဘုရားသခင်ထံ လုံးဝ တောင်းခြင်းမရှိ၊ ယင်းတွင် ဘုရားသခင်ကို စကားပြောခြင်း၊ သို့မဟုတ် အမှန်တကယ် မိတ်သဟာယပြုခြင်းမရှိပါက မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန်နှင့် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်အောင်လုပ်ရန် အလွန်ခက်ခဲသည်ကို ၎င်းတို့ တွေ့ရလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်သည်ပင် တစ်ခါတစ်ရံ ဆုတောင်း၏။ ယေရှု လူ့ဇာတိခံယူခဲ့ချိန်တွင် အရေးပါသည့် အရေးကိစ္စများနှင့် ပတ်သက်လာသည့်အခါ သူသည်လည်း ဆုတောင်းခဲ့၏။ တောင်ပေါ်၊ လှေပေါ်နှင့် ဥယျာဉ်ထဲတွင် သူ ဆုတောင်းခဲ့သည်။ သူ၏ တပည့်တော်များကိုလည်း ဆုတောင်းရာတွင် ဦးဆောင်ခဲ့သည်။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ ရောက်လာပြီး သူ့ထံ ဆုတောင်းပါက ဘုရားသခင်ကို ဘုရားအဖြစ် သင် သဘောထားကြောင်း ဤအရာက သက်သေပြပေသည်။ သင်၏ ကိုယ်ပိုင်လိုအင်ဆန္ဒများအတိုင်း သင် မကြာခဏ ပြုမူပြီး ဆုတောင်းခြင်းကို မကြာခဏ လျစ်လျူရှုကာ ဘုရားသခင်၏ နောက်ကွယ်တွင် အမျိုးမျိုးသော အရာများကို လုပ်ဆောင်ပါက သင်သည် ဘုရားသခင်ကို အစေခံနေခြင်း မဟုတ်။ သင်၏ ကိုယ်ပိုင် အားထုတ်မှုများကို လုပ်ဆောင်နေခြင်းမျှသာ ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် ရှုတ်ချခံရလိမ့်မည် မဟုတ်လော။ အပြင်ပန်းမှကြည့်လျှင် အဖျက်အမှောင့်လုပ်သည့် အရာတစ်ခုတလေ သင် လုပ်ဆောင်ပြီးဖြစ်သည့်အလား ထင်ရလိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို သင် ပြစ်မှားစော်ကားပြီးဖြစ်သည်ဟု ထင်ရလိမ့်မည် မဟုတ်ဘဲ သင်သည် မိမိကိုယ်ပိုင် အရေးကိစ္စကို ကိုင်တွယ်နေခြင်းသာ ဖြစ်လိမ့်မည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ကိုယ်ရေးကိုယ်တာ အကျိုးကျေးဇူးများကို လိုက်စားလျက် မိမိကိုယ်ပိုင် အားထုတ်မှုများတွင် ပါဝင်ဆောင်ရွက်နေလိမ့်မည်။ ဤသည်မှာ အသင်းတော်အလုပ်ကို နှောင့်ယှက်နေခြင်း မဟုတ်လော။ အပေါ်ယံတွင် သင်သည် အနှောင့်အယှက် မပေးတတ်သည့်အလား ထင်ရလျှင်ပင် အနှစ်သာရအားဖြင့် သင်၏ လုပ်ရပ်များသည် ဘုရားသခင်ကို အတိုက်အခံ လုပ်နေခြင်း ဖြစ်သည်။ သင်သည် မည်သည့်အခါတွင်မျှ နောင်တမရ၊ သို့မဟုတ် မပြောင်းလဲပါက အန္တရာယ်ရှိပေသည်။

စိတ်ကျေနပ်ဖွယ်မရှိသည့် တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး မည်သူကိုမျှ စကားမပြောလိုသည့်အခါတွင် လူတိုင်း နာကျင်မှုနှင့် စိတ်ဆင်းရဲသည့် အခြေအနေတွင် ရှိကြသည်။ အတန်ငယ် ကြာပြီးနောက်တွင် ၎င်းတို့ သက်သာလာသော်လည်း ဤအခြေအနေသည် ပြေလည်မသွားပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ကြပြီး အလုပ်ကို နှောင့်နှေးစေကြသည်၊ သို့မဟုတ် ၎င်းတို့ ပြုပြင်ခြင်း ခံရကြသည်။ ၎င်းတို့ စိတ်ဆင်းရဲကာ စိတ်သောကရောက်ကြသည်။ သို့သော် အကြင်သူသည် ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပါက ဤမူမမှန်သည့် အခြအနေသည် ပြေလည်သွားလိမ့်မည် မဟုတ်။ သင်၏ စိတ်ဆင်းရဲမှုနှင့် စိတ်သောကဖြင့် ဆုတောင်းရန် ဘုရားသခင်၏ ရှေ့မှောက်သို့ သင် အကြိမ်မည်မျှ ရောက်လာပြီးပြီနည်း။ သင်တို့အားလုံးသည် စိတ်အေးလက်အေး ဖြစ်သည့် တွေးခေါ်မှုအလေ့အထတစ်ခုကို ခံယူကာ ဖြစ်သလိုသာ လုပ်ကြသည်။ ဤသို့ဖြင့် ဘုရားသခင်ကို ယုံကြည်ကြောင်း အခိုင်အမာပြောဆိုသော်လည်း မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင် မရှိကြသည့်သူများစွာ ရှိလေသည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ ပြဿနာတစ်ခုတလေကို ၎င်းတို့ ကြုံရသည့်အခါတိုင်းတွင် လုံးဝ ဆုမတောင်း၊ သို့မဟုတ် သမ္မာတရား မရှာဖွေကြချေ။ ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခကို သည်းညည်းခံကာ အားအင်သုံးနေသည့်အလား ထင်ရလျက် အမှုအရာများကို ကြောင်းကျိုးမမြင်ဘဲ လုပ်ဆောင်ရန် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအပေါ် မှီခိုကြပြီး ၎င်းတို့သည် မည်သည့်အရာမျှ ဖြစ်မလာသကဲ့သို့ ၎င်းတို့၏ အားထုတ်မှုက အချည်းနှီး ဖြစ်သွားသော်လည်း မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နေကြသည်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ လူတို့သည် လျှောက်လှမ်းသည်နှင့်အမျှ မိမိတို့ကိုယ်ပိုင် လိုအင်ဆန္ဒများအပေါ် မကြာခဏ မှီခိုကာ လမ်းလွဲကြလေသည်။ အလုပ်အနည်းငယ် လုပ်သည်နှင့် ၎င်းတို့ တိုး၍ မာနထောင်လွှားကြသည်၊ ၎င်းတို့တွင် အရင်းအနှီးရှိသည်ဟု ခံစားပြီးနောက် မိမိတို့စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာမရှိကြချေ။ လူတို့၏ သဘာဝမှာ သစ္စာဖောက်ခြင်း ဖြစ်သည်ဟု ဤအရာမှ မြင်နိုင်ပေသည်။ လူများက “ဘုရားသခင်ကို ငါ ယုံကြည်လျှင် ငါ၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် အဘယ်သို့ နေရာမရှိနိုင်ရသနည်း။ ယခုတွင် အသင်းတော်အတွက် ငါ အလုပ်လုပ်နေသည် မဟုတ်ပါလား။ ဘုရားသခင်သည် ငါ့ကို အဘယ်သို့ စွန့်ပစ်နိုင်ရသနည်း”ဟုပင် တွေးကြသည်။ ဘုရားသခင်သည် သင့်ကို စွန့်ပစ်လိုခြင်းမဟုတ်၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိခြင်းသာ ဖြစ်သည်။ အလုပ်မည်မျှ သင် လုပ်သည်ဖြစ်စေ ဤအရာမှ သင့်ကိုယ်သင် အဖတ်ဆယ်နိုင်လိမ့်မည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်နှင့် ကင်းကွာမြဲကင်းသွားနေလိမ့်မည်ဖြစ်ပြီး သူ့ကို သစ္စာဖောက်မိနေလိမ့်မည်။ ဆုတောင်းခြင်း သင်ခန်းစာသည် အနက်နဲဆုံး ဖြစ်၏။ ဆုတောင်းခြင်းပင် မရှိဘဲ မိမိတာဝန်ကို သင် လုပ်ဆောင်ပါက သင်၏ စွမ်းဆောင်ရည်သည် စံမီမည် မဟုတ်သကဲ့သို့ သင်၏ အားထုတ်မှုသည် အချည်းနှီးဖြစ်လိမ့်မည်။ သင်၏ အခြေအနေ သာ၍ မူမမှန်ဖြစ်လေ၊ သင် သာ၍ ဆုတောင်းသင့်လေ ဖြစ်သည်။ ဆုတောင်းခြင်းမရှိဘဲ သင်၏ အခြေအနေသည် ဆိုးသည်ထက် ဆိုးလိမ့်မည်သာ ဖြစ်ပြီး သင်၏ တာဝန်သည် မထိမရောက် ဖြစ်လိမ့်မည်။ ဆုတောင်းခြင်းသည် သင် ပြောသည့်အရာများက မည်မျှကောင်းပုံ ရသည်ဆိုသည့်အပေါ် မမူတည်ပေ။ ထိုအစား သင်၏ စိတ်နှလုံးမှ စကားပြောခြင်း၊ သင်၏ ကိုယ်ပိုင် အခက်အခဲများနှင့်ဆိုင်သော အမှန်တရားကို ပြောဆိုခြင်း၊ ဖန်ဆင်းခံတစ်ဦး၏ နေရာနှင့် ကျိုးနွံနာခံခြင်း ရှုထောင့်အမြင်မှ စကားပြောဆိုခြင်း လိုအပ်သည်။ “ဘုရားသခင်၊ လူသားများ မည်မျှစိတ်နှလုံးခိုင်မာသည်ကို ကိုယ်တော် သိပါ၏။ ကျေးဇူးပြုပြီး ဤကိစ္စတွင် ကျွန်ုပ်ကို လမ်းပြတော်မူပါ။ ကျွန်ုပ် အားနည်းကြောင်း၊ အလွန်အမင်း ချို့တဲ့ကြောင်း၊ ကိုယ်တော်၏ အသုံးပြုခြင်းအတွက် မသင့်တော်ကြောင်း၊ ပုန်ကန်တတ်ကြောင်းနှင့် ကျွန်ုပ် ပြုမူဆောင်ရွက်သည့်အခါတိုင်းတွင် ကိုယ်တော်၏ အမှုတော်ကို နှောင့်ယှက်ကာ ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီသည့် အရာများကို လုပ်ဆောင်မိကြောင်း ကိုယ်တော် သိပါ၏။ ကိုယ်တော်၏ အမှုကို ကိုယ်တော် လုပ်ဆောင်ရန် ကျွန်ုပ် တောင်းလျှောက်ပါ၏၊ ကျွန်ုပ်သည် ရိုးရိုးရှင်းရှင်းသာ ကျိုးနွံနာခံကာ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါသည်...”ဟူ၍ ဖြစ်သည်။ သင်သည် ဤစကားများကိုပင် မပြောဆိုနိုင်ပါက သင့်အတွက် မျှော်လင့်ချက်မရှိပေ။ လူအချို့က “ငါ ဆုတောင်းသည့်အခါ အသိစိတ်နှင့် ဆုတောင်းခြင်း ရှိမရှိဆိုသည်ကို ပိုင်းခြားသိမြင်ရန် လိုနေသေးသည်။ သို့ဆိုလျှင် ငါ မည်သို့ ဆုတောင်းသင့်သနည်း”ဟု တွေးတတ်ကြသည်။ သင် ကျိုးကြောင်းဆီလျော်ခြင်း ရှိမရှိဆိုသည်ကို ပိုင်းခြားသိမြင်ရန် အချိန်ကြာပါသလော။ ဆုတောင်းချက် အသီးသီးနောက်တွင် စိတ်ရင်းအမှန်အတိုင်း သုံးသပ်လော့၊ ရှင်းလင်းပြတ်သားမှုကို သင် တွေ့ရလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်သည်နှင့်အမျှ နောက်ပိုင်း ဆုတောင်းချက်များ၌ သင်သည် ယခင်ထက် သာ၍ ကျိုးကြောင်းဆီလျော်လာလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သင် ဆုတောင်းသည့်အခါ အချို့သော စကားလုံးများက မသင့်လျော်သည်ကို သင် သိလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ လူက ဆုတောင်းသည့်အခါ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် အပွင့်လင်းဆုံးနှင့် အရင်းနှီးဆုံး ဖြစ်သည်။ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ ချက်ချင်းဆိုသလို ပုံမှန်အတိုင်း ဒူးထောက်ကာ ဆုတောင်းနိုင်သလော။ အမြဲ မဟုတ်ပေ။ အခြေအနေပေါ် မူတည်၏။ သင်သည် အိမ်တွင် တစ်ဦးတည်းရှိပြီး ဒူးထောက်ကာ ဘုရားသခင်ထံ ဆုတောင်းသည့်အခါ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် အရင်းနှီးဆုံးတွင် ရှိသည်။ သင်၏ စိတ်နှလုံးထဲရှိ မည်သည့်အရာကိုမဆို သင် ပြောဆိုနိုင်ပြီး အကြီးမားဆုံး ဝမ်းမြောက်မှုကို ခံစားရသည်။ ဘုရားနှုတ်ကပတ်တော်ကို သင် ဖတ်ရှုသည့်အခါ ဦးစွာပထမ ဆုတောင်းပါက သူ၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းက ထူးခြားလိမ့်မည်။ သင်၏ တာဝန်ကို သင် ထမ်းဆောင်သည့်အခါ ဦးစွာပထမ ဆုတောင်းကာ ရှာဖွေလော့။ ပြီးလျှင် သင်၏ စိတ်နှလုံးသည် လေးနက်တည်ကြည်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ထိရောက်မှု ကွဲပြားလိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ကာ အလင်းရှာတွေ့ပါက ဘုရားသခင်ထံ ဆုတောင်းလော့၊ သာ၍ ကြီးမားသော ဝမ်းမြောက်ခြင်းကို သင် ရှာတွေ့လိမ့်မည်။ သင်သည် မည်သည့်အခါတွင်မျှ ဆုမတောင်းပါက ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုကာ မိမိတာဝန်ကို ထမ်းဆောင်သည့်အခါ ဘုရားသခင်၏ မျက်မှောက်တော်ကို သင်ခံစားရလိမ့်မည် မဟုတ်။ တစ်ခါတစ်ရံတွင် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းက သင့်ကို ဉာဏ်အလင်းပေးလိမ့်မည် မဟုတ်သကဲ့သို့ သူ၏ နှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်တွင် သိသာသည့် အကျိုးတရား ရှိလိမ့်မည်မဟုတ်။ ဆုတောင်းခြင်းမရှိဘဲ ဘုရားသခင်၌ သင်၏ ယုံကြည်မှုဖြင့် သင် လုပ်ဆောင်သည့် မည်သည့်အရာမျှ ဖြစ်မြောက်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်လာပါက အသက်ဝင်ရောက်မှု ရှိလိမ့်မည်ဖြစ်ပြီး သင်၏ ယုံကြည်ခြင်းသည် တိုး၍ အားကောင်းလာလိမ့်မည်။ သင်သည် အချိန်ကြာမြင့်စွာ ဆုမတောင်းပါက သင်၏ ယုံကြည်ခြင်းကို ဆုံးရှုံးသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် အသက်ဝင်ရောက်မှုကို သင် မည်သို့ စွမ်းဆောင်ရရှိလိမ့်မည်နည်း။ စစ်မှန်သော ယုံကြည်ခြင်းရှိသူတို့သည် ဆုတောင်းခြင်းမှတစ်ဆင့် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ခြင်းနှင့် ဆုတောင်းခြင်းမှတစ်ဆင့် သမ္မာတရား ရှာဖွေခြင်းအားဖြင့် ထိုယုံကြည်ခြင်းကို ရရှိပေသည်။ လူများစွာတို့သည် မိမိတို့ ဆုတောင်းသည်နှင့်အမျှ ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြပြီး သမ္မာတရားကို မရှာဖွေကြချေ။ တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး အခြားမည်သည့်အရာမျှ ၎င်းတို့ မလုပ်ဆောင်နိုင်သည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆုတောင်းရန်နှင့် တောင်းလျှောက်အသနားခံရန်သာ လာကြသည်။ ၎င်းတို့သည် ဘုရားသခင်အား မိမိတို့ဆန္ဒအတိုင်း အတင်းအဓမ္မ လုပ်ဆောင်စေကာ ၎င်းတို့ကို စိတ်ကျေနပ်အောင် လုပ်ပေးရန် အတင်းအကျပ်ပြုကြသည်။ ဤသည်မှာ စစ်မှန်သော ဆုတောင်းခြင်းလော။ ဤသို့သော ဆုတောင်းချက်များကို ဘုရားသခင် နားညောင်းပါသလော။ ဘုရားသခင်၏ မျက်မှောက်တွင် ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းသည် သူ့အား ဤအရာ ထိုအရာလုပ်ဆောင်ရန် စေခိုင်းခြင်းဆိုထားနှင့်၊ သင် အလိုရှိသည့်အရာကို လုပ်ဆောင်ပေးရန် ဘုရားသခင်အား အကျပ်ကိုင်ခြင်း ကိစ္စတစ်ခု မဟုတ်ပေ။ ဤသည်တို့မှာ အသိစိတ်ကင်းမဲ့သည့် သရုပ်သကန်များသာ ဖြစ်သည်။ မည်သည့်အရာမှာ ကျိုးကြောင်းဆီလျော်သော ဆုတောင်းခြင်း ဖြစ်ပါသနည်း။ ကျိုးကြောင်းဆီလျော်ခြင်း မရှိသော ဆုတောင်းခြင်းမှာ အဘယ်နည်း။ သင်သည် အတန်ငယ်ကြာပြီးနောက် ဤအရာများကို အတွေ့အကြုံမှ သိလိမ့်မည်။ ဥပမာအားဖြင့် သင် ဆုတောင်းပြီးနောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်က သင် ဆုတောင်းသည့်အရာကို မလုပ်ဆောင်သကဲ့သို့ သင် ဆုတောင်းသည့်အတိုင်း လမ်းပြခြင်းမရှိဟု သင် ခံစားရနိုင်သည်။ နောက်တစ်ကြိမ် သင် ဆုတောင်းသည့်အခါ မတူကွဲပြားစွာ သင် ဆုတောင်းလိမ့်မည်။ ပြီးခဲ့သည့်အကြိမ်က သင် ကြိုးစားခဲ့သည့်အတိုင်း ဘုရားသခင်ကို သင် အကျပ်ကိုင်ရန် ကြိုးပမ်းလိမ့်မည်မဟုတ်၊ သို့မဟုတ် သင်၏ ကိုယ်ပိုင် ဆန္ဒများပေါ် အခြေခံ၍ သူ့အပေါ် တောင်းလျှောက်မှုများ ပြုလုပ်လိမ့်မည် မဟုတ်ပေ။ သင်က “အို ဘုရားသခင်။ ကိုယ်တော်၏ လိုအင်ဆန္ဒများအတိုင်း အရာရာ ဖြစ်ပါစေ”ဟု ပြောလိမ့်မည်။ သင်သည် ဤချဉ်းကပ်မှုကို အာရုံစိုက်သရွေ့ အတန်ငယ် သဘောပေါက်ပြီးနောက်တွင် ကျိုးကြောင်းဆီလျော်သော ဆုတောင်းခြင်းက မည်သည့်အရာဖြစ်ပြီး ကျိုးကြောင်းဆီလျော်ခြင်း မရှိသော ဆုတောင်းခြင်းက မည်သည့်အရာဖြစ်သည်ကို သင် သိလိမ့်မည်။ သင်၏ ကိုယ်ပိုင်ဆန္ဒများအတိုင်း သင် ဆုတောင်းသည့်အခါ သင်၏ ဆုတောင်းချက်များက ငြီးငွေ့ဖွယ်ဖြစ်ကြောင်း သင်၏ စိတ်ဝိညာဉ်ဖြင့် သင်ခံစားကာ မကြာမီ မည်သည့်အရာမျှ ပြောစရာ မရှိသည်ကို တွေ့ရသည့် အခြေအနေတစ်ခုလည်း ရှိပေသည်။ သင် ပြောဖို့ကြိုးစားလေ၊ ထိုဆုတောင်းချက်က အချိုးမကျဖြစ်လာလေ ဖြစ်သည်။ ဤအရာက သင်သည် ဤသို့ ဆုတောင်းသည့်အခါ လုံးဝ ဇာတိပကတိနောက်လိုက်နေကြောင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့ အလုပ်မလုပ်၊ သို့မဟုတ် သင့်ကို လမ်းမပြကြောင်း သက်သေပြပေသည်။ ဤအရာသည်လည်း ရှာဖွေခြင်း၊ အတွေ့အကြုံနှင့် သက်ဆိုင်ပေသည်။ ထိုသို့သော ကိစ္စရပ်များကို သင် သာ၍ တွေ့ကြုံသည်နှင့်အမျှ ယင်းတို့ကို သင် အလိုအလျောက် နားလည်လာလိမ့်မည်။

ဆုတောင်းခြင်းသည် အဓိကအားဖြင့် ဘုရားသခင်ကို ရိုးသားစွာ စကားပြောခြင်းနှင့် သင်၏ စိတ်နှလုံးတွင် ရှိသောအရာကို သူ့အား ပြောပြခြင်းအကြောင်း ဖြစ်သည်။ သင်က “ဘုရားသခင်။ လူသား၏ဖောက်ပြန်ပျက်စီးခြင်းကို ကိုယ်တော်သိပါသည်။ ယနေ့တွင် ကျွန်ုပ်သည် နောက်ထပ် ကျိုးကြောင်း မဆီလျော်သည့် အရာတစ်ခုကို လုပ်မိပြန်ပါပြီ။ ကျွန်ုပ်သည် ရည်ရွယ်ချက်တစ်ခုကို သိုထားခဲ့သည်။ ကျွန်ုပ်သည် လှည့်ဖြားတတ်သူတစ်ဦး ဖြစ်ပါ၏။ ကျွန်ုပ်သည် ကိုယ်တော်၏ ရည်ရွယ်ချက်များအတိုင်း သို့မဟုတ် သမ္မာတရားအတိုင်း မပြုမူနေခဲ့ပါ။ ကျွန်ုပ်ဆန္ဒရှိသည့်အတိုင်း ကျွန်ုပ်ပြုမူပြီး ရှင်းချက်ထုတ်ဖို့ ကြိုးစားခဲ့ပါသည်။ ယခုအခါတွင် ကျွန်ုပ်၏ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်ုပ်သတိပြုမိပါ၏။ ကျွန်ုပ်ကို သာ၍ ဉာဏ်အလင်းပေးဖို့နှင့် သမ္မာတရားကို နားလည်ခွင့်ပြုဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခွင့်ပြုဖို့နှင့် ဤဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားပေးဖို့ ကိုယ်တော့်ကို ကျွန်ုပ်တောင်းလျှောက်ပါသည်” ဟု သင်ပြောသည်။ ဤနည်းဖြင့် ဆုတောင်းလော့။ စစ်မှန်သော အရာများကို ဖော်ပြကာ ဟုတ်တိုင်းမှန်ရာ ပြောလော့။ လူအများစုသည် ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းရန် လာကြသည့်အခါ ၎င်းတို့၏ စကားလုံးအများစုသည် အယူဝါဒနှင့် သက်ဆိုင်ပေသည်။ ယင်းတို့သည် စိတ်နှလုံးမှ စစ်မှန်သည့် ဆုတောင်းချက်များ မဟုတ်ပေ။ ယင်းမှာ ၎င်းတို့တွင် အသိပညာ အနည်းငယ်ရှိသည်ဟု တွေးတောခြင်းအရသာဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးများက နောင်တရရန် လိုလားလျက်ရှိသော်လည်း သမ္မာတရားကို ချင့်ချိန်စဉ်းစားရန် သို့မဟုတ် အပြည့်အဝ နားလည်ရန် မည်သည့်အားထုတ်မှုမျှ မပြုလုပ်ကြချေ။ ဤအရာက ၎င်းတို့ အသက်တာ တိုးတက်မှုကို ထိခိုက်သည်။ ဆုတောင်းသည့်အခါ ဘုရားနှုတ်ကပတ်တော်များကို သင် ချင့်ချိန်စဉ်းစားနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ သန့်ရှင်းသော ဝိညာဉ်တော်အား သင့်ကို ဉာဏ်အလင်းပေးခွင့်ပြုနိုင်ပါက ယင်းသည် ထိုအရာကို ရိုးရှင်းစွာ တွေးတောခြင်းနှင့် နားလည်ခြင်းထက် များစွာ သာ၍ အကျိုးရှိပေသည်။ သင်သည် သမ္မာတရား၏ စည်းမျဉ်းများကို နားလည်နိုင်လိမ့်မည်။ လူတို့၏ အတွေးများနှင့် သိနားလည်မှုတို့ထက် သာ၍ များစွာ နက်ရှိုင်းသည့် စစ်မှန်သော သိနားလည်မှုနှင့် စစ်မှန်သော နောင်တတို့ကို လူတို့ရှိကြရန်အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုပြုသည်နှင့်အမျှ လူတို့ကို တို့ထိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် လူတို့ကို ဉာဏ်အလင်းပေးကာ အလင်းပြ၏။ ဤအရာကို သင် လုံးလုံးလျားလျား နားလည်ရမည်။ သင်သည် အပေါ်ယံ၊ ဖြစ်ကတတ်ဆန်း အတွေးနှင့် စူးစမ်းလေ့လာခြင်းဖြင့် လုပ်ဆောင်ရုံမျှ လုပ်ဆောင်ပါက သင်သည် နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်ဖို့ သင့်တော်သည့် လမ်းကြောင်း မရှိသကဲ့သို့ သမ္မာတရားထဲသို့ ဝင်ရောက်မှု အနည်းငယ်သာရှိပါက သင်သည် ပြောင်းလဲနိုင်စွမ်းမရှိ ဖြစ်မြဲဖြစ်နေပေလိမ့်မည်။ သာဓကအားဖြင့် သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် လေးလေးနက်နက် အသုံးခံရန်နှင့် သူ၏ ချစ်ခြင်းမေတ္တာကို လေးလေးနက်နက် ပြန်ပေးဆပ်ရန် ဆုံးဖြတ်ကြသည့်အချိန်များစွာရှိ၏၊ စိတ်တွင် ဤစိတ်ဆန္ဒဖြင့်ပင် သင်သည် ထိုမျှအားထုတ်မှုများစွာ သုံးမည်မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးသည် ဤကြိုးပမ်းအားထုတ်မှုအတွက် အပြည့်အဝ သန္နိဋ္ဌာန် ချထားကောင်း ချထားနိုင်မည် မဟုတ်ပေ။ သို့သော် ဆုတောင်းကာ တို့ထိခံရပြီးသည့်နောက် သင်သည် စိတ်ဆုံးဖြတ်ချက်တစ်ခုပြုလုပ်ပြီး “ဘုရားသခင်၊ အခက်အခဲကို ခံစားဖို့ ကျွန်ုပ် လိုလားလျက်ရှိပါ၏။ ကိုယ်တော်၏ စမ်းသပ်မှုများကို လက်ခံဖို့ ကျွန်ုပ် လိုလားနေပြီး ကိုယ်တော့်ကို လုံးဝ ကျိုးနွံနာခံဖို့ ကျွန်ုပ် လိုလားလျက်ရှိပါ၏။ ကျွန်ုပ်၏ ဆင်းရဲဒုက္ခ မည်မျှ ကြီးမားသည်ဖြစ်စေ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ် လိုလားနေပါ၏။ ကိုယ်တော်၏ ကြီးမားသော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်ခံစားပြီး ကိုယ်တော်သည် ကျွန်ုပ်ကို ချီမပြီးဖြစ်သည်၊ ဤအတွက် ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ကျွန်ုပ် ကျေးဇူးတင်ပြီး ကိုယ်တော့်ကို ချီးမြှောက်ပါ၏”ဟု ဆိုပါက ထိုသို့သော ဆုတောင်းချက်တစ်ခုကို သင် ပူဇော်ပြီးသည့်နောက်တွင် သင်၏ ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားတိုးပွားလိမ့်မည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ ဤသည်မှာ ဆုတောင်းခြင်း၏ အကျိုးတရား ဖြစ်သည်။ လူတစ်ဦး ဆုတောင်းပြီးသည့်နောက်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေရင်း၊ အလင်းပေးရင်းနှင့် လမ်းပြရင်း၊ ယုံကြည်ခြင်းနှင့် သတ္တိတို့ကို ၎င်းတို့အား ပေးရင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စေရင်း ၎င်းတို့အပေါ် အလုပ်လုပ်ဖို့ ပြင်ဆင်၏။ ထိုသို့သော ရလဒ်တစ်ခု စွမ်းဆောင်ရရှိခြင်းမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ် ဖတ်ရှုသောလူများရှိ၏၊ သို့ရာတွင် ထိုနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်၊ ယင်းတို့နှင့်ပတ်သက်၍ ၎င်းတို့ မိတ်သဟာယပြုကြပြီး ၎င်းတို့၏ စိတ်နှလုံးများက တိုး၍ ကြည်လင်ရွှင်ပျကာ လမ်းခရီးတစ်ခု ၎င်းတို့ ရှာတွေ့ကြ၏။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို တို့ထိပြီး ဝန်ထုပ်အချို့အပြင် လမ်းပြမှုအချို့ ပေးပါက အကျိုးဆက်မှာ ဧကန်အမှန် အလွန်ကွဲပြားပေလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ အတော်အတန်မျှသာ တို့ထိခံရကောင်းခံရနိုင်ပြီး ထိုအချိန်တွင် သင် ငိုကြွေးကောင်းငိုကြွေးနိုင်သော်လည်း တစ်ခဏကြာပြီးနောက် ထိုခံစားချက် ပြယ်သွားလိမ့်မည်။ သို့သော် သင် တောင်းသည့် ဆုတောင်းချက်သည် မျက်ရည်စက်လက်ဖြစ်သော၊ လေးနက်သော၊ စစ်မှန်ပြီး စိတ်ရင်းမှန်ဖြစ်သော ဆုတောင်းချက်တစ်ခုဖြစ်ပြီး သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရပါက သင်၏ စိတ်နှလုံးသည် ရက်အတော်ကြာ ဝမ်းမြောက်မှု ရှိလိမ့်မည်။ ဤသည်မှာ ဆုတောင်းခြင်း၏ အကျိုးတရား ဖြစ်သည်။ ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင် ရှေ့မှောက်သို့ လာရန်နှင့် လူတို့ကို သူပေးမည့်အရာအား ခံယူရန် ဖြစ်သည်။ သင်သည် မကြာခဏ ဆုတောင်းပါက သူနှင့်အတူ မိတ်သဟာယပြုကာ သူနှင့် ပုံမှန်ဆက်ဆံရေးရှိရန် ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာပါက သင်သည် သူ၏ တို့ထိခြင်းကို အမြဲခံစားရလိမ့်မည်။ သူ၏ ထောက်ပံ့မှုများကို သင် အမြဲ ရရှိပြီး သမ္မာတရားကို လက်ခံပါက သင် ပြောင်းလဲသွားလိမ့်မည် ဖြစ်ပြီး သင်၏ ရည်မှန်းချက်များသည် ဆက်လက် တိုးတက်လိမ့်မည်။ အထူးသဖြင့် ညီအစ်ကို မောင်နှမများ အတူတကွ ဆုတောင်းကြသည့်အခါ နောက်ပိုင်းတွင် အထူးသဖြင့် ကြီးမားသည့် စွမ်းအင်တစ်ခု ဖြစ်ပေါ်ကာ များစွာ အကျိုးရရှိကြပြီးဖြစ်သည်ဟု ၎င်းတို့ ခံစားကြရသည်။ အမှန်တွင် ၎င်းတို့ အတူတကွရှိသည့်အချိန်တွင် များစွာ မိတ်သဟာယပြုပြီး မဖြစ်နိုင်သော်လည်း ၎င်းတို့ကို မိမိတို့၏ မိသားစုများနှင့် လောကကို စွန့်လွှတ်ရန် တစ်စက္ကန့်မျှ မစောင့်နိုင်အောင်ဖြစ်ကာ မည်သည့်အရာကိုမျှ ၎င်းတို့ မလိုချင်သကဲ့သို့ ဘုရားသခင်တစ်ပါးတည်းဖြင့် လုံလောက်ပြည့်စုံခြင်း ရှိရလောက်အောင် ၎င်းတို့ကို လှုံ့ဆော်ခဲ့သည်မှာ ဆုတောင်းခြင်း ဖြစ်ပေသည်။ ကြီးမားလိုက်သည့် ယုံကြည်ခြင်းပါတကား။ လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကပေးသည့် ခွန်အားကို အဆုံးမရှိ မွေ့လျော်ခံစား၍ရပေသည်။ သင့်ကို ဘုရားသခင်ပေးသည့် ခွန်အားအပေါ် မှီခိုမည့်အစား ခေါင်းမာကာ မိမိ၏ မဆုတ်မနစ်ကြိုးပမ်းမှုအပေါ် မှီခိုခြင်းအားဖြင့် သင် မည်မျှအဆင်ပြေနိုင်မည်နည်း။ သင်သည် လမ်းကိုသာ လျှောက်ပြီးရင်း လျှောက်ကာ သင်၏ ခွန်အား ကုန်ဆုံးသွားပြီးနောက် ပြဿနာ သို့မဟုတ် အခက်အခဲတစ်ခု ကြုံရသည့်အခါ လမ်းကြောင်းရှိတော့မည် မဟုတ်ပေ။ သင်သည် အဆုံးမရောက်မီ လဲကျကာ ဆုတ်ယုတ်သွားလိမ့်မည်။ ဘုရားသခင်နောက်လိုက်သည့် လမ်းကြောင်းပေါ်တွင် ကျရှုံးကာ လဲကျပြီးဖြစ်သော လူများစွာ ရှိသည်။ သမ္မာတရားမရှိဘဲနှင့် ၎င်းတို့ မရပ်တည်နိုင်ကြ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ထံ စဉ်ဆက်မပြတ် ဆုတောင်းရမည်၊ ဘုရားသခင်အပေါ် မှီခိုရမည်ဖြစ်ပြီး အဆုံးထိ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ထိန်းသိမ်းရမည်။ သို့တိုင် လူသားများသည် ဆက်လျှောက်ကြသည်နှင့်အမျှ ဘုရားသခင်ထံမှ ဝေးစွာ သွေဖည်သွားကြသည်။ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားမျိုးနွယ်သည် လူသားမျိုးနွယ်ဖြစ်၏။ အသီးသီး မိမိတို့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းကြသည်။ ဘုရားသခင်သည် ဘုရားနှုတ်ကပတ်တော်များကို ပြောဆိုပြီး လူသားမျိုးနွယ်သည် ဘုရားသခင်၏ လမ်းကြောင်းနှင့် မတူသည့် မိမိကိုယ်ပိုင် လမ်းကြောင်းကို လျှောက်သည်။ လူတစ်ဦးသည် ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုခွန်အား ဆုံးရှုံးသည့်အခါ ၎င်းတို့သည် ဆုတောင်းချက် စကားအနည်းငယ်ပြောရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး ခွန်အားအချို့ ယူသည်။ အင်အား အနည်းငယ် ရှိပြီးသည့်နောက်တွင် ၎င်းတို့သည် နောက်ထပ် တစ်ကြိမ် ထွက်ခွာသွားကြသည်။ အတန်ငယ်ကြာပြီးနောက် ၎င်းတို့သည် လောင်စာကုန်သွားပြီး ဘုရားသခင်ထံ နောက်ထပ်ရယူရန် ပြန်လာကြ၏။ လူတစ်ဦးသည် ဤနည်းအားဖြင့် ရှေ့ဆက်ပါက အချိန်ကြာကြာ အားတင်းမထားနိုင်ပေ။ လူတစ်ဦးသည် ဘုရားသခင်ကို စွန့်ခွာပါက ရှေ့ဆက်ရမည့် လမ်းခရီး မရှိပေ။

မိမိတို့ကိုယ်ကို စည်းမျဉ်းဖြင့် ထိန်းရာတွင် လူများစွာတို့၏ အစွမ်းအစ အထူးသဖြင့် ညံ့ဖျင်းသည်ကို ငါ ယခု သိရပြီး ဖြစ်သည်။ အကြောင်းတရားမှာ အဘယ်နည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် အစကတည်းက သမ္မာတရားကို နားမလည်ကြသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် ဆုမတောင်းပါက ကိုယ်ကျင့်တရားပျက်လာရန် အလားအလာအရှိဆုံး ဖြစ်သည်။ စကားများနှင့် အယူဝါဒများကိုသာ ၎င်းတို့ နားလည်ကြသည်။ ယင်းမှာ အလုပ်မဖြစ်သကဲ့သို့ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝ မချုပ်ထိန်းနိုင်ကြချေ။ ထိုသို့သော အခြေအနေတစ်ခုတွင် ဆုတောင်းခြင်းမှတစ်ဆင့်သာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို သင်ရရှိနိုင်ပြီး သမ္မာတရားအချို့ကို သင် နားလည်မှသာ တစ်နည်းနည်းဖြင့် သင် ချုပ်ထိန်းခံရနိုင်ပြီး လူသားပုံသဏ္ဌာန်အနည်းငယ် ရှိနိုင်ပေသည်။ ဘုရားသခင်၌ ယုံကြည်သူတို့သည် သူ၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုရမည်၊ သမ္မာတရားအပေါ် အလေးထားရမည်ဖြစ်ပြီး မကြာခဏ ဆုတောင်းရမည်။ ထိုအခါမှသာ လူတို့သည် တိုးတက်နိုင်၏၊ ပြောင်းလဲမှု ဆောင်ကြဉ်းနိုင်ပြီး လူသားပုံသဏ္ဌာန်နှင့် ဆင်တူခြင်းအချို့ကို အသက်ရှင်နေထိုင်နိုင်ကြပေသည်။ သင့်ကိုယ်သင် သိခြင်းအကြောင်းနှင့် ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်း အကြောင်းသာ သင် ပြောဆိုပါက ယင်းမှာ အဆင်မပြေပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိဘဲနှင့် ယင်းသည် အကျိုးရှိလိမ့်မည်မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော် မည်သို့အတိအကျ အမှုပြုပြီး လူတို့ကို တို့ထိပုံနှင့် လူတို့က မိမိတို့၏ နေ့စဉ်ဘဝများတွင် သမ္မာတရားအား မည်သို့ရှာဖွေကာ လက်တွေ့လုပ်ဆောင်သင့်ပုံအား သင် လျစ်လျူရှုပါက ဘုရားသခင်ကို သင် မည်သို့ ယုံကြည်နိုင်ရသနည်း။ မည်သည့်တာဝန်ကို သင် လုပ်ဆောင်နိုင်သနည်း။ လူတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်၏ တည်ရှိခြင်းကိုသာ ယုံကြည်ပါက ၎င်းတို့ ယုံကြည်ခြင်းထဲမှ ကျန်ရှိသမျှမှာ ဘုရားသခင်အပေါ် အသိအမှတ်ပြုခြင်းတစ်ခုသာ ဖြစ်ပါက၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် ဘေးဖယ်ခြင်းခံရပါက ၎င်းတို့ အသက်ဝင်ရောက်မှု ရှိကြလိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ဖြစ်စေ၊ သမ္မာတရားဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးများတွင် ရှိလိမ့်မည် မဟုတ်ပေ။ လူတို့၏ အတွေးများနှင့် အယူအဆများသည် ရုပ်ဝတ္ထုလောကကြီးဖြင့်သာ ပြည့်လိမ့်မည်။ ဘုရားသခင်၌ ဤယုံကြည်မှုမျိုးသည် ဘာသာရေး ထုံးတမ်းဓလေ့တစ်ခု ဖြစ်လာပြီးဖြစ်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားမဲ့ဝါဒ သို့မဟုတ် ရုပ်ဝါဒကိုပင် လက်ခံနိုင်မည်ဖြစ်ပြီး ဘုရားသခင် တည်ရှိခြင်း ရှိမရှိဆိုသည့်အပေါ် တဖြည်းဖြည်း မေးခွန်းထုတ်လာနိုင်ကာ ဝိညာဉ်ရေးရာ လောကနှင့် ဝိညာဉ်ရေးရာ အသက်တာ ကိစ္စရပ်များကို ငြင်းပယ်ကောင်းငြင်းပယ်နိုင်ပေသည်။ ဤသည်မှာ မှန်သော လမ်းခရီးမှ လုံးဝ စွန့်ခွာခြင်းဖြစ်ပြီး ၎င်းတို့သည် အဆုံးမရှိ တွင်းထဲသို့ ကျဆင်းကြပြီး ဖြစ်သည်။ ဆုတောင်းခြင်းမရှိဘဲနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်ဖြစ်သော လူတို့၏ လိုအင်ဆန္ဒသည် ဓမ္မဓိဋ္ဌာန်မကျသော ဆန္ဒတစ်ခုသာ ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကိုသာ ဖက်တွယ်နေကြလိမ့်မည်။ အထက်မှ အစီအစဉ်များနှင့်အညီ သင် ပြုမူဆောင်ရွက်ပြီး ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း မရှိလျှင်ပင် စည်းမျဉ်းစည်းကမ်းများကိုသာ သင် ဖက်တွယ်သောကြောင့် သင်၏ တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ သင် ထမ်းဆောင်လိမ့်မည် မဟုတ်။ လူတို့၏ စိတ်ဝိညာဉ်များအားလုံးသည် ယခုတွင် ထုံထိုင်းပြီး ခြောက်ကပ်ကပ်နိုင်ကြ၏။ ဘုရားသခင်နှင့် လူတို့၏ ဆက်ဆံရေးများတွင် ဝိညာဉ်တော်၏ တို့ထိခြင်းနှင့် ဉာဏ်အလင်းပေးခြင်းကဲ့သို့သော သိမ်မွေ့နက်နဲမှုများစွာ ရှိသော်လည်း ယင်းတို့ကို လူတို့က မခံစားနိုင်ကြချေ။ ၎င်းတို့သည် အလွန် ထုံထိုင်းကြ၏။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို မဖတ်၊ ဆုမတောင်းပါက ပြီးလျှင် မည်သည့်အခါတွင်မျှ ဝိညာဉ်ရေးရာ အသက်တာနှင့်ဆိုင်သော ကိစ္စရပ်များအား မတွေ့ကြုံသကဲ့သို့ မိမိတို့ကိုယ်ပိုင် အခြေအနေကို မထိန်းချုပ်နိုင်ပါက ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အသက်ရှင်နေကြကြောင်း လုံးဝ မသေချာပေ။ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်လိုပါက၊ ဆုမတောင်းခြင်းက လက်ခံနိုင်ဖွယ်မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ခြင်းသည် သာ၍ပင် လက်မခံနိုင်ဖွယ်ဖြစ်သည်။ အသင်းတော် အသက်တာကို အသက်မရှင်ခြင်းသည်လည်း လက်မခံနိုင်ဖွယ်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို ရှောင်ရှားပါက ဘုရားသခင်ကို ၎င်းတို့ မယုံကြည်ကြတော့သကဲ့သို့ ဆုတောင်းခြင်းကို ခေါင်းရှောင်ခြင်းသည် ဘုရားသခင်ထံမှ ဝေးဝေး ထွက်သွားခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ရန် အကြင်သူသည် ဆုတောင်းရမည်။ ဆုတောင်းခြင်းမရှိဘဲနှင့် ဘုရားသခင်၌ ယုံကြည်လက်ခံမှုနှင့် ဆင်ခြင်း မရှိ။ သင်သည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းရန် မလိုကြောင်းနှင့် နေရာမရွေး၊ အချိန်မရွေး သင် ဆုတောင်းနိုင်ကြောင်း ငါ ပြောခဲ့မိသောကြောင့် ဆယ်ခါရံမှတစ်ခါလောက် ဆုတောင်းသူအချို့ရှိသည်။ ၎င်းတို့သည် မနက်ခင်းတွင် နိုးသည့်အခါ ဆုတောင်းရမည့်အစား ဘုရားနှုတ်ကပတ်တော်စာပိုဒ် အနည်းငယ်ကို ဖတ်ရုံမျှဖတ်ကာ ဓမ္မတေးသီချင်းများကို နားထောင်ရုံမျှနားထောင်ကြသည်။ နေ့ခင်းပိုင်းတွင် အပြင်ပန်း အရေးကိစ္စများဖြင့် အလုပ်များနေကြပြီး ညတွင် လဲလျောင်းမအိပ်စက်မီ ဆုမတောင်းကြချေ။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရုံမျှဖတ်ပြီး ဆုမတောင်းလျှင် သူ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ သဘောမပေါက်ဘဲ ဖတ်ရှုနေသည့် ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ ဖြစ်သည်ဆိုသည်ကို မှန်ကန်သည်ဟု သင်တို့ မခံစားရသလော။ လူတို့သည် ဆုမတောင်းပါက ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စွဲမည်မဟုတ်သကဲ့သို့ ယင်းတို့ကို ဖတ်ရှုခြင်းအားဖြင့် ဉာဏ်အလင်းပေးခံရလိမ့်မည် မဟုတ်ချေ။ ၎င်းတို့သည် စိတ်ဝိညာဉ်၏ သိမ်မွေ့သော ခံစားချက်များ ရှိကြလိမ့်မည်မဟုတ်သကဲ့သို့ ၎င်းတို့၏ စိတ်ဝိညာဉ် တို့ထိခံရလိမ့်မည် မဟုတ်ချေ။ ယင်းတို့သည် ထုံထိုင်းကာ ခြောက်ကပ်ကပ်နိုင်သည်။ ၎င်းတို့သည် အသင်းတော်အလုပ်နှင့် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ အပေါ်ယံအဆင့် မိတ်သဟာယကိုသာ ပေးကြသည်။ တစ်စုံတစ်ရာဖြစ်ပျက်သည့်အခါ မိမိတို့ စိတ်နှလုံး၏ အတွင်းကျကျ ခံစားချက်များကို ၎င်းတို့ သဘောမပေါက်နိုင်ကြချေ။ ဤအရာက ဘုရားသခင်နှင့် ၎င်းတို့၏ ပုံမှန်ဆက်ဆံရေးကို လွမ်းမိုးသည့် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိဖြစ်နှင့်သကဲ့သို့ ၎င်းတို့ ဆုတောင်းရန် မည်မျှကြိုးစားအားထုတ်ပါစေ မည်သည့်စကားမျှ ထွက်မလာသကဲ့သို့ ဘုရားသခင်ကို မခံစားနိုင်ကြချေ။ ဤသည်မှာ အလွန်အန္တရာယ်ရှိနှင့်ပြီး ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်ထံမှ အလွန်ဝေးစွာ သွားလာကြပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ အမှန်တွင် ဆုတောင်းရန် သင်၏ စိတ်ဝိညာဉ်ကို ဆိတ်ငြိမ်အောင် ထားခြင်းသည် သင်၏ ပြင်ပမှ အလုပ်တာဝန်များကို အနှောင့်အယှက်ဖြစ်စေလိမ့်မည် မဟုတ်။ အမှုအရာများကို လုံးဝ နှောင့်နှေးစေလိမ့်မည် မဟုတ်ပေ။ ပြဿနာတစ်ခု ပေါ်ထွက်ပြီး ပြေလည်မသွားပါက အမှုအရာများ နှောင့်နှေးသွားလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် ပြဿနာများကို ဖြေရှင်းရန်နှင့် ဘုရားသခင်၏ မျက်မှောက်တွင် လူတို့ကို အသက်ရှင်နိုင်စေပြီး သူ၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခံစားနိုင်စေရန် ရည်ရွယ်ပေသည်။ ဤသည်မှာ လူတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းနှင့် ၎င်းတို့၏ အသက်ဝင်ရောက်မှုအတွက် သာ၍ အကျိုးရှိပေသည်။

၁၉၉၈

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။