သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၃) အပိုင်း နှစ်

ယခင်နောက်ဆုံးစုဝေးပွဲတွင် “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီး ဤဆိုရိုးစကားတွင် ပါဝင်သော တောင်းဆိုချက်များ၊ ဖော်ပြချက်များ၊ အယူအဆများနှင့် ရှုထောင့်အမြင်များကို ပိုင်းခြားစိစစ်ပြီး ဖော်ထုတ်လျက် အချိန်အနည်းငယ် ယူခဲ့ကြကာ ယင်း၏အနှစ်သာရကို လူတို့ နားလည်မှုတစ်ခုရခဲ့ကြသည်။ ဤကဏ္ဍနှင့်သက်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်က အတိအကျမည်သို့ရှိသည်၊ သူ၏သဘောထားက မည်သို့ဖြစ်သည်၊ ဤအရာက မည်သည့်သမ္မာတရားများကို ဖြစ်ပေါ်စေသည်နှင့် သေခြင်းတရားကို လူတို့ မည်သို့ရှုမြင်သင့်သည်တို့ကိုလည်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြပေသည်။ လူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ပြီးနောက်တွင် ထိုသို့သောအရာများကို ၎င်းတို့ ကြုံတွေ့ရသောအခါတိုင်းတွင် ထိုသို့သော ပြဿနာများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကြည့်ရှုပြီး သမ္မာတရားနှင့်အညီ ကိုင်တွယ်သင့်သည်။ ဤသို့ဖြင့် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ၎င်းတို့ ကိုက်ညီနိုင်မည်ဖြစ်သည်။ ထို့အပြင် ငါတို့ နောက်အခေါက်က ပြောခဲ့သော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားဖြစ်သည့် “နွေဦးပိုးများသည် သေသည်ထိ ရက်လုပ်ကြလိမ့်မည်ဖြစ်ပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လင်းကြလိမ့်မည်” ဆိုသည်မှာ အပေါ်ယံဆန်လွန်းကာ ယင်း၏ အတွေးနယ်ပယ်သည် အောက်တန်းကျလွန်းသောကြောင့် ရှေ့ဆက်၍ ပိုင်းခြားစိစစ်ဖို့ မထိုက်တန်ပေ။ ငါတို့ မိတ်သဟာယဖွဲ့မည့် နောက်ထပ် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားဖြစ်သော “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည်မှာ ပိုင်းခြားစိစစ်ဖို့ ထိုက်တန်သည်။ ပိုင်းခြားစိစစ်ရန် ထိုက်တန်သောအရာများသည် လူတို့၏ အတွေးများနှင့် အယူအဆများတွင် တစ်နေရာရာကို ယူထားကြသည်။ အချိန်ကာလတစ်ခုအတွင်းတွင် ယင်းတို့သည် လူတို့၏ အတွေးအခေါ်၊ ဖြစ်တည်မှုပုံစံ၊ လမ်းကြောင်းတို့ကို လွှမ်းမိုးမည်ဖြစ်ပြီး၊ ၎င်းတို့၏ ရွေးချယ်မှုကိုလည်း လွှမ်းမိုးမည်မှာအမှန်ပင်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အပေါ် ရိုးရာယဉ်ကျေးမှုကို အသုံးချခြင်းအားဖြင့် စာတန်ရရှိသော အကျိုးဆက်ဖြစ်သည်။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် ဆိုရိုးစကားသည် လူတို့၏ နှလုံးနှင့် စိတ်တွင် တစ်နေရာကို ရယူထားသည်။ ဆိုလိုသည်မှာ ဤဆိုရိုးစကားက ရည်ညွှန်းသော ပြဿနာမျိုးသည် အထူးပင် သဘောထားကို ထင်ဟပ်စေသည်။ လူတို့သည် ၎င်းတို့နိုင်ငံ၏ ကံကြမ္မာတွင် အလွန်အရေးပါသော ကာလတစ်ခု၌ ဤဆိုရိုးစကားကို အခြေခံပြီး ရွေးချယ်မှုများကို လုပ်ဆောင်ကြမည်ဖြစ်ကာ ယင်းသည် ၎င်းတို့၏ အတွေးအခေါ်နှင့် ပုံမှန်အတွေးဖြစ်စဉ်များကို ချည်နှောင်ပြီး ကန့်သတ်လိမ့်မည်။ ထို့ကြောင့် ထိုသို့သော အယူအဆနှင့် ရှုထောင့်အမြင်များကို ပိုင်းခြားစိစစ်ထိုက်လေသည်။ ငါတို့ ယခင်က ပြောဆိုခဲ့သည့် ဆိုရိုးစကားများနှင့်ယှဉ်ပါက အတိအကျဆိုရလျှင် “ကောက်ရသည့် ငွေကို အိတ်ကပ်ထဲ မထည့်နှင့်”၊ “မိတ်ဆွေအတွက် အသက်စွန့်မည်”၊ “တစ်လုတ်စားဖူး သူ့ကျေးဇူး”၊ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်”၊ “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ” စသည်တို့နှင့် ယှဉ်လျှင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် အကျင့်စာရိတ္တစံနှုန်းသည် စာတန်၏လောကတွင် ပိုမိုမြင့်သည့်နယ်ပယ်၌ နေရာယူထားသည်။ ငါတို့ ယခင်က ပိုင်းခြားစိစစ်ခဲ့သည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများသည် လူအမျိုးအစားတစ်ခု သို့မဟုတ် ဘဝ၏အသေးစားကိစ္စတစ်ခုကို ရည်ညွှန်းလျက်၊ ယင်းတို့အားလုံး၌ အကန့်အသတ်ရှိကာ ဤဆိုရိုးစကား၌ ပိုမိုကျယ်ပြန့်သော နယ်ပယ်ပါရှိသည်။ ယင်းသည် “နည်းပါးသောကိုယ်ကျိုး”၏ နယ်ပယ်အတွင်းတွင်ရှိသော အရာများနှင့် မသက်ဆိုင်ဘဲ “ကြီးမားသော ကိုယ်ကျိုး” နှင့် သက်ဆိုင်သည့် အရေးကိစ္စများ အမှုအရာများ အနည်းငယ်နှင့် သက်ဆိုင်သည်။ ထို့ကြောင့် ယင်းသည် လူတို့၏ စိတ်နှလုံးတွင် အခရာကျသောနေရာကို ယူထားကာ၊ ဤဆိုရိုးစကားသည် လူတို့၏ စိတ်နှလုံး၌ နေရာတစ်နေရာ ယူသင့်သလောဆိုသည်ကို ကြည့်ရန်၊ လူတို့က ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားကို သမ္မာတရားနှင့်ညီသော နည်းလမ်းဖြင့် မည်သို့ရှုမြင်သင့်သည်ကို သေချာစေရန် ဤဆိုရိုးစကားကို ပိုင်းခြားစိစစ်ရမည်။

“လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားသည် လူတိုင်းက မိမိနိုင်ငံအတွက် တာဝန်ခံသင့်သည်ဟု အဆိုပြုခြင်းအားဖြင့် လူတို့အား မိမိတို့နိုင်ငံ၏ ကံကြမ္မာအတွက် မိမိတို့၏တာဝန်အပေါ် အရေးထားရန် လှုံ့ဆော်သည်။ သင်သည် သင့်နိုင်ငံ၏ ကံကြမ္မာအတွက် သင်၏တာဝန်ကို ကျေပွန်လျှင် အစိုးရက သင့်အား ဂုဏ်ပြုပြီး ဆုချီးမြှင့်မည်ဖြစ်ပြီး သင်သည် မြင့်မြတ်သော ကိုယ်ကျင့်စရိုက်ရှိသူအဖြစ် ရှုမြင်ခံရမည်။ သို့သော် သင်သည် နိုင်ငံ၏ကံကြမ္မာကို အရေးမစိုက်ဘဲ နိုင်ငံက ဒုက္ခရောက်နေစဉ်တွင် အချည်းနှီးရပ်ကြည့်ကာ ဤအရာကို အလွန်အရေးကြီးသော ကိစ္စတစ်ခုအဖြစ် မမှတ်ယူလျှင်၊ သို့မဟုတ် ထိုအကြောင်းကို သင် ရယ်သွမ်းသွေးလျှင် ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ရန် လုံးဝပျက်ကွက်ခြင်းအဖြစ် ရှုမြင်ခံရမည်ဖြစ်သည်။ သင်၏နိုင်ငံက သင့်ကို လိုအပ်သည့်အချိန်တွင် သင်၏တာဝန်နှင့် ဝတ္တရားများကို မထမ်းဆောင်လျှင် သင်သည် အရာမရောက်သည့်အပြင် သင်သည် အမှန်ပင် အရေးမပါသောသူဖြစ်သည်။ ထိုသို့သောလူတို့သည် လူ့အဖွဲ့အစည်းတွင် ဘေးဖယ်ခံရပြီး အထင်သေးခံရကာ ၎င်းတို့နှင့် အဆင့်အတန်းတူသူတို့၏ ပမာမထားခြင်းနှင့် အထင်သေးခြင်းကို ခံရသည်။ မည်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတော်၏ မည်သည့်နိုင်ငံသားအတွက်မဆို “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားသည် လူတို့၏ သဘောတူညီမှုနှင့် ကိုက်ညီသော ဆိုရိုးစကား၊ လူတို့က လက်ခံနိုင်သော ဆိုရိုးစကားနှင့် လူသားမျိုးနွယ်က လေးစားသော ဆိုရိုးစကားပင်ဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ်က မြင့်မြတ်သည်ဟု မှတ်ယူသော အယူအဆတစ်ခုလည်း ဖြစ်သည်။ မိမိ၏ ဇာတိမြေ၏ ကံကြမ္မာကို စိုးရိမ်ပြီး အရေးစိုက်လျက် တာဝန်ရှိသည်ဟူသော အသိစိတ် လေးနက်စွာရှိသောသူသည် ပိုမိုကြီးမြတ်သော ဖြောင့်မတ်ခြင်းရှိသူဖြစ်သည်။ မိမိတို့၏ မိသားစုကို စိုးရိမ်ပူပန်သောသူတို့သည် ဖြောင့်မတ်မှု ပို၍ နည်းပါးကြသည်။ သို့ဖြစ်လင့်ကစား မိမိတို့နိုင်ငံ၏ ကံကြမ္မာကို အရေးစိုက်သော သူများကမူ ပိုမိုကြီးမြတ်သော ဖြောင့်မတ်ခြင်းသဘော ရှိသူများဖြစ်ကာ လူတို့အားလုံးအနက် ထိုသူတို့ကို အုပ်ချုပ်သူများနှင့် ပြည်သူတို့၏ ချီးကျူးခြင်းခံရသင့်သည်။ အတိုချုပ်အားဖြင့် ဤသို့သော အယူအဆများသည် လူသားများအတွက် အပြုသဘောဆောင်သော အဓိပ္ပာယ်ရှိကာ လူသားမျိုးနွယ်ကို အပြုသဘောဖြင့် လမ်းပြရန် အကူအညီပေးသည်ဟု အသိအမှတ်ပြုခံရပြီး ယင်းတို့ကို အပြုသဘောဆောင်သော အရာများအဖြစ်လည်း အသိအမှတ်ပြုခံရသည်မှာ အမှန်ပင်ဖြစ်သည်။ သင်တို့လည်း ဤသို့ပင် ထင်မြင်သလော။ (ထင်မြင်ပါသည်။) ဤအတိုင်း သင်တို့ထင်မြင်သည်မှာ သာမန်ဖြစ်သည်။ ယင်းက သင်တို့၏ အတွေးအခေါ်သည် သာမန်လူတို့နှင့် မကွာခြား၊ သင်တို့သည် သာမန်လူများဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သာမန်လူတို့သည် အများတကာ စွဲကိုင်သော အယူအဆများအပြင် ကျန်သောလူသားမျိုးနွယ်ထံမှလာသည့် အပြုသဘောဆောင်သော၊ လိုလားတက်ကြွသော၊ တိုးတက်မှုရှိသော၊ မြင့်မြတ်သော အယူအဆများနှင့် မှတ်သားစရာများဟူသော အမျိုးမျိုးခေါ်ဆိုသည့် အရာအားလုံးကိုလည်း လက်ခံတတ်ကြသည်။ ဤသူတို့မှာ သာမန်လူများဖြစ်သည်။ သာမန်လူများက လက်ခံပြီး မြတ်နိုးသော အယူအဆများသည် သေချာပေါက် အပြုသဘောဆောင်သလော။ (မဆောင်ပါ။) သဘောတရားအရ ပြောရလျှင် ယင်းတို့သည် အပြုသဘောမဆောင်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် သမ္မာတရားနှင့် မညီသောကြောင့်ဖြစ်သည်။ ဘုရားသခင်ထံမှ မလာသောကြောင့်ဖြစ်သည်။ ထို့ပြင် ဘုရားသခင်က သွန်သင်ပေးခြင်း မဟုတ်သောကြောင့်၊ သို့မဟုတ် လူသားမျိုးနွယ်အား ဘုရားသခင်ကပြောခြင်း မဟုတ်သောကြောင့်ဖြစ်သည်။ သို့ဆိုလျှင် အမှန်တရားက အတိအကျ အဘယ်နည်း။ ဤကိစ္စကို မည်သို့ ရှင်းပြသင့်သနည်း။ ယခု ငါ အသေးစိတ်ရှင်းပြမည်ဖြစ်ပြီး ငါပြောဆို၍ ပြီးသောအခါ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားသည် အဘယ်ကြောင့် အပြုသဘောဆောင်သောအရာ မဟုတ်သည်ကို သင်တို့ သိလိမ့်မည်။ အဖြေကို ငါဖွင့်မပြမီတွင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားကို ဦးစွာ စဉ်းစားကြည့်လော့။ ယင်းသည် အမှန်ပင် အပြုသဘောဆောင်သောအရာ ဟုတ်သလော။ လူတို့အား မိမိတို့၏နိုင်ငံကို ချစ်စေသည်မှာ မှားယွင်းသလော။ လူအချို့က “ကျွန်တော်တို့ဇာတိမြေရဲ့ ကံကြမ္မာက ကျွန်တော်တို့ရဲ့ ရှင်သန်မှု၊ ပျော်ရွှင်မှု၊ အနာဂတ်နဲ့ ဆက်စပ်မှုရှိပါတယ်။ ဘုရားသခင်က လူတွေကို သူတို့မိဘတွေအပေါ် တာဝန်သိတတ်ဖို့၊ သူတို့ရဲ့ သားသမီးတွေကို ကောင်းကောင်းပြုစုပျိုးထောင်ဖို့၊ သူတို့ရဲ့ လူမှုတာဝန်တွေကို ဖြည့်ဆည်းဖို့ မပြောဘူးလား။ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့က တာဝန်အနည်းငယ် ထမ်းဆောင်တာ ဘာမှားလို့လဲ။ ဒါက အပြုသဘောဆောင်တဲ့အရာ မဟုတ်ဘူးလား။ သမ္မာတရားတစ်ခုအဆင့်အထိ မရောက်ပေမယ့် မှန်ကန်တဲ့ အယူအဆဖြစ်သင့်တယ် မဟုတ်ဘူးလား” ဟူ၍ ဆိုကြသည်။ လူတို့သိရသလောက် ဤအကြောင်းပြချက်များက ကျိုးကြောင်းညီညွတ်သည် မဟုတ်လော။ လူတို့သည် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကား၏ မှန်ကန်မှုကို ထောက်ခံရန်အတွက် ဤအဆိုများ၊ ဤအကြောင်းပြချက်များနှင့် ဤကျိုးကြောင်းပြချက်များကိုပင် အသုံးပြုကြသည်။ ဤသို့ဆိုလျှင် ဤဆိုရိုးစကားသည် တကယ် မှန်သလော၊ မှားသလော။ မှန်လျှင် မည်သို့ မှန်သနည်း။ မမှန်လျှင် မည်သို့ မှားသနည်း။ ဤမေးခွန်းနှစ်ခုကို သင်တို့ ရှင်းလင်းစွာ ဖြေနိုင်လျှင် ဤသမ္မာတရားကဏ္ဍကို သင်တို့ အမှန်တကယ် နားလည်လိမ့်မည်။ “‘လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်’ ဆိုတဲ့ ဆိုရိုးစကားက မမှန်ဘူး။ နိုင်ငံတွေကို အစိုးရက အုပ်ချုပ်ပြီး နိုင်ငံရေးစနစ်တွေနဲ့ ထိန်းချုပ်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်လာတိုင်း ကျွန်တော်တို့မှာ တာဝန်မရှိဘူး၊ ဘာကြောင့်လဲဆိုရင် ဘုရားသခင်က လူသားရဲ့ နိုင်ငံရေးမှာ ဝင်မပါလို့ပဲ၊ ဒါကြောင့် ကျွန်တော်တို့လည်း နိုင်ငံရေးမှာ ဝင်မပါဘူး၊ ဒီတော့ ဒီဆိုရိုးစကားက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ နိုင်ငံရေးနဲ့ဆိုင်တဲ့ အရာမှန်သမျှ ကျွန်တော်တို့နဲ့ မသက်ဆိုင်ဘူး။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့သူနဲ့ နိုင်ငံရေးကို ကြိုက်နှစ်သက်သူ ဘယ်သူမဆို နိုင်ငံရဲ့ ကံကြမ္မာအတွက် တာဝန်ရှိတယ်။ ဒီဆိုရိုးစကားကို ကျွန်တော်တို့ လက်မခံဘူး၊ ကျွန်တော်တို့ရဲ့ ရှုထောင့်ကနေကြည့်ရင် ဒါက အပြုသဘောဆောင်တဲ့အရာ မဟုတ်ဘူး” ဟု ပြောသော အခြားလူများရှိသည်။ ဤရှင်းပြချက်က မှန်သလော၊ မှားသလော။ (မှားသည်။) အဘယ်ကြောင့် မှားသနည်း။ ဤရှင်းပြချက်က ယုတ္တိမတန်သည်ကို သဘောတရားအရ သင်တို့သိသည်၊ ယင်းက ပြဿနာ၏ အရင်းအမြစ်ကို မကိုင်တွယ်သည့်အပြင် ပြဿနာ၏ အနှစ်သာရကို ရှင်းပြရန် မလုံလောက်ပေ။ ယင်းသည် သဘောတရားဆိုင်ရာ ရှင်းပြချက်တစ်ခုသာဖြစ်သော်လည်း ဤအကြောင်းအရာ၏ အနှစ်သာရကို မရှင်းလင်းပေ။ ယင်းက မည်သည့်ရှင်းပြချက်မျိုးဖြစ်စေ ဤကိစ္စ၏ တိကျသောအနှစ်သာရကို မဖြေရှင်းနိုင်သရွေ့ တကယ့်ရှင်းလင်းချက်မဟုတ်၊ တိကျမှန်ကန်သော အဖြေမဟုတ်သည့်အပြင် သမ္မာတရားမဟုတ်ပေ။ ဤသို့ဆိုလျှင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားက မည်သို့မှားယွင်းနေသနည်း။ ဤကိစ္စမှာ မည်သည့်သမ္မာတရားနှင့် ဆက်စပ်သနည်း။ ဤအမှုကိစ္စတွင်ရှိသော သမ္မာတရားကို စာကြောင်းတစ်ကြောင်း၊ နှစ်ကြောင်းဖြင့် ရှင်းလင်းစွာ ရှင်းပြ၍မရပေ။ ဤအရာ၌ပါဝင်သော သမ္မာတရားကို သင်တို့ နားလည်စေရန်အတွက် များစွာ ရှင်းပြဖို့လိုမည်။ ထို့ကြောင့် ဤအရာနှင့်ပတ်သက်၍ ရိုးရှင်းသော ဝေါဟာရများဖြင့် မိတ်သဟာယဖွဲ့ကြစို့။

“လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားကို မည်သို့ရှုမြင်ပြီး ပိုင်းခြားသိမြင်သင့်သနည်း။ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်သလော။ ဤဆိုရိုးစကားကို ရှင်းပြရန်အတွက် နိုင်ငံဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ဦးစွာ ကြည့်ကြစို့။ လူတို့၏စိတ်တွင် နိုင်ငံတစ်နိုင်ငံအပေါ် အမြင်သဘောထားမှာ အဘယ်နည်း။ နိုင်ငံတစ်နိုင်ငံအပေါ် အမြင်သဘောထားမှာ နိုင်ငံသည် အလွန်ကြီးနေသလော။ သဘောတရားအရ ပြောရလျှင် နိုင်ငံတစ်နိုင်ငံသည် အုပ်ချုပ်သူတစ်ဦးတည်းက အုပ်ချုပ်ပြီး လူမှုစနစ်တစ်ခုတည်းဖြင့် ထိန်းချုပ်သည့် အိမ်ထောင်အားလုံးပါဝင်သော နယ်မြေတစ်ခွင်ဖြစ်သည်။ ဆိုလိုသည်မှာ အိမ်ထောင်များစွာက နိုင်ငံတစ်နိုင်ငံကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ လူ့အဖွဲ့အစည်းက အဓိပ္ပာယ်သတ်မှတ်သည့် ပုံစံဟုတ်သလော။ (ဟုတ်သည်။) သေးငယ်သောအိမ်ထောင်များ ရှိသောအခါမှသာ အိမ်ထောင်ကြီးတစ်ခု ရှိနိုင်သည်ဖြစ်ကာ အိမ်ထောင်ကြီးတစ်ခုက နိုင်ငံတစ်နိုင်ငံ၏ လက္ခဏာဖြစ်သည်။ ဤသည်မှာ နိုင်ငံ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်က လက်ခံနိုင်ဖွယ်ဖြစ်သလော။ သင်တို့ စိတ်ထဲတွင် ယင်းကို စံအဖြစ် သတ်မှတ်သလော။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် မည်သူ၏ နှစ်သက်မှုများ၊ စိတ်ဝင်စားမှုများနှင့် အသင့်တော်ဆုံးဖြစ်သနည်း။ (အုပ်ချုပ်သူများဖြစ်သည်။) မှန်သည်။ အရင်ဦးဆုံးအနေဖြင့် အုပ်ချုပ်သူများ ဖြစ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အုပ်စိုးမှုအောက်တွင် အိမ်ထောင်များအားလုံး ရှိခြင်းအားဖြင့် ၎င်းတို့၏ လက်ထဲတွင် ဩဇာအာဏာရှိသည်။ ထို့ကြောင့် အုပ်ချုပ်သူများနှင့်ပတ်သက်လျှင် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်က ကျိုးကြောင်းညီညွတ်သောအရာဖြစ်ပြီး ၎င်းတို့က ဤအရာကို စံအဖြစ်သတ်မှတ်သည်။ အုပ်ချုပ်သူ၏ နိုင်ငံတစ်နိုင်ငံအပေါ် အဓိပ္ပာယ်သတ်မှတ်ချက်မှာ မည်သို့ရှိသည်ဖြစ်စေ မည်သည့်သာမန်လူအတွက်မဆို နိုင်ငံနှင့် ထိုနိုင်ငံတွင်ရှိသော လူတိုင်း၏ ကြားတွင် ကွာဟမှုတစ်ခုရှိသည်။ သာမန်လူများအတွက်၊ ဆိုလိုသည်မှာ နိုင်ငံတစ်နိုင်ငံစီရှိ လူတစ်ဦးချင်းစီအတွက် နိုင်ငံတစ်နိုင်ငံအပေါ် ၎င်းတို့၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ အုပ်ချုပ်သူများ သို့မဟုတ် အုပ်ချုပ်သူလူတန်းစားက ထောက်ခံအားပေးသော အဓိပ္ပာယ်သတ်မှတ်ချက်နှင့် လုံးဝ ကွဲပြားသည်။ အုပ်ချုပ်သူလူတန်းစားက နိုင်ငံတစ်နိုင်ငံကို အဓိပ္ပာယ်သတ်မှတ်သည့် နည်းသည် ၎င်းတို့၏ အုပ်စိုးမှုနှင့် ၎င်းတို့၏ ကိုယ်ကျိုးမျှော်လင့်ချက်အပေါ်တွင် အခြေခံသည်။ ၎င်းတို့သည် နိုင်ငံတစ်နိုင်ငံဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို အဓိပ္ပာယ်သတ်မှတ်ရန်အတွက် အထက်စီးမှနေပြီး ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ ပါဝင်သည့် ၎င်းတို့၏ မြင့်မားသော ရှုထောင့်နှင့် ကျယ်ပြန့်သော အမြင်ရှုထောင့်တို့ကို အသုံးပြုသည်။ ဥပမာ၊ အုပ်ချုပ်သူများသည် နိုင်ငံကို ၎င်းတို့၏ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်နယ်မြေအဖြစ် မှတ်ယူသည်။ ၎င်းတို့၏ ကိုယ်ပိုင်သာယာမှုအတွက် နိုင်ငံကို ပေးထားသည်ဟုလည်းကောင်း၊ နိုင်ငံ၏ အစိတ်အပိုင်းတိုင်း၊ အရင်းအမြစ်တိုင်းနှင့် နိုင်ငံအတွင်းတွင်ရှိသော လူတိုင်းကိုပင်လျှင် ၎င်းတို့ ပိုင်ဆိုင်သင့်ပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသင့်သည်ဟုလည်းကောင်း၊ ထို့ပြင် ဤအရာအားလုံးကို ၎င်းတို့ ခံစားရသင့်ပြီး လူတို့အပေါ် ၎င်းတို့ စိတ်ရှိသလို မင်းမူနိုင်ရမည်ဟုလည်းကောင်း ထင်မြင်ကြသည်။ သို့သော် သာမန်လူတို့သည် ဤသို့သော ဆန္ဒများမရှိကြသကဲ့သို့ ဤသို့သော အခြေအနေများလည်းမရှိပေ။ ထို့ပြင် နိုင်ငံတစ်နိုင်ငံကို အဓိပ္ပာယ်သတ်မှတ်ရန်အတွက် ၎င်းတို့၌ အသေအချာပင် ဤသို့ကျယ်ပြန့်သည့် အမြင်ရှုထောင့်မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဤသို့ဆိုလျှင် သာမန်လူများအတွက်၊ မည်သည့် အမှီအခိုကင်းသောသူအတွက်မဆို နိုင်ငံတစ်နိုင်ငံ၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ကောင်းစွာ ပညာသင်ကြားထားပြီး မြေပုံများကို ကြည့်တတ်လျှင် ၎င်းတို့နိုင်ငံ၏ နယ်မြေအရွယ်အစား၊ မည်သည့်အိမ်နီးချင်းနိုင်ငံများက ဝန်းရံထားသည်၊ မြစ်ချောင်းအင်းအိုင်မည်မျှရှိသည်၊ ၎င်းတို့နိုင်ငံတွင် တောင်မည်မျှရှိသည်၊ တောမည်မျှရှိသည်၊ မြေမည်မျှရှိသည်နှင့် လူမည်မျှရှိသည်တို့ကိုသာ သိကြသည်။ နိုင်ငံတစ်နိုင်ငံအပေါ် ၎င်းတို့၏ အမြင်သဘောထားသည် မြေပုံကိုအခြေခံခြင်းနှင့် အရှိအတိုင်း ဖြစ်ခြင်းထက် မပိုပေ။ စာထဲတွင်ရှိသော သဘောတရားဆိုင်ရာ အယူအဆတစ်ခုသာဖြစ်သည်။ လက်တွေ့တွင် တည်ရှိသော နိုင်ငံနှင့် လုံးဝကိုက်ညီမှုမရှိပေ။ အတော်အတန် ကောင်းစွာ ပညာသင်ကြားထားပြီး လူမှုအဆင့်အတန်းတစ်ခုခုရှိသော သူတစ်ယောက်အတွက် နိုင်ငံတစ်နိုင်ငံအပေါ် သူ၏ သဘောထားအမြင်သည် ဤသို့သောအရာမျိုးဖြစ်သည်။ ဤသို့ဆိုလျှင် လူ့အဖွဲ့အစည်း၏ အောက်ခြေတွင်ရှိသော သာမန်လူများဆိုလျှင် အဘယ်သို့နည်း။ နိုင်ငံတစ်နိုင်ငံအပေါ် ၎င်းတို့၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ အဘယ်နည်း။ ငါ၏ အမြင်တွင် နိုင်ငံတစ်နိုင်ငံအပေါ် ဤလူတို့၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ ၎င်းတို့မိသားစု၏ အသင့်အတင့် မြေတစ်ကွက်၊ ရွာအရှေ့စွန်၌ မိုးမခသစ်ပင်ကြီး၊ အနောက်စွန်၌ တောင်၊ ရွာအဝင်လမ်း၌ လမ်းနှင့် ထိုလမ်းတစ်လျှောက် မကြာခဏဖြတ်သွားသော ကားများအပြင် ရွာတွင် ဖြစ်ပျက်သော အတော်ပင် ရင်သပ်ရှုမောဖွယ် ဖြစ်ရပ်အချို့နှင့် အရေးမပါသော အတင်းအဖျင်းစကားအချို့ထက်ပင် မပိုပေ။ သာမန်လူများအတွက် နိုင်ငံတစ်နိုင်ငံအပေါ် အမြင်သဘောထားသည် ဤသို့သောအရာဖြစ်သည်။ ဤအဓိပ္ပာယ်သတ်မှတ်ချက်၏ နယ်နိမိတ်များက အလွန်သေးငယ်ပြီး ယင်း၏နယ်ပယ်က အလွန်ကျဉ်းမြောင်းသော်လည်း ဤသို့သော လူမှုအခြေအနေတွင် နေထိုင်သော သာမန်လူများနှင့်ပတ်သက်လျှင် ဤသည်မှာ အလွန်ပင် လက်တွေ့ကျပြီး သဘာဝကျသည်။ ၎င်းတို့အတွက် နိုင်ငံတစ်နိုင်ငံသည် ဤထက်မပိုပေ။ ပြင်ပလောကတွင် မည်သို့ ဖြစ်ပျက်ပါစေ၊ နိုင်ငံအတွင်းတွင် မည်သည့်အရာ ဖြစ်ပျက်ပါစေ ၎င်းတို့အတွက် နားထောင်ရန် သို့မဟုတ် နားမထောင်ရန် ရွေးချယ်နိုင်သည့် အတန်ငယ်အရေးကြီးသော သတင်းတစ်ခုခုသာ ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သည့်အရာက ၎င်းတို့၏ လတ်တလောစိတ်ဝင်စားမှုနှင့် သက်ဆိုင်သနည်း။ ယင်းသည် ဤနှစ်တွင် ၎င်းတို့စိုက်ပျိုးခဲ့သည့် ကောက်ပဲသီးနှံများက အောင်မြင်ထူးကဲသော သီးနှံများ ဖြစ်ထွန်းမည်လော၊ ၎င်းတို့၏ မိသားစုအား ကျွေးမွေးဖို့ လုံလောက်မည်လော၊ နောက်နှစ်တွင် မည်သည့်အရာကို စိုက်ပျိုးရမည်၊ ၎င်းတို့၏ ယာမြေက ရေကြီးမည်လော၊ အနိုင်ကျင့်သူများက ကျူးကျော်ပြီး နေရာယူမည်လော၊ ထို့ပြင် ဘဝနှင့်နီးကပ်စွာ ဆက်စပ်နေသော အခြား ဤသို့သောအမှုကိစ္စများနှင့် အကြောင်းအရာများဖြစ်သည်။ ရွာထဲရှိ အဆောက်အဦးတစ်ခု၊ စမ်းချောင်းတစ်ခု၊ လမ်းကြောင်းတစ်ခု စသည့်အရာတို့သာ ဖြစ်သည်။ ၎င်းတို့ အရေးစိုက်သောအရာနှင့် ပြောဆိုသောအရာသာမက ၎င်းတို့စိတ်တွင် နက်နဲစွာ ထင်ကျန်စေသောအရာတို့သည် ၎င်းတို့၏ဘဝနှင့် နီးကပ်စွာ ဆက်စပ်သည့် ၎င်းတို့အနီးအနားတွင်ရှိသော လူများ၊ အမှုအရာများနှင့် အကြောင်းကိစ္စများမျှသာဖြစ်၏။ နိုင်ငံတစ်နိုင်ငံ၏ နယ်ပယ်သည် မည်မျှကြီးသည်ဆိုသည့် အယူအဆ ၎င်းတို့တွင် မရှိသကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ သာယာဝပြောမှု၊ သို့မဟုတ် ကျဆင်းမှုနှင့်သက်ဆိုင်သော အယူအဆတစ်ခုခုလည်း မရှိပေ။ အမှုအရာများက ခေတ်ပေါ်ဆန်းပြားလေလေ၊ နိုင်ငံ၏ အရေးကိစ္စက အရေးကြီးလေလေ ယင်းတို့သည် ဤသို့သောလူများနှင့် အလှမ်းဝေးလေလေဖြစ်သည်။ ဤသာမန်လူများအတွက်မူ နိုင်ငံတစ်နိုင်ငံအပေါ် အမြင်သဘောထားသည် ၎င်းတို့၏ စိတ်ထဲတွင် အံဝင်ခွင်ကျဖြစ်သော လူများ၊ အမှုအရာများနှင့် အကြောင်းကိစ္စများသာဖြစ်ပြီး ၎င်းတို့၏ဘဝ၌ ၎င်းတို့ ထိတွေ့ဆက်ဆံရသော လူများ၊ အမှုအရာများနှင့် အကြောင်းကိစ္စများသာဖြစ်သည်။ ၎င်းတို့သည် နိုင်ငံ၏ ကံကြမ္မာနှင့်သက်ဆိုင်သော သတင်းအချက်အလက်ကို ရရှိလျှင်ပင် ယင်းက ၎င်းတို့နှင့် အလွန်အလှမ်းဝေးသည်။ ၎င်းတို့နှင့် အလှမ်းဝေးသည်ဆိုသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် လုံးဝ နေရာယူခြင်းမရှိ၊ ၎င်းတို့၏ ဘဝအပေါ် သက်ရောက်မှုရှိမည်မဟုတ်၊ ထို့ကြောင့် နိုင်ငံ၏ သာယာဝပြောမှု၊ ကျဆင်းမှုသည် ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့နိုင်ငံ၏ ကံကြမ္မာမှာ အဘယ်နည်း။ ယင်းသည် ဤနှစ်တွင် ၎င်းတို့စိုက်ပျိုးခဲ့သော သီးနှံများကို မိုးနတ်မင်းက ကောင်းချီးပေးခြင်းရှိမရှိ၊ သီးနှံများသည် ပေါများခြင်းရှိမရှိ၊ ၎င်းတို့၏ မိသားစုက မည်သို့ နေထိုင်စားသောက်နေရသည် ဆိုသည်နှင့် နေ့စဉ်ဘဝ၏ အခြားသော အသေးအဖွဲ အချက်အလက်များဖြစ်ပြီး နိုင်ငံတော်အရေးကိစ္စများမှာမူ ၎င်းတို့နှင့် ဆက်စပ်မှုမရှိပေ။ နိုင်ငံတော်၏ အရေးကြီးသောကိစ္စများ၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ နိုင်ငံ၏ ပိုင်နက်က ကျယ်ပြန့်လာသလော၊ ကျဉ်းမြောင်းလာသလော၊ အုပ်ချုပ်သူများ လည်ပတ်ခဲ့သည့် နေရာများနှင့် အုပ်ချုပ်သူလူတန်းစားအတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ဆိုသည့် ဤအရာများကို သာမန်လူများက လက်လှမ်းမမီပေ။ ထိုအရာတို့ကို ၎င်းတို့ လက်လှမ်းမီနိုင်လျှင်ပင် အဘယ်အသုံးဝင်မည်နည်း။ ၎င်းတို့သည် ညစာစားပြီး အုပ်ချုပ်သူလူတန်းစား၌ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ပြောဆိုကြလျှင်ပင် ၎င်းတို့သည် ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ ဇလုံနှင့် တူများကို ချပြီးနောက်တွင် အသက်ရှင်ရေးအတွက် အားတင်းပြီး လယ်ထဲတွင် အလုပ်သွားလုပ်နေရဆဲဖြစ်သည်။ သီးနှံအထွက်ကောင်းနိုင်သော ၎င်းတို့၏ လယ်ကွင်းထဲရှိ ကောက်ပဲသီးနှံများလောက် မည်သည့်အရာကမျှ လက်တွေ့ဆန်သည့်ပုံမရှိချေ။ လူတစ်ယောက်က အရေးစိုက်သောအရာသည် သူ၏စိတ်နှလုံးတွင် ကိုင်စွဲထားသောအရာ ဖြစ်သည်။ လူတစ်ယောက်၏ နယ်ပယ်သည် သူ၏စိတ်နှလုံးတွင် ဝင်ဆံ့သော အရာများလောက်သာ ကျယ်ပြန့်သည်။ သာမန်လူများ၏ နယ်ပယ်သည် ၎င်းတို့အနီးအနားရှိ ၎င်းတို့မြင်နိုင်သော နေရာများနှင့် ၎င်းတို့သွားနိုင်သော နေရာများအထိသာ ဆန့်တန်းနိုင်သည်။ ၎င်းတို့နိုင်ငံ၏ ကံကြမ္မာနှင့် နိုင်ငံ၏ အရေးကြီးကိစ္စများနှင့် ပတ်သက်လျှင် ၎င်းတို့သည် အလွန်ဝေးကွာပြီး လက်လှမ်းမမီပေ။ ထို့ကြောင့် နိုင်ငံ၏ကံကြမ္မာသည် အန္တရာယ် ကျရောက်နေသောအခါတွင်၊ သို့မဟုတ် နိုင်ငံသည် အင်အားကြီးသော ရန်သူ၏ ကျူးကျော်မှုကို ရင်ဆိုင်နေရသောအခါတွင် ၎င်းတို့က “ငါ့ရဲ့သီးနှံတွေကို ကျူးကျော်သူတွေက သိမ်းသွားမှာလား။ ဒီနှစ်မှာ ငါတို့က ငါတို့သားသမီးတွေ ကောလိပ်တက်ဖို့အတွက် ပိုက်ဆံပေးဖို့ ဒီကောက်ပဲသီးနှံတွေကို ရောင်းဖို့ အားထားနေတာ” ဟူ၍ ချက်ချင်း စဉ်းစားကြသည်။ ဤအရာများသည် သာမန်လူများအတွက် လက်တွေ့ကျသော ဆက်စပ်မှုအရှိဆုံးသော အရာများ၊ ၎င်းတို့ နားလည်သဘောပေါက်နိုင်သော အရာများနှင့် ၎င်းတို့၏ စိတ်နှင့် ဝိညာဉ်က တာဝန်ယူနိုင်သော အရာများဖြစ်သည်။ သာမန်လူများအတွက် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားသည် အလွန်ပင် ကြီးလေးလွန်းသည်။ ဤအရာကို မည်သို့ လုပ်ဆောင်ရမည်ကို ၎င်းတို့မသိပေ။ ဤလေးလံသောဝန်နှင့် ကြီးလေးသောတာဝန်ကို မခံယူလိုကြပေ။ နိုင်ငံတစ်နိုင်ငံအပေါ် သာမန်လူများ၏ အမြင်သဘောထားသည် ဤကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ဘဝ၏ နယ်ပယ်နှင့် ၎င်းတို့၏ အတွေးနှင့် ဝိညာဉ်တို့ လှုပ်ရှားလည်ပတ်သည့် အရာများသည် ၎င်းတို့အား တစ်ရက်လျှင် အစာသုံးနပ်ထောက်ပံ့ပြီး ၎င်းတို့စိုက်ပျိုးဖို့ လိုအပ်သောအရာများ အားလုံးကိုပေးစွမ်းသော ၎င်းတို့ဇာတိမြို့၏ မြေနှင့် ရေတို့အပြင် ၎င်းတို့ဇာတိမြို့၏ လေနှင့် ပတ်ဝန်းကျင်တို့သာလျှင် ဖြစ်သည်။ ဤအရာများအပြင် အခြားမည်သည့်အရာ ရှိနိုင်သေးသနည်း။ လူအချို့က ၎င်းတို့မွေးဖွားကြီးပြင်းခဲ့သော ၎င်းတို့ဇာတိမြို့၏ ရင်းနှီးသော ပတ်ဝန်းကျင်များကို ကျော်လွန်၍ သွားလျှင်ပင် နိုင်ငံက ဒုက္ခရောက်နေပြီး နိုင်ငံအပေါ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် လိုအပ်သည့်အခါတိုင်းတွင် မည်သူကမျှ တစ်နိုင်ငံလုံးကို ကာကွယ်ဖို့ မစဉ်းစားပေ။ ထိုအစား လူတို့က မည်သည့်အရာကို စဉ်းစားသနည်း။ ၎င်းတို့ စဉ်းစားနိုင်သမျှမှာ ၎င်းတို့၏ ဇာတိမြို့ကို ကာကွယ်ပြီး ၎င်းတို့၏ စိတ်နှလုံးတွင် ပွေ့ပိုက်ထားသော ထိုမြေကွက်ကို ကာကွယ်ပေးရန်အတွက် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ဖို့သာဖြစ်ပြီး ဤသို့ ဖြစ်မြောက်ရန်အတွက် ၎င်းတို့ကိုယ်တိုင်၏ အသက်များကိုပင် စွန့်လွှတ်ရန်ဖြစ်သည်။ လူတို့သည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ “နိုင်ငံ” ဆိုသည့် စကားသည် ၎င်းတို့အတွက် နာမ်စားတစ်ခု၊ အမှတ်အသားတစ်ခု၊ သင်္ကေတတစ်ခုသာဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် နေရာအတော်များများကို အမှန်တကယ်ယူသောအရာမှာ အုပ်ချုပ်သူ၏ စိုးမိုးမှု မဆိုထားနှင့်၊ နိုင်ငံ၏ ပိုင်နက်ပင်မဟုတ်ဘဲ ၎င်းတို့အား တစ်ရက်လျှင် သုံးနပ်ထောက်ပံ့သော၊ ၎င်းတို့ကို အသက်ပေးသော၊ ၎င်းတို့၏ ဘဝကို ဆက်လက်တည်တံ့စေရန် ကူညီပေးသော တောတောင်၊ မြေကွက်၊ မြစ်၊ ရေတွင်း စသည်တို့ပင်ဖြစ်သည်။ ထိုမျှသာဖြစ်၏။ ဤသည်မှာ လူတို့၏ စိတ်ထဲတွင်ရှိသော နိုင်ငံတစ်နိုင်ငံအပေါ် အမြင်သဘောထား ဖြစ်သည်။ ယင်းသည် အလွန် လက်တွေ့ကျသည်။ အလွန် ခိုင်လုံသည်။ ထို့ပြင် အလွန်တိကျပြတ်သားသည်မှာလည်း အမှန်ပင်ဖြစ်သည်။

“လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် အယူအဆကို ရိုးရာယဉ်ကျေးမှုတွင်၊ အထူးသဖြင့် အကျင့်စာရိတ္တအကြောင်းကို စဉ်းစားရာတွင် အဘယ်ကြောင့် အစဉ်သဖြင့် ထောက်ခံအားပေးသနည်း။ ဤသည်မှာ အုပ်ချုပ်သူ၏ စိုးမိုးမှုနှင့် ဤအယူအဆကို ရပ်တည်ကာကွယ်ပေးသူများ၏ ရည်ရွယ်ချက်နှင့် ဦးတည်ချက်နှစ်ခုလုံးနှင့် သက်ဆိုင်သည်။ လူတစ်ဦးချင်းစီတိုင်း၏ စိတ်ထဲ၌ရှိသော နိုင်ငံတစ်နိုင်ငံအပေါ် အဓိပ္ပာယ်သတ်မှတ်ချက်သည် အလွန်ပင် အရေးမပါဖြစ်နေလျှင်၊ အလွန်ခိုင်လုံပြီး အလွန်လက်တွေ့ကျနေလျှင် မည်သူက နိုင်ငံကို ကာကွယ်မည်နည်း။ အုပ်ချုပ်သူ၏ စိုးမိုးမှုကို မည်သူက ထိန်းသိမ်းမည်နည်း။ ဤတွင် ပြဿနာများ မရှိသလော။ ဤတွင် အမှန်ပင် ပြဿနာများ ထွက်ပေါ်နေသည်။ နိုင်ငံတစ်နိုင်ငံအပေါ် လူတိုင်း၏ အမြင်သဘောထားသည် ဤသို့ဖြစ်လျှင် အုပ်ချုပ်သူသည် ပြယုဂ်မျှသာဖြစ်သွားမည် မဟုတ်လော။ အုပ်ချုပ်သူ၏ နိုင်ငံသည် အားကြီးသောရန်သူတစ်ယောက်၏ ကျူးကျော်မှုကို ရင်ဆိုင်ရပြီး ခုခံကာကွယ်ဖို့ရန်အတွက် အုပ်ချုပ်သူကိုသာ မှီခိုရလျှင်၊ သို့မဟုတ် အုပ်ချုပ်သည့်အဖွဲ့ကိုသာ မှီခိုရလျှင် ၎င်းတို့သည် ရုန်းကန်ရသော၊ အကူအညီမဲ့သော၊ သီးခြားဆန်သော၊ အားနည်းသော ပုံစံပေါက်မည်မဟုတ်လော။ အတွေးအခေါ်သမားများသည် ၎င်းတို့၏ဦးနှောက်ကို အသုံးပြုခြင်းအားဖြင့် ဤပြဿနာများကို တုံ့ပြန်ကြသည်။ နိုင်ငံကို ကာကွယ်ပြီး အုပ်ချုပ်သူ၏ စိုးမိုးမှုကို ထိန်းသိမ်းရန်အတွက် ကူညီပံ့ပိုးပေးမည့် လူအရေအတွက် အနည်းငယ်ကိုသာ အမှီပြုလျှင် မဖြစ်နိုင်ဘဲ၊ ထိုအစား လူဦးရေအားလုံးကို နိုင်ငံ၏ အုပ်ချုပ်သူအား အစေခံရန် လှုံ့ဆော်ဖို့ လိုအပ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤအတွေးအခေါ်သမားများသည် လူတို့အား အုပ်ချုပ်သူကို အစေခံပြီး နိုင်ငံကို ကာကွယ်ရန် တိုက်ရိုက်ပြောဆိုလျှင် လူတို့က လုပ်ဆောင်လိုစိတ်ရှိမည်လော။ (ရှိမည်မဟုတ်ပါ။) လူတို့သည် သေချာပေါက်ပင် လိုလားမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တောင်းဆိုမှုနောက်ကွယ်ရှိ ရည်ရွယ်ချက်က အလွန်ပင် ပြောင်တင်းလွန်းပြီး ၎င်းတို့က သဘောတူမည် မဟုတ်သောကြောင့်ဖြစ်သည်။ လူတို့အထဲသို့ ကြားကောင်းသော၊ မြင့်မြတ်သော၊ အပေါ်ယံ ဟိတ်ဟန်များသော ဖော်ပြမှုကို သွတ်သွင်းပေးပြီး ဤသို့စဉ်းစားသူ မည်သူမဆို အကျင့်စာရိတ္တမြင့်မြတ်မှုရှိသည်ဟု ၎င်းတို့အား ပြောရမည်ဆိုသည်ကို ထိုအတွေးအခေါ်သမားများက သိကြသည်။ ဤနည်းဖြင့် လူတို့သည် ဤအယူအဆကို အလွယ်တကူ လက်ခံပြီး ဤအယူအဆအတွက် စွန့်လွှတ်မှုများနှင့် ပံ့ပိုးကူညီမှုများပင် ပြုလုပ်လိမ့်မည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ ရည်ရွယ်ချက်ကို ရရှိမည်မဟုတ်လော။ ဤလူမှုအခြေအနေအတွင်းတွင်၊ ထို့ပြင် အုပ်ချုပ်သူများ၏ လိုအပ်ချက်များကို တုံ့ပြန်သည့်အနေဖြင့် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် ဤဆိုရိုးစကားနှင့် အယူအဆက ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူသားသဘာဝမှာ ဤသို့ဖြစ်သဖြင့် မည်သည့်အယူအဆ ထွက်ပေါ်ပါစေ ယင်းကို ခေတ်မီပြီး အတွေးအမြင်သစ်ကို ဖော်ဆောင်သည်ဟု မှတ်ယူပြီး ဤအရာအပေါ် အခြေခံ၍ ယင်းကို လက်ခံသည့်သူအချို့ အစဉ်ရှိနေလိမ့်မည်။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် အယူအဆအား လူအချို့က လက်ခံသည်မှာ အုပ်ချုပ်သူကို အကျိုးမဖြစ်စေသလော။ ယင်းသည် အုပ်ချုပ်သူ၏ အစိုးရစနစ်အတွက် စွန့်လွှတ်မှုများနှင့် ပံ့ပိုးကူညီမှုများပြုလုပ်သည့် လူများရှိလိမ့်မည်ဟု ဆိုလိုသည်။ ဤသို့ဖြင့် အုပ်ချုပ်သူသည် ကြာရှည်စွာ စိုးမိုးရဖို့ မျှော်လင့်ချက်ရှိသည်မဟုတ်လော။ ဤသို့ဆိုလျှင် နှိုင်းယှဉ်၍ပြောရလျှင် ၎င်းတို့၏ စိုးမိုးမှုသည် ပို၍ တည်ငြိမ်မည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အုပ်ချုပ်သူ၏ စိုးမိုးမှုသည် အခက်အခဲ ကျရောက်သောအခါ၊ သို့မဟုတ် ပျက်စီးခြင်းကို ရင်ဆိုင်ရသောအခါ၊ သို့မဟုတ် သူတို့၏နိုင်ငံသည် အားကြီးသောရန်သူ၏ ကျူးကျော်မှုကို ရင်ဆိုင်ရသောအခါတွင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် အယူအဆကို လက်ခံသောသူတို့သည် နိုင်ငံကိုကာကွယ်ဖို့အတွက် ပံ့ပိုးကူညီရန်၊ သို့မဟုတ် ၎င်းတို့၏ အသက်ကို စွန့်လွှတ်ရန် ရဲရင့်စွာနှင့် မတုန်မလှုပ်ဖြင့် ရှေ့သို့ထွက်လိမ့်မည်။ ဤအတွက် နောက်ဆုံး အကျိုးအမြတ်ရှိသူမှာ မည်သူနည်း။ (အုပ်ချုပ်သူဖြစ်သည်။) နောက်ဆုံး အကျိုးအမြတ်ရှိသူမှာ အုပ်ချုပ်သူဖြစ်သည်။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကို လက်ခံသော၊ ဤအတွက် ၎င်းတို့၏ တန်ဖိုးရှိသော အသက်များကို စွန့်လွှတ်လိုစိတ်ရှိသောသူတို့သည် မည်သို့ ဖြစ်တော့မည်နည်း။ ၎င်းတို့သည် အုပ်ချုပ်သူချနင်းခံရသည့် ခုတုံးများ၊ အသုံးချစရာ လက်ကိုင်တုတ်များ ဖြစ်လာကြသည်။ ဤအယူအဆ၏ သားကောင်များ ဖြစ်လာကြသည်။ လူ့အဖွဲ့အစည်း၏ အောက်ခြေတွင် နေထိုင်ကြသော သာမန်လူတို့သည် နိုင်ငံတစ်နိုင်ငံနှင့်ပတ်သက်ပြီး တိကျသော၊ ရှင်းလင်းသော အယူအဆ၊ သို့မဟုတ် ရှင်းလင်းသော အဓိပ္ပာယ်သတ်မှတ်ချက် မရှိပေ။ နိုင်ငံဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ နိုင်ငံတစ်နိုင်ငံသည် မည်မျှကြီးသည် ဆိုသည်တို့ကို ၎င်းတို့မသိကြဘဲ နိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်သည့် အရေးကြီးကိစ္စများကို ပို၍ပင် မသိကြပေ။ နိုင်ငံတစ်နိုင်ငံအပေါ် လူတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆတို့သည် မရေရာသောကြောင့် အုပ်ချုပ်သူလူတန်းစားသည် လူတို့အား ထင်ယောင်ထင်မှားဖြစ်စေရန်၊ ၎င်းတို့စိတ်အတွင်းသို့ ဤအယူအဆကို သွတ်သွင်းရန်အတွက် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည့် ဆိုရိုးစကားကို အသုံးပြုခြင်းဖြစ်သည်။ သို့ဖြစ်၍ လူတိုင်းသည် အုပ်ချုပ်သူလူတန်းစားအတွက် နိုင်ငံကို ခုခံကာကွယ်ပြီး အသက်စွန့်ရန် ရပ်တည်ကြမည်ဖြစ်ပြီး ဤနည်းအားဖြင့် အုပ်ချုပ်သူလူတန်းစား၏ ရည်ရွယ်ချက်က ဖြစ်မြောက်လိမ့်မည်။ အမှန်တကယ်တွင် သာမန်လူတို့နှင့်ပတ်သက်လျှင် နိုင်ငံကို မည်သူက အုပ်ချုပ်သည်ဖြစ်စေ၊ ကျူးကျော်ဝင်ရောက်သူများက လက်ရှိအုပ်ချုပ်သူထက် ပို၍ကောင်းသည်ဖြစ်စေ၊ ပို၍ဆိုးသည်ဖြစ်စေ အဆုံး၌ ၎င်းတို့မိသားစု၏ နုံချာသောမြေကွက်ကို နှစ်စဉ် စိုက်ပျိုးရဦးမည်ဖြစ်သည်။ ၎င်းတို့ ရွာအရှေ့စွန်ရှိ သစ်ပင်သည် မပြောင်းလဲပေ။ ရွာအနောက်စွန်ရှိ တောင်သည် မပြောင်းလဲပေ။ ရွာအလယ်ရှိ ရေတွင်းသည်လည်း မပြောင်းလဲပေ။ ဤအရာတို့သည်သာ အရေးပါသော အရာများဖြစ်သည်။ ရွာပြင်ပတွင် ဖြစ်ပျက်သောအရာများ၊ အုပ်ချုပ်သူမည်မျှ ပေါ်လာပြီး ပျောက်သွားသည်၊ သို့မဟုတ် ၎င်းတို့က နိုင်ငံကို မည်သို့အုပ်စိုးသည် ဆိုသည့်အရာ အားလုံးတို့သည် ၎င်းတို့နှင့် ဆက်စပ်မှု လုံးဝမရှိပေ။ ဤသည်မှာ သာမန်လူတို့၏ဘဝ ဖြစ်သည်။ ၎င်းတို့၏ဘဝသည် လက်တွေ့ကျပြီး ရိုးရှင်းကာ နိုင်ငံအပေါ် ၎င်းတို့၏ အယူအဆသည် မိသားစုအပေါ် ၎င်းတို့၏ အယူအဆကဲ့သို့ ခိုင်လုံမှုရှိသည်။ မိသားစုထက် နယ်ပယ်ပို၍ ကြီးခြင်းသာရှိသည်။ နိုင်ငံက အားကြီးသော ရန်သူတစ်ဦး၏ ကျူးကျော်ခြင်းကို ခံရပြီး ထိုနိုင်ငံ၏ ရပ်တည်မှုနှင့် ရှင်သန်မှုတို့သည် မရေမရာဖြစ်သည့် အခြေအနေ၌ ရှိသောအခါနှင့် အုပ်ချုပ်သူ၏ စိုးမိုးမှုသည် နှောင့်ယှက်ခံရပြီး မတည်မငြိမ်ဖြစ်သောအခါတွင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည်ကို လက်ခံသော ထိုလူတို့သည် ဤအယူအဆ၏ ချုပ်ကိုင်ထားခြင်းကို ခံရပြီး ၎င်းတို့ လုပ်ဆောင်လိုသမျှမှာ နိုင်ငံ၏ ကံကြမ္မာကို ထိခိုက်ပြီး အုပ်ချုပ်သူ၏ စိုးမိုးမှုကို ဝင်ရောက်စွက်ဖက်နေသော ဤအရာများကို ပြောင်းလဲရန် ၎င်းတို့ကိုယ်တိုင်၏ အားအင်များကို အသုံးချရန်သာဖြစ်သည်။ အဆုံး၌ မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် အမှန်တကယ်တွင် မည်သည့်အရာကို ပြောင်းလဲသနည်း။ ၎င်းတို့သည် အုပ်ချုပ်သူကို အာဏာဆက်လက်တည်မြဲစေရန် လုပ်ဆောင်နိုင်လျှင်ပင် ဤသည်မှာ တရားမျှတသောအရာကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု အဓိပ္ပာယ်ရသလော။ ၎င်းတို့၏ အနစ်နာခံမှုက အပြုသဘောဆောင်သည်ဟု အဓိပ္ပာယ်ရသလော။ အောက်မေ့သတိရရန် ထိုက်တန်သလော။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကို အလွန်အလေးထားသော သမိုင်းအချိန်ကာလ တစ်ခုခု၌ရှိသော ထိုလူများသည်လည်း နိုင်ငံကို ခုခံကာကွယ်ပြီး အုပ်ချုပ်သူများ ဆက်လက်၍ အာဏာတည်မြဲစေရာတွင် ဤအယူအဆ၏ ဆိုလိုရင်းကို အားမာန်တက်ကြွစွာ ထိန်းသိမ်းကြသည်။ သို့သော် ၎င်းတို့က ဆက်လက်၍ အာဏာတည်မြဲစေသည့် အုပ်ချုပ်သူများ၏ စိုးမိုးမှုသည် ခေတ်နောက်ပြန်ဆွဲပြီး ရက်စက်ကြမ်းကြုတ်ကာ လူသားမျိုးနွယ်အတွက် အဓိပ္ပာယ်၊ သို့မဟုတ် တန်ဖိုး မရှိပေ။ ဤအမြင်ရှုထောင့်မှကြည့်လျှင် ဤလူတို့က ထမ်းဆောင်သော တာဝန်ဆိုသောအရာသည် အပြုသဘောဆောင်သလော၊ အပျက်သဘောဆောင်သလော။ (အပျက်သဘောဆောင်သည်။) အပျက်သဘောဆောင်သည်၊ အောက်မေ့သတိရရန် မထိုက်တန်ဘဲ လူတို့၏ စက်ဆုပ်ခြင်းကို ခံရသည်ဟု ဆိုနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သာမန်လူတို့သည် ထိုကြံစည်တတ်သော အတွေးအခေါ်သမားများက ထောက်ခံအားပေးသည့် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကို အလေးအနက်မထားသကဲ့သို့ ယင်းကို အမှန်တကယ် လက်ခံခြင်းနှင့် အကောင်အထည်ဖော်ခြင်း မရှိပေ။ ထို့ကြောင့် ၎င်းတို့၏ ဘဝများသည် အတော်ပင် တည်ငြိမ်သည်။ ၎င်းတို့၏ တစ်သက်တာအောင်မြင်မှုများသည် မိမိနိုင်ငံ၏ကံကြမ္မာအတွက် မိမိတို့၏ အသက်ကိုစွန့်သော ထိုသူတို့ကဲ့သို့ အထင်ကြီးလောက်စရာ မဟုတ်သော်လည်း အဓိပ္ပာယ်ရှိသောအရာကို ၎င်းတို့ လုပ်ဆောင်ခဲ့ပြီဖြစ်သည်။ ဤအဓိပ္ပာယ်ရှိသောအရာမှာ အဘယ်နည်း။ အတိအကျဆိုရလျှင် ၎င်းတို့သည် နိုင်ငံ၏ကံကြမ္မာကို ဟန်ဆောင်ပန်ဆောင် ဝင်ရောက်မစွက်ဖက်သကဲ့သို့ နိုင်ငံ၏ အုပ်ချုပ်သူများသည် မည်သူဖြစ်ရမည်ဟု ဆုံးဖြတ်သည့် လုပ်ငန်းစဉ်တွင်လည်း ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့နိုင်ငံအပေါ် မည်သည့်ပြဿနာမျှ မဖြစ်စေဘဲ၊ ၎င်းတို့နိုင်ငံထံမှ အစားအစာ သို့မဟုတ် ငွေကြေးကို မတောင်းဆိုဘဲ အချိန်ကျသောအခါ၌ ပုံမှန်အခွန်များကို ပေးလျက်ဖြင့် ၎င်းတို့တောင်းဆိုသမျှမှာ ကောင်းမွန်သောဘဝကို နေထိုင်ရန်၊ လယ်မြေတွင် အလုပ်လုပ်ရန်၊ ၎င်းတို့၏ ဇာတိမြို့ကို ကာကွယ်ရန်၊ တစ်နှစ်ပတ်လုံး စားစရာအစာရှိရန်ဖြစ်ပြီး ကြွယ်ဝသော၊ သက်သောင့်သက်သာရှိသော၊ ငြိမ်းချမ်းသော၊ ကျန်းမာသောဘဝကို နေထိုင်ရန်ဖြစ်သည်။ ဤသည်မှာ နိုင်ငံသားတစ်ယောက်က ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ သင်သည် အတွေးအခေါ်သမားများ၏ အယူအဆများ၏ ဝင်ရောက်စွက်ဖက်မှုတစ်ခုခုမှ လွတ်မြောက်နိုင်လျှင်၊ သင်၏ ရာထူးအဆင့်အတန်းနှင့်အညီ လက်တွေ့ကျသည့် ပုံစံဖြင့် သာမန်လူတစ်ယောက်အဖြစ် သင်ကိုယ်တိုင်၏ ဘဝကို အသက်ရှင်နိုင်လျှင်၊ မိမိဘာသာ ဖူလုံမှုရှိလျှင် ဤသည်မှာ လုံလောက်သည်။ ထို့ပြင် သင်၏တာဝန်ကို သင်ဖြည့်ဆည်းပြီးဖြစ်သည်။ ဤသည်မှာ ဤကမ္ဘာမြေပေါ်တွင် နေထိုင်နေသောသူတစ်ယောက်က ဖြည့်ဆည်းသင့်သည့် အရေးကြီးဆုံးသော၊ အကြီးမားဆုံးသော တာဝန်ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်ရှင်သန်ရေးနှင့် အခြေခံလိုအပ်ချက်များကို ကြည့်ရှုစောင့်ရှောက်ခြင်းသည် မိမိကိုယ်တိုင် ဖြေရှင်းသင့်သည့် အရေးကိစ္စများဖြစ်သည်။ နိုင်ငံ၏ ကံကြမ္မာနှင့် သက်ဆိုင်သော၊ အုပ်ချုပ်သူများက နိုင်ငံကို အုပ်ချုပ်သည့်ပုံစံနှင့် သက်ဆိုင်သော အရေးကြီးကိစ္စများအတွက်မူ သာမန်လူများသည် ဝင်ရောက်စွက်ဖက်ရန်၊ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်ပြီး တစ်ခုခုလုပ်ဆောင်ရန် စွမ်းရည်မရှိပေ။ ၎င်းတို့သည် ထိုကိစ္စများအားလုံးကို ကံတရားအပေါ်သာ ပုံချထားပြီး သဘာဝကို သဘာဝအတိုင်း ဖြစ်ခွင့်သာပေးနိုင်တော့သည်။ ကောင်းကင်ဘုံက အလိုရှိလျှင် အလိုရှိသည့်အတိုင်း ဖြစ်လာလိမ့်မည်။ သာမန်လူတို့သည် အလွန်ပင် အသိအမြင်နည်းပါးသည့်အပြင် ကောင်းကင်ဘုံက လူတို့အား ၎င်းတို့နိုင်ငံအပေါ် ဤသို့သော တာဝန်မျိုးကို အပ်နှံထားခြင်းမရှိပေ။ သာမန်လူတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်အိမ်ထောင်သာရှိသည်။ ၎င်းတို့၏ ကိုယ်ပိုင်အိမ်ထောင်ကို ထိန်းသိမ်းနေသရွေ့ ဤသည်မှာ လုံလောက်ပြီး ၎င်းတို့တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။

အခြားသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကဲ့သို့ပင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည်မှာ အုပ်ချုပ်သူများကို အာဏာတည်မြဲစေရန်အတွက် အတွေးအခေါ်သမားများက တင်ပြသော အယူအဆနှင့် အမြင်ဖြစ်ပြီး အုပ်ချုပ်သူများကို ပိုများသောလူတို့က ပံ့ပိုးရန်အတွက် ထောက်ခံအားပေးသော အယူအဆနှင့် အမြင်ဖြစ်သည်မှာလည်း မှန်ပေသည်။ အမှန်တွင် လူတို့သည် မည်သည့်လူအတန်းအစား၌ နေသည်ဖြစ်စေ ၎င်းတို့၌ ရည်မှန်းချက်တစ်ခုခု၊ ဆန္ဒတစ်ခုခုမရှိလျှင်၊ နိုင်ငံရေး၌ မပါဝင်လိုလျှင် သို့မဟုတ် အုပ်ချုပ်သူလူတန်းစားနှင့် မပတ်သက်လိုလျှင် လူသားမျိုးနွယ်၏ ရှုထောင့်မှ နိုင်ငံတစ်နိုင်ငံအပေါ် လူတို့၏ အဓိပ္ပာယ်သတ်မှတ်ချက်သည် ၎င်းတို့၏ မြင်ကွင်းတစ်လျှောက်တွင် ၎င်းတို့မြင်နိုင်သော နေရာများ သို့မဟုတ် ၎င်းတို့ခြေကျင်လျှောက်ပြီး တိုင်းတာနိုင်သော နယ်မြေ၊ သို့မဟုတ် ၎င်းတို့ ပျော်ရွှင်စွာ၊ လွတ်လပ်စွာ၊ တရားဥပဒေနှင့်အညီ နေထိုင်နိုင်သော စက်ဝန်းတစ်ခုမျှသာ ဖြစ်၏။ နိုင်ငံတစ်နိုင်ငံအပေါ် ဤသို့သော အယူအဆရှိသူ မည်သူအတွက်မဆို ၎င်းတို့နေထိုင်သည့် နယ်မြေနှင့် ၎င်းတို့၏ ဘဝစက်ဝန်းသည် ၎င်းတို့အား တည်ငြိမ်သော၊ ပျော်ရွှင်သော၊ လွတ်လပ်သောဘဝကို ပေးနိုင်သည်။ ဤသည်မှာ ၎င်းတို့၏ဘဝတွင် အခြေခံလိုအပ်ချက်ဖြစ်သည်။ ဤအခြေခံလိုအပ်ချက်မှာ လူတို့ ခုခံကာကွယ်ရန် ကြိုးပမ်းသည့် ဦးတည်ချက်နှင့် ပန်းတိုင်လည်းဖြစ်သည်။ ဤအခြေခံလိုအပ်ချက်သည် စိန်ခေါ်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ချိုးဖောက်ခြင်းခံရသည်နှင့် တစ်ပြိုင်နက် လူတို့သည် အသေအချာပင် အလိုအလျောက်ထရပ်ပြီး ခုခံကာကွယ်လိမ့်မည်။ ဤခုခံကာကွယ်ခြင်းသည် ကျိုးကြောင်းခိုင်လုံပြီး လူ့သဘာဝ၏ လိုအပ်ချက်များမှ အရင်းခံသည့်အပြင် ရှင်သန်ရေးအတွက် လိုအပ်ချက်များလည်း ဖြစ်သည်။ မည်သူကမျှ လူတို့အား “သင်၏ ဇာတိမြို့နှင့် နေရပ်သည် တိုင်းတစ်ပါးရန်သူ၏ ကျူးကျော်မှုကို ရင်ဆိုင်ရသောအခါ သင်သည် ထရပ်ပြီး ထိုသူတို့ကို ခုခံကာကွယ်ရမည်၊ ထရပ်ပြီး ကျူးကျော်သူများကို တိုက်ခိုက်ရမည်” ဟူ၍ ပြောဖို့ မလိုအပ်ပေ။ ၎င်းတို့သည် အလိုအလျောက် ထရပ်ပြီး ခုခံကာကွယ်လိမ့်မည်။ ဤသည်မှာ လူသား၏ ပင်ကိုဗီဇဖြစ်သည်သာမက လူသား၏ ရှင်သန်ရေး လိုအပ်ချက်လည်းဖြစ်သည်။ ထို့ကြောင့် သာမန်လူတစ်ယောက်နှင့် ပတ်သက်လျှင် ထိုသူအား သူ၏ ဇာတိမြေနှင့် နေရပ်ကို ကာကွယ်ရန် ထိုသူအား အားပေးတိုက်တွန်းဖို့အတွက် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသကဲ့သို့သော အယူအဆများကို သင်အသုံးပြုဖို့ မလိုအပ်ပေ။ တစ်စုံတစ်ယောက်က ဤသို့သော အယူအဆများအား လူတို့အတွင်းသို့ အမှန်တကယ် သွတ်သွင်းလိုလျှင် သူ၏ ရည်ရွယ်ချက်သည် သိပ်မရိုးရှင်းပေ။ သူ၏ ရည်ရွယ်ချက်သည် လူတို့အား ၎င်းတို့၏ နေရပ်ကို ခုခံကာကွယ်ဖို့၊ ၎င်းတို့၏ အခြေခံ အသက်ရှင်ရပ်တည်ရေး လိုအပ်ချက်များကို သေချာစေဖို့ သို့မဟုတ် ပိုမိုကောင်းမွန်သော ဘဝများကို လူတို့နေထိုင်ဖို့အတွက် မဟုတ်ပေ။ ၎င်းတို့၌ အခြားရည်ရွယ်ချက်ရှိသည်။ ယင်းမှာ အုပ်ချုပ်သူများကို အာဏာတည်မြဲစေရန်သာ ဖြစ်၏။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင်နေရပ်ကို ကာကွယ်ရန်အတွက် မည်သည့်စွန့်လွှတ်မှုကိုမဆို ပင်ကိုဗီဇအလျောက် ပြုလုပ်မည်ဖြစ်ပြီး အခြားလူများအနေဖြင့် ၎င်းတို့ကို မည်သည့်အရာကို လုပ်ဆောင်ရမည်၊ မည်သို့ထရပ်ပြီး မိမိတို့၏ ကိုယ်ပိုင်အိမ်ထောင်တို့ကို ကာကွယ်ရမည်အကြောင်း ပြောပြရန်အတွက် ကြီးကျယ်သော စကားအသုံးအနှုန်းတစ်ခုခုကို အသုံးပြုစရာ မလိုအပ်ဘဲ ၎င်းတို့၏ အခြေခံရှင်သန်ရေး လိုအပ်ချက်များ ပြည့်မီဖို့ သေချာစေရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်နေရပ်နှင့် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကို သတိရှိရှိဖြင့် ကာကွယ်လိမ့်မည်။ ဤဗီဇစိတ်၊ ဤအခြေခံ အသိစိတ်ကို တိရစ္ဆာန်များကပင် ပိုင်ဆိုင်ကြပြီး မည်သည့်တိရစ္ဆာန်ထက်မဆို ပို၍အဆင့်မြင့်သော ဖန်ဆင်းခံများဖြစ်ကြသည့် လူသားများက လုံးဝ ပိုင်ဆိုင်ကြသည်။ တိရစ္ဆာန်များပင် ၎င်းတို့၏ နေရပ်နှင့် စားကျက်မြေ၊ ၎င်းတို့၏အိမ်နှင့် ၎င်းတို့၏ အသိုင်းအဝိုင်းကို ပြင်ပရန်သူများ၏ ကျူးကျော်ခြင်းမှ ကာကွယ်လိမ့်မည်။ တိရစ္ဆာန်များ၌ ဤသို့သော အသိစိတ်မျိုးရှိလျှင် လူသားများ၌ ရှိသည်မှာ အသေအချာပင်။ ထို့ကြောင့် ထိုအတွေးအခေါ်သမားများက အဆိုပြုသော “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆသည် လူသားမျိုးနွယ်၏ အဖွဲ့ဝင်အားလုံးအတွက် မလိုအပ်ပေ။ ထို့ပြင် လူတို့၏ စိတ်နှလုံးထဲတွင်ရှိသော နိုင်ငံတစ်နိုင်ငံ၏ အဓိပ္ပာယ်သတ်မှတ်ချက်နှင့်ပတ်သက်လျှင် ဤအယူအဆသည်လည်း အခြေခံအားဖြင့် မလိုအပ်ပေ။ သို့သော် ထိုအတွေးအခေါ်သမားများက အဘယ်ကြောင့် ယင်းကို အဆိုပြုနေသေးသနည်း။ အခြားရည်ရွယ်ချက်တစ်ခုကို ၎င်းတို့ ရရှိလိုသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ တကယ့်ရည်ရွယ်ချက်သည် လူတို့အား ၎င်းတို့၏ လက်ရှိနေရပ်တွင် ပို၍ကောင်းစွာ အသက်ရှင်နိုင်စေရန်အတွက် မဟုတ်သကဲ့သို့ ပို၍တည်ငြိမ်သော၊ ပို၍ဝမ်းမြောက်ဖွယ်ကောင်းသော၊ ပို၍ပျော်ရွှင်သော နေထိုင်ရာပတ်ဝန်းကျင် ရှိစေရန်အတွက်လည်း မဟုတ်ပေ။ ၎င်းတို့သည် လူတို့အား ကာကွယ်သည့် အမြင်ရှုထောင့်မှနေ၍ တင်ပြခြင်းမဟုတ်သကဲ့သို့ လူတို့၏ နေရပ်များကို ကာကွယ်ပေးခြင်း အမြင်ရှုထောင့်မှ တင်ပြခြင်းလည်း မဟုတ်ပေ။ အုပ်ချုပ်သူများ၏ အမြင်ရှုထောင့်နှင့် ရပ်တည်ချက်မှနေ၍ တင်ပြခြင်းဖြစ်သည်။ လူတို့အား “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကို သွတ်သွင်းပြီး ၎င်းတို့အား ဤအယူအဆကို ပိုင်ဆိုင်ဖို့အတွက် လှုံ့ဆော်ရန်ဖြစ်သည်။ ဤသို့သော အယူအဆကို သင်မပိုင်ဆိုင်လျှင် သင်၏ အတွေးအခေါ်နယ်ပယ်သည် နိမ့်ကျသည်ဟု မှတ်ယူခြင်းခံရမည်ဖြစ်သည်။ ထို့ပြင် လူတိုင်း၏ လှောင်ပြောင်ခြင်းကို သင်ခံရမည်ဖြစ်ပြီး မည်သည့်လူမျိုးစုမဆို၏ အထင်သေးခြင်းကို ခံရမည်။ သင်သည် ဤသို့သောအယူအဆကို မပိုင်ဆိုင်လျှင်၊ ဤပိုမိုမြင့်မြတ်သော ဖြောင့်မတ်ခြင်းနှင့် ဤစိတ်ဓာတ်မရှိလျှင် သင်သည် နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိသူ၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် အောက်တန်းကျသူအဖြစ် မှတ်ယူခြင်းခံရမည်။ ဤ အောက်တန်းကျသူဆိုသူများသည် လူ့အဖွဲ့အစည်းထဲ၌ အထင်အမြင်သေးခြင်းခံရသူများ၊ လူ့အဖွဲ့အစည်း၏ ခွဲခြားဆက်ဆံပြီး စက်ဆုပ်ရွံရှာခြင်း ခံရသူများဖြစ်ကြသည်။

ဤကမ္ဘာလောက၊ ဤလူ့အဖွဲ့အစည်းတွင် ဆင်းရဲသော၊ သို့မဟုတ် ခေတ်နောက်ကျသော နိုင်ငံတွင် မွေးဖွားသူ၊ သို့မဟုတ် အဆင့်အတန်းနိမ့်ကျသော လူမျိုးမှလာသောသူ မည်သူမဆိုသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ၎င်းတို့၏ လူမျိုးကို တရားဝင်ထုတ်ဖော်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ အဆင့်အတန်းသည် ရုတ်ချည်းပင် သတ်မှတ်ခြင်းခံရပြီး သူတစ်ပါးတို့ထက် နိမ့်ကျသည်ဟု မှတ်ယူခြင်းခံရမည်။ အထင်သေးခြင်းခံရပြီး ခွဲခြားဆက်ဆံခြင်းခံရမည်ဖြစ်သည်။ သင်၏ လူမျိုးသည် အင်အားကြီးသောနိုင်ငံမှဖြစ်လျှင် သင်သည် မည်သည့်လူမျိုးစုတွင်မဆို အလွန်မြင့်သော အဆင့်အတန်းရှိလိမ့်မည်ဖြစ်ပြီး သူတစ်ပါးတို့ထက် သာလွန်သည်ဟု မှတ်ယူခြင်းခံရမည်။ ထို့ကြောင့် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဟူသည့် ဤအယူအဆသည် လူတို့၏ စိတ်နှလုံးတွင် အရေးကြီးသောနေရာတစ်ခုရှိသည်။ လူတို့တွင် နိုင်ငံတစ်နိုင်ငံအပေါ် အလွန်အကန့်အသတ်ရှိပြီး ခိုင်မာသော အယူအဆတစ်ခုရှိသည်။ သို့သော် လူသားမျိုးနွယ်တစ်ခုလုံးက အခြားသောနိုင်ငံတစ်ခုမှ မည်သည့်လူမျိုးစုမဆိုနှင့် မည်သူမဆိုကို ဆက်ဆံသည့်ပုံစံအပြင် ၎င်းတို့၏ အဆင့်အတန်းကို သတ်မှတ်သော နည်းလမ်းနှင့် စံသတ်မှတ်ချက်တို့သည်လည်း ၎င်းတို့နိုင်ငံ၏ ကံကြမ္မာနှင့် အလွန်ပင် သက်ဆိုင်မှုရှိသောကြောင့် လူတိုင်းသည် စိတ်အတွင်းတွင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆ၏ လွှမ်းမိုးခြင်းကို အတိုင်းအတာအမျိုးမျိုးဖြင့် ခံရသည်။ ဤသို့ဆိုလျှင် လူတို့သည် ဤအယူအဆ၏ လွှမ်းမိုးမှုကို မည်သို့ ခါချရမည်နည်း။ ဦးစွာ ဤအယူအဆသည် လူတို့အား အဘယ်သို့ လွှမ်းမိုးသည်ကို ကြည့်ကြစို့။ နိုင်ငံတစ်နိုင်ငံအပေါ် လူတို့၏ အဓိပ္ပာယ်သတ်မှတ်ချက်သည် ၎င်းတို့ နေထိုင်သည့် ပတ်ဝန်းကျင်တစ်ခုထက်ပို၍ မကျယ်ပြန့်သော်လည်း၊ ပြီးလျှင် လူတို့သည် ပို၍ ကောင်းမွန်စွာ ရှင်သန်ရပ်တည်နိုင်ရန်အတွက် ၎င်းတို့၏ အခြေခံ အသက်ရှင်နေထိုင်ပိုင်ခွင့်နှင့် ၎င်းတို့၏ ရှင်သန်ရေးလိုအပ်ချက်များကိုသာ ထိန်းသိမ်းလိုကြသော်လည်း ယခုခေတ်ကာလတွင် လူသားမျိုးနွယ်တစ်ခုလုံးသည် စဉ်ဆက်မပြတ် လှုပ်ရှားလည်ပတ်နေသည်။ ပြီးလျှင် လူသားတို့သည် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကို မသိစိတ်မှနေ၍ လက်ခံနေကြသည်။ ဆိုလိုသည်မှာ လူ့သဘာဝ၏ ရှုထောင့်မှကြည့်လျှင် လူတို့သည် “ကြီးမြတ်သောလူမျိုး”၊ “သာယာဝပြောသော မင်းဆက်”၊ “အင်အားကြီးနိုင်ငံ”၊ “နည်းပညာ အင်အား”၊ “စစ်တပ်အင်အား” စသည်တို့ကဲ့သို့သော နိုင်ငံတစ်နိုင်ငံ၏ အနှစ်မဲ့သော၊ ခမ်းနားကြီးကျယ်သော အဓိပ္ပာယ်သတ်မှတ်ချက်များကို လက်မခံလိုကြပေ။ သာမန်လူ့သဘာဝတွင် ဤသို့သော အယူအဆများမရှိဘဲ လူတို့သည် ၎င်းတို့၏နေ့စဉ်ဘဝတွင် ဤအရာများကို စိတ်ထဲတွင် မထားရှိလိုပေ။ သို့သော် တစ်ချိန်တည်းတွင် လူတို့သည် ကျန်သည့်လူသားမျိုးနွယ်နှင့် ရောနှောလိုက်သောအခါတွင် မည်သို့ပင်ဖြစ်စေ အင်အားကြီးနိုင်ငံတစ်ခု၏ လူမျိုးဖြစ်လိုကြသည်။ အထူးသဖြင့် သင်သည် နိုင်ငံရပ်ခြားသို့ ခရီးသွားပြီး အခြားသောလူမျိုးစုထဲ၌ ရှိနေလျှင် သင့်နိုင်ငံ၏ ကံကြမ္မာသည် သင်၏ အလွန်အရေးပါသော အကျိုးစီးပွားများအပေါ် သက်ရောက်မှုရှိသည်ဟူ၍ သင် အလွန်အမင်း ခံစားရလိမ့်မည်။ သင်၏ နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အားကြီးလျှင်၊ ချမ်းသာလျှင်၊ မြင့်မားသော အဆင့်အတန်းရှိလျှင် လူတို့ကြားရှိ သင်၏ အဆင့်အတန်းသည် သင့်နိုင်ငံ၏ အဆင့်အတန်းနှင့်အညီ မြင့်တက်လိမ့်မည်။ သင်သည် အလွန်ပင်အရေးစိုက်ခြင်းခံရမည်။ သင်သည် ဆင်းရဲသောနိုင်ငံ၊ သေးငယ်သော လူမျိုးစု၊ သို့မဟုတ် မထင်ရှားသောလူမျိုးစုတစ်ခုခုမှလာလျှင် သင်၏ နိုင်ငံသားနှင့် လူမျိုးစုနှင့်အညီ သင်၏ အဆင့်အတန်းက နိမ့်ကျလိမ့်မည်။ သင်သည် မည်သို့သောလူပုဂ္ဂိုလ်မျိုးဖြစ်စေ၊ သင်၏ နိုင်ငံက မည်သည့်နိုင်ငံဖြစ်စေ၊ မည်သည့်လူမျိုးတွင် သင် ပါဝင်သည်ဖြစ်စေ သင်သည် သေးငယ်သော စက်ဝန်းအတွင်း၌သာ နေထိုင်လျှင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆသည် သင့်အပေါ် မည်သည့်လွှမ်းမိုးမှုမျှ ရှိမည်မဟုတ်ပေ။ သို့သော် လူသားမျိုးနွယ်တစ်ခုလုံးရှိ နိုင်ငံအမျိုးမျိုးမှလူတို့သည် အတူတကွ စုဝေးလိုက်သောအခါ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကို ပို၍များသောလူတို့က လက်ခံကြသည်။ ဤလက်ခံမှုသည် စိတ်မပါဘဲ လက်ခံခြင်းမဟုတ်ပေ။ ထိုအစား ယင်းသည် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကားသည် မှန်ကန်သည်ဟု သင်၏ တစ်ဖက်သတ်စိတ်ဆန္ဒက ပို၍လေးနက်စွာ နားလည်သဘောပေါက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်နိုင်ငံ၏ ကံကြမ္မာသည် လူတို့ကြားရှိ သင်၏ အဆင့်အတန်း၊ ဂုဏ်၊ တန်ဖိုးတို့နှင့် ခွဲခြား၍မရနိုင်အောင် ဆက်စပ်နေသောကြောင့်ဖြစ်သည်။ ထိုအခြေအနေတွင် သင့်နိုင်ငံ၏ အယူအဆနှင့် အဓိပ္ပာယ်သတ်မှတ်ချက်သည် သင်မွေးဖွားကြီးပြင်းသည့် သေးငယ်သောနေရာတစ်ခုသာဖြစ်သည်ဟု သင် မခံစားရတော့ပေ။ ထိုအစား သင်၏ နိုင်ငံကို ပို၍ကြီးပြီး အင်အားကြီးဖို့ သင်မျှော်လင့်သည်။ သို့ရာတွင် သင့်နိုင်ငံသို့ သင်ပြန်လာသောအခါ သင်၏စိတ်တွင် နိုင်ငံသည် တစ်ဖန်ပြန်၍ အလွန် အသေးစိတ်ကျသွားသည်။ ဤအသေးစိတ်ကျသောနေရာသည် ပုံသဏ္ဌာန်မရှိသော နိုင်ငံတစ်ခုမဟုတ်ဘဲ သင်၏ ဇာတိမြို့မှ လမ်းကြောင်း၊ စမ်းချောင်း၊ ရေတွင်းဖြစ်သည်။ ပြီးလျှင် သင် ကောက်ပဲသီးနှံစိုက်သည့် သင့်အိမ်၏ လယ်ကွင်းများဖြစ်သည်။ ထို့ကြောင့် သင်၏ အမြင်တွင် သင့်နိုင်ငံသို့ ပြန်လာခြင်းသည် ပို၍ အတိအကျဆိုရလျှင် သင်၏ ဇာတိမြို့သို့ ပြန်လာခြင်း၊ အိမ်သို့ ပြန်လာခြင်းဖြစ်သည်။ သင် အိမ်သို့ ပြန်လာသောအခါ နိုင်ငံက တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ အုပ်ချုပ်သူက မည်သူဖြစ်စေ၊ နိုင်ငံ၏ ပိုင်နက်က မည်မျှကြီးသည်ဖြစ်စေ၊ နိုင်ငံ၏ စီးပွားရေးအခြေအနေက မည်သို့ရှိသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ အရေးမပါပေ။ ထိုအရာများထဲမှ မည်သည့်အရာကမျှ သင့်အတွက် အရေးမပါပေ။ သင်၏ အိမ်ရှိနေဆဲဖြစ်သရွေ့ သင်သည် ပြန်ဖို့ ရည်ရွယ်ပြီး သင်၏ ခရီးသွားအိတ်ကို ပခုံးတွင်လွယ်သောအခါ၌ သင့်တွင် ဦးတည်ချက်နှင့် သွားမည့်နေရာတစ်ခုရှိလိမ့်မည်။ သင့်တွင် သင်၏ ဦးထုပ်ကို ချိတ်ရန် နေရာတစ်နေရာရှိသေးသရွေ့၊ သင်မွေးဖွားကြီးပြင်းခဲ့သည့်နေရာ ရှိနေသေးသရွေ့ သင်သည် သံယောဇဉ်နှောင်ကြိုးနှင့် သွားရမည့်နေရာ တစ်ခုရှိနေလိမ့်မည်။ အဆိုပါနေရာ တည်ရှိသည့်နိုင်ငံက ပျက်သုဉ်းသွားပြီး အစိုးရက ပြောင်းလဲသွားလျှင်ပင် ထိုနေရာ၌ သင်၏ အိမ်ရှိနေသေးသရွေ့ မည်သို့ပင်ဖြစ်စေ သင့်၌ ပြန်ရန် အိမ်တစ်အိမ်ရှိသည်။ ဤသည်မှာ လူတို့စိတ်တွင်ရှိသော နိုင်ငံနှင့်ပတ်သက်သည့် အလွန်ပင် ကွဲလွဲဆန့်ကျင်နေပြီး မရေရာသော အယူအဆတစ်ခုဖြစ်သည်။ သို့သော် အိမ်နှင့်ပတ်သက်ပြီး အလွန်ခိုင်မာသည့် အယူအဆလည်းဖြစ်သည်။ လူတို့သည် အမှန်တွင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆသည် မှန်ကန်သည်၊ မမှန်ကန်သည်ကို မသေချာပေ။ သို့သော် ဤအယူအဆသည် ၎င်းတို့၏ အသေးစိတ် လူမှုအဆင့်အတန်းအပေါ် သက်ရောက်မှုတစ်ခုရှိသောကြောင့် လူတို့သည် နိုင်ငံ၊ လူမျိုး၊ အမျိုးအနွယ်နှင့်ပတ်သက်ပြီး မသိစိတ်မှနေ၍ ပြင်းပြသော စိတ်တစ်ခုဖြစ်လာကြသည်။ လူတို့သည် ၎င်းတို့ဇာတိမြို့ရှိ သေးငယ်သော အဝန်းအတွင်း၌သာ နေထိုင်သောအခါတွင် ၎င်းတို့၌ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဟူသည့် အယူအဆအပေါ် ခံနိုင်ရည်၊ သို့မဟုတ် ခုခံမှုအတိုင်းအတာတစ်ခုအထိ ရှိကြသည်။ သို့သော် ၎င်းတို့၏ ဇာတိမြို့နှင့် ဇာတိမြေကို စွန့်ခွာပြီး ၎င်းတို့နိုင်ငံ၏ အုပ်စိုးမှုကို ကျော်လွန်၍ သွားသောအခါတိုင်းတွင် ၎င်းတို့၌ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဟူသည့် အယူအဆကို မရည်ရွယ်ဘဲ သတိပြုမိခြင်း၊ လက်ခံခြင်းတစ်ခုခုရှိကြသည်။ ဥပမာ သင်သည် နိုင်ငံရပ်ခြားသို့သွားသောအခါ တစ်စုံတစ်ယောက်က သင်မည်သည့်နိုင်ငံမှလာသည်ဆိုသည်ကို မေးလျှင် သင်က “ငါသည် စင်ကာပူနိုင်ငံသားဖြစ်သည်ဟု ဆိုလျှင် လူတို့က ငါ့အား အထင်ကြီးကြလိမ့်မည်၊ ငါသည် တရုတ်နိုင်ငံသားဖြစ်သည်ဟု ဆိုလျှင်မူ လူတို့က ငါ့ကို အထင်သေးကြလိမ့်မည်” ဟူ၍ တွေးတောလိမ့်မည်။ ထို့ကြောင့် သင်က ၎င်းတို့အား အမှန်အတိုင်း မပြောရဲပေ။ သို့သော် တစ်နေ့တွင် သင်၏ လူမျိုး ပေါ်လွင်သွားသည်။ သင်သည် တရုတ်လူမျိုးဖြစ်သည်ကို လူတို့ သိရှိသွားကြသည်။ ထိုအချိန်မှစ၍ ၎င်းတို့က သင့်အား ပုံစံတစ်မျိုးနှင့် မြင်ကြသည်။ သင်သည် ခွဲခြားဆက်ဆံခံရသည်။ အထင်သေးခြင်းခံရသည်။ ဖိနှိပ်ခံရသည့် နိုင်ငံသားအမျိုးအစားအဖြစ်ပင် မှတ်ယူခြင်းခံရသည်။ ဤအချိန်တွင် သင်သည် “‘လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်’ ဆိုသည့် ထိုဆိုရိုးစကားသည် အတိအကျပင် မှန်သည်၊ ငါသည် ငါ၏ နိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်မရှိဟု ထင်ခဲ့ဖူးသည်၊ သို့သော် ယခုတွင် နိုင်ငံ၏ ကံကြမ္မာသည် လူတိုင်းအပေါ် သက်ရောက်သည့်ပုံစံရှိသည်၊ နိုင်ငံက ကြွယ်ဝချမ်းသာသောအခါ၊ လူတိုင်း ကြွယ်ဝချမ်းသာသည်၊ သို့သော် နိုင်ငံက ပြိုလဲသောအခါ လူတိုင်းက ဤအတွက် ဒုက္ခခံရသည်၊ ငါတို့နိုင်ငံက မဆင်းရဲသလော၊ အာဏာရှင်စနစ်မဟုတ်သလော၊ အုပ်ချုပ်သူများက နာမည်ဆိုးမရှိသလော၊ ဤအတွက်ကြောင့် လူတို့က ငါ့အား အထင်သေးခြင်းဖြစ်သည်၊ အနောက်နိုင်ငံများရှိ လူတို့သည် မည်မျှ ချမ်းသာပြီး ပျော်ရွှင်ကြသည်ကို ကြည့်လော့၊ ၎င်းတို့သည် မည်သည့်နေရာကိုမဆို လွတ်လပ်စွာသွားလာခွင့်ရှိပြီး မည်သည့်အရာကိုမဆို လွတ်လပ်စွာ ယုံကြည်ခွင့်ရှိသည်၊ ကွန်မြူနစ်အစိုးရလက်အောက်တွင်မူ ငါတို့သည် ဘုရားကို ယုံကြည်ခြင်းအတွက် ဖိနှိပ်ခံရပြီး နေရာတကာသို့ ပြေးရသည်၊ အိမ်သို့ မပြန်နိုင်ပေ၊ အနောက်နိုင်ငံတွင် မွေးခဲ့လျှင် မည်မျှကောင်းလိမ့်မည်နည်း” ဟူ၍ မရည်ရွယ်ဘဲ တွေးမိကြသည်။ ဤအခြေအနေတွင် နိုင်ငံလူမျိုးသည် အလွန်အမင်း အရေးကြီးသည်ဟု သင်ခံစားရသည်။ သင့်နိုင်ငံ၏ ကံကြမ္မာသည် သင့်အတွက် အရေးကြီးလာသည်။ မည်သို့ပင်ဖြစ်စေ လူတို့သည် ဤသို့သောပတ်ဝန်းကျင်နှင့် အခြေအနေ၌ နေထိုင်သောအခါတွင် ၎င်းတို့သည် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဟူသည့် အယူအဆ၏ လွှမ်းမိုးခြင်းကို မသိဘဲ ခံရပြီး အတိုင်းအတာအမျိုးမျိုးအထိ စိုးမိုးခြယ်လှယ်ခြင်းကို ခံရသည်။ ဤအဆင့်တွင် လူများ၊ အမှုအရာများ၊ အကြောင်းကိစ္စများအပေါ် လူတို့၏ အပြုအမူ၊ အမြင်၊ ရှုထောင့်၊ ရပ်တည်ချက်တို့သည် အတိုင်းအတာအမျိုးမျိုးအထိ ပြောင်းလဲမည်ဖြစ်သည်။ ပြီးလျှင် ယင်းကြောင့်အကျိုးဆက်နှင့် သက်ရောက်မှု ပမာဏအမျိုးမျိုး ဖြစ်ပေါ်လာသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် လူတို့၏ အတွေးအခေါ်အပေါ် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် ဆိုရိုးစကား၏ လွှမ်းမိုးမှုနှင့် ပတ်သက်ပြီး ခိုင်လုံသော အထောက်အထား ပမာဏတစ်ခုရှိသည်။ နိုင်ငံတစ်နိုင်ငံအပေါ် လူတို့၏ အယူအဆသည် လူ့သဘာဝ၏ ရှုထောင့်မှကြည့်လျှင် အလွန်ရှင်းလင်းပြတ်သားခြင်းမရှိသော်လည်း မည်သို့ပင်ဖြစ်စေ လူမှုအခြေအနေအချို့တွင် နိုင်ငံတစ်နိုင်ငံနှင့် သက်ဆိုင်ခြင်းမှလာသော လူမျိုးသည် လူတို့အပေါ် လွှမ်းမိုးမှုရှိဆဲဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်ဘဲ ဤပြဿနာများကို ရှင်းလင်းစွာ မသိမြင်လျှင် ၎င်းတို့သည် ဤအယူအဆ၏ အချုပ်အနှောင်များ၊ ယိုယွင်းပျက်စီးစေတတ်သော သက်ရောက်မှုများကို ဖယ်ရှားနိုင်မည်မဟုတ်ပေ။ ဤသည်မှာ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းသည့် ၎င်းတို့၏ စိတ်အခြေအနေနှင့် သဘောထားကိုလည်း ထိခိုက်လိမ့်မည်။ ယေဘုယျပတ်ဝန်းကျင်ပြောင်းလဲသောအခါတွင် လူ့သဘာဝ၏ ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ လူတို့၏ အတွေးအခေါ်ရှိ ပြောင်းလဲမှုများ၊ ထိုးဖောက်ကျော်လွှားမှုများအရ ကြည့်သည်ဖြစ်စေ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသော စာတန်တင်ပြသည့် အယူအဆသည် လူတို့အပေါ် အမှန်ပင် လွှမ်းမိုးမှုတစ်ခုရှိသည်။ ပြီးလျှင် အမှန်ပင် လူသား၏ အတွေးအခေါ်အပေါ် ယိုယွင်းပျက်စီးစေတတ်သည့် သက်ရောက်မှုတစ်ခုရှိသည်။ လူတို့သည် နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကဲ့သို့သော ကိစ္စရပ်များကို မည်သို့ မှန်ကန်စွာ ရှင်းပြရမည်ကို နားမလည်သောကြောင့်၊ ဤကိစ္စရပ်တွင် ပါဝင်သော သမ္မာတရားကို နားမလည်သောကြောင့် မတူညီသော ပတ်ဝန်းကျင်များအတွင်းတွင် ၎င်းတို့သည် ဤအယူအဆ၏ လွှမ်းမိုးခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်းကို မကြာခဏခံရသည်၊ သို့မဟုတ် ၎င်းတို့၏ စိတ်အခြေအနေကို ထိခိုက်သည်။ ထိုအရာမှာ တန်ကို မတန်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။