ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု (အပိုင်း နှစ်)
စင်စစ်အားဖြင့် ဖာရိရှဲတစ်ဦးသည် မည်သည့်အရာဖြစ်သည်ကို သင်တို့သိသလော။ သင်တို့အနီးတွင် ဖာရိရှဲတစ်ဦးတလေ ရှိသလော။ ဤလူများကို အဘယ်ကြောင့် “ဖာရိရှဲများဟု” ခေါ်သနည်း။ ဖာရိရှဲများကို မည်သို့ သရုပ်ဖော်သနည်း။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးဖြစ်ကာ လုံးလုံး အတုအယောင် ဖြစ်ပြီး ၎င်းတို့ ပြုလေသမျှ၌ ဟိတ်ဟန်လုပ်သည်။ ၎င်းတို့သည် အဘယ်သို့ ဟိတ်ဟန်လုပ်သနည်း။ ကောင်းဟန်၊ ကြင်နာဟန်၊ အပြုသဘောဆောင်ဟန် ပြုသောသူများ ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ယင်းကဲ့သို့ ဖြစ်ကြသလော။ လုံးဝ မဖြစ်ပေ။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများ ဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏ သရုပ်မှန်ကို အဘယ်နေရာတွင် ကွယ်ဝှက်ထားသနည်း။ ယင်းကို သူတစ်ပါးတို့ လုံးဝ မမြင်စေရန် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖုံးကွယ်ထားသည်။ အပြင်ပန်းတွင် ရှိသမျှသည် ဟန်ဆောင်မှုတစ်ခု ဖြစ်သည်၊ အားလုံးမှာ အတုအယောင်များဖြစ်သည်။ သို့သော် ၎င်းတို့သည် လူတို့ကိုသာ အရူးလုပ်နိုင်သည်။ ဘုရားသခင်ကို အရူးမလုပ်နိုင်ပေ။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခြင်းမရှိလျှင် သမ္မာတရားကို အမှန်တကယ် နားမလည်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ စကားလုံးများသည် မည်မျှနားဝင်ချိုပါစေ ဤစကားလုံးများသည် သမ္မာတရား စစ်မှန်မှုမဟုတ်ဘဲ စကားများနှင့် အယူဝါဒများသာ ဖြစ်သည်။ လူအချို့သည် စကားများနှင့် အယူဝါဒများကို သံယောင်လိုက်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အဆင့်မြင့်ဆုံးသော ဒေသနာများကို ဟောကြားသူ မည်သူကိုမဆို တုပကြသည်၊ အကျိုးဆက်အနေဖြင့် နှစ်အနည်းငယ်အတွင်းတွင်ပင် ၎င်းတို့၏ စကားများနှင့် အယူဝါဒများကို ရွတ်ဆိုခြင်းသည် အစဉ်ပို၍ တိုးတက်လာပြီး ၎င်းတို့အား လူများစွာတို့က ကြည်ညိုလေးစားကြသည်၊ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို စတင်ဖုံးကွယ်ပြီး မိမိတို့ကိုယ်ကို အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းပြီး ဝိညာဉ်ရေးရာဆန်သော လူများအဖြစ် ပြသလျက် ၎င်းတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာတို့ကို ကြီးမားသော အာရုံစိုက်မှုပြုကြလေသည်။ လူတို့သည် မိမိတို့ကိုယ်ကို ဖုံးကွယ်ဖို့ ဤဝိညာဉ်ရေးရာ အယူအဆများဟု ခေါ်သည့်အရာများကို အသုံးပြုကြ၏။ ဤသည်မှာ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ပြောဆိုသောအရာများသာဖြစ်သည်။ လူတို့၏ အယူအဆများနှင့် ကိုက်ညီသော မှန်သယောင်ထင်ရသော်လည်း မှားယွင်းနေသော အရာများဖြစ်ပြီး သမ္မာတရားစစ်မှန်မှုတစ်ခုမျှ မရှိပေ။ ပြီးလျှင် လူတို့၏ အယူအဆများ၊ နှစ်သက်မှုများနှင့်ညီသော ဤအရာများကို ဟောပြောခြင်းမှတစ်ဆင့် ၎င်းတို့သည် လူများစွာကို အထင်အမြင်မှားစေကြသည်။ အခြားလူများအဖို့ ဤသို့သောလူတို့သည် အလွန်ပင် ဘုရားတရားကိုင်းရှိုင်းပြီး နှိမ့်ချပုံရသော်လည်း ယင်းမှာ စင်စစ်အားဖြင့် အတုအယောင်သာ ဖြစ်သည်။ ၎င်းတို့သည် သည်းခံ၊ စိတ်ရှည်ပြီး ချစ်ခင်ဖွယ်ကောင်းပုံရသော်လည်း ယင်းမှာ စင်စစ်အားဖြင့် ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို ချစ်သည်ဟု ၎င်းတို့က ပြောကြသည်။ အမှန်တကယ်တွင် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ ဤသို့သောလူတို့သည် သန့်ရှင်းသည်ဟု အခြားလူတို့က ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် အတုအယောင်ဖြစ်သည်။ အမှန်တကယ် သန့်ရှင်းသူကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။ လူသားသန့်ရှင်းမှုသည် အားလုံး အတုအယောင်ဖြစ်သည်။ အားလုံးက အယောင်ဆောင်မှု၊ ဟန်ဆောင်မှုသာဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပုံပေါက်သော်လည်း အမှန်တွင် အခြားသူများ မြင်ဖို့ ၎င်းတို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မည်သူမျှ ကြည့်မနေသည့်အခါတွင် ၎င်းတို့သည် စိုးစဉ်းမျှ သစ္စာမရှိကြသကဲ့သို့ ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံကြပြီး ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြပြီးဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်အရာကို တိတ်တဆိတ် လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးဦးရွက်ပြုပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စီမံနေကြခြင်းဖြစ်ကာ အသင်းတော်ထံမှ အကျိုးအမြတ်ရယူနေပြီး ဘုရားသခင်အတွက် အလုပ်လုပ်သည့် ဟန်ကိုဆောင်လျက် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ် ခိုးယူနေခြင်း ဖြစ်သည်။...ဤလူတို့သည် ခေတ်ပေါ် ကြောင်သူတော် ဖာရိရှဲများ ဖြစ်ကြသည်။ ဤဖာရိရှဲများသည် မည်သည့်နေရာမှ လာသနည်း။ ၎င်းတို့သည် ဘာသာတရားမရှိသူများကြားမှ ပေါ်ထွက်လာသလော။ မဟုတ်ပေ။ ၎င်းတို့အားလုံးသည် ယုံကြည်သူများကြားမှ ပေါ်ထွက်လာကြသည်။ ဤလူများသည် အဘယ်ကြောင့် ဖာရိရှဲများဖြစ်လာကြသနည်း။ တစ်ယောက်ယောက်က ၎င်းတို့ကို ဤသို့ဖြစ်အောင် ပြုလုပ်သလော။ သိသိသာသာပင် ထိုသို့မဟုတ်ပေ။ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ သဘာဝအနှစ်သာရမှာ ဤသို့ပင်ဖြစ်သောကြောင့်ဖြစ်ပြီး ၎င်းတို့ လျှောက်သည့် လမ်းကြောင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် တရားဟောပြီး အသင်းတော်မှ အမြတ်ထုတ်ရန်အတွက် တန်ဆာပလာတစ်ခုအနေဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသုံးပြုကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှင့် နှုတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ပြင်ဆင်သည်။ ဝိညာဉ်ရေးဆိုင်ရာ သဘောတရား အတုအယောင်များကို ဟောကြားသည်။ မိမိတို့ကိုယ်ကို သန့်ရှင်းသူအဖြစ် ပြရုပ်တင်သည်။ ထို့နောက် အသင်းတော်မှ အမြတ်ထုတ်ရန် ရည်ရွယ်ချက် အောင်မြင်ရန်အတွက် ဤအရာကို အရင်းအနှီးအဖြစ် အသုံးပြုသည်။ ၎င်းတို့သည် အယူဝါဒများကိုသာ ဟောကြားသည်။ သို့တိုင်အောင် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ ဘုရားသခင်၏လမ်းကို မည်သည့်အခါမျှ လိုက်လျှောက်ခဲ့ခြင်းမရှိဘဲ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဆက်လက်ဟောပြောသောသူတို့သည် မည်သို့သော လူအမျိုးအစား ဖြစ်ကြသနည်း။ ဤသူတို့သည် သူတော်ကောင်း ယောင်ဆောင်သော ဖာရိရှဲများ ဖြစ်ကြပေသည်။ ၎င်တို့၏ နုံချာသည့်၊ ကောင်းသောအပြုအမူနှင့် ကောင်းသောလုပ်ဆောင်မှုဟု ခေါ်ဆိုသောအရာနှင့် ကောင်းသောနည်းလမ်းအနည်းငယ်၊ ၎င်းတို့စွန့်လွှတ်ပြီး အသုံးခံခဲ့သည့် အနည်းငယ်သောအရာတို့သည် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒ၏ ဘောင်ခတ်ခြင်းနှင့် ပြရုပ်တင်ခြင်းမှတစ်ဆင့် ပြီးမြောက်ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်များသည် လုံးဝ အတုအယောင်ဖြစ်ပြီး အားလုံးက ဟန်ဆောင်မှု ဖြစ်သည်။ ဤလုပ်ရပ်များအားလုံးသည် အယောင်ဆောင်ဖြစ်သည်။ ဤလူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်းအနည်းငယ်မျှပင် မရှိသကဲ့သို့ ဘုရားသခင်ပေါ် စစ်မှန်သည့်ယုံကြည်ခြင်း တစ်ခုတလေမျှ မရှိပေ။ ထို့အပြင် ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ ဤလမ်းမျိုးကို လျှောက်ကြလိမ့်မည်။ ဖာရိရှဲများဖြစ်လာလိမ့်မည်။ ဤသည်မှာ ကြောက်စရာမကောင်းသလော။ ဖာရိရှဲများစုဝေးသော ဘာသာရေး နေရာသည် ဈေးတစ်ခုဖြစ်လာသည်။ ဘုရားသခင်၏ အမြင်တွင် ယင်းက ဘာသာတရားဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အသင်းတော် မဟုတ်သကဲ့သို့ သူဝတ်ပြုကိုးကွယ်ခြင်း ခံရသည့် နေရာလည်း မဟုတ်ပေ။ ထို့ကြောင့် လူများက သမ္မာတရားကို မလိုက်စားသည့်အခါ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့်ပတ်သက်သည့် စကားလုံးများသက်သက်နှင့် အပယိကမျှသာဖြစ်သော အယူဝါဒများမည်မျှကို ၎င်းတို့ တပ်ဆင်ထားပါစေ ယင်းမှာ အသုံးတည့်မည် မဟုတ်ပေ။ လူအချို့က “ကျွန်ုပ် မည်မျှပြင်ဆင်ပါစေ အသုံးမဝင်ပါ။ ထို့ကြောင့် ကျွန်ုပ်ကိုယ်ကျွန်ုပ် လုံးဝကို ပြင်ဆင်မည် မဟုတ်ပါ”ဟု ဆိုကြသည်။ ၎င်းတို့ မည်သည့်အရာကို ပြောဆိုနေကြသနည်း။ ယင်းသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ အဓိပ္ပာယ်မရှိသော စကား ဖြစ်သည်မဟုတ်လော။ ဤစကားများအပေါ် မိတ်သဟာယပြုရာတွင် ငါ၏ ရည်ရွယ်ချက်သည် မည်သည့်အရာနည်း။ သင်တို့ကို ဘုရားနှုတ်ကပတ်တော်များနှင့် မိမိကိုယ်ကို ပြင်ဆင်ခြင်းမှ တားဆီးရန် ဖြစ်သလော။ (မဟုတ်ပါ။) သင်သည် ဘုရားနှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကို ပြင်ဆင်ရမည်ဖြစ်သော်လည်း သင် ရှင်းလင်းနေရမည့် အရေးပါလှသော အရာမှာ သင့်ကိုယ်သင် ပြရုပ်တင်ဖို့ ဘုရားနှုတ်ကပတ်တော်များကို မည်သည့်နည်းဖြင့်မျှ အသုံးမပြုရဟု ဆိုလိုသည်၊ ပြီးလျှင် ယင်းတို့ကို အခြားသူများအား တိုက်ခိုက်ရန် လက်နက်တစ်ခုအဖြစ် အသုံးပြုရန် မဆိုထားနှင့်၊ အသင်းတော်မှ အမြတ်ထုတ်နိုင်ရန် အရင်းအနှီးအဖြစ် အသုံးပြုရန် သင့်ကို မဆိုလိုပေ။ မည်သည့်အရာများသည် ဘုရားနှုတ်ကပတ်တော်များ ဖြစ်သနည်း။ ဘုရားနှုတ်ကပတ်တော်များသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပေးသည့် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ သင်သည် ဤနှုတ်ကပတ်တော်များကို အပြည့်အဝ အသုံးပြုကာ လက်တွေ့လုပ်ဆောင်ပါက သမ္မာတရားကို ရရှိလိမ့်မည်။ သမ္မာတရားသည် သင့်အဖို့ အယူဝါဒများ သို့မဟုတ် စကားများသာ ဖြစ်လိမ့်မည်မဟုတ်ဘဲ သင့်အသက်တာ စစ်မှန်မှု ဖြစ်လိမ့်မည်။ သမ္မာတရားကို သင် ရရှိသည်နှင့်တစ်ပြိုင်နက် အသက်ကို ရရှိပြီး ဖြစ်သည်။
လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများကို ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့်ဆိုင်သည့် ငါ ယခုတင် ပြောဆိုခဲ့သော အကြောင်းအရာနှင့်ပတ်သက်၍ ဇာတ်လမ်းတစ်ခုကို ငါ ဝေမျှမည်။ တစ်ရံရောအခါတွင် ချမ်းသာကြွယ်ဝသော လူတစ်ဦးကို လက်ထပ်သည့် မိန်းမလှလေးတစ်ဦး ရှိခဲ့သည်။ ထိုသို့သော လက်ထပ်ထိမ်းမြားခြင်းများအပေါ် လောကကြီးက ပုံမှန်အားဖြင့် မည်သို့ ကြည့်မြင်သနည်း။ လှပသော အမျိုးသမီးသည် ချမ်းသာကြွယ်ဝသောလူ၏ ငွေနောက်လိုက်နေခြင်းဖြစ်ပြီး ချမ်းသာကြွယ်ဝသော လူသည် လှပသော အမျိုးသမီး၏ ရုပ်သွင်အတွက် သူမ၏နောက်သို့ လိုက်နေခြင်း ဖြစ်သည်။ ၎င်းတို့ အသီးသီးသည် မိမိတို့ လိုအပ်သောအရာကို ယူကြပြီး စစ်မှန်သော ချစ်ခြင်းမေတ္တာ မရှိပေ။ ယင်းသည် အပေးအယူဆိုင်ရာ လက်ထပ်ထိမ်းမြားခြင်းတစ်ခု ဖြစ်သည်။ လောက၏ စိတ်ကူးစိတ်သန်းများအရ ဤလှပသော အမျိုးသမီးသည် ဇိမ်ခံစားလျက် အသက်ရှင်ရင်း ငွေဖြုန်းတီးမည်မှာ သေချာပေါက် ဖြစ်သော်လည်း သူမသည် ထိုသို့ မလုပ်ဆောင်ခဲ့ပေ။ သူမသည် အိမ်မှုဝေယျဝစ္စများကို လုပ်ဆောင်ရင်း သာမန် အိမ်ရှင်မတစ်ဦးကဲ့သို့ အသက်ရှင်ခဲ့သည်။ နေ့စဉ်နေ့တိုင်း သူမသည် လုံ့လရှိကာ တာဝန်သိတတ်သည်။ သူမ၏ လင်ယောက်ျားနှင့် သူ၏ မိသားစုအပေါ် ကောင်းသည်မှာ သူမကို အကျင့်သီလကောင်းပြီး ကြင်နာသည်ဟု ခေါ်ဆို၍ရနိုင်ပေသည်။ သို့ရာတွင် ချမ်းသာကြွယ်ဝသော လူသည် သူမကို မည်သို့ ဆက်ဆံသနည်း။ ပထမဆုံး ဤလှပသော အမျိုးသမီးသည် သူနှင့်အတူ အမှန်တကယ် အသက်မရှင်နိုင်မည်ကို သူ စိုးရိမ်ခဲ့ပြီး ၎င်းတို့၏ အိမ်ထောင်ရေး ကြာရှည်မခံမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူ၏ ကြွယ်ဝချမ်းသာမှုများနှင့် အရေးကြီးသည့်အရာများအားလုံးကို သိုဝှက်ထားလေသည်။ သူသည် ထိုအရာအားလုံးကို သူ၏ မိန်းမထိန်းချုပ်မှုအောက်တွင် ထားမည့်အစား သူ၏ နာမည်အောက်တွင်သာ ထားခဲ့သည်။ သို့ရာတွင် လှပသော အမျိုးသမီးသည် ဤအရာတစ်ခုကိုမျှ အရေးမထားခဲ့ပေ။ သူမ၏ ယောက်ျားက သူမကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ သူမကို မယုံကြည်သည်ဖြစ်စေ၊ သူမကို ငွေကြေးဆိုင်ရာ ကန့်သတ်ထားသည်ဖြစ်စေ မလိုမလားဖြစ်ခြင်း သို့မဟုတ် မကျေနပ်ခြင်းတစ်ခုမျှ သူမ မပြခဲ့ပေ။ ထို့ထက် သူမသည် သာ၍ပင် လုံ့လဝီရိယ ရှိခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် လှပသော အမျိုးသမီးသည် သားသမီးအချို့ ရှိလာခဲ့ပြီး ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးအနေဖြင့် ယခင်ကကဲ့သို့ သူမ၏ တစ်မိသားစုလုံးကို ဆက်လက်၍ ပြုစုစောင့်ရှောက်ခဲ့သည်။ သူမသည် နာခံမှုရှိသည်၊ နူးညံ့သိမ်မွေ့ပြီး သူ၏ လင်ယောက်ျားကို အလေးထားလေသည်။ နောက်ဆုံး တစ်နေ့တွင် ချမ်းသာကြွယ်ဝသော လူက သူ၏ ဇနီးသည်မှာ သူ စိတ်ကူးခဲ့သည့်အတိုင်း မဟုတ်ဟု ခံစားမိခဲ့သည်။ သူမသည် သူ၏ ချမ်းသာကြွယ်ဝမှုများနောက် လိုက်ခြင်းမရှိသကဲ့သို့ သူ၏ ရုပ်ဝတ္ထု ပစ္စည်းများနောက် လိုက်ခြင်းမရှိ။ သူမသည် သာမန်ဘဝနှင့်ဆိုင်သော အရာများကို ကျော်လွန်၍ မည်သည့် အပိုဆောင်း တောင်းဆိုချက်များမရှိခဲ့သည့်အပြင် မိသားစုကို စီမံခန့်ခွဲနိုင်ရန် သူမ၏ ငယ်ရွယ်မှု၊ သူမ၏ ရုပ်သွင်နှင့် အချိန်တို့ကဲ့သို့သော အရာများစွာကို အသုံးခံခဲ့သည်။ သူမသည် လုံးဝ ညည်းတွားခြင်းမရှိဘဲ မိသားစုအတွက် လုံ့လရှိပြီး တာဝန်သိတတ်ခဲ့သည်။ ချမ်းသာကြွယ်ဝသော လူသည် စိတ်ထိခိုက်ခံစားသွားသည်။ သူ စိတ်ထိခိုက်ခံစားရသည့်နောက်တွင် သူ၏ ပထမဆုံး အတွေးမှာ အဘယ်နည်း။ သူက “အင်း၊ ငါ၏ ဇနီးသည် အလွန် ယုံကြည်စိတ်ချရသော်လည်း သူ့ကို ငါ သံသယထားခဲ့ပြီး သတိထားခဲ့သည်။ သူ့ကို ထိုသို့ ဆက်ဆံခြင်းအတွက် ငါမတရားခဲ့ပါ။ သူသည် ငါ၏ အချစ်စစ်၊ ငါ ယုံကြည်ကိုးစား အထိုက်ဆုံးနှင့် ငါ၏ ယုံကြည်ကိုးစားမှုနှင့် အထိုက်တန်ဆုံးသော လူဖြစ်သောကြောင့် သူ့ကို ငါ၏ ချမ်းသာကြွယ်ဝမှုနှင့် ငါ၏ ပစ္စည်းဥစ္စာများအားလုံးကို စောင့်ရှောက်ရန် ငါပေးသင့်သည်။ သူ့ကို ငါ မယုံကြည်လျှင်၊ သူ့ကို သတိထားနေလျှင် ငါသည် သူ့အပေါ် မတရားရာကျနေခြင်း ဖြစ်သည်။ ထိုသို့သော အပြုအမူသည် ဂုဏ်သိက္ခာမရှိပါ။ သူသည် နှစ်ပေါင်းများစွာ စမ်းသပ်မှုများကို ဖြတ်သန်းနှင့်ပြီးသား ဖြစ်သည်။ ငါသည် သူ့ကို နောက်ထပ် မည်သို့မျှ သံသယထား၍ မဖြစ်ပါ”ဟု တွေးမည် မဟုတ်လော။ အချက်အလက်များကို မြင်ပြီးနောက်တွင် ဤအတွေးဖြစ်ပေါ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအတွေးမျိုးသည် လူသား အကဲဖြတ်ခြင်းမှ လာပေသည်။ အမှုအရာများ သူမထံ ဖြစ်ပျက်သည်နှင့်အမျှ သူမ၏ အပြုအမူကို လေ့လာစောင့်ကြည့်ခြင်းက သူ၏ အကဲဖြတ်ခြင်းကို ဖြစ်ပေါ်စေသည်၊ ယင်းက သူမအပေါ် သူ၏ သတ်မှတ်ချက်ကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝသော လူသည် အလွန်စိတ်လှုပ်ရှား ထိခိုက်သည့်အခါ သူမအပေါ် သူ၏ လုံးဝ ယုံကြည်ကိုးစားမှုကို ပြသကာ သူမ၏ နှစ်ပေါင်းများစွာ သစ္စာစောင့်သိခြင်းနှင့် သူ၌ သူမ၏ ရင်းနှီးမြှုပ်နှံမှုကို တုံ့ပြန်သည့်အနေဖြင့် သူ၏ ချမ်းသာကြွယ်ဝမှုအားလုံးကို သူ့မိန်းမ၏ နာမည်အောက်တွင် ထားလိုက်သည်။ လူအများစုအတွက် ဤသည်မှာ လူသား အသိစိတ်၊ အကဲဖြတ်ခြင်း၊ ကိုယ်ကျင့်တရားများ၊ လူ့ကျင့်ဝတ်များနှင့် ကိုက်ညီပေသည်။ ဤကိစ္စရပ်သည် အဆုံးသတ်ပြီလော။ (အဆုံးမသတ်သေးပါ။) ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းများ ဖြတ်သန်းပြီးနောက်တွင် ချမ်းသာကြွယ်ဝသောလူသည် သူ၏ ကြွယ်ဝမှုများအားလုံးကို သူ့ဇနီးသည်၏ နာမည်အောက်တွင် ထားခဲ့သည်။ တစ်နေ့တွင် ချမ်းသာကြွယ်ဝသောလူသည် ထမင်းစားရန် အိမ်ပြန်လာပြီး တံခါးမကို ဝင်လိုက်သည်နှင့် အခြေအနေ မမှန်သည်ကို သူ ခံစားခဲ့ရသည်။ သူ၏ ဇနီးသည် သူ့ကို မကြိုဆို၊ စကားမပြောသကဲ့သို့ အိမ်က အေးစက်စက်နိုင်နေသည်။ ယခုအချိန်ဆိုလျှင် စားစရာဖြင့် ပြည့်နေတတ်သည့် စားပွဲသည် ယနေ့တွင် အဘယ်ကြောင့် ဘာမျှမရှိဘဲ ဖြစ်နေသနည်း။ သူ နောက်လှည့်ကြည့်လိုက်ပြီး ထမင်းစားပွဲပေါ်တွင် “တာ့တာ” ဟူသော ကြီးမားသည့် စကားလုံးများကို ရေးသားထားသည့် စာတစ်စောင်ကို သူ တွေ့လိုက်ရသည်။
ဇာတ်လမ်းသည် ယခု ပြီးသွားပေပြီ။ သင်တို့အားလုံးသည် ဆိုလိုချက်ကို အနည်းနှင့် အများ နားလည်ကြသည်မှာ သေချာသလောက် ဖြစ်သည်။ ထို့ကြောင့် ဤဇာတ်လမ်းကို ပြောဆိုခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတို့သည် ယုံကြည်ကိုးစား၍ မရသကဲ့သို့ ၎င်းတို့ အလွန် ဟန်ဆောင်ကောင်းလွန်းကြသည်ကို ကျွန်ုပ်တို့ကို သိခွင့်ပေးရန် ဖြစ်ပါသည်။) ချမ်းသာကြွယ်ဝသူသည် အတုအယောင် သွင်ပြင်ဖြင့် လှည့်ဖြားခံခဲ့ရသည်။ ဤမိန်းမလှလေးသည် အလွန်ကောင်းစွာ ဟန်ဆောင်သွားခဲ့သည်။ ထိုနှစ်ကာလများတစ်လျှောက်လုံးတွင် သူမသည် အပြစ်အနာအဆာတစ်ခုမျှ လုံးဝ ထုတ်မပြခဲ့ဘဲ သူမနှင့် နေထိုင်ခဲ့သည့် နှစ်ကာလများတစ်လျှောက်လုံးတွင် ချမ်းသာကြွယ်ဝသူသည် အသေးဆုံး အရိပ်အယောင်မျှကို လုံးဝ မမြင်ခဲ့ပေ။ ဤလှပသော အမျိုးသမီးသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ (သူမသည် မသိမသာဒုက္ခပေးတတ်ပြီး စဉ်းလဲကာ အထူးသဖြင့် ကောက်ကျစ်ပါသည်။) သူမသည် ကနဦးအစကတည်းက ဤကြံရွယ်ချက်ရှိသလော သို့မဟုတ် ကြွယ်ဝချမ်းသာမှုအားလုံးကို ရရှိခဲ့ပြီးသည့်နောက် အဆုံးတွင်သာ ဤအရာကို လုပ်ဆောင်ရန် ကြံရွယ်ခဲ့သလော။ (အစကတည်းက ရှိခဲ့ပါသည်။) ချမ်းသာကြွယ်ဝသူကို လက်ထပ်ခဲ့ချိန်တွင် သူမ၏ မူလရည်ရွယ်ချက်များမှာ အဘယ်နည်း။ ထိုရည်ရွယ်ချက်များကို သူမ ထင်ရှားစေခဲ့သလော။ (မထင်ရှားစေခဲ့ပါ။ သူမ ကွယ်ဝှက်ခဲ့ပါသည်။) သို့ဆိုလျှင် အပေါ်ယံတွင် မည်သည့်အရာကို သူမ ပေါ်လွင်စေပါသနည်း။ (အတုအယောင် သွင်ပြင်တစ်ခုဖြစ်ပါသည်။) လုံးဝ အတုအယောင် သွင်ပြင်တစ်ခု ဖြစ်သည်။ ဤအတုအယောင် သွင်ပြင်၏ နောက်ကွယ်ရှိ ယင်း၏ အနက်ရှိုင်းဆုံးသော နေရာတွင် မည်သည့်အရာရှိသနည်း။ (သူမသည် ကြွယ်ဝမှုနှင့် အကျိုးအမြတ်ကို ရရှိချင်ခဲ့ပါသည်။) သူမသည် ချမ်းသာကြွယ်ဝသောလူကို စစ်မှန်ရိုးသားစွာ လက်မထပ်ခဲ့ပေ။ သူ၏ ကြွယ်ဝမှုများကိုသာ သူမ လိုချင်ခဲ့ပေသည်။ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ကြာသည်ဖြစ်စေ၊ သူ့ထံမှ ကြွယ်ဝမှုများအပေါ် လိမ်ညာရယူနိုင်သရွေ့ သူ့ကို လက်ထပ်ရန် လိုအပ်သည်ဖြစ်စေ၊ သူမ၏ ငယ်ရွယ်မှုနှင့် အလုပ်ကြိုးစားသော နှစ်ကာလများအားလုံးကို အသုံးပြုရန် လိုအပ်သည်ဖြစ်စေ သူမအဖို့ ကိစ္စမရှိပေ။ ယင်းမှာ သူမ စိတ်နှလုံး၏ အနက်ရှိုင်းဆုံးသော အတွေးဖြစ်သည်။ ဤအတွေးအတွက် သူမ လုပ်ဆောင်ခဲ့သည့် အရာများသည် မည်သည့် စရိုက်လက္ခဏာနှင့် သက်ဆိုင်သနည်း။ (ဟန်ဆောင်ခြင်းနှင့် လှည့်ဖြားခြင်း ဖြစ်ပါသည်။) သူမ လုပ်ခဲ့သည့်အရာများသည် လူတို့အဖို့ အောက်မေ့သတိရထိုက်သလော သို့မဟုတ် စက်ဆုပ်ဖွယ်ကောင်းသလော။ (စက်ဆုပ်ဖွယ်ကောင်းပါသည်။) ထိုအရာသည် ကောင်းသလော သို့မဟုတ် ဆိုးယုတ်သလော။ (ဆိုးယုတ်ပါသည်။) ဆိုးယုတ်ခြင်းသာ ဖြစ်၏။ သူမ၏ လုပ်ရပ်များအားလုံးနှင့် သူမ ပေးဆပ်ခဲ့သည့် အပြင်ပန်း အဖိုးအခများအားလုံးကို မည်သည့် အခြေခံအကြောင်းရင်းအပေါ်တွင် ဆိုးယုတ်မှုအဖြစ် သတ်မှတ်ပါသနည်း။ ဤကောက်ချက်သည် မည်သည့်နေရာမှ လာသနည်း။ (သူမ လုပ်ရပ်များ၏ ကြံရွယ်ချက်များနှင့် စမှတ်တို့အပေါ် အခြေခံပါသည်။) သို့ဆိုလျှင် ဤဇာတ်လမ်းမှ မည်သည့်အရာကို သင်တို့ သိနားလည်ကြသနည်း။ (လူတို့သည် အပြင်ပန်း သွင်ပြင်ကို ကြည့်ကြသော်လည်း ဘုရားသခင်က လူတို့၏ အနှစ်သာရကို ကြည့်ပါသည်။) ယင်းမှာ သေချာပေသည်။ လူတို့သည် အဘယ်ကြောင့် အပြင်ပန်း သွင်ပြင်ကို ကြည့်ကြသနည်း။ လူတို့သည် အခြားသူများ၏ ကြံရွယ်ချက်များနှင့် အရင်းခံအကြောင်းများကို ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များမှ ရှာတွေ့နိုင်သလော။ ယင်းတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့ သိကြသလော။ (သိသာသည့်၊ အပေါ်ယံအဆင့်ရှိသော အရာများကို ကျွန်ုပ်တို့ မြင်နိုင်ကြပါသည်။) သင်တို့သည် အချို့သော အပြင်ပန်း သရုပ်သကန်များကို မြင်နိုင်သော်လည်း သမ္မာတရားကို သင်တို့ နားလည်ကာ သမ္မာတရား စစ်မှန်မှုအချို့ကို ပိုင်ဆိုင်သည့်အခါ လူတို့၏ အနှစ်သာရကို အနည်းငယ် သာ၍ ရှင်းလင်းစွာ မြင်နိုင်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် အဘယ်ကြောင့် လူတို့၏ စိတ်နှလုံးကို အလွန်ရှင်းလင်းစွာ မြင်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သမ္မာတရား ဖြစ်သောကြောင့်၊ သူသည် အနန္တတန်ခိုးရှင်ဖြစ်ပြီး လူတို့စိတ်နှလုံးများ၏ အတွင်းကျကျနေရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောကြောင့် ဖြစ်၏။ လူတို့သည် ဘုရားသခင် လုပ်ဆာင်သကဲ့သို့ အခြားသူများကို အကဲဖြတ်နိုင်သည့် မှန်ကန်သော အကဲဖြတ်ခြင်း စံနှုန်းတစ်ခု ရှိကြသည်ဟု သင်တို့ ထင်ကြသလော။ (မရှိကြပါ၊ အဘယ်ကြောင့်ဆိုသော် လူသားများ အားလုံးသည် တစ်မျိုးတစ်စားတည်းဖြစ်ပြီး ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်သောကြောင့် ဖြစ်ပါသည်။) လူသားများသည် တစ်မျိုးတစ်စားတည်းသာ ဖြစ်သောကြောင့် လူသားများကြားတွင် ခြားနားချက်များ ရှိသလော။ သမ္မာတရား ရှိသော တစ်စုံတစ်ဦးနှင့် မရှိသော တစ်စုံတစ်ဦးကြား ခြားနားချက်တစ်ခု ရှိသလော။ ဘုရားသခင်ကို သိသော တစ်စုံတစ်ဦးနှင့် မသိသော တစ်စုံတစ်ဦးကြား ခြားနားချက်တစ်ခု ရှိသလော။ ဘုရားသခင်ကို ကြောက်ရွံ့သော တစ်စုံတစ်ဦးနှင့် မကြောက်ရွံ့သော တစ်စုံတစ်ဦးကြား ခြားနားချက်တစ်ခု ရှိသလော။ (ရှိပါသည်။) မည်သည့် လူစားမျိုးသည် အခြားလူ၏ အနှစ်သာရကို ရိပ်စားမိနိုင်သနည်း။ (ဘုရားသခင်ကို သိပြီး သူ့ကို ကြောက်ရွံ့သော တစ်စုံတစ်ဦး ဖြစ်သည်။) နောက်ဆုံး စိစစ်မှုအနေဖြင့် လူတစ်ဦးသည် အခြားလူတစ်ဦး၏ အနှစ်သာရကို မည်သို့ ရိပ်စားမိနိုင်သနည်း။ လူသားများနှင့် စပ်လျဉ်း၍ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး သမ္မာတရားစစ်မှန်မှု ရှိကြသည့်အခါတွင်သာ ထိုအရာကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ပေသည်။ ထို့နောက် ဘုရားသခင်နှင့် စပ်လျဉ်း၍မူ ဘုရားသခင်သည် လူတို့၏ အနှစ်သာရကို အဘယ်ကြောင့် ရိပ်စားမိနိုင်သနည်း။ ဤကိစ္စရပ်ကို သင် မည်သို့ ရှင်းပြသနည်း။ ဘုရားသခင်သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးကို အကဲဖြတ်ရန် စံနှုန်းဖြစ်ကြောင်း၊ သူသည် အပြုသဘောဆောင်သောအရာနှင့် အပျက်သဘောဆောင်သောအရာ အားလုံးကို အကဲဖြတ်ရန် စံဖြစ်ကြောင်း ပြောဆို၍ရနိုင်သလော။ (ရနိုင်ပါသည်။) ဤစကားများ၏ လက်တွေ့ကျသော အရိပ်လက္ခဏာများမှာ အဘယ်နည်း။ လူတစ်ဦး၏ အပြင်ပိုင်း အပြုအမူသည် ကောင်းမွန်ပြီး စုံလင်ကောင်းစုံလင်နိုင်သော်လည်း သင်သည် သမ္မာတရား စစ်မှန်မှုရှိပါက သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်ကို ပိုင်းခြားသိမြင်နိုင်သည်။ သို့ရာတွင် သင်သည် သမ္မာတရား စစ်မှန်မှုမရှိပါက စုံလင်သော ကျင့်ကြံပြုမူခြင်း ရှိသည့်၊ မိမိတို့၏ အပြင်ပန်း သွင်ပြင်ကို ဟန်ဆောင်ကောင်းလွန်းလှသည့် လူတစ်ဦး၊ ဟာကွက်မရှိသည့် ဟန်ဆောင်မှုတစ်ခုကို မြင်သည့်အခါ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်ကို သင် သိမြင်နိုင်လိမ့်မည်လော။ ၎င်းတို့ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင် သိလိမ့်မည် မဟုတ်။ သမ္မာတရားစစ်မှန်မှု မရှိဘဲနှင့် သင်သည် အခြားသူများကို အကဲဖြတ်ရန် စံနှုန်းတစ်ခု ရှိလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို မည်သို့ အကဲဖြတ်ရမည်ကို သိလိမ့်မည် မဟုတ်ပေ။ ကောင်းမွန်သည့် အပြင်ပိုင်း အပြုအမူရှိသည့်သူ၊ ဖော်ရွေစွာ စကားပြောသည့်သူ၊ အလွန် ဆင်းရဲဒုက္ခခံပြီး များစွာ အသုံးခံသည့်သူ၊ မည်သည့် ပြဿနာကိုမျှ အပြင်ပန်းအားဖြင့် ထုတ်ဖော်မပြသကဲ့သို့ မည်သည့်အပြစ်မျှ ပြောစရာ မရှိသည့်သူ တစ်စုံတစ်ဦးကို သင် မြင်ပါက ၎င်းတို့အနေဖြင့် လူကောင်းတစ်ဦး သို့မဟုတ် မကောင်းသည့် လူတစ်ဦး ဟုတ်မဟုတ်၊ သမ္မာတရားကို ၎င်းတို့ ချစ်ခြင်း ရှိမရှိ သို့မဟုတ် ထိုသမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ရှိမရှိဆိုသည်ကို သင် မည်သို့ အကဲဖြတ်သနည်း။ ဤအရာကို သင် မည်သို့ ပိုင်းခြားသိမြင်သနည်း။ သင်၏ အကဲဖြတ်မှုအတွက် စံနှုန်းတစ်ခု မရှိပါက ၎င်းတို့၏ အပြင်ပိုင်း အပြုအမူနှင့် လုပ်ရပ်များအားဖြင့် သင်သည် အလွယ်တကူ ကြောင်းကျိုးမမြင် ဖြစ်လိမ့်မည်။ သင်သည် ကြောင်းကျိုးမမြင်ဖြစ်ကာ ၎င်းတို့၏ လှည့်ဖြားခြင်းခံရပါက ၎င်းတို့က ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိ၊ ကြင်နာတတ်ခြင်း သို့မဟုတ် ဆိုးယုတ်ခြင်း ရှိမရှိဆိုသည်ကို သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်လော။ ပိုင်းခြားသိမြင်နိုင်လိမ့်မည် မဟုတ်။ လူအချို့က “သမ္မာတရားကို နားလည်နိုင်သော လူတို့သည် အခြားသူများ၏ စိတ်နှလုံးများကို ဘုရားသခင်ကဲ့သို့ အလားတူ စေ့စေစပ်စပ် ကြည့်ရှုစစ်ဆေးနိုင်ကြသလော”ဟု ဆိုကြသည်။ လူသားများသည် ဤအစွမ်းမရှိကြချေ။ ၎င်းတို့အနေဖြင့် သမ္မာတရားအပေါ် သာ၍ နက်ရှိုင်းသည့် သိနားလည်မှုရှိလျှင်ပင် ယင်းမှာ သမ္မာတရား၏ စစ်မှန်မှုကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သို့ရာတွင် လူတစ်ဦးသည် သမ္မာတရားကို နားလည်ပါက အခြားတစ်စုံတစ်ဦးသည် လူကောင်းတစ်ဦး သို့မဟုတ် လူဆိုးတစ်ဦး ဟုတ်မဟုတ်၊ အခြားတစ်စုံတစ်ဦးသည် သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ ရိုးသားခြင်း သို့မဟုတ် လှည့်ဖြားတတ်ခြင်း ရှိမရှိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်တတ်ကာ မလိုလားခြင်း ရှိမရှိနှင့် ၎င်းတို့သည် ရိုးသားစစ်မှန်စွာ ဘုရားသခင်နောက်လိုက်ခြင်း သို့မဟုတ် သူတော်ကောင်းယောင်ဆောင်သူတစ်ဦး ဖြစ်ခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းခြားသိမြင်နိုင်ပေသည်။ ဤအရာအားလုံးကို သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ နောက်ဆုံး စိစစ်ချက်အနေဖြင့် အရေးအကြီးဆုံးမှာ အဘယ်နည်း။ (သမ္မာတရားစစ်မှန်မှုရှိခြင်း ဖြစ်ပါသည်။) သမ္မာတရားစစ်မှန်မှု မရှိသောလူတို့သည် မည်သည့်အရာကိုမျှ လုံးလုံးလျားလျား နားမလည်နိုင်ပေ။ ၎င်းတို့သည် အမြဲ မိုက်မဲစွာ ပြုမူကြပြီး ဘုရားသခင်နှင့် ကွဲလွဲပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် နည်းလမ်းများဖြင့် ပြုမူဆောင်ရွက်ကြလေသည်။ ထိုသို့သော လူများသည် သနားစဖွယ်ဖြစ်၏။ ဤအရာက လူတစ်ဦးသည် သမ္မာတရားကို ရရှိနိုင်ပြီး သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိ၏ အရေးပါမှုကို ခြုံငုံပေသည်။ လူတို့သည် မိမိတို့ကိုယ်တိုင်က သမ္မာတရားကို နားမလည်သည့်အချိန်တွင် အခြားသူများကို မည်သို့ မြင်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများဖြင့်သာ အခြားသူများကို ကြည့်ရှုနိုင်ကြသည်။ အခြားလူကို ၎င်းတို့ အကဲဖြတ်ကာ အမျိုးအစားခွဲခြားသည့်အခါ ထိုလူများ၏ အစွမ်းအစနှင့် အသိပညာကိုသာ ကြည့်ကြသည်။ ထိုလူများ၏ အပြင်ပိုင်း ကျင့်ကြံပြုမူခြင်းသည် လူ့ကျင့်ဝတ်နှင့် ကိုက်ညီခြင်း ရှိမရှိ၊ ရိုးရာယဉ်ကျေးမှုနှင့်လည်းကောင်း၊ လူသားတို့၏ ကိုယ်ကျင့်တရား အပြုအမူနှင့်လည်းကောင်း ကိုက်ညီခြင်း ရှိမရှိနှင့် ထိုလူများ၏ လုပ်ရပ်များသည် အခြားသူများအား အကျိုးပြုခြင်း ရှိမရှိဆိုသည်တို့ကိုသာ ၎င်းတို့ ကြည့်ကြသည်။ လူတစ်ဦး၏ စကားများနှင့် လုပ်ဆောင်ချက်များသည် အခြေခံအားဖြင့် ယုတ္တိတန်ကြောင်း၊ ထိုလူသည် လူ့ကျင့်ဝတ်များနှင့်လည်းကောင်း၊ ကိုယ်ကျင့်တရား အပြုအမူနှင့်လည်းကောင်း သက်ဆိုင်သော လူသား အယူအဆများနှင့် လုံးဝ ကိုက်ညီကြောင်းနှင့် လူတိုင်း၏ အကြိုက်များနှင့် ကိုက်ညီကြောင်း မြင်နိုင်ပါက ထိုလူကို လူကောင်းအဖြစ် ၎င်းတို့ အမျိုးအစား သတ်မှတ်ကြလိမ့်မည်။ သို့ရာတွင် ဘုရားသခင်သည် လူတို့ကို မည်သို့ အမျိုးအစားသတ်မှတ်သနည်း။ လူတို့ ကောက်ချက်များချရန် အသုံးပြုသည့် ဤနည်းစနစ်များနှင့် ၎င်းတို့၏ စမှတ်များအားလုံးသည် လူတစ်ဦး၏ အနှစ်သာရကို ဘုရားသခင် သတ်မှတ်သည့် စံနှုန်းများ ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် မည်သည့်အရာအပေါ် သူ၏ စိစစ်သတ်မှတ်ခြင်းကို အခြေခံသနည်း။ ဘုရားသခင်သည် လူတစ်ဦး၏ သဘာဝအနှစ်သာရနှင့်သက်ဆိုင်သော၊ သူ၏ စိစစ်သတ်မှတ်ခြင်းကို ၎င်းတို့ စိတ်နှလုံးထဲရှိ အတွေးများနှင့် စိတ်ကူးများအပေါ်၊ ပြီးလျှင် ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များဖြစ်သည့် ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်ချက်များအတွက် အကြောင်းရင်းအပေါ် အခြေခံပေသည်။ ဘုရားသခင်သည် လူတို့စိတ်နှလုံးများ၏ အတွင်းကျကျနေရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည့်သူတစ်ဦးဖြစ်သည်ဟု ပြောရခြင်းသည် ဤတကယ့်အကြောင်းရင်းကြောင့် ဖြစ်ပေသည်။ လူသားတစ်ဦးသည် အခြားလူတို့၏ စိတ်နှလုံး အတွင်းကျကျနေရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သလော။ (မစစ်ဆေးနိုင်ပါ။) လူတို့သည် အခြားသူများ၏ အပြင်ပိုင်း သရုပ်သကန်များနှင့် ၎င်းတို့ ထုတ်ဖော်ပြသည့် ရည်ရွယ်ချက်များကိုသာ ၎င်းတို့၏ စကားမှတစ်ဆင့်ဖြစ်စေ၊ အတိအလင်း ဖော်ပြမထားသော ဆိုလိုချက်ကို သုံးသပ်ဖော်ထုတ်ခြင်းမှတစ်ဆင့်ဖြစ်စေ မြင်နိုင်ပေသည်။ အမျှော်လင့်နိုင်ဆုံးအနေဖြင့် လူတို့သည် ဤအရာများကိုသာ မြင်နိုင်သောကြောင့် အခြားသူများ၏ အပြုအမူအပေါ် ၎င်းတို့၏ စိစစ်သတ်မှတ်ချက်ကို ၎င်းတို့ မြင်ပြီး ကြားသည့်အရာပေါ်တွင်သာ အခြေခံနိုင်ကြလေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် လူတို့ကို စိစစ်သတ်မှတ်သည့်အခါ ၎င်းတို့၏ လုပ်ရပ်များ၊ ၎င်းတို့ ဦးတည်သည့် လမ်းကြောင်း၊ သို့မဟုတ် သီးသန့် လုပ်ရပ်တစ်ခု၏ အရည်အသွေးကို မကြည့်ပေ။ ၎င်းတို့၏ အစစ်မှန်ဆုံးသော အတွေးများ၊ ၎င်းတို့ပြုမူဆောင်ရွက်သည်နှင့်အမျှ ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များက အမှန်တကယ် မည်သည့်အရာဖြစ်သည်၊ ၎င်းတို့၏ သဘာဝအနှစ်သာရက မည်သည့်အရာကို ဖြစ်ပေါ်စေပြီးထိုအရာများက ၎င်းတို့အား မည်သည့် လမ်းကို လျှောက်ရန် လှုံ့ဆော်သည်ဆိုသည်တို့ကို ဘုရားသခင် မြင်ချင်သည်။ ဤသည်တို့မှာ ဘုရားသခင် ကြည့်သည့်အရာများ ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ မေး၏၊ ဘုရားသခင်သည် လူတို့စိတ်နှလုံးများ၏ အတွင်းကျကျနေရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ဟူသည်၌ “လူတို့၏ အတွင်းကျကျနေရာများ”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ရိုးရှင်းစွာ ပြောရလျှင် လူတို့စိတ်နှလုံးများ၏ အစစ်မှန်ဆုံးသော အတွေးများ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ မျက်မှောက်တွင် သင်သည် မိမိကိုယ်ကို မည်မျှ ဟန်ဆောင်သည်ဖြစ်စေ၊ သင့်ကိုယ်သင် မည်သို့ ဖုံးကွယ်သည်ဖြစ်စေ၊ သို့မဟုတ် သင့်ကိုယ်သင့်အတွက် မည်သည့်အရာကို လုပ်ကြံဖန်တီးသည်ဖြစ်စေ သင်၏ အစစ်မှန်ဆုံး အတွေးများနှင့် သင်၏ အနက်ရှိုင်းဆုံး၊ အတွင်းကျကျ အစိတ်အပိုင်းများတွင် ကွယ်ဝှက်ထားသည့် အရာများအားလုံးအပေါ် ဘုရားသခင်က ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လေသည်။ မိမိ၏ကွယ်ဝှက်ထားသည့် စိတ်အတွင်း၌ဖြစ်သောအရာများက ဘုရားသခင်၏ စိစစ်မှုကို လွတ်မြောက်နိုင်သည့်သူ မည်သူမျှ မရှိပေ။ ငါ ပြောနေသည့်အရာကို သင် နားလည်သလော။ ဘဝနှင့် အပြုအမူ ဆယ်စုနှစ်ချီဖြင့် ထိုလှပသည့် အမျိုးသမီးသည် သူနှင့် အနီးဆုံးသောလူကို လှည့်ဖြားခဲ့သည်။ သင်တို့ထံ အလားတူအရာ ဖြစ်ပျက်ခဲ့လျှင် သင်တို့သည်လည်း လှည့်ဖြားခံရမည် မဟုတ်လော။ (လှည့်ဖြားခံရကြပါမည်။) သို့ဆိုလျှင် သူမသည် သူမ၏ လင်ယောက်ျားကိုသာမက သင်တို့နှင့် အခြားလူတိုင်းကိုလည်း လှည့်ဖြားသည်ဟု သင်တို့ ဆိုနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သူမသည် သူမစိတ်နှလုံး၏ အစစ်မှန်ဆုံးသော အတွေးများကို အခြားမည်သူ့ကိုမျှ ထုတ်မပြောခဲ့ပေ။ မည်သူကိုမျှ သူမ မပြောပြခဲ့ပေ။ ထို့အပြင် သူမ၏ ဟန်ဆောင်မှုသည် အကွက်စေ့ပြီး ထိုအရာကို မည်သူမျှ မသိခဲ့ကြချေ။ သို့သော်ငြားလည်း တစ်ခုသောအရာကို သူမ လျစ်လျူရှုမိခဲ့သည်။ ဘုရားသခင်သည် လူတို့ လုပ်ဆောင်သမျှတိုင်းကို စောင့်ကြည့်နေခြင်း ဖြစ်သည်။ အခြားလူတိုင်းကို သူမ လှည့်ဖြားကောင်း လှည့်ဖြားပြီးနိုင်သော်လည်း ဘုရားသခင်ကို မလှည့်ဖြားနိုင်ခဲ့ပေ။ ချမ်းသာကြွယ်ဝသောလူသည် အပြင်ပန်းတွင် လိမ္မာပါးနပ်ပုံရသော်လည်း၊ သူသည် ငွေများစွာကို ရှာနိုင်ခဲ့သော်လည်း အမျိုးသမီးတစ်ဦး၏ သားကောင်ဖြစ်သွားခဲ့သည်။ ယင်းမှာ သူ့ဘက်မှ ခဏတာဖြစ်သော သတိမမူမိခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာက ထိုအရာကို ဖြစ်စေခဲ့သနည်း။ သူသည် သူမကို မရိပ်စားမိနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ဤဇာတ်လမ်းနှင့်ပတ်သက်၍ မည်သည့်အမှန်တရားများကို သင်တို့အား ငါ ပြောပြနေသနည်း။ သင်တို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်သည်နှင့်အမျှ မှန်ကန်သည့် လမ်းကြောင်း လျှောက်ကာ ပြုမူနေထိုင်ရမည်ဖြစ်ပြီး ဉာဏ်များပြီး ဆိုးယုတ်သည့် နည်းလမ်းများတွင် ပါဝင်ပတ်သက်ခြင်း မပြုရဟု ငါ သင်တို့ကို ပြောနေခြင်းဖြစ်သည်။ ဉာဏ်များပြီး ဆိုးယုတ်သည့် လမ်းကြောင်းများမှာ အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း၊ ၎င်းတို့၏ အပြစ်အနာအဆာများနှင့် ပြစ်ချက်များ၊ ပြီးလျှင် မိမိတို့ကိုယ်ပိုင် ညံ့ဖျင်းသည့် အစွမ်းအစကဲ့သို့သော ပြဿနာများကို ဖုံးဖိရန် သေးငယ်သည့် အကြံအစည်များ၊ လှည့်ဖြားပြီး ကောက်ကျစ်သည့် အကွက်များနှင့် လှည့်ကွက်များ လုပ်ဆောင်ခြင်းအပေါ် အမြဲ မှီခိုချင်ကြသည်။ ၎င်းတို့သည် ကိစ္စရပ်များကို သိပ်ဆိုးခြင်းမရှိဟု ၎င်းတို့ တွေးထင်သည့် စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အမြဲ ကိုင်တွယ်ဖြေရှင်းကြသည်။ အပေါ်ယံအဆင့် ကိစ္စများတွင် ၎င်းတို့သည် ဘုရားသခင်နှင့် မိမိတို့၏ ခေါင်းဆောင်များကို မျက်နှာလုပ်သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့ စည်းမျဉ်းများအတိုင်း မပြုမူကြချေ။ ၎င်းတို့သည် “လတ်တလောတွင် ငါ၏ စွမ်းဆောင်ရည် မည်သို့ ဖြစ်သနည်း။ လူတိုင်းက ငါ့ကို အားပေးကြပါသလား။ ငါ လုပ်ဆောင်ပြီးသမျှ ကောင်းသည့်အရာများကို ဘုရားသခင် သိပါသလား။ သူ သိရှိပါက ငါကို ချီးမွမ်းလိမ့်မည်လား။ ဘုရားသခင်၏ စိတ်နှလုံးတွင် ငါ၏ နေရာသည် မည်သည့်အရာ ဖြစ်သနည်း။ ငါ အရေးကြီးပါသလား”ဟု အမြဲတွေးဆလျက် အခြားသူများ၏ စကားများနှင့် အမူအရာများကို သေချာစွာ ချိန်ဆကြသည်။ သွယ်ဝိုက်ဆိုလိုသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးအနေဖြင့် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရလိမ့်မည်လော၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်လော။ ဤကိစ္စရပ်များကို အမြဲ တွေးဆခြင်းသည် ဉာဏ်များကာ ဆိုးယုတ်သည့် နည်းလမ်းတစ်ခု မဟုတ်လော။ ဤသည်မှာ ဧကန်အမှန် ဉာဏ်များပြီး ဆိုးယုတ်သော နည်းလမ်းတစ်ခု ဖြစ်သည်၊ မှန်ကန်သည့် နည်းလမ်း မဟုတ်ပေ။ သို့ဖြစ်၍ မှန်ကန်သည့် နည်းလမ်းမှာ အဘယ်နည်း။ (သမ္မာတရားနှင့် စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားရန် ဖြစ်ပါသည်။) မှန်ပေ၏။ ဘုရားသခင်ကို ယုံကြည်သူများအတွက် တစ်ခုတည်းသော မှန်ကန်သည့် နည်းလမ်းမှာ၊ သမ္မာတရား လိုက်စားရန်၊ သမ္မာတရားကို ရရှိပြီး စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခုကို စွမ်းဆောင်ရရှိရန် ဖြစ်သည်။ ကယ်တင်ခြင်းရရှိရန် လူတို့ကို ဘုရားသခင် ဦးဆောင်သည့် လမ်းခရီးသည်သာ စစ်မှန်သည့် လမ်းခရီး၊ မှန်ကန်သည့် လမ်းခရီး ဖြစ်သည်။
လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများကို ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၏။ သူသည် လူတို့စိတ်နှလုံးများ၏ အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းများ၊ ၎င်းတို့၏ အစစ်မှန်ဆုံးသော အတွေးများကို မြင်နိုင်သည်။ ဘုရားသခင်က “လူတို့သည် လောက်ကောင်များ ဖြစ်ကြသည်”ဟု ပြောသည့်အခါ မည်သည့် အခြေခံအကြောင်းရင်းအပေါ် ပြောဆိုသနည်း။ (လူသား၏ သဘာဝအနှစ်သာရအပေါ် အခြေခံပါသည်။) ဘုရားသခင် ပြောဆိုပြီး မြင်သည့် “လောက်ကောင်များ”၏ အနှစ်သာရ၊ အခြေအနေနှင့် သရုပ်သကန်များကို သင်တို့ စိတ်ဖြာလေ့လာဆွေးနွေးဖူးကြပြီလော။ လူ့အနှစ်သာရ၏ မည်သည့် အရိပ်လက္ခဏာများက ဘုရားသခင်အား ဤအရာကို ၎င်းတို့ထံ ပြောဆိုစေသနည်း။ လူတို့သည် လောက်ကောင်များ ဖြစ်သည်ဟု အဘယ်ကြောင့် ဘုရားသခင် ပြောဆိုသနည်း။ ဘုရားသခင်၏ အမြင်တွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် သိသာထင်ရှားစွာပင် သူ၏ ဖန်ဆင်းခြင်း ဖြစ်သည်။ သို့သော် လူသားများသည် ဖန်ဆင်းခံများ ဖြည့်ဆည်းသင့်သည့် ဝတ္တရားများနှင့် တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းကြသလော။ လူများစွာတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြသော်လည်း ထိုတာဝန်ကို ၎င်းတို့ လုပ်ဆောင်သည်နှင့်အမျှ ၎င်းတို့၏ စွမ်းဆောင်ရည်သည် အဘယ်သို့ ဖြစ်သနည်း။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ကနဦးခြေလှမ်း မလှမ်းကြပေ။ ၎င်းတို့ ပြုပြင်ခြင်းကိုဖြစ်စေ၊ ဆုံးမပဲ့ပြင်ခြင်းကိုဖြစ်စေ မခံရပါက ၎င်းတို့ ဆက်လက်ပြီး ရှေ့မဆက်ကြတော့ချေ။ ၎င်းတို့အနေဖြင့် ယုံကြည်ခြင်း အနည်းငယ်မျှ၊ အချို့သော သေးငယ်သည့် တက်ကြွသော အရိပ်လက္ခဏာများကိုပင် ရှိရန်အလို့ငှာ အမြဲ တွေ့ဆုံရန်၊ မိတ်သဟာယပြုပြီး ထောက်ပံ့ပေးခြင်းခံရရန် လိုအပ်လေသည်။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် မိမိတို့ကိုယ်ပိုင် နေရာကို မသိကြသကဲ့သို့ မည်သည့်အရာ လုပ်ဆောင်သင့်သည်၊ မည်သည့်အရာ လိုက်စားသင့်သည်၊ သို့မဟုတ် ၎င်းတို့ လျှောက်လှမ်းသင့်သည့် လမ်းကိုလည်း မသိကြချေ။ အချိန်အများစုတွင် ၎င်းတို့သည် မိမိတို့ အလိုဆန္ဒများအတိုင်းပင် ပြုမူကြပြီး ထင်တိုင်းကြဲကြလေသည်။ မကြာခဏ ရေလောင်းခြင်းနှင့် ပြုပြင်ခြင်းကြောင့် မဟုတ်လျှင်၊ လူတို့အား သူ့ထံ ပြန်လည်လမ်းပြပေးရန် အခြေအနေများကို ဘုရားသခင်က စဉ်ဆက်မပြတ် စီစဉ်ပေးခြင်းကြောင့်သာ မဟုတ်လျှင် မည်သည့်အရာကို လူတို့ လုပ်ဆောင်ကြမည်နည်း။ ထိုသို့သော လူတစ်ဦးသည် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်မဟုတ်သည်သာမက၊ အပျက်သဘောဆောင်လာသည်အထိ၊ မိမိတို့အလုပ်တွင် အချောင်ခို၊ ဝတ်ကျေတမ်းကျေပြုမူကာ ဘုရားသခင်ကို လှည့်ဖြားသည်အထိ ၎င်းတို့ အကျင့်ပျက်ကြမည်ဟုလည်း သင် ပြောနိုင်ပေသည်။ တစ်စုံတစ်ဦးသည် မိမိထမ်းဆောင်သင့်သည့် တာဝန်ကို မထမ်းဆောင်နိုင်ပါက ၎င်းတို့ လုပ်ရပ်အားလုံး၏ အရည်အသွေးမှာ အဘယ်နည်း။ ထိုအရာများအားလုံး ဆိုးယုတ်သော လုပ်ဆောင်ချက်များဖြစ်သည်ဟု သင်ဆိုနိုင်သည်။ မကောင်းမှုကိုသာ ၎င်းတို့ လုပ်ဆောင်ကြပေသည်။ တစ်နေ့တာလုံး ၎င်းတို့၏ အတွေးများသည် သမ္မာတရားနှင့် မည်သို့မျှ မပတ်သက်၊ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် မည်သို့မျှ မပတ်သက်ချေ။ နေ့စဉ် ၎င်းတို့သည် တွေးတောခြင်း သို့မဟုတ် မည်သည့်အားထုတ်မှုမျှမရှိဘဲ အစာသုံးနပ်စားကြသည်။ ၎င်းတို့တွင် အတွေးတစ်ခုရှိလျှင်ပင် သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီသကဲ့သို့ လူသားအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်လည်း မည်သည့် ဆက်နွှယ်မှုမျှ လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံခြင်း လုံးဝမရှိဘဲ အမှုအရာများကို နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကို လုပ်ဆောင်သည်။ ၎င်းတို့၏ စိတ်နှလုံးသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ သုခချမ်းသာကို မည်သို့ရှာဖွေရမည်၊ အဆင့်အတန်းနှင့် ကျော်ကြားမှုအတွက် မည်သို့ ကြိုးပမ်းရမည်၊ အခြားလူများအကြား မည်သို့ ခိုင်မာစွာ ရပ်တည်ရမည်၊ မည်သို့ အဆင့်အတန်းရှိပြီး ထင်ရှားရမည်ဆိုသည့် အတွေးများဖြင့် ပြည့်နေသည်။ လူသား အရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ဘုရားသခင်ပေးသည့် အစာကို စားပြီး ဘုရားသခင် ထောက်ပံ့သမျှ အားလုံးကို မွေ့လျော်ကြသည်။ ထိုသို့သော လူများကို ဘုရားသခင် မနှစ်သက်ပေ။ ၎င်းတို့ကို သူ ရွံမုန်း၏။ ထိုသို့သော လူများသည် မိမိတို့တာဝန်ကို လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် ထမ်းဆောင်ကြသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူ ခေါင်းဆောင်တစ်ဦးကဲ့သို့ အလုပ်ကို လေ့လာရန် အသင်းတော်သို့ လာသည်။ ၎င်းတို့သည် တစ်ကြိမ် လုပ်ရိုးလုပ်စဉ်အတိုင်း အပေါ်ယံ လှည့်ပတ်စစ်ဆေးသည်၊ ဆောင်ပုဒ်အချို့ကို ဟစ်ကြွေးကြသည်၊ ညီအစ်ကို မောင်နှမများကို ဩဝါဒပေးကြသည်၊ လူတိုင်းကို ၎င်းတို့အား နာခံမှုရှိစွာ နားထောင်စေပြီးနောက် ၎င်းတို့ အပြီးသတ်လိုက်ကြသည်။ တစ်စုံတစ်ဦးက တာဝန်ယူခြင်းမရှိဘဲ ဝတ်ကျေတမ်းကျေဖြစ်ရုံ မိမိတို့တာဝန်ကို ထမ်းဆောင်သည်ကို ၎င်းတို့ မြင်သည့်အခါ “ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်သကဲ့သို့ ငါ၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုတစ်ခု မဖြစ်စေသောကြောင့် ငါ ဂရုမစိုက်ပါ”ဟု တွေးကြသည်။ တစ်နေ့ပြီးတစ်နေ့ ၎င်းတို့သည် တကယ့်အလုပ်တစ်ခုမျှ လုံးဝ လုပ်ဆောင်ခြင်းမရှိဘဲ၊ တကယ့်ပြဿနာ တစ်ခုမျှ လုံးဝ ဖြေရှင်းခြင်းမရှိဘဲ ဤသို့ အလိုက်သင့် လုပ်ဆောင်ကြသည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ (တွေးတောခြင်းမရှိ၊ သို့မဟုတ် အားထုတ်မှုတစ်ခုမျှ မရှိဘဲ တစ်နေ့ အစာသုံးနပ်စားသော လူတစ်ဦးဖြစ်ပါသည်။) ၎င်းတို့သည် နေ့ရက်စဉ်တိုင်း လုပ်ဆောင်သင့်သည့်အရာကို မသိကြချေ၊ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့ကို နှစ်သက်အားရခြင်း သို့မဟုတ် ရွံမုန်းခြင်း ရှိမရှိ၊ သူသည် ၎င်းတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခြင်းရှိမရှိဆိုသည်ကို မသိဘဲ နေ့ရက်ကာလများကို သတိမမူစွာဖြင့် ရည်ရွယ်ချက်မဲ့ အသက်ရှင်ကြသည်။ ၎င်းတို့ လုပ်ဆောင်သည့် အရာများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ၎င်းတို့သည် မိမိတို့တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနေကြသလော။ ၎င်းတို့ သစ္စာစောင့်သိကြသလော။ ဝတ်ကျေတမ်းကျေ ဖြစ်နေကြသလော။ ၎င်းတို့ လုပ်ဆောင်သည့်အရာများတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်နေကြသလော။ ဘုရားသခင်ကို ၎င်းတို့ သက်သေခံနေကြသလော။ ဤအရာတစ်ခုမျှ ၎င်းတို့ မသိကြချေ။ တွေးတောခြင်းမရှိ၊ သို့မဟုတ် မည်သည့်အားထုတ်မှုမျှမရှိဘဲ တစ်နေ့ အစာသုံးနပ်စားသည့် လူတစ်ဦးကို အများအားဖြင့် “ကပ်ပါးရပ်ပါး” တစ်ဦးအဖြစ် သရုပ်ဖော်ထားလေသည်။ ၎င်းတို့သည် စစ်မှန်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ကြချေ။ ၎င်းတို့သည် မိမိတို့အတွက် အစားအစာ တစ်ပန်းကန် တည်ခင်းရန်ပင် အလွန် ပျင်းရိကြပြီး လူများအား ၎င်းတို့အပေါ် အလုပ်အကျွေးပြုစေချင်ကြသည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ နေ့စဉ်နေ့တိုင်း ၎င်းတို့ အလေလိုက်သည့်နေရာတွင် နေကြသည်၊ အစားအစာ ကောင်းမွန်သည့် မည်သည့်နေရာတွင်မဆို စားကြသည်၊ အိပ်စက်ရန် သက်သောင့်သက်သာ နေရာတစ်ခုရှိသည့် မည်သည့်နေရာကိုမဆို သွားကြပြီး ၎င်းတို့ကို မြှောက်ပင့်မည့် လူများရှိသည့် မည်သည့်နေရာကိုမဆို သွားကြလေသည်။ ထိုသို့သော လူတစ်ဦးနှင့် လောက်ကောင်တစ်ကောင်ကြားတွင် ခြားနားချက် မရှိသလော။ (မရှိပါ။) ခြားနားချက် မရှိပေ။ ဤလူသား အပြုအမူများအပေါ် အခြေခံ၍ လူတို့ကို “လောက်ကောင်များ” ဟုခေါ်ဆိုရန် မမျှတခြင်း ရှိသလော။ (မမျှတခြင်း မရှိပါ။) လူတို့သည် ဤအကျင့်ပျက်သော သဘာဝမျိုးဖြင့် စဉ်ဆက်မပြတ် အသက်ရှင်ကြ၏။ ၎င်းတို့အနေဖြင့် စစ်မှန်သည့်အလုပ် အနည်းငယ်မျှ လုပ်ဆောင်ပြီးနောက်တွင် မိမိတို့၏ အောင်မြင်မှုများအတွက် အသိအမှတ်ပြုခြင်းကို လိုချင်ကြလေသည်။ လူအချို့က “ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်နေခဲ့သည်မှာ ငါးနှစ် သို့မဟုတ် ခြောက်နှစ် ကြာနှင့်ပြီးဖြစ်သည်။ နေ့စဉ် ကျွန်ုပ်၏ အလုပ်ကို ကျွန်ုပ် မလျှော့တမ်း လုပ်ဆောင်ပြီး ကျွန်ုပ်၏ ဆံပင် ဖြူသွားသည်”ဟု ဆိုကြသည်။ ဤသည်မှာ စက်ဆုပ်ဖွယ် စကားပြောဆိုပုံ မဟုတ်လော။ သင်သည် မည်သို့များ ပေါလုကဲ့သို့ အလားတူပုံစံဖြင့် စကားပြောနိုင်သနည်း။ သင်၏ အောင်မြင်မှုများအတွက် အသိအမှတ်ပြုခြင်းခံရရန် ကြိုးစားခြင်းနောက်ကွယ်ရှိ ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ သင်သည် ဘုရားသခင်ထံမှ ဆုလာဘ်ရလိုခြင်း ဖြစ်သည် မဟုတ်လော။ ဆုလာဘ်ရလိုသော လူများကို အများအားဖြင့် ငါတို့ မည်သို့ခေါ်ဆိုကြသနည်း။ “သူတောင်းစားများ” ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများသည် အရှက်မဲ့ကြသည် မဟုတ်လော။ သင်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေပြီး မည်သူ့အတွက် သင် အလုပ်ကြိုးစားနေသနည်း။ ဘုရားသခင်အတွက်လော။ ဘုရားသခင်က ထိုသို့သောအရာကို တန်ဖိုးမထားပေ။ အမှန်တွင် သင်သည် မိမိကိုယ်တိုင်ကိုယ်စား ပြုမူနေခြင်း၊ ကယ်တင်ခြင်း ရရှိနိုင်ရန် ပြုမူနေခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သည့် အသိအမှတ်ပြုခြင်းကို သင် လိုချင်ပြီး မည်သည့်ဆုလာဘ်ကို သင် တောင်းဆိုနေသနည်း။ ဘုရားသခင်သည် သင့်ကို သေးငယ်သည့် ကျေးဇူးတော် သို့မဟုတ် နည်းပါးသည့် ကောင်းချီးများသာ ပေးပြီလော။ သင့်အနေဖြင့် ဆုလာဘ် တောင်းဆိုနိုင်ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ဤဘဝ ပေးထားခြင်း ဖြစ်သလော။ ယင်းမှာ အစာအတွက် ဘုရားသခင်ကို တောင်းခံရန် သင်၏ လက်ကိုလှမ်းနိုင်ဖို့အတွက် ဖြစ်သလော။ ယခု သင်သည် သင်၏ ကိုယ်ပိုင်တာဝန်ကို ထမ်းဆောင်နေသည်။ ဤသည်မှာ သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ဘုရားသခင်သည် သင့်ကို တာဝန်တစ်ခု ပေးအပ်ပြီးဖြစ်သည်။ ယင်းမှာ သူ့ဘက်မှ သနားကရုဏာနှင့် ပြည့်စုံခြင်း ဖြစ်သောကြောင့် မည်သည့်အရာကိုမျှ သင် မတောင်းလျှောက်သင့်ပေ။ တောင်းလျှောက်ပါက ဘုရားသခင်သည် သင့်ကို ရွံမုန်းကာ စက်ဆုပ်လိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ကျေးဇူးတော်နှင့် ဆုလာဘ်များကို အမြဲ တောင်းချင်ကြ၏။ ၎င်းတို့သည် မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် နိမ့်ကျသော အကျင့်စရိုက်ရှိသည့် အရှက်မဲ့သောလူများ မဟုတ်လော။ သင်တို့အားလုံးသည် ထိုသို့သော အခြေအနေတစ်ခုတွင် ရှိကြသလော။ (ရှိပါသည်။) ဤအခြေအနေကို သင် မည်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် မိမိစကားလုံးများနှင့် လုပ်ဆောင်ချက်များထဲမှ မည်သည့်အရာသည် ဤအခြေအနေနှင့် သက်ဆိုင်သည်ကို သတိပြုရမည်ဖြစ်ပြီး ထို့နောက်တွင် ဆုတောင်းခြင်းဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့ အမြန်လာကာ သူ၏ စိစစ်မှုကို လက်ခံရမည်။ သင်၏ အကျည်းတန်ခြင်းနှင့် သဘာဝအနှစ်သာရတို့ကို စိတ်ဖြာလေ့လာဆွေးနွေးလော့။ သင်သည် အသိပညာနှင့် သိနားလည်မှုအချို့ ရှိပြီးနောက် ဤအရာများကို သင်၏ ညီအစ်ကို မောင်နှမများထံ ယူဆောင်ကာ ထိုအရာများနှင့် ပတ်သက်၍ မိတ်သဟာယပြုပြီး ၎င်းတို့ ရှေ့မှောက်တွင် မိမိကိုယ်ကို ဖွင့်ချလော့။ သင်သည် ဤသို့ မိတ်သဟာယပြုကာ မိမိကိုယ်ကို ဖွင့်ချသည့် တစ်ချိန်တည်းတွင် ဘုရားသခင်၏ စိစစ်မှုကို သင် အမှန်တကယ် ခံယူနေလိမ့်မည်ဖြစ်ပြီး ဤသို့ဖြင့် သင်၏ အခြေအနေသည် တဖြည်းဖြည်း ပြေလည်သွားလိမ့်မည်။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်အလို့ငှာ ပထမဦးစွာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်မျှပင် ကောက်ကျစ်ဆိုးယုတ်ပြီး အကျည်းတန်သည်ကို သင် ရှင်းလင်းစွာ သိလာရမည်။ ထို့နောက်မှသာ သင်၏ စိတ်နှလုံးတွင် သင့်ကိုယ်သင် ရွံရှာပြီး မုန်းတီးနိုင်ပေသည်။ သင်သည် မိမိကိုယ်ကို မမုန်းတီးပါက ထိုပြဿနာကို သင် မဖြေရှင်းနိုင်ပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြင့် အသက်ရှင်ခြင်းသည် မည်သို့မျှ မှားယွင်းခြင်းမရှိ၊ ထိုအရာနှင့်ပတ်သက်၍ အခြားသူများ ကိစ္စရှိလိမ့်မည် မဟုတ်သကဲ့သို့ ဆိုးယုတ်သည့် မည်သည့်အရာကိုမျှ သင် မလုပ်ဆောင်သရွေ့ သင် အဆင်ပြေသည်ဟု အမြဲ တွေးထင်ပါက ယင်းသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ထိုသို့သော လူများသည် သမ္မာတရားကို ရရှိနိုင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်ကြသလော။ လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို ဘုရားသခင်က အဘယ်ကြောင့် ဖော်ထုတ်သနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ လေးနက်စွာ မိတ်သဟာယပြုသင့်သည်၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းတို့ဖြင့် ဆက်စပ်သင့်ပြီး ထို့နောက်တွင် ထိုအရာများကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လောက်ကောင်များ ဖြစ်သည်ဟု ဘုရားသခင် ဖော်ထုတ်သည့် နှုတ်ကပတ်တော်များဖြင့် နှိုင်းယှဉ်ချိန်ဆကြည့်သင့်သည်။ ဤပြဿနာ အလွန်ဆိုးရွားသည်ကို သင် မြင်နိုင်ပါသလော။ သင်တို့သည် ထိုအရာကို လက်ခံနိုင်သလော။ (လက်ခံနိုင်ပါသည်။) လူတို့သည် လောက်ကောင်များ ဖြစ်သည်ဟု ဘုရားသခင် ပြောသည့်အခါ မည်သူ့ကို အဓိက သူ ရည်ညွှန်းနေသနည်း။ လူ၏ အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ မည်သည့်အရာကို သူ အဓိကအားဖြင့် ထုတ်ဖော်ပြနေပါသနည်း။ လူ၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ မည်သည့်ဘက်ခြမ်းကို သူဖော်ထုတ်နေသနည်း။ ပထမဆုံးအနေဖြင့် လောက်ကောင်တစ်ကောင်ဖြစ်သည့် လူတစ်ဦးသည် ရှက်စိတ် မရှိဘဲ တန်ဖိုးမဲ့၏။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် တစ်ပြားမျှ မတန်ပေ။ ၎င်းတို့ တစ်ပြားမျှမတန်ဟု အဘယ်ကြောင့် ငါ ပြောရသနည်း။ ဘုရားသခင်သည် သင့်ကို ဖန်ဆင်းပြီး သင့်ကို အသက်ပေးခဲ့ကာ သင်သည် မိမိတာဝန်၏ အနိမ့်ဆုံးကိုမျှပင် မထမ်းဆောင်နိုင်ပေ။ သင်သည် ကပ်ပါးရပ်ပါးဖြစ်၏။ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် သင်သည် အသုံးမဝင်သကဲ့သို့ သင်၏ ဘဝသည် မလိုလားအပ်သောအရာ ဖြစ်သည်။ ထိုသို့သော လူများသည် လောက်ကောင်များ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူတို့သည် လောက်ကောင်များ မဖြစ်ချင်ပါက မည်သည့်အရာကို လုပ်ဆောင်သင့်ကြသနည်း။ ပထမဆုံး သင်သည် ဖန်ဆင်းရှင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ရန်နှင့် ဘုရားသခင်ထံ ဖြစ်ကြောင်းကုန်စင် ရှင်းပြနိုင်ရန်အလို့ငှာ သင်၏ ကိုယ်ပိုင်နေရာကို သင် ရှာသင့်ပြီး မည်သည့်နည်းနှင့်ဖြစ်ဖြစ် မိမိတာဝန်ကို ထမ်းဆောင်ရန် နည်းလမ်းရှာသင့်သည်။ ဆက်လက်၍ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေမဖြစ်ဘဲ သစ္စာစောင့်သိမှုကို သင် မည်သို့ ရရှိနိုင်မည်ဆိုသည်ကို တွေးဆလော့။ ထိုအရာ၌ သင့်စိတ်နှလုံး တစ်ခုလုံးကို နှစ်မြှုပ်ထားသင့်သည်။ ဖန်ဆင်းရှင်ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် မကြိုးစားနှင့်။ သင့်ကို ဘုရားသခင် စေခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လော့၊ နားထောင်ကာ ကျိုးနွံနာခံလော့။ ယခုတွင် ဘုရားနှုတ်ကပတ်တော်များက လူတို့အား လောက်ကောင်များအဖြစ် ခေါ်ဆိုသည်ကို အခြား အတွေးများ၊ သို့မဟုတ် အတိုက်အခံဖြစ်ခြင်း တစ်ခုတလေ သင်၌ ရှိသလော။ ဤအရာကို မိမိအတွက် သင် နားလည်သဘောပေါက်နိုင်သလော။ လူအချို့က “ကျွန်ုပ်၏ တာဝန်ကို နှစ်ပေါင်းများစွာ ကျွန်ုပ် လုပ်ဆောင်နေပြီး ဖြစ်သောကြောင့် ကျွန်ုပ်သည် လောက်ကောင်တစ်ကောင် မဟုတ်သည်မှာ သေချာသလောက်ဖြစ်သည်၊ မှန်ပါသလား”ဟု ပြောကြသည်။ ၎င်းတို့ မှန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် ၎င်းတို့ မှားကြသနည်း။ သင် လောက်ကောင်တစ်ကောင် ဖြစ်သည်၊ မဖြစ်သည်မှာ အပြင်ပန်းတွင် သင် လုပ်ဆောင်သည့်အရာနှင့် မပတ်သက်ပေ။ သင်၏ တာဝန် သင် မည်သို့ထမ်းဆောင်သည်၊ သင်၏ တာဝန်ကို သင် ထမ်းဆောင်သည်နှင့်အမျှ မည်သည့်အခြေအနေတွင် သင်ရှိသည်၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန် မည်သည့်အရာအပေါ် သင် မှီခိုသည်၊ သင်၏ တာဝန်ကို သင် ထမ်းဆောင်သည်နှင့်အမျှ ရလဒ်များ စွမ်းဆောင်ရရှိခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို သင် ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ရှိမရှိနှင့် သင်၏ အလုပ်ကို သင် လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ဘုရားသခင် မြင်လိုသည်။ သင်သည် မိမိတာဝန်ကို သမ္မာတရား စည်းမျဉ်းများအတိုင်း ထမ်းဆောင်ပါက၊ သစ္စာစောင့်သိမှုကို စွမ်းဆောင်ရရှိပါက၊ သင်၏ တာဝန်ကို လက်ခံနိုင်ဖွယ်စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါက “လောက်ကောင်”ပုံစံ ညွှန်းဆိုမှုကို သင် လွတ်ကင်းပြီး ဖြစ်လိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။