သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄) အပိုင်း တစ်
ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားဆိုင်ရာ အဆိုအမိန့်များ၏ ပြဿနာကို ငါတို့ အချိန်အနည်းငယ် မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားစိစစ်ခဲ့သည်။ ဤအရာကို သင်တို့ လက်တွေ့ကြုံတွေ့ခြင်း တစ်ခုခုရှိသလော။ (ယခင်က ကျွန်ုပ်သည် ဤကိုယ်ကျင့်တရားဆိုင်ရာ အဆိုအမိန့်များက သမ္မာတရား မဟုတ်သည်ကိုသာ သိမြင်ခဲ့သော်လည်း ၎င်းတို့က လူသားမျိုးနွယ်ကို မည်မျှ ဆိုးရွားစွာ ဖျက်ဆီးခဲ့သည်ကို သဘောမပေါက်ခဲ့ပါ။ စာတန်က လူတို့တွင် သွတ်သွင်းခဲ့သော ကိုယ်ကျင့်တရားဆိုင်ရာ အဆိုအမိန့်အမျိုးမျိုးသည် လူတို့၏ အမြင်တွင် မှန်ကန်ကောင်းမွန်သည့် ပုံစံရှိသော်လည်း ထိုအရာများသည် လူတို့၏ အတွေးများကို ဖျက်ဆီးသည်၊ ရပ်တန့်စေသည်။ ဤသို့ဖြင့် လူတို့အား ဘုရားသခင်ကို ငြင်းပယ်ပြီး အာခံစေကြောင်း၊ ဘုရားသခင်ထံမှ ပိုပို၍ ဝေးကွာစေကြောင်းကို ကိုယ်တော်၏ မိတ်သဟာယနှင့် ပိုင်းခြားစိစစ်ခြင်းမှတစ်ဆင့်သာ ကျွန်ုပ် သဘောပေါက်ခဲ့သည်။ ဤသည်မှာ စာတန်က လူသားမျိုးနွယ်အား ယနေ့အချိန်အထိ တစ်ဆင့်ချင်း ဖျက်ဆီးခဲ့ပုံဖြစ်သည်။) ဤအရာများကို ငါ အသေးစိတ် မိတ်သဟာယမဖွဲ့လျှင် လူတို့သည် ဤအရာကို ၎င်းတို့ဘာသာ သိမြင်နိုင်မည်လော။ ဤကိုယ်ကျင့်တရားဆိုင်ရာ အဆိုအမိန့်များကို ပိုင်းခြားစိစစ်နိုင်သလော။ (ဤကိုယ်ကျင့်တရား အဆိုအမိန့်များ၏ အနှစ်သာရကို လူတို့ စိစစ်နိုင်ခြင်း၊ သို့မဟုတ် ထိုးထွင်းမြင်နိုင်ခြင်း မရှိပါ။) ကြာရှည်စွာ ကြုံတွေ့ပြီးသည့်နောက်တွင် အဘယ်သို့ ဖြစ်မည်နည်း။ (အချို့သော ကိုယ်ကျင့်တရားဆိုင်ရာ အဆိုအမိန့်များကို လူတို့ သိမြင်နိုင်လိမ့်မည် ဖြစ်သော်လည်း ယင်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာ ပိုင်းခြားစိစစ်နိုင်မည်မဟုတ်ပါ။) လူတို့သည် ရိုးရာယဉ်ကျေးမှုမှလာသော လူသိများသည့် ဆိုရိုးစကားများနှင့် သမ္မာတရားကို တန်းတူညီမျှသည်ဟု မကြာခဏ မှတ်ယူပြီး အတူ ရောထွေးလိုကြသည်။ အထူးသဖြင့် အပြင်ပန်းတွင် သမ္မာတရားနှင့် ဆင်တူသော၊ သို့မဟုတ် လူသား၏ ကိုယ်ကျင့်တရားနှင့်လည်းကောင်း၊ ၎င်းတို့၏ အသိတရား စံနှုန်းများနှင့်လည်းကောင်း၊ လူသား၏ ခံစားချက်များနှင့်လည်းကောင်း ကိုက်ညီသည့်ပုံစံရှိသော အရာများနှင့် ပတ်သက်လျှင် ဤသို့လုပ်ဆောင်ကြသည်။ ဤအရာများသည် အပြုသဘောဆောင်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု လူတိုင်းက ယုံကြည်သည်။ သို့သော် ယင်းတို့သည် စာတန်ဆီမှ စတင်ဖြစ်ပေါ်သည်ကိုလည်းကောင်း၊ အမှန်တကယ်တွင် အပျက်သဘောဆောင်သောအရာများ ဖြစ်သည်ကိုလည်းကောင်း မည်သူမျှ မမြင်နိုင်ပေ။ ယခုတွင် စာတန်က လူထဲသို့ သွတ်သွင်းသော အရာမှန်သမျှသည် အပြုသဘောဆောင်သလော။ (မဆောင်ပါ။) ထိုအရာများတွင် အပြုသဘောဆောင်သောအရာ လုံးဝ မရှိပေ။ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ယင်းတို့အားလုံးသည် အပျက်သဘောဆောင်သောအရာများ၊ ဆိုးယုတ်သော အဆိပ်များဖြစ်သည်။ ဤသည်မှာ သံသယရှိစရာမလိုပေ။ ဤသို့ဆိုလျှင် သင်တို့သည် ဤအပျက်သဘောဆောင်သောအရာများနှင့် ဆိုးယုတ်သော အဆိပ်များကို သိမြင်ကာ ဆွဲထုတ်ပြီး ဖြစ်သလော။ သင်တို့က မှန်ကန်သည်ဟု သတ်မှတ်သော ရိုးရာယဉ်ကျေးမှုမှ ဤအရာများနှင့် ဆင်တူသောအရာတစ်ခုခုသည် သင်တို့၏ စိတ်တွင် ကျန်ရှိသလော။ ကျန်ရှိလျှင် ယင်းသည် အန္တရာယ်ဖြစ်သည်။ ကင်ဆာဖြစ်သည်။ သင်တို့သည် ယခု ဤအရာကို ပို၍ တွေးတောသင့်သည်။ သင်တို့၏ နေ့စဉ်အသက်တာတွင် ဤအရာကို ဂရုတစိုက် လေ့လာစောင့်ကြည့်ပြီး အာရုံစိုက်သင့်သည်။ သူတစ်ပါးတို့ပြောသည့်၊ သင် ကြားသိရသည့်အရာ တစ်ခုခုတွင်၊ သို့မဟုတ် သင့်အား အထင်ကြီးလေးစားစေသည့် အရာများတွင်၊ သို့မဟုတ် သင် သတိရသောအရာများတွင်၊ သို့မဟုတ် သင်၏ စိတ်နှလုံးတွင် လက်ခံပြီး တန်ဖိုးရှိသည်ဟု မှတ်ယူသောအရာများတွင် ရိုးရာယဉ်ကျေးမှုက ထောက်ခံအားပေးသည့်အရာနှင့် ဆင်တူသောအရာရှိမရှိ ကြည့်ရှုလော့။ ရှိလျှင် သင်သည် ယင်းကို ပိုင်းခြားသိမြင်ပြီး စိစစ်ရမည်။ ထို့နောက်တွင် လုံးဝ စွန့်လွှတ်ရမည်။ ဤသည်မှာ သမ္မာတရားအား သင်တို့ လိုက်စားခြင်းအတွက် အကျိုးဖြစ်လိမ့်မည်။
လူအချို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကို ရေးစဉ်တွင် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် စကားကို ထုတ်ပြောကြသည်။ ဤအဆိုအမိန့်သည် မှားသလော၊ မှန်သလော၊ အပြုသဘောဆောင်သောအရာဖြစ်သလော၊ အပျက်သဘောဆောင်သောအရာဖြစ်သလော၊ သမ္မာတရားနှင့်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်လည်းကောင်း၊ အမှုကိစ္စများကို ကိုင်တွယ်ရာတွင် လူတို့ ပိုင်ဆိုင်သင့်သော စည်းမျဉ်းများနှင့်လည်းကောင်း ဆက်နွှယ်ခြင်း ရှိမရှိကို သင်တို့ ပိုင်းခြားသိမြင်သင့်သည်။ “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အဆိုအမိန့်သည် ခိုင်လုံမှုရှိသလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ ဘုရားသခင် သတ်မှတ်ထားသော နိယာမများ၊ စည်းမျဉ်းသတ်မှတ်ချက်များမှ ဖြစ်ပေါ်သော အရာတစ်ခုဖြစ်သလော။ ယင်းသည် ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည့်အချက်နှင့် သက်ဆိုင်ခြင်းရှိသလော။ ဤအဆိုအမိန့်နှင့်ပတ်သက်ပြီး သင်တို့၏ အသိအမြင်နှင့် နားလည်မှုကို ပြောဆိုလော့။ (ကျွန်ုပ်သည်လည်း ဤအရာကို ယခင်က ပြောခဲ့သည်။ အထူးသဖြင့် အသင်းတော်အလုပ်ကို စီစဉ်သောအခါတွင် ဖြစ်သည်။ အမှုထမ်းများအား စည်းမျဉ်းနှင့်အညီ သင့်တင့်လျောက်ပတ်စွာ တာဝန်မပေးအပ်လျှင် တစ်ခါတစ်ရံ၌ အလုပ်တွင် အမှားများဖြစ်သည်။ အမှုထမ်းများကို စည်းမျဉ်းနှင့်အညီ တာဝန်ပေးအပ်လျှင် အလုပ်ကို ကောင်းစွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ ထိုအချိန်က လူတို့၏ ကဏ္ဍများသည် အလွန်အရေးကြီးပြီး အရေးပါသည်ဟု ကျွန်ုပ်မြင်မိသည်။ ထို့ကြောင့် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် စကားကို ကျွန်ုပ် ကိုးကားခဲ့သည်။ ယခုတွင် ကျွန်ုပ်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အတိုင်းအဆမရှိသော တန်ခိုးအစွမ်းအား နားလည်မှုကင်းမဲ့သည်ကို သဘောပေါက်သွားသည်။ ကျွန်ုပ်သည် လူတို့၏ ကဏ္ဍအပေါ် အစဉ် အာရုံစိုက်သည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် လုံးဝ နေရာမရှိခဲ့ပါ။) အခြားမည်သူက မိမိ၏ အတွေးများကို မျှဝေလိုသနည်း။ (“အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် စကားသည် ဘုရားသခင်အတွက် သက်သေခံချက်မဟုတ်ဘဲ လူအတွက် သက်သေခံချက်ဖြစ်သည်။ အောင်မြင်မှုသည် လူသား၏ အားစိုက်ထုတ်မှုအပေါ်တွင် မူတည်သည့်အလားပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ငြင်းဆန်ခြင်းဖြစ်ပြီး စာတန်အတွက် သက်သေခံခြင်းနှင့် တူညီသည်။ ဤအဆိုအမိန့်ကို လူတို့၏ စိတ်နှလုံးတွင် ထည့်သွင်းခဲ့လျှင် အချိန်ကြာသောအခါ၌ ၎င်းတို့သည် ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ အောင်မြင်ရန်အတွက် သင့်တော်သောလူများကိုသာ ရှာဖို့ လိုအပ်သည်ဟု ထင်ကြလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုရှိမည်မဟုတ်ပေ၊ သို့မဟုတ် သူ့အပေါ် အမှီပြုမည်မဟုတ်ပေ။ ထို့ကြောင့် ဤသည်မှာ အထူးပင် လွဲချော်နေသော အဆိုအမိန့်ဖြစ်သည်။) ဤအဆိုအမိန့်အပေါ် သင်တို့၏ နားလည်မှုသည် အခြေခံအားဖြင့် ယင်းသည် မမှန်ကန်၊ သို့မဟုတ် အပြုသဘောဆောင်သောအရာမဟုတ်၊ အသေအချာပင် သမ္မာတရားမဟုတ်ဟူ၍ သိနားလည်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်တို့သည် ယင်းကို အဘယ်ကြောင့် အသုံးပြုသနည်း။ အသုံးပြုလျှင် မည်သည့်ပြဿနာကို ဖော်ပြသနည်း။ (ကျွန်ုပ်တို့သည် ဤအဆိုအမိန့်နှင့်ပတ်သက်ပြီး ပိုင်းခြားသိမြင်မှု ကင်းမဲ့သည်ကို ဖော်ပြသည်။) သင်တို့ ပိုင်းခြားသိမြင်မှုကင်းမဲ့ခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ဤအဆိုအမိန့်သည် မှန်ကန်ပြီး ခိုင်လုံသော အချက်တစ်ခုရှိသည်ဟု သင်တို့ ယုံကြည်ဆဲဖြစ်သောကြောင့် ဖြစ်သလော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဤအဆိုအမိန့်နှင့်ပတ်သက်၍ မည်သည့်အရာ မှားနေသနည်း။ ယင်းသည် မမှန်ကန်၊ သို့မဟုတ် အပြုသဘောဆောင်သောအရာမဟုတ်ဟု အဘယ်ကြောင့် ဆိုသနည်း။ ရှေးဦးစွာ ယင်းသည် အမှုအရာများ၏ အရှိအတိုင်းဖြစ်သော နိယာမများနှင့် ကိုက်ညီခြင်းရှိမရှိကို ကြည့်ကြစို့။ အပြင်ပန်းတွင် လူများသည် ပေးအပ်လာသော မည်သည့်အလုပ်ကိုမဆို ထမ်းဆောင်သည့် ပုံစံရှိသည်။ ၎င်းတို့သည် အလုပ်ကို စီစဉ်သည်။ အလုပ်ကို ဆောင်ရွက်သည်။ နောက်ဆက်တွဲ ဆက်လုပ်သည်။ ၎င်းတို့သည် အဆင့်တစ်ခုစီတွင် အလွန်အရေးပါသော ကဏ္ဍတွင်ရှိသည်။ ၎င်းတို့သည် အဆုံး၌ ထိုအလုပ်ကိစ္စ၏ ရလဒ်နှင့် တိုးတက်မှုကို သတ်မှတ်ဆုံးဖြတ်သည်။ အပြင်ပန်းတွင် အကြောင်းတရားများ၊ အမှုအရာများ တိုးတက်ခြင်း ဖြစ်စဉ်၊ အရာအားလုံး၏ ရလဒ်များကို လူတို့က ဆုံးဖြတ်သည့် ပုံစံရှိသည်။ သို့သော် လက်တွေ့တွင် ဤအရာအားလုံးကို အုပ်စိုးသူ၊ စီစဉ်ညွှန်ကြားသူ၊ စီမံသူမှာ မည်သူဖြစ်သနည်း။ ဤသည်မှာ လူတို့နှင့်တစ်ခုတလေ သက်ဆိုင်ခြင်း ရှိသလော။ လူတို့သည် ကံကြမ္မာနှင့် အချုပ်အခြာအာဏာရှင်၏ စီစဉ်ညွှန်ကြားမှုများကို ငြိမ်သက်စွာ လက်ခံနေကြခြင်းဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် မိမိတို့ဘာသာ အရာရာကို တက်ကြွစွာ ချုပ်ကိုင်နေကြခြင်းဖြစ်သလော။ (၎င်းတို့သည် ငြိမ်သက်စွာဖြင့် လက်ခံနေကြခြင်းဖြစ်သည်။) လူတို့အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ငြိမ်သက်စွာ လက်ခံနေကြခြင်းဖြစ်လေသည်။ လူတို့သည် ဤနေရာတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သနည်း။ ၎င်းတို့သည် ဘုရားသခင်လက်ထဲရှိ ရုပ်သေးများမဟုတ်သလော။ (ဟုတ်သည်။) လူတို့သည် ကြိုးများဖြင့် ဆွဲခြင်းခံရသော ရုပ်သေးရုပ်များကဲ့သို့ဖြစ်သည်။ ဆွဲခံရသည့် ကြိုးသည် မည်သည့်အလုပ်ကို ၎င်းတို့လုပ်ဆောင်သည်၊ မည်သည့်ဖော်ပြချက်ကို ၎င်းတို့ ပြုလုပ်သည်ဆိုသည်ကို အဆုံးအဖြတ်ပေးသည်။ လူတို့သွားသည့်နေရာ၊ ပြောသည့်အရာ၊ နေ့စဉ် လုပ်ဆောင်သည့်အရာအားလုံးတို့သည် မည်သူ၏ လက်ထဲတွင်ရှိသနည်း။ (ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။) အားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ လူတို့သည် မလှုပ်မယှက်ဖြင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံသည်။ ဤဖြစ်စဉ်တစ်ခုလုံး တစ်လျှောက်တွင် ဘုရားသခင်က မည်သည့်အရာကို သူလုပ်ဆောင်မည်ကိုလည်းကောင်း၊ တစ်စုံတစ်ယောက်အား သူဖော်ထုတ်မည်၊ မဖော်ထုတ်မည်ကိုလည်းကောင်း၊ ဤအမှုကိစ္စတွင် မည်သည့်ပြောင်းလဲတိုးတက်မှုများကို သူ ဖြစ်ပေါ်စေမည်ကိုလည်းကောင်း၊ မည်သည့်အချိန်တွင် ဖြစ်ပေါ်စေမည်ကိုလည်းကောင်း၊ အဆုံးစွန်သော ရလဒ်က မည်သည့်အရာဖြစ်မည်ကိုလည်းကောင်း၊ မည်သူ့ကို သူဖော်ထုတ်မည်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းမည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဘုရားသခင်သည် ဤအမှုကိစ္စတွင် လူတို့ မည်သည့်သင်ခန်းစာများကို ရရှိလိမ့်မည်ကိုလည်းကောင်း၊ မည်သည့် သမ္မာတရားများကို ၎င်းတို့ နားလည်မည်ဖြစ်ပြီး ဤအမှုကိစ္စတွင်ရှိသော ဘုရားသခင်အပေါ် မည်သို့သော သိမြင်မှုမျိုးကို ၎င်းတို့ ရရှိမည်ကိုလည်းကောင်း၊ လူတို့အား နောက်ကြောင်းပြန်လှည့်ရန် မည်သည့်အမြင်ကို သူရရှိစေမည်ကိုလည်းကောင်း၊ မည်သည့်အယူအဆများကို လူတို့အား သူစွန့်လွှတ်စေမည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ လူတို့သည် ဘုရားသခင် လုပ်ဆောင်သည့် ဤအရာအားလုံးကို ပြီးမြောက်နိုင်သလော။ ဤသို့ လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) မလုပ်ဆောင်နိုင်ပေ။ ဤအရာများကို ၎င်းတို့ မဖြစ်မြောက်နိုင်ပေ။ မည်သည့်အမှုကိစ္စမဆို ဖြစ်ပေါ်နေသည့် တစ်ချိန်လုံးတွင် လူတို့သည် မလှုပ်မယှက်ဖြင့်၊ သတိရှိစွာ၊ သို့မဟုတ် သတိမရှိစွာဖြင့် အမှုကိစ္စများကို လုပ်ဆောင်နေခြင်းသာဖြစ်သည်။ သို့သော် အမှုကိစ္စတစ်ခုလုံး၏ အကြောင်းရင်း၊ ဖြစ်စဉ်၊ နောက်ဆုံးရလဒ်၊ ရရှိသော အကျိုးကျေးဇူးများကို မည်သူမျှ ကြိုတင်မမြင်နိုင်သကဲ့သို့ မည်သူကမျှ ဤအရာများကို လုံးဝ မထိန်းချုပ်နိုင်ပေ။ မည်သူက ဤအရာအားလုံးကို ကြိုတင်မြင်ပြီး ထိန်းချုပ်သနည်း။ ဘုရားသခင်သာ ဖြစ်သည်။ စကြဝဠာတွင် ဖြစ်ပေါ်နေသော အရေးပါသော ဖြစ်ရပ်တစ်ခုဖြစ်စေ၊ မည်သည့်ဂြိုဟ်တစ်ခုခု၏ ထောင့်နေရာတစ်ခုခုတွင်မဆို ဖြစ်ပေါ်နေသော သေးငယ်သော ဖြစ်ရပ်တစ်ခုဖြစ်စေ လူတို့အပေါ်တွင် မမူတည်ပေ။ အရာရာကို စိုးမိုးသော နိယာမများ၊ သို့မဟုတ် အရာအားလုံး၏ တိုးတက်မှု ဖြစ်စဉ်နှင့် ၎င်းတို့၏ အဆုံးစွန် ရလဒ်များကို မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ အရာအားလုံး၏ အဆုံးစွန်ရလဒ်များကို ထိန်းချုပ်ဖို့ မဆိုနှင့်၊ အရာရာတိုင်း၏ အနာဂတ်ကို မည်သူကမျှ ကြိုမမြင်နိုင်ပေ၊ သို့မဟုတ် မည်သည့်အရာဖြစ်ပျက်မည်ကို ကြိုတင်မခန့်မှန်းနိုင်ပေ။ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသော ဘုရားသခင်သာ ဤအရာအားလုံးကို အချုပ်အခြာအာဏာကိုင်စွဲပြီး အုပ်စိုးသည်။ လူတို့တွင် ရှိနိုင်သော တစ်ခုတည်းသော သက်ရောက်မှုမှာ ဘုရားသခင်က အုပ်စိုးသည့်၊ စီစဉ်ညွှန်ကြားသည့်၊ စီမံသည့် အမျိုးမျိုးသော လူ၊ ဖြစ်ရပ်၊ အမှုကိစ္စ အမျိုးအစားများနှင့်အတူ ကြီးသော၊ ငယ်သော ပတ်ဝန်းကျင်နှစ်ခုလုံးအတွင်းတွင် အပြုသဘောဆောင်နိုင်သော၊ သို့မဟုတ် အပျက်သဘောဆောင်နိုင်သော မတူညီသည့် ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ခြင်းသာဖြစ်သည်။ ဤသည်မှာ လူတို့တွင်ရှိသော သက်ရောက်မှုနှင့် ၎င်းတို့ ပါဝင်ဆောင်ရွက်သော ကဏ္ဍဖြစ်သည်။ တစ်စုံတစ်ခုသည် မအောင်မြင်သောအခါတွင်သော်လည်းကောင်း၊ ရလဒ်များသည် မျှော်လင့်ထားသလောက် ကောင်းသည့် ပုံစံမရှိသောအခါတွင်သော်လည်းကောင်း၊ ပြီးလျှင် ရလဒ်သည် လူတို့ မြင်လိုသောအရာ မဟုတ်သောအခါတွင်သော်လည်းကောင်း၊ ရလဒ်ကြောင့် ၎င်းတို့သည် ကြီးစွာသော ဝမ်းနည်းပူဆွေးခြင်းပင် ဖြစ်သောအခါတွင်သော်လည်းကောင်း ဤအရာများသည်လည်း လူတို့ အချုပ်အခြာအာဏာ မရှိသောအရာများဖြစ်သည်။ လူတို့သည် ဤအရာများကို ကြိုတင်မမြင်နိုင်သကဲ့သို့ လူတို့သည် ဤအရာများကို ထိန်းချုပ်နိုင်ခြင်း သာ၍ပင် နည်းပါးလေသည်။ တစ်စုံတစ်ခု၏ နောက်ဆုံး ရလဒ်သည် အလွန်ကောင်းလျှင်၊ အလွန်အပြုသဘောဆောင်ပြီး ထိရောက်သော သက်ရောက်မှုရှိလျှင်၊ လူတို့အတွက် အလွန်ပင် တည်ဆောက်စရာ ဖြစ်စေလျှင်၊ လူတို့အပေါ် အလွန်လေးနက်သော လွှမ်းမိုးမှုရှိလျှင် ယင်းသည် ဘုရားသခင်ဆီမှ လာခြင်းဖြစ်သည်။ တစ်စုံတစ်ခုသည် အဆုံးသတ်တွင် အောင်မြင်ဖြစ်မြောက်ခြင်း မရှိလျှင်၊ ရလဒ်က အလွန်ကောင်းခြင်း၊ သို့မဟုတ် အကောင်းမြင်ဖွယ်မရှိလျှင်၊ လူတို့အပေါ်၌ အပြုသဘောဆောင်ပြီး တက်ကြွသည့် သက်ရောက်မှုများအစား အပျက်သဘောဆောင်သော သက်ရောက်မှုများရှိသည့် ပုံစံရှိလျှင် ထိုအမှုကိစ္စ၏ ဖြစ်စဉ်တစ်ခုလုံးသည်လည်း ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး စီမံခြင်းဖြစ်သည်။ မည်သည့်လူပုဂ္ဂိုလ်ကမျှ ထိန်းချုပ်ခြင်းမဟုတ်ပေ။ အလှမ်းဝေးသောအရာများကို မပြောဘဲ အန္တိခရစ်ပေါ်လာခြင်းကဲ့သို့သော အသင်းတော်၌ လေ့လာစောင့်ကြည့်နိုင်သည့်အရာကို ပြောကြစို့။ အန္တိခရစ်တစ်ယောက်သည် ရှေ့ထွက်ပြီး စတင်ပြုမူလုပ်ဆောင်သော၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်နေရာသို့ ရာထူးတိုးခြင်းခံရပြီး အသင်းတော်၌ အရေးကြီးသော အလုပ်ကို တာဝန်ယူ လုပ်ကိုင်သောအချိန်မှစပြီး ထိုသူသည် အန္တိခရစ်အဖြစ် ထုတ်ဖော်ခြင်းခံရကာ ညီအစ်ကိုမောင်နှမများက ပိုင်းခြားသိမြင်၍ ဖော်ထုတ်ခြင်းခံရသည်အထိ၊ အဆုံးတွင် ဖယ်ရှားရှင်းလင်းပြီး ငြင်းပယ်ခြင်း ခံရသည်အထိဖြစ်သော ဤဖြစ်စဉ်တစ်ခုလုံးတွင် လူများစွာတို့သည် အထင်အမြင်မှားစေခြင်း၊ အချို့မှာ အန္တိခရစ်၏နောက်သို့ပင် လိုက်ကြခြင်း၊ အချို့မှာ အန္တိခရစ်၏ လွှမ်းမိုးမှုကြောင့် ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် ဆုံးရှုံးမှုများကို ကြုံတွေ့ကြရခြင်း စသည်တို့ဖြစ်ကြလေသည်။ ဤအရာအားလုံးသည် စာတန်၏ နှောင့်ယှက်မှုများမှ စတင်ဖြစ်ပေါ်လာပြီး စာတန်၏ အစေခံများ၏ လုပ်ဆောင်မှုဖြစ်သော်လည်း ဘုရားသခင်က ဤအရာအားလုံး ဖြစ်ပေါ်ခြင်းနှင့် ကြီးထွားလာခြင်းကို မမြင်ဟူ၍ အဓိပ္ပာယ်ရသလော။ ဘုရားသခင်သည် အန္တိခရစ်တစ်ဦး၏ ပေါ်ထွန်းခြင်းနှင့်သက်ဆိုင်သော အကျိုးဆက်များက မည်သည့်အရာ ဖြစ်သည်ကို မသိသလော။ အန္တိခရစ်တစ်ယောက်က အသင်းတော်အပေါ်တွင်၊ ညီအစ်ကိုမောင်နှမများအပေါ်တွင် ကျရောက်စေမည့် သက်ရောက်မှုကို ဘုရားသခင်က မသိသလော။ ဤအရာအားလုံးသည် လူတို့ကြောင့်ဖြစ်သော ကျရှုံးမှုတစ်ခု၏ ရလဒ်သက်သက်ဖြစ်သလော။ ဤသို့သော အပျက်သဘောဆောင်သည့်အရာများ ဖြစ်ပေါ်လာခြင်းကို ရင်ဆိုင်ရသောအခါ၌ လူတို့သည် “ဒုက္ခပါပဲ၊ စာတန်သည် ထိုနေရာတွင် လစ်သည်နှင့် အခွင့်ကောင်းယူခဲ့သည်။ ဤသည်မှာ စာတန်က နှောင့်ယှက်နေခြင်းဖြစ်သည်” ဟူ၍ မကြာခဏ ထင်မြင်ကြသည်။ ဆိုလိုသည်မှာ “ဘုရားသခင်က အဘယ်ကြောင့် အမှုအရာများကို စောင့်ကြည့်မနေသနည်း။ ဘုရားသခင်က အမှုအရာအားလုံးကို စိစစ်ခြင်းမရှိသလော။ ဘုရားသခင်က နေရာတိုင်းတွင် မရှိသလော။ ဘုရားသခင်က အဆုံးအစမရှိ တန်ခိုးမရှိသလော။ ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးအစွမ်းက အဘယ်မှာနည်း” ဟူ၍ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးတွင် သံသယများ ဖြစ်ပေါ်လာသည်။ ဤသံသယများ၏ အရင်းအမြစ်မှာ အဘယ်နည်း။ ဤဖြစ်ရပ်၏ ရလဒ်သည် အပျက်သဘောဆောင်ပြီး လိုချင်တပ်မက်ဖွယ်မရှိသောကြောင့်၊ လူတို့ မြင်လိုသည့်အရာ မဟုတ်သောကြောင့်၊ လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ပို၍ပင် မကိုက်ညီသောကြောင့် ဤသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ မြင့်မြတ်သော ယုံကြည်မှုကို ထိုးနှက်လေသည်။ လူတို့သည် ဤအရာကို နားမလည်နိုင်ဘဲ “ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိပြီး ထိန်းချုပ်လျှင် အန္တိခရစ်က လူတို့အား အထင်အမြင်မှားစေခြင်းကဲ့သို့သော အရာမျိုးသည် ငါတို့၏ မျက်စိရှေ့တွင် အဘယ်သို့ ဖြစ်ပျက်မည်နည်း၊ အသင်းတော်တွင်၊ ညီအစ်ကိုမောင်နှမများကြားတွင် ဤသို့သော လိုချင်တပ်မက်ဖွယ်မရှိသည့်အရာမျိုး အဘယ်ကြောင့် ဖြစ်ပျက်မည်နည်း” ဟူ၍ စဉ်းစားကြသည်။ လူတို့၏ စိတ်နှလုံးတွင် သံသယများ ဖြစ်ပေါ်ပြီး “ဘုရားသခင်သည် အတိုင်းအဆမရှိ တန်ခိုးရှိပြီး နေရာတိုင်းတွင်ရှိသည်” ဆိုသည့် ၎င်းတို့၏ ယုံကြည်မှုကို စမ်းသပ်ခြင်းခံရသည်။ ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှုသည် စမ်းသပ်ခြင်းခံရသောအခါတွင် သင်က ၎င်းတို့အား “သင်က ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများဖြစ်ပေါ်ခြင်းအတွက် မည်သူ့ကို အပြစ်တင်ရမည်နည်း” ဟု မေးလျှင် ၎င်းတို့က “စာတန်ကို အပြစ်တင်ရမည်” ဟု ဆိုလိမ့်မည်။ သို့သော် စာတန်ကို လူက မမြင်နိုင်သောကြောင့် အဆုံးတွင် ဤတာဝန်သည် မည်သူ့အပေါ်သို့ ကျရောက်သင့်သနည်း။ အန္တိခရစ်အပေါ်သို့၊ သို့မဟုတ် အန္တိခရစ်အုပ်စုအပေါ်သို့ ကျရောက်သင့်သည်။ အန္တိခရစ်၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ၎င်းတို့၏ ဘဝများ၌ ဆုံးရှုံးမှုများကို ခံစားရသောသူတို့သည် အန္တိခရစ်၏ လှည့်စားခြင်းကို ခံထိုက်သည်ဟု လူတို့က ဆိုလိမ့်မည်။ အဆုံးတွင် အမှုကိစ္စတစ်ခုလုံးအပေါ် လူတို့၏ နားလည်မှုသည် မည်သည့် အဆိုအမိန့်ကို အခြေခံသနည်း။ “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့်အရာဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ချက်ချမှုဖြစ်သည်။ ဤတွင် ၎င်းတို့သည် ဘုရားသခင်အား မည်သည့်နေရာတွင်ထားသနည်း။ ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို နားမလည်ပေ။ ထို့ကြောင့် ၎င်းတို့သည် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် အနှစ်မရှိသော သီအိုရီအပေါ်တွင် ဖြစ်ပျက်သမျှကို ယိုးမယ်ဖွဲ့လိုက်သည်။
လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်က တန်ခိုးအာဏာပြည့်ဝသော လုပ်ဆောင်ချက်ကို လုပ်သည့်အခါကဲ့သို့သော အတော်အတန်ကောင်းမွန်ပြီး အပြုသဘောဆောင်သောအရာများက ၎င်းတို့အနီးတွင် ဖြစ်ပျက်သည်ကို မြင်သောအခါတွင်လည်းကောင်း၊ လူတိုင်းက ကြီးမားသော ယုံကြည်ခြင်း ရှိသည့်အခါတွင်လည်းကောင်း၊ လူတို့သည် မည်သူမျှ ယုဒဖြစ်မသွားဘဲ ဖိနှပ်မှုနှင့် ဘေးဒုက္ခအလယ်တွင်ပင် ခိုင်မာစွာ ရပ်တည်သောအခါတွင်လည်းကောင်း၊ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုများနှင့် ညီအစ်ကိုမောင်နှမများ၏ ဘဝများက မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရသောအခါတွင်လည်းကောင်း “ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှုဖြစ်သည်၊ ဤအောင်မြင်မှုသည် လူတို့ကြောင့် ဖြစ်ခြင်းမဟုတ်၊ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်မှာ သံသယရှိစရာမလိုပေ” ဟူ၍ လူတို့က ဆိုကြသည်။ လူတို့အနီးတွင် ဖြစ်ပျက်နေသောအရာများက မလိုလားအပ်သောအရာများဖြစ်သည် ဆိုပါစို့။ ဥပမာ အသင်းတော်သည် ဖိနှိပ်မှုကို ရင်ဆိုင်ရပြီး အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရသည်၊ အသင်းတော်ပိုင်ဆိုင်မှုများကို စာတန်က သိမ်းဆည်းသည်ဆိုပါစို့။ ညီအစ်ကိုမောင်နှမများ၏ ဘဝသည် ဆုံးရှုံးမှုကို ရင်ဆိုင်ရပြီး ဘုရားသခင် ရွေးချယ်ထားသောသူများသည် နေရာအနှံ့ တစ်ယောက်တစ်နေရာ လူစုကွဲနေကြသည်၊ နေရပ်ကို စွန့်ခွာရပြီး အိမ်သို့ မပြန်နိုင်ဖြစ်သည် ဆိုပါစို့။ အသင်းတော် အသက်တာသည် ဖျက်ဆီးခြင်းခံရပြီး အသင်းသားများသည် ယခင်ကကဲ့သို့သော အသင်းတော်အသက်တာကို မရှင်သန်နိုင်တော့ဟု ဆိုပါစို့။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့်အတူ ဝမ်းမြောက်ဖွယ်ဖြစ်သော၊ ပျော်ရွှင်ပြီး ငြိမ်သက်ခြင်းရှိသော ယှဉ်တွဲနေထိုင်သည့် ဘဝများကို မရှင်သန်နိုင်တော့ဘဲ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ဖို့ အတူတကွ စုရုံးခြင်း၊ တာဝန်များကို ထမ်းဆောင်ခြင်းတို့ကို မလုပ်ဆောင်နိုင်တော့ဟူ၍လည်းကောင်း၊ အချို့သော ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများက သူတစ်ပါးတို့ကို အထင်အမြင်မှားစေရန်အတွက် အယူအဆများ စတင်ဖြန့်ဝေပြီး သူတစ်ပါးတို့အား ဘုရားသခင်အပေါ် ယုံကြည်မှု ပျောက်ဆုံးစေကာ အပျက်သဘောဆောင်မှုနှင့် အားနည်းခြင်းသို့ ကျရောက်စေသည်ဟူ၍လည်းကောင်း စိတ်ကူးကြည့်လော့။ ဤသို့သော အချိန်တွင် လူတို့သည် မညည်းညူဘဲ မနေနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး မညည်းညူရဲသောကြောင့် ဤသို့ ညည်းညူကြသည်။ “ဤသူသည် ဆိုးယုတ်သူဖြစ်သည်၊ ဤသူသည် စာတန်ဖြစ်သည်၊ ဤသူသည် နတ်ဆိုးဖြစ်သည်၊ ၎င်းတို့သာ စုဝေးပွဲများတွင် ပေါ့ဆပြီး ဖမ်းဆီးခံရခြင်းမရှိလျှင် ငါတို့သည် ဤသို့ အိမ်မပြန်နိုင်သည့်အခြေအနေဖြင့် အဆုံးသတ်ခဲ့ရမည်မဟုတ်၊ ၎င်းတို့ကြောင့်သာ မဟုတ်လျှင် ငါတို့သည် အသင်းတော်အသက်တာကို ပျော်ရွှင်စွာ အသက်ရှင်နေဆဲဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်ကို စားသောက်နေဆဲ၊ တာဝန်များကို ပုံမှန် ထမ်းဆောင်နေဆဲ ဖြစ်လိမ့်မည် ဤအရာအားလုံးသည် လူတစ်ယောက်ယောက်ကြောင့်၊ နတ်ဆိုးတစ်ကောင်ကောင်ကြောင့်၊ စာတန်တစ်ယောက်ယောက်ကြောင့်၊ သို့မဟုတ် ဆိုးယုတ်သော အစိုးရတစ်ခုခုကြောင့် ဖြစ်ခြင်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ လူတို့သည် ဘုရားသခင်အပေါ် နာကြည်းမှုတစ်ခုခု မထားရှိရဲသော်လည်း၊ သို့မဟုတ် အခြေအနေတစ်ခုလုံး၏ တာဝန်ကို ဘုရားသခင်အပေါ် ပုံမချရဲသော်လည်း ထိုအချိန်ခဏတွင် ၎င်းတို့၌ ဘုရားသခင်အပေါ် ကြီးမားခြင်းလည်းမဟုတ်၊ အရေးမပါခြင်းလည်း မဟုတ်သော ရှင်းရခက်သည့် မယုံကြည်မှုဖြစ်ပေါ်လာသည်။ ဤမယုံကြည်သောအတွေးများမှတစ်ဆင့် မည်သည့်အရာများ ဖြစ်ပေါ်မည်နည်း။ လူတို့က “ဤအတွေ့အကြုံမှတစ်ဆင့် ငါသည် သင်ခန်းစာ ရရှိခဲ့သည်၊ ယခုအချိန်မှစ၍ ငါ တွေ့ကြုံရသမျှ အရာတိုင်းကို အသေအချာ ထည့်တွက်ဆင်ခြင်သုံးသပ်ပြီး မလုပ်ဆောင်မီတွင် အသေအချာ စဉ်းစားမည်၊ မဆင်မခြင် လုပ်ဆောင်မည်မဟုတ်၊ မည်သူ့ကိုမျှ အလွယ်တကူ ယုံကြည်မည်မဟုတ်၊ ငါသည် အခြေအနေအားလုံးတွင် အလွန်အမင်း ဂရုစိုက်ပြီး မိမိကိုယ်ကို ကာကွယ်ရန် သင်ယူမည်” ဟူ၍ ဆိုလိမ့်မည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိသေးသလော။ ဘုရားသခင်အား အားကိုးပြီး သူ့အပေါ် ယုံကြည်ခြင်းရှိသေးသလော။ လူအချို့က “မည်သို့ မရှိဘဲ နေမည်နည်း၊ ကျွန်ုပ်၏ စိတ်နှလုံးတွင် ဘုရားသခင်အား ယုံကြည်ဆဲဖြစ်သည်၊ ဘုရားသခင်အပေါ် စစ်မှန်သော အားကိုးမှုရှိသေးသည်” ဟူ၍ ဆိုသည်။ သို့သော် ၎င်းတို့သည် “ဘုရားနှုတ်ကပတ်တော်များကို အလွန် အလွယ်တကူ မယုံနှင့်၊ ဘုရားသခင်သည် လူတို့ကို အစဉ် စမ်းသပ်ပြီး စစ်ဆေးသည်၊ ဘုရားသခင်ကို အားကိုး၍ မရပေ၊ ငါတို့မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သည့်အရာကိုသာ ကြည့်လော့၊ ငါတို့၏ အသင်းသားများသည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရသည်၊ ဘုရားသခင်က အဘယ်ကြောင့် ငါတို့ကို မကာကွယ်ခဲ့သနည်း၊ ဘုရားသခင်သည် သူ၏ အိမ်တော်အကျိုးစီးပွားများကို ထိခိုက်သည်ကို မြင်လိုသလော၊ မယုံကြည်သူများက လူတို့ကို အထင်အမြင်မှားစေသည်ကို ဘုရားသခင် မြင်သောအခါ စိတ်ဝင်စားမှုမရှိသလော၊ ဘုရားသခင်က အမှန်တကယ် မြင်သည်ဆိုလျှင် အဘယ်ကြောင့် ဂရုမစိုက်သနည်း၊ အဘယ်ကြောင့် ပိတ်ပင်တားဆီးခြင်းမရှိသနည်း၊ ကျွန်ုပ်တို့အား အထင်အမြင်မှားစေသည့် ဆိုးယုတ်သူ၊ မယုံကြည်သူတစ်ယောက်ဖြစ်သည်ကို ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်ပြီး ထိုသူကို ဖြစ်နိုင်သမျှ အစောဆုံး ရှောင်ရှားပြီး ဤအကျိုးဆက်အားလုံးကို ရှောင်ကြဉ်နိုင်ဖို့အတွက် ဘုရားသခင်သည် ကျွန်ုပ်တို့အား အဘယ်ကြောင့် ဉာဏ်အလင်းဖွင့်မပြသနည်း။ မယုံကြည်သူက လူတို့အား အထင်အမြင်မှားစေသောအခါတွင် ဘုရားသခင်က အဘယ်ကြောင့် ကျွန်ုပ်တို့အား မကာကွယ်သနည်း၊ အလျင်အမြန် သတိပေးချက်တစ်ခုသည်ပင် လုံလောက်လိမ့်မည်” ဟူ၍ မိမိတို့ကိုယ်ကို တိတ်တဆိတ် ပြောကြသည်။ ၎င်းတို့သည် ဤ“အဘယ်ကြောင့်နည်း” ဟူသော အရာအားလုံးအတွက် အဖြေကို မရရှိဘဲ ရအောင်လည်း မလုပ်ဆောင်နိုင်ပေ။ အဆုံး၌ ဤအရာကို ကြုံတွေ့ပြီးနောက်တွင် ၎င်းတို့ ချသော ကောက်ချက်မှာ “ဘုရားသခင်အား ငါ အမှီပြုသင့်သည့် ကိစ္စများတွင် အမှီပြုမည်။ ဘုရားသခင်အား အမှီမပြုသင့်သည့် ကိစ္စများတွင် မိမိကိုယ်ကို အမှီပြုမည်။ ငါသည် မိုက်မဲ၍ မဖြစ်ပေ။ ငါတို့ ညီအစ်ကိုမောင်နှမများသည် နွေးထွေးမှုအတွက် အတူတကွ စုရုံးပြီး တစ်ယောက်နှင့် တစ်ယောက် ကူညီဖို့ သင်ယူရမည်။ အခြားသောအရာတိုင်းအတွက်မူ ဘုရားသခင် သူကျေနပ်သလို လုပ်ပါစေ။ ငါတို့ ထိန်းချုပ်၍ မရပေ” ဟူ၍ ဖြစ်သည်။ အဆင်းနီသော နဂါးကြီးက ဘုရားသခင် ရွေးချယ်ထားသောလူများအား ဖမ်းဆီးလျှင် အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာသည် အလွန်အမင်း အနှောင့်အယှက်ဖြစ်မည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မှုများကို အလွန်ပင် ထိခိုက်စေလိမ့်မည်။ ဤအချိန်များတွင် မယုံကြည်သူများနှင့် အန္တိခရစ်များသည် နှောင့်ယှက်ပြီး အထင်အမြင်မှားစေရန်အတွက် ပေါ်လာမည်ဖြစ်ပြီး မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို ဖြန့်ဝေလိမ့်မည်။ ခေါင်းဆောင်များ၊ အမှုဆောင်များက ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆန့်ကျင်ကြသောကြောင့် ဤသို့ဖမ်းဆီးခံရသည်ဟု ဆိုကြမည်။ လူတို့သည် ဤအန္တိခရစ်များ၊ ဆိုးယုတ်သောလူများ၏ အထင်အမြင်မှားစေခြင်းကို ခံရမည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများ၊ သို့မဟုတ် လူသား ခံစားချက်များနှင့် မကိုက်ညီသော ဤဖြစ်ရပ်များ ဖြစ်ပေါ်သောအခါ၌ လူတို့သည် ယင်းတို့ထံမှ မည်သည့်အခါမျှ သင်ခန်းစာမယူပေ။ လူတို့သည် ဤဖြစ်ရပ်များမှတစ်ဆင့် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှု၊ စိတ်သဘောထားတို့ကို လုံးဝ နားမလည်ပေ။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သည့်အခါမျှ သဘောမပေါက်ပေ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့အား မည်သည့်သင်ခန်းစာများကို ရရှိစေလိုသည်၊ ၎င်းတို့အား မည်သည့် တည်ဆောက်စရာများကို ရရှိစေလိုသည်၊ ၎င်းတို့အား ဤဖြစ်ရပ်များမှ မည်သည့်ပိုင်းခြားသိမြင်မှုကို ရရှိစေလိုသည်ဆိုသည်တို့ကို နားမလည်ပေ။ လူတို့သည် ဤအရာများကို တစ်ခုမျှ မသိပေ။ ဤအရာများအား မည်သို့ တွေ့ကြုံရမည်ကိုလည်း မသိပေ။ ထို့ကြောင့် လူတို့သည် ၎င်းတို့အနီးတွင် ဖြစ်ပျက်နေသောအရာများအားလုံးကို မြင်သည့်အရာများနှင့် ပတ်သက်လျှင် “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့် စကားသည် တိကျမှန်ကန်သည်၊ ယင်းသည် “ဘုရားသခင်က အရာအားလုံးအပေါ်၌ အချုပ်အခြာအာဏာရှိသည်၊ ဘုရားသခင်သည် နေရာတိုင်းတွင်ရှိသည်၊ ဘုရားသခင်သည် အရာရာတိုင်းကို စိစစ်သည်” ဆိုသည့်အချက်ထက်ပို၍ စိတ်ချရပြီး စစ်မှန်သည်ဟု အမှန်ပင် ယုံကြည်ကြသည်။ အမှန်တွင် သင်တို့သည် စိတ်ထဲ၌ “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့်စကားက ပို၍ စစ်မှန်သည်၊ လူသားများက အရာရာကို ဆုံးဖြတ်သည်၊ ဘုရားသခင်က အရာရာကို ဆုံးဖြတ်သည်ဟု ဆိုခြင်းသည် အနည်းငယ် မရေရာသည့် ပုံစံရှိသည်ဟု ယုံကြည်ဆဲဖြစ်သည်။ ယင်းသည် မရေရာဟု လူတို့က အဘယ်ကြောင့် ထင်သနည်း။ “ဘုရားသခင်က အရာရာကို ဆုံးဖြတ်သည်” ဆိုသည့် အဆိုက စိတ်မချရဟု လူတို့က အဘယ်ကြောင့်ထင်သနည်း။ သဘောတရားအရ ဤသည်မှာ လူတို့သည် သမ္မာတရားကို နားမလည်သကဲ့သို့ ဘုရားသခင်ကိုလည်း မသိသောကြောင့်ဖြစ်သည်။ သို့သော် လက်တွေ့တွင် အကြောင်းရင်းမှာ အဘယ်နည်း။ (လက်တွေ့တွင် ဘုရားသခင်က အရာရာအပေါ်တွင် အချုပ်အခြာအာဏာရှိသည်ကို လူတို့က အသိအမှတ်မပြုပါ၊ သို့မဟုတ် မယုံကြည်ပါ။) ဘုရားသခင်က အရာရာအပေါ်တွင် အချုပ်အခြာအာဏာရှိသည်ကို လူတို့က မယုံကြည်၊ သို့မဟုတ် အသိအမှတ်မပြုဟု ဆိုခြင်းမှာ မှန်သည်။ သို့သော် ပို၍ တိကျသော အကြောင်းရင်းတစ်ခုရှိသည်။ ယင်းမှာ “အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူအပေါ်တွင် မူတည်သည်” ဆိုသည့်စကားရပ်သည် ကောင်းသော၊ ဆိုးသောအရာများကို လူတို့ရှုမြင်သည့်ပုံစံနှင့် ပတ်သက်လျှင် လူတို့၌ ရှိသော ချို့ယွင်းချက်ရှိသော အမြင်ရှုထောင့်ကို ဖွင့်ပြခြင်းဖြစ်သည်။ လူတို့သည် ၎င်းတို့အား ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ သက်သာခြင်း၊ ပျော်ရွှင်ခြင်းကို ယူဆောင်ပေးသောအရာများသည် ကောင်းမွန်ပြီး ဘုရားသခင်ဆီမှလာသည်ဟု ယုံကြည်ကြသည်။ လူတို့အား စိတ်မသက်သာစေသည့်၊ သို့မဟုတ် ကြောက်ရွံ့စေသည့်၊ လူတို့အား မျက်ရည်ကျစေသည့်၊ ခံစားရစေသည့်၊ သို့မဟုတ် သေလိုသည်အထိပင် ဝမ်းနည်းပူဆွေးမှုများစွာ ဖြစ်စေသည့် အရာချို့ရှိသည်။ အချို့သောအရာများမှာ လူတို့အား မိမိတို့၏ တာဝန်ထမ်းဆောင်ရန်အတွက် သာမန်အသင်းတော်အသက်တာနှင့် သာမန်ပတ်ဝန်းကျင်တစ်ခုကို ရယူဖို့ မဖြစ်နိုင်အောင်ပင် လုပ်ဆောင်သည်။ ဤသို့သော အမျိုးအစားများကို “မကောင်းသောအရာများ” အဖြစ် လူတို့က မှတ်ယူသည်။ “မကောင်းသောအရာများ” ဆိုသည့် ဝေါဟာရကို ကိုးကားသည့် သင်္ကေတဖြင့် ထားရမည်။ “မကောင်းသောအရာများ” သည် လူတို့အပေါ်တွင် ကောင်းသော သက်ရောက်မှုရှိသလော။ လူတို့သည် ဤကောင်းသော သက်ရောက်မှုများကို မမြင်တွေ့နိုင်ပေ၊ သို့မဟုတ် မခံစားနိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ စိတ်တွင် ဘုရားသခင် အချုပ်အခြာအာဏာရှိသည့် “အရာရာတိုင်း” တွင် ၎င်းတို့အား ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဆန္ဒပြည့်ဝခြင်း၊ အကျိုးအမြတ်များ၊ တည်ဆောက်စရာဖြစ်ခြင်း၊ အမြတ်အစွန်းများတို့ကို ဖြစ်စေသောအရာများနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုကို ခိုင်မာစေသောအရာများသာ ပါဝင်သည်။ ဤအရာတို့သည် အရာရာတိုင်းအပေါ်တွင်ရှိသော ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည်ဟု လူတို့ ယုံကြည်သည့်အရာများ ဖြစ်သည်။ ယှဉ်ကြည့်လျှင် အပြင်ပန်း၌ အချို့သောအရာများသည် လူတို့၏ ဘဝများကို ဒုက္ခရောက်စေလျှင်လည်းကောင်း၊ အသင်းတော် အကျိုးစီးပွားများကို ထိခိုက်လျှင်လည်းကောင်း၊ လူအချို့မှာ အထင်အမြင်မှားစေခြင်း ခံရလျှင်လည်းကောင်း၊ အချို့မှာ ဖယ်ရှားရှင်းလင်းခြင်းပင် ခံရလျှင်လည်းကောင်း၊ လူအနည်းငယ်မှာ ကံအကြောင်းမလှသော ဖြစ်ရပ်အချို့နှင့် ကြုံရပြီး ဝေဒနာအချို့ကို ခံရလျှင်လည်းကောင်း ဤအရာတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လုံးဝ မသက်ဆိုင်၊ ဤအရာတို့သည် စာတန်၏ လုပ်ဆောင်မှုဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်လျှင် ဤအပျက်သဘောဆောင်သောအရာများသည် ပေါ်လာမည်မဟုတ်၊ သို့မဟုတ် တည်ရှိမည်မဟုတ်ဟု လူတို့က ယုံကြည်ကြသည်။ ဤသည်မှာ လူတို့က ဆုံးဖြတ်သောအရာဖြစ်သည်။ ထို့ကြောင့် “ဘုရားသခင်က အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာရှိသည်” ဆိုသည့် စကားအပေါ် လူတို့၏ နားလည်မှုက အလွန်ပင် တစ်ဖက်သတ်ဆန်ပြီး လေးနက်မှုမရှိပေ။ လူသားအယူအဆများဖြင့် ကန့်သတ်ထားသည်။ လူသား စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ အမှန်တရားများဖြင့် မကိုက်ညီပေ။ ဥပမာတစ်ခု ပေးမည်။ ဘုရားသခင်က ပိုးမွှားနှင့် ငှက်မျိုးစုံကို ဖန်ဆင်းခဲ့သည်။ လူအချို့က “ဘုရားသခင် ဖန်ဆင်းခဲ့သောအရာများ အားလုံးသည် အရေးပါသည်၊ အားလုံးက အကျိုးရှိစေသော ပိုးမွှားများဖြစ်သည်၊ အားလုံး ကောင်းသည်ဟု ငါယုံကြည်သည်။ ပျားများကို ဘုရားသခင်က ဖန်ဆင်းသည်၊ ကောင်းသောငှက်များအားလုံးကို ဘုရားသခင် ဖန်ဆင်းသည်၊ ခြင်များသည် လူတို့အား အစဉ်ကိုက်ပြီး ရောဂါများ ဖြန့်သည်၊ ထို့ကြောင့် ခြင်များက မကောင်းပေ၊ ခြင်များကို ဘုရားသခင် ဖန်ဆင်းမထားခြင်း ဖြစ်နိုင်သည်” ဟူ၍ ဆိုကြသည်။ ဤသည်မှာ လွဲချော်နေသော နားလည်မှုမဟုတ်လော။ လက်တွေ့တွင် အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းသည်။ ဖန်ဆင်းရှင်ဟူသည့် ဘုရားသခင် တစ်ပါးတည်းသာရှိသည်။ အသက်ရှင်သောအရာ၊ အသက်မရှင်သောအရာတိုင်းသည် ဘုရားသခင်ဆီမှလာသည်။ လူတို့သည် ၎င်းတို့၏ အယူအဆများ၌ အမျိုးမျိုးသော အကျိုးဖြစ်စေသော ပိုးမွှားများ၊ ငှက်များ၊ အခြားသော အကျိုးဖြစ်စေသည့် သတ္တဝါများသည် ဘုရားသခင်ထံမှ လာသည်ဟုသာ ယုံကြည်ပြီး ယင်ကောင်များ၊ ခြင်များ၊ ကြမ်းပိုးများ၊ လူတို့က အထူးပင် ကြမ်းတမ်းသည်ဟု မှတ်ယူသော အသားစားတိရစ္ဆာန်များဖြစ်သော ထိုသတ္တဝါများကမူ ဘုရားသခင်ဆီက လာသည့်ပုံစံမရှိ၊ ဘုရားသခင်ဆီက လာလျှင်ပင် ကောင်းသောအရာများမဟုတ်ဟု ယုံကြည်ကြသည်။ ဤသည်မှာ လူသားအယူအဆတစ်ခုမဟုတ်လော။ လူတို့၏ စိတ်ကူးများ၊ အယူအဆများ၌ ဤအရာများသည် တဖြည်းဖြည်းချင်းဖြင့် စနစ်တကျ အမျိုးအစားခွဲထားခြင်းခံရသည်။ လူသားများက နှစ်သက်သည့်၊ သို့မဟုတ် ၎င်းတို့အား အကျိုးဖြစ်စေသည့် မည်သည့်အရာမဆိုကို အပြုသဘောဆောင်ပြီး ဘုရားသခင်က ဖန်ဆင်းသည်ဟု သတ်မှတ်သည်။ လူသားများက မနှစ်သက်သော၊ သို့မဟုတ် လူသားတို့အား ထိခိုက်သောအရာမှန်သမျှသည် အပျက်သဘောဆောင်ပြီး ဘုရားသခင်က ဖန်ဆင်းခြင်းမဟုတ်၊ စာတန်က ဖန်ဆင်းခဲ့ခြင်းဖြစ်နိုင်သည်၊ သို့မဟုတ် သဘာဝအလျောက်ဖြစ်လာနိုင်ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။ လူတို့၏ စိတ်တွင် “ယင်ကောင်များ၊ ခြင်များ၊ ကြမ်းပိုးများသည် ကောင်းသောအရာများမဟုတ်ပေ၊ ၎င်းတို့ကို ဘုရားသခင်က ဖန်ဆင်းခြင်းမဟုတ်၊ ဘုရားသခင်က ဤသို့သောအရာမျိုးကို လုံးဝ ဖန်ဆင်းမည်မဟုတ်” ဟု မသိစိတ်မှနေ၍ ယုံကြည်လေ့ရှိကြသည်။ သို့မဟုတ် “ခြင်္သေ့နှင့် ကျားများသည် အစဉ်သဖြင့် သိုးနှင့် မြင်းကျားများကို စားကြသည်၊ ရက်စက်လွန်းသည်၊ ကောင်းသောအရာများမဟုတ်၊ ဝံပုလွေများသည် အန္တရာယ်ရှိသည်၊ ကောက်ကျစ်သည်၊ ကြမ်းကြုတ်သည်၊ ကြမ်းတမ်းသည်၊ ရက်စက်သည်၊ ဝံပုလွေများသည် ဆိုးသည်၊ သို့သော် နွားများ၊ သိုးများသည် ကောင်းသည်၊ ခွေးများက ပို၍ပင် ကောင်းသည်” ဟု ထင်မြင်ကြသည်။ ဘုရားသခင် ဖန်ဆင်းသည့် အရာတစ်ခုသည် ကောင်းသလော၊ မကောင်းသလောဆိုသည်ကို လူသား၏ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များ၊ သို့မဟုတ် အကြိုက်များအပေါ် အခြေခံပြီး အကဲဖြတ်ခြင်းမဟုတ်ပေ။ ယင်းသည် ဤအရာများကို အကဲဖြတ်သည့် နည်းမဟုတ်ပေ။ ဘုရားသခင်သည် မြင်းကျား၊ သမင်၊ အမျိုးမျိုးသော အပင်စား တိရစ္ဆာန်များအပြင် အထူးပင် ကြမ်းတမ်းသော ခြင်္သေ့၊ ကျား၊ ကျားသစ်၊ မိချောင်းများဖြစ်သော ကြမ်းကြုတ်သော အသားစားတိရစ္ဆာန်များ၊ ၎င်းတို့၏ သားကောင်ကို တစ်ကိုက်တည်းဖြင့် သတ်နိုင်သော သားရဲတိရစ္ဆာန်များအပါအဝင် တိရစ္ဆာန်အမျိုးအစား အားလုံးကို ဖန်ဆင်းခဲ့သည်။ ဤတိရစ္ဆာန်များသည် လူသား၏ အမြင်တွင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ၎င်းတို့အားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်။ လူအချို့မှာ ခြင်္သေ့က မြင်းကျားအား စားသည်ကို မြင်တွေ့ပြီး “အို သနားစရာ မြင်းကျားဖြစ်သည်၊ ခြင်္သေ့များသည် မြင်းကျားများကို စားသည်မှာ အလွန်ကြမ်းကြုတ်သည်” ဟူ၍ စဉ်းစားကြသည်။ ဝံပုလွေက သိုးကို ဝါးမြိုနေသည်ကို ၎င်းတို့ တွေ့သောအခါ “ဝံပုလွေများသည် အလွန်ရက်စက်ပြီး လှည့်ဖြားတတ်သည်၊ ဘုရားသခင်က အဘယ်ကြောင့် ဝံပုလွေများကို ဖန်ဆင်းခဲ့သနည်း၊ သိုးများသည် ချစ်စဖွယ်ဖြစ်သည်၊ ကြင်နာပြီး နူးညံ့သည်၊ ဘုရားသခင်သည် အဘယ်ကြောင့် နူးညံ့သော တိရစ္ဆာန်များကိုသာ မဖန်ဆင်းသနည်း၊ ဝံပုလွေများသည် သိုးများ၏ သဘာဝရန်သူဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်က အဘယ်ကြောင့် ဝံပုလွေနှင့် သိုးနှစ်မျိုးလုံးကို ဖန်ဆင်းသနည်း” ဟူ၍ တွေးတောကြသည်။ ၎င်းတို့သည် ဤနောက်ကွယ်ရှိ နက်နဲမှုကို နားမလည်ဘဲ အစဉ်သဖြင့် လူသား၏ အယူအဆများနှင့် စိတ်ကူးများကို ထားရှိကြသည်။ အသင်းတော်တွင် အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေသော ဖြစ်ရပ်များရှိသောအခါ လူအချို့က “ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို သနားလျှင် အဘယ်ကြောင့် စာတန်ကို ဖန်ဆင်းခဲ့သနည်း၊ သူသည် စာတန်အား လူသားမျိုးနွယ်ကို ဖျက်ဆီးရန် အဘယ်ကြောင့် ခွင့်ပြုသနည်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေးချယ်ခဲ့သောကြောင့် အဘယ်ကြောင့် အသင်းတော်တွင် အန္တိခရစ်များ ဖြစ်ပေါ်ခွင့်ပြုသနည်း” ဟူ၍ ဆိုကြသည်။ သင်တို့သည် နားမလည်သည်မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင် အုပ်စိုးသည့် ပုံစံဖြစ်သည်။ သူသည် ဤနည်းဖြင့် အုပ်စိုးသောအခါတွင်မှသာ အရာအားလုံးသည် သူ ချမှတ်သည့် စည်းကမ်းများ၊ နိယာမများအတွင်းတွင် ပုံမှန်ဖြစ်တည်နိုင်သည်။ ဘုရားသခင်သည် သင့်အား ကာကွယ်ပြီး အသင်းတော်တွင် အန္တိခရစ်များ ဖြစ်ပေါ်ခြင်းကို တားဆီးလျှင် အန္တိခရစ်များသည် အဘယ်အရာဖြစ်သည်ကို သင် သိမည်လော။ အန္တိခရစ်၏ စိတ်သဘောထားသည် မည်သည့်ပုံစံဖြစ်သည်ကို သင်သိမည်လော။ သင်သည် အန္တိခရစ်ကို လုံးဝ အမှန်တကယ် တွေ့ဆုံခြင်းမရှိဘဲ အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းနှင့်ပတ်သက်သည့် စကားနှင့် အယူဝါဒအချို့ကိုသာ သင့်အား ပြောလျှင် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်မည်လော။ (မသိမြင်နိုင်ပါ။) သေချာပေါက် သိမြင်နိုင်မည်မဟုတ်။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကို ပေါ်ထွက်ခွင့်မပြုလျှင် သင်သည် အစဉ်သဖြင့် ဖန်လုံအိမ်အတွင်းတွင်ရှိသော ပန်းတစ်ပွင့်ကဲ့သို့ ဖြစ်လိမ့်မည်။ ရုတ်ခြည်း အပူချိန် ပြောင်းလဲသည်နှင့် တစ်ပြိုင်နက် ရာသီဥတု ရုတ်တရက် အေးသောအခိုက်အတန့်တွင် ခံနိုင်ရည်မရှိဘဲ ခြောက်သွေ့ညှိုးနွမ်းလိမ့်မည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို နားလည်လိုလျှင် ပတ်ဝန်းကျင်အားလုံးကို လက်ခံပြီး နာခံရမည်။ ဘုရားသခင် အချုပ်အခြာအာဏာကိုင်စွဲသော စီစဉ်ညွှန်ကြားသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအားလုံးကို နာခံရမည်။ “လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအားလုံး” တွင် အပြုသဘောဆောင်မှုနှင့် အပျက်သဘောဆောင်မှု ပါဝင်သည်။ သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသောအရာများ၊ မကိုက်ညီသော အရာများပါဝင်သည်။ သင် မနှစ်သက်သော အပြုသဘော၊ အပျက်သဘောဆောင်သောအရာများအဖြစ် သင်မှတ်ယူသည့်အရာများ ပါဝင်သည်။ သင်၏ ခံစားချက်များနှင့် ကိုက်ညီသော အရာများပါဝင်သည်။ သင်၏ ခံစားချက်များ၊ သို့မဟုတ် သင်၏ ကြိုက်နှစ်သက်မှုများနှင့် မညီသောအရာများ ပါဝင်သည်။ ဤအရာများအားလုံးကို သင်လက်ခံရမည်။ ဤအရာအားလုံးကို လက်ခံရခြင်း ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤသည်မှာ သင်၏ အသိပညာကို တည်ဆောက်ပြီး သင်၏ အတွေ့အကြုံကို မြှင့်တင်ခြင်းသာ မဟုတ်ဘဲ ဤအချက်အလက်များမှတစ်ဆင့် ဘုရားနှုတ်ကပတ်တော်ကို ပို၍ လက်တွေ့ကျစွာ၊ ခိုင်လုံစွာ သင်သိလာစေရန်၊ သမ္မာတရားကို နားလည်စေရန်၊ ဘုရားနှုတ်ကပတ်တော်၏ မှန်ကန်၊ တိကျမှုကို တွေ့ကြုံစေရန်ဖြစ်သည်။ အဆုံးတွင် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို သင်အတည်ပြုလိမ့်မည်။ မတူညီသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများမှတစ်ဆင့် သင်ခန်းစာများ ရရှိပြီး သမ္မာတရားများကို ပို၍ နားလည်ခွင့်ရလိမ့်မည်။ အမှုအရာများစွာကို ထိုးထွင်းမြင်ပြီး သင့်ကိုယ်သင် ဆက်လက်၍ တိုးတက်စေလိမ့်မည်။ ဤအရာမှ ရရှိသည့် အဆုံးစွန်ရလဒ်မှာ သင်သည် မတူညီသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ ထွက်ပေါ်ခြင်း၊ ကြီးထွားခြင်းမှတစ်ဆင့် ဖန်ဆင်းရှင်အကြောင်း သိမြင်မှုရှိနိုင်လိမ့်မည်။ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို နားလည်လိမ့်မည်။ သူသည် အရာခပ်သိမ်းကို အချုပ်အခြာအာဏာကိုင်စွဲပြီး စီစဉ်ညွှန်ကြားသည်ကို သိရှိလိမ့်မည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။