သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၃) အပိုင်း သုံး

နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်လျှင် ဘုရားသခင်က ယင်းကို မည်သို့ရှုမြင်သည်ဆိုသည်နှင့် လူတို့သည် ယင်းကို မည်သို့ မှန်ကန်စွာ ရှုမြင်သင့်သည်ဆိုသည်ကို လူတို့ နားလည်သင့်သလော။ (နားလည်သင့်သည်။) လူတို့သည် ဤအမှုကိစ္စနှင့်ပတ်သက်လျှင် မည်သည့်ရပ်တည်ချက်ကို ၎င်းတို့ ခံယူသင့်သည်ဆိုသည်ကို အတိအကျပင် နားလည်သင့်သည်။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆက ၎င်းတို့အပေါ်တွင်ရှိသည့် ယိုယွင်းပျက်စီးစေတတ်သော သက်ရောက်မှုနှင့် လွှမ်းမိုးမှုကို ဖယ်ရှားဖို့ရန်အတွက်ဖြစ်သည်။ ဦးစွာပထမ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာသည် မည်သူမဆို၊ မည်သည့်အင်အားစုမဆို၊ မည်သည့်လူမျိုးစုမဆို၏ လွှမ်းမိုးခြင်းကို ခံရနိုင်သလောဆိုသည်ကို ကြည့်ကြစို့။ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကို မည်သူက ဆုံးဖြတ်သနည်း။ (ဘုရားသခင်က အဆုံးအဖြတ်ပေးသည်။) မှန်သည်။ ဤအကြောင်းရင်းကို နားလည်ရမည်။ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် နီးကပ်စွာ ဆက်နွှယ်နေပြီး အခြားမည်သူနှင့်မျှ ဆက်နွှယ်ခြင်းမရှိပေ။ မည်သည့်အင်အားစု၊ အယူအဆ၊ သို့မဟုတ် လူပုဂ္ဂိုလ်ကမျှ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကို မပြောင်းလဲနိုင်ပေ။ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာတွင် မည်သည့်အရာ ပါဝင်သနည်း။ နိုင်ငံ၏ ချမ်းသာဝပြောမှု၊ ဆုတ်ယုတ်မှုတို့ ပါဝင်သည်။ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်စေ၊ ခေတ်နောက်ကျသည်ဖြစ်စေ၊ ပထဝီတည်နေရာက မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ၊ ပိုင်နက်က မည်မျှကျယ်သည်ဖြစ်စေ၊ အရွယ်အစား၊ အရင်းအမြစ်အားလုံးက မည်သို့ရှိသည်ဖြစ်စေ၊ မြေပေါ်၊ မြေအောက်နှင့် လေထုတွင် အရင်းအမြစ်မည်မျှရှိသည်ဖြစ်စေ၊ နိုင်ငံ၏ အစိုးရက မည်သူဖြစ်စေ၊ မည်သည့်လူအမျိုးအစားက အုပ်ချုပ်သည့် ရာထူးစဉ်စနစ်တွင် ပါဝင်ဖွဲ့စည်းသည်ဖြစ်စေ၊ အစိုးရ၏ နိုင်ငံရေးလမ်းညွှန်စည်းမျဉ်းများနှင့် အုပ်ချုပ်ပုံနည်းလမ်းများက မည်သည့်အရာများဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုသည်၊ ကျိုးနွံနာခံသည်ဖြစ်စေ၊ ဘုရားအပေါ် ၎င်းတို့သဘောထားက မည်သို့ဖြစ်စေ စသည်တို့အားလုံးသည် နိုင်ငံ၏ ကံကြမ္မာနှင့် သက်ဆိုင်မှုရှိသည်။ ဤအရာများကို မည်သည့်အင်အားစုက မဆိုထားနှင့် မည်သူတစ်ဦးတစ်ယောက်ကမျှ အဆုံးအဖြတ်ပေးခြင်းမရှိပေ။ မည်သူကမျှ၊ မည်သည့်အင်အားကမျှ အဆုံးအဖြတ်ပေးခွင့်မရှိသကဲ့သို့ စာတန်လည်း ထို့အတူပင်ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သူက အဆုံးအဖြတ်ပေးခွင့်ရှိသနည်း။ ဘုရားသခင်သာ အဆုံးအဖြတ်ပေးခွင့်ရှိသည်။ လူသားများသည် ဤအရာများကို နားမလည်ပေ။ စာတန်လည်း ထို့အတူဖြစ်သော်လည်း စာတန်က အာခံသည်။ စာတန်သည် လူသားတို့ကို အစဉ်သဖြင့် ဦးဆောင်လိုပြီး အုပ်စိုးလိုသည်။ ထို့ကြောင့် စာတန်သည် အကျင့်စာရိတ္တနှင့် လူမှုထုံးတမ်းဓလေ့များကဲ့သို့သောအရာများကို အားပေးမြှင့်တင်ရန်အတွက် လှုံ့ဆော်ပေးသော၊ အထင်အမြင်မှားစေသော အယူအဆနှင့် ထင်မြင်ချက်အချို့ကို အဆက်မပြတ် အသုံးပြုပြီး ဤအယူအဆများကို လူတို့ လက်ခံအောင် လုပ်ဆောင်သည်။ ဤနည်းအားဖြင့် အုပ်ချုပ်သူများကို အစေခံပြီး အုပ်ချုပ်သူများကို ဆက်လက်အာဏာရရှိနေစေရန်အတွက် လူတို့ကို အသုံးချသည်။ စင်စစ်အားဖြင့် စာတန်က မည်သို့လုပ်ဆောင်ပါစေ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာသည် စာတန်နှင့် ဆက်နွှယ်ခြင်းမရှိသကဲ့သို့ ဤရိုးရာယဉ်ကျေးမှု အယူအဆများကို မည်သို့ အားသွန်ခွန်စိုက်၊ လေးလေးနက်နက်ဖြင့် ကျယ်ပြန့်စွာ ဖြန့်ဖြူးသည့်နည်းနှင့်လည်း ဆက်နွှယ်မှုမရှိပေ။ မည်သည့်အချိန်ကာလမဆိုတွင်ရှိသော မည်သည့်နိုင်ငံမဆို၏ ရှင်သန်နေထိုင်ရာ အခြေအနေနှင့် ရပ်တည်မှုပုံစံသည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ခေတ်နောက်ကျသည်ဖြစ်စေ၊ ဖွံ့ဖြိုးတိုးတက်သည်ဖြစ်စေ၊ ထို့အပြင် ကမ္ဘာတွင်ရှိသော နိုင်ငံများစွာထဲတွင် အဆင့်က မည်သို့ရှိသည်ဖြစ်စေ ဤအရာအားလုံးတို့သည် အစိုးရ၏ အုပ်ချုပ်မှုအင်အားနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ ဤအတွေးအခေါ်သမားများ၏ အယူအဆများ၏ အနှစ်သာရ၊ သို့မဟုတ် ယင်းတို့ကို ၎င်းတို့ ဖြန့်ဖြူးသည့် အားမာန်နှင့်လည်း မသက်ဆိုင်ပေ။ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လူသားမျိုးနွယ်အားလုံးကို ဘုရားသခင် စီမံသည့် အချိန်ကာလနှင့်သာ သက်ဆိုင်သည်။ မည်သည့်အချိန်ကာလတွင်မဆို ဘုရားသခင်က မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်ဖို့ လိုသည်ဖြစ်စေ၊ မည်သည့်အရာများကို အုပ်စိုးပြီး စီစဉ်ညွှန်ကြားဖို့လိုသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းအားလုံးကို မည်သည့်ဦးတည်ချက်သို့ ဦးဆောင်သည်ဖြစ်စေ၊ မည်သည့်လူ့အဖွဲ့အစည်းပုံစံကိုမဆို ဖြစ်ပေါ်စေသည်ဖြစ်စေ ထိုအချိန်ကာလအတွင်းတွင် ထူးခြားသော ဇာတ်ကောင်အချို့ ပေါ်ထွက်လာပြီး ကြီးမားပြီး ထူးခြားသောအရာအချို့ ဖြစ်ပေါ်လိမ့်မည်။ ဥပမာ စစ်ပွဲ၊ သို့မဟုတ် အချို့သောနိုင်ငံများ၏ နယ်မြေကို အခြားသောနိုင်ငံများက တိုက်ခိုက်သိမ်းပိုက်ခြင်း၊ သို့မဟုတ် ထူးခြားသော၊ ထင်ပေါ်လာသော နည်းပညာအချို့ ပေါ်ထွက်မှု၊ သို့မဟုတ် ကမ္ဘာမြေ၏ ပင်လယ်နှင့် ကုန်းမြေထုကြီးများအားလုံး ရွေ့လျားမှုပင်ဖြစ်ပြီး စသည်တို့ဖြစ်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်ထဲရှိ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၏ အုပ်စိုးခြင်းခံရသည်။ သာမန်မျှသာဖြစ်သောသူတစ်ဦး၏ ပေါ်ထွန်းမှုသည် လူသားမျိုးနွယ်တစ်ခုလုံးကို ရှေ့သို့ ကြီးမားသောခြေလှမ်းတစ်ခုလှမ်းဖို့အတွက် ဦးဆောင်မည်မှာလည်း ဖြစ်နိုင်သည်။ အလွန်ပင် သာမန်မျှသာဖြစ်သော၊ အရေးမပါသော ဖြစ်ရပ်တစ်ခု ပေါ်ထွက်လာခြင်းက လူသားမျိုးနွယ်တစ်ခုလုံး အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်းကို အစပျိုးပေးနိုင်ခြင်းသည် တန်းတူညီစွာပင် ဖြစ်နိုင်ခြေရှိသည်၊ သို့မဟုတ် အရေးမပါသော ဖြစ်ရပ်တစ်ခု၏ သက်ရောက်မှုအောက်တွင် လူသားမျိုးနွယ်အားလုံးသည် အကြီးစားပြောင်းလဲမှုတစ်ခုကို ကြုံရမည်ဆိုသည့်အရာ ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် စီးပွားရေး၊ စစ်ရေး၊ အရောင်းအဝယ်လုပ်ငန်း၊ သို့မဟုတ် ဆေးကုသမှု စသည်တို့နှင့် သက်ဆိုင်သော ပြောင်းလဲမှုအတိုင်းအတာအမျိုးမျိုး ဖြစ်လိမ့်မည်မှာ ဖြစ်နိုင်သည်။ ဤပြောင်းလဲမှုများသည် ကမ္ဘာပေါ်တွင်ရှိသော မည်သည့်နိုင်ငံကိုမဆို လွှမ်းမိုးပြီး မည်သည့်နိုင်ငံမဆို၏ ချမ်းသာဝပြောမှုနှင့် ဆုတ်ယုတ်မှုကိုလည်း လွှမ်းမိုးသည်။ ဤအတွက်ကြောင့် အင်အားကြီးသည်ဖြစ်စေ၊ အင်အားနည်းသည်ဖြစ်စေ မည်သည့်နိုင်ငံမဆို၏ ကံကြမ္မာ၊ တိုးတက်မှု၊ ကျရှုံးမှုတို့အားလုံးသည် လူသားမျိုးနွယ်ကြားရှိ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် သူ၏ အချုပ်အခြာအာဏာတို့ဖြင့် ဆက်နွှယ်နေသည်။ ဤသို့ဆိုလျှင် ဘုရားသခင်က အမှုအရာများကို အဘယ်ကြောင့် ဤသို့ လုပ်ဆောင်လိုသနည်း။ သူ၏ ရည်ရွယ်ချက်များသည် အရာရာတိုင်း၏ အရင်းအမြစ်တွင်ရှိသည်။ အတိုချုပ်အားဖြင့် ဆိုလျှင် မည်သည့်နိုင်ငံ၊ သို့မဟုတ် လူမျိုးမဆို၏ ရှင်သန်မှု၊ တိုးတက်မှု၊ ကျရှုံးမှုတို့သည် မည်သည့်လူမျိုး၊ မည်သည့်အာဏာ၊ မည်သည့် အုပ်ချုပ်သူလူတန်းစား၊ မည်သည့်အုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်း၊ မည်သည့်လူပုဂ္ဂိုလ်နှင့်မဆို လုံးဝ ဆက်စပ်မှုမရှိပေ။ ယင်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်သာ သက်ဆိုင်သည်။ ပြီးလျှင် ယင်းတို့သည် ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို စီမံသည့် အချိန်ကာလ၊ လူသားမျိုးနွယ်ကို စီမံပြီး ဦးဆောင်ရာတွင် ဖန်ဆင်းရှင်က နောက်ထပ်လျှောက်လှမ်းမည့် ခြေလှမ်းတို့နှင့်လည်း သက်ဆိုင်သည်။ ထို့ကြောင့် ဘုရားသခင်က လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် မည်သည့်နိုင်ငံ၊ လူမျိုး၊ တိုင်းရင်းသား၊ အုပ်စု၊ သို့မဟုတ် လူတစ်ဦးတစ်ယောက်မဆို၏ ကံကြမ္မာကို လွှမ်းမိုးသည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် မည်သည့်လူပုဂ္ဂိုလ်၊ တိုင်းရင်းသား၊ လူမျိုး၊ နိုင်ငံမဆို၏ ကံကြမ္မာသည် တစ်ခုနှင့်တစ်ခု အမှန်ပင် ချိတ်ဆက်နေပြီး နီးကပ်စွာ ရောယှက်ထားကြသည်ဟု ဆိုနိုင်ပြီး ယင်းတို့ကြားတွင် ခွဲ၍မရသော ဆက်နွှယ်မှုတစ်ခုရှိသည်။ သို့ရာတွင် ဤအရာများကြားရှိ ဆက်နွှယ်မှုကို “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆနှင့် အမြင်က ဖြစ်ပေါ်စေခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဤအရာများ၏ ကံကြမ္မာသည် တစ်ပါးတည်းသော စစ်မှန်သော ဘုရား၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသောကြောင့်ပင် ယင်းတို့ကြားတွင် ခွဲ၍မရသော ဆက်နွှယ်မှုတစ်ခုရှိခြင်းဖြစ်သည်။ ဤသည်မှာ နိုင်ငံတစ်ခု၏ ကံကြမ္မာ၏ အရင်းအမြစ်နှင့် အနှစ်သာရဖြစ်သည်။

ဤသို့ဆိုလျှင် လူဦးရေအများစု၏ ရှုထောင့်မှ ကြည့်လျှင် မိမိနိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်ပြီး မည်သည့်အမြင်ကို ကိုင်စွဲသင့်သနည်း။ ရှေးဦးစွာ နိုင်ငံသည် လူဦးရေအများစုကို ကာကွယ်ပြီး ၎င်းတို့ကို စိတ်ကျေနပ်မှု ရှိစေရန်အတွက် မည်မျှလုပ်ဆောင်သည်ကို ကြည့်သင့်သည်။ လူဦးရေအများစုမှာ ကောင်းစွာ အသက်ရှင်နေထိုင်လျှင်၊ လွတ်လပ်မှုရှိပြီး လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိလျှင်၊ နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းသော မူဝါဒများအားလုံးသည် အလွန်ပင် ယုတ္တိတန်ပြီး လူတို့က ယင်းတို့ကို မျှတပြီး ကျိုးကြောင်းသင့်မြတ်သည်ဟု မှတ်ယူလျှင်၊ သာမန်လူများ၏ လူ့အခွင့်အရေးသည် ကာကွယ်ပေးခြင်းခံရနိုင်လျှင်၊ လူတို့သည် ၎င်းတို့၏ အသက်ရှင်နေထိုင်ခွင့်ကို ဖယ်ရှားခြင်းမခံရလျှင် လူတို့သည် ဤနိုင်ငံအပေါ် အလိုအလျောက် မှီခိုလာလိမ့်မည်။ ဤနေရာတွင် နေရသည်ကို ပျော်ရွှင်လိမ့်မည်။ ထိုနိုင်ငံကို လှိုက်လှိုက်လှဲလှဲ နှစ်သက်မြတ်နိုးလိမ့်မည်။ ဤသို့ဆိုလျှင် လူတိုင်းက ဤနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်သိတတ်လိမ့်မည်။ လူတို့သည် ဤနိုင်ငံအပေါ် ၎င်းတို့၏ တာဝန်ကို အမှန်တကယ် ထမ်းဆောင်လိုစိတ်ရှိလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ဘဝအတွက်လည်းကောင်း၊ ၎င်းတို့နှင့်ပတ်သက်သော အရာရာတိုင်းအတွက်လည်းကောင်း အကျိုးအမြတ်ရှိသောကြောင့် ဤနိုင်ငံကို ထာဝရ တည်ရှိစေလိုလိမ့်မည်။ ဤနိုင်ငံသည် သာမန်လူတို့၏ ဘဝများကို ကာကွယ်မပေးနိုင်လျှင်၊ ၎င်းတို့ ထိုက်တန်သည့် လူ့အခွင့်အရေးကို မပေးလျှင်၊ လွတ်လပ်စွာ ပြောဆိုခွင့်ပင် မရှိလျှင်၊ စိတ်ထဲတွင်ရှိသည့်အရာကို ပြောဆိုသူတို့သည် ကန့်သတ်ခြင်း၊ နှိမ်နှင်းခြင်းခံရလျှင်၊ လူတို့သည် ၎င်းတို့ဆန္ဒရှိသည့်အရာကို ပြောဆိုခွင့်၊ သို့မဟုတ် ဆွေးနွေးခွင့်ပင် ပိတ်ပင်ခံရလျှင်၊ လူတို့သည် အနိုင်ကျင့်ခြင်း၊ အရှက်ရစေခြင်း၊ ဖိနှိပ်ခြင်းတို့ကို ခံရသောအခါ နိုင်ငံက ဂရုမစိုက်လျှင်၊ လွတ်လပ်ခွင့်လုံးဝ မရှိလျှင်၊ လူတို့၏ အခြေခံလူ့အခွင့်အရေးနှင့် အသက်ရှင်နေထိုင်ခွင့်ကို ပိတ်ပင်ခံရလျှင်၊ ဘုရားသခင်ကို ယုံကြည်ပြီး နာခံသူတို့သည် ဖိနှိပ်ခြင်း၊ နှိပ်ကွပ်ခြင်းပင်ခံရပြီး အိမ်သို့ မပြန်နိုင်ကြလျှင်၊ ယုံကြည်သူများကိုသတ်ခြင်းအားဖြင့် ပြစ်ဒဏ်မခံရလျှင်၊ ဤနိုင်ငံသည် နတ်ဆိုးများ၏ နိုင်ငံ၊ စာတန်၏ နိုင်ငံဖြစ်ပြီး နိုင်ငံအစစ်မဟုတ်ပေ။ ဤသို့ဆိုလျှင် လူတိုင်းသည် ဤနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်သိသင့်ဆဲဖြစ်သလော။ လူတို့သည် ဤနိုင်ငံကို ၎င်းတို့၏ စိတ်နှလုံးအတွင်းမှ ရွံမုန်းပြီး မုန်းတီးလျှင် ၎င်းတို့သည် သဘောတရားအရ တာဝန်ခံယူလျှင်ပင် ဤတာဝန်ကို ထမ်းဆောင်လိုစိတ်ရှိမည်မဟုတ်ပေ။ အင်အားကြီးသော ရန်သူက ဤနိုင်ငံကို ကျူးကျော်ရန် လာရောက်လျှင် လူအများစုသည် နိုင်ငံက ပြိုလဲလုဆဲဆဲဖြစ်ဖို့ကိုပင် မျှော်လင့်ကြလိမ့်မည်။ ဤသို့အားဖြင့် ပျော်ရွှင်သော ဘဝများကို ၎င်းတို့ နေထိုင်နိုင်ရန်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက နိုင်ငံတစ်ခု၏ ကံကြမ္မာအတွက် တာဝန်သိစိတ်ရှိမရှိသည် ထိုနိုင်ငံ၏ အစိုးရက လူတို့ကို မည်သို့ ဆက်ဆံသည်ဆိုသည့်အပေါ် မူတည်သည်။ အဓိကအချက်မှာ ပြည်သူ၏ ပံ့ပိုးမှုကို ရရှိခြင်း ရှိမရှိဖြစ်သည်။ ဤအချက်ကို အခြေခံပြီး အဓိကဆုံးဖြတ်သည်။ အခြေခံအားဖြင့် ပြောလျှင် အခြားအချက်မှာ မည်သည့်နိုင်ငံမဆိုတွင် ဖြစ်ပျက်သော အရာရာတိုင်း၏ နောက်ကွယ်တွင် ဤအရာကို ဖြစ်ပျက်စေသည့် အကြောင်းရင်းနှင့် အချက်အလက်အချို့ရှိသည်။ ယင်းသည် သာမန်လူ၊ သို့မဟုတ် အရေးမပါသော လူတစ်ယောက်က လွှမ်းမိုးနိုင်သည့်အရာမဟုတ်ပေ။ ထို့ကြောင့် နိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်လျှင် မည်သည့်လူတစ်ဦးတစ်ယောက်မျှ၊ သို့မဟုတ် လူမျိုးစုမျှ ဆုံးဖြတ်ပိုင်ခွင့်မရှိပေ၊ သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် အစွမ်းမရှိပေ။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်သည်။) ဥပမာ သင့်နိုင်ငံ၏ အုပ်ချုပ်သူလူတန်းစားသည် ဤနိုင်ငံ၏ ပိုင်နက်ကို ချဲ့ထွင်လိုပြီး အိမ်နီးချင်းနိုင်ငံ၏ အကောင်းဆုံးနယ်မြေ၊ အခြေခံအဆောက်အအုံ၊ အရင်းအမြစ်တို့ကို သိမ်းယူလိုသည်ဆိုပါစို့။ အုပ်ချုပ်သူလူတန်းစားသည် ဆုံးဖြတ်ချက်ချပြီးနောက်တွင် စစ်တပ်များကို စတင်ပြင်ဆင်သည်။ ရံပုံငွေကို မြှင့်တင်သည်။ ထောက်ပံ့ပစ္စည်းမျိုးစုံကို သိုလှောင်သည်။ နယ်မြေချဲ့ထွင်မှုကို မည်သည့်အချိန်တွင်စတင်ရန် ဆွေးနွေးကြသည်။ သာမန်လူစုသည် ဤအရာအားလုံးကို သိခွင့်ရှိသလော။ သင်သည် သိခွင့်ပင်မရှိပေ။ သင်သိသမျှမှာ လတ်တလောနှစ်များတွင် နိုင်ငံတော်အခွန်က တိုးမြှင့်လာသည်။ မူမမှန်သော အကြောင်းပြချက်အမျိုးမျိုးအောက်တွင် သတ်မှတ်သော စည်းကြပ်ငွေနှင့် အဖိုးအခများက မြင့်တက်လာသည်။ နိုင်ငံတော်အကြွေးက မြင့်တက်လာသည်။ သင်၏ တစ်ခုတည်းသော ဝတ္တရားမှာ အခွန်ဆောင်ရန်ဖြစ်သည်။ နိုင်ငံတွင် မည်သည့်အရာ ဖြစ်ပျက်မည်ဆိုသည်နှင့် အစိုးရက မည်သည့်အရာကို လုပ်ဆောင်မည်ဆိုသည်နှင့်ပတ်သက်ပြီး သင်နှင့် လုံးဝ သက်ဆိုင်မှုတစ်ခုခုရှိသလော။ နိုင်ငံက စစ်ခင်းရန် ဆုံးဖြတ်သည့်အချိန်မရောက်ခင်အထိ မည်သည့်နိုင်ငံနှင့် မည်သည့်နယ်မြေကို ကျူးကျော်မည်၊ မည်သည့်နည်းဖြင့် ကျူးကျော်မည်ဆိုသည်တို့သည် အုပ်ချုပ်သူလူတန်းစားကသာ သိသောအရာများဖြစ်သည်။ တိုက်ပွဲသို့ စေလွှတ်ခြင်းခံရမည့် စစ်သားများပင် မသိပေ။ ၎င်းတို့သည် သိခွင့်ပင်မရှိပေ။ အုပ်ချုပ်သူအစိုးရ ညွှန်ပြသည့်မည်သည့်အရာကိုမဆို တိုက်ခိုက်ရမည်။ ၎င်းတို့သည် အဘယ်အတွက်ကြောင့် တိုက်ခိုက်နေသည်၊ မည်မျှကြာရှည်စွာ တိုက်ခိုက်ရမည်၊ အနိုင်ရနိုင်ခြင်းရှိမရှိ၊ မည်သည့်အချိန်တွင် အိမ်ပြန်၍ရသည်ဆိုသည်တို့နှင့်ပတ်သက်လျှင် ၎င်းတို့ မသိကြပေ။ မည်သည့်အရာကိုမျှ မသိကြပေ။ လူအချို့၏ သားသမီးများသည် စစ်ပွဲသို့ စေလွှတ်ခြင်းခံရပြီး မိဘများဖြစ်သည့် ၎င်းတို့က သိပင် မသိရပေ။ ပို၍ဆိုးသည်မှာ ၎င်းတို့၏ သားသမီးများ အသတ်ခံရသောအခါ ၎င်းတို့သည် သိပင် မသိရခြင်းဖြစ်ပေသည်။ ပြာများကို ပြန်လည်ယူဆောင်လာမှသာ ၎င်းတို့သားသမီးများက သေသည်ကို သိရသည်။ ဤသို့ဆိုလျှင် ပြောလော့။ သင့်နိုင်ငံ၏ ကံကြမ္မာ၊ သင့်နိုင်ငံက လုပ်ဆောင်မည့်အရာများ၊ မည်သည့်ဆုံးဖြတ်ချက်ကို ချမှတ်မည်ဆိုသည်တို့သည် သာမန်လူတစ်ယောက်ဖြစ်သော သင်နှင့် ဆက်စပ်မှုတစ်ခုခုရှိသလော။ နိုင်ငံက သာမန်လူတစ်ယောက်ဖြစ်သော သင့်ကို ဤအရာများ ပြောပြသလော။ သင်သည် ဆုံးဖြတ်ချက်ချခြင်းတွင် ပါဝင်ပိုင်ခွင့်ရှိသလော။ သင်သည် ဆုံးဖြတ်ချက်ချခြင်းတွင် ပါဝင်ပိုင်ခွင့် ရှိရန် မဆိုထားနှင့် သိပိုင်ခွင့်ပင်မရှိပေ။ သင်၏ နိုင်ငံက သင့်အတွက် မည်သို့ဖြစ်သည်ဖြစ်စေ နိုင်ငံက မည်သို့ ဖွံ့ဖြိုးတိုးတက်သည်၊ မည်သည့်ဦးတည်ချက်သို့ ဦးတည်နေသည်၊ မည်သို့ အုပ်ချုပ်သည်ဆိုသည်တို့က သင်နှင့် ဆက်စပ်မှုတစ်ခုခုရှိသလော။ သင်နှင့် ဆက်စပ်မှုမရှိပေ။ အဘယ်ကြောင့်နည်း။ သင်သည် သာမန်လူတစ်ယောက်ဖြစ်ပြီး ဤအရာအားလုံးသည် အစိုးရနှင့်သာ သက်ဆိုင်သောကြောင့်ဖြစ်သည်။ ဆုံးဖြတ်ပိုင်ခွင့်သည် အစိုးရနှင့် အုပ်ချုပ်သူလူတန်းစားက ပိုင်ဆိုင်သည်။ ပြီးလျှင် မိမိတို့၏အကျိုးစီးပွားများ ပါဝင်ပတ်သက်နေခြင်းရှိသူတို့က ပိုင်ဆိုင်သည်။ သို့သော် သာမန်လူတစ်ယောက်ဖြစ်သော သင့်အပေါ် ဆက်စပ်မှုလုံးဝမရှိပေ။ ထို့ကြောင့် သင်သည် မိမိကိုယ်ကို အနည်းငယ် သတိပြုမိသင့်သည်။ ဆင်ခြင်တုံတရားမရှိသောအရာများကို မပြုနှင့်။ အစိုးရအတွက် သင်၏ ဘဝကို စွန့်လွှတ်ရန်၊ သို့မဟုတ် သင့်ကိုယ်သင် အန္တရာယ်ကျရောက်စေရန် မလိုအပ်ပေ။ နိုင်ငံ၏ အစိုးရသည် အာဏာရှင်များဖြစ်သည် ဆိုပါစို့။ ဩဇာအာဏာသည် မိမိတို့၏ သင့်လျော်သောတာဝန်များကို အရေးမစိုက်သော၊ သောက်စားခြင်းနှင့် ကာမရာဂတွင် မွေ့လျော်လျက်၊ အသုံးအဖြုန်းကြီးစွာ နေထိုင်လျက်၊ ပြည်သူအတွက် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ တစ်နေကုန် အချိန်ကုန်သော နတ်ဆိုးများ၏ လက်ထဲတွင်ရှိသည်ဆိုပါစို့။ နိုင်ငံသည် အကြွေးနွံနစ်ပြီး ဖရိုဖရဲဖြစ်လာသည်။ အစိုးရသည် အကျင့်ပျက်ပြီး အရည်အချင်းမရှိ။ ရလဒ်အနေဖြင့် တိုင်းတစ်ပါးရန်သူက ကျူးကျော်ခြင်းခံရသည်။ ထိုအခါမှသာ အစိုးရသည် သာမန်ပြည်သူတို့ကို သတိရပြီး ၎င်းတို့ကို ခေါ်ထုတ်ကာ “‘လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်’ နိုင်ငံက ပျက်စီးသွားလျှင် သင်တို့အားလုံးအတွက် ခက်ခဲသည့်ဘဝဖြစ်ဖို့ ရှိနေသည်။ လက်ရှိတွင် နိုင်ငံသည် ဒုက္ခရောက်နေသည်၊ ကျူးကျော်သူများသည် ငါတို့၏ နယ်နိမိတ်ထဲသို့ ဝင်ရောက်လာပြီဖြစ်သည်။ နိုင်ငံကို ကာကွယ်ရန်အတွက် စစ်မြေပြင်သို့ အလျင်အမြန်သွားလော့၊ နိုင်ငံက သင်တို့ကို လိုအပ်သည့်အချိန်ကို ရောက်ရှိလာပြီ” ဟုဆိုသည်။ သင်က တွေးတောချိန်ဆပြီး “မှန်သည်၊ ‘လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်’၊ နောက်ဆုံးတွင် နိုင်ငံက ငါ့ကို ကြုံတောင့်ကြုံခဲ လိုအပ်လာပြီ၊ ထို့ကြောင့် ငါ့တွင် ဤတာဝန်ရှိသည့်အတွက် နိုင်ငံကို ကာကွယ်ရန် ငါ၏အသက်ကို စွန့်လွှတ်သင့်သည်။ ငါတို့၏ နိုင်ငံကို လွှဲပြောင်းပေး၍ မဖြစ်ပေ၊ ဤအစိုးရ အာဏာမရှိလျှင် ငါတို့ဘဝ ပြီးဆုံးသွားပြီဖြစ်သည်” ဟူ၍ ထင်မြင်သည်။ ဤသို့ ထင်မြင်သည်မှာ မိုက်မဲသလော။ ဤအာဏာရှင်စနစ်၏ အစိုးရသည် ဘုရားကို ငြင်းဆန်ပြီး ဆန့်ကျင်သည်။ တစ်နေကုန် စားသောက်ပြီး အပျော်အပါးလိုက်စားသည်။ မဆင်မခြင်ပြုမူသည်။ သာမန်ပြည်သူများကို အရေးမစိုက်ပေ။ ပြည်သူလူထုကို ထိခိုက်ပြီး လူမဆန်စွာ ဆက်ဆံသည်။ သင်သည် ဤသို့သော အစိုးရကို ကာကွယ်ရန် ရဲရင့်စွာ၊ မတွန့်မဆုတ် ပြေးလွှားပြီး စစ်မြေပြင်တွင် အသေခံတပ်သားအဖြစ် အစေခံလျှင်၊ ၎င်းတို့အတွက် သင့်အသက်ကို စွန့်ပစ်လျှင် သင်သည် သေချာပေါက် မိုက်မဲပြီး မျက်စိစုံမှိတ်ပြီး သစ္စာခံနေခြင်းဖြစ်သည်။ သင်သည် သေချာပေါက် မိုက်မဲသည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ စစ်မြေပြင်တွင်ရှိသော စစ်သားများသည် အတိအကျဆိုရလျှင် မည်သူ့အတွက် တိုက်ခိုက်နေခြင်းဖြစ်သနည်း။ မည်သူ့အတွက် ၎င်းတို့အသက်ကို စွန့်ပစ်နေသနည်း။ မည်သူ့အတွက် အသေခံတပ်သားအဖြစ် ထမ်းဆောင်နေသနည်း။ လူအားလုံးထဲမှာမှ သင်ကဲ့သို့ အားနည်းပြီး ပျော့ညံ့သော အရပ်သားတစ်ယောက်သည် တိုက်ပွဲအတွင်းသို့ သွားလျှင် ဤသည်မှာ မိုက်ရူးရဲခြင်းဖြစ်ပြီး ဘဝကို ဖြုန်းတီးခြင်းဖြစ်သည်။ စစ်ပွဲဖြစ်လျှင် သင်သည် အကျိုးမရှိသော အနစ်နာခံမှု၊ ခုခံမှုကို ပြုလုပ်မည့်အစား ဘေးကင်းရာနေရာသို့ ထွက်ပြေးနိုင်ရန်အတွက် ဘုရားသခင်ထံ ဆုတောင်းပြီး သင့်အား ကာကွယ်ပေးရန် တောင်းခံသင့်သည်။ အကျိုးမရှိသော အနစ်နာခံမှုကို မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ မိုက်ရူးရဲခြင်းဖြစ်သည်။ နိုင်ငံတွင် အစိုးရကို ကာကွယ်ပြီး ၎င်းတို့အတွက် မိမိတို့၏ အသက်ကို စွန့်ရန် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဆိုသည့် စိတ်ဓာတ်ကို ထိန်းသိမ်းလိုသည့်သူများ သဘာဝအလျောက်ရှိလိမ့်မည်။ နိုင်ငံ၏ ကံကြမ္မာသည် ဤသို့သောလူများ၏ အကျိုးစီးပွားနှင့် ရှင်သန်ရေးအပေါ် ကြီးမားသော သက်ရောက်မှုရှိသည်။ ထို့ကြောင့် ၎င်းတို့အား နိုင်ငံ၏ အရေးကိစ္စကို ကြည့်ရှုစောင့်ရှောက်စေလော့။ သင်သည် သာမန်ပြည်သူပြည်သားတစ်ယောက်ဖြစ်သည်။ နိုင်ငံကို ကာကွယ်ရန် အစွမ်းမရှိပေ။ ပြီးလျှင် ဤအရာများသည် သင်နှင့် ဆက်စပ်မှုမရှိပေ။ အတိအကျဆိုလျှင် မည်သည့်နိုင်ငံမျိုးက ခုခံကာကွယ်ရန် ထိုက်တန်သနည်း။ နိုင်ငံတစ်နိုင်ငံသည် လွတ်လပ်ပြီး ဒီမိုကရေစီစနစ်ရှိသော နိုင်ငံဖြစ်လျှင်၊ အစိုးရက ပြည်သူအတွက် အမှန်တကယ် လုပ်ဆောင်ပေးပြီး ပုံမှန်ဘဝကို အာမခံပေးနိုင်လျှင် ဤသို့သောနိုင်ငံသည် ခုခံကာကွယ်ပေးဖို့ ထိုက်တန်သည်။ ဤသို့သောနိုင်ငံကို ကာကွယ်ခြင်းသည် မိမိ၏ ကိုယ်ပိုင်အိမ်ကို ကာကွယ်သည့်သဘောသက်ရောက်သည်ဟု သာမန်ပြည်သူတို့က ခံစားရသည်။ ဤသည်မှာ ရှောင်လွှဲ၍မရသော တာဝန်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် နိုင်ငံအတွက် အလုပ်လုပ်ပြီး ၎င်းတို့တာဝန်ကို ဖြည့်ဆည်းလိုစိတ်ရှိကြသည်။ သို့သော် နတ်ဆိုးများ၊ သို့မဟုတ် စာတန်က ဤနိုင်ငံကို အုပ်စိုးလျှင်၊ ဤနတ်ဆိုးဘုရင်များ၏ အုပ်စိုးမှုသည် စိတ်ထက်သန်မှုမရှိတော့ဘဲ ၎င်းတို့သည် နေရာဖယ်ပေးသင့်သည်အထိ အစိုးရက ကောက်ကျစ်ဆိုးယုတ်ပြီး အရည်အချင်းမရှိလျှင် ကျူးကျော်ရန်အတွက် ဘုရားသခင်က အင်အားကြီးနိုင်ငံတစ်ခုကို ပေါ်ပေါက်စေလိမ့်မည်။ ဤသည်မှာ ကောင်းကင်ဘုံမှ လူသားတို့ထံသို့ အချက်ပြခြင်းဖြစ်သည်။ ဤအစိုးရ၏ အုပ်ချုပ်သူများသည် နေရာဖယ်ပေးသင့်ကြောင်း၊ ဤသို့သော အာဏာရရှိဖို့၊ သို့မဟုတ် ဤမြေကို အုပ်စိုးဖို့၊ သို့မဟုတ် ဤနိုင်ငံရှိ ပြည်သူများအား ၎င်းတို့ကို ထောက်ပံ့ခိုင်းဖို့ မထိုက်တန်ကြောင်းပြောနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိုင်ငံ၏ လူဦးရေ၏ ကောင်းကျိုးအတွက် မည်သည့်အရာကိုမျှ ထောက်ပံ့ခြင်းလုံးဝ မရှိသောကြောင့်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ အုပ်စိုးမှုသည် သာမန်လူတို့အပေါ် မည်သည့်နည်းလမ်းနှင့်မျှ အကျိုးအမြတ်မဖြစ်စေသကဲ့သို့ သာမန်ပြည်သူတို့ဘဝကိုလည်း လုံးဝ မပျော်ရွှင်စေပေ။ ၎င်းတို့သည် သာမန်ပြည်သူတို့ကို ညှဉ်းပန်းခြင်း၊ ထိခိုက်ခြင်း၊ နှိပ်စက်ခြင်း၊ မတော်မတရားပြုခြင်းတို့ကိုသာ လုပ်ဆောင်သည်။ ထို့ကြောင့် ဤသို့သော အစိုးရသည် နေရာဖယ်ပေးသင့်ပြီး ၎င်းတို့၏ ရာထူးများကို စွန့်လွှတ်သင့်သည်။ ဤအစိုးရကို သူတော်ကောင်းတရားရှိသော လူများ အာဏာရရှိသည့် ဒီမိုကရေစီစနစ်ဖြင့် အစားထိုးလိုက်လျှင် ပြည်သူ၏ မျှော်လင့်ချက်၊ မျှော်မှန်းချက်များကို ဖြည့်ဆည်းလိမ့်မည်။ ကောင်းကင်ဘုံ၏ အလိုနှင့်လည်း ညီလိမ့်မည်။ ကောင်းကင်ဘုံ၏ အလိုတော်၏ နည်းလမ်းများကို လိုက်နာသူတို့သည် ကြီးပွားပြီး ကောင်းကင်ဘုံအလိုကို ခုခံသူတို့သည် ပျက်စီးလိမ့်မည်။ သင်သည် သာမန်နိုင်ငံသားတစ်ယောက်အနေဖြင့် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆ၏ လှည့်စားခြင်းကို စဉ်ဆက်မပြတ် ခံရပြီး အုပ်ချုပ်သူလူတန်းစားကို အစဉ်သဖြင့် ကိုးကွယ်နာခံလျှင် သင်သည် သေချာပေါက် စောစီးစွာ သေဆုံးပြီး အုပ်ချုပ်သူလူတန်းစားအတွက် စတေးပေးရသည့် သားကောင်နှင့် အသုဘဆိုင်ရာ အရာဝတ္ထုတစ်ခုဖြစ်လာဖို့ များသည်။ သင်သည် သမ္မာတရားကို လိုက်စားလျှင်၊ စာတန်၏ အထင်အမြင်မှားစေခြင်းကို ရှောင်ကြဉ်နိုင်ပြီး စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ကာ သင်၏ အသက်ကို ထိန်းသိမ်းနိုင်လျှင် သင်သည် အပြုသဘောဆောင်သော နိုင်ငံ ပေါ်ထွက်လာသည်ကို မြင်ရဖို့၊ ပညာရှိဆရာသခင်များ၊ အမြော်အမြင်ရှိသော အုပ်ချုပ်သူများ အာဏာရရှိသည်ကို မြင်ရဖို့၊ ကောင်းသော လူမှုစနစ်တစ်ခု တည်ဆောက်ခြင်းကို မြင်ရဖို့ မျှော်လင့်ချက်ရှိပြီး ပျော်ရွှင်သောဘဝကို နေထိုင်ရရန် ကံကောင်းလိမ့်မည်။ ဤသည်မှာ ပါးနပ်သောသူတစ်ယောက်၏ ရွေးချယ်မှုမဟုတ်သလော။ ကျူးကျော်သူမည်သူမဆိုသည် ရန်သူများ၊ သို့မဟုတ် နတ်ဆိုးများဖြစ်သည်ဟု မထင်နှင့်။ ဤသည်မှာ မှားယွင်းသည်။ သင်သည် အုပ်ချုပ်သူများကို အခြားလူများအားလုံးထက် သာလွန်ပြီး အထက်၌ရှိသည်ဟု အစဉ် မှတ်ယူလျှင်၊ မကောင်းသောအရာမည်မျှကို ၎င်းတို့ လုပ်ဆောင်ပါစေ၊ သို့မဟုတ် ဘုရားကို ၎င်းတို့ မည်မျှအာခံပြီး ယုံကြည်သူများကို လူမဆန်စွာ ဆက်ဆံပါစေ ဤနယ်မြေ၏ ထာဝရအရှင်သခင်များအဖြစ် ၎င်းတို့ကို ဆက်ဆံလျှင် ဤသည်မှာ အလွန်ကြီးသော အမှားဖြစ်သည်။ စဉ်းစားကြည့်လော့။ ယခင်က ထိုမြေရှင်ပဒေသရာဇ်အုပ်ချုပ်သူမင်းဆက်များ အမြစ်ဖြတ်ခြင်းခံရပြီး အတော်အတန် ဒီမိုကရေစီဆန်သော လူမှုစနစ်အမျိုးမျိုး၏ အောက်တွင် လူသားတို့နေထိုင်ရသည်နှင့် ၎င်းတို့သည် အတော်အတန် ပို၍ လွတ်လပ်ပြီး ပျော်ရွှင်လာကြသည်။ ၎င်းတို့၏ ဘဝများသည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွင် ယခင်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့သည်။ ပြီးလျှင် အမျိုးမျိုးသော အရာများအပေါ် လူသားမျိုးနွယ်၏ အမြင်ကျယ်ပြန့်မှု၊ အသိအမြင်၊ ရှုမြင်ချက်တို့သည် ယခင်ကထက်ပို၍ အဆင့်မြင့်လာသည်။ လူတို့အားလုံးသည် ၎င်းတို့၏ အတွေးအခေါ်၌ ခေတ်နောက်ပြန်ဆွဲနေလျှင်၊ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဆိုသည်ကို စဉ်ဆက်မပြတ်ယုံကြည်ပြီး ရိုးရာဓလေ့အဟောင်းများကို ပြန်လည်အသက်သွင်းရန်၊ ဧကရာဇ်များ၏ အုပ်စိုးမှုကို ပြန်လည်ဖြစ်ပေါ်စေရန်၊ မြေရှင်ပဒေသရာဇ်စနစ်သို့ ပြန်သွားရန် အစဉ် ဆန္ဒရှိနေလျှင် လူသားမျိုးနွယ်သည် ဤမျှ ဖွံ့ဖြိုးတိုးတက်နိုင်သလော။ ၎င်းတို့နေထိုင်ရာနေရာသည် ယခုကဲ့သို့ ဖြစ်မည်လော။ အသေအချာပင် ဖြစ်မည်မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံသည် ဒုက္ခရောက်သောအခါ သင်သည် သင်၏ နိုင်ငံသားဆိုင်ရာတာဝန်များကို ဖြည့်ဆည်းပြီး စစ်မှုထမ်းရမည်ဟု နိုင်ငံ၏ ဥပဒေက ပြဋ္ဌာန်းလျှင် သင်သည် ဥပဒေနှင့်အညီ စစ်မှုထမ်းသင့်သည်။ သင် စစ်မှုထမ်းသည့်အချိန်အတွင်းတွင် တိုက်ပွဲဝင်ဖို့ လိုအပ်လျှင် ဤကဲ့သို့ သင်၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ ဥပဒေအရ သင်လုပ်ဆောင်ရမည့် အရာဖြစ်သောကြောင့်ဖြစ်သည်။ ဥပဒေကို သင် ချိုးဖောက်၍မရဘဲ ဥပဒေကို လိုက်နာရမည်။ ဥပဒေက ယင်းကို မတောင်းဆိုလျှင် သင်က လွတ်လပ်စွာ ရွေးချယ်နိုင်သည်။ သင်နေထိုင်သည့် နိုင်ငံသည် ဘုရားသခင်ကို အသိအမှတ်ပြုလျှင်၊ နာခံလျှင်၊ ကိုးကွယ်လျှင်၊ ဘုရားသခင်၏ ကောင်းချီးကို ရရှိလျှင် ယင်းကို ခုခံကာကွယ်သင့်သည်။ သင်နေထိုင်သည့် နိုင်ငံသည် ဘုရားသခင်ကို အာခံပြီး ဖိနှိပ်လျှင်၊ ခရစ်ယာန်များကို ဖမ်းဆီးနှိပ်ကွပ်လျှင် ဤသို့သောနိုင်ငံသည် နတ်ဆိုးများက အုပ်စိုးသည့် ဆိုးယုတ်သည့်နိုင်ငံဖြစ်သည်။ စိတ်ဖောက်ပြန်သော ဒေါသနှင့် ဘုရားသခင်ကို စဉ်ဆက်မပြတ် အာခံခြင်းအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီးဖြစ်ကာ ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံရပြီးဖြစ်သည်။ ဤသို့သော နိုင်ငံသည် တိုင်းတစ်ပါးရန်သူ၏ ကျူးကျော်မှုကို ရင်ဆိုင်ရပြီး နယ်နိမိတ်၏ အပြင်ဘက်၊ အတွင်းဘက်တွင် ပြဿနာများဖြင့် ဝန်းရံနေသောအခါတွင် ဤသည်မှာ ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြားတွင် နာကြည်းခြင်း၊ အားမရခြင်း၊ မကျေမနပ်ဖြစ်ခြင်းတို့ ကျယ်ပြန့်စွာ ပျံ့နှံ့သည့်အချိန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ဤနိုင်ငံကို ဖျက်ဆီးရန် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေလိုသည့် အချိန်မဟုတ်လော။ ဤသည်မှာ ဘုရားသခင်က စတင်အလုပ်လုပ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်က လူတို့၏ ဆုတောင်းသံကို ကြားသည်။ ဘုရားသခင်ရွေးချယ်ထားသောလူများအပေါ် ပြုလုပ်သော မတရားမှုများကို တရားသဖြင့် ဖြစ်စေရန် ဘုရားသခင်အတွက် အချိန်ကျလာပြီဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်။ သတင်းကောင်းလည်းဖြစ်သည်။ ဘုရားသခင်က နတ်ဆိုးနှင့် စာတန်ကို ချေမှုန်းတော့မည့်အချိန်သည် ဘုရားသခင်ရွေးချယ်ထားသောလူများ စိတ်လှုပ်ရှားပြီး လှည့်လည်သွားလာလျက် သတင်းကို ဖြန့်ချိရန်အချိန်လည်းဖြစ်သည်။ ဤအချိန်တွင် သင်သည် အုပ်ချုပ်သူလူတန်းစားအတွက် သင်၏ အသက်ကို မစွန့်ရပေ။ အုပ်ချုပ်သူလူတန်းစားက သတ်မှတ်သည့် ကန့်သတ်မှုများကို ဖယ်ရှားရန် သင်၏ ဉာဏ်ပညာကို အသုံးပြုသင့်သည်။ အရေးတကြီးကိစ္စအဖြစ် သင်၏ အသက်အတွက် အလျင်အမြန်ထွက်ပြေးပြီး သင့်ကိုယ်သင် ကယ်တင်သင့်သည်။ လူအချို့က “ကျွန်ုပ် ထွက်ပြေးလျှင် ကျွန်ုပ်သည် တပ်ပြေးဖြစ်မည်လော၊ ဤသည်မှာ တစ်ကိုယ်ကောင်းမဆန်သလော” ဟုဆိုကြသည်။ သင်သည် တပ်ပြေးမဖြစ်၍လည်း ရနိုင်သည်။ သင့်အိမ်ကို စောင့်ကြပ်ပြီး ကျူးကျော်သူများက သင့်အိမ်ကို ဗုံးကျဲကာ နေရာယူသည်အထိ စောင့်ဆိုင်းနိုင်သည်။ ထိုအချိန်တွင် ရလဒ်က အဘယ်သို့ဖြစ်သည်ကို ကြည့်ရှုနိုင်သည်။ အမှန်မှာ နိုင်ငံတော်၏အရေးကြီးကိစ္စနှင့်သက်ဆိုင်သော ဖြစ်ရပ်အကြီးစားတစ်ခုခုဖြစ်ပျက်သောအခါ သာမန်လူတို့သည် မိမိတို့ဘာသာ ရွေးချယ်ပိုင်ခွင့်မရှိပေ။ လူတိုင်းက မလှုပ်မယှက်သာ စောင့်ဆိုင်းနေနိုင်သည်။ ဤဖြစ်ရပ်၏ မလွှဲမရှောင်နိုင်သော ရလဒ်များကို ကြည့်ပြီးသာ သည်းခံနေရနိုင်သည်။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်သည်။) ဤသည်မှာ အမှန်ပင် အမှန်တရားတစ်ခုဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထွက်ပြေးခြင်းသည် ဉာဏ်အရှိဆုံးသော လုပ်ဆောင်မှုဖြစ်သည်။ သင်ကိုယ်တိုင်၏ အသက်နှင့် သင့်မိသားစု၏ လုံခြုံမှုကို ကာကွယ်ရန်မှာ သင်၏ တာဝန်ဖြစ်သည်။ လူတိုင်းက ၎င်းတို့နိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ခံရန် လိုအပ်လျှင်၊ ဤသို့အားဖြင့် ၎င်းတို့အားလုံး အသတ်ခံရလျှင် နိုင်ငံတွင် ကျန်ရှိသမျှ အရာအားလုံးမှာ နယ်မြေပြင်ကျယ်တစ်ခုသာဖြစ်သည်။ နိုင်ငံ၏ အနှစ်သာရသည် ရှိဦးမည်လော။ “နိုင်ငံ” ဆိုသည်မှာ အနှစ်မရှိသော စကားလုံးသာ ဖြစ်လိမ့်မည်မဟုတ်လော။ အာဏာရှင်များ၏ အမြင်တွင် လူသား၏အသက်များသည် ၎င်းတို့၏ ရည်မှန်းချက်၊ ဆန္ဒ၊ ၎င်းတို့၏ ရန်လိုသော လုပ်ဆောင်မှု၊ ၎င်းတို့၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်မှန်သမျှတို့နှင့် ယှဉ်လျှင် တန်ဖိုးအနည်းဆုံးသောအရာဖြစ်သည်။ သို့သော် ဘုရားသခင်၏ အမြင်တွင် လူသား၏ အသက်များသည် အရေးကြီးဆုံးသောအရာဖြစ်သည်။ အာဏာရှင်များအတွက် အသေခံတပ်သားဖြစ်ပြီး “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဆိုသည့် ဆိုရိုးစကား၏ ဆိုလိုရင်းကို ထိန်းသိမ်းလိုစိတ်ရှိသူတို့အား အုပ်ချုပ်သူများအတွက် ပံ့ပိုးမှု၊ အနစ်နာခံမှုများ ပြုလုပ်စေလော့။ ဘုရားသခင်နောက်သို့ လိုက်သူများသည် စာတန်၏ နိုင်ငံအတွက် မည်သည့်အနစ်နာခံမှုကိုမျှ ပြုလုပ်ရန် ဝတ္တရားမရှိပေ။ ဤသို့လည်း ဆိုနိုင်သည်။ စာတန်၏ တာဝန်သိတတ်သော သားသမီးများနှင့် စာတန်နောက်လိုက်သူများကို စာတန်၏ အုပ်စိုးမှုအတွက်၊ စာတန်၏ ရည်မှန်းချက်နှင့် ဆန္ဒများအတွက် နစ်နာခံစေလော့။ ၎င်းတို့ကို အသေခံတပ်သားများဖြစ်စေသည်မှာ လျော်ကန်ပေသည်။ မည်သူကမျှ ၎င်းတို့ကို ဤသို့သော ကြီးမားသည့် ရည်မှန်းချက်နှင့် ဆန္ဒများရှိရန် အဓမ္မမခိုင်းစေပေ။ ၎င်းတို့သည် အုပ်ချုပ်သူများနောက်သို့လိုက်ခြင်းကို နှစ်သက်ခြင်းသာဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် သေရမည်ဆိုလျှင်ပင် နတ်ဆိုးများအား သစ္စာခံရန် ရည်ရွယ်ကြသည်။ အဆုံးတွင် ၎င်းတို့သည် စာတန်အတွက် အနစ်နာခံသော သားကောင်များ၊ အသုဘအဆင်တန်ဆာများဖြစ်လာကြသည်။ ဤသည်မှာ ၎င်းတို့နှင့် ထိုက်တန်သော အရာဖြစ်သည်။

မည်သည့်နိုင်ငံမဆိုက အခြားနိုင်ငံတစ်ခုကို ကျူးကျော်လျှင်၊ သို့မဟုတ် အခြားနိုင်ငံတစ်ခုနှင့် မညီမျှသော အပေးအယူတစ်ခုကြောင့် စစ်ပွဲဖြစ်သောအခါတွင် အဆုံး၌ ဒုက္ခခံရသည့်လူများမှာ ပြည်သူများ၊ ဤမြေတွင်နေသော လူတိုင်းတို့ဖြစ်သည်။ တစ်ဖက်ဖက်က အလျှော့ပေးနိုင်လျှင်၊ သူ၏ ရည်မှန်းချက်၊ ဆန္ဒ၊ အာဏာကို လက်လွှတ်ပြီး ပြည်သူတို့၏ ရှင်သန်ရေးအတွက် စဉ်းစားပေးလျှင် အချို့သော စစ်ပွဲများကို ရှောင်ကြဉ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ စစ်ပွဲများစွာသည် အမှန်တကယ်တွင် အုပ်ချုပ်သူများက ၎င်းတို့၏ အုပ်စိုးမှုများကို ဖက်တွယ်ထားသောကြောင့်၊ ၎င်းတို့လက်ထဲတွင်ရှိသော အာဏာကို လက်မလွှတ်လိုဘဲ၊ မဆုံးရှုံးလိုဘဲ ထိုအစား ၎င်းတို့၏ ယုံကြည်မှုများကို ခေါင်းမာစွာဖြင့် လိုက်နာပြီး အာဏာကို စွဲကိုင်ထားကာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဖက်တွယ်ထားသောကြောင့်ဖြစ်သည်။ စစ်ပွဲဖြစ်သည်နှင့် ဒုက္ခခံရသည့်သူများမှာ လူထုနှင့် သာမန်လူများဖြစ်သည်။ ၎င်းတို့သည် စစ်ပွဲဖြစ်သည့်အချိန်တွင် နေရာအနှံ့ လူစုကွဲကုန်ကြသည်။ ဤအရာအားလုံးကို ခုခံနိုင်စွမ်းမရှိဆုံးသောသူများဖြစ်သည်။ ဤအုပ်ချုပ်သူများသည် သာမန်ပြည်သူတို့အတွက် ထည့်စဉ်းစားသလော။ “ငါ၏ ကိုယ်ပိုင်ယုံကြည်မှုနှင့် ကိုယ်ပိုင်သီအိုရီများကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားလျှင် ငါသည် စစ်ပွဲတစ်ခုကို စတင်ကောင်းစတင်မိနိုင်သည်၊ ဒုက္ခခံရသည့်သူများက သာမန်လူတို့ဖြစ်လိမ့်မည်။ ငါနိုင်လျှင်ပင် ဤနယ်မြေသည် လက်နက်နှင့် ခဲယမ်းမီးကျောက်များ၏ ဖျက်ဆီးခြင်းကို ခံရမည်၊ လူတို့နေထိုင်သည့် အိမ်များ ပျက်စီးလိမ့်မည်၊ ဤသို့ဆိုလျှင် ဤမြေ၌ နေထိုင်သောသူတို့သည် နောင်ကာလတွင် ပျော်ရွှင်သောဘဝများရှိမည်မဟုတ်။ ပြည်သူများကို ကာကွယ်ဖို့အတွက် ငါသည် နောက်ဆုတ်မည်၊ လက်နက်ချမည်၊ အရှုံးပေးမည်၊ အလျှော့ပေးမည်” ဟု ပြောသောအုပ်ချုပ်သူတစ်ယောက်ရှိပြီး ထို့နောက်တွင် စစ်ပွဲကို ရှောင်ကြဉ်နိုင်ခဲ့သည်ဟု မြင်ယောင်ကြည့်လော့။ ဤသို့သော အုပ်ချုပ်သူရှိသလော။ (မရှိပါ။) အမှန်တွင် ပြည်သူတို့သည် မတိုက်ခိုက်လိုသကဲ့သို့ နိုင်ငံရေးအင်အားစုများကြားရှိ ပြိုင်ဆိုင်မှု၊ သို့မဟုတ် ယှဉ်ပြိုင်ပွဲများတွင်လည်း မပါဝင်လိုကြပေ။ ၎င်းတို့အားလုံးသည် စိတ်မပါဘဲ စစ်မြေပြင်သို့၊ အသေခံရမည့်နေရာသို့ အုပ်ချုပ်သူက စေလွှတ်ခြင်းကိုခံရသည်။ စစ်မြေပြင်သို့ စေလွှတ်ခြင်းခံရသော ဤလူအားလုံးသည် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အဆုံးတွင် အုပ်ချုပ်သူကို အာဏာဆက်လက်တည်မြဲနေစေရန် တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်သူက အဆုံးစွန်သော အကျိုးအမြတ်ရရှိသူဖြစ်သလော။ (ဖြစ်သည်။) သာမန်ပြည်သူတို့သည် စစ်ပွဲမှနေ၍ မည်သည့်အရာကို ရရှိနိုင်သနည်း။ သာမန်ပြည်သူတို့သည် စစ်ပွဲကြောင့် အကြီးအကျယ်ပျက်စီးခြင်းကိုသာ ခံရနိုင်သည်။ ပြီးလျှင် ၎င်းတို့၏ အိမ်များ၊ ၎င်းတို့မှီခိုရာနေရာတို့ ပျက်စီးခြင်းကို ခံစားရနိုင်သည်။ အချို့မှာ မိသားစုများကို ဆုံးရှုံးရသည်။ ပြန်ရဖို့ အလားအလာမရှိဘဲ နေရပ်ကိုစွန့်ခွာပြီး အိမ်ရာမဲ့သောသူများ ပို၍ပင် များသည်။ သို့တိုင်အောင် လူတို့၏ အိမ်နှင့် ရှင်သန်ရေးကို ကာကွယ်ရန်အတွက် စစ်ပွဲကို စတင်သည်ဟု အုပ်ချုပ်သူက ကြီးကျယ်စွာ ဆိုသည်။ ဤအဆိုမှာ ခိုင်မာမှုရှိသလော။ ဤသည်မှာ မရိုးသားသော အဓိပ္ပာယ်မဲ့စကားမဟုတ်လော။ အဆုံးတွင် ဤအရာ၏ ကောင်းကျိုးမပြုသော အကျိုးဆက်များအားလုံးကို ခံရသူများ ပြည်သူများနှင့် လူထုတို့ဖြစ်ပြီး အကြီးဆုံးသော အကျိုးအမြတ်ရရှိသူမှာ အုပ်ချုပ်သူဖြစ်သည်။ ၎င်းတို့သည် ပြည်သူကို ဆက်၍ အုပ်ချုပ်နိုင်သည်။ နယ်မြေကို ဆက်၍ အုပ်ချုပ်နိုင်သည်။ ၎င်းတို့လက်တွင် အာဏာကို ဆက်လက်ကိုင်စွဲနိုင်သည်။ အမိန့်များပေးလျက် အုပ်ချုပ်သူ၏နေရာတွင် ဆက်လက်ရပ်တည်နိုင်သည်။ သာမန်လူများကမူ အနာဂတ်မရှိ၊ မျှော်လင့်ချက်မရှိဘဲ သေရေး၊ ရှင်ရေးဖြစ်သော အကျပ်အတည်းတွင် နေထိုင်ကြရသည်။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသော ဤအယူအဆသည် အကြွင်းမဲ့ မှန်ကန်သည်ဟု လူအချို့က ထင်ကြသည်။ ယခု ဤအရာကို ကြည့်သောအခါ မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤဆိုရိုးစကားတွင် မှန်ကန်မှု အနည်းငယ်ပင်မရှိပေ။ လူတို့၌ ဤအယူအဆကို သွတ်သွင်းရာတွင် စာတန်၏ ရည်ရွယ်ချက်များ၏ ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ လူသား၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းတစ်လျှောက်တွင်ရှိသော အဆင့်အမျိုးမျိုးရှိ အုပ်ချုပ်သူများ၏ အကြံအစည်၊ ဆန္ဒ၊ ရည်မှန်းချက်များမှ ကြည့်သည်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်သော မည်သည့်အချက်အလက်မဆိုမှ ကြည့်သည်ဖြစ်စေ ဤဖြစ်ရပ်များ ဖြစ်ပေါ်ခြင်းကို မည်သည့်သာမန်လူ၊ တစ်ဦးတစ်ယောက်ကမျှ၊ သို့မဟုတ် မည်သည့်လူမျိုးစုကမျှ မထိန်းချုပ်နိုင်ပေ။ အဆုံးတွင် ဒုက္ခခံရသည့်သူများသည် အန္တရာယ်ကျရောက်မည်ကို မသိသော ပြည်သူလူထုများဖြစ်ပြီး အကျိုးအမြတ်ရှိဆုံးသူတို့မှာ နိုင်ငံ၏ အုပ်ချုပ်သူလူတန်းစား၊ ထိပ်ဆုံးတွင်ရှိသော အုပ်ချုပ်သူများဖြစ်သည်။ နိုင်ငံသည် ဒုက္ခရောက်သောအခါ အသေခံတပ်သားအဖြစ် အသုံးပြုရန်အတွက် သာမန်ပြည်သူများကို ရှေ့တန်းသို့ ပို့သည်။ နိုင်ငံက ဒုက္ခမရောက်သောအခါ သာမန်ပြည်သူတို့သည် ၎င်းတို့ကို ကျွေးမွေးသော လက်များဖြစ်သည်။ ၎င်းတို့သည် သာမန်ပြည်သူတို့ကို အသုံးချပြီး ခမ်းခြောက်သည်အထိ ဂုတ်သွေးစုပ်ကာ ၎င်းတို့ကို မှီခိုပြီး အသက်ရှင်သည်။ ၎င်းတို့ကို ပံ့ပိုးပေးရန် လူတို့အား လှုံ့ဆော်သည်။ အဆုံးတွင် “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အယူအဆကိုပင် လူတို့အတွင်းသို့ သွတ်သွင်းပြီး လူတို့အား အတင်းအဓမ္မလက်ခံခိုင်းသည်။ ယင်းကို လက်မခံသူမည်သူမဆိုသည် မျိုးချစ်စိတ်မရှိဟု သမုတ်ခံရသည်။ ဤအုပ်ချုပ်သူများက ပေးသော မှာကြားချက်မှာ “ငါ၏ အုပ်ချုပ်မှု ရည်ရွယ်ချက်သည် ပျော်ရွှင်သော ဘဝကို သင်တို့ နေထိုင်ရန်ဖြစ်သည်။ ငါ အုပ်ချုပ်မှုမရှိလျှင် သင်တို့သည် အသက်ရှင်နိုင်မည်မဟုတ်၊ ထို့ကြောင့် ငါပြောသည့်အတိုင်း သင်တို့ လုပ်ဆောင်ရမည်၊ နာခံမှုရှိသော နိုင်ငံသားများဖြစ်ရမည်၊ သင့်နိုင်ငံ၏ ကံကြမ္မာအတွက် သင့်ကိုယ်သင် ရည်စူးအပ်နှံပြီး စွန့်လွှတ်အနစ်နာခံဖို့ အစဉ် အသင့်ဖြစ်ရမည်” ဟူ၍ ဖြစ်သည်။ နိုင်ငံဆိုသည်မှာ မည်သူနည်း။ မည်သူက နိုင်ငံကို ကိုယ်စားပြုသနည်း။ အုပ်ချုပ်သူများသည် နိုင်ငံကို ကိုယ်စားပြုသည်။ “လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်”ဟူသည့် အယူအဆကို လူတို့အတွင်းသို့ သွတ်သွင်းခြင်းအားဖြင့် တစ်ဖက်မှ ကြည့်လျှင် ၎င်းတို့သည် လူတို့အား ရွေးချယ်ခွင့်မရှိဘဲ၊ တွန့်ဆုတ်ခြင်း၊ သို့မဟုတ် မည်သည့်ကန့်ကွက်ခြင်းမျှမရှိဘဲ မိမိတို့တာဝန်များကို ထမ်းဆောင်ရန် လှုံ့ဆော်နေခြင်းဖြစ်သည်။ အခြားတစ်ဖက်မှ ကြည့်လျှင် နိုင်ငံ၏ ကံကြမ္မာနှင့် ထိုနိုင်ငံ၏ အုပ်ချုပ်သူက ဆက်လက်၍ အာဏာရမရ၊ သို့မဟုတ် အာဏာမှ ဖြုတ်ချခံရခြင်း ရှိမရှိဆိုသည့် ကိစ္စမှာ ပြည်သူအတွက် အလွန်အရေးပါသောကြောင့် လူတို့သည် ၎င်းတို့၏ သာမန်ရပ်တည်မှုကို အာမခံနိုင်ရန်အတွက် နိုင်ငံကိုရော နိုင်ငံ၏ အုပ်ချုပ်သူကိုပါ ခုခံကာကွယ်ရန် အလွန်အရေးစိုက်ရမည်ဟူ၍ လူတို့အား ၎င်းတို့က ပြောနေခြင်းဖြစ်သည်။ အမှန်တကယ်တွင် ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အလွန်သိသာစွာပင် မမှန်ကန်ပေ။ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိသော၊ ဘုရားအလိုတော်ကို လိုက်မလျှောက်နိုင်သော သို့မဟုတ် ပြည်သူများအတွက် အလုပ်မလုပ်နိုင်သော အုပ်ချုပ်သူများသည် လူအများ၏ ပံ့ပိုးမှုကို ရယူနိုင်မည်မဟုတ်ပေ။ ကောင်းသော အုပ်ချုပ်သူများ ဖြစ်မည်မဟုတ်ပေ။ အုပ်ချုပ်သူများသည် ပြည်သူများအတွက် ပြုမူဆောင်ရွက်မည့်အစား ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနောက်သို့သာ လိုက်လျှင်၊ လူတို့ကို အရေးမစိုက်လျှင်၊ ကပ်ပါးကောင်များကဲ့သို့ လူတို့ထံမှ ချွေး၊ သွေးတို့ကို ညှစ်ထုတ်ယူလျှင် ဤသို့သော အုပ်ချုပ်သူများသည် စာတန်များနှင့် နတ်ဆိုးများဖြစ်သည်။ ၎င်းတို့သည် မည်မျှ အင်အားကြီးပါစေ လူတို့၏ ပံ့ပိုးမှုနှင့် မထိုက်တန်ပေ။ နိုင်ငံတွင် ဤသို့သော အုပ်ချုပ်သူများမရှိလျှင် ထိုနိုင်ငံသည် တည်ရှိမည်လော။ လူတို့၏ ဘဝများ တည်ရှိမည်လော။ မည်သို့ပင်ဖြစ်စေ ၎င်းတို့ တည်ရှိလိမ့်မည်။ လူတို့သည် ပိုမိုကောင်းမွန်သော ဘဝများကိုပင် နေထိုင်ကောင်းနေထိုင်ရနိုင်သည်။ လူတို့သည် ၎င်းတို့နိုင်ငံအပေါ် ၎င်းတို့၏ တာဝန်၊ ဝတ္တရားများက မည်သည့်အရာဖြစ်သင့်သည်ဆိုသည့် မေးခွန်း၏ အနှစ်သာရကို ရှင်းလင်းစွာမြင်လျှင် မည်သည့်နိုင်ငံ၌ ၎င်းတို့ နေထိုင်ပါစေ ထိုနိုင်ငံရှိ အကြီးစားအရေးကိစ္စများအပေါ်၊ နိုင်ငံရေးနှင့် ထိုနိုင်ငံ၏ ကံကြမ္မာတို့နှင့် သက်ဆိုင်သော အရေးကိစ္စများအပေါ် မှန်ကန်သော အမြင်များရှိသင့်သည်။ ထိုမှန်ကန်သော အမြင်များ ဖြစ်ပေါ်လာသောအခါ သင်သည် နိုင်ငံ၏ ကံကြမ္မာနှင့်သက်ဆိုင်သော အမှုကိစ္စများတွင် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်နိုင်လိမ့်မည်။ နိုင်ငံ၏ ကံကြမ္မာနှင့်သက်ဆိုင်သော အမှုကိစ္စတွင် လူတို့နားလည်သင့်သော သမ္မာတရားကို သင်တို့ အခြေခံအားဖြင့် နားလည်သလော။ (နားလည်ပါသည်။)

“လူတိုင်း မိမိနိုင်ငံ၏ ကံကြမ္မာအတွက် တာဝန်ရှိသည်” ဟူသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားကို ငါ များစွာ မိတ်သဟာယပြုပြီးဖြစ်သည်။ နိုင်ငံ၏ အယူအဆ၊ လူ့အဖွဲ့အစည်းတွင်ရှိသော လူတို့အပေါ် “နိုင်ငံ”ဆိုသည့် ဝေါဟာရ၏ လွှမ်းမိုးမှု၊ လူတို့သည် မိမိတို့နိုင်ငံ၏ ကံကြမ္မာနှင့်ပတ်သက်လာသောအခါတွင် ၎င်းတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် မည်သည့်တာဝန်များရှိသင့်သည်၊ မည်သည့်ရွေးချယ်မှုများကို ၎င်းတို့ ပြုလုပ်သင့်သည်၊ ဤအမှုကိစ္စတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင်က မည်သည့်အရာ တောင်းဆိုသည်တို့နှင့် ပတ်သက်၍ ဤအရာအားလုံးကို ငါ ရှင်းလင်းစွာ မိတ်သဟာယပြုခဲ့သလော။ (ပြုခဲ့ပါသည်။) ဤသို့ဆိုလျှင် ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤတွင် အဆုံးသတ်သည်။

၂၀၂၂ခုနှစ်၊ ဇွန်လ ၁၁ရက်နေ့။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။